Wednesday, August 31, 2016

ဘလော့ဒေးနှင့် ဆယ်စုနှစ်သို့ သမင်လည်ပြန် ...

***
၂၀၀၆ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့မှာ စခဲ့တဲ့ ကျမရဲ့ "တွေးမိတွေးရာ ရေးမိရေးရာ" ဘလော့လေးဟာ ခုဆိုရင် ဆယ်နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ရေးခဲ့သမျှတွေ ပြန်ကြည့်တော့ ဆယ်နှစ်အတွင်းမှာ ပို့စ်ပေါင်း ၇၃၉ ပုဒ် ရေးဖြစ်ခဲ့တာ တွေ့ရတယ်။ ပို့စ်တွေကို ကဗျာ အက်ဆေး ဝတ္ထု ခရီးသွားဆောင်းပါးနဲ့ ကိုယ်ရေးကိုယ်တာ စသဖြင့် ခေါင်းစဉ်လေးတွေ ခွဲပြီးတင်ခဲ့ပါတယ်။ ဘလော့ရေးခါစက တချိန်ကျရင် စုပြီး စာအုပ်ထုတ်မယ်လို့ ရည်ရွယ်ခဲ့ပေမဲ့ ဘလော့ဂါတွေ တယောက်ပြီးတယောက်သာ စာအုပ်တွေ ထုတ်ပြီး စာရေးဆရာတွေ ဖြစ်သွားကြတယ်၊ ကျမကတော့ ခုထိမထုတ်ဖြစ်သေးပါဘူး။
.
ဘလော့ဒေးလို့ သတ်မှတ်ခဲ့ကြတဲ့ ၃၁ သြဂုတ်နဲ့ ကျမဘလော့လေး ဆယ်နှစ်တင်းတင်း ပြည့်တဲ့အချိန် ဘလော့မှာ လှမ်းခဲ့သမျှ ခြေရာလေးတွေကို ပြန်ကြည့်ရင်း အင်တာနက် စသုံးဖြစ်ခဲ့ပုံတွေကို ပြန်တွေးမိတယ်။ ၂၀၀၆ မှာမှ ဘလော့စရေးပေမဲ့ ဒီ့အရင်ကတည်းက အင်တာနက် သုံးဖြစ်နေပါပြီ။
.
အင်တာနက်စသုံးခြင်း
*
၂၀၀၀ ပြည့်နှစ်ကျော်ခါစမှာ အင်တာနက်ကို dial up နဲ့ စသုံးချိန်က outlook express နဲ့ အီးမေးလ်လောက်သာ သုံးဖြစ်ခဲ့တယ်။ dial up က ဖုန်းလိုင်းနဲ့ ချိတ်ရတာမို့ အင်တာနက်သုံးနေရင် ဖုန်းက ဘီးဇီးဖြစ်နေပြီး တခါတခါ ဖုန်းဝင်လာရင် အင်တာနက် လိုင်းကျသွားတတ်ပါတယ်။ ပုံတွေ attached file တွေတွဲပြီး အီးမေးလ်ပို့ရင်လည်း အချိန်သိပ်ကြာပါတယ်။ အဲဒီလို အဆင်မပြေမှုတွေနဲ့သာ သုံးရတယ် ဖုန်းဘေလ်လာတော့ တသိန်းကျော် ဆောင်လိုက်ရပြီးနောက်ပိုင်း broadband တပ်လိုက်ပါတော့တယ်။ ADSL တွေချပေးတဲ့အခါ ADSL လည်း ထပ်တပ်ခဲ့တယ်။
.
Broadband နဲ့ ADSL တွေ တပ်ခါစ free email ဖွင့်လို့ရတဲ့ web site တွေဖြစ်တဲ့ postman တို့ yahoo, msn, aol တို့ကနေ အီးမေးလ်ရော messenger ပါ သုံးဖြစ်တယ်။ အဲဒီအချိန်တုန်းက စစချင်းမို့ ဝက်ဘ်ဆိုက်တွေကို ပိတ်တာဆို့တာ သိပ်မရှိသေးပါဘူး။ Skype ကနေ conference call ခေါ်ပြီး လူအများနဲ့ ပြောလို့ရတဲ့အထိ ကွန်နက်ရှင်ကောင်းပါတယ်။ နောက်ပိုင်းကျတော့ yahoo, msn တွေရဲ့ မေးလ်ရော မက်ဆန်ဂျာရော သုံးလို့ မရတော့ပါဘူး။ ပုဂံနက်က မေးလ်ကိုပဲ သုံးရပါတော့တယ်။ အစိုးရကလည်း အီးမေးလ်တွေ အဝင်အထွက်ကို စောင့်ကြည့် စစ်ဆေးဖို့ ဆက်သွယ်ရေးက တပ်သားလေးတွေကို တာဝန်ပေးထားတယ်လို့ သိရတာကြောင့် အီးမေးလ် အင်တာနက် သုံးရတာဟာ လုံခြုံမှုမရှိသလို ပရိုက်ဗေစီလည်း မရှိခဲ့ပါဘူး။
.
chat room နဲ့ forum များ
*
အဲဒီနောက် ပလန်းနက်မြန်မာနဲ့ ပုဂံဝက်ဘ်ဆိုက်တွေထဲမှာ လူစည်ကားလာကြတယ်။ ကမ္ဘာတဝှမ်းက မြန်မာတွေဟာ မြန်မာလို ပြောလို့ရတဲ့ ချတ်ရွမ်းတွေမှာ ဆုံကြ ပြောကြတယ်။ အဲဒီတုန်းက ပလန်းနက်နဲ့ mmchat ကို အသုံးများခဲ့ကြပါတယ်။ ချတ်ရွမ်းမှာ ပျော်စရာကောင်းသလို ငြင်းခုန်ကြ ရန်ဖြစ်ကြ ဆဲကြတာတွေ လည်းရှိတယ်။ အကြောင်းအရာတခုကို တင်ပြ ဆွေးနွေး ငြင်းခုန်နိုင်တဲ့ ဖိုရမ်တွေလည်း သက်ဝင် လှုပ်ရှားလာကြတယ်။ မှတ်မှတ်ရရ mercy killing နဲ့ ပတ်သက်ပြီး ဖိုရမ်ထဲမှာ အများနဲ့ တယောက် ဆွေးနွေး ငြင်းခုန်ခဲ့ဖူးတယ်။ ပုဂံနက်ထဲမှာ လူငယ်တွေကို ဘာသာရေး မှိုင်းတိုက်ခဲ့တဲ့ ဘကြီးဝိဟာရီ (မိုးပြာဂိုဏ်းခေါင်းဆောင်) နဲ့ အခြေအတင် ပြောခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ သူမှန်းမသိခဲ့ပါဘူး။ နောက်ဆုံး ပုဂံဖိုရမ်ရဲ့ အက်ဒ်မင်က bias လုပ်ပြီး ကိုယ့်စာတွေ တင်မပေးတော့တာနဲ့ ပုဂံဖိုရမ်ကို ကျောခိုင်းပြီး နေးတစ်မြန်မာ ဖိုရမ်ကို ရောက်ခဲ့ပြန်တယ်။
.
forum မှ blog ဆီသို့
*
အက်ဒ်မင်ရဲ့ ထိမ်းချုပ်မှုရှိနေတဲ့ ဖိုရမ်တွေကို ငြီးငွေ့လာချိန်မှာ ဖိုရမ်ထဲမှာရှိတဲ့ ညီလင်းဆက်၊ ကိုမောင်လှ၊ နိုင်းနိုင်းစနေတို့က ဘလော့စရေးနေကြပါပြီ။ သူတို့လင့်ခ်တွေကို လိုက်ကြည့်ရင်း ကိုယ်လည်း ဘလော့တခုလုပ်ချင်စိတ် ဖြစ်လာတယ်။ အဲဒီအချိန် google က free ပေးတဲ့ ဂျီမေးလ်တွေ သုံးနေကြပြီမို့ ဂျီမေးလ်အကောင့်နဲ့ ဖွင့်နိုင်တဲ့ blogspot ကို သုံးပြီး ဘလော့တွေ ရေးကြပါတယ်။ ကိုယ်လည်းပဲ နည်းပညာဆိုင်ရာ ဟိုလူ ဒီလူ အကူအညီတောင်း၊ ညီလင်းဆက်ရေးတဲ့ ဘလော့လုပ်နည်းတွေဖတ်ပြီး ကိုယ်ပိုင် ဘလော့တခု ဖန်တီးဖြစ်ခဲ့တယ်။ ကိုယ်ရေးထားတဲ့ စာတိုပေစလေးတွေ တနေ့တပုဒ်တင်ရင်း အကျေနပ်ကြီး ကျေနပ်လို့ပေါ့။
.
ပထမဆုံးပို့စ်နဲ့ ဘလော့
*
စစချင်းပို့စ်မှာ ကြောင်ဂါးဖီးရဲ့ I can but I won't ဆိုတဲ့ ပုံလေးကို သဘောကျလို့ ကိုယ်နဲ့လည်းတူလို့ Me ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ခဲ့ပါတယ်။ အဲဒီတုန်းက မြန်မာလို မြင်ရဖို့အတော်လေး ကြိုးစားခဲ့ရပါတယ်။ အင်တာနက် စာမျက်နှာပေါ်မှာ ကိုယ်ရေးတဲ့စာကို ကွန်ပျူတာ စာလုံးနဲ့ မြင်ရတဲ့ ခံစားချက်က ဟိုးအရင် မဂ္ဂဇင်းထဲ ကိုယ့်စာမူပါလို့ ပျော်ရွှင်ကြည်နူးရတဲ့ ခံစားချက်မျိုးနည်းတူပါပဲ။ ကိုယ့်စာကိုယ် တစိမ့်စိမ့် ကြည့်မဝခဲ့ဘူး။
.
မြန်မာစာလုံးများနဲ့ ဘလော့
*
ကွန်ပျူတာပေါ်မှာ မြန်မာစာကို စစချင်း CE font နောက်တော့ Win font တွေ သုံးပြီး ရိုက်ခဲ့ကြတယ်၊ ဖိုရမ်တွေ ချတ်ရွမ်းတွေမှာ ဝင်းစာလုံးနဲ့ပဲ ရိုက်ခဲ့ကြပေမဲ့ ဘလော့ပေါ်လာတဲ့ အချိန်မှာတော့ ဇော်ဂျီစာလုံးကို တညီတညွတ်တည်း သုံးခဲ့ကြပါတယ်။ ဝင်းစာလုံး သုံးတဲ့ ဘလော့တွေရှိပေမဲ့ အင်မတန်နည်းပါတယ်။ အများစုက ဇော်ဂျီကိုပဲ သုံးကြတယ်။ ဇော်ဂျီသုံးမယ်ဆိုရင် ဇော်ဂျီကီးဘုတ်ကို ဒေါင်းလုတ်ယူ အင်စတောလုပ်ပြီး သုံးရပေမဲ့ သူက user friendly ဖြစ်တာကြောင့် တဖြည်းဖြည်း ဇော်ဂျီသုံးစွဲသူတွေ များပြားလာခဲ့ပါတယ်။ အဲဒီတုန်းက ယူနီကုတ်ပေါ်ပြီလား မပေါ်သေးဘူးလားတော့ မသိပါဘူး၊ ယူနီကုတ် သုံးတဲ့သူတော့ မတွေ့ရပေးပါဘူး။
.
ရေးမိရေးရာ ဘလော့
*
မဂ္ဂဇင်းလို အယ်ဒီတာမရှိ၊ ဖိုရမ်လို အက်ဒ်မင်မရှိတဲ့ ဘလော့ရေးသူတွေဟာ ကိုယ့်စာကိုယ် တာဝန်ယူကြရပါတယ်။ ဝေဖန်ခံ အဆဲခံနိုင်ကြရတယ်။ အဲဒီတုန်းက အစိုးရကို ဝေဖန်မိရင် တဘက်က လက်ခုပ်တီးသလို တဘက်ကလည်း ပြစ်တင်ဆဲရေးတာ ခံရတယ်။ အဲဒီတုန်းက အွန်လိုင်းမဂ္ဂဇင်းတွေရဲ့ အမှားတချို့နဲ့ ဘလော့ရေးဖော် အချင်းချင်းရဲ့ သတ်ပုံအမှားလေးတွေ ထောက်ပြတတ်တဲ့ ကျမလည်း လူအမြင်ကတ်ခံရတဲ့ စာရင်းဝင် တယောက်ပါပဲ။
.
နေ့စဉ်ကြုံတွေ့ရတဲ့ အဖြစ်အပျက်လေးတွေ၊ ကိုယ်မျှဝေချင်တဲ့ အကြောင်းအရာနဲ့ စာတွေ ကဗျာတွေအပြင် တွေးမိသမျှ ချရေးဖြစ်ခဲ့တာမို့ ဘလော့ဟာ ကျမအတွက်တော့ စာရေးဖို့ လေ့ကျင့်ကွင်းတခု ဖြစ်ခဲ့ပါတယ်။ ၂၀၀၆ သြဂုတ်နောက်ပိုင်းနဲ့ ၂၀၀၇ ခုနှစ် အစောပိုင်း ကာလတွေဟာ စာအရေးဖြစ်ဆုံး အချိန်တွေပါပဲ။ အဲဒီတုန်းက ဘလော့မှာ တနေ့တပုဒ် မှန်မှန် ရေးဖြစ်ခဲ့ပါတယ်။ နေ့စဉ်ရေးခဲ့တာမို့ အဲဒီတုန်းက စာတွေဟာ ကုန်ဈေးနှုန်းအပါအဝင် ခေတ်ကို ထင်ဟပ်တဲ့ အကြောင်းအရာတွေ များပါတယ်။
.
သမိုင်းထဲက ဘလော့
*
ဒီလိုနဲ့ ၂၀၀၇ ခုနှစ် သြဂုတ်လထဲမှာ အစိုးရက ကြေငြာမထားဘဲ စက်သုံးဆီတွေ ဈေးတိုးမြှင့်လိုက်တော့ တချို့ဘတ်စ်လိုင်းတွေ မထွက်ဘူး၊ ကားခတွေဈေးတက်သွားတယ်။ အခြေခံ လူတန်းစားတွေ ကသီလင်တ ဖြစ်ကြတဲ့အခါ ဘတ်စ်ကားမစီး အငှားကားမစီးဘဲ တစုတဝေးထဲ လမ်းလျှောက်ကြတဲ့ အဖြူရောင် လှုပ်ရှားမှု ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီအချိန်က သိပ်ကို sensitive ဖြစ်နေတဲ့ကာလ ... ရွှေဝါရောင်တော်လှန်ရေး မတိုင်ခင်အချိန်လေးပေါ့။ ကျမက အစိုးရသတင်းစာထဲမှာ ပါတဲ့ ဆောင်းပါးတပုဒ်ကို ထောက်ပြဝေဖန်တဲ့ စာတပုဒ် ဘလော့မှာ ရေးခဲ့လိုက်တယ်။ အဲဒီဆောင်းပါးကို ဟစ်တိုင်အွန်လိုင်းမီဒီယာက သူတို့စာမျက်နှာမှာ ထည့်ခွင့်တောင်းပြီး ထည့်လိုက်တဲ့အခါ .... ။
... ... ... ...
... ... ... ...
.
အဲဒီဆောင်းပါးနဲ့ ပတ်သက်လို့ ကျမကို ကွန်မန့်တွေနဲ့ ချီးကျူးအားပေးသလို ဝေဖန် ဆဲရေး ခြိမ်းခြောက်တာတွေလည်း ခံခဲ့ရပါတယ်။ အဲဒီအချိန်မှာ ရွှေဝါရောင် အစပျိုးနေပါပြီ။ ဘလော့တွေနဲ့ ဘလော့ဂါတွေကိုလည်း သတိထားကြည့်ရှုနေတဲ့ အချိန်။ နောက်ဆုံး မိသားစုရဲ့ ဆန္ဒအရ ဘလော့ကို ပိတ်ခဲ့လိုက်ပြီး သွားဖို့အမြဲတမ်း ငြင်းဆန်ခဲ့တဲ့ ဗြိတိန်နိုင်ငံကို သွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ မှတ်မှတ်ရရ စက်တင်ဘာ ၁၀ ရက်မှာ ဘလော့ပိတ်ခဲ့ပြီး တလမကြာပါဘူး၊ အောက်တိုဘာ ၆ ရက်မှာ ဗြိတိန်ကို ကျောင်းသားဗီဇာနဲ့ ထွက်ခဲ့ပါတယ်။ တချို့က ကျမကို မီဒီယာကို ခုတုံးလုပ်ပြီး အင်္ဂလန်သွားတာလို့ အမနာပ ပြောခဲ့ကြတယ်။ အမှန်တကယ်က ကျောင်းလျှောက်ပြီး ကျောင်းသားဗီဇာနဲ့ တရားဝင်သွားခဲ့ခြင်း ဖြစ်တဲ့အပြင် ဟိုရောက်တော့လည်း ဘာအခွင့်အရေးမှ မယူခဲ့ပါဘူး။ (ဆိုလိုတာက Asylum မလျှောက်ခဲ့ပါဘူး) နေထိုင်ခွင့် ဗီဇာမကုန်ခင်မှာပဲ ရန်ကုန်က အစ်မကြီး နေမကောင်းလို့ မြန်မာပြည် ပြန်လာခဲ့တာပါ။
.
ရွှေဝါရောင်တော်လှန်ရေးမှာ ဘလော့ဂါတွေဟာ အစိုးရက စောင့်ကြည့်ခံခဲ့ရတဲ့ သူတွေ ဖြစ်ခဲ့တယ်။ ကျမ အင်္ဂလန်ရောက်ပြီး မကြာခင် နေဘုန်းလတ် အဖမ်းခံရတဲ့ သတင်းကို စိတ်မကောင်းစွာ ကြားခဲ့ရပါတယ်။
.
ဘဝထဲက ဘလော့
*
အင်္ဂလန်ရောက်ခါစ ကွန်ပျူတာ မရှိတာကြောင့် ဘလော့မရေးနိုင်ပါဘူး။ ကျောင်းစာကြည့်တိုကက ကွန်ပျူတာကလည်း မြန်မာစာ အင်စတောလုပ်ခွင့် မရှိပါဘူး။ ဒါနဲ့ပဲ ကိုရန်အောင်က ကူညီပေးမယ်ဆိုလို့ စာရွက်ပေါ်မှာ လက်ရေးနဲ့ချရေး၊ ဘားဂလစ်နဲ့ ရိုက် ပြီး သူ့ဆီပို့ သူက မြန်မာလို ပြန်ရိုက်ပေးပြီး ကျမဆီ ပြန်ပို့၊ အဲဒါကို ကော်ပီလုပ်ပြီး မြန်မာစာ မမြင်ရတဲ့ စက်မှာ လေးထောင့်ကွက်တွေကို ရေတွက်ရင်း ဘလော့ရေးခဲ့ရဖူးတယ်။ ဗြိတိန်ရဲ့ ဆောင်းရာသီအချိန် ... ညဘက် အပူပေးစက် ပိတ်လိုက်လို့ အေးစက်နေတဲ့ စာကြည့်တိုက်ထဲမှာ သန်းခေါင်ကျော်လောက်ထိ နေပြီး ခိုက်ခိုက်တုန်စွာ ဘလော့ရေးခဲ့ရတဲ့ နေ့ရက်တွေကို ပြန်ပြောရင် ဇာတ်နာတယ်များ ဆိုနေမလား။
.
ကျောင်းအိပ်ကျောင်းစား နေရတဲ့ ကျောင်းမှာ တပတ်တခါ ကျောင်းက ဟိုဟိုဒီဒီ စရိတ်ငြိမ်း လိုက်ပို့တာကို မလိုက်ဘဲ စနေတနင်္ဂနွေဆိုရင် အမလတ် အိမ်ကို အပြေးပြန်ပြီး သူ့ကွန်ပျူတာနဲ့ ဘလော့ရေးခဲ့တဲ့ အထိ ဘလော့ကို စွဲလမ်းခဲ့တယ်။ အချိန်ပိုင်း အလုပ်ကလေးရတော့ ပထမဆုံးရတဲ့ လစာနဲ့ တိုရှီဘာလက်ပ်တော့လေး ဝယ်ပြီးတဲ့နောက် ဘလော့ကို စိတ်တိုင်းကျ ပြန်ရေးလိုက်တာ အဲဒီနှစ်က စာမေးပွဲတောင် ကျလို့။ ကျောင်းအိပ်ကျောင်းစားကနေ ဦးရီးတော်အိမ်ကိုရောက်၊ အဲဒီမှာ အင်တာနက်တပ်မထားတော့ ဖုန်းလိုင်းနဲ့ခိုးသုံးပြီး ဦးရီးတော် အငြိုငြင် ခံခဲ့ရသေးတယ်။ နောက်တော့ မိုဘိုင်းအင်တာနက် ဝယ်သုံးပြီး ကွန်နက်ရှင် ခပ်နှေးနှေးနဲ့ ဘလော့ဂင်းခဲ့ရတယ်။
.
ဘလော့ခေတ် ကုန်ပြီလား ...
*
ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ရက်စာမျက်နှာတွေ ပေါ်ပေါက်လာချိန်မှာ ဘလော့ရေးသူတွေ အတော်နည်းသွားတယ်။ အရင်က တက်တက်ကြွကြွ ရေးခဲ့သူတွေလည်း သိပ်မရေးဖြစ်တော့ဘဲ active မဖြစ်တော့တဲ့ ဘလော့တွေ များလာခဲ့တယ်။ ကိုယ်တိုင်လည်း ဘယ်နေရာရောက်ရောက် ဘလော့ကို မရေးဘဲ မနေနိုင်အောင် စွဲလမ်းခဲ့ရာက တဖြည်းဖြည်းနဲ့ စွဲလမ်းစိတ် လျော့နည်းလာသလို ဘလော့ခေတ်ကလည်း မှေးမှိန်လာခဲ့ပါတယ်။ ဘလော့ကို ဘဝတခုလို ထင်မှတ်ခဲ့ရာက ဘလော့ဟာ ဘဝမဟုတ်မှန်း သိလာခဲ့ပြီပေါ့။
.
ဘလော့နိဂုံး
*
ဒီလိုနဲ့ပဲ တနှစ်ပြီးတနှစ် အသက်ကြီးပြင်းရင်း တချိန်မှာတော့ ဘလော့လေးနဲ့ ခွဲခွါရမယ့် အချိန်ရောက်လာပါလိမ့်မယ်။ အဲဒီအခါမှာ တချိန်က တွေးမိတွေးရာ ရေးမိရေးရာတွေ ရေးခဲ့တဲ့ မေဓာဝီ ဆိုသူကို ကျန်ရစ်သူတွေက သတိရချင်လည်း ရမယ် ... မေ့ချင်လည်း မေ့သွားကြမှာပါပဲ။ ဒါကိုက သဘာဝတွေပဲ မဟုတ်လား။ မေဓာဝီကို သိသူ မသိသူ ချစ်သူ မုန်းသူ ဘယ်လိုမှ မနေသူ အားလုံးအတွက် ပျော်ရွှင်ဖွယ် နေ့ရက်လေး ဖြစ်ပါစေလို့ 310816 ဘလော့ဒေးမှာ ဆုတောင်းလိုက်ပါတယ်။
***
မေတ္တာဖြင့် ...
မေဓာဝီ
၃၁ သြဂုတ် ၂၀၁၆

Read More...