Saturday, April 16, 2011

နှုတ်ဆက်တယ် ...

မဟုတ်မဟတ်တွေကို ပယ်
အရှုပ်အရှက်တွေကို ဖယ်
ကသုတ်ကယက်နဲ့ပဲ
နှုတ်ဆက်တယ် … သင်္ကြန်ရယ် … ။

အထီးကျန် … အကျည်းတန်လျက်
မျက်ရည်တွေစိုလူး
ဒီနှစ်ကို ကူးရတော့မယ် … ။

သမုဒယတဏှာ နှောင်ဖွဲ့တည်းလို့
အခုဘ၀မှာ လောင်တဲ့မီးတွေရယ်
ဘယ်ရေစင်နဲ့ ငြိမ်းရပါ့
ဒုက္ခဆိုတာ သစ္စာလား
တရားလဲ မကယ်နိုင်တော့ပြီ တကယ် … ။

ကွယ် … ဒီလိုနဲ့
အပြစ်တွေ အမျိုးမျိုး
အညစ်တွေ တိုးတိုးပြီး
အဖြစ်တွေ ဆိုးဆိုးလာ ..
တနှစ်တာ ခရီးအဆုံး
ကိုယ့်ကိုယ်ကိုယ် သုံးသပ်
ရှက်လဲ ရှက်ရွံ့မိတယ်။

ငြိတွယ်တဲ့ နွယ်ပင်
ကျွံဝင်တဲ့ နွံတွင်း
ရုန်းထွက်ရင်း ကြေကွဲ
ဝေခွဲမရပေမဲ့
နေမြဲဘ၀မှာသာ နေခဲ့ပါ့မယ်။

မလွမ်းချင် မတမ်းချင်ပေမဲ့
ကျွမ်းဝင်ခဲ့တဲ့ ခဏတာက
ဘ၀မှာ ဒဏ်ရာရခဲ့
သံသရာ အခြားမဲ့မှာလဲ
ထားသာ ထားခဲ့ပါစေကွယ် ... ။

တကယ်ပါ …
မင်္ဂလာနှစ်သစ်
အစဉ်သာ ဖြစ်မဖြစ်
ရင်မှာ ညစ်ညစ်နဲ့ပဲ
ဆုတွေလဲ မတောင်း
ကောင်းတာတွေလဲ မတမ်းတ
ဖြစ်သမျှ အကြောင်း
ကောင်းကောင်း ဆိုးဆိုး
အတိုးနဲ့ပဲလာလာ
အညှိုးဖွဲ့ပဲလာလာ
ရင်နာနာနဲ့
တမင်တကာပဲ နှုတ်ဆက်တယ် …
...........................................
...........................................
...........................................
နေခဲ့တော့ သင်္ကြန်ရယ် … ။
***
မေဓာဝီ
၁၆၊ ဧပြီ၊ ၂၀၁၁
မဟာသင်္ကြန် အတက်နေ့
၁၅း၁၈ နာရီ
***
အသိပေးစကား ...

အားလုံးကို နှုတ်ဆက်ပါတယ်။
ကျမဘလော့လေးကို မနက်ဖြန်ကစပြီး ခဏပိတ်ခဲ့ပါတော့မယ်။
စုစည်း ထိမ်းသိမ်းမရတဲ့ စိတ်တွေက ဘ၀အတွက် အနှောက်အယှက်တွေ ဖြစ်လာနိုင်တာမို့ ခုလို လုပ်ရတာပါပဲ။
စိတ်မကောင်းပါဘူး။ အင်မတန်ဝမ်းနည်းပါတယ်။ ဒါပေမဲ့ ... ဒီလိုပဲ ဆုံးဖြတ်ပါရစေ ... ။
အခြေအနေပေးရင် ပြန်လာခဲ့ပါမယ်။
ဘလော့ရေးသူ ဖတ်သူများအပေါ်မှာ ကျမ မှားခဲ့တာတွေ ရှိခဲ့ရင် နားလည်စွာ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။

အားလုံးကို လေးစားချစ်ခင်စွာဖြင့် ...

မေဓာဝီ

Read More...

Friday, April 15, 2011

သုံးဆယ့်ငါးပြား၊ တာစားတဲ့ စနေ ...

ဒီနှစ် စနေ တာစားသတဲ့။ အမေကပြောတယ်။ ပြက္ခဒိန်ကြည့်တော့လဲ သင်္ကြန်အတက်နေ့က စနေနေ့ တည့်တည့်မှာ ရောက်နေတာဆိုတော့ ... အင်း ... တာစားတယ်ပဲ ဆိုပါတော့။ တာစားတယ် တာစားတယ်လို့သာ ပြောနေတာ တကယ်တမ်း တာစားတယ်ဆိုတာ ဘာမှန်းညာမှန်း မသိပါဘူး။ သင်္ကြန်အတက်နေ့နဲ့ တိုက်ဆိုင်တဲ့နေ့ဟာ တာစားတယ်ဆိုတာရယ်၊ တာစားတဲ့ နေ့နံသမားတွေက အညံ့တွေပျောက်အောင် ကုသိုလ်ရေးတွေ ပိုလုပ်ရတယ်ဆိုတာရယ်တော့ ငယ်ငယ်တုန်းက ကြားဖူးနားဝ ရှိခဲ့တယ်။ ဘာကြောင့် ညံ့တာလဲ ဘာလဲ ညာလဲတော့ မသိပါဘူး။ ငယ်ငယ်က စနေတာစားတာနဲ့ ကြုံတဲ့နှစ်မှာ အတက်နေ့ ရွှေတိဂုံဘုရားသွားပြီး တာအိုးလေးနဲ့ ပန်းတွေထည့်ပြီး ဘုရားသွားကပ်ခဲ့ဖူးတာ မှတ်မိတယ်။ ကိုယ်ကတော့ တာစားစား မစားစား ညံ့နေပြီးသားပေမဲ့ ကိုယ့်နေ့နံ စနေတာစားတဲ့နှစ်မှာ ဘုရားသွားပြီး ကုသိုလ်ကောင်းမှုလေးဘာလေး ပြုချင်တယ်။ ဘိလပ်က တခုတည်းသော စေတီဖြစ်တဲ့ ဘာမင်ဂန်ဘုရားကို သွားမယ်လို့ စိတ်ကူးနဲ့ပေါ့။ ဒါပေမဲ့ ဒီရက်ပိုင်းမှာမှ ချစ်လှစွာသော ဦးရီးတော်က ဖလော်ရီဒါကို ဟောလီးဒေးသွားနေပြန်ပါတယ်။ ဧပြီ ၂၁ ရက်နေ့မှ ပြန်ရောက်မယ် ဆိုတော့ လိုက်ပို့မယ့်သူက မရှိ၊ အဲဒီကို ဘတ်စ်နဲ့ မသွားဖူးဘူး၊ သွားရင်လဲ ဘုန်းဘုန်းတွေအတွက် ဆွမ်းဟင်းတို့ဘာတို့ သယ်သွားချင်သေးတာ ဆိုတော့ ဘတ်စ်နဲ့က အဆင်မပြေဘူးလေ။

အမေနဲ့ စကားပြောရင်း ညည်းမိတော့ အမေက ... "ကိုယ့်စာကိုယ်သာ ကျက်ပါအေ၊ အမေ ဒီကနေ လုပ်ပေးပါမယ်။ တကယ်တော့ အဲဒါတွေက ဗြဟ္မဏ အယူတွေပါ။ ကုသိုလ်ရအောင် ဥပုသ်စောင့်ပြီး အိမ်က ဘုရားမှာပဲ သစ်သီးလေး ပန်းလေးကပ်ပေါ့" ... လို့ ပြောပါတယ်။ ဟုတ်တော့လဲ ဟုတ်တယ်။ သွားသာ သွားချင်တာ အချိန်က များများစားစား မအားပါဘူး။ ကျောင်းက ပေးထားတဲ့ progress test တွေကလဲ လူကို စိတ်ဖိစီးစေတယ်။ မကြာခင် အနားရောက်လာတော့မယ့် စာမေးပွဲကလဲ နေ့စဉ်နဲ့အမျှ စိတ်ကို ပူပန်ခြောက်ခြားစေတယ်။ ဦးရီးတော် မရှိတဲ့ ရက်တွေမှာ အစားလဲ ဖြစ်သလိုပဲစား၊ အိပ်တော့လဲ တယောက်ထဲ ခြောက်ခြားပြီး အိပ်မက်ဆိုးတွေမက်လို့ တရေးတွေ ခဏခဏနိုး၊ စားချိန်မမှန် အိပ်ချိန်မမှန်နဲ့ စိတ်ပင်ပန်း လူပင်ပန်းပြီး ဖျားချင်သလို နာချင်သလို သရိုးသရီကလဲ ခဏခဏ ဖြစ်သေးတယ်။ အင်း ... တာပဲစားစား ဘာပဲ စားစား ဘာမင်ဂန်ဘုရားကို မသွားတော့ပါဘူးလေလို့ စိတ်ဒုန်းဒုန်းချလိုက်တယ်။

ညတုန်းက နေလို့သိပ်မကောင်းတာနဲ့ စနေနေ့မှာ နောက်ဆုံးတင်ရမယ့် progress test ကို ဖြေတာ မပြီးသေးဘူး။ နောက်ဆုံးတပုဒ် report ရေးဖို့ ကျန်သေးတယ်။ ဆရာမကတော့ စာတိုက်က ပို့လို့ရတယ်ဆိုတော့ တော်ပါသေးရဲ့။ ကျောင်းကို သွားတင်ဖို့ မလိုဘူးပေါ့။ ကျောင်းသွားရင် လမ်းစရိတ်က အသွားအပြန် ရထားခရော ဘတ်စ်ကားခရော အပါအ၀င် ၆ ပေါင်နဲ့ ပြား၈၀ ပေးရတယ်။ ပြီးတော့ အချိန်လဲကုန် လူလဲ ပင်ပန်းတာမို့ စာတိုက်ကပဲ ပို့မယ် ဆုံးဖြတ်လိုက်တယ်။ စာတိုက်က ပို့ရင် ပိုသက်သာမယ် ထင်တာပဲ။

ဒီမနက် အိပ်ရာကနိုးထိ ခေါင်းက သိပ်မကြည်သေးဘူး။ ရာသီဥတုကလဲ မှုန်မှိုင်းမှိုင်း၊ စိတ်တွေကလဲ ထုံထိုင်းထိုင်း။ ဒါပေမဲ့လဲ မပြီးသေးတဲ့ စာကို နည်းနည်း ဖြည့်ရေး၊ မျက်နှာသစ်၊ ဘုရားသောက်တော်ရေကပ်၊ ဘုရားရှိခိုးတဲ့ အချိန်ကျတော့မှ ဒီအခါတွင်းမှာ ကျန်တဲ့ ၃ ရက်စလုံး ဥပုသ်စောင့်မယ် စိတ်ကူးနဲ့ ဘုရားရှေ့မှာ န၀င်္ဂသီလ စောင့်ထိမ်းဖို့ ကတိပြုလိုက်တယ်။ ဘုရားတင်ထားတဲ့ ပန်းကလဲ ခြောက်နွမ်းစပြုနေပြီ၊ သစ်သီးတွေကလဲ မလတ်ဆတ်တော့ဘူး။ ဒါကြောင့် ဘုရားပန်းတွေ သစ်သီးတွေဝယ်ရင်းနဲ့ ကျောင်းကို စာအဖြေလွှာပို့ဖို့ အိမ်နားက စာတိုက်ကို သွားလိုက်တယ်။

အိမ်ကနေ စာတိုက်ကို လမ်းလျှောက်ရင် ၅ မိနစ် သာသာလောက်ပဲ ကြာပါတယ်။ မနက်ဖြန် (စနေနေ့) အရောက် ပို့ရမှာမို့ စာတိုက်ဖွင့်ချိန် ၉ နာရီ အရောက်သွားရတယ်။ အဖြေလွှာထည့်ဖို့ အေဖိုးဆိုက် စာအိတ်ညို တလုံးယူ၊ ကျောင်းလိပ်စာတပ်ပြီး first class mail နဲ့ ပို့ဖို့ ပြောတော့ စာတိုက်ဝန်ထမ်း အမျိုးသမီးကြီးက စာအိတ်ကို အလေးချိန် ချိန်တွယ်ပြီး special delivery နဲ့ ပို့မလား မေးတယ်။ ရိုးရိုး first class က ၄ ပေါင်ကျော် စပယ်ရှယ်က ၅ ပေါင်ကျော်ဆိုတော့ သိပ်မကွာပါဘူးလေ ... စပယ်ရှယ်နဲ့ ပို့မယ်ပေါ့။ အဲ ... စပယ်ရှယ်နဲ့ ပို့မယ်ဆိုမှ သူက ထပ်ပြောလာပြန်တယ်။ နက်ဖြန်က စနေနေ့ဆိုတော့ စပယ်ရှယ်နဲ့ ပို့တောင် နက်ဖြန်ရောက်ဖို့ ဂရန်တီမပေးနိုင်ဘူးတဲ့။ နက်ဖြန်ရောက်ဖို့ သေချာချင်ရင် စနေအထူးစာဝေစနစ်နဲ့ ပို့မှ ရမယ်။ အဲဒါက ၂ ပေါင်နဲ့ ၂၅ ပြားကျမယ်ဆိုပဲ။ နက်ဖြန်မရောက်လို့ကလဲ မဖြစ်ဘူး။ နောက်ကျမှ ရောက်တဲ့ အဖြေလွှာတွေကို ၂၅ ပေါင် fine တပ်မယ်လို့ ကျောင်းက စာထုတ်ထားတယ်။ အင်္ဂလိပ်တွေများ ပိုက်ဆံကို အဲဒီလို ကြံဖန် ညှစ်ယူနေကြတာပဲ။

ဒါဆို စုစုပေါင်း ၇ ပေါင်ကျော်ကျမှာပေါ့။ အိုကေလေ ... ကျောင်းကိုသွားရင် လမ်းစရိတ်က ၆ ပေါင် ပြား ၈၀ ဆိုတော့ သိပ်မကွာပါဘူး။ လုပ်ပါကိုယ့်လူ ... ပေါ့။ စနေအထူးဆိုတော့လဲ ထူးလိုက်ရတာပ။ ဒါနဲ့ ပိုက်ဆံပေးမယ်လဲ ဆိုရော အဲဒီအမျိုးသမီးက တစခန်းထပြန်တယ်။ ခုနပြောတာ ဆောရီးတဲ့။ အဲဒါ VAT မပါသေးဘူး ဆိုပဲ။ အမ် ... ဒုက္ခ။ ကဲပါလေ ... ရောက်မှတော့ မထူးပါဘူး။ ဘယ်လောက်လဲ VAT ပါရင် ... မေးရင်းနဲ့ စိတ်ထဲက တွက်နေလိုက်တယ်။ ပထမပြောတဲ့ ၅ ပေါင် ၄၅ ပြား + စနေအထူး ၂ ပေါင်၂၅ ပြား = ၇ ပေါင် ပြား ၇၀ + VAT ၂၀% = ၉ ပေါင်နဲ့ ၂၄ ပြား။

အင်း ... မလွယ်ပါလား။ လမ်းစရိတ်ထက်တော့ ကျော်နေပြီ။ စိတ်ထဲကနေ အမြန်စဉ်းစားတယ်။ ကျောင်းသွားရမလား၊ စာတိုက်ကပဲ ပို့ရမလား။ အမျိုးသမီးကြီးကတော့ ကိုယ်ဘယ်လို ဆုံးဖြတ်မလဲဆိုတာ စောင့်နေတယ်။ ကဲပါလေ ... ကျောင်းသွားရင် လမ်းမှာတွင် အချိန်က အသွား တနာရီ အပြန် တနာရီကုန်မှာ။ လူလဲ ပင်ပန်းအုံးမယ်။ နေ့လည် နေ့ခင်း ကော်ဖီဝယ်သောက်ရင် ပိုက်ဆံပိုကုန်ပါတယ်။ ဒီတော့ စာတိုက်ကပဲ ပို့ပါတော့မယ် ... ။ အဲဒီလိုသာ ဆုံးဖြတ်လိုက်ရတယ်၊ စိတ်ထဲကတော့ အောင့်သက်သက်နဲ့။

စာတိုက်ကထွက်ပြီး အနားက စူပါမားကတ်ထဲ ပန်းသီး၊ လိမ္မော်သီး၊ ဘုရားပန်းနဲ့ ပေါင်မုန့် ၀င်ဝယ်ရင်းမှ ရုတ်တရက် သတိရလိုက်မိတယ်။ စာတိုက်က မိန်းမကြီးက စာအိတ်ဖိုး ထည့်မှယူလိုက်ရဲ့လား မသိဘူး။ စာအိတ်ညိုကြီးက သူတို့ စင်ပေါ်က ယူလိုက်တာ။ အဲဒါကို ကိုယ်ကလဲ မပြောမိ၊ သူကလဲ သတိမထားမိတာလား မေးဖို့ မေ့သွားတာလားပဲ။ ဒါနဲ့ သူပေးတဲ့ ပိုက်ဆံ လက်ခံဖြတ်ပိုင်းကို ပြန်ထုတ်ပြီးကြည့်တော့ ထင်တဲ့အတိုင်းပဲ စာအိတ်ဖိုး ၃၅ ပြား ထည့်ယူမထားဘူး။ အင်း ... စာပို့ခက တတိတိနဲ့ ငါထင်ထားတာထက် ပိုပေးလိုက်ရတာပဲ စာအိတ်ဖိုး မပေးလိုက်ရတော့ ၃၅ ပြား သက်သာသွားတာပေါ့။ ပိုတောင် ကောင်းသေးတယ် ... ဟင်း။ အဲလို ညစ်တစ်တစ် စိတ်နဲ့ တွေးနေမိတယ်။

နောက်မှ လမ်းလျှောက်နေရင်း ... ဟယ် ... ငါ ကိုးပါးသီလ ယူထားတာပဲ။ ဒီ ၃၅ ပြားကို သိရက်သားနဲ့ မသိချင်ယောင် ဆောင်လိုက်ရင် အဒိန္နဒါနာကံ မြောက်တော့မယ်။ ပြီးတော့ သူ့ခမျာ စာရင်းပိတ်လို့ ၃၅ ပြားလိုနေရင် ငါ့အတွက် စိုက်ရရှာမှာ။ မေတ္တာသဟဂတေန ဆိုပြီး ဘုရားရှေ့မှာ ကတိက၀တ်ပြုထားပြီး သူတပါးကို မေတ္တာမထားရာ ရောက်နေပြီ ... လို့ တွေးမိတော့ နဂိုအတွေးအတွက် တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ ဆိုးလိုက်တဲ့ ငါပါလား ... ဘာမဟုတ်တဲ့ ၃၅ ပြားနဲ့ သီလကျိုးပျက်ချင်သေးတယ်လို့ ရင်တွေပူ၊ နောင်တတွေရပြီး စာတိုက်ရှိရာ ခပ်သုတ်သုတ် ခြေဦးလှည့်လိုက်တယ်။

စာတိုက်ရောက်တော့ ကိုယ့်ရှေ့မှာ ၂ ယောက်လောက် ရှိတာမို့ တန်းစီစောင့်ရင်း ကိုယ့်အလှည့်ကျတော့ ရောက်သွားတဲ့ ကောင်တာက စောစောက အမျိုးသမီးကြီး ကောင်တာ မဟုတ်တော့ဘူး။ ဒါပေမဲ့ အဲဒီအမျိုးသမီးဘက်ကို လက်ညှိုးထိုးပြရင်း ...

"စောစောက သူ့ကို စာအိတ်ဖိုး ပေးဖို့ မေ့သွားလို့" လို့ ပြောလိုက်တယ်။ ဒီတော့မှ အဲဒီအမျိုးသမီးကြီးက
"အင်း ... ဟုတ်သားပဲ" ဆိုပြီး စာအိတ်ကို ယူကြည့်ပြီး "စာအိတ်အတွက်က ၃၅ ပြား" ... လို့ ဒီဘက်ကောင်တာက အမျိုးသမီးကြီးကို လှမ်းပြောတယ်။
"ငါလဲ နောက်မှ ဖြတ်ပိုင်းကို ကြည့်မိတော့ စာအိတ်ဖိုး ထည့်မထားတာတွေ့လို့ ... " လို့ ပြောရင်း တပေါင်တန်အကြွေစေ့လေး လှမ်းပေးလိုက်တယ်။ သူက ပိုက်ဆံပြန်အမ်းရင်း ပြောတယ် ... you are very honest တဲ့။ သူပြောသလို ကိုယ်က very honest ဟုတ်ရဲ့လား ... ကိုယ်တိုင် အသိဆုံးပဲမို့ သူတို့ကို နှုတ်ဆက်ထွက်လာရင်းနဲ့ ကိုယ့်ဘာသာ မလုံမလဲ ပြုံးမိပါရဲ့။

သြော် ... အစကတော့ သုံးဆယ့်ငါးပြားကို သီလနဲ့ လဲလိုက်မိတော့မလို့ ... လေ ... ။
***
သတ္တ၀ါအားလုံး အချင်းချင်း အပြစ်မမြင်ဘဲ ချစ်ခင်စွာဖြင့် မင်္ဂလာနှစ်သစ်ကို ကူးပြောင်းနိုင်ကြပါစေ ... ။

မေတ္တာဖြင့် ...

မေဓာဝီ
၁၅၊ ဧပြီ၊ ၂၀၁၁
မဟာသင်္ကြန် အကြတ်နေ့
၁၄း၃၈ နာရီ

Read More...

Monday, April 11, 2011

အောက်စ်ဖို့ဒ် နှစ်သစ်ကူးပွဲတော်

ဧပြီလ ၁၀ ရက်၊ တနင်္ဂနွေနေ့။

အောက်စ်ဖို့ဒ် ဗုဒ္ဓ၀ိဟာရက ကြီးမှူးပြီး ကျင်းပပြုလုပ်တဲ့ မြန်မာနှစ်သစ်ကူးပွဲတော်ကို သွားဖြစ်ခဲ့တယ်။ ဘုန်းကြီးတွေကပ်ရအောင် မနေ့ကတည်းက လုပ်ထားတဲ့ ကြက်ဥရေညှိပေါင်းနဲ့ ဒီမနက်စောစောထပြီး သုပ်ထားတဲ့ ပဲကြာဆံသုပ် (သက်သတ်လွတ်) ယူသွားခဲ့တယ်။ နှစ်မျိုးလုံးက ချော (အစိမ်းရောင်နယ်မြေ) ရဲ့ နည်းတွေပါပဲ။ ကြက်ဥပေါင်းနေရင်း မသိလို့ ချောကို လှမ်းလှမ်း မေးရသေးတယ်။ (အဲဒီအတွက် ချောကို ကျေးဇူးတင်ပါတယ်။)
မခဲမချင်း ဇွဲတင်းပြီးပေါင်းရလေသော ကြက်ဥရေညှိပေါင်း ...
***
အောက်စ်ဖို့ဒ်ရောက်တော့ နေ့လည် ၁၁ နာရီ။ ဘုန်းကြီးဆွမ်းမစားခင် အချိန်မီ ရောက်သွားလို့ တော်ပါသေးရဲ့။
သံဃာတော် ၁၁-ပါးက ခန်းမထဲမှာ တန်းစီပြီး ဆွမ်းခံကြွကြတယ်။

ရဟန်းသံဃာ ဆွမ်းခံလာစဉ်

သံဃာတော်အား ဆွမ်းများလောင်းရန် တန်းစီဟန် ...

သံဃာတော်က ၁၁ ပါး လူတွေက အများကြီးမို့ သံဃာတော်တွေက ခန်းမကို နှစ်ခါပြန်ပတ်ပြီး ဆွမ်းခံပေးရတယ်။

..
ကုသိုလ်လဲရ ၀မ်းလဲဝ

သပိတ်ထဲ ပြည့်သွားရင် ဘေးကလိုက်တဲ့ ကပ္ပိယက ဆွမ်းတွေ လိုက်သိမ်းပေးပါတယ်။ လူငယ်လေးတွေ တက်တက်ကြွကြွ လုပ်ပေးနေကြတာ ကြည့်ပြီး အားရကျေနပ်မိပါရဲ့။

ဟင်းပွဲအများ စီစဉ်ထား

ဆွမ်းဟင်းပွဲတွေကလဲ မနည်းမနောပါဘဲ။ များသောအားဖြင့်ကတော့ ထိုင်း အစားအစာတွေပါ။ (ထိုင်းစာတွေက အရမ်းစပ်တယ်၊ သေလောက်အောင် စပ်တယ်) ဆရာတော်တချို့က သက်သတ်လွတ် ဘုဉ်းပေးတာမို့ သက်သတ်လွတ် ဟင်းပွဲတွေလဲ အများကြီးပါပဲ။

ဆွမ်းမစားခင် ရွတ်ပွါးစဉ်

ဆွမ်းမစားခင် ရွတ်ဖတ် သရဇ္ဈယ်တော့ အောက်စ်ဖို့ကျောင်းထုံးစံအတိုင်း ပါဠိကို ထိုင်းပုံစံရွတ်ကြတယ်။ အဖြတ်အတောက် အဆွဲအငင်တွေက ကြားနေကျပုံစံမျိုး ရင်းနှီးမှုမရှိလို့ လိုက်မရွတ်ဖြစ်ဘူး။

ဆွမ်းဘုဉ်းပေးကာ မြတ်သံဃာ

ဆွမ်းဘုဉ်းပေးတော့လဲ အောက်စ်ဖို့ဒ် ကျောင်းရဲ့ ထုံးစံအတိုင်း သပိတ်နဲ့ပဲ ဆွမ်းဘုဉ်းပေးကြတယ်။ ညာဘက် အစွန်ဆုံးက ဘုန်းကြီးက တလောက ရေသိမ်မှာ သိမ်ဝင်ပြီး ရဟန်းခံခဲ့တဲ့ အင်္ဂလိပ်ဘုန်းကြီးပါ။ သူက လူဘ၀က ဒေါက်တာဘွဲ့ရခဲ့တဲ့ သူတယောက်။ ပရိုဖက်ရှင်နယ် ပုံပြောသူ (story teller) လဲ လုပ်ခဲ့ဖူးသတဲ့။ ဒီပွဲမှာလဲ ပုံပြင်တပုဒ် ပြောပြသွားခဲ့ပါတယ်။

ထိုင်းအကများ ဖျော်ဖြေသွား ...

ထိုင်းလှပျိုဖြူလေးတွေက သူတို့ရိုးရာ ထိုင်းအကနဲ့ ကပြဖျော်ဖြေသွားကြတယ်။ ဘယ်တော့များ တူးပို့သံနဲ့ မြနန္ဒာသီချင်းဆိုပြီး မြန်မာမလေးတွေ ကဦးမှာလဲလို့ မျှော်နေခဲ့မိပေမဲ့ ... ... ။

လှပမြူးကြွ ကိန္နရီအက

ရှမ်းအမျိုးသမီးတယောက်ရဲ့ ကိန္နရီအကပါ။ ဟိုးဘက်မှာ ရှမ်းအိုးစည်ရှည်ကြီးနဲ့ မောင်းလေးတွေ တထုံထုံထုပြီး အကကို ပံ့ပိုးပေးကြတယ်။

စားသောက်ပြီးခါ တရားနာ

အောက်စ်ဖို့ဒ်ဗုဒ္ဓ၀ိဟာရ ဆရာတော် ဦးဓမ္မသာမိက တရားမဟောခင် အားလုံးကို ၃ မိနစ် အာနာပါန ရှုမှတ်စေပါတယ်။ ပြီးမှ အင်္ဂလိပ်၊ မြန်မာ၊ ထိုင်း သုံးဘာသာနဲ့ နှစ်သစ်ကူး တရားဟောသွားခဲ့ပါတယ်။ ဆရာတော်ပြောသွားတာလေးက မှတ်သားစရာပါ။ နှစ်သစ်ကူးမှာ အညစ်အကြေးတွေ စင်ကြယ်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေလောင်းကြတယ်။ တကယ်တော့ ရေနဲ့ အညစ်အကြေးကို ဆေးကြောသန့်စင်တယ်ဆိုတာ အလွန်ဆုံး ၁၂-နာရီပဲ ခံပါသတဲ့။ ပြီးရင် ပြန်ညစ်ပတ်တာပဲ။ တကယ်တမ်းက တနှစ်ပတ်လုံး မဆေးမကြောလို့ ညစ်ထေးနေတဲ့ မိမိစိတ်ကို သန့်စင်အောင် ဆေးကြောရမယ်လို့ ဆိုတယ်။ စိတ်စင်ကြယ်စေဖို့က မြတ်စွာဘုရား ဟောကြားထားတဲ့ သမထ/ ၀ိပဿနာကမ္မဋ္ဌာန်းနဲ့ ဆေးကြောကြရမယ် ... အဲဒီလိုဆိုရင် နေ့တိုင်းဟာ နေ့အသစ် အရုဏ်ဦး၊ နေ့တိုင်းဟာ နှစ်သစ်ကူး၊ နေ့တိုင်းမှာ ပျော်ရွှင်ကြည်နူးနိုင်မယ် လို့ ဟောကြားသွားပါတယ်။

အဲဒီနောက်မှာ တခြား သံဃာတော်တွေ အနည်းအကျဉ်း ပြောဟောပြီးတဲ့နောက် သာဓုတွေ အကြိမ်ကြိမ်ခေါ်ပြီး ကျမတို့လဲ ပြန်လာခဲ့ကြတယ်၊ အခမ်းအနားကတော့ မပြီးသေးပါဘူး။ ဘုရားရေသပ္ပါယ်မယ့် အစီအစဉ်တွေ ကျန်သေးတယ်လို့တော့ သိရတယ်။ တခြားဘာတွေလုပ်အုံးမလဲ မသိပေမဲ့ အတူသွားတဲ့ အန်တီတွေ အန်ကယ်တွေက နောက်တနေရာ ဆက်ကြအုံးမှာမို့ ပြန်ခဲ့ကြပါတယ်။ တူးပို့သံ မညံ မြန်မာဟန်ကင်းဝေးတဲ့ ဒီပွဲတော်က ကိုယ့်ဒေသကို လွမ်းနေတဲ့ ကျမအတွက် စိတ်ကျေနပ်မှု မရနိုင်ခဲ့ပေမဲ့ ကုသိုလ်တွေတော့ ရလိုက်ပါတယ်လေ ... လို့ ကိုယ့်စိတ်ကိုယ် ဖြေသိမ့်ရင်း ... အောက်စ်ဖို့ဒ်ကို ကျောခိုင်းခဲ့ပါတယ်။

***

မေဓာဝီ
၁၁၊ ဧပြီ၊ ၂၀၁၁
၀၀း၄၅ နာရီ

Read More...

Saturday, April 09, 2011

တောင်းပန်ခြင်း

"တောင်းပန်ခြင်း"

မပွင့်ပါနဲ့ ပိတောက်
မရောက်ပါနဲ့သင်္ကြန်
အလွမ်းဒဏ်ကို မခံစားနိုင်လို့ပါ ... ။
***
မေဓာဝီ
၁၀၊ ဧပြီ၊ ၂၀၁၀

(မနှစ်ကရေးခဲ့တဲ့ ကဗျာလေး၊ ခံစားချက်ကတော့ ဒီနှစ်ထိ တူတူပဲမို့)

Read More...

Saturday, April 02, 2011

ပါရမီဖြည့်ဘက် ...

ဒီနေ့အဖို့ ကျောင်းစာလုပ်ရတာ စိတ်မပါဘူး။ ဒါနဲ့ပဲ ဖုန်တက်စပြုနေတဲ့ ဘလော့လေးဆီ ခြေဦးလှည့်လိုက်တယ်။ ကိုယ့်ဘလော့တောင် ကိုယ်မရောက်တာ အတော်ကြာနေလို့ သိပ်တောင် မမှတ်မိချင်တော့ဘူး။ တခြားဘလော့တွေလဲ အိမ်တိုင်ယာရောက်သာ မလည်ဖြစ်ပေမဲ့ တင်သမျှတွေကို ရီဒါထဲက တိတ်တခိုး ဖတ်နေမိတယ်။ ညအိပ်ခါနီး ခဏတဖြုတ် စိတ်အပမ်းပြေ ဖတ်တာရယ်လို့ အကြောင်းပြချက်နဲ့ပေါ့။ အဲဒီလို ညည စာခိုးဖတ်ရင်း မသက်ဝေက အချစ်အကြောင်း တဂ်ထားတာ တွေ့ပေမဲ့ မသိချင်ယောင် ဆောင်နေမိတယ်။ မဆောင်လို့လဲ မဖြစ်ဘူး၊ ဒီအသက်အရွယ်ကြီးကျမှ ကလေးကလား အချစ်အကြောင်း ပြောရမှာ ရှက်တာက တကြောင်း၊ ကိုယ့်အချစ်ကိုယ်လဲ ကိုယ်နားမလည်၊ ကိုယ့်ကို ချစ်ပါတယ် ဆိုသူတွေရဲ့ အချစ်ကိုလဲ မယုံကြည်ခဲ့တာက တကြောင်းကြောင့် ....... ဆိုပါတော့လေ။

ကိုယ်ကြုံခဲ့ဖူးတဲ့ ခပ်ညံ့ညံ့ အချစ်တွေကို ယုံကြည် နားလည်ဖို့ ခက်ခဲပေမဲ့ လောကမှာ တကယ်ကို စစ်မှန်ပြီး အင်အားကြီးမားတဲ့ ချစ်ခြင်းမေတ္တာတရားတွေ ရှိတယ်ဆိုတာ လက်ခံသလို အဲဒီလို ချစ်ကြသူတွေကိုလဲ လေးစားမိပါတယ်။

ဒီလိုနဲ့ ရာဇ၀င်တွေ ဗုဒ္ဓ၀င်တွေထဲက အချစ်အကြောင်းတွေ ရောက်တတ်ရာရာ လျှောက်တွေးရင်း သီချင်း တပိုင်းတစနဲ့အတူ စန္ဒကိန္နရီဇာတ်လမ်းလေး အတွေးထဲ ရောက်လာတယ်။
"ရက်စက်စွာ ပြောသော်လဲ ... ချစ်လင်ကလွဲ ဖွဲဆန်ကွဲ ထင်တယ် ..."

သြော် ... ချစ်တတ်လိုက်ကြတဲ့ သူတို့တတွေ ... ။ မြားဆိပ်သင့်လို့ မြတ်စွာဘုရား အလောင်းတော် ကိန္နရာဖိုကြီး သေငယ်ဇောနဲ့ မြောနေတာတောင် ကိန္နရီမလေးက သစ္စာဆိုပြီး မြားဆိပ်ပြယ်စေခဲ့တာ ... ။ မိန်းကလေးတယောက်ရဲ့ အင်အားကြီးမားတဲ့ ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရား ... လေးစားဂုဏ်ယူစရာပဲ။

ကိုယ်က မိန်းမဆိုတော့ မိန်းမတွေဘက်က သာသာထိုးထိုး တွေးမိသလား မပြောတတ်ပါဘူး။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ရင် မိန်းမတွေက ပိုသာတယ်လို့ ထင်မိတယ်။ "အောင်မြင်တဲ့ ယောက်ျားတွေရဲ့ နောက်ကွယ်မှာ ထက်မြက်တဲ့ မိန်းမတွေက ချစ်ခြင်းမေတ္တာတွေနဲ့ ပံ့ပိုးပေးထားတယ်" မဟုတ်လား။ အတိုဆုံးစကားလုံးနဲ့ ပြောရရင်တော့ ပါရမီဖြည့်ဘက် ... ဆိုပါတော့။ ယောက်ျားတယောက် အောင်မြင်ဖို့ရာ ပါရမီဖြည့်ဘက်ကောင်း ရှိဖို့ကလဲ အရေးကြီးတယ်လေ။

ဒါပေမဲ့ ပါရမီဖြည့်ဘက်ဆိုတိုင်းလဲ နှစ်ဦးသား ရာသက်ပန် ပေါင်းဖက်နိုင်ကြတာ မဟုတ်ပြန်ဘူး။ ဘ၀အဆက်ဆက် ပါရမီတွေ ဖြည့်ရင်း ခွဲခွါ ကွဲကွာ ခဲ့ကြတဲ့ မောင်နှံတွေ အများသား။
ဇနပဒကလျာဏီကို ထားရစ်ခဲ့တဲ့ နန္ဒ။
ယသော်ဓရာကို ခွဲခွါခဲ့တဲ့ သိဒ္ဓတ္ထ။
သီဝလိမင်းသမီးလေးကို စွန့်ပစ်ခဲ့တဲ့ မဟာဇနက ... ။
လွတ်မြောက်ရာကိုရှာဖို့ ချည်နှောင်ပြီးသား သံယောဇဉ်တွေကို ဖြတ်ရက်ခဲ့ကြတယ်။

မိန်းကလေးတွေဘက်က တွေးကြည့်ရင် ရင်နာစရာကြီးပါ။ ကိုယ့်ချစ်သူ၊ ကိုယ့်လင်သားရဲ့ စွန့်ပစ်မှုကို ခံရတယ်ဆိုတာလောက် အားငယ်စရာ ကောင်းတာ ဘယ်ရှိမှာလဲ။ ဖောက်ပြန်ဖို့ စွန့်ခွါတာ မဟုတ်ပေမဲ့ ဘာပဲပြောပြော ချစ်ခင်အားကိုးလို့ လက်တွဲခဲ့ကြပြီးမှ စွန့်ပစ်ခံရတာ လူတွေကြားထဲ မျက်နှာငယ်ရရှာမယ်။ ဒါပေမဲ့ ဒီလိုစွန့်ပစ်ခံရလို့ မာနစိတ်နဲ့ သူကြင်မှ ကိုယ်ကြင်ဆိုပြီး ထင်ရာတွေ မလုပ်ခဲ့ကြဘူး။

အထပ်ထပ်ဖတ်ခဲ့ပြီး ဖတ်ဖြစ်တိုင်း မိန်းကလေးဘက်က စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ဇာတ်တော်တခုက မဟာဇနက ဇာတ်တော်ပါပဲ။ မဟာဇနကဆိုရင် များသောအားဖြင့် ပင်လယ်ပြင်မှာ သင်္ဘောပျက်ပြီး မဏိမေခလာ လာကယ်တဲ့ ဇာတ်ကြောင်းက ပိုပြီး ထင်ရှားပေမဲ့ ကျမစိတ်ဝင်စားတဲ့ အပိုင်းက မဟာဇနက မင်းကြီးတောထွက်ခန်းပါ။ ဒီဇာတ်လမ်းက အများသိပြီးသားပဲမို့ အကျယ်ချဲ့ပြီး ပြန်ရေးမနေတော့ပါဘူး။ မဟာဇနက တောထွက်တော့ ငိုယိုပြီး နောက်က တကောက်ကောက် လိုက်နေတဲ့ သီဝလိမင်းသမီးလေးကို စိတ်ထဲ သိပ်သနားမိတယ်။ မဟာဇနကက မြေကြီးမှာ စည်းသားပြီး စည်းကျော် မလိုက်နဲ့ ပြောလဲ မပြန်ဘူး၊ လက်ကောက် နှစ်ကွင်းနဲ့ ဥပမာပေး၊ မျက်စိတဖက်မှိတ်ပြီး မြားပစ်သူနဲ့ ဥပမာပေးလဲ မရဘူး။ နောက်ဆုံး မြက်ပင်ကလေး ဖြတ်ပြပြီး အဲဒီလိုပဲ မင်းနဲ့ငါ ပြတ်ပြီ ဒီတသက် ပြန်ဆက်မရတော့ဘူးလို့ ဆိုခဲ့သတဲ့။

ဖတ်ရင်း မင်းသမီးလေးနေရာက ၀မ်းနည်းလို့ မျက်ရည်လည်မိတယ်။ မဟာဇနကမင်းကြီး ရက်စက်လှချည်ရဲ့လို့ တွေးများတောင် တွေးမိလိုက်သေး။ ဒါပေမဲ့ သီဝလိမင်းသမီးလေးက ပါရမီဖြည့်ဘက် ပီသစွာ သူ့မောင်တော်အပေါ် မေတ္တာမပျက်တဲ့အပြင် သူ့မောင်တော် ကျင့်ကြံတဲ့အတိုင်း အသက်ထက်ဆုံး တရားအားထုတ်ခဲ့သတဲ့။ သြော် ... ပါရမီဖြည့်ဘက်တွေရဲ့ ဘ၀ဟာ မျက်ရည်တွေ နာကျင်ခြင်းတွေ ပြည့်လို့ပါပဲလား။

ဒီဇာတ်တော်ကို အကြောင်းပြုပြီး ကျမ ကဗျာတပုဒ် ရေးခဲ့ဖူးပါတယ်။ ခေါင်းစဉ်က "ပါရမီဖြည့်ဘက်" ... တဲ့။ ဖတ်ကြည့်ကြပါအုံး ... ။
***
ပါရမီ ဖြည့်ဘက်

မနီးသင့်သည်မို့
စည်းနှင့်သားခဲ့ပြီလားလေ …။

မတားသာပေ …
ထားရာနေ စေရာသွားသူမို့
တရားရှာဖွေ ပြည်ခွါထားလေတော့
ဝေဒနာ ကုဋေကုဋာများစွာနဲ့
ဗျာမီးပူဝေ။

ပြတ်သားစွာ
မြက်အားပမာဆိုလျက်
ငိုရက်အောင် ပြုသူရေ
ကိုယ်ကြေလို့ စိတ်ထောင်း … ။

ရှောင်ရစ်ကာ
မောင်ပစ်ခွါ သွားပါလည်း
နှောင်ချစ်သဒ္ဓါ များစွာနဲ့
ပါရမီ တူညီဖြည့်ချင်စမ်းပါလို့
မဂ်လမ်းကို အတူမြန်းအောင်ပ
ဝတ်ကြောင်ကို မောင်ပယ်လျှင်ဖြင့်
မယ်လဲ ရှောင်ခွါဖယ်ပေါ့
နောင်ခါဝယ် နှစ်ကိုယ်နီးစေသား
တကိုယ်တည်းသာ မသွားပါချင်နဲ့
တရားရှာ ရှစ်ဖြာလမ်းဝင်ဖို့
ဘုရားမှာ သစ္စာပန်းတင်လို့
သခင်ရယ် .... ရင်မှ ဆုတောင်း .... ။ ... ။
***
၂၈၊ ဇန်န၀ါရီ၊ ၂၀၁၁
၁၃း၂၂ နာရီ
***
ဒီကဗျာလေး ရေးခဲ့တာ ကြာပါပြီ။ ကဗျာချည်းသက်သက် မတင်ချင်လို့ သိမ်းထားခဲ့တာ။ မသက်ဝေ တဂ်တဲ့ အချစ်အကြောင်းခေါင်းစဉ်မှာ ဒီကဗျာထည့်လို့ရတာပဲလို့ စဉ်းစားမိတာနဲ့ ဘလော့က ဖုန်လေးတွေကို အချစ်ဆိုတဲ့ လေတွေနဲ့ မှုတ်ထုတ်ရင်း တဂ်ဖြေ အမျက်ပြေ အရှက်ပြေ စာတပုဒ် ရေးထုတ် လိုက်ရပါကြောင်း။
***
မေဓာဝီ
၂၊ ဧပြီ၊ ၂၀၁၁
၀၁း၃၂

မှတ်ချက်။ ။ ကဗျာကို ဖတ်ရှုပြင်ဆင်ပေးသော
ဦးဟယ်ရီကို ကျေးဇူးအထူးတင်ပါသည်။

Read More...