Friday, November 03, 2006

လမ်းဘေးလဖက်ရည်ဆိုင်လေးတွေမှာ ...

ကျမ ၉ တန်းကျောင်းသူဘ၀မှာ လဖက်ရည်ဆိုင် စထိုင်ခဲ့ပါတယ်။ ဒီ့ထက်ငယ်တဲ့အရွယ်တုန်းကတော့ လဖက်ရည်ဆိုင်ရှေ့က ဖြတ်လျှောက်ရမှာတောင် ခပ်ရွံ့ရွံ့ ဖြစ်ခဲ့ဖူးပါရဲ့။
၉ တန်းမှာ အပြင်ကျူရှင်တက်ရတော့ ကျူရှင်အပြန် ဗိုက်ဆာရင်ပဲဖြစ်ဖြစ် စာသင်ချိန် တချိန်နဲ့တချိန်ကြား ခဏနားရင်ပဲဖြစ်ဖြစ် လဖက်ရည်ဆိုင်ထိုင်ဖြစ်တယ်။
လမ်းဘေးက လဖက်ရည်ဆိုင်လေးတွေမှာ ဖိုးနည်းဝန်ပါ စားစရာလေးတွေစားရင်း အာဟာရဖြည့်တင်း ခဲ့ရပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း လဖက်ရည်ဆိုင်လေးတွေနဲ့ ရင်းနှီးခဲ့ရပြီး လဖက်ရည်ဆိုင်ထိုင်တဲ့ အကျင့် ဖြစ်သွားခဲ့ရတယ် ဆိုပါတော့။
လဖက်ရည်ဆိုင်ထိုင်တဲ့နေရာမှာ လဖက်ရည်ကောင်းလို့၊ ဒါမှမဟုတ် မုန့်တွေအစုံရလို့ တကူးကတ သွားထိုင်ဖြစ် တာမျိုးရှိသလို ကြုံလို့ ထိုင်ဖြစ်တာမျိုး၊ နီးနီးနားနားမို့ ထိုင်ဖြစ်တာမျိုးလဲ ရှိပါတယ်။
၃၃ လမ်းက လေထန်ကုန်းလို စာပေသမားတွေထိုင်တတ်တဲ့ ဆိုင်မျိုးကျတော့ မထိုင်ရင်ဘဲ စာပေအသိုင်းအ၀ိုင်းထဲ ခေတ်မမီမှာစိုးလို့ တကူးတက သွားထိုင်ဖြစ်တာပါ။
တခါတခါကျတော့ နေရာကျယ်ကျယ်ဝန်းဝန်းနဲ့ ဖွင့်ထားတဲ့ လဖက်ရည်ဆိုင်ကြီးတွေထက် လမ်းဘေး လဖက်ရည်ဆိုင်လေးတွေ ထိုင်ရတာကို ပိုနှစ်သက်မိတယ်။
ဖုံတထောင်းထောင်းထနေတဲ့လမ်းရဲ့နဘေးက ယင်တလောင်းလောင်းစားပွဲပေါ်မှာတင်ထားတဲ့ နှုတ်ခမ်းပဲ့ပြီး ပက်ကြားအက်နေတဲ့ ခွက်ကလေးထဲက လဖက်ရည်ပေါ့ကျ - ဒါမှမဟုတ် ဘလက်ကော်ဖီ ခါးခါးတခွက်ကို ယင်မောင်းရင်းနဲ့သောက်၊ အသံသိပ်မကြည်တော့တဲ့ ကက်ဆက်အိုလေးနဲ့ဖွင့်ထားတဲ့ သီချင်းဟောင်းလေးတွေ နားထောင်ရင်း အလကားရတဲ့ ရေနွေးကြမ်းတွေ တအိုးပြီးတအိုးသောက် .. အဲဒီအရသာကို ကျမသဘောကျတယ်။
တနေ့တော့ အဲဒီလို လမ်းဘေးလဖက်ရည်ဆိုင်မှာထိုင်သောက်နေတုန်း ကျမ အမဖြတ်အသွား မြင်သွားပါလေရော။
အိမ်ရောက်တော့ ဆူခံရပါတယ်။ လမ်းဘေးဆိုင်မှာထိုင်တယ် .. အဆင့်မရှိဘူးပေါ့လေ .. အပြောခံရတော့တာပါပဲ။
နောက်တရက် သူမြို့ထဲသွားရင်း ကျမကိုခေါ်သွားပြီးတော့ Café Aroma မှာ ကော်ဖီတိုက်ပါတယ်။ (အဲဒီဆိုင် ဖွင့်ခါစလောက်ကထင်ပါတယ်၊ ကျမ မထိုင်ဖူးသေးပါဘူး။)
ကော်ဖီတိုက်ပြီးတော့ ပြောသေးတယ်၊ နင် နောက်တခါဆို ဒီလိုဆိုင်မျိုးမှာပဲသောက်ပါတဲ့။ လမ်းဘေးဆိုင် မထိုင်နဲ့ … ညစ်ပတ်တယ်၊ ကျန်းမာရေးနဲ့လဲ မညီညွတ်ဖူး .. ပေါ့။
သူတိုက်တဲ့ ကော်ဖီကို သောက်ပြီး သူရိုက်တဲ့ လက်ချာကို နားထောင်လိုက်ရပေမဲ့ ကျမစိတ်ထဲ နောက်တခါလဲ လမ်းဘေးဆိုင်ထိုင်အုံးမှာပဲ လို့ တွေးနေမိတယ်။ (အမိန့်ဆို မနာခံချင်တဲ့ အကျင့်က ပါနေလို့ပါ)
သူပြောတဲ့ဆိုင်တွေမှာ ..
ကော်ဖီကလဲ ကောင်းပါတယ်၊ နေရာထိုင်ခင်းလဲ အဆင်ပြေပါတယ်၊ သန့်ရှင်းသပ်ရပ်မှုလဲ ရှိပါတယ်၊ စားပွဲထိုးတွေကလဲ ဆက်ဆံရေးအလွန်သိမ်မွေ့ ငြင်သာကြပါတယ်။ ဒါပေမဲ့ .. ကျမ မထိုင်ချင်ပါဘူး။
ကျမထိုင်နေကျလမ်းဘေးဆိုင်လေးတွေမှာတော့ ..
လဖက်ရည် ကော်ဖီ အရသာကောင်းချင်မှကောင်းမယ်၊ နေရာထိုင်ခင်း နဲ့ သန့်ရှင်းသပ်ရပ်မှုဆိုတာကလဲ .. စောစောကပြောခဲ့သလိုပါပဲ၊ စားပွဲထိုးတွေကလဲ ခေါ်မကြား အော်မကြား တခါတလေ ကိုယ့်ကိုတောင် ၀င်တိုက်လို တိုက်သွားကြပါသေးတယ်။
ဒါပေမဲ့ ကျမ ကျေနပ်ပါတယ်။ လမ်းဘေးဆိုင်လေးတွေဟာ ကျမအတွက် ပိုပြီးဆွဲဆောင်မှုရှိပါတယ်။
ကျမစိတ်ထဲ လွတ်လပ်မှုလဲ ရှိပါတယ်။
အရင်ကဂျာနယ်လုပ်ကြတော့ ညဥ့်နက်သန်းခေါင်ထိ တခါတလေ မိုးလင်းပေါက် အလုပ်လုပ်ကြရပါတယ်။ သန်းခေါင်ကျော်လောက်မှာ ဗိုက်ဆာရင် လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အနားက လမ်းဘေးလဖက်ရည်ဆိုင် ပိစိလေးမှာ တခုခုထွက်စားကြတယ်။ ကိုယ့်ဟာကိုယ် အိမ်မှာ ကော်ဖီဖျော်သောက်ပြီး အိမ်မှာရှိတဲ့ မုန့်တွေစားရင် လဲ ဗိုက်ပြည့်နိုင်ပေမဲ့ .. အားလုံးတညီတညွတ်ထဲ ဆိုင်မှာပဲသွားစားဖြစ်ကြတယ်။
ဘာကြောင့် … ဆိုတော့ ..
အလုပ်လုပ်ရင်း လူက ငြီးငွေ့နေတဲ့အချိန်မှာ အဲဒီလို လမ်းဘေးဆိုင်လေးမှာ ခဏတဖြုတ်ထိုင်ရင်း စားသောက်ရင်း စကားစမြည်ပြောရတာဟာ လူကို ပြန်ပြီးလန်းဆန်းသွားစေလို့ပါ။
ဆိုင်ကကောင်းလို့ ကော်ဖီ/လဖက်ရည်ကကောင်းလို့ လူကလန်းဆန်းသွားတာမဟုတ်ပါဘူး။ ပွင့်လင်းပေါ့ပါး လွတ်လပ်ပြီး သဘာဝဆန်တဲ့ ပတ်ဝန်းကျင်ကြောင့်သာပါ။
လေအေးစက်အခန်းထဲမှာ ကျွမ်းကျင်စားပွဲထိုးတွေရဲ့ ရိုသေကိုင်းညွတ်မှုတွေကိုခံရင်း ဈေးကြီးပေးရတဲ့ ကော်ဖီတခွက်ကို စတယ်ကြီးနဲ့ မိန့်မိန့်ကြီးထိုင်သောက်ရတာ ကျမဖြင့် တယ်မကြိုက်လှပါဘူး။
အဆင့်မရှိဘူးပဲပြောပြော အောက်တန်းကျတယ်ပဲ ဆိုဆို .. လမ်းဘေးလဖက်ရည်ဆိုင်လေးတွေကိုပဲ ကျမချစ်တယ် .. မြတ်နိုးတယ် .. အဲဒီဆိုင်လေးတွေမှာထိုင်ရတာ ပျော်လဲပျော်ပါတယ်။
ဘယ်သူတွေဘာပြောနေနေ ..
ကျမကတော့ အဆောင်အယောင်တွေနဲ့ ထည်ဝါခြင်းကင်းတဲ့ လမ်းဘေးက လဖက်ရည်ဆိုင်လေးတွေမှာ ထိုင်ဖြစ်နေအုံးမှာပါပဲ။
***

8 comments:

ကလိုစေးထူး said...

ကျနော်လဲ လက်ဖက်ရည်ဆိုင် ထိုင်တာကို အတော်ကြိုက်တယ်.. ဒါပေမယ့် သီချင်းမဖွင့်ပဲ စားပွဲထိုးတွေရဲ့ ဆူညံအော်ဟစ်နေတဲ့ ဆိုင်ဆိုရင် မထိုင်ဘူး.. သီချင်းနားထောင်မယ်..လေပေါမယ်.. ဒါကမှ လက်ဖက်ရည်ဆိုင် ထိုင်ခြင်းရဲ့ အရသာမဟုတ်လား

hana said...

I used to sit at " Spectrum" (San Yeik Nyein) .
Ma May, I have no idea why I can't type mmfont in this box. Please help me .

Anonymous said...

ဟန
တခြားတနေရာမှာရိုက် copy ကူး ပြီး ဒီမှာ paste လုပ်လိုက်လေ။
အဲဒါဆို မြင်ရမယ်ထင်တယ်။
မမေ

Anonymous said...

Well...to recall back to the memories of golden olden days...tea shop was, for those who are hungry it gives you a bread , for those who are thirsty it gives you a cup of water, for those who are lonely it gives you a friend with a fair price, then for those who want to listen modern music of which we can't listen at home.

Getting older, wanted to make an adventure. Sailing to of all Alien Places ,but we need a common place.

Not only in Burma but also at else where, then a tea shop become important role, and the purpose is the same.
In addition to it, the place became the focal place, to get together, for those who are looking for a job or waiting for the boss..., listing to the news form the native land.

So the tea shop has a great history .I have ever hear about the tea shop in Singapore.

Thanks for revealing the value of a tea shop

Prince

နိုင်းနိုင်းစနေ said...

လမ်းဘေး လဖက်ရည်ဆိုင်ဆိုတော့ အနီးပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသမျှ
မျက်ဝါးထင်းထင်းတွေ့ရတယ်။ အခြေခံလူတန်းစားတွေရဲ့ ဘ၀ကို လမ်းဘေး
လဖက်ရည်ဆိုင်ကနေ တွေ့မြင်နိုင်တယ်။ မမေတို့လို စာရေးသူအတွက် လက်တွေ့
ကုန်ကြမ်းတွေ ရနိုင်တာပေါ့။ စနေလည်း ဆိုင်ကောင်းမှာ စတယ်လ်နဲ့ စားနေရတာ
ထက် လမ်းဘေးမှာ လွတ်လွတ်လပ်လပ် စားရတာကို ပိုသဘောကျတယ်။

မေ said...

မမေရေ ... ဒီစာလေးဖတ်ပြီး လဖက်ရည်ဆိုင်တောင် ပြေးထိုင်လိုက်ချင်တယ်။ အရင်ထိုင်နေကြ မြေနီကုန်းက ဆိုင်လေးတွေကို လွမ်းလိုက်တာ။

အော်ပရာ... said...

မမေရာ အနော်အားကျအောင်မပြောပါနဲ့... စိတ်ထဲ မကြည်လင်တဲ့အချိန်တွေမှာဆိုရင်.. သူငယ်ချင်းတစ်ယောက်လောက်နဲ့ဖြစ်ဖြစ်... တစ်ခုခုကိုသွားချင်စိတ်ဖြစ်ပေါ်တယ်... ဒါပေမယ့် ကျွန်တော်တို့က ဆင်းရဲတော မေမေက ကားခပဲ ပေးတာလေ... ပိုက်ပိုက် အပိုမရှိဘူး... လက်ဖက်ရည်ဆိုင် မထိုင်နိုင်တဲ့ဘ၀မှာ... သူငယ်ချင်းတစ်ယောက်ကိုခေါ် အပင်ရိပ်လေးအောက်မှာ ရင်ဖွင့်ရတဲ့အရာသာကလည်း တော်တော်လေးကို ခံစားလို့ကောင်းတယ်လို့ ဆိုရမှာပဲ....

nyalay said...

ဟုတ်တယ်မမေရေ လမ်းဘေးဆိုင်ထိုင်ရတဲ့ အရသာကို ဘယ်ဆိုင်ကြီးတွေမှ မမှီဘူး... ညလေးတို့ဆို အစ်ကိုတွေနဲ့ အမြဲထိုင်နေကြ၊ သူငယ်ချင်းတွေနဲ့လဲထိုင်တာပဲ၊ ဆူညံနေရင်တော့မကြိုက်ဘူး ထိုင်ခုံပုလေးတွေနဲ့ပဲကောင်းတယ် လဖ္ဘက်ရည်ဆိုင်နဲ့လိုက်တယ်၊ နောက်ပိုင်း ထိုင်ခုံရှည်ကြီးတွေနဲ့တော့ ထိုင်ချင်တော့ဘူး၊ လဖ္ဘက်ရည်ဆိုလဲ ကျဆိမ့်မှ ရေနွေးကြမ်းတော့ တစ်ခွက်ပြီးတစ်ခွက်ပေါ့... အဲ တစ်အိုးပြီးတစ်အိုးပြောတာ :)