Tuesday, December 18, 2007

မြနန္ဒာ နှင့် ခရစ်စမတ် ညစာ

မနေ့ည (၁၇ ဒီဇင်ဘာ) က ကျမတို့ ကျောင်းမှာ ခရစ်စမတ် အကြို ညစာစားပွဲ ကျင်းပပါတယ်။ ထုံးစံအတိုင်း ဘယ်သူက ဘာအစီအစဉ် လုပ်ကြမလဲ မေးတဲ့အခါ ကျမ ဒီတခေါက် ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားတော့ တကယ်တမ်း ဂစ်တာ တီးချင်ပါတယ်၊ တလောက စာတိုက်ကနေ အမကြီး ပို့ပေးလိုက်တဲ့ ကျမရဲ့ ဂစ်တာ နုတ်စ်တွေလဲ ရှိတယ်၊ ဒါပေမဲ့ အများရှေ့မှာ တီးရမှာ ဆိုတော့ ပြန်လေ့ကျင့်ထားမှ ဖြစ်မှာ။ ကျမမှာက လေ့ကျင့်ချိန် မရှိဘူး။ ကဗျာကလည်း တခါရွတ်ထားပြီးသား ဆိုတော့ ထပ်မရွတ်ချင်တော့ဘူး။ ဒီလိုနဲ့ တွေဝေနေတုန်း ကျမနဲ့ တော်တော်လေး ရင်းနှီးခင်မင်နေတဲ့ ချီဆတို နဲ့ မိယု ဆိုတဲ့ ဂျပန်မလေး နှစ်ယောက်က မြှောက်ပေးတာနဲ့ပဲ သီချင်းဆိုမယ်လို့ စာရင်းပေး လိုက်ပါတယ်။

စာရင်းသာ ပေးလိုက်တယ် ... ဘာသီချင်း ဆိုရမလဲ စဉ်းစားမရ သေးပါဘူး။ ချီဆတိုက သဘာဝရဲ့ ရင်သွေးငယ် ဆိုခိုင်းပါတယ်။ တခါတုန်းက သူနဲ့တူတူ ကျောင်းမှာ သန့်ရှင်းရေးလုပ်ကြရင်း အဲဒီသီချင်း ကျမ ညည်းဆို မိတာကို သူက ကြားတော့ သီချင်း အဓိပ္ပါယ် မေးတာနဲ့ တတ်သလောက် မှတ်သလောက် ရှင်းပြခဲ့ ဖူးလို့ပါ။

ဒါနဲ့ပဲ သဘာဝရဲ့ ရင်သွေးငယ် ဆိုမယ်ဆိုပြီး မြို့ထဲကအပြန် လမ်းကလေးမှာ တယောက်ထဲ လျှောက်နေရင်း အော်ဆို လေ့ကျင့်လာမိတယ်။ ကျမ အသံ ဘယ်လောက် ကောင်းလဲ ဆိုရင် အသံကြားတာနဲ့ လမ်းဘေး သစ်ပင်ပေါ်က ငှက်ကလေးတွေ ချုံပုတ်ထဲက ရှဥ့်ကလေးတွေ အလန့်တကြား ထပြေး ကြပါလေရော ... ။ အဲဒီလောက်ထိ ... ။
***
ညနေ ၆နာရီ ခွဲမှာ အစီအစဉ် စဖို့ သတ်မှတ်ထား ပေမဲ့ လူမစုံသေးလို့ ၇ နာရီ ခွဲမှ စဖြစ်ပါတယ်။ ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည် တော်တွေ စုံတဲ့ အခါမှာ အကျွေးအမွေးနဲ့ တည်ခင်း ဧည့်ခံ ပါတယ်။ နိုင်ငံ အသီးသီးက ကျောင်းသား အသီးသီး လက်စွမ်းပြ ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေ အချိုပွဲတွေကို အမျိုးအမည်နဲ့တကွ ရှင်းလင်း ပြောပြကြတယ်။

ဖိလစ်ပိုင်သား ခရစ်စ်က ကျမတို့ဆီက နို့ထမင်းနဲ့ ခပ်ဆင်ဆင် အစားအစာ တမျိုးလက်စွမ်းပြပါတယ်။ ဂျပန်ကျောင်းသား ကျောင်းသူတွေကလည်း ဂျပန်မုန့် (ဘယ်လိုခေါ်လဲ မသိတော့ဘူး မေ့သွားပြီ) တွေ အားကျ မခံ လုပ်ကြပါတယ်။ ကျမကတော့ ဗမာမုန့် လုပ်တတ်ဘူး ဆိုပြီး လက်ရှောင်ထားတာ။

အဲဒီလိုနဲ့ စားသောက်ပြီးတဲ့နောက် ကျောင်းအုပ် ဆရာမကြီး ဒေါ်ကရင် (မှတ်ချက် ။ .. ။ ကရင်လူမျိုး မဟုတ်ပါ။ သူ့နာမည်က Karen တဲ့) က အဖွင့် အမှာစကား ပြောပြီး သီချင်းဆိုပါတယ်။ ဒေါ်ကရင်ပြီးတော့ ဘရာဇီးသူ မမ အစ်ဇဘယ်က ဘရာဇီးနိုင်ငံမှာ ခရစ်စမတ်ဆိုရင် ဘယ်လို ကျင်းပလေ့ရှီတယ် ဆိုတာ ရှင်းပြပါတယ်။

မမ အစ်ဇဘယ် ပြီးတော့ ဂျပန် ကျောင်းသား တယောက်နဲ့ ယူမိကို က စုံတွဲသီချင်း ဆိုတယ်။ သူတို့ဂျပန်မှာက ခရစ်စမတ်ဆိုတာ စုံတွဲတွေ အတွက်ဆိုပဲ။ ဒါကြောင့် သူတို့က အချစ်သီချင်း ဆိုကြပါတယ်။ သူတို့ စုံတွဲပြီးတော့ အီကွေဒေါသား ကိုဝါရှင်တန်က ဂစ်တာတီးပြီး သူတို့နိုင်ငံမှာ ရေပန်းစားတဲ့ သီချင်းကို အာလုပ်သံကြီးနဲ့ မာန်ပါပါ ဆိုသွားပါတယ်။ သူတို့ဆိုနေစဉ်မှာပဲ ကျမ စိတ်ကူးရမိတာက ... သဘာဝရဲ့ ရင်သွေးငယ် မဆိုဘဲ မြနန္ဒာ လို့ လူသိများတဲ့ မန်းတောင်ရိပ်ခို သီချင်း ဆိုရင် ကောင်းမလား လို့ပါ။

အဲဒီလိုပဲ ကျမစိတ်က ခဏခဏ ပြောင်းလဲတတ်တာ ... ဒါနဲ့ စိတ်ထဲကနေ မြနန္ဒာ သီချင်းကို ဆိုကြည့်နေမိတယ်။ စာသားတွေ အကုန်မှတ်မိလားလို့ ... ။ အားလုံး အိုကေတာနဲ့ အတော်ပါပဲ ... နောက်အလှည့်က .. ကျမ အလှည့်ပေါ့။ ဒေါ်ကရင်က ကျမကို ပရိသတ်နဲ့ မိတ်ဆက်ပေးတယ် ... ။ ဒီကျောင်းရဲ့ ပထမဆုံးသော တဦးတည်းသော မြန်မာပေါ့။ ကျမကလည်း မြန်မာဆန်ဆန် ပင်နီအင်္ကျီနဲ့ ယောလုံချည်ဝတ်ပြီး ပုဝါကြီး စုံချ … ကတ္တီပါဖိနပ်စီး လို့ ... ။ ကိုယ့်ကိုယ်ကိုယ်တော့ မှန်ထဲ မကြည့်ရဲဘူး။ ဘယ်လောက် ကမောက်ကမ ဖြစ်နေမယ်ဆိုတာ မြင်နေရမှာ စိုးလို့ပါ။

ပရိသတ်ရှေ့ရောက်တော့ လူက နည်းနည်း လန့်ချင်နေပြီ။ မနည်း အားတင်းပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်၊ သီချင်းကို မိတ်ဆက် ... ပြီးတော့ ... အဟမ်း )))) စစချင်း အသံက တုန်နေပါသေးတယ်။ ဆိုရတာက ပတ်ခြောက်။ တီးလုံးကလည်း မပါ။ လူတွေရဲ့ မျက်လုံးတွေက ကိုယ့်ဆီမှာ အားလုံး စုပြုံ နေတာမို့ မကြည့်ရဲဘဲ မျက်နှာကြက်က တွဲလောင်း ကျနေတဲ့ မီးလုံးကြီးတွေကို ကြည့်ရင်း ... ဆိုခဲ့ရတယ်။

အရေးထဲ ... "ရွှေမန်းတောင်ရိပ် တူတူခိုမယ် ပျိုဖြူတွေရယ်" ဆိုတဲ့ နေရာမှာ တူမလေး ငယ်ငယ်တုန်းက ဆိုသလို "ရွှေမန်းတောင်ရိပ် ခိုဖြူ ခိုပြာ ခိုဝါ တွေရယ်" လို့ ယောင်ပြီး ဆိုမိတော့မလို့။ တူမလေးကို နောက် နေကျဆိုတော့ ... အကျင့်ပါနေလို့ပါ။ နောက်ဆုံးတော့ ပြီးသွားတယ် ဆိုပါတော့။ အားနာ ပါးနာ တီးကြတဲ့ လက်ခုပ်သံတွေ ကြားကနေပြီး မျက်နှာပူစွာနဲ့ ကိုယ့်နေရာ ကိုယ် ပြန်ထိုင်ခဲ့ရပါတယ်။

တကယ်တော့ မြနန္ဒာ နဲ့ ခရစ်စမတ်နဲ့ ဘာမှ မဆိုင်ပါဘူး။ ဒါပေမဲ့ သူတို့တွေရဲ့ ရိုးရာ သီချင်းတွေဆိုနေချိန်မှာ ကျမလည်း မြနန္ဒာကို လွမ်းသွားမိလို့ပါ။ အားလုံး သီဆို ဖျော်ဖြေ ပြီးချိန်မှာ ည ၁၀ နာရီ ထိုးလုပါပြီ။ နောက်ဆုံး အစီအစဉ်အဖြစ် စန်တာကလော့က အားလုံးကို လက်ဆောင်ပေးပါတယ်။ လက်ဆောင်တွေ ဖောက်ကြ၊ တယောက်နဲ့ တယောက် အပြန်အလှန် လဲကြတယ်။
***
ဒီလိုနဲ့ ခရစ်စမတ်အကြို ညစာစားပွဲ ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ မကြာခင် ရက်ပိုင်းအတွင်း ကမ္ဘာသုံး ပြက္ခဒိန်မှာ နှစ်သစ်ကို ကူးပြောင်းပါတော့မယ်။ ကျမကတော့ ကျမတို့ မြန်မာပြည်ရဲ့ နှစ်သစ်ကူး အခါသမယကို ပြန်လည် အောက်မေ့ တမ်းတရင်း ... မြနန္ဒာသီချင်းလေးကို စိတ်ထဲကနေပဲ ထပ်တလဲလဲ ဆိုညည်း နေမိပါတော့တယ်။
***
မေဓာဝီ
၁၈ ဒီဇင်ဘာ၊ ၂၀၀၇
ည ၁၁ နာရီ ၄၀ မိနစ်

9 comments:

ကလိုစေးထူး said...

တော်တော် တော်တာပဲ… ဟီး။ ကျနော်သာဆို အဲလိုမျိုး တီးလုံးမပါ ဘာမပါနဲ့ ဘယ်လိုမှ လူရှေ့မှာ သီချင်းဆိုတတ်မှာ မဟုတ်ဘူး။ မမေက သတ္တိအတော်ကောင်းတယ် ပြောရမယ်။ :P
မြန်မာဆန်ဆန် ၀တ်စုံနဲ့ ပုဝါစကို မြိန့်မြိန့်ကြီး ရှေ့မှာချလို့ `မြနန္ဒာ´ သီချင်းနဲ့ ခရစ်စမတ်…၊ အယ်.. ဘာမှလဲ ဆိုင်ဘူးနော်။ :D ဒါပေမယ့် မမေ အိမ်ကိုတော့ သတိရနေမှာ သေချာတယ်။ :)

Thyda said...

*တော်လိုက်တာ။နောက်တခါ

ဆိုရင်ကပြလိုက်မမေ။ပျော်စရာကြီးနော်

ဓာတ်ပုံ ချစ်ဦး " Photo Vichan " said...

မြနန္ဒာ သီးချင်းအကြောင်းဖတ်မိလို့ ကျနော်လည်းဖောက်သည်ချချင်တယ်။ 2006 မှာပေါ့ staff party ပွဲတစ်ခုမှာ သူဌေးမက နိုင်ငံခြား အလုပ်သမားတွေ အကတစ်ခုဆီ ကပြရမယ်ဆိုတော့ အခြားနိုင်ငံက သူတွေဆုရသွားမှာစိုးလို့ ဒီသီးချင်းနဲ့ က ပြခဲ့ရတယ်။ မိန်းခလေးမရှိဘူးကျနော်တို့အဖွဲ့မှာ စုစုပေါင်း 12 ယောက်ပေါ့။ 5 ညလောက်တိုက်လိုက်ရတယ်။ နောက်ဆုံးတော့ဆုရလိုက်တယ်လေ။ မျက်စိထဲမြင်ကြည့်ပါ ယောင်္ကျားလေးတွေ အဲဒီသီးချင်း နဲ့ ဘယ်လို့ကရလဲဆိုတာ။ ဟီးဟီးပြောရင်းတောင်ရှုက်လာပြီး။
ချစ်ဦး

Maydarwii said...

သတ္တိမကောင်းဘူး ကိုစေးထူးရေ … အသံတွေ တုန်နေတာ။ ညောင်နာနာ ဖြစ်နေသလားတောင် မပြောတတ်ဘူး။ ကျမသူငယ်ချင်း ခရစ်စ် က နင်သီချင်းဆိုတာ ကြောင်လိုပဲတဲ့ … ချီးကျူးရှာတယ်။ :P

ပျော်စရာတော့ ကောင်းပါတယ် မသီတာ … ဒါပေမဲ့ နားမလည်တဲ့ သူတွေကြားမှာ မြနန္ဒာ ဆိုရတာ ဆိုတော့ နည်းနည်းတော့ ကြောင်တောင်တောင် နိုင်သား … ။

ကိုချစ်ဦးတို့ အဖွဲ့က ၁၂ ယောက်တောင် ဆိုတော့ တော်သေးတာပေါ့။ လူများတော့ ပျော်စရာကြီး။ ဆုရတယ်ဆိုတော့ ကတာ တော်လို့ပေါ့။ ဒါနဲ့ ဘယ်လိုဝတ်ပြီး ကလည်း သိချင်ပါဘိ။ :)

ကွန်မန့်တွေအတွက် ကျေးဇူးတင်ပါတယ်ရှင် … ။

ပြည့်စုံ said...

မမ...
ကျေးဇူးတင်ပါတယ်..ကျနော်လည်းကမန်းကတမ်းနဲ့လေ..မနေ့က မအားတဲ့ကြားကနေတင်လိုက်တာ..မတင်တာကြာသွားလို့လေ.. မမလည်း ကျောင်းပိတ်ပီဆိုတော့ အေးဆေးပေါ့..လွမ်းလိုက်ပါအုံးလေ.... တစုံတရာကိုပေါ့..
့ဘိုင့်နော် မမ..

thamudayanwe said...

အမကျောင်းက ပျော်စရာကြီးနော်..ဘာတွေသင်တဲ့ကျောင်းမို့လို့ ..
အဲလို social အဖွဲ့တွေ ပါတာလဲဟင်..ပီးတော့ အမ စာရေးတာ အရမ်းကောင်းတာပဲနော်..
မျက်စိထဲမှာ ရုပ်လုံးပေါ်တယ်
အမ ပျော်ရွှင်ပါစေ

မောင်ချစ်ခိုင် said...

ကိုယ် အနုပညာ တစ်ခုကို တကယ်မတတ်ရင် အဲဒီလို လူရှေ့ မှာ ရှောက်မလုပ်သင့်ဘူး။ မြန်မာလူမျိုးဟာ အနုပညာ အဆင့်အတန်း နိမ့်တယ်လို့  အများက တလွဲမှတ်သွားစရာ ဖြစ်နိုင်တယ်။

အနုပညာတင် မဟုတ်ဖူး။ ဘယ်ကိစ္စဖြစ်ဖြစ် နိုင်ငံတကာက လူတွေရဲ့ အလယ်မှာ မြန်မာပြည်ကို ကိုယ်စားပြီး ရူးတူးပေါတော စပ်ဖြီးဖြီး အပြုအမူတွေ မလုပ်သင့်ဘူး။

ညလေး said...

ဟားးဟားးး မမေတို့တော့ လုပ်တော့မယ်။ ပ၀ါစုံသာချမထားရင် မြနန္ဒာအလိုက်နဲ့ဆို အတော်လေး ကကောင်းမှာ။ ဆိုနေရင်းနဲ့ ကချင်စိတ်လေး ပေါက်မလာဘူးလား။ ညလေးသာဆို ကမိမှာပဲ။ :P

အသံကကောင်းတော့ အကပါ ဖြည့်လိုက်ရင် ဟွန့် ဘာပြောကောင်းမလဲ ဒီလူတွေ လက်ခုပ်တောင် အတီးရပ်မှာ မဟုတ်ဘူး။ :D

paw369maung@gmail.com said...

မြနန္ဒာနဲ့ ပတ်သက်တဲ့ စာတပုဒ် ရှယ်ယာလုပ်ပေးမယ်ဆိုရင် လက်ခံနိုင်မလား။ အီးမေးလ်လေး တဆိတ်လောက် ပေးနိုင်မယ် ဆိုရင်ပေါ့လေ။