စခဲ့သမျှ နောက်ဆုံး
အဆုံးသတ်ရပြီ၊
အရှုံးမဖက် အမုန်းမစွက်
ပြုံးလျက်သာ အဆုံးသတ်ချင်သည်။
နေ့ညများအလီလီ
ရာသီတွေ အခါခါပြောင်း၊
အသစ်အဟောင်းရယ်နဲ့
အဖြစ်ပေါင်း ကုဋေကုဋာကြုံလို့
မရေမရာ သံသရာတကျောမှာ
မျောပါလို့ညောင်း။ … ။
***
မေဓာဝီ
၂၀၀၉၊ ဒီဇင်ဘာ၊ ၃၁
၁၃း၀၀ နာရီ
မြန်မာပြည်သူ ပြည်သားများနှင့်တကွ ကမ္ဘာသူ ကမ္ဘာသားအားလုံး မင်္ဂလာရှိသော နှစ်သစ် အကူးအပြောင်း ဖြစ်ပါစေ ... ။
Thursday, December 31, 2009
အဆုံး
Monday, December 28, 2009
ကြိုဆိုပါတယ် နှစ်ထောင့်တဆယ်
ဆန္ဒတွေကို ချရေး
မျှော်လင့်ချက်တွေ တထွေးကြီးနဲ့
မဝေးမနီးမှာ ရောက်လာတော့မယ့်
နှစ်ထောင့်နဲ့တဆယ်ကို
ကြိုဆိုရပေအုံးမယ် … ။
ပြုံးပျော် ရယ်မောရင်း …
တွေဝေ ငေးမောရင်း …
ရင်ခုန် လှိုက်မောရင်း …
အချိန်တွေ စီးဆင်းခဲ့တာ
ဘာလိုလိုနဲ့ တနှစ်ကုန်ဆုံးခဲ့ပါပေါ့လား … ။
အမှားတွေနဲ့ပျော်မွေ့
အမှန်တွေကိုမေ့လျော့
ပေါ့ပေါ့ဆဆ ရှင်သန်
နည်းမမှန် လမ်းမကျ
တိုတောင်းလှတဲ့ ဒီဘ၀မှာ
ဘယ်အရာကိုမှ ညီမျှခြင်း ဆွဲမရဘူးဆိုတာ
အချိန်ကြာလာတာနဲ့အမျှ သိလာခဲ့ရပြီ … ။
ဘ၀ဆိုတာ … သင်္ချာပုစ္ဆာတပုဒ်လား …
ဘ၀ဆိုတာ … ဓာတုဓာတ်ပေါင်းစုတခုလား
ဘ၀ဆိုတာ … ရူပဗေဒ သီဝရီလား …
ဒါမှမဟုတ် -
ငြင်းချက်ထုတ်နေကြတဲ့ ဖီလော်ဆိုဖီလား …
အားကြီးသူဘက် ရပ်တည်ခဲ့ကြရတဲ့ သမိုင်းတွေလား …
ခံစားသူ စိတ်တိုင်းကျ ဖန်တီးခဲ့ကြတဲ့ စာပေ ဂီတလား …
စဉ်းစားလို့ မရတော့ပါဘူး … ။
တကယ်တမ်းကျ …
ဘ၀ဆိုတာ စက်ဝိုင်းတခုပမာ …
ခွါပြီးရင်ဆုံ … ဆုံပြီးရင်ခွါ
လည်ပတ်နေတဲ့ သံသရာပဲ မဟုတ်လား … ။
ဒီသံသရာဝဲသြဃက
မလွတ်မြောက်နိုင်သေးသမျှတော့
ဖြစ်ချင်တဲ့ ဆန္ဒ
တောင့်တတဲ့ မျှော်လင့်ချက်
လိုအပ်တဲ့ ငြိမ်းချမ်းမှု
အစုစု အဖြာဖြာ
ရရာရကြောင်း
ကောင်းကောင်းဆိုးဆိုး
ကြိုးစားကြရင်း …
ဘ၀အမောတွေ သောကတွေနဲ့
မောလျနေကြရတာပါပဲ … ။
ကဲပါလေ … ဘာပဲဖြစ်ဖြစ်
ညစ်တာတွေ ဖယ်ရှား
မေတ္တာတွေ တကယ်ပွါးလို့
သစ္စာဆိုတဲ့ အမှန်တရားကို မတွေ့သေးသမျှတော့ …
ဆန္ဒတွေကို ချရေး
မျှော်လင့်ချက်တွေ တထွေးကြီးနဲ့
မဝေးမနီးမှာ ရောက်လာတော့မယ့်
နှစ်ထောင့်နဲ့တဆယ်ကို
ကြိုဆိုရပေအုံးမယ်။
***
မေဓာဝီ
၂၈၊ ဒီဇင်ဘာ၊ ၂၀၀၉
၁၆း၁၀ နာ၇ီ
Sunday, December 27, 2009
နှစ်သစ်ကို ဘယ်လိုကူးပြောင်းမလဲ
နှစ်သစ်ကို ဘယ်လိုကူးပြောင်းမလဲဟု မိမိကိုယ်ကို မေးကြည့်မိ၏။
ကမ္ဘာတလွှားက ထိုထိုသူများရော ဘယ်လိုကူးပြောင်းကြလေမလဲ တွေးကြည့်မိ၏။
သဘာဝအလျောက် ပြောင်းလဲ နေသည့် ဖြစ်ပျက် အစဉ်တွေကို လူတွေက နာရီ နေ့-ည၊ ရက်-လ-နှစ်များနှင့် ဥတု ရာသီများ အဖြစ် သတ်မှတ်ခဲ့ကြသည်။ ထိုသတ်မှတ်မှုများကိုလည်း ခေတ်အဆက်ဆက် လက်ခံခဲ့ကြသည်။ လောကမှ မလွန်မြောက်နိုင်သေးခင်တော့ လောက၏ သတ်မှတ်ချက်များကို လက်သင့်ခံရမည် မဟုတ်လား။ ဒီတော့လည်း နေ့ဟောင်း နေ့သစ်၊ လဟောင်း လသစ်၊ နှစ်ဟောင်း နှစ်သစ် ပြောင်းလဲ ဖြစ်စဉ်တွေကို အများနည်းတူ လက်ခံကြိုဆိုရမည်ပင်။
တကယ်တမ်းတော့ အဟောင်း အသစ် ပြောင်းလဲ ဖြစ်စဉ်ဟူသည် ဖြစ်-ပျက် သဘောမျှသာ။ သို့သော်လည်း ဤဖြစ်စဉ် အခိုက်အတန့်လေးမျှကို လူတွေက တခုတ်တရ အရေးလုပ်နေကြသည်။ ပျော်ပွဲသဘင်များ ဆင်ယင်ကျင်းပကြသည်။ မီးရှူးမီးပန်းများ လေထဲပစ်ဖောက်ကြသည်။ ထိုသို့ပြုလုပ်ကျင်းပရန် ကုန်ကျမည့် ငွေကြေးတွေကို အမှောင်ထဲက ကလေးငယ်များ၊ သေရာညောင်စောင်းထက် လဲလျောင်းနေကြသည့် မမာသည်များ၊ ကပ်သုံးပါး၏ ဒုက္ခသည်များကို ထောက်ပံ့ပေးကမ်း လှူဒါန်းပါမူ မည်မျှ အကျိုးများစေမည်လဲ။
အချိန်တို့သည် လူတို့မသတ်မှတ်ထားလျှင်လည်း ပြောင်းလဲနေမည်ပင် ဖြစ်သလို လူတို့ ပွဲလမ်းသဘင် မကျင်းပလျှင်လည်း ကုန်ဆုံးနေမည်ပင် ဖြစ်သည်။ တနှစ်ပြီးတနှစ်ဖြင့် အချိန်တွေက မသိလိုက်ဘာသာ တရွေ့ရွေ့ အကုန်မြန်လွန်းသည်။ လွန်ခဲ့သည့် ဆယ်နှစ်က ကြုံခဲ့ရသည့် ထောင်စုနှစ် အပြောင်းက သိပ်မကြာသေးဟု ထင်ရချိန်မှာ ယခု ဆယ်စုနှစ်ထပ်မံ ပြောင်းလဲ ပြန်ပြီ။ ထိုဆယ်စုနှစ်အတွင်း ဘာတွေထူးခြားစွာ ပြောင်းလဲ သွားပါသလဲ။
လူတွေ ဆယ်နှစ်စာ ပို၍ အိုမင်းလာကြသလို အကုသိုလ်တွေ ဆယ်နှစ်စာ ပိုမို များပြားလာကြလေသလား …
နည်းပညာတွေ ဆယ်နှစ်စာ တိုးတက်လာကြသလို စစ်လက်နက်တွေ ဆယ်နှစ်စာ ပိုမို ဖြစ်ထွန်းလာကြလေသလား …
ဆေးပညာတွေ ဆယ်နှစ်စာ တိုးတက်ကောင်းမွန် လာကြသလို ရောဂါဘယတွေနဲ့ မမာသည်တွေ ဆယ်နှစ်စာ ပိုမိုများပြား လာကြလေသလား …
လောဘ ဒေါသ မောဟ သားကောင်တွေ၊ အတ္တသမားတွေကို တချိန်လုံး ထမ်းပိုးထားရသည့် ကမ္ဘာကြီးလည်း ပူနွေးလိုက် ချမ်းအေးလိုက် အတွင်းလှိုက်စားသည့် ဒဏ်ရာဒဏ်ချက်များစွာဖြင့် ခပ်ယဲ့ယဲ့ ဖြစ်၍နေပြီ။
စေ့စေ့တွေးကြည့်လျှင် မတည်မြဲသည့် ဘ၀တွေက ထိတ်လန့်စရာ၊ တုန်လှုပ်စရာ၊ သံဝေဂရစရာပင်။ တနှစ်ကုန်ဆုံးလုချိန်မှာ ပြုခဲ့သည့် ကောင်းမှုတွေနှင့် မကောင်းမှုတွေကို ချိန်စက်ကြည့်လျှင် မည်သည့်ဘက်ကို ချိန်ခွင်လျှာပိုမလဲဟု တွေးမိသည်။ သေချာသည်ကတော့ မရည်ရွယ်ဘဲ ပြုမိမှားသည့် မကောင်းမှုတွေ ဒုနဲ့ဒေး ဖြစ်နိုင်ပါသည်။ ကုသိုလ်ဆိုသည်ကတော့ တမင်တကာလုပ်ယူမှ ရသည်မဟုတ်လား။ ထို့ကြောင့်ပင် နှစ်သစ်အကူးအပြောင်း ကာလမှာတော့ အလိုလို တိုးပွါးနေမည့် အကုသိုလ်များကို ခဏ ရပ်တံ့ကာ ကုသိုလ်ကောင်းမှုများပြုရင်း ကူးပြောင်းရလျှင် မကောင်းပေဘူးလား။
သို့ဖြစ်လျှင် နှစ်သစ်ကို မည်သို့ကူးပြောင်းရမလဲ ... ။
တချို့က … သောက်စား မူးယစ်ရင်း နှစ်သစ်ကူးညကို ကူးပြောင်းကုန်ဆုံးကြလိမ့်မည်။
တချို့လည်း … ရောက်လာတော့မည့် နှစ်သစ်ကို နံပါတ် ပြောင်းပြန်ရေတွက်ရင်း ပျော်ရွှင်စွာ အော်ဟစ် ကူးပြောင်းကြလိမ့်မည်။
တချို့ကတော့ … မိမိချစ်သူ ခင်သူများနှင့် အတူ စားသောက်ရင်း စကားစမြည် ပြောဆိုရင်း နှစ်သစ်ကို ကြိုဆိုကြလိမ့်မည်။
တချို့က စာဖတ်ရင်း ... တချို့က သီချင်းနားထောင်ရင်း ... တချို့က ရုပ်ရှင်ကြည့်ရင်း ... နှစ်သစ်ကူးပြောင်းကြလိမ့်မည်။
တချို့ကလည်း … မေ့မေ့လျော့လျော့ အိပ်စက် နားနေရင်း နှစ်သစ်ကူးပြောင်းမှန်းမသိ ကူးပြောင်းသွားကြလိမ့်မည်။
တချို့ကတော့ … ဆုတောင်းမေတ္တာပို့သ-ရင်း အလှူဒါနပြုကြရင်း နှစ်သစ်ကို မင်္ဂလာရှိစွာ ကူးပြောင်း ကြိုဆိုကြလိမ့်မည်။
... ... ... ... ... ... ... ... ...
... ... ... ... ... ... ... ... ...
... ... ... ... ... ... ... ... ...
... ... ... ... ... ... ... ... ...
သင်ရော … နှစ်သစ်ကို မည်သို့ မည်ပုံ ကူးပြောင်းလိုပါသလဲ။
***
မေဓာဝီ
၂၆၊ ဒီဇင်ဘာ၊ ၂၀၀၉
၂၃း၄၂ နာရီ
Thursday, December 24, 2009
ခရစ်စမတ် အပိုင်းအစများ
ခရစ်စမတ်နဲ့ ရာသီဥတု
***
ခရစ်စမတ် ဈေးဆိုင်တန်း
ခရစ်စမတ် ရုပ်ရှင်
ကျမတို့တူဝရီးကတော့ အိမ်ထဲမှာပဲ နွေးနွေးထွေးထွေးနေပြီး တယ်လီဗေးရှင်းကြည့်လိုက် အစားအသောက်စားလိုက် တရားနာလိုက် သီချင်းနားထောင်လိုက် နေနေကြတာပဲ။ စာမေးပွဲဖြေပြီး လူရောစိတ်ပါ ပင်ပန်းနေတဲ့ ကျမကို သနားလို့ထင်ပါရဲ့၊ ဦးရီးတော်က အလိုလိုက်ထားတယ်။ စာမသင်ပေးဘူး၊ ရုပ်ရှင်တွေပေးကြည့်တယ်။ ကျမအကြိုက်ပေါ့။ ပိတ်ရက်ရာသီဆိုတော့ တယ်လီဗေးရှင်းမှာလည်း ရုပ်ရှင်ဇာတ်ကားကောင်းတွေ လွှင့်တယ်။ ကျမတို့ဆီမှာ သင်္ကြန်ဆိုရင် သင်္ကြန်မိုး လွှင့်သလို ဒီမှာတော့ ခရစ်စမတ်ဆိုရင် A Christmas Carol ဆိုတဲ့ ဇာတ်ကား ပြလေ့ရှိတယ်။ ချားလ်စ်ဒစ်ကင်ရဲ့ ၀တ္ထုကို ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ ကျမလည်း ဒီရောက်မှ ကြည့်ဖူးတယ်။ အဖြူအမည်း ခေတ်ကနေ အခုအချိန်ထိ အကြိမ်ကြိမ် ပြန်ရိုက်ရတဲ့ ရုပ်ရှင်ပါ။ အဲဒီထဲက ဇာတ်ကောင် Scrooge ကြီးက အကြင်နာတရားမရှိ၊ လောဘကြီးပြီး ကပ်စေးနည်းတဲ့ လူခွစာကြီးပေါ့။ ခရစ်စမတ်တွေ ဘာတွေလည်း သူမသိဘူး၊ သူသိတာ ပိုက်ဆံ၊ သူ့စီးပွါးရေးပဲ။ သူ့ဝန်ထမ်းကိုတောင် ခရစ်စမတ်ရက်မှာ ခွင့်မပေးချင်ဘူး၊ တညမှာ အဲဒီလူကြီးကို သရဲလေးကောင်က ပညာလာပေးကြတယ်။ တချို့လည်း ကြည့်ဖူးကြပါလိမ့်မယ်။ မကြည့်ဖူးသေးသူတွေလည်း ယူကျု့မှာ ရှာကြည့်လို့ရပါတယ်။ (ဒါက အမြည်းပါ)
***
ခရစ်စမတ် သီချင်း
Silver bells … silver bells
It’s Christmas time in the city
Ring-a-ling, hear them sing
Soon it will be Christmas day …
အားလုံးပဲ ချမ်းမြေ့ပျော်ရွှင်ကြည်နူးဖွယ် ခရစ်စမတ် ဖြစ်ပါစေရှင် ... ။
***
မေဓာဝီ
၂၃၊ ဒီဇင်ဘာ၊ ၂၀၀၉
၂၃း၁၀ နာရီ
Tuesday, December 22, 2009
ပွဲတော်ချိန်
မနက်စောစောစီးစီး ဖုန်းဆက်လာသူက အာဖရိကန်သူ မမဂျူလီပါ။ ဂျူလီဖုန်းဆက်တဲ့ အချိန်မှာ ကျမ အိမ်က ထွက်ဖို့ အဆင်သင့် ဖြစ်နေပြီ။ ပိုက်ဆံကို အမြဲတမ်း ချွေချွေတာတာ သုံးလေ့ရှိတဲ့ ဂျူလီတောင် ဒီကနေ့တော့ တက်ခ်စီနဲ့ ဘူတာရုံကို သွားမယ်ဆိုပဲ။ ကျမအိမ်နဲ့ ဘူတာကတော့ မိနစ် ၂၀ လောက် လျှောက်ရင် ရောက်တာမို့ ကျမကတော့ လမ်းပဲ လျှောက်သွားလိုက်တယ်။ ဘူတာရောက်တော့ ဂျူလီက ရောက်နှင့်နေပြီ။ ကျမတို့စီးမယ့် ရထားလာဖို့ ၁၅ မိနစ်လောက် လိုပါသေးတယ်။ ချမ်းချမ်းစီးစီး ဘူတာပလက်ဖောင်းက ထိုင်ခုံလေးမှာ ထိုင်ပြီး ဂျူလီနဲ့ ထွေရာလေးပါး စကားစမြည် ပြောရင်း စိတ်လှုပ်ရှားမှုကို ဖြေဖျောက်နေကြတယ်။
ဟုတ်တယ်။ ကျမတို့ နှစ်ယောက်လုံး စိတ်လှုပ်ရှားနေကြတယ်။ ပွဲတော်က ကျမတို့ကို ဆွဲဆောင် ဖမ်းစားထားတယ်လေ။ ပွဲတော်ကလည်း နှယ်နှယ်ရရမှ မဟုတ်ဘဲ၊ တနှစ်မှ နှစ်ကြိမ်သာ လုပ်တဲ့ပွဲ။ ဒီပွဲအတွက် လက်မှတ်ကို ပွဲမတိုင်ခင် နှစ်လလောက်ကြိုပြီး အွန်လိုင်းကနေ ၀ယ်ထားရတယ်။ ဂျူလီနဲ့ ကျမ တချိန်ထဲ အတူတူဝယ်တာတောင် ထိုင်ခုံနံပါတ် ကပ်လျက် မရဘူး။ ကြားထဲမှာ တယောက်ခြားသွားသေးတယ်။ ပွဲသွားမယ့်သူတွေ များသလား မများသလားဆိုတာ အဲဒါပဲ ကြည့်တော့။ ပွဲသွားမယ့် သူတွေများမယ့်သာ များတယ် ပွဲစဉ်တခုအတွက် ဈေးကလည်း မနည်းလှပါဘူး။ တရက်စာ လက်မှတ်တစောင်ကို စတာလင်ပေါင် ၆၄ ပေါင်၊ ကျမတို့က ပွဲစဉ် နှစ်ခုမို့ စုစုပေါင်း ၁၂၈ ပေါင် … ဆိုတော့ ဈေးမနည်းဘူး ဆိုရမယ် မဟုတ်လား။ ပြီးတော့ ပွဲက တခြားမြို့မှာ ကျင်းပတာမို့ အဲဒီကို သွားရတဲ့ ရထားခ အသွားအပြန်က ၆ ပေါင်နဲ့ ၇၀ ပဲနိ။ ရထားစီးရတာကတော့ သိပ်မကြာလှပါဘူး၊ မိနစ် ၂၀ သာသာ လောက်ပဲ။ ဟိုရောက်တော့ ဘူတာကနေ ပွဲကျင်းပမယ့် နေရာကိုသွားဖို့ တက်ခ်စီ ငှားရပြန်တယ်။ တက်ခ်စီခက ၈ ပေါင်။ နှစ်ယောက်မျှပေးရတာဆိုတော့ တယောက် ၄ ပေါင်ပေါ့။
ပွဲကို မိုးလုံလေလုံ အားကစားခန်းမကျယ်ကြီးတခုမှာ လုပ်ပါတယ်။ ကျမတို့ ရောက်သွားတော့ ဘယ်သူမှတောင် မရောက်ကြသေးဘူး။ တကယ်တမ်း ပွဲစမှာက ၁၀ နာရီ၊ ကျမတို့ ရောက်သွားတာ ၈ နာရီ ၃၈ မိနစ်။ ပွဲကျင်းပမယ့် ခန်းမထဲ ၀င်ခွင့်မရသေးတာကြောင့် အပြင်ဘက် နားနေတဲ့ နေရာက ထောင့်ကျကျ ထိုင်ခုံတခုမှာ ထိုင်ရင်း စာအုပ်ထုတ်ဖတ်နေလိုက်တယ်။ (တကယ်တော့ ဂျူလီသာ စာဖတ်တာ၊ ကျမက ကင်မရာတလုံးနဲ့ သူ့ကို လိုက်နှောက်ယှက်နေတာပါ) တဖြည်းဖြည်းနဲ့ လူတွေ တဖွဲဖွဲ ရောက်လာကြ၊ နှုတ်ဆက်ကြ၊ ဟိုဟိုဒီဒီ မေးမြန်းကြမို့ အသံပလံတွေ ဆူညံလာတယ်၊ နားနေဆောင်အတွင်း လှုပ်လှုပ်ရှားရှား ဖြစ်လာတယ်။ အားလုံးက ပွဲတော်ကို မျှော်လင့်တကြီး စောင့်စားနေကြသူချည်းပါပဲ။
ဒီလိုနဲ့ ၉ နာရီ ၄၅ မိနစ်မှာ ခန်းမထဲ ၀င်ခွင့်ရကြောင်း ကြေငြာတယ်။ အားလုံး လက်မှတ်လေးတွေ အသီးသီးကိုင်ပြီး ခန်းမထဲ ၀င်လိုက်ကြတယ်။ ခန်းမကျယ်ကြီးထဲမှာ ကိုယ်ထိုင်ရမယ့် ထိုင်ခုံနေရာကို ရှာတော့ ကျမခုံက နောက်ဆုံးပဲ။ နောက်ဆုံးတန်းဆိုတော့ ကျမက ပိုသဘောကျပါတယ်။ ကျမနဲ့ တယောက်ခြားမှာတော့ ဂျူလီပေါ့။ အားလုံးနေရာယူပြီးချိန်မှာ အခန်းအနားမှူးက အစီအစဉ်ကို ကြေငြာတယ်။ သူ့အသံမကြားတချက် ကြားတချက်။ အစီအစဉ်ကို မသိချင်ဘူး။ ကျမတို့အားလုံး သိချင်စိတ် စောနေကြတာ … မကြာခင် စ-တော့မယ့် ပွဲ … ။
***
၁၀ နာရီ။
ပွဲစပြီ။
အသံတွေ တိတ်ဆိတ်သွားတယ်။
လူတွေအားလုံး ထိုင်ခုံမှာ ငြိမ်ငြိမ်လေးထိုင်နေကြပေမဲ့ စိတ်တွေ လှုပ်ရှားနေကြတယ်။ ရာသီက အေးပေမဲ့ ချွေးတွေပြန်နေကြတယ်။ နာရီကို တကြည့်ကြည့်နဲ့ အချိန်တွေ မြန်မြန်ကုန်ပြီး ပွဲပြီးသွားမှာလည်း စိုးရိမ်နေကြတယ်။ အသက်တောင် ၀၀ မရှူနိုင်ကြဘူး။ ခဏတဖြုတ် အပေါ့အပါးလည်း ထမသွားကြဘူး။ တစက္ကန့်, တမိနစ်တောင်မှ ဒီထိုင်ခုံက မခွါနိုင်ကြဘူး။
ဒီပွဲအတွက် ကြိုတင်ပြင်ဆင် ခဲ့ရတာ …
ဒီပွဲအတွက် ရင်ခုန် မျှော်လင့်ခဲ့ကြတာ …
ဒီပွဲအတွက် စိုးရိမ် ပင်ပန်းခဲ့ရတာ …
… … … … … …
… … … … … …
… … … … … …
၁ နာရီ ၁၅ မိနစ်။
ပွဲပြီးသွားပါပြီ။
ခန်းမထဲကနေ လူတွေ ရုံးစု ရုံးစု ထွက်လာခဲ့ကြတယ်။ တယောက်နဲ့တယောက် မေးကြ မြန်းကြ နှုတ်ဆက်ကြနဲ့။ ဂျူလီလည်း အနားရောက်လာတယ်။
“ဘယ်လိုလဲ …”
“ဒီလိုပဲ …”
ကျမတို့ အချင်းချင်း ပြောရင်း ရယ်လိုက်ကြတယ်။ ဟုတ်တယ် … ဘယ်လိုလဲ ဆိုတာ ကျမတို့ မပြောတတ်ဘူး။ ရယ်နေလိုက်တာ အကောင်းဆုံးပဲ မဟုတ်လား။
***
“ပွဲသွားကျော့ကျော့ .. ပွဲပြန်မော့မော့” တဲ့။ စကားပုံရှိပေမဲ့ ကျမတို့ ပွဲအသွားမှာလည်း မကျော့သလို ပွဲအပြန်မှာလည်း မမော့နိုင်ပါဘူး။ “ပွဲပြီး မီးသေ” ဆိုသလိုလည်း မီးမသေခဲ့ကြပါဘူး။ ပွဲရဲ့ ရလဒ်ကို တကယ်တမ်း သိရမှ … ကျမတို့ ပျော်နိုင် မော်နိုင်ကြမှာပါ။ ခုလောလောဆယ်တော့ ပွဲအပြီးမှာ အမြီးကလေးတွေ အသာကုပ်ပြီး ကျမတို့ အိမ်ပြန်ခဲ့ကြပါတော့တယ်။
***
မေဓာဝီ
၂၂၊ ဒီဇင်ဘာ၊ ၂၀၀၉
၁၃း၀၂ နာရီ
(ဒီဇင်ဘာ ၈ ရက် နှင့် ၁၄ ရက်တွင် ဖြေဆိုခဲ့သော စာမေးပွဲ အမှတ်တရ)
Monday, December 21, 2009
ဟဒယ… ရွှင်မှ ရွှင်ရဲ့လား?
“မောင်ညီမလေးတို့ရေ …” အစချီတဲ့ ပုံပြင်လက်ဆောင် လာခါနီး အဖွင့်တီးလုံးစတာနဲ့ ရေဒီယိုနား အပြေးအလွှားသွားပြီး မော့နေပြီ။
“ဒီကနေ့ ဇာတ်လမ်းပမာ နားဆင်စရာ အခန်းမှာ …” ဆိုပြီး နိဒါန်းပျိုးသံကြားရင် ကစားတာတွေရပ်ပြီး ရေဒီယိုနားထောင်ဖို့ ပြင်ပြီ။
“ဟဒယရွှင်ဆေး တိုက်ကျွေးပါတော့မယ်ရှင် …” ဆိုရင်လည်း သိသိမသိသိ အလိုလို ပျော်နေပြီး ရေဒီယိုထဲက ရယ်သံတွေနဲ့အတူ လိုက်ရယ်မောဖို့ အဆင်သင့်ဖြစ်နေပြီ။
အဲဒီတုန်းကတော့ ဟဒယရွှင်ဆေးကဏ္ဍမှာ ပါဝင်တဲ့သူတွေ ဘယ်သူဘယ်ဝါ မသိပါဘူး။ အဖေပြောပြဖူးတာကတော့ သူတို့ခေတ်တုန်းက ဓာတ်ဆီ၊ ဓာတ်ဆန် (ဦး) လို့ ဆိုပါတယ်။ “ငါးဗျို့ .. ငါး … သံချောင်း တော်ရေ့” ဆိုတဲ့ ငါးရောင်းထွက်တဲ့ ဟာသကလည်း ခဏခဏ နားထောင်လို့ အလွတ်ရနေပေမဲ့ ရယ်သံကြားရင် လိုက်ရယ်မိတာပါပဲ။
ရေဒီယိုခေတ်ကနေ ရုပ်/သံ ခေတ်ရောက်လာပြန်တော့ ဆိုနီ၊ မိုးကျော်၊ ဇာဇာစမ်း တို့ရဲ့ ဟဒယရွှင်ဆေး အစီအစဉ်တွေကို စောင့်ကြည့်ခဲ့ရတယ်။ နောက်တော့ ဦးရွှေငါးတို့လို လူရွှင်တော်ကြီးတွေပါတဲ့ အငြိမ့်တွေ … ။ မင်းသမီးက ယိုးဒယားပြန် အမာစိန်တို့ ဆိုဗီယက်ပြန် နွဲ့နွဲ့စမ်းတို့ ထင်တယ်။ မင်းသမီးရဲ့ အက ကလည်း ညက်ညက်ညောညောနဲ့ ကြည့်လို့ကောင်း၊ လူရွှင်တော်ကြီးတွေကလည်း ၀ါရင့် သမ္ဘာရင့် ဆိုတော့ သမားရိုးကျ ပြက်လုံးတွေ ပြက်သည့်တိုင် သူတို့ အမူအရာတွေကြည့်ပြီး ရယ်ရတယ်။
နောက် … ဇာဂနာတို့ရဲ့ မိုးနတ်သူဇာ ခေတ်ကတော့ အငြိမ့်တခေတ် ပြောင်းသွားသလိုပါပဲ။ အငြိမ့်မကြိုက်တဲ့သူတွေတောင် အငြိမ့်ကို ကြည့်လာကြတယ်။ လူရွှင်တော်တွေရဲ့ ပြက်လုံးတွေကို လူတွေက ပိုပြီး စွဲမက်လာကြတယ်။ ပြက်လုံးတွေက ခေတ်ကို ထင်ဟပ်သလို ဆန်းသစ်တယ်၊ ခေတ်မီတယ်၊ သမားရိုးကျ ပြက်လုံးမျိုးတွေ မဟုတ်ဘူး။ လူတွေပါးစပ်ဖျားမှာ ပြက်လုံးထဲက စာသားတွေ ရေပန်းစားလာတယ်။ မင်းသမီးအက ကြည့်ဖို့ထက် လူရွှင်တော် ထွက်ချိန်ကို လူတွေက ပိုမျှော်လင့်ကြတယ်။
ဟာသဆိုတာကလည်း လူတွေရဲ့ ဟဒယနှလုံးကို ရွှင်ပြုံးစေတဲ့ အကောင်းဆုံး ဆေးတခွက်ပဲ မဟုတ်လား။ ညစ်ညူးမွန်းကျပ်နေတဲ့ ဘ၀အမောတွေကြားမှာ နေ့စဉ်နဲ့အမျှ ကျင်လည်နေကြရတော့ လွတ်လွတ်လပ်လပ် ရယ်မောချင်ကြတယ်။ ကြုံတွေ့နေရတဲ့ စိတ်ညစ်စရာ ဒုက္ခတွေကို ထိထိမိမိ သရော်ထားတဲ့ ဟာသပြက်လုံးတွေကို သိပ်သဘောကျကြတယ်။ ဒါကြောင့် မင်းသမီးရဲ့ အနုပညာထက် လူရွှင်တော်တွေရဲ့ ပြက်လုံးတွေကို ပိုပြီး နှစ်သက်ကြတာ မဆန်းပါဘူး။
ဒါပေမဲ့ လူရွှင်တော် ပြက်လုံးတိုင်း နှစ်သက်စရာလား … ။ စွဲမက်စရာလား … ။ ကျမတော့ မထင်မိပါဘူး။
မကြာသေးခင်က ကိုပေါရဲ့ဘလော့က “မရယ်ရသောပြက်လုံးများ” ဆိုတဲ့ပို့စ်ထဲမှာ ခေါက်ရိုးကျိုးနေတဲ့ ပြက်လုံးတွေ မရယ်ရတဲ့ အကြောင်း ရေးထားတာ ဖတ်လိုက်ရတယ်။ ဟုတ်တာပဲ။ တချို့ပြက်လုံးတွေက အစချီလိုက်တာနဲ့ နောက်ဘာလာမယ်ဆိုတာ ကြိုသိနေတော့ ရယ်စရာ သိပ်မကောင်းတော့ပါဘူး။ ရှေ့လူတွေ ထွင်ခဲ့တာကို နောက်က ထပ်မထွင်ဘဲ သံတူကြောင်းကွဲလောက်သာ ပြောင်းပြီး ယူသုံးနေကြတော့ ရိုးအီလာတော့ တာပေါ့။
ဒါ့အပြင် … မရယ်ရတဲ့ ပြက်လုံးတွေ ရှိပါသေးတယ်။
ဟိုးအရင်နှစ်တွေတုန်းက သီတဂူဆရာတော် မွေးနေ့အငြိမ့်မှာ မော့စ်တို့ပြက်တဲ့ ပြက်လုံးတွေ သိပ်ညစ်ညမ်းတယ်လို့ သိရတယ်။ ဗုဒ္ဓ၀င် ဇာတ်တော်တွေကိုပါ မဖွယ်မရာ ပြက်တဲ့အတွက် ဝေဖန်သံတွေ ကြားခဲ့ဖူးပါတယ်။ အဲဒီလို ပြက်လုံးတွေကျတော့ ခေါက်ရိုးကျိုး ဟာသတွေထက် ပိုဆိုးပါတယ်။ ညစ်ညမ်းပြက်လုံးတွေနဲ့ လူရယ်အောင် လုပ်တာကို သဘောမကျသလို အားလည်း မပေးချင်ပါဘူး။ ဒါပေမဲ့ အဲဒါကတော့ အပြင်အငြိမ့်ပွဲ ဆိုတော့ ရှိစေတော့ … ။
တနေ့က ကျမအစ်မကြီးနဲ့ စကားပြောဖြစ်တော့ သူက မြန်မာ့အသံ၊ မြ၀တီနဲ့ MRTV 4 မှာ လာတဲ့ ဟဒယရွှင်ဆေး အစီအစဉ်တွေအကြောင်း ပြောပြတယ်။
“မက်မဆုံးတဲ့ ပြက်လုံးများတို့ … စကားနပမ်းတို့ ဆိုပြီး နာမည်ပေးထားတယ်၊ ငါတို့ကတော့ အောက်မလွတ် ပြက်လုံးတွေလို့ပဲ ခေါ်တယ်၊ တကယ်ကို ညစ်တီးညစ်ပတ် ပြက်လုံးတွေပဲဟယ် … အဖေရှိနေရင်တောင် ငါတို့ ပိတ်ထားရတယ်၊ အဲဒီလို ညစ်ညမ်းတဲ့ ဟာသတွေကြည့်ပြီး ဘယ်လိုလုပ် ရယ်နိုင်မှာလဲ”
မောင်နဲ့နှမ သားနဲ့အမိ နားထောင်လို့ ကြည့်လို့မှ မသင့်တော်တဲ့ ပြက်လုံးတွေလို့ သူက ဆိုပါတယ်။
“အဲဒါတွေကို ဆင်ဆာလည်းမလုပ်ဘူး၊ တရားဝင် ပြခွင့်ပြုထားတယ် … အများဆုံး ရိုက်တဲ့သူက ဒါရိုက်တာ မောင်သီ၊ ပြီးတော့ လူရွှင်တော်တွေတွင် မကဘူး မင်းသား မင်းသမီးတွေကိုပါ လူပြက်လုပ်ခိုင်းပြီး အဲဒီလို ညစ်တီးညစ်ပတ်တွေ ပြောခိုင်းတာ”
ဘုရား … ဘုရား …
ကျမ ဘုရားသာ တ-မိတယ်။ ဆင်ဆာအဖွဲ့က ဘာတွေကို ဆင်ဆာလုပ်သလဲ မသိပါဘူး။ ဘာသာရေးနဲ့ ပတ်သက်ရင်လည်း အဓမ္မ၀ါဒီတွေ ဟောပြောတဲ့ တရားတွေ လွှင့်ခွင့် ပေးခဲ့တယ်။ အခုလည်း ဟာသပြက်လုံး … ၊ ရိုက်တဲ့လူကလည်း ဘာရည်ရွယ်ချက်နဲ့ ဒါမျိုးတွေ ရိုက်ကူး တင်ဆက်နေရတာလဲ၊ သရုပ်ဆောင်တဲ့ သူတွေကရော … ဒါမျိုး မပြောနိုင်ဘူး မငြင်းကြဘူးလား။ ပိုက်ဆံရရင်ပြီးရော ရိုက်ကြတာပဲလား။ မြန်မာ့အသံကလည်း မြန်မာ့ယဉ်ကျေးမှု … မြန်မာ့ယဉ်ကျေးမှု အော်နေပြီး ဒါမျိုး ညစ်ညမ်းဟာသတွေတော့ လွှင့်ခွင့်ပေးသလား။ နိုင်ငံရေးမပါရင် ပြီးရော ဆိုပြီး အောက်တန်းကျတဲ့ ဟာသတွေနဲ့ လူတွေကို ကလိထိုး ရယ်ခိုင်းနေတာကတော့ မဟုတ်သေးဘူးထင်ပါတယ်။
ကျမတို့ တအိမ်သားလုံးကတော့ ဒီအစီအစဉ်ကို စိတ်ပျက်ကြတယ်။ ရှုံ့ချကြတယ်။ တခြားလူတွေရော … ဒီပြက်လုံးတွေကို ရယ်ကြသလား၊ ကြိုက်ကြသလား … ကျမ မသိပါဘူး။ ဒါပေမဲ့ ဟာသ ပြက်လုံးတွေနဲ့ ပတ်သက်ပြီး စဉ်းစားကြည့်မိတယ်။ ညစ်ညမ်း စကားလုံးတွေ ပြောမှ ဟာသလား။ ဟာသကို ဟဒယရွှင်ဆေး လို့ ဘာလို့ ခေါ်တာလဲ။ ဟဒယရွှင်ဆေး ဆိုတာ စိတ်နှလုံးကို ရွှင်ပြုံးစေတဲ့ ဆေးမဟုတ်လား။ ခု ဒီဟာသတွေကို ကြည့်ပြီး တကယ်ရော ဟဒယ ရွှင်မှ ရွှင်ကြရဲ့လား။ တကယ်ပဲ စိတ်လက် ပေါ့ပါးသွားသလား။ ဒီလို ညစ်ညမ်းဆေးတွေ မှန်မှန် တိုက်ကျွေးပြီး လူတွေကို အာရုံထွေပြားအောင် သက်သက်မဲ့ မှိုင်းတိုက် ဖန်တီးနေကြတာများလား … ကျမ တွေးမိတွေးရာ တွေးနေမိပါတော့တယ်။
***
မေဓာဝီ
၂၁၊ ဒီဇင်ဘာ၊ ၂၀၀၉
နံက် ၁၀း၄၈ နာရီ
Thursday, December 17, 2009
ရေးဖြစ်ခဲ့သော ကဗျာများ (၂)
တစ္ဆေခြောက်တဲ့ည
"ဒေါက် … ဒေါက် …"
တံခါး ခေါက်သံ
ခြေသံဖျပ်ဖျပ်
လျှပ်တိုက်နင်းသွား
ဘယ်သူများလဲ
တွေးနေဆဲမှာ
အရိပ်မည်းနက်
ရုတ်တရက်မြင်
မှင်သက်မိ … ။
"ဖြောက် … ဖြောက်"
မိုးပေါက်မိုးစက်
အိမ်ခေါင်ထက်ဆီ
စီရီကြွေကျ
ပြတင်းဝမှာ
ဇာခန်းဆီးစ
တလွလွလွင့်
လေပင့်သက်ရှိုက်
ညင်သာတိုက်စဉ်
ပီပြင်မကွဲ
နားထဲကြားယောင်
“သွားရအောင်ပါ
လာလေ … လာကွယ့်”
ဆိုတဲ့စကား
နားထောင်မိ … ။
"ချောက် … ချောက် ..."
ရောက်လုပြီလား
နာရီများစွာ
ရွေ့လျားလည်ဆဲ
ကုန်ခဲလွန်းလှ
သန်းခေါင်ည၀ယ်
ကြယ်ရိပ်မလင်း
လမင်းမရှိ
မှုန်တိမှုန်မွှား
ဝိုးတ၀ါးတွင်
မြင်ယောင်နေမိ
ထိုသည့်အရိပ်
တိတ်တိတ်လေလား
အနားတိုးကပ်
စိမ်းသက်ရနံ့
ဝေ့လွင့်ပျံ့ကာ
ကိုယ်ပေါ်မှာလည်း
ချည်နှောင်တည်းပတ်
သက်ရှူခက်နေ
အို … တစ္ဆေ လား …
မှားထင်မိ ... ။
***
၃၁၊ အောက်တိုဘာ၊ ၂၀၀၉
ည ၁၀း၅၃ နာရီ
***
(၅)
ကျမက ညတွေကို စိတ်ဝင်စားတယ်။ ညနဲ့ ဆိုင်တဲ့ ကဗျာတွေလည်း မကြာမကြာ ရေးခဲ့ဖူးတယ်။ အဲဒီနေ့ကတော့ ပျောက်သွားတဲ့ ညတည အကြောင်းရေးဖြစ်ခဲ့တယ် ဆိုပါတော့။ ကာရန်မပါလို့ ကဗျာမဟုတ်ဘူးဆိုလည်း ပျောက်ဆုံးသွားတဲ့ညဟာ ကဗျာမဟုတ်တဲ့ စာစု တချို့လို့သာ ဆိုကြပါစို့ရဲ့။
ပျောက်ဆုံးသွားတဲ့ ည
မကြားရတဲ့ အသံတွေ
ဆိတ်ညံနေတဲ့ ညထံ
ရောက်သွားတယ် … ။
မှားယွင်းနေတဲ့ အမှန်တရားအတွက်
ပေးဆပ်ရတဲ့ ညက
ခြောက်ခြားဖွယ် … ။
တည်မြဲနေတဲ့ မရှိခြင်းများ
ထင်ရှားနေတဲ့ ညတည
ပျောက်သွားတယ် … ။
***
၁၊ နိုဝင်ဘာ၊ ၂၀၀၉
၁၂း၄၄ နာရီ
***
လွင့်
မမှန်းသာ
ပန်းကဗျာ သီကာကုံး
မမုန်းပါနှင့်။
အရှင့်ထံ...
ခွင့်ပန်လွှာ ကဗျာပန်းကို
အသာလှမ်းကာ ပေးအပ်လည်း
ပြေးထွက်သူ ရှောင်ခွါလို့
ယောင်ချာချာ မျှော်တမ်းရှိုက်
လွမ်းလှိုက်လေလွင့် ... ။
***
၆၊ နိုဝင်ဘာ၊ ၂၀၀၉
ည ၈ နာရီ
***
မေဓာဝီ
၁၇၊ ဒီဇင်ဘာ၊ ၂၀၀၉
နေ့ ၁၁း၃၀ နာရီ
Wednesday, December 16, 2009
ရေးဖြစ်ခဲ့သော ကဗျာများ
(၁)
သန္နိဋ္ဌာန်
မဟုတ်မကြံ၊ မမှန်မဆို
အပိုမချဲ့၊ ကဲ့ရဲ့မပြော
ဒေါသမပွါး၊ အမှားကင်းကင်း
စကားတင်းရှောင်၊ မာန်မထောင်လွှား
မေတ္တာထားကာ၊ လှည့်စားခြင်းဖျောက်
မကောက်မကျစ်၊ မညစ်မပတ်
မဖျက်မဆီး၊ အပူမီးခွါ
ချမ်းမြေ့ပါရန်၊ သန္နိဋ္ဌာန်သည်
မြဲမြံတည်တံ့ ခိုင်စေသောဝ် … ။ … ။
***
၆၊ ၉၊ ၂၀၀၉
၂၁း၂၀ နာရီ
***
(၂)
လွမ်းတယ်လေ့
နေမင်းသူရိန် ရောင်မထိန်
ညိုတိမ်အုံ့ဆိုင်း ကွယ်ကာသိုင်း
မှိုင်းတယ်လေ့ … မှိုင်းတယ်လေး။
တောင်ရိုးတခွင် တိမ်ခိုးဆင်
မိုးမျှင်မိုးဖွဲ … ရွာမစဲ
သဲတယ်လေ့ … သဲတယ်လေး။
လေပြင်းကချွေ လှိုင်းကမွှေ
ဒီရေကတိုး ညဥ့်ယံမိုး
ဆိုးတယ်လေ့ … ဆိုးတယ်လေး။
ခန်းဆောင်အလယ် နှမငယ်
အတွေးနယ်ချဲ့ ရာသီဘွဲ့
ဖွဲ့တယ်လေ့ … ဖွဲ့တယ်လေး။
မှန်ပြတင်းမှာ ကြွေဆင်းလာ
ဒေ၀ါပုလဲ မျက်ရည်တွဲ
ဝဲတယ်လေ့ … ၀ဲတယ်လေး။
နှမရှိုက်သံ နရီမှန်
သည်းထန်ငိုတမ်း မျှော်ရည်မှန်း
လွမ်းတယ်လေ့ … လွမ်းတယ်လေး။
***
၆၊ အောက်တိုဘာ၊ ၂၀၀၉
ခွဲခွါခြင်း ၂-နှစ်ပြည့်
***
(၃)
အမှောင်ထဲက မျက်ရည်
နံနက်ခင်း
အလင်းမှိန်သွဲ့
အေးတဲ့ရာသီ
နာရီကိုလှည့်
နေ့ရဲ့လက်တံ
နောက်ပြန်ကာပြောင်း
ဆောင်းဦးဝင်စ
ထိုကာလ…
လေပွေရမ်း
ပက်ဖြန်းမိုးစက်
သူခြွေဖျက်သော်
ပင်ထက်ပေါ်မှ
ညိုရော်ဝါပြောင်း
ရွက်ဟောင်းများကြွေ
မြေပေါ်ကိုခ
သဘာဝ …
ရှင်နေမင်း
အလင်းမဖြာ
တိမ်လွှာအကြား
ခိုဝင်သွားကာ
စိတ်နာသယောင်
သူပုန်းရှောင်သည်
အမှောင်လောက
မျက်ရည်ကျ … ။
***
လောလောဆယ်တော့ ဒီ ၃-ပုဒ် အရင် တင်လိုက်ပါတယ်။
နောက်မှ ဆက်တင်ပါဦးမယ်။
***
မေဓာဝီ
၁၆၊ ဒီဇင်ဘာ ၂၀၀၉
၆း၃၀ နာရီ
Tuesday, December 15, 2009
သွေ့ ...
နေ့ …
တရွေ့ရွေ့ပြောင်း
ရာသီဟောင်းလည်း
မပြောင်းလဲတမ်း
လွမ်းမြဲလွမ်း၍
အလွမ်းတွေပြည့်
ထိုတနေ့ … ။
ဝေ့ …
မြူးမြူးကွေ့ကွေ့
လေရူးဝှေ့သော်
ပင်ယံပေါ်မှ
ဝါရော်ရင့်ဟောင်း
ရွက်ညောင်းကြွေ၍
မြေမှာဝေ့ … ။
ငွေ့ …
မတွေ့မမြင်
နှစ်ကိုယ်ယှဉ်ကာ
ကိုယ်ထင်မပြ
မကြင်ရလဲ
ရင်မှာစွဲမွေ့
သူ့ကိုယ်ငွေ့ … ။
သွေ့ …
နေ့နေ့ညည
မေ့ဖျောက်ရခက်
ပင့်သက်ရှိုက်ငင်
ငိုချင်ပြီလား
ထိမ်းသိမ်းထားရင်း
ရင်တွင်းမောလျ
သောကပူ၍
ပန်းတွေသွေ့ … ။ … ။
***
မေဓာဝီ
၁၅၊ ဒီဇင်ဘာ၊ ၂၀၀၉
၉း၂၀ နာရီ