Wednesday, December 18, 2013

မြတ်သောဆုတောင်း ...

နတ်တော်လရဲ့ အအေးရိပ်မှာ ခိုလှုံရင်း ခဏတဖြုတ် အားလပ်ချိန်လေးတွေမှာ စာဖတ်စရာ ရှာတော့ အဖေ့စာအုပ်စင်က ဦးသော်ဇင် စာအုပ်တွေကို တွေ့တာနဲ့ ယူလာလိုက်တယ်။ လောကဂီတ၊ ရာသီသဘင်နဲ့ စာဥယျာဉ် ဆိုတဲ့ စာအုပ်လေးတွေ ... ။ အစအဆုံး မဖတ်နိုင်ခင် ဟိုဒီလှန်လှော စာမြည်းရင်း စာဥယျာဉ် စာအုပ်ထဲက  "ဝရဒါန" ဆိုတဲ့ ဘာသာပြန်စာစုလေးတခုကို သွားတွေ့ပါတယ်။ ရာဘင်ဒြာနသ်တဂိုးရဲ့ ကဗျာလေးကို မြန်မာပြန်ထားတဲ့ စာစုလေးပါ။ အဲဒီစာကို ဖတ်ရင်း ငယ်ငယ်တုန်းက ဦးသော်ဇင်ရေးတဲ့ စာတအုပ်ထဲမှာ "ပတ္ထနာ" ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတပုဒ် ဖတ်ခဲ့ဖူးတာ အမှတ်ရမိတယ်။ အဲဒီစာကို  တော်တော်လေး နှစ်သက် စွဲလမ်းလွန်းလို့ အဲဒီလို ဆုတောင်းမျိုးကိုလဲ လိုက်လံ တုပပြီး တောင်းခဲ့ဖူးတယ်။ အဲဒီဆုတောင်းနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ ၇ နှစ်သာသာက ဒီနေရာမှာ  ပို့စ်အဖြစ် ရေးခဲ့ဖူးပါတယ်။

အခု ဖတ်ရတဲ့ တဂိုးရဲ့ ဝရဒါနကို မြင်တော့ ဦးသော်ဇင် ပတ္ထနာရဲ့ မြစ်ဖျားခံရာ ဖြစ်ရမယ်လို့ ကျမ စိတ်ထဲ မှတ်ထင်မိတယ်။ ဘာသာပြန်ထားတဲ့ စာကို အခေါက်ခေါက်ဖတ်ရင်း ... အရင်က ဖတ်ဖူးတဲ့ ဦးသော်ဇင်ရဲ့ ဆုတောင်းကို ပြန်တွေးရင်း ... ကဗျာလေး တပုဒ် ချရေးဖြစ်သွားတယ်။ ရေးပြီးပြီးချင်း ဘလော့မှာ တင်မရလို့  ဖေ့စ်ဘွတ်က မှတ်စုလေးထဲမှာပဲ တင်ဖြစ်ခဲ့ပါတယ်။ ဝရဒါန ခေါင်းစဉ်ရဲ့ အဓိပ္ပါယ်ကို အွန်လိုင်းမှာတွေ့တဲ့ ဦးဇင်း ဦးဇနက (အင်္ဂါမောင်) နဲ့ ဘုန်းဘုန်း ဦးဉာဏိန္ဒ တို့ကို မေးမြန်းခဲ့ရပါသေးတယ်။  ဦးဇင်းနဲ့ ဘုန်းဘုန်းတို့က ကဗျာကို ဖတ်ရှု ဝေဖန်အကြံပေးကြပါတယ်။

နောက်တနေ့ အဖေနဲ့ အွန်လိုင်းမှာ စကားပြောတော့ အဖေက ဖေ့စ်ဘွတ်မှာ တင်ထားတဲ့ သမီးကဗျာလေး ဖတ်ပြီးပြီ၊ အဖေ သဘောကျပါတယ် ... လို့ ချီးကျူးစကားဆိုပါတယ်။ အဖေက ကျမ ကဗျာတွေကို ချီးကျူးခဲပါတယ်။ ကျမကလဲ ကဗျာတွေဆို အဖေ့ကို သိပ်ပေးမဖတ်ပါဘူး။ အခု အဖေက ချီးကျူးတော့ အားတက်ပြီး ဘလော့မှာ မရရအောင် တင်မယ် စိတ်ကူးနဲ့ ကြိုးစားပမ်းစား တင်လိုက်ပါတယ်။ ဖတ်ရှု ဝေဖန် အကြံပေးကြပါအုံး ... ။ 
***
ဝရဒါန
(ဝိပဒေ မောရေ ရက္ခာ ကောရော) - ရာဘန္ဒြာနသ်တဂိုး

အရှင် … `ဝိပတ္တိတို့မှ စောင့်ရှောက်ပါ` ဟူသော ပတ္ထနာကို ယူပြီး သင်၏ တံခါးသို့ မလာပါ။ ဝိပတ္တိတို့မှ ကြောက်ရွံ့ခြင်း မဖြစ်မည့် - ယင်းဆုမြတ်ကိုပေးပါ။

မိမိသည် ဒုက္ခဖြင့် နွမ်းလျနေသောစိတ်ကို နှစ်သိမ့်မှုပေးပါရန် တောင်းခံခြင်း မပြုပါ။ ဒုက္ခတို့ကို အောင်မြင်ရသော ဆုမြတ်ကိုပေးပါ။ ယင်းသည် ပတ္ထနာဖြစ်၏။

သင်၏အကူအညီငါ့အား မရနိုင်ပါသော် အထီးကျန်အဖြစ်ဝန်ခံလျက် သူတပါးနှင့် ဆက်စပ်မှုမပြုသော ဆုကိုပေးပါ။

လောက၏ အနိဋ္ဌာရုံ အကျိုးမဲ့နှင့် ကောက်ကျစ်စဉ်းလဲခြင်းတို့သာ ငါ့အဖို့ ဖြစ်ပါမူ ငါ၏အတွင်းမှာ ဤလိမ်လည် လှည့်ပတ်ခြင်းတို့၏ အရှိန်အဝါကြောင့် ကုန်ခမ်းမသွားပါ။ ငါ့အား ကယ်မပါဟူသော ပတ္ထနာကို ယူပြီး သင်၏ တံခါးသို့ မလာပါ။ ဒုက္ခအဏ္ဏဝါတွင် ကူးနိုင်သော သတ္တိကိုသာ တောင်းဆိုပါသည်။

ငါ၏ တာဝန်ပေါ့အောင်ပြုပါ ဟူသော တောင်းဆိုချက် ပြည့်စုံမှု နှစ်သိမ့်ဆုကို မလိုချင်ပါ။ ဤတာဝန်ကို ထမ်းဆောင်လိုပါသည် ဟုသာလျှင် ပတ္ထနာပြုပါသည်။

သုခပြည့်ဝသောခဏ၌ ဦးညွတ်၍ သင့်အား ဖူးမြော်နိုင်ပါမည်။ သို့ရာတွင် ဒုက္ခပြည့်နှက်သော ညတို့မှာ တလောကလုံးက ငါ့အားပြောင်လှောင်ပါမူ ငါသည် မကြောက်မရွံ့ဆုကို လိုချင်ပါသည်။
(ဦးသော်ဇင် - စာဥယျာဉ်) ၁၉၆၉ ခုနှစ်
***
"မြတ်သောဆုတောင်း"

ဝိပတ္တိမှ
လွတ်မြောက်ရစေ
ဆုမချွေလို၊
ထိုဝိပတ္တိ
ကြုံသည့်အခါ
စိတ်မှာကြောက်ခြင်း
အလျဉ်းမရှိ
စေမည့်ဆုသာ … ငါတောင်းပါ၏။

ရင်ထဲနွမ်းလျ
စိတ်ဒုက္ခဘေး
နှစ်သိမ့်ပေးရန်
ဆုမပန်ပါ၊
ကြုံလာဒုက္ခ
အောင်မြင်ရအောင်
စွမ်းဆောင်နိုင်စေ … ငါဆုချွေ၏။

ကယ်သူကင်းမဲ့
ကူညီမဲ့ပြီး
အထီးကျန်မှ
ကင်းဝေးရကြောင်း
ဆုမတောင်းလို၊
ငါတကိုယ်တည်း
မငိုညည်းဘဲ
နေရဲသည့်ဆု … တောင်းဆိုပြု၏။

ဖြစ်လေရာရာ
အနိဋ္ဌာရုံ
အမြဲကြုံငြား
ငါ့အားကယ်ပါ
တစာစာဟစ်
ခွန်းလှစ်ဖွဲ့ဆို
ညည်းမငိုဘူး၊
ဘယ်လိုဒုက္ခ
ကြုံပါရလဲ
ရင်ဆိုင်ရဲသည့်
သတ္တိကိုသာ … ရလိုပါ၏။

တာဝန်တွေပိ
ကိုယ်မချိလဲ
ငြိသည့်ဝန်တာ
ပေါ့ပါစေရေး
နှစ်သိမ့်ပေးခြင်း
အလျဉ်းမလို
တာဝန်ကိုသာ
ကျေပွန်စွာဖြင့်
ဆောင်ရွက်ခွင့်ကို … ငါတောင်းဆို၏။

သုခချမ်းသာ
ပြည့်သောခါ၌
ဦးခိုက်ကော်ရော်
ငါဖူးမြော်မည်၊
ကြုံသည်ဒုက္ခ
လမိုက်ညဝယ်
အဘယ်လူများ
လှောင်ပြောင်ငြားလဲ
ကြောက်အားမဲ့ကင်း
ရဲရင့်ခြင်းသာ ... လိုလားပါ၏။
***
(ဦးသော်ဇင် ၏ မြန်မာပြန်ကို ကဗျာပြန်လည်ဖွဲ့ဆိုသည်)
၁၅၊ ၁၂၊ ၁၃
 ***
တကယ်တော့ ဆုတောင်းဆိုတာ ဖြစ်ချင်တဲ့ ဆန္ဒပါ။ ဆုတောင်းပြည့်အောင် တနည်းအားဖြင့် ကိုယ့်ရဲ့ ဆန္ဒတွေ ပြည့်စုံအောင်ကတော့  ကြိုးစားပြီး လုပ်ယူရမှာပါ။ ဒီလိုကြိုးစားခြင်းဟာ ပါရမီဖြည့်ခြင်းပဲ မဟုတ်လား။ ကဗျာလေး ရေးရင်း အဲဒီဆုတောင်းတွေ တကယ်ပဲ ပြည့်ချင်လိုက်တာလို့ ပြင်းပြတဲ့ ဆန္ဒတွေ ဖြစ်မိတယ်။ တကယ်တမ်းတော့ ဒီဆုတောင်းတွေ ပြည့်ဖို့ရာ ... ကျမ အများကြီး ကြိုးစားရပါအုံးမယ် ... ။ 
***
မေဓာဝီ
၁၈၊ ၁၂၊ ၂၀၁၃
၁၉း၄၇ မိနစ် (မြန်မာစံတော်ချိန်)

Read More...

Wednesday, December 11, 2013

အလွမ်းမဲ့ ဒီဇင်ဘာ ...

အလွမ်းမဲ့ ဒီဇင်ဘာ
***
လွမ်းချင်ပါလျက်
အလွမ်းခက်ခဲ့ပြီ ဒီဇင်ဘာ … ။        

ဆောင်းလေအေးအေး
နှင်းဖွေးဖွေးအောက်
တယောက်ထဲ လျှောက်ခဲ့တဲ့လမ်းတွေကို
ငါ … မလွမ်းလိုတော့ပါ ဒီဇင်ဘာ … ။

အပြုံးတု - အကြင်နာတု
မေတ္တာအတုတွေ အားလုံးကို
ဥပေက္ခာပြုဖို့ ကြိုးစားရင်း
နားလည်ခြင်းတွေကို သောက်သုံး
ငါ … (ဘယ်သူ့ကိုမှလဲ) မမုန်းလိုတော့ပါ ဒီဇင်ဘာ … ။

ဒီဇင်ဘာရဲ့ ညချမ်းမှာ
ကံ့ကော်ပန်းတွေလဲ ရနံ့ပြယ်
စပယ်ဖြူတွေလဲ ကြွေကျ
ခရေတွေ မြေမှာခခဲ့ပေမယ့်
ငါ … မျက်ရည်မကျဘူး ဒီဇင်ဘာ … ။

ငါ့ရဲ့ လမ်းမှာ
အလွမ်းတွေ ဖယ်ရှား
အမှားတွေကို ကျောခိုင်း
ရိုင်းစိုင်းခြင်းများ စွန့်ပစ်
ချစ်ခြင်းမေတ္တာ စစ်စစ်သာ
ဝင်လာခွင့်ပြုမယ် ဒီဇင်ဘာ … ။

ငါ့ ဒီဇင်ဘာ
နှင်းဖြူမလွှမ်း … မြူမသန်းပေမဲ့
အေးချမ်းနေခဲ့တယ်  … ။

ငါ့ ဒီဇင်ဘာ
ကဗျာမဆန်  … ကာရန်မကျပေမဲ့
တကယ်ကို လှနေခဲ့တယ် … ။

ကဲ …
ငါ … ဘာကို လွမ်းရမလဲ …
ငါ … ဘာကို တမ်းတမလဲ …
လွမ်းချင်ပါလျက်နဲ့
အလွမ်းခက်ခဲ့ပြန်ပြီကွယ် … ။ … ။
***
မေဓာဝီ
၁၁၊ ၁၂၊ ၁၃
၁၉.၀၇ နာရီ

Read More...

Friday, November 29, 2013

~ ရွှေရတု အကြို ~

 နိုဝင်ဘာလဟာ အဖေနဲ့ အမေရဲ့ အမှတ်တရတွေ ပြည့်လွှမ်းနေတဲ့ လတလပေါ့။ အမေတို့ရဲ့ မင်္ဂလာ နှစ်ပတ်လည်ဟာ ဒီနိုဝင်ဘာမှာ ၄၉ နှစ်ပြည့်ပြီလေ။ တချို့သောသူတွေက အမှတ်တရ နေ့ လ ရက်တွေကို ဂရုမစိုက်၊ စိတ်မဝင်စား၊ တန်ဖိုးမထားကြပေမဲ့ ကျမကတော့ တန်ဖိုးထားသင့်တယ်လို့ ထင်တာပါပဲ။   နှစ်ဦးသား လျှောက်လှမ်းနေကြတဲ့ ဘဝခရီးလမ်းမှာ တရက်ပြီးတရက် ကုန်ဆုံးသွားတဲ့ နေ့ရက် အချိန်တွေဟာ ... ချစ်ခြင်းတို့ရဲ့ ရာဇဝင်၊ သံယောဇဉ်တွေရဲ့ခိုင်မြဲခြင်း ... နားလည်ခြင်းတွေရဲ့ ခြေရာ ...  မေတ္တာတရားရဲ့ သင်္ကေတ ... ပြောမယ်ဆိုရင် ... နိဗ္ဗာန်ခရီးကို အတူသွားကြတဲ့ ပါရမီဖြည့်ဘက်တွေရဲ့ ခြေလှမ်းလေးတွေပဲ မဟုတ်လား ... ။ 
 
လှမ်းခဲ့ကြတဲ့ ခြေလှမ်းတွေထဲမှာ ချစ်ခြင်းမေတ္တာနဲ့ ကြင်နာမြတ်နိုးခြင်း အပါအဝင် ...  ပျော်ရွှင် ကြည်နူးခြင်းတွေ ... ပူဆွေး ဝမ်းနည်းခြင်းတွေ ... နားလည်ခွင့်လွှတ်ခြင်းတွေ ...  စောင့်စည်း ထိမ်းသိမ်းခြင်းတွေ ... ... စတဲ့ စတဲ့ ခံစားချက်တွေ ရောယှက်နေမှာပါ။ ဒီလိုနဲ့ အချိန်လေးတွေ တစစ ကုန်ဆုံးရင်း ပြန်လှည့်ကြည့်ချိန်မှာ ၄၉ နှစ်ဆိုတဲ့ ခရီးကို မညည်းမညူ အတူ လက်တွဲလို့ ... ဘေးနားမှာတော့ အဖေနဲ့ အမေတို့ သိပ်ချစ်ရတဲ့ သား သမီးတွေနဲ့ပေါ့ ...။ :)

 အမေနဲ့ အဖေက ဘဝအဆက်ဆက် ရေစက်ဆုံခဲ့ကြတဲ့ ပါရမီ ဖြည့်ဘက်တွေ ဖြစ်မှာပါပဲ။ အဖေက အမေ့ကို သိပ်ချစ်သလို ... အမေကလဲ အဖေ့ကို အရာရာ နားလည်မှုနဲ့ ခွင့်လွှတ်ပြီး ချစ်နိုင်ခဲ့တယ်။ အဖေက အမေ့ရဲ့ တဦးတည်းသော ချစ်သူ ဖြစ်သလို အမေ့ဘဝတခုလုံးကိုလဲ အဖေနဲ့ သားသမီးတွေအတွက် မြှုပ်နှံခဲ့တယ်။ အမေ့မှာ သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေ ဆိုတာ မရှိသလောက်ပါပဲ။ အဖေ့သူငယ်ချင်းက အမေ့သူငယ်ချင်း၊ အဖေ့မိတ်ဆွေက အမေ့မိတ်ဆွေ ...။ သားသမီးတွေ ကြီးလာတော့ သားသမီးတွေရဲ့ မိတ်ဆွေက အမေ့ မိတ်ဆွေတွေ ဖြစ်သွားရော ... ။ တကယ်တမ်းကျတော့ ... အဖေရယ် သားသမီးတွေရယ်က အမေ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေ သူငယ်ချင်းတွေပဲပေါ့။ 

အမေနဲ့ အဖေက စာပေ ဝါသနာပါတာချင်း တူတယ်၊ ကဗျာဝါသနာပါတဲ့ အမေ့ကြောင့် အဖေက ကဗျာတွေကို စနစ်တကျ လေ့လာပြီး ကဗျာပေါင်း များစွာ ရေးဖြစ်ခဲ့တယ်။ အဖေ့ကဗျာ တချို့ ဒီနေရာမှာ ရှိပါတယ်။ အမေသင်ပေးလို့ ဘုရားစာတွေ ရခဲ့တဲ့ အဖေက ဘာသာရေးကို စိတ်ပါဝင်စားစွာ သေချာလေ့လာ သင်ယူခဲ့ပြီး နောက်ဆုံး အဘိဓမ္မာ သင်တန်းဆရာ တယောက် ဖြစ်ခဲ့တယ်။  အဖေရဲ့ အောင်မြင်မှုတွေတိုင်းမှာ နောက်ကွယ်က အမေ့ရဲ့ ထောက်ပံ့မှု တွေ အမြဲ ပါခဲ့တယ်လို့ ဆိုရမှာပါပဲ။

အဖေနဲ့ အမေက သူတပါးကို ကူညီဖို့ ပေးကမ်းဖို့ ဒါနပြုဖို့ဆိုရင် စိတ်တူ ကိုယ်တူလဲ ဖြစ်ကြတယ်။ တယောက် လှူမယ့် အလှူကို တယောက်က မဟန့်ကြ မတားမြစ်ကြဘူး။ အဖေနဲ့ အမေ နှစ်ယောက်လုံး သူတပါးကို ကိုယ်ချင်းစာ စိတ်နဲ့ ကြင်နာသနား တတ်တာတွေ ... ကိုယ့်အပေါ် မကောင်းတဲ့သူ ကိုတောင် သည်းခံနိုင်လွန်းကြတာတွေ ... စိတ်ချင်းထပ်တူညီကြတာ များပါတယ်။ 

အခု မောင်လေးရှိရာ နိုင်ငံရပ်ခြားမှာ အမေနဲ့ အဖေ ရောက်နေကြတော့ မောင်လေးတို့ အလုပ်သွားရင် အမေနဲ့ အဖေ နှစ်ယောက်ထဲ ကူဖော်လောင်ဖက် ခြေဆုပ်လက်နယ် မရှိတဲ့အခါ တယောက် နေထိုင်မကောင်းရင် တယောက်က ပြုစုကြရတယ်။ အတူတူ ချက်ပြုတ် စားသောက်၊ အတူတူ လမ်းလျှောက်၊ အေးအတူ ပူအမျှ ဆိုတဲ့ စကားက အမေနဲ့ အဖေအတွက် ပိုပြီး အဓိပ္ပါယ် ရှိလာခဲ့တယ်။ 


လွန်ခဲ့တဲ့ ရက်ပိုင်းက အမေနဲ့အဖေက မောင်လေးတို့နဲ့အတူ Keywest ကို အလည်အပတ် သွားဖို့ စီစဉ်ကြတယ်။ ကျမက "ဟန်းနီးမွန်းလား အမေ" လို့ နောက်တော့ အမေက "ဟုတ်တယ် ၄၉ ကြိမ်မြောက် ဟန်းနီးမွန်း" ... တဲ့။ "အမေတို့ ဓာတ်ပုံတွေ အများကြီး ရိုက်ခဲ့နော် ... လက်ချင်းတွဲပြီးရိုက်" ... လို့ ကျမက မှာရင်း ... "အင်း ... သမီးမပြောလဲ အမေတို့က လက်တွဲထားမှာပါပဲ" ... လို့  ဆက်ပြီး နောက်ဖြစ်တယ်။ အဖေနဲ့ အမေ လက်ချင်းတွဲထားတဲ့ ဓာတ်ပုံလေးတွေကို ကြည့်ရတာ ကျမ စိတ်ထဲ ပီတိ ဖြစ်မိလို့ပါ ... ။

ပြီးခဲ့တဲ့ ဝါဆိုလပြည့်ကျော် တရက် အဖေ့မွေးနေ့ တုန်းက ကျမက အမှတ်တရ စာရေးမယ်စိတ်ကူးနဲ့ အဖေ့ကို မေးခဲ့ဖူးတယ်၊ အဖေ့ဘဝမှာ မှတ်မှတ်ရရ ရှိခဲ့တဲ့ မွေးနေ့တခု အကြောင်း ပြောပြပါ ... ဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ... အဖေ အသက် ၁၈ နှစ်ပြည့် မွေးနေ့ အကြောင်းလေး ပြောပြတယ်။ အဖေတို့ သူငယ်ချင်းတစု ပဲခူးကို ဝါဆိုပန်းခူးထွက်ရင်း အပြန်မှာ ကားအက်ဆီးဒင့် ဖြစ်သတဲ့။ ကားမောင်းသူက အဖေပေါ့။ (အဲဒီအကြောင်းက အဖေခဏခဏ ပြန်ပြောပြလို့ သိနေပြီးသားပါပဲ။) 

ကားမောင်းတဲ့ အဖေက ကြီးကြီးကျယ်ကျယ် ဒဏ်ရာ မရပေမဲ့ သူငယ်ချင်းတွေထဲမှာ သွေးထွက်သံယို ဖြစ်တဲ့သူတွေ ပါတော့ အဖေက ကူညီရင်း အဖေ့ အင်္ကျီမှာလဲ သွေးတွေရွှဲလို့တဲ့။ အဲဒီအချိန်မှာ အဖေ့အမေ (ဖွားဖွား) က အဖေ့မွေးနေ့အတွက် အဖေကြိုက်တဲ့ မုန့်ဟင်းခါးတွေ ချက်နေခဲ့တယ်။ ဖိနပ်မပါ ဘာမပါ သွေးသံတရဲရဲ အိမ်ပြန် ရောက်လာတဲ့ အဖေ့ကို  သေပြီး သရဲလာခြောက်တယ်လို့ ဖွားဖွားက ထင်နေသေးတာ ဆိုပဲ။ အဖေ့ သတင်းကို အိမ်နီးနားချင်း ဖြစ်တဲ့ အမေက သူငယ်ချင်းတွေကတဆင့် ကြားသွားတယ်။ အဲဒီညနေ အဖေ တကိုယ်လုံး နာကျင် ကိုက်ခဲလို့ အိပ်ရာပေါ်မှာ နားနေတုန်း အမေ့ဆီက သတင်းမေးတဲ့ စာလေးတစောင် ရောက် လာတယ်တဲ့။ အမေ့ဆီက ရတဲ့ ပထမဆုံး စာလေးပေါ့ ... ။

အဲဒီအချိန်တုန်းက အဖေနဲ့ အမေက ချစ်သူတွေ မဖြစ်သေးပါဘူး။ အဖေက ကမ်းလှမ်းထားတုန်းပဲ ရှိသေးတာ။ အဖေ့ ကားအက်ဆီးဒင့် သတင်းကြားတော့ အမေက သတင်းမေးရောက်လာပြီး နောက်မှာမှ ချစ်သူတွေ ဖြစ်သွားကြတာလို့ ဆိုပါတယ်။ ခုဆိုရင် နှစ်ပေါင်း ၅၀ ရှိပြီပေါ့ ... လို့ အဖေ ပြောပြတာကို နားထောင်ရင်း romantic story လေး တပုဒ်လိုပဲ မျက်စိထဲမှာ မြင်ယောင် ပုံဖော်နေမိတယ်။ နှစ်ပေါင်း ၅၀ က မွေးနေ့လေးတခုကို အဖေ ခုထိ သတိတရ ရှိနေတုန်းပဲ ... ။ အဖေက အမှတ်တရ ပုံရိပ်ကလေးတွေကို ဘယ်တော့မှ မမေ့တတ်ပါဘူး။

အဲဒီမွေးနေ့လေးကနေ နောက်ထပ် တနှစ်ကျော်ကျော် အကြာမှာတော့ အဖေက အမေ့ဘဝတခုလုံးကို အပိုင်သိမ်းပိုက် သွားခဲ့တာပေါ့။ နောက်နှစ်ဆို အမေနဲ့အဖေရဲ့ မင်္ဂလာ ရွှေရတု နှစ် ၅၀ ပြည့်ပါမယ်။ ရွှေရတု မင်္ဂလာပွဲကို အမေနဲ့ အဖေ ဖူးစာဆုံခဲ့တဲ့ ... အမေနဲ့ အဖေ မင်္ဂလာပွဲ ကျင်းပခဲ့တဲ့  ... အမေနဲ့ အဖေ သားသမီးတွေ ပွါးစည်းခဲ့တဲ့ ... ကျမတို့တွေ ကြီးပြင်းခဲ့တဲ့ ...  ဒီခြံထဲမှာပဲ သားသမီးတွေ အားလုံးနဲ့အတူ ပြုလုပ်ကြမယ်လို့ တိုင်ပင်ထားကြတယ်။ 

ကျမကတော့ ... အဖေနဲ့ အမေရယ် ... ကျမတို့ မောင်နှမတတွေရယ် ... အားလုံး အတူတူ ပြန်ဆုံနိုင်မယ့် ရွှေရတု မင်္ဂလာ နှစ်ပတ်လည်ကို ခုကတည်းက မျှော်လင့်ရင်း ကြိုတင်ကြည်နူး နေမိပါတော့တယ်။ 
***
အဖေနဲ့ အမေရဲ့ ၄၉ နှစ်မြောက် မင်္ဂလာ အမှတ်တရ ...

မေဓာဝီ
၂၉၊ နိုဝင်ဘာ၊ ၂၀၁၃
၁၁း၂၈နာရီ (မြန်မာစံတော်ချိန်)
***
ရေးခဲ့ဖူးသော အမှတ်တရများ

Read More...

Thursday, September 19, 2013

ပန်းတပွင့်တောင်မှ ... ဆရာလေးကြည်ဖြူ ကျောင်းသို့ ....

.
ဒီကနေ့ ကျမတို့ မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာနားက ပန်းတပွင့်တောင် ဘုန်းတော်ကြီးသင် စာသင်ကျောင်းကို သွားဖို့ မနက် ၈ နာရီသာသာမှာ အိမ်ကနေ ထွက်ခဲ့ကြတယ်။ အိမ်ကအထွက်မှာ မိုးလေကင်းစင်ပြီး ရာသီဥတုက သာသာယာယာပါပဲ။ ပန်းတပွင့်တောင်နဲ့ ပတ်သက်လို့ တခါတုန်းက ဒီနေရာ မှာ ရေးခဲ့ဖူးပါတယ်။ ပန်းတပွင့်တောင် သွားတဲ့လမ်းက မိုးတွင်းဆို သိပ်မကောင်းတတ်လို့ မသွားခင် မနေ့ညက ဖုန်းလှမ်းဆက်ပြီး မေးရသေးတယ်။

 “ဆရာတော် လမ်းတွေ ပြင်ထားပါတယ်၊ လာခဲ့ပါ …” ဆိုပြီး နယ်ခံလူတယောက်က ပြောတယ်။
အဲဒီ ခရီးစဉ်လေးကို သွားရခြင်း အကြောင်းကတော့ ကျမတို့ ကျောင်းက ကလေးတွေနဲ့ အတူတူ Charity trip မသွားခင် လမ်းကြောင်းအရင် သွားကြည့်ကြတာပါ။
 ***
Charity Trip

Charity trip ထွက်ဖို့ စိတ်ကူးကတော့ ကျမ အမကြီးရဲ့ စိတ်ကူးနဲ့ အစီအစဉ်ပါပဲ။ ကျောင်းက ကလေးတွေဟာ တတ်နိုင်တဲ့ မိဘတွေက မွေးဖွားကြီးပြင်းလာသူတွေပီပီ ဘဝအကြောင်းကို သိပ်နားမလည်ကြပါဘူး။ ထမင်းပွဲ ရှေ့ရောက်စားသောက်နေထိုင် ကြီးပြင်းလာကြသူတွေဖြစ်ပြီး မိဘနဲ့ ဆရာတွေကို နွဲ့ဆိုးဆိုးဖို့၊ ဆော့ ကစားဖို့ လောက်သာ သိကြပါတယ်။ Charity trip သွားမယ့်အကြောင်းနဲ့ ပတ်သက်ပြီး သူတို့ကို ခုလို ပြောခဲ့တယ်။

 “ဘဝတွေက တယောက်နဲ့ တယောက် မတူကြဘူး၊ သားတို့ သမီးတို့ ခုလို ပြည့်ပြည့်စုံစုံ နေထိုင် စားသောက်နိုင်တယ်၊ အပူအပင်မရှိ ကျောင်းတက်နိုင်ကြပေမယ့် ကိုယ့်လို မပြည့်စုံတဲ့သူတွေ အများကြီး ရှိသေးတယ်၊ သူတို့တွေကို စာနာ နားလည်ပြီး တတ်နိုင်သလောက် ကူညီပေးရမယ် …

 “သားတို့ သမီးတို့ အိမ်မှာ ပိုလျှံနေတဲ့ ပစ္စည်းလေးတွေ၊ ကိုယ်နဲ့ မတော်တော့တဲ့ အဝတ်အစား အသုံးအဆောင် လေးတွေ၊ မသုံးတော့တဲ့ ဖတ်စာအုပ်နဲ့ တခြား စာအုပ်စာတမ်းလေးတွေ ကိုယ့်လို မဝယ်နိုင် မသုံးနိုင်တဲ့ ကျောင်းသူ ကျောင်းသားလေးတွေကို ပြန်ပြီး အလှူဒါနပြုနိုင်ဖို့ charity trip လေးတခု ထွက်ကြဖို့ စီစဉ်ထားတယ်”

ပြီးခဲ့တဲ့ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့မှာ Charity trip အတွက် ကလေးတွေကို တရားဝင် ကြေငြာခဲ့ပြီး လှူချင်တဲ့ ပစ္စည်းလေးတွေကို နည်းနည်းချင်း ကျောင်းမှာ စုဆောင်းထားဖို့ donation box လေးတွေ အတန်းအလိုက် ထားပေးထားပါတယ်။ လှူချင်တဲ့ စိတ်ကလေးနဲ့ နေ့စဉ် ကုသိုလ်စိတ်လေးတွေ ဖြစ်စေဖို့ ဆိုပြီး ခုလို စီစဉ်ပေးခဲ့တာပါ။ တချို့တွေလဲ အင်္ကျီအဝတ်အစား၊ စာအုပ်စာတမ်း၊ အသုံးအဆောင်နဲ့ ကစားစရာတွေ တခါထဲ အများကြီး ယူလာကြတယ်။ တချို့တွေကလဲ သွားခါနီးမှ ယူလာတော့မယ်၊ သားတို့မှာ လှူစရာတွေ ကားတစီးတိုက်လောက်ရှိတယ် … လို့ ပြောတယ်။

တချို့မိဘတွေကလဲ ဝမ်းသာစွာနဲ့ …
“ကျမတို့ မဝတ်တော့တဲ့ အင်္ကျီတွေ ဘယ်သူ့ပေးရမှန်း မသိဘူးဖြစ်နေတာ … အခုလို လှူရမယ်ဆိုတော့ ဝမ်းသာလိုက်တာ … ဆရာမတို့သွားရင် ကျမတို့လဲ လိုက်ချင်ပါတယ်” လို့ ပြောကြတယ်။

ပထမဆုံး အကြိမ်အဖြစ် Charity trip ကို ပန်းတပွင့်တောင်က ဘုန်းတော်ကြီးသင် စာသင်ကျောင်းကို သွားဖို့ စီစဉ်ထားပါတယ်။ ပန်းတပွင့်တောင် သွားတဲ့လမ်းက လမ်းကြမ်းတာမို့ မိုးလေကင်းစင်တဲ့ သီတင်းကျွတ် ကျော်မှ သွားဖို့ပါပဲ။ ဒါပေမဲ့ မိဘတွေနဲ့ ကျောင်းသားတွေက ခဏခဏ မေးကြလွန်းတော့ လမ်းသာရင် သွားမယ်ဆိုပြီး လမ်းကြောင်းကြည့်ဖို့ ထွက်ခဲ့ကြတယ်။
*** 
ပန်းတပွင့်တောင် နဲ့ ခရီးလမ်းကြမ်း
ပန်းတပွင့်တောင် သွားလမ်းအဝင် ဆိုင်းဘုတ်
မနက်ခင်းက မိုးလေ ကင်းစင်ပေမယ့် တဖြည်းဖြည်း မိုးသားတိမ်လိပ်တွေနဲ့ ကောင်းကင်ကြီးက ညို့မှိုင်းလို့ လာတယ်။ မှော်ဘီက လေထီးတပ် ကျော်ပြီး ဓမ္မဒူတ အရှင်ဆေကိန္ဒ ကျောင်းကို လွန်သွားပြီးတဲ့အခါ ပစ်တိုင်းထောင်ပုံနဲ့ ပန်းတပွင့်တောင် ဆိုင်းဘုတ်ကို မြင်ကြရပါတယ်။ လမ်းကလဲ တဖြည်းဖြည်းနဲ့ ဆိုးလာတာကြောင့် ဘီးလှိမ့်ရုံ လောက်ပဲ မောင်းလို့ရပါတယ်။

ရေခံသူ ရေချိုးသူ ...

လမ်းဘေး ဝဲယာမှာ စိုက်ခင်းပျိုးခင်းတွေ ရှိသလို တဲအိမ်သေးသေးလေးတွေ၊ ဆော့ကစားနေတဲ့ ကလေးငယ်လေးတွေ ကားလမ်းဘေးမှာ ကားတွေ ဖြတ်သွားတိုင်း တာ့တာ ပြနေကြတဲ့ ကလေးလေးတွေကို တွေ့ရတယ်။ မြို့ပြရဲ့ မွန်းကျပ်မှုက လွန်မြောက်ပြီး  ကျေးလက်ရဲ့ စိမ်းလန်းခြင်းတွေနဲ့ လတ်ဆတ်တဲ့လေကို ရှူရှိုက်နိုင်ပေမဲ့ နွမ်းပါးတဲ့ ဘဝလေးတွေကို မြင်ရတဲ့ မြင်ကွင်းက စိတ်ကို မွန်းကျပ်ဆို့နင့်စေပြန်တယ်။

လမ်းနံဘေးက တဲအိမ်လေး ...
စပါးတခင်းနဲ့ ကျွဲနှစ်ရှဉ်း
ဒီလို စိမ်းစိမ်းစိုစို ရှုခင်းလေး မြင်ရတော့လဲ စိတ်ထဲ လန်းဆန်းမိပါတယ်။ ဒီလိုရှုခင်းမျိုးနဲ့ ကင်းဝေးခဲ့တာ အတော်ကြာမှကိုး ... ။
ဒီလိုလမ်းတွေလဲ ဖြတ်သန်းခဲ့ရတယ် ...
တော်တော် ဆိုးတဲ့ လမ်းတွေပါ။ ကျမတို့က ကားလေးနဲ့ သွားတာမို့ ဗွက်နစ်မှာစိုးပြီး တထိတ်ထိတ် ဘုရားတ- သွားရတယ်။ ဆိုင်ကယ်သမားတွေကတော့ ဖြတ်သန်းသွားလာ နေကြတာပဲ။ 

မရုန်းနိုင်တဲ့အဆုံး ...
ရွှံ့ဗွက်တွေကြားမှာ ကားလေးကို တဘီးချင်း လှိမ့်သွားရင်းနဲ့ ငရုတ်ကောင်းချောင်း ဆိုတဲ့ တနေရာအရောက် ဆက်သွားလို့ မရတော့ပါဘူး။ တော်တော်ဆိုးတဲ့ ဗွက်လွင်ပြင်က ဆီးကြိုနေပါတယ်။ အဲဒီနားက ဆိုင်ကယ် ကယ်ရီတွေက ကားလေးသွားလို့ မရကြောင်း၊ သွားချင်ရင် ကားကို ဒီမှာရပ်ထားပြီး ဆိုင်ကယ်နဲ့ သွားမှ ရမှာ ဖြစ်ကြောင်း ပြောပြီး ကားကို အတင်းရပ်ခိုင်းတယ်။ ကျမတို့လည်း ဆရာတော်ဆီ ဖုန်းလှမ်းဆက်ပြီး ရှေ့ဆက်မသွားကြတော့ဘဲ ပြန်လှည့်ခဲ့ကြပါတယ်။ ဆိုင်ကယ်တွေနဲ့တော့ မသွားချင်ဘူးလေ ... ။ 
***
ဆရာလေးကြည်ဖြူ ကျောင်း

 .
ကားပြန်ကွေ့ပြီး မကြာခင်မှာပဲ လမ်းခုလတ် တနေရာက ဗွက်အိုင်တခုနားရောက်တော့ ကားအဲကွန်းကိုပိတ်၊ မှန်ကိုဖွင့်ပြီး ဖြည်းဖြည်းလေး မောင်းနေတုန်း စာအံသံကြားလို့ လှမ်းကြည့်လိုက်တော့ ... စာရွက်တွေ ပွစာကျဲအောင် ကပ်ထားတဲ့ တဲအိမ်သေးသေးလေး တလုံးကို မြင်လိုက်ရတယ်။ သေချာကြည့်လိုက်တဲ့အခါ ...

"ဆရာလေး ကြည်ဖြူ ကျောင်း"
ဆိုတဲ့ ဆိုင်းဘုတ် အစိမ်းလေးကို အံ့သြစဖွယ် တွေ့ပါတယ်။

 

အဲဒီ တဲအိမ် သေးသေးလေးဟာ စာသင်ကျောင်းလေး တကျောင်း ဖြစ်နေပြီး အဲဒီထဲကနေ စာအံသံတွေ တညံညံ ကြားရတယ်။ ပိုပြီး အံ့သြဖို့ ကောင်းတာက စာသင်ပေးနေတဲ့ အသံပိုင်ရှင် (အမျိုးသမီး) ရဲ့ အင်္ဂလိပ်စာ အသံထွက်ဟာ အတော်လေး ကောင်းနေလို့ပါပဲ ... ။ ဒါနဲ့ပဲ ကျမတို့ ကားကို လမ်းဘေးချရပ်ပြီး ကျောင်းလေးအနား သွားကြည့်တော့ သီလရှင် ဆရာလေးတပါးက ကလေးတွေကို အင်္ဂလိပ်စာ သင်ပေးနေတာကို တွေ့ရတယ်။ ကျမတို့ ရောက်သွားချိန်မှာပဲ သင်ခန်းစာကို ခဏရပ်နားပြီး အားလုံးလက်အုပ်လေးတွေချီလို့ သြကာသ ကန်တော့ချိုးနဲ့ ဘုရားရှိခိုးနေကြပါတယ်။

သူတို့အားလုံး ဘုရားရှိခိုးချိန်ထိ ခဏစောင့်နေပြီးမှ ကျောင်းလေးထဲက ဆရာလေးကို လက်အုပ်ချီပြီး ကျမသိချင်တာလေးတွေ မေးမြန်းခဲ့တယ်။

ဆရာလေးကြည်ဖြူ လို့ အမည်ရတဲ့ ဆရာလေးရဲ့ဘွဲ့ ဒေါ်ဥတ္တရ ... ပါတဲ့။ ဒီနေရာမှာနေပြီး ဒီနားတဝိုက်က ကလေးတွေကို စာသင်ပေးနေတာ တနှစ်လောက် ရှိပြီလို့ ဆိုတယ်။

"ဆရာလေး ဒီနေရာကို ရောက်လာတော့ ဘုရားဖူးသွားတဲ့ ဖြတ်သွားဖြတ်လာ ကားတွေက ပစ်ချတဲ့ ပိုက်ဆံတွေ မုန့်တွေကို ကလေးတွေက လိုက်ကောက်နေတာ မြင်ရတဲ့အခါ စိတ်ထဲမှာ တော်တော်လေး စိတ်မကောင်း ဖြစ်မိတယ်၊ သူတို့လေးတွေကို စာလဲသင်ပေးတယ်၊ လိမ္မာရေးခြားရှိအောင် စိတ်ဓာတ်ရေးရာ မြင့်မားအောင် သင်ပေးတယ်"

"ပညာပဲသင်ပြီး ဘာသာရေး အခြေခံမသင်လို့လဲ မရဘူး၊ ပညာရေးမှာ ဘာသာရေးမပါရင် ပညာပဲတတ်ပြီး selfish ဖြစ်တတ်ကြတယ်။ ဒါကြောင့် သူတို့ကို ဘာသာရေး အခြေခံပါ သင်ပေးပါတယ်။"

"အဓိကကတော့ မြန်မာစာနဲ့ အင်္ဂလိပ်စာကို သင်ပေးပါတယ်၊ မြန်မာစာဆိုရင် စာလုံးပေါင်း သတ်ပုံမှန်ရမယ်၊ လက်ရေးလက်သား သေသပ်ရမယ်၊ အဲဒီလို ဖြစ်အောင် သေချာ လေ့ကျင့်ပေးရတယ်။ စစချင်းတော့ မလွယ်ဘူး၊ အခုတော့ ကလေးတွေလဲ ဆရာလေး စေတနာကို နားလည်လာပြီး တော်တော်လေး အဆင်ပြေနေကြပါပြီ၊ ဒီကလေးတွေက လက်ရွေးစင် ကလေးတွေပေါ့။"

တနင်္ဂနွေနဲ့ ဥပုသ်နေ့တွေမှာ ကလေးတွေကို သင်ပေးပါတယ်။ သူငယ်တန်းကနေ ၇ တန်း ၈ တန်း ၉ တန်းလောက်ထိ ပါပါတယ်။  တချို့ကလဲ ခုထိ လမ်းမထွက်ပြီး တာ့တာကုမ္ပဏီ သွားနေကြတုန်းပါပဲ ..."

.
ကျမက ကလေးတယောက်ကို သမီး ဘယ်နှတန်းလဲ လို့ မေးတော့ ၄-တန်းလို့ ဖြေပါတယ်။ သူက ၃-တန်း၊ သူက သူငယ်တန်း ဆိုပြီး ကျန်ကလေးတွေနဲ့ ကျမကို မိတ်ဆက် ပေးနေသေးတယ်။ ဆရာလေးသင်နေတဲ့ ဝှိုက်ဘုတ်ကို ကြည့်တော့ Myself (ကျွန်ုပ်အကြောင်း) ဆိုတဲ့ ခေါင်းစဉ်နဲ့ စာကြောင်းတချို့ ရေးထားပြီး သင်လက်စကို တွေ့ရတယ်။ သီလရှင်ဝတ်စုံအနွမ်းလေးနဲ့ ဆရာလေးကြည်ဖြူရဲ့ တကိုယ်ရေ တဲကျောင်းကလေးဟာ အလွန်နွမ်းပါးလှပေမဲ့ ကလေးတွေတွေ အပေါ် ထားရှိတဲ့ ဆရာလေးရဲ့ စေတနာကတော့ သိပ်ကို မြင့်မြတ်လှပါတယ်။

"ဆရာ ဆရာမဆိုတာ စာတတ်ရုံ၊ စာသင်တတ်ရုံနဲ့ မပြီးဘူး၊ မျိုးချစ်စိတ်လဲ ရှိရမယ်။ ကိုယ့်အမျိုးကို ချစ်မှ ကိုယ့်အမျိုးကို စောင့်ရှောက်ချင်စိတ်ရှိမှ ကလေးတွေကိုလဲ စိတ်ဓာတ်ရေးရာပိုင်းပါ သွန်သင်ဆုံးမ ပေးနိုင်မှာ ... "

"သူတို့လေးတွေရဲ့ ဘဝတွေက သိပ်ကို ခါးသီးပါတယ်၊ ဒီလိုဘဝမျိုးတွေ ကြုံတွေ့လာရတော့လဲ အတ္တတွေက ပိုများလာကြတယ်၊ အတ္တတွေနည်းအောင် ပြုပြင်ပေးနေရတာပဲ ..."

"ဘဝခါးခါး အတ္တခါးခါး ကြားထဲမှ မျိုးဆက်သစ်ကလေးများ လန်းစေချင်ပါသည်" ... ဆိုတဲ့ စာတန်းကလေးကို ကျောင်းအပြင်ထရံမှာ ကပ်ထားတာ သတိထားခဲ့မိတယ်။ 



"ဆရာလေးက Golden Triangle ဘက်က ... ရှမ်းတရုတ် စပ်တယ်၊ ခရစ်ယာန်ကနေ သီတဂူဆရာတော်နဲ့ တွေ့ပြီး သီလရှင်ဖြစ်လာတာပါပဲ၊ အခု ကမ္ဘာအေးမှာ အဘိဓမ္မာ ဒီပလိုမာ သင်တန်း တက်နေပါတယ်။ မိသားစုလဲ မရှိတော့ဘူး၊ ဆရာလေးက တယောက်ထဲ သမားပါ၊ နောင်အနာဂတ် မျိုးဆက်ကလေးတွေ အတွက် ကိုယ်တတ်နိုင်သလောက် လုပ်ပေးနေတာပဲ"

"မျိုးဆက်သစ် လူငယ်များသည် ဒို့များရဲ့ အနာဂတ်" လို့ ကျောင်းထရံမှာ စာတန်းကလေး ကပ်ထားတဲ့ ဆရာလေးရဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်နဲ့ မှန်ကန်တဲ့ လုပ်ရပ်အပေါ် ကျမတို့ သာဓု အကြိမ်ကြိမ် ခေါ်မိပါတယ်။ ကျမ အမကြီးက သဒ္ဓါပေါက်သွားပြီး ဆရာလေးရဲ့ ကျောင်းလေးအတွက် ငွေငါးသောင်းလှူပြီး ဆရာလေးအတွက် မျက်နှာသုတ်ပုဝါတထည် လှူဒါန်းခဲ့ပါတယ်။ ပြန်ခါနီး ကျမက နှုတ်ဆက်တော့ ကလေးတွေက အင်္ဂလိပ်လို ပြန်ပြီး နှုတ်ဆက်ကြတယ်။

ဒီလိုနဲ့ ကျမတို့ရဲ့ ပန်းတပွင့်တောင် ခရီးစဉ်လေးဟာ ပန်းတပွင့်တောင်ထိ မရောက်ခဲ့ပေမယ့် ဆရာလေးကြည်ဖြူနဲ့ ဆုံခဲ့ရတာမို့ အချည်းနှီးမဖြစ်ခဲ့ပါဘူး။ နက်ဖြန်မနက် ကျမ ကလေးတွေကို စာသင်တဲ့အခါ ဆရာလေးကြည်ဖြူ ကျောင်းလေးအကြောင်း ပြောပြပြီး နောက်တခေါက် ဆရာလေးကြည်ဖြူ ကျောင်းကလေးဆီ သွားရင် ကျမကျောင်းသားတွေကို ခေါ်သွားဖို့ စိတ်ကူးနေမိပါတော့တယ်။
***
မေဓာဝီ
၁၉၊ စက်တင်ဘာ၊ ၂၀၁၃
၂၂း၄၀ နာရီ

Read More...

Saturday, August 31, 2013

310813

ကျမ စာမရေးဖြစ်တာ ကြာပါပြီ။
ဘလော့တွေဆီလဲ ခြေဦးမလှည့်ဖြစ်တာ ကြာပြီ ဆိုပါတော့ ... ။
ကိုယ့်ဘလော့ကိုယ်လဲ တရက်နေလို့ တခါ မရောက်၊ ပို့မယ့်သူ မရှိတော့တဲ့ အီးမေးလ်ကိုလဲ ဝင်မစစ်ဖြစ်နဲ့ … များပြားလှစွာသော အလုပ်တာဝန်တွေကြားမှာ ပိနေခဲ့တယ်။

အရင်က အလုပ်များတယ်ဆိုတာ စာရေးဖို့ အချိန်ရသေးတယ်။ အခုအလုပ်များပုံကတော့ စာရေးဖို့ မပြောနဲ့ စိတ်ကူးဖို့တောင် အချိန်မရတော့ဘူး။ တခါတလေတော့ အမှတ်တရ နေ့ရက်လေးတွေ အကြောင်း ရေးမယ်ဆိုပြီး အင်တာနက် ကွန်နက်ရှင် ကောင်းရင် ကောင်းသလို ပုံလေးတွေ upload တင်ထားပြီး အမှတ်တရ နေ့ရက်တွေသာ တရက်ပြီး တရက်ကုန်လွန်သွားတယ် ဘာစာမှ မရေးဖြစ်လိုက်ဘူး။

တကယ်တမ်းတော့ … သြဂုတ်လဟာ ကျမအတွက် အမှတ်တရ နေ့ရက်လေးတွေနဲ့ ပြည့်နေတဲ့ လ-တလပါ။ လွန်ခဲ့တဲ့ တပတ်လောက်က ပြီးသွားခဲ့တဲ့ ကျမမွေးနေ့ … မနေ့က ၇ - နှစ်ပြည့်သွားတဲ့ ကျမဘလော့လေး မွေးနေ့ အပါအဝင် အမှတ်တရနေ့ရက်တွေကို ခါတိုင်း နှစ်တွေကလို ဘလော့မှာ မှတ်တမ်း မတင်နိုင်ခဲ့ဘူး။ အဓိက အချိန် … နောက်ပြီး ကွန်နက်ရှင် … နောက်ပြီး အာရုံဝင်စားမှု … စသည် စသည် အဆင်မပြေတဲ့အခါ ဘလော့လေးနဲ့ ကျမ တော်တော်လေး ကင်းကွာသွားခဲ့ပါတယ်။

ဘလော့ထက် ပိုပြီး တင်ရပြုရလွယ်တဲ့ ဆူလွယ်နပ်လွယ် ဖေ့စ်ဘွတ်ဘက် ဦးလှည့်သွားလို့ ဘလော့ကို လှည့်မကြည့်ဖြစ်တာတော့ မဟုတ်ပါဘူး။ ဘလော့ကို ကျမ ခုချိန်ထိ ရူးသွပ်စွာ ခုံမင်နေဆဲပါ။
***
ဖေ့စ်ဘွတ်မှာ ကိုရန်အောင်က Blog day အတွက် စာရေးဖို့ tag ထားတယ်။ မအားလို့ ကိုယ့်ဘလော့ ၇ နှစ်ပြည့်တောင် မရေးဖြစ်ဘူးဆိုတော့ မြန်မာဘလော့ဂါတွေကို ကိုယ်စားပြုတဲ့ ဒီနေ့မှာတော့ ရေးပါ … တဲ့။ အဲဒီလို ပြောလာမှတော့ မရေးလို့ မကောင်းတော့ဘူး။ (ကိုယ်ကလဲ ရေးချင်ချင်ပါ) ဒီလိုနဲ့ပဲ ကိုယ့်ဘလော့ကိုယ် ဖုန်သုတ်ရင်း ဘလော့ဒေးအမှတ်တရ ပို့စ်တပုဒ် ရေးလိုက်ရပါတယ်။
***
ကျမနဲ့ ဘလော့

ကျမ ဘလော့စရေးတဲ့နေ့က ၂၀၀၆ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ … ဘလော့ဒေးက သြဂုတ်လ ၃၁ ရက် … တဲ့။

ခဏခဏ ရေးဖူးခဲ့သလိုပါပဲ၊ ဖိုရမ်တွေကနေ ဘလော့ကို ရင်းနှီးခဲ့ရတယ်၊ ဖိုရမ်တွေက မော်ဒရေတာတွေကို စိတ်ပျက်ပြီး လွတ်လပ်တဲ့ ဘလော့စာမျက်နှာကို ရောက်လာခဲ့တယ်။ ရေးခါစမှာတော့ ကိုယ့်ထက်အရင် ရေးနေကြတဲ့  ညီလင်းဆက်တို့လို စီနီယာ ဘလော့ဂါတွေကို အတုခိုးပြီး ရေးရတာပါပဲ။ စာရေးချင်စိတ် တခုတည်းနဲ့ ဘလော့ကို ရေးတာမို့ နည်းပညာပိုင်းနဲ့ ပတ်သက်ရင် ဟိုလူ ဒီလူ အရပ်ကူပါ လူဝိုင်းပါ လုပ်ခဲ့ရပါတယ်။
***
ဘလော့နဲ့ ဖောင့်များ (Blog and fonts)

ဘလော့စရေးမယ်ဆိုတော့ ဇော်ဂျီနဲ့ ဝင်း ဘာကိုရွေးမလဲ စဉ်းစားတဲ့အခါ တသက်လုံးသုံးခဲ့တဲ့ ဝင်းဖောင့်ကို စွန့်လွှတ်ပြီး ဇော်ဂျီကိုပဲ ဇွတ်ရွေးခဲ့လိုက်တယ်။ (အဲဒီအချိန်တုန်းက ညီမလေး ဟနက ဝင်းဖောင့်နဲ့ ဘလော့တခု လုပ်ခဲ့ဖူးပါတယ်။) အခု နောက်ပိုင်း ဇော်ဂျီနဲ့ ယူနီကုတ်မှာတော့ ကျမ ဇော်ဂျီကို မစွန့်လွှတ်ဖြစ်ခဲ့ဘူး။ တခြားသူတွေတော့ မသိဘူး၊ ကျမကတော့ ခုထိ ဇော်ဂျီကို ခုံမင်နှစ်သက်စွာ သုံးစွဲနေဆဲပါပဲ။
***
ဘလော့နဲ့ ပုံစံဒီဇိုင်း (Blog and template)

ဘလော့ ပုံစံဒီဇိုင်းကိုရွေးတော့ အဲဒီတုန်းက ကျမ နှစ်သက်တဲ့ ဘလော့ဂါ အများစု သုံးကြတဲ့ အနက်ရောင် ဒီဇိုင်းလေးကို ရွေးချယ်ခဲ့တယ်။ သိပ်မကြာခင်မှာပဲ ဘလော့ပုံစံတွေနဲ့ ပတ်သက်ပြီး အငြင်းပွါးမှုလေးတွေ ဖြစ်ခဲ့ကြသေးတယ်။ copy cat ပြဿနာဆိုပါတော့။ ကျမကတော့ ဘလော့ ဒီဇိုင်း လှပ ဆန်းကြယ်မှု ရှိမရှိဆိုတာထက် ပါဝင်တဲ့စာကိုသာ အဓိက ထားတာမို့ ဘယ်လို ဒီဇိုင်းဖြစ်ဖြစ် ဖတ်တာပါပဲ။ ဒါပေမဲ့ တချို့ဘလော့တွေ ဝင်လိုက်ရင် အသံတွေထွက်လာတာမျိုး၊ ဆန်းပြားလွန်နေပြီး တော်ရုံကွန်နက်ရှင်နဲ့ ဖွင့်မရဘဲ လေးနေတာမျိုးဆိုရင်တော့ သိပ်အဆင်မပြေလှပါဘူး။ ဒါကြောင့် ကျမရဲ့  ဘလော့ကို တတ်နိုင်သမျှ အရိုးရှင်းဆုံးပုံစံပဲ ထားခဲ့ပါတယ်။

ကျမဘလော့ရဲ့ အနက်ရောင်ကို ကြည့်ရတာ အဆင်မပြေဘူးလို့ လူပြောများလွန်းမက များတော့မှ (ကိုရန်အောင် အကူအညီနဲ့) အရောင်နဲ့ ဒီဇိုင်း ပြောင်းခဲ့တာပါ။ အဲဒီအတွက် ကိုရန်အောင်ကို ကျေးဇူးအထူး တင်ပါတယ်။
***
ဘလော့နဲ့ ပို့စ်များ (Blog and posts)

ဘလော့ရေးခါစက တနေ့တပုဒ် မှန်မှန် တင်ခဲ့တယ်။ ဒါတောင် တခါတလေ နှစ်ပုဒ် သုံးပုဒ် တင်ချင်နေသေးတာ။ အဲဒီတုန်းက ဘလော့အရေအတွက်ကလဲ နည်းသေးတော့ တနေ့တပုဒ် မတင်ရင် နေမကောင်းလို့လား … ဘာဖြစ်လို့လဲ … စသဖြင့် မေးကြမြန်းကြ ဂရုစိုက်ကြပါတယ်။ ဘလော့မှာ တနေ့တပုဒ် ရေးဖြစ်တဲ့အတွက် ဘလော့ဟာ ကျမအတွက်တော့ လေ့ကျင့်ကွင်းတခုလိုပါပဲ။ စာအရေးအသား ပြေပြစ်ချောမွေ့အောင် လေ့ကျင့်ဖြစ်သလို၊ ကဗျာရေးဖို့ လက်သွေးတဲ့ နေရာလဲ ဖြစ်ခဲ့တယ်။

“စာမတတ်ရင် လမ်းမှာဖတ်” … ဆိုတဲ့စကားလို စာရေးတတ်ချင်ရင် ဘလော့ရေးလို့ ကျမကတော့ ပြောချင်တယ်။ စာမတတ်ရင် လမ်းမှာဖတ်တော့ အမှာပါရင် သိတဲ့လူက ကြားပြီး ပြင်ပေးနိုင်တာပေါ့။ အဲဒီလိုပါပဲ ဘလော့မှာ စာရေးဖြစ်တော့ ကိုယ်မှန်တယ် ထင်ထားတဲ့ အချက်အလက် တခုက မှားနေရင် သိတဲ့လူက အမှန် ဝင်ပြင်ပေးသွားနိုင်တာမို့ ကိုယ့်အတွက် အကျိုးရှိတယ်လို့ ကျမကတော့ ခံယူထားပါတယ်။ ဒါပေမဲ့လဲ အယူအဆရေးရာပိုင်းမှာတော့ တယောက်နဲ့တယောက် ကွဲလွဲတတ်တာမို့ အငြင်းပွါးစရာဖြစ်ပြီး မိတ်ပျက်ရပြန်ပါတယ်။
***
ဘလော့နဲ့ မှတ်ချက်လေးများ (Blog and comments)

ဘလော့မှာ ပို့စ်တခု တင်လိုက်လို့ မှတ်ချက်လေးတွေ ဝင်လာရင် သိပ်ပျော်ပါတယ်။ တစုံတယောက်က ကိုယ့်စာကို အရေးတယူ ဖတ်တယ်၊ ဖတ်ရုံမကဘူး ထင်မြင်ချက်လေးတွေပါ ရေးပေးတယ် … ဆိုတော့ ဘယ်လောက် ဝမ်းသာဖို့ ကောင်းသလဲ။ ဒါပေမဲ့ လောကဓံဆိုတာ အကောင်းရော အဆိုးပါ ဒွန်တွဲနေတာမို့ ကိုယ့်ကို ချီးကျူးတဲ့ မှတ်ချက်တွေချည်း မျှော်လင့်ထားရင် မှားသွားမှာပါ။ တခါတရံ အပြစ်တင်တဲ့၊ တခါတရံ အငြင်းပွါးတဲ့၊ ဒီထက်ပိုရင် ဆဲဆိုတဲ့၊ မှတ်ချက်တွေကိုလဲ ကြုံရပါသေးတယ်။ နောက်ပိုင်းတော့ ကိုယ့်ဘလော့ကိုယ် တချိန်လုံး မကြည့်နိုင်တာမို့ မှတ်ချက်တွေကို မော်ဒရိတ် လုပ်ထားလိုက်တော့တယ်။
***
ဘလော့နဲ့ စီဘောက်စ် (Blog and c-box)

ဆီပုံးလို့ ချစ်စနိုးသုံးစွဲကြတဲ့ chat box ခေါ် c-box ကို ဘလော့အတော်များများက တပ်ကြပေမယ့် ကျမက လုံးဝ မတပ်ခဲ့ပါဘူး။ ကြိုက်လဲ မကြိုက်ဘူး၊ ပြီးတော့ … ဘလော့ရေးခါစ အနေအထိုင်မတတ်ဘဲ ဆရာသိပ်လုပ်ချင်တဲ့ကျမ … ခဏခဏ အဆဲခံရတော့ စီဘောက်စ်ထဲမှာ အထိမ်းအကွပ်မဲ့ လာဆဲနေမှာကို မလိုလားလို့ စီဘောက်စ် မတပ်ခဲ့တာပါ။ ခင်မင်ရင်းနှီးသူတွေနဲ့ တချို့စာဖတ်သူတွေက စီဘောက်စ်တပ်ဖို့ တိုက်တွန်းကြပေမဲ့ ခုထိလဲ ခေါင်းမာစွာ မတပ်သေးပါဘူး။
***
ဘလော့နဲ့ စာလုံးပေါင်း (Blog and spelling)

ဘလော့အပါအဝင် အင်တာနက် စာမျက်နှာတွေမှာ စာလုံးပေါင်းတွေ မှားကြတယ်။ မှားတတ်တဲ့ အမှားမျိုးက သိပ်အကြောင်းမဟုတ်ပေမဲ့ “ဘုရားသွားကျမယ်” … ဆိုတာမျိုး။ “ဒါကို နေ့တိုင်းလုပ်နေကြ” … ဆိုတာမျိုး (ယပင့် ၊ ရရစ် မှားရေးတာတွေ) “ငါမလုပ်တက်ဘူး … အတက်ပညာ” … စသဖြင့် က-သတ်နဲ့ တ-သတ် မှားတာမျိုးကတော့ မဖြစ်သင့်ဘူး ထင်တာပါပဲ။ ဒါပေမဲ့ ဖြစ်မြဲ ဖြစ်နေဆဲပါပဲ။ သတ်ပုံနဲ့ ပတ်သက်ပြီး ပြောမိလို့ လူမုန်းခံရ အဆဲခံရတာတွေလဲ ရှိခဲ့ဖူးပါတယ်။ ခုတော့ ဖေ့စ်ဘွတ်မှာ ပိုပြီး ဆိုးတာတွေ မြင်နေရတာမို့ အတော်လေး မျက်စိမချမ်းသာ ဖြစ်ရတယ်။ ဒါဟာ …. ခေတ် ခေတ် ခေတ် … ဆိုပြီး စိတ်လျှော့ထားလိုက်ပါပြီ။
***
ဘလော့နဲ့ လှုပ်ရှားမှုများ (Blog and activities)

ရွှေဝါရောင်တော်လှန်ရေးမှာ မြန်မာဘလော့တွေကို လူသိများလာခဲ့တယ်။ ကျမ ဘလော့ကတော့ ရွှေဝါရောင် မတိုင်ခင်ရက်ပိုင်းလေးမှာပဲ ခဏ ရပ်နားခဲ့ရပြီး နောက်မှ ပြန်ရေးခဲ့ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ဘလော့တွေရဲ့ ကဏ္ဍဟာ အရေးပါလာခဲ့တယ်။ များသောအားဖြင့် ဘလော့ဂါတွေကလဲ ညီညွတ်ကြပါတယ်။ ဥပမာ နာဂစ်လိုမျိုး၊ ဧရာဝတီကိစ္စ လိုမျိုးတွေမှာ ဘလော့ဂါတွေလဲ တတ်နိုင်သမျှ ပါဝင်အားဖြည့်ကြ ကူညီကြတယ်။ လူမှုရေးလုပ်ငန်းတွေ၊ အလှူအတန်းတွေမှာလဲ ဘလော့ဂါတွေ တတ်အားသရွေ့ လူအား၊ ငွေအား၊ ဉာဏ်အားတို့ ပါဝင်ပြီး ဆောင်ရွက်ကြတယ်။
***
ဘလော့နဲ့ ဘဝ (Blog and life)

ဘလော့က ကျမဘဝမှာ တစိတ်တဒေသ အရေးပါခဲ့တယ်။ ဘလော့ကြောင့် အကောင်း/အဆိုး ပြောင်းလဲခြင်း နှစ်မျိုးလုံးကို ကြုံခဲ့ရတယ်။ ဒီ ၇ နှစ်အတွင်း မိတ်ဆွေတွေ တိုးလာသလို လျော့လဲ လျော့သွားခဲ့တယ်။ ဆရာကြီး ဒဂုန်တာရာပြောသလို ရန်သူမရှိ မိတ်ဆွေသာရှိချင်သော်လည်း ကိုယ့်ကို အငြိုးတကြီး မုန်းတီးနေသူတွေ ရှိနေဆဲဆိုတာ သိခဲ့ရတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ ဘလော့ဂါ အသိတွေ ပိုတိုးလာခဲ့ပေမဲ့ … သိသာသိလျက် အကျွမ်းခက် … လို့ ဆိုရလေမလား … ။ အန်တီတင့် ဖိတ်လို့ သွားရတဲ့ ညစာစားပွဲတခုက ဘလော့ဂါ ညီမလေးတွေရဲ့ စကားဝိုင်းမှာ ကျမ အတွက် ခေါင်းစဉ်ပျောက်နေသလို ခံစားခဲ့ရတယ်။

ဒီလိုနဲ့ …. မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ … ဗြဟ္မစိုရ်တရားလေးပါးဟာ ဘလော့မှာ ရှိနေခဲ့တယ်။

တကယ်တမ်း ဘလော့က ဘဝမဟုတ်သလို … ဘဝကလဲ ဘလော့မဟုတ်ပါဘူး။
ဘလော့က ကျမ ဘဝရဲ့ အစိတ်အပိုင်းတခုမျှသာ … ။
***
မေဓာဝီ
31.08.13
10.32 pm

မှတ်ချက်။ ။ ခေါင်းစဉ်တခုချင်း အောက်မှာရော၊ နောက်ထပ် ခေါင်းစဉ်ခွဲတွေရော ရေးချင်တာတွေ အများကြီးပါပဲ။ ဒါပေမဲ့ အချိန်မရ တော့လို့ ဒီမှာပဲ ရပ်လိုက်ပါတယ်။ ဘလော့ဂါများ ကိုယ်စိတ် နှစ်ပါး ချမ်းမြေ့ပါစေ … ။

Read More...

Thursday, May 16, 2013

ပိတောက်ပွင့်ချိန် ...

ပိတောက်တွေ မွှေးမှတော့ ...
ဒက်ဖိုဒေးလ်နဲ့ ဝေးလဲ
ဆွေးစရာ မဟုတ်ပါလေ ... ။ ... ။



မျှော်လင့်ခဲ့ရတဲ့ ပိတောက်ဝါတွေ

ပိတောက်တွေပွင့်ပြီ ... ။ ဒီနေ့မနက် အိပ်ရာက နိုးနိုးချင်း ပိတောက်တွေပွင့်တယ် သတင်းကြားလို့ သွားဝယ်ခိုင်းပြီး ဘုရားပန်းကပ်ခဲ့တယ်။ တနွေလုံး မျှော်လိုက်ရတဲ့ ပိတောက်တွေ ... ။ ဒီနှစ်နွေက အရင်နှစ်တွေထက် ပိုပူသတဲ့၊ ဧပြီတလလုံးလဲ ပူလိုက်သမှ မနှစ်ကလို သင်္ကြန်လက်ဆေးမိုးလေး ဖက်ဆွတ်မိုးလေးတောင် မရွာနိုင်ဘူး။ ဒီနှစ်နွေ ပူလွန်းလို့ ပွင့်ချင်တဲ့ ပိတောက်ဖူး တချို့တောင် မပွင့်သာဘဲ ကြွေကျခဲ့ရရှာတယ်။
 
ပြီးခဲ့တဲ့ လ (ဧပြီလဆန်းလောက်က) ဦးရီးတော်နဲ့ skype မှာ စကားပြောတော့ "ဒက်ဖိုဒေးလ်တွေ ပွင့်နေပြီ သမီးရေ" လို့ ... ဘိလပ်ကို လွမ်းအောင် သတင်းဆောင်ပါတယ်။ ပြီးတော့ သူ့အိမ်မှာ စိုက်ထားတဲ့ ပန်းတွေကို ၀က်ဘ်ကမ်ကနေ ပြနေပါသေးတယ်။ "ဟုတ်တယ်နော် ... ဒက်ဖိုဒေးလ်တွေ လှလိုက်တာ" လို့ အလိုက်အထိုက် ပြန်ပြောခဲ့ပေမယ့် ဖန်သားပြင်ပေါ်ကတဆင့် မြင်ရတဲ့ ဒက်ဖိုဒေးလ်ပန်းဝါ၀ါတွေဟာ ကျမကို ရင်ခုန်အောင် မဆွဲဆောင်နိုင်ခဲ့ဘူး။
 
ဦးရီးတော် အိမ်ရှေ့က ဒက်ဖိုဒေးလ်လေးများ
 
ဘိလပ်ကို ရောက်ခါစ ပထမဆုံး နွေဦးရာသီ ကြုံစဉ်မှာ ဒက်ဖိုဒေးလ်ပန်းတွေ စမြင်ဖူးတော့ ကျမ စိတ်ကြည်နူး ပျော်ရွှင်ခဲ့ဖူးတယ်။ ကိုးတန်းတုန်းက အင်္ဂလိပ်ဖတ်စာမှာ William Wordsworth ရဲ့ Daffodils ကဗျာကို သင်ခဲ့, နှစ်သက်ခဲ့ပြီး အပြင်မှာ တခါမှမမြင်ဖူးတာမို့ ဒီပန်းကလေးတွေ ကိုယ်တိုင်ကိုယ်ကျ မြင်ရတာဟာ ကျမအတွက် အသစ်အဆန်း ခံစားချက် ဖြစ်နေခဲ့တာပေါ့။
 

Beside the lake, beneath the trees 
Fluttering and dancing in the breeze  

မှတ်မိသလောက် ကဗျာလေးကို ပြန်ရွတ်ဆိုရင်း ပွင့်လန်းနေတဲ့ ပန်းလေးတွေရဲ့အလှကို ခံစားယစ်မူး ခဲ့မိတယ်။ အိမ်မှာ ပွင့်တဲ့ ပန်းလေးတွေကိုခူး, ပန်းအိုးကလေးမှာထိုးပြီး ဘုရားကို ကပ်လှူရင်း ဒက်ဖိုဒေးလ် ကဗျာလေးအကြောင်း ကျမတွေးမိကောင်း တွေးမိခဲ့ပါလိမ့်မယ်။ ဒက်ဖိုဒေးလ်ဆိုတာ ဘာမှန်းမသိတဲ့ ကျမကို ဒက်ဖိုဒေးလ်နဲ့ မိတ်ဆက်ပေးခဲ့တဲ့ ကဗျာရှင်ရဲ့ ဇာတိမြေကို အလည်အပတ် ရောက်ခဲ့တုန်းကလဲ ကျမ စိတ်လှုပ်ရှား ပျော်ရွှင်ခဲ့ရပါတယ်။ ဒါဟာ အသစ်အဆန်းကို ရင်ခုန်ပျော်မွေ့တတ်တဲ့ လူ့သဘာဝ ခံစားချက်ကြောင့် ပေပဲလား … ။ 
ဘိလပ်က ဘုရားမှာ ကပ်ထားတဲ့ ဒက်ဖိုဒေးလ်

ဟုတ်မှာပါ … ။ ဒက်ဖိုဒေးလ်အိပ်မက် ကျမ မမက်ခဲ့ဘူး၊ ဒက်ဖိုဒေးလ်ကဗျာကို အစအဆုံး မရတော့ဘူး၊ ဒက်ဖိုဒေးလ် ပန်းခြောက်တွေကို ကျမ မတွယ်တာမိဘူး၊ ရနံ့ကင်းမဲ့တဲ့ ဒက်ဖိုဒေးလ်လေးတွေဟာ ကျမဘ၀အတွက် အဓိက နေရာမှာ မရှိခဲ့ပါဘူး။ နောက်နှစ် … နောက်နှစ် … ဒက်ဖိုဒေးလ်ပွင့်ချိန်တွေမှာ ကျမခံစားချက်တွေ ပုံသေဖြစ်သွားလေတော့တယ်။ သြော် … ပန်းတွေပွင့်နေပြီ … ဒီလောက်ပါပဲ … ။ 
 
“ဒက်ဖိုဒေးလ်တွေကို ပွင့်ခါစမှာတော့ လူတွေက သဘောကျကြပါတယ်၊ ကြာလာတော့လဲ မြင်ပါများတော့ ရိုးသွားတာပါပဲ …” 

ဦးရီးတော်နဲ့ အတူအပြင်သွားကြပြီဆိုရင် ကားလမ်းဘေးတလျှောက် ပွင့်နေတဲ့ ဒက်ဖိုဒေးလ်ပန်းခင်းကြီးကို ကြည့်ရင်း ဦးရီးတော်က အဲဒီလို အမြဲပြောနေကျ … ။ ဒါဟာလဲ လူ့သဘာဝပါပဲလေ … ။
***
မြန်မာပြည်က ဘုရားမှာ ကပ်ထားတဲ့ ပိတောက်ပန်းများ

ဒက်ဖိုဒေးလ်တို့ပွင့်ရာမြေနဲ့ ဝေးကွာခဲ့တဲ့ကျမ … မြန်မာပြည်ရဲ့ နွေရာသီ အလွန်ပူပြင်းပေမဲ့ ကျမ၀န်းကျင်မှာ စပယ်ရနံ့၊ ခရေရနံ့ ကံ့ကော်ရနံ့တွေ ထုံသင်းခဲ့တယ်။ ဘယ်လောက် ကြည်နူးစရာ ကောင်းလိုက်ပါသလဲ … ။ ဒီထက်ပိုပြီး …. ရင်ခုန်လှုပ်ရှားမိတာကတော့ ကျမလွမ်းခဲ့တဲ့ ပိတောက်ပန်းဝါ၀ါတွေကို မြင်ရချိန်မှာပေါ့ … ။ မနှစ်က ဧပြီ ကျမပြန်ရောက်ခါစ လေးနှစ်ကျော်ကျော် ဝေးခဲ့တဲ့ ပိတောက်ပန်းတွေ ကို ပြန်တွေ့တဲ့အခါ ဒက်ဖိုဒေးလ်တွေကို မေ့လျော့လို့သွားခဲ့တယ်။ Wordsworth ရဲ့ ကဗျာကိုလဲ သတိမရမိတော့ဘူး။

ပိတောက်ဖူးလေးတွေ
လတန်ခူးပေမို့
အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ … အစချီ ဦးကြော့ရဲ့ ပိတောက်ပန်း ကဗျာ … ၊

မခူးချင်စမ်းပါနဲ့ …
နှစ်ဆန်းခါတော်မီမို့ … အစချီ ဆရာဇော်ဂျီရဲ့ ပိတောက်ပန်း ကဗျာ … ၊

ကျမ အသွေးအသားထဲမှာ ကျမနှလုံးသားထဲမှာ စီးမျောလို့ … ။ ကျမ ၀န်းကျင်မှာ ပိတောက်ရနံ့ သင်းပျံ့လို့ … ။ ရင်ခုန်စရာ ဘယ်လောက် ကောင်းလိုက်ပါသလဲ ... ။
***
ဒီရက်ပိုင်း မုန်တိုင်းသတင်းကြောင့် ကျမ စိတ်တွေ ပူပန်နေခဲ့မိတယ်။ မေလ ၁၆ ရက်အတွက် အထူး သတိပေးကြေငြာချက်၊ အ၀ါရောင် ... လိမ္မော်ရောင် ... အနီရောင် ... တဆင့်ပြီး တဆင့် မြင့်လာတာနဲ့အမျှ စိုးရိမ်စိတ်တွေလဲ မြင့်တက်လို့ ... ။ ဒီမနက်ခင်း ကောင်းကင်မှာ တိမ်တစတလေပဲ ရှိတယ်၊ နေကတော့ ခပ်ကျဲကျဲပူလို့ ... ။ မနေ့က ရွာခဲ့တဲ့ မိုးကြောင့် ပွင့်လာတဲ့ ပိတောက်ပန်းတွေကို ဘုရား ကပ်ပြီး သတ္တ၀ါတွေ ဘေးရန်ကင်းဖို့ ဆုတောင်းခဲ့တယ်။ သင်းပျံ့နေတဲ့ ပိတောက်ပန်း ရနံ့က ရင်ကို အတန်အသင့်တော့ ငြိမ်းအေးစေပါတယ်။
 

မနက် ၈ နာရီ ခွဲလောက်မှာ မိုးတွေ ညို့ပြီးတက်လာတယ်၊ မိုးတွေထစ်ချုန်းပြီး ရွာလာတယ်၊ တချို့ကျောင်းသားတွေ ကျောင်းမလာကြဘူး၊ ဆရာမတယောက်က ဖုန်းနဲ့ခွင့်တိုင်တယ်၊ ရေဒီယိုမှာ ရုပ်သံမှာ မုန်တိုင်းသတိပေးချက်တွေ လာနေတယ်၊ တနေ့လုံး နေသာလိုက် မိုးအုံ့လိုက်နဲ့ မီးကလဲ ပျက်သေးတယ်။ ညနေခင်းမှာတော့ မိုးတွေတအား ခြိမ်းလာတာနဲ့ အင်တာနက်ပိတ်၊ ခြံထဲမှာ လွင့်နိုင် ထိနိုင်တဲ့ ပစ္စည်းတွေ သိမ်းဆည်း ရွှေ့ပြောင်း၊ ၀န်ထမ်းတွေ စောစောပြန်လွှတ် ... အားလုံးပြီးသွားတဲ့အချိန် ... မုန်တိုင်းသတင်း ပြန်နားထောင်တော့ ... ၀ှူး ... အလုံးကြီး ကျသွားတယ်။ သက်ပြင်းချနိုင်သွားတယ်။

ပိတောက်ပွင့်တဲ့ရက်ပဲ မုန်တိုင်းက လွင့်ခဲ့တယ်။ မဟာဆန်တဲ့ပိတောက်က မဟာဆန်ကို အဝေးဆောင်ကျဉ်း စေတာလား ... ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ ပိတောက်ဝါရေ ... ။
***
ညဘက် ဦးရီးတော်နဲ့ စကားပြောတော့ သူ့ခြံထဲက ပန်းတွေ လှည့်ပတ်ပြနေပါသေးတယ်။ ဘိလပ်ရဲ့ နွေဦးရာသီဆိုတော့ ပန်းတွေပွင့်ပြီး လှနေတာကိုး ... ။ သူ့ခြံထဲမှာ မြက်ခင်းစိမ်းစိမ်းနဲ့ ပန်းလေးတွေနဲ့ လှပါတယ်၊  ဒါပေမဲ့ ကျမ မလွမ်းမိပါဘူး ... ။ ဒီမှာလဲ ပိတောက်တွေ ပွင့်နေပြီ ... လို့ ကျမ ခပ်တိုးတိုး ပြောမိတယ်။ ဦးရီးတော် ကြားမကြား မသေချာပေမဲ့ ... ကျမ ထပ်ပြောမိတယ်။
 
ပိတောက်တွေ မွှေးမှတော့
ဒက်ဖိုဒေးလ်နဲ့ဝေးလဲ
ဆွေးစရာ မဟုတ်ပါလေ ... လို့ ... ။
***
၁၆၊ မေ၊ ၂၀၁၃
၁၈း၄၄ နာရီ (ဘိလပ်စံတော်ချိန်)

Read More...

Wednesday, April 24, 2013

အမှားများနဲ့ ခါးနေဆဲ ...

***
တကယ်တော့ ...
မဖြူစင်ပါဘူး ငါ့စိတ်တွေ
မြစ်ရေလို ညစ်ထေး
အပြစ်တွေလဲ ဒုနဲ့ဒေးပေါ့ ... ။

ပင်လယ်က ကြယ်တပွင့်ကို အခူး
ရင်ကို ဆူးနဲ့ငြိ
သိလိုက်တဲ့ အချိန်ကျ
အနာက ရင်းခဲ့ပြီ ... ။

စိတ်တွေကို ချုပ်ထိမ်းလျက်
စိတ်ထွက်ပေါက်ကို ရှာ
တယောက် ကမ္ဘာတခြမ်း
အလွမ်းတွေနဲ့ နေသားကျခဲ့ရ ... ။

အမှန်နဲ့ အမှား ... မခွဲခြားနိုင်ဘဲ
လျှောက်သွားဆဲ လမ်းတွေထက်
မျက်ရည်စက်လက် ခရီးနှင်
တခါတလေလဲ ငြိမ်းချမ်းချင်တယ် ... ။

မေတ္တာအတုလား ...
ဥပေက္ခာအစစ်လား ...
ဗြဟ္မစိုရ်တရားရဲ့ အဓိပ္ပါယ်မှန်
တကယ်ပဲ နားမလည်ပြန်ဘူး ... ။

နောက်ဆုံးတော့လဲ ...
နားမလည်နိုင်တဲ့ နားလည်မှုတွေကြား
အရာရာဟာ ခါးသက်
ငါ ... အခါးကိုမှ မက်ခဲ့မိလေတယ် ... ။ ... ။
***
မေဓာဝီ
15th ~ 17th April 2013
10:30 am
(ရေးထားခဲ့ပြီး မတင်ဖြစ်တဲ့ ကဗျာလေးကို ၆၆၆ မြောက်ပို့စ် အဖြစ် တင်လိုက်ပါတယ်။)

Read More...

Thursday, April 18, 2013

သံယောဇဉ် - ၉၀

သံယောဇဉ် - ၉၀
 ***
ကြယ်တွေလို ... ဖွေးလွစေ
စပယ်တွေလို ... မွှေးမြစေ
မေတ္တာတရားကို အပ်နှင်း
ငြိမ်းချမ်းခြင်း ဖြစ်စေ။
... ... ...
... ...
...
..
.
မေဓာဝီ
၁၈၊ ဧပြီ၊ ၂၀၁၃
၇း၃၀ နာရီ

Read More...

Friday, April 12, 2013

ရင်မခုန်တော့ပြီ သင်္ကြန် ...




အကြိုနေ့က အတာအိုး ...
နှစ်ဆန်းတရက်မှာ ညှိုးသွားတယ် ...

မနက်ဖြန်ဆို သင်္ကြန်အကြိုနေ့ ရောက်ပြီ ... သိကြားမင်းကို ကြိုကြပြီပေါ့။ အပေါ်က ဓာတ်ပုံလေး နှစ်ပုံက မနှစ်က သင်္ကြန်တုန်းက ရိုက်ထားခဲ့တဲ့ ပုံလေးပါ။ အကြိုနေ့က လန်းဆန်းနေတဲ့ အတာအိုးလေး နှစ်ဆန်းတရက်နေ့မှာ နွမ်းသွားသလိုပဲ ... သင်္ကြန်ရဲ့ အဝေးမှာတုန်းက ဒီလိုအချိန်ရောက်တိုင်း ရင်ခုန် တမ်းတ အလွမ်းကြီး လွမ်းခဲ့ရပေမဲ့ တကယ်တမ်း သင်္ကြန်နဲ့ ကြုံရတဲ့အခါမှာတော့ ... ။
***

"ရင်မခုန်တော့ပြီ သင်္ကြန်"
 
အဝေးက မှန်း
အဝေးက တမ်း
အဝေးက လွမ်းခဲ့ရဖူးတယ် ... ။
 
သင်္ကြန်ရဲ့ အဝေးမှာ
အတာရေ အေးအေး
ပျံ့မွှေးတဲ့ ပိတောက်
လွမ်းလောက်တဲ့ တေးချိုချို
မန်းတောင်ရိပ်ခို ဆိုညည်း
အလွမ်းတွေ ဖိစီးလို့ ... ။

တကယ်တမ်း သင်္ကြန်  ...
နန်းမဆန် မန်းဟန်ကင်း
အပြင်းစား ဂီတ
မြူးကြ မူးကြ ရူးကြ
စူးရှတဲ့ နေရောင်အောက်
တောက်လောင် နေလိုက်ကြတာ
ဒါ ... ရိုးရာ သင်္ကြန်တဲ့လား ...
သြော် ... သင်္ကြန်ခါးခါးရယ် ... ။
 
အဝေးက မှန်း
အဝေးက တမ်း
အဝေးက လွမ်းခဲ့ပေမဲ့
သင်္ကြန်နဲ့ အနီးကပ်
ရင်ခုန်သံတွေ ရပ်ခဲ့တယ် ... ။ ... ။ 
***
မေဓာဝီ
၁၂၊ ဧပြီ၊ ၂၀၁၃
၂၂း၀၀ နာရီ (မြန်မာစံတော်ချိန်)
(မနှစ်က သင်္ကြန်သို့ ... )
 
အားလုံးပဲ ... ငြိမ်းချမ်းပျော်ရွှင် ကြည်နူးတဲ့ မြန်မာနှစ်သစ်ကူး သင်္ကြန်ဖြစ်ပါစေ .... ။ 

Read More...

Thursday, April 04, 2013

ချမ်းမြေ့ရိပ်သာ တပတ်တာ ...

ပျော်မမွေ့နိုင်ဘု၊
ဓလေ့ကိုတဲ့ ငြီးတော့တယ်။
 
ကိုင်ပုတီး၊
သစ်သီး ညှာအကြွေနဲ့၊
မေဓာဝေ သူတို့ထုံးလို၊
ဘုန်းမွေ့တော့မယ်။
 
ရုပ်ခန္ဓာ အကောင်ပုပ်ကိုလ၊
စက်ဆုပ်လို့ ငြိမတွယ်၊
ဖြတ်မယ်ပ ခင်လေး။
 
ဘာဝနာ၊
သစ်နက်ကယ် လျှော်တေဟာနှင့်၊
မန်းသေလာ တောင်အကွေ့မှာလ၊
ယနေ့ပင် တ၀ါဆိုတော့မယ်၊
ယဉ်နဂို ညိုညိုနုရယ် ...
မင်း သာဓုပေး ... ။ ... ။
(ဦးပုည - သံဝေဂ လေးဆစ်)
***
တကိုယ်ကောင်းဆန်တယ်ပဲ ပြောပြော ... အပူတောကနေ ကိုယ်လွတ်ရုန်းပြီး "ဝေးရာ"ကို ခေတ္တခဏ ပြေးခွါသွားတဲ့ မေဓာဝီတယောက် နီးရာကို ပြန်ရောက်လာပါပြီ။ တလောက ရေးခဲ့တဲ့ "ကျမရဲ့ နွေ" ပို့စ်မှာ နွေနေပူပေမဲ့ ပီတိတွေနဲ့ အေးချမ်းလို့ ... ဆိုပြီး ရေးခဲ့ပြီးမှ ... အစစ အရာရာ စိတ်ရှုပ်ထွေးစရာတွေနဲ့ ကြုံလာခဲ့ရတယ်။ တိုင်းရေးပြည်ရေး ... စီးပွါးရေး ... အိမ်တွင်းရေး ... ကိုယ်ရေးကိုယ်တာ ... နေရာတကာမှာ စိတ်ရှုပ်စရာလေးတွေ ဟိုတစ ဒီတစက များလာတော့ စိတ်တိုလိုက် ... စိတ်အားငယ်လိုက်နဲ့ ... ဒေါသတွေ တက်လိုက် ကျလိုက် ဖြစ်နေလိုက်တာ ... ပူလောင်လို့ ... ။ ပူလောင်လွန်းတဲ့ ဒဏ်ကို မခံနိုင်တဲ့ တရက်တော့ အိမ်နားက ဘုရားမှာ ခဏသွားပြီးထိုင်ရင်း အေးချမ်းတဲ့ အရသာကို ခံစားရတဲ့အခါ ... ဒီ့ထက်ဒီ အေးချမ်းရာကို ရှာဖို့ ... ကျမအတွက် break တော့ လိုအပ်နေပြီလို့ သိလိုက်တယ်။ ၂၀၁၂ ရဲ့ အောက်တိုဘာ ၂၁ ရက် ဘိလပ်က ပြန်ရောက်ကတည်းက တရက်မှ မနားဘဲ ဆက်တိုက်လှုပ်ရှားခဲ့တာ ... အဲဒီနေ့ မတ်လ ၂၀ ရက်နေ့ကဆို ငါးလပြည့်ပြီပေါ့။  
 
အိမ်ပြန်ရောက်လို့ ပြက္ခဒိန်ကြည့်တော့ မတ်လ ၂၆ နဲ့ ၂၇ ရက်က ဆက်တိုက်ပိတ်ရက် ဖြစ်နေတာနဲ့ ကျမ အသက်ရှူနည်းနည်းချောင်သွားတယ်။ ဒါနဲ့ပဲ ၂၄ ရက်နေ့ တနင်္ဂနွေနေ့ကနေ ၂၉ ရက် သောကြာနေ့ထိ ငါးရက်လောက် ရိပ်သာဝင်လိုက်အုံးမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ၀င်မယ့် နေရာကို မြို့ပြရဲ့ အရိပ်က ကင်းလွတ်အောင် မှော်ဘီက ချမ်းမြေ့ရိပ်သာမှာ ၀င်ဖို့ရွေးချယ်လိုက်ပါတယ်။ ၁၉၉၁ ခုနှစ် ပထမဆုံး ရိပ်သာစ၀င်ဖြစ်တာလည်း ချမ်းမြေ့ရိပ်သာမှာပါပဲ၊ အဲဒီတုန်းကတော့ ကမ္ဘာအေးချမ်းမြေ့ရိပ်သာပါ။ ၂၀၀၄ ခုနှစ် ဧပြီလတုန်းကတော့ မှော်ဘီချမ်းမြေ့ရိပ်သာမှာ သီလရှင်ဝတ်ခဲ့ဖူးတယ်။ အခု ၉ နှစ်အကြာမှာ ယောဂီအနေနဲ့ ဒုတိယအကြိမ် မှော်ဘီချမ်းမြေ့ရိပ်သာကို ပြန်ရောက်ရခြင်းပါ။
***
ချမ်းမြေ့ရိပ်မြုံ နားခိုလှုံ ...
 
နှုတ်ဆက်ချိန်လေး ...
 
ဒီလိုနဲ့ မတ်လ ၂၄ ရက် မနက်မှာ အဝေးရောက် မိဘနှစ်ပါးကို အွန်လိုင်းကနေ နှုတ်ဆက်တော့ အမေက "တရားထူးရရင် အမေ့ကို အရင်ဟောနော်" ... တဲ့၊ :) အဖေကတော့ "ရတဲ့အချိန်လေးမှာ အကျိုးရှိရှိ ဖြစ်အောင် လုပ်ပါ" ... တဲ့။ အစ်ကိုတယောက်လို လေးစားချစ်ခင်ရသူ တဦးကတော့ "မေ ... ကြိုးစားနော် ... အရာရာ အောင်မြင်ပါစေ" ... တဲ့ ... စသဖြင့် မှာတမ်းတွေ ချွေပါတယ်။
 
အားလုံးကို ကျေးဇူးတင်စွာ နှုတ်ဆက်၊ မနက် ၉ နာရီမထိုးခင် လိုအပ်တဲ့ ပစ္စည်းပစ္စယလေးတွေ ယူဆောင်ပြီး မှော်ဘီကို သွားခဲ့တယ်။ မှော်ဘီချမ်းမြေ့ရိပ်သာ ကျောင်းကို ရောက်တော့ ၁၀ နာရီ ကျော်ကျော် ... ။ ကျောင်းထိုင်ဆရာတော် ဦးကိတ္တိကို ဂါရ၀ပြု လျှောက်ထားပြီး ရုံးခန်းမှာ နာမည်စာရင်းသွင်းရတယ်။ အဲဒီနေ့မှာ မင်္ဂလာဆောင် အလှူနဲ့တိုးနေလို့ ထောပတ်ထမင်းတို့ ရေခဲ့မုန့်တို့ စားလိုက်ရသေးတယ်။ ယောဂီမဖြစ်ခင် အမှတ်လွတ် စားရတဲ့ နောက်ဆုံးထမင်းပွဲလေး ဆိုပါတော့။ ရုံးခန်းရောက်တော့ နာမည်စာရင်းသွင်းပြီးတဲ့အခါ အဆောင်သော့နဲ့ ယောဂီခြင်ထောင်လေး တလုံးပေးပါတယ်။ ယောဂီတဦးအတွက် ဆွမ်းစရိတ်က တရက်မှ ၅၀၀ ကျပ်ထဲပါ။ ကျမက ၅ ရက်ထဲ နေမယ် စိတ်ကူးပေမယ့် ပိုပိုသာသာ ၅၀၀၀ ကျပ် သွင်းထားခဲ့လိုက်တယ်။ 
 ***
အဆောင်သူ ...
 
မေဓာပျော်တဲ့ ကျောင်းသင်္ခမ်း
ကျမနေရမယ့် အဆောင်က ဂျပန်ကျောင်းဆောင်တဲ့။ အဆောင်လေးတွေကို နာမည်တွေ ပေးထားတယ်။ မလေးရှားဆောင်၊ စင်္ကာပူဆောင်၊ ကနေဒါဆောင်၊ အမေရိကဆောင် ... စသဖြင့်ပေါ့။ ကျမနေရမယ့် ဂျပန်ကျောင်းဆောင်လေးရဲ့ အဆောင်နံပါတ်က ၇၂ တဲ့။ တဆောင်မှာ ၂ ခန်းပါပါတယ်။ ကျမက ညာဘက်ခန်းမှာ နေရတယ်။ ဘယ်ဘက်ခန်းမှာက ယောဂီတယောက် ရှိနေနှင့်တယ်။ အိမ်သာနဲ့ ရေချိုးခန်းကတော့ နှစ်ယောက် ရှယ်ပြီးသုံးရတယ်။ ဂျပန်ဆောင်က ဆွမ်းစားကျောင်းနဲ့ နီးသလို တရားထိုင်တဲ့ ဓမ္မာရုံနဲ့လဲ သိပ်မဝေးလှဘူး။ အဆောင်လေးတွေက ဘန်ဂလိုပုံစံ နေချင့်စဖွယ်လေးတွေပါ။ ကျမအခန်းဘေးမှာ ပိတောက်ပင်ကြီးရှိတယ်။ အရှေ့တည့်တည့်မှာတော့ ခရေပင် ... ။ တဖြုတ်ဖြုတ်ကြွေကျတဲ့ ခရေပန်းတွေက ကျမရဲ့ သမာဓိကိုပါ ခြွေချနေသလို ... ။
 
လျောင်းစက်နေရာ တကိုယ်စာ ...
 
အခန်းထဲမှာ ကြမ်းခင်းပါကေး ခင်းထားတယ်။ ကုတင်တလုံးနဲ့ ဖျာတချပ်ရှိတယ်။ ဗီရိုပုလေး တလုံးနဲ့ ကုလားထိုင် တလုံးရှိတယ်။ သူ့ဟာနဲ့သူ သပ်သပ်ရပ်ရပ် လေးပါပဲ။ အခန်းကို သန့်ရှင်းရေးလုပ်၊  ယူသွားတဲ့ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတို့ကို နေရာတကျ စီစဉ် ခင်းကျင်းပြီးတဲ့နောက်  ၀တ်ကြောင်ကို ပယ်ခွါကာ ... ။
 
ဂျပန်ဆောင်မှာ ဒေါ်မေဓာ
***
အသုံးအဆောင် ...

ရိပ်သာဝင်တဲ့အခါ လိုအပ်တဲ့ ဆေးဝါးနဲ့ အသုံးအဆောင်တချို့လဲ မပါမဖြစ် ပါရပါသေးတယ်။ ဒါတောင် မစ္စတာဘင်း(န်) ခရီးသွားသလို အတော်လေး လျှော့ထားရတာပါ။ သွားတိုက်ဆေး တ၀က်ညှစ်ခဲ့တာတို့ ဘာတို့ပေါ့။ :) သွားခါနီး အလုပ်က ကလေးမလေးက တီချယ် ငါးရက်ထဲ ရိပ်သာဝင်မှာကလဲ ပစ္စည်းတွေ များလိုက်တာ ... ဆိုလို့ ပြောခဲ့ရ သေးတယ်။ ငါက ခရီးသွားသလို ဟိုတယ်မှာ တည်းမှာလဲ မဟုတ်ဘူး၊ room service လဲ မရှိဘူး၊ ပိုက်ဆံရှိတောင် ၀ယ်ချင်တိုင်း ၀ယ်လို့လဲ မရဘူး ... လို့။ စွာတာ မဟုတ်ပါဘူး၊ စဉ်းစားကြည့်လေ ... ရိပ်သာမှာ ဘယ်သူ့ကို ပိုက်ဆံပေးပြီး ခိုင်းလို့ရမှာလဲ၊ ကိုယ်လိုအပ်တဲ့ အသုံးအဆောင် ဆေးဝါး ပစ္စည်းဆိုတာ ပိုပိုလိုလို သယ်သွား ရမှာပဲ မဟုတ်လား။

ထွေရာလေးပါး အသုံးအဆောင်များ ...
 
အဲဒါနဲ့ ပတ်သက်ပြီး မသွားခင် ရက်ပိုင်းက အစ်မကြီးကို စိတ်ကောက်ရသေးတယ်။ ကျမ ယူမယ့် ပစ္စည်းတွေ ပြောပြတော့ ... နင်ကလဲ ပစ်ကနစ်ထွက်မှာ ကျနေတာပဲတဲ့၊ ဒါနဲ့ စိတ်ကောက်ပြီး အကုန်ပြန်ချခဲ့တာ။ အဖေနဲ့ အွန်လိုင်းမှာ စကားပြောတော့ သနားအောင် ပြောမိသေးတယ်။ "အဖေရယ် ... ဘုရားလောင်း သိဒ္ဓတ္ထမင်းသားလောက် စည်းစိမ်ခံစားခဲ့ရတဲ့သူ ရှိမလား ... သူတောင် တောထွက်တော့ အိပ်ရာလိပ်တွေဘာတွေ သယ်နေတာ မှ မဟုတ်တာ ... ။ သမီးလဲ ဘာမှမယူတော့ပါဘူး ... တော်ပါပြီ ..." လို့ ... ။ အဖေကတော့ စိတ်ပူစွာ ပြောရှာတယ်။ "ခေတ်ချင်းမတူဘူးသမီး ... စားရ သောက်ရ နေထိုင်ရတာချင်း ကွာတော့ ဘုရားလောင်းတို့ခေတ်က လူတွေက ပိုပြီးကျန်းမာရေး ကောင်းတယ်၊ သစ်တပင် ၀ါးတပင်အောက်လဲ နေနိုင်တယ်၊ သမီးကတော့ အဲဒီလိုနေလို့မရဘူး၊ ဒါကြောင့် လိုအပ်တာတွေ ယူသွားပါ" ... တဲ့။ (ကိုယ်ကလဲ ဒီစကားပဲ ကြားချင်တာပါ။) ဘိလပ်က အစ်မလတ်ကလဲ မသွားခင်ညမှာ ကျမယူသွားသင့်တဲ့ ပစ္စည်းစာရင်းကို ချရေးခိုင်းပြီး မမေ့မလျော့ ထည့်သွားဖို့ အထပ်ထပ်မှာပြန်ပါတယ်။
***
တနေ့တာ အချိန်ဇယား

စုပေါင်း ၀တ်တက် မပြုမီ

မနက်ဆို ၃ နာရီ ၄၅ မိနစ်မှာ လျှပ်စစ်အုံးမောင်း တီးသံကြားရင် အားလုံးအိပ်ရာက ထရပါတယ်။ ၄ နာရီတိတိမှာ ယောဂီအသစ်တွေက အလုပ်ပေးတရား တနာရီ နာရပြီး၊ ယောဂီအဟောင်းတွေ ကတော့ ဓမ္မာရုံကြီးထဲမှာ တရားထိုင်ရတယ်။ ၅ နာရီ ခွဲမှာတော့ အရုဏ်ဆွမ်းစား၊ ပြီးရင် စုပေါင်း ဘုရားဝတ်တက်ပြီး ဓမ္မာရုံထဲနဲ့ ကိုယ့်အဆောင်၊ အဆောင်ဝန်းကျင် သန့်ရှင်းရေး လုပ်ကြရတယ်။ နေ့ဆွမ်းကတော့ ၁၀ နာရီခွဲမှာ စားရပြီး၊ နေ့လည် ၂ နာရီမှာ တရားနာရပါတယ်။ ညနေ ၆ နာရီနဲ့ ၇ နာရီကြားမှာတော့ တရားလျှောက်ရတယ်။ ည ၉ နာရီထိုးရင်တော့ ကိုယ့်အဆောင် ကိုယ်ပြန်ပြီး နားရုံပါပဲ။  ကျန်တဲ့အချိန် အားလုံးမှာတော့ စင်္ကြံတလှည့် ထိုင်တလှည့်နဲ့ မရပ်မနား တရားရှုမှတ်ရပါတယ်။
***
 ဘယ်-ညာ၊ ပိန် - ဖောင်း
ဘယ်-ညာ စင်္ကြံ ရှုမှတ်ဟန်

စင်္ကြံ လျှောက်တဲ့အခါ စစချင်းမှာ ဘယ်လှမ်းတယ် ညာလှမ်းတယ် စမှတ်ရတာပါ။ ကျမက လှမ်းတယ် ဆိုတာတွေ ထည့်ရမှာ ရှုပ်ပါတယ်ဆိုပြီး ဘယ်-ညာ ဘယ်-ညာ နဲ့ လှမ်းနေတာ နောက်မှ ငါ စစ်ချီတက်သလို ဖြစ်နေပါပကော ဆိုပြီး ဘယ်လှမ်းတယ် ညာလှမ်းတယ် ပြန်မှတ်ရတယ်။ ဒါတောင် သတိလွတ်တဲ့အခါ ဘယ်နဲ့ညာ ခြေထောက်ချင်း မှားဆိုနေမိသေးတယ်။ ဘယ်နဲ့ညာ မှားလို့ နောက်ဆို ဆရာတော်က ကောက်ရိုး ခြေထောက်၊ မြက် ခြေထောက်လို့များ မှတ်ခိုင်းမလား မသိ။ ဖောင်းတယ် ပိန်တယ် မှတ်တော့လဲ အတူတူပါပဲ၊ ကျမက အဆိုကိုပဲ ဦးစားပေးနေမိတာ ... ၀မ်းဗိုက်က ဖောင်းချင်ဖောင်း ပိန်ချင်ပိန်၊ စိတ်ထဲက ဖောင်းတယ် ပိန်တယ်ချည်း လှိမ့်ရွတ်နေတော့ အကုန်လွဲကုန်ရော ... ။ သြော် ... သတိ ... သတိ ... ဘ၀မှာ သတိလက်လွတ် နေခဲ့တဲ့အချိန်တွေ များနေတော့ သတိထားရတာ အစပိုင်းမှာ အလွဲလွဲအချော်ချော်နဲ့ပေါ့။
***
ဝါးမြိုခြင်း ...
 
ဆွမ်းကျောင်းပေါ်မှာ ဆိတ်ငြိမ်စွာ ...
စားတဲ့သောက်တဲ့ နေရာမှာ အလွန်ဖြည်းညင်းစွာ သတိနဲ့ မှတ်ပြီးစားကြရပါတယ်။ ဘုန်းကြီးတွေကလည်း တ၀ိုင်းပြီးတ၀ိုင်း လိုက်ကြည့်ရင်း "ယောဂီတွေ အမှတ်နဲ့စားကြနော်"လို့ သတိပေးတတ်သေးတယ်။ ကိုယ့်ကို အဲဒီလို လိုက်ကြည့်နေတော့ စားရသောက်ရမှာ သိပ်မြိုမကျတော့ဘူး၊ စိတ်ကျဉ်းကျပ်သလိုပဲ။ ဒါပေမဲ့ အဲဒီလို လိုက်ကြည့်နေမှလည်း အမှတ်မလွတ်အောင် စားဖို့ သတိရတာမို့ တကူးတက လိုက်စောင့်ကြည့်နေကြတဲ့ ဘုန်းဘုန်းတွေကို ကျေးဇူးတင်မိပါတယ်။ ဝေယျာဝစ္စ ယောဂီတွေ သီလရှင်တွေကိုလည်း ကျေးဇူးတင်ဖို့ အလွန်ကောင်းပါတယ်။ ကိုယ့်လက် ကိုယ့်ခြေ မြှောက်စရာတောင် မလိုဘဲ လိုလေသေးမရှိ ဘေးကနေ ထည့်ပေးပြုပေးကြတယ်။
ဝါးရင် ၀ါးတယ်လို့ မှတ်ပြီး ၀ါးရင်းဝါးရင်းနဲ့ ၀ါးဖတ်တော် ကဆီနှစ်တွေကို မြိုမပစ်ချင်လောက်အောင် ဖြစ်တတ်တာကို ဟိုးငယ်ငယ်က အတွေ့အကြုံအရ သိထားနှင့်တာမို့ အနှစ်ပေါက်အောင် ၀ါးပြီး မှတ်မနေတော့ပါဘူး။ ၀ါးတယ် ... ၀ါးတယ် ... ၀ါးတယ် .. ပြီးတော့ မြိုတယ် ... ဂလု ... ။ အဲ ... အမှတ်နဲ့ မြိုချလိုက်တာ ဂလုခနဲ လည်ချောင်းထဲ ၀င်သွားရော ... ။ အမှတ်နဲ့ စားတာဆိုတော့ ချိုသည် ခါးသည်လဲ မသိတော့ပါဘူး။ ထည့်ထားတဲ့ တပန်းကန် ကုန်အောင် တလှုပ်လှုပ် ၀ါးလိုက် မြိုလိုက်နဲ့ ဆွမ်းကိစ္စ ပြီးခဲ့ရတာပါပဲ။ ဆွမ်းစားကျောင်းရဲ့ လှေခါးထစ်က ဆင်းပြီဆိုရင်တော့ သက်ပြင်းကြီးကြီး အမြဲလိုလို ချဖြစ်တယ်။
***
အသံတွေ ကြားနေရတယ် ...

ချမ်းမြေ့တိတ်ဆိတ် သစ်ဝါးရိပ်
နေခဲ့တဲ့ ရက်သတ္တ တပတ်တာအတွင်း အမှတ်တရဖြစ်စရာ အသံတွေလဲ ရှိပါသေးတယ်။ လျှပ်စစ် အုံးမောင်း တီးသံလိုမျိုး မနက်စောစောစီးစီး ရင်ကို ဗရမ်းဗတာ လှုပ်ရှားစေတဲ့ အသံမျိုးအပြင် မိုက်ခရိုဖုန်းနဲ့ အော်တယ် ထင်ရလောက်အောင် ကျယ်လောင်တဲ့ ဓမ္မာရုံထဲက တောက်တဲ့အော်သံ၊ ကျောင်းခွေးကြီးတွေရဲ့ ဆွဲဆွဲငင်ငင် အူသံ၊ ညဘက် တရေးနိုး အိပ်ရာထဲကနေ ကြားရတဲ့ အဆောင်ခေါင်မိုးပေါ်ကို သစ်ရွက်တွေ အသီးတွေ တရှဲရှဲ တဖြုတ်ဖြုတ် ပွတ်တိုက်ပြုတ်ကျသံတွေ ... ။ ချိုးကူသံ ... ဥသြသံတွေ ... ။ ဥသြသံဆိုလို့ ...  ဟိုးအဝေးက ခပ်သဲ့သဲ့ ဥသြသံမျိုးက လွမ်းစရာကောင်းနိုင်ပေမယ့် အနားနား ကပ်အော်တဲ့ ဥသြသံမျိုးကိုတော့ဖြင့် ဘယ်လို လွမ်းရမယ် မသိတော့ပါဘူး။ တကယ်ပါ ... မပြန်ခင်တနေ့လည်ခင်း ဥသြတကောင် ဓမ္မာရုံအနားက သစ်ပင်ပေါ် လာအော်နေလိုက်တာ ... ဒီလောက် အသံကျယ်တဲ့ ဥသြသံ ဒီတခါပဲ ကြားဖူးပါသေးတယ်။

ဒါ့အပြင် တပေါင်းလပြည့်မတိုင်ခင် အဖိတ်နေ့က ဘယ်နားမှာ ဇာတ်ပွဲက'နေလဲ မသိပါဘူး။ လေသင့်တိုင်း သီချင်းသံတွေက အကျယ်ကြီးကို ကြားနေရတာ၊ ကြားရင် ကြားတယ်လို့ မှတ်ရင်းနဲ့ စိတ်ထဲမှာတော့ ... "ဟင်း ... ဒီမင်းသားအသံက ကောင်းလဲ မကောင်းဘူး၊ ကရုဏာသံလေးနဲ့ သီချင်းဆိုတတ်တဲ့ ဟို ဥရောပရောက် အညာသား ဘလော့ဂါ ဇာတ်မင်းသားကြီး အသံလောက်တောင် နားဝင်ပီယံ မရှိပါလား ..."  စသဖြင့် တွေးနေမိသေး။ နောက်မှ ကမန်းကတန်း ... အတွေးတွေကို ပြန်မှတ်ရင်း ပေါက်ကရ အတွေးတွေက ရပ်တန့်သွားလေရဲ့။
***
သူတော်ကောင်းတို့ အာဝါသ
 
ရိပ်သာရောက်ပြီး ဒုတိယရက်မှာ ကျမစိတ်ထဲ အရမ်းအေးချမ်းပြီး စိတ်ထဲ သိပ်ကြည်နူးလွန်းလို့ ... "သူတော်ကောင်းတို့ အရိပ်အာဝါသက အလွန်အေးချမ်းပါလား ... ဒီလိုနေရာမျိုးမှာ တသက်လုံး နေမယ်ဆိုရင် နေနိုင်ပါတယ် ..." လို့ တွေးမိတယ်။ အင်တာနက်မရှိ၊ ဖုန်းမရှိ၊ ဘာသတင်းမှလဲ မသိ၊ ဘယ်သူနဲ့မှ စကားမပြော အဆက်အသွယ်မလုပ်ဘဲ နေရတဲ့ အရသာက အင်မတန် အေးချမ်းပါတယ်။ ကျမက နာရီမပတ်လို့ အချိန်သိဖို့နဲ့ alarm လုပ်ဖို့ ဆက်လို့မရတဲ့ ဘိလပ်နက်ဝေါ့ခ် မိုဘိုင်းဖုန်းလေးတော့ ယူသွားဖြစ်တယ်။  
 
 
နောက်ရက်တွေမှာ အစားအသောက်လဲ ချေးမများ ဇီဇာမကြောင်ဘဲ ဟင်းပွဲထဲ အသားဟင်းပါရင်တောင် မစားဖြစ်တော့ဘူး၊ အရွက်ကြော်တမျိုးမျိုးနဲ့ အရည်သောက် လောက်ပဲ စားဖြစ်တော့တယ်။ အစက ၅ ရက်ထဲ နေမယ် စိတ်ကူးခဲ့ပေမယ့် အစ်မကြီးဆီ ဖုန်းဆက်တော့ သူ အဆင်ပြေတယ် ... တပတ်နေချင် နေ ... ဆိုတဲ့ အခွင့်ရတာနဲ့ တပတ်နေမယ်လို့ စိတ်ကူးလိုက်တယ်။ အဲ ... ဖြစ်ချင်တော့ အဲဒီလို ပြောပြီး နောက်တရက်မှာ ကျမ ဗိုက်တွေနာပြီး ၀မ်းပျက်ပါလေရော ... ။


တရားရိပ်လှုံ ဓမ္မာရုံ ...
 
နေမကောင်းဘူးဆိုရင် လူက အိမ်ကို သတိရစိတ် ဖြစ်လာတယ်၊ ၅ ရက်ပြည့်ရင် အိမ်ပြန်ရ ကောင်းမလား ... အိမ်ကို ဖုန်းဆက်ရင် ကောင်းမလား ... စသဖြင့် တွေးမိတယ်။ ဒါပေမဲ့ ... နောက်တခါ ဒီလိုအခွင့်အရေးရဖို့ ဆိုတာ လုံးဝမလွယ်တာမို့ ... မပြန်ဘူးလို့ အားတင်းပြီး ပါလာတဲ့ ဆေးတွေသောက်၊ ဓာတ်ဆားရည်တွေသောက်ပြီး ရှုမှတ်မှုလဲ မပျက်စေရဘဲ အဲဒီတရက်တာကို အပင်ပန်းခံ ကျော်ဖြတ်လိုက်တယ်။  နောက်တနေ့ အိပ်ရာအထမှာတော့ မနေ့က ခံစားရတဲ့ ဝေဒနာ အားလုံး ရှင်းရှင်းလင်းလင်း ပျောက်သွားပါတယ်။ တရားရဲ့ အာနိသင်အစွမ်းကြောင့်ပဲ ထင်ပါရဲ့ ... ဘာမှ မဖြစ်တော့ဘူး။
***
စိတ်အနှောက်အယှက် ဖြစ်စရာတချို့


ကျမ ရှိတဲ့အချိန်မှာ အမျိုးသမီး ယောဂီစုစုပေါင်းမှ ၂၅ ယောက်လောက်ပဲ ရှိတယ်၊ အမျိုးသား ယောဂီနဲ့ နိုင်ငံခြားသား ယောဂီ၊ ဒုလ္လဘ ဘုန်းကြီးတွေပေါင်းရင် ၃၅ ယောက်လောက်ပါပဲ။ အများအားဖြင့် လူလတ်ပိုင်းတွေ များတာမို့ အားလုံးက သိတတ်စွာ ငြိမ်ငြိမ်ဆိမ်ဆိမ် နေကြပေမယ့် အငယ်ဆုံး ဆယ်ကျော်သက် ယောဂီပေါက်စလေး တယောက်ကတော့ဖြင့် တော်တော်လေး လက်လက်ထရှာတယ်။ ခြေသံတဒုန်းဒုန်းနဲ့ လမ်းလျှောက်တဲ့အပြင် ဓမ္မာရုံထဲ ပြေးနေသေးတယ်။ အဆိုးဆုံးကတော့ ကျောင်းက ခွေးနက်ကြီးနဲ့ ကော်ရစ်ဒါမှာ စိမ်ပြေးတမ်း ကစားနေတာပဲ။ (ဘုန်းကြီးတွေလဲ မသိဘူး ထင်ပါရဲ့။)

နောက်တခုက ကျမရဲ့ တဆောင်ထဲနေသူ အမျိုးသမီးပါ။ ရက်ပြည့်လို့ ပြန်သာသွားရော ကျမတို့ချင်း စကား မပြောဖြစ်ကြပါဘူး။ စကားပြောခြင်းဟာ အပြစ်အကြီးဆုံးလို့ ဆိုထားတာကြောင့် ကျမ ရိပ်သာနေစဉ် ဘယ်သူနဲ့မှလဲ စကားမပြောဖြစ်ဘူး၊ မိတ်ဆွေလဲ မဖြစ်ခဲ့ဘူး၊ အဲ ... သူကတော့ အဆောင် ပြန်ရောက်လို့ ခဏတဖြုတ်နားချိန်ဆို မိုဘိုင်းဖုန်းတလုံးနဲ့ သူ့အလုပ်ထဲကို ဖုန်းဆက်ပါလေရော။ အသံကျယ်ကြီးနဲ့ ရှိသမျှ ရုံးသူ ရုံးသားတွေဆီ ဖုန်းလွှဲခိုင်းပြီး တယောက်ပြီး တယောက်နဲ့ ပြောတယ်။ ဒီအသံတွေနဲ့ ကင်းဝေးအောင် ထွက်ပြေးလာခါမှ ပြန်ကြားနေရလို့ အဲဒီအချိန်တွေမှာ စိတ်အနှောက်အယှက် ဖြစ်ခဲ့ရတယ်။ ယောဂီဝတ်မယ့်သူတွေ ဆင်ခြင်စရာပါ ... ။
***
မပြန်ခင် ...


ညဥ့်မှာကြွေတဲ့ ပန်းခရေ ...
ဒီလိုနဲ့ တရက်ပြီးတရက် ရှုမှတ်တဲ့အခါ ပိုပြီး စိတ်တည်ငြိမ်လာပေမယ့် နောက်ဆုံးမှာတော့ ပြန်ရမယ့် ရက်ကို ရောက်လာပါပြီ။ စိတ်ထဲမှာလဲ မကောင်းဘူး။ ဒီနေရာ ဒီဌာန ဘယ်အခါမှ ပြန်လာရပါ့မလဲ ... တွေးရင်း မပြန်ခင် အလှူဒါနလေးတွေ ကိုယ်တတ်နိုင်သလောက် ပြုဖြစ်ခဲ့တယ်။  နေ့စဉ် တံမြက်စည်းလှည်းတိုင်း အဆောင်ရှေ့ ခရေပင်ကြီးဆီက ကြွေကျတဲ့ ခရေပွင့်လေးတွေကို လှည်းကျင်းရတဲ့အခါ "ငါ့ကို ခွင့်လွှတ်ပါ ခရေတို့ရေ ..." လို့ တိတ်တိတ်လေး ဆုတောင်းမိခဲ့တဲ့ ကျမဟာ မပြန်ခင်တော့ ခရေပန်းတွေ အ၀ကောက်ပြီး လက်သုတ်ပုဝါလေးနဲ့ ထုတ်ယူသွားခဲ့တယ်။


တပတ်တာ ဘာဝနာ ပွါးများရာ ...
နောက်ဆုံး တရားထိုင်တဲ့ တနင်္ဂနွေ မနက်ခင်းမှာ တရားဖြုတ်တော့ ကျမထိုင်နေကျ နေရာလေးကို အမှတ်တရ ဓာတ်ပုံရိုက် ယူဖြစ်ခဲ့တယ်။ လွယ်အိတ်တလုံးနဲ့ ရေတဗူးကို ဘေးမှာထားပြီး တပတ်တာ တရားထိုင်ခဲ့တဲ့ နေရာလေး ...၊  အစွဲအလမ်းကြီးတယ်ဆိုဆို ... ဒီနေရာလေးကို ကျမ လွမ်းနေအုံးတော့မှာပါပဲလေ ... ။ 
***
ပတ်စာခွါ ဖျာသိမ်း ...
 
မတ်လ ၃၁ ရက်၊ တနင်္ဂနွေနေ့ မနက် ၈ နာရီ မထိုးခင်မှာ တော့ အားလုံး သိမ်းဆည်းထုပ်ပိုးပြီး ပြန်ဖို့ အသင့် ဖြစ်နေပါပြီ။ ကျမကို လာကြိုမယ့် ကားကို စောင့်ရင်း ကျောင်းဝင်းထဲ လှည့်ပတ်ပြီး ပါလာတဲ့ မိုဘိုင်းဖုန်းလေးနဲ့ ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့သေးတယ်။
 
အိမ်ပြန်ဖို့ပင် အထုတ်ပြင် ...

ချမ်းမြေ့ရိပ်သာ ကျောင်းကို တည်ထောင်သူ ချမ်းမြေ့ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ၊ ကျောင်းထိုင် ဆရာတော် ဦးကိတ္တိအပါအ၀င် သံဃာတော်များ၊ ဝေယျာဝစ္စ သီလရှင်များ၊ ယောဂီများ၊ ဝေယျာဝစ္စ ဗိုလန်တီယာ လာရောက်လုပ်ကိုင် ပေးကြသူ လူငယ် မောင်မယ်များ ... အားလုံးကို ကျေးဇူးတင်စွာနဲ့ မေတ္တာပို့ရင်း လာကြိုတဲ့ကားနဲ့ ကျမ အိမ်ပြန်ခဲ့ပါတယ်။
 
အအေးမှ ... အပူ၊
အငြိမ်မှ ... အလှုပ်၊
အရှင်းမှ ... အရှုပ် ...
သြော် ... ကျင်လည် လှုပ်ရှားရအုံးမည်ပေါ့ ... ။
*** 
မေတ္တာဖြင့် ...
 
မေဓာဝီ
၎၊ ၀၄၊ ၁၃
၂၂း၅၅ နာရီ
 
(မှတ်ချက်။   ။ ခုနစ်ရက်တာ ဖြည့်ကျင့်ခဲ့တဲ့ ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှုအစုစုကို စာဖတ်သူများအား အမျှပေးဝေပါတယ်၊ ပြန်ရောက်တဲ့ နေ့ကတည်းက တင်ဖို့ ကြိုးစားနေတာ ကွန်နက်ရှင် အခက်အခဲ ကြောင့် ဒီနေ့မှပဲ ပြီးပါတော့တယ်၊ ပုံတွေများ စာတွေများလို့ မျက်စိနောက်သွားခဲ့ရင် ခွင့်လွှတ်ကြပါရှင်)

Read More...