နှစ်တနှစ် အဆုံးသတ်
နိဂုံးချုပ်မယ့် ရက်ဟာ
သုံးဆယ့်တစ် ဒီဇင်ဘာ။
ဒီနေ့ ဒီရက်မှာ ...
လိုလားရာဆုများ
ပြည့်စုံပါစေသားလို့
မြတ်ဘုရားထံပါး
ဝပ်တွားခယ
ဆုတောင်းလိုက်ပါရစေ ... ။
တောင်းတဲ့ ဆုတွေ ...
များရင်လည်း များနေမယ်
မှားရင်လည်း မှားနေမယ် ...
ဒါပေမဲ့ ...
နောက်ဆုံး အနေနဲ့ ဖြစ်ဖြစ်
ဆုတောင်းရစ်ခဲ့ပါတယ် ... ။
မျက်ရည်တွေရဲ့ နိဂုံး
ကြေကွဲခြင်းများရဲ့ နိဂုံး ...
မုန်းတီးမှုတွေရဲ့ နိဂုံး
ခါးသီးမှုတွေရဲ့ နိဂုံး ...
ရှုံးနိမ့်မှုတွေရဲ့ နိဂုံး
နာကြည်းမှုတွေရဲ့ နိဂုံး ...
ကျူးကျော်မှုတွေရဲ့ နိဂုံး
စော်ကားမှုတွေရဲ့ နိဂုံး ...
တိုက်ခိုက်မှုတွေရဲ့ နိဂုံး
ဖိနှိပ်မှုတွေရဲ့ နိဂုံး ...
အမှောင်တိုက်ရဲ့ နိဂုံး
လောင်မြိုက်ခြင်းရဲ့ နိဂုံး
မနာလိုခြင်းတွေရဲ့ နိဂုံး
ဝန်တိုခြင်းတွေရဲ့ နိဂုံး ...
ရက်စက်ခြင်းတွေရဲ့ နိဂုံး
သတ်ဖြတ်ခြင်းတွေရဲ့ နိဂုံး ...
ရန်စများရဲ့ နိဂုံး
စစ်ပွဲများရဲ့ နိဂုံး ...
မတရားမှုတွေရဲ့ နိဂုံး
စကားအတုတွေရဲ့ နိဂုံး ...
ဟန်ဆောင်ခြင်းများရဲ့ နိဂုံး
မာန်ထောင်ခြင်းများရဲ့ နိဂုံး ...
ုညည်းတွားမှုတွေရဲ့ နိဂုံး
စည်းခြားမှုတွေရဲ့ နိဂုံး ...
ငတ်မွတ်ခြင်းတွေရဲ့ နိဂုံး
လောဘ ရမက်များရဲ့ နိဂုံး ...
ဒေါသ အမျက်များရဲ့ နိဂုံး
သောက ရတက်များရဲ့ နိဂုံး ...
နောက်ဆုံး ... နောက်ဆုံး ...
ဒုက္ခခပ်သိမ်းရဲ့ နိဂုံး
ဒီနေ့ရက်မှာ အဆုံးသတ်ပါစေ ...
တောင်းတဲ့ဆု မပြည့်နိုင်ပေမယ့်
အကြိမ်ကြိမ်အခါခါ
ငါ .... ဆုတောင်း နေဦးမှာ
နှစ်သစ် မင်္ဂလာ
ငြိမ်းချမ်းသာယာ ပါစေသား ...
ရှင်တော်မြတ် ဘုရား ... ။ ... ။
***
မေဓာဝီ
၃၁၊ ဒီဇင်ဘာ၊ ၂၀၀၇
၁၀း၃၃ နာရီ
Monday, December 31, 2007
နိဂုံး
Sunday, December 30, 2007
ကွန်မန့်ထဲက စာ
မောင်ချစ်ခိုင် has left a new comment on your post "မြနန္ဒာ နှင့် ခရစ်စမတ် ညစာ":
ကိုယ် အနုပညာ တစ်ခုကို တကယ်မတတ်ရင် အဲဒီလို လူရှေ့ မှာ ရှောက်မလုပ်သင့်ဘူး။ မြန်မာလူမျိုးဟာ အနုပညာ အဆင့်အတန်း နိမ့်တယ်လို့  အများက တလွဲမှတ်သွားစရာ ဖြစ်နိုင်တယ်။
အနုပညာတင် မဟုတ်ဖူး။ ဘယ်ကိစ္စဖြစ်ဖြစ် နိုင်ငံတကာက လူတွေရဲ့ အလယ်မှာ မြန်မာပြည်ကို ကိုယ်စားပြီး ရူးတူးပေါတော စပ်ဖြီးဖြီး အပြုအမူတွေ မလုပ်သင့်ဘူး။
***
မောင်ချစ်ခိုင်ရဲ့ စကားဟာ မှတ်သားလောက်ပါတယ်။
ဒါပေမဲ့ တခုတော့ ကျမ ပြောပါရစေ ... ။
ကျမက တကယ်တတ်ပြီး သီချင်းဆိုတဲ့ ပရော်ဖက်ရှင်နယ် အဆိုတော် တယောက် မဟုတ်ပါဘူး။ အဲဒီလိုပဲ ဒီအစီအစဉ်မှာ ၀င်ရောက် ဆင်နွှဲတဲ့ ကျမတို့ကျောင်းက ဆရာတွေ ကျောင်းသားတွေ အားလုံးလဲ ဘယ်သူမှ ပရော်ဖက်ရှင်နယ် မဟုတ်ကြပါဘူး။ အားလုံးဟာ ကိုယ့်တိုင်းပြည်ရဲ့ အဝေးမှာ ရောက်နေစဉ်မှာ ကိုယ့်တိုင်းပြည်ကို သတိတရနဲ့ ကိုယ့်တိုင်းပြည် ကိုယ်စားပြု သီချင်းဆိုတယ် ကဗျာရွတ်တယ် ပုံပြင်ပြောတယ်။
အားလုံးဟာ ပညာရှင်တွေ မဟုတ်တဲ့အတွက် သူတို့ လုပ်ရပ်တွေဟာ အမှားမှား အယွင်းယွင်းနဲ့ တလွဲတချော် တွေ ဖြစ်ကြပါတယ်။ အဲဒီလို ဖြစ်နေစေဦးတော့ လာကြည့်တဲ့သူတွေက ခွင့်လွှတ်ကြပါတယ်။ တယောက်နဲ့ တယောက် အပြစ် မမြင်ကြ ... အပြစ်မတင်ကြ ... မကဲ့ရဲ့ ကြသလို ... ဒါကို ရူးပေါပေါ လုပ်ရပ်လို့လဲ မသတ်မှတ်ကြဘူး ... အဆင့်အတန်း နိမ့်လှချည်လားလို့လဲ မဝေဖန်ကြ ပါဘူး။ အပြစ်မမြင် အပြစ်မတင်တဲ့အပြင် ကိုယ့်တိုင်းပြည်ရဲ့ ကိုယ်စားပြု တခုခုကို ပါဝင်ဆင်နွှဲကြတဲ့ အတွက် လာကြည့်သူ ဧည့်ပရိသတ်က ချီးကျူး သြဘာပြုကြ ပါတယ်။
ကျမသည်လည်း ကမောက်ကမ ဆိုပြခဲ့ရပေမဲ့ ဒါဟာ ရှက်စရာလို့ မသတ်မှတ်ပါဘူး။ ကျမဟာ မြန်မာပြည်သား တယောက်အနေနဲ့ မြန်မာ့ယဉ်ကျေးမှု ပွဲတော်တခုက တေးသီချင်းတပုဒ်ကို နိုင်ငံခြားသားတွေ ရှေ့မှာ မိတ်ဆက်ပေးခွင့် ရလို့ ဂုဏ်ယူ ပီတိ ဖြစ်မိပါတယ်။ ကဗျာရွတ်ခဲ့စဉ် တုန်းကလည်း ဒီလိုပါပဲ ... ။ ကျမတို့ မြန်မာမှာ စာပေ နဲ့ ယဉ်ကျေးမှု ဆိုတာ ရှိတယ်။ အင်္ဂလိပ်လို ဘာသာပြန်တာကအစ မညံ့ဘူးဆိုတာ အများရှေ့မှာ ကျမ ချပြခဲ့ပါတယ်။ အားလုံးကလည်း အရေးတယူနဲ့ နားထောင် ပေးကြတယ်။ ဒါဟာ ရူးတူး ပေါတော စပ်ဖြီးဖြီးလို့ ဘယ်သူကမှ မပြောခဲ့ကြပါဘူး။
ဘာကြောင့်လဲဆိုတော့ လာရောက် ကြည့်သူ အားလုံးရဲ့ စိတ်ထဲမှာ နှိမ့်ချလိုစိတ် ယှဉ်ပြိုင်လိုစိတ် ကဲ့ရဲ့ ပြစ်တင် လိုစိတ် အလျဉ်းမရှိဘဲ ပျော်ရွှင်တဲ့စိတ် ... ချစ်ခြင်း မေတ္တာစိတ်တွေသာ ပြည့်လွှမ်း နေလို့ပါပဲ ... ။
အရေးတယူ ကွန်မန့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
***
မေဓာဝီ
၃၀၊ ဒီဇင်ဘာ၊ ၂၀၀၇
၁၅း၄၁ နာရီ
ဓားစာခံ
မှားတဲ့ဘက်ကို မရပ်တည်ချင်လို့
မှန်တယ်လို့ယူဆရတဲ့ ဘက်မှာ ရပ်တည်
ငါ ... ကူညီပေးခဲ့တယ် ... ။
ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှ
လူလည်းနွမ်း လက်ပန်းလည်းကျ
ဘ၀ရော ... ဓနရော ရင်းနှီးကာ
ငါ တကယ် ပေးဆပ်ခဲ့တာပါ ... ။
ဒါပေမဲ့ ...
ငါ ယုံကြည်ခဲ့ သူတွေက ...
ငါ့ အရည်အချင်းကို နင်းသွားကြ
ငါ့ လုပ်ရပ်အတွက် အမြတ်ထုတ်ကြ
ငါ့ ဘ၀ ပျက်လု မတတ်
လမ်းခုလတ်မှာ
ဇာတ်နာ ခဲ့ရတယ် ... ။
ဒီလိုနဲ့
တဘက်က သတိပေး ...
ငါအဝေးကို ပြေးခဲ့ရတယ်။
တဘက်က စိန်ခေါ်ကြ
ငါဟာ အောက်တန်းကျသတဲ့ ... ။
တဖြည်းဖြည်းနဲ့
ငါဟာ ...
လူတွေရဲ့ သဘောကို မအံ့သြမိတော့ပါဘူး ...
လိုတဲ့ အခါ သုံး
မလိုတဲ့အခါ မုန်း ...
ဒါ ... သူတို့ ထုံးစံပဲ ... ။
နောက်ဆုံးတော့ ...
မှားတဲ့ဘက်နဲ့ မမှန်တဲ့ဘက်
မတူသယောင်ယောင်နဲ့
တူနေတဲ့ နှစ်ဘက် အလယ်မှာ
ငါဟာ ....
ရပ်လို့သာ နေမိပါတော့တ ယ်။
***
မေဓာဝီ
၃၀၊ ဒီဇင်ဘာ၊ ၂၀၀၇
၀၀း၁၆ နာရီ
(ခေါင်းစဉ်ကို နဂိုက တန်ဆာခံလို့ မှားယွင်း ရေးမိပါတယ်။ ကိုမိုးထက်နဲ့ အမည်မသိသူက ကွန်မန့်မှာ ပြောပြပေးတဲ့အတွက် အမှန်ကို ပြန်ပြင်လိုက်ပါတယ်။ခုလို ပြင်ပေးတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ်ရှင်။ )
Friday, December 28, 2007
မေတ္တာ ... ဆုတောင်း
နှစ်အသစ်ကို ကူးပြောင်းတော့မည်။
ကမ္ဘာကြီး နေကောင်းပါရဲ့လား။
သတ္တ၀ါ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာပါရဲ့လား။
***
ဖြိုးဖြိုး ဖြောက်ဖြောက် ကျနေတဲ့ မိုးရေစက်လေးတွေကြောင့် နံနက်ခင်းက အေးမြ လန်းဆန်းလို့ နေ၏။ တိမ်ပုံ့ပုံ့နဲ့ အုံ့ပျပျ ကောင်းကင်ထက်မှာ ငှက်ငယ်တအုပ်က အစာရှာထွက်ဖို့ ပျံသန်းနေကြသည်။ ခိုလေး တကောင်ကတော့ စည်းရိုးထက်မှာ အထီးကျန်စွာ ရပ်နားလျက် ... ။
ခြံထောင့်က ငှက်အိမ်လေးပေါ်မှာ ငှက်ကလေးတွေ တနေ့စာ အတွက် ပေါင်မုန့်လေးတွေ ဖဲ့ခြွေပြီး တင်ထားလိုက်သည်။ သူတို့လေးတွေ ၀မ်းစာအတွက် အပြည့်အ၀ မဟုတ်သည့်တိုင် အနည်းအကျဉ်း အထောက်အပံ့ ဖြစ်လို ဖြစ်ငြားပေါ့။ ဒါ့အပြင် သူတို့တွေဟာ ဒီပေါင်မုန့်လေးတွေကို စားလိုက်ရတဲ့အတွက် မြေကြီးထဲက ပိုးကောင်လေးတွေကို တကူးတက ရှာဖွေ စားသောက်တော့မှာ မဟုတ်။ ဒီတော့ ပိုးကောင်လေးတွေ အတွက် ခဏတာ ဖြစ်ဖြစ် ရှင်သန်ချိန် ပိုပြီး ရနိုင်သည် မဟုတ်လား။
မကြာခင်မှာပဲ ခိုလေးတွေနဲ့ စာကလေးတွေ ရောက်လာပြီး ပေါင်မုန့် အပိုင်းအစလေးတွေကို လာစားနေကြပြီ။ သူတို့ကို ကြည့်ရင်း တိရစ္ဆာန်လေးတွေကို အစာကျွေးတိုင်း အဖေ ရွတ်ဆို နေကျဖြစ်သည့် ...
"သတ္တ၀ါတွေ ... အစာဝကြပါစေ ...
သတ္တ၀ါတွေ ... အနာကင်းကြပါစေ ...
သတ္တ၀ါတွေ ... ဘယာရှင်းကြပါစေ ..." ဟူသည့် ဆုတောင်းကို
နှုတ်မှ တီးတိုး ရွတ်ဆို ဆုတောင်း နေမိ၏။
***
ကိုယ်တိုင်စားဖို့ ကိုယ့်မနက်စာ ကိုယ်ဖန်တီးရင်း ...
ရှင်သန်နေကြသော သတ္တ၀ါ အပေါင်း၏ လိုအပ်ချက်က ဘာလဲ ဟု စဉ်းစားနေမိသည်။
ငွေကြေး ဥစ္စာ ဓနလား ... ။
အစာ အာဟာရလား ... ။
လွတ်လပ်တဲ့ ဘ၀လား ... ။
တကယ်တမ်းတော့ ... လူ၊ တိရစ္ဆာန် သတ္တ၀ါ ဟူသမျှ လုံခြုံမှု မရှိသော ဘ၀များမှာ ရှင်သန် ကျင်လည် နေကြရသည် ချည်းပင်။
ချမ်းသာသူ နဲ့ ဆင်းရဲသူ ...
ပြည့်စုံသူ နဲ့ ချို့ငဲ့သူ ...
အားကြီးသူ နဲ့ အားနည်းသူ ...
အောင်မြင်သူ နဲ့ ရှုံးနိမ့်သူ ...
ကျော်ကြားသူ နဲ့ အညတြ ...
သူတို့ အားလုံးရဲ့ ဘ၀တွေဟာ ဘယ်လောက်များ လုံခြုံစိတ်ချ ရပါသလဲ ... ။ သက်ရှိ သက်မဲ့ အရာအားလုံး မှီခိုနေထိုင်ရာ ဒီကမ္ဘာကြီးသည်ပင်လျှင် အနန္တ စကြာဝဠာထဲက အမှုန်လေး တခုမျှသာ။
ထိုသို့ လုံခြုံစိတ်ချမှု မရှိသော ဘ၀တွေမှာ ရှင်သန် နေထိုင် လျက်ပင် ...
တဦးကို တဦး ဖိနင်း တက်လှမ်းနေကြသူတွေ ...
တဦးကို တဦး ရန်စောင် မာန်ထောင်နေကြသူတွေ ...
တဦးကို တဦး ပြစ်တင် ရှုံ့ချနေကြသူတွေ ...
တဦးကို တဦး မနာလို ၀န်တိုနေကြသူတွေ ...
ဘာကြောင့် များပြားနေရတာပါလဲ ... ။
တဖြည်းဖြည်း ကိုယ်ချင်းစာတရား ပါးလျားလာသော ဒီလောကကြီးထဲမှာ ... တဦးနဲ့ တဦး စာနာစိတ်ဖြင့် စစ်မှန်သော မေတ္တာထားနိုင်ဖို့က အရေးအကြီးဆုံးဟု ထင်မိသည်။
စစ်မှန်သော မေတ္တာစိတ် မွေးမြူဖို့ ဆိုသည်မှာလည်း အပြောလွယ်သလောက် လက်တွေ့မှာ ခက်ခဲလှပါသည်။ မိတ်ဆွေ - ရန်သူ၊ ချစ်သူ - မုန်းသူ အားလုံးကို တန်းတူထားနိုင်ဖို့ တကယ်တမ်းက မလွယ်လှ။ ကိုယ်တိုင်လည်း မေတ္တာတွေ ဘယ်လို ပွါးနေပေမဲ့ စစ်မှန်စွာ မေတ္တာမထားနိုင်။ ဒါကြောင့်လည်း ကိုယ့်မေတ္တာဟာ မထိရောက်တာလေလား။
နောက်ဆုံးတော့ ...
သတ္တ၀ါအားလုံး တဦးနဲ့တဦး စာနာစွာ မေတ္တာ ထားနိုင်ဖို့ ...
မိမိကိုယ်တိုင်လည်း မှန်ကန်တဲ့ မေတ္တာတရား လက်ကိုင်ထားနိုင်ဖို့ ...
ဆုတောင်းရင်း ...
နှစ်အဟောင်းမှ နှစ်သစ်အပြောင်းအတွက် မေတ္တာ ဆုသာ .. တောင်းလိုက်မိ ပါတော့သည်။
***
မေတ္တာဖြင့် ...
မေဓာဝီ
၂၈၊ ဒီဇင်ဘာ၊ ၂၀၀၇
ညနေ ၃ နာရီ ၁၅ မိနစ်
Thursday, December 27, 2007
ည
နေမင်းကြီးက
ဖြာကျနေတဲ့ ရောင်စဉ်တွေကို
ညင်သာစွာ ရုတ်သိမ်း
ငြိမ်းချမ်းစွာ နှုတ်ဆက်
ကမ္ဘာတဘက်ကို ထွက်ခွါ ...
အဲဒီအချိန်မှာ ...
သူ ရောက်လာတော့တယ် .. ။
နက်မှောင်နေတဲ့ ကောင်းကင်
မြေပြင်မှာလည်း အလင်းမဲ့
အဲဒါ ... ည ... တဲ့ ... ။
နွေးထွေးခြင်း ကင်းမဲ့
လေးတွဲ့တွဲ့ လေညင်း
ပန်းရနံ့တွေက သင်း ... လို့
တေးသီချင်း ဆိုနေကျ
ငှက်ကလေးတွေက အိပ်စက်နေ
ဇီးကွက်တွေက အစာရှာကြ
အဲဒါ ... ည ... တဲ့ ... ။
ငြိမ်သက်နေတဲ့ ရေကန်ဘေး
ပိုးစုန်းကြူးကလေးများ
ပျော်ပါးမြူးထူး ဆင်နွှဲ
သဘင်ပွဲ ကျင်းပလျက် ...
တဖျတ်ဖျတ် တောက်ပနေကြ
အဲဒါ ... ည ... တဲ့ ... ။
အမှောင်ကျကာ ဆိုင်းအုပ်
တောစပ်က ချုံပုတ်လေးထဲ
ပုစဉ်းရင်ကွဲ ကလေးများ
ညည်းတွားကာ မြည်ကြွေးကြ
မွတ်သိပ်တဲ့ အခါသမယ
အဲဒါ ... ည ... တဲ့ ... ။
သစ်ရွက်တွေက အိပ်ပျော်
ညဥ့်ငှက်တွေက ဖိတ်ခေါ်
စိတ်ပျော်စရာ မရှိ
မှောင်အတိကျ ...
အဲဒါ ... ည ... တဲ့ ... ။
ညက ... လွတ်လပ်တယ်
ဒါပေမဲ့ မလုံခြုံဘူး။
ညက ... အေးမြတယ်
ဒါပေမဲ့ မချမ်းမြေ့ဘူး။
ညက ... တခါတခါ
အလင်းရောင်ရှိတယ် ... ဒါပေမဲ့ မစစ်မှန်ဘူး။
ညက ... မွှေးပျံ့တယ်
ဒါပေမဲ့ ထုံအီလွန်းတဲ့ ရနံ့ ပြင်းပြင်းနဲ့။
ညမှာ ...
တပ်မက်မှုနဲ့ အလိုဆန္ဒတွေ ပေါက်ဖွားတယ်။
တောင့်တမှုနဲ့ မွတ်သိပ်ခြင်းတွေ ကြီးပြင်းတယ်။
မျှော်လင့်မှုနဲ့ စိတ်ကူးယဉ်ခြင်းတွေ ရှင်သန်တယ်။
ညက ...
နူးညံ့စွာ မှောင်မိုက်တယ်။
ဒီ့နောက် ...
အေးစက်စွာ လောင်မြိုက်တယ်။
ပြီးတော့ ...
မျှော်လင့်တကြီးနဲ့ ငိုက်မြည်းတယ်။
နောက်ဆုံးတော့ ...
မိုးမသောက်ခင်
အမှောင်တွေကို သိမ်းဆည်း
တဘက်ကမ္ဘာဆီ ခရီးနှင်ဖို့
အသင့်ပြင်ပြီး ... ထွက်ခွါ
အဲဒါ အခါမှာ ...
တညတာ ကုန်ဆုံးတော့တယ်။
***
မေဓာဝီ
၂၇၊ ဒီဇင်ဘာ၊ ၂၀၀၇
ညနေ ၄ နာရီ ၃၇ မိနစ်
Monday, December 24, 2007
ဥပေက္ခာ ... ဆုတောင်း
နက်ဖန်ဆို ခရစ်စမတ်နေ့ ရောက်ပြီလေ ... ။
မနက် ၉ နာရီ နေရဲ့ အလင်းရောင်က အရုဏ်တက်ချိန်ပမာ အရှေ့ဘက် ကောင်းကင်မှာ ရောင်နီပျို့လို့ ကောင်းတုန်း။
ခရစ်စမတ် အကြိုနေ့ရဲ့ လမ်းမတွေပေါ်မှာ ကားတွေက ရှင်းလို့ ... ။
ကားမောင်းနေတဲ့ ဦးရီးတော်ရဲ့ ဘေးမှာ ငြိမ်ငြိမ်လေး ထိုင်နေရင်း ကားထဲမှာ ဖွင့်ထားတဲ့ ပဋ္ဌာန်းတရားတော်ကို နာယူနေမိတယ်။ ကားလမ်းရဲ့ ဘေးဘီဝဲယာ တလျှောက်မှာ သစ်ပင်တွေက တရိပ်ရိပ် ကျန်ခဲ့လေရဲ့ ... ။ ဒီလိုပဲ ... အချိန်ဆိုတဲ့ ကာလ ယန္တရားကြီး ဖြတ်သန်းသွားတိုင်း နေ့ရက်တွေ နာရီတွေ တရိပ်ရိပ်နဲ့ ကျန်ခဲ့တာပဲ မဟုတ်လား ... ။ ဒီလိုနဲ့ ကမ္ဘာသုံး ပြက္ဓဒိန် မှာတောင် နှစ်တနှစ် အသစ်ကို ကူးပြောင်း တော့မယ်။ အသစ်နဲ့ အဟောင်း ပြောင်းလဲခြင်းမှာ အသစ်ပြောင်းရင် အဟောင်းတွေက ကျန်ခဲ့ရမှာ ဓမ္မတာပါပဲ ... ။
ဦးရီးတော်ရဲ့ အလုပ်ကိုရောက်တော့ ဟိုတနေ့က ကူလုပ်ပေးရတဲ့ မန်နေဂျာ မမဂျိန်း မလာတာကြောင့် ဘာမှ လုပ်စရာ အထွေအထူး မရှိတာနဲ့ တယောက်ထဲပဲ အခန်းတံခါးဖွင့်၊ ရေဒီယိုဖွင့်၊ ကွန်ပျူတာဖွင့်ပြီး ... ဘလော့လေးဆီ ခြေဦးလှည့်မိတယ်။
ခြောက်ကပ်ကပ် ဘလော့လေးဆီရောက်တော့ မနှစ်က ဘာတွေများ ရေးခဲ့မိပါလိမ့်လို့ အတိတ်ကို ပြန်ပြောင်း အောက်မေ့ မိတော့ ... တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ... မနှစ်က ခရစ်စမတ် အကြိုနေ့က ရေးတဲ့ "ပို့စ်မှာ" လောကဓံကို ခံနိုင်ရည် ရှိချင်ကြောင်း ရေးထားတာကို ပြန်ဖတ်ရတယ်။ ဒီအချိန် ဒီရာသီဆို ဒီလို အတွေးမျိုး တွေးမိတတ်တယ် ထင်ပါရဲ့။
အဲဒီတုန်းက ရေးခဲ့တဲ့ ကဗျာလေးက ...
မလာမှန်းသိလျက် မျှော်မိ
မရှိမှန်းသိလျက် တမ်းတ
မရမှန်းသိလျက် လိုချင်
မကြင်မှန်းသိလျက် လွမ်း
ဝမ်းနည်းရသူမှာ
အခါခါဆုတောင်း ...
အကောင်းအဆိုး လောကဓံ
ခံနိုင်ပါစေကြောင်း ... ။
............................. တဲ့ ... ။
အဲဒီလို ခဏခဏ ဆုတောင်းပေမဲ့လည်း ခံနိုင်ရည်က ပိုများလာမယ် ထင်ပါသလား ... ။
ကိုယ်က မေတ္တာပေးလို့ မေတ္တာ ပြန်မရတဲ့ အခါ ...
ကိုယ်က ဖြောင့်မှန်ပါလျက် ... ကိုယ့်အပေါ် ကောက်ကျစ်ကြတဲ့ အခါ ...
ကိုယ်က ကရုဏာ ထားပါလျက် ... ကိုယ့်ကို ရက်စက်ကြတဲ့ အခါ ...
သူတပါး ချမ်းသာမှုအပေါ် ကိုယ်က ၀မ်းသာပေးပါလျက် ... ကိုယ်ဒုက္ခ ရောက်မှ သူတကာ ၀မ်းမြောက်ကြတဲ့အခါ ...
အဲဒီလိုတွေ မကြာခဏ ကြုံရတဲ့အတွက် ခံနိုင်ရည်က ပိုလို့သာ ပါးလျား လာပါတော့တယ်။
ကိုယ့်ရဲ့ မေတ္တာ၊ သစ္စာ၊ ကရုဏာ၊ မုဒိတာ တွေဟာ ... အရေး မပါ အရာ မရောက်တဲ့အဆုံး ... အားလုံးကို ဥပေက္ခာပြု လစ်လျူရှု ရပါလို၏ လို့သာ ဆုတောင်း နေမိပါတော့တယ်။
***
မေဓာဝီ
၂၄၊ ဒီဇင်ဘာ၊ ၂၀၀၇
၁၁ နာရီ ၂၅ မိနစ်
Friday, December 21, 2007
ကံကောင်း ကံဆိုး
"ကောင်းဆိုး နှစ်တန် လောကဓံ" ဆိုတဲ့ စကား အတိုင်း ... အကောင်း ကြုံကြုံ အဆိုးတွေ့တွေ့ ဒါဟာ လောကဓံပဲ လို့ သဘောထားပြီး မတုန် မလှုပ် ခံနိုင်ရည် ရှိချင်ပါတယ်။ ကျမက ကောင်းတာလေးတွေ ကြုံရ တွေ့ရရင် စိတ်ထဲ ပျော်တာက လွဲပြီး ဘာမှ ထွေထွေထူးထူး မတွေးမိပေမဲ့ အဆိုးနဲ့ တွေ့တဲ့အခါ စိတ်ညစ်ရင် ညစ်၊ မဟုတ်ရင်လည်း ဒါဟာ လောကဓံပဲ ဆိုပြီး သံဝေဂ ရတဲ့အခါရ ... ဖြစ်တတ်ပါတယ်။ အမှန်ဆို ပျော်စရာ တွေနဲ့ တွေ့ရင်လည်း ငါတော့ လောကဓံကို ခံနေရပါလား လို့ တွေးသင့်တာပေါ့ ... နော်။
ဒါကြောင့် ကျမဆရာ တယောက်က ကျမကို မင်္ဂလသုတ် ထဲက နောက်ဆုံး မင်္ဂလာ တပါး ဖြစ်တဲ့ ...
ဖုဌဿ လောကဓမ္မေဟိ
စိတ္တံ ယဿ နကမ္ပတိ
အသောကံ ၀ိရဇံ ခေမံ
ဧတံ မင်္ဂလ မုတ္တမံ။ ... ။
ဆိုတဲ့ အပိုဒ်ကို ဘယ်တော့မှ မမေ့ဖို့ ပြောပြီး အမြဲ ရွတ်ခိုင်းပါတယ်။
ဆရာပြောသလို အမြဲမဟုတ်တောင် တခါတလေ ရွတ်ဖြစ်ပေမဲ့ လောကဓံဆိုတာကို အဆိုးပဲလို့ စိတ်ထဲ စွဲနေမိတုန်းပါပဲ။ အခု လတ်တလော ကျမ ကြုံရတဲ့ ကံကောင်း ကံဆိုး လောကဓံတွေနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ...
***
ကံကောင်းချင်တော့ ကျောင်းရက်ရှည် ပိတ်တယ်။ ကံဆိုးချင်တော့ ချစ်လှစွာသော အမက တရက်မှ မနားခိုင်းဘဲ တခြားမြို့က ဦးရီးတော်ဆီကို ချက်ချင်း စေလွှတ်ခြင်း ခံရတယ်။
ကံကောင်းချင်တော့ ဦးရီးတော်က တကိုယ်တည်း လူပျိုကြီးမို့ နေရထိုင်ရ အဆင်ပြေတယ်။ (မိန်းမရှိရင် သူကလည်း အလည်ခေါ်ချင်မှ ခေါ်မှာ :P)
ကံဆိုးချင်တော့ သူ့အိမ်မှာ အင်တာနက် မရှိဘူး။ (မဟာ ကံဆိုးခြင်းပဲ :(
ကံကောင်းချင်တော့ သူက သူ့အလုပ်ကို အလည် ခေါ်သွားတယ်။ (အိမ်မှာဆို တယောက်ထဲ ပျင်းနေမှာကိုး)
ကံဆိုးချင်တော့ အလုပ်ထဲမှာ ဟိုဟာ ဒီဟာ ကူလုပ်ရတယ်။ (နားတော့သိပ်မလည်ဘူး။ လုပ်ဆို လျှောက်လုပ်လိုက်တာပဲ။ မှားရင်တော့ ဒုက္ခ)
ကံကောင်းချင်တော့ အလုပ်ထဲမှာ အင်တာနက် သုံးခွင့်ရတယ်။ (မဟာကံကောင်းခြင်း ဆိုပါတော့)
ကံဆိုးချင်တော့ ကိုယ့်ဘလော့ကိုယ် အစအဆုံး မမြင်ရဘူး။ (နိုဝင်ဘာလ ထိပဲ မြင်ရတယ်၊ ဘာလို့လဲ မသိ။)
ကံကောင်းချင်တော့ ဘလော့ အတွက် စာရေးဖို့ အချိန်လေး နည်းနည်း ... ဟိုလူ ဒီလူနဲ့ ဂျီတော့ခ်မှာ ဘာညာ သာရကာ ပြောဖို့ အချိန်လေး နည်းနည်း ရတယ်။
ကံဆိုးချင်တော့ ဖုဌဿ ကို ရိုက်တာ ဌ၀မ်းဘဲမှာ အရစ်ပါတာ ရှာလို့ မရလို့ အမှားကြီးအတိုင်းပဲ ရိုက်ခဲ့ရတယ်။ (ဖြည့်စွက်ပြီးသာ ဖတ်လိုက်ကြပါတော့)
ဒီလိုနဲ့ ...
ကံကောင်း ချင်တော့ ... ဒီစာလေးကို ရေးပြီး တင်ဖြစ်သွားပါတယ်။
ကျမဘလော့ကို လာမိသူများအတွက်တော့ ... ကံဆိုးချင်တာပဲလား မသိ။
***
မေဓာဝီ
၂၁၊ ဒီဇင်ဘာ၊ ၂၀၀၇
ညနေ ၄ နာရီ ၀၅ မိနစ်
(နက်ဖန် သဘက်ခါက ဦးရီးတော်ရဲ့ အလုပ်ပိတ်ရက်မို့ အင်တာနက်နဲ့ ဝေးရ ပြန်ဦးမည် ...)
Wednesday, December 19, 2007
ခဏ တာ့တာ ကျောင်းတော်မဟာ
ဒီအဆောက်အဦးတွေကတော့ Mozambique, Chinese Embassy, Malawi လို့ အမည်ပေးထားတဲ့ အဆောက်အဦးတွေပါ။ ကျမနေတဲ့ Malawi က ဟိုးနောက်ဆုံးမှာ။
အဆောင်တွေနောက်က သစ်ပင်တန်း … လွမ်းမယ်ဆို လွမ်းချင်စရာပေါ့ … ။
ကျမတို့ ဖြတ်သန်း နေကျ ကွန်ကရစ်လမ်းကလေး နဲ့ မြက်ခင်းပြင်ကြီး။ ဟိုတလောက ငိုနေတဲ့ မြက်ကလေးတွေ … ခုတော့လည်း … ။
သူ့နာမည်က “ဆာရှာ” တဲ့။ တခါတခါ သူနဲ့ ဘောလုံး ပစ်တမ်း ကစားကြတယ်။
အ၀င်ဝက ဒီအရုပ်ကြီးတွေကို သဘောကျလို့ … အမှတ်တရ ရိုက်ယူခဲ့တယ်။
အခုတော့လည်း ထမင်းစားခန်းကြီးက သန့်ရှင်းလို့ … ။ များသော အားဖြင့် ကတော့ ရှုပ်ပွနေတတ်လို့ပါ။
ထမင်းစားခန်းထဲမှာ ကပ်ထားတဲ့ စာတွေကို သဘောကျမိလို့။
If you want to change the world, we need to change ourselves first!!! တဲ့။
နောက်တခုက …
ပြန်လာတဲ့အခါ … ကြိုနေပါ … အခုတော့ ခဏ တာ့တာ … ။
***
မေဓာဝီ
၁၉၊ ဒီဇင်ဘာ၊ ၂၀၀၇
ည ၁၁ နာရီ ၄၅ မိနစ်
***
ဖြည့်စွက်ချက် …
ဦးရီးတော် အိမ်မှာ အင်တာနက် သုံးဖို့လည်း မသေချာလို့ … ဘလော့ ဖတ်သူ အပေါင်းကို ဒီပို့စ်လေးနဲ့ ခဏ တာ့တာ လုပ်ပါရစေ … ။ အကယ်၍ … အကယ်၍ ပေါ့လေ … ဒီနှစ်ပတ် အတွင်း အင်တာနက် သုံးစွဲခွင့်ရခဲ့ရင်တော့ စာတွေ တင်ဖြစ်မယ် ထင်ပါတယ်။ မရခဲ့ရင်တော့ … … …. :(
Tuesday, December 18, 2007
မြနန္ဒာ နှင့် ခရစ်စမတ် ညစာ
စာရင်းသာ ပေးလိုက်တယ် ... ဘာသီချင်း ဆိုရမလဲ စဉ်းစားမရ သေးပါဘူး။ ချီဆတိုက သဘာဝရဲ့ ရင်သွေးငယ် ဆိုခိုင်းပါတယ်။ တခါတုန်းက သူနဲ့တူတူ ကျောင်းမှာ သန့်ရှင်းရေးလုပ်ကြရင်း အဲဒီသီချင်း ကျမ ညည်းဆို မိတာကို သူက ကြားတော့ သီချင်း အဓိပ္ပါယ် မေးတာနဲ့ တတ်သလောက် မှတ်သလောက် ရှင်းပြခဲ့ ဖူးလို့ပါ။
ဒါနဲ့ပဲ သဘာဝရဲ့ ရင်သွေးငယ် ဆိုမယ်ဆိုပြီး မြို့ထဲကအပြန် လမ်းကလေးမှာ တယောက်ထဲ လျှောက်နေရင်း အော်ဆို လေ့ကျင့်လာမိတယ်။ ကျမ အသံ ဘယ်လောက် ကောင်းလဲ ဆိုရင် အသံကြားတာနဲ့ လမ်းဘေး သစ်ပင်ပေါ်က ငှက်ကလေးတွေ ချုံပုတ်ထဲက ရှဥ့်ကလေးတွေ အလန့်တကြား ထပြေး ကြပါလေရော ... ။ အဲဒီလောက်ထိ ... ။
***
ညနေ ၆နာရီ ခွဲမှာ အစီအစဉ် စဖို့ သတ်မှတ်ထား ပေမဲ့ လူမစုံသေးလို့ ၇ နာရီ ခွဲမှ စဖြစ်ပါတယ်။ ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည် တော်တွေ စုံတဲ့ အခါမှာ အကျွေးအမွေးနဲ့ တည်ခင်း ဧည့်ခံ ပါတယ်။ နိုင်ငံ အသီးသီးက ကျောင်းသား အသီးသီး လက်စွမ်းပြ ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေ အချိုပွဲတွေကို အမျိုးအမည်နဲ့တကွ ရှင်းလင်း ပြောပြကြတယ်။
ဖိလစ်ပိုင်သား ခရစ်စ်က ကျမတို့ဆီက နို့ထမင်းနဲ့ ခပ်ဆင်ဆင် အစားအစာ တမျိုးလက်စွမ်းပြပါတယ်။ ဂျပန်ကျောင်းသား ကျောင်းသူတွေကလည်း ဂျပန်မုန့် (ဘယ်လိုခေါ်လဲ မသိတော့ဘူး မေ့သွားပြီ) တွေ အားကျ မခံ လုပ်ကြပါတယ်။ ကျမကတော့ ဗမာမုန့် လုပ်တတ်ဘူး ဆိုပြီး လက်ရှောင်ထားတာ။
အဲဒီလိုနဲ့ စားသောက်ပြီးတဲ့နောက် ကျောင်းအုပ် ဆရာမကြီး ဒေါ်ကရင် (မှတ်ချက် ။ .. ။ ကရင်လူမျိုး မဟုတ်ပါ။ သူ့နာမည်က Karen တဲ့) က အဖွင့် အမှာစကား ပြောပြီး သီချင်းဆိုပါတယ်။ ဒေါ်ကရင်ပြီးတော့ ဘရာဇီးသူ မမ အစ်ဇဘယ်က ဘရာဇီးနိုင်ငံမှာ ခရစ်စမတ်ဆိုရင် ဘယ်လို ကျင်းပလေ့ရှီတယ် ဆိုတာ ရှင်းပြပါတယ်။
မမ အစ်ဇဘယ် ပြီးတော့ ဂျပန် ကျောင်းသား တယောက်နဲ့ ယူမိကို က စုံတွဲသီချင်း ဆိုတယ်။ သူတို့ဂျပန်မှာက ခရစ်စမတ်ဆိုတာ စုံတွဲတွေ အတွက်ဆိုပဲ။ ဒါကြောင့် သူတို့က အချစ်သီချင်း ဆိုကြပါတယ်။ သူတို့ စုံတွဲပြီးတော့ အီကွေဒေါသား ကိုဝါရှင်တန်က ဂစ်တာတီးပြီး သူတို့နိုင်ငံမှာ ရေပန်းစားတဲ့ သီချင်းကို အာလုပ်သံကြီးနဲ့ မာန်ပါပါ ဆိုသွားပါတယ်။ သူတို့ဆိုနေစဉ်မှာပဲ ကျမ စိတ်ကူးရမိတာက ... သဘာဝရဲ့ ရင်သွေးငယ် မဆိုဘဲ မြနန္ဒာ လို့ လူသိများတဲ့ မန်းတောင်ရိပ်ခို သီချင်း ဆိုရင် ကောင်းမလား လို့ပါ။
အဲဒီလိုပဲ ကျမစိတ်က ခဏခဏ ပြောင်းလဲတတ်တာ ... ဒါနဲ့ စိတ်ထဲကနေ မြနန္ဒာ သီချင်းကို ဆိုကြည့်နေမိတယ်။ စာသားတွေ အကုန်မှတ်မိလားလို့ ... ။ အားလုံး အိုကေတာနဲ့ အတော်ပါပဲ ... နောက်အလှည့်က .. ကျမ အလှည့်ပေါ့။ ဒေါ်ကရင်က ကျမကို ပရိသတ်နဲ့ မိတ်ဆက်ပေးတယ် ... ။ ဒီကျောင်းရဲ့ ပထမဆုံးသော တဦးတည်းသော မြန်မာပေါ့။ ကျမကလည်း မြန်မာဆန်ဆန် ပင်နီအင်္ကျီနဲ့ ယောလုံချည်ဝတ်ပြီး ပုဝါကြီး စုံချ … ကတ္တီပါဖိနပ်စီး လို့ ... ။ ကိုယ့်ကိုယ်ကိုယ်တော့ မှန်ထဲ မကြည့်ရဲဘူး။ ဘယ်လောက် ကမောက်ကမ ဖြစ်နေမယ်ဆိုတာ မြင်နေရမှာ စိုးလို့ပါ။
ပရိသတ်ရှေ့ရောက်တော့ လူက နည်းနည်း လန့်ချင်နေပြီ။ မနည်း အားတင်းပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်၊ သီချင်းကို မိတ်ဆက် ... ပြီးတော့ ... အဟမ်း )))) စစချင်း အသံက တုန်နေပါသေးတယ်။ ဆိုရတာက ပတ်ခြောက်။ တီးလုံးကလည်း မပါ။ လူတွေရဲ့ မျက်လုံးတွေက ကိုယ့်ဆီမှာ အားလုံး စုပြုံ နေတာမို့ မကြည့်ရဲဘဲ မျက်နှာကြက်က တွဲလောင်း ကျနေတဲ့ မီးလုံးကြီးတွေကို ကြည့်ရင်း ... ဆိုခဲ့ရတယ်။
အရေးထဲ ... "ရွှေမန်းတောင်ရိပ် တူတူခိုမယ် ပျိုဖြူတွေရယ်" ဆိုတဲ့ နေရာမှာ တူမလေး ငယ်ငယ်တုန်းက ဆိုသလို "ရွှေမန်းတောင်ရိပ် ခိုဖြူ ခိုပြာ ခိုဝါ တွေရယ်" လို့ ယောင်ပြီး ဆိုမိတော့မလို့။ တူမလေးကို နောက် နေကျဆိုတော့ ... အကျင့်ပါနေလို့ပါ။ နောက်ဆုံးတော့ ပြီးသွားတယ် ဆိုပါတော့။ အားနာ ပါးနာ တီးကြတဲ့ လက်ခုပ်သံတွေ ကြားကနေပြီး မျက်နှာပူစွာနဲ့ ကိုယ့်နေရာ ကိုယ် ပြန်ထိုင်ခဲ့ရပါတယ်။
တကယ်တော့ မြနန္ဒာ နဲ့ ခရစ်စမတ်နဲ့ ဘာမှ မဆိုင်ပါဘူး။ ဒါပေမဲ့ သူတို့တွေရဲ့ ရိုးရာ သီချင်းတွေဆိုနေချိန်မှာ ကျမလည်း မြနန္ဒာကို လွမ်းသွားမိလို့ပါ။ အားလုံး သီဆို ဖျော်ဖြေ ပြီးချိန်မှာ ည ၁၀ နာရီ ထိုးလုပါပြီ။ နောက်ဆုံး အစီအစဉ်အဖြစ် စန်တာကလော့က အားလုံးကို လက်ဆောင်ပေးပါတယ်။ လက်ဆောင်တွေ ဖောက်ကြ၊ တယောက်နဲ့ တယောက် အပြန်အလှန် လဲကြတယ်။
***
ဒီလိုနဲ့ ခရစ်စမတ်အကြို ညစာစားပွဲ ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ မကြာခင် ရက်ပိုင်းအတွင်း ကမ္ဘာသုံး ပြက္ခဒိန်မှာ နှစ်သစ်ကို ကူးပြောင်းပါတော့မယ်။ ကျမကတော့ ကျမတို့ မြန်မာပြည်ရဲ့ နှစ်သစ်ကူး အခါသမယကို ပြန်လည် အောက်မေ့ တမ်းတရင်း ... မြနန္ဒာသီချင်းလေးကို စိတ်ထဲကနေပဲ ထပ်တလဲလဲ ဆိုညည်း နေမိပါတော့တယ်။
***
မေဓာဝီ
၁၈ ဒီဇင်ဘာ၊ ၂၀၀၇
ည ၁၁ နာရီ ၄၀ မိနစ်
Monday, December 17, 2007
လမ်းခုလတ်မှာ ...
ဒုက္ခတွေကို ကျောမှာပိုးလို့
ရွာရိုးကိုးပေါက် လျှောက်ခဲ့ရတယ်
မြေပုံတချပ်နဲ့ ရယ်ပေါ့ ... ။
တောင်ခိုးတွေ တဝေေ၀
တောင်ခြေမှာ မြူတွေဆိုင်းလို့
ရှုလေတိုင်း သာယာလှတဲ့
သဘာဝကိုလည်း
ဒီအချိန်မှာ ... ခံစားနိုင်စွမ်း မရှိတော့ ... ။
ခရီးလမ်းတလျှောက်
ခြိမ်းခြောက်တဲ့ အသံ
ရန်လိုတဲ့မျက်လုံး
တချို့က မချိပြုံးနဲ့
ကဲ့ရဲ့ သူက ကဲ့ရဲ့
မဲ့ရွဲ့ကာ စကားတင်းဆို ...
တချို့ကတော့ ကြိုဆိုကြပါရဲ့ ...
ဒါပေမဲ့ .… .…
.... .... .... .... ....
.... .... .... .... ....
.... .... .... .... ....
မြေပုံပါလျက်နဲ့ မျက်စိလည်
ဘယ်ဆီကို ရောက်နေသလဲ ...
အရှေ့ အနောက် တောင်နဲ့ မြောက်လည်း
ဝေခွဲလို့မတတ်
နေမထွက်တော့ မျက်စိမှား
ယောင်ဝါးဝါးနဲ့ လျှောက်နေဆဲ ...
ဖိနပ်လည်းပေါက် ... ခြေထောက်လည်းနာ
ရင်ထဲမှာတော့ ဒဏ်ရာတွေနဲ့ ... ။
ဟိုးရှေ့မှာ လမ်းခွဲ ...
မြားလည်း ပြထားပါလျက်
ဘယ်ဘက်ကို လျှောက်ရပါ့
ဒွိဟစိတ်နဲ့ တွေဝေ
ဒီလိုနဲ့ ...
လမ်းခုလတ်မှာ
မတ်တပ်ရပ်ကာသာ နေမိပြီလေ ... ။
***
မေဓာဝီ
၁၇ ဒီဇင်ဘာ ၂၀၀၇
ည ၁၀ နာရီ ၁၅ မိနစ်
Sunday, December 16, 2007
သံယောဇဉ် ဟူသည် …
စာမူအနေနဲ့ ဖတ်ရတုန်းကနဲ့ စာအုပ်ဖြစ်ပြီးနောက် ဖတ်ရတဲ့ အရသာ မတူပါဘူး။ အခုမှ ပိုပြီး အရသာရှိသလို … စီးစီးပိုင်ပိုင် လေးလေးပင်ပင် ရှိသလို ခံစားရတယ်။ ဘာလို့လဲတော့ မပြောတတ်ပါဘူး။ ဖတ်ရင်းနဲ့ တနေရာမှာ သံယောဇဉ် အကြောင်း ရေးထားတာတွေ့လိုက်ရပါတယ်။ သံယောဇဉ် ဆိုတဲ့ စကားကို ကျမတို့ အမြဲ သုံးစွဲနေကြပေမဲ့ သေသေချာချာ မသိခဲ့ပါဘူး။ ဖတ်ခဲ့ဖူး သင်ခဲ့ဖူးပေမဲ့လည်း … ကြာတော့ မေ့ပျောက် သွားပြန်ပါရော … ။
ဒါနဲ့ သံယောဇဉ် ၁၀-ပါး အကြောင်း ကျမဘလော့မှာ တင်ဖို့ စိတ်ကူး မိပါတယ်။ ကိုယ်ကိုယ်တိုင် မမေ့မလျော့ဖို့နဲ့ … မသိသေးသူများကို ဝေမျှလို လို့ ပါပဲ။ ဗုဒ္ဓတရားတော် တွေကို ဝေမျှတဲ့နေရာမှာ ဆင်းရဲ ချမ်းသာ အယုတ် အလတ် အမြတ် လူတန်းစား မရွေး ဝေမျှခွင့်ရှိတယ် လို့ ကျမကတော့ ယူဆပါတယ်။ ပါရမီ နည်းသေးလို့ ကိုယ်တိုင် အားသွန်ခွန်စိုက် မကျင့်နိုင် သေးသည့်တိုင် ကိုယ်သိထား သလောက်လေးကို ပြန်လည် ဝေမျှ ကောင်းရဲ့ မဟုတ်လား။ ဒါ့အပြင် အလှူတကာ့ အလှူထဲမှာ တရားအလှူ (ဓမ္မ ဒါန) က အမြတ်ဆုံးလို့ ဆိုထားတဲ့အတွက် ကျမ ဖတ်ရှုမိတဲ့ တရားတော်ကို ကျမဘလော့ဖတ်သူ အပေါင်းအား ပြန်လည် ဝေမျှ ဒါန ပြုလိုက်ပါတယ်ရှင် … ။
***
သံယောဇဉ်ကို ရှုမှတ်ပုံ
ချစ်သားရဟန်းတို့ … တရားကို အစဉ်ရှု၍ နေရာ၏။ အဘယ်တရားကို ရှုရာ သနည်းဟူမူကား အတွင်း, အပ ၌ ဖြစ်သော အာယတန တရားတို့ကို အစဉ် ရှု၍ နေရာ၏။ အဘယ်သို့ ရှုရာသနည်း ဟူမူကား …
[၁-၂] စက္ခုဝိညာဉ်ကိုလည်း သိရာ၏၊ ရူပါရုံကိုလည်း သိရာ၏၊ ထိုစက္ခု ၀ိညာဉ်နှင့် ရူပါရုံတို့ ထိပါးကြသောအခါ သံယောဇဉ် ၁၀-ပါး တို့သည် ဖြစ်ကုန်၏။ ဖြစ်ဟန်ကား …
၁) အလိုရှိသော အာရုံ ကို မြင်ရသောအခါကာမဂုဏ်၌ ယစ်တတ်သော ကာမရာဂ သံယောဇဉ်။
၂) ရူပါရုံ၌ ယစ်တတ်သော ရူပရာဂ သံယောဇဥ။်
၃) နာမက္ခန္ဓာ လေးပါး၌ ယစ်တတ်သော အရူပရာဂ သံယောဇဉ်။
၎) ထိုရူပါရုံကို သူတပါးတို့နှင့် ရောယှက်သောအခါ အမျက်ထွက်တတ်သော ပဋိဃ သံယောဇဉ်။
၅) ဤရူပါရုံကို ငါသာလျှင် ရပေသည်ဟူ၍ ထောင်လွှားတတ်သော မာန သံယောဇဉ်။
၆) ဤရူပါရုံသည် ကောင်းမွန်တင့်တယ် လှပေ၏ ဟု မှားသော နှလုံးသွင်းခြင်း တည်းဟူသော ဒိဋ္ဌိ သံယောဇဉ်။
၇) ငါသည် ဤသို့သော သီလကြောင့် ဤသို့ သဘောရှိသော ရူပါရုံနှင့် တွေ့ရပေသည်ဟု သုံးသပ်ခြင်း တည်းဟူသော သီလဗ္ဗတပရာမာသ သံယောဇဉ်။
၈) ထိုရူပါရုံသည် ပျက်စီးခဲ့သောအခါ အလွန်ပျံ့လွင့်ခြင်း, စိုးရိမ်ခြင်း တည်းဟူသော ဥဒ္ဓစ္စ-ကုက္ကုစ္စ သံယောဇဉ်။
၉) ယောက်ျားလော, မိန်းမလော, ပုဂ္ဂိုလ် သတ္တ၀ါလော ဟု ယုံမှားခြင်း ၀ိစိကိစ္ဆာ သံယောဇဉ်။
၁၀) သစ္စာလေးပါး၌ မသိသော အ၀ိဇ္ဖာ သံယောဇဉ်။
ဤ ဆယ်ပါးသော သံယောဇဉ်တို့သည် ဖြစ်လေကုန်၏။ ထိုသို့ ဖြစ်သော သံယောဇဉ်တို့ကိုလည်း သိရာ၏။ ထိုသို့မဖြစ်သေးသော သံယောဇဉ်တို့၏ ဖြစ်ကြောင်းကိုလည်း သိရာ၏။ ထိုသို့ သံယောဇဉ်တရား ဖြစ်သော အခါ ၀ိပဿနာ ဘာဝနာဖြင့် ပယ်ရာ၏။ ထိုသို့ ပယ်ကြောင်းကိုလည်း သိရာ၏။ ထိုသို့ ၀ိပဿနာ ဘာဝနာဖြင့် ပယ်အပ်ကုန်သော သံယောဇဉ်တို့သည် နောင်သောအခါ မဂ်ဥာဏ်, ဖိုလ်ဥာဏ်ဖြင့် မဖြစ်လေကုန်ပြီ၊ ထိုသို့ မဖြစ် ကြောင်းကိုလည်း သိရာ၏။
ထိုနည်းတူစွာ …
[၃-၄] သောတ၀ိညာဉ် နဲ့ သဒ္ဒါရုံ
[၅-၆] ဃာန၀ိညာဉ်နဲ့ ဂန္ဓာရုံ
[၇-၈] ဇိဝှာဝိညာဉ်နဲ့ ရသာရုံ
[၉-၁၀] ကာယ၀ိညာဉ်နဲ့ ဖောဋ္ဌဗ္ဗာရုံ
[၁၁-၁၂] မနောဝိညာဉ်နဲ့ ဓမ္မာရုံ … တို့ကိုလည်း နည်းတူ သိနိုင်ပါတယ်။
ဤသို့ သံယောဇဉ်တရားတို့သည် ရှိ၏ ဟု နှလုံးသွင်းနေသော ယောဂီ ပုဂ္ဂိုလ် တို့အား အလွန်ထင်ရှားသည် ဖြစ်ကုန်၏။ အကြင်မျှလောက် သံယောဇဉ် တို့၌ အောက်မေ့ရသော အကျိုးကား - ပညာ၏ ပြန့်ပွါးခြင်းငှာ လည်းကောင်း၊ အောက်မေ့ ဆင်ခြင်ခြင်း သတိသမ္ပဇည နှင့် ပြည့်စုံခြင်းငှာ လည်းကောင်း ဖြစ်၏။ တဏှာ, မာန, ဒိဋ္ဌိတို့ကို မမှီမူ၍ နေရာ၏။
ဤသို့လျှင် အတွင်း အပ သန္တာန်၌ ဖြစ်သော အာယတနဟူသော လောက၌ တစုံတခုသော ရုပ်, နာမ်, သင်္ခါရ တို့သည် ငါ၏ ဥစ္စာ ဟူ၍ လည်းကောင်း၊ ငါ ဟူ၍ လည်းကောင်း၊ ငါ၏ ကိုယ် ဟူ၍ လည်းောင်း မဆိုရချေ။ ဤသို့လျှင် ၀ဋ်သုံးပါးမှ ထွက်မြောက်ခြင်းကို အလိုရှိသော ရဟန်း ရှင် လူ ယောက်ျား မိန်းမ စသော ယောဂီ ပုဂ္ဂိုလ်တို့သည် အာယတန သံယောဇဉ် ဟူသော တရားတို့ကို အစဉ်ရှုလျက် ကောင်းစွာ နေရာ၏ - ဟူလိုသော်။
***
သံယောဇဉ်နဲ့ ပတ်သက်လို့ကတော့ ဒီမျှပါပဲ။ ဖတ်ကြည့်ပြီးတော့ သံယောဇဉ် ဆိုတာဟာ ကောင်းတာမဟုတ် .. ပယ်ရမယ့် တရားလို့ သဘောပေါက်ပြီး နောက် … အရာရာကို သံယောဇဉ် ဖြတ်ဖို့ ကြိုးစားရင် ကောင်းလေမလား တွေးမိ နေပါတော့တယ်။
***
မေဓာဝီ
၁၅၊ ဒီဇင်ဘာ၊ ၂၀၀၇
ည ၁၁ နာရီ ၅၉ မိနစ်
[၀န်ခံချက် - ဆရာတော်ဦးသီရိ၏ သတိပဋ္ဌာန်ဝတ္ထု မှ … ]
Saturday, December 15, 2007
အေးခဲသွားသော မျက်ရည်စက်များ ...
မနေ့ည ညဥ့်ဦးပိုင်းလောက်က ညစာစားဖို့ ထမင်းစားဆောင်ကို အသွား တဆောင်နဲ့ တဆောင်ကူးတဲ့ ကွန်ကရစ် လမ်းလေးရဲ့ နံဘေးက မြက်ခင်းကလေးမှာ မြက်ပင် တွေထက် တလက်လက် တောက်ပ နေတာကို မြင်တော့ ... တယောက်က အဲဒီလို ထအော်တယ်။
နောက်တယောက်ကတော့ ...
"အဲဒါ မိုးစက်တွေ နေမှာ" ... တဲ့ ။
"ဘယ်က မိုးစက် ဖြစ်ရမှာလဲ ... မိုးမှ မရွာတာ ... အဲဒါ နှင်းစက်လေးတွေ ..."
ပထမ တယောက်က ပြောပြန်တယ်။
ဒါနဲ့ သူက ၀င်ပြီး ...
"မိုးစက်လည်း မဟုတ် ... နှင်းစက်လည်း မဟုတ် ... အဲဒါ ... မြက်ပင်လေးတွေရဲ့ မျက်ရည်စက်တွေ ..." ပြောလိုက်တော့ ...
"ဟင် ... ဘယ်လို"
"မြက်ပင်ရဲ့ မျက်ရည် ... ဟုတ်လား"
အဲဒီနှစ်ယောက်ဆီက အာမေဋိတ်တွေ အသီးသီး ထွက်လာကြပါရော ... ။
“အင်း ... ဟုတ်တယ် ... မြက်ပင်လေးတွေ ငိုနေကြတာ ...”
“မြက်ပင်လေးတွေ ငိုနေကြတာ ???”
"ကဲ ... ရှင်းစမ်းပါဦး ... မြက်ပင်ရဲ့ မျက်ရည်စက် အကြောင်း ... မြက်ပင်တွေက ဘာလို့ ငိုတာလဲ ..."
အဲဒီလို မေးခွန်းထုတ်လာမှာကို မျှော်လင့်နေတာနဲ့ အတော်ပဲ ဖြစ်ပြီး သူက ရှင်းပြဖို့ ကြိုးစားရပါတယ်။
"ဒီလိုလေ ... အခု တို့တတွေ ဒီလမ်းကလေးမှာ နေ့စဉ်နဲ့အမျှ လျှောက်နေပေမဲ့ လမ်းဘေးက မြက်ပင်တွေကို ဘယ်တုန်းကများ တယောက်ယောက်က ဂရုတစိုက် ကြည့်ဖူးလို့လဲ ... လူတွေက ဒီမြက်တွေပေါ်မှာ တံတွေး ထွေးချင်ထွေးမယ် ... အမှိုက် ပစ်ချင် ပစ်မယ် ... သူတို့ခမျာ လမ်းကလေး ဘေးမှာ နေရင်း လူတကာ အညစ်အကြေး စွန့်သမျှ ခံရတဲ့အပြင် အများကလည်း ဥပေက္ခာ ပြုထားကြတယ် မဟုတ်လား"
"အင်း ... အဲဒီတော့ ..."
"အဲဒါကြောင့် မြက်ပင်ကလေးတွေက အားငယ်ပြီး ငိုတာပေါ့ ..."
"ဟားဟား ... မင်းက တော်တော် အတွေးခေါင်တာပဲ ..."
တယောက်က ဟားတိုက်ရယ်မောတယ်။ နောက်တယောက်ကတော့ ...
"အင်းလေ ... မျက်ရည်စက်တွေပဲ ထားပါတော့ ... အခု ညဘက်မှာသာ သူတို့ငိုနေကြတာပါ ... မနက်ခင်း မိုးလင်းတဲ့အခါ နေထွက်လာရင် သူတို့ မျက်ရည်တွေလည်း အလိုလို ခမ်းခြောက်သွားမှာပါပဲ ... ကဲ ကဲ ... ညစာစားဖို့ နောက်ကျရင် ဘာမှ မကျန်ဘဲနေလိမ့်မယ် ... အမြန်သွားစို့"
လို့ … ပြောပြီး စကားစ ဖြတ်လိုက်လေရဲ့ ... ။
***
ညစာစားပြီး အပြန်မှာတော့ သူတယောက်ထဲ အဲဒီ လမ်းလေးအတိုင်း လျှောက်လာရင်း မြက်ခင်းလေးအနားမှာ ဒူးထောက် ထိုင်ချပြီး မြက်ကလေးတွေကို သေချာကြည့်မိတယ်။ မြက်ပင်ရဲ့ ထိပ်ဖျားလေးမှာ တွဲလွဲခိုနေတဲ့ ရေစက်ကလေး .... ။ မီးရောင်အောက်မှာ တဖျတ်ဖျတ် လက်လို့ ... ။
ဒါဟာ ... မြက်ဖျားနှင်းတဲ့လား ... ။ သူကတော့ မထင်မိပါဘူး ... ။
ဒါဟာ ... မြက်ပင်လေးတွေရဲ့ ရင်ထဲက ဖြစ်တည်လာတဲ့ မျက်ရည်ပွင့်ကလေးတွေ ... ။
ဟုတ်တယ် ... ။
မြက်ပင်လေးတွေ ငိုနေကြတာ ... ။
မြက်ပင်လေးတွေ ... ငို နေ ကြ တာ လေ ... ။
မြက်ပင်လေးတွေရဲ့ နူးညံ့တဲ့ အဖျားလေးတွေကို ပွတ်သပ်ပေးမိတော့ သူ့လက်ဖ၀ါး မှာ သူတို့ရဲ့ မျက်ရည်စက်တွေနဲ့ စိုရွှဲသွားတယ်။ လူတကာ လစ်လျူရှု ခံနေကြရတဲ့ သူတို့ လေးတွေရဲ့ မျက်ရည်စက်တွေက နွေးမနေဘူး ... ။
အေး ... စက် ... လို့ ... ။
မငိုပါနဲ့ မြက်ပင်လေးတွေရယ် ... မနက်ခင်း နေခြည်က လောကကြီးကို ပူနွေးစေပြီး မင်းတို့ အငိုတိတ်အောင် စွမ်းဆောင်ပေးပါလိမ့်မယ်။ ဒီတညတော့ သည်းခံလိုက်ပါဦး ကွယ် ... ။
သူပြောတာကို နားလည်တဲ့အလား မြက်ပင်လေးတွေက လေအတိမ်းမှာ ယိမ်းနွဲ့ကြ ရှာတယ်။ တဖြည်းဖြည်း အေးသည်ထက် အေးလာတော့ သူလည်း အပြင်မှာ ကြာကြာ မနေနိုင်လို့ မြက်ပင်ကလေးတွေကို နှုတ်ဆက်ပြီး အဆောင်ထဲ ပြန်ဝင်ခဲ့တယ်။
***
နောက်တနေ့ မနက်မှာ သူ အိပ်ရာထ နောက်ကျခဲ့တယ်။
နာရီမကြည့်မိဘဲ အလင်းရောင်လာမှ ထမယ်ဆိုပြီး အိပ်နေခဲ့မိတာ ... ။ အလင်းရောင်က တော်တော်နဲ့ မလာတဲ့ အဆုံး နာရီကြည့်မိတော့မှ နောက်ကျမှန်း သိပြီး ကမန်းကတန်း မျက်နှာသစ် အ၀တ်လဲလို့ စာသင်ဆောင်ဆီ အသွား ... လမ်းမှာ ...
“ဟင် ...”
ကွန်ကရစ်လမ်းကလေးရဲ့ ဘေးက မြက်ခင်းပြင်တခုလုံး အဖြူရောင်တွေ ဖုံးလွှမ်း နေတယ်။ အဖြူရောင် နှင်းပွင့်ဖတ်တွေများလား ... သေချာ သတိထားကြည့်မိတော့ ...
မဟုတ်ဘူး။ ညတုန်းက ငိုနေကြတဲ့ မြက်ကလေးတွေရဲ့ မျက်ရည်တွေ အေးခဲ နေကြ တာလေ ... ။
ဒါနဲ့ ... ကောင်းကင်ကို မော့ကြည့်လိုက်တယ် ... ။
ကောင်းကင်ကြီးက အုံ့ဆိုင်း ... မှိုင်းပြ ...လို့ ... ။
နေမင်း ... ဘယ်မှာလဲ ... ။
မြက်ပင်လေးတွေကို ပြန်ငုံ့ကြည့်လိုက်တယ် ... ။
ညတုန်းက မင်းရဲ့ အားပေး စကားဟာ အလကားပါပဲ ... လို့ ပြောနေကြ သယောင်ယောင်။
ဟင့်အင်း ... နေမင်း သာမှာပါ ..
နေရောင် လာမှာပါ ...
မင်းတို့ စိတ်ရှည်ရှည်နဲ့ စောင့်ကြပါ နော် ... ။
သူ့နှုတ်က တီးတိုးရေရွတ်ရင်း မြက်ခင်းကလေးကို လက်နဲ့ ဖွဖွ ပွတ်သပ်လို့ ဖြေသိမ့် ပေးမိပြန်တယ်။
“အလို ...”
သူ့လက်ဖျားမှာ ထုံကျင် အေးခဲမတတ် အထိအတွေ့ကြောင့် ရုတ်တရက် လန့်ပြီး လက်ကို ရုတ်လိုက်မိတယ်။ ညတုန်းကလို နူးညံ့တဲ့ အထိအတွေ့ မရှိတော့ဘဲ မာကျော အေးစက် တောင့်တင်းလို့ ... ။
သူတို့ရဲ့ နှလုံးသွေးတွေ အေးခဲကုန်ပြီလား ... ။
ခံစားချက် မဲ့ကုန်ကြပြီလား ... ။
ဒီလိုနဲ့ ... နာရီတွေသာ တဖြည်းဖြည်း ရွေ့လျားခဲ့တယ် ... ။
သူတို့လေးတွေရဲ့ ကံကပဲ ဆိုးလွန်းလို့လား ... ။
အဲဒီနေ့က … တနေ့လုံး … နေမသာခဲ့ပါဘူး။
***
မေဓာဝီ
၁၄၊ ဒီဇင်ဘာ၊ ၂၀၀၇
ည ၁၁ နာရီ ၀၅ မိနစ်
Friday, December 14, 2007
ကုန်းလား ... ရေလား
ကိုယ်ကြိုက်တာ ကိုယ်လုပ်၊
လည်ပတ်နေသော ဘ၀များစွာ၊
ညောင်ပင်တစ္ဆေ ...
စသဖြင့်ပါ။
အခုလည်း "ကုန်းလား ရေလား" ကစားနည်းနဲ့ ပတ်သက်ပြီး တွေးမိတွေးရာ တွေးဖြစ်ခဲ့တဲ့ အတွေးတွေကို စာလုံးတွေအဖြစ် ပုံဖော်ရင်း ရေးမိရေးရာ ဘလော့ပေါ်မှာ ချရေးလိုက်မိပါတယ်။
***
"ကုန်းလား ... ရေလား"
***
ကုန်းလား ... ရေလား???
((( ကုန်း )))
နင့်ကုန်းပေါ် ငါတက်တယ် ... ဘာဖြစ်သလဲ ကွယ် ...
((( ရေ )))
နင့်ရေထဲကို ငါဆင်းတယ် ... ဘာဖြစ်သလဲ ကွယ် ...
***
ငယ်ငယ်တုန်းက ကစားခဲ့ကြဖူးသည့် ကစားနည်းလေး တခု ဖြစ်သည်။ အိမ်အ၀င်ဝ အတက်အဆင်း လှေကားထစ်တွေမှာ ကုန်းလား ရေလား ခဏခဏ ကစားခဲ့ကြသည်။ လိုက်ရမည့်သူက လှေကားထစ် အပေါ်မှာနေ ... ကျန်သူတွေက လှေကားထစ်အောက် မြေပြန့်ကနေပြီး အထက်ပါ အတိုင်း အမေး အဖြေ လုပ်ကာ ကစားရသည့် ကစားနည်းလေးပင်။
လိုက်သူက "ကုန်း" ဟု ဖြေလျှင် ... သူက ကုန်းပေါ်မှာသာ နေပြီး ကျန်သူများက ရေထဲမှာ နေရသည်။ လိုက်သူက "ရေ" ဟု ဖြေပါက ရေဟု သတ်မှတ်ထားသည့် မြေပြင်ပေါ်ကို ဆင်းရပြီး ကျန်သူများက ကုန်းပေါ် ပြေးတက်ကြရသည်။ ထိုသို့ သူရွေးချယ်ထားသည့် နေရာမှ နေပြီး သူ့နယ်မြေ ကျူးကျော်လာသူ ကျန် ကစားဖော်များကို လိုက်ဖမ်းရ၏။ လိုက်ဖမ်းလို့ မိပါက မိသူက တခါ ပြန်လိုက်ရ ပြန်သည်။
အဆိုပါ ကစားနည်းလေးကို ငယ်ငယ်တုန်းက ခဏခဏ ကစားခဲ့ကြသည်။ အိမ်မှာက ၀င်ပေါက် နှစ်ပေါက် ရှိတာမို့ လှေကား နှစ်ခု ရှိသည်။ တဘက်က ပြေပြေပြစ်ပြစ်၊ တဘက်ကတော့ အနည်းငယ် မြင့်ပြီး မတ်သည်။ ခက်ခက်ခဲခဲ ကစားချင်ကြလျှင် မြင့်သည့်ဘက်မှာ ကစားလေ့ရှိကြ၏။
***
အခုအချိန်မှာ ဒီကစားနည်းလေးကို ပြန်စဉ်းစားကြည့်ပြီး ... သူသာဆိုလျှင် ကုန်းလား ရေလား ဘယ်လို ရွေးချယ် မလဲ ... တွေးမိပြန်သည်။ ဒီနောက်မှာ ထပ်မံ အတွေးနယ်ချဲ့ မိတာက ... သူတို့မွေးဖွားကြီးပြင်းခဲ့ရာ တိုင်းပြည်ကြီးက ကုန်း ... ဆိုပါတော့ ... ။ ရေ ဆိုတာကတော့ အခြား တိုင်းပြည် နိုင်ငံ အသီးသီးပေါ့ ... ။
အားလုံးလိုလိုကတော့ အေးမြမယ်ထင်တဲ့ ရေထဲကို ဆင်းချင်ကြသည်။ ရေပြင်ကြီးက လှိုင်းကြက်ခွပ် ကလေးတွေနဲ့ လှလည်းလှပ၊ ကျယ်လည်း ကျယ်ပြန့်၊ စိတ်ဝင်စားစရာတွေလည်း ပေါသကိုး။ ဒီလိုနဲ့ ရေကိုရွေးချယ်ပြီး ရေထဲကို တကယ်တမ်း ရောက်တဲ့အခါ မှာ ... ။
ရေမကူးတတ်သူများ တော်တော် ဒုက္ခရောက်ကြရပြန်သည်။ အနည်းအကျဉ်း ရေကူးတတ်သူ များကတော့ အနည်းအကျဉ်းသာ ဒုက္ခတွေ့နိုင်ပြီး ရေကူး ကျွမ်းကျင်သူ သက်လုံကောင်းသူများ အတွက်ကတော့ ရေပြင်မှာ နေပျော်သည်ပေါ့။ ရေငုပ်ဝတ်စုံ အောက်စီဂျင်ဘူး စသည့် အထောက်အကူပြု ပစ္စည်းများ ၀တ်ဆင်ရန် တတ်နိုင်သူ လူနည်းစု အဖို့ကတော့ ရေပြင်သည်လည်း မြေပြင်ပမာပါပဲ ... ။
ဒီလိုနှင့် ရေပြင်ထဲမှာ တချို့လည်း ယက်ကန် ယက်ကန်၊ တချို့လည်း အလိုက်သင့် စီးမျော၊ တချို့လည်း စုန်ဆန် ကူးခတ်၊ တချို့က ရေအောက် နက်သည်ထက် နက်အောင် ငုပ်လျှိုးသွားကြသည်။ မကူးတတ် ကူးတတ် အားသွန် ခွန်စိုက် ကူးခတ်ရင်း ခြေကုန်လက်ပမ်းကျကာ ရေအောက်မှာ စုံးစုံး နစ်မြုပ် သွားသူ တချို့တလေလည်း ... ရှိနေဆဲ ... ။
ရေထဲမှာတော့ ကျင်လည်စွာ ကူးခတ်နေကြသော ... ရောင်စုံ ငါးကလေးတွေ၊ ထူးဆန်း လှပသော သတ္တ၀ါ မျိုးစုံတွေက ဖျားယောင်း မြှူဆွယ် နေကြ ပေလိမ့်မည်။ ရေအောက်သို့ နက်သည်ထက် နက်အောင် ငုပ်လျှိုးနိုင်လျှင် ရေအောက်၏ ထူးဆန်းလှပမှု များစွာ၊ အံ့သြဖွယ်ရာ များစွာ၊ အဖိုးတန် ရတနာ များစွာနှင့် ကြုံတွေ့ရမည် အမှန်ပင်။
သို့သော် ...
ရေပြင်နှင့် မြေပြင်က ဖိအားချင်းတူသည် မဟုတ်။ ရေအောက်သို့ နက်လေ ရေဖိအားက ပိုများလေလေ... ပို၍ မွန်းကျပ်လေလေ ... ကုန်းပေါ်ပြန်တက်ဖို့ ပိုခက်လေလေ ...။ နောက်ဆုံးတော့ ... ရေထဲမှ လူသားများ ကုန်းမြေကိုသာ ပြန်လည်၍ တမ်းတမိကြမည်။ ကုန်းပေါ်မှာ ရှင်သန်လျက် အသက်၀၀ ရှူချင်ကြမည်။ ကုန်းသတ္တ၀ါတွေဟာ ရေထဲမှာ ကြာကြာနေနိုင်ပါ့မလား ... ။ ရေဟာ ဘယ်လောက် အေးမြ လှပ ဆန်းကြယ် နေလင့်ကစား ကိုယ့်ရပ်ဌာနေ ကုန်းမြေ ကိုသာ ပြန်လည်ခြေချ လိုကြတာ အမှန်ပဲ မဟုတ်လား။
သူကိုယ်တိုင်ကရော ...
ဤနည်းနှင်နှင်ပါပဲ။ သာယာအေးမြလှပါတယ်ဆိုတဲ့ ရေထဲမှာ အမြဲမနေလိုပါ။ မနေနိုင်ပါ ... ။ အခြေအနေတခုရဲ့ တွန်းပို့မှုကြောင့် ကုန်းလား ရေလား ရွေးချယ် မနေနိုင်အားဘဲ ရေထဲသို့ ဆင်းသက်ခဲ့ရသည်။ ရေကူး မကျွမ်းကျင်သူမို့ ရေထဲမှာ အားတင်းစွာ ကူးခတ်ရင်း ရုန်းကန်နေရဆဲ ... ။ တခါတလေလည်း မွန်းကျပ်တဲ့ ဒဏ်တွေ ခါးသီးစွာ ခံရပြန်သေးသည်။
မည်သို့ပင် ဖြစ်စေ ...
တချိန်ချိန်မှာတော့ ... ကုန်းမြေပြင်ပေါ် ကောင်းမွန်စွာ ပြန်လည် တက်ရောက်နိုင်ရန် ကြိုးစားရပါဦးမည်။ ထိုအချိန်မှာ သူတို့၏ ကုန်းမြေသည်လည်း သာယာ လှပ ပြည့်စုံ နေလိမ့်မည်လေလား ... မျှော်လင့်စွာ တွေးနေမိပါတော့၏။
***
မေဓာဝီ
၁၃၊ ဒီဇင်ဘာ၊ ၂၀၀၇
ည ၁၀ နာရီ ၂၄ မိနစ်
Thursday, December 13, 2007
အဆိပ်သင့် အန္ဓ
အမှန်တရားဟာ … ခါးသီးသတဲ့ …
ဒါနဲ့ …
ချိုမြိန်တဲ့ အမှားတွေကို
မက်မောစွာ စားသုံးရင်း …
အမှားများနဲ့ ကြီးပြင်းခဲ့တယ် … ။
အမှားတွေထဲမှာ
အမှားကို အမှားမှန်း မသိတဲ့ အမှားက
အကြီးဆုံး အမှား တဲ့ …
ဒါကြောင့်များလား
အမှားကို အမှားမှန်း သိလျက်နဲ့
မှားပြီးရင်း ဆက်ဆက် မှား
ကြာလာတော့ …
အမှားတွေထဲမှာ နွံနစ်
ရုန်းထွက်ပစ်ဖို့လည်း
မစဉ်းစားဖြစ်တော့ …
အမှားများနဲ့သာ ယဉ်ပါး
အမှားများနဲ့သာ ပျော်ရွှင်
အမှန်ကိုလည်း မမြင်မိတော့ … ။
အမှားတွေက သကာရည်လို
ချိုတော့ ချိုမြိန်လှပါရဲ့ …
ဒါပေမဲ့ …
အဲဒီ သကာရည်တွေမှာ
အဆိပ်တွေ ပါနေတယ်ဆိုတာ
အစက မသိခဲ့မိဘူး … ။
နောက်ဆုံးတော့ …
ခန္ဓာကိုယ်တခုလုံး
အဆိပ်တွေ ဖုံးလွှမ်းသွား
ခံစားရ ခက်လွန်းတော့မှ …
ကိုယ့်ကိုယ်ကိုယ် သတိထားကြည့် …
ငါဟာ အဆိပ်မိနေပြီလား … ။
သေချာပါတယ် …
အမှားဆိပ်သင့်နေပြီ
ဟဒယဆီထိ တိုင် …
ကုစားနိုင်မယ့်ဆေးလည်း …
လက်တွေ့မှာ ဝေးလွန်းလှပါရဲ့ … ။
ဒီလိုနဲ့ …
အဆိပ်သင့်နေလျက်က
အဆိပ်တွေကိုသာ လိုချင်
အဆိပ်တွေကိုပင် တမ်းတ
ငါဟာ … အန္ဓ တယောက်ပါလား … ။
***
မေဓာဝီ
၁၃၊ ဒီဇင်ဘာ၊ ၂၀၀၇
နေ့လည် ၂ နာရီ ၀၅ မိနစ်
Wednesday, December 12, 2007
ကမ်းခြေမှာ ...
ပင်လယ်ကတော့ သူ့ဆီလာသူ အားလုံးရဲ့ ခြေအစုံကို ဦးတိုက်လို့ ကြိုဆိုနေလေရဲ့ ... ။ ညင်သာတဲ့ လှိုင်းလုံးလေးတွေ ဖြည်းဖြည်းချင်း ကမ်းခြေကို ရိုက်ခတ်ပြီး ... ပြန်လျှောကျသွားတိုင်း ... ရေမြှုပ် ဖွေးဖွေးလေးတွေ သောင်ပြင်မှာ ပလုံစီလို့ တင်ကျန်ခဲ့ကြတယ်။ ဒါပေမဲ့ ... တကယ့်ကို ခဏလေးပါပဲ ... ပျောက်ကွယ်သွားကြ ပြန်ပါရော ... ။
ကမ်းခြေက သဲပြင်မွမွ။
ခြေတလှမ်း နင်းလျှောက်လိုက်တိုင်း သဲပြင်ပေါ်မှာ ထင်ကျန်ခဲ့တဲ့ ခြေရာတွေ ... ။ တလှမ်း ... နှစ်လှမ်း ... သုံးလှမ်း ... ခြေလှမ်းပေါင်းများစွာ လှမ်းရင်း ကမ်းခြေတလျှောက် လမ်းလျှောက်နေခဲ့တယ်။ နူးညံ့တဲ့ သဲပြင်ပေါ်မှာ ခြေရာတွေ ထင်ကျန်နိုင်ပေမဲ့ ... မာကျောတဲ့ ကျောက်ဆောင်ပေါ်မှာတော့ ဘယ်လောက်ပဲ လျှောက်လှမ်းလှမ်း ခြေလှမ်းတိုင်းအတွက် အမှတ်အသားတွေ ထင်ကျန် နိုင်ပါ့မလား .. ။
ရာသီက အေးပေမဲ့ ကမ်းခြေက နေသာတယ်။
ညီညာ ပြန့်ပြူးတဲ့ ကမ်းခြေတလျှောက် လမ်းလျှောက်သူတွေ ... ဆော့ကစားသူ ... ကလေးတွေ ... ခွေးတွေ ... ဟိုတစု ... သည်တစု ... ။
“Remember, Jonathan, heaven isn't a place or a time because place and time are so very meaningless. Heaven is...”
ဟုတ်သားပဲ ... ။ အချိန်တွေ နေရာတွေဆိုတာ အဓိပ္ပါယ် မရှိတဲ့ အရာတွေ ... ။ နိဗ္ဗာန်ဆိုတာ ဘယ်နေရာမှာလဲ ... လက်ညှိုးညွှန်ပြလို့ ရနိုင်ပါ့မလား ... ။
ဒီလိုနဲ့ သူတို့လေးတွေကို ပါလာတဲ့ ပေါင်မုန့်အပိုင်းအစလေးတွေ တဖဲ့စီ ဖဲ့ကျွေးတော့ ဆူညံညံ အသံနဲ့ ကရိကရိ ကွက် ကွက် အော်ဟစ်ရင်း မုန့်ကို အလုအယက် စားနေကြတာ ပျော်စရာပဲ ... ။
ကမ်းခြေမှာ နေစောင်းပြီ။
နေစောင်းတာနဲ့ တဖြည်းဖြည်း အေးသည်ထက် အေးလို့လာတယ်။ အဆုံးမဲ့တဲ့ ပင်လယ်ကြီး ကိုငေးကြည့်ရင်း ... ဟိုမှာဘက်ကမ်းမှာ ကိုယ့်ဌာနေများ ရှိလေမလား ... ရော်ရမ်း မှန်းဆနေမိပြန်တယ် ... ။
ကြည့်နေရင်း ကြည့်နေရင်း ... မျက်လုံးတွေ ပူနွေး စိုစွတ်လာပြီး အရာရာဟာ တဖြည်းဖြည်း ဝေ ... ၀ါး ... လို့... ။ ပင်လယ်ရေပြင်တောင် မြင့်တက်လာလေသလား ... ထင်ယောင် ထင်မှား ဖြစ်ခဲ့ရပေါ့။
စောစောက ပျံသန်းနေကြတဲ့ စင်ရော်လေးတွေလည်း အတောင်ညောင်း နေကြရှာသလား မသိ ... လှိုင်းစီးရင်း အနားယူ နေကြပြီ။
သွားတော့မယ် ... ။
ပင်လယ်ကြီးကို နှုတ်ဆက်တော့ ... လေညင်းလေးက ခပ်ဖွဖွ နမ်းရှိုက်ရင်း ပါးပြင်ပေါ်က အရာတွေကို အေးစက် ခြောက်သွေ့စေတယ်။
ဒီလိုနဲ့ တနေ့တာ ကုန်ခဲ့ပေါ့ ... ။
နေမင်းက နှုတ်ဆက် ခွဲခွါ သွားပြန်ပြီ။
နေ့တာက တိုတောင်းလွန်းလှတယ် ... ။
ပင်လယ်ကတော့ အထီးကျန်နေတဲ့ ကမ်းခြေဆီ လှိုင်းလုံးလေးတွေ ရိုက်ခတ် ပို့ပေးရင်း ... လူတကာ နင်းခဲ့တဲ့ ခြေရာတွေ ... လူတကာ ချခဲ့တဲ့ သက်ပြင်းတွေကို ပြန်လည် သယ်ဆောင်သွားလေရဲ့ ... ။
***
မေဓာဝီ
၁၁၊ ဒီဇင်ဘာ၊ ၂၀၀၇
ည ၁၀ နာရီ ၀၅ မိနစ်
Tuesday, December 11, 2007
ခဏလေး ...
ရှည်လျားလွန်းတဲ့ သံသရာနဲ့
နှိုင်းစာကြည့်ရင်
ရရှိထားတဲ့ ဘ၀လေးဟာ ... ခဏလေး ... ။
ဒီဘ၀လေးထဲမှာမှ ...
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းရဲ့ အကြား
ရှင်သန်သွားရချိန်က ... ခဏလေး ... ။
ရှင်သန်နေခိုက်မှာမှ ...
ချစ်သောသူများနဲ့ တွေ့ကြကြုံကြ
ဆုံဆည်းရချိန်က ... ခဏလေး ... ။
တွေ့ကြုံ ဆုံဆည်းချိန်မှာမှ ...
နားလည်မှုများစွာထား ... နှစ်ဦးသားဘဝ
ပျော်ရွှင်ကြရချိန်က ... ခဏလေး ... ။
ဖြစ်နိုင်ရင် ...
ခဏလေးတွေကို စုစည်း
အကြာကြီး ဖြစ်လိုက်ချင်ပါရဲ့ ...
ဒါပေမဲ့ ...
... ... ...
... ... ...
ခဏလေးဆိုတာ ...
တကယ်ကို ခဏလေးပဲမို့
ခဏလေးတွေကို တန်ဖိုးထား
ကြိုးစားပြီး စောင့်ရှောက်
မပျောက်ပျက်စေချင်
အမြဲ ပျော်ရွှင်ရပါစေသား ...
ခဏလေးများရယ် ... ။ ... ။
***
မေဓာဝီ
၁၀၊ ဒီဇင်ဘာ၊ ၂၀၀၇
၂၃ နာရီ ၂၁ မိနစ်
Monday, December 10, 2007
အရွေးမှားမိလေလို့ ...
ကျမတို့ အုပ်စုမှာ ကက်သရင်းက အငယ်ဆုံး၊ အတက်ကြွဆုံး၊ ဥာဏ်အကောင်းဆုံး နဲ့ talent အရှိဆုံး ပါပဲ။ တခြား လုပ်ဆောင်ချက်တွေမှာလည်း သူပဲ ဦးဆောင်သလို ... အခုတခါလည်း သူပဲ အကြံဥာဏ် ပေးပါတယ်။ ပြဇာတ်တိုလေး တခု လုပ်ကြမယ် ... ပေါ့။ လူ ၄-ယောက် ရှိတယ် ဆိုတော့ကာ ...
(၁) HIV virus
(၂) Bacteria
(၃) Immune System Protector
(၄) လူသား
အဲဒီလို ချရေးပြီး ... ဘယ်သူက ဘာလုပ်ချင်လဲ လို့ သူက မေးတယ်။ ရိုဇာက ခပ်မြန်မြန်ပဲ HIV virus လုပ်မယ်လို့ ဖြေလိုက်တော့ ... ကျမကိုရော ဘာလုပ် ချင်သလဲ လို့ ဆက်မေးတယ်။ ကျမက ထုံးစံအတိုင်း စဉ်းစားခန်းဝင်တော့ ... ဘက်တီးရီးယားကြီးလည်း မလုပ်ချင်၊ immune system protector ဆိုတာ သာတောင်ဆိုးသေး ... ဘာတွေ ဘယ်လို လုပ်ရမှန်းလည်း မသိ၊ ဒီတော့ လူသား လုပ်တာပဲ ကောင်းမှာပါ ဆိုပြီး ... နံပါတ် (၄) ကို ရွေးချယ်လိုက်မိတယ်။ ဂျပန်မလေးက နံပါတ် (၃) ကိုရွေးတော့ ကက်သရင်းက နံပါတ် (၂) အလိုလို ဖြစ်သွားတာပေါ့။
အဲ ... အားလုံးလည်း ရွေးပြီးရော ကက်သရင်းက သူလုပ်မယ့် အစီအစဉ်ကို ပြောပြတယ်။ အဲဒီမှာ ကျမ ဒုက္ခ ရောက်တော့တာပဲ။ ဒါပေမဲ့ ... ကိုယ့်စိတ်တိုင်းကျ ရွေးချယ် ထားပြီးမှ မလုပ်ချင်ဘူး ဆိုပြီး ဘွာခတ်လို့ ဘယ်ဖြစ်ပါ့မလဲ။ ခပ်တည်တည်နဲ့ ... အိုကေ ပေါ့ ... ။ ဒီလိုနဲ့ ... ပြဇာတ်ကလေးကို အမြန် ဇာတ်တိုက်ကြပြီး ... အလှည့်ကျတဲ့ အခါ သရုပ်ဖော် ပြသကြရပါတယ်။
ကျမ ဘယ်လို ဒုက္ခရောက်တယ်ဆိုတာကို ပြဇာတ်သွား အနေနဲ့ ပြန်ရေးပြပါမယ်။ ဖတ်သာကြည့်ကြပါတော့ ... ။
***
အဖွင့်
လူ ၄-ဦး တန်းစီ ရပ်နေစေ။ ဦးစွာ လူသား အဖြစ် သရုပ်ဆောင်မည့်သူက ဆောင့်ကြွားကြွားဖြင့် ရှေ့ကို ထွက်လာပြီး ပြော။
လူသား ။ ... ။ ကျွန်ုပ်သည်ကား ... မဟာလူသား ဖြစ်ပေတော့ သကိုး။
ပြောပြီး မူလ နေရာတွင် ပြန်သွားရပ်။ နောက်တဦးထွက်လာ။
HIV virus ။ ... ။ ကျွန်ုပ်က HIV virus ပါပဲ ... ဟဲဟဲဟဲ။
Bacteria ။ ... ။ ကျွန်ုပ်ကတော့ ဘက်တီးရီးယားပိုး ... ဟိုးဟိုးဟိုး ... ။
ISP ။ ... ။ ကျွန်ုပ်က ... အဲ ... Imm ... imm ... immune system protector ... ဟုတ်ကဲ့ ... အဲဒါပါပဲ။
(ဂျပန်မလေးက အသံထွက်ကို ရုတ်တရက် မေ့ပြီး မထွက်နိုင်တာနဲ့ ဘေးက ၀ိုင်းထောက် ပေးရပါတယ်။)
တဦးချင်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီးနောက် ပြန်တန်းစီ ရပ်နေ။ လူသားနှင့် ISP လက်ချင်း ချိတ်လျက် လမ်းလျှောက်လာ။
လူ ။ ... ။ ၀ှူး .... ရေဆာလိုက်တာ ... အနီးအနားမှာ ရေရနိုင်သလား ရှာမှပဲ ... ။
လျှောက်နေရင်း ဟိုသည် ကြည့်။ တနေရာအရောက် ..
လူ ။ ... ။ ၀ိုး ... ရေကန်လေး တကန်တွေ့ပြီ။ ဟင် ... ရေတွေက သိပ်မသန့် ပါလား၊ အို ... ကိစ္စမရှိပါဘူး ... ရေ အရမ်းဆာနေပြီ သောက်မှပဲ ... ။
တကိုယ်တည်း ရေရွတ်ရင်း ရေကန်လေးဆီသွားပြီး လက်ခုပ်ဖြင့် ရေခပ်သောက်။ (ဂလု ဂလု ဂလု)
ရေသောက်ပြီးသည့်နောက် ရေအိုင်အနားမှာ ပုန်းလျှိုးနေသော ဘက်တီးရီးယားက ထလာပြီး လူသား၏ ကျန်လက် တဘက်ကို တွဲလျှက် လိုက်လာစေ။ တလှမ်း နှစ်လှမ်း လျှောက်ပြီးနောက် ဘက်တီးရီးယားကို ISP က လက်သီးဖြင့်ထိုး။
ISP ။ ... ။ ကိုင်းဟာ ... ခွပ် .. ခွပ် ..
Bacteria ။ ... ။ အမလေး .. ကြောက်ပါပြီ ဗျ ...
ဘက်တီးရီးယားပိုးအား ISP က အနိုင်ရသွား။ လူသားက ဆောင့်ကြွားကြွားဖြင့် လမ်းဆက်လျှောက်။
(ဤတွင် တကဏ္ဍ ပြီး။)
***
အချိန်ကား နံနက်ခင်း။ လူသားက သမ်းဝေရင်း လမ်းလျှောက်လာ။ (ISP နှင့် လက်ချင်း တွဲချိတ်ထားဆဲ)
လူ ။ ... ။ သာယာလှပသော နံနက်ခင်းပါတကား ... ။ အင်း ... ညက ငါ condom မသုံးခဲ့မိပါလား ... ။ အို ကိစ္စမရှိပါဘူး တခါတလေပဲ .. ။
(ပရိသတ်၏ ရယ်သံများ)
(ရှက်တော့ ရှက်တယ် .. ဒါပေမဲ့ ရုပ်တည်နဲ့ပေါ့။)
ရုတ်တရက် ဘေးမှာ HIV virus ကြီး ရောက်လာပြီး လူသားကို အတင်း လက်တွဲ လျှောက်စဉ် လူသားက လျှောက်နေရင်း အားအင် ချိနဲ့ဟန် တဖြည်းဖြည်း နှေးလာ။
လူ ။ ... ။ နေရ ထိုင်ရတာလဲ မကောင်းပါလား ... ဘာများ ဖြစ်သလဲ မသိ။
ထို့နောက် ISP နှင့် HIV viurs အပြန် အလှန် တိုက်ခိုက်ကြ။ နောက်ဆုံးမှာ ISP ရှုံးနိမ့်ပြီး ထွက်ပြေး။ HIV က လက်သီး လက်မောင်း တန်းလျက် လူသားကို လက်တွဲပြီး ဆက်လျှောက်နေ။ လျှောက်ရင်း လျှောက်ရင်း ... နောက်ဆုံးမှာ လူသားက တဖြည်းဖြည်း မြေပေါ် လဲကျ သေဆုံးသွား ... ။
(ဤတွင် ပြီးပါပြီ။)
***
ပြဇာတ်တိုကလေးကတော့ ဒီမျှပါပဲ။ ရေးတော့သာ အရှည်ကြီး။ တကယ် သရုပ်ဆောင်ပြရတာ ခဏလေးပါ။ ခဏ လေးမို့ တော်သေးတာပေါ့။ ရှည်များရှည်ရင် ကျမတော့ ပိုပြီး ဒုက္ခရောက်မှာ။ စဉ်းစဉ်းစားစားနဲ့ ရွေးလိုက်တာ။ အရွေးတော်ပုံများ ... ကိုယ်ချည်းပဲ စကားများများ ပြောရ … အမူအရာ လုပ်ရ ... နောက်ဆုံး သေရ။ ပြောရတဲ့ စကားကလည်း သူများ ဟားချင်စရာ ... ။ တတ်နိုင်ဘူးလေ။ ရွေးမိပြီးမှတော့ ... လုပ်ရတော့တာပဲကိုး။
ဒါပေမဲ့ ... ၀မ်းသာစရာက ကျမတို့ အုပ်စု ၃ က လူနည်းပေမဲ့ ပရိသတ်ရဲ့ လက်ခုပ်သံ အများဆုံး၊ အားလုံးရဲ့ အကြိုက်ဆုံးနဲ့ အမှတ်လည်း အများဆုံး ရခဲ့ပါတယ်။ အဲဒီအတွက် အကြံဥာဏ်ကောင်း ပေးနိုင်တဲ့ ကက်သရင်းကို ကျေးဇူးတင်မိတယ်။ ကျမကတော့ ... နောက်တခါ ဒါမျိုးလုပ်ဖို့ ရွေးကြရမယ်ဆိုရင် အရွေး မမှားမိအောင် ဆင်ခြင်မှပဲ ... လို့သာ... တွေးနေမိပါတော့တယ်။
***
မေဓာဝီ
၉၊ ဒီဇင်ဘာ၊ ၂၀၀၇
ညနေ ၅ နာရီ ၂၅
Sunday, December 09, 2007
မဲဇာမှာ ကဗျာရွတ်ခြင်း
ဒီလို မဲဇာရောက်နေခိုက်မှာ ... မဲဇာတောင်ခြေ ကဗျာ ရွတ်ဖို့ အကြောင်း တိုက်ဆိုင် လာပါတယ်။ ဒီတပတ် စနေ၊ တနင်္ဂနွေက info weekend မို့ ကျောင်းကနေ အိမ်ပြန် ခွင့်မပြုဘဲ တခြားမြို့မှာရှိတဲ့ ကျောင်းခွဲတွေက ကျောင်းသားတွေရော တခြားနိုင်ငံ အသီးသီးက ပြန်လာတဲ့ ကျောင်းသားတွေရော ကျမတို့ ကျောင်းမှာ အကုန်စုပြီး တွေ့ကြ ဆုံကြတယ်။ ဒီတွေ့ဆုံပွဲမှာ ကျောင်းသား အသီးသီးက ကိုယ့် အတွေ့အကြုံတွေ ပြောပြကြရသလို အတွေ့အကြုံ မရှိသေးတဲ့ ကျမတို့လို ကျောင်းသား သစ်တွေကလည်း လုပ်ဆောင်ချက် တခုခု ဆင်နွှဲလိုက ပါဝင် ဆင်နွှဲကြပါ လို့ ဆိုလာပါတယ်။
သီချင်းပဲဆိုဆို၊ ဂစ်တာပဲတီးတီး၊ ကစားနည်းတခုခုပဲ ကစား ကစား၊ ဒါမှမဟုတ် ကဗျာ ရွတ်ချင်ရွတ် ... ကိုယ်နှစ်သက်ရာ တခုခု ပေါ့ ... ။ ကျမလည်း ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားတော့ သီချင်းဆိုဖို့ကလည်း ဒီအသံနဲ့က အဆင်ပြေမှာ မဟုတ်၊ ဂစ်တာကလည်း မတီးတာ ကြာတော့ ကောင်းကောင်း မတီးနိုင်၊ ကစားနည်း ကျပြန်တော့လည်း ဟုတ်တိ ပတ္တိ မလုပ်နိုင်တော့ကာ ... နောက်ဆုံး ကဗျာပဲ ရွတ်မယ်လို့ စိတ်ကူး လိုက်မိတယ်။
ဘာကဗျာရွတ်ရင် ကောင်းမလဲ ... စဉ်းစားတော့ မဲဇာတောင်ခြေ ကိုပဲ သတိရ မိတယ်။ ကံကောင်းချင်တော့ ... အိမ်ကသယ်လာတဲ့ စာအုပ်တွေထဲမှာ “သျှင်ဥတ္တမကျော် တောလား နဲ့ လက်ဝဲသုန္ဒရ အမတ်ကြီးရဲ့ ရတုများ” ဆိုတဲ့ စာအုပ် ပါလာတယ်။ အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ ထုတ်ဝေထားတာပါ။ ဒေါက်တာဘဟန် ဘာသာပြန်ထားပြီး တချိန်က ကျောင်းသုံးစာအုပ် အဖြစ် ပြဋ္ဌာန်းခဲ့ပုံ ရပါတယ်။ ဒါနဲ့ အဲဒီကဗျာပဲ ရွတ်ဖို့ စိတ်ပိုင်းဖြတ်ပြီး အင်္ဂလိပ်လို စာသားတွေကို ကွန်ပျူတာနဲ့ စာအမြန်စီရပါတယ်။ စာစီပြီး၊ ကော်ပီကူးပြီးတော့ နာရီကြည့်တော့ ၈ နာရီ ခွဲ ကျော်နေပါပြီ။ အစီအစဉ်က ၁၀ နာရီ ခွဲ လို့ မနက်က ဖတ်ထားတာ ... ဆိုတော့ အေးဆေးပေါ့ .. ဆိုပြီး ... နေနေရာက အစိအစဉ်ကို နောက်တခေါက် ပြန်သွားဖတ် ကြည့်တော့မှ ....
“ဗုဒ္ဓေါ”
၂၀း၃၀ နာရီ လို့ ရေးထားတာပါလား ... ။
ဒါနဲ့ စာအုပ်တွေ စာရွက်တွေ အမြန်သိမ်းကျုံး ယူပြီး Chinese Embassy ဆိုတဲ့ အဆောက်အဦးဆီ ပြေးရပါတော့တယ်။ ဟိုရောက်တော့ အစီအစဉ်က စ-နေပါပြီ။ အဖွင့်အနေနဲ့ ကျောင်းအုပ် ဆရာမကြီးက ဂစ်တာတီးပြီး သီချင်းဆိုနေပါတယ်။ ကျမ အလှည့်က တတိယမြောက်။ ထိုင်ခုံမှာ ထိုင် ခဏနားပြီး အမောပြေလောက်တဲ့ အချိန်မှာပဲ ... ကျမ နာမည် ခေါ်ပါတော့တယ်။
ဒီလိုနဲ့ ... ကော်ပီကူးထားတဲ့ စာရွက်တွေ တယောက်ကို ဝေခိုင်း၊ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်၊ ကဗျာဆရာရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်ကလေး ပြော (တကယ်တော့ စာရွက်ကြည့်ဖတ်တာပါ) ပြီးတော့မှ ... ကဗျာကို စရွတ်ပါတော့တယ် ... ။
((( အဟမ်း ... )))
ရွတ်ပြီးသွားတဲ့ ရတုကို “ဒီနေရာမှာ”သာ သွားဖတ် ကြည့်ကြပါတော့ ... ။
အင်္ဂလိပ်လို ဘာသာပြန်ထားတာကိုတော့ ဒီမှာ ဖော်ပြ ပေးလိုက် ပါတယ်။
***
Myanmar Classical Poem (Radu)
Translated by Dr. Ba Han (M.A., PhD, D.Litt, LLD (1964)
From the wooded foot of Meza Hill girt with its gushing stream my heart pants for the distant City of gold. Behold! The fold of the stars glows with the stately splendour of the conquest-crowned eminence graced with sacred fabrics. They stand out resplendent in six kindred rays like Zabudipa’s luminous Lamp. First in order shines Gugyi-thakin – Grand Sire’s golden deed. Next I proceed to tell on single hand other associate shrines – Shwe-Linbin, Shwe-chin-the-mwe, Shwe-ze-di-gyi. The gay galaxy set off by the brave palace’s hue, lights up the air like repeated flashes across the blue. My songless heart sighs of these haunting scenes. Alas! Alas! Because the City is afar I call up the old familiar views and fancy to myself “Here is the City, there are the shrines and over these lies the palace.”
The lovely river of the lower region abounds in sandy shoals ringed about with the enclasping flow. What a soul-enchanting sight to see! To me, it seems as remote as a far-off isle. And here, the clear-cut Meza river clad with thickets and tinged with a darksome tint, flows through the soundless forest that is folded in mist. The Pole-star lies hidden far from sight while I groan for a glimpse of the glorious sun. My bearings I take in vain, and again and again deep amazement invades my shattered senses. I sink and sink under the stress of thought, and the sylvan shades wear a buffling air. An early breath of southerly breeze heralds the approach of seasonal winds. My mind reels and my feeling heart is filled with fadeless longings because of the chilling breeze.
The residents of Meza cling to hoary custom and hold the Nyaungye carnival. A motley crew in reverent awe and ardent faith pray before the Golden Cave that lends endless charms to the cloud-kissed height rising from the heart of Meza Glen. The self-same mountain is shrouded in gloom and its exhalations wreathe themselves round every range. The sullen scene seems one welded mass. Again, with no trace of rain, the soft wind whistles and snowflakes fall fast and thick like heavy showers. You may even hear the drip-drop ring through the air. And Phoebus’ fair chariot coursing its daily round from Yugan’s crown, ceases to fling its flying flames. When it is biting cold, I wait and watch for the noonday light, because the dancing, flitting fancies help kill the leaden-footed hours.
***
နားထောင်ကြတဲ့ ပရိသတ် အပေါင်းကတော့ ကောင်းသလား ဆိုးသလား မသိ၊ အားနာပါးနာနဲ့ လက်ခုပ်သြဘာ ချီးမြှင့်ကြပါတယ်။ ဒီလိုနဲ့ ကျမလည်း ... ပီတိတွေ ဖြာရင်း ဘလော့မှာ တင်လိုက်ရလေသတည်း ... ဆိုပါတော့ ... ။
မေဓာဝီ
၈၊ ဒီဇင်ဘာ၊ ၂၀၀၇
ည ၁၁ နာရီ ၃၀ မိနစ်
Saturday, December 08, 2007
ကိုပြူးကျယ်သို့ ပေးစာ ... အပိုင်း (၂၀)
ကိုပြူးကျယ် ...
ဒီတပတ် ကိုပြူးကျယ်အတွက် ပေးစာမှာ အရင်တပတ်က အဆက်ဖြစ်တဲ့ ရတုအခန်းကို ဆက်မရေးသေးဘဲ ဟိုးရှေ့က ဒွေးချိုးအခန်းကို ပြန်ကောက်ပါရစေ ဦးနော် ... ။ ဘာလို့လဲ ဆိုတော့ ... ဒီကွန်မန့်လေးကြောင့်ပါ။
Harry has left a new comment on your post "ကိုပြူးကျယ်သို့ ပေးစာ … အပိုင်း (၃)":
Ma Maydar Wii,
You are kindly requested to post the writing method, rudiments and principles of "Dwe Cho"
***
ဒီကွန်မန့်ရတဲ့ အချိန်မှာ ကျမအနားမှာ ကိုးကားနေကျ ကဗျာ့စွယ်စုံကျမ်းကြီးက ရှိမနေပါဘူး။ ကျောင်းကို သယ်မလာမိဘူး ဆိုပါတော့။ ဒါနဲ့ပဲ တလောကမှ အိမ်ရောက်တုန်း စာအုပ်ကြီး သယ်ချလာပြီး ဒွေးချိုးအခန်းကို ပြန်ရှာဖတ်ရပါတယ်။ ပေးစာ အပိုင်း (၃) မှာ ကျမအပျင်းထူပြီး ဒွေးချိုးစပ်နည်း မဖော်ပြခဲ့မိတာ ... အခု ကိုဟယ်ရီရဲ့ ဒီကွန်မန့်ရတော့ ကျမ ပျင်းနေလို့ မဖြစ်တော့ဘူးပေါ့။
ချက်ချင်းမရေးဖြစ်ဘဲ ကြာနေရခြင်းကတော့ ... ဒီပို့စ်ကို တခြားသူကို ရိုက်ခိုင်းရင် အဆင်မပြေမှာစိုးတာနဲ့ ကိုယ်တိုင် ရိုက်နိုင်မယ့် ရက်ကို စောင့်နေရလို့ ချက်ချင်း မတင်ဖြစ်တာပါ။ စက်အိုအိုလေးထဲ မြန်မာဖောင့် မရှိပေမဲ့ ကိုရန်လေး ညွှန်းထားတဲ့ 'ဒီလင့်ခ်' ကနေ ၀င်ရိုက်လို့ အဆင်ပြေနေလို့ အခုရက်ပိုင်း ပို့စ်တွေမှာ ကိုယ်တိုင် စာရိုက်နိုင်နေပါပြီ။ ကျမ အဆင်မပြေခိုက် ကူညီပြီး စာရိုက်ပေးကြတဲ့ ကိုစေးထူးနဲ့ ကိုရန်လေးကို ကျေးဇူးတင်ကြောင်း ထပ်ပြောလိုက်ပါရစေ ... ။
လေရှည်နေတာနဲ့ပဲ ဒွေးချိုးစပ်နည်းဆီ မရောက်တော့ဘူး။ ဒွေးချိုးစပ်နည်းကို ပြောပါတော့မယ်။
***
ဒွေးချိုးစပ်နည်း
(၁) အချိုးအားဖြင့် ... အခံတချိုး၊ အအုပ်တချိုး ဆိုပြီး နှစ်ချိုးသာ ထားရပါမယ်။
(၂) ပိုဒ်ရေအားဖြင့် ... အချိုးတခုစီမှာ အပိုဒ်ငယ် ၂-ပိုဒ်မှ ၅-ပိုဒ် ထားနိုင်ပါတယ်။
(၃) အက္ခရာလုံးရေအားဖြင့် ... အဲဒီအပိုဒ်ငယ်တွေရဲ့ အစပိုဒ်မှာ အက္ခရာ ၃-လုံး၊ အလယ်ပိုဒ်မှာ ၅-လုံး သို့မဟုတ် ၆-လုံး၊ အဆုံးပိုဒ်မှာ ၄-လုံး ထားရပါမယ်။
(၄) အစပ်ကာရန်အားဖြင့် ... အခံချိုးရဲ့ အဆုံးကာရန်နဲ့ အအုပ်ချိုးရဲ့ အဆုံးကာရန် ထပ်မိစေရပါမယ်။
အပိုဒ်ငယ်တွေမှာ ... ပထမပိုဒ်ရဲ့ နောက်ထက်ဝက်က အက္ခရာ ၁-လုံး ၂-လုံးနဲ့ ဒုတိယပိုဒ်ရဲ့ ရှေ့ထက်ဝက်က အက္ခရာ ၁-လုံး ၂-လုံး ကာရန်ထပ်မိရပါမယ်။ နောက်တခါ ... ဒုတိယပိုဒ်ရဲ့ နောက်ထပ်ဝက်က အက္ခရာ ၁-လုံး ၂-လုံးနဲ့ တတိယပိုဒ်ရဲ့ ရှေ့ထက်ဝက်က အက္ခရာ ၁-လုံး ၂-လုံး ကာရန်ထပ်မိရပါမယ်။ အဲဒီလို အပိုဒ်ငယ်တိုင်းရဲ့ နောက်ထက်ဝက် ရှေ့ထက်ဝက် ခွဲပြီး ကာရန် အစပ် နှစ်ချက် နှစ်ချက် ဆင့်ကာ ကာရန်ကူးပြောင်းပြီး အချိုးတခု ပြီးဆုံးအောင် ဆက်စပ်သွားရမယ်လို့ ဆိုထားပါတယ်။
တော်တော်လေးများ ရှုပ်သွားသလား မသိပါဘူး။ နမူနာကို ကြည့်ရင် ရှင်းသွားပါလိမ့်မယ်။
“နမူနာ”
ဒွေးချိုး၏ မူ၊ နည်းယူဖို့ စပ်ထုံး။
ဥပဒေ ပုံစံရေးမယ်၊ တွေးလို့ စီကုံး ... ။
အဲဒီ ဒွေးချိုးမှာ ကြည့်မယ်ဆိုရင် ... ခုလို တွေ့နိုင်ပါတယ်။
(ခံချိုး) ပိုဒ်ရေ - ၁။ ဒွေးချိုး၏ - မူ ... (လုံးရေ ၄)
…...... ပိုဒ်ရေ - ၂။ နည်းယူဖို့ - စပ်ထုံး။ (လုံးရေ ၅)
(အုပ်ချိုး) ပိုဒ်ရေ - ၁။ ဥပဒေ - ပုံစံရေး (မယ်) ... (လုံးရေ ၆)
…......... ပိုဒ်ရေ - ၂။ တွေးလို့ - စီကုံး။ (လုံးရေ ၄)
ခံချိုးရဲ့ ပိုဒ်ရေ ၂ မှာ (မယ်) ဆိုတဲ့ စာလုံးကို ထည့်ပြီး မရေတွက် ရပါဘူး။ ကာရန်ဌာနမှ လွတ်တဲ့ ၀ိဘတ် အက္ခရာ၊ ပဒါလင်္ကာရ အက္ခရာ (ကဗျာအဖွဲ့အနွဲ့အတွက် တန်ဆာဆင်ထားတဲ့ အက္ခရာ) တွေကို ချန်လှပ်ပြီး ရေတွက်ရမယ်လို့ ဆိုထားပါတယ်။
ရှေ့ထက်ဝက် နောက်ထက်ဝက် ခွဲတယ်ဆိုတာကတော့ ... နမူနာပြထားတဲ့ ဒွေးချိုးမှာ ... (ဒွေးချိုး၏) ဆိုတာက ရှေ့ထက်ဝက်၊ (မူ) က နောက်ထက်ဝက်၊ အဲဒီလို ခွဲရမယ်လို့ ဆိုလိုတာပါ။ အခုပြထားတဲ့ ကာရန်ယူနည်း အပြင် မူလတပိုဒ်လုံးကို တပိုဒ်လုံး ကာရန်ထပ်လို့ပဲ ဖြစ်ဖြစ် မူလပိုဒ်ရဲ့ လိုရင်း ပဓာန အဆုံးကာရန် တလုံးကိုသာ ထပ်လို့ပဲဖြစ်ဖြစ် ထပ်မိစေပြီး တွန့်ပိုဒ်တွေ ထည့်ချင်သေးရင်လည်း လိုရာ မူလပိုဒ်တို့မှာ တတွန့် နှစ်တွန့် ကွန့်ချင် ကွန့်နိုင်ပါသေးသတဲ့။ ဒါပေမဲ့လည်း အတွန့်တွေ တအားများရင် လေမမီ စည်းမမီ ဖြစ်တတ်တယ်လို့ ဆိုထားပါသေးတယ်။
(၅) လေပြင်းလေလျော့ အားဖြင့် ... ခံပိုဒ်၊ အုပ်ပိုဒ်တွေရဲ့ အဆုံး အက္ခရာတွေမှာ "အ-အား-အိ-အီး-အူး" စတဲ့ လေပြင်းသံ အက္ခရာတွေကိုသာ ထားရပါမယ်။ အပိုဒ်ငယ်တိုင်းမှာ အပိုဒ်တပိုဒ် ရဲ့ ရှေ့ထက်ဝက်မှာ "အာ-အီ-အူ" စတဲ့ လေလျော့ အက္ခရာရှိရင် အဲဒီအပိုဒ်ရဲ့ နောက်ထက်ဝက်မှာ လေပြင်း အက္ခရာ တွေပဲ ထားရပါမယ်။ တကယ်လို့ ရှေ့ထက်ဝက်မှာ လေပြင်း အက္ခရာရှိနေရင်တော့ နောက်ထက်ဝက်မှာ လေလျော့ အက္ခရာ ထားရမယ်လို့ ဆိုထားပါတယ်။
ဥပဒေသတွေကတော့ ဒီမျှပါပဲ။ နမူနာ ဒွေးချိုးအဖြစ် ပပငယ်လေ ၀င်းဝင်း ပတ်ပျိုးမှ သဖြန်ဒွေးချိုးကလေးကို ဖော်ပြပေးလိုက်ပါတယ်။
မျက်ထားတော်ချို၊
မြွက်ကြား အသံဆိုတော့၊
တက်ပွါးပို ဖရဏာဟုန်နှင့်၊
သဒ္ဒါရုံအေး။
ထူးမြတ်သမ္ဘာ၊
ဘယ်ဘုန်းမှာ ဘယ်ပတ္ထနာလေသိ၊
ဆွယ်စရာ ဇမ္ဗူလုံးမှာ၊
နှုန်းစံဖက်ဝေး ... ။ ... ။
***
ဒွေးချိုးနဲ့ပတ်သက်လို့ကတော့ ဒီလောက်ပါပဲ။
ဒါဆိုရင် တောင်းဆိုထားသူ ကိုဟယ်ရီနဲ့တကွ ကိုပြူးကျယ်လည်း ကျေနပ် လောက်ပါရဲ့။ ည သန်းခေါင်ကျော် ၁-ချက်တီးလုပြီမို့ ... ကျမလည်း အိပ်ပါရစေတော့ ... ။
ကိုပြူးကျယ်နှင့်တကွ မြန်မာကဗျာ ချစ်မြတ်နိုးသူအပေါင်း ရွှင်လန်း ချမ်းမြေ့ကြပါစေ ... ။
မေတ္တာဖြင့် ...
၈၊ ဒီဇင်ဘာ၊ ၂၀၀၇
00:50 am
Thursday, December 06, 2007
ဒေါ်အေမီရဲ့ လဘက်ရည်ဆိုင်မှာ
ဒါပေမဲ့ အဲဒီနေ့ကတော့ တယောက်ထဲ လဖက်ရည်ဆိုင် ထိုင်ဖြစ်ခဲ့ပါတယ်။ မှတ်မှတ်ရရ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကပေါ့။ အဲဒီနေ့က ကျေးရွာလေးတရွာကို အလုပ်ကိစ္စနဲ့ သွားရပါတယ်။ ကိစ္စတွေအားလုံး ပြီးတဲ့အချိန်မှာ ကျမကို လာကြိုမယ့်ကားက မရောက်သေးတာမို့ ရွာထဲမှာ ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း လဖက်ရည်ဆိုင်လေး တဆိုင်ကို တွေ့ပါတယ်။
ရွာကလေးက လူနေအိမ်ခြေလည်း နည်းပါးပြီး ဆိုင်ဆိုလို့လည်း သိပ်မရှိလှပါဘူး။ စာတိုက်တခု၊ ကျေးရွာ စတိုးဆိုင် တဆိုင်၊ မုန့်ဆိုင် တဆိုင်နဲ့ လဖက်ရည်ဆိုင် တဆိုင်ပဲရှိပါတယ်။ လဖက်ရည်ဆိုင်လေးရဲ့ နာမည်က 'အေမီ လဖက်ရည်ဆိုင်' တဲ့။ ဆိုင်ကလေးက သေးသေးလေးပေမဲ့ ဆိုင်းဘုတ်ကြီးကတော့ ဆိုင်နဲ့ အပြည့် တပ်ထားတယ်။
ကျမလည်း အဲဒီဆိုင်မှာ ခဏထိုင်ရင်း လာကြိုတဲ့ ကားကို စောင့်မယ် စိတ်ကူးနဲ့ သွားပြီး မှန်တံခါးမှာ ကပ်ထားတဲ့ ဆိုင်ဖွင့်ချိန် ပိတ်ချိန်ကို အရင် ကြည့်တော့ နေ့လည် ၂ နာရီဆို ဆိုင်က ပိတ်မှာတဲ့။ ဘယ်လိုပါလိမ့်နော် ... ။ ကျမတို့ဆီမှာဆို လဖက်ရည်ဆိုင်တွေက ညဥ့်နက်သန်းခေါင်ထိ ဖွင့်ကြတာပဲ။ မဟုတ်ရင်လည်း ညနေစောင်းထိတော့ ဖွင့်ပါတယ်။ အများစုက နေ့လည်စာနဲ့ ညစာကြားမှာ လဖက်ရည်ဆိုင် ထိုင်တတ်ကြတာ မဟုတ်လား။
နာရီကြည့်လိုက်တော့ ၁ နာရီ ခွဲလုပါပြီ။ ဘာပဲဖြစ်ဖြစ် နာရီဝက်လောက်တော့ အချိန်ရသေးတယ် ဆိုပြီး ဆိုင်ကလေးထဲ ၀င်လိုက်ပါတယ်။ မှန်တံခါးကို တွန်းဖွင့်ဝင်လိုက်တော့ တံခါးမှာ တပ်ထားတဲ့ ခြူကလေးတွေက တချွင်ချွင်နဲ့ တလွင်လွင် မြည်လို့ ... ။ အပြင်မှာ လေတ၀ှူးဝှူးနဲ့ အေးနေပေမဲ့ ဆိုင်ကလေးထဲကတော့ နွေးလို့ပါပဲ။ ဆိုင်ထဲမှာ ထိုင်စရာ စားပွဲက ၈-လုံး လောက်ပဲ ရှိတယ်။ ဆိုင်ထဲမှာ ရှိတဲ့ စားသုံးသူဆိုလို့ ... အတွင်းဆုံး ထောင့်စားပွဲမှာ လဖက်ရည်သောက်ရင်း သတင်းစာ ထိုင်ဖတ်နေတဲ့ အဘိုးကြီး တယောက်ရယ် ... အဲဒီ ရှေ့ဝိုင်းမှာက အကြောင်းအရာ တခုကို အခြေအတင် ဆွေးနွေးနေကြတဲ့ အသက် သိပ်မကြီးတကြီး လူကြီး နှစ်ယောက်ရယ် ... ဒါပဲ ရှိပါတယ်။
စားပွဲတွေကို အ၀တ်တခုနဲ့ လိုက်ပြီး သန့်စင်နေတဲ့ အဘွားကြီးက ကျမ၀င်လာတော့ ပြုံးပြီး ခရီးဦးကြိုပြုတယ်။ ကျမလည်း ကောင်တာအနားက စားပွဲမှာ နေရာယူလိုက်ပြီး အိတ်ကိုချ၊ အနွေးထည် ကုတ်အင်္ကျီ ကိုချွတ်၊ ကုလားထိုင်နောက်မှာ ချိတ်ပြီး နေရာတကျ ထိုင်လိုက်တယ်။
'ဘာမှာမလဲ အမ'
ဆိုပြီး လက်သုတ်ပုဝါ (တကယ်တော့ လက်နှီးစုတ်) လေး ခါးမှာချိတ်လို့ အပြေးအလွှား အနားရောက်လာ ... စားပွဲကို အဲဒီ လက်သုတ်ပုဝါလေးနဲ့ ဟိုသုတ် ဒီသုတ် ... လုပ်လေ့ရှိတဲ့ ကျမတို့ဆီက စားပွဲထိုးလေးတွေကို အဲဒီအချိန်မှာ သတိရမိသား။ အခုတော့ ကိုယ့်ဟာကိုယ်ပဲ စားဖွယ်သောက်ဖွယ် စာရင်းကို ဖတ်ကြည့်ပြီး ကောင်တာမှာ သွားမှာရပါတယ်။ မှာပြီးတော့ အပေါ့သွားချင်တာနဲ့ သန့်ရှင်းရေးလုပ်နေတဲ့ အဘွားကြီးဆီသွားပြီး ခပ်တိုးတိုး မေးလိုက်တယ်။ သူပြန်ဖြေတာက ...
'၃ ကျပ် ၇၅ ပြား'
'အမ်'
ဘယ့်နှာလဲ ...။ မေးတာက တခြား၊ ဖြေတာက တလွဲ။ ခက်တော့နေပြီ။ ကျမစကားပြောတဲ့ အသံထွက်က တော်တော်လေး ညံ့လို့ပဲလား ... ။ ကျမ ခပ်တိုးတိုးမေးတာကို အဘွားကြီးက အသက်ကြီးတော့ အကြားအာရုံတွေ သိပ်မကောင်းတာကြောင့် မကြားလို့ဘဲလား ... မသိပါဘူး။ အင်း ... ကျမကတော့ တတ်နိုင်သမျှ ပီပီသသ ပြောတာပါပဲ။ ကျမ စကားပြောတာ ကြားတဲ့သူ တယောက်ဆို ကျမ အသံထွက်က ပီသလွန်းလို့တဲ့ ... သူတို့ဆို မပီမသ ပြောကြတာ ဆိုလား ... ။ ဘာပဲဖြစ်ဖြစ် ကျမကတော့ အဘွားကြီး နားသိပ်မကြားတာဘဲ နေမှာလို့ သတ်မှတ်ပြီး နောက်တခေါက် ခပ်ကျယ်ကျယ်လေး အော်ပြော လိုက်တော့မှ ...
'သြော် ... ဟောဟိုမှာ ... သတိထားသွားနော် ... လှေခါးထစ်ရှိတယ်။ ပြုတ်ကျလိမ့်မယ်'
ကျေးဇူးတွေ တလှေကြီးတင်ပြီး သူပြောတဲ့ အခန်းလေးထဲ ၀င်လိုက်တယ်။ အခန်းလေးက မှောင်မည်းနေတာပဲ။ ဒုက္ခ ...။ မီးခလုတ် ရှိမယ့် နေရာလောက်ကို မှန်းပြီးလက်နဲ့ စမ်းတ၀ါးဝါး နံရံမှာ လျှောက်စမ်းကြည့်တော့ တွေ့တော့ တွေ့ပါရဲ့။ မီးခလုတ်ကြိးကို စက္ကူနဲ့ ကပ်ထားတယ်။ ဟုတ်သေးပါဘူး ... ။ မီးမရှိလို့က မဖြစ်ဘူး။ ကျမက နေ့ခင်း ကြောင်တောင် မှာတောင် မီးဖွင့်ရမှ ကျေနပ်တာ။ ပြီးရင် မီးပြန်ပိတ်ဖို့ မေ့လို့ အမေ အမြဲဆူနေကျ။ ဒါနဲ့ ထပ်စမ်းတော့မှ မီးခလုတ် ဖြစ်ဟန်တူတဲ့ အရာကလေးကို နောက်တနေရာမှာ စမ်းမိတယ်။
'ချောက်'
တော်ပါသေးရဲ့ ... ။ မီးပွင့်သွားပါတယ်။ ဒီလိုနဲ့ ကိစ္စ ၀ိစ္စ ပြီးတဲ့အခါ ကိုယ့်နေရာ ကိုယ်ပြန်သွားတော့ မှာထားတဲ့ အစားအစာတွေ စားပွဲပေါ်မှာ အဆင်သင့် ရောက်လို့ နေပါပြီ။ မြန်မြန်ထက်ထက် စားသောက်နေရင်း နာရီကြည့်လိုက်တော့ ၂-နာရီ ထိုးလုပြီ။
တဖက်စားပွဲဝိုင်းက အခြေအတင် ဆွေးနွေးနေသူ နှစ်ဦးလည်း ဘယ်အချိန်က ပြန်သွားလဲ မသိပါဘူး။ မရှိကြတော့ဘူး။ သတင်းစာ ဖတ်နေတဲ့ အဘိုးကြီးကတော့ စာဖတ်လိုက် လဖက်ရည် (ကော်ဖီလည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်) သောက်လိုက် အဘွားကြီးကို စကားလှမ်းပြောလိုက်နဲ့ ... ။ နောက်ဆုံးတော့ သူလည်း ကောင်တာမှာ ပိုက်ဆံရှင်းပြီး ပြန်သွားတယ်။
ဆိုင်မှာ ၀န်ထမ်းဆိုလို့ အဘွားကြီး ၃-ယောက်ပဲ တွေ့ပါတယ်။ အသက် သိပ်မကြီးတကြီး အဘွားကြီးတယောက်က ကောင်တာမှာ နေပြီး နောက် တယောက်ကတော့ ချက်ပြုတ် ဆေးကြောတဲ့ နေရာမှာပါ။ သန့်ရှင်းရေးက တယောက် ဆိုတော့ ... စုစုပေါင်း ၃-ယောက်ထဲ ရှိတယ်။ သန့်ရှင်းရေး လုပ်နေတဲ့ အဘွားကြီးက စားပွဲပေါ်က အခင်းတွေ ဖယ်လိုက်ပြီး ဖုန်စုပ်စက်နဲ့ ကော်ဇောပေါ်က ဖုန်တွေ သန့်စင်နေလေရဲ့။ သေချာကြည့်မှ ဆိုင်မှာ ချိတ်ထားတဲ့ ဓာတ်ပုံထဲက အဘွားကြီးက ဖုန်စုပ်နေတဲ့ အဘွားကြီးပါပဲလား။ ဒါဆို အေမီဆိုတာ ဒီအဘွားကြီးပဲ ဖြစ်ရမယ် လို့ တွေးမိပြီး ကောက်ချက်ချလိုက်တယ်။
ဒါနဲ့ ကျမလည်း စားသောက်တာကို လက်စသတ်ပြီး ပိုက်ဆံရှင်းဖို့ ကောင်တာမှာ ငါးကျပ်တန်လေး ထုတ်ပေးတော့ အဘွားကြီးက တကျပ် တမတ် ပြန်အမ်းပါတယ်။ ပြန်အမ်းငွေကို ယူရင်း ကျမတို့ဆီမှာ လဖက်ရည်ဆိုင် တခါထိုင်ရင် ငါးရာတန် တထောင်တန်တွေ ထုတ်ပြီးရှင်းရတာကို သွားအမှတ်ရမိပြန်တယ်။ ဒီမှာတော့ ဗိုက်တင်းအောင် စားမှ သုံးကျပ် သုံးမတ် ထဲရယ် ... ။ တန်တယ် မဟုတ်လား ... ။ (တကယ်တမ်း ကျမ စိတ်ထဲမှာတော့ လက်ရှိ ကျမတို့ တိုင်းပြည်ရဲ့ ငွေကြေး ဈေးနှုန်းနဲ့ မြှောက်ကြည့်ပြီး ဈေးကြီးလိုက်တာ လို့ တွေးနေမိတာပါ။) ပြီးတော့ အလွန်ရှားပါးတဲ့ အကြွေ။ အကြွေဆိုတာ ငါးဆယ်တန်, တရာတန်ကို ဆိုလိုတာပါ။ အကြွေစေ့ဆိုတာကတော့ ဟိုး အတိတ်မှာ ကျန်ခဲ့ပြီမဟုတ်လား။ ဒီရောက်တော့မှ အကြွေတွေ ဖောချင်းသောချင်း ကိုင်နေရတာမို့ ငယ်ငယ်တုန်းက သုံးခဲ့ဖူးတဲ့ ဗိုလ်ချုပ်ခေါင်းပုံ အကြွေစေ့လေးတွေ သတိရမိသား ... ။
အင်း ... အတိတ်တွေ ပြန်မတွေးတော့ပါဘူးလေ ... သွားမှပါပဲ ... ။ ဒီလိုနဲ့ ... အပေါ်အင်္ကျီ ပြန်ဝတ်၊ အိတ်ကလေး ကျောမှာပိုးလို့ သူတို့ကို နှုတ်ဆက် ကျေးဇူးတင်စကား ပြောရင်း ဆိုင်ထဲက ထွက်ခဲ့လိုက်တယ်။ ကျမဆိုင်ထဲက ထွက်သွားတယ် ဆိုရင်ပဲ ... ဒေါ်အေမီကြီးလည်း 'ဆိုင်ပိတ်ပြီ' ဆိုတဲ့ ဆိုင်းဘုတ်လေးကို မှန်တံခါးမှာ ချိတ်ဆွဲပြီး ကျန်ရစ်ခဲ့လေရဲ့ ... ။
***
မေဓာဝီ
၆၊ ဒီဇင်ဘာ၊ ၂၀၀၇
ည ၉ နာရီ ၄၀ မိနစ်
Tuesday, December 04, 2007
ဂဠုန်ဆားချက်တယ်ဆိုတာ ...
(၁)
(၂)
(၃)
(အဲဒီနေရာတွေမှာ ဖတ်ရှုနိုင်ပါတယ်။)
ဆရာတော်က ခြောက်ထပ်ကြီး သာသနာ့ သိပ္ပံ ကျောင်းက ဆရာတော်ကြီးပါ။ အသက်ကြီးပြီး ကျန်းမာရေးလည်း သိပ်မကောင်းလှပါဘူး။ ကျမ ဒီကို လာခါနီးမှာ ဆရာတော်ကို နှုတ်ဆက်ခဲ့ချင်ပေမဲ့ အကြောင်းကြောင်းကြောင့် မနှုတ်ဆက်ခဲ့ရဘူး။ ကျမ ဒီကို ရောက်နေတယ် ဆိုတာ ဆရာတော် သိချင်မှ သိမှာပါ။ သိရင်တော့ ကျေနပ်ပီတိ ဖြစ်နေမှာပါပဲ။ ဆရာတော်ရဲ့ အခြေအနေနဲ့ ဆရာတော့် သတင်းကိုတော့ အဝေးမှာ ရောက်နေတဲ့ ကျမလည်း ခုချိန်မှာ မသိနိုင်တော့ပါဘူး။
ဆရာတော်ကို သတိရရာက ဆရာတော် ပြောပြခဲ့ဖူးတာလေး ခေါင်းထဲ ရောက်လာပြန်ပါတယ်။ အဲဒါကတော့ 'အကြံကုန် ဂဠုန်ဆားချက်' ဆိုတဲ့ စကားပုံနဲ့ ပတ်သက်လို့ပါ။ အဲဒီစကားပုံနဲ့ ပတ်သက်လို့ ကျမတို့ သိထားကြတာက ဂဠုန်နဲ့ နဂါး အချင်းများရာက နဂါးက ပင်လယ်ကြီးထဲ ဆင်းသွားလို့ ရေမကူးတတ်တဲ့ ဂဠုန်ခမျာ ကြံရာမရ ဖြစ်ပြီး ပင်လယ်ရေတွေ ခမ်းခြောက်သွားအောင် ကမ်းစပ်ကနေ ဆားချက်ရင်း စောင့်နေတယ်ပေါ့။ အဲဒီလို သိထားတာ ငယ်ငယ်လေး ကတည်းပဲ မဟုတ်လား။
ဒီလိုနဲ့ပဲ 'ဆားချက်တယ်' ဆိုတဲ့ ဝေါဟာရက ဘလော့လောက မှာလည်း အသုံးများလာကြပါတယ်။ ရေးစရာ ပါးရှားလာရင် အကြံအဖန်လုပ်ပြီး ဟိုလူ့စာကူးတင် ဒီလူ့စာကူးတင်ပေါ့။ ကျမလည်း အမြဲလုပ်နေကျပါပဲ။
ထားပါတော့ ... ။ အခု ပြောချင်တာက ဆရာတော် ပြောပြတဲ့ ဂဠုန်ဆားချက်တာနဲ့ ကျမတို့ သိထားတဲ့ ဂဠုန်ဆားချက်တာ အကွာကြီး ကွာနေတဲ့ အကြောင်းပါ။
ဆရာတော်ပြောပြတာကို မှတ်မိသလောက် ပြန်ပြောရရင်တော့ ... ။
ကျေးလက်တောရွာတွေမှာ ချုံပုတ်လို အပင်တွေ တောထ နေတာကို ဂဠုန်ထတယ်လို့ ဆိုကြသတဲ့။ ရွာသားတွေဟာ ယာခင်း စိုက်ခင်းထဲမှာ စိုက်ပျိုးဖို့သွားရင်း ချောင်းရေလျှံလို့ ပဲဖြစ်ဖြစ် အကြောင်းတခုခုကြောင့် အိမ်မပြန်နိုင်တော့တဲ့အခါ လုပ်စရာမရှိတော့ ... ဒီလို အပင်တွေကို ခုတ်ထွင် မီးရှို့ပြာချ ပြီး ဆားချက်လေ့ရှိကြသတဲ့။ ဂဠုန်ထတဲ့ အပင်တွေကို မီးရှို့လို့ရလာတဲ့ ပြာကို ဂဠုန်ပြာလို့ ခေါ်ပြီး ဂဠုန်ပြာက ရတဲ့ ဆားကို ဂဠုန်ဆားလို့ ခေါ်ပါသတဲ့။
အဲဒါနဲ့ ပတ်သက်ပြီး အဆိုတခု ရှိတယ်လို့ ဆရာတော်က ပြောပါသေးတယ်။
ဂဠုန်ပင်တွေကို ပြာချလို့ ရလာတဲ့ ပြာကို ရေထဲ ထည့်လိုက်တဲ့အခါ ပြာတွေက ရေမှာ ပျော်ဝင်သွားပြီး ရေက နောက်သွားတော့ ... 'ဂဠုန် ဂဠုန် ဆွေ့ဆွေ့ခုန်၊ ဂဠုန်လည်း ပျောက် ရေလည်း နောက်' ဆိုပြီး ပြောစမှတ်ရှိတယ် လို့လည်း ဆိုပါတယ်။
အဲဒီရေကို ကြိုချက်လိုက်လို့ ရလာတဲ့ ဆားကတော့ ဂဠုန်ဆား ပေါ့။ အဲဒါဟာ အကြံကုန် ဂဠုန်ဆားချက် ဆိုတာရဲ့ မူလ ဘူတ အဖြစ်အပျက်ပဲ လို့ ဆရာတော်က ပြောပြပါတယ်။ ကျေးလက်ရဲ့ အလေ့အထကို မသိလို့ ပုံပြင်ဆရာက သူ့စိတ်ကူးနဲ့ ကွန့်မြူးပြီး ရေးလိုက်တာ ဖြစ်လိမ့်မယ်လို့ ဆရာတော်က ပြောပြခဲ့တယ်။
ဘယ်ဟာက မှန်တယ် မမှန်ဘူး ဆိုတာကိုတော့ ကျမလည်း အငြင်းမပွါး ချင်ပါဘူး။ ဒါပေမဲ့ ကျမကတော့ ဆရာတော် ပြောတာကို ဖြစ်နိုင်ချေရှိတယ်လို့ ယူဆပါတယ်။
ဆရာတော်ကို သတိရရာက ဆရာတော့်ရဲ့ စကားလေးကို အမှတ်တရ ဖော်ပြရင်း ကျမလည်း ဆားချက်လိုက်ပါတယ် ရှင်။
***
မေဓာဝီ
ဒီဇင်ဘာ ၄၊ ၂၀၀၇
အမျိုးသားနေ့
ည ၁၁ နာရီ ၃၀ မိနစ်
Monday, December 03, 2007
မိုးသည်းညနေ (၂)
***
လမ်းကလေးမှာ မီးမရှိ။ အိတ်ထဲမှာ ဓာတ်မီး ပါလာသော်လည်း ထီးက တဖက်နဲ့မို့ ကိုင်လို့က အဆင်မပြေ။ လျှောက်နေရင်း အေးသည်ထက် အေးလာ၊ ညအမှောင်ကလည်း ပိုပြီး သိပ်သည်း လို့လာသည်။ ဒီအချိန်မှာ အလင်းရောင်ကို မျှော်လင့် တောင့်တ မိသော်ငြား မျက်လုံးတွေက အမှောင်ထဲမှာ တဖြည်းဖြည်း ကျင့်သားရ နေပေပြီ။
လမ်းကလေးမှာ ပလက်ဖောင်းမရှိ။ လမ်းဘေး ၀ဲယာမှာ စိုက်ခင်း လွင်ပြင်ကျယ်ကြီးတွေနှင့် တချို့ လမ်းချိုးကွေ့ နေရာများမှာ သစ်ပင်ငယ် ချုံပုတ်ငယ်လေးတွေသာ။ ဟိုး ခပ်ဝေးဝေးမှာတော့ ပုံစံတူ သစ်ပင်ကြီးများ စီတန်းလျက် ညီညာစွာ ယိမ်းထိုးနေကြသည်။
အရှိန်ပြင်းပြင်း မောင်းနှင်ပြီး ၀င်ရောက် လာသော ကားတစီးက လမ်းချိုးကွေ့မှ ရုတ်တရက် ပေါ်လာသဖြင့် လမ်းဘေး မြက်တောထဲကပ်ပြီး တိမ်းရှောင် ပေးလိုက်ရသည်။ ကားမီးအလင်းရောင်က ခေတ္တ ခဏမျှတော့ အမှောင်ထုကို ခွင်းပေးပေသား။ ဒါပေမဲ့ ခဏမျှသာပါပဲ။ မကြာခင် ပြန်ပြီး မှောင်သွားပြန်လေပြီ။
မြို့ပြရှိ လမ်းများနှင့်စာလျှင် ဒီလမ်းကလေးက နုံချာလှသည်။ ကွင်းပြင်ကို ဖြတ်ပြီး တိုက်ခတ်လာသော လေကို ရှူရှိုက်သွင်းစဉ် မြင်းချေးနံ့ ရိုးပြတ်နံ့တွေ ရောနှောပြီး နှာခေါင်းတွင်းသို့ ၀င်ရောက်လာလေ၏။
ဘယ်လောက်များ သဘာဝဆန်လိုက်ပါသလဲ ... ။
ရုတ်တရက် လေပြင်းက တဝေါဝေါ အသံပေးကာ တိုက်ခတ်လာ ပြန်သဖြင့် ထီးဆောင်းရတာ အဆင်မပြေလှတော့။ ထီးရွက်တွေက တဖျတ်ဖျတ် လန်ချင်နေပြီ။ ထီးကိုင်းတွေက လည်း ကွေးညွတ်လို့ နေပြီ။ သို့ဖြင့် ထီးကို ပိတ်လိုက်ရတော့သည်။ အေးစက်လွန်းသော မိုးရေစက်တွေက ခန္ဓာကိုယ်ပေါ် ခပ်ရိုင်းရိုင်း ကျရောက်လို့ လာကြ၏။ ကောင်းကင် ထက်သို့ မျက်နှာမော့ရင်း မိုးစက်တွေကို ခံယူနေမိသည်။
ခြေလှမ်းတွေကို သွက်သွက် နင်းလျှောက်တော့ လမ်းကလေးပေါ် တင်နေသည့် မိုးရေစက်တွေက တဖွားဖွား လွင့်စင်သွားကြသည်။ ပျော်စရာပင် ... ။ ဒါပေမဲ့ ... မိုးသည်းသည်း ကြောင့် စီးထားသည့် ဖိနပ်လည်း ရွှဲနေပြီ။ မိုးကာ အင်္ကျီမှ လွတ်သည့် ခန္ဓာကိုယ် အစိတ်အပိုင်း တချို့လည်း ရေတွေ ရွှဲရွှဲစိုလို့ ... ။ လက်ဖျားတွေက အေးစက် ထုံကျင် ... ။ နှုတ်ခမ်းတွေက ကတုန်ကယင် ... ။ ဒီအချိန်မှာ ကော်ဖီပူ ခါးခါးတခွက်တော့ သောက်ဖို့ လိုအပ်နေပြီဟု ထင်၏။
***
လမ်းကလေး၏ နောက်ဆုံး အချိုးအကွေ့ကို ချိုးကွေ့လိုက်စဉ်မှာ မီးရောင် ၀ါဝါလေးတွေကို လှမ်းမြင် လိုက်ရသည်။
ခရီးလမ်းဆုံးသို့ ရောက်လုပြီ။
ဆက်လျှောက်ထား ... ။
ဒီလိုပဲ ... အမှောင်ထုကြိးစိုးတဲ့ လမ်းတွေထက်မှာ ဘယ်လောက်များ လျှောက်နေရဦးမှာလဲ ... ။
ဒီလိုပဲ ... မိုးသည်းသည်းမှာ အကာအကွယ်မပါဘဲ ဘယ်အချိန်ထိ လျှောက်နေရဦးမှာလဲ ... ။
ဒီလိုပဲ ... မျှော်လင့်မထားတဲ့ အချိုးအကွေ့ပေါင်းများစွာကို ဘယ်လိုတွေ ကြုံတွေ့နေရဦးမှာလဲ ... ။
ဘယ်လိုပင် ကြုံစေဦးတော့ ... နောက်ဆုံးမှာတော့ မှိန်ပျပျ မီးရောင်ငယ်လေးက ပန်းတိုင်ဖြစ်ချင် ဖြစ်နေဦးမှာ မဟုတ်လား။
***
မေဓာဝီ
၂၀၀၇၊ ဒီဇင်ဘာ ၂ -ရက်။
ည ၉ နာရီ ၅၉ မိနစ်
Saturday, December 01, 2007
ဒီဇင်ဘာ အလွမ်း
နှင်းတွေကြားမှာ လှနေပါရဲ့
ဒါပေမဲ့ …
ဆောင်းမပီသတဲ့
ကိုယ့်ဒေသရဲ့ မနက်ခင်းကိုသာ
မြင်ယောင်ကာ လွမ်းမိတယ်။
ထင်းရူးရနံ့ လာဗင်ဒါရနံ့
သင်းပျံ့ပျံ့ကို ရှူရှိုက်ရလေတိုင်း
ဆောင်တော်ကူးရနံ့ ညမွှေးပန်းရနံ့တွေ ထုံလွှမ်းတဲ့
ဆောင်းညချမ်းကို လွမ်းမိတယ်။
နှုတ်သီးဝါ၀ါ ကိုယ်ခန္ဓာအနက်
မြက်ခင်းပေါ် အစာရှာထွက်တဲ့
ငှက်ငယ်လေးတွေကို မြင်ပြန်တော့
ခြံထောင့်က သစ်ပင်အိုထက်မှာ
အဖော်မဲ့စွာ တွန်ကျူး
တကူကူးသံလေးကို လွမ်းမိတယ်။
ဘုရားကျောင်းက ခေါင်းလောင်းသံနဲ့
ဓမ္မ တေးသံ လွင့်ပျံလာတဲ့အခါ
ထုံးဖြူဖြူစေတီထက်က
ဆည်းလည်းခတ်သံ တလွင်လွင်နဲ့
သံဃာတော်အများ မေတ္တာပွါးသံကိုသာ
ကြားယောင်ပြီး လွမ်းမိတယ်။
အပူငွေ့ပေးထားတဲ့ အခန်းလေးမှာ
တယောက်ထဲ အထီးကျန်နေရင်း …
လုံခြုံနွေးထွေးတဲ့ အမေ့ရင်ခွင်ကို
လွမ်းမိတယ်။
အသိပညာ အတတ်ပညာတွေ
ဘယ်လိုပင် သင်ကြားသင်ကြား
အဖေ့ဆုံးမစကားတွေကို
လွမ်းမိတယ်။
ကမ ၻာၾကီးဟာ ရြာၾကီးတရြာတဲ့
ဒါဆိုရင် …
ဘာလို့အဝေးကြီး ဖြစ်နေရတာလဲ … ။
ဒီဇင်ဘာက …
အလွမ်းတွေကို သယ်ဆောင်လာတယ် ….
လေညင်းတွေရယ်
အညှာလွယ်တဲ့ သစ်ရွက်တွေကို
တရွက်စီခြွေပစ်သလို
အလွမ်းတွေကြွေလွင့်အောင်
တိုက်ခတ်ပေးလှည့်ပါကွယ် … ။
***
မေဓာဝီ
ဒီဇင်ဘာ ၁၊ ၂၀၀၇