Friday, September 29, 2006

at the teashop

လဖက်ရည်ဆိုင်က ညနေခင်း ..

အိမ်နားကလဖက်ရည်ဆိုင်က လူတော်တော်စည်ပါတယ်။ လာသောက်တဲ့သူတွေများသလို အလှူခံတွေလဲ မနည်းပါဘူး။ (ပိုက်ဆံလိုက် တောင်းစားတဲ့သူတွေပေမဲ့ အလှူခံလို့ပဲ သုံးနှုန်းလိုက်ပါတယ်။) အလှူခံတွေကို ပုံစံအမျိုးမျိုးနဲ့ တွေ့ရပါတယ်။ အသက်ကြီးကြီးအဖွားကြီးတွေ၊ ယောဂီဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတွေ၊ အလှူခံဖြတ်ပိုင်းတခုခုကိုင်ထားတဲ့ သီလရှင်တွေ၊ ကလေးငယ်လေးတွေ စုံလို့ပါပဲ။ ဘုန်းကြီးသင်္ကန်းဝတ်နဲ့ ယောကျာ်းအလှူခံတွေကိုတော့ ဒီလဖက်ရည်ဆိုင်ထဲမှာ သိပ်မတွေ့ရပါဘူး။ (ကုလားအဘိုးကြီးတယောက် က လွဲလို့ပေါ့)
ဗုဒ်ဓဘာသာ မြန်မာလူမျိုးတယောက်အနေနဲ့ ကျမဟာ သဒ္ဒါတရား မနည်းလှပါဘူး။ ဒါပေမဲ့ ဒီလို လိုက်တောင်းတဲ့ အလှူခံမျိုးတွေကို လှူလေ့လှူထ မရှိဘူး။ မလှူချင်ပါဘူး။ ဘာကြောင့်ဆိုတော့ ကျန်းကျန်းမာမာလုပ်ကိုင်စားသောက်နိုင်ပါရက်နဲ့ အလွယ်လမ်းလိုက်ပြီး လိုက်တောင်းကြတဲ့ ဒီလိုလူစားမျိုးတွေကို အားမပေးချင်လို့ပါ။
ဒါကြောင့် လဖက်ရည်ဆိုင်ထိုင်လို့ လာတောင်းရင် အသက်ကြီးတဲ့သူတွေကိုတော့ ‘ကန်တော့ပါသေးရဲ့’ လို့ပြောပြီး ငယ်တဲ့သူတွေဆိုရင်တော့ ‘သွားပါအုံး’ လို့ ငြင်းလွှတ်လိုက်တာပါပဲ။
ကျမသူငယ်ချင်းတယောက် နယ်ကရောက်လာပြီး ကျမနဲ့တူတူ လဖက်ရည်ဆိုင်ထိုင်ကြတော့ ထုံးစံအတိုင်း အလှူခံတွေ တဖွဲဖွဲ ရောက်လာပါတယ်။ ကျမက ငြင်းလိုက်တိုင်း သူက အကြွေ (၂၀ တန် တို့ ၅၀ တန်တို့) ထုတ်ထုတ်ပြီး လှူပါတယ်။ သူလှူတာကို ကျမက မတားပေမဲ့ ကျမငြင်းတာကိုတော့ သူက နဲနဲ ရှုံ့ချချင်ပါတယ်။
‘မြို့သူတွေတော်တော်နှပ်ချေးကျတယ် .. ကန်တော့ပါသေးရဲ့ ဆိုတာချည်းပဲ’ လို့ သူကပြောတော့
‘အေးလေ .. တခြားမှာလှူမှာပေါ့ .. ဒီလူတွေ မသထာလို့ မလှူတာ၊ သူတို့နေ့တဓူဝ လိုက်ပဲတောင်းနေတယ် အလုပ်ဖြင့်မလုပ်ဖူး .. ’ ကျမကလဲ ပြန်ပြောခဲ့ပါတယ်။
နောက်ပိုင်း သူနဲ့အတူ လဖက်ရည်ဆိုင်ထိုင်တိုင်း သူက အကြွေပိုက်ဆံတွေ စားပွဲပေါ်တင်ထားပြီး လာတောင်းသမျှအလှူခံတွေကို လှူတတ်တာ ကျမ သတိထားမိပါတယ်။ အကြွေမရှိတဲ့နေ့တွေမှာတော့ သူလဲ ကျမနည်းအတိုင်း ကန်တော့ပါသေးရဲ့ ပေါ့။
မနေ့ညနေကတော့ ကျမနဲ့သူ လဖက်ရည်ဆိုင်မှာ စကားပြောနေကြတုန်း စားပွဲရှေ့တည့်တည့်မှာ စုတ်တီးစုတ်ပြတ် လူတယောက် မတ်တပ်ရပ်ပြီး ကျမတို့ကို ကြည့်နေပါတယ်။ ကြည့်ရင်းနဲ့ သူ့ကိုယ်ကိုလဲ ဟိုကုတ် ဒီကုတ် ကုတ်နေတယ်။ ကျမက အဲဒါကိုကြည့်ပြီး နဲနဲလန့်တာပေါ့။ သူက ..
‘ဘာလဲ ..’ လို့မေးတော့ အဲဒီလူက ‘စမူဆာတခုလောက်စားချင်လို့ပါ ဗိုက်ဆာလို့’
‘သြော် .. ဗိုက်ဆာတာများ စိုက်ကြည့်နေတော့ ဘာများလဲလို့ .. ကဲ .. ထိုင်’ ဆိုပြီး ကျမတို့ စားပွဲမှာ ထိုင်ခိုင်းပါတယ်။ ဟိုလူလဲ ခပ်ရွံ့ရွံ့ နဲ့ ၀င်ထိုင်တယ်။
အဲဒီလူက ကျမရှေ့တည့်တည့်မှာဝင်ထိုင်တော့ အမှန်ပြောရရင် ကျမတော်တော် စိတ်ပျက်သွားပါတယ်။ အဲဒီလူကိုလည်း မကြည့်ဘဲ မျက်နှာလွှဲထားမိတယ်။ သူငယ်ချင်းကတော့ စားပွဲထိုးကိုခေါ်ပြီး စမူဆာ တပွဲမှာပါတယ်။
မှာထားတုန်းမှာ .. အဲဒီလူနဲ့ စကားစမြည်ပြောနေပါသေးတယ်။
‘မင်း ဗိုက်ဆာတယ်မို့လား’
‘ဟုတ်ကဲ့ .. ထမင်းမစားရသေးလို့’
‘အေး .. စမူဆာ ဒီမှာ .. စား’
‘နေကလဲ မကောင်းဘူး ..ဒီမှာ’ ဆိုပြီး သူ့လက်လား ခြေထောက်လားမသိဘူး ပြပါတယ်။
‘ယောကျာ်းပဲကွာ မသေနိုင်ပါဘူး .. ဒီမှာ ငါပြောမယ် .. မင်း ဗိုက်ဆာတယ်မို့လား .. ပိုက်ဆံမရှိဘူး ဟုတ်တယ်မို့လား’
‘ဟုတ်’
‘အေး .. ဒါဆို လမ်းမှာ သွားရင်းလာရင်း ရေသန့်ဗူးခွံတို့ အအေးဗူးခွံတို့ လိုက်ကောက်၊ ပြီးတော့ ရောင်းစားပေါ့ကွာ၊ ကလေးလေးတွေ လုပ်နေတာတွေ့တယ်မို့လား’
‘ဟုတ်’
‘အဲဒီလိုလုပ်ပြီး ပိုက်ဆံရှာ .. ကြားလား’
‘ဟုတ်’
‘အခု အိမ်မှာ ချာတိတ်တွေရှိသေးလား’
‘ရှိပါတယ်’
သူက စားပွဲထိုးကို စမူဆာနောက်တပွဲထပ်မှာ ကျွတ်ကျွတ်အိတ်ထဲထည့်ပြီး အဲဒီလူကိုပေးလိုက်ပါတယ်။ အိမ်က ကလေးတွေစားဖို့ပေါ့။
အဲဒီလူထွက်သွားတော့မှ .. ကျမဘက်လှည်ြ့ပီး နောက်တခါ ဒီလူလာတောင်းရင် မျက်ခွက်ကိုဖြတ်ရိုက်မှာ၊ အဲလိုရိုက်လို့ရသွားပြီလေ .. ဟုတ်တယ်မို့လား .. လို့ပြောတယ်။
ကျမကတော့ သူ့လုပ်ရပ်ကို ငေးပြီးပဲ ကြည့်နေမိပါတယ်။ ကျမ သူ့ကို အဲဒီလိုငေးကြည့်နေတော့ သူက ..ပြုံးပြီး ကျမကိုကြည့်ရင်းနဲ့ ..
သူ အလုပ်ကိစ္စနဲ့ တနယ်တကျေးသွားရတုန်းက ၂ ရက် ထမင်းငတ်လို့ လဖက်ရည်ဆိုင်မှာ တောင်းပြီး စားခဲ့ရဖူးတယ်လို့ ပြောပြတယ်။ သွားရမဲ့နေရာကို ဖုန်းဆက်ဖို့ ပိုက်ဆံ ၁၀၀ မရှိလို့ ဒုက္ခရောက်ပြီး ပိုက်ဆံ ၁၀၀ ရဖို့ တောင်းခဲ့ရဖူးတယ် .. ၂၀ ပေးတဲ့သူပေး၊ ၁၀ပေးတဲ့သူပေးနဲ့ ၁၀၀ပြည့်တော့မှ ဖုန်းဆက်လို့ရပြီး အဆင်ပြေသွားခဲ့ရတယ် .. တဲ့။
သူ့စကားတွေကြားတော့ .. ကျမမှာ ပိုပြီး ငေးငိုင်မိသွားတယ်။ ကျမ ဘယ်လိုမှ ထင်မထားခဲ့မိပါဘူး။
သူကတော့ … ဒီလိုပါပဲ .. သူတို့ဘ၀တွေကကြမ်းတယ် .. လို့ ရယ်ရယ်မောမော ပြောတယ်။
‘အခု .. သူများတောင်းတဲ့အချိန်မှာ ကိုယ်ကပေးထားတော့ ကိုယ်လိုတဲ့အခါ ပြန်ပေးမဲ့သူရှိမှာပေါ့ .. ဟုတ်တယ်မို့လား ..’
‘အင်း .. ဟုတ်ပါတယ်’ လို့ ကျမ သူ့ကိုထောက်ခံလိုက်ပါတယ်။ စမူဆာဖိုးကို သူပိုက်ဆံနဲ့သူ ထုတ်ရှင်းပြီးတော့ သူ့အိတ်ထဲမှာ ပိုက်ဆံသိပ်မကျန်ပါဘူး။ ဒါပေမဲ့ သူက ခပ်အေးအေးပါပဲ။
ကျမရင်ထဲမှာ .. စိတ်မကောင်းတာတွေရော .. ၀မ်းနည်းတာတွေရော .. ရှက်ရွံမိတာတွေရော .. ခံစားချက်တွေ ရောနေတယ်။
တကယ်ဆို ကျမဟာ သူ့ထက် ပိုပြီး ပိုက်ဆံရှိတဲ့သူတယောက်ပါ။ ဘာသာရေးအသိအမြင်လဲ ကျမက သူ့ထက်ပိုရှိပါတယ်။ ဒါပေမဲ့ .. ကျမ သူ့လို စိတ်မထားတတ်ခဲ့ပါဘူး။
ဒီလိုတောင်းစားတဲ့သူတွေကို အမြင်ကတ်တဲ့စိတ်နဲ့ ငြင်းမိတာကများပါတယ်။ လိမ်ညာနေကြတယ်လို့ပဲ မြင်ပါတယ်။ ခုနလိုလူဆိုရင် ပိုတောင်ဆိုးသေးတယ် ကျမ ရွံလို့ စေ့စေ့တောင် ကြည့်မှာမဟုတ်ပါဘူး။
တကယ်တော့ လူတွေဟာ အတူတူပါပဲ .. ဘ၀အကျိုးပေးကြောင့်သာ အနိမ့်အမြင့် ကွဲပြားနေကြတာပါ။
သူတို့ဘက်က ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကိုယ့်ဘက်က ဖြောင့်မှန် ဖြူစင်စွာနဲ့ လူတွေကို လူလိုဆက်ဆံနိုင်ဖို့ အရေးကြီးတယ်ဆိုတာ .. အဲဒီညနေခင်းမှာ ကျမ သိလိုက်ရပါတယ်။

11 comments:

ကလိုစေးထူး said...

အမ.. ဒီစာစုလေး အရမ်းကောင်းတယ်ဗျာ.. ဒီစာကို အပြင်မှာ ပုံနှိပ်တဲ့ မဂ္ဂဇင်းတခုခုမှာ ဖော်ပြရင် သိပ်ကောင်းမှာပဲ.. အမ ပို့ဖြစ်လား.. ပို့စေချင်တယ်.
လေးစားစွာဖြင့်
သံလွင်

Maydarwii said...

ရေးသာရေးလိုက်တာ ပို့ဖို့မရည်ရွယ်ထားလို့ မပို့ဖြစ်ပါဘူး။
ပို့မယ်ဆိုရင်တော့ ပြန်ပြင်ရလိမ့်မယ်ထင်တယ်။ ပြီးပြီးရော ရေးထားတာဆိုတော့လေ .. ။
ဝေဖန်ပေးတာ ကျေးဇူးပါ .. နော် ။

Anonymous said...

Execellent Essay.

Dee said...

Execellent Essay.
Most of your blog are really good.
Do more.

Maydarwii said...

အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ရှင်၊

tun said...

V good article. why don't u send it to a weekly journal or magazine?
tun

Anonymous said...

အရေးအသားတကယ်ကောင်းတယ်ဗျာ

sin dan lar said...

ကိုကလိုစေးထူးမှတဆင့် လာဖတ်ပါတယ်
အရမ်းကောင်းပါတယ်

tg.nwai said...

မမေဓာဝီ.. စာတွေ ထပ်မရေးဖြစ်တော့လည်း အရင်ရေးထားတာလေးတွေ ချန်ထားရစ်ခဲ့တဲ့ အတွက် ကျေးဇူးတင်တယ်နော်.. ဒီစာလေးကို ခုမှ ဖတ်ဖြစ်တယ်.. လှပတဲ့ အတွေးအမြင်လေးတစ်ခု ရလိုက်တဲ့အတွက် ကျေးဇူးထပ်တင်ပါတယ်။

sin dan lar said...

ထပ်ဖတ်သွားပါတယ်

rita said...

very nice post and sane time ur post make me to miss my Dad, coz my dad used to sat that ,,
( သူတို့ဘက်က ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကိုယ့်ဘက်က ဖြောင့်မှန် ဖြူစင်စွာနဲ့ လူတွေကို လူလိုဆက်ဆံနိုင်ဖို့ အရေးကြီးတယ )