
(ဟော … ဒီလောက်ကြီး)
ဝိုင်းလေး ၀ိုင်းလေး ဘယ်လောက်သေး
(ဟော … ဒီလောက်သေး)
မအေးခြင်ထောင် ဘယ်လောက်ပေးရတယ်
(ငါးမူး တကျပ် ပေးရတယ်)
ငါ့ကိုရောင်းပါကွယ် ..
(အမေဆူလိမ့်မယ်)
အမေဆူရင် ငါ့ဆီပြေးခဲ့
(((၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀)))
***
သူတို့ငယ်ငယ်က ဒီကစားနည်းကို နှစ်ခြိုက်မက်မောစွာ ကစားခဲ့ကြဖူးသည်။ ကစားမည့်သူတွေ လက်ချင်းချိတ်ဆက်ကာ ၀ိုင်းဖွဲ့ထားလျက် အထက်ပါအတိုင်း ဆိုကာ ကစားခဲ့ကြ၏။ ၀ိုင်းကြီးဝိုင်းကြီး ဘယ်လောက်ကြီးဆိုလျှင် တွဲထားသည့် လက်တွေကို ကျယ်နိုင်သမျှ ကျယ်အောင် တဆုံးဖြန့်ကားပြီး စည်းဝိုင်းကြီးကြီး ဖြစ်အောင်လုပ်ကြရသည်။ ၀ိုင်းလေးဝိုင်းလေး ဘယ်လောက်သေး ဆိုလျှင်တော့ လူချင်းထိမတတ် ပူးကပ်ကာ လက်တွဲလေးတွေချုံ့လျက် စည်းဝိုင်းကလေး သေးနိုင်သမျှ သေးအောင် လုပ်ကြရသည်။
အဲဒီလို ကစားခဲ့ကြတဲ့အရွယ် ခပ်ငယ်ငယ်တုန်းကတော့ ….
သူတို့ပတ်ဝန်းကျင်မှာ အဘိုး အဘွား အဖေ အမေ … ဦးကြီး ဦးလေး ဒေါ်ကြီး ဒေါ်လေး … ညီအစ်ကို မောင်နှမများ ဒီလောက်သာ ရှိခဲ့ကြသည်။ ဒီသိုက်မြုံလေး ထဲမှာသာ ရှင်သန်ခဲ့ကြသည်။ သူတို့၏ အ၀န်းဝိုင်းကလေးသည် ကျဉ်းမြောင်းလှ ပါသည်။ ကျဉ်းမြောင်းသော အ၀န်းဝိုင်းလေးမှာ တဦးနှင့်တဦး နီးကပ်စွာ တည်ရှိ ကြပြီး တွဲချိတ်ထားသော လက်များသည်လည်း နွေးထွေး မြဲမြံခဲ့ကြသည်။
အသက်အရွယ် ကြီးပြင်းလာသည်နှင့်အမျှ လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း မျိုးစုံ အလယ် ကျင်လည်ကြရရင်း သူတို့၏ အ၀န်းဝိုင်းကလေးသည် တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ချေပြီ။ ဒီလိုကျယ်ပြန့်လာသည်နှင့်အမျှ တွဲလက်ကလေးတွေသည် မထိတထိ မခိုင့်တခိုင် မြဲမြံစွာ မဆုပ်ကိုင်နိုင်ကြတော့။ မိမိ၏ အသိုင်းအ၀ိုင်းကို ကျယ်နိုင်သမျှ ကျယ်အောင် ကြီးနိုင်သမျှ ကြီးအောင် ကြိုးစားရင်းဖြင့် တဦးနှင့် တဦး ဝေးကွာလာခဲ့ကြသည်။ အေးစက်လာခဲ့ကြသည်။
***
ဒီကစားနည်းရဲ့ ရည်ရွယ်ချက်နှင့် အဓိပ္ပါယ်ကို ခုချိန်ထိ သူသေချာမသိခဲ့ပါ။
မအေး ခြင်ထောင် ဘယ်လောက်ပေးရတယ် … ဟု ဘာကြောင့်မေးသလဲ၊ သူမသိ။ ငါးမူးတကျပ် ဆိုသည့်ဝေါဟာရကို ကလေးတွေ နားလည်အောင် မိတ်ဆက်ပေး ခြင်းပေလား။ ဖြစ်နိုင်ချေများကို ခုမှ ဇဝေဇ၀ါ စဉ်းစားမိနေ၏။ သေချာတာကတော့ သူတို့ငယ်ငယ်က ခြင်ထောင်ကလေးတွေနှင့် အိပ်ခဲ့ကြရသည်။ ညဘက်အိပ်ခါနီး ခြင်ထောင်လေးထဲ ၀င်လိုက်လျှင်ပင် လုံခြုံမှုရှိသလို ခံစားခဲ့ရသည်။ ခြင်ထောင် အောက်အဖျား လေးဘက်လေးတန်ကို မွေ့ရာအောက် ဖိညှပ်ပြီး ခေါင်းအုံးလေးပေါ် အိပ်ကာ ခြင်ထောင်အမိုးဖြူဖြူကို ကြည့်ရင်း တခါတလေ ဟိုသည်တွေးမိတာတွေ လည်းရှိခဲ့သည်။
နွေနှင့်မိုးဆိုလျှင် ဇာခြင်ထောင်ပါးပါးလျားလျားလေး၊ ဆောင်းဆိုလျှင် အအေး ဒဏ်ကို ကာကွယ်ပြီး လုံခြုံနွေးထွေးစေသည့် ပိတ်ခြင်ထောင် ထူထူထဲထဲ၊ ဒီလို ခြင်ထောင်လေးတွေအတွင်းမှာ ညပေါင်းများစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခဲ့ဖူး ပါသည်။ အခုဆိုလျှင် ခြင်ထောင်နှင့် မအိပ်ရတာကြာပြီ။ တိုးတက်မှုလေလား ဆုတ်ယုတ်မှုလေလား သူ မဝေခွဲတတ်ပေမဲ့ ခြင်ထောင်မရှိသော အိပ်ရာထက်မှာ အိပ်ရင်း မျက်နှာကြက်ကို ငေးမောကာ တလွန့်လွန့် လှုပ်ရှားတတ်သော အမိုး ဖြူဖြူနှင့် ဇာခြင်ထောင်ကလေးကို သတိရမိပါ၏။
ဒီလိုသတိရရင်း အသက်အရွယ်ကြီးလာသည်နှင့်အမျှ ဘ၀၏ မလုံခြုံမှုကို ပိုမိုသိရှိ ခံစားမိလာသည်၊ ခိုင်မြဲမှု မရှိခြင်းကို ပို၍သဘောပေါက်နားလည်လာမိသည်။ သူတို့ဘ၀တွေဟာ ဘယ်လောက်များ လုံခြုံမှုရှိပါသလဲ။ ငယ်ငယ်ကလို ခြင်ထောင် လေးထဲဝင်လို့ လုံခြုံမှုရှိပါမည်ဆိုလျှင် ငါးမူးတကျပ်မကသော ငွေကြေးဖြင့် ဘ၀ကို ငါးဘက် ငါးတန် လုံခြုံအောင် ကာရံပေးထားသော ခြင်ထောင်လေးတွေ ၀ယ်ယူလိုပါသည်။ သို့ပေမဲ့ … ဘ၀၏ လုံခြုံမှု နွေးထွေးမှု စိတ်ချရမှုဆိုတာ ငွေကြေးဖြင့်ဝယ်ယူ၍ ရနိုင်ပါသလား။ တစုံတယောက်ကရော ပြန်လည်ရောင်းချ၍ ရနိုင်ပါသလား … ။ သူ တွေးနေမိပါ၏။
ကစားပွဲထဲမှာတော့ အမေဆူမှာစိုး၍ ခြင်ထောင်ကလေး မရောင်းချင်ပါ … တဲ့။
အဲဒီအရွယ်တုန်းက အမေဆူလျှင် အဖေ့ဆီသွားမည်။ အဖေမရှိလျှင် အဘိုးဆီ သွားမည်၊ ဦးလေးတွေ အဒေါ်တွေဆီသွားမည်။ ကိုယ့်မှာ အားကိုးစရာတွေ တပုံ တပင်။ ချစ်သူ ခင်သူ စောင့်ရှောက်မည့်သူ အများအပြား။
ခုချိန်မှာတော့ တစုံတခု မှားယွင်းခဲ့သည့်တိုင် အမေကလည်း ဆူမှာမဟုတ်တော့ ပြီမို့ လောကကြီး၏ ဒဏ်ခတ်မှုကိုသာ ကြုံရဆုံရ ခံစားရချေမည်။ ထိုအခါ အမေဆူ တုန်းကလို မည်သူ့ထံအားကိုးတကြီးဖြင့် ပြေးရပါမည်လဲ။ ပြေးလို့ရနိုင်ပါ့မလား။ လောကကြီးကပေးသော အပြစ်ဒဏ်ကိုသာ ခါးစည်း အံကြိတ်ခံစားရင်း ဒီဘ၀ ကြီးထဲ ဆက်လက် ရှင်သန်ကြရပေဦးမည်။ ဘ၀တခု မဆုံးသရွေ့ဆိုပါတော့။
ဒီလိုနှင့် သူတို့၏ အ၀န်းအ၀ိုင်းလေးသည် တပတ်ပြီးတပတ် လည်ပတ်နေခဲ့ပါ သည်။ ဒီလိုလည်ပတ်ရင်း တချို့လည်း လက်တွဲဖြုတ်သွားကြသည်။ တချို့ရဲ့ လက် တွေ ပြုတ်သွားကြသည်။ တချို့က လည်ပတ်နေသော စည်းဝိုင်း၏ အပြင်ဘက်ကို ရောက်သွားကြသည်။ တချို့ကတော့ ခိုင်မာစွာ မရပ်တည်နိုင်တဲ့အဆုံး ဘ၀ကို အရှုံးပေးကာ ယိုင်လဲသွားကြသည်။ အနည်းငယ်သော တချို့မှာတော့ တွဲကိုင်ထား သည့် လက်နှစ်ဘက်ကြားထဲ တိုးကာ ၀င်လာကြပြန်သည်။
ထိုသို့ ဤသို့ ၀င်လာရင်း ထွက်သွားရင်း လည်ပတ်နေသော အ၀န်းအ၀ိုင်းလေး သည် သေးငယ်သွားလိုက် ကြီးကျယ်သွားလိုက် … ။
လည်ပတ်နေဆဲ …
သံသရာမဆုံးသရွေ့ …
လွတ်မြောက်ရာ မရောက်မချင်း …
ဒီအ၀န်းဝိုင်းလေးထဲမှာ …
“၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀” ဟု နှုတ်ဖျားမှ မရွတ်ဆိုသော်လည်း ဆိုဘိသကဲ့သို့ ပတ်ချာလည်လှည့်ကာ ဘ၀များစွာ၌ ကျင်လည်နေရဦးမည်သာတည့်။
***
မေဓာဝီ
24th June, 2007
11:00 pm
(ငယ်ငယ်တုန်းက ကစားခဲ့ဖူးသည့် ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ ကစားနည်းအား အခြေခံ၍ မိမိစိတ်ကူးမိသလို ရေးဖွဲ့ခြင်းဖြစ်ပါသည်။)
(ဓာတ်ပုံ -မြန်မာ့စွယ်စုံကျမ်းမှ)
11 comments:
မမေ…
တော်တော်တွေးတတ်တာပဲ…။ ကျနော်က ဒီနေ့ စာမရေးနိုင်တဲ့ အချိန်မှာ မမေက အနိုင်ပိုင်းသွားတယ်။ သိပ်တော့ မနာလိုပါ။ :)
ကျနော်လဲ မမေရဲ့ ဒီစာကို ဖတ်ပြီး တွေးမိတယ်။ ကျနော်က ဇာခြင်ထောင်အပြင်ဘက်ကို ရောက်နေတာလား၊ တွဲလက်တွေနဲ့ ပြုတ်ထွက်နေတာလား၊ ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ ကစားနည်းထဲမှာ ကျနော် ပါဝင်ကစားနေသေးရဲ့လား ဆိုတာပါ။ အရှုံးတော့ မပေးချင်တာ အမှန်ပဲ။ တွဲလက် တခုတလေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လိုက်တွဲပြီး အဲဒီ ပျော်ရွှင်စရာ ကမ္ဘာ ကစားနည်းထဲကို ပါဝင်နေချင်တာပါပဲ။
မမေပေးချင်တဲ့ မက်ဆေ့နဲ့ ကျနော်ရတာ လွဲသွားရင် ကျနော့်ညံ့ဖျင်းမှုပါ..။
thanks , MaMay
I really love this post.
မမေ...ညီမက လက်နစ်ဘက်ထဲ တိုးဝင်လာတာလား၊ လက်တဘက်က ပြုတ်ထွက်သွားတာလား ဒါမှမဟုတ် စည်းဝိုင်းအပြင်ရောက်နေတာလား... ရေရေရာရာ မသိတော့ဘူး...သေချာတာက မမေစာဖတ်ပြီး အထီးကျန်ဆန်သလိုနဲ့ အားငယ်လာတယ်...
ကျွန်တော်တို့  ကတော့ မအေး ခြင်ထောင်လို့ မအော်ဘဲ မအေး ခြင်းတောင်း လို့  ဘဲအော်ခဲ့ကြတာ။
မအေး ခြင်းတောင်းဆိုရင် ပို အဓိပ္ပါယ်ရှိမလား လို့ ..
ညီမရေ..
အမသိသလောက်တော့ မအေးခြင်ထောင်ပဲ။
ခုမှ ခြင်းတောင်းဆိုတော့လဲ ဟုတ်သလိုလို။
ဒါမဲ့ ဘာပဲဖြစ်ဖြစ် အဓိကကတော့ ၀ိုင်းကြီးပတ်ပတ်ထဲက
လွတ်ထွက်မသွားတာ အကောင်းဆုံးပါပဲ။
ကိုယ်သာ လွတ်ထွက်သွားခဲ့ရင်လို့ တွေးမိတော့
စိတ်ထိခိုက်စရာကြီး။
ချစ်တဲ့ -အမ
မမေတို့ အတွေးတွေကတော့ ၀ိုင်းကြီးပတ်ပတ်လည်း စာတစ်ပုဒ် ဖြစ်သွားတာပဲ။
people born alone and die alone. people are proud when they are successful...people are depress when they are failed or face dilemmas. no one can help you...you can help anyone. it is part of human life. if we have no religious, we have nothing to rely on. I am proud of being a buddhist. Buddhist teaches me how to live and die. thanks.
I kyanaw le blog nar kya par dal, yay tar taw ma hot par buu, phat tar, a chein ma ya lo a thay sate ma phat naing taung gaung see lay taw lar kyi phyit par dal...kyay zuu par ma may
ခုတလော တော်တော်လေးကျွန်တော်မအားပြန်ပါဘူး။ ခုမှပဲ မမေစာတွေ အေးအေးဆေးဆေး ပြန်ဖတ်ရတော့တယ်။ ကျွန်တော်လည်း ဘယ်ရောက်နေတဲ့လူမှန်း မသိပါဘူး။ ဘာတွေလုပ်နေမှန်းတောင် မသိတော့ဘူး။ သိတာတော့ တစ်ခု ရှိတယ်။ ကျွန်တော်လည်း ပါဝင်ဆော့ချင်ပါတယ်။
မမေဓာဝီရဲ့ ဘလော့ဂ်ကို မကြာမကြာတော့ လာကြည့်ဖြစ်ပါတယ်၊ မှတ်ချက်သာ ၀င်မရေးဖြစ်တာပါ။ ဒီစာကိုတော့ သဘောကျလွန်းလို့ ကျကြောင်း မှတ်ချက် ၀င်ရေးပါတယ်။
အဲဒါကြောင့် ပြောတာပါ ကြိတ်ချီးကျူးပါတယ်လို့...
းဝ)
Post a Comment