ကျမတို့ငယ်ငယ်ထဲက ကိုးကွယ်တဲ့ဘုန်းကြီးတပါးရှိပါတယ်။ အဲဒီဘုန်းကြီးကို အိမ်မှာ ဆွမ်းပင့်ကျွေးတိုင်း မှတ်သားစရာ စကားလေးတွေ ပြောလေ့ရှိတယ်။ တရားဟောသလို ရှည်ရှည်ဝေးဝေး ငြီးငွေ့ဖွယ်မဟုတ်ဘဲ ပုံပြင်ပြောသလိုပြောတတ်လို့ ကျမတို့ငယ်ငယ်ထဲက နားထောင်ပြီး စိတ်ထဲ စွဲနေအောင်မှတ်မိနေခဲ့တယ်။
အခုဘုန်းကြီးပြောတဲ့ ပုံပြင်ကတော့ ကျမကို ခဏခဏပြောလေ့ရှိတဲ့ ပုံပြင်ပါပဲ။ ကျမက စာရေးဝါသနာပါသူမို့ သူ့ပုံပြင်ကို ရေးစေချင်လို့ ခဏခဏ ပြောတာပါ။ သူဘယ်လောက်ပြောပြော ကျမကလဲ မရေးဖြစ်ပါဘူး။ ဒါပေမဲ့ ဒိုင်ယာရီထဲမှာတော့ တေးမှတ်ထားတယ်။ ကျမ ၈ တန်းနှစ်လောက်ထဲက ပြောခဲ့တာ ခုချိန်ထိပါပဲ။ ရေးပြီးပလား မေးတိုင်း ကျမက ရယ်ကျဲကျဲနဲ့ မရေးရသေးပါဘူးဘုရားလို့ ပဲ ပြန်လျှောက်ခဲ့ရတယ်။ အခုတော့ ကျမရေးပါပြီ။ ဒီပုံပြင်ကို သိတဲ့သူတွေလဲ သိမှာပါ …။ ဘာပဲဖြစ်ဖြစ် ... ဘုန်းကြီးကရေးဆိုလို့ ရေးလိုက်တယ်လို့သာ … မှတ်ယူကြပါတော့။
***
တခါတုန်းက မြို့ရွာနဲ့ မနီးမဝေး တောတွင်းတနေရာမှာ သစ်ခက်တဲလေးထိုးပြီး တရားအားထုတ်နေတဲ့ ရသေ့ကြီးတပါးရှိသတဲ့။ ဒီသစ်ခက်ကျောင်းသင်္ခမ်းလေးနားကို ခွေးပိန်မလေးတကောင်က လာပြီးတော့ ရသေ့ကြီးဆွမ်းစားပြီး ကျန်တဲ့ ဆွမ်းကျန်ဟင်းကျန်လေးတွေစားလေ့ရှိပါတယ်။ ဒီ ထမလေစား (ထမင်းလုံးအလေအလွင့်ကိုစားသော)ခွေးမလေးဟာ နေ့စဉ်နဲ့အမျှ ဆွမ်းကျန်လေးတွေ လာလာစားနေတာကြာလာတော့ ရသေ့ကြီးဟာ ခွေးမလေးကို သနားတဲ့အပြင် သံယောဇဉ်ဖြစ်လာပြီး … လူအဖြစ်ကို ဖန်ဆင်းပေးလိုက်သတဲ့။ (အဲဒီမှာ ရသေ့ကြီး စမှားတာပဲ)
ထမလေစား ခွေးမလေးဟာ အရှင်လတ်လတ် လူမိန်းကလေးဘ၀ကို ပြောင်းသွားတာပေါ့။ ရသေ့ကြီးဖန်ဆင်းထားတဲ့ မိန်းကလေးဆိုတော့လဲ ရုပ်ရည်ရူပကာက လှတပတ ရှိပါသတဲ့။
ဒီလိုနဲ့ ခွေးမလေး တဖြစ်လဲ မိန်းကလေးဟာ ရသေ့ကြီးရဲ့ ဝေယျာဝစ္စတွေ လုပ်ပေးရင်း တောထဲမှာ နေလာလိုက်တာ တနေ့တော့ … တောကစားထွက်လာတဲ့ ဘုရင်ကြီးတပါးက တွေ့သွားပါလေရော။
ဒီမိန်းကလေးကိုတွေ့သွားတဲ့ ဘုရင်ကြီးဟာ ထုံးစံအတိုင်း နှစ်သက်သဘောကျတော်မူတာပေါ့။ သူတို့နှစ်သက်ပြီဆိုမှဖြင့် ပိုင်ရှင်ရှိမရှိမေးမြန်းပြီး (မေးလို့တော်သေးတာပေါ့) ဖခင်ဖြစ်သူ ရသေ့ကြီးထံမှာ တောင်းရမ်းပါတော့တယ်။
ဘုရင်မင်းမြတ်ကိုယ်တိုင်က တော်ကောက်တာဆိုတော့ ရသေ့ကြီးကလဲ ရုတ်တရက် ဒီမိန်းကလေးဟာ ခွေးမလေးပါ လို့ ပြောမထွက်ဘူးပေါ့။ ဒါပေမဲ့ … အခုလို မင်းကြီးကို လျှောက်တင်မှာကြားပါတယ်။
“မြတ်သောမင်းကြီး … အကျွန်ုပ်၏ သမီးဖြစ်သူ ဒီမိန်းကလေးဟာဖြင့် တောတွင်းသူ အရိုင်းအစိုင်းကလေး ဖြစ်ပါတယ်၊ ဒါကြောင့် အရှင်မင်းကြီးတို့ နန်းတွင်းရောက်တဲ့အခါ တစုံတရာ အပြစ်ကျူးလွန်မိခဲ့ပါလျှင် သနားသောအားဖြင့် အပြစ်မှ ခွင့်လွှတ်တော်မူပါ”
ဘုရင်ကြီးကလဲ နောင်ခါလာနောင်ခါဈေး … အခုလောလောဆယ် ဒီမိန်းကလေးကို ရရင်ပြီးရောဆိုပြီး ခွင့်လွှတ်မှာဖြစ်ကြောင်း ပြောပြီး ခွေးမိန်းကလေးကို ခေါ်သွားပါလေရော။
ရသေ့ကြီးက ဘုရင်ကြီးကိုမှာကြားပြီးတဲ့နောက် ခွေးမိန်းကလေးကို …
“ချစ်သမီး …မြင့်မြတ်တဲ့နေရာရောက်ရင် … မြင့်မြတ်တဲ့စိတ်မွေးပါ …” ဆိုပြီး မှာကြားရပြန်ပါတယ်။
ခွေးမိန်းကလေးကလဲ ကောင်းပါပြီ အဘရသေ့ကြီး ဆိုပြီး ဘုရင်ကြီးခေါ်ရာနောက် ကောက်ကောက်ပါအောင် လိုက်သွားပါသတဲ့။
***
နန်းတော်ထဲရောက်သွားတဲ့ ခွေးမိန်းကလေးဟာ အရာရာအထူးအဆန်းတွေချည်းမို့ အံ့ဘနန်းဖြစ်နေတာပေါ့။ ဘုရင်ကြီးကလဲ သူ့ကို သင်ကြားစရာရှိတာသင်ကြားစေပြီးနောက် အခမ်းအနားနဲ့ မိဖုရားမြှောက်လိုက်သတဲ့။ ကုသိုလ်ကံများ အကျိုးပေးချင်တော့ နေရင်းထိုင်ရင်း ခွေးမိဖုရားကြီးဖြစ်သွားတာပေါ့။
ခွေးမိဖုရားကြီးဟာ နန်းတော်ထဲမှာ နေရထိုင်ရ အားလုံးအဆင်ပြေပေမဲ့ တစုံတခုကြောင့် စိတ်ထဲ နေမထိ ထိုင်မထိဖြစ်နေပါတယ်။
ဘာလဲဆိုတော့ သူဟာ ခွေးဘ၀ကလာသူဖြစ်တဲ့အတွက် နန်းတော်ထဲမှာ ချွတ်ထားတဲ့ ခြေနင်း ဖိနပ်တွေကို မြင်တဲ့အခါ ဒီဖိနပ်တွေရဲ့ သားရေနံ့က သူ့ကို ဆွဲဆောင်နေပြီး ဖိနပ်သားရေတွေကို ကိုက်ချင်စိတ်ကို မနည်းအောင့်အီးထားရလို့ပါပဲ။
ဒီလိုနဲ့ လူခြေတိတ်တဲ့ ညရောက်တော့ … သူ့စိတ်ကို မထိမ်းနိုင်တော့တာနဲ့ ခြေနင်းဖိနပ်တွေ ချွတ်ထားတဲ့ နေရာကို အမြန်သွားပြီး အာသာပြေအောင် ဖိနပ်တွေတရံပြီးတရံ ကိုက်ဝါးပါလေရော။
မနက်မိုးလင်းတော့ ဖိနပ်မြီးတိုတွေ မြင်တဲ့အခါ နန်းတော်ထဲမှာ ကြွက်စီကြွက်စီနဲ့ပေါ့။ ဘယ်ကခွေးလေခွေလွင့်က ၀င်ပြီး ငါတို့ဖိနပ်တွေ ကိုက်သွားသလဲ ဆိုပြီး နန်းတော်တခုလုံး အုံးအုံးကျက်ကျက်နဲ့ ဖြစ်နေတယ်။ နန်းတော်ထဲ ရှိသမျှ ခွေးလေခွေးလွင့်တွေ ဖယ်ရှားပစ်ပေမဲ့ နောက်တညမှာလဲ ဖိနပ်တွေ ကိုက်ခံရပြန်တာပဲ။ ဒီတော့ မဖြစ်ချေဘူး … မှူးကြီးမတ်ရာတွေက ဖိနပ်စားတဲ့ ခွေးကို ညဘက် စောင့်ဖမ်းဖို့ စီစဉ်ကြသတဲ့။
ဒါကိုသိတဲ့ ခွေးမိဖုရားကြီးဟာ ဖိနပ်မစားမိအောင် စိတ်ထိန်းတာပါပဲ။ ဒါပေမဲ့ ဗီဇဆိုတာ တော်ရုံနဲ့ ဖျောက်လို့ရတာမှ မဟုတ်ဘဲ။ ဆန္ဒ ဆိုတာလဲ ထိမ်းချုပ်ဖို့ ခက်သားလား။ ညရောက်တော့ သူ့စိတ်ကို သူ မလွန်ဆန်နိုင်ပြန်ဘူး။ သွားရေတမြားမြား ပါးစပ်တပြင်ပြင်နဲ့ ဖိနပ်တွေဆီ ရောက်သွားပြန်တာပဲ။
ခွေးအလာကိုသာ စောင့်နေတဲ့ မှူးမတ်တွေဟာ ခွေးမိဖုရားကြီးကိုတော့ ဘယ်သတိထားမိမှာတုန်း။ ဒီလိုနဲ့ နောက်တည ဖိနပ်တွေကိုက်ခံလိုက်ရပြန်ပါရော။ ဒီလို ခဏခဏဖြစ်လာတော့ ဘုရင်ကြီးနားကို ဒီသတင်း ပေါက်ကြားသွားသတဲ့။ (ဘုရင်ဆိုတာ တခုခုဆိုရင်နောက်ဆုံးမှသိရတာ)
ဘုရင်ကြီးက ဖိနပ်ကိုက်သောခွေးနှိမ်နင်းရေးကော်မတီ ဖွဲ့စည်းစေပြီး ဒီခွေးကို မိအောင်ဖမ်းနိုင်ရင်ဖမ်း … မဖမ်းနိုင်ရင် မင်းတို့ကို ပြစ်ဒဏ်ပေးမယ် လို့ အမိန့်ချမှတ်လိုက်တယ်။ (ခွေးတကောင်ကြောင့် ဒုက္ခရောက်ကြရတာလေ)
နန်းတော်ထဲမှာ ခွေးနှိမ်နင်းရေးကော်မတီက နေ့ဆိုင်းညဆိုင်းနဲ့ ချောင်းဖမ်းဖို့ ကင်းစောင့်ကြတယ်။
သန်းခေါင်ကျော်လောက်လဲကျရော …ခွေးမိဖုရားကြီးက ကုပ်ကုပ် ကုပ်ကုပ်နဲ့ ထွက်လာပြီး ဖိနပ်တွေ ကိုက်ဝါးနေတာကို ချောင်းနေတဲ့ မှူးမတ်တွေကတွေ့သွားတော့ … တယောက်မျက်နှာတယောက်ကြည့်ပြီး ခေါင်းယမ်းကြတယ်။
ဘယ်လိုလုပ်ရပါ့။ တကယ့်မီးခဲပဲ။ ဘုရင်ကြီးကို ဘယ်လိုလျှောက်တင်မလဲ။ ဖိနပ်တွေ ကိုက်နေတဲ့ခွေးကို မမိရင်လဲ ငါတို့မှာ ပြစ်ဒဏ် ခံရပေအုံးမည်။ ဖိနပ်စားတာ မိဖုရားကြီးပါလို့ ပြောရင်လဲ … ….
***
မနက်မိုးလင်းတော့ ညီလာခံမှာ ဘုရင်ကြီးက မေးပါတယ်။
ကဲ .. ဘယ်လိုလဲ … ဖိနပ်ကိုက်တဲ့ ခွေးကို မိပြီလား ပေါ့။ ခွေးမိဖုရားကလဲ နဘေးနားမှာ ခစားရင်း မှူးမတ်တွေ ဘယ်လိုများဖြေမလဲလို့ ရင်တထိတ်ထိတ်နဲ့ပေါ့။
မှူးမတ်တယောက်က ပြားပြားဝပ်ခစားနေရင်းက
“မှန်လှပါ … ဖိနပ်စားတဲ့ခွေးဟာ ကျွန်တော်မျိုးတို့ထက် ဘုန်းကံမြင့်မားတဲ့သူ ဖြစ်နေတာကြောင့် ကျွန်တော်မျိုးတို့တွေ့သော်လည်း ဖမ်းလို့ မမိပါဘုရား” လို့ လျှောက်တင်တော့ …
ဘုရင်ကြီးလဲ … ဒါဖြင့် ငါကိုယ်တော်မြတ်ကိုယ်တိုင် ဖမ်းမယ် လို့ မိန့်တော်မူလိုက်ပါသတဲ့။
အဲဒီညမှာတော့ ခွေးမိဖုရားကြီးဟာ ဘုရင်ကြီးနဲ့အတူ အိပ်ရာညောင်စောင်းထက်မှာ လဲလျောင်းနေရပေမဲ့ အိပ်မပျော်နိုင်ဘူးတဲ့။ ဒီညအဖို့ ဖိနပ်မစားဘဲနေရ ကောင်းမလားတော့တွေးမိပါရဲ့၊ သို့သော်လဲ ရသတဏှာရဲ့ အလိုကို မလွန်ဆန်နိုင်ပေဘူး။ ခဏနေတော့ ဘုရင်ကြီး အိပ်ပျော်သွားပြီ အထင်နဲ့ တိတ်တိတ်လေး အိပ်ရာကထပြီး ဖိနပ်တွေရှိရာဆီကို သွားတယ်။ တကယ်တော့ ဘုရင်ကြီးက အိပ်ချင်ယောင်ဆောင်နေတာပါ။ ခွေးမိဖုရားကြီး ထသွားတာနဲ့ သူက နောက်က အသာလေးလိုက်သွားပြီး ချောင်းကြည့်တဲ့အခါ … လားလား ..ခွေးမိဖုရားကြီးဟာ ဖိနပ်တွေကို အားရပါးရ ကိုက်ဝါးနေတာ မျက်ဝါးထင်ထင် မြင်လိုက်ရတယ်။ ဒီမြင်ကွင်းကြောင့် အံ့အားသင့်ပြီး “ဟင်” ခနဲ အာမေဋိတ် ထွက်သွားတော့ ဘုရင်ကြီးလိုက်ချောင်းတာကို ခွေးမိဖုရားကြီးလဲ သိသွားတော့တာပေါ့။
ဒါပေမဲ့ ဘုရင်ကြီးဟာ အသာလေး လှည့်ထွက်ပြီး အိပ်ရာထဲပြန်သွားခွေနေပြီး သက်မကြီးတွေ တချချနဲ့ တညလုံး မအိပ်နိုင်တော့ဘူး။
ဒီမိန်းကလေးရဲ့ အကျင့်ဟာ ဆိုးလှချည့်။ ဒါကြောင့် ရသေ့ကြီးက ငါ့ကိုမှာတာ နေမှာ။ ဘယ်လိုလုပ်ရမလဲ … ဆက်ထားပြန်ရင်လဲ ရှိရှိသမျှ ဖိနပ်တွေ မြီးတိုတွေချည်းဖြစ်ကုန်မဲ့ အပြင် … အကြောင်းသိနေတဲ့ မှူးမတ်တွေရဲ့ ကဲ့ရဲ့စရာဖြစ်အုံးမယ်၊ ပြစ်ဒဏ်ပေးပြန်ရင်လဲ …. ရသေ့ကြီးကို ကတိဖျက်ရာကျမယ် … ။ စသဖြင့် တောင်တွေး မြောက်တွေး စိတ်မအေးနိုင်ဖြစ်နေတော့တယ်။
ခွေးမိဖုရားကြီးကလဲ သဘောပေါက်ပါတယ်။ ဘုရင်ကြီးတော့ ငါဖိနပ်ကိုက်တာ သိသွားပြီ၊ ငါ့အကြောင်း ရသေ့ကြီးကို သွားမေးပြီး ငါဟာ ခွေးမှန်းသိရင် ငါ့ကို သတ်မှာဘဲ။ ဒီတော့ ငါက အရင် ရသေ့ကြီးဆီသွားပြီး ငါ့အကြောင်း မဖော်နိုင်အောင် သတ်ပစ်ရမယ် လို့ မိုက်မဲစွာတွေးပြီး မိုးမလင်းခင်ဘဲ နန်းတော်ထဲက ထွက်ပြီး ရသေ့ကြီးရဲ့ ကျောင်းသင်္ခမ်းဆီ သွားသတဲ့။
ရသေ့ကြီးက ဈာန်အဘိညာဉ်ရထားသူဆိုတော့ ဆင်ခြင်ကြည့်လိုက်တဲ့အခါ ခွေးမိဖုရားကြီး သူ့ကိုသတ်ဖို့ လာနေတာကို သွားမြင်တယ်။
ဒါနဲ့ပဲ …
“သြော် … ငါသနားပြီး ကယ်ထားတဲ့သူက ငါ့ကိုသတ်ဖို့ လာနေပြီ …. မိုက်မဲလေစွ … အင်း … သတ္တ၀ါတခု ကံတခုပေပဲ …” လို့ စိတ်ထဲ တွေးလိုက်မိတာနဲ့ ဗြုန်းဆို မိဖုရားအသွင်ကနေ မူလနဂိုအတိုင်း ခွေးဘ၀ကူးပြောင်းသွားပြီး လမ်းခရီးချောက်ကမ်းပါးထဲ လိမ့်ကျသေဆုံးသွားပါသတဲ့။
***
မြင့်မြတ်တဲ့ နေရာ ရောက်ရင် မြင့်မြတ်တဲ့ စိတ်ထားတတ်ရမယ် ဆိုတဲ့ ရသေ့ကြီးရဲ့ မိန့်ကြားချက်ကို နားမထောင် တဲ့အတွက် ခွေးမလေးဟာ ခုလို ဒုက္ခရောက်ရတယ်။
အတွေးအခေါ် အမြော်အမြင် ဆင်ခြင်ဥာဏ် နည်းပါးတဲ့သူမျိုးကို ဘယ်လိုကြီးမားတဲ့ ကရုဏာနဲ့ မြှင့်တင်ပေးလို့မှ မရဘူး … အဲလို မြှင့်တင်ပေးရင် ကိုယ်သာ ဒုက္ခတွေ့ရနိုင်တယ် … လို့ ဘုန်းကြီးကပြောရင်း သူ့ပုံပြင်ကို နိဂုံးချုပ်လိုက်ပါတယ်။
***
ပုံပြင်လေးကတော့ဒါပါပဲ … ။
***
Thursday, November 30, 2006
ဘုန်းကြီးပြောသော ပုံပြင် (၁)
Wednesday, November 29, 2006
အမေလူထု ဒေါ်အမာ၏ ၉၁ နှစ်ပြည့် မွေးနေ့ သို့ …
စာပေဇနီးမောင်နှံတွေထဲမှာ ကျမလေးစားအားကျတဲ့ စုံတွဲတွေတော်တော်များများ ရှိပါတယ်။ ဂျာနယ်ကျော် ဦးချစ်မောင်နဲ့ ဂျာနယ်ကျော်မမလေး၊ ဦးတက်တိုး နဲ့ ဒေါ်နုယဉ်၊ ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်၊ နောက် .. လူထုဦးလှနဲ့ လူထုဒေါ်အမာ တို့ပါပဲ။
ဒီစုံတွဲတွေထဲမှာ အမေလူထုဒေါ်အမာက အသက်အရှည်ဆုံးနဲ့ ယခုအချိန်ထိ စာပေတာဝန်အပြင် တိုင်းပြည်တာဝန်ကိုပါ ကလောင်ကိုင်ပြီး ထမ်းဆောင်နေတဲ့ စာပေမိခင်ကြီးတယောက်မို့ အမေ လို့ပဲ သုံးနှုန်းလိုက်ပါတယ်။
အမေလူထုဒေါ်အမာကို ကျမလို ဘာမှမဟုတ်တဲ့ မဖြစ်စလောက် သူတယောက်က မချီးကျူးဝံ့ပါ။
ဒါပေမဲ့ ကျမနဲ့ အမေနဲ့ ဆုံခဲ့ဖူးတဲ့ အဖြစ်ကလေးတခုကိုတော့ အမှတ်တရ ရေးပါရစေ … ။
***
လွန်ခဲ့တဲ့ ၇ နှစ်ကျော် ၈ နှစ် လောက်က….။
ဂျာနယ်ကိစ္စနဲ့ မန္တလေးကို သွားရပါတယ်။ မန္တလေးမရောက်ခင်ကတည်းက ကျမရဲ့ အပြင်းထန်ဆုံးဆန္ဒက အမေနဲ့ တွေ့ဆုံပြီး ဂါရ၀ပြုခွင့်ရဖို့ပါ။ ကျမ ဘယ်လိုနည်းနဲ့တွေ့ရမလဲ ဆိုတာပဲ တလမ်းလုံးတွေးနေခဲ့ပါတယ်။
ကံကောင်းချင်တော့ ထွန်းဦးစာပေရဲ့ မိတ်ဆက်ပေးမှုကြောင့် ကာတွန်း(ဦး)ကံချွန်ရဲ့ ညီ ကာတွန်း(ဦး)ဗိုမောင်နဲ့ သိကျွမ်းခဲ့ပြီး ဦးဗိုမောင်ဟာ ကျမကို အစစအရာရာ ကူညီပေးတဲ့အပြင် ကျမတွေ့ချင်တဲ့သူတွေနဲ့ တွေ့ရဖို့အတွက် ဖန်တီးပေးပါတယ်။
အမေလူထုဒေါ်အမာနဲ့ တွေ့ရမဲ့နေ့မှာ ကျမ တော်တော်စိတ်လှုပ်ရှားမိပါတယ်။ အမေ့လို နိုင်ငံကျော်ပုဂ္ဂိုလ်ကြီးဟာ ကျမကို တွေ့မှ တွေ့ချင်ပါ့မလား၊ အချိန်ပေးပြီးစကားပြောနိုင်ပါ့မလား၊ ကျမ စိုးရိမ်နေမိတယ်။
လူထုတိုက်ရောက်တော့ ဦးဗိုမောင်က အလုပ်လုပ်နေတဲ့ သူတွေကြားကဖြတ်ပြီး အတွင်းခန်းထဲက အမေ့ဆီ ခေါ်သွားတယ်။ အမေက ကြိမ်ထိုးထားတဲ့ သစ်သားကုလားထိုင်လေးမှာ ထိုင်နေပါတယ်။ ဦးဗိုမောင်က အမေနဲ့ ကျမတို့ကို မိတ်ဆက်ပေးပြီး စကားပြောကြတော့ … အမေက ကျမတို့ကို အေးချမ်းတဲ့အပြုံးလေးနဲ့ စကားချိုချိုလေးတွေ အချိန်ပေးပြီး ပြောရှာပါတယ်။ ကျမ ကြိုတင်စိုးရိမ်နေသလို မဟုတ်ခဲ့ပါဘူး။
ဂျာနယ်ကို မိန်းကလေးတွေ ဦးစီးပြီးလုပ်နေကြတာ သဘောကျကြောင်း၊ ကြိုးစားကြဖို့ အားပေးစကားတွေ ပြောပြီး ကျမတို့လဲ အမေ့ကျန်းမာရေးကို မေးပါတယ်။ အဲဒီအချိန်တုန်းကတော့ အမေဟာ ကျုံးဘက်ကို မနက်တိုင်းလမ်းလျှောက်တယ်လို့ ပြောပါတယ်။
ဒီလိုနဲ့ ကျမတို့လည်း အမေ့ကို ကန်တော့ပြီး ပြန်လာခဲ့ကြတယ်။ အမေနဲ့တွေ့ပြီး ကန်တော့ခဲ့ရတဲ့အတွက် ကျမရဲ့ မန္တလေးခရီးဟာ အကျိုးရှိတဲ့ခရီးတခုဖြစ်ပြီး မန္တလေးမှာ ဒုက္ခခံရကျိုး နပ်ပါပေတယ်လို့ မှတ်တမ်းတင်ခဲ့ ပါသေးတယ်။
***
ခုချိန်ထိ အမေ့မျက်နှာမှာ အဲဒီတုန်းကလိုပဲ အေးချမ်းတဲ့ အပြုံးချိုချိုတွေရှိနေဆဲ … အမေ့နှုတ်ဖျားကလည်း စကားချိုချိုတွေ မြွက်ကြားနိုင်နေဆဲမို့ ကျမ အလွန်ဝမ်းမြောက်မိတယ်။
အမေ့ရဲ့ မွေးနေ့ပွဲဟာ စာပေနယ်မှာ အလွန်ထင်ရှားတဲ့ မွေးနေ့ပွဲတခုပါ။
‘အမေက ဒါတွေ မလုပ်ချင်ဘူး။ အများက လုပ်သွားတော့လဲ မတတ်နိုင်ဘူးလေ ..’ လို့ အမေ ပြောခဲ့ဖူးတယ်။
အမေ မလုပ်ချင်လဲ အများရဲ့ဆန္ဒအရ တနှစ်ပြီးတနှစ် မွေးနေ့ပွဲတွေ ကျင်းပဖြစ်နေခဲ့တာပါပဲ။ အမေ့မွေးနေ့ကို အကြောင်းပြုပြီး အထက်မြန်မာပြည်၊ အောက်မြန်မာပြည် အနယ်နယ်အရပ်ရပ်က စာပေသမားတွေ ဆုံဆည်းကြရတယ်။ အရင်က အထက်မြန်မာပြည် အုပ်စု၊ အောက်မြန်မာပြည်အုပ်စု ရယ်လို့ ဂိုဏ်းဂဏစွဲလေးတွေ ရှိခဲ့ကြပေမဲ့ အမေ့မွေးနေ့မှာ တော့ အားလုံးဟာ တသားထဲပါ။ စာပေသမားတွေရဲ့ စည်းလုံးညီညွတ်မှုကို အမေ့မွေးနေ့မှာ တွေ့ရတယ်။
(ကျမတို့ဂျာနယ်မှာ ဆရာစွမ်းက အမေ့မွေးနေ့ပွဲတက်ရောက်ခဲ့တဲ့အကြောင်း ရေးခဲ့ဖူးပါတယ်)
အမေ့မွေးနေ့ပွဲဟာ ဖိတ်စာမလို လက်ဆောင်ပစ္စည်းမလို အစားအသောက်ကလည်း အဓိကမဟုတ်တဲ့အပြင် အမေ့ကို လေးစားချစ်ခင်သူ မည်သူမဆို တက်ရောက်ခွင့်ရှိတဲ့ မွေးနေ့ပွဲပါ။
အမေ ကျန်းကျန်းမာမာရှိပြီး အားလုံးညီညွတ်စွာ ဆုံဆည်းပျော်ရွှင်ကြရင်း စာပေတာဝန်ကို ကျေပွန်စွာ လက်ဆင့်ကမ်း ဆက်လက် ထမ်းဆောင်ကြဖို့ ဆိုတာဟာ အမေ့မွေးနေ့ရဲ့ အနှစ်သာရတခုပါပဲ။
ဒါပေမဲ့ …
နှစ်တိုင်းကျင်းပနေကျ အမေ့မွေးနေ့ကို ဒီနှစ်ရော ကျင်းပဖြစ်ပါ့မလား လို့ … ကျမစိုးရိမ်နေမိတယ်။
မွေးနေ့ပွဲတခု ကျင်းပတာဟာ … ဘာဥပဒေနဲ့များငြိစွန်းသလဲ … ကျမ ဥပဒေပညာရှင်မဟုတ်တဲ့အတွက် မသိပါဘူး။
ကျမ သိတာတခုကတော့ အမေ့မွေးနေ့ပွဲဟာ အမေ့လို စာပေလောကရဲ့ သက်ကြီးဝါကြီး သြဇာကြီးမားတဲ့ စာပေပညာရှင်တယောက်ကို ကျန်စာပေပညာရှင်တွေ ၀ါသနာရှင်တွေက လာရောက်ဂါရ၀ပြုတဲ့ ပွဲလေးတခုသက်သက်ပါပဲ။
***
အမေ့မွေးနေ့ပွဲ ကျင်းပဖြစ်သည်ဖြစ်စေ .. မကျင်းပဖြစ်သည်ဖြစ်စေ … အမေ့ကို ချစ်ခင်လေးစားတဲ့ သူတွေ အားလုံးရင်ထဲမှာ အမေရှိနေပါတယ်။
ကျမ အမေ့မွေးနေ့ပွဲကို ကိုယ်တိုင် သွားချင်တဲ့ဆန္ဒရှိပေမဲ့ တခါမှ မရောက်ခဲ့ရပါဘူး။
ဒါပေမဲ့ အမေ့မွေးနေ့ကျရောက်တဲ့ ဒီလိုနေ့မှာ အမေ့ဆီ စိတ်ညွှတ်ပြီး …
အမေလူထုဒေါ်အမာ ကျန်းမာသက်ရှည် စိတ်ချမ်းမြေ့စွာဖြင့် မွေးနေ့ပွဲပေါင်းများစွာ ကျင်းပနိုင်ပါစေလို့ ဆုတောင်းရင်း …
အမေ့ကို ဒီနေရာမှ လေးစားစွာ ဦးညွှတ် ဂါရ၀ပြု ကန်တော့လိုက်ပါတယ်။
***
Monday, November 27, 2006
၄၂ နှစ် တာ ခရီး မှသည် …
လွန်ခဲ့တဲ့ ၄၂ နှစ်က ….
ဂျုံးဂျုံးဂျက်ဂျက် ခုတ်မောင်းနေတဲ့ မီးရထားကြီးပေါ်မှာ အသက် ၁၉ နှစ်အရွယ် လုလင်ပျိုနဲ့ လုံမငယ်တို့ဟာ ရင်ခုန်လှုပ်ရှားစွာနဲ့ စီးနင်းလိုက်ပါသွားကြတယ်။
လုံမငယ်ရဲ့ ရင်ထဲမှာတော့ စိုးရိမ်ထိတ်လန့်မှုနဲ့ ရင်ခုန်လို့နေပြီး လုလင်ပျိုကတော့ ကြည်နူးပီတိတွေနဲ့ ရင်ခုန်လို့ နေလေရဲ့။
ဒါဟာ သူတို့နှစ်ဦးရဲ့ ဘ၀တဆစ်ချိုး ခရီးစဉ်လေး …။
နှစ်ယောက် နှစ်ဘ၀ကို တဘ၀ထဲအဖြစ် တထပ်တည်းကျအောင် အတူလက်တွဲဖို့ ထွက်လာတဲ့ ခရီးစဉ်လေး။
***
ဒီလိုနဲ့ တနှစ်ပြီးတနှစ်ကုန်ဆုံးသွား ….
တွဲထားတဲ့လက်တွေ ခိုင်မြဲ …
မယိုင်လဲတဲ့ စိတ်ဓာတ်တွေနဲ့
တယောက်နဲ့ တယောက် ဖေးကူပြီး
သမီးသားတွေ ကြီးပွားလာသည်ထိ
သစ္စာမပျက် မေတ္တာဖက်ရင်း
ခရီးပြင်းနှင်လာခဲ့တာ …
အနှစ် ၄၀ကျော် ကြာခဲ့ပေါ့ …
***
(၂၉.၁၁.၀၆) ဆိုရင် အဖေနဲ့ အမေရဲ့ မင်္ဂလာသက်တမ်းဟာ ၄၂ နှစ်တင်းတင်း ပြည့်ပါပြီ။
ကျမတို့ သိတတ်စအရွယ် ငယ်ငယ်ထဲက အဖေနဲ့အမေဟာ နှစ်ပတ်လည်နေ့လေးတွေမှာ ကုသိုလ်ကောင်းမှု တခုမဟုတ်တခု ပြုခဲ့ကြပါတယ်။ ဒါကြောင့် နိုဝင်ဘာ လဆန်းတာနဲ့ အဖေနဲ့ အမေရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ ရောက်တော့မယ်ဆိုပြီး ကျမတို့အမြဲမှတ်မိနေတတ်တယ်။
တကယ်တမ်းတော့ …
အဖေဟာ အမေ့ကို နိုဝင်ဘာ (၇) ရက်နေ့မှာ သူ့ဘ၀ထဲ အပြီးအပိုင် ခေါ်သွားခဲ့တာပါ။
လွန်ခဲ့တဲ့ ၄၂ နှစ်က နိုဝင်ဘာ ၇-ရက် ညနေခင်းမှာ အပေါ်မှာရေးခဲ့သလို … အမေဟာ ရထားကြီးပေါ်မှာ စိုးရွံ့ထိတ်လန့်မှုတွေနဲ့ ရင်ခုန်နေခဲ့ပြီး အဖေကတော့ ကြိတ်ပျော်ချင်ပျော်နေမှာပေါ့ … ။ ၉-ရက်နေ့မှာတော့ နယ်မြို့လေးတမြို့က တရားရုံးမှာပဲ လက်မှတ်ထိုးခဲ့ကြတယ်။ နောက် အမေ့ကို မိဘတွေထံ ပြန်အပ်ပြီး ၂၉- ရက်နေ့မှာ မင်္ဂလာဧည့်ခံပွဲကို ဒီခြံဝင်းထဲမှာပဲ ကျင်းပခဲ့ကြတယ်တဲ့။
အဖေနဲ့ အမေ့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လုပ်တဲ့အခါ များသောအားဖြင့် အဖေနဲ့ အမေရဲ့ ဘ၀တဆစ်ချိုးဖြစ်တဲ့ နိုဝင်ဘာ ၇ - ရက် နေ့မှာ လုပ်တာများပါတယ်။
မင်္ဂလာဆောင်တဲ့နေ့ကတော့ အများအသိအမှတ်ပြုတဲ့နေ့မို့ ၇-ရက်နေ့မအားရင် ၂၉ ရက်နေ့မှာ လုပ်ကြပါတယ်။
မင်္ဂလာနှစ်ပတ်လည်နေ့လုပ်တယ် ဆိုပေမဲ့ ဘုရားသွားပြီး ကုသိုလ်ကောင်းမှု ပြုတာမျိုး၊ ဘုန်းကြီးတွေ ဆွမ်းလောင်းတာမျိုး၊ ဘုန်းကြီးကျောင်းကို တခုခုလှူတာမျိုး နဲ့ တခါတလေ အဖေနဲ့အမေရဲ့ အရမ်းရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ကျွေးမွေးတာမျိုး သားသမီးတွေနဲ့ တခုခုသွားစားကြတာမျိုး … ခပ်ရိုးရိုးပဲ လုပ်ကြတာပါ။
အမေဟာ သူတို့ရဲ့ မင်္ဂလာဆောင်ဖိတ်စာလေးကို ခုထိ သိမ်းထားခဲ့ပါတယ်။ ဖိတ်စာလေးက ရိုးရိုးလေးပေမဲ့ ခုချိန်ထိ ဆန်းသစ်လှပနေဆဲပါ။
***
ဒီနှစ်တော့ အမေက အဝေးမှာမို့ အဖေ တယောက်ထဲပေါ့။ ဒါနဲ့ပဲ တနေ့တော့ ကျမက အမေနဲ့ အွန်လိုင်းမှာဆုံတုန်း အောင်သွယ် လုပ်ပေးလိုက်ရပါသေးတယ်။
‘အမေ … အမေတို့ anniversary ကို မှတ်မိလားလို့ အဖေက မေးနေတယ်’ တကယ်က မမေးပါဘူး။ ကျမက လံကြုတ်လုပ်ရတာပါ။
ကျမမေးတော့ အမေက ..ပြီးသွားပြီလေ … လို့ပြောတယ်။ ၇ - ရက်နေ့ လွန်သွားပြီဆိုတဲ့ သဘောပေါ့။
ဒါနဲ့ ကျမက … ဘယ်နေ့ကလဲ အမေ .. လို့ထပ်မေးတော့ .. ဘယ်နေ့က အဖေ့နောက်လိုက်တယ်၊ ဘယ်နေ့မှာ လက်မှတ်ထိုးတယ် … ဘယ်နေ့မှာ ဧည့်ခံပွဲလုပ်တယ်ဆိုတာကို အတိအကျတွေ ပြောပါတော့တယ်။
‘အမေ … ၂၉ ရက်နေ့က မလွန်သေးဘူးလေ .. အဲဒီနေ့ကျရင် အဖေ့ဆီ ဖုန်းဆက်လိုက်လေ’
‘၂၉ ရက်နေ့ဆို ဆက်ဖို့ အဆင်မပြေဘူး … နက်ဖန်ဆက်လိုက်မယ် …မြန်မာပြည်ကအချိန် နေ့လည် ၁၂ နာရီခွဲ မှာ စောင့်ခိုင်းထား’ လို့ အမေက ပြောတယ်။
ဒီလိုနဲ့ အမေနဲ့ အဖေ ဖုန်းပြောရအောင် ကျမက ဖန်တီးပေးခဲ့တယ်။
***
ကျမ စဉ်းစားကြည့်မိပါတယ်။
လူတယောက်နဲ့ တယောက် နှစ်ပေါင်း ၄၀ကျော် မညည်းမညူ လက်တွဲဖို့ဆိုတာ တော်တော်လေးကို ခက်မှာပဲ .. လို့။ စိတ်သဘောထားဆိုတာ တယောက်နဲ့တယောက် ထပ်တူကျဖို့က အင်မတန် ခဲယဉ်းတယ်မဟုတ်လား။ အဖေနဲ့ အမေကတော့ စိတ်ချင်း သိပ်မတူကြပေမဲ့ သဘောထားချင်းတော့ တူကြပါတယ်။
စိတ်ချင်းမတူတာက …
အမေက စိတ်မြန်ပြီး အဖေက စိတ်ရှည်တယ်။
အမေက ထစ်ခနဲဆို စိတ်တိုတတ်တယ် .. အဖေကတော့ တော်ရုံတန်ရုံဒေါသမထွက်တတ်ပါဘူး။
အဖေက အကြောင်းအရာ တခုခုပြောတော့မယ်ဆိုရင် မျက်စိထဲမြင်အောင် ဖြည်းဖြည်းချင်း ဆွဲပြီး ပြောလေ့ရှိတယ်၊ အဲဒါဆိုရင် အမေက စိတ်မရှည်တော့ဘူး၊ အဆုံးကို သိချင်ပြီ .. အဖေက ဇာတ်ရှိန်တက်အောင် ပြောနေတာကို အမေဟာ ရင်တမမ နဲ့ နားထောင်မနေချင်တော့ဘူး။ အဲလိုမျိုး ခဏခဏကြုံရပါတယ်။
အမေ ပြောတဲ့အလှည့်ဆိုလဲ နောက်ဆုံးက စပြောပြီးမှ အလယ်က ပြန်ပြောတယ်။ အမေက အဲဒီလို။
သဘောထား တူတာကတော့ … စာပေမွေ့လျော်တာ၊ ဘာသာတရား ကိုင်းရှိုင်းတာ၊ သူတပါးကို ကိုယ်ချင်းစာ သနားတတ်တာ … အဲဒီသဘောထားတွေမှာတော့ တူကြပါတယ်။ အဖေနဲ့ အမေကြားမှာ တယောက်ကို တယောက် ခွင့်တောင်းစရာမလိုဘဲ လုပ်လို့ရတဲ့ ကိစ္စ တခု ရှိပါတယ်။ အဲဒါကတော့ အလှူဒါန ပြုတဲ့ ကိစ္စပါ။
အလှူအတန်းနဲ့ ပတ်သက်ပြီး အဖေလှူတာလဲ အမေ မတားသလို အမေလှူရင်လဲ အဖေက မတားပါဘူး။ ဘယ်လို အလှူခံပုဂ္ဂိုလ်ကို မဆို ကိုယ့်စိတ်ထဲက စေတနာ သုံးတန် ပြဋ္ဌာန်းပြီးလှူချင်ရင် လှူဒါန်းခွင့်ရှိပါတယ်။
သူတို့ နှစ်ယောက် အော်ကြီးဟစ်ကျယ် စကားများတာ ကျမ တသက်လုံး တခါမှ မမြင်မတွေ့ခဲ့ဖူးပါဘူး။
တခါတလေ စိတ်အခန့်မသင့်တာမျိုးတော့ ရှိမှာပေါ့၊ အမေစိတ်ဆိုးရင် အဖေ့ကို မျက်စောင်းထိုးတတ်ပါတယ်။ ပြီးရင် အဖေ့ကို ဗိုက်ခေါက်လိမ်ဆွဲတတ်တယ်၊ (ငယ်ငယ်က မြင်ဖူးတာပါ၊ ကြီးတော့ ဆွဲတာမတွေ့တော့ဘူး)
အဲဒါဆိုလဲ အဖေက တအားအားအော်ရင်း ရယ်နေတာပါပဲ။ အဖေနဲ့ အမေဟာ ခုချိန်ထိ တယောက်ကို တယောက် စကားသံမာမာနဲ့တောင် မပြောကြဘူး။
အမေဟာ အဖေ့ရဲ့ ပါရမီဖြည့်ဘက်ကောင်း တယောက်ပါပဲ။ ပါရမီဖြည့်ဘက် ဆိုတာဟာ တော်ရုံနားလည်မှု၊ တော်ရုံသည်းခံနိုင်မှုနဲ့ မဖြစ်နိုင်ပါဘူး …။ အမေ့ဘ၀တလျှောက်လုံး အဖေ လုပ်ချင်တာတွေ ဖြစ်အောင် လုပ်နိုင်ဖို့ တတ်စွမ်းသရွေ့ ဖြည့်ဆည်းပေးခဲ့ပါတယ်။ ယောကျာ်းတယောက် အောင်မြင်နိုင်ဖို့အတွက် သူ့ရဲ့ဇနီးသည်ဟာ ပါရမီဖြည့်ဘက်ကောင်း တယောက်ဖြစ်ဖို့ တကယ်အရေးကြီးပါတယ်။ ဇနီးသည် ညံ့ဖျင်းတယ်ဆိုရင် ဒီယောကျာ်းဟာ ပင်ကိုယ်က ဘယ်လောက် တော်တော် အောင်မြင်သင့်သလောက် အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ ကျမထင်တယ်။
ဗေဒင်ဆရာတွေက အဖေနဲ့ အမေ့ကို ဗုဒ္ဓဟူးနဲ့ တနင်္ဂနွေမို့ ဓမ္မာ-သောက-အင်းဝ-ရာဇာ အရ .. မတည့်ဘူး ကွဲတတ်တယ် လို့ ဟောလေ့ရှိကြတယ်။ ကျမကတော့ သူတို့အဲဒီလိုပြောတိုင်း ရယ်ချင်တာပဲ။ မကွဲလို့ဘဲ အနှစ် ၄၀ကျော်နေပါပကော … ။
***
နက်ဖန်ကျရောက်မဲ့ … အဖေနဲ့ အမေရဲ့ ၄၂ နှစ်တာ ခရီးမှသည် … သက်ဆုံးတိုင် လက်တွဲမဖြုတ်စတမ်း ငြိမ်းချမ်းစွာ ဒီသမီး ဒီသားများနဲ့ ပျော်ရွှင်စွာ လျှောက်လှမ်း နိုင်ပါစေလို့ … ဆုတောင်းလိုက်ပါတယ် … အဖေနဲ့ အမေ … ။
***
ကျမနဲ့ ဆံပင်
အမျိုးသမီးတွေရဲ့ ကောင်းခြင်းငါးဖြာထဲမှာ ‘ဆံပင်ရဲ့ကောင်းခြင်း’ ကလည်း တခုအပါအ၀င်ဖြစ်ပါတယ်။ ရှေးခေတ်ကတော့ ‘မိန်းမတို့ဘုန်း ဆံထုံး’ ဆိုတဲ့စကားအရ မိန်းကလေးတွေဟာ ဆံပင်ကို တမြတ်တနိုးနဲ့ အရှည်ထားကြပြီး ဆံထုံးပုံစံ အမျိုးမျိုးထုံးဖွဲ့တန်ဆာဆင်ကြတယ်။
ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ မိန်းကလေးတွေဟာ အရင်ကလို ဆံထုံးပုံစံအမျိုးမျိုးတွေနဲ့ တန်ဆာမဆင်ကြတော့ပေမဲ့ ဒီဆံပင်တွေကိုပဲ ကောက်လိုက် ဖြောင့်လိုက် နီလိုက် ညိုလိုက်နဲ့ လှမယ်ထင်ရာ အမျိုးမျိုး ပြုပြင်နေကြဆဲ - ဆံပင်အတွက် ငွေနဲ့ အချိန်တွေ အကုန်ခံနေကြဆဲပါပဲ။
ဒါဖြင့် ကျမကရော …
***
ကျမ အနေနဲ့ ပြောရရင်တော့ ဆံပင်အရှည်တခါမှ မထားခဲ့ဖူးပါဘူး။ ကျောင်းတက်တုန်းက မနည်းအောင့်အီးပြီး ထားခဲ့လို့ ပခုံးကျော်ကျော်လောက်ထိ ရှည်ဖူးပါတယ်။ နောက်တော့ ဒီဆံပင်ကိုလျှော်ရတာ၊ ခြောက်အောင် သုတ်ရတာ၊ ဖြီးရသင်ရတာ အလုပ်ရှုပ်လွန်းအားကြီးလို့ တိုတိုပဲပြန်ညှပ်ခဲ့ပါတယ်။
ကျမက စိတ်မရှည်တာလဲ ပါတယ် .. ဆံပင်အတွက်နဲ့ အချိန်ကုန်မခံချင်တာလဲ ပါပါတယ်။
ကျမ ခေါင်းလျှော်ပြီးတိုင်း ရေခြောက်အောင် မသုတ်လို့ အဖေက မျက်နှာသုတ်ပုဝါလေးနဲ့ ခြောက်တဲ့ထိ သုတ်သုတ်ပေးတတ်တယ်။ ဒရိုင်ယာရဲ့ အပူငွေ့ကိုလဲ မခံနိုင်လို့ ဒရိုင်ယာ သိပ်မသုံးပါဘူး။ တခါတလေ ဆိုင်မှာ ခေါင်းလျှော်ရင်လဲ ဒရိုင်ယာမသုံးဖို့ ပြောရပါတယ်။
ကျမဟာဆံပင်တိုပဲထားပြီး ဆံပင်ကိုလဲ တန်ဆာဆင်လေ့မရှိပါဘူး။ ဒီအသက်အရွယ်ထိ ဆံပင်တိုနဲ့ပဲ နေခဲ့တဲ့အတွက် ကျမဟာ ဘုန်းမရှိတဲ့ မိန်းမ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဆံထုံးမှ မထုံးဘဲကိုး။ ဘွဲ့ယူတုန်းကလဲ ဆံပင်တိုနဲ့ပါပဲ။ သူများတွေ မိတ်ကပ်ထူထူ မျက်နှာပူပူနဲ့ ဆံထုံးလေးလေးကြီးတွေတပ်ပြီး ဇက်ခိုင်နေချိန်မှာ ကျမက သာမန်ပြင်ဆင်မှုနဲ့ ဆံပင်တိုတိုနဲ့ လွတ်လွတ်လပ်လပ်ပါပဲ။ ကျမ သူငယ်ချင်းတွေဆို အဲဒီမိတ်ကပ်ထူထူ ဆံပင်လေးလေးကြီးနဲ့ တနေကုန် ဒုက္ခခံဖို့အရေး အခြောက်ဆီမှာ စောစောစီးစီး သွားတန်းစီရသေးတယ်တဲ့။ စိတ်ရှုပ်မခံနိုင်တဲ့ ကျမဟာ အလုပ်ရှုပ်မဲ့ ကိစ္စတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါတယ်။
ဆံပင်နဲ့ပတ်သက်ပြီး အလွတ်လပ်ဆုံး အချိန်ကတော့ ကျမ သီလရှင်ဝတ်တုန်းကပေါ့။
သီလရှင်ဘ၀ … ရိပ်သာမှာ အိပ်ရာဝင်ချိန် ကတုံးနဲ့ ခြင်ထောင်နဲ့ ငြိတဲ့အခါကလွဲလို့ အင်မတန်ပေါ့ပါးလွတ်လပ်လို့ တော်တော် သဘောကျမိပါတယ်။ တသက်လုံး ကတုံးနဲ့နေရင် မသင့်တော်လို့သာ ဆံပင်အရှည်ပြန်ထားခဲ့ရတာ။
ဒါကြောင့်လဲ ဘုရားက ရဟန်းတွေကို ဆံပင်ရိတ်ပယ်ဖို့ ပညတ်ခဲ့တာ ဖြစ်မယ်။ ဆံပင်မရှိခြင်းဟာ ဒုက္ခတခု ငြိမ်းတယ်လို့ ကျမကတော့ ထင်မှတ်မိပါရဲ့။
***
ယောကျာ်းလေးတွေလဲ မိန်းကလေးတွေလောက် မဟုတ်ပေမဲ့ ဆံပင်ကို သ’ ကြတာပါပဲ။
ထောင်လိုက် လှဲလိုက် ကရင်မ်လိမ်းလိုက် ဂျဲလ်လိမ်းလိုက် အရောင်ဆိုးလိုက် သူတို့လဲ သူတို့ဟာနဲ့သူတို့ ရှုပ်နေတာပါ။
သူတို့ဆံပင်နဲ့ သူတို့ရှုပ်လို့ အားမရသေးဘူး … သူတို့ရဲ့ မိန်းကလေးတွေကိုလဲ ဆံပင်ရှည်မှ ပိုနှစ်သက်လေ့ ရှိကြပါတယ်။ (များသောအားဖြင့်ပြောတာပါ၊ အားလုံးဟုတ်ချင်မှဟုတ်မယ်)
ကျမ သူငယ်ချင်းတယောက်ဆိုရင် သူသဘောကျတဲ့ ကောင်မလေး ဆံပင်ဖြီးရင်း ကျွတ်ကျသွားတဲ့ ဆံပင်တမျှင် နှစ်မျှင်ကို ကောက်ယူပြီး စာအိတ်ထဲထည့် နေ့စွဲထိုးပြီးတောင် သိမ်းထားပါသေးတယ်။
လူတွေဟာ ချစ်မိပြီဆိုရင် အဲဒီလောက်ထိ ရူးသွပ်ကြတာနော်။
ဒါပေမဲ့ ကျမ စဉ်းစားကြည့်မိတယ် … ။
ဆံပင်ကို မြတ်နိုးတဲ့သူတွေ .. တယုတယ လုပ်နေတဲ့သူတွေ …
ဆံပင်ဆိုတာ ဦးခေါင်းထက်မှာသာ နှစ်သက်မြတ်နိုးစဖွယ်ဖြစ်နေပေမဲ့ .. ဟင်းပန်းကန်ထဲ ရောက်နေတဲ့ ဆံချည်တမျှင်ကို ဘယ်သူက နှစ်သက်မြတ်နိုးပြီး တယုတယ လုပ်နေကြဦးမှာလဲ … ။
နှာခေါင်းရှုံ့ပြီး ဒီဟင်းတခွက်လုံးတောင် စားချင်မှ စားတော့မယ် .. ။ ကိုယ်သိပ်ချစ်တဲ့သူရဲ့ ဆံပင်တမျှင်ပဲဖြစ်စေ ဟင်းခွက်ထဲ ရောက်သွားတော့ ရွံစရာဖြစ်သွားပါရောလား။
***
ကျမက အဲဒီလို မကြာခဏ ကြုံခဲ့ရဖူးလို့ပါ။
ကျမရဲ့ အတိတ်ဘ၀က အကုသလ၀ိပါက်ပဲ ထင်ပါရဲ့။ အစားအသောက်တခုခု အားလုံးနဲ့တူတူ စားနေရင်တောင် ကျမ စားတဲ့ ပန်းကန်ထဲ ဆံပင်ချည် ပါလာတတ်လို့ အစားပျက်ရတာ ခဏခဏ။
ဒီလို ဆံပင်ပါလာတဲ့ အစားအသောက် ဘယ်လောက်ပဲ စားလို့ကောင်းနေပါစေ … ကျမ ဆက်စားလို့ မရတော့ပါဘူး။
ဒါကြောင့် ကျမအနေနဲ့ကတော့ ဆံပင်ဆိုတာ ဦးခေါင်းထက်မှာ ဖုံးလွှမ်းကာရံထားတဲ့ အကာအကွယ်တခု ဆိုတာကလွဲပြီး ဆံပင်ကို သိပ်ခံစားလို့မရပါဘူး။ နေ့စဉ် ၀တ္တရားအရ သူ့ကို ဖြီးသင်ပေးရတယ်၊ လျှော်ဖွပ်ပေးရတယ်၊ မပျက်စီးအောင် ထိန်းသိမ်းပေးရတယ်။ ဒါကလွဲလို့ စွဲလမ်းစရာ မရှိဘူးလို့ ထင်မိပါတယ်။
ဒါကတော့ ကျမအထင်ကိုး … ။
များသောအားဖြင့်ကတော့ အဲဒီဆံပင်တွေကိုပဲ မရိုးနိုင်အောင် တီထွင်ကြံဆ လှပအောင် တန်ဆာဆင်ကြတာမို့ ဆံပင်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ဘီးတွေ ကလစ်တွေကအစ ကောက်-ဖြောင့်တဲ့ ကိရိယာတွေ ဆေးတွေ အဆုံး စီးပွါးရေးသမားတွေကလဲ ပါးနပ်စွာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ နေကြဆဲ။
ခေတ်ကာလ အမျိုးသမီး အမျိုးသားတွေကလဲ ပျော်ရွှင်စွာ သုံးစွဲ ဖန်တီးနေကြဆဲပါပဲ … ။
***
Sunday, November 26, 2006
ကဗျာ - အသံ - ကာရံ - သတ်ပုံ
ကဗျာ အသံ***
လေပြေငယ်သုတ်ပါလို့ ..
ရွှေဘုတ်ကယ်အိုးအီ … အစချီတဲ့ ကဗျာလေးကို ကျမတို့ငယ်ငယ်က ကျောင်းသင်ခန်းစာထဲမှာ သင်ခဲ့ရတယ်။ ကဗျာခေါင်းစဉ်က “ဘယ်မြို့ပုံ သာပါလိမ့်” လို့ မှတ်မိနေပါတယ်။
အဲဒီကဗျာလေးထဲမှာ
“ထက်ဆင့်နီရောင်၊ ချည်စိမ်းပေါင်နှင့်၊
ယဉ်အောင်တောသူ၊ သနပ်ခါးကွက်ပါးမှာကူလို့ …” ဆိုတဲ့အပိုဒ်လေး ပါပါတယ်။
ဒီအပိုဒ်လေးကို ကျမတို့ကျောင်းမှာ ရွတ်ဆိုကြတော့
“သနပ်ခါး - ကွက်ပါးမှာ ကူလို့” ဆိုပြီး ဆရာမက ချပေးတဲ့အတိုင်း ဆိုခဲ့ကြတယ်။ အဲဒီအတိုင်းပဲ နားထဲစွဲနေခဲ့တယ်။
ဒီလိုနဲ့ ကျမမောင်လေး အဲဒီကဗျာသင်ရတဲ့အရွယ်ရောက်လာတော့ … သူ ဒီကဗျာဖတ်တဲ့အခါ
“သနပ်ခါးကွက် - ပါးမှာကူလို့” ဆိုပြီး ဖတ်ပါတယ်။ ကျမက သူမှားနေတယ်လို့ပြောရင်း ကျမနဲ့ သူ ငြင်းကြရော ဆိုပါတော့။
နောက်တော့ .. ဒီကဗျာကို သေသေချာချာ တကြောင်းချင်း အသံနေအသံထားနဲ့ အဓိပ္ပါယ်ပေါက်အောင် ဖတ်ကြည့်ပြီးတဲ့အခါ .. မောင်လေးဖတ်တာက မှန်နေတယ်လို့ သိလိုက်ရတယ်။ (သူမှန်တယ်ဆိုတာကလဲ သူ့ဆရာမ သင်တာမှန်လို့ပါ။) ကျမက ကိုယ်မှားတာ ၀န်ခံရင်း ငါတို့ဆရာမက ဒီလိုပဲသင်ခဲ့လို့ ဒီလိုပဲစွဲနေကြောင်း ပြောပြခဲ့တယ်။ (ကိုယ့်အမှားကို ဆရာမဆီ လွှဲချတဲ့သဘောပေါ့)
တကယ်တော့ ကဗျာတွေဖတ်မယ်ဆိုရင် အသံထွက်ပြီး အသံနေအသံထားနဲ့ ဖတ်သင့်တယ်လို့ ထင်ပါတယ်။
မဟုတ်ရင် စိတ်ထဲကဖတ်လို့ ကိုယ်ဖတ်တဲ့ အဖြတ်အတောက် မှားတဲ့အခါ ကဗျာဆရာဆိုလိုတဲ့ ဆိုလိုရင်း အဓိပ္ပါယ်ပါ ပျောက်သွားတတ်တယ်။
နောက်တခုကတော့ အသံထွက်မှားတတ်တဲ့ ကိစ္စပါ။ မြန်မာစာမှာ ‘ရေးတော့အမှန် ဖတ်တော့အသံ’ ဆိုပေမဲ့ … တခါတရံတော့ … ဖတ်တဲ့အခါလဲ အမှန်ပဲ ဖတ်ရတာမျိုးလဲ ရှိပါတယ်။ ဥပမာ …
မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုတ်အောက်မှာတည်
ကြာနီတပွင့် ဖြူတပွင့်
တဲနှင့် ပနံတင့်။ ။
ဆိုတဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ လယ်စောင့်တဲ ကဗျာကိုကြည့်မယ် ဆိုရင် …
‘ရှည်’ ကို ‘ရှေ’ လို့ ကျမတို့ အမြဲဖတ်ကြရပေမဲ့ .. ဒီကဗျာမှာတော့ အဲဒီလို အသံမထွက်ရပါဘူး။ ခြေတံရှီ လို့သာ ဖတ်ရပါတယ်။
ဒါမှသာ မိုးကုတ်အောက်မှာတည်(တီ) ဆိုတာနဲ့ ကာရံကိုက်မှာပါ။
နောက် .. ကြာနီ နဲ့ ပြန်ကာရံယူထားတာ ဖြစ်ပါတယ်။
ဒီကဗျာလေးကို ဆောင်းပါးတပုဒ်မှာ ယူသုံးထားတဲ့ ညီမငယ်တယောက်ဟာ အမှတ်တမဲ့ဖြစ်ပြီး
“လယ်စောင့်တဲလေး ခြေတံရှည် (ရှေ)
မိုးကုတ်အောက်မှာ နေ ..” လို့ မှားရေးထားတာ တွေ့လိုက်ရလို့ ပြန်ပြင်ပေးခဲ့ရဖူးပါတယ်။
***
ကဗျာ ကာရံ***
နောက်တခုကတော့ ကာရံရဲ့သဘောကို နားမလည်လို့ တိုင်းသိပြည်သိ မှားယွင်းခဲ့တဲ့ အဖြစ်ကလေးတခုပါ။
အများသိတဲ့အတိုင်း … ၁၂ လရာသီ မိုး ကဗျာမှာ ..
တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး
ကဆုန်အတွင်း၊ မြေသင်းပျံ့ပျံ့၊ မိုးနှံ့နှံ့
နယုန်မိုးသေး၊ မြက်သားမွေး .. စသဖြင့် ရှိပါတယ်။
သင်္ကြန်မိုးဇာတ်ကားရဲ့ နောက်ဆုံးဇာတ်ဝင်ခန်းမှာ အဲဒီကဗျာကို ယူသုံးထားတယ်။
ဒါပေမဲ့ လွဲနေပုံကိုကြည့်ပါအုံး။
“တန်ခူးမည်မွတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး” တဲ့။
မှတ် နဲ့ ဆွတ် ကို ကာရံမညီဘူးဆိုပြီး မွတ် လို့ ပြင်လိုက်ပုံရပါတယ်။
ဇာတ်ကားတခုလုံး ကောင်းလာပြီးမှ (အထင်တကြီးနဲ့ ကြည့်လာပြီးခါမှ)နောက်ဆုံးခန်းက အဲဒီကဗျာကို သွားတွေ့လိုက်တော့ တော်တော်လေး စိတ်ပျက်သွားခဲ့ဖူးပါတယ်။
တကယ်တော့ တ-သတ် (တ်) အချင်းချင်းကို ယူထားတာပါ။
အဲဒီလိုပုံစံကို အနန္တသူရိယအမတ်ကြီးရဲ့ “သူတည်းတယောက် … ” အစချီ မျက်ဖြေလင်္ကာမှာလဲ တွေ့နိုင်ပါတယ်။
“ကြင်နာသနား၊ ငါ့အားမသတ်
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ …”
အဲဒီမှာလဲ နောက် ယူသုံးမဲ့လူတွေက … ‘သတ်’ နဲ့ ‘လွှတ်’ ကာရံလွဲနေတယ်ဆိုပြီး “ငါ့အားမသွတ်” လို့ သွားပြင်လိုက်ရင်တော့ ဒုက္ခပါပဲ …. ။
***
ကဗျာ သတ်ပုံ***
တခါတရံ ကဗျာဆရာဟာ ကာရံကိုငဲ့ပြီးတော့ စာလုံးပေါင်းပြင်ပေါင်းလေ့ရှိပါတယ်။
ဒါကို ခုခေတ် ပြန်ရိုက်နှိပ်ကြတဲ့အခါမှာ လက်ရှိ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကြီး အားကိုးနဲ့ လျှောက်ပြင်ကြတယ်။ အဲဒီလိုပြင်တော့ ဘာဖြစ်တုန်းဆိုရင် … ကဗျာက ပျက်သွားပါလေရော… ။
ကျမ ဆယ်တန်းဖြေပြီးကျောင်းပိတ်ထားချိန်မှာ ကားအက်ဆီးဒင့်ဖြစ်ပြီး အရိုးကျိုးသွားလို့ အိပ်ရာထဲ နှစ်ပတ်လောက် မလှုပ်မယှက် နေခဲ့ရတယ်။ အိပ်ရာထဲကမထနိုင်တဲ့ကျမဟာ စိတ်ဓာတ်ကျကျနဲ့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာတွေကို အလွတ်ရသည်အထိ အခေါက်ခေါက်ဖတ်ခဲ့တယ်။
အဲဒီတုန်းက ဖတ်ခဲ့တဲ့ စာအုပ်လေးက အခု ဘယ်ရောက်နေမှန်း မသိတော့ပါဘူး။ အခု တတိယအကြိမ်နှိပ်တဲ့ ဗေဒါလမ်း စာအုပ်ဝယ်ပြီး ပြန်ဖတ်တော့ တလွဲတွေဖြစ်နေသလို ခံစားရပါတယ်။
ဒီမှာကြည့်ပါ … ။
“… …. …
မနက်က တက်တဲ့ဒီ၊ မမီလိုက်လေလည်း
ညဦးယံ ဒီပြန်တက်ပါလိမ့်
တက်စရာ ခက်ပါပဲ၊ ပန်းဗေဒါနည်း။” လို့ ရိုက်ထားတာကို တွေ့ရတယ်။
တကယ်ဆိုရင် အဲဒီအထက်က စာပိုဒ်တွေမှာလဲ ‘အဲ’ - ကာရံ နဲ့ အဆုံးသတ်ထားတာပါ။
မမီလိုက်လေလည်း မှာ ‘လည်း’ ကို ‘လဲ’ လို့ ဖတ်တယ်ဆိုရင်တောင်
ပန်းဗေဒါနည်း … ဆိုတာမှာ ‘နည်း’ ကို ‘နီး’ ပဲ ဖတ်ကြမှာပါပဲ။ ဘယ်သူမှ ‘န’ဲ လို့ ဖတ်မိမှာမဟုတ်ပါဘူး။
ဒီတော့ ကာရံမကိုက်ဖြစ်နေပါရောလား။
အမှန်ကတော့ …
“မနက်က တက်တဲ့ဒီ၊ မမီလိုက်လေလဲ
ညဥ့်ဦးယံ ဒီပြန်တက်ပါလိမ့်
တက်စရာ ခက်ပါပဲ၊ ပန်းဗေဒါနဲ။” လို့ ဆရာဇော်ဂျီက ရေးခဲ့တာ ဖြစ်ပါတယ်။
ကာရံကို ငဲ့လိုက်တဲ့အတွက် စာလုံးပေါင်းကို ‘နည်း’ မရေးဘဲ ‘နဲ’ လို့ပြင်ရေးလိုက်တာပါ။
အဲဒီလိုမျိုး ဗေဒါလမ်းကဗျာတွေထဲမှာ တော်တော်များများ တွေ့ရပါတယ်။
နောက်တပုဒ်ကိုကြည့်ပါ … ။
“မြစ်ရိုးမှာတဲ့ မိုးသက်ဆင်
လျှပ်ကြိုးပျံ၊ မိုးသံထစ်၊ မိုးစစ်ဘုရင်။
မိုးညစ်လို့ မြစ်မမြင်၊ ဗေဒါခင် ဖြစ်နဲ
ရေလှိုင်းဗလပွေနဲ့
မိုးသက်လေ ရေတရိုးမှာ၊ စိုးရွံ့မှာပဲ။”
အဲဒီသဘောပါပဲ။ စာလုံးပေါင်းအမှန်ဆိုရင် “ဗေဒါခင် ဖြစ်နည်း” လို့ ရေးရမှာပေါ့။
ဒါပေမဲ့ ကဗျာဆရာဟာ ကာရံကိုငဲ့ပြီး ဒီလို စာလုံးပေါင်းထားတယ်ဆိုတာကို စာရှုသူများ သဘောပေါက်တယ်ဆိုရင် ဒီခေတ် သတ်ပုံကျမ်းကြီးကိုင်ပြီး လျှောက်ပြင်နေတာ သဘာဝမကျဘူးလို့ ကျမကတော့ ပြောချင်ပါရဲ့။
***
(အမှားပြင်ဆင်ချက်။ ။ ဤပို့စ်တွင်ပါရှိသည့် ကာရံဟူသော စာလုံးတိုင်းအား ကာရန်ဟု ပြင်ဆင်ဖတ်ရှုပါရန်)
Saturday, November 25, 2006
လျှပ်တပြက် စာချိုးများ
မနေ့က လဖက်ရည်ဆိုင်ရောက်တော့ လျှပ်တပြက်ဂျာနယ်တစောင် ၀ယ်ဖြစ်ခဲ့တယ်။
လျှပ်တပြက်ဂျာနယ် ပြန်ထွက်ကတည်းက မဖတ်ကြည့်ဖြစ်သေးပါဘူး။ (ဦး)မြတ်ခိုင် လုပ်ပြီး ဒီဂျာနယ်ရဲ့ သတင်းတွေကလဲ သင်းပျံ့နေတော့ ၀ယ်ဖတ်ရမှာတောင် ရွံ့တွန့်တွန့်နဲ့မို့ မ၀ယ်ဖြစ်ခဲ့တာ၊ ဒီနေ့တော့ လဖက်ရည်ဆိုင် အတူထိုင်တဲ့ သူငယ်ချင်းက ဂျာနယ်သမားကြီးဆီက ခဏယူဖတ်နေရင်း အတွင်းမှာ ဆရာအောင်သင်းရဲ့ ဆောင်းပါးတပုဒ်တွေ့လိုက်တာနဲ့ပဲ ဖတ်ချင်လို့ ၀ယ်လိုက်ပါတယ်။ ဂျာနယ်ထဲမှာ ရောင်းဈေး ၃၀၀ရေးထားပေမဲ့ ၄၅၀ နဲ့ဝယ်ရတယ်။
သတင်းတွေကလဲ စုံပါပေ့၊ ဆောင်းပါးတွေကလဲ မြိုင်ပါပေ့၊ စက္ကူကလဲ ချောပါပေ့၊ သူတို့အခေါ် ကွာလတီ စက္ကူပေါ့။ စာမျက်နှာ ၃၆ မျက်နှာအပြင် အချပ်ပို ၄ မျက်နှာပါပါသေးတယ်။ စာမျက်နှာ တော်တော်များများကိုလဲ 4 colorတွေနဲ့ချည်း ရိုက်ထားတာ တွေ့ရတယ်။
ထားပါတော့ လျှပ်တပြက်ဂျာနယ်အကြောင်းကို။
ပြောချင်တာကတော့ … ဒီဂျာနယ်ထဲမှာ ဖတ်လိုက်ရတဲ့ ကဗျာ စာချိုးလေးတပုဒ်အကြောင်းပါ။
***
ခေါင်းစဉ်က ‘လျှပ်တပြက်ရိုက်ချက်’ .. တဲ့။
ကြက်သား
စားချင်တဲ့ ကလေး။
အဖေ့ခမျာ
ဝယ်မပေးနိုင်ရှာလို့
အိမ်ခေါင်မှာ တက်လို့နှိုက်
ခိုရိုက်လို့ ကျွေး … ။
အဲဒီစာချိုးလေး ဖတ်ပြီးပြုံးမိရင်းက ကျမတို့ငယ်ငယ်က ဖတ်ဖူးခဲ့တဲ့ ဖိုးသူတော်ဦးမင်းနဲ့ လူဦးမင်းတို့ရဲ့ စာချိုးလေးတွေကို သွားအမှတ်ရမိပါတယ်။
‘ဗြုန်းခနဲရွာ
အိမ်သာက မိုး။
ရေပြန်ကို စာဆိုတတ်သူက
မိုးမှတ်လို့ ချိုး’ … ။ ။ တို့
‘ပဲကလေးက ဆိမ့်လိုက်တာ
လေပြေကဖြူး။
ညအခါ
လသာသာ ကိုယ်တော်သုံးတယ်
လေပုန်းကမြူး’ … ။ ။ တို့ စတဲ့ စာချိုးလေးတွေပေါ့။
ဖိုးသူတော်ဦးမင်းနဲ့ လူဦးမင်းတို့ဟာ သွားရင်းလာရင်း လျှပ်တပြက် ကြုံတွေ့တဲ့ အဖြစ်အပျက်လေးတွေပေါ် အခြေခံပြီး ဒီစာချိုးလေးတွေကို စပ်ဆိုခဲ့ကြတာကြောင့် လျှပ်တပြက် စာချိုးလို့ ကျမက အမည်တပ်လိုက်တာပါ။
ဦးမင်း ၂ မင်းကတော့ စာချိုးတပုဒ်မှာ အခံပိုဒ် အအုပ်ပိုဒ် ဆိုပြီး တယောက် တပိုဒ် စပ်ဆိုခဲ့ကြတယ်။
ဒီလိုစာစပ်နိုင်တဲ့သူတွေဟာ တင်္ခဏုပတ္တိဥာဏ်တို့ ဇ၀နဥာဏ်တို့ ထက်သန်နေမှာပဲလို့ ကျမတွေးမိတယ်။
အဲဒီလို စာချိုးလေးတွေဖတ်ရတာ စိတ်ကို ပျော်ရွှင်ကြည်နူးစေတဲ့အတွက်လည်း ကျမ သဘောကျပါတယ်။
ဦးမင်း ၂ မင်းရဲ့ စာချိုးတွေအမှတ်ရမိရင်းနဲ့ တဆက်ထဲမှာပဲ အဖေငယ်ငယ်က အခုလိုပဲ လျှပ်တပြက်စာချိုးတွေ စပ်ခဲ့ကြောင်း ကျမကို ပြောပြခဲ့ဖူးတာ သတိရမိပြန်တယ်။
အဖေဟာ ငယ်ငယ်တုန်းက ရင်းနှီးတဲ့ သူငယ်ချင်းတွေကို နာမည်ပြောင်ပေးတာ ၀ါသနာပါတဲ့အပြင် သူတို့အကြောင်းကို ဟာသလုပ်ပြီး စာစပ်လေ့ရှိတယ်တဲ့။
ကျမ မှတ်မိသလောက်ပြောရမယ်ဆိုရင် ..
အဖေ့သူငယ်ချင်း ထိပ်ပြောင်တဲ့ ဦးသန်းအောင်ကို အဖေက အခုလို စပ်ခဲ့ပါသတဲ့။
“ထိပ်ကြီးပြောင်ပြောင်
ဘယ်ကောင်လဲမေး။
လျှပ်ရောင်ကိုတန်ပြန်လို့
နေမင်းတောင် ရောင်ဝါနွမ်းတယ် …
သန်းအောင်တဲ့လေး။ ။”
နောက်တပုဒ်ကတော့ အဖေ့ရဲ့ ကားဒရိုင်ဘာ မောင်မြင့်ဆိုတဲ့လူအကြောင်းပါ။
အဲဒီ မောင်မြင့်ဟာ (ကန်တော့ပါရဲ့) အချိန်မရွေး အီးကို လိုသလို ပေါက်နိုင်စွမ်းရှိသတဲ့။ အဲဒီလို အီးကွန်ထရိုး လုပ်နိုင်တာကိုလည်း သူ့ကိုယ်သူ အမြဲဂုဏ်ယူလေ့ရှိတယ်တဲ့။
ဒါကြောင့် အဖေက သူ့ကို ခုလို စာချိုးခဲ့တယ်။
“အီးတဘူဘူ
ဘယ်သူလဲမေး။
စအိုနှင့် ဂုဏ်မာန်ဝင့်တယ်
မောင်မြင့်တဲ့လေး … ။ ။”
***
မှတ်မိသလောက် လျှပ်တပြက်စာချိုးလေးတွေ ရေးပေးလိုက်ပါတယ်။ နောက်ထပ်သိသေးတဲ့သူများ ရှိရင်လဲ ဝေမျှပေးကြပါအုံး။
***
၂၄.၁၁.၀၆
Thursday, November 23, 2006
ဆောင်းညချမ်း၌ လမ်းလျှောက်ခြင်း
ခါတိုင်းညနေခင်းဆိုရင် ရေမိုးချိုးပြီးတာနဲ့ အဖေနဲ့အတူ လဖက်ရည်ဆိုင်ထိုင်ကြတယ်။ သူများတွေ tea time က ၂ နာရီ ၃ နာရီ လောက်ဆိုပေမဲ့ ကျမတို့သားအဖကတော့ ၅ နာရီလောက်မှ လဖက်ရည်သောက်လေ့ရှိ ကြပါတယ်။
ဒီနေ့တော့ ကျမဆီ ဧည့်သည်တယောက် marketing လာဆင်းနေတာကို နားထောင်ပေးနေရတာနဲ့ ရေချိုးချိန် နောက်ကျသွားတယ်။ ရေချိုးပြီး အဖေ့ကိုရှာတော့ အဖေက သူ့မိတ်ဆွေအိမ်ထွက်သွားပြီတဲ့။ ဒါနဲ့ ကျမလဲ ဗိုက်ဆာဆာနဲ့ နောက်ဘက်အိမ်က အမကြီးတွေကိုဂျီတိုက်ပြီး ပဲကြမ်းကြော်သုတ်လုပ်ကျွေးခိုင်းတယ်။ သူတို့ကျွေးတဲ့ ပဲကြမ်းကြော်သုတ်နဲ့ ရေနွေးကြမ်း စားသောက်ပြီး ဗိုက်တင်းတာနဲ့ ဟိုနား ဒီနား လမ်းလျှောက်ထွက်ခဲ့တယ်။
ကျမ တခါတုန်းကရေးခဲ့ဖူးတဲ့ လမ်းကလေးဆီကိုပါ။
***
လမ်းကလေးက သစ်လွင်မနေတော့ပေမဲ့ လှပနေဆဲ။ လမ်းနဘေးမှာလဲ အလှစိုက် ပန်းပင်ကလေးတွေနဲ့ ဝေေ၀ဆာဆာရှိနေဆဲ။ ပန်းပင်လေးတွေနောက်ကွယ်က အုတ်တံတိုင်းတွေကာရံထားတဲ့ တိုက်အိမ်တွေဟာလဲ ခံ့ခံ့ညားညားရှိနေဆဲ …။
လမ်းလျှောက်နေရင်းနဲ့ တချိန်တုန်းက ဒီနေရာမှာ စိုက်ခင်း ပန်းခင်းလေးတွေ .. ဒီနေရာမှာ ရေတွင်းကလေး .. ဒီနေရာမှာတော့ သစ်သားအိမ်လေးတွေ .. စသဖြင့် ကျမ ပြန်ပြောင်းအောက်မေ့နေမိတယ်။
ဆောင်းအ၀င် ညခင်းကတော့ မနက်ခင်းတုန်းကလိုပဲ အအေးဓာတ်ငွေ့ငွေ့ကလေးနဲ့ရယ်ပေါ့။
ဆောင်းညရဲ့ ရနံ့လို့ဆိုရမလားမသိ .. ညမွှေးပန်းနံ့လို မွှေးပျံ့ပျံ့ရနံ့သင်းသင်းကိုလဲ ရှူရှိုက်မိပါသေးတယ်။
ဆောင်းညလေကို ရှူရှိုက်ရင်း … အအေးဓာတ်ငွေ့ငွေ့လေးကို ခံစားရင်း လမ်းရဲ့ အဆုံးဖက် ကားလမ်းမကြီးဆီ မရောက်ခင် အိမ်ဘက်ကို ပြန်လှည့်လျှောက်ခဲ့တယ်။ ဒီလမ်းကလေးရဲ့ တဘက်တချက်မှာ ခရေပင်လေးတွေက အုပ်အုပ်ဆိုင်းဆိုင်းနဲ့။
အဟောင်းတွေကို အပြောင်းအလဲ လုပ်တဲ့အခါမှာ ရုတ်တရက် လက်ခံနိုင်ဖွယ် မရှိပေမဲ့ ကြာလာတော့လဲ အလိုလို လက်ခံမိလာခဲ့ပါတယ်။
ဒါဟာ သဘာဝပဲ ထင်ပါရဲ့။
ဆရာဇော်ဂျီဘာသာပြန်တဲ့ လမ်းသစ် ဆိုတဲ့ ၀တ္ထုတိုလေး ဖတ်ရပြီးတဲ့နောက် .. ဒါကို ပိုပြီး သဘောပေါက်လာ ခဲ့ပါတယ်။
ဘယ်အရာမဆို တသမတ်တည်း အပြောင်းအလဲမရှိရင် ငြီးငွေ့စရာကြီးပဲ မဟုတ်လား။ ပြောင်းလဲမှုလေးတွေနဲ့ လှုပ်ရှားနေမှ ဘ၀ဟာ ရှင်သန်နေမှာလို့ ကျမတွေးမိတယ်။
ကျမ ဒီလမ်းကလေးကို နောက်ပြန်လှည့်ပြီး ပြန်လျှောက်လာတဲ့အချိန်မှာ အမှောင်ထုက ကြီးစိုးလာပါပြီ။
ကောင်းကင်တခုလုံးလဲ နက်မှောင်လို့ပေါ့။
လမ်းလျှောက်ရင်း ကောင်းကင်ကို မော့ကြည့်တော့
ကြယ်ပွင့်လေးတွေ ဟိုတပွင့် ဒီတပွင့်ကို တလက်လက် မြင်ရတယ်။
ဒီကြယ်ပွင့်လေးတွေထဲက တပွင့်ကြွေသွားရင် နောက်တပွင့်က အစားရောက်လာအုံးမှာပါပဲ။
ဘယ်အရာမှ မတည်မြဲဘူး မဟုတ်လား …. ။
***
Wednesday, November 22, 2006
အအေးဓာတ် ငွေ့ငွေ့လေး …
ဆောင်းရဲ့ ပထမခြေလှမ်း
***
ဒီကနေ့ မနက် စောစော အိပ်ရာထပြီး ခြံထဲဆင်းတော့ အရင်နေ့တွေနဲ့မတူတဲ့ အအေးဓာတ်လေး နဲနဲကို ခံစားထိတွေ့ရပါတယ်။
ဆောင်းရဲ့ အငွေ့အသက်ကို ပထမဆုံး ထိတွေ့ရတဲ့ နေ့လို့ဆိုရမှာပေါ့။
အရင်နှစ်တွေက သီတင်းကျွတ်ကျော်တာနဲ့ ဆောင်းငွေ့ကို ခံစားရပေမဲ့ ဒီနှစ်တော့ ဆောင်းဝင်တာ နောက်ကျပါတယ်။ နိုဝင်ဘာကုန်လုမှ ဆောင်းရဲ့ အအေးဓာတ်ရတယ်။ အအေးဓာတ်ရတယ်ဆိုပေမဲ့လည်း ချမ်းတော့မချမ်းပါဘူး။ အနွေးထည်လဲ ၀တ်ဖို့မလိုသေးဘူးပေါ့။ အနွေးထည်ဆိုတာလည်း ဆောင်းတွင်း တတွင်းလုံး ၀တ်ဖို့မလိုဘဲ ခေါက်သိမ်းထားရတာကြာလှပါပြီ။ ခရီးသွားတဲ့အခါ ထုတ်ဝတ်တာကလွဲလို့ ထိကို မထိဖြစ်တာပါ။
ရန်ကုန်ဆောင်းက အဲသလို အေးရှာတာလေ။
ဒီမနက်ခင်းတော့ အအေးဓာတ် ငွေ့ငွေ့လေးရလို့ လူက လန်းဆန်းသလို ခံစားရတယ်။
အသက်ရှူရတဲ့ လေကအစ အေးစက်စက်လေးဆိုတော့ ခါတိုင်းနေ့တွေလို မဟုတ်ဖူးပေါ့။
မနက်ခင်းနေရောင်က မှိန်ပျပျ။ တိမ်ကင်းစင် ကြည်လင်နေတဲ့ ကောင်းကင်ကြီးက ပြာလဲ့လဲ့။
ပန်းပင်တွေကြားထဲမှာလဲ လိပ်ပြာလေးတွေ တကောင်စ နှစ်ကောင်စ ပျံဝဲလို့။
ငယ်ငယ်တုန်းကတော့ ဆောင်းနံနက်တွေဟာ တော်တော်အေးပါတယ်။
ခြံထဲမှာ နေပူစာလှုံရင်း လိပ်ပြာလေးတွေ လိုက်ဖမ်း၊ ပန်းလေးတွေခူး .. ကလေးဘ၀ရဲ့ ကြည်နူးစရာလေးတွေပေါ့။
တခါတလေတော့လဲ ကန်တော်ကြီးဘက် လမ်းလျှောက်၊ ကြက်တောင်ရိုက်၊ ပန်းကန်ပြားပျံ ပစ်ကစားရင်း ဆောင်းနံနက်ခင်းလေးတွေကို ကျော်ဖြတ်ခဲ့ကြဖူးပါတယ်။
ခုတော့လဲ … မနက်ခင်းလေးတွေမှာ ဈေးသွားလိုက် အိမ်အလုပ်တွေလုပ်လိုက်နဲ့ ညှော်နံ့တွေလုံးနေတဲ့ မီးဖိုခန်းလေးထဲမှာ တရှဲရှဲ ကြော်လှော်ချက်ပြုတ်နေရတဲ့ ဘ၀ပေါ့။
ဘာပဲဖြစ်ဖြစ် …ဆောင်းရာသီရဲ့ ပထမဆုံးခြေလှမ်း အဖြစ် ၀င်ရောက်လာတဲ့ ဒီနံနက်ခင်းက စိတ်ကို ကြည်လင်လန်းဆန်းစေတဲ့ အတွက် ခုလို မှတ်တမ်းတင်လိုက်မိပါတယ်။
***
၂၂.၁၁.၀၆
Tuesday, November 21, 2006
story 2
***
နေက ကျဲကျဲတောက်ပူနေသည်။
လမ်းမထက်တွင် ကျွန်တော်တယောက်ထဲ။ မြန်ချင်၍ ဖြတ်လမ်းဟုထင်ကာ လမ်းအကြိုအကြားတွေ သွားမိပြီးမှ လမ်းတွေမှားရင်းနှင့်ပင် နောက်ဆုံး ဒီလမ်းသို့ ရောက်လာခြင်းဖြစ်သည်။ နေ့ခင်းကြောင်တောင် လမ်းမကြီးတွင် လူမဆိုထားနှင့် ခွေးတကောင် ကြောင်တမြီးမျှပင် ရှိမနေပါ။ နေပူပူအောက်တွင် ထီးမပါဘဲ လျှောက်နေသော ကျွန်တော်ကတော့ သွားရမည့် ခရီး၏ အနီးအဝေးကို မှန်းဆလျက်ပင် ချွေးပြန်ချင်ချင်။
ဒီစဉ်မှာပဲ ခပ်လှမ်းလှမ်းတွင် လူတယောက် လမ်းလျှောက်နေသည်ကို မြင်လိုက်ရသည်။ ထူးဆန်းသည်က စွပ်ကျယ်ချိုင်းပြတ် ၀တ်ထားသော ထိုလူသည် မည်သည့်အရပ်ကိုမှ သွားနေခြင်း မဟုတ်ဘဲ နေကျဲကျဲပူနေသော လမ်းမပေါ်တွင် စင်္ကြံလျှောက်သလို ခေါက်တုန့်ခေါက်ပြန် အေးရာအေးကြောင်း လျှောက်နေ၍ပင်။ ဒီအချိန် ဒီလိုလျှောက်နေပုံထောက်လျှင် စိတ်သိပ်မှန်ပုံမပေါ်ဟု ကျွန်တော်တွေးမိပြီး ခပ်သုတ်သုတ် လျှောက်လိုက်သည်။ ဖြစ်ချင်တော့ ကျွန်တော် သူ့နဘေးမှအဖြတ် သူက ကျွန်တော့်နောက်မှ ထပ်ချပ်မခွါ လိုက်ပါလာလေတော့သည်။
အဲဒါမှ ဒုက္ခ။
ကျွန်တော့်မှာလဲ ခုခံစရာဆိုလို့ ထီးတချောင်းပင် မပါ။ ပိုက်ဆံအိတ်လေး ခါးကြားထိုးကာ နေပူထဲတွင် ခပ်သုတ်သုတ်သာ လျှောက်နိုင်သော ကျွန်တော့်လို အသက် ၆၀ကျော် လူကြီးတယောက်အနေဖြင့် ငယ်ငယ်ကလို အပြေးမြန်မည်ဟု ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း မရှိတော့။ စိတ်နှံ့ပုံမရသော ထိုသူက ဗလခပ်တောင့်တောင့် သန်သန်မာမာအရွယ်။ အနားကပ်ခါ တခုခုလုပ်လိုက်မှဖြင့်။
ကျွန်တော် စိုးရိမ်စိတ်ဖြင့် ခြေလှမ်းကိုသွက်လိုက်ရင်း လမ်းဘေးမှာ အုတ်ခဲကျိုးလေး ဒုတ်ချောင်းလေး တွေ့လိုတွေ့ငြား ကြည့်သွားသည်။ အရေးဆို ဘာလက်နက်မှ မတွေ့။ လူသူလေးပါးကလဲ ပြတ်လွန်းလှသည်။ နောက်သို့ ကဲ၍ ကြည့်တော့ ထိုသူကလည်း ထပ်ချပ်မခွါ လိုက်နေဆဲ။
ဒီလိုနှင့် သွားရင်း တနေရာမှာတော့ ကားဝပ်ရှော့ တခုမှာ ကားပြင်နေကြသူတွေကို တွေ့သဖြင့် နည်းနည်း စိတ်အေးသွားခဲ့ရ၏။
တကယ်တော့ ကျွန်တော်ကပဲ စိုးရိမ်စိတ် ကြီးနေလို့ပဲလားတော့မသိ။ ဒီလမ်းကိုဖြတ်လျှင် တခုခု ဖြစ်တော့မလိုလို စိတ်ထဲစွဲနေရခြင်းကတော့ … လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်လောက်က အဖြစ်အပျက် တခုကြောင့်ပင်။ ယခု ဒီလမ်းပေါ်မှာ လျှောက်နေရင်း ထိုစဉ်က အဖြစ်အပျက်ကို ပြန်အမှတ်ရမိလေတော့သည်။
***
အဲဒီတုန်းက ကျွန်တော်က အသက် အစိတ်ပင် မပြည့်တတ်သေး။ သို့သော် အိမ်ထောင်ကျ၍ ကလေးတယောက် ရပြီး မွေးမြူရေးလုပ်ငန်းတခု လုပ်နေစဉ်ဖြစ်သည်။ ကျွန်တော်က တခါတရံ ညနေဘက်ဆို ယူနီယံကလပ်မှာ ဘီယာသွားသောက်လေ့ရှိ၏။
ဒီနေရာမှာ ကျွန်တော့် ဇာတ်လမ်းထဲက အဓိကဇာတ်ကောင်တယောက်နှင့် မိတ်ဆက်ပေးပါရစေဦး။
သူကတော့ ကျွန်တော့်ဦးလေး၏ သူငယ်ချင်းဖြစ်သူ ဘိလပ်ပြန် တက္ကသိုလ်ကျောင်းဆရာ သူဌေးသား ဦးလှဘော်။ အသက်က ကျွန်တော့်ထက် ဆယ့်လေးငါးနှစ် လောက်ကြီးမည်။ လူပုံက ဖြူဖြူသန့်သန့် စတိုင်ကျကျ၊ စတိုင်ဘောင်းဘီနှင့် နောက်ပိတ်ဖိနပ်ကို အမြဲဝတ်ဆင်လေ့ရှိပြီး လက်ထဲတွင် ဖိုင်တခုကို ဟန်ပါပါ ကိုင်လေ့ရှိသည်။ အနှီ ဦးလှဘော်ကလည်း ယူနီယံကလပ်တွင် ဘီယာလာသောက်လေ့ရှိသဖြင့် ကျွန်တော်တို့ သူ့ကို တွေ့တွေ့နေရသည်။ သူ သောက်ပုံကိုလည်း ကြည့်ပါဦး။
ကုလားထိုင်ပေါ်တွင် လူကမထိုင်ဘဲ ကုလားထိုင်ကို နောက်ပြန်လှည့်ကာ ခြေထောက်တဖက် တင်ပြီး လက်မှာ ဖိုင်ကိုပိုက်ထားသည်။ ဘီယာ မတ်ခွက်ကို တစ်ရှူးစလေးဖြင့် အုပ်ထားပြီး သောက်ခါနီးမှ တစ်ရှူးဖယ်ကာ တငုံငုံ ပြီးလျှင် တစ်ရှူးဖြင့် ပြန်အုပ်၊ ခွက်ထဲတွင် လက်တလုံးလောက်ကျန်လျှင် ဆက်မသောက်ဘဲ ပက်ခနဲ သွန်ပစ်လိုက်ပြီး နောက်တခွက်…။ ဒီပုံစံဖြင့် အမြဲသောက်လေ့ရှိသည်ကို ကျွန်တော်တို့ မြင်နေကျ။
***
အဲဒီညနေခင်းကတော့ ကျွန်တော် တယောက်ထဲ ကလပ်မှာ ဘီယာဝင်သောက်သည်။ လက်ထဲမှာလဲ ပိုက်ဆံက ဘီယာတလုံးဖိုးပဲ ရှိသဖြင့် ထောင့်ကျကျ စားပွဲတွင် တယောက်ထဲ ထိုင်သောက်နေတုန်း ဦးလှဘော် ၀င်လာသည်။ ကျွန်တော့်ကိုတွေ့တော့ ...
‘၀ဏ္ဏ .. တယောက်ထဲလား … လာလေကွာ .. ကိုယ်နဲ့အတူလာသောက်ပါလား’ ဟု ဖိတ်မန္တက ပြုသည်။
ကျွန်တော်လည်း သူနဲ့အတူသောက်လျှင် ဘီယာတော့ အလကားသောက်ရမည်ဟု စိတ်ထဲ တွေးမိကာ သူ့ဆီကို ထသွားပြီး တူတူသောက်ကြ၏။
ဘီယာတွေ တလုံးပြီးတလုံး သောက်ရင်း .. သူရော ကျွန်တော်ရော နှစ်ယောက်လုံး ခပ်ထွေထွေ အနေအထား ရောက်သွားကြတော့
‘၀ဏ္ဏ .. မင်း ဘယ်သွားချင်သေးလဲ’ ဟု မေးသည်။
ကျွန်တော်ကလည်း ဘီယာသောက်ပြီးလျှင် ကိတ်တရောင် (ကြေးအိုး) စားချင်သည့်စိတ်က အမြဲဖြစ်နေကျမို့
‘၁၉ လမ်း မှာ ကိတ်တရောင် စားချင်တယ် အန်ကယ်’
‘အိုကေ .. လာ .. သွားကြမယ်’
ဘီယာဖိုးတွေရှင်းပြီး သူ့ကားလေးဖြင့် ၁၉ လမ်း သို့ သွားကာ ကိတ်တရောင် သွားစားကြသည်။
၁၉ လမ်းမှ ပြန်လာတော့ .. ‘၀ဏ္ဏ .. ဘာလုပ်ချင်သေးလဲ .. ပျော်ပါးချင်သေးလား .. .. ကိုယ့်ကို အားမနာနဲ့နော် .. ဒီမှာ ပိုက်ဆံတွေပါတယ် ..တွေ့လား’
ဟုဆိုကာ ကား ဒက်ရှ်ဘုတ်ကိုဖွင့်ပြီး သူ့ပိုက်ဆံတထပ်ကြီးကို ကျွန်တော်မြင်သာအောင်ပြ၏။
‘ဟင့်အင်း အန်ကယ် .. ကျွန်တော် ဘီယာ ထပ်သောက်ချင်သေးတယ်’
‘ဒါဆို ယူနီယံကလပ် ပြန်သွားကြတာပေါ့’
ကျွန်တော်တို့ ယူနီယံကလပ်ပြန်ရောက်တော့ ကလပ်က ပိတ်နေပြီ။
ကလပ်မန်နေဂျာက သော့ခတ်ပြီး ထွက်အလာ ကျွန်တော်တို့နှင့်တိုးတော့ …
‘မန်နေဂျာကြီး .. ဘီယာရောင်းဗျာ ..’
‘ပိတ်ပြီဗျ … ပစ္စည်းစာရင်းရော ငွေစာရင်းရော အကုန်ပိတ်ပြီးသွားပြီ …’
ကျွန်တော်တို့ကလည်း သောက်ချင်နေသေး၍ ဇွတ်ပင် ..
‘ဟာ .. လုပ်ပါဗျာ .. ဒါဆို ဘယ်က ရနိုင်ဦးမလဲ …’
‘တခုတော့ ရှိတယ် … ဦးလေးကံ ဆီ ဖုန်းဆက်ပြီး သူ့အိမ်မှာရှိရင် သူ့ဆီက သွားယူလိုက်’
ဦးလေးကံဆိုတာက ကျွန်တော့်ဖခင်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေဖြစ်သလို ဦးလှဘော်နှင့်လည်း ခင်ပါသည်။ ဦးလေးကံက ဘုရားလူကြီးပေမဲ့ ယူနီယံကလပ်ကို ဘီယာသွင်းသည်၊ ထို့ကြောင့် သူ့ဆီကယူလျှင် ရနိုင်ဖွယ်ရှိသည်။
‘ဒါဆို ခင်ဗျားဖုန်းဆက်ပေးဗျာ’
မန်နေဂျာကြီးက ဖုန်းဆက်ပေးပြီး အဆင်ပြေသွားကာ ကျွန်တော်တို့နှစ်ယောက် ရေတာရှည်လမ်းက ဦးလေးကံအိမ်သို့ သွား၍ ဘီယာသွားယူကြသည်။
‘ကိုယ့် အိမ်မှာပဲ သောက်ကြရအောင် … ၀ဏ္ဏလည်း ကိုယ့်အိမ်ရောက်ဖူးသွားတာပေါ့’
ဒီလိုနှင့် ကျွန်တော်လည်း ဒီလမ်းသို့ ရောက်ခဲ့ရလေတော့သည်။
***
လမိုက်ညမို့ ညကမှောင်ရသည့်အထဲ ဒီလမ်းက သစ်ပင်တွေ အုပ်ဆိုင်းနေသဖြင့် ပိန်းပိတ်အောင် မှောင်မိုက်နေ၏။ လမ်းမထက်တွင် ကျွန်တော်တို့ စီးလာသည့်ကားလေးတစီးထဲ။ ခြံကျယ်ကြီးတခြံရှေ့သို့အရောက် ခြံဝင်းတံခါးဝသို့ ကားလေးကိုခေါင်းတည်ပြီး ဟွန်း တချက် တီးလိုက်သည်။ ခြံထဲမှ လူထွားကြီးတဦးပြေးထွက်လာပြီး တံခါးလာဖွင့်ပေးသည်။ ခြံဝင်းတံခါးကြီးက အမြင့်ကြီး၊ အထဲသို့ပင် မမြင်ရ၊ တခြံလုံးကိုလည်းအုတ်တံတိုင်းခတ် ကာရံထားသည်။ ခြံထဲဝင်သည့် ကားလမ်းလေးအတိုင်း မောင်းဝင်လာပြီး ခြံ၏ အလည်ခေါင်ရှိ တိုက်အိမ်ကြီးဘေးမှ ပတ်ကာ နောက်ဖက်က ဘန်ဂလိုဆန်ဆန် အိမ်လေးတလုံး၏ နဘေးက ကားဂိုဒေါင်ထဲသို့ ကားကို တခါထဲ ထိုးဆိုက်လိုက်သည်။
ခြံဝင်းတခါးလာဖွင့်ပေးသည့် လူညိုထွားကြီးကပင် ကားဂိုဒေါင် တံခါးကို ပိတ်ပေးပြီး အိမ်တံခါးသော့ကို ဖွင့်ပေးသည်။ အိမ်ထဲမှ ၀ု ၀ု ဆိုပြီး ခွေးတကောင်ထွက်လာတော့ ဦးလှဘော်က ...
‘မိဖြူ .. မိဖြူ ..’ ဟု ဆိုကာ ခေါင်းလေးကို သပ်ပေးပြီး .. ‘မိဖြူကို အပြင်ထုတ်လိုက်ဟေ့’ ဟု တဆက်ထဲ အမိန့်ပေးသည်။ ကျွန်တော်တို့ အိမ်ထဲရောက်တော့ အိမ်ကလေးက သပ်သပ်ရပ်ရပ်နှင့် အနောက်တိုင်း ခပ်ဆန်ဆန် ပြင်ဆင်ထားသည်ကို တွေ့ရ၏။ ကျွန်တော် အနှစ်သက်ဆုံးကတော့ လိုင်ဘရီလေးပင်ဖြစ်သည်။ စာအုပ်တွေ အစီအရီနှင့် စနစ်တကျရှိလှသော သူ့လိုင်ဘရီ လေးမှာ ကျွန်တော်စာအုပ်တွေလျှောက်ကြည့်နေစဉ်မှာပင် တပည့်ကျော်ကြီးက ဘီယာတွေဖောက် ဖန်ခွက်တွေပြင်ပေးပြီး သူ့ဆရာကို နှုတ်ဆက်ကာ ထွက်သွားတော့၏။
‘၀ဏ္ဏ … ဖတ်ချင်တဲ့ စာအုပ်ဖတ်နော် … ကိုယ့်အိမ်မှာက အေးဆေးပဲ … ဘာမှ အားမနာနဲ့’
ကျွန်တော်လည်း ဓမ္မပဒ စာအုပ်လေးယူကာ စာကြည့်စားပွဲမှာ ထိုင်ဖတ်ရင်း ဘီယာသောက်နေလိုက်သည်။ ဖတ်တာက ဓမ္မပဒ၊ သောက်နေတာက ဘီယာ၊ လိုက်လဲ လိုက်ပါဘိတော့။
‘ဘာစာအုပ်တွေ ဖတ်နေလဲ ၀ဏ္ဏ’
‘ဓမ္မပဒ စာအုပ်ပါ အန်ကယ်
‘ဟို .. စာအုပ် ဖတ်ပါလား’
‘ဘာလဲ အန်ကယ်’
‘နတ်သျှင်နောင် နဲ့ ဓာတုကလျာ’
ဘာဆိုင်လို့လဲ … ဟု .. ကျွန်တော့်စိတ်ထဲ နဲနဲ အံ့သြသလိုဖြစ်ပြီး သူ့ကိုကြည့်လိုက်တော့ ... ကျွန်တော့်ကို ရွှန်းရွှန်းစားစားကြီး ကြည့်နေပြီး ကျွန်တော့်ပခုံးကို လှမ်းဖက်ကာ ဆံပင်တွေကို လာနမ်းနေသည်။
‘ဟာ .. အန်ကယ် .. ကျွန်တော် စာအေးအေးဆေးဆေး ဖတ်ပါရစေဗျာ’
ကျွန်တော်က သူ့လက်တွေကိုဖယ်ရင်းပြောတော့
‘၀ဏ္ဏကလဲ … ဘယ်သူမှမရှိပါဘူးကွ’ ဟု ပြန်ပြောရင်း လက်များက ကျွန်တော့်ကို ရစ်ပတ်နေဆဲ။ သူ့အသံကြီးကလည်း ပုံမှန်မဟုတ်တော့။ မိန်းမခပ်ဆန်ဆန်ဖြစ်လာပြီး ရုပ်ကပါ တမျိုးပြောင်းသွားသလိုလို။ အဲဒါမှ .. ဒုက္ခ။ ဒီလူကြီးက ဒီလိုကိုး။ ကျွန်တော် ရှိသမျှ ဘုရားအဆူဆူ စိတ်ထဲက တ-မိရင်း ၀ုန်းခနဲ ထ ရပ်လိုက်သည်။
‘ကျွန်တော် … အပေါ့သွားလိုက်အုံးမယ်’
‘တွိုင်းလက်က … ဟိုဘက်မှာ’
အိမ်သာထဲကနေပြီး ကျွန်တော် ပြေးပေါက်ရှာသော်လည်း အချည်းနှီးပင်။ သံပန်းတံခါးတွေက သော့ခတ်ထားသည့် အပြင် သံဇကာတွေဖြင့် ပိတ်ကာထားသေးသည်။ ဘယ်လိုလုပ်ရပါ့။ ကြံရာမရသည့်အဆုံး အိမ်သာထဲမှ ပြန်ထွက်လာတော့ သူက အပြင်မှာ အဆင်သင့်စောင့်လို့ပင် နေသေးသည်။
‘လာ .. ၀ဏ္ဏ … အိပ်ခန်းထဲ သွားကြမယ်’
‘အာ … အန်ကယ် … မလုပ်ပါနဲ့’
‘လာပါ …. ဆို’
သူက ကျွန်တော့်ကို အတင်းချုပ်ပြီး သူ့အိပ်ခန်းတွင်း ခေါ်လေတော့သည်။ ကျွန်တော်ကန့်လန့် ကန့်လန့်နှင့် ပါသွားပြီးတော့မှ … ဖြစ်ချင်ရာဖြစ်ဟု စိတ်ကိုတင်းကာ အင်အားတွေကို စုစည်းပြီး ...
‘ကဲဟာ ..’ ခွပ်ခနဲမြည်အောင် ပါးချိတ်ကို လက်သီးဖြင့်ထိုးလိုက်တော့ သူက အိပ်ရာပေါ်ပုံလျက်သားလေး လဲကျသွားသည်။ ဒီတော့မှ ကျွန်တော် နောက်လှည့်ကြည့်မနေတော့ဘဲ ခပ်သွက်သွက် အိမ်တံခါးဝဆီကိုပြေးသွားလိုက်၏။ ကံကောင်းချင်တော့ တံခါးက ဂျက်လေးသာ ထိုးထားသဖြင့် ဖွင့်ပြီး အပြင်ကိုအထွက် ..ခွေးက ၀ုတ်ဝုတ် ဆိုပြီး အနားရောက်လာသည်။
‘မိဖြူ .. မိဖြူ’
စောစောက သူခေါ်ထားသည့် နာမည်ကိုကြားထားလို့သာ တော်တော့သည်။ မိဖြူကို ခေါင်းလေးပုတ်ပေးလိုက်တော့ အမြီးနှန့်ကာ ကျန်ခဲ့သည်။ ကျွန်တော်ပြေးလဲ မပြေးရဲ။ ခွေးဆိုတာမျိုးက ပြေးမှ ပိုလိုက်တတ်သည် မဟုတ်လား။ တပည့်ကျော် လူညိုထွားကြီးများ ရှိဦးမလား … မှောင်မိုက်နေသော လမ်းမှ ခြံတံခါးဝဆီသို့ မှန်းကာ ခပ်သုတ်သုတ်လျှောက်ရင်း တွေးမိသေးသည်။ တံခါးဝဆီသို့ ရောက်တော့ ပိတ်ထားသော တံခါးမြင့်မြင့်ကြီးက ဆီးကြိုသည်။ ခြံဝင်းတံခါးတွေ ကျော်တက်နေကျ အတွေ့အကြုံ အပြည့်ရှိသော ကျွန်တော့်အဖို့တော့ သိပ်မှုစရာမလို။ ဖတ်ခနဲ ဖတ်ခနဲ တက်ပြီး အပေါ်ရောက်တော့ လျှပ်စစ်လွှတ်ထားသော သံဆူးကြိုးတွေနှင့် ရင်ဆိုင်ရသေးသည်။ ဒီဆူးကြိုးတွေကို လွတ်အောင် တအားခွကျော်နေစဉ်မှာဘဲ ကားစက်နှိုးသံကြားပြီး ကားမီးရောင်လေး ၀င့်ခနဲမြင် လိုက်ရသည်။
ဦးလှဘော် လိုက်လာချေပြီ။
တဖက်သို့ရောက်သည်နှင့် မဆိုင်းမတွဘဲ ခုန်ချလိုက်ပြီး ပိန်းပိတ်အောင်မှောင်နေသော လမ်းမထက်မှာ ကမန်းကတန်း ပြေးရလေတော့၏။ တော်တော်လှမ်းလှမ်းရောက်တဲ့အချိန်မှာ နောက်ဖက်မှ မီးရောင်မြင်သဖြင့် သစ်ပင်ကြီးတပင်နောက်သို့ ပြေးကပ် ပုန်းအောင်းလိုက်ရသည်။ သူ့ကားလေး ကျော်သွားမှ … ကျွန်တော်လည်း သက်ပြင်းချနိုင်ပြီး ခပ်မှန်မှန်ပင် အိမ်ကို လမ်းလျှောက်ပြန်ခဲ့ရ လေတော့၏။
***
အိမ်ရောက်တော့ ကျွန်တော့်မိန်းမက ကျွန်တော်ပြန်အလာကို စိတ်ပူစွာ စောင့်နေသည်။
‘နောက်ကျလိုက်တာ ..မောင်ရယ်’
‘အမလေး … ကံကောင်းလို့ ခင်ရေ .. ခင့်ယောက်ျား တော်တော်ကံကြီးပေလို့’ ဟု ဆိုကာ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တော့ .. ခင်က ရင်တမမ နားထောင်ရှာသည်။
‘ဒီညသာ မောင် ပြန်မလာနိုင်ရင် ဘယ်လိုလုပ်မလဲ .. ဟင် ..’ ကျွန်တော်က ပြုံးစိစိဖြင့် မေးတော့ ခင်က ကျွန်တော့်ကို ဘာမှပြန်မပြော၊
စကားလုံးတွေကိုယ်စား ကျွန်တော် အလွန်မြတ်နိုးသော မျက်စောင်းလှလှလေးတခုသာ ကျွန်တော့်ဆီ ရောက်လာပါတော့သည်။
***
ပြီးပါပြီ။
(၂၁.၁၁.၀၆)
၂၃း၅၅ နာရီ
***
နောက်ဆက်တွဲ
***
ညက အိပ်ချင်မူးတူးနဲ့ ရေးပြီးတင်လိုက်တဲ့အတွက် အဖွင့် (intro) နဲ့ နိဂုံး (ending) က မစပ်ဆက်မိဘူး ဖြစ်သွားပါတယ်။ ဒါကို တယောက်သောသူက မေးလ်နဲ့ လှမ်းပြီး သတိပေးတဲ့အတွက် .. နောက်ဆက်တွဲလေး ဆက်ရေးလိုက်ပါတယ်။ ဖြည့်စွက်ဖတ်ကြည့်ကြပါကုန်။
***
နေပူပူ လမ်းထက်မှာ လျှောက်နေရင်း စိတ်မနှံ့သူ နောက်ကလိုက်ခံရ၍ ပိုလို့ စိတ်အိုက်ရသည့်အပြင် အတိတ်က ထွက်ပြေးခဲ့ရသည့် ဇာတ်လမ်းကို ပြန်ပြောင်းတွေးမိသဖြင့်လည်း စိတ်ထဲ စနိုးစနောင့် ဖြစ်ရသေး၏။ သို့သော်ငြားလည်း ဒီဇာတ်လမ်း၏ အဆုံးသတ်တွင် ဇနီးသည်၏ ချစ်မျက်စောင်းလေးတပွင့်အား သတိရလိုက် မိသည့်အတွက် မွန်းတည့်နေပူပူအောက်မှာ ရုတ်ချည်း အေးမြသည့် အရသာကို ခံစားလိုက်ရသည့်အပြင် …
ကျွန်တော်နှင့် ခေတ္တခွဲခွါနေရသော အဝေးရောက် မျက်စောင်းပိုင်ရှင်လေးအား တမ်းတမ်းတတ လွမ်းဆွတ် သတိရမိပါတော့၏။
***
တကယ် ပြီးပါပြီ။
(ကျေးဇူးတင်ပါသည်)
***
Monday, November 20, 2006
အမှန်တရားသည် အင်အား ...
မနေ့က (နိုဝင်ဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့) ရေဒီယိုအစီအစဉ်တခုကနေ စကားဝိုင်းတခုကို နားထောင်လိုက်ရပါတယ်။
သူတို့ပြောသွားတဲ့ စကားတွေဟာ ကျေနပ်စရာလဲ ကောင်း၊ အားရစရာလဲ ကောင်းပါရဲ့။ ဒီစကားတွေထဲကမှ ကျမ ရင်ထဲ စွဲဝင်သွားတဲ့ စကားတခုကတော့ …
‘အမှန်တရားသည် အင်အား’ ဆိုတဲ့ စကားလေး တခွန်းပါပဲ။
အမှန်တရားဟာ .. တကယ်ပဲ အင်အား .. ဟုတ်ပါသလား .. ကျမ စဉ်းစားကြည့်မိတယ်။
***
ကမ္ဘာတည်မဲ့ သစ္စာ
***
အမှန်တရား ဆိုတာ .. ပါဠိလိုတော့ သစ္စာ ပေါ့။
ကျမတို့ရဲ့ မြတ်စွာဘုရားရှင်ဟာ သစ္စာလေးပါးကို ဥာဏ်နဲ့ထိုးထွင်းသိမြင်ပြီးတဲ့အခါမှာ ဘုရားအဖြစ်ကို ရောက်တော်မူပါတယ်။
ဘုရားဂုဏ်တော် ကိုးပါးမှာလဲ သစ္စာလေးပါးကို သိမြင်တော်မူခြင်း (ဗုဒ္ဓေါ) ဆိုတဲ့ ဂုဏ်တော် ပါဝင်ပါတယ်။ ဘုရားရှင်ဟာ .. ဘုရားမဖြစ်ခင် အလောင်းတော်ဘ၀တွေမှာလဲ သစ္စာစကားကို ပြောခဲ့တယ်ဆိုတာ နိပါတ် တော်များမှာ ဖတ်ခဲ့ မှတ်ခဲ့ ဖူးပါတယ်။
ဘုရားလောင်း ငုံးမင်းဘ၀က တောမီးကြီးလောင်တော့ အတောင်အလက်မစုံသေးတဲ့အတွက် တောမီးက လွတ်အောင် မပြေးနိုင်တဲ့အခါ … သစ္စာစကားကိုပဲ အားကိုးခဲ့ရတယ်။
ငါ့မှာ အတောင်ရှိလျက် .. မပျံနိုင်
ခြေရှိလျက် .. မသွားနိုင် ..
အမိ အဖ တို့ကလဲ ငါ့ကို စွန့်ပစ်သွားကြပြီ … ဤမှန်သောသစ္စာစကားကြောင့် … ငါ့အား တောမီး မလောင်ပါ စေသတည်း … လို့ သစ္စာပြုတဲ့အခါ .. သက်မဲ့ဖြစ်တဲ့ တောမီးဟာ … ဘုရားလောင်းငုံးမင်းရဲ့ မှန်ကန်တဲ့ သစ္စာ စကားကို လွန်ဆန်နိုင်ခြင်းမရှိဘဲ ကွင်းရှောင်သွားခဲ့ပါတယ်။
အဲဒီ နေရာဒေသဟာ ဘုရားလောင်း ငုံးမင်းရဲ့ သစ္စာစကားကြောင့် ကမ္ဘာတည်သရွေ့ မီးမလောင်နိုင်တဲ့ နေရာ တခုအဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။
***
ဒါကိုကြည့်မယ်ဆိုရင် ‘အမှန်တရားဟာ အင်အား’ .. ဆိုတဲ့စကားဟာ တကယ်ပဲ ဟုတ်နေတယ်လို့ ကျမ လက်ခံနိုင်သွားပါတယ်။
လက်နက်ဆိုလို့ အပ်တို တချောင်းတောင် မရှိတဲ့ ကျောင်းသားတွေအဖို့ ‘အမှန်တရားကို အင်အား’ အဖြစ် အသုံးချမယ်ဆိုတဲ့ စကားဟာ … ကြက်သီးထလောက်အောင် ကျေနပ်စရာကောင်းလှပါတယ်။
ကိုယ့်မှာ အားကိုးရာမရှိတဲ့အခါ … ကိုယ်ပြုတဲ့ အမှန်တရားတွေကိုသာ အင်အားအဖြစ် အသုံးပြုရတော့မယ်။ ဒီအချိန်မှာ … အမှန်တရားသာ အားကိုးရာ မဟုတ်ပါလား …။
ဒါပေမဲ့ ..
အကြောင်းကြောင်းကြောင့်
အမှန်တရားကို ထုတ်ဖော် မပြောကြားနိုင်ခဲ့ရင်ကော …. ။
ကျမ ဆက်တွေးနေမိတယ်။
ကျမ ၀န်းကျင်မှာ ဒါမျိုးတွေကြုံခဲ့ရဖူးတဲ့အတွက် .. ခုလို ဆက်စဉ်းစားမိတာပါ။
အားလုံးလဲ ၀ိုင်းစဉ်းစားပေးကြပါအုံး … ။
ကျမကတော့ စဉ်းစားရင်းနဲ့ အောက်ပါအတိုင်း ရေးဖွဲ့ဖြစ်သွားတယ်။
***
အကယ်၍များ
အမှန်တရားကို
နှုတ်ဖျားမြွက်ဟ
ထုတ်မပြနိုင်ခဲ့ပါမူ …
ငါတို့ မျက်ဝန်းမှ မျက်ရည်စက်များ …
ငါတို့ နဖူးမှ ချွေးစက်များ …
ငါတို့ ရင်ထဲမှ နှလုံးသွေးစက်များက …
အမှန်တရားကို ကိုယ်စားပြု
(အားလုံးအတွက် …)
ခွန်အားတခု ဖြစ်ပါစေသတည်း …. ။ ။
***
၂၀.၁၁.၂၀၀၆ (၀၀း၂၅ နာရီ)
Saturday, November 18, 2006
ရေမြွေတကောင်၏ အမေသို့တမ်းချင်း …
မနေ့ညက …
အမေ့ဆီကဖုန်းလာတယ်။
အမေနဲ့ စကားပြောရတယ်။
အမေသွားကတည်းက အမေ့အသံကို ခုမှ ပထမဆုံးအကြိမ်အဖြစ် ကြားရတာ။
ခါတိုင်း အမေဖုန်းဆက်ရင် မပြောခဲ့ရဘူးလေ။
ဖုန်းထဲမှာ … အမေ့အသံက ပျော်ရွှင်တက်ကြွ လန်းဆန်းနေတာပဲ။
အမေ …နေကောင်းလား … ဆိုတော့ …ကောင်းတယ် .. တဲ့။
အရမ်းအေးနေတာ တခုပဲ .. တဲ့။
ဘာမှာမလဲ … ဘာလိုချင်လဲ … တဲ့ …
ဘာမှ မမှာဘူးလို့ပဲ ပါးစပ်က ပြောဖြစ်သွားတယ် …
စိတ်ထဲကတော့ အမေ အမြန်ပြန်လာတာပဲ လိုချင်တယ် … အမေ အမြန်ပြန်လာပါ လို့ပြောနေမိတယ်။
အဆင်ပြေတယ်မှုတ်လား … လို့မေးတော့ …
ဟုတ်ကဲ့ .. လို့ပဲ ဖြေလိုက်မိပါတယ်။
အဝေးကနေ .. အမေ စိတ်တထင့်ထင့်ဖြစ်မနေစေချင်ဘူး …. ။
တကယ်တော့ အမေရယ် ….
အမေ့ကို ပြောစရာတွေက ရင်ထဲမှာအပြည့်ပါပဲ ….
ပြောလိုက်ရင် အမေ့အပျော်တွေ ပျောက်ကုန်မှာစိုးတယ် ….
သည်းခံ ဆိုတဲ့ အမေနဲ့ အဖေရဲ့ စကားကြောင့် ပြောချင်တာတွေ မပြောဘဲ .. ကိုယ့်လျှာကိုယ် ကိုက်ထားရလွန်းလို့ လျှာလဲ ပြတ်လုပြီ အမေ … ။
ဘယ်ချိန်ထိများ ရေမြွေတကောင်လို နေနေရဦးမှာလဲ ….
တခါတလေတော့လဲ နဂါးမှန်းသိအောင် အမောက်ထောင်ပြချင်တယ် …
အမေ့လိုလဲ အားလုံးနဲ့လိုက်လျောညီတွေ မဆက်ဆံတတ်ဘူး .. ။
အဖေ့လိုလဲ အရာရာကို သည်းမခံတတ်ဘူး ..။
ဒေါသတွေ မာနတွေဟာ ပူလောင်လွန်းလို့ …
မေတ္တာထားနိုင်အောင် ကြိုးစားပြီး မေတ္တာပွါးကြည့်ပေမဲ့ … အချည်းနှီးပါပဲ … ။
ပါရမီမရင့်သန်သေးတဲ့ သူတယောက်ရဲ့ မေတ္တာဟာ … အစွမ်းမရှိဘူး ထင်ပါရဲ့။
မေတ္တာ ခြုံလို့လဲ မလုံဘူး …
မေတ္တာ ဆောင်လို့လဲ မအောင်ဘူး …
ဘာတွေများမှားယွင်းနေလို့ပါလိမ့် …။
***
ဖုန်းမချခင် အမေက ‘မကြာမီ .. လာမည် ..မျှော် …’ လို့ နောက်လိုက်သေးတယ်။
အမေ မသွားခင်ကတည်းက ကြိုလွမ်းနေပြီး ..
အမေ့ကို လေယာဉ်ကွင်းလိုက်ပို့ကတည်းက .. အမေ ပြန်အလာကို မျှော်နေတာပါ … အမေ … ။
***
Friday, November 17, 2006
စာဖတ်ရှန်းကြသူများ
အရင်ကတော့ မြန်မာစာ ဝေါဟာရတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် သတ်ပုံ သတ်ညွှန်းနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် အဖြတ်အတောက်နဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် … မှားတတ်တာတွေ .. မှားနေတာတွေ .. ကျမရဲ့ပတ်ဝန်းကျင်မှာ ကြုံခဲ့ရတဲ့ အမှားလေးတွေကို ပလန်းနက် နဲ့ နေးတစ် ဖိုရမ်မှာ ရေးခဲ့ဖူးပါတယ်။
အခုတော့ ကိုယ့်ဘလော့မှာပဲ ကိုယ်ရေးတော့မယ်လို့ စဉ်းစားမိတယ်။ လူထူထူလာတဲ့နေရာဆိုတာ ပြဿနာ ပိုများနိုင်တယ် မဟုတ်လား။ ဒါကြောင့် ရှောင်နေရင်ကောင်းမလားလို့ပါ။
အစကတော့ ဖတ်သူများရင် ကိုယ်ရေးရကျိုးနပ်တယ်လို့ ယူဆမိပေမဲ့ … ခုတော့လဲ ကိုယ့်ဘလော့လာလည်သူ တယောက်စ နှစ်ယောက်စ ဖတ်မိရင်ကိုပဲ မဆိုးလှပါဘူးလို့ပဲ ….
***
စာကို ကမန်းကတန်းဖတ်ကြလို့ပဲ ဖြစ်ဖြစ် အမှုမဲ့ အမှတ်မဲ့ ဖတ်ကြလို့ ပဲဖြစ်ဖြစ် စာဖတ်မှားရင် အဓိပ္ပါယ်ပါမှားပြီး ရယ်စရာကောင်းပုံလေးတွေ ကျမကြုံခဲ့ရသလောက် ဝေမျှပါရစေ .. ။
***
‘သွားရင်သေမယ်’
ဟိုတလောက ကျမရေးခဲ့တဲ့ ကဗျာလေးကို ကျမ ကွန်ပျူတာမှာ ဒီဇိုင်းလေးလုပ်ပြီး wall paper တင်ထားပါတယ်။ ကဗျာရဲ့ နောက်ဆုံးအပိုဒ် ‘ရပ်လို့မနေ၊ သွားရင်းသေမည်၊ အမှန်တရားဆီ၊ ရဲရဲချီ’ ဆိုတဲ့ စာလေး ၄-ကြောင်းထဲပါ။
ကျမတို့ဆီက ၀န်ထမ်း ကလေးမလေးက ကျမကွန်ပျူတာနားရောက်အလာ ဒီကဗျာလေးကိုတွေ့သွားပြီး
‘ရပ်မနေနဲ့ သွားရင်သေမယ် ဆိုတာ ဘာလို့လဲ ဟင် အမ’ လို့ ထိတ်ထိတ်ပြာပြာ ကျမကို မေးပါတယ်။
ကျမလဲ ဘာပြောရမှန်းကို မသိလောက်အောင် တအံ့တသြဖြစ်သွားပြီးမှ .. တဟားဟား အော်ရယ်မိသွားတယ်။ တခြားကလေးမလေးတွေက သူ့ကို ၀ိုင်းဟားကြပါတယ်။ ကျမ ကဗျာလဲ သူလုပ်မှ … အဲဒီလို အဖြစ်ဆိုးနဲ့ ကြုံရတော့တယ်။
ကျမနည်းတူ အဖေကြုံခဲ့ရတာက ..
အဖေရဲ့ ကဗျာခေါင်းစဉ် “ငါက - လူ” ဆိုတာကို အဖေ့ညီမက “ငါ-ကလူ” လို့ ဖတ်မိပြီး ‘ကိုကို .. ငါ-ကလူ ဆိုတာ ဘာလဲဟင်’ လို့ မေးဖူးတယ်တဲ့။ အဖေလဲ ခုထိ ပြောပြီး ရယ်လို့မဆုံးဘူး။
***
‘ဆင်စီးချင်တဲ့ ချောစုခင် နဲ့ အကြွေးတောင်းတဲ့ ကင်းကောင်’
ကျမကြီးတော်တယောက်လဲ တော်တော်စာဖတ်ရှန်းပါတယ်။ အသက်ကြီးလို့ပဲလားတော့မသိဘူး။
ဆရာစံလမ်းထဲက ‘ရွှေပန်ဆိုင်း’ အကင်ဆိုင်မှာ အကင်သွားစားကြတော့ ဆိုင်းဘုတ်ကိုကြည့်ပြီး သူက ‘သြော် ..ရွှေပန်းဆိုင် မှာ စားမှာလား’ လို့ ပြောလို့ ကျမတို့မှာ ရယ်လိုက်ရတာ။
တခါလဲ သူက တီဗီကြည့်နေရင်းနဲ့ ..
‘ဒီ သီချင်းခွေနာမည်ကလဲ တမျိုးပါလား .. ဆင်စီးချင်တယ် တဲ့’ ..
လို့ ပြောနေတာနဲ့ ကျမတို့က လှမ်းကြည့်လိုက်တော့ .. ချောစုခင်ရဲ့ ‘စီးဆင်းချင်တယ်’ ဆိုတဲ့ သီချင်းအယ်လ်ဘမ် နာမည်ဖြစ်နေပါတယ်။ ချောစုခင်လဲ ကြီးတော်ကြီးလုပ်တာနဲ့ ဆင်စီးရတော့မဲ့ကိန်းဖြစ်နေပြီ။
ကျမတူမလေးနဲ့ သူ့သူငယ်ချင်းတွေကတော့ .. “ကောင်းကင် အကြွေကောက်တဲ့လက်” ကို နောက်ပြီး ‘ကင်းကောင် အကြွေးတောင်းတဲ့လက်’ တဲ့။
***
Thursday, November 16, 2006
လွမ်းမပြေ ...
ခဏခဏ ဒီအကြောင်းချည်း ရေးနေတာပဲလို့ အပြစ်တင်လိုက တင်ကြပါတော့။
ဗီဒီယိုကြည့်မိလို့ သတိရတာနဲ့၊ မြန်မာနှစ် တနှစ်ပြည့်လို့ သတိရတာနဲ့ ခရစ်နှစ် တနှစ်ပြည့်လို့ သတိရတာနဲ့ .. တိုက်ဆိုင်မှုရှိလို့ သတိရတာနဲ့ ကျမကလဲ သူ့ကို ခဏခဏ သတိရနေမိလို့ပါ။ တနှစ်ဆိုတာ ကြာတယ်လို့ ပြောချင် ပြောလို့ရသလို မြန်တယ်လို့ပြောချင်လဲ ပြောလို့ရပါတယ်။ ဘယ်လိုပဲပြောပြော .. ဒီတနှစ်အတွင်းမှာ … ကျမရင်ထဲက ၀မ်းနည်းမှုတွေ နှမြောမှုတွေ လွမ်းဆွတ်မှုတွေကတော့ ပျောက်မသွားသေးပါဘူး။
ကြုံရင် ကြုံသလို သူ့ကို သတိရနေဆဲ။ သူငယ်ချင်းများများစားစား မရှိတဲ့ ကျမအတွက်တော့ သူဟာ ကျမရဲ့ အရင်းနှီးဆုံးသော… ကျမကို နားလည်ပေးနိုင်သော … ကျမကို သည်းခံနိုင်သော .. သူငယ်ချင်းကောင်း တယောက်ပါပဲ။
ဒီနေ့ သူ့ကိုရည်စူးပြီး အိမ်ရှေ့မှာကြွလာတဲ့ ဘုန်းကြီးတွေကို သစ်သီးကပ်လှူပြီး အမျှပေးဝေခဲ့ပါတယ်။
သူငယ်ချင်း … တဆင့်ထက် တဆင့် မြင့်မြတ်ရာဘုံဘ၀ကို ရောက်ရှိပါစေ …. ။
***
အခု ဖော်ပြမဲ့ စာကတော့ .. မနှစ်က ကျမမွေးနေ့အတွက် သူက အမှတ်တရရေးပေးပြီး ပလန်းနက် ဖိုရမ်မှာ တင်ခဲ့တဲ့ စာလေးတပုဒ်ပါ။ တချို့လဲ ဖတ်ဖူးပြီးသားဖြစ်ပါလိမ့်မယ်။
သူဟာ ယောကျာ်းလေးတယောက်ဖြစ်ပေမဲ့ သူ့ကိုယ်သူ မိန်းမတယောက်လိုပုံစံမျိုးနဲ့ ပလန်းနက် chat room နဲ့ ဖိုရမ်တွေမှာ နောက်ခဲ့ ပြောင်ခဲ့တယ်။ သူ့ရဲ့ nick က vampire 6 ပါ။ သူ့ကို အများက မမဗန်လို့ခေါ်ကြတယ်။ သူနဲ့ သိပ်ရင်းနှီးလွန်းသူ တချို့သာ သူ့အကြောင်းသိပေမဲ့ အများကတော့ မသိကြပါဘူး။ သူကွယ်လွန်သွားပြီးမှသာ သိသွားကြတယ်။
သူ့ရဲ့ ရေးသားချက်လေးကိုဖတ်ကြည့်ရင် သူ့ရဲ့ စိတ်နေသဘောထားကို အနည်းအကျဉ်းတော့ ခန့်မှန်းနိုင်မှာပါ။
***
၂၁-၈-၂၀၀၅ ( တနင်္ဂနွေနေ့ )
ညီမလေး မေဓါဝီ အတွက် မွေးနေ့ ဆုတောင်းကောင်းကောင်းလေး . .
(( ချစ်ညီမလေး အသက်ရာကျော်ရှည်ပါစေ . . ))
((မွေးနေ့ရောက်တိုင်း သူငယ်ချင်းများနဲ့ ပျော်ရွှင်နိုင်ပါစေ ))
(( စိတ်ပုတီးကို လက်မှာကိုင်လို့ ကိတ်မုန့်များများ ခိုးစားနိုင်ပါစေ ))
(( ကြက်ဥကြော် ပလုတ်ပလောင်းနဲ့ အသက်လွတ်ရက်များစွာ ဆောက်တည်နိုင်ပါစေ ))
(( သားသမီးရတနာ များများ ထွန်းကားပါစေ ))
ဟိုက် . . ဒီတစ်ခုတော့ မှားသွားပြီ . .ဆောရီး .ဆောရီး .
မွေးနေ့ နဲ့ မင်္ဂလာဆောင် .. ဟီး . .
တော်ကြာ ညီမလေးကို အိမ်ထောင်ရှင်လို့ ထင်သွားကြဦးမယ် . .
ကောက်နဲ့နော် . . မမက အလကား စ တာ . .
မမပို့လိုက်တဲ့ လက်ဆောင်လေး ရတယ် မဟုတ်လားကွယ် . .
ကြိုက်ရဲ့လား . .
မမက နေမကောင်းဖြစ်နေလို့ မမရဲ့ အကိုကို တောင်းပန်ပြီး ပို့ခိုင်းလိုက်ရတယ် . .
ကိုယ်တိုင်မလာလို့ဆိုပြီး နှုတ်ခမ်းကြီး စူမနေပါနဲ့နော် . .
ညီမလေး ပေးလိုက်တဲ့ မုန့်တွေက အရမ်းစားလို့ကောင်းတာဘဲ . . သိလား . .
ညီမလေး အတွက် လက်ဆောင်သွားဝယ်တဲ့ အကြောင်းလေး . ပြောပြရဦးမယ် . .
နေရာက အားလုံး သိကြတဲ့ ရွှေဘုံသာလမ်း . .
ဆိုင်ထဲဝင်သွားတော့ ဦးလေးကြီး တစ်ယောက်ထိုင်နေတာ တွေ့တယ် . .
သူက ဘာမှ မပြောဘူး .
မမကလည်း ဘာမှ မမေးသေးဘဲ အရုပ်တွေ လျှောက်ကြည့်နေတယ် ..
ဟိုဟာကိုင် ဒီဟာကိုင်နဲ့ပေါ့ . .
ခဏနေတော့မှ သူက မျက်လုံးကြီး ပြူးကြည့်ပြီး . .
‘ဘာလိုချင်သလဲ . ခလေးမ’
‘ဘာလိုချင်ရမှန်း မသိသေးပါဘူး . . ဘယ်လိုဟာမျိုးဝယ်ရင် ကောင်းမလဲ စဉ်းစားနေတာ’
‘ခလေးမရဲ့ ကလေးက အသက်ဘယ်လောက် ရှိပြီလဲ . ငယ်ဦးမယ် ထင်တယ်’
‘အို . . ကျွန်မ ကလေး မဟုတ်ပါဘူး . . သူများ ကလေးကို လက်ဆောင်ပေးဖို့ပါ’
ရုတ်တရက်ဆိုတော့ ရှက်ပြီး ယောင်ယောင်မှားမှား ဖြေလိုက်တယ် ..
ဟုတ်တယ်လေ . . ဒီက အပျိုလေး . နုနုလေးကို . . ကလေး အမေနဲ့ မှားရတယ်လို့ . .
မျက်စိ တော်တော် မှုန်တယ်ထင် . . သူ့မျက်မှန်က အထူကြီး . .
‘သြော် . စိတ်မရှိပါနဲ့ကွယ် . . အိမ်ထောင်မကျသေးဘူးလို့တော့ ထင်သား . . ဟီး ဟီး . .
ကလေးက လေးဖက် သွားပြီလား’
မမက ညီမလေး ကြမ်းတိုက်တာကို မြင်ယောင်ကြည့်လိုက်ပြီး . .
‘တစ်ခါတစ်လေတော့ လေးဖက်သွားပါတယ် . များသောအားဖြင့်တော့ မတ်တပ်ဘဲ’
ရှက်နေတာ မပြီးသေးလို့ ပေါက်ကရတွေ ပြောနေမိတာ . .
‘ဒါဆို လမ်းလျှောက်တတ်ခါစပေါ့ . . ဒီ စက်ဘီးလေး ၀ယ်ပေးလိုက်လေ’
ကလေးစီး သုံးဘီးစက်ဘီးလေးကို ပြရင်း ဦးလေးကြီးက ပြောတယ် . .
‘ဒါနဲ့ ဆန့်မှာ မဟုတ်ပါဘူး ဦးလေးရယ် . . သူလမ်းလျှောက်တတ်တာကလည်း ကြာလှပြီ’
‘ဒါဆိုဒီ သေနတ်ကလေး ၀ယ်ပေးလိုက်ပါလား . . နောက်ဆုံးရောက်တာလေ . .
လေဆာပွိုင့်တာပါတယ် . .’
စပ်ဖြီးဖြီးကြီး လုပ်ပြီး ကော်စေ့ထည့်ပစ်ရတဲ့ သေနတ်လေး တစ်ခု ယူပြလေရဲ့ . .
‘အာ . မဖြစ်သေးပါဘူး . . မျက်စိတွေမှန်ကုန်လို့ ကန်းနေပါဦးမယ်’
‘ဒါအတွက် ဘာမှ မပူနဲ့ . . ဒီမှာ မျက်စိမထိအောင် ကာဗာ ရှိတယ်’
သူပြောတဲ့ ကာဗာ ဆိုတာ ရေကူးမျက်မှန်နဲ့ တူတဲ့ ဆေ့ဖ်တီး ဂလတ်စ် . .
‘သူ့ အဖေ အမေကို ဒါကြီးတွေ ၀တ်ပေးထားရမှာပေါ့နော် . .’
‘မဟုတ်ဘူးလေ . . ကလေး ၀တ်ဖို့ . . လူကြီးတွေက ဒါဝတ်ပြီး ဆော့စရာမှ မဟုတ်တာ’
‘ကလေးကလည်း သူ့မျက်စိ သူပြန်ပစ်ပြီး ဆော့မှာမှ မဟုတ်တာ . . ပစ်မယ့်ပစ် သူများဘဲပစ်မှာပေါ့ . .
နောက်ပြီး သူက မိန်းခလေး’
‘မိန်းခလေးလား . . ဒါဆို . . ဘိုမရုပ်လေး ပေးလိုက် . . သီချင်းဆိုတယ် . . ကတယ်’
‘အဲဒီအရုပ်လည်း သူကြိုက်မှာ မဟုတ်ပါဘူး . .’
‘ဒါဆို .. မီးရထားလေးရော . . ဘူတာရောက်ရင် ရပ်တယ် . . ဥသြဆွဲတယ်’
‘မကြိုက်ဘူး ..’
‘ခလေးမ မကြိုက်ပေမယ့် ဟို ကလေးလေးက ကြိုက်ချင်ကြိုက်မှာပေါ့’
‘ကျွန်မ မကြိုက်ရင် သူလည်း ကြိုက်မှာ မဟုတ်ဘူး’
‘ဒါနဲ့ . သူများကလေးဆို’
‘သူများကလေးဆိုတော့ ဘာဖြစ်သလဲ . .’
‘ဘာမှ မဖြစ်ပါဘူး . . ဒါဆို အဝေးထိန်း မော်တော်ကားလေးယူပါလား’
‘မယူဘူး . . အဲ . . ဟိုမှာ တင်ထားတဲ့ ၀က်ဝံရုပ်လေး ခဏပြ’
မမက အဖြူရောင် ၀က်ဝံရုပ်လေးကို သဘောကျသွားတယ် . .
ဒါလေးဆို ၀ီ က ကြိုက်မှာ . .
သူပြောတဲ့ ဈေးရဲ့ တစ်ဝက်လောက်နဲ့ ငွေပေါ်လျှော့ဈေးဆိုပြီး ရောင်းလိုက်လေရဲ့ ..
မွေးနေ့မှာ ၀ီ့ကို ပေးမယ်ဆိုပြီး အားခဲထားတာ . .
မမက ရုတ်တရက် နေမကောင်းထဖြစ်တာနဲ့ မလာနိုင်တော့ဘူး . .
မမရဲ့ အကိုပြောပြတဲ့ ၀ီ နဲ့ တွေ့တဲ့အကြောင်းလေးကို မွေးနေ့ အမှတ်တရ ရေးပေးလိုက်တယ်နော် . .
မမပြန်ရေးတာနဲ့စာရင် သူကိုယ်တိုင်ပြောသလိုမျိုးက ပိုဖတ်လို့ကောင်းမှာမို့ အဲလိုပဲ ရေးပေးလိုက်တယ် . .
(ရွှေဥဒေါင်း စတိုင်လေ . . ဟဲ ဟဲ )
***
ကျွန်တော့် ညီမလေးက သူငယ်ချင်းရဲ့ မွေးနေ့အတွက် လက်ဆောင်လေး ပို့ပေးပါဆိုလို့ သူပေးတဲ့ လိပ်စာအတိုင်း သွားခဲ့တယ် . .
ခြံဝမှာ ဘဲလ် တီးလိုက်တော့ . .
ပါးဖေါင်းဖေါင်းနဲ့ ချစ်စရာ ကောင်မလေး တစ်ယောက် ကိုင်းကျိုးနေတဲ့ ထီးစုတ်လေးကို ဆောင်းပြီး
စပ်ဖြဲ စပ်ဖြဲနဲ့ ထွက်လာတယ် . .
‘ဒါ မေဓါဝီရဲ့ အိမ်ဟုတ်ပါသလား’
‘ဟုတ်ပါတယ် ရှင်’
သူက ပြုံးပြုံးလေး ဖြေတယ် . .
‘မေဓါဝီကို ခဏလောက် ခေါ်ပေးလို့ရမလား’
‘မလိုပါဘူး’
‘ဟင် . . ဘာမလိုတာလဲ . အကိုက မေဓါဝီကို ပေးစရာရှိလို့ပါ . .
နောက်ပြီး သူ လက်မှတ်ထိုးရမှာမို့လို့ လိုပါတယ်’
‘မလိုပါဘူးဆိုတာ မေဓါဝီက သမီးမို့လို့ ခေါ်ပေးစရာမလိုပါဘူးလို့ပြောတာပါ . .’
ကောင်မလေးက ကျွန်တော့် လေယူလေသိမ်းကို အတုခိုးပြီး မျက်လုံးလေးဝင့်ကာ ရှင်းပြတယ် . .
‘သြော် .သြော် . . အကို့ကို မေဓါဝီအတွက် . . အက် .. အက် . . အက် ..’
‘မမဗန်က လက်ဆောင်ပို့ခိုင်းလိုက်တာ မဟုတ်လား . . သိပါတယ် ..ပေး . ပေး . .’
သူက ကြားဖြတ်ပြောလိုက်တာနဲ့ ကျွန်တော့်မှာ တန်းလန်းကြီးဖြစ်သွားတော့ ရီနေသေးတယ် . .
‘ဒီတိုင်းပေးလို့ မဖြစ်ဘူးလေ . . စကားဝှက်ပြောဦး’
‘အင်း . . ဒါလေးများ . . သစ်ကုလားအုတ်ဥ’
‘အွန် . . မှားပြီ’
‘ဘယ်မှာ မှားလို့လဲ . . သမီး သေချာမှတ်ထားတာကို’
‘အကိုကလည်း သေချာ မှတ်လာတာပါ . . အဲဒီ သစ်ကုလားအုတ်ဥတော့ မဟုတ်ဘူး’
‘မမဗန်က စာထဲမှာ သေချာရေးထားတာဘဲ . . စကားဝှက်က သစ်ကုလားအုတ်ဥ တဲ့’
‘ညီမလေးရဲ့ မမဗန်က အဲဒီလို ညစ်တီးညစ်ပတ်တွေ ပြောမတဲ့လား စဉ်းစားပါဦး’
‘အာ . . မမဗန်က ဇာတ်လမ်းတွေထဲမှာတော့ ညစ်တီးညစ်ပတ် အရမ်းပြောတာဘဲ . .
ဒါပေမယ့် အခုဟာက ညစ်တီးညစ်ပတ် ဘယ်မှာ ဖြစ်လို့လဲ . သစ်ကုလားအုတ်ဥဘဲဟာကို’
‘အဲဒါကြီးကိုက ညစ်ပတ်နေတာ . .’
‘ဘယ်မှာ ညစ်ပတ်တာ ပါလို့လဲ . . သစ်ကုလားအုတ်ဥလေ’
‘ရှင်းပြရ . မကောင်းဘဲ ဖြစ်တော့မယ် . .’
‘ဘာမကောင်းတာလဲ . . ရှင်းပြ . . ရှင်းပြ . . ဘာမှန်းလဲ မသိဘူး . . မှန်ရဲ့သားနဲ့ဟာကို’
အမယ် . .သူက စိတ်ဆိုးပြီး ခြေလေးဆောင့်ပြတယ် . .
‘မရှင်းပြတော့ပါဘူး . .တော်ကြာ ညစ်တီးညစ်ပတ်မောင်နှမလို့ နာမည်တွင်နေဦးမယ်’
‘ဟင် .. ဦးလေးက မမဗန်ရဲ့ အကိုလား .. ခွိ ခွိ . . သမီးက ဒရိုင်ဘာအောက်မေ့လို့ . .
အိမ်ထဲဝင်ပါဦး .. အားမနာပါနဲ့’
ကိန် . . ကျွန်တော့်ကိုများ ဦးလေးတဲ့ . .
သူ့ထက်ကြီးလှမှ လေးနှစ်ပေါ့ . .
ခြံတံခါးကို သော့ဖွင့်ပေးရင်း သူကဆက်ပြောတယ် . .
‘အထဲလာပါ ဦးလေးရယ် . . ကစ်ကစ်က တစိမ်းတွေ့ရင် နည်းနည်း ကိုက်တာကလွဲလို့ သဘောကောင်းပါတယ် . .’
အဲ .. သူ့ဟာက .. ပုဆိုးကတောင်းကျိုက်ပြီး ပြေးရမယ့် အပေါက်မျိုး . .
‘ရပါတယ် . . အကိုကလည်း ကိုက်တတ်တဲ့ခွေးဆို အမြီးကကိုင်ပြီး မြေကြီးနဲ့ပေါက်ထည့်လိုက်တာဘဲ’
ကျွန်တော့်ကို ဦးလေး ခေါ်လို့ ကျွဲမြီးတိုနေတာနဲ့ ဘု ပြောလိုက်တယ် . .
‘ဟား ဟား . . အဲဒါဆိုရင်တော့ အမက ဦးလေးကို ပြန်ကိုင်ပေါက်လိမ့်မယ် . .
သူ့သားကို လုပ်လို့ဆိုပြီး’
ကျွန်တော်ပြောတာကို သူက ရီစရာလုပ်ပစ်လိုက်တယ် . .
ဧည့်ခန်းထဲရောက်တော့ . . စားပွဲပေါ်က မျက်မှန်လေးကို ကောက်တပ်လိုက်ရင်း . .
‘အဲတော့ . . ခုနက ခြံဝမှာ မှောင်နေတာနဲ့ ကောင်းကောင်းမမြင်ရဘူး . .
အကိုက . ဟီး . . ငယ်ငယ်လေးဘဲ ရှိသေးတာဘဲ . . ဦးလေးလို့ ခေါ်မိတာ စိတ်ဆိုးနဲ့နော်’
‘ရပါတယ် . . အထင်မှား အမြင်မှား ဆိုတာ ဖြစ်တတ်ပါတယ်’
ကျွန်တော် နည်းနည်း ကျေနပ်သွားလို့ လေပြေထိုးလိုက်တယ် . .
ဟုတ်တယ်လေ . . နို့မို့ဆို ရွယ်တူကောင်မလေးက ဦးလေးခေါ်တာ ဘယ်လောက် အခံရခက်သလဲ . .
နောက်ပြီး ဒရိုင်ဘာ အောက်မေ့လို့တဲ့ . .
‘စကားဝှက်အကြောင်းရှင်းပြပါဦး . . ဘာညစ်ပတ်တာပါနေလို့လဲ’
အဲယားကွန်းကို အရှိန်မြှင့်လိုက်ရင်း သူက မေးတယ် ..
‘မရှင်းပြတော့ပါဘူး . . ရှုပ်ကုန်ဦးမယ်. . မမှန်ရင်တော့ မပေးနိုင်ဘူးနော်’
‘အဲဒီ မမှန်တာကို သိချင်လို့ ရှင်းပြပါဆို . . ဘာမှ မရှုပ်ပါဘူး .. ရှင်းပြ’
‘မဖြစ်ပါဘူး’
‘ဖြစ်ပါတယ်’
‘မဖြစ်သေးပါဘူး’
‘ဖြစ်သေးပါတယ် . . မမဗန် အကိုရယ်’
‘မနောက်ပါနဲ့ . .’
‘နောက်ပါဘူး . . ရှင်းပြ’
‘ရှင်းပြပြီးရင် အပြစ်ဆိုခံရဦးမယ်’
‘အပြစ်မဆိုပါဘူး . . သမီးက သိချင်လို့ မေးတာဘဲဟာ’
‘မဖြစ်ပါဘူး’
‘ဖြစ်ပါတယ်’
‘ကဲ .ဖြစ်ရင်လည်းရှင်းပြမယ် .နောက်ပြီးမှ ဘာဘာ ညာညာ မပြောနဲ့’
‘မပြောပါဘူး . .’
‘ပြီးရော . . ဥ ကို ဘယ်သူက အု သလဲ’
‘ဘယ်ဥကိုလဲ’
‘ကြက်ဥ ဆိုပါတော့’
‘ကြက်ဥကို ကြက်မကြီးက အု တာပေါ့’
‘အေး . . အဲဒါ လိုရင်းဘဲ . . ဒါကြောင့် စကားဝှက်ကမှားလည်းမှားတယ် ညစ်လည်း ညစ်ပတ်တယ်လို့ပြောတာပေါ့’
‘အွန် . . ဘာမှလည်း မဆိုင်ဘူး ..’
‘ဆိုင်တယ် . ဆိုင်တယ် . .နော် . .သေချာပြန်စဉ်းစားဦး . .
မမှန်လို့ကတော့ လုံးဝပေးလို့ မဖြစ်ဘူး . .’
‘ဘယ်လိုဖြစ်လို့ ဆိုင်နေရတာလဲ . . သမီးက အရိပ်ပြလို့ အကောင်မမြင်ဘူး . .
အကောင်လိုက်ကြီး ပြမှ ရေးရေးဘဲ မြင်တာ’
‘အင်း . . ယုံပါတယ် . .ရေးရေးဘဲမြင်လို့ ခုနက ဦးလေးလို့ ခေါ်တာပေါ့နော်’
‘ဟီး ဟီး . .ဆောရီးပါ အကိုရယ် . ဥအုတဲ့ အကြောင်းလေးတော့ ရှင်းပြပါဦး’
‘ကဲ .. သစ်ကုလားအုတ်က ဘယ်လို အကောင်ကြီးလဲ’
ကျွန်တော် နည်းနည်း စိတ်မရှည်ချင်တော့တာနဲ့ ငေါ့တော့တော့ မေးလိုက်တယ် . .
‘လည်ပင်းအရှည်ကြီးနဲ့ . . ကိုယ်လုံးမှာလည်း အပြောက် အပြောက်တွေနဲ့’
‘အဲဒီကောင်တွေက ဥကပေါက်သလား . အကောင်လိုက်မွေးသလား’
‘အကောင်လိုက်မွေးတယ်လေ . . အဲဒါ ညစ်ပတ်တာ ဘာပါလို့လဲ’
‘အန် . . အကောင်လိုက်မွေးတယ်ဆိုတော့ ဥ မအုဘူးမဟုတ်လား’
‘ဟုတ်တယ်’
‘ဥမအုရင် သစ်ကုလားအုတ်ဥ ဆိုတာ အမက အု နိုင်ပါဦးမလား’
‘မအုဘူး’
‘အေး . .အမက ဥမအုလို့ အမရဲ့ဟာ မဟုတ်ရင် သစ်ကုလားအုတ်ဥ ဆိုတာ အထီးရဲ့ ဟာပေါ့ . .
ဒါကြောင့် ညစ်တီးညစ်ပတ် စကားဝှက် ဖြစ်နေပြီလို့ပြောတာ’
ကျွန်တော်က စိတ်ပေါက်ပေါက်နဲ့ ပြောချလိုက်တယ် ..
‘ဟယ်တော့’
သူက မျက်နှာလေးနီပြီး ရှက်သွားလေရဲ့ . .
ကျွန်တော်လည်း ပြောတုန်းက ပြောပြီး . . အခုမှ ရှက်လိုက်တာ . .
မှားပြီ . . မှားပြီ . . ဒွတ်ခတော့ ရောက်ပြီ . .
ငါ့ကို ပါးထရိုက်ရင် ခက်ရချည်ရဲ့လို့ စိတ်ပူမိသေးတယ် . .
နှစ်ယောက်စလုံး ကြောင်တောင်တောင်နဲ့ ကြမ်းပြင်ကြီးကို ငုံ့ကြည့်နေကြတယ် . .
စကားလည်း မပြောကြဘူး . . လှုပ်လည်း မလှုပ်ကြဘူး . .
ခဏကြာတော့မှ သူက . .
‘မေးလ် ထဲမှာ ပြန်ဖတ်ကြည့်လိုက်ဦးမယ် . .’
တုံးတိတိပြောပြီး အိမ်ထဲကို ၀င်သွားတယ် . .
ကျွန်တော်လည်း သက်ပြင်းကြီးချပြီး . . ဘယ်လိုပြန်ပြောရပါ့မလဲလို့ စဉ်းစားနေတယ် . .
မပြောပါဘူးဆိုတာကို ရှင်းပြ . ရှင်းပြ ဆိုတာနဲ့ ရှင်းထည့်လိုက်တာ ရှုပ်ကုန်တာဘဲ . .
တော်ပြီ . .တော်ပြီ . .နောက်တစ်ခါ ပို့ခိုင်းရင် မပို့ပေးတော့ဘူး . .
ညီမလေးကို နင့်ဟာနင် နေကောင်းမှပို့တော့ဟာ လို့ ပြောမယ် . .
ကျွန်တော် ချွေးပြန်နေတုန်း . .မေဓါဝီ ထွက်လာတယ် . .
‘သိပြီ . သိပြီ . . စကားဝှက် အမှန်က ငှက်ကုလားအုတ်ဥ’
သူက ပြုံးပြုံးလေး ပြောတယ် ..
‘ဟုတ်တယ် . . ခုမှ မှန်ပြီ . .ရော့ . . လက်ဆောင်’
ကျွန်တော်ကလည်း ရှက်ပြုံးလေး ပြုံးလိုက်ပြီး သူ့ကို ပေးလိုက်တယ် . .
ညီမလေးကလည်း ဘယ့်နှယ်ကြောင့် ဒီလို တလွဲတချော်ဖြစ်မယ့် ဥ ကို
စကားဝှက်လုပ်ရတယ် မသိဘူး . .
‘သမီးက ကုလားအုတ်ကိုမှတ်ထားတာ . . သစ်ကုလားအုတ်နဲ့ ငှက်ကုလားအုတ်
နည်းနည်းလေး လွဲသွားတယ် .. ဟီး’
လက်ဆောင်ထုပ်လေးကို ဖြည်ရင်း သူက ပြောနေတယ် . .
‘မေဓါဝီက စာရေးဆရာမဆို . . ဘာလို့ မှားရတာလဲ’
‘စာရေးဆရာမလည်း လူထဲက လူဘဲဟာ . . အမှားတော့ရှိမှာပေါ့ . . အကိုရယ်’
အင်း . .ကောင်းပါ့ . . မှားတာကလည်း တစ်ကယ့်ဟာကိုမှ မှားရတယ်လို့ . .
စကားဝှက်ဆိုတာ ဘယ်လောက်အရေးကြီးသလဲနော် . .
‘ဟာ . . ကြိုက်တယ် . . ကြိုက်တယ် . . ဒါကြောင့် မမဗန်ကို ချစ်နေရတာ . .’
သူက ၀က်ဝံရုပ်ကြီးတွေ့တော့ သဘောတွေ ကျနေလေရဲ့ . .
နောက်ပြီး ညီမလေး စာအုပ်ထဲမှာ အမှတ်တရ လက်မှတ်ထိုးပေးလိုက်တယ် . .
ကျွန်တော် သူ့ဆီက ပြန်လာတော့ သူ့ရဲ့ မျက်နှာလေးကို မြင်ယောင်ပြီး သူနဲ့တွေ့ရတာကို ကျေနပ်နေမိတယ်
ဒီလိုတွေ့ရအောင် ဖန်တီးပေးတဲ့ ညီမလေးကိုလည်း ကျေးဇူးတွေ တင်နေမိတယ် . .
ဒါပေမယ့် သစ်ကုလားအုတ်ဥ အကြောင်းစဉ်းစားလိုက်မိတော့ အိပ်မက်က လန့်နိုးသလို .
ဗြုန်းကနဲ ရှက်တဲ့စိတ်က ၀င်လာပြန်ရော . .
တော်ပြီ နောက်တစ်ခါဆို ပို့မပေးတော့ဘူးဆိုပြီး ဖြစ်ပြန်ရော . .
ဒါပေမယ့် ဘယ်လိုပဲရှက်ရှက် . .မေဓါဝီလို ချောချောလှလှလေးတွေဆီ ထပ်သွားရမယ်ဆိုရင်တော့ . .
ဂေါ်မစွံလူပျိုကြီး ကျွန်တော့်ရဲ့ နှလုံးသားက မျက်နှာပြောင်တိုက်ပြီး သွားချင်နေလေရဲ့ဗျာ . .
ပြီးပါပြီ . .
ညီမလေး မေဓါဝီရေ . .
ရေးရင်း ရေးရင်းနဲ့ ဘယ်လိုတွေဖြစ်ကုန်တယ် မသိပါဘူးကွယ် . .
ဇာတ်လမ်းက အဲဒီလို အဆုံးသတ်သွားတယ် . .
မမကို စိတ်မကောက်ပါနဲ့နော် . .
ရေးဦးလေ. .ရေးဦးလေ ဆိုပြီး တဖွဖွ ပြောနေတဲ့ ညီမလေးအတွက် မမရဲ့ မွေးနေ့လက်ဆောင်
အမှတ်တရ ဇာတ်လမ်းလေးပေါ့ကွယ် . .
ချစ်ညီမလေး ပျော်ရွှင်စွာ ရီမောနေနိုင်ပါစေ . .
မမ သ စ ဖ က ၆
Wednesday, November 15, 2006
essay 5
ဒီ အက်ဆေးလေးဟာ လွန်ခဲ့တဲ့ ၄-၅-၆ နှစ်လောက်က အိုင်ဒီယာမဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရတဲ့ အက်ဆေးတပုဒ် ပါ။
ကြာတော့ကြာခဲ့ပါပြီ… ။ ဒါပေမဲ့ … ခုထိလဲ ကွန်ပျူတာသုံးရင် undo လုပ်မိနေတုန်းပဲ။ အပြင်မှာလဲ ပြောချင်ရာစွတ်ပြောတတ် လုပ်ချင်ရာလျှောက်လုပ်တတ်နေတုန်းပဲ။
ဒီလိုလူမျိုး ရေးတဲ့ စာတပုဒ်ကို ဖတ်ကြည့်ပြီး ဝေဖန်ပေးကြပါအုံး။
(သို့မဟုတ်)
undo နှင့်နောင်တများ
***
ကွန်ပျူတာအသုံးပြုနေကြသူများကတော့ undo ဆိုသည့် ဝေါဟာရလေးနှင့် အကျွမ်းဝင် ရင်းနှီးပြီးသား ဖြစ်ပေလိမ့်မည်။ အကျွမ်းတ၀င်ရှိသလို undo command ကို ခဏခဏလည်း အသုံးပြုဖူးမည်မှာ သေချာ သလောက်ပင်ဖြစ်၏။ ဘာကြောင့်သေချာပေါက်ပြောနိုင်ရသလဲဆိုတော့ ကိုယ်တိုင်လည်း ထို command ကို ခဏခဏ အသုံးပြုနေရသူ တစ်ယောက်ဖြစ်၍ပင်။
undo ဆိုသည်မှာ ကွန်ပျူတာအသုံးပြုသူ (user) က သူနောက်ဆုံးပြုလုပ်ခဲ့တဲ့ action တစ်ခုကို ပြန်ဖျက်လိုလျှင် အသုံးပြုရသော command တစ်ခုဟု ဦးအောင်မြင့်က သူ၏ ကွန်ပျူတာ အဘိဓာန်တွင် ရေးသားထားသည်ကို တွေ့ရှိရသည်။
ဥပမာဆိုရလျှင် လူတစ်ယောက်ဟာ ကွန်ပျူတာဖြင့် စာရိုက်နေရင်း စာတစ်ပိုဒ်ကို မှား၍ ဖျက်မိသည် (delete လုပ်မိသည်) ဆိုပါစို့။ ချက်ချင်းပင် undo ဟု commandပေးလိုက်ပါက အဆိုပါ ဖျက်မိသည့်စာက ဘွားခနဲ ပြန်ပေါ်လာမည်ဖြစ်သည်။ ကွန်ပျူတာအသုံးပြုနေရင်း ကိုယ်က တစုံတခုလုပ်ပြီးမှ မလုပ်ချင်တော့လို့ပဲ ဖြစ်ဖြစ်၊ မှားသွားလို့ပဲဖြစ်ဖြစ် မူလအခြေအနေအတိုင်း ပြန်ဖြစ်နေစေချင်လျှင် undo ဟု အမိန့်ပေး၍ ရသည်။ ဘယ်လောက်ကောင်းလိုက်ပါသလဲ။
နောက်ဆုံးပြုလုပ်ခဲ့သည့် action ကိုသာ undo လုပ်၍ရသည်ဆိုသော်လည်း အချို့ software များတွင်တော့ ချွင်းချက်အားဖြင့် undo အကြိမ်ကြိမ်ပြုလုပ်၍ရသည်။ မိမိက action ၅ ခု ပြုလုပ်ထားလျှင် ထို action ၅ ခု လုံးကို undo လုပ်၍ရသည်။ ၁-၂-၃-၄-၅ အတိုင်း မိမိ က action လုပ်ထားလျှင် ၅-၄-၃-၂-၁ အတိုင်း undoပြန်လုပ်၍ ရပါသည်။
(ကွန်ပျူတာအခြေခံမရှိသူစာဖတ်သူများကိုရည်ရွယ်ပြီးရှင်းပြနေခြင်းဖြစ်ပါသည်။ ဤကား စကားချပ်။)
ဒါကြောင့် ထို undo commandလေးကို ကွန်ပျူတာအသုံးပြုသူ တခြားသူများတော့မသိ။ ကျွန်တော်ကတော့ အလွန်နှစ်ခြိုက်မိပါသည်။ ဘာကြောင့်ဆို ကိုယ်လုပ်ချင်ရာကို မစဉ်းစားဘဲ မြန်မြန်ဆန် ဆန် လုပ်ပစ်လိုက်ပြီး မှားသွားလျှင် undo အချိန်မရွေးလုပ်လို့ရနေခြင်းကြောင့်ပင်။
ကျွန်တော် ဂရပ်ဖစ်ဒီဇိုင်နာဘ၀က ဒီဇိုင်းတစ်ခုခု ပြုလုပ်နေပြီဆိုလျှင် ညာဘက်လက်က mouse ကို ကိုင်ထားပြီး ဘယ်လက်က undo command ၏ shortcut keyဖြစ်သည့် ctrl z (control z) keyပေါ် တင်ထားမိနေသည်။ တမင်တင်တာရယ်လို့တော့ မဟုတ်၊ ctrl z ကို နှိပ်ရလွန်း၍ အကျင့်ပါ သွားလို့ ဖြစ်၏။
ထိုသို့ ctrl z ကို အသုံးပြုရဖန်များလာတော့ ကွန်ပျူတာအသုံးမပြုသည့် အချိန်များမှာပင် ယောင်ပြီး crtl z လုပ်ချင်နေသည်။ ဘာမဟုတ်သည့်ကိစ္စ ကော်ဖီသောက်ဖို့ ရေနွေးထည့်တာ များသွားတာ လောက်ကိုတောင် ctrl z ဆိုပြီး undo command ပေးနေမိပြန်သည်။ ဒီလိုဖြစ်တာ ကိုယ်တစ်ယောက်ထဲ လား ဆိုပြီး လုပ်ဖော်ကိုင်ဖက်တွေကို မေးကြည့်တော့ သူတို့လည်း ကိုယ့်လိုပင် ... ဖန်ခွက်ထဲက ဖျော်ရည်တွေကို ရေထင်လို့ သွန်ပစ်ပြီးမှ undo လုပ်နေမိတာမျိုး၊ စကားပြောကြတဲ့အခါ နှုတ်လွန်သွားပြီးမှ undo လုပ်နေမိတာမျိုးတွေ ဖြစ်ကြသည်ဟု ဆို၏။ ကွန်ပျူတာထဲမှာ undo လုပ်လို့ရသလို လက်တွေ့ဘ၀ မှာလည်း undo လုပ်လို့ရရင်ကောင်းမှာပဲ ဟု ထိုစဉ်က တညီတညွတ်ထဲ ပြောမိကြသေးသည်။
တခါက သူငယ်ချင်းတစ်ယောက်ပြောဖူးတာကို အမှတ်ရမိသည်။
‘ငါ သူ့ကို ချစ်တယ် လို့ အဖြေပေးခဲ့မိတာကို undo လုပ်လို့ရရင် ပြန်လုပ်ချင်လိုက်တာဟာ...’ တဲ့။ ပြောပုံက နောင်တတွေ တပုံကြီးရနေသည့်လေသံ။ သူလာပြောသည့်အချိန်မှာ သူတို့နှစ်ယောက်က လက်ထပ်ပြီး ကလေးပင် တစ်ယောက်ရနေပြီ။
‘ကွန်ပျူတာမှာတောင် ဒီလောက်ကြာသွားတဲ့အချိန်ဆို undo လုပ်လို့ မရတော့ဘူး’ ဟု ကျွန်တော်က ပြန်လည် နောက်ပြောင် ပြောဆိုခဲ့၏။
မည်သို့ပင်ဖြစ်စေ ကွန်ပျူတာကသာ မိမိပြုလုပ်ထားသမျှအတွက် undo အမိန့်ပေးခြင်းကို လက်ခံနေမည် ဖြစ်သော်လည်း တကယ့်လက်တွေ့ဘ၀မှာက မိမိလတ်တလော ပြုလုပ်မိသည့် ကိစ္စတစ်ခုကိုတောင် undo ဟု အမိန့်ပေး၍မရ။ undo အမိန့်ပေးခွင့်လည်း မရှိ။
ထိုအခါ မစဉ်းစားဘဲ ခပ်မြန်မြန် ဆုံးဖြတ်တတ်ကြသော ပြုလုပ်တတ်ကြသော ကျွန်တော်တို့တတွေမှာ ကြေကွဲခြင်း (သို့မဟုတ်)နောင်တ များနှင့်သာ နပန်းလုံးနေကြရလေပြီ။
ဒါကြောင့် undo လုပ်ခွင့်မရတဲ့ ဘ၀မှာ အမှားတွေနဲ့ နောင်တတွေနည်းပါးအောင် ဘယ်လို လုပ်သင့်တယ်ဆိုတာ ကျွန်တော် အဖြေရှာကြည့်မိရာ ...
မြတ်စွာဘုရားရဲ့ အာဝေဏိကဂုဏ်တော်ထဲမှာပါသည့်
‘မြတ်စွာဘုရားတို့မည်သည် ဘယ်အရာမဆို မပြောဆိုခင်၊ မပြုလုပ်ခင်၊ မကြံစည်ခင် ဥာဏ်တော် ရှေ့သွားရှိတယ်’ ဆိုသည်ကို အမှတ်ရမိသည်။ ဒီနေရာမှာ ဘုရားလိုပုဂ္ဂိုလ်မျိုးနှင့် ခိုင်းနှိုင်းချင်တာမဟုတ်ပါ။
မြတ်စွာဘုရားကလွဲလို့ တခြားရဟန္တာတွေ ပစ္စေကဗုဒ္ဓါတွေမှာပင် မရှိသည့် ဂုဏ်တော်ကြီးကို အောက်မေ့ပူဇော်ရင်း …
ကျွန်တော်တို့တွေလည်း မိမိပြုလုပ် ဆောင်ရွက် ဆုံးဖြတ်မည့် (အရေးပါသည့်) ကိစ္စတွေမှာ မပြောခင် မလုပ်ခင် ဥာဏ်နဲ့အရင် စဉ်းစား ချင့်ချိန်ပြီးမှ ပြောဆို လုပ်ကိုင်ကြမည်ဆိုပါလျှင် ဘ၀မှာ နောင်တတွေလည်း နည်းသွားမည်၊ undo လုပ်ခွင့်ကိုလည်း တမ်းတနေရန် လိုတော့မည်မထင်။
Tuesday, November 14, 2006
အမျိုးသားအောင်ပွဲနေ့ ...
၈၆ နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့
***
ဒီနေ့ဟာ ၈၆ နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ပါ။ ၁၉၂၀ ကျောင်းသားသပိတ်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားတဲ့အတွက် အမျိုးသားအောင်ပွဲနေ့ဟာ ကျောင်းသားတွေနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။
ခေတ်အဆက်ဆက် ကျောင်းသားတွေဟာ လွတ်လပ်ရေး .. အမျိုးသားရေး .. လူ့အခွင့်အရေး … … … စသည် စသည်တို့အတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ လက်ရှိလဲ တိုက်ပွဲဝင်နေကြပါတယ်။ ဆက်လက်ပြီးတော့လဲ တိုက်ပွဲဝင်နေအုံးမှာပါ။
မြန်မာပြည်နဲ့အဝေးမှာရောက်နေကြသူတွေအဖို့ … အမျိုးသားအောင်ပွဲနေ့ကို မေ့နေကြမှာစိုးလို့ …
အမျိုးသားအောင်ပွဲနေ့နဲ့ပတ်သက်ပြီး ဖတ်ခဲ့ဖူးတဲ့စာလေးတပိုဒ်ကို ဝေမျှ လိုက်ပါတယ်။
***
နေရှင်နယ်ဒေးသည် ၁၉၂၀ပြည့်၊ ကောလိပ်သပိတ်နေ့ကို န၀မအကြိမ်မြောက် ဂျီစီဘီအေ ကွန်ဖရင့်က သတ်မှတ်ရွေးချယ်ခဲ့ခြင်း ဖြစ်သော်လည်း ဂျီစီဘီအေကြီး အကြိမ်ကြိမ် အစိတ်စိတ်ကွဲသွားသောအခါ နေရှင်နယ်ကျောင်းများကသာ ဆက်လက်ကျင်းပနေခဲ့လေသည်။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ပေါ်ခဲ့သည့်နောက်များတွင် ကျောင်းသားပေါင်းစုံ အင်အားပြပွဲ ဖြစ်လာခဲ့လေသည်။ ထိုအတွင်း တို့ဗမာအစည်းအရုံးလည်း နေရှင်နယ်ဒေး ကျင်းပရေးတွင် တစတစ၀င်ခဲ့၏။ ယခုနှစ်မှာမူ အမျိုးသားနေ့သည် ကျောင်းသားများအင်အားပြပွဲသာ မကတော့ဘဲ အမျိုးသားရေးစိတ်ဓာတ် တက်ကြွလာသော တမျိုးသားလုံး၏ လွတ်လပ်ရေးဆန္ဒပြပွဲကြီး ဖြစ်လာတော့၏ ။ ဆိုက်ကားသမား၊ ဈေးသည်များလည်း ပါလာ၏၊ အလုပ်သမားများလည်း ပါလာ၏၊ စာရေးဆရာများလည်း ပါလာ၏၊ အမျိုးသမီး အများလည်း ပါလာ၏။
***
သားချင်းအပေါင်းတို့ …
ရှုံး နိုင် နှစ်တန်၊ ခုခံ တိုက်ခိုက်၊
ကျော၌ဒဏ်ရာ၊ မထိရာ…
ရင်မှာ ထိမှ မြတ်ရာ၏ … ။
(သခင် ထိပ်တင်ကိုယ်တော်ကြီး)
***
တန်းလျားနံပါတ် (၇)
ရန်ကုန်ထောင်ကြီး
၃၀.၁.၃၉
ရဲဘော်တို့ …
ကျောင်းသား အလုပ်သမား နှင့် တောင်သူလယ်သမားတို့ သွေးစည်းကြလော့ဟူသော ကြွေးကြော်သံဖြင့် ငါတို့သည် အရေးတော်ပုံကြီးအတွင်းသို့ဝင်ခဲ့ကြ၏။ ထိုကြွေးကြော်သံကိုလိုက်နာပြီး လုပ်ဆောင်မှုကြောင့် သင်ရဲဘော်တို့သည် အရိုက်ခံရပြီ။ ထောင်တန်း အချခံရပြီ။ ညှဉ်းပမ်းခြင်းအမျိုးမျိုးခံရပြီ။ သို့သော် ရဲဘော်တို့သည် ထိုကြွေးကြော်သံကို ဟစ်ကြွေး၍ နောက်မတွန့်ဘဲ ချီတက်လျှင် ငါတို့၏ အရေးတော်ပုံ အောင်မြင်မည်ကို တွေ့လိုက်ရမည် ဖြစ်သတည်း။
(ထောင်တွင်းရဲဘော်များ)
သိန်းဖေမြင့် (အရှေ့ကနေ၀န်းထွက်သည့်ပမာ.. မှ)
***
ပထမစာပိုဒ်ကသာ အမျိုးသားအောင်ပွဲနေ့နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ နောက်စာပိုဒ်တွေကတော့ အဲဒီစာအုပ်ဖတ်ရင်းနဲ့ သဘောကျတဲ့ စာပိုဒ်လေးတွေမို့ တင်လိုက်ရခြင်းဖြစ်ပါကြောင်း … ။
***
Monday, November 13, 2006
song 4
ဒီနေ့ ဒီသီချင်းကိုပဲ ထပ်တလဲလဲ နားထောင်နေမိတယ်။
အယ်နောင်းရဲ့ အသံ .. သူ့ရဲ့ဆိုဟန်နဲ့ သီချင်း သံစဉ် စာသား အားလုံးကို သဘောကျလို့ပါ … ။
တခါတလေကျတော့လဲ …
မပြောဘဲထားတဲ့ စကားလုံးတွေက
ဖွင့်ပြောဖြစ်တဲ့ စကားတွေထက် ပိုပြီး နက်ရှိုင်း သိမ်မွေ့တယ်ဆိုတာ … … …
***
သူ ..ပျော်နိုင်ပါစေ … (အယ်နောင်း)
***
ကိုယ် သူသိအောင် ပြောဖို့ရန်ခက်တယ်
သူ မျက်ဝန်းမှာ မမြင်ချင်ပါ မျက်ရည်တွေ
ပြောဖို့ရန်ခက်တယ်
ဝေးရမဲ့အဖြစ်ကိုသူ - မသိစေချင်
ကိုယ် ရယ် မင်းရယ် မနီးစပ်နိုင်တဲ့ ကမ္ဘာ
အို သူနားလည်အောင် ကိုယ်ဘယ်လိုပြောမလဲ
အဆုံးသတ်ကို မသိစေချင် ကိုယ့်အဖြစ်ကို မသိစေချင်
ခက်ပါတယ်
သူ ပျော်နေပါစေ ..လေ
ကိုယ် နာကျင်နေလဲပဲ ..
သူ ပျော်နေပါစေ ..လေ
ကိုယ် နာကျင်နေလဲပဲ
သူ ပျော်နေပါစေ …
အို မျက်ဝန်းတွေ နှလုံးသားသိနားလည်
ကံကြမ္မာကို အပြစ်မမြင်
နာကျင်သူ ကိုယ်ပဲ ဖြစ်ချင်
မင်းနားလည်မှုတွေ
ကိုယ့်ရဲ့ အိပ်မက်အပြင်ကို သွားပါကွယ် …
သူ ပျော်နေပါစေ ..လေ
ကိုယ် နာကျင်နေလဲပဲ ..
သူ ပျော်နေပါစေ ..လေ
ကိုယ် နာကျင်နေလဲပဲ
သူ ပျော်နေပါစေ …
***
သူပျော်နိုင်ပါစေ
Sunday, November 12, 2006
ရန်သူအတွက် ချန်မထားကြေး...
***
အခုလောလောဆယ် …. မောရစ်ကောလစ် (ရန်ကုန်အရေးပိုင်ဟောင်း) ရဲ့ ‘Last & First in Burma’ ကို ဦးခင်မောင်ကြီးဘာသာပြန်ထားတဲ့ ‘အင်္ဂလိပ်မြန်မာနောက်ဆုံးတိုက်ပွဲ’ ဆိုတဲ့ စာအုပ် ဖတ်နေပါတယ်။ စာအုပ်ဆိုက် ၁၆ ချိုး စာမျက်နှာ ၅၇၀ ကျော်ကျော်ရှိတဲ့ ဒီစာအုပ်ကို ညဘက် အိပ်ခါနီးလေးလောက်မှ ဖတ်ဖြစ်တာဆိုတော့ တော်တ်ာနဲ့ ဖတ်လို့မပြီးသေးဘူး။
ဖတ်နေရင်း စာမျက်နှာ ၁၉၅ က စာတပိုဒ်ကို သဘောကျလို့ ဝေမျှ လိုက်ပါတယ်။
အခဏ်း (၁၂)
ရန်ကုန်မြို့တွင် နောက်ဆုံးရက်များ
……………………………………………..
……………………………………………..
……………………………………………..
……………………………………………..
ထိုညတွင် အစိုးရ အိမ်တော်ကြီးမှာ အင်မတန်မှ ခြောက်ကပ်နေလေတော့သည်၊ ရန်ကုန်မြို့သို့ အခြေအနေ အကဲခတ်ရန် ရောက်လာကြသော လန်ဒန်မှ သတင်းစာဆရာ ဧည့်သည့် နှစ်ယောက်အပြင် ဒေါ်မန်စမစ်၌ ၄င်း၏ အပါးတော်မြဲ အဲရစ်(က်)ဘက်တားစတိုင်းနှင့် စစ်ဘက်ဆက်သွယ်ရေးအရာရှိ ၀ယ်လီရစ်(ချ)မွန်း တို့ ၂-ယောက်သာ အဖော်များအဖြစ် ရှိနေ၏၊ အိမ်တော် အမှုထမ်းဟောင်း ၁၀၀-အနက် ဘဏ္ဍာစိုးမှူး နှင့် ထမင်းချက်တို့သာ ကျန်ရှိနေတော့သည်။
‘ကျုပ်တို့ ညစာအတွက် ဆိတ်သား စားကြရတယ်ဗျ…’ ဟု ဒေါ်မန်စမစ်က ထိုညအကြောင်း ကျွန်ုပ်အား ပြန်ပြောခဲ့သည်။
‘ဒီဆိတ်ကို ကျုပ်အိပ်ခန်းပြတင်းပေါက် အပြင်ဘက်မှာ ချည်ထားခဲ့တာကြာလှပြီ၊ ဒီတော့ ဆိတ်ကို သတ်စားရတာ ကျုပ်တော်တော်ဘဲ စိတ်မကောင်းဖြစ်မိသေးသဗျာ၊ အရက်ဆိုလို့တော့ ၂-ပုလင်းလောက်ပဲ ကျန်တယ်၊ ဒါတွေကိုလဲ ရန်သူ့အတွက် ချန်မထားရဘူးဆိုပြီး အကုန်သောက်ပစ်လိုက်တယ်၊ ရန်သူ့အတွက် ချန်မထားရဘူးဆိုတဲ့ စကားဟာ အဲဒီတုန်းက တော်တော်ခေတ်စားခဲ့တာပေါ့။ ဂျင်မခါနာကို ဖောက်ခဲ့တဲ့ စစ်သားတွေကလဲ ဒီစကားကိုသာ သုံးခဲ့ကြတာပါပဲ၊ ကျုပ်တို့ ညစာစားပြီးတဲ့နောက် ဘီးလယက်အခန်းထဲကို ပြောင်းခဲ့ကြတယ်၊ အဲဒီမှာ ဘီးလယက်ထိုးနေတုန်း နံရံမှာချိတ်ထားတဲ့ အရင်ဘုရင်ခံအဆက်ဆက်ရဲ့ ရုပ်ပုံကားချပ်တွေက ကျုပ်တို့ကို ခပ်တည်တည်ကြီးတွေ ငုံ့ကြည့်နေခဲ့ကြတာပေါ့၊ သူတို့အတွက် ခုလိုကျုပ်တို့ ရောက်နေရတဲ့ အခြေအနေမျိုးဟာ စဉ်းစားလို့တောင် ရမှာမဟုတ်ပါဘူး၊ အဲရစ်(က်)ဘက်တားစတိုင်း လဲ ဒီပုံတွေကို ကြည့်ပြီး စိတ်တိုလာပုံရပါတယ်၊ ‘‘ဒီပုံတွေကိုလဲ ရန်သူအတွက် ချန်မထားခဲ့ကြပါနဲ့လား ဘုရင်ခံမင်း’’ လို့ပြောပြီး ဘီးလယက်ဘောလုံးလေးတလုံးကို လက်ထဲမှာ ဆုပ်ကိုင်ထားလိုက်တယ်၊ ကျုပ်အနေနဲ့ တားဖို့တော့ သင့်သပေါ့လေ၊ ဒါပေမဲ့ ကျုပ် မတားမြစ်ခဲ့ဘူး၊ သူလဲ နရံက ရုပ်ပုံကားချပ်တွေကို ဘီးလယက်လုံးနဲ့ စပစ်တော့တာပဲ၊ အခြားလူတွေကလဲ ၀ိုင်းပစ်ကြတော့ ရုပ်ပုံကားတွေဟာ ရစရာမရှိအောင် ဖြစ်ကျန်ရစ်ခဲ့ တော့တာပေါ့ …’
***
Saturday, November 11, 2006
ရွှေချည် ငွေချည် တန်းပါလို့ ....
ဒီနှစ် … နှစ်ဦးပိုင်းလောက်က ကျမတို့အိမ်ကို မိုက်ကယ်လို့ အမည်ရတဲ့ အမေရိကန်တယောက် အလည်လာခဲ့ပါတယ်။ သူက ရောက်တုန်းရောက်ခိုက် ရန်ကုန်မြို့ထဲ ဟိုဟိုဒီဒီ လျှောက်သွားပြီး ကင်မရာတလက်နဲ့ ဓာတ်ပုံလျှောက်ရိုက်တယ်။ ကလေးနဲ့ ခွေးကအစ .. သူ့မျက်စိထဲ အဆန်းတကြယ် ဖြစ်သမျှတွေကို မှတ်တမ်းတင်တဲ့ သဘောပါ။
သူပြန်ရောက်ပြီဆိုရင် သူရိုက်ခဲ့သမျှပုံတွေကို ကျမက စီဒီကူးပေးရတယ်။
အခု အပေါ်မှာ မြင်ရတဲ့ပုံကတော့ သူရိုက်ခဲ့တဲ့ ပုံတွေထဲက ၂ ပုံပေါ့။
ဒီပုံကို ရိုက်ခဲ့တဲ့ သူက အံ့သြမိကြောင်းပြောပြပါတယ်။ ‘ဒါဟာ အန္တရာယ်အရမ်းကြီးတယ်’ လို့ တဖွဖွလဲ ပြောနေပါသေးတယ်။
သိသားပဲ၊ ကျမတို့ မသိလို့မှ မဟုတ်ဘဲ။ ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ။ ဒီဓာတ်ကြိုးတွေကို ကျမတို့ တက်ဖြုတ်ခွင့်မှ မရှိဘဲနဲ့။ သိသိနဲ့ ဘာမှ မလုပ်နိုင်တာတွေ ကျမတို့ဆီမှာ အများကြီးဆိုတာ သူနားလည်အောင် ကျမလဲ မပြော တတ်ပါဘူး။ ပြောရင်လဲ ကိုယ့်အရှက်ကိုယ်ခွဲ သလို .. ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလို ဖြစ်ပြန်အုံးမယ်။
ဒါနဲ့ .. ရယ်ပဲနေလိုက်တော့တယ်။ လူကြီးရှက်တော့ ရယ်တယ်ဆိုတဲ့ စကားအတိုင်းပေါ့။
ရယ်သာ ရယ်နေမိပေမဲ့ … တချိန်က ကြုံခဲ့ရတဲ့ အဖြစ်အပျက်တခု ကျမခေါင်းထဲရောက်လာပါတယ်။
***
တခုသောမိုးဥတုရဲ့ တနေ့သ၌
***
အဲဒီနေ့က မြို့ထဲကနေ အိမ်ကို ကျမ တယောက်ထဲ လမ်းလျှောက်ပြန်လာပါတယ်။ တခါတလေ ရာသီဥတု သာယာရင် ကျမ နဲ့ အဖေက မြို့ထဲက အိမ်ထိ လမ်းလျှောက်ပြန်လေ့ရှိတယ်။
အဲဒီနေ့ကတော့ အဖေမပါပါဘူး။ ကျမတယောက်ထဲ … မိုးတွင်းပေမဲ့ မိုးမရွာဘဲ အုံ့အုံပျပျလေး သာယာနေတာကြောင့် လမ်းလျှောက်ပြန်လာခဲ့တယ်။
လျှောက်ရင်း လျှောက်ရင်း ပုဇွန်တောင်ရောက်လာရော .. လမ်းနဘေးက ကန်ထရိုက်တိုက်ခန်းတွဲတွေ နားမှာ လူတွေ အုံပြီး ၀ိုင်းကြည့်နေကြတာနဲ့ ထုံးစံအတိုင်း ကျမလဲ သိချင်စိတ်နဲ့ ခပ်ဝေးဝေးက လှမ်းကြည့်မိတယ်။
တိုက်တခုရဲ့ ပထမထပ်က နေရောင်ကာ (sun shade) လို အမိုးစွန်းထွက်နေတဲ့အပေါ်မှာ လဲပြီး ဆန့်ငင် ဆန့်ငင် ဖြစ်နေတဲ့ လူတယောက် … ။
ကိုယ်တပိုင်းက အမိုးစွန်းလေးပေါ်မှာ နောက်တပိုင်းက အောက်ကို တွဲလောင်းကျနေတယ်။
ကြည့်နေတဲ့သူတွေထဲက ပြောစကားအရ အဲဒီလူဟာ အမိုးစွန်းပေါ်တက်ပြီး တခုခုလုပ်စဉ်မှာ ပေါက်နေတဲ့ ဓာတ်ကြိုးနဲ့ ထိမိပြီး ဓာတ်လိုက်ခံနေရတာ .. တဲ့။
အောက်က လူတယောက်က ၀ါးလုံးရှည်တလုံးနဲ့ ထိုးပြီး ဓာတ်ကြိုးကို ဖယ်နေတယ်။ မရပါဘူး။ ဟိုလူကတော့ တချက်တချက် ဆတ်ခနဲ ဆတ်ခနဲ လှုပ်နေတုန်းပဲ။ မသေသေးဘူးထင်ပါတယ်။ ဒါပေမဲ့ သေတော့ သေမှာပါပဲ။
လူတွေအုံနေကြပေမဲ့ ဘာလုပ်လို့ လုပ်ရမှန်း မသိသလိုဘဲ၊ ထိထိရောက်ရောက်ဘာမှ မလုပ်နိုင်ကြပါဘူး။ တယောက်တပေါက် ပြောချင်တာတွေ လျှောက်ပြောနေကြတယ်။ တချို့ကလဲ မိန်းချ ဖို့ အော်ပြောနေတယ်။
EPC က တာဝန်ရှိသူတွေလဲ ရောက်မလာကြသေးပါဘူး။
ဘာမှ မတတ်နိုင်တဲ့ ကျမလည်းပဲ သက်ပြင်းသာချပြီး လေးလံတဲ့ ခြေလှမ်းတွေနဲ့ လူအုပ်ကြားထဲက ထွက်ခဲ့တယ်။
အနိဋ္ဌာရုံ မြင်ကွင်းကြောင့် စိတ်မသက်မသာဖြစ်မိရင်း … ဒီလို မသေသင့်ဘဲ သေခဲ့ရတဲ့ ကျမတို့ လူမျိုးတွေ တနှစ်ကို ဘယ်နှစ်ယောက်လောက်များ ရှိနေမလဲ လို့ တွေးမိတယ်။
မိုးရာသီမှာ ဖြစ်တတ်တဲ့ ရောဂါတွေနဲ့အတူ ကျမကြောက်တာ အဲဒီ ဓာတ်ကြိုးတွေနဲ့ ဓာတ်လိုက်ခံရမှာကိုပါပဲ။
ရောဂါတွေက ကုစရာဆေးရှိသေးတယ် .. သူက ဆေးမရှိပါဘူး။
ဒါပေမဲ့ .. ‘ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုပြီးထိရောက်တယ်’ ဆိုတဲ့စကားအရ .. ဒါမျိုးမဖြစ်အောင် ကာကွယ်ရမှာပေါ့။
ကျမတို့ဘယ်လိုကာကွယ်ကြမလဲ။ ဒီလို ဓာတ်ကြိုးတွေရှုပ်ထွေးမနေစေဖို့ .. ဆွေးမြေ့ပေါက်ပြဲနေတဲ့ ဓာတ်ကြိုးတွေကို အသုံးမပြုဖို့ .. ဓာတ်လိုက်မခံရဖို့ ကျမတို့ အိမ်မှာ ဓာတ်ကြိုးတွေမသွယ်ဘဲ ဖယောင်းတိုင်လေးတွေပဲ ထွန်းကြရင် မကောင်းဘူးလား။
***
11.11.2006
12:08 am
Friday, November 10, 2006
ညနေ.. ညနေ .. စည်တယ်လေ ...
ဒီနေ့ သွားဖြစ်ရတာကတော့ …
***
အခုဆို အဖေနဲ့ ကျမ နှစ်ယောက်စာတင် မကတော့ဘူး အလုပ်သမားတွေအတွက်ပါ စားရေးသောက်ရေးကို ကျမက တာဝန်ယူနေရပြန်ပါတယ်။ ကိုယ့်သားအဖ နှစ်ယောက်ထဲဆိုရင်တော့ ကိစ္စမရှိဘူးလေ။ သူတို့ပါကျွေးရမယ်ဆိုတော့ ခါတိုင်းလို ကိုယ့်စိတ်ကြိုက်တွေချည်း ချက်လို့ မဖြစ်ပြန်ဘူး။ အရောအနှောလေးဘာလေးမှ ဖြစ်မှာမို့ ဟိုတနေ့က မနက်ခင်းဈေးသွားတုန်း ၀က်သားသုံးထပ်သား ၀ယ်ခဲ့ပါတယ်။ ကိုယ့်ဟာကိုယ်ဆိုရင် အဆီတွေမကြိုက်လို့ သုံးထပ်သား ၀ယ်လေ့မရှိပါဘူး။ အားလုံးစားဖို့ ၀က်သားနဲ့ ချဉ်ပေါင်နဲ့ချက်မယ်ဆိုပြီး ချဉ်ပေါင်ရွက်တွေပါ ၀ယ်လာခဲ့တယ်။ ဒီလိုနဲ့ နက်ဖန် ၀က်သားချက်မဲ့အလှည့်ကျတော့ အိမ်က ကျေးဇူးရှင်ကောင်မလေးက ပဲပြားပါမှ ကောင်းတာလို့ အကြံပေးတာကြောင့် ပဲပြားအ၀ယ်ထွက်ဖို့ ညနေဈေးကို သွားရတာပါ။
ညနေဈေးဆိုတာကလဲ ဈေးရောင်းသူတွေရှိလို့သာ ဈေးလို့သတ်မှတ်ရပေမဲ့ ပလက်ဖောင်းပေါ်အခင်းလေးတွေနဲ့ ချရောင်းတဲ့နေရာလေးတခုပါပဲ။ ဈေးကိုရောက်သွားတဲ့အချိန် ဈေးတန်းလေးမှာ လူစည်ကားနေပါတယ်။ ဈေးက ကားဂိတ်နားမှာမို့ လူပိုစည်တာလဲ ဖြစ်ပုံရပါတယ်။ ရုံးသမား ကျောင်းသမားတွေ ရုံးပြန်ကျောင်းပြန် ဒီဈေးကလေးကို ၀င်ဝယ်ကြတယ်။ တချို့ကလဲ ညနေဈေးက ဈေးပိုသက်သာလို့ တမင်ကိုလာဝယ်ကြတယ်။ ကျမလိုမျိုး တခါတလေ မျက်စိလည်ရောက်လာတဲ့သူ တချို့တလေလဲ ပါမှာပေါ့လေ။
ဈေးတန်းလေးကို ၀င်လိုက်ရင်ပဲ သတိထားမိတာက ငါးခြောက်သည်တွေကိုပါ။ မိုးကုန်သွားလို့လားမသိ ငါးခြောက်သည်တွေ တော်တော်များများကိုတွေ့ရတယ်။ အများဆုံးတွေ့ရတဲ့ ငါးခြောက်အမျိုးအစားကတော့ အာပြဲခြောက်တွေ။
‘အာပြဲတွေ အာပြဲတွေ .. ချိုတယ်..ပေါတယ်နော်’ လို့ အော်ဟစ်ဈေးခေါ်နေတဲ့ ဈေးသည်ရဲ့ အသံကြောင့် ကျမ ပြုံးမိတယ်။
‘ဗီတာမင်အပြည့် ပဲပင်ပေါက် ပဲပြား…ကြော်စားကြမယ် ..’ လို့ အော်နေတဲ့ ပဲပြားသည်ကြီးဆီမှာ ပဲပြား ၂ တုံး ၀ယ်လိုက်ပါတယ်။ ဈေးပေါလိုက်တာ … တတုံးမှ ၅၀ ထဲရယ်။ ၂၀၀ တန်ပေးတော့ သူ့ခမျာ ၁၀၀ ပြန်မအမ်းနိုင်ဘူး။
‘အကြွေ ၁၀၀ မပါဘူးလား အမ’ လို့ မေးပါတယ်။
ကျမတို့ငယ်ငယ်က အကြွေဆိုတာဟာ ၅ပြား ၁၀ပြားစေ့လေးတွေကစပြီး ငါးမူး တစ်ကျပ်ထိဆိုပါတော့။ အခုခေတ် အကြွေကတော့ ၅၀၊ ၁၀၀ပေါ့။ နိုင်ငံနဲ့အ၀ှမ်း အကြွေရှားပါးမှုပြဿနာဖြစ်နေတာ ဆိုတော့လဲ ပဲပြားသည် အကြွေမအမ်းနိုင်တာ အပြစ်မဟုတ်ပါဘူး။ နိုင်ငံနဲ့ အ၀ှမ်းဖြစ်နေတဲ့ ပြဿနာကို ကျမ မဖြေရှင်းပေးနိုင်ပေမဲ့ ပဲပြားသည်ရဲ့ လတ်တလော ပြဿနာကိုတော့ဖြင့် ကျမဖြေရှင်းပေးလိုက်ရပါတယ်။ သူ့ဆီမှာရှိနေတဲ့ တရုတ်နံနံ ၁၀၀ ဖိုး ထပ်ယူလိုက်တာပေါ့။ သိပ်မလတ်ပေမဲ့ မတတ်နိုင်ဘူးလေ .. သူမှ ပြန်မအမ်းနိုင်တာကိုး။ ဒါပေမဲ့ ဒါဟာဈေးသည်ရဲ့ ဈေးရောင်းနည်း ဗျူဟာတခုလဲ ဖြစ်ကောင်းဖြစ်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ် သူတို့နဲ့ လိုက်ပြီးတော့ မဖြစ်စလောက် ပိုက်ဆံလေးအတွက် ကပ်သပ် မနေချင်ပါဘူး။
ပဲပြားသည်ကြီးအနားက ဈေးသည်ကောင်မလေးတယောက် အော်သံကြောင့် ဘာများလဲလို့ လှမ်းကြည့်လိုက်တော့ ခရမ်းချဉ်သီးရောင်းနေတာပါ။ ဟုတ်တော့လဲ ဟုတ်သား၊ သူ့ခရမ်းချဉ်သီးလေးတွေက နီနီရဲရဲလေးတွေ။ မာမမာတော့ စမ်းမကြည့်မိလို့ မသိပါဘူး။
‘ကဲ .. ကဲ .. ဘာတွေချက်ကြမလဲ’ လို့ အသံကျယ်ကျယ်နဲ့ အော်နေတဲ့ လူကြီးဆီက ပင်စိမ်းနဲ့ နံနံပင် ငရုတ်သီးစိမ်း ၀ယ်လိုက်ပါတယ်။ ဒီတခါတော့ နံနံပင် ငရုတ်သီးစိမ်း ၂ မျိုးပေါင်း ၁၀၀ ဖိုး ဆိုပြီး ၀ယ်တတ် သွားပါပြီ။ (ဟိုတခါ ၀ယ်ထားတဲ့ ငရုတ်သီးစိမ်း ၁၀၀ ဖိုးက ခုမှ ကုန်သွားတယ်။ ဒါတောင် တချို့ ပုပ်ကုန်လို့ လွှင့်ပစ်ရသေး) ဘုရားပန်းတွေရောင်းတဲ့ ပန်းဆိုင်ရောက်တော့ ကျမကြိုက်တဲ့ ပန်းလေးတွေတွေ့တာနဲ့ ဘုရားကပ်ဖို့ ၀ယ်ခဲ့တယ်။ ပန်းနာမည်ကတော့ ဘာမှန်းမသိပါဘူး။
လက်ထဲမှာ တိုလီမုတ်စ ကျွတ်ကျွတ်အိတ်လေးတွေ တွဲလောင်းတွဲလောင်းနဲ့ ဈေးတန်းကလေးမှာလျှောက်နေတဲ့ ကျမ တနေရာအရောက် လူစုစု စုစုကိုတွေ့လို့ စပ်စုစိတ်နဲ့ စနည်းနာမိတယ်။ ခုံပုကလေးပေါ်မှာ ပလတ်စတစ် ဇကာလေးနဲ့ စာရွက်လေးတွေ စာအိတ်လေးတွေ ထည့်ထားတယ်။ စာရွက်တွေက အရောင်တွေ အရုပ်တွေနဲ့၊ ဘာများပါလိမ့်။ သူတို့ပြောနေကြတဲ့စကားတွေထဲမှာ ကိုရင်ကြီးတွေရော ဦးအာစိဏ်ဏ တွေရော စုံနေတာပါပဲ။
ကျမလဲ ခပ်ပိန်းပိန်းဆိုတော့ ချက်ချင်းသဘောမပေါက်ပါဘူး။ အနားရောက်မှ သိတော့တယ်၊ နှစ်လုံးလား သုံးလုံးလား အဲဒါမျိုးတွေ ထိုးဖို့ အတိတ်ဂဏန်းတွေ ရုပ်ပုံတွေ ရေးထားတဲ့ စာရွက်လေးတွေ ရောင်းနေတာ။ အဲဒါကိုပဲ အုံပြီးလာဝယ်နေကြတာလေ။ ပြီးရင် ထိုးကြအုံးမယ်ပေါ့။
ရင်မောစွာနဲ့ သူတို့အနားက ခွါလာပြီး …ဈေးတန်းလေးကို ကျောခိုင်းခဲ့ပါတယ်။
ညနေဈေးလေးကတော့ စည်ကားနေဆဲ။
အော်သံ ဟစ်သံ ဈေးခေါ်သံတွေနဲ့ သက်ဝင်ရှင်သန်နေဆဲ။
***
ကျမ အိမ်ကိုပြန်လာတဲ့ လမ်းဟာ အနောက်ဖက်ကို မျက်နှာပြုလို့ပေါ့။
ဝင်တော့မယ့် နေရောင်က ပိုပြီးတောက်ပ စူးရှနေသလို… ။
ဒါပေမဲ့ ခဏပါ။
မကြာခင် နေ၀င်တော့မှာ …
နေ၀င်သွားပြီးရင် အမှောင်ရောက်လာတော့မှာပါ…။
နောက်နေ့သစ်တဖန် အစပျိုးဖို့အတွက် အမှောင်ကိုလဲ ခဏတော့ကြုံရအုံးမယ် မဟုတ်လား။
***
(၉.၁၁.၀၆)
Thursday, November 09, 2006
မြန်မာဘလော့ခ်များ၏ အနာဂတ် နှင့် လွတ်လပ်စွာရေးသားခွင့်
မနေ့ကမေးလ်ဘောက်စ်ထဲကို အွန်လိုင်းစာစောင်တခုက သတင်း ၂ ပုဒ်ရောက်လာပါတယ်။ တခုကတော့ မြန်မာဘလော့ခ်များအကြောင်း နဲ့ နောက်တပုဒ်က မစ္စတာဂမ်ဘာရီ မြန်မာပြည်လာမဲ့ သတင်းပါ။
မြန်မာဘလော့ခ်များအကြောင်းမှာ လင်းလက်ကြယ်စင်ရဲ့ ဘလော့ခ်နဲ့ ထူးမြတ်ရဲ့ ဘလော့ခ်ကို ရည်ညွှန်းရေးသားထားပြီး မြန်မာဘလော့ခ် Directory ရဲ့လင့်ခ်ကိုပါ ပေးထားတာတွေ့ရတယ်။
ကျန်ခဲ့တဲ့ ရက်သတ္တတပတ်ကျော်လောက်ကလဲ Flower News ဂျာနယ်မှာ ညီလင်းဆက်ရဲ့ ဘလော့ခ်မှာပါတဲ့ အချက်အလက်တွေကို ကိုးကားပြီး ညီလင်းဆက်ဘလော့ခ်ရဲ့ လိပ်စာကိုပါ ဖော်ပြထားတယ်။
ဒီလို မြန်မာဘလော့ခ်တွေကို ရည်ညွှန်းရေးသားထားကြတဲ့ သတင်းတွေကြောင့်ပဲလားတော့မသိ၊ တချို့လဲ ဘလော့ခ်တွေ ပိတ်ခံရမှာ ပူပန်ကြတယ်။ ဘလော့ခ်တွေမှာ ကိုယ်ရေးချင်တာရေးကြတာ အကြောင်းမဟုတ်ဖူး၊ ကိုယ့်ကြောင့် အများဒုက္ခရောက်နိုင်တယ် .. စသဖြင့် ရေးထားတာတွေဖတ်ရတယ်။
ဒီလိုသာဖြင့်.. ကျမတို့တွေ ကိုယ်ရေးချင်တာ ရေးခွင့်မရှိတော့ဘူးလား … လို့ ကျမ စဉ်းစားနေမိတယ်။
***
ကျမတို့နိုင်ငံမှာ လွတ်လပ်စွာရေးသားခွင့် မရှိခဲ့တာကြာပါပြီ။ ခုချိန်ထိပဲဆိုပါတော့။
စာအုပ်တအုပ်ထုတ်ဝေမယ်ဆိုရင် စာပေစိစစ်ရေးဆိုတဲ့အဖွဲ့က စိစစ်ပြီးမှ ထုတ်ဝေခွင့်ရှိတယ်။ သူတို့လက်မခံနိုင်တဲ့ စာတလုံး၊ တကြောင်း၊ တပိုဒ်၊ တပုဒ်လုံး ဖြစ်စေ ပယ်ဖျက်ခွင့်ရှိတယ်။ ဒီလို ကိုယ်ရေးချင်တာ ရေးလို့မရတာများလာတော့ ဘယ်လိုဖြစ်လာသလဲဆိုရင် အတွေးကောင်းတခု တွေးမိရင်တောင် စိစစ်ရေးနဲ့မှ လွတ်ပါ့မလားဆိုပြီး ချမရေးဖြစ်ခဲ့တာတွေ ဖြစ်လာတယ်။ ရေးဖြစ်ခဲ့သည့် တိုင်အောင် ဘယ်မှ မပို့ဖြစ်ဘူး။ ပို့ဖြစ်ခဲ့သည့်တိုင် ပါမလာဘူး။ ပါလာခဲ့သည့်တိုင် (အရင်ခေတ်ကဆိုရင်)ငွေမင်နဲ့ ပိတ်ခံရတယ်၊ အခုခေတ်မှာတော့ လူသိအောင် မပိတ်တော့ပါဘူး။ တခါထဲ ဖြုတ်ပစ်ရပါတယ်။ ဖြုတ်မှန်းမသိအောင်လဲ စာကို အဆင်ပြေအောင်ပြန်စီရတယ်။ ဒါမျိုးတွေ ခဏခဏ ကြုံရတော့ ဦးနှောက်က လွတ်လပ်စွာတွေးမိရင်တောင် လက်က လွတ်လပ်စွာရေးဖို့ တွန့်မိတယ်။
နောက်ပိုင်း တဖြည်းဖြည်းနဲ့ စာနယ်ဇင်းတွေကို လက်ရှောင်မိတော့တယ်။
ဒီလိုနဲ့ အင်တာနက် သုံးစွဲလို့ရလာတော့ .. ဖိုရမ်တွေမှာ ရေးရတာ ပျော်မွေ့လာပြန်တယ်။
ဒါပေမဲ့လည်း ဖိုရမ်တွေမှာက စာပေစိစစ်ရေးအဖွဲ့လိုပဲ ဆင်ဆာအဖွဲ့ ရှိလေတော့ ပထမဆုံး ပုဂံဖိုရမ်မှာ ရေးတဲ့ပို့စ်တခု ဆင်ဆာထိပါတယ်။ ပုဂံကိုကျောခိုင်းပြီး ပုဂံထက် လွတ်လပ်သယောင်ရှိတဲ့ ပလန်းနက်ဖိုရမ်မှာ ရေးဖြစ်ပြန်တယ်။ ပလန်းနက်ဖိုရမ်သည်လဲ ထိုနည်းလည်းကောင်းပါပဲ၊
ခင်ချင်တယ် .. ခင်ကြမယ်နော် .. ကျမက ဘယ်သူ.. ကျနော် က ဘယ်ဝါ .. စတဲ့ ပို့စ်တွေကလွဲလို့ ကောင်းကောင်းမွန်မွန်ဆွေးနွေးကြတဲ့ ပို့စ်တွေဆိုရင် ဆင်ဆာထိတာ များပါတယ်။
ဒီတော့ အဲဒီမှာလွတ်ချင်ရင် ကိုယ့်လက်ကို ကိုယ်ထိန်းပြီးရေးရပြန်ပါတယ်။
တခါ .. အမှတ်မရှိတဲ့ကျမဟာ .. ပလန်းနက်ထက် သဘောထားကြီးပုံရတဲ့ နေးတစ်မြန်မာဖိုရမ်ကို ရောက်သွားပြန်တယ်။
အဲဒီမှာလဲ ဆင်ဆာအဖွဲ့ရှိတာပါပဲ။ သို့သော် သိပ်မတင်းကျပ်ဘူးထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျမ ဆင်ဆင်ခြင်ခြင်ရေးခဲ့ပါတယ်။ ဒါပေမဲ့ .. ကျမဟာ စည်းကမ်းဆိုရင် ဖောက်ဖျက်တတ်သူ၊ အမိန့်ဆိုရင် မနာခံတတ်သူဖြစ်လေတော့ အက်ဒ်မင်လူကြီးမင်းတဦးရဲ့ သတိပေးတားမြစ်ခြင်း ခံခဲ့ရပြန်ပါတယ်။ (ရှက်စရာကောင်းလိုက်ပုံများ)
ဒီလိုနဲ့ နေးတစ်ကိုလဲ ကျောခိုင်းခဲ့ရပြန်တယ်။ လုံးဝဥဿုံကြီးတော့ မဟုတ်ပါဘူး။ ကျမကို လိုလားသူ အနည်းအကျဉ်းရှိနေသေးတာကြောင့် တခါတရံတော့ (အမှတ်မရှိ-အရှက်မရှိစွာ)ခြေဦးလှည့်မိပါသေးတယ်။
***
နောက်တော့ ညီလင်းဆက် ကောင်းမှုကြောင့် ဘလော့ခ်ဆိုတာနဲ့ရင်းနှီးခွင့်ရပြီး ကိုယ်ပိုင်ဘလော့ခ် လုပ်ခွင့်လဲရရော .. ကျမတော်တော် ၀မ်းသာမိပါတယ်။ ကျမ ဘလော့ခ် ကျမရေးချင်တာ ရေးလို့ရပြီပေါ့။ ဆင်ဆာအဖွဲ့မရှိ၊ အက်ဒ်မင်မရှိ၊ မော်ဒရေတာမရှိ၊ ကျမဘလော့ခ်မှာ ကျမသာ အရှင်၊ ကျမသာ ဘုရင်ပေါ့။ ဘယ်လောက်ကောင်းလိုက်သလဲ။ ဘယ်သူမှ မော်ဖူးစရာမလို၊ ဦးညွှတ်စရာမလို၊ ဘယ်သူ့မှ အားနာစရာမလို။
ဒီလိုနဲ့ ပိတ်နေတဲ့ ဦးနှောက်ကအတွေးတွေလဲ ဖွင့်ပစ်လိုက်တဲ့အခါ တွန့်နေတဲ့လက်ကလဲ စာတွေတော်တော် ရေးဖြစ်လာပါတယ်။
ကျမ နှလုံးသားရဲ့ ခံစားချက် .. ကျမ ဦးနှောက်ရဲ့ ခံယူချက် .. ဒါတွေကို ကျမ လွတ်လပ်စွာရေးသားရတဲ့အတွက် ၀မ်းသာမိပါတယ်။
မြန်မာဘလော့ခ်တွေလိုက်ဖတ်ပြီး ကိုယ်နဲ့ ခံစားချက်၊ ခံယူချက်တူသူ .. မတူသူ ..တွေကိုလဲ သတိထားမိပါတယ်။ ဘာပဲဖြစ်ဖြစ် .. လူတိုင်းဟာ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိတာပဲ။
ဘယ်သူ့ကိုမှ မကောင်းမမြင်မိပါဘူး။ ဖတ်လို့ကောင်းရင် နောက်ထပ်ခဏခဏ သွားလည်မိတယ်။ မကြိုက်ရင် နောက်တခါ သွားမကြည့်တော့ဘူး။
ဒီလိုမြန်မာဘလော့ဂါတွေ ရေးချင်တာလျှောက်ရေးနေမှုကြောင့် မြန်မာပြည်မှာ ဘလော့ခ်တွေ ဘန်းခံရမယ်ဆိုရင် … ဘယ်လိုလုပ်မလဲ .. ကျမ တွေးကြည့်မိတယ်။
ကျမတို့ဟာ ဒီလို ပိတ်ဆို့မှုတွေနဲ့ နေသားကျနေတာကြာပါပြီ။ ပိတ်ရင်လဲ ပိတ်ပေါ့။ ဘယ်တတ်နိုင်မလဲ။ ပိတ်မှာစိုးလို့ မလုပ်ရဘူးဆိုတာ … မှန်ပါသလား။ ပိတ်မှာစိုးလို့ ကိုယ့်ခံစားချက် .. ကိုယ့်ခံယူချက်တွေကို မြိုသိပ်ထားရမလား။
***
ဒါနဲ့ ကျမမေးခွန်းထုတ်ကြည့်မိတယ် … ။ ကိုယ်တိုင်ပဲ ပြန်ဖြေကြည့်ပါတယ်။ (ဖြေမယ့်သူမရှိလို့ပါ)
***
မေး။ ။ ဘာဖြစ်လို့ ပိတ်တာလဲ
ဖြေ။ ။ မကြိုက်လို့ပိတ်တာပေါ့ …
မေး။ ။ ဘာကြောင့် မကြိုက်တာလဲ
ဖြေ။ ။ မှန်တာတွေရေးလို့ပေါ့ …
မေး။ ။ မှန်တာရေးရင် မကြိုက်ကြဘူးလား ..
ဖြေ။ ။ မှန်တာလုပ်တဲ့ သူကတော့ မှန်တာရေးရင် ကြိုက်ပါတယ် .. အမှားလုပ်တဲ့သူဆိုရင်တော့ ဘယ်ကြိုက်မလဲ ..
မေး။ ။ ဒါဆိုရင် .. မှန်တာကို မှန်တယ်လို့ မပြောရဘူးလား။
ဖြေ။ ။ ပြောချင်ရင်ပြောလို့ရပါတယ်။ မကြောက်ရင်ပေါ့။
မေး။ ။ အမှန်ပြောတာဟာ အပြစ်ကျူးလွန်တာလား။
ဖြေ။ ။ မှားယွင်းမှုတွေနဲ့ ပြည့်နေတဲ့လောကကြီးမှာ အမှန်ပြောသူတယောက်ဟာ အပြစ်ကျူးလွန်မိသလိုပဲပေါ့။
မေး။ ။ ဒီလိုဆို ပိတ်ခံရရင် ဘာဖြစ်နိုင်မလဲ။
ဖြေ။ ။ ပိတ်ခံရတယ်ဆိုကတည်းက ကိုယ်ရေးတာ မှန်တယ်လို့ ယူဆလို့ရပါတယ်။ ကိုယ့်ကို အသိအမှတ်ပြုတယ်ဆိုပြီး ကြံဖန် ဂုဏ်ယူလို့တောင် ရသေးတယ်။
မေး။ ။ ဒါဆို ပိတ်ခံရရင် ဆက်မရေးတော့ဘူးပေါ့။
ဖြေ။ ။ ဆန္ဒရှိရင် နည်းလမ်းရှိပါတယ်။ အဓိက က .. ဆန္ဒရှိဖို့ပါပဲ။
***
ကိုယ်တိုင်မေး ကိုယ်တိုင်ဖြေကဏ္ဍ ဒီတွင်ပြီးပါပြီ။
***
ဒီလိုနဲ့ ရပ်မနေနိုင်တဲ့ အတွေးနဲ့ အငြိမ်မနေနိုင်တဲ့လက်က ကဗျာတပုဒ် ထွက်လာပါတယ်။
***
ခံစားချက်တူ၊ ခံယူချက်ညီ
သွားမည်ရှေ့သို့၊ အောက်မကျို့တမ်း
ဖောက်စို့လမ်းသစ်၊ ဖြတ်သန်းပစ်ဖို့
ငါတို့ ခရီး၊ နီးနီးဝေးဝေး
အေးအေးပူပူ၊ အတူတူပေါ့
ခေါင်းကိုမော့၍၊ ရှေ့သို့သာချီ
ညီကြပါစေ …
အို … အဆွေတို့ …
သင်တို့ဆုံးဖြတ်၊ အနာဂတ်မှာ
တို့တတွေဟာ
ကြောက်ရွံ့ကာ ခံနေမည်လော???
နောက်တွန့်ကာ ကျန်နေမည်လော???
မကြောက်မရွံ့၊ နောက်မတွန့်ဘဲ
ရဲဝံ့စွန့်စား၊ အမှန်တရားအတွက်
လက်တွဲညီညီ ချီကြမည်လော???
***
(မေဓာဝီ)
၈.၁၁.၀၆
Wednesday, November 08, 2006
poem 6
ဒီနေ့တော့ ပျင်းပျင်းရှိတာနဲ့ အသစ်မရေးတော့ဘဲ ရေးပြီးသား ကဗျာအဟောင်းတပုဒ်ကိုပဲ ပြန်ရှာပြီးတင်လိုက်ပါတယ်။
ဟိုးအရင်က ပလန်းနက်မှာတော့ တင်ပြီးသားပါ။
ကိုယ့်ဘလော့ခ်မှာ မတင်ရသေးတဲ့အတွက် ..
***
ရင်ခွင်ဟောင်း
***
ငိုမှုရယ်မှု အဖော်ပြုပြီး
လူ့ဘ၀ကြီးထဲ
မရဲတရဲ အူဝဲမြည်ကြွေး
အကလေးအရွယ် လူမမယ်ကို
နို့ချိုတိုက်ကျွေး မွေးသမိခင်
မေ့ရင်ခွင်မှာ …
ပျော်ရွှင်ကြည်နူး …နေခဲ့ဖူးသည်။
နွေးထွေးကြည်လင် မေ့ရင်ခွင်မှ
အသွင်ကူးပြောင်း စာသင်ကျောင်းမှာ
ဖော်ပေါင်းတသင်း သူငယ်ချင်းများ
လေးစားစရာ မြတ်ဆရာများ
ကျောင်းသားဘ၀ဖော်ကစုံလင်
ကျောင်းရင်ခွင်မှာ …
လွတ်လပ်ရွှင်မြူး …ပျော်ခဲ့ဖူးသည်။
အေးမြပျော်ရွှင် ကျောင်းရင်ခွင်မှ
အလှကိုရှာ သစ္စာနဲ့တွေ့
မေတ္တာငွေ့သမ်း ရွှင်လန်းကြည်ဖြူ
ချစ်သူရင်ခွင် ခေါင်းမှီတင်ရင်း
တေးချင်းသီကျူး …ဆိုခဲ့ဖူးသည်။
သြော် .. အခုတော့ ..
ရယ်မှုငိုမှု အမှုဖြာဖြာ
ရှည်ကြာခံစား သွေးများအေးခဲ
မျက်စိလဲဝေ သွားလဲကြွေပြီး
မြေကြီးရင်ခွင် မ၀င်ခင်မှာ ..
မွေးမေ့ရင်ခွင် ပြန်မြင်တမ်းတ
သတိရမိပါသည်။ ။
(၁၉၉၃-၄)
Tuesday, November 07, 2006
ရူးနေတော့လဲ ခက်သားလား ...
ကျမတို့ အိမ်ပတ်ဝန်းကျင်မှာ လှည့်လည်တောင်းရမ်း ကျက်စားနေတဲ့ အရူးတယောက်ရှိပါတယ်။
အဲဒီအရူးက ခြေတဖက်မရှိ ချိုင်းထောက်ကြီးနဲ့ပါ။
သူအော်ဟစ်ပြောဆိုနေတဲ့စကားများအရ သူ့ကို အရူးလို့ သတ်မှတ်လိုက်တာပါ။
ကျမ သူ့ကို စပြီး သတိထားမိတာက မနက်ခင်းတခုမှာပေါ့။
မိုးမလင်းသေးပါဘူး။ မနက် ၄ နာရီလောက်ပဲ ရှိအုံးမယ်။ ကျမ အိပ်နေရင်း အသံတခုကြောင့် လန့်နိုးလာပါတယ်။
အိပ်ရာထဲကနေ အသံကို နားစွင့်ကြည့်တော့ တပ်မတော်နေ့ အခမ်းအနားတွေမှာ မိန့်ခွန်းပြောနေသလိုလို အမိန့်ပေးသံလိုလို ကြားရတာနဲ့ တပ်မတော်နေ့လဲ မဟုတ်ပါဘူး … တပ်မတော်နေ့ဆိုလဲ ဒီနားမှာ လာပြီး အော်နေမှာတော့မဟုတ်ဖူး .. ဘာတွေလဲ ဆိုပြီး အသံကိုသေချာနားထောင်ကြည့်မိတယ်။
သူပြောနေတဲ့ စကားဆုံးခါနီးမှာ သေချာကြားလိုက်ရတာကတော့
‘ရဲဘော်တို့ .. မင်းတို့ကို ငါနောက်ဆုံး မှာကြားချင်တာကတော့ တပ်မတော်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ စိုက်လို့ရတာ အကုန်စိုက်၊ စားလို့ရတာ အကုန်စား ဆိုတဲ့ အချက်ကို အားလုံး လိုက်နာဖို့ပဲ’
ဟင် .. ဘယ်လိုကြီးတုန်း ဆိုပြီး ကျမ ဆက်နားထောင်နေဆဲ .. သူက
‘ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော် ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် .. တူနယ်တဲ့နယ် ..ဗျောင်’ ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်း သီချင်းကို ထဟဲပါလေရော။
ဒီတော့မှ ကျမလဲ အိပ်ရာထဲကနေပြီး ရယ်လိုက်ရတာ အူကိုနာလို့။ မနက်မိုးလင်းတော့ အဲဒီအကြောင်းပြောပြတော့ အိမ်ကလူတွေက သိပါတယ်။ အဲဒီအရူး လျှောက်လျှောက်အော်နေတာ ကြာပြီတဲ့။ စစ်ဘက်ကဖြစ်လိမ့်မယ်တဲ့။ သူ အော်နေတဲ့ စကားတွေက တပ်ထဲမှာပြောတဲ့စကားလုံးတွေပဲ .. ဆိုပြီး ပြောကြတယ်။
ဒါနဲ့ အမှုမဲ့ အမှတ်မဲ့ နေရင်း တဖြည်းဖြည်းနဲ့ အရူးက ကျမတို့ ခြံပေါက်ဝနားရောက်လာပါလေရော။
မကြားဝံ့မနာသာတွေ အော်ဟစ်ပြောနေတဲ့အပြင် ခြံထဲကို ၀င်ကြထွက်ကြတဲ့သူတွေကို နှောက်ယှက်သလိုလိုတွေပါ လုပ်လာတယ်။
ဒါနဲ့ ကျမက ဗဟန်းရဲစခန်းကိုဖုန်းဆက်ပြီး ဒီနားမှာ အရူးတယောက် သောင်းကျန်းနေလို့ လာပြီး ခေါ်ပေးပါလို့ အကူအညီတောင်းပါတယ်။ သွားရေးလာရေးပါ စီစဉ်ပေးပါမယ်ဆိုတဲ့အကြောင်းပါ ထည့်ပြောရပါသေးတယ်။ တော်ကြာ ကိုယ့်စရိတ်နဲ့ကိုယ် မလာနိုင်ဘူးဖြစ်မှာစိုးလို့ပါ။
ဒါပေမဲ့ အဲဒီက လူကြီးမင်း ပြန်ပြောပုံက
‘ကျနော်တို့ လာတာကတော့ဟုတ်ပါပြီ။ လူအင်အားက လောလောဆယ် မရှိသေးဘူးဗျ။ ဒီတော့ကာ .. ကျနော်တို့အထက်ကို တင်ပြပြီးရင် .. .. ..’
‘ဟင် ..ခြေတဖက်မပါတဲ့ အရူးကိုဖမ်းဖို့ လူအင်အား ဘယ်လောက်လိုမှာတုန်း … ဒီမှာ အများပြည်သူ ထိတ်လန့်အောင် နှောက်ယှက်နေတာလေ’
တကယ်တော့ ဒီအရူးကို ရဲတွေက သိနေပြီးသားပါ။ သူတို့ဖမ်းလိုက် .. အရူးက ခဏပျောက်သွားလိုက် ..နောက် ပြန်ရောက်လာလိုက် .. ဒီလိုပဲ သံသရာလည်နေခဲ့တာပဲ။
အဲဒီနေ့ကတော့ အရူးဖမ်းဖို့ ဘယ်ရဲမှ ရောက်မလာပါဘူး။ ဒါနဲ့ပဲ ကျမနဲ့ခင်တဲ့သူတယောက်ကို အကူအညီ တောင်းလို့ သူက ရုံးအချင်းချင်း လှမ်းပြီးပြောလိုက်တော့မှ ဘယ်လိုစီရင်လိုက်လဲမသိ .. ၂ပတ်လောက် တော့ အရူးပျောက်သွားပါတယ်။
နောက်တော့လဲ ဒုံရင်း ဒုံရင်းအတိုင်း ဒီနားတ၀ိုက်မှာပဲ ပြန်ရောက်ရောက်လာတော့တာပါပဲ။
***
ဒီနေ့တော့ နေ့လည်စာမစားခင်အချိန်လောက် တဖက်ဆေးရုံဝင်းရဲ့အပြင်ဘက် အရိပ်ရတဲ့သစ်ပင်တပင်အောက်မှာ ဒင်းက ကျကျနနထိုင်ပြီး လည်ချောင်းကွဲသံကြီးနဲ့ ထုံးစံအတိုင်း အော်ဟစ်နေပါတယ်။
သူလက်ထဲက တိုလီမုတ်စတွေနဲ့လဲ ဖြတ်သွားဖြတ်လာတွေကို ပစ်ပေါက်လိုပေါက်လုပ်နေတာကို အိမ်ပေါ်ထပ်က မြင်နေရတယ်။
နေ့လည်စာ ထမင်းစားပြီးချိန်လောက်လဲကျရော .. ဒင်းက ကျမတို့ခြံထဲဝင်လာပါလေရော။
‘ထမင်းကျန် ဟင်းကျန်လေးများရှိရင် စွန့်ကြဲကြပါခင်ဗျာ’ ဆိုတဲ့ အက်ကွဲကွဲ အသံကြီးကြားရလို့ ကျမ ပြတင်းပေါက်က လှမ်းကြည့်တော့ သူက ခြံထဲ ရောက်နေပြီ။
ကျမတို့ဆီက ကလေးမလေးတွေက ကြောက်ကြတော့ .. သွား .. သွား .. မရှိဘူးလို့ ပြောလွှတ်ပါတယ်။
အဲဒါသူက မကျေမနပ်နဲ့
‘နင်တို့က ဘာလူပါးဝတာလဲ .. ငါ မရှိလို့တောင်းစားတာကို … နင်တို့က ဘုရင့်သမီးမို့လား … မတူသလို မတန်သလိုနဲ့ .. ဟင် ..ကောင်မတွေ …’
စသဖြင့် ရန်တွေ့ပါတော့တယ်။
ကျမတို့ဆီက ယောကျာ်းလေးတယောက်ထွက်သွားပြီး သူ့ကို သွားခိုင်းလိုက်တော့ .. မကျေမနပ် စောင်းငန်း စောင်းငန်းနဲ့ လျှောက်သွားပြီး
‘ကောင်းကြရဲ့လား အရပ်ကတို့ … မရှိလို့ ထမင်းကျန်ဟင်းကျန် တောင်းစားတာကို မလာရဘူးတဲ့ …’ ဆိုပြီး ခုနစ်သံချီအော်ဟစ် ထွက်သွားပါတော့တယ်။
***
တောင်းစားရင်လဲ သနားစရာကောင်းအောင် ပေးချင်ကမ်းချင်အောင် တောင်းမစားဘူး။ သူကပဲ မာရေကျောရေနဲ့ ..ကျမဖြင့် အဲဒီအရူးကို နဲနဲမှ ကြည့်မရပါဘူး။ သူ့အသံကြီးကိုရော သူနှောက်ယှက်တဲ့လုပ်ရပ်တွေကိုရော တော်တော် စိတ်ပျက်မိတယ်။
သူကလဲ မဟုတ်တာလုပ်သေး .. သူလိုချင်တာမရတော့ … သူကပဲ အသံကောင်းဟစ်ပြီး သူများအပြစ်ဖြစ်အောင်ပြောသေး ..တော်တော် တရားကျဖို့ကောင်းတဲ့အရူးပဲ။
ဒါပေမဲ့ … ရူးနေတော့လဲ သူဘာပြောပြော .. ရူးနေလို့ပဲလေ ဆိုပြီး ခွင့်လွှတ်ကြရတာပါပဲ။
မရူးတဲ့သူတွေ ငါစကားနွားရ ပြောတာကိုတောင် ကျမတို့တွေ အောင့်သက်သက်နဲ့ ခံနေကြရသေးတာပဲ မဟုတ်လား။
***
Sunday, November 05, 2006
လွမ်းဆွတ်ခြင်းများစွာဖြင့် ...
မနှစ်က
တန်ဆောင်မုန်း လပြည့်ကျော်တရက်ည။
ဖုန်းတခု ကျမဆီဝင်လာပါတယ်။
‘၀ီရေ .. ကိုယ်ရောက်နေပြီ ..ခြံရှေ့ထွက်ခဲ့နော်’
ကျမကို ‘၀ီ’ လို့ ခေါ်တဲ့ တဦးတည်းသော ကျမသူငယ်ချင်းဆီက ဖုန်းပါ။ ကျမ ခြံရှေ့ထွက်သွားတော့ သူ့ကားလေးက ခြံရှေ့မှာရပ်နေပြီး သူဆင်းလာတယ်။
‘၀ီ .. download လုပ်ပြီးသွားပြီလား ..’
‘အင်း …ပြီးပါပြီဆိုနေ’
‘အဟဲ .. ဒါဆို ဒီထဲ ထည့်ပေးနော် .. ကိုယ်အချိန်မရှိလို့ အိမ်ထဲ မ၀င်တော့ဘူး’
သူ့ရဲ့ thumb driveလေးကိုပေးရင်း ကျမကို မျက်နှာချိုသွေးတယ်။
သူက mobile ဖုန်းတွေပြင်တာ အထူးဝါသနာပါတာမို့ သူ့အတွက် လိုအပ်တဲ့ softwareတွေ download လုပ်ပေးဖို့ ကျမကို အကူအညီတောင်းလေ့ရှိပါတယ်။ ကျမ လုပ်ပေးလိုက်တဲ့ softwareတွေ အသုံးပြုပြီး ဖုန်းတလုံးကို အောင်မြင်စွာပြင်လို့ပြီးသွားရင်တော့ ကျမဆီဝမ်းသာအားရ ဖုန်းဆက်အကြောင်းကြားလေ့ ရှိတယ်။
အဲဒီည သူလာတော့ ကျမက အဆင်သင့် ဒေါင်းလုတ်ချထားပြီးသား ဆော့ဖ်ဝဲလေးကို သူ့ thumb driveလေးထဲ ထည့်ပေးပြီး
‘ဒီမှာ .. မုန့်သွားစားဖို့ လက်မှတ်ဝယ်ထားတယ် .. သွားမှာလား မသွားဘူးလား’ လို့မေးလိုက်တယ်။ သူက
‘ဆောရီးပဲ ၀ီရယ် .. ကိုယ် အရေးတကြီး ချိန်းထားတာ တခုရှိနေလို့ .. နောက်မှ စားတော့မယ်နော်’
‘နောက်မှဆို အဲဒီလက်မှတ်က expireဖြစ်သွားပြီနော်၊ မနေ့က နဲ့ ဒီနေ့ ၂ ရက်ပဲ စားလို့ရတာ’
‘စိတ်မဆိုးပါနဲ့ ၀ီ ရယ် … တကယ်မအားလို့ပါ ..နော် ..’
သူက မျက်နှာငယ်လေးနဲ့တောင်းပန်တော့လဲ ကျမမှာ စိတ်တိုတိုနဲ့ ခွင့်လွှတ်လိုက်ရပါတယ်။ စိတ်ထဲကတော့ အောင့်သက်သက်နဲ့ပေါ့။ သေချာပြောထားတာကို … အရင်က ကတိမဖျက်တတ်တဲ့သူက အခုဖျက်တာ ကြောင့် နဲနဲတော့ ဖုတုတုဖြစ်သွားမိတယ်။
သူ့ကိုပေးစရာရှိတာပေး၊ ခြံတံခါးဝထိလိုက်ပို့ပြီး သူ့ကားလေး မထွက်ခင်မှာဘဲ ..ခြံထဲမှာလမ်းလျှောက်နေတဲ့ ကျမအကိုဝမ်းကွဲက ..
‘တယ်လီဖုန်း၊ တယ်လီဖုန်း’ လို့ ရုတ်တရက်လှမ်းအော်တယ်။
အဲဒီတော့မှ ကျမလဲ သတိရလို့ သူ့ကို မြန်မြန်လက်ခုပ်တီးပြီး ကားပြန်ရပ်ခိုင်းလိုက်ရတယ်။
ဘာလဲဆိုတော့ .. ကျမအိမ်က cordless ဖုန်းလေးကို သူပြင်ပေးလို့ ကောင်းသွားတယ်ဆိုတာ သိတော့ နောက်ဖက်အိမ်က ကျမကြီးတော်ကြီးက သူ့ cordless လဲ ပြင်ပေးပါပြောပြီး ကျမကို လာပေးထားတယ်။
အဲဒါ သူ့ကိုပေးလိုက်ဖို့မေ့နေလို့ အကိုဖြစ်သူက သတိပေးတာပါ။
သူက ကားပြန်ရပ်ပြီးစောင့်နေတော့ ကျမအိမ်ထဲပြန်ဝင် တယ်လီဖုန်းလေးယူပြီး သူ့ဆီသွားပေးလိုက်တယ်။
‘အဲဒါ ကြီးတော်ကြီးဖုန်းနော် ..ပြင်ပြီးရင် ကျသင့်သလောက်ပြော .. သူ့ဆီကတောင်းရမှာ သိလား’
သူက ပြုံးပြုံးကြီး ခေါင်းညိတ်ပြီး ကျမပေးတဲ့ဖုန်းလေးယူကာ ကားမောင်းထွက်သွားပါတော့တယ်။
ကျမ နာရီကိုကြည့်လိုက်တော့ ည ၈ နာရီ ထိုးလုထိုးခင် … ။
အဲဒီညက ..
သူနဲ့ကျမ နောက်ဆုံးတွေ့ခဲ့ရတာပါပဲ။
အဲဒီညဟာ ..
မြန်မာလိုဆိုရင် တန်ဆောင်မုန်းလပြည့်ကျော်တရက်ည။
အင်္ဂလိပ်လိုကတော့ ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက်ည ပါ။
***
ခါတိုင်း ညညတွေမှာ မအိပ်ခင် သူ့ဆီဖုန်းဆက်ပြီး စကားတွေဖောင်ဖွဲ့ခဲ့ကြတယ်၊ တနေ့တာ ကြုံခဲ့ကြတဲ့ ရယ်စရာမောစရာတွေပြောကြ စာအကြောင်း ပေအကြောင်း သီချင်းအကြောင်းတွေပြောကြ၊ သူကလဲ သူပြင်ပေးရတဲ့ဖုန်းတွေအကြောင်း၊ ကျမကလဲ ကျမရဲ့အလုပ်အကြောင်း စိတ်ညစ်စရာ စိတ်ပျော်စရာတွေ ရင်ဖွင့်ကြ တိုင်ပင်ကြရင်းနဲ့ တခါတခါ မနက် ၁ နာရီ ၂ နာရီထိတိုင်အောင် စကားတွေပြောဖြစ်ခဲ့ကြပါတယ်။
အဲဒီညကတော့ ကျမစိတ်ထဲ ကသိကအောက်ဖြစ်နေတာနဲ့ သူ့ဆီ ဖုန်းမဆက်ပါဘူး။
ခါတိုင်း ကျမ မဆက်ရင် သူကဆက်တတ်ပေမဲ့ .. အဲဒီညက သူ့ဆီကဖုန်းလဲ မလာခဲ့ပါ။
နောက်တည ..
နောက်တည ..
သူလဲကျမဆီ ဖုန်းမဆက်သလို .. ကျမလဲ သူ့ဆီ မဆက်ခဲ့…။
***
သူ မဆက်သရွေ့ ကျမလဲ မဆက်ဘူးလို့ စိတ်ကိုတင်းထားပေမဲ့ .. တကယ်တမ်းတော့ ကျမ မနေနိုင်ပါဘူး။ သူ ဘာများဖြစ်နေလဲ၊ နေမကောင်းလို့လား၊ ခရီးထွက်နေလို့လား .. အဲဒီလိုတွေတွေးမိရင်း ၃ ရက်မြောက်နေ့ ..နေ့လည်ခင်းတခုမှာ ကျမသူ့ဆီ ဖုန်းခေါ် မိတယ်။ အိမ်ဖုန်း၊ mobile ဖုန်း၊ ခြင်းဖုန်း တခုပြီးတခု ပြောင်းခေါ်ပေမဲ့ …ပြန်မထူးခဲ့ပါဘူး။
ကျမ နဲနဲတော့ ထူးဆန်းမိတယ်။ ခါတိုင်း အိမ်ဖုန်းဆက်ရင် သူမရှိရင်တောင် သူ့အမေ၊ အဖေ တယောက်ယောက် ဖုန်းကိုင်ပါတယ်။
ခုတော့ … ဖုန်းကိုင်မဲ့သူတယောက်မှ မရှိဘူး။
သူတို့တမိသားစုလုံး ခရီးထွက်နေမှာပါလို့ ..ဖြေတွေး တွေးနေရပေမဲ့ ကျမစိတ်ထဲ တထင့်ထင့်နဲ့။
***
နောက် တညမှာတော့ ကျမဆီဖုန်းတခုဝင်လာပါတယ်။
သူနဲ့ရော ကျမနဲ့ပါ သိတဲ့ သူ့အိမ်နီးနားချင်း လူတယောက်ဆီကပါ။
ဝမ်းနည်းစရာ သတင်း …
သူ .. ဆုံးပြီတဲ့ ..
သူ .. မရှိတော့ဘူး ..တဲ့ ..
သူနဲ့တကွ .. သူ့တမိသားစုလုံး …
.. .. .. .. .. .. .. ..
.. .. .. .. .. .. .. ..
.. .. .. .. .. .. .. ..
ကျမ ဆက်ပြီး မကြားမိတော့ပါဘူး …
ဟုတ်လို့လား။
အဲဒါ နောက်နေတာမဟုတ်လား။
ကျမကို တမင်နောက်နေတာ ..
အဲဒါ ညာနေတာ ..
ကျမ မျက်ရည်တွေနဲ့ သွေးရူးသွေးတမ်းပြောမိတယ်။
(((((မယုံဘူးးးးးးးးးးးးး)))))
ကျမကို မညာပါနဲ့။
ကျမ ဘယ်လိုယုံရမှာလဲ …
ကျမ မယုံဘူး။
ကျမ မယုံကြည်ပေမဲ့
တကယ်ဖြစ်ခဲ့ပါတယ်။
သူ … တကယ်ပဲ သေဆုံးသွားခဲ့ပါပြီ။
***
သူသေဆုံးသွားပြီးနောက်ပိုင်း သူနဲ့ပတ်သက်တဲ့ ကောလာဟလ သတင်းတွေ၊ လွဲမှားမှုတွေ .. နားနဲ့မဆံ့အောင် ကြားနေရတယ်။
မဟုတ်ဘူး .. သူဟာ အဲဒီလိုလူစားမျိုးမဟုတ်ဘူးဆိုတာ .. ကျမ သိတယ်၊ ကျမ ရှင်းပြချင်ပါတယ်။
ဒါပေမဲ့ .. ကျမ ဘယ်လိုရှင်းပြရမလဲ ..။
***
ခုတော့ …
သူ့အတွက် ကုသိုလ်ကောင်းမှုတွေ လုပ်ပေးပြီး အမျှအတမ်းပေးဝေရင်း …
သူမရှိတော့ပေမဲ့ .. သူနဲ့ပတ်သက်တဲ့ အမှတ်တရပစ္စည်းလေးတွေ သိမ်းဆည်းရင်း …
သူနဲ့ ပတ်သက်တဲ့ အမှတ်တရအဖြစ်အပျက်လေးတွေထဲက ….
ရယ်စရာလေးတွေ တွေးမိတဲ့အခါ .. ရင်နင့်စွာပြုံးမိရင်း ..
စိတ်မကောင်းစရာတွေ တွေးမိတဲ့အခါ .. မချိတင်ကဲ မျက်ရည်ဝဲမိရင်း …
ညနေ ဘက်တွေဆိုရင် …
‘၀ီရေ .. ကိုယ်ရောက်နေပြီ ..ခြံရှေ့ထွက်ခဲ့တော့’ လို့ ခေါ်တဲ့ ဖုန်းသံလေးတွေ လာလိမ့်နိုးနဲ့
ခုချိန်ထိအောင် … ကျမ မျှော်လင့်နေမိပါသေးတယ်။
***
မနှစ်က တန်ဆောင်မုန်းလပြည့်ကျော်တရက်ညတွင် ကွယ်လွန်သွားသော သူငယ်ချင်း TZL သို့ လွမ်းဆွတ်ခြင်းများစွာဖြင့် …
***