***
.
“ကျေးဇူးတင်ပါတယ်” .. .. ဆိုတဲ့ စကားကို ကျွန်မအနေနဲ့ အလွယ်တကူ
သုံးနေကျ ပြောနေကျပါပဲ။ ဒါပေမဲ့ မိဘ၊ ဆွေမျိုး၊ မောင်နှမတွေ ကြားမှာတော့
ကျေးဇူးတင်ပါတယ် ဆိုပြီး တော်ရုံ တန်ရုံ သုံးလေ့ မရှိခဲ့ဘူး။
“အမေပေးတဲ့ မုန့်ဖိုး အတွက် ကျေးဇူးတင်ပါတယ် …”
“အဖေတိုက်တဲ့ လဘက်ရည် တခွက်အတွက် ကျေးဇူးတင်ပါတယ် …”
အဲဒီလို ပြောရမှာ ဘယ်လောက် သူစိမ်းဆန်လိုက်ပါသလဲ။ ဒါကြောင့်
သူစိမ်းတရံတွေနဲ့ ဆက်ဆံရာမှာတော့ တကယ်ကို ကျေးဇူးတင်လို့ပဲ ဖြစ်ဖြစ် အလုပ်သဘောအရပဲ
ဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ဆိုတဲ့စကား ပုံမှန်လို သုံးဖြစ်ခဲ့ပေမဲ့ ကိုယ်နဲ့
ချစ်ခင်သူချင်း၊ ရင်းနှီးကျွမ်းဝင်သူချင်းမှာ ကျေးဇူးစကားကို တကူးတက ဖော်ပြစရာ
မလိုဘူးလို့ ကျွန်မက သတ်မှတ်ထားခဲ့တယ်။ အဲဒီလို ပြောလိုက်ရရင်လည်း တယောက်နဲ့
တယောက် မချစ်ခင်ရာ မရင်းနှီးရာ ရောက်သလိုပဲလို့ စိတ်ထဲမှာ ခံစားရလို့ပါ။
ကျောင်းနေစ အရွယ်မှာပဲ မိဘကျေးဇူး၊ ဆရာကျေးဇူး … စသဖြင့် ကျေးဇူးဆိုတဲ့ စကားနဲ့
စတင်ရင်းနှီး ခဲ့ရတယ်။ နောက် … ဒီထက်ပို လေးလေးနက်နက် ကြားခဲ့ နာခဲ့ဖူးတာက ကျွန်မ
အသက် ၁၀-နှစ် အရွယ် လောက်က ဖြစ်မယ် ထင်တာပဲ။
“နဂိုမူလ ဓာတ်ခံရသဖြင့်
ဘ၀နောက်နှောင်း ကောင်းသထက်ကောင်းအောင် လမ်းကြောင်းတီထွင် အကြင် ပညာ့ရှင်သည် …”
အစချီပြီး ဟောကြားတဲ့ တရားတော်လေးဟာ အသက် ၁၀-နှစ် အရွယ် မိန်းကလေး တယောက်ရဲ့
စိတ်နှလုံးထဲ အေးချမ်းစွာ စီးဆင်းဝင်ရောက်ခဲ့တယ်။ အဲဒီတရားတော်ထဲမှာ ပါတဲ့ …
“သူတပါးတို့
ပြုထားအပ်ဖူး မြတ်ကျေးဇူးကို အထူးတတ်သရွေ့ ဆပ်လေ့ရှိသည် လည်းကောင်း …”
ဆိုတဲ့ စကားလေးကို ကျွန်မစိတ်ထဲ စွဲနေအောင် မှတ်မိနေခဲ့ပါတယ်။ အဖေနဲ့ အမေက
တရားတပုဒ်ကို သဘောကျရင် အထပ်ထပ် ဖွင့်တတ်တာမို့ ခုထိ မှတ်မိနေတာ ထင်ပါရဲ့။
တရားနာမည်က “သူတော်ကောင်း
လက္ခဏာ တရားတော်” တဲ့။ တရားဟောတဲ့
ဆရာတော်ကတော့ တောင်မြို့မဟာဂန္ဓာရုံ ကျောင်းတိုက်က ဆရာတော် ရှင်ဇနကာဘိဝံသ ပါပဲ။
တရားတော်အကျဉ်းချုပ်ကတော့
တခါတုန်းက ခြင်္သေ့ကြီးတကောင်ဟာ အစာရှာထွက်ရင်း သားကောင်ကို
ခုန်ဖမ်းခိုက် ရွှံ့နွံပေါ်ကျပြီး နွံနစ်နေပါသတဲ့။ နွံထဲကနေ ရုန်းမရ ထွက်မရနဲ့
ကြာတော့ အားအင်ကုန်ခမ်း မောပမ်းနေတုန်း
မြေခွေး တကောင်ရောက်လာပြီး ရွှံ့ညွန်တွေထဲက ရုန်းထွက်ရအောင် ကူညီကယ်တင်ပေးခဲ့လို့
ခြင်္သေ့ကြီး အသက်ချမ်းသာရာ ရခဲ့သတဲ့။
ကျေးဇူးသိတတ်တဲ့ ခြင်္သေ့ကြီးက မြေခွေးမိသားစုကို သူတို့နဲ့အတူ ခေါ်ထားပြီး
သူရှာလို့ရတဲ့ အစာထဲက ခွဲဝေကျွေးမွေးနေတာ ကြာတော့ ခြင်္သေ့မကြီး အမြင်မကြည် တော့ဘူးပေါ့။
ခြင်္သေ့မကြီး အမြင်မကြည်လင်တာကို သိတဲ့ မြေခွေးက
တခြားပြောင်းပါရစေလို့ ခြင်္သေ့ကြီးကို ခွင့်ပန်သတဲ့။ ခြင်္သေ့ကြီးက အကျိုးအကြောင်း
မေးရင်းနဲ့ ခြင်္သေ့မကြီး အမြင်မကြည်တာ ရိပ်မိသွား လေတယ်။ ဒါနဲ့ပဲ ခြင်္သေ့ကြီးက …
ခြင်္သေ့မကြီးကို …
“ရှင်မရေ … တခါတုန်းက ငါ့ကို သူက ကူညီခဲ့ဖူးပါတယ်ကွယ်” လို့
ဆိုပြီး ကျေးဇူးရှိခဲ့တဲ့ အကြောင်း ပြောပြလိုက်တော့မှ ခြင်္သေ့မကြီးလည်း
သဘောပေါက်သွားပြီး မြေခွေးမိသားစုနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားကြသတဲ့။
ဆရာတော်ရဲ့ ကရုဏာသံရယ် တရားထဲက ခြင်္သေ့နဲ့ မြေခွေးပုံပြင်လေးရယ် ကာရန်လေးတွေနဲ့
ဟောကြား သွားတဲ့ စာသားလေးတွေရယ်က တရားတော်ကို မမေ့အောင် စွဲဆောင်ခဲ့တဲ့
အချက်တွေပါပဲ။ အဲဒီ တရား နာပြီးနောက်မှာ ကတညုတ
ကတဝေဒီ ဆိုတဲ့ ပါဠိစာလုံးကိုလည်း သိခဲ့သလို … ကိုယ့်ကို တခါကူညီဖူးရင်
ကျေးဇူးတင်ရမယ်၊ အခါအခွင့် သင့်တဲ့အခါ ကျေးဇူးတုန့်ပြန်ရမယ်။ ရန်သူတောင်မှ
ကျေးဇူးရှင် ဖြစ်နိုင်တယ်။ ကျေးဇူးရှင်ကို ကျေးမစွပ်ရဘူး … စတဲ့ အသိလေးတွေ မှတ်သား
သိရှိခဲ့ရတယ်။
အရွယ်ရောက်လို့ ဘာသာရေး သင်တန်းတွေ တက်တော့ သင်တန်းဆရာက …
“ကိုယ်မွေးခါစ မသိတတ်ခင်ကတည်းက ကိုယ့်ကို ချီပိုး
ချော့မြှူပေးကြသူတွေ၊ ငုတ်တုတ်ထိုင်ရာက မတ်တပ်ရပ်နိုင်အောင် ‘ရပ်နိုင်ပေ့’
ဆိုပြီးတော့ ၀ိုင်းဝန်း အားပေးခဲ့တဲ့ ဆွေမျိုး သားချင်းတွေ အိမ်နီးနားချင်းတွေ
အားလုံးဟာ ကိုယ့်ကျေးဇူးရှင်တွေပဲ။ သူတို့ပေးတဲ့ အင်အားတွေနဲ့ ကိုယ်ဟာ လူလား
မြောက်ခဲ့ရတာ … ဒါကြောင့် ကိုယ်နဲ့ ပတ်သက် ဆက်နွယ်သမျှ သူအားလုံးကို
ကျေးဇူးတင်ရမယ် … ကျေးဇူးဆပ်ရမယ် … ကျေးဇူး မကန်းရဘူး” … လို့
သင်ကြားဆုံးမခဲ့ပါတယ်။
ဒီလိုဆိုတော့ ကျေးဇူးတင်ထိုက်သူ တွေဟာ ကိုယ့်ဝန်းကျင်မှာ လက်ညှိုးထိုး မလွဲဘဲ။
ကျွန်မမှာ ကျေးဇူးရှင်တွေ အများကြီးပေါ့။ အဲဒီလို စဉ်းစားကြည့်မိတဲ့အခါ တကယ်လည်း
အားလုံးကို ကျွန်မ ကျေးဇူးတင်မိပါတယ်။ အဲဒီလို ငယ်ငယ်လေးထဲက မိဘ ဆရာသမားများရဲ့
အဆုံးအမတွေနဲ့ ကြီးပြင်းလာခဲ့တာမို့ ကိုယ့်ကိုယ်ကို ကျေးဇူးတရားကို နားလည်ပြီလို့
ထင်ခဲ့မိတယ်။
***
မိဘ မောင်နှမတွေနဲ့ ခွဲခွါ … မွေးရပ်မြေနဲ့ခွဲခွါပြီး ရေခြား မြေခြားကို
ရောက်လာခါစမှာပဲ အလွန်ယဉ်ကျေး လှတဲ့ နိုင်ငံကြီးသားတွေဟာ ကျေးဇူးစကားကို နေရာတကာ
(လိုတာထက်ပိုပြီး) သုံးတတ်ကြတာ သတိထားခဲ့မိတယ်။
အဲဒီနိုင်ငံမှာ နှစ်ပေါင်းများစွာ အနေကြာသူ ကျွန်မဦးလေးက
ရောက်ရောက်ချင်း စတာလင်ပေါင် သုံးထောင်တန် ချက်လက်မှတ် တစောင် ကျွန်မကို မုန့်ဖိုးပေးတော့
ကျွန်မက ဟုတ်ကဲ့ ဟဲဟဲ ဆိုပြီး ပြုံးစိစိနဲ့ ယူထားလိုက်တာကို သူက …
“Thank you လို့ ပြောရတယ် ငါ့တူမရဲ့၊ တခုခုဆိုရင် thank you ပြောတာ
အကျင့်လုပ်ပါ” လို့ ကျွန်မကို သင်ပေးဖူးတယ်။ သူကိုယ်တိုင်လည်း ကျွန်မက
ကော်ဖီဖျော်ပေးတာမျိုး ပန်းသီးလေး ခွဲပေးတာမျိုး တခုခု လုပ်ပေးရင် thank you လို့
စိတ်ပါ လက်ပါ ပြောလေ့ရှိပါတယ်။ ကျွန်မ စိတ်ထဲမှာတော့ တစိမ်းဆန် လိုက်တာ ဦးလေးရယ်
… လို့ တိတ်တခိုး ပြောနေမိပါရဲ့။
ဒီလိုနဲ့ အနေကြာ လာတာနဲ့အမျှ သူတို့ရဲ့ ကျေးဇူး
ယဉ်ကျေးမှုကိုလည်း ကျွန်မ တဖြည်းဖြည်း ပိုပို သိလာခဲ့ ရတယ်။ ဒါပေမဲ့ နေရာတကာ
ကျေးဇူးစကား ပြောကြတဲ့ သူတို့ရင်ထဲမှာ တကယ်ရော ကျေးဇူးတင်စိတ် ရှိရဲ့လား။
ကျေးဇူးတရားကို တကယ်ရော သိနားလည်ရဲ့လား။ ကျွန်မ စဉ်းစားနေမိပါတယ်။
ဟုတ်တယ်လေ … ။ တခြားနေရာတွေမှာ ကျေးဇူးစကား ပြောရတာ အကြောင်းမဟုတ်ပေမဲ့ ဘတ်စ်ကား စီးပြီး
ဆင်းတဲ့အခါ ယာဉ်မောင်းသူကို ကျေးဇူး ပြောရတယ်။ ကိုယ်က အလကားစီးတာလည်း မဟုတ်။
တန်ရာတန်ကြေး ပေးစီးတာပဲ ကျေးဇူးတင်စရာလိုလို့လားလို့ ကျွန်မရဲ့ ဘုကျကျစိတ်က
တွေးမိတယ်။ ပြီးတော့ ဈေးဝယ်တဲ့အခါ … ကိုယ်က ပိုက်ဆံပေးလည်း ၀ယ်ရသေး၊ သူတို့က
အလေးလည်း ခိုးချင်ခိုးမယ်၊ ဈေးလည်း တင်ချင်တင်မယ်၊ ဒါကို ကိုယ်က ကျေးဇူးစကား
ပြောရသေးတယ်။ ဘယ်လိုကြီးလဲ မသိဘူး … ဆိုပြီး ကျေးဇူးစကားသာ ပြောသာပြောရတယ် စိတ်ထဲ
သိပ်မပါလှပါဘူး။ သူတို့အားလုံးဟာ တကယ်ပဲ ကိုယ့်ကို စေတနာ ထားကြလို့လား၊
ကိုယ့်အတွက် ကျေးဇူးတင်ထိုက်သူတွေလား … တောင်တောင် အီအီ တွေးလို့ပေါ့။
***
ဒါပေမဲ့ …
အဖြစ်အပျက် နှစ်ခုနဲ့ တွေ့ကြုံခဲ့ရချိန်မှာတော့ ကျွန်မရဲ့ ဘုဂလန့်အတွေးတွေ
ဝေးလွင့်သွားခဲ့ရပါတယ်။
***
အဖြစ်အပျက် -
၁
နေရာ - ဘတ်စ်ကားပေါ်
“ဘူတာရုံနားကို သွားချင်လို့ပါ၊ ဘယ်လောက်ပေးရမလဲ”
“ကျေးဇူးပြုပြီး ၁ ပေါင်နဲ့ ၁၀ ပဲနိ ပေးပါ”
ပြုံးချိုတဲ့ မျက်နှာထားနဲ့ တလေးတစားပြောတဲ့ ယာဉ်မောင်းကြီးကို
ကျေးဇူးတင်ကြောင်း ပြောရင်းနဲ့
“ဘူတာရုံနားရောက်ရင် ဆင်းဖို့ ကျွန်မကို သတိပေးပါနော်” လို့
တဆက်တည်း ပြောလိုက်ရတယ်။
…. …. …. …. ….
“ဟေး မိန်းကလေး … ဘူတာရုံနားရောက်ပြီနော် … ဒီမှတ်တိုင်မှာဆင်းပြီး ဟိုဘက်လမ်းကူး
သွားရင် ဘူတာရုံကို အနီးဆုံးပဲ … သတိထား ဆင်းဦး”
ယာဉ်မောင်းကြီးက လှမ်းပြောလို့ ကမန်းကတန်းဆင်းရင်း ကျေးဇူးတင်စကားကို
လှိုက်လှိုက်လှဲလှဲ ပြောခဲ့လိုက်ပါတယ်။
***
အဖြစ်အပျက် -
၂
နေရာ - လေဟာပြင်ဈေး
“ဘာယူချင်လဲ ချစ်ညီမလေး”
ဈေးဝယ်တွေ ရှုပ်ယှက်ခတ်အောင် များပြားနေတဲ့ကြားမှာ
လက်မလည်အောင် ရောင်းနေရတဲ့ ဈေးသည်မမက သူ့ယုန်သွားကလေး ပေါ်အောင် ပြုံးရင်း
လှမ်းမေးတယ်။
“မှို ၁ ပေါင်၊ ကြက်သွန်မြိတ် ၁ စည်း၊ ခရမ်းချဉ်သီး ၁ ဗူး
ပေးပါ”
“ရမယ် … ခဏလေး စောင့်နော်”
သူ့ရဲ့ လက်တွေ သွက်လက်စွာ လှုပ်ရှားနေရင်း ပါးစပ်ကလည်း
မနားပါဘူး …
“မတွေ့တာကြာပြီ၊ နေကောင်းလား၊ ကျောင်းမှာ စာသင်ရတာ အဆင်ပြေလား”
… စသဖြင့် ပျူပျူငှာငှာ လောက၀တ် စကားတွေ ဆိုရင်း ၀ယ်ထားတဲ့ ပစ္စည်းတွေ ထည့်ထားတဲ့
အိတ်ကလေး လှမ်းပေးပြီး
“၁ ပေါင်နဲ့ ၇၅ ပဲနိ ပါ .. အချစ်လေးရေ”
၂ ပေါင် ထုတ်ပေးတော့ ၁၅ ပဲနိ ပြန်အမ်းရင်းနဲ့ thank you sweet heart လို့
ပြောတဲ့သူ့ကို ကျေးဇူးတင် စကား ပြန်လည် ပြောရင်း ဆိုင်ရှေ့က ခွါတော့ ဂရုစိုက်သွားနော်
… ဆိုတဲ့ သူ့စကား ကျွန်မ နောက်နားက ကပ်ပါ လာခဲ့တယ်။
***
တကယ်တော့ … ဘာမှ မဟုတ်တဲ့ အဖြစ်အပျက်ကလေး နှစ်ခုပါ။ ဒါပေမဲ့ ကျွန်မ သေချာ
စဉ်းစားနေမိ တယ်။ သူတို့ရဲ့ နူးညံ့တဲ့ ဆက်ဆံမှုနဲ့ ချိုသာတဲ့ စကားတွေဟာ စိတ်ထဲက
ပါသည် ဖြစ်စေ မပါသည်ဖြစ်စေ တဒင်္ဂတော့ ကြားရသူစိတ်နှလုံးကို ချမ်းမြေ့စေတဲ့အပြင်
လူကို လူလို တလေးတစား ဆက်ဆံတတ်တဲ့ စိတ်ဓာတ်နဲ့ ယဉ်ကျေးမှုကလည်း ချီးကျူး အတုယူစရာ
ကောင်းလှတယ်။ ဒါကြောင့်လည်း အဲဒီ အဖြစ် ကလေး နှစ်ခုမှာ သူတို့ကို ကျေးဇူးတင်တဲ့
စကား ကျွန်မ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ပြောဖြစ်ခဲ့ပါတယ်။
တနည်းစဉ်းစားမယ် ဆိုရင်လည်း ဘတ်စ်ကားစီး ခရီးသည်တွေ အားလုံးရဲ့ ဘ၀နဲ့ အသက်ဟာ
ဘတ်စ်ကား စီးနေတဲ့ ခဏတာ အချိန် အတောအတွင်း ယာဉ်မောင်းသူတွေရဲ့ လက်ထဲမှာ ရှိနေတာ
မဟုတ်လား။ သူတို့ ဂရုစိုက် မောင်းနှင်လို့ ကိုယ်ဘေးအန္တရာယ် ကင်းဝေးရတဲ့အတွက်
သူတို့ကို ကျေးဇူးတင်သင့်တာပဲ။
နောက်ပြီး ဈေးရောင်းသူတွေ ဆိုလည်း သူတို့ ရောင်းပေးလို့သာ
ကိုယ်က ၀ယ်စားလို့ ရတာ၊ ၀ယ်တဲ့ ပစ္စည်းလေးကို ထုတ်ပိုးပြီး ကိုယ့်လက်ထဲ ထည့်ပေး၊
ပိုက်ဆံကို မှန်မှန်ကန်ကန်နဲ့ ပြန်အမ်းပေးတဲ့ အပြင် ချိုချိုသာသာ တလေးတစား
ဆက်ဆံတာတွေဟာလည်း ကျေးဇူးတင်စရာပါပဲ။
ပြောရရင်တော့ ငယ်ငယ်တုန်းက ဆရာပြောသလို … ကိုယ့်ဘ၀ လမ်းတလျှောက်မှာ ဒီလူတွေဟာ
သွယ်ဝိုက်သော နည်းအားဖြင့် ၀ိုင်းဝန်း ဖေးမကူညီ နေသူတွေလို့ မှတ်ယူပြီး
ကျေးဇူးတင်ထိုက်သူတွေလို့ ယူဆလိုက်တဲ့အခါ အရင်လို ကျေးဇူးစကား ပြောရာမှာ
အောင့်သက်သက် မဖြစ်တော့ပါဘူး။ ကိုယ်က ဒီလို ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောလိုက်ခြင်းဟာ
သူတို့ကို အသိအမှတ်ပြုရာ လေးစားရာရောက်တဲ့အတွက် တဖန်ပြန်ပြီး ကျေးဇူးဆပ်ရာလည်း
ကျတယ်လို့ ကိုယ့်ဘာသာ ဆွဲတွေးရင်း … နောက်ပိုင်းမှာတော့ … ဘယ်နေရာမှာမဆို
ပြုံးပြုံးလေးနဲ့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကို စိတ်ပါလက်ပါ ပြောပြီး သူတို့ရဲ့
ကျေးဇူးယဉ်ကျေးမှုထဲ ပျော်ရွှင်စွာ စီးမျောသွားမိပါတော့တယ်။
***
မေဓာဝီ
(၁၀၊ ၁၊ ၂၀၁၈ မြန်မာတိုင်းမ်နေ့စဉ် သတင်းစာ)
Read More...
Summary only...