Sunday, December 31, 2017

ကျွန်ုပ်

***


ပြန်လှည့်မကြည့်ဘူး
မျှော်လည်း မနေဘူး
ရှေ့ဆက်လျှောက်မယ် နေ့ရက်တိုင်း ... ။ ... ။  
***
မေဓာဝီ
၃၁ ဒီဇင်ဘာ ၂၀၁၇

Read More...

Monday, December 25, 2017

ခရစ်စမတ် လက်ဆောင်


***
ခရစ်ယာန်တယောက် မဟုတ်ပေမဲ့ ခရစ်စမတ်ကို ကျွန်မ နှစ်သက်ပါတယ်။ အေးမြတဲ့ ရာသီ၊ ကမ္ဘာသုံး ပြက္ခဒိန်ရဲ့ ပိတ်ရက်၊ ကြည်နူးစရာ တေးသံသာသာ များနဲ့ ငြိမ်းချမ်းတဲ့ မေတ္တာဓာတ် တွေကြောင့် ခရစ်စမတ်ဟာ နှစ်သက်စရာ စွဲလမ်းစရာ ပျော်ရွှင်စရာ အတိပေါ့။ ငယ်ငယ်တုန်းကတော့ ခရစ်စမတ် အကြိုညတွေမှာ မောင်နှမတွေ သူငယ်ချင်းတွေနဲ့ အတူ ခြံထဲမှာ မီးဖိုလေးတွေ ဖိုပြီး အကင်တွေ လုပ်စားကြ၊ အကြော်တွေ ကြော်စားကြ၊ တယောက်နဲ့ တယောက် လက်ဆောင်လေးတွေ လဲလှယ်ကြ၊ ဆော့ကြ ကစားကြ … ပျော်စရာလေးတွေ ဖန်တီးဖြစ်ခဲ့ကြတယ်။ ခုတော့ … မောင်နှမတွေလည်း တယောက်တနေရာစီ၊ သူငယ်ချင်းတွေလည်း တယောက် တကွဲစီ ဝေးလွင့်နေကြပြီ။ တချိန်တုန်းက ပျော်ခဲ့ဖူးတာတွေဟာ ခုချိန်မှာတော့ အိပ်မက်တွေလိုပဲ တဖြည်းဖြည်း မှုန်တိမှုန်ဝါးနဲ့ ကျန်ရစ်လို့ … ။
.
ငယ်ငယ်တုန်းက ဖတ်ပြီး ခုထိ မှတ်မိ စွဲလမ်း နေမိတဲ့ ဘာသာပြန် ၀တ္ထုတိုလေး တပုဒ်ကို ခရစ်စမတ်ရာသီ ရောက်တိုင်း သတိရမိတယ်။ ၀တ္ထုလေး နာမည်က “ခရစ်စမတ် လက်ဆောင်” တဲ့။ ဖတ်ဖူးကြ မလားတော့ မသိဘူး။ စာရေးဆရာ နှစ်ဦး သုံးဦး ဘာသာပြန်ခဲ့ ကြဖူးတယ် ထင်ရဲ့။
.
မှတ်မိသလို ပြန်ပြောရရင် ... ဇာတ်လမ်းလေးက ငွေကြေး မပြည့်စုံတဲ့ ချစ်သူ နှစ်ဦးဟာ ခရစ်စမတ်မှာ လက်ဆောင်ပေးဖို့ တယောက်နဲ့ တယောက် ဖွင့်မပြောဘဲ တိတ်တိတ်ကလေး ကြံစည် နေခဲ့ကြတယ်။ ကောင်လေးက ဆံပင်ရှည်လေးနဲ့ လှတဲ့ သူ့ချစ်သူ မိန်းကလေး အတွက် အဖိုးတန် ကလစ် လှလှပေး ပေးချင်တယ်၊ မိန်းကလေးကတော့ ကောင်လေးရဲ့ နာရီလက်ပတ်ကြိုးလေး ဟောင်းနေပြီမို့ လက်ပတ်ကြိုး အသစ်ကလေး ၀ယ်ပေးချင်နေသတဲ့။ ဒီလိုနဲ့ သူတို့ ကြိုးစားပိုက်ဆံရှာပြီး နောက်ဆုံး ခရစ်စမတ် နေ့မှာ တယောက်နဲ့ တယောက်ဆုံတော့ လက်ဆောင်လေးတွေ ပေးကြတဲ့အခါ … လက်ဆောင်လေးတွေက အားလုံး ထင်ထားသလို ကောင်မလေးအတွက် … ကလစ်ကလေးနဲ့ ကောင်လေးအတွက် နာရီကြိုးကလေးပါပဲ။ ဒါပေမဲ့ …
.
ကောင်မလေးအတွက် အဖိုးတန် ကလစ်ကလေး ၀ယ်ဖို့ ပိုက်ဆံ မပြည့်လို့ ကောင်လေးက သူ့နာရီလေး ရောင်းလိုက်ရတယ်။ ကောင်မလေးကလည်း နာရီကြိုးလေး ၀ယ်ဖို့ ငွေမလောက်တာနဲ့ သူမြတ်နိုးတဲ့ ဆံပင်ရှည်လေးကိုဖြတ်ပြီး ရောင်းလိုက်ရသတဲ့။ ဒါပေမဲ့… သူတို့ရဲ့ လက်ဆောင်လေးတွေက အချည်းနှီး ဖြစ်မသွားခဲ့ပါဘူး။ သူတို့နှစ်ယောက်လုံး ဒီလက်ဆောင်လေးတွေကို တမြတ်တနိုး တန်ဖိုးထားခဲ့ကြတယ်။ ဒါ့ထက် ကြည်နူးဖို့ ကောင်းတာက ... တယောက်ရဲ့ လိုအပ်ချက်ကို တယောက်က ဖြည့်ဆီးပေးတဲ့နေရာမှာ ကိုယ်သိပ်မြတ်နိုးတဲ့ အရာကိုတောင် စွန့်လွှတ်နိုင်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့ ခိုင်မြဲတဲ့ ချစ်ခြင်းမေတ္တာတွေက ဒီခရစ်စမတ်အတွက် အကောင်းဆုံး .လက်ဆောင်ပဲ မဟုတ်လား။
.
တကယ်ကို သိင်္ဂါရ ရသမြောက်တဲ့ ၀တ္ထုလေးတပုဒ်ပါပဲ။ အဲဒီ ဇာတ်လမ်းလေး ဖတ်ပြီး နောက်ပိုင်းကတည်းက ကျွန်မအနေနဲ့ တစုံတယောက်ကို လက်ဆောင် ပေးမယ်ဆိုတိုင်း သူ့အတွက် အသုံးဝင်မယ့် ပစ္စည်းကိုသာ ဦးစားပေး စဉ်းစားခဲ့မိတယ်။
***
ဒီလိုနဲ့ ခရစ်စမတ်တွေ အလီလီ ကူးပြောင်းခဲ့ပြီးတဲ့နောက် … တခုသော ခရစ်စမတ်မှာ ကျွန်မကို သူက သူ့ဘဝ တစ်ခုလုံး ကျွန်မထံ လက်ဆောင်အဖြစ် ပေးအပ်ရင် လက်ခံဖို့ တောင်းဆိုခဲ့တယ်။ သူ့ရဲ့လက်ဆောင်ကို ကျွန်မက လိုလားနှစ်သက်စွာ ခံယူခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်ဘဝ စတင်ဖို့ ခရစ်စမတ်နေ့လေးက အစပြုခဲ့ တာပေါ့။
.
အဲဒီအကြောင်း ကျွန်မက ကဗျာလေး တပုဒ် အခုလို ရေးခဲ့ပါတယ်။
.
“လက်ဆောင်”
...
မျက်ရည်တွေ ခြောက်ခမ်း
အလွမ်းတွေ ပြေစေရအောင်
လက်ဆောင်တခု ရခဲ့တယ်။
.
တသက်စာ
မျက်နှာမညိုဖို့
နှလုံးသားရဲ့ အလိုတော်အတိုင်း
ကိုယ်တော်ပေးသနားခဲ့လေသလား
“မေတ္တာတရား စစ်စစ်” တဲ့ …
ဒီခရစ်စမတ်က စ
ထာဝရနှစ်ရှည်
ကမ္ဘာတည်ပါစေသား … ။
....
၂၅၊ ၁၂၊ ၂၀၁၄
***
သူနဲ့ကျွန်မ နှစ်ယောက်ဘဝ တည်ဆောက်ခဲ့ကြပြီး အတူနေရတာ ခဏ၊ ခွဲခွါရတာ ခဏခဏ ဖြစ်ခဲ့ကြလို့ အမှတ်တရ နေ့ရက်တွေမှာ အတူ မရှိနိုင်ကြဘူး။ ၂၀၁၅ ခရစ်စမတ်မှာ ကျွန်မက မိဘများရှိရာ အမေရိကန်နိုင်ငံကို ရောက်နေခဲ့တယ်။ အဲဒီတုန်းက ဒီကဗျာလေး ရေးခဲ့ဖြစ်သေးတာ … ။
.
“တခါက ခရစ်စမတ် ညသို့”
.
ခရစ်စမတ်တဲ့
မြင့်မြတ်တဲ့ အခါသမယ
ဆိုကြပါစို့ရဲ့။
… … ..
အဲဒီနေ့က
ချစ်ခြင်းတရားတွေရဲ့ အစ
သောကတွေရဲ့ အဆုံး
အမုန်းတွေ ဖယ်ခွါ
အပြုံးတွေ သယ်လာခဲ့တယ်။
.
အဲဒီနေ့က
နွမ်းခဲ့သမျှ ပြေ
ကျွမ်းခဲ့သမျှ ကြေ
ဝေဒနာတွေ လျော့ပါး
နားလည်မှုများ ထားခဲ့ကြတယ်။
.
အဲဒီနေ့က
ပန်းတွေက ပိုမွှေးမြ
စမ်းရေက ပိုအေးမြ
နှစ်ယောက်ဘဝရဲ့ အစပျိုး
မေတ္တာမိုးတွေ စွေခဲ့ကြတယ်။
.
အဲဒီနေ့က
ငြိမ်းချမ်းတဲ့ အခါသမယ
ခရစ်စမတ်ညပေါ့
ဘယ်တော့မှ မမေ့စရာ
နှစ်ယောက်တကမ္ဘာအဖြစ်
သစ္စာတိုင်တည်ရစ်ခဲ့ကြတယ်။
.
ချစ်သူရေ …
နေရာတွေ ကွာခြားလို့
နှစ်ယောက်သား ဝေးနေပါစေ
ထာဝရ အချစ်ဓာတ် ဖြာလွှမ်းတဲ့
တခါက ခရစ်စမတ် ညချမ်းလေးကို
အမြဲတမ်းတ နေမှာပါလေ … ။ … ။
...
၂၅၊ ၁၂၊ ၁၅
***
၂၀၁၆ ခရစ်စမတ် ကျွန်မက ရန်ကုန်မှာ ... သူက စင်​ကာပူမှာ၊ အခု ၂၀၁၇ ခရစ်စမတ်မှာတော့ အတူရှိချင်တယ်ဆိုတာ နှစ်ယောက်စလုံးရဲ့ ဆန္ဒ။ ဒါပေမဲ့ ကျွန်မကလည်း လိုက်မသွားနိုင်၊ သူကလည်း ခွင့်တော့တင်ထားတယ် ချက်ချင်းလာလို့က မရသေး။
.
နောက်ဆုံးအချိန်ထိ ဘယ်နေ့ လာဖြစ်မယ်ဆိုတာ မသေချာသေးတော့ ကျွန်မလည်း မျှော်ရ လွမ်းရတာ ဖေ့စ်ဘွတ်ကြီးတောင် နားညည်းရော့မယ်။ နောက်ဆုံး ဒီဇင်ဘာ ၂၂ ရက်နေ့ မနက်ကျမှ ကျွန်မဆီ မက်ဆေ့ခ်ျပို့ပြီး လက်မှတ်ဝယ်ရမလား … $1060 တော့ ပေးရမယ်၊ ဒီညနေ ၄ နာရီခွဲ ရောက်မယ်တဲ့။
.
လေယာဉ်လက်မှတ်ဖိုးက အမေရိက အသွားအပြန် သွားနိုင်လောက်တာမို့ နှမြောမိပေမဲ့ ငွေကြေးထက် အရေးကြီးတဲ့ အရာ “ချစ်ခြင်းမေတ္တာ” ကို ကျွန်မတို့က တန်ဖိုးထားခဲ့ကြတာမို့ နှစ်ယောက်အတူ နေနိုင်ခွင့်ကိုသာ ရွေးချယ်ခဲ့ကြတယ်။ ဒီလိုနဲ့ သူ ကျွန်မဆီ ခရစ်စမတ် အမီ ရောက်လာခဲ့ပါတယ်။
.
သူနဲ့ ကျွန်မ တယောက်အတွက် တယောက် ရည်ရွယ်ပြီး ရုပ်ဝတ္ထု ပစ္စည်းလက်ဆောင်တွေ ဒီခရစ်စမတ်မှာ မပေးဖြစ်ခဲ့ကြပေမဲ့ ဒီဇင်ဘာ ၂၂ ရက်ကနေ ၂၇ ရက်နေ့ထိ ၅ ရက်တာ ကျွန်မဘေးမှာ ရှိနေခြင်းဟာ သူက ကျွန်မကို ပေးတဲ့ လက်ဆောင်ပေါ့၊ သူပေးတဲ့ လက်ဆောင်လေးကို ကျွန်မကလည်း တန်ဖိုးထားပြီး သူ့ကို စိတ်ချမ်းသာအောင် ထားပေးတာကတော့ သူ့ကို ပြန်ပေးခဲ့တဲ့ လက်ဆောင်ပေါ့။
.
သူ့လက်ဆောင်လေးကို ကျွန်မ ကျေနပ်သလို ကျွန်မလက်ဆောင်ကိုလည်း သူကျေနပ်မယ်လို့ ထင်တာပါပဲ။ တကယ်တော့ အဖိုးတန် ရုပ်ဝတ္ထု ပစ္စည်းတွေထက် တဦးအပေါ်တဦး နားလည်စွာ မေတ္တာထားနိုင်ခြင်းသည်သာ အကောင်းဆုံး လက်ဆောင်ပဲ မဟုတ်လား။
.
အားလုံးပဲ မေတ္တာပြည့်လွှမ်းသော ခရစ်စမတ် ညချမ်းလေး ဖြစ်ပါစေ ... ။
***
မေဓာဝီ
၂၅၊ ၁၂၊ ၂၀၁၇
(ဓာတ်​ပုံလေး ရိုက်​ကူး​ပေးတဲ့ ဆရာမ နှင်း​ဝေငြိမ်းကို ​ကျေးဇူးတင်​ ချစ်​ခင်​လျက်​)

Read More...

Sunday, December 17, 2017

စာပေညီလာခံ၌ ... မပြောဖြစ်ခဲ့သော အတွေး ... မမေးဖြစ်ခဲ့သော မေးခွန်း ...

ဒီ​နေ့ (၁၇ ဒီဇင်​ဘာ ၂၀၁၇) ထုတ်​ မြန်​မာတိုင်းမ်​​နေ့စဉ်​သတင်းစာမှာ ပါတဲ့ ကျွန်​မ​ရဲ့ ဆောင်းပါး ...
***

 

ဒီဇင်ဘာလ ၁၃ ရက်နေ့က စလို့ ၁၆ ရက်​အထိ မြန်မာနိုင်ငံတဝန်းလုံးက စာရေးဆရာများ၊ စာပေပညာရှင်များ ပါဝင်တဲ့ စာပေညီလာခံကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပနိုင်​ခဲ့ပါတယ်။
.
ကျွန်မ တသက်မှာ ဒီတခါပဲ ကြုံတွေ့ဖူးတဲ့ စာပေညီလာခံကြီးမို့ ဖွင့်ပွဲကတည်းက သွားရောက် အားပေးချင်ပေမဲ့ အလုပ် တဖက်နဲ့ မသွားနိုင်ခဲ့ဘူး။ ဒုတိယနေ့ ဖြစ်တဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာတော့ မဖြစ်ဖြစ်အောင် သွားမယ် ဆုံးဖြတ်ပြီး အရောက်သွားခဲ့ပါတယ်။
.
ညီလာခံကျင်းပတဲ့ မင်းဓမ္မလမ်း မြန်မာကွန်ဗန်းရှင်းစန်တာကို ရောက်သွားချိန် အခန်းအသီးသီးမှာ စာပေ စကားဝိုင်းတွေ စတင်တော့မှာမို့ “ဝတ္ထုတိုအတွေးနဲ့ ခေတ်ပြိုင်ခံစားမှု” အမည်ရ စာပေစကားဝိုင်း ကျင်းပမယ့် အခန်းဆီကို ရွေးချယ် ဝင်ရောက်ခဲ့ပါတယ်။ ဒီစကားဝိုင်းမှာ မော်ဒရေတာအဖြစ် ဆရာညီပုလေးက ဆောင်ရွက်ပြီး ပါဝင် ဆွေးနွေး ကြသူတွေကတော့ ဆရာဆူးငှက်၊ ဆရာစိုးလှိုင်တင့်၊ ဆရာကိုရိုးကွန့်နဲ့ ဆရာထက်နိုင်တို့ပဲ ဖြစ်ပါတယ်။
.
ဆရာဆူးငှက်က နှစ်အလိုက် ပြောင်းလဲလာတဲ့ မန္တလေးမြို့နဲ့ အဲဒီခေတ်က အဖြစ်အပျက် ခေတ်ပြိုင်ခံစားမှုတွေကို ဝတ္ထုတို အနေနဲ့ရေးဖွဲ့ရာမှာ စာပေကင်ပေတိုင် လို့ ခေါ်တဲ့ စာပေစိစစ်ရေး လက်က လွတ်အောင် အတတ်ပညာသုံးပြီး ရေးဖွဲ့ကြရကြောင်း၊ ဆရာညီပုလေးရဲ့ စပါးကြီးမြွေ၊ လျက်ဆားတတို့ စတဲ့ ဝတ္ထုတွေနဲ့ ဥပမာပေးခဲ့ပါတယ်။ ဆရာစိုးလှိုင်တင့်ကတော့ စိစစ်ရေးကလွတ်အောင် ဝင်္ကဝုတ္တိတွေနဲ့ အဝှက်လွန်ပြန်တော့လည်း စာဖတ်သူတွေ နားမလည်ရင် ရေးတဲ့သူဘက်က ရှုံးတယ်လို့ ဆိုသွားပါတယ်။
.
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မ မေးချင်ပါလျက် အချိန်ကို ငဲ့ကွက်လို့ မမေးခဲ့ရတဲ့ မေးခွန်းလေး တစ်ခုကို ဒီနေရာက မေးပါရစေ ဆရာများရှင့် ။
.
စာပေစိစစ်ရေးခေတ်ကို ကျွန်မကိုယ်တိုင်လည်း ခါးသီးစွာ ကြုံခဲ့ရဖူးပါတယ်။ လစဉ်ထုတ် မဂ္ဂဇင်းတွေရဲ့ တချို့စာမျက်နှာတွေ ငွေမင် သုတ်ခံရ စုတ်ဖြဲခံရတာကတော့ ကိုယ်က စာဖတ်သူ ဘဝမှာ မကြာခဏ တွေ့ရပါတယ်။ ငွေမင်တွေကို နေရောင်နဲ့ ထောင်ဖတ်၊ ကော်ကပ်ထားရင် ရေနွေးငွေ့နဲ့ ခွါဖတ် စသဖြင့် ခဲရာခက်ဆစ် ဖတ်ခဲ့ကြပြီး ပိတ်ထားတဲ့ စာကမှ ပိုကောင်းတယ်လို့တောင် ထင်မိပါသေးတယ်။
.
ကိုယ်တိုင် အပတ်စဉ်ထုတ် ဂျာနယ်လေး တစောင် လုပ်ခဲ့စဉ်မှာ စာပေစိစစ်ရေးကို မချစ်သော်လည်း အောင့်ကာ နမ်းခဲ့ရပါတယ်။ အပတ်စဉ် စာမူကြမ်း တင်တဲ့အခါ ခွင့်ပြုမိန့် ပြန်ချပေးတဲ့ အန်တီကြီးကို အပတ်စဉ်တိုင်း ပါတိတ်လုံချည် ပေးခဲ့ရတယ်။ စိစစ်ရေးက တာဝန်အရှိဆုံး ဗိုလ်မှူးကိုလည်း ရံဖန်ရံခါ ပန်ကာတို့ ပေါင်းအိုးတို့လို လိုအပ်ချက်တွေ ဖြည့်ဆည်းပေးခဲ့ရပါတယ်။ ဂျာနယ်ထွက်လို့ အချောတင်ပြန်တော့ စာလုံးပေါင်း အကျအပေါက် ပါရင် စာရေးဆရာတွေကိုတွင် မကပါဘူး သူတို့ကိုပါ တောင်းပန်ရပါသေးတယ်။
.
နောက်ပိုင်းမှာတော့ ငွေမင်အုပ်၊ အမည်းအုပ်တဲ့ စနစ် မထားတော့ပါဘူး။ စာပေစိစစ်ရေးက ဖြုတ်တယ် အုပ်တယ် ဆိုတာမျိုး အထင်မခံနိုင်တော့လို့ တခါတည်း ဖြုတ်၊ စာပြန်စီပြီးမှ စာစောင်ကို အချောပုံနှိပ်စေပါတယ်။ အပတ်စဉ် အလျဉ်မီအောင် ထုတ်ရတဲ့ ဂျာနယ်အနေနဲ့ စိစစ်ရေးက ကျပြီးမှ ပုံနှိပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စိစစ်ရေးကို တင်ထားကတည်းက စ,ရိုက်နေရပါပြီ။
.
တခါတော့ စိစစ်ရေးက ဖြုတ်ခိုင်းတဲ့ စာတကြောင်းကို မဖြုတ်ဘဲ ရိုက်လိုက်မိလို့ စိုးရိမ်စွာနဲ့ မှင်အမည်းတွေ အုပ်လိုက်မိပါတယ်။ အချောတင်တော့ ပြဿနာတက်တော့ တာပါပဲ။ ဂျာနယ်ရဲ့ တာဝန်ရှိသူကို စိစစ်ရေးက ဆင့်ခေါ်တော့ ကျွန်မပဲ သွားလိုက်ရပါတယ်။
.
ဗိုလ်မှူးဆိုသူက ကျွန်မကို ခုလို မေးပါတယ်။
“ဒီစာသားကို ဖြုတ်ခိုင်းတာ ခင်ဗျား သိသလား”
“ဟုတ်ကဲ့ သိပါတယ်”
“သိတယ်ဆိုရင် ဘာဖြစ်လို့ မဖြုတ်တာလဲ”
“မေ့ပြီး မဖြုတ်မိတာပါ”
“ဒါဆို ခင်ဗျားကို ဘယ်သူက ခိုင်းလို့ အမည်းအုပ်တာလဲ …”
“ရှင် …”
“ဘယ်သူက အမည်းတွေ အုပ်ခိုင်းတာလဲ”
“အမည်းအုပ်ခိုင်းတာက ကျွန်မက ခိုင်းတာပါ”
“မဟုတ်ဘူးလေ … အမည်းမအုပ်ရဘူးဆိုတာ မသိဘူးလား၊ ခင်ဗျားကို ဘယ်အဖွဲ့အစည်းက ခုလို အမည်းအုပ်ခိုင်းတာလဲ”
.
ကျွန်မ အံ့သြသွားပါတယ်။ စာကြောင်းတကြောင်း အမည်းအုပ်တဲ့ ကိစ္စကို ဘယ်အဖွဲ့အစည်းက ခိုင်းတာလဲ ဆိုပြီး နိုင်ငံရေးနဲ့ မငြိငြိအောင် အတင်းသွတ်သွင်းနေတော့တာပဲ လို့ စိတ်ထဲက ရေရွတ်ရင်း ခုလို ပြန်ပြောလိုက်တယ်။
.
“ဒီလိုပါ၊ ဒီစာကြောင်းကို ဖြုတ်ခိုင်းတာ မဖြုတ်မိဘဲ ရိုက်ပြီးမှ သိတော့ ကျွန်မက စိုးရိမ်ပြီး တိုက်က ကလေးတွေကို အမည်းနဲ့ အကုန်လိုက်အုပ်ခိုင်းလိုက်တာပါ၊ ဒါကြောင့် အမည်းအုပ်တဲ့ ကိစ္စက ကျွန်မကသာ ကလေးတွေကို ခိုင်းတာပါ၊ ကျွန်မကို ဘယ်သူကမှ ခိုင်းတာ မဟုတ်ပါဘူး”
.
“အင်း … ခင်ဗျားတို့ဂျာနယ်က မိန်းကလေးတွေ လုပ်နေလို့ ခွင့်လွှတ်လိုက်မယ်၊ မဟုတ်ရင် ဂျာနယ် အပိတ်ခံရမှာ”
”သြော် … ဟုတ်ကဲ့ ကျေးဇူးပါ ဗိုလ်မှူး”
ကိုယ်ကလည်း မမှားဘဲ ကိုယ်က အကြိမ်းခံရ၊ ပြီးတော့ ကိုယ်ကပဲ ကျေးဇူးတင်စကားပြောရ … အဲဒီဘဝကို အင်မတန် စက်ဆုပ်မိခဲ့တယ်။
ဒီ့နောက်ပိုင်းမှာတော့ ဂျာနယ်ကို လုံးဝ ရပ်နားခဲ့လိုက်ပါတယ်။ မရပ်နားခင် နောက်ဆုံးစာအုပ်မှာ ကျွန်မ ရေးခဲ့တဲ့ “လျှောက်ခဲ့ဖူးသော လမ်းကလေး” ဆိုတဲ့ အက်ဆေးမှာလည်း တပိုဒ်လောက် အဖြုတ်ခံ လိုက်ရပါသေးတယ်။
.
အဲဒါကတော့ စာပေစိစစ်ရေးခေတ်မှာ ကျွန်မကြုံခဲ့ရတဲ့ ခါးသီးမှုပါ။ အဲဒီခေတ်မှာ စိစစ်ရေးက လွတ်အောင် အတတ်ပညာတွေနဲ့ ရေးကြတဲ့ ဝတ္ထု ဆောင်းပါး အက်ဆေးလေးတွေကို ကျွန်မ အလွန်သဘောကျခဲ့တယ်။ ကိုယ်တိုင် ရေးတဲ့အခါမှာလည်း ဟိုလိုလို ဒီလိုလို သွယ်ဝိုက်ပြီး ရေးခဲ့တာတွေ အများကြီးပါပဲ။
.
အခု စာပေစိစစ်ရေး မရှိတော့တဲ့ ခေတ်မှာ လွတ်လပ် ပွင့်လင်းစွာ ရေးသားနိုင်ကြတာ ဝမ်းသာစရာပါ။ ဒါပေမဲ့ ကျွန်မအနေနဲ့ အရင် စိစစ်ရေးခေတ်က လျှို့ဝှက်စွာ ရေးသားခဲ့ကြပြီး အဓိပ္ပါယ် အမျိုးမျိုး တွေးယူနိုင်တဲ့ ဝတ္ထုတွေလောက် မစွဲမိတာ အမှန်ပါပဲ၊ ဒီတော့ ကျွန်မမေးချင်တာက လွတ်လပ်စွာ ဖွင့်ရေးခွင့်ရတဲ့ အခါ အတတ်ပညာပိုင်း အားနည်းသွားတာလား၊ ဆရာတို့အနေနဲ့ အဲဒီကိစ္စကို ဘယ်လို ယူဆပါသလဲ ဆိုတဲ့ မေးခွန်းလေးပါပဲ။
***
ဆက်လက်ပြီး ဆရာကိုရိုးကွန့်ရဲ့ ဆွေးနွေးချက်ကို နားထောင်တဲ့အခါ …
စာရေးဆရာအများစုဟာ မြို့နေလူတန်းစားတွေ ဖြစ်တဲ့အတွက် ခေတ်ပြိုင်ခံစားမှုကို ရေးဖွဲ့တဲ့အခါ မြို့မှာ နေ့တိုင်းကြုံတွေ့ရတဲ့ ကားကြပ်တာတွေ၊ မြို့ပြရဲ့ ဒုက္ခတွေ စသဖြင့်သာ များသောအားဖြင့် ရေးဖွဲ့ကြကြောင်း၊ မြန်မာနိုင်ငံတဝှမ်းက တိုင်းရင်းသားတွေ ကျေးလက်ဒေသတွေရဲ့ ပုံရိပ်တွေ၊ ရေးဖွဲ့စရာတွေ အများကြီး ရှိပေမဲ့ အပြည့်အဝ မရေးဖွဲ့နိုင်ခဲ့ကြကြောင်း၊ ဒီလိုဒေသတွေကို သွားရောက်နိုင်ဖို့က လိုအပ်ချက် အခက်အခဲတွေ အများကြီးရှိကြောင်း၊ အစိုးရက ဖြစ်စေ, ဌာနဆိုင်ရာဖြစ်စေ, စီးပွါးရေး လုပ်ငန်းရှင်တွေ ဖြစ်စေ ကူညီဖို့ လိုအပ်ကြောင်း၊ စာရေးဆရာတွေမှာ ရေးဖို့လက်တွေ, ရေးနိုင်တဲ့ ဦးနှောက်တွေ ရှိပေမဲ့ ဝေးကွာလွန်းတဲ့ ဒေသတွေကို သွားရောက်ဖို့ အခြေအနေ အရပ်ရပ် လိုအပ်ချက် အခက်အခဲတွေ အများကြီး ရှိတာကြောင့် ဒါတွေကို ဖြည့်ဆည်းပေးကြဖို့ အကူအညီတွေ တောင်းဆိုရင်း နိဂုံးချုပ်ခဲ့ပါတယ်။
.
ဆရာပြောတာကို နားထောင်နေရင်း ကျွန်မ ခေါင်းထဲကို အတွေးတစ်ခု ဝင်ရောက်လာပါတယ်။ အဲဒါကတော့ သာသနာပြု လုပ်ငန်းတွေနဲ့ နှိုင်းယှဉ်ကြည့်မိတာပါပဲ။ မြန်မာနိုင်ငံမှာ ဟိုးလွန်ခဲ့တဲ့ နှစ်များစွာ ကတည်းက ခရစ်ယာန်သာသနာပြုတွေဟာ တောင်တန်း ဒေသလို သွားလာရေး ခက်ခဲတဲ့ ဒေသတွေကို အပင်ပန်းခံ သွားရောက် သာသနာပြုခဲ့ ကြတယ်။ ထိုနည်းတူစွာ ဗုဒ္ဓဘာသာ သံဃာတော်တွေဟာလည်း တောင်တန်း သာသနာပြု ခရီးတွေသွားပြီး ခက်ခက်ခဲခဲ အလွန်ပင်ပန်း ဆင်းရဲစွာနဲ့ သာသနာပြုခဲ့ကြ၊ ပြုနေကြပါတယ်။
.
ဘာသာ သာသနာအတွက်ကတော့ တာဝန်ရှိသူ ဘုန်းတော်ကြီးတွေက ဆောင်ရွက်နေကြပါတယ်။ ဒါဆိုရင် မြန်မာစာပေ ဖွံ့ဖြိုးဖို့အတွက် စာရေးဆရာတွေမှာ တာဝန်မရှိပေဘူးလား။ အဲဒီလို ဒေသတွေမှာ ဘုရားကျောင်း တွေရှိသလို ဘုန်းကြီးကျောင်းတွေလည်း ရှိတာပါပဲ၊ ဒါဆိုရင် စာကြည့်တိုက်ရော မရှိသင့်ဘူးလား။ စာပေမြင့်မှ လူမျိုးတင့်မယ်၊ ယဉ်ကျေးမှုဆိုတာ စာပေ အနုပညာမှာ ရှိတာမို့ စာပေ ဖွံ့ဖြိုးဖို့ ကိစ္စကို သာသနာပြုလုပ်ငန်း လုပ်သလိုပဲ သေသေချာချာ စီစဉ်တကျ လုပ်ဆောင်သင့်တယ်လို့ ထင်မိပါတယ်။
.
မြန်မာတနိုင်ငံလုံး အတိုင်းအတာအနေနဲ့ မြန်မာစာပေ ဖွံ့ဖြိုးရေးအတွက် စာရေးဆရာတွေမှာ တာဝန်ရှိတယ် ဆိုပါစို့။ ဒီလို ဒေသတွေကို သွားရောက်ဖို့ ရံပုံငွေ ရှိရမယ်၊ နိုင်ငံတော်က ပံ့ပိုးပေးရမယ်၊ သွားနိုင်လာနိုင်တဲ့ လူငယ် စာရေးဆရာတွေကို သက်ကြီး စာရေးဆရာကြီးတွေက သင်တန်းပေး ပို့ချပြီး ရွေးချယ် စေလွှတ်ရမယ်၊ စာရေးဆရာတွေဟာ နိုင်ငံတကာက အမြင်ကျယ်ပြီးသား သူတွေဆီကို မကြာခဏ သွားရောက် ဟောပြောကြမယ့် အစား မဖွံ့ဖြိုးသေးတဲ့ ဒေသက အရိုင်းပန်းလေးတွေကို ယဉ်ကျေးအောင် ပျိုးထောင်မယ်ဆိုရင် ပိုပြီးများ သင့်တော်လေမလားလို့ ကျွန်မတွေးနေမိတယ်။
.
ဒီလိုနဲ့ နိုင်ငံနဲ့အဝှမ်း စာဖတ်သူတွေ များလာရင် … စာကြည့်တိုက်လေးတွေ များလာရင် … ကျွဲကူးရေပါ … စာရေးဆရာတွေရဲ့ စာအုပ်တွေလည်း အများကြီး ထုတ်ဝေနိုင်လိမ့်မယ်လို့ ကျွန်မတွေးမိတာပါပဲ၊ ဆရာတို့ရော ဘယ်လိုများ ထင်ကြပါသလဲရှင်။
***
မေဓာဝီ

Read More...

Tuesday, December 05, 2017

၁၀၇၀



***
အေးအတူ ပူအမျှ
ဖေးကူမကာ
ဘဝ ခရီးဝေး
ဆေးပေးမီးယူ
မညည်းညူဘဲ
အတူတွဲလျက်
ခရီးဆက်မည်
အနာဂတ်ရဲ့ ပန်းတိုင်ဆီ။ ... ။ 
***
မေဓာဝီ
5.12.17

 
(လူထုတိုက်မှာ ဒီဓာတ်ပုံလေး ရိုက်ပေးသော ဆရာညီပုလေးကို ကျေးဇူးတင်ပါတယ်။)

Read More...

Friday, November 17, 2017

နိုဝင်ဘာ- တန်ဆောင်မုန်း ... မိုးထစ်​ချုန်း၏ မချုန်း၏ ...

***
ဒီညနေကတည်းက သည်းသည်းမည်းမည်း ရွာနေတဲ့ မိုးက ခုထိ မတိတ်နိုင်သေးဘူး။ ကမ္ဘာသုံး ပြက္ခဒိန်နဲ့ ဆိုရင် နိုဝင်ဘာလလယ်၊ မြန်မာ ပြက္ခဒိန်နဲ့ဆို တန်ဆောင်မုန်း လဆုတ် ၁၄ ရက် ရှိပြီ။ မိုးက ခုထိ မရပ်သေးဘူး။ နိုဝင်ဘာ တန်ဆောင်မုန်းမှာ မိုးလုံးလုံး မရွာသင့်တော့ဘူး ဆိုပြီး မိုးကို ငြိုငြင်​ချင်မိတယ်။
.
နိုဝင်ဘာဆို မိုးမရွာရတော့ဘူးလား။ တန်ဆောင်မုန်းဆို မိုးကုန်ပြီလား လို့ တွေးမိတော့ ...
ဘိလပ်မှာ ကျောင်းတက်တုန်းက သူငယ်ချင်းတွေနဲ့အတူ ရာသီဥတု၊ မိုးလေဝသ အကြောင်း စကားပြောကြတဲ့အခါ ကိုယ့်တိုင်းပြည်က နွေ၊ မိုး၊ ဆောင်း ဥတု ၃ မျိုးရှိကြောင်း ပြောပြတော့ သူတို့က အံ့သြတယ်။ မိုး ဆိုပြီး သပ်သပ် ရှိသလား၊ နွေနဲ့ ဆောင်းမှာ မိုးမရွာဘူးလား စသဖြင့် သူတို့က အံ့သြတာပါ။ သူတို့နိုင်ငံလို ရာသီဥတု ၄ မျိုး ရှိတဲ့ နိုင်ငံတွေမှာကတော့ မိုးက တနှစ်ပတ်လုံး ရွာချင်တဲ့ အချိန်ရွာတာကိုး။ မြန်မာပြည်ဟာ အတော် ခြောက်သွေ့မှာပဲ လို့ သူတို့က မှတ်ချက် ချတာနဲ့ မခံချင်စိတ်ဖြစ်ပြီး ၁၂ ရာသီမိုး ဆိုတာလည်း ရှိကြောင်း ကမန်းကတန်း တတ်သလောက် မှတ်သလောက် ရှင်းပြလိုက်ရ​သေးတယ်။
.
၁၂ ရာသီမိုး ဆိုလို့ မုံရွေးဆရာတော် မှတ်စုမှာပါတဲ့ အမည်မသိရှေးစာဆိုရေးတဲ့ ၁၂ ရာသီမိုးမှာတော့ တန်ဆောင်မုန်း မိုးကို ခုလို ဖွဲ့ခဲ့ပါတယ်။
.
"တန်​​ဆောင်​မုန်းတွင်း ဆီးနှင်းတပြိုက်​ မိုးတလိုက်​" ... တဲ့
တန်​​ဆောင်​မုန်းဆိုတာ မိုးအ​နှောင်း ​ဆောင်းအကူးကာလမို့ ဆီးနှင်းလေး တပြိုက် နှစ်ပြိုက် ကျလိုက် မိုးက​လေး အနည်းအကျဉ်း ရွာလိုက်​ ဆိုတဲ့ သဘောများလားလို့ တွေးမိပါတယ်။ ခုလောက် သည်းထန်ပြီး ရွာပါ့မလားပေါ့။ ဒီလိုနဲ့ စာအုပ်တွေ မွှေနှောက် ဖတ်ကြည့်တော့ ဦး​သော်​​ဇင်​ရဲ့ ရာသီသဘင်​ စာအုပ်​ထဲမှာ ခုလိုတွေ့ရပါတယ်။
.
“တန်ဆောင်မုန်းလမှာ မိုးအတွက် စိတ်မချရသေးချေ၊ ဆီးနှင်းတွေ ဝေနေသော်လည်း တခါတရံ မိုးရွာတတ်သေး၏။ ထိုအခါ ရွာသောမိုးကို စားမိုးဟုပင် ခေါ်ကြ၏။ အကြောင်းမူကား ဖုံးလုံးနေသော စပါးတို့သည် မိုးတလိုက်လောက် ရွာမှ အောင်အောင် မြင်မြင် သီးသောကြောင့် ဖြစ်၏။” တဲ့။
.
ဒါနဲ့တွင် မကျေနပ်နိုင်သေးဘဲ တန်ဆောင်မုန်းမိုးနဲ့ ပတ်သက်သမျှ လျှောက်ရှာကြည့်တော့ ...
လွမ်းတတ်တဲ့ မယ်​​ခွေက​ ...
.
"ချမ်းစပြိုတုန်း၊ တန်​ဆောင်​မုန်းကို၊ ပတ်​ကုန်းဝန်းကျင်​၊ ဇမ္ဗူပြင်​မှာ၊ ကြင်​သူမရှိ၊ ကညာမိတို့၊ ကယိကနွမ်း၊ မယ့်​နှယ်​လွမ်းလိမ့်​၊ စက်​ခန်းဘုံခွင်​၊ ငိုလျက်​သာ ဝင်​လိမ့်​မယ်​၊ နှင်းရွှင်​ရွှင်​ ​ဟေမန်​မိုးက၊ ​ဆော်​နှိုး​ကြွေး။ ... တဲ့။

 နှင်းရွှင်ရွှင် ဟေမန်မိုး လို့ ဖွဲ့ထားတာမို့ နှင်းကျတဲ့ ဟေမန္တ ဆောင်းရာသီမှာ ရွာတဲ့မိုး ... လို့ ဆိုတာပေါ့။ ဒါဆို တန်ဆောင်မုန်းမှာ မိုးအရွာသားပဲ မဟုတ်လား။
ဒါပေမဲ့ ဆက်ဖတ်တော့ ခုလို တွေ့ရပြန်တယ်။

သန်မိုးကုန်စဲ၊ နှင်းသေးဖွဲသည်၊ ခဝဲပွင့်တုန်း၊ တန်ဆောင်မုန်းကား၊ မချုန်းမိုးသား” ... လို့ဆိုပြီး ဆီသည်ရွာစား ဦးအောင်ကြီး ဖွဲ့ဆိုခဲ့ပြန်တော့ မိုးကုန်လို့ နှင်းကျလာတဲ့ တန်ဆောင်မုန်းမှာ မိုးတောင် မချုန်းတော့ဘူး ဆိုလေသလား ... စဉ်းစားစရာပါ။
.
ရှင်မဟာသီလဝံသကတော့ သျှိသျှားကန်ဘွဲ့ မော်ကွန်းထဲ ခုလို ရေးခဲ့ပါသတဲ့။
 
မိုးစိပ်ပြုပွဲ၊ သန်ကျူးစဲက၊ ခဝဲပွင့်ဝါ၊ သို့သာခါတုံ၊ အာကာမထိုင်း၊ မြူမှိုင်းမလည်၊ အလွန်ကြည်လျက်၊ ဆီးရည်လည်းကျ ...
မိုးရာသီကုန်ပြီး ခဝဲပန်းလေးတွေ ပွင့်တဲ့ အခါကာလမှာ ကောင်းကင်ပြင်က မြူတောင် မမှိုင်းဘဲ ကြည်လင်ပြီး ဆီးနှင်းလေးတွေ ကျနေတယ် ... ဆိုတော့ မိုးမရွာဘူး ဆိုတဲ့ သဘောပါပဲလား။
.
ရှင်မဟာရဋ္ဌသာရကတော့ ဘူရိဒတ်ဇာတ်ပေါင်း ထဲမှာ ...
 
မီးပန်းပွင့်တုန်း၊ တန်ဆောင်မုန်းတွင်၊ မအုန်းဝဿ၊ မကျ နှင်းမြူ” လို့ ဖွဲ့ခဲ့ပြန်တော့ မိုးလည်း မရွာ နှင်းလည်း မကျဘူးဆိုတဲ့ အဓိပ္ပါယ် သက်ရောက်ပြန်ရော။
ဦးယာရဲ့ ဆယ့်နှစ်ရာသီလူးတား စာအုပ်ထဲမတော့ အခုလို ဖတ်ရပြန်ပါတယ်။

ခဝဲပွင့်တုန်း၊ တန်ဆောင်မုန်းဟု၊ ခွေနှုန်းခန်းလယ်၊ ဇာခြယ်အုံးပေါ်၊ မွှေးပေါင်းဖျော်၍၊ ကြင်ဖော်မစုံ၊ ပိုက်ခြုံကွာဝေး၊ ခြူးကွေးဝန်းယှက်၊ လယ်ဗွေထက်၌၊ မြရွက်ကေသာ၊ လွမ်းမူရာနှင့်၊ သန္တာညွန့်သစ်၊ သရစ်ပေါ်ဖူး၊ လျှပ်ရောင်မြူးလျက်၊ ဆောင်းဦး ဆည်းဆာ၊ လေပြည်လာ၍၊ သောကြာရပ်က၊ ဆွတ်ဖြန်းပြသော်၊ ...
***
နိုဝင်ဘာ - တန်ဆောင်မုန်းမှာ မိုးထစ်​ချုန်းရွာလား မရွာလား သိချင်စိတ်နဲ့ စာအုပ်တွေနောက် လျှောက်လိုက်ရင်း အချိန်တွေ အတော်လင့်ခဲ့တယ်။ ဇက်လည်းညောင်း လက်လည်းညောင်း၊ မျက်စိတွေလည်း ညောင်းလှပေါ့။ အမှန်က မိုးရွာတယ် မရွာဘူးဆိုတာဟာ စာဆိုတွေ နေထိုင်တဲ့ ကာလနဲ့ ဒေသပေါ် မူတည်မှာပဲ ... လို့ တွေးလိုက်တော့ မိုးနောက်ကို ဆက်မလိုက်ချင်တော့ဘူး။ စာအုပ်တွေ အကုန်လုံးပိတ်၊ စာအုပ်ဗီရိုရှေ့က ခွါလိုက်တော့တယ်။
တကယ်တော့ အခုကာလ မုန်တိုင်းရှိလို့ ရွာတဲ့မိုးဟာ ရာသီမိုးနဲ့မှ မဆိုင်တာ။

 ညောင်းတာနဲ့ ခဏလှဲပြီး ယူကျုက သီချင်းတပုဒ် ဖွင့်နားထောင်လိုက်တယ်။
တခြားသီချင်းတော့ မဟုတ်ပါဘူး ... Guns N' Roses ရဲ့ November Rain ပါပဲ။

Never mind the darkness we still can find a way
Nothing lasts forever even cold November rain
... တဲ့။
တပုဒ်လုံးမှာ ဒီစာသားလေးကို စိတ်ထဲအငြိဆုံး ... ။ သီချင်းနားထောင်နေရင်းနဲ့ ရွာနေတဲ့ မိုးကို စိတ်ထဲ မငြိုငြင်မိတော့ဘူး။ Nothing lasts forever ... လို့သာ ရေရွတ်နေမိတယ်။
အပြင်မှာတော့ မိုးတစက်စက် ရွာနေတုန်းပါပဲ။
***
မေဓာဝီ
17.11.17
21.12

Read More...

Tuesday, October 31, 2017

ဟယ်လိုဝင်းနဲ့ ယဉ်​​ကျေးမှု …


***
အောက်တိုဘာ ၃၁ ရက် နီးပြီဆိုရင် စူပါမားကက်က ဆိုင်တွေမှာ ဟယ်လိုဝင်းနေ့ အတွက် ပစ္စည်းအမျိုးမျိုး ရောင်းချနေတာကို တွေ့နိုင်ပါပြီ။ သရဲ မျက်နှာဖုံးတွေ၊ လင်းနို့ပျံတွေ၊ မျက်နှာခြယ်တဲ့ ဆေးရောင်စုံတွေ၊ သွေးအတုတွေ၊ အရိုးခြောက်ပုံ အင်္ကျီတွေ၊ ရွှေဖရုံသီး မီးအိမ်တွေ စသဖြင့်ပေါ့။ ကလေးတွေက ဝတ်စုံအမျိုးမျီုး ပြင်ဆင်ကြသလို လူကြီးတွေကလည်း အိမ်တံခါး လာခေါက်မယ့် ကလေးတွေကို ပေးဖို့ ချိုချဉ် သကြားလုံးတွေ၊ ချောကလက်တွေ ပြင်ဆင်ထားကြပြီ။ 


ဒါက ကျွန်မ ရောက်ဖူးတဲ့ အနောက်နိုင်ငံတချို့ရဲ့ အလေ့အထတွေ ဆိုပါတော့။ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ တွေဟာ အရှေ့ အနောက် တောင် မြောက် ကမ္ဘာတဝှမ်း တနေရာက တနေရာ တနိုင်ငံက တနိုင်ငံ ဆင့်ကဲ ကူးစက်တတ်တာမို့ ဗယ်လင်တိုင်းတို့ ဟယ်လိုဝင်းတို့ ဟာလည်း ကျွန်မတို့ မြန်မာပြည်မှာ တစ တစ ခေတ်စား လာခဲ့တယ်။
.
ဒီနှစ် အောက်တိုဘာ လဆန်းကတည်းက ကျွန်မတို့ အမြဲဝယ်နေကျ စာရေးကိရိယာဆိုင်က ဟယ်လိုဝင်း အတွက် ပစ္စည်းတွေရောင်းချဖို့ ကြော်ငြာကတ်တလောက် ပို့လာပါတယ်။ ဈေးတွေကတော့ မနည်းပါဘူး။ ဟိုနေ့ ဒီနေ့ နေ့တွေအလိုက် စီးပွါးရေးသမားတွေ အကွက်မြင်ကြသလို ကလေးတွေကလည်း ဟယ်လိုဝင်း အဝတ်အစားတွေ ဝယ်ဖို့ တက်ကြွနေကြတယ်။
.
ဒီနေ့ နေ့လည်ပိုင်း ကျောင်းတက်ခေါင်းလောင်း မထိုးခင် ကျောင်းသားလေးတချို့က သူတို့ ယူလာတဲ့ မျက်နှာဖုံးလေးတွေ ဝတ်ရုံတွေ ဝတ်ပြီး တယောက်နဲ့ တယောက် စကြ နောက်ကြ ပျော်နေကြတာပေါ့။ အထူးအဆန်းဆို ဘာလေးပဲ လုပ်ရ လုပ်ရ ပျော်နေကြတဲ့ ကလေးတွေဟာ အပြစ်ကင်းပြီး ချစ်စရာပါ။ 

စာသင်ချိန်ရောက်တဲ့အထိ အရှိန်မသေသေးတဲ့ ကလေးတွေကို ဟယ်လိုဝင်းနေ့ ဘယ်ကစ ဆိုတာ ပုံပြင်တပုဒ်လို ပြောပြဖြစ်တယ်။
***
ဟယ်လိုဝင်းရဲ့ မူလဘူတ အစက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လောက်က ဥရောပမှာ နေထိုင်ကြတဲ့ Celts လူမျိုးစုတွေက စခဲ့ပါသတဲ့။ သူတို့ဟာ နိုဝင်ဘာလ ၁ ရက်နေ့မှာ နွေရာသီကုန်ဆုံးတဲ့ အထိမ်းအမှတ် ကျင်းပကြတယ်။ အောက်တိုဘာ ၃၁ ရက်နေ့မှာ ဝိဉာဉ်တွေဟာ လူတွေဆီ လာကြတယ်လို့ ယူဆကြပြီး မကောင်းဆိုးဝါး သရဲ တစ္ဆေတွေ မနှောက်ယှက်အောင် လူတွေက သရဲတစ္ဆေ ပုံစံ ဝတ်စားကြတယ်တဲ့။
.
နိုဝင်ဘာလ ၁ ရက်နေ့ကို All Saints Day (သူတော်စင်များနေ့) သို့မဟုတ် All Hallow’s Day လို့ သတ်မှတ်ပြီး အဲဒီမတိုင်ခင် အကြိုနေ့ဖြစ်တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကိုတော့ All Hallow’s Eve လို့ ခေါ်ကြတယ်။ အတို ခေါ်တော့ Halloween … ပေါ့။
.
ဟယ်လိုဝင်း ယဉ်ကျေးမှုဟာ အိုင်ယာလန်နဲ့ စကော့တလန် နိုင်ငံတွေက စခဲ့တာဖြစ်ပြီး အဲဒီက လူတွေဟာ သရဲတစ္ဆေပုံစံ အဝတ်တွေ အမျိုးမျိုး ဝတ်၊ turnip လို့ ခေါ်တဲ့ မုန်လာဥတမျိုးကို ထွင်းပြီးလုပ်ထားတဲ့ မီးအိမ်လေးတွေ ကိုင်ကြသတဲ့။ စကော့တစ်ရှ်တွေ အိုင်းရစ်ရှ်တွေ အမေရိကကို ရောက်သွားတော့မှ ရွှေဖရုံသီး မီးအိမ်ကို စပြီး ပြုလုပ်တာလို့ ဆိုတာပဲ။ will-o-the-wisp သို့မဟုတ် Jack-o-lantern လို့ခေါ်တယ်။ အဓိပ္ပါယ်က foolish fire တဲ့။ နောက်ပိုင်းတော့ Jack-o-lantern လို့ပဲ အခေါ်များပါတယ်။ ရွှေဖရုံသီး သို့မဟုတ် မုန်လာဥကြီး တွေကို ထွင်းပြီး လုပ်ထားတဲ့ မီးအိမ်လေးပေါ့။
.
သူတို့ရဲ့ အလေ့အထက အဲဒီနေ့မှာ ဝိဉာဉ်တွေကို အစားအစာတွေ ပေးသတဲ့။ နောက်ပိုင်းကျတော့ ဆင်းရဲတဲ့ သူတွေကို ပေးတယ်၊ ခုခေတ်မှာတော့ အိမ်တံခါးလာခေါက်တဲ့ ကလေးတွေကို ပေးတာပေါ့။ Trick or treat အလေ့အထက အဲဒီလိုနဲ့ စခဲ့တာပါ။ ကလေးတွေက တအိမ်တက်ဆင်း တံခါးခေါက်ပြီး Trick or Treat လို့ အော်ကြတဲ့အခါ အိမ်ရှင်က treat လုပ်တဲ့ အနေနဲ့ ချောကလက်တို့ သကြားလုံးတို့ ပြန်ပေးကြတယ်။ Trick ဆိုရင်တော့ ကြောက်အောင် ခြောက်လှန့်ကြတယ်။ များသောအားဖြင့် Trick လို့တော့ ဘယ်သူမှ မပြောကြဘူး ထင်တာပဲ၊ treat လုပ်ကြတာသာ တွေ့ရတယ်။ Trick or Treat အလေ့အထကို အမေရိကမှာ ၁၉၂၀ ပြည့်နှစ်လောက်က စခဲ့ကြပြီး ဗြိတိန်နဲ့ အိုင်ယာလန်မှာတော့ ၁၆ ရာစု လောက်ကတည်းက စခဲ့တယ်တဲ့။
.
ဟယ်လိုဝင်း ယဉ်ကျေးမှုဟာ မူလကနေ ခုချိန်ထိ တစတစ ပြောင်းလဲ လာခဲ့ပါပြီ။ တချို့တွေဆို မူရင်းကိုတောင် မသိတော့ဘူး။ ဟယ်လိုဝင်း ယဉ်ကျေးမှုကို အမေရိကားက စတယ်လို့ ထင်ကြတာ များတယ်။ ထုံးတမ်း စဉ်လာ ယဉ်ကျေးမှုတွေဟာ အချိန်ကြာလာတာနဲ့ အမျှ ဒီလိုပဲ တဖြည်းဖြည်း ပြောင်းလဲ လာကြတာပဲ မဟုတ်လား။ နောက် နှစ်ပေါင်း များစွာကြာရင် ဟယ်လိုဝင်း ယဉ်ကျေးမှုဟာလဲ ဘယ်လို ဘယ်ပုံစံ ဖြစ်လာဦးမယ်ဆိုတာ ဘယ်သူက ကြိုတင် ခန့်မှန်းနိုင်မှာလဲ။
***
ဟယ်လိုဝင်း အဝတ်အစားတွေနဲ့ ပျော်နေတဲ့ ကျောင်းသား ကလေးတွေကို ဟယ်လိုဝင်းရဲ့ မူလအရင်းအမြစ် ရှင်းပြလိုက်တော့ သူတို့လည်း သဘောပေါက် သွားကြပါတယ်။ အပိုဆု bonus အနေနဲ့ ဟယ်လိုဝင်း ပုံပြင်တပုဒ် ဖွင့်ပြလိုက်တော့ အားလုံး အကျေနပ်ကြီး ကျေနပ်သွားကြလေရဲ့။
.
ကလေးတွေဟာ တိုင်းတပါးက ကူးစက်လာတဲ့ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုတွေရဲ့ အရင်းအမြစ်ကို သိဖို့သလို ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတွေရဲ့ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုတွေကိုပါ သိရှိနားလည် ပျော်ဝင်ပြီး မပျောက်မပျက် ထိမ်းသိမ်းနိုင်အောင် အသိဉာဏ်ပေးဖို့ကတော့ ကျွန်မတို့ရဲ့ တာဝန်ပဲ မဟုတ်လား။
***
မေဓာဝီ
၃၁၊ အောက်တိုဘာ၊ ၂၀၁၇
၂၃း၄၈ နာရီ

Read More...

Monday, October 16, 2017

တောဘူတာကလေး ...

***

Bilbrook railway station, Staffordshire, England
တောဘူတာကလေး 
 ***
ဥသြမဆွဲ
အလံလည်း မချိုး
ခိုနားစရာ -
အမိုးအကာ တကိုယ်​စာသာသာနဲ့
ခပ်​ယဲ့ယဲ့ ​တောဘူတာက​လေး။
.
မျဉ်းပြိုင်​သံလမ်း​တွေ​နံဘေး
ပလက်​​ဖောင်း​လေး လဲ​လျောင်းရင်း
လိုက်​ပါ စီးနင်းမယ့်​ သူ​တွေကို ကြို
အလင်းတိုင်​ အိုက​လေးကို ထမ်းလို့။
.
သစ်​ပင်​​တွေ မြက်​ရိုင်း​တွေကြား
ရထားကြီး ခုတ်​​မောင်းလာပြီ
ဒီတခါ ဒီမှာ ရပ်​နိုးနိုး
မျှော်​ကိုးရ​ပေါင်းလည်း များခဲ့
ခပ်​ယဲ့ယဲ့ ဘူတာ​လေးက
ခပ်​မဲ့မဲ့ပြုံးရင်း
သက်​ပြင်း​တွေ ခဏခဏချ လို့ ... တဲ့။
***
မေဓာဝီ
15.10.17
22.07

Read More...

Monday, September 18, 2017

လှိုင်း​တွေ မှိုင်း​ဝေ တိုင်းပြည်​မှာ ...

.
.
လှိုင်း​တွေ မှိုင်း​ဝေ တိုင်းပြည်​မှာ ...
~~~~~~~~~~~
မှိုင်းညို့​ဝေကာ
ရွာ​ယောင်​ဟန်​ပြင်
မိုးသခင်​လည်း
လေနှင်​ရာ​ဆီ
လွင့်​​ပါပြီလား
ရွာအားခက်​ခက်
တစက်​ကယ်​မျှ
မသွန်းချဘဲ
ဟန်​ပြတိမ်​လွှာ
အုံ့ဆိုင်းလာသည်
ဝေကာမှိုင်းလို့ ဝိုင်းညို့တယ်​။
.
လှိုင်းတို့​စေရာ
စုန်​ဆန်​လာသည့်
ခရမ်းပြာလွှမ်း
ဗေဒါပန်းလည်း
ဝဲမှာမမြုပ်
လှိုင်းပုတ်​သည့်​ဒဏ်
အန္တရာယ်​ကြား
သူ စွန့်​စား၍
အားမ​လျှော့တမ်း
ပန်းရဲ့လမ်းမှာ
လျှောက်​လှမ်းလာသည်
စေရာလှိုင်းတို့ စိုင်းလို့ရယ်​။
.
တိုင်းမြို့ ​ပြေ (ပြည်​)ရွာ
ဝ​ပြောသာ​အောင်
ကြံ​ဆောင်​လုံ့လ
ကြိုးပမ်းကြလည်း
ဆိုးသွမ်းသသူ
ထိုလူတစု
ဖျက်​ဆီးမှု​ကြောင့်
စိုး​နှောင့်​ဗျာ​ပွေ
အခက်​​ဝေကာ
မျက်​ရည်​ရစ်​လွှမ်း
မငြိမ်းချမ်းသည်
ပြည်​ ရွာ တိုင်း မြို့ ... လှိုင်းသို့နှယ်​။
***
မေဓာဝီ
18.09.17

Read More...

Tuesday, September 05, 2017

လပေါင်း သုံးဆယ်၊ ရက်ပေါင်း ကိုးရာ၊ မေတ္တာက အနန္တ ...


***
လစဉ် ၅ ရက်နေ့ကလေးသို့ ရောက်တိုင်း အမှတ်တရ ရက်ကလေးရောက်ပြန်ပြီဟု ပီတိဖြစ်ရသည်။ တရက်ပြီး တရက်၊ တလပြီးတလ၊ တနှစ်ပြီး တနှစ် တိုးလာတိုင်း တစတစ မြဲမြံခိုင်မာစွာ ချည်နှောင်နေမိသည့် သံယောဇဉ်တွေအတွက် ကျေနပ်ရပြန်သည်။ နားလည်မှု၊ ယုံကြည်မှုတို့ဖြင့်သာ တည်ဆောက်ခဲ့ကြသည့် ဘဝနှစ်ခုအတွက် တခြားဘာတွေကမှ အရေးမကြီးတော့။
.
ဒီကနေ့က တော်သလင်းလပြည့်နေ့ ... ။ ...
လပြည့်နေ့လေးတွေသည် သူတို့နှစ်ဦးအတွက် အရေးပါသည့် နေ့လေးတွေ ဖြစ်ခဲ့သည်။ နှစ်ယောက်အတူ ပေါင်းစည်းခွင့် မရခင်ကပင် လပြည့်နေ့လေးတွေ၏ လရောင်အောက်မှာ ကိုယ်စီ မေတ္တာတရားတွေကို ဖွင့်ဟခဲ့ကြသည်၊ လမင်းကြီးကို တိုင်တည်၍ သစ္စာတည်ခဲ့ကြသည်။ တယောက်တနေရာ အဝေးမှာပင် ကောင်းကင်ယံထက်က လမင်းကို မျှော်ကြည့်ရင်း အကြည့်ချင်း လမင်းဆီမှာ ဆုံစည်းခဲ့ကြသည်။
မင်္ဂလာဆွမ်းကျွေးသည့် နေ့ကလည်း တပေါင်းလပြည့်နေ့ ... ။
.
လပြည့်နေ့လေးတွေကို တန်ဖိုးထားကြသူမို့ ဒီကနေ့ ၅ ရက်နေ့က လပြည့်နေ့နှင့် တိုက်ဆိုင်သည်ကို ကြည်နူးမိသည်။ တော်သလင်း လပြည့်သည် ဂရုဓမ္မနေ့၊ နောက်လာမည့် အောက်တိုဘာ ၅ ရက်နေ့ကလည်း သီတင်းကျွတ်လပြည့်နေ့။ တိုက်ဆိုင်ခဲလှစွာ တိုက်ဆိုင်ခဲ့သည်ပင်။
.

သူတို့ အတူ ပေါင်းစည်းကြရသည့် အချိန်ကာလက ရှည်ကြာခြင်း မရှိသေးသော်လည်း ယုံကြည်မှု၊ နားလည်မှု၊ မေတ္တာတရား တို့ဖြင့် ခိုင်မာစွာ တည်ဆောက်ကြခဲ့သည်မို့ ဘယ်တော့မှ ဘာအကြောင်းကြောင့်နှင့်မှ ယိုင်လဲမသွားစေရ ဟု နှစ်ဦးသား သဘောတူစွာ ခံယူထားခဲ့ကြသည်။ တဦးလိုအပ်ချက် တဦးက ဖြည့်တင်းရင်း၊ တဦးအားနည်းချက် တဦးက ဖေးမရင်း၊ ခြေလှမ်းလေးတွေ တလှမ်းပြီးတလှမ်း လျှောက်လှမ်းနေကြရသည်။ လှမ်းခဲ့ပြီးသော ခြေလှမ်းလေးတွေကို လည်ပြန် လှည့်ကြည့်ပြီး ကြည်နူးကြရသလို လာလတ္တံ့သော ခြေလှမ်းပေါင်း များစွာ အတွက်လည်း ကြိုတင် စိတ်ကူးယဉ်မိကြသေးသည်။
.
လျှောက်ခဲ့ပြီးသော ခြေလှမ်းများစွာထဲမှာ တခါတရံ ကြုံတွေ့ရတတ်သည့် ခလုတ်ကသင်းလေးတွေကိုတော့ သူတို့ မေ့ထားလိုက်ကြရုံသာ ... ။
***
မေဓာဝီ
၂ နှစ် ၆ လ ပြည့် မင်္ဂလာ အမှတ်တရ ...
၅၊ စက်တင်ဘာ၊ ၂၀၁၇
၁၈း၂၀ နာရီ

Read More...

Thursday, August 31, 2017

ဆယ့်တစ်နှစ်တာ ဘလော့မှာ … (blog day အမှတ်တရ)

.
ဒီနေ့ဆိုရင် မေဓာဝီရဲ့ တွေးမိတွေးရာ ရေးမိရေးရာ ဘလော့လေး ၁၁ နှစ် ပြည့်ခဲ့ပါပြီ။ ဒီဘလော့လေးကို ၂၀၀၆ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့မှာ ဂါးဖီးကာတွန်းပုံလေးနဲ့ စဖွင့်ခဲ့တယ်။ ရေးခဲ့သမျှတွေ ပြန်ကြည့်တော့ ၂၀၀၆ ခုနှစ်မှာ ၁၁၃ ပုဒ်၊ ၂၀၀၇ ခုနှစ်မှာ ၂၆၈ ပုဒ်၊ အဲဒီနောက်ပိုင်း ရေးအားနည်းသွားလိုက်တာ တနှစ်လုံးမှာမှ ၆၀ ကျော် ၇၀ ကနေ ၂၀ ကျော် ၃၀ လောက် အထိ ထိုးကျသွားခဲ့ပါတယ်။ ရေးအား အနည်းဆုံးနှစ်ကတော့ ၂၀၁၃ ခုနှစ်၊ တနှစ်လုံးမှာမှ ၁၉ ပုဒ် ပဲ ရေးဖြစ်ခဲ့တယ်။ ဒီနှစ်မှာကတော့ ခုချိန်ထိ တင်ခဲ့တာ အပုဒ် ၃၀ ရှိပါပြီ။
.
စ ရေးခါစ ၂၀၀၆ ခုနှစ်မှာ ဆရာသုမောင်ရဲ့ ထုံး နှလုံးမူပြီး တနေ့ တပုဒ် ရေးဖြစ်အောင် ရေးခဲ့ပါတယ်။ ဘလော့ နာမည် တွေးမိတွေးရာ ရေးမိရေးရာ ဆိုတဲ့အတိုင်း တွေးမိသမျှတွေ ချရေးနေမိတော့တာပါပဲ။ အဲဒီတုန်းကတော့ ဘလော့ဟာ ကျွန်မအတွက် စာရေးတဲ့ လေ့ကျင့်ကွင်း တခုပါ။ ကဗျာ၊ အက်ဆေး၊ ပုံပြင်၊ ဝတ္ထု၊ ခရီးသွား မှတ်တမ်း၊ အင်တာဗျူး စသဖြင့် ကိုယ်တိုင်ရေးတွေ ပါဝင်သလို စာအုပ်စင်၊ မှတ်ဖွယ် မှတ်ရာ၊ ဘာသာရေး နဲ့ ရှေးမြန်မာစာပေ တွေလို ကောင်းနိုးရာရာတွေ ကောက်နုတ်ဖော်ပြ ထားတာတွေလည်း ပါဝင်ခဲ့ပါတယ်။
.
၂၀၀၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ၁၁ နှစ်တာ တင်ခဲ့တဲ့ပို့စ် အရေအတွက်က ၇၈၆ ပုဒ်ရှိပါပြီ။ ဒီစာကိုပါ တင်ရင် ၇၈၇ ပုဒ်ပေါ့။ ရေးမယ်လို့ ခေါင်းစဉ်တပ်ပြီး မရေးဖြစ်တာတွေ၊ တကြောင်း နှစ်ကြောင်းနဲ့ ရပ်ထားတာတွေကို သိမ်းထားတဲ့ draft တွေကတော့ ၄၂ ပုဒ်ရှိပါတယ်။ တင်ပြီးမှ မကောင်းတတ်လို့ draft ထဲ ထည့်လိုက်တာက တပုဒ်ပါ။
.
အရင်က ဘလော့ဘန်နာတွေ ခဏခဏ ပြောင်းခဲ့တယ်။ ဘလော့ဒီဇိုင်းကတော့ ကိုယ်နှစ်သက်တဲ့ အနက်ရောင် သုံးတာကနေ ဖတ်ရမလွယ်ဘူးလို့ လူပြောများတာကြောင့် အခုလက်ရှိ အပြာရောင်ကို (ကိုရန်အောင် - ဘလော့ဂါ ရန်အောင်) အကူအညီနဲ့ ပြောင်းခဲ့ပါတယ်။ ဘေးက sidebar မှာ ခေါင်းမာစွာနဲ့ လုံးဝမလုပ်ခဲ့ တာကတော့ စီပုံး / စီဘောက် လို့ ခေါ်ကြတဲ့ chat box မတပ်တာပါပဲ။ ပေါက်ကရတွေ လာဆဲကြမှာ စိုးလို့ပါ၊ ဒါကြောင့် ကွန်မန့်တွေကိုလည်း မော်ဒရိတ် လုပ်ထားခဲ့ရတယ်။
.
ဘလော့လေး ဆယ့်တစ်နှစ်ပြည့်ချိန်မှာ ပြန်ကြည့်တော့ တနှစ်ပြည့်တုန်းက “အခါလည် အတွေး”၊ နှစ်နှစ် ပြည့်မှာ မတင်ခဲ့၊ သုံးနှစ်ပြည့်မှာ “သုံးနှစ်သုံးမိုး”၊ လေးနှစ်ပြည့်မှာ “၄ နှစ်နှင့် ၅၂၈ + ၁”၊ ငါးနှစ်ပြည့်မှာ “၅-နှစ်ရှည်ကြာ ဘလော့ရွာ”၊ ခြောက်နှစ်ပြည့်မှာ “တွေးမိတွေးရာ ၆ နှစ်တာ”၊ ခုနစ် နှစ်ပြည့်မှာ “310813”၊ ရှစ်နှစ် ပြည့်မှာ “၈-နှစ် ပြည့်နဲ့ ဘလော့ဒေး အမှတ်တရ”၊ ကိုးနှစ်ပြည့်မှာ “ဘလော့ဒေးနဲ့ တွေးမိတွေးရာ ၉-နှစ်တာ”၊ ဆယ်နှစ်ပြည့်မှာ “ဘလော့ဒေးနှင့် ဆယ်စုနှစ်သို့သမင်လည်ပြန်” … စသဖြင့် ရေးခဲ့ပါတယ်။ ၂ နှစ်ပြည့်ကလွဲလို့ အမှတ်တရ ပို့စ်တွေ တင်ခဲ့တာ ခုဆို ဆယ့်တစ်နှစ်ပြည့်မှာ ဆယ်ပုဒ်ရှိပြီပေါ့။
.
နောက်ပိုင်း ဖေ့စ်ဘွတ်ကို ပိုသုံးဖြစ်တော့ ဖေ့စ်ဘွတ်ထဲ အလွယ်တကူ တင်လိုက်တဲ့စာတွေ ကဗျာတွေကို ပျောက်ပျက်မသွားအောင် ဘလော့ထဲ ဖြည်းဖြည်းချင်း ပြန်ထည့်ဖြစ်တယ်။ အကုန်တော့ မဟုတ်ဘူးပေါ့လေ။ ဘလော့နဲ့ လိုက်ဖက်ညီတာမျိုးပါပဲ။ ဖေ့စ်ဘွတ်ထဲကျတော့ ကိုယ်တင်ချင်တဲ့ ဓာတ်ပုံ၊ စာအတိုအစ၊ ကဗျာအပိုင်းအစ၊ အကုန်ရောကျော် တင်တာကိုး၊ ဘလော့မှာတော့ အဲဒီလို မတင်ချင်ဘူး။
.
ခါတိုင်းနှစ် ဘလော့ဒေးတွေမှာ တီတင့်တုံးဖလား သူကြီးကိုရန်အောင်တို့က အမှတ်တရတွေ ရေးဖို့ တိုက်တွန်းခဲ့ကြတယ်။ ဒီနှစ်တော့ တီတင့်ကလည်း လက်တဖက် နေမကောင်း၊ သူကြီးကလည်း ဘွဲ့ရပြီးတော့ ဘလော့မဂင်းတော့ဘူး ထင်ပါရဲ့။ ကိုရန်အောင်ကတော့ ကျောင်းအုပ်လုပ်နေတော့ မအားတော့ဘူး။ ဦးဆောင်မယ့်သူတွေ မရှိပေမဲ့ နောက်လိုက်ကောင်းလေး မေဓာဝီကတော့ ဘလော့ကို ချစ်မြတ်နိုးစွာ အမှတ်တရ ပို့စ်လေး ရေးပြီး တင်လိုက်ရပါကြောင်း ... ။ 
.
ဘလော့ဂါအပေါင်း နေကောင်း ကျန်းမာ ငြိမ်းချမ်း သာယာ ကြပါစေ ... ။
***
မေတ္တာဖြင့် 
မေဓာဝီ
31.08.17

Read More...

Saturday, August 26, 2017

စည်းချက်​မညီ​တဲ့ ည ...


(၁)
ညဉ့်​က မနက်​​သေးပါဘူး။
မိုးပေါ်မော့ကြည့်လိုက်တော့ နက်မှောင်တဲ့ ကောင်းကင်ကြီးက အုပ်မိုးထားတယ်။
ကြယ်ရောင် လရောင်ရယ်လို့ တစွန်းတစမှ မမြင်ရတဲ့ ည ... ။
***
 
(၂)

မိုးမရွာ​တော့​ပေမဲ့ မိုး​ငွေ့ပါတဲ့ ​လေ​က တဝေ့​ဝေ့ တိုက်​ခတ်​လို့​နေတယ်​။ ​ ရေဒီယို ကက်ဆက် ရုပ်မြင်သံကြား မရှိတဲ့ ​နေရာ၊ ကွန်​ပျူတာ​နဲ့ လက်​ကိုင်​ဖုန်း​တွေကို အနား​ပေးထားတဲ့ အခိုက်​ အပြင်က စကားပြောသံ၊ သီချင်းသံ၊ တံခါး ဖွင့်သံ ပိတ်သံတွေကြားမှာ ကြားနေကျ မဟုတ်တဲ့ အသံတသံကို သတိထားလိုက်မိတယ်။ အဲဒီ အသံက ဝေးရာက တဖြည်းဖြည်း နီးလာတယ်။ မသဲကွဲရာက တဖြည်းဖြည်း ပီသ လာတယ်။ အနိမ့်အမြင့် စည်းချက်နဲ့ အညီ မှန်မှန် ရိုက်ခတ်နေတဲ့ မြည်သံ၊ အဲဒီနောက် ခွေးဟောင်သံ ခပ်သဲ့သဲ့၊ ခွေးဟောင်သံကြားက ဆွဲဆွဲငင်ငင် ထွက်ပေါ်လာတဲ့ အသံစာစာ ... ။
.
လူတွေနဲ့ ဝေး ဝေး ဝေးတဲ့ နယ်မြေ ...
အတူတူ သွား သွား သွားကြမယ်လေ ...
နက်ရှိုင်းတဲ့ တောရဲ့ ရင်​ခွင်မှာ ပျော်နေ
သဘာဝရဲ့ ရင်သွေးငယ်တွေ ....
သဘာဝရဲ့ ရင်သွေးငယ်တွေ ...
.
ဝါးဆစ်ဗုံကို ကွန်ကရစ်လမ်းပေါ်မှာ ခေါက်တီးနေတဲ့ မြည်သံ တတုံတုံနဲ့အတူ ဆွဲဆွဲငင်​ငင်​ သီဆို​နေတဲ့ သီချင်းသံ။ ဝါးဆစ်​​ခေါက်​သံက သီချင်းသံထက် ပိုပြီး ကျယ်နေတယ်။ သီချင်းသံက မပီမသ ... စည်းဝါးမကျ။ အသံတွေ တဖြည်းဖြည်း နီးလာရင်း အနီးဆုံး နေရာကနေ ခပ်ကျယ်ကျယ် ကြားနေရတယ်။ တီးတဲ့သူကလည်း အစွမ်းကုန် ရိုက်ခတ် တီးသလို သီဆိုသူကလည်း ရင်ကို ဖွင့်ပြီး ဆိုလေသလားပဲ ... ။
.
ဒီကမ္ဘာမှာ စစ်​ စစ်​ စစ်​ မဖြစ်​ရာ​မြေ
တ​နေရာရှိ ရှိ ရှိရမယ်​​လေ
ထာဝရငြိမ်းချမ်းမှုရှာကာ ​ပျော်​ရွှင်​​နေ
သဘာဝရဲ့ ရင်​​သွေးငယ်​​တွေ
သဘာဝရဲ့ ရင်​​သွေးငယ်​​တွေ ~ ~
.
အဆိုနဲ့ အတီး စည်းချက်​မမှန်​ နရီမကိုက်​​ပေမဲ့ သီချင်းသံ စာစာ​လေး​က ရင်​ထဲထိ ထိုး​ဖောက်​​ ဝင်ရောက်သွားတယ်။ ဒီကမ္ဘာမှာ စစ်မဖြစ်ရာမြေ တဲ့လား ... ။ စစ်မဖြစ်ရာမြေ တကယ်ပဲ ရှိပါ့မလား ... ။ အသံရဲ့ ဆွဲဆောင်မှုကြောင့် ဝရံတာကနေ ငုံ့ကြည့်လိုက်တော့ တိုက်လှေခါး ရင်းမှာ ကလေးနှစ်ယောက်။ အသက်​က ရှိလှမှ တ​ယောက်​က ကိုးနှစ်​ ဆယ်​နှစ်​၊ တ​ယောက်​က ​ခြောက်​နှစ်​ ခုနစ်​နှစ်​ အရွယ်​​လေး​တွေ။ အကြီး​လေးက ဝါးဆစ်​ဗုံကို ​မြေမှာ​ခေါက်​လို့ အငယ်​​လေးက မပီကလာ အသံစာစာနဲ့ ခေါင်းလေး မော့ပြီး သီချင်းလေးကို ဟစ်​​ကြွေးလို့ ... ။
.
ပိုင်​ဆိုင်​တာ အားလုံးစွန့်​ကာ​လေ ...
မနာလိုစရာလည်းပဲ မရှိ​တော့​ပေ ....
ဘယ်​သူမဆို အားလုံးတန်းတူ​ပေ ...
ညီအစ်​ကိုလို ကြင်​နာမှုနဲ့နေ ...
လောက အသစ်​တခု တည်​​နေ ~ ~
.
သူတို့ ဆက်​ဆို​နေကြတယ်​။ ဌာန် ကရိုင်းမကျပေမဲ့ အသံ အနိမ့်အမြင့် အတက်အကျ ဆွဲဆွဲငင်ငင် စိတ်ပါ လက်ပါ သီဆိုနေကြဆဲ။ ဝါးဆစ်ဗုံခေါက်သံ တတုံတုံက ရင်ကို ရိုက်ခတ် လို့ ရင်ခုန်သံတွေ မြန်စေခဲ့တယ်။ အောက်ကို ငုံ့ကြည့်နေရင်း မကြည့်ရက်တော့လို့ ဝရံတာကနေ ခွါလိုက်တယ်။ အောက်ဆင်းသွားရ ကောင်းနိုး စိတ်ထဲမှာ ချီတုံချတုံနဲ့။ တံခါးအထပ်ထပ် ဖွင့်ရမှာနဲ့ လှေခါး အတက်အဆင်း လုပ်ရမှာတွေကြောင့် အောက်ဆင်းမယ့် ခြေလှမ်းတွေ လေးဖင့်နေဆဲ အသံလေးတွေက တဖြည်းဖြည်း ဝေးဝေးသွားကြပြီ။
.
အရာရာ လှ လှ လှပရာ​မြေ
အရာရာ သန့်​ သန့်​ သန့်​ရှင်းရာ​မြေ
ထာဝရငြိမ်းချမ်းမှုရှာကာ ​ပျော်​ရွှင်​​နေ
သဘာဝရဲ့ ရင်​​သွေးငယ်​​တွေ ....
သဘာဝရဲ့ ရင်​​သွေးငယ်​​တွေ ....
.
ဝါးဆစ်​ဗုံသံ တတုံတုံက တဖြည်းဖြည်း တိုးလျလို့သွားပြီ။ သီချင်းဆိုတဲ့ အသံစာစာလေးလည်း ​ဝေး​ဝေးလို့သွားပြီ။ အတွေးတွေကတော့ မရပ်နိုင်သေး ... ။
.
စစ်​မဖြစ်​တဲ့​နေရာ ...
ငြိမ်းချမ်းတဲ့​နေရာ ...
မနာလိုခြင်း​တွေ ကင်းတဲ့​နေရာ ...
အားလုံးတန်းတူ ဖြစ်​တဲ့​နေရာ ...
လှပ သန့်​ရှင်း အန္တရာယ်​ကင်းတဲ့ ​​လောကအသစ်​တခု ... တည်ဆောက်ဖို့ ဖြစ်နိုင်ပါ့မလား ... အတွေးတွေနဲ့ ... ။
.
***
(၃)

မိုးပေါ်ကို မော့ကြည့်လိုက်တော့ နက်မှောင်တဲ့ ကောင်းကင်ကြီးက အုပ်မိုးထားတယ်။
ကြယ်ရောင် လရောင်ရယ်လို့ တစွန်းတစမှ မမြင်ရတဲ့ ည ... ။
ဒါပေမဲ့ ...
ညဥ့်ကတော့ ... မနက်သေးပါဘူး ... ။
***
မေဓာဝီ
၂၆ ၊ ၀၈ ၊ ၁၇
၂၂း၁၀ နာရီ

Read More...

Tuesday, August 22, 2017

ဆုတောင်း ...


ဆုတောင်း
***
လောက၏ ဒဏ်
လောကဓံအား
ခံနိုင်ရစေ။ 

လောက၏ ၀ဋ်
လောက၀တ်မှ
လွတ်မြောက်ရစေ ... ။ 
***
မေဓာဝီ
၂၂.၀၈.၁၇
၂၀း၀၂

Read More...

Monday, August 21, 2017

သံဝေဂကထာနှင့်​ ​ကျေးဇူးတင်​လွှာ ~


***
အသက်​က​လေး တဖြည်းဖြည်း ရလာ​တော့ ​မွေး​နေ့ ​ရောက်​ချိန်​မှာ ကိုယ်​​ပျော်​ဖို့ထက်​ အသက်​တနှစ်​ကြီးပြန်​ပ​ကော ... မရဏမင်းနဲ့ ရင်​ဆိုင်​ဖို့ နီးလာပ​ကော ရယ်​လို့သာ ​တွေးမိ​တော့တယ်​။ တို​တောင်းလှတဲ့ ရှင်​သန်​ချိန်​​လေးမှာ အဓိပ္ပာယ်​ရှိ​သော ရှင်​သန်​ခြင်းသာ ဖြစ်​ချင်​လာမိတယ်​။ ​​မွေး​နေ့ မတိုင်​ခင်​ ရက်​​တွေမှာ ​နေမ​ကောင်း ခဏခဏဖြစ်​​တော့ ​ကျန်းမာခြင်းရဲ့ တန်​ဖိုးကို ပိုသိလာရတယ်​။
.
ကျန်​ခဲ့တဲ့ တလ​ကျော်​​လောက်​က ​ကိုယ့်​ထက်​ အသက်​ ဆယ်​နှစ်တိတိကြီးတဲ့ မွေး​နေ့တူ ဝမ်းကွဲ အစ်​ကို ဆုံးသွား​တော့ အသုဘရှုသွားရင်း ​နောင်​ ၁၀ နှစ်​ ကိုယ်​ အသက်​ရှင်​သန်​ ​နေရပါ့မလား ... စဉ်းစားခဲ့မိပါ​သေးတယ်​။ ​နောင်​ ၁၀ နှစ်​ကို အသာထား ဒီအချိန်​ ဒီခန္ဓာကို စွန့်​သွားခဲ့ရင်​​တောင်​ ဘယ်​သူ့အ​ပေါ်မှ ယုတ်​မာ ​ကောက်​ကျစ်​ခဲ့ခြင်း မရှိတာမို့ မရဏလမ်းကို ​ဖြောင့်​တန်းစွာ သွားရဲတယ်​လို့ ​တွေးမိပြီး မိမိကိုယ်​ကိုယ်​ ဝမ်း​မြောက်​ရပါတယ်​။
.

ညက အ​မေနဲ့ မက်​ဆန်​ဂျာမှာ စကား​ပြော​ပြီး ​ကိုယ့်​ကို မွေး​ပေးခဲ့တဲ့ ​ကျေးဇူးရှင်​ မိဘနှစ်​ပါးကို အ​ဝေးက ကန်​​တော့ခဲ့တယ်​။ မိဘ​တွေအတွက်​ ကိုယ်​ဟာ သမီးလိမ္မာ တ​ယောက်​ မဖြစ်​ခဲ့ရင်​​တောင်​ သမီးမိုက်​​တော့ မဟုတ်​ခဲ့တဲ့အတွက်​ ဒီ​လောက်​နဲ့ပဲ ​ကျေနပ်​ပါလို့ အ​မေနဲ့ အ​ဖေကို ​ပြောချင်​တာပါပဲ။ မှန်​ကန်​တဲ့ လမ်း​ကြောင်းကို ​လျှောက်​နိုင်​​အောင်​ ခုချိန်​ထိ သွန်​သင်​ဆုံးမ ​ပေး​နေဆဲ မိဘနှစ်​ပါးရဲ့ ​ကျေးဇူးကို အမြဲ အမှတ်​ရ​နေမှာပါ။
.

မြန်​မာစံ​တော်​ချိန်​ ည ၁၀ နာရီခွဲ​တော့ စင်္ကာပူမှာ ​နေ့ကူးသွားပြီမို့ ခင်​ပွန်းသည်​က ​မွေး​နေ့ဆု​တောင်း ပို့စ်​​လေး တင်​​ပေးပါတယ်​။ များ​သောအားဖြင့်​ ဇနီးသည်​အ​ပေါ် နားလည်​စွာ ခွင့်​လွှတ်​​ပေးတဲ့ (တခါတ​လေ ​ပြောရဆိုရခက်​ပြီး ကိုယ့်​ထက်​​ခေါင်းမာ​သော) ခင်​ပွန်းသည်​ကို ​ကျေးဇူးတင်​ပါတယ်​။
.

သူပို့စ်​တင်​ပြီး​နောက်​မှာ ​မွေး​နေ့ဆု​တောင်း ပို့စ်​​လေး​တွေ၊ ကွန်​မန့်​​လေး​တွေ မက်​​ဆေ့ခ်ျ​​လေး​တွေ ​ရောက်​လာပါတယ်​။ ညက အိပ်​ချင်​​နေတာနဲ့ အားလုံးကို ချက်​ချင်း မပြန်​ဖြစ်​ခဲ့ဘူး။ မနက်​ကျမှ တ​ယောက်​ချင်းဆီကို ရင်​ထဲက လှိုက်​လှဲစွာ ​ကျေးဇူးစကား တုန့်​ပြန်​​ပြောခဲ့ပါတယ်​။ အခုချိန်​ထိ မက်​​ဆေ့ခ်ျ​ပို့သူ ကွန်​မန့်​ထဲက ဆု​တောင်း​ပေးသူ အားလုံးကို အထူး​ ကျေးဇူးတင်​ပါ​ကြောင်း ထပ်​​ပြောပါရ​စေ။
.

မနက်​ ၇ နာရီ .... စာသင်၊ ၈ နာရီ ၄၅ ... ​ကျောင်း​ရှေ့ကို ကြွလာတဲ့ သံဃာ​တော်​​တွေကို မနက်​စာ နန်းကြီးသုပ်​ ​လောင်းလှူပြီး ​ကျောင်းက ​ကျောင်းသား​တွေ၊ ဆရာ ဆရာမ​တွေနဲ့ လုပ်​​​ဖော်​ကိုင်​ဘက်​ ဝန်​ထမ်း​တွေကိုလည်း နန်းကြီးသုပ်​ ဒါနပြုခဲ့တယ်​။ ​နေ့လည်​ပိုင်း က​လေး​တွေနဲ့ ည​နေ ​ကျောင်းမဆင်းခင်​ Happy birthday သီချင်းဆိုပြီး ​မွေး​နေ့ကိတ်​ ခွဲခဲ့ရ​သေးတယ်​။ ကိုယ့်​မှာ သားသမီးမရှိ​ပေမဲ့ သူတို့​လေး​တွေကို သားသမီးလို ချစ်​​နေရတာပဲ။ (တခါတ​လေ​တော့လည်း ​ပြောမရ ဆိုမရရင်​ စိတ်​တိုတာ​ပေါ့)
.
ည​ရောက်​​တော့ တ​နေ့တာရဲ့ ကုသိုလ်​​ကောင်းမှု​တွေ ပြန်​​တွေးရင်း Happy birthday ဆိုတဲ့ ရိုးရှင်းတဲ့ ဆု​တောင်း​လေးကို သရုပ်​ခွဲပြီးေ​ပးဆပ်​​သောပျော်​ရွှင်​ခြင်းနဲ့ ရယူ​သော​ပျော်​ရွှင်​ခြင်းများရဲ့ မတူညီ​တဲ့ အနှစ်​သာရကို ​တွေး​တော ဆင်​ခြင်​ ​​နေမိပါ​တော့တယ်​။
***
မေဓာဝီ
21.08.17
ဝါ​ခေါင်​လကွယ်​​နေ့
22.00

Read More...

Friday, August 18, 2017

ကာကွယ်ကြသည် ဆိုရာဝယ် …


***
ကျွန်မတို့ ဝန်းကျင်မှာ ခုတလော အများပြည်သူ ထိတ်လန့်နေတဲ့ H1N1 ရောဂါနဲ့ ပတ်သက်ပြီး ကာကွယ်ဖို့ရာ အမျိုးမျိုး လှုံ့ဆော်ကြတာကို တွေ့မြင်နေရပါတယ်။ လှုံ့ဆော်ကြတဲ့အတိုင်း ကာကွယ်ကြတာကို အထင်ရှားဆုံး မြင်နိုင်တာကတော့ လူတော်တော်များများရဲ့ မျက်နှာပေါ်က နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားတဲ့ mask တွေပါပဲ။
.

လမ်းပေါ်မှာ၊ ကားပေါ်မှာ၊ ဈေးဆိုင်မှာ၊ ကျောင်းတွေမှာ mask တွေ အပြိုင်အဆိုင် တပ်နေကြတဲ့အပြင် mask တပ်ထားတဲ့ ပုံတွေ ဖေ့စ်ဘုတ်လို ဆိုရှယ်ပေ့ခ်ျတွေမှာပါ ဖက်ရှင်တစ်ခုလို သူ့ထက်ငါ တင်နေကြတာ လည်း မြင်ရပါတယ်။ ဒါဟာ မကောင်းလို့တော့ မဟုတ်ပါဘူး။ mask တပ်ထားတဲ့အခါ ကိုယ် ချောင်းဆိုးရင် နှာချေရင်လည်း သူတပါးဆီ မရောက်တော့ဘူး၊ သူတပါး ချောင်းဆိုး နှာချေလည်း ကိုယ့်ဆီ မရောက်နိုင်ဘူး ဆိုတော့ H1N1 တွင် မကဘူး၊ တခြားကူးစက်နိုင်တဲ့ ရောဂါပိုးမွှားရန်ကပါ ကာကွယ်နိုင်တာပေါ့။ ဒါပေမဲ့ … … လူတိုင်း လူတိုင်းဟာ mask တွေကို စနစ်တကျ မတပ်ကြ … မစွန့်ပစ်ကြတဲ့အခါ …. ။
***
နှာခေါင်းနဲ့ ပါးစပ်မှာ အနီးကပ် တပ်ရတဲ့ mask တွေကို စနစ်တကျ မသုံးစွဲတတ်ကြတဲ့အခါ ပိုပြီး ဆိုးရွားတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကျွန်မတို့ကျောင်းမှာ ကလေးတချို့ဟာ mask တွေကို စတိုင်လုပ် တပ်ကြတယ်။ စကားပြောရ အသက်ရှူရ မုန့်စားရ ခက်လာတော့ ချွတ်ပြီး ဟိုနား ဒီနား တင်ထား၊ စကားပြောကြ၊ မုန့်စားကြလုပ်ကြတယ်။ ပြီးတော့ တခါ ပြန်ယူပြီး တပ်ကြပြန်တယ်။ အဲဒီလို မလုပ်ဖို့ ကျွန်မမှာ အထပ်ထပ် ပြောပေမဲ့ လုပ်တဲ့သူက ပြန်လုပ်ကြတာပါပဲ။ တချို့မိဘတွေကတော့ သူတို့ သားသမီးတွေကို သေချာမှာပါတယ်။ တခါဖြုတ်ပြီး ပြန်မတပ်ဖို့၊ အမှိုက်ပုံးထဲ သေချာ စွန့်ပစ်ဖို့ စသဖြင့်ပေါ့။
.
အမှိုက်ပုံးထဲ စွန့်ပစ်တာနဲ့ ပတ်သက်လို့ လတ်တလော မြင်တာ ပြောရရင် ရုပ်သံဌာနတစ်ခုက H1N1 နဲ့ ပတ်သက်ပြီး လမ်းသွားလမ်းလာတွေကို အင်တာဗျူးလုပ်တဲ့အစီအစဉ် live လွှင့်ပါတယ်။ မြို့လယ်ခေါင်က မဟာဗန္ဓုလပန်းခြံထဲမှာပါ။ အဲဒီမှာ ကလေးငယ်တယောက်က အမှိုက်ပုံးနားမှာ ကျနေတဲ့ mask ကို ယူတပ်နေတာ မြင်လိုက်ရပါတယ်။ အစီအစဉ် တင်ဆက်သူကလည်း အဲဒီကလေးငယ်ကို တားတော့ တားလိုက်တယ် ထင်ပါတယ်။ ဒါကို ကြည့်ပြီး ကျွန်မ တော်တော်လေး ထိတ်လန့် မိတယ်။ အမှိုက်တွေကို စနစ်တကျ မစွန့်ပစ်နိုင်ကြသေးတဲ့/ စွန့်ပစ်ရမှန်း မသိတဲ့/ စွန့်ပစ်တဲ့ စနစ် မရှိတဲ့ ကျွန်မတို့ နိုင်ငံမှာ ဒီလို ကလေးငယ်တွေ ဘယ်လောက်တောင် များနေမလဲ။
.
အမှိုက်ကို စနစ်တကျ မစွန့်ပစ်တဲ့အကြောင်း ကြုံလို့ထပ်ပြောရရင် ရန်ကုန်မြို့ ပုဂ္ဂလိက ဆေးရုံတခုရဲ့ အမှိုက်ကန်မှာ အမှိုက်အိတ်ကြီးနဲ့ တလုံး စွန့်ပစ်ထားတဲ့ အသုံးပြုပြီးသား ဆေးထိုးအပ်တွေကို လူတချို့က မွှေနှောက်ရှာဖွေ ရွေးယူနေတာ ကျွန်မအဖေ ကိုယ်တိုင် မျက်စိနဲ့ တပ်အပ် မြင်ခဲ့ရဖူးပါတယ်။ ထိုနည်းတူစွာပဲ အမှိုက်နဲ့ အမှိုက်ပုံးတွေဟာ မမျှတတဲ့အတွက် ရပ်ကွက်တိုင်းမှာ ထားပေးတဲ့ အမှိုက်ပုံးတွေရဲ့ ဘေးမှာ တောင်ပုံရာပုံ ပုံထားရတဲ့ အမှိုက်တွေ … အဲဒီအမှိုက်တွေကို ထိုးဆွ ရှာနေကြရှာတဲ့ လူတွေ၊ ခွေးတွေကို … မမြင်ရက်စရာ မြင်နေရပါတယ်။ ဒီအမှိုက်ပုံတွေကနေ ရောဂါမျိုးစုံ ကူးစက်ပြန့်ပွါး နိုင်တာကြောင့် အမှိုက်တွေကို အရင်ဆုံး ထိမ်းချုပ်ဖို့လည်း လိုအပ်တယ် မဟုတ်လား။
***
နောက်တခုကတော့ Hand Sanitizer လို့ ခေါ်တဲ့ လက်သန့်စင်တဲ့ ဆေးရည်ဂျဲလ်ပါ။ 
.

H1N1 ကာကွယ်ဖို့ သတိပေးချက်တွေထဲမှာ လက်ကို သေချာဆေးရမယ်၊ လက်သန့်စင် ဆေးရည်ကို သုံးစွဲရမယ် … စသဖြင့် ပါဝင်ပါတယ်။ လက်သန့်စင်ဆေးရည်ဟာ မျက်စိနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယား တွေကို သေစေနိုင်တယ်၊ ဒါကြောင့် အထူးသဖြင့် ဆေးရုံတွေ ဆေးခန်းတွေမှာ လက်သန့်စင်ဆေးကို အသုံးပြုကြပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ ဒီဆေးရည်ကို အတိုင်းအဆနဲ့ အသုံးပြုကြပေမဲ့ မသိနားမလည်တဲ့ ကလေးငယ်တွေက အလွန်အကျွံ သုံးစွဲ ကြတဲ့အခါ … ။
.
ဒါကလည်း ကျွန်မတို့ ကျောင်းမှာ ကြုံရတာပါပဲ။ တရက် Grade 1 အတန်းထဲကို ဝင်သွားတဲ့အခါ စာသင်ခန်းတခန်းလုံး မွှေးသလိုလို နံသလိုလို အနံ့တွေ ရောပြွမ်းပြီး ထောင်းထောင်းထနေပါတယ်။ ဒါနဲ့ မေးမြန်းကြည့်တော့ ကလေးတွေက လက်သန့်ဆေးရည်တွေ အားရပါးရ လိမ်းထားကြပါသတဲ့။ သူတို့အားလုံးနီးပါးဆီမှာ ဆေးရည်ဗူးလေးတွေ ကိုယ်စီနဲ့။ အနံ့အမျိုးမျိုး၊ အရောင်အမျိုးမျိုး၊ ဗူးပုံစံအမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုးပဲ။ ပါလာတဲ့သူတွေ ဗူးတွေစားပွဲပေါ် လာတင်ဖို့ ပြောပြီး ဒီလက်သန့်ဆေးရည်ကို အများကြီး မသုံးဖို့နဲ့ ဘယ်လို သုံးစွဲရမယ်ဆိုတာ ရှင်းပြပေးခဲ့ပါတယ်။ 


အသက် ၅ နှစ် ၆ နှစ် ကလေးတွေ အနေနဲ့ သူတို့ရဲ့ နူးညံ့ပါးလွှာတဲ့ အရေပြားလေးတွေဟာ ဓာတုပစ္စည်းတွေပါတဲ့ လက်သန့်ဆေးရည်တွေ အလွန်အကျွံသုံးစွဲဖို့ မသင့်တော်ပါဘူး။ ဒါကို လူကြီးမိဘတွေလည်း သတိထားသင့် ပါတယ်။ သူတို့လေးတွေက အနံ့လေး မွှေးပြီး လိမ်းလိုက်ရင် အေးအေးလေး ဖြစ်နေတော့ သဘောကျကြပြီး ခဏခဏ လိမ်းကြတယ်၊ သူတို့ချစ်တဲ့ ဆရာ ဆရာမတွေကိုလည်း လက်ဖြန့်ခိုင်းပြီး အပုံလိုက် ညှစ်ချလို့ လိမ်းစေတယ်။ တရက်ထဲနဲ့ တဗူးကုန်လုနီးပါး သုံးထားတဲ့ ကလေးတွေလည်း ရှိပါတယ်။
.
စာသင်ချိန်အပြီး Google မှာ side effect of hand sanitizer ကို ရှာကြည့်တော့ အလွန်အကျွံသုံးစွဲရင် ဖြစ်နိုင်တာတွေ တော်တော်များများကို တွေ့ရပါတယ်။ အရေပြားထိခိုက်ခြင်းက အစပြုလို့ နောက်ဆုံး ကင်ဆာ ရောဂါအထိ ဖြစ်နိုင်ချေရှိတာတွေကို ဖတ်ရတော့ ဘုရားတ မိတယ်။
.
လက်သန့်ဆေးရည်တွေမှာ ပါဝင်နိုင်တဲ့ ဓာတုပစ္စည်းတွေဖြစ်တဲ့ Triclosan နဲ့ Parabens တို့ဟာ ဘက်တီးရီးယားတွေ ရှင်သန်ကြီးထွားခြင်းကို ကာကွယ်ပေးပေမဲ့ သူ့ရဲ့ ဘေးထွက်ဆိုးကျိုးတွေက မနည်းပါဘူး။ ၂၀၁၄ ခုနှစ်မှာ အမေရိကန် ဓာတုအဖွဲ့အစည်းက တွေ့ရှိချက်အရ Triclosans ဟာ ရင်သားကင်ဆာဆဲလ် ရှင်သန်ကြီးထွားကို အားပေးအားမြှောက် ပြုပါသတဲ့။ ဒါ့အပြင် ကယ်လီဖိုးနီးယား တက္ကသိုလ်က လေ့လာတွေ့ရှိချက်အရတော့ ဦးနှောက်က ဆဲလ်တွေကိုလည်း သေစေနိုင်တယ်လို့ ဆိုပါတယ်။ Parabens ကလည်း အရေပြား ခြောက်ခြင်း, ယားယံခြင်းတွေ ဖြစ်စေနိုင်သလို ဦးနှောက်နဲ့ အာရုံကြောစနစ်၊ ဟော်မုန်းစနစ်တွေကို ထိခိုက်စေပြီး ကင်ဆာရောဂါအထိပါ ဖြစ်နိုင်တယ်ဆိုတာ ဖတ်လိုက်ရပါတယ်။
.
ဒီလက်သန့်ဆေးရည်တွေမှာ အများဆုံးပါတဲ့ အယ်လ်ကိုဟောကလည်း လျက်မိရင်၊ ရှူမိရင် အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။ တချို့အမျိုးအစားက alcohol free ဆိုရင်တောင် သူ့မှာပါတဲ့ တခြား ဓာတုပစ္စည်းတွေက ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းရည်ကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။ ဗူးလေးတွေကို လေ့လာကြည့်တော့ ဗူးနောက်ကျော ရိုက်နှိပ်ထားတဲ့ ပါဝင်ပစ္စည်းစာရင်းက သေးလွန်းလို့ မနည်းဖတ်ရပါတယ်။ အသက် ၆ နှစ်အောက် ကလေးတွေ သုံးစွဲမယ်ဆိုရင် လူကြီးရ့ လမ်းညွှန်မှုနဲ့ သုံးစွဲရမယ် လို့ သတိပေးချက်တွေ ပါပေမဲ့ ဝယ်ယူသူ အများစုဟာ ဒါတွေကို တကူးတက သိပ်မဖတ်ကြပါဘူး။ လက်သန့်ဆေးရည်ကို နေ့စဉ်သုံးစွဲကြရတဲ့ ကျန်းမာရေးဝန်ထမ်းတွေတောင် ကြာရှည်မှာ ကျန်းမာရေး ထိခိုက်တယ်လို့လဲ ဆိုထားတာကြောင့် ဒီလက်သန့်စင် ဆေးရည်ဟာ အနည်းအကျဉ်း အသုံးပြုရင် အကျိုးရှိပေမဲ့ အများအပြား အလွန်အကျွံသုံးစွဲရင်တော့ အင်မတန် အန္တရာယ်များတာကို တွေ့ရပါတယ် တဲ့။
.
မသိနားမလည်တဲ့ ကလေးတွေဟာ အတိုင်းအဆမရှိ သုံးစွဲတတ်ကြတာကြောင့် မိဘတွေ ဆရာတွေ အနေနဲ့ တင်းတင်းကျပ်ကျပ် သတိပေးသင့်ပါတယ်။ ကျွန်မကတော့ ဒီလက်သန့်စင် ဆေးရည်ဟာ ရေနဲ့ ဆပ်ပြာ အလွယ်တကူ မရှိမှသာ အနည်းအကျဉ်း သုံးရတာ ဖြစ်ပြီး ခဏခဏ မလိမ်းသင့်ဘူးဆိုတာ သူတို့လေးတွေနားလည် သဘောပေါက်အောင် အထပ်ထပ် အခါခါ ပြောပြခဲ့ရပါတယ်။ ဒါ့အပြင် mask တပ်တာနဲ့ လက်သန့်ဆေးရည် သုံးတာမှ H1N1 ကို ကာကွယ်တာ မဟုတ်ဘူး၊ အာဟာရဖြစ်တဲ့ အစားအစာတွေ, လတ်ဆတ်တဲ့ အသီးအနှံ ဟင်းသီးဟင်းရွက်တွေ, ဗိုက်တာမင် စီဓာတ်ပါတာတွေ စား၊ ရေများများသောက်၊ ကျန်းမာရေး လှုပ်ရှားမှု တခုခုလုပ်၊ လူထူထပ်တဲ့ နေရာတွေ ရှောင် စသဖြင့် ပြောရပါသေးတယ်။
.
ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုပြီး ထိရောက်သတဲ့။
ခုလိုမျိုး လွန်ကဲစွာ ကာကွယ်ခြင်းရဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိလာတဲ့အခါ … ကာကွယ်ရင်း ထိခိုက်တာမျိုး မဖြစ်ရအောင် ဉာဏ်နဲ့ ဆင်ခြင်ပြီး သင့်တင့်စွာ ကာကွယ်ကြပါလို့ သတိပေးလိုက်ရပါတယ်။
***
မေဓာဝီ
.
Ref: News Max Health – 6 reasons to avoid Hand Sanitizers (by Sylvia Booth Hubbard)

(မြန်မာတိုင်းမ် နေ့စဉ် သတင်းစာ - ၁၈.၀၈.၁၇)

Read More...

Thursday, August 17, 2017

သမိုင်းဆိုတာ ... ကဗျာတပုဒ် ...


********
သမိုင်းဆိုတာ ...
(၁)
.
စီးဆင်း​နေတဲ့ မြစ်​တစင်း ...
~~~~~~~~~~~
သြဂုတ်​လဆန်းတုန်းက Grade 8 နဲ့ Grade 9 ​ကျောင်းသား​တွေကို သမိုင်း စ သင်​ရတယ်​။ ကျွန်​မ သမိုင်း သင်​မယ်​ဆို​တော့ ​ကျောင်းသူတ​ယောက်​က သမိုင်းသင်​ရမှာ ပျင်းလိုက်​တာ စာသင်​ရင်း အိပ်​​ပျော်​သွားမှာပဲ လို့ ​ပြောတယ်​။ အင်း​လေ ကျွန်​မတို့ ငယ်​ငယ်​ကလည်း သမိုင်းဆိုတာ ပျင်းစရာ ဘာသာရပ်​လို့ သတ်​မှတ်​ခဲ့တာပဲကိုး။
.
ငယ်​ငယ်​က ကျွန်​မအပါအဝင်​ သူငယ်​ချင်း အ​တော်​များများက သမိုင်းဘာသာရပ်​ကို ငြီး​ငွေ့ကြတယ်​။ သမိုင်းကျက်​ရမှာလည်း ပျင်းတယ်​။ မှတ်​ရခက်​တဲ့ ခုနှစ်​သက္ကရာဇ်​​တွေ၊ နာမည်​​တွေကိုလည်း စိတ်​ပျက်​ခဲ့ကြတယ်​။ ဒါ​ပေမဲ့ သမိုင်းစာ​မေးပွဲ​တွေနဲ့ ​ဝေးကွာလာချိန်​မှာ သမိုင်းရဲ့ အ​ရေးပါမှု​တွေကို တစတစ နားလည်​လာပြီး သမိုင်းပညာရပ်​ကို တန်​ဖိုးထားရ​ကောင်းမှန်း သိလာခဲ့တယ်​။
.
သမိုင်းဆိုတာ ပြဋ္ဌာန်းစာအုပ်​ထဲမှာတွင်​ ရှိတာမဟုတ်​ဘူး၊ စာအုပ်​ထဲမှာပဲ ရပ်​​နေတာ မဟုတ်​ဘူး၊ သမိုင်းဟာ စီးဆင်းနေတဲ့ မြစ်​တစင်း ... ။
***
(၂)
.
အရိပ်ပမာ ...
~~~~~~~
သူတို့လေးတွေအတွက် ပြဋ္ဌာန်းစာအုပ်ကို ဗြိတိန်နိုင်ငံထုတ် History of the World ဆိုတဲ့ စာအုပ်ထဲက ကောက်နုတ်ထားပါတယ်။ ဒီစကြာဝဠာကြီးနဲ့ ကြယ်တွေ ဂြိုဟ်တွေ၊ ကိုယ်နေထိုင်ရာ ကမ္ဘာကြီး ဖြစ်ပေါ်လာပုံက အစပြုပြီး ဒီနေ့ခေတ် အထိ နှစ်အပိုင်းအခြားအလိုက် ပုံလေးတွေနဲ့ ဖော်ပြထားတာမို့ စိတ်ဝင်စားစရာ စာအုပ်တအုပ်ပါပဲ။ စာသင်နှစ် တနှစ်တာ အတွင်း ဒီစာအုပ် တအုပ်လုံးတော့ သင်ကြားချိန် ရမှာ မဟုတ်ပါဘူး။ သမိုင်းက အဓိက ဘာသာရပ် မဟုတ်တဲ့အတွက် တပတ်ကို ၂ ချိန်ပဲ ပါပြီး အတော်အသင့် လောက်သာ ကောက်နုတ် သင်ပေးရမှာပါ။
.
ပြဋ္ဌာန်းစာအုပ် စမသင်ခင် ...
ဝှိုက်​ဘုတ်​မှာ What is history? ဆိုတဲ့ ​မေးခွန်း​လေး စ​ရေးပြီး သူတို့ကို ​မေး​တော့ အ​ဖြေ​တွေ အမျိုးမျိုး ​ပေးကြပါတယ်​။ သူတို့အ​ဖြေ​လေး​တွေကို စုစည်း လိုက်​​တော့ History ဆိုတာ ဘာလဲ ဆိုတဲ့ ​အ​ဖြေထွက်​လာတာ​ပါပဲ။ ဒီလိုနဲ့ ​နောက်​ထပ်​ ​Why is history important? ဆိုပြီး ​မေးခွန်း​လေး ​ထပ်​​မေးလိုက်​ အ​ဖြေ​တွေ စုစည်းလိုက်​နဲ့ အမေး အ​ဖြေ လုပ်​ရင်း သင်​သွားလိုက်​တာ အချိန်​ ကုန်​မှန်းမသိ ကုန်​သွားပါ​ရော။
.
အဆင့်​ဆင့်​ ​ပြောင်းလဲလာတဲ့ ယဉ်​​ကျေးမှု၊ ယုံကြည်​ကိုးကွယ်​မှု၊ ဖန်​တီးမှု၊ နိုင်​ငံ​ရေး၊ လူ​နေမှုစနစ်​စတဲ့ အ​ကြောင်း​တွေကို ဥပမာ​လေး​တွေန့ ​ပြောပြ​တော့ ​စော​စောက "အိပ်​​ပျော်​သွားမှာပဲ" ဆိုတဲ့ ​ကျောင်းသူ​လေးလဲ မျက်​လုံး​လေး ​တောက်​ပပြီး စိတ်​ဝင်​တစား နား​ထောင်​၊ ​မေးတဲ့ မေးခွန်း​တွေကို တက်​တက်​ကြွကြွ ဖြေဆိုတာ ​တွေ့ရတယ်​။
.
ကျွန်​မတို့ ​ပြောကြ ဆိုကြ ​ဆွေး​နွေးကြတဲ့ထဲမှာ ကမ္ဘာ့သမိုင်း၊ မြန်​မာ့သမိုင်း အကုန်​​စုံလို့ပဲ။ ပတ္တမြားင​မောက်​ပါသလို 9/11 လည်း ပါတယ်​။ King Henry VIII အ​ကြောင်းပါသလို ဂဠုန်​ဦး​စောလည်း ပါတယ်​။ သီ​ပေါမင်း ပါ​တော်​မူတာ ပါသလို ချားလ်​စ်​နဲ့ ဒိုင်​ယာနာ တို့ရဲ့ ဇာတ်လမ်း လည်း ပါတယ်​။ သူတို့သိတာတွေလည်း သူတို့ပြော၊ ကျွန်မသိတာလည်း ကျွန်မက ပြောပေါ့ ... ။
.
ဒါတွေအားလုံးဟာ သမိုင်းပဲ မဟုတ်လား။ တိုင်းပြည် နိုင်ငံတခုမှာမှ သမိုင်းရှိတာ မဟုတ်ဘူး၊ လူတိုင်းမှာ သမိုင်းရှိတယ်၊ သမိုင်းဆိုတာ ကိုယ် ရှေ့ကိုသွားတိုင်း ကိုယ့်နောက်မှာ အရိပ်လို အမြဲပါနေတာ ... ။
***
(၃)
.
ကဗျာတပုဒ် ...
~~~~~~~~
သမိုင်းပညာရှင်တွေရဲ့ သမိုင်းဆိုင်ရာ အဆိုအမိန့်တွေ ပြောတဲ့အခါ ...
ဒေါက်တာသန်းထွန်းပြောတဲ့ “သမိုင်းကို လေ့လာတာ မအအောင်လို့” ... ဆိုတာလေး ဦးဆုံးပြောပြတော့ သူတို့ သိပ်သဘောကျကြတယ်။ ကျောင်းသား တယောက်က ...
.
“အိမ်ရောက်ရင် ပါပါးကို သွားမေးရမယ် ... သမိုင်းကို ဘာလို့ လေ့လာရတာလဲ ပါပါး သိလား လို့ .... ဟားဟား ... ပါးပါး သိမှာမဟုတ်ဘူး တီချာ ... ”

ပြောပြီး သူ့ဟာသူ သဘောတွေကျနေသေးတာ။
.
သမိုင်းကို လေ့လာခြင်းအားဖြင့် ပြီးခဲ့တဲ့ အဖြစ်အပျက်တွေကနေ သင်ခန်းစာယူပြီး မကောင်းတာဆိုလည်း နောက်ထပ် မဖြစ်ရအောင်၊ ကောင်းတာတွေကို ပြန်လည် အသုံးချရအောင် ... စသဖြင့် ပြောပြရင်း စစ်ဘုရင်ကြီး နပိုလီယံရဲ့ စကား၊ အတွေးအခေါ်ပညာရှင်ကြီး George Santayana ရဲ့ စကားတွေ ရေးပေးဖြစ်တယ်။
.
History is the version of the past events that people have decided to agree upon. 
(Napoleon Bonaparte)
.
Those who do not remember the past are condemned to repeat it.
(George Santayana)
.
သူတို့ကို ရေးပေးခဲ့တဲ့ quote သုံးခုအနက် ကျွန်မကတော့ အင်္ဂလိပ်ကဗျာဆရာ ရှယ်လီ ပြောတာကို အနှစ်သက် ဆုံးပါပဲ။
.
ရှယ်လီက ခုလို ပြောခဲ့သတဲ့။
History is a cyclic poem written by time upon the memories of man.
(Shelley, English poet)
.
သမိုင်းဆိုတာ ...
အမှတ်တရများစွာ​ကို
အချိန်က ရေးဖွဲ့ထားတဲ့
ကဗျာရှည်တပုဒ် ... ။
... ... ...
***
ကျင်လည်ရာ ဘဝမှာ ကာရန်ညီတဲ့ ကဗျာလှလှလေး တပုဒ် ဖြစ်အောင် ရေးဖွဲ့ဖို့ ကြိုးစားရပါဦးမယ်။
***
မေဓာဝီ
17.08.17
10.17

Read More...

Tuesday, August 08, 2017

အတူ ...




 ပြည်သူ့စကား
အလေးထားကာ
နှလုံးသားဖြင့် ခံစားသူ ... ။ 
***
MDW
၀၈.၀၈.၁၇

Read More...

Friday, August 04, 2017

နံနက်ခင်း ...


နံနက်​ခင်း
***
တစက်​ နှစ်​စက်​ မိုး​ရေစက်​ ...
ကောင်းကင်​ထက်​မှ ခုန်​ချလျက်​၊
...
တရွက်​ နှစ်​ရွက်​ နုသစ်​ရွက်​...
သစ်​ပင်​ထက်​မှာ စိမ်းမြလျက်​၊
...
တခက်​ နှစ်​ခက်​ မာလာခက်
နုပျိုလန်းဆန်း ပွင့်​လန်းလျက်​၊
...
တရက်​ နှစ်​ရက်​ ​ရေကာတွက်
ကုန်​ဆုံးသွားတဲ့ ဒီနံနက်​ ... ။
***

မေဓာဝီ
04.08.17

Read More...

Tuesday, August 01, 2017

ည လ ယ် ယံ ဂီ တ

ည လယ်​ ယံ ဂီတ ...
***
တ​ဖြောက်​​ဖြောက်​ ရွာတဲ့မိုး
စုတ်​ထိုး​နေတဲ့ အိမ်​​မြှောင်
ရမ်း​ယောင်​​အော်​တဲ့ ညဉ့်​ငှက်
သစ်​ရွက်​ချင်း ပွတ်​တိုက်​သံ
ညလယ်​ယံရဲ့ ဂီတ
တ​ရေးနိုးတဲ့ ညမှာ 
ကြားတယ်​။
***

မေဓာဝီ
01.08.17
03.08 am

Read More...

Sunday, July 30, 2017

အိုးတိုက်ဖွဲပြာနဲ့ သရီးအာ

***
တနင်္ဂ​နွေ​နေ့လယ်​ခင်း ပျင်းပျင်းနဲ့ အဝတ်​​တွေ မီးပူတိုက်​​နေတုန်း ...
"အိုး .... တိုက်​ ... ဖွဲပြာ ..." လို့ ​လေး​လေးပင်​ပင်​ ဆွဲငင်​ ​အော်​​ရောင်းသံကို ကြားလိုက်​ရတယ်​။ အဲဒီအသံမျိုး မကြားရတာ အ​တော်​ကြာပြီမို့ တိုက်​လက်​စ မီးပူ​လေး အသာ​ထောင်​ပြီး အိမ်​​ရှေ့ ဝရံတာဘက်​ သွားကြည့်​မိ​တော့ အိုးတိုက်​ဖွဲပြာ ​ရောင်းတဲ့ သူငယ်​မ​လေးဟာ လမ်းကျဉ်းက​လေးထဲက​နေ ​​ဘောက်​ဆတ်​ ​ဘောက်​ဆတ်​​လျှောက်​ရင်း ကျောခိုင်းထွက်​သွား​လေရဲ့။
.
ဖွဲပြာသည်​​လေး ထွက်​သွား​ပေမဲ့ အ​တွေး​တွေက ကျန်​ခဲ့တယ်​။ မီးပူ​တောင်​ ဆက်​မတိုက်​ဖြစ်​​သေးပဲ အိုးတိုက်​ဖွဲပြာ ဆိုတဲ့ စကားလုံ ​လေးလုံးကို နှုတ်​က ​ရေရွတ်​ရင်း အိုးတိုက်​ဖွဲပြာ အ​ကြောင်း စဉ်းစား​ခန်းဝင်​​နေမိ​ပါရော။ အိုးတိုက်​ဖွဲပြာ ဆိုတာ ခု​ခေတ်​ က​လေး​တချို့ မသိနိုင်​​တော့တဲ့ ​ဝေါဟာရများ ဖြစ်​သွားပြီလား။ ကိုယ်​​တွေ​တောင်​ အိုးတိုက်​ဖွဲပြာနဲ့ ကင်း​ဝေးခဲ့တာ ဆယ်​စုနှစ်​ တခုမက​တော့ဘူး​လေ ... ။
***
ငယ်​ငယ်​က အိုးတိုက်​ဖွဲပြာနဲ့ ရင်းနှီးခဲ့တာ​လေး ပြန်​​တွေးမိ​တော့ အိမ်က ပန်းကန်​​ဆေးတဲ့​နေရာ​လေးမှာ နှုတ်​ခမ်းသား​ ​ဆေးကွာ​နေတဲ့ ​ကြွေရည်​သုတ်​ ခွက်​အ​ဟောင်း​လေး တလုံးရယ်​ စဉ့်​အင်​တုံ အ​သေး​လေး တ​လုံးရယ်​ကို ​သတိရမိတယ်​။ ​ကြွေရည်​သုတ်​ ခွက်​က​လေးထဲမှာ​တော့ ဆပ်​ပြာခဲ အဝါ​လေးနဲ့ အုန်းဆံဖတ်​ ရှိပြီး စဉ့်​အင်​တုံခွက်​​လေးထဲမှာ​တော့ အိုးတိုက်​ဖွဲပြာ​တွေ ထည့်​ထားတယ်​။ အိုးတိုက်​ဖွဲပြာ ခွက်​ထဲမှာလဲ ဖွဲပြာ​တွေ ​ပေလူး​နေတဲ့ ဆပ်​ပြာတုံး​လေးနဲ့ အုန်းဆံဖတ်​ ရှိပါ​သေးတယ်​။
.
အိမ်​မှာ အုန်းပင်​​တွေက ​ပေါ​တော့ ပန်းကန်​​ဆေးဖို့ အုန်းဆံဖတ်​အတွက်​ ပူစရာ မလိုခဲ့ဘူး။ အုန်းသီး​ခြောက်​​တွေ အပင်​က ချတဲ့အခါ အခွံခွာပြီး အပြင်​အခွံကြမ်းက ကြမ်းတိုက်​ ကြမ်း​ဆေးဖို့၊ အတွင်းက အုန်းဆံဖတ်​နုက ပန်းကန်​​ဆေးဖို့ ရယ်​လို့ လူကြီး​တွေက ခွဲခြား သိမ်းဆည်း ခဲ့ကြတယ်​။ အုန်းဆံဖတ်​ မဝယ်​ရ​ပေမဲ့ အိုးတိုက်​ဖွဲပြာကို​တော့ ဝယ်​ရပါတယ်​။ လမ်းထဲမှာ လာ​ရောင်းတဲ့ အိုးတိုက်​ဖွဲပြာသည်​က မရှိဘူးဆိုရင်​ သုံး​လေးသည်​​ လောက်​​တော့ ရှိမယ်​။
.
အဲဒီ​ခေတ်​တုန်းက ထမင်းဟင်းချက်​ရင်​ လျှပ်​စစ်​မီးဖိုနဲ့ ချက်​ကြတာ နည်းပါတယ်​။ ​ရေနံဆီ မီးဖို၊ မီး​သွေး မီးဖို၊ ထင်းမီးဖို ​တွေနဲ့ ချက်​ကြ​တော့ အိုး​တွေမှာ မီးခိုးမှိုင်း​တွေနဲ့ မည်း​နေတတ်​တယ်​။ အိုး​တွေ ဘယ်​​လောက်​မည်းမည်း အိုးတိုက်​ဖွဲပြာနဲ့ တိုက်​လိုက်​ရင်​ ​ပြောင်​သွားတတ်​တာမို့ အိမ်​တိုင်းလိုလို အိုးတိုက်​ဖွဲပြာ သုံးကြ​တော့ ​ရောင်းတဲ့ သူ​တွေလည်း များ​နေတာ​ပေါ့။
.
အဲဒီတုန်းက ငယ်​​သေး​တော့ ထမင်းစားပြီး ကိုယ့်​ပန်းကန်​ ကိုယ်​မ​ဆေးရ​ပေမဲ့ အိမ်​က လက်​တိုလက်​​တောင်း အမကြီး​တွေ ​ဆေး​ကြောရင်​ မြင်​​နေတာမို့ ပန်းကန်​​​ ခွက်​​ယောက်​​တွေ ဆေးတဲ့အခါ ဆပ်​ပြာအသန့်​ အုန်းဆံအသန့်​နဲ့ ​ဆေးပြီး ဒယ်​အိုး​တွေ ဒန်​အိုး​တွေတိုက်​ရင်​​တော့ အိုးတိုက်​ဖွဲပြာနဲ့ တိုက်​​လေ့ရှိတာ သိခဲ့ရတယ်​။ အိုး​တွေတိုက်​လို့ အိုးတိုက်​ဖွဲပြာဆိုပြီး ​ခေါ်တာပဲလို့ ငယ်​ကတည်းက စိတ်​ထဲ စွဲ​နေခဲ့တယ်​။
.
အိုးတိုက်​ဖွဲပြာက မည်း​တယ်​ ကြမ်းတယ်​၊ သူနဲ့တိုက်​လိုက်​ရင်​ ဒန်​အိုး​တွေက ​ဘယ်​​လောက်​ ပြောင်​​တယ်​ပဲဆိုဆို အိုးတိုက်​ဖွဲပြာ မည်းမည်း ကြမ်းရှရှကြီး​တွေကို ကိုင်​ရ တိုက်​ရမှာ မနှစ်​မြို့စရာ လို့ ယူဆခဲ့ပါတယ်​။ ဘာ​ကြောင့်​လဲ ဆို​တော့ အိုးတိုက်​ဖွဲပြာ ​နေ့တိုင်းတိုက်​တဲ့ အမကြီး​တွေရဲ့ လက်​ဟာ အိုးတိုက်​ဖွဲပြာလိုပဲ ကြမ်းတမ်းနေလို့ပါ။
.
အသက်​​လေး နည်းနည်းကြီးလာ​တော့ အိုးတိုက်​ဖွဲပြာဆိုတာ စပါးခွံ​တွေဆိုတာ သိလာတယ်​။ ဖွဲပြာသည်​​လေး​တွေဟာ ဆန်​စက်​က ထွက်​တဲ့ မီးသင့်​​နေတဲ့ စပါးခွံ​တွေကို သွားကြုံးပြီး အိမ်​​တွေမှာ အိုးခွက်​တိုက်​ဖို့ ပြန်​ရောင်းကြတာ​ပေါ့။ အိုးတိုက်​ဖွဲပြာ ... လို့ ​သံစဉ်​ အမျိုးမျိုးနဲ့ တလမ်းဝင်​ တလမ်းထွက်​ အော်​​ရောင်း​နေတဲ့ သူတို့​ရဲ့ ခေါင်း​ပေါ်က ဗန်းထဲမှာ ပုဆိုးကွင်းပတ်​နဲ့ အပြည့်​ အိုးတိုက်​ဖွဲပြာ​တွေ ရှိတယ်​။ ဝယ်​သူရှိရင်​ ဗန်းက​လေး ​အောက်​ချ ပုဆိုးကွင်းထဲက ဖွဲပြာ​တွေ နို့ဆီခွက်​နဲ့ ချင်​၊ တဗူး ဘယ်​​လောက်​ သတ်​မှတ်​ပြီး ​ရောင်းကြတာပါပဲ။ 
.
အိုးတိုက်​ဖွဲပြာသည်​ ဆိုတာ ​ခေါင်းရွက်​ ဗျတ်ထိုး ​ဈေးသည်​​တွေထဲမှာ အရင်းအနည်းဆုံးမို့ အဆင်းရဲဆုံးလို့ ဆိုရင်​လည်း မမှား​လောက်​ပါဘူး။ အ​ရောင်​အ​သွေး မပီပြင်​​တော့တဲ့ အဝတ်​​လေး​တွေကို ဝတ်၊ ဖိနပ်​မြီးတို​လေး စီးပြီး ရွာရိုးကိုး​ပေါက်​ အိုးတိုက်​ဖွဲပြာ ​အော်​​ရောင်းကြရတဲ့ သူတို့ဘဝဟာ အိုးတိုက်​ဖွဲပြာလိုပဲ အင်​မတန်​ ကြမ်းတမ်း နိမ့်​ကျလိုက်​တာ လို့ ​တွေးခဲ့မိတယ်​။
***
ဒီလိုနဲ့ ​ခေတ်​​တွေ​ပြောင်းလာ​တော့ ပန်းကန်​​ဆေးတဲ့နားက ခွက်​က​လေး​တွေဟာလည်း ​ကြွေရည်​သုတ်​ခွက်​ စဉ့်​အင်​တုံခွက်​ မဟုတ်​​တော့ပြီ။ အိုးတိုက်​ဖွဲပြာနဲ့ အုန်းဆံဖတ်​အစား steel wool နဲ့ sponge တို့ ဖြစ်​သွားပြီ။ စတီးအိုးနဲ့ လျှပ်​စစ်​နဲ့ ချက်​တာမို့ ​ပြောင်​​အောင်​ အရမ်းတိုက်​စရာလည်း မလို​တော့။ အိုးတိုက်​ဖွဲပြာ မည်းမည်း ကြမ်းကြမ်းကြီး​တွေနဲ့ ​ဝေး​တော့ စတိုင်​​တော့ အကျသား။
.
ဒါ​ပေမဲ့ တခါတရံ ထမင်းထဲမှာ စတီးမျှင်​​လေး​တွေ ပါလာတဲ့အခါ၊ ပန်းကန်​​ဆေးတဲ့ အစိမ်းဖတ်​က အမျှင်​​လေး ​ကော်​ဖီခွက်​ လက်​ကိုင်​မှာ ကပ်​​နေတဲ့အခါ ဘုရားတ ရင်း ​သေချာ​ဆေးဖို့ ​ကောင်​မ​လေး​တွေကို မှာရပြန်​ပါတယ်​။ အရင်​က သုံးတဲ့ အုန်းဆံလို သဘာဝမဟုတ်​တာမို့ အန္တရာယ်​ များလွန်းတဲ့အရာ​တွေ ဝမ်းထဲ မ​ရောက်​​စေချင်​ပါဘူး။ ​ခေတ်​ရဲ့ အလိုကျ သုံးရတဲ့ ပစ္စည်း​တွေက စဉ်းစားကြည့်​ရင်​ အန္တရာယ်​​တော့ အများသား။ မသုံးလိုလည်း မဖြစ်​ဘူးပဲ ဆိုပါ​တော့။
.
အိုးတိုက်​ဖွဲပြာသည်​ အသံကြားလို့ ပြန်​​တွေးရင်း အရင်​ကလို အုန်းဆံဖတ်​နဲ့ အိုးတိုက်​ဖွဲပြာ ပြန်​သုံးရ ​ကောင်းမလား စိတ်​ကူးယဉ်​​နေမိ​ပါသေးတယ်​။ စိတ်​ကူးသာ ယဉ်​မိတာ တိုက်​မလားလို့ အလကားလာ​ပေးရင်​​တောင်​ ယူမိမှာ မဟုတ်​ပါဘူး။ ခုပဲကြည့်​​လေ၊ အိုးတိုက်​ဖွဲပြာ ​ရောင်းသူရှိ​နေ​သေး​ပေမဲ့ ဝယ်​သူက မရှိ​တော့။
.
ခုချိန်လို ကမ္ဘာနဲ့အဝှမ်း reduce, reuse, recycle လို့ ​အော်​​နေကြတဲ့ ​ခေတ်​ကြီးမှာ 3Rs ရဲ့ ​မော်​ဒယ်​လ်​ အိုးတိုက်​ဖွဲပြာသည်​​လေး​တွေဟာ အိုးတိုက်​ဖွဲပြာ မည်းမည်း ကြမ်းကြမ်းကြီး​တွေကို ရွက်​ရင်း ဘဝကြမ်းကြမ်းရဲ့ လမ်းကြမ်းကြမ်း​တွေမှာ ​လျှောက်​​နေကြရဆဲ ... ။
***
မေဓာဝီ
30.07.17
15.50
.

Read More...

Monday, July 17, 2017

အဘိုး ...

(၁)
***
အဘိုး၏ အစိန္တေယျဘုရားရှိခိုးသံနှင့် နိုးထခဲ့ရသည့် ဝေလီဝေလင်း နံနက်ခင်းများကို အမှတ်ရမိသည်။ အဘိုး ဟု ပထမဆုံး မှတ်မိခဲ့သည်က ထိုအသံပင်။ ထိုစဉ်က အသက် သုံးလေးနှစ်လောက်သာ ရှိဦးမည် ထင်သည်။ ကျောင်းမနေရသေးသည့်အရွယ်။ အဘိုးက ဝေဘူဆရာတော်၏ တပည့်ရင်းမို့ ဝေဘူဆရာတော် ရန်ကုန်သို့ကြွလာလျှင် မနက်အစောကြီး အရုဏ်ဆွမ်းကပ်ရန် ရွှေတိဂုံဘုရား တောင်ဘက်မုခ်က အင်းလေးဓမ္မာရုံသို့ မိုးမလင်းမီ တအိမ်လုံး သွားကြရသည်။ ထိုနံနက်ခင်းတွေမှာ ကားပေါ် အိပ်ငိုက်ရင်း လိုက်ပါသွားခဲ့ရသည်ကို ခုထိမမေ့သေး။
.


အဘိုးကို မြေးတွေအားလုံးက ဘဘကြီးဟု ခေါ်ရသည်။ ကျောင်းမနေရသေးပေမဲ့ အစ်မနှစ်ယောက် သင်ပေးသည့် ရှဥ့်ညိုလေးတို့ ယုန်ကလေးက နားရွက်ထောင်တို့ စသည့် ကဗျာလေးတွေကို ဟန်အမူအရာလေးဖြင့် ရွတ်ပြလျှင် အဘိုးက ရှုံ့အိတ်လေးထဲမှ ငွေအကြွေ အလေးစေ့လေးတွေ ဆုချလေ့ရှိသည်။ ဆယ်ပြား တမတ် ငါးမူး စသဖြင့်နေမှာပေါ့။ သူတို့ညီအစ်မတတွေ တူတူပုန်းတမ်းဆော့ကြလျှင် ပက်လက်ကုလားထိုင် အကြီးကြီးဖြင့် စာထိုင်ဖတ်နေသော အဘိုးက ပုဆိုးဖြင့် ကွယ်ကာ ထိုင်ခုံအောက်မှာ သူ့ကို ဝှက်ထားပေးတတ်သည်။ အဘိုး၏ ဘန်ကောက်လုံချည်သည် ထိုအခါက သူ့တကိုယ်စာကို လုံခြုံအောင် ဝှက်ထားပေးနိုင်ခဲ့၏။
.

ဒီလိုနှင့် သူကျောင်းနေရသည့်အရွယ် ရောက်လာပြီး ကျောင်းနှင့်အိမ် သွားလာရင်း အဘိုးကို သူမေ့နေခဲ့သည်။ ထိုရက်ပိုင်းတွေ အဘိုးအိမ်မှာရှိမရှိ သတိမထားမိခဲ့။ သူသတိထားမိသည့် အချိန်မှာတော့ အဘိုး ပြန်ရောက်လာပြီ။ သို့သော် အဘိုးက လူအဖြစ်ဖြင့် မဟုတ်တော့။ အဘိုးကို ဘဘကြီးဟု မခေါ်ရတော့။ ဦးဇင်းကြီးဟု ပြောင်းခေါ်ရသည်။ အဘိုးက ခေါ်လျှင် ဘုရား ဟုထူးရသည်။ အဘိုးက ပြောလျှင် တင်ပါ့ဘုရားဟု ပြောရသည်။ သူငယ်တန်း တက်သည့်နှစ်တွင် အဘိုးရဟန်းဝတ်ခဲ့ခြင်း ဖြစ်သည်။
.


အဘိုးက ဝေဘူဆရာတော်ထံတွင် ဒုလ္လဘ ရဟန်းခံရင်း တသက်တာလုံး ရဟန်းအဖြစ်ဖြင့် နေထိုင်ခဲ့လေ၏။ ရဟန်းဖြစ်သွားသောကြောင့် အိမ်သားတွေနှင့် တမိုးထဲ အတူမနေရသည့် အဘိုးက ဒရဝမ်တဲ ဟု သူတို့ခေါ်သော (ယခင် ခြံစောင့်မိသားစု နေခဲ့သည့်) ခြံထောင့်က သစ်သားအိမ်ကလေးမှာ သီတင်းသုံး နေထိုင်ခဲ့သည်။ သူတို့တွေက အချိန်မှန် အဘိုးဝေယျာဝေစ္စ သွားလုပ်ပေးရသည်။ အမေက ဆွမ်းချက် ဆွမ်းကပ် သူတို့တွေက တံမြက်လှည်း ဖုန်သုတ် ထွေးခံဆေး စသဖြင့်ပေါ့။
.
အဘိုးက ခေတ်မီသည်။ ပညာရေးကို အလေးထားသည်။
ပဉ္စမတန်းမှ အင်္ဂလိပ်စာ စသင်ရသော ခေတ်တွင် မွေးဖွါးကြီးပြင်းလာသော သူတို့ကို သူငယ်တန်းကတည်းက အေ ဘီ စီ ဒီ သင်ပေးခဲ့သည်။ နှစ်တန်း သုံးတန်းလောက်မှာ အင်္ဂလိပ်ခေတ်က ကျောင်းတွေမှာသင်ရသော Reader စာအုပ်လေးတွေနှင့် စတင် မိတ်ဆက်ပေးခဲ့သည်။ လေး ငါးတန်းမှာ အက်ဆေးနှင့် letter writing သင်ပေးခဲ့ပြီး ခြောက်တန်း ခုနစ်တန်း အရွယ်မှာတော့ အင်္ဂလိပ် လက်နှိပ်စက် အခြေခံ သင်ပေးခဲ့လေ၏။

ထိုစဉ်ကတော့ အဘိုးစာသင်တော့မည်ဆိုလျှင် တီကို ဆားနှင့် တို့သလို တွန့်လိမ်ပြီး စိတ်အိုက်ကြရသည်။ ဘယ်အချိန် လစ်ရမလဲ အမြဲ အကြံထုတ်နေကြရသည်။ အဘိုး ခရီးသွားနေလျှင် သို့မဟုတ် ဘုန်းကြီးကျောင်းမှာ သီတင်းသုံး နေချိန်တွငိ သူတို့ စိတ်လက် ပေါ့ပါးနေတတ်သည်။ အဘိုးရှိသည့်အချိန် အဘိုးခေါ်လျှင် အဆင်သင့် standby နေနေရသည်ကို ငြီးငွေ့ ခဲ့ဖူးသည်။ တကယ်တမ်း အဘိုးမရှိတော့မှ အဘိုးကျေးဇူးတွေကို ပို၍နားလည်လာခဲ့ပေသည်။ ယခင်လို အဘိုးကို ပြန်၍ ပြုစုခွင့်ရချင်သည့်တိုင် အဘိုးကား မရှိတော့။
***
လွန်ခဲ့သော ၂၅ နှစ် - ၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၇ ရက်ညက ဘဝတပါးသို့ ပြောင်းသွားသော အဘိုး ဦးအေးမောင် (ဦးဥတ္တမ) ကို ရည်စူး၍ ဒီကနေ့ နံနက် အရုဏ်တက်ချိန်တွင် သံဃာတော်များအား တန်းဆွမ်း လှူဒါန်းခြင်း၊ ခြောက်ထပ်ကြီး ရတနာကျောင်းတိုက်တွင် ဘဒ္ဒန္တဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခြင်း တို့ကို ပြုလုပ်ခဲ့ပါသည်။
အဘိုး ရောက်ရာဘဝက သာဓုခေါ်နိုင်ပါစေ … ။
***
MND
17.07.16
(မနှစ်က ရေးပြီး ဖေ့စ်ဘွတ်ထဲ တင်ခဲ့တဲ့ စာပါ)

Read More...