Wednesday, December 24, 2014

ချစ်သော ... ပန်းကလေး ...


“ချစ်သော ...  ပန်းကလေး”

လေယူရာ တိမ်း
ရွက်စိမ်းလည်း မဖြစ်ချင်။

နီးစပ်ရာ တွယ်
ပန်းနွယ်လည်း မဖြစ်ချင်။

ပင်မြင့်မှာ တင်
သဇင်လည်း မဖြစ်ချင်။

အညတြ
ဘဝဖြင့်ကြွေ
မြေမှာသက်ဆင်း
ဆွတ်သူ ကင်းလည်း
ပျံ့သင်းထုံဝေ
တာဝန်ကျေသည့်
ခရေသာလျှင်
ဖြစ်ချင်သည်။
***
မေဓာဝီ
၂၃၊ ၁၂၊ ၂၀၁၄
၁၄း၅၁ နာရီ

Read More...

Friday, December 12, 2014

စောင့်နေတဲ့ ငှက်ကလေး


“စောင့်နေတဲ့ ငှက်ကလေး”
 
လွမ်းစဖွယ်
နွမ်းနယ်တဲ့ ငှက်ကလေး။

တသက်ဝေးပြီလား
ငှက်ကျေးလို အတောင်ပါရင်ဖြင့်
မောင်လာချင် မေ့နံဘေးမှာ
မှေးစက်ချင်သေး ... ။ ... ။ 
***
မေဓာဝီ
၁၁၊ ၁၂၊ ၁၄
၁၈း၂၃ နာရီ (မြန်မာစံတော်ချိန်)

ဒီကဗျာလေးကို ရေးဖြစ်သွားတာက ဒီရက်ပိုင်း ဖေ့စ်ဘွတ်မှာ ကိုနတ္ထိ တင်နေတဲ့ အစိမ်းရောင် ငှက်ကလေးတွေ ကြောင့်ပါပဲ။ ကိုနတ္ထိ တင်ထားတဲ့ အဖော်မပါ တကောင်ထဲရှိတဲ့ ငှက်ပုံလေးတွေကို ကြည့်ရတာ သနားစရာ လွမ်းစရာလေးမို့ ကွန်မန့်ထဲမှာ အဲဒီကဗျာလေး ဝင်ရေးဖြစ်ခဲ့တယ်။  ဖေ့စ်ဘွတ်ထဲမှာ ကြာရင် ပျောက်ပျက်သွားမှာစိုးလို့  ကဗျာလေးကို ဘလော့ဆီ ယူလာခဲ့လိုက်တာပါ။ အပေါ်က ပန်းချီပုံကတော့ အင်တာနက်ထဲ တွေ့တဲ့ ငှက်ပုံလေးကို ကြည့်ပြီး လွန်ခဲ့တဲ့ သုံးလလောက်က ကျမ ကူးဆွဲထားတဲ့ ပုံလေးပါ။ ရောင်စုံခဲတံနဲ့ ဆွဲပြီး “ စောင့်နေတဲ့ ငှက်ကလေးလို့“ နာမည်ပေးခဲ့တယ်။ ကဗျာလေးနဲ့ ပန်းချီပုံလေး လိုက်ဖက်မယ်ထင်လို့ တွဲပြီး တင်လိုက်ပါတယ်။

တခါတခါကျတော့ တစုံတရာကို စောင့်နေရတဲ့ အချိန်တွေက စိတ်ပင်ပန်း နွမ်းနယ်စရာ ကောင်းလွန်းလှတယ် မဟုတ်လား။
***
၁၂၊ ၁၂၊ ၁၄
၁၅း၂၀ နာရီ (မြန်မာစံတော်ချိန်)

Read More...

Saturday, December 06, 2014

ကဗျာတစ္ဆေ


“ကဗျာတစ္ဆေ”
***
မေ သေသွားလျှင်
မေ့ ရင်ခွင်မှာ
ကဗျာတွေသာ လွှမ်းပေးပါ။

ထို့ပြင်တမူ
မေ့ အုတ်ဂူမှာ
ကဗျာကမ္ဗည်း ထိုးပေးပါ။

အုတ်ဂူကို မိုး
နေမထိုးချင်
ကဗျာပင်လေး ပျိုးပေးပါ။

ကဗျာပင်ရင့်
ကဗျာပွင့်ဝေ
ကဗျာကြွေလျှင်
ကဗျာတစ္ဆေ ...  မေ ဖြစ်မည်။ ... ။
***
မေဓာဝီ
၅၊ ၁၂၊ ၁၄
၂၃း၂၁ နာရီ (မြန်မာစံတော်ချိန်)

Read More...

Thursday, November 13, 2014

တခါက မေ ...

တခါက မေ ...

ထာဝရ မဝေနိုင်တဲ့
တခါက မေ ... ၊
ဘဝတွေ လွန်ကွာခြားပြီမို့
ထားခဲ့ပါလေ။

မှားခဲ့သမျှ အထွေထွေ
ကျေပါစေ မျှော်တွေး
သြော် ... မဝေးချင်လည်း
ပျော်ရေးကို ရှောင်ဖယ်လို့
မောင်မယ်မှာ နှောင်တွယ်ရစ်ပေမဲ့
ချစ်လျက်နဲ့ ဝေး ... ။ ... ။ 
***
မေဓာဝီ
၁၃၊ ၁၁ ၊ ၁၄
၁၇.၁၇ နာရီ

Read More...

Saturday, October 25, 2014

... ချစ်သူ ... (၃)

... ချစ်သူ ...
 
အချစ်ဟာ ... 
တခါတလေ ... နွေးထွေး
တခါတလေ ... အေးစက်

တခါတလေ ... အနီးမှာ
တခါတလေ ... ဝေးကွာ

တခါတလေ ... အချို
တခါတလေ ... အငို

တခါတလေ ... အပြုံး
တခါတလေ ... အရှုံး

တခါတလေ ... နားလည်
တခါတလေ ... အားငယ်

တခါတလေ ... ကြင်နာ
တခါတလေ ... ရင်နာ

သြော် ... 
တခါတလေ ... တခါတလေနဲ့
ကဗျာတွေ ရေးဖွဲ့ရင်း
ပြုံးတလှည့် မဲ့တခါ
ရက်တွေလဲ ကြာခဲ့ပြီ။

လျော့မသွားတဲ့ အချစ်
ပေါ့မသွားတဲ့ မေတ္တာ
ကမ္ဘာတည်သရွေ့ မပျက်သုဉ်း
မမုန်းဘူး ဆိုတဲ့ သစ္စာစကား
သိမ်းဆည်းထားရင်းနဲ့
နှလုံးသားကို အလိုလိုက်
တခါတလေ ... ကိုယ်က မိုက်ချင်တယ်။
***
မေဓာဝီ
၂၅.၁၀.၁၄
၁၈.၁၆ နာရီ

မှတ်ချက်။   ။ ၁၈.၀၁.၂၀၁၄ က ရေးပြီး သိမ်းထားခဲ့တဲ့ ကဗျာလေးကို နည်းနည်းပြောင်းပြီး တင်လိုက်တာပါ။ အပေါ်က ငှက်ကလေး နှစ်ကောင်ကတော့ ကိုညီလင်းသစ် ဘလော့မှာ ကိုညီလင်း စင်္ကာပူမှာ ရိုက်ထားတဲ့ ဓာတ်ပုံလေးကို ကြည့်ပြီး ကူးဆွဲထားတာ။ စက္ကူပေါ်မှာ ရောင်စုံခဲတံနဲ့ ဆွဲပါတယ်။ ဓာတ်ပုံနဲ့ တူတော့ မတူပါဘူး၊ ဒါပေမဲ့ အမှတ်တရ ဘလော့မှာ တင်လိုက်ပါတယ်။ “အချစ်ဆိုသည်မှာ” ဆိုတဲ့ နာမည်လေးကလဲ ကိုညီလင်း ပေးထားတဲ့ နာမည်လေးပါပဲ။ နာမည်ရယ် ပုံရယ် သုံးစွဲကူးယူခွင့်ပြုတဲ့ ကိုညီလင်းကို ကျေးဇူးအထူးတင်ပါတယ်။

Read More...

Tuesday, October 14, 2014

တမ်းတတဲ့ တေး ...

တမ်းတတဲ့ တေး


ပန်းဖြူဖြူ ... 
နမ်းသူကို မျှော်ငေး။

အဖော်ဝေးသူမို့
သြော် ... ဆွေးကာ - ခမျာ လွမ်းမယ် ...
တမ်းတတဲ့ တေး ... ။ 
***
မေဓာဝီ
၁၄.၁၀.၁၄
၀၆း၄၀ နာရီ

ဒီနေ့မနက် အိပ်ရာက နိုးချိန် မျက်နှာမသစ်ခင် ဖေ့စ်ဘွတ်ဝင်တော့ ကိုနတ္ထိတင်ထားတဲ့ နှင်းဆီပန်းဖြူဖြူ လေးတွေကို တွေ့ရတယ်။ ကိုနတ္ထိက ဓာတ်ပုံလေးတွေ တင်ရင် စီးရီးစ် အလိုက်တင်လေ့ရှိပါတယ်။ ငှက်ကလေးတွေ၊ နေမင်းကြီး၊ သစ်ပင်တွေ ... စသဖြင့်ပေါ့။ ခုတလောတော့ နှင်းဆီပန်း အဖြူရောင်တွေချည်း ဆက်တိုက် တင်နေတာ တွေ့ရတယ်။ ဒီမနက် အဲဒီနှင်းဆီပန်း အဖြူလေးတွေကို မြင်ရတော့ ကျမစိတ်ထဲကနေ စာသားလေးတွေ အစီအရီ ပေါ်လာတာနဲ့ ကမန်းကတန်း ချရေးလိုက်တယ်။ ကိုနတ္ထိရဲ့ ပို့စ်က ကွန်မန့်ထဲမှာရော ... ကျမရဲ့ ဖေ့စ်ဘွတ် ပေ့ခ်ျမှာပါပေါ့။ အဲဒီလိုနဲ့ ကဗျာလေးတပုဒ် ဖြစ်လာပါတယ်။ ဖြစ်လာတဲ့ ကဗျာလေး အလဟဿ  မဖြစ်ရအောင် ဘလော့မှာ တင်လိုက်ပါတယ်။ :)
***
(မှတ်ချက်။ ပုံထဲက နှင်းဆီပန်းလေးက ဦးရီးတော်ခြံထဲက ပန်းကလေးပါ)
***
တောင်းပန်ခြင်း ... ။ 

အလုပ်ရှုပ်၊ စိတ်ရှုပ်နေတာကြောင့် တီတင့်နဲ့ သူကြီးမင်းတို့ရဲ့ တဂ်ပို့စ်ကို အချိန်မီ မရေးပေးနိုင်တာ ခွင့်လွှတ်ပါ။ မကြာမီ ရက်ပိုင်းမှာ ရေးလက်စလေး အချောသတ်ပြီး တင်ပေးပါမယ်။ အခုတော့ ... ဒီကဗျာလေးနဲ့ပဲ လောလောဆယ် ကျေနပ်ကြပါလို့ ... ။
***

Read More...

Tuesday, September 23, 2014

ပျင်းတဲ့ ကဗျာ ...

ပျင်းတဲ့အခါ ... ကဗျာရေးပါ

ကာရန်တွေနဲ့ ကစား
စကားလုံးများကို ထွေခင်း
ပျင်းတဲ့အခါ ... ကဗျာရေးပါ။

မိုးလင်းက မိုးချုပ်
အလုပ်တွေနဲ့ ရှုပ်နေရင်း
ပျင်းတဲ့အခါ ... ကဗျာရေးပါ။

စံပယ်တွေ လန်းပွင့်
နွမ်းလွင့်ပြီးတော့ ကြွေ
ပန်းခြောက်တွေအကြောင်း သီဖွဲ့
ပျင်းတဲ့အခါ ... ကဗျာရေးပါ။

နေရောင်ခြည် နွေး .. နွေး
လေနုအေး တိုက် .. တိုက်
မိုးဖြိုက်ဖြိုက် ရွာ .. ရွာ
ပျင်းတဲ့အခါ ... ကဗျာရေးပါ။
***
ကဗျာရေးရင်းနဲ့ ပျင်း
ပျင်းရင်းနဲ့ ကဗျာဖွဲ့
ဒီလိုနဲ့ ... 
ပျင်းလွန်းတဲ့အခါ ...
ကဗျာတပုဒ် ရေးဖြစ်တယ်။
***
မေဓာဝီ
၂၀၊ ၀၅၊ ၂၀၁၄
၁၈း၄၂ နာရီ

Facebook မှာ တင်ပြီးသားကဗျာလေးပါ။ ပျောက်သွားမှာစိုးလို့ ဘလော့မှာ ပြန်တင်လိုက်ပါတယ်။ 
(ပျင်းတဲ့အခါ ကဗျာရေးပါဟု ဆိုလာသူ .... သို့)

Read More...

Friday, September 19, 2014

လိမ္မော်သီး နဲ့ angry bird

*
မေဓာဝီ ပန်းချီဆွဲနေသည်။
ကျောင်းတွင်းပန်းချီပြိုင်ပွဲ
***
ဟုတ်ပါတယ်။  မေဓာဝီတယောက် ပြီးခဲ့တဲ့ နွေရာသီ ကျောင်းပိတ်ရက်ကစလို့ ပုံဆွဲစာအုပ်ရဲ့ စာမျက်နှာတွေပေါ်မှာ ရောင်စုံခဲတံနဲ့ တမျိုး ရောင်စုံရေဆေးတွေနဲ့ တဖုံ ပုံတွေဆွဲနေခဲ့တယ်။ တကယ်တော့ သူဟာ ပန်းချီပညာကို လေ့လာချင်နေခဲ့တာ ဟိုးငယ်ငယ်လေးကတည်းက တဲ့ ... ။ အခွင့်အရေး မပေးတဲ့ အတွက် သေသေချာချာ မသင်ယူ မလေ့လာခဲ့ရဘူး။ ဒီလိုနဲ့ ဘလော့ဂ်စရေးတော့ သူနဲ့ ရေးဖော်ရေးဖက် ဘလော့ဂါတွေထဲမှာ ပန်းချီပညာရှင်တွေ ဝါသနာရှင်တွေကို မြင်တွေ့ရတဲ့အခါ ပန်းချီဆွဲချင်တဲ့ သူ့ရဲ့ဆန္ဒဟာ တနေ့တခြား ကြီးမားလို့ လာခဲ့ပြန်တယ်။
ပထမဆုံး ရေးတဲ့ ရေဆေးပန်းချီ
စင်္ကာပူက မစုချစ် ဆွဲတဲ့ (ဦးရေချမ်းနဲ့ မရွှေစု) ကာတွန်းလေးတွေကို သိပ်သဘောကျသလို ပုံတူပန်းချီတွေဆိုရင်လဲ ရင်သပ်ရှုမော ဖြစ်ခဲ့ရတယ်။  ပန်ဒိုရာရဲ့ ပန်းချီတွေဆိုလဲ ကွန်ပျူတာပေါ်မှာ ဆွဲတဲ့ ပန်းချီရော အပြင်မှာဆွဲတဲ့ ပန်းချီတွေပါ ချစ်စနိုးနဲ့ နှစ်သက်ခဲ့ဖူးတယ်။ နောက် ကဗျာတွေ စာတွေလဲရေး၊ ဂစ်တာလဲတီး သီချင်းလဲဆို၊ ပန်းချီလဲဆွဲတဲ့  မချစ်ကြည်အေး နဲ့ ပျိုးယုဝသုန် ... စသဖြင့် ပန်းချီဆွဲတဲ့ ဘလော့ဂါတိုင်းကို အားကျစိတ်နဲ့ သူ့မှာ ငေးမောနေခဲ့ရတာ ... ။ ဟိုးနော်ဝေးနိုင်ငံက ဦးသစ်နက်ဆူးကတော့ တကယ့် ပါရမီ့ရှင် ပရိုတယောက်မို့ သူဆွဲသမျှ အံ့သြတကြီး ပါးစပ်အဟောင်းသား ... လက်ဖျားတွေ ခါလို့ပေါ့။ ဘိလပ်က တုံးဖလားသူကြီးမင်းတို့လို ကိုယ်တိုင်ရေး တကြောင်းဆွဲ ပန်းချီတွေနဲ့ ဘလော့ပို့စ်တွေကို ခပ်တည်တည် သရုပ်ဖော်နေတာလဲ အင်း ... အားကျစရာပါပဲလေ ... ။ :)

ဒီလိုနဲ့ သူလဲပဲ ပန်းချီဆွဲချင်တဲ့စိတ်တွေ တားမရ ဆီးမရ ဖြစ်လို့လာပါတယ်။ ခက်တာက ဝါသနာသာ ပါတယ် ... ပါရမီက နည်းလွန်းလှတာကြောင့် ညီအစ်မ သုံးယောက်ထဲမှာ သူဟာ ပန်းချီပညာမှာ အညံ့ဆုံးပဲတဲ့။ သူတို့ ညီအစ်မ သုံးယောက်လုံး သူငယ်တန်းကတည်းက လသာ-၂ မှာ ကျောင်းတက်ကြပါတယ်။ အဲဒီခေတ်တုန်းက ပဉ္စမတန်းက စပြီး ကျောင်းမှာ ပန်းချီ၊ အိမ်တွင်းမှု၊ ဘင်ခရာ၊ ဂျွမ်းဘား စသဖြင့် ကျောင်းသင်ခန်းစာ မဟုတ်တဲ့ ဘာသာရပ်တွေထဲက ကိုယ်ကြိုက်တာ ရွေးချယ်သင်ယူခွင့်ရှိတယ်။ အစ်မကြီးက ဘင်ခရာထဲပါတယ်၊ အစ်မလတ်က ပန်းချီ သင်တယ်။ ကိုယ်ကိုယ်တိုင် ဘာကို ဝါသနာပါမှန်း မသိတဲ့ မေဓာဝီဟာ ယောင်ချာချာနဲ့ ဘာလုပ်ရမှန်း မသိခဲ့ဘူး။ 
Hanging Garden ခဲပန်းချီ
သူငယ်ချင်းတချို့က အိမ်တွင်းမှု သင်တန်းထဲပါတော့ သူလဲ အိမ်တွင်းကို လိုက်မှုပါတယ်။ အိမ်တွင်းမှုချိန်မှာ အပ်နဖား ထိုးရင်း မိုးလင်း ... အဲ ... စာသင်ချိန် တချိန်ကုန်သွားလို့ ဘာမှ မလုပ်လိုက်ရတာကလဲ ခဏခဏ။ အပ်စောင်းထိုးနဲ့ ဝက်သိုးထိုးကလဲ ခုထိမကွဲသေးဘူး၊ အပ်ပြန်ပေါက်ဆို ကိုယ့်လက်ကို ကိုယ် အပ်နဲ့ ပြန်ပြန်ပေါက်နေလို့ ဒဏ်ရာနဲ့ ဒဏ်ချက်။ အဲဒါနဲ့ နောက်တမျိုး ပြောင်းမှပါ ဆိုပြီး ဂျွမ်းသွားထိုးတယ်။ ကိုယ့်အချစ်ဆုံး သူငယ်ချင်းတယောက်က ဂျွမ်းဘားထဲ ပါတာကိုး။ ဇွဲရှိတဲ့ မေဓာဝီဟာ သူငယ်ချင်းနဲ့ လိုက် ဂျွမ်းထိုးရင်း ဇက်တွေနာ ကိုယ်လက်တွေ နာတော့ ဆက်မလုပ်ချင်တော့ပြန်ဘူး၊ ကိုယ့်ခန္ဓာကိုယ် အချိုးအဆက်နဲ့ ဂျွမ်းဘားနဲ့ကလဲ အဆင်မပြေတာပါတာပေါ့။ ဒါနဲ့ နောက်ဆုံး ပန်းချီခန်းထဲ ရောက်သွားပါရော။

ပန်းချီခန်းမှာ ဟိုခြစ် ဒီခြစ် လျှောက်ခြစ်နေတုန်းကတော့ ဟုတ်လို့ပါပဲ။ တရက်တော့ ဆရာမက အနီရောင် ရှိသော ပန်းသုံးမျိုး ဆွဲခဲ့ပါဆိုပြီး အိမ်စာပေးလိုက်တယ်။ အဲဒီမှာ မေဓာဝီတယောက် ခွကျတော့တာပဲ။ သုံးမျိုးပြည့်အောင် ဘာပန်းတွေ ဆွဲရမလဲ မသိဘူး။ အဝိုင်းလေးထဲမှာ အရစ်လေးတွေခွေပြီး အနီရောင်လေးခြယ် နှင်းဆီပန်း နာမည်တပ်လိုက်တယ်၊ တူတာ မတူတာ အပထားပေါ့။ နောက်တခါ ...  ရိုးတံရှည်လေး ဘေးတဖက်တချက်မှာ ပွင့်ဖတ် အနီရောင်လေးတွေ ကပ်ဆွဲပြီး သစ္စာပန်းလို့ နာမည်တပ်၊ ပန်း နှစ်မျိုးတော့ရပြီ။ နောက်တမျိုးအတွက် ဘာဆွဲရမှန်း မသိတော့ အစ်မလတ်က အကြံပေးတယ်၊ ကြာပန်းအနီလေး ဆွဲပါလား ... တဲ့။ အင်း ... ဟုတ်သားပဲ၊ ကြာပန်းက အနီရောင် ... ။ ကြာပန်းက အနီရောင်ပေမဲ့ ... ခက်တာက ကြာပန်းမဆွဲတတ်လို့ ဆွဲလိုက် ဖျက်လိုက်နဲ့ အချိန်တွေသာ လင့်ကုန်တယ်၊ ကြာပန်းနီနီက မဖြစ်လာသေးဘူး။ နောက်ဆုံး အစ်မလတ်က အမြင်မတော်လာတာနဲ့ သူ့ပုံဆွဲစာအုပ်ထဲမှာ  ကြာပန်းနီလေးတပွင့် ဆွဲပေးလိုက်ပါတော့တယ်။
ရေဆေးပန်းချီ
နောက်တနေ့ ကျောင်းရောက်တော့ ဆရာမဆီ စာအုပ်ထပ်တဲ့အခါ ဆရာမက အမှတ်ခြစ်နေရင်း သူ့စာအုပ် အလှည့်အရောက်မှာ နာမည်ခေါ်ပါလေရော။ မရဲတရဲ အနားကပ်သွားတော့ ...
"ဒါ ... သမီးစာအုပ်လား"
"ဟုတ်ကဲ့"
“ဒီကြာပန်းက ဘယ်သူဆွဲပေးတာလဲ” ဆရာမက ဒဲ့ပဲ မေးပါတယ်။
“သမီးဆွဲတာပါ” သူကလဲ ဒဲ့ပဲ လိမ်လိုက်တယ်။
“မှန်မှန်ပြောနော်” ဆရာမကလဲ ကိုယ့်တပည့်ကို အဲဒီလောက် အယုံအကြည်ရှိတာ။
“ဟုတ်တယ် ... သမီးဆွဲတာပါ” သူကလဲ မထူးတော့ပြီမို့ ဆက်လိမ်တယ်။
ဘေးနားမှာ လူတွေကလဲ ဝိုင်းနေပြီ။ လိမ်နေရတာ ရှက်တော့လဲ ရှက်တယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ အမှန်အတိုင်း ပြောရမှာ ပိုရှက်နေခဲ့တယ်။

“ကဲ ... ဟုတ်ပြီ ... ဒါဆို ... ရော့ ... ဒီမှာ ဆွဲပြ”
ဂိ ... သေပြီဆရာ ... ။ 
ဆရာမစားပွဲနား ဝိုင်းနေတဲ့ လူတွေကြားထဲမှာ မြုပ်နေတဲ့ မေဓာဝီဟာ ပိုပြီး ပုဝင်သွားမတတ်ပဲ။ ဆရာမက မြေဖြူခဲကြီးပေးပြီး သူ့စားပွဲပေါ်မှာ ကြာပန်းပုံ ဆွဲခိုင်းတယ်။ လိမ်ညာတယ်ဆိုတာ ဘယ်အခါမှ မကောင်းပါဘူး။ မျက်စိပျက် မျက်နှာပျက်နဲ့ မေဓာဝီဟာ လူတွေအလယ်မှာ ချွေးပျံရင်း ခုလို ပြန်ပြောလိုက်တယ်။ 
“သမီး မြေဖြူခဲနဲ့ ပုံမဆွဲတတ်ပါဘူး တီချာ”

ဆရာမက စိတ်ပျက်သွားလို့ပဲလား၊ သနားသွားလို့ပဲလား၊ လူတွေအုံနေတာကို မကြိုက်လို့ဘဲလား ... တခုခုကြောင့်ပါပဲ၊ သူ့ကို အတင်းအကျပ် ဆက်မဆွဲခိုင်းတော့ဘဲ နောက်တပုံ ကိုယ်တိုင် ထပ်ဆွဲခဲ့ဖို့သာ ပြောလိုက်ပါတော့တယ်။

အဲဒီ အဖြစ်အပျက်ဟာ သူ့စိတ်ထဲမှာ ခုချိန်ထိ စွဲထင်ကျန်နေတယ်။ ဟန်ဆောင် လိမ်ညာမိတာကိုလဲ ပြန်တွေးတိုင်း တနုံ့နုံ့နဲ့ ရှက်ခဲ့ရပါတယ်။ 
***
ဒီနောက်မှာတော့ ပုံဆွဲခြင်းနဲ့ သူဟာ အတော်လေး ကင်းဝေးသွားခဲ့ပြန်တယ်။ ဟိုဟာ ဒီဟာ ယောင်ခြောက်ဆယ် လျှောက်လုပ်ရင်း သူ့ရဲ့ ငယ်ဘဝက ကိုယ့်ဝါသနာ ဘာမှန်းမသိဘဲ ကုန်ဆုံးခဲ့တယ်။

ထူးအိမ်သင် အမှတ်တရ ခဲပန်းချီ
ကိုးတန်းလောက်မှာ ဂစ်တာလေး မတောက်တခေါက် စတီးနေပြီ။ ကဗျာတို စာတိုတွေ စရေးနေပြီ။ ပန်းချီဆွဲရမှာကိုတော့ သူရှက်ရွံ့နေဆဲလား မပြောတတ်ဘူး။ အလှမ်းဝေးနေဆဲပဲ။ နွေရာသီ ပန်းချီသင်တန်း ကြော်ငြာလေးတွေ သတင်းစာထဲမြင်ရင်၊ ပန်းချီကျောင်းက လျှောက်လွှာတွေ ခေါ်တာတွေ့ရင် အပြေးသွားတက်ချင်ပေမဲ့ အခြေအနေက မပေးခဲ့ဘူး။ ဒါပေမဲ့ သူဟာ ပန်းချီကားတွေကို နှစ်သက်တယ်၊ ပန်းချီပြပွဲတွေ သွားကြည့်တယ်၊ ပန်းချီဆရာတွေကို လေးစားအားကျတယ်။ ဒီလောက်နဲ့ပဲ နှစ်ပေါင်းများစွာ ကြာခဲ့တယ်။
***
၂၀၁၂-မတ်လမှာ သူ အင်္ဂလန်က ပြန်ရောက်ပြီး အစ်မကြီး ဦးစီးတဲ့ ကျောင်းမှာ ကူညီလုပ်ကိုင်ရတော့ ကလေးတွေကို စာသင်တဲ့နေရာမှာ ပန်းချီပညာက အထူးသဖြင့် လိုအပ်တယ်လို့ ပိုပြီး သိခဲ့ရတယ်။ B.Ed တက်ရင် ပန်းချီကို သီးသန့် သင်ရတယ်လို့ ကျောင်းမှာလုပ်နေတဲ့ B.Ed ဆင်း ဆရာတွေကလဲ ပြောပြတယ်။ အဲဒီဆရာတွေ စာသင်တဲ့အခါ ဝှိုက်ဘုတ်မှာ ပုံတွေဆွဲပြီး သင်ပြကြတာကို မြင်တော့ သူ့ရဲ့ ပန်းချီပိုးက ပြန်နိုးကြွလာပြန်တယ်။

ပြီးခဲ့တဲ့ နွေရာသီမှာတော့ ပန်းချီသင်ချင်တဲ့ ကျောင်းသားလေးတွေအတွက် ပန်းချီဆရာခေါ်တဲ့အခါ သူက ဒီလို စဉ်းစားတယ်။ ဒီတနှစ်ကို ကလေးတွေနဲ့အတူ သူပါ လိုက်သင်လိုက်မယ်။ နောက်နှစ်ကျရင် ဆရာမငှားတော့ဘူး၊ သူပဲ သင်မယ် ... တဲ့။ အကြံကြီးတာ ... ။ မရိုးသားတဲ့ မေဓာဝီဟာ ပန်းချီဆရာကိုတော့ အဲဒီလို မပြောပါဘူး ... ။ ကျမလဲ လိုက်သင်ပါရစေ ဆရာ ... ပန်းချီပညာကို ဝါသနာပါလို့ပါ ... ဘာညာ ဆိုတော့ ဆရာကလဲ အိုကေ တဲ့။ ဒီလိုနဲ့ မေဓာဝီတယောက် အခြေခံ ပန်းချီသင်တန်း စတင် တက်ဖြစ်သွားလေသတည်း ဆိုပါတော့။
သင်တန်းမှာ လူကလဲ သိပ်မများပါဘူး။ ၂ တန်း၊ ၅ တန်း၊ ၇ တန်း ... စသဖြင့် အရွယ်မညီတဲ့ ကျောင်းသား လေးငါး ခြောက်ယောက်နဲ့ ကြီးကောင်ကြီးမား မေဓာဝီနဲ့ ပန်းချီတွေ အတူတူ ဆွဲကြပါတော့တယ်။ ကလေးတွေနဲ့ အတူသင်ရတော့ နှေးပေမယ့် တခုကောင်းတာက သူတို့လေးတွေရဲ့ အိုင်ဒီယာတွေကို လေ့လာခွင့်ရသလို၊ သူတို့မေးတတ်တဲ့ မေးခွန်းမျိုးလေးတွေလဲ သိနိုင်တယ်၊ ဒါ့ပြင် ဘယ်လို အခြေအနေမှာ သူတို့ ငြီးငွေ့တတ်ပြီး ဘယ်လိုအခြေအနေမျိုးမှာ စိတ်အားထက်သန်တယ် ဆိုတာတွေပါ သိနိုင်ခဲ့ပါတယ်။ 

ဒီလိုနဲ့ နွေရာသီ သုံးလ ကလေးတွေနဲ့အတူ ပန်းချီသင်ပြီးနောက် ပန်းချီပိုး အတော်ဝင်သွားတဲ့ မေဓာဝီဟာ ပန်းချီသင်တန်း မတက်တဲ့ ကျောင်းသားတွေကိုပါ ပုံဆွဲစာရွက်တွေ ရောင်စုံခဲတံနဲ့ ရေဆေးရောင်စုံတွေ ပေးပြီး ကျောင်းတွင်း ပန်းချီပြိုင်ပွဲတွေ လုပ်လိုလုပ်၊ သူကိုယ်တိုင် ဟိုရေးဒီရေး လုပ်ထားတဲ့ ပန်းချီကားတွေကို ကျောင်းသားတွေကို အမှတ်တရ လက်ဆောင် ပေးလိုပေး ပန်းချီလောကကြီး အသက်ရှင်သန်ရေးအတွက် မနားမနေ ကြိုးစားပါတော့တယ်။

ရောင်စုံခဲတံနဲ့ဆွဲတဲ့ ငှက်ကလေး
စနေ တနင်္ဂနွေ တပတ် နှစ်ရက် နဲ့ ၃လ (၂၄- ရက်တိတိ) ပန်းချီသင်တန်းဆင်းကြီး မေဓာဝီဟာ သူစာသင်တဲ့အခါ တတ်သည့်ပညာ မနေသာဆိုသလို ဝှိုက်ဘုတ်ပေါ် ပုံတွေဆွဲပြီး သင်ဖို့ ကြံစည်ပြန်တယ်။ သူသင်ရတဲ့ အတန်းက Starter level ... အသက် ၅ နှစ် ၆ နှစ် ၇ နှစ် ကလေးတွေပေါ့။ ကလေးတွေကို ဝှိုက်ဘုတ်မှာ ခဲတံပုံလေးဆွဲပြီး What is this? လို့ မေးရင် ကလေးတွေက This is a pencil. လို့ ဖြေကြတာပေါ့။ ခဲတံ ပြီးတော့ စာအုပ်၊ ပြီးတော့ နားရွက်ရှည်ရှည် ယုန်ကလေး ... စသဖြင့် ဆွဲလိုက် မေးလိုက်နဲ့ အဆင်ပြေနေပါတယ်။ ဒါပေမဲ့ ပန်းသီးပုံ ဆွဲပြဖို့တော့ သူ မကြိုးစားခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ... သူကြားဖူးခဲ့တဲ့ ဟာသပုံပြင်လေး တခုကြောင့်ပါပဲ။

တခါက ဆရာမလေးတယောက်ဟာ ဆိုးတယ်လို့ နာမည်ကြီးတဲ့ အတန်းကို စပြီး သင်ရသတဲ့။ ဆရာမလေး အတန်းထဲဝင်လာပြီး ကျောက်သင်ပုန်းပေါ်မှာ ပန်းသီးပုံကြီး ဆွဲလိုက်တယ်။ အဲဒါဘာလဲ ... ဆိုတော့ ကျောင်းသားတွေက (ကန်တော့ပါရဲ့) ဖင်တုန်းကြီးပါ ဆရာမလို့ တညီတညွတ်ထဲ ဖြေကြပါသတဲ့။ ဆရာမလေးလဲ ရှက်သွားပြီး ကျောင်းအုပ်ဆရာကြီးကို သွားတိုင်တာပေါ့။ “အတန်းထဲက ကျောင်းသားတွေ ကျမကို ဝိုင်းနောက်နေကြပါတယ် ဆရာကြီး” ... ။ “ဟင် ဟုတ်လား၊ ငါလိုက်ပြီး ဆုံးမမယ်” ဆရာကြီးလဲ စိတ်ဆိုး မာန်ဆိုးနဲ့ အတန်းထဲကို လိုက်လာပြီး ကျောက်သင်ပုန်းကို မြင်တော့ ခုလို ပြောလိုက်သတဲ့။ 

“ဟေ့ ... ကျောက်သင်ပုန်းပေါ်မှာ ဖင်တုန်းကြီးပုံ ဘယ်သူ ဆွဲထားတာလဲကွ” တဲ့။

အဲဒီအကြောင်းလေး ဖတ်ဖူးထားတော့ သူ ပန်းသီးပုံ မဆွဲရဲဘူး။ တခြား လွယ်တဲ့အသီး စဉ်းစားပြီး လိမ္မော်သီးပုံလေး ဆွဲလိုက်ပါတယ်။ လိမ္မော်သီးဆိုတော့ ထိပ်က စူစူလေးစဆွဲပြီး အောက်က အဝိုင်းလေး ဝိုင်းလိုက်တာပေါ့။  ဆွဲနေတုန်းမှာပဲ ဘာပုံလဲတောင် မမေးရသေးဘူး၊  ကျောင်းသူလေး တယောက်က ထအော်ပါတယ်။
“Angry bird” တဲ့ ... ။
***
ကိုင်း စာဖတ်သူများ ... ဒီလောက်ဆို မေဓာဝီရဲ့ ပန်းချီလက်ရာကို သဘောပေါက်လောက်ပါပြီ။ သူကိုယ်တိုင်လဲ အတော်လေး သဘောပေါက်သွားပါတယ်။ ပုံပြင်ထဲက ဆရာမလိုတော့ သူက ရှက်ပြီး ဆရာကြီးကို သွားမတိုင်ပါဘူး။ ဒါပေမဲ့ angry bird နဲ့ တူတဲ့ လိမ္မော်သီးလေးကို ဝှိုက်ဘုတ်ပေါ်က ဖျက်ကာ တခြားပုံတပုံ ပြောင်းဆွဲပြီး သင်ခန်းစာတွေကို ဆက်သင်ခဲ့ပါတယ်။ နောက်ပိုင်း သူ့ရဲ့ အတန်းမှာ ...  လိမ္မော်သီးပုံ ဘယ်တော့မှ မဆွဲတော့ဘူးတဲ့။
***
ပန်းချီဆွဲသူ အပေါင်းအား လေးစားလျက်-

မေဓာဝီ
၂၀၊ ၀၉၊ ၁၄
၀၀း၃၀ နာရီ (မြန်မာစံတော်ချိန်)

BPP Challenge အတွက် ရေးသောပို့စ် ဖြစ်ပါတယ်။ နောက်ထပ် တဂ်လိုသူများကတော့ ... 


ရေးနိုင်ရင် ရေးပေးကြပါ။ မရေးနိုင်ရင် ၅၀၀၀ ကျပ် တဲ့။ ကျမပြောတာ မဟုတ်ဘူးနော်။  :D သဂျီးတို့ တီတင့်တို့။  

Read More...

Wednesday, September 17, 2014

... ချစ်သူ ... (၂)

"ချစ်သူ ... (၂)"
 
ချစ်သူက “နေ”
မေကလေ “လ” ...၊
ထက်ကောင်းကင် တိမ်လွှာထဲမှာ
ဆုံခဲပေစွ။

ချစ်သူက “ရေ”
မေကလေ “တပွင့်ပန်း” ... ၊
နွေကန္တာ ရေပြာခမ်းတော့
ညှိုးခြောက်လို့ နွမ်း။

ချစ်သူက “ကဗျာ”
ကာရန်က မေလေး ...၊
သူ့ကဗျာ ကာရန်မဲ့လေတော့
နီးလျက်နဲ့ ဝေး ... ။ ... ။
***
မေဓာဝီ
၁၆.၀၉.၁၄
၁၀း၁၀ နာရီ

Read More...

Monday, September 15, 2014

... ချစ်သူ ...

"... ချစ်သူ ..."

ချစ်သူက “နေ”
မေကလေ “လ” ...၊
ချစ်တဲ့သူ ရောင်အဆင်းနဲ့
ထွန်းလင်း သာ-ရ။

ချစ်သူက “ရေ”
မေကလေ တပွင့်ပန်း ... ၊
ချစ်တဲ့သူ ရေစင်ဖျန်းမှ
ဖူးပွင့်လို့ လန်း။

ချစ်သူက ကဗျာ 
ကာရန်က မေလေး ... ၊
နှစ်ကိုယ်တူ ကြည်ရွင်အေးဖို့
သီကုံးမယ့် တေး။ ... ။ 
***
မေဓာဝီ
၁၅၊ ၀၉၊ ၁၄
၁၄း၄၄ နာရီ

Read More...

Saturday, August 30, 2014

၈-နှစ်ပြည့် နဲ့ ဘလော့ဒေး အမှတ်တရ ...

.
“ကဗျာတွေ အရေးသားတွေ ဟိုအရင်ကလောက် မဟုတ်တော့ဘူး …” အစချီတဲ့ စကားကို ပြောလာသူကတော့ အများသိတော်မူတဲ့ တုံးဖလား သူကြီးမင်းပါပဲ။ သူပြောသမျှ အပြည့်အစုံကိုတော့ အောက်မှာ ရှုပါ။

အလွန်တထောင် အလုပ်များလှတဲ့ တုံးဖလား သူကြီးမင်းဟာ သူ့ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေထဲက ဖေ့စ်ဘွတ်မှာ ကျမနဲ့ ပြောဖို့ မနေ့က ၈ မိနစ်တိတိ အချိန်ပေးပါတယ်။ အဲဒီ ၈ မိနစ် ပြည့်လုပြည့်ခင်မှာ ပြောလိုက်တဲ့ ပွင့်လင်းမြင်သာလှစွာသော သူ့ရဲ့ မှတ်ချက်ကြောင့် ကျမ အောင့်သက်သက်နဲ့ မချိပြုံးလေးသာ တုံ့ပြန်နိုင်ပါတယ်။ သူပြောတာက မှားမှ မမှားဘဲကိုး။ တကယ်တော့ … ကျမ စာကို သေချာမရေးဖြစ်တာ ကြာပါပြီ။ စာတွေ ကဗျာတွေ ရေးချင်စိတ်က ရင်ထဲမှာ အမြဲရှိနေပေမယ့် လက်က ချမရေးဖြစ်ဘူး။ ခေါင်းအေးအေးနဲ့ တွေးရမယ့် အတွေးတွေ စိတ်ကူးတွေ ကျမဆီ ရောက်မလာခဲ့ဘူး။ အမြီးအမောက် မတည့်တာတွေ နေ့တိုင်းမြင်တွေ့ ကြုံကြိုက်နေပေမယ့်လို့ အရင်လို ချရေးဖို့ရာ လက်တွန့်နေမိပြန်တယ်။

အရင်လို … ဟုတ်တယ် … အရင်လို လို့ပဲ ပြောပါရစေတော့ … ။

အရင်တုန်းက … ဘလော့မှာ တနေ့တပုဒ် ပို့စ်တွေ မှန်မှန်တင်ခဲ့တဲ့ ဘလော့ရွှေခေတ်ကို ကျမ ပြန်သတိရနေမိတယ်။ မြင်သမျှရေး၊ တွေးသမျှတင်၊ အမြင်မတူရင် ငြင်းကြခုန်ကြ၊ အပြင်လူ တယောက်ယောက်က ကိုယ့်မိတ်ဆွေ ဘလော့ဂါတွေကို လာထိပါးရင် ဝိုင်းဝန်းလို့ ဖေးမ … နည်းပညာ အခက်အခဲတွေနဲ့ ကြုံရင် ကူညီကြ … အဲဒီလို ပျော်စရာကောင်းတဲ့ အချိန် ဆိုတာ ဘလော့လောကမှာ တကယ်ပဲ ရှိခဲ့ဖူးပါတယ်။ တယောက်နဲ့တယောက် မမြင်ဘူးဘဲ ခင်မင်တွယ်တာ ခဲ့ကြတယ်၊ ကူညီ ဖေးမခဲ့ကြတယ်၊ တနေ့တပုဒ် ရေးနေကျသူ တယောက် တရက်လောက် ပို့စ်မတင်ရင် နေမကောင်းလို့လား … ဘာဖြစ်တာလဲ … စိတ်ပူကြ မေးမြန်းကြတယ်။ ကြည်နူးစရာ အချိန်လေးတွေပေါ့။
***
ဘာလိုလိုနဲ့ ဘလော့ရေးခဲ့တာ ဒီနေ့ ဆိုရင် ၈-နှစ် တင်းတင်း ပြည့်ပါပြီ။ ၂၀၀၆ ခုနှစ် သြဂုတ် ၃၀ ရက်နေ့က စတင် မွေးဖွားခဲ့တဲ့ “တွေးမိတွေးရာ ရေးမိရေးရာ” ဘလော့လေး ၈-နှစ်ပြည့်တဲ့ အချိန်မှာတော့ အရာရာဟာ အရင်ကနဲ့ မတူတော့ပါဘူး။ အရင်လို တနေ့တပုဒ် ရေးဖို့ နေနေသာသာ တလတပုဒ်လဲ မရေးဖြစ်တော့ … လာလည်သူ ကျဲတောက်တောက် နဲ့ မွဲခြောက်ခြောက် ပို့စ်တွေအတွက် ကိုယ်တိုင်လဲ အားမရ။ အားမရသည့်တိုင်အောင် အားလဲ မထုတ်မိ။ အကြောင်းပြချက် အမျိုးမျိုးပြလို့ပေါ့ … ။ 

"ကွန်နက်ရှင် မကောင်းလို့" … အဲဒါကတော့ အများဆုံး ပြောဖြစ်တဲ့ အကြောင်းပြချက်ပါ။
"မအားလို့" … ဒါက ဒုတိယ အများဆုံး ..

စရေးခါစ အချိန်ကလဲ ကွန်နက်ရှင်က မကောင်းခဲ့ပါဘူး။ တခါတလေ ဘလော့ပေ့ခ်ျတွေ ဘန်းထားတာ ခံရလို့ ကျော်ရ ခွရ ပါသေးတယ်။ အဲဒီတုန်းက အလုပ်လဲ လုပ်နေတာပါပဲ။ ခုလောက်တော့ အလုပ်ထဲမှာ တာဝန်မကြီးဘူးပေါ့။ ဒါပေမဲ့ မလျှော့သော ဇွဲလုံ့လနဲ့ တနေ့တပုဒ် ဘာဖြစ်ဖြစ် ရေးပြီး တင်ခဲ့တယ်။ တွေးမိတွေးရာ ရေးမိရေးရာ ဆိုတဲ့အတိုင်း တွေးမိတိုင်း ရေး၊ ရေးမိတိုင်း တင်နဲ့ ကိုယ့်လက်ကို မထိမ်းချုပ်မိပါဘူး။

ဒါပေမဲ့ နောက်ပိုင်း ကိုယ့်ဘလော့ ဖတ်သူများလာတော့ (အဟဲ အဲလိုထင်တာပဲလေ) ကိုယ့်လက်ကို ထိမ်းချုပ်လာ မိတယ်။ အရေးအသား၊ စာလုံးပေါင်း၊ စာအကျ အပေါက်ကအစ ဂရုစိုက်ဖြစ်တယ်။ ကိုယ်တိုင် ဖတ်ချင် ပြန်လည် မျှဝေချင်တဲ့ ရှေးမြန်မာ စာပေတွေလဲ အလျဉ်းသင့်သလို တင်ခဲ့တယ်။

ဒီလိုနဲ့ တဖြည်းဖြည်း … ဖေ့စ်ဘွတ်ကြီး သုံးစွဲသူများလာတာနဲ့ အမျှ ဘလော့ရဲ့ အခန်းကဏ္ဍက မှေးမှိန်လာခဲ့ပါတယ်။ တချို့တွေက ဘလော့ကို ပိတ်လိုက်တယ်၊ တချို့တွေက ရပ်လိုက်တယ်၊ တချို့ကတော့ ရေးတလှည့် ရပ်တလှည့်။ ကျမကတော့ တတိယလူ ဆိုပါတော့ … ။

အရင်ကတော့ ပိတ်ထားတာတောင် မရမက ကျော်ခွပြီး ပို့စ်တွေ တင်ခဲ့တယ်၊ ကွန်နက်ရှင် နှေးနှေးမှာ ဓာတ်ပုံလေးတွေကို စိတ်ရှည်ရှည်နဲ့ တင်ခဲ့တယ်၊ အင်္ဂလန် ရောက်ခါစ ကွန်ပျူတာ မဝယ်နိုင်ခင်မှာ ကျောင်းလိုင်ဘရီက စက်အစုတ်လေးနဲ့ မြန်မာစာ မရမက ရိုက်ပြီး တင်ခဲ့တယ်၊ တခါ ခင်မင်ရာ ခင်မင်ကြောင်း အကူအညီတောင်းပြီး အသံဖိုင် ပို့လို့တမျိုး ဘားဂလစ်လို ရေးလို့တဖုံ သူတို့ဆီပို့ … သူတို့က မြန်မာလိုပြန်ပို့တာကို ဘာတခုမှ မမြင်ရဘဲ မှန်းပြီး ပို့စ်တွေ တင်ခဲ့တယ်။ (သူတို့ဆိုတာ ကိုစေးထူးနဲ့ ကိုရန်အောင်ပါ။ တကယ်ကို ကျေးဇူးတင်ပါတယ်။) အဲဒီတုန်းက အရမ်းချမ်းအေးတဲ့ အင်္ဂလန် ဆောင်းရာသီမှာ အပူပေးစက်ပိတ်ချိန် ကျော်သည်ထိ လူတယောက်မှ မရှိတော့တဲ့ လိုင်ဘရီထဲ ဇွဲနပဲနဲ့ ခြေဖျားလက်ဖျားတွေ ထုံကျင် တုန်ရင်စွာနဲ့ ပို့စ်တွေ တင်ခဲ့ဖူးတယ်။

အဲဒီလောက်ထိ ဘလော့ကို ချစ်ခဲ့ … စွဲလမ်းခဲ့ရတာပါ။
***
အခုတော့ … တွေးမိတိုင်း ချမရေးဖြစ်သလို ရေးမိတိုင်းလဲ ဘလော့မှာ မတင်ဖြစ်တော့ဘူး။ တင်မယ်စိတ်ကူးနဲ့ ရေးခဲ့ပေမယ့် တချို့စာလေးတွေကို draft ထဲမှာပဲ သိမ်းထားဖြစ်ခဲ့တယ်။

ပုံမှန် တင်နေမိတာကတော့ ခုနကပြောတဲ့ ဖေ့စ်ဘွတ်ကြီးမှာပေါ့။ ကဗျာအတိုအစ၊ စာအတိုအစတွေ အပါအဝင် ဆွမ်းခံသံဃာတော်တွေလဲ မနေရ၊ သီလရှင်လဲ မနေရ၊ သစ်ပင်တွေ ပန်းပွင့်တွေ၊ ကြောင်တွေ ခွေးတွေ၊ ချက်သမျှ စားသမျှ ဟင်းပွဲတွေလဲ မနေရ အကုန် ဓာတ်ပုံရိုက်ပြီး တင်နေမိတော့တာပဲ။ အရင်က ဘလော့မှာမှ တနေ့ တပုဒ်ပဲ တင်ဖြစ်တာ ဖေ့ဘွတ်ကျတော့ တနေ့ တပုဒ်မကတော့ဘူး။ ဒါပေမဲ့လဲ ခေတ်ကြီးကိုက အမြန်ခေတ် ဆိုတော့ အမြန်တွေး၊ အမြန်ရေး၊ အမြန်တင်၊ အမြန် like ...  နောက်ဆုံး အမြန်ပျောက် သွားကြတော့ တာပါပဲ။

ဆိုတော့ … အမြန်ရေး အမြန်တင်တဲ့ အတိုအစ စာတွေ ကဗျာတွေဟာ ကိုယ့်စိတ်တိုင်းကျ ဘယ်ဟုတ်ပါ့မလဲ။ ဒါကြောင့်လဲ ဖေ့စ်ဘွတ်မှာ တင်သမျှ ကဗျာတွေ စာတွေတိုင်း ဘလော့ဆီ မရောက်ခဲ့တာပါ။ ဘလော့မှာ တင်ဖို့ကျတော့ အချိန်ပေးပြီး တွေးရမယ် … ရေးရမယ်မဟုတ်လား။ အသက်ကြီးလာလို့လား မသိဘူး၊ အရင်လောက် စိတ်မရှည်တော့တဲ့ ကျမက ကွန်နက်ရှင်ကို အကြောင်းပြ၊ အလုပ်ကို အကြောင်းပြရင်း စာရေးဖို့ လက်တွေ တွန့်ဆုတ်နေသလို တဖြည်းဖြည်း ဘလော့နဲ့ ဝေးဝေးသွားခဲ့တယ်။ အကြောင်းအရာတခုရလို့ ချရေးဖြစ်ရင်တောင် စိတ်တိုင်းမကျတော့ဘူး။ အရင်လို လက်က ရှောရှောရှူရှူ မထွက်တော့ဘူး။ ဒီလိုနဲ့ ပို့စ်တွေ ဖြစ်မလာခဲ့ဘူး … ။

ကျမ စာမရေးနိုင်တော့ဘူးလား …. ။ တခါတခါတော့ ဝမ်းနည်းစိတ်နဲ့ တွေးမိတယ်။ ပြန်ရေးချင်လို့ ပို့စ်ဟောင်းတွေ ပြန်ဖတ်ပြီး မုဒ်သွင်းလဲ အချည်းနှီးပါပဲ။

ကျမ ဦးနှောက်ထဲမှာ ကျမ ကျောင်းသားတွေရယ် … သူတို့ကို သင်ဖို့ စာတွေရယ် … စာမေးပွဲ မေးခွန်းတွေရယ် … နေ့စဉ်နဲ့ အမျှ ဖြေရှင်းနေရတဲ့ ပြဿနာတွေရယ် … ဒါတွေနဲ့ ပိတ်ဖုံးပြီး အတွေးတွေ မရတော့ဘူး … အရေးတွေ မလှတော့ဘူး … ဘယ်လိုလုပ်ရမလဲ … ။

ဒါကြောင့် အစမှာ သူကြီးပြောခဲ့သလို အရင်ကလောက် မဟုတ်တော့ဘူးဆိုတာ ကျမ လက်ခံပါတယ်။ သူကြီးရဲ့ မှတ်ချက်က ကျမကို လှုပ်နှိုးလိုက်သလိုပဲ … ပြီးတော့ တီတင့်ရဲ့ tag ကလဲ ကျမကို စာရေးဖို့ တွန်းအားပေးခဲ့တယ်။ ဒီလိုနဲ့ ကျမ ဒီပို့စ်လေးကို ရေးဖြစ်သွားပါတယ်။ ဟိုရောက် ဒီရောက်နဲ့မို့ သည်းခံပြီး ဖတ်ကြပါ။ ပြီးတော့ … အရင်လို မတွေးနိုင် မရေးနိုင်တော့တဲ့ ကျမကို နားလည်စွာ ခွင့်လွှတ်ပေးကြပါတော့ … ။
***
မေတ္တာဖြင့်
မေဓာဝီ
၃၀၊ သြဂုတ်၊ ၂၀၁၄
၂၃း၅၁ နာရီ (မြန်မာစံတော်ချိန်)

Read More...

Monday, August 18, 2014

ကဗျာ ...



သီးခြားနေရာ
ကိုယ့် ကမ္ဘာလေ 
ကဗျာတွေပဲ ရှိပါစေ ... ။ 
***
MDW
၁၈.၀၈.၁၄

Read More...

Saturday, August 09, 2014

ဈေးဝယ်ထွက် ညည်းချင်း ... ဈေးဝယ်ခြင်း အတတ်ပညာ

ရော … သည်တခါ မေဓာဝီ ပျင်းမရ၊ ဟင်းချကာ အတင်းထပါလို့၊ ခြင်းမ-ကာ ဈေးကိုလစ်ရတယ် … ကွယ် … ညစ်ပြန်ပေါ့ မနက်ခင်း။

သက်ပြင်းကို အသာချပါလို့၊ ပါသမျှပိုက်ဆံလေးရယ်နဲ့၊ ဈေးဘယ်လို ၀ယ်ရပါ့၊ အကြံရခက်ပါဘိတောင်း၊ ခေါင်းကိုသာ တွင်တွင်ကုတ်၊ ငုတ်တုတ်ဖြင့် မေ့ချင်ပြီ၊ ဆီကလည်း ဈေးတွေတက်၊ ရေနဲ့ ချက်မရလို့သာပ၊ ချက်ရရင် ရေလုံပြုတ်၊ အဟုတ်သာ စားလိုက်ချင်တော့ရဲ့၊ သြော် ဘယ့်နှယ့် လုပ်ရပါ့၊ ဒုက္ခ … ဒုက္ခ … ဒုက္ခ … ပါတကား။

ကြက်သွန်နီ အာလူး၊ မထူးပေါင် အတက်သာရှိပေသမို့၊ ခက်ပါဘိလို့ တိတ်တခိုးညည်း၊ လိပ်ကျိုးကြီး လမ်းသွားသလို၊ ဈေးတန်းမှာ စမ်းတ၀ါးဝါး၊ လမ်းသလားကာ ဟိုသည်ကြည့်နေသမို့၊ လာပါလို့ လှမ်းကာခေါ်၊ ဒီမှာနော် ၀ယ်မှာလား၊ ငါးကြင်းက သုံးရာ့ငါးဆယ်၊ ငါးဖယ်က ရှစ်ရာဈေး၊ ညစ်ကာတွေးမနေနဲ့ ၀ယ်လို့ချက်၊ ၀က်သားက လေးရာ၊ ဘယ်ဟာကို စားမလဲ၊ အားခဲကာ စဉ်းစားလျက်၊ တွက်ချက်ရပြန်တော့တယ်။

ဈေးတန်းက အိမ်အပြန်၊ လက်ကျန်ငွေ နတ္ထိပေမို့၊ သတ္တိရှိရှိ ခေါင်းကိုမော့လို့၊ တောင်းကိုတော့ ဆွဲခဲ့ပါတယ်၊ ကဲ … ဒီနေ့ ချက်စရာ၊ ဒီမှာလေ ချဉ်ပေါင်ရွက်၊ ကြက်သွန်တတက်- ဆီတစက်နဲ့ ချွေတာရေးဟင်းချက်ပေရော့၊ ဟော့ဟိုမှာလေ … ငပိရည် နှစ်ရာဖိုး၊ ဆားထိုးလို့ ရေရော၊ ငရုတ်သီးမှုန့်မနှောဘဲ၊ ကျဲတောက်တောက် ညိုတိုတို၊ ဒီလိုသာ မြိုကြပါစို့၊ တို့စရာက ဆလတ်ရွက်၊ လိုက်ဖက်လို့ညီပါသည်၊ ဗီတာမင် အပြည့်အ၀၊ အားပါးတရ စားကြပေတော့၊ သွားပြန်ပေါ့တရက်၊ ဈေးဝယ်ထွက် မနက်ခင်း၊ ညည်းချင်းဖွဲ့ မဖြေသာပြီ၊ မေဓာဝီ ရူးချင်ပေါ့လေး။ ။

15.1.07
***
လွန်ခဲ့တဲ့ ၇ နှစ်ကျော်ကာလက ဒီမှာ ရေးခဲ့ဖူးတာလေးပါ။

အဲဒီတုန်းက အမေ ပြည်ပခရီးသွားနေချိန်မို့ ချက်ရေး ပြုတ်ရေး ဝယ်ခြမ်းရေးက ကျမတာဝန် ဖြစ်လာပါတယ်။ အမေ့နောက်က ဈေးခြင်းတောင်းဆွဲပြီး လိုက်နေကျမို့ တယောက်ထဲ ဈေးဝယ်ရတော့ ဈေးထဲမှာ တလယ်လယ် ဟိုဟာဝယ်ရ ကောင်းနိုး ဒီဟာ ဝယ်ရကောင်းနိုး စမ်းတဝါးဝါး ဖြစ်ရင်း “ဈေးဝယ်ထွက်ညည်းချင်း” ကို ရေးဖြစ်ခဲ့တယ် ဆိုပါတော့။

ဝါဆိုသင်္ကန်း ကပ်သည့်နေ့

အခုလဲပဲ ကျမ အမကြီး သီလရှင်ဝတ်နေတော့ ဈေးသွား ဟင်းချက် စီမံခန့်ခွဲရေး တာဝန် အရပ်ရပ်က ကျမခေါင်းပေါ် ကျရောက် လာပြန်ပါတယ်။ သူ လူဝတ်နဲ့တုန်းကတော့ များသောအားဖြင့် သူပဲ City Mart ကနေ ဈေးဝယ်ပေးပြီး ကျမကတော့ တခါတလေ အိမ်နားက ဈေးကလေးမှာ သွားဝယ်လေ့ရှိတယ်။ ဒါပေမဲ့လဲ အဲဒီဈေးကလေးကို တလတခေါက်တောင် မရောက်ဖြစ်ခဲ့ဘူး။ ဟင်းလဲ တခွက်ကောင်း တမယ်ကောင်းလောက်ပဲ ချက်စားဖြစ်ပြီး တခါတလေဆို ချက်မနေဘဲ ဆိုင်ကပဲ ဝယ်စားဖြစ်တယ်။ ခုတော့ သီလရှင် ဆွမ်းအမီကပ်ဖို့၊ သီလရှင် အာဟာရ မျှတစေဖို့၊ ခါတိုင်းလို တခွက်တလေ ပြီးစလွယ် မဟုတ်ဘဲ ဖွယ်ဖွယ်ရာရာ ဖြစ်အောင် ကျမ ဈေးကို ပုံမှန် သွားရပါတော့တယ်။

ပုံမှန်ဆိုတာက နေ့တိုင်းတော့ မဟုတ်ပါဘူး။ တနင်္လာက သောကြာဆိုရင် မနက် ၇ နာရီ စာသင်ရတဲ့ ကျမအဖို့ နေ့တိုင်း ဈေးမသွားနိုင်လို့ ကျောင်းပိတ်ရက် ဖြစ်တဲ့ စနေနေ့မှ ဈေးသွားရတာပါ။ တပတ်စာ ဝယ်ရတာဆိုတော့ ဟင်းမထပ်အောင် စီစဉ်ရတာလဲ သိပ်တော့ မလွယ်လှပါဘူး။ ဘိလပ်မှာတုန်းကလို တခါထဲ အများကြီးချက် ဖရိုးဇန်း (frozen) လုပ်ပြီး နည်းနည်းချင်း ထုတ်စား ဆိုတာမျိုးကို အမကြီးက မနှစ်သက်လေတော့ တနေ့တခါ ချက်ရပါတယ်။ ဘိလပ်မှာ ကျမချက်ကျွေးသမျှ မညည်းမညူ မကုန်မချင်း အားပေးတဲ့ ဦးရီးတော်ကို ကျေးဇူးတင်မိတယ်။

ဒီလိုနဲ့ ကျမမှာ တနေ့တနေ့ အလုပ်ပြေးလုပ်၊ ဟင်းပြေးချက်၊ စာပြေးသင်၊ တောက်တိုမယ်ရ ပြေးလုပ် ... ဟုတ်လို့နေတော့တာပါပဲ။
***

တပတ်စာ ချက်ရန် ဟင်းလျာများ

တပတ်တခါ ဈေးဝယ်ထွက်ဖြစ်တော့ ရေးဖြစ်ခဲ့ဖူးတဲ့ ဈေးဝယ်ထွက်ညည်းချင်းလေးကို ပြန်သတိရမိတယ်။ အဲဒီတုန်းက ကုန်ဈေးနှုန်းနဲ့ အခုဈေးနှုန်း ယှဉ်ကြည့်တော့ နည်းနည်းတော့ ကွာနေပါတယ်။ အဲဒီတုန်းက ဝက်သား တဆယ်သား လေးရာဈေးကနေ အခု ၇၅၀ ဈေး ဖြစ်သွားတယ်။ ဒါတောင် အသားချည်း မဟုတ်ဘူး၊ အဆီအသား ရောလျက်ပါ။ ငါးပုဏ္ဏားက ဥနဲ့ဆို တဆယ်သား ၁၅၀၀ ကျပ်။ ပုဇွန်ထုတ် အကြီးစား ၂၃၀၀ ကျပ်၊ အလတ်စားက ၁၅၀၀ ကနေ ၁၈၀၀ ကြား။ ပုဇွန် ဘော့ချိတ်လေးတွေက ၈၀၀ ကျပ်။ ငါးဖယ်က ၁၅၀၀ ကျပ်။ (တချို့ဈေးတွေလဲ သိပ်မမှတ်မိတော့ဘူး၊ ပြောသလောက်နဲ့ပဲ ဝယ်ဖြစ်လိုက်တာပဲမို့)။ ပြီးခဲ့တဲ့ တပတ်က ငါးသလောက်ဥကြီးတွေ တွေ့လို့ မေးကြည့်တာ တဆယ်သားကို ငါးထောင်ကျပ် ဆိုပဲ၊ မဝယ်ပါဘူး။


ပန်း၊ သစ်သီးနှင့် အသီးအရွက်များ

ပုံမှန်ဝယ်ဖြစ်တာကတော့ အမကြီး အကြိုက် ပုဇွန်၊ ငါးပုဏ္ဏား၊ ငါးကြင်း သို့မဟုတ် ငါးရံ့ နဲ့ တနင်္ဂနွေ အရုဏ်ဆွမ်းလောင်းဖို့ ဝက်သားအမြဲ ဝယ်ရတယ်။ ကစ်ကစ် အတွက်ကတော့ ကြက်သား မပါမဖြစ်ဝယ်ရပါတယ်။ ကျန်တဲ့ အသီးအရွက် ကတော့ ကျမကြိုက်တဲ့ ရာသီစာတွေပေါ့။ ခုတလော မန်ကျည်းသီးစိမ်းလေးတွေ ပေါ်နေတော့ မန်ကျည်းသီး ခဏခဏ ဝယ်ဖြစ်တယ်။ နောက်ပြီး တညင်းဝက်၊ ဟိုတလောကတော့ အင်ဥ ဝယ်ချက်ဖြစ်တယ်။ (အင်ဥကြောင့် ရင်ထုရတဲ့ အဖြစ်ကိုတော့ နောက်မှ ရေးပါတော့မယ်။)


ဆရာလေး ဆွမ်းကပ်ချိန်

ဘုရားကပ်ဖို့နဲ့ ကိုယ်စားဖို့ အသီးတွေကလဲ ဈေးထဲမှာ ရှိရင်ရှိသလို ဝယ်ရပါတယ်။ ကြက်မောက်သီး မင်းဂွတ်သီး နဂါးမောက်သီး စသဖြင့်ပေါ့။ နောက်ပြီး ဘုရားပန်း၊ စပယ်နဲ့ သပြေငုတ်လေးတွေကတော့ မပြတ်အောင် ဝယ်တင်ဖြစ်တယ်။ ဒီကြားထဲမှာ တခြားပန်းတွေကတော့ အလျဉ်းသင့်သလိုပါပဲ။

ဆွမ်း ပန်း ရေချမ်း ကပ်လှူနေသော ဆရာလေး

ကြက်သွန် အာလူးကိုတော့ အများကြီး မဝယ်ထားရဲပါဘူး။ ပုပ်ပုပ်သွားတတ်လို့ အလွန်ဆုံး နှစ်ပတ်စာလောက်ပဲ ဝယ်ထားပါတယ်။ အမေတို့ကတော့ ဈေးမတက်ခင် အသစ်မပေါ်ခင် အများကြီး ဝယ်ထားတတ်ပေမယ့် ကိုယ့်အလှည့်ကျတော့ တက်လဲ တက်ဈေးပဲ လို့ သဘောထားပြီး နည်းနည်းပဲ ဝယ်ပါတယ်။ ဒါတောင် တခါတလေ ကြက်သွန် အာလူးတွေ အတက်ထွက်ပြီး အပင်ပေါက်ကုန်လို့ ကလေးတွေနဲ့ သစ်ပင်စိုက်တမ်း ကစားလိုက်ရတာတွေလဲ ရှိပါတယ်။ :)
***
ဈေးဝယ်ထွက်ရင်း စဉ်းစားမိတယ်၊ တကယ်တော့ ဈေးဝယ် ချက်ပြုတ် မီးဖိုချောင်အလုပ်မှာ စီမံခန့်ခွဲ့မှု management က တကယ့် business တခုလို အလွန်အရေးကြီးတာပဲ။

- Planning - ဘာဝယ်ရမလဲ၊ ဘာချက်ရမလဲ ကြိုတင်စီစဥ၊်
- Organizing - ဘာပြီးရင် ဘာဝယ်မလဲ၊ အစီအစဉ်တကျ၊
- Analyzing - ဘယ်ဈေးသည်က ဈေးသက်သာလဲ အလေးမှန်လဲ သဘောကောင်းလဲ စိစစ်ပိုင်းခြား၊
- Decision Making - အားလုံး အိုကေရင် ဆုံးဖြတ်ကာ အမြန်ဝယ်ချ၊
- Interaction - ဈေးသည် ဈေးဝယ် အပြန်အလှန် ကျေနပ်မှုရှိအောင် ဆက်ဆံ၊
- Financial - ပါလာတဲ့ငွေနဲ့ လောက်အောင် အသုံးချ၊

စသဖြင့် management role အားလုံး အသုံးပြုရတယ်။ နှယ်နှယ်ရရတော့ မဟုတ်။

ဒီလိုနဲ့ သင်ခဲ့ဖူးတဲ့ ဘုတ်အုပ်ထဲက စာတွေကို ပြန်စဉ်းစားရင်း တပတ်တခါ စနေနေ့တိုင်း ဈေးခြင်းတောင်းကို မနိုင့်တနိုင်ဆွဲလို့ ဈေးထဲမှာ တလယ်လယ်နဲ့ လျှောက်သွား နေသူ တယောက်များ တွေ့ခဲ့ရင် ... … … ။
***
မေဓာဝီ
၉ သြဂုတ်၊ ၂၀၁၄
၂၁း၄၃ နာရီ

Read More...

Friday, April 18, 2014

ခရေရိပ်မှာ ...


ဒီကဗျာလေးကို မနှစ်က ရေးခဲ့ပါတယ်။

မနှစ်က မတ်လထဲမှာ တရားစခန်းဝင်တော့ နေရတဲ့ အဆောင်ရဲ့ မျက်နှာချင်းဆိုင်မှာ ခရေပင်ပျိုကလေး တပင် ရှိတယ်။ ရိပ်သာတဝင်းလုံးလည်း ခရေပင်တွေ အများကြီးပါပဲ၊ ခရေပွင့်ချိန်ဆိုတော့ တဝင်းလုံး မွှေးလို့ပေါ့။ တရားထိုင်ရာ ဓမ္မာရုံက ပြန်ရင်ပဲ ဖြစ်ဖြစ် ဆွမ်းစားဖို့ တန်းစီရင်ပဲဖြစ်ဖြစ် ခရေပင်တွေ အောက်က ဖြတ်သွားရတဲ့အခါတိုင်း ကြွေကျနေတဲ့ ခရေပန်းလေး တချို့ကို သတိလက်လွတ် ကောက်ယူရင်း မာလာဂန္ဓသိက္ခာပုဒ်တွေလဲ တခါတလေ ကျိုးပေါက်ခဲ့ရတယ်။

နေ့စဉ် ကိုယ့်အဆောင်နဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်တဲ့အခါ လူသွား လမ်းကလေးပေါ်မှာ ကြွေနေတဲ့ ခရေပန်းလေးတွေကို တံမြက်စည်းနဲ့ လှည်းရတိုင်း စိတ်ထဲက တိတ်တိတ်ကလေး တောင်းပန်ရင်း ပန်းကြွေလေးတွေအတွက် စိတ်မကောင်း ဖြစ်မိသေးတယ်။ မြေပေါ် ကြွေနေတဲ့ ပန်းလေးတွေကို သူများတွေ နင်းသွားမှာ မလိုလားသလို အမှိုက်အဖြစ်လဲ မလှည်းရက်ပါဘူး။


တရားစခန်းနောက်ဆုံးနေ့ ညဘက် တရားဖြုတ်အပြီးမှာတော့ ပန်းကြွေလေးတွေကောက်ပြီး ရေဆွတ်ထားတဲ့ လက်သုတ်ပဝါလေးနဲ့ ထုတ်ထားရင်း ခရေပန်းလေးတွေနေရာက ခံစားတွေးတော နေမိတယ်။ ပန်းကြွေလေးတွေကို ဘယ်သူကများ တယုတယနဲ့ တန်ဖိုးထားကြမှာပါလိမ့် ... ။

တန်ဖိုးကြီးတဲ့ သဇင်ပန်းလို ပန်းမျိုးတွေနဲ့ ယှဉ်ရင် အညတြ ခရေပန်းလေးတွေကို လူတွေက တန်ဖိုးထား မြတ်နိုးကြပါ့မလားလေ။ အညှာမခိုင်လို့ဘဲ ဖြစ်ဖြစ်၊ လေခြွေလို့ပဲ ဖြစ်ဖြစ်၊ အချိန်တန်လို့ပဲ ဖြစ်ဖြစ်  မြေပေါ် ကြွေကျ ရရှာတဲ့ မာနမဲ့တဲ့ ပန်းလေးတွေကို တစုံတယောက်ကသာ ကရုဏာသက်စွာ ရွေးချယ်မယ် ဆိုရင် ... သူတို့ ပျော်ကြမှာပါပဲ ... ။

ခရေပန်းကလေးနဲ့ ခရေပန်းကို မြတ်နိုးတဲ့သူ နေရာက ခံစားပြီး ဒီကဗျာကို ရေးဖွဲ့ ခဲ့ပါတယ်။
(၁၈၊ ၀၄၊ ၂၀၁၄)
***
ခရေရိပ်မှာ

ညဥ့်ဦးက ပန်းခရေ၊
လမ်းထက်မှာ ကြွေ။
နမ်းမပြေ ...
ပန်ေးကြွ တမင်ကောက်သူမို့
ကြောက်ပါနဲ့လေး ... ။

နံနက်က ပန်းသဇင်၊
စန်းတင့် မာန်ဝင်။
ပန်းဘုရင် ...
နန်းဝင်သည့် ပန်းဟာမို့
မောက်မာနဲ့လေး ... ။

ခရေနှင့် ပန်းသဇင်၊
လှမ်းမယှဉ် လွန်ကွာဝေးတာမို့
တုဘက်မမြင်။
နန်းတော်ဝင်
သဇင်မို့ မယှဉ်အား၊
မယ့်သခင် တော်ဝင်ပန်းကို
လှမ်းလိုက်မှာလား ... ။

အားငယ်နဲ့ ခရေရှင၊်
ပန်းတော်ဝင် သဇင်မင်းကို
ယွင်းစိတ်မဝင်၊
မောင့်ရင်ခွင်
စဉ်သဖြင့် ချိုမွှေး
ပန်းခရေ ပင်ပျိုရိပ်မှာ
ချွေးသိပ်မယ်လေး ... ။
***
မေဓာဝီ
၃၀၊ ၀၃၊ ၁၃
၁၅း၁၅ နာရီ

Read More...

Wednesday, April 09, 2014

ပိတောက် ၂၀၁၄ ...

...
ခြေသံမကြား ... တံခါးမခေါက်ဘဲ
ပိတောက်တွေ ကိုယ့်ဘေးနား
အမွှေးသား ရောက်လာတယ် ... ။
.

စွဲလမ်းရတဲ့ အဆင်း ... သင်းပျံ့လှတဲ့ ရနံ့
မက်မောခဲ့ရ အခါခါ
ဘယ်နေရာ ရောက်ရောက်
မေ့ပျောက်လို့မရတာ ... ဟော့ဒီ ပိတောက်ဝါ ... ။
.

မိုးကို မျှော်တဲ့ ပိတောက်ပန်း
မိုးရေစင် မပက်ဖြန်းဘဲ
နွေနေမှာ လန်းဆန်းခဲ့။


ဖူး ပွင့် ရွက် ခက်ဖြာ
စုံညီစွာ တင့်တယ်
နွေလယ်မှာ သူပျော်
အတာသင်္ကြန်ရဲ့ အဖော် ... ။  


ပိတောက် အိပ်မက်
သင်္ကြန်ရက်ရှည်
နွေရွက်ကြွေလို
ဝါ ရွှေ ညို ရင့်
အလွမ်းတွေ သင့်ခဲ့တယ် ... ။
***
မေဓာဝီ
၉၊ ဧပြီ၊ ၂၀၁၄
၂၃း၃၄ နာရီ

Read More...

Thursday, April 03, 2014

ကြောင်ကလေး ... ကျနော်


တကယ်တမ်း ဘယ်တုန်းကမှ ကြောင်ကို မချစ်ခဲ့ဖူးပါဘူး။

ငယ်ငယ်ကတည်းက ကြောင်တွေ အများကြီးနဲ့ နေခဲ့ဖူးပေမဲ့ ပွတ်သီးပွတ်သပ် လာလုပ်ရင် အလွန်မုန်းတယ်၊ တညောင်ညောင် အော်သံကို နားညည်းတယ်၊ သူတို့ အညစ်အကြေးတွေကို ရွံရှာတယ်။ ပြီးတော့ ကြောင်ဆိုတာ ခွေးတွေလောက် သခင့်ဒဏ်ကို မခံဘူး ... အိမ်ပူရင် ထွက်ပြေးတယ် ဆိုတဲ့ စကားကလဲ စိတ်ထဲမှာ စွဲနေလို့ တော်ရုံတန်ရုံ ကြောင်ကို မချစ်ခဲ့ဘူး၊ စိတ်လဲ မရှည်ခဲ့ဘူး။ သနားစရာ ကြောင် သတ္တဝါလေးတွေဟာ ကျမအတွက်တော့ အမြင်ကပ်စရာ ဖြစ်နေခဲ့ပါတယ်။

သခင်ကို တွယ်တာလို့ ပွတ်သီးပွတ်သပ်လုပ်တာ ... သခင်ကို ပူဆာဖို့ တညောင်ညောင် အော်တာ ... သခင်ကို ချစ်စနိုးနဲ့ ဆိုးနွဲ့တာ ... သခင်အလိုမကျလို့ အော်ငေါက်ရင် နားလည်သလိုမျိုး မျက်နှာလေး ငယ်သွားတာ ... တကယ်တော့ ကြောင်လေးတွေက အလိုက်မသိတဲ့ ကလေးဆိုးလေးတွေ လိုပါပဲ။ တခါတလေ ကိုယ်တိုင်လဲ ဒီလိုမျိုး ဖြစ်ရင် ဖြစ်ဖူးလိမ့်မယ် မဟုတ်လား။ အဲဒီလိုတွေးလိုက်တော့ ကြောင်လေးတွေကို သနားသွားတယ်။ ကြောင်လေး နေရာက ခံစားရင်း ဒီကဗျာလေးကို ရေးဖြစ်ခဲ့တာပါပဲ။ ကြောင်ကလေး ကျနော် ... တဲ့။
***

ကြောင်ကလေး ... ကျနော်


အနားမှာရပ်ပြီး
ပွတ်သီးပွတ်သပ်
ကပ်ကပ်ပြီးလဲ ချွဲတတ်တယ်။

တစာစာ တလောင်လောင်
ညောင်ညောင် အသံပေး
အရေးလဲ ဆိုတတ်တယ်။

စိတ်ထင်ရင် အပိုးကျိုး
စိတ်မထင်ရင် အမျိုးမျိုး
တခါတလေလဲ ဆိုးတတ်တယ်။

ရိုက်ပုတ် ဆူငေါက်
အော်ဟောက်တဲ့အခါ
မျက်နှာလဲ ငယ်တတ်တယ်။

ချစ်ရင်မြှူ မုန်းရင်ဆူ
ငြူစူရင် ဝမ်းနည်း
မျက်ရည်လဲ ဝဲတတ်တယ်။

သခင်ရဲ့အနားမှာ
တဖဝါးမခွါ နေချင်ပေမဲ့
ထားခဲ့လဲ ခံရတတ်တယ်။

သခင့်ရဲ့ခြေရင်း
ဝပ်ဆင်းရစ်ခွေ
နေရတဲ့ ဘဝမှာပျော်
တညောင်ညောင် … အော်တဲ့
ကြောင်ကလေးဟာ … ကျနော် … ။ … ။
***
မေဓာဝီ
၃၊ ဧပြီ၊ ၂၀၁၄
၁၇း၃၅ နာရီ

Read More...

Wednesday, January 29, 2014

မင်းသားလေး နှင့် ဆောင်းဥသြ

နံနက်စောစော ဘုရားသောက်တော်ရေခွက်တွေဆေးရင်း လေးလေးတွဲ့တွဲ့ တွန်ကျူးနေသည့် ဥသြငှက်သံကို ကြားလိုက်ရ၍ နွေရောက်ပြီလားဟု ရုတ်တရက် စိတ်ထဲတွေးလိုက်မိသည်။ နွေမရောက်သေးပါဘူး … ခုမှ ဇန်နဝါရီလတောင် မကုန်သေးဘူးလေ … ။

ဥသြ … ဥသြ … ဥသြ …

အသံက နီးလာလိုက် … ဝေးသွားလိုက် … လွမ်းလွမ်းဆွေးဆွေး အော်မြည်နေသော အသံပိုင်ရှင်ကို ကျမ လိုက်ရှာနေမိသည်။ ဟိုဘက်ခြံက ပိန္နဲပင်ကြီးပေါ်ကလား … အုပ်ဆိုင်းနေတဲ့ သရက်ပင်တွေဆီကလား … ။ အသံရှင်ကား ရှာ၍မရ။

ဒီလိုရာသီမှာ ဥသြတွန်သံကြားတိုင်း တစုံတရာကို သတိရမိ၏။ သတိရသည် ဆိုခြင်းထက် လွမ်းသည် … ဟု ပြောလျှင် ပို၍မှန်ပါလိမ့်မည်။ အလွမ်းဆိုတာ သတိရခြင်းထက်ပိုပြီး နက်ရှိုင်းတဲ့ ခံစားမှု မဟုတ်လား ။ ဘာကို လွမ်းသလဲဟု ဆိုလျှင် … ကျမ တခါမှ မတွေ့ဖူးသော မင်းသားလေးကို လွမ်းနေသည်။ “ကိုကို” ဟု တစုံတယောက်ကခေါ်သော ထို မင်းသားလေးကို လွမ်းနေမိသည်၊ ထို့ထက်ပို၍ ပြောရလျှင်တော့ လေးနက်သော ချစ်ခြင်း မေတ္တာတရားကို ကျမ လွမ်းနေမိပါသည်။
***
ထိုစဉ်က ကျမ အသက် နှစ်ဆယ်ကျော်အရွယ်၊ ကျောင်းပိတ်ရက်တွေဆို ဘွားဘွား (အဖေ့အမေ) ရဲ့ အိမ်မှာ နေ့လည်နေ့ခင်း သွားစောင့်ပေးရသည်။ ဘွားဘွားအနားမှာထိုင်ကာ သိုးမွှေး နှစ်ချောင်းထိုး ထိုးရင်း စကားစမြည်ပြော၊ မိုင်လို, အိုဗာတင်း ဖျော်ပေး၊ သွေးပေါင်ချိန်ပေး စသဖြင့် ပေါ့ပေါ့းပါးပါးနေရင်း အချိန်တွေကုန်ခဲ့ရသည်။ ကျမက စာရေးဝါသနာပါသူမို့ ဘွားဘွားက ရှေးဟောင်းနှောင်းဖြစ်ကလေးတွေ မှတ်သားစရာလေးတွေ ပြောပြလေ့ရှိသည်။ သူကိုယ်တိုင်လဲ စာရေးဝါသနာပါသူပင် … ။

ဆောင်းနှောင်းရာသီရဲ့ နေ့လည်ခင်းတခုမှာ ဘွားဘွားက ဒရင်းမ်ဘက်ပေါ် လှဲနေခိုက် အိမ်ခေါင်းရင်း ပိတောက်ပင်ကြီး ထက်မှ ဆွေးဆွေးမြေ့မြေ့ ဥသြတွန်သံကို ကြားလိုက်ရ၍ …

“ဟင် … ဥသြကလဲ နွေရာသီတောင် မရောက်သေးဘူး … အော်နေတယ်” ကျမကပြောတော့ ဘွားဘွားက ပြုံးပြီး …

“ဆောင်းရာသီမှာလဲ ဥသြလေးတွေ တွန်ပါတယ် … သမီးသတိမထားမိလို့ပါ…” ဟု ပြန်ပြောသည်။ တကယ်လဲ ထိုအချိန်ထိ ဆောင်းရာသီမှာ ဥသြတွေ တွန်တတ်တာကို ကျမ သတိမထားမိခဲ့ပါ။ ဘွားဘွားကတော့ ဟိုးငယ်ငယ်လေး ကတည်းက ဆောင်းမှာ တွန်သည့် ဥသြငှက်သံကို သတိထားမိသတဲ့။

“ဘွားဘွားအသက် ၈-နှစ် ၉-နှစ် အရွယ်လောက်တုန်းကပေါ့ …”

အစချီရင်း ငယ်ဘဝဇာတ်လမ်းလေးထဲ ကျမကို ဆွဲခေါ်သွားခဲ့သည်။ ဘွားဘွားနှုတ်ခမ်းလေးတွေက ပြုံးယောင်သန်းလာသည်။ မျက်ဝန်းတွေကတော့ အဝေးတနေရာကို ငေးရင်း ရီဝေဝေ … ၊ ဆောင်းလေကြောင့် ငွေရောင်ဆံပင်တွေက တလွန့်လွန့်လူးလို့ … ။
***
ဘွားဘွား အသက် ၈ နှစ် ၉ နှစ် အရွယ်လောက်က ဘွားဘွားတို့နေထိုင်ရာ မြို့ကလေးကို ဇာတ်အဖွဲ့ တဖွဲ့ ရောက်လာသည်က ဇာတ်လမ်းအစပြုခဲ့သည်။ ဘွားဘွား မိဘများက မြို့၏ တာဝန်ရှိသူတွေအနေနှင့် ဇာတ်အဖွဲ့ နေထိုင် စားသောက်ရေးအတွက် စီစဉ်ပေးရသဖြင့် ဘွားဘွားတို့ အိမ်မှာ ဇာတ်အဖွဲ့တွေ တရုန်းရုန်း၊ ထို ဇာတ်အဖွဲ့ထဲမှ သဘောကောင်းသည့် ဇာတ်မင်းသားလေးကို ဘွားဘွားက ခင်တွယ်မိခဲ့သတဲ့။

“သူက သိပ်ချောတာပဲ … အသားလေးက ဝင်းနေတာ၊ သူ့ကို ဘွားဘွားက ကိုကိုလို့ ခေါ်တယ်။ သူကတော့ ဘွားဘွားကို အလှ .. တဲ့။ ဘွားဘွားကိုလဲ သိပ်ချစ်ပြီး သိပ်အလိုလိုက်တယ်၊ တနေ့ ဘွားဘွား အရမ်းနေမကောင်း ဖြစ်တော့ ကိုကိုက တချိန်လုံး ချီပြီး သိပ်ရတာ … ချလိုက်တာနဲ့ ဘွားဘွားက နိုးတော့ သူ့ခမျာ ဘွားဘွားကို လက်ပေါ်က မချရဘူး …”

အတိတ်က ဇာတ်လမ်းကို ပြန်ပြောနေသည့် ဘွားဘွားမျက်လုံးလေးတွေ အရောင်တောက်ပလာသည်။ ငယ်ဘဝကို ပြန်ရောက်သွားသည့်အလား … ။ နှုတ်ခမ်းတွေက ရှက်စနိုး ပြုံးလဲ့လဲ့။

နေမကောင်းဖြစ်ပြီးနောက်ပိုင်းမှာ ကိုကိုနှင့်အလှ ပိုပြီး သံယောဇဉ်တွေ တွယ်တာမိခဲ့ကြသည်။ လူကြီးတွေကလဲ မင်းသားလေးနှင့်အလှကို “သူတို့မောင်နှမ” ဟု သုံးနှုန်းလေ့ရှိပြီး “ကိုကိုပြန်ရင် အလှလဲ လိုက်သွား” ဟု စ-နောက်ခဲ့ကြ၏။

ပျော်ရွှင်ခြင်းတွေရဲ့ အဆုံးသတ်ဟာ ခွဲခွါခြင်းဟုဆိုလျှင် ကိုကိုနဲ့ အလှတို့ ခွဲခွါရမည့်နေ့က မြန်မြန်ဆန်ဆန်ပင် ရောက်လာလေတော့သည်။ ဇာတ်အဖွဲ့ဆိုသည်က တနေရာတွင် ရှည်ကြာစွာ နေ၍ရသည်မှ မဟုတ်ဘဲ။ နောက်တမြို့သို့ ဆက်လက်ဖျော်ဖြေရန် ထွက်ခွါရတော့မည်လေ။
***
ထိုနေ့က ခုလိုပဲ ဆောင်းရာသီရဲ့ နေ့တနေ့ဖြစ်သည်။ ဧရာဝတီတိုင်းက မြို့ငယ်ကလေးရဲ့သင်္ဘောဆိပ်မှာတော့ ဇာတ်အဖွဲ့ကို လိုက်ပို့ နှုတ်ဆက်ကြသည့်သူတွေ ကမ်းလုံးညွှတ်။ ထိုသူတွေထဲမှာ အလှလဲ ပါခဲ့သည်။ မျက်ရည်တွေ စိုစွတ်နေသော အလှ၏ ပါးပြင်ကို မွှေးရင်း “ကိုကို ပြန်လာခဲ့မှာပါ … မငိုနဲ့နော် အလှ” ဟု နှုတ်ဆက်ပြီး သင်္ဘောပေါ် တက်သွားသည့် မင်းသားလေးကို … အလှက လှမ်းအော်ပြောလိုက်သည်။

“ကိုကိုရေ … မြန်မြန် ပြန်လာခဲ့ပါနော် … ကိုကိုရေ … ကိုကို …”

သင်္ဘောကြီးက ဥသြသံရှည်ကြီး ဆွဲလျက် ဆိပ်ကမ်းမှ ထွက်ခွါသွားပြီ။ ကမ်းနားက ကုက္ကိုပင်ကြီးအောက်မှာတော့ တရွေ့ရွေ့ ထွက်ခွါသွားသော သင်္ဘောကြီးအား မျက်စိတဆုံးကြည့်ရင်း ကြေကွဲစွာ လက်ပြနှုတ်ဆက်နေသော သူငယ်မလေး…။ ကုက္ကိုပင်ကြီးထက်မှ ဥသြငှက်က သင်္ဘောဥသြနှင့်အပြိုင် တွန်ကျူးလိုက်သည်။

ဥသြ … ဥသြ … ဥသြ …

ထိုအသံကို ကြားရသည့် သူငယ်မလေး၏ လပ်ဟာနေသော ရင်ထဲမှာတော့ ကိုကိုရော … ကိုကိုရော … ဟုသာ တစာစာ မြည်တမ်းနေတော့သည်။
***
ဘွားဘွားအပြောကြောင့် ထိုမြင်ကွင်းလေးကို ကိုယ်တိုင် မတွေ့ရပါဘဲနှင့် ကျမမျက်စိထဲမှာ ရုပ်ရှင်ရိုက်ပြထားသလို မြင်ယောင်နေခဲ့သည်။ ဆောင်းဥသြကို ဘွားဘွားသတိထားမိပုံက အလွမ်းတွေနှင့် ရောယှက်လို့ပဲ … ။

“မင်းသားလေးက ဘွားဘွားတို့မြို့ကို ပြန်လာခဲ့လားဟင်”

သိချင်စိတ်နဲ့ အငမ်းမရမေးလိုက်သည့် ကျမကို ဘွားဘွားက ညင်သာစွာ ခေါင်းယမ်း၍ တုန့်ပြန်၏။ ပြတင်းပေါက်မှ အဝေးကို ငေးနေသည့် ဘွားဘွားကို ကြည့်ရင်း ကျမရင်ထဲမှာ ဟာလို့ … ။

“တနေ့မှာ ကိုကို ပြန်လာလိမ့်နိုးနဲ့ သင်္ဘောဆိုက်တိုင်း မျှော်ခဲ့ရတယ်။ ဆောင်းရာသီမှာ ဥသြငှက်သံကြားတိုင်း ကိုကို့ကို အောက်မေ့လိုက်ရတာ …”

အဲဒီမြို့ကလေးကနေ ရန်ကုန်မြို့ကြီးသို့ ထွက်ခွါလာချိန်ထိ အလှထံသို့ ကိုကို ရောက်မလာခဲ့။

“ဒါပေမဲ့ … နှစ်တွေ အများကြီးကြာတော့မှ ပြန်တွေ့ခဲ့ကြတယ်”

ဘွားဘွားရဲ့ မင်းသားလေးဇာတ်လမ်းက အဆုံးမသတ်သေးပါ။ တခါတရံ တကယ့်အဖြစ်အပျက်တွေက ယုံရခက်လွန်းလှသည်။ စွဲလမ်းမှုကြောင့်လား နက်ရှိုင်းတဲ့ မေတ္တာတရားကြောင့်လား … သူတို့ ဆုံတွေ့ချိန်က အမှန်တကယ်ပင် ရောက်လာခဲ့လေ၏။

သို့သော် ….
***
ပြန်လည် ဆုံတွေ့ခြင်းသည် နှစ်ပေါင်းများစွာ အကြာတွင် ရောက်ရှိလာခဲ့သည်။ ဘွားဘွားက အသက် ၇၀ ကျော်၊ မင်းသားလေးကတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မြို့ကလေးမှာ တွေ့ခဲ့သည့် အရွယ်အတိုင်း မပြောင်းလဲဘူးဟု ဆိုလျှင် ထူးဆန်းနေမလား … ။ အမှန်က ဘွားဘွားနှင့် ပြန်ဆုံခဲ့သည့် မင်းသားလေးသည် ကိုကိုနှင့် ရုပ်ချင်း အလွန်တူသူ တဦးသာ ဖြစ်ပါသည်။ တိုက်ဆိုင်တာက ထိုသူသည်လဲ ဇာတ်မင်းသားလေးပင် ဖြစ်နေခဲ့ပါသတဲ့။

ဇာတ်ပွဲတွေကို ကျမ မကြည့်ဖူးပါ။ ထိုစဉ်က ဇာတ်မင်းသားဆိုလျှင် မျက်နှာချေတွေ အဖွေးသားလိမ်းပြီး မင်းသမီးပေါင်းများစွာနဲ့ တွဲကသည့် လူစားမျိုးဟုသာ ယေဘုယျ သိထားခဲ့သည်။ မင်းသားအများစုက ဇာတ်ပွဲထဲမှာ မင်းသားဝတ်နှင့် မဟုတ်ဘဲ ခေတ်ဆန်ဆန် ဝတ်ဆင်ကာ စတိတ်ရှိုး သီချင်းတွေဆို တတ်သည်မို့ ကြည့်လို့လဲမရ … အထင်လဲ မကြီးမိ။ လူထုဒေါ်အမာရေးသည့် ဖိုးစိန်၊ စိန်ကတုံး၊ အောင်ဗလ စာအုပ်ထဲကလို ဇာတ်မင်းသားမျိုး မတွေ့ဖူး၍လဲ အထင်မကြီးမိတာ ဖြစ်မည်။ သို့ပေမဲ့ ထိုစဉ်က နာမည်ကြီးနေသည့် ဇာတ်မင်းသားတွေထဲမှာ သိန်းဇော် (မန္တလေး) ကိုတော့ ကျမ အနည်းငယ် ကြည့်လို့ရခဲ့၏။ ကေဇော်နာမည်နှင့် ရေးသော သူ့ကဗျာတွေကို ကျမနှစ်သက်သည်။ ဂီတနက်သန် ကိုစောညိန်း သီချင်းတွေ သူ ပြန်လည်သီဆိုသည်ကို ကျမ သဘောကျသည်။ ဒီ့ထက်ပို၍ သူ့ဇာတ်ပွဲတွေကို ကျမ မကြည့်ဖူးခဲ့ပါ။

ဘွားဘွားပြန်တွေ့ခဲ့သည် ဆိုသည့် မင်းသားလေးက ကိုကိုနှင့် ရုပ်ချင်းအလွန်ဆင်တူသူ ဇာတ်မင်းသား သိန်းဇော် ပင်ဖြစ်လေသည်။

“အံ့သြစရာ ဘယ်လောက်ကောင်းလိုက်သလဲ … သူက ကိုကို့ရုပ်နဲ့ တထေရာထဲပဲ သမီးရယ် …”

ဘွားဘွားစိတ်မှာ စွဲနေလို့ ရုပ်ချင်းတူတယ် ထင်တာနေမှာပါ … လို့ ကျမတိတ်တဆိတ် တွေးနေပေမယ့် စကားအဖြစ် ပြောမထွက်ခဲ့။ တွေ့လိမ့်နိုးဖြင့် နှစ်ပေါင်းများစွာ စောင့်စားခဲ့ရသည့် ဘွားဘွားရဲ့ မျှော်လင့်ချက်နဲ့ ယုံကြည်ခြင်းတွေကို ကျမ စကားတခွန်းကြောင့် မပျက်စီးစေလို။

“x x x ဇာတ်မင်းသားလေး သိန်းဇော် သိန်းဇော် တိုင်းပြည်က မျှော် x x x ”

ထိုသီချင်းသံတွေ တနိုင်ငံလုံး လွင့်ပျံ့နေချိန် ဘွားဘွားရှိရာ တောင်ပေါ်မြို့ကလေးကို သူတို့ဇာတ်အဖွဲ့ ရောက်လာခဲ့သည်။ အသက် ၇၀ ကျော် ဘွားဘွားက စပယ်ဖူးတွေ အများကြီးဝယ်ကာ အဲဒီည သိန်းဇော် ကလျှင် လည်မှာ ဆွဲဖို့ ကိုယ်တိုင် ပန်းတွေသီကုံးပေးခဲ့သတဲ့။

“စပယ်ပန်းကုံးတွေ အများကြီး ဘွားဘွားတယောက်ထဲ တပွင့်ချင်း သီပေးခဲ့တာ … တနေကို ကုန်ရော … ။ ဘွားဘွားပင်ပန်းရကျိုး နပ်ပါတယ်၊ အဲဒီညက ဘွားဘွားရဲ့ ပန်းတွေလည်မှာဆွဲပြီး သူ အလှဆုံး ကပြခဲ့တယ်လေ …”

ပျောက်ဆုံးသွားတဲ့ ကိုကို ပြန်ရောက်လာသည့် အမှတ်ဖြင့် ဘွားဘွားက ဇာတ်မင်းသားလေး သိန်းဇော်အတွက် အပင်ပန်းခံခဲ့သည်။ နောက်တနေ့ကျတော့ အိမ်မှာထမင်းဖိတ်ကျွေးရင်း ငယ်ငယ်တုန်းက ကိုကိုနဲ့ အလှရဲ့ ဇာတ်လမ်းလေးကို ပြောပြခဲ့သည်ဟု ဆိုသည်။ ထိုစဉ်က လူရွှင်တော် ကွမ်းသီးက ဗီဒီယိုမရိုက်သေး၊ မန္တလေးသိန်းဇော် ဇာတ်ထဲမှာပဲ ရှိနေသေးသည်။ ဘွားဘွားဖိတ်ကျွေးသည့် ထမင်းစားပွဲသို့ ကွမ်းသီးနှင့် တခြားလူရွှင်တော် တယောက်လဲ ပါလာခဲ့ကြသည်ဟု ဘွားဘွားက ပြောပြ၏။

ကိုကို့ကိုယ်စား  ဇာတ်မင်းသားလေး သိန်းဇော်ကို ပြန်တွေ့ရ၍ ကိုကို့ကို လွမ်းသည့် အလွမ်းတွေပြေလျော့ သွားပြီလား ... ဟု ဘွားဘွားကို မေးလိုက်ချင်သော်လဲ မမေးခဲ့မိပါ။ ဘွားဘွားဆုံးပါးသွားပြီး နောက်ပိုင်း ဆောင်းတွင်းဘက် ငှက်ဥသြတွေ အော်မြည်သံကြားတိုင်း ကုက္ကိုပင်ကြီးအောက်မှာ ကိုကိုရေ ... ပြန်လာပါ ... ဟု တမ်းတနေသော သူငယ်မလေးကို မြင်ယောင်မိသည်။ ခဏတာ ပျော်ရွှင်မှုတွေ ပေးပြီး ခွဲခွါသွားသည့် ကိုကို့ကိုလဲ ဘွားဘွားကိုယ်စား လွမ်းနေမိပါသည်။
***
ဘွားဘွားရဲ့ ဇာတ်လမ်းကို ပြန်စဉ်းစားရင်း ချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ ကျမ တွေးနေမိသည်။ အသက် ၈ နှစ်အရွယ် သူငယ်မလေးရဲ့ သူ့ကိုကိုပေါ် တွယ်တာခဲ့တဲ့ အချစ်မှသည် … အသက် ၇၀ ကျော် အရွယ် အမျိုးသမီးကြီးရဲ့ ခိုင်မြဲနေဆဲ မေတ္တာအထိ။

မေတ္တာဟူသည် အတိုးအလျှော့ လုပ်၍မရ၊ အတိုင်းအဆ မရှိ၊ အပြောင်းအလဲ မမြန်၊ အချိန်ကန့်သတ်၍လဲ မထား … ။

ချစ်ခြင်းမေတ္တာသည် စပယ်ပန်းတွေလို ဖြူစင်ရိုးသား၍ အစဉ် မွှေးပျံ့သည် မဟုတ်ပါလား … ။
***
မေဓာဝီ
၂၉၊ ၀၁၊ ၂၀၁၄
၂၃း၅၀ နာရီ

Read More...

Saturday, January 18, 2014

နောက်ဆုံး ...

နောက်ဆုံး 
***
အိပ်စက်ခြင်းတွေ ရှိနေသရွေ့
အိပ်မက်တွေက မက်နေဦးမှာပဲ ... ။ 

အိပ်မက်အသစ်တွေ ထပ်မက်ဖို့
နက်ဖြန်မနက် ငါ နိုးထမယ် ... ။ 

ဒီတညတော့ ... 
အိပ်မက်အဟောင်းကို တွယ်ဖက်
ခဏ အိပ်စက်ချင်တယ် ... ။ ... ။
***
မေဓာဝီ
၁၈၊ ၀၁၊ ၂၀၁၄
၁၈း၂၀ နာရီ

Read More...

Wednesday, January 01, 2014

2013 --> 2014


နှုတ်မဆက်ငြား
နှစ်ဟောင်းကား
ကျော်လွှားကုန်ဆုံး ချေဦးမည်။






မကြိုဆိုဘဲ
နှစ်သစ်လဲ
ရောက်မြဲရောက်လာ ချေဦးမည်။




နှုတ်ဆက် - ကြိုဆို
အချိန်ကို ရေတွက်
တရက် ပြောင်းခိုက်
စိတ်မိုက်ညစ်ကြေး
စွန့်ခွါဝေးမည့်
ဆယ့်လေး နှစ်သစ်
တံခါးလှစ်လော့ ... ။
***
မေဓာဝီ
၃၁၊ ၁၂၊ ၁၃
၂၃း၀၀ နာရီ
***
ကမ္ဘာသုံး ပြက္ခဒိန်ရဲ့ နှစ်ဟောင်းအကုန် နှစ်သစ်ကူးပြီဆိုမှဖြင့် နှစ်သစ်ကို ကြိုဆိုကြ နှစ်ဟောင်းကို နှုတ်ဆက်ကြနဲ့ ... တကမ္ဘာလုံး အလုပ်တွေကို များလို့။ ကိုယ်ကိုယ်တိုင်လဲ ဒီရေစီးကြောင်းထဲမှာ မျောပါလို့ ... ။ တကယ်တမ်း ... ကိုယ်မကြိုဆိုလဲ နှစ်သစ်ကတော့ ရောက်လာမှာပါပဲ ... ကိုယ်နှုတ်မဆက်လဲ နှစ်ဟောင်းက ကုန်ဆုံးသွားမှာပဲ ဆိုတဲ့ အတွေးလေး တွေးမိခိုက်မှာ ဒီကဗျာလေး ရေးဖြစ်သွားတယ်။  

ရေးတုန်းကတော့ နှစ်သစ်မပြောင်း .. နှစ်ဟောင်းမကုန်ခင်မှာ ရေးခဲ့တာပါပဲ။ ရေးပြီးပြီးချင်း ဘလော့မှာ တင်မရလို့ ဖေ့စ်ဘွတ်မှာပဲ တင်ခဲ့ရတယ်။ ခုတော့ တရက်မစွန်းခင် ကြိုးစားတင်လိုက်ပါတယ်။ အားလုံး မင်္ဂလာရှိသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ ... ။
***
မေဓာဝီ
၀၁၊ ၀၁၊ ၂၀၁၄
၂၁း၀၁ နာရီ (မြန်မာစံတော်ချိန်)

Read More...