Tuesday, October 31, 2006

ဟာသအတွေး … ဟာသအမြင်

ရသ ကိုးပါးထဲမှာ .. ဟာသ ဆိုတာ လူတွေရဲ့ စိတ်နှလုံးကို ရွှင်ပြုံးစေတဲ့ ရသ တမျိုးပါ၊ ရယ်စရာ ဆိုကတည်းက စိတ်ညစ် စိတ်ဆိုး ဒေါသမျိုးနဲ့ ဆန့်ကျင်ဘက်မဟုတ်လား။
ဒါကြောင့်မို့လဲ ဟာသစာပေ၊ ဟာသရုပ်ရှင်တွေဟာ လူကြိုက်များကြတယ်။ ကျမတို့ငယ်ငယ်ကဆိုရင် အငြိမ့်ကြည့်ရင် လူရွှင်တော်ပြက်လုံးပဲကြည့်ချင်တယ်။ မင်းသမီး က တာ မကြည့်ချင်ဘူး .. ပျင်းလို့လေ။ အဲဒီလောက်ထိ ဟာသ ရသဟာ လူတွေအပေါ် ဖမ်းစားနိုင်ပါတယ်။
ဟာသစာပေကို ကျမသဘောကျတယ်။ ပိုသဘောကျတာကတော့ သရော်စာကိုပါ။
လောကကြီးရဲ့ ကမောက်ကမ ဖြစ်မှုတွေကို ဟာသအမြင်နဲ့ ကြည့်ပြီး သရော်ထားတဲ့ စာတွေကို ကျမ အလွန်နှစ်သက်ပါတယ်။
ဘာကြောင့်လဲဆိုတော့ .. ကျမတို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ မညီမျှမှုတွေ .. အမြင်မတော်မှုတွေ .. စိတ်ပျက်စရာ ဒေါသထွက်စရာ စတာတွေကို ဆိုးညစ်တဲ့ စိတ်မျိုးနဲ့ မခံယူဘဲ ဟာသ အမြင်နဲ့ကြည့် ဟာသအတွေးနဲ့တွေးပြီး ခပ်ရွတ်ရွတ် ရေးထားတာကြောင့် သရော်စာတွေကိုနှစ်ခြိုက်မိတာပါ။ စိတ်ညစ်ရမဲ့အစား ပြုံးမိတယ်၊ ဒေါသထွက်ရမဲ့အစား ရယ်မိတယ်။
ကိုယ်ကိုယ်တိုင် သရော်စာမရေးတတ်ပေမဲ့ .. တခါတလေ ကိုယ်တိုင် ဒီလိုကမောက်ကမအဖြစ်မျိုးတွေနဲ့ ကြုံတွေ့ရတဲ့အခါ .. စိတ်ညစ် စိတ်တိုမနေမိတော့ဘဲ .. ရယ်စရာဟာသလိုသာခံစားပြီး ရယ်မိဟားမိတယ်။
အဲဒီတော့ ကိုယ်လဲ အကုသိုလ်ကင်းပြီး စိတ်လဲ အတော်အတန်တော့ သက်သာရာရတယ်လို့ ထင်တာပဲ။
***
အဲဒီအကျင့်က အဖေ့ဆီကရလာတာလို့လဲ ဆိုနိုင်ပါရဲ့။ အိမ်မှာ အဖေနဲ့ကျမက တခုခုဆို ဟာသလုပ်ပြီး ပြောလေ့ရှိကြတာကိုး။
အဖေက သူကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေ .. ရှေးဟောင်းနှောင်းဖြစ်ကလေးတွေထဲက စိတ်ပျက်စရာကို အသွင်ပြောင်းထားတဲ့ ဟာသတွေ ကျမကို ပြန်ပြန်ပြောပြတတ်ပါတယ်။
အလျဉ်းသင့်လို့ …အဖေပြောပြဖူးတဲ့ အကြောင်းအရာလေးတခုကို ..ဒီမှာရေးလိုက်ပါရစေ။

တခါက အဖေနဲ့ သူ့မိတ်ဆွေတချို့ CMCC ဆိုတဲ့ စစ်တုရင်အသင်းရဲ့ နှစ်ပတ်လည်မဂ္ဂဇင်း ထုတ်ဖို့စီစဉ်ကြပါသတဲ့။ မဂ္ဂဇင်းအတွက် စာမူစုဆောင်းတဲ့သူက အသင်းဝင်မဟုတ်တဲ့လူကြီးတယောက်ကို စာမူ သွားတောင်းပါတယ်။ အဲဒီလူကြီးကလဲ အားတက်သရော စာမူတပုဒ်ရေးပြီးပေးလာတဲ့အခါ အသင်းရဲ့အတွင်းရေးမှူးအပါအ၀င် အဖေတို့က သူ့စာမူကြီးကို ကြည့်ပြီး တော်တော် စိတ်ပျက်ကြတာပေါ့။ ဘာကြောင့်လဲဆိုတော့ သူဟာ စာရေးတတ်တဲ့သူလဲမဟုတ်တဲ့အပြင် သူရေးထားတဲ့ဆောင်းပါးတပုဒ်လုံးက သူ့ကိုယ်သူ ကိုယ်ရည်သွေးထားတာတွေချည်းပဲမို့ပါ။
စစ်တုရင်မှာ သူဟာ ဆရာမရှိဘူး၊ သူဘယ်လိုတွေ ဇွဲနဘဲနဲ့ ကြိုးစားခဲ့တယ် .. သူတော်ကြောင်း တတ်ကြောင်းတွေချည်း ရှည်ရှည်လျားလျားရေးထားတယ်လို့ဆိုပါတယ်၊ သူကလဲ လူကြီးတယောက်ဆိုတော့ ..တောင်းပြီးမှတော့ မထည့်လို့လဲ မဖြစ်ဘူး၊ ဘယ်လိုလုပ်မလဲ .. ။
ဒီလိုနဲ့ တာဝန်က အဖေ့ဆီရောက်လာပါလေရော။
‘ကဲ .. ခင်ဗျားပဲ တည်းဖြတ်ပြီး ထည့်လိုက်တော့ဗျာ၊ ခေါင်းစဉ်လဲ ခင်ဗျားပဲ ကြည့်တပ်လိုက်တော့’ ဆိုပြီး စာမူကြီးက အဖေ့လက်ထဲရောက်လာတယ်ဆိုပါတော့။
သူက သူ့စာမူကို ခေါင်းစဉ်တပ်မထားဘူး၊ ‘ရေးသူ-ကျော်သန်း’ ဆိုပြီးပဲ ရေးထားတယ်တဲ့။
ဒါနဲ့ အဖေလဲ စိတ်ပျက်ပျက်နဲ့ စာတွေ ဖြတ်လို့ရတန်သလောက် တည်းဖြတ်ပြီးနောက် ..ခေါင်းစဉ်ကို ‘ဇွဲသတ္တိရှင် ဦးကျော်သန်း’ ဆိုပြီး ခပ်တည်တည်နဲ့ တပ်လိုက်တယ်။
ဒီလိုနဲ့ စာအုပ်ထွက်လာရော၊ စာရေးသူ ဦးကျော်သန်းကြီးကတော့ သူ့စာမူပါတဲ့ မဂ္ဂဇင်းလေး ချိုင်းကြားညှပ်ပြီး စစ်တုရင်ထိုးတဲ့ စားပွဲဝိုင်းတွေမှာ ဟိုလူ့လိုက်ပြ ဒီလူ့လိုက်ပြနဲ့ လိုက်ကြွားနေတာပေါ့။
စတဲ့ နောက်တတ်တဲ့ အဖေ့မိတ်ဆွေတယောက်က မဂ္ဂဇင်းကို ဟိုလှန်ဒီလှောကြည့်ပြီး ..ပြုံးစိစိနဲ့ ..
‘ခင်ဗျားတို့မဂ္ဂဇင်းက ဟာသ နည်းတယ်နော် .. ’ လို့ဆိုလာတော့
‘ဟာ .. ပါပါတယ်ဗျ ခင်ဗျားကလဲ ..’ လို့ အဖေတို့က ပြန်ပြောကြပါတယ်။
တကယ်တမ်း စာအုပ်ထဲမှာ စစ်တုရင်လောကရဲ့ ဟာသအတိုအထွာလေးတွေ ၄-၅ ပုဒ် ထည့်ထားတယ်တဲ့။
‘ကျနော်တော့ ဟာသ တပုဒ်ပဲတွေ့တယ်’
‘ဘယ်ဟာလဲ’
‘ဒီမှာလေ .. ဇွဲသတ္တိရှင် ဦးကျော်သန်း၊ ရေးသူ-ကျော်သန်း ဆိုတာ’ ဆိုပြီး အဲဒီဆောင်းပါးကိုပြတော့ .. အဖေတို့မှာ ရယ်လိုက်ရတာတဲ့။
အဲဒီအဖြစ်အပျက်လေး အဖေပြောပြပြီးနောက်ပိုင်းမှာ ကျမတို့လဲ တခုခု ကိုယ်ရည်သွေးထားတာမျိုးတွေ့ရင် ‘ဇွဲသတ္တိရှင်ဦးကျော်သန်း -ရေးသူကျော်သန်း’ ဆိုပြီး ပြောစမှတ်ဖြစ်သွားကြတယ်။
ခုချိန်ထိပဲ ဆိုပါတော့။
***
မနေ့ကတော့ အဖေနဲ့ထိုင်စကားပြောနေရင်း ကျမက
‘မြန်မာပြည်မှာ ဂျာနယ်၊ မဂ္ဂဇင်းတွေအများကြီးထုတ်ပေမဲ့ ဟာသပါတာက နည်းတယ်နော် ..’ လို့ အဖေ့ကို ရုတ်တရက်ပြောတော့ .. အဖေက ကျမ တခုခုပြောတော့မယ်ဆိုတာ သဘောပေါက်ပါတယ်။
‘နည်းလို့လား’ လို့ စကားထောက်ပေးတာနဲ့
‘ဟုတ်တယ်လေ .. ဟာသ ပါတာဆိုလို့ ၂စောင်ပဲ ရှိတယ်’
‘ဘာတွေလဲ’
‘မြန်မာ့အလင်းနဲ့ ကြေးမုံ’
အဖေက ရယ်ပါလေရော ..။
‘အဲဒီထဲမှာ ခုရက်ပိုင်း နေ့တိုင်းလိုလိုပါနေတဲ့ ဘောင်ခတ်ထားတဲ့ သတင်းလေးတွေက ဟာသအမြောက်ဆုံးပဲ ..နော်’
အဖေက ရယ်ရင်းနဲ့ သက်ပြင်းချတယ်။
***
ဘာပဲဖြစ်ဖြစ်ပါ …
နေ့စဉ်ကြုံတွေ့နေရတဲ့ ဘ၀အမောတွေ သောကတွေအပါအ၀င် မညီမျှမှုတွေ ကမောက်ကမဖြစ်မှုတွေကို စိတ်ပျက် ၀မ်းနည်း ဒေါသတွေထွက်နေမဲ့အစား ဟာသအတွေး ဟာသအမြင်နဲ့ ပြောင်းလဲပြီး တွေးကြည့် မြင်ကြည့်လိုက်တဲ့အခါ .. ညစ်ညူးစရာလောကထဲက တဒင်္ဂတော့ လွတ်မြောက်သွားသလိုပါပဲ။
***

Read More...

Monday, October 30, 2006

မနေ့က ဖတ်မိသောဆောင်းပါးတပုဒ်

စာလုံးပေါင်းအမှားနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့ထုတ် Flower News ဂျာနယ် (အတွဲ ၂၊ အမှတ် ၄၂) မှာ ဆရာမောင်ခင်မင် (ဓနုဖြူ)ရဲ့ ‘ကွန်ပျူတာ စာစီမှားသော်လည်း’ ဆိုတဲ့ ဆောင်းပါးတပုဒ် ဖတ်လိုက်ရပါတယ်။
ဆရာက သူ့ဆောင်းပါးထဲမှာ ခဲစာလုံးစီတဲ့ ခေတ်က မှားတတ်တဲ့ အမှားတွေ၊ အခု ကွန်ပျူတာခေတ်မှာ မှားတဲ့ အမှားတွေကို ထောက်ပြရေးသားထားပါတယ်။
အမှားတွေနဲ့ ပတ်သက်ပြီး ‘ကွန်ပျူတာရိုက်သူကို အပြစ်မတင်ပါနဲ့၊ အမှားအမှန် ပြန်စစ်တဲ့သူက မှန်အောင်ပြင်ပါ’ လို့ ပုဂ္ဂိုလ်ကြီးတဦးက လမ်းညွှန်ဖူးတယ်လို့ဆိုထားတဲ့အတွက် .. ကွန်ပျူတာသမားတွေ နည်းနည်းတော့ ခေါင်းပေါ့ သွားတာပေါ့။
ဆောင်းပါးထဲမှာ ဆက်ပြီးပြောထားတာကတော့ စာစီစာရိုက်သမားတွေက အသုံးနည်းစာလုံးတွေကို တွေ့တဲ့အခါ မှားတယ်ထင်ပြီး ကိုယ့်သဘောနဲ့ကိုယ်ပြင်လိုက်ကြတဲ့အကြောင်းပါ။
ဥပစာ ကို ဥပမာ၊ ကူရှင်ကျောင်းကို ကျူရှင်ကျောင်း၊ ကျည်းကန်ရှင်ကြီးကို ကျည်းကန်းရှင်ကြီး၊ ပကတူးကို ပလာတူး .. စသဖြင့်ပေါ့ .. ကိုယ်သိထားသမျှလေး မှန်တယ်ထင်တာလေး လျှောက်ပြင်တတ်ကြတယ်တဲ့။
အဲဒါနဲ့ပတ်သက်ပြီး အဖေကြုံခဲ့ဖူးတာလေးတခု ကျမ သွားသတိရမိတယ်။
အဖေက သူ့ရဲ့စာအုပ်ကို ၆ ကြိမ်မြောက် ထပ်ပြီးပုံနှိပ်တော့ မျက်နှာဖုံးမှာ (ဆဋ္ဌအကြိမ်) လို့ ရေးပြီးထည့်လိုက်ပါတယ်။
အဲဒီတုန်းက ဘလောက်တုံးနဲ့ ပုံနှိပ်တဲ့ခေတ်ပါ။ ဘလောက်ဆရာကို သေသေချာချာ ဆဋ္ဌအကြိမ် လို့ ပြောပြီးအပ်ခဲ့ပါတယ်။ ဘလောက်ဆရာကလဲ အဖေမှာတဲ့အတိုင်း ဆဋ္ဌအကြိမ်လို့ပဲ ဘလောက်လုပ်ပေးပါတယ်။
ဒီဘလောက်ကို ပုံနှိပ်တိုက်အပ်လိုက်ရော .. ပုံနှိပ်တိုက်ပိုင်ရှင် အဒေါ်ကြီးက ကြည့်ပြီး .. ဆဋ္ဌမအကြိမ် ဖြစ်ရမှာ ဆဋ္ဌအကြိမ်လို့ဖြစ်နေတယ်၊ ‘မ’ တလုံး မေ့ကျန်ခဲ့ထင်တယ် ဆိုပြီး ဘလောက်ကိုပြုပြင်ပြီး စေတနာပိုစွာနဲ့ ‘မ’ တလုံး ထပ်ထည့်ခဲ့သတဲ့။ အဲဒါလဲ မြင်လိုက်ရော အဖေ့မှာ ဟိုက်ခနဲ ဖြစ်သွားတော့တာပေါ့။
အဲဒီလိုအဖြစ်မျိုးတွေ နေရာတကာမှာရှိတတ်ပါတယ်။ တကယ်ဆို မသိရင် တာဝန်ရှိသူကို မေးသင့်တယ်၊ ပြီးမှ ပြင်သင့်တယ်၊ ကိုယ်မှန်တယ်ထင်တိုင်း ရမ်းသမ်းမလုပ်သင့်ဘူး။
အဲဒီ ဆောင်းပါးထဲမှာ ..
ခဲစာလုံးခေတ်မှာ စာစီဆရာက …
သီပေါမင်းပါတော်မူသည်ကို သီပါမင်း ပေါတော်မူသည် …
တွံတေးသိန်းတန် ကို တံတွေးသိန်းတန် စသဖြင့်မှားယွင်းစီတဲ့အကြောင်း
ကွန်ပျူတာခေတ်မှာ ကွန်ပျူတာပညာရှင်က
ရှင်သာ ရခိုင်တန်ဆောင်လော .. ကို ရှင်ဟာ ရခိုင်တန်ဆောင်လော .. လို့မှားတဲ့အကြောင်း တွေ ရေးထားတာကိုဖတ်ပြီး ကျမ သဘောကျစွာ ရယ်မိပါရဲ့။
ရယ်မိတာကတော့ အကြောင်းနှစ်ချက်ကြောင့်ပါ။ ပထမ မှားပြီးစီတဲ့သူရဲ့ အမှားကိုဖတ်ပြီး ရယ်ရလို့ ရယ်မိတယ်။ နောက်တခုကတော့ အဲဒီအမှားတွေအကြောင်းရေးထားတာကိုတောင် ထပ်မှားပြီး စီထားလို့ ရယ်ရပြန်တာပါ။
တွံတေးသိန်းတန် ကို တွံ့တေးသိန်းတန်ဆိုပြီး (အောက်ကမြစ်ထည့်ပြီး) ရိုက်ထားတဲ့အပြင်
ရှင်သာ ရခိုင်တန်ဆောင်လော .. မှာတော့ .. ရှင်သာ ရခိုင်တန်ဆောင်းလော ဆိုပြီး (၀စ္စပေါက်ထည့်ပြီး) ရိုက်ထားလို့ပါပဲ။
ဖြစ်မှဖြစ်ရလေ ..နော်။
သူများအမှားတွေအကြောင်းရေးထားတဲ့ဆောင်းပါးတပုဒ်မှာတော့ ဒါမျိုးအမှားထပ်မမှားသင့်တော့ပါဘူး။
စာရေးဆရာကတော့ အမှန်ရေးထားတာပါပဲ။ စာရိုက်သူကွန်ပျူတာပညာရှင်က မှားရိုက်မိတယ်ဆိုရင်တောင် ဆရာ့ရဲ့ ဆောင်းပါးမှာ နောက်ဆုံးပြောခဲ့သလို
‘ကွန်ပျူတာရိုက်သူကို အပြစ်မဆိုသာပါ ..ပြန်လည်စိစစ်သူက ဂရုတစိုက်စိစစ်ဖို့ လိုပါသည်’ ဆိုတဲ့အတိုင်း ပြန်လည်စိစစ်ကြတဲ့ အယ်ဒီတာများမှာ တာဝန်ရှိနေတာပေါ့။
တခြားဆောင်းပါးမှာ တလုံးတလေမှားတာ သိပ်အကြောင်းမဟုတ်ပေမဲ့ .. ဒီလို (သူများအမှားကို ထောက်ပြထားတဲ့) ဆောင်းပါးမျိုးမှာတော့ လုံးဝကို မမှားသင့်ပါဘူး။ ပရုပ်ဖ်ဖတ်သူတွေ အယ်ဒီတာတွေ အထူးဂရုစိုက်သင့်တယ်လို့ တွေးမိရာက …
.. .. .. ..
.. .. .. ..
မဝေဖန်တော့ဘူးစိတ်ကူးမိပေမဲ့ .. အဲဒါမျိုးတွေ့ရင် မရေးဘဲ မနေနိုင်တဲ့အတွက် ဒီစာကိုရေးဖြစ်သွားပါတယ်။
***

Read More...

Sunday, October 29, 2006

အိမ်ရှေ့ကဆေးရုံမှာ ...

ကျမတို့ အိမ်ရှေ့မှာရှိတဲ့ တချိန်ကသင်္ချိုင်းကုန်းတဖြစ်လဲ ဆေးရုံမှာ ခုရက်ပိုင်း နည်းနည်းထူးခြားမှုလေးတွေရှိလို့ သတိထားကြည့်မိတယ်။
အရင်က တခါမှ မရှိဖူးတဲ့ လမ်းပြပုလိပ် ၂ယောက်လောက်နဲ့ တခြား အစောင့်အကြပ်တချို့ပါ ဆေးရုံရှေ့နဲ့ ဆေးရုံထဲမှာ စောင့်နေတာကို တွေ့ရပါတယ်။
ပတ်သက်ရာ ပတ်သက်ကြောင်း တယောက်ယောက်တော့ ဆေးရုံတက်နေပြီလို့ ထင်လိုက်သား။
မေးမြန်းစုံစမ်းကြည့်တော့ ထင်တဲ့အတိုင်းပါပဲ .. လေတပ်ကဗိုလ်ချုပ်တယောက်ရဲ့ မဟေသီတပါး ဆေးရုံတက်ပြီး ကုသမှုခံယူနေလို့ပါတဲ့။
တခုတော့ ကောင်းပါရဲ့ .. ။ သူဆေးရုံတက်နေတဲ့အတွက် ဒီရက်ပိုင်း မီးမှန်နေတယ်လေ။
အရင်က မီးပျက်ပြီဆိုရင် အဲဒီဆေးရုံလဲ မှောင်နဲ့မဲမဲပါ။ မနီးမဝေးက ပုဂ္ဂလိက ဆေးရုံကတော့ မီးစက်ကြီးနှိုးပြီး မီးတွေ ထိန်ထိန်လင်းနေပေမဲ့ .. အိမ်ရှေ့က ဆေးရုံကတော့ ဖယောင်းတိုင်မီးကလေး မှိတ်တုတ်မှိတ်တုတ်နဲ့။
ဗိုလ်ချုပ်မဟေသီ စံမြန်းနေတဲ့ ကာလအတောအတွင်းမှာတော့ ဆေးရုံလဲ လူလူသူသူ ဖြစ်လို့ပေါ့။
ဗိုလ်ချုပ်မဟေသီဆေးရုံမှာရှိနေစဉ် သူ့လက်အောက်က ဗိုလ်မှူးကတော်တွေက ညဘက်မှာ အလှည့်ကျအခစားဝင်ရပါတယ်။ အကြောင်းကြောင်းကြောင့် မခစားနိုင်တဲ့ ကတော် ဆိုရင်တော့ လာရောက် ခစားသူတွေစားသောက်ဖို့ စားကောင်းသောက်ဖွယ်တွေ လာပို့ရပါသတဲ့။
သြော် ..ဖြစ်ရလေ .. လို့ စိတ်ထဲ ညည်းတွားမိပါတယ်။
ဒီအသိုင်းအ၀ိုင်းကတော့ ဒီလိုပဲဆိုတာ နဂိုထဲက သိနေပြီးသားဖြစ်ပေမဲ့ .. .. .. ထုံးစံအတိုင်း အတွေးတွေ တသီကြီး ကျမခေါင်းထဲရောက်လာပါတော့တယ်။
ဘယ်သူသည် ဘယ်သူ့အတွက်ပါလိမ့် ..
ပြည်သူ့အတွက် တပ်မတော်လား .. တပ်မတော်အတွက် ပြည်သူလား .. ။
ပြည်သူကိုကာကွယ်ရမဲ့ တပ်မတော်လား .. တပ်မတော်ကိုအလုပ်အကျွေးပြုရမယ့် ပြည်သူလား .. ။
ပြောတော့ဖြင့် မိုးလားကဲလား ဘာညာသာရကာ လျှောက်အော်နေပြီး ပြည်သူပြည်သားနဲ့မှ တသားထဲကျအောင် မနေတဲ့ ဒီလိုလူတန်းစားတရပ်ကို ပြည်သူတွေက ယုံကြည်မှုရှိပါ့မလား…ကြည်ညိုမှုရော ရှိပါ့မလား…လေးစားမှုရော ရှိပါ့မလား… ကျမ စဉ်းစားနေမိပါတယ်။
ကျမတို့လူမျိုးတွေဟာ ခန္တီပါရမီ သိပ်ပြည့်ဝနေကြတယ်လို့တော့ မထင်ပါဘူး။ မနိုင်လို့သည်းခံနေကြရတာပါ။ အလှည့်ကျရင် .. အခွင့်အရေးရရင် .. ငြိမ်နေကြပါ့မလား … ။
ငွေကြေး ဂုဏ်သိမ် ရာထူး အာဏာ ဆိုတာ ထာဝရ တည်မြဲတာမဟုတ်ပါဘူး။
ရှေ့မှာလဲ သာဓကတွေ အများကြီးရှိခဲ့ပါတယ်။
ဒါတွေကို နောက်လူတွေက သင်ခန်းစာယူကြမယ် စိတ်မကူးဘူး၊
ခံရကာမှ ခံရရော .. ကိုယ့်လုပ်ပိုင်ခွင့်ရှိတုန်းလေးတော့ အပီအပြင်နှံလိုက်မဟဲ့ဆိုပြီး လုပ်နေကြတဲ့ သူတွေချည်းပါပဲ။
ရှက်စရာလဲကောင်း စိတ်ပျက်ဖို့လဲ ကောင်းပါတယ်။
***
ဝတ္ထုတပုဒ်ပဲဖြစ်ဖြစ် ရုပ်ရှင်တကားပဲဖြစ်ဖြစ် အစရှိရင် အဆုံးဆိုတာ ရှိစမြဲပါ။
ဇာတ်လမ်းရဲ့ အထွတ်အထိပ် climax မှာ ဘယ်တော့မှ ရပ်မနေပါဘူး။
အလွန်ရှည်လျားပါတယ်ဆိုတဲ့ တရုတ်သိုင်းကားတွေတောင် တချိန်မှာတော့ ပြီးဆုံးသွားကြတာပါပဲ။
ဘာပဲဖြစ်ဖြစ် ဇာတ်သိမ်းတော့ ကောင်းစေချင်ပါတယ်။
***
(မနေ့ကတော့ အနှီလေဒီကြီး ဆေးရုံက ဆင်းသွားပြီထင်ပါရဲ့၊ ညနေဘက် မီးပြန်ပျက်ပါရောလား။)

Read More...

Saturday, October 28, 2006

သတ်ပုံများနှင့် ကျမ

ကိုသံလွင်ရဲ့ ဘလော့ခ် က မြန်မာစာ စာလုံးပေါင်းသတ်ပုံ အကြောင်း ရေးထားတဲ့ ပို့စ်ကိုဖတ်ပြီး ဒီစာကို ရေးဖြစ်ပါတယ်။
***
ကျမ အသက် ၁၆-၁၇ နှစ်အရွယ်လောက်ကတည်းက စာပြင်တဲ့သင်္ကေတတွေ အဖေကသင်ပေးပြီး အဖေ့ကို စာကူပြင်ပေး/ ဖတ်ပေးခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး ကြိုကြားကြိုကြား ကြေးစားရော အခမဲ့ရော စာပြင် စာတည်းလုပ်ခဲ့ရတာ ခုချိန်ထိပါပဲ။ ကိုယ်က စာပြင်နေကျမို့ စာတပုဒ်ကိုဖတ်တာနဲ့ သူများအမှားတွေကို တန်းပြီးမြင်တတ်ပါတယ်။ (ကိုယ့်အမှားတော့ ကိုယ်မမြင်ဘူး ဆိုတဲ့သဘောပေါ့ ..)
ခုခေတ် စာနယ်ဇင်းတွေ အပါအ၀င် သုတ၊ ရသ စာအုပ်တွေ ထဲမှာ သတ်ပုံအမှားပေါင်းများပေါင်းများစွာကို တွေ့ရတဲ့အခါ တော်တော်လေး စိတ်ပျက်မိတယ်။
ဟိုးအရင် ခဲစာလုံးနဲ့ စာစီရတဲ့ခေတ်မှာ စာလုံးပေါင်းမှားရင် ခုခေတ်လို ပြင်ရတာမလွယ်ပါဘူး။ ဒါပေမဲ့ အဲဒီအချိန်က စာအုပ်တွေမှာ စာလုံးပေါင်းအမှားက ခုခေတ်လောက် မဆိုးပါဘူး။
အရင်က စာအုပ်တိုက်ကြီးတွေမှာ တကယ်စာတတ်ပေတတ် စာတည်းပုဂ္ဂိုလ်ကြီးတွေ ခန့်ထားပြီး အဆင့်ဆင့် စာပြင်ရ တည်းဖြတ်ရတာကြောင့် စာဖတ်သူတွေလက်ထဲ စာကောင်း စာသန့်တွေ ရောက်ခဲ့ရပါတယ်။
အခု ကွန်ပျူတာခေတ်မှာထုတ်ဝေတဲ့ စာအုပ်တွေမှာ စာလုံးပေါင်းအမှားများစွာကို တွေ့ရတာဟာ ကွန်ပျူတာစာစီသူတွေရဲ့ တာဝန်ဖြစ်သလို အဓိက တာဝန်ရှိသူတွေကတော့ စာအုပ်စီစဉ်သူတွေ နဲ့ အယ်ဒီတာတွေပါပဲ။
ဒါတွေကို တွေ့မြင်စိတ်ပျက်ထားတဲ့ ကျမဟာ ကိုယ်လုပ်တဲ့အခါ ဒီလိုမဖြစ်စေရဘူးလို့ စိတ်ထဲ တွေးထားမိပေမဲ့ တကယ်တမ်း ဂျာနယ်တစောင်ကို ကိုယ်တိုင်လုပ်ရတဲ့အချိန်မှာလည်း အမှားမကင်းတဲ့ ဂျာနယ်တစောင် အဆင့်သာ ဖြစ်ခဲ့ရပါတယ်။ (ဘယ်လောက်များ လွဲမှားသလဲဆိုရင် စာရေးဆရာ နီကိုရဲကတောင် ကျမတို့ ဂျာနယ်အတွက် ‘အလွဲများနဲ့ မေ’ ဆိုပြီး စာမူတပုဒ်ရေးပေးပါသေးတယ်)
ကိုယ့်ဟာကိုယ်ကျတော့ အချိန်အခက်အခဲ .. လူအင်အားအခက်အခဲတို့ကြောင့် ဒီလို အမှားတွေဖြစ်ရတာပါ ဆိုပြီး စိတ်ထဲကျိတ်ပြီး ဆင်ခြေပေးနေမိပြန်တယ်။
အဲဒီတော့မှလဲ တခြားစာနယ်ဇင်းတွေကို နည်းနည်း နားလည်ပေးချင်သလိုလိုဖြစ်ခဲ့ရပါရဲ့။
ဒါပေမဲ့လည်း မမှားသင့်တဲ့ဟာမျိုး မှားတာတွေတွေ့ပြန်ရင် ခုချိန်ထိ ဝေဖန်ကဲ့ရဲ့ချင်ပါသေးတယ်။
အဲဒါကတော့ print media အပိုင်းဆိုပါတော့လေ။
***
ခုနောက်ပိုင်း အင်တာနက်စာမျက်နှာတွေပေါ်မှာ စာတွေဖတ်ရတော့ ပိုပြီးဆိုးဝါးတဲ့အမှားတွေ တွေ့ရပြန်တယ်။
အင်တာနက် ၀ဘ်ဆိုက်ပေါ်မှာ တယောက်တပေါက် ဆွေးနွေးကြတဲ့ဖိုရမ်တွေက စပြီး ဘွတ်ခ်ကော်နာမျိုးနဲ့ တခြား တခြားသော အွန်လိုင်းစာစောင်တွေအထိ မှားပြီးရင်းမှားသော အမှားများစွာကို တွေ့ရတဲ့အခါ ..
စစချင်းတော့ ထုံးစံအတိုင်း နားလည်မှုမရှိစွာ မျက်စိစပါးမွှေးစူးခဲ့ပါတယ်။ ဒါလေးတောင်မသိဘူးလား၊ ဒါကို မှားစရာလား .. ရယ်လို့ .. စိတ်ထဲ တွေးမိတယ်။ ကဲ့ရဲ့ ချင်တယ်၊ အပြစ်ပြောချင်ပါတယ်။
ဖိုရမ်ပေါ်မှာ ဆရာကြီးလုပ်ပြီး သူများသတ်ပုံအမှားတွေ ထောက်ပြလို ထောက်ပြ၊ အမှန်က ဘယ်လိုဆိုပြီး သင်ပေးလိုသင်ပေးနဲ့ပေါ့။
ချယ်ရီသစ္စာကိုတောင်မှ မေးလ်ပို့ပြီး သူ့အမှားတွေ ထောက်ပြခဲ့မိပါသေးတယ်။ (အနေမတတ်ပုံများလေ … လူအမြင်ကတ်အောင် သိပ်လုပ်ချင်တာ)
ခုနောက်ဆုံး အောက်တိုဘာလထုတ် မိုးသောက်ကြယ် ဂျာနယ်(အတွဲ ၃၊ အမှတ် ၁၀) မှာ ကြေးမုံဦးသောင်းရေးတဲ့ ‘သတင်းတို့၏စေတသိက်’ ဆိုတဲ့ဆောင်းပါးမှာ ခေါင်းစဉ်က စပြီး အတွင်းစာသားတွေ အားလုံး စေတသိက် လို့ ကကြီးသတ် သုံးရမဲ့အစား တ၀မ်းပူသတ် -စေတသိတ် လို့ ရေးထားတာတွေ့လိုက်ရလို့ စိတ်ထဲ ကလိကလိ ဖြစ်မိတယ်။
ကြေးမုံဦးသောင်းကတော့ မမှားလောက်ပါဘူး၊ စာစီဆရာတွေပဲ မှားတာနေမှာဘဲလို့တော့ တွေးမိပါရဲ့။
ဒါပေမဲ့ .. အခုအချိန်မှာ .. အမှားတွေကို လိုက်လံ ပြင်ဆင် ဝေဖန်လိုခြင်း သိပ်မရှိတော့ပါဘူး။ (နဲနဲတော့ ရှိသေးတယ်ဆိုပါတော့)
ဘာကြောင့်လဲ .. ဆိုတော့ရင် …
ဘလော့ခ်တွေကို စဖတ်ဖြစ်ခါစကတော့ သတ်ပုံအမှားတွေ တွေ့ရင် ကိုသံလွင်ပြောသလိုပဲ ထမင်းစားကောင်းတုန်း ခဲကိုက်မိသလို ဖြစ်ခဲ့ဖူးပါရဲ့။
လူဆိုတာ ကိုယ်တိုင်ဖြစ်မှ ကိုယ်ချင်းစာတတ်တာပါ။
ကျမ ကိုယ်တိုင်ဘလော့ခ် လုပ်တော့မှ မလုပ်တတ်လုပ်တတ် လုပ်ရတဲ့အထဲ အချိန်ရသလောက်လေး ကမန်းကတန်းရေး ကွန်နက်ရှင်ကောင်းချိန်လေး အမြန်အဆန် တင်ရတာမို့ စာလုံးပေါင်းအမှားတွေ သိပ် ဂရုပြုမနေမိတော့ပါဘူး။
တချို့စာလုံးပေါင်းတွေကိုတော့ ကျမ တမင်မှားရေးတာရှိပါတယ်။
ဥပမာ -
ကျွန်တော်/ကျွန်မ မရေးချင်လို့ ကျနော်/ကျမ လို့ သုံးတယ်။
(ကိုယ့်ကိုယ်ကို မနှိမ့်ချချင်ဘူးလေ .. မင်္ဂလာတရားတော်နဲ့ မညီလိုက်ပုံများ .. နော်)
လာပါဦး အစား လာပါအုံး လို့ အားရပါးရသုံးချင်တယ်။
(လာပါဦး ဆိုရင် ဦးလေးကို ခေါ်တာနဲ့မှားမှာစိုးလို့ပါ)
တစ် နဲ့ တ ကိုတော့ ဘယ်လိုပြောပြော ကျမ ပြင်မှာမဟုတ်ဖူး၊ တ - လို့ပဲ သုံးနေမှာပါပဲ။
(ခေါင်းမာတယ်လို့ ဆိုချင်ဆိုနိုင်ပါတယ်)
အဲဒါတွေက တမင်ရေးတာတွေပါ။ မှားတာတွေလဲ ရှိမှာပါပဲ၊ ကျမလဲ စာလုံးပေါင်းသတ်ပုံကျမ်း တချိန်လုံး မကြည့်နိုင်တာကြောင့် မှားလိုက မှားစေတော့လို့ စိတ်လျှော့လိုက်ပါတယ်။
မမှားချင်ဘဲ မှားရတာမျိုးကျတော့ စိတ်ထဲ သိပ်မကောင်းပါဘူး။ တနုံ့နုံ့နဲ့ ဖြစ်နေမိတယ်။
ကျမဘလော့ခ်က ပို့စ်တခုမှာ တကယ်တမ်းရေးချင်တာ သဒ္ဓါတရား လို့ ရေးချင်တာပါ။ အဲဒီစာ ရိုက်နေစဉ်က အောက်က (ဓ) ဘယ်နားနေမှန်းမသိဘူး။ ၀င်းဖောင့်ဆိုရင်တော့ ပါဌ်ဆင့်တွေအလွတ်ရနေပေမဲ့ ဇော်ဂျီဖောင့်မှာ အောက်က ဓ ကိုဘယ်လိုရိုက်ရမှန်းမသိပါဘူး။ ရှာဖို့လဲ အချိန်က မပေးနိုင်ပါဘူး။ ဒါနဲ့ပဲ ဓ အစား ဒ ကို သုံးလိုက်ရတယ်။ သဒ္ဒါတရားလို့ ပေါင်းလိုက်မိပါတယ်။ အဓိပ္ပါယ် တက်တက်စင်လွဲသွားတာပေါ့။ စိတ်ထဲ တော်တော်လေး ကသိကအောက် ဖြစ်မိတယ်။ ဒါပေမဲ့ မတတ်နိုင်ဘူး။ အချိန်မှမရှိတာကိုး။
ဖတ်သူတွေနားလည်ရင်ပြီးတာပဲလို့ ကိုယ့်ဟာကိုယ် ဖြေတွေးတွေးခဲ့ရပါတယ်။
သတ်ပုံမှန်ဖို့ အမြဲသတိထားပြီး သူများအမှားတွေကို ပြင်ပေး ထောက်ပေးခဲ့တဲ့ ကျမကိုယ်တိုင်တောင် တမင်အမှားမျိုး၊ မတော်တဆအမှားမျိုး၊ မသိလို့မှားတဲ့အမှားမျိုး၊ သိသိနဲ့ မမှားချင်ဘဲ အခြေအနေအရ မှားလိုက်ရတဲ့ အမှားမျိုး .. စသဖြင့် ကြုံရတယ်ဆိုရင် ခုမှ စာ စရေးတဲ့သူတွေအဖို့ အမှားများစွာနဲ့ ကြုံရမှာပဲဆိုတာ ကိုယ်ချင်းစာပြီး သိခဲ့တဲ့ နောက်ပိုင်းမှာတော့ … သူတို့အမှားတွေကို ထောက်ပြ ဝေဖန်မဲ့အစား
မှားတာတွေကိုတွေ့ရင် ကိုယ့်ဟာကိုယ်ပဲ စိတ်ထဲကနေ အမှန်ပြင်ပြီးဖတ်လိုက်ပါတယ်။
***
ဒါပေမဲ့ .. တခုတော့ရှိပါတယ်။
လွတ်လပ်စွာရေးသားလို့ရတဲ့ အင်တာနက်စာမျက်နှာတွေပေါ်မှာ အခြေအနေအရ အမှားလေးတွေ ဖြစ်တာကို ကျမတို့ ခွင့်လွှတ်ပြီး ဖတ်နိုင်ပါတယ်။
စာနယ်ဇင်းကို ပို့ဖို့ ဒါမှမဟုတ် စာအုပ်ထုတ်ဝေဖို့ ရည်ရွယ်ပြီး ရေးတာမျိုးဆိုရင်တော့ တတ်နိုင်သလောက် အမှားကင်းစေချင်ပါတယ်။
ရေးသူကိုယ်တိုင်က အမှားကင်းမှ စာစီသူ၊ စာပြင်သူ တွေကလည်း အမှားနည်းမှာပါ။
ကျမ တာဝန်ယူလုပ်ပေးခဲ့ရပြီး မကြာခင်ရက်ပိုင်းကမှ ပြီးသွားတဲ့ ဘာသာရေးစာအုပ်တအုပ်ဆိုရင် ဖောင် ၁၀၀ နီးပါးရှိတဲ့ ကျမ်းစာအုပ်ကြီးတအုပ်ပါ။ ပရုပ်ဖ် ကို ၄ ခါ ဖတ်ရပါတယ်။ first proof ကို ကျမ ကဖတ်ပြီး second proof ကို ပါဠိပါရဂူ ဆရာကြီးတယောက်ကဖတ်ပါတယ်။ သူဖတ်ပြီးတဲ့ နောက် 3rd proof ကို ကျမက ပြန်ဖတ်ပြီး နောက်ဆုံး final proof ကို ဆရာကြီးက ပြန်ဖတ်ပါတယ်။ အဲဒီလို လေးခါ ဖတ်တာတောင် နောက်ဆုံး စာအုပ်ထွက်တော့ အမှား အယွင်း အပေါက်အကျ လေးတွေ ရှိပါသေးတယ်။
ပြောချင်တာက ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်ဖို့တော့ ခုခေတ်မှာတော်တော်မလွယ်တဲ့ ကိစ္စပါ။ အဓိက ကတော့ အချိန်ပေးနိုင်မှုပါပဲ။
အပြင်ကွန်ပျူတာစာစီဌာနတွေမှာ သွားအပ်ရင် proof ကို ၂ ခါအပြင် ပိုမထုတ်ပေးပါဘူး။ ပိုထုတ်ပေးရမယ်ဆိုရင် ငြိုငြင်ကြပါတယ်။ (ဒါမှမဟုတ် ပိုက်ဆံပိုပေးရပါတယ်)
ဒါကြောင့် ကိုယ့်စာအမှားကင်းချင်ရင် ရေးသူကိုယ်တိုင် သတိထားဖို့ ပထမအရေးကြီးပါတယ်။ ကိုယ်က professional စာပေရေးသားဖြန့်ချိတော့မယ်လို့ စိတ်ကူးထားရင်တော့ စာလုံးပေါင်းသတ်ပုံတွေကို ဂရုပြုသင့်ပါတယ်။ ကျမသည်လည်း အင်တာနက်စာမျက်နှာတွေပေါ်မှာ ဘယ်လိုပဲ မှားယွင်းစွာရေးသားခဲ့ပေမဲ့ ဂျာနယ် မဂ္ဂဇင်း တွေကို ပို့ဖို့ရေးတဲ့စာတွေမှာတော့ စာလုံးပေါင်း မမှားအောင် တတ်နိုင်သလောက် ဂရုစိုက်ပါတယ်။
အဲဒီအချိန်မှာတော့ ဒီခေတ်ရဲ့ စာလုံးပေါင်းသတ်ပုံကျမ်းကို ကျမ လွန်ဆန်နိုင်ခြင်း မရှိတော့ပါဘူး။
***
ခုတော့ …
စာမျက်နှာပေါ်က အမှားများစွာကိုတွေ့ရင် ကျမ နေတတ်ခဲ့ပါပြီ။
စိတ်လျှော့လိုက်တယ် ပြောမလား .. အရင်ထက်ပိုပြီး နားလည်မှုရှိလာပြီဆိုမလား .. ဒါမှမဟုတ် မင်္ဂလာတရားတော်နဲ့အညီ တင်းတိမ်ရောင့်ရဲတယ်လို့ပဲ ဖြေသိမ့်ရမလား ..
ကိုယ်တိုင်လဲ မဝေခွဲတတ်တော့ပါ။
***
(နောက်မှ စဉ်းစားမိတယ်၊ အဲဒါတွေတခုမှ မဟုတ်ဖူး၊ အပျင်းကြီးပြီး တာဝန်မဲ့လာတာလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်လိုက်တယ်)

Read More...

Friday, October 27, 2006

အိမ်ရှင်မတာဝန် ခေတ္တလွှဲပြောင်းယူစဉ်

ဈေးဝယ်ထွက်ခြင်း
***
အမေ မရှိတော့ အမေ့တာဝန်တွေ ခေါင်းပေါ်ပုံကျလာတဲ့ ကျမဟာ မနက်စောစောထ မျက်နှာသစ် သနပ်ခါးလိမ်း ပြီးတာနဲ့ ဈေးကိုပြေးရတယ်။
ဘာမှလဲ ထွေထွေထူးထူးဝယ်စရာတော့မရှိပါဘူး၊ အဖေနဲ့ ကျမ နှစ်ယောက်စားဖို့ပဲ ၀ယ်ရမှာ ဆိုတော့ .. ဈေးခြင်းတောင်းကြီးယူမနေချင်တာနဲ့ ကျွတ်ကျွတ်အိတ်လေးပဲ လက်ထဲခေါက်ပြီးယူသွားလိုက်တယ်။
ဈေးထဲမှာ အမေ၀ယ်နေကျ ဈေးသည်တွေက ကျမကို အမေ့သမီးမှန်းသိနေတော့ အပြိုင်အဆိုင် ခေါ်ကြလေရဲ့။
အထူးသဖြင့် ၀က်သားရောင်းတဲ့ အဒေါ်ကြီးပေါ့ .. ။
‘ညီမလေး တပိသာချိန်လိုက်မယ်နော်၊ အစ်မ ကြိုက်တဲ့ လိုင်းသားတွေ .. ဒီမှာ’ ဆိုပြီး ၀က်သားတွဲကြီးမြှောက်ပြနေလို့ .. မယူဘူးလို့ ကမန်းကတန်း ငြင်းလိုက်ရပါတယ်။
အမေကတော့ တခါဝယ်ရင် ၃-၄ ရက်စာ ၀ယ်တာဆိုတော့ အများကြီးဝယ်တာပေါ့။ ကျမကတော့ တရက်စာပဲဝယ်မှာဆိုပြီး ပိုက်ဆံလဲ များများစားစားမပါဘူး၊ စားမှာကလဲ အဖေနဲ့ ကျမနဲ့ နှစ်ယောက်ထဲပဲလေ။
ဒါနဲ့ပဲ .. ဘာချက်ရင်ကောင်းမလဲ စိတ်ထဲကတွေးရင်း ဟင်းစီစဉ်ရပါတယ်။ အဖေက မနက်နဲ့ည ဟင်းချင်းတူရင် သိပ်မကြိုက်လို့ ၂ နပ်စာ ၂ မျိုးဖြစ်အောင် စဉ်းစားရတယ်။
ဒါတွေကို အရင်ကတော့ အမေ စီစဉ်တာပါ၊ (အရင်တုန်းက အမေက စီစဉ်သူ၊ အမေ့လက်တိုလက်တောင်း ကောင်မလေးက ဖန်တီးသူ၊ ကျမတို့က အားပေးသူပါ၊)
အခုတော့ ကျမတယောက်ထဲမို့ ခေါင်းစားနေရပါပြီ။
မနေ့က၀ယ်ထားတဲ့ ဓညင်းဝက်တွေရှိသေးတာနဲ့ ပုဇွန်ဆိတ်နဲ့ ရောချက်မယ်ဆိုပြီး ပုဇွန်ရောင်းတဲ့နေရာ လိုက်ရှာရတယ်။ ပုဇွန်သည်တွေ့တော့ ဘယ်လောက်သားဝယ်ရမှန်းမသိဘူး။
ဒါနဲ့ .. ၂၀ သား လို့ပြောတော့ ဈေးသည်ကြီးက ပုဇွန်ဆိတ်တွေကြုံးကြုံးထည့်တယ်။ သူထည့်နေတာကိုကြည့်ပြီး စိတ်ဓာတ်နဲနဲကျသွားတယ်။ ဒီပုဇွန်ဆိတ်တွေကို ကုန်အောင် အခွံနွှာရမှာလေ .. ဟူး .. မလွယ်ပါ့လား .. နော်။ စောစောက စဉ်းစားမိရင် ပုဇွန်မ၀ယ်ပါဘူး။ လွယ်တဲ့ဟာဝယ်မှာပေါ့။ ခုတော့ မတတ်နိုင်ဘူး .. ၀ယ်ပြီးမှတော့ နွှာရမှာပဲပေါ့။
ပုဇွန်ဝယ်ပြီးတော့ ဘေးနားကဆိုင်မှာ အဖေ့အကြိုက် ပြည်ကြီးငါးတွေတွေ့တာနဲ့ ၀ယ်ခဲ့သေးတယ်။ အဲဒါလဲ ၂၀ သားပါပဲ၊ ပုဇွန် ၂၀ သားကတော့ အများကြီးရပြီး ပြည်ကြီးငါး ၂၀ သားကျတော့ နဲနဲပဲရလို့ ပိုက်ဆံရှင်းပြီးမှ ဒီလိုမှန်းသိ ၃၀ သားလောက်ဝယ်ပါတယ်လို့ နောင်တရနေမိသေးတယ်။
ကြက်သွန်နီရောင်းတဲ့ဆိုင်နားကဖြတ်တော့ ကြက်သွန်နီလဲ ၀ယ်ဦးမှဆိုပြီး ဘယ်ဈေးလဲဆိုတော့ ဒီဘက်က ၁၈၀၊ ဒီဘက်က ၂၀၀ တဲ့။ ဒါဆို ကြက်သွန်နီဈေးနဲနဲပြန်ကျနေပြီထင်ပါရဲ့၊ ဟိုနေ့က အင်တာနက်ထဲဖတ်ရတာ ၂၅၀ ဆိုလို့။
အမေရှိတုန်းက တခါတခါ အင်တာနက်ထဲဟိုဖတ်ဒီဖတ် ဖတ်ပြီး အမေ့ကို ဆရာသွားသွားလုပ်မိသေးတယ်။ ဆန်ကဖြင့် ဘယ်ဈေး၊ ဆီကတော့ ဘယ်ဈေး၊ ကြက်သွန်နီကတော့ ဘယ်လောက်ဖြစ်နေပြီ .. စသဖြင့်ပေါ့။ အဲဒါဆိုရင် အမေက ပြုံးတယ် .. သူက ဈေးသွားနေတော့ တကယ့်ဈေးနှုန်းတွေအကုန်သိနေတာပဲဟာ ..။
ကျမကသာ စာဖတ်ပြီးမှ သိတာလေ…။ လက်တွေ့နဲ့ နဲနဲတော့ ကင်းကွာတာပေါ့။ အခုတော့ လက်တွေ့ကွင်းဆင်း ဈေးဝယ်နေရပါပြီ။
အဲ .. ၂၀၀ တန် ကြက်သွန်နီက နဲနဲအလုံးကြီးပါတယ်။ ၁၈၀ တန်ကတော့ခပ်သေးသေးပေါ့။ စစချင်းတော့ ၂၀၀ တန်ထဲကပဲ ယူမယ်ဆိုပြီး ၂၀၀ တန်ထဲက ကြက်သွန်နီတွေအရင်ရွေးနေရင်းနဲ့ သိပ်မကြိုက်တော့လို့ အဲဒါတွေ ပြန်ချပြီး ၁၈၀ တန် ထဲကပဲ ရွေးဝယ်လိုက်တော့တယ်။ သူက ပိုသေးပေမဲ့ ကျစ်ကျစ်လစ်လစ်နဲ့ ပိုလှသလိုပဲမို့ပါ။
တော်ရုံတန်ရုံရွေးပြီး ချိန်ခိုင်းတော့ ဆိုင်ရှင်က ဘယ်လောက်သားယူမှာလဲ တဲ့၊ ကျမ ရွေးထားတာ ဘယ်လောက်သားရှိမှန်း မမှန်းတတ်ပါဘူး၊ ဒါနဲ့ပဲ ဘယ်လောက်သားဖြစ်ဖြစ် အဲဒါတွေအကုန်ယူမယ်လို့ပဲ ပြောလိုက်တယ် ..ပြီးရော။
နောက် အသီးအရွက်ဆိုင်မှာ တိုလီမုတ်စ အသီးအရွက်တွေဝယ်ပြီး ပိုက်ဆံ ၁၀၀ ပိုနေတာနဲ့ ခပ်တည်တည်ပေါ့ .. ပြန်မအမ်းနဲ့တော့ ငရုတ်သီးစိမ်း ၁၀၀ ဖိုးထည့်လိုက်လဲဆိုရော ငရုတ်သီးစိမ်းတွေ တပုံကြီး ကျွတ်ကျွတ်အိတ်နဲ့ ထည့်ပေးပါတယ်။ ငရုတ်သီးစိမ်း ၁၀၀ ဖိုးကျတော့လဲ အများကြီးရပါလား…။ ဒါတွေကုန်အောင် ဘာလုပ်ပစ်ရ ကောင်းမလဲ မသိဘူး။ ငရုတ်သီးစိမ်းသနပ်တို့ဘာတို့ လုပ်စားလို့တတ်ရင်လဲ အကောင်းသား။
***
စားဖိုမှူး ကျမ
***
ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ အဖေဖျော်ပေးတဲ့ ကော်ဖီတခွက် နဲ့ ဘီစကစ်လေးတွေ မနက်စာအဖြစ် စားရင်း ပဲနီလေး ဟင်းချိုအိုး တည်ထားပြီး ပုဇွန်တွေအခွံစနွှာပါတယ်။ ပုဇွန်ဆိုတာကလဲ အခွံမနွှာရင် စားလို့မကောင်းတော့ စိတ်ရှည်ရှည်ထားပြီး နွှာနေရတယ်။ တော်တော်လက်ဝင်တာပဲ .. ဇက်ကြောတွေကို တက်လို့၊ တ၀က်လောက်နွှာပြီးတော့ အချိန်က တော်တော်လင့်နေပြီ။ ပြည်ကြီးငါးတွေက အထုတ်ထဲမှာပဲ ရှိသေးတယ်။ ဒါနဲ့ ကမန်းကတန်းထုတ်ပြီး ပြည်ကြီးငါး ကိုင်ရပြန်ပါတယ်။ ပုပ်ကုန်မှာစိုးလို့။ ပြည်ကြီးငါးကိုလဲ အရင်တုန်းက သေချာကြည့်မထားမိလို့ ဘယ်လိုလုပ်ရမှန်းသိပ်မသိပါဘူး။ ဒါပေမဲ့ သူ့မျက်စိလို ခပ်လုံးလုံး မင်အိတ်ထုတ်ရတယ်ဆိုတာတော့ သိပါတယ်။ အဲဒီမင်အိတ် ၂ အိတ်ကို ဖြစ်ညှစ်ဆွဲထုတ်တော့ မင်အိတ်တွေပေါက်ပြီး ခရမ်းရောင်အရည်မဲညစ်ညစ်တွေ အင်္ကျီကိုရော မျက်နှာကိုပါ လာစင်လို့ နောက်ဆို စားဖိုမှူးတွေဝတ်တဲ့ အင်္ကျီမျိုးဝတ်ပြီးမှ ဟင်းချက်မယ်လို့ စိတ်ထဲ တေးထားတယ်။
ရှိလို့တော့မဟုတ်ပါဘူး၊ ၀တ်ချင်တာပြောပါတယ်။ ပြီးတော့ ဟင်းချက်ရင် ဆံပင်ထဲကို ညှော်တွေဝင်တာလဲ အရမ်းမုန်းပါတယ်၊ အမြဲဟင်းချက်ရတော့မယ်ဆိုရင်တော့ သူတို့လို ဦးထုတ်မျိုးဆောင်း၊ သူတို့လို အင်္ကျီဝတ် .. ၀တ်စုံပြည့်ဟင်းချက်မှဖြစ်မယ်၊ မဟုတ်ရင် ခဏခဏ ခေါင်းလျှော်နေရမှာ ..။
ပြည်ကြီးငါးတွေကိုင်နေရင်းနဲ့ .. စားလို့ကောင်းတဲ့ အရာတွေဟာ ဘာကြောင့်လုပ်ရတာ ခက်ပါလိမ့်လို့ စိတ်ပျက်ပျက်နဲ့တွေးမိသေးတယ်။
ဒီလိုနဲ့ .. ပေါ့လေ .. မနက် ၈ နာရီက စချက်လိုက်တဲ့ ဟင်းတွေဟာ ၁၁ နာရီထိုးတော့ ပြီးဆုံးခြင်းကို ရောက်ရှိ သွားပါတယ်။ ဒါတောင် အိုးတွေခွက်တွေ မဆေးရသေးဘူး။ လူတကိုယ်လုံးလဲ ညှီနံ့တွေရော ညှော်နံ့တွေရော နံလို့ပေါ့။
ရေမိုးချိုးပြီး အဖေ့ကို နေ့လည်စာပြင်ကျွေးတော့ ပြည်ကြီးငါးတို့ ဓညင်းဝက်တို့ တက်စာတွေချည်းပဲ တရက်ထဲ ချက်လို့ အဖေက ရယ်ပါတယ်။
အဖေက သွေးတက်မှာကြောက်ပြီး ဓညင်းဝက်ကို မစားတာနဲ့ ကျမတယောက်ထဲစားလိုက်ရတယ်။ ဒါတောင် ငါးသလောက်ဥ ၀ယ်ဦးမလို့ ဈေးမေးကြည့်ပါသေးတယ်၊ ၁၅၀၀ ဈေးဆိုတာနဲ့ မ၀ယ်ဖြစ်တာပါ၊ ငါးသလောက်ဥပါ ၀ယ်ခဲ့ရင် အဖေတော့ဘာပြောမလဲ မသိဘူး။
ကျမချက်တဲ့ လက်ရာ ကောင်းမကောင်းတော့ မသိပါဘူး။ ညစာကို အဖေကထမင်းမစားတော့ဘူးဆိုပြီး ကော်ဖီနဲ့ ပေါင်မုန့်ထောပတ်သုတ်ပဲ စားတဲ့အတွက် ညကျတော့ .. ကိုယ်ချက်တဲ့ဟင်းတွေ ကိုယ်တယောက်ထဲပဲ အားပေးလိုက်ရပါတော့တယ်။
(ကိုယ်ချက်တာကိုယ်ကျတော့ တော်တော်စားလို့ကောင်းသား)
***
၂ ရက်တိတိ ကျမ ဈေးသွားပြီးနောက် အဖေက သမီး ၀ယ်ရင် တို့တိ တို့တိနဲ့ ကြာလဲကြာတယ်တဲ့ ဘာမှလဲမပါဘူး ဆိုပြီး နောက်တနေ့မှာ သူကိုယ်တိုင်ပဲဈေးသွားပြီး ၃-၄ ရက်စာဝယ်လာခဲ့ပါတယ်။ ကျမ ကို သနားသွားတယ် ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် နောက်နေ့ အနားရတာပေါ့လေ။
***

Read More...

Thursday, October 26, 2006

ကျမနဲ့ မြွေ ...


ကျမရဲ့ အိပ်မက်တွေထဲမှာ အမြဲလိုလိုမက်တတ်တာက .. ‘မြွေ’ နဲ့ ‘ရေ’ ပါပဲ။ မြွေနဲ့ ရေ ပါတဲ့ အိပ်မက်တွေ ခဏခဏမက်တတ်လွန်းလို့ အမေ့ကိုပြောပြတော့ ကျမက စနေသမီးမို့ .. တဲ့၊ စနေ ဆိုတော့ နဂါး ကိုး။ နဂါးဆိုတာ မြွေအမျိုးအနွယ်ပဲ၊ ပြီးတော့ ရေထဲမှာနေတဲ့ သတ္တ၀ါမျိုး၊ ဒါကြောင့် ဒီလိုအိပ်မက်တွေ မက်တာနေမှာ လို့ အမေကဆိုပါတယ်။ နဂါးရှိတဲ့ ဘုရားတွေမှာ နွားနို့တို့ ပေါက်ပေါက်တို့ သွားလှူလို့ အမေက ပြောပေမဲ့ တခါမှ လည်း မလှူဖြစ်ပါဘူး။
မြွေနဲ့က အိပ်မက်ထဲမှာတင်မကဘူး အပြင်မှာပါ ခဏခဏ ရင်ဆိုင်တိုးခဲ့ဖူးတယ်။
မှတ်မှတ်ရရတခါကတော့ ကျမ ကိုးတန်းနှစ်မှာပေါ့။ တိတ်တိတ်ဆိတ်ဆိတ်စာကျက်ချင်လို့ တောထဲ လို့ ကျမတို့ခေါ်တဲ့ အရပ်က ခြေတံရှည်အိမ်ကလေးမှာ တယောက်ထဲ စာသွားကျက်ပါတယ်။ တောထဲဆိုပေမဲ့ တကယ့်တော မဟုတ်ပါဘူး၊ ရန်ကုန်မြို့ထဲက ရပ်ကွက်တခုပါပဲ၊ ဒါပေမဲ့ သစ်ပင်ဝါးပင်တွေနဲ့ လျှိုမြောင်စိမ့်စမ်းတွေရှိတဲ့အရပ်မို့ တောထဲ လို့ပဲ ခေါ်ခဲ့ကြတာပါ။
စာကျက်နေတုန်း ရှဲရှဲ ရှဲရှဲနဲ့ သစ်ရွက်ခြောက်တွေထဲမှာ တရွတ်တိုက်ဆွဲသံလိုမျိုးကြားတော့ လှမ်းကြည့်မိတယ်၊ အိမ်ရဲ့ အပြင်မှာက အိမ်သာ ရေချိုးခန်းရှိပါတယ်။ အိမ်သာရေချိုးခန်းအနောက်မှာက တဖက်ကစက်ရုံဝင်းကို အုတ်တံတိုင်းခြားထားတယ်။ အုတ်တံတိုင်းဟိုဘက်မှာ ၀ါးပင်တွေအများကြီးပေါက်နေတာမို့နဲ့ အုတ်တံတိုင်းနဲ့ အိမ်သာကြားမှာ ၀ါးရွက်ခြောက်တွေ အများကြီးကြွေနေတယ်။
အသံက အဲဒီဝါးရွက်ခြောက်တွေကြားကကြားရတာပါ၊ ကြည့်လိုက်တော့ မြွေကြီးတကောင် လုံးပတ်က ခြေကျင်းဝတ်လောက်နီးနီး ရှိပြီး အရှည်ကိုတော့ မခန့်မှန်းတတ်ပါဘူး။ ၀ါးရွက်ခြောက်တွေကြားမှာ ရှောရှော ရှောရှောနဲ့ ကျမတို့အိမ်ဘက်ကို လာနေတာတွေ့ရတယ်။
တယောက်ထဲမို့ ကြောက်အားလန့်အား အိမ်နီးနားချင်းတွေကို အကူအညီတောင်းရပါတယ်။ ဘေးအိမ်က အစ်မကြီးက ထွက်လာပြီး မြွေကြီးကိုတွေ့လို့ သူလဲ လန့်ပြီး တအိမ်ကျော်က အကိုကြီးတွေကို သွားခေါ်ပေးပြန် တယ်။ ကျမတို့ယောက်ယတ်ခတ်နေသလို မြွေကြီးကလဲ ငြိမ်ငြိမ်မနေပါဘူး၊ အိမ်သာနားရောက်လာပြီး တဆင့် အိမ်သာခေါင်မိုးပေါ်တက်ပါတယ်။ အိမ်နီးနားချင်း ကယ်တင်ရှင် အကိုကြီးတယောက် လေးခွတလက်နဲ့ ရောက်လာတဲ့အချိန်မှာ မြွေကြီးက အိမ်သာခေါင်မိုးပေါ်မှာ မတ်တပ်ရပ်နေပြီ။
တကယ်ပါ ..မြွေမတ်တပ်ရပ်တာ အဲဒီတခါပဲ မြင်ဖူးတယ်။
အိမ်သာခေါင်မိုးနဲ့ အိမ်နဲ့က သိပ်မဝေးဘူး။ မြွေကြီးရဲ့ အကြံအစည်က အိမ်သာခေါင်မိုးပေါ်ကတဆင့် အိမ်ပေါ်ကိုတက်မယ်ပေါ့၊ အိမ်ပေါ်ရောက်ရင် ပွဲပြီးပြီ။ သူ ခိုအောင်းချင်တဲ့နေရာ ခိုနေတော့မယ်၊ လိုက်ရှာလို့ သိပ်မလွယ်တော့ဘူးလေ။
ဒါပေမဲ့ လေးခွကိုင်သူရဲကောင်းကြီးက လေးခွအိမ်ထဲ လောက်စာလုံးထည့်ပြီး မတ်တပ်ရပ်စပြုနေတဲ့ မြွေကြီးရဲ့ ဦးခေါင်းကို လေးခွနဲ့ ဆက်တိုက်ဆွဲပါတော့တယ်။
သူ့လေးခွစာ မခံနိုင်တော့တဲ့ မြွေကြီးဟာ နောက်ဆုံးတော့ အိမ်သာခေါင်မိုးပေါ်က လျှောကျပြီး သေဆုံးသွားခဲ့တယ်။
ဒီတော့မှ သူတို့က မြွေသေကြီးကို ဒုတ်နဲ့ ကော်ယူသွားပြီး သူတို့အိမ်နားက ချောင်းထဲ ပစ်ချသဂြုင်္ီလ် လိုက်ကြတယ်။
ကျမလဲ ရင်တုန်ပန်းတုန်နဲ့ စာလဲကျက်လို့မရပါဘူး၊ အဲဒီတရက်ကတော့ တွေ့သမျှလူ မြွေအကြောင်း စားမြုံ့ပြန်ပြောရင်း ဒီသတင်း အဖေ့နားရောက်သွားတော့ မြွေကို သတ်လိုက်ရကောင်းလားလို့ အဖေက မချိတင်ကဲပြောတယ်။
မသတ်ရင်လဲ ဘယ်လိုလုပ်မလဲလေ၊ အဲဒီနေ့ကတော့ မြွေမသေ ဒုတ်မကျိုး ဆိုတဲ့စကားကို စကားပုံထဲမှာပဲ ထားလိုက်ပါတယ်။ ကျမကတော့ မြွေကြီးအိမ်ထဲမှာလာခိုနေမှာ တကယ်ကို မလိုလားပါဘူး။
နောက်တနေ့မှာ သေသွားတဲ့မြွေကြီးရဲ့ ချစ်သူ (အထီးလား အမလားမသိလို့ ချစ်သူလို့ပဲ သုံးလိုက်တာပါ) လိုက်လာပါတယ်။ မြွေဆိုတဲ့ သတ္တ၀ါတွေက သူတို့ချစ်သူ တကောင်သေရင် ကျန်တဲ့အကောင်က လိုက်လာပြီး သတ်တဲ့သူကို လက်စားချေတတ်တယ်ဆိုလား .. ကြားဖူးထားတော့ အခုလာနေတဲ့အကောင်ဟာ လက်စားချေမဲ့ အကောင်မို့ ပိုကြောက်မိတာပေါ့။
အကူအညီတောင်းသူက ကျမ၊ သွားခေါ်သူက ဘေးအိမ်က အစ်မကြီး၊ လေးခွပစ်သူက ဟိုသူရဲကောင်းအကိုကြီး၊ ဒီ ၃ ဦးအနက် ဘယ်သူ့ကိုများ မြွေက လက်စားချေမလို့လဲမသိ၊ သေချာတာကတော့ ကျမတို့အိမ်ဘက်ကို လာနေတာပါ။ အုတ်တံတိုင်းကိုကပ်ပြီး တရှဲရှဲနဲ့လာနေတဲ့အချိန်မှာ .. ဒီတခါတော့ အဖေရှိနေတာမို့ အဖေလဲ တွေ့သွားတာပေါ့။ အဖေက လာနေတဲ့ မြွေကြီးနဲ့ မလှမ်းမကမ်းလောက်ကနေပြီး မေတ္တသုတ်တို့ ခန္ဓသုတ်တို့ တခေါက်ပြီးတခေါက်ရွတ်နေတယ်။ ကျမကလဲ မြွေကြီးကိုမျက်ခြေမပြတ်စောင့်ကြည့်လို့ပေါ့၊ တကယ်လို့ အိမ်ဘက်နားနီးလာရင် မနေ့က သူရဲကောင်းကြီးကို လှမ်းခေါ်ရအောင်လို့ပါ။
ထူးဆန်းတာက ကြည့်နေရင်းနဲ့ မြွေကြီးဘယ်နားရောက်သွားမှန်းမသိတော့ပါဘူး။ ကြွက်တွင်းထဲများ ၀င်အောင်းသွားသလားပဲ၊ လုံးဝကို အစပျောက်သွားပါတယ်။
တပတ်လောက်တော့ အဲဒီအုတ်တံတိုင်းနား မသွားရဲပါဘူး၊ တော်ကြာလက်စားလာပြန်ချေမှာစိုးလို့ပါ။
အဲ .. အဲဒါက အဖြစ်အပျက် တခုပေါ့။
***
နောက်တခုမှတ်မိနေတာကတော့ အဲဒီနှစ်ပိုင်းလောက်ပါပဲ .. သူငယ်ချင်းတွေနဲ့အတူ ကျူရှင်ကိုအသွား ဂျပန်သံရုံးနားက ဗန်ဒါပင်အောက်ကအဖြတ် .. ဗန်ဒါပင်ပေါ်ကနေ တခုခုကျလာပါတယ်၊ ကျလာတဲ့အရာက ကျမမျက်နှာဘေးနားကဖြတ်ပြီး ပလက်ဖောင်းပေါ်ကျသွားတယ်၊ (ကျမရဲ့ နှုတ်ခမ်းကိုသေသေချာချာကြီး ထိသွားပါတယ်။)
ဘာကြီးလဲ ဆိုပြီး အောက်ကျတဲ့ဟာကိုကြည့်လိုက်တော့ .. လားလား .. မြွေတကောင်ဖြစ်နေပါရောလား။
မြွေက အ၀ါနဲ့အနက်ကျား ဆိုတော့ ငန်းတော်ကျားပေါ့ (အနားက ဆိုက်ကားဂိတ်က ဆိုက်ကားသမားတွေ ပြောတာပါ) သိပ်တော့မကြီးဘူး၊ ငန်းတော်ကျားပေါက်စလေးထင်ပါရဲ့၊ လက်သန်းလုံးလောက်ပဲရှိတယ်။ မြွေကလဲ အရှိန်နဲ့အကျဆိုတော့ ဘာလုပ်ရမှန်းမသိ ယောင်ဝါးဝါး ဖြစ်နေလို့ ကျမ ကံကောင်းသွားတာပါ၊ ကျမကလဲ မြွေကိုတွေ့ပြီးလန့်သွားလို့ ဆက်မသွားဘဲ ရပ်နေမိတယ်၊ နောက်မှ မြွေလဲ ပလက်ဖောင်းအပေါက်ကနေ ရေမြောင်းထဲ ပြေးဆင်းသွားလို့ ကျမလဲ ကိုယ့်လမ်းကိုယ် ဆက်သွားခဲ့ရတယ်။ အဲဒီနေ့တနေ့လုံး နှုတ်ခမ်းကို ယောင်လို့တောင် လျှာနဲ့မသပ်မိအောင် သတိထားနေရပါတယ်။ တော်ကြာမြွေဆိပ်ကို ယက်မိမှာစိုးလို့ပါ။ နှုတ်ခမ်းခြောက်ခြောက်ကြီးနဲ့ပဲ တနေ့လုံး ဒုက္ခရောက်ခဲ့ရတာ ခုထိ မှတ်မိနေပါသေးတယ်။
***
ဒီကြားထဲမှာ အိမ်ရဲ့ဘုရားစင်ပေါ် မြွေစိမ်းမြီးခြောက် ရောက်လိုက်၊ လှေခါးထစ်မှာတွေ့လိုက် .. ခဏခဏ တွေ့နေရပေမဲ့ ကျမနဲ့ တိုက်ရိုက်ပက်ပင်းတိုးတာ မဟုတ်လို့ သိပ်မကြောက်ပါဘူး။ မှတ်လဲမထားဖြစ်ဘူး။
နောက်ဆုံးတခေါက်တွေ့တာကတော့ သိပ်မကြာသေးပါဘူး။ ခြံထဲမှာ လမ်းလျှောက်နေတုန်း ကံ့ကော်ပင်ကြီးပေါ်က မြွေပြုတ်ကျလာပြန်ပါတယ်။ အပင်အမြင့်က အရှိန်ပြင်းပြင်းနဲ့ကျလို့ အောက်ရောက်တဲ့အခါ သူက သိပ်မလှုပ်နိုင်ပါဘူး။ ဒါပေမဲ့ခေါင်းလေးမတ်ပြီး ပါးပြင်းလေး တထောင်ထောင်လုပ်နေပါတယ်။ မြွေက ခပ်သေးသေးပါပဲ၊ ဒါပေမဲ့ ဘယ်လောက်သေးသေး မြွေဆိုတာ အဆိပ်ရှိတတ်တာမို့ အနားတော့ သိပ်မကပ်ရဲဘဲ ခပ်လှမ်းလှမ်းကသာ အကဲခတ်ကြည့်နေမိတယ်။ အိမ်မှာရှိနေတဲ့ ယောကျာ်းလေးတွေက သတ်ပစ်လိုက်မယ်လို့ ပြောတော့ .. ကျမက မလုပ်နဲ့လို့ တားရတယ်။ ဒီတခါ ကိုယ့်အလှည့်ပဲ .. ပညာပြရမယ့်အချိန်ရောက်ပြီ .. လို့ တွေးမိပြီး
‘မသတ်ပါနဲ့ .. သူ့ဟာသူသွားအောင် ငါ ပရိတ်ရွတ်ပေးမယ်’ လို့ ကြေငြာပြီး မြွေနဲ့မလှမ်းမကမ်းကနေ ခန္ဓသုတ်ရွတ်ပါတယ်။
တခေါက်ပြီးတခေါက်သာ ရွတ်နေရတယ် ..မြွေက ဘယ်မှလဲ မသွားပါဘူး။ ခေါင်းထောင်လာလိုက် ..ပြန်ကျသွားလိုက် .. ဒီတိုင်း ဒီတိုင်း နေရာကမရွေ့ဘူး။ ကြာတော့ ရွတ်ရတာလဲ အာခြောက်လာပြီ။ မတ်တပ်ရပ်ပြီးရွတ်ရတာ ညောင်းလာလို့ ငုတ်တုတ်ထိုင်ရွတ်၊ ထူးခြားမှုကမရှိ။ ကြည့်နေတဲ့သူတွေကလဲ ဘယ်တော့မြွေပြေးမလဲပေါ့ .. ၀ိုင်းအကဲခတ်နေကြတာ။
ခက်ပြီ .. ။
အဖေရွတ်တုန်းကတော့ ခြေကျင်းဝတ်လောက်မြွေကြီးတောင် အစအနမတွေ့အောင် ပျောက်သွားတာ။ အခု ကိုယ့်အလှည့်ကျခါမှ .. လက်သန်းလုံးလောက်မြွေကလေးက တုတ်တုတ်မျှ မလှုပ်၊
ဒါနဲ့ ဒီတိုင်းတော့မဖြစ်ချေဘူးဆိုပြီး ပရိတ်ရွတ်တာလဲ ရွတ်တာပေါ့ .. သူ့ကိုလဲ မြန်မြန်သွားအောင် ဒုတ်ကလေးနဲ့လဲ တွန်းပေးအုံးမှ ဆိုပြီး ကြည့်နေတဲ့ထဲက ယောကျာ်းလေးတယောက်ကို ဒုတ်နဲ့ တွန်းထိုးလေး ထိုးခိုင်းလိုက်တယ်။
မြွေက ပါးပြင်းထောင်လာတယ်၊ သွားဖို့ အားယူတယ် .. ခေါင်းပိုင်းက လှုပ်ရှားနိုင်ပေမဲ့ အမြီးက ပါမလာပါဘူး၊
နောက်တော့ ကျမသိလိုက်ပါပြီ။
ဒီမြွေဟာ ပြုတ်ကျတဲ့အရှိန်ကြောင့် အောက်ပိုင်းသေသွားတာပါ။ မြွေခမျာမှာ ပရိတ်တော်တန်ခိုးကြောင့် ဝေးရာကို သွားချင်ပေမဲ့လဲ အောက်ပိုင်းသေနေလို့ သွားမရတော့ပါဘူး။
ဖြစ်ပုံများ .. ကိုယ်ပရိတ်ရွတ်တဲ့ အလှည့်ကျမှပဲ မြွေကလဲ အောက်ပိုင်းသေရတယ်လို့။
သူများတွေကတော့ ထင်မယ် .. သီလနဲ့မပြည့်စုံဘူးလို့၊ တကယ်လဲ .. ပြည့်စုံလှတယ်တော့မဟုတ်ဖူးပေါ့။ ဒါပေမဲ့ ဟန်ကိုယ့်ဖို့မဟုတ်လား .. ဒါကြောင့် ခပ်တည်တည်နဲ့ ..
‘မြွေကတော့အောက်ပိုင်းသေသွားပြီ ငါပရိတ်ရွတ်လဲ သွားနိုင်မှာမဟုတ်ဘူး။ ဒီတော့ ဂေါ်ပြားလေးနဲ့ ကော်ယူပြီး တော်ရာသာ သွားပစ်လိုက်ကြပေတော့’ လို့ နိဂုံးချုပ်ပေးပြီး အာခြောက်ပြေ ..ရေအ၀သွားသောက် လိုက်ရပါတော့တယ်။
***

Read More...

Tuesday, October 24, 2006

မင်းသိင်္ခအား ချောင်းကြည့်ခြင်း

တနေ့သ၌ ကျွန်ုပ်သည် ကျွန်ုပ်၏အခန်းတွင်းရှိ ကွန်ပျူတာစားပွဲရှေ့တည့်တည့်ပြတင်းပေါက်မှ ပြင်ပလောကသို့ လှမ်းမျှော်၍ ကြည့်ရှုသည်တွင် အမျိုးအမည်မသိ ယာဉ်တစီး ကျွန်ုပ်ခြံရှေ့ ယာဉ်ရပ်နားရာနေရာသို့ ထိုးဆိုက်လာပြီးလျှင် ယာဉ်ပေါ်မှ လူနှစ်ဦး သုတ်သီးသုတ်ပြာဆင်းလာသည်ကို တွေ့ရလေ၏။
အချိန်ကား .. မွန်းလွဲပြီး နာရီပြန် နှစ်ချက်တီးခန့် .. ။
... ... …
**
ဟဲဟဲ .. ..
အဲဒီလို အင်ထရိုပျိုးလိုက်ရင် မင်းသိင်္ခနဲ့များ ခပ်ဆင်ဆင်ဖြစ်သွားမလားလို့ .. ။ မဆင်ရင်လဲ ကိစ္စမရှိပါဘူး။ မင်းသိင်္ခကို ချောင်းကြည့်မိတဲ့အကြောင်းလေး ရေးချင်လို့ မင်းသိင်္ခစတိုင် ဖမ်းလိုက်ရတာပါ။
(တကယ်တမ်း မူရင်းကတော့ ဆရာကြီးရွှေဥဒေါင်း စတိုင်ပါ။ မင်းသိင်္ခက ဆရာကြီးရွှေဥဒေါင်းဆီက ယူထားတာကို သိပ်မသိကြတဲ့ နောက်လူတွေက ဒီလိုရေးရင် မင်းသိင်္ခစတိုင်လို့ပဲ ထင်မှတ်ပြီး အဲဒီအတိုင်းလိုက်ရေးလေ့ရှိကြပါတယ်။ သူ့လို နာမည်ကြီးချင်တာကိုး။)
***
ဒီလိုပါ .. မနေ့က နေ့လည်ဘက် မီးအားကျပြီး လေအေးစက်ဖွင့်မရလို့ ခပ်အိုက်အိုက်ရှိတာနဲ့ ဖွင့်လို့ရတဲ့ ပြတင်းပေါက်ပဲ ဖွင့်ပြီး အပြင်ကိုလှမ်းအကြည့်မှာ … အဲ .. အဲဒီအင်ထရိုအတိုင်းပဲဆိုပါတော့ .. ။ ကားပေါ်က လူနှစ်ယောက် ဆင်းလာတယ်၊ တယောက်က ရှပ်အင်္ကျီမဟုတ်တဲ့ အဖြူရောင်အင်္ကျီပါးဝတ်ထားပြီး အနည်းငယ်ရှည်နေတဲ့ ဆံပင်ကိုနောက်မှာစည်းထားတယ်။ နောက်တယောက်ကတော့ တီရှပ်နဲ့ ဦးထုတ်နဲ့။
ကားရဲ့ဘေးမှာ ‘မင်းသိင်္ခ’ လို့ ကမ္ပည်းထိုးထားလေတော့ .. ဒါဟာ မင်းသိင်္ခရဲ့ စီးတော်ယာဉ်လို့သိလိုက်ရပါတယ်။
စပ်စုချင်တာနဲ့ ပြန်မထိုင်သေးဘဲ ပြတင်းပေါက်ရဲ့ ခပ်ကွယ်ကွယ်နေရာကနေ ကားထဲကိုကြည့်လိုက်တော့ ဆွတ်ဆွတ်ဖြူ အ၀တ်အစားတွေဝတ်ဆင်ထားပြီး ရှည်လျားလျားနှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေပိုင်ဆိုင်တဲ့ မင်းသိင်္ခဖြစ်ဟန်တူသော ပုဂ္ဂိုလ်ကြီးတယောက် ထိုင်နေတာကိုတွေ့ရပါတယ် ။ သူ့နောက်မှာတော့ အမျိုးသမီးတယောက်က နှီးယပ်တောင်လေးတချောင်းနဲ့ အဆက်မပြတ် ယပ်တော်သွင်းနေလေရဲ့။
ကျမအခန်းက အပေါ်ထပ်မှာမို့ သူတို့ကားထဲကို အပေါ်စီးကနေ အတိုင်းသားမြင်နေရတယ်။ ဒါနဲ့ပဲ စပ်စပ်စုစု စိတ်ဝင်တစား ဆက်ကြည့်နေမိတယ်ဆိုပါတော့။
သူ့ရဲ့ကားက နဲနဲတော့ထူးခြားပါတယ်။ ဟိုင်းအေ့စ်လို ကားမျိုးကို နောက်ခန်းမှာ ထိုင်ခုံတွေတပ်မထားဘဲ အဖြူအနက်လေးထောင့်ကွက် (စစ်တုရင်ကွက်ပုံစံ) ဖယောင်းပုဆိုးခင်းထားတယ်။
ကားထဲမှာ ခေါင်းအုံး၊ တိုလီမိုလီထည့်ထားတဲ့ ခြင်းတောင်း၊ ရေခဲဗူး၊ ဗေဒင်စားပွဲလို အနက်ရောင် စားပွဲပုပုလေးတလုံး နဲ့ တခြားဘာညာကွိကွတွေ (သိပ်မမြင်ရတော့လို့) ပါလာတာကိုတွေ့ရတယ်။ ကားရဲ့ မှန်ပြတင်းတွေကို မီးခိုးရောင်လိုက်ကာနဲ့ ကာထားပြီး ပြတင်းဘောင်အပေါ်ဘက်မှာ ပလပ်စတစ် ပန်းခက်ပန်းနွယ်တွေ အလှဆင်ထားပါတယ်။
***
ကွမ်းတယာညက်လောက်အကြာမှာ ကားပေါ်ကဆင်းသွားတဲ့ လူနှစ်ယောက် ပြန်ရောက်လာပြီး သူတို့နဲ့အတူ လဖက်ရည်ဆိုင်က စားပွဲထိုးလေးတယောက်ပါ လဖက်ရည်ခွက်တွေကို ဗန်းကလေးနဲ့ သယ်ပြီးလိုက်လာတယ်။ ဆံပင်စည်းထားတဲ့ တပည့်ကျော်ကြီးက လဖက်ရည်ခွက်တခွက်ကိုယူ၊ ယပ်တော်သွင်းအမျိုးသမီး အဆင်သင့်ခင်းကျင်းပေးထားတဲ့ စားပွဲပုလေးပေါ်တင်ပြီး ပုဂ္ဂိုလ်ကြီးထံ ရိုရိုသေသေ ဆက်ကပ်ပါတယ်။ ပြီးတော့မှ ယပ်တော်သွင်း အမျိုးသမီးတခွက်၊ စီးတော်ယာဉ်မောင်းတဲ့လူကိုတခွက် ကမ်းပေးပြီး ကျန်နှစ်ခွက်ကိုတော့ သူတို့နှစ်ယောက် တယောက် တခွက် မတ်တပ်ရပ်ရင်း သောက်ကြရတယ်။
ပုဂ္ဂိုလ်ကြီးဟာ လဖက်ရည်သုံးဆောင်ပြီး ခံတွင်းချဉ်တယ်ထင်ပါရဲ့ .. ယပ်တော်သွင်းအမျိုးသမီးတည်တဲ့ စီးကရက်ကို ခြေကြီးဆင်းပြီး ဖွာရှိုက်နေတာတွေ့ရတယ်။ နောက်တော်ပါ တပည့်နှစ်ဦးကတော့ သူတို့ရဲ့ ကိုယ်တာ လဖက်ရည်တခွက်ကို ကမန်းကတန်းသောက်ပြီး ဆရာကြီးအတွက်အချိုရည် သွားဝယ်ရပြန်တယ်။ ယပ်တော်သွင်းအမျိုးသမီးခမျာမှာလည်း မအားရရှာပါဘူး။ ဆရာကြီး စီးကရက်နဲ့ မှိန်းနေတုန်း ၀ယ်လာတဲ့အချိုရည်ဘူးကို သိမ်းဆည်း၊ ခုန သောက်ထားတဲ့ လဖက်ရည်စားပွဲသုတ်ပြီးပြန်သိမ်း၊ စတီးပန်းကန်ပြားလေးတချပ်ကို ဆေးကျော အားလုံးပြီးတော့မှ အိုက်တော်မူနေတဲ့ ဆရာကြီးကို ယပ်တော်ပြန်သွင်း .. နဲ့ အလုပ်ကိုရှုပ်နေတာပါပဲ။
***
ရယ်တော့ရယ်ရသား ..။ သူတို့လုပ်နေကိုင်နေကြတာကို တစုံတယောက်က ခုလို ခိုးကြောင်ခိုးဝှက် ချောင်း ကြည့်နေတယ်ဆိုတာ သိပုံမပေါ်ပါဘူး။
ကျမလဲ အလွန်နာမည်ကြီးပြီး စခန်းကြီးလွန်းတဲ့ မင်းသိင်္ခဆိုတာကို ဘုတ်အုပ်ထဲမှာသာမြင်ဖူးတာမို့ အခုလို အရှင်လတ်လတ် မြင်ခွင့်ရတုန်း သူလုပ်ပုံကိုင်ပုံတွေ တစေ့တစောင်းအကဲခတ်တဲ့အနေနဲ့ ချောင်းကြည့်နေမိတာ ပါ။
သူတို့အဖွဲ့စီးနင်းလိုက်ပါလာတဲ့ ယာဉ်ကြီးဟာ ကိုယ်စီကိုယ်ငှ လဖက်ရည်သုံးဆောင်ကြပြီးတဲ့အခါမှာ ခြံရှေ့ ကားပါကင်မှာရပ်ထားရာကနေ ပြန်လည်ထွက်ခွါသွားပါတယ်။ မထွက်ခွါခင်မှာ ပုဂ္ဂိုလ်ကြီးက ပတ်ဝန်းကျင်ကို သင်္ကာမကင်းဖြစ်ဟန်တူပါရဲ့ .. ဟိုသည် ဝေ့၀ိုက်ကြည့်ရင်းနဲ့ ကျမ ချောင်းကြည့်နေတဲ့ အပေါ်ထပ်ပြတင်းပေါက်ကို တချက်လှမ်းမော့အကြည့် ကျမလဲ သူမမြင်အောင် ကမန်းကတန်း ပုန်းကွယ်လိုက်ရပါရောလား။
***
ဤသို့ဖြင့် ကျွန်ုပ်လည်း ခိုးချောင်ခိုးဝှက် ချောင်းမြောင်းကြည့်ရှုခြင်းကိစ္စကို နိဂုံးကမ္ပတ် အဆုံးသတ်၍ ကွန်ပျူတာရှေ့ပြန်ကာထိုင်ပြီးလျှင် ဤစာကို စီလိုက်ရပါတော့သတည်း။
***
သဗ္ဗေသတ္တာ ကမ္မသကာ
(အလုံးစုံကုန်သောသတ္တ၀ါအပေါင်း သူ့ထိုက်နှင့်သူ့ကံ ခံစရာရှိခံကြပါစေကုန်သော်ဝ်)
***

Read More...

Monday, October 23, 2006

မွေးနေ့ .. ဆုတောင်း နှင့် လက်ဆောင်

တိုင်းပြည်ဒုက္ခတွင်းမှ လွတ်မြောက်ရန်အတွက် ကိုယ်ကျိုးစွန့်ဆောင်ရွက်နေသည့် (တယောက်သောသူ၏) ယနေ့ကျရောက်သောမွေးနေ့အတွက် … ..
ဆုတောင်း …
(၁) လက်ရှိဆောင်ရွက်နေဆဲတာဝန်ကို အန္တရာယ်ကင်းစွာ ထမ်းဆောင်နိုင်ပါစေ …။
(၂) လိုချင်သောပန်းတိုင်ကို အမြန်ဆုံးရောက်ရှိနိုင်ပါစေ။
(၃) ချစ်သောသူများနှင့် အတူနေထိုင်ခွင့် အမြန်ဆုံးရရှိနိုင်ပါစေ ... ။
(၄)ကောင်းကျိုး လိုအင်ဆန္ဒများ ပြည့်ဝနိုင်ပါစေ … ။
***
လက်ဆောင်
***
ဒီမွေးနေ့ကိုရည်ရွယ်ပြီး စောစောထဲက သိုးမွှေးဦးထုတ်လေးတလုံးထိုးခဲ့ပါတယ်။
မွေးနေ့ရှင်ဟာ သူ့မွေးနေ့ဘယ်နေ့ဆိုတာလဲ သူကိုယ်တိုင် သေချာမသိပါဘူး။ စက်တင်ဘာလိုလို အောက်တိုဘာလိုလိုနဲ့ ၂၀ ရက်လား ၂၃ ရက်လားလဲ ဇဝေဇ၀ါနဲ့။ အလုပ်အတွက် တကယ်အရေးကြီးတဲ့ နေ့တွေအားလုံး သူမှတ်မိတတ်ပေမဲ့ သူ့မွေးနေ့ကို သူ မှတ်မထားပါဘူး။ သူ့ဘ၀မှာ သူ့အလုပ်ကိစ္စသည်သာ ပထမ လို့ အမြဲပြောလေ့ရှိတယ်။ သူ့ကိုယ်သူထက် အလုပ်ကို ပိုဦးစားပေးပြီး အန္တရာယ်တွင်းရဲ့ နှုတ်ခမ်းဝမှာ လမ်းလျှောက်နေတဲ့ .. သူ့ရဲ့မွေးနေ့ကို လေးစားစွာ ဂုဏ်ပြုရင်း ဦးထုတ်လေးတလုံး လက်ဆောင်ပေး လိုက်ပါတယ်။

Read More...

ခေတ်သစ်ဝေါဟာရ

အတင်နဲ့ အချ
***
မနေ့ကသတင်းတခုကြားရတယ်။ အဲဒီသတင်းကတော့ မြန်မာပြည်ရဲ့ အမည်မဲ့အရပ်တခုမှာ ရွှေတိဂုံဘုရားနဲ့ အလားသဏ္ဍာန်တူတဲ့ စေတီတဆူတည်မလို့ပါတဲ့။ စေတီကို တည်မဲ့မြေက .. ဖို့မြေတဲ့။ ဖို့မြေပေါ်မှာ ရွှေတိဂုံဘုရားလောက်နီးနီးဥာဏ်တော်မြင့်မားတဲ့ စေတီတဆူကိုတည်မယ်ပေါ့။ ဘုရားတည်တာက အကြောင်းမဟုတ်ပါဘူး။ တည်မဲ့ ဘုရားဒကာတွေနဲ့ ပိသုကာတွေ သီလရှိဖို့ အရေးကြီးတဲ့အပြင် သာမန် လမ်းဖောက် တံတားဆောက်သလို ပစ္စည်းတွေခိုဟယ်ကပ်ဟယ် လုပ်ရင်တော့ ဘုရားတော့ ဒုက္ခပါဘဲလို့တွေးမိတယ်။
‘အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး’ ဆိုတဲ့စကားလဲရှိသားပဲ။ မတည်ခင်က သေချာတော့ စဉ်းစားကြသင့်ပါတယ်။ တော်ကြာ ‘တည်မိတဲ့ဘုရား လင်းတပဲ နားနား’ ဆိုသလို ဖြစ်ကုန်မှဖြင့် မကောင်းဘူး။
အဲဒါက တကဏ္ဍပေါ့လေ ..ပြောလိုရင်းက ..
အဲဒီစေတီအတွက် အုတ်မြစ်ချ အခန်းအနားကို ‘ပန္နက်တင်မင်္ဂလာ’ လို့ သုံးနှုန်းတယ်လို့ သိရပါတယ်။
အားလုံးသိတော်မူတဲ့အတိုင်း ပန္နက်ဆိုတာ အုတ်မြစ်ပဲ၊ foundation ပဲ။ ဒါကြောင့် ပန္နက်ဆိုတာ ‘ချ’ ရတာပဲ၊ ‘တင်’ လို့မှ မရတာ .. ။ ပန္နက်ချတယ်လို့ပဲ တသက်လုံးက သုံးနေကျ .. ပန္နက်တင်တယ်ဆိုတော့ ဘယ်လိုကြီးတုန်းလို့ စိတ်ထဲဖြစ်မိတယ်။
ဝေါဟာရတခုကို မသုံးလိုတာနဲ့ ဆန့်ကျင်ဘက်ကြီးသွားသုံးတော့ ကြားရသူတွေမှာ နားလည်ရတွေခက် .. မျက်စိတွေလဲ လည်လို့။

အင်း ..မြန်မာဝေါဟာရ စကားလုံးတွေလဲ ဒီခေတ်ကျမှပြောင်းတိ ပြောင်းပြန်တွေ ဖြစ်ကုန်ပါပကော ..
နောက်ဆို ..ရေစက်ချ .. အမျှဝေ ဆိုတဲ့ ဝေါဟာရကိုလည်း .. ‘ချ’ ပါလို့ မသုံးချင်ရင် .. ‘ရေစက်တင်’ လို့များသုံးမလားမသိ၊ ရေစက်တင် ဆိုရင် ရေမော်တာပဲ တင်သလိုလို .. နားထွေးကုန်ရင်ဒုက္ခ..။ ဒါကြောင့် ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပြီး ရေစက်ချ အမျှဝေ လို့မသုံးဘဲ ..ရေစက်သွန်းဖြန်း အမျှအတန်းပေးဝေ လို့ သုံးရရင် မကောင်းဘူးလားလို့ တထွာမပြည့်တပြည့်ဥာဏ်လေးနဲ့ တွေးနေမိပါတယ်။
***

Read More...

Sunday, October 22, 2006

အမေ ... သို့

ဒီရက်ပိုင်းတော်တော်အလုပ်များလို့ အွန်လိုင်းပေါ်တောင် သိပ်မရောက်ဖြစ်ဖူး။
အမေခရီးသွားဖို့ လုပ်ကိုင်ပြင်ဆင်ပေးရ .. ဟိုကိစ္စ ဒီကိစ္စ ထွေရာလေးပါး အလုပ်တွေကများ .. အလုပ်ရယ်လို့ မယ်မယ်ရရသာမရှိတာ အားနေတာလဲ မဟုတ်ပြန်ဘူး။
မနေ့ညကတော့ အမေ ခရီးထွက်သွားပါပြီ။ သွားခါနီးမှ နေမကောင်းဖြစ်နေတဲ့ အမေ့ကို စိတ်မချစွာနဲ့ လေဆိပ်လိုက်ပို့ခဲ့ရတယ်။ လေဆိပ်ရဲ့ဝရံတာတံခါးကတော့ ထုံးစံအတိုင်း သော့ခတ်ထားဆဲမို့ တာ့တာ ထွက်လုပ်လို့မရခဲ့ဘူးပေါ့။ လေယာဉ်ပေါ်တက်တဲ့အချိန်လောက်မှန်းပြီး လေယာဉ်မထွက်ခင်မှာပဲ ပြန်ခဲ့ကြတယ်။ အိမ်ပြန်ရောက်တော့ အမေမရှိတဲ့ အိမ်ကြီးက ဟာတာတာ။
အမေရှိရင် ဒီအိမ်ကြီးက အသက်ဝင်နေတယ် လို့ အဖေက အမြဲ ပြောတတ်တယ်။ အခုတော့ အိမ်ကြီးလဲ အသက်မဲ့နေပေါ့။
ဒီမနက်စောစော အရုဏ်ဆွမ်းထလောင်းတော့လဲ ခါတိုင်းဆို အမေနဲ့အတူ လောင်းနေကျမို့ အမေ့ကို သတိရမိပြန်တယ်။
အမေ့အိပ်ခန်းထဲက ကုတင်လေးမှာ အမေအိပ်တဲ့နေရာက ကွက်လပ်ကလေးဖြစ်နေတာကိုကြည့်ပြီး .. ၀မ်းနည်းလာပြန်ရော။
အိမ်ရဲ့ လိုအပ်ချက်တိုင်း သားသမီးတွေရဲ့ လိုအပ်ချက်တိုင်း .. ခင်ပွန်းသည်ရဲ့ လိုအပ်ချက်တိုင်း ကွက်လပ်တွေ ဖြည့်ပေးနေကျ .. အမေ .. ။
အမေရဲ့ လိုအပ်ချက်တွေကျတော့ ပြည့်စုံတယ်ဆိုတာ နည်းလှပါတယ်။
ဘယ်လိုပဲဖြစ်နေဖြစ်နေ .. အမေက အားလုံးရဲ့ လိုအပ်ချက်ကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနေတာပါပဲ .. ။
အင်း …
အမေ မရှိတော့ အမေ့တာဝန်တစိတ်တဒေသက ကိုယ့်ပေါ်ကို ကျလာပြီ။
အမေ့လိုတော့ အားလုံးကို စွမ်းဆောင်နိုင်မှာမဟုတ်ဘူးဆိုတာ သေချာသလောက်ပဲ။
လောလောဆယ်တော့ ..
ဘာမှမလုပ်ရသေးခင် .. နွမ်းနယ်နေပြီ ..
အားပေးလှည့်ပါအုံး အမေ .. ။

Read More...

Friday, October 20, 2006

poem 5

လမ်းဆက်လျှောက်စို့
***
ငါတို့ လမ်းတွေလျှောက်ခဲ့ကြသည် .. ။
ငါတို့ လမ်းတွေလျှောက်နေကြသည် .. ။
ငါတို့ လမ်းတွေဆက်လျှောက်ကြဦးမည် .. ။
သင် ..
ငါတို့ဘေးမှ လက်တွဲညီညီ ချီတက်မည်လော ..
ငါတို့ရှေ့မှ ဦးဆောင်ဦးရွက် လှမ်းတက်မည်လော ..
ငါတို့နောက်မှ ထပ်ချပ်မခွါ လိုက်ပါမည်လော ..
သို့တည်းမဟုတ် ..
ငါတို့နှင့် ဆန့်ကျင်လားရာ ဖယ်ခွါမည်လော ..
မည်သို့ပင်ဖြစ်စေ ..
သင့်ဆန္ဒကို မတားလို ..
သင့်ကို ငါတို့ ကြိုဆိုပါ၏။
သို့သော် .. ..
သင့်အား လမ်းခုလတ်မှာ
မတ်တပ်ရပ်ကာ မကျန်ခဲ့စေလို .. ။
ငါတို့တွေကား ..
ရပ်လို့မနေ
သွားရင်းသေမည် .. ။
ငါတို့ လမ်းတွေ လျှောက်ခဲ့ကြသည် ..
ငါတို့ လမ်းတွေ လျှောက်နေကြသည် ..
ငါတို့ လမ်းတွေ ဆက်လျှောက်ကြဦးမည် ..
အမှန်တရားဆီ
ရဲရဲချီ။ ။

Read More...

Thursday, October 19, 2006

ညီလင်းဆက်နဲ့ ဘလော့ခ်

မနေ့ညက လင်းဆက်ရဲ့ ဘလော့ခ်ကို ဖတ်ပြီး စိတ်မကောင်းဖြစ်မိလို့ ဒီပို့စ်ကို ရေးလိုက်ပါတယ်။
***
ညီလင်းဆက်
***
သူ့ကို စသိတာဟာ သူ့ကဗျာလေးတွေကြောင့်ပါ။
သူ့ကဗျာလေးတွေ ဖတ်ဖြစ်ရာက သူ့ဆီမေးလ်ပို့ပြီး မိတ်ဆက်ရင်း ခင်သွားခဲ့တယ်။
သူဟာ အနုပညာရှင်တယောက်လို့ ကျမကတော့ မြင်ပါတယ်။
သူ့ကဗျာတွေ စာတွေ သူဖန်တီးတဲ့ အနုပညာတွေ public မှာ ဖြန့်တာမဖြန့်တာ လူအများကြီး သိတာ မသိတာ ကို သူဂရုမစိုက်ပါဘူး။ သူ ဖန်တီးချင်တဲ့ အနုပညာတွေကို ဆက်လက် ဖန်တီးနေတာပါပဲ။
သူ့အနုပညာဖန်တီးမှုကို ကျမလေးစားမိပါတယ်။
တခါတခါတော့ သူဟာ လူတွေနဲ့ သဟဇာတမဖြစ်ပါဘူး။ သူ့အတွေးအခေါ် အယူအဆတွေက တခါတလေ အစွန်းရောက်ချင်ရောက်နေတတ်ပါတယ်။
တခါတခါ အရမ်းကို sensitiveဖြစ်တတ်တာကိုလဲ ကျမ သတိထားမိပါတယ်။
ဒါပေမဲ့ .. ဒါတွေအားလုံးဟာ အနုပညာသမားတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ ‘စိတ်’ ဆိုတာ ကျမ နားလည်ထားပါတယ်။
သိပ်မကြာသေးခင်တုန်းက သူ့ရဲ့ ပို့စ်တခုမှာ ကျမရေးတဲ့ comment ကို သူပြန်ပြောထားတာ ဖတ်ရတော့ စိတ်မကောင်းဖြစ်ခဲ့ရသေးတယ်။ သူ့ကိုပြန်ရေးဖို့ တွေးနေတုန်း သူက သူ့ comment ကို ပြန်ဖျက်လိုက်တဲ့ အတွက် ကျမ ဘာမှမရေးခဲ့တော့ပါဘူး။
သူ့အနုပညာကိုလေးစားပြီး သူဖန်တီးမှုတွေကို မြတ်နိုးတဲ့ကျမဟာ တခါတလေ သူ့လုပ်ပုံတွေကြောင့် နဲနဲတော့ အမြင်ကတ်မိပါတယ်။
ဒါပေမဲ့ ဒီလို အမြင်ကတ်တာလဲ ခဏတဖြုတ်ပါပဲ၊ နောက်တော့လဲ သူ့စာတွေဖတ်ရင်းနဲ့ သူ့ကို စိတ်ပြေ သွားမိပြန်ပါရော။
***
Blog
ဘလော့ခ် ဆိုတာ ဘာမှန်းမသိခင်မှာဘဲ လင်းဆက်ရဲ့ ဘလော့ခ်နဲ့ စနေရဲ့ ဘလော့ခ်တို့ကို ဦးဆုံး ဖတ်ဖြစ်ခဲ့တယ်။ သူတို့ရဲ့ ဘလော့ခ်တွေကို ဖတ်ရင်း တခြားသူတွေရဲ့ ဘလော့ခ်လင့်ခ်တွေပါတွေ့တော့ လျှောက်ဖတ်ဖြစ်ပါတယ်။ ဒီလိုနဲ့ .. ဘလော့ခ်ဆိုတာ ဘာမှန်း နဲနဲသိလာခဲ့တယ်။ အဲဒီလို ဖတ်ရင်းစိတ်ဝင်စားတဲ့ ဘလော့ခ်တွေဆို ဖေးဘရိတ်ထဲမှာထည့်ထားပြီး မှန်မှန်ဖတ်ဖြစ်တယ်။
လင်းဆက်ရဲ့ဘလော့ခ်ကိုတော့ နေ့စဉ်လိုလိုဖတ်ဖြစ်ပါတယ်။ ဘာကြောင့်ဆိုတော့ သူ့ဘလော့ခ်မှာက တခုမဟုတ်ခု ပေးထားတတ်လို့ပါပဲ။ အနည်းဆုံး သူ့ခံစားချက်လေးပဲ ရေးထားပါစေ ဖတ်ရတာ ရသတမျိုးကိုခံစားရပါတယ်။ တခါတလေ သူ ၂ ရက်လောက် ဘာပို့စ်မှ အသစ်မတင်ရင် နေများ မကောင်းလို့လား ဘာများဖြစ်နေလို့လဲ ဆိုပြီး စိုးရိမ်ပူပန်မိသေးတယ်။ အနုပညာသမားဆိုတာ လူကခပ်နဲ့နဲ့ စိတ်က ခပ်ယဲ့ယဲ့ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ကိုယ်ခင်မင်လေးစားတဲ့သူတယောက် တခုခုဖြစ်မှာ မလိုလားပါဘူး။
အဲဒီလို ဘလော့ခ်တွေဖတ်နေရင်းနဲ့ ကိုယ်တိုင် ဘလော့ခ်တခု လုပ်ချင်စိတ်ပေါ်လာပါတယ်။ လင်းဆက်ကလဲ မြန်မာ ဘလော့ခ်လုပ်နည်း လမ်းညွှန်တွေ ပေးထားတော့ အဲဒါတွေဖတ်ရင်း ဟိုလူ့မေး ဒီလူ့မေးရင်း ကိုယ်ပိုင် ဘလော့ခ်လေးတခု ဖန်တီးဖြစ်သွားပါတယ်။ ဘလော့ခ်ပုံစံရွေးတော့ ကိုယ်မြင်ဖူးပြီး နှစ်သက်မိတဲ့ ဒီဇိုင်းပုံ နောက်ခံ အနက်လေးရွေးခဲ့မိပါတယ်။ ကိုယ်တိုင်ကလည်း အနက်ရောင်ကို အကြိုက်ဆုံးမို့ပါ။
ဘလော့ခ်သာလုပ်တာ စာရိုက်တာကလွဲလို့ ဘာမှလဲမတတ်၊ ဘာမှလဲ နားမလည်ပါဘူး။ မြန်မာစာလုံးပေါ်အောင် ထည့်နည်းကတော့ လင်းဆက်ရဲ့ဘလော့ခ်ကိုဖတ်လို့ တတ်သွားပါတယ်။ လင့်ခ်တွေလဲ မထည့်တတ်၊ သီချင်းထည့်ချင်တာလဲ မထည့်တတ်၊ ဘန်နာမှာလဲ ပုံမတင်တတ်နဲ့ ကိုယ်ရေးချင်တဲ့စာတွေသာ လှိမ့်ရေးနေရင်း ဟိုလူ သည်လူ တနေ့ နည်းနည်းချင်းမေးရပါတယ်။ သိပ်လဲ မမေးရဲဘူး၊ ကိုယ်က ခပ်ပိန်းပိန်းဆိုတော့ မေးရမှာ အားနာလို့ပါ။
ဘလော့ခ်လေးစလုပ်ဖြစ်တော့ ဘယ်သူ့ကိုမှ မပြောဖြစ်ပါဘူး၊ အရမ်းခင်တဲ့ သူ ၃-၄ယောက်လောက်ကိုပဲ လင့်ခ် ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျမဘလော့ခ်ကို လင်းဆက်သိသွားပြီး comment လာရေးပါတယ်။ သူ့ဘလော့ခ်မှာ ချိတ်လိုက်မယ်လို့လဲပြောခဲ့တယ်။
ကျမက စာရေးတာကလွဲပြီး ဘာမှဖန်တီးတတ်သူမဟုတ်လေတော့ သူများဖတ်မိရင် ရှက်စရာများ ဖြစ်နေမလား လို့ .. အဲဒီလိုရှက်စရာမဖြစ်ရင်တော့ ချိတ်ချင်ချိတ်လိုက်ပါဆိုပြီး သူ့ဆီ မက်ဆေ့ခ်ျပြန်ပို့လိုက်တယ်။ ဒီလိုနဲ့ ကျမ ဘလော့ခ်လေးလဲ ဟိုလူဒီလူ ၀င်ဖတ်တဲ့ အဆင့်ကိုရောက်လာပါတယ်။
***
ဟိုတနေ့ကတော့ လင်းဆက်ဘလော့ခ်မှာ မေဗလပ်စ်ကို cheers လုပ်ထားတဲ့ ပို့စ်ကို ဖတ်လိုက်ရပါတယ်။ ဖတ်ပြီးပြီးချင်း ကိုယ့်ကိုယ်ကို နဲနဲရှက်သွားပါတယ်။ တကယ်တမ်း တော်တော်လေးရှက်ရမှာပါ။ ဒါပေမဲ့ ကိုယ်တိုင်က ရိုးသားစွာ အနက်ရောင်ဘက်ဂရောင်း ရွေးမိတာကလွဲလို့ shout boxတွေ ဘာတွေလဲ မလုပ်တတ်လို့ မလုပ်ဖြစ်ခဲ့တာက ကံကောင်းသွားတယ်လို့ ဆိုရမှာပါပဲ။
မေဗလပ်စ်ပြောသလို ကျမဟာ ဖန်တီးချင်သော်လည်း မဖန်တီးတတ်ပါဘူး။ စိတ်ကူးရှိပေမဲ့ လုပ်နည်းမသိလို့ မလုပ်နိုင်ခဲ့ပါဘူး။
ဘန်နာလေးတခုတောင် အချိန်မရှိတဲ့ကြားက မဖြစ်ညစ်ကျယ်လုပ်ပြီး မတင်တတ်လို့ သူများကိုမေးပြီး တင်ခဲ့ရတာပါ။
တနေ့တနေ့ ကိုယ်ခံစားရတာလေးတွေ ရေးချင်တာလေးတွေ ခေါင်းထဲရှိတုန်း ကမန်းကတန်းလေး လာလာရေးပြီး ကွန်နက်ရှင်ကောင်းတုန်း .. မီးလာတုန်း အပြေးအလွှားတင်ရတဲ့ ကျမတို့လိုလူတွေအတွက်တော့ အလှအပ ဒီဇိုင်းတွေ မချယ်မှုန်း မဖန်တီးနိုင်ပါဘူး။ မလုပ်တတ်တာလဲ ပါတာပေါ့လေ။
မေဗလပ်စ်ရဲ့ ဘလော့ခ်ကို ကျမ ဒီ့အရင်က တခါမှ မဖတ်ကြည့်ဖူးပါဘူး။ ဒါကြောင့် သူ့ရဲ့ ဖန်တီးမှုတွေ ဘယ်လို ကောင်းတယ် ဆိုတာလဲ မသိပါဘူး။ ဒါပေမဲ့ လင်းဆက် ချီးယား လုပ်ထားတဲ့ ပို့စ်မှာရေးထားတဲ့ မေဗလပ်စ် ရဲ့ စကားလုံးတွေကိုတော့ သိပ်မကြိုက်ပါ။
လင်းဆက်ရဲ့ ဖြည့်စွက်ချက်တွေကိုတော့ ဘာမှ မပြောလိုပါဘူး။ ဘာကြောင့်ဆိုတော့ အဲဒါတွေကတော့ လိုအပ်တဲ့အချက်တွေ ဆင်ခြင်သင့်တဲ့အချက်တွေလို့ ထင်လို့ပါပဲ။ မဆင်ခြင်လဲဘာဖြစ်တုန်း ဆိုတော့ ဘာမှတော့မဖြစ်ပါဘူး။ သူကတော့ မကောင်းဘူး မသင့်ဘူးထင်လို့ရေးထားတာပါ။ လက်ခံတာ မခံတာကတော့ ကိုယ်နဲ့ပဲ သက်ဆိုင်တာပေါ့နော်။ ကိုယ့်ဘလော့ခ် ကိုယ်လုပ်ချင်သလို လုပ်ရတာပါပဲ။
***
သုတ နဲ့ ရသ ဆိုရင် ကျမတို့က ရသ သမားတွေပါ။ ဘလော့ခ်တွေမှာ ဗဟုသုတဖြစ်စရာပို့စ်တွေ အများကြီး တင်ကြတဲ့သူတွေကို ကျမလေးစားတယ် ချီးကျူးတယ် ကျေးဇူးလဲတင်ပါတယ်။ ဒါပေမဲ့ ရသစာတပိုဒ်ဖတ်ရ သလောက် ရင်ထဲ ကျန်မနေခဲ့ပါဘူး။ ခေါင်းထဲမှာ စွဲမနေခဲ့ဘူး။
ကွာလတီစက္ကူချောနဲ့ ထုတ်လုပ်ထားတဲ့ ဂေါက်သီးရိုက်နည်း နိသျည်း စာတအုပ်ထက် အကြော်ထုတ်တဲ့ စက္ကူစုတ်မှာဖတ်ရတဲ့ ကဗျာတပုဒ်ကို ကျမက ပိုတန်ဖိုးထားပါတယ်။
ဒါကြောင့် ဘလော့ခ်တခုရဲ့ နောက်ခံတွေ ရှေ့ခံတွေ အပျံစားဖန်တီးမှုတွေ အဆင်သင့်ယူသုံးတဲ့ ခိုးချမှုတွေ ဆိုတာထက် ဒီဘလော့ခ်တခုမှာပါဝင်တဲ့အကြောင်းအရာကိုသာ ကျမက ပိုအလေးထားပါတယ်။
***
ပြောချင်တာကတော့ အမြင်ဆိုတာ တယောက်နဲ့တယောက်တူချင်မှ တူကြပါလိမ့်မယ်။ အမြင်မတူတာဟာ ငြင်းခုန်စရာမဟုတ်ပါဘူး။ ဒီလိုအမြင်မတူ အယူအဆလွဲတိုင်းသာ ငြင်းခုန်နေကြမယ်ဆိုရင် ရန်ပွဲတွေ အဆုံးသတ်နိုင်ကြမှာမဟုတ်ဖူးလေ။
အစကတော့ လင်းဆက်ရဲ့ ပို့စ်ကို commentရေးဦးမလို့ပါပဲ၊ ဒါပေမဲ့ ရေးချင်စိတ် မရှိတဲ့အတွက် အသာလေး လက်ရှောင်ပြီး သူများတွေဘာရေးမလဲ စောင့်ကြည့်နေခဲ့တယ်။
အလိုလေး .. စံချိန်ကိုတင်ရော .. commentပေါင်း ၆၀ ကျော်သွားပါရောလား။
စိတ်မကောင်းစရာကတော့ လင်းဆက်က နှုတ်ဆက်ထားတဲ့ ပို့စ်ကိုဖတ်လိုက်ရလို့ပါပဲ။
ဒီ commentပေါင်း ၆၀ကျော်ရဲ့ ဂယက်လို့ပဲ ထင်ပါတယ်။
တကယ်တော့ နှုတ်ဆက်စရာမလိုပါဘူး။ ကိုယ်မှန်တယ်ထင်ရင် ဘာကိုမှ ဂရုမစိုက်ဘဲ ဆက်လျှောက်သင့် ပါတယ်။
ပြောရမယ်ဆိုရင်တော့ .. လင်းဆက်ရဲ့ ဘလော့ခ်ဟာ ရသစုံ မဂ္ဂဇင်းတအုပ်လိုပါပဲ။ သုတရော ရသပါ အစုံပေးစွမ်းနိုင်ပြီး လူဖတ်များတဲ့ မဂ္ဂဇင်းတစောင်လို ဖြစ်နေပါပြီ။ လင်းဆက်မှာပရိသတ် တော်တော်များများလဲ ရှိနေပါပြီ။ ကျမရဲ့ ဘလော့ခ်ကတော့ နေ့စဉ်မှတ်တမ်းသာသာပါပဲ၊ ဘာမှလဲ သုတ ရသ ပေးစွမ်းနိုင်တာ သိပ်မရှိပါဘူး။
အခုလို အမြင်မတူသူတွေပြောကြဆိုကြငြင်းခုံကြတာဟာ စာနယ်ဇင်းလောကမှာဆိုရင်တော့ အောင်မြင်မှုတခုပဲပေါ့။
ခုလို အောင်မြင်နေတုန်း လင်းဆက်က နှုတ်ဆက်လိုက်တာဟာ အနိုင်နဲ့ပိုင်းလိုက်တာများလား .. လို့ စိတ်ထဲ တွေးမိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အားလုံးကို စိတ်မကောင်းဖြစ်စေပါတယ်။ ဖြစ်နိုင်ရင် နှုတ်မဆက်ပါနဲ့ဦး။ နှုတ်ဆက်ဖို့ အချိန်မတန်သေးပါဘူး။ လင်းဆက်ချစ်တဲ့ ဒီဘလော့ခ်ကို ကျမတို့ကလည်း ချစ်ပါတယ်။ တခြား ဖတ်ရှုသူတွေကလည်း အယူအဆချင်း တူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဖတ်နေကြမှာပါပဲ။
ကွန်မြူနစ်ဝါဒကိုမကြိုက်တာနဲ့ ကွန်မြူနစ်ဝါဒသမားရေးတဲ့ စာကိုမဖတ်ရဘူးဆိုတာမျိုး ကျမတို့စိတ်ထဲမှာ မရှိပါဘူး။
ဒါကြောင့် ၀ါဒမတူ အယူအဆကွဲလွဲရုံမျှနဲ့ ဒီဘလော့ခ်ကိုဆက်မရေးဆိုတာ ဒီဘလော့ခ်ကိုလာပြီး ဖတ်ရှု အားပေးနေတဲ့ ပရိသတ်ကို ဒဏ်ခတ်သလို ဖြစ်နေပါတယ်။
အနုပညာသမားဆိုတာ ကိုယ့်ရဲ့ ပုဂ္ဂလိကခံစားချက်ကို ဦးစားမပေးရဘူးလို့ထင်ပါတယ်။ အများက လိုလားရင် ကိုယ့်မှာစွမ်းအားရှိသလောက် ဆက်လုပ်နေသင့်တယ်မဟုတ်လား။
လင်းဆက်ကို စစ်မှန်တဲ့ အနုပညာသမားတယောက်လို့ ယူဆတဲ့အတွက် ဒီလမ်းကနေ သွေဖည် မသွားဘူးလို့ မျှော်လင့်မိပါရဲ့။
လင်းဆက်ရဲ့ ဘလော့ခ်ကိုချစ်သော .. မုန်းသော .. ဘယ်လိုမှမနေသော သူတွေအားလုံးအတွက် လင်းဆက် ဘလော့ခ်လေး ဆက်လက်ရှင်သန်နေသင့်တယ်လို့ ထင်မိပါတယ်.. .. .. ။
***

Read More...

Wednesday, October 18, 2006

ဒီကနေ့ ဆုတောင်း

ဒီနေ့ အမေခိုင်းလို့ ရွှေတိဂုံဘုရား နဲ့ ရွှေဘုန်းပွင့်ဘုရားကိုသွားရတယ်။ တောင်ဘက်မုခ်က ပန်းပုဆိုင်မှာ စိပ်ပုတီး ၂ ကုံးဝယ်ပြီး မြောက်ဘက်မုခ်က ဝေနေယျသုခရေချမ်းစင်အသင်းမှာ ထာဝရရေပဒေသာပင်အတွက်၊ ပြီးတော့ မုခ်လေးမုခ်က ဘုရားလေးဆူအတွက်နဲ့ စက်လှေခါး၊ ဓာတ်လှေခါးအတွက် အလှူငွေတွေသွားလှူခဲ့ပါတယ်။ အလှူဒါနပြုပြီးတော့ ဘုရားရှေ့မှာ ငါးပါးသီလခံယူဆောက်တည်ပြီး သတ္တ၀ါအားလုံးကို မေတ္တာပို့တယ်။
ကိုယ့်ဆီမှာ .. ဒါနရယ်၊ သီလရယ်၊ ဘာဝနာရယ်ပြည့်စုံသွားပြီဆိုတော့မှ ကိုယ်လိုချင်တဲ့ဆုကို ဘုရားရှေ့မှာ တောင်းခံခဲ့ပါတယ်။
***
အကြောင်းအမျိုးမျိုးကြောင့် မိဘများနဲ့ဝေးရာကိုရောက်နေသော သားသမီးများ၊ သားသမီးများနဲ့ဝေးရာကို ရောက်နေသော မိဘများ .. ငြိမ်းချမ်းစွာပြန်လည်ဆုံတွေ့နိုင်ကြပါစေ ..
အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်နှင့် ခွဲခွါနေရသော အဝေးရောက် မြန်မာပြည်သူ ပြည်သားများအားလုံး ငြိမ်းချမ်းကြပါစေ ..။
မြန်မာပြည်ကြီးနှင့်တကွ ..မြန်မာပြည်သူပြည်သား အားလုံး ငြိမ်းချမ်းကြပါစေ ..။
ကမ္ဘာကြီးနှင့်တကွ .. ကမ္ဘာသူ ကမ္ဘာသားအားလုံး ငြိမ်းချမ်းကြပါစေ ..။
ကျွန်ုပ်တို့ ရည်ရွယ်ရာ ပန်းတိုင်သို့ ငြိမ်းချမ်းစွာ အမြန်ဆုံးရောက်ရှိနိုင်ပါစေ ..။

***
ဆု ဆိုတာ တောင်းတိုင်းရတာမျိုးမဟုတ်ပေမဲ့ .. ဘယ်အရာမဆို ရည်ရွယ်ချက်ထားပြီးလုပ်မှ အောင်မြင်မှာမို့ ကုသိုလ်တခုပြုပြီးတိုင်း ဆုတောင်းလေ့ရှိပါတယ်။ ကိုယ်လုပ်တဲ့ ကုသိုလ်နဲ့ ကိုယ်လိုချင်တဲ့ဆုက ညီမျှလား မညီမျှလား၊ သင့်တော်လား မသင့်တော်လားတော့ မပြောတတ်ပါဘူး။ ဒါပေမဲ့ .. ဒါဟာ .. ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်တွေကို စုဘူးထဲမှာ စုထားသလို ဖြည်းဖြည်းချင်း စုထားတဲ့သဘောပါပဲ။ စုဘူးပြည့်တဲ့နေ့ဟာ ကိုယ်လိုချင်တဲ့ ဆု ရမဲ့နေ့လို့ပဲ သတ်မှတ်ထားပါတယ်။
တနေ့တော့ ကိုယ်ရည်ရွယ်တဲ့ ဆုတောင်းတွေ ပြည့်လိမ့်မယ်လို့မျှော်လင့်မိပါရဲ့။
***

Read More...

Tuesday, October 17, 2006

ဟတ်ချိုး

တရားခံကတော့ ဦး .. (((ဟတ် ချိုး … ))) ဆိုတဲ့ ကြော်ငြာလေးကို သဘောတကျကြည့်ခဲ့ဖူးပါတယ်။
***
ဒီနေ့ အမေမျက်စိဆေးခန်းသွားပြလို့ အမေရိကန်ဗီးရှင်းကို လိုက်သွားခဲ့တယ်။ အမေပြနေကျဆရာဝန်မကြီးက နိုင်ငံခြားခရီးထွက်နေတာ ပြန်မရောက်သေးလို့ တခြားဆရာဝန်တယောက်နဲ့ ပြောင်းပြရပါတယ်။ ခါတိုင်းဆို အောက်ထပ်မှာပြနေကျပေမဲ့ ဆရာဝန်ပြောင်းလိုက်တော့ အပေါ်ထပ်ကိုတက်ရမှာစိုးလို့ အမေက အောက်ထပ်မှာရှိတဲ့ ဆရာဝန်နဲ့ပဲ ပြမယ်လို့ပြောနေရင်းနဲ့ ၀န်ထမ်းကောင်မလေးတွေက အပေါ်ထပ်ကိုပဲ ပို့တယ်။ အမေက လှေခါးတက်ရင် ဒူးနာတတ်လို့ အောက်ထပ်မှာပဲပြချင်တာပါ။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ .. သူတို့က အပေါ်ထပ်ဆိုတော့လဲ အပေါ်ထပ်ကိုတက်ရတော့တာပေါ့။ အပေါ်ထပ်လှေခါးတဆစ်ချိုးမှာ ဆေးရောင်းတဲ့ ကောင်တာလေးရှိတယ်၊ အဲဒီနားမှာဆေးဝယ်တဲ့ လူတွေအုံနေပါတယ်။ ကျမတို့လှေခါးတထစ် နှစ်ထစ် စပြီး အတက်မှာပဲ အဲဒီ လူအုပ်ထဲက တယောက်က ‘ဟတ်ချိုး ဟတ်ချိုး’ နဲ့ ဆက်တိုက်ကြီး နှာချေနေပါလေရော။ အမေ ရော ကျမပါ နှာခေါင်းကိုလက်နဲ့အုပ် အသက်အောင့်ပြီး လှေခါးကို ကမန်းကတန်းတက်ကြရတယ်။ လူအုပ်ကြီးထဲက ကျန်တဲ့သူတွေကတော့ အေးဆေးပါပဲ။ အဲဒါကို အန္တရာယ်မှန်းလဲ မသိကြဘူးထင်ပါရဲ့။ ရှူလို့ကောင်းနေကြတယ်။ နှာချေတဲ့လူကလဲ လက်ကိုင်ပုဝါလေးဘာလေးနဲ့ ကာကွယ်တာမျိုး .. မျက်နှာလွှဲပြီး နှာချေတာမျိုး မလုပ်ဘူး။ တော်တော်ဆိုးပါတယ်။
အမေ့မှာ ဒူးနာရတဲ့အထဲ အသက်အောင့်ပြီးလှေခါးတက်ရတော့ အပေါ်လဲရောက်ရော မောနေပါပြီ။
အခန်းအ၀င်ဝမှာ ဖိနပ်တွေပျောက်တတ် မှားတတ်သည် ကျွတ်ကျွတ်အိတ်နဲ့ထည့်ယူသွားပါ ဆိုပြီး ကျွတ်ကျွတ်အိတ်လေးတွေ ချိတ်ထားလို့ ရွှေတိဂုံဘုရား သွားတာကျနေတာပဲလို့တွေးမိပါသေးတယ်။ ဒါပေမဲ့ ကိုယ့်ဖိနပ်ကို လှမ်းကြည့်ရင် မြင်ရတဲ့နေရာမှာ ထိုင်ရတာမို့ ကျွတ်ကျွတ်အိတ်ထဲ ထည့်မနေတော့ပါဘူး။ ဖိနပ်စင်မှာပဲချွတ်ခဲ့တော့တယ်။
အပြန် ဆေးဝယ်ရမယ်ဆိုတော့ ခုနက လူတွေအုံနေတဲ့ ဆေးကောင်တာလေးဆီသွားရပါတယ်။ အဲဒီအချိန်မှာတော့ လူတွေအုံမနေတော့ဘူး။ ဆေးရောင်းတဲ့ ကောင်မလေး ၂ ယောက်သာရှိပါတယ်။ ကျမ သူတို့ရှေ့ရောက်လို့ စာအုပ်ထုတ်ပြချိန်မှာ ဆေးကောင်တာက ကောင်မလေး တယောက်က ဟတ်ချိုး ဟတ်ချိုး နဲ့ နှာချေပါလေရော။ ကျမလဲ ကမန်းကတန်း မျက်နှာလွှဲပြီး အသက်အောင့်ထားလိုက်ရပြန်တယ်။
တော်သေးတယ် အမေက အနားမရောက်သေးတော့ ဒီတခါ အမေ လွတ်သွားတာပေါ့။
အဲဒီဆေးကောင်တာမှာများ နှာချေစေတဲ့ ဗိုင်းရပ်စ် တမျိုးမျိုးများရှိနေလားလို့ စဉ်းစားရင်း ကမန်းကတန်း ပြေးထွက်လာခဲ့ပါတယ်။ တော်ကြာ ကိုယ်ပါ ဓာတ်ကူးသွားရင် ဒုက္ခ။
***
အဲဒီလို ဟတ်ချိုးမျိုးတွေကို ကျမတို့ အလွန်ကြောက်ပါတယ်။ နှာချေ ချောင်းဆိုးတာကနေ ရောဂါပိုးမွှားတွေ ကူးစက်နိုင်တယ်ဆိုတာကို ငယ်ငယ်ထဲက သိနေတဲ့အတွက် ကိုယ်တိုင်နှာချေရင် ချောင်းဆိုးရင်လည်း အများရှေ့မှာ ဆင်ခြင်ခဲ့ပါတယ်။ ကိုယ့်ရှေ့မှာ သူများနှာချေ ချောင်းဆိုးရင်လည်း အားမနာပါဘူး မျက်နှာလွှဲ နှာခေါင်းပိတ်မိပါတယ်။ ဒီလို နှာခေါင်းပိတ် မျက်နှာလွှဲနေရက်နဲ့ .. သူတို့ ဟတ်ချိုး ထဲကနေ တီဘီလိုမျိုး လေထဲက ကူးစက်နိုင်တဲ့ ရောဂါပိုးတခုခု ကိုယ့်ဆီဝင်လာခဲ့မယ်ဆိုရင်တော့ .. တရားခံကို ဦး .. ဟတ် ချိုး လို့ပြောရမလားပဲ .. ။

Read More...

ဂွီဒေါက်

ည ၇ နာရီ မြ၀တီရုပ်သံမှာ ပြတဲ့ ‘မေတ္တာသည်သာ’ ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲလေးက စိတ်ဝင်စားစရာကောင်းလို့ အမြဲစောင့်ကြည့်ဖြစ်တယ်။ အဲဒီထဲက အဓိကသရုပ်ဆောင်ကောင်မလေးရဲ့ နာမည်က ဂွီဒေါက် မို့ အဲဒီကားကို ဂွီဒေါက်လို့ပဲ ကျမတို့က အလွယ်မှတ်ထားပါတယ်။
ဇာတ်လမ်းမှာ ဂွီဒေါက်က လက်ရှိမိဘရဲ့ သမီးအရင်းမဟုတ်ဘဲ မြောက်ပိုင်းအရာရှိရဲ့ သမီးဖြစ်နေပါတယ်၊ သူနဲ့လက်ထပ်မဲ့ ခေါင်းဆောင်အကို (ဘတ်ယောင်းဂူ) ဆိုသူက တနေ့မှာ သေခါနီးဖြစ်နေတဲ့ မြောက်ပိုင်းကသူလျှိုတယောက်ကို သူ့အိမ်မှာကယ်တင်ထားပြီး ဆေးကုပေးခဲ့တယ်၊ အဲဒီအမှုကြောင့် ခေါင်းဆောင်အကို ဖမ်းခံရပါတယ်။ တကယ်တမ်း သူ့မှာအပြစ်မရှိပါဘူး။ ခေါင်းဆောင်အကို ဖမ်းခံထားရတော့ ဂွီဒေါက်က ဘာလုပ်ရမှန်းမသိဘဲ ပူပင်သောက ရောက်နေပြီး နောက်ဆုံးတော့ ရုံးတော်ကို အသနားခံစာတင်ဖို့ သူတို့နေတဲ့ နယ်မြို့လေးကလူတွေကို ခေါင်းဆောင်အကို လွတ်မြောက်ဖို့ လက်မှတ်ထိုးပေးကြပါလို့ လှုံ့ဆော်ပါတယ်။ ခေါင်းဆောင်အကိုဟာ ဒီနယ်မြို့လေးရဲ့ အကျိုးကို အမြဲလုပ်ဆောင်ခဲ့တဲ့သူတယောက်ဆိုတော့ အားလုံးက တက်တက်ကြွကြွနဲ့ လက်မှတ်ထိုးပေးကြတယ်။
မြို့မျက်နှာဖုံး တဦးဖြစ်ပြီး private ကျောင်းဖွင့်ထားတဲ့ သူဌေး (ဂွီဒေါက်အမရဲ့ မွေးစားဖခင်) ကလည်း လက်မှတ်ထိုးပေးလို့ သူ့မိန်းမ က စိတ်ပူပြီးပြောတယ်။
‘ရှင်လက်မှတ်ထိုးပေးရင် ရှင့်ကျောင်းကို သူတို့စောင့်ကြည့်တာခံရလိမ့်မယ်နော်’
‘ဘတ်ယောင်းဂူဟာ ဒီမြို့လေးအတွက် ကောင်းကျိုးတွေ အများကြီးလုပ်ခဲ့တယ်၊ ဒါကြောင့် သူ့အတွက် ငါ လက်မှတ်ထိုးပေးတာပဲ’
***
ခေါင်းဆောင်အကို ကို ဂွီဒေါက်က ထောင်ဝင်စာ သွားတွေ့တော့ သူက ထောင်ထဲမှာနေရပေမဲ့ အပြင်မှာရှိနေတဲ့ ဂွီဒေါက်ကို ပြန်ပြီး စိတ်ပူနေပါတယ်။
ဂွီဒေါက်မပြန်ခင်သူပြောတဲ့စကားတခွန်းကိုလည်း မှတ်မှတ်ရရ ဖြစ်ခဲ့ရပါတယ်။
‘ခေါင်းဆောင်ကောင်းဆိုတာ ဘယ်နေရာရောက်ရောက် ခေါင်းဆောင်တယောက်လို ပြုမူနေထိုင်ရမယ်’
***
(ပြီးခဲ့တဲ့ ၂ ည လာတဲ့ အပိုင်းထဲက အဲဒီဇာတ်ဝင်ခန်းတွေကြည့်ရတာ တော်တော်အားရ ကျေနပ်ဖို့ ကောင်းတယ်။)

Read More...

Saturday, October 14, 2006

စိတ်ကူးယဉ်ခြင်း


ဂါးဖီးကာတွန်းလေးတွေကိုသဘောကျပြီး ဂါးဖီးစရိုက်လေးတွေကို နှစ်ခြိုက်တတ်တဲ့ကျမ .. ဒီကာတွန်းလေးတွေ့လို့ တင်လိုက်ပါတယ်။ (သူ့လိုတော့ အစားအသောက်ချည်းပဲ တွေးနေတာမဟုတ်ရပါဘူးနော်။)
***
ပြောမနာဆိုမနာသူငယ်ချင်းတယောက်ကို blogပေးဖတ်တော့ ‘နင်က တော်တော်စိတ်ကူးယဉ်တာပဲ’ လို့ ထောမနာပြုတာ ခံလိုက်ရပါတယ်။
ကိုယ်ကလဲ ကိုယ်ပါပဲ။ ပိုက်ဆံမပေးရတိုင်း စိတ်ကူးက ခပ်ယဉ်ယဉ်ရယ်။
ကားတို့ ရထားတို့နဲ့ ခရီးထွက်ရင်ဖြစ်ဖြစ် တနေရာရာမှာ ခပ်ကြာကြာတယောက်ထဲ စောင့်ရတာမျိုးပဲဖြစ်ဖြစ် တချို့က စာဖတ်ပြီးစောင့်ကြတယ်။ ကျမကတော့ စိတ်ကူးယဉ်ရင်းနဲ့စောင့်ပါတယ်။ ခရီးသွားရင်း ကားပေါ်မှာ ဆိုရင် တရိပ်ရိပ်မြင်ရတဲ့ ရှုခင်းတွေရဲ့ ပြောင်းလဲသွားပုံတွေကိုကြည့် .. ညဘက်ခရီးသွားရင်ကောင်းကင်ကြီးကို ကြည့်၊ မီးကလေးမှိတ်တုတ် မှိတ်တုတ်တွေရှိတဲ့ ရွာငယ်ဇနပုဒ်လေးတွေကိုကြည့် .. အဲဒီလို ပတ်ဝန်းကျင်ရဲ့ လှပမှုတွေကိုရော အကျည်းတန်မှုတွေကိုပါ ကြည့်ရင်းနဲ့ အတွေးတွေ နယ်ချဲ့မိတယ်။ ခေါင်းထဲမှာ စာတွေရေးနေမိတယ်။ အဲဒါကို စိတ်ကူးယဉ်တယ်ပဲ ဆိုကြပါစို့ရဲ့။
ဘယ်တော့မဆို သွားရင်းလာရင်း စောင့်ဆိုင်းရင်းနဲ့ စာဖတ်လေ့မရှိပါဘူး။ အဲဒီလိုအချိန်မှာစာဖတ်ရတာလဲ အာရုံမရဘူး။ စာဖတ်ရင် များသောအားဖြင့် အေးအေးဆေးဆေး အိပ်ရာထဲမှာပဲ ဖတ်ဖြစ်တယ်။ (ဟိုနေ့က ဆံပင်ညှပ်ဆိုင်မှာတော့ ကြည့်စရာ ကိုယ့်မျက်နှာပဲရှိတာမို့ မကြည့်ချင်တာနဲ့ စာဖတ်ဖြစ်တာပါ။ အဲဒါမျိုးကတော့ တခါတလေ ချွင်းချက်ဆိုပါတော့။)
စဉ်းစားတွေးတောတာကတော့ သွားရင်းလာရင်းလဲ စဉ်းစားလို့ရနေတာပဲမဟုတ်လား။ တခါတလေ ဘာမှ မလုပ်ဘဲ သက်သက်မဲ့ ထိုင်ပြီးတော့တောင် စဉ်းစားရင်း စိတ်ကူးယဉ်နေမိသေးတာ။ အားအားယားယား ဆိုပါတော့လေ။
***

Read More...

Friday, October 13, 2006

ဆိုးဝါးသော နေ့ရက်များ ..

ဒီရက်ပိုင်း ကွန်နက်ရှင်ကလည်းမကောင်း၊ မီးကလည်း ခဏခဏပျက်၊ ဘာစာမှလဲ ဟုတ်ဟုတ်ငြားငြား မတင်ဖြစ်ဘူး။ တခြားဘလော့ခ်တွေလဲ သေချာဝင်မဖတ်ဖြစ်ဘူး။ သတင်းပလင်းလေးဘာလေးတောင် ကမန်းကတန်းဖတ်ရတယ်။ စက်ကိုင်မယ်ကြံရင် မီးကပျက်ပြီ။ ပြန်ပိတ်လိုက်ရင် မီးကပြန်လာရော။ ရူးအောင်လုပ်နေသလိုပဲ။ တော်တော်ဆိုးဝါးတယ်။
(လောလောဆယ်တော့ သည်းခံနေရဦးမှာပဲ)

Read More...

Wednesday, October 11, 2006

poem 4

RC-2 အလွမ်းပြေ .. .. ..
***
‘ကြိုဆိုပါသည်’

လာခဲ့လေ .. ..
တို့မြေစခန်း
အရောက်လှမ်းခဲ့
အပမ်းလဲပြေ
အနွမ်းပြေဖို့
စိမ်းညို့သွယ်တန်း
ကုက္ကိုလမ်းနဲ့
စိန်ပန်းပွင့်နီ
စီရရီနဲ့
တေးသီငှက်များ
ဆိုစကားဖွဲ့
တကယ့်အလှ
သဘာဝတွေ
သာစွမြေမှာ
တခါတခေါက်
လာရောက်ခိုနား
တို့များကြိုဆို
ရွှေအိုရောင် တက္ကသိုလ်မှ … ။


အာစီတူး(ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ) မှာကျောင်းတက်ခဲ့စဉ်က ရေးခဲ့တဲ့ကဗျာလေးပါ။
တက္ကသိုလ်တက်ခဲ့ရတဲ့ ၅ နှစ်တာ သက်တမ်းတလျှောက် အာစီတူးမှာကျောင်းတက်ရခဲ့တဲ့ ၂ နှစ်ဟာ ပျော်စရာ အကောင်းဆုံးပါပဲ။ ကိုယ်ကလည်း ဆယ်တန်းအောင်ခါစ ငယ်သေးတဲ့အရွယ်၊ ကျောင်းမှာလည်း လူတွေကအများကြီး တရုန်းရုန်း တ၀ုန်းဝုန်းနဲ့၊ စာသင်ခန်းထဲမှာလဲ လူအပြည့်၊ အပြင်မှာလဲ အပြည့်၊ ကန်တင်းတွေမှာလဲအပြည့်၊ သင်တဲ့ဆရာတွေကလည်း အထက်တန်းကျောင်းတုန်းကလို မျက်နှာထားတည်တည်ကြီးတွေနဲ့ ကြိမ်လုံးတွေပြ ခြိမ်းခြောက်တာမျိုးမရှိဘဲ သူငယ်ချင်းပေါင်းပေါင်းပြီး တရင်းတနှီးနွေးထွေးမှုတွေပေးလို့။
မနက်စောစောဆို အလယ်ကန်တင်းမှာ ထမင်းကြော်နဲ့ ဘလက်ကော်ဖီသောက်၊ နေ့ခင်းဆို အဆောင်ကန်တင်းမှာ ပသျှူးထမင်းကြော် ဒါမှမဟုတ် ထမင်းပေါင်းစား၊ ညနေကျတော့ လူငယ်ကန်တင်းမှာ ဖယ်ရီစောင့်ရင်း ထိုင်၊ တခါတလေတော့လဲ ကန်စပ်မှာ ၀က်သားဒုတ်ထိုးစား၊
ပိုက်ဆံမရှိတဲ့နေ့တွေကျတော့လဲ အိမ်ကယူလာတဲ့ထမင်းဘူးလေးဖွင့်ပြီး သူငယ်ချင်းတစုနဲ့အတူ ကန်စပ်မှာထိုင်စား၊ ပိုတဲ့ ထမင်းလုံးလေးတွေကို ကန်ထဲက ငါးလေးတွေကိုကျွေး၊ ပြီးရင် ပုဇွန်ပေါက်စနလေးတွေကိုပြန်ဖမ်းကြ၊ ပျော်စရာအရမ်းကောင်းတဲ့ဘ၀ပြန်စဉ်းစားကြည့်ရင် လွမ်းမိတယ်။
အခုတော့ .. .. ..
ရွှေအိုရောင်တက္ကသိုလ်လို့ တင်စားခေါ်ဆိုခဲ့ကြတဲ့
ကိုယ်တို့ချစ်သော အာစီတူးသည် .. .. ..
.. .. .. .. ..
.. .. .. .. ..
.. .. .. .. ..
***

Read More...

Tuesday, October 10, 2006

ဆံပင်ညှပ်ဆိုင်မှာ ..

ဆံပင်အရှည်ထားမယ်စိတ်ကူးနဲ့ မညှပ်ဘဲထားတဲ့ ဆံပင်လဲ ညှင်းသိုးသိုးဖြစ်နေတာကြောင့် မနေတတ်တော့လို့ ဒီမနက် ဆံပင်ညှပ်ဆိုင်ကိုသွားခဲ့တယ်။
ဆံပင်ညှပ်ဆိုင်ရောက်တော့ ညှပ်မဲ့ခုံပေါ်ထိုင်ရင်း ကိုယ့်မျက်နှာကိုယ် ရှေ့တည့်တည့်က မှန်ထဲ တစိမ့်စိမ့်ကြည့်မနေချင်လို့ ဂျာနယ်အဟောင်းတစောင်ယူဖတ်ရင်း ဆံပင်ညှပ်ခံနေလိုက်တယ်။
ဂျာနယ်က သြဂုတ်လထုတ် နံနက်ခင်းဂျာနယ်ပါ။ ဂျာနယ်အဟောင်းမို့ သတင်းတွေက ဟောင်းနေပေမဲ့ ဆောင်းပါးတွေကတော့ မဖတ်ရသေးရင် အသစ်ပဲလေ။ ဒါနဲ့ပဲ ဟိုလှန်ဒီလှန်ဖတ်ရင်း မင်းသားကြီးဝင်းမြင့် ရေးတဲ့ ဆောင်းပါးတပုဒ်ကိုဖတ်လိုက်မိတယ်။ ကြုံခဲ့ရဘ၀အထွေထွေဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ ရှေးဖြစ်ဟောင်းတွေ ပြန်ရေးထားတာပေါ့။
မင်းသားကြီးဝင်းမြင့်က ရှုမ၀မဂ္ဂဇင်းအတွက် ဖဆပလခေတ်က သူတောင်းစားတွေအကြောင်းဆောင်းပါးရေးဖို့ သူတောင်းစားအင်တာဗျူးထွက်ပါသတဲ့။ သူနဲ့အတူလိုက်ဗျူးတဲ့သူကတော့ ဂီတလုလင်မောင်ကိုကိုပါ။
သူတို့နှစ်ယောက် ဘူတာကြီး ခုံးတံတားနားက ကိုယ်ရေပြားရောဂါသည်သူတောင်းစားနဲ့တွေ့တော့ ဗျူးကြတယ်တဲ့။
‘ဘာလို့ ကြည့်မြင်တိုင်က ကိုယ်ရေပြားရောဂါသည်ဆေးရုံမှာ သွားမကုလဲ’ ဆိုတော့ သူတောင်းစားက
သွားလဲ မထူးဘူး .. သူ့ရောဂါက ကုလို့မရတဲ့ အစိုနာ ဆိုတော့ ကုလဲ ပျောက်မှာမဟုတ်ဖူး .. ဒီတော့ ဆေးရုံပေါ်မှာ ရွှေဖရုံသီးပြုတ်နဲ့ ကန်စွန်းရွက်ကြော်စားပြီး ဆေးကုမနေချင်ပါဘူး၊ ခေါက်ဆွဲကြော်တို့ ဒန်ပေါက်တို့ ကိုယ်စားချင်တာ စားပြီးပဲ တောင်းစားတော့မယ် .. လို့ ပြန်ဖြေသတဲ့။
ဒါနဲ့ ဗျူးဆရာတွေက တနေ့ကိုဘယ်လောက်ရလဲ ဆက်မေးတော့ တဆယ်၊ ဆယ့်ငါးကျပ်လောက်ရတယ် တဲ့။ အဲဒီခေတ် (ဖဆပလခေတ်) က တနေ့ တဆယ် - ဆယ့်ငါးကျပ်ဆို မနည်းပါဘူး။
ညဆို .. သူက ဘီယာဆိုင်တောင် ထိုင်သေးတယ်ဆိုပဲ။ အဲဒါနဲ့ပတ်သက်ပြီး သူပြောပုံက
‘နေ့ခင်းဘက်သာ တောင်းစားရတာဆိုတော့ စုတ်စုတ်ပြတ်ပြတ်ဝတ်ရတာ၊ ညဆို ဘန်ကောက်လုံချည်၊ ရှပ်အင်္ကျီ၊ အယ်လ်ပတ်ကားတိုက်ပုံနဲ့ အကျအန၀တ်ပြီးဆိုင်ထဲဝင်သွားရင် .. လာပါဆရာ ကြွပါ လို့ ပြာပြာသလဲ ကြိုကြတာပဲ။’ သူ ကိုယ်ရေပြားရောဂါရှိတာလဲ အပေါ်ယံအ၀တ်တွေနဲ့ ဖုံးသွားတယ်ပေါ့လေ။
ဒါ့အပြင် သူက ရုပ်ရှင်ကြိုက်သူဖြစ်လေတော့ တပတ်တခါ ရုပ်ရှင်ကားလဲတိုင်း ကြည့်ပါသေးတယ်တဲ့။ ရုပ်ရှင်ကြည့်လဲ အထူးတန်း (၄ ကျပ်တန်း) ကမှ ကြည့်တယ်ဆိုပဲ။ ကိုယ့်ခုံဘေးမှာ မိန်းကလေးထိုင်တာနဲ့တိုးရင် မတော်တဆလိုလိုနဲ့ အသားချင်း ထိခွင့်ရသေးတယ် .. တဲ့လေ။ သူတို့ ကိုယ်ရေရောဂါရှိနေတာလဲ မှောင်နေတော့ ဘယ်သူကသိမှာလဲ ပေါ့။ အဲဒီလိုရောဂါသည်ဆိုရင် ကိုယ်နံ့က ပြင်းလေတော့ အနံ့ဆိုးမထွက်ရအောင် အီးဗနင်းအင်ပဲရစ် ရေမွှေးတွေ ဆွတ်သွားတယ်လို့ဆိုပါတယ်။
တိုနေတဲ့ ခြေထောက်လေးတွေလည်း ရှူးဖိနပ်စီးထားလိုက်တော့ မမြင်ရတော့ဘူးတဲ့။ နေ့ဘက်မှာ သူတောင်းစားပေမဲ့ ညကျတော့ သူဌေးဂိုက်နဲ့ပေါ့။
တနေ့ ဆယ့်လေးငါးကျပ် ရနေတဲ့ သူတို့အဖို့ ပိုက်ဆံတောင် စုနိုင်ပါသေးတယ်တဲ့။ ဒါပေမဲ့ သူတို့လောကမှာလဲ ကြီးနိုင်ငယ်ညှဉ်း ရှိတာမို့ ပိုက်ဆံအတိုင်းစုလို့မဖြစ်တာကြောင့် ရွှေတိုရွှေစလေးတွေဝယ်ပြီး အပေါင်ဆိုင်မှာ သွားထားထားရတယ်တဲ့။ သူတို့လက်ထဲ ကိုင်ထားတာက အပေါင်လက်မှတ်တွေပဲ လို့ပြောတယ်။ သူတို့အိတ်ထဲက အပေါင်လက်မှတ်တွေကိုတော့ ဘယ်သူကမှ လာမလုပါဘူး .. တဲ့။
ပွဲလမ်းသဘင်သွားဖို့ရှိမှ အပေါင်ဆိုင်ကနေ ရွှေတွေဘာတွေသွားရွေးပြီး ၀တ်တယ်။
စကားပြောကြရင်း သူတောင်းစားက ဗျူးဆရာနှစ်ယောက်ကို ဘလက်ခ်အန်ဝှိုက် စီးကရက်တည်တော့ .. ဗျူးဆရာနှစ်ယောက်က ကြည့်ပြီး စီးကရက်ကလဲအကောင်းစား၊ ပြီးတော့ ဗူးကလဲ အလိပ်ငါးဆယ်ဝင် သံဗူးနဲ့ဆိုတော့ .. အံ့သြကြတယ်။
‘ကျွန်တော်တို့လိုရောဂါသည်တွေက ကိုယ်ငွေ့ပျံတယ်၊ စက္ကူဗူးဆိုရင် စိုပြီး ပျက်စီးနိုင်တာကြောင့် သံဗူးနဲ့ပဲ ၀ယ်သောက်ရတာ’ လို့ သူက ရှင်းပြတယ်။ ‘သကြားလုံးဆိုလဲ ဖန်ပုလင်းနဲ့ရောင်းတဲ့ သကြားလုံးပဲဝယ်စားတယ်’ လို့ ပြောပြီး သကြားလုံးပုလင်းလေးထုတ်ပြတော့ ဗျူးဆရာနှစ်ယောက် ပိုအံ့သြကြရတယ်တဲ့။
ဘာကြောင့်ဆိုတော့ အဲဒီသကြားလုံးပုလင်းက တော်ရုံတန်ရုံလမ်းဘေးဆိုင်မှာဝယ်လို့ရတာမဟုတ်ဖူးတဲ့။ ရိုးလ်တိုက်လိုမျိုးနေရာမှာသာ တင်ရောင်းတဲ့ ပစ္စည်းမျိုးဖြစ်နေလို့ပါပဲ .. တဲ့။
ဒီဆောင်းပါးဖတ်ပြီး ပြည်တော်သာခေတ်က သူတောင်းစားတွေကတော့ တော်တော်အဆင့်မြင့်ပါပေစွ လို့ မှတ်ချက်ချမိတယ်။
အင်း .. ဒီခေတ်က သူတောင်းစားတွေရော .. ဘယ်လိုပါလိမ့်လို့တွေးမိရင်း .. ထိုင်နေကျလဖက်ရည်ဆိုင်မှာ လာလာတောင်းနေတဲ့ သူတွေကို ဗျူးကြည့်ရကောင်းနိုးနိုး စဉ်းစားနေမိတယ်။
***
စဉ်းစားတာရပ်ပြီး မှန်ထဲကြည့်လိုက်တော့ ဆံပင်ညှပ်ဆရာမ ညှပ်ကောင်းကောင်းနဲ့ညှပ်လိုက်တာ ဆံပင်တောင် အတော်တိုနံ့နံ့ ဖြစ်သွားပြီ။
***

Read More...

Monday, October 09, 2006

မတူညီတဲ့ လူတွေကြားမှာ ...

ဘ၀ကို သမရိုးကျ ဖြတ်သန်းရင်း မကုန်ဆုံးလို။
အားလုံးက တိုက်တွန်းနေတဲ့ ကိစ္စတခုကို အလွယ်တကူ ခေါင်းညိတ်ဖို့ထက် ခါးခါးသီးသီး ငြင်းဆန်ချင်စိတ်က ပိုများနေမိတယ်။
ဒါဟာ ဘ၀အတွက် ထွက်ပေါက်တခုမှမဟုတ်တာ။
ကျေးဇူးပြုပြီး မသနားကြပါနဲ့။
သူတပါးရဲ့ သနားမှုအောက်မှာ မရပ်တည်ချင်လို့ပါ။
‘နင့်အတွက် ပြောတာ’ တဲ့လား .. ။
ကျေးဇူးတင်ပါရဲ့ .. ဆက်မပြောကြပါနဲ့တော့။
ကိုယ့်ဘ၀ကိုယ်လည်း နားလည်ပါတယ်။
အလွယ်လမ်းလဲ မလိုက်ချင်။ လွယ်လွယ်နဲ့ ရတဲ့အရာကိုလဲ မလိုချင်။
ကိုယ့်ဘ၀အဆင်ပြေဖို့ တပါးသူကိုလဲ နင်းမတက်ချင်။
တကယ်တော့ ..
ကိုယ့်ဘ၀ကို ကိုယ်ကိုယ်တိုင်သာ ဖန်တီးတည်ဆောက်ခွင့်ရှိပါတယ်။
ဖြစ်လာတဲ့ အကောင်းအဆိုးတွေကို ကိုယ်ကိုယ်တိုင် ခံရဲဖို့ကသာ အဓိက။
ဆရာမတယောက်ပြောဖူးတဲ့ စကား ..
‘သတ္တိ ဆိုတာ လုပ်ရဲတာ တခုထဲမဟုတ်ဖူး ..
ကိုယ်လုပ်လိုက်တဲ့ အလုပ်တခုအတွက် ဖြစ်လာမဲ့ အကျိုးဆက်ကို ခံရဲတာလဲ သတ္တိပဲ’
.. တဲ့။
မှန်တယ်။
သတ္တိရှိရှိ လုပ်ရဲတဲ့အလုပ်တခုအတွက် သတ္တိရှိရှိ ခံရဲတယ်။
အဲဒီအတွက် အထင်သေးမဲ့ မျက်လုံးတွေ ..
အပြစ်ပြောမဲ့ စကားလုံးတွေ ..
ရင်ဆိုင်ရမဲ့ ဒုက္ခတွေက ခါးသီးမယ်ဆိုတာ ကြိုသိနေပါရဲ့။
ဒါပေမဲ့ .. .. ..
အခါးကြိုက်တဲ့ ကိုယ့်အတွက် ..
ဒါတွေကို မှုစရာမလို။
***

Read More...

Sunday, October 08, 2006

last night

မနေ့ညက
***
မြို့ပြညရဲ့ ထုံးစံတခုအတိုင်း မနေ့ညက မီးပျက်တယ်။
ခါတိုင်းမီးပျက်ရင် သိပ်မကြာပေမဲ့ ဒီတခါ နဲနဲကြာနေတော့ မီးမရှိရင် ဘာအလုပ်မှ မဖြစ်တာကြောင့် အမှောင်ထဲမှာ ယောင်ချာချာနဲ့။
ဒါနဲ့ပဲ ကီးတချောင်းကျိုးနေလို့ မတီးဖြစ်တာကြာတဲ့ ဖုံအလိမ်းလိမ်း ဂစ်တာလေးကိုယူ ပြတင်းပေါက်နားထိုင်ပြီး ဂစ်တာတီးဖြစ်တယ်။
လပြည့်ကျော်တရက်ညပေမဲ့ လမင်းကို မမြင်ရဘူး။ မိုးတိမ်တွေနဲ့ ဖုံးနေလို့။ လမင်းကို မမြင်ရပေမဲ့ တိမ်ကြိုတိမ်ကြားက လရောင်နဲ့ ညက လင်းနေတယ်။ ညဥ့်နက်နေပေမဲ့ မှောင်မနေဘူး။ ကောင်းကင်ကလဲ ပြာလဲ့လဲ့နဲ့ .. တိမ်ဖြူဖြူတအုပ်တဆုပ်ကိုလဲ ကောင်းကင်ထက်မှာ ဟိုနေရာ ဒီနေရာ မျောလွင့်နေတာ မြင်ရတယ်။ ခြံထောင့်က သရက်ပင်အိုကြီးကတော့ ညရဲ့ အလင်းအောက်မှာ အရုပ်ဆိုးဆိုးနဲ့ မားမားကြီး မလှုပ်မရှက် ရပ်လို့။
‘ဖျားတဲ့ည’ ‘လွမ်းတဲ့ည’ ‘မူးတဲ့ည’ စသဖြင့် ည ဆိုတဲ့ ခေါင်းစဉ်လေးတွေနဲ့ ညကဗျာ စီးရီးတွေ ရေးခဲ့ဖူးတယ်။ ခုတော့လဲ ညတွေကို အရင်လို မခံစားဖြစ်တာကြာပေါ့။ မီးပျက်တော့မှပဲ ညကို သေချာကြည့်မိတော့တယ်။ ‘မီးပျက်တဲ့ည’ခေါင်းစဉ်နဲ့တော့ ကဗျာမရေးဖူးသေးဘူး။ ရေးအုံးမှပဲ။
ကီးတချောင်းကျိုးနေတဲ့ ဂစ်တာက စစချင်းတော့ တီးလို့သိပ်မကောင်းပါဘူး။ အဲဒီကျိုးနေတဲ့ကီးရဲ့ ကြိုးကို ငဲ့ပြီး ကျန်တဲ့ ကြိုးတွေကို လိုက်ညှိထားရတော့ ကြိုးတွေက လျော့တော့တော့မို့ အသံကလဲ ဖျော့တော့တော့။
မတီးတာကြာလို့ လက်တွေလဲ နာချင်ချင်၊ တဖြည်းဖြည်းနဲ့ ညကနက်လာပြီး အေးစက်စက်ဖြစ်လာပေမဲ့ ရင်ခွင်ထဲက ဂစ်တာလေးက တဖြည်းဖြည်း နွေးထွေးလို့လာတယ်။ ဖျော့တော့တော့ သူ့သံစဉ်တွေလဲ တိတ်ဆိတ်နေတဲ့ ညထဲမှာ တငြိမ့်ငြိမ့် မျောလွင့်လို့ .. ။
***
နေညိုချိန်ကို ဦးညွတ်ဂုဏ်ပြုမယ် ..
ရောင်စဉ်ဆိုတာ အလင်းရှိမှသာ ခွဲခြားနိုင်လိမ့်မယ် ပန်းနုကောင်းကင်ရေ..
တိမ်လွှာပြင်ကို ဆေးဆိုးလိုက်စမ်းပါ ..
နေရောင်ခြည်ရယ် အနောက်ဖက်မကူးခင် အရှေ့က တိမ်ထုကို ဆေးသွင်းခဲ့ဦး .. .. ..
နေညိုညိုရယ် မင်းရေးဆွဲတဲ့ တိမ်ပန်းချီကားချပ်ကို
မြင်နိုင်သူတွေ အားလုံးအတွက်တော့ ပိုင်ဆိုင်နိုင်ခွင့်ရှိတယ်
ရှိရမယ်လေ .. .. ..
လေပြေလာရာ လမ်းဘက်လျှောက်ဦးမယ် ..
လာပါမေရယ် .. ပန်းရနံ့သင်းတဲ့ စိမ်းလန်းမြက်ခင်းပြင် ဖြတ်လျှောက်ကြမယ်လေ ..
တူစုံမောင်မယ် ခရီးကြမ်းဘ၀လမ်းမှာ
သာယာကြည်လင် ချမ်းမြေ့ခြင်းနဲ့ စိတ်ဓာတ်ခွန်အားကို ဖြည့်စွက်ခဲ့ဦး .. ..
တိမ်ညိုညိုရယ် ပန်းပွင့်မဲ့မျက်ရည်လိုနေဆဲမှာ
ရွာပါစေလေ ပန်းဖူးပွင့်မှ စိုပြေလန်းဆန်းမယ်
ဖူးပွင့်ပါမှ .. ..
***
သဘာဝတရားကြီးကတော့ ..
မြင်နိုင်သူတွေ အားလုံး ပိုင်ဆိုင်နိုင်ခွင့် ..
နှလုံးသားရှိသူတွေ အားလုံး ခံစားနိုင်ခွင့် .. တူညီစွာ ပေးထားတာပါပဲ။
ခံယူသူဘက်က ..
အပြုံးနဲ့ ခံယူမလား .. အမုန်းနဲ့ခံယူမလား .. အရှုံးနဲ့ ခံယူမလား ..
ကိုယ့်စိတ်တိုင်းကျ ခံယူနိုင်ခွင့်ရှိပါရဲ့။
***

Read More...

Saturday, October 07, 2006

story (once upon a time ...)


နားလည်ရခက်သော .. သူ

သူဟာ .. .. ..
တခါတလေ ပျော်ပျော်ပါးပါးစကားတွေနဲ့ စ’တတ် နောက်တတ်တယ်။
တခါတလေ အမိန့်ဆန်ဆန်စကားတွေနဲ့ အထိနာအောင် ပြောတတ်တယ်။
တခါတလေတော့လဲ .. အကြင်နာစကားတွေနဲ့ နှစ်သိမ့်ပေးတတ်ပါသေးတယ်။
တခါတလေ ဇွတ်တရွတ်အနိုင်ယူတတ်ပြီး တခါတခါ .. ပျော့ပြောင်းစွာ အလျှော့ပေးပြန်တယ်။
တခါတလေ .. သနားဖို့ကောင်းတဲ့သူတယောက်ဖြစ်နေပြန်ပြီး .. တခါတလေတော့ အမြင်ကတ်စရာ အရမ်းကောင်းနေပြန်တယ်။
တခါတလေ သူတပါးကို သိပ်နားလည်လေ့ရှိပြီး .. တခါတလေမှာတော့ .. နားလည်မှုမရှိတဲ့ လူတယောက်။
သူ့ကို .. ကိုယ်ကတော့ နားမလည်နိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုတောင် ကိုယ်နားမလည်တာမို့ သူတပါးကို နားလည်ဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ .. ။
မလွယ်တဲ့သူတွေကြားမှာ သူဟာ နားလည်ရအခက်ဆုံး လူတယောက်ပါပဲ။
***
ကြားခံလူတယောက်ကြောင့် သူနဲ့ကိုယ် ခင်မင်ရင်းနှီးခဲ့ရတယ်။ သူနဲ့ ခင်ပြီးနောက်ပိုင်း သူ့ရဲ့ မဆုံးနိုင်သော မေးခွန်းတွေကို တခါတခါ ညစ်ညူးစွာ .. တခါတခါ ပျော်ရွှင်စွာ .. ဖြေခဲ့ရတယ်။
အလွမ်းဆိုတာ ဘာလဲ .. ။ လူ့ဘ၀ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်သလဲ .. ။ ဘ၀ကို ဘယ်လိုချဉ်းကပ်သလဲ .. တို့။ ကိုယ့်ရဲ့ အဖြေတိုင်းကို သူ .. သဘောတကျ လက်ခံခဲ့တယ်။
သူကတော့ .. ခုလိုတွေပြောခဲ့ဖူးတယ်။
ခံစားမှုမရှိရင် လူ့ဘ၀က အထီးကျန်သွားမယ် .. တဲ့ .. ။
(ကိုယ့်မှာ ခံစားမှုရှိပေမဲ့ အထီးကျန်နေပါတယ်။)
အောင်မြင်တိုးတက်ဖို့အတွက် .. အချစ်တွေ အလွမ်းတွေက အကူအညီမပေးနိုင်ဘူး .. အတားအဆီးတောင် ဖြစ်စေနိုင် သတဲ့ .. ။
(ဒါကြောင့်လဲ ကိုယ် မအောင်မြင်တာထင်ပါရဲ့)
စိတ်ကူးယဉ်တာတွေ ..တွေဝေတာတွေ .. ကျနော်မလုပ်ဖူး .. တဲ့ ။
(ကိုယ်ကတော့ စိတ်ကူးလဲ သိပ်ယဉ်တတ်သလို တွေလဲ တွေဝေတတ်တဲ့သူတယောက်ပါ။)
လောကကြီးဟာ ပြောင်းလဲမှုတွေနဲ့ တည်ဆောက်ထားတာ .. တဲ့။
(အဲဒါကိုတော့ ကိုယ်လက်ခံပါရဲ့ .. သူဟာ အချိန်တိုလေးအတွင်းမှာ လုံးဝပြောင်းလဲသွားတယ်လေ။)
***
စိတ်ညစ်တဲ့အခါတိုင်း ပြဿနာတခုခုနဲ့ရင်ဆိုင်ရတိုင်း သူ့ကိုပြောပြဖြစ်တယ် .. ။
ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ စိတ်ညစ်တတ်တဲ့ ကိုယ့်ကို သူက ဖျောင်းဖျ ဖြေရှင်းပေးတတ်လို့ .. သူ့ကိုအမြဲတိုင်တည်ပြောပြဖြစ်တာပါ။ ဒါပေမဲ့ သူဟာ ကိုယ့်ကို အမြဲအကောင်းပြောတတ်သူလဲ မဟုတ်ပါဘူး။ တခါတလေ သူပြောတာတွေကို လက်မခံနိုင်လို့ စိတ်တိုခဲ့ရတာ ခဏခဏ။ ဒါပေမဲ့လည်း နောက်တခါဖြစ်လည်း အမှတ်မရှိ သူ့ပဲပြောပြဖြစ်တာပါပဲ။
‘မေက တခါတခါ သိပ်လေးနက်လွန်းတယ် .. တခါတခါ သိပ်ပေါ့ပျက်လွန်းတယ် .. အစွန်းမရောက်နဲ့ မဇ္ဈိမပဋိပဒါပဲကောင်းတယ်လေ’ လို့ သူက အပြစ်တင်သံတ၀က်နဲ့ ပြောခဲ့ဖူးတယ်။
ကိုယ်ကလဲ ကိုယ်ပါပဲ။ စိတ်ညစ်တဲ့အကြောင်းတွေ သူ့ကိုပြောပြမယ်ဆိုပြီး ချိန်းထားတဲ့တည ကိုယ်တို့ကျောင်းရဲ့ staff party မှာ ကော့တေးလ်တွေကို အမူးသောက်ခဲ့တယ်။
သူနဲ့ စကားပြောရင်း မူးနေတာသိသွားတော့ ကိုယ့်ကို စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး လက်တွေ့နဲ့ ကင်းကွာတယ်လို့ ကိုယ့်ကို အပြစ်တင်ခဲ့တယ်။ ကမ္ဘာလောကကို အကျိုးမပြုတဲ့အရာမှန်သမျှ ကျနော် မစဉ်းစားဘူးတဲ့ ပြောခဲ့သေးတယ်လေ။
သူနဲ့ချိန်းထားပြီး မူးမိတာကို စိတ်မဆိုးနဲ့ တောင်းပန်တယ်ဆိုတော့လဲ .. ဘာလို့တောင်းပန်တာလဲ .. တဲ့ .. ကျနော်စိတ်ဆိုးလဲ မေက ဂရုစိုက်စရာလား .. လို့ပြောတယ်.. ။ စိတ်မဆိုးဘူးလို့ ပြောပေမဲ့ .. သူကိုယ့်ကို မကျေနပ်ဖူးဆိုတာ ခံစားသိနေခဲ့တယ်လေ။
***
သူ့နှုတ်ဖျားမှာ ပြင်းထန်တဲ့ စကားလုံးတွေရှိပေမဲ့ .. သူ့ရင်ထဲမှာတော့ နူးညံ့တဲ့ ကဗျာတွေရှိနေပါသေးတယ်။
အကြောင်းတခုကြောင့် ကိုယ်ငိုနေတဲ့တနေ့မှာ ..
‘အဲဒီလောက်တောင်စိတ်ပျော့ရသလား ..’
‘ပျော့တယ်’
‘ကဗျာဆရာတွေဟာ လောကမှာ အကြံ့ခိုင်ဆုံး သူရဲကောင်းတွေလေ’
‘အနူးညံ့ဆုံး နှလုံးသားပိုင်ရှင်တွေပါ ..’
‘ကိုယ့်စိတ်ကိုယ်ပြင်လိုက်ပါ .. မပြင်လိုက်ဘူးဆိုရင် .. အောင်မြင်မှာမဟုတ်ဘူး .. ကျဆုံးလိမ့်မယ် .. စိတ်သည် အခရာလေ’
‘ … … …’
‘မနက်ဖန်ကို ပုံမှန်ပြန်ဖြစ်အောင်လုပ် .. ဒီတညခွင့်ပြုမယ် .. နောက်ထပ်ဘာမှ မကြားချင်ဘူး .. ဟုတ်ပြီလား’
‘ဟုတ်’
‘အားလုံးဟာ သေးသေးလေးတွေပါကွာ .. ဘာလို့ကြီးအောင်လုပ်ကြမှာလဲ .. လူတွေရဲ့ စိတ်က မတူကြဘူး .. အဲဒါကို သိရင် ရပြီ ..မေဖြစ်တဲ့ ကိစ္စက သေးသေးလေးပါ’
ကိုယ့်ကို အပြစ်တင်ဆူပူပြီးတဲ့နောက် .. သူက ကဗျာတပုဒ် လက်တန်းစပ်ဆိုပြီး ကိုယ့်ကို ဖြေသိမ့်ပေးခဲ့တယ်။
ဘ၀က ပစ်ချခံရတာလား ဖြစ်သမျှခံရတာလား .. ..
ကန္တာရမဆန်ပါဘူး ငါ ဒဏ်ရာရခဲ့တာပါ ..
ညီမလေးရေ ..
ဒီနွေဦးဟာ မင်းခူးယူဖို့ပါ .. ။
အပြင်းထန်ဆုံးစကားလုံးတွေကို ပြန်မြိုချလိုက်မိတဲ့ ငါ ..
အလွမ်းတွေဟာ မျှော်တော်ယောင်မိုးဦးကို ငံ့လင့်ရင်း
ချစ်သူ့အပြုံးဟာ ကျက်သရေမင်္ဂလာအရှိဆုံး ပန်းတပွင့် ..
ချစ်သူမျက်ရည်တစက်ကြောင့် ငါ့ရင်မှာ မုန်တိုင်းထန်ခဲ့ပြီ ..
မိုးဦးရေ .. မင်းလာရင်လဲ လာတော့ကွာ ..
ငိုနေတဲ့ချစ်သူ .. ကိုယ်ဘယ်လိုချော့ရမလဲ .. ။
.. .. .. .. .. ..
.. .. .. .. .. ..
.. .. .. .. .. ..

***
သူနဲ့စကားများတဲ့တနေ့ကို မှတ်မိပါသေးတယ်။ ဧပြီလ ၁၂ ရက်ညပေါ့။ နောက်နေ့ဆို သင်္ကြန်အကြိုနေ့ ရောက်ပြီလေ .. သင်္ကြန်တတွင်းလုံး ဥပုသ်စောင့်မှာမို့ ၁၂ ရက်ညမှာ သူ့ကိုရေလောင်းတော့ သူက .. ခနိုးခနဲ့စကားတွေနဲ့ ကိုယ့်ကို ရိပါတယ်။ မခံချင်လို့ပြန်ပြောရင်း ကိုယ်သူ့ကိုတော်တော်စိတ်ပျက်သွားမိတယ်။
၁၂ ရက်နေ့ညမှာ သူနဲ့စကားများခဲ့ပေမဲ့ .. ၁၃ ရက်နေ့ကျတော့ သူပဲ လာပြီးစ ခေါ်ပါတယ်။ အမြင်ကတ်ကတ်နဲ့ မခေါ်ဘူးနေမလို့ဘဲ .. ဒါပေမဲ့ .. ပြန်ခေါ်လိုက်မိပါတယ်။ ကိုယ်တို့တွေက ကလေးတွေမှ မဟုတ်ကြဘဲလေ။
သူ့ကို ကြောက်တယ် .. လို့ ပြောမိတော့ ..
ကျနော် တုတ်ကိုင်မထားပါဘူး .. မကြောက်ပါနဲ့ .. တဲ့။ တုတ်ထက် ပိုပြီးပြင်းထန်တဲ့ စကားလုံးတွေရှိတယ်လေ .. အဲဒါကိုကြောက်တာ .. လို့ ကိုယ်ကပြန်ပြောတော့ ..
‘ကျနော့် နှလုံးသားကဖြူဖြူလေးပါ .. စကားလုံးတွေက ပြင်းထန်ချင်ပြင်းထန်မယ် .. လုပ်ရပ်အားလုံးက စေတနာ ရာနှုန်းပြည့် ပါပါတယ်၊ ဖောဖောဖိန့်ဖိန့် နဲ့ နားဝင်ချိုအောင် ပြောတတ်တဲ့သူထဲမှာ ကျနော်မပါဘူး နော် ..
ကျနော်က မေ့ကို အသန့်ရှင်းဆုံး ဖြစ်စေချင်တယ် ..’ တဲ့။
***
ဒီ့နောက်တော့ ကိုယ်ရေးတဲ့အက်ဆေးတပုဒ် သူ့ကိုပေးဖတ်ပြီး ဝေဖန်ခိုင်းပါတယ်။
ကိုယ့်အက်ဆေးဖတ်ပြီးတော့ သူက ..
‘ခင်ဗျားနဲ့ ကျနော် ပို နီးစပ်သွားတယ်’
‘ဘာလို့’
‘ခင်ဗျားရေးတဲ့ အက်ဆေးကို ကျနော်သဘောကျတယ် .. ကျနော်လဲ အဲဒီစတိုင်အတိုင်းရေးရတာ သဘောကျတယ်’
‘အင်း’
‘ကျနော် သဘောကျတာ နေ၀င်းမြင့်နဲ့ မောင်သာချိုတို့ အက်ဆေးတွေကိုလေ’
‘အင်း’
‘မောင်သာချိုက ခေတ်ကို သရော်တာများတယ်၊ နေ၀င်းမြင့်က သဘာဝတရားကို အလွမ်းတွေနဲ့ ပုံဖော်တယ်’
‘ကျမ စာကို ဝေဖန်ပါဦး’
‘အဲဒီလမ်းကလေးကို ကျနော်လဲ လွမ်းမိပါတယ်၊ မြင်ခွင့်မရခဲ့ပေမဲ့ မြင်ခဲ့ရသလို ဆရာမက ဆွဲခေါ်သွားနိုင်ပါတယ်’
‘အဲဒီလမ်းကလေးက တကယ်ရှိခဲ့တာလေ’
‘တခုထဲကိုပဲ ပေးထားတယ်နော် .. အဲဒီတခုက တဘ၀အတွက် အဓိပ္ပါယ်တွေနဲ့ ပြည့်နေပါတယ် .. ကွန်ဂရက်ကျူလေးရှင်း’
သူကသဘောကျတယ်လို့ပြောတာကို ကိုယ့်မှာ ဆုလာဘ် တပါးလိုပါပဲ။ ဘာများ ပြောထည့်လိုက်မလဲ လို့ ခပ်လန့်လန့်လေ။
‘ကျနော်ရေးခဲ့တဲ့ ကဗျာတပုဒ် စိတ်ထဲ ပေါ်လာလို့ နားထောင်မလားဟင်’ ဆိုပြီး
သူ့ကဗျာတပုဒ် ရွတ်ပြတယ်။ အစိမ်းရောင်ငြိမ်းချမ်းရေး .. တဲ့။
အစိမ်းရောင်တွေကြွေနေတာပါ
ကြည့်စမ်း .. တစစီ .. တစစီ ..
သေချာပါတယ် ..
အရူးအမူးကိုချစ်ခဲ့တာပါ .. ။
သူမ ..
ည ..
လရောင် ..
ရင်ခုန်နေတဲ့ ချိုးတကောင် ..
လက်နက်ချသွားတဲ့ မြို့ပြကတော့
အိပ်ချင်သိုးသိုးနဲ့ ..
ငြိမ်းချမ်းရေးသီချင်းကို ဆိုနေပြန်ရော .. ။

***
ကိုယ့်အကြောင်းတွေ အားလုံးသိနေလေတော့ .. တနေ့မှာ ကိုယ်နဲ့စကားပြောရင်း
‘မေ .. စိတ်လေနေတယ်’ လို့ သူ စွပ်စွဲခဲ့ပြန်ပါတယ်။
‘တကယ်တော့ မေရယ် .. လူ့ဘ၀ဆိုတာ တချို့ကိစ္စတွေကိုသာ ဖန်တီးယူလို့ရတာပါလေ .. ဖန်တီးယူလို့မရတာတွေက အများသားလေ .. ဘယ်လိုပဲဖြစ်ပါစေ .. ကျရာဘ၀မှာ စိတ်ကျေနပ်ဖို့က အဓိက ပဲလေ .. မကျေနပ်ရင် ကျေနပ်အောင် ကိုယ့်ဖာသာဖန်တီးယူမှရမှာ ..’
‘အင်း’
‘အရေးကြီးတာက တန်ဖိုးရှိတဲ့လူအဖြစ် ရှင်သန်ဖို့ပဲ .. ဟုတ်? … အများအကျိုး လူ့လောကအကျိုးကို ဆောင်ရွက်သူ ဖြစ်ဖို့ပဲ လိုပါတယ်’
‘ကိုယ်က ခံစားချက်ကို သိပ်ဦးစားပေးမိတယ်’
‘အင်း .. ကြိုးစားလျှော့ပေါ့ .. ခံစားချက်ကို ဦးစားပေးရင် အမှားများနိုင်တယ် .. ဟုတ်’
‘ကျေးဇူး ..နော်’
‘မေ စိတ်ချမ်းသာအောင် အားပေးတာလေ ..နောက်မှ မေ့မသွားနဲ့နော် .. ’
‘မေ့ပါဘူး .. ကို---- ကရော ..မေ့မှာလား’
‘ကျနော်ကတော့ မေ့ပါဘူး .. ကျနော့်ဘ၀က ဒီလိုပဲလေ .. အပြောင်းအလဲ မရှိပါဘူး’
‘အင်း .. ကိုယ်ကလဲ မေ့ပါဘူး .. လွယ်လွယ်နဲ့လဲ မမေ့တတ်ဘူး .. ခက်ခက်နဲ့လဲ မမေ့တတ်ဘူး’
‘မေ့သင့်တဲ့ ကိစ္စကိုတော့ လွယ်လွယ်နဲ့မေ့သင့်တာပေါ့’
‘မေ့သင့် မမေ့သင့် ဘယ်လိုခွဲခြားရပါ့’
‘အဲဒါတော့ သိဘူး .. ကိုယ်ညံ့ ကိုယ်ခံပဲလေ .. စိတ်နဲ့ ခံစားကြည့်ပေါ့’
အဲဒီကတည်းက ကိုယ်သိခဲ့ဖို့ကောင်းတာလေ .. ။ ကိုယ်ဟာ သူ့အတွက် လွယ်လွယ်နဲ့မေ့သင့်တဲ့ သူတယောက်ပေပဲ။
***
သူ့ကိုယ်သူတော့ နှလုံးသားကခပ်ယိုင်ယိုင်တဲ့ .. မလွမ်းချင်ဘူးတဲ့ .. မချစ်ချင်ဘူးတဲ့ .. ချစ်ပြီးရင် လွမ်းရမှာကြောက်သတဲ့လေ။ တရက်တော့ သူကစကားအဆက်အစပ်မရှိ ပြောလာတယ် ..
‘မေ နဲ့တူတူနေချင်တယ်ကွာ’ ..
‘ဘယ်လိုနေမှာလဲဟင်’
‘အိမ်လှလှလေးတလုံးထဲမှာ တူတူစကားပြောချင်တယ် .. တောင်ကုန်းလေးနားမှာ .. စမ်းချောင်းလေးက အနားမှာစီးနေတယ် .. အဲသလောက်ဆို ကျေနပ်တယ်’
‘အင်း ..’
‘မေနဲ့ တွေ့ရတာ .. ၀တ္ထုတပုဒ်ကိုဖတ်နေရသလိုပဲ’
‘… … …’
‘ရည်းစားတယောက် အမြန်ဆုံးထားမှ ဖြစ်မယ်’
‘ဘာလို့လဲဟင်’
‘မေ့ကို ချစ်မိသွားမှာစိုးလို့ပဲ .. အပွင့်လင်းဆုံးပြောရရင်တော့လေ .. သိပြီလား’
‘ချစ်မိသွားရင် .. ဘာဖြစ်လို့လဲ’
‘အသွားအပြန်ရှိမှ ဘယ်အရာမဆို ကောင်းတာပေါ့ .. သေချာနေတဲ့ပွဲကို အရှုံးခံပြီး မကန်ပါဘူး၊ အဲဒါမျိုး ဘယ်တုန်းကမှ မလုပ်တတ်ပါ ..သေချာမှ လုပ်ပါသည်’ တဲ့
ကြည့်ပါဦး .. ဘယ်လောက် အမြင်ကတ်စရာကောင်းတဲ့ လူလဲလို့။
ဒါပေမဲ့လည်း သနားစရာကောင်းတဲ့အခါ ကောင်းပြန်တယ်လေ။ သူလုပ်နေတဲ့အလုပ်တွေ .. သူယူထားရတဲ့ တာဝန်ကြီးကြီးတွေ .. သူရင်ဆိုင်နေရတဲ့ ဘ၀ကြမ်းကြမ်းတွေ .. အားလုံးကို ကိုယ်နားလည်ပေးနိုင်ခဲ့တယ် .. အဲဒီအချိန်ကပေါ့။
‘နေရောင်အောက်က ဘ၀ပါ ..မေရယ်’ .. လို့ သူက ပြောတော့
‘နေရောင်ခြည်သည် ရောဂါပိုးကို သေစေ၏’ လို့ ကိုယ်ပြန်ပြောခဲ့မိတယ်။
‘ပူလွန်းရင် အရေပြားတွေ နေလောင်ကုန်လိမ့်မယ’်
‘နဂိုထဲက ခပ်မွဲမွဲ အရေပြားတွေပါ ..နေလောင်လို့လဲ ထူးခြားမသွားပါဘူး ..’
‘ပြောချင်ရာပြောပါ .. စိတ်ချမ်းသာရင် ပြီးတာပဲ ..’
***
‘မေ့ကို အားမရဘူး ..’ တဲ့
‘မြင့်မြတ်တဲ့ ..လေးနက်တဲ့ .. ကိုယ်ကျင့်သိက္ခာကြီးမားတဲ့ အမျိုးသမီးတယောက်အဖြစ်မြင်ချင်တယ် ..’ တဲ့
‘မေ့ကို နားအလည်ဆုံးဖြစ်နိုင်ဖို့ .. ကြိုးစားခဲ့တယ် .. ကြိုးစားနေတယ် ..’ တဲ့
‘တကယ်တော့ ကိုယ်ကြိုက်ရာလုပ်ခွင့် လူတိုင်းမှာရှိပါတယ် .. ပိတ်ပင်လို့မရသလို ပိတ်ပင်လို့လဲ မသင့်ပါဘူး။
ကျနော်နဲ့ မေနဲ့ ဘာမှမဆိုင်ဘဲနဲ့ ကျနော်ပြောတာကို ဂရုစိုက်နေရင် မေပဲ စိတ်ညစ်ရမှာပေါ့ ..’ တဲ့
‘မေ့ကို အမြင်လဲကတ်တယ် .. ချစ်လဲချစ်တယ် .. သနားလဲ သနားတယ် .. ရောထွေးနေတယ်ကွာ ..’ တဲ့
‘မေ့ကို ဘာလုပ်ပေးရမလဲ .. ဘာဖြစ်ချင်လဲ .. ဟင် ..’ တဲ့ ..။
အဲဒီအပြောတွေကြောင့် ကိုယ့်ကို ဂရုစိုက်တယ်လို့ထင်ခဲ့မိတယ်။
တခါတခါတော့လဲ သူကြည့်နေတဲ့ ဘောလုံးပွဲလောက်တောင် ဂရုစိုက်မပေးနိုင်ခဲ့ပြန်ဘူး။
သူဘောလုံးပွဲကြည့်နေချိန်မှာ သွားနှောက်ယှက်သလိုလုပ်မိလို့ ..
‘မေ .. ကိုယ် အလကားထိုင်နေတာမဟုတ်ဖူး .. ဘောလုံးပွဲကြည့်နေတာ’ ဆိုပြီး ပြောတာခံရသေးတယ်။
တခါတခါ သူပြောတဲ့စကားတွေကို .. နားထောင်ပြီး .. သူ့ကို ဘယ်လို နားလည်ရမှန်း မသိလောက်အောင်ပဲ။
‘မေ့ကိုအားနာလို့သာ ကိုယ့်အချိန်တွေထဲက ဖဲ့ပြီးပေးတာ ..’
‘ကိုယ်အလုပ်မအားဘူးနော် ..ချော့ဖို့အချိန်မရှိဘူး .. ခဏလောက် ငြိမ်ငြိမ်လေးထိုင်နေပါလားဟင် ..’
‘ကိုယ်အလုပ်များနေတာ သိတယ်ဟုတ်၊ တခြားလူနဲ့ဆို စကားတောင်မပြောဘူး မေ့ကို အားနာလို့ပြောနေတာ ..’ တဲ့
‘ကိုယ်က အချိန်ကို တန်ဖိုးရှိရှိပဲ အသုံးချချင်တာလေ .. အချိန်ဇယားအတိုင်း အချိန်တွေကို ကုန်ဆုံးစေတာ ..’
‘တကယ်က မေရယ် .. ကိုယ်နဲ့ မလွယ်ပါဘူးကွာ .. ကြာရင် မေစိတ်ညစ်ရလိမ့်မယ် .. ကိုယ်က ကိုးလိုးကန့်လန့်’
‘ကျနော်တို့ စဉ်းစားတာချင်းမတူဘူး ..ရေရှည်မှာ ပြဿနာရှိမယ်ထင်တယ်’
***
ဒီလိုနဲ့ ..
ကိုယ့်ကို နားလည်တယ်လို့ ထင်ခဲ့တဲ့သူဟာလည်း နောက်ဆုံးတော့ ကိုယ့်ကို ရုတ်တရက်ခွဲခွါသွားခဲ့ပြန်ပါတယ်။
‘မေ .. ဘာမှ ပူပင်သောကရောက်စရာကိစ္စတွေ မစဉ်းစားနဲ့နော် .. မေ့ကို ပစ်မသွားပါဘူး .. ယုံနော် ..’
ဆိုတဲ့ စာလေးကို နောက်ဆုံးရေးခဲ့ပြီး သူဟာ ကိုယ့်ဘ၀ထဲက တိတ်တိတ်လေး ထွက်သွားပြန်တယ် ..။
ကိုယ်မခေါ်ဘဲ ကိုယ့်ဘ၀ထဲကိုဝင်လာပြီး ကိုယ်မနှင်ဘဲ ပြန်ထွက်သွားတဲ့သူ့ကို .. ကိုယ်က ဘယ်လိုများနားလည်ရမှာလဲ။
***
နောက်ဆုံးတော့ ..
နားမလည်နိုင်တဲ့ သူ့ကို နားလည်ဖို့လဲ မကြိုးစားတော့ပါဘူး။ ဘာကြောင့် ကိုယ့်အနားက ထွက်သွားတယ်ဆိုတာလဲ ကိုယ် မသိချင်တော့ပါဘူး။
အချိန်တွေကြာလာတာနဲ့အမျှ မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့ပါတယ်။
ဒါပေမဲ့ ..
တခါတလေ တိုက်ဆိုင်မှုလေးတွေနဲ့ ကြုံတဲ့အခါ ..
ခုလို မှတ်မှတ်ရရ သတိရနေမိပြန်ရော ..။
***
(အဝေးတနေရာမှ .... သို့)

Read More...

Friday, October 06, 2006

သီတင်းကျွတ် အတွေး ...


ဝါတွင်း ၃ လရဲ့ နောက်ဆုံးနေ့၊ သီတင်းကျွတ်လပြည့်နေ့မှာ ခါတိုင်း ဥပုသ်နေ့တွေလိုပဲ ၉ ပါးသီလ စောင့်ထိမ်းဖြစ်တယ်။
ငယ်ငယ်က သီတင်းကျွတ်ဆို ပျော်စရာကောင်းပေမဲ့ .. ခုတော့လဲ ထူးထူးခြားခြား ဘာမှ မခံစားရသလိုပါပဲ။ ငယ်တုန်းကတော့ သီတင်းကျွတ်လမှာ ကျောင်းရက်ရှည်ပိတ်လို့ ပျော်ရတာအပြင် .. သီတင်းကျွတ်လပြည့်ညဆို ခြံထဲမှာ ယုန်ရုပ်မီးပုံးကလေးတွန်းပြီး ကစားခဲ့ကြတယ်၊ ၀င်းတံခါးသံတိုင်တွေကြားနဲ့ သစ်ပင်အောက်တွေမှာ ဖယောင်းတိုင်လေးတွေထွန်းခဲ့ကြတယ်၊
အမေလိုက်ပို့လို့ မောင်နှမတတွေ မီးထွန်းပွဲ လျှောက်ကြည့်ကြတယ်၊ မီးထွန်းပွဲလျှောက်ကြည့်ရင်း မုန့်တွေစား အရုပ်တွေပူဆာခဲ့ကြတယ်။
ဗျောက်အိုးတွေ မီးရှုးမီးပန်းတွေ ဖောက်ကြတယ်၊ မီးပုံးပျံတွေ လွှတ်ကြတယ်၊ အပူအပင်ကင်းတဲ့ ကလေးဘ၀မှာတော့ ပျော်စရာတွေ ပြည့်လို့ပေါ့။ ပြီးတော့ ခြင်းတောင်းတတောင်းထဲမှာ အသီးတွေအများကြီးထည့်ပြီး အဘိုး အဘွား နဲ့ အသက်ကြီးတဲ့ ဆွေမျိုးတွေကို တအိမ်တက်ဆင်း လိုက်ကန်တော့ကြတယ်။
ချစ်ဖို့ကောင်းတဲ့ ကြည်နူးစရာ မြန်မာ့ဓလေ့ပါပဲ။
ဒီနေ့ဟာ ကျေးဇူးရှင်ပူဇော်တဲ့နေ့ .. .. ။
မိဘနှင့်တကွ ကိုယ့်အပေါ် ကျေးဇူးပြုခဲ့ဖူးသူ မှန်သမျှကို ရည်စူးပြီး ကန်တော့ကြရမယ်လေ။
ဒါကြောင့် အဝေးရောက်နေတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကို မိဘ ဆွေမျိုး ဆရာသမားတွေဆီ ဖုန်းဆက်ပြီး ဂါရ၀ပြုဖို့ သတိပေးဖြစ်တယ်။ လက်လှမ်းမီသလောက်ပေါ့။
အကြောင်းကြောင်းသော အကြောင်းတွေကြောင့် တနှစ်လုံး ကိုယ့်မိဘ ဘိုးဘွား ဆွေမျိုးတွေကို မေ့ချင်မေ့နေမယ်၊ ဒီလို တနေ့လောက်တော့ သတိတရ ဂါရ၀ပြုသင့်တယ် မဟုတ်ပါလား။

Read More...

Thursday, October 05, 2006

အဖြူရောင် သူငယ်ချင်း ... သို့ ...

ဒီနေ့ ကွန်ပျူတာထဲက ဖိုင်အဟောင်းတွေဖွင့်ကြည့်ရင်း .. မင်းရဲ့ ကဗျာလေးတွေကိုပြန်ဖတ်ဖြစ်ပြီး မင်းကို သတိရမိပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်လောက်က .. မင်းနဲ့ ကိုယ် .. ကဗျာအကြောင်း စာအကြောင်း သီချင်းတွေအကြောင်း ဘာသာရေးအကြောင်း ပြောခဲ့ဆိုခဲ့ဆွေးနွေးခဲ့ကြတာတွေ .. တယောက်ရေးတဲ့ ကဗျာတွေစာတွေ တယောက်ကို ဝေငှရင်း ခံစားချက်ခြင်း ဖလှယ်ခဲ့ကြတာတွေ .. ကိုယ့်ရဲ့ ကဗျာကို မင်းက တုန့်ပြန်ပြီး ကဗျာပြန်ရေးခဲ့တာတွေ .. မင်းခရီးသွားမယ်ဆိုတော့ ကိုယ်ဆိုထားတဲ့သီချင်းကို အသံသွင်းပြီး ယူသွားခဲ့တာတွေ .. စိုင်းထီးဆိုင်ရဲ့ ‘ရန်ကုန်မှာသာတဲ့လ’ သီချင်းနဲ့ ပတ်သက်ပြီး မင်းနဲ့ ကိုယ် ငြင်းခုန်ခဲ့ကြပြီးတဲ့နောက် .. လသာသာညတွေတိုင်း တယောက်နဲ့တယောက် သတိရခဲ့ကြတာတွေ .. ကိုယ့်အတွက်ဆိုပြီး မောင်ခိုင်မာရဲ့ ‘ချစ်သမီးဖတ်ဖို့’ ဆိုတဲ့ ကဗျာရှည်ကြီးတပုဒ်ကို လက်အညောင်းခံပြီး စာရိုက်ပေးခဲ့တာတွေ .. ကိုယ်ကြိုက်တဲ့ လေးဖြူရဲ့ သီချင်းကို ဆိုပြခဲ့တာတွေ .. တယောက် စိတ်ညစ်ရင် တယောက်အားပေးလို့ ..ဖေးမခဲ့ကြတာတွေ .. တယောက်စိတ်ပျော်ရင် တယောက်မျှဝေလို့ ပျော်ရွှင်ခဲ့ကြတာတွေ .. အစီအရီ ပြန်သတိရနေမိတယ်။
များသောအားဖြင့်တော့ .. ကိုယ်ဟာ မင်းအပေါ် မကောင်းခဲ့ပါဘူး .. ။ အနိုင်ယူခဲ့တာတွေ များလွန်းပါတယ်။
နားလည်မှုရှိတဲ့ မင်းကတော့ .. အမြဲ ရယ်ရယ်မောမော သည်းခံနေခဲ့တာပါပဲ။
လူဆိုတာ ကိုယ့်အပေါ်နားလည်မှုတွေရှိရင် .. သူများအပေါ်နားလည်မှုရှိဖို့လည်း မခဲယဉ်းဘူး .. တဲ့။ ဆရာတော်ကြီးတပါးရဲ့ စကားဆိုလား .. မင်းပဲပြောခဲ့တာလေ။
မင်းကသာ ကိုယ့်ကို နားလည်ခဲ့ပေမဲ့ ကိုယ်က မင်းအပေါ် နားလည်မှုတွေပြန်မပေးနိုင်ခဲ့ဘူး။
‘ဘ၀ဟာ ကာရံပျောက်လိုက် .. စာသားပျောက်လိုက်ပေါ့’ .. ဆိုပြီး ကိုယ့်ကို မင်းပြောခဲ့ဖူးတယ်။
ဒါပေမဲ့ .. ခုလို ခြေရာဖျောက်သွားလိမ့်မယ်လို့တော့ .. မထင်ခဲ့မိပါဘူး။
အခု .. မင်း .. ဘယ်ရောက်နေပြီလဲ သူငယ်ချင်း .. ။
မင်းကို အနိုင်ယူခဲ့ဖူးတဲ့ .. မင်းကို စိတ်ဒုက္ခတွေပေးခဲ့ဖူးတဲ့ …
မင်းရဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတယောက် ..
မင်းကို သတိတရရှိနေတယ်ဆိုတာရော .. မင်းသိပါလေစ .. ။
မင်းကရော .. ကိုယ့်ကို သတိတရ ရှိပါလေစ .. ။
***
ဒီနေ့တော့ .. မင်းကို အထူးသတိရနေတဲ့အတွက် .. မင်းရေးပေးခဲ့ဖူးတဲ့ ကဗျာလေးကို ကိုယ့်ဘလော့ခ်မှာ တင်လိုက်ပါတယ်။ ခွင့်မတောင်းဘဲ တင်မိတဲ့အတွက် .. ခွင့်လွှတ်ပါ သူငယ်ချင်း။

***
သိုးတကောင်၏လမင်းစကား

အစွယ်လက် ၀ံပုလွေတကောင်၏ အပြုံးမျိုး
သူတို့ပြုံးကြ ..
အပြုံးရဲ့ နောက်နားက ဓားတလက်ကို
အသွားထက်မှန်း သိထားပေမဲ့လဲ
ကျေးဇူးတရား၏ အတင်းစေခိုင်းမှုကြောင့်
ငါ နမ်းရှိုက်ခဲ့ရပြီ .. ။
ငါဟာ ..
လွယ်လွယ်နဲ့ လူဖြစ်ဖို့ကံ
ပါလာတဲ့ကောင်ပါ။
ဒါပေမဲ့
မျက်စိတဖက်ထဲရှိတဲ့
လက်သည်တယောက်ထံ
ရိုးသားစွာအပ်နှံမိလို့
ငါ့ရဲ့လူဖြစ်ကံ
(မသေမချင်း)
ဖျက်ချခံလိုက်ရတယ် .. ။
မင်းသားခေါင်းစွပ်ဘီလူးတွေ
လူရာဝင်နေသရွေ့တော့
သစ္စာတရားတွေ
ခဲပေါက်ခံနေရဦးမပေါ့ .. ။
မိုးခါးတိမ်တွေဖြစ်ထွန်းပြီး
မုန်တိုင်းထန်လွန်းတဲ့ ရာသီမှာ
သစ္စာတရားတို့ ရဲရဲရင့်
ဘယ်ထိအောင်များ ဖူးပွင့်နေနိုင်မလဲ။
ကဲ .. ငါ့ရင်ဘတ်ကိုတော့
ဝံပုလွေတွေ ကျက်စားဖို့
လရောင်နဲ့ဆမ်းပြီး
အမြဲစိမ်း ဗြဟ္မစိုရ်တောကြီးဖြစ်အောင်
စိုက်ပျိုးထားရဦးမယ် .. ။ ။
(သားဆိုး)

Read More...

Wednesday, October 04, 2006

ဆရာမကြီး ဒေါ်နုယဉ်


ကွယ်လွန်သွားရှာပြီဖြစ်သော..ဆရာမကြီးဒေါ်နုယဉ်

ကဗျာဆရာမကြီးဒေါ်နုယဉ် (၉၁နှစ်) မနေ့ညနေက ကွယ်လွန်ကြောင်း သတင်းစာထဲမှာ ဖတ်လိုက်ရပါတယ်။ ဆရာမကြီးနဲ့ဆုံဖြစ်တာက ဆရာကြီး ဦးတက်တိုး ရဲ့ နာရေးတုန်းက နောက်ဆုံးပါပဲ။
ဒီကြားထဲ တခေါက်မှ မရောက်ဖြစ်ဘူး။ ဟိုအရင်ကတော့ ဆရာမကြီးတို့ဆီ စာမူတောင်းရင်း ခဏခဏ ရောက်ဖြစ်တယ်။ ရောက်တိုင်းလဲ ဆရာကြီးဦးတက်တိုးနဲ့ ဆရာမကြီးကို အမြဲ ကန်တော့ခဲ့ပါတယ်။ နောက်ဆုံး အခေါက်ရောက်တော့ ဆရာကြီးဦးတက်တိုးက ကွယ်လွန်ရှာပြီ။ အရင်အခေါက်တွေတုန်းကလို တူယှဉ်ထိုင်ပြီး ကန်တော့ခွင့်မရတော့ဘူးပေါ့။ ရုပ်အလောင်းကို အိမ်မှာပဲ ပြင်ထားထာမို့ ဆရာကြီးနဲ့ ဆရာမကြီးကို သတ်သတ် စီ ကန်တော့ခဲ့ရတယ်။
အခုနာရေးကြော်ငြာတွေ့တာနဲ့ ဆရာမကြီးအိမ်ရှိရာကို သတင်းမေးဖို့သွားခဲ့ပါတယ်။ မနေ့ညနေက စကားပြောရင်းနဲ့ တဖြည်းဖြည်း အသံတိုးသွားပြီး ဆုံးသွားတာလို့ ဆရာမကြီးရဲ့ သားကပြောပြတယ်။ ဝေဒနာပြင်းပြင်းထန်ထန် မခံစားလိုက်ရဘဲ အမှည့်ကြွေ ကြွေသွားတယ်လို့ဆိုရမှာပဲ။
ကုတင်လေးပေါ်မှာ ပြင်ထားတဲ့ ဆရာမကြီးရဲ့ ရုပ်အလောင်းကို ကန်တော့ရင်း .. အရင်တုန်းက ဆရာမကြီးနဲ့ စာအကြောင်းပေအကြောင်း စာနယ်ဇင်းလောကအကြောင်းတွေ ပြောခဲ့ဆိုခဲ့ကြတာတွေ .. ဆရာမကြီးပြောပြတဲ့ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ်တွေကို ပြန်သတိရနေမိတယ်။
ချည်စောင်အနီလေးလွှမ်းခြုံထားပြီး စပယ်ကုံးလေးတွေတင်ထားတဲ့ ခေါင်းအုံးလေးထက်မှာ .. ဆရာမကြီးက ငြိမ်သက် ငြိမ်းချမ်းစွာ လဲလျောင်းရင်း သူချစ်တဲ့ စာပေလောကနဲ့ သူချစ်တဲ့ မိသားစုကို ခွဲခွါသွားခဲ့ပါပြီ။
စာပေနယ်မှာ စာပေသစ္စာကိုစောင့်သိစွာနဲ့ မကွယ်လွန်ခင်အချိန်ထိ အများအတွက် (အထူးသဖြင့် လူငယ်တွေအတွက်) စာပေတွေရေးသားသွားတဲ့ ဆရာမကြီးဒေါ်နုယဉ် ..ကောင်းရာသုဂတိရောက်ပါစေ .. ။
***
ဆရာမကြီးရေးခဲ့တဲ့ ကဗျာတပုဒ် မိုးမခ မှာတွေ့လို့ အမှတ်တရ တင်လိုက်ပါတယ်။
***
ဝမ်းနည်းကြေကွဲစွာဖြင့် …

Read More...

မျှော်လင့်ခြင်း ... (ကဗျာ)

ဒီကဗျာလေးကို mizzima မှာ ဖတ်ရလို့ .. တင်လိုက်ပါတယ်။
အားလုံးရင်ထဲက မျှော်လင့်ခြင်း တွေ ပြည့်ဝမဲ့နေ့ဟာ .. မဝေးတော့ဘူးလို့ ယုံကြည်စွာနဲ့ … ။

***
မျှော်လင့်ခြင်း

ဆန္ဒနဲ့ဘဝ
တထပ်ထဲကျဖို့ဆိုတာက
ကူပွန်လေးတစောင်ထဲကိုင်ပြီး
ကံစမ်းမဲ ပထမဆုကို စောင့်မျှော်နေတာပါ။
ငါတို့တွေကိုက
တိုက်ဆင်တွေလို အရေထူဖို့ကြိုးစားနေရတာ
တိုက်ပွဲကြမ်းကဒဏ်ရာ အောင်ပွဲမှာပြကြေးကိုး။
ဓာတ်စာအမျိုးမျိုးကို
အိပ်ရာထဲက ပူစာနေတဲ့
လူမမာနဲ့တူနေပြီမှန်းလဲ သိပါရဲ့။
အမေခွံ့ကျွေးသမျှ
(တကျိကျိအော်ပြီး) ပါးစပ်လိုက်ဟ
ငှက်ပေါက်ကလေးဘ၀က
ငါလဲ ကျော်ဖြတ်ချင်လှပါပြီဟာ။
လောင်ဂျီကျု မျဉ်းတကြောင်းထဲအပေါ် မနေနိုင်ကြပေ
နေ့ညတွေ မတူကြ
ငါ့အိပ်မက်တွေ ပြောပြမဲ့ မနက်တွေမှာ
နင်က အိပ်မောကျခါစ။
‘နှင်း’ သီချင်းထဲကလိုပေါ့
‘ခုတော့ပင်လယ်ပဲရှိတယ်’ ဆိုတဲ့ အပိုဒ်
ငါကျော့ဆိုနေလိုက်မယ်။
တနေ့မှာတော့
ငါကောက်ထားသမျှ ခရုခွံတွေနဲ့
အရုပ်ကလေးတွေ လုပ်ပြဦးမယ်။
မျောက်ကလေးတွေ သန်းရှာနေတဲ့ အရုပ်လဲပါ။

မင်းကိုနိုင်
(စစ်တွေထောင်တွင် အကျဉ်းကျခံနေရစဉ်အတွင်း ရေးဖွဲ့သည်။)

Read More...

Tuesday, October 03, 2006

essay 4

မနေ့ ညက မိုးအရမ်းရွာတယ်။ ကြောက်စရာ ကောင်းလောက်အောင် လေတွေလဲ တိုက်တယ်။
လေက တ၀ီဝီ အသံပေးပြီး တိုက်တာ တခါမှ မကြုံဖူးဘူး။ မှန်ပြတင်းကနေပြီး အပြင်ကိုကြည့်ရတာ ရုပ်ရှင်ဇာတ်ကားထဲက လေမုန်တိုင်းတိုက်တဲ့ ဇာတ်ဝင်ခန်းတခုကို ကြည့်နေရသလိုပဲ။
မီးလဲ ပြတ်သွားတာနဲ့ ဘာမှလုပ်စရာမရှိဘဲ ပြတင်းပေါက်က အပြင်ကို ထိုင်ငေးကြည့်နေမိတယ်။
လမ်းမပေါ်မှာလဲ ရေတွေဖွေးလို့ .. ကားတချို့လဲ ဆက်မသွားနိုင်ဘဲ ရပ်လို့။ သစ်ပင်တွေလဲ သွက်သွက်ခါအောင် ယိမ်းထိုးလို့။ မိုးတွေကလဲ တဂျိမ်းဂျိမ်းနဲ့ခြိမ်း .. လျှပ်တွေကလဲ အဆက်မပြတ် ပြက်၊
မိုးနည်းနည်းစဲပြီး လေငြိမ်သွားတော့ မီးသတ်ကားတွေ ဆက်တိုက် အိမ်ရှေ့လမ်းမက ဖြတ်သွားတယ်။ ဘယ်မှာ ဘာတွေဖြစ်တယ်မသိ။ အားလုံးဘေးကင်းဖို့ ဆုတောင်းရုံသာတတ်နိုင်ပါတယ်။
ဆုတောင်းနေရင်းနဲ့ ပြီးခဲ့တဲ့ မိုးဦးကျစ (မေလ) တုန်းက တိုက်သွားတဲ့ မာလာ မုန်တိုင်းကို ပြန်အမှတ်ရမိတယ်။ အဲဒီမုန်တိုင်းပြီးတော့ ‘မုန်တိုင်းအလွန်’ဆိုတဲ့ နာမည်နဲ့ အက်ဆေးတပုဒ်ရေးဖြစ်ခဲ့တယ်။
ဒီနေ့အဖို့တော့ အဲဒီအက်ဆေးလေးကို တင်လိုက်ပါတယ်။
မုန်တိုင်းတွေ ဘယ်လိုထန်ထန် ..နောက်ဆုံးတော့ သာယာတဲ့နေ့သစ်တနေ့ကို ရောက်ရမယ်လို့ ယုံကြည်မျှော်လင့်မိပါရဲ့။

***
မုန်တိုင်းအလွန်
***
ရေဒီယို နဲ့ ရုပ်မြင်သံကြားမှာ မုန်တိုင်းသတင်းကြေငြာချက်တွေ ဆက်တိုက်ထုတ်လွှင့်နေသည်။
ပတ်ဝန်းကျင်ဟာ တဖြည်းဖြည်းအုံ့ဆိုင်းလာပြီး လေတိုက်ခတ်နှုန်းက တဖြည်းဖြည်းကြမ်းလာ၏။
ကောင်းကင်က နီမှောင်မှောင်အရောင် သမ်းနေပြီး တချက်တချက် လျှပ်အပြက်မှာ လင်းခနဲ လက်ခနဲ။
အိပ်တန်းတက်မယ့် ငှက်တအုပ်လည်း ခပ်သုတ်သုတ် ပျံသန်းနေကြပြီ။
သူတို့ သိုက်မြုံဆီပဲ ပျံကြတာလား .. တခြားခိုနားရာ နေရာပဲရှာနေကြသလား၊
သူတို့အတွက် လုံခြုံသည့်နေရာရော .. ရှိပါရဲ့လား။
အိပ်တန်းတက် ငှက်တွေကိုကြည့်ရင်း အိမ်ခေါင်းရင်းက ကံ့ကော်ပင်ထက်မှာ အသိုက်ဆောက်နေသည့် ငှက်မလေးကို သတိရလိုက်မိသည်။ သူလည်း ခုဘယ်ရောက်နေပါလိမ့်။
မြက်ခြောက်ပင်များ သစ်ကိုင်းခြောက်သေးသေးမွှားမွှားများကို ကိုက်ကာ ပျံချီသန်းချီ နှင့် တနေ့ခင်းလုံး ဒင်းအလုပ်ရှုပ်နေခဲ့တာ။ ခုလိုအချိန်မှာ သူ့အသိုက်အမြုံလေးက ဒီမုန်တိုင်းဒဏ်ကို ခံနိုင်ရည်ရှိပါ့မလား။
သစ်ပင်တွေက ယိမ်းထိုးလှုပ်ရှားနေကြပြီ။
မိုးကသည်းသည်ထက်သည်းလာသည်။
လေကလည်း ထန်သည်ထက် ထန်လို့။
ကောင်းကင်မှာတော့ မှောင်အတိကျသွားလေပြီ။
ဒီမိုး ဒီလေက သစ်ရွက်ခြောက်တွေသာမက သစ်ရွက်စိမ်းတွေ သစ်ကိုင်းကြီးတွေကိုပါ ပြတ်ထွက် ကျိုးထွက်အောင် တိုက်ခတ်ပုံ ပြင်းလှသည်။
လေတိုက်သံတဝေါဝေါ .. မိုးရွာသံတ၀ုန်းဝုန်း .. မိုးထစ်ချုန်းသံခပ်အုပ်အုပ် ..
ဒီကြားထဲ တခါတရံ ပစ်လိုက်သော မိုးကြိုးသံ တဂျိန်းဂျိန်း .. သစ်ပင်တွေယိမ်းထိုးသံ ..
သစ်ကိုင်းတွေ ကျိုးကျသံ .. ။
မုန်တိုင်းရဲ့အသံက ခြောက်ခြားဖွယ်ပင် ကောင်းလွန်းနေတော့သည်။
တံခါးတွေအားလုံးပိတ်ထားသော်လည်း အသံတွေကြားနေရ၏။
မုန်တိုင်းသံ အပြင် .. သတ္တ၀ါလေးတွေ ကယ်ပါ ယူပါ ဟု အော်နေကြသည့်အလား နားမှာ ကြားယောင်မိသည်။
အိမ်ခြေယာမဲ့သူများ .. အိမ်ခြေမခိုင်ခံ့သူများ .. မုန်တိုင်းနဲ့ တိုက်ရိုက်ထိတွေ့ရမည့်သူများ ..
ပင်လယ်ပြင် ..မြစ်ပြင် ..တောထဲ တောင်ထဲလို အမှီအခိုကင်းရာ နေရာမျိုး ရောက်နေကြမည့်သူများ .. ငှက်ကလေးတွေလို လုံခြုံမှုမရှိသူများ .. ။
ထိုသူတို့၏ အော်သံများ နားထဲမှာ ကြားနေရသလို .. ။
သတ္တ၀ါတွေ ..ဘေးကင်းကြပါစေ ..
မုန်တိုင်းက မြန်မြန်လွန်မြောက်ပါစေ .. ဟု ဆုတောင်းရုံသာ တတ်နိုင်တော့သည်လေ။
***
ခုတော့လည်း မနေ့တုန်းက လေပြင်းမုန်တိုင်းမတိုက်ခတ်ခဲ့သလို ပတ်ဝန်းကျင်ဟာ နေသားတကျ စိမ်းစိုလို့။
သစ်ပင်တွေ သစ်ရွက်တွေလည်း အက်ျီအသစ်ဝတ်ထားသူတွေလို လတ်ဆတ် လန်းဆန်းလို့။
တိမ်တွေကြားမှာ သာနေတဲ့ နေရောင်ဟာလည်း ၀ါလွင်တောက်ပလို့။
မိုးကောင်းကင်မှာ တိမ်တွေက ဟိုတဆုပ် .. ဒီတဆုပ် ..လေအဝှေ့မှာ တအိအိ လွင့်မျော နေကြသည်။
အိမ်ရှေ့အုတ်တံတိုင်းစည်းရိုးကို ခပ်ယိုင်ယိုင်မှီပြီး ရှင်သန်နေဆဲ မန်ကျည်းပင်ကြီးရဲ့ အစိမ်းရင့်ရောင် အရွက်စိပ်စိပ်တွေ တလွန့်လွန့် လှုပ်ရှားနေပုံကိုကြည့်ရသည်မှာ ငြိမ်းချမ်းလွန်းလှ၏။
တနွေလုံး ပူလောင်ခဲ့တဲ့ ကမ္ဘာမြေကြီးပေါ်ကို အငြိုးတကြီး ရွာချထားတဲ့ မိုးစက်တွေဟာ ခြောက်ကပ် အက်ကွဲစပြုနေတဲ့ မြေပြင်ကို ချွေးသိပ်ပေးထားကြလို့ မြေကြီးဟာလည်း သေသေ၀ပ်ဝပ် နဲ့ရှိနေလေရဲ့။
မနက်စောစောက ဟိုတကွက် ဒီတကွက်နဲ့ လမ်းပေါ်တင်ကျန်နေတဲ့ မိုးရေအိုင်ငယ်လေးတွေလည်း နေရောင် ဖျော့ဖျော့အောက်မှာ တဖြည်းဖြည်းနဲ့ ပျောက်ကုန်ကြပြီ။
မျက်နှာချင်းဆိုင်ဆေးရုံဝင်းရဲ့ မြက်ခင်းဟာ.. အစိမ်းရောင် ကတ္တီပါကော်ဇောတချပ်ကို ဖြန့်ခင်းထားသည့် နှယ် ပြန့်ပြူး စိမ်းလန်းလို့နေ၏။
မုန်တိုင်းအလွန် ရာသီဟာ ဘာကြောင့်များ ဒီလောက်တောင်လှပနေရတာလဲ ..
***
မုန်တိုင်းကြောင့် ကံ့ကော်ပင်၊ မန်ကျည်းပင်၊ သရက်ပင်များမှ ကျိုးကျနေသော သစ်ကိုင်းများအား ရှင်းရန် ခြံထဲသို့ ဆင်းခဲ့သည်။
မြေပေါ်မှာ သစ်ကိုင်းတွေ သစ်ရွက်တွေပွစာကျဲနေ၏။
သင်းပျံ့ပျံ့ ရနံ့ကို ရှူရှိုက်မိသဖြင့် ၀န်းကျင်ကိုကြည့်လိုက်တော့ ..
သစ်ပင်ကြီးများ၏လောင်းရိပ်မှလွတ်ရာ မြေလွတ်မှာ အုတ်ဘောင်လေးနှင့်စိုက်ထားသော စပယ်ပင်လေးမှ အဖြူရောင် စပယ်ပန်းလေးတပွင့် .. ။
ပန်းပွင့်လေးကို နှစ်ခြိုက်မြတ်နိုးစွာ ကြည့်နေဆဲ .. မျက်စိရှေ့မှာ ငှက်တကောင် ပျံသွားတာကို ရိပ်ခနဲမြင်လိုက်သဖြင့် လှမ်းကြည့်လိုက်တော့ အသိုက်ရှင် ငှက်မလေး။
သူ့အသိုက်ကား မရှိတော့ချေ။ သို့သော် ..
ထင်းရူးပင်မှ ရွက်မျှင်ကလေးတခုကို ကိုက်ချီပြီး ကံ့ကော်ပင်ကြီးထက်သို့ ပျံတက်သွားသည်။
ခဏအကြာ ဆင်းလာပြန်၏။
ပျံတက်လိုက် .. ပျံဆင်းလိုက် ..
သူ .. အသိုက်ပြန်ဆောက်နေလေပြီ။
***
အံ့သြစရာတော့မဟုတ်ပါ .. ။
မုန်တိုင်းသည် သစ်ပင်များ သစ်ကိုင်းများကို ချိုးဖျက်နိုင်သော်လည်း ပွင့်လန်းလာမည့် စပယ်ဖူးလေးတွေ ကိုတော့ တားနိုင်စွမ်းမရှိ။
မုန်တိုင်းသည် ငှက်ကလေးတွေ၏ သိုက်မြုံများစွာကို ဖျက်ဆီးပစ်နိုင်သော်လည်း သူတို့၏ စိတ်ဓာတ်ကို ကား ဖျက်ဆီးနိုင်စွမ်းမရှိပါပေ။
***
သဘာဝဘေးအန္တရာယ်ဖြစ်သော မုန်တိုင်းကို ရှောင်လွှဲလို့မရသည်မှာတော့ သေချာပါသည်။
မည်သို့ပင်ဖြစ်စေ ..
လေပြင်း၏ နောက်တွင် လေပြေညင်းလာမည်။
မုန်တိုင်း၏နောက်တွင် ရှင်နေမင်းသာမည်။
လေပြင်းကား အမြဲတမ်း မတိုက်ခတ်နိုင်ပါ။
မုန်တိုင်းလည်း အမြဲတမ်း မကျရောက်နိုင်ပါ။
မုန်တိုင်းလွန်လျှင်တော့ .. တလောကလုံး သာယာမှာ အမှန်ပင်ဖြစ်ပေတော့သည်တကား။
***
(မေဓာဝီ)
၁၈.၅.၀၆

Read More...

Monday, October 02, 2006

song 3


မကြားရတာကြာပြီဖြစ်တဲ့ မွန်းအောင်ရဲ့ သီချင်းတွေလိုက်စုဆောင်းရင်း မမျှော်လင့်ဘဲ ဒီသီချင်းလေးကို ရခဲ့ပါတယ်။ သံစဉ်က ခင်မောင်တိုး ဆိုခဲ့တဲ့ ‘လွန်ခဲ့သောနေ့’ သီချင်းသံစဉ်ဖြစ်ပြီး စာသားနည်းနည်း ပြောင်းထားတာကိုတွေ့ရပါတယ်။ မွန်းအောင်ရဲ့ အသံ မွန်းအောင်ရဲ့ ဆိုဟန်နဲ့ သီချင်းသံစဉ် စာသား အားလုံးကို သဘောကျလို့ တင်လိုက်ပါတယ်။
***

ငြိမ်းချမ်းရေးတိုက်ပွဲ
***
အေးအေးငြိမ့် စိမ့်ရေစီးတဲ့ မြကန်
တိုးတိုးလေးဖွဲ့ဆို တေးချင်းတပုဒ်ကို
မှေးစက်မဲ့ ဆိတ်ငြိမ်ညတို့ရှိစေ
နီတဲ့သွေး ရဲရင့်လို့ ခြေကိုလှမ်း ရှေ့ကိုချီတက်ခဲ့ပြီ .. ။

ရင်းထားတဲ့ အသက်တွေ အစားထိုးပေးလှူ
ကိုယ့်ဘက်ကအလှည့်ကိုရောက်မှ မနွဲ့သာ
စိုက်ခဲ့သမျှ တို့ရိတ်သိမ်းရတော့မယ်
အခါတိုင်ပြီ လက်မလွှတ်နဲ့ မကြေတဲ့အကြွေးဆပ်ရန် ချီတက်ခဲ့ပြီ .. ။

*မိုးမခပင်တွေ .. တို့သက်သေတည်
စိမ်းရင့်သော အေးမြကန်သာမြေ
ရိုးမတောင်ခြေ နေရောင်မခတဲ့ တောင်တွေ ငြိမ်းချမ်းစေ*

စိုးစဉ်းမျှ စိုးရိမ်ကြောက်စိတ် မရှိတယ်
ခင်းထားတဲ့ လမ်းဟာ တို့ရဲ့ သစ္စာ
ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်
နီတဲ့သွေး ရဲ့ရင့်လို့ ရန်ကိုနင်း(?)ရှေ့ကို ချီတက်ခဲ့ပြီ .. ။

Read More...

Sunday, October 01, 2006

အမေ ...


အမေ
***
အမေ့ကိုသတိရနေတယ် ..
ထူးအိမ်သင်ရဲ့ အမေသီချင်းတွေဖွင့်နားထောင်ပြီး စိတ်ထဲဝမ်းနည်းနေမိတယ် အမေ။
အမေ့ကိုသတိရတယ်ဆိုလို့ .. အမေက အဝေးမှာရောက်နေလို့ မဟုတ်ပါဘူး .. အမေဟာ အနားမှာရှိနေတာပါပဲ။
ဒါပေမဲ့ .. အမေ နဲ့ အဝေးကြီးဝေးနေသလို ခံစားနေရပါတယ်။
မကြာခင်ရက်ပိုင်းမှာ အမေဟာ မြန်မာပြည်နဲ့ မိုင်ပေါင်းများစွာဝေးတဲ့ နေရာတစ်ခုကို သွားဖို့ ပြင်ဆင်နေပြီလေ ..။
ကိုယ့်ကို အမေ ထားခဲ့တော့မယ်လေ .. ။
ဘယ်တုန်းကမှ မခံစားဖူးတဲ့ အားငယ်မှုမျိုး ခံစားနေရပါတယ်အမေ .. ။
အရင်ကလည်း ခုလိုမျိုး နိုင်ငံရပ်ခြားခရီးကို အမေ သွားခဲ့သေးတာပဲ။
အဲဒီတုန်းက ဘာမှ ထွေထွေထူးထူး မခံစားရဘဲ .. ခုတော့ .. အမေမသွားခင်ကတည်းက အမေ့ကို သတိရနေမိတယ်။
အခု အချိန်မှာ .. အမေနဲ့တူတူ နေချင်ပါတယ် အမေ .. ။
အမေ ထွက်သွားမှာကို မလိုလားဘူး .. ။
ဒါပေမဲ့လည်း ဒီအချိန်မှာ အမေ့အတွက် အပြောင်းအလဲ တခုခုတော့ လိုအပ်နေတယ်ဆိုတာ နားလည်ပါတယ်။
ဒီအိမ် ဒီဝင်း ဒီအခန်းလေးထဲမှာ .. ဒီသမီးနဲ့ တူတူနေနေရတာကြာပြီလေ .. ။
အမေ ငြီးငွေ့ရောပေါ့ … ။
အဝေးရောက်နေတဲ့ အမေ့ သမီးလတ်ကိုလဲ အမေ လွမ်းရောပေါ့ .. ။
အမေ့အတွက် ကောင်းပါတယ် .. အမေ .. ဒါပေမဲ့ .. ကျန်ခဲ့ရမဲ့ သမီးကတော့ .. .. .. ။
ဘယ်တုန်းကမှ မိသားစုကို သံယောဇဉ်မရှိခဲ့တဲ့ အမေ့သမီးက ခုလိုပြောတော့ အမေ ရယ်ချင်မလား .. စိတ်ရှုပ်မလားဘဲနော် .. ။
အမေ့ကို ဒီအကြောင်းတွေ ပြောပြရင် .. သွားခါနီးမှာ စိတ်မဖြောင့်အောင် ငါ့ကို ဂျီမတိုက်ပါနဲ့ အေ .. လို့ အမေပြောမလား .. ။
ဗိုက်ထဲမှာထဲက ကန့်လန့်နေတယ်လို့ အမေပြောနေကျ အမေ့ရဲ့သမီးဟာ အသက်ကြီးတဲ့ထိလဲ လူတွေနဲ့ လိုက်လျောညီထွေ မနေတတ် .. သဟဇာတဖြစ်အောင် မဆက်ဆံတတ်တာကြောင့်.. အမေ စိတ်မချချင်လဲ မချချင်စရာပေါ့ .. ။ ခုချိန်ထိ ကိုယ့်ဘ၀ကိုယ်လည်းနားမလည် .. လောဘမကြီးဘဲ မာနတွေသာကြီးနေတဲ့ အမေ့သမီးကို အမေ စိတ်ပျက်မှာပါပဲ။
ဘာပဲဖြစ်ဖြစ်ပါ အမေ ..
အမေ့သမီးဟာ ဒီလိုပဲ ပေပေတေတေနဲ့နေရင်း ကြုံလာမဲ့ ဒုက္ခခါးခါးတွေကို မြိန်ယှက်စွာရင်ဆိုင်ရင်း ..
အမေ ပြန်လာမယ့် အချိန်ကို စောင့်မျှော်နေပါမယ် .. ။
လောလောဆယ်တော့ .. အနားမှာရှိတဲ့ အမေ့ကိုပဲ လွမ်းနေဦးမယ် … အမေ ။

Read More...