***
ကျမတို့ ငယ်ငယ်တုန်းက အမေဈေးကပြန်လာရင် တခါတလေ အိုးပုတ်ကလေး တွေ ကျမတို့ ဆော့ဖို့ ၀ယ်လာတတ်ပါတယ်။ တခါတလေတော့ အိမ်အနီးအနား မှာရှိတဲ့ အိုးဆိုင်တန်းကို ခေါ်ပြီး လိုချင်တဲ့ အိုးပုတ်လေးတွေ ၀ယ်ပေးတတ်ပါတယ်။ အမေကိုယ်တိုင်လည်း ညောင်ရေအိုး၊ သောက်ရေအိုး၊ ငပိရည်အိုး၊ စလောင်းဖုံး စတဲ့ မြေနဲ့လုပ်တဲ့ ပစ္စည်းလေးတွေဝယ်ပါတယ်။ အိုးပုတ်ကလေးတွေနဲ့ ဆော့ ကစားလို့ ကွဲတော့လည်း နောက်တခါ အမေဈေးသွားရင် ထပ်မှာရပြန်တာပေါ့။ တခါတခါ အမေနဲ့ အဖေ တွံတေးဘက်ကပြန်လာရင်တော့ အိုးပုတ်တွေ ခြင်းနဲ့ တခြင်းကြီး ပါလာတတ်တယ်။ အဲဒီအိုးပုတ်တွေထဲမှာ ချိုးရုပ်ကလေး တရုပ် တလေပါလာရင် လိုချင်လို့ လုရတာအမောပါပဲ။ ချိုးကလေးကို လေနဲ့မှုတ်လိုက်လို့ တကူးကူးကူး မြည်တဲ့အခါ သိပ်သဘောကျခဲ့ကြတယ်။ ကျမတို့ ကလေးဘ၀ ကတော့ ကစားစရာဆိုတာ အိုးပုတ် ချိုးရုပ်တွေလောက်သာ ရှိတာပဲလေ။
ခုခေတ်ကလေးတွေ အိုးပုတ် ချိုးရုပ်တွေနဲ့ ကစားကြသေးရဲ့လားဆိုတာ ကျမ သိပ်မသိပါဘူး။ ကစားစရာတွေလည်း သူ့ထက်ငါ ကောင်းသည်ထက်ကောင်း အောင် ဖန်တီးတီထွင် ထုတ်လုပ်နေကြတော့ အိုးပုတ် ချိုးရုပ်လေးတွေရဲ့ အခန်း ကဏ္ဍဟာ ဒီခေတ်ကလေးတွေရဲ့ လက်ထက်မှာတော့ မှိန်ပြပြဖြစ်နေလောက်ပါပြီ။ သူတို့လေးတွေကို အိုးပုတ်ဝယ်ပေးရင်လည်း ကစားတတ်ကြမလား၊ ချိုးရုပ်လေး တွေကိုရော တန်ဖိုးထားတတ်ကြပါ့မလား။ ကျမတော့ မထင်မိပါဘူး။
ခုတော့ … အိမ်နားက အိုးဆိုင်တန်းမှာလည်း အိုးမရောင်းကြတော့ပါဘူး။ သူ့ခေတ် အခါအလိုက် လက်ဘက်ရည်ဆိုင်ဖြစ်လိုဖြစ်၊ ဗီဒီယို အငှားဆိုင် ဖြစ်လိုဖြစ်နဲ့ ပြောင်းလဲလို့ပေါ့။ ကျမတို့ ကိုယ်တိုင်တောင် မြေသောက်ရေအိုးကို မသုံးကြတော့ ပဲလေ။
တခါတခါတော့ ရေသန့်ဗူးထဲက သန့်မသန့် မသေချာတဲ့ ရေတွေကို နေ့စဉ် သောက်သုံးနေရင်း ရေစိမ့်သဲအိုးလေးထဲက ရေအေးအေးတွေကို သတိရမိတယ်။ အရုပ်ဆိုင်မှာ ၀က်ဝံရုပ်လှလှတွေ၊ ဗိုလ်မရုပ်လှလှတွေကိုငေးကြည့်ရင်း ငယ်ငယ် တုန်းက ဆော့ကစားခဲ့ဖူးတဲ့ အိုးပုတ် ချိုးရုပ်လေးတွေကို သတိရတယ်။ ခေတ်ရေစီးကြောင်းမှာ အလိုက်သင့်အလျားသင့် လက်ခံမျောပါရင်း တခါတလေ တော့လည်း သောင်တင်ချင် တင်နေတတ်ပါတယ်။ ရေတက်ချိန်ကြုံပြန်တော့ လည်း ၀ုန်းဆို ရိုက်ခတ်လာတဲ့ ရေလှိုင်းနဲ့အတူ ယက်ကန်ယက်ကန် ဆက်လက် မျောပါစီးဆင်းရပြန်ဦးမပေါ့။
***
အိုးပုတ် ချိုးရုပ်လေးတွေကို သတိရမိရင်းက … ကျမရဲ့ ဆရာတယောက် ရေးပေးခဲ့ ဖူးတဲ့ ကဗျာလေးကို အမှတ်ရမိလို့ ဖိုင်ဟောင်းတွေထဲ ပြန်ရှာကြည့်တော့ ထွက်လာပါတယ်။ ဆရာ့ကဗျာနာမည်က “အိုးပုတ်နှင့် ချိုးရုပ်” … တဲ့။ ဖတ်ကြည့် ကြပါဦး။
***အိုးပုတ်နှင့် ချိုးရုပ်
ကလေးအနှီးသည်
ကမ္ဘာကြီးကို ပန်းပန် …
ငြိမ်းချမ်းရေး အလံပါ။
အရုဏ်ဦး နေဆာလှုံ
ချစ်ကြည်ရေး သိုက်မြုံပါ။
ရင်သွေးထံ ပါးအပ်
လှိုက်လှဲမှု အနွေးဓာတ်ပါ။
ပုဆိုးကို ဖြဲသီ၍ဖြစ်ဖြစ် …
ပိုးဖဲ ကတ္တီပါဖြစ်ဖြစ်
သိုင်းရစ်ပတ်ရံ
သံယောဇဉ်သိုမှီး
အနှီးလေးပါ … ။
အနှီးလေးလွန့်လူး …
ဆူးခက် မငြိမစူးပါစေနှင့် … ။
အနှီးလေး နစ်မွန်း
သွေးစက် မစွန်းပါစေနှင့် … ။
အနှီးလေးနွမ်းညစ်
ရွှံ့နွံ မနစ်ပါစေနှင့် … ။
မိခင်တဘက်
ပုခက်ငယ်ဆင်
သံလွင်ပိုက်ထွေး
သားချော့တေးနွှေး
အနှီးလေးသည် …
ကမ္ဘာကြီးကို ပျံ့မွှေး၏ ..
ကမ္ဘာကြီးကို သန့်အေး၏ … ။
ဝေးသူ့ရွာလေး
ကွပ်ပြစ်ဘေး …
ချိုးရုပ်လေးရယ် ကူလှည့်ပါ .. ။
အိုးပုတ်လေးရယ် မြှူလှည့်ပါ … ။
……………………………………… စောကိုမြင့် (ပတ္တော်-ရုံးဒေါင့်)
***
ကရင်အမျိုးသားတယောက်ဖြစ်တဲ့ ဆရာဟာ သူ့ပြည်နယ်ကို ငြိမ်းချမ်းစေချင် တယ်၊ သာယာစေချင်တယ်။ အပြစ်ကင်းတဲ့ ကလေးတွေ ဆူးမစူး၊ နွံမနစ် ဒုက္ခမဖြစ်စေချင်ပါဘူး။ ဒါကြောင့် ဒီကဗျာလေးကို ရေးဖွဲ့တယ်လို့ ဆရာက ပြောပြ ခဲ့ဖူးပါတယ်။ ဒီကဗျာလေးကိုဖတ်တိုင်း နယ်စွန်မြို့ဖျားက ဒုက္ခရောက်နေရှာမယ့် ကလေးလေးတွေအတွက် ဆုတောင်းမိပါတယ် … ။ ကလေးတွေငြိမ်းချမ်းဖို့ဆိုတာ ကမ္ဘာကြီး ငြိမ်းချမ်းမှ ဖြစ်မှာ မဟုတ်လား … ။
အပြစ်ကင်းသော ကလေးများ … ငြိမ်းချမ်းကြပါစေသား … ။
***
မေဓာဝီ
၁၀၊ စက်တင်ဘာ၊ ၂၀၀၇
မွန်းလွဲ ၁ နာရီ ၁၅ မိနစ်