Saturday, March 19, 2011

တပေါင်းလနှင့် ဂါထာခြောက်ဆယ်

ဒီကနေ့ တပေါင်းလပြည့်နေ့ … ။
ကျောင်းဖွင့်ကတည်းက ဘလော့တွေ လည်ပတ်ဖတ်ရှုပြီး ကွန်မန့်ရေးတာတွေ မလုပ်၊ ကိုယ်တိုင်လဲ အသစ်မရေးဘဲ ကြိုးစား အားတင်းပြီး နေခဲ့တာ တပတ်ရှိသွားပါပြီ။ (ဘာမှလဲ မကြာသေးဘူး၊ စိတ်ထဲမှာတော့ အတော်ကြာနေသလိုပဲ) ကျောင်းဖွင့်တာနဲ့ စာတွေက များလွန်းလို့ ခင်မင်ရာ ခင်မင်ကြောင်း ဘလော့အပေါင်းကို သံယောဇဉ် မဖြတ်ချင်ဘဲ ဖြတ်ထားရတဲ့အတွက် ကျမရဲ့ ပျက်ကွက်မှုတွေကို အားလုံး နားလည်ပေးကြပါ။

ဒီနေ့ တပေါင်းလပြည့်နေ့မို့ မနက်စောစော အမလတ်ဆီ ဖုန်းဆက်ပြီး ဥပုသ်စောင့်ချင် စောင့်ရအောင် သတိပေးတော့ သူက တပေါင်းလပြည့်က ဘာနေ့လဲလို့ မေးတယ်။ ကျမလဲ ပြောချင်နေတာနဲ့ အတော်ပဲဆိုတော့ … တပေါင်းလက မြတ်စွာဘုရား ပြည်တော်ဝင် အခါတော်နေ့ ဖြစ်ကြောင်းက အစချီလို့ ကာဠုဒါယီ အမတ်ကြီးက တပေါင်းလသာယာပုံ ဂါထာတွေနဲ့ ပြည်တော်ဝင်ဖို့ မြတ်စွာဘုရားကို ပင့်ဖိတ်ကြောင်း အလယ်၊ ရှင်အုန်းညိုရဲ့ ဂါထာခြောက်ဆယ်ပျို့ အဆုံး … မရပ်မနား ပြောပြလိုက်တယ်။ ဒီတော့သူက …

“မဟုတ်ပါဘူး ငါက မြန်မာပြည်မှာ ဘာတွေလုပ်ကြလဲ မေးတာ” …
ဆိုတော့မှ ကျမလဲ …
“သြော် … မြန်မာပြည်မှာတော့ တပေါင်းလဆို ဘုရားပွဲတွေ လုပ်တယ်လေ၊ ရန်ကုန်မှာဆို ရွှေတိဂုံဘုရားပွဲပေါ့ … ခုနက ပြောပြတာက အဲဒီလို ဘုရားပွဲတွေ လုပ်ရခြင်းရဲ့ အကြောင်းရင်း ဇစ်မြစ်ကို ပြောပြတာလေ …” လို့ ပြောလိုက်ရတယ်။ လျှော့လို့တော့ မဖြစ်ဘူး မဟုတ်လား။

တပေါင်းလပြည့်နေ့က စနေနေ့နဲ့လဲ တိုက်ဆိုင်တော့ ကျောင်းမသွားရတဲ့တူတူ န၀င်္ဂသီလ ဆောက်တည်ဖြစ်တယ်။ အမကို တပေါင်းလနဲ့ ပတ်သက်တာ ပြောပြရင်း ခြောက်ကပ်နေတဲ့ ဘလော့လေးလဲ အသက်ဝင်ရအောင် ရှင်အုန်းညိုရဲ့ ဂါထာခြောက်ဆယ်ပျို့ထဲက တပေါင်းလရဲ့ သာယာပုံ လျှောက်တင်ခန်းကို တင်မယ်လို့ စိတ်ကူးဖြစ်တယ်။ တပေါင်းလပြည့်နေ့ အမှတ်တရ ဆိုပါတော့။ ရှင်အုန်းညိုရဲ့ ပြောင်မြောက်တဲ့ အသုံးအနှုန်းနဲ့ ရေးဖွဲ့မှုတွေကို ဖတ်ရတာ အလွန်ကို နှစ်သက်ဖို့ ကောင်းလှပါတယ်။ ဒီနေရာမှာ အီးဘွတ် ပီဒီအက်ဖ်ဖိုင် တင်ထားတာ တွေ့ပေမဲ့ ကိုယ့်ဘလော့လေးမှာလဲ တင်ချင်လွန်းလို့ တင်လိုက်တာပါ။ ဖတ်ကြည့်ကြပါအုံး။
***

ဆောင်းကူးနွေစ တပေါင်းလ သာယာပုံ
လျှောက်တင်ခန်း
(ရှင်အုန်းညို)

လူ့ဘုံသုံးပါး၊ အထွတ်ထား၍၊ တရားရသာ၊ မြိုက်သြဇာဖြင့်၊ သတ္တ၀ါလူ၊ ခပ်သိမ်းသူကို၊ ဆယ်ယူကယ်နိုင်၊ ရွှေပြည်ခိုင်သို့၊ တိုင်တိုင်ဘေးလွတ်၊ ပို့ပေတတ်သည်၊ လူနတ်ဆရာ၊ ရတနာဟု၊ မဟာဝီရ၊ လုံ့လအခေါင်၊ ဗောဓိညောင်နှိုက်၊ ခြောက်ရောင်လျှံဝါ၊ ဉာဏ်စကြာနှင့်၊ သစ္စာရဲးရဲး၊ ပွင့်ဆဲးဆဲးလျှင်၊ အံ့အဲးမနိုင်၊ ဆွယ်ပြိုင်နှိုင်းသော်၊ တုမမြော်သည်၊ ဘုန်းတော်ထွန်းလစ်၊ တို့သျှင်ချစ် … ။ အဖြစ်ကြောင်းလျား၊ မှာစကားကို၊ ဦးဖျားထိပ်ထက်၊ လျှောက်ကြားဆက်အံ့၊ ဘွားချက်မြှုပ်ထွေ၊ ဇာတိနေသား၊ အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊ တကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္ဗာမြောက်သား၊ သည်းချားရာဟု၊ မျှော်ရာရှုလျက်၊ တစုတရုံး၊ ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြတ်ကြင်နာသော်၊ ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊ တသောင်းဗိုလ်တွင်၊ ကျွန့်ကိုနောက်ဆင့်၊ ချီပင့်ရလှာ၊ ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလှဲးပြောင်းသား၊ တပေါင်းနွေလ၊ ဂိမှာနဟု၊ သာလှပျော်မှု၊ သည်ရတုနှိုက်၊ ညွန့်နုဆဲးဆဲး၊ မီးလျှံခဲးသို့၊ ရဲးရဲးပြောင်ပြောင်၊ တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင်ပေါပည်း၏့၊ ခမည်းတော်တောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှာ၊ တောင်းပန်ထွာသည်။ … ။ သွားခါကာလ တန်ပြီတည်း။

မျှော်ရှုမျှော်ရှု၊ မျိုးတစုတွင်၊ ရာဟုအမိ၊ တစိဘွားတော်၊ မြောက်သားတော်နှင့်၊ သုဒ္ဓေါ်မွေးဘ၊ ရူတတင်းမေး၊ မိထွေးဂေါတမီ၊ ကလျာဏီတို့၊ ညီကားမင်းနန်၊ မကျန်လုံးခြုံ၊ ဇာတိဘုံဝယ်၊ အပုံမျိုးပေါင်း၊ ဆွေရှစ်သောင်းတို့၊ လွမ်းဟောင်းမပြေ၊ လွမ်းထွေကဲးဆင့်၊ ကွာသည်မြင့်ဟု၊ ယခင့်ရှေးသော်၊ ရွှေနန်းတော်နှိုက်၊ နှစ်ဘော်မောင်နှံ၊ ဗိုလ်ရှုခံလျက်၊ နတ်စံအလား၊ မိထွတ်ဖျားနှင့်၊ သိကြားသူဇာ၊ သက်ကျလှာသို့၊ မတ်ရာများဘောင်၊ လူ့တန်ဆောင်ကို၊ ယခေါင်ထက်တိုက်၊ ချစ်ဝမ်းပိုက်လျက်၊ ခေါ်စိုက်မေးစမ်း၊ ပြည်လုံးလွှမ်း၍့၊ ဆိုတမ်းအသံ၊ နှုတ်မညံ့တည့်၊ ကျံကျံသီးသီး၊ ပူပန်ကြီးသော်၊ ညီးညီးဝင်းဝင်း၊ တရားမင်းကြောင့်၊ သတင်းကြားကာ၊ မနေသာခဲ့၊ သွားခါတန်စွ၊ ဤကာလက၊ ချမ်းမြမသန်၊ ပြင်းထန်မပူ၊ လွင့်မြူမထောင်း၊ ညွန်ပြောင်းမချဉ်း၊ လေပြင်းမလာ၊ သည်းစွာထစ်ကြိုး၊ အုံ့မိုဃ်းမစွေ၊ ရေလည်းမကြီး၊ ခရီးဓွန့်ရှည်၊ နှစ်သောင်းထေရ်နှင့်၊ ရောင်ခြည်ပြိုးပြက်၊ အောက်ထက်မညံ၊ ထွန်းရိပ်လျှံမျှ၊ မဆံတူရိုး၊ သကျမျိုးကို၊ မြတ်နိုးလွန်ကျူး၊ အံ့မိန်းမူးလျက်၊ နဖူးထိပ်ပြင်၊ ရှိပန်ဆင်လျက်၊ ထိုတွင်ပြည်သူ၊ ဆုယူဆုတောင်း၊ မျှော်လင့်ရှောင်းသည်။ … ။ ချမ်းဆောင်းဟေမန် လွန်ပြီတည်း။

မြော်ဆုမြော်ဆု၊ တောင့်တပြုလျက်၊ မျှော်ရှုမပြတ်၊ သုံးလူ့ထွတ်ကို၊ ရိုညွတ်ပြင်းစွာ၊ ချစ်သဒ္ဓါ၍့၊ တကာတော်ရင်း၊ မွေးဘမင်းကား၊ ကြောင်းခြင်းပြန်ခေါက်၊ ဆယ်ထောင်မြောက်လျှင်၊ ဆယ်ခေါက်မင်းစေ၊ ပင့်ရထွေကို၊ ပရမေထိပ်မိုး၊ ထွတ်ခေါင်စိုးသည်၊ နွယ်ရိုးမြတ်လှ၊ မုနိန္ဒလျှင်၊ ဒေသရပ်ဟောင်း၊ ဆွေရှစ်သောင်းသို့၊ ရက်ပြောင်းခြောက်ဆယ်၊ ဝေးဓွန့်ကျယ်လည်း၊ သွားဘွယ်ချိန်ထောက်၊ ထိုပြည်ရောက်က၊ အနောက်တူရူ၊ ရှုတော်မူလျက်၊ မပြူနိုင်ပြီ၊ ရွှေစက်ချီ၍့၊ ရောဟိနီမြစ်၊ ကူးတုံလစ်က၊ သျှင်ချစ်ဌာန၊ ကပိလနှင့်၊ ကောဠိယတွင်၊ သာကိဝင်တို့၊ ပျော်အင်နှစ်ခြိုက်၊ ရှိပန်းစိုက်အံ့၊ ကျွတ်ထိုက်ရာရာ၊ လူတကာကို၊ ချမ်းသာရပ်တင်၊ ပို့စေချင်သည်။ … ။ မဂ္ဂင်အမြိုက် တန်ပြီတည်း။

ဘော်စုဘော်စု၊ ခေါ်သာဓုဖြင့်၊ လွမ်းမှုစည်းဝေး၊ ကြည်စိတ်ပြေးလျက်၊ ရေးရေးထင်လွန်း၊ ဆယ်ခိုင်ပန်းဖြင့်၊ ဦးစွန်းတူရူ၊ ပွင့်လူလူလျှင်၊ မည်သူမပြိုင်၊ ထွတ်ဖျားတိုင်သား၊ ဦးကိုင်ချက်မ၊ သုံးလူ့ဘကို၊ မြင်ရနိုးနိုး၊ ရှစ်သောင်းမျိုးတွင်၊ မင်းစိုးသုဒ္ဓေါ်၊ ခမည်းတော်က၊ ဖူးမြော်ချင်လှ၊ ခါနိစ္စဖြင့်၊ ပါဒနက်သန်၊ မြတ်ခြင်းလွန်သား၊ စက်မွန်နှစ်ဘော်၊ ဖ၀ါးတော်ကို၊ ကော်ရော်ထိပ်ထက်၊ မြဲးစွာရွက်၍့၊ စုံမက်ပြင်းလှ၊ ဖူးချင်တလျက်၊ ဘယ်လဘယ်နေ့၊ ဘယ်နံတွေ့၍့၊ စေ့စေ့ခြင်းတ၊ ပြန်တုံရအံ့၊ မြမြချိုစွာ၊ မြိုက်ရသာကို၊ တကာဆွေကောင်း၊ လူအပေါင်းနှင့်၊ ဆယ်ချောင်းဦးထိ၊ ကြားရဘိမူ၊ မြှေးငြိဝိဇ္ဇာ၊ ဘယာမောဟ၊ ရာဂမြစ်စည်၊ သံသာရှည်လည်း၊ ရွှေပြည်မဂ်ဖိုလ်၊ မခဲးငြိုတည့်၊ ကျွန့်ကိုမှာထား၊ လျှောက်လိုက်ကြားသည်။ … ။ တရားအရ မှန်ပြီတည်း။

ပျော်မှုပျော်မှု၊ မျှော်ကြည့်ရှု၍့၊ ရတုကောင်းစွာ၊ ဤအခါကား၊ သာသည်ညင်းညင်း၊ မြောက်လေကြွင်းနှင့်၊ ဆီးနှင်းမကုန်၊ ပူဟုန်မသည်း၊ ပျံ့ပျံ့ဖြည်းသား၊ တိမ်မည်းမဆိုင်၊ မြည်အိုင်ရိုက်ကြူး၊ မင်းလွင်မြူးသား၊ နွေဦးသရစ်၊ အခါဖြစ်၍၊ သျှင်ချစ်ဘုရား၊ သုံးလူ့ဖျားလျှင်၊ ဖ၀ါးစက်တော်၊ ချီတုံသော်လည်း၊ ထော်လော်စုန့်လုန့်၊ မြေမှုန့်မြေကြမ်း၊ ခရီးလမ်းနှိုက်၊ သာချမ်းညံ့စေ၊ လွှဲးဖယ်လေလျက်၊ ပရမေထွန်းပေါ်၊ မြတ်နုဘော်ဖြင့်၊ သျှင်တော်မှန်စင်၊ ငါ့သခင်ကို၊ စက်ရှင်မြုတေ၊ ကြွသာစေဟု၊ ဝေးမြေတပါး၊ ဖဲးနှင့်ရှား၍၊ ပြန်သွားမငြီး၊ သဲးမွေ့နှီးသည်။ … ။ ခရီးသာစွ မွန်ပြီတည်း။

ပေါ်လှုပေါ်လှု၊ ညွှန့်သစ်နုနှင့်၊ ရတုသာထွေ၊ နွေကားရောက်ပြီး၊ ဆောင်းအမြီးဟု၊ ခရီးလမ်းလျဉ်၊ ခက်ချင်းယှဉ်သား၊ ပင်စည်ဖြူးဖြူး၊ ရိပ်စက်ကူး၍၊ ငုံဖူးစီစို့၊ တချို့ကားပွင့်၊ ကင်းနှင့်မညံ၊ မီးလျံသဘွယ်၊ ၀င်းဝင်းကယ်မျှ၊ မြိုင်လယ်ရဲးရဲး၊ အခဲးခဲးတိ၊ တော်ထဲးစုံကောင်း၊ ပန်းအပေါင်းနှင့်၊ ရွက်ဟောင်းပင်အောက်၊ ဖူးညှောက်လူလူ၊ ထွက်စပြူလျက်၊ ပျံ့ကြူဧးဧး၊ လေညှင်းသွေးသော်၊ မွှေးမွှေးရဂုံ၊ သင်းနံ့ထုံသို့၊ ပြောစုံခန့်ချုံး၊ ပွင့်ရောင်ဖုံးသည်။ … ။ တောလုံးညွန့်သစ် လှန်ပြီတည်း။

ယော်နုယော်နု၊ ရွက်သစ်ပြုလျက်၊ ရတုအလိုက်၊ ခက်ချင်းဆိုက်၍့၊ အကိုက်ငုံဖူး၊ ဖြူးရရူးလျှင်၊ တန်ခူးမပြောင်း၊ တပေါင်းမကုန်၊ ပူဟုန်မပြင်း၊ နှင်းလည်းစဲးစ၊ ကာလသာထွေ၊ ဆောင်းနွေဆိုးဆမ်း၊ ပူချမ်းနှစ်ပါး၊ ဆွေတော်များတို့၊ ဘုရားမြတ်စွာ၊ ဖူးအံ့ခါကား၊ သာယာသောတိ၊ ကြွဘွယ်ရှိစွ၊ ခရီ့းဆစ်ပိုင်း၊ လမ်းစဉ်တိုင်းတုံ၊ သစ်ကိုင်းညွန့်လန်း၊ ဂနိုင်ပန်းတိ၊ ထက်ဝန်းဖြင်မျှ၊ ပွင့်လတ်ကြသော်၊ ရွှင်ပျမြည်ရှုန်း၊ ပိတုန်းမည်းနက်၊ ၀တ်ရက်ယူယူ၊ ချမ်မူဘော်နှော၊ ရဂုံတောဝယ်၊ ဥသြကျေးငှက်၊ ယှဉ်ဘက်မကွာ၊ ဟင်္သာပဲးထွေး၊ သံလေးကျူးဆင့်၊ ကြွေးရင့်မညံ၊ ခုန်ပျံပြေးသွား၊ တပင်းနားလျက်၊ ပင်ဖျားပင်ခြေ၊ မွမ်းမွမ်းထွေလျက်၊ စုံမြေရိပ်ကောင်း၊ ရွေများပေါင်းသည်။ … ။ ဥဒေါင်းမောရ တွန်ပြီတည်း။
ဆောင်းကူးနွေစ တပေါင်းလသာယာပုံ လျှောက်တင်ခန်း ပြီး၏။
***
လပြည့်နေ့လေးတွေဟာ ကျမအတွက် အမြဲအမှတ်တရ ဖြစ်စေပြီး ထူးခြားတဲ့ စိတ်ခံစားမှုကို ပေးစွမ်းတဲ့အတွက် ဘ၀မှာ အရေးပါတဲ့ နေ့တွေလို့ဆိုရင် မမှားပါဘူး။ ဒီလိုနေ့မျိုးမှာ ဗုဒ္ဓရဲ့ စည်းကမ်းနဲ့ အညီ သီလဆောက်တည်လို့ ကိုယ်နှုတ်စိတ်ကို ထိမ်းသိမ်းရင်း ဗုဒ္ဓကို ပူဇော်တဲ့ ဂါထာတော်တွေ ရွတ်ဖတ်ပြီး သတ္တ၀ါ အများကို မေတ္တာပို့ကာ စိတ်အေးချမ်းစေဖို့ ဆုတောင်းမိပါတယ်။

မေတ္တာဖြင့် …
မေဓာဝီ
၁၉၊ မတ်၊ ၂၀၁၁
၁၃း၃၆ နာရီ

တပေါင်းလပြည့်နှင့် ပတ်သက်၍ ရေးခဲ့သမျှ
၁) ထူးခြားသော ဒီသောကြာ (၂၀၀၇ - မတ်)
၂) တပေါင်းလပြည့် အလွမ်း (၂၀၀၉ - မတ်)

မှတ်ချက်။ ... ။ ရှင်အုန်းညို ဂါထာခြောက်ဆယ်ပျို့ စာအုပ်ပါ သတ်ပုံသတ်ညွှန်းအတိုင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။

Read More...

Sunday, March 13, 2011

ကံ့ကော်ပွင့်ချိန် ...

“ဒီအချိန်ဆို ကံ့ကော်တွေ ပွင့်နေလောက်ပြီ”
မတ်လ ၀င်စကတည်းက ထိုသို့ တွေးနေမိခဲ့သည်။ တလောက ဦးဟန်ကြည် ဘလော့ထဲမှာ ဆယ်တန်းတွေ စာမေးပွဲဖြေနေပြီဆိုတာ ဖတ်လိုက်ရတော့ ဒါဆိုရင် ကံ့ကော်တွေ ပွင့်ကို ပွင့်နေမှာပဲဟု ကိုယ့်အတွေးကိုယ် အတည်ပြုမိလိုက်သေး၏။ များသောအားဖြင့် ဆယ်တန်းစာမေးပွဲ ဖြေချိန်နဲ့ ကံ့ကော်ပွင့်ချိန်က တိုက်ဆိုင်တတ်သည်ပဲ။ အင်း … ဒီအချိန်ဆို အိမ်ခြံဝင်းထဲက ကံ့ကော်ပင်ကြီးမှာ ကံ့ကော်ပန်းတွေ ဝေနေရောပေါ့ … ။

တွေးကြည့်ရုံဖြင့် ကံ့ကော်ရနံ့က ဂန္ဓာရုံမှာ သင်းပျံ့၍လာသည်။ စိမ်းမြမြ အရွက်များကြားဝယ် ဖြူစင်သောပွင့်ဖတ် ၀ါလွင်သောဝတ်ဆံတို့နှင့် ပျိုမျစ်နုနယ်စွာ တင့်တယ်နေမည့် ကံ့ကော်ပန်းများ၏ အသွင်က အမြင်အာရုံထဲ ရစ်ဝဲ၍လာသည်။
ဘယ်တော့မှ မမေ့ပျောက်နိုင်သည့် အရာများ … ထိုကံ့ကော်ပန်းများက ဘ၀၏ အစိတ်အပိုင်းတချို့မှာ ကြီးစိုးခဲ့ဖူးသည်လေ … ။

အိမ်က ကံ့ကော်ပင်ကြီးနှစ်ပင်ကို အမေစိုက်ခဲ့သည်ဟု ပြောပြဖူးသည်။
“တက္ကသိုလ်ကျောင်းထဲက မျိုးယူပြီးစိုက်တာ” … ဟု အမေပြောခဲ့ဖူးသဖြင့် ထိုကံ့ကော်တွေကို ပို၍ မြတ်နိုးခဲ့ရလေသလား မသိ။ တကယ်တမ်း ထိုစဉ်က တက္ကသိုလ်ဆိုသည့် နေရာကို ရောက်ပင် မရောက်ဖူးသေးပါ။ သို့ပေမဲ့ တက္ကသိုလ်ဆိုသည်က မြင့်မြတ် ကြီးကျယ် ခန်းနားသည့် ဒေသတခုဟု စိတ်ထဲ စွဲသိနေသည်မို့ ထိုဒေသ၏ အထင်ကရ သစ်ပင်မျိုးဆက်တွေ မိမိခြံထဲမှာ ရှင်သန်နေခြင်းကို ကျေနပ်လှသည်။

သိတတ်စ အရွယ်မှာကတည်းက ထိုကံ့ကော်ပင်ကြီးနှစ်ပင်က အတော်လေး ကြီးနေပြီ။ ကံ့ကော်ပင်က အရွက်စိပ်စိပ်နှင့် သိပ်သိပ်သည်းသည်း ရှိလှတာကြောင့် အပင်အောက်မှာ နေပြောက်မထိုး။ ကံ့ကော်ရွက်တွေက ရွက်နုထွက်စဆိုလျှင် နီတျာတျာအသွေး၊ တဖြည်းဖြည်း စိမ်းညိုရောယှက်၊ ထိုမှတဖန် စိမ်းဖန့်ဖန့်၊ နောက်ဆုံးမှာတော့ ခပ်ရင့်ရင့် စိမ်းသွားတတ်သည်။

စိမ်းရင့်နေသည့် ကံ့ကော်ရွက်တွေကို မမီတမီခုန်ခူးကာ ခေါက်ချိုးချိုး၊ ထိပ်ဖြတ် နောက်ဖြတ် ဖြတ်ကာ ပီပီမှုတ်ပြီး ကစားခဲ့ကြဖူးသည်။ ကံ့ကော်ပင်ကြီးအောက်မှာ သစ်သား ခုံဝိုင်းလေး ပတ်ရိုက်ထားသည်မို့ နွေရာသီမှာ ကံ့ကော်ရိပ်က ချွေးသိပ်အပမ်းဖြေ၍ ကောင်းသော နေရာလေးတခု။ မိုးတွင်းဆိုလျှင် ကံ့ကော်ပင်အောက်၌ ကြွေကျနေသည့် ကံ့ကော်သီးတွေက အညှောက်ကလေးတွေ ထွက်ပြီး အပင်လေးတွေ ပြန်ပေါက်တတ်သည်။ ထိုသို့ဖြင့် ခြံထဲမှာ ကံ့ကော် မျိုးဆက်သစ်တွေ တပင်ပြီး တပင် ရှင်သန် ပေါက်ဖွားခဲ့ကြလေ၏။

ဆောင်းအကုန် နွေအကူး၊ နွေဦးဝင်စ ခုလိုကာလမျိုး ဆိုလျှင်တော့ ကံ့ကော်ပင်ကြီးမှာ အဖူးတွေ ဖွေးဖွေးလှုပ် ဖူးနေပြီ။ ထို့နောက် တပွင့်စ နှစ်ပွင့်စမှသည် တပင်လုံး ခဲနေအောင် ပွင့်ကြပြီ။ တအိမ်လုံးမှာ ကံ့ကော်ရနံ့တွေ ကြိုင်နေ လှိုင်နေပြီ။ ထိုသို့ဆိုလျှင် အိမ်မှာ ကူဖော်လောင်ဖက် ခေါ်ထားသည့် အမကြီးက လွယ်အိတ်တလုံး လွယ်ပြီး သစ်ပင်ပေါ်တက်ကာ ပန်းတွေ ရသလောက် ခူးလေ့ရှိသည်။ ခူး၍ရသမျှ ပန်းတွေထဲမှ ဦးဦးဖျားဖျားကို ဘုရားကပ်၊ အိမ်နီးချင်းတွေဝေ၊ ကျန်သည့် ပန်းတွေကိုတော့ လေးငါးပွင့်စီ စုပြီး နှီးကြိုးဖြင့်စည်း၊ ဗန်းလေးထဲထည့်ကာ အရပ်ထဲလည်၍ ပန်းရောင်းထွက် လေတော့သည်။ ထိုအမကြီးသည် ကံ့ကော်ပင် နှစ်ပင်မှ ပွင့်သည့်ပန်းတွေ ရောင်းချရသည့်ငွေဖြင့် နှစ်စဉ် ၀ါဆိုသင်္ကန်း ကပ်လေ့ရှိ၏။ သူ၏ အလှူမှာ ကိုယ်တွေလဲ လုပ်အားဒါန ပါရလေအောင် ပန်းစည်း စည်းပေး နှီးဖြာပေး စသဖြင့် ကူညီ လုပ်အားပေးခဲ့ဖူးပါသည်။

“ကံ့ကော်ပန်းလေးက ကျောင်းသူလေးတယောက်နဲ့ မတူဘူးလား … အင်္ကျီဖြူ၊ လုံချည်စိမ်းနဲ့ ပါးကွက်ဝါ၀ါလေး ကွက်ထားတဲ့ ဆယ်ကျော်သက် ကျောင်းသူကလေးပေါ့ …”

ပန်းတွေကို နှစ်သက်မြတ်နိုးပေမဲ့ ကိုယ်တိုင်က ပန်းမပန်တတ်သူမို့ ကံ့ကော်ပန်းလေးတွေကို ကျောင်းအင်္ကျီ ရင်ဘတ်တံဆိပ်မှာ ထိုးပြီး ပန်းရင်ထိုးဖြင့် ကျောင်းတက်ခဲ့ဖူးသည်။ ကံ့ကော်ရနံ့ကြောင့် လူက တနေ့လုံး လန်းဆန်း နေတတ်သည်။ ညှိုးနွမ်းသွားသော ပန်းလေးတွေကိုပင် လွှင့်မပစ်ရက်။ သနပ်ခါးကျောက်ပျဉ် အုပ်သည့် ၀ါးဆန်ကာကုံးလေးထဲ ထည့်ကာ အခြောက်ခံထားပြီး ၀တ်မှုန်လေးတွေကို သနပ်ခါးထဲ ထည့်သွေး၍ လိမ်းခဲ့ဖူးသည်။ ၀ါညက်ညက် မွှေးပျံ့ပျံ့ ကံ့ကော်သနပ်ခါးကို နှစ်ခြိုက်စွဲမြဲစွာ လိမ်းခဲ့ဖူးသည့် ငယ်ဘ၀က မမေ့ရက်စရာ။

ရန်ကုန်တက္ကသိုလ်ပင်မမှာ ကျောင်းတက်ရတော့ ကံ့ကော်တွေနှင့် ကျွမ်းဝင် ရင်းနှီးရပြန်သည်။ အစဉ်အလာကြီးမားသည့် တက္ကသိုလ်မြေ၏ ကံ့ကော်တောမှာ ပျော်မွေ့ သာယာခဲ့ဖူးသည်။ ကံ့ကော်ရနံ့မှာ မိန်းမော နှောင်ဖွဲ့ခဲ့ဖူးသည်။ အနီရောင်လွှမ်းသည့် ကံ့ကော်ပန်းတွေကြောင့် အံ့မခန်း ဖြစ်ခဲ့ရဖူးသည်။
“ပန်းကံ့ကော် ၀င်းဖန့် … သင်းပျံ့ကြိုင်လှိုင်ထုံ … တို့တက္ကသိုလ်ဂုဏ် …”
တက္ကသိုလ်မြေကို ကျောခိုင်းခဲ့သော်လဲ သတိရတိုင်း သီချင်းတပိုင်းတစကို နှုတ်ဖျားမှာ ညည်းတွားမိရင်း ကံ့ကော်ရနံ့တွေ ရစ်ဝဲသင်းပျံ့နေဆဲ၊ ကံ့ကော်အိပ်မက်တွေ အထပ်ထပ် ဆက်မက်နေဆဲ။

တက္ကသိုလ်မြေက ကံ့ကော်တောနှင့် ဝေးခဲ့သော်လဲ ခြံထဲက ကံ့ကော်တန်းမှာ ခြေခင်းလက်ခင်းသာသော ညနေတိုင်းလိုလို လမ်းလျှောက်ဖြစ်ခဲ့သည်။ ထိုသို့ ကံ့ကော်တန်းမှာ လမ်းလျှောက်ကြပြီဆိုလျှင်အမေက ကံ့ကော်ပင်ကြီးတွေကို အမြဲရေလောင်းလေ့ရှိသည်၊ ညဘက်ဆို တခါတလေ အမွှေးတိုင်လေး ဖယောင်းတိုင်လေးများ ပူဇော်တတ်သေးသည်။
“နောင်ပွင့်မယ့် အရိမေတ္တေယျ မြတ်စွာဘုရားက ကံ့ကော်ပင်အောက်မှာ ပွင့်မှာ၊ ကံ့ကော်က ဗောဓိထိုက်တဲ့ အပင်ပဲ၊ ဒါကြောင့် ခုလို ရေတွေမီးတွေ ပူဇော်တာ”

ဒီလိုနှင့် ကံ့ကော်ကို ပို၍ မြတ်နိုးတတ်လာ၏။
***
“အမေ … ကံ့ကော်ပန်းတွေ ပွင့်နေပြီလား …”
သောကြာနေ့က အမေနဲ့ အွန်လိုင်းမှာ စကားပြောဖြစ်စဉ် သတိတရ မေးကြည့်မိသည်။
“ပွင့်နေပြီပေါ့ အများကြီးပဲ”
“ဟယ် ဟုတ်လား … ကြည့်ချင်လိုက်တာ … ဓာတ်ပုံရိုက်ပြီး သမီးဆီ ပို့ပေးပါလားဟင်”
မရနိုင်မှန်း သိလျက်နှင့် ပူဆာကြည့်မိပြန်သည်။
“ဘယ်သူမှ မအားပါဘူးအေ … ရိုက်ပြီးလဲ ပို့လို့ အဆင်ပြေမှာမဟုတ်ဘူး၊ ကွန်နက်ရှင်က သိပ်ကောင်းတာမှ မဟုတ်ဘဲ”
“ဟင် … အမေကလဲ”

“နင် အဲဒီပုံတွေရရင် ၀က်ဘ်ဆိုက်မှာ တင်အုံးမှာ မဟုတ်လား”
အကြောင်းသိနေသည့် အမကြီးက ဘေးမှ ၀င်ပြောသည်။ နောက်တော့ အမေက သနားသွား၍ထင့် … ဘုရားပန်းအိုး ထိုးထားတဲ့ ကံ့ကော်ပန်းတွေ ယူလာပြသည်။
“ကံ့ကော်ပန်းလေးတွေက လှလိုက်တာ … ဒီကတောင် ကံ့ကော်နံ့လေးတွေ ရလာသလိုပဲ”
စိတ်လှုပ်ရှားကာ တတွတ်တွတ် ပြောနေမိသည်။ ပန်းတွေက ၀က်ဘ်ကမ်မှ တဆင့်ဆိုတော့ ခပ်ဝါးဝါး၊ ဒါပေမဲ့ လှသည်။ ကြည့်ချင်သည့် အချိန်မှာ မြင်လိုက်ရ၍ စိတ်အဆာပြေကာ ကျေနပ်သွားသည်။ ပုံရိုက်ချင်၍ မြင်သာအောင် ဟိုဘက် ဒီဘက် လှည့်ပြပေးဖို့ ပူဆာမိပြန်သည်။ အမေတို့ကလဲ ဒီတခါတော့ စိတ်ကျေနပ်အောင် ပန်းအိုးလေးကို ရှုထောင့်အမျိုးမျိုး လှည့်ပြောင်းကာ ရွှေ့ပြသည်။




ထိုသို့ဖြင့် ဒီကံ့ကော်ပန်း ဓာတ်ပုံလေးတွေ ရခဲ့လေသည်။
***
ဒီရက်ပိုင်း အိမ်ရှေ့မှာ Daffodils တွေ စပွင့်ခဲ့သည်။ ဘိလပ်သို့ ရောက်ခါစက ထိုပန်းတွေ စပွင့်တာ မြင်တော့ ရင်ခုန်လှုပ်ရှားခဲ့ရသည်။ ငယ်စဉ်က ကျောင်းသင်ခန်းစာ ကဗျာထဲမှာ သင်ခဲ့ရသည့် ထိုပန်းကလေးတွေကို ကိုယ်တိုင်မြင်ခွင့်ရတော့ ပျော်လိုက်သည် ဖြစ်ခြင်း။ ဓာတ်ပုံတွေရိုက်ယူရတာလဲ မနည်း။ ခုချိန်မှာတော့ ထိုစဉ်ကလို စိတ်လှုပ်ရှားမှု မရှိတော့၊ ဓာတ်ပုံလဲ မရိုက်လိုတော့။ မြင်ပါများလို့ ရိုးသွားသည်လား၊ ကြာလာ၍ သွေးအေး သွားခဲ့သည်လား။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်ကြည့်မိ၏။

ဒါဆိုရင် … တသက်လုံး မြင်လာခဲ့တဲ့ ကံ့ကော်ပန်းတွေကိုတော့ ဘာလို့ ရိုးမသွားသလဲ၊ သွေးအေးမသွားသလဲ … ဘာလို့ တတမ်းတတ ဖြစ်နေရသလဲ … ပန်းပွင့်လေးတွေ မြင်ရုံနဲ့ ဘာလို့ ရင်ခုန်လှုပ်ရှားနေရသလဲ … ။

မတူပါ။ မည်သည့်နည်းနဲ့မှ မတူနိုင်ပါ။
ကံ့ကော်ရဲ့ ရာဇ၀င်တွေ၊ ကံ့ကော်ရဲ့ သမိုင်းတွေနဲ့ ကံ့ကော်ရဲ့ တန်ဖိုးတွေကို ကံ့ကော်မြေက လူတွေပဲ သိနိုင် ခံစားနိုင်သည်။ daffodils ပန်းတွေရဲ့ အလှအပကိုတော့ သူ့ပြည်သူ ပြည်သားတွေသာ ခံစားကြပါစေတော့ … ။ ဘယ်လောက်ပဲ ကြီးကျယ်မြင့်မြတ်တဲ့ နေရာပဲ ရောက်ရောက်၊ ဘယ်လောက်ပဲ ခမ်းနားအောင် ကဗျာလင်္ကာတွေနဲ့ ဖွဲ့ဆိုထားထား ရင်ခုန်သံချင်း နီးစပ်မှသာ ခံစားချက်တွေ ထပ်တူ ညီမျှနိုင်မည် မဟုတ်လား။

တွေးမိရင်း အလွတ်ရနေသည့် ကဗျာတပုဒ်ကို စိတ်ထဲက ရွတ်ဆိုနေမိ၏။

အေးရိပ်သာတဲ့ ပြည်ညောင်ညို
ဥသြတွန်သံချို
ဒိုးယိုစီးတဲ့ နဒီတွင်း
သမင်ရေသောက်ဆင်း
မြက်ခင်းလဲ့လဲ့ မြေညီညီ
ကံ့ကော်ဝတ်မှုန်စီ
ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း
လူလေး သွားချင်စမ်း … ။ … ။

သြော် … သွားချင်စမ်းပါဘိတော့ ကံ့ကော်ရွှေပြည် … ။
***
မေဓာဝီ
၁၃၊ မတ်၊ ၂၀၁၁
၀၁း၂၇ နာရီ

Read More...

Friday, March 11, 2011

ဝသုနြေ္ဒ၏ ရှိုက်သံ (၂)

(ပုံယူရာ)

ဝသုနြေ္ဒ၏ ရှိုက်သံ

အခါတပါး၌ လူတို့သည် …
မြေပေါ်မှာဖွား မြေတွင်ပျော်ပါးကြကုန်၏။
မြေအားထွန်ယက် စိုက်ပျိုးလျက်ရှိကြကုန်၏။
မြေကိုတူးဆွ အိုးအိမ်တည်ဆောက်ကြကုန်၏။

ထို့နောက်တဖန် …
မြေကိုထွင်းဖောက် ရတနာကျောက်တို့ကို ရယူကြကုန်၏။
မြေကို ဖောက်ခွဲ ကျောက်ခဲမကျန် အသုံးတော်ခံကြကုန်၏။
မြေပေါ်စွန့်ပစ် အညစ်အကြေး မြေကိုလိမ်းကျံပေးကြကုန်၏။

ထိုသို့လျှင် …
မြေ၏အနှစ် ရသမျှ ညှစ်ထုတ်ကြကုန်၏။
မြေ၏အနာ ဒဏ်ရာဒဏ်ချက် ဥပေက္ခာပြုလတ်ကုန်၏။
မြေပေါ်ကျောခင်း မြေပေါ်နင်း၍ မြေကို မေ့လျော့ကြကုန်၏။

ထိုသောအခါ …
ဝသုနြေ္ဒ ကမ္ဘာမြေကြီး

နာကျည်းငိုရှိုက်
သည်းခိုက်စွာ တုန်လှုပ်လေတော့ သတည်း။ … ။
***

မေဓာဝီ
၁၁၊ မတ်၊ ၂၀၁၁
၁၇း၀၄ နာရ

Read More...

Thursday, March 10, 2011

လိပ်ပြာသိစေ ...

တလောက မလေး (အိမ့်ချမ်းမြေ့) ဘလော့ကို ရောက်သွားတော့ “ပန်းနဲ့ လိပ်ပြာ” ဆိုတဲ့ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာလေးကို တွေ့လိုက်ရတယ်။ ငယ်ငယ်ကတည်းက ကြိုက်လို့ အလွတ်ရခဲ့တဲ့ ကဗျာလေး တပုဒ်ပါ။ မောင်စိန်ဝင်းရဲ့ ပန်းနဲ့ လိပ်ပြာကို ဖတ်ပြီးတော့ မလေးရဲ့ “ပန်းဘ၀” ဆိုတဲ့ ကဗျာလေး ကိုလဲ အဲဒီပို့စ်မှာ ဖတ်ရပါတယ်။ အဲဒီကဗျာတွေဖတ်ရင်း တခါက အဖေရေးခဲ့ဖူးတဲ့ “ပန်းပျိုနဲ့ ကိုလိပ်ပြာ” ကဗျာလေးလဲ ခေါင်းထဲ ရောက်လာတာနဲ့ ပြန်ဖတ်ဖြစ်တယ်။

ကဗျာတွေဖတ်ရင် မျက်စိထဲ မြင်ယောင်ခံစားပြီး ဖတ်လေ့ရှိတာမို့ လိပ်ပြာလေးတွေ ပန်းလေးတွေကို စိတ်နဲ့ပုံဖော်ပြီး တွေးနေမိတယ်။ ပျံဝဲနေတဲ့ လိပ်ပြာလေးတွေ … ပွင့်လန်းနေတဲ့ ပန်းလေးတွေ … ။ အရောင်စုံ အသွေးစုံ … မွှေးလို့ ပျံ့လို့ … တလောကလုံးက လှလို့ပါပဲ … ။ ဒါပေမဲ့ ဆက်ပြီး တွေးမိတာက ကဗျာရဲ့ နောက်ကွယ်က လိပ်ပြာတွေနဲ့ ပန်းပွင့်လေးတွေ ... ။ ပန်းပွင့်တိုင်းလဲ မမွှေးပျံ့ဘူး ... ပန်းပွင့်တိုင်းလဲ အဆင်းမလှဘူး။ အဆင်းမလှ ရနံ့မမွှေးတဲ့ ပန်းလေးတွေဆီကို မျက်စိလည် လမ်းမှားရောက်လာတဲ့ လိပ်ပြာတချို့ လာနားခိုတဲ့အခါ … … … ။

ပန်းပွင့်လေးတွေသာ စကားပြောတတ်ရင် သူတို့ဆီ ခေတ္တလာရောက် နားခိုပြီး ၀တ်ရည်ချိုချိုတွေ သောက်သုံးလို့ အားရတဲ့အခါ စွန့်ခွါ ပျံပြေးကြတဲ့ လိပ်ပြာလေးတွေကို ဘယ်လိုများ ပြောချင်မလဲ … ဘယ်လိုများ အပြစ်တင်မလဲ … ။ နားလည်စွာ ခွင့်လွှတ်မှာလား … ရက်စက်သူလို့ အပြစ်ယူမှာလား … ပန်းပွင့်လေးတွေ ကိုယ်စား စဉ်းစားနေမိတယ် … ။

ဘာပဲဖြစ်ဖြစ်ပါ … ပန်းလေးတွေရဲ့ဘ၀ဆိုတာ ကိုယ့်ဆီ လာရောက်ခိုနားမယ့် လိပ်ပြာကို ရွေးချယ်လို့မှ မရဘဲ။ တောင်ပံပါတဲ့ လိပ်ပြာလေးတွေကတော့ လှရာရာ ပန်းလေးတွေ တပွင့်ပြီး တပွင့် ပြောင်းလဲ နားခိုရင်း ၀တ်ရည်တွေ သောက်သုံးနေမှာပေါ့။ တကယ်တော့ … ဒါတွေဟာ သဘာဝတွေပါပဲ။ ရွေးချယ်ခွင့်ရှိတဲ့ လိပ်ပြာတို့ရဲ့ သဘာဝနဲ့ ရွေးချယ်ခွင့်မရှိတဲ့ ပန်းလေးတွေရဲ့ သဘာဝပဲလေ … ။ ဒါပေမဲ့ သဘာဝတိုင်းဟာ သဘာဝကျရဲ့လား … ။ တခါတလေ သဘာဝတွေဟာ သဘာဝမကျတဲ့အခါ … ပန်းကလေးတွေရဲ့ စိတ်မှာ ဒဏ်ရာတွေလဲ ဖြစ်တတ်တာပါပဲလို့ စိတ်ထဲ တွေးမိရင်း … ဒီကဗျာလေး ရေးဖြစ်သွားတယ်။
***

လိပ်ပြာသိစေ …


အလှမ်းရယ်ဝေးတဲ့
လမ်းသွယ်နဘေးက …
ပန်းငယ်လေးရဲ့ ဘ၀ပါလေ … ။

အညတြ ဒီရင်ခွင်မှာ
ရွှေလိပ်ပြာ လာခိုဝင်တော့
ငြိုငြင်ကာ မငြင်းပယ်ရက်ပြီမို့
အဆင်းရယ်နတ္ထိ ပန်းငယ်က
အတင်းတွယ်ဖက်မိလေသလား
မှားမိတွေဝေ … ။

အထင်မလွဲပါနဲ့ …
ရင်ထဲမှာ နာကျင်တတ်ပေမဲ့
ဇာတ်နာတယ် ဆိုရအောင်
အရပ်တကာလည် ငိုမပြပါဘု
အားငယ်သူ့ ပျိုရင်ခွင်မှာ
နားလည်မှု လိုချင်တာကို
မှားတယ်ဟု ငြိုငြင်နေ …
အို … ထင်ရက် လေသလား … ။

ရွှေလိပ်ပြာ အစာပြည့်ပြီမို့
ဖြေသိမ့်စရာ ရှာမတွေ့သည်လား
စကားဆို ပျားလိုမချိုတဲ့ပြင်
အနားကိုလဲ မသွားလို မလာလိုတော့
လျော့ရဲရဲ မေတ္တာဓာတ်
ပေါ့နည်းနည်း သစ္စာပျက်ကာ
အချစ်မပါ အပြစ်ရှာရက်တဲ့အပြင်
နောက်တပင် လျှောက်ဝင်လို့ လှမ်းလိုမှ
ပန်းပျိုမှာ နွမ်းငိုကာ တ-ရှာရ
သဘာဝပါ လိပ်ပြာအကျင့်ပေမို့
စိတ်မှာ ကျိတ်ခါ ဖြေမိလေငြား
အတိတ်ဟာ အဆိပ်ပမာ ပူလောင်ငြိလေပေါ့
သိက္ခာရှိယောင် သူဟန်ဆောင်တဲ့
ရွှေလိပ်ပြာ အမောင်သိစေသား … ။ … ။
***

မေဓာဝီ
၀၁၊ ၀၂၊ ၂၀၁၁
၁၄း၄၄ နာရီ

(ရေးထားတာ ကြာပါပြီ။ အလုပ်တွေရှုပ်နေလို့ အသစ်မရေးဖြစ်တာနဲ့ မတင်ရသေးတဲ့ အဟောင်းတွေ ပြန်ရှာပြီး တင်လိုက်ပါတယ်။)

Read More...

Monday, March 07, 2011

ချန်ရစ်သူ နှင့် ကျန်ရစ်သူ

"ချန်ရစ်သူ နဲ့ ကျန်ရစ်သူ ..."
အတွေးထဲ မကြာမကြာ ရောက်လာဖြစ်တဲ့ စကားလုံး နှစ်လုံး ... ။

ချန်ရစ်သူနဲ့ ကျန်ရစ်သူ ဘယ်သူက ပိုလွမ်းရမလဲ … ဘယ်သူက ပိုတမ်းတမလဲ … ခဏခဏ တွေးကြည့်မိဖူးတယ်။ တကယ်တော့ ချန်ရစ်သူပဲဖြစ်ဖြစ် ကျန်ရစ်သူပဲဖြစ်ဖြစ် နင့်နင့်သည်းသည်း ခံစားတတ်သူက ပိုပြီးလွမ်းရ … ပိုပြီးတမ်းတမှာ မဟုတ်လား။

ကိုယ့်ပုဂ္ဂလိက ခံစားချက်အနေနဲ့ ပြောရရင်တော့ ချန်ရစ်သူမဖြစ်ချင်ပါဘူး၊ ကျန်ရစ်သူသာ ဖြစ်ချင်ပါတယ်။ ကိုယ်ကစပြီး ခွဲခွါသွားဖို့ရာ အင်အားမရှိ … ကိုယ်ကစပြီး ကျောမခိုင်းချင် … ကိုယ်ကစပြီး နှုတ်မဆက်ချင်သူပါ။ ချန်ရစ်သူက ချန်ရစ်ခဲ့လို့ ကျန်ရစ်ရမယ့်ဘ၀မှာ နားလည်မှုများစွာနဲ့သာ ကျန်ရစ်ခဲ့ချင်ပါတယ်။

တကယ်လို့ မဖြစ်မနေ ကိုယ်က ချန်ရစ်သူ ဖြစ်ရမယ် ဆိုရင်ရော … ။ ချန်ရစ်သူဘ၀မှာ ပျော်ပျော်ကြီး နေနိုင်ပါ့မလား … ။ အလွမ်းမဲ့စွာ ကျောခိုင်းရက်ပါမလား … ။ စဉ်းစားရင်း ကဗျာအတိုလေး နှစ်ပုဒ် ချရေးဖြစ်တယ် … ။
***
"ချန်ရစ်သူ …"

နေခဲ့တော့နော် …
အဖော်အဖြစ် မခေါ်ရဲ
မပျော်ပါ ဒီလမ်းထက်မှာ
လွမ်းလျက်သာပဲ။
***
"ကျန်ရစ်သူ …"

ထားခဲ့တော့ကွယ် …
နားလည်စွာ ကျန်နေဆဲ
သံသရာ ဖန်တကွေ့မှာ
ပြန်တွေ့မှာပဲ။
***
မေဓာဝီ
၂၇၊ စက်တင်ဘာ၊ ၂၀၁၀
၁၂း၂၅ နာရီ

မနှစ်က တပိုင်းတစ ရေးထားတဲ့ ဒီကဗျာလေးတွေကို ကွန်ပျူတာထဲက ဖိုင်အဟောင်းတွေ ရှင်းရင်း ပြန်တွေ့လို့ နည်းနည်း ဖြည့်ရေးပြီး တင်လိုက်ပါတယ်။ ရှေ့တပတ် (၁၄ မတ်) မှာ ကျောင်းပြန်တက်ရတော့မှာမို့ ကျောင်းမဖွင့်ခင် အထိသာ ဘလော့ပေါ်မှာ စာရေး စာဖတ် လုပ်နိုင်ပါတော့မယ်။ ကျောင်းဖွင့်ရင်တော့ ဘလော့လေးကို ချန်ရစ်ခဲ့ရပါအုံးမယ်။ တကယ်ပဲ စိတ်ပြတ်သားစွာ ချန်ရစ်နိုင်မလား ဆိုတာတော့ မပြောတတ်သေးပါဘူး။ သံယောဇဉ်ဆိုတာကလဲ သက်မဲ့အပေါ်တောင် ချည်နှောင် တွယ်တာတတ်တယ် မဟုတ်လား ... ။
***
မေဓာဝီ
၇၊ မတ်၊ ၂၀၁၁
၉း၄၂ နာရီ

Read More...

Saturday, March 05, 2011

မိုးမချုပ်ခင် ...

မိုးမချုပ်ခင်
ရိက္ခာပြင်လျက်
ခရီးဆက်ရပေဦးမည်။
***
၂၀၀၇ ခုနှစ် ဇူလိုင် ၄ ရက်နေ့တုန်းက “လူနာဆောင် အမှတ် ၁” ဆိုပြီး ရေးခဲ့ဖူးပါတယ်။ ကျမ မိတ်ဆွေတယောက် ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသခံစဉ် လူနာသွားမေးခဲ့တဲ့ အတွေ့အကြုံလေးကို ပြန်ရေးထားခဲ့တာပါ။ ပြီးခဲ့တဲ့ တနှစ်ကျော် ၂၀၀၉ ခုနှစ် သြဂုတ်လထဲမှာတော့ ဦးရီးတော် မိတ်ဆွေရဲ့ ဖခင်ကြီး ဆေးရုံတင်ရလို့ ဦးရီးတော်နဲ့ ကျမ လူမမာကြည့် သွားခဲ့ကြပါတယ်။ မြန်မာပြည်ရဲ့ အထင်ကရ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးနဲ့ အင်္ဂလန်နိုင်ငံ နယ်မြို့လေးတမြို့ရဲ့ ဆေးရုံတရုံ … ဆေးရုံချင်း တူပေမဲ့ မတူညီတဲ့ ကွာခြားပုံလေးတွေကို ကျမစိတ်ထဲ မှတ်ထင် စွဲမြဲခဲ့တယ်။ ပြီးတော့ ဆေးရုံပေါ်က အထီးကျန် သူအိုတွေရဲ့ ဘ၀ကို ကြည့်ရင်း စိတ်မကောင်းလဲ ဖြစ်မိခဲ့တယ်။ ဒါနဲ့ပဲ ဒီစာရေးဖို့ စိတ်ကူးရခဲ့ပါတယ်။ မရေးခင် လူနာဆောင်အမှတ် ၆ လို့ ခေါင်းစဉ်ပေးပြီးမှ သွားသတိရတာ ချက်ကော့ဗ်ရဲ့ Ward 6 ကို ဆရာဖေမြင့် ဘာသာပြန်တဲ့ လူနာဆောင် အမှတ် ၆ နဲ့ တူနေလို့ … ခေါင်းစဉ်ပြောင်း လိုက်တယ်။ အဲဒီတုန်းက ရေးခဲ့ပြီး အဆုံးမသတ်ရသေးတဲ့ ဒီစာကို ခုမှ အဆုံးသတ် ဖြစ်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။
***
"မိုးမချုပ်ခင် ..."

သူတို့စီးလာသည့် ကားလေးက ဆေးရုံသို့ လမ်းညွှန်ထားသည့်ဘက်ကို ကွေ့လိုက်စဉ်မှာ မြင့်မားရှည်လျားသည့် မီးခိုးခေါင်းတိုင်ကြီးကို မြင်လိုက်ရသည်။ ဆေးရုံ၏ ၀င်ပေါက်ကို ဂိတ်တံခါးတွေဖြင့် တားဆီး မထား။ ကားကို ၁၅ မိုင်နှုန်းဖြင့်သာ မောင်းရန်၊ ဖြည်းဖြည်းမောင်းရန် သတိပေး ဆိုင်းဘုတ်တွေသာ ကားလမ်းတလျှောက် မြင်တွေ့ရသည်။ ဆေးရုံဝင်းကြီးက ကြီးမား ကျယ်ပြောလှသလို အဆောက်အဦးတွေက များပြားလှသည်။ အရေးပေါ်ဌာန၊ နှလုံးရောဂါကု ဌာန စသဖြင့် ဌာနအလိုက် အဆောက်အဦးတွေက အသီးသီး အသက။ ကားရပ်ရန် နေရာများကလည်း သူ့အဆောက်အဦးအတွက် သူ့နေရာနှင့်သူ။

“ဒါက လိုင်ဘရီနဲ့ စာသင်ဆောင်”
ကားကို ဖြည်းဖြည်းချင်း မောင်းရင်း ဦးရီးတော်က ပြော၍ လှမ်းကြည့်တော့ Library ဟု ရေးထားသည့် အဆောက်အဦးတခုကို မြင်သည်။
“ဒီထဲမှာပဲ စာသင်ရတာလေ …”
ဦးရီးတော်က ဤဆေးရုံတွင် ၄-နှစ်လောက် လုပ်ခဲ့ဖူးသည်။
“အခုတော့ တော်တော်လေး ပြောင်းလဲကုန်ပြီ၊ အရင်နဲ့ မတူတော့ဘူး …”

နှစ်တွေကလည်း ကြာခဲ့ပြီကိုး။ ထိုစဉ်က ဦးရီးတော် ဒီမြေကိုရောက်ပြီး မကြာခင် နှစ်ပိုင်းလောက် ဖြစ်မည်။ ခုဆိုလျှင် နှစ်ပေါင်း သုံးဆယ်နီးပါး ရှိလောက်ပြီ။
“အဲဒီအဆောင်လေးတွေ့လား၊ အဲဒီမှာ နေရတာ … ပထမထပ်က အခန်းလေးမှာ နေခဲ့တာပေါ့”
ထို အခန်းကျဉ်းလေးမှာနေပြီး အလုပ်သွား၊ စားတော့ ဆေးရုံကန်တင်းမှာ၊ ဈေးဝယ်ရင် အနီးအနားက Somerfield ဆိုတဲ့ ဆိုင်ကလေးမှာ။ ရုန်းကန်ခဲ့ရသည့် ဘ၀ တစိတ်တဒေသကို ဦးရီးတော်က ပြန်ပြောင်း သတိရနေသည်ထင့်။

ကားရပ်ဖို့ ပါကင်ကိုသွားတော့ ကားပါကင်ကြေးအတွက် အလိုအလျောက် မောင်းတံဖြင့် တားထားသည့် နေရာမှာရပ်ရင်း စက် ခလုတ်ကို နှိပ်ရသည်။
“အရင်က ကားပါကင်ကြေး မပေးရဘူး၊ နောက်ပိုင်းမှ လုပ်လိုက်တာနေမှာ”
ယာဉ်ရပ်နားခက အနည်းဆုံး ၂ နာရီအတွက် ၂ ပေါင်။ စက်က ထုတ်ပေးသည့် ဖြတ်ပိုင်းလေးကိုယူပြီး နေရာလွတ်တခုတွင် ကားရပ်လိုက်သည်။ နေရာ တော်တော်များများမှာ ကားတွေအပြည့်။ ဆေးရုံ, ဆေးခန်း မစည်ကားအပ်သည့် အရပ်များတွင် လူစည်ကားလှချည်ရဲ့။ ဘယ်နေရာ ဘယ်ဒေသမှာမဆို မကျန်းမာသူတွေ သိပ်များနေသလား … စဉ်းစားနေမိ၏။

ကားရပ်သည့်နေရာနှင့် ဆေးရုံ ပင်မ အဆောက်အဦးက သိပ်မဝေး၊ ဆင်ဝင်၏နဘေး ၀င်ပေါက်မှ ၀င်ကြရသည်။ ဆေးရုံဝင်ပေါက်ရှိ အလိုအလျောက် ဖွင့်ပိတ်ပေးသည့် မှန်တံခါးအနီးတွင် ဆေးလိပ် ထွက်သောက်နေသူ တယောက်တလေကို တွေ့ရသည်။ သဒ္ဓါကြေး တောင်းခံနေသော အပေါက်စောင့် တဦးတယောက်မှ ရှိမနေ။ သူသူကိုယ်ကိုယ် ၀င်ချည် ထွက်ချည် ထိုတံခါးပေါက်မှ အတားအဆီး အစစ်အဆေးမရှိ ဖြတ်သန်း သွားလာနေကြ၏။ ကောင်းလေစွ။

အဆောက်အဦးထဲဝင်တော့ ဆေးရုံအနံ့ ခပ်သဲ့သဲ့ရသည်။ သို့သော် စိတ်အနှောက်အယှက် ဖြစ်ရလောက်အောင် မဆိုးရွား၊ သာမန်ရှူရိုးရှူစဉ်သာ အသက်ကို ရှူရှိုက်ရင်း ဦးရီးတော် အနောက်မှ လိုက်ခဲ့သည်။ ကော်ရစ်ဒါတလျှောက် အမှိုက်အစအနများ၊ ဖုန်များ၊ သဲများ၊ ကွမ်းတံတွေးများ … ဘာတခုမှ မတွေ့ရ။ ဘီးတပ်ကုလားထိုင်များ လွယ်လင့်တကူ သွားလာနိုင်ရန် အတက်အဆင်းကို ဆင်ခြေလျှောများဖြင့် ပြုလုပ်ပေးထားသည်။ သူနာပြုများ၊ ဆေးရုံဝန်ထမ်းများ၊ ဆရာဝန်ဟု ထင်ရဟန်ရှိသူများ သွက်လက်စွာ လှုပ်ရှား သွားလာနေကြသည်။ ဧည့်ချိန် ၆ နာရီခွဲမှ ၈ နာရီ ဟု ရေးထားသည်ကို သတိပြုမိ၏။

ပထမထပ်ကို ဦးရီးတော်က ဓာတ်လှေခါးဖြင့် တက်သည်။ ဓာတ်လှေခါးက လူနာကုတင် ၃လုံးခန့် ဆန့်လောက်အောင် ကျယ်ဝန်းသည်၊ သန့်ရှင်းသည်။ သည်လိုနှင့် လူနာထားသည့် အဆောင်ဆီရောက်ပြီ။ Ward 6-7 ဟု ရေးထားသော အခန်းရှေ့တွင်ရပ်ပြီး ဘဲလ် တီးလိုက်သည်။ အခန်းဆီသို့ မ၀င်ခင် လက်ကို သန့်စင်အောင် အရည် (ဂျဲလ်) တမျိုးဖြင့် သုတ်လိမ်းရသေးသည်။ သူနာပြု ၀န်ထမ်းတယောက် တံခါးလာဖွင့်၏။ ၀င်ဝင်ချင်းက သူနာပြု ၀န်ထမ်းများ၏ ကောင်တာ၊ တယ်လီဖုန်း, ဖက်စ်, ကွန်ပျူတာ စသဖြင့် လိုအပ်သည့် ပစ္စည်းပစ္စယ အစုံအလင်။ ထိုနေရာကို ဖြတ်ပြီးမှ Ward 6 ကို ရောက်သည်။ လူမမာထားရာ အခန်းက ၆-ယောက်ခန်း၊ တဘက် ၃-ယောက်စီ။ ကုတင်ဘေးမှာ ကုလားထိုင်နှင့် စားပွဲဆက်လျက် တစုံ၊ ဗီရိုငယ်တလုံး၊ ကုတင်အနောက်မှာ ဧည့်သည် ဆောင်သည် ထိုင်ရန် ဆိုဖာတပ် ခုံတန်းရှည်ငယ်လေးတခု။ လူမမာ အမည်၊ သက်ဆိုင်ရာ ဆရာဝန်အမည်နှင့် လူမမာနှင့် ပတ်သက်သည့် စာရွက်စာတမ်းတွေကို ကုတင်၏ အနောက်ဖက်မှာ မြင်သာထင်သာ ချိတ်ထား၏။

သတင်းသွားမေးရသည့် လူမမာက အသက် ၉၀ ကျော် အဘိုးအိုတဦး။ သူတို့ရောက်သွားတော့ ကုတင်ပေါ် လှဲနေရင်းက ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်သည်။ လူက လန်းလန်းဆန်းဆန်း၊ အသံက ကျယ်ကျယ် လောင်လောင်၊ အမှတ်သညာ အနည်းငယ် ချို့ယွင်းသည်မှလွဲ၍ မမာသည်နှင့် သိပ်မတူလှ။ အသက် ၉၀ ကျော် သော်လည်း သန်မာဆဲ။ သက်ကြီးပြောက်, သူအိုမှည့် စသည့် အစက်အပြောက်တချို့ မျက်နှာမှာ ရှိနေပေမဲ့ အသားအရေ ပျော့တွဲ ရှုံ့တွမနေ။ မျက်စိ၊ နား၊ သွား အကုန်ကောင်းတုန်း။ ရှေးကုသိုလ် ကောင်းလှသူပင်။

ထိုအဘိုး၏ ဘယ်ဘက်ဘေးက အဘိုးအိုကတော့ ကုတင်မှာအိပ်မနေ၊ ကုလားထိုင်မှာ တောင့်တောင့်ကြီး ထိုင်လျက် မျက်စိအစုံကို မှိတ်ထားသည်။ ညာဘက်က အဘိုးအိုကတော့ အသံနည်းနည်း ကျယ်ကျယ် ထွက်မိလျှင် တချက်တချက် ဒီဘက်ကို လှမ်းလှမ်းကြည့်သည်။ မျက်နှာချင်းဆိုင် ကုတင်များအနက် ဘယ်ဘက်အစွန်မှ အဘိုးအိုက အလွန်ပိန်လွန်းလှသည်။ ပက်လက် အိပ်နေသော ထိုအဘိုးအိုကို ကြည့်ရသည်မှာ စိတ်မသက်သာ၊ အရိုးပေါ် အရေတင် ခန္ဓာနှင့် အသက်ကို အားခဲ ရှူနေရသည့်နှယ်။ အလယ်ကုတင်က အဘိုးကတော့ နည်းနည်း ပြည့်ပြည့် ဖြိုးဖြိုးရှိသည်။ ဆေးရုံဝတ်စုံ အစိမ်းကို ၀တ်ထားပြီး ကုတင်ပေါ်မှာ ခပ်လျှောလျှောမှီရင်း လှဲလျောင်းနေသည်။ ညာအစွန်က အဘိုးအိုသည်လည်း မျက်စိစုံမှိတ်ရင်း အိပ်ရာပေါ်မှာ ပက်လက်။ တချက်တချက် ချောင်းက တဟွတ်ဟွတ်။

အိုခြင်းဆင်းရဲနှင့် နာခြင်းဆင်းရဲကို တပြိုင်နက် ခံစားနေရသူတွေ။ ဧည့်ချိန်ပေမဲ့ ထိုအဘိုးအိုများကို လာကြည့်မည့်သူ တစုံတယောက်မှ မရှိ။ ဆေးရုံမှ ကျွေးသော အစာကို စား၊ သူနာပြုများ၏ ပြုစုမှုကိုခံကာ မခန့်မှန်းနိုင်သော အချိန်အတွင်း ကြုံတွေ့ရတော့မည့် သေခြင်းတရားကို စောင့်စားနေကြရှာသူတွေ။ သူတို့၏ ပျိုမြစ်သောအချိန်တွေကို မည်သို့ ကုန်ဆုံးခဲ့ကြသလဲ မသိ။ တိုင်းပြည်တာဝန် ထမ်းဆောင်ရင်းလား … သားကျွေးမှု မယားကျွေးမှုဖြင့်လား။ ထိုသူများသည် အတိတ်ကာလတခုမှာ ကြိုးစားခဲ့ကြရမည် … ရုန်းကန်ခဲ့ ကြရမည် … ပေးဆပ်ခဲ့ကြရမည်။ သို့တိုင်လျက် ထိုသူတို့ ဘ၀၏ ညနေစောင်းသည် မှေးမှိန်ဖျော့တော့စွာ အထီးကျန်ဆန်လွန်းလှပေ၏။

အစွမ်းထက်သော ဆေးဝါးနှင့် စက်ကရိယာများ၊ ခေတ်မီတိုးတက်သော အသုံးအဆောင်များ ခြံရံကာ အချိန်ပြည့် စောင့်ရှောက် ကြည့်ရှုပေးမည့် ဆရာဝန် သူနာပြု စသူတို့ အနီးအပါးတွင် ရှိပါလျက် ထိုသူတို့ ဘ၀သည် ပြည့်စုံပါရဲ့လား … ဟု တွေးနေမိ၏။ တနေ့ပြီးတနေ့ ရွေ့လျား ကုန်ဆုံးရင်း ဘ၀နေ၀င်ချိန်ကို အဓိပ္ပါယ်မဲ့ ငြီးငွေ့စွာ ထိုင်စောင့်နေကြရရှာသည့် အဖြစ်။ ရုပ်ဝတ္ထု ပစ္စည်းများ ပြည့်စုံနေပါလျက် တစုံတခု လိုအပ်နေသော ထိုဝန်းကျင်မှာ မွန်းကျပ်၍ လာသည်။

အခန်းတွင်းရှိ ဇရာဗေဒကို စေ့ငုစွာ ကြည့်ရှုရင်း “သင်လည်း တနေ့အိုရဦးမည်” ဟူသည့် ဘိုးဘွားရိပ်သာမှ စာတန်းလေးကို သတိရ မိရာက သက်ပြင်းတချက် ခပ်လေးလေး မှုတ်ထုတ်လိုက်မိသည်။

“ပြန်ကြစို့ … မိုးချုပ်တော့မယ် …”

ဦးရီးတော်၏ စကားအဆုံး လူနာအဘိုးအိုကို နှုတ်ဆက်ပြီး ထိုအခန်းလေးအား ကျောခိုင်းထွက်ခဲ့လေသည်။ သန့်ရှင်းသပ်ရပ်သည့် အဆောက်အဦးကြီးက မမာသည်တွေကို သူ့ရင်ခွင်မှာ ထည့်ထားလျက် မှောင်ရီပျိုးစ ကောင်းကင်အောက်မှာ ငြိမ်သက်စွာ ထီးတည်း ရပ်လို့နေ၏။ ကားပေါ်တက်၊ ထိုင်ခုံခါးပတ် ပတ်ပြီး ခပ်လျှောလျှော မှီထိုင်ရင်း မျက်စိအစုံကို မှိတ်ထားလိုက်သည်။ ကားလေးက တရွေ့ရွေ့သွားနေသည်။ အမှောင်ထုက တစစ ချဉ်းကပ်လို့လာပြီ။ မကြာခင် နေမင်း၏ အလင်းရောင် လက်ကျန်လေး ကုန်ဆုံးကာ မိုးစုန်းစုန်း ချုပ်တော့မည်။

မျက်စိ မှိတ်ထားသဖြင့် ပို၍ မှောင်နေသလို ခံစားနေရသည်။ အမှောင်က လူတွေကို လှည့်စားတတ်သည်၊ အားငယ်စေသည်၊ ထိတ်လန့်မှုကို ပေးသည်။ ထို့နောက် မျက်စိကို ပြန်ဖွင့်၍ အမှောင်ကို ရင်ဆိုင်လိုက်သည်။ ကားလေးက အနောက်ဘက်ကို ဦးတည် မောင်းနှင်နေသောကြောင့် အလင်းရောင် တစွန်းတစကို မြင်နေရသေး၏။ မည်သို့ပင်ဖြစ်စေ … … …
မိုးမချုပ်ခင် ရိက္ခာပြင်လျက် ခရီးဆက်ရပေဦးမည်တည့်။ … ။
***
မေဓာဝီ
၅၊ မတ်၊ ၂၀၁၁
၁၇း၁၂ နာရီ

Read More...

Wednesday, March 02, 2011

ကျေးလက်ကဗျာများ

မနေ့ညက အိပ်ခါနီး ကဗျာစာအုပ်ကလေး ဖတ်ဖြစ်တော့ ချစ်ရာကောင်းပြီး ကျေးလက်ရနံ့ သင်းပျံ့နေတဲ့ ကဗျာလေးတွေကို ရွေးဖတ်မိတယ်။ ရိုးရှင်းတဲ့ အဖွဲ့အနွဲ့၊ ရိုးသားတဲ့ အသုံးအနှုန်း၊ ဟန်ဆောင်ခြင်း ကြွားဝါခြင်း ဂုဏ်ဖော်ခြင်းတွေ ကင်းပြီး သဘာဝဆန်တဲ့ အရေးအသားတွေကြောင့် ဒီကဗျာလေးတွေကို အထပ်ထပ် ဖတ်လို့ မငြီးလှဘူး။ ဖတ်ရတာ သဘောကျလွန်းလို့ အသံထွက်ပြီး ရွတ်ဖြစ်တယ်။ ဖတ်ရင်းလဲ ပြုံးမိတယ်။ ကိုယ်နှစ်သက်တဲ့ ကဗျာတွေမို့ ကိုယ့်လိုပဲ ကဗျာမြတ်နိုးသူများ ဖတ်ရအောင် ပြန်လည် မျှဝေလိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။
***
ပုံကြီးသံ

ကောက်စိုက်သမဖွဲ့ (ရေးသူ - သံတော်ဆင့် ဆောမြို့စား ဦးစီ)

ပျိုလေးတို့ ကောက်စိုက်ရာ၊
လိုက်လာနှင့် လေး။
လိုက်လာလျှင် ရွှံ့စင်ရော့မယ်၊
ပေါင်းကြော့ ရင်သွေး။ ။

မဲပန်းညို ပတ်လည်ဝိုက်လို့၊
ထပ်စိုက်တဲ့ မရိုးခိုင်ငယ်၊
ကိုးတိုင်က မွှေး။
လယ်ပွဲတော်ဝင်၊
ပန်ချင်လျှင် ပုံတော်တီးငယ်၊
ခေါင်းဖြီးခဲ့လေး။ ။

အောင်ပင်လယ် ကန်မြမင်းနှင့်၊
ရန်ကင်းတောင် သီခေါင်၊
ရီမှောင်လို့ ဖွေး။
ပျာကသီ၊ တာဆီကို မရွာပါနှင့်၊
မင်္ဂလာလယ်တော်စိုက်ကို၊
ဆိုင်းလိုက်ပါလေး။ ။

ပျိုစိုက်တဲ့ လယ်ကန်သင်းက၊
ရွှေယင်းမာပင်။
မပွင့်ခင်က ငုံတန်သေးငယ်၊
ချိုး ပန်ခဲ့လေး။

တို့တိုင်းမြေနယ်ပေါ်၊
လယ်တော်နှင့် လေး … တော့။
အို-ဘုန်းတော်လေ ကြီးလို့၊
လယ်တော်လေ သီးလို့၊
ပြည်ကြီးမို့လေး။

ရွှေမန်းမြို့ စံရာ၊
ရန်ကွာလို့ ဝေး … တော့။
အို-စက်တော်လေအောက်မတော့၊
ဆဒ္ဒန်ရောက်ပေါ့၊ ရန်ပြန်လို့အေး။ ။

မိုးချုပ်လို့ ချိန်တန်၊
ပြန်ချိန်မှ မျှော်ကွဲ့လေး။
ရွှေဘိုးခေါင် ညီနောင်အိပ်တဲ့၊
တောင်ထပ်ကို နေစွယ်ခ-မှ၊
ချစ်တဲ့လူ ရွှေယောင်ပွက၊
ကြိုပ့ါကွဲ့လေး။ ။

တို့နန္ဒာ လယ်တော်တိုက်မအေ့၊
ညည်းစိုက်တဲ့ ကောက်သွယ်ငယ်၊
မှန်း-ဘယ်မျှကြီး။
ဟော ကြည့်စမ်းမွန်၊
တနှံကို ဆယ်ပြည်ထွက်တယ်၊
ဖြိုးအက်လို့ သီး။ ။

တို့နန္ဒာ ကန်တော်လယ်မှာ၊
နှိုင်းဘွယ်ရှိဘူး။
အကျွန်စိုက်တဲ့ ပျို့ကောက်ပင်၊
ဆင်ပေါက်ကယ် ဆယ်ကောင်ဝင်တော့၊
ရှာမမြင် အနှံဖူး၊
သုံးထွာကကြူး။ ။
***
လွမ်းချင်း

ပျိုးကြဲ ပျိုးစိုက်ဖွဲ့ (ရေးသူ - ဦးကြီး)

မိုး-စရိုက်ပေမို့၊
ပျိုးစိုက်ကယ် ပျော်ပျော်၊
လက်စားငယ်ခေါ်သည်၊
မျက်ဝါးဖော် သူငယ်ချင်းတွေနှင့်၊
လယ်ခင်းပြန့် သမန်းပြင်မှာ၊
အငန်းတွင် သူငါဆင်းပါလို့၊
မူရာချင်း မြို့သူမှီပေါင်၊
တို့တူညီ သံချိုတေးငယ်နှင့်၊
ဖန်ညိုအေး ချိန်လောက်ဆီကို၊
အိမ်ရောက်မီ ကြဲရပြန်တယ်လေး။ ။

တိုထဘီငယ်၊
ဟိုဆီဖုံးရုံ၊
အလုံးခြုံလို့၊
ကုန်းပုံကညီ၊
ခေါင်းရေနှက်တဲ့ တဘက်နီနှင့်၊
ပလီလိုက်တာ၊
ကုပ်ပေါ်ရောက်တဲ့ ဆံတောက်ဟာကို၊
တကြော့ချည်ရုံး၊
လျော့ရီထုံးလို့၊
ပွင့်လုံးငယ် ခတ္တာ၊
ယောင်မငိုက်အောင်၊
ထောင်စိုက်ကာနှင့်၊
ကြိုက်ရှာတဲ့မောင်၊
မမြင်စမ်းစေရ၊
သွင်ပန်းကာ လောင်လိမ့်မယ်၊
တောခေါင်တဲ့ မြောက်ရွာကို၊
မရောက်လာ မြို့တော်ယွန်းဆီက၊
ကန်သင်းခုံ မို့မောင်စွန်းကို၊
လွမ်းလိမ့်မယ်လေး။ ။
***
လွမ်းချင်း

လယ်သမားဖွဲ့ (ရေးသူ - ဦးကြီး)

မင်ကော်ရစ်ကယ်နှင့်၊
ကြင်သစ်တဲ့ ပျို့လူ၊
ထွန်ရေးငယ်ပူ၊
ကိုတောင်သူ မနက်စော၊
ကြက်ရော ပြင်ဆင်လို့၊
ထွန်းနှင်မောင်းတဲ့ ဘေကိုလေး။ ။

လယ်ထွန်ပြန်၊
စားရန်အလို၊
ရွှေဂုံညို၊
ယုန်ဖိုနှောချက်၊
တခွက်ကယ် အချဉ်၊
တောပြည့်စင်၊
ရည်ငယ်ရွှန်းစို၊
လယ်ကန်စွန်းရယ်နှင့်၊
မယ်လွမ်းအောင် ကျိုပါ့၊
နကိုလှ ဦးရင်ငယ်၊
လှော်မီးကင် ပုစွန်ထောင်းငယ်နှင့်၊
မောင်းစေ့မယ်လေး။ ။
***
ဟန်ချင်း

ကောက်စိုက်ဖွဲ့ (ရေးသူ - မသိ)

အေးကောင်းပျိုရွယ် သူငယ်ချင်းတို့၊
လယ်တော်တွင်းက များတတွေ။
ကိုယ်စီ- က-လို့ လှစရာ၊
တို့မျက်နှာမှာ နံ့သာပြောက်လို့၊
လှည်းစာခေါက်ကို အိုင်အိုင်အေးအောင်၊
သွေးကြပါအေ့။ ။

ပန်းထိမ်လက်ခ မပေးရ၊
ထန်းပင်ကြီးက ဖြစ်သည့်ရွှေကို၊
ဆူးပန်းကုံးတွေ သွယ်ဘယက်နှင့်၊
ပေရွက်လိပ်ကြီး နားတောင်းဆင်၊
ယဉ်နိုင်အောင် ယဉ်လိုက်ချည့်။
အောင်ပင်လယ် ရွာမရိုင်း၊
တိုင်းရွှေပြည့် လက်နား။ ။

လေးရာ့နှစ်ဆယ်၊
အနံငယ် တိုထဘီနှင့်၊
ဖျင်အင်္ကျီ သစ်ခေါက်ဆိုးလို့၊
ချုပ်ရိုးတွေ သီတတန်းမှာ၊
သန်းကိုက်လို့ မယား။ ။

ကျွဲခတ်သည့်ဟန်၊
ချဗျာဆံ စုံပါးရိုက်ကို၊
ခါလိုက်ချည့် တို့အပျိုမှာ၊
ယဉ်နကို မူကြစို့၊
မရိုးဖြူဆံခွေထုံးမှာ၊
ကုံးပန်လို့ ခြားခြား။ ။

အကျွန်တို့လယ် ကောက်စိုက်တုံးက၊
ပြုံးလိုက်တဲ့ အကောင်ဟာရယ်၊
သင်း-ပါရဲ့လား အေ့။ ။

ပုံး ဖာ မှောက်ဆင်၊
တို့-လှတုန်းကို မြင်ပတဲ့အောင်၊
ငါးမျိုးဆင် ပုဝါပြောက်မှာ၊
အဖာတွေ တရာလောက်ကို၊
ဟော-မြှောက်လို့ ပြစမ်း။ … ။
***
ချစ်စရာ ကျေးလက်ကဗျာလေးတွေကို ကဗျာချစ်သူများလဲ ကျမလိုပဲ နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ရှေးက ကောက်စိုက်သမလေးတွေ လယ်သမားတွေရဲ့ သဘာဝ အလေ့အထကို ဒီကဗျာလေးတွေထဲမှာ တစွန်းတစ တွေ့ရတယ်။ ဒီကဗျာတွေကိုဖတ်ရင်း ခုခေတ်နဲ့ ဘယ်လောက် ကွာခြားမှု ရှိနေမလဲလို့ တွေးမိတယ်။ ဒုံရင်း ဒုံရင်းပဲလား ... တိုးတက် ပြောင်းလဲ နေပြီလား ... ဘယ်လိုပဲဖြစ်ဖြစ် ကျေးလက်က တောင်သူလယ်သမားတွေရဲ့ ဘ၀ကတော့ ရိုးသားစွာ ပင်ပန်းနေကြအုံးမှာပဲ ထင်ပါရဲ့။
***
မေဓာဝီ
၂၊ မတ်၊ ၂၀၁၁
၁၀း၂၀ နာရီ

မှတ်ချက်။ ။ ကဗျာများကို မူရင်းစာအုပ်ထဲမှ သတ်ပုံ သတ်ညွှန်းအတိုင်း ဖော်ပြထားပါသည်။
(ရည်ညွှန်း ။ ။ မြန်မာကဗျာ ရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် စာအုပ် - ဟံသာဝတီ)

Read More...