Sunday, December 24, 2006

ဆောင်းည အတွေး

တနေ၀င်လို့ တမိုးချုပ်ခဲ့ပြီ …
တနေ့ကုန်သွားပြန်ပေါ့ …
ဆောင်းတွင်းဆို နေမင်းလည်း ပျင်းရှာတယ်ထင်ပါရဲ့ … နောက်ကျမှထွက်ပြီး စောစောစီးစီး အိပ်တန်းတက် လို့ နေ့တာတွေလည်း တိုနေပါရောလား။
လဆန်းရက်မို့ ညကောင်းကင်ထက်မှာ … လမင်းလေးက ခပ်ကွေးကွေးရယ် … ။
နေ့ နဲ့ ည တလှည့်စီပြောင်း
နေ နဲ့ လ တလှည့်စီလာ …
ဒီလိုနဲ့ပဲ …
တရက်ပြီးတော့ နောက်တရက်
တလပြီးတော့ နောက်တလ
တနှစ်ပြီး တော့ နောက်တနှစ်
အသစ် အသစ်တွေဖြစ်နေခဲ့တာ …
မကြာခင် ရက်ပိုင်းမှာ … သက္ကရာဇ် အသစ်တခုကိုတောင် ကူးပြောင်းတော့မှာပဲ … ။
သဘာဝတရားကြီးရဲ့ သတ်မှတ်ချက်ထဲမှာ …
နေ့ရဲ့ ညရယ် ..
အလင်းရယ် အမှောင်ရယ် ..
အပူရယ် .. အအေးရယ် … ဆိုတာရှိသလို …
လောကရဲ့ သတ်မှတ်ချက်ထဲမှာ …
အကောင်းရယ် .. အဆိုးရယ် ဆိုတာလည်း … ဒွန်တွဲလို့ရှိနေတာပါပဲ … ။
အမြဲတမ်းလည်း မကောင်းနိုင်သလို …
ထာဝရလည်း မဆိုးနိုင်ပါဘူး … ။
လပြည့်ညရှိသလို … လမိုက်ညလည်း ရှိနေတတ်တယ် … ။
နေသာတဲ့နေ့ရှိသလို ..နေမထွက်တဲ့နေ့တွေလည်း ရှိနေတတ်ပါတယ် … ။
အကောင်းတွေကို လက်ခံနိုင်သလို … အဆိုးတွေကြုံလာရင်လည်း ရင်ဆိုင်နိုင်တဲ့ သတ္တိ …
နည်းနည်းဖြစ်ဖြစ်တော့ ရှိချင်မိပါရဲ့။
ဒါကြောင့်လည်း
မင်္ဂလသုတ် ထဲက …
“ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံယဿ နကမ္ပတိ”
ဆိုတဲ့ အတိုင်း
ကောင်းဆိုး နှစ်တန် လောကဓံနဲ့ ကြုံကြိုက်လာတဲ့အခါ မတုန်မလှုပ်ဘဲ ခံနိုင်ရည်ရှိတဲ့ စိတ်နဲ့ ခန္ဓာ ကိုသာ … ရလိုကြောင်း ဆုလည်း တောင်းမိပါတယ်။
***
ဘယ်လိုပဲ ဆုတောင်းပေမဲ့ …
ဘ၀မှာ … လိုချင်တာတွေ မျှော်လင့်တာတွေကလည်း ဖြစ်မလာတာက များပါတယ်။
တခါတလေတော့လည်း …
ကလေးတယောက်လို … လိုချင်တာမရတဲ့အခါ … ငိုချင်လာမိပြန်ရော … ။
ဒါဟာ ပျော့ညံ့လို့ပဲလား …
မရင့်ကျက်လို့ပဲလား ….
မသိတော့ပါဘူး ..။
သိလဲ မသိချင်တော့ပါဘူး … ။
ဒါနဲ့ပဲ … ဒီဆောင်းတညမှာ … ကဗျာအတိုအစလေး ရေးမိပြန်ပါတယ်။
***
မလာမှန်းသိလျက် မျှော်မိ
မရှိမှန်းသိလျက် တမ်းတ
မရမှန်းသိလျက် လိုချင်
မကြင်မှန်းသိလျက် လွမ်း
ဝမ်းနည်းရသူမှာ…
အခါခါ ဆုတောင်း
အကောင်းအဆိုး လောကဓံ
ခံနိုင်ပါစေကြောင်း … ။ ။

***
24.12.06

4 comments:

Anonymous said...

ဟုတ်တယ်နော် မမမေ မရမှန်သိလဲ လိုချင်းမိတယ်
မလာမှန်သိလဲ မျှော်မိတယ် တစ်ခါတစ်လေ မမမေ ပြောသလိုပဲငိုချင်းမိတာဟုတ်ဘူး
ငိုကိုငိုမိတာမမရ
မေလေး

Anonymous said...

တခါ က စာ ရေး ဆရာ ကြီး တ ယောက် က ပြော ဘူး တယ် ...
ကဗျာ ဆို တာ ကာ ရန် ရှိ ရ တယ် တဲ့ ..
ကာ ရန် မရှိ ဘဲ ရေး ထား တယ် ဆို ရင် ကော လို့ ..
မေး ကြည့် မိ တယ် အခါ မှာ တော့ ...
ဆရာ ကြီး က ရယ် ပြီး...
ဒါ ဆို ရင် တော့ ကဗျာ မဟုတ် ဘူး..


ကဗျွတ် ဘဲ ဖြစ် ရ မယ် တဲ့..

မမေ ရဲ့ ကဗျွတ် လေး က အရမ်း ဖတ် လို ကောင်း တယ် နော်..

ဟီး..

Prince

ကလိုစေးထူး said...

ကဗျာမှန်ရင် ကာရန်ကိုက်ရမတဲ့လား.. အဲဒီလို ပြောရင်တော့ မှားမယ်ထင်ပါတယ်။ အဖိုးတန်လှတဲ့ ၊ ဖတ်လို့ အရသာရှိလှတဲ့ ကာရန်မဲ့ကဗျာတွေ မြောက်များစွာရှိနေသေးတာကို အဲဒီစာရေးဆရာကြီးကို ပေးဖတ်ချင်ပါတယ်။ ကာရန်မဲ့လို့ ကဗျာမဟုတ်ဘူးလို့ ပြောလို့မရတာတော့ သေချာပါတယ်။ ဒီကနေ့ ခေတ်က မျိုးဆက်သစ် ကဗျာဆရာ လူငယ်တွေဟာ ကာရန်ကို ဆုပ်ကိုင်မှ ကဗျာဖြစ်ရမယ်ဆိုတဲ့ ၀ါဒကြီးကို တော်လှန်နေတာ ကြာပါပြီ။ ကာရန်မဲ့ ကဗျာတွေဟာလဲ ကဗျာလောကမှာ အသိအမှတ်မပြုပဲ နေလို့မရတော့တာ သေချာနေလို့ ကာရန်မရှိရင် ကဗျွတ်လို့ ပြောလို့မရပါဘူးခင်ဗျာ။

မွန် said...

မမေကဗျာလေးကိုကြိုက်တယ်