Friday, August 31, 2007

ကွန်မန့်ထဲက စာ …

သြဂုတ်လ (၁၆) ရက်နေ့က ဘလော့မှာ တင်ခဲ့တဲ့ “ခေတ်ပြိုင် … နှင့်ပြိုင်” ပို့စ်မှာ မနေ့က ကွန်မန့်တခု ၀င်လာပါတယ်။ အဲဒါကတော့ ကျမစာထဲမှာ ရည်ညွှန်း ရေးသားခဲ့သူ ခေတ်ပြိုင်က ဆောင်းပါးရှင် ဏီသစ် ထံကပါပဲ။ အောက်မှာ ဖော်ပြထားပါတယ်။ ဖတ်ကြည့်ကြပါဦး။
***
Ni Thit has left a new comment on your post "ခေတ်ပြိုင် ... နှင့်ပြိုင် ...":

အမ မမေဓာဝီ ရေ
အမရဲ ဘလောက်လေးကို သူငယ်ချင်း ရဲ့ သူငယ်ချင်း တယောက် က forward လုပ်လိုက်လို့  ဖတ်ဖြစ်လိုက်ရပါတယ်။ “ခေတ်ပြိုင် …….. နှင့်ပြိုင် …….” ကို ဖတ်လိုက်ရတော့ မျက်လုံးပြူး သွားရပါတယ်ခင်ဗျ ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဒီဆောင်းပါးကို ရေးထားတဲ့သူ ဖြစ်နေလို့ ပါ။ ကျွန်တော် ဏီသစ် ပါ အမ မေဓာဝီ။ ပထမဦးဆုံးပြောချင်တာက အမှားကို ထောက်ပြပေးတဲ့ အတွက် ကျေးဇူးအထူးတင်တာပါ။ ဒုတိယက ဒီအမှားတွေက ကျွန်တော့် အမှားပါ။ ရေးလိုက်ကထဲ က “…နင့်…. ပြင်…” အစါး ‘ …..နှင့် ….. ပြိုင်..’ ဆိုပြီး ရေးလိုက်တာပါ။ (scan လုပ်ပြီး တိုက်တွေကို ပို့လိုက်တဲ့လက်ရေးမူကို ပြန်ကြည့်တော့)

• “…….အရှုံး နှင့် ပြိုင် ရှိသေး……” ဆိုပြီး ပထမ တကြောင်း မှာ ရေးပြီး
• “…….အလွဲ နှင့် ပြင် ရှိသေး…” နဲ့  “……အမိုက် နှင့် ပြင် ရှိ သေး…” ဆိုပြီး ကျန် စါကြောင်း နှစ် ရေးလိုက်မိပါတယ်။

ဒါကြောင့် စပြီး မှားတဲ့ ကျွန်တော် အပေါ်မှာသာ လုံးဝတာဝန်ရှိပါတယ်၊ အယ်ဒီတာများရဲ့ အမှား မဟုတ်ပါ။

ထို့ ထက်ပိုပြီး ၀န်ခံရရင် ကျွန်တော် လယ်တီဆရာတော် ဘုရားကြီးရဲ့  ဤ ဆုံးမစာ မူရင်းကို မဖတ်ခဲ့ဘူးပါ။ (အခု အမ မမေဓာဝီ တချို့ အပိုင်းလေးတွေ တင်ထားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်) ဤအသုံးပြုခဲ့သော ဆုံးမစာ လင်္ကာမှာလည်း တခြား ဆရာကြီးတယောက် စါကိုးထားခြင်းမှ တွေ့ ရှိခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ထိုဆရာကြီးသည် မှန်ကန်စွာ စာကိုကိုးထားခြင်းဖြစ်ပြီး ကျွန်တော်ကသာ ပေါ့ဆ မှားယွင်းစွာ မှက်သားမိလိုက်ခြင်းဖြစ်သည်။ ဤအတွက် ရလိုက်သော သင်ခန်းစါမှာ သေချာမှ စာကိုကိုးရန် နှင့် မသေချာ လျှင် မူရင်း စာအုပ်စာတမ်း တွင်ပြန်ရှာ၊ လက်လှမ်းမမှီလျှင် အသုံးမပြု့ရန် ဖြစ်သည်။

အမမေဓာဝီရဲ့ တခြား ဆောင်းပါးတွေကိုလဲ့ဖတ်ရပါတယ်၊ အမက စါဖတ်နာပြီး စါကျေတဲ့သူမဟုတ်တော့ပဲ စါကျွမ်းတဲ့သူဖြစ်နေလို့  အခုလို အမှားကို အခုလို ထောက်ပြပြင်ဆင်ပေးတာကို ပိုမိုလို့ကျေးဇူးတင်မိပါတယ်။ ကျွန်တော်ရဲ့ ဒီဝန်ခံချက်ကိုလည်း အမရဲ့ blog မှာ post လုပ်ပေးထားစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ရဲ့ အမှားကို အယ်ဒီတာတွေပေါ်မှာ မသက်ရောက်စေချင်လိုပါ၊ ဒါကြောင့်ပါ။ ကျေးဇူးတင်ပါတယ်။

လေးစါးစွါဖြင့်
ဏီသစ်.
***
ဆောင်းပါးရှင် ဏီသစ်ရဲ့ ကွန်မန့်ကတော့ ဒီမျှပါပဲ။ ကျမရဲ့ ဘလော့မှာ ဒီစာကို တင်ပေးစေလိုတဲ့ ဆရာဏီသစ်ရဲ့ ဆန္ဒကြောင့် ကျမ ဖော်ပြပေးလိုက်ရခြင်းပါ။

အမှန်အတိုင်းပြောရရင် ဒီကွန်မန့်မေးလ်ထဲကို ၀င်လာတော့ “ဏီသစ်” ဆိုတဲ့ နာမည်တွေ့လိုက်တာနဲ့ ကျမစိတ်ထဲ နည်းနည်းတော့ လန့်သွားပါတယ်။ ကျမကို တော့ ဘာတွေများ ပြန်ရေးမလို့လဲ မသိဘူးဆိုပြီး စိတ်တထင့်ထင့်နဲ့ ဖွင့်ဖတ် ကြည့်မိတယ်။ ဖတ်ပြီးတော့မှပဲ စိတ်ထဲ ဟင်းချမိရင်း … နားလည်မှုရှိတဲ့ ဆရာဏီသစ်ကိုလည်း ကျေးဇူးတင်မိတယ်။

ဘာကြောင့်ဆိုတော့ … ဒီပို့စ်တင်တင်ချင်း ကျမမိတ်ဆွေတွေက သတိပေးခဲ့ ဖူးလို့ပါ။ ပထမအချက်က ခေတ်ပြိုင်ကြောင့်၊ နောက်တချက်က ကျမစာထဲမှာ သုံးထားတဲ့ တချို့အသုံးအနှုန်းတွေကြောင့်ပါ။ ဟုတ်ပါတယ်။ ခေတ်ပြိုင်လို နာမည်ကြီး ၀က်ဘ်ဆိုက်တခုကို ဘာမဟုတ်တဲ့ကျမက သွားတို့သလို လုပ်မိတာ ကိုး။ ကျမကို သတိပေးတဲ့မိတ်ဆွေတယောက်က ဒီစာကို ဆောင်းပါးရှင်ဏီသစ် တွေ့ရင် စိတ်ဆိုးလိမ့်မယ် … တဲ့။ တချို့အသုံးအနှုန်းတွေ ပြင်ရင်ကောင်းမယ်လို့ ပြောပေမဲ့ ကျမက ခေါင်းမာစွာ မပြင်ခဲ့ပါဘူး။

ဒါကြောင့်လည်း အခု ကျမ ဒီကွန်မန့်ကိုဖတ်ပြီး ၀မ်းသာစွာ ကျေးဇူးတင်မိခြင်း ဖြစ်ပါတယ်။ ဆရာဏီသစ်သာ နားလည်မှုမရှိသူတယောက်ဆိုရင် ကျမကို စိတ်ဆိုးမှာ အသေအချာပါပဲ။ ကျမက အဲဒီလို သူများအမြင်ကတ်အောင် မကြာခဏ လုပ်မိတတ်ပါတယ်။ တကယ်တမ်းကတော့ အဲဒီလိုဆန္ဒမျိုးနဲ့ မဟုတ်ပါဘူး။ မှားနေတာတွေ့ရင် မပြောဘဲ မနေနိုင်လို့ ပြောလိုက်မိတာတွေက တခါတလေ နားလည်မှုလွဲမှားတတ်တာမျိုးတွေ ကြုံရတတ်လို့ပါ။

အဲဒီလိုတွေ ကြုံရတဲ့အခါ … “တော်ပြီ နောက်ကို ဆင်ခြင်မှ … မပြောတော့ဘူး” လို့ စိတ်ကူးမိပေမဲ့ နောက်တခါ ထပ်ကြုံလာရပြန်ရင် ပြောမိပြန်တာပါပဲ။ အကျင့် ဆိုတာကလည်း ဖျောက်နိုင်ခဲသားလား။

သူများအမှားတွေကိုသာ မြင်နေ ပြင်နေတဲ့ ကျမသည်လည်း အမှားတွေ အများကြီးရှိမှာပါပဲ။ ကျမရဲ့ စာကိုဖတ်သူများ ကျမစာထဲမှာ မှားယွင်းမှု တစုံတရာတွေ့ခဲ့ မြင်ခဲ့ပါရင် ကျမကို အားမနာတမ်း ထောက်ပြပေးစေလိုပါ တယ်။ အမှားကိုမြင်မှ အမှန်ကို ပြင်နိုင်မှာဖြစ်သလို ဒီလိုပြင်နိုင်မှလည်း တိုးတက်နိုင်မယ်လို့ ကျမကတော့ ထင်တာပါပဲရှင် … ။
***
သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံးသို့ လေးစားလျက် …

မေဓာဝီ
၂၀၀၇-ခုနှစ်၊ သြဂုတ်လ၊ ၃၁-ရက်
နံနက် ၁၀ နာရီ

Read More...

Thursday, August 30, 2007

အခါလည် အတွေး

ဖြတ်သန်းခဲ့သော လမ်းတလျှောက် …
***
ကျမ ဘလော့စရေးခါစ … တက်ကြွမှုတွေ လွတ်လပ်မှုတွေနဲ့ တနေ့တနေ့ ဒီဘလော့လေးနဲ့ ယဉ်ပါးပျော်ရွှင်နေခဲ့မိတယ်။ ဘလော့လောကအကြောင်းလဲ သိပ်မသိ၊ ဘလော့ဂါတွေနဲ့ ဘယ်လိုဆက်ဆံရမလဲ ဆိုတာလည်း နားမလည် စာရေးချင်စိတ်တခုထဲနဲ့ ဒီလောကထဲ ယောင်လည်လည် ရောက်လာခဲ့ရတယ်။

ဘလော့စပြီး ရေးဖြစ်ခဲ့ရခြင်းကတော့ တခါတုန်းကရေးခဲ့ဖူးသလိုပါပဲ ဖိုရမ်တွေ မှာ ရေးရတာ လွတ်လပ်မှုမရှိတာက တကြောင်း၊ ကိုယ့်ထက်အရင် ဘလော့ ရေးသူတွေကို အားကျတာကတကြောင်း၊ စာမရေးရရင် မနေနိုင်တာက တကြောင်းတို့ကြောင့် ဘလော့လုပ်နည်းတွေဖတ်၊ ဟိုလူ ဒီလူ အကူအညီ တောင်းပြီး ကိုယ်ပိုင် ဘလော့လေးတခု ဖန်တီး ဖြစ်ခဲ့ပါတယ်။

တဖြည်းဖြည်းနဲ့ ကျမဘလော့ကို ဖတ်တဲ့သူတွေ ရှိလာတဲ့အခါမှာ …
***
စမ်းချောင်းလေးဘ၀ .. ပထမအရွယ် ..

အစကတော့ ..
သူဟာ ချောင်းငယ်လေးစီးဆင်းသလိုပါပဲ ...
ဖြည်းညင်း ညင်သာစွာ စီးဆင်းခဲ့ပါတယ်။
စီးဆင်းရာလမ်းကြောင်းတလျှောက် ..
အမှိုက်သရိုက်တွေ ..
အညစ်အကြေးတွေနဲ့လည်း တွေ့ခဲ့ရတယ်၊
ကြာဖြူပန်းလေးတွေ ဗေဒါပွင့်လေးတွေကြောင့်လည်း
ရင်ခုန်လှိုက်မောခဲ့ရတယ်။
တခါတရံ .. စီးဆင်းရင်းနဲ့ ရပ်တံ့ပြီး တနေရာထဲမှာ တ၀ဲလည်လည်ဖြစ်လိုဖြစ် ...
တခါတလေတော့လဲ .. အရှိန်အဟုန်ပြင်းပြင်း ပျော်ရွှင်စွာ စီးဆင်း လို့ ..။
တခါတခါ .. ကြည်လင်အေးမြတဲ့ ရေလေးတွေကို သယ်ဆောင်ရင်း ..
တခါတခါတော့လဲ နောက်ကျုညစ်ထေးတဲ့ ရေတွေကိုအဖော်ပြုရင်း ..
ဘယ်အရာမှ မတည်မြဲတဲ့ဘ၀မှာ ..
ချောင်းငယ်ကလေးကတော့ စီးဆင်းဆဲ .. စီးဆင်းမြဲ ..ပေါ့။
***
ဒီလိုနဲ့ ရပ်တံ့လိုက် စီးဆင်းလိုက်နဲ့ အချိန်တွေ ရွေ့လျားသွားသလို ကျမ ဘလော့ လေးလည်း ဖြည်းဖြည်းချင်း ကြီးပြင်းလာခဲ့တာ ခုဆိုရင် အခါလည် တိုင်ခဲ့ပါပြီ။ အခါလည်ခဲ့ပေမယ့် တစုံတရာ ရင့်ကျက်မှုတော့ မရှိသေးပါဘူး။ ဘာကြောင့်ဆို ကျမအတ္တနဲ့ မဖြစ်ညစ်ကျယ် ကျမရဲ့ ဉာဉ်ဆိုးတွေကြောင့် ဒီဘလော့လေးဟာ ဒဏ်ရာ ဒဏ်ချက်လေးတွေလည်း ရခဲ့ပါတယ်။ သောကတွေ ဒဏ်ရာတွေ ကြောင့် အပြီးသတ် ရပ်တံ့ချင်စိတ် တခါတလေ ပေါ်ခဲ့ပေမဲ့ … ကျမဟာ “ဒုက္ခကို ဖက်တွယ်” ပြီး စီးဆင်းလက်စ အရှိန်အဟုန်နဲ့ ရပ်တံ့လို့မရတော့ဘဲ ဆက်လက် ဆက်လက် …. ။
***
မြစ်တစင်းရဲ့ ဖြစ်တည်မှု .. ဒုတိယအရွယ်

ဒီလိုနဲ့ ..
ချစ်ခြင်း .. မုန်းခြင်း .. ကြင်နာမြတ်နိုးခြင်း အပါအ၀င် ..
ကိုယ့်ရာဇ၀င်တွေ ကိုယ်ထုတ်ပိုးရင်း
တဖြည်းဖြည်း စီးဆင်းလာလိုက်တာ ..
မြစ်တစင်း ..ဖြစ်မှန်းမသိ ဖြစ်ခဲ့ရ။
ဘယ်တော့မှ နောက်ပြန်မစီး ..
ရှေ့ကိုပဲ အားတင်းပြီး
စီးဆင်း ..
စီးဆင်း ..
စီးဆင်း ရင်း .. စီးဆင်း လို့ .. ။
ရေတက် ရေကျ .. သဘာဝဒဏ်တွေ ..
အပြုံးနဲ့ အရှုံး ..လောကဓံတွေ ..
ခါးသီးတဲ့အတွေ့အကြုံတွေကို ဖက်တွယ် ..
အရယ်တွေ .. အမောတွေ ..
သောကတွေ ဒဏ်ရာတွေအပြည့်နဲ့ ..
မြစ်တစင်းဟာ
စီးဆင်းရင်း ကြီးပြင်းလာခဲ့ပေါ့ ..
တနေ့တော့ ..
***
တနေ့မှာတော့ စီးဆင်းခြင်းတွေရဲ့ အဆုံးသတ်ကို ရောက်ရ ကြုံရဦးမှာပဲလို့ ကြိုတင် တွက်ဆထားပါတယ်။ အဲဒီလို အဆုံးသတ်တဲ့အခါ … ဘယ်လိုများ နေမလဲ …။ စီးဆင်းခြင်းတွေ အဆုံးသတ်ပေမဲ့ မာနတွေ အတ္တတွေ မကုန်နိုင် သေးသမျှတော့ လောကဓံလှိုင်းတံပိုးဒဏ်ကို ခံနိုင်ရည်ရှိပါ့မလား … ။ ကျမ တွေးနေမိတယ်။ ခုနေခါမှာတော့ ပင်လယ်ထဲမျောနေတဲ့ “သစ်ဆွေးတုံးကလေး” ရဲ့ … အဆုံးသတ်ရမယ့် အချိန်ကို .... စောင့်စားနေရသလိုပါပဲ။ တခါတခါတော့လည်း အားလုံးကို အရှုံးပေးပြီး ငြိမ်ငြိမ်ကလေးသာ ကျောခိုင်း နေလိုက်ချင်ပါတော့ တယ်။
***
လှိုင်းတံပိုးများနဲ့ ပင်လယ် .. တတိယအရွယ်

စီးဆင်းနေတဲ့ မြစ်တစင်းရဲ့ အဆုံးသတ်ရာ ..
ပင်လယ်ပြင်မှာတော့ လှိုင်းဂယက်တွေနဲ့လေ .. ။
သာယာတဲ့အခါ ..ငြိမ်သက် ..
လှိုင်းကြက်ခွပ်လေးတွေ .. တလက်လက်နဲ့ပေါ့။
ဘ၀မုန်တိုင်းတွေနဲ့ ကြုံရတဲ့အခါမှာတော့ ..
လှိုင်းတွေထန် .. မာန်တွေတက် ..
တ၀ုန်းဝုန်း ရုန်းကန်ရိုက်ခတ်လို့ပေါ့။
ကောင်းကင်က ပြာရင် ပင်လယ်ကပြာ ..
ကောင်းကင်က မှောင်ရင် ပင်လယ်က မှောင် .. နဲ့ ..
ကောင်းကင်ရဲ့ အရောင်အတိုင်း ပြောင်းလဲနေရတဲ့ ..
ပင်လယ်ရဲ့ရေလှိုင်းတွေဟာ ..
ခိုင်မာတဲ့ ကျောက်ဆောင်တွေကိုတောင်
လဲပြိုအောင် တိုက်စားနိုင်ခဲ့ပေမဲ့ ..
နောက်ဆုံးတော့လည်း
ဘယ်လောက်ကြီးတဲ့ လှိုင်းတံပိုးပဲဖြစ်စေ
သဲသောင်ပြင် ကမ်းစပ်ခြေရင်းမှာ
ဝပ်ဆင်းခဲ့ရတာပဲလေ .. ..။
***
“အကြောင်းတရား ၄-ပါး” နဲ့ ညီညွတ်မှ ဘလော့ရေးနိုင်မယ်လို့ ကျမ ရေးခဲ့ဖူး ပါတယ်။ အကြောင်းတရား ၄-ပါး ဆိုတာ အမြဲ မညီညွတ်နိုင်ဘူး။ ဒီဘလော့လေးရဲ့ အဆုံးသတ်တဲ့နေ့ဆိုတာ တနေ့တော့ ကြုံလာရဦးမှာပဲ မဟုတ်လား။ အဲဒီအခါမှာတော့ … တခါတလေ မျက်စိလည် ရောက်လာမယ့် ကွန်မန့်လေးတွေကလွဲပြီး ဘာတခုမှ ရှင်သန်နိုင်တော့မှာ မဟုတ်တော့ပါဘူး။
***
ကန်ရေပြင်ဘ၀ .. စတုတ္ထအရွယ်

နောက်ဆုံးတနေ့မှာတော့ ..
စီးဆင်းမှုတို့ ဖြည်းညင်းစွာ ရပ်တံ့
အားမတန်ပေမဲ့ မလျှော့ခဲ့တဲ့ မာန်တွေနဲ့လဲ ကင်းကွာ ..
ဒဏ်ရာတွေကိုချွေးသိပ်
အိပ်မက်တွေကို ဖြေဖျောက်
ကျောက်ဆောင်တွေကို ကျောခိုင်း ..
မုန်တိုင်းတွေကို အရှုံးပေး
ကမ်းခြေတွေရဲ့အဝေးဆုံးကို စွန့်ခွာ ..
ကန်ရေပြင်ပမာ ..ငြိမ်သက်အေးစက် ..
ရပ်တည်နေခဲ့ရပြန်ပေါ့ ..
အခုတော့လေ .. .. .. ။
ငြိမ်သက်နေတဲ့ ကန်ရေအိုဟာ ..
တခါတခါ ရောက်လာတတ်တဲ့
သစ်ရွက်ကြွေလေးတွေ ..
နွမ်းနယ်နေတဲ့ ပန်းပွင့်လေးတွေ ..
အထီးကျန်ငှက်ငယ်လေးတွေကို အဖော်ပြုရင်း ..
စွန့်လွှတ်ခြင်းတွေ .. ဆုံးရှုံးခြင်းတွေ .. နစ်နာခြင်းတွေကို မေ့လျော့
ငြိမ်းချမ်းတဲ့ ခွင့်လွှတ်မှုတွေနဲ့ ..
သူ့ဘ၀ အဆုံးသတ်မဲ့ နေ့ရက်တွေကို
စောင့်စားရင်း ..
တချိန်က သူဟာ ..
စီးဆင်းရင်း ရှင်သန်ခဲ့တယ်ဆိုတာ ..
ဟုတ်မှ ဟုတ်ရဲ့လားလို့ တွေဝေငေးမော ..
အတိတ်ကို လွမ်းမောလို့နေပါသတဲ့။
***
ဒီလိုပါပဲ။ သံသရာဆိုတာ “လည်ပတ်နေတဲ့အရာ” ပဲ မဟုတ်လား။ ပျော်ရွှင်ချိန်၊ ကြည်နူးချိန်ဆိုတာတွေရှိသလို ၀မ်းနည်းချိန် ဆိုတာလည်း ကြုံရဦး မှာပေါ့ … ။ လက်တွဲထားချိန်မှာ ကြည်နူးခဲ့ကြရသလို … လက်တွဲဖြုတ်ကြရချိန် မှာလည်း ၀မ်းနည်းကြရဦးမယ်။
တကယ်တော့ … ဘ၀ဆိုတာ တိုတိုလေးပါ။ ဒီဘ၀ တိုတိုလေးထဲမှာ … တနှစ်တာအချိန်ကာလ ဆိုတာ ဘာမှ မပြောပ လောက်ပါဘူး။ ဒီတနှစ်တာ အတောအတွင်း ၀မ်းသာမှု၊ ၀မ်းနည်းမှု၊ ပျော်ရွှင်မှု၊ စိတ်ပျက်မှု၊ မိတ်ဆွေတိုးမှု၊ မိတ်ပျက်မှု … အမှုအဖြာဖြာနဲ့ ကြုံကြိုက်ခဲ့ရပါတယ်။ ဒါတွေကို လောကဓမ္မ လို့ မှတ်ယူပြီး … ရှေ့ဆက်ရမယ့် တနှစ် + ၁ အတွက် အားအင်တွေ ဖြည့်တင်းကာ ဘလော့ကလေး မရပ်မချင်း စီးဆင်းခွင့်ပေးပါလို့ … … ။
***
မေဓာဝီ
၃၀၊ သြဂုတ်၊ ၂၀၀၇
နေ့ ၁၁ နာရီ

မှတ်ချက်။ .. ။
ဒီနေ့ဟာ ကျမဘလော့ရဲ့ တနှစ်ပြည့်တဲ့နေ့ပါ။ တနှစ်ပြည့်အဖြစ် …
ဘလော့ဘာကြောင့်ရေးသလဲ လို့ tag ထားတဲ့ ညလေး၊
အကြိုက်ဆုံး ၅ ခု ရွေးပေးဖို့ tag ထားတဲ့ ယူဆဂိနဲ့ ကိုရန်အောင် တို့အတွက် အားလုံးပေါင်းစုပြီး ရေးပေးလိုက်ပါတယ်။ ပေးထားတဲ့ လင့်ခ်က စာတွေဟာ အကောင်းဆုံး မဟုတ်ခဲ့သည့်တိုင် အမှတ်တရ ရေးခဲ့ဖူးတာလေးတွေမို့ စာဖတ် သူတွေ အကြိုက်နဲ့ ကိုက်ညီချင်မှ ညီပါလိမ့်မယ်။ ကျမစာများကို အစဉ်တစိုက် ဖတ်ရှုဝေဖန် ပေးကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။

Read More...

Wednesday, August 29, 2007

လေရာင္မွိန္ပ် ... လျပည့္ည ...


လပြည့်ညတဲ့လား … ကြည့်စမ်းပါဦး။
ကောင်းကင်တခုလုံး တိမ်တွေဖုံးနေလိုက်တာ … လမင်းတောင် ကောင်းကောင်း မလင်းနိုင်တဲ့ ဟောဒီ လပြည့်ညလေ … ။

လရောင်ဟာ အေးချမ်းတယ်။ လရောင်ရဲ့ အအေးဓာတ်ဟာ လူသားတွေအပေါ် တပြေးညီကျရောက်တယ် … တဲ့။ ကဲ … လပြည့်ညရဲ့ မှိန်ပျပျ လရောင်ရယ် … တိမ်မျှင်တွေကို ထွင်းဖောက်ပြီး လောကကြီးအပေါ် အေးမြမှုတွေ မပေးနိုင် တော့ဘူးလား။ ကိုယ်တိုင်တောင် ကောင်းကောင်း မလင်းပနိုင်မှတော့ သူ့ရဲ့ အအေးဓာတ်တွေဟာလည်း ကမ္ဘာပေါ်ကို ဖြန့်ကျက်ပေးနိုင်ပါဦးမလား … ။

လမင်းကို တိမ်တွေဖုံးထားပုံက ထူးဆန်းပါဘိ။ ခါတိုင်းလို တိမ်ညို တိမ်မည်း တအုပ် တဆုပ် ကွယ်နေတာမျိုးလည်း မဟုတ်။ ကောင်းကင်တခုလုံးပေါ်မှာ တိမ်လွှာတွေအပြည့် ဖုံးလွှမ်းနေတာ။ တိမ်မှန်းတောင် မသိနိုင်တဲ့ တိမ်တွေ … ။ လပြည့်ညရဲ့ လမင်းကို လိုက်ရှာမှ တိမ်တွေအောက်မှာ လမင်းက အလင်းမှိန်မှိန် နဲ့ မ၀ံမရဲ လင်းနေရှာတယ်။

တိမ်တွေ … ဖယ်ပေးကြပါ … ။
လမင်းကိုဖုံးလွှမ်းထားတဲ့ တိမ်တိုက်တွေ … အဝေးကို သွားကြပါ … ။
လပြည့်ညမှာတော့ … လမင်းလည်း ကောင်းကောင်း လင်းပါစေလေ … ။

ဒါပေမဲ့ ….
ကောင်းကင်ထက်က တိမ်တိုက်တွေကို မြေပြင်ပေါ်က လူသားတယောက်က အမိန့်ပေးလို့ ရကောင်းပါသလား။ ရနိုင်မှာလား … ။
အို … ဒါ အမိန့်မှ မဟုတ်တာ။ ဒါဟာ … တောင်းဆိုချက်တခုပါပဲ။
လပြည့်ညမှာ ကြည်လင်တဲ့ လမင်းကို မြင်ခွင့် ကြည့်ခွင့် ခံစားခွင့်ဆိုတာ ကမ္ဘာပေါ်က လူသားတိုင်းရဲ့ အခွင့်အရေးပဲ မဟုတ်လား။ ဘာကြောင့်များ ဒီညမှာမှ … တိမ်တိုက်ညစ်ဆိုးတွေက လမင်းကို လာပြီး ဖုံးလွှမ်းချင်ရတာလဲ။ ကောင်းကင်တခွင်လုံး အပြည့် နေရာယူချင်ရတာလဲ … ။

လေက ခပ်ဝှေ့ဝှေ့တိုက်တယ်။
တိမ်တိုက်တွေ ခပ်ပြေပြေရွေ့လျားသွားလေရဲ့။
လမင်းကို ကွယ်ထားတဲ့တိမ်တွေ ဒီလေနဲ့ပြေးပါစေ … ။
ဆုတောင်းပေမဲ့ အချည်းနှီးပါပဲ။
လေနဲ့လွင့်လာတဲ့ တိမ်ညိုတစက လမင်းကို ကွယ်သွားပြန်ပြီ။
လမင်းဟာ ခုနက လောက်တောင် မလင်းနိုင်ရှာတော့ဘူး။ တိမ်ညိုကြားမှာ လရောင်က တစွန်းတစ … ။

ဒီညအဖို့ လမင်းသာတာကို မမြင်ရတော့ဘူးလား …. ။
ဘယ်လို ကျိန်စာ အငြိုးနဲ့များ … ဒီညမှာ လမင်း လင်းခွင့်မရရတာပါလိမ့်။
လရောင်ကင်းတဲ့ လပြည့်ညက အကျည်းတန်လွန်းတယ် … ။

ဖိုးလမင်းကြီးရေ …
ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ပေးပါ …
ဝါ ၀ါ ၀ါ ၀ါ ))) လို့ …
ကလေးဘ၀တုန်းက ကောင်းကင်ကလမင်းကြီးကို မျှော်ကြည့်ရင်း တောင်းဆို တမ်းတခဲ့ကြဖူးတယ်။
ခုနေခါမှာ … မဖြစ်နိုင်မှန်းသိပါရက်နဲ့ ထမင်းဆီဆမ်း ရွှေလင်ပန်းကို တမ်းတကြ မှာစိုးလို့များ လမင်းက ပုန်းရှောင်နေရော့သလား … ။

ကလေးအငိုတိတ်အောင် အရိပ်အရောင်ပြတတ်တဲ့ ဖိုးရွှေလနတ်သားလည်း တိမ်ညိုတွေ ဖုံးလွှမ်းခြင်းခံနေရတာမို့ … အရိပ်အရောင် မပြနိုင်ရှာတော့ပါဘူး။ မွတ်သိပ်မှုတွေ ပြည့်လျှမ်းနေတဲ့ ကမ္ဘာမြေဟာ ကလေးတယောက်လို ငိုကြွေးနေရှာလေရဲ့ … ။ လမင်းက ဘယ်မှာလဲ … ။

ဘာပဲဖြစ်ဖြစ် …
တိမ်တိုက်တွေကင်းစင်ပြီး လမင်း လင်းခွင့်သာတဲ့ ညကိုတော့ ကြုံရလိမ့်မယ်လို့ မျှော်လင့်နေမိပါတယ်။

အဲဒီအခါ ကျမှ …
ဝင်းလက်တောက်ပတဲ့ ရွှေလင်ပန်းကြီးပေါ်မှာ …
ဆီမွှေးမွှေးလေး ဆမ်းထားတဲ့ …
ပူပူနွေးနွေး ဖြူဖွေးဖွေး ထမင်းလေးတွေကို …
ငိုကြွေးနေတဲ့ ကမ္ဘာလောကကြီးအတွက် ….
တလုပ်တဆုပ် စွန့်ကြဲပေးသနားလှည့်ပါလား ….
အို … ဖိုးရွှေလနတ်သား … ။
***
မေဓာဝီ
၁၃၆၉ ခု၊ ၀ါခေါင်လပြည့်ည
၁၀ ချက်တီးခန့်

Read More...

Tuesday, August 28, 2007

မေတ္တာအခါတော်နေ့ ...

ဒီနေ့ … ၀ါခေါင်လပြည့်နေ့ပါ။
ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းမှာ ၀ါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ သတ်မှတ်ကျင်းပလေ့ ရှိကြပါတယ်။ ဘာကြောင့်ဒီလို သတ်မှတ်ရလဲဆိုတော့ …

ဂေါတမမြတ်စွာဘုရားလက်ထက်တော်အခါက ရဟန်းတော်ငါးရာတို့ဟာ ဘုရား ထံမှ ကမ္မဋ္ဌာန်းတရားကိုယူဆောင်ပြီး တောအုပ်တခုထဲမှာ ၀ါဆိုဝါကပ်ပြုတော် မူခဲ့ကြပါတယ်။ ရဟန်းတော်တွေရဲ့ သီလတန်ခိုးကြောင့် နေရာဖယ်ပေးကြရတဲ့ နတ်အချို့က အမျိုးမျိုးခြောက်လှန့်တာကြောင့် ရဟန်းတော်တွေဟာ တရားကို ဖြောင့်ဖြောင့်အားမထုတ်နိုင်ဘဲ စိတ်ဓာတ်ခြောက်ခြားနေကြရပါတယ်။ ဒီလိုနဲ့ ရဟန်းတော်များဟာ ၀ါတွင်းကာလမှာဘဲ မြတ်စွာဘုရားသီတင်းသုံးရာ သာဝတ္ထိ ပြည် ဇေတ၀န်ကျောင်းတော်ကို သွားရောက်ပြီး လျှောက်ထားကြတဲ့အခါ ဘုရား က မေတ္တသုတ်ဒေသနာကို ဟောကြားတော်မူပြီး အဲဒီတောအုပ်ကိုသာ ပြန်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။

ရဟန်းတော်ငါးရာတို့လည်း အဲဒီတောအုပ်ထဲမှာပဲ ၀ါခေါင်လမှာ ဒုတိယ၀ါ ကပ်တော်မူပြီး မေတ္တာတရားကို ပွားများလို့နေကြပါတယ်။ ရဟန်းတော်တို့ရဲ့ မေတ္တာဓာတ်ကြောင့် နတ်များချစ်ခင်လာကြပြီး ငြိမ်းအေးစွာနေတော်မူကြရ ပါတယ်။ ရဟန်းတော်တို့ဟာ မေတ္တာတရားကိုပွားများပြီး ၀ိပဿနာတရားကို ဆက်လက်အားထုတ်ကြရာ ၀ါမကျွတ်မီ အားလုံး ရဟန္တာဖြစ်တော်မူခဲ့ပါတယ်။

မြတ်စွာဘုရားဟာ ရဟန်းတော်ငါးရာကို အကြောင်းပြုပြီး ၀ါတွင်းကာလမှာ မေတ္တသုတ်ကို ဟောတော်မူခြင်းကြောင့် ၀ါခေါင်လပြည့်နေ့ကို မေတ္တာအခါ တော်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
***
ပြီးခဲ့တဲ့ သြဂုတ်လ ၁-ရက်နေ့က “မေတ္တာဖြင့်” ဆိုတဲ့ ပို့စ်မှာ မေတ္တာနဲ့ ပတ်သက်တဲ့အကြောင်း အနည်းအကျဉ်း ဖော်ပြခဲ့ပါတယ်။ မေတ္တာပွားမယ့်သူ အနေနဲ့ ကြိုတင်ကျင့်ဖွယ် ၁၅-ချက် နဲ့ မေတ္တာအကျိုး ၁၁-မျိုးကို အဲဒီပို့စ်မှာ ဖော်ပြခဲ့ပြီးပါပြီ။ ဒီကနေ့တော့ ၅၂၈-သွယ် မေတ္တာပွားပုံကို ဖော်ပြချင်ပါတယ်။ ကျမတို့ အပြင်မှာ ခဏခဏ ပြောဆို သုံးစွဲခဲ့ဖူးကြတဲ့ ၅၂၈ မေတ္တာဆိုတာ ဘယ်လိုကနေ ဘယ်လို ရလာတယ်ဆိုတာ သိရအောင်လို့ပါ။

ဦးစွာ အရပ် ၁၀-မျက်နှာ၊ ပုဂ္ဂိုလ် ၁၂-ဦးနဲ့ မေတ္တာပွားနည်း ၄-နည်းကို သိထားဖို့ လိုအပ်ပါတယ်။

* အရပ် ၁၀-မျက်နှာ *
၁) အရှေ့အရပ်၌
၂) အရှေ့တောင် အရပ်၌
၃) တောင်အရပ်၌
၎) အနောက်တောင်အရပ်၌
၅) အနောက်အရပ်၌
၆) အနောက်မြောက်အရပ်၌
၇) မြောက်အရပ်၌
၈) အရှေ့မြောက်အရပ်၌
၉) အထက်အရပ်၌
၁၀) အောက်အရပ်၌

* ပုဂ္ဂိုလ် ၁၂-ဦး *
၁) အားလုံးသော သတ္တ၀ါတွေ …
၂) အားလုံးသော သက်ရှိသတ္တ၀ါတွေ …
၃) အားလုံးသော ခန္ဓာကိုယ်ထင်ရှားရှိတဲ့ သတ္တ၀ါတွေ …
၎) အားလုံးသော ပုဂ္ဂိုလ်တွေ …
၅) အားလုံးသော ခန္ဓာကိုယ်အတ္တဘောနှင့် အကျုံးဝင်ကြသူတွေ …
၆) အားလုံးသော မ-သတ္တ၀ါတွေ …
၇) အားလုံးသော ဖို-သတ္တ၀ါတွေ …
၈) အားလုံးသော အရိယာပုဂ္ဂိုလ်တွေ …
၉) အားလုံးသော ပုထုဇဉ်ပုဂ္ဂိုလ်တွေ …
၁၀) အားလုံးသော နတ်ဗြဟ္မာတွေ …
၁၁) အားလုံးသော လူသားတွေ …
၁၂) အားလုံးသော အပါယ်ဘုံသားတွေ …

* မေတ္တာပွားနည်း ၄-နည်း *
က) ဘေးရန်ကင်းကြပါစေ။
ခ) စိတ်ဆင်းရဲကင်းကြပါစေ။
ဂ) ကိုယ်ဆင်းရဲကင်းကြပါစေ
ဃ) ချမ်းချမ်းသာသာ မိမိတို့ခန္ဓာဝန်ကို ထမ်းဆောင်နိုင်ကြပါစေ။


ပွားရမယ့်နည်းကတော့ … စစချင်း အရပ်မျက်နှာမထည့်ဘဲ …
အားလုံးသောသတ္တ၀ါတွေ (ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲကင်းကြပါစေ၊ ချမ်းချမ်းသာသာ မိမိတို့ခန္ဓာဝန်ကို ထမ်းဆောင်နိုင် ကြပါစေ။)
အားလုံးသော သက်ရှိသတ္တ၀ါတွေ … ( … )
စသဖြင့် ပွားများပြီးမှ … အရပ်မျက်နှာ ထည့်ပြီးပွားပါမယ်။

အရှေ့အရပ်၌ … (အားလုံးသောသတ္တ၀ါတွေ ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲကင်းကြပါစေ၊ ချမ်းချမ်းသာသာ မိမိတို့ခန္ဓာဝန်ကို ထမ်းဆောင်နိုင် ကြပါစေ။)
အရှေ့တောင်အရပ်၌ … ( … )

နမူနာပြထားတဲ့အတိုင်း ပုဂ္ဂိုလ် ၁၂-ဦးနဲ့ မေတ္တာပွားနည်း ၄-နည်းကို တွဲစပ်ပြီး ပွားရပါမယ်။ ပထမဆုံး အရပ်မျက်နှာမသတ်မှတ်ဘဲ ပွားများတဲ့အခါ …
၁၂ x ၄ = ၄၈ .. ရပါတယ်။ နောက်ထပ် အရပ် ၁၀-မျက်နှာ ပွားများတဲ့အခါ (၁၂ x ၄) ၁၀ = ၄၈၀ ဖြစ်ပါတယ်။
စုစုပေါင်း … ၄၈ + ၄၈၀ = ၅၂၈ နည်း ဖြစ်ပါတယ်။
***
တိပိဋကဓရ ယောဆရာတော်ဘုရားကြီးရဲ့ ဆောင်ပုဒ်လင်္ကာလေးကိုလည်း ဖော်ပြလိုက်ပါတယ်။

“မေတ္တာနှလုံး အလှဆုံး”

ရှိသင့်သည်များ၊ ရှိပါငြားလည်း၊ စွမ်းအားမေတ္တာ၊ ကင်းစင်ကွာ၊ ချမ်းသာမပြည့်ဝ။
စည်းစိမ်ဥစ္စာ၊ ပေါများပါလည်း၊ မေတ္တာစွမ်းအင်၊ မပွားလျှင်၊ ဆန့်ကျင်ဘက်သာ လုပ်လိုကြ။
ရာထူးဂုဏ်သိန်၊ အရှိန်အ၀ါ၊ ကြီးမားပါလည်း၊ မေတ္တာစွမ်းအင်၊ မပွားလျှင်၊ ဆန့်ကျင်မုန်းတီးကြ။
သိက္ခာသုံးဖြာ၊ ဖြည့်ကျင့်ပါလည်း၊ မေတ္တာစွမ်းအင်၊ မပွားလျှင်၊ ဆန့်ကျင်နှောက် ယှက်ကြ။
မေတ္တာတရား၊ အစဉ်ပွား၊ စွမ်းအားတိုးတက်ရ။
ရန်သူကပင်၊ အကျွမ်းဝင်၊ ချစ်ခင်လေးစားရ။
ကိုယ်ကချစ်မှ၊ သူကတဖန်၊ ကိုယ့်ထံပြန်၊ ဧကန်တုံ့ပြန်ကြ။
မေတ္တာထုံမွှမ်း၊ လူ့အစွမ်း၊ ချီးမွမ်းအံ့သြရ။
မေတ္တာနှလုံး၊ အလှဆုံးကြောင့်၊ ရွှင်ပြုံးကြည်သာ၊ အေးမြကာ၊ ကောင်းစွာ သန့်ရှင်းရ။
***
မေတ္တာအခါတော်နေ့မှာ သတ္တ၀ါတိုင်းအပေါ် ဖြူစင်သောမေတ္တာတရား ထားနိုင် ပွားနိုင်ကြပါစေလို့ … ဆုတောင်းလိုက်ပါတယ်။
***
မေတ္တာဖြင့် …

မေဓာဝီ
၂၈၊ သြဂုတ်၊ ၂၀၀၇
အင်္ဂါနေ့
နံနက် ၁၁ နာရီ ၁၅ မိနစ်

ကိုးကား ။ … ။
၁) မာဂဓီ (သာစည်) ၏ အခါတော်နေ့များ
၂) မေတ္တာဗြူဟာအဖွဲ့၏ မေတ္တသုတ်တော်နှင့် မေတ္တာကျင့်စဉ်

Read More...

Monday, August 27, 2007

ရာဇဓမ္မ သင်္ဂဟ

တလောက ပန်ဒိုရာက မင်းကျင့်တရား (၁၀) ပါး ကို ရေးပေးပါလို့ ကွန်မန့်ထဲမှာ ပြောခဲ့ဖူးပေမဲ့ အဲဒီတုန်းက ချက်ချင်း မရေးပေးဖြစ်ခဲ့ဘူး။ အခုမှ ကြုံကြိုက်လာ တာနဲ့ မင်းကျင့်တရား (၁၀) ပါး အပါအ၀င် တခြား မှတ်သားစရာ ဆက်စပ် နေတာလေးတွေပါ ဖော်ပြလိုက်ပါတယ်။ ယောမင်းကြီး ဦးဖိုးလှိုင်ရေးသားတဲ့ “ရာဇဓမ္မသင်္ဂဟကျမ်း” မှ ကောက်နုတ်ခြင်း ဖြစ်ပါတယ်။
***
သင်္ဂဟတရား
သင်္ဂဟတရား ဆိုတာ အကြီးအကဲ အစိုးရ (သို့) ပြည့်ရှင်မင်းတို့ဟာ မိမိတို့ အုပ်ချုပ်တဲ့ တိုင်းပြည်နိုင်ငံကို စည်ပင်သာယာအောင် စောင်မကြည့်ရှု ချီးမြှောက် သူကောင်းပြုနည်းပဲ ဖြစ်ပါတယ်။ တဦးတယောက်ကို သူကောင်းပြု လိုရင် ရာထူးပေးခြင်း၊ ဆုလာဘ်ပေးခြင်းတို့ကို ပြုလုပ်ရသလို နိုင်ငံတခုလုံးကို ချီးမြှောက် သူကောင်းပြုလိုရင်တော့ ဒီ သင်္ဂဟတရား (၄) ပါးနဲ့ ချီးမြှောက်ရ တယ် လို့ ဆိုပါတယ်။

သင်္ဂဟတရား (၄) ပါးကတော့ …
၁) သဿမေဓ။
အခွန်အတုတ် ကောက်ခံရာတွင် ပြည်သူပြည်သားများ မနာမကြည်းရအောင် နိုင်ငံအင်အားအလျောက် ညှိနှိုင်း၍ အပိုအလိုမရှိ သင့်တင့်လျောက်ပတ်စွာ သဘောတူညီရာ ကောက်ခံခြင်း။

၂) ပုရိသမေဓ။
နိုင်ငံကို စောင့်ရှောက်ထိန်းသိမ်းသောသူတို့ကို ကြီးစဉ်ငယ်လိုက် နေရာကျ အောင် ချီးမြှောက်ပေးကမ်းခြင်း။

၃) သမ္မာပါသ။
ကုန်သည် လယ်သမားတို့ကို ကူးသန်းရောင်းဝယ်နိုင်အောင် အပိတ်အပင်မရှိ ဖွင့်၍ အခွင့်ပေးခြင်း၊ ကြည့်ရှုစောင်မခြင်း။ အရင်းအနှီးမရှိသော ကုန်သည် လယ်သမားတို့အား အတိုးမဲ့ အရင်းအနှီး ပေးကမ်းမစခြင်း။

၎) ၀ါစာပေယျ။
အကုသိုလ်ဒုစရိုက်ဖြစ်သော ဖရုသ၀ါစာကို ရှောင်ကြဉ်၍ ချိုသာနာပျော်ဖွယ် စကားကို ပြောဆိုခြင်း။
***
“မင်းတို့ ကြဉ်ရှောင်အပ်သော တရား (၃) ပါး”
၁) မဟုတ်မမှန်သော စကားကို ပြောဆိုခြင်း။
၂) အမျက်ထွက်ခြင်း။
၃) ပွဲလမ်းသဘင် အပျော်အပါး ကာမဂုဏ်ကို ခံစား၍ တိုင်းရေးပြည်မှုကို အလေးဂရုမပြု ပေါ့လျော့ခြင်း။
***
"မင်းကျင့်တရား (၁၀) ပါး"

၁) စွန့်ကြဲ၊ ပေးကမ်း၊ လှူဒါန်းခြင်း။
၂) ငါးပါး၊ ဆယ်ပါး စသော သီလဆောက်တည်ခြင်း။
၃) အမှုထမ်းတို့အား ထိုက်သင့်သလို ပေးကမ်း ကြည့်ရှုခြင်း။
၎) ကောက်ကျစ်စဉ်းလဲခြင်းမရှိ၊ ရိုးသားဖြောင့်မတ်ခြင်း။
၅) အမူအရာ အပြောအဆို နူးညံ့သိမ်မွေ့ခြင်း။
၆) ကောင်းမြတ်သောအကျင့်ကို ကျင့်ကြံခြင်း။
၇) သတ္တ၀ါအပေါင်းကို ရန်ငြိုးအမျက်မရှိ ချမ်းသာစေခြင်း။
၈) သတ္တ၀ါအပေါင်းကို နှိပ်စက်ခြင်းမပြုဘဲ သနားညှာတာခြင်း။
၉) ကိုယ်နှုတ်တို့ဖြင့် မရိုမသေလွန်ကျူးသည်ကို သည်းခံခြင်း။
၁၀) ရဟန်း၊ ရှင်၊ လူ၊ မှူးမတ်၊ ပြည်သူတို့နှင့် ဆန့်ကျင်သည်ကို မပြုခြင်း။
***
ပြည့်ရှင်မင်းတို့ ကျင့်သုံး ဆောက်တည်အပ်သော ရာဇဂုဏ် (၈) ပါး
၁) သိကြားမင်းကဲ့သို့ကျင့်ခြင်း။
သိကြားမင်းသည် နတ်အပေါင်းတို့တွင် နှိပ်ကွပ်တန်သောသူအား နှိပ်ကွပ်၍ ချီးမြှောက်တန်သူအား ချီးမြှောက်သကဲ့သို့ … မင်းတို့သည်လည်း လူအပေါင်းတို့ တွင် မကောင်းသောသူတို့အား နှိပ်ကွပ်၍ ကောင်းသောသူတို့အား ချီးမြှောက် ရာသည်။

၂) နေကဲ့သို့ကျင့်ခြင်း။
နေမင်းသည် ရောင်ခြည်တထောင်ဖြင့် ဖြည်းညှင်းစွာ မိုးရေကို ခန်းခြောက်စေ သကဲ့သို့ မင်းတို့သည်လည်း အခွန်အတုတ်ကို ဖြည်းညှင်း သာယာစွာ ကောက်ခံ သိမ်းယူရာသည်။

၃) လေကဲ့သို့ကျင့်ခြင်း။
လေသည် သတ္တ၀ါအပေါင်း၏ ကိုယ်တွင်းသို့ဝင်၍ သွားသကဲ့သို့ မင်းတို့သည် လည်း မှူးမတ် ပြည်သူခပ်သိမ်းတို့၏ အပြုအမူ ဆင်းရဲချမ်းသာကို လျှို့ဝှက် သူလျှိုထား၍ ကိုယ်တွင်းသို့ဝင်သကဲ့သို့ သိအောင်ပြုရာသည်။

၎) ယမမင်းကဲ့သို့ကျင့်ခြင်း။
ယမမင်းသည် ချစ်သူ မုန်းသူဟူ၍ အထူးအခြား ကွဲပြားမရှိ၊ ကံအားလျော်စွာ ရောက်လာလျှင် စီရင်သကဲ့သို့ မင်းတို့သည်လည်း ချစ်သူ မုန်းသူဟူ၍ မျက်နှာ မငဲ့၊ အမှုနှင့်လျော်ညီစွာ စီရင်ရာသည်။

၅) သမုဒ္ဒရာကဲ့သို့ကျင့်ခြင်း။
သမုဒ္ဒရာသည် ရေကို မတောင့်တ၊ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာတို့ အလို အလျောက်ဝင်လာသမျှကိုသာ ခံသကဲ့သို့ မင်းတို့သည်လည်း ဥစ္စာကို မလိုချင် မတောင့်တ၊ ထုံးစံရှိသည့်အတိုင်း ရသင့်သမျှကိုသာ ခံယူရာသည်။

၆) လကဲ့သို့ကျင့်ခြင်း။
လပြည့်ဝန်းသည် မြင်မြင်သမျှ လူခပ်သိမ်းတို့ကို ရွှင်လန်းဝမ်းမြောက်စေသကဲ့သို့ မင်းတို့သည်လည်း မျက်နှာရွှင်လန်းလျက် စကားချိုသာ နာပျော်ဖွယ်ပြောဆို၍ မှူးမတ် ပြည်သူ လူခပ်သိမ်းတို့ကို ရွှင်လန်းဝမ်းမြောက်စေရာသည်။

၇) မြေကြီးကဲ့သို့ကျင့်ခြင်း။
မြေကြီးသည် သတ္တ၀ါအပေါင်းတို့၏ မှီခိုကိုးကွယ်ရာဖြစ်သကဲ့သို့ မင်းတို့သည် လည်း သင်္ဂဟတရား လေးပါးဖြင့် ပြည်သူလူထုအပေါင်း၏ ကိုးကွယ်ရာဖြစ် အောင် ရွက်ဆောင်ရာသည်။

၈) မိုးကဲ့သို့ကျင့်ခြင်း။
မိုးသည် မိုးတွင်းလေးလပတ်လုံး လူအပေါင်းတို့ကို ရေဖြင့် ရောင့်ရဲစေသကဲ့သို့ မင်းတို့သည်လည်း အမှုထမ်း အရာထမ်းတို့အား မျိုးရိက္ခာ၊ အ၀တ်အစား၊ ဆုလာဘ်တို့ဖြင့် နှစ်သက်ရောင့်ရဲစေရာသည်။
***
ဖော်ပြခဲ့ပြီးဖြစ်တဲ့ သင်္ဂဟတရားလေးပါးတို့ မင်းကျင့်တရား ၁၀-ပါး တို့နဲ့ ပြည့်စုံ စွာ ကျင့်ကြံတဲ့ ပုဂ္ဂိုလ်ကိုသာ မင်း၊ အစိုးရလို့ ခေါ်တွင်ကြောင်း ယောမင်းကြီး ဦးဖိုးလှိုင်ကရေးသားထားပါတယ်။ တိုင်းပြည်ကို အုပ်စိုးနေသူဖြစ်ပေမဲ့လည်း အထက်ပါအချက်တွေက ချို့ယွင်းခဲ့ရင် မင်းလို့ မမည်ပါဘူးတဲ့။
ဒါဆို … ကျမတို့ အခု နေနေရတာဟာ မင်းမရှိတဲ့ တိုင်းပြည် (မင်းမဲ့တိုင်းပြည်) မှာ နေနေရတာများလား … လို့ တွေးနေမိပါရဲ့။
***
မေဓာဝီ
၂၇၊ သြဂုတ်၊ ၂၀၀၇
တနင်္လာနေ့
နေ့လည် ၁၂ နာရီ

ကိုးကား။ … ။
ယောမင်းကြီးဦးဘိုးလှိုင် ၏ ရာဇဓမ္မသင်္ဂဟကျမ်း
(၁၉၆၀၊ ဒီဇင်ဘာလ)

Read More...

Sunday, August 26, 2007

ပုရေနိသင်

လယ်တီဆရာတော်ဆုံးမစာပို့စ်ရဲ့ ကွန်မန့်မှာ ကိုသက်ဦးက ရှင်မဟာရဋ္ဌသာရ ရဲ့ “ပုရေနိသင်” အစချီ ရတုကို လိုချင်ကြောင်း ရေးခဲ့တာနဲ့ ကျမလည်း စာအုပ်ဗီရို ဖွင့်ပြီး ပြန်ရှာဖြစ်ခဲ့ပါတယ်။ ကံကောင်းချင်တော့ ဟံသာဝတီတိုက်က ထုတ်တဲ့ “မြန်မာကဗျာရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက်” ဆိုတဲ့စာအုပ်ကလေးက ကျမ ဗီရိုထဲမှာ ရှိနေပါတယ်။ အမှန်တကယ် ကျမရှာတာက ရှင်မဟာရဋ္ဌသာရရဲ့ ရတုပေါင်းချုပ် စာအုပ်ပါ။ ဒါပေမဲ့ ဒီရတုရွေးချယ်ချက် စာအုပ်လေးကို အရင် တွေ့တာနဲ့ ဒီစာအုပ်ထဲမှာ ရှိလိုရှိငြား မာတိကာမှာ ရှာကြည့်တော့ …
“ပုရေနိသင် (သျှင်ရဋ္ဌသာရ) ………….. ၉၂”
ဆိုပြီးတွေ့ပါတယ်။ ဒါနဲ့ပဲ ၀မ်းသာအားရ ကျမဘလော့မှာ တင်ပေးလိုက်ပါတယ်။ ကိုသက်ဦးနှင့်တကွ မြန်မာရတုကဗျာ နှစ်သက်သူများ အားလုံးအတွက်ပါပဲ။ ကြုံကြိုက်တာနဲ့ ရှင်မဟာရဋ္ဌသာရရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်ကိုပါ ဖော်ပြလိုက် ပါတယ်။ စာလုံးပေါင်းများကိုတော့ အဲဒီစာအုပ်ထဲကအတိုင်းသာ ရိုက်ထားခြင်း ဖြစ်ပါတယ်။
***
သျှင်မဟာရဋ္ဌသာရ

ပုရေနိသင်-ချီ ကိုယ်ရေးကိုယ်တာဖွဲ့ ရတုရေးသူ သျှင်မဟာရဋ္ဌသာရမှာ ၈၃၀- ပြည့်နှစ် ၀ါဆိုလ အတွင်း အင်းဝနေပြည်တော်တွင် ဖွားမြင်တော်မူ၍ ငယ်မည်မှာ မောင်မောက်ဖြစ်သည်၊ ဗညားအိမ်နှင့် ရှင်စောပု၏ သမီးတော်တို့မှ ဆင်းသက် ဆက်နွယ်လာသော မြေးတော် ဓမ္မပါလသည် မောင်မောက်၏ ဖခင်ဖြစ်၍ မိခင် မှာ သတိုးမင်းဖျား၏ အနွယ်တော်ဖြစ်သည်။

မောင်မောက်သည် ငယ်ရွယ်စဉ်အခါကာလမှစ၍ နန်းတော်တွင်း၌ ကြီးပြင်း လာရသူ ဖြစ်သဖြင့် ဘုရင်မင်းခေါင်ကိုယ်တော်တိုင် တအူတုံဆင်း ညီအရင်း ကဲ့သို့ အရေးပေးခြင်းကို ခံတော်မူရသည်၊ မောင်မောက်သည် နန်းတော်တွင်း ပညာရှိပုဂ္ဂိုလ်များထံမှ၎င်း၊ ကျန်းဂန်တတ် မထေရ်မြတ်များထံမှ၎င်း၊ ဖခင်ဖြစ်သူ ပညာရှိ အမတ်ကြီးထံမှ၎င်း၊ နောင်တော်ရင်း သျှင်ဝရစက္ကပါလ မထေရ်ထံမှ၎င်း၊ လောကီ လောကုတ္တရာ ကဗျာလင်္ကာများကို သင်ကြားတတ်မြောက်သော ကြောင့် ၁၆-နှစ်သား အရွယ်ကပင် ဘူရိဒတ်လင်္ကာကြီးကို စတင် ရေးသားပြုစု လေသည်။ အသက် ၂၀-ပြည့် ရဟန်းဘ၀ရောက်မှ ဘူရိဒတ်လင်္ကာကြီး အပြီး သတ်သည်။

သက္ကရာဇ် ၈၈၇-ခုနှစ်လောက် ကျသောအခါ သျှင်မဟာရဋ္ဌသာရသည် အင်းဝ မငြိမ်မသက်ဖြစ်သောကြောင့်၎င်း၊ သတိုးမင်းစောက ပြည်မြို့သို့ ပင့်သောကြောင့် ၎င်း ပြည်မြို့သို့ရောက်တော်မူသည်။ ရောက်၍ မကြာမီပင် ဇာတ်ပေါင်းခန်းကို ရေးသားတော်မူသည်၊ ဆင်ဖြူရှင် သတိုးမင်းစောလည်း သျှင်မဟာရဋ္ဌသာရအား ပုထိုးကျောင်း, တောင်ခွင်ကျောင်း, မင်းတုန်းကျောင်း ဤကျောင်း ၃-ကျောင်းကို ဆောက်လုပ် လှူဒါန်းတော်မူသည်။

သတိုးမင်းစော နတ်ရွာစံလွန်၍ သားတော် ဘုရင်ထွေး နန်းတက်သောအခါတွင် လည်း ခမည်းတော် လက်ထက်တော်က ကဲ့သို့ပင် ကြည်ညိုရင်းစွဲ ရှိသဖြင့် ပြည်မြို့နှင့် ရွှေတောင်အကြား အခွန်တသောင်းထွက်သည့် ဥယျာဉ်တော် ၅-ရပ် အတွင်း တံတိုင်း မီးတားနှင့်တကွ ဆုတောင်းပြည့်ဘုရား, မင်္ဂလာစေတီတော်, အရံကျောင်းပေါင်းများစွာနှင့် ရွှေဗိမာန်ကျောင်းတော်ကြီးကို ဆောက်လုပ် လှူဒါန်းတော်မူသည်။ သက္ကရာဇ် ၈၉၂-ခုနှစ် သက်တော် ၆၂-နှစ်အရွယ်တွင် ပျံလွန်တော်မူသည်။
***
“ပုရေနိသင် ချီ ကိုယ်ရေးကိုယ်တာဖွဲ့ ရတု”

(ပ) ပုရေနိသင်၊ ဆက်တိုင်းကြင်၍၊ အိမ်ရှင်အစစ်၊ ငယ်ကျွမ်းချစ်နှင့်၊ ထပ်ရစ် လက်သင်၊ ထုံးစတွင်နှိုက်၊ သွေးငင်ကြမ္မာ၊ ၀ါသနာကြောင့်၊ ဆရာမိဘ၊ ကွပ်ဆုံးမ လည်း၊ ချစ်စထုံးနှောင်၊ ပျော်ရအောင်ဟု၊ သန်ကောင်မဟူ၊ အတူယှဉ်နွှဲ၊ သန်လွဲမခန့်၊ အသက်စွန့်၍၊ ဝေးဓွန့်ခရီး၊ ချုံကြီးတောအုံ၊ ၀ါးရုံဝါးထွေး၊ သစ်ကျားဘေးကို၊ မတွေးဆံဖျား၊ မလေးစားတည့်၊ တရားသံဝေ၊ အောက်မေ့ချေသော်၊ ကြေးရွှေ ဂဟေ၊ မစပ်လေသို့၊ စာပေတတ်ပွန်၊ ဓမ္မခန်နှင့်၊ ကျန်းဂန်သိမြောက်၊ ပဉ္စင်ရောက်က၊ ထပ်လှောက်ကြင်ဘွယ်၊ ရှေးသောနှယ်ကို၊ အဘယ်ကြိုးရှာ လေတော့မည်။ … ။

(ဒု) လူ့မြေတိတွင်၊ ဘက်မမြင်သား၊ သန့်စင်ငယ်က၊ လက်တော်လှနှင့်၊ ချိန်းချ စေ့ရေ၊ မှာစာခွေကို၊ စသေလိပ်ပြီး၊ ခင်းနှီးကွက်ကျယ်၊ ပြောက်မျိုးခြယ်၍၊ ဆင်စွယ်ဝန်းရှက်၊ မွေးမယ်ရက်သည်၊ အသက်တို့က၊ ဆက်လှာရသား၊ မူလသိက္ခာ၊ ဆုံးမစာနှင့်၊ ငါးဖြာဝိနည်း၊ စောင့်စည်းပညတ်၊ အပ်တိတသွား၊ တဆံဖျားမျှ၊ မမှားအာရုံ၊ ကာမဂုဏ်ကို၊ မမြုံရချေ၊ ဖြတ်ငယ်သေစွ၊ ကမ္ပလွေရင်ပိုက်၊ တကိုက်မချွတ်၊ စာလက်လွတ်၍၊ ဖြစ်တတ်ဘိသည်၊ သံသာရှည်ခဲ့၊ စက်လည်ရဟတ်၊ တပတ်ပတ်လျှင်၊ အနတ်ဒုက္ခ၊ အနိစ္စဟူ၊ နှလုံးမူစွ၊ ပေးလှူစွန့်ကြ၊ ဤဘ၀တွင်၊ နှမလက်လျှော့၊ နေလေတော့ဟု၊ ချစ်ပေါ့မကြုံ၊ ညှိုးငယ်ပုံမျှ၊ ရွက်ဟုံကြွေကြုပ်၊ ချမင်းတုပ်သို့၊ စိတ်ချုပ်မပွင့်၊ ပျံ့လွင့်မေတ္တာ၊ ကရုဏာနှင့်၊ တဏှာလောဘ၊ ဒေါသ မြှေးထူ၊ ရံမက်မြူကို၊ ဘယ်သူနှိုးရှာ လေတော့မည်။ …. ။

(တ) ဆုဝေဘိချင်၊ ငယ်ကျွမ်းဝင်နှင့်၊ သို့ပင်တာရှည်၊ ပျော်ရမည်ဟု၊ ညောင်စည် သများ၊ မြို့ရှေ့ပါးဝယ်၊ ထင်ရှားကျော်ဟိုး၊ ရုက္ခစိုးနှိုက်၊ ပုဆိုးကြာညွန့်၊ ပိတ်လှပ် တွန့်ကို၊ ဖြန့်၍တတည်၊ ရစ်ဖွဲ့ချည်မျှ၊ ငယ်မည်မြွက်ဟ၊ နှုတ်သံမျှနှင့်၊ ခက်မ တထောင်၊ ပညောင်စောင့်တတ်၊ ရှင်နတ်မြတ်ကို၊ တိုင်မှတ်သက်သေ၊ ပြုဘူးပေရှင့်၊ မကွေသစ္စာ၊ ၀ါသနာကြောင့်၊ ရုပ်ဝါပျိုရွယ်၊ သနားဘွယ်တိ၊ ရှေးနှယ် ကျိုးကုပ်၊ ချမင်းတုပ်နှင့်၊ ခွက်မြုပ်ခါညီ၊ နာရီမောင်းချ၊ ဒေသနိမိတ်၊ သက်ကြီး ဆိတ်လည်း၊ မမှိတ်မျက်တောင်၊ သည်းခေါင်ဆူးလည်၊ ရှိလိမ့်မည်ဟု၊ လွမ်းသည် ထပ်ဆင့်၊ ဖူးချိန်သင့်ကို။ မျှော်လင့် ခိုးရှာလေတော့သည်။ … ။
***
မနေ့က တနေ့လုံး အိမ်မှာ အင်တာနက်အဆင်မပြေလို့ ခုမှတင်လိုက်ရပါတယ်။ ကျမကို စိတ်ပူကြသူ … အားပေးကြသူ အပေါင်းအား ကျေးဇူးတင်ကြောင်းပါ။
***
မေဓာဝီ
၂၆၊ သြဂုတ်၊ ၂၀၀၇
တနင်္ဂနွေနေ့
နံနက် ၆ နာရီ ၁၅

ကိုးကား။ … ။
မြန်မာကဗျာရွေးချယ်နှင့် ရတုရွေးချယ်ချက် … (ဟံသာဝတီ)
(ဒုတိယအကြိမ်ပုံနှိပ်ခြင်း … ၁၉၇၂၊ ဒီဇင်ဘာလ)

Read More...

Friday, August 24, 2007

မြင်သမျှ ... ဘ၀င်မကျ ... ရင်ဝ မသက်သာ ....

စောစောစီးစီး ဒီကနေ့ထုတ် သတင်းစာကို ဖတ်လိုက်မိပြီး စိတ်ထဲ ကလိကလိ ဖြစ်လာတာနဲ့ ဒီစာကို ရေးလိုက်မိပါတယ်။ သတင်းစာရဲ့ နောက်ကျောဖုံးမှာ မြင်သာ ထင်သာအောင် ပွိုင့်ကြီးကြီး စာလုံးမည်းကြီးနဲ့ ပြူးနေအောင်ရေးထားပြီး ဘောင်ခတ်ထားတာမို့လည်း မြင်မိ ဖတ်မိသွားတာပါ။ ကျော်မင်းလူ (ရွှေပြည်သာ) ရေးတဲ့ “နှစ်ဘက်မျှမှ အဖြေလှမည်”ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။

သူ့ဆောင်းပါးပါ အကြောင်းအရာနဲ့ အချက်အလက်တွေ အားလုံးဟာ ဘ၀င်မကျ စရာတွေချည်း ပြည့်နှက်နေပါတယ်။ အဆိုးဆုံးက အခုမြင်ရတဲ့ ကောက်စာပါ အကြောင်းအရာပါပဲ။

ရယ်စရာလည်း ကောင်း၊ ဒေါသဖြစ်စရာလည်း ကောင်းလွန်းပါတယ်။ နိုင်ငံတော် အစိုးရနဲ့ ပြည်သူပြည်သားဟာ မိဘနဲ့သားသမီးဆိုပြီး သူမို့လို့ ရေးရဲတယ်။ ကဲ … ကျမတို့ အခု လက်ရှိအစိုးရ (အစိုးရပဲဆိုပါတော့။ တကယ်တော့ အစိုးရလို့ မသုံး နှုန်းသင့်ပါဘူး။ အာဏာကိုမတရားသိမ်းပိုက်ထားတဲ့ အာဏာရှင်ဟာ ပြည်သူလူထု က တင်မြှောက်ရွေးချယ်ထားတဲ့ အစိုးရမှ မဟုတ်ဘဲ။ ထားပါတော့) အစိုးရဟာ မိဘဖြစ်သင့်သလား။ စဉ်းစားကြည့်ရအောင်ပါ။

ကိုယ့်မိဘကိုယ် ဘယ်သားသမီးက ရွေးချယ်ခွင့်ရှိပါသလဲ။ မိမိရဲ့ ကံတရားအရ ဒီအမိရဲ့ ၀မ်းထဲရောက်လာရတာ မဟုတ်လား။ ကိုယ့်အမေအဖေဟာ လူကောင်း လား၊ လူဆိုးလား၊ ရုပ်ချောလား၊ ရုပ်ဆိုးလား၊ ပိုက်ဆံချမ်းသာလား၊ ဆင်းရဲလား ဘယ်သားသမီးက ရွေးချယ်လို့ရမှာလဲ။ ကိုယ့်ကံကြမ္မာအရ ဒီအမိ ဒီအဖ ထံကို ရောက်လာကြရတာမဟုတ်လား။

အစိုးရဆိုတာကတော့ ပြည်သူလူထုက ရွေးချယ်ခွင့်ရှိပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အစိုးရဆိုတာ ပြည်သူလူထုကို အကျိုးပြုနိုင်မယ့်လူမျိုးသာ ဖြစ်ရမယ်။ ဒီလို လူမျိုးကိုသာ ပြည်သူတွေက အစိုးရအဖြစ် ရွေးကောက်တင်မြှောက်ကြတာပဲ။ တိုင်းဖျက် ပြည်ဖျက်တွေကို အစိုးရအဖြစ် ဘယ်သူက လက်ခံကြမှာလဲ။ အခုလို ပြည်သူလူထုရဲ့ စိတ်ကြိုက်မဟုတ်ဘဲ မိမိသဘောနဲ့မိမိ လက်နက်နဲ့ အာဏာ သိမ်းထားတဲ့ အဖွဲ့အစည်းမျိုးဟာ အစိုးရ မမည်တဲ့အပြင် မိဘနဲ့ရော နှိုင်းသင့်ပါ သလား။

ဒါဆို အစိုးရကဘာလဲ။ တိုင်းပြည်တပြည်ကို အုပ်ချုပ်တဲ့သူဆိုတော့ တိုင်းပြည်ရဲ့ ခေါင်းဆောင် အကြီးအကဲပဲပေါ့။ အကြီးအကဲဆိုတာ အကြီးအကဲကျင့်ဝတ်နဲ့ အညီ နေထိုင် ကျင့်သုံးရပါမယ်။ မင်းကျင့်တရား (၁၀)ပါး ခဏထားလို့ နာယကဂုဏ် ခြောက်ပါးနဲ့ ပြည့်စုံရမယ်မဟုတ်လား။
ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဘန်၊ ထောက်ရှု … ဆိုတဲ့ နာယကဂုဏ် ခြောက်ပါးနဲ့တောင် ပြည့်စုံအောင် ကျင့်ကြံနေထိုင်ကြပါရဲ့လား။

ဆောင်းပါးပါ စာကိုဖတ်ကြည့်ပါအုံး။
ကျမတော့ အဲဒီစာဖတ်ပြီး စိတ်ထဲ တော်တော်လေးကို ကသိကအောက် ဖြစ်မိ တယ်။ ဘယ့်နှယ် မနှိုင်းကောင်း နှိုင်းကောင်း မိဘအရာ ၀င်ချင်သေးတယ်။ ငရဲတွေကြီး ၀မ်းစိမ်းတွေသွားကုန်ကြတော့မှာပဲ။ ဒီအတိုင်းသာဆို ခုလို လောင်စာ ဆီ ဈေးနှုန်းတက်ပေးတာတောင် ကျေးဇူးကြီးလှပါပေတယ်လို့ လက်စုံမိုးပြီး ညတိုင်း ဦးသုံးကြိမ်ပဲ ချနေရမလို။

တကယ်တော့အစိုးရဆိုတာ ပြည်သူ့မျက်နှာ ကြည့်နေရမယ့်သူ။ ပြည်သူတွေ ဖြစ်လာသမျှ အခက်အခဲ အကြပ်အတည်းကို ရင်ဆိုင်ဖြေရှင်းပေးရမယ့်သူ။ ပြည်သူလူထုမရှိဘဲ အစိုးရဆိုတာ ရှိမှာလား။ ဒါကို သူတို့က ပြည်သူတွေရဲ့ ကျေးဇူးရှင် လာလုပ်ချင်သေးတယ်။ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်အဖြစ် သတ်မှတ် ခံချင်ရုံမက ကျေးဇူးဆပ်တာလဲ ပြန်ခံချင်သေးတယ်။ ဖြစ်ပုံများ။ အံ့သြလို့မဆုံးဘူး။

သူပြောသလို မိဘပဲ ထားပါတော့။ မိဘသိပ်ဖြစ်ချင်နေတယ် ဆိုတော့ စိတ်ကူးထဲမှာ မိဘအရာ ခဏ ထားကြည့်တာပါ။ ဒါပေမဲ့ စဉ်းစားရမှာက တကယ့်မိဘအရင်း ဆိုရင် ကိုယ်တိုင်က ရွှေပုံ စိန်ပုံပေါ် ထိုင်နေပြီး သားသမီးတွေလမ်းဘေးရောက် ငတ်ပြတ်တာကြည့်နေမှာ မဟုတ်ဘူး။ မိဘက သိန်းထောင်ကျော်တန်ကားကို စီးပြီး သားသမီးတွေ ကုန်းကြောင်း လျှောက် နေရတာကို ဘယ်မိဘမှ ကြည့်ရက်မှာမဟုတ်ဘူး။ ကိုယ် အသုံးမကျတာကိုလည်း သားသမီးကို လက်ညှိုးထိုးနေမှာ မဟုတ်ဘူး။ ဒါဆို တကယ့်မိဘအရင်း မဟုတ်တာတော့ သေချာပြီ။ ဒါဆို အမေနဲ့တကွ အမွေတွေကိုပါ မတရားသိမ်းပိုက် ယူထားတဲ့ ပထွေးများ ဖြစ်နေမလား။ စဉ်းစားမိတာပါ။
***
နောက်ဆုံးတော့လည်း ကျမ တခါက ရေးခဲ့ဖူးသလို “ဟာသအတွေး ဟာသ အမြင်” လို့ သဘောထားလိုက်တာပဲ ခပ်ကောင်းကောင်းဆိုပြီး ရယ်ဖို့ကြိုးစားမိတယ်။ ဒါပေမဲ့ … ရယ်လို့လည်း မရတော့ အီလည်လည်နဲ့ သက်ပြင်းကြီးသာ ချလိုက်မိပါရဲ့။
***
မေဓာဝီ
၂၄၊ သြဂုတ်၊ ၂၀၀၇
၁၂ နာရီ ၃၀ မိနစ်

Read More...

Thursday, August 23, 2007

ဘုန်းကြီးပြောသော စကားများ

တနေ့က ကျမမွေးနေ့မို့ ခြောက်ထပ်ကြီးဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးသွားရင်းနဲ့ ကျမကို ပုံပြင်ပြောပြလေ့ရှိတဲ့ ဘုန်းကြီးထံကို သွားရောက် ဦးခိုက်ကန်တော့ရင်း စကားစမြည် ပြောဖြစ်ခဲ့ပါတယ်။ စကားပြောတယ်ဆိုပေမဲ့ ကျမက နားထောင်ရုံ သက်သက်ပါ။ ဘုန်းကြီးက ထုံးစံအတိုင်း မှတ်သားဖွယ်ရာ စကားလေးတွေ ကျမ စာရေးဖို့ ရည်ရွယ်ပြီး ပြောပြခဲ့ပါတယ်။ သိပ်မကြာသေးခင်က သူဟောခဲ့တဲ့ တရား တွေထဲကလို့လည်း ပြောပြတာကြောင့် တချို့လည်း သိပြီးဖြစ်နိုင်ပါတယ်။ ဒီမှတ်သားဖွယ်ရာ စကားလေးတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်ရှင်။
***
(၁) ခွေးလှေး ကြမ်းပိုး

အရပ်ထဲမှာ အသုံးမကျတဲ့သူ ပေတေ လေလွင့် လျှောက်သွားပြီး သူများတကာကို ဒုက္ခပေးတတ်တဲ့သူကို ခွေးလှေးကြမ်းပိုးလို့ အများအားဖြင့် ခေါ်လေ့ရှိကြတယ်။ လှေးတို့ မွှားတို့ ကြမ်းပိုးတို့ဆိုတာ … ကပ်ပါးကောင်တွေပဲ။ ခွေးမှာဆို ခွေးလှေး၊ လူမှာတော့ ကြမ်းပိုးပေါ့။ အဲဒီ ခွေးလှေးဆိုတဲ့ အကောင်တွေဟာ ခွေးရဲ့ ခန္ဓာ ကိုယ်ကို မှီခိုနေထိုင်ပြီး ခွေးရဲ့ သွေးကိုစုတ်တယ်။ သူမှီခိုနေထိုင်ရာ ခွေးခန္ဓာကြီး ဟာ ၀ဲပဲစွဲစွဲ … ဘာပဲဖြစ်ဖြစ် သူဂရုမစိုက်ဘူး။ သူ့လိုအပ်ချက် သွေးဝဖို့သာ အဓိကပဲ။ ဒီလိုပဲ … ကြမ်းပိုးတွေဟာလည်း လူအိပ်ရာ ကြမ်းပြင် ကုလားထိုင်တွေ အ၀တ်အစားတွေပေါ်မှာ ကပ်ပါးမှီတွယ်နေပြီး လူရဲ့ သွေးကိုစုတ်ယူ စားသောက် ကြတယ်။ အဲဒီလူဟာ နူနူ ၀ဲဝဲ သူတို့သွေးဝဖို့ပဲ သိတဲ့ အကောင်မျိုးတွေ … ။ အဲဒီလို ကိုယ်မှီခိုရာနေရာ ဌာန၊ ကိုယ်အမှီပြုရာ သတ္တ၀ါကိုတောင် ပြန်ပြီး ဒုက္ခ ရောက်အောင် ပြုကျင့်တတ်တဲ့ လူမျိုးဟာ ခွေးလှေး ကြမ်းပိုးပဲပေါ့ …. ။
***
(၂) သူခိုးရွှေရ တပြပြ

သူခိုးတွေဟာ သူတို့ခိုးရာပါ ရွှေငွေတွေရလာရင် လူသိမှာစိုးလို့ ၀ှက်ထားလေ့ရှိကြ တာပါပဲ။ ဒါဖြင့် ဒီစကားပုံက ဘယ်လိုများဖြစ်လာတာပါလဲ။
သူခိုးထက်မိုက်တဲ့ ဓားပြတို့ သူပုန်တို့ကတော့ ရလာတဲ့ ပစ္စည်းတွေကို ပေါ်ပေါ် တင်တင် ထုတ်ဝတ်ကြတယ်။ သူတို့က လက်နက်အားကိုးရှိတော့ ဘယ်သူ့မှလည်း ဂရုမစိုက်ဘူး။ သူတို့ ဒီလို ထုတ်ဝတ်၊ ထုတ်ပြတော့ … လူတွေက ဘယ်လို ထင်မလဲ။ သူတို့တွေ ရိုးရိုးသားသားလုပ်ကိုင်စားသောက်လို့ ဒါတွေဝတ်နိုင်မယ်လို့ ထင်လား။ မရိုးသားတဲ့နည်းနဲ့ သူများမျက်ရည်ကျအောင် ရှာဖွေ တိုက်ခိုက် သိမ်းပိုက်လာတဲ့ ပစ္စည်းတွေဆိုတာ အားလုံးကသိပြီးသားပဲ။ အဲဒါမျိုးကို ရှက်ရ ကောင်းမှန်းမသိ … လူတကာ သိအောင် တပြပြ လုပ်နေတာမျိုးကို သူခိုးရွှေရ တပြပြ လို့ဆိုတာ။ ဟိုတလောက ကြည့်လိုက်ရတဲ့ ဗီဒီယို မှတ်တမ်းထဲကလိုပေါ့။
***
(၃) ထုံးအိုးလည်း မခွဲနဲ့၊ ခေါင်းလည်း မရိုက်နဲ့

ထုံးအိုးခွဲတယ် ဆိုတာက … မြန်မာပြည်မှာ သူ့ထုံးတမ်းနဲ့ သူ့အစဉ်အလာနဲ့ ရှိကြ တယ်။ ဗုဒ္ဓဘာသာမှာဆိုရင် ၀ါဆိုလပြည့်၊ သီတင်းကျွတ်လပြည့် စသဖြင့် နေ့ထူး နေ့မြတ်တွေကို ထုံးတမ်းစဉ်လာအရ ကျင်းပလေ့ရှိကြတယ်။ မြန်မာ့သမိုင်းမှာ ဆိုရင် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ အာဇာနည်နေ့ဆိုပြီး သမိုင်းဝင် နေ့တွေကျင်းပလေ့ရှိကြတယ်။ ဒါတွေကို ဖျောက်ဖျက်လို့ မရဘူး။ ဖောက်ဖျက်လို့ လည်း မရဘူး။ အဲဒီ ထုံးတမ်းစဉ်လာတွေကို ဖျောက်ဖျက် ဖောက်ဖျက်တာဟာ ထုံးအိုးခွဲတာပဲ။

ခေါင်းရိုက်တယ်ဆိုတာကတော့ … ပြည်သူလူထုက နှစ်သက်သဘောကျစွာ ရွေးချယ်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို အသိအမှတ်မပြုဘဲ နိုင်လို မင်းထက် ပြုကျင့်တာကိုဆိုတာ။ အဲဒီလို ပြည်သူ့ခေါင်းဆောင်ကို အသိအမှတ် မပြုတာဟာ ပြည်သူတွေကို အသိအမှတ်မပြုတာပဲ။ ပြည်သူတွေရဲ့ ဆန္ဒကို မလေးစားတာပဲ။ ဒါဟာ ပြည်သူ့ခေါင်းကို ရိုက်တာနဲ့ တူတူပဲ။
***
အဲဒီနေ့က ဘုန်းကြီးက နောက်ထပ် မှတ်သားဖွယ် စကားတွေ အများကြီး ပြောပါ သေးတယ်။ အလျဉ်းသင့်ရင် ထပ်ရေးပါဦးမယ်။ ဒီနေ့တော့ အချိန်မရလို့ ဒီလောက် နဲ့သာ ရပ်လိုက်ပါတယ်။
***
မေဓာဝီ
၂၃၊ သြဂုတ်၊ ၂၀၀၇
နံက် ၁၀ နာရီ ၂၅ မိနစ်

Read More...

Wednesday, August 22, 2007

ဒီနေ့အဖို့ ...

ဒီနေ့အဖို့ …
အမြင်မတော်တာတွေချည်း ကြားရတာများလို့
စိတ်ပျက်လက်ပျက်နဲ့ …
အင်တာနက်ပေါ်တက်တော့ ကွန်နက်ရှင်ကဆိုး …
မိုးမရွာဘဲ ရာသီက အုံ့ပျ အိုက်စပ် …
ကွန်ပျူတာနဲ့ စာရိုက်နေတုန်း မီးကပျက် …
လမ်းမပေါ်မှာ လူတွေခြောက်ကပ်ကပ် …
ဘတ်စ်ကားတွေက ချောင်ချောင်ချိချိ ပြေးလွှား …

ဟိုမှာ … ဒီမှာ …
လူတွေလား … အရိုင်းသတ္တ၀ါတွေလား …
လူ-လူ ဟစ်နေတဲ့ သူခိုးတွေလား …
တစ္ဆေမကြောက်တဲ့ စုံလုံးကန်းတွေလား …
တုတ်ဆွဲ ဓါးဆွဲ လက်နက်ဆွဲတဲ့
ဘီလူး သရဲတွေလား …
အမှားဘက်ဇွတ်တိုးကာ
တရားလက်လွတ်လို့ ဆိုးဝါးနေကြပြီလား …

တရားကို နတ်စောင့်တယ်တဲ့ …
တရားကို စောင့်တဲ့နတ်
ဘယ်အထပ်မှာရောက်နေလဲတော့ မသိ
ဒီတိုင်းကြည့်နေကြတော့မှာလား …

မြတ်ဘုရားကို အမှူးထားလို့
သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များကို တိုင်တည်
လူကောင်းတွေကို ကယ်ဆယ်ဖို့အရေး
နှောင့်နှေးမနေပါနဲ့လား …
အရှင်မြတ်တို့ ဘုရား … ။ … ။

မေဓာဝီ
၂၂၊ သြဂုတ်၊ ၂၀၀၇
နေ့လည် ၁ နာရီ ၁၅ မိနစ်
***
မှတ်ချက်။ .. ။
အင်တာနက် ကွန်နက်ရှင် တော်တော်ကို ဆိုးနေပါပြီ။
တင်ခဲ့ဖူးသော စာ ၂-ပုဒ်ရဲ့ လင့်ခ်ကို ထည့်လိုက်ပါတယ်။
ခု အချိန်အခါနဲ့ တိုက်ဆိုင်နေလို့ပါ။


“လမ်းဆက်လျှောက်စို့”

“အမှန်တရားသည် အင်အား”

Read More...

Monday, August 20, 2007

ထိုနေ့ ...

ထိုနေ့က လေကို တ၀ကြီး စတင် ရှူရှိုက်ခဲ့ရသည်။
ထိုနေ့က ကြောက်လန့်တကြား ငိုကြွေးခဲ့ရသည်။
ထိုနေ့က အလင်းရောင်ကို စတင် မြင်တွေ့ခဲ့ရသည်။
ထိုနေ့က နွေးထွေးသော လက်များဖြင့် ကမ်းလင့် ကြိုဆိုခြင်း ခံခဲ့ရသည်။
ထိုနေ့က အမေ့မေတ္တာရည်ကို သောက်သုံးခဲ့ရသည်။
ထိုနေ့က အမေ့ရင်ခွင်ထဲမှာ အပူအပင်ကင်းစွာ အိပ်စက် နားနေခဲ့ရသည်။
ထိုနေ့က …
ဤလောကကြီးထဲသို့ … သူ တယောက်ထဲ …
ယောင်လည်လည်နှင့် ရောက်လာခဲ့ပါသည်။
***
အမေကတော့ နာကျင်နေပေလိမ့်မည်။
တနည်းအားဖြင့်လည်း ၀န်ထုပ်ဝန်ပိုးတခု လျော့သွားသဖြင့် ပေါ့ပါးနေပေလိမ့်မည်။
သို့ပေမဲ့ အမေဟာ ဒီဝန်ထုပ်ဝန်ပိုးကြီးကို သယ်ဆောင်ထားစဉ် တလျှောက်လုံးမှာ လည်း နှစ်သက်မြတ်နိုးစွာ ယုယတွယ်တာစွာ သယ်ဆောင်ထားခဲ့လေသည်။
ဒီဝန်ကို သယ်ဆောင်ချိန် ကုန်ဆုံးသည့် ထိုနေ့မှာ အမေ့အတွက် ကြုံနိုင်သည့် အသက်အန္တရာယ်ကိုပင် မမှု … ချွေးစက် … သွေးစက် … မျက်ရည်စက်တွေနှင့် … ၀န်တာတခုအတွက် အမေ တာဝန်ကျေခဲ့၏။
ကျေးဇူးကြီးမားလွန်းသော အမေ့ကို ရှိခိုး ဦးချ ကန်တော့လိုက်ပါသည်။
***
အမေ့ဝမ်းဗိုက်ထဲမှာ သန္ဓေတည်စ ကွမ်းသီးလုံးခန့်ပမာဏအရွယ်မှာ အဖေက သူ့ကို စမ်းကြည့်ခဲ့ဖူးသည်တဲ့။
“သမီးလေးကို ကွမ်းသီးလုံးလောက် အရွယ်ကတည်းက အဖေက စမ်းကြည့်ပြီး ချစ်နေတာ”
အဖေမကြာခဏ ဤသို့ပြောလေ့ရှိ၏။ အဖေက အမေ့ကို ပရိတ်ရွတ်ပေးသည်။ အမေ့ကို ရွတ်ရင်း သူ့ထံသို့ပါ အဖေ့ရဲ့ ပရိတ်စက်က ကျရောက်စေခဲ့သည်ပဲ။ အဖေ့ရဲ့ မေတ္တာက သူ့အပေါ် လွှမ်းခြုံနွေးထွေး အန္တရာယ်တွေ ကင်းဝေးစေပါ၏။
ကျေးဇူးရှင် အဖေ့ကို ဦးညွှတ်ကန်တော့လိုက်ပါသည်။
***
“ဘာလေးလဲ …”
“မိန်းကလေး”
“ဟင်……….”
အမေက ဟင်ခနဲ ဖြစ်သွားသည်။ သမီးမိန်းကလေး နှစ်ယောက်မွေးပြီးသားမို့ နောက်တယောက်ကိုတော့ ယောက်ျားလေးဖြစ်စေချင်ပြီ။ မိန်းကလေးချည်းပဲ ဖြစ်လာပြန်တော့ အမေက ‘ဟင်’ တော့သည်။ သူသည် အမေ့ဆန္ဒကို မွေးစ ကတည်းကပင် မဖြည့်ဆည်းပေးနိုင်သည့် သူတဦးပါပေ။
သိသိချင်း သူ့ကို ဟင် ခဲ့သည့် အမေက ရင်ခွင်ထဲမှာ ထည့်ထားပြီး မေတ္တာရည် တိုက်ကျွေးစဉ်မှာတော့ ငုံ့ကြည့်လို့မ၀နိုင်အောင် ဖြစ်ခဲ့ရသည် ... တဲ့။
(အမေ့မေတ္တာကို အကြွင်းမရှိ ယုံကြည်ပါတယ် အမေ … )
***
ဒုတိယ အမမွေးတုန်းက ၁၀ ပေါင်ရှိသည်။ အမေ့ဗိုက်ထဲမှာ အမကကြီးကြီးမားမား နေလာရတော့ သူ့အလှည့်ရောက်သည့်အခါ ၀မ်းဗိုက်ထဲမှာ ချောင်ကလောင် ဖြစ်နေသလားတော့မသိ။ ဗိုက်ထဲမှာ ကန့်လန့်ဖြစ်ဖြစ်သွားလို့ ပြန်ပြန်လှည့်ပေး နေရသည်ဟု အမေပြောပြသည်။
“မမွေးခင် ဗိုက်ထဲမှာကတည်းက ကန့်လန့်နေခဲ့တာ … အခုထိလည်း ကန့်လန့်ပဲ”
အမေက သူ့ကို သည့်နှယ် အမြဲပြောလေ့ရှိ၏။ ပြောလည်း ပြောချင်စရာပင်။ အိမ်သားတွေနှင့် ဘယ်တော့မှ သဟဇာတမဖြစ်သည့် သူဟာ ပြောသမျှ လုပ်သမျှ အမြဲ ကန့်လန့်တွေချည်းသာ။
***
“တခြားသားသမီးတွေ ကိုယ်ဝန်ရှိတုန်းက ချဉ်ခြင်းတပ်တာ ကမ္ဗလာသီးတို့ မာလကာသီးတို့၊ သူ့ကျမှ … ကွမ်းယာတဲ့… ကုလားများ ၀င်စားသလား မသိဘူး”
တကယ်တော့ ကွမ်းယာချဉ်ခြင်းတပ်ခြင်းဟာ ပိုက်ဆံအကုန်အကျ သက်သာပြီး ၀ယ်ရတောင် လွယ်သေးသည်ပဲ။ ဒုတိယအမတုန်းက မာလကာသီးချဉ်ခြင်း တပ်လို့ မာလကာသီးရှားနေတဲ့ အချိန်မှာတောင် မရ ရအောင် ၀ယ်စားခဲ့ရသည်လို့ အမေက ပြောပြပါသည်။
အမ ၂-ယောက်နှင့်စာလျှင် သူ၏ချဉ်ခြင်းက ဖိုးနည်းဝန်ပါပင် မဟုတ်လား။ အမေ ကျေနပ်သင့်ပါသည်။
***
အမေ့ကို စတင်မှတ်မိတော့ အမေ့ရဲ့ ကျွဲကော်ကိုင်းမျက်မှန်၊ မျက်မှန်အောက်က စူးရှတဲ့ မျက်လုံးတွေ၊ မျက်လုံးအောက်မှာ မျက်ရည်ခံမှည့်နက်ကြီးတလုံး။ နူးညံ့မှု သိပ်မရှိပေမဲ့ နွေးထွေးသည့် အမေ့ လက်ချောင်းများ … ။
မနက်မိုးလင်းလို့ အိပ်ရာထထချင်း အမေ့ကို မတွေ့လျှင် အားငယ်ပြီး ငိုချင်မိ၏။
“အမေ … ဘယ်မှာလဲ… အမေ …. ”
“အမေ ဒေါ်ထင်မေ ဘယ်ရောက်တွားရဲ တိဝူး …”
စကားပြောတတ်သည့် အရွယ်မှာ အိပ်ရာကနိုးသည်နှင့် ထိုသို့ မပီကလာ ရေရွတ် ကာ ငိုမဲ့မဲ့ဖြင့် အမေ့ကို ရှာဖွေခဲ့သည်။ ထိုစဉ်က ညီအမ ၃-ယောက်စလုံး အမေ့ကို နာမည် အပြည့်အစုံ တခါတလေ ခေါ်လေ့ရှိကြပါသည်။
***
စီးကရက်နှင့် ပေါင်ဒါ ရောပြွမ်းသော အနံ့ရလျှင် အဖေပြန်လာပြီဟု သိနေပြီ။ တနေကုန် အလုပ်သွားနေသည့် အဖေ့ကို သိပ်ခင်တွယ်၏။ အဖေ သီချင်းဆိုပြမှ၊ အဖေပုံပြောပြမှ၊ အဖေချီမှ ကျေနပ်လေ့ရှိသည်။ အဖေ့ကို မှတ်မိနေတာကတော့ အဖေ့ရင်ခွင်ထဲမှာ အိပ်နေရင်း မော့ကြည့်လျှင် အဖေ့ရဲ့ နှာခေါင်းပေါက်ကြီးကို မြင်ရသည်။ အဖေ့နှာခေါင်းပေါက်က ပဲစေ့ကြီးနဲ့ တူလိုက်တာဟု တွေးမိသလို အဖေ့ကိုလဲ ပြောမိ၏။ အမေနှင့် မတူသော အရာတခုလည်း အဖေ့မှာ ထူးခြားစွာ ရှိနေပြန်သည်။ အဲဒါကတော့ ရေသောက်လိုက်တိုင်း စကားပြောလိုက်တိုင်း တလှုပ်လှုပ် ဖြစ်နေတတ်သည့် အဖေ့ လည်ပင်းက လည်စေ့ကြီး။
“အဖေ … အဲဒါ ဘာကြီးလဲ”
“လည်စေ့ကြီးပေါ့”
“အဖေ ရေသောက်တာများရင် လည်စေ့ကြီးကနေ လည်ပင်ကြီး ပေါက်လာမှာ လား ဟင်”
အစေ့မှ အပင်ပေါက်တတ်သည်ကို သိပြီးနောက် အဖေ့တွင် လည်ပင်ပေါက်မှာ စိုးရိမ်ခဲ့ပြီး မိုးလင်းတိုင်း အဖေ့ဦးခေါင်းကို ကြည့်မိသည်။ လည်ပင်ကြီးပေါက်ပြီး အဖေ့ ခေါင်းပေါ်က ထွက်လာမှာလားဟု စိတ်ထဲ ထင်နေမိသည်ကိုး။
***
အိမ်မှာ အငယ်ဆုံးအဖြစ် ၅ နှစ်ကျော် ၆ နှစ်နီးပါး အလိုလိုက်ခံပြီး နေခဲ့ရသည်။ ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး၊ ဒေါ်လေးများ … အကို၊ အမ ၀မ်းကွဲများ ကြားမှာ အားလုံး၏ ချစ်ခြင်းနှင့် ဂရုစိုက်ခြင်းကို ခံခဲ့ရသည်။ ထိုထိုသူများ၏ စောင့်ရှောက်မှု ဖေးမမှုများ … သင်ကြားပေးမှုများသည်လည်း သူ့အတွက် အထောက်အကူများ ဖြစ်ခဲ့ရပါ၏။ ဒါကြောင့် ကျေးဇူးရှိသူများအားလုံးကို လေးစားစွာ ဂါရ၀ပြုလိုက်ပါ သည်။
***
ကျေးဇူးရှင် နောက်တဦးကတော့ သူ၏ ချစ်လှစွာသော အဖိုး (အမေ့အဖေ) ဖြစ်၏။
အဖိုးက မြေးတွေထဲမှာမှ သူတို့မောင်နှမတွေကို အရေးအပေးဆုံး အချစ်ဆုံး အလိုလိုက်ဆုံး ဖြစ်သည်။ သူတို့ကလည်း အဖိုး၏ ဝေယျာဝစ္စမှန်သမျှ မငြီးမငြူ စေတနာသန့်သန့်ဖြင့် လုပ်ပေးနေကျပင်။ (တခါတလေတော့ ငြီးငြူမိတာကို ၀န်ခံပါသည်။)
ထိုနေ့ကို အဖိုးရဲ့ အိပ်ဆောင်ဒိုင်ယာရီထဲတွင် ခုလို ရေးထားသည်ကို ဖတ်ခဲ့ရဖူး သည်။
“မနက် ၇ နာရီ …
မိုးဖွဲဖွဲရွာနေသည်။
သမီး မခင်မေ မီးဖွားရန် မြရတနာသို့ သွားသည်။
မိန်းကလေးမွေးဖွားသည်။ မိခင်ရော ကလေးပါ ကျန်းမာ၏။”
တခြား မြေးတွေ မွေးဖွားသောနေ့ကို အဖိုးမှတ်ထားမထား သူ မသိပါ။ ထိုနေ့ကို တော့ အဖိုးမှတ်ထားသည်ကို မှတ်မှတ်ရရ ဖတ်ခဲ့မိသည်။
အဖိုးရဲ့ အရိပ်အာဝါသအောက်မှာ ခုထိ (အဖိုးမရှိတော့သည့်တိုင်) ခိုလှုံနေထိုင်ခွင့် ရသည့်အတွက် အဖိုးကို အောက်မေ့သတိရစွာ ကန်တော့လိုက်ပါ၏။
***
ထိုနေ့သည် မိုးဖွဲဖွဲရွာနေသော စနေနေ့ တနေ့ဖြစ်သည်။
ထိုနေ့သည် သူ့ဘ၀၏ ပထမခြေလှမ်းစတင်သည့် နေ့တနေ့ ဖြစ်သည်။
ထိုနေ့သည် သူ၏ ငိုကျွေးခြင်း စတင်သည့်နေ့လည်း ဖြစ်သည်။
ထိုနေ့သည် ဒုက္ခ သုခများကို မြည်းစမ်းရန် …. ကံကြမ္မာနှင့် စီးချင်းထိုးရန် စတင် အခွင့်ရရှိခဲ့သည့်နေ့ဖြစ်သည်။
ထိုနေ့သည် ….
သူ မွေးဖွားခဲ့သော နေ့တနေ့ပင် ဖြစ်ပေတော့သည်။
***
ကျေးဇူးရှင်အပေါင်းအား … ရိုသေစွာ ဦးညွှတ် ကန်တော့လျက် …

မေဓာဝီ
၂၁ သြဂုတ် ၂၀၀၇
နံနက် ၄ နာရီ ၅၀ မိနစ်

Read More...

Sunday, August 19, 2007

လယ်တီဆရာတော်၏ ဆုံးမစာများ

တနေ့က ခေတ်ပြိုင်က ဆောင်းပါးခေါင်းစဉ် မှားတဲ့အကြောင်း အဖေ့ကို ဖတ်ပြပြီး နောက်နေ့မှာ အဖေက လယ်တီဆရာတော်ရဲ့ ထေရုပတ္တိကထာစာအုပ် ပေးဖတ် ပါတယ်။ အဲဒီထဲမှာပါတဲ့ လယ်တီဆရာတော်ရဲ့ ဆုံးမစာအချို့ကိုဖတ်ပြီး ကျမကို ဆုံးမနေသလိုခံစားရတယ်။ ဒါနဲ့ ကျမဘလော့မှာ တင်ပြီး သိမ်းထားလိုက်ပါတယ်။

အခုတေးထပ်ကတော့ တော်တော်များများ သိမှာပါ။ “ခက်ပါလှသဘောဉာဏ်” ဆိုပြီး ကျောင်းတုန်းက သင်ခဲ့ရဖူးပါတယ်။ အဲဒီတေးထပ်ဟာ မုံရွာမြို့အနီး ဆားထုံးရွာက အဘိဓမ္မာ မောင်ရောင်နီကို ရေးပေးတဲ့ ပိဋကတ်အစွယ်ချိုး တေးထပ် ဖြစ်ပါသတဲ့။

တပိုင်းကြောင် ကျက်စာရရုံနှင့်၊ ခက်ပါလှ သဘောဉာဏ်၊ ထက်မာန အပြောသန်တယ်၊ ဒေါသမာန်ထူပွား။ စောဒကတုဘက်လာလျှင်၊ သူ့ထက်ငါ ငြင်းတဲ့လူစား။ … ။ ဘုရားဟော မြတ်ဓမ္မက္ခန်ကို၊ တတ်လေဟန် ရောင်ဝါး၊ ပရမတ်ပြန် အကြောင်သမားတွေတို့၊ ထောင်လွှားကြသူ့ထက်ငါ။ အသိဉာဏ် တထွာလောက်ကယ်နှင့်၊ ညှာမထောက် ဟောတတ်လှပါ။ … ။ ပရိသတ် ထောမနာအောင်၊ စောဒနာဉာဏ်အကောက်တွေနှင့်၊ ကန်အကြောက် အတင်း မရှောင်၊ ငြင်းကြလူ့ဘောင်။ ပိဋကတ်အစွယ်ထောင်လျှင်၊ အပါယ်ဘောင် ဆင်းရလိမ့်လေး … ။ … ။
***
နောက်တပုဒ်ကတော့ မုံရွာမြို့မှာ အဘိဓမ္မာတရားနဲ့ပတ်သက်ပြီး အထူးထူးအထွေ ထွေ ကြံစည်ပြောဟော ငြင်းခုံနေကြတာကြောင့် ဆရာတော်ဘုရားကြီးက တပည့် ဖြစ်သူ အဘိဓမ္မာဆရာကြီး တရုတ်တန်းဦးတောက်ကို ရေးသားဆုံးမတော်မူတဲ့ ဧကပိုဒ် လင်္ကာဖြစ်ပါတယ်။

ဆိုပိမ့်ဟုတ်ရာ၊ စေ့စေ့နာလော့၊ သဒ္ဒါပရမတ်၊ မနူးနပ်ဘဲ၊ လူတတ်တဆူ၊ ငါကောဟူ၍၊ အယူထွေဆန်း၊ မရဲလွန်းနှင့်၊ ကျမ်းတဲ့ဂန်တဲ့၊ မရွဲ့စသာ၊ လေးမြတ်ပါမှ၊ ပညာတိုးပွား၊ အကျိုးများလိမ့်၊ လေးပါးပင်လယ်၊ နက်ဝှမ်းကျယ်ကို၊ ယုန်ငယ်သေးကွေး၊ မလောက်လေးမူ၊ သေဘေးမနှောင်း၊ မြဲစတောင်းတည့်၊ ခါကောင်းသမယ၊ န၀မတဲ့၊ ဘ၀အခိုက်၊ မကြိုက်စသာ၊ ကြိုက်ခဲ့ပါလည်း၊ သမ္မာမ၀င်၊ မိစ္ဆာယှဉ်က၊ လူတွင်လုံးလုံး၊ အဖြစ်ရှုံး၏၊ ထုံးတောင်းတန္တီ၊ ကျမ်းအညီ နှင့်၊ ဂမ္ဘီရဓာတ်၊ ပရမတ်ကို၊ အတတ်တွေးတော၊ မဟောပြောနှင့်၊ သဘောသကံ၊ မိမိဉာဏ်နှင့်၊ မတန်မရာ၊ နက်နဲစွာကို၊ အရာမသိ၊ မရိပ်မိဘဲ၊ ဟုတ်လိနိုးနိုး၊ ဆင်ကန်းတိုးသို့၊ ကြိုးကြိုးပမ်းပမ်း၊ အကြံဆန်းမူ၊ ပရမ်းပတာ၊ စိတ်သညာဖြင့်၊ ထင်ရာထင်မိ၊ မှားခေါင်ထိ၍၊ ဒိဋ္ဌိ ဒီမြစ်၊ စုံးစုံးနစ်သည်။ … ။ လူဖြစ် ဤတွင် အဆုံးတည်း။ …. ။
***
အခုဖော်ပြမယ့် မုံရွာမြို့ အဘိဓမ္မာဆရာကြီး ဦးသဲကို ဆုံးမတော်မူတဲ့ မငဲ့မညှာ ဆုံးမစာကိုတော့ ကျမ အနှစ်သက်ဆုံးပါပဲ။ သုံးထားတဲ့စကားလုံးတွေကလည်း ထိမိလှပါတယ်။ မငဲ့မညှာဘဲ တဲ့တိုး တိုက်ရိုက် နားထဲဝင်အောင် ရင်ထဲရောက် အောင် ဆုံးမထားတဲ့ ဒီဆုံးမစာကို ဖတ်ရင်းနဲ့ ကြောက်လာတယ်၊ လန့်လာတယ်၊ တကယ်ပဲ ကျမတို့ဟာ သန်းခေါင်လကွယ် တောအုပ်ရဲ့အလယ် အမိုက်မှောင်ထဲ က လူသားတွေလိုပဲ မဟုတ်လား။ ဒီဆုံးမစာမှာ ဆရာတော်ကြီးရဲ့ စေတနာတွေ ကရုဏာတွေ အများကြီး ပါပါတယ်။ ဖတ်ကြည့်ပါဦး။

ဆိုပိမ့်မညှာ၊ စေ့စေ့နာလော့၊ ဂင်္ဂါသဲမျှ၊ ပွင့်ကုန်ကြသား၊ ဘုရားသာသနာ၊ ခေတ်အခါဝယ်၊ လူ့ရွာနတ်၌၊ နင်ကြုံကြိုက်လည်း၊ အမိုက်မချွေ၊ အလိုက်နေ၍၊ အခြေမကြီး၊ အချည်းနှီးလျှင်၊ ယီးတီးယောင်တောင်၊ ခုတိုင်အောင်တည့်၊ သန်းခေါင်လကွယ်၊ တောအုပ်လယ်၌၊ ရှစ်နယ်ပတ်ကုံး၊ အပြည့်ဖုံးသည်၊ မိုဃ်းလုံး တိမ်တိုက်၊ လျှပ်မကြိုက်သား၊ အမိုက်အပြား၊ အင်လေးပါးထက်၊ နင်ကား ရာထောင်၊ မကမှောင်၏။ လူ့ဘောင် လူ့ရွာ၊ သာသနာ၌၊ ကြမ္မာတော်၍၊ ယခုတွေ့ လည်း၊ အလေ့မလွဲ၊ အများနဲလျှင်၊ မိုက်မြဲနှင်နှင်၊ မိုက်စရွှင်၏။ မျက်မြင်လောက၊ ဤဘ၀ကား၊ ဒုက္ခစင်းစင်း၊ ချမ်းသာကင်း၏။ သေမင်းအစာ၊ နင့်ခန္ဓာကို၊ တဏှာဘီလူး၊ အမှောင့်ပူး၍၊ အရူးပြင်ပြင်၊ နင့်ကိုယ်ထင်၏။ နင်နှင့်မဆိုင်၊ နင်ပိုင် မဟုတ်၊ နင့်ရုပ် နင့်နာမ်၊ နင့်သန္တာန်ကို၊ နင့်ဉာဏ်မစူး၊ အပေါ်ဖြူး၍၊ မူးမူးမေ့မေ့၊ အများလေ့ဖြင့်၊ နေ့ရက်အပုံ၊ လွန်ခဲ့တုံပြီ၊ အာရုံဝတ္ထု၊ မီးစာစုကို၊ မှုမှုရရ၊ နင်အားကျလည်း၊ ထားပြသေမင်း၊ သူ့တပ်နင်းက၊ မငြင်းဆန်သာ၊ နင့်ခန္ဓာသည်၊ ပြာပုံအပြီး၊ ဖြစ်လုနီးပြီ၊ ယီးတီးယားတား၊ သေ၍သွားလည်း၊ တရားမကြွယ်၊ အထုပ်ငယ်လျက်၊ အပါယ်စခန်း၊ သွားမြဲလမ်း၌၊ တပန်းဟိုက်ဟိုက်၊ တရှိုက်ငင်ငင်၊ တငြင်ငြိုငြို၊ ဆင်းရဲပိုလျက်၊ ထိုထိုဘ၀၊ အနန္တလျှင်၊ အစမဆုံး၊ အများထုံးတည့်၊ အနှုန်းမပျက်၊ အောက်နရက်ဝယ်၊ တသက်နွယ်နွယ်၊ အမြစ်တွယ်သို့၊ အပါယ်ထိုထို၊ ဥဒဟိုသည်။ … ။ နင်လို လူမိုက် သွားလမ်းတည်း … ။ … ။
***
နောက်ဆုံးဖော်ပြမယ့် တပုဒ်ကတော့ အရွယ်နှောင်းတဲ့အထိ စီးပွားရှာ အလုပ်လုပ် အသက်မွေးဝမ်းကျောင်းနေတဲ့ တပည့် မောင်သြဇာကို ဆုံးမတော်မူတဲ့ သြ၀ါဒ တေးထပ်တပုဒ်ဖြစ်ပါတယ်။

ပစ္စည်းရှာ အလုပ်နှင့်၊ နေ့ပုပ်လို့ ရက်ဟုံ၊ နှစ်မျောလို့ အသက်ကုန်တယ်၊ တွက်ပုံဖြင့် မကောင်း။ ခုလိုနှင့် သံသာဘွေမှာ၊ ခန္ဓာတွေများတဲ့ စတောင်း။ … ။ သက်မွေးမှု စခန်းပိုအောင်၊ ၀မ်းကိုသာနင်ကျောင်း၊ လေးဆယ်ကျော် အရွယ် နှောင်းခါမှ၊ သူကြွယ်လောင်းလုပ်ချင်။ မိုဃ်းကုန်ပြီ ထွန်မချချင်နှင့်၊ ရွံစရာ့ မှားဖို့ ဖြစ်အင်။ … ။ နွားအိုကြီး အမော့သင်သလို၊ မလျှော့လျှင် ဘ၀ဆုံးရှာတော့၊ အစတုံးနင့်အဆင်၊ လွဲဖို့သာပြင်။ တရားသို့ မသက်ဝင်လျှင်၊ အခက်နင် ကြုံတွေ့ ဖို့လေး။ … ။
***
ဒီကနေ့အဖို့တော့ ကျမလည်း ဆရာတော်ဘုရားကြီးရဲ့ ဆုံးမစာတွေကို အဖန်ဖန် အထပ်ထပ် ဖတ်ရှုပြီး ကိုယ့်ကိုယ်ကိုယ် ဆုံးမနေရပါတယ်။ အသက်တွေလည်း ကြီးပြီ … လူက မိုက်ချင်နေတုန်းမို့လေ။
***
မေဓာဝီ
19th Aug, 2007
12:00 noon

Read More...

Saturday, August 18, 2007

ဘဲတအုပ် နှင့် ဗေဒါပင်

မနေ့ညနေက အမေ ဆေးခန်းပြရမယ့်နေ့မို့ ရွှေဂုံတိုင်အထူးကု ဆေးခန်းကြီးကို သွားရပါတယ်။ ခါတိုင်းဆိုရင်တော့ ဆရာဝန်ရောက်ပြီလားလို့ ဖုန်းဆက်မေးပြီးမှ သွားလေ့ရှိပေမဲ့ ဒီကနေ့တော့ မိုးလေကင်းစင်နေတာနဲ့ အမေက ခပ်စောစောပဲ သွားကြစို့ဆိုပြီး ခါတိုင်းထက် ၁၅ မိနစ်လောက် စောပြီး အိမ်ကထွက်လာခဲ့ကြ တယ်။ ဆေးခန်းရောက်တော့ ထုံးစံအတိုင်း ကိုယ်အလေးချိန်နဲ့ သွေးပေါင်ချိန်ပြီး ဆရာဝန် စမ်းသပ်ခန်းမှာ စာအုပ်ထပ်ဖို့ သွားကြည့်တော့ အခန်းထဲမှာ ဘယ်သူမှ ရှိမနေပါဘူး။ အနားမှာ ထိုင်စောင့်နေသူတွေက ဆရာဝန် မရောက်သေးဘူးလို့ ပြောကြတယ်။ ဒါနဲ့ပဲ အမေထိုင်ဖို့ ထိုင်ခုံနေရာလွတ် လိုက်ရှာတော့ လွတ်တဲ့ခုံ တခုံမှ မရှိဘူး။

တချို့နေရာတွေက လွတ်တော့လွတ်နေတယ်၊ ဒါပေမဲ့ စာရွက်တရွက်၊ ဒါမှမဟုတ် ရေသန့်တဗူး၊ ထီးတချောင်း၊ ယပ်တောင်တခု … အဲဒီလို ပစ္စည်းလေးတွေတင်ပြီး နေရာဦးထားကြတယ်။
“လူရှိလား အမ”
ကြော်ငြာစာရွက်တရွက်ချပြီး ဦးထားတဲ့ ထိုင်ခုံဘေးက အမကြီးတယောက်ကို မသိချင်ယောင်ဆောင်ပြီး ကျမက သွားမေးလိုက်တော့ …
“ရှိတယ်” လို့ … မပွင့်တပွင့်ပြောတယ်။
“ဒီနေရာမှာလေ … လူရှိတယ် ဟုတ်လား” သေချာအောင် ထပ်မေးလိုက်တော့ …
“အင်းးးးး” ဆိုပြီး ခပ်သွက်သွက် ခေါင်းညိတ်ပြပါတယ်။

ဒီလိုနဲ့ အမေ့ကို ခဏရပ်နေခိုင်းပြီး တလိုင်းပြီးတလိုင်း တခုံပြီးတခုံ လှည့်လည်ပြီး နေရာလွတ်ကို လိုက်ရှာနေရာက တနေရာမှာလွတ်နေတာ တွေ့ရော …
“အမေ … လာလာ .. ဒီမှာထိုင်” ၀မ်းသာအားရနဲ့ ထိုင်ခိုင်းလိုက်ရပါတယ်။ ဆေးခန်းမှာ လူကအပြည့်ပါပဲ။ ထိုင်ခုံအသီးသီးမှာ ထိုင်နေသူတွေ၊ ဟိုဟိုဒီဒီ လမ်းလျှောက်နေသူတွေ၊ ဟိုတစု ဒီတစုနဲ့ မတ်တပ်ရပ်နေသူတွေ၊ ဆေးရောင်းတဲ့ ကောင်တာမှာ ဆေးဝယ်ဖို့ အုံခဲနေသူတွေ၊ ဓာတ်မှန်ရိုက်ဖို့ စောင့်နေသူတွေ၊ သွေး စစ် သွေးဖောက်ဖို့ တန်းစီနေသူတွေ … ပျားပန်းခပ်လို့ … သူတို့ကိုလိုက်ကြည့်ရင်း မူးနောက်လို့ လာတယ်။ ဒီလောက်များတဲ့ လူတွေရဲ့ အငွေ့အသက်တွေကို နိုင်တဲ့ လေအေးပေးစက်လည်း မရှိလောက်ဘူး ထင်ပါရဲ့။ နေရတာ အိုက်စပ်စပ်၊ ပေါင်းအိုးထဲ ၀င်နေရသလို၊ ချွေးစေးတွေပြန်လို့။ တော်ရုံတန်ရုံ နေထိုင်မကောင်း တဲ့သူ ဆေးခန်းရောက်ရင် ပိုတောင် ရောဂါတိုးမလား မပြောတတ်ပါဘူး။

အချိန်တန်တဲ့အထိ ဆရာဝန်က ရောက်မလာသေးပါဘူး။ အခန်းထဲမှာ ဆရာဝန်ရဲ့ လက်တိုလက်တောင်း မိန်းကလေး နှစ်ယောက်လည်း မတွေ့ဘူး။ အသာလေး အခန်းတံခါးလှပ်ကြည့်တော့ ဆရာဝန်အခန်းထဲက လေအေးပေးစက်ရဲ့ အအေး ဓာတ်က အခန်းထဲက လျှံထွက်လာတယ်။ ခဏလေးတော့ အေးသွားတာပဲပေါ့။ ထိုင်ခုံနေရာမရတဲ့ အ၀တ်ခပ်နွမ်းနွမ်းဝတ်စားထားသူ ဦးလေးကြီးတယောက်က တော့ ခြေနင်းဖတ်မှာပဲ ခပ်တည်တည်နဲ့ မိန့်မိန့်ကြီး တင်ပလ္လင်ခွေထိုင်နေတယ်။ အဲဒါလည်း အေးတာပဲ။ ဘယ်သူ့ဂရုစိုက်ရမှာတုန်း … သူလည်း ညောင်းရှာမှာပေါ့။

အမေက နာရီတကြည့်ကြည့် ဖြစ်နေပြီ။ ဆရာဝန်က မလာသေးပါဘူး။ ဘေးနားက အဒေါ်ကြီးတယောက်က တိုကင်နံပါတ် ၃၉ တဲ့။ အမေက ၁၅။ လူတွေအားလုံးက ဆရာဝန်လာမယ့် လမ်းဆီကို လည်တဆန့်ဆန့် တမျှော်မျှော်နဲ့။ ခဏအကြာမှာ ဆရာဝန်အခန်းက ၀န်ထမ်းမိန်းကလေး ရောက်လာပြီး …
“ဆရာ့ဆီက ဖုန်းလာတယ် … နည်းနည်း နောက်ကျမယ်တဲ့ …” ဆိုတဲ့စကား တခွန်း ပြောပါတယ်။ နာရီကြည့်လိုက်တော့ လာရမယ့်အချိန်ထက် ၁ နာရီ လောက် လွန်နေပါပြီ။ စိတ်မရှည်တဲ့ အမေကတော့ ပြန်ချင်နေတယ်။ စောင့်ရတာ လည်း သက်သောင့်သက်သာ မရှိတော့ နဂိုကမှ မမာတဲ့လူဟာ နုန်းနေ မောနေပြီ ပေါ့။ ဒါပေမဲ့ မတတ်နိုင်ဘူး။

“ရောက်ပြီးမှတော့ စောင့်လိုက်ပါ အမေရယ် … နောက် တခေါက် တိုကင်ယူဖို့ လည်း မလွယ်ဘူး၊ ပြီးတော့ ဒီနေ့က ချိန်းထားတဲ့နေ့ ဆိုတော့ ….” အမေ့ကို ချော့မော့ချွေးသိပ်ပြီး ကျမက ပရီးမီးယား ကော်ဖီတခွက် ၀ယ်သောက်လိုက်တယ်။ စောင့်ရတာ ဗိုက်ဆာနေပြီလေ။ ကော်ဖီသောက်ရင်း အနားကလူကြီးက စကား စမြည်လာပြောလို့ သိရတာက ဒီဆရာဝန်က ဒဂုံမြောက်ပိုင်းမှာ အသစ်ဖွင့်ထားတဲ့ ပင်လုံဆေးရုံမှာလည်း ထိုင်သတဲ့။ ပင်လုံဆေးရုံက ရွှေဂုံတိုင်ရဲ့ အခွဲလို့လည်း သိရ တယ်။ ပင်လုံဆေးရုံက ဒီဆေးခန်းထက် စမ်းသပ်ခ ပိုများသတဲ့။ ဒီမှာက တယောက် ၄၀၀၀ ကျပ်၊ ပင်လုံမှာက ၅၀၀၀ ကျပ်လို့ ပြောပြပါတယ်။ ဒဂုံမြို့သစ် ကနေ ဒီကိုလာရမှာဆိုရင် တော်တော်ကြာဦးမှာ။ ထပ်ရောက်လာတဲ့ လူနာတွေက လည်း တဖွဲဖွဲနဲ့။ ဆရာဝန် မရှိတဲ့ အခန်းရဲ့ တံခါးလေးကတော့ ပိတ်လျက်ပါပဲ။

တော်သေးတာက အခု အမေပြမယ့်ဆရာဝန်ဟာ အမေ့အမ (ကျမ ကြီးတော်ကြီး) ပြတဲ့ ဆရာဝန်လောက် လူနာလည်း မများ၊ တိုကင်ယူရတာလည်း မခက်လို့ပါပဲ။ ကြီးတော်ကြီးပြတဲ့ ဆရာဝန်ဆိုရင် မနက် ၄ နာရီလောက် ထပြီး တိုကင် တန်းစီ ရတယ်။ ဒါတောင် နံပါတ် ၆၀၊ ၇၀ လောက်သာရပါတယ်။ တနေ့ကို လူနာ ရာနဲ့ချီပြီး ကြည့်ရတယ်။ တချို့က တိုကင်ယူရခက်လို့ အိုပီဒီ အရေးပေါ်မှာ ခေါ်ပြသတဲ့။ အရေးပေါ်မှာ ပြတဲ့စမ်းသပ်ခက ကျပ် တသောင်း ဆိုပဲ။ အဲဒီ ဆရာဝန်က နာရီဝက် တကြိမ် အရေးပေါ်ကို ဆင်းတယ်တဲ့။ ဒါလည်း မဆိုးပါဘူး။ တတ်နိုင်ရင် အချိန်နဲ့ ငွေကို အလဲအလှယ် လုပ်သင့်လုပ်ရမှာပဲ မဟုတ်လား။

နောက် … ဦးနှောက်နဲ့ အာရုံကြော အထူးကု ဆရာဝန်မကြီး တယောက်ဆိုလည်း တနေ့ လူနာ ၃၀၀ ကြည့်ရတယ်တဲ့။ ရွှေဂုံတိုင်ဆေးခန်း တခုထဲမှာတွင် လူနာ ပေါင်း ၃၀၀ ကိုကြည့်ရတာပါ။ ဒါနဲ့ ကျမလည်း သူတနေ့ရမယ့် ၀င်ငွေကို စိတ်ထဲက တွက်ကြည့်လိုက်မိတယ်။ တယောက်ကို စမ်းသပ်ခ ၄၀၀၀-ကျပ် ဆိုတော့ အယောက် ၃၀၀ ဆို ၁၂-သိန်း။ အင်း … အဲဒီ လူနာ ၃၀၀-ယောက်မှာ တယောက်ကို အချိန် ဘယ်လောက်ပေးပြီး ကြည့်ရှု စမ်းသပ်သလဲတော့ မပြော တတ်ပါဘူး။ လူနာ တယောက်ကို စမ်းသပ်ချိန် ၂ မိနစ် ပေးတယ်ပဲထား။ ၃၀၀ ဆိုရင် မိနစ် ၆၀၀၊ နာရီနဲ့ဆို ၁၀ နာရီ။ ၁၀ နာရီကြီးလုံးလုံး ဆေးခန်း တခုထဲမှာ ထိုင်နိုင်သလားတော့ မသိ။ စမ်းသပ်ချိန် ၂ မိနစ်ကရော … လူနာတယောက် အတွက် လုံလောက်ပါရဲ့လား။

ဝှူး … ဉာဏ်မမီတဲ့ အရာတွေ မတွေးတာဘဲ ကောင်းတယ် … ။
ကျမတို့ တိုင်းပြည်မှာ … လူနာတွေကပဲ များလွန်းတာလား … ။
ဆရာဝန်တွေကပဲ ရှားလွန်းတာလား …. ။ ခေါင်းထဲမှာ ရှုပ်ထွေးလို့ … ။

စိတ်ပျက်လက်ပျက်နဲ့ ကော်ဖီတခွက်ထိုင်သောက်နေရင်း ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာလေး ခေါင်းထဲ ဘယ်လိုကဘယ်လို ရောက်လာမှန်းမသိပါဘူး။ ခပ်တိုးတိုး ရွတ်လိုက်မိသေး … ။

“ဘဲအုပ်က တရာ နှစ်ရာ
မဗေဒါက တပင်ထဲ …
အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ
ပန်းပန်လျက်ပဲ ….”

လူမမာတွေကိုကြည့်ပြီး ဘဲအုပ်ကြီးလို့ ကျမမျက်စိထဲ မြင်နေမိတယ်။ ဆရာဝန် ကတော့ ဗေဒါပင်ကလေး ဆိုပါတော့ … ။ ဆရာဝန် အခန်းထဲကို လူနာတွေက ၀င်လာလိုက်၊ ပြန်ထွက်သွားလိုက် … နောက်ဆုံးတော့ ဆရာဝန်ခမျာမှာ ဘဲတအုပ် ရဲ့ အယက်အကန်ကို ခံထားရတဲ့ ဗေဒါပင်ကလေးလို ဖတ်ဖတ်ကိုမောပြီး နွမ်းလျလို့ … ။

ဒါပေမဲ့ ….
အင်း …
ဒါပေမဲ့ …. ပေါ့လေ … ။
မောပန်း နွမ်းလျနေတဲ့ ဗေဒါပင်ကလေးတွေရဲ့ အိမ်အပြန်လမ်းမှာတော့ ….
ပန်းကလေးတွေ ပန်လို့သာပဲ မဟုတ်လား … ။
***
မေဓာဝီ
17th Aug, 2007
5:00 pm

Read More...

Thursday, August 16, 2007

ခေတ်ပြိုင် ... နှင့်ပြိုင် ...

မနေ့က သတင်းတွေဖတ်ရင်းနဲ့ ဟိုဟိုဒီဒီ သတင်းဝက်ဘ်ဆိုက်တွေ ရောက်သွား ရာက ခေတ်ပြိုင် ကိုပါ ရောက်ခဲ့ပါတယ်။ ခေတ်ပြိုင်ဝက်ဘ်ဆိုက်က ပုံမှန်ဆိုရင် ကျမတို့ဆီက ၀င်ဖတ်မရပါဘူး။ ဟိုလိုဒီလို ကျော်ဟယ် လှော်ဟယ်နဲ့ ၀င်မှ ရတာပါ။ တခါတလေ အဲဒီလိုတောင် ကျော်လို့ လှော်လို့ မရတာကြောင့် မဖတ်ဖြစ် ဘူး။ မနေ့ကတော့ မေးလ်ထဲ ရောက်လာတဲ့ news alert က ကောက်စာ (catch phrase) လေးတွေကို ဖတ်ရင်းနဲ့ စိတ်ဝင်စားတဲ့ သတင်းလေးတွေ ဖတ်ချင်လို့ ကျော်ဝင်ကြည့်တော့ ရသွားတယ်။ ဒါနဲ့ သတင်းတွေဖတ်ရင်း ဆောင်းပါးတွေ လည်း ဖတ်မလို့ ခေါင်းစဉ်တွေ လျှောက်ကြည့်တော့ ….

ဆောင်းပါးရှင် ဏီသစ်ရဲ့ “ခွင့်သာတုန်းမှ မရုန်းချင်လျှင် အရှုံးနှင့်ပြိုင်ရှိသေး လေလိမ့်လား” ဆိုတဲ့ ခေါင်းစဉ်ကို သွားတွေ့ပါတယ်။ ဒီစာသား မြင်ဖူးတယ်၊ ဖတ်ဖူးတယ်၊ ဒါပေမဲ့ ဒီလိုမဟုတ်ဘူး လွဲနေတယ် … တမင်ပဲ လွဲထားတာလား။ ဘာလား ညာလား တွေးတောစပ်စုမိတာနဲ့ “အပြည့်အစုံသို့” ကို ကလစ်လိုက်ပြီး ဆောင်းပါးကို ခပ်မြန်မြန် ဖတ်လိုက်တယ်။ တွေ့ပါပြီ။ ဆောင်းပါးရဲ့ အဆုံးသတ်မှာ … ခုလို ရေးထားတယ်။

“ဒါကြောင့် အခွင့်သာခိုက် သံပူခိုက်မှာ ပြတ်ပြတ်သား မထုနှက်ဘဲ ကိစ္စပြတ်အောင် မဆောင်ရွက်ကြလျှင် ဒုက္ခများစေ၊ အကျိုးမဲ့စေကြောင်း လယ်တီဆရာတော်ဘုရားကြီး ဆိုဆုံးမခဲ့သော ဤ အလင်္ကာလေးကို နှလုံးသွင်းရင်း နှိုးဆော်လိုက်ရပါကြောင်း...။ ။
* အခွင့်သာတုန်းမှ မရုန်းချင်လျှင် အရှုံးနှင့်ပြိုင် ရှိသေးလေလိမ့်လား၊
* အခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနှင့်ပြိုင်ရှိသေးလေလိမ့်လား၊
* အခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နှင့်ပြိုင်ရှိလေလိမ့်လား။”

ဒါကိုဖတ်ပြီး ကျမ မျက်လုံးပြူးသွားပါတယ်။ အနားမှာ အဖေလည်းရှိနေတာမို့ အဖေ့ကိုပါ ဖတ်ပြလိုက်မိတယ်။ အဖေကတော့ နားထောင်ပြီး ရယ်နေတာပါပဲ။ ဆောင်းပါးပါ ကျန်အကြောင်းအရာ အချက်အလက်တွေကိုတော့ ကျမ ဉာဏ်မမီ လို့ မပြောချင်ပါဘူး။ ကျမသိထားတဲ့ အကြောင်းလေးပဲ ရွေးပြောမှာပါ။

အထက်ပါ စာသားမှာ …
ပထမဆုံးပြောချင်တာကတော့ အလင်္ကာ ဆိုတဲ့ အသုံးအနှုန်းပါပဲ။
လင်္ကာနဲ့ အလင်္ကာနဲ့ မတူပါဘူး။
လင်္ကာဆိုတာ ရေးစပ်သီကုံးရတဲ့ ကဗျာ၊ လင်္ကာ၊ သီချင်း စသည်တို့ဖြစ်ပါတယ်။
အလင်္ကာဆိုတာကတော့ အဲဒီ ကဗျာ၊ လင်္ကာ၊ သီချင်းတွေသီကုံးတဲ့အခါ လှပအောင် တန်ဆာဆင်ပြီး သုံးနှုန်းတဲ့ စကားလုံးလို့ သိထားပါတယ်။ ရူပကအလင်္ကာ၊ ဥပမာအလင်္ကာ၊ အတိဿယ၀ုတ္တိအလင်္ကာ စသဖြင့်ပေါ့။

နောက်တခုက လယ်တီဆရာတော်ဘုရားကြီး ရေးသားတော်မူခဲ့တဲ့ အဲဒီ ဆုံးမစာကို ပြန်ရေးတာဟာလည်း လုံးဝကို မှားယွင်းနေပါတယ်။
ကျမသိခဲ့ မှတ်သားခဲ့ဖူးတာကတော့ …
“ခွင့်သာတုန်းမှ မရုန်းလျှင် … အရှုံး နင့်ပြင် ရှိသေးလိမ့်လား”
“ခွင့်သာဆဲမှ မခဲလျှင် … အလွဲ နင့်ပြင် ရှိသေးလိမ့်လား”
“ခွင့်သာခိုက်မှ မလိုက်လျှင် … အမိုက် နင့်ပြင် ရှိသေးလိမ့်လား”
အဲဒီလိုသာ ဖြစ်ပါတယ်။
“နှင့်ပြိုင်” မဟုတ်၊ “နင့်ပြင်” … သာ ဖြစ်ပါတယ်။

ဆိုလိုတာက …
အခွင့်သာချိန်မှာမှ ရုန်းမထွက်ဘူးဆိုပါရင် အရှုံးကြီး ရှုံးမယ့်သူဟာ နင့်အပြင် ဘယ်သူ ရှိဦးမှာလဲလို့ ဆိုတဲ့သဘောဖြစ်ပါတယ်။

ကြည့်ရတာတော့ ဆောင်းပါးရှင် ဏီသစ်က အမှတ်မှားသွားပုံရပါတယ်။ “နင့်ပြင်” ဆိုတဲ့ စာလုံးနဲ့ “နှင့်ပြိုင်” ဆိုတဲ့ စာလုံးက ဆင်တူရိုးမှားမဟုတ် လား။ ဒါမှမဟုတ် နင့်အပြင်ဆိုတာ မဟုတ်လောက်ဘူးဆိုပြီးများ အတ္တနောမတိ နဲ့ ပြင်ရေးလိုက်တာ များလား။ ကျမတို့ ဂျာနယ်လုပ်တုန်းက ဖြစ်ဖူးသလိုပေါ့၊ သုမောင်က သူ့ရဲ့ ဆောင်းပါးတပုဒ်ထဲမှာ “တမင်တကာ” ဆိုတဲ့စကားလုံးကို “တမင်္ဂလာ” ဆိုပြီး တမင်တကာ ရေးလိုက်တာကို ဒီတီပီ သမားက တမင်္ဂလာ ဆိုတာတော့ မဖြစ်နိုင်ဘူး။ …. ဆိုပြီး တ၀မ်းပူကို အ-ပြောင်းလို့ “အမင်္ဂလာ” လို့ ရိုက်ထည့် လိုက်ပါလေရော။ အယ်ဒီတာကြီးကလည်း မမြင်တော့ ဒီအတိုင်း ပုံနှိပ် လိုက်တာ ပေါ့။ ဘာပြော ကောင်းမလဲ၊ အဲဒီတပတ်ဂျာနယ်လည်း ထွက်လာရော … ဦးသုမောင်ကြီးကိုလည်း တောင်းပန်ရ။ နောက်တပတ်မှာလည်း အမှားပြင်ဆင် ခြင်း ထည့်လိုက်ရတော့တာပါပဲ။

အခုရော …. ဒီဆောင်းပါးမှာ … ဆောင်းပါးရှင် ဏီသစ်က မှားတာလား။ စာရိုက်တဲ့ ပုဂ္ဂိုလ်က မှားတာလား၊ အယ်ဒီတာကြီးများကရော … ပမာဒလေခပြီး မမြင်တာ လား။ ဒါမှမဟုတ် ….
…. …. …. ….
…. …. …. ….
…. …. …. ….
အင်း … ကျမလည်း အားနေတာနဲ့ တွေးမိတွေးရာတွေ လျှောက်တွေးနေမိတာပါ။
ကျမကလည်း ကျမပါပဲ … ။ မှားတာတွေ့လည်း ကိုယ့်ဟာကိုယ် ပြင်ဖတ်လို့ ရနေတာကို …. ဘလော့ပေါ်တင်ပြီး ရေးကြီးခွင်ကျယ် လုပ်မိနေသေးပါရဲ့။
***
မေဓာဝီ
16th Aug, 2007
3:00 pm

Read More...

Wednesday, August 15, 2007

ခဏတဖြုတ် အတွေး

ဒီမနက် ကျမတို့ဆီက ၀န်ထမ်းတယောက် ရုံးရောက်လာတဲ့အချိန်က မနက် ၁၀ နာရီ ထိုးနေပါပြီ။ သူလာရမယ့်အချိန်က မနက် ၈ နာရီ။ လိုင်းကားတွေမထွက်လို့ စောင့်ရင်း စောင့်ရင်း နောက်ကျနေတာနဲ့ အောက်ဆိုက်ကားကို ဈေးကြီးပေးစီး ခဲ့ရတယ် ပြောပါတယ်။ နောက်တခါ စာလာသင်တဲ့ဆရာတယောက်လည်း လိုင်းကားစောင့်ရင်း အချိန်နောက်ကျပြီး ကားမရတဲ့အဆုံး ကျောင်းကြိုကား တစီးကို လက်တားလို့ တောင်းတောင်းပန်ပန် စီးခဲ့ရပါသတဲ့။

ဒီအဖြစ်အတွေရဲ့ မြစ်ဖျားခံရာကတော့ ဓာတ်ဆီ ဒီဇယ်နဲ့ CNG ဈေးတွေ ရုတ်တရက် တက်သွားလို့ပါပဲ။ CNG က ၇၀၀ နှုန်းကနေ ၃၅၀၀ ဖြစ်တယ်တဲ့။ ဓာတ်ဆီက ၂၅၀၀ နဲ့ ဒီဇယ်က ၃၀၀၀ လို့ မနေ့ည ၁၂ နာရီမှ အမိန့်ထွက်လို့ ဒီမနက်ကစပြီး ဈေးတွေ ပြောင်းလဲ သတ်မှတ်လိုက်ပါသတဲ့။ အဲဒီနောက်ဆက်တွဲ ဂယက်ကတော့ ဘယ်လောက်ထိ ရှိလာဦးမယ် မပြောတတ်ပါဘူး။ သေချာတာက တော့ ကုန်ဈေး နှုန်းတွေ တက်ဦးမှာပါပဲ။

ဒါနဲ့ ကျမလည်း ကမန်းကတန်း ဈေးကိုပြေးပြီး လိုအပ်တဲ့ အခြောက်အခြမ်းတွေ ၀ယ်ထားရပါတယ်။ ကြက်သွန်နီတွေက ဟိုတလောကတည်းက ၆၀၀ ကနေ ၁၂၀၀ ထိ တက်လိုက်တာ ၁၀၀၀ အထိပဲ ကျပြီး ဒီထက် ပြန်ကိုမကျတော့ဘူး။ ရန်ကုန်ပဲဆီသန့်က တပိသာကို ၃၉၀၀။ ကြက်သွန်ဖြူက ၂၄၀၀။ အာလူးက ၈၀၀ တဲ့။ ကန်စွန်းရွက်တစည်း ၁၅၀၊ ကြက်ဥတလုံး ၁၃၀။ အင်း … ဟိုနေ့က အိမ်ကိုလာတဲ့ လက်သမားဆရာတယောက် အဖေ့ကိုပြောသွားတာ။ သူတို့ စားတဲ့ ဆန်က နို့ဆီဗူး တလုံးကို ၁၀၀ ပေးရသတဲ့။ အိမ်မှာစားတဲ့ဆန်ကတော့ ကျမ မ၀ယ်ရတော့ ဘယ်ဈေးမှန်း မသိဘူး။ မေးလည်း မကြည့်မိဘူး။

ခုတလော မီးတွေလည်း ပြန်ပျက်နေပြန်ပါပြီ။ မီးပြန်ပျက်တော့ မီးစက်နှိုးရင်တောင် ဒီဇယ်ကဈေးတက်နေတာမို့ မီးစက်မနှိုးဘဲ ဖယောင်းတိုင်လေးထွန်းပြီး “ရွာငယ် ဇနပုဒ် မီးကလေးမှိတ်တုတ်” လုပ်နေရ ကောင်းမလားပဲ။ လုပ်ငန်းတွေလည်း အကုန်ရပ်၊ လူတွေလည်း ဘာအလုပ်မှလည်း မလုပ်ဘဲ အမှောင်ထဲ ငုတ်တုတ် ထိုင်နေကြရင်ဖြင့် အေးအေးချမ်းချမ်း ရှိမလား။ ကဲ ကဲ .. အကောင်းဘက်က လှည့်တွေးကြည့်ရအောင်ပါ။ မီးပျက်တာလည်း ခပ်ကောင်းကောင်း။ မပျက်ရင် မီတာခက တလတလ မနည်းဘူးလေ။ မီတာခကို သူတို့က “ညှိလို့ရပါတယ်” ဆိုပေမဲ့ ကျမတို့ကတော့ မညှိပါဘူး။ ဒါဟာလည်း ခိုးခြင်းတမျိုးပဲ မဟုတ်လား။

အင်း … ဓာတ်ဆီ ဒီဇယ်ဈေးတက်လည်း အကြောင်းတော့မဟုတ်ပေါင် … ကုန်းကြောင်းသာ လျှောက်ကြပါစို့။ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်။ ဆန်တို့ ကြက်သွန် အာလူးတို့ ဈေးတက်တော့လည်း မစားရုံပေါ့။ ဆန်ပြုတ်ကလေး ပြုတ်ပြီး ဆားလေးခပ်သောက် အစာကျေတယ် လေနိုင်တယ်။ အာလူးတွေ ဘာတွေက ကိုလက်စထရောများတယ် မစားနဲ့။ ဆီဆိုတာလည်း မစားတာကမှ ကျန်းမာရေးအတွက် ပိုကောင်းတာ။

ဒါနဲ့ ဒေါ်လာဈေးက ၁၃၂၅ ကျပ်တဲ့။ ဒါလည်း ကိုယ်နဲ့ မဆိုင်ပါဘူး။ ဒေါ်လာကြီး ဘာလုပ်ရမှာမို့လဲ … သူ့ဟာသူ ဘယ်လောက်ဖြစ်ဖြစ် … ကိုယ်မှသုံးလို့ရတာ မဟုတ်ဘဲနဲ့။ ဗမာပြည်မှာနေတာမို့ ဗမာကျပ်ငွေပဲ ဂရုစိုက်ရမှာပဲ။ အင်း … ကျပ် … ကျပ် … ကျပ်က တယ်လည်း ကျပ်သကိုး။ ဒါကြောင့် အမေတို့ ခဏခဏ ပြောတာ ငွေတွင်းက နက်တယ်တဲ့။ ဘယ်လောက်အနက်ပေထိ နက်သလဲတော့ တခါမှ တူးမကြည့်ဖူးလို့ မသိဘူး။ ဒီခေတ်ကြီးမှာတော့ နက်တဲ့သူအဖို့နက်ပေမဲ့ ရှပ်တဲ့သူ အဖို့တော့ ခပ်ရှပ်ရှပ်ကလေးပါပဲ။

အဲ … နေ့ခင်းနေ့လည် ခဏတဖြုတ် ယောင်တောင် ပေါင်တောင် ဟိုတွေး ဒီတွေး တွေးရင်းနဲ့ ရေးလိုက်မိတာပါ။ မိုးရာသီပေမဲ့ မိုးကလည်း ရွာမလိုလို မရွာမလိုလို၊ ချိန်းသလိုလို မချိန်းသလိုလို၊ ကောင်းကင်မှာလည်း အခုပဲ မိုးတွေညို့လိုက် ခနနေ နေပြန်သာလိုက်လိုက်နဲ့။ ဘာဖြစ်နေမှန်း မသိဘူး။ နေလို့ မကောင်းတဲ့ ရာသီပဲ။ ပူစပ်ပူလောင်ရာသီမှာ ခဏတဖြုတ်တွေးရင်း ကမန်းကတန်း ရေးလိုက်မိတာ လူလည်း ချွေးတွေထွက်နေလို့ အတွေးတွေကလည်း စေးကပ်ကပ်နဲ့ ဖြစ်နေမလား တော့မသိ။

မေဓာဝီ
သြဂုတ် ၁၅၊ ၂၀၀၇
မွန်းလွဲ ၃ နာရီ ၃၅ မိနစ်

Read More...

ကိုပြူးကျယ်သို့ ပေးစာ … အပိုင်း (၁၈)

သို့
ကိုပြူးကျယ်

ကိုပြူးကျယ်နဲ့ တကွ မြန်မာကဗျာ နှစ်သက်မြတ်နိုးသူအပေါင်းအတွက် ပေးစာ လေးတွေ မတင်ရတာကြာပြီမို့ ဒီကနေ့ ပြန်တင်လိုက်ပါတယ်။ အပိုင်း (၁၇) မှာက အဖိုးသခင်ကိုယ်တော်မှိုင်းရဲ့ စာတင်ခဲ့ပါတယ်။ အပိုင်း (၁၆) မှာကတော့ အဖြည့်ခံရတု တင်ခဲ့ပြီး ဒီနေ့တင်မယ့် အပိုင်း (၁၈) က အပိုင်း (၁၆) ရဲ့ အဆက် ဖြစ်ပြီး သုံးချက်ညီ ပိုဒ်စုံရတု အကြောင်းပဲဖြစ်ပါတယ်။

သုံးချက်ညီပိုဒ်စုံရတုကို အချီသုံးပိုဒ် အချသုံးပိုဒ်ထားပြီး ရေးရပါတယ်။ အချီသုံးပိုဒ် အချင်းချင်း အစပ်ကာရန်အားလုံး အစပ်တူ ကာရန်တူထားပြီး ချီတာလည်းရှိတယ်၊ မညီမညွတ်ထားပြီး ချီတာလည်း ရှိပါတယ်။ အချသုံးပိုဒ်အချင်းချင်းမှာတော့ အဆုံး အက္ခရာတလုံး နှစ်လုံးလောက် ကာရန်ထပ်မိစေပြီး အက္ခရာလုံးရေ အညီအမျှ ထားရမှာ ဖြစ်ပါတယ်။ နမူနာ သုံးချက်ညီ ပိုဒ်စုံရတုများကို ကြည့်ရှုနိုင်ပါတယ်။

နန်းတွင်းသူ မိညို ဆို …
ကိုယ်ရည်သွေးဘွဲ့ သုံးချက်ညီပိုဒ်စုံရတု


(၁) တောင်တွင်မြင့်မိုရ်၊ ကျွန်ုပ်ဆိုသား၊ ရေညိုရစ်သန်း၊ ရံလျက်ဝန်း၍၊ လေးကျွန်းအလယ်၊ လေးသွယ်ခြည်ရောင်၊ တပြောင်ပြောင်လျှင်၊ ဘုန်းခေါင်အထွတ်၊ သုံးလူ့နတ်တို့၊ မချွတ်မေတ္တာ၊ ဘိဓမ္မာကို၊ မှန်စွာအခေါင်၊ ကြားလွှံ့ဆောင်သည်။… ။ တောင်တွင် မြင့်မိုရ် သာတကား။ … ။

(၂) စည်တွင်ပဟိုရ်၊ ကျွန်ုပ်ဆိုသား၊ ခါကိုသိစေ၊ ရှစ်ကြိမ်နေဖြင့်၊ ချက်ရေ မရွေ့၊ တီးဓလေ့ကား၊ ညဥ့်နေ့နာရီ၊ ခြောက်ဆယ်စီလျှင်၊ ချက်ချီလှည့်ကျူး၊ ညဥ့်ဦးသန်းခေါင်၊ သောက်ရောင် မိုးသောက်၊ မွန်းတည့်ရောက်က၊ ၀မ်းမြောက် ရွှင်လန်း၊ လူရဟန်းတို့၊ ထက်ဝန်းဖူးမြင်၊ သိစီရင်သည်။ … ။ စည်တွင် ပဟိုရ် သာတကား။ … ။

(၃) နန်းတွင်မိညို၊ ကျွန်ုပ်ဆိုသား၊ မှောင်ကိုပယ်လင်း၊ ဆီမီးဝင်းသို့၊ သီတင်းငါးမည်၊ သီလတည်လျက်၊ လှရည်ညက်သေး၊ ပြေး၍မဆို၊ သူ့ကိုနှိပ်စက်၊ မာန်မထွက်တည့်၊ ၀ှန်တက်ပညာ၊ လင်္ကာရတု၊ ဆိုမှုရွရွ၊ ကြားကစိတ်ဝမ်း၊ သူ့နားချမ်းလိမ့်၊ စွဲလမ်းကိုယ်တွင်၊ တောင်နှယ်ထင်သည်။ … ။ နန်းတွင် မိညို သာတကား။ … ။
***
န၀ဒေးကြီးရေး -
ပြည် မြင်ဗာဟု ဘုရားတိုင် ရတုပိုဒ်စုံ


(၁) သာလှမော၍၊ စုံတောဂနိုင်၊ ရွက်ချင်းဆိုင်သား၊ ရိပ်မြင့်မြင့်ထက်၊ ရေကျောက်စက်ဝယ်၊ မြခက်ဝေေ၀၊ ပန်းသင်းခွေနှင့်၊ သပြေချယား၊ ကြိုင်ရှားသရဖီ၊ ထပ်စီရွှေသား၊ စကားအတိ၊ ပည်းမျှရှိလည်း၊ ဇာတိကျွန်းစည်၊ မင်းနေပြည်မှ၊ ရွှေခေတ္တ၀ယ်၊ သက်မျှရွယ်တူ၊ အိမ်သူစုံတိ၊ သိရိကလျာ၊ ဖြူပြာနွဲ့နွဲ့၊ ကျန်ရစ်ခဲ့၍၊ ရှုငဲ့လျက်ပင်၊ ညှိုးမရွှင်တည့်၊ သူ့ခွင်ရပ်မြေ၊ ချီရလေသော်၊ ညာကြေ ကျော်သောင်း၊ တန်ခိုးခြောင်းသား၊ ဘေးလောင်းဘုန်းခေါင်၊ ဒွတ္တဘောင်လျှင်၊ ငါးထောင် သာသနာ၊ တည်စိမ့်ငှာဟု၊ ကြည်စွာကောင်းမှု၊ ထားခဲ့ပြုသည်။ … ။ ဗာဟု တောင်ထိပ် မိုဖျားသောဝ်။ … ။

(၂) ဒါနစော၍၊ လှူပြောလေလေ၊ မြတ်ရိုသေသား၊ ခြောက်ထွေဉာဏ်ရောင်၊ ၀င်းဝင်းပြောင်မျှ၊ မိုးခေါင်ထက်မြင့်၊ ခြောက်ဆင့်အောက်ထက်၊ ဘ၀ဂ်ဝီစိ၊ နှံ့မျှသိ သည်၊ မုနိမြတ်စွာ၊ မည်သာဗာဟု၊ မြတ်ဓာတုဝယ်၊ လှုလှုသံညှင်း၊ ဆုတောင်းခြင်း သည်၊ ရုပ်ဆင်းပြင်လျာ၊ ထားကလျာကို၊ ဖွေရှာယှဉ်သော်၊ ခုမမြော်ခဲ့၊ ညှိုးရော် မတည်၊ ဖြစ်ဘိသည်ကြောင့်၊ သုံးမည်သနင်း၊ တရားမင်းလျှင်၊ ဉာဏ်ဝင်းစက္ခု၊ ဖန်ဆင်းရှု၍၊ ယခုဆောလျင်၊ ပြည့်စေချင်စွ၊ စုံအင်ငါးပါး၊ လှထွားဆင်းပြင်၊ မျိုးလွန်းကြင်ကို၊ မြင်လျှင်မရဲး၊ ဖန်လဲးမျက်ရှု၊ နတ်တုစံလွတ်၊ ၀င်းညက်ထွတ် သည်။ … ။ ချောမွတ်ရွယ်နု - ပျိုထွားသောဝ်။ … ။

(၃) ပြာမျှချော၍၊ မြကြောညိုရောင်၊ လျှံထွန်းပြောင်သား၊ မိုးခေါင်ထက်စွန်၊ ဘုံဗိမာန်ဝယ်၊ မလွန်စံလွတ်၊ ယာမာနတ်နှင့်၊ မချွတ်တူနိုး၊ လွန်ခန့်စိုးသား၊ သည်မျိုးနောင့်ဆွေ၊ ကျန်ရစ်လေခဲ့၊ မပြေဆာပူ၊ ကျွန်ုပ်မူကား၊ သည်းအူဆွတ်လွတ်၊ ပျောင်းခွေညွတ်စွ၊ ဆံဓာတ်သရေ၊ ရှင်တော်မွေကို၊ ရိုသေသဒ္ဓါ၊ သည်သောခါတွင်၊ မကွာယှဉ်စုံ၊ ပြုတုံစုဝေး၊ ရင့်အေးတွန်ကျူး၊ ပင်မြင့် ဖြူးထက်၊ စုံပူးတူကွ၊ မြင်လကလျှင်၊ ပြိုက်ကျရွှမ်းသွယ်၊ ပျိုနုနယ်ကြောင့်၊ စပယ် ဖြူဆွ၊ ကွေးကွေးလှလျက်၊ လွလွစင်လွန်း၊ ပေါက်ပေါက်ပန်းနှင့်၊ ပျံ့မွှန်းကြဲမြှောက်၊ ကြိုင်ပေါက်ပျံ့ရှား၊ ပန်းစကားကို၊ လက်ဖျားကိုင်လှူ၊ တောင်းဆုယူသည်။ … ။ အိမ်သူမျိုးမြတ် - ကိုယ်စားသောဝ်။ … ။

***
ဒီတပတ်တော့ နန်းတွင်းသူမိညိုနဲ့ ပြည်န၀ဒေးကြီးတို့ရဲ့ ရတုပိုဒ်စုံ ၂ ပုဒ်နဲ့ ကျေနပ် ကြပါရှင်။ နောက်တပတ်မှ သဝေမပါ ရတုပိုဒ်စုံ၊ သတ်စေ့နှက် သုံးချက်ညီ ရတုပိုဒ်စုံ တို့ကို ဆက်လက်ဖော်ပြပေးပါမယ်။
ကိုပြူးကျယ်နှင့်တကွ မြန်မာကဗျာမြတ်နိုးသူအပေါင်း ကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်ကြ ပါစေရှင် …. ။

မေတ္တာဖြင့် …

မေဓာဝီ

၁၅၊ သြဂုတ်၊ ၂၀၀၇
နေ့ ၁၁ နာရီ ၃၀ မိနစ်

Read More...

Tuesday, August 14, 2007

အဖြစ်အပျက်ကလေး တရပ်

ကျနော် တောမှ မြို့တော်သို့ရောက်ခဲ့သည်မှာ ခြောက်နှစ်ကြာပေပြီ။ ထိုအချိန် အတွင်း နိုင်ငံရေးရာဆိုသော အချက်အလက် အဖြစ်ပေါင်းများစွာကို မြင်ခဲ့ ကြားခဲ့ ရ၏။ သို့သော်လည်း ကျနော်သည် ယင်းတို့ကို အထင်ကြီးစိတ်ဝင်စားခြင်း မရှိခဲ့ပေ။ ၎င်းတို့က ကျနော့်အား မည်သို့ လွှမ်းမိုးနိုင်ကြောင်း ဖော်ပြပါဟု ဆိုလာပါ က ကျနော့်အား စိတ်အပျက်ကြီး ပျက်စေခဲ့သည်ဟူ၍ ဆိုရမည်သာ ဖြစ်သည်။ ရှင်းရှင်းပြောရမည်ဆိုပါက လူ့အဖွဲ့အစည်းကို ပိုမိုရွံမုန်းကာ မယုံမကြည် ဖြစ်လာပါ တော့သည်။

သို့ရာတွင် တခုသော အဖြစ်အပျက်ကလေးတရပ်ကိုမူ ကျနော် စွဲမှတ်နေသည်။ ထိုအဖြစ်အပျက်ကလေးသည် ကျနော့်အား မုန်းတီးရွံရှာသော စိတ်မှ တက်ကြွစေ ခဲ့ရာ ယခုတိုင်အောင် ယင်းအဖြစ်အပျက်ကို ကျနော် မေ့မရနိုင်ပေ။

၁၉၁၇ ခုနှစ် ဆောင်းအတွင်း၌ ဖြစ်ပျက်ခဲ့၏။ မုန်းစရာ မြောက်လေတိုက်နေသော် လည်း ပရိယေသန ၀မ်းစာရှာဖွေရန်အတွက် နံနက်စောစော အိပ်ရာမှထကာ ထွက်ခွါခဲ့ရ၏။ လမ်းပေါ်၌ လူတစုံတယောက်ကိုမှ မတွေ့ရပေ။ အက်(စ်) တံခါးဝသို့ သွားရောက်ရန်အတွက် လံချားတစင်းကို ခဲယဉ်းခြင်းကြီးစွာ ရှာဖွေငှားရမ်းခဲ့ရ သည်။ အချိန်အနည်းငယ်အတွင်း၌ လေအတိုက်အနည်းငယ် လျော့ပါးသွားသည်။ လမ်းပေါ်ရှိဖုန်မှုန့်များ လေနောက်ပါသွားပြီဖြစ်ရာ လမ်းပြင်တခုလုံး ပြောင်စင် ရှင်းလင်းလျက်ရှိသည်။ လံချားသမားသည်လည်း ခြေလှမ်းများကို ပိုမိုလျင်မြန်စွာ ရွေ့ရှားလျက် ရှိ၏။

အက်(စ်) တံခါးပေါက်ဝသို့ ကျနော်တို့ ချဉ်းကပ်မိသည်တွင် လမ်းဖြတ်ကူးသူ တဦး အား လံချားဖြင့် တိုက်မိလေတော့သည်။ ထိုသူသည် လမ်းပေါ်သို့ ခပ်ဖြေးဖြေး လဲကျသွားသည်။

အတိုက်ခံရသူမှာ မိန်းမကြီးတယောက်ဖြစ်၏။ ဆံပင်ဖြူများ ကြိုကြားပေါက်ရောက် လျက်ရှိပြီးလျှင် စုတ်ပြဲသော အ၀တ်အစားကို ၀တ်ဆင်ထားသည်။ သူမသည် လမ်းဘေးစင်္ကြံမှနေ၍ အချက်မပြဘဲ ကျနော်တို့၏ လံချားရှေ့မှ ဖြတ်ကူးခဲ့ခြင်း ဖြစ်သည်။ လံချားသမားက သူမအား ရှောင်လိုက်သည်။ သို့သော်လည်း သူမ၏ စုတ်ပြဲကာ ကြယ်သီးတပ်မထားသည့် အင်္ကျီစသည် လေထဲ၌ တလူလူလွင့်လျက် ရှိရာ လံချားလက်တံနှင့် လာရောက်ငြိတွယ်တော့သည်။ ထိုအချိန်၌ လံချားသမား အရှိန်သတ်နိုင်ပြီး ဖြစ်၍သာ တော်တော့သည်။ သို့မဟုတ်ပါက သူမ အပြင်းအထန် လဲကျကာ စိုးရိမ်စရာ ကောင်းလောက်အောင် ဒဏ်ရာရခဲ့မည်ဖြစ်သည်။

သူမသည် မြေကြီးပေါ်၌ လဲလျက်ရှိသည်။ လံချားသမားကလည်း သူ၏ လံချားကို ရပ်တန့်လိုက်သည်။ မိန်းမကြီး အနာတရဖြစ်သူဟု ကျနော်မထင်ချေ။ ၎င်းပြင် မည်သို့ဖြစ်ပျက်သည်ကို ပြောပြရန် မျက်မြင်သက်သေ တဦးတယောက်မှလည်း မရှိချေ။ သို့ဖြစ်၍ လံချားသမား၏ စိတ်အားထက်သန်စွာ ရပ်တန့်လိုက်မှုကို ကျနော် မကျေမနပ်ဖြစ်သွားမိသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် သူဒုက္ခရောက်နိုင် သလို ကျနော်လည်း နှောင့်နှေးကြန့်ကြာနိုင်သည်။

“ဘာမှမဖြစ်ပါဘူး။ ဆက်သွားပါ …”
ကျနော်က ပြောလိုက်၏။

လံချားသမားကမူ ကျနော်၏စကားကို ဂရုမစိုက်ပေ။ မကြား၍ဖြစ်မည်ဆိုလျှင် တော့လည်း ဖြစ်နိုင်သည်။ သူသည် လံချက်လက်တံများကို မြေပေါ်သို့ နှိမ့်ချလိုက် သည်။ မိန်းမကြီးအား ညင်သာစွာထူမလိုက်သည်။ သူမအား လက်တဖက်ဖြင့် ဖေး ကိုင်ထားရင်း …
“ဘာဖြစ်သွားလဲ …”
သူကမေးလိုက်၏။
“ခိုက်မိသွားတယ် …”

သူမဖြေးဖြေးကလေး လဲသွားခဲ့သည်ကို ကျနော်တွေ့မြင်ခဲ့ရသည်။ ထိခိုက်နာကျင် မှု မရှိသည်မှာလည်း သေချာသည်။ သူမ ဟန်ဆောင်နေခြင်းဖြစ်သောကြောင့် အလွန်ရွံမုန်းစရာ ကောင်းလှသည်။ လံချားသမားသည် ဒုက္ခကို တောင်းဆိုဖိတ်ခေါ် ခဲ့ရာ ယခုလက်ဝယ်ရရှိနေပြီဖြစ်သည်။ သူ့အတွက် လွတ်မြောက်ရာလမ်းကို သူ့ဘာသာ ရှာရန်ရှိတော့သည်။

ထိခိုက်နာကျင်သွားကြောင်း မိန်းမကြီးထံမှ ကြားသိရသောအခါတွင် လံချားသမား သည် တမိနစ်တာမျှ နှောင့်နှေးကြန့်ကြာမနေပေ။ မိန်းမကြီးအား လက်မောင်းမှ ဖေးမကာ ရှေ့သို့အနည်းငယ် ကူညီရွေ့ရှားစေသည်။ ကျနော အံ့အားသင့်လျက် ရှိ၏။ တူရူသို့ ကြည့်လိုက်သည်တွင် ရဲဌာနာ တခုကိုတွေ့မြင်ရ၏။ လေထန် နေသောကြောင့် ရဲဌာနာအပြင်ဘက်တွင် တဦးတယောက်မှ မရှိပေ။ လံချားသမား သည် မိန်းမကြီးအား ဌာနာတံခါးပေါက်ဘက်သို့ ဖေးကူ ခေါ်ဆောင်သွားလေတော့ သည်။

ရုတ်ခြည်းဆိုသလို ကျနော်၏ရင်ထဲ၌ အသစ်သောခံစားမှုတရပ် ပြက်လက် ထွက်ပေါ်လာ၏။ လံချားသမား၏ ဖုံမှုန့်အလိမ်းလိမ်းဖြင့် နိမ့်ကျသော အသွင် သဏ္ဍာန်သည် တမဟုတ်ချင်း ကြီးမားလာလေသည်။ ဟုတ်ပါ၏။ ကျနော့်ထံမှ သူ ကွာလှမ်းသွားလေ သူ၏သဏ္ဍာန်မှာ မြင့်မားလာလေလေ ဖြစ်ပြီး နောက်ဆုံး၌ ကျနော်က သူ့အား ဦးခေါင်းမော့၌ ငေးကြည့်ရလေတော့သည်။ တချိန်ထဲ၌ပင် သူက ကျနော့်ကို တဖြေးဖြေးလွှမ်းမိုးလျက်ရှိသည်။ သားမွေးအ၀တ်အစားကို ၀တ်ဆင်ထားသည့် ကျနော့်အား အရှိန်အ၀ါဖြင့် ဖုံးလွှမ်းရန်လည်း ခြိမ်းချောက် လျက်ရှိတော့သည်။

ကျနော်၏အင်အား ဆုတ်ယုတ်သွားသလို ခံစားလိုက်ရ၏။ ကျနော် မလှုပ်မရှက် ထိုင်နေမိသည်။ ကျနော့်အနီးသို့ ရဲသားတယောက် ရောက်လာသည့်အချိန်အထိ တွေဝေနေမိသည်။ ထိုအခါမှ လံချားပေါ်မှ ကျနော်ဆင်းလိုက်သည်။

“တခြားလံချားတစင်း ရှာပြီး သွားပါတော့၊ ခင်ဗျားကို သူ ပို့နိုင်မှာမဟုတ်တော့ဘူး”
ရဲသားက ကျနော့်ထံသို့ လျှောက်လာကာ ပြောလေသည်။
ကျနော်၏စိတ်က မသိလိုက်ခင် ကုတ်အင်္ကျီ အိတ်ကပ်ထဲမှ ကြေးနီပြားတဆုပ်ကို နှိုက်ယူလိုက်ကာ ရဲသားအား လက်ဆန့်တန်းပေးလိုက်သည်။
“ကျေးဇူးပြုပြီး သူ့ကိုပေးလိုက်ပါဗျာ”

ယခုအခါ၌ လေလည်း လုံးဝမထန်တော့ပေ။ လမ်းပေါ်၌မူ ရှင်းလင်းငြိမ်သက်ဆဲပင် ဖြစ်သည်။ ကျနော်သည် တွေးတောစဉ်းစားရင်း လမ်းလျှောက်ရွေ့ရှားလျက် ရှိသည်။ သို့သော်လည်း ကျနော့်အကြောင်း ကျနော်တော့ မစဉ်းစားရဲအောင် ဖြစ်နေသည်။ စောစောက အဖြစ်အပျက်ကို ထားလိုက်ကြပါစို့။ ကြေးနီပြားတဆုပ် ကို မည်သည့်အဓိပ္ပါယ်နှင့် ကျနော်ပေးကမ်းခြင်း ဖြစ်ပါသနည်း။ ဆုလာဘ်ချီးမြှင့် ခြင်းလော။ လံချားသမားအား ဝေဘန်ဆုံးဖြတ်ရမည့် ကျနော်ကား အဘယ်လူစား မျိုးပါနည်း။ ဤမေးခွန်းတို့ကို ကျနော် မဖြေဆိုနိုင်ခဲ့ပါချေ။

ယခုအချိန်တိုင်အောင် ဤအဖြစ်အပျက်ကလေးသည် ကျနော်၏ စိတ်အစဉ်ထဲ၌ လန်းဆန်း ပေါ်လွင်လျက်ပင်ရှိသည်။ မကြာခဏလည်း ကျနော့်အား ဒုက္ခပေး တတ်၏။ ကျနော့်ကိုယ် ကျနော်လည်း ပြန်လှန် စဉ်းစားသုံးသပ်စေ၏။ ထိုခေတ်၏ နိုင်ငံရေးရာများနှင့် စစ်ရေးစစ်ရာများမှာ ငယ်စဉ်တောင်ကျေး အကလေးဘ၀က ဖတ်ခဲ့ရသည့် ဂန္ထ၀င်စာပေများကို မေ့ပစ်သည့်နည်းတူ လုံးဝမေ့ပျောက်သွားကြပြီ ဖြစ်သည်။ သို့တစေ ဤအဖြစ်အပျက်ကလေးကိုမူ မကြာခဏ ပြန်လည်သတိရမိ သည်။ တခါတရံ၌ မျက်စိဖြင့် တကယ်တွေ့မြင်ရသည်ထက်ပင် ရှင်းလင်း ပြတ်သားလျက်ရှိသည်။ ကျနော့်အား ရှက်တတ်ရန် သွန်သင်ပေးသည်။ ပြုပြင်ရန် တိုက်တွင်းသည်။ ၎င်းအပြင် အသစ်သော သတ္တိနှင့် မျှော်လင့်ယုံကြည်ချက်တို့ကို လည်း ပေးစွမ်းနိုင်လေသည်။

(၁၉၂၀-ခု၊ ဇူလိုင်လ)
***
ဒီဝတ္ထုလေးက တရုတ်စာရေးဆရာကြီး လူရွှန်းရဲ့ လက်ရွေးစင်စာပေထဲမှာပါတဲ့ ၀တ္ထုတိုလေး တပုဒ်ပါ။ ဆရာစိုးမြိုင်က ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ ဒီဝတ္ထုကို ငယ်ငယ်တုန်းက ဖတ်ခဲ့ပြီးပေမဲ့ မေ့မေ့လျော့လျော့ ဖြစ်နေခဲ့ပါပြီ။ အခုတခေါက် ပြန်ဖတ်ချိန်မှာ ၀တ္ထုရဲ့ ပထမစာပိုဒ်မှာ ရေးထားသလိုမျိုး ကျမလည်း ခံစားနေရချိန် မို့ သေသေချာချာ ပြန်ဖတ်ဖြစ်ပါတယ်။

ဝတ္ထုကလေးဖတ်နေရင်း ကျမကိုယ်တိုင် ဒီဝတ္ထုထဲက လူနေရာကို ရောက်သွား တယ်။ ကျမသာဆိုရင်လည်း အတ္တစိတ်နဲ့ သူ့လိုပဲ တွေးမိမှာပဲ။ ဒီမိန်းမကြီး မူယာမာယာများနေတာ လို့သာ တွေးပြီး ကိုယ့်ခရီးနှောင့်နှေးတဲ့အတွက် စိတ်ပျက် မိမှာ။ ဒီလိုနဲ့ နောက်ဆုံး ၀တ္ထုကလေးပြီးသွားချိန်မှာတော့ ကျမခေါင်းထဲ တွေးစရာ တွေ အများကြီး ကျန်ခဲ့ပါတယ်။

လူတိုင်းဟာ အတ္တသမားတွေချည်းမှ မဟုတ်ဘဲ … ။ တကယ်တော့ ရုပ်ဝတ္ထု၊ ဉာဏ်ပညာ၊ ဂုဏ်ဒြပ် အရှိန်အ၀ါ ဘယ်လောက် ပြည့်စုံ ကြီးမားနေလည်း တကယ်တမ်း လူ့လောကမှာ လိုအပ်နေတာ … အဲဒါတွေထက် အရေးကြီးတဲ့ အရာဆိုတာကို ဒီဝတ္ထုကလေးဖတ်ပြီး ကျမ သဘောပေါက်ခဲ့ရ တယ်။ ဒါကြောင့် ဒီဝတ္ထုလေးကို ကျမ ဘလော့မှာ တင်ထားလိုက်ပါတယ်။

အကြောင်းကြောင်းကြောင့် တပတ်လောက် ဘလော့နဲ့ ကင်းကွာနေဖြစ်ခဲ့ချိန်မှာ ကျမဘလော့ကို လာလည်သူ၊ စာတွေလာဖတ်သူ၊ ကွန်မန့်ရေးသူအားလုံးကို အားနာစွာ ကျေးဇူးတင်ပါတယ်ရှင်။
***
မေတ္တာဖြင့် …

မေဓာဝီ
၁၄၊ သြဂုတ်၊ ၂၀၀၇
နေ့လည် ၁ နာရီ ၃၅ မိနစ်

Read More...

Tuesday, August 07, 2007

မသိခြင်းများ


မသိခြင်းများ
***

မြင်နေရတယ် …
ပြုံးရယ်နေတဲ့ နှုတ်ခမ်းများ …
သွားဖွေးဖွေးတွေ ပေါ်လို့ …
နွေးထွေးတဲ့ အပြုံးတွေလား
အေးစက်စက် အစွယ်တွေကို လှစ်ပြတာလား???

အနားရောက်လာတယ် …
တစုံတယောက်ရဲ့ လက်တဖက် …
ကြိုဆိုဖို့ လက်ကမ်းတာလား
တွန်းဖယ်ဖို့ လက်လှမ်းတာလား???

ကြားလိုက်ရတယ် …
“ဖြောင်း .. ဖြောင်း .. ဖြောင်း” … တဲ့
အားပေးတဲ့ လက်ခုပ်သံလား
ချောက်လှန့်တဲ့ တောထုတ်သံလား???

ဟစ်အော်သံ …
((((( ဟေးးးးး )))))
အဝေးက ပဲ့တင်ထပ်လာတယ် …
လှိုက်လှဲစွာ ခေါ်နေတာလား
ငြာသံပေးလို့ မောင်းထုတ်တာလား???

လျှောက်နေခဲ့တယ် …
ဒီလမ်းတွေပေါ်မှာပါပဲ …
လျှောက်ရင်း … လျှောက်ရင်း …
ပန်းတိုင်ကလည်း ဝေးသည်ထက်ဝေး
ခြေလှမ်းတွေလည်း နှေးသည်ထက်နှေး …

ဒီလိုနဲ့
နောက်ဆုံး …
… …. …. ….
… …. …. ….
… …. …. ….

ယုံကြည်ချက်ပျောက်ပြီး
သံသယတွေဝင်ရောက်ခဲ့ …
ဘယ်သူက မိတ်ဆွေအတု
ဘယ်သူက ရန်သူအစစ်
ဘယ်သူက နောက်ကျောကို ဓားနဲ့ထိုးပြီး
ဘယ်သူက ရင်ဝကို ဓားနဲ့စိုက်မလဲ …
မခွဲခြားတတ်ခဲ့တော့ …

မျက်လုံးတွေကို ကြောက်ရွံ
အပြုံးတွေကို ထိတ်လန့်
ကြားရတဲ့ စကားတွေ ခါးသက်
ကမ်းတဲ့လက်တွေ အေးစက်

နောက် … ပြန်လှည့်ရမလား
ရှေ့ … ဆက်တိုးရမလား …

ရှေ့တိုးရင် ထမ်းပိုး
နောက်ဆုတ်တော့ လှည်းတုတ် … တဲ့
ရွေးချယ်ခွင့်မရှိတဲ့ ဘ၀အမှားမှာ
နွားတကောင်လို ခြေရာချင်းထပ်အောင်
နွံထဲသာ ရုန်းရတော့မလား …

သေချာတာကတော့
မရေမရာ အတွေးနဲ့
တွေဝေစွာ ငေးလျက်
ရပ်တံ့လို့ နေမိပါရဲ့ … ။ … ။

***
မေဓာဝီ

သြဂုတ် ၇၊ ၂၀၀၇
နေ့ ၁၂ နာရီ ၄၅ မိနစ်

Read More...

Monday, August 06, 2007

ဝါတွင်း ဥပုသ်

ဒီကနေ့ဟာ လပြည့်ကျော် ၈-ရက်နေ့ဆိုတော့ ၀ါတွင်းကာလမို့ ဥပုသ်နေ့ပေါ့။ ကျောင်းတချို့ ဈေးတချို့လည်း ပိတ်ပါတယ်။ မနှစ်ကတော့ ၀ါဆိုလပြည့်ကစလို့ ၀ါတွင်း ၃ လလုံး ဥပုသ်နေ့တိုင်း ဥပုသ်သီတင်း ဆောက်တည်ခဲ့တယ်။ ဒီနှစ်ဝါဆိုလပြည့်နေ့မှာ နေမကောင်းလို့ ဥပုသ် မစောင့်နိုင်ခဲ့ပါဘူး။ ဒီနေ့တော့ ရအောင်စောင့်မယ် စိတ်ကူးပြီး ၉-ပါးသီလ ယူထားပါတယ်။ တကယ်တော့ သီလစောင့်တာဟာ အချိန်မရွေး အခါမရွေး စောင့်ထိန်းသင့်တာပါပဲ။ နေ့စဉ်နဲ့အမျှ မစောင့်ထိန်းနိုင်တော့လည်း တပတ်မှာတရက်လောက်တော့ မကျိုးမပေါက် မပြောက်မကြားအောင် သေချာ ထိန်းသိမ်း ဆောက်တည်ပါမယ်လို့ ဗုဒ္ဓထံမှာ ကတိပြုခဲ့ပါတယ် … ။

ဥပုသ်နဲ့မို့ ထွေရာလေးပါး သိပ်မရေးချင်တာကြောင့် ၀ါတွင်းဆိုရင် အမြဲအမှတ်ရ မိတဲ့ ကဗျာလေး တပုဒ်သာ တင်လိုက်ပါတယ်။ ဆရာကြီးမင်းသုဝဏ်ရဲ့ “၀ါတွင်းချိန်” ကဗျာလေးပါ။ ဖတ်ရ ရွတ်ရတာ အင်မတန် ကြည်နူးဖို့ ကောင်းတဲ့ အပြင် ဗုဒ္ဓဘာသာတို့ရဲ့ ဓလေ့စရိုက်၊ ကျေးလက်တောရွာရဲ့ ၀ါတွင်းကာလမြင်ကွင်း ကလေးကို ပေါ်လွင်ထင်ရှားစေတာမို့ ဘလော့မှာ ဖော်ပြလိုက်ပါတယ်။
***
ဝါတွင်းချိန်

ငှက်ကလေးက စိုးစီ စိုးစီ
ဝင်းပေါက်မှာမြည်
ချိန်တန်ပြီ ညီမထွေးရဲ့
ဆွမ်းချက်စို့လေး … ။

ဦးပေါင်းကို ဆွမ်းတော်တင်
သုံးချောင်းထောက်ပြင်
သံလွင်လွင်ကြေးစည်တီး
ထွန်းတဲ့ဆီမီး။

အမျှတဲ့ သုံးကြိမ်ဝေ
သွန်းတဲ့ညောင်ရေ
မာပါစေ ကမ္ဘာသား
ထက်အောက်နံလျား။

ရွာဦးကကြေးစည်သံ
ကျောင်းဝေဠုဝန်
ဆွမ်းတော်ခံ ကိုရင်ကြွလိမ့်
ဆွမ်းအုပ်ပြင်ပ။

ကိုရင်ကြီးပျိုတို့မောင်
ညှိုးနွဲ့ယောင်ယောင်
ပျိုတို့မောင် မာပါစ
မေးလိုက်ပါကြ။

မာပါရဲ့ အထွေးရယ်
ပြောလိုက်ပါကွယ်
ရွာလယ်မှာ ကိုရင်ပန်းလို့
ညှိုးလျ ရိနွမ်း။

ကပ္ပိယ အဘိုးအို
ဆိုးလှတယ်ဆို
တို့ ကိုရင် ထိပ်ပြောင်သားကို
ခေါက်လိမ့်လေလား။

ဟင်းလေးကို ကျိုချက်လို့
မနက်က ထည့်လိုက်တယ်
ကိုရင့်ဖို့ကွယ်
ရွာလယ်မှာ သူငယ်လဲတယ်
ဆွမ်းတော်ခွက်ကွဲ။

ချာရစ်လေး မပျောက်ခင်
ထွက်ခဲ့စေချင်
လိင်ပြန်ရင် ဆံရှေထားပါနဲ့
သန်းတွေကများ။

လိင်ပြန်ရင် ကိုရင်ဝတ်ဖို့
ပလေကပ် အနံကျယ်
ဈေးကြိုက၀ယ်
အနံကျယ် ခါးပုံနွဲ့တယ်
ဆုတ်လိုက်ပါတဲ့။

ဆွမ်းတော်ခံ ကိုရင်ကြွတော့
မယ်စလို့ မေးလိုက်တယ်
ရှင်လိင်ပြန် ဘယ်တော့ရက်
ထွက်ခဲ့ပါမယ်
မျက်နှာငယ်ငယ် ဘယ့်နှယ်မှ မမိန့်
သည်တ၀ါ အနိုင်ခဲလို့
နွှဲရရှာလိမ့်။

ကိုရင်ကြီးလာမယ်ဆို
ဝင်းပေါက်ကကြို
အို အလို ကိုရင်ထွက်ကယ်
ငါး ငပိချက်။
..................................(မင်းသုဝဏ်)
***

Read More...

Sunday, August 05, 2007

စော်ကားသူကို အပြစ်မယူ

တနေ့က အဖေ့ဆီကို ဖုန်းလာပါတယ်။ ဆက်သူက အဖေ့မိတ်ဆွေရဲ့ပုံနှိပ်စက်က အလုပ်သမားတယောက်ပါ။ အဲဒီအလုပ်သမားက အကြောင်းတခုကြောင့် အဖေ့ကို အထင်အမြင်လွဲပြီး ဖုန်းဆက် ရန်တွေ့ခြင်းပဲဖြစ်ပါတယ်။ သူနဲ့ဖုန်းပြောနေတဲ့ အဖေက ဖုန်းနားထောင်တဲ့ခွက်နဲ့ နားကို တထွာလောက်ခွါပြီး နားထောင်နေ ရပါတယ်။ အဲဒီလူ အသံက ဒေါသတွေနဲ့ ပူလောင်ပြီး အကျယ်ကြီး။ အဖေကတော့ အလုပ်သမားတယောက်က ခုလို မချေမငံပြောတာ ခံနေရပေမဲ့ ဟုတ်ကဲ့ .. ဟုတ်ကဲ့ .. ဆိုပြီး ကောင်းကောင်းမွန်မွန် နားထောင်နေပါတယ်။ တဘက်လူဟာ အဖေ ဟုတ်ကဲ့ ကလွဲလို့ တခြားစကား ပြောခွင့်မရအောင် (အမှန်ကိုရှင်းပြခွင့် မရအောင်) သူချည်းပဲ ရေပက်မ၀င် ပြောနေတော့တာပဲ။

ကျမက အဖေ့ရှေ့တည့်တည့်မှာ ထိုင်နေရင်း အားလုံးကြားနေရတော့ စိတ်တွေတို လာမိပါတော့တယ်။ အဖေ့ဖုန်းခွက်ကို ဆွဲယူပြီး အဲဒီလူကို ပြောပစ်လိုက်ချင်တဲ့ စိတ်ကို မနည်းထိန်းထားရပါတယ်။ သူစကားနည်းနည်းပြတ်တော့မှ … အဖေက -
“ဒီမှာ ကျနော်ပြောမယ် နားထောင်” ဆိုပြီး လေသံအေးအေးနဲ့ သူ့ရဲ့ အထင်လွဲမှုကို ရှင်းပြပါတယ်။ တကယ်တော့ အဖေမှားတဲ့ ကိစ္စလည်းမဟုတ်ပါဘူး။ ဒီလူဟာ အလုပ်သမားဖြစ်ပေမဲ့ သူ့အလုပ်ရှင်ကိုတောင် ကောင်းကောင်းမဆက်ဆံပါဘူး။ သူ့ကိုယ်သူလည်း ကျွမ်းကျင်တဲ့ ပုံနှိပ်စက်ဆရာဆိုပြီး တော်တော်လေး ဘ၀င်မြင့် အထင်ကြီးနေပါတယ်။ သူတို့ အလုပ်ရှင်-အလုပ်သမား ဆက်ဆံရေးနဲ့ ဒီအလုပ် သမားရဲ့ စရိုက်ကို အဖေက ပြောပြောပြလို့ အရင်ကတည်းက သိနေနှင့်ပါတယ်။

အဲဒီလူဟာ အဖေရှင်းပြတဲ့စကား နားဝင်မ၀င်တော့ မသိပါဘူး။ နောက်ဆုံးတော့ သူပြောချင်တာ ပြောပြီး ကျေနပ်သွားတဲ့အခါမှ ဖုန်းချသွားပါတယ်။ အဖေကတော့ ခပ်အေးအေးပါပဲ။ အဲဒီအကြောင်းကို အမေနဲ့ အမကြီး သိသွားတော့လည်း အဖေ့ ကိုယ်စား ဒေါသတွေထွက်နေကြပါတယ်။ အဲဒီပုံနှိပ်တိုက်ကို မသွားနဲ့၊ အဲဒီလို ကောင်တွေနဲ့ မဆက်ဆံနဲ့ ဒါ … သက်သက်စော်ကားခံရတာ … စသဖြင့် အမေက စိတ်တိုပြီးပြောတယ်။ အဲဒီလို ဘေးလူတွေက စိတ်တို စိတ်ဆိုး ဒေါသထွက်နေ ပေမဲ့ အဖေကတော့ အခုလို စော်ကားခံရတာ နည်းနည်းအံ့သြရုံကလွဲပြီး စိတ်ဆိုး ဟန် မပြပါဘူး။

“အဖေကတော့ သူ့ကို သနားတယ် …”
အဖေက အဲဒီလိုပြောတော့ ကျမတို့ မအံ့သြမိတော့ပါဘူး။ သဘောကောင်းလွန်း ပြီး သူများကို ဒေါသနဲ့ မတုန့်ပြန် သည်းခံတတ်တဲ့ အဖေဟာ ခဏခဏ ဒီလိုပုံစံမျိုး ခံရတတ်ပါတယ်။ ခံရတိုင်းလည်း ကျမတို့ကသာ ဒေါသတွေဖြစ်ခဲ့ကြပေမဲ့ အဖေ ကတော့ ၀ဋ်ကြွေးတခု ကုန်သွားပြီလို့ သဘောထားလားမသိပါဘူး။ အဖေ့ စိတ်ထဲ ပူလောင်တဲ့ ဒေါသတွေ မရှိသလိုပါပဲ။ သူ့ကိုဒေါသတကြီး ပြောခဲ့တဲ့သူကိုတောင် သနားနေသေးတယ်တဲ့ … ။ အဖေက အဲဒီလိုပါ။

“သူက ဒေါသတွေဖြစ်နေတာ … ပူလောင်နေတာ … အကုသိုလ်တွေ တိုးပွား နေတာ၊ ပြီးတော့ သူက အမြင်မှားနေတာလေ … ဘယ်လောက်သနားဖို့ ကောင်းသလဲ …”

အဖေကတော့ စော်ကားသူကို အပြစ်မယူတဲ့အပြင် သနားနေသေးတယ်။ ကျမ အနေနဲ့ကတော့ ကိုယ့်ဆရာသမား၊ ကိုယ့်ထက် အသက်ကြီးသူ၊ ဂုဏ်ကြီးသူက ကိုယ့်ကို အထင်အမြင်လွဲမှားလို့ ငေါက်ငမ်း အပြစ်တင်ခံရရင် ပြန်ရှင်းပြရုံက လွဲပြီး စိတ်ထဲ ဒေါသတကြီးခံစားရမှာ မဟုတ်ပေမဲ့ ကိုယ့်အောက် နိမ့်ပါးသူက ခုလို မဟုတ်တမ်းတရား စော်ကားလာရင်တော့ နည်းနည်းလေးမှ သည်းမခံချင်ပါဘူး။ တခါတလေ မသိမသာ စောင်းမြောင်း သွယ်ဝိုက်စော်ကားတာမျိုးကတော့ မသိချင် ယောင်ဆောင်နေလို့ ရပါသေးတယ်။ တိုက်ရိုက် ပြောင်ကျကျ စော်ကားလာ ရင်တော့ မေတ္တာတွေပို့၊ ခန္တီပရမံ တပေါတိ တိက္ခာ တွေ ရွတ်နေပေမဲ့လို့ သူကများ ငါ့ကို ဒီလိုပြောစရာလားလို့ စိတ်ထဲ ဒေါသထောင်းခနဲ ဖြစ်မိမှာပါပဲ။ ဒါနဲ့ အဖေ့ကို မေးရပါတယ်။

“အဖေ့စိတ်ထဲ ဘယ်လိုမှ မနေဘူးလား … ဒီလူ့ကို ဒေါသမထွက်ဘူးလား”
အဖေက သူ့အခန်းထဲက ၀ှိုက်ဘုတ်မှာ ရေးထားတာ ပြပါတယ်။ တကယ်တော့ အဲဒီစာသားကို ဖတ်ဖူး မြင်ဖူးပြီးသားပါပဲ။
ခံယူမှုအပိုင်း၊ တုန့်ပြန်မှုအပိုင်း၊ ပြန်လည်ရရှိမှုအပိုင်း … တဲ့ … ။
ဖတ်ဖူး မြင်ဖူးသလို အဖေက ကြုံရင် ကြုံသလို ခဏခဏလည်း ပြောပြနေကျပါ။ ကျမက အဖေ့ပြောစကားတွေ နားထဲရောက်ပေမဲ့ ရင်ထဲ မရောက်လို့များလား … ။

“ကိုယ့်ဆီကို ကောင်းတာတွေရော ဆိုးတာတွေရော တနေ့တနေ့ လာနေမှာပဲ။ အဲဒီ ကောင်းခြင်း ဆိုးခြင်းတွေကို ကိုယ်က ဘယ်လိုစိတ်နဲ့ ခံယူမလဲ။ ကိုယ်မနှစ်သက်တဲ့ အာရုံတခုခု ကိုယ့်ဆီရောက်လာရင် ဒေါသဖြစ်မယ်၊ စိတ်တိုမယ်။ များသောအားဖြင့်တော့ ဒီလိုပေါ့။ ဒါပေမဲ့ အဲဒီလို ဒေါသစိတ်နဲ့ ခံယူလိုက်ရင် ဒေါသအလျောက်ပြန်ပြီး တုန့်ပြန်မိမယ်။ အဲဒီအခါမှာ ကိုယ်က ဘာကိုရမလဲ … အကုသိုလ်တွေပဲ ရမယ်မဟုတ်လား …”

အဖေ ဒီလိုပဲပြောလိမ့်မယ်လို့လည်း မျှော်လင့်ထားပြီးသားပါပဲ။ ဒါပေမဲ့ အကျင့်ပါ နေလို့ စောဒကတော့ တက်မိတယ်။
“ဒါပေမဲ့ … မကောင်းတာတွေကို ကောင်းတဲ့စိတ်နဲ့ ခံယူနိုင်ဖို့တော့ ခဲယဉ်းတယ် အဖေ …”
“ဒါပေါ့ … ခဲယဉ်းတယ်၊ ခဲယဉ်းတာက လုပ်နိုင်မှ လူတော်၊ လွယ်လွယ်ကူကူ လုပ်နိုင်တာ ဆန်းမှ မဆန်းတာ၊ ခဲယဉ်းတာကို လုပ်နိုင်အောင် ကြိုးစားရမှာပေါ့”
မလွယ်လိုက်တာလို့ တွေးနေတုန်း အဖေက ဆက်ပြောပါတယ်။

“ဒါကြောင့် ဒီအပိုင်း ၃-ခုမှာ ခံယူမှုအပိုင်းက အဓိကပဲ၊ ခံယူမှု ကောင်းမှ တုန့်ပြန်မှု ကောင်းမယ်၊ အဲဒီတော့မှ ရရှိမှုလည်း ကောင်းမယ်။ ခံယူမှုကောင်းဖို့ဆိုတာ ယောနိသော ထားတတ်ဖို့ပဲ။ ယောနိသော ထားတတ်ဖို့က လွယ်လွယ်နဲ့တော့ မဖြစ်နိုင်ဘူး။ လေ့ကျင့်ယူမှ ရတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုဆဲရင် ထစ်ခနဲဆို ပြန်ဆဲမိမှာပဲ။ ပြန်မဆဲမိတောင် အနည်းဆုံး စိတ်ထဲမှာတော့ ထောင်းခနဲ ဒေါသဖြစ်မိမှာပဲ။ အဲဒီလို မဖြစ်ဖို့ဆိုတာ သိပ်တော့ မလွယ်လှဘူး။ ဒါပေမဲ့ လေ့ကျင့်ယူရင် ရတယ်။ ဘယ်အရာမဆို အထပ်ထပ် လေ့ကျင့်ရင် ရတာ ချည်းပဲ …

“ဒီလိုလေ့ကျင့်ရင်းနဲ့ စစချင်းတော့ ကာယကံမြောက် မတုန့်ပြန်မိအောင် စောင့်စည်း နိုင်လာလိမ့်မယ်၊ နောက် … ၀စီကံ၊ တဖြည်းဖြည်းနဲ့ မနောကံကိုပါ စောင့်ထိန်း နိုင်အောင် လေ့ကျင့်ရမယ်”

ကျမ တွေဝေစွာ ငေးမောရင်း နားထောင်နေမိပါတယ်။
ကိုယ့်ကို စော်ကားခံရတဲ့အခါ … အပြုံးမပျက်နေနိုင်ဖို့ …
စော်ကားသူကို အပြစ်မယူမိစေဖို့ …
ခံယူမှုအပိုင်းကို ကောင်းစေဖို့ …
မလွယ်ပေမဲ့ လေ့ကျင့်ဖို့ …
အဖေ့စကားလုံးတွေက ကျမနားထဲမှာ … ကျမခေါင်းထဲမှာ ရစ်ဝဲနေတယ်။ တဖြည်းဖြည်းတော့ ရင်ထဲရောက်လာလေမလား … ။ ကျမ မပြောတတ်ပါဘူး။
လောလောဆယ်တော့ သက်ပြင်းသာချနေမိတယ်။
ယောနိသောတွေ … ခန္တီတွေ … မေတ္တာတွေ …
ဒါတွေ အစက မသိခဲ့ရင် အကောင်းသားလို့ တခါတလေတော့ မိုက်မိုက်ကန်းကန်း တွေးနေမိပါရဲ့။
***
မေဓာဝီ
၎၊ သြဂုတ်၊ ၂၀၀၇
ည ၁၁ နာရီ ၃၅ မိနစ်

Read More...

Saturday, August 04, 2007

ငါ ...ပျောက်တဲ့နေ့

ဝါဆိုလပြည့်ကျော် (၅) ရက် (မနေ့က) အနတ္တလက္ခဏ အခါတော်နေ့မို့ အနတ္တလက္ခဏသုတ် အကြောင်း တင်မလို့ပါပဲ။ အင်တာနက်ကွန်နက်ရှင်က သိပ်မကောင်းတာနဲ့ မတင်ဖြစ်ခဲ့ပါဘူး။ ဒီကနေ့တော့ ရက်ကျော်သွားပြီမို့ မတင် တော့ဘူးစိတ်ကူးပေမဲ့ ကိုသံလွင်ရဲ့ “ငါ…ပြိုင်ပွဲ” ကဗျာဖတ်ရပြီး နည်းနည်းတင်ချင် စိတ် ပေါက်သွားလို့ တင်လိုက်ပါတယ်။ ရက်အားဖြင့် တရက်ကျော်သွားပေမဲ့ ကောင်းသော တရားဆိုတာ Expire မရှိဘူးမဟုတ်လား။

တကယ်တော့ လူတိုင်းဟာ ကိုယ့်အတ္တနဲ့ ကိုယ်ချည်းပါပဲ။ အတ္တမရှိဘူး၊ အရာရာ ဟာ အနတ္တဆိုတာ သိရက်နဲ့လည်း ငါမှငါ ဖြစ်နေကြပါတယ်။ ငါနဲ့ငါသာ နှိုင်းစရာ ဆိုပြီး “ငါ” မာန်တွေ တက်နေကြတယ်။ ငါသာကောင်းတယ်၊ ငါလုပ်တာသာ မှန်တယ်၊ ငါသည်သာ အဖြူစင်ဆုံးလို့ ထင်နေကြတယ်။ တကယ်တမ်း .. ငါ ဆိုတာ ဘယ်မှာလဲ။ ငါဆိုတာ တကယ်ရှိသလား။ ငါ … အဟုတ်လား၊ မဟုတ်လား မြတ်စွာဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ဟောကြားခဲ့တာပါပဲ။ ဒါကို မသိကြတာလား၊ နားမလည်ကြတာလား၊ သဘောမပေါက်ကြတာလား၊ မသိချင်ယောင် ဆောင်နေကြတာလား။

သေချာတာကတော့ ပုထုဇဉ်မှန်သမျှ ငါအစွဲကို မဖြုတ်နိုင်ကြသေးပါဘူး။ ငါစွဲ အရှင်း မပြုတ်နိုင်သေးခင် အနည်းအကျဉ်း လျော့ပါးလို လျော့ပါးငြား ဘုရားဟော ကြားခဲ့တဲ့ အနတ္တလက္ခဏသုတ်ကို ကိုယ်တိုင် ဆင်ခြင်ရအောင်လို့ ဘလော့မှာ တင်ထားလိုက်ပါတယ်။ အတ္တကိုဖြေဖျောက်တဲ့တရား ဟောကြားတဲ့နေ့မို့ ၀ါဆို လပြည့် ကျော် ၅-ရက်ကို “ငါပျောက်တဲ့နေ့” လို့ ကျမက အမည်တပ်လိုက်ခြင်း ဖြစ်ပါတယ်။
***
အနတ္တ ဆိုတဲ့ စာလုံးကို ပုဒ် ခွဲလိုက်တဲ့အခါ …
န + အတ္တ
န = မဟုတ်
အတ္တ = ငါ
အနတ္တ = ငါမဟုတ်
အနတ္တလက္ခဏသုတ်ဆိုတာ အတ္တကို ချေဖျက်ဖို့အတွက် မြတ်စွာဘုရားက သေချာ ရှင်းလင်းစွာ ဟောကြားတော်မူခဲ့တဲ့ တရားတော်ဖြစ်ပါတယ်။ ၀ါဆိုလပြည့် ကျော် ၅-ရက်မှာ ပဉ္စ၀ဂ္ဂီ ၅-ဦးကို အမှူးထားပြီး ဟောကြားခဲ့ပါတယ်။

ရုပ်သည် အတ္တမဟုတ်။
ရုပ်ဟာ အတ္တလို့ဆိုပါရင် ရုပ်ဟာ နာကျင်ခြင်း မဖြစ်နိုင်ပါဘူး။ ငါ့ရုပ်ဟာ ဒီလို ဖြစ်စေ၊ ဒီလိုမဖြစ်စေနဲ့လို့ တောင့်တလို့ ရနိုင်ပါတယ်။
ရုပ်ဟာ အတ္တမဟုတ်တဲ့အတွက် နာကျင်ခြင်းလည်း ဖြစ်ရပါတယ်။ ရုပ်ကို ဒီလို ဖြစ်စေ ဒီလိုမဖြစ်စေနဲ့လို့ တောင့်တလို့လည်း မရနိုင်ပါဘူး။

ထိုနည်းတူပါပဲ …
ခံစားမှု ဝေဒနာသည်လည်း အတ္တမဟုတ်
မှတ်သားမှု သညာသည်လည်း အတ္တမဟုတ်
ပြုလုပ်အားထုတ်မှု သင်္ခါရသည်လည်း အတ္တမဟုတ်
ကြံသိမှု စိတ်ဝိညာဏ်သည်လည်း အတ္တ စသဖြင့် မဟုတ်ကြပါဘူး။

အတ္တမဟုတ်ရင် … ရုပ်ဟာ ဘာလဲ … ။
ရုပ်ဟာ …
တည်မြဲခြင်းမရှိ။
ဆင်းရဲခြင်းသာရှိတယ်။
မမြဲ၊ ဆင်းရဲတဲ့ ဒီရုပ်ဟာ ငါ မဟုတ်၊ ငါ့ရဲ့ကိုယ်မဟုတ်၊ ငါ့ရဲ့ဥစ္စာ မဟုတ်။

ထိုနည်းတူ …
ဝေဒနာ၊ သညာ၊ သင်္ခါရ နဲ့ ၀ိညာဏ်တို့ဟာလည်း
မတည်မြဲ။
ဆင်းရဲတယ်။
ငါ မဟုတ်၊ ငါ့ဥစ္စာမဟုတ်ကြပါဘူး။

အဲဒီလို ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရနဲ့ ၀ိညာဏ်တို့ဟာ ငါ့ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ့အတ္တမဟုတ်လို့ မှန်ကန်တဲ့ ပညာနဲ့ ရှုမြင်ရပါမယ်။

ဒီလို ဉာဏ်နဲ့ ရှုမြင်ပြီးသူဟာ ရုပ်မှာလည်း ငြီးငွေ့မယ်၊ ဝေဒနာမှာလည်း ငြီးငွေ့မယ်၊ သညာမှာလည်း ငြီးငွေ့မယ်၊ သင်္ခါရမှာလည်း ငြီးငွေ့မယ်၊ ၀ိညာဏ်မှာ လည်း ငြီးငွေ့ပါမယ်။
ငြီးငွေ့တဲ့အခါ … စွဲမက်မှုကင်းတယ်။
စွဲမက်မှု ကင်းတာကြောင့် … ကိလေသာမှ လွတ်မြောက်တယ်။
ကိလေသာမှ လွတ်မြောက်ရင် … ကိလေသာမှ လွတ်မြောက်တယ်ဆိုတဲ့ အသိ ဉာဏ် ဖြစ်ပေါ်တယ်။
ပဋိသန္ဓေနေမှု မရှိတော့ဘူး။
အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ။
ပြုဖွယ်ကိစ္စတွေကို ပြုပြီးပြီ။
မဂ်ကိစ္စအလို့ငှာ တပါးသော ပြုဖွယ် မရှိတော့ပြီဟု အသိဉာဏ်ပေါ်ပေါက် လာပါ တော့တယ်။
***
ငါဆိုတာ မရှိမှတော့ ငါတွေ ပြိုင်နေဖို့လည်း မလိုအပ်တော့ဘူး ထင်တာပါပဲ။ ဒါပေမဲ့လည်း ငါမဟုတ် ငါမရှိဆိုတာ ဉာဏ်နဲ့ သေချာစွာ မသိသေးမချင်း ငါလှိုင်းတွေထန်နေတဲ့ သံသရာရေယာဉ်တကြောမှာ ကျမတို့ ဘယ်လောက် ထိအောင်များ မျောနေကြရဦးမှာလဲ … တွေးနေမိပါရဲ့။
***
မေဓာဝီ
၎၊ သြဂုတ်၊ ၂၀၀၇
၁၁ နာရီ ၁၀ မိနစ်

Read More...

Thursday, August 02, 2007

ဗိုလ်လုပ်လိုသလား (၄)

ဗိုလ်လုပ်လိုသလား (၃) ကို ဇွန်လ ၂၇ ရက်နေ့က ဖော်ပြခဲ့ပြီး ဒီကြားထဲ အမှတ် (၄) ကိုမဖော်ပြဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ဒီကနေ့တော့ အမှတ် (၄) ကို ဆက်လက် ဖော်ပြလိုက်ပါမယ်။ အမှတ် (၃) မှာ သဒ္ဓါဗိုလ်အကြောင်း ဖော်ပြခဲ့ပြီးပါပြီ။ အခု ဖော်ပြမှာကတော့ ၀ီရိယဗိုလ် အကြောင်းပဲ ဖြစ်ပါတယ်။

၂။ ၀ီရိယဗိုလ်

ဝီရိယဗိုလ်ဆိုတာ ၀ီရိယ + ဗလ ပုဒ်နှစ်ခု ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ ၀ီရိယ ဆိုတာ အားထုတ်မှု လုံ့လကို ဆိုပါတယ်။ ဗလကတော့ အားကြီးမှု အားကောင်းမှု ဆိုတဲ့ အဓိပ္ပါယ်မို့ နှစ်ခုပေါင်းလိုက်တော့ အားကောင်းသော အားကြီးသော လုံ့လ လို့ အဓိပ္ပါယ်ရပါတယ်။

ဝီရိယမှာ လောကီဝီရိယနဲ့ လောကုတ္တရာဝီရိယ ရယ်လို့ နှစ်မျိုးရှိပါတယ်။

လောကကြီးမှာ အသက်မွေးမှု စတဲ့ လုပ်ကိုင်ဆောင်ရွက်မှု ဟူသမျှမှာ ၀ီရိယနဲ့ ကင်းလို့ မဖြစ်နိုင်ပါဘူး။ ပစ္စည်းဥစ္စာကို အလိုရှိသူဟာ ၀ီရိယရှိမှ ကိစ္စပြီးမြောက် မယ် လို့ဆိုထားပါတယ်။ ပျင်းရိတဲ့သူများဟာ ဆင်းရဲ မွဲတေတတ်ပါသတဲ့။ တချို့ ကံမကောင်း အကြောင်းမလှလို့ မွဲတဲ့သူများလည်း ရှိပေမဲ့ ၀ီရိယရှိမယ်ဆိုရင် တချိန်ချိန်မှာ တက်လမ်းဆိုတာ ရှိနိုင်ပါသေးတယ်။ ၀ီရိယကင်းမဲ့ သူများအဖို့ ကတော့ လမ်းဆုံးအောင် မွဲတတ်ကြပါတယ်။ လောကီအရေးမှာ ၀ီရိယကို အသုံးချခြင်းကြောင့် ဥစ္စာ၊ ပညာ စတဲ့ လောကီရတနာတွေရနိုင်ပါတယ်။

လောကုတ္တရာဝီရိယဆိုတာကလော့ မဂ် ဖိုလ် နိဗ္ဗာန်ကို ရည်မှန်း အားထုတ်တဲ့ လုံ့လ၀ီရိယကို ဆိုလိုပါတယ်။
* မဖြစ်သေးတဲ့ အကုသိုလ်ကို မဖြစ်အောင်
* ဖြစ်ပြီးတဲ့ အကုသိုလ်ကို ပျောက်ပျက်အောင်
* မဖြစ်သေးတဲ့ ကုသိုလ်ကို ဖြစ်အောင်
* ဖြစ်ပြီးတဲ့ ကုသိုလ်ကို တိုးပွားအောင်

….. အားထုတ်ခြင်းဟာ လောကုတ္တရာဝီရိယ ဖြစ်ပါတယ်။ အဲဒီ ၀ီရိယဟာ အလွန် ကြီးကျယ် မြင့်မြတ်တာမို့ ၀ီရိယဗိုလ် လို့ ဆိုပါတယ်။

မဖြစ်သေးတဲ့ အကုသိုလ်တွေ မဖြစ်အောင်ကတော့ သီလနဲ့ ထိန်းသိမ်းရပါမယ်။ သီလကို စောင့်ထိန်းတဲ့နေရာမှာလည်း တော်ရိရော်ရိမဟုတ်ဘဲ မကျိုးမပေါက် မပျက်မစီးအောင် လေးလေးနက်နက် လုံ့လ၀ီရိယနဲ့ ဆောက်တည်ရမှာ ဖြစ်ပါတယ်။ ကိုယ်၊ နှုတ် စင်ကြယ်စေဖို့ သီလစောင့်ထိန်းရသလို စိတ်စင်ကြယ် စေဖို့ ဘာဝနာတရားပွားများဖို့လိုအပ်ပါတယ်။ ဘာဝနာပွားများရာမှာလည်း ၀ီရိယနဲ့ သမာဓိရအောင် ပွားများပါမှ စိတ်စင်ကြယ် တည်ငြိမ်မှာ ဖြစ်ပါတယ်။ စိတ်စင်ကြယ်နေတဲ့ ပုဂ္ဂိုလ်ဟာ တရားအမှန်ကို သိဖို့ မခဲယဉ်း တော့ပါဘူး။

ဖြစ်ပြီးတဲ့ အကုသိုလ်ကို ပျောက်ပျက်အောင်ကလည်း ကုသိုလ်ကောင်းမှုနဲ့ ဆက်ရ မှာ ဖြစ်ပါတယ်။ သံသရာတလျှောက် မကောင်းမှုတွေ မျိုးစုံ ကျူးလွန်ခဲ့တယ်။ ဒီ မကောင်းမှုတွေအတွက် မကောင်းကျိုးတွေ ခံခဲ့တာလည်း ခံခဲ့ပြီးသလို ကျန်နေ တာတွေလည်း ရှိနေပါသေးတယ်။ ကိုယ်မသိလို့ လုပ်လိုက်မိတဲ့ မကောင်းမှု တခုခု ကို အထပ်ထပ် ပြန်စဉ်းစားနေရင် အကုသိုလ်ကို ပွားယူနေသလိုပါပဲ။ ဒါကြောင့် မသိလို့ လုပ်လိုက်မိပေမဲ့ အဖန်ဖန်အထပ်ထပ် မစဉ်းစားတော့ဘဲ ကုသိုလ်တွေ ဆက်လက်လုပ်ကိုင်ခြင်းဖြင့် အကုသိုလ်အင်အား လျော့နည်းသွားစေပါတယ်။ နောက်ဆုံး အကျိုးပေးခွင့် မရှိတော့ဘဲ အဟောသိကံ ဖြစ်ကောင်း ဖြစ်သွားနိုင် ပါတယ်။ ဒီလိုဖြစ်ဖို့ကလည်း ကုသိုလ်ပြုတဲ့နေရာမှာ ၀ီရိယနဲ့ လေ့ကျင့်ပြုလုပ်သွား ဖို့ လိုအပ်ပါတယ်။

မဖြစ်ပေါ်သေးတဲ့ ကုသိုလ်တွေ ဖြစ်အောင်၊ ဖြစ်ပြီး ကုသိုလ်တွေ တိုးပွားအောင်က လည်း ဒါန၊ သီလ၊ ဘာဝနာ တရားများကို လုံ့လအားထုတ်မှု ရှိမှသာလျှင် ဖြစ်မယ်လို့ ဆိုပါတယ်။
အကုသိုလ်ကုန်ဆုံးမှု၊ ကုသိုလ်တိုးပွားမှု၊ နိဗ္ဗာန်ကို မျက်မှောက်ပြုမှုတို့ဟာ ၀ီရိယ နဲ့ ကင်းလို့ မဖြစ်နိုင်ပါဘူး။
***
“ဥပဒေသ”
ပျင်းရိမှုကို ဖျောက်ပါ။ အားထုတ်မှု၊ စွန့်စားမှု၊ ကြိုးထုတ်မှု၊ မတွန့်ဆုတ်မှု၊ စိတ်မပျက်လွယ်မှု၊ မရော့ရဲမှု ဆိုသော ၀ီရိယတို့ကို ဖြစ်ပေါ်အောင် တိုးပွားအောင်၊ မပြိုကွဲအောင်၊ ကြီးမားအောင်၊ မြဲမြံအောင် အားထုတ်ပါ။ ကြီးကဲသော ၀ီရိယစိတ် တည်မြဲလာသော် ဗိုလ်စိတ် ဖြစ်ပေါ်လာသည်ဟုဆို၏။ ထိုဗိုလ်စိတ်ဖြင့် ဗိုလ်အလုပ် ကို လုပ်သည်ရှိသော်၊ ဗိုလ်အဖြစ်သို့ ရောက်ပေလိမ့်မည်။
***
ဝီရိယဗိုလ်ကတော့ ဒီမျှပါပဲ။ နောက်တပတ်ကျော် (သို့) အလျဉ်းသင့်ရင် သတိဗိုလ် အကြောင်း ဆက်ပါဦးမယ်။ ဆရာတော် အရှင်ကေလာသရဲ့ “ဗိုလ်လုပ်လိုသလား” စာအုပ်မှ ထုတ်နုတ်ဖော်ပြခြင်းဖြစ်ပါတယ်ရှင်။
***
မေဓာဝီ
၂၊ သြဂုတ်၊ ၂၀၀၇
ည ၇ နာရီ ၁၅ မိနစ်

Read More...

Wednesday, August 01, 2007

မေတ္တာဖြင့် ...

ကျမက စာတပုဒ်ရေးပြီးတိုင်း အဆုံးမှာ “မေတ္တာဖြင့်” လို့ များသောအားဖြင့် ရေးလေ့ရှိပါတယ်။ ဘာကြောင့် ရေးဖြစ်ရသလဲဆိုတော့ မေတ္တာစိတ်ကို အလွန် နှစ်သက်လို့ပါပဲ။ စာတပုဒ်ကိုရေးရင် မေတ္တာစိတ်နဲ့သာ ရေးချင်တယ်၊ ရေးပြီးတဲ့ အခါမှာလည်း ကျမစာကို ဖတ်တဲ့ စာဖတ်သူတွေအပေါ် ကျမရဲ့ မေတ္တာစိတ်ဝေမျှ ချင်တယ်၊ စာဖတ်သူတွေလည်း မေတ္တာစိတ် တိုးပွားစေချင်တဲ့ ဆန္ဒ ကြောင့်ပါပဲ။

မေတ္တာစိတ်ဟာ အေးချမ်းတယ် မဟုတ်ပါလား။ ကျမဟာ ပူလောင်မှုတွေ ကြုံရ တိုင်း မေတ္တာကိုသာ နာနာပွားမိ ပို့မိတယ်။ မေတ္တာစိတ်ဟာ ကိုယ်တိုင် အေးချမ်း သလို သူတပါးကိုလည်း အေးချမ်းစေပါတယ်။

မေတ္တာဆိုတဲ့ စကားလုံးရဲ့ အနက်အဓိပ္ပါယ်ကို သေချာသိခဲ့တာကတော့ ကျမ ဆယ်တန်းအောင်ခါစ အချိန်ကပါ။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်မတက်ခင် အားလပ်နေစဉ်မှာ အဖေက ကျမတို့မောင်နှမတတွေကို ဗိုလ်တထောင်ဘုရား ခြေတော်ရင်းမှာ ဖွင့်လှစ်ထားတဲ့ မြတ်ရတနာ ဘာသာရေးသင်တန်းကို တက်ရောက်သင်ကြားစေပါတယ်။ အဲဒီသင်တန်းမှာ အခြေခံဗုဒ္ဓဘာသာ၊ ယဉ်ကျေးမှု၊ မြန်မာစာ၊ ပရိတ် စတဲ့သင်တန်းတွေကို တက်ရောက်နေစဉ်မှာပဲ သင်တန်းဆရာကြီး ဦးမြသောင်းရဲ့ “မေတ္တာဗြူဟာအသင်း”မှာ ရာသက်ပန်အသင်း သားအဖြစ် အသင်းဝင်ခဲ့ပါတယ်။

အသင်းသားတွေစုဝေးပြီး တပတ်တကြိမ် စုပေါင်းမေတ္တာပွားကြတယ်၊ သင်္ကြန်နဲ့ နှစ်ဆန်းတရက်လိုနေ့မျိုးမှာ အသံမစဲ မေတ္တာပွားကြတယ်။ ၀ါခေါင်လပြည့် မေတ္တာ အခါတော်နေ့ ကျင်းပကြတယ်။ နှစ်လတစ်ကြိမ် မေတ္တာသွေးလှူဒါန်းပွဲ ကျင်းပ ပြုလုပ်ကြတယ်။ ကိုယ်တိုင်လှူနိုင်တဲ့အခါလှူ၊ မလှူနိုင်တဲ့အခါတော့ ဝေယျာဝစ္စ အလုပ်တွေ မေတ္တာနဲ့ ကူညီလုပ်ကိုင်ပေးကြတယ်။ ဗိုလ်တထောင်စေတီတော်ကြီး ရဲ့ အလှူခံပုံးတွေက ငွေအကြွေ ရေတွက်ပေးတဲ့အလုပ်တွေမှာ မေတ္တာနဲ့ လုပ်ကိုင် ဆောင်ရွက်ပေးကြပါတယ်။ အလွန်ကြည်နူးစရာ အလုပ်တွေပါပဲ။

“မေတ္တာဗြူဟာ” အဖွဲ့ဆိုတာ မေတ္တာပြန့်ပွားရေးအဖွဲ့ဖြစ်ပါတယ်။ ဗြူဟာဆိုတာ ပြန့်ပွားခြင်း၊ ပွားများခြင်းဆိုတဲ့ အဓိပ္ပါယ်ပါ။ မေတ္တာဗြူဟာ အဖွဲ့ဝင်တယောက်ဖြစ် တဲ့ ကျမဟာ မေတ္တာကို များများ ပြန့်ပွားစေချင်ပါတယ်။ လူသားတိုင်း မေတ္တာစိတ် ထားစေချင်ပါတယ်။ ဒါကြောင့် ကျမ သိခဲ့ နားလည်ခဲ့ သင်ယူခဲ့တဲ့ မေတ္တာရဲ့ အကြောင်း ပြန်လည်ဝေမျှပေးချင်ပါတယ်။
***
မေတ္တာဟူသည် …

မေတ္တာဆိုတာ မိတ်ဆွေသဘော၊ မိခင်သဘောဖြစ်ပါတယ်။ သတ္တ၀ါအားလုံးအပေါ် ရန်သူလို သဘောမထားဘဲ မိတ်ဆွေလို သဘောထားခြင်းဟာ မေတ္တာဖြစ်ပါ တယ်။ သတ္တ၀ါအားလုံးအပေါ် ရင်ဝယ်သားလို သဘောထားခြင်း သနားချစ်ခင်ခြင်း ဟာ မေတ္တာ ဖြစ်ပါတယ်။ သတ္တ၀ါအားလုံးအပေါ် မိတ်ဆွေလို သဘောထားနိုင်ဖို့ မိခင်လို စောင့်ရှောက်နိုင်ဖို့ မေတ္တာစိတ်ဖြစ်ရန် လိုအပ်ပါတယ်။ စစ်မှန်တဲ့ မေတ္တာစိတ် ဖြစ်စေဖို့ လေ့ကျင့်ပွားများ ယူမှ ရနိုင်ပါတယ်။

ဒါန၊ သီလ၊ ဘာဝနာမှာ ဘာဝနာ ဆိုတာ အမြင့်ဆုံးကောင်းမှု အလုပ်ဖြစ်ပါတယ်။ မေတ္တာပွားခြင်းဟာ ဘာဝနာ အလုပ် ဖြစ်ပါတယ်။ မေတ္တာဟာ ဘယ်လောက် မြင့်မြတ်သလဲဆိုရင် မေတ္တာပွားများမယ့်သူဟာ ကြိုတင်ကျင့်ဖွယ် ၁၅-ချက်ကို ဦးစွာ ပြုကျင့်အပ်ပါတယ်။ အဲဒီ ၁၅-ချက်ကတော့ …

၁) ကျင့်စွမ်းနိုင်ရမည်။
၂) ကိုယ် နှုတ် ဖြောင့်မတ်ရမည်။
၃) စိတ်နေ စိတ်ထား ကောင်းစွာဖြောင့်မတ်ရမည်။
၎) ဆိုဆုံးမ လွယ်ရမည်။
၅) စိတ်ထား နူးညံ့သိမ်မွေ့ရမည်။
၆) လွန်ကဲတက်ကြွသော မာန်မာန မရှိရာ။
၇) ပစ္စည်းလေးပါး၌ ရောင့်ရဲလွယ်ရမည်။
၈) မွေးမြူလွယ်ရမည်။ (သူတပါး အပြုအစု မခက်စေရ)
၉) အမှုကိစ္စ နည်းပါးရမည်။ (အပိုအလုပ်တွေနည်းရမည်။)
၁၀) ၀န်ကျဉ်းပေါ့ပါးသော အသက်မွေးမှုရှိရမည်။
၁၁) ငြိမ်သက်သော ဣနြေ္ဒရှိရမည်။
၁၂) ရင့်ကျက်သော ပညာရှိရမည်။
၁၃) ကိုယ် နှုတ် နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
၁၄) ဒကာစွဲ ဆရာစွဲ လူမျိုးစွဲ ကင်းရမည်။
၁၅) ပညာရှိတို့ ကဲ့ရဲ့စွပ်စွဲနိုင်မည့် ဒုစရိုက်မှုကို စိုးစဉ်းအနည်းငယ်မျှ မပြုမကျင့်ရာ။

ပြီးမှ အခုလို မေတ္တာပို့ပါမယ်။
* ခပ်သိမ်းသော သတ္တ၀ါတွေ ချမ်းသာကြပါစေ။
* ခပ်သိမ်းသော သတ္တ၀ါတွေ ဘေးရန်ကင်းကြပါစေ။
* ခပ်သိမ်းသော သတ္တ၀ါတွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

* တယောက်နှင့်တယောက် အမျက်ဒေါသ ကင်းကြပါစေ။
* တယောက်နှင့်တယောက် အထင်အမြင်သေးမှု ကင်းဝေးကြပါစေ။
* တယောက်နှင့်တယောက် ဒေါသဖြင့် ချုပ်ချယ်မှု ကင်းကြပါစေ။
* တယောက်နှင့်တယောက် ဆင်းရဲဒုက္ခရောက်ခြင်းကို အလိုမရှိကြ ပါစေလင့်။

မေတ္တာပို့ခြင်း၊ မေတ္တာပွားများခြင်း၊ မေတ္တာစိတ်နဲ့ နေထိုင်ခြင်းဟာ အကျိုးမမဲ့ပါဘူး။ မေတ္တာရဲ့ အကျိုး ၁၁-မျိုး ရှိပါတယ်။
၁) ချမ်းချမ်းသာသာ အိပ်ရခြင်း။
၂) ချမ်းချမ်းသာသာ နိုးရခြင်း။
၃) အိပ်မက်ကောင်း မြင်မက်ခြင်း။
၎) လူတို့ချစ်ခင်ခြင်း။
၅) နတ်တို့ချစ်ခင်ခြင်း။
၆) နတ်တို့ စောင့်ရှောက်ခြင်း။
၇) မီးဘေး-အဆိပ် လက်နက် ဘေးတို့မှ ကင်းဝေးခြင်း။
၈) စိတ်တည်ကြည်လွယ်ခြင်း။
၉) မျက်နှာအဆင်း ကြည်လင်ခြင်း။
၁၀) မတွေမဝေ ကြည်ကြည်လင်လင် သေရခြင်း။
၁၁) မဂ် ဖိုလ် မရသေးလျှင် ဗြဟ္မာ့ဘုံ၌ ဖြစ်ရခြင်း။
…… တို့ပဲ ဖြစ်ပါတယ်။

မေတ္တာစိတ်ဟာ ဘက်လိုက်ခြင်း မရှိပါဘူး။ သတ္တ၀ါ အားလုံးအပေါ် တပြေးညီ တူညီတဲ့ စိတ်ထားဖြစ်ပါတယ်။ ဆင်းရဲသူဖြစ်စေ၊ ချမ်းသာသူဖြစ်စေ၊ သူခိုး ဓါးပြ ဖြစ်စေ မေတ္တာထားသူဟာ အဲဒီအချက်တွေကို မကြည့်ပါဘူး။ သတ္တ၀ါအားလုံးကို ရည်ရွယ်လို့သာ မိမိရဲ့ မေတ္တာကို ပေးဝေငှနေမှာ ဖြစ်ပါတယ်။ (ငါ့မေတ္တာ မောင်ဖြူသာ သက်ရောက်စေ၊ မောင်မဲ မပါစေရ ဆိုရင် ဒါဟာ မေတ္တာအစစ် မဟုတ်ပါဘူး။) ဒါကြောင့် မေတ္တာစစ်ဖြင့် နေထိုင်ခြင်းကို မြတ်သောနေထိုင်ခြင်းလို့ ကျမတို့ ဗုဒ္ဓက ဟောကြားထားပါတယ်။ ကျမဟာ မေတ္တာဖြင့် နေထိုင်လိုပါတယ်။ နေထိုင်နိုင်အောင်လည်း ကြိုးစားနေပါတယ်။ အပြည့်အ၀ မနေနိုင်သေးသည့်တိုင် တတ်နိုင်သမျှ အားလုံးအပေါ် မေတ္တာ ပျက်ယွင်းခြင်း မရှိအောင် ကြိုးစား ကျင့်ဆောင်နေသူ ဖြစ်တဲ့အတွက် “မေတ္တာဖြင့်” ဆိုတဲ့ စကားလုံးကို သုံးစွဲရခြင်း ဖြစ်ပါတယ်။

မေတ္တာဆိုတာ ငြိမ်းချမ်းရေးပါပဲ။ ငြိမ်းချမ်းရေးရယူလိုသူတိုင်းဟာ မေတ္တာကို မပစ်ပယ် ကောင်းပါဘူး။ မေတ္တာကို အထင်မသေးကောင်းပါဘူး။ မေတ္တာကို မနှိမ့်ချကောင်းပါဘူး။ မာနဆိုတဲ့ မာန်တက်ကြွ ထောင်လွှားနေသူတွေအဖို့ကတော့ မေတ္တာစိတ်နဲ့ အလွန် အလှမ်းဝေးနေမှာပါပဲ။ တကယ်တော့ မေတ္တာတရားနဲ့ ပတ်သက်လို့ ကျမရေးချင်တာတွေ အများကြီး ရှိပါသေးတယ်။ အကြောင်းအရာ ရှည်လျားရင်ဖြင့် ဖတ်သူတွေငြီးငွေ့မှာ စိုးတဲ့အတွက် “မေတ္တာငြိမ်းချမ်းရေး” ဆောင်ပုဒ်ကလေးနဲ့ ကျမရဲ့ စာကို ခေတ္တ ရပ်နားလိုက်ပါတယ်။ အလျဉ်းသင့်ရင် ထပ်ရေးပါဦးမယ်ရှင်။

“မေတ္တာငြိမ်းချမ်းရေး”

မေတ္တာလမ်းကြောင်း၊ ဖော်ထုတ်ဆောင်းအံ့
ကောင်းလည်းကောင်းလျှောက်၊ ချီးမြှောက်မြတ်နိုး
ဆိုးလည်းမပစ်၊ အချစ်မတုံး
အမုန်းဖြေလွှတ်၊ မေတ္တာဝတ်ဖြင့်
မချွတ်တစေ … ကျင့်တတ်စေ …
မေတ္တာရှေ့ပြေး … ငြိမ်းချမ်းရေး။ … ။

***
မေတ္တာခြုံ၍ လုံကြပါစေ …
မေတ္တာဆောင်၍ အောင်ကြပါစေ …
မေတ္တာထားကြပါစို့ … မေတ္တာပွားကြပါစို့ …

မေတ္တာဖြင့် …

မေဓာဝီ
၁၊ သြဂုတ်၊ ၂၀၀၇
ညနေ ၅ နာရီ

ကိုးကား။
မေတ္တာဗြူဟာအဖွဲ့ - မေတ္တသုတ်တော်နှင့် မေတ္တာကျင့်စဉ်

Read More...