နတ်တော်လရဲ့ အအေးရိပ်မှာ ခိုလှုံရင်း ခဏတဖြုတ် အားလပ်ချိန်လေးတွေမှာ စာဖတ်စရာ ရှာတော့ အဖေ့စာအုပ်စင်က ဦးသော်ဇင် စာအုပ်တွေကို တွေ့တာနဲ့ ယူလာလိုက်တယ်။ လောကဂီတ၊ ရာသီသဘင်နဲ့ စာဥယျာဉ် ဆိုတဲ့ စာအုပ်လေးတွေ ... ။ အစအဆုံး မဖတ်နိုင်ခင် ဟိုဒီလှန်လှော စာမြည်းရင်း စာဥယျာဉ် စာအုပ်ထဲက "ဝရဒါန" ဆိုတဲ့ ဘာသာပြန်စာစုလေးတခုကို သွားတွေ့ပါတယ်။ ရာဘင်ဒြာနသ်တဂိုးရဲ့ ကဗျာလေးကို မြန်မာပြန်ထားတဲ့ စာစုလေးပါ။ အဲဒီစာကို ဖတ်ရင်း ငယ်ငယ်တုန်းက ဦးသော်ဇင်ရေးတဲ့ စာတအုပ်ထဲမှာ "ပတ္ထနာ" ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတပုဒ် ဖတ်ခဲ့ဖူးတာ အမှတ်ရမိတယ်။ အဲဒီစာကို တော်တော်လေး နှစ်သက် စွဲလမ်းလွန်းလို့ အဲဒီလို ဆုတောင်းမျိုးကိုလဲ လိုက်လံ တုပပြီး တောင်းခဲ့ဖူးတယ်။ အဲဒီဆုတောင်းနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ ၇ နှစ်သာသာက ဒီနေရာမှာ ပို့စ်အဖြစ် ရေးခဲ့ဖူးပါတယ်။
အခု ဖတ်ရတဲ့ တဂိုးရဲ့ ဝရဒါနကို မြင်တော့ ဦးသော်ဇင် ပတ္ထနာရဲ့ မြစ်ဖျားခံရာ ဖြစ်ရမယ်လို့ ကျမ စိတ်ထဲ မှတ်ထင်မိတယ်။ ဘာသာပြန်ထားတဲ့ စာကို အခေါက်ခေါက်ဖတ်ရင်း ... အရင်က ဖတ်ဖူးတဲ့ ဦးသော်ဇင်ရဲ့ ဆုတောင်းကို ပြန်တွေးရင်း ... ကဗျာလေး တပုဒ် ချရေးဖြစ်သွားတယ်။ ရေးပြီးပြီးချင်း ဘလော့မှာ တင်မရလို့ ဖေ့စ်ဘွတ်က မှတ်စုလေးထဲမှာပဲ တင်ဖြစ်ခဲ့ပါတယ်။ ဝရဒါန ခေါင်းစဉ်ရဲ့ အဓိပ္ပါယ်ကို အွန်လိုင်းမှာတွေ့တဲ့ ဦးဇင်း ဦးဇနက (အင်္ဂါမောင်) နဲ့ ဘုန်းဘုန်း ဦးဉာဏိန္ဒ တို့ကို မေးမြန်းခဲ့ရပါသေးတယ်။ ဦးဇင်းနဲ့ ဘုန်းဘုန်းတို့က ကဗျာကို ဖတ်ရှု ဝေဖန်အကြံပေးကြပါတယ်။
နောက်တနေ့ အဖေနဲ့ အွန်လိုင်းမှာ စကားပြောတော့ အဖေက ဖေ့စ်ဘွတ်မှာ တင်ထားတဲ့ သမီးကဗျာလေး ဖတ်ပြီးပြီ၊ အဖေ သဘောကျပါတယ် ... လို့ ချီးကျူးစကားဆိုပါတယ်။ အဖေက ကျမ ကဗျာတွေကို ချီးကျူးခဲပါတယ်။ ကျမကလဲ ကဗျာတွေဆို အဖေ့ကို သိပ်ပေးမဖတ်ပါဘူး။ အခု အဖေက ချီးကျူးတော့ အားတက်ပြီး ဘလော့မှာ မရရအောင် တင်မယ် စိတ်ကူးနဲ့ ကြိုးစားပမ်းစား တင်လိုက်ပါတယ်။ ဖတ်ရှု ဝေဖန် အကြံပေးကြပါအုံး ... ။
***
ဝရဒါန
(ဝိပဒေ မောရေ ရက္ခာ ကောရော) - ရာဘန္ဒြာနသ်တဂိုး
အရှင်
… `ဝိပတ္တိတို့မှ စောင့်ရှောက်ပါ` ဟူသော ပတ္ထနာကို ယူပြီး သင်၏ တံခါးသို့
မလာပါ။ ဝိပတ္တိတို့မှ ကြောက်ရွံ့ခြင်း မဖြစ်မည့် - ယင်းဆုမြတ်ကိုပေးပါ။
မိမိသည်
ဒုက္ခဖြင့် နွမ်းလျနေသောစိတ်ကို နှစ်သိမ့်မှုပေးပါရန် တောင်းခံခြင်း မပြုပါ။
ဒုက္ခတို့ကို အောင်မြင်ရသော ဆုမြတ်ကိုပေးပါ။ ယင်းသည် ပတ္ထနာဖြစ်၏။
သင်၏အကူအညီငါ့အား မရနိုင်ပါသော် အထီးကျန်အဖြစ်ဝန်ခံလျက် သူတပါးနှင့် ဆက်စပ်မှုမပြုသော ဆုကိုပေးပါ။
လောက၏
အနိဋ္ဌာရုံ အကျိုးမဲ့နှင့် ကောက်ကျစ်စဉ်းလဲခြင်းတို့သာ ငါ့အဖို့ ဖြစ်ပါမူ
ငါ၏အတွင်းမှာ ဤလိမ်လည် လှည့်ပတ်ခြင်းတို့၏ အရှိန်အဝါကြောင့်
ကုန်ခမ်းမသွားပါ။ ငါ့အား ကယ်မပါဟူသော ပတ္ထနာကို ယူပြီး သင်၏ တံခါးသို့
မလာပါ။ ဒုက္ခအဏ္ဏဝါတွင် ကူးနိုင်သော သတ္တိကိုသာ တောင်းဆိုပါသည်။
ငါ၏ တာဝန်ပေါ့အောင်ပြုပါ
ဟူသော တောင်းဆိုချက် ပြည့်စုံမှု နှစ်သိမ့်ဆုကို မလိုချင်ပါ။ ဤတာဝန်ကို
ထမ်းဆောင်လိုပါသည် ဟုသာလျှင် ပတ္ထနာပြုပါသည်။
သုခပြည့်ဝသောခဏ၌
ဦးညွတ်၍ သင့်အား ဖူးမြော်နိုင်ပါမည်။ သို့ရာတွင် ဒုက္ခပြည့်နှက်သော
ညတို့မှာ တလောကလုံးက ငါ့အားပြောင်လှောင်ပါမူ ငါသည် မကြောက်မရွံ့ဆုကို
လိုချင်ပါသည်။
(ဦးသော်ဇင် - စာဥယျာဉ်) ၁၉၆၉ ခုနှစ်
***
"မြတ်သောဆုတောင်း"
ဝိပတ္တိမှ
လွတ်မြောက်ရစေ
ဆုမချွေလို၊
ထိုဝိပတ္တိ
ကြုံသည့်အခါ
စိတ်မှာကြောက်ခြင်း
အလျဉ်းမရှိ
စေမည့်ဆုသာ … ငါတောင်းပါ၏။
ရင်ထဲနွမ်းလျ
စိတ်ဒုက္ခဘေး
နှစ်သိမ့်ပေးရန်
ဆုမပန်ပါ၊
ကြုံလာဒုက္ခ
အောင်မြင်ရအောင်
စွမ်းဆောင်နိုင်စေ … ငါဆုချွေ၏။
ကယ်သူကင်းမဲ့
ကူညီမဲ့ပြီး
အထီးကျန်မှ
ကင်းဝေးရကြောင်း
ဆုမတောင်းလို၊
ငါတကိုယ်တည်း
မငိုညည်းဘဲ
နေရဲသည့်ဆု … တောင်းဆိုပြု၏။
ဖြစ်လေရာရာ
အနိဋ္ဌာရုံ
အမြဲကြုံငြား
ငါ့အားကယ်ပါ
တစာစာဟစ်
ခွန်းလှစ်ဖွဲ့ဆို
ညည်းမငိုဘူး၊
ဘယ်လိုဒုက္ခ
ကြုံပါရလဲ
ရင်ဆိုင်ရဲသည့်
သတ္တိကိုသာ … ရလိုပါ၏။
တာဝန်တွေပိ
ကိုယ်မချိလဲ
ငြိသည့်ဝန်တာ
ပေါ့ပါစေရေး
နှစ်သိမ့်ပေးခြင်း
အလျဉ်းမလို
တာဝန်ကိုသာ
ကျေပွန်စွာဖြင့်
ဆောင်ရွက်ခွင့်ကို … ငါတောင်းဆို၏။
သုခချမ်းသာ
ပြည့်သောခါ၌
ဦးခိုက်ကော်ရော်
ငါဖူးမြော်မည်၊
ကြုံသည်ဒုက္ခ
လမိုက်ညဝယ်
အဘယ်လူများ
လှောင်ပြောင်ငြားလဲ
ကြောက်အားမဲ့ကင်း
ရဲရင့်ခြင်းသာ ... လိုလားပါ၏။
***
(ဦးသော်ဇင် ၏ မြန်မာပြန်ကို ကဗျာပြန်လည်ဖွဲ့ဆိုသည်)
၁၅၊ ၁၂၊ ၁၃
***
တကယ်တော့ ဆုတောင်းဆိုတာ ဖြစ်ချင်တဲ့ ဆန္ဒပါ။ ဆုတောင်းပြည့်အောင် တနည်းအားဖြင့် ကိုယ့်ရဲ့ ဆန္ဒတွေ ပြည့်စုံအောင်ကတော့ ကြိုးစားပြီး လုပ်ယူရမှာပါ။ ဒီလိုကြိုးစားခြင်းဟာ ပါရမီဖြည့်ခြင်းပဲ မဟုတ်လား။ ကဗျာလေး ရေးရင်း အဲဒီဆုတောင်းတွေ တကယ်ပဲ ပြည့်ချင်လိုက်တာလို့ ပြင်းပြတဲ့ ဆန္ဒတွေ ဖြစ်မိတယ်။ တကယ်တမ်းတော့ ဒီဆုတောင်းတွေ ပြည့်ဖို့ရာ ... ကျမ အများကြီး ကြိုးစားရပါအုံးမယ် ... ။
***
မေဓာဝီ
၁၈၊ ၁၂၊ ၂၀၁၃
၁၉း၄၇ မိနစ် (မြန်မာစံတော်ချိန်)