Monday, April 27, 2009

လက်ဆောင်

ဒီနေ့မှ ကိုယ့်အိမ်ကလေးကို ကိုယ်ပြန်ရောက်ပါတယ်။ ပစ္စည်းတွေ ချ၊ ဖုန်တက်နေတဲ့ အခန်းလေးကို အနည်းအကျဉ်း သန့်ရှင်းရေးလုပ်၊ ခြောက်ခမ်းနေတဲ့ ဘုရား သောက်တော်ရေခွက် ကလေးတွေကို ဆေးကြောပြီး သောက်တော်ရေချမ်းကပ် အားလုံးပြီးမှ ဧည့်ခန်းထဲ ၀င်လိုက်တော့ ကျမအတွက် ရောက်နေတဲ့ စာတွေနဲ့ ပါဆယ်တထုပ်ကို တွေ့လိုက်ရလို့ ထိတ်ခနဲ စိတ်ထဲ လှုပ်ရှားသွားမိတယ်။ မျှော်နေတဲ့ အရာတွေ … ရောက်လာပြီလား … ။

ကမန်းကတန်းပဲ အထုပ်ကိုဖွင့်ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပဲ စာအုပ်ကလေးတွေ … ။

ရင်ခတ်ပန်း မဂ္ဂဇင်း ၂-အုပ်၊ ဆရာကြီး (ဦး) တင်မိုး ဂုဏ်ပြု အထူးအစီအစဉ် အဖြစ် ထုတ်ဝေတဲ့ ထောင်စုပြတင်း သတင်းဂျာနယ်* တအုပ်၊ ဆရာကြီးရဲ့ အညာလမ်းက တမာတန်း ကဗျာစု စာအုပ် တအုပ် … ။

ကျမမြတ်နိုးတဲ့ စာအုပ်ကလေးတွေကို ကြည့်ရင်း ရင်ထဲမှာ ပျော်လည်းပျော် ကြည်နူး ၀မ်းသာမိပုံများ ပြောမပြတတ်ပါဘူး။ စာအုပ်တွေကို တကူးတက လက်ဆောင် ပို့ပေးတဲ့ ကိုရီးယားနိုင်ငံမှ ကိုကြီးပေါ် (ခေါ်) ကိုဝင်းပေါ်မောင်ကို ကျေးဇူးတင်လွန်းလို့ စာမေးပွဲအကြောင်းပြပြီး ရပ်ထားတဲ့ ဘလော့လေးပေါ်မှာ အမှတ်တရ မှတ်တမ်း တင်လိုက်မိပါတယ်။
***
စာအုပ်တွေကို အရင်မြည်းစမ်းကြည့်ရအောင် …

ရင်ခတ်ပန်းမဂ္ဂဇင်းက မြန်မာအသင်း (ကိုရီးယား) က ထုတ်ဝေတာပါ။ ကဗျာ၊ ကာတွန်း၊ ဟာသ၊ ၀တ္ထု၊ ဆောင်းပါး၊ ရသအက်ဆေး၊ ဘာသာပြန်၊ အတို့အဆိတ် … စတဲ့ စတဲ့ ကဏ္ဍ စုံစုံလင်လင်ကို ပါဝင်ပါတယ်။ ရင်ခတ်ပန်း မဂ္ဂဇင်းအမှတ် -၂ ထဲမှာတော့ ကိုကြီးပေါ်ကို စပြီးသိခဲ့ရတဲ့ အာရီရန်နဲ့ မြနန္ဒာ ရသအက်ဆေးကို တွေ့ရပါတယ်။

စာအုပ်ထဲက စကား ….
အားလုံးခေတ္တနားထောင်ပြီး ကျွန်မမေးတာကို ပြန်ဖြေပေးကြပါရှင်
မြန်မာပြည်ကြီး ဘယ်နေရာမှာ ရှိပါသလဲ
မြန်မာပြည်ကြီးဟာ ယခု ဒီနေရာမှာ ရှိနေပါတယ်။
မိတ်ဆွေတို့ အားလုံးဟာ မြန်မာတွေဖြစ်လို့ မြန်မာပြည်ကြီး ဒီနေရာမှာ ရှိနေပါတယ်။
(ပတ်မြောင်ဂျာ-ပူချွန်းအလုပ်သမားရိပ်သာ)
***
ဆရာကြီး (ဦး) တင်မိုးအတွက် ဂုဏ်ပြုထုတ်ဝေတဲ့ ထောင်စုပြတင်း သတင်းဂျာနယ်က မတ် ၁၉၊ ၂၀၀၆ မှာ ထုတ်ဝေခဲ့တာပါ။ ဒီစာအုပ်ထဲမှာ ဆရာကြီးကဗျာတွေအပြင် ဆရာစွမ်း၊ ဆရာကြည်အောင်နဲ့ တခြား ကဗျာဆရာ၊ စာရေးဆရာတွေရဲ့ ကဗျာတွေ ဆောင်းပါးတွေ ပါဝင်ပါတယ်။ ဒီထဲက ဆရာကြီးရေးတဲ့ ကန္တာရနှစ်များ ကဗျာကို ဦးဆုံး ဖတ်လိုက်မိတယ်။ ရေးခဲ့တာက ၁၉၇၆၊ နိုဝင်ဘာ တဲ့။ ဒါပေမဲ့ … ခုချိန်နဲ့လည်း ကိုက်ညီနေလိုက်ပုံများ … ။

စာအုပ်ထဲက ကဗျာ …

“ကန္တာရနှစ်များ”

ရှိုက်သံ
ဆံဖြူတချောင်း
နှစ်ဟောင်းဆယ်စု လွန်ခဲ့ပကော။

ဤနှစ်များ
ပျားတို့သည် မချို
မှိုတို့သည် မပေါက်
ယာတို့သည် ခြောက်ကုန်၏။

မြူတွေက ဆိုင်းဆိုင်း
မုန်တိုင်းက မှုန်မှုန်
ဖုန်တွေက ထောင်းထောင်း
လှည်းလမ်းကြောင်းမှာ
ထနောင်းကြောင်ခြစ်
ဆူးရစ်ပွင့်ကာ
မိုးမရွာသည်
ရွာပါသော်လည်း
မိုးမသည်း။

ရွာဦးကျောင်းတွင်
ခေါင်းလောင်းသံ မကြား
နားဝမှာ မချို
ကိုရင်တွေ မရှိ
စာအံသံ နတ္ထိ
ကပ္ပိယအို
ခေါင်းတုံးတိုသာ
တိုင်ကြိုတိုင်ကြား လဲလျက်။

မြေကြီးလည်း
မသီးဝံ့ဝံ့၊ အသီးဆွံ့၍
ရှက်ရွံ့အားနာ သောမျက်နှာဖြင့်
ငါ့ကို ကြည့်လင့်၏။

ရှိုက်သံပြောင်း၍
ခေါင်းလောင်းဘယ်ခါ ချိုမည်နည်း။ … ။
***
(ဦး) တင်မောင်သန်းရဲ့ သခင်နိုင်ငံတော် - ၂၀၀၂ ဒီဇင်ဘာက ထုတ်ဝေခဲ့တာပါ။ သင့်ဘ၀မဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့ စာတမ်းအချို့ကို စုစည်းထားခြင်း ဖြစ်ပါတယ်။

စာအုပ်ထဲက စာ …
သခင်ဆိုသည်မှာ -
သခင်ဆိုသည်မှာ လူတိုင်းလူတိုင်း၏ အခွင့်အရေးကို ပိုင်ဆိုင်ရန်အတွက် ဆောင်ရွက် လုပ်ကိုင်သူများနှင့် လူတိုင်းလူတိုင်းတို့၏ လူတန်းစေ့ နေရေးထိုင်ရေးတို့ကို ကြံစည် အားထုတ်သူတိုင်း သခင်ဟု ခေါ်သည်။ လူတိုင်း လူတိုင်း အခွင့်အရေးတူညီသည့် သခင်ဖြစ်ရန် လိုသည်။

***
၂၀၀၆ မတ်လ၊ ကိုရီးယားနိုင်ငံမှာ ထုတ်ဝေခဲ့တဲ့ ဆရာကြီးတင်မိုးရဲ့ အညာလမ်းက တမာတန်း။ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာကို အမှီပြုပြီး ဒီကဗျာစုကို ရေးတယ်လို့ ဆရာကြီးက အမှာစာမှာ ရေးထားခဲ့တယ်။ အညာရနံ့ တမာရနံ့ ထုံသင်းပျံ့တဲ့ ကဗျာစုပေါင်း ၁၄၀ ပါဝင်ပါတယ်။
အဲဒီထဲက အမှတ် ၉၉ ခုမြောက် ကဗျာလေးကို ဖတ်မိတယ်။

မှတ်သားလောက်တဲ့ ကဗျာ …

လမ်းအပြိုင်လျှောက်ရင်း
ပန်းတိုင်ပျောက်တတ်တယ် - သတိ။
မိမိတို့ဘက် မှန်တယ်ဟု
သူ့ဘက် အပြစ်ရှု - ဂရု။
သူ့အုပ်စုကို ငါမမှု
ငါ့အုပ်စုကို သူမမှု
အကျိတ်အခဲတွေ စု။
အုပ်စုတွေကွဲ တုတ်တွေဆွဲ
ရန်သူ တဟဲဟဲ။
ကောင်းကြသေးရဲ့လား - ကဲ။
၂၁၊ ၁၂၊ ၂၀၀၅
***
စာအုပ်တွေကို ချစ်မြတ်နိုးတဲ့ကျမ ဒီစာအုပ်တွေကို လက်က မချနိုင်ဘဲ စာအုပ်တွေနဲ့ ပျော်မွေ့ရင်း … ကျောင်းစာကို တညလောက် မေ့ကြည့်လိုက် ပါဦးမယ်။
ဒီတညထဲပါ …. ။
နက်ဖန်ဆိုရင် … ကျောင်းပြန်ဖွင့်ပြီလေ … ။
***
မေဓာဝီ
၂၆၊ ဧပြီ၊ ၂၀၀၉
၂၁း၂၁ နာရီ
***
နောက်ဆက်တွဲ။ … ။

ဒီစာကို မနေ့က ရေးပြီးတော့ မတင်သေးဘဲ ကိုကြီးပေါ်ဆီကို ခွင့်ပြုချက် တောင်းခဲ့ပါတယ်။ အခု ကိုကြီးပေါ်ဆီက ခွင့်ပြုချက်ရလို့ တင်လိုက်တာပါ။ ကျမရေးထားတဲ့အထဲက လွဲနေတာလေးကို ကိုကြီးပေါ်က ပြင်ဆင်ပြီး ထပ်မံ ဖြည့်စွက် ပေးထားတာလေးပါ ဖော်ပြပေးလိုက်ပါတယ်။

*လိမ္မော်ရောင် စာအုပ်က ထောင်စုပြတင်းဂျာနယ်က ထုတ်တဲ့ ဆရာတင်မိုး ဂုဏ်ပြုအစီအစဉ် (စာအုပ်) ပါ။ ဂျာနယ် မဟုတ်ပါဘူး။ ဂျာနယ်က သပ်သပ်ထုတ်ပါတယ်။ ခေါင်းစည်းကို ဂျာနယ်ခေါင်းစည်းအတိုင်း တမင်သုံးထားတာပါ။ အဲဒီစာအုပ်လေးက တကယ့်ကို အမှတ်တရ။ ပထမထုတ်တာ ၂၀၀၄။ ဆရာတင်မိုး နယ်သာလန်ကပေးတဲ့ ပရင့်စ်ကလော့ဆု ရတုန်းက။ အမေရိကန်က မိတ်ဆွေတယောက်က ``ဆုပေးပွဲမှာ ဘာမှ ကမ်းစရာရှိဟန်မတူဘူး၊ ကိုပေါ် တခုခု လုပ်ပေးနိုင်ရင် ကောင်းမယ်´´ လို့ အကြံပေးတာနဲ့ လုပ်ဖြစ်သွားတာ။ နယူးယောက်မှာ ဝေခဲ့တယ်။ ၁၉ မတ် ၂၀၀၆ မှာ ဆရာ့ဟောပြောပွဲ လုပ်ဖို့ စီစဉ်တော့ ကိုရီးယားပွဲမှာ ဝေဖို့ဆိုပြီး နဂိုဟာကို ထပ်မွမ်းမံ ဖြည့်စွက်ပြီး ထုတ်တာ။ ဒါပေမဲ့ ဆရာ မလာနိုင်လို့ ပွဲမကျင်းပလိုက်ရဘူး။ အဲဒါ သုံးကြိမ်မြောက် ပွဲပျက်တာ။ ကျနော်က နောက်ထပ် ကြိုးစားပြီး ပွဲဖြစ်မှ ဝေမယ် စိတ်ကူးနဲ့ စာအုပ်တွေကို သိမ်းထားခဲ့တယ်။ အဲဒီ သိမ်းထားတဲ့ စာအုပ်တွေက ၂၀၀၇ မှာတော့ ဆရာ့ ဈာပနမှာ ဝေဖို့ ဖြစ်သွားခဲ့ရပါတယ်။
……………………………………………….
……………………………………………….
……………………………………………….
***
၂၇၊ ဧပြီ၊ ၂၀၀၉
၁၅း၄၂ နာရီ

Read More...

Friday, April 17, 2009

နှစ်ကူး နှုတ်ဆက် ...

သင်္ကြန်လည်းပြီး … ခရီးကလည်း ပြန်ရောက်ပါပြီ။
ဒါပေမဲ့ မဝေးသောကာလမှာ ကြုံတွေ့ရတော့မယ့် “စာမေးပွဲ” ဆိုတာကြီးအတွက် စိတ်ဖိစီးမှုတွေ များနေတာမို့ ဘလော့မဂင်းသေးဘူး စိတ်ကူးထားမိတယ်။ (ဒီစိတ်ကူးက ဘယ်လောက်ထိ ကြာကြာခံမလဲတော့ မပြောတတ်သေးပါဘူး။ လောလောဆယ် ဆိုပါတော့။) ဒီကနေ့တော့ မြန်မာနှစ်ဆန်းတရက်နေ့မို့ ခင်မင်ရာ ခင်မင်ကြောင်း တချို့ဘလော့တွေမှာ လိုက်လံ ခွန်းဆက်ရင်း ကိုယ့်ဘလော့ပေါ်ကနေလည်း ခေတ္တ ပျောက်ဦးမည့်အကြောင်း စာဖတ်သူ အပေါင်းအား သတင်းကောင်းပေး ပါရစေ .. ။
***
မနှစ်ကတော့ ကျမရဲ့ တမ်းတဖွဲ့ ပိုဒ်စုံရတုအတွက် ပြန်ရေးပေးတဲ့ ရတုတပုဒ်ကို အကိုတော် တယောက်ဆီက နှစ်ကူးလက်ဆောင်အဖြစ် ရခဲ့တယ်။ ဒီနှစ်တော့ ကျမရဲ့ ပန်းကြွေလမ်း တြိချိုးကဗျာလေးကို ဖတ်ရတဲ့ ကိုဟယ်ရီက “ပန်းကြွေလမ်းပဲ လျှောက်ရအောင်” ဆိုတဲ့ တြိချိုးတပုဒ် ပြန်ရေးပြီး မေးလ်နဲ့ပို့ပေးခဲ့တယ်။ သူ့ဘလော့မှာလည်း တင်ထားပါတယ်။ ဒီနှစ်အတွက်တော့ အဲဒီကဗျာလေးကိုပဲ ကျမအတွက် နှစ်ကူးလက်ဆောင်လို့ ကိုယ့်ဟာကိုယ် သဘောထားလိုက်ပါတယ်။ ကိုဟယ်ရီရေ … ကျေးဇူးအများကြီး တင်ပါတယ်ရှင်။
***
ကိုဟယ်ရီရဲ့ စာနဲ့ ကဗျာကတော့ အောက်ပါအတိုင်းပါပဲ။
***
…. …. ….
ကျနော်လည်း မမေရေးထားတဲ့ ပန်းကြွေလမ်း ဆိုတဲ့တြိချိုးလေးကို ဖတ်ရင်းနဲ့ စိတ်ကူးပေါ်လာလို့ အဲဒါကို ပြန်တဲ့ ကဗျာရေးနေတာ ... တြိချိုးပဲပေါ့။ အခုပဲ ရေးပြီးသွားတယ်။ ဖတ်ကြည့်ပါဦး ... အစကတော့ ကွန်မန့်မှာ ရေးမလို့ပဲ ... နောက်တော့ စိတ်ပြောင်းသွားတယ် ... ကျနော့်ဘလော့ဂ်မှာ တင်လိုက်မယ်နော် ...

“ပန်းကြွေလမ်းပဲ လျှောက်ရအောင်”

လျှောက်ပါရစေ၊
တယောက်နှမမေ ဝေဒနာရနေလား၊
ပိတောက်အလှတွေ ကြွေကာကျလာတော့၊
ဝေဖြာလှပါတဲ့ သည်လမ်းကို၊
လှမ်းလိုလို့လေ။

ပန်းပိတောက်သခင်၊
နွမ်းခြောက်ရင်တောင် သင်းပျံ့ကြိုင်ပါလို့၊
လှမ်းလျှောက်ချင်အောင် မင်းရနံ့လှိုင်နေရဲ့၊
ရှင်းသန့်မြိုင် သင်္ကြန်အတာပွဲမှာ၊
မပန်သာဘဲ ကြွေလည်းလေ၊
မြေထဲမှာပင်မွှေး။

လေအဝင့်မှာ၊
ကြွေလွင့်ကာကျနေဆဲ၊
မြရည်ထဲ အဝါဆင်တဲ့၊
အတာသဘင်ရဲ့ ပိတောက်ပန်းကို၊
ကညာခင်နွဲ့ တယောက်မနမ်းသာပေမယ့်၊
လျှောက်စမ်းပါ လက်တွေတွဲကာပေါ့၊
မျက်ရည်လည်း မဝဲပါနဲ့မေရယ်၊
အသည်းမာ တမင်နင်းတာမဟုတ်ပါဘူး၊
ရင်တွင်းမှာ ပိတောက်ဝေဆဲပါပဲ၊
ကြွေလည်းလေ ရနံ့သင်းနဲ့၊
ဖြန့်ခင်းရာ ပိတောက်လမ်းကို၊
လျှောက်လှမ်းစို့လေး။
***
နည်းနည်းတော့ ရှည်သွားတယ်ဗျ ... ကျနော်က နဘေနဲ့ရေးတာ လက်ပိုတွေ့လို့ ... အကျင့်ပါနေပြီ။

ဒါနဲ့ မမေ ကဗျာလေးမှာ အခံချိုးက ကာရန်ပြန် တချက်လွတ်သွားတာ ကျနော် သွားတွေ့တယ်ဗျ။
ထိန်လျံပ ရှာရလေတယ်
သာစွပေ နွေရက်များ … ။ မှာ အဆုံးသတ်ပါဒက ပထမတ၀က်မှာ အယ် ကာရန် မပါဘူး ဖြစ်နေတယ်ဗျ ... မမေ အမှတ်တမဲ့ဖြစ်သွားတယ်ထင်တယ်။ နဘေယူရင် အဲဒါ ဖြစ်တတ်ပါတယ်။ နဘေကိုက်နေတော့ ကာရန်ပြန် ကို သတိမထားမိ လိုက်ဘူးလို့ ထင်ပါတယ်။

အဲဒါ သာစွပေ အစား သာစွကွယ် ဖြစ်ဖြစ်ပေါ့ ... ပြင်လိုက်ရင် ပိုကောင်းမယ်ထင်တယ်။ ဆရာလုပ်တာ မဟုတ်ပါဘူးနော် ... အကြံပေးတာပါ။
နှစ်သစ်မင်္ဂလာပါခင်ဗျာ ...
ခင်မင်လျက်
ဟယ်ရီ
***
ကိုဟယ်ရီရဲ့ ကဗျာလေးက လှသလို … အကြံပေးချက်ကလည်း အဖိုးတန်ပါတယ်။ ကျမလည်း တြိချိုး တခါမှ ရေးဖူးတာ မဟုတ်လို့ ဖြစ်ညှစ်ပြီး ရေးလိုက်ရတာမို့ ကာရန်တွေ လွဲသွားတယ်။ နားလည်တဲ့သူတွေ ခုလိုပြင်ပေးတော့ အမှန်ဖြစ်တာပေါ့ … ။ မြန်မာကဗျာလေးတွေမှာ အပြန်အလှန်ရေးကြတဲ့ အလေ့အထ ရှိတာမို့ အမှတ်တရ အနေနဲ့ ကျမဘလော့မှာ တင်လိုက်တာပါ။

မြန်မာနှစ်သစ် အကူးအပြောင်းမှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုတောင်းရင်း … အားလုံးကို နှုတ်ဆက်လိုက်ပါတယ် … ။
***
မေတ္တာဖြင့်
မေဓာဝီ
၁၇၊ ဧပြီ၊ ၂၀၀၉
၁၁း၁၂ နာရီ

Read More...

Wednesday, April 08, 2009

ပန်းကြွေလမ်း ...

ဘာလိုလိုနဲ့ ဧပြီလတောင် တ၀က်ကျိုးလုပါပြီ။

ရက်သတ္တ တပတ် တပတ်ဆိုတာ ခဏလေးနဲ့ ကုန်ကုန်သွားတယ်။ မကြာလိုက်သလိုဘဲ။
ဒီလိုနဲ့ … တလ … တနှစ် … သက္ကရာဇ်တွေ အခါအခါ ပြောင်းလို့ နှစ်တွေလည်း ဟောင်းဟောင်း သွားလိုက်တာ …. ။

မကြာခင် ရက်ပိုင်းမှာ ကျမတို့ မြန်မာပြည်သားတွေ အားလုံး တမ်းတကြတဲ့ သင်္ကြန်ဆိုတာ ရောက်လာ ပါတော့မယ်။ နွေနဲ့ တန်ခူး၊ တန်ခူးနဲ့ သင်္ကြန်၊ သင်္ကြန်နဲ့ ပိတောက်၊ ပိတောက်နဲ့ နွေ … ဒွန်တွဲနေတဲ့ ဒီအခါ သမယမှာ ဘယ်နေရာ ဘယ်ဌာန ရောက်ရောက် ကိုယ့်ဒေသက ကိုယ့်ရိုးရာ ပွဲတော်ရာသီ ရောက်ရင် မှန်းဆ လွမ်းရ တမ်းတကြစမြဲ မဟုတ်လား … ။ ကျမလည်း လွမ်းပါတယ်။

ဒီမှာကတော့ အီစတာတဲ့။ အီစတာ ကျောင်းပိတ်ရက်မို့ ထုံးစံအတိုင်း ဦးရီးတော်ဆီကို သွားရပါမယ်။ နက်ဖြန်နေ့လည်ဆိုရင် ခရီးစထွက်မှာမို့ အင်တာနက်နဲ့ ရက်အနည်းငယ် အဆက်ပြတ်ပါအုံးမယ်။ မသွားခင်ကလေး ကဗျာတပုဒ်ရေးပြီး အားလုံးကို ခေတ္တ နှုတ်ဆက်ခဲ့ပါတယ်။ ဖတ်ကြည့်ကြပါအုံး။

***ပန်းကြွေလမ်း
***
မလျှောက်စမ်းပါနဲ့
ပိတောက်ပန်းကြွေ မြေခ-လမ်းကိုမှ
လှမ်းလိုလှချင်သူရယ် … ။

ပန်းသခင် …
နန်းဝင် ဤပန်းဟာဖြင့်
အတာချိန် ဂိမှာန်လမှာမှ
ထိန်လျံပ ရှာရလေတယ်
သာစွပေ နွေရက်များ … ။

လေနတ်သား …
မရပ်မနား သူလာပြန်တော့
ညှာတံမှာ ဗျာဟန်ယိမ်းကာ
ပွင့်ချပ်ဝါ လေလာလွင့်ကို
နင်းရက်ဝံ့လား … ။ … ။
***
မေဓာဝီ
၈၊ ဧပြီ၊ ၂၀၀၉
၁၈း၂၁ နာရီ

အသစ်မရေးနိုင်တုန်း သင်္ကြန်နဲ့ ပတ်သက်လို့ ဘလော့မှာ တင်ခဲ့သမျှတွေကို အလွယ်တကူ ဖတ်ရအောင် စုစည်းဖော်ပြလိုက်ပါတယ်။

“၂၀၀၇ သင်္ကြန်”
ကျမနှင့် သင်္ကြန်သီချင်းများ (၁)
ကျမနှင့် သင်္ကြန်သီချင်းများ (၂)
ကျမနှင့် သင်္ကြန်သီချင်းများ (၃)
ကျောင်း သင်္ကြန်
သင်္ကြန်စာ
အဖေ့သင်္ကြန်ကဗျာ
ပြောင်းလဲခြင်း … သင်္ကြန် (၁)
ပြောင်းလဲခြင်း … သင်္ကြန် (၂)
ပြောင်းလဲခြင်း … သင်္ကြန် (၃)
ပြောင်းလဲခြင်း … သင်္ကြန် (နိဂုံး)

“၂၀၀၈ သင်္ကြန်”
တမ်းတဖွဲ့ ပိုဒ်စုံရတု
အလွမ်းသင်္ကြန် ပန်းသင်္ကြန်
ဒီအချိန်ဆို (၂)
နှစ်ကူးလက်ဆောင်

Read More...

Tuesday, April 07, 2009

ပုံပြင်ထဲက သတ္တ၀ါ

သူဟာ …
ကာလံဒေသံ အလိုက်
တခါတလေတော့ မိုက်တယ်။

ခြင်္သေ့ကို ဖော်လံဖား
အရိုးအရင်းလည်း ကပ်စားတယ်။

သားကောင်မရလို့ အကြံထုတ်
ဥပုသ်လည်း သူစောင့်တယ်။

ပရိယာယ်ေ၀၀ုစ်နဲ့
ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တယ်။

လူတကာ ယုံကြည်စေရေး
သိုးအရေလည်း ခြုံသေးတယ်။

ဖြူစင်သူတွေကို လှည့်စား
လေလုံးထွားထွား ဖြားယောင်းတယ်။

သူ့ကိုယ်သူ အထင်ကြီး
တောဘုရင်ကြီးလို့ ထင်မိတယ်။

ဒါနဲ့ပဲ … တရက်တော့ …
ကျောက်တောင်ထက်ကို သွား
တတောလုံးကြားအောင် ဟောက်မဟဲ့လို့
ကြုံးဝါးပြီးတဲ့နောက်
အကျယ်ကြီး ဟောက်လိုက်တဲ့အခါ …
အော်မြည်သံဟာ ထူးခြား
ဝူးးးးးး အူးးးးးး အူးးးးးးးး လို့ ကြားလိုက်ရသတဲ့။
… … … … … … …
… … … … … … …
… … … … … … …
ပုံပြင်ထဲက သတ္တ၀ါ
သူဟာ …
မြေခွေးတကောင်ပါပဲ … ။ … ။
***
မေဓာဝီ
၇၊ ဧပြီ၊ ၂၀၀၉
၁၂း၅၉ နာရီ

ပုံယူသောနေရာ

Read More...

Sunday, April 05, 2009

ကျမနှင့် ဆေးမြီးရှည်

ပြီးခဲ့တဲ့ တနင်္လာနေ့ ညနေ ကျောင်းက ပြန်ရောက်တော့ လူက နုန်းချိချိ ဖြစ်နေတယ်။ အ၀တ်အစားလဲပြီးချိန်မှာ ချမ်းစိမ့်စိမ့် ဖြစ်လာပြန်ရော။ ခဏနေတော့ တကိုယ်လုံး ကိုက်ခဲလာတယ်၊ ခြေလက်တွေက တဆစ်ဆစ်၊ ခေါင်းထဲက တဒိန်းဒိန်းနဲ့။ ဖျားတော့မလား မသိဘူး ဆိုပြီး စောင်ခြုံထဲ ခဏ၀င်ကွေးလိုက်သေးတယ်။ ခေါင်းပေါ်ကို ခေါင်းအုံးကြီးနဲ့ ဖိပြီး အိပ်ရာထဲ ငြိမ်ငြိမ်လေး လှဲနေပေမဲ့ သက်သာမလာပါဘူး။ ဒါနဲ့ ဆေးသောက်မှပဲ ဆိုတဲ့ အတွေးနဲ့ မထချင် ထချင် ထမင်းထစားပြီး အိပ်ရာနံဘေး ဆေးအံဆွဲထဲက ပါရာစီတမော တလုံးကို ရေနွေးကြမ်း ပူပူနဲ့ သောက်၊ အိပ်ရာထဲ ပြန်ဝင်လှဲရင်း ရောက်တတ်ရာရာ ဟိုဒီတွေးနေမိတယ်။

ပါရာစီတမော သောက်ပြီး တွေးနေမိတာဆိုတော့ ဆေးနဲ့ ပတ်သက်လို့ပဲ ဆိုပါတော့။ ဟိုနေ့က ဗမာဆေးနဲ့ ဆေးဘက်ဝင် အပင် အရွက်တွေအကြောင်း ရေးတော့ ဆေးမြီးတိုလို့ အမည်တပ်ခဲ့တယ်။ အခုတော့ ငယ်ငယ်ထဲက သုံးစွဲခဲ့တဲ့ အင်္ဂလိပ်ဆေး (အနောက်တိုင်းဆေး) တွေ အကြောင်း ရေးချင်တာနဲ့ ဆေးမြီးရှည်လို့ အမည် ပေးလိုက်မိပါတယ်။
***
ငယ်ငယ်တုန်းက မိသားစုဝင်တွေ အကုန် အဘိုးရဲ့ အိမ်မှာ စုနေကြတော့ တအိမ်လုံးမှာ ဆရာဝန် ၄ ယောက် ရှိတယ်။ ဆရာဝန်တွေရှိတဲ့ အိမ်ဆိုတော့ ဆေးကလည်း ပေါပါတယ်။ အိမ်ရဲ့ ထမင်းစားခန်းထဲမှာ အများသုံးတဲ့ ဘုံပိုင် ဆေးဘီရိုလေးတခု လုပ်ထားတယ်။ ပတ်တီးတို့ ဂွမ်းတို့က အစ၊ ဘာမီတွန် ပါရာစီတမောတို့လို အိမ်သုံးဆေးတွေ အလယ်၊ နားကျပ်တို့ သွေးပေါင်ချိန်တဲ့ ကိရိယာတို့အဆုံး ဘီရိုလေးထဲမှာ အသင့် ရှိနေတတ်တယ်။ ကျမတို့ မိသားစုပိုင် အခန်းကလေးထဲမှာတော့ အမေ စီစဉ်ထားတဲ့ ဆေးတွေ သီးသန့်ပေါ့။

အိမ်မှာ ဆရာဝန်တွေရှိပေမဲ့ တော်ရုံတန်ရုံ ဖျားတာလောက်တော့ အမေပဲ ကျမတို့ကို ဆေးကုပေးပါတယ်။ ခေါင်းကိုက်ရင် ပါရာစီတမော၊ အဖျားရှိရင် ဆာလ်ဖာ၊ နှာစေးရင် ဘာမီတွန်၊ လည်ချောင်းနာရင် စီဗစ် ဆိုပြီး ပါရာစီတမောကို အခြေခံလို့ ကျန်တာတွေ ဖြည့်စွက် ထည့်တိုက်လိုက်တာပဲ။ နေပူစပ်ခါး ဆော့တာများလို့ မျက်စိနာတဲ့အခါ မန်ကျည်းခေါက်နဲ့ မတိုးတော့ရင် တက်ထရာဆိုင်ကလင်းအွိုင်းမန့် ဆိုတဲ့ ကော်လို စေးကပ်ကပ် မျက်စဉ်းဆေးကြီးကို မျက်လုံးဖြဲပြီး အတင်း ခပ်ပေးတယ်။ အဲဒီဆေး ခပ်ပြီးရင် မျက်ခွံနှစ်ခုကို ကော်သုတ်ပြီး ကပ်လိုက်သလို တခါထဲ ဖွင့်လို့မရအောင် ကပ်သွားတော့တာပဲ။ ချော်လဲလို့ ဒူးပြဲရင်တော့ အရက်ပျံနဲ့ အနာကိုဆေးပြီး တင်ချာ အိုင်အိုဒင်း ဖြစ်ဖြစ်၊ ရွှေဝါလူးဆေးဖြစ်ဖြစ် ညှစ်ပြီး အနာကို ထည့်ပေးတယ်။ စပ်လွန်းလို့ တရှူးရှူး တ၀ှူးဝှူး နဲ့ ဆွေ့ဆွေ့ကို ခုန်လို့။

ဗိုက်အောင့် လေအောင့်တာတို့ ၀မ်းသွားတာတို့ ဆိုရင် ဂျဲလ်မက်၊ သာလာဆပ်၊ ဘဲလ်နျူထွန် (စာလုံးပေါင်းတွေ မသိပါဘူး၊ ငယ်ငယ်က ထွက်တဲ့ အသံထွက်အတိုင်း မှတ်မိသလို ရေးထားတာ ဖြစ်ပါတယ်၊ မှားရင် ပြင်ပေးကြပါ။) တို့ တိုက်တယ်။ ၀မ်းကိုက်ရင်တော့ မက်ထရိုပေါ့။ အားရှိအောင် အမေက အားဆေးလည်း မှန်မှန် တိုက်ပါသေးတယ်။ ဖျူရာမင်းဘီစီ ဆိုတဲ့ ဆေးလုံးနီနီလေးတွေ၊ နာမည်ကသာ ဖြူတာ ဆေးက အနီရောင်မို့ နီရာမင်းလို့ ခေါ်ခဲ့ကြတယ်။ နောက်ပြီး သံစော်နံတဲ့ဆေးလို့ ကျမတို့ အမည်ပေးထားတဲ့ ဖဲရပ်စ်ဆာလ်ဖိတ်၊ သိပ်မုန်းတဲ့ ဆေးပေါ့။ သောက်လိုက်ရင် ပါးစပ်တခုလုံး သံချေးစော်ကို နံလို့။ ဆောင်းတွင်းဆိုရင် အအေးဒဏ် ခံနိုင်အောင် ငါးကြီးဆီ တိုက်သေးတယ်။ နောက်ပြီး အရိုးအဆစ် သန်မာအောင် ကယ်လ်ဆီယမ် .. တဲ့။ အဲဒီအချိန်က သောက်ခဲ့သမျှ ဆေးတွေ အားလုံးကတော့ ဘီပီအိုင်က ထုတ်တဲ့ ဆေးတွေချည်းပါပဲ။ အဲဒီကာလတုန်းကတော့ တံခါးပိတ်ဝါဒ ကျင့်သုံးတာမို့လား မသိ၊ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယက လာတဲ့ ဆေးတွေ မရှိသေးဘူး ထင်ပါရဲ့။

မိဘတွေကတော့ စေတနာတွေနဲ့ ကောင်းနိုးရာရာဆေးတွေ တိုက်ကျွေးတာပါပဲ။ ကျမကတော့ ရှောင်လို့ရသမျှ ရှောင်ပြီး တတ်နိုင်သမျှ မသောက်ခဲ့ပါဘူး။ အဲ … အမေတိုက်တဲ့ သောက်ဆေးတွေနဲ့ မတိုးတော့တဲ့ အဆုံးမှာတော့ ဦးလေး၊ အဒေါ် တယောက်ယောက်က အပ်ပြုတ်တော့တာပဲ။ အဲဒီတုန်းက တခါသုံး အပ်ရယ်လို့ ခေတ်မစားသေးပါဘူး။ ဆေးထိုးအပ်တွေ ပြုတ်ပြီး သုံးကြတာပဲ။ အိမ်မှာလည်း ဆေးထိုးအပ်နဲ့ ကိရိယာ တန်ဆာပလာတွေ ပြုတ်တဲ့ အိုးသေးသေးလေးရှိတယ်။ အဲဒီ အပ်အိုး တည်ပြီဆိုရင် အလိုလိုနေရင်း လူက တွန့်နေပြီ။ အပ်အိုးပွက်တဲ့အသံ ဂလောက် ဂလောက် ဂလပ် ဂလပ်ဆိုရင် ဘယ်နားနေရမှန်း မသိတော့ဘူး။ ထိုးဆေးဖန်ဗူးကလေးကို တဂျွိဂျွိနဲ့ လှီးနေပြီဆိုရင်တော့ အလိုက်တသိ အိပ်ရာပေါ်မှောက်ပြီး ဆေးထိုးခံဖို့ တင်ပါး အသင့်လှန်ပေး ထားရပါတော့တယ်။ ဆေးထိုးခံပြီးရင်တော့ နာလို့မဆုံး၊ ပွတ်ပေးခိုင်းလို့ မဆုံးတော့ဘူး။ ခြေထောက်ကြီးတောင် တန်းသွားသလိုလို လမ်းလည်း သိပ်မလျှောက် နိုင်တော့တာမို့ အဖေက ချီပြီး အိပ်ရာထဲ ပို့ပေးရတဲ့ အထိပဲ။

အဒေါ်တွေ ဦးလေးတွေ တာဝန်အသီးသီးနဲ့ တမြို့ တနယ် တပြည်တရွာကို သွားကြတဲ့ အခါမှာတော့ အိမ်နားက ဆေးခန်းလေးတွေကိုပဲ အားကိုးရပြန်တယ်။ မိသားစုဆရာဝန်လို ဖြစ်နေတဲ့ သူတို့က ကျမတို့နဲ့ အဆင်ပြေမယ့် သောက်နေကျ ဆေးမျိုးတွေပဲ ပေးပြီး ကုသပေးခဲ့ကြတယ်။ ခရီးသွားဖို့ရှိရင်လည်း အမေတို့က ဆေးဝါးအစုံအလင် ထည့်သွားနေကျဆိုတော့ ထွေထွေထူထူး ဒုက္ခ မရောက်ခဲ့ကြဘူး။

အဲ … မိသားစုနဲ့မဟုတ်ဘဲ ကျမနဲ့ ရုံးကအမကြီး နှစ်ယောက်ထဲ မန္တလေးသွားရတဲ့ အခါမှာတော့ ကျမ ဒုက္ခ လှလှ တွေ့တော့တာပါပဲ။ မန္တလေးရောက်တော့ မြို့ခံအသိတယောက်က ရှမ်းဆိုင်မှာ လိုက်ကျွေးပါတယ်။ ရှမ်းရိုးမ လို့ထင်တာပဲ။ သေချာတော့ မမှတ်မိတော့ပါဘူး။ အဲဒီဆိုင်မှာ စားပြီး တညလုံး ၀မ်းတွေ သွားလိုက်တာ မှတ်မှတ်ရရ ၂၁ ခါ။ တညလုံး မအိပ်ရဘူး။ မိုးလင်းတော့ တည်းတဲ့ ဟိုတယ်ကို ဆရာဝန် ခေါ်ခိုင်းတဲ့အခါ တနင်္ဂနွေနေ့မို့ ခေါ်မရဘူး ပြောတယ်။ ဒါနဲ့ သူတို့ညွှန်းတဲ့ ကြေးမုံ ဆေးခန်းကိုသွားတော့ ဆေးခန်းက ပုလင်းချိတ်တဲ့ ဆေးခန်းဖြစ်နေပါတယ်။ ဆေးခန်းတခန်းလုံး ပက်လက်ကုလားထိုင် ခုံတန်းလျားရှည်လေးတွေ ဘေးမှာ ပုလင်းချိတ်ဖို့ တိုင်ကလေးတွေ ထူလို့။ လူသန်သန်မာမာကြီး တယောက်လည်း ပက်လက်ကုလားထိုင်ပေါ်မှာ အေးအေးလူလူ ထိုင်ရင်း ဆေးသွင်းခံနေတာ မြင်ခဲ့ပါသေးတယ်။

ဆရာဝန်မကြီးက အပြောဆိုးဆိုး ထွားထွားကျိုင်းကျိုင်းကြီး။
“နင်ဒီလောက်ဝမ်းသွားနေတာ ပုလင်းချိတ်ရမယ်” တဲ့ … ။
“ကျမ ပုလင်းမချိတ်ချင်ဘူး … အချိန်လည်း မရဘူး၊ ကိစ္စရှိသေးတယ်၊ သောက်ဆေးပဲ ပေးပါ”
သူရေးပေးတဲ့ များပြားလှစွာသော ဆေးတွေ ၀ယ်၊ တကြိမ်ပဲ သောက်ရသေးတယ် လူက ပျော့ခွေနုန်းချိ သွားတော့တာပဲ။ ကျမနဲ့အတူပါလာတဲ့ အမကြီးလဲ ဘာလုပ်ရမှန်းမသိ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ရော။ ဒါနဲ့ ရန်ကုန်အိမ်ကို ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောတော့ အိမ်က အမလတ် ညွှန်ကြားတဲ့ ဆေးတွေကိုပဲ ဟိုတယ်က လူတယောက်ကို ထွက်ဝယ်ခိုင်းပြီး သောက်တော့မှ သက်သာခဲ့ရတယ်။ အဲဒီလိုမျိုး ကြုံရပြီးတဲ့ နောက်ပိုင်း ဘယ်သွားသွား ဆေးဝါးအစုံအလင်နဲ့ သွားရတော့တာပဲ။

ဒီလာမယ်ဆိုတော့ ဦးရီးတော်က ဆရာဝန်ဖြစ်ပေမဲ့ အမေက ကျမအတွက် လိုအပ်မယ်ထင်တဲ့ ဆေးတွေ ထည့်ပေးလိုက်ပါတယ်။ ပုံမှာမြင်ရတဲ့ ဆေးတွေကတော့ အမေပေးလိုက်တဲ့ ဆေးထဲက တချို့တလေပါ။ ပါရာစီတမော၊ ဒိုင်ဂျင်း၊ အဲအိတ်စ်၊ အမ်ပက်ဆလင်၊ ကီးမို့စ်၊ ဘာမီတွန်၊ အမ်အိုအမ်၊ စတေလ်မတေးလ်နဲ့ ဒီကိုတေးလ်၊ ထိခိုက်ရှနာအတွက် ဘီတာဒင်း လိမ်းဆေးရည်၊ အရက်ပျံထုတ်ကလေးတွေနဲ့ ဇမ်းဘတ်ပေါ့။ ဇမ်းဘတ်ကတော့ စင်္ကာပူက မိတ်ဆွေတယောက် အမေ့အတွက် ပေးတဲ့ဟာကို ယူလာခဲ့တာပါ။ သြော် … ဟိုအလုံးလေးတွေက ကျမ ဆံပင်ကျွတ်တယ်ဆိုလို့ အမေက ဆံပင်ထဲ ထည့်ရအောင် ၀ယ်လာခဲ့ပေးတာ။ ဆံပင်အတွက် အားဆေး ဆိုပါတော့။

ရောက်ကတည်းက ထွေထွေထူးထူး သိပ်မဖြစ်တော့ ပါရာစီတမောနဲ့ ဒိုင်ဂျင်းလောက်ပဲ အလွန်ဆုံး သောက်ဖြစ်တယ်။ တခြားဆေးတွေ ဖောက်ကို မဖောက်ရသေးတာ။ ကြာရင် ရက်လွန်ကုန်တော့မယ်။ ခုလို ဆေးတွေကို တကူးတက သယ်လာခဲ့ရတာ ဒီက ဆေးတွေက မကောင်းလို့လည်း မဟုတ်၊ အထင်သေးလို့လည်း မဟုတ်ပါဘူး။ ဆေးတွေက အလွန်ကောင်းပါတယ်။ တချို့ဆေးတွေက ဦးရီးတော်ဆီကလည်း အလကားရသလို ကျောင်းသားမို့ ဆေးဖိုးလည်း ထွေထွေထူးထူး မကုန်ပါဘူး။ ဒါပေမဲ့ ကျမ ဒီကဆေးတွေ ခုထိ သေချာ မသောက်ဖြစ်ခဲ့ပါ။ ခံနိုင်ရည် စွမ်းအားဆိုတာ တအိမ်ထဲနေတဲ့ ညီအမချင်းတောင် တယောက်နဲ့ တယောက် တူကြတာမှ မဟုတ်ဘဲ။ ဒါကြောင့် ဆေးတွေက ကောင်းပေမဲ့ ကိုယ်နဲ့ အကျွမ်းတ၀င် မရှိတဲ့အတွက် ဖြစ်လာမယ့် ဘေးထွက် ဆိုးကျိုးတွေကိုတော့ ကျမ ကြောက်တယ်။

တကယ်တော့ ဆေးမြီးတိုရယ် ဆေးမြီးရှည်ရယ် မဟုတ်ပါဘူး။ ကိုယ်နဲ့ အသုံးတည့်ရင်၊ ကိုယ့်အတွက် အဆင်ပြေရင်၊ ပြီးတော့ .... တကယ်တမ်း လိုအပ်လာခဲ့ရင် … ကျမကတော့ ဘာဆေးမဆို သောက်ဖြစ်မှာပါပဲ။ အဓိကက ရောဂါ ပျောက်ကင်းဖို့ပဲ မဟုတ်လား။
***
မေဓာဝီ
၅၊ ဧပြီ၊ ၂၀၀၉
၁၁း၂၁ နာရီ

Read More...

Thursday, April 02, 2009

မြမန်းဂီရိ

လွန်ခဲ့တဲ့ ရက်သတ္တ တပတ်လောက်က ကျမရဲ့ မိတ်ဆွေကြီး ကိုပရင့်စ်က မဟာဂီတထဲက မြမန်းဂီရိ စန္ဒယားလက်သံရှိရင် လိုချင်ပါကြောင်း၊ မရှိရင်လည်း ဘယ်မှာ ရနိုင်တယ်ဆိုတာ ပြောပေးစေလိုကြောင်း အော့ဖ်လိုင်း မက်ဆေ့ခ်ျ ပို့လာပါတယ်။

မြမန်းဂီရိ … ....
"မြမန်းဂီရိ" လို့ ကြားလိုက်တာနဲ့ ကျမ စိတ်က ဟိုးလွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက်ဆီ ပြန်ရောက်သွားတယ်။ “မြမန်းဂီရိ သေလာတောင် … နန်းတည်ထောင် … ဘုန်းရောင် နေသို့လင်း ….” ဆိုပြီး ခပ်တိုးတိုး ရေရွတ်မိတယ်။ ကျမ သွေးတွေ ပူနွေးလာတယ်။ ကျမ လက်ချောင်းတွေက တစုံတခုကို ငတ်မွတ်သလို ခံစား လိုက်ရတယ်။ တကယ်တမ်း မြမန်းဂီရိနဲ့ ကျမ လက်ချောင်းတွေဟာ တော်တော်လေးကို ရင်းနှီး ကျွမ်းဝင် ခဲ့ဖူးပါတယ်။
***
ကျမ ခပ်ငယ်ငယ် အရွယ်က စန္ဒယားတီး သင်ချင်ပေမဲ့ စန္ဒယား ၀ယ်နိုင်လောက်တဲ့ ငွေကြေး အခြေအနေ မရှိတော့ ကိုယ်နဲ့ ခြေနိုင်လက်နိုင် ဂစ်တာလောက်တော့ ၀ယ်နိုင်မှာပဲ ဆိုပြီး အမေ့ကို ပူဆာလို့ ဂစ်တာသင်တန်း တက်ခဲ့ဖူးပါတယ်။ စန္ဒယား သင်ချင်ရင်းစွဲ ရှိနေတာမို့ ရစ်သမ် ထက်ကို လိဒ်တီးတာကို အဓိက ထားပြီး သင်ခဲ့တယ်။ တပတ်ကို နှစ်ရက်သင်ပြီး သင်တာ တလမပြည့်ခင်ဘဲ တရက်မှာတော့ ဆရာကြီးက ထူးထူးဆန်းဆန်း မြမန်းဂီရိ သီချင်း နုတ်စ်ကို ပေးပြီး လေ့ကျင့်ခိုင်းပါတယ်။ အဲဒီသီချင်းကို ငယ်ငယ်ထဲက အမေတို့ ကြီးတော်ကြီးတို့ ဆိုဆိုညည်းနေလို့ ကြားဖူးနေခဲ့တဲ့ သီချင်းပါ။ မြန်မာ့အသံ သီချင်းကြီး ကဏ္ဍမှာလည်း မကြာခဏ လွှင့်နေကျဆိုတော့ ရင်းနှီးနေပါတယ်။

ဆရာကြီးက သီချင်းတပုဒ် တီးခိုင်းတော့မယ်ဆိုရင် စစချင်း ခေါင်းစဉ်ကို အုပ်ပြီး အရင်တီးခိုင်းတယ်။ စမ်းတီးကြည့် … ပြီးရင် … ဘာသီချင်းလဲ ပြော … အဲဒီလို အမြဲလုပ်တယ်။ သိတဲ့ အခါလည်း သိ၊ မသိတဲ့ အခါလည်း မသိခဲ့ပါဘူး။ မြမန်းဂီရိကိုတော့ တီးကြည့်လိုက်တာနဲ့ပဲ မြမန်းဂီရိမှန်း တန်းပြီးသိခဲ့ပါတယ်။ စစချင်းတော့ မြမန်းဂီရိလို သီချင်းကြီးကို ဂစ်တာနဲ့တီးခိုင်းတော့ နည်းနည်းအံ့သြမိတာပေါ့။ ဒါပေမဲ့ ပထမတခေါက် တီးပြီးတာနဲ့ တီးရတာ သိပ်အရသာ တွေ့သွားပြီး ဒီသီချင်းကိုပဲ ထပ်တလဲလဲ လေ့ကျင့်ရင်း မကြာခင် အခက်အခဲမရှိဘဲ ချောချောမောမော တီးနိုင်ခဲ့သွားတယ်။ ဆရာကြီးက သူပေးတဲ့ သီချင်းတပုဒ်ကို သူ့စိတ်ကြိုက် တီးခတ်နိုင်ရင် စာရွက်ထောင့်မှာ သူ့လက်မှတ်တိုကလေး ထိုးပေးပါတယ်။ အခု ဒီသီချင်းနုတ်စ် စာရွက်အောက်မှာ ထိုးထားတဲ့ လက်မှတ်က နေ့စွဲကို ကြည့်တော့ 1/6/89 တဲ့။ အနှစ် နှစ်ဆယ်တောင် ကြာခဲ့ပြီပေါ့ ... ။

အဲဒီသီချင်း တက်ပြီးသွားတဲ့ နောက်ပိုင်း သီချင်းကြီးတွေ မြန်မာသီချင်းတွေ တီးချင်လှချည်ရဲ့လို့ ခဏခဏ ကျမပူဆာလို့ ဆရာကြီးခမျာ ခေတ်ဟောင်း သီချင်းတွေ ရသလောက်ရှာပြီး သင်ပေးခဲ့တယ်။ ကျမ အကြိုက်ဆုံး တီးရတာ လက်အတွေ့ဆုံးက မြမန်းဂီရိနဲ့ စုံတောမြိုင်ပါပဲ။ ကျမ ဒီကို လာတော့ ဂစ်တာနုတ်စ်တွေကို ဖိုင်ထဲကနေဖြုတ်ပြီး သေချာ တရိုတသေ ထုပ်ပိုး ယူခဲ့တယ်။ လိုရမယ်ရ ဆိုပါတော့။ အနှစ် နှစ်ဆယ် ရှိပြီဆိုတော့ စာရွက်တွေလည်း ကြွေမတတ်ဖြစ်နေပါပြီ။ ဂစ်တာနုတ်စ်သာ ယူခဲ့တာ ကျမလက်ချောင်းတွေက ဂစ်တာကြိုးတွေနဲ့ ကင်းဝေးနေတာ ကြာခဲ့ပါပြီ။ ဂစ်တာလည်း မ၀ယ်နိုင်ပါဘူး။ လောလောဆယ်တော့ ကျမလက်ချောင်းတွေဟာ ကွန်ပျူတာရဲ့ အေဘီစီဒီ ခလုတ်တွေ၊ ဂဏန်းပေါင်းစက်ရဲ့ တစ်နှစ်သုံးလေး ခလုတ်တွေနဲ့သာ ယဉ်ပါးနေဆဲပါပဲ။ အိမ်မှာကျန်ခဲ့တဲ့ ဂစ်တာလေးကတော့ ဖုန်တွေတက်ပြီး ချောင်ထိုးထားခံနေရမှာ သေချာပါတယ်။

အဲ … ကိုပရင့်စ်ပြောတဲ့ မြမန်းဂီရိ စန္ဒယားလက်သံက ကျမဆီမှာ မရှိတာနဲ့ ယူကျုထဲမှာ မြမန်းဂီရိ (mya mann giri) လို့ ရိုက်ထည့် ရှာလိုက်တော့ Myanmar Traditional dance (Mya Mann Giri) by Thee Lay Thee ဆိုပြီး တွေ့ရပါတယ်။ သီးလေးသီးအဖွဲ့က မြမန်းဂီရိ သီချင်းများ ဆိုတာလားလို့ ကြည့်လိုက်တော့ မြမန်းဂီရိ တီးလုံးနောက်ခံမှာ ဘီလူးနဲ့ မင်းသမီး တွဲပြီးကထားတဲ့ အကပါ။ ကြည့်လို့လည်း ကောင်း၊ သဘောလည်း ကျတာနဲ့ ဘလော့မှာ တင်လိုက်ပါတယ်။ မြမန်းဂီရိရဲ့ စန္ဒယားလက်သံလေးများ ရှိခဲ့ရင်ပဲဖြစ်ဖြစ် ရနိုင်တဲ့ လင့်ခ်ပဲဖြစ်ဖြစ် သိကြရင်လည်း ဝေမျှ ပေးဖို့ တောင်းဆိုချင်ပါတယ်။



မြမန်းဂီရိကို ဂစ်တာနဲ့ သင်ခဲ့ဖူးတယ် ဆိုတဲ့အကြောင်း မိတ်ဆွေတယောက်ကို ပြောပြမိတော့ သူက … သီချင်းကြီးနဲ့ ဂစ်တာ မအပ်မစပ် လုပ်တာ မဟာဂီတကို ဖျက်ဆီးတာ ဆိုတဲ့ သဘောတွေ ပြောလာပါလေရော … ။ ကျမကတော့ သူပြောသလို မတွေးမိပါဘူး။ ဘယ်လို သီချင်းအမျိုးအစားမဆို တီးခတ်တဲ့ တူရိယာ ပစ္စည်းက အဓိကမဟုတ်ဘဲ ဖန်တီးသူ ခံစားသူရဲ့ အတွင်းအဇ္ဈတ္တက ဒီဂီတအပေါ် မြတ်နိုးမှု အတိုင်းအတာ ပေါ်မှာသာ မူတည်တယ်လို့ ထင်တာပါပဲ။ ဘာပဲ ဖြစ်ဖြစ် ကျမလက်ချောင်းတွေ ဂစ်တာကြိုးလေးတွေနဲ့ ပြန်လည်ထိတွေ့ခွင့်ရတဲ့ တနေ့ … မြမန်းဂီရိအပါအ၀င် ကျမ သင်ခဲ့ဖူးသော ကျမ မြတ်နိုးသော မြန်မာ သီချင်းကြီးတွေကို တီးခတ်နေမိဦးမှာပါပဲရှင် … ။
***
မေဓာဝီ
၂၊ ဧပြီ၊ ၂၀၀၉
၂၁း ၂၄ နာရီ
***
ဖြည့်စွက်ခြင်း ။ ... ။
မြမန်းဂီရိနှင့် အခြား မြန်မာသီချင်းများ
(ပတ္တလားလက်သံ - အလင်္ကာကျော်စွာ စောင်းဦးဘသန်း)
Burmese classic မှ ယူထားပါသည်။


Read More...