Sunday, August 30, 2009

သုံးနှစ် … သုံးမိုး

ရှေးတုန်းက လူပျို အပျိုချစ်ကြ ကြိုက်ကြရင် တယောက်နဲ့ တယောက် သုံးနှစ် သုံးမိုး စောင့်ကြည့်ပြီးမှ အိမ်ထောင်ရက်သား ပြုကြတယ်ဆိုပဲ။ သုံးနှစ် သုံးမိုးဆိုတဲ့ အချိန်ကာလက တယောက်အကြောင်း တယောက် အတော်အတန် တီးမိခေါက်မိ သိနိုင်ကြတယ် ထင်ပါရဲ့။ ဒီသုံးနှစ်အတွင်း ပိုပြီးတော့လည်း သံယောဇဉ် ရှိကောင်းရှိနိုင်သလို စိတ်ပျက်လက်ပျက် ဖြစ်ပြီးလည်း ခွါပြဲသွားကြနိုင် ပါသေးတယ်။

တကယ်တမ်း သုံးနှစ်ဆိုတဲ့ အချိန်ဟာ ကြာတယ်လို့ ဆိုရင်လည်း ရနိုင်သလို လက်ဖျစ်တတွက်လောက် မြန်တယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒီကနေ့တော့ ကျန်ခဲ့တဲ့ သုံးနှစ်တာကာလကို ကျမ လည်ပြန် လှည့်ကြည့်မိတယ်။

လွန်ခဲ့တဲ့ သုံးနှစ် ၂၀၀၆ သြဂုတ်လ ၃၀ ရက်။
***
ကြောင်ဆိုးလေး ဂါးဖီးနဲ့ ဒီဘလော့ကို စဖွင့်ခဲ့တယ်။ ကျမက ငပျင်းဆိုတော့ ဘ၀ကို ခက်ခက်ခဲခဲ မဖြတ်သန်းချင်ဘဲ သူ့လို အေးအေးလူလူ နှပ်နေချင်တဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ အစကတော့ ဘာရယ်မဟုတ် ပျင်းလို့၊ သူများလုပ်တာ အားကျလို့၊ မလုပ်ဖူးတာ စမ်းလုပ်ကြည့်ချင်လို့၊ ကိုယ်ရေးတဲ့ စာတွေ သူများဖတ်စေချင်လို့ ဆိုတဲ့ ရောက်တတ်ရာရာ ရည်ရွယ်ချက်တွေနဲ့ ဘလော့ကို စခဲ့ပေမဲ့ တဖြည်းဖြည်း အချိန်တွေကြာလာတာနဲ့အမျှ ဘလော့က ကျမကို လွှမ်းမိုးလာတော့တယ်။

နေ့တိုင်း ထမင်းမစားဘဲ မနေနိုင်သလို နေ့တိုင်း စာမရေးဘဲ မနေနိုင်တဲ့ ကျမ …
ဘလော့ပေါ်မှာ တွေးမိသမျှတွေ ရေးခဲ့တယ်။
ဘလော့ပေါ်မှာ ပုဂ္ဂလိက ခံစားချက်တွေလည်း ရေးခဲ့တယ်။
ဘလော့ပေါ်မှာ ဟိုဟိုဒီဒီ ဝေဖန် လေကန်ခဲ့ဖူးတယ်။
ဘလော့ပေါ်မှာ သူများမကြိုက်တာတွေလည်း လုပ်ခဲ့ဖူးတယ်။
ဒါကြောင့်လည်း …
ဘလော့ပေါ်မှာ လူသိရှင်ကြား အဆဲခံခဲ့ရဖူးပါတယ်။

ဒီလိုနဲ့ …
ဘလော့ကြောင့် ချစ်ခင်သူ မိတ်ဆွေ သူငယ်ချင်းများ တိုးပွါးခဲ့သလို …
ဘလော့ကြောင့် မုန်းတီးသူ ညှိုးသူ ရန်ဘက်များ ပေါ်ပေါက်ခဲ့တယ်။
ကျမက ဘလော့ကို ဖန်တီးခဲ့တယ်။
ဘလော့က ကျမဘ၀ကို ပြန်လည် ဖန်တီးခဲ့ပြန်တယ်။

ကိုယ့်ကိုယ်ကို အဟုတ်ကြီး မှတ်ပေမဲ့ လူကဲခတ်ညံ့တဲ့ ကျမက …
ပြုံးရယ်တာလား လှောင်ရယ်တာလား … နားမလည်ခဲ့။
လက်ခုပ်သံလား တောထုတ်သံလား … မခွဲခြားတတ်ခဲ့။
အားပေးသံလား ကဲ့ရဲ့သံလား … မစဉ်းစားတတ်ခဲ့။
မြှောက်ပင့်တာလား ရိုက်ချတာလား … မကွဲပြားခဲ့။
တွဲကူမယ့်လက်တွေလား ဆွဲချမယ့်လက်တွေလား … မသိနိုင်ခဲ့။
ဟုတ်တယ် …. ကျမ မသိတဲ့ မသိခြင်းတွေ … အများကြီးလေ။

ဒီလိုနဲ့ ခပ်အအ ကျမဟာ …
အရောင်လင်းတိုင်း အလင်းရောင် မဟုတ်ဘူးဆိုတာ … တဖြည်းဖြည်း သဘောပေါက်ခဲ့တယ်။

အဲဒီအချိန်မှာတော့ … ကျမရဲ့ အနက်ရောင်ဘလော့လေးဟာ အဖြူရောင် ဗလာ စာမျက်နှာ ဖြစ်ခဲ့ရတယ်။ ကျမသည်လည်း ချစ်သောသူများနဲ့ ခွဲခွါ … ကွဲကွာ … ဝေးရာအရပ်မှာ နာကြင်ခြင်းတွေ ခါးသီးမှုတွေ မျက်ရည်တွေ ပြည့်လျှမ်းပြီး အကြင်နာတွေ မေတ္တာတရားတွေ အေးခဲနေခဲ့တဲ့ ဥရောပရဲ့ ဥတုကြမ်းမှာ အမေ့အိမ်ကို လွမ်းခဲ့ရတယ်။
***
ဘလော့သာ မရေးခဲ့ရင် … လို့ ကျမတွေးကြည့်မိတော့ …

ဘလော့သာ မရေးခဲ့ရင် … ဒီအချိန်မှာ ဒီနေရာ ဒီဒေသကို ရောက်နေမှာ မဟုတ်ဘူး။
ဘလော့သာ မရေးခဲ့ရင် … ချစ်သူတွေနဲ့လည်း ကွေကွင်းရမှာ မဟုတ်ဘူး။
ဘလော့သာ မရေးခဲ့ရင် … မုန်းသူတွေလည်း ခုလောက်များမှာ မဟုတ်ဘူး။
ဘလော့သာ မရေးခဲ့ရင် … ဘ၀ဆိုတာကို သေချာသိဦးမှာ မဟုတ်ဘူး။
ဘလော့သာ မရေးခဲ့ရင် … လူတွေရဲ့အတွင်းစိတ်ကို ခုလောက်သိဖြစ်မှာ မဟုတ်ဘူး။
ဘလော့သာ မရေးခဲ့ရင် … ရေသာခို လှေကြုံစီး အပျင်းကြီး နေဖြစ်ဦးမယ်။
ဘလော့သာ မရေးခဲ့ရင် … အပြောင်းအလဲ သိပ်မရှိတဲ့ သမားရိုးကျဘ၀မှာ နိစ္စဓူဝ ကျင်လည်နေရဦးမယ်။
ဘလော့သာ မရေးခဲ့ရင် … … … … ...
ဘလော့သာ မရေးခဲ့ရင် … … … … … …
ဘလော့သာ မရေးခဲ့ရင် … … … … … … …

တကယ်ပါ … ဘလော့က ကျမဘ၀ကို ဖန်တီးသွားခဲ့တာ။
***
ခုဆို ဘလော့နဲ့ ပတ်သက်ခဲ့တာ သုံးနှစ်သုံးမိုး တိုင်ခဲ့ပြီ။
ဒီကြားထဲ ခဏတဖြုတ် ဥပေက္ခာပြု လျစ်လျူရှုထားခဲ့ရတယ်။
နောက်တော့လည်း မိဘ ဆွေမျိုးတွေ သဘောမတူတဲ့ ကြားက ယောင်လည်လည်နဲ့ အနားသွားကပ်၊ တပုဒ်စ နှစ်ပုဒ်စ ပြန်တင် … အဲဒီလိုနဲ့ မခွဲနိုင် မခွါရက် ပြန်ပတ်သက် မိပြန်တယ်။ လူကြီးတွေ မကြိုက်တာ လုပ်နေရတာမို့ တခါတခါ ဘလော့ရေးရတာ ပြစ်မှုတစုံတရာ ကျူးလွန်နေရသလိုပဲ စိတ်ထဲ ထင်မိပါတယ်။ ကိုယ့်ဘ၀ ကိုယ်မပိုင်သေးတဲ့ အချိန်မို့ ဘလော့ကို စိတ်ရှင်းလက်ရှင်းနဲ့ လွတ်လပ်စွာ ရေးသားခွင့် ကျမမှာ မရှိပါဘူး။ ကျမ ရှုံးနိမ့်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဘလော့ကြောင့်လို့ ဘလော့ကို လက်ညှိုးထိုးမှာလည်း စိုးရိမ်မိတယ်။

သုံးနှစ် သုံးမိုးကြာပြီဆိုတော့ … ကျမ ဘာလုပ်ရမလဲ ဆိုတာ ဆုံးဖြတ်ရမယ့် အချိန်ရောက်လာပြီလို့ တွေးမိတယ်။ ဘလော့ကို ကျမ လက်တွဲရမလား … ဒါမှမဟုတ် … လက်တွဲ ဖြုတ်ခဲ့ရမလား။
တကယ်တမ်း ကျမ မလုပ်ရက် … မလုပ်ချင် … မလုပ်နိုင်ပါဘူး။
ဒီဘလော့လေးဟာ ကျမရဲ့ ဘ၀၊ ကျမရဲ့ အဖော်၊ ကျမရဲ့ ရဲဘော်ရဲဘက်။
ကျမ သူ့ကို မစွန့်ပစ်ခဲ့နိုင်ပါဘူး။

ရင်ထဲက ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို စာလုံးလေးတွေ တလုံးချင်းစီနဲ့ သီကုံးရေးဖွဲ့ တည်ဆောက်ခဲ့ရတဲ့ ဒီစာမျက်နှာလေးကို ကျမ ကျောခိုင်း မထားခဲ့ရက်ဘူး။ ဘယ်သူမှမသိအောင် နာမည်တခု သပ်သပ်နဲ့ ပြောင်းရေးဖို့ စဉ်းစားမိပါသေးတယ်။ ဒါလည်း ကျမစိတ်ထဲ သိပ်အဆင်မပြေဘူး။ ကျမ မလုပ်ချင်ဘူး။ ခုချိန်ထိ ကျမ ဆုံးဖြတ်ချက် မချနိုင်ဘဲ တွေဝေနေမိတယ်။
ကျမ ဘာလုပ်ရမလဲ …. …. …. ။
***
သုံးနှစ်သုံးမိုးထိ တည်တံ့အောင် တစတစ တည်ဆောက်ခဲ့ရတယ်။
သုံးနှစ်သုံးမိုးအချိန်အတွင်း ပြုံးပျော် ကြည်နူးခဲ့ရသလို ညစ်ညူး ငိုကြွေးခဲ့ရတယ်။
သုံးနှစ်သုံးမိုးကာလမှာ အခက်အခဲတွေ အတူတူ ကျော်ဖြတ်ခဲ့ကြတယ်။
သုံးနှစ်သုံးမိုး … … …
.… .… …. …. …. .…
ကြာခဲ့ပါပြီ … … … ။
***
မေဓာဝီ
၃၀၊ သြဂုတ်၊ ၂၀၀၉
၅း၂၄ နာရီ

(ကျမ ဘလော့ ၃-နှစ်ပြည့် အမှတ်တရနဲ့ ကိုဟယ်ရီတက်ဂ်တာကို ပေါင်းပြီးရေးလိုက်ပါတယ်။)

ရေးခဲ့ဖူးတဲ့ အမှတ်တရလေးတွေ …
(၁) ခြေလှမ်း ၃၀၀ပြည့်
(၂) အခါလည်အတွေး (တနှစ်ပြည့်)

Read More...

Friday, August 28, 2009

အရိပ်

အိုဘယ့် ငွေလမင်း
ရေလွှာပေါ်မှာလင်း
ပင်လယ်ရေသောက်ဆင်း။ ။

Read More...

Wednesday, August 26, 2009

မြန်မာရှေးစာဆိုတို့၏ ကဗျာများ (၇)

ဒီတပတ် အပိုင်း (၇) မှာ အချုပ်တန်းဆရာဖေ ရေးဖွဲ့သီကုံးတဲ့ သံဝေဂတေးထပ်များကို ဆက်လက်ဖော်ပြပါမယ်။ တေးထပ်များကို မဖော်ပြခင် ကဗျာ့ဥပဒေခန်းမှာပါတဲ့ အလင်္ကာဒေါသ ၃-မျိုး အကျဉ်းကို ဦးစွာ ဖော်ပြလိုက်ပါတယ်။
***
အလင်္ကာဒေါသ ၃-မျိုး အကျဉ်း

အဗ္ဘန္တရသရက် ဥပမာတင်ပြချက်နှင့်အညီ အထက်စီစဉ်ခဲ့ရင်း က၀ိလက္ခဏာ မာတိကာတို့တွင် -
ပဒ, ၀ါကျ၊ ၀ါကျတ္ထ၌၊ ဒေါသပြစ်ရောက်၊ ရှစ်, ကိုး, ခြောက်များကို၊ ကြောက်ရွံ့ ရှောင်ဖယ်ကြရမည် ဟူသည်ကား -

၁။ ပဒဒေါသ ၈-ပါး
(က) ၀ိရုဒ္ဓတ္ထန္တရဒေါသ
(ခ) အဓျတ္ထဒေါသ
(ဂ) ကိလိဋ္ဌဒေါသ
(ဃ) ၀ိရောဓိဒေါသ
(င) နေယျဒေါသ
(စ) ၀ိသေသနာပေက္ခဒေါသ
(ဆ) ဟီနတ္ထကဒေါသ
(ဇ) အနတ္ထကဒေါသ
ဟူ၍ ပဒဒေါသ ရှစ်ပါးတည်း။

၂။ ၀ါကျဒေါသ ၉-ပါး
(က) ဧကတ္ထဒေါသ
(ခ) ဘဂ္ဂရီတိကဒေါသ
(ဂ) ဗျာကိဏ္ဏဒေါသ
(ဃ) ဂါမ္မဒေါသ
(င) ယတိဟီနဒေါသ
(စ) ကမစ္စုတဒေါသ
(ဆ) အတိဝုတ္တဒေါသ
(ဇ) အပေတတ္ထဒေါသ
(ဈ) သဗန္ဓဗရုသဒေါသ
ဟူ၍ ၀ါကျဒေါသ ကိုးပါးတည်း။

၃။ ၀ါကျတ္ထဒေါသ ၆-ပါး
(က) အပက္ကမဒေါသ
(ခ) သြစိတြဟီနဒေါသ
(ဂ) ဘဂ္ဂရီတိဒေါသ
(ဃ) သ-သံသယဒေါသ
(င) ဂါမ္မဒေါသ
(စ) ဒုဋ္ဌာလင်္ကတိဒေါသ
ဟူ၍ ၀ါကျတ္ထဒေါသ ခြောက်ပါးတည်း။

(ဒေါသတခုချင်းစီအတွက် ရှင်းလင်းထားချက်ကိုတော့ ရှေ့တပတ်မှ ဆက်လက် ဖော်ပြပါမယ်။)
***
အချုပ်တန်းဆရာဖေဆို သံဝေဂတေးထပ်

(၁)
ထုံးရွှေရောင် နှောင်မကြော့ချင်ဘူ့း၊ တောင်တမော့ ဗွေစွန်။ မျှောင်ကတော့ ဟေ၀န်မှာ၊ မြေသလွန် စက်ကိန်း။ ကျင့်ခြိုးခြံ ဖြေဖျော်တယ်၊ နေရာတော် တောသစ်ရွက်စိမ်း။ ။ ပင်စကားဝါ့ ရိပ်သာမှာ၊ အ၀ိဇ္ဇာဖျောက်သိမ်း။ တသိက္ခာ စောင့်ထိန်းလို့၊ တယောက်ငြိမ်းကြံစည်။ ကမ္မ၀ါ ရွှေစာထမ်းပါလို့၊ ခေမာလမ်း ကူးလိုက်ပါတော့မည်။ ။ ဆွတ်လှမ်းလို့ ကျွတ်တမ်းကိုရည်တယ်။ ၀တ်ပန်းထည် ဆင်သစ်နှင့်။ ကြင်ချစ်သူ ဖော်မခေါ်၊ မြန်းချင်ပေါ့နော်။ မေတ္တာသွန်းတဲ့ ငယ်ကျွန်းဖော်ငယ်၊ အလွန်းတော် ပြေရစ်ရှာတော့လေး။

(၂)
လောကဓံ ပြည်ဓလေ့ကို၊ သည်ယနေ့သိမ်းမည်။ ကြည်မမွေ့ကိန်းနယ်ကို၊ ငြိမ်းလွယ်အောင် ကြံပေါ့။ သူတော်မြတ် ခန္တီဝါလို၊ စံမှီရာ ယွန်းစို့ အသော့။ ။ သင်္ခါရဖြစ်ပျက် မှောင်ကို၊ နှစ်သက်ပေါင် တန်တော့။ သစ်နက်ရောင် ဖန်ဝါပျော့နှင့်၊ ကန္တာကြော့ ရိပ်လယ်။ ခင်လေးမောင် စေနာထူးပါလို့၊ ခေမာကူး ကြည်လိုက်ပါတော့မယ်။ ။ သိုဝှက်လို့ ကိုယ်တွက်ရွယ်တယ်၊ ဖိုလ်မဂ်ကွယ် ရည်စူးလို့။ ကြည်နူးတဲ့ ဘာဝနာ၊ ပွါးချင်တော့သာ။ ၀ဋ်ကိန်းက လွတ်ငြိမ်းခွါတယ်၊ ဒွတ္တိံသာ မြဲချင်ပေါ့လေး။

(၃)
နန်းသပြေပင်ညွန့်နှင့်၊ စမ်းရေကွန့်ရိပ်ပြန်။ ပန်းဟေ၀န့် ဗိမာန်၊ အဓိဋ္ဌာန် တင်မြန်း။ ပင်လုံးကျွတ် ပွင့်ဝေဖြာတယ်၊ ဧကစာသုံးတဲ့ သင်္ခမ်း။ ။ မြတ်နွယ်ညွန့် တည်မရာမှာ၊ လှည့်လက်ျာ ခွေမြန်း။ စည့်မျက်နှာ မြေကြငှန်း ငယ်သို့၊ ချွေမြန်းလို့ စိတ်သာ။ တင်စလွယ် ဆင်ခြယ်သ၊ အဋ္ဌင်္ဂ သုံးဆောက်တည်ကာ။ ။ တကိုယ်မွေ့ ဆိတ်ငြိမ်ရာဝယ်၊ နိဗ္ဗိန္ဒာ ကြည်ဇောနှင့်။ သည်တောမြိုင်ဝေပူ၊ ပန်းစုံကကြူ။ ကမ္မဋ္ဌာန်းရ အုတ်ဂူမှာ၊ ရုက္ခမူ ပျော်ဆုံးပလေး။

(၄)
နှစ်ကိုယ်တူ ကြံရာကျအောင်၊ ကန္တာရ လှမ်းမယ်။ ဖလ်ကြာကြွ နန်းလယ်မှာ၊ စံမြန်းတယ် မမွေ့။ မူခြားလို့ ဂူအားကို ရှာမယ်၊ လူပါးရာ မြန်းစို့ တမေ့။ ။ သံသာရ ရဟတ်နယ်ကို၊ ပြတ်ချင်တယ် ယနေ့။ မေပါလျှင် ချွေတာလို့ ရွေ့နိုင်ရဲ့၊ သေလာကွေ့ မြိုင်လယ်။ နိဗ္ဗူကို စိတ်တူကြွရအောင် ဘိက္ခူမ လုပ်ပါတော့ကွယ်။ ။ ပုတီးနှင့် ခရီးလယ်မှာ၊ ပြီးစလွယ် ဟန်သိမ်းလို့။ ဖန်ပိန်းကြော့ နံ့သာနီလွင်၊ လဲစို့ ခင်ခင်။ ခိုင်တကြော့ နဂိုရ်ယဉ်ငယ်၊ မငြိုငြင် စမ်းပါနှင့်လေး။

(၅)
နှစ်ကိုယ်တူ ဆံချလို့၊ ကြံကြစို့ သက်လယ်။ သံသာရစက်နယ်ကို၊ ထွက်လွယ်အောင် ရည်စူး။ ချစ်တဲ့ဘေ စိတ်တူညီလျှင်၊ ဘိက္ခူနီ လုပ်ခဲ့ ကျော့မှူး။ ။ ဘ၀တိုင်း တသာကီရယ်၊ ပါရမီဆုထူး။ ညာမဒီ ချစ်ဦးနှင့်၊ ကျူးရင့်ကာ နှစ်ကိုယ်။ နိဗ္ဗာန်တိုင် စိတ်သန်မှု၊ ဓိဋ္ဌာန်ပြု တောင်းဆုပန်ဆို။ ။ သမ္ဘူလနုပျိုလို၊ ကုသိုလ်တော်တရားနှင့်။ လင်သားဝတ် ဤငါးဖြာ၊ မြဲပမကွာ။ ဖေချစ်တဲ့ ခင်ကညာရယ်၊ ရည၀ါ ခိုအောင်းစို့လေး။

(၆)
သလွန်တော် ဂမုန်းပွင့်မှာ၊ ကုံးဆင့်ဆင့် ပြုကာ။ အုံးစွင့်စွင့်နုစွာဝယ်၊ ယုဇနာ ရှိန်ကြွေ့။ ရွှေညဥ့်ရုံ လွန်ဆန်းပွေတယ်၊ ဇွန်ပန်းငွေ ဖြန်းရွေ့သိမ်မွေ့။ ။ အိပ်ရာတော် သတ်မွှေးထုံတယ်၊ နတ်သွေးလှုံဓလေ့။ မြတ်လေးငုံ အပြေ့နှင့်၊ ပြကတေ့မူရာ။ ခြင်ရံတော် တကယ်ဆန်းငယ်က၊ စပယ်ပန်း လှပ်လှပ်သာဖြာ။ ။ သဇင်ပန်း မုတ်သီဟာမှာ၊ ဇီဇ၀ါ တန်တိုင်းနှင့်။ ကသိုဏ်းကျ ဂန္ဓမာ တောင်ရံ၊ နှင်းရီမြကန်။ ။ ကျောက်စိမ်းမြ ဒီဃာရံကို၊ ညီလာခံ ကွန့်မယ်ပလေး။
***
အချုပ်တန်းဆရာဖေရဲ့ သံဝေဂ တေးထပ်တချို့ထဲမှာ တောထွက်တာတောင် အဖော်လေးနဲ့မှတဲ့။ အင်းလေ … ဒါကြောင့်လည်း သူတော်ကောင်း သူမြတ်လောင်းတွေအတွက် ပါရမီဖြည့်ဘက်က အရေးကြီးပေတာကိုး။ နိဗ္ဗာန်ကို တယောက်ထဲ သွားရမှာ ပျင်းတဲ့ အတောင်နှစ်ဆယ်ဝတ်တွေ ဆရာဖေ့ တေးထပ်လေးတွေ ဖတ်ပြီး ကျေနပ်နှစ်သက်ကြမယ် ထင်ပါရဲ့။
***

မေဓာဝီ
၂၆၊ သြဂုတ်၊ ၂၀၀၉
၉း၅၃ နာရီ

Read More...

Friday, August 21, 2009

စာမျက်နှာ အသစ်

နိဒါန်း
(၀း၁)

တခုသော မိုးဥတု၏ မိုးဖွဲဖွဲကျနေသည့် နံနက်ခင်း တခုမှာ အဖေနဲ့ အမေက ထိုစာအုပ်လေးကို သူ့အား လက်ဆောင်ပေးခဲ့သည်။ စာအုပ်ကလေးက အသစ်စက်စက်၊ ဘာတခုမှ ရေးမထားရသေး။ ဖြူစင် သန့်ရှင်းပြီး ချောမွေ့ ကောင်းမွန်သော စာရွက်သားဖြင့် ပြုလုပ်ထားသည့် စာအုပ်ကလေး။ ထိုစာအုပ်လေး၏ ထူးခြားချက်က တချို့စာအုပ်တွေလို စာမျက်နှာ မည်ရွေ့မည်မျှ ပါသည်ဟု ရေးထိုးမထား။ မည်သည့်အချိန်မှာ စာမျက်နှာတွေ ကုန်ဆုံးသွားမည် ဆိုသည်ကို မသိနိုင်။ ထိုနည်းတူစွာ မည်သည့်အချိန်မှာ စာအုပ်ကလေး ရုတ်တရက် ပျက်စီးဆုတ်ပြဲ သွားမည်ကိုလည်း မည်သူ တဦးတယောက်မျှ သိနိုင်စွမ်း မရှိ။ ထိုစာအုပ်ကလေးကား သူ၏ အသက် ရှင်သန်နေသရွေ့ ရေးမှတ်နေရမည့် စာအုပ်ကလေးပင်တည်း။
***
(၁း၁)

မသိတတ် နားမလည်တတ်စဉ်ကတော့ အမှုမဲ့ အမှတ်မဲ့နှင့်ပင် စာမျက်နှာ အသစ်လေးတွေ တဖျတ်ဖျတ် လှန်လှောခဲ့မိ၏။ စာမျက်နှာ အဟောင်းလေးတွေ မည်သို့မည်ပုံ ကျန်ရစ်ခဲ့မည် ဆိုသည်ကို မစဉ်းစားတတ်၊ မစဉ်းစားမိခဲ့။ သေချာသည်ကတော့ …
ထိုစာအုပ်လေးထဲမှာ ငိုကြွေးခဲ့ဖူးမည်။
ထိုစာအုပ်လေးထဲမှာ ရယ်မောခဲ့ဖူးမည်။
ထိုစာအုပ်လေးထဲမှာ အလိုမကျ ဖြစ်ခဲ့ဖူးမည်။
ထိုစာအုပ်လေးထဲမှာ တင်းတိမ် ရောင့်ရဲခဲ့ဖူးပေမည်။

***

(၁း၂)

တဖြည်းဖြည်း သိတတ် နားလည်တတ်သည့် အရွယ်ကို ရောက်လာတော့ ထိုစာအုပ်လေး၏ စာမျက်နှာတွေ ပေါ်မှာ ရောက်တတ်ရာရာတွေ ရေးခြစ်တတ်လာသည်။ စာလည်း မမည်၊ ပုံလည်း မပီ။ နောက်တော့ ၀လုံးလေးတွေ၊ ကကြီး ခခွေး စာလုံးလေးတွေ။ ပြီးတော့ ပန်းပုံ, အိမ်ပုံ, တောင်တန်းနှင့် ပင်လယ်ပုံ စသည်ဖြင့် စိတ်ကူးတည့်ရာ ရေးခြစ်တတ်လာခဲ့သည်။ ခက်သည်က ထိုစာအုပ်ကလေးထဲတွင် ရေးခြစ်ခဲ့သမျှတို့ကို ခဲဖျက် မင်ဖျက် စသည်တို့ဖြင့် ပြန်လည် ဖျက်၍ ပြင်၍မရ။ ရေးခဲ့သမျှ ပုံတွေ စာတွေ အရုပ်တွေက စာမျက်နှာများထက်တွင် စွဲထင် ကျန်ရှိနေသည်ချည်း။ သို့တိုင်လျက် သူကလည်း ဂရုတစိုက် မရှိလှ။ အမှားတွေ အမှန်တွေ၊ အကောင်းတွေ အဆိုးတွေ၊ သုခတွေ ဒုက္ခတွေ၊ စိတ်ကူးယဉ်မှုတွေ လက်တွေ့ကျမှုတွေ၊ ရေးချင်သလိုရေး၊ ခြစ်ချင်သလို ခြစ်ဖြင့် စာမျက်နှာလေးတွေက ညစ်ပတ် ပေရေ၍လည်း နေတတ်သေးသည်။
***
(၂း၁)

ညစ်ပေနေသော စာမျက်နှာလေးတွေကို မှတ်မှတ်ထင်ထင် ရှိလာသည့် နောက်မှာတော့ စာမျက်နှာ အသစ်တခု စတင် ဖွင့်လိုက်ပြီဆိုလျှင် …

“ဖျက်မရ ပြင်မရတဲ့ ဒီစာအုပ်ရဲ့ စာမျက်နှာ အသစ်ကလေးမှာ အခုကစပြီး ကောင်းကောင်းရေးမှ ဖြစ်မယ်”

ဟု နောင်တရသည့်နှယ် တွေးမိတတ်သော်လည်း ရေးရင်းခြစ်ရင်း စာမျက်နှာ လေးပုံတပုံလောက် မကုန်ခင်မှာပင် ဖြစ်သလိုတွေ ရေးခြစ်မိပြန်သည်။ ထိုသို့ပင် သူ၏ “အခု” များသည် တရွေ့ရွေ့ ရွေ့လျောရင်း စာမျက်နှာ အသစ်ပေါင်း များစွာ ဖြတ်သန်း ကုန်လွန်ခဲ့ရလေ၏။
***
(၂း၂)

စာမျက်နှာလေးတွေ တရွက်ပြီး တရွက် တလှပ်လှပ် ကုန်သွားတိုင်း နောက်မှာကျန်ခဲ့သည့် စာရွက်တွေက ညစ်နွမ်းနွမ်း ပန်းလျလျဖြင့် မလှမပ။ ဟိုးပထမဆုံး စာမျက်နှာလေးကတော့ မှိန်ပျပျ ကျန်ခဲ့ပြီ။ ပြင်မရ ဖျက်မရသော စာမျက်နှာ အဟောင်းလေးတွေမှာ ဟိုးအစက စပြီး ပြန်ရေးသား၍ ရလျှင် အကောင်းသားဟု တခါတလေလည်း စိတ်ကူးယဉ်မိသေးလေသည်။ မရမှန်းသိလျက် လိုချင်တမ်းတ တတ်ပေမဲ့ စာရွက်တွေ ပေါ်မှာ သပ်ရပ်လှပစွာ ရေးသားဖို့ကိုတော့ဖြင့် တွန့်ဆုတ် နှောင့်နှေးနေဆဲ။
***
(၃း၁)

တခါတရံ စာမျက်နှာထဲက စာကြောင်းတွေပေါ်မှာ စိတ်လေလွင့်ခဲ့မိသည်။
တခါတရံတော့ ထိုစာကြောင်းတွေပေါ်မှာ မှတ်သားစရာ စာလုံးလေးတွေ စီရရီ။
တခါတရံလည်း အများအကျိုးရှိလေမလားဟု ရေးခြစ်မိသော လူမသိ သူမသိ စာလုံးတချို့။
တခါတရံမှာဖြင့် စာလုံးလေးတွေ မရေးမီ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ကာ အမှားကင်းအောင် အားတင်း ရေးခဲ့မိသည်။
တခါတရံမှာကား ….
ဗလာဖြစ်ကာ လစ်ဟာနေသော စာကြောင်း အချို့ … ။
…. …. …. …. ….
…. …. …. …. ….
…. …. …. …. ….
***
(၃း၂း၁)

သို့ဖြင့် စာအုပ်ကလေးကို ပိုက်၍ မိသားစုနှင့် ဝေးရာကို ရောက်ခဲ့ရပြန်သည်။ သူနှင့် မလျောက်ပတ် လှစွာသော ပညာရပ်တွေကို သင်ယူရင်း ၀န်းကျင်အသစ်မှာ သူစိမ်းတရံဆန်တွေနှင့် ဆက်ဆံရပြန်၏။ နွေးထွေးသည့် မိဘရင်ခွင်၊ နားလည်ပေးမည့် မိသားစု၊ မိမိ ကျွမ်းကျင်သော အမှုကိစ္စများကို စွန့်လွှတ်၍ အသစ်တဖန် ပြန်စရသည့် ဘ၀က မချောမွေ့လှ။

သတိထား ကြည့်ရှုမိစဉ်မှာတော့ အဖေနှင့် အမေ လက်ဆောင်ပေးခဲ့စဉ်ကလို စာအုပ်ကလေးက ဖြူစင် ချောမွေ့ မနေတော့။ ညိုညစ်ညစ် စာရွက်သားတွေက ကြမ်းရှရှ။ နာကြင်မှု၊ ၀မ်းနည်းမှု၊ လွမ်းတ-မှု။ အားငယ်မှု … တွေဖြင့် ပြည့်နှက်နေပြီလား။ ရေးသားမိသော စာလုံးများက ခပ်သော့သော့။ ဒဏ်ရာ ဒဏ်ချက် များစွာ အစွန်းအထင်း များစွာဖြင့် စာတအုပ်လုံး ပိန်းကြမ်း၍ နေချေပြီ။
***
(၃း၂း၂)

စာအုပ်ကလေးက တ၀က်ကျိုးလုပြီထင့်။ တစတစ ဟောင်းနွမ်း၍ လာပြီ။ တခါတရံလည်း ရေးရင်းသားရင်း ဆက်မရေးချင်တော့ လောက်အောင် ငြီးငွေ့မိပြန်၏။ နောက်တခါ စာမျက်နှာ အသစ် ပြောင်းချိန်ထိ ဒီစာအုပ်ကလေးက ခံပါဦးမလားဟုလည်း တွေးမိသည်။ စာအုပ်ကလေး ရုတ်တရက် ပျက်စီးသွားမည်လား … စာမျက်နှာတွေ ကုန်ဆုံးချိန် ရောက်လုနီးပြီလား … ဒါမှမဟုတ် မိမိကိုယ်တိုင်ပင် နွမ်းလျလျ စာမျက်နှာများကို အဆုံးသတ်ဖြစ်မည်လား … ကြိုတင်မသိနိုင်သော အရာများကို စဉ်းစားတွေးတောရင်း အိပ်ပျက်ခဲ့ရသည့် ညဥ့်တာရှည်တို့က များပြားလှစွာ။
***
(၃း၂း၃)

နေ့သစ် ပြောင်းပြီ။
စာမျက်နှာ အသစ်တရွက်ကို ဖျတ်ခနဲ လှန်လိုက်မိသည်။
သြဂုတ်လ၏ မိုးရေစက်များက အိမ်ခေါင်မိုးပေါ် တဖြောက်ဖြောက် … ။
ကြမ်းတမ်းစွာ တိုက်ခတ်နေသည့် လေ၏ အသံက တ၀ှီးဝှီး မြည်ဟည်းနေသည်။
သစ်ပင်တွေက လေလာတိုင်း ရည်ရွယ်ချက်မဲ့စွာ ယိမ်းထိုး လှုပ်ယမ်း နေကြ၏။
မီးခိုးခေါင်းတိုင် ထဲမှာ ခိုတကောင်က ညည်းတွားလျက်။
နေ့သစ်က ခါတိုင်းကဲ့သို့ပင် မထူးခြား။

ညဥ့်ဦးက ဖျော်ထားသော ဘလက်ကော်ဖီ ခါးခါးတခွက်ကို တကျိုက် မော့လိုက်သည်။
အနက်ရောင်ကျကျ ကော်ဖီတခွက်က အေးစက် ခါးသက်လျက်။
ဘ၀သည်လည်း ထိုသို့ပင်လေလား။
ခါးသီးမှု အနက်ရောင်တွေကို သောက်မျိုနေရသည့် အဖြစ်က ရုန်းထွက်ချင်လှပြီ။
တခါတလေတော့လည်း ကျေးဇူးတရားတွေနှင့် ဝေးရာကို ပြေးချင်ပါသည်။

အစွန်းအထင်းမဲ့ စာမျက်နှာအသစ်ကို ခပ်တွေတွေ ငေးကြည့်နေမိသည်။
ထို့နောက် … စာမျက်နှာ အသစ်မှာ စာလုံး အနည်းငယ် စတင် ရေးသားလိုက်၏။

“ကျေးဇူးတင်ပါတယ် အမေ နဲ့ အဖေ …”
***
နိဂုံး

(xးx)

စာမျက်နှာက သစ်သော်လည်း စာအုပ်ကလေးက အိုမင်း ရင့်ရော်၍နေပြီ။
ဘ၀ဆိုသည်မှာ တိုတောင်းလှသည်။
ဘယ်အချိန် ဘယ်ကာလ အဆုံးသတ်မည် မသိနိုင်။
မည်သို့ပင်ဖြစ်စေ …
ထိုစာအုပ်လေး မကုန်ဆုံးမချင်း စာမျက်နှာအသစ်များ ဖြတ်သန်း ကျော်လွှား နေရဦးမည်တည့်။
***

မေဓာဝီ
၂၁၊ သြဂုတ်၊ ၂၀၀၉
၀၀း၀၀ နာရီ

Read More...

Wednesday, August 19, 2009

မြကန်သာတို့ တည်ရာမြေ ...

မြကန်သာ
တောင်ကျချောင်းတေး
ရေ၀င်ပြေးလှည့်
ရေအေးကြည်စွာ
ကန်ပိုင်မာလျက်
*ကြာပေါင်းထုံထုံ
ငှက်မျိုးစုံသည်
ဘုံဝတိံသာ
နန္ဒာပေလော
တူစွ ဟုတ္တာ။ ... ။
***
ဒီခရီးကို သွားရမယ်ဆိုတော့ မသွားခင်ကတည်းက ကြိုတင်ပြီး ရင်ခုန်နေမိတယ်။ သွားရမယ့် ခရီးက သိပ်တော့ မနီးလှပါဘူး။ Cumbria နယ်မြေက Lake District လို့ ခေါ်တဲ့ အရပ်ဒေသပါ။ တောင်တွေ ၀န်းရံထားတဲ့ အလယ်မှာ သဘာဝ ဖြစ်တည်နေတဲ့ ရေကန်တွေ အများကြီး တည်ရှိရာ အရပ်ဒေသမို့ ... "မြကန်သာတို့ တည်ရာမြေ" ... လို့ ကျမက အမည်ပေးထားမိပြီး ငယ်ငယ်က သင်ရတဲ့ မြကန်သာ ကဗျာလေးကို စိတ်ထဲ ရွတ်ဆို နေမိပါရဲ့။

The Lakeland Poets စာအုပ်ထဲက Cumbria ဒေသရဲ့ သရုပ်ဖော် ပန်းချီမြေပုံ

Lake District ကို စပြီးရင်းနှီးခဲ့ရတာက William Wordsworth ကြောင့်ပါ။ ဒီရောက်ကတည်းက daffodil တွေပွင့်ချိန်ဆို ကျမက တချိန်လုံး W. Wordsworth အကြောင်းပြောနေတော့ ကျမအမက ဒီစာအုပ်ကလေး ၀ယ်ပြီး ကျမကို လက်ဆောင်ပေးခဲ့တယ်။

The Lakeland Poets စာအုပ်က Lake District က ကဗျာဆရာတွေရဲ့ ကဗျာတွေကို စုစည်းထားတဲ့ စာအုပ်ပါ။ ကဗျာဆရာတွေရဲ့ အတ္ထုပ္ပတ္တိတွေ၊ သရုပ်ဖော် ပန်းချီတွေ ဝေေ၀ဆာဆာပါတဲ့ ဒီစာအုပ်ကို ဖတ်ပြီးတော့မှ W.Wordsworth ရဲ့ ဇာတိဟာ Lake District မှာလို့ သိခဲ့ရတယ်။ သူတို့ရေးဖွဲ့ထားတဲ့ ကဗျာတွေကို ဖတ်ပြီးတော့ အဲဒီနေရာကို သွားချင်စိတ် ပိုပြင်းပြခဲ့ရပေါ့။
***
ဒီလိုနဲ့ ၁၈၊ သြဂုတ်၊ ၂၀၀၉၊ အင်္ဂါနေ့ မနက် ၈ နာရီ ၂၂ မိနစ်မှာ အိမ်ကစထွက်ခဲ့ကြတယ်။ ကျမတို့ ဘက်ကတော့ ရာသီဥတု သာသာယာယာပါပဲ။ အပူချိန်တက်မယ်လို့လဲ မိုးလေ၀သက ပြောထားတယ်။ ဒါပေမဲ့ Cumbria နယ်ထဲ ၀င်တော့ ရာသီက စပြီး မှိုင်းပျပျ ဖြစ်လာပြီ။ မိုးလည်း ခပ်ဖွဲဖွဲရွာတယ်။ တောင်အနိမ့်အမြင့် ပေါ်မှာ သွယ်တန်း ဖောက်လုပ်ထားတဲ့ လမ်းတွေပေါ် ဖြတ်ပြီး ကားလေးက တရိပ်ရိပ်ပြေးနေတယ်။ တောင်ခိုးတွေက တဝေေ၀ ... ။

တောင်တန်းတွေအဆုံး ... ရေကန်ကြီးတကန်ကို ဗြုန်းဆို မြင်လိုက်ရတယ်။ ၀င်ဒါမီယာ ရေကန်သာတဲ့ ... ။ ၀င်ဒါမီယာကို ရောက်တော့ နေ့လည် ၁၂ နာရီ သာသာရှိနေပြီ။

ဝင်ဒါမီယာ ရေကန်

ဝင်ဒါမီယာ ရေကန်ထဲမှာ ရွက်လှေငှါးစီးချင်ရင် ...

စနေတနင်္ဂနွေ မဟုတ်ပေမဲ့ ကလေးတွေ ကျောင်းပိတ်ရက်မို့ လူတွေ စည်ကားနေတယ်။ ဘဲတွေ ငန်းတွေကို အစာကျွေးလို့ရတယ်။ ကန်တပတ် သင်္ဘောစီးချင်ရင်လဲ ဒီနေရာမှာ စီးလို့ရပါတယ်။

ရေပျော်ငှက်တို့ ခိုနားရာ
ဝင်ဒါမီယာ ကန်တော်သာ

ရ-ရထားကြီး ပျော်ပျော်စီး

တောင်တန်းတို့ အသွယ်သွယ်
ကမ်းစပ်က လှေငယ်
ငှက်ကလေးများ ခိုနားနေတယ် ...

ဝင်ဒါမီယာရေကန်က နာမည်အကြီးဆုံး လူအစည်ကားဆုံးပါ။ ၀င်ဒါမီယာကို နှုတ်ဆက်ပြီး Ullswater (အောလ်စ်ဝေါတား) ရေကန်ဘက်ကို ဆက်သွားကြပါတယ်။ Ullswater ရဲ့ ပုံစံက ရှည်ရှည်သွယ်သွယ်၊ ရေကန်ဘေးတလျှောက် ကားလမ်း ဖောက်ထားတာမို့ ကားပေါ်ကနေ ရေကန်ရဲ့ အလှကို မြင်ရတယ်။ လမ်းတလျှောက်မှာ ကားရပ်နားဖို့ နေရာလေးတွေ မကြာမကြာ တွေ့ရတယ်။

Ullswater ရေကန်

Among the mountains were we nursed, loved Stream!
Thou near the eagle's nest - within brief sail,
I, of his blod wing floating on the gale,
Where thy deep voice could lull me! Faint the beam
(To the River Derwent - W. Wordsworth)

One, the fairest of all rivers, loved
To blend his murmurs with my nurse's song,
And from his alder shades and rocky falls;
And from his fords and shallows, sent a voice
That flowed along my dreams. For this, didst thou
(The Prelude - W. Wordsworth)
Yet once again do I behold the forms
Of these huge mountains, and yet once again
Standing beneath these elms, I hear thy voice,
Beloved Derwent, that peculiar voice
Heard in the stillness of the evening air
Half-heard and half-created.
(The voice of the Derwent - W. Wordsworth)

Ullswater ရေကန်ဆီကို ဆင်းရာ ကျောက်လှေခါး လမ်းကလေး

တောင်တန်း၊ ကျောက်ဆောင်၊ သစ်ပင်
ရေစီးသံတို့ တလွင်လွင်
အေးချမ်းတဲ့ အရပ်ဒေသပင် ...

Upon the mountain's edge with light touch resting,
There a brief while the globe of splendour sits
And seems a creature of the earth; but soon
More changeful than the Moon.
(A Sunset - Samuel Taylor Coleridge)
***
အိမ်ကိုပြန်ပြီ။
ကန်တော်သာများကို ကျောခိုင်းပြီး ... ။
အပြန်လမ်းမှာ သီချင်းလေးတွေ ညည်းဆိုရင်း ... ည ၉ နာရီမထိုးခင်လောက် အိမ်ပြန်ရောက်ခဲ့တယ်။
မျက်စိထဲမှာတော့ တောင်တွေ ကာရံထားတဲ့ အလယ်က ရေကန်တွေရဲ့ မြင်ကွင်း ကပ်ငြိတွယ်တာ ပါလာဆဲ။
***
မေဓာဝီ
၁၉၊ သြဂုတ်၊ ၂၀၀၉
၁၂း၄၁ နာရီ

ရည်ညွှန်း။ ။ အင်္ဂလိပ် ကဗျာများကို The Lakeland Poets စာအုပ်မှ ယူထားပါသည်။

အမှားပြင်ဆင်ချက်။ ။
* မြကန်ကဗျာမှာ ကျန်ခဲ့တဲ့ စာကြောင်းလေးတွေ ထပ်ဖြည့်ထားပါတယ်။
အမှန်ကို ပြန်ပြင်ပေးသူ ကိုဟယ်ရီကို ကျေးဇူးတင်ပါတယ်ရှင်။
(၂၀၊ သြဂုတ်၊ ၂၀၀၉)

Read More...

Monday, August 17, 2009

သျှင်ဥတ္တမကျော် တောလား (၄)

သျှင်ဥတ္တမကျော်၏ ဆယ့်နှစ်ရာသီတောလား ရတု

(၄)
တထာဂတ၊ နှိုင်းဆမမြော်၊ မြတ်ရှင်တော်ကို၊ ပူဇော်ကြရာ၊ အကြောင်းမှာကား၊ ရာသီသမိုက်၊ နွေစရိုက်ဝယ်၊ လေလိုက်သာမော၊ ညှာကြောခိုင်လျော့၊ မြိုင်ကြော့ကြော့မှာ၊ လျော့ကေသာရစ်၊ ရထည်သစ်ကို၊ စနစ်ခေါက်လွင်၊ သမိုက်ဆင်သည်၊ ဘယ်တင်သိုင်းရစ်၊ လှုံထည်သစ်နှင့်၊ နတ်စစ်ကညာ၊ မေခလာလျှင်၊ နန္ဒာသူဇ၊ သုနန္ဒနှင့်၊ စိတြမှန်ကူ၊ ဘုံမြင့်သူတို့၊ နှိုင်းတူဘက်ကင်း၊ တရားမင်းကို ၀ပ်စင်းခယ၊ ပူဇော်ကြ၏၊ ဟေမမြိုင်ခွင်၊ ပျော်မြူးရွှင်သည်၊ သမင်ဒရယ်၊ ယုန်ငယ်စိုင်ဆတ်၊ သုံးလူ့နတ်ကို၊ ဦးညွတ်ကြရာ၊ ဟိမ၀ါဝယ်၊ ပါဏာတိပါတ်၊ ငှက်ခတ်သမား၊ မုဆိုးများလည်း၊ လေးမြားထမ်းကာ၊ တောလည်လာသော်၊ မြတ်စွာသုံးလူ့၊ သဗ္ဗညုကို၊ ဖူးလိုညွှတ်ခ၊ စည်းဝေးကြသည်၊ ဘုမ္မရုက္ခာ၊ အာကာသဓာတ်၊ မိုးနတ်မကျန်၊ ဂုမ္ဘဏ်မကြွင်း၊ ဂဠုန်မင်းနှင့်၊ လေးစင်းအဏ္ဏ၀ါ၊ အာဏာစိုးနှိမ်၊ ရေနန်းအိမ်က၊ နာဂိန္ဒရ၊ ပနန္ဒနှင့်၊ စသည်များစွာ၊ နတ်သူရာတို့၊ ထိန်ဝါသန့်ရှင်း၊ ကိုယ်ရောင်လင်းပ၊ ၀ပ်စင်းကြ၍၊ သကျရှင်တော်၊ သုံးလူ့ဘော်ကို၊ ပူဇော်ညွတ်လာ၊ နတ်ကညာအား၊ စိတ်မှာစွဲကပ်၊ ငှက်ခတ်မုဆိုး၊ အာရုံကိုး၍၊ မြတ်နိုးကြင်နာ၊ ၀မ်းမြောက်စွာနှင့်၊ ပျူငှါသစ်ဆန်း၊ ကြော့ကြငှန်းမှာ၊ တော့သန်းရွေလယ်၊ တဘုန်းမယ်တို့၊ ရွှေကြယ်ရံခ၊ စန်းငွေလသို့၊ ဘ၀တင့်လှိုင်း၊ မြတနှိုင်းသို့၊ ဘက်ဆိုင်းအကုန်၊* တက်လှိုင်းပုံသည်၊ ၀သုန်ရေက၊ ရှိသမျှကို မကမကန်၊ အတန်တန်နှင့်၊ ပြန်ပြန်လှယ်လှယ်၊ ကြင်ရေးချယ်ခဲ့၊ ဆယ်လှော်စံသိန်၊ ဉာဏ်ဖြင့်ချိန်လျက်၊ ဘယ်ခါသက်အံ့၊ အမြွက်သံရှင်၊ သိလိုချင်ခဲ့၊ ကေရှင်မာလာ၊ ထုံဂန္ဓာဝယ်၊ မိလ္လာရည်ရွက်၊ တာသူ့ဘက်မှာ၊ အသက်ပဏ္ဏာ၊ သဆက်ရာလည်း၊ မဟာဇောတိရသ်၊ လောကဓာတ်ဝယ်၊ မျက်မြတ်ရည်မှန်၊ ဘိုးနဂ္ဃံသို့၊ ဖန်ဉာဏ်ယူဆင်၊ တင့်ရေးအင်ကို၊ တွေးထင်ရော်ရမ်း၊ ခက်လွန်လွန်းစွ၊ ထက်စွန်းဘုံပျံ၊ ယုန်ဗိမာန်ကို၊ လက်တံလှမ်းချီ၊ ဖမ်းမမှီသို့၊ မြင့်သီဝေးမြှော်၊ ထင်ရေးရော်၍၊ တော်ညာဝင်ကို၊ လွမ်းရေးပိုခဲ့၊ မြင့်မိုရ်မဏ္ဍလာ၊ ၀တိန်ချာဝယ်၊ တိမ်ပြာကိုးမှတ်၊ ရိုးမည်နတ်လည်း၊ အမြတ်ကျော်ခေါင်၊ ကောဝိညောင်က၊ လွမ်းအောင်သာလင့်၊ ဗျာပွားဆင့်လိမ့်၊ သက်ပင့်ဆွတ်ချိမ့်၊ ကြင်သည်းငြိမ့်မျှ၊ ရွှေအိမ့်ပရမေ၊ လှလွန်းဆွေသာ၊ နောင်ကိုးရာဟု၊ စိတ်မှာမပြယ်၊ အာရုံခြယ်လျက်၊ ရှုဘွယ်တပုံ၊ ယဉ်မျိုးစုံခဲ့၊ ကိုးဂုဏ်လူ့ဆွေ၊ အစိန္တေ၏၊ ခြောက်ထွေရောင်လျှပ်၊ ဣဒ္ဓိပါဒ်ဖြင့်၊ ငှက်ခတ်သမား၊ လူတလွှားတို့၊ မြင်ငြားကုန်ကြ၊ ပီတိကြွ၍၊ လွှတ်ထလေးမြား၊ ကွယ်ရာထားလျက်၊ ဘုရားရှင်ဘုန်း၊ လျှိုးပုန်းရွံ့ကြောက်၊ တောတလျှောက်၌၊ နတ်လျောက်နတ်မှာ၊ သုံးလူ့ချာကို၊ သဒ္ဓါလှုလှု၊ ပူဇော်မှုဖြင့်၊ တောထုတောင်ရိုး၊ ပျပ်ဝပ်ကျိုးသည်။ ။ မုဆိုးချုံက လ,ချောင်းတည်း။
***

A crowd of worshippers hail the great superman. It is summer. In the delightsome forest realm the whistling wind rocks the leaves and branches to and fro.
Megala, Nanda, Thuza and Thunanda bend their aureoled brows at the feet of the righteous King. The tresses of these high-born fairy forms are loosened in sweet disorder and their spotless saris are bravely thrown about their snowy shoulders.
The deer and the hare that gambol and bound in the woodland join the adoring throng. Hunters of fur and feather while roving in the forest approach the Sage. Their hearts spring up in adoration.
The fairy inhabitants of the earth and air and water and wood appear in radiant forms and fall on their faces before the superman.
The sight of the worshipping goddesses thrills the huntsmen with passion and pleasure. The strange ways of the divine-galaxy are full of sex and the spell of sex. They call to mind princesses who move about in the place attended by a train of million maids. They shine clear as the fair bosom of the silver moon engirt by stars of gold. Resplendent as an emerald that darts its luster in a flood of light, they eclipse all that is fair on earth and in water.
The simple swains wonder when the celestial beauties would open their hearts and utter their loves in silvery accents. The love-smitten company lay their lives lowly at the feet of the goddesses as if for priceless gems. Is it worth their while? One may doubt and doubt. But who can tell? They are like those that think to lay hold of the moon with their pigmy hands. This dismal fact flashes upon their faint minds. Mayhap the god of the skies seated on Meru’s brow has inspired in them a hopeless passion. Thus they fondly surmise.
The ravishing looks of the goddesses catch their breath away and put their hearts in a flutter. They still dream of their brides-to-be with winsome airs and graces. The gladful light of the six rays flashing forth from the great Sage dispels their wistfulness. They lay aside their bows and arrows and in utter faith gaze towards Him with adoration together with the fairy worshippers.
***
ဒီနေ့တော့ အသစ်ရေးရမှာ စိတ်မပါသေးလို့ သျှင်ဥတ္တမကျော် တောလားပဲ တင်လိုက်ပါတယ်။ ရာသီဥတု ကောင်းရင် နက်ဖန်ခရီးတခု သွားဖို့ရှိပါသေးတယ်။ ကဗျာစာဆို William Wordsworth ရဲ့ ခြေရာများ ရှိသော အရပ်ဒေသကိုပါ။ သွားဖြစ်ရင်တော့ ပုံလေးတွေနဲ့ ခရီးသွားမှတ်တမ်း ပို့စ်တပုဒ်လောက် တင်ဖြစ်မယ် ထင်တာပါပဲ။
***
မေဓာဝီ
၁၇၊ သြဂုတ်၊ ၂၀၀၉
၆း၃၀ နာရီ

အမှားပြင်ဆင်ချက်။ ။
* ဘက်ဆိုင်းအကုန် ဖြစ်ရမည့်အစား ဘက်ဆိုင်းအကုတ်ဟု မှားရိုက်ထားသည်ကို ပြန်ပြင်ဆင်ထားပါသည်။
အမှားပြင်ပေးသော ဆရာတော် ဦးဥတ္တရဉာဏကို ကျေးဇူးတင်ပါသည် ဘုရား။

Read More...

Sunday, August 16, 2009

ဒီတပတ် စနေခရီးစဉ်

Oxford, Shakespeare, Warwick ...
***
၁၅၊ သြဂုတ်၊ ၂၀၀၉
နံနက် ၉နာရီ ၁၆ မိနစ်

အိမ်ကစထွက်ချိန်မှာ ရာသီကအုံ့ပျပျ။ အေးတော့ မအေးလှပါဘူး။ ကားထဲမှာ မိုးကုတ်ဆရာတော်ကြီး ဟောကြားတဲ့ သစ္စာအနက် ၁၆-ချက် တရားတော်က ပျံ့လွင့်လို့။ လမ်းမှာမိုးဖွဲဖွဲ ခဏတဖြုတ်ရွာတယ်။ တလမ်းလုံး ကားလမ်း အပိတ်အဆို့မရှိ၊ ချောချောမောမောပါပဲ။ တရားနာလိုက် စကားစမြည်ပြောလိုက်နဲ့ တူဝရီးနှစ်ယောက် အောက်စ်ဖို့ဒ်ရောက်တော့ ၁၁ နာရီ သာသာရှိပြီ။

အောက်စ်ဖို့ဒ် ဗုဒ္ဓ၀ိဟာရ ကျောင်း။ အသစ်ပြောင်းထားတာ သိပ်မကြာသေးဘူး။ ကျောင်းဟောင်းထက် နေရာထိုင်ခင်း ပိုပြီးကျယ်ပါတယ်။

ဗုဒ္ဓရုပ်ပွါးတော်ကို သဒ္ဓါကြည်ညို ရိုသေစွာ ရှိခိုးကန်တော့ခဲ့တယ်။

ဆွမ်းစားချိန်။
ဆရာတော် ဒေါက်တာဦးဓမ္မသာမိ၊ တိပိဋကတ် ဆရာတော် ဦးဂန္ဓမာလာနဲ့ သံဃာတော်များ ဆွမ်းဘုဉ်းပေးစဉ်။
သံဃာများ အားလုံး သပိတ်နဲ့ ဘုဉ်းပေးကြပါတယ်။ ဆွမ်းကပ်မယ့်လူတွေ တန်းစီပြီး ဆွမ်း၊ ဆွမ်းဟင်းတွေကို သပိတ်ထဲ ထည့်လောင်းကြရတယ်။

"ဘုန်းကြီး ဆွမ်းစားနေတုန်း ဓာတ်ပုံရိုက်ရင် ၅ ပေါင် ပေးရမယ်" မိုက်ခရိုဖုန်း နဲ့ ဘုန်းဘုန်းက နောက်တယ်။

ဒုလ္လဘ၀တ်တဲ့ ကိုရင်လေးတွေနဲ့ ယောဂီကလေးများ။
အငယ်ဆုံး ကလေးမလေးက အသက် ၈-နှစ်တဲ့။ မြန်မာလို သိပ်မပြောတတ်ပါဘူး။ ဦးဓမ္မသာမိက ကလေးတွေ နားလည်လွယ်တဲ့ စကားမျိုးနဲ့ တရားပြပါတယ်။ ကလေးတွေကိုလည်း မေးချင်တာ မရှင်းတာရှိရင် မေးဖို့ ဆွေးနွေးဖို့ အခွင့်ပေးတယ်။ အားလုံး အချိန်ဇယား အလိုက် တရားထိုင်ကြရတယ်။
"ဒီမှာ တရားထိုင်ရတာ ဘယ်လိုနေလဲ" လို့ ကလေးမလေးကို မေးကြည့်တော့ ...
"good, nice and peaceful" လို့ ဖြေတယ်။ နောက်တပတ် ဆက်နေဦးမယ်တဲ့။ ကြည်နူးစွာ သာဓုခေါ်မိပါတယ်။

စာကြည့်ခန်း/တိုက်။
အင်္ဂလိပ်၊ မြန်မာ၊ ပါဠိ၊ ထိုင်းဘာသာ စာပေကျမ်းဂန်တွေ တပုံတပင်။
စားသောက်ပြီး အားလုံး တရားထိုင်ရတယ်။ သိပ်တော့မကြာလှဘူး။ ၁၅ မိနစ်လောက်ပဲ ထင်ပါရဲ့။ ဆရာတော် ဦးဓမ္မသာမိက အင်္ဂလိပ်ဘာသာနဲ့ တရားချီးမြှင့်တယ်။ ပြီးတော့ ဦးဂန္ဓမာလာက မြန်မာလို တရားဟောပါတယ်။ တရားနာအပြီး ညနေ ၃ နာရီခွဲ လောက်မှာ အောက်စ်ဖို့ဒ်က ပြန်လာခဲ့ကြတယ်။
***
Sheakspeare Country

ရှိတ်စပီးယားရဲ့ ဇာတိဖြစ်တဲ့ Stradford upon Avon အရပ်ကို ခရီးဆက်ကြတယ်။ မြို့ဟောင်းကလေးမှာ အဖြူအမဲ ရှေးအိမ်ဟောင်းလေးတွေကို ခုထိ မပျက်စီးအောင် ထိမ်းသိမ်းထားကြတာ ချီးကျူးစရာ။

ဒါက ရှိတ်စပီးယား ဇာတိချက်ကြွေ အိမ်ဂေဟာ။ အိုမင်း ယိုယွင်းနေပြီ။ ဒါပေမဲ့ ကျားကန်ရင်း လာရောက် ကြည့်ရှုသူတွေကို ဆွဲဆောင်မှု ပေးနေဆဲ။

သက္ကရာဇ် ၁၅၆၄ ခု ဧပြီလမှာ မွေးဖွားပြီး ၁၆၁၆ ဧပြီလမှာပဲ ကွယ်လွန်ခဲ့သူ ကမ္ဘာကျော် စာရေးဆရာ ၀ီလျံရှိတ်စပီးယားရဲ့ အငွေ့အသက်တွေ ဒီအိမ်ကလေးမှာ ရှိနေဆဲလား။ တွေးနေရင်း မြန်မာပြည်က ဦးပုညကို သတိရမိတယ်။ စလေဆရာကြီးရဲ့ ဇာတိမှာရော သူနဲ့ပတ်သက်တဲ့ အမှတ်တရ ဘာများရှိပါလိမ့်။

ပတ်ဘလစ် လိုင်ဘရီ ... တဲ့။ ရှေးဆန်ဆန် ချစ်စရာလေးမို့ အမှတ်တရ ပုံရိုက်ခဲ့တယ်။

အပြင်က ရှေးဆန်နေပေမဲ့ အတွင်းမှာတော့ ခုလို မြင်ရတယ်။

ရှိတ်စပီးယားရဲ့ ပြဇာတ်တွေ ကပြဖျော်ဖြေရာ ပြဇာတ်ရုံအနီး။ ပြဇာတ်ရုံက ပြုပြင်ဆဲမို့ ပုံမရိုက်ခဲ့တော့ဘူး။

ငန်းတို့ ပျော်ရာ ရေကန်သာ။

ရှိတ်စပီးယား ကြေးရုပ်၊
ကဗျာ၊ စာပေ၊ ပြဇာတ်တွေ ဖန်တီးခဲ့သူ ပြောင်မြောက်တဲ့ အနုပညာရှင် ရှိတ်စပီးယားဆိုတာ ... သူကိုး။

ရှိတ်စပီးယားရဲ့ ဇာတ်ကောင်တယောက် ... Lady Macbeth.
သူ့အကြောင်းက ခုလို ...
Lady Macbeth, wife to the protagonist in Macbeth, is a central character who conspires with her husband to murder Duncan. She later goes mad and dies, possibly through suicide.

ဒါကနောက်ဇာတ်ကောင် Falstaff တဲ့။
Sir John Falstaff is a central character of Henry IV, Part 1, Henry IV, Part 2, and The Merry Wives of Windsor. In the Henry plays, he is "bad angel" to prince Hal, and is eventually rejected by him. He is the lecherous gull of the title characters in Merry Wives. His death is reported in Henry V, although he is not a character in that play. He is perhaps the most famous supporting role in all of Shakespeare.
အရိုးခေါင်းကြီး ကိုင်ပြီး တွေးနေသူက Hamlet.
Prince Hamlet is the central character of Hamlet. He is a prince of Denmark, called on to avenge his father's (Old Hamlet's) murder by Claudius.
***
ရှိတ်စပီးယား ဇာတ်ကောင် အရုပ်တွေမော့နေတာနဲ့ နောက်ကျနေပြီ။ Warwick castle သွားဖို့ အချိန်မရှိတော့ဘူး။ နောက်တခေါက်မှ အချိန်ပေးပြီး အထဲဝင်ကြည့်တော့မယ်။ အခုတော့ အဝေးကပဲ ... ။

***

သူ့တိုင်းပြည်မှာ ရာဇ၀င်ရှိသလို ကိုယ့်တိုင်းပြည်မှာလည်း ရှိတာပဲ။
သူ့တိုင်းပြည်မှာ ပညာရှင်ရှိသလို ကိုယ့်တိုင်းပြည်မှာလည်း ရှိတာပဲ။
ဒါပေမဲ့ ... ဘာကြောင့်များ ...
ကိုယ့်တိုင်းပြည်မှာ ... ... ...
.... .... .... .... .... .... .... ....
.... .... .... .... .... .... .... ....
.... .... .... .... .... .... .... ....
တွေးရင်း တွေးရင်း အတွေးကမဆုံးနိုင်။
ဒီလိုနဲ့ အိမ်ပြန်ရောက်တဲ့ထိပေါ့။
***
မေဓာဝီ
၁၆၊ သြဂုတ်၊ ၂၀၀၉
၈း၀၀ နာရီ

(၀န်ခံချက်။ ။ ရှိတ်စပီးယား ဇာတ်ကောင်များအကြောင်းကို ၀ီကီမှ ယူပါတယ်)

Read More...

Saturday, August 15, 2009

အမြဲလန်းဆန်းသည့် ပန်းမြတ်သပြေညို ...

ငယ်စဉ်တောင်ကျေး အကလေးအရွယ် စာမဖတ်တတ်ခင်ကတည်းက … ဆွမ်းအုပ်နီနီ … ၀ါဆိုဝါခေါင် … မောင်လေးရေ ထပါတော့ … အစရှိသည့် … အသံသာသာ တေးကဗျာလေးတွေနှင့် ရင်းနှီးခဲ့ရသည်။ အမေဆိုပြသည့် အဆိုပါ ကဗျာချိုချိုလေးတွေကို နားထောင်ရင်း မှေးစက်ခဲ့ရသည့် ညပေါင်းများစွာ။ ဒီ့နောက်မှာတော့ ကိုယ်တိုင် သီဆိုနိုင်သည်ထိ အလွတ်ရခဲ့ပြီ။ လူကြီးတွေက ဆိုပြခိုင်းလျှင် မမောတမ်း ဆိုပြခဲ့ရသေးသည်။ ဆိုသာ ဆိုနေမိသည်၊ ထိုကဗျာလေးများ၏ ဖန်တီးသူက မည်သူမည်ဝါ ဆိုသည်ကိုပင် မသိတတ်သေး။

ဘုရားခန်းထဲမှာ ထားထားသည့် ကျောက်ကာလုပ် ယွန်းဆွမ်းအုပ် နီနီကြီးကို မြင်တိုင်း … ဆွမ်းအုပ်နီနီ ကဗျာလေးကို ရွတ်ဆိုမိသည်။ ခြံ၏ အရှေ့တောင် ထောင့်က ဇမ္ဗူ့သပြေပင်ကြီး အသီးတွေသီးပြီး တဖြုတ်ဖြုတ်ကြွေတိုင်း ၀ါဆိုဝါခေါင် ကဗျာလေးကို ရွတ်ဆိုမိသည်။ ရွတ်ရင်း ဆိုရင်း အုန်းလက် နွားလေးကိုလည်း ခင်လာပြီ၊ မျှော့နက်မည်းကြီးနဲ့လည်း ရင်းနှီးလာပြီ။ ညီအမတတွေ ခရေပန်းကောက် သွားကြလျှင်တော့ ပန်းသည်ကဗျာလေး တကြော်ကြော် ရွတ်ဆိုကြစမြဲ။

သည်လိုနှင့် စာကို စတင် ဖတ်တတ်ချိန်မှာတော့ အဖေက “မောင်ခွေးဖို့ ကဗျာများ”နှင့် မိတ်ဆက်ပေးလေသည်။ မောင်ခွေးဆိုသည့် မြန်မာဆန်သော၊ ကျေးလက်ဆန်သော၊ ကလေးဆန်သော နာမည်ကလေးနှင့် ဆိုလွယ်၊ ရွတ်လွယ်၊ မှတ်မိလွယ်သော ချစ်စဖွယ် ကဗျာကလေးများကို ထိုအချိန်မှစပြီး စွဲလမ်းခဲ့ရသည်။ ထိုစဉ်ကတည်းက ကဗျာရှင် မင်းသုဝဏ်ဆိုသည့် အမည်နာမနှင့် ရင်းနှီးခဲ့ရ၏။ သူသည်ကား ကလေးတွေကို ချစ်သော စာဆို၊ ကလေးများကို အလေးထားသော စာဆိုတဦးပင်တည့်။
***
အိပ်ခန်းခေါင်းရင်းက ခရေပင်ပျိုကလေးမှာ ခရေဖူးတွေ စတင်ဝေသည့် အချိန်မှာတော့ သိတတ် နားလည်တတ် ခံစားတတ်သည့် အရွယ် ရောက်၍ လာလေပြီ။
ဒီတော့လည်း ...
“လယ်တောကပြန် …” ဆိုသည့်ကဗျာလေးကို ခံစားကာ ကရုဏာသက် နေမိတတ်ပြီ။
ပန်းပုဆရာ ဦးအောင်ချာ၊ ဆင်စွယ် မင်းသမီးရုပ်ကလေးနှင့် အစွဲလမ်းကြီးသည့် မောင်ချစ်တို့၏ “ဘကြီးအောင်ညာတယ်” ဇာတ်လမ်းလေးကို ဖတ်ပြီး ၀မ်းနည်းတတ်နေပြီ။
ဝါတွင်းဥပုသ်စောင့်တိုင်း ငှက်ကလေးက စိုးစီစိုးစီ … ဆိုသည့် “၀ါတွင်းချိန်” ကဗျာလေးကို သတိတရ ရှိတတ်နေပြီ။

ဒီ့နောက်မှာတော့ …
ခါနွေဆန်းမှာလည်း လွမ်းခဲ့ဖူးသည်။
ဗြောသံဖြင့်လည်း ကြည်နူးခဲ့ဖူးသည်။
ဝေဆာနေသည့် သပြေညိုတွေကြောင့် စိတ်အင်အား တက်ကြွခဲ့ဖူးသည်။
ပျဉ်းမငုတ်တိုက အညွန့်တွေ ဝေဖြာမည့် နေ့ကိုလည်း မျှော်လင့်ခဲ့ဖူးသည်။
ဂုတ်ကျားကျယ်လောင် ရမ်းရော်ဟောင်တဲ့အခါ … ဖိုးမောင်လာပြီလားဟူ၍လည်း တွေးမိခဲ့ဖူးသည်။
သည်လိုနှင့် … သည်လိုနှင့် …
သပြေညိုအရိပ်မှာ မှေးတခါ တွေးတလှည့် ခိုနားခဲ့ဖူးလေ၏။
***
ဒီကဗျာ၊ ဒီစာ၊ ဒီပုံပြင်တွေကို ရွတ်၍မ၀၊ ဖတ်၍မငြီး။ ကြီးပြင်းခဲ့သည့် ယခုထက်တိုင် ဒီစာတွေ ကဗျာတွေက ရိုးမသွား၊ ဟောင်းမသွား၊ ခေတ်အဆက်ဆက် အမြဲ ဆန်းသစ် လတ်ဆတ်နေဆဲ။

စာဆိုကား ကွယ်လွန်ခဲ့သည်မှာ ၅ နှစ်တိုင်ခဲ့လေပြီ။
ကလေးများအတွက် … လူငယ်များအတွက် … မြန်မာပြည်သူလူထုအတွက် စာပေများစွာ ဖန်တီးခဲ့သော စာဆို၏ စာကဗျာများကား မညှိုးမနွမ်း အမြဲလန်းဆန်းနေမည့် ပန်းမြတ်သပြေညိုလို မြင့်ရှည်စွာ ထာဝရဝေဆာ နေဦးမည်တကား။
***
မေဓာဝီ
၁၅၊ သြဂုတ်၊ ၂၀၀၉
၀၄း၁၀ နာရီ

(၂၀၀၄ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင် ကွယ်လွန်သူ ဆရာကြီး မင်းသုဝဏ်အား ဤစာစုဖြင့် လေးမြတ်ရိုသေစွာ ကန်တော့လိုက်ပါ၏။)

Read More...

Friday, August 14, 2009

မြန်မာရှေးစာဆိုတို့၏ ကဗျာများ (၆)

ဒီတပတ် အပိုင်း (၆) မှာ တင်မယ့် သံဝေဂ ကဗျာခန်းမှာ စလေဦးပုညရဲ့ သံဝေဂတေးထပ်တွေကို ဖော်ပြပေးပါမယ်။ တေးထပ်တွေ မဖော်ပြခင် ကဗျာ့ဥပဒေ ခန်းမှာပါတဲ့ ကဗျာစာပေကို အဗ္ဘန္တရသရက်နဲ့ နှိုင်းယှဉ်ပြဆို ထားချက်ကို ဦးစွာ ဖော်ပြလိုက်ပါတယ်။
***
အဗ္ဘန္တရသရက်ပမာ စာပေကဗျာ

ဤသို့ ရုဠှီအနွတ္ထ၊ အမည်ထူးရကြောင်းကို၊ ပြခဲ့သည် အချက်ချက်၊ ထိုစီကုံးဘွဲ့ဆိုရိုး အဆက်ဆက်တို့သည်၊ အထက်ဆိုခဲ့ရင်း ကဗျာသာလျှင် အမွန်ပဘ၀ ဖြစ်ရလေကုန်သတည်း။

ဥပမာကား - သြဇဋ္ဌမက ရုပ်ကို အထူးဆောင်သဖြင့်၊ တထောင်ဂုမ္ဘန်၊ စောင့်ဝန်းရံသော၊ အဗ္ဘန္တရ သရက်ပင်မင်းသည်၊ အချင်းအ၀န်း၊ သွန်းသွန်းမြင့် လျက်၊ ဆင့်ဆင့်တက်သော ခက်မငါးသွယ်- ခက်ငယ်အပေါင်းတို့ဖြင့် တန်ဆာဆင်လျက် စည်ပင်ကြီးမြင့်ရကား-အသီး, အပွင့်, ရွက်ရင့်, ရွက်နုနှင့်၊ ဝေေ၀ဆာဆာ၊ လူရှင်အပေါင်းတို့ သုံးဆောင်မှီခိုရန် ဖြစ်ပေါ်လာသကဲ့သို့ သံသရာ, ပစ္စုပ္ပန် နှစ်တန်သော ဂုဏ်ကျေးဇူးကို၊ အထူးဆောင်ရွက်သော အားဖြင့် များစွာသော ပုဒ်ဗျည်း အက္ခရာ၊ သဒ္ဒါအနက်တို့ဖြင့် ခြံရံသော၊ အဗ္ဘန္တရ သရက်ပင်မင်းအတူ၊ လေးဆူသော က၀ိပုဂ္ဂိုလ်တို့ ဘွဲ့ဆိုစီကုံးသော ကဗျာပင်မင်းသည်၊ ချင်းဝန်းမြင့်လျက်၊ ဆင့်ဆင့်တက်သော၊ ခက်မငါးဖြာ သဏ္ဌာန်၊ ဂန္ဓ, ဗန္ဓ, ဂါထာ, စုဏ္ဏိယ, ဂီတ-ဟူသား ဤငါးပါးလျှင်၊ ထွားထွား ကျိုင်းကျိုင်း၊ ကိုင်းကြီးခက်မထွက်၍၊ ခက်ငယ်အသွင်၊ အဆင်တန်ဆာ၊ အစဉ်လာသော၊ လင်္ကာမျိုးအပေါင်းတို့ဖြင့်၊ ကြီးမြင့်ရကား၊ အသီး, အပွင့်, ရွက်ရင့်, ရွက်နုတို့တပြေး၊-

ဧချင်း, ပျို့, ရတု, ရကန်, အဲ, အန်, လူးတား၊ ထူးခြား အံ့ဖွယ်၊ လွန်ဆန်းကြယ်သော၊ မယ်ဘွဲ့, မောင်ဘွဲ့, တောဘွဲ့, တောင်ဘွဲ့, ဘုန်းတော်ဘွဲ့နှင့် နန်းဘွဲ့, မှာတမ်း, တမ်းချင်း, လွမ်းချင်း, ကာချင်း, သာချင်း, ဒုံးချင်း, ဟန်ချင်း, ရဲတင်း, သံပေါက် အမျိုးမျိုး, မိုးတော, မယ်တော, မောင်တော, သပြေလား, ရေလား, ဘုရားတိုင်, သိကြားတိုင်, အခိုင်ပေါ်ထွန်း၊ မော်ကွန်း, သံပိုင်း, သမိုင်း, ကျောက်စာမျိုး အရပ်ရပ်၊ တေးထပ်, နှစ်ချိုး, သုံးချိုး, လေးချိုး, ပတ်ပျိုး, ဘွဲ့, ကြိုး, ယိုးဒယား, သီချင်းခံ, နတ်သံ, ဟောစာ, ဇာတ်အုပ်အစုစု၊ ၀တ္ထုပုံပြင်, ရာဇ၀င်, မဟာဝင်, အနာဂတ၀င်-

စသော ကဗျာပင်ကြီး၊ ထာဝရစဉ် သုံးဆောင်မှီးခို၍၊ မငြီးနိုင်အောင်၊ ကဗျာသီး, ကဗျာပွင့်၊ နုရင့်စွာလျက်၊ ခါမပျက်ပင်၊ ကဗျာရွက်, ကဗျာဖူး ဖြစ်ပွါး လေကုန်သတည်း။

ဤကား - “ဥပမာယ မိဓေ ကစ္စေ၊ အတ္ထံ ဇာနန္တိ ပဏ္ဍိတာ” မိလိန္ဒပဥှာနှင့်အညီ ဥပမာ, ဥပမေယျ၊ ထင်ရှားစွာ ပြခြင်းတည်း။

ဤ ဥပမာ ဥမေယျ၌ အဗ္ဘန္တရ သရက်သီးပင် ဖြစ်လင့်ကစား ဥတုဝိပရိတ် ဖြစ်သော အားဖြင့်၊ မထွားမကြီး၊ လေသီးအတီ၊ ရာသီချိန်နုံ့၊ ပိန်ရှုံ့စေ့ညှပ်၊ ပွန်းပြတ်ဒဏ်ထိ၊ ညှာရိပုပ်နာ၊ အခါမမြင့်၊ မရင့်မအောင်၊ နေလောင်မှည့်ဝင်း၊ တွင်းကျင်းလှောင်အုပ်၊ လေမှုတ်စိမ်းကြွေ၊ မြွေကိုက်, ငှက်ပေါက်၊ လောက်ကိုက် ပိုးစား၊ သို့ စသော အသီးများကို သုံးစားမိက၊ သာဝဇ္ဇပင် ဖြစ်ရဦးမည်။

မဖြစ်သည်တိုင်၊ ဂုဏ်ရည်တိုးအောင်၊ ကျိုးမဆောင်ဖြစ်၍၊ ခေါင်ခေါင်လောဘ၊ ပြောကြသဖြင့်၊ သုံးစားခြင်း မပြုသင့်သကဲ့သို့၎င်း။

ဥတုမြေရေ၊ လေနှင့်နေနှင့်၊ အခွင့်ညီညွတ်၊ ပြစ်ကင်းလွတ်သော၊ မွတ်မွတ် ထွားထွား၊ ဆင်းနံ့အားဖြင့်၊ စား၍သီးသီး၊ သုံးမငြီးသား၊ လုံးကြီးရွှေဝါ၊ ရသာနှစ်ပြည့်၊ ပင်ပေါ်မှည့်များကိုသာ မည်သည်နေ့ရက်၊ မပျက်စိမ့်ငှာ၊ သုံးဆောင်ရာ သကဲ့သို့၎င်း။

သဒ္ဒါပျက် အနက်ဆိုး၊ မိုးမအောင်-လေမအောင်၊ နေလောင်သိုးအိုက်၊ ဖိုးမထိုက်သော၊ ပိုးကိုက်လောက်စား၊ သစ်သီးများကဲ့သို့ -

“ကတ္တားကတ္တီ၊ ကမ္မီကမ္မ၊ ကရဏဟိတ်ဖိုလ်၊ လောင်းဆိုစုဒ်ထုတ်၊ ပဒုဒ္ဓါရ၊ ပဒပဝေ၊ မခြေမမြစ်၊ အနှစ်မထင်၊ အလင်္ကာရ၊ ၀ိဘာဂဖြင့်၊ ပဒ၀ါကျ၊ ၀ါကျတ္ထ၌၊ ဒေါသအပြစ်၊ ရှစ်နှင့်ကိုးခု၊ ခြောက်ထွေစုသား”။

ဟူသည်နှင့်အညီ၊ ဒုဝုတ္တဒုဗ္ဘာသီ၊ ဂုဏ်ဆီနှစ်မဲ့၊ စပ်ဆိုဘွဲ့သော၊ ထိုကဲ့သို့ ကဗျာများကို တ၀ါးလေးသစ်မျှ၊ ရေးခြစ်တန့်နား၊ မိမိလည်းမပြန့်ပွါးစေဘဲ၊ တပါးနှစ်မဲ့၊ ရေးခြစ်ခဲ့သည်ကိုလည်း၊ ပြစ်မတဲ့ပင်၊ ထင်မိစေကာ၊ အစဉ်လာသော၊ ပညာရှိတို့၊ မနှစ်မျို့က၊ မပျို့နှလုံး၊ မထုံးမနှောင်၊ အနည်းငယ်မျှ မသုံးဆောင်မိစေဘဲ၊ ရင့်အောင်ဝင်းဖန့်၊ ဆင်းနံ့စုံစီ၊ ဂုဏ်ဆီနှစ်ပြည့်၊ ပင်ပေါ်မှည့်ကဲ့သို့သော၊ နှိုင်းရှည့်အရာရာ၊ သဒ္ဒါလင်္ကာရ၊ အတ္ထာလင်္ကာရနှင့် ပြည့်စုံ၍၊ ဂုဏ်သိဒ္ဓိပြီး၊ ကဗျာသီးများကိုသာ၊ မငြီးမငွေ့၊ တမြေ့မြေ့ပင်၊ လွေ့လွေ့ရမ်းရမ်း၊ ဖိတ်ဖိတ်လျှမ်းမျှ၊ စိတ်ဝမ်းထဲသို့၊ မှီဝဲသုံးဆောင်နိုင်ကြပါစေ ဟူလိုသတည်း။
***
စလေဆရာကြီး ဦးပုညဆို - သံဝေဂတေးထပ်

(၁)
အဇ္ဇေ၀ သုဝေး၀၊ ခုတွေးဆပြန်လှန်။ ယနေ့လား နက်ဖြန်၊ ရက်မှန်မှန် မသိ။ အနိစ္စလက္ခဏာ၊ သန်ဘက်ခါ ဆုံးစမရှိ။ ။ လူ့အသက်ပုံပမာ၊ ပဒုမ္မာနေထိ။ ကုန်မကွာ ကြွေရိလို့၊ ဇာတိပ သန္ဓေ။ ၀ဋ်ဒုက္ခာ သံသာဝဲ၊ တနဲစီ ဖြစ်ပျက်သာပွေ။ ။ နောင်ရိက္ခာ ပါလေအောင်၊ အဋ္ဌင်္ဂေ သီလနှင့်။ တလ လေးရက်ဝယ်၊ မြဲပါတော့မယ်။ ကျန်နှစ်ဆယ့် ခြောက်ရက်ဝယ်၊ ငါးပါးကွယ် သီလနှင့်လေး။

(၂)
နေ့မြင်လို့ ညပျောက်၊ ကြောက်စရာ့ ရုပ်ကောင်။ ဤကာယ ပုပ်ဟောင်ကို၊ မဟုတ်အောင် ကြံဘူး။ မမွေ့လို့ ယနေ့ခွါမယ်၊ ပြည်ဇေယျာကမ်းသို့ ရည်စူး။ ။ သည်ဝဋ်က ကိုယ်လွတ်ရှောင်မယ်၊ ထေရ်ထွဋ်ခေါင် ထံဦး။ ဓမ္မချောင် တောင်ထူး၊ နောင်ကူးလိမ့်ပြောင်ပြောင်။ လေးတရာ ရွှေဆီမွှေးငယ်နှင့်၊ ခင်ခင်လေး ထုံးနေကြသျှောင်။ ။ မုန်းပါပေါ့ မဖုန်းခေါင်ငယ်၊ ကျော့သုံးတောင် သင်ရိတ်လို့၊ ရွှေစိတ်က အနုမြူ၊ စိုးမရွံ့သူ၊ ကြင်မမွေ့လို့ ခင်လေ့လူကို၊ သာဓုမူ ခေါ်ရစ်လို့လေး။

(၃)
ဗဟန်းချောင် ရိပ်သိင်္ဂ၊ နိဗ္ဗိန္ဒပွါးယူ။ ဆိတ်ငြိမ်စွ မှားမကူအောင်၊ တရားယူ ကျင့်သုံး။ ကိလေသ ယုတ်ဓမ္မေကို၊ သမုစ္ဆေ ကင်းဖြတ်အထုံး။ ။ စက်သြဃ ၀ဋ်နှောင်ဟာကို၊ လွတ်အောင်သာ ခွါရုန်း။ အရိယာကျင့်ထုံးဖြင့်၊ ဆင့်ဆင့်သုံး ဘာဝနာ။ ကသိုဏ်းဈာန် ဆင်မြန်း၊ တင်ကမ္မဋ္ဌာန်း ပွါးချင်တော့သာ။ ။ မရှုလစ်-လူ့ဖြစ်ဟာကို၊ ဥပေက္ခာ ပယ်ကန့်လို့။ နယ်အပြန့် ပြည်သီဝံ၊ မြန်းဖို့ စိတ်ညွှန်။ အ၀ိဇ္ဇာ့ တဏှာဝန်ကို၊ မဟာမွန် ပယ်ကြောင်းကွဲ့လေး။

(၄)
မုလေးရုံ တောမှာ၊ ဒေါနလမ်း မြေညီ။ လျှောကျစမ်းရေသင်းချီတယ်၊ ရွှေနှင်းဆီကန်ချောင်း။ လွမ်းမတတ် စကားဝါဂူမှာ၊ နံ့သာဖြူ လေးမောင့် စံကျောင်း။ ။ စပယ်ချပ် သရဖီချောင်မှာ၊ ခွါညိုတောင် ခိုအောင်း။ မွှေးနံ့သာ စုပေါင်း၊ နုညောင်စောင်းထက်မှာ။ ပဒုမ္မာကြာသင်္ကန်း၊ ခါဆင်မြန်း တော်မွေ့ပျော်ရာ။ ။ ပန်းသော်က တံတိုင်းကာတယ်၊ ဇီဇ၀ါမုတ်ခြားလို့၊ တံခါးက ချယားကြိုင်၊ သင်းတဲ့ ဂနိုင်။ ယုဇန မဟာမြိုင်မှာ၊ ကမ္ဘာတိုင် မှီးမယ်ပလေး။

(၅)
ဝတ်ကြောင်ကို လွတ်အောင်ရုန်းပါလို့၊ ထွတ်ခေါင်ဘုန်းစံရာ။ မမွေ့လို့ ယနေ့ခွါမယ်၊ မမေ့ပါတရား။ သင်္ခါရဖြစ်ပျက်ပုံကို၊ နှစ်သက်ပုံ ဝေးတဲ့စိတ်ထား။ ။ တောင်ထူးတဲ့ ချောင်ဦးသာမှာ၊ နောင်ကူးရာမမှား။ ဗြဟ္မစိုရ် ပိုပွါးလို့၊ ကိုယ်တရားကျင့်ညီ။ ဖန်လျှော်တေ ၀တ်လဲနှင့်၊ ကျွတ်ပွဲကို လှမ်းမဲ့ဝသီ။ ။ မောင်ဆင်သ-တဲ့ လှနှင်းဆီငယ်၊ စိတ်တူညီ မယ်လွှတ်ပ။ နောင်ကျွတ်ဖို့ တကိုယ်ရေ၊ မြန်းမယ်ပ-လေ။ ကမ္မဋ္ဌာန်းနှင့် မဂ်လမ်းခြွေမယ်၊ စက်ခန်းရဝေ စံရစ်ရှာတော့လေး။

(၆)
ဘော်မမှီ ဇော်ဂီလေ့၊ မျှော်ရည်၍ သိက္ခာ။ တော်ကြည်မွေ့ရိပ်သာမှာ၊ အ၀ိဇ္ဇာ မသန်း။ လိုဏ်နန္ဒ ချောင်ကေငူဝယ်၊ တောင်ဝေပူ ဆိတ်ငြိမ်တဲ့လမ်း။ ။ ပုတီးနှင့် အငြီးဖြေမယ်၊ သစ်သီးချွေဆွတ်လှမ်း။ နည်းထွေထွေ ၀ဋ်ခန်းက၊ ကျွတ်တန်းကို ရည်ရွယ်။ မှန်မသွေ ဆံခွေရစ်ပါလို့၊ ဖန်ရေသစ် လဲပါတော့မယ်။ ။ နောင်ကူးဖို့ သောင်ထူးကို ရွယ်တယ်၊ ဖောင်မှူးမယ် ဉာဏ်ဇောနှင့်၊ မှန်နှောတဲ့ သံယောဇဉ်၊ သောကမယှဉ်။ မက်လောဘ မမွေ့ချင်တယ်၊ ယနေ့ပင် မြန်းမယ်ပလေး။
***
ဒီတပတ်တော့ ဒီလောက်ပါပဲ။ ရှေ့တပတ်မှာ ကဗျာ့ဥပဒေသခန်းက “ဒေါသ” အကြောင်းတွေနဲ့ သံဝေဂကဗျာခန်းက အချုပ်တန်းဆရာဖေရဲ့ သံဝေဂ တေးထပ်များကို ဆက်လက်တင်ပေးပါမယ်ရှင်။
***
မေဓာဝီ
၁၄၊ သြဂုတ်၊ ၂၀၀၉
၁၃း၂၈ နာရီ

Read More...

Thursday, August 13, 2009

ငါက ... လူ

လွန်ခဲ့တဲ့ ၃ နှစ်နီးနီး ဘလော့ရေးခါစက တင်ခဲ့ဖူးတဲ့ အဖေ့ကဗျာလေးတပုဒ်ပါ။ အခုအချိန်မှာ အဲဒီကဗျာလေး သတိရမိတာနဲ့ ရှာပြီး ပြန်တင်လိုက်ပါတယ်။ တရုတ်စာရေးဆရာ လူရွှန်းရဲ့ ကဗျာကို ဘာသာပြန်ပြီး ရေးတဲ့ကဗျာလို့ အဖေပြောပြဖူးပါတယ်။ ဒီနေရာမှာ တင်ခဲ့ဖူးတယ်။
***
ငါက လူ

လူဝင်ပေါက်များ၊ ပိတ်ဆို့ထားသည်
ခွေးများဝင်ပေါက်၊ ဒိုးယိုပေါက်။

လွတ်လမ်းမျှော်လျက်၊ ငါ့အတွက်မူ
ဝင်ထွက်စရာ၊ မမြင်ပါသော် …
ဟစ်ခေါ်မိန့်မြွက်၊ အသံနက်က
“လေးဘက်ကုန်းထောက်၊ ခွေးတိုးပေါက်မှ
တောက်လျှောက်ဝင်ခဲ့၊ လွတ်လမ်း” တဲ့ ။

အို .. အသံနက်၊ သင့်စေချက်ကို
ငါလက်မခံ၊ အဓိဋ္ဌာန်သံမဏ်
ငါ့တွင်ရှိသည်၊ သတ္တိစိုက်ထူ
ငါက .. လူ။

ဤမြေပထ၀ီ၊ ချော်ရည်ဆူပွက်
ပက်ကြားအက်၍၊ ငါအိပ်စက်ရာ
မသာခေါင်းထက်၊ လောင်မီးဆက်၍
ဟက်တက်ကွဲပေါက်၊ အချိန်ရောက်က
ဝင်ပေါက် လူ့လမ်း ပွင့်လိမ့်တကား .. .. ..
ထွန်းတောက် နေမင်း လင်းလိမ့်တကား .. .. .. ။ ။

Read More...

Wednesday, August 12, 2009

သျှင်ဥတ္တမကျော် တောလား (၃)

သျှင်ဥတ္တမကျော်၏ ဆယ့်နှစ်ရာသီတောလားရတု

(၃)
ဝသန်ဟေမ၊ ဂိမှအပြင်၊ ဒွါဒသင်ဝယ်၊ န၀င်္ဂကိုး၊ ဂုဏ်တော်ဖြိုးသား၊ တန်ခိုးဘုန်းခြောက်၊ လျှံတောက်ရောင်ခြည်၊ ဘ၀ဂ်လည်မျှ၊ ခြောက်မည်ဉာဏ၊ သမ္ဗုဒ္ဓ၏၊ ဆုံးစမမြင်၊ ကျေးဇူးအင်ကို၊ ကြည်လင်ရစ်ဝိုင်း၊ ရှိပန်လှိုင်း၍၊ ရွှေသိုင်းဝင့်ချီ၊ မိုးရင့်သီလျက်၊ မတီကေတု၊ တိုင်းဇေယျုက၊ သမုတိမှန်၊ ကေသာနှံသည်၊ ရွှေလျှံသဇင်၊ ဂမုန်းအင်လည်း၊ ဦးကင်မြင့်ဘောင်၊ ရနံ့လှောင်ခဲ့၊ သီခေါင်မြင့်စွာ၊ ဗွေအာကာဝယ်၊ ငွေတာရာခ၊ ကက္ကဋနှင့်၊ ဖုသျှနန်းယာဉ်၊ စန်းနှင့်ယှဉ်၍၊ ကဉ္စနာဖလ်၊ သူရကန်မူ၊ စံဗာဟီစွန်း၊ ရွေ့ရွေ့ယွန်းခဲ့၊ ဆန်းရာသီစ၊ မကာရ၌၊ လောကချစ်ရှင်၊ စက်မြန်းချင်လည်း၊ မင်ဣန္ဒာပေါက်၊ တိမ်တလျှောက်မှာ၊ ကြိုးခေါက်ဆန်းကြယ်၊ မကန်းနွယ်နှင့်၊ ဘယ်ရာသီကျန်၊ မဆန်ရွံ့ကြောက်၊ အထုံလှောက်၍၊ ငုံပေါက်လဲလှိုင်၊ လေဆိုင်ညှာညွန့်၊ ကွန့်စံသည့်နည်း၊ ငြိမ့်ငြိမ့်ဖြည်းလျက်၊ ရေကြည်းမျှညီ၊ ယင်ပေါင်ချီသည်။ သိသီရစက်၊ လများထက်၌၊ နေစက်ဗိမာန်၊ တိမ်ယာဉ်ပျံဝယ်၊ ထိမ်လျှံခြည်ပျောက်၊ ဆဒ္ဒန်ပေါက်မူ၊ ရောင်ခြောက်မပြုံ့၊ စွယ်ဖျားနုံ့လျက်၊ ကုံ့တြင်းသိမ်၊ န၀င်းအိမ်မှာ၊ ရွှေချိန်တာရာ၊ သံကောက်မာနှင့်၊ ရတနာစုံ၊ စန်းနိတုံလည်း၊ ဘုံဝေရမ္ဘ၊ ယုဂန်ဝက၊ ပပထွန်းလျှံ၊ တည့်မွန်းမှန်သော်၊ ရေလျှံသမုဒ်၊ ဗုဇွန်ထုပ်လည်း၊ လှိုင်းပုတ်မခံ၊ ကျောက်နန်းစံခဲ့၊ မတန်ယဉ်ဆုံး၊ အင်ဂမုန်းနှင့်၊ နန်းသုံးသဇင်၊ ကြိုင်သင်းရွှင်၍၊ မင်းလွင်လိုလို၊ စုံတခိုဝယ်၊ လေချိုဝန်းလု၊ လွမ်းရတု၌၊ ရွက်နုမငြိမ်၊ မြေနှင့်ချိန်လျက်၊ စိမ့်မြိုင်ရဂုံ၊ ကြိုင်လှိုင်ထုံသည်၊ အမုံချပ်ရပ်၊ ငုံဖူးကပ်၍၊ လှည့်ပတ်လက်တံ၊ လောင်းပန်းကျန်မူ၊ လွန်ဟန်တင့်ဆုံ၊ ပြာရီခြုံလျက်၊ မှိုင်းမှုန်ဆင်လာ၊ ခဲမုတ္တာနှင့်၊ ချိန်ရာသီခွင်၊ မိန်သဘင်မှာ၊ ငွေစင်ရထား၊ ယန္တရားသည်၊ အသွားတူညီ၊ ဖဂ္ဂုဏီနှင့်၊ ယှဉ်မှီတွဲကာ၊ ဗျိုင်းတာရာတို့၊ မြိုင်မှာမြိုင်လျောက်၊ ရွှေပိတောက်လည်း၊ ဖူးညှောက်ပွင့်ချိန်၊ သီဒါသိမ်ဝယ်၊ သောင်တိမ်ငွေဥ၊ သဲဗွေနုနှင့်၊ ၀တ်စုညွန့်ချီ၊ သရဖီမူ၊ ကြိုင်ဆီလှိုင်သတ်၊ ရေဖက်ဆွတ်တည့်၊ ချွေလွှတ်ဆောစွာ၊ သည်ချိန်ခါကို၊ သောတာပန်မည်၊ မဟာထေရ်တို့၊ မကြည်နိုင်အောင်၊ ခိုးမြူမှောင်ခဲ့၊ ဘုန်းခေါင်ပရမေ၊ သုံးလူ့ဆွေလျှင်၊ ဒေသစာရီ၊ ပြည်ကပ္ပီသို့၊ ကြွချီအာသန်၊ ချိန်ခါတန်ကို၊ တောင်ပံယှက်ငိုက်၊ မြေနှုတ်စိုက်၍၊ အလိုက်ဘာသာ၊ ဟင်္သာသောင်တင်း၊ ပိန်ညင်းဇင်ရော်၊ ငှက်တော်ကြိုးကြာ၊ သာရကာနှင့်၊ တမာကြက်တော၊ ဥသြငှက်ကျား၊ ငှက်ငနွားလည်း၊ ၀ပ်တွားဘီလုံး၊ ရွှေငုံးချိုးခါ၊ သူတို့မှာမူ၊ မြတ်စွာဘုရား၊ သုံးလူ့ဖျားကို၊ တတ်အားသမျှ၊ ဖူးကုန်ကြလျက်၊ ရှိစုံဆက်သည်။ ။ တောကြက်တောင်ပံ လ,ဖြုန်းတည်း။
***
From season to season all the long year thro, the thrice-three attributes of Sakyamuni retain their pristine splendour. Blest with six-fold wisdom, he is crowned with the six glories that flame and touch the skirts of the sky. The golden-breasted thazin and the gamon-in bow full joyously in Ketumadi, that land of victory. They gaily nod and bend in the welkin blue adoring the Sage to whom humanity owes a boundless debt of thanks. He who wears a crown is wont to grace his brow with these laughing flowers that diffuse their sweets thro’ the palace air.
In the spangled sky, the crab and Phussha shed their glad gleam in the train of the musing moon. The sun veers in its course towards the outer path.
In the month of Pyatho the firmament is wrapt in fretted clouds flecked with darkful spots. The pent-up vapours must need pour forth in showers. The season is all unmeet for the Beloved to set out for the royal city.
The butea bloom bursts in a thrill of scent and rustles in the breeze. Both land and water surge with waving blossoms that fire tusk of the young white elephant looks forlorn for the frosty air has quenched its six rays.
As the sun is seen in Aquarius, Libra and Maga dart their mellow beams. Bright with the gay medley of silver and gold and gems, the moon moves slow from Yugan’s brow. At dead of night, she shines full and the seas overflow their bounds and crabs hide in craggy holds for the violence of the waves.
The gamon-in and the thazin, loth to depart, bloom and scent in the air, tho’ their season is past. The air is hazy and the young leaves of the woods, toss and droop in an eddy of soft breezes. The lettan and meaner flowers are gay with blushing buds and peeping bells.
The Tabaung sky looks dismal and is dappled with pearly cloud. Petgunni and the egret shine bye the side of the silvery moon. Padauk buds and blooms cluster round the branches.
Rivers and rills seem glorious with silvery sands. The tharapi buds and sprouts and sheds its sweetness. The early fall of rain forms torrents that sweep sere leaves into larger streams. The touching mingle of mist and gloom fills even the spirits of saints with nameless longings. In this self-season, the Sage journeyed to Kapilawut - the seat of the king. Sheldrakes, thaungdins, kingfishers terns, drongoes, saruses, minas, parrots, cuckoos, storks, imperial pigeons, billons, quails, doves and partridges stretch their wings and bend their beaks to the ground and ender reverence to their kind. The forest rings with the clapping of wings.
***
ဒီရက်ပိုင်း စိတ်တွေထိုင်းမှိုင်းပြီး ဘာမှ လုပ်ချင်ကိုင်ချင် စိတ်မရှိဘူး ဖြစ်နေပေမဲ့ ဘလော့မှာတော့ ပို့စ်တွေ တင်ဖြစ်အောင် ကြိုးစားနေပါတယ်။ ကျောင်းပိတ်ထားချိန်မို့ ဆက်တိုက်လိုလို တင်ဖြစ်နေတာပါ။ ရှေ့လ ကျောင်းပြန်ဖွင့်ရင် .... ဘလော့ကိုလဲ ပြန်ပြီး ကျောခိုင်းထားရပါဦးမယ်။ လောလောဆယ်တော့ ရှိနေဦးမှာပါ။ သျှင်ဥတ္တမကျော် တောလားကိုတော့ ပြီးအောင် တင်ပေးခဲ့ပါမယ်။ ကဗျာသင်္ဂဟ မေဒနီကတော့ ရိုက်ရတာ တော်တော်များတာမို့ ကျောင်းမဖွင့်ခင် ပြီးမယ် မထင်ပါ။ စာလုံးပေါင်း အမှားအယွင်းများနဲ့ စာလုံး အကျ အပေါက်များ ရှိခဲ့ရင် ကျမ တာဝန်သာ ဖြစ်ပါတယ်ရှင်။
***
မေဓာဝီ
၁၂၊ သြဂုတ်၊ ၂၀၀၉
၁၂း၃၀ နာရီ

Read More...

Tuesday, August 11, 2009

ဝသုနြေ္ဒ၏ ရှိုက်သံ (၁)

ထိုကာလ၌ …
လူတို့သည် တရားကင်းမဲ့ကြကုန်၏။
မင်းတို့သည် တရားသဖြင့် အုပ်ချုပ်ခြင်း မရှိကြကုန်။
သတ္တ၀ါတို့သည် အချင်းချင်း ကြီးနိုင်ငယ်ညှဉ်း နှိပ်စက်ကြကုန်၏။
စစ်လက်နက်တို့ တိုးတက်ဖြစ်ထွန်း၍ ခိုက်ရန် စစ်မက် အချင်းချင်း သတ်ဖြတ် ကြကုန်၏။

ထိုကာလ၌ …
မိုးတို့သည် အခါမဟုတ် သည်းထန်စွာ ရွာသွန်းကုန်၏။
ရွာချိန်သင့်ရာ အခါကာလ၌ မရွာသွန်းလတ် မိုးခေါင်တတ်ကုန်၏။
မြေတို့သည် အဆီအနှစ် မဖြစ်မထွန်း ခမ်းခြောက်လွန်းကာ သီးနှံရိက္ခာ ရှားပါးကြကုန်၏။
သတ္တ၀ါများမှာ ရောဂါဘယ ထူပြောလှလျက် သက်တမ်းမစေ့မီ ကြွေလွင့်ကြကုန်၏။

ထိုကာလ၌ …
သူတော်ကောင်းတို့ တိမ်မြုပ် သူယုတ်တို့သာ ထင်ပေါ်ကြကုန်၏။
မကောင်းသူပယ် ကောင်းသူကယ်သော လောကပါလာ ဒေ၀တာတို့ ဥပေက္ခာပြု လစ်လျူရှုကြကုန်၏။
…. … …. …. …. …. ….
…. … …. …. …. …. ….
…. … …. …. …. …. ….

ထိုသောအခါ ...
ဝသုနြေ္ဒ ကမ္ဘာမြေကြီးသည် နာကျည်းငိုရှိုက် သည်းခိုက်စွာ တုန်လှုပ် လေကုန်တော့ သတည်း။


***
မေဓာဝီ
၁၁၊ သြဂုတ်၊ ၂၀၀၉
၁၁း၃၆ နာရီ

ပုံယူသောနေရာ

Read More...

Monday, August 10, 2009

ပါဠိဖတ်နည်း မူသေစည်း

ကျမတို့ငယ်ငယ်တုန်းက ညနေတိုင်း ဘုရားဝတ်တက်ကြရင် အဒေါ်တယောက်က တိုင်ပေးပြီး ကလေးတွေ အားလုံး နောက်က လိုက်ဆိုကြရတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ အလွတ်ရသွားတဲ့အခါ ပြိုင်တူ ဆိုကြတယ်။ စာကောင်းကောင်း ဖတ်တတ်လာတဲ့ အချိန်မှာတော့ ဘုရားစာအုပ်ထဲက ပါဠိတွေကို မတတ်တတတ် မ၀ံ့မရဲနဲ့ပဲ ရွတ်ဖတ်ခဲ့ရတယ်။ ပရိတ်၊ ပဋ္ဌာန်းတို့လို အိမ်မှာ အမြဲဖွင့်နေကျ ဘုရားစာမျိုးကိုတော့ နားယဉ်နေတဲ့ အသံထွက်တွေနဲ့ မှန်းပြီးတော့သာ ရွတ်ခဲ့ရတယ် ပါဠိဖတ်နည်းရယ်လို့ သေချာ မသိခဲ့ပါဘူး။

ဆယ်တန်းအောင်ပြီး ကျောင်းပိတ်ထားချိန် ဗိုလ်တထောင်ဘုရားက မြတ်ရတနာ ဆရာကြီး ဦးမြသောင်းထံမှာ ဗုဒ္ဓဘာသာ အခြေခံယဉ်ကျေးမှုက စပြီး ဘာသာရေး သင်တန်းတွေ တက်တော့မှ ဆရာကြီးသင်ပေးလို့ ပါဠိဖတ်နည်းကို သေချာဂဏ သိခဲ့ရတယ်။ ဒီ့နောက်မှာတော့ အဖေက ဆရာကြီး သင်ပေးတဲ့နည်းကို အခြေပြုပြီး အနည်းငယ် ထပ်ဖြည့်ကာ အခြေခံ ပါဠိဖတ်နည်း အကျဉ်းကို သူစီစဉ် ထုတ်ဝေတဲ့ “ပရိတ်ကြီး (၁၁) သုတ် အသံထွက် ရွတ်ဖတ်နည်း” စာအုပ်ရဲ့ ရှေ့ဆုံးမှာ ထည့်သွင်း ရေးသား ဖော်ပြခဲ့ပါတယ်။

အဖေ့သင်တန်းတိုင်းမှာလဲ သက်ဆိုင်ရာ သင်ရိုးမစခင်မှာ ပါဠိဖတ်နည်းကို ဦးဆုံး သင်ပေးခဲ့တယ်။ ဒီလိုနဲ့ ကျမလဲ ပါဠိစာလုံးတိုင်းကို သေချာဖတ်နိုင်လာခဲ့တယ်။ ကွန်ပျူတာနဲ့ စာရိုက်တဲ့ခေတ် ရောက်တော့လဲ ပါဠိစာပဲရိုက်ရိုက် ပါဠိမဟုတ်တဲ့ ပါဌ်ဆင့်တွေပဲ ရိုက်ရိုက် ဒီအခြေခံ သိထားပြီးတော့ တော်ရုံတန်ရုံ အမှားနည်း သွားပါတယ်။

တကယ်တော့ ပါဠိဆိုရင် ဘုရားစာထဲမှာသာပါပြီး ဗုဒ္ဓဘာသာနဲ့သာ ဆိုင်တာ မဟုတ်ပါဘူး။ မြန်မာက မွေးစားပြီး မြန်မာစကားအဖြစ် နေ့စဉ် အသုံးပြုနေတဲ့ ပါဠိ ဝေါဟာရတွေ အများကြီးပါ။ ဒီအခြေခံ ပါဠိဖတ်နည်းကို သိထားရင် ပါဠိ အသံ ထွက်ရာမှာရော စာရေး/ စာရိုက် ရာမှာပါ အသုံးဝင်တာမို့ အဖေ့စာအုပ်ထဲက အခြေခံပါဠိ ဖတ်နည်းကို စကန်တင်ပြီး ဖော်ပြလိုက်ပါတယ်။ ပါဠိ ဖတ်ရာ ရေးရာမှာ အခက်အခဲ ရှိသူများ အတွက်သာလျှင် ဖြစ်ပါတယ်။ တတ်သိကျွမ်းကျင် နားလည်ပြီး သူများအတွက် မဟုတ်ပါရှင်။









***
မေဓာဝီ
၁၀၊ သြဂုတ်၊ ၂၀၀၉
၁၁း၃၀ နာရီ

ကိုးကား။ ။
ပရိတ်ကြီး (၁၁) သုတ် အသံထွက် ရွတ်ဖတ်နည်း - ဦးမောင်မောင် (ဟံသာဝတီ)

Read More...

Saturday, August 08, 2009

ဖျင်အင်္ကျီလေး တထည်

ပျင်းရိဖွယ် ရှည်လျားလှသော နွေရာသီတခု၏ နံနက်ခင်းသည် သူ့ဘ၀ထဲသို့ ဖျင်အင်္ကျီလေး ရောက်လာခြင်း၏ နိဒါန်းဟု ဆိုရပေမည်။ ထိုနေ့ နံနက်က အညာမှ ဆွေမျိုးတစု သူတို့အိမ်ကို အလည်အပတ် ရောက်လာကြသည်။ ပဲကလေး နှမ်းကလေး၊ အညာအစားအစာများနှင့်အတူ ဖျင်စလေး နှစ်စ အမေ့ကို လက်ဆောင်ပေးသည်။ ချည်ထည် အ၀တ်အစားများ နှစ်ခြိုက်တတ်သော သူ့အား အမေက ဒီဖျင်စလေး နှစ်စ ပြန်လည်ပေးခဲ့လေသည်။ မီးခိုး အပြာ အညို အဖြူ အကွက် သေးသေးလေးများ ရောယှက် ယက်လုပ်ထားသော အနံသေး ဖျင်ကြမ်းစ လေးကို ကြည့်ပြီး သူသဘောကျခဲ့မိ၏။

ဖျင်စလေးကို ဘယ်လို အင်္ကျီချုပ်ရမလဲဟု သူစဉ်းစားနေမိသည်။ နောက်ဆုံး အမေတို့ ချုပ်နေကျ အပ်ချုပ်သည်ကြီးဆီကို သွား၍ ဖျင်စလေး နှစ်စကို အဆင်ပြေသလို ကြည့်ချုပ်ပေးပါ ဟု အပ်ခဲ့လိုက်သည်။

အပ်ချုပ်သည်ကြီးဆီ အပ်လိုက်ပြီး နောက်ပိုင်း ဖျင်စလေးက သူ့ထံသို့ အင်္ကျီအဖြစ်ဖြင့် တော်တော်နှင့် ရောက်မလာခဲ့။ သူလဲ ကြာလာတော့ မေ့မေ့ ပျောက်ပျောက် ဖြစ်သွားပြန်လေသည်။ ဒီလိုနှင့် နွေကျောင်းပိတ်ရက်ရှည် ကုန်ဆုံးပြီး မိုးရာသီ အပြောင်း ကျောင်းတွေပြန်ဖွင့်သည့် ညနေခင်းတခုမှာ အပ်ချုပ်သည်ကြီးထံမှ ဖျင်အင်္ကျီလေး ချုပ်ပြီးပြီဟု ဖုန်းလာသည်။

အပ်ချုပ်သည်ကြီးက ဖျင်ကြမ်းစကလေးနှစ်စကို နှစ်နံစပ်၍ အပေါ်ထပ် ၀တ်သော ကုတ်အင်္ကျီပုံစံ ချုပ်ပေးထား၏။ ကော်လာချိုးပုံ၊ အိတ်ထည့်ပုံ၊ ကြယ်သီးနှင့် ကြယ်သီးပေါက် ဖောက်ပုံတွေက သေသပ်ကျနသည်။ လက်ဆောင်အဖြစ် အလကားရသော ဖျင်စကလေး၏ ချုပ်ခက ထိုခေတ်နှင့်ဆို သိပ်မနည်းလှ။ ဖျင်ကြမ်းစကို ဈေးကြီးပေး ချုပ်ရကောင်းလားဟု အိမ်သား တချို့က စကားတင်း ဆိုကြသည်။ တကယ်တော့လဲ ငွေကြေးအားဖြင့် အဖိုးအခများစွာ မပေးရသည့် တိုင် မိမိနှစ်သက်လျှင် အဖိုးတန်သည်ပင် မဟုတ်လား။ တစုံတရာ၏ တန်ဖိုးသည် ငွေကြေးဖြင့် ပိုင်းဖြတ်၍ မရစကောင်း၊ တန်ဖိုးထားသူ ပေါ်၌သာ မူတည်သည်ဟု သူကတော့ ယူဆထားပါ၏။

ဤသို့ဖြင့် အကြမ်းခံပြီး မြန်မာပြည်၏ ရာသီဥတုတိုင်းနှင့် သင့်တော်သည့် ဖျင်ကြမ်းအင်္ကျီလေးက ချုပ်ရိုးချုပ်သား ကောင်းမွန် သေသပ်သော လက်ရာဖြင့် သူ့လက်ထဲသို့ ရောက်လာလေသည်။
***
ဖျင်အင်္ကျီလေးကို မိုးဖွဲဖွဲရွာနေသည့် နံနက်ခင်း တခုမှာ ရင်ဖုံးအင်္ကျီ အဖြူရောင် ကျောင်းဝတ်စုံ၏ အပေါ်မှ ထပ်၍ ၀တ်ဆင်သွားဖြစ်သည်။ သိုးမွှေး၊ ယုန်မွှေး၊ ထရိုင်ဆဲလ် စသော အဖိုးတန် အရောင်စုံ အသွေးစုံ အနွေးထည်များကြားတွင် ထိုဖျင်ကြမ်းအင်္ကျီလေးက လှပ ထည်ဝါမှု မရှိလှ။ သို့ပေမဲ့ အကြမ်းခံ၊ အလျှော်ခံ၊ အညစ်အပေခံ၊ ပြည်တွင်းဖြစ် ထိုချည်ကြမ်းကလေးကို သူမက်မောစွာ နေ့စဉ် ရက်ဆက် ၀တ်ဆင်ခဲ့ပါ၏။

ဖျင်အင်္ကျီလေး စ၀တ်သောနေ့သည် သူငယ်ချင်း အသစ်တယောက် ရသောနေ့ လည်း ဖြစ်ခဲ့သည်။ ထိုသူက ရဲထွတ်။ ရဲထွတ်က အတန်းထဲမှာ စာသိပ်မတော်လှ။ အသားညိုညို၊ မျက်နှာရှုတည်တည်၊ လူကောင်သေးသေး၊ ဆံပင်က ကတုံး ဆံတောက်။ အပေါင်းအသင်းလဲ သိပ်မရှိ၊ သူ့လိုပင် ဒီနှစ်မှ ပြောင်းလာသော ကျောင်းသားတဦးဖြစ်၏။

“နင်မနေ့က ကျောင်းတက်လား …”
“အေး တက်တယ်လေ ဘာလို့လဲ နင်မတက်ဘူးလား”
“အေး … ငါ့ကို မြန်မာစာ စာအုပ် ခဏငှားစမ်းပါဟာ … မနေ့က ငါ ကျောင်းမတက်လို့”
“မြင့်မြင့်သန်းတို့ဆီက ငှားပါလား … ငါလဲ စာသိပ်မစုံဘူးဟ”
“အာ … သူတို့ဆီက မငှားချင်ဘူး … ကြီးကြီးကျယ်ကျယ်နိုင်လွန်းလို့ … စာမစုံလဲ ကိစ္စ မရှိဘူး မနေ့က တနေ့စာ ရရင်တော်ပြီ”

သူငယ်ချင်းများများ မရှိသောသူနှင့် ရဲထွတ် ခင်မင်ရင်းနှီးခဲ့သည်။ ဒီနောက်ပိုင်း ရက်ပိုင်းတွေသည် သူ့ဘ၀အတွက် မမေ့နိုင်စရာ နေ့ရက်များ ဖြစ်သည်။ သူ၏ ဒိုင်ယာရီ စာမျက်နှာများပေါ်တွင် မင်နီဖြင့် ရေးမှတ်ခဲ့ရသော နေ့ရက်များလည်း ဖြစ်သည်။ ထိုရက်တွေမှာ ကျောင်းသူ ကျောင်းသားတွေသည် စာသင်ကြားမှုကို စိတ်ပါဝင်စားခြင်း အလျဉ်းမရှိကြ။ တစုံတရာကို ဆွေးနွေးကြ၊ ပြောဆိုကြ၊ တိုင်ပင်ကြ၊ တခါတလေ ငြင်းခုန်ကြ။ မည်သို့ပင် ဖြစ်စေ အားလုံးတူညီနေသည့် အချက် ကတော့ သူတို့အားလုံး တက်ကြွနေကြသည်။ ရင်ထဲမှာ မျှော်လင့်ချက် အားမာန်တွေ ပြည့်လွှမ်းနေကြသည်။ ဆရာ၊ ဆရာမတွေသည်ပင် သူတို့ကို အားပေး အားမြှောက် မပြောသာဘဲ အန္တရာယ် ဖြစ်မှာစိုး၍ အနည်းငယ် တားမြစ် သယောင် ပြုကြသည့်တိုင် စိတ်ထဲက ကြိတ်၍ ထောက်ခံနေကြသည်။

တရက်တော့ စာသင်ချိန် တချိန်အပြောင်း ခေါင်းလောင်းထိုးစဉ်မှာ ကျောင်းသား တစု သူတို့ စာသင်ခန်းအပြင်ကို ရောက်လာကြသည်။ လက်မှာ အနီရောင် လက်ပတ်တွေနှင့်။ တချို့က ခေါင်းမှာ ပုဝါနီတွေ ချည်ထားသည်။ သူတို့က စာသင်ခန်း ပြတင်းပေါက်အပြင်မှာ ရပ်ကာ စကားအနည်းငယ် ပြောသည်။ သူတို့ စကားတွေကို နားထောင်ရင်း ကြက်သီးများ ထမိသည်၊ ရင်တွေ တထိတ်ထိတ် ခုန်လာသည်၊ ခန္ဓာကိုယ်မှာ လည်ပတ် နေသော သွေးတွေ ပူနွေးလာသည်။ ကျောင်းသူတချို့က မျက်ရည်ကျကြသည်။ တချို့က ထိုင်ရာမှ ထကြပြီး လိုက်သွားကြသည်။ တချို့က လက်ကိုင်ပုဝါတွေ မုန့်တွေပေးသည်။ နောက်ပြီး တော့ ပိုက်ဆံတွေ။

သူတို့ကို ကြောင်ငေးကြည့်နေစဉ် ရဲထွတ်က သူ့ရှေ့၌လာရပ်ပြီး
“ငါ လိုက်သွားလိုက်ဦးမယ်” ဟု ပြောသည်။ အမြဲ မှုန်တေတေ နေတတ်သော သူ့မျက်နှာက ဒီတခါတော့ သွေးကြွနေသည်လား မပြောတတ်။ အပြင်မှာ မိုးတွေ ဖွဲရာမှ တစတစ သည်းလို့ လာနေပြီ။
“ဟဲ့ နေဦး …”
ရဲထွတ်က ဘာလဲဟူသောမျက်နှာဖြင့် ခပ်လောလော စိတ်မရှည်ဟန်ကြည့်သည်။ “ရော့”
ကုလားထိုင်နောက်မှီမှာ ချိတ်ထားသည့် ဖျင်အင်္ကျီလေးကို ဖြုတ်ပြီး ပေးလိုက် သည်။
“အပြင်မှာ မိုးရွာနေတယ်၊ နင့်မှာထီးမပါဘူးမဟုတ်လား၊ ဒီအင်္ကျီယူသွား”
ရဲထွတ်က မငြင်း၊ အင်္ကျီလေးကို ခေါင်းမှာအုပ်ပြီး ခပ်သုတ်သုတ် ပြေးရင်း ထွက်သွားသော ကျောင်းသားစုနောက် လိုက်သွားလေတော့သည်။ တော်ရုံတန်ရုံ မိုးလောက်တော့ ထိုဖျင်အင်္ကျီလေးက အကာအကွယ် ပေးနိုင်မည်ဟု သူ ယုံကြည်ခဲ့ပါသည်။

ဒီနောက်ပိုင်းမှာတော့ ဖျင်အင်္ကျီလေးနှင့်အတူ ရဲထွတ်ကို ပြန်မတွေ့ရတော့ချေ။ သို့ဖြင့် … ကျောင်းမသွားရတော့သည့် နေ့ရက်များမှာ ဟိုနေရာ ဒီနေရာက ဟောပြောပွဲတွေ လိုက်နားထောင် လက်ခုပ်တီး၊ တစုတဝေးထဲ အစားမစားဘဲ တိုက်ပွဲဝင်နေသူများကို သွားအားပေး၊ သတင်းတွေ နားထောင်၊ စိတ်က တက်လိုက် ကျလိုက် … မငြိမ်သက်။ စိတ်မကောင်းစရာ … ဒေါသဖြစ်စရာ သတင်းတွေ ကြားရသည်က နားနှင့်မဆန့်။

သူ … ဘာလုပ်ရမလဲ။ စဉ်းစားရင်း တွေဝေနေမိ၏။ တရက်တော့ သူ့ဆီ ဖုန်းလာသည်။ သူငယ်ချင်း တယောက်ထံမှ။

“ငါတို့ အဲဒီလို စီစဉ်ထားတယ်၊ နင်ရော ဘယ်လိုသဘောရလဲ၊ ဘယ်သူမှတော့ မသိစေနဲ့ဟ၊ တကယ်လို့ နင်လိုက်ချင်ရင် ++++++++++++ ”
“ … … … ”
***
စိတ်လှုပ်ရှားလွန်း၍ လူက ကတုန်ကယင် ဖြစ်နေသလို။ လူကြီးတွေရှေ့မှာ ဟန်မပျက်အောင် နေရင်း ညတညကို ကုန်လွန်ခဲ့ရသည်။ နောက်တနေ့နံနက် လူကြီးတွေ မနိုးခင် အသာလေးထ၊ မျက်နှာသစ်၊ အ၀တ်အစားလဲပြီး ညက အသင့်ပြင်ထားသော လွယ်အိတ်ကို ယူလိုက်သည်။ လွယ်အိတ်ထဲမှာက သေသေသပ်သပ် ပြားနေအောင် ခေါက်ထားသော အင်္ကျီလုံချည် တစုံ၊ ပိုက်ဆံ အနည်းငယ်ပါသော သားရေအိတ် အပြားလေးတခု၊ မွှေးပွ လက်ကိုင်ပုဝါလေး တထည်။

လွယ်အိတ်ကြိုးကို ခေါက်တုံ့ချည်ထုံးပြီး စလွယ်သိုင်းအပြီးမှာတော့ ထွက်ခွါရန် အသင့်ဖြစ်ပြီ။ နောက်ဖေးတံခါးကို အသာဖွင့်ထွက်ပြီး အိမ်ဘေးလမ်းကြား ဘက်ကို သွားလိုက်သည်။ အိမ်ရှေ့ဝင်း တံခါးမှ ထွက်လျှင် အိမ်ကလူတွေ သိနိုင်တာမို့ လမ်းကြားထဲကနေ ခြံစည်းရိုး သံဆူးကြိုးကို လူတယောက် ထွက်သာအောင် ဟလိုက်ပြီး လေးဘက် ထောက် တွားသွား ထွက်ရင်း တဘက်ခြံထဲကို ၀င်လိုက်၏။ ထိုခြံက လူအများနေတာမို့ ၀င်းတံခါးမရှိ၊ ခပ်သုတ်သုတ် လျှောက်ရင်း အပြင်လမ်းမပေါ် ရောက်သွားစဉ်မှာ စိတ်ပေါ့ပါး လွတ်လပ်သွားသလို ခံစားလိုက်ရသည်။ တကယ်တမ်း သွားရမည့် လမ်းက အိမ်ရှေ့က ပြန်ဖြတ်ရဦးမည်။

သွားစရာ တခြားလမ်းကို မတွေးမိဘဲ အိမ်ရှေ့မှ ဖြတ်ရမည့် လမ်းကို ရွေးခဲ့ခြင်းက သူ့အတွက် ကံကောင်းသည်လား ကံဆိုးသည်လား … သူခုချိန်ထိ ဝေခွဲမရခဲ့ပါ။ ဘာကြောင့်ဆိုတော့ အိမ်ရှေ့မှ ပြန်အဖြတ်မှာ အိမ်က ကောင်မလေးတယောက် သူ့အား မြင်သွား၍ ဖြစ်သည်။

“ဟိုမှာ ဟိုမှာ … ထွက်သွားပြီ…”
လမ်းလျှောက်နှုန်းကို မြှင့်လိုက်သည်။ စကားသံဝဲ၀ဲဖြင့် ပြောသော ထိုမိန်းကလေး အသံက နောက်မှာ ကျန်ခဲ့လေ၏။ လမ်းမကြီးအတိုင်း မသွားဘဲ လမ်းကျဉ်းတခု ကို ရွေးလိုက်သည်။ ထိုလမ်းထဲမှာ ဖြတ်လမ်းလေးတခု ရှိသည်၊ ထိုဖြတ်လမ်းမှ နေပြီး တဘက် လမ်းမကြီးဘက် ပေါက်အောင် သွားမည် … စသဖြင့် တွေးရင်း လမ်းကျဉ်းထဲသို့ ခပ်သုတ်သုတ် လျှောက်လိုက်၏။

ရှေ့တူရူမှ လာသော စက်ဘီးကို ရှောင်ရင်း လမ်းတဘက်သို့ ဖြတ်ကူးသည်။ လမ်းကျဉ်းကလေးက ကားအသွားအလာနည်းသလို လူလည်း ပြတ်လှသည်။ အပြေးတပိုင်း လျှောက်နေရင်းက ထိုလမ်း၏ ညာဘက်ခြမ်းက ဖြတ်လမ်းသွယ် လေးထဲ ချိုးဝင်လိုက်၏။ လမ်းသွယ်လေးဆုံးလျှင် လမ်းမကြီးဆီ ရောက်ပြီ။

သို့သော် …
လမ်းသွယ်လေး၏ အလယ်တည့်တည့် လောက်ဆီမှာ ၀ါးကပ်များဖြင့် ကာရံ ပိတ်ပင်ထားလေသည်။ ထိုစဉ်က လုံခြုံရေးအရ လမ်းတွေကို ထိုကဲ့သို့ ပိတ်ထားလေ့ရှိသည်။ အဲဒါမှ ဒုက္ခ။ ၀ါးကပ်ကြားက တိုးပြီး သွား၍ ရလိုရငြား ကြိုးစားကြည့်ပေမဲ့ အချည်းနှီးပင်။ မည်သို့မှ မတတ်နိုင်သည့်အဆုံး နောက်ပြန် လှည့်ရလေတော့သည်။

လမ်းသွယ်လေးမဆုံးခင်မှာ အရိပ်တခု လမ်းထဲဝင်လာသည်ကို ဖျတ်ခနဲ မြင်လိုက်ရ၍ ချုံပုတ်လေးနားကပ်ကာ ခိုလိုက်သော်လည်း နောက်ကျသွားခဲ့ပြီ။ ထိုအရိပ်က သူရှိရာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလေ၏။

“လာစမ်း”
အမကြီး၏ ဒေါသသံ၊ ပြီးတော့ လက်ကောက်ဝတ်ကို အတင်းညှစ်၍ ဆောင့်ဆွဲပြီး ခေါ်သွားသည့်နောက် မရုန်းသာ မငြင်းသာဘဲ ယက်ကန်ယက်ကန် ပါသွားလေ တော့သည်။ အိမ်ရောက်တော့ အမေက တုတ်တချောင်းနှင့် အသင့်စောင့်နေ သည်။
“နင့်ကိုယ်နင် ဘာထင်နေလဲ … နှမ်းတလုံးနဲ့ ဆီမဖြစ်ဘူး ဟဲ့ …”
အိမ်နောက်ဖေး မန်ကျည်းပင်ကြီးအောက်မှာ အမေရိုက်သည့် တုတ်ချက်များကို မျက်ရည်မကျဘဲ ပေခံရင်း သူ့နှလုံးသားတွေ တဆစ်ဆစ် နာကျင်ခဲ့ရပါသည်။
***
အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးခဲ့သလို အခြေအနေတွေလဲ တစတစ ပြောင်းလဲ ခဲ့သည်။ အရာရာ ပုံမှန်ပြန်၍ လည်ပတ်နေကြပေမဲ့ ပုံမှန်ပြန်မဖြစ်သည့် ဘ၀တွေက တပုံတပင်။ သူ့ထံ ဖုန်းဆက်သွယ်သော သူငယ်ချင်းနှင့် ရဲထွတ်တို့ သတင်းလဲ အစအနပင်မရ။ သူတို့ ဘယ်ရောက်နေကြပါလိမ့် ကြုံတိုင်း လက်လှမ်းမီသလောက်တော့ စုံစမ်းနေမိဆဲ။ ရုပ်မြင်သံကြားသတင်းထဲမှာ အမိမြေကို ပြန်လည်ခိုလှုံလာသည့် သတင်းတွေ လာတိုင်း သူတို့ပါလာလိမ့်နိုး ရှာမိသေးသည်။

တရက်တော့ သူ့ဆရာတယောက်ထံမှ ဖုန်းလာသည်။
“သမီး … အားရင်အိမ်လာခဲ့အုံး”
ဆရာ့အိမ်က မြို့သစ်ရပ်ကွက် တခုမှာဖြစ်သည်။ သူရောက်သွားတော့ ဆရာက လူစိမ်းတယောက် နှင့် ရေနွေးကြမ်း သောက်ရင်း စကားပြောနေကြသည်။ ဆရာက သူနှင့်မိတ်ဆက်ပေးရင်း ခပ်တိုတိုပင် ပြော၏။

“သမီးသူငယ်ချင်း ရဲထွတ်အကြောင်း ပြောမလို့”
“ဟယ် … ရဲထွတ်နဲ့ တွေ့ခဲ့လား … သူအဆင်ပြေလား၊ ခု ဘယ်မှာလဲ … ပြန်လာပြီလားဟင်”

အားတက်သရော ဆက်တိုက်မေးသော သူ့ကို ထိုလူက တွေတွေကြည့် နေသည်။ ဘာမှမပြော။ ဆရာကပဲ …
“စိတ်မကောင်းတော့ မဖြစ်နဲ့ သမီး၊ ရဲထွတ် ဆုံးသွားပြီ”
“…………”
သူ မှင်သက်သွားသည်။ ထိုလူစိမ်း ဆက်ပြောနေသံတွေကို သူ မကြား၊ ဘာကိုမှလဲ မမြင်မိတော့။

ဘ၀တွေက ဘာလို့ မတည်မြဲကြတာလဲ …
ဘ၀တွေက ဘာလို့ အာမခံချက် မရှိကြတာလဲ …
တိုတောင်းလိုက်တဲ့ ဘ၀တွေရယ် … ။

ရိုးပြတ်တွေ ထိုးထိုးထောင်ထောင် ဖြစ်နေသော ပက်ကြားအက် လယ်ကွင်းကို ဖြတ်၍ လေပူတချက် ဝှေ့ကာတိုက်သည်။ ကောက်မော့လိုက်မိသော ရေနွေးကြမ်း ပူပူက လည်ချောင်းထဲသို့ ပူလောင်ခါးသက်စွာ စီးဆင်းသွား၏။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် … ကာလသုံးပါးဟာ ယုံကြည် မျှော်လင့်စရာလဲ မကောင်းပါလား။

“ဒါ … ရဲထွတ် ကျန်ခဲ့တာလေးပါ၊ သူအမြဲပြောတယ် ပိုင်ရှင်ကို ပြန်ပေးရဦးမယ် … တဲ့”

အပြာရောင်ဂျင်းကျောပိုးအိတ် ခပ်နွမ်းနွမ်းထဲမှ စက္ကူဖြင့် ပတ်ထားသော တစုံတခုကို ယူကာ သူ့ရှေ့မှာချသည်။ ပတ်ထားသည့် စက္ကူကို ဖြည်လိုက်တော့ …
“ဟင်”
အင်္ကျီလေးတထည် …
ဟုတ်သည်။ သူ၏ ဖျင်ကြမ်းအင်္ကျီကလေး …. …. …. ။
***
ထိုအချိန်မှစ၍ ဖျင်ကြမ်းအင်္ကျီလေးကို သူမ၀တ်ဖြစ်တော့။ ဒီအင်္ကျီလေးကို မြင်တိုင်း ဆင်းရဲဒုက္ခတွေကြားမှာ အသက်ပေးသွားကြသည့် လူမသိ သူမသိ ဘ၀တွေအတွက် ၀မ်းနည်းမိသည်။ နှမျောမိသည်။ ဘာမှမစွမ်းဆောင်နိုင်သော သူ့ဘ၀သူတော့ ရှက်ရွံ့မိပါသည်။

နှစ်ပေါင်းများစွာ ကြာသည့်တိုင် ဖျင်အင်္ကျီလေးက အ၀တ် ဘီရို၏ တနေရာမှာ ငြိမ်သက်စွာ ရှိနေခဲ့သည်။ များမြောင်လှသော လူမှုကိစ္စတွေကြားမှာ ရုန်းကန် ရှင်သန်ရင်း ဖျင်အင်္ကျီလေးကို မေ့မေ့လျော့လျော့လဲရှိနေခဲ့သည်။ သွေးကြောင် လှသော သူက ဖျင်အင်္ကျီလေးကို ကြည့်ရမှာ စိတ်မလုံလဲ။ မှတ်မှတ်ရရ ၂၀၀၇ ခုနှစ်၏ နေ့တနေ့မှာတော့ ဘီရိုထဲက ဒီအင်္ကျီလေးကို ပြန်ထုတ်၍ ၀တ်ခဲ့မိသည်။ ကျဆုံးသွားသော သူငယ်ချင်း၏ ၀ိညာဉ်တွေ ကပ်ငြိနေဆဲလား၊ သွေးတွေ ပူနွေးကာ သူစိတ်ဓာတ် တွေ တက်ကြွလာခဲ့၏။

ဒီနောက်မှာတော့ ဒိုင်ယာရီထဲ ကမ္ပည်းထိုးခဲ့ရသည့် မမေ့နိုင်သော စက်တင်ဘာ နေ့စွဲများ။ ခါးသီးသော နေ့ရက်များ။ ဆိုးရွားသော ဖြစ်စဉ်များ … ဆက်တိုက် ကြုံတွေ့ရပြီးနောက် အားလုံးကို ခွဲခွါရမည့် အချိန်သို့ရောက်လာခဲ့လေသည်။

အ၀တ်အစားအိတ်ပြင်တော့ အမေက လာကြည့်ရင်း
“ဟဲ့ ဒီအင်္ကျီအဟောင်းကြီး ယူသွားမလို့လား” ဟုမေးသည်။
“ဟောင်းပေမဲ့ ကောင်းပါသေးတယ် အမေ”
***
ဒီနိုင်ငံ၏ ရာသီက ဖျင်အင်္ကျီဖြင့် မခံသာ။ ခိုက်ခိုက်တုန်အောင် ချမ်းအေးသော ဆောင်းဥတု နေ့ရက်များ၊ ကြမ်းတမ်းစွာ တိုက်ခတ်သော ရေခဲတမျှ အေးစက်သည့် လေရိုင်းများ၊ စိုစွတ် ချမ်းအေးသော မိုးစက် မိုးပေါက်များ၏ ဒဏ်ကို ပြည်တွင်းဖြစ် ချည်ကြမ်း ဖျင်အင်္ကျီလေးဖြင့် ခုခံကာကွယ်နိုင်ပါ့မလား။

မည်သို့ပင်ဖြစ်စေ ရောက်ရှိနေသော ဒေသနှင့် လျော်ညီသည့် အနွေးထည် အထပ်ထပ်ကို ကျပ်တည်းစွာ ၀တ်ဆင်ရင်း ဖျင်အင်္ကျီကလေးအား ပြန်လည် ၀တ်ဆင်နိုင်မည့် နေ့ရက်များကို မျှော်လင့်နေမိ ပါတော့သည်။
***
မေဓာဝီ
၈၊ သြဂုတ်၊ ၂၀၀၉
၆း၄၅ နာရီ

Read More...