ကျမ စာမရေးဖြစ်တာ ကြာပါပြီ။
ဘလော့တွေဆီလဲ ခြေဦးမလှည့်ဖြစ်တာ ကြာပြီ ဆိုပါတော့ ... ။
ကိုယ့်ဘလော့ကိုယ်လဲ တရက်နေလို့ တခါ မရောက်၊ ပို့မယ့်သူ မရှိတော့တဲ့ အီးမေးလ်ကိုလဲ ဝင်မစစ်ဖြစ်နဲ့ … များပြားလှစွာသော အလုပ်တာဝန်တွေကြားမှာ ပိနေခဲ့တယ်။
အရင်က အလုပ်များတယ်ဆိုတာ စာရေးဖို့ အချိန်ရသေးတယ်။ အခုအလုပ်များပုံကတော့ စာရေးဖို့ မပြောနဲ့ စိတ်ကူးဖို့တောင် အချိန်မရတော့ဘူး။ တခါတလေတော့ အမှတ်တရ နေ့ရက်လေးတွေ အကြောင်း ရေးမယ်ဆိုပြီး အင်တာနက် ကွန်နက်ရှင် ကောင်းရင် ကောင်းသလို ပုံလေးတွေ upload တင်ထားပြီး အမှတ်တရ နေ့ရက်တွေသာ တရက်ပြီး တရက်ကုန်လွန်သွားတယ် ဘာစာမှ မရေးဖြစ်လိုက်ဘူး။
တကယ်တမ်းတော့ … သြဂုတ်လဟာ ကျမအတွက် အမှတ်တရ နေ့ရက်လေးတွေနဲ့ ပြည့်နေတဲ့ လ-တလပါ။ လွန်ခဲ့တဲ့ တပတ်လောက်က ပြီးသွားခဲ့တဲ့ ကျမမွေးနေ့ … မနေ့က ၇ - နှစ်ပြည့်သွားတဲ့ ကျမဘလော့လေး မွေးနေ့ အပါအဝင် အမှတ်တရနေ့ရက်တွေကို ခါတိုင်း နှစ်တွေကလို ဘလော့မှာ မှတ်တမ်း မတင်နိုင်ခဲ့ဘူး။ အဓိက အချိန် … နောက်ပြီး ကွန်နက်ရှင် … နောက်ပြီး အာရုံဝင်စားမှု … စသည် စသည် အဆင်မပြေတဲ့အခါ ဘလော့လေးနဲ့ ကျမ တော်တော်လေး ကင်းကွာသွားခဲ့ပါတယ်။
ဘလော့ထက် ပိုပြီး တင်ရပြုရလွယ်တဲ့ ဆူလွယ်နပ်လွယ် ဖေ့စ်ဘွတ်ဘက် ဦးလှည့်သွားလို့ ဘလော့ကို လှည့်မကြည့်ဖြစ်တာတော့ မဟုတ်ပါဘူး။ ဘလော့ကို ကျမ ခုချိန်ထိ ရူးသွပ်စွာ ခုံမင်နေဆဲပါ။
***
ဖေ့စ်ဘွတ်မှာ ကိုရန်အောင်က Blog day အတွက် စာရေးဖို့ tag ထားတယ်။ မအားလို့ ကိုယ့်ဘလော့ ၇ နှစ်ပြည့်တောင် မရေးဖြစ်ဘူးဆိုတော့ မြန်မာဘလော့ဂါတွေကို ကိုယ်စားပြုတဲ့ ဒီနေ့မှာတော့ ရေးပါ … တဲ့။ အဲဒီလို ပြောလာမှတော့ မရေးလို့ မကောင်းတော့ဘူး။ (ကိုယ်ကလဲ ရေးချင်ချင်ပါ) ဒီလိုနဲ့ပဲ ကိုယ့်ဘလော့ကိုယ် ဖုန်သုတ်ရင်း ဘလော့ဒေးအမှတ်တရ ပို့စ်တပုဒ် ရေးလိုက်ရပါတယ်။
***
ကျမနဲ့ ဘလော့
ကျမ ဘလော့စရေးတဲ့နေ့က ၂၀၀၆ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ … ဘလော့ဒေးက သြဂုတ်လ ၃၁ ရက် … တဲ့။
ခဏခဏ ရေးဖူးခဲ့သလိုပါပဲ၊ ဖိုရမ်တွေကနေ ဘလော့ကို ရင်းနှီးခဲ့ရတယ်၊ ဖိုရမ်တွေက မော်ဒရေတာတွေကို စိတ်ပျက်ပြီး လွတ်လပ်တဲ့ ဘလော့စာမျက်နှာကို ရောက်လာခဲ့တယ်။ ရေးခါစမှာတော့ ကိုယ့်ထက်အရင် ရေးနေကြတဲ့ ညီလင်းဆက်တို့လို စီနီယာ ဘလော့ဂါတွေကို အတုခိုးပြီး ရေးရတာပါပဲ။ စာရေးချင်စိတ် တခုတည်းနဲ့ ဘလော့ကို ရေးတာမို့ နည်းပညာပိုင်းနဲ့ ပတ်သက်ရင် ဟိုလူ ဒီလူ အရပ်ကူပါ လူဝိုင်းပါ လုပ်ခဲ့ရပါတယ်။
***
ဘလော့နဲ့ ဖောင့်များ (Blog and fonts)
ဘလော့စရေးမယ်ဆိုတော့ ဇော်ဂျီနဲ့ ဝင်း ဘာကိုရွေးမလဲ စဉ်းစားတဲ့အခါ တသက်လုံးသုံးခဲ့တဲ့ ဝင်းဖောင့်ကို စွန့်လွှတ်ပြီး ဇော်ဂျီကိုပဲ ဇွတ်ရွေးခဲ့လိုက်တယ်။ (အဲဒီအချိန်တုန်းက ညီမလေး ဟနက ဝင်းဖောင့်နဲ့ ဘလော့တခု လုပ်ခဲ့ဖူးပါတယ်။) အခု နောက်ပိုင်း ဇော်ဂျီနဲ့ ယူနီကုတ်မှာတော့ ကျမ ဇော်ဂျီကို မစွန့်လွှတ်ဖြစ်ခဲ့ဘူး။ တခြားသူတွေတော့ မသိဘူး၊ ကျမကတော့ ခုထိ ဇော်ဂျီကို ခုံမင်နှစ်သက်စွာ သုံးစွဲနေဆဲပါပဲ။
***
ဘလော့နဲ့ ပုံစံဒီဇိုင်း (Blog and template)
ဘလော့ ပုံစံဒီဇိုင်းကိုရွေးတော့ အဲဒီတုန်းက ကျမ နှစ်သက်တဲ့ ဘလော့ဂါ အများစု သုံးကြတဲ့ အနက်ရောင် ဒီဇိုင်းလေးကို ရွေးချယ်ခဲ့တယ်။ သိပ်မကြာခင်မှာပဲ ဘလော့ပုံစံတွေနဲ့ ပတ်သက်ပြီး အငြင်းပွါးမှုလေးတွေ ဖြစ်ခဲ့ကြသေးတယ်။ copy cat ပြဿနာဆိုပါတော့။ ကျမကတော့ ဘလော့ ဒီဇိုင်း လှပ ဆန်းကြယ်မှု ရှိမရှိဆိုတာထက် ပါဝင်တဲ့စာကိုသာ အဓိက ထားတာမို့ ဘယ်လို ဒီဇိုင်းဖြစ်ဖြစ် ဖတ်တာပါပဲ။ ဒါပေမဲ့ တချို့ဘလော့တွေ ဝင်လိုက်ရင် အသံတွေထွက်လာတာမျိုး၊ ဆန်းပြားလွန်နေပြီး တော်ရုံကွန်နက်ရှင်နဲ့ ဖွင့်မရဘဲ လေးနေတာမျိုးဆိုရင်တော့ သိပ်အဆင်မပြေလှပါဘူး။ ဒါကြောင့် ကျမရဲ့ ဘလော့ကို တတ်နိုင်သမျှ အရိုးရှင်းဆုံးပုံစံပဲ ထားခဲ့ပါတယ်။
ကျမဘလော့ရဲ့ အနက်ရောင်ကို ကြည့်ရတာ အဆင်မပြေဘူးလို့ လူပြောများလွန်းမက များတော့မှ (ကိုရန်အောင် အကူအညီနဲ့) အရောင်နဲ့ ဒီဇိုင်း ပြောင်းခဲ့တာပါ။ အဲဒီအတွက် ကိုရန်အောင်ကို ကျေးဇူးအထူး တင်ပါတယ်။
***
ဘလော့နဲ့ ပို့စ်များ (Blog and posts)
ဘလော့ရေးခါစက တနေ့တပုဒ် မှန်မှန် တင်ခဲ့တယ်။ ဒါတောင် တခါတလေ နှစ်ပုဒ် သုံးပုဒ် တင်ချင်နေသေးတာ။ အဲဒီတုန်းက ဘလော့အရေအတွက်ကလဲ နည်းသေးတော့ တနေ့တပုဒ် မတင်ရင် နေမကောင်းလို့လား … ဘာဖြစ်လို့လဲ … စသဖြင့် မေးကြမြန်းကြ ဂရုစိုက်ကြပါတယ်။ ဘလော့မှာ တနေ့တပုဒ် ရေးဖြစ်တဲ့အတွက် ဘလော့ဟာ ကျမအတွက်တော့ လေ့ကျင့်ကွင်းတခုလိုပါပဲ။ စာအရေးအသား ပြေပြစ်ချောမွေ့အောင် လေ့ကျင့်ဖြစ်သလို၊ ကဗျာရေးဖို့ လက်သွေးတဲ့ နေရာလဲ ဖြစ်ခဲ့တယ်။
“စာမတတ်ရင် လမ်းမှာဖတ်” … ဆိုတဲ့စကားလို စာရေးတတ်ချင်ရင် ဘလော့ရေးလို့ ကျမကတော့ ပြောချင်တယ်။ စာမတတ်ရင် လမ်းမှာဖတ်တော့ အမှာပါရင် သိတဲ့လူက ကြားပြီး ပြင်ပေးနိုင်တာပေါ့။ အဲဒီလိုပါပဲ ဘလော့မှာ စာရေးဖြစ်တော့ ကိုယ်မှန်တယ် ထင်ထားတဲ့ အချက်အလက် တခုက မှားနေရင် သိတဲ့လူက အမှန် ဝင်ပြင်ပေးသွားနိုင်တာမို့ ကိုယ့်အတွက် အကျိုးရှိတယ်လို့ ကျမကတော့ ခံယူထားပါတယ်။ ဒါပေမဲ့လဲ အယူအဆရေးရာပိုင်းမှာတော့ တယောက်နဲ့တယောက် ကွဲလွဲတတ်တာမို့ အငြင်းပွါးစရာဖြစ်ပြီး မိတ်ပျက်ရပြန်ပါတယ်။
***
ဘလော့နဲ့ မှတ်ချက်လေးများ (Blog and comments)
ဘလော့မှာ ပို့စ်တခု တင်လိုက်လို့ မှတ်ချက်လေးတွေ ဝင်လာရင် သိပ်ပျော်ပါတယ်။ တစုံတယောက်က ကိုယ့်စာကို အရေးတယူ ဖတ်တယ်၊ ဖတ်ရုံမကဘူး ထင်မြင်ချက်လေးတွေပါ ရေးပေးတယ် … ဆိုတော့ ဘယ်လောက် ဝမ်းသာဖို့ ကောင်းသလဲ။ ဒါပေမဲ့ လောကဓံဆိုတာ အကောင်းရော အဆိုးပါ ဒွန်တွဲနေတာမို့ ကိုယ့်ကို ချီးကျူးတဲ့ မှတ်ချက်တွေချည်း မျှော်လင့်ထားရင် မှားသွားမှာပါ။ တခါတရံ အပြစ်တင်တဲ့၊ တခါတရံ အငြင်းပွါးတဲ့၊ ဒီထက်ပိုရင် ဆဲဆိုတဲ့၊ မှတ်ချက်တွေကိုလဲ ကြုံရပါသေးတယ်။ နောက်ပိုင်းတော့ ကိုယ့်ဘလော့ကိုယ် တချိန်လုံး မကြည့်နိုင်တာမို့ မှတ်ချက်တွေကို မော်ဒရိတ် လုပ်ထားလိုက်တော့တယ်။
***
ဘလော့နဲ့ စီဘောက်စ် (Blog and c-box)
ဆီပုံးလို့ ချစ်စနိုးသုံးစွဲကြတဲ့ chat box ခေါ် c-box ကို ဘလော့အတော်များများက တပ်ကြပေမယ့် ကျမက လုံးဝ မတပ်ခဲ့ပါဘူး။ ကြိုက်လဲ မကြိုက်ဘူး၊ ပြီးတော့ … ဘလော့ရေးခါစ အနေအထိုင်မတတ်ဘဲ ဆရာသိပ်လုပ်ချင်တဲ့ကျမ … ခဏခဏ အဆဲခံရတော့ စီဘောက်စ်ထဲမှာ အထိမ်းအကွပ်မဲ့ လာဆဲနေမှာကို မလိုလားလို့ စီဘောက်စ် မတပ်ခဲ့တာပါ။ ခင်မင်ရင်းနှီးသူတွေနဲ့ တချို့စာဖတ်သူတွေက စီဘောက်စ်တပ်ဖို့ တိုက်တွန်းကြပေမဲ့ ခုထိလဲ ခေါင်းမာစွာ မတပ်သေးပါဘူး။
***
ဘလော့နဲ့ စာလုံးပေါင်း (Blog and spelling)
ဘလော့အပါအဝင် အင်တာနက် စာမျက်နှာတွေမှာ စာလုံးပေါင်းတွေ မှားကြတယ်။ မှားတတ်တဲ့ အမှားမျိုးက သိပ်အကြောင်းမဟုတ်ပေမဲ့ “ဘုရားသွားကျမယ်” … ဆိုတာမျိုး။ “ဒါကို နေ့တိုင်းလုပ်နေကြ” … ဆိုတာမျိုး (ယပင့် ၊ ရရစ် မှားရေးတာတွေ) “ငါမလုပ်တက်ဘူး … အတက်ပညာ” … စသဖြင့် က-သတ်နဲ့ တ-သတ် မှားတာမျိုးကတော့ မဖြစ်သင့်ဘူး ထင်တာပါပဲ။ ဒါပေမဲ့ ဖြစ်မြဲ ဖြစ်နေဆဲပါပဲ။ သတ်ပုံနဲ့ ပတ်သက်ပြီး ပြောမိလို့ လူမုန်းခံရ အဆဲခံရတာတွေလဲ ရှိခဲ့ဖူးပါတယ်။ ခုတော့ ဖေ့စ်ဘွတ်မှာ ပိုပြီး ဆိုးတာတွေ မြင်နေရတာမို့ အတော်လေး မျက်စိမချမ်းသာ ဖြစ်ရတယ်။ ဒါဟာ …. ခေတ် ခေတ် ခေတ် … ဆိုပြီး စိတ်လျှော့ထားလိုက်ပါပြီ။
***
ဘလော့နဲ့ လှုပ်ရှားမှုများ (Blog and activities)
ရွှေဝါရောင်တော်လှန်ရေးမှာ မြန်မာဘလော့တွေကို လူသိများလာခဲ့တယ်။ ကျမ ဘလော့ကတော့ ရွှေဝါရောင် မတိုင်ခင်ရက်ပိုင်းလေးမှာပဲ ခဏ ရပ်နားခဲ့ရပြီး နောက်မှ ပြန်ရေးခဲ့ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ဘလော့တွေရဲ့ ကဏ္ဍဟာ အရေးပါလာခဲ့တယ်။ များသောအားဖြင့် ဘလော့ဂါတွေကလဲ ညီညွတ်ကြပါတယ်။ ဥပမာ နာဂစ်လိုမျိုး၊ ဧရာဝတီကိစ္စ လိုမျိုးတွေမှာ ဘလော့ဂါတွေလဲ တတ်နိုင်သမျှ ပါဝင်အားဖြည့်ကြ ကူညီကြတယ်။ လူမှုရေးလုပ်ငန်းတွေ၊ အလှူအတန်းတွေမှာလဲ ဘလော့ဂါတွေ တတ်အားသရွေ့ လူအား၊ ငွေအား၊ ဉာဏ်အားတို့ ပါဝင်ပြီး ဆောင်ရွက်ကြတယ်။
***
ဘလော့နဲ့ ဘဝ (Blog and life)
ဘလော့က ကျမဘဝမှာ တစိတ်တဒေသ အရေးပါခဲ့တယ်။ ဘလော့ကြောင့် အကောင်း/အဆိုး ပြောင်းလဲခြင်း နှစ်မျိုးလုံးကို ကြုံခဲ့ရတယ်။ ဒီ ၇ နှစ်အတွင်း မိတ်ဆွေတွေ တိုးလာသလို လျော့လဲ လျော့သွားခဲ့တယ်။ ဆရာကြီး ဒဂုန်တာရာပြောသလို ရန်သူမရှိ မိတ်ဆွေသာရှိချင်သော်လည်း ကိုယ့်ကို အငြိုးတကြီး မုန်းတီးနေသူတွေ ရှိနေဆဲဆိုတာ သိခဲ့ရတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ ဘလော့ဂါ အသိတွေ ပိုတိုးလာခဲ့ပေမဲ့ … သိသာသိလျက် အကျွမ်းခက် … လို့ ဆိုရလေမလား … ။ အန်တီတင့် ဖိတ်လို့ သွားရတဲ့ ညစာစားပွဲတခုက ဘလော့ဂါ ညီမလေးတွေရဲ့ စကားဝိုင်းမှာ ကျမ အတွက် ခေါင်းစဉ်ပျောက်နေသလို ခံစားခဲ့ရတယ်။
ဒီလိုနဲ့ …. မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ … ဗြဟ္မစိုရ်တရားလေးပါးဟာ ဘလော့မှာ ရှိနေခဲ့တယ်။
တကယ်တမ်း ဘလော့က ဘဝမဟုတ်သလို … ဘဝကလဲ ဘလော့မဟုတ်ပါဘူး။
ဘလော့က ကျမ ဘဝရဲ့ အစိတ်အပိုင်းတခုမျှသာ … ။
***
မေဓာဝီ
31.08.13
10.32 pm
မှတ်ချက်။ ။ ခေါင်းစဉ်တခုချင်း အောက်မှာရော၊ နောက်ထပ် ခေါင်းစဉ်ခွဲတွေရော ရေးချင်တာတွေ အများကြီးပါပဲ။ ဒါပေမဲ့ အချိန်မရ တော့လို့ ဒီမှာပဲ ရပ်လိုက်ပါတယ်။ ဘလော့ဂါများ ကိုယ်စိတ် နှစ်ပါး ချမ်းမြေ့ပါစေ … ။