Friday, September 23, 2011

ထာဝစဉ် (Full version)

ထာဝစဉ် ...

စီးဆင်းခဲ့တယ် …
ဘယ်သောင်မှ မရပ်
ဘယ်ကမ်းစပ်မှ မခို
ရာဇ၀င်တွေကို ထမ်းလို့
ကမ်းများစွာ ဖြတ်သန်းရင်း
သူ … စီးဆင်းခဲ့တယ်။

စီးဆင်းနေဆဲ …
သောင်ပဲထွန်းထွန်း ကျွန်းပဲခံခံ
လေထန်ထန် မိုးသည်းသည်း
နှင်းဖွဲဖွဲ နေသာသာ
ဘယ်အခါမှ ပြန်မလှည့်ဘဲ
သူ … စီးဆင်းနေဆဲ … ။

စီးဆင်းပါစေ …
အညာမှ အကြေ
ပြေမြန်မာ တ၀ှမ်း
သူထွင်တဲ့ လမ်းပေါ်မှာ
ငြိမ်းချမ်းစွာ
လွတ်လပ်စွာ
ထာဝစဉ် စီးဆင်းနိုင်ပါစေ … ။ … ။
***
မေဓာဝီ
၂၃၊ စက်တင်ဘာ၊ ၂၀၁၁
၂၂း၁၉ နာရီ



ပထမပို့စ်ကို ၂၃ရက်နေ့ အမီ မတင်ဖြစ်မှာစိုးလို့ သုံးကြောင်းလေးပဲ ရေးပြီး မနက် ၄ နာရီ အိပ်ရာကအနိုး ကျောင်းမသွားခင် တင်ထားလိုက်တယ်၊ တကယ်က အရှည်ရေးဖို့ စိတ်ကူးထားပြီးသားမို့ ကျောင်းကပြန်ရောက်လို့ ကိစ္စ၀ိစ္စတွေ အားလုံး အပြီးမှာ ကဗျာလေးကို ဆက်ရေးဖြစ်တယ်။ ပြီးတော့ အမှတ်တရဖြစ်အောင် အသံပါ သွင်းလိုက်ပါတယ်။ လည်ချောင်းနာ ချောင်းဆိုး တ၀က်တပျက် နှာခေါင်းပိတ်နေတဲ့ အသံနဲ့ပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီကနေ့အတွက် အမှတ်တရလေးပေါ့ ... ကြားချင်ရင် နားဆင်ကြည့်နိုင်ပါတယ်။ အားလုံးကို အားနာစွာ ကျေးဇူးတင်ပါတယ် ... ။

Read More...

ထာဝစဉ် ...

စီးဆင်းခဲ့တယ် …
စီးဆင်းနေဆဲ …
စီးဆင်းပါစေ …
အစဉ် … အမြဲ … ။
***


ဧရာဝတီကို ချစ်သော ...

မေဓာဝီ
၂၃၊ စက်တင်ဘာ၊ ၂၀၁၁
04:05 am

Read More...

Tuesday, September 20, 2011

အားရနေလို့ ... အားကျစေဖို့ ... (အပိုင်း ၂)

အပိုင်း ၁ နဲ့ အပိုင်း ၂ က တလလောက် ကွာသွားတယ်။ ကျမ မအားတာက တကြောင်း၊ ပြည့်ပြည့် မအားတာက တကြောင်းနဲ့ ခုလောက်ထိ ကြန့်ကြာ သွားတာပါ။ ကျမလဲ ပြီးပြီးရော မတင်ချင်လို့ အမှားအယွင်းတွေ ကင်းအောင် ကာယကံရှင်ဆီ ပြန်ပို့ပြီး ဖတ်ခိုင်းရပါတယ်။ နှုတ်တရာ စာတလုံး မဟုတ်လား။ အင်တာနက်မှာ အက္ခရာတင်မယ်ဆိုရင် လူတိုင်း ဖတ်လို့ရတာမို့ အချက်အလက်တွေ မမှားစေချင်လို့ပါ။ အပိုင်း ၁ ကို မဖတ်ရသေးသူများ (မေ့နေကြသူများ) ပြန်ဖတ်ချင်ရင် လင့်ခ်လေးက တဆင့် အရင် သွားဖတ်ကြည့်စေချင်ပါတယ်။
***
(အပိုင်း - ၁ မှ အဆက်)

ပြည့် - ဘာကြောင့် MA ကို Buddhist Study လုပ်လဲဆိုတော့ စာသင်ချင်တာရယ်၊ သာသနာပြုချင်တာရယ်ကြောင့်ပေါ့။ တရားပြဆရာမ လုပ်ပြီး သာသနာပြုချင်တာ။ သဲအင်းဂူမှာ တရားထိုင်တော့ သဲအင်းဂူနည်းက တရားထောက်တွေ လိုတယ်။ သူ့နည်းကိုက တရားထောက်တွေ မရှိရင် ထိုင်တဲ့သူတွေက အဆင်မပြေဘူး။ ဘာကြောင့်လဲဆိုတော့ သဲအင်းဂူနည်းက တရားတချိန်ကို ၂ နာရီ ဣရိယာပုထ် မပြင်ဘဲ ထိုင်ရတဲ့အပြင် လေကို ခပ်ပြင်းပြင်း မြန်မြန် ရှူရတယ်။ ဒါကြောင့် သဒ္ဓါတရားက သိပ်အရေးကြီးတယ်။ အဲဒီက ဆရာလေးတွေ တရားထောက်ပေးတာ၊ သဒ္ဓါတင်ပေးတာ ကြည့်ပြီး အရမ်းအားကျမိတယ်။


မေ - တရားထောက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။
ပြည့် - တရားထောက်တယ်ဆိုတာ သူတို့က တရားထိုင်တဲ့ ယောဂီတွေကို လိုက်ကြည့်ပြီး စိတ်တွေပျံ့လွင့်ရင် ဘေးနားကနေ လာပြောတယ်။ သဲအင်းဂူဆရာတော်ကြီးက ဟောတယ် ကိုယ့်စိတ်ကိုယ်စစ်ရင် သူများရဲ့ စိတ်ကိုလည်း သိတယ်တဲ့။ သမီးကို တရားပြပေးတဲ့ ဆရာတော်ကြီးက သဲအင်းဂူဆရာတော်ကြီး လက်အောက်မှာ တရားကျင့်ခဲ့တာ။ သမီးကို တရားပြပေးတဲ့ ဘုန်းဘုန်းတွေ၊ ဆရာလေးတွေကလည်း တော်တော်ကျင့်ထားကြတဲ့ သူတွေချည်းပဲ။ သူတို့တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံ ပေါ်ကနေ ပြောပြပေးကြတာ လို့ သမီးကတော့ ယူဆတာပဲ။

မေ - သဒ္ဓါတင်ပေးတယ် ဆိုတာကရော … ။
ပြည့် - သဒ္ဓါတင်တယ်ဆိုတာ အားပေးတာပါပဲ။ ကိုယ့်ဘေးနားက အားပေးတော့ အားတက်ပြီး ဆက်ထိုင်ဖြစ်တာပေါ့။ သမီး သီလရှင်ဝတ်တဲ့ ကျောင်းမှာဆို ဆရာလေးတွေ အများကြီးရှိတယ်။ ယောဂီတွေ လာရင် သဒ္ဓါတက်အောင် ပြောပေးတယ်၊ တရားပြပေးတယ်၊ အဲဒါမျိုးလုပ်ချင်တာ။

မေ - MA Buddhist Study ကို လေ့လာသင်ယူတဲ့အတွက် ပြည့်ပြည့် မိဘဆွေမျိုးတွေရဲ့ အားပေးမှု (သို့) ကန့်ကွက်မှု အနေအထားကိုလဲ ပြောပြပါအုံး။
ပြည့် - Buddhist Study ကို လျှောက်ပြီးတော့မှ အဖေ့ကို အသိပေးဖြစ်တယ်၊ အဖေက ပထမတော့ ပိုက်ဆံထုတ်မပေးဘူးတဲ့၊ ကိုယ့်ဘာသာ တက်ချင်တက်ပေါ့။ ဒါဆိုမဖြစ်သေးဘူး ဆိုပြီး အဲဒီအခါကျမှ အလုပ်လုပ်ဖို့ စိတ်ကူးတာ၊ ကိုယ့်ဟာကိုယ် သုံးလေးနှစ်လောက် ပိုက်ဆံစုပြီးမှ တက်မယ်ပေါ့။ နောက်တော့ တပတ်တောင် မကြာပါဘူး၊ နောက်တခေါက် ဖုန်းလှမ်းဆက်တော့ အဖေက သမီးလုပ်ချင်လုပ်ပေါ့ တဲ့၊ ကိုယ်ဝါသနာပါတာကို ထွန်းထွန်းပေါက်ပေါက် ဖြစ်အောင်လုပ်ပေါ့ ဆိုပြီး ခွင့်ပြုလိုက်တယ်။ သမီးအစ်မကလဲ ကူပြောပေးပါတယ်။

.
ပုံ (၁) Oxford ဘွဲ့နှင်းသဘင်မှာ ... ၊ ပုံ (၂) SOAS ဘွဲ့နှင်းသဘင်မှာ ...

မေ - ပြည့်ပြည့် MA ၀င်ခွင့်အတွက်က အခက်အခဲ မရှိလိုက်ဘူးဆိုတော့ ဒီဘာသာရပ်ကို သင်ယူဖို့အတွက် ဘယ်လိုတွေ ကြိုတင်ပြင်ဆင်ခဲ့သလဲ။
ပြည့် - ၀င်ခွင့်အတွက်ကတော့ အခက်အခဲ မရှိလိုက်ဘူး၊ ဒါပေမဲ့ သမီးက အီကိုဘက်မှာ train လုပ်လာတာ။ ရုတ်တရက် ဗုဒ္ဓဘာသာကို ပြောင်းလိုက်တော့ သမီး သွားတွေးတာ psychologically အရ ပြင်ဆင်ရမှာလေ၊ ကိုယ်က ဗုဒ္ဓဘာသာဝင်တယောက် ဗုဒ္ဓဘာသာကို ဘာသာရပ်တခုလို အနောက်နိုင်ငံမှာ လေ့လာမယ်ဆိုတော့ ဒီ literature တွေကို ရေးတာက ဗုဒ္ဓဘာသာတွေမှ မဟုတ်ဘဲ၊ များသောအားဖြင့် ဆရာတွေက ဗုဒ္ဓဘာသာ မဟုတ်ဘူးလေ၊ အရင်တုန်းကဆို ပိုဆိုးတယ်၊ ကိုလိုနီခေတ်တို့ ဘာတို့တုန်းက ရေးခဲ့တာတွေပေါ့၊ အဲဒီတုန်းက ရေးခဲ့တဲ့ approach တွေက ဗုဒ္ဓဘာသာတစ်ယောက်ရဲ့ ရှုထောင့်ကကြည့်ရင် ကိုယ့်ဘာသာကို ထိခိုက်တာမျိုးလဲ ဖြစ်ရင်ဖြစ်နေမယ်၊ criticize လုပ်တာမျိုးလဲ ရှိရင်ရှိမယ်။

အဲဒီဟာတွေကို သမီးက မလျှောက်ခင်ကတည်းက တွေးထားရတာပေါ့၊ သမီး personal statement မှာ ဘာရေးထားလဲ ဆိုတော့ အဲဒီ challenges တွေပေါ့နော်။ challenge က ၂မျိုးပေါ့။ တခုက intellectually challenge … MA Level မှာ study လုပ်ရတာဆိုတော့ ကိုယ့်ရဲ့ intellectual က လိုက်နိုင် မလိုက်နိုင် ဆိုတာက challenge တခုပေါ့။ နောက်တခုက Spiritual challenge … ကိုယ့်ရဲ့ ယုံကြည်မှုကို ကိုယ်က ပြန်ပြီး study လုပ်ရတာဆိုတော့ အဲဒီမှာ ၀ိစိကိစ္ဆာ ပေါ်တာမျိုးတို့ ဘာတို့ရှိနိုင်တယ်၊ doubt ဖြစ်တာတွေ ဘာတွေက လာမှာလေ၊ နောက်ပြီး ကိုယ့်ဆရာရေးထားတာကို မကြိုက်တာမျိုးလဲ ဖြစ်နိုင်တယ်။ အဲဒါကြောင့် သမီးက မလျှောက်ခင်ကတည်းက တွေးထားပြီးသား။ အဲဒီ psychologically အရ ပြင်ဆင်ဖို့က တော်တော်လေးကို လိုအပ်တယ်။ ကိုယ်ယုံကြည်တဲ့အပေါ်မှာ မူတည်ပြီး လေ့လာရတာဆိုတော့ အရမ်းကြီး emotionally attach ဖြစ်ပြီး လေ့လာလို့မရဘူး။ အဲဒီလို ကြိုတွေးထားတော့ ကောင်းတော့ ကောင်းပါတယ်၊ critical thinking မှာ ပိုပြီး enhance ဖြစ်သွားတာပေါ့။

မေ - သင်ယူနေချိန်မှာရော တခြားအခက်အခဲတွေ ရှိလား။
ပြည့် - ရှိတယ်ပဲ ပြောရမှာပေါ့နော်။ ဆရာတယောက်ရှိတယ်၊ သူက Indian Buddhism သင်တာ။ Rome က Vatican မှာ အရင်က Priest ပေါ့။ သူက very strong ကက်သလစ်ပေါ့နော်။ ဗာတီကန်မှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ပုပ်ရဟန်းမင်းကြီးကို advice ပေးရတာ။ သူက တိဗက် စကော်လာပဲ၊ သူက ခရစ်ယာန်လဲ ဖြစ်တယ်၊ အကြံပေးလဲ ဖြစ်တယ်ဆိုတော့ ဗုဒ္ဓဘာသာနဲ့ ဘုန်းကြီးတွေဆိုရင် မထိတထိ အရမ်းစတာ၊ ဘုန်းကြီးစာချ ဆိုတော့လေ … ၊ နောက်ပြီး သူက အဘိဓမ္မာ အရမ်းကျွမ်းတယ်။ သူကျွမ်းတာက ထေရ၀ါဒ အဘိဓမ္မာတော့ မဟုတ်ဘူး။ မဟာယာန အဘိဓမ္မာတမျိုးရှိတယ်၊ အဲဒါ ကျွမ်းတယ်၊ ပြီးတော့ ၀ိသုဒ္ဓိမဂ် ကျွမ်းတယ်။ အဲဒီဆရာနဲ့ဆိုရင် တော်တော်လေးကို စိတ်လဲရှည်ရတယ်။ သူ့အချိန်ဆို ခန္တီပါရမီကို ဖြည့်ထားရတယ်။ သမီးပြောတဲ့ challenge ဆိုတာက အဲဒါမျိုးပေါ့လေ။ သူပြောတာက မှန်တော့ မှန်ပါတယ်၊ ဒါပေမဲ့ ဗုဒ္ဓဘာသာတယောက် အနေနဲ့ လက်ခံဖို့ တော်တော်ခက်တယ်။ ကျန်တဲ့ ဆရာတွေနဲ့ကတော့ အေးအေးဆေးဆေးပါပဲ။

...
မေ - အောက်စ်ဖို့ဒ်မှာ တက်ခဲ့တာနဲ့ ဆိုရင် ဘယ်ဟာက ပိုခက်လဲ။
ပြည့် - အောက်စ်ဖို့ဒ်နဲ့က approach ချင်းကွာတယ်။ ဘယ်ဟာသာတယ် မသာဘူးတော့ မပြောလိုပါဘူး။ အားသာချက် အားနည်းချက်တော့ ရှိတာပေါ့။ အောက်စ်ဖို့ဒ်က ဆရာနဲ့ ကျောင်းသား ထိတွေ့မှု နည်းတယ်။ SOAS ကတော့ အဆောက်အဦးက နှစ်ခုထဲရှိတာဆိုတော့ ဆရာတွေရော ကျောင်းသားချင်းရော အမြဲတွေ့နေရတာပေါ့။ နောက်ပြီး SOAS မှာ သင်တဲ့ ဘာသာရပ်တွေက လူမျိုးပေါင်းစုံရဲ့ culture၊ ကိုးကွယ်မှုဘာသာ၊ ဘာသာစကား၊ ဂီတ တွေကို အဓိကထားပြီး လေ့လာတဲ့ ဘာသာရပ်တွေများတယ်။ သမီးက အဲဒါမျိုးတွေကို စိတ်ဝင်စားလို့လားတော့ မသိဘူး။ တော်တော်လေးကို သဘောကျပါတယ်။ အမလဲ ဘွဲ့နှင်းသဘင်နေ့က တွေ့လိုက်မှာပေါ့ ဘယ် တက္ကသိုလ်ရဲ့ graduation မှ သီချင်းဆိုတာ မရှိဘူး၊ SOAS graduation က သီချင်းမှ ၃-၄ ပုဒ်ကို ဆိုတာ။ အပြန်ကျတော့ ပရော်ဖက်ဆာတယောက်က က-တောင် သွားသေးတယ်။ အောက်စ်ဖို့ဒ် graduation တုန်းက အကုန်လုံးကို လက်တင်လို ပြောတာ ဆိုတော့ ဘာမှကို နားမလည်လိုက်ဘူး။ သူများတွေ လုပ်လို့သာ လိုက်လုပ်လိုက်တာလေ။

မေ - MA မှာ ဘယ်နှစ်ဘာသာ သင်ရလဲ။
ပြည့် - MA အောင်ဖို့အတွက် စုစုပေါင်း ၄ ယူနစ် သင်ရတယ်။ Dissertation က ၁ ယူနစ်၊ ပါဠိက ၁ ယူနစ်၊ Indian Buddhism ၁ ယူနစ် အဲဒါက ဘုရားပွင့်ပြီး ၅ ရာစုလောက်ကပေါ့။ နောက်ပြီး ထေရ၀ါဒက half ယူနစ်၊ နောက်တခုက independent research က half ယူနစ် ဆိုတော့ စုစုပေါင်း ၄ ယူနစ်ပေါ့။

မေ - Independent Research က ဘာနဲ့ ပတ်သက်ပြီး လုပ်ခဲ့လဲ။
ပြည့် - Independent Research က အင်္ဂလန်ရောက် မြန်မာအသိုင်းအ၀ိုင်းရဲ့ ဗုဒ္ဓဘာသာကိုးကွယ်မှု ဆိုင်ရာ ဓလေ့ထုံးစံပေါ့၊ အဲဒါနဲ့ ဆက်စပ်ပြီးတော့ အောက်စ်ဖို့ကျောင်းနဲ့ လန်ဒန်တိသရဏကျောင်းကို ယှဉ်ပြီးလေ့လာခဲ့တယ်။ ယူကေက မြန်မာဘုန်းကြီးကျောင်း နှစ်ကျောင်းရဲ့ တူညီမှု ကွဲပြားမှုတွေကို ဆက်နွယ်ပြီး မြန်မာ ဗုဒ္ဓဘာသာတွေ အင်္ဂလန်မှာ ဘာသာရေးနဲ့ ပတ်သက်လို့ ဘယ်လိုတွေ လုပ်ကြတယ် ဆိုတာပေါ့။ အဲဒါကတော့ မြန်မာယဉ်ကျေးမှု၊ မြန်မာ ဘာသာစကား၊ ဗုဒ္ဓဘာသာ ဓလေ့ထုံးစံတွေ ပေါ်မှာ မူတည်ပြီး လေ့လာသွားတာ။

အဲဒါကို လေ့လာတဲ့အခါ ဘာတွေ့ရလဲဆိုတော့ မြန်မာအသိုင်းအ၀ိုင်းမှာ ပထမမျိုးဆက်ကတော့ မြန်မာ ဗုဒ္ဓဘာသာကို တော်တော်လေး လေ့လာ ကိုင်းရှိုင်းကြတယ်။ (ပထမမျိုးဆက် ဆိုတာ အမဦးလေးတို့ သမီးဘကြီးတို့လို အရွယ်တွေပေါ့။) ဒါပေမဲ့ ဒုတိယနဲ့ တတိယမျိုးဆက်ကတော့ တော်တော်လေး လျော့သွားပြီ၊ သူတို့ကို ဆွဲခေါ်လို့ မရတော့ဘူး။

အောက်စ်ဖို့ဒ်ကျောင်းနဲ့ တိသရဏကျောင်းကို ဘာကြောင့်ယှဉ်လဲ ဆိုတော့ အောက်စ်ဖို့ဒ်ကျောင်းမှာက ခုထက်ထိ တော်တော်များများ ဒုတိယနဲ့ တတိယမျိုးဆက်တွေက သွားနေကြတယ်၊ တခြားကျောင်းတွေမှာဆို အဲဒီလောက် သိပ်မတွေ့ရတော့ဘူး။ အဲဒါ ဘာကြောင့်လဲဆိုတော့ ပထမတခုကတော့ language ပေါ့၊ ဘုန်းကြီးတွေ communicate လုပ်တော့ အောက်စ်ဖို့ဒ်ကျောင်းမှာက အင်္ဂလိပ်လို ပြောတာ၊ ပြီးတော့ နောက်တခုက culture ပေါ့၊ အောက်စ်ဖို့ဒ်မှာက culture က လူငယ်တွေအတွက် adapt လုပ်လို့ရတယ်။ ဥပမာ ကလေးတွေ လာတယ်ဆိုရင် စကားပြောတာက အစ လွတ်လွတ်လပ်လပ် ပြောခွင့်ပေးတယ်၊ ကစားချင်လဲ ကစားခွင့်ပေးတယ်။ တခြားကျောင်းတွေကျတော့ မိဘတွေကအစ ဘုန်းကြီးကျောင်းမှာ ဒီလိုမနေရဘူး စသဖြင့် ဟန့်ကြတော့ ရှိန်ကြတာပေါ့။

အဲဒီပြဿနာက မြန်မာအသိုင်းအ၀ိုင်းမှာပဲ ရှိတာမဟုတ်ဘူး။ နောက်ပြီး ယူကေမှာတွင် ရှိတာမဟုတ်ဘူး၊ ယူအက်စ် ကျောင်းတွေမှာလဲ အဲဒီလိုပဲတဲ့။ အဲဒါ ဘာကြောင့်ဖြစ်လဲ ဆိုတော့ တခြားကျောင်းတွေက ဗုဒ္ဓဘာသာနဲ့ မြန်မာ့ယဉ်ကျေးမှုကို ရောထားကြတာ၊ ဗုဒ္ဓဘာသာဆိုရင် မြန်မာ့ယဉ်ကျေးမှု ပါရမယ်လို့ ဖြစ်နေတာ။ တကယ်တမ်းက ဗုဒ္ဓဘာသာနဲ့ မြန်မာ culture က တခြားစီ။

အဲဒီအခါကျတော့ ဒီကိုရောက်နေတဲ့ ဒုတိယနဲ့ တတိယမျိုးဆက်တွေက လက်မခံနိုင်ဘူး။ သူတို့အတွက်ကျတော့ မြန်မာ culture က foreign culture လေ၊ သူတို့က သိမှ မသိတာ၊ သိဖို့လဲ အာရုံမရှိဘူး။ နောက်ပြီး သူတို့က မြန်မာစကား ဘာလို့မပြောကြလဲ ဆိုတော့ ကျောင်းမှာက အထိအတွေ့မှ မရှိတာ။ အိမ်မှာကျတော့လဲ မိဘတွေက ဘာဖြစ်လို့လဲတော့ မသိဘူး မြန်မာလို မပြောကြဘူး၊ ငယ်ငယ်ကတည်းက မပြောကြတော့ ကြီးလာမှ ကလေးတွေက မြန်မာစကား မပြောတတ်လို့ နောင်တရသလိုတွေ ဖြစ်လာရော … ငယ်ငယ်ကတည်းက လုပ်လာရင်တော့ တမျိုးပေါ့။

ဒါတောင်မှ ငယ်ငယ်ကတည်းက လုပ်လာတာတောင် ကြီးလာတော့ သိပ်မလွယ်ဘူး၊ မိသားစု တစုရှိတယ်၊ သူတို့ အိမ်မှာလဲ မြန်မာလို ပြောတယ်၊ ဒါပေမဲ့ ကလေးက နည်းနည်းကြီးလာတော့ သိပ်ပြီး မပြောနိုင်တော့ဘူး၊ struggle လုပ်ရတယ်။ သူ့ကို သမီးမြန်မာစာ သင်ပေးဖူးတယ်၊ တပတ်သင်ပေးလိုက် နောက်တခါလာတော့ မေ့သွားလိုက်နဲ့။ အမြဲတမ်း သုံးနေတာ မဟုတ်တော့ မေ့တာပဲ။ သူတို့အတွက်က မြန်မာစာက second language လို ဖြစ်သွားပြီ။ language တခုက အမြဲထိတွေ့မှုရှိနေမှ ရတာလေ။ အဲဒီတော့ ကလေးတွေရဲ့ အပြစ်လဲ မဟုတ်ဘူး။ ဒါက ကိုယ့်မြန်မာအသိုင်းအ၀ိုင်းထဲမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတခုပဲ။ *

အဲဒါကြောင့် စဉ်းစားရမှာက culture ကို ဦးစားပေးမလား ဘာသာကို ဦးစားပေးမလားဆိုတာပေါ့။ အဲဒီအတွက်က လူကြီးတွေနဲ့ သံဃာတော်တွေက flexible ဖြစ်ဖို့ လိုတယ်။ သူတို့ရဲ့ approach က flexible ဖြစ်ဖို့လဲ လိုတယ်၊ ပြောင်းဖို့လဲ လိုတာပေါ့။ ဒါပေမဲ့ များသောအားဖြင့်ကတော့ ဒါမျိုး သွားပြောရင် ပထမမျိုးဆက်တွေက လက်ခံချင်မှ လက်ခံမှာ။ သူတို့က မြန်မာ့ culture ထဲမှာ ကြီးပြင်းခဲ့တာကိုး။

မေ - အဲဒါဆိုရင် အဲဒီဒုတိယနဲ့ တတိယမျိုးဆက်တွေကို ဆွဲခေါ်ဖို့က ဘယ်သူတွေက အရေးကြီးတယ်လို့ ပြည့်ပြည့်အနေနဲ့ ထင်လဲ၊ သံဃာတွေလား မိဘတွေလား။
ပြည့် - အဲဒါကတော့ နှစ်ဦးစလုံး အလုပ်လုပ်ရမှာလေ။ ဒါပေမဲ့ သံဃာတွေလား မိဘတွေလားလို့ ပြောမယ့်အစား ငယ်သူတွေလား ကြီးသူတွေလားလို့ ပြောရမယ်။ ငယ်သူတွေရဲ့ အလိုကို ကြီးသူတွေက လိုက်ပြီး ပြောင်းမှာလား၊ ကြီးသူတွေရဲ့ အလိုကို ငယ်သူတွေက လိုက်ပြီး ပြောင်းရမှာလားလို့ ပြောရမှာ။ ငယ်သူကတော့ ပြောင်းလို့ရမှာ မဟုတ်ဘူး၊ ကြီးသူတွေကတော့ ငယ်သူတွေကို နားလည်ပြီး လိုက်ပြောင်းပေးနိုင်တယ်လေ။

ဥပမာ မိသားစု တခုမှာ အဖေနဲ့ အမေက မြန်မာလိုရော အင်္ဂလိပ်လိုရော တတ်တယ်၊ ဗုဒ္ဓဘာသာလဲ ဖြစ်တယ်။ သူတို့ကလေးတွေကတော့ အင်္ဂလိပ်လိုပဲ တတ်တယ်၊ မြန်မာလို မတတ်တော့ဘူး၊ အဲဒီတော့ ကလေးတွေကို force လုပ်ပြီး မြန်မာလို ဘုရားစာကို အတင်းသင်မှာလား၊ ဒါမှမဟုတ်ရင် အင်္ဂလိပ်လိုရှိတဲ့ ဘုရားရွတ်စဉ်တွေ ရှိတယ်လေ၊ အဲဒါတွေကို ပြပေးပြီး ကလေးတွေရဲ့ လိုအပ်ချက်ကို လူကြီးတွေက လိုက်ပြီး adapt လုပ်မှာလား။ လူကြီးတွေ အတွက်က ပြောင်းဖို့ လွယ်တယ်လေ၊ သူတို့က ဘာသာစကား နှစ်ခုလုံး ရပြီးသား၊ ကလေးတွေ အတွက်ကတော့ မြန်မာလိုကို ဆယ်နှစ် ဆယ့်ငါးနှစ်မှ စသင်ရမယ်ဆိုရင် သူတို့အတွက်က သိပ်ခက်မယ်။ သူတို့အတွက်လဲ အသုံးမှမ၀င်တာ၊ အလုပ်လုပ်ရင်ပဲ ဖြစ်ဖြစ် ကျောင်းတက်ရင်ပဲ ဖြစ်ဖြစ်ပေါ့။

အဲဒီတော့ ကလေးတွေကို force လုပ်မယ်ဆိုရင် သူတို့က ပြန်ပြီးတွန်းလှန်မှာပဲ၊ အထူးသဖြင့် ဆယ့်လေးငါး ခြောက်နှစ်ဆိုရင် ပိုတောင်ဆိုးအုံးမယ်။ သူတို့ကို သွားပြီး force လုပ်လို့မရဘူး။ အဲဒါကြောင့် သူတို့ကို ဆွဲခေါ်ဖို့က သံဃာတော်က အဓိကလား မိဘတွေက အဓိကလား ဆိုတာထက် လူကြီးနဲ့ လူငယ်လို့ပဲ ပြောချင်တယ်။ အခုတော့ အောက်စ်ဖို့ဒ်ကျောင်းမှာ လုပ်တော့ လုပ်နေကြတယ်။ တလောက အိမ်တအိမ်မှာ ဆရာတော် ဦးဓမ္မသာမိရော အင်္ဂလိပ် ဘုန်းကြီးတပါးရော ဒုတိယ မျိုးဆက်တွေနဲ့ ဆုံပြီး culture နဲ့ religion ကို explore လုပ်နေကြတယ်။ ပရောဂျက် တခုလိုပေါ့။ အဲဒါမျိုးကတော့ ကောင်းပါတယ်၊ အဲဒီလို ဒိုင်ယာလော့သဘောမျိုး ဖြစ်စေချင်တာပေါ့။

မေ - ပြည့်ပြည့် တခြားဘုန်းကြီးကျောင်းတွေ တိဗက်တန်ကျောင်းတို့ သီရိလင်္ကာကျောင်းတို့ကို လေ့လာတဲ့အခါမှာ သူတို့ဆီမှာရော ဒုတိယနဲ့ တတိယ မျိုးဆက်တွေမှာ ခုနကပြောတဲ့ ပြဿနာမျိုး ရှိလား။
ပြည့် - ရှိတယ်၊ သူတို့မှာလဲ အဲဒီပြဿနာမျိုးရှိတယ်။ တူတော့ မတူဘူးပေါ့လေ။

မေ - ရှိတယ် ဆိုတော့ သူတို့ကရော အဲဒါကို ဘယ်လို ဖြေရှင်းကြသလဲ။
ပြည့် - မြန်မာနဲ့ သီရိလင်္ကာနဲ့ ကွဲပြားချက်က Sunday school က မြန်မာပြည်မှာ မရှိဘူး၊ သီရိလင်္ကာမှာက ရှိတယ်၊ Sunday School ဆိုတာက ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို တနင်္ဂနွေနေ့တိုင်း အပတ်စဉ် သင်ပေးတာပေါ့။ အဲဒီသင်တန်းက သီရိလင်္ကာမှာ ကလေးတိုင်းတက်ရတယ်၊ သီရိလင်္ကာ လူမျိုးတွေအတွက် ဗုဒ္ဓဘာသာအကြောင်း၊ သူတို့ ယဉ်ကျေးမှုအကြောင်း လေ့လာတဲ့အခါ အဓိကကျတဲ့ system တစ်ခုပဲ။ အစိုးရကိုက Sunday school အတွက်ကို ထောက်ပံ့ပေးတယ်၊ စာမေးပွဲတွေ လုပ်ပေးတယ်။ လန်ဒန်မှာ ဖွင့်ထားတဲ့ သိရိလင်္ကာကျောင်းမှာ ကလေးတွေအတွက် Sunday school တွေ ဖွင့်ပေးထားတယ်။ ငယ်ငယ်လေးထဲက ကလေးတွေကို culture နဲ့ ပတ်သက်လို့ train လုပ်ပေးထားတယ်။ အဲဒီတော့ ကလေးတွေက ငယ်ငယ်လေးထဲက involve ဖြစ်တာပေါ့၊ သူတို့က system တခုကို establish လုပ်ပြီးသား ဆိုတော့ အသာလေး လျှောက်သွားရုံပဲ။ မြန်မာမှာ အဲဒါမရှိတော့ ကလေးတွေ struggle လုပ်ရတယ်ဆိုတာ အဲဒါကြောင့် … ။

နောက်တခုက သီရိလင်္ကာမှာ ဘုန်းကြီးတွေက အင်္ဂလိပ်စာ အရမ်းကျွမ်းတယ်။ အဲဒီတော့ သူတို့က ဆွဲဆောင်ဖို့ ပိုလွယ်တယ်။ ဒါပေမဲ့ သီရိလင်္ကာ ကွန်မြူနတီမှာ မတူတာတခုက ပထမမျိုးဆက်တွေက နတ်ကိုးကွယ်တာတွေ သိပ်လုပ်တယ်။ ဒုတိယမျိုးဆက်တွေကတော့ တရားထိုင်တာ ပိုလုပ်တယ်။ သူတို့လဲ သူတို့ဟာနဲ့သူတို့ ပြဿနာလေးတွေတော့ ရှိတာပေါ့။ ဒါကတော့ မိဘနဲ့ သားသမီး လူကြီးနဲ့ လူငယ် အဆင်မပြေကြတာလေးတွေက စတာပေါ့။

Open လုပ်ပေးထားရင်တော့ တော်တော်များများက လက်ခံကြတာ များပါတယ်။ သမီး research အတွက် အင်တာဗျူးလုပ်တော့ လန်ဒန်က ဆရာဝန် မိသားစုမှာ သားတယောက် သမီးတယောက်ရှိတယ်။ သူတို့က ဒီမှာမွေး ဒီမှာကြီးတာ၊ မြန်မာစကား လုံးဝမတတ်ဘူး၊ သူတို့က ဗုဒ္ဓဘာသာပဲ … တရားလဲထိုင်တယ်။ ဘယ်လိုလဲ ဆိုတော့ သူတို့ နားလည်တတ်တဲ့ အရွယ်မှာ သူတို့အမေက ဆရာတော် ဦးဓမ္မသာမိနဲ့ တွေ့ပေးတယ်၊ ဘယ်ဘာသာ ကိုးကွယ်မလဲ ဖွင့်ပေးတယ်။ ဆရာတော်ကလဲ သူတို့ကို ဘုရားရှိခိုးတာတွေ ဘာမှမလုပ်ရင်တောင် တရားထိုင်ခိုင်းတယ်၊ အခုဆို သူတို့က ဦးဂိုအင်ကာစခန်းမှာ အမြဲတမ်း တရားဝင်တယ်၊ သူတို့ကိုယ် သူတို့လဲ ဗုဒ္ဓဘာသာလို့ ခံယူထားကြပြီ။ အဲဒါကြောင့်မို့ မိဘကလဲ ပါရမယ်ဆိုတာ အဲဒါလေ … ။ အရမ်းကြီးတော့ force လုပ်လို့ မရဘူးပေါ့။

အဲဒါကတော့ challenges တွေပေါ့လေ။ အမစဉ်းစားကြည့်လေ ပထမမျိုးဆက်ဆိုတာ အမြဲတမ်းနေနိုင်တာမဟုတ်ဘူး။

မေ - ဟုတ်တယ်၊ အဲဒါက စိုးရိမ်စရာနော်။ အမသွားတဲ့ ဘုန်းကြီးကျောင်းတွေဆိုရင် လာတဲ့လူတွေက လူကြီးတွေက ပိုများတယ်၊ အမတို့နဲ့ ရွယ်တူတန်းတူတွေတောင် တော်တော်လေး နည်းနေပြီ။ ကိုယ့်ထက်ငယ်တာဆို ဝေးရော … ။
ပြည့် - တကယ်က အဲဒါက စိုးရိမ်စရာ၊ funding က ဘယ်ကလာမလဲ။ သီရိလင်္ကာပဲဖြစ်ဖြစ် မြန်မာပဲဖြစ်ဖြစ် ထိုင်းပဲဖြစ်ဖြစ် funding က သူတို့ ကွန်မြူနတီထဲကပဲ လာတာလေ။ အင်္ဂလိပ်တွေက လှူတာ နည်းတယ်။ ဒီကွန်မြူနတီထဲက ဒုတိယ တတိယမျိုးဆက်တွေကို မထိမ်းသိမ်းနိုင်ရင် သူတို့အတွက်က ဘယ်လိုလုပ်မလဲပေါ့နော်။

အောက်စ်ဖို့ဒ်ကျောင်းမှာကတော့ အရမ်း demand များတယ်၊ သူ့ business model က ကောင်းတယ်၊ ဒါပေမဲ့ လုပ်နိုင်တဲ့ human resource က အရမ်းနည်းတယ်။ အဲဒီမှာ တောက်လျှောက် သီတင်းသုံးနိုင်တဲ့ သံဃာက ၄-ပါးပဲ ရှိတယ်။ အဲဒီ ၄-ပါးက မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ အင်္ဂလိပ် ကွန်မြူနတီ အားလုံးကို ကြည့်ရတယ်ဆိုတော့ သူတို့အတွက်ကလဲ ရေရှည်ကျတော့ စိတ်ပူစရာပေါ့။ human resource က နည်းတာကိုး။
***
အပိုင်း ၂ က အတော်လေး ရှည်သွားလို့ ဒီနေရာမှာ ခဏရပ်နားခွင့်ပြုပါရှင်။ အပိုင်း ၃ မှာတော့ သေချာပေါက် အဆုံးသတ်ပါမယ်။ ဒီအပိုင်းက သိပ်ရှည်လို့ တချို့နေရာတွေ ဖြုတ်ပစ်ရကောင်းနိုး တွေးမိပေမဲ့ ဖြုတ်ပစ်ရမှာ နှမြောလို့ ဒီအတိုင်းပဲ တင်လိုက်ပါတယ်။ သည်းခံဖတ်ကြပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
***
မေဓာဝီ
၂၀၊ စက်တင်ဘာ၊ ၂၀၁၁
၂၃း၂၄ နာရီ

Read More...

Sunday, September 18, 2011

အသုံးမ၀င်တော့သော ...

အသုံးမ၀င်တော့သော ...


ကဲပါလေ …
မြစ်ကမ်းနဘေးက သစ်ပင်အိုလို
လဲပြိုဖို့ အချိန်ကိုပဲ
မျက်နှာမူလိုက်တော့မယ် … ။

အရိပ်ရတယ်တဲ့လား
ငါလည်း မပေးမိဘဲနဲ့
တကယ်ဆို ငါလည်း လိုချင်တာပေါ့
ငါကျတော့ ဘာလို့မရပါလိမ့် … ။

ငါရဲ့ ထူပိန်းပိန်း အခေါက်တွေနဲ့
ဒီပင်စည်ဟာ
တော်ရုံမုန်တိုင်းကြမ်းလောက်တော့
ကျင့်သားရနေပေါ့ … ။

ရေလောင်းစရာမလို
အလိုလိုရှင်သန်လာတဲ့
ငါ့တကိုယ်လုံးဟာ
ဘာမဆို အံတုနိုင်လောက်အောင်
ရပ်ကြည့်နေလေရဲ့။

ဒါပေမဲ့
ရာဇ၀င်တခုကို ဘေးတိုက်မြင်နေရတဲ့
ငါ့အဖို့ …
.… .… .…
.… .… .…
.… .… .…

ကဲပါလေ …
မြစ်ကမ်းနဘေးက သစ်ပင်အိုလို
လဲပြိုဖို့အချိန်ကိုပဲ
မျက်နှာမူလိုက်တော့မယ် ။ … ။
(ပဏ္ဍိ - ၁၉၉၆)
***
မောင်လေးရေးခဲ့တဲ့ ကဗျာလေးပါ။ နေသိပ်မကောင်းလို့ စာမရေးနိုင်သေးတာကြောင့် လတ်တလော ခံစားချက်နဲ့တိုက်ဆိုင်တဲ့ ဒီကဗျာလေးကိုပဲ တင်လိုက်ပါတယ်။ လာရောက်လည်ပတ် ဖတ်ရှုကြသူများ မှတ်ချက်လေးတွေ ချီးမြှင့်ပေးကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။
***
မေဓာဝီ
၁၈၊ စက်တင်ဘာ၊ ၂၀၁၁
၁၁း၄၇ နာရီ

Read More...

Tuesday, September 13, 2011

မှင်စာလေးကို ကြည့်ပေးပါ ...

တညနေခင်း ဦးရီးတော်နဲ့ကျမ အိမ်ရှေ့ပန်းပင်တွေကြားထဲ ပေါင်းနှုတ် အမှိုက်ကောက် လုပ်နေတုန်း အသက် ၅၀ အရွယ် ဘိလပ်သူ အမျိုးသမီးကြီးတယောက် နှုတ်ဆက်ရင်း အနားကို ရောက်လာပါတယ်။ သူ့ကိုယ်သူ မိတ်ဆက်ရင်း ကျမတို့ အိမ်နဲ့ မျက်နှာချင်းဆိုင် လမ်းတဘက်က ကွင်းပြင်ကြီးကိစ္စ ရောက်လာကြောင်း ပြောပြတယ်။

အဲဒီကွင်းပြင်ကြီးမှာ အရပ်ထဲကလူတွေ ခွေးလာလာ ကျောင်းကြလို့ ကျမတို့က အလွယ်တကူ ခွေးကွင်းလို့ ခေါ်ကြတယ်။ ခွေးကျောင်းတဲ့ ကွင်းဆိုပေမဲ့ ညစ်တီးညစ်ပတ် မလှမပ မဟုတ်ပါဘူး။ စိမ်းလန်းတဲ့ မြက်ခင်းပြင် ဖုံးလွှမ်းထားတဲ့ ကွင်းရဲ့ ဘေးပတ်လည်မှာ သစ်ပင်ကြီးတွေ အစီအရီနဲ့ … သစ်ပင်ကြီးတွေ သက်တမ်းကလည်း မရှိဘူးဆိုရင် အနှစ် လေးငါး ခြောက်ဆယ်တော့ ရှိလောက်ပြီ။ (ပုံမှာမြင်ရတဲ့ သစ်ပင်တန်းရဲ့ ဘယ်ဘက်က မြက်ခင်းပြင်ပါ)


ခွေးကွင်းက ပုံမှန်ဆိုရင် ခွေးကျောင်းတဲ့ သူတွေလောက်ပဲ လာတတ်ပေမဲ့ တနှစ်တကြိမ်လောက်တော့ ကလေးတွေအတွက် ပျော်ပွဲရွှင်ပွဲလေးတွေ လာပြီး လုပ်လေ့ရှိတယ်။ ချားရဟတ်တွေ ကစားဝိုင်းလေးတွေ မုန့်ဆိုင်တွေ အဲဒီလောက်ပါပဲ။ အဲဒါကလွဲရင် ခွေးကွင်းမှာ ဘာလှုပ်ရှားမှုမှ မရှိဘူး။ ပြောရရင်တော့ အပိုသက်သက်လို ဖြစ်နေတာပေါ့။ ဒါပေမဲ့လည်း ကျမကတော့ ကိုယ့်အိမ်ရှေ့တည့်တည့်မှာ သစ်ပင်တန်းနဲ့ မြက်ခင်းပြင်နဲ့ ဆိုတော့ စိမ်းစိမ်းစိုစို မျက်စိပသာဒရှိတာကြောင့် သဘောကျမိတယ်။

လွန်ခဲ့တဲ့ တနှစ်လောက်ကတော့ အိမ်ကို ရပ်ကွက်ကောင်စီက စာတစောင် ရောက်လာတယ်။ အကြောင်းက ခွေးကွင်းနေရာမှာ ဘိုးလင်းကလပ် လုပ်ဖို့အစီအစဉ်ကို အရပ်သူ အရပ်သားတွေအနေနဲ့ သဘောတူ၏ မတူ၏ မေးမြန်းတဲ့ စာပါပဲ။ စာပါအကြောင်းအရာကို မှတ်မိသလောက် ပြောရရင်တော့ ဘိုးလင်းကလပ် လုပ်မယ်ဆိုရင် အရပ်သူ အရပ်သားတွေ အနေနဲ့ ဘယ်လိုတွေ အကျိုးအမြတ်ရရှိနိုင်မယ်၊ ရပ်ကွက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘယ်လိုတွေ ကောင်းမယ်၊ ကောင်စီကလဲ ၀င်ငွေတွေ ဘယ်လို တိုးပွါးနိုင်မယ်၊ အဲဒါဆိုရင် ရပ်ကွက်အတွက် ဘယ်လိုတွေ ထောက်ပံ့ပေးနိုင်မယ် စသဖြင့် ရွှန်းရွှန်းဝေအောင် ရေးထားပါတယ်။

ဦးရီးတော်ကတော့ အဲဒါမျိုးစာတွေဆိုရင် အရေးလုပ်ပြီး ပြန်လေ့မရှိတာနဲ့ ဒီတိုင်းပဲ ထားလိုက်တယ်။ ဒါပေမဲ့ ခွေးကွင်းဘေးနားက အိမ်တချို့ရဲ့ အုတ်တံတိုင်းမှာ … ဓာတ်တိုင်တွေမှာ ဘိုးလင်းကလပ်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့စာတွေ ကပ်ထားတာ သွားရင်းလာရင်း ဖတ်ခဲ့ရတယ်။ နောက်တော့ ကျမလဲ အဲဒီကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့ပြီး အထက်မှာ ပြောခဲ့သလို အမျိုးသမီးကြီး ရောက်လာတော့မှပဲ ပြန်သတိရမိပါတော့တယ်။

အဲဒီအမျိုးသမီးကြီးက ရပ်ကွက် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာရေးအတွက် ကောင်စီကလုပ်မယ့် ဘိုးလင်းကလပ် အစီအစဉ်ကို ဆန့်ကျင်ကာကွယ်ဖို့ တအိမ်တက်ဆင်း လက်မှတ်တွေ လိုက်ယူနေတာပါ။ ဦးရီးတော်လဲ လိုလိုလားလား လက်မှတ်ထိုး ပေးလိုက်သလို ဘေးအိမ်က ဦးလေးကြီးတွေလဲ အသီးသီး လက်မှတ်တွေ ထိုးပေးကြပါတယ်။

သူပြန်သွားတော့ အမှိုက်တွေ ဆက်ကောက်ရင်း ကျမတွေးနေမိတယ် … ။

ဒီခွေးကွင်းကြီးမှာ သဘာဝ အရင်းအမြစ်တွေ ဘယ်လောက်ရှိသလဲ …
ဒီခွေးကွင်းကြီးမှာ ရှေးဟောင်း အမွေအနှစ်တွေ ဘယ်လောက်ရှိသလဲ …
ဒီခွေးကွင်းကြီးဟာ ရာဇ၀င်မှာ ဘယ်လောက်တောင် မှတ်တမ်းတင်ခံခဲ့ရသလဲ …
ဒီခွေးကွင်းကြီးကို မှီခိုနေတဲ့ သတ္တ၀ါတွေ ဘယ်လောက်များများ ရှိသလဲ …
ဒီခွေးကွင်းကြီး မရှိတော့ရင် ပတ်ဝန်းကျင်ကြီး ဘယ်လို ထိခိုက် ပျက်စီးနိုင်သလဲ …
…………………………………………..
…………………………………………..
…………………………………………..
ဒီခွေးကွင်းကြီးကို ဘိုးလင်းကလပ် လုပ်မယ်ဆိုရင် စိမ်းလန်းတဲ့ မြက်ခင်းပြင်ကျယ်ကြီးလဲ ရှိတော့မှာ မဟုတ်ဘူး။ တချို့သစ်ပင်တွေကိုလဲ ခုတ်ပစ်ကြလိမ့်မယ်။ ကားအ၀င်အထွက် လူအ၀င်အထွက်တွေ ပိုများလာမယ်။ ဒါဟာ ရပ်ကွက်စည်ကားတာမို့ ကောင်းတယ်လို့ ပြောရင်ရပေမဲ့ လူရှုပ် လမ်းရှုပ် အမှိုက်ရှုပ်မယ့်အရေးကိုလဲ ထည့်စဉ်းစားရမယ်။ ရပ်ကွက်ထဲက ခွေးတွေ ကျောင်းစရာ နေရာမရှိတော့ လမ်းပေါ်ထွက် ကျောင်းကြရင် အညစ်အကြေးတွေ လမ်းပေါ်မှာ များပြားပြီး ရပ်ကွက်သန့်ရှင်းရေးကို ထိခိုက်စေမယ်။

စဉ်းစားရသမျှ ထိခိုက်နိုင်တာတွေ ကတော့ အဲဒီလောက်ပါပဲ။ ရပ်ကွက်ထဲက ဒီလိုခွေးကျောင်းတဲ့ ကွင်းမျိုးကို ဖျက်ဖို့တောင် တာဝန်ရှိတဲ့ ကောင်စီလူကြီးတွေက စာတတန် ပေတတန်နဲ့ အရပ်သားတွေကို အသိပေးတယ်၊ သဘောတူညီချက်ယူတယ်၊ သဘောမတူတဲ့သူတွေက လက်မှတ်ထိုးပြီး တားဆီးဖို့ ကြိုးစားကြတယ်။ ကျမတို့ တိုင်းပြည်ရဲ့ ရင်ဘတ်ထဲက မြစ်တစင်းကတော့ တာဝန်ရှိသူတွေရဲ့ ပစ်ပစ်ခါခါ ပြုခြင်းကို မရှုမလှ ခံနေရတယ် … သြော် … ကွာလိုက်တာ … ကွာလိုက်တာ လို့ မချိတင်ကဲ ညည်းတွားမိတယ်။

တကယ်တမ်းက ဘယ်သူမဆို ဘယ်အလုပ်မျိုးပဲလုပ်လုပ် ကိုယ့်လုပ်ရပ်ဟာ အများကို ဘယ်လို အကျိုးသက်ရောက်မှု ဖြစ်စေနိုင်မလဲ ဘယ်လိုတွေ ထိခိုက်နစ်နာနိုင်မလဲ ဆိုတာ အလေးထားပြီး ကြည့်ကို ကြည့်သင့်တဲ့ ကိစ္စပါ။ ဒီနိုင်ငံတွေက စီးပွါးရေး လုပ်သူတွေဟာ environmental footprint, carbon footprint တွေကို တွက်ချက်ပြီး သူတို့ လုပ်ငန်းကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုတွေကို တတ်နိုင်သမျှ ပြန်လည် ပေးဆပ်ကြတယ်။ အများပြည်သူကလဲ အဲဒီလို လုပ်ငန်းတွေနဲ့သာ ပိုပြီး ပတ်သက်ချင်ကြတယ်၊ ဥပမာ ပြောရရင် ပတ်ဝန်းကျင် ထိမ်းသိမ်းမှုမှာ တတ်အားသမျှ ပါဝင်တဲ့ လုပ်ငန်းတွေက အစားအသောက်/ အ၀တ်အထည်/ အသုံးအဆောင်တွေကိုသာ ပိုမိုဝယ်ယူ သုံးစွဲမယ် ဆိုတာမျိုးပေါ့။


ဒါကြောင့် ဘာပဲလုပ်လုပ် ELF (မှင်စာ) လို့ အတိုခေါက် ခေါ်တဲ့ Environment, Local people, Future ဆိုတဲ့ အချက် ၃ ချက်ကို ကြည့်ကြတယ်။ ကိုယ့်ပတ်ဝန်းကျင် ထိခိုက်မယ်၊ ဒေသခံလူတွေ နစ်နာမယ်၊ အနာဂတ်မှာလဲ ကောင်းကျိုးထက် ဆိုးကျိုးကပိုများမယ်ဆိုရင် … ဒီလုပ်ရပ်ကို လုံးဝမလုပ်သင့်ဘူး၊ ဒါမှမဟုတ်လဲ အချိန်မလွန်ခင် ရပ်တန်းက ရပ်သင့်တယ် မဟုတ်လား။

သူများတကာ မှင်စာကို ကြည့်နေချိန်မှာ ကျမတို့ဆီက တာဝန်ရှိသူများကတော့ ဘာကိုကြည့်နေလဲ မသိပါဘူး။ မနေ့က ဖတ်လိုက်ရတဲ့ သတင်းမှာ “မည်သည့်ကန့်ကွက်မှုများ ရှိသည်ဖြစ်စေ … ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ကြောင်း” ဆိုတာ မြင်လိုက်တော့ စိတ်ထဲ အတော်လေး ကသိကအောက် ဖြစ်မိတယ်။ အခုလို တိုင်းပြည်နဲ့ချီပြီး ဆောင်ရွက်ရတဲ့ စီမံကိန်းမျိုးမှာ ပြည်သူလူထုရဲ့ အသံကို အလေးမထားဘဲ လုပ်ချင်ရာ လုပ်မယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စကြီးပါ။ ဒီစီမံကိန်းကြီးဟာ သန်း ၆၀ သော ပြည်သူလူထုရဲ့ အကျိုးကျေးဇူးအတွက် လို့လဲ ဆိုထားပါသေးတယ်။ ကျမကတော့ သန်း ၆၀ထဲက မြန်မာပြည်သူ တယောက်အနေနဲ့ အဲဒီစီမံကိန်းက ရလာမယ့် အကျိုးကျေးဇူးကို လုံးဝ မလိုချင်ပါဘူး။ ဒေသခံ လူပေါင်းများစွာ ဒုက္ခရောက်ပြီးမှ … သဘာဝ အရင်းအမြစ်တွေ ပျက်စီးစေပြီးမှ … ရာဇ၀င်တွေ ဖျောက်ဖျက် ရိုက်ချိုးခံရပြီးမှ ရရှိလာမယ့် အကျိုးတွေကို ဘယ်သူက စံစားချင်မှာလဲ။ မစံစားချင်ပါဘူး … မစံစားရက်ပါဘူး။

တကယ်လို့သာ … အဲဒီစီမံကိန်းကြီးပြီးလို့ (အလကား) ရရှိလာမယ့် စွမ်းအင် ၁၀% က တတိုင်းပြည်လုံး မျက်စိကျိန်းလောက်အောင် လျှပ်စစ်မီးတွေ ထိန်ထိန်လင်းစေမယ် ဆိုရင်တောင် ကျမကတော့ အမှောင်ထဲမှာသာ ငုတ်တုတ် ထိုင်နေချင်ပါတယ်။ အဲဒီကရမယ့် အမြတ်ဝေစုတွေ အခွန်ငွေတွေနဲ့ တတိုင်းပြည်လုံးကို ဟင်းကောင်း ကြွင်းကောင်းတွေနဲ့ ထမင်းအလကား ကျွေးမယ်ဆိုရင်တောင် ကျမကတော့ ဆားနဲ့ပဲ စားချင်ပါတယ်။

လောကမှာ …
ငွေကြေးထက်ပိုပြီး အရေးကြီးတာတွေ အများကြီး ရှိသေးတယ် …
ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့ မရတဲ့အရာတွေ အများကြီး ရှိသေးတယ် …
ငွေတွေပုံပေးတောင်မှ ၀ယ်လို့မရတာတွေလဲ ရှိသေးတယ် … ။
အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုတွေအတွက် နောင်တတွေနဲ့ ကြေကွဲမှုတွေ မဖြစ်(စေ)ချင်ဘူးလေ … ။
***
မေဓာဝီ
၁၃၊ စက်တင်ဘာ၊ ၂၀၁၁
တော်သလင်းလပြည့်ကျော်တရက်
အင်္ဂါနေ့
၂၀း၅၃ နာရီ

Read More...

Tuesday, September 06, 2011

ရထားပေါ်မှာ …

နေ့စဉ်နဲ့အမျှ ရထားကြီးစီးပြီး ခရီးသွားနေရတဲ့ ကျမ … ရထားပေါ်မှာ အဖြစ်အပျက် မျိုးစုံနဲ့ ကြုံရဆုံရတယ်။ မနက်စောစောဆိုရင် ရထားပဲ စီးစီး၊ ဘတ်စ်ကားပဲစီးစီး ထိုင်ခုံမှာ နေရာတကျ ထိုင်လိုက်တာနဲ့ နမောတဿ သုံးကြိမ်ဆိုပြီး ပရိတ်ကြီး ၁၁ သုတ်ကို သမန္တာ စက္က၀ါဠေသု က စလို့ ပုဗ္ဗဏှသုတ္တံ နိဋ္ဌိတံ အထိ အစအဆုံး ရွတ်ဖတ်သရဇ္ဈာယ် သွားလေ့ရှိပေမဲ့ အပြန်ဆိုရင်တော့ လူက ပင်ပန်းလွန်းနေပြီမို့ ဟိုဟိုဒီဒီ ငေးမောကာ ထွေရာလေးပါး အတွေးကစားရင်း စီးနင်းလိုက်ပါ လေ့ရှိတယ်။ ရထားပြတင်းပေါက်က မြင်ကွင်းကလဲ နေ့တိုင်းမြင်ရလွန်းလို့ အလွတ်ရနေပြီ။ ပုံစံမျိုးစုံ ရွေ့လျားပြောင်းလဲတတ်တဲ့ တိမ်တွေနဲ့ ရာသီအလိုက် အရောင်ပြောင်းတတ်တဲ့ သစ်ရွက်တွေက လွဲလို့ စိတ်ဝင်စားစရာ သိပ်မရှိဘူး။

အဲဒါကြောင့် တခါတလေ အလကားရတဲ့ သတင်းစာ တအုပ်ကို အစအဆုံး ဖင်ပြန်ခေါင်းပြန် (ဖတ်တာမဟုတ်) အရုပ်တွေ လှန်လှောကြည့်ပြီး စီးတတ်သလို တခါတလေ ဘာကိုမှ မကြည့်ဘဲ မျက်စိနှစ်လုံးကို အနားပေးပြီး စီးမိတယ်။ တခါတခါ ဖုန်းဆက်မယ့်လူရှိရင် နားကို အလုပ်ပေးတတ်ပြီး တခါတခါတော့လဲ တခရီးထဲ အတူသွားသူတွေကို မသိမသာ အကဲခတ်ရင်း သွားဖြစ်ပြန်တယ်။ ဒီလိုနဲ့ လူတွေရဲ့ စရိုက်အမျိုးမျိုးကို ရထားပေါ် ကားပေါ်ကနေ လေ့လာခွင့်ရခဲ့တယ် ဆိုပါတော့။

တချို့က စာကိုသဲကြီးမဲကြီး ဖတ်လို့ …
တချို့က အဖော်အပေါင်းနဲ့ စကားတင်းဆိုလို့ …
တချို့က အာဘောင် အာရင်းသန်သန်နဲ့ ခပ်ကျယ်ကျယ် ဖုန်းပြောလို့ …
တချို့က လက်ပ်တော့တလုံးနဲ့ တချောက်ချောက်ရိုက်လို့ …
တချို့က ဖုန်းမှာ မက်ဆေ့ခ်ျတွေရိုက်လို့ …
တချို့က နားထဲ နားကျပ်ကြီးထိုးပြီး လောကကြီးကို ဥပေက္ခာပြုလို့ …
တချို့က အလုပ်ထဲက မပြီးသေးတာတွေ ရထားပေါ်မှာ ဆက်လုပ်လို့ …
တချို့က သတင်းစာ မဂ္ဂဇင်းထဲက ပဟေဠိတွေ အဖြေညှိလို့ …
တချို့က နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်မောကျလို့ ...

ဒါ့အပြင် … ရထားပေါ်မှာ ဂျီကျတဲ့ကလေးနဲ့ ကြုံရတတ်သလို ဒေါသကြီးတဲ့ အမေနဲ့လဲ ဆုံရတတ်တယ်။ ကြွားလုံးထုတ်တတ်တဲ့ လူငယ်မျိုးနဲ့ တွေ့ရသလို ပဲကြွေးနေတဲ့ မိန်းမပျိုကိုလဲ မြင်ရတတ်တယ်။ ကြင်နာတတ်တဲ့ ဘိုးဘိုးဘွားဘွားနဲ့ အမေးအမြန်းထူတဲ့ ကလေးငယ်မျိုးလဲ ပါသပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် လူတွေသာ ပြောင်းသွားမယ် ဒီလို မြင်ကွင်းမျိုးတွေကတော့ မပြောင်းမလဲ အမြဲကြုံတွေ့ရတတ်ပါတယ်။

တရက်တော့ မျက်နှာချင်းဆိုင် ၄ ခုံတွဲ ထိုင်ခုံရဲ့ ပြတင်းပေါက်ဘက်မှာ နေရာရလို့ ထိုင်ရင်း ရထားထွက်ဖို့ စောင့်နေတုန်း ရထားထွက်ဖို့ ၄၅ စက္ကန့်လောက်အလိုမှာ အီးခနဲ အာခေါင်ခြစ် အော်လိုက်သံနဲ့အတူ တီတီတီတီ ဆိုပြီး ရထားတံခါးပိတ်သံ ကြားလိုက်ရတယ်။ တယောက်ယောက်များ တံခါးညပ်တာလားလို့ လှမ်းကြည့်လိုက်တော့ ၁၂နှစ် ၁၃ နှစ်အရွယ် မိန်းကလေးတယောက် တဟင့်ဟင့်နဲ့ မျက်ရည်မထွက်ဘဲ ငိုနေတယ်။ ဖြစ်ပုံက ဒီလိုပါ။ ဒီကရထားတွေဟာ ထွက်ဖို့ သတ်မှတ်ချိန် မတိုင်ခင် စက္ကန့် ၄၀ အလိုမှာ တံခါးတွေ အားလုံး အလိုအလျောက် ပိတ်တယ်။ ပိတ်ပြီးတာနဲ့ အပြင်ဘက်က ရထားဝန်ထမ်း တယောက်က ခရာမှုတ်ပြီး ထွက်ဖို့ အချက်ပြတယ်။ ဒါက လုပ်ရိုးလုပ်စဉ် ဆိုပါတော့။ အဲဒီကလေးမလေးက မိသားစု ၃ ယောက်အတူ လာကြပြီး သူက အရင် ရထားထဲ လှမ်းဝင်လိုက်တဲ့အချိန်မှာ ရထားတံခါးကြီး ပိတ်သွားတော့ သူ့အမေနဲ့ ညီမက ရထား အပြင် ပလက်ဖောင်းပေါ်မှာ ကျန်ခဲ့ပါလေရော … ။ သူက အထဲကနေ ငိုနေသလို အပြင်မှာကျန်ခဲ့တဲ့ အမေကလဲ ပြာယာတွေ ခတ်နေပါတော့တယ်။

သူက ရထားပေါ်မှာ တရှုံ့ရှုံ့ငိုနေတော့ ဘေးနားမှာရှိတဲ့ အမျိုးသမီးကြီးတွေက ချော့မော့ရင်း ရထားမောင်းသူဆီ စကားပြောတဲ့ ခလုတ်လေးကတဆင့် ကလေးမလေး ဖြစ်ပုံပြောပြပြီး ရထားမထွက်သေးဖို့၊ တံခါးပြန်ဖွင့်ပေးဖို့ တောင်းဆိုကြတော့ ရထားကြီးလဲ မထွက်သေးဘဲ ရပ်နေပါတယ်။ ကျမက သူတို့နဲ့ မျက်နှာချင်းဆိုင်လို ဖြစ်နေတော့ ဖြစ်ပျက်သမျှတွေ အကုန်မြင်နေရတာပေါ့။ အဲဒီအချိန်မှာ ကျမရှေ့မှာ ထိုင်ပြီး တချိန်လုံး ဖုန်းတလုံးနဲ့ အလုပ်ရှုပ်နေတဲ့ လူငယ်တယောက်က သူ့နဘေးက လူကို လမ်းဖယ်ပေးဖို့ ခွင့်တောင်းရင်း ငိုနေတဲ့ ကလေးမလေးဆီ သူရဲကောင်း ဟန်ပန်မျိုးနဲ့ ရောက်သွားတယ်။

“ကျနော် ဘာများကူညီပေးရပါမလဲ”

အနားက အမျိုးသမီးတွေက … ကိစ္စမရှိဘူး၊ ငါတို့ ရထားမောင်းသူကို ပြောပြီးသွားပြီ၊ အဆင်ပြေသွားမှာပါ … ကျေးဇူးပဲ … စသဖြင့် ပြောလိုက်တော့ လူငယ်လဲ ခေါင်းတချက် ဆတ်ပြီး နေရာမှာ ပြန်လာထိုင်တယ်။ ၂ မိနစ် ၃ မိနစ်လောက် ကြာတဲ့အခါ တီတီတီတီ မြည်သံနဲ့အတူ ရထားတံခါးကြီး ပြန်ဖွင့်ပေးလိုက်တော့ ကလေးမလေးလဲ ၀မ်းသာအားရ ခုန်ဆင်းသွားလေရဲ့။

ဒီလိုနဲ့ ရထားကြီးလဲ တခါးပြန်ပိတ်ပြီး ပလက်ဖောင်းက စတင်ထွက်ခွါပါတော့တယ်။ ပုံမှန်ထွက်ချိန်ထက်တော့ နည်းနည်း နောက်ကျသွားတာပေါ့။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကလေးမလေးအတွက် ခုလို အဆင်ပြေအောင် လုပ်ပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်စရာလို့ တွေးနေတုန်းမှာပဲ …

“ဟင် … ငါ့သမီးလေးရော … သမီး ဘယ်မှာလဲ” ဆိုပြီး အမျိုးသမီးတယောက် ကလေးငယ်တဦး လက်ဆွဲရင်း ကျမတို့ တွဲဆီ ရောက်လာပါလေရော။ ခုန ကလေးမလေးရဲ့ အမေပါ။ သူက ရထားတံခါးပြန်ဖွင့်ချိန်မှာ ရှေ့တွဲကနေ အပြေးအလွှား တက်လာပြီး သူ့သမီးကို လာရှာတာ။ သူ့သမီး တက်ခဲ့တဲ့ ဒီတွဲလဲ ရောက်ရော သူ့သမီးက အောက်ပြန်ဆင်းသွားပြီ။ သူက ရထားပေါ်မှာ၊ ရထားကြီးကလဲ ထွက်သွားပြီ။ ပလက်ဖောင်းပေါ် လှမ်းကြည့်လိုက်တော့ သူ့သမီးလေးက မျက်လုံးတွေနီရဲလို့ ငိုနေရင်း အမေကို လိုက်ရှာနေတယ်။ အမေခမျာလည်း ဒရိုင်ဘာကို စကားပြောတဲ့ ခလုတ်ကို နှိပ်ပြီး

“ရပ် ရပ် … ငါ့သမီးလေး အောက်ဆင်းသွားပြီ …” လို့ မရပ်မနားပြောနေပေမဲ့ ပလက်ဖောင်းက ခွါပြီးတဲ့ ရထားက ဘယ်လိုပြန်ရပ် ပေးတော့မှာလဲ … ။ ပြီးတော့ တခါလဲ မဟုတ်တော့ဘူးလေ။ ဒီတခါတော့ ကျမရှေ့က သူရဲကောင်းလဲ ဘာမှမတတ်နိုင်တော့လို့ ထင်ရဲ့ ဘာကူညီရမလဲ ထမေးတာ မတွေ့တော့ဘူး။ သြော် လွဲချင်တော့လဲ အဲဒီလို ကြံဖန်လွဲတာ။
***
တညနေ အလုပ်ကအပြန် ပင်ပန်းလွန်းလို့ ထောင့်ကျကျခုံမှာ ထိုင်ငိုက်နေတုန်း အသံကျယ်ကျယ်တခု နားထဲဝင်လာတယ်။ မြန်မာပြည်က ရထားတွေပေါ်မှာ လျက်ဆားရောင်းတဲ့ လေသံမျိုး။ အသံအောင်တယ်၊ ကျယ်တယ်၊ ဆွဲဆောင်မှု အပြည့်နဲ့။ ကျမလည်း စပ်စုချင်တဲ့ စိတ်နဲ့ လည်ပင်းဆန့် ကြည့်လိုက်တော့ လူလတ်ပိုင်း အင်္ဂလိပ်လူမျိုး (ဖြစ်ပုံရတဲ့) အမျိုးသားတယောက် အ၀တ်အစား သပ်သပ်ရပ်ရပ် သားသားနားနား ၀တ်ဆင်ထားပြီး ဘီးတပ်သေတ္တာတခုကို လက်ကဆွဲလို့ အလွန်အရေးကြီးတဲ့ ပုံစံမျိုးနဲ့ တစုံတရာကို ကျယ်ကျယ်လောင်လောင် ပြောရင်း အများရဲ့ အာရုံစူးစိုက်မှုကို ရယူနေပါတယ်။ သူပြောနေတဲ့ စကားတွေကို ဆီလျော်အောင် နားလည်သလို ရမ်းသမ်း ဘာသာပြန်ရရင်တော့ …

“ခရီးသွား လုပ်သားပြည်သူများခင်ဗျား … ကျနော် မန်ချက်စတာသွားမယ့် ခရီးသည် တယောက် ဖြစ်ပါတယ်။ ဖြစ်ချင်တော့ ပိုက်ဆံအိတ် မပါလာပါဘူး။ ဟုတ်ကဲ့ … ခင်ဗျာ ပိုက်ဆံ ၅ ပေါင်လောက် လိုနေလို့ အားလုံးက ၀ိုင်းဝန်းကူညီကြရင် ကျေးဇူးအထူး တင်ရှိပါတယ် ခင်ဗျား။ ဟုတ်ကဲ့ … ၅ ပေါင်ထဲပါ … မများပါဘူး။ အားလုံး ကူညီကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ၊ ဟုတ်ကဲ့ ဒီမှာ ငါးမူးရပါပြီ၊ ကျေးဇူးတင်ပါတယ် ခင်ဗျာ၊ ၄ ပေါင်ခွဲပဲ လိုပါတော့တယ်။ ဟော … တပေါင်ထပ်ရလို့ ၃ ပေါင်ခွဲ … ၃ ပေါင်ခွဲပဲ လိုပါတော့တယ်”

သူက ပြောရင်းနဲ့လျှောက်လာတာ ကျမထိုင်နေတဲ့ ဘက်ကို တဖြည်းဖြည်းနီးလာတာမို့ တပေါင်လောက် လှူလိုက်မယ် စိတ်ကူးနဲ့ ပိုက်ဆံအိတ်ရှိရာ စမ်းနေမိတယ်။

“ဟုတ်ကဲ့ ၃ ပေါင် … ကျေးဇူးတင်ပါတယ်၊ အဲ … နောက်ထပ် ၁ ပေါင်ရလို့ ၂ ပေါင် … ၂ ပေါင်ပဲ လိုပါတော့တယ် … ကျေးဇူးပါ ခင်ဗျာ။ ဒီမှာ နောက်ထပ် ၁ ပေါင် ခင်ဗျာ … ကျေးဇူးပါ ၁ ပေါင် … ကဲ … ၅ ပေါင် ပြည့်သွားပါပြီ၊ အားလုံးကို ကျေးဇူးတင်ပါတယ်၊ လိုလိုမယ်မယ် နောက်ထပ် ငါးမူးလောက် သနားကြပါအုံး ခင်ဗျား”

ဟိုလူဒီလူတွေ ၀ိုင်းဝန်းပေးလိုက်တာ ကျမဆီတောင် မရောက်သေးဘူး ၅ ပေါင် ပြည့်သွားတဲ့အပြင် လိုရမည်ရ ငါးမူးပါ အဆစ် ရလိုက်သေးတယ်။ သူလိုချင်တဲ့ ၅ ပေါင်ခွဲရတော့ ပြန်လှည့်သွားပါတယ်။ ခဏနေတော့ ရထားထွက်တယ်၊ ရထားက မန်ချက်စတာရထားပေမဲ့ သူပါလာသလား မပါလာသလား ကျမလဲ မသိဘူး။ တကယ်လိုတာလား ဘာလားလဲ မဝေခွဲတတ်ဘူး။ တချို့က ပြုံးနေတယ်၊ တချို့ကတော့ တီးတိုးတီးတိုး သဖန်းပိုး လုပ်နေတယ်၊ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ တက်ခနစ်နဲ့ လူတွေရဲ့ သဒ္ဓါတရားကိုတော့ ကျမ အသိအမှတ် ပြုလိုက်မိပါတယ်။
***
ဒီနေ့ အိမ်အပြန် ထွက်ခါနီး ၂ မိနစ်နဲ့ စက္ကန့်အနည်းငယ်လိုတဲ့ ရထားပေါ် အပြေးအလွှားတက်တော့ ထိုင်ခုံ နေရာမရပါဘူး။ ကိစ္စမရှိပါဘူးလေ … မိနစ် နှစ်ဆယ် အစိတ်ပဲဆိုပြီး တံခါးပေါက်နားမှာ မတ်တပ်ရပ် စီးရင်း ထုံးစံအတိုင်း ပတ်ဝန်းကျင် လေ့လာမှု ပြုနေလိုက်တယ်။ ကျမရဲ့ မြင်ကွင်းထဲမှာ အသက် ၅၀ ကျော်လောက် အရွယ်ရှိတဲ့ အင်္ဂလိပ် အမျိုးသမီး တယောက်က တော်တော်လေး လှုပ်ရှားနေလို့ သတိထားမိသွားတယ်။ သူက အိတ်တွေဖွင့်လိုက် ပိတ်လိုက်လုပ်တယ်။ အချိုရည် တငုံ နှစ်ငုံ မော့သောက်တယ်၊ သူ့ဘေးနားက ခပ်ငယ်ငယ် ကောင်မလေးကိုလဲ မုန့်တွေပေးလိုက် ရေတွေပေးလိုက် လုပ်တယ်။ ၀တ်ထားတဲ့ အပေါ်အင်္ကျီကို ချွတ်တယ်၊ အတွင်းက အင်္ကျီကို ဆွဲချတယ်၊ အဲဒီ အတွင်းအင်္ကျီက လည်ခပ်ဟိုက်ဟိုက် စွပ်ကျယ်အနက်ရောင် ဆိုတော့ မျက်စိထဲ ထင်းခနဲ… အင်း … ရင်ထွားချီတဲ့ ခင်ထားရီတို့ အမျိုးပဲလို့ ကျမစိတ်ထဲ မှတ်ချက်ချမိသေး။

အဲဒီအချိန်မှာ ရထားလက်မှတ်စစ်က တရွေ့ရွေ့ လာရင်း လက်မှတ်တွေ လိုက်စစ်နေပါတယ်။ ဘူတာရုံမှာ လက်မှတ်မ၀ယ်ခဲ့သူတွေက ရထားပေါ်မှာဘဲ ၀ယ်ကြတယ်၊ လက်မှတ်ဝယ်ပြီးသား သူတွေကတော့ ရှိပြီးသား လက်မှတ်လေးတွေကို ထုတ်ပြရင် လက်မှတ်စစ်ကြီးက သူစစ်ပြီးကြောင်း ဘောပန်ကြီးနဲ့ ဂျစ်ခနဲ့ ခြစ်ထည့်လိုက်တာပဲ။ ဒီလိုနဲ့ ခုန အမျိုးသမီး ထိုင်တဲ့ခုံနား ရောက်ဖို့ နှစ်တန်းလောက် အလိုမှာ အမျိုးသမီးက မတ်တပ်ရပ်လိုက်ရင်း တင်ကလေး လိမ်ကျစ်လိမ်ကျစ်နဲ့ လက်မှတ်စစ်ကြီးရှိရာ သွားပြီး ခပ်လှမ်းလှမ်းကနေ လက်မှတ်ကလေး ထောင်ပြကာ …

“ဒီမှာရှင့် … ကျမ အိမ်သာသွားချင်လို့ … ကျမလက်မှတ်လေး လာပြတာပါ၊ ဒီမှာနော်…” လို့ ပြုံးချိုတဲ့ မျက်နှာပေးနဲ့ ပြောပြီးပြီးချင်း ချာခနဲလှည့်ကာ အိမ်သာဆီ ဦးတည်သွားတယ်။ လက်မှတ်စစ်ကြီးက တချက်မော့ကြည့် ခေါင်းညိတ်ပြပြီး သူစစ်ရမယ့် လက်မှတ်တွေကို ဆက်စစ်နေပါတယ်။ ဘယ်သူမှ မမြင်လိုက်တာကတော့ ဒီအမျိုးသမီးက အိမ်သာကို အသွား သူ့လက်မှတ်ကို သူ့မိတ်ဆွေ ခပ်ငယ်ငယ် ကောင်မလေးလက်ထဲ မသိမသာ ထည့်ခဲ့တာပါပဲ။ (ကျမကတော့ မြင်လိုက်တယ်)

လက်မှတ်စစ်ကြီး သူတို့ခုံနား ရောက်လာတော့ ကောင်မလေးက အဲဒီအမျိုးသမီး ပေးခဲ့တဲ့ လက်မှတ်ကိုပဲ ပြပြီး အခြစ်ခံတာ တွေ့ရတယ်။ လက်မှတ်စစ်ကြီးလဲ မရိပ်မိဘူး၊ ခုနက သူမှ မခြစ်လိုက်မိတာ။ တယောက်ပြီး တယောက် ဆက်စစ်ရင်း အိမ်သာကိုကျော် နောက်တွဲကို ကူးသွားမှ အိမ်သာထဲက ခင်ထားရီလဲ ရုပ်တည်နဲ့ ဟိုဒီကြည့်လို့ ပြန်ထွက်လာပြီး သူ့နေရာသူ ပြန်ထိုင်ပါတယ်။ ကောင်မလေးက ခြစ်ပြီးသား လက်မှတ်လေး သူ့ကိုပြန်လှမ်းပေးတာလဲ ကျမက မြင်ဖြစ်အောင် မြင်လိုက်မိသေးတယ်။

တော်တော်ဆိုးတဲ့ ခင်ထားရီပါလားလို့ တွေးရင်း ကျမပြုံးမိတယ်။ နယ်ဘက်က တချို့ဘူတာတွေက အထွက်မှာ တယောက်ချင်း လက်မှတ်ပြစရာ မလိုဘူး၊ လက်မှတ်ထိုးထည့်ပြီးမှ ဖြတ်လို့ရတဲ့ အရံအတားတွေလဲ မရှိဘူး ဆိုတော့ ခုလို လူလည်ကျလို့ ရနေတာပေါ့လေ။ သူလိုလူတွေ ဘယ်လောက်များရှိမလဲ။
***
ဒီအဖြစ်အပျက်ကလေးတွေကတော့ နေ့စဉ်ကြုံတွေ့ခဲ့တဲ့ထဲက မှတ်မှတ်ရရ သတိထားဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကလေးတွေပါ။ နေ့စဉ်နဲ့အမျှ ခရီးသွားနေရတဲ့ ရထားကြီးပေါ်မှာ အဲဒီလို လူအမျိုးမျိုးနဲ့ ကြုံရ ဆုံရသလို ဘ၀ရထားကြီးပေါ်မှာ သံသရာ ခရီးသည်အဖြစ် လိုက်ပါလာတဲ့ ကျမတို့လဲ ဘ၀ပေါင်းစုံမှာ လူပေါင်းစုံနဲ့ ကြုံရမှာပါပဲ။ ကိုယ်က ပွဲကြည့်ပရိသတ် ဖြစ်တဲ့အခါ သူတို့ကိုကြည့်ပြီး ပြုံး ရယ် သနား ၀မ်းနည်း ကြေကွဲ စိတ်ပျက် ဒေါသ ... စသဖြင့် ဖြစ်နိုင်သလို ကိုယ်တိုင်ကရော ဘယ်လိုပုံစံနဲ့ ဒီရထားကြီးပေါ်မှာ စီးနင်းလိုက်ပါမှာလဲ လို့ တွေးမိတယ်။
လွဲချော်မှုတွေနဲ့လား …
တွေဝေမှုတွေနဲ့လား …
ကြောင့်ကျ ပူပန်မှုတွေနဲ့လား …
ဝမ်းနည်းခြင်းတွေနဲ့လား …
ဒါမှမဟုတ် …
မသိခြင်းတရားတွေ ဖုံးလွှမ်းလို့ ငိုက်မျည်းပြီး လိုက်လာမှာလား … ။

ရထားကြီးပေါ်မှာ ငြိမ်ငြိမ်လေး ရပ်နေပေမဲ့ အတွေးများစွာနဲ့ စိတ်တွေ လှုပ်ရှားလို့ နေတယ်။
ရထားကြီးကတော့ တဘူတာဝင် တဘူတာထွက် ဆက်လက် ခုတ်မောင်း နှင်လို့ကောင်းနေတုန်းပါပဲ၊ လမ်းဆုံးဘူတာ မရောက်မချင်းပေါ့ … ။
***
မေဓာဝီ
၆၊ စက်တင်ဘာ၊ ၂၀၁၁
၂၁း၂၃ နာရီ

Read More...