သူများပြောတာနဲ့ ကျမကို ရည်ရွယ်ပြီး ဆုံးမထားတဲ့ post လေး လာဖတ်ပါတယ်..။ ကျေးဇူးတင်ပါတယ်ရှင်..။ ဘုရားတရားနဲ့ နေတဲ့ မမေဓာဝီက ဆိုရေးရှိက ဆိုအပ်လှဆိုသလို ဆုံးမတာမို့ ကျမအတွက် တကယ်ပဲ အရှက်ရစေပါတယ်။ မမေဓာဝီက မှန်တာကို ရေးတာမို့ ကျမလိုပဲ နာမည်တပ်ပြီးရေးလည်း ရပါတယ်ရှင်..။ မမေဓာဝီလို စိတ်နှလုံးထားနိုင်အောင်ကြိုးစားပါဦးမယ်..။ လောလောဆယ်တော့ ကျမရဲ့ ဒေါသရှေ့ထားတတ်တဲ့ စိတ်ကလေးကို ထိန်းဖို့ ကြိုးစားရင်း မှန်တယ်ထင်တာလေးတွေတော့ ရေးနေဦးမှာပါ။ မမေဓာဝီလည်း အမြဲတမ်း အဲလို နှလုံးသွင်းနိုင်ပါစေလို့ ဆန္ဒပြုပါတယ်ရှင်..
လေးစားလျက်
မေငြိမ်း
***
ဧပြီ ၂၅ရက် နေ့က တင်ခဲ့တဲ့ “တူညီသော်ငြား … ခြားနားသည်” ပို့စ်မှာ အထက်ပါ ကွန်မန့်ဝင်လာတာနဲ့ စာမေးပွဲနီးလို့ ဘလော့ခဏရပ်ထားမယ် စိတ်ကူးလေးကို ခဏနောက်ရွှေ့ပြီး ဒီကွန်မန့်ကို ပြန်ရေးလိုက်ပါတယ်။
အပေါ်က ကွန်မန့်ရတော့ ကျမ အံ့သြမိတယ်၊ ပြန်ရှင်းပြမှ ဖြစ်မယ်လို့လည်း တွေးမိတယ်။ ပြောရရင် အဲဒီပို့စ်ရေးတာဟာ ကျမ ဘယ်သူ့ကိုမှ ဆုံးမလိုတဲ့ စိတ်နဲ့ ရေးခဲ့တာ မဟုတ်ပါဘူး။ အဲဒီအဖြစ်အပျက် နှစ်ခုကို ကြုံခဲ့ရတာလည်း အမှန်ပါပဲ။ ကြုံခဲ့ပြီးတော့ ကျမကိုယ်ကျမ ပြန်ဆင်ခြင်မိပါတယ်။
ဘာကြောင့် ဆင်ခြင်မိတာလဲ ဆိုတော့ …. ကျမက မိသားစုထဲမှာဆိုရင် အဆိုးဆုံး မိန်းကလေး တယောက်ပါ။ မာနလည်း ကြီး၊ ဒေါသလည်း ကြီး၊ အညှိုးအတေးနဲ့ အာဃာတလည်း အလွန်ကြီးပါတယ်။ ကျမကြောင့် မိဘနှစ်ပါး မကြာခဏ စိတ်အနှောက်အယှက် ဖြစ်ရတယ်။ ကျမ အထက်က အမနှစ်ယောက်ကိုလည်း ခဏခဏ စိတ်ကောက်ပြီး မခေါ်ဘူး။ အဲဒီလို ကျမ မကောင်းတာတွေကို ဘလော့မှာလည်း ရေးဖူးပါတယ်။ ကျမနဲ့ ရင်းနှီးသူတိုင်းလည်း သိနေကြပါတယ်။ မိသားစုက ဘယ်လို ကောင်းအောင် စီစဉ်ပေးပေး မကျေနပ်နိုင်ဘူး။ မိသားစုကို ဂျီတိုက်တယ်၊ စောဒကတက်တယ် ဆိုတာတွေကတော့ ကျမအတွက် လုပ်ရိုးလုပ်စဉ် ဖြစ်နေပါပြီ။ အဲဒီလို လုပ်တဲ့အတွက် ကျမ ဘာပြန်ရလဲ … စိတ်ချမ်းသာမှုနဲ့ စိတ်ဆင်းရဲမှု … ယှဉ်ကြည့်ရင် စိတ်ဆင်းရဲမှုတွေသာ ကျမပြန်ရခဲ့ပါတယ်။
လမ်းမှာ အဲဒီအဖြစ်အပျက်နဲ့ ကြုံရတော့ အဲဒီနေ့မှာတွင်ပဲ ကျမအမကို ဖုန်းဆက်ပြီး ပြောပြမိတယ်။ ကျမအမကတော့ ရယ်ပဲ နေပါတယ်။ ကျမက သင်ခန်းစာရလည်း ခဏပဲ ဆိုတာ သူသိနေတာကိုး။ ဒါပေမဲ့ ကျမစိတ်ထဲ မြင်လွယ်ထင်လွယ်အောင် ဒီချာတိတ်လေးတွေက ကိုယ့်ရှေ့မှာ သင်ခန်းစာပေးသလို ဖြစ်သွားတာမို့ ဒီအဖြစ်အပျက်ကလေးကို တော်တော်လေး စွဲသွားပြီး ဘလော့မှာ တင်လိုက်ရခြင်းပါ။
ဆိုတော့ … ပြောချင်တာက ကျမ ဘယ်သူ့ကိုမှ ဆုံးမတာလည်း မဟုတ်သလို ဘယ်သူ့ကိုမှလည်း မရည်ရွယ်ပါဘူး။ ကိုယ်ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကလေးကို ရိုးရှင်းစွာ ပြန်လည် တင်ပြရုံသက်သက် မျှသာပါ။ ကိုယ့်ထက် အသက်ကြီး ၀ါကြီးတဲ့ ပုဂ္ဂိုလ်မျိုးကို ဆုံးမနိုင်လောက်တဲ့ အရည်အချင်း ကျမမှာ မရှိသေးပါဘူး။ အကယ်၍ အဲဒီလို ရည်ရွယ်သလို ဖြစ်သွားလို့ တဖက်သား အရှက်ရသွားခဲ့ရင် ကျမ အရေးအသား ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါလိမ့်မယ်။
မှန်တာကိုရေးတာမို့ နာမည်တပ်ပြီး ရေးရမယ်ဆိုပေမဲ့ ကျမ အဲဒီချာတိတ်တွေ နာမည်လည်း မသိတော့ ကိုယ်အဆင်ပြေသလို ကတုံးလေး၊ ဦးထုပ်လေး ဆိုပြီး ရေးလိုက်တာပါ။ တခုတော့ရှိပါတယ်။ အဲဒီပို့စ်ထဲမှာ တိုက်ရိုက် ထည့်မရေးခဲ့ပေမဲ့ အခုတော့ မထူးတော့ပြီမို့ ပြောလိုက်ပါတော့မယ်။ ပထမလူက အင်္ဂလိပ် (သို့) ဥရောပသား လူဖြူ တယောက်ပါ။ ကားအနီပေါ်က ဆံပင်တွေ အုပ်ထားကြတဲ့ မိန်းကလေးတွေ ဆိုတာက ပါကစ္စတန်နိ မိန်းကလေးတွေပါ။ သူတို့ ဘာသာရေး ထုံးတမ်းစဉ်လာအရ ဆံပင် အုပ်ထားကြတာပါ။ ဦးထုပ်လေးက အာဖရိကန်သားပါ၊ ကားပေါ်က အမျိုးသမီးကြီး ဆိုတာကတော့ အင်္ဂလိပ်အမျိုးသမီးကြီး ဖြစ်ဟန်တူပါတယ်။ ကျမက အဲဒီလို ဘာလူမျိုးတွေဆိုတာ တိုက်ရိုက် မရေးချင်လို့ အသားရောင်ရယ် ၀တ်စားဆင်ယင်ပုံရယ်နဲ့ပဲ မသိမသာ ရေးပြခဲ့တယ်။ ကျမ ဆိုလိုချင်တာက အင်္ဂလိပ်လူမျိုးတွေဟာ ယဉ်ကျေးတယ်ဆိုပေမဲ့ ရိုင်းပျတဲ့လူတွေလည်း ရှိတယ်။ (ရိုင်းတဲ့လူနဲ့တွေ့လို့ ပြန်ရိုင်းလိုက်တာလည်း ဖြစ်နိုင်ပါတယ်။) အာဖရိကန်တွေ ရိုင်းတယ်ဆိုပေမဲ့ ယဉ်ကျေးတဲ့လူတွေလည်း ရှိတယ် … ဆိုတာကိုပါ။ ကျမရဲ့ စာက အဲဒီ အချက်ကို ရည်ညွှန်းချင်တာလည်း ပါပါတယ်။ (စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်း မြင်လိုက်ရတာမို့ သူတို့နာမည်တွေလည်း တခုမှ ကျမ မသိပါဘူး။)
“တနေ့ထဲမှာ တူညီပေမဲ့ ကွဲပြားတဲ့ အဖြစ်အပျက် နှစ်ခုကို မိနစ်ပိုင်းလေးပဲ ခြားပြီး ကြုံလိုက်ရတာ ကျမကို သင်ခန်းစာ ပေးလိုက်သလိုပါပဲ။ တလမ်းလုံး အဲဒီအဖြစ်အပျက် နှစ်ခုကို တစိမ့်စိမ့်နဲ့ တွေးနေမိတယ်။”
ကျမကို သင်ခန်းစာပေးသလိုပဲ ဆိုတာက ကျမက သင်ခန်းစာယူရမယ့် လူဖြစ်နေလို့ပေါ့။ ကျမက ဘယ်သူ့ကိုမှ ဆိုရေးရှိလို့ ဆိုတဲ့အနေနဲ့ သင်ခန်းစာပေးနေတာ မဟုတ်ပါဘူး။ ကျမကိုယ်တိုင် သင်ခန်းစာ ရခဲ့တာပါ။ နဂိုတုန်းက ကျမဟာ ဒီအချက်ကို ကိုယ့်ဟာကိုယ် မမြင်မတွေးမိဘူး။ ဒါကြောင့် ကျမမှားခဲ့ဖူးတယ်၊ ဒေါသတွေနဲ့ ပူလောင်ခဲ့ဖူးတယ်၊ အတေးအမှတ် အာဃာတတွေ ထားခဲ့ဖူးတယ်၊ ငါ့ကို ဒီလိုပြောရင် ဒီလို တုန့်ပြန်မှ ဆိုတဲ့ ဆတ်ဆတ်ထိမခံတဲ့ မာန်မာနတွေ ထားခဲ့ဖူးတယ် … အဲဒီ ကျမအမှားတွေအတွက် ကျမရှေ့မှာ ဖြစ်ပွါးခဲ့တဲ့ ဒီအဖြစ်အပျက် နှစ်ခုဟာ ကျမကို သင်ခန်းစာ ပေးသလို ဖြစ်သွားတယ်။ ဒါပါပဲ။
တခြားသူ တဦးတယောက် ကိုယ်မှန်တယ်ထင်တာပဲ ရေးရေး ဘာပဲရေးရေး ကျမ စိတ်မ၀င်စားပါက ဘာမှ မဝေဖန်လိုပါ။ ကိုယ့်အခွင့်အရေးနဲ့ ကိုယ် အလကားရတဲ့ ဘလော့မှာ စိတ်ကြိုက်ရေးနိုင်ပါတယ်။ ကျမကိုယ်တိုင်လည်း ကိုယ်ကြိုက်တာ ကိုယ်ရေးပြီး ကိုယ်ကြိုက်တာ ကိုယ် လက်လှမ်းမီသလောက် ဖတ်နေတာပါပဲ။ ကိုယ်မကြိုက်ရင်တော့ မဖတ်ပါဘူး။
ကျမမိဘတွေက ဘာသာရေး ကိုင်းရှိုင်းကြသူတွေမို့ ကျမလည်း ဘာသာရေးကို စိတ်ဝင်စားပါတယ်။ ကိုယ်တတ်နိုင်သလောက် လုပ်ပါတယ်။ ဒါပေမဲ့ ကျမသည်လည်း ပုထုဇဉ်တယောက် ဖြစ်တာမို့ ပုထုဇဉ်များနည်းတူ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန ကတော့ ရှိပါတယ်။ ဘုရားအမြဲရှိခိုး၊ တရားအမြဲနာနေပေမဲ့ ပုထုဇဉ်ပီပီ အမှားမကင်းနိုင်ပါဘူး။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အတိတ်က အမှားတွေကို ပစ္စုပ္ပန်မှာ သင်ခန်းစာအနေနဲ့ သတ်မှတ်ပြီး အနာဂတ်မှာ အမှားကင်းဖို့သာ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်လို့ ပြောရင်း ….
ကျမရဲ့ စာဟာ မည်သူ့ကိုမှ မရည်ရွယ်ပါ … တိုက်ဆိုင်ပါက တိုက်ဆိုင်မှုဟူ၍သာ သတ်မှတ်ပါလို့ပဲ ပြောချင်ပါတယ်။
***
မေတ္တာဖြင့်
မေဓာဝီ
၂၉၊ ဧပြီ၊ ၂၀၁၀
၂၀း၀၀ နာရီ