Monday, March 28, 2016

... နွေလယ်မိုး ...




နွေလယ် မိုး
***
ညာသံပေးလာ မိုးဒေဝါလည်း 
ချုန်းကာအုံ့ဆိုင်း မှိုင်းလေပြီ။

ခရမ်းပြာသန်း ပျဉ်းမပန်းလည်း
နွေလယ်မိုးဆမ်း လန်းတော့သည်။ 

ပြတင်းမှာငေး နှမလေးလည်း
အဝေးဆီမှန်း လွမ်းရပြီ။

ဒီမိုးနှင့်နွေ ရာသီထွေ၍
စိတ်တွေ လေလွင့်နေတော့သည်။
***
မေဓာဝီ
၂၈၊ ၀၃၊ ၂၀၁၅
၁၅း၄၁ နာရီ

(မနှစ်က ဖေ့စ်ဘွတ်မှာ တင်ခဲ့တဲ့ ကဗျာလေးပါ)

Read More...

Tuesday, March 22, 2016

ဘဝ



ဘဝ
***
ကောင်းကင်ယံထက် ရပ်မကြည့်အား
ကံ့ကော်ရွက်တွေ မရေတွက်အား
ရွက်ပုန်းပန်းပွင့် ဝင့်မကြည့်အား။

ပင်ခြေ မြေထက် 
ကြွေရွက် ခြောက်နွမ်း
တံမြက်ရမ်းလှဲ
စုသိမ်းဆည်းကာ
ဘဝထဲမှာ ကျင်လည်နေ။
***

မေဓာဝီ
၁၉ မတ် ၂၀၁၆

Read More...

Sunday, March 20, 2016

ဘိုးတော်ဘုရားရဲ့ ခြင်္သေ့ကြီးများနဲ့ ဦးပေါ်ဦး

 
မင်းကွန်းက ပုထိုးတော်ကြီးဘုရားကို ရောက်ချိန်မှာ နေအတော်မြင့်နေပြီ။ အညာနွေရဲ့ မွန်းတည့်လု နေပူဒဏ်ကို မခံနိုင်တာကြောင့် ပုထိုးတော်ကြီး အပေါ်ကို မတက်ဖြစ်ခဲ့ဘူး။ ပုထိုးတော်ကြီးဘုရားကနေ အရှေ့ဘက်ကို မျှော်ကြည့်လိုက်တော့ ဧရာဝတီမြစ်ကြီး … ပြီးတော့ ခြင်္သေ့လို့တောင် မပီပြင်တော့တဲ့ ခြင်္သေ့ကြီးနှစ်ကောင်ရဲ့ ကြွင်းကျန်ရစ်သော အပိုင်းအစတွေ။ သမိုင်းထဲက ခြင်္သေ့ကြီးတွေရဲ့ ရုပ်ကြွင်းတွေ ... ဆိုပါတော့ ... ။ ပုထိုးတော်ကြီးနဲ့ ခြင်္သေ့ကြီးရဲ့ ရုပ်ကြွင်းတွေကို ကြည့်ပြီး ဘိုးတော်ဘုရားနဲ့ ဦးပေါ်ဦးကို သတိတရ ဖြစ်မိသွားတယ်။

ဘိုးတော်ဘုရားရဲ့ အမိန့်တော်အရ ပုထိုးတော်ကြီး အနီးမှာ တည်ဆောက်ထားတဲ့ ခြင်္သေ့ကြီးတွေ ပြီးခါစမှာ ဦးပေါ်ဦးက လာကြည့်ပြီး
"ခြင်္သေ့ကြီး ခြင်္သေ့ကြီးတွေနဲ့ နာမည်ကြီးနေလိုက်တာ ခု ... ကြည့်တော့လဲ ..."
လို့ ဝေဖန်ဖို့ စကားအစ ... ခြင်္သေ့ကြီးတွေနောက်မှာ ပုန်းနေတဲ့ ဘိုးတော်ဘုရားက ရုတ်တရက် ထွက်လာပြီး ...
"ဟဲ့ ပေါ်ဦး ဆက်ပြောလေ ခု ကြည့်တော့ ဘာဖြစ်သလဲ ... "
လည်း ဆိုရော ... ဦးပေါ်ဦးက
"ကြည့်တော့လဲ အသက်ဝင်လိုက်တာ ဧရာဝတီမြစ် တဖက်ကမ်းကို ခုန်ကူးတော့မယ့် အလားပါပဲ ဘုရား" ...
လို့ တမုဟုတ်ချင်း အလျှောက်ကောင်းလို့ အထောင်းသက်သာခဲ့ရတယ်။
.
ဘိုးတော်ဘုရားဟာ ပုထိုးတော်ကြီးကို မြန်မာ သက္ကရာဇ် ၁၁၅၂ ခုနှစ်မှာ စတင်ပန္နက်ချပြီး ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး အခမ်းနားဆုံး ဖြစ်အောင် အမြင့် ပေ ၅၀၀ ထိ ဆောက်လုပ်မယ်လို့ရည်ရွယ်ခဲ့ပါသတဲ့။ ဒါပေမဲ့ အဲဒီအချိန်မှာ "ဘုရားလည်းပြီး၊ ပြည်ကြီးလည်း ပျက်၊ မင်းကွန်းဘုရားကြီး အပြီးသတ်၊ မုဆိုးသုညကပ်" ဆိုတဲ့ တဘောင် ပေါ်လာတော့ အယူတော်မင်္ဂလာ ဦးနိုးက ... "ဘုရားကြီး ပြီးရင် တိုင်းပြည်ပျက်မယ်၊ မုဆိုးဘိုဆက်လို့ ခေါ်တဲ့ ကုန်းဘောင်မင်းဆက်လည်း ပျက်မယ်" လို့ နိမိတ် ကောက်ခဲ့တယ်။ ဒါနဲ့ပဲ ဘိုးတော်ဘုရားဟာ ပုထိုးတော်ကြီးကို အပြီး မသတ်စေဘဲ အမြင့် ၁၆၂ ပေမှာ ရပ်ခဲ့တယ်လို့ ဆိုပါတယ်။
.
ဒါ့အပြင် ဘိုးတော်ဘုရားဟာ ဉာဏ်တော်မြင့်မားတဲ့ ပုထိုးတော်ကြီးနဲ့ လိုက်ဖက်ညီအောင် ပုထိုးတော်ကြီး အရှေ့ဘက် ဧရာဝတီမြစ်ကမ်း နဖူးမှာ အမြင့်ပေ ၉၅ ပေရှိတဲ့ ခြင်္သေ့ကြီး နှစ်ကောင်ကို ဆောက်လုပ် တည်ထား စေခဲ့တယ်။ ခြင်္သေ့ကြီးတွေဟာ အင်မတန်ကြီးမားပြီး ခြေသည်း လက်သည်းရဲ့ အလျားက ၅ ပေခွဲ၊ လုံးပတ်က ၄ ပေ ခွဲ ရှိပါသတဲ့။ ခြင်္သေ့ကြီးရဲ့ မျက်လုံးမှာ တပ်ဆင်တဲ့ ကျောက်မျက်လုံးကြီးရဲ့ လုံးပတ်အဝန်းဟာ မတပ်ဆင်ခင် တိုင်းတာချက်အရ ၁၃ ပေရှိတယ်လို့ ဆိုပါတယ်။ နည်းနည်းနောနော ကြီးမားတဲ့ ခြင်္သေ့ကြီးတွေ မဟုတ်ပါဘူး။
.
ဘယ်လောက်ပဲ ကြီးမားခန့်ညားစွာ တည်ဆောက်ခဲ့ပဲပေမယ့် တချိန်မှာတော့ ပျက်စီးရစမြဲ ... ။ ၁၁၅၅ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့တဲ့ ခြင်္သေ့ကြီးတွေဟာ ၄၅ နှစ်အကြာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်မှာတော့ ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီး ခဲ့ရပါတော့တယ်။ ပျက်စီးသွားတဲ့ ခြင်္သေ့ကြီးတွေကိုလည်း ဘယ်သူမှ ပြုပြင်ခြင်းမရှိတာကြောင့် ခုမြင်တွေ့ရတဲ့အတိုင်း ခြင်္သေ့ ငုတ်တိုကြီးတွေ ဘဝနဲ့ လာသမျှလူ ဓာတ်ပုံရိုက်သမျှ ခံနေရရှာတာပါပဲ။
.

ကိုယ်တိုင်လည်း ဒီခြင်္သေ့ပျက်ကြီးတွေကို ဓာတ်ပုံရိုက်ယူရင်း တဖက်ကမ်းကို ခုန်ကူးတော့မယ့်အလား ဦးပေါ်ဦးနှုတ်ဖျားမှာ အသက်ဝင်ခဲ့တဲ့ တခါက ခြင်္သေ့ကြီးတွေကို ပြန်မြင်ယောင် တွေးတောနေမိတယ်။
ကြွင်းကျန်ရစ်တဲ့ ခြင်္သေ့ကြီးရဲ့ ကိုယ်ထည် အပိုင်းအစပေါ်မှာတော့ ‪အမှိုက်မပစ်ရ ဒဏ်ငွေ ၅၀၀၀ လို့ ထုံးနဲ့ ကမ္ဗည်းထိုးထားလေရဲ့။
***
မေဓာဝီ
၂၀ ၊ ၀၃ ၊ ၂၀၁၆
၁၆း၃၆ နာရီ



(၂၀၁၆ ဖေဖော်ဝါရီလ စစ်ကိုင်း - မင်းကွန်း ခရီးစဉ် အမှတ်တရ)

Read More...

Saturday, March 05, 2016

ထိုနေ့ ...

မတ်လနံနက်ခင်းမို့ နေပွင့်သည်နှင့် ပူချင်ပြီ။ ကားထဲမှာ လေအေးစက်ဖွင့်ထားသော်ငြား လူရော စိတ်ပါ ပူနေမိ၏။ အစစ အဆင်ပြေ ချောမွေ့ပါ့မလား ... စိတ်လှုပ်ရှားနေခဲ့သည်။ သူတို့နှစ်ဦးလုံး စိတ်စောနေ၍ ရုံးဖွင့်ချိန်ထက် စောလွန်းစွာ ရောက်သွားကြသည်။ ရုံးက မဖွင့်သေး။ အနီးရှိ စုံစီနဖာ ရောင်းသော ဆိုင်ကလေးမှ စာချုပ် နှစ်စောင်ဝယ်ပြီး ရုံးအဖွင့်ကို သူတို့ ထိုင်စောင့်နေကြသည်။ 
.

အတန်ငယ်ကြာသော် ရုံးဖွင့်ပြီ။ ရုံးဖွင့်သော်လည်း သူတို့ကိစ္စကို ချက်ချင်း ဆောင်ရွက်၍မရသေး။ တရားသူကြီးအလာကို စောင့်ရပြန်သည်။ ရှေ့ဖတ်စာရေး၊ သက်သေ လိုက်ပေးမည်သူ၊ ရေစစ္စရီလုပ်ပေးမည့်သူ ... စသဖြင့် ဆက်လက် စောင့်စားရင်း အချိန်တို့က တရွေ့ရွေကုန်လွန်သွားကြသည်။ ရုံးဝင်ပေါက်ရှိ ခုံတန်းရှည်လေးတွင် သူတို့နှစ်ဦး တယောက်လက်ကို တယောက် ဆုပ်ကိုင်ကာ ထိုင်နေရင်း ဘဝနှစ်ခုကို တစ်ခုတည်း ပေါင်းစပ်ရန် စိတ်ရှည်စွာ စောင့်စားနေခဲ့ကြရ၏။
.
စာချုပ်မှာ အမှားအယွင်း မပါစေလို၍ သူကိုယ်တိုင်ပင် ဖြည့်မည် စိတ်ကူးကာ ဘောပန်ရှာတော့ စာချုပ်လက်မှတ်ထိုးရန် အင်္ဂလန်မှ တုံးဖလားသူကြီး ပို့ပေးသော ခရော့စ် ဘောပန်လေးက အိမ်က စားပွဲပေါ် မေ့ကျန်ခဲ့ကြောင်း သိရသည်။ သို့နှင့် ပိုက်ဆံအိတ်ထဲ အမြဲဆောင်ထားသော ဘောပန်လေး တချောင်းကို ထုတ်၍ ဖြည့်လိုက်ရတော့သည်။ ထိုဘောပန်လေးက ဆွစ်ဇာလန်နိုင်ငံမှ ကိုညီလင်းသစ်နှင့် ပထမဆုံး ဆုံကြစဉ်က လက်ဆောင်ရထားသော ဆွစ် အမှတ်တရ ဘောပန်လေးဖြစ်သည်။ အင်္ဂလန်နှင့် လွဲ၍ ဆွစ်နှင့် ရေစက်ဆုံရသည့် အဖြစ်။
.
အချိန်တန်သော် တရားသူကြီး၏ အခန်းသို့ သွားရလေပြီ။ အမျိုးသမီး တရားသူကြီးက သူတို့နှစ်ယောက်ကို ကြည့်ကာ ပြုံးစစ။ အသက်မပြည့်သေးတဲ့ စုံတွဲဟု ခပ်နောက်နောက် ပြောရင်း စာချုပ်လေးတွင် သူတို့နှစ်ယောက် လက်မှတ်ထိုးကြရသည်။ ထို့နောက် အသိသက်သေ နှစ်ဦးကလည်း လက်မှတ်ထိုးကြသည်။ နောက် ... ဘုတ်အုပ်ကြီးထဲတွင် သူတို့နှစ်ဦး၏ အချက်အလက်များကို စာရင်းသွင်းသည်။ သည်လိုနှင့် ထိုနေ့မှ စ၍ သူတို့နှစ်ဦး၏ ဘဝသည် ရိုးရှင်းစွာ စတင်ခဲ့ရလေသည်။
.
 ယခုဆိုလျှင် တနှစ်တင်းတင်းပြည့်ပြီ။ သူနှင့် ကိုယ်က တနေရာစီ။ သို့သော် ဝေးမနေပါ။ နှစ်ဦးသား အမြဲ နွေးထွေးစွာ တသားတည်း ရှိနေသည်သာ။
***
၅၊ ၀၃၊ ၂၀၁၆
၁၈း၁၅ နာရီ
တနှစ်ပြည့် မင်္ဂလာ အမှတ်တရ

Read More...

Wednesday, March 02, 2016

လက်ပံ


ဒီတခေါက် အညာခရီးမှာ ပင်လုံးကျွတ်ပွင့်နေတဲ့ လက်ပံပင်တွေကို အပြင်မှာ စမြင်ဖူးပြီး စွဲစွဲလမ်းလမ်း ဖြစ်ခဲ့ရတယ်။
.
ဆောင်းအကုန် နွေအကူးဆို လက်ပံတွေ ပွင့်ကြသတဲ့။
... ... ...
သွားခဲ့တဲ့ ခရီးစဉ်တလျှောက် မန္တလေး၊ အမရပူရ၊ စစ်ကိုင်းနဲ့ မေမြို့ ပိတ်ချင်းမြောင်မှာပါ လက်ပံတွေပွင့်နေတာ ကြုံခဲ့ရတယ်။ လက်ပံပွင့်နီနီတွေက အပင်ပေါ်မှာရော ပင်အောက်မှာပါ ရဲရဲတောက် နေတာမြင်တော့ … 


ပိတ်ချင်းမြောင်အထွက်က လက်ပံပွင့်ကြွေတွေ ...

"လာဟေ့ ဒွါး
သွားကောက်ချည်စို့
ပွင့်ခြောက်ကယ် အနားလန်
ဆက်ရက်ကယ် ညံ
ပင်လက်ပံ ကြွေချိန်ကျပြီမို့
မိဇံလှ နင်လိုက်ဦးမလား
သုံးစိတ်ဝင် ထန်းလျှော်တောင်းရယ်နှင့်
ပေါင်းလန်မှပြန်ကြမယ်လေး။"

ဆိုတဲ့ ဦးဆောင်းရဲ့ လက်ပံကောက် ကဗျာလေးက အတွေးထဲရောက်လာတယ်။ လက်ပံပင်ကြီးပေါ်မှာတော့ တကယ့်ကို "လက်ပံပင် ဆက်ရက်ကျ" ဆိုတဲ့အတိုင်း ဆက်ရက်သံတွေ ကျလိကျလိနဲ့ ဆူညံလို့။ စကားပုံဆိုတာ တကယ်ဖြစ်တာကို အခြေခံပြီး ပေါ်လာတာပါလား ဆိုပြီး ဒီစကားပုံလေးကို လက်တွေ့သိလိုက်ရလို့ ကျေနပ်နေမိပါ သေးတယ်။

သပြေတန်းခံတပ်အနီးက လက်ပံပင်ကြီး

"လက်ပံပွင့်တွေ လေအတိုက်ကြွေလိုက်တဲ့အခါ
တဝဲဝဲဝေ့ကာ လေယာဉ်ပမာ"

အဆိုတော်သန်းထွန်းလေးရဲ့ အညာအလွမ်း သီချင်းလေးထဲမှာ လက်ပံပွင့်ကြွေပုံကို သရုပ်ဖော်ထားပုံက ပီပြင်လှတယ်။ လက်ပံပွင့်ကြွေပုံက တခြား ပန်းပွင့်တွေ သစ်ရွက်တွေ ကြွေသလို မဟုတ်ဘူး၊ တဝေ့ဝေ့ တလည်လည်နဲ့ လေဟုန်စီးပြီး မြေပေါ်သက်ကြတာ။ ဘယ်လောက်လှ ဘယ်လောက် ချစ်စရာ ကောင်းလိုက်ပါသလဲ။
ဦးပိန်တံတားနဲ့ လက်ပံပင်ရဲ့ အလှ

လက်ပံကောက်ရင်း သီချင်းဆိုတဲ့ ရုပ်ရှင် ဇာတ်ဝင်ခန်းလေး တခုလဲ ခုထိ စွဲနေမိသေးတယ်။ 

"နုထွားပျို မေလုံ
ကိုယ့်အသည်းမှာ စွဲနေပါပေါ့
သည်းလိုက်တဲ့ဖြစ်ပုံ
ကြုံရင် ဆုံရင် လိုက်ခဲ့ပါလား ကျမတို့ရွာမြစ်ဆုံ"

ပန်းမြိုင်လယ်က ဥယျာဉ်မှူး ရုပ်ရှင်ဇာတ်ကားထဲမှာ အဲဒီသီချင်းကို လက်ပံပင်ကြီးအောက် လက်ပံကောက်ရင်း ဆိုနေတဲ့ ဇာတ်ဝင်ခန်းလေး သတိရ မြင်ယောင်မိလို့ လက်ပံပင်ကြီးအောက် ရောက်တုန်း သီချင်းလေးကို ခပ်တိုးတိုး ညည်းတွားမိသေးရဲ့။

ဦးပိန်တံတားထိပ်က လက်ပံပင်ကြီး

"လက်ပံပွင့်ချိန် ခွေးရူးချိန်"

ဆောင်းအကုန် နွေအကူး နွေဦးပေါက်ရင် အညာမှာ ရေရှားတယ်၊ မျက်ခမ်းစပ်တွေ ဖြစ်တယ်၊ ခွေးရူးတွေ ပေါတယ် လို့ အမေပြောပြဖူးတယ်။ အဲဒီစကား ကြားတိုင်း အညာနေပူအောက်မှာ နီနီရဲရဲပွင့်နေတဲ့ လက်ပံပင်ကြီးတွေရယ် လေပူဝှေ့တိုင်း ကြွေကျကြတဲ့ ရွက်ဝါတွေရယ် ပြီးတော့ သွားရည်တမြားမြားနဲ့ လျှောက်ပြေးနေတဲ့ ခွေးရူးတကောင်ရယ် ကို မြင်ယောင်မိတယ်။ 

ဦးပိန်တံတားမှာရောင်းတဲ့ လက်ပံပွင့်ခြောက်တွေ

 “တံမြက်စည်းဟင်း”

အညာက ဆွေမျိုးသားချင်းတွေ အလည်လာကြတဲ့အခါ လက်ပံပွင့်ခြောက်တွေ ယူလာကြလို့ အိမ်မှာ လက်ပံခေါင်းဟင်းချက်ရင် ငယ်ငယ်က သိပ်စိတ်ညစ်တာပဲ။ လက်ပံပွင့်ထဲက ဝတ်ဆံတိုင် အချောင်းလေးတွေဟာ ခြောက်သွားပြီး ဟင်းချက်လိုက်တော့ တံမြက်စည်းနဲ့တူလို့ တံမြက်စည်းဟင်းလို့ နာမည်ပေးခဲ့ကြဖူးတယ်။ တံမြက်စည်းဟင်းကို သူများတကာလို သိပ်စွဲစွဲလမ်းလမ်း မနှစ်သက်ခဲ့ဖူးဘူး။ ဒါပေမဲ့ တောင်သမန်အင်းက ဦးပိန်တံတားပေါ်မှာ လက်ပံပွင့်ခြောက်တွေ ဗန်းကလေးနဲ့ ထည့်ရောင်းနေတာ တွေ့တော့ ငယ်ငယ်က စားခဲ့ဖူးတဲ့ တံမြက်စည်းဟင်းကလေး ပြန်သတိရပြီး စားချင်စိတ် ပေါ်လာမိတယ်။
.
"မဆီမဆိုင် လက်ပံသား ဓားနဲ့ချိုင်"

ဒီစကားရဲ့ ရင်းမြစ်ကို သေချာမသိပေမဲ့ ကိုယ်နဲ့မဆိုင်ဘဲ ဆွဲထည့်တာမျိုး ကြုံတဲ့အခါ ကိုယ်တိုင်လည်း ဒီစကားကို သုံးနှုန်းခဲ့ဖူးပါတယ်။ ဘာလို့များ လက်ပံသားမှ ဓားနဲ့ချိုင်ရတာလဲ၊ လက်ပံသားက အသားပွသလား ကျစ်သလား ... တကယ်ကို မသိပါဘူး။ လက်ပံပင် အမြစ်ဆုံကြီးပေါ်မှာ ထိုင်ခဲ့ဖူးပေမဲ့ သူ့အသားကို မစမ်းစစ်ကြည့်မိလေခြင်းလို့ စိတ်ထဲ နောင်တရမိသေးတယ်။

အပြာရောင် ကောင်းကင်နောက်ခံနဲ့ လက်ပံပွင့် နီနီတွေ

“ဥုံ - လက်ပံပင်ထိပ်ဖျား တင်ကျီးနား၊ တင်ကျီးထိုးဟဲ့ - ငါးရိုးထွက်”

ငါးရိုးမျက်ရင် ရွတ်တဲ့ ဂါထာတဲ့။ ငယ်ငယ်က ငါးရိုးစူးရင် အဲဒီလို ရွတ်ကြတာ ကြားဖူးတယ်။ ရထားပေါ် ကားပေါ် ရောင်းတဲ့ အိတ်ဆောင် လောကျမ်းလေးထဲမှာလည်း ဖတ်ဖူးတယ်။ တချို့ကလည်း ဒီဂါထာက ငါးရိုးမျက်တာ တကယ် သက်သာစေသတဲ့။ တခါမှ စမ်းမကြည့်ဖူးလို့ မှန်မမှန်တော့ မသိပါဘူး။ လက်ပံပင်ကြီး မြင်တော့ ဟိုးထိပ်ဖျားမှာ တင်ကျီးနားနေမလားလို့ မော့ကြည့်မိသေးတယ်။ တင်ကျီးတော့ မရှိဘူး၊ ရဲရဲနီနေတဲ့ လက်ပံပွင့်တွေက အပြာရောင် ကောင်းကင်နောက်ခံနဲ့ လှနေလိုက်တာ .... ။

နန်းတော်ကျွန်းရွာက လက်ပံပင်ရင်းမှာ

စစ်ကိုင်းက နန်းတော်ကျွန်းရွာကလေးကို ရောက်တော့ ဧရာဝတီ မြစ်ကမ်းနားမှာ လက်ပံပင်ကြီး အကြီးကြီးကိုတွေ့လို့ ပျော်ပြီး လက်ပံပွင့်ကောက်တဲ့ ပုံလေးရိုက်ပေးပါလို့ အကို့ကို ပူဆာတော့ လက်ပံပွင့်ကြွေတွေက နွားချေးတွေ ခွေးချေးတွေနဲ့ ညစ်ပတ်နေတာမို့ မရိုက်ပါနဲ့တဲ့။ လက်ပံပင်အောက်က သစ်မြစ်ဆုံကြီး ပေါ်မှာပဲ ရိုက်ပေးပါတယ်။
.
ဦးပိန်တံတားပေါ်မှာ လက်ပံပင်နောက်ခံရှုခင်းနဲ့
ဒါနဲ့ပဲ လက်ပံပွင့်ကြွေတွေ မကောက်ရတဲ့ အတူတူ အကြွေပန်းလေးတွေကို ငေးမောရင်း ဓာတ်ပုံလေးတွေပဲရိုက်ပြီး လက်ပံပွင့်တွေ ကြွေရာမြေက ပြန်လာခဲ့ရပါတော့တယ်။
***
မေဓာဝီ
၂၊ မတ်၊ ၂၀၁၆
၁၇း၅၀ နာရီ
(အညာခရီး အမှတ်တရ)

Read More...