Saturday, September 30, 2006

မြက်တောထဲမှာ ...

ဒီနေ့ မြို့ထဲကအိမ်ကို ပြန်တော့ ကားက ကန်တော်ကြီးစောင်းက ပတ်မောင်းတယ်။
ပြုပြင်ထားတဲ့ ကန်တော်ကြီးကတော့ စိမ်းစို လတ်ဆတ်လို့ပါပဲ။
ဒါပေမဲ့ ပြုပြင်ပြီးကတည်းက ကန်တော်ကြီးကို မရောက်တော့တာ ခုချိန်ထိအောင်ပဲလေ။
ကန်တော်ကြီးကို ခုလို မပြုပြင်ခင် လွန်ခဲ့တဲ့ ၂ နှစ်ခန့်လောက်တုန်းကတော့ မနက်စောစောတိုင်း ကန်တော်ကြီးဘက် လမ်းလျှောက်နေကျ။
မနက်မနက် လမ်းလျှောက်ထွက်ရင် အများဆုံးတွေ့ရတတ်တာက တရုတ်လူမျိုး အဖိုးကြီးတွေပါ။ တချို့ကလဲ လက်ထဲမှာ ရေဒီယိုလေးတွေကိုင်လို့ ..ရေဒီယိုလာချိန်ဆို ရေဒီယိုနားထောင်ရင်း လမ်းလျှောက်ကြတယ်။ မျက်နှာချင်းဆိုင် တွေ့တဲ့သူတိုင်းက ကိုယ်နဲ့သိသိ မသိသိ မင်္ဂလာပါ လို့ နှုတ်ဆက်လေ့ရှိကြတယ်။ ကြာလာတော့လဲ မျက်နှာစိမ်းတွေမဟုတ်တော့ဘူး .. ရင်းနှီးသွားကြတာပေါ့။
အိမ်ကထွက်တဲ့အချိန်မှာ မှောင်နေပေမဲ့ ကန်တော်ကြီး ဗိုလ်ချုပ်ကြေးရုပ်ဝင်ပေါက် ကိုရောက်တဲ့အချိန်မှာတော့ ဝေလီဝေလင်း ဖြစ်နေပါပြီ။ မနက်စောစော ကျန်းမာရေးအတွက် လမ်းလျှောက်တဲ့သူတွေကို ၀င်ပေါက်မှာစောင့်ပြီး ပိုက်ဆံတောင်းတာမရှိပါဘူး။
ဗိုလ်ချုပ်ကြေးရုပ် ရှေ့မှာ လေ့ကျင့်ခန်းလုပ်တဲ့သူတွေ တယောက်စ နှစ်ယောက်စ အမြဲရှိပါတယ်။ ကိုယ်တိုင်လဲ ဗိုလ်ချုပ်ကြေးရုပ်နားမှာ ခဏတဖြုတ်နားရင်း သွေးပူလေ့ကျင့်ခန်းလုပ်ဖြစ်တယ်။ ပြီးတော့မှ ဗိုလ်ချုပ်ကြေးရုပ်ကို လက်ယာရစ် တပတ်ပတ်ပြီး ကန်တော်ကြီးထဲက ပြန်ထွက်တယ်။ မနက်တိုင်းလိုလိုပါပဲ။
တချို့လူကြီးတွေ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တည့်တည့်က အုတ်တိုင်လေးတွေနားမှာ စုစု စုစု နဲ့ ရေဒီယိုနားထောင်ကြ သတင်းပလင်း ဖလှယ်ကြ တချို့ကလဲ လေ့ကျင့်ခန်းလုပ်နေကြတဲ့ မြင်ကွင်းက မနက်ခင်းတိုင်း မြင်နေကြပေါ့။
ကန်တော်ကြီးကို ပြုပြင်မယ်ဆိုတော့ သစ်ပင်တွေခုတ်၊ မြက်တွေနှုတ်နဲ့ တော်တော်တော့ အလုပ်ရှုပ်ကြပါတယ်။ သူတို့ပြုပြင်နေတဲ့ကြားထဲမှာပဲ ကျမလဲ လမ်းဆက်လျှောက်နေဆဲပါ။
အဲဒီနောက်ပိုင်း .. ကန်တော်ကြီးထဲ ၀င်သူတိုင်း တယောက်ကို ၁၀၀ ကျပ် ၀င်ကြေးကောက်လာပါတယ်။ နေ့တိုင်း လမ်းလျှောက်သူတွေကိုတော့ ကတ်လုပ်ထားရင် တ၀က်ဈေးသက်သာတယ်လို့ဆိုပါတယ်။ ဓာတ်ပုံနဲ့ဘာနဲ့ ကတ်လုပ်ရမယ်။ ကျန်းမာရေးအတွက်လမ်းလျှောက်တာများ ကတ်ပြားပြပြီးမှ ၀င်ရမယ်ဆိုတော့ စိတ်ပျက်စရာပဲပေါ့။ ကတ်မလုပ်ချင်လို့ ၁၀၀ ပေးပြီး လမ်းလျှောက်နေခဲ့ပါတယ်။ နောက်တော့ အားလုံးမြင်ကြတဲ့အတိုင်းပါပဲ .. ။ ဗိုလ်ချုပ်ကြေးရုပ်ဆီလာတဲ့လမ်းလေးတွေကိုဖျက်လိုက်ပြီး မြက်ခင်းလုပ်လိုက်တယ်။ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တည်တည့် ၀င်ပေါက်ကိုလဲ သံတိုင်တွေနဲ့ခြံစည်းရိုးခတ်လိုက်တယ်။ အရင်လို ဗိုလ်ချုပ်ကိုလက်ယာရစ်ပတ်လို့မရတော့ဘူး၊ ပတ်ချင်လဲ မြက်တောထဲကပတ်ပေတော့ပေါ့။ အဲလို ပိတ်ပြီးနောက်ပိုင်း တရက် နှစ်ရက်တော့ ဆက်လျှောက်ဖြစ်ပါ သေးတယ်။ မြက်တောထဲကဖြတ်တော့ ရွှံ့တွေ ဗွက်တွေနင်းမိပြီး စိတ်ပျက်တာနဲ့ နောက်ပိုင်းဆက်မလျှောက် ဖြစ်တော့ဘူး။
ဒီနေ့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ကအဖြတ် သံတိုင်ခြံစည်းရိုးရဲ့ နောက်က မြက်တောထဲမှာ တယောက်ထဲရပ်နေတဲ့ ဗိုလ်ချုပ်ကိုကြည့်ပြီး ..
‘ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား’ ဆိုတဲ့ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကဗျာလေးကို အမှတ်ရလိုက်မိပါရဲ့။

Read More...

Friday, September 29, 2006

at the teashop

လဖက်ရည်ဆိုင်က ညနေခင်း ..

အိမ်နားကလဖက်ရည်ဆိုင်က လူတော်တော်စည်ပါတယ်။ လာသောက်တဲ့သူတွေများသလို အလှူခံတွေလဲ မနည်းပါဘူး။ (ပိုက်ဆံလိုက် တောင်းစားတဲ့သူတွေပေမဲ့ အလှူခံလို့ပဲ သုံးနှုန်းလိုက်ပါတယ်။) အလှူခံတွေကို ပုံစံအမျိုးမျိုးနဲ့ တွေ့ရပါတယ်။ အသက်ကြီးကြီးအဖွားကြီးတွေ၊ ယောဂီဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတွေ၊ အလှူခံဖြတ်ပိုင်းတခုခုကိုင်ထားတဲ့ သီလရှင်တွေ၊ ကလေးငယ်လေးတွေ စုံလို့ပါပဲ။ ဘုန်းကြီးသင်္ကန်းဝတ်နဲ့ ယောကျာ်းအလှူခံတွေကိုတော့ ဒီလဖက်ရည်ဆိုင်ထဲမှာ သိပ်မတွေ့ရပါဘူး။ (ကုလားအဘိုးကြီးတယောက် က လွဲလို့ပေါ့)
ဗုဒ်ဓဘာသာ မြန်မာလူမျိုးတယောက်အနေနဲ့ ကျမဟာ သဒ္ဒါတရား မနည်းလှပါဘူး။ ဒါပေမဲ့ ဒီလို လိုက်တောင်းတဲ့ အလှူခံမျိုးတွေကို လှူလေ့လှူထ မရှိဘူး။ မလှူချင်ပါဘူး။ ဘာကြောင့်ဆိုတော့ ကျန်းကျန်းမာမာလုပ်ကိုင်စားသောက်နိုင်ပါရက်နဲ့ အလွယ်လမ်းလိုက်ပြီး လိုက်တောင်းကြတဲ့ ဒီလိုလူစားမျိုးတွေကို အားမပေးချင်လို့ပါ။
ဒါကြောင့် လဖက်ရည်ဆိုင်ထိုင်လို့ လာတောင်းရင် အသက်ကြီးတဲ့သူတွေကိုတော့ ‘ကန်တော့ပါသေးရဲ့’ လို့ပြောပြီး ငယ်တဲ့သူတွေဆိုရင်တော့ ‘သွားပါအုံး’ လို့ ငြင်းလွှတ်လိုက်တာပါပဲ။
ကျမသူငယ်ချင်းတယောက် နယ်ကရောက်လာပြီး ကျမနဲ့တူတူ လဖက်ရည်ဆိုင်ထိုင်ကြတော့ ထုံးစံအတိုင်း အလှူခံတွေ တဖွဲဖွဲ ရောက်လာပါတယ်။ ကျမက ငြင်းလိုက်တိုင်း သူက အကြွေ (၂၀ တန် တို့ ၅၀ တန်တို့) ထုတ်ထုတ်ပြီး လှူပါတယ်။ သူလှူတာကို ကျမက မတားပေမဲ့ ကျမငြင်းတာကိုတော့ သူက နဲနဲ ရှုံ့ချချင်ပါတယ်။
‘မြို့သူတွေတော်တော်နှပ်ချေးကျတယ် .. ကန်တော့ပါသေးရဲ့ ဆိုတာချည်းပဲ’ လို့ သူကပြောတော့
‘အေးလေ .. တခြားမှာလှူမှာပေါ့ .. ဒီလူတွေ မသထာလို့ မလှူတာ၊ သူတို့နေ့တဓူဝ လိုက်ပဲတောင်းနေတယ် အလုပ်ဖြင့်မလုပ်ဖူး .. ’ ကျမကလဲ ပြန်ပြောခဲ့ပါတယ်။
နောက်ပိုင်း သူနဲ့အတူ လဖက်ရည်ဆိုင်ထိုင်တိုင်း သူက အကြွေပိုက်ဆံတွေ စားပွဲပေါ်တင်ထားပြီး လာတောင်းသမျှအလှူခံတွေကို လှူတတ်တာ ကျမ သတိထားမိပါတယ်။ အကြွေမရှိတဲ့နေ့တွေမှာတော့ သူလဲ ကျမနည်းအတိုင်း ကန်တော့ပါသေးရဲ့ ပေါ့။
မနေ့ညနေကတော့ ကျမနဲ့သူ လဖက်ရည်ဆိုင်မှာ စကားပြောနေကြတုန်း စားပွဲရှေ့တည့်တည့်မှာ စုတ်တီးစုတ်ပြတ် လူတယောက် မတ်တပ်ရပ်ပြီး ကျမတို့ကို ကြည့်နေပါတယ်။ ကြည့်ရင်းနဲ့ သူ့ကိုယ်ကိုလဲ ဟိုကုတ် ဒီကုတ် ကုတ်နေတယ်။ ကျမက အဲဒါကိုကြည့်ပြီး နဲနဲလန့်တာပေါ့။ သူက ..
‘ဘာလဲ ..’ လို့မေးတော့ အဲဒီလူက ‘စမူဆာတခုလောက်စားချင်လို့ပါ ဗိုက်ဆာလို့’
‘သြော် .. ဗိုက်ဆာတာများ စိုက်ကြည့်နေတော့ ဘာများလဲလို့ .. ကဲ .. ထိုင်’ ဆိုပြီး ကျမတို့ စားပွဲမှာ ထိုင်ခိုင်းပါတယ်။ ဟိုလူလဲ ခပ်ရွံ့ရွံ့ နဲ့ ၀င်ထိုင်တယ်။
အဲဒီလူက ကျမရှေ့တည့်တည့်မှာဝင်ထိုင်တော့ အမှန်ပြောရရင် ကျမတော်တော် စိတ်ပျက်သွားပါတယ်။ အဲဒီလူကိုလည်း မကြည့်ဘဲ မျက်နှာလွှဲထားမိတယ်။ သူငယ်ချင်းကတော့ စားပွဲထိုးကိုခေါ်ပြီး စမူဆာ တပွဲမှာပါတယ်။
မှာထားတုန်းမှာ .. အဲဒီလူနဲ့ စကားစမြည်ပြောနေပါသေးတယ်။
‘မင်း ဗိုက်ဆာတယ်မို့လား’
‘ဟုတ်ကဲ့ .. ထမင်းမစားရသေးလို့’
‘အေး .. စမူဆာ ဒီမှာ .. စား’
‘နေကလဲ မကောင်းဘူး ..ဒီမှာ’ ဆိုပြီး သူ့လက်လား ခြေထောက်လားမသိဘူး ပြပါတယ်။
‘ယောကျာ်းပဲကွာ မသေနိုင်ပါဘူး .. ဒီမှာ ငါပြောမယ် .. မင်း ဗိုက်ဆာတယ်မို့လား .. ပိုက်ဆံမရှိဘူး ဟုတ်တယ်မို့လား’
‘ဟုတ်’
‘အေး .. ဒါဆို လမ်းမှာ သွားရင်းလာရင်း ရေသန့်ဗူးခွံတို့ အအေးဗူးခွံတို့ လိုက်ကောက်၊ ပြီးတော့ ရောင်းစားပေါ့ကွာ၊ ကလေးလေးတွေ လုပ်နေတာတွေ့တယ်မို့လား’
‘ဟုတ်’
‘အဲဒီလိုလုပ်ပြီး ပိုက်ဆံရှာ .. ကြားလား’
‘ဟုတ်’
‘အခု အိမ်မှာ ချာတိတ်တွေရှိသေးလား’
‘ရှိပါတယ်’
သူက စားပွဲထိုးကို စမူဆာနောက်တပွဲထပ်မှာ ကျွတ်ကျွတ်အိတ်ထဲထည့်ပြီး အဲဒီလူကိုပေးလိုက်ပါတယ်။ အိမ်က ကလေးတွေစားဖို့ပေါ့။
အဲဒီလူထွက်သွားတော့မှ .. ကျမဘက်လှည်ြ့ပီး နောက်တခါ ဒီလူလာတောင်းရင် မျက်ခွက်ကိုဖြတ်ရိုက်မှာ၊ အဲလိုရိုက်လို့ရသွားပြီလေ .. ဟုတ်တယ်မို့လား .. လို့ပြောတယ်။
ကျမကတော့ သူ့လုပ်ရပ်ကို ငေးပြီးပဲ ကြည့်နေမိပါတယ်။ ကျမ သူ့ကို အဲဒီလိုငေးကြည့်နေတော့ သူက ..ပြုံးပြီး ကျမကိုကြည့်ရင်းနဲ့ ..
သူ အလုပ်ကိစ္စနဲ့ တနယ်တကျေးသွားရတုန်းက ၂ ရက် ထမင်းငတ်လို့ လဖက်ရည်ဆိုင်မှာ တောင်းပြီး စားခဲ့ရဖူးတယ်လို့ ပြောပြတယ်။ သွားရမဲ့နေရာကို ဖုန်းဆက်ဖို့ ပိုက်ဆံ ၁၀၀ မရှိလို့ ဒုက္ခရောက်ပြီး ပိုက်ဆံ ၁၀၀ ရဖို့ တောင်းခဲ့ရဖူးတယ် .. ၂၀ ပေးတဲ့သူပေး၊ ၁၀ပေးတဲ့သူပေးနဲ့ ၁၀၀ပြည့်တော့မှ ဖုန်းဆက်လို့ရပြီး အဆင်ပြေသွားခဲ့ရတယ် .. တဲ့။
သူ့စကားတွေကြားတော့ .. ကျမမှာ ပိုပြီး ငေးငိုင်မိသွားတယ်။ ကျမ ဘယ်လိုမှ ထင်မထားခဲ့မိပါဘူး။
သူကတော့ … ဒီလိုပါပဲ .. သူတို့ဘ၀တွေကကြမ်းတယ် .. လို့ ရယ်ရယ်မောမော ပြောတယ်။
‘အခု .. သူများတောင်းတဲ့အချိန်မှာ ကိုယ်ကပေးထားတော့ ကိုယ်လိုတဲ့အခါ ပြန်ပေးမဲ့သူရှိမှာပေါ့ .. ဟုတ်တယ်မို့လား ..’
‘အင်း .. ဟုတ်ပါတယ်’ လို့ ကျမ သူ့ကိုထောက်ခံလိုက်ပါတယ်။ စမူဆာဖိုးကို သူပိုက်ဆံနဲ့သူ ထုတ်ရှင်းပြီးတော့ သူ့အိတ်ထဲမှာ ပိုက်ဆံသိပ်မကျန်ပါဘူး။ ဒါပေမဲ့ သူက ခပ်အေးအေးပါပဲ။
ကျမရင်ထဲမှာ .. စိတ်မကောင်းတာတွေရော .. ၀မ်းနည်းတာတွေရော .. ရှက်ရွံမိတာတွေရော .. ခံစားချက်တွေ ရောနေတယ်။
တကယ်ဆို ကျမဟာ သူ့ထက် ပိုပြီး ပိုက်ဆံရှိတဲ့သူတယောက်ပါ။ ဘာသာရေးအသိအမြင်လဲ ကျမက သူ့ထက်ပိုရှိပါတယ်။ ဒါပေမဲ့ .. ကျမ သူ့လို စိတ်မထားတတ်ခဲ့ပါဘူး။
ဒီလိုတောင်းစားတဲ့သူတွေကို အမြင်ကတ်တဲ့စိတ်နဲ့ ငြင်းမိတာကများပါတယ်။ လိမ်ညာနေကြတယ်လို့ပဲ မြင်ပါတယ်။ ခုနလိုလူဆိုရင် ပိုတောင်ဆိုးသေးတယ် ကျမ ရွံလို့ စေ့စေ့တောင် ကြည့်မှာမဟုတ်ပါဘူး။
တကယ်တော့ လူတွေဟာ အတူတူပါပဲ .. ဘ၀အကျိုးပေးကြောင့်သာ အနိမ့်အမြင့် ကွဲပြားနေကြတာပါ။
သူတို့ဘက်က ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကိုယ့်ဘက်က ဖြောင့်မှန် ဖြူစင်စွာနဲ့ လူတွေကို လူလိုဆက်ဆံနိုင်ဖို့ အရေးကြီးတယ်ဆိုတာ .. အဲဒီညနေခင်းမှာ ကျမ သိလိုက်ရပါတယ်။

Read More...

Thursday, September 28, 2006

ကြည့်မိလိုက်သော ဗီဒီယိုဇာတ်ကား

ဇာတ်ကားနာမည်က ‘စိတ်၏စေရာ’
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့ ပြည်သူ့ရဲတပ်ဖွဲ့ ပူးပေါင်းရိုက်ကူးတဲ့ ဇာတ်ကားတကားဖြစ်ပါတယ်။
ဒါရိုက်တာက ခင်မောင်ဦး၊ စိုးသိမ်းထွဋ်။ နေတိုးနဲ့ အိန္ဒြာကျော်ဇင် သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းကတော့ .. ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၁၆ ရက် (သူတို့အပြော ၁၅ ရက်) မှာ လူသတ်ခံရလို့ ကွယ်လွန်သွားကြရှာတဲ့ ကျမ သူငယ်ချင်း မိသားစုရဲ့ ဇာတ်လမ်းပါပဲ။
ဇာတ်ကားကိုကြည့်ပြီးတော်တော်စိတ်ပျက်သွားမိတယ်။ သေသွားတဲ့ သူငယ်ချင်းကိုယ်စား ဒေါသလဲ ထွက်မိတယ်။
ဇာတ်လမ်းအရ ပြောင်းလဲထားတာတွေ တော်တော်များများရှိပေမဲ့ .. ကျောရိုးကတော့ တူတူပါပဲ။
ဒါပေမဲ့ အပိုဆာဒါးထည့်ထားတာတွေ .. တကယ်လိုတာတွေကိုကျတော့ ဖြုတ်ထားတာတွေ .. အဲဒါတွေဟာ အကြောင်းမဲ့မဟုတ်ဖူးလို့ ထင်ပါတယ်။ တရားခံတွေကို ကာကွယ်ပေးနေသလိုပါပဲ။

ကွယ်လွန်သူ ကျမသူငယ်ချင်းဟာ သူ့ကိုယ်သူ လူချမ်းသာတယောက်ပုံစံ ပပလွှားလွှား မနေခဲ့ပါဘူး။ ရွှေဆွဲကြိုးတွေ ဟန်းချိန်းတွေ လက်စွပ်တွေလဲ မ၀တ်ပါဘူး။ ရှပ်အင်္ကျီနဲ့ ပုဆိုးနဲ့ ၀တ်ပြီး သားရေဖိနပ်ပဲ စီးပါတယ်။ သူ ခရီးထွက်ပြီး ပြန်လာတဲ့ ရက်မှာပဲ ဘောင်းဘီနဲ့ ဘွတ်ဖိနပ်ဝတ်တာ မြင်ဖူးပါတယ်။
ပြီးတော့ စားသောက်ဆိုင်တွေသွား ကလပ်တွေသွားပြီး သောက်စားပျော်ပါးတတ်တဲ့ လူစားမျိုးလဲ မဟုတ်ပါဘူး။ အရက်ဝေးစွ ဘီယာတောင်မသောက်တတ်၊ စီးကရက်လဲ မသောက်တတ်တဲ့ လူစားမျိုးပါ။

ဇာတ်ဝင်ခန်းတခုမှာပါသလို .. ပိုက်ဆံချေးမဲ့ သူငယ်ချင်းကို အိပ်ခန်းထဲခေါ်ပြီး ရွှေချောင်းတွေထည့်ထားတဲ့ အံဆွဲကို မြင်သာအောင် ဖွင့်ပြမဲ့သူလဲ မဟုတ်ပါဘူး။
သူတို့မိသားစုဟာ ရိုးရိုးသားသားနဲ့ ပိုက်ဆံရှာပြီး စေ့စေ့စပ်စပ် သုံးတတ်တဲ့ သူတွေပါ။

ပြထားတာတွေနဲ့ အပြင်ကပုံစံတွေနဲ့တခြားစီပါပဲ။ ဒါပေမဲ့ ဖုန်းနံပါတ်တွေအားလုံးကိုတော့ နံပါတ်အမှန်တွေ သုံးထားတယ်။
ခြုံပြီးပြောရရင်တော့ .. လူတော်တော်များများစိတ်ဝင်စားခဲ့ကြတဲ့ တကယ့်အဖြစ်အပျက်ကို အခြေခံပြီး တရားခံတွေကို ကာကွယ်လိုတဲ့ဆန္ဒနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားတကားဖြစ်တယ်လို့ ယူဆမိပါတယ်။

Read More...

Wednesday, September 27, 2006

Happy Birthday .... (27th Sep, 06)

ငြိမ်းချမ်းသော မွေးနေ့ ဖြစ်ပါစေ ..

တူမလေး နွေလထွေးရဲ့ ၁၈ နှစ်မြောက်မွေးနေ့မှသည် .. နှစ်ပေါင်းရာထောင်တိုင်အောင် ချမ်းမြေ့စွာ အများအကျိုး သယ်ပိုးရင်း ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ပါစေ .. လို့ .. ။

Read More...

Monday, September 25, 2006

ဝမ်းနည်းကြေကွဲခြင်း နှင့် အမှတ်တရ ဆရာမ

ဒီနေ့သတင်းစာဖတ်တော့ နာရေးကြော်ငြာမှာ အထက ၂ လသာ က ဆရာမ ဒေါ်တင်တင်အုန်း (အသက် ၅၉ နှစ်) ကွယ်လွန်တဲ့ သတင်းကိုဖတ်လိုက်ရပါတယ်။
ကျမ ၅ တန်းတုန်းက ဆရာမဟာ ၅ တန်းအတန်းမှူးပါ။ ဆရာမ အတန်းမှာ မနေဖူးပေမဲ့ ဆရာမနဲ့ ပတ်သက်မှု တခု ရှိခဲ့ဖူးပါတယ်။ မကြာသေးခင် ရက်ပိုင်းကတောင် အမေ့ကို အဲဒီအကြောင်း ပြောပြခဲ့သေးတယ်။ အခု ဆရာမ ကွယ်လွန်သွားပြီဆိုတော့ စိတ်မကောင်းဖြစ်မိပါတယ်။
အထက ၂ လသာ မှာ သူငယ်တန်းထဲက တက်ခဲ့ပါတယ်။ ၅ တန်းရောက်တော့ (စီ) တန်း မှာနေရတယ်။ အတန်းပိုင်က ဒေါ်ခင်အေးချိုပါ။ ကျမက အတန်းပိုင်ဆရာမရဲ့ တူမနဲ့ တူတူထိုင်ရပါတယ်။ ဆရာမ တူမက အဲဒီနှစ်ကမှ ကျောင်းကို ပြောင်းလာတဲ့ ကျောင်းသူသစ် တယောက်ပေါ့။ ကျောင်းသူတိုင်းဟာ အတန်းပိုင်ကို ကိုယ့်မိခင်တယောက်လိုပဲ ချစ်ခင် လေးစားကြပါတယ်။ roll တခု မှာ ၃ ယောက် ထိုင်ရတော့ ကျမရယ် တရုတ်မလေးတယောက်ရယ် ဆရာမ တူမရယ် တူတူထိုင်ကြတယ်။
တနေ့တော့ သူတို့နှစ်ယောက် (ဘာကြောင့်လဲ မမှတ်မိတော့ပါ) စကားများကြပါတယ်။ ကျမက တရုတ်မလေး ဘက်က ပါပါတယ်။ ဒီလိုနဲ့ စိတ်ဆိုး စိတ်ကောက်ပြီး ဆရာမ တူမကို ကျမတို့ ၂ယောက်က မခေါ်ကြတော့ဘူး။
အဲဒါကို သူက အတန်းပိုင် ဆရာမ (သူ့အဒေါ်) ကိုတိုင်တော့ ဆရာမက ကျမတို့ကို ဆူပါလေရော။ ကျောင်းသူအသစ်ကို အနိုင်ကျင့်တယ်ပေါ့။ ဆူတဲ့အပြင် အတန်းထဲက ထွက်ခိုင်းပြီး (A ကနေ J ) ထိ ကြိုက်တဲ့အတန်းကို ပြောင်း လို့ ပြောတယ်။ သူထွက်ခိုင်းလို့ ကျမ တို့ ၂ယောက်လဲ အတန်းပြင်မှာ လွယ်အိတ်တွေ ခြင်းတောင်းတွေနဲ့ မတ်တပ်လေးရပ်နေကြရပါတယ်။
တကယ်ဆို ကျောင်းသူချင်းချင်း စိတ်အခန့်မသင့်လို့ စကားများတဲ့ ကိစ္စမှာ အဲလောက်ထိ အပြစ်မပေးသင့်ဘူး လို့ ကျမထင်မိတယ်။ ကျမ သူငယ်ချင်း တရုတ်မလေးကတော့ အတန်းပိုင်ဆရာမကို ငိုယိုတောင်းပန်တဲ့အတွက် အတန်းထဲ ပြန်ဝင်ခွင့်ရခဲ့ပေမဲ့ ကျမကတော့ ကိုယ့်အမှားမဟုတ်လို့ ငိုလဲ မငိုဘူး တောင်းလဲ မတောင်းပန်ခဲ့ပါဘူး။ အတန်းပြင်မှာ ကျမတယောက်ထဲပေါ့။
အတန်းပိုင်ဆရာမက ကျမကို ‘တော်တော်ခေါင်းမာတဲ့ ကောင်မလေး’ လို့ မှတ်ချက်ချပြီး အခန်းတံခါးကို ပိတ်သွားပါတယ်။
အဲဒီအချိန်မှာ ဒေါ်တင်တင်အုန်း ရောက်လာပါတယ်။ သူက A တန်း ရဲ့ အတန်းပိုင်၊ ၅ တန်း အတန်းမှူးပါ။ သူက သြဇာ အာဏာ တော်တော်ရှိပါတယ်။ အတန်းပြင်မှာ တယောက်ထဲ ရပ်နေတဲ့ ကျမကို အကျိုးအကြောင်း မေးပါတယ်။ ကျမကလဲ အဖြစ်မှန်ကိုပြောပြပါတယ်။
ဒေါ်တင်တင်အုန်းက ကျမတို့ အတန်းရဲ့ တံခါးကိုဖွင့်ပြီး အတန်းပိုင်ဆရာမကို .. အဲဒီလို မလုပ်သင့်ကြောင်း နောက်တခါ ဖြစ်ရင် ကျမကို သူတာဝန်ယူမယ်ဆိုတဲ့အကြောင်း စသဖြင့် ပြေရာပြေကြောင်းပြောပါတယ်။ ဒီတော့မှ အတန်းပိုင်ဆရာမက ကျမကို စာသင်ခန်းထဲ ပြန်ဝင်ခွင့်ပေးပါတယ်။
မ၀င်ခင်မှာ ‘နောက်ရန်ဖြစ်ဦးမလား’ လို့ မေးလိုက်သေးတယ်။ ကျမလဲ အောင့်သက်သက်နဲ့ ‘မဖြစ်တော့ပါဘူး’ လို့ ပြောခဲ့လိုက်ရတယ်။
တကယ်လို့ ကျမတို့နဲ့ စကားများတဲ့ ကျောင်းသူဟာ သူ့တူမ မဟုတ်ဘဲ တခြားတယောက်ဆိုရင် သူ ဒီလို လုပ်မလား မလုပ်မလား .. မသိပါဘူး။
အဲဒီနောက်ပိုင်း အတန်းပိုင်ဆရာမကို မကြည်ညိုတော့ဘူး မလေးစားတော့ဘူး။ ကျမကို အာမခံပေးတဲ့ ဒေါ်တင်တင်အုန်းကိုတော့ ကျေးဇူးတင်မိတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အဖြစ်အပျက်ပေမဲ့ .. ဆရာမတွေနဲ့ ပတ်သက်ရင် ကျမ စိတ်ထဲ နာ နေတာလေးတွေကို ဘယ်တော့မှ မမေ့ပါဘူး။ အထူးသဖြင့် လသာ ၂ က ဆရာမတွေပါ။
အခု ဆရာမ ဒေါ်တင်တင်အုန်း ကွယ်လွန်တာနဲ့ တိုက်ဆိုင်ပြီး ဒီအဖြစ်အပျက်ကို ပြန်အမှတ်ရမိလို့ ရေးလိုက်တာပါ။ ဆရာမ .. ကောင်းရာသုဂတိ ရောက်ပါစေ .. ။

Read More...

Sunday, September 24, 2006

essay 3

ကျွန်တော့်မှာ
***
ကျွန်တော့်မှာ လုံခြုံသော ပိုက်ဆံအိတ် တစ်လုံး မရှိပါ။
သို့သော် ကျွန်တော့်မှာ ပိုက်ဆံ အနည်းငယ်တော့ ရှိနေပါသည်။ ထို ပိုက်ဆံအနည်းငယ်ကို ထည့်ရန်အတွက် လုံခြုံစိတ်ချရသော ပိုက်ဆံအိတ် တစ်လုံးရှိရန် လိုအပ်သည်ဟု ဘယ်တုန်းကမှ ကျွန်တော်မထင်ခဲ့ဖူးပါ။ ဘာကြောင့်ဆို ကျွန်တော်သည် အိပ်ကပ်ပါသော အင်္ကျီများကိုသာ စွဲစွဲမြဲမြဲဝတ်တတ်သောကြောင့်ဖြစ်၏။ ကျွန်တော်၏ အနည်းငယ်မျှသော ငွေစက္ကူတွေသည် ရှပ်အင်္ကျီအိတ်ကပ်ထဲတွင်ထည့်ရန် အသင့်တော်ဆုံးဖြစ်သည်ဟု ကျွန်တော်ယခုတိုင် ယူဆနေဆဲပင်။
***
ကျွန်တော်၏အိတ်ကပ်ထဲတွင် ငွေစက္ကူအနည်းငယ်အပြင် အခြားသောအရာဝတ္ထုအချို့လည်း ရှိနေပါသည်။
ထိုအရာများကား ...
(၁) ကျွန်တော်၏ မှတ်ပုံတင်ကဒ်ပြား
ကျွန်တော်ဟာ ဘယ်သူဘယ်ဝါဖြစ်သည်ဆိုတာ ဖော်ပြဖို့ (သက်သေပြဖို့) ဤ ကဒ်ပြားက အသုံးဝင်ပါသည်။ တစ်ခါတစ်ရံ ဘ၀တွင် လူတွေထက် ကဒ်ပြားတွေက ပိုပြီးအရေးကြီးတတ်သည်မှာ ကျွန်တော့် ကိုယ်တွေ့ပင်ဖြစ်သည်။ ကျွန်တော် ဘယ်သူပါ လို့ ကျွန်တော့်ပါးစပ်က ဘယ်လောက်ပဲ ပြောနေနေ လူတွေက ယုံချင်မှ ယုံကြမည်။ ဒီကဒ်ပြားလေး ပြလိုက်ရင်တော့ စကားတွေ ရှည်ရှည်ပြောရန်ပင်မလို၊ သြော် ... မင်းက ဘယ်သူကိုး၊ လိပ်စာက ဘယ်မှာ၊ အသက်က ဘယ်လောက်၊ သွေးအုပ်စုက ဘာ၊ စသဖြင့် သိသွားကြမည်ဖြစ်သည်။
ကျွန်တော့်တွင် ကိုယ်ပိုင်အိမ်တစ်လုံး ရှိမနေပါ။ သို့သော် မည်သည့်နေရာဒေသတွင်မဆို ခိုနားနေရန် အဆင်ပြေစေ ဖို့အတွက် လိုအပ်သည့် မှတ်ပုံတင်ကဒ်ပြားတစ်ခုကိုတော့ ကျွန်တော် ကိုင်ဆောင်ထားရပါသည်။ တစ်ခါတစ်လေတော့ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်သတိရစေဖို့ သူ့ကို ထုတ်ထုတ်ကြည့်မိ၏။
***
(၂) တစ်ခါသုံးဘောပင် (မင်ပြာ) တစ်ချောင်း
တစ်ခါတစ်ရံ ကျွန်တော်စာရေးဖြစ်ပါသည်။ စာရေးသည့်အခါ အပြာရောင်မင်ထွက်သည့် မည်သည့် ဘောပင်အမျိုးအစားကိုမဆို ကျွန်တော်အသုံးပြုပါသည်။ အနက်ရောင်ကို ကျွန်တော် ကြိုက်နှစ်သက်သော်လည်း မင်အနက်ကို ဘာကြောင့်အသုံးမပြုရသလဲဆိုလျှင် စိတ်မချရသောကြောင့်ဖြစ်သည်။ မင်အနက်ဖြင့်ရေးသော စာတစ်ချို့မှာ ဆင်တူရိုးမှား ပုံတူပွားထားသော စာများနှင့် တူနေသောကြောင့်ပင်။ ထိုမင်ပြာဘောပင်လေးများကို မင်လုံးဝကုန်ဆုံးသွားသည်အထိ အသုံးပြုရသည်မှာ အလွန်ရှားပါသည်။ ပျောက်ဆုံးသွား၍ဖြစ်စေ ပျက်စီးသွား၍ ဖြစ်စေ အကြောင်းတစ်ခုခုကြောင့် ထိုဘောပင်လေးများကို သက်တမ်းကုန်ဆုံးချိန်အထိ အသုံးပြုခွင့်မရခဲ့။ ကံကောင်းထောက်မ၍ မင်ကုန်သည်အထိ အသုံးပြုခွင့်ရသည့် ဘောပင်ကလေးများကိုတော့ တစ်ခါတစ်ရံ ကြုံခဲ့ရဖူး၏။ ကြုံတောင့်ကြုံခဲပင်။
***
(၃) ပရုပ်ဆီဗူးဝိုင်းလေးတစ်ခု
ပတ်ဝန်းကျင်၏ ရိုက်ခတ်လာသော ဆိုးဝါးသည့်အနံ့အသက်များမှ တဒင်္ဂထွက်ပေါက်ရရန် အလို့ငှာ ထိုအရာလေးကို ကျွန်တော့်အိတ်ကပ်ထဲတွင် ဆောင်ထားခြင်းဖြစ်သည်။
ကျွန်တော်တို့သည် မမြင်ချင်လျှင် မျက်နှာလွှဲပစ်လို့ရသည်။ သို့မဟုတ် မျက်စိမှိတ်လိုက်လို့ ရသည်။ မကြားချင်လျှင် နားပိတ်ထားလို့ရသည်။ မနံချင်လျှင်ရော ... ဘယ်လိုလုပ်ကြရမလဲ၊ နှာခေါင်းပိတ်ထားရုံပေါ့ ဟု ပြော၍ရပါသည်။ သို့သော် သင်၏နှာခေါင်းကို ဘယ်လောက် ကြာကြာ ပိတ်ထားနိုင်မှာလဲ။ ကျွန်တော်တို့သည် ဒီနှာခေါင်းဖြင့်သာ အသက်ရှူနေကြရသည် မဟုတ်ပါလော။ နှာခေါင်းကို ကြာကြာပိတ်ထားလျှင် အသက်ရှူကျပ်လာမည်။ အသက်ရှူချင်လာမည်။ အားပါးတရ ပြန်လည်ရှူရှိုက်မိမည်။ ထိုအခါ ကျွန်တော်တို့ မရှူလိုသည့် အနံ့အသက်ဆိုးက နှာခေါင်းမှတစ်ဆင့် အဆုတ်ထဲသို့ အလုံးအရင်းဖြင့် ၀င်ရောက်လာကြပေလိမ့် မည်။ ဖြတ်သွားဖြတ်လာ ကြုံဆုံရမည့် အနံ့အသက်ဆိုးကိုတော့ ခဏတဖြုတ် အသက်အောင့် နှာခေါင်းပိတ်ရုံဖြင့် အဆင်ပြေမည်ဖြစ်သော်လည်း မရှောင်သာ မလွှဲသာ (ဥပမာ ဘတ်စ်ကားပေါ်မှာ လိုမျိုး) ကြုံရပြီဟေ့ ဆိုလျှင်တော့ ကျွန်တော်က ဒီပရုတ်ဆီဗူးဝိုင်းလေးကိုသာ အသုံးပြုလေ့ ရှိပါသည်။ အနံ့ဆိုးမှ လုံးဝကင်းသွားသည်မဟုတ်သော်ငြား အနည်းငယ် သက်သာ မှုကို ပေးတတ်သောကြောင့် ကျွန်တော့်အိပ်ကပ်ထဲတွင် သူ့ကို ဆောင်ထားခြင်းဖြစ်၏။ တစ်ခါတစ်ရံ လောကကြီးကြောင့် ခေါင်းကိုက်ရသည့်အခါ ကျွန်တော် သူ့ကို လိမ်းပစ်လိုက် သည်။
***
(၄) လိုင်စင်
ကျွန်တော့်မှာ ကိုယ်ပိုင်ကား တစ်စီးမှ မရှိပါ။ သို့သော် ကျွန်တော့်ကိုယ် ကျွန်တော် မောင်းနှင်ရန် အတွက် လိုင်စင်တစ်ခုတော့ ကျွန်တော့်မှာ ရှိနေသည်။ ဒါပေမယ့် လမ်းစည်းကမ်းတော့ ကျွန်တော် သိပ်မကျွမ်းကျင်တာ အမှန်ပါ။ တစ်ခါက မီးပွိုင့်တွင် ပုလိပ်အဖမ်းခံရဖူး၏။
***
(၅) အဝေးကြည့်မျက်မှန်တစ်လက်
ကျွန်တော့်မျက်လုံးများသည် အနီးကပ်ကြည့်၍မြင်ရသော်လည်း အဝေးကိုမမြင်ရသဖြင့် သူ့ကို ဆောင်ထားရခြင်း ဖြစ်ပါသည်။ ကျွန်တော်က အဝေးကို လှမ်းမျှော်ကြည့်ရတာ ၀ါသနာပါသည်။ သို့သော် ကျွန်တော်၏ အဝေးကြည့်မျက်မှန်က အနောက်ကိုကြည့်လျှင် ပြတ်သားစွာမြင်ရသော်လည်း အရှေ့သို ကြည့်သောအခါ ၀ိုးတ၀ါးသာ မြင်ရလေသည်။ လမ်းကြုံလျှင်တော့ မျက်မှန်ဆိုင် ကောင်းကောင်းမှာ အရှေ့ကို ပြတ်ပြတ်သားသား မြင်ရသည့် မျက်မှန်တစ်လက် လုပ်ပါဦးမည်။
***
(၆) အိတ်ဆောင်မှတ်စုစာအုပ်ငယ်
လိပ်စာများ၊ တယ်လီဖုန်းနံပါတ်များနှင့် အခြား အချက်အလက်များကို မှတ်သားရန် ကျွန်တော့်မှာ မှတ်စုစာအုပ်ငယ် တစ်အုပ်ရှိနေပါသည်။ ကျွန်တော်၏စာအုပ်လေးသည် သေးသလောက် ရှုပ်ပွနေ၏။ သူ့ထံတွင် ကျွန်တော့်ဘ၀အတွက် အရေးပါသော အချက်အလက်များရှိသည်။ ကျွန်တော့်ဘ၀တွင် ကိုယ်ပိုင် ကွန်ပျူတာတစ်လုံး ရှိနေရန် မလိုအပ် သော်လည်း ဤစာအုပ်ကလေး ရှိနေဖို့တော့ လိုအပ်လှပါသည်။ အချက်အလက်အများကြီးကို ခေါင်းထဲတွင် တစ်ပြိုင်တည်း မှတ်မထားနိုင်သော ကျွန်တော်သည် သူ့ကိုဆောင်ထားခြင်း၊ သူ့ကို ပြန်လှန်ကြည့်ခြင်းဖြင့် အကျိုးရှိနေ၍ ဖြစ်သည်။
***
ကျွန်တော့်မှာ ... လုံခြုံသော ဘ၀တစ်ခု ရှိမနေပါ။
သို့သော် မလုံခြုံသောဘ၀မှာပင် ကျွန်တော်ဆိုသော လူတစ်ယောက်ရှင်သန်နေသည်။ မလုံခြုံသောဘ၀ ရှိသည့် ကျွန်တော့်တွင် မလုံခြုံသော အိတ်ကပ်လေး တစ်လုံးလည်း ရှိနေသည်။ ထိုအိတ်ကပ်လေးထဲတွင် ကျွန်တော်ပိုင် ပစ္စည်း အချို့ရှိသည်။ ထိုအိတ်ကပ်လေးသည် ကျွန်တော်၏ ဘယ်ဘက်ရင်အုံနှင့် အနီးကပ်ဆုံးတွင် တည်ရှိနေသည်။
ထို အိတ်ကပ်လေးသည်ပင် ကျွန်တော့်ဘ၀၏ တစ်စိတ်တစ်ဒေသ ဖြစ်ပေတော့သည်။

(၂၀၀၂ ခုနှစ်လောက်က ရေးခဲ့တဲ့ အက်ဆေးတပုဒ်ဖြစ်ပါတယ်။)

Read More...

Saturday, September 23, 2006

song 2

ဒီသီချင်းက LMN အယ်ဘ်ဘမ်ထဲမှာ အငဲဆိုတဲ့ သီချင်းပါ။
ဒီသီချင်းကိုလဲ ပထမ တင်တဲ့ ‘ခရီးများအဆုံးထိလျှောက်’ သီချင်းလိုပဲ နှစ်သက်ပါတယ်။
နားထောင်ပြီးရင် အားရှိသလို ခံစားရလို့ပါ။
***


နယ်မြေသစ်များစွာ (အငဲ)

ငါစိတ်ကူးတွေ အဝေးကိုရွက်လွှင့်ဆဲ
ဘယ်လိုအခက်အခဲတွေ့လဲ ရောက်အောင်ရှေ့ဆက်သွားစို့
ဘ၀ဟာ ဂိမ်းတခုဆိုလဲ နောက်တခန်းသွားရမှာပဲ
ရန်သူတွေအများကြီးနဲ့ တိုက်ခိုက်ရှေ့ဆက်သွားစို့
ငါလက်ကိုတွဲထားလိုက်ဦး အကြင်နာတွေနဲ့ အားပေးလိုက်ဦး
အတူတူ တို့ ရဲရင့်မယ် ..
*နယ်မြေသစ်များစွာ ရှေ့မှာ အတူစွန့်စားကြစို့ မင်းနဲ့ငါ
နယ်မြေသစ်များစွာ ရှေ့က အတူသိမ်းပိုက်မှာပဲ ဟေ့*
ချွန်ထက်လွန်းတဲ့ မင်းဟာ မြားဆိုလဲ
ငါဟာလေ လေးတစင်းပေါ့ သွားမယ်ပစ်မှတ်များထိ
မင်းဟာဓားတစင်းဆိုလဲ ငါကဒိုင်းတလက်ပဲပေါ့
ဒီမှာအမှန်တရားအတွက်ဆို တို့နှစ်ယောက်အသက်စွန့်ကြစို့
မင်းလက်တွေတွဲထားပေးဖို့ ..
ဒဏ်ရာတွေကြုံလဲ နှစ်သိမ့်ပေးဖို့ ..
အမြဲတမ်းမင်းအနားမှာ ငါအားပေးမယ် ရဲရင့်ကြပါစို့ .. .. ..
*
ငါတို့ရှေ့မှာ အတားအဆီးများ ဘာမှကိုမကြောက်ဖူး ရှေ့ဆက်မှာ
ငါတို့ရှေ့မှာ ပိတ်ဆို့သူ အားလုံးတိုက်ခိုက်မယ် လာ ရင်ဆိုင်မယ် ..
*

Read More...

Friday, September 22, 2006

ခါတိုင်းလိုပဲ .. အထီးကျန်ဆဲ ....

ဒီနေ့
မနက်စောစောကတည်းကမိုးအုံ့နေတယ်။
နေကောင်းကောင်းမပွင့်ဘူး။
မိုးသက်လေအေးအေး တသုန်သုန်တိုက်နေတယ်၊
သစ်ရွက်လေးတွေက ညင်ညင်သာသာ လှုပ်ခတ်နေတယ်၊
ကောင်းကင်က ညို့ညို့ဆိုင်းဆိုင်း မှိုင်းမှိုင်းမှုန်မှုန်
တလောကလုံးကို အအေးဓာတ်လွှမ်းခြုံထားတယ်။
***
ဒီနေ့ဟာ ..
ခါတိုင်းလိုပဲ သာမန်မိုးအုံ့တဲ့နေ့လေးတနေ့ပါပဲ။
ခါတိုင်းလိုပဲ ..လေပြေတွေ တိုက်ခတ်ဆဲ။
ခါတိုင်းလိုပဲ .. သစ်ရွက်တွေ ကြွေနေဆဲ။
ခါတိုင်းလိုပဲ .. ငှက်ကလေးတွေ ပျံနေဆဲ။
ခါတိုင်းလိုပဲ ..မြက်ခင်းတွေ စိမ်းနေဆဲ။
ခါတိုင်းလိုပဲ .. လမ်းမထက်မှာ ကားတွေသွားနေကြဆဲ။
ခါတိုင်းလိုပဲ .. လမ်းဘေးမှာ လူတွေ လျှောက်နေကြဆဲ။
ခါတိုင်းလိုပဲ .. လဖက်ရည်ဆိုင်က အော်သံတွေ တခါတခါလွင့်ပျံလာဆဲ ..။
ခါတိုင်းလိုပဲ .. လူတွေ အော်ဟစ်ရယ်မော နေကြဆဲ။
ခါတိုင်းလိုပဲ ..လေအဝှေ့မှာ ညှော်နံ့တွေ ပျံ့လွင့်လာဆဲ။
ခါတိုင်းလိုပဲ .. ငါလဲ ဒီအခန်းလေးထဲမှာ .. ထိုင်နေဆဲ ..။
ခါတိုင်းလိုပဲ .. ငါ့စိတ်တွေ ..တွေဝေဆဲ ..။
ခါတိုင်းလိုပဲ .. ငါ့ရင်ထဲ .. လွမ်းနေဆဲ ..။
ခါတိုင်းလိုပဲ .. အရာရာဟာ .. ပုံမှန်လည်ပတ်ဆဲ ..။
ဖွင့်ထားတဲ့ ပြတင်းပေါက်ကနေ ..မြင်ရတဲ့ မြင်ကွင်းကလည်း ..
ခါတိုင်းလိုပဲ .. မပြောင်းမလဲ တည်ရှိနေဆဲ .. .. .. ။
***
တဖွဲဖွဲကျနေတဲ့ မိုးရေစက်တွေက
သစ်ပင်ပေါ်က သစ်ရွက်တွေကိုဖြတ်သန်းပြီး မြေပြင်ပေါ်ကျတယ်။
သစ်ရွက်တွေကတဆင့်ကျလာတဲ့ မိုးရေစက်တွေကိုကြည့်ရင်း ..
ပါးပြင်ပေါ်ကိုကျလာတဲ့ မျက်ရည်စက်တွေလို့ မြင်ယောင်ခံစားနေမိတယ်။
အေးစက်စွာ ပူနွေးနေမဲ့ မျက်ရည်စက်တွေလား .. .. ။
တိမ်တွေကတော့ .. ခါတိုင်းလိုပဲ တရွေ့ရွေ့နဲ့ အထီးကျန်လို့ပေါ့။
***
အိမ်ခေါင်မိုး မျက်နှာကျက်ကြားမှာ .. မိုးခိုနေတဲ့ ငှက်ကလေးက အထီးကျန်တယ်။
တစက်စက်ကျနေတဲ့ မိုးရေစက်တွေလဲ အထီးကျန်တယ်။
မိုးရေတွေစိုစွတ်နေတဲ့ သစ်ရွက်လေးတွေလဲ အထီးကျန်တယ်။
အုတ်တံတိုင်းဘေးမှာ မတ်မတ်ရပ်နေတဲ့ သစ်ပင်ကြီးလဲ အထီးကျန်တယ်။
လမ်းတဖက်က တက်ခ်စီလေးတစင်းလဲ အထီးကျန်တယ်။
တချက်ချက်မြည်ရင်း ရွေ့လျားနေတဲ့ နာရီအိုလေးလဲ အထီးကျန်တယ်။
ခန်းဆီးကြားက အိမ်မြှောင်လေးတကောင်လဲ အထီးကျန်တယ်။
နံရံထက်က ရွှေခြည်ထိုးပန်းချီကားကြီးလဲ အထီးကျန်တယ်။
ပိတ်ထားတဲ့ တံခါးတချပ်လဲ အထီးကျန်တယ်။
ဖွင့်ထားတဲ့ သီချင်းတပုဒ်လဲ အထီးကျန်တယ်။
စေးကပ်နေတဲ့ အိပ်မက်တွေလဲ အထီးကျန်တယ်။
လုံးပါးပါးနေတဲ့ မျှော်လင့်ချက်တွေလဲ အထီးကျန်တယ်။
ငါနေထိုင်ရာ အခန်းလေးလဲ အထီးကျန်တယ်။
ကြိုးတွေလျော့နေတဲ့ ဂစ်တာလေးလဲ အထီးကျန်တယ်။
မမှတ်ဖြစ်တဲ့ မှတ်စုစာအုပ်လေးလဲ အထီးကျန်တယ်။
အယ်ရာခဏခဏတက်တဲ့ ကွန်ပျူတာလေးလဲ အထီးကျန်တယ်။
ခါးသက်သက် အေးစက်နေတဲ့ ကော်ဖီတခွက်လဲ အထီးကျန်တယ်။
အရောင်မွဲမွဲ ပြက္ခဒိန်လေးတရွက်လဲ အထီးကျန်တယ်။
နားလည်မှုမရှိတဲ့လူတွေကြားထဲမှာ နေထိုင်ရတဲ့ ငါကိုယ်တိုင်လဲ
ခါတိုင်းလိုပဲ ..
အထီးကျန်တယ်။
***
ဒီနေ့ဟာ
သြဂုတ်လရဲ့ အဆုံးသတ်မဲ့နေ့
တနေ့လုံး နေမသာဘဲ မိုးအုံ့တဲ့နေ့
မျှော်လင့်ချက်မဲ့ ခပ်မွဲမွဲလူတယောက်ရဲ့ရင်ထဲမှာတော့ မုတ်သုန်မိုးတွေသည်းတဲ့နေ့
အဓိပ္ပါယ်မဲ့တဲ့ စာတွေကိုရေးရင်း တွေးချင်ရာတွေးနေမိတဲ့ နေ့
သီချင်းတပုဒ်ထဲကို ထပ်တလဲလဲ နားထောင်မိတဲ့ နေ့
လွမ်းတယ်ဆိုတာထက်ကို ပိုပြီးလွမ်းနေမိတဲ့ နေ့
တကယ်တော့ ..
ဒီနေ့ဟာ
ခါတိုင်းလိုပဲ
အထီးကျန်တဲ့ ..နေ့။

(သြဂုတ်လ ၃၁ ရက်နေ့က ရေးခဲ့တဲ့ စာပါ။)

Read More...

Thursday, September 21, 2006

လူဆိုတာ ...

လွန်ခဲ့တဲ့ တပတ်လောက်က သူငယ်ချင်းတယောက်နဲ့လဖက်ရည်ဆိုင်ထိုင်ရင်း .. သူ့ဆီမှာ ပါလာတဲ့ အခွင့်အလမ်းဂျာနယ်ကို ယူကြည့်မိတယ်။ ဂျာနယ်ကို ဟိုလှန်ဒီလှန်နဲ့ဖတ်နေရင်း ဆောင်းပါးတပုဒ်ထဲက စာသားတချို့ ဖတ်မိသွားတယ်။ ဆောင်းပါးရှင်က နိုင်ငံခြားကစီးပွားရေးပညာရှင်တယောက် (အဒမ်စမစ် လို့ထင်ပါတယ် .. အတိအကျမမှတ်မိတော့ပါ)ပြောတဲ့ စာသားတချို့ကို ကိုးကားပြီးဆောင်းပါးမှာဖော်ပြ ထားတယ်။
မှတ်မိသလောက်ပြန်ပြောရမယ်ဆိုရင် ..
လူနှစ်ယောက် တွေ့ကြတဲ့အခါမှာ .. တယောက်နဲ့တယောက် စကားအငြင်းအခုန်လုပ်မလား .. ပါလာတဲ့ ကုန်ပစ္စည်းချင်းဖလှယ်မလား .. တဲ့။ အဲဒီမေးခွန်းကို သူကိုယ်တိုင်ကပဲ ပြန်ဖြေပါတယ်။ ကုန်ပစ္စည်းချင်း ဖလှယ်ပါမယ် .. တဲ့။
ဒါကြောင့် .. လူဆိုတာ ပင်ကိုယ်က နိုင်ငံရေးသတ္တ၀ါ မဟုတ်ဖူး .. စီးပွါးရေးသတ္တ၀ါ ဖြစ်တယ် လို့ ကောက်ချက်ချပါသတဲ့။
ဒါကို ကျမက ရိုးရိုးလေးပဲ စဉ်းစားကြည့်ပါတယ်။
လူဆိုတာ မွေးလာကတည်းက ဗလာပါပဲ။ သူ့မှာ ဘာကုန်ပစ္စည်းမှ ပါလာတာမဟုတ်ပါဘူး။ ဒါပေမဲ့ အသိဥာဏ် နဲ့ စဉ်းစားတတ်တဲ့ဦးနှောက်တော့ပါလာပါတယ်။
ဒီတော့ ..လူနှစ်ယောက်တွေ့ကြရာမှာ လက်ဗလာကြီးပဲဆိုရင် .. သူတို့ဘာလုပ်မလဲ။
စကားပြောမယ်။ မိတ်ဖွဲ့မယ်။ နောက် … သူတို့ရဲ့ အတွေးအခေါ် အယူအဆချင်း ဖလှယ်ကြမယ်။ သဘောထားချင်း တိုက်ဆိုင်ရင် လက်တွဲဖြစ်မယ်။ သဘောထားခြင်း မတိုက်ဆိုင်ရင် ငြင်းခုန်ကြမယ်။
ဒီလိုနဲ့ .. ကျန်တဲ့သူတွေကပါ .. သူတို့ကြိုက်တဲ့အယူအဆရှိတဲ့လူကိုထောက်ခံမယ်။ မကြိုက်တဲ့သူကို ကန့်ကွက်မယ်။ ဒီလိုနဲ့ အုပ်စုတွေကွဲသွားမယ် .. ။
စသဖြင့် ..လျှောက်တွေးကြည့်တော့ .. သူပြောသလို … လူဆိုတာ .. ပင်ကိုယ်က စီးပွါးရေးသတ္တ၀ါ ဆိုတာ ဟုတ်ပါ့မလားလို့ .. စဉ်းစားမိပါတယ်။
ပြောသူကတော့ စီးပွါးရေးပညာရှင်မို့ သူလိုရာကို ဆွဲပြောတာများလားပေါ့ နော်။
ဘာပဲဖြစ်ဖြစ် ..
လူဆိုတာ .. ပင်ကိုယ်ကတော့ ဗလာ ပါပဲ။

Read More...

Tuesday, September 19, 2006

my lovely pet


သူ့နာမည်က ကစ်ကစ်တဲ့။
အရမ်းချစ်ဖို့ကောင်းပြီး အရမ်းဆိုးတဲ့ ခွေးကလေးပေါ့။
သူ့ကိုယ်သူ ခွေး ဆိုတာ မသိတဲ့ ခွေးကလေးလေ။
‘ခွေး’ လို့ဆိုရင် သူက တခြားခွေးကြီးတွေကို ခေါ်တယ်ပဲ ထင်ပြီး မာန်ဖီတတ်တယ်။ ဟောင် တတ်တယ်။
အကောင်လေး သေးပေမဲ့ အရမ်းစွာတယ်။ သူထက်အများကြီးကြီးတဲ့ ခွေးကြီးတွေကိုတောင် သူက ပြန်ဖိုက်ချင်သေးတာ။
တကယ်တမ်း ဆေးခန်းလိုနေရာမျိုးမှာ ခွေးကြီးတွေနဲ့ ဆုံရင်တော့ ကြောက်လွန်းလို့ လူပေါ်အတင်းဖက်တက်တယ် .. ။
အရင်က ခွေးမချစ်တတ်ပေမဲ့ .. အရမ်းဆိုး .. အရမ်းချွဲတတ်ပြီး .. အရမ်းနားလည်တဲ့ သူ့ကိုတော့ အရမ်းချစ်မိသွားတယ်။
နောက် ကြုံမှ သူ့အကြောင်းလေးတွေ ထပ်ရေးပါဦးမယ်။
ဒီပုံလေးက သူဆော့တဲ့ အရုပ်တွေကြားမှာ ၀ပ်နေတုန်း .. ရိုက်ထားတဲ့ ပုံလေးပါ။

Read More...

Monday, September 18, 2006

ဒီနေ့ဖတ်ဖြစ်သောစာအုပ်

အဖေ့ စာအုပ်ဗီရိုမွှေရင်းနဲ့ ရွှေနန်းသုံးဝေါဟာရအဘိဓာန်စာအုပ်လေးတွေ့လို့ ဖတ်ကြည့်မိရာက …
မှတ်သားစရာလေးတွေ တွေ့တာနဲ့ blog မှာ တင်လိုက်ပါတယ်။
***
ရွှေနန်းသုံးဝေါဟာရအဘိဓာန်
ဦးမောင်မောင်တင်ရေးသည်။
***
၁- ဧကရာဇ်မင်းမြတ်အကြောင်း
မင်းဧကရာဇ်ဟူသည်မှာ - ဧကသဒ္ဒါ-တခုဟောအနက်၊ အတုမရှိအမြတ်ဟူသော အနက်များကိုရသည်။ အတုမရှိမြတ်သောမင်း ဆိုလိုသည် အဓိပ္ပါယ်ယူရမည်ဟူ၍ ရာဇသေ၀ကဒီပနီကျမ်းက ဆိုသည်။
ဧကရာဇ်မင်းမြတ်တို့ ဆောင်ရွက်တော်မူမြဲကိစ္စမှာ တနေ့သုံးယံ ညီလာခံခြင်း၊ တိုင်းရေးပြည်မှု သာသနာမှုနှင့်တကွ ကိုယ်တော်ရေးမှစ၍ တိုင်ပင်တော်မူသင့်သည်များကို တိုင်ပင်နှီးနှောတော်မူခြင်း၊ ရာဇဂုဏ် ၈-ပါး တို့နှင့်အမြဲပြည့်စုံကြောင်း အမြဲအားထုတ်တော်မူခြင်း၊ မင်းနှင့်ဆိုင်သော သင်္ဂဟတရားလေးပါး၊ သူခပ်သိမ်းတို့နှင့်ဆိုင်သော သင်္ဂဟတရား လေးပါးတို့နှင့်ပြည့်စုံတော်မူအောင် အားထုတ်တော်မူခြင်းများသည် မင်း၏ မြဲသော အလုပ်ကိစ္စ မှတ်သင့်ချေသည်။
***
မင်းတို့ကျင့်ရာသော သင်္ဂဟတရားလေးပါးအကြောင်း
စတုက၌ ရေမြေသေဌ်နင်း မင်းတို့သည် တိုင်းနိုင်ငံသူ လူရှင်အပေါင်းတို့အား သင်္ဂြိုဟ်ချီးမြှောက်ကြောင်း သင်္ဂဟတရား လေးပါးအပြားရှိ၏။ လေးပါးဟူသော်ကား သဿမေဓ၊ ပုရိသမေဓ၊ ၀ါစာပေယျ၊ သမ္မာပါသ-ဟူ၍ လေးပါးအပြားရှိ၏၊ ဤသင်္ဂဟတရားလေးပါးတို့ဖြင့် ရေမြေသေဌ်နင်းမင်းတို့သည် တိုင်းနိုင်ငံသူ လူရှင်းအပေါင်းတို့ကို သင်္ဂြိုဟ်ချီးမြှောက်ကုန်ရာ၏။
***
သဿမေဓ
ကောက်ပဲအစရှိကုန်သော အခွန်အတုတ်တို့ကို ဆယ်ဘို့ တဘို့သာ ခံယူခြင်းသည် သဿမေဓမည်၏။ ကောက်ပဲ အစရှိကုန်သော အခွန်အတုတ်ပြီးစေခြင်း၌ ပညာနှင့်ယှဉ် ဟူလိုသည်။
***
ပုရိသမေဓ
သူရဲသူခက်တို့အား ခြောက်လတကြိမ် ထမင်းမျိုး ရိက္ခာဖြစ်စေခြင်းသည် ပုရိသမေဓမည်၏။ သူရဲသူခက်တို့အား သင်္ဂြိုဟ်ချီးမြှောက်ခြင်း၌ ပညာနှင့်ယှဉ်ဟူလိုသည်။
***
သမ္မာပါသ
သူဆင်းရဲတို့လက်၌ စာရင်းတင်ထား၍ အသပြာတထောင်၊ နှစ်ထောင်မျှလောက်သော ကြေးငွေဥစ္စာပေးနှင့်၍ သုံးနှစ်လည်မှ အတိုးအပွားမရှိ အရင်းအတိုင်းသာ ခံယူခြင်းသည် သမ္မာပါသ မည်၏။
***
ဝါစာပေယျ
မှူးမတ်၊ ကလန်၊ သံပျင် အစရှိကုန်သော သူတို့ကို အမောင်၊ ဦးရီး စသည်ဖြင့် သာယာချေငံစွာခေါ်ဝေါ်ပြောဆို ခြင်းသည် ၀ါစာပေယျမည်၏။ ချစ်ကြည်မြတ်နိုးဘွယ်သောစကားဖြင့် သင်္ဂြိုဟ်မစသည် ဟူလိုသည်။
***

Read More...

Sunday, September 17, 2006

သင့်သွေးဖြင့် အသက်ကယ်ပါ

မနေ့က အသိ ဦးပဇင်းတပါး သွေးလှူချင်လို့ဆိုပြီး ဇီဝိတဒါန သံဃာ့ဆေးရုံ ကိုသွားလို့ လိုက်သွားခဲ့ပါတယ်။
ဆေးရုံရောက်တော့ တာဝန်ရှိသူတွေထံ သွေးလှူဒါန်းချင်ကြောင်းပြောတဲ့အခါ သူတို့က လက်ခံလို့မရဘူးလို့ပြောတယ်။ ဒီဆေးရုံမှာ သွေးသိုလှောင်ရာဌာန မရှိတဲ့အတွက် တနှစ်မှာ နှစ်ကြိမ် (၀ါဆိုလပြည့်နေ့နဲ့ နှစ်ဆန်း တရက်နေ့) သာ သွေးလှူဒါန်းပွဲပြုလုပ်ပြီး လက်ခံကြောင်း ရှင်းပြပါတယ်။
ဒါနဲ့ ဦးပဇင်းလည်း ရန်ကုန်ဆေးရုံကြီးက အမျိုးသားသွေးလှူဘဏ်ကို သွားပါတယ်။
စောစောက ဘာလို့ အဲဒီကို တန်းပြီးမသွားလဲ ဆိုရင် စေတနာရှင်တွေလှူထားတဲ့ သွေးတွေကို လိုအပ်တဲ့လူနာတွေကိုအလကားမပေးဘဲ သွေးလှူဘဏ်က ရောင်းစားတယ်ဆိုတဲ့ သတင်းကြောင့်ပါပဲ။ ဒါကြောင့် သံဃာ့ဆေးရုံကို အရင်သွားခဲ့တာပါ။ ဟိုက လက်မခံတော့မှ .. သွေးလှူဘဏ်ကို ရောက်သွားတယ်။
ဒါပေမဲ့ ..
သွေးလှူဘဏ်မှာလဲ လှူလို့မရခဲ့ပါဘူး။ စနေ နေ့မို့ ရုံးပိတ်ပါသတဲ့။ သွေးလက်မခံဘူးပေါ့လေ။
ဒါနဲ့ပဲ .. အားချင်း အလှူဆိုရင် လက်ခံတယ် မဟုတ်လား .. လို့ စောဒက တက်ကြည့်တော့ အားချင်းအလှူဆိုတာက ၀ါဒ့်ထဲက လူနာတချို့ အရေးပေါ်သွေးလိုအပ်တယ်ဆိုရင် လှူလို့ရတယ် .. တဲ့။ အမှန်တကယ်လိုအပ်ကြောင်း စာရွက်စာတမ်းတွေ ဘာတွေ တင်ပြရမယ် လို့ပြောပါတယ်။ ဒါနဲ့ပဲ .. အဲဒီနေ့အဖို့ ဦးပဇင်းလည်း သွေးမလှူဖြစ်တော့ဘဲ ပြန်လာခဲ့ရတယ်။
***
တကယ်ဆိုရင် ..
ဆေးရုံတွေပေါ်က လူနာများစွာဟာ သွေးပုလင်းပေါင်းများစွာကို အမှန်တကယ်လိုအပ်နေပါတယ်။
လှူတဲ့ သွေးပမာဏနဲ့ လိုတဲ့ သွေးပမာဏကလဲ ကွာခြားလွန်းလှပါတယ်။
လူနာတွေဟာ စနေရယ် တနင်္ဂနွေရယ် .. ရုံးပိတ် ရုံးဖွင့်ရက်တွေရယ် ရွေးနေပြီးမှ သွေးလိုနေတာ မဟုတ်ပါဘူး။ ဒါကြောင့် သွေးလှူဘဏ်ကိုတော့ အလှည့်ကျ ၀န်ထမ်းတွေခန့်ထားပြီး နေ့စဉ် ဖွင့်ထားသင့်ပါတယ်။
လှူချင်တဲ့အချိန်မှာ .. လှူခွင့်ရအောင်လည်း ဆေးရုံတွေက စီမံထားသင့်တယ်။ ဆေးရုံတိုင်းမှာ သွေးသိုလှောင်ရာဌာန ရှိသင့်တယ်။
ခုတော့
ရန်ကုန်မြို့မှာတောင် ဆေးရုံတိုင်းမရှိဘူး .. ရှိတဲ့ဆေးရုံမှာလဲ နေ့တိုင်း အလုပ်မလုပ်ဘူး .. ဆိုတော့ ..
အင်း .. .. ..
‘သင့်သွေးဖြင့် အသက်ကယ်ပါ’ ဆိုပြီး ကြော်ငြာ မနေသင့်တော့ဘူးလား လို့တောင် စဉ်းစားမိပါရဲ့။

Read More...

Saturday, September 16, 2006

problem solving

ပြဿနာတခု ပြေလည်မယ်ကြံကာရှိသေး …နောက်တခုက အနားရောက်လာပြန်တယ်။
ဒီလိုပါပဲ .. ဘ၀ဆိုတာ စိန်ခေါ်မှုတွေ .. ရုန်းကန်မှုတွေ ..ပြိုင်ဆိုင်မှုတွေနဲ့ ပြည့်နှက်နေတာပဲလေ။
ဒါတွေမှ မရှိရင်လည်း နေရတာ ပျင်းစရာကောင်းလိုက်မယ့်ဖြစ်ခြင်း ..။
ပြဿနာတခုစဖြစ်ပြီဆိုရင် စိတ်ညစ်မိပေမဲ့ အဲဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းလိုက်နိုင်ရင် ကိုယ့်ကိုယ်ကို ကျေနပ်မိတယ်။
နောက်ပြဿနာတခု ဖြေရှင်းဖို့အတွက်လည်း အင်အားအသစ်တွေ ထပ်ရလိုက်တယ်ဆိုပါတော့။

ပြဿနာတခု ဖြေရှင်းတဲ့နေရာမှာ ..
မြွေမသေ တုတ်မကျိုးတို့ .. ရှဥ့်လဲ လျှောက်သာ ပျားလဲ စွဲသာ .. ဆိုတဲ့ နည်းလမ်း တွေကိုတော့ အမုန်းဆုံးပဲ။ အဲဒါတွေက စကားပုံတွေထဲမှာပဲရှိတယ်။ လက်တွေ့ဘ၀နဲ့ နီးစပ်မှု မရှိဘူး။
မြွေလဲ မသေစေချင် .. တုတ်လဲ မကျိုးစေချင်ရင် အပေါက်ခံလိုက်ရမှာလား .. ။ ဒါမှမဟုတ် ထိုင်ကြည့်နေမှာလား။
ပြဿနာကို မှန်မှန်ကန်ကန်ဖြေရှင်းနိုင်ဖို့အတွက် ..
ကိုယ်တိုင်က မှန်ကန်တဲ့ အမြင်ကို မြင်နိုင်ဖို့ .. ကိုယ့်ရဲ့ မှန်ကန်တဲ့အတွေးအခေါ် အယူအဆကို ထုတ်ဖော် ပြသနိုင်ဖို့ .. အရေးကြီးပါတယ်။
ဒီလို အမြင်မှန်နဲ့ အယူအဆမှန်တွေကို ထုတ်ဖော်ပြပြီးတဲ့နောက် ..
မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချနိုင်ဖို့ဆိုရင်တော့ .. ဒွိဟ ဖြစ်မနေသင့်ဘူး။
တခုခုကိုတော့ စတေးရမှာပဲ .. ။
မြွေလား? .. တုတ်လား?
အန္တရာယ်ပေးမဲ့သူဆိုရင် .. သွား .. .. ။

Read More...

Friday, September 15, 2006

ထွက်ပေါက်

ငယ်ငယ်တုန်းက ၀တ္ထုတပုဒ်ရေးဖူးတယ်။ ထွက်ပေါက်မဲ့ လွတ်မြောက်ခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့။
အစအဆုံးကို မမှတ်မိတော့ပေမဲ့ ဇာတ်လမ်းကိုတော့ မှတ်မိနေပါသေးတယ်။

ဖိနှိပ်ခံ၊ စော်ကားခံ၊ အနိုင်ကျင့်ခံ နေရသူတယောက်ဟာ လွတ်မြောက်ဖို့ လမ်းစကို အမြဲကြိုးစားရှာဖွေ နေခဲ့ပေမဲ့ .. အချည်းနှီးပါပဲ ..။
ဂုဏ် မရှိ ..ငွေမရှိ .. ရာထူးမရှိ .. အာဏာမရှိ .. ဘာဆို ဘာမှ မရှိတဲ့ သူ့အဖို့ .. လွတ်မြောက်ဖို့ ကြိုးစားရတာ မလွယ်လှပါဘူး .. ။
လွမ်းမြောက်ရာ ထွက်ပေါက်ကို ကြိုးစားရှာဖွေရင်းနဲ့ နောက်ဆုံးမှာတော့ သူဟာ သေဆုံးသွားခဲ့ပါတယ် .. ။
သေဆုံးခြင်းဟာ .. သူ့အတွက် လွတ်မြောက်ခြင်း ပဲလား .. ။
ဒါဟာ တကယ်တမ်း လွတ်မြောက်ရာ အမှန်ပဲလား။
ဒါဟာ တကယ့် ထွက်ပေါက် အစစ်ပဲလား .. ။
***
ဝတ္ထုကိုတော့ အဲဒီနေရာမှာပဲ အဆုံးသတ်ထားခဲ့ပါတယ်။
တကယ်တော့ ..
သေဆုံးခြင်းဟာ လွတ်မြောက်ရာအမှန်လည်း မဟုတ်ပါဘူး .. ထွက်ပေါက် အစစ်လည်း မဟုတ်ပါဘူး။
ဒါပေမဲ့ သေတဲ့ သူကတော့ ..သေဆုံးသွားခဲ့ပါပြီ .. ။
သေဆုံးသွားတဲ့ သူကို ကြည့်ပြီး ကျန်ခဲ့တဲ့ သူတွေက .. ၀မ်းနည်း ငိုကြွေးနေမယ့်အစား .. လွတ်မြောက်ရာ အမှန် ထွက်ပေါက် အစစ် အတွက် ဆက်လက် ကြိုးစားကြရမယ် .. ။
ဒါမှလဲ .. သူသေဆုံးရကျိုးနပ်မယ် မဟုတ်လား။

Read More...

Thursday, September 14, 2006

မီးမရှိတဲ့နေ့ရက်များ

ခုတလော မီး ခဏခဏပျက်နေပြန်တယ်။ ခဏလာလိုက် ပြန်ပြတ်သွားလိုက်။
လာပြန်ရင်လည်း မီးအား အပြည့်မရလို့ အဲကွန်းဆေ့ဖ်ဂတ်က နီသွားလိုက် ..
ကွန်ပျူတာ ယူပီအက်စ်က ထ အော်လိုက် ..
ဒါနဲ့ပဲ .. မနေ့က ဘာစာမှတောင် မတင်ဖြစ်လိုက်ဘူး။
ရာသီဥတုကလည်း ခုတလောပူတယ်။
နေလို့ ထိုင်လို့ တယ်မကောင်းလှဘူး။
ဒီရက်ပိုင်း လှုပ်ရှားမှုနည်းနေလို့ မနက်စောစော လမ်းထလျှောက်မယ် စိတ်ကူးပြီး စောစော အိပ်ရာဝင်ပေမဲ့ မနက်စောစော မထဖြစ်ဘူး။ မိုးတဖြောက်ဖြောက်သံကြောင့် ဒီနေ့တော့ မလျှောက်သေးပါဘူးလေ ဆိုပြီး ပြန်အိပ်ပစ်လိုက်တယ်။
စိတ်ကူးသမျှ ဖြစ်မလာ ..ပြောသမျှ အလကား … လုပ်သမျှ တလွဲ .. .. ရေးသမျှ အသုံးမ၀င် ..
ကိုယ်ကိုယ်တိုင် ဘာလုပ်ချင်လို့ လုပ်ချင်မှန်းတောင် မသိတော့ဘူး .. ။
ဒါနဲ့ပဲ … ဘာမှ မလုပ်တော့ဘဲ ..
မီးမရှိတဲ့ အမှောင်ခန်းလေးထဲ ငုတ်တုတ်ထိုင်ရင်း သီချင်းတွေသာ ဆိုနေမိတော့တယ်။

Read More...

Tuesday, September 12, 2006

nameless place

အမည်မဲ့နေရာ

လူနေတော့ 'အိမ်ခန်း'၊ ရဟန်းနေတော့ 'ကျောင်း'၊ သူတောင်းစားနေတော့ 'ဇရပ်'၊ မြတ်သောဘုရင် 'ပလ္လင်နန်းတော်' .. .. ဆိုတဲ့ စကားလေးကို ၀င်းဦးရဲ့ ရုပ်ရှင်ဇာတ်ကားတခုထဲမှာ သီချင်းအဖြစ် ၀င်းဦးသီဆိုခဲ့တာ ငယ်ငယ်လေးထဲက ကြားဖူးနေခဲ့ပါတယ်။နေရာတခုဟာ နေထိုင်သူရဲ့ အဆင့်အတန်းအလိုက် အခေါ်အဝေါ် ပြောင်းလဲသွားနိုင်သလို တန်ဖိုးချင်းလည်း မတူညီနိုင်ပါဘူး။ ကိုယ်နေထိုင်ရာ တိုင်းပြည်၊ မြို့၊ ရွာ၊ ရပ်ကွက်၊ လမ်း မှန်သမျှ အမည်လေးတွေနဲ့ သတ်မှတ်ထားကြတာ ခုအခါမှ မဟုတ်ပါဘူး။ တောလဲ တော အလျောက် ..မြို့လဲ မြို့အလျောက် .. တိုင်းပြည်နိုင်ငံလဲ တိုင်းပြည်နိုင်ငံ အလျောက် အမည်နာမ သတ်မှတ်ချက်လေးတွေဆိုတာ ရှေးယခင်ထဲက အသီးသီးအသက ရှိကြပါရဲ့။ တိုင်းပြည်၊ မြို့၊ ရွာ၊ ရပ်ကွက်၊ လမ်း ဆိုတာဟာ အများဆိုင်နာမ်ပါ၊ အဲဒီစာလုံးတွေရဲ့ ရှေ့မှာမှ ကိုယ်စားပြုတဲ့ ကိုယ်ပိုင်နာမ်တခုထပ်ထည့်မှ ပြည့်စုံပါမယ်။ ဘာမြို့လဲ၊ ဘာရွာလဲ၊ ဘာရပ်ကွက်လဲ၊ ဘာလမ်းလဲ .. ။ ဥပမာဆိုရရင် -ကောသလ’တိုင်းပြည်၊ မိဂဒါဝုန်တော၊ မလ္လတိုင်း၊ စသည် ကနေ ..မြန်မာပြည်၊ မုဆိုးဘိုရွာ၊ အင်းဝနေပြည်တော်၊ မန္တလေးနေပြည်တော် .. ရန်ကုန်မြို့၊ မော်လမြိုင်မြို့ စသည် စသည် .. ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း .. စသည် စသည် .. အမည်နာမ တိတိကျကျ ရှိကြပါတယ်။ အဲဒီလိုမှ နာမည်တပ်မထားရင် .. အမည်မဲ့ နေရာတခုဖြစ်နေမှာ မဟုတ်ပါလား။ အမည်မရှိတဲ့ နေရာမှာ နေတဲ့သူတွေကိုရော .. ဘယ်လိုလူမျိုးလို့ သတ်မှတ်ရမှာပါလိမ့်။

၈.၉.၀၆

Read More...

Monday, September 11, 2006

Remembering 9/11



Sept. 11 Ceremonies Held Across New York
NEW YORK

A day before the fifth anniversary of the Sept. 11 attacks, families, firefighters and elected officials gathered to celebrate heroes and to honor the dead.
President Bush and first lady Laura Bush traveled to New York on Sunday to attend ceremonies commemorating the anniversary. They joined New Yorkers at a memorial service at St. Paul's Chapel, a 240-year old Episcopal church on the edge of ground zero. Five years ago, the chapel served as a sanctuary for weary emergency workers.
Earlier, the president and first lady went to ground zero and laid wreaths where the World Trade Center towers once stood. They bowed their heads in silent prayer as bagpipers played nearby.

Read More...

Sunday, September 10, 2006

essay 2

အခန်းကျဉ်းလေးထဲမှာ …

မရောက်တာကြာပြီဖြစ်သော ..
ဒီနေရာသို့ ပြန်လည်ခြေချမိသည်။
မဖွင့်တာကြာပြီဖြစ်သော ..
ဒီအခန်းလေးရဲ့ တံခါးလက်ကိုင်ဘုလေးကို လှည့်၍ဖွင့်လိုက်၏။
အခန်းလေးရဲ့ အ၀င်ပေါက် သစ်သားတံခါးလေးက ကျွိခနဲမြည်ပြီး ပွင့်သွားသည်။
ဘာမှပြောင်းလဲမှုမရှိသော အခန်းလေးက သူ့ရင်ခွင်ထဲ တိုးဝင်လာသူကို ငြိမ်းချမ်းစွာ ကြိုဆိုလျက်ရှိ၏။
နံရံမှ မီးခလုတ်ဝါကျင့်ကျင့်လေးကို ဖွင့်လိုက်တော့ မျက်နှာကြက်မှာ တွဲလောင်းကျနေသည့် နှစ်ပေ မီးချောင်းလေးက တဖျတ်ဖျတ် မျက်တောင်ခတ်ကာ မှိန်ပျပျ အလင်းရောင်ကိုပေးသည်။
အိပ်ရာဖုံးလေး လွှမ်းထားတဲ့ တယောက်အိပ်ကုတင်လေးလည်း အိပ်သူမဲ့နေတာကြာခဲ့လေပြီ။ ကုတင်ခေါင်းရင်း အုတ်နံရံထက်၌ နှင်းဆီကုန်းဘိုးဘွားရိပ်သာပြက္ခဒိန်လေးက လွန်ခဲ့တဲ့ နှစ်ဟောင်းတခုမှာ ရပ်တံ့လို့နေသည်။
ပြက္ခဒိန်ကိုချိတ်ထားသော သံချောင်းလေးမှာတော့ မစိပ်တာကြာပြီဖြစ်တဲ့ စိပ်ပုတီးကုံးလေးက တွဲလွဲကျနေ၏။ ပုတီးလေးတောင် မှိုတွေတက်နေပါပေါ့လား။
***
ပကာသနကင်းသည့် ဒီအခန်းငယ်လေးထဲမှာ .. ကွန်ပျူတာမရှိ၊ အင်တာနက်မရှိ၊ ရေဒီယို ကက်ဆက်လေး တခုတောင် ရှိမနေပါ။
ကုတင်ဘေးက ကြွက်လျှောက်တန်းမှာ ရေသန့်ဘူးဟောင်းတခု၊ ဖယောင်းတိုင်တင်စိုက်ထားတဲ့ နို့ဆီခွက်ဟောင်းတခု၊ အစိုပြန်နေသော လျက်ဆားဗူးတခု၊ သုံးလက်စ ဆပ်ပြာခွက်ဟောင်းတခုသာ ရှိနေသည်။
ကုတင်၏တခြားတဖက် စာအုပ်စင်ထက်မှာတော့ သူ၏ အမြတ်နိုးဆုံး စာအုပ်များ။ ဖတ်ပြီးသားစာအုပ် .. မဖတ်ရသေးသောစာအုပ်နဲ့ .. ဖတ်လက်စ စာအုပ်တွေ။ ဖုန်တက်စပြုနေတဲ့ စာအုပ်တွေထဲမှာ လစဉ်ထုတ် မဂ္ဂဇင်းဟောင်းတချို့၊ ဘာသာရေးစာအုပ်တချို့ .. နဲ့ ..
လူထုဒေါ်အမာရေးသည့် ‘အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံး’၊ လူထုဦးလှ၏ ‘ကျွန်တော်လှေသူကြီး’၊ သိန်းဖေမြင့်၏ ‘တိုက်ပွဲဝင်စာများ’၊ နေ၀င်းမြင့်၏ ‘ပုစဉ်းရင်ကွဲ’ .. ဖတ်ပြီး အထပ်ထပ် ဖတ်ဖြစ်နေသော စာအုပ်လေးများ။ ခုတော့ ဖုံတွေကပ်လို့ ဖတ်သူငတ်နေပြီ။
နောက်ပြီး ..
ကုတင်ခြေရင်း သစ်သားနံရံကို မှီပြီး ထောင်ထားတဲ့ ဂစ်တာအိုလေး ..။
ဖုန်အလိမ်းလိမ်းနှင့် ... ကြိုးတွေလဲလျော့နေလောက်ပြီထင့်။
***
အခန်းခေါင်းရင်းက ပြတင်းကို ဖွင့်လိုက်တဲ့အခါ ပြင်ပလေအေးက နူးညံ့စွာ အခန်းကျဉ်းလေးထဲသို့ ၀င်ရောက်လာသည်။ ပြတင်းပေါက်အပြင်မှာ သနပ်ခါးပန်းပင်ကလေးက စိုတစိမ်းစိမ်း ယိမ်းတနွဲ့နွဲ့။ ထိုအပင် ကြိုအကြားမှာတော့ အလုပ်များနေသော ငှက်ကလေးတွေက ကျီကျီကျာကျာ။
အခန်းလေးဟာ သူနဲ့ တသားတည်းဖြစ်လို့သွားလေပြီ။
ကုတင်ထက်က အိပ်ရာဖုံးလေးကို ဆွဲခွါရင်း မွေ့ရာပါးပါးလေးပေါ်မှာ ဖြေးညင်းစွာ လှဲလျောင်းလိုက်၏။ မျက်နှာကြက်မှာ အိမ်ဖွဲ့နေသော ပင့်ကူတချို့က တလှုပ်လှုပ်တရွရွ၊ သူ မရှိပေမဲ့ သက်ရှိသတ္တ၀ါ ဒီပင့်ကူတွေ ရှိနေသေးသားပဲ။ အခန်းလေးက အထီးကျန်မနေပါဘူး။
သူ့အတွေးကို သိလို့လား .. သူ့ကို ကရုဏာသက်လို့ပဲလားတော့မသိ၊ အိမ်မြှောင်တကောင်က တကျွတ်ကျွတ်စုတ်ထိုးပြန်၏။
တကယ်တမ်း အထီးကျန်နေတာ သူဖြစ်ပြီး ဒီအချိန်မှာ .. သူ့ဘ၀ကို သူကိုယ်တိုင် ကရုဏာသက်စွာ စုတ်သပ် သင့်နေပြီလား .. သူစဉ်းစားမိလေသည်။
***
သူကား .. အခန်းလေးကို စွန့်ပစ်ထားခဲ့သူ။
တိုးတက်နေသော .. ရုပ်ဝတုပစ္စည်းတွေနောက်ကို လိုက်ရင်း .. နည်းပညာတွေရဲ့ သားကောင် ဖြစ်မှန်းမသိဖြစ်ကာ သူ့ကို နွေးထွေးမှုတွေ ပေးခဲ့သည့် ဒီအခန်းငယ်လေးကို ပစ်ပယ်ထားမိတာ ကြာများ တောင်ကြာခဲ့ပေါ့။
တချိန်က .. သူဟာ ..
ဒီအခန်းလေးထဲမှာ .. စာတွေဖတ်ခဲ့ .. စာတွေရေးခဲ့သည်။
ဒီအခန်းလေးထဲမှာ .. တညလုံးမအိပ်ဘဲ အတွေးနယ်ချဲ့ခဲ့ဖူးသည်။
ဒီအခန်းလေးထဲမှာ .. ဂစ်တာအိုလေးကိုတီးရင်း .. သီချင်းလေးတွေ ဆိုညည်းခဲ့ဖူးသည်။
ဒီအခန်းလေးထဲမှာ .. ၀မ်းသာတဲ့အခါ .. တယောက်ထဲ ပျော်ရွှင်ကြည်နူးခဲ့ဖူးသည်။
ဒီအခန်းလေးထဲမှာ .. ၀မ်းနည်းတဲ့အခါ ..ခေါင်းအုံးလေးပေါ် မျက်ရည်တွေစိုရွှဲခဲ့ရဖူးသည်။
ဒီအခန်းလေးထဲမှာ .. သူ တယောက်ထဲ.. သို့သော် .. သူ အထီးမကျန်ပါ။ သူ့ကိုအားအင်တွေပေးနိုင်သော .. စာအုပ်လေးများ ..
သူရင်ဖွင့်လိုရာ ဖွင့်နိုင်သော စာရွက်လေးများ ..
သူ အပမ်းပြေအောင် သံစဉ်လေးတွေဖန်တီးပေးနိုင်သော ဂစ်တာကလေးနှင့်
သူ့ကို စကားတီတီတာတာ ပြောတတ်သည့် ပြတင်းပေါက်မှ ငှက်ကလေးများ .. သူ့အနားမှာ ရှိနေခဲ့သည်ပဲ။
***
အခန်းလေးနှင့် ခွဲခွာခဲ့ပြီးနောက် ..
ထိန်ထိန်ငြီးနေသော မီးရောင်အောက်မှာ .. ကွန်ပျူတာနှင့် အင်တာနက်နှင့် စီဒီပလေယာနှင့် တီဗီ အောက်စက်နှင့်၊ ချွေးထွက်စရာ မလိုသော လေအေးပေးစက်အခန်းထဲမှာ လက်ညှိုးညွှန်စေခိုင်းရမည့်သူများ နှင့် ကြာတော့ .. သူ .. အတိတ်မေ့လို့နေလေပြီ။
ရသာစုံ ချိုချဉ်သြဇာ အဖြာဖြာကို စားသုံးရင်း .. နူးညံ့အိစက်သည့် ရေမြှုပ်မွေ့ရာထူထူထက်မှာ အိပ်စက်ရင်း .. အခန်းကျဉ်းလေးကို တဖြည်းဖြည်းမေ့လျော့သွားတော့၏။
နောက်ဆုံးပေါ်ရုပ်ဝတ္ထုတွေဝိုင်းရံလျက် .. အခြွေအရံများစွာရှိနေသော်ငြား .. သူ့အနားမှာ ဘယ်သူမှမရှိ ဆိုတာကို သတိပြုလိုက်မိသည့် တနေ့မှာတော့ အိပ်မက်က လန့်နိုးခဲ့သူလို ယောင်ချာချာနှင့် ..
ဘယ်မှာလဲ သူ့ကို နားလည်ပေးမည့်သူတွေ ..
ဘယ်မှာလဲ သူ့ဘက်မှာ ရပ်တည်ပေးမည့်သူတွေ ..
ဘယ်မှာလဲ သူ့လုပ်ရပ်အတွက် အကျိုးအမြတ်ရလဒ်တွေ ..
ကုန်လွန်သွားခဲ့သည့်အချိန်တွေကို သူနှမြောစွာပြန်တမ်းတမိသော်လည်း .. အချည်းနှီးပင်။
သူ့ဘ၀ကို ဘယ်သူကများ ဖန်တီးပေးနိုင်မှာလဲ။
တိုးတက်နေသော ရုပ်ဝတ္ထုတွေက သူ့ကိုကူညီနိုင်ဦးမှာလား။
ဟန်ဆောင်ပြုံးပြ နှုတ်ဆက်ကြသော လူတွေက .. သူ့ကိုဘာတွေ ဆောင်ရွက်ပေးနိုင်ဦးမှာလဲ။
အဆုံးထိ ထိုးကျနေသော သူ၏စိတ်ဓာတ်တွေကို အစာကျွေးရန် လိုအပ်နေလေပြီ။
***
ဒီလိုနှင့် ခွဲခွာခဲ့သော အခန်းကျဉ်းလေးသို့ ပြန်ရောက်ခဲ့ရသည်။
ဘာမှမရှိသော အခန်းကျဉ်းလေးက သူ့ကိုအေးစက်စိမ်းကားစွာ မဆက်ဆံပါ။
အခန်းထဲမှ နှစ်ပေမီးချောင်းမှိန်ပျပျလေးက သူ့အတွက် လုံလောက်သော အလင်းရောင် ဖြန့်ဝေပေးပါလိမ့်မည်။
အခန်းထဲမှ စာအုပ်လေးများက သူ့အတွက် လိုအပ်သော စိတ်ဓာတ်အာဟာရကို ဖြည့်ဆည်း ပေးပါလိမ့်မည်။
အခန်းထဲမှ ဂစ်တာအိုလေးက သူ့အတွက် နှစ်သက်စဖွယ် ဂီတသံစဉ်လေးများကို ဖန်တီးပေး ပါလိမ့်မည်။
အခန်းထဲမှ စိပ်ပုတီးကုံးလေးက သူ့ကို တည်ငြိမ် ရင့်ကျက်မှုတွေ တိုးပွားအောင် စွမ်းဆောင်ပေး ပါလိမ့်မည်။
အခန်းထဲမှ ပင့်ကူလေးများသည်လည်းကောင်း .. အိမ်မြှောင်လေးများသည်လည်းကောင်း ..ပြတင်းဝမှ ငှက်ငယ်လေးများသည်လည်းကောင်း .. သူ့အား နားလည်မှုတစုံတရာပေးစွမ်းနိုင်လိမ့်မည် ဟု သူ ယုံကြည်လျက်ရှိပါ၏။
***
ခွဲခွာခဲ့သော အခန်းကျဉ်းလေးအား
လွမ်းဆွတ်ခြင်းများစွာဖြင့် . . .

မေဓာဝီ
၅.၆.၀၆
၀၁း၄၀ နာရီ

Read More...

Friday, September 08, 2006

The best song for us

လေးဖြူရဲ့ ခဏလေးများ အယ်လ်ဘမ်ထဲက နံပါတ် ၆ သီချင်း ဖြစ်တဲ့ ဒီသီချင်းလေးကို အနှစ်သက်ဆုံးပါပဲ။တကယ်တမ်း မိမိယုံကြည်ရာ ဘ၀ခရီးကို အတူတူလျှောက်လှမ်းကြတဲ့နေရာမှာ .. ..ခံစားချက်ခြင်း ခံယူချက်ခြင်း အနာဂတ်ခြင်း တူညီတဲ့သူ ဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။ဒါမှလည်း ခရီးဆုံးထိ လက်တွဲမဖြုတ်တမ်း လျှောက်လှမ်းနိုင်မှာ မဟုတ်လား။
***

ခရီးများအဆုံးထိလျှောက် (မောင်မောင်ဇော်လတ်)

မင်းရဲ့အနမ်းတရှိုက်နဲ့ ငါ့ရဲ့ အနမ်းတရှိုက်နဲ့
ခံစားချက်တူညီ ရှိခဲ့တဲ့နောက်
မင်းရဲ့ အတွေးများနဲ့ ငါ့ရဲ့အတွေးများနဲ့
အနာဂတ်သစ်တူညီ ထားခဲ့တဲ့နောက်တော့ ..
ခမ်းနားခြင်းကင်းမဲ့ အရိုးသားဆုံးခရီးတခု
ငါတို့နှစ်ယောက်ကိုယ်တိုင် ရွေးထားခဲ့ပြီး
သဘောထားများအပြည့်နဲ့ ဆူးလမ်းများနင်းဖြတ်
ဘာဖြစ်ဖြစ်ပါကွယ် .. ခရီးများအဆုံးထိလျှောက်
အဆိုးများကြုံကြိုက်တုန်းမှာ ဒုက္ခတွေဟာခဏပါ
အနမ်းများကို အသက်သွင်းကာ
ခရီးများအဆုံးထိလျှောက် ..
လက်တွေ့ဟာ ရင်ဘတ်မှာ လမ်းဆုံးဟာခဏလေးပါ
အနမ်းများကို အသက်သွင်းကာ ..
ခရီးများအဆုံးထိလျှောက် .. .. ..

Read More...

father's poem

ဒီကဗျာလေးက တရုတ်စာရေးဆရာကြီးလူရွှန်းရဲ့ ကဗျာကို ဘာသာပြန်ထားတာလို့ အဖေ ပြောပြပါတယ်။
ဒီကဗျာကို အဖေဟာ ၁၉၇၃ ခုနှစ်လောက်က ရေးခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ ဘာကြောင့်လဲဆိုတော့ ၁၉၇၃ ခုနှစ်က အဖေ၀ယ်ထားတဲ့ ယောနသန်ဇင်ယော် စာအုပ်လေးမှာ ဒီကဗျာလေးကို အဖေ့လက်ရေးနဲ့ ရေးထားတာ တွေ့ရလို့ပါပဲ။ အဖေ့ရဲ့ ကဗျာတွေထဲမှာ ဒီကဗျာကို အနှစ်သက်ဆုံးမို့ .. .. .. တင်လိုက်ပါတယ်။

***

ငါက လူ

လူဝင်ပေါက်များ၊ ပိတ်ဆို့ထားသည်
ခွေးများဝင်ပေါက်၊ ဒိုးယိုပေါက်။
လွတ်လမ်းမျှော်လျက်၊ ငါ့အတွက်မူ
ဝင်ထွက်စရာ၊ မမြင်ပါသော် …
ဟစ်ခေါ်မိန့်မြွက်၊ အသံနက်က
“လေးဘက်ကုန်းထောက်၊ ခွေးတိုးပေါက်မှ
တောက်လျှောက်ဝင်ခဲ့၊ လွတ်လမ်း” တဲ့ ။
အို .. အသံနက်၊ သင့်စေချက်ကို
ငါလက်မခံ၊ အဓိဋ္ဌာန်သံမဏ်
ငါ့တွင်ရှိသည်၊ သတ္တိစိုက်ထူ
ငါက .. လူ။
ဤမြေပထ၀ီ၊ ချော်ရည်ဆူပွက်
ပက်ကြားအက်၍၊ ငါအိပ်စက်ရာ
မသာခေါင်းထက်၊ လောင်မီးဆက်၍
ဟက်တက်ကွဲပေါက်၊ အချိန်ရောက်က
ဝင်ပေါက် လူ့လမ်း ပွင့်လိမ့်တကား .. .. ..
ထွန်းတောက် နေမင်း လင်းလိမ့်တကား .. .. .. ။ ။

Read More...

Thursday, September 07, 2006

old files

လွှင့်မပစ်ရက်လို့ရှိနေတဲ့ ဖိုင်အဟောင်းလေးတွေ

တကယ်တော့လဲ ဒါတွေဟာ အသုံးမ၀င်တော့ပါဘူး။
မသုံးဖြစ်တော့တာလဲ ကြာပြီ။
ဒါပေမဲ့ .. အပြီးဖျက်ပစ်ရမှာလဲ နှမြောနေမိသေးတယ်။
တချိန်ချိန်မှာများ အသုံးလိုလာခဲ့ရင် .. ဆိုပြီးတော့ .. မဖျက်ဘဲ သိမ်းထားခဲ့မိတာတွေ
တဖြည်းဖြည်း များများလာပြီး .. hard disk မှာ နေရာလွတ်သိပ်မရှိတော့သလောက်။
တနေ့နေ့မှာတော့
ဒါတွေအားလုံးကို သံယောဇဉ်ဖြတ်ပြီး အပြီး လွှင့်ပစ်ရမှာပဲ။
ဒီထက်အရေးကြီးတာတွေကို နေရာပေးရဦးမယ်လေ။
ဒီလိုပါပဲ ..
နောက်ဆုံးတော့လဲ ..
တချိန်က အရေးကြီးခဲ့တာတွေဟာ ..
နောင်တချိန်မှာ အသုံးမ၀င်တော့သလို ဖြစ်သွားရပေါင်းများလှပါပြီ။
တကယ်တော့ ..
အသုံးဝင်မှု မ၀င်မှုဆိုတာ
အသုံးပြုသူနဲ့သာ သက်ဆိုင်တယ် မဟုတ်လား။

Read More...

essay

ဒီ essay ကိုရေးဖို့ လွန်ခဲ့တဲ့ နှစ်ပေါင်း၁၅ နှစ်ကျော်ကာလထဲက ရင်ထဲမှာ ကိန်းအောင်းနေခဲ့ပါတယ်။
ဒီလမ်းကလေးကို ငယ်ငယ်ထဲက အခေါက်ပေါင်းများစွာ မရေမတွက်နိုင်အောင် လျှောက်ခဲ့ဖူးတယ်။ တနေ့မှာတော့ လမ်းကလေးဘေးကအိမ်တွေလဲ နေရာရွှေ့ခံခဲ့ရသလို လမ်းလေးကိုလဲ လူတိုင်း ဖြတ်သန်းခွင့်မရှိတော့ဘူး။
ဖြတ်သန်းသွားလာခွင့်မရှိတော့ပေမဲ့ …
အားလုံးရဲ့ ရင်ထဲမှာ .. လမ်းကလေး ရှိနေဆဲ .. ။
တကယ်တမ်း ရေးဖြစ်တော့ လွန်ခဲ့တဲ့ ၅ နှစ် (၂၀၀၁ ခုနှစ်) ကျမှ .. ရေးဖြစ်သွားပါတယ်။ ရေးထားတဲ့စာအားလုံးကိုတော့ ဖော်ပြခံရခြင်းမရှိခဲ့ပါဘူး။ စာပေစိစစ်ရေးနဲ့ ငြိတဲ့ စာလုံးအနည်းငယ် ဖြုတ်ခံခဲ့ရတယ်။
အခု .. တင်လိုက်တဲ့ essay မှာလဲ ဖြုတ်ခံရတဲ့စာတွေ မမှတ်မိတော့တဲ့အတွက် မထည့်လိုက်နိုင်တော့ပါဘူး။
***

လျှောက်ခဲ့ဖူးသော လမ်းကလေး

အရင်က ... ဒီလမ်းကလေး သာယာသည်။
***
လမ်းကလေးက အမည်မရှိ၊ ထည်ဝါခြင်းမရှိ၊ ပကာသနများဖြင့် စွက်ဖက်ထားခြင်းမရှိ၊ ပကတိဖြူစင်ရိုးသားစွာတည်ရှိနေသည့် မြေနီလမ်းကလေး ...။

လမ်းကလေးရဲ့အ၀င်ဝမှာ ဘုန်းတော်ကြီးကျောင်းကိုညွှန်ပြသည့် လမ်းညွှန်ဆိုင်းဘုတ် တစ်ခု ထောင်ထားသည်မှအပ ဒီလမ်းကလေးမှာဘာမျှ မရှိ။

လမ်းကလေးထဲသို့ ကားဝင်၍မရ၊ လမ်းကလေးသည် လမ်းမကြီးနှစ်ခုကြား ဆက်သွယ်ထားသည့် လူသွားဖြတ်လမ်းကလေးမျှသာ။

လမ်းကလေးသို့ဝင်ဝင်ချင်းမှာ ကျောက်စရစ်ခင်းထားကာ အနည်းငယ်လျှောက်ပြီး ညာဘက်သို့ ချိုးဆင်းလိုက်သည်နှင့် မြေနီလမ်း စစ်စစ်ကလေးဖြစ်သွားသည်။ လမ်း၏ဘေးတစ်ဘက်တစ်ချက်မှာ မြက်ရိုင်းပင်တွေ ထိကရုန်းပင်တွေ တံမြက်စည်းပင်တွေ တောအရိုင်းပန်းပင်တွေ မိုးတွင်းဆို ဒန့်ကျွဲပင်တွေဖြင့် တောထနေတတ်သည်။

ဆက်သွားလျှင် ရေစီးနေသောချောင်းငယ်လေးကို သစ်သားတံတားလေးက ပေါင်းကူးပေးထားသည်။ ချောင်းငယ်လေးကမိုးတွင်းဆို ရေစီးသန်သလောက် နွေဖက်မှာ ခြေမျက်စိနားလောက်သာရေရှိတတ်ပြီး ချောင်းထဲမှာ ကလေးတွေ ငါးဖမ်းကြ ဆော့ကစားကြ။

တံတား၏တဖက်ထိပ်မှာတော့ ငါးမုန့်လုပ်သည့်အိမ်ရှိနေတာမို့ ငါးညှီနံ့က တသင်းပျံ့ပျံ့၊ နေရောင် အောက်မှာ ဖျာတွေနှင့်လှမ်းထားသော ငါးမုန့်တွေက တဖွေးလှုပ်လှုပ်။

ငါးညှီနံ့သင်းသည့် ဒီနေရာကိုလွန်လျှင်တော့ နှင်းဆီရနံ့ စပယ်ရနံ့တွေကို ရှူရှိုက်ကြရမည်။ လမ်းကလေး၏ ဘယ်ဘက်ဘေးတွင် စပယ်ခင်း၊ စပယ်ခင်း၏ အနောက်ဖက်တွင် နှင်းဆီခင်း ...။ မနက် မနက်ဆိုလျှင် ပန်းခင်းထဲသို့ စပယ်နှင်းဆီ လာဝယ်ကြသူများကို တွေ့ရတတ်သလို ပန်းပျိုးသူကြီးကြီးရဲ့ ပန်းခင်းထဲမှာ သွက်လက်စွာလှုပ်ရှားပြီး ပန်းပွင့်လေးတွေခူးနေပုံက ကကြိုးကကွက် ဆန်းဆန်းတစ်ခုကို ကြည့်ရသည့်နှယ်။


ညာဘက်ခြမ်းမှာတော့ မုန်လာ၊ ဂေါ်ဖီစတဲ့ စားပင် စိုက်ခင်း၊ ပြီးတော့ ၀ါးဘိုးဝါး မောင်းတံဖြင့် ရေခပ်ရသည့် ရေတွင်းငယ်ကလေး။ ညနေဆိုလျှင် ရေတွင်းငယ်လေးမှ ရေငင်ပြီး စိုက်ခင်းပန်းခင်းတွေကို ရေလောင်းနေကြသည့် သူများကို တွေ့ရတတ်သေးသည်။

လမ်းကလေးနံဘေးမှ အိမ်လေးတွေက သစ်သားအိမ် သပ်သပ်ရပ်ရပ်လေးတွေ၊ အုတ်ဖိနပ်နှင့် သံဆန်ခါ ကွက်ကလေးတွေနှင့်၊ ရေနံချေးဝပြီး မည်းနေသော ချစ်စရာ့မြန်မာ့အိမ်လေးတွေ။ အိမ်နဘေးမှာ သရက်၊ ပိန္နဲ၊ မာလကာ စသည့် သီးပင်များက ဝေေ၀ဆာဆာ။

ဒီစိုက်ခင်း ပန်းခင်းနှင့် လူနေအိမ်ခြေတွေကို ကျော်လွန်လျှင်တော့ အ၀င်ဝက လမ်းညွှန်ထားသည့် ဘုန်းတော်ကြီးကျောင်းကိုတွေ့ရမည်။ ကျောင်းဘေးမှာကဘောလုံးကွင်း။ ဘောလုံးကွင်းကို ပတ်၍ ညာဘက် ကုန်းပေါ်သို့တက်လိုက်လျှင်တော့ မြေနီလမ်းကလေး၏ အဆုံးသတ်ဖြစ်သော တစ်ဖက်ကတ္တရာလမ်းမထက် ရောက်ရှိမည်ဖြစ်၏။

သံဃာတော်တွေဆွမ်းခံသွား ဆွမ်းခံပြန်၊ ကျောင်းသူ ကျောင်းသားတွေ ကျောင်းသွား ကျောင်းပြန်၊ အလုပ်သမားတွေ အလုပ်သွား အလုပ်ပြန်၊ အိမ်ရှင်မတွေ ဈေးသွားဈေးပြန် စတဲ့ အခါမျိုးတွေမှာပဲ ဖြစ်ဖြစ်၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေ ဈေးရောင်းကြတဲ့အခါပဲ ဖြစ်ဖြစ် ဒီလမ်းကလေးပေါ်မှ ဖြတ်သန်းသွားကြ ရသည်။ အခြေခံလူတန်းစားတွေရဲ့ ဖိနပ်မျိုးစုံကြောင့် လမ်းကလေးကျောကုန်းလည်း အသားမာတက်ခဲ့ရပါပြီ။

မည်သို့ပင်ဖြစ်စေ လမ်းကလေးကား မညည်းမညူဘဲ တာဝန်ကျေစွာထမ်းဆောင်ဆဲ။
***

တစ်နေ့ . . . ။

ဒီတစ်နေ့သည် လမ်းကလေးအတွက်ရော လမ်းကလေးနံဘေးမှာ နေထိုင်သူတွေ အတွက်ရော လမ်းကလေးကို မှီခိုသွားလာနေသူတွေ အတွက်ပါ စိတ်မကောင်းစရာနေ့တစ်နေ့ပင်။

ဒီတစ်နေ့ကြောင့်ပင် လမ်းကလေးရဲ့ ရင်ခွင်မှာ ခိုလှုံသူတွေရဲ့ ဘ၀ပြောင်းလဲသွားရသလို လမ်းသွားလမ်းလာတွေလဲ ဒီလမ်းကလေးကို အသုံးပြုခွင့်မရတော့ဘဲ လမ်းကလေးကလဲ နေ့ချင်းညချင်း ပုံစံ ပြောင်းလဲသွားတော့၏။
***

အခုတော့ လမ်းကလေးသည် မြေနီလမ်းဘ၀မှ ကတ္တရာလမ်း ဖြစ်သွားပြီ။ လမ်းမကြီး နှစ်ခုကို ဆက်သွယ်သော လူသွားဖြတ်လမ်းကလေး မဟုတ်တော့၊ ချောင်းကူး သစ်သားတံတားလေးကလည်း ကွန်ကရစ် တံတားဖြစ်သွားပြီး လမ်းကလေးရဲ့ တဖက်တချက်မှာ မြက်ရိုင်းတွေ တောပန်းပင်တွေမရှိတော့ဘဲ အုတ်ဘောင်လေးဖြင့် အလှစိုက်ထားသော ပန်းကလေးများသာ တွေ့ရတော့၏။ စိုက်ခင်း ပန်းခင်းနှင့် သစ်သားအိမ်လေးများ နေရာမှာတော့ အုတ်တံတိုင်းခတ် သံတိုင်များ အခိုင်အခံ့ကာရံထားသော တိုက်အိမ် လှလှလေးတွေ၊ အထဲမှာ ပန်းခြံနှင့် မြက်ခင်းနှင့်၊ ရေပန်းနှင့် ဒန်းနှင့်။

လမ်းကလေးကား ပြောင်းလဲသွားချေပြီ။

ရဟန်းသံဃာတွေ ကျောင်းသူကျောင်းသားတွေ လမ်းသူလမ်းသားတွေ အလုပ်သမားတွေ ဈေးသည်တွေ .. သူတို့၏ခြေရာများနှင့် ကင်းဝေးခဲ့ရပြီ။
သစ်လွင်လှပနေသော လမ်းကလေးသည် တခါတရံလမ်းမှားရောက်လာမည့် ခြေသံတဖျပ်ဖျပ်ကိုများ ကြားရလိမ့်နိုးဖြင့် ရင်ခုန်မျှော်လင့်မိသေးသည်။

ဖောက်သူရှိသော်လည်း လျှောက်သူမရှိတာ ကြာလာတဲ့အခါ လမ်းကလေးသည် ဒီဘ၀မှာပင် နေသား ကျသယောင် သူ့ရင်ခွင်မှာသူ တိတ်တဆိတ် လဲလျောင်းလို့နေ၏။
***
အရင်လို ဘ၀ကို ပြန်၍မရတော့မှန်း သူနားလည်မိသည့်နောက် .. .. ။
. . . . . . . . .
. . . . . . . . .
. . . . . . . . .
***
အရင်ကတော့ ...
ဒီလမ်းကလေး
တကယ်ပင်
သာယာခဲ့ပါသည်။
***
မေဓာဝီ
(ဒီဇင်ဘာ ၂၆၊ ၂၀၀၁)
မေသတင်းဂျာနယ် အတွဲ ၄၊ အမှတ်၂၀

Read More...

Wednesday, September 06, 2006

poem 3


ဆန္ဒ (မညီမျှခြင်း) ဘဝ

ငှက်တွေလို ပျံချင်တယ် ..
ကိုယ်ပိုင်ဆိုင်တဲ့ အတောင်ပံတစ်စုံနဲ့
လိုရာအရပ်ကို ဆန္ဒအလျောက် ပျံသန်းချင်လို့ .. ။
တိမ်တွေလို လွင့်ချင်တယ် ..
တွယ်ရာမဲ့ .. ဦးတည်ရာမဲ့ ..
အခိုးအငွေ့လေးတခုအဖြစ်နဲ့
အားလုံးနဲ့ဝေးရာကို လွင့်မျောချင်လို့ ..။
ခုတော့ ..
ငါဟာ ...
မြေကြီးပေါ်မှာ မတ်တပ်ရပ်
အနောက်ဖက်ကို ဦးတည်လျှောက်ရင်း ..
တခါတခါတော့လည်း
အရှေ့ကိုမျှော်ကြည့်လိုက် ..
တခါတခါ .. ခလုတ်တိုက်လိုက် ..
တခါတခါ .. လဲကျလိုက် ..
နှလုံးသားထဲကို .. ဆူးတွေစူးလိုက် ..
ခြေလှမ်းတွေဟာ .. နွံထဲနစ်သွားလိုက် ..
ဝမ်းသာရင် .. ရယ်မောလိုက် ..
ဝမ်းနည်းရင် .. ငိုကြွေးလိုက် ..
ဒီလိုနဲ့ ..
လဲနေလို့တောင် ထူပေးမဲ့သူမရှိတဲ့ဘ၀မှာ ..
ကိုယ်ကိုယ်တိုင် အားတင်းလို့ .. ရပ် ..
ခါးသီးမှုတွေ မြိန်ယှက်စွာခံစားရင်း
အင်း ..
အသက်တစ်နှစ်ကြီးလာပြန်ပေါ့ ..
ဘယ်တော့များမှ ..ငြိမ်းချမ်းပါ့မလဲ ..
ဘယ်တော့များမှ ..
ဘယ် တော့ များ မှ ..
ဘယ် ..တော့ .. များ .. မှ ..
ဘယ် .. ..တော့ .. .. များ .. .. မှ .. ..
ငြိမ်း .. .. ချမ်း .. .. ပါ့ .. .. မ လဲ ..လေ .. .. ။


မေဓာဝီ
(၂၈.၈.၀၆)
ညနေ ၄း၂၁ နာရီ

Read More...

Tuesday, September 05, 2006

poem 2

Read More...

poem


၃၁.၅.၀၆ မနက် ၁နာရီ ၂၈ မိနစ် က ရေးထားတဲ့ ကဗျာလေးပါ ..

Read More...

Monday, September 04, 2006

ဖြတ်သန်းခဲ့သော လမ်းတလျှောက် ...

(၁) စမ်းချောင်းလေးဘ၀ .. ပထမအရွယ် ..

အစကတော့ ..
သူဟာ ချောင်းငယ်လေးစီးဆင်းသလိုပါပဲ ...
ဖြည်းညင်း ညင်သာစွာ စီးဆင်းခဲ့ပါတယ်။
စီးဆင်းရာလမ်းကြောင်းတလျှောက် ..
အမှိုက်သရိုက်တွေ .. အညစ်အကြေးတွေနဲ့လည်း တွေ့ခဲ့ရတယ်၊
ကြာဖြူပန်းလေးတွေ ဗေဒါပွင့်လေးတွေကြောင့်လည်း ရင်ခုန်လှိုက်မောခဲ့ရတယ်။
တခါတရံ .. စီးဆင်းရင်းနဲ့ ရပ်တံ့ပြီး တနေရာထဲမှာ တ၀ဲလည်လည်ဖြစ်လိုဖြစ် ...
တခါတလေတော့လဲ .. အရှိန်အဟုန်ပြင်းပြင်း ပျော်ရွှင်စွာ စီးဆင်း လို့ ..။
တခါတခါ .. ကြည်လင်အေးမြတဲ့ ရေလေးတွေကို သယ်ဆောင်ရင်း ..
တခါတခါတော့လဲ နောက်ကျုညစ်ထေးတဲ့ ရေတွေကိုအဖော်ပြုရင်း ..
ဘယ်အရာမှ မတည်မြဲတဲ့ဘ၀မှာ ..
ချောင်းငယ်ကလေးကတော့ စီးဆင်းဆဲ .. စီးဆင်းမြဲ ..ပေါ့။
***
(၂)မြစ်တစင်းရဲ့ ဖြစ်တည်မှု .. ဒုတိယအရွယ်

ဒီလိုနဲ့ ..
ချစ်ခြင်း .. မုန်းခြင်း .. ကြင်နာမြတ်နိုးခြင်း အပါအ၀င် ..
ကိုယ့်ရာဇ၀င်တွေ ကိုယ်ထုတ်ပိုးရင်း
တဖြည်းဖြည်း စီးဆင်းလာလိုက်တာ ..
မြစ်တစင်း ..ဖြစ်မှန်းမသိ ဖြစ်ခဲ့ရ။
ဘယ်တော့မှ နောက်ပြန်မစီး ..
ရှေ့ကိုပဲ အားတင်းပြီး
စီးဆင်း ..
စီးဆင်း ..
စီးဆင်း ရင်း .. စီးဆင်း လို့ .. ။
ရေတက် ရေကျ .. သဘာဝဒဏ်တွေ ..
အပြုံးနဲ့ အရှုံး ..လောကဓံတွေ ..
ခါးသီးတဲ့အတွေ့အကြုံတွေကို ဖက်တွယ် ..
အရယ်တွေ .. အမောတွေ ..
သောကတွေ ဒဏ်ရာတွေအပြည့်နဲ့ ..
မြစ်တစင်းဟာ
စီးဆင်းရင်း ကြီးပြင်းလာခဲ့ပေါ့ ..
တနေ့တော့ ..
***
(၃) လှိုင်းတံပိုးများနဲ့ ပင်လယ် .. တတိယအရွယ်

စီးဆင်းနေတဲ့ မြစ်တစင်းရဲ့ အဆုံးသတ်ရာ ..
ပင်လယ်ပြင်မှာတော့ လှိုင်းဂယက်တွေနဲ့လေ .. ။
သာယာတဲ့အခါ ..ငြိမ်သက် ..
လှိုင်းကြက်ခွပ်လေးတွေ .. တလက်လက်နဲ့ပေါ့။
ဘ၀မုန်တိုင်းတွေနဲ့ ကြုံရတဲ့အခါမှာတော့ ..
လှိုင်းတွေထန် .. မာန်တွေတက် ..
တ၀ုန်းဝုန်း ရုန်းကန်ရိုက်ခတ်လို့ပေါ့။
ကောင်းကင်က ပြာရင် ပင်လယ်ကပြာ ..
ကောင်းကင်က မှောင်ရင် ပင်လယ်က မှောင် .. နဲ့ ..
ကောင်းကင်ရဲ့ အရောင်အတိုင်း ပြောင်းလဲနေရတဲ့ ..
ပင်လယ်ရဲ့ရေလှိုင်းတွေဟာ ..
ခိုင်မာတဲ့ ကျောက်ဆောင်တွေကိုတောင်
လဲပြိုအောင် တိုက်စားနိုင်ခဲ့ပေမဲ့ ..
နောက်ဆုံးတော့လည်း
ဘယ်လောက်ကြီးတဲ့ လှိုင်းတံပိုးပဲဖြစ်စေ
သဲသောင်ပြင် ကမ်းစပ်ခြေရင်းမှာ
ဝပ်ဆင်းခဲ့ရတာပဲလေ .. ..။
***
(၄) ကန်ရေပြင်ဘ၀ .. စတုတ္ထအရွယ်

နောက်ဆုံးတနေ့မှာတော့ ..
စီးဆင်းမှုတို့ ဖြည်းညင်းစွာ ရပ်တံ့
အားမတန်ပေမဲ့ မလျှော့ခဲ့တဲ့ မာန်တွေနဲ့လဲ ကင်းကွာ ..
ဒဏ်ရာတွေကိုချွေးသိပ်
အိပ်မက်တွေကို ဖြေဖျောက်
ကျောက်ဆောင်တွေကို ကျောခိုင်း ..
မုန်တိုင်းတွေကို အရှုံးပေး
ကမ်းခြေတွေရဲ့အဝေးဆုံးကို စွန့်ခွာ ..
ကန်ရေပြင်ပမာ ..ငြိမ်သက်အေးစက် ..
ရပ်တည်နေခဲ့ရပြန်ပေါ့ ..
အခုတော့လေ .. .. .. ။
ငြိမ်သက်နေတဲ့ ကန်ရေအိုဟာ ..
တခါတခါ ရောက်လာတတ်တဲ့
သစ်ရွက်ကြွေလေးတွေ ..
နွမ်းနယ်နေတဲ့ ပန်းပွင့်လေးတွေ ..
အထီးကျန်ငှက်ငယ်လေးတွေကို အဖော်ပြုရင်း ..
စွန့်လွှတ်ခြင်းတွေ .. ဆုံးရှုံးခြင်းတွေ .. နစ်နာခြင်းတွေကို မေ့လျော့
ငြိမ်းချမ်းတဲ့ ခွင့်လွှတ်မှုတွေနဲ့ ..
သူ့ဘ၀ အဆုံးသတ်မဲ့ နေ့ရက်တွေကို
စောင့်စားရင်း ..
တချိန်က သူဟာ ..
စီးဆင်းရင်း ရှင်သန်ခဲ့တယ်ဆိုတာ ..
ဟုတ်မှ ဟုတ်ရဲ့လားလို့ တွေဝေငေးမော ..
အတိတ်ကို လွမ်းမောလို့နေပါသတဲ့။
***
မေဓာဝီ
၂၉ သြဂုတ် ၂၀၀၆
(ည ၁၁း၂၁ နာရီ)

Read More...

ကျောင်း အလွမ်းပြေ


ဒီရက်ပိုင်း ကျောင်းကို သတိရနေမိတယ်။
ကျောင်းဆိုတာ ရန်ကုန်တက္ကသိုလ်ပင်မ …ပေါ့ ။
ကျောင်းရော ..ကျောင်းတုန်းက သူငယ်ချင်းတွေရော .. သတိရနေတယ် ..။
ကျောင်းကို မရောက်တာကြာသလို .. သူငယ်ချင်းတွေနဲ့လဲ မတွေ့တာကြာပေါ့။
အပြင်လောကရောက်သွားတော့လဲ ..ကျောင်းဟာ ကိုယ်နဲ့မဆိုင်သလိုလို ပဲ။
ဒါပေမဲ့ .. ဘယ်တော့ပဲဖြစ်ဖြစ် ..
ကျောင်းရှေ့ကဖြတ်တိုင်း ..
ကျောင်းကို မြင်တိုင်း ..
နွေးထွေးတဲ့ ခံစားမှုမျိုး ..
ရင်ထဲမှာဖြစ်ပေါ်မိတယ်။
ဒီပုံက ..နောက်ဆုံးနှစ်ကျောင်းသူဘ၀ .. ဆရာကန်တော့ပွဲနေ့အပြန်မှာ အမှတ်တရ ရိုက်ခဲ့တဲ့ ပုံလေးပါ။
ကျောင်းရဲ့အထိမ်းအမှတ် သစ်ပုတ်ပင်ကြီးရဲ့ အောက်မှာပေါ့။
ကျောင်းတော်ကြီးကို ..
လွမ်းတယ် ..

Read More...

life

တိုတောင်းတဲ့ ဘ၀လေးအတွင်းမှာ ...
ဘယ်သူ့အတွက် အလုပ်လုပ်ရင်း အချိန်တွေ ကုန်ဆုံးခံမလဲ ...
မိဘ ...ဆွေမျိုး .. ဘာသာ .. သာသနာ .. တိုင်းပြည် ...
ငါ ...
ဘာလုပ်ရမလဲ ...
ဆုံးဖြတ်ချက်တခု ..
သေသေချာချာ ချရတော့မယ် ...
လောလောဆယ်တော့ ...
သက်ပြင်းတွေသာ ...
ချမိပါရဲ့ ...

Read More...