***
ဟိုးရှေးရှေးတုန်းက အင်တာနက် ကမ္ဘာကြီးထဲက ဘလော့ရွာလေး တစ်ရွာမှာ "တွေးမိတွေးရာ ရေးမိရေးရာ" ဆိုတဲ့ ဘလော့အိမ်ကလေး တစ်အိမ် ရှိသတဲ့။ အဲဒီတုန်းက ဘလော့ရွာ တည်ခါစ ဆိုတော့ ရွာထဲမှာ အိမ်ကလေးတွေ နည်းနည်းပဲ ရှိသေးတာပေါ့။ တွေးမိတွေးရာ ဘလော့အိမ်လေးကတော့ အနက်ရောင် ရေနံချေးသုတ်ထားတဲ့ မြန်မာဆန်ဆန် အိမ်ကလေးပါပဲ။
.
တွေးမိတွေးရာ ဘလော့လေးဟာ တနေ့တနေ့ ဘလော့ အိမ်နီးနားချင်းတွေဆီ သွားလည်လိုက် ကိုယ့်ဆီလာလည်တဲ့ သူတွေကို ဧည့်ခံလိုက်နဲ့ မအားရပါဘူး။ ကိုယ့်ဆီ လာတဲ့သူတွေ ပျင်းမှာစိုးလို့ တွေးမိတာလေးတွေ တတ်သလောက် မှတ်သလောက် ချရေးပြီး ဧည့်ဝတ်ပြုရသတဲ့။ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး၊ ဟိုရောက် ဒီရောက် အတွေးများ ... စသဖြင့်ပေါ့။
.
အဲဒီလိုဧည့်ခံရင်း တခါတလေ သူများ မကြိုက်တာတွေနဲ့ ဧည့်ခံမိတဲ့အခါ လူတကာ ငြိုငြင်တာတွေလည်း တခါတလေ ခံရတယ်။ ခပ်ပေပေ ညစ်တစ်တစ် သူကတော့ အဲဒါတွေကို ဂရုမစိုက်ပါဘူး၊ ဧည့်သည် ကြိုက်ကြိုက် မကြိုက်ကြိုက် သူလုပ်ချင်တာတွေသာ လျှောက်လုပ်နေတော့ တာပဲတဲ့။ ဒီ့ထက်ဆိုးတာကတော့ သူများအိမ်သွားလည်ရင်လည်း အငြိမ်မနေဘဲ ဒီအိမ် ဆိုင်းဘုတ်ကတော့ စာလုံးပေါင်း မှားနေတယ် ... ဟိုအိမ်မှာ ကပ်ထားတဲ့ စာကတော့ဖြင့် ဘယ်လိုလွဲနေတယ် ... စသဖြင့်လည်း အလိုက်မသိ ဝေဖန်တတ်သေးသတဲ့။
.
ဒါပေမဲ့ အဲဒီတုန်းက စိတ်တူ ကိုယ်တူ ဝါသနာတူတွေ စုဝေးနေတဲ့ ရွာမို့ အများက စည်းလုံး ညီညွတ်ကြတယ်။ တစ်အိမ်နဲ့ တစ်အိမ် လည်လိုက်ကြ၊ tag game တွေ ကစားလိုက်ကြ၊ တခုခု ဖြစ်ရင် ဖေးမလိုက် နေနေကြတဲ့ ဘလော့ရွာလေးဟာ အမြဲတော့ မသာယာ ခဲ့ပါဘူး။ တခါတလေ ရွာကို သူပုန်ဝင်တဲ့ အခါမျိုးဆိုရင် အားလုံး ဝိုင်းပြီး ဆော်ကြရသေးတာပေါ့။
.
တနေ့မှာတော့ ဘလော့ရွာထဲက တွေးမိတွေးရာ အိမ်အနက်ကလေး သော့ခတ်ပြီး ဆေးအဖြူသုတ်လိုက်ရတယ်။ သူ့အိမ်ကို ဘယ်သူမှ လာလည်လို့ မရတော့သလို သူကိုယ်တိုင်လည်း နေထိုင်ခွင့် မရှိတော့ဘူးတဲ့။ အဲဒီအချိန်ဟာ ရွာထဲကို သူပုန်တွေ ဝင်တဲ့ အချိန်လို့ ပြောရမလားပဲ။ ရွာကို တိုက်ခိုက်ခံရတယ်၊ ရွာက အိမ်တချို့ ပျက်စီးသလို အိမ်အသစ်တွေလည်း ပိုပြီး တိုးပွားလာကြတယ်။
.
ရွာငယ်ကလေးကနေ တဖြည်းဖြည်း ရွာကြီးဖြစ်လာပြီး သတိထား စောင့်ကြည့်ခြင်း ခံလာရတဲ့အထိ ဖြစ်လာခဲ့တယ်။ ရွာသူရွာသားတွေရဲ့ စည်းလုံးတဲ့ မျိုးချစ်စိတ်ကတော့ ခိုင်မြဲနေဆဲပါပဲ။ ဒါပေမဲ့ ဘယ်နေရာမဆို စုန်းပြူး ရှိတဲ့အတိုင်း တချို့တလေ စုန်းပြူးအိမ်တွေလည်း ရှိတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ရွာကလေးဟာ စည်ကားနေဆဲ။
.
ဒီလိုနဲ့ အချိန်အတော်ကြာ သော့ခတ်ခံထားရတဲ့ တွေးမိတွေးရာ အိမ်ကလေးဟာ တနေ့မှာတော့ တံခါးလေး ပြန်ပွင့်လာပါတော့တယ်။ အဲဒီနောက်မှာတော့ ရေနံချေးသုတ် အနက်ရောင် အိမ်ကလေးကနေ အပြာရောင် အိမ်ကလေးအဖြစ် ပြောင်းလဲသွားတယ်။ အိမ်ကလေး အရောင်ပြောင်းသွားပေမဲ့ ခံယူချက်နဲ့ စိတ်ဓာတ်ကတော့ သူ့အိမ်ဆိုင်းဘုတ်မှာ ရေးထားတဲ့ "အမှန်တရားဆီ ရဲရဲချီ" ဆိုတဲ့အတိုင်း မပြောင်းလဲခဲ့ပါဘူး။
.
အိမ်ကလေး ပြန်ပွင့်လာတော့ ရွာသူရွာသားတွေက နွေးထွေးစွာ ကြိုဆိုကြပါတယ်။ အဲဒီနောက် အိမ်လေးကို ပြင်ဆင်မွမ်းမံ အလှဆင်ပြီး တွေးမိတိုင်း ရေးနေတော့တာပဲ။ ဒါပေမဲ့ အိမ်သစ်တွေ များလာတော့ အရင်လို အိမ်ပေါက်စေ့ လျှောက်မလည်နိုင်၊ ရေးချင်တိုင်းလည်း မရေးနိုင်တော့ဘူး။
.
တဖြည်းဖြည်း နှစ်တွေကြာလာတော့ တချို့အိမ်တွေဟာ ရွာကလေးကို စွန့်ခွာသွားကြတယ်။ သော့ခတ်ထားတဲ့ အိမ်၊ ဖြိုဖျက်လိုက်တဲ့ အိမ်၊ တံခါးဖွင့်ထားပေမဲ့ လူမရှိတော့တဲ့အိမ် ... အဲဒီလို အိမ်တွေ များလာတဲ့အခါ ရွာကလေးဟာ တစတစ ခြောက်ကပ် လာပါတော့တယ်။ ကျန်ခဲ့တဲ့ အိမ် တခုတလေကလည်း မှန်မှန် ဆေးမသုတ် မပြုပြင်ဆိုတော့ လာလည်မယ့်သူတောင် မရှိသလောက် ဖြစ်ရတယ်။
.
ဒီလိုနဲ့ပဲ ဘလော့ရွာလေးဟာ ပျက်စီးသွားရတော့မှာလား။ ခြောက်ကပ် အေးစက်စွာ တစပြင်လို ငြိမ်သက်နေရတော့မှာလား။ တွေးမိတွေးရာ အိမ်ကလေးကတော့ ဧည့်လာလာ မလာလာ သူ့အိမ်ကလေးကို အသက်သွင်းရင်း ရွာကလေး ပြန်စည်ကားမယ့်အချိန်ကို တိတ်တိတ်ကလေး မျှော်လင့်နေပါတော့သတဲ့။
***
ပုံပြင်လေးကတော့ ဒါပါပဲ
မေဓာဝီ
310818
22.30
310818
22.30
Blogday နဲ့ မေဓာဝီ ဘလော့ ၁၂ နှစ်ပြည့် အမှတ်တရ