Tuesday, July 31, 2007

ကျမ သိသော ကိုယ်ကျင့်တရား

ဆရာမ မမေငြိမ်းအပါအ၀င် ဘလော့ဂါတချို့က ကိုယ်ကျင့်တရားအကြောင်း ရေးကြတော့ ကျမလည်း ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး ရေးချင်လာတယ်။ ကျမသိသလောက် ကျမလေ့လာမိသလောက် ကျမရှုထောင့်နဲ့ ကျမ ရေးမှာပါပဲ။ ဘယ်သူ့မှလည်း ပုတ်ခတ်စော်ကားပြီး ရေးမှာမဟုတ်ပါဘူး။ ဘာကြောင့်ဆိုတော့ ကိုယ့်ရဲ့ ကိုယ်ကျင့်တရား ကောင်းမကောင်းဆိုတာ ကိုယ့်ကိုယ်ကိုယ်သာ အသိဆုံး ဖြစ်သလို ကိုယ်ကိုယ်တိုင် ကောင်းဖို့က ပိုလို့အရေးကြီးတယ်လို့ ကျမအနေနဲ့ ယူဆလို့ပါပဲ။ ဘယ်သူကောင်းကောင်း မကောင်းကောင်း လူတိုင်းလူတိုင်း တယောက်ချင်းစီဟာ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို ကောင်းမွန်အောင် စောင့်ထိန်း သွားရင် အေးချမ်းပါတယ်။ ဟိုလူ မကောင်းရကောင်းလား။ ဒီလူ ဆိုးရ ကောင်းလား ဆိုပြီး တခြားလူတွေကို လိုက်ကြည့်မနေဘဲ ကိုယ်ကိုယ်တိုင်သာ ကောင်းမွန်အောင် ကျင့်ကြံနိုင်ရင်ဖြင့် လောကကြီး ငြိမ်းချမ်းသာယာမယ်လို့ ထင်တာပါပဲ။

မရေးခင် တခု ၀န်ခံရမှာကတော့ ကျမကိုယ်တိုင်သည်လည်း အခု ကျမရေးမယ့် စာထဲကလို ကိုယ်ကျင့်တရားကို ပြည့်စုံစွာကောင်းမွန်အောင် စောင့်ထိန်းနိုင်သူ တယောက် မဟုတ်ခဲ့/မဟုတ်သေးပါဘူး။ ပြည့်စုံစွာ ကောင်းမွန်အောင် စောင့်ထိန်း နိုင်ဖို့ ကြိုးစားနေသူ တယောက်မျှသာ ဖြစ်ပါတယ်။ အရင်ကပို့စ်တွေမှာလည်း ကျမ ရေးခဲ့ဖူးပါတယ်။ ကျမဟာ သိသာသိပြီး မကျင့်နိုင်သေးသူ အန္ဓပုထုဇဉ် တယောက်သာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမက ဘယ်သူ ကောင်းတာ ဆိုးတာ အကျင့်ပျက်တာတွေကို လက်ညှိုးထိုး ပြောပြနေမှာ မဟုတ်ပါဘူး။ တကယ်တမ်း ကိုယ်ကျင့်တရား ကောင်းမွန်တယ်ဆိုတာ ဘာလဲ၊ ကိုယ်ကျင့်တရား စောင့်ထိန်း တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ အဲဒါကိုသာ အလေးထား ပြီး ရေးသားသွားမှာ ဖြစ်ပါတယ်။ ကျမအခု ရေးမယ့်စာကို ဗုဒ္ဓဘာသာ တခုတည်းရဲ့ ရှုထောင့်က မဟုတ်ဘဲ မည်သည့်ဘာသာဝင်မဆို ဖတ်ရှု လေ့လာ ဆင်ခြင် သုံးသပ်ပြီး ရှုထောင့် အသီးသီးက ဝေဖန် ဆွေးနွေး နိုင်ပါတယ်ရှင်။
***
ကိုယ်ကျင့်တရား

ကိုယ်ကျင့်တရားဆိုတဲ့ စကားလုံးကို ခွဲခြမ်းစိတ်ဖြာလိုက်တော့ …
ကိုယ် + ကျင့် + တရား
ကိုယ် = မိမိ
ကျင့် = ကျင့်သုံးရမည့်/ ကျင့်ကြံရမည့် / လေ့ကျင့်ရမည့် (သို့) ကျင့်ဝတ်
တရား = အချင်းအရာများ … ဖြစ်ပါတယ်။
ဘာတွေကို ကျင့်သုံးရမလဲ။ လေ့ကျင့်ရမလဲ … ဆိုရင် … ။
မိမိတို့ရဲ့ ကိုယ်၊ နှုတ်၊ စိတ်တို့မှာ မကောင်းမှုတွေ မဖြစ်အောင် ရှောင်ကြဉ်၊ စောင့်ထိန်း၊ လေ့ကျင့်ရပါမယ်။

ဒါဆိုရင် မကောင်းမှုဆိုတာ ဘာကိုခေါ်ပါသလဲ … ။
(၁) သူတပါးအသက်ကို ညှင်းဆဲ သတ်ဖြတ်ခြင်း၊
(၂) သူတပါးဥစ္စာကို ခိုးယူခြင်း၊
(၃) သူတပါး သားမယားကို စော်ကားကျူးလွန်ခြင်း၊
ဒီ ၃-ချက်ဟာ ကိုယ်ကာယနဲ့ ပြုလုပ်တဲ့ မကောင်းမှုတွေဖြစ်ပါတယ်။
(၄) လိမ်ညာပြောခြင်း၊ လိမ်ညာပြောခြင်းဖြင့် သူတပါး အကျိုးစီးပွား ထိခိုက် ပျက်ပြားစေခြင်း၊ ဒါကတော့ နှုတ်ဖြင့် ပြုလုပ်တဲ့ မကောင်းမှုဖြစ်ပါတယ်။
(၅) အထက်ပါ ၄-ချက်ကို လုပ်ရဲ ကိုင်ရဲ ပြောဆိုရဲစေတဲ့ အရက် ဘိန်း စတဲ့ မူးယစ်ဆေးဝါးသုံးစွဲခြင်း။
ဒီအချက် ၅-ချက်ဟာ မကောင်းမှုတွေပါပဲ။ ဒီမကောင်းမှု ငါးခုကို ရှောင်ကြဉ် ရမယ်၊ မပြုလုပ်မိအောင် စောင့်ထိန်းရမယ်၊ တကယ်လက်တွေ့ ကျင့်သုံးရပါမယ်။ ဒါမှ သိက္ခာရှိသူ အကျင့်ကောင်းသူလို့ ဆိုနိုင်မှာပါ။ (သိက္ခာ = အကျင့်)

ရဟန်းမှာ ရဟန်းကျင့်ဝတ် (၀ိနည်း)၊ ရှင်သာမဏေမှာ ရှင်ကျင့်ဝတ်၊ လူမှာ လူ့ကျင့်ဝတ် လူ့စည်းကမ်းရယ်လို့ ရှိပါတယ်။
သူတပါးအသက်ကို မသတ်ဘဲ ရှောင်ကြဉ် စောင့်ထိန်းခြင်းဟာ “ကျန်းမာရေးနဲ့ အသက်ရှည်ရေး” စည်းကမ်းကို လိုက်နာရာရောက်ပါတယ်။
သူတပါးဥစ္စာမခိုးဘဲ စောင့်ထိန်းတာဟာလည်း “စီးပွားရေး” စည်းကမ်းကို လိုက်နာ သလိုပါပဲ။ ထိုနည်းတူ …
သူတပါးအိမ်ရာ မကျူးလွန်ဘဲ စောင့်ထိန်းခြင်းဟာ “အိမ်ထောင်ရေး” စည်းကမ်း၊
လိမ်ညာပြောဆိုခြင်းမပြုဘဲ စောင့်ထိန်းခြင်းဟာ “ဆက်ဆံရေး၊ သစ္စာစကား ထွန်းကားရေး” စည်းကမ်း၊
မူးယစ်စေတတ်တဲ့ အရက်သေစာ သောက်စားခြင်းမပြုဘဲ စောင့်ထိန်းခြင်းဟာ “ယဉ်ကျေးမှု” စည်းကမ်း အသီးသီးဖြစ်ပါတယ်။ ဒီစည်းကမ်း ၅-ချက်ဟာ လူသား တိုင်း စောင့်ထိန်း လိုက်နာ ကျင့်ကြံသင့်တဲ့/ ကျင့်ကြံရမယ့် အနိမ့်ဆုံး စည်းကမ်း တွေပါပဲ။

ဘာဖြစ်လို့ စောင့်ထိန်းသင့်တာလဲ … ။
သက်ရှိသတ္တ၀ါတဦးမှာ အသက်ဟာ တန်ဖိုးအရှိဆုံး အမြတ်နိုးဆုံး ပစ္စည်း ဖြစ်ပါတယ်။ ဒါကြောင့် အသက်ကို မဖျက်ဆီးဖို့ ပထမဆုံး စည်းကမ်းနဲ့ သတ်မှတ် ရခြင်းပါ။
ဒုတိယ … ပစ္စည်းဥစ္စာဟာ အသက်ရှည်ရာ အနာမဲ့ကြောင်းအတွက် အရေးကြီးတဲ့ အထောက်အပံ့ ပစ္စည်းမို့ စီးပွားကို မဖျက်ဆီးဖို့ ဒုတိယ စည်းကမ်းချက်နဲ့ သတ်မှတ်ပါတယ်။
အိမ်ထောင်ဟာ စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဖြစ်တာကြောင့် စီးပွားထိန်းသိမ်း ရေးအတွက် အရေးကြီးပါတယ်။ ဒါကြောင့် တတိယစည်းကမ်း သတ်မှတ်တယ်။
အသက်၊ စီးပွား၊ အိမ်ထောင် ပြီးရင် ဆက်ဆံရေးက အရေးကြီးပါတယ်။ ဆက်ဆံ ရေးမှာ သစ္စာစကားဟာ အကောင်းဆုံးမို့ စတုတ္ထစည်းကမ်းကို သတ်မှတ်ပါတယ်။
ကျန်းမာရေးနဲ့ အသက်ရှည်ရေး၊ စီးပွားရေး၊ အိမ်ထောင်ရေးနဲ့ ဆက်ဆံရေးပြီးရင် ယဉ်ကျေးမှု က အရေးကြီးပါတယ်။ ကိုယ်အမူအရာ နှုတ်အမူအရာ ယဉ်ကျေး အောင်/ မရိုင်းစိုင်းအောင် ပဉ္စမစည်းကမ်းကို သတ်မှတ်ပါတယ်။

ဒီ ၅-ချက်သော လူ့ကျင့်ဝတ်ကို စောင့်ထိန်းရင် လူသားလောကနဲ့ သက်ရှိလောက ကို အကူအညီ အစောင့်အရှောက်ပေးရာ ရောက်ပါတယ်။
ပထမအချက်ကို စောင့်ထိန်းခြင်းဖြင့် - သူတပါးရဲ့ ကျန်းမာရေးနဲ့ အသက်ရှည်ရေး ကို ကူညီရာရောက်ပါတယ်။ ထိုနည်းတူ ….
ဒုတိယအချက် - သူတပါး စီးပွားရေး
တတိယအချက် - သူတပါး အိမ်ထောင်ရေး
စတုတ္ထအချက် - သူတပါးကို သစ္စာစကားဖြင့်
ပဉ္စမအချက် - သူတပါးကို ကိုယ်နှုတ်ယဉ်ကျေးစွာဖြင့် … ကူညီရာ အသီးသီး ရောက်ပါတယ်။

ဒီ ၅-ချက်သော စောင့်ထိန်းမှုကို ဗုဒ္ဓဘာသာမှာတော့ ငါးပါးသီလ လို့ခေါ်ပါတယ်။ သီလရှိသူဟာ ကိုယ်ကျင့်တရားကောင်းသူ လို့ သတ်မှတ်ထားကြတယ်။ သီလမှာ ၀ါရိတ္တသီလနဲ့ စာရိတ္တသီလဆိုပြီး နှစ်မျိုးရှိပါသေးတယ်။ သတ်ခြင်း၊ ခိုးခြင်း အစရှိတဲ့ ရှောင်သင့်ရှောင်ထိုက်တဲ့ စည်းကမ်းတွေကို ရှောင်ကြဉ်ခြင်းဟာ “၀ါရိတ္တ သီလ” လို့ခေါ်ပါတယ်။ မိဘ၀တ္တရား၊ သားသမီးဝတ္တရားစတဲ့ လုပ်သင့်လုပ်ထိုက်တဲ့ စည်းကမ်းတွေကို ပြုလုပ် ဆောင်ရွက် လိုက်နာ ကျင့်သုံးခြင်းဟာ “စာရိတ္တသီလ” ဖြစ်ပါသတဲ့။

ဒီ ၅-ချက်ကိုမှ နည်းနည်းထပ် အကျယ်ချဲ့လိုက်တော့ မကောင်းကျင့် (၁၀) ချက် ကို ထပ်ပြီး တွေ့ရပါတယ်။
၁) သူ့အသက်ကို ညှဉ်းဆဲ၊ သတ်ဖြတ်ခြင်း။
၂) သူ့ဥစ္စာကို မတရား ခိုးယူခြင်း။
၃) သူ့အိမ်ယာကို ပစ်မှားကျူးလွန်ခြင်း။
၎) မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း။
၅) ကုန်းတိုက်စကား၊ သွေးခွဲစကားပြောဆိုခြင်း။
၆) ကြမ်းတမ်းစကား၊ ညစ်ညမ်းဆဲရေးစကား ပြောဆိုခြင်း။
၇) အဓိပ္ပါယ်မရှိသောစကား၊ အနှစ်မရှိသောစကား ပြောဆိုခြင်း။
၈) သူတပါးပစ္စည်းကို မတရားကြံစည်ခြင်း။
၉) သူတပါးကို သေကြေပျက်စီးအောင် ကြံစည်ခြင်း။
၁၀) အယူအဆမှားယွင်းခြင်း။
ဒီ (၁၀) ချက်ဟာ မကောင်းမှု ဒုစရိုက် ၁၀-ချက်ပဲ ဖြစ်ပါတယ်။ ဒီ ၁၀-ချက်ကို ပြုလုပ်သူဟာ ကိုယ်ကျင့်တရားကောင်းမွန်ပါသလား။ စဉ်းစားကြည့်ဖို့ပါ။

မကောင်းမှု ၁၀-ချက်ရှိသလို ကောင်းမှု ၁၀-ချက်လည်းပဲ ရှိပါသေးတယ်။
၁) စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း။
၂) ကိုယ်နှုတ် တို့ကို စောင့်ထိန်းခြင်း။
၃) စိတ်ကို စင်ကြယ်အောင် စောင့်ထိန်းလေ့ကျင့်ပွားများခြင်း။
၎) မိမိထက် “အသက်ကြီးသူ၊ ၀ါကြီးသူ၊ ဂုဏ်ကျေးဇူးကြီးသူ” စတဲ့ “ရိုသေ လေးစားထိုက်သူ” တို့နဲ့ ဆက်ဆံတဲ့အခါမှာ မာနမကြီးဘဲ ဘ၀င်မမြင့်ဘဲ မိမိကိုယ်ကို နှိမ့်ချပြီး ရိုသေလေးစားစွာ ဆက်ဆံခြင်း။
၅) သူတပါးရဲ့ ကိစ္စကြီးငယ်တို့ကို စေတနာသန့်သန့်ဖြင့် ကူညီဆောင်ရွက် လုပ်ကိုင်ပေးခြင်း။
၆) မိမိပြုခဲ့တဲ့ ကောင်းမှုတို့ကို သူတပါးတို့အား မျှဝေပေးခြင်း။ (အမျှပေးဝေခြင်း)
၇) သူတပါးက ကုသိုလ်အမျှပေးခြင်းကို ၀မ်းမြောက်ခြင်း။ (သာဓုခေါ်ခြင်း)
၈) အသိစင်ကြယ်အောင်၊ အမြင်စင်ကြယ်အောင်၊ အယူအဆ စင်ကြယ်အောင် သူတော်ကောင်းတရား နာကြားခြင်း။
၉) လာဘ်လာဘကို မငဲ့ဘဲ၊ ထင်ရှားကျော်ကြားမှုကို မမျှော်ကိုးဘဲ စိတ် စေတနာ သန့်သန့်နဲ့ မိမိသိရှိထားပြီးသော သူတော်ကောင်းတရားတို့ကို တဆင့်ပြန်လည် ပြောပြခြင်း။
၁၀) အယူအဆ ဖြောင့်မတ်မှန်ကန်ခြင်း၊ အသိဉာဏ် စင်ကြယ်ခြင်း။
စတဲ့ ၁၀-ချက်ပဲ ဖြစ်ပါတယ်။ ဒီအချက် ၁၀-ချက်ကိုရော လိုက်နာဆောင်ရွက် ကျင့်ကြံနိုင်ပါသလား။

ဒါဟာ အခြေခံကျတဲ့ အချက်ကလေးတွေမျှသာပါ။ ဒါတွေကိုတောင်မှ မရှောင်နိုင် မဆောင်နိုင်တဲ့အတွက် ကျမက ကိုယ့်ကိုယ်ကိုယ် အန္ဓပုထုဇဉ်လို့ မရှက်တမ်း ပြောရခြင်း ဖြစ်ပါတယ်။

ဒါတွေအပြင် လူ့ကျင့်ဝတ်ဆိုပြီး ဆရာတော်တွေ ဆရာသမားတွေ ရေးခဲ့တဲ့ ဆောင်ပုဒ် လင်္ကာတွေရှိပါသေးတယ်။ အားလုံးလည်း သိကြမှာပါ။

* တယောက်စကား၊ တယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ ဆိုလေ၊ ပျားသကာသို့၊ ချိုလှစေ။
* မတွေ့ခိုက်ရန်၊ မကျူးလွန်နှင့်၊ မျက်မာန်ဒေါသ၊ မထွက်ကြနှင့်၊ မာန်မာနကို၊ ထိန်းကြလေ။ …
စသည် စသည် လူ့ဘောင်လောကမှာ နေထိုင်သူတွေအဖို့ စောင့်ထိန်းရမယ့် လူ့ကျင့်ဝတ် လူ့စည်းကမ်းတွေ တပုံတပင်ကြီး ရှိပါသေးတယ်။

ဒါကြောင့် လူ့ကျင့်ဝတ်ဆိုတာ တခုထဲ မဟုတ်ပါဘူး။ ကိုယ်ကျင့်တရားဆိုတာ လည်း တချက်ကောင်း နှစ်ချက်ကောင်းထဲ မဟုတ်ပါဘူး။ အထက်ပါဆိုခဲ့ပြီးတဲ့ အချက်တွေထဲက တချက်တလေ ကျူးလွန်မိသူတိုင်း ကိုယ်ကျင့်တရား ဖောက်ပြန် သူတွေချည်းပါပဲ။

ဒါဆို လူတိုင်း ကိုယ်ကျင့်တရား ဖောက်ပြန်နေကြတာချည်းပဲလား … ဆိုလာရင် တော့ ….
ဖောက်ပြန်မှု အနည်းနဲ့ အများတော့ရှိပါသေးတယ်လို့ ကျမက ဆင်ခြေတက်ချင် တာပါပဲ။ ဥပမာ - ခြင်သတ်တာနဲ့ လူသတ်တာနဲ့ ကွာသလိုပေါ့။ သူတပါး အသက် ကို သတ်ဖြတ်တာခြင်းအတူတူ မသတ်ခင်က ကြိုတင်ကြံစည်မယ်၊ သေစေဖို့ ခွန်အား အားစိုက် ထုတ်ရမယ်၊ ၀မ်းမြောက်ဝမ်းသာနဲ့ သတ်မယ်၊ ဒီလို သတ်ခြင်းဟာ အပြစ်မရှိဘူးလို့ ထင်မယ်ဆိုရင်တော့ သူ့မကောင်းမှုကံ အကျိုးပေး မယ်ဆိုရင် အဆိုးဆုံးကို ပေးမှာပါပဲ။
ကိုယ်ကျူးလွန်မိတဲ့ မကောင်းမှုကို မကောင်းမှုမှန်းသိရင်၊ နောင်တရပြီး ထပ်မံ မကျူးလွန်ဘဲ ပြန်လည် ပြင်ဆင်ရင် … ဒီအပြစ်တွေကို ဆေးကြောတဲ့အနေနဲ့ ကောင်းမှုတွေ ထပ်ခါ ထပ်ခါလုပ်နေမယ်ဆိုရင် … ကိုယ်ကျူးလွန်ခဲ့တဲ့ မကောင်းမှု ဟာ တဖြည်းဖြည်း ကင်းစင်ပပျောက်သွားမှာ ဖြစ်ပါတယ်။ ရေများ ရေနိုင်၊ မီးများ မီးနိုင် ဆိုသလိုပေါ့။

ဒီတော့ နိဂုံးချုပ်ရမယ်ဆိုရင် ကိုယ်ကျင့်တရား ကောင်းဖို့ မကောင်းဖို့ဆိုတာ ကိုယ် ကိုယ်တိုင်နဲ့သာ ဆိုင်ပါတယ်။ ကိုယ်မကောင်းရင် မကောင်းကျိုးကို ခံစားရမယ်။ ကိုယ်ကောင်းရင် ကောင်းကျိုးကို စံစားရမှာပါပဲ။ သူတပါးမကောင်းတာကို ကိုယ်က အပြစ်ပေးနေလို့လည်း မရပါဘူး။ သူ့အပြစ် သူသာလျှင် ခံရမှာပါ။ ကိုယ်က ဒီလို မကောင်းသူနဲ့ ကြုံရ ဆုံရတယ်ဆိုပါတော့ … ။ ဒီလိုကြုံလာဆုံလာ ခဲ့ရင် မကောင်းသူကို အပြစ်မတင်ဘဲ ကိုယ်မကောင်းခဲ့လို့ မကောင်းသူနဲ့တွေ့ရ ကြုံရဆုံရတယ်ဆိုတာကို သေသေချာချာ သဘောပေါက် နားလည်ဖို့ လိုပါတယ်။ ကိုယ်က ဒီဘ၀မှာ ခြောက်ပစ်ကင်း သဲလဲစင်နေပေမယ့် ကိုယ်မသိတဲ့ သံသရာဆို တာ အရှည်ကြီးပါ။ အရင်ဘ၀တွေမှာ ကိုယ်မှားခဲ့လို့ ကိုယ်ကျူးလွန်ဖောက်ပြားခဲ့မိ လို့ ဒီဘ၀မှာ မကောင်းကျိုးတွေ ရရှိတာပဲ မဟုတ်လား။ ဒါကြောင့် ကိုယ်ကိုယ်တိုင် ကျင့်ကြံအားထုတ် ဆောင်ရွက်ရမယ့် တရားတွေကို ကိုယ်ကလွဲပြီး ဘယ်သူမှ လာကျင့်ပေးလို့ မရပါ။ သူများကိုလည်း (တိုက်တွန်းရုံကလွဲလို့) ကိုယ်စား သွားပြီး ကျင့်ပေးလို့မရတဲ့အတွက် လူတိုင်းလူတိုင်း ကိုယ်တိုင်ကောင်းဖို့ကလေးသာ အဓိက လိုအပ်တယ် လို့ ကျမကတော့ ထင်မြင် ယူဆပါတယ်။
***
မေတ္တာဖြင့် …

မေဓာဝီ
၃၁၊ ဇူလိုင်၊ ၂၀၀၇
ည ၇ နာရီ

ကိုးကား ။
သာကီနွယ်၏ ပြဋ္ဌာန်းကျမ်းစာသင်ကြားနည်း

Read More...

Monday, July 30, 2007

အဖေ့အတွက် ...

အဖေ …
လွန်ခဲ့တဲ့ ၆၂ နှစ် ခုလို ၀ါဆိုလပြည့်ကျော် တရက်နေ့မှာ သမီးရဲ့ ကျေးဇူးရှင် ဖြစ်လာမယ့် အဖေ လူ့လောကထဲ ရောက်လာခဲ့တာ … နော်။ ရှေးရေစက်နဲ့ ကံတရားရဲ့ တွန်းပို့မှုကြောင့် အဖေချစ်တဲ့ အမေနဲ့ ဆုံဆည်းခဲ့ရပြီး အဖေတို့ရဲ့ နှစ်ယောက်ဘ၀ထဲမှာ သံယောဇဉ်ကြိုး ခပ်ဆိုးဆိုး လေးမျှင် တိုးလာခဲ့တယ်ပေါ့။ တမျှင်ပြီး တမျှင်တိုးပွားလာတဲ့ အဲဒီ သံယောဇဉ်ကြိုး ခပ်ဆိုးဆိုးလေးတွေကို ခိုင်သည်ထက်ခိုင်အောင် မြဲသည်ထက်မြဲအောင် ပြုလုပ်ပေးရင်းနဲ့ လောက အလယ်မှာ မျက်နှာမငယ်စေဖို့ ပြုစုပေး စောင့်ရှောက်ပေး ဆုံးမပေးနေတဲ့ အဖေ့ရဲ့ ဂုဏ်ကျေးဇူးတွေအတွက် ဦးညွတ် ကန်တော့လိုက်ပါတယ် အဖေ … ။

မောင်နှမလေးယောက်ထဲမှာ အဖေက သမီးကို အချစ်ဆုံးတဲ့ … ။ အားလုံးက အဲဒီလိုပြောရင် အဖေကတော့ ပြုံးပြုံးကြီးပါပဲ။ တကယ်လည်း သမီးနဲ့ အဖေဟာ အနီးစပ်ဆုံး အနီးကပ်ဆုံး စိတ်ချင်း အတိုက်ဆိုင်ဆုံးပဲ မဟုတ်လား။ သွေးအမျိုးအစားတောင်မှ အဖေနဲ့ သမီးက တူတူပဲ။ ကျန်တဲ့ အမနှစ်ယောက်က အမေနဲ့တူတာလေ။ ဒါကြောင့် အဖေနဲ့သမီး ပိုပြီး နီးစပ်မိတာများလား။ သမီး ကိုယ်တိုင်လည်း အဖေက သမီးကိုအချစ်ဆုံးလို့ ထင်နေခဲ့သလို ပတ်ဝန်းကျင် ကလည်း ဒီလိုပဲ အသိအမှတ်ပြုထားကြတယ်။ အမေဆို သမီးတို့ သားအဖ စကားတွတ်ထိုးနေကြရင် ခပ်လှမ်းလှမ်းကနေ မျက်စောင်းလေးလှမ်းထိုးပြီး အမြင်ကတ်ဟန် ပြုနေကျလေ။ ဘယ်သူတွေ ဘာပဲဖြစ်ဖြစ် အဖေ့အချစ်ဆုံး သမီး ဖြစ်ရတာ ဂုဏ်ယူစရာပဲမဟုတ်လား။

သမီးငယ်ငယ်က အိပ်ခါနီးဆိုရင် အဖေချီပြီး လမ်းလျှောက်ရင်း သီချင်းဆို သိပ်မှ အိပ်တတ်တာနော်။ တကယ်တော့ အဖေ့ကို ချစ်လို့ နွဲ့ဆိုးဆိုးပြီး ဂျီကျတာ အဖေ ပင်ပန်းအောင် လုပ်သလိုမျိုးဖြစ်ခဲ့တယ်။ အဖေကတော့ တချက်ကလေးမှ မညည်း ပါဘူး။ သမီးကို ချီထားရင်း … သီချင်းကလေးတွေသာ ညည်းဆိုလို့ပေါ့။
“ဘူးမမှုတ်နဲ့ သမီးရယ် … ဖေဖေ့ကို ချစ်တယ်ဆို … ဖေဖေကြီးကို ချစ်တယ်ဆို … ဆို .. ဆို .. ဆို …”
အဲဒီသီချင်းလေး အဖေဆိုပြရင် သဘောသိပ်ကျတဲ့သမီးက အခု အဲဒီသီချင်းရဲ့ နာမည်ကို နှစ်ခြိုက်စွာလည်း သုံးစွဲတတ်နေပါပြီ။

“အဖေ … ချီ …”
“ဟတ် … ချိုး”
အဖေက အမြဲ အဲဒီလိုနောက်တတ်သေးတယ်။
“အဲဒီလို ချီတာမဟုတ်ဘူး။ မ- ပြီး ချီလေ … ချီမ လေ … အဖေ … ချီမပါဆို”
အဖေက ခြေမကြီး ပေးတယ် … ရော့ ဒီမှာ ခြေမ တဲ့။
အဲဒါဆိုရင် နှုတ်ခမ်းစူ ခြေထောက်ဆောင့်ပြီး စိတ်ကောက်ပြတော့မှ အဖေက ကောက်ပြီး ချီပါတယ်။ ချီပြီး လမ်းလျှောက်နေတဲ့ အဖေ့ပခုံးပေါ်မှာ ခေါင်းမှီတင်ရင်း အိပ်ငိုက်ရတဲ့အရသာက တော်တော်လေးဇိမ်ရှိတာ။ အဖေပင်ပန်းနေမယ်ဆိုတာ တွေးတောင် မတွေးမိဘူး။ ဆိုးချင်တာ တခုတည်း သိခဲ့တာလေ။

“အဖေ … ပုံပြောပြ”
အဖေပြောနေကျ ပုံပြင်တွေထဲမှာ ခဏခဏ နားထောင်ဖြစ်တာက ငလက်မလေး ပုံပြင်၊ ရွှေယုန်နဲ့ ရွှေကျားပုံပြင်၊ ကြက်ကလေးမိသားစုနဲ့ ကြောင်ကြီးပုံပြင်၊ မြီးဆွဲဖင်ထိုး တုတ်ရိုက်ကောင် ပုံပြင်တွေပဲ။ ကြာလာတော့ ပုံပြင်တွေ ထပ်လာတဲ့အခါ တခါတလေ အဖေက လံကြုတ်ပုံပြင်တွေ ပြောပြတတ်သေး တယ်။ နည်းနည်းလေး ကြီးလာတော့ နိပါတ်တော်တွေထဲက ဇာတကတွေကို ပုံပြင်လုပ်ပြီး အဖေကပြောပြတယ်။ သင်ခန်းစာယူစရာ ပုံပြင်လေးတွေပေါ့။

သမီးတို့ စာမဖတ်တတ်ခင်မှာ အရုပ်စာအုပ်ကလေးတွေ၊ စာဖတ်တတ်လာတော့ ကဗျာ စာအုပ်၊ ပုံပြင်စာအုပ်၊ ကာတွန်းစာအုပ်လေးတွေ ဖတ်စေပြီး အသိပညာကို တိုးပွားစေခဲ့တယ်။ အဖေ့ရဲ့ ပုံပြင်တွေ အဖေ့ရဲ့ သီချင်းတွေ အဖေ့ရဲ့ ကဗျာတွေ ကြားမှာ မွေ့လျော်ရင်း သမီးတို့တတွေ ကြီးပြင်းလာခဲ့ကြတာပါ။ ဘာသာတရားကို လေးစားအောင် သက်ဝင်ယုံကြည်အောင် အသက်အရွယ်နဲ့ လိုက်လျောညီထွေ အဖေက ဆုံးမပေးခဲ့တယ်၊ သင်ကြား ပေးခဲ့တယ်၊ ဆရာကောင်းတွေထံ အပ်နှံပေးခဲ့တယ်။ မြန်မာစာပေကို ချစ်တဲ့အဖေ၊ ဘာသာတရားကို ရိုသေ ကိုင်းရှိုင်းလွန်းတဲ့ အဖေဟာ သမီးတို့ကိုလည်း မြန်မာစာပေကို ချစ်တတ်အောင် မြတ်နိုးတတ်အောင် စာအုပ်စာပေတွေနဲ့ ထိတွေ့ပေးခဲ့တယ်၊ စာပေကို ချစ်မြတ်နိုးမှ ယဉ်ကျေးမယ်တဲ့။ ဘာသာတရားကို လေးစားမှ လူကောင်း သူကောင်းဖြစ်ပြီး ပစ္စုပ္ပန် သံသရာ အကျိုးကျေးဇူးရရှိမယ်တဲ့ .. ။ အဖေ့ကြောင့် စာပေကိုရော ဘာသာကိုပါ ချစ်တတ် လေးစားတတ် လာခဲ့တာပါ။

နွေကျောင်းပိတ်ရက် အားလပ်ချိန်ဆိုရင် အဖေနဲ့တူတူ ကစားခဲ့ကြတာ မှတ်မိပါ သေးတယ်။ အဖေက ရုပ်ရှင်ပြမယ်ဆိုပြီး စက္ကူတရွက်ကို အပေါက်ဖောက်၊ နောက် စက္ကူရှည်ရှည်လေး တရွက်မှာ ကာတွန်းကွက်လေးတွေရေးဆွဲပြီး ဖြည်းဖြည်းချင်း ဆွဲပြတဲ့အခါ ကာတွန်းကား ကြည့်ရသလိုပဲမို့ ထူးထူးခြားခြား သိပ်ပျော်ခဲ့ရ သေးတယ်။ အဖေရဲ့ ကာတွန်းနဲ့ ပန်းချီတွေကို သမီးတို့ အားလုံး သိပ်သဘောကျ ကြတာမဟုတ်လား။ အဖေအရင်က လက်မှတ်ထိုးရင်တောင် ကာတွန်းပုံလေးနဲ့ ထိုးတာနော်၊ အမေ့ကို အဖေပေးတဲ့ စာတွေခိုးဖတ်ပြီး သိတာပေါ့။ အဖေ ဘုန်းကြီး ဘ၀က ပေးတဲ့စာရဲ့ လက်မှတ်မှာတော့ ဘုန်းကြီးပုံ ကတုံးကြီးနဲ့ သင်္ကန်းနဲ့။ အဖေက အဲဒီလို ကာတွန်းလက်ရာလည်း ပြောင်မြောက်သေးတယ်။

သိပ်ကြင်နာတတ်ပြီး စိတ်ရှည်လွန်းတဲ့အဖေက သမီးတို့ကို ရိုက်နှက်ဆုံးမဖို့ မပြောနဲ့ လေသံမာမာနဲ့တောင် မအော်ငေါက်ခဲ့ဖူးဘူးနော်။ ဒါပေမဲ့ တခါတော့ အဖေရိုက်ဖူးပါတယ်။ တခါဆိုပေမဲ့ တသက်လုံး အသည်းထဲစွဲအောင် သမီး မှတ်မိ သွားတော့တာ။ အဖေရိုက်တာ အသားမနာပေမဲ့ အဖေက သမီးကို ရိုက်ရက်လေ ချင်းလို့ စိတ်ထဲဝမ်းနည်းနေမိတာ။ တကယ်တော့ သမီးကပဲ ဆိုးလို့ စိတ်မရှည် နိုင်တော့ပဲ အဖေက ရိုက်ခဲ့တာ။ အခုပြန်စဉ်းစားကြည့်တော့ ရယ်တော့ရယ်ရသား။

သမီးတို့ညီအမ ရေချိုးခန်းထဲမှာ ရေဆော့နေပြီး တော်တော်နဲ့မထွက်လို့ အဖေက ခေါ်တာလေ။ တကြော်ကြော်ခေါ်နေတာတောင် မထွက်တော့ ထွက်လည်းလာရော အဖေက စိတ်တိုတိုနဲ့ ရိုက်တော့တာပေါ့။ ရိုက်တာကလည်း ခေါင်းဖြီးတဲ့ ပလပ်စတစ်ဘီးကလေးနဲ့ပါ။ ဘီးအစိမ်းကလေး … ခုထိမှတ်မိသေးပါရဲ့။ အဲဒီ ဘီးကလေးနဲ့ တင်ပါးကို ခပ်စပ်စပ်ရိုက်တာ ဘယ်လောက်နာမှာမို့လဲ။ ဒါပေမဲ့ နာပါတယ် … ရင်ထဲမှာ၊ စိတ်ထဲမှာ … နာလိုက်တာမှ။ ၀မ်းနည်းလိုက်တာမှ။ စိတ်မကောင်းလိုက်တာမှ။ ငိုလို့လည်း မဆုံးတော့ဘူး။ တွေးလိုက်တိုင်း မျက်ရည်က ကျနေတော့တာ။ နောက်ဆုံး အဖေပဲ ပြန်ချော့ခဲ့ရတာနော်။ သမီးက ဆိုးသလား အဖေ … ။

ရေချိုးခန်းဆိုလို့ … အဖေရေချိုးခန်းထဲက ထွက်လာရင် ကြမ်းမှာထင်နေတဲ့ အဖေ့ခြေရာတွေကို လိုက်နင်းပြီး “အဖေ့ခြေရာနင်းမယ့်သမီး” လို့ သီချင်းလုပ် ဆိုခဲ့ကြတာ မှတ်မိပါသေးတယ်။ တကယ်တမ်း အဖေ့ခြေရာနင်းနိုင်ဖို့ မပြောနဲ့ အဖေ့ခြေမှုန်တောင် မနင်းနိုင်ခဲ့ပါဘူး။ အဖေ့လို လုပ်နိုင်ဖို့ဆိုတာ ဝေးရော အဖေ့ လိုလည်း စိတ်ထား မမြင့်မြတ်တဲ့ အဖေ့သမီးက အဖေ့ခြေရာ နင်းနိုင်ပါ့မလား။ ရယ်စရာကြီးနော် … ။

အဖေက ဒေါသကို စက်ဆုပ်တယ်၊ သည်းခံစိတ်အမြဲထားတယ်၊ မေတ္တာတရားနဲ့ ပြည့်ဝတယ်။ သမီးတို့နဲ့ တခြားစီပါပဲ။
သည်းခံတာ(ခန္တီ)က ယူတာ … မေတ္တာက ပေးတာ .. လို့ အဖေ အမြဲပြော လေ့ရှိတယ်။
“မေတ္တာပို့တယ်ဆိုတာ သတ္တ၀ါအားလုံးအပေါ် ကိုယ့်ရဲ့ မေတ္တာကို ဖြန့်ကျက် ဝေငှ တာ၊ ပေးတဲ့ သဘောပေါ့ …
“ခန္တီကတော့ ကိုယ့်ကို မစင် အညစ်အကြေးနဲ့ ပစ်သမျှ ပေါက်သမျှ အပြုံးမပျက်ဘဲ လက်ခံ ယူတဲ့သဘော …
“မေတ္တာထက် ခန္တီက ပိုပြီး ခက်ခဲတယ်။ ခန္တီတရားကို လက်ကိုင်ထားရင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ် …”

အဖေ့စကားတွေ အမြဲ အမှတ်ရနေပေမဲ့ လက်တွေ့မကျင့်သုံးနိုင်သေးတာတော့ ၀န်ခံပါတယ်အဖေ …။ အဖေ့စကားကို နားထောင်တဲ့ သမီးဖြစ်စေဖို့ အဖေ့ အဆုံးအမတွေကို လက်တွေ့ ကျင့်သုံးနိုင်ဖို့ သမီးကြိုးစားမှာပါ။

မကျေနပ်ချက်တွေ များလွန်းလှတဲ့ သမီးက တိုတောင်းလှတဲ့ ဘ၀လေးအတွင်းမှာ အဖေ့သမီး ဖြစ်ခွင့်ရတဲ့အတွက်တော့ ကိုယ့်ဘ၀ကိုယ် ကျေနပ်မိပါတယ်။ အဖေ့ရဲ့ မေတ္တာရိပ်အောက်မှာ ခိုနားနေထိုင်ရင်း၊ အဖေ့အကြင်နာတွေကို ကြည်နူးစွာ ခံယူရင်း အဖေ့ဂုဏ်ကျေးဇူးတွေကို အမြဲမပြတ်သတိရနေတဲ့ အဖေ့သမီးဟာ အဖေ့အပေါ်မှာ ပေးဆပ်ခြင်းထက် ရယူခြင်းတွေကသာ ပိုလို့များနေပါတယ်။ ဒါပေမဲ့ ဒါကို အဖေခွင့်လွှတ်လိမ့်မယ်ဆိုတာ သမီးသိနေပါတယ် အဖေ … ။

အဖေ …
လောကအတွက် … သာသနာအတွက် … အဖေချစ်တဲ့ မိသားစုအတွက် … အဖေ ရှိနေပေးပါ။
အဖေ့မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ သမီး ဆုမတောင်းချင်ပါဘူး… ။
ပျော်ရွှင်မှု ၀မ်းနည်းမှုတွေ ချုပ်ငြိမ်းရာ အမတခေမံ မြတ်နိဗ္ဗာန်ကို ရောက်အောင် တရားထူး တရားမြတ်ကိုအားထုတ်နိုင်ပြီး သာသနာအကျိုး ဆထက်တံပိုး ထမ်းဆောင်နိုင်တဲ့သူ ဖြစ်စေဖို့ သမီးဆုတောင်း လိုက်ပါတယ် … အဖေ … ။

***
မေဓာဝီ
၃၀၊ ဇူလိုင်၊ ၂၀၀၇
ဝါဆိုလပြည့်ကျော် တရက်
ညနေ ၆ နာရီ

Read More...

Sunday, July 29, 2007

ဝါဆိုလပြည့် - ဓမ္မစကြာအခါတော်နေ့

မနေ့က အဖိတ်နေ့မှာ ၀ါဆိုလပြည့်နေ့နဲ့ ပတ်သက်တဲ့အကြောင်း အနည်းအကျဉ်း ဖော်ပြခဲ့ပြီးပြီမို့ ဒီကနေ့တော့ ဓမ္မစကြာတရားတော် (ဓမ္မစက္ကပ၀တ္တနသုတ်) နဲ့ ပတ်သက်ပြီး အနည်းငယ် ဖော်ပြပါမယ်။ အခုဖော်ပြမယ့်စာကတော့ ကျမ ဖခင်ကြီး ပြုစု စီစဉ်တဲ့ “နည်းပြဓမ္မစကြာ” စာအုပ်မှ ကောက်နုတ်ဖော်ပြမှာ ဖြစ်ပါတယ်။ တိုတိုနဲ့ လိုရင်း ကောက်နုတ်ဖို့ရာ တအုပ်လုံးကိုဖတ်ကြည့်တော့ ဒီစာအုပ်ပါ နိဒါန်းကိုဖော်ပြရင်ဖြင့် တရား အားလုံးကို ခြုံငုံမိမယ်လို့ ယူဆတဲ့ အတွက် အဖေရေးခဲ့တဲ့ နိဒါန်းအစအဆုံးကို ရိုက်ကူးဖော်ပြလိုက်ပါတယ်ရှင်။
***
နည်းပြ ဓမ္မစကြာ

နိဒါန်း

ဓမ္မစကြာဆိုတာ မြန်မာအခေါ်ဖြစ်ပါတယ်၊ ပါဠိကျမ်းဂန်တွေမှာတော့ ဓမ္မစက္က ပ၀တ္တနသုတ် မည်ပါတယ်။
“ဓမ္မ” ဆိုတာ ဉာဏ်တော်၊
“စက္က” ဆိုတာ စက်ဝန်း၊
“ပ၀တ္တန” ဆိုတာ လည်သောတရား။ ပေါင်းလိုက်ရင် -
“ဉာဏ်တော်စက်ဝန်းလည်သောတရား” ဖြစ်ပါတယ်၊ ဓမ္မစကြာကို ဟောကြားတာ ဟာ ဉာဏ်တော်စက်ဝန်းကို လှည့်တာဖြစ်ပါတယ်။

ဓမ္မစကြာသုတ်တော်ကို ဘုရားရှင်တိုင်း တရားဦးအဖြစ်နဲ့ ဟောကြားတော်မူပါ တယ်၊ ဂေါတမမြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်ပြီးနောက် ဗောဓိမဏ္ဍိုင်မှ (၁၈) ယူဇနာဝေးတဲ့ ဗာရာဏသီပြည်၊ ဣသိပတန မိဂဒါဝုန်တောကို ကြွသွားပြီး ၀ါဆို လပြည့် စနေနေ့, နေ၀င်လထွက်ချိန်မှာ ပဉ္စ၀ဂ္ဂီရဟန်းတို့ကို အမှူးထားကာ ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူပါတယ်။ ဒေသနာအဆုံးမှာ နတ်ဗြဟ္မာ (၁၈) ကုဋေနဲ့အတူ အရှင်ကောဏ္ဍည သောတာပန်တည်ပါတယ်။

ဓမ္မစကြာတရားတော်ဟာ ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင်ရဲ့ မိခင်သဖွယ် ဖြစ်ပါတယ်၊ လေးဆယ့်ငါးဝါပတ်လုံး ဟောသမျှ သစ္စာလေးပါးမှ လွတ်တာ မရှိ ပါဘူး၊ ဟောကြားသမျှ တရားအားလုံး သစ္စာလေးပါးမှာ အတွင်းဝင်ပါတယ်။ ဓမ္မစကြာဟာ အလွန်ရခဲတဲ့ တရားဖြစ်ပါတယ်၊ ဘုရားတစ်ဆူပွင့်တော်မူမှ တစ်ကြိမ်သာ ပေါ်လာတဲ့တရားမို့ နေ့စဉ်ဝတ်တက်ပြီး ရွတ်ဖတ် ပူဇော်သင့်ပါတယ်၊ အထူးသဖြင့် စနေနေ့ကို ရွတ်ဖတ်ပူဇော်ရင် လောက-ဓမ္မ နှစ်ဌာနမှာ အတိုင်းမသိ ကောင်းကျိုးချမ်းသာ တိုးတက်စေတယ်လို့ ဆရာမြတ်တို့ မိန့်တော်မူပါတယ်။

ဓမ္မစကြာရဲ့ အဓိကအချက်များကတော့
(က) အကျင့်သုံးပါး
(ခ) သစ္စာလေးပါး
(ဂ) ဉာဏ်တော် တဆယ့်နှစ်ပါးတို့ပဲ ဖြစ်ပါတယ်။ ဒီအချက် သုံးချက်ကို မူတည်ပြီး မြတ်စွာဘုရားရှင် ဟောကြားတော်မူတာ ဖြစ်ပါတယ်။

ဓမ္မစကြာတရားတော်ကြီးကို လေ့လာရင် “သစ္စာအနက် တဆယ့်ခြောက်ချက်” ကိုလည်း သိထားဖို့ လိုပါလိမ့်မယ်။

ဒုက္ခသစ္စာမှာ -
၁) ပီဠနဋ္ဌ = နှိပ်စက်တတ်တဲ့အနက်
၂) သင်္ခတဋ္ဌ = ပြုပြင်တိုင်း ခံရတဲ့အနက်
၃) သန္တာပဋ္ဌ = ပူလောင်စေတတ်တဲ့အနက်
၎) ၀ိပရိဏာမဋ္ဌ = ဖောက်ပြန်ပျက်စီးတတ်တဲ့အနက်
….. လို့ ဒုက္ခသစ္စာမှာ အနက်သဘောလေးပါးရှိပါတယ်။ ထို့အတူ -

သမုဒယသစ္စာမှာ -
၁) အာယုဟနဋ္ဌ = (၀ဋ်ဆင်းရဲကိုရဖို့) အားထုတ်တတ်တဲ့အနက်
၂) နိဒါနဋ္ဌ = (၀ဋ်ဆင်းရဲ၏) အကြောင်းဖြစ်တဲ့အနက်
၃) သံယောဂဋ္ဌ = (၀ဋ်နဲ့မကွာအောင်) ယှဉ်တွဲတတ်တဲ့အနက်
၎) ဗလိဗောဂဋ္ဌ = (၀ဋ်ဆင်းရဲမှ မလွတ်အောင်) နှောင့်ယှက်တတ်တဲ့အနက်
…. လို့ သမုဒယသစ္စာမှာ အနက်သဘောလေးပါးရှိပါတယ်။

နိရောဓသစ္စာမှာ -
၁) နိဿရဏဋ္ဌ = (၀ဋ်ဆင်းရဲမှ) ထွက်မြောက်တတ်တဲ့အနက်
၂) ၀ိဝေကဋ္ဌ = (၀ဋ်ဆင်းရဲအနှောင့်အယှက်မှ) ဆိတ်ငြိမ်တတ်တဲ့အနက်
၃) အသင်္ခတဋ္ဌ = (အကြောင်းတရားလေးပါးတို့မှ) ပြုပြင်ခြင်းကင်းတဲ့အနက်
၎) အမတဋ္ဌ = အသေကင်းတဲ့အနက်

မဂ္ဂသစ္စာမှာ -
၁) နိယျာနဋ္ဌ = (၀ဋ်ဆင်းရဲမှ) ထုတ်ဆောင်တတ်တဲ့အနက်
၂) ဟေတုဋ္ဌ = (၀ဋ်ဆင်းရဲမှ) လွတ်မြောက်ကြောင်းအနက်
၃) ဒဿနဋ္ဌ = (နိဗ္ဗာန်ကို) မြင်တတ်တဲ့အနက်
၎) အဓိပတေယျဋ္ဌ = (မိမိသာလျှင်) အကြီးအမှူးဖြစ်တဲ့အနက်

အဲဒီလို သစ္စာတပါးတပါးမှာ အနက်သဘောလေးပါးစီရှိတာကြောင့် အနက် တဆယ့်ခြောက်ချက် ဖြစ်လာပါတယ်။

သစ္စာအနက် တဆယ့်ခြောက်ချက် ရှိပေမဲ့လဲ ဒုက္ခသစ္စာရဲ့ အနက်လေးချက်ကိုသာ ပိုင်ပိုင်နိုင်နိုင် ထင်မြင်အောင်အားထုတ်ပါ။ ပိုင်ပိုင်ထင်မြင်လို့ ဒုက္ခသစ္စာမှာ ပရိညာ ကိစ္စပြီးခဲ့ရင် ကျန်သစ္စာသုံးပါးတို့ရဲ့ အနက် တဆယ့်နှစ်ချက်ဟာ အလိုလိုကိစ္စပြီးပါ တော့တယ်၊ တမင်အားထုတ်ဖို့ ကိစ္စမရှိတော့ပါဘူး၊ ဒုက္ခသစ္စာအနက် လေးချက်ဟာ အနိစ္စ, ဒုက္ခ, အနတ္တ-လက္ခဏာရေးသုံးပါးမှာ ပါဝင်ပါတယ်။

အနက်လေးချက်လုံးဟာ ဒုက္ခလက္ခဏာရေးမှာ အကုန်ဝင်ပါတယ်။ ၀ိပရိဏာမဋ္ဌ အနက်တခုဟာ အနိစ္စလက္ခဏာရေးဘဲ ဖြစ်ပါတယ်။ အနိစ္စ, ဒုက္ခနှစ်ပါးမှာ ပါဝင်ရင် အနတ္တလက္ခဏာရေးမှာလဲ ပါဝင်ပါတော့တယ်။ ဒါကြောင့် လက္ခဏာရေးသုံးပါး နေရာကျပြီးစီးခဲ့ရင် သစ္စာအနက်တဆယ့်ခြောက်ချက်ဟာ အလိုလိုပြီးစီး ပါတော့ တယ်။

လက္ခဏာရေးသုံးပါးမှာလဲ အနိစ္စလက္ခဏာတစ်ခုသာ လိုရင်းပဓာနဖြစ်ပါတယ်၊ အနိစ္စလက္ခဏာဆိုတာ သေခြင်းတရားပင်ဖြစ်ပါတယ်၊ ကိုယ့်ခန္ဓာတကောင်လုံးမှာ မျက်တောင်တခတ်မျှ မလပ်မစဲ တသဲသဲ သေမှုဘေးဆိုက်ကပ်နေတာဟာ အနိစ္စ လက္ခဏာလို့ ဆိုရပါတယ်၊ တကိုယ်လုံး အဏုမြူလောက်မျှမလပ် ခဏမစဲ သေဘေးကြီး တဖြုန်းဖြုန်းကျရောက်နေတာကို မြင်ရင် ဒုက္ခလက္ခဏာမြင်မှု, အနတ္တလက္ခဏာမြင်မှု ပြီးစီးပါတော့တယ်။

ဘယ်လိုပြီးစီးသလဲဆိုတော့ ဒီခန္ဓာကိုယ်ကြီးကို ချမ်းသာတယ် (သုခ) လို့ ယူပါဦး မလား၊ ငါ့ရဲ့အနှစ်သာရ (အတ္တ) လို့ကော ယူဖို့ရှိပါသေးသလား၊ ဒီလို အမှန်အတိုင်း ထင်မြင်နိုင်ရင်တော့ သောတာပန်မှစပြီး ရဟန္တာတိုင်အောင် ဖြစ်နိုင်ပါတယ်။ ကြိုးစားအားထုတ် ကျင့်ကြံပွားများဖို့ စေတနာကောင်းဖြင့် တိုက်တွန်းနှိုးဆော် လိုက်ပါတယ်။ … ။

တရားဦးမှသည် တရားထူး ရကြပါစေ …
စီစဉ်သူ

***
ကျမ အဖေရေးခဲ့တဲ့ နိဒါန်းကတော့ ဤမျှပါပဲ။
ဒီနေ့လို ဗုဒ္ဓဘာသာဝင်များရဲ့ နေ့ထူးနေ့မြတ် အခါသမယ ဖြစ်တဲ့ ၀ါဆိုလပြည့်နေ့ မှာ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားဦး တရားထူး ဒေသနာအကျဉ်းကို ကျမဘလော့မှာ ပူဇော်ပြီး စာဖတ်သူများကို ဝေမျှရတဲ့ ကုသိုလ်ကောင်းမှုကြောင့် တရားထူးတရားမြတ်ရရှိရန် အကျင့်ကောင်းများ အားထုတ်နိုင်သူ ဖြစ်ရပါစေ … ။ ဤကုသိုလ်ကောင်းမှု အဖို့ဘာဂကို သုံးဆယ့်တဘုံသားတို့အား အမျှပေးဝေပါ တယ်။ အမျှရကြ၍ ၀မ်းမြောက်စွာ သာဓုခေါ်နိုင်ကြပါစေ … ။

***
မေဓာဝီ

၂၉၊ ဇူလိုင်၊ ၂၀၀၇
(ဒုတိယ၀ါဆိုလပြည့်)
နံနက် ၉ နာရီ ၃၀ မိနစ်

ကိုးကား။
နည်းပြဓမ္မစကြာ - ဦးမောင်မောင် (ဟံသာဝတီ)

Read More...

Saturday, July 28, 2007

အဖိတ်နေ့ ...

နက်ဖန်ဆို ၀ါဆိုလပြည့်နေ့ရောက်ပြီမို့ ဒီကနေ့က အဖိတ်နေ့ပေါ့။ ၀ါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) မှာ ဓမ္မစကြာ (ဓမ္မစက္ကပ၀တ္တနသုတ်) ရဲ့ အကျဉ်းကို ကျမဘလော့မှာ တင်ချင်တာကြောင့် ဒီကနေ့ အဖိတ်နေ့မှာ ၀ါဆိုလပြည့်နဲ့ ပတ်သက်သမျှလေးကို အနည်းငယ် ဖော်ပြလိုက်ပါတယ်။

မြန်မာဘလော့ရေးသူ အများစုဟာ မြန်မာ့သမိုင်းရဲ့ ထူးခြားတဲ့နေ့ရက်တွေကို မမေ့ မလျော့ဘဲ သတိရကြပြီး ဂုဏ်ပြုကြ ဦးညွှတ်ကြ အလေးအမြတ်ပြုကြတဲ့ ဓလေ့ ဟာ အင်မတန်မှ ၀မ်းမြောက်ဂုဏ်ယူစရာပါပဲ။ မြန်မာ့သမိုင်းကို မြန်မာပြည် သားတိုင်း သိသင့် (မမေ့သင့်) သလို ဗုဒ္ဓရဲ့ သမိုင်းကိုလည်း ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်ပြီး မေ့လည်း မေ့မထားသင့်ဘူးလို့ ထင်ပါတယ်။ ဘာကြောင့်ဆို လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က လုပ်ကြံခံရတဲ့ အာဇာနည်ကြီးများကို ဂုဏ်ပြုတဲ့အနေနဲ့ သတ်မှတ်ထားတဲ့ အာဇာနည်နေ့ကို ခုခေတ် ကလေးတွေ မသိတဲ့အခါ ဖြစ်ရလေချင်းရယ်လို့ … ကျမ တို့စိတ်ထဲ မချိတင်ကဲဖြစ်ခဲ့တယ်။ ဒီလိုပါပဲ … အခုကျမတို့ရဲ့ ဗုဒ္ဓသာသနာမကွယ် ပျောက်ခင် (သာသနာတွင်းကာလ) မှာ ဗုဒ္ဓရဲ့ဖြစ်စဉ် ဗုဒ္ဓရဲ့ နေ့ထူးနေ့မြတ်တွေနဲ့ ဗုဒ္ဓရဲ့တရားတော်တွေကို မသိလို့ဖြစ်စေ မေ့လျော့လို့ဖြစ်စေ … သတိလက်လွတ် နေကြမယ်ဆိုရင် ဘယ်လောက်များပိုပြီး မချိတင်ကဲ ဖြစ်ဖို့ကောင်းပါသလဲ။

ဒါကြောင့်ကျမကတော့ ဗုဒ္ဓနဲ့ဆိုင်ရာ နေ့ထူးနေ့မြတ် အခါတော်နေ့တွေကို ကျမ ဘလော့မှာ ကြုံရင်ကြုံသလို တင်ခဲ့ပါတယ်။ သိပြီးသားသူတွေအများကြီးရှိမယ် ဆိုတာ သိပေမဲ့ မသိသေးတဲ့သူ တယောက်စ နှစ်ယောက်စ ဖတ်မိလို့ အသိလေး တခုလောက်ရသွားရင်ဖြင့် ကျမ ဒီစာတွေတင်ရကျိုးနပ်တဲ့အပြင် ဗုဒ္ဓသာသနာ အတွက် တဘက်တလမ်းက ကိုယ်နိုင်သလောက်ကလေး သယ်ပိုးခွင့်ရတယ် လို့ သတ်မှတ်ယူဆပြီး ၀မ်းမြောက်နေမိမှာ အမှန်ပါပဲ။
***
ဝါဆိုလပြည့်နေ့နှင့် ပတ်သက်၍ …

ဗုဒ္ဓဘာသာဝင်များအတွက်တော့ ၀ါဆိုလပြည့်ဟာ ထူးခြားတဲ့နေ့တနေ့ပါပဲ။
“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို၊ လ၀ါဆို” ဆိုတဲ့ လင်္ကာအတိုင်း
(၁) ဘုရားလောင်း ပဋိသန္ဓေနေတဲ့နေ့၊
(၂) ဘုရားလောင်း တောထွက်တဲ့နေ့၊
(၃) တရားဦး ဓမ္မစကြာ ဟောကြားတဲ့နေ့၊
…. စတဲ့နေ့တွေဟာ ၀ါဆိုလပြည့်နေ့ အခါသမယမှာ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ထူးခြားချက်တွေလည်း ထပ်မံရှိပါသေးတယ်။
(၄) ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာပြတော်မူတဲ့နေ့၊
(၅) ဘုရားအဖြစ်ကို ၀န်ခံတော်မူတဲ့နေ့၊
(၆) တရားရတနာ စတင်ပေါ်ပေါက်တဲ့နေ့၊
(၇) သံဃာရတနာ စတင်ပေါ်ပေါက်တဲ့နေ့၊
(၈) “ဧဟိဘိက္ခု” ဆိုတဲ့စကားကို စတင်ကြားရတဲ့နေ့၊
…. စတဲ့ ထူးခြားချက်တွေဟာလည်း ၀ါဆိုလပြည့်နေ့မှာ ဖြစ်ပေါ်ခဲ့တာပါပဲ။

မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ၀ါဆိုလပြည့်နေ့မှာ ဂေါတမမြတ်စွာဘုရားဟာ ပဉ္စ၀္ဂီ ၅-ဦးကို အမှူးထားပြီး ဓမ္မစကြာတရား ဟောကြားခဲ့ပါတယ်။ နေရာက အိန္ဒိယပြည် ဗာရာဏသီမြို့ အနီး မိဂဒါဝုန်တောမှာ ဖြစ်ပြီး အချိန်ကတော့ နေ၀င်လထွက်ချိန် ဖြစ်ပါသတဲ့။

ဓမ္မစကြာတရားဟာ သစ္စာ-၄ပါး အမှန်တရားကို ဖော်ပြတဲ့တရားတော် ဖြစ်ပါတယ်။ အစွန်း တရားနှစ်ပါးရဲ့ အပြစ်ကို ဖော်ပြပြီး မဇ္ဈိမပဋိပဒါ (အလယ်အလတ်လမ်းစဉ်) ကို တိတိကျကျ ညွှန်ပြတဲ့ တရားလည်း ဖြစ်ပါတယ်။

သစ္စာလေးပါးတရားတော်နဲ့ ပတ်သက်လို့ ဆရာတော်ဦးသေဋ္ဌိလ ရဲ့ ရေးသားချက် ထဲမှာ အနည်းအကျဉ်း ကောက်နုတ် ဖော်ပြပါရစေ။

“သစ္စာလေးပါးတရားတော်”
ဗုဒ္ဓမြတ်စွာဘုရားသည် သစ္စာ၎-ပါး အမှန်တရားကို ဟောကြားတော်မူခဲ့လေသည်။ ၎င်းသစ္စာ ၄-ပါးကို အမှန်သိလျှင် ချမ်းသာစစ်ကို ရမည်မှာ မလွဲတည်း။ လောကသည် စိတ်မကျေနပ်ခြင်းအမျိုးမျိုး၊ ဘေးအန္တရာယ်အမျိုးမျိုး၊ ဆင်းရဲအမျိုး မျိုး၊ ရောဂါအမျိုးမျိုးနှင့် ပြည့်နှက်လျက်ရှိကြောင်း ပထမ “ဒုက္ခသစ္စာ” က ညွှန်ပြ လေသည်။ ထိုသို့ ဆင်းရဲအမျိုးမျိုးနှင့် ပြည့်လျက်ရှိရသည်မှာ တပ်မက်ခြင်း၊ မတရားလိုချင်ခြင်း၊ ကိုယ်ကျိုးရှာခြင်း စသော လောဘကြောင့်ဖြစ်ကြောင်း ဒုတိယ “သမုဒယသစ္စာ” က ညွှန်ပြလေသည်။

ဘုရားရှင်သည် ဤမျှလောက်ကိုသာ ဟောထားခဲ့လျှင် ဗုဒ္ဓဘာသာတရားတော် သည် အဆိုးဘက်ကိုသာ ကြည့်၍ တဘက်သတ်ဟောသော တရားဟု ဆိုရန်ရှိ၏။ သို့ရာတွင် ကမ္ဘာ့ဆေးဆရာကြီးဖြစ်တော်မူသော ဘုရားရှင်သည် ကမ္ဘာသူ ကမ္ဘာ သားတို့၏ ရောဂါနှင့် ၎င်းရောဂါ၏ အကြောင်းရင်းကို ပြပြီး၍ ထိုရောဂါ၏ အကြောင်းရင်းဖြစ်သော လောဘကို ပယ်ဖျက်လျှင် ဆင်းရဲရောဂါအပေါင်း ကင်း၍ ချမ်းသာအစစ်ကို ရနိုင်ကြောင်း တတိယ “နိရောဓသစ္စာ” ဖြင့် ပြတော်မူခဲ့လေ သည်။ ၎င်း ဆင်းရဲရောဂါ ပျောက်ကင်းရန်ဆေးကို စတုတ္ထ “မဂ္ဂသစ္စာ” ဖြင့် ပြတော် မူခဲ့လေသည်။

ဆေးကိုစားလျှင် ဆင်းရဲရောဂါ အမှန်ပျောက်မည်၊ ဤနေရာ၌ ဆေးစားခြင်း ဆိုသည်မှာ လမ်းမှန်လိုက်ခြင်းပင်တည်း။ လမ်းမှန်လိုက်ခြင်းဆိုသည်မှာ ဘေးအန္တရာယ် မကင်းသည် လက်ဝဲစွန်း၊ လက်ျာစွန်း၊ အစွန်းနှစ်ဘက်ကျသော လမ်းမဟုတ်၊ ဘေးအန္တရာယ်ကင်းသော အလယ်လမ်းကို ဆိုလိုသည်။ အလယ်လမ်း ဆိုသည်မှာ - အင်္ဂါရှစ်ပါးရှိသော မဂ္ဂင်လမ်းတည်း။

မဂ္ဂင် ရှစ်ပါးကား - မှန်ကန်စွာသိမြင်ခြင်း၊ မှန်ကန်စွာကြံစည်ခြင်း၊ မှန်ကန်စွာ ပြောဆိုခြင်း၊ မှန်ကန်စွာပြုလုပ်ခြင်း၊ မှန်ကန်စွာ အသက်မွေးခြင်း၊ မှန်ကန်စွာ အားထုတ်ခြင်း၊ မှန်ကန်စွာ သတိပြုခြင်း၊ မှန်ကန်စွာ တည်တံ့ခြင်း … ဤ ရှစ်ပါးတို့ တည်း။
… …. …. ….
… …. …. ….
… …. …. ….
မြတ်စွာဘုရားသည် ကိုယ့်စိတ်ကူးသက်သက် တဘက်သတ်အယူမျိုးကို ဘယ်အခါမှ ဟောတော်မမူခဲ့ချေ။ တရားသဘောအမှန်ကို လူအပေါင်းတို့ နားလည်ရန် အကျိုးအကြောင်း၊ ဥပမာ ဥပမေယျ ပြ၍သာ ဟောတော်မူခဲ့ လေသည်။ မြတ်စွာဘုရား၏ တပည့်တို့သည်လည်း ဆရာ၏နည်းကိုပင် လိုက်ကြ လေသည်။ မိမိတို့၏ ၀ါဒကို သူတပါးတို့အား မလိုက်မနေရအောင် အတင်း မလုပ်ခဲ့ ကြချေ။ ထိုသို့အတင်းပြုလုပ်ရန် မည်သူ့မှာမှ အခွင့်မရှိကြောင်းကို ကောင်းကောင်း သိကြလေသည်။ တရားမှန်သိရန် မိမိတို့ကိုယ်တိုင် ကျင့်နိုင်သမျှ ကျင့်ကြ၍ သူတပါးတို့ကျင့်သည်ကိုလည်း ဘာမျှ အနှောက်အယှက်မပေးကြချေ။

ဗုဒ္ဓ၀ါဒသည် ဇွတ်ဝါဒ၊ အာဏာဝါဒ မဟုတ်သဖြင့် ကိုယ့်အယူဝါဒနှင့် မတူသည့် အခြားအယူဝါဒရှိသူများကို နှိပ်စက် ညှင်းဆဲခြင်း၊ သတ်ဖြတ်ခြင်းဟူ၍ မည်သည့် အခါမျှ မရှိခဲ့ဖူးချေ။ ဗုဒ္ဓသာသနာပြန့်ပွားအောင် သာသနာပြုကြသော ပုဂ္ဂိုလ်တို့ သည်လည်း တရားလမ်းမှန်ကို ပြရန်သာ ရည်ရွယ်တော်မူကြ၍ အခြားသူများအား ထောက်ထားသည်းခံကြပြီးလျှင် မေတ္တာနှင့် သာသနာပြုကြလေသည်။

မြတ်စွာဘုရားညွှန်ကြားတော်မူခဲ့သည့်အတိုင်း ဆင်းရဲကင်း၍ ချမ်းသာရကြောင်း လမ်းကောင်းလမ်းမှန်ကို ပြရန်မှာ ဘုရားတပည့်များ၏ တာဝန်ဖြစ်လေသည်။ ၎င်း လမ်းအတိုင်း အခြားသူများ လိုက်မလိုက်မှာ ထိုသူတို့၏ တာဝန်သာဖြစ်လေသည်။ သဘောမပေါက်သူကို ပေါက်အောင်မပြဘဲ အာဏာနှင့်ခြောက်၍ အတင်းပြုလုပ် သော ၀ါဒသည် ယုတ်မာသော ၀ါဒဖြစ်၏။
***
ဝါဆိုလပြည့်နေ့အကြို … အဖိတ်နေ့အတွက်ကတော့ ဒီလောက်ပါပဲ … ။ နက်ဖန် လပြည့်နေ့မှ ဓမ္မစကြာအကြောင်း ထပ်တင်ပါဦးမယ်။
စိတ်ရှည်လက်ရှည် အဆုံးတိုင် ဖတ်ရှုပေးသော စာဖတ်သူများအားလုံးကို ကျေးဇူး အထူး တင်ရှိပါတယ်ရှင် …. ။
***
မေတ္တာဖြင့် …

မေဓာဝီ
၂၈၊ ၀၇၊ ၂၀၀၇
နံနက် ၈ နာရီ ၁၅ မိနစ်

ကိုးကား။
(၁) အခါတော်နေ့များ - မာဂဓီ (သာစည်)
(၂) နည်းပြဓမ္မစကြာ - ဦးမောင်မောင် (ဟံသာဝတီ)

Read More...

Friday, July 27, 2007

ကလေးဘလော့ ... ဘလော့ကလေး

ခုရက်ပိုင်း စာဖတ်ရတာ စာရေးရတာ ငြီးငွေ့နေမိတယ်။ အရင်လိုလည်း ဘလော့တကာ လျှောက်မလည် သွားမဖတ်ဖြစ်ဘူး။ နီးစပ်ရာဘလော့ တခုတလေ လောက်ကလွဲလို့ စာဖတ်ချင်စိတ်ကို မရှိတာ။ ဖတ်မိသမျှစာတွေကလည်း ညစ်ညူးစရာတွေ ပြည့်နေသလိုပဲ။ စိတ်အပန်းလည်း မပြေဘူး။ အဖေ့ စာအုပ်စင် မွှေပြီး ဖတ်စရာရှာဖို့လည်း စာအုပ်စင်မွှေမိရင် အချိန်တော်တော်ပေးရတာမို့ လတ်တလောအနားမှာရှိတဲ့ ဖတ်ပြီးသား စာအုပ်တအုပ်သာ နောက်တခေါက် ဖတ်နေမိတယ်။ ဒါပေမဲ့လည်း စိတ်ထဲ ငြီးငွေ့နေတုန်းပဲ။

ဒီလိုနဲ့နေရင်း အဲဒီတနေ့တော့ ဟန ရဲ့ Little Green Villa မှာ ပန်းကလေးတွေနဲ့ ပျော်မွေ့နေလိုက်တယ်။ စာတွေဖတ်ရ ရေးရလို့ ငြီးငွေ့နေချိန်မှာ ပန်းလှလှလေး တွေ စိမ်းစိမ်းလန်းလန်း အပင်လေးတွေ ကြည့်ရ မြင်ရတာ စိတ်ထဲ ကြည်နူး ချမ်းမြေ့စရာပါပဲ။ ဟနရဲ့ အပင်လေးတွေ ပန်းလေးတွေထဲ လျှောက်ကြည့်ပြီး ကွန်မန့်ရေးမယ်ကြံတော့ ကွန်နက်ရှင်ဆိုးလို့ ကွန်မန့်ထဲဝင်မရဘူး။ ဒါနဲ့ပဲ ကွန်မန့် ရေးတာ လက်လျှော့လိုက်ရ ပြန်ပါတယ်။

ဟနရဲ့ ပန်းတွေကြားမှာနေရင်း စိတ်နည်းနည်းသက်သာရာရတဲ့အချိန်မှာ နောက်ထပ် လင့်ခ်ကလေးတခု ထပ်တွေ့ပါတယ်။ အဲဒါက “မြန်မာကလေးများ” လို့ အမည်ရ တဲ့ ဘလော့လေးတခုပါ။ ဖန်တီးသူကလည်း ဒေါ်လေးဟနပါပဲ။ ဒီဘလော့ကလေးမှာ ကျမတို့ ငယ်ငယ်က ရွတ်ခဲ့ ဆိုခဲ့ဖူးကြတဲ့ ကဗျာလေးတွေ လင်္ကာလေးတွေလည်းပါတယ်။ ကစားနည်းလေးတွေလည်း ပါတယ်။ ပြီးတော့ ကလေးတွေ နေထိုင်ကျင့်သုံးရမယ့် အမူအကျင့်လေးတွေလည်း ပြောပြလမ်းညွှန် ထားပါတယ်။ စစချင်းတော့ ဒီကဗျာလေးတွေ စိတ်ထဲကနေ ဖတ်နေမိတယ်။ စိတ်နဲ့ဖတ်နေရင်း အလိုလိုပျော်လာပြီး နှုတ်က အသံထွက် ရွတ်ဆိုမိတယ်။ ဟန စိတ်ကူးလေး ကောင်းလိုက်တာလို့လည်း စိတ်ထဲချီးကျူးမိတယ်။

အခုခေတ်ကျမတို့ဆီမှာ ကလေးတွေအတွက်ရယ်လို့ ရည်ရွယ်ပြီးထုတ်တဲ့ ကလေး စာပေဆိုတာ အင်မတန်ပါးရှားနေပါပြီ။ ကျမတို့ငယ်ငယ်တုန်းက ဆရာကြီး မင်းသုဝဏ်၊ ဆရာကြီးဦးတင်မိုးတို့ ကျေးဇူးကြောင့် ချစ်စရာ ကလေးကဗျာလေး တွေ ပုံပြင်လေးတွေ ရွတ်ဆိုခွင့် ဖတ်ခွင့် ရခဲ့ကြတယ်။ ခုထိလည်း ဒါလောက်ပါပဲ။ အသစ်ထပ်ပြီး တီထွင်ခြင်း ပေါ်ပေါက်လာခြင်း ဆိုတာ မရှိသလောက်ကို ရှားနေ ပါပြီ။

အခုဘလော့ရေးတော့လည်း ကိုယ်အားသန်ရာ သန်ရာကိုသာရေးနေကြတယ်။ ကလေးတွေအတွက်ဆိုတာ ကျမတို့ ထည့်မစဉ်းစားမိကြပါဘူး။ (ကျမတို့ဆိုပေမဲ့ ကျမကိုယ်ကျမ ပြောတာပါ) ကလေးတွေက ဘလော့ ဖတ်မှာမို့လား ဆိုတဲ့အတွေး တွေနဲ့ မစဉ်းစားမိတာလည်း ပါတာပေါ့။ ဘာပဲဖြစ်ဖြစ် ကလေးတွေအတွက် ရည်ရွယ်ပြီးတင်တော့ ဖတ်မိတဲ့လူကြီးတွေက ကိုယ့်ကလေးတွေကို ဖတ်ပြ ရွတ်ပြ ညွှန်ပြနိုင်လိမ့်မယ် ထင်တာပါပဲ။

လောလောဆယ် ကလေးတွေ ဖတ်မိလား မဖတ်မိလားတော့ မသိ။ ကျမ ဖတ်မိ၊ ရွတ်မိ ဆိုမိပြီး စိတ်ညစ်ညူး ငြီးငွေ့ခြင်းတွေ တဒင်္ဂပြေပျောက်သွားမိပါတယ်။ ငယ်ငယ်တုန်းက ကလေးဘ၀ကိုလည်း ပြန်သတိရပြီး စိတ်တွေလန်းဆန်း ကြည်နူး သွားမိတယ်။ ချစ်စရာ့ သရုပ်ဖော်ပုံလေးတွေနဲ့ ယှဉ်တွဲ ဖော်ပြထားတာမို့ လည်း ဖတ်ရတာ ကြည့်ရတာ ပျော်စရာလေးပါ။ ကျမချစ်တဲ့ ကလေးကဗျာ လေးတွေ ကစားနည်းလေးတွေ ခုလို တစုတဝေးထဲ ဘလော့ကလေးတခု စီစဉ် ဖန်တီးထားတဲ့ ဒေါ်လေးဟနကို ကျေးဇူးတင်မိတယ်။

ဒီစာကို “ကြော်ငြာ” လို့ ပြောလိုကလည်း ပြောနိုင်ပါတယ်။ လောလောဆယ် စာရေးချင်စိတ်မရှိလို့ မရေးသေးဘူး စဉ်းစားထားပေမဲ့ ဒီဘလော့လေး ဖတ်လိုက် ရလို့ ကြော်ငြာချင်စိတ်တွေ ပေါ်လာပြီး ဒီစာကိုရေးလိုက်ရခြင်းပါ။

တခါတလေ … မွန်းကျပ်တဲ့စာတွေ … နာကျည်းမုန်းတီးမှု အာဃာတတွေ ရောပြွမ်းနေတဲ့ စကားလုံးတွေ … အထိမ်းအမှတ်ရက်စွဲတွေ … စိတ်ပင်ပန်း ငြီးငွေ့မှုတွေ … ထိုထိုအရာတွေကနေ ခဏတဖြုတ်ကင်းကွာချင်ရင် “ဒီဘလော့” လေးဆီ တခေါက်လောက် အလည်သွားကြည့်ပါလို့ … ကျမကတော့ တိုက်တွန်းလိုက်ချင်ပါရဲ့ရှင်။
***
မေဓာဝီ
၂၇၊ ၀၇၊ ၂၀၀၇
နေ့လည် ၁ နာရီ ၃၀ မိနစ်

Read More...

Wednesday, July 25, 2007

ဆုတောင်းခြင်း ဟူသည် ...

ဒီစာကို ရေးရခြင်းကတော့ မောင်သင်္ကြန်ရဲ့ “ဒီပို့စ်” ကြောင့်ပါပဲ။ အဲဒီစာကို အရင်တုန်းတည်းက ဖတ်ဖူးပေမဲ့ ဒါပတ်သက်ပြီး ကျမအယူအဆကို ပြန်မပြော ဖြစ်ခဲ့ဖူး။ အခုကတော့ မောင်သင်္ကြန် ကိုယ်တိုင်က ဒီလင့်ခ်လေး “ပျောက်ပါစေခြင်း အကျိုးငှာ” ပို့်စ်ရဲ့ ကွန်မန့်ထဲ လာချတော့ ကျမနဲ့ သက်ဆိုင်နေပြီလို့ ယူဆတဲ့အတွက် ကျမ ဒီစာကို ရေးလိုက်ရ ခြင်းပါပဲ။

ကျမ အယူအဆအရ ပြောရရင်တော့ “ဆု” ဆိုတာ တောင်းသင့်တယ်လို့ ဆိုချင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် … ဆုတောင်းခြင်းဟာ ရည်ရွယ်ချက်၊ ပါရမီ ဟာ လုပ်ဆောင်ချက်ပါ။ ရည်ရွယ်ချက်ရှိမှ လုပ်ဆောင်ချက်ဆိုတာလည်း ရှိနိုင်မှာ ဖြစ်ပါတယ်။

ဆုတောင်းတယ် ဆိုတာဟာ မိမိဖြစ်လိုတဲ့အရာကို တောင်းခံခြင်း၊ တနည်းအားဖြင့် မိမိရည်ရွယ်ချက် (ဆန္ဒ) ကို နှုတ်က မြွက်ဟဖွင့်ဆိုခြင်း ဖြစ်ပါတယ်။ ဒီလို နှုတ်က ဆိုတဲ့နေရာမှာ အလကားနေ အလကား ဆိုတာ မဟုတ်ပါဘူး။ ကုသိုလ်ကောင်းမှု တစုံတရာပြုပြီးစဉ်မှာ၊ မြတ်စွာဘုရားရှေ့မှောက် (ဒါမှမဟုတ်) မိမိထက် သက်ကြီး ၀ါကြီး ဂုဏ်ကျေးဇူးကြီးမားသူ တဦးဦးရဲ့ ရှေ့မှောက်မှာ ဒီကုသိုလ်ကောင်းမှုအတွက် ဒီအကျိုးတွေရရပါလို၏ လို့ တိုင်တည် ဖွင့်ဟ မြွက်ဆို ခြင်းသာ ဖြစ်ပါတယ်။

အကျိုးအကြောင်း သဘောနဲ့စဉ်းစားမယ်ဆိုရင်လည်း ဒါဟာ သဘာဝကျပါတယ်။ ကိုယ်လုပ်တဲ့အလုပ်အတွက် ကိုယ့်ရည်ရွယ်ချက် ကိုယ့်ဆန္ဒကို ဖွင့်ဟတယ်ဆိုတာ လုပ်သင့် ဖြစ်သင့်တာပဲမဟုတ်လား။ တချို့ကပြောတယ် … နည်းနည်းလောက် လှူပြီး များများ ပြန်လိုချင်တယ် ပေါ့ … ဒါလောဘကြီးတာပဲ … တဲ့။ တကယ်တမ်း အလှူအနည်းအများက အဓိကမဟုတ်ပါဘူး။ ဒီအလှူအပေါ် ကိုယ်ထားအပ်တဲ့ စိတ်ကသာ အဓိကပါပဲ။

နောက်တခုက ကျမတို့ ဗုဒ္ဓဘာသာမှာ ကောင်းမှု ကုသိုလ်ပြုကြတိုင်း ဆုတောင်းတွေ ဘယ်လောက်ရှည်ရှည် နောက်ဆုံးမှာတော့ “မဂ် ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏” ဆိုပြီး နိဗ္ဗာန်ချမ်းသာတည်းဟူသော လောကုတ္တရာဆုကို တောင်းကြတာချည်းပါဘဲ။ ဒီဆုတောင်းမှာ လောကီကို အဆုံးတိုင်စွန့်လိုတဲ့ စိတ်ထားပါနေတာကြောင့် လောဘမူစိတ်လို့ မဆိုနိုင်ပါဘူး။

ဒါဖြင့် မေးစရာ ရှိပါတယ်။
“ကုသိုလ်ကောင်းမှု ပြုပြီးတဲ့အခါမှာ ဘာဆုမှ မတောင်းဘူးဆိုရင် ဘာမှ ဖြစ်မလာ ဘူးလား …”
ဆုမတောင်းလည်း ရတာပါပဲ။ ဒါပေမဲ့ ဘယ်အရာမဆို ရည်ရွယ်ချက်ဆိုတာ ထားရင် ပိုကောင်းပါတယ်။ ဘာကြောင့်ဆို သေနတ်ပစ်တဲ့ နေရာမှာ မချိန်ဘဲ ရမ်းသမ်းပစ်ရင် ဦးတည်ရာ ပစ်မှတ်ကို မထိဘဲ ရောက်ချင်ရာရောက်နိုင်ပါတယ်။ ခဲလုံးလည်း ရမ်းသမ်းပေါက်ရင် ဟိုရောက် ဒီရောက် ဖြစ်မှာပဲ။ ဆုမတောင်းဘဲ တစုံတခု ပြုလုပ်ခြင်းဟာ အကျိုးပေးတော့လည်း ပေးချင်တဲ့ အကျိုးကို ပေးမှာပါပဲ။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လိုချင်တာနဲ့ တထပ်တည်း ကျချင်မှကျမှာပါ။

ဒါကြောင့် ရည်ရွယ်ချက်၊ ဦးတည်ချက်ဆိုတာ ထားကောင်းပါတယ်။ ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို မေ့မသွားအောင်, ပျောက်မသွားအောင် ကုသိုလ်ကောင်းမှု တစုံတရာပြုတိုင်း ဆုတောင်းဖို့ လိုအပ်ရင်လည်း ဆုတောင်းပေး ရပါတယ်။ ဒါဟာ ဘာနဲ့ တူလဲဆိုရင် စုဘူးကြီး အကြီးကြီးထဲမှာ ပိုက်ဆံ ပြားစေ့လေးတွေ တစေ့ချင်း တစေ့ချင်း ထည့်ပြီး စုနေသလိုပါပဲ။ ဒီစုဘူးကြီးပြည့်တဲ့နေ့ဟာ ကျမတို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်မယ့်နေ့ပေါ့။

ဒါဆိုရင် နောက်ထပ်မေးခွန်း ထပ်မေးလာနိုင်ပါတယ်။
“ဆုတောင်းတိုင်းပြည့်သလား”
ဆုတောင်းတိုင်း ပြည့် မပြည့်ကတော့ မိမိရဲ့ ကြိုးစားအားထုတ်မှုပေါ် မူတည် ပါတယ်။ ဆုတောင်းထားတိုင်းလည်း ချက်ချင်းပြည့်ချင်မှ ပြည့်မှာပါ။ ခုန ပြောသလို စုဘူးကြီး ပြည့်လာမယ့်အချိန်ကို စောင့်သင့်ရင် စောင့်ရမှာပေါ့။ စောင့် တယ်ဆိုတဲ့ နေရာမှာလည်း ထိုင်စောင့်နေရမှာမဟုတ်ပါ။ ကောင်းမှုတွေ ဆက်ပြုရင်း အားထုတ်ရင်း ကျင့်ကြံရင်း စောင့်ရမှာ ဖြစ်ပါတယ်။

ကျမတို့ နိဗ္ဗာန်ရဖို့ ဆုတောင်းတယ်။ နိဗ္ဗာန်မရခင်စပ်ကြားမှာ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ ဖြစ်လိုတယ်။ ဆင်းရဲတွေ ငရဲတွေကင်းလိုတယ်။ သာသနာတွင်းအခါမို့သာ ကျမတို့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ဆုတောင်းခွင့်ရှိတာ ပါ။ သာသနာပ အခါ လူလာဖြစ်ရင် နိဗ္ဗာန်ဆိုတာ ဘာလဲ မဂ် ဖိုလ် ဆိုတာ ဘာလဲ သိမှာမဟုတ်ဘူး။ ဒါကြောင့် အမြင့်ဆုံးဆုတောင်းနိုင်ရင် လူချမ်းသာ နတ်ချမ်းသာ လောက်ပဲ တောင်းနိုင်မှာပဲ။ ဒီတော့ ဖြစ်လာရင်လည်း သူ့ရည်ရွယ်ချက် အတိုင်း လူချမ်းသာ နတ်ချမ်းသာပဲ ဖြစ်လာမှာပဲ။

“ဆုတောင်းလာရင် ပြည့်စေသတည်းလို့ ဘယ်သူက ဖြည့်ဆည်းပေးတာလဲ”
အဲဒီလိုမေးလာရင်တော့ … မိမိပြုလုပ်တဲ့ အလုပ်တွေက မိမိဆုတောင်း အမြန် ပြည့်ဖို့ မပြည့်ဖို့ကို တာဝန်ယူပါလိမ့်မယ် လို့သာပြောရမှာပါပဲ။
မြတ်စွာဘုရားကိုယ်တော်တိုင် ဘုရားဖြစ်ဖို့အတွက် ဘုရားဆုကိုပန်ခဲ့ရပါတယ်။ ဘုရားဆုပန်ခဲ့တဲ့အတိုင်း ဘုရားဖြစ်ကြောင်း အကျင့်ကောင်းတွေကို ပြုလုပ်ခဲ့ အားထုတ်ခဲ့ ပါရမီတော်တွေ ဘ၀ပေါင်းများစွာ ဖြည့်ကျင့်ခဲ့ရတယ်။ ဘုရားဖြစ်လိုတဲ့ ပုဂ္ဂိုလ်က ဘုရားဆုပန်တယ်၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ ဖြစ်လိုတဲ့ပုဂ္ဂိုလ်က ပစ္စေကဗုဒ္ဓါဆု၊ ရဟန္တာဆုကို ပန်ကြပါတယ်။ ဒီလိုဆုပန်တဲ့အတိုင်း ရအောင် အားထုတ်မှ ဖြည့်ကျင့်မှလည်း လိုချင်တဲ့ ဆု၊ မိမိ ရည်ရွယ်ချက် ပြည့်ဝမှာ ဖြစ်ပါတယ်။

အချုပ်ပြောရရင်တော့ ဘယ်အလုပ်မဆို ရည်ရွယ်ချက်ထားဖို့ နဲ့ ရည်ရွယ်ချက် အတိုင်း ဖြစ်မြောက်အောင် လုပ်ဆောင်ဖို့ပါပဲ။ ဒါကြောင့် ဆုတောင်းတယ် ဆိုတာ လေကုန်ရုံသက်သက် အချည်းနှီးတော့ မဟုတ်ပါဘူး။ မိမိ ရင်ထဲက ဆန္ဒကို အဓိပတိ တပ်ပြီး ဦးတည်ချက်တခု ရည်ရွယ်ချက်တခု အနေနဲ့ ဖွင့်ဟ ပြောဆိုခြင်းမို့ “ဆု” ဆိုတာ တောင်းသင့်တယ်လို့ ကျမကတော့ ယူဆကြောင်းပါရှင်။
***
မေဓာဝီ
၂၅၊ ဇူလိုင်၊ ၂၀၀၇
ည ၉ နာရီ

Read More...

Tuesday, July 24, 2007

ကိုပြူးကျယ်သို့ ပေးစာ … အပိုင်း (၁၇)

သို့
ကိုပြူးကျယ် …
ဒီကနေ့ ဗုဒ္ဓဟူးနေ့မဟုတ်ပေမဲ့ ပေးစာကို ရေးလိုက်ရခြင်းကတော့ … အကြောင်းရှိ ပါတယ်။ မနေ့က (ဇူလိုင် ၂၃ ဟာ) သခင်ကိုယ်တော်မှိုင်း ကွယ်လွန်တာ (၄၃) နှစ် ရှိပြီ ဖြစ်တဲ့နေ့ဆိုတာ ကျမ တကယ်ကို မသိခဲ့ပါဘူး။ ဆရာမ မေငြိမ်းရဲ့ ဘလော့မှာ တွေ့တော့မှ ကျမ သိလိုက်ရပါတယ်။ သိလိုက်ရတဲ့ အချိန်မှာ ရေးဖို့ အချိန်မရှိ သလို သခင်ကိုယ်တော်မှိုင်းရဲ့ စာအုပ်တွေပြန်ရှာဖို့လည်း အချိန်မရတော့ပါဘူး။ ဒါကြောင့် ဒီကနေ့မှ တင်ဖို့ ဆုံးဖြတ်လိုက်ပြီး သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးတပုဒ် လောက် ပြန်ရှာဦးမှလို့စိတ်ကူးကာ အနီးအပါးစာအုပ်စင်က စာအုပ်တွေ ဟိုရှာဒီရှာ ရှာမိပါတယ်။

ဒီလိုရှာရင်းနဲ့ ကျမအမြဲတင်နေကျ ကိုပြူးကျယ်ပေးစာအတွက် ကိုးကားလေ့ရှိတဲ့ ကဗျာ့စွယ်စုံကျမ်းကြီးထဲမှာ သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးတပုဒ် ရှိတယ်ဆိုတာ ကို သတိရလိုက်မိတာပါ။ ဒါနဲ့ လေးချိုးအခန်းကို ပြန်လှန်တော့ ဘွိုင်းကောက် ဋီကာထဲက လေးချိုးတပုဒ်ကို သွားတွေ့တယ်။ အဲဒီလေးချိုးက ရှေ့ပိုင်းပေးစာတွေရဲ့ လေးချိုးအခန်းမှာ ဖော်ပြခဲ့ပြီးပါပြီ။ “ဒီနေရာမှာ” ဖတ်နိုင်ပါတယ်။ ဒီစာအုပ်အတွက် အမှာစာလည်း ရေးပေးခဲ့ တယ်ဆိုတာ အမှတ်ရပြီး ရှေ့ဆုံးစာမျက်နှာ ဖွင့်လိုက်တော့ ဒီကဗျာ့စွယ်စုံ ကျမ်း ကြီးကို ပြုစုသူ ဓမ္မာစရိယ ဦးထွန်းရွှေအတွက် သခင်ကိုယ်တော်မှိုင်းရဲ့ သ၀ဏ်လွှာ ဆိုတဲ့ စာတပုဒ် သွားတွေ့ပါတယ်။ ဒီသ၀ဏ်လွှာဟာ ကဗျာ့စွယ်စုံကျမ်းအတွက် ရေးသားခြင်းမျှသာဆိုသော်လည်း ဒီစာထဲမှာ သမိုင်းတွေပါနေပါတယ်။

ဒါကြောင့် ဒီတပတ် ကိုပြူးကျယ်သို့ ပေးစာ အစီအစဉ်မှာ ကဗျာရေးဖွဲ့နည်းကို ခဏ ရပ်ပြီး ဆရာကြီး (အဖိုး) သခင်ကိုယ်တော်မှိုင်း ကွယ်လွန်တဲ့နေ့ကို ရည်စူးလို့ အဖိုးရဲ့သ၀ဏ်လွှာတပုဒ်နဲ့ အမှတ်တရ ဂါရ၀ပြုတင်ဆက်လိုက်ပါတယ်။
***
ဓမ္မာစရိ-ဦးထွန်းရွှေသို့
သခင်ကိုယ်တော်မှိုင်း၏ သ၀ဏ်လွှာ

အို … နန္ဒမာလိနီခေါ် ကဗျာစွယ်စုံကျမ်းပြုဆရာ ဓမ္မာစရိ ဦးထွန်းရွှေ …
အတီတေကာလ ရှေးမဆွအခါ “မြန်မာအစ-တကောင်းက” ဟူသည်နှင့်အညီ ဤမည် ထိုမည်သော သကျသာကီဝင် ဘုရင်မင်းမျိုး သတိုးဓမ္မ သတ္တိဓရတို့ မဆွတည်ဟောင်း တကောင်းပြည်ကြီးမှ စကာ
(၁) သရေခေတ္တရာပြည်၌ မင်းပေါင်း ၂၅-ဆက်၊
(၂) အရိမဒ္ဒန မည်သော ပုဂံပြည်တွင် မင်းပေါင်း ၅၅-ဆက်၊
(၃) ၀ိဇယပူရ မည်သော ပင်းယပြည်တွင် မင်းပေါင်း ၆-ဆက်၊
(၄) ဇေယာပူရ မည်သော စကိုင်းပြည်၌ မင်းပေါင်း ၇-ဆက်၊
(၅) ရတနာပူရ မည်သော အင်းဝပြည် အတွင်းဝယ် မင်းပေါင်း ၃-ကျိပ်၊
(၆) ရတနာသိင်္ဃ ပြည်မျာ့တန်ဆောင် ရန်ကြီးအောင်ခဲ့သော ကုန်းဘောင်မင်း ၁၁-ဆက်တို့အတွင်း “အင်း-အာ-ရိုက်-အော်-ဘကြီးတော်” တည်းဟူသော သကရာဇ် ၁၁၈၁-ခုနှစ်အတွင်း မင်းအဖြစ်သို့ ရောက်တော်မူခဲ့သည့် ဘကြီးတော်မင်းတရား လက်ထက် အင်္ဂလိပ်နယ်ချဲ့သမားတို့ စော်ကားရန်စ၍ ပဌမအကြိမ် စစ်မက်ဖြစ်ပွား ခဲ့ရာ မြန်မာတို့က အရေးရှုံးနိမ့်သဖြင့် မဏိပူရပြည် အာသံပြည် ရခိုင်ပြည် တနင်္သာရီပြည်များကို ကုလားမျိုး ၆၀-အ၀င် အကြင်သို့သော အင်္ဂလိပ်တို့ လက်တွင်းသို့ အပ်နှင်းခဲ့ရလေသည်။

ဤမှတမျိုး “အ-ကျိုး-နဲ-ရန်၊ မင်းပုဂံ” ဟူသော ရာဇ၀င် နိယံအရ သကရာဇ် ၁၂၀၈-ခုနှစ်အတွင်း နန်းတက်တော်မူပြန်သော ပုဂံမင်းသည် အင်္ဂလိပ်မင်းတို့နှင့် စစ်ခင်းတိုက်ခိုက် ပြန်ရာမှာလည်း မြန်မာတို့ကပင် အရေးရှုံးနိမ့်လေသဖြင့် ကေတုမတီမည်သော တောင်ငူပြည် သရေခေတ္တရာပြည်၏ တစိတ်တဒေသ ဖြစ်သော တောကျောင်း သရက်မြို့အထိ အင်္ဂလိပ်တို့လက်တွင်းသို့ အပ်နှင်းလိုက်ရ ကြောင်း။

၎င်း နောက် တကြောင်း “အ-င်္ဂ-လိပ်-နှောင်း၊ သီဘောပြောင်း” ဟူသော ရာဇ၀င် နိယံအရ မြန်မာဝေါဟာ ကောဇာသကရာဇ် ၁၂၄၀-ပြည့်တွင် ဘုရင်အဖြစ်သို့ ရောက်တော်မူသော သီဘောမင်းလက်ထက် သကရာဇ် ၁၂၄၇-ခုနှစ်အတွင်း အင်္ဂလိပ်မင်းတို့နှင့် ယင်းသို့သော ဘုံဘိုင်ဘားမား သစ်ခိုးမှုနှင့် ပတ်သက်၍ စစ်မက်ဖြစ်ပွားပြန်ရာ ကျွန်ုပ်တို့ မြန်မာပြည် တပြည်လုံးသည် အသုံးမကျသော (မနုဿတ္တ ဒုလ္လဘ) အဖြစ်သို့ ဆိုက်ရောက်ကြရလေသည်။

ဤသို့သော ကျွန်ခေတ် ကျေးခေတ်၌ နှစ်ပေါင်း တရာကျော်မျှ နေခဲ့ကြရသော ဗုဒ္ဓဘာသာ သမ္မာဒိဋ္ဌိ လူမျိုးတို့မှာ “ပုထိုးကောင်းလျက် ညောင်ပင်ဖျက်” ဟူသော အတိုင်း လူရိုင်း လူမသမာ မိစ္ဆာဒိဋ္ဌိတို့လက်အောက်သို့ ကျရောက်ရသော ကံဆိုး ဒမြ သူခိုးတို့ကြောင့် အမျိုးဘာသာ သာသနာမှစ၍ မြန်မာ့ယဉ်ကျေးမှု အနုပညာ တို့နှင့် သက်ဆိုင်ရာ ကဗျာလင်္ကာရေးသားမှုတို့မှာလည်း ဂရုမစိုက်အား တနေ့ တခြား ရွေ့လျား တိမ်ကော ခဲ့ရပေကြောင်း။

သို့သော်လည်း နောက်သောအခါ အဆိုပါ အင်္ဂလိပ်မင်းတို့ လက်ထက်မှာပင် အကြင်သို့သော ယူနီဘာစီတီ ခေါ်ဆိုသည့် တက္ကသိုလ်ကျောင်းကြီး ဖွင့်လှစ်သော ကိစ္စတွင် မြန်မာ့ဗိမာန် ကဗျာ့ဗိမာန် စာပေ ကျမ်းဂန်တို့ကို သင်ကြားပို့ချရန် ပုဂံ ၀န်ထောက်မင်း ဦးတင် စီရင်သည့် “ကဗျာဗန္ဓသာရ” စာအုပ်နှင့် ကျွန်ုပ်တို့ စီရင် သည့် “ကဗျာသာရတ္ထသင်္ဂြိုဟ်” စာအုပ်တို့ကို ထိုအဆိုပါ တက္ကသိုလ်ကျောင်းကြီး တွင် သင်ရိုး သင်တမ်း ပြဋ္ဌာန်းချက် ပြုလိုက်သည့်အတွက် ရှေးကထက်ပင် လင်္ကာ ကဗျာမှု သုခုမဟု ဆိုအပ်သော အနုပညာဟိတ်သည် တဆိတ် တပေါက် တိုးတက်၍ အမျိုးအတွက် ဂုဏ်ယူစရာ ဖြစ်ချေတမုံ့။

ထိုမှတပါးလည်း “တရားကို နတ်စောင့်သည်” “မှန်ကင်းတလှဲ့ ထင်းတလှဲ့” “ရေစီးတခါ ရေသာတလှဲ့” တည်းဟူသော ပေါရာဏ စကားပုံနှင့်အညီ အနှီသို့သော တို့ဗမာပလ္လင်မှ တို့ဗမာသခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ရဲဘော် အပေါင်း သူတော်ကောင်းတို့၏ ဘုန်းတန်ခိုးတေဇော် အာနုဘော် လက်နက်တို့ဖြင့် ဖက်ဆစ်တည်းဟူသော အင်္ဂလိပ်တရန်နှင့် ဂျပန်တို့၏ အစွမ်းရန်ကို တွန်းလှန် ဖြိုဖျက်ပြီး တထီးတနန်း တခမ်းတနား ဖြစ်ပေါ်သည့် မဟာသမယ ခေတ်ကြီး အတွင်း ယင်းသို့သော “နန္ဒမာလိနီ” ခေါ် အဟော်ဝတ ပြောပဖွယ်ရာ “ကဗျာ စွယ်စုံကျမ်း” တစောင် ပြောင်မြောက်လှစွာ ပေါ်ထွက်လာရာ အဆိုပါစာအုပ်ကို ကျွန်ုပ်တို့ ဖတ်ရှုလျက် သတ္တုချလိုက်ရာ အဆိုပါ “ကဗျာဗန္ဓသာရကျမ်း” “ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်း” တို့မှာပင် မပါမရှိသေးသော ရှေးရိုးမြန်မာများ ရေးသားစီကုံးနည်းများစွာကို တွေ့ရှိရသဖြင့် ယခင့်အခါရှိဟောင်း အစိုးရ အထောက်အပံ့ခံကျောင်း အထောက်အပံ့မခံသော ကျောင်းတို့တွင်၎င်း “နန္ဒမာလိနီ” သညီ ပျံ့လျှမ်း ကဗျာစွယ်စုံကျမ်းကို သင်တမ်းတခု ပြုလုပ်ကာ မြန်မာ တိုင်းသူ “လူထု” အကျိုးကို သည်ပိုးရွက်ဆောင်၍ အောင်မြင်ထမြောက်ကြပါ စေသတည်း။

သခင်ကိုယ်တော်မှိုင်း
(၃၁-၁-၅၅)***
ကိုပြူးကျယ်နှင့်တကွ ကဗျာချစ်သူများ အဖိုးရဲ့သ၀ဏ်လွှာလေးနဲ့ ဒီတပတ်အတွက် ကျေနပ်ကြမယ်လို့ မျှော်လင့်ပါရဲ့ရှင် … ။

မေဓာဝီ
၂၄၊ ဇူလိုင်၊ ၂၀၀၇
၀၀း၁၀ နာရီ

Read More...

Monday, July 23, 2007

နာလန်ထ

ချွေးတွေရွှဲနစ်ပြီး အိပ်နေရာမှ နိုးလာသည်။
မျက်စိကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့ အမှောင်ထုက မပြယ့်တပြယ်၊ အလင်းရောင်က မှုန်တိမှုန်ဝါး။ မိုးစက်သံ တဖြောက်ဖြောက်က အိပ်ရာထဲမှမထ ချင်အောင် ပြန်လည် ချော့သိပ်နေသလို။ ချွေးတွေထွက်နေတာမို့ ခြုံထားသည့် စောင်ကိုခွါလိုက်ပြီး ခဏထပ်မှေးလိုက်သေးသော်လည်း ပြန်အိပ်လို့မပျော်တော့။ ၀မ်းထဲမှာက ဟာတာတာ၊ ရင်ထဲမှာ တလှပ်လှပ်နှင့်။ အိပ်နေရာမှ ယိုင်တိ ယိုင်ထိုး ထကာ ဗီရိုပုလေးပေါ်က ရေဘူးကို ယူပြီးမော့ချလိုက်သည်။ တလှပ်လှပ်ရင်က ခဏတဖြုတ် ငြိမ်သလိုလို ရှိပေမဲ့ ၀မ်းကတော့ ဟာနေဆဲ။

ဗိုက်ဆာနေတာပဲ ဖြစ်မယ် … ။
ညက ပေါင်မုန့်လေး နှစ်ချပ်သာ စားပြီး ဆေးတွေ တပုံကြီးသောက် ထားရသည်မို့ ၀မ်းကဟာနေပုံရသည်။ ချွေးတွေလည်း ထွက်ပြီး အဖျားလည်း မရှိလောက်တော့ ပြီ။ မွေးပွလက်ကိုင်ပုဝါတထည်ဖြင့် ချွေးတွေသုတ်လိုက်ပြီး အခန်းထဲမှထွက်စဉ် ၀မ်းဗိုက်ထဲမှာ ဂွီခနဲ တချက်မြည်၏။ သေချာတယ် … တခုခုတော့ အမြန်စားမှ .. ။

မျက်နှာသစ်ဖို့ မစဉ်းစားသေးဘဲ ဘာစားရကောင်းမလဲ အရင်စဉ်းစားမိသည်။ တကယ်တော့ စဉ်းစားစရာပင်မလို၊ ဒီအချိန်မှာ ဘာစားရမလဲ ရွေးချယ်နေလို့မရ၊ ရှိတာပဲ စားရမယ်ဆိုတာ ကိုယ်တိုင် သဘောပေါက်စွာဖြင့် ရေခဲသေတ္တာဖွင့်လိုက် ၏။

ပလပ်စတစ် ဗူးကလေးတွေ အကြီးအသေး အဆင့်ဆင့်ထပ်လျက်၊ ပုလင်းတွေ ကလည်း ပုံစံ မျိုးစုံ၊ ဗူးတွေ ပုလင်းတွေ စုံစီနဖာက ရေခဲသေတ္တာ အပြည့်နီးပါးသာ ရှိသော်လည်း စားလို့ရတာက သိပ်မရှိလှ။ ထောင့်တနေရာမှာ ကပ်ကပ်သပ်သပ် ညပ်နေသော ဂွတ်မောနင်း ပေါင်မုန့်တထုပ်ကို တွေ့သဖြင့် ဆွဲထုတ်ယူလိုက်သည်။

ပေါင်မုန့်စားတာ အကောင်းဆုံးပဲ … ဟုလည်း စိတ်ထဲတွေးမိ၏။ ဘာနဲ့စားရပါ့။ ထောပတ်ဗူးက ခဲနေတုန်း။ သုတ်၍ကောင်းလောက်သည့် အနေအထား ထောပတ် ပျော်ချိန်ကို စောင့်ဖို့အတွက် ၀မ်းဗိုက်က အခြေအနေ မပေးတော့။ ဒါနဲ့ ပေါင်မုန့်နှင့် တွဲဖက်စားဖို့ တခြားတခုခု ရှာရပြန်သည်။

ပလတ်စတစ်ဗူးကလေးထဲမှာ မနေ့ညက ကျန်တဲ့ ၀က်သားပြားကြော်ကလေးတွေ။ အိုကေ… ဒါနဲ့စားမယ် … ။ သို့သော်လည်း ချက်ချင်းစားလို့မရ။ ၀က်သားပြားတွေ က ရေခဲသေတ္တာထဲထည့်ထားတာမို့ အေးပြီး ခဲနေသည်။ ပေါင်မုန့်ကလည်း ခပ်အေးအေးဆိုတော့ ဒီတိုင်းစားလို့မဖြစ်သေး။ နွှေးရပေဦးမည်။

ဝက်သားဗူးကို မိုက်ခရိုဝေ့ဖ်ထဲထည့်ပြီး နွှေးနေစဉ်မှာ ရေခဲသေတ္တာထဲ ထပ်ရှာ ကြည့်နေမိသည်။
စတော်ဘယ်ရီယို ပုလင်းတွေ့ပြီ။
ဒါပေမဲ့ … မကြိုက်။
နောက် … Mayonnaise ပုလင်း။
အင်း .. ဒါဆို မဆိုးဘူး ကြိုက်တယ်။
နောက်တပုလင်း … Mustard …
ဒါလဲ လိုလိုမယ် ထုတ်ထားဦးမှ။
ရေခဲသေတ္တာ တံခါးဘက်မှာ ရေညှိ (Nori) ထုတ်ကလေးတွေ ၃ ထုပ်ကျန်သေး တာပဲ။ ရေညှိ - ပေါင်မုန့် - Mayonnaise - Mustard အဲဒီလို တွဲဘက်ပြီး တခါမှ မစားဖူးပေမဲ့ ဒီအချိန်မှာတော့ စားသင့် မစားသင့်၊ ရန်ဘက် မိတ်ဘက်စသဖြင့် ရွေးမနေချင်တော့။ စားကောင်းတာမှန်သမျှ စားမယ်ဟုသာ ဆုံးဖြတ်ထားတာ ကြောင့် အလွန်ကြိုက်သည့် ရေညှိတထုပ်လည်း ထုတ်လိုက်သည်။ ၀မ်းထဲမှာက တကျုတ်ကျုတ် မြည်လှပြီ။

ဝက်သားနွှေးနေစဉ်မှာ ပေါင်မုန့်ကို Mayonnaise နှင့် Mustard သုတ်လိမ်းပြီး ရေညှိတချပ်ကပ်ကာ အရင်စားလိုက်တော့မှ ၀မ်းမီး အတော်အသင့် ငြိမ်းသွား၏။ တင်ခနဲမြည်ကာ ၀က်သားနွှေးပြီးကြောင်း မီးဖိုက အချက်ပေးသဖြင့် ဗူးအမြန်ဖွင့်၊ အသားပြားလေးတွေကို နောက်ထပ် ပေါင်မုန့်တချပ်ပေါ်တင်၊ ပြီးသည့်အချိန်မှာ မြေပဲနှင့် ပဲပုတ်ကို မညက်တညက်ထောင်းကာ ငရုတ်သီးနှင့် ရောကြော်ပြီး ထည့်ထားသော ပုလင်းလေး ထပ်တွေ့လို့ အဲဒါလေးပါ ၀က်သားပေါ် နည်းနည်းဖြူး လိုက်သည်။ အစပ်ကလေးပါတော့ အအီပြေတာပေါ့။

ဒီလိုနှင့် … အသားအပါအ၀င် အဆာပလာအစုံ လျှောက်ညှပ်ထားသော ပေါင်မုန့်ကို ညက ကျန်သည့် မပူတော့သော ရေနွေးကြမ်းဖြင့် ကျိတ်မှိတ်မြိုချလိုက် သောအခါမှ လောင်မြိုက်နေသည့် နာလန်ထ ၀မ်းဗိုက်ဟာခြင်းသည်လည်း ချုပ်ငြိမ်းခြင်းသို့ ရောက်ရလေတော့၏။
***
မေဓာဝီ
၂၃၊ ဇူလိုင်၊ ၂၀၀၇
နေ့ ၁၁ နာရီ ၄၅ မိနစ်

(ကျမ နေကောင်းသွားပါပြီရှင်။ အခု နာလန်ထ အစားသောင်းကျန်းနေပါတယ်။ မေးမြန်း ဆုတောင်းပေးသူ အားလုံးကို ကျေးဇူး အထူးတင်ကြောင်းပါ …)

Read More...

Sunday, July 22, 2007

ကျမ်းကိုးစာရင်း

တနေ့က မင်းလူရဲ့ Post Humor ၀တ္ထုတိုများ ဆိုတဲ့စာအုပ်ကလေး ညီမ တယောက် ယူလာတာနဲ့ ဖတ်ဖြစ်တယ်။ ဟာသ၀တ္ထုတိုလေးတွေ စုစည်းထားတာ ပါပဲ။ တချို့ဖတ်ဖူးပြီးသားတွေပါပေမဲ့ မင်းလူရဲ့ အရေးအသား သဘောကျလို့ အစ အဆုံးပြန်ဖတ်မိပါတယ်။ အခုဖော်ပြမယ့် “ကျမ်းကိုးစာရင်း” ဆိုတဲ့ ၀တ္ထုကလေး ဖတ်ပြီး ကျမတော်တော်သဘောကျလို့ ရယ်မိပါတယ်။ လူကြီးရှက်တော့ ရယ်တယ် လို့ ဆိုရလေမလားပဲ။ ကျမက နေရာတကာ ကျမ်းကိုးတတ်တာကိုး။ စာလုံးပေါင်းသတ်ပုံနေရာ ရောက်တော့လည်း ကျမပြုံးမိပါတယ်။ ရှက်ပြီးရယ်လိုက် ရှက်ပြီး ပြုံးလိုက်နဲ့ နောက်ဆုံးတော့ ဒီစာလေးကို ကျမဘလော့မှာ တင်ပြီး ဝေမျှဖို့ ဆုံးဖြတ်လိုက်မိတယ်။ ဖတ်ကြည့်ကြပါဦး။
***
ကျမ်းကိုးစာရင်း

သမ္ဗန်သမားတယောက်သည် ကူးတို့ဆိပ်မှာ ခရီးသည်ကို မျှော်နေသည်။ ခဏအကြာတွင် သားသားနားနားဝတ်စားပြီး လက်ဆွဲအိတ်တလုံးဆွဲထားသော လူတယောက် ရောက်လာသည်။
တဖက်ကမ်းသို့ပို့ပေးဖို့ ငှားရမ်းသည်။ သမ္ဗန်ထွက်ခွါစတွင် ထိုသူကမေး၏။

“မင်း အင်္ဂလိပ်စာ တတ်သလား”
သမ္ဗန်သမားက
“ရက်စ်နဲ့ နိုးကလွဲရင် ဘာမှ မတတ်ဘူးခင်ဗျာ”
ခရီးသည်က ခေါင်းကိုယမ်းခါလိုက်ပြီး
“အင်း ခုခေတ်မှာ အင်္ဂလိပ်စာ မတတ်ရင် လူဖြစ်ရှုံးတာပဲကွ”

မြစ်လယ်သို့ ရောက်သောအချိန်မှာပင် ကောင်းကင်တပြင်လုံး အုံ့မှိုင်းပြီး နီရဲ လာတာတွေ့ရ၏။ သမ္ဗန်သမားက …
“မုန်တိုင်း တိုက်တော့မယ်ဗျ”
ခရီးသည်လည်း ထိတ်လန့်တကြား
“ဒုက္ခပါပဲ၊ ငါရေမကူးတတ်ဘူးကွ၊ ဘယ်လိုလုပ်ကြမလဲ”
သမ္ဗန်သမားက ကောင်းကင်ကို မော့ကြည့်ပြီး
“လေမုန်တိုင်းက အင်္ဂလိပ်လိုမတတ်တော့လည်း ခက်သားကလားဗျ” ဟု ရေရွတ်လိုက်၏။
***
ယုတ္တိဗေဒသမားတယောက်သည် ဘတ်စ်ကားစောင့်နေ၏။ သူစီးရမည့် အမှတ် (၄၈) ဘတ်စ်ကားသည် အချိန်အတော်ကြာအောင် ရောက်မလာခဲ့။ ထိုအခါ သူသည် မှတ်တိုင်သို့ ဆိုက်လာသော အမှတ် (၄၇) ကားကို တက်စီးလိုက်သည်။ လမ်းဆုံမှတ်တိုင်မှာဆင်းပြီး အမှတ် (၁) ကားကို ပြောင်းစီးသည်။ (၄၇) နှင့် (၁) နဲ့ ပေါင်းတော့ (၄၈) ဖြစ်သွားတာပေါ့ဟု သူက သတ်မှတ်သည်။ နောက်ဆုံးတော့ သူသည် သွားလိုရာခရီးနှင့် ဆန့်ကျင်ဘက်အရပ်သို့ ရောက်သွားလေသည်။
***
စာပေသမားတယောက်သည် ကားတစီးငှားပြီး ခရီးထွက်လာခဲ့သည်။ ထမင်းစားချိန် ရောက်သောအခါ မြို့ငယ်တမြို့ရှိ ထမင်းဆိုင်တဆိုင်ရှေ့မှာ ကားရပ် လိုက်ပြီး ဒရိုင်ဘာက
“ထမင်းစားကြရအောင် ဆရာ။ ဒီဆိုင်က ဟင်းတွေ သိပ်ကောင်းတယ်”
စာပေသမားက ဆိုင်ကိုလှမ်းကြည့်ပြီး ခေါင်းခါလိုက်သည်။

“ဆိုင်းဘုတ်ကိုကြည့်စမ်း၊ ထမင်းဆိုတဲ့ စာလုံးကို ‘ထဆင်ထူး’ နဲ့ ‘မ’ ကို နှစ်လုံးဆင့် ရေးထားတယ်။ သတ်ပုံမှားနေတယ်” ဟု မနှစ်မြို့ဟန်ဖြင့် ပြောသည်။ ထိုအခါ ဒရိုင်ဘာက …
“ဆရာက ထမင်းစားမှာလား၊ သတ်ပုံစားမှာလား” ဟု ပြန်မေးလိုက်လေသည်။
***
ပညာရှိကြီးက စာအုပ်ပုံကို လက်ညှိုးထိုးပြပြီး
“ဟောဒီ စာအုပ်တွေဟာ ငါ့ရဲ့ အတွေးအခေါ်တွေပဲ” ဟုဆို၏။
“အဲဒီ အတွေးအခေါ်တွေ ပေါင်းလိုက်ရင် အချိန်တဆယ်လောက်တော့ ရှိမယ်နော် ဆရာကြီး” ဟု ဘော်တယ်ကုလားက ပြန်ပြောလိုက်၏။
***
သစ်ပင်အရိပ်ကောင်းကောင်းအောက်မှာ ထိုင်ရင်း ငေးမောနေသော အလုပ် လက်မဲ့တယောက် နားသို့ ဘောဂဗေဒပညာရှင် တယောက် ရောက်ရှိလာ၏။ သူက …
“မင်း အလုပ်တခုခုကို ကြိုးကြိုးစားစား လုပ်သင့်တယ်၊ ဒါမှ အသက်ကြီး လာတဲ့အခါ ဇိမ်နဲ့ နေနိုင်မှာပေါ့” ဟု အကြံပေးညွှန်ကြားသည်။ ထိုအခါ အလုပ် လက်မဲ့က ပြန်ပြော၏။
“ဒါဆို ဘာလုပ်နေစရာ လိုတော့လို့လဲဗျာ။ အခုလည်း ကျွန်တော် ဇိမ်နဲ့ ထိုင်နေနိုင် တာပဲ”
***
သင်္ချာသမားတယောက်သည် အပြင်သွားခါနီးတွင် သတင်းစာထဲက မိုးလေ၀သ သတင်းကို ဖတ်ကြည့်သည်။
“ယနေ့ မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ငါးဆယ်” ဟု ခန့်မှန်းချက်ပေး ထားသည်။ ထို့ကြောင့် သူသည် မိုးကာအင်္ကျီဝတ်ပြီး နေကာမျက်မှန် တပ်လျက် ထွက်သွားလေသည်။
***
“ယောကျာ်းတွေ အမှားကြီးမှားပြီဆိုရင် အသက်တချောင်း ဆုံးရှုံးရတဲ့အထိ ဖြစ်သွား တတ်တယ်” ဟု ရှေ့နေတယောက်က ပြောသောအခါ ဆရာဝန် တယောက်က ….
“မိန်းမတွေ အမှားကြီးမှားပြီဆိုရင်တော့ အသက်တချောင်းကို မွေးထုတ်ပေးရ တတ်တယ်ဗျ” ဟု ပြန်ပြောလိုက်သည်။
***
(အချို့သော အချက်အလက်များသည် ကြားဖူး ဖတ်ဖူးသော ပုံပြင်များ စကားများကို ဆင့်ပွားခံစားထားခြင်း ဖြစ်ပါသည်။)
မင်းလူ

အတွေးသစ်ဂျာနယ် (၂၄-၃-၂၀၀၃)
***

Read More...

Saturday, July 21, 2007

ပျောက်ပါစေခြင်း အကျိုးငှာ ...

“မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ဆိုတာ …
သည်းခံရတယ် … ခွင့်လွှတ်ရတယ် … သဘောထားကြီးရတယ်”

အဲဒီဆောင်ပုဒ်ကလေးကို ညွှန်ကြားသူကတော့ ဆရာတော် အရှင်ဇနကာဘိဝံသ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ထစ်ခနဲဆို ဒေါသထွက်၊ စိတ်တို၊ နည်းနည်း လေးမှ အတင်စီးမခံတတ်တဲ့ ကျမတို့ကို အဖေက ဒီဆောင်ပုဒ်လေး ရွတ်ပြ လေ့ရှိပါတယ်။ ဆရာတော်ရဲ့ ဒီဆောင်ပုဒ်ကလေးကို ငယ်ငယ်ကတည်းက တွေ့မြင် သိရှိနေပေမဲ့ ကျမဟာ လက်တွေ့မကျင့်သုံးနိုင်ခဲ့ပါဘူး။ ကိုယ့်ကို စော်ကားသလို ပြုလာရင် သည်းမခံဘဲ တုန့်ပြန်တတ်တဲ့စိတ်၊ ခွင့်မလွှတ်ဘဲ အတေးအမှတ် အာဃာတ ထားတတ်တဲ့စိတ်၊ နားလည်မှုမရှိစွာ အမြင်ကျဉ်းမြောင်းပြီး သဘောထားသေးသိမ်တဲ့ စိတ်တွေ ကျမဆီမှာ အပြည့်ပါပဲ။ ကျမဟာ မြင့်မြတ်တဲ့ ပုဂ္ဂိုလ် တယောက် မဟုတ်ခဲ့ပါဘူး။

သည်းခံခြင်း ဆိုတာမှာ ဘယ်လိုသည်းခံရမှာလဲ … ။
ကိုယ့်အပေါ် ကျူးကျော်စော်ကားလာရင်တောင် မတုန့်ပြန်ဘဲ သည်းခံရမယ်လို့ ဗုဒ္ဓက ဆိုထားတယ်။ ကျမတို့ ခဏခဏ သည်းခံဖူးတာပေါ့။ ဒါပေမဲ့ မနိုင်လို့ သည်းခံရတာက ခပ်များများရယ်ပါ။ ခွင့်လွှတ်တယ် … ဆိုတာကရော … ။ တူတူပါပဲ။ သည်းခံလိုက်တာနဲ့ တပြိုင်နက် ခွင့်လွှတ်စိတ်ဖြစ်သွားသလို … ခွင့်လွှတ်စိတ်ဖြစ်သွားတာနဲ့လည်း သည်းခံမိပါ တယ်။
သဘောထားကြီးခြင်းကလည်း ခွင့်လွှတ်ခြင်းနဲ့ အတူတူလို့ ထင်တာပါပဲ။ ကျမ ပြောနေကျစကားလုံးနဲ့ ပြောရရင်တော့ သဘောထားကြီးခြင်းဟာ “ယောနိသော မနသိကာရ” သင့်တင့်မှန်ကန်စွာ နှလုံးသွင်းခြင်း လို့ ယူဆပါတယ်။
ဒီတော့ သည်းခံ … ခွင့်လွှတ် … သဘောထားကြီးတယ်ဆိုတဲ့ ဒီသုံးချက်ကို ကြည့်ရင် မေတ္တာတရားကို အခြေခံနေတာ တွေ့ရပါတယ်။

သည်းခံခြင်းနဲ့ ပတ်သက်လို့ ကျမ မကြာခဏ ရေးခဲ့ဖူးပါတယ်။ ရေးသာရေးတယ် ကိုယ်တိုင် လက်တွေ့ကျင့်ကြံနိုင်သူ တယောက်လည်း မဟုတ်ခဲ့ပါ။ ဒါကြောင့် ကျမဟာ “အသိသညာ”သာရှိပြီး “အသိပညာ” မရှိတဲ့ “လူ့အန္ဓ”တယောက်လို့ ကိုယ့်ကိုယ်ကိုယ် ရှုမြင်သုံးသပ်မိတယ်။ ဒီလို သုံးသပ်မိရင်းက တကယ်တမ်း ကိုယ်ရေးသလို ကိုယ်ကိုယ်တိုင် လက်တွေ့ကျင့်သုံးနိုင်ရင် ဘယ်လောက်များ ကောင်းလိမ့်မလဲလို့ … ကျမတွေးနေမိပါတယ်။

ကျမဟာ အမှားပေါင်းများစွာ ကျူးလွန်ခဲ့၊ ကျူးလွန်နေ၊ ကျူးလွန်လတ္တံ့ သော သူ တယောက်ပါ။ ကျူးလွန်ခဲ့တာကတော့ ထားလိုက်တော့ ကျူးလွန်နေ … ကျူးလွန် လတ္တံ့ လို့ ဘာကြောင့်ပြောနိုင်ရသလဲဆိုရင် ကျမဟာ ဒီဘ၀မှာ တမဂ် တဖိုလ် ကို ရနိုင်မှာ မဟုတ်ဘူးဆိုတာ သေချာနေလို့ပါဘဲ။ မဂ်ဖိုလ်ကို မရသေးသရွေ့ လူတို့ဟာ မောဟ အမိုက်မှောင်တောထဲမှာ မှားယွင်းစွာ လျှောက်လှမ်းနေကြဦးမှာ မဟုတ်ပါလား။

ကျမတို့ဟာ မွေးဖွားသည်ကစလို့ အပြစ်ကြီးငယ်တွေကို သိလျက်နဲ့ဖြစ်စေ မသိ လို့ဘဲဖြစ်စေ ကျူးလွန်ခဲ့ကြပါတယ်။ ဒီအပြစ်တွေကို တခါတရံတော့ ၀န်ချ တောင်းပန်ခဲ့မိတယ်။ တခါတရံလည်း မသိလိုက် မသိဖာသာ နေခဲ့မိတယ်။ တခါ တလေ ကိုယ်ကမှားလျက်နဲ့ မမှားလေသယောင် ၀ူးဝါး ၀ူးဝါးပြုခဲ့မိတာမျိုးလည်း ရှိကောင်းရှိရဲ့။

ကျမတို့မိသားစုမှာ ၀ါကျွတ်အခါဆို မိဘ ဘိုးဘွား ဆရာသမားနဲ့ ကြီးသူများကို လက်အုပ်ချီပြီး ကန်တော့တဲ့ အလေ့အထရှိပါတယ်။ ဒီလိုကန်တော့တဲ့အခါမှာ …
“ကာယကံ ၀စီကံ မနောကံနဲ့ ပြစ်မှားမိခဲ့ပါလျှင် အပြစ်မှ ခွင့်လွှတ်ပေးပါ” လို့ နှုတ်က ရွတ်ဆိုကြပါတယ်။ ကျမတို့ဟာ ဒီလိုအပြစ်မျိုး မကျူးလွန်ပါဘူးရယ်လို့ အာမ မခံနိုင်ပါဘူး။ အနည်းဆုံး လွယ်ကူတဲ့ မနောကံနဲ့ ပြစ်မှားမိနိုင်ပါတယ်။ ဒီလို ပြစ်မှားမိတာတွေကို ခွင့်လွှတ်ဖို့ တောင်းပန်တဲ့အခါ အကန်တော့ခံ ပုဂ္ဂိုလ်တွေ (ဥပမာ အဖေ-အမေ ဆိုပါတော့) က
“ခွင့်လွှတ်ပါတယ်… အဖေနဲ့အမေကလည်း မင်းတို့အပေါ် ပြစ်မှားခဲ့မိရင် တဖန် ပြန်ပြီး ခွင့်လွှတ်ပါ” လို့ ပြန်လည် တောင်းပန်စကား ပြောကြားပါတယ်။

ဘာဖြစ်လို့လဲ … ။ မိဘက သားသမီးအပေါ် တောင်းပန်စရာလား … လို့ မေးစရာ ဖြစ်နိုင်ပါတယ်။ အဖေကတော့ ခုလိုပြောပါတယ်။

“လူဆိုတာ လူကြီး လူငယ်မရွေး မှားနိုင်တာပဲ။ အပြစ်ကျူးလွန် နိုင်တာပဲ။ သမီးတို့ သားတို့မှန်နေတာကို အဖေတို့က အပြစ်ပေးမိကောင်း ပေးမိလိမ့်မယ်၊ အပြစ် တင်မိကောင်း တင်မိလိမ့်မယ်၊ မိဘနဲ့ သားသမီးဆိုပေမဲ့ မိဘကလည်း သားသမီး အပေါ် အပြစ်ကျူးလွန်နိုင်တာပဲ … ဒါကြောင့် အဖေတို့ မှားခဲ့တာကိုလည်း ခွင့်လွှတ်ဖို့ တောင်းပန်စကား ပြောရတာ”

ကျမတို့ ဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာဟာ အင်မတန် နှစ်သက် မြတ်နိုးစဖွယ်ပါ။ တောင်းပန်ရင် ရန်သူတောင်မှ ကျေအေးရတယ် … ဆိုတဲ့ စကားလည်း ရှိပါတယ်။ ခွင့်မလွှတ်နိုင်ဘူး … အာဃာတထားတယ် … အညှိုးအတေးနဲ့ လက်စားချေတယ်ဆိုတာ ကျမတို့ ဗုဒ္ဓမကြိုက်တဲ့ အယူအဆပါပဲ။

အထက်က စကားကိုပြန်ကောက်ရရင် … သည်းခံ၊ ခွင့်လွှတ်၊ သဘောထားကြီး ခြင်းဟာ မေတ္တာတရားကို အခြေခံပါတယ်။

မေတ္တသုတ်မှာကြည့်ရင်လည်း ဗုဒ္ဓက ခုလိုဟောကြားခဲ့တာ တွေ့ရပါတယ်။
* တယောက်နှင့် တယောက် စဉ်းလဲသမှု လှည့်ပတ်ခြင်း မပြုပါစေလင့်။
* တယောက်နှင့် တယောက် အထင်အမြင်သေးမှု ကင်းဝေးကြပါစေ။
* တယောက်နှင့် တယောက် ဒေါသဖြင့်ချုပ်ချယ်မှု ကင်းဝေးကြပါစေ။
* တယောက်နှင့်တယောက် (အချင်းချင်း) ဆင်းရဲဒုက္ခရောက်ခြင်းကို အလိုမရှိကြ ပါစေလင့်။


ဗုဒ္ဓက တယောက်နဲ့ တယောက် မေတ္တာထားခြင်းကိုသာ လိုလားပါတယ်။ ဗုဒ္ဓဘာသာတွင် မဟုတ်ပါဘူး။ ဘယ်ဘာသာပင်ဖြစ်စေ မေတ္တာထားခြင်းကို မလို လားသူ မရှိနိုင်ဘူးလို့ ထင်တာပါပဲ။ “မေတ္တာဆိုတာ သတ္တ၀ါအားလုံးအပေါ် အမျက် ဒေါသ ကင်းတဲ့သဘော၊ ချစ်ခင်တဲ့သဘော” လို့ အဓိပ္ပါယ်ရပါတယ်။ ဒေါသတွေ၊ မာနတွေ၊ အာဃာတတွေဟာ ပူလောင်လှပါတယ်။ မေတ္တာကတော့ သူတို့နဲ့ ဆန့်ကျင်ဘက်ပါ။ အလွန်အေးမြတဲ့ အမြိုက်ဓာတ်လို့ ဆိုထားပါတယ်။

မေတ္တသုတ်ကို ငယ်စဉ်ကတည်းက အကြိမ်ကြိမ်အဖန်ဖန် ရွတ်ဖတ်ခဲ့ဖူးပါတယ်။ အနက်ကိုလည်း စာတွေထဲ ဖတ်ဖူးတဲ့အပြင် အဖေလည်းသင်ကြားပေးခဲ့ ဖူးပါ တယ်။ ဒါပေမဲ့ ထုံးစံအတိုင်း ကျမဟာ လက်တွေ့ မကျင့်ကြံနိုင်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျမရဲ့လေးခွကို ခိုးခဲ့တဲ့ကောင်မလေးကို အညှိုးကြီးစွာ မှတ်မိနေပါတယ်။ “လေးခွတလက်နဲ့ ရက်ပေါင်းများစွာ” ပို့စ်မှာ ရေးခဲ့ဖူးပါတယ်။ သူဟာ ကျမလေးခွကို တကြိမ်တခါသာ ခိုးယူခဲ့သူဖြစ်ပေမဲ့ ကျမဟာ အကြိမ်ကြိမ် အခိုးခံနေရသူလို ကျမစိတ်တွေ (သတိရတိုင်း) မချင့်မရဲ ပူလောင်နေမိတယ်။ သူ့အကုသိုလ်ကနေ ကိုယ့်အကုသိုလ်ဖြစ်အောင် ပွားယူနေမိ သလိုပါပဲ။ ဒါကြောင့် ကျမတို့ဟာ မေ့သင့်တာကို မေ့ပစ်လိုက်ရမယ်။ သည်းခံ ခွင့်လွှတ် နားလည်ပေး လိုက်ရမယ်။ ဒါဟာ အကောင်းဆုံးနည်းလမ်းလို့ ကျမကတော့ ယူဆပါတယ်။

အဲဒီပို့စ်ကို ပြန်ဖတ်တော့ ကွန်မန့်ထဲမှာ ကျမ ခုလို ရေးခဲ့မိတာတွေ့ရတယ်။
“အမှားကိုအမှားမှန်း သိတဲ့အချိန်မှာ ၀န်ခံစရာရှိတာ ၀န်ခံတဲ့ သဘောပါပဲ” လို့။
ပြောခဲ့ပြီးသလို ကျမ ဟာ အမှားတွေပြုခဲ့မိတယ်။ အပြစ်တွေကျူးလွန်ခဲ့မိတယ်။ မှားမှန်းသိချိန်မှာ ၀န်ခံခဲ့တယ်။ တောင်းပန်စရာရှိရင် တောင်းပန်ခဲ့တယ်။ ဒီလို ၀န်ခံ တောင်းပန်နေသူအတွက် ခွင့်လွှတ်ခြင်းဆိုတာ မရှိသင့်ဘူးလား။ မှားမှန်းသိသူအတွက် အမှားကို ပြန်လည်ပြင်ဆင်ခွင့် ပြုပြင်ခွင့်ဆိုတာ ရှိသင့်ပါ သလား။ တခါမှားဖူးသူဟာ နောက်လည်း အမြဲမှားမှာဘဲ ဆိုတဲ့ စွပ်စွဲချက်နဲ့ လူ့အသိုင်းအ၀ိုင်း အလယ်က အပြီးတိုင် ကြဉ်ဖယ်လိုက်ကြတော့မှာလား။

ခဏခဏ မှားတတ်တဲ့ ကျမဟာ “အမှားများနဲ့ ပြင်ဆင်ခွင့်” ဆိုတဲ့ စာတပုဒ်လည်း ရေးခဲ့ဖူးပါသေးတယ်။ ကျမကတော့ဖြင့် ပုထုဇဉ်လူသားမို့ မှားနေမိဦးမှာပါပဲ။ (ပုထုဇဉ်ဖြစ်လျက် အမှားတစုံတရာမရှိဘူးဆိုတဲ့ ပါရမီ့ရှင်များကိုတော့ ကျမ ဒီနေရာမှ လေးစားစွာ ဂါရ၀ပြုချင်ပါတယ်။) ဒီလိုအမှားတွေကို ကြုံလာတဲ့အခါ မှားမှန်းသိရင် နောင်တတွေနဲ့အတူ တောင်းပန်နေမိဦးမှာပါပဲ။ ဒီလို တောင်းပန် လာတဲ့အခါ ခွင့်လွှတ်ဖို့ ခွင့်မလွှတ်ဖို့ကတော့ မိမိရဲ့ ဆန္ဒနဲ့ နားလည်မှုပေါ် မူတည် နေပါတယ်။

တကယ်တော့ မေတ္တာတရားတို့ သည်းခံခြင်း နားလည်ခြင်း ခွင့်လွှတ်ခြင်း တို့ ဆိုတာ အပြောလွယ်သလောက် လိုက်နာ ကျင့်သုံးဖို့ က အင်မတန် ခဲယဉ်းလှ ပါလား လို့ စဉ်းစားမိရင်း ဒါကြောင့်လည်း ဒီခေတ်ကြီးမှာ မြင့်မြတ်တဲ့ပုဂ္ဂိုလ် ရှားပါးနေတာထင်တယ်လို့သာ တွေးနေမိပါတော့တယ်။
***
တယောက် တယောက် အမျက်ဖျောက် … ချီးမြှောက်နိုင်ပါစေ …

မေတ္တာဖြင့် …

မေဓာဝီ
၂၀၊ ဇူလိုင်၊ ၂၀၀၇
ညနေ ၅ နာရီ ၁၀ မိနစ်

ကိုးကား ။ … ။ ပရိတ်ကြီး (၁၁) သုတ် အသံထွက်ရွတ်ဖတ်နည်း
***
ဖြည့်စွက်ခြင်း

ဒီစာကိုရေးနေချိန်မှာ အမေ့ရဲ့ ဘုရားရှိခိုးသံကို ကြားလိုက်ရပါတယ်။

“သြကာသ … သြကာသ … သြကာသ … ကာယကံ၊ ၀စီကံ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသောအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ … ပထမ၊ ဒုတိယ၊ တတိယ၊ တကြိမ် .. နှစ်ကြိမ် ... သုံးကြိမ်မြောက်အောင် …”

အမေ့ ဘုရားရှိခိုးသံကို နားထောင်နေရင်း ကျမဆက်တွေးနေမိပါတယ်။
ခပ်သိမ်းသောအပြစ်တွေကို ပျောက်ကင်းအောင် ကျမတို့ ဘုရားရှိခိုးကြတယ်။ အပြစ်ဆိုတာ အကြိမ်ကြိမ်ပြုမိကောင်း ပြုမိမယ်။ ဒါကြောင့် ကျမတို့ နေ့စဉ် ဘုရားရှိခိုးကြတယ်။ သဗ္ဗဒေါသ ဆိုတဲ့ ခပ်သိမ်းသော အပြစ်တွေကို ပပျောက်စေဖို့ ဘုရားထံမှာ ရှိခိုးကန်တော့တဲ့ ကျမဟာ … ကျမရဲ့ ပြုမိမှားတဲ့ အပြစ်တွေ မပပျောက်တောင် လျော့နည်းစေဖို့ရာ ဒီစာတပုဒ် ရေးလိုက်ပါတယ်။
***

Read More...

Friday, July 20, 2007

ဂီလာန အတွေး ...

ဒီရက်ပိုင်း နေမကောင်းတာကြောင့် စာရေးစာဖတ် မလုပ်နိုင်ခဲ့ပါဘူး။ အိပ်ရာထဲမှာ လဲလျောင်းနေရင်း နေမကောင်းခြင်းရဲ့ အရသာကို ခံစားနေမိတယ်။ တော်တော် တော့ ခါးသီးတာပဲ။ စားချင်တာမစားရ။ သွားချင်ရာ မသွားရ။ လုပ်ချင်ရာ မလုပ်ရ တဲ့ ဘ၀ မဟုတ်လား။ ဘလော့လေးနဲ့လည်း ဝေးနေတာကြာပေါ့။ လွမ်းပါ့။ နည်းနည်းလေး ခေါင်းထောင်နိုင်တဲ့အချိန် မေးလ်ဘောက်စ်ကို စစ်လိုက်တော့ အွန်လိုင်းမတက်တာကြာလို့ စိတ်ပူစွာမေးလ်ပို့လာတဲ့ ညီမလေးဟန၊ ဘလော့ မရေးတာကြာလို့ အကျိုးအကြောင်း မေးလာတဲ့ ကနေဒါမှ မခိုင်၊ နောက်ပြီး နေကောင်းစေဖို့ ဆုတောင်းပေးတဲ့ ညီမလေး မီးအိမ် …. တို့ရဲ့ စာလေးတွေကို တွေ့ရလို့ ကျေးဇူးတင်မိတယ်။ ဂျီတော့ခ်မှာ ခဏတွေ့တုန်း အမိအရ ဆေးကု ဆေးညွှန်းပေးပြီး အစားအသောက် ဆောင်ရန်/ရှောင်ရန်တွေကို ပြောပြပေးတဲ့ အကို ကိုတင့်ဦးကိုလည်း ကျေးဇူးအထူးပါ။ တကူးတက ဖုန်းဆက်ပြီး အားပေးစကားပြောတဲ့ ကိုသံလွင် (ခ) ကိုစေးထူးကို လည်း ကျေးဇူးတင်ပါကြောင်း ဒီနေရာက ပြောချင်ပါတယ်ရှင်။

ကျမရဲ့ အွန်လိုင်းမိတ်ဆွေ မောင်နှမတွေဟာ ကျမနဲ့ အပြင်မှာ မသိမကျွမ်းပါဘဲနဲ့ ခုလို ကျမကို ဂရုတစိုက် အားပေးဖော်ရတာ ကျမ အလွန်ပဲ ပီတိ ဖြစ်မိပါတယ်။ ရင်ထဲလည်း နွေးထွေးစွာ ခံစားမိပါတယ်။ ကျမ နေမကောင်းတဲ့အချိန်မှာ ဆရာဝန်ပေးတဲ့ ဆေးတွေထက် ကျမကို ချစ်ခင်ကြတဲ့ မိတ်ဆွေ မောင်နှမများရဲ့ အားပေးမှုက ကျမအတွက် ပိုလို့ သက်သာစေတာ အမှန်ပါပဲ။

အခုရေးတဲ့စာကတော့ နေမကောင်းဖြစ်လို့ အိပ်ရာထဲလဲနေချိန် တောင်စဉ်ရေမရ ဟိုဟိုဒီဒီ တွေးမိတွေးရာ တွေးခဲ့မိတာလေးတွေကို အခုလို သက်သာချိန်မှာ မမေ့ လျော့အောင် ချရေးလိုက်မိတာပါ။ နေမကောင်းတဲ့အချိန်တွေးမိတဲ့ အတွက် ဂီလာန အတွေးလို့ ခေါင်းစဉ်တပ်လိုက်ပါတယ်။ ဂီလာနအတွေးဆိုတော့လည်း ဟိုဒီ ပြေးလို့ပေါ့ … ။
***
ဂီလာန အတွေး

မူးလိုက်တာ … ။
မျက်စိကိုမှိတ်ပြီး အိပ်ရာပေါ်လှဲလိုက်တယ်။ ခေါင်းအုံးနဲ့ ခေါင်းက ငြိမ့်ကနဲ ထိသွားစဉ်မှာ တခေါင်းလုံး သွက်သွက်ခါအောင် ပိုမူးသွားသလိုပဲ။ တစောင်းလှဲ နေရာက ဖြည်းဖြည်းချင်း ပက်လက်အနေအထား ပြောင်းလိုက်တယ်။ မှိတ်ထားတဲ့ မျက်စိထဲမှာ အနီ၊ အပြာ၊ အ၀ါ၊ အစိမ်း၊ ခရမ်းရောင်၊ ပန်းရောင် … အို … အရောင်တွေကို စုံလို့ပါပဲ … ။ အကွက်အကွက်တွေ … အ၀ိုင်းအ၀ိုင်းတွေ ခရမ်းသီးပုံစံ အကွေးအကွေးတွေ … အရောင်စုံ ဒီဇိုင်းစုံ။ ငယ်ငယ်တုန်းက အိမ်ပေါ်ထပ်မှာ ခင်းထားတဲ့ ဖယောင်းပုဆိုး အဆင်အတိုင်းပဲ။ အဲဒီအဆင်ကြီးက မျက်စိနောက်စရာ။ မမြင်ချင်ဘူး … အဲဒါကြီး။

မျက်စိကို ပိုပြီး မှိတ်လိုက်မိတယ်။
ခုနပုံစံအဆင်ကြီးက အကွက်စိပ်စိပ်နဲ့ သေးသွားတာကလွဲလို့ မျက်စိထဲက မပျောက် နိုင်ပါလား။ မျက်ခွံနဲ့ မျက်စိကို ဖုံးထားတာတောင် မြင်နေရတဲ့ အရာတွေ က ရှိသေးတယ်။ ခက်လိုက်တာ … ။ ဘယ်လိုလုပ်ရပါ့။ ခေါင်းကို ယောင်ယမ်းခါမိ တော့ ဦးခေါင်းထဲမှာ ပန်းထိမ်ဖိုငှက် အော်မြည်နေသလို တတုံတုံနဲ့။

အသက်ကို မှန်မှန်ရှူ … မှန်မှန်ရှူ … လို့ ကိုယ့်ကိုယ်ကို ချွေးသိပ်ရင်း နှာခေါင်းဝမှာ တိုးဝင် တိုးထွက်လာတဲ့ လေကို ဂရုတစိုက် စောင့်ကြည့်လိုက်တယ်။ လေက ထိပြီး ၀င်သွားလိုက် … ထိပြီးပြန်ထွက်လာလိုက် … ။
ထိတယ် … ထိတယ် … ထိတယ် …စောင့်ကြည့်မှတ်နေရင်း နှာခေါင်းထိပ်တွေ ပူပြီးကျဉ် လာတယ်။ နောက်ထပ် ဝေဒနာတခုတိုးတာပဲ။ ဆိုးလိုက်တာ … ။ တော်ပြီ … မမှတ်တော့ဘူး။

နှုတ်ခမ်းတွေက ခြောက်ကပ် အက်ကွဲနေကြပြီ။
ရေ …ရေ …ရေဆာလိုက်တာ။ ထပြီးလည်း မသောက်ချင်ဘူး။ ရေလာတိုက်မယ့် သူလည်း တယောက်မှ မရှိဘူး။ ရေဆာနေတဲ့ နှုတ်ခမ်းကို လျှာနဲ့ တချက်သပ် လိုက်တော့ ပူနွေးစိုစွတ်တဲ့ လျှာက ခပ်ကြမ်းကြမ်း အတွေ့အထိကို ခံစားရတယ်။ အာခေါင်တွေလဲ တရှိန်ရှိန်ပူလို့။ ရှိစုမဲ့စု တံတွေးကိုမြိုချတော့ လည်ချောင်းက ရှတတ။ အင်း … တခုမှလည်း ကောင်းတာ မရှိပါလား … ။

ကျောအောက်မှာ ဖုတုတုနဲ့ .. ဘာကြီးပါလိမ့်။ နေရခက်လိုက်တာ … ။ လက်နဲ့ မမီမကမ်း စမ်းပြီးယူတော့ ရှူဆေးဗူးကလေး။ ကြုံတုန်း အဖုံးဖွင့်ပြီး တချက် နှစ်ချက် ရှူလိုက်တယ်။ လန်းလည်း မလန်းပါဘူး … အလကားပဲ ဒီရှူဆေး … ။ ခေါင်းရင်းထောင့်ကို ပြန်ပစ်လိုက်တယ်။ ရင်ဘတ်ထဲမှာ အပူလုံးကြီးတခု ဟိုဟိုဒီဒီ လျှောက်သွားနေသလိုပဲ။ ငုတ်တုတ်ထထိုင်လိုက်တယ်။ ရင်ဘတ်ကို ခေါင်းအုံးနဲ့ ဖိထားရင်း လေတွေ ပါးစပ်က အလုံးအရင်းထွက်သွားမှ နည်းနည်းသက်သာ… ။ ဟင် … လာပြန်ပြီ နောက်တလုံး … ။

ဝှူး …မောပြီ။
ပက်လက်ပြန်လှဲလိုက်တယ်။ ခေါင်းအုံးနှစ်လုံးဆင့်ထားမှ။ စောင်ခေါက်ကလေး ရင် ဘတ်ပေါ်တင်ထားရင်း အသက်မှန်မှန်ပြန်ရှူ … ။ ရင်ဘတ်က နိမ့်ချည် မြင့်ချည်။ ဟုတ်ပြီ … ဒီတခါ .. ၀မ်းဗိုက် ဖောင်းတာနဲ့ ပိန်တာကို မှတ်ရမယ်။ အသက်ရှူလိုက်တိုင်း ၀မ်းဗိုက်က ဖောင်းလာတယ်။ ပြန်ထုတ်တော့ ပိန်သွား … ။ ဖောင်းတယ် … ပိန်တယ် …
ဖောင်းတယ် … ပိန်တယ် …
ဖောင်းတယ် … ပိန်တယ် …
အင်း … စာလဲ မရေးဖြစ်ဘူး။ ဘလော့ကိုလည်း မစစ်ရတာကြာပြီ။ ဘာတွေထူးနေလဲ မသိ။ စာအသစ်မရေးတော့ ဖတ်မယ့်သူလည်းရှိမှာမဟုတ်ဘူး။ ဘလော့ကလေးတော့ ခြောက်ကပ်ကပ်ဖြစ်နေရှာမှာပဲ။

ပိန်တယ် …ဖောင်းတယ် … ပိန်တယ် …ဖောင်းတယ် …
အာဇာနည်နေ့အတွက် ရေးချင်တဲ့စာလည်း မရေးလိုက်ရပါလား။ အသက် အရွယ်အလိုက် အာဇာနည်နေ့အပေါ် မတူညီတဲ့ အသိ အမြင်ကလေးတွေ ရေးချင် လို့ လိုက်မေးထားတာ။ ခုခေတ်ကလေးတွေ အာဇာနည်ဆိုတာ ဘာမှန်း မသိကြတော့ဘူး။ တနင်္ဂနွေနေ့က ဟိုကလေး ၃ ယောက် ပြောတဲ့စကားလေးတွေ … ။ အာဇာနည်နေ့ကို သိလားဆိုတော့ အငယ်ဆုံး ကောင်လေးက “သားသိတယ် … Rဇာနည်ရဲ့ မွေးနေ့” တဲ့။ ကောင်းရော။ နောက် တယောက်ကတော့ လွတ်လပ်ရေး နေ့လား … တဲ့။ အကြီးကောင်လေးကတော့ သားမသိဘူး … တဲ့။ စိတ်မကောင်းစရာပဲ။ အာဇာနည်နေ့ဆိုတာ မသင်ရဘူးလား … ထပ်မေးတော့ ဟင့်အင်း … တဲ့။ မသိတဲ့ ကလေးတွေရဲ့ အပြစ်လား။ မသင်တဲ့ လူကြီးတွေရဲ့ အပြစ်လား … ။ အာဇာနည် …. အာဇာနည် … ။ ဘလော့လေးမှာ အာဇာလည်း မနည်လိုက်ရတော့ပါဘူး။ ခြောက်ကပ်ကပ် ဖြစ်နေမယ့် ဘလော့လေးကို လွမ်းလိုက်တာ။

အဲ …ပြန်မှတ်ဦးမှ .. ။
ဖောင်းတယ် … ပိန်တယ် …ဖောင်းတယ် … ပိန်တယ် …
ဖောင်းတယ် … ပိန်တယ် …ဖောင်းတယ် … ပိန်တယ် …
“နင်ရေးတဲ့ ခြေလှမ်း ၃၀၀ ပို့စ်က သေတမ်းစာကျနေတာပဲ။ ဘ၀အဆုံးသတ်ခါနီး နှုတ်ဆက်နေသလိုလို …”
အဲဒီစာ တင်တဲ့နေ့က သူငယ်ချင်းတယောက် ပြောတာ အမှတ်ရမိတယ်။ မဟုတ်ဘူး။ မဟုတ်ပါဘူး။ အဲဒါ သေတမ်းစာမှ မဟုတ်ဘဲ … ။ ဒီပုံစံမျိုးနဲ့ သေတမ်းစာ မရေးပါဘူး။ သေလည်း မသေချင်သေးဘူး။ သေဖို့လည်း ဘာတခုမှ အဆင်သင့်မဖြစ်။ အင်း … ဒါပေမဲ့ ကိုယ်သေချင်မှ သေမှာလား။ သေခြင်းတရားက ကိုယ်နဲ့ အနီးဆုံးမှာ အမြဲရှိနေတာ။ သတိ … သတိ … သတိ မလွတ်စေနဲ့တဲ့။ မှတ်နေရင်း လွတ်လွတ်သွားတယ်။

ဖောင်းတယ် … ပိန်တယ် …ဖောင်းတယ် … ပိန်တယ် …
ဖောင်းတယ် … ပိန်တယ် …ဖောင်းတယ် … ပိန်တယ် …
ဖောင်းတယ် … ပိန်တယ် …ဖောင်းတယ် … ပိန်တယ် …

ဂျီတော့ကို ဆိုင်းအင်လည်း လုပ်လို့မရပါလား။ ကြာလိုက်တာ။ ဘလော့ဂါပေ့ခ်ျက လည်း အယ်ရာတက်နေပြန်ပြီ။ ရီဖရှက်ခ်ျ လုပ်ဦးမှ။ ဟင် … ယူဇာနိမ်း ပါ့စ်ဝေါ့ နေရာမှာ The page cannot be displayed တဲ့။ ဖြစ်ပြန်ပြီ။ ဒီကွန်နက်ရှင်နဲ့တော့။ ဂျီတော့မှာလည်း ကွန်နက်တင်းက မတက်နိုင်ဘူး။ ဟော.. ပြောရင်းဆိုရင်း ၀င်သွားပြီ … ကံထူးတာပဲ။ ဘယ်သူတွေရှိလဲ … ကြည့်ဦးမှ … ။

* မအားတဲ့သူ
* အမှန်တကယ် ဘုရားစူးစေ့ လုံးဝမအားတဲ့သူ
* အဝေးမှာရောက်နေတဲ့သူ
* လွမ်းနေတဲ့သူ
* ပို့စ်အသစ်တင်ထားတဲ့သူ
* နေ့လည်စာ စားနေတဲ့သူ
* မီးစိမ်းပြထားသူ …
…………………………………. ထိုသူ … ထိုသူတွေ … ရှိနေသားပဲ။

စာတွေရိုက်တယ် … ။
typing … typing … typing …
ဘယ်သူမှလည်း ပြန်မထူးဘူး။
စာတွေ ရောက်မလာတာလား။
ဘယ်သူမှ အဖက်မလုပ်ကြတာလား … ။
ပိန်လိုက် …ဖောင်းလိုက် … ၀မ်းဗိုက်က
ထွက်လိုက် … ၀င်လိုက် … နှာသီးဝက …
အပူလုံးကြီး တလုံးက ရင်ဘတ်ထဲ မွှေနေဆဲ …
အမေ … အမေ …ရေဆာတယ် …
အသံ ထွက်မလာဘူး။
အမေလည်း အနားမှာမရှိဘူး။

ခေါင်းထဲက မူးလိုက်တာ … ချာချာကိုလည်လို့ …
ဝိုင်းကြီးပတ်ပတ် ကစားထားသလိုပဲ … ။
ဝိုင်းကြီးဝိုင်းကြီး ဘယ်လောက်ကြီး … လက်တွေတွဲထားတယ်။
ဒါပေမဲ့ … တွဲတဲ့လက်တွေ မခိုင်တော့တာ သေချာနေပြီ။
ဒီစည်းဝိုင်းထဲက ဘယ်တော့ထွက်ရမလဲ … ။
ခေါင်းမူးလို့ လက်တွဲဖြုတ်ပြီး ယိုင်နဲ့စွာ ထိုင်ချလိုက်ရတော့မှာလား …
လက်တွေ … လက်တွေ … မဖြုတ်ပါနဲ့ဦး …
ကျေးဇူးပြုပြီး တွဲပေးထားပါ … ။
ခဏလေး … ခဏလေး … ခဏလေးပဲပါ … ။

မျက်စိမှိတ်ထားတယ် … ။
ဒါပေမဲ့ နားတွေက ကြားနေရတယ် … ။
အစိမ်းရောင် အသံတွေ …
အနက်ရောင်စကားတွေ …
အပြာရောင်သီချင်း တပိုင်းတစ … ။
ခဏအကြာ ပါးပေါ်မှာ ပူနွေး စိုစွတ် လာတယ်။
အားလုံးတိတ်ဆိတ်သွားကြပြီ။
တိတ်တိတ်ကလေး …
ဘာသံမှမကြားပဲ ပူနွေးစိုစွတ်ခြင်းတွေ ပါးပြင်ပေါ် စီးဆင်းနေတယ် … ။
အဆက်မပြတ် … စီးဆင်းရင်း … စီးဆင်းရင်း … နဲ့ပေါ့။
***
မေဓာဝီ
၂၀၊ ဇူလိုင်၊ ၂၀၀၇
နေ့ ၁၁ နာရီ ၃၅ မိနစ်

Read More...

Sunday, July 15, 2007

စာဆိုနှင့် ဧကရာဇ်

ဒီစာကလည်း ဟဒယမဂ္ဂဇင်းထဲက စာတပုဒ်ပါပဲ။ မဂ္ဂဇင်းတအုပ် လက်ဆောင်ရ ထားတာနဲ့ပဲ ဒီစာအုပ်ထဲက ဖတ်မိသမျှ သဘောကျရာ စာတွေကို ကျမဘလော့မှာ တင်ဖြစ်နေပါတယ်။ အခု တင်မယ့်စာက စာရေးသူ - နန္ဒာမိုးကြယ် ရဲ့ “ကုန်းဘောင်ခေတ်က စာဆိုကျော်” အမည်ရ စာတပုဒ်ပဲ ဖြစ်ပါတယ်။ ဒီစာကို ဖတ်မိတော့ ဟာသအနေနဲ့ မဟုတ်ဘဲ ဒီ့ထက်ပို မြင်တွေးမိပြီး သဘောကျစွာ ပြုံးမိပါတယ်။ ကျမကဲ့သို့ပဲ ဖတ်သူအများလည်း နှစ်သက်ကြမယ်လို့ ထင်တာပါပဲ။ ဖတ်ကြည့်ကြပါဦး။
***
ကုန်းဘောင်ခေတ်က စာဆိုကျော်

စလေဦးပုညသည် ကုန်းဘောင်ခေတ်၌ ထင်ရှားကျော်ကြားခဲ့သော စာဆိုအကျော် အမော်ကြီး ဖြစ်ပါသည်။ သူ၏စာများသည် စကားလုံးအားဖြင့် လွန်စွာမှ ပြောင်မြောက်လှပါဘိ။ ထို့ကြောင့်လည်း ထင်ရှားကျော်ကြားသော စာဆိုကျော်ကြီး ဖြစ်ခဲ့ခြင်းပါပေ။

သည်သို့ ဦးပုည တော်ခြင်း၊ ကျော်ခြင်းမှာ ဆရာကောင်းတပည့် ပန်းကောင်းပန် ခြင်း ပင် ဖြစ်ပါသည်။ ဆရာကောင်းကို မှီဝဲဆည်းကပ်ပြီး ဆရာကောင်းထံမှ ပညာ အမွေအနှစ်များ ရရှိခဲ့ခြင်းကြောင့် ဆိုလျှင်လည်း မမှားပါချေ။

သို့ဆိုပါက … ဦးပုည၏ဆရာမှာ မည်သူဖြစ်ပါသနည်း။
ဦးပုည၏ ဆရာမှာ အခြားမဟုတ်၊ ကုန်ဘောင်ခေတ်က သာသနာတော်တွင် နေသဖွယ် လသဖွယ် ထင်ရှားရုံသာမက စာကဗျာချိုးရာတွင်လည်း လက်ဖျားခါ လောက်အောင် ထူးကဲ ပြောင်မြောက်လှပါသော ကဗျာစာဆိုတဦးလည်း ဖြစ်သော ကြောင့်ပါတည်း။

ဗန်းမော်ဆရာတော်ဘုရားကြီးသည် အကော်အခတ် ရေးသားရာ၌ အတော် ကလေးကို ပြောင်မြောက်လွန်းလှပြီး စိတ်မထင်လျှင် မထင်သလို သီလရှင်မှအစ၊ မှူးကြီး မတ်ရာတွေအလယ်၊ ရှင်ဘုရင်အဆုံး သူ့ကလောင်လက်နက်ဖြင့် ထိုးနှက် လေ့ရှိစမြဲ။ သည်အတွက်ကြောင့်လည်း ရေမြေ့သနင်း မင်းတုန်းမင်းကြီးခမျာ အမျက်တော်ရှပြီး ဗန်းမော်သို့ နယ်နှင်ခဲ့ဖူးသည်။ ကြည်ညိုရင်းစွဲကလည်း ရှိ၊ အမျက်တော်ကလည်း ပြေလေသည့်အခါ ပြန်လည်၍ မန္တလေးသို့ ပင့်ဆောင်ခဲ့ပြန် သည်။ သို့ရာတွင် ဗန်းမော်ဆရာတော်ခမျာ အမှတ်သည်းခြေ ကြီးရှာသည်။ မန္တလေးသို့မလိုက်။ စစ်ကိုင်းချောင်တွင်ပင် သီတင်းသုံးခဲ့သည်။

ဒါကို မင်းတရားကြီး ရိပ်စားမိဟန်တူသည်။ မန္တလေးနေပြည်တော်၌ သီတင်းသုံး စေလိုငြား အကြောင်းပြချက် အမျိုးမျိုးဖြင့် ငြင်းပယ်လေသောအခါဝယ် မင်းတရားကြီးအဖို့ ဆည်းကပ်ကိုးကွယ်ခွင့်မရသဖြင့် နေမထိ ထိုင်မသာဖြစ်ရပါချေ သည်။ မဟာဒါန်ဝန်ဖြင့် ပင့်ခိုင်းပြန်တော့လည်း ဆရာတော်က မလိုက်။ နောက်ဆုံး အကြံတခုရသွားခဲ့သည်။ ဒါကတော့ အခြားမဟုတ်။ ၍၎င်းးးးးဆရာတော်၏ ပညာအမွေ အနှစ်ကို ဆည်းပူးခဲ့သော စာဆိုတော် ဦးပုညအား စေလွှတ်၍ ပင့်ဆောင်ခိုင်းဖို့ပဲ ဖြစ်၏။ သည်တာဝန်ကို ဦးပုည ကျေနပ်စွာယူလိုက်ပါချေသည်။ ဦးပုည မသွားခင် မင်းတရားကြီးက အမှာစကားပါးလိုက်ပါသေးသည်။

“မောင်ပုညရေ …မောင်မင်းရဲ့ ဆရာတော်ကို ကြိုးစားပြိး ပင့်ဆောင်ခဲ့ပါကွယ်၊ အဲ … တကယ်လို့ ငြင်းဆန်ခဲ့ရင်လည်း ငါ့အကြောင်းတွေ မကောင်းသတင်းလုပ်ပြီး ပစ်စာတွေ ကဗျာတိုတွေ မရေးဖို့ရာ လျှောက်ထားပေးပါကွယ်”
“မှန်လှပါ … မင်းကြီး”

သို့ဖြင့် ဦးပုညလည်း မင်းတရားကြီး၏ စေခိုင်းချက်အရ မင်းနေပြည်တော်မှ လှေငယ် တစင်းဖြင့် ကူးသွားလေတော့သည်။
***
ဆရာနှင့် တပည့် …၊ တပည့်နှင့် ဆရာ…။
တွေ့ကြုံဆုံစည်းမှုသည် နွေးနွေးထွေးထွေး။
စစ်ကိုင်းချောင်မှာ သုံးလေးရက်ခန့် နေထိုင်စဉ်အတွင်း ဦးပုညအဖို့ လာရင်းကိစ္စ ကို လျှောက်ထားရန်မှာ မ၀ံ့မရဲ ဖြစ်နေမိခဲ့သည်။ ပညာရင်နို့ သောက်စို့ခဲ့စဉ် ကတည်းကပင် ချစ်ကြောက်ရိုသေခဲ့ရသည်မို့ ဆရာအရှင် မနှစ်သက်ဖွယ်စကားကို ဆိုမိလေမလားဟု စိုးတထိတ်ထိတ် ဖြစ်နေခဲ့မိလေသည်။ သို့ပါသော်ငြား တာဝန် ၀တ္တရားကို ခေါင်းခံလာခဲ့ပြီမို့ …
နောက်ဆုံးမှာတော့ …

“ဆရာတော်ဘုရား … ဘ၀ရှင်မင်းတရားကြီးက နေပြည်တော်သို့ ကြွရောက် သီတင်းသုံးရန် ပင့်ဖိတ်လိုက်ပါတယ် ဘုရား”
ဟူ၍ လျှောက်ထားလိုက်လေတော့သည်။
“ဘာကွယ့် …မောင်ပုည၊ မင်းတို့ရဲ့ ဘုရင်က ငါ့ကို ပင့်ဖိတ် လိုက်တယ် … ဟုတ်လား၊ ရယ်ရသကွာ … ခု စာကလေးကြော်၊ ခု ဆီထမင်းကြော်နဲ့ ဘုရင်ပါး မ၀သေးတဲ့ မင်းတို့ဘုရင်ရဲ့ အပါးမှာ သီတင်းသုံးရမှာ စိတ်မသန့်ပါဘူးကွယ်”
လျှောက်ထားချက်စကားကို လက်ခံတော်မမူရုံသာမက ဘ၀ရှင်မင်းတရားကြီးကို ပင် ပုတ်ခတ်စကားတွေ ဆိုမိန့်နေပြန်သဖြင့် ဦးပုညခမျာ မနေသာတော့။ ပြောစရာ စကား၊ လျှောက်ထားစရာစကားတို့ကို ကုန်စင်အောင် လျှောက်ထားရတော့သည်။

“ဆရာတော်ဘုရား … ဒကာတော် မင်းတုန်းမင်းတရားကြီးက လျှောက်ထားပေးဖို့ မှာကြားလိုက်ပါသေးတယ် ဘုရား”
“ဟ … မကုန်နိုင်သေးပါလား … ။ ကိုင်း ဆိုစမ်းပါဦး။ မင်းတို့ဘုရင်က ငါ့ကို ဘာများ မှာလိုက်ပါလိမ့်…”
“အရှင်ဘုရား … မင်းတရားကြီးက အရှင်ဘုရားအနေနဲ့ မန္တလေးနေပြည်တော်ကို ကြွချင်စိတ်မရှိလို့ မကြွဘဲ ဟောဒီစစ်ကိုင်းချောင်မှာပဲ စိတ်ချမ်းမြေ့စွာ သီတင်းသုံး ချင်ရင်လည်း သုံးပါ တဲ့။ အဲ … ဒါပေမဲ့လို့ သူ့အပေါ်တော့ သူနဲ့ပတ်သက်ပြီး မကောင်းသတင်းတွေရေးတာ၊ မကောင်းတဲ့စာကဗျာတွေ ချိုးတာမျိုး မလို့ဖို့ရာ လျှောက်တင်ပေးဖို့ မှာကြားလိုက်ပါတယ်ဘုရား။”
“ဟာ ဟ၊ မင်းတို့ဘုရင်က ကျလည်း ကျသကွယ်..”
သို့ကလို ခနိုးခနဲ့စကားဆိုရင်း ဆရာတော်သည် အနီးရှိထွေးခံအတွင်းသို့ ၀ါးခဲ့ပြီးသော ကွမ်းဖတ်ကို ထွေးထည့်လိုက်သည်။

“ဟေ့ …မောင်ပုည”
“ဘုရား …”
“မင်းတို့ဘုရင်က ငါဒီဘက် ကမ်းကနေ သူ့အကြောင်း မကောင်းသတင်းပြောတာ ကို ဟိုဘက်ခြမ်းကနေ ကြားရသတဲ့လား …”
“တင်ပါ့ … ကြားသိတော်မူလို့လည်း … ခုလိုမျိုး မှာကြားလျှောက်ထား လိုက်တာပေါ့ ဘုရား”
“သြော် … ဒီလိုတဲ့လား …နေစမ်းပါဦးကွယ်။ အကြောင်းဆိုက်လာလို့ ပြောပါရစေဦး။ မင်းတို့ ရှင်ဘုရင်ရဲ့ မိဖုရားခေါင်ကြီး မကျန်းမမာဖြစ်တုန်းက နေပြည်တော်တ၀ိုက်မှာ ညည ခွေးတွေ ထထအူတာ နားငြီးတဲ့ အကြောင်း မှတ်မိ တယ်မဟုတ်လား”
“မှတ်မိပါတယ်ဘုရား … အဲသည်တုန်းက တော်သလင်းလလေ၊ ခွေးတွေ မိတ်လိုက်တဲ့ရာသီမို့ အူကြပါတယ်ဘုရား….”
“အဲသလိုအူတော့ မင်းတို့ဘုရင်က သူ့မိဖုရားခေါင်ကြီး နားငြီးသက်သာအောင် ဘာတွေလုပ်သလဲကွယ်”
“တင်ပါ့ …နေပြည်တော်ဝန်းကျင်က ခွေးတွေကို စစ်ကိုင်းဘက်ကမ်းဆီ ပို့ပါတယ် ဘုရား”
“ဟုတ်တယ် …မောင်ပုညရဲ့၊ အဲသည်တုန်းက ဖိုးသူတော်ဦးမင်းကတောင် လေးဆစ်တပုဒ် ရေးခဲ့ပါသေးရဲ့။ အဲဒါ မင်း မှတ်မိသေးရဲ့လား”
“မှတ်မိပါတယ်ဘုရား … အတော်ကလေး ပြောင်မြောက်တဲ့ ကဗျာပါပဲ …”
“ကိုင်းကွယ် … ငါ့ကို အဲဒီကဗျာကလေး ရွတ်ပြစမ်းပါဦး … နားအရသာခံချင်လို့”

သည်တော့လည်း ဦးပုညခမျာ သူကြိုက်နှစ်သက်လွန်း၍ အလွတ်ကျက်မှတ် ထားသော ဖိုးသူတော်ဦးမင်း၏ လက်ရာ လေးဆစ်ကဗျာလေးကို ရွတ်ပြပါ လေသည်။

“ဒီနှစ်တွင် ကြုံပြန်ရ
ကျား, မ နှင့် ဂမ္ဘီ။
မောင်ကြီး ကြိုးတွေသိုင်းပါလို့
စစ်ကိုင်းဆို ဇေယျာမြို့ကို
ကူးပို့ပြန်ပြီ။
ယင်းရဲ့ ကျောက်ဆောင်ဆိပ်ဆီက
လွမ်းစိတ်နဲ့ မယ်တို့ဆီ
မျှော်ပြီကွယ် … ၀ူး … ။
မောင့်နည်းတူပင်
မောင်ကြီးလှေငယ်တင်၍
ကူးပြန်လျှင် မနေစိမ့်ပါနှင့်
သောတာပန်ဆိုတဲ့ ဆိပ်ကိုကွယ်
(အို … ရှင်) လှိုင်းတိတ်မှ … ကူး ….။
ပါတဲ့ ဘုရား …”

“ကောင်းလိုက်တဲ့ ကဗျာကွယ်၊ အရာမဟုတ်တာကို အရာလုပ်နေလို့ … သဘာဝတရားကို ဖီလာဆန့်ကျင်နေလို့၊ အုပ်ထည့်လိုက်တဲ့ ကဗျာပါကွယ်။ အဲသလိုမျိုး အမြင်ကိုအမြင်အတိုင်း ခပ်စပ်စပ်ကလေး တွယ်ထည့်လိုက်နိုင်မှ ကဗျာ ကောင်းကွယ့်။ ဝေ့နေ ၀ိုက်နေတာမျိုး မလုပ်နဲ့။ စကားလုံးပြောင်ပြောင်နဲ့ ဗြောင်သာဆော်။ ဟုတ်ပလား ငါ့တပည့်”
“တင်ပါ့ … ဘုရား”

ဦးပုညအဖို့ တင်လျှောက်ချက် မှန်သမျှ ဘာတခုမှ မအောင်မြင်သည့်အပြင် ဆရာ အရှင်၏ နည်းပေးလမ်းညွှန်မှုကိုပင် ခံနေရသည်။
“မောင်ပုညရေ …”
“ဘုရား …”
“အဲသလိုမျိုး မင်းတို့ဘုရင်က သူ့မိဖုရားခေါင်ကြီး မကျန်းမာလို့ မန္တလေး နေပြည်တော်တ၀ိုက်က ခွေးထီးတွေကို စစ်ကိုင်းကို ပို့လိုက်တော့ စစ်ကိုင်းက ခွေးထီးတွေ ဟောင်ကြ အူကြတာကို မင်းတို့ဘုရင်ရော မိဖုရားခေါင်ကြီးပါ ကြားတော်မူကြသလားကွယ်”
“တင်ပါ့ … မကြားရကြောင်းပါဘုရား…”
“ဟား … ဟား … ဟား၊ ကျလည်း ကျသကွယ်။ ဒီစစ်ကိုင်းဘက်က ခွေးထီးတွေ ဟောင်ကြ အူကြတာကို မကြားရဘဲနဲ့ ငါအခု ပြောဆိုနေတာတွေကျမှ ကြားတယ်ဆိုတော့ …ဟေ့ …မောင်ပုည …”
“ဘုရား …”
“မင်းတို့ဘုရင်ကို ဘယ် မအေတရာလင်တွေက မျက်နှာလို မျက်နှာရ သွားပြီး သံတော်ဦး တင်ကြသလဲကွာ …”

ဆရာတော်၏စကား ပြတ်သည်။ တပည့်ဖြစ်သော ဦးပုညမှာတော့ ပါးစပ် အဟောင်းသား။
***
ပညာရှိစာဆိုတို့ကား ဘာပဲရေးရေး ဘာပဲပြောပြော သက်သေအထောက်အထား အကိုးအကားတွေ ရှိနေကြသည်။ သည်အထဲမှာမှ ဟာသဉာဏ်ရွှင်သော စာဆိုတို့၏ စကားမှာ ပြုံးရွှင်ကြည်နူးရသည်သာမက မှတ်သားလိုက်နာစရာတွေ ကိုလည်း ရှာဖွေတတ်လျှင် တွေ့မြင်နိုင်မည်မှာ သေချာလှပါဘိ။
……………………………………………………………………………….နန္ဒာမိုးကြယ်
……………………………………………………… (၂၀၀၇၊ ဧပြီလ၊ ဟဒယ မဂ္ဂဇင်း)
***
စာကတော့ ဤမျှပါပဲရှင်။
ဖတ်ရှုသူများ နှစ်သက် သဘောကျ နိုင်ပါစေ … ။
***
မေဓာဝီ
၁၅၊ ဇူလိုင်၊ ၂၀၀၇
နေ့ ၁ နာရီ ၂၀

(ကွန်နက်ရှင် မကောင်းလို့ ခုမှ တင်လိုက်ရပါတယ်။)

Read More...

Saturday, July 14, 2007

ခြေလှမ်း ၃၀၀ တိုင်ခဲ့ပြီ ...

ဘာလိုလိုနဲ့ ကျမ ဒီနေ့တင်တဲ့ စာဟာ ကျမဘလော့အတွက် ၃၀၀ - ခုမြောက် ပို့စ် ဖြစ်လို့နေပါပြီ။ ဘလော့မှာ တင်ခဲ့သမျှ စာတွေဟာ ကျမရဲ့ခြေလှမ်းတွေဆိုရင် ခုဆို ခြေလှမ်း ၃၀၀-တိတိ ရှိပြီပေါ့။ ဒီ ခြေလှမ်းလေးတွေ တလှမ်းချင်းလှမ်းနေတဲ့ ကာလတလျှောက် စိတ်ပျော်စရာတွေ … စိတ်ညစ်စရာတွေ ကြုံခဲ့ရတယ်၊ တခါတလေ လှမ်းနေတဲ့ ခြေလှမ်းတွေ ယိုင်နဲ့ပြီး ပြိုလဲမတတ် ဖြစ်ပျက်ခဲ့ရတယ်။ ကျမစာတွေကို အမြဲမပြတ်ဖတ်ပြီး အားပေးကြသူတွေဆီက ရရှိတဲ့ ခွန်အားတွေ ကြောင့်သာ ကျမ ခုချိန်ထိ ဆက်လက် လျှောက်လှမ်းနေနိုင်တာပါ။ ကျမနဲ့ အမြင်ချင်းတူသူ အမြင်ချင်းမတူသူ မည်သူပင်ဖြစ်စေ … ကျမရဲ့စာတွေ လာဖတ် တာကိုက ကျမကို အားပေးနေတယ်လို့ ယူဆပါတယ်။ ဒါကြောင့် ကျမစာတွေကို ဖတ်ရှုကြသူ အားလုံးကို ကျေးဇူးတင်ပါတယ် … လို့ ဒီနေရာက အလေးအနက် ပြောပါရစေ။

ဒီနေ့တော့ စလှမ်းခဲ့ဖူးတဲ့ “ပထမဆုံး ခြေလှမ်းလေး” ကို မမေ့လျော့စွာ ပြန်ကြည့်မိပါတယ်။ ကျမက ကြောင်ဆိုးကလေး ဂါးဖီးလ်ကို ချစ်တယ်။ ဒါကြောင့် ပထမဆုံးပို့စ်မှာ ဂါးဖီးလ်ကာတွန်းလေး တင်ထားလိုက်တာပါပဲ။ ဒီကာတွန်းမှာပါတဲ့ I can, but I won’t ဆိုတဲ့ စာသားလေးကိုလည်း သဘောကျမိလို့ပါ။ တခါတခါ ကျမက ကိုယ်လုပ်နိုင်ပေမဲ့ မလုပ်ဘဲ ပေပေတေတေ နေတတ်တာကိုး။ ဒါကြောင့် About me ဆိုတဲ့ နေရာမှာလည်း ဒီစာသားလေး တင်ထားခဲ့မိတာပါ။ တချို့က ဘာကြောင့် အဲဒီစာသား ရေးတာလဲ ဆိုပြီး ကျမကို မေးကြတယ်။

ဘလော့ကို စရေးခါစကတော့ ကျမစိတ်ထဲ သိပ်စွဲစွဲလမ်းလမ်းကြီး မဟုတ်ခဲ့ပါဘူး။ အဲဒီကာလတွေတုန်းက ကျမမှာ ဘာမှ လုပ်စရာမရှိဘဲ ယောင်ချာချာဖြစ်လို့ နေချိန်ပေါ့။ အလုပ်ကအနားယူနေခိုက်၊ ကျန်းမာရေးပြန်လည်ကောင်းခါစ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဝေးကွာပြီး တယောက်ထဲ အထီးကျန် နေချိန်မှာ ကျမစာတွေ ရေးဖြစ်တယ်။ ရေးပြီး ဘယ်မှလဲ မပို့ဘဲ ဒီတိုင်းသာ သိမ်းထားခဲ့ ပါတယ်။ ဒီလိုနဲ့ အင်တာနက်မှာ လျှောက်လည်ပတ်ရင်း မြန်မာ ဘလော့တွေကို ဖတ်ဖြစ်ခဲ့ရာက ကိုယ်ပိုင် ဘလော့တခု လုပ်ဖို့စိတ်ကူးရပြီး စမ်းတ၀ါးဝါး လုပ်ကြည့်ခဲ့တာပါပဲ။

စမ်းတ၀ါးဝါးဆိုတာက ကျမက စာရေးတာကလွဲလို့ ကျန်တာဘာမှ မတတ်တဲ့ အတွက် ဘလော့တခုဖြစ်မြောက်ဖို့ စမ်းတ၀ါးဝါး ဟိုမေးဒီမေးနဲ့ လုပ်ခဲ့ရပါတယ်။ နောက်ခံ အနက်ရွေးချယ်ဖြစ်ပုံကတော့ အနက်ရောင်ကို သဘောကျလို့ပါပဲ။ အရင်ကတော့ ဘန်နာလေးတွေကို တလတခု ပြောင်းလဲတပ်ဆင်ခဲ့တယ်။ ခုတော့ အဲဒီလိုတွေလည်း လောလောဆယ် မပြောင်းချင်သေးဘူး။ ကျမ ဘလော့ဟာ တခြားဘလော့တွေနဲ့စာရင် အင်မတန်မှ ရိုးရှင်းနေမှာအမှန်ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဓာတ်ပုံနဲ့ စာတင်တာကလွဲလို့ ထွေထွေထူးထူး မလုပ်တတ်လို့ပါ။ လုပ်တတ်ဖို့လည်း ကျမ မကြိုးစားခဲ့ပါဘူး။

အထီးကျန်သူ တယောက်အတွက် အကောင်းဆုံးအဖော်ဟာ ဘလော့ရေးခြင်းပဲလို့ ကျမကတော့ ထင်တာပါပဲ။ အဲဒီအချိန်တုန်းက ဘလော့ရေးနေဖြစ်ခဲ့လို့သာ ကျမအချိန်တွေကုန်လို့ ကုန်မှန်းမသိ မငြီးငွေ့ခဲ့တာပါ။ တဖြည်းဖြည်းနဲ့ ကျမ ဘလော့ကို လာဖတ်သူတွေ တယောက်စ နှစ်ယောက်စရှိလာတဲ့အခါမှာ အားတက်ပြီး ဆက်ရေးဖြစ်တယ်။ များသောအားဖြင့် တနေ့တပုဒ် တင်ဖြစ်အောင် ကြိုးစားခဲ့တယ်။

ကျမနေ့စဉ်ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေထဲက တချို့၊ ကျမ ဖတ်ဖြစ်တဲ့ စာအုပ် တွေထဲက ကောင်းနိုးရာရာ ကောက်နုတ်ချက်တချို့ အပြင် ကျမဘလော့ရဲ့ ခေါင်းစဉ်လိုပဲ … ကျမတွေးမိတွေးရာတွေကို နေ့စဉ်လိုလို ရေးနေမိပါတယ်။ ကျမ ပြောခဲ့ဖူးသလို “အကြောင်းတရားလေးပါး” နဲ့ မတိုက်ဆိုင်တဲ့အခါတော့ မတင် ဖြစ်ဘူးပေါ့။ ကျန်နေ့ရက်တွေတိုင်းမှာ ကျမဘလော့နဲ့ ကျမ အမြဲထိတွေ့ရင်း ပီတိ ဖြစ်နေမိပါတယ်။

ဒီလိုနဲ့ မြန်မာ ဘလော့အသိုင်းအ၀ိုင်းလေး ကျယ်ပြန့်လာတယ်။ ဘလော့ဖတ်သူ ဘလော့ဖန်တီးသူ အရေအတွက် တဖြည်းဖြည်းများပြားလာတယ်။ ဘလော့ လောက ထဲက နှုတ်မဆက်ဘဲ ထွက်သွားသူတွေ … နှုတ်ဆက်ပြီး ထွက်သွားသူ တွေ … အသစ် အသစ် ၀င်လာကြသူတွေ … ဒီလူတွေကြားမှာ … ဒီအသိုင်းအ၀ိုင်းလေးကို ကျမ တွယ်တာလာမိတယ်။ သံယောဇဉ်ဖြစ်လာမိတယ်။ ဘယ်လိုနည်းနဲ့မှ ဒီလောကထဲက ကျမ ရုန်းထွက်နိုင်တော့မှာ မဟုတ်တော့ဘူး။ ဒီကွန်ယက်ထဲ ကျမ ငြိတွယ်နေမိ ပါပကော။

ဘာလို့ ဘလော့ရေးနေရတာလဲ … ။
ရည်ရွယ်ချက်က ဘာလဲ … ။
ဘာအကျိုးအမြတ်ရှိသလဲ … ။
ကျမ ဒါတွေ မသိပါဘူး … ။
တခုတည်းသော ကျမရဲ့ အသိကတော့ မျှဝေခံစားလိုခြင်းပါပဲ။
ဘလော့ရေးခြင်း ဘလော့ဖတ်ခြင်းဟာ တယောက်နဲ့ တယောက် မျှဝေခံစား နားလည်ပေးခြင်း … လို့ ကျမကတော့ ယူဆပါတယ်။
နည်းပညာတွေ၊ သတင်းတွေ၊ သီချင်းတွေ၊ သုတ၊ ရသတွေ … ဒါတွေကို တယောက်နဲ့ တယောက် မျှဝေကြတယ် … ခံစားပေးကြတယ် … နားလည်ပေး ကြတယ် မဟုတ်လား။

တခါတလေမှာတော့ ခံစားချက်ခြင်း မတူကြ၊ ခံယူချက်ခြင်း မညီကြ၊ နားလည်မှု ခြင်း ကွဲလွဲကြ …ဖြစ်ကြတဲ့အခါ … ပဋိပက္ခလေးတွေ အနည်းအကျဉ်း ပေါ်ပေါက် ကြတာပေါ့။ နောက်တော့လည်း ဒါတွေဟာ ပြီးသွားတာပါပဲ။ အချင်းချင်း အမုန်းတရားတွေ အာဃာတ အညှိုးအတေးတွေ မထားစကောင်းပါဘူး။ ကျမတို့ဟာ တလမ်းထဲမှာ အတူတကွ လမ်းလျှောက်နေကြသူတွေ မဟုတ်ပါလား။ ဒါနဲ့ပဲ… ချစ်လိုက် … မုန်းလိုက် …ပျော်လိုက် … စိတ်ညစ်လိုက်နဲ့ ခံစားချက် မျိုးစုံ အတွေ့အကြုံ အထွေထွေနဲ့ တလှမ်းခြင်း လျှောက်လှမ်းလာလိုက်တာ …ခြေလှမ်း လေးတွေ တဖြည်းဖြည်း တိုးတိုးလာပါ ရောလား။

ခြေလှမ်းတွေတိုးလာပေမဲ့ ကျမ လှမ်းခဲ့တဲ့ အတိတ် ခြေရာတွေက ပျောက်ကွယ် မသွားပါဘူး။ ကျမ မရှိတော့သည်တိုင်အောင် …. ကျမလှမ်းခဲ့ဖူးတဲ့ ခြေရာတွေ … ဒီဘလော့ကမ္ဘာလေးထဲမှာ ကျန်နေခဲ့ဦးမှာပါလား ဆိုတဲ့ အသိကြောင့် ကျမ ပီတိဖြစ်ရပါတယ်။ လူ့ဘ၀ဆိုတာ တိုတိုလေးလေ … ။ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ ကျမဘ၀ အဆုံးသတ်မယ်ဆိုတာ … ဘယ်သူက များကြိုသိနိုင်မှာလဲ … ။

“ရပ်လို့မနေ
သွားရင်းသေမည်
အမှန်တရားဆီ
ရဲရဲချီ”

တခါက ကျမရေးခဲ့ဖူးတဲ့ ကဗျာတပုဒ်ထဲက ဒီအပိုင်းလေးကို ထုတ်နုတ်ပြီး ဘန်နာမှာ တင်ခဲ့ဖူးပါတယ်။
အဲဒီကဗျာလေးထဲကလိုပါပဲ … ။
တိုတောင်းလှတဲ့ ဘ၀အတောအတွင်းမှာ ကျမ တွေဝေငေးမောစွာ ရပ်ပြီး မနေ ချင်ပါဘူး။ ကျမ ယုံကြည်ချက်အတိုင်း … ကျမ မျှော်လင့်ချက်အတိုင်း သေသည့် တိုင် မယိုင်မလဲ လျှောက်လှမ်းလို့ နေချင်ပါတယ်။ ကျမရဲ့ ဦးတည်ရာ ပန်းတိုင် အမှန်တရားဆီသို့ …ရှေ့ရှုလို့ပေါ့ … ။
***
လေးစားချစ်ခင်စွာဖြင့် …

မေဓာဝီ
၁၄၊ ဇူလိုင်၊ ၂၀၀၇
နံနက် ၈ နာရီ ၃၀ မိနစ်

Read More...

Friday, July 13, 2007

ဦးနှောက်ထွက်ကုန်များ၏ တန်ဖိုး

ငွေလွယ်လျှင် တဆယ်လောက်
ချီးမြှောက်ပါ့ မောင်မြိုင်လေး။
တဆယ်သာပိုင် …ပေးနိုင်ရဲ့ ငါးကျပ်
ကျနော့်မှာ ဆရာ့နည်း … မန်းနီးလွန်ပြတ်။

***
အထက်ပါ စာချိုးကလေးကို ရေးခဲ့သူကတော့ ဆရာကြီး ဦးရန်အောင်ပဲ ဖြစ်ပါတယ်။ ကျမငယ်စဉ်က ဆရာကြီးဦးရန်အောင်ရေးတဲ့ စာအုပ်တအုပ် (အမည် မမှတ်မိတော့) မှာ ဖတ်ခဲ့ဖူးပြီး သဘောကျလို့ ခုထိမှတ်မိနေတာပါ။ ဘာလို့မှတ်မိ နေလဲဆိုတော့ … တခါတလေ ကျမမှာ ပိုက်ဆံမရှိရင် အမေ၊ အဖေနဲ့ အမတွေကို အဲဒီလိုပြောပြီး တောင်းလေ့ရှိတာကြောင့်မို့ပါပဲ။

ဒီစာချိုးလေးကို ဆရာကြီးရေးခဲ့ပုံကို ကျမ မှတ်မိသလောက် ပြန်ပြောရမယ်ဆိုရင် တရက်မှာ ဆရာကြီးက မဂ္ဂဇင်းတိုက်တခုကို စာမူခထုတ်ဖို့ ရောက်သွားပါသတဲ့။ တာဝန်ရှိသူအယ်ဒီတာဟာ တိုက်မှာမရှိတော့ စာမူခ ထုတ်လို့မရဘူး ဖြစ်နေပါ တယ်။ ဒါနဲ့ပဲ တိုက်က အလုပ်သမားတဦးဖြစ်သူ မောင်မြိုင်လေးဆီက ငွေ တဆယ် ချေးလိုက်တယ်။ မောင်မြိုင်လေးက သူ့မှာလည်း တဆယ်သာရှိတာမို့ ငါးကျပ်သာ ချေးလိုက်နိုင်ပါတယ်။ အဲဒီအဖြစ်အပျက်ကလေးကို ဆရာကြီးက ချက်ချင်းပဲ ထိုင်ပြီး စာစပ်လိုက်သတဲ့။ ပြီးတော့ မောင်မြိုင်လေးကို ပေးဖတ်တယ်တဲ့။ မောင်မြိုင်လေးက ဒီစာချိုးကလေးကို တိုက်မှာရှိတဲ့ ကျန်သူတွေ ကို ပြတော့ ဆရာကြီးရဲ့ စာကို ချီးမြှောက်ပူဇော်တဲ့ အနေနဲ့ တယောက်နည်းနည်း ပိုက်ဆံကလေးတွေ လှူလိုက်ပါသတဲ့။

ဟိုးအရင်က ကျမ ဖတ်ခဲ့ဖူးတာလေးပါ။ ကဗျာကိုသာ သေချာမှတ်မိပြီး အကြောင်း အရာက ကျမ စိတ်ထဲ မှတ်မိသလောက် ပြန်လည်ဖော်ပြတာမို့ အနည်း အကျဉ်း လွဲမှားကောင်း လွဲမှား နိုင်ပါတယ်။

အဲဒီအကြောင်းအရာလေး ဖတ်မိစဉ်ကတည်းက ငွေကြေးမပြေလည်ချို့တဲ့ရှာတဲ့ စာရေးဆရာတွေဘ၀ကို ကျမစိတ်မကောင်းဖြစ်ခဲ့မိတယ်။ စာရေးဆရာတိုင်းတော့ မဟုတ်ကြပါဘူး။ ချမ်းသာတဲ့ ပြေလည်တဲ့ စာရေးသူတွေ တပုံကြီးရှိပါတယ်။ ဆရာကြီးဦးရန်အောင်တို့ခေတ်က ငွေကြေးတန်ဖိုး မြင့်မားနေချိန်မှာတောင် ခုလို ချို့တဲ့မှုနဲ့ ကြုံရတယ်ဆိုတော့ ခုခေတ်မှာဆို ပိုပြီး ဆိုးနိုင်ပါတယ်။ စာမူခတွေ ဘယ်လောက်တိုးပေးပေး စားဝတ်နေရေး လုံလောက်စေတဲ့ ငွေကြေး ရနိုင်ရဲ့လား ကျမတွေးမိပါတယ်။

ဟိုတနေ့က ညီလင်းဆက်ဘလော့မှာ ဖတ်လိုက်ရပါတယ်။ အိုင်ဒီယာမဂ္ဂဇင်းက သူ့ကို စာမူခ ၅၀၀၀ ကျပ် ပေးပါသတဲ့။ စာရေးသူတယောက်ဟာ တလကို ဘယ်နှပုဒ်ရေးနိုင်မလဲ။ ၁၀ ပုဒ်ရေးနိုင်ရင် တလကို ငါးသောင်း၊ ၂၀ ပုဒ် ရေးနိုင်ရင် တသိန်း၊ ဒီခေတ်မှာ တသိန်းနဲ့ မိသားစု တလ ရပ်တည်ဖို့ မလွယ်ကူလှပါဘူး။ တကယ်လို့ နာမည်ကြီး စာရေးသူကို စာမူခပိုပေးတယ်ဆိုရင်လည်း တပုဒ် တသောင်းထက်တော့ မပိုလောက်ဘူးထင်တာပါပဲ။ ဒါကြောင့် စာရေးခြင်း သက်သက်နဲ့သာ အသက်မွေးဝမ်းကျောင်းပြုတဲ့ စာရေးဆရာ တယောက်ရဲ့ ဘ၀ ရပ်တည်မှုဟာ အဆင်ပြေနိုင်ပါ့မလား … ကျမ စဉ်းစားနေမိတယ်။

တလောက ကျမနဲ့ခင်မင်ရင်းနှီးတဲ့ အားကစားဂျာနယ်တခုက အယ်ဒီတာပေါက်စ တယောက်နဲ့ ဆုံဖြစ်တော့ သူကပြောပြတယ်။ သူ့ဆရာ (အားကစားဂျာနယ် လောကမှာ နာမည်ကြီးသူ) တဦးဟာ တလ၀င်ငွေ သိန်း ၃၀ နဲ့ ၄၀ ကြားမှာ ရှိတယ်လို့ ဆိုပါတယ်။
အဲဒီလိုစာရေးသူတွေလည်း ရှိပါတယ်။ ခုခေတ် Best seller စာရင်းဝင် စာရေးဆရာတွေလည်း စာရေးခြင်းနဲ့ အဆင်ပြေပြေ အသက်မွေးနိုင်ပါရဲ့။ ဒါပေမဲ့ … အဆင်မပြေတဲ့ စာရေး ဆရာတွေလည်း တပုံကြီး ရှိနေဆဲပါပဲ။

ဆရာကြီးဦးရန်အောင်တို့ခေတ်မှာလည်း အဆင်ပြေတဲ့ စာရေးဆရာတွေရှိတာပါပဲ။ ဥပမာ - ဆရာမဟာဆွေဆိုရင် ရုပ်ရှင်ဆင်ဆာလူကြီးအနေနဲ့လည်း လုပ်ရပါသတဲ့။ တခါထိုင်ကြည့်ပေးရင် ငွေ ၃၀ ကျပ် ရတယ်လို့ဆိုပါတယ်။
“ဒါပေမဲ့ ကျုပ်တို့အဖို့တော့ ရှုံးပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ရုပ်ရှင်ကြည့်ချိန် လောက် စာထိုင်ရေးမယ်ဆိုရင် တဖောင်တော့ အနည်းဆုံးပြီးတာပေါ့၊ တဖောင် ဆိုရင် ၅၀၊ အခုတော့ ၃၀”
လို့ ဆရာကြီးမဟာဆွေက ပြောခဲ့ဖူးပါသတဲ့။

မဂ္ဂဇင်းမှာ ကျမ စာစရေးဖြစ်ခဲ့တဲ့ ၁၉၈၉ ခုနှစ်တုန်းက စာမူခ ၁၅၀ ကျပ်ရပါတယ်။ အဲဒီအချိန် စား/ဖျော်ကထုတ်တဲ့ ရွှေဝတ်မှုန်မဂ္ဂဇင်းကတော့ ၃၀၀ ကျပ်ပေးတယ်။ ၃၀၀ ကျပ်ဆို ကျမမှာ များလှပြီဆိုပြီး ၀မ်းသာလိုက်ရတာ။ တချို့မဂ္ဂဇင်း ကတော့ ၂၀၀ ကျပ် ပေးပါတယ်။ ဒီလိုနဲ့ စာမူခတွေ တက်လာလိုက်တာ ကျမနောက်ဆုံး ရေးတဲ့ ၂၀၀၄ ခုနှစ်မှာတော့ စာမူခ ၁၅၀၀ - ၂၀၀၀ ကျပ် ဖြစ်နေပါပြီ။ ဒါပေမဲ့ စာမူခ သွားထုတ်တဲ့ မြို့ထဲ အသွားအပြန် ကားခနဲ့တွင် စာမူခက ကုန်သွား ပါရောလား။ နောက်ပိုင်းတော့ ကျမလည်း ဘယ်ဆီမှ မပို့တော့ဘဲ ကိုယ်တိုင်ရေး ကိုယ်တိုင်ဖတ်ပဲ လုပ်နေခဲ့တော့တာပါပဲ။

တခုစဉ်းစားမရတာက ၀တ္ထုဆိုရင် စာမူခပိုရပြီး ကဗျာဆိုရင် နည်းနည်းပဲရပါတယ်။ ခုတော့ ဘယ်လိုလဲ မသိပါဘူး။ ကျမသိသလောက် ၀တ္ထုတိုတပုဒ်ကို ၁၅၀ ပေး တုန်းက ကဗျာတပုဒ် ၅၀ နဲ့ ၇၅ ကျပ် လောက်သာ ရပါတယ်။ ကဗျာတပုဒ်ဟာ ၀တ္ထုထက်တိုပေမဲ့ ကဗျာရေးရတာ ပိုခက်ပြီး သူ့အတွက် အချိန်ပေးရတာဟာ ၀တ္ထု ထက် ပိုပြီး ကြာကောင်းကြာနိုင်ပါတယ်။ ဒါကို စာမူခကျတော့ ဘာလို့နည်းပေး ရတာလဲဆိုတာ ကျမ မတွေးတတ်ခဲ့ပါဘူး။ ကဗျာဆရာတွေဘက်က ကျမ မခံမရပ်နိုင်ဖြစ်မိပေမဲ့ ဒါဟာ ကျမတို့ရဲ့ စာနယ်ဇင်းလောကမှာတော့ ထုံးစံ တခုလို ဖြစ်နေတာပါပဲ။

ကဗျာဉာဏ် ပါရမီ ရင့်သန်လှတဲ့ ဆရာကြီးဦးရန်အောင်လိုမျိုးပုဂ္ဂိုလ်ကြီးကတော့ ချက်ချင်း လက်တန်း ကဗျာစပ်နိုင်တာပေါ့။ အပေါ်မှာဖော်ပြခဲ့တဲ့ ကဗျာမျိုး … ဟိုတလောက ကျမရေးခဲ့ဖူးတဲ့ “လိုက်ကြမလား” ပို့စ်ထဲက ဆရာကြီးဒဂုန်တာရာရဲ့ တဟီတီကို ကာရန်နဲ့ ပြန်ရေးတဲ့ “ကဗျာမျိုး” … ဆရာကြီးဟာ ချက်ချင်း လက်တန်းရေးခဲ့တာချည်းပါပဲ။ နောက်တပုဒ် ဆရာကြီး လက်တန်းရေးခဲ့တာကို ထပ်ပြီး ဖော်ပြချင်ပါသေးတယ်။ ဒီကဗျာ ရေးဖြစ်ပုံက …. ဒီလိုပါ။

ရှုမ၀မဂ္ဂဇင်းတိုက်မှာ စာမူခသွားထုတ်တော့ ပိုင်ရှင် ဦးကျော်က မရှိပါဘူး။ ရုပ်ရှင်သွားကြည့်နေပုံရပါတယ်။ အယ်ဒီတာ ဦးကြီးမောင် (ငွေဥဒေါင်း) သာရှိပါ တယ်။ ဆရာကြီးက စာမူခ ငွေမလိုချင်ဘူး။ မဂ္ဂဇင်းစာအုပ်သာ လိုချင်တာကြောင့် မဂ္ဂဇင်းပေးဖို့ပြောတော့ ငွေဥဒေါင်းက ဘယ်နှစ်အုပ်ပေးရမှန်း မဆုံးဖြတ်တတ် တာနဲ့ နောက်တခေါက် ထပ်လာဖို့ ပြောတဲ့အခါ … ဆရာကြီးက ကဗျာတပုဒ် လက်တန်းရေးကာ ပေးခဲ့သတဲ့။

ဆရာကြီးက ဘာလို့ ငွေမလိုချင်ဘဲ စာအုပ်ပဲ လိုချင်ရသလဲဆိုတာလည်း အကြောင်းရှိပါတယ်။ ငွေကိုယူရင် ပေးရသူကလည်း တာဝန်ကြီးလို့ အားနာဖို့ ကောင်းတာကတကြောင်း အလျဉ်းမသင့်ရင် ရတောင် မရတတ်တာက တကြောင်း ကြောင့်ရယ်ပါ။ စာအုပ်ဆိုတော့ ပေးရသူမှာလည်း ချောင်ချိ၊ သူလည်း လောလောလတ်လတ်ရ၊ ပြန်ရောင်းပေးသူအတွက်လည်း ကော်မရှင်ရနိုင်တယ် လို့ ပြောပါသတဲ့။ ဆရာကြီးဟာ စာမူခအစား စာအုပ်ယူပြီး ပြန်ရောင်းတဲ့စနစ်ကို သဘောကျပုံရပါတယ်။

ဒါနဲ့ပဲ ခုလို ကဗျာတပုဒ် ဦးကျော်အတွက် ရေးစပ်ပေးခဲ့တယ်။

“ကျော်ဆရာ၊ သော်ရတနာ ထုပ္ပတ်ဖိုးကိုလ၊ မညှိုးအောင် လိုချင်လှပါလို့၊ ရောက်ရပါဘိ။
ဦးထုပ်ဆွဲပါလို့၊ ရိပ်ပွဲကိုသွားဟန်ထင်ရဲ့လို့၊ ငငွေစင် ဒေါင်းလဥရယ်က၊ ညွှန်းပြုလို့ သည်မောင်ပြန်၊ နောက်တဖန် လာခဲ့ဦးမည်ပ၊ ဓနဆို စက္ကူကက်ကို၊ မပျက်အောင် ထုတ်မထားပါနဲ့၊ ဘုတ်များသာ ရလိုကြောင်း၊ တောင်းပန်ပါ၏။”


ဒါကို ဖတ်ရပြီး ကျမမှာ စာရေးသူတွေရရှိတဲ့ ငွေကြေးပမာဏနဲ့ သူတို့ရဲ့ ဉာဏ်နဲ့ ဦးနှောက်ကို အသုံးပြုရတာ တန်ဖိုးညီမျှပါရဲ့လား စဉ်းစားမိပါတယ်။ နိုင်ငံတကာက စာရေးသူတွေရော … ဘယ်လိုမျိုးပါလိမ့် … ။ ကျမတို့နိုင်ငံမှာတော့ ရွှေ၊ ငွေ၊ ရတနာပစ္စည်းတွေ၊ အခြေခံစားကုန်ဈေးနှုန်းတွေ တန်ဖိုး ဘယ်လောက် မြင့်နေ ပေမဲ့လို့ ဦးနှောက်ထွက်ကုန်မှာကျတော့ တန်ဖိုးနိမ့်ကျလှချည်လားရယ်လို့ မချိတင်ကဲ တွေးနေမိပါတော့တယ်။
***
မေဓာဝီ
၁၃၊ ဇူလိုင်၊ ၂၀၀၇
၀၀ နာရီ ၁၅ မိနစ်

ကိုးကား။ … ။ ငွေဥဒေါင်း၏ စာဝင်္ကပါ

Read More...

Wednesday, July 11, 2007

ဒွေး - ကွယ်လွန်ခြင်း

ဓာတ်ပုံကို “ဟောဒီနေရာက” ယူပါတယ်။
(အောက်ဆုံးမှာရေးထားတာ မမြင်မှာစိုးလို့ ထပ်ထည့်လိုက်ပါကြောင်း)

ခုညနေ အမေ့ကို ဆေးခန်းပို့ဖို့ ရွှေဂုံတိုင် အထူးကု ဆေးခန်းကို ရောက်ခဲ့ပါတယ်။ အိမ်က ၆ နာရီခွဲထွက်တော့ လမ်းမှာ ကားပိတ်တာနဲ့ ဘာနဲ့ ၇ နာရီ မတ်တင်းမှာ ဆေးခန်းကို ရောက်ပါတယ်။ ရောက်ရောက်ချင်း သွေးပေါင်ချိန်တိုင်းတဲ့ နေရာကို သွားတော့ လူတွေများနေတာနဲ့ စောင့်နေရပါတယ်။ တာဝန်ကျ ဆရာမက တယောက်ထဲနဲ့ လူတွေကို မနိုင်မနင်းချိန်ပေးနေတုန်း နောက်ထပ်ဆရာမ တယောက်ရောက်လာပြီး ကူချိန်ပေးရင်း … သူကပြောတယ်။

“ဒွေးသေပြီး ရောက်လာလို့ အလုပ်တွေရှုပ်သွားကြတာ”
“ဟင် … မင်းသားဒွေးလား”
“အင်းပေါ့ .. ရုပ်ရှင်မင်းသားဒွေးလေ … ရောက်လာကတည်းက သေနေပြီ”
“ဘယ်လိုဖြစ်တာတုန်း အက်ဆီးဒင့်လား”
“မဟုတ်ဘူး … heart attack လေ၊ ရိုက်ကွင်းမှာဖြစ်တာ … ဒီရောက်တော့ မျက်နှာက ပြာနှမ်းပြီး ကောက်လှိုင်းတီမုန့်လို မည်းနေတာ … ကျမတို့ဆို ဒွေးမှန်းတောင် မသိဘူး၊ နာမည်ဖြည့်ဖို့ မေးလိုက်တော့မှ ထင်လင်းဆိုတော့ ဒွေးမှန်းသိတာ”
“ … …. ….”
“ရောက်လာလို့ အီးစီဂျီဆွဲတော့ အတန်းကြီးပဲ ပေါ်တော့တာ … သေနေပြီကိုး .. ပရက်ရှာကလည်း ဇီးရိုး … ရိုက်ကွင်းကဆိုတော့ … သားညီတို့ရော ဒါရိုက်တာ မောင်မျိုးမင်းရော ပါလာတယ် … နောက်တော့ သူ့ ပရိသတ်တွေ တပုံကြီး ရောက်လာတော့တာပဲ …”

သူနာပြုဆရာမကြီးရဲ့ စကားကြောင့် တယောက်တပေါက် ဝေဖန်သံ ပြောဆိုသံတွေ အခန်းကလေးထဲ ကျိတ်ကျိတ် ကျိတ်ကျိတ်ညံ နေပါတယ်။ ကျမလည်း စိတ်ထဲ မကောင်းဖြစ်မိတယ်။ သေမယ်မထင်သေးတဲ့အချိန် အောင်မြင်နေဆဲအချိန်မှာပဲ ဒွေး .. တကယ်ပဲ သေဆုံးသွားခဲ့ပါပြီ။

ကျမတို့ဟာ အချိန်မရွေးသေနိုင်တယ်ဆိုတာကို မေ့နေခဲ့ကြတယ်။ သေခြင်းတရား ဟာ လက်တကမ်းမှာရှိတာပဲ။ ဘ၀ဆိုတာ တိုတိုလေး။ ရေပွက်ပမာတဲ့ … ။ ဖတ်ခဲ့ဖူး နာခဲ့ဖူးပါတယ်။ တိုတောင်းလှတဲ့ ဘ၀လေးအတွင်းမှာ မာနတွေ၊ အာဃာတတွေ အမုန်းတရားတွေ မရှိကြရင်ကောင်းမယ်လို့ ဆေးခန်းထဲ ရပ်နေရင်း တွေးနေမိတယ်။

အိမ်ပြန်ရောက်တော့ ည ၈ နာရီကျော်နေပါပြီ။ အနုပညာသည်တယောက် ဖြစ်သူ ဒွေးအတွက် စိတ်မကောင်းလို့ ကျမဘလော့မှာ တင်လိုက်ရင်း … ငယ်ငယ်က အခန်းထဲမှာ အဖေ ကပ်ပေးထားတဲ့ စာသား လေးကို သတိရမိပါတယ်။

“ငါသည် မုချ သေရမည် … အချိန်ပိုင်းသာ လိုတော့သည်”
***
မေဓာဝီ
၁၁၊ ဇူလိုင်၊ ၂၀၀၇
ည ၈ နာရီ ခွဲ

ကမန်းကတန်းတင်ရလို့ ဓာတ်ပုံယူတဲ့ လင့်ခ် မထည့်လိုက်ရဘူး။
ဒွေးပုံကို ဂူဂဲလ်မှာ အမြန်ရှာပြီးတွေ့တဲ့ပုံ တင်လိုက်ရတာပါ။
ဓာတ်ပုံကို “ဒီနေရာက” ယူပါတယ်။

Read More...

ကိုပြူးကျယ်သို့ ပေးစာ … အပိုင်း (၁၆)

ပြီးခဲ့တဲ့ တပတ်က ကိုပြူးကျယ်သို့ ပေးစာ မတင်ဖြစ်လိုက်ဘူး။ နောက်ဆုံး ပြီးသွားတဲ့ အပိုင်း (၁၅) မှာ ဧကပိုဒ်ရတုနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒီတပတ်တော့ အဖြည့်ခံရတုအကြောင်း ဖော်ပြပေးပါမယ်။

အဖြည့်ခံရတု-ဟု ခေါ်ရခြင်း
အဖြည့်ခံရတု ဆိုတာ အချီအချ ၂-ပိုဒ် သာရှိတဲ့ ရတုပုံစံမျိုးပါ။ အချီအချ ၃-ပိုဒ်စီ ရှိတဲ့ ရတုပိုဒ်စုံ ဖြစ်စေဖို့ နောက်တပိုဒ်ဖြည့်စွက်ရန် တပိုဒ်ချန်ပြီး ရေးသားထားတဲ့ ရတုမျိုးမို့ အဖြည့်ခံရတု လို့ ခေါ်ရခြင်းဖြစ်ပါတယ်။
ဒီလို အချီအချ ၂-ပိုဒ်မှာလည်း အချီပိုဒ်အချင်းချင်း၊ အချပိုဒ်အချင်းချင်း အထပ်ကာရန် အားလုံးတူညီစေရပါမယ်။ ကျန်အပိုဒ်များကတော့ ပိုဒ်ရေနဲ့ ကာရန် တူတူ မတူတူ အကြောင်းမဟုတ်ဘူးလို့ ဆိုထားပါတယ်။

န၀ဒေးကြီးရဲ့ အဖြည့်ခံရတု နမူနာလေး ဖတ်ကြည့်ရအောင်ပါ။

(၁) ပယင်းရောင်ရည်၊ ထွန်းလင်းကြည်သား၊ ပြစ်ခြည်ဆံရွက်၊ မြူမစက်တည့်၊ ပြာညက်သွယ်ညွတ်၊ ဦး၍ချွတ်သို့၊ ထွားမွတ်ပျိုချော၊ ငယ်သဘောလည်း၊ ထုံးကျောကေရှင်၊ နှစ်တွင်မိစ၊ ရွက်ချပ်မြနှင့်၊ ပြည့်ညချမ်းသာ၊ ရှင်တော်ရာဝယ်၊ သဒ္ဓါစင်လျှင်း၊ စံသင့်ကျင်းသည် ။ … ။ ပြင်ဆင်းညိုသွယ် နွဲ့တကား ။ … ။

(၂) သလင်းထောင်ခြည်၊ ၀တ်ခဲ့သည်မူ၊ ကျေးပြည်ရပ်ဆန်း၊ သင်္ဘောကွန်းက၊ ပျံ့မွှန်းကြိုင်စွာ၊ ထုံလျက်ပါသည်၊ မလ္လာနံ့ချည်း၊ တနံတည်းကို၊ သိပ်သည်းလေပင်၊ စံပယ်တင်မှ၊ မတင်နှိုင်းရှဲ့၊ ပြာချောလဲ့ကို၊ ဘက်မဲ့မရှိ၊ နောင့်မျက်စိဝယ်၊ မသိကျိုးပြစ်၊ ကြင်သည်ဖြစ်ကို၊ သစ်သစ်နားတွင်၊ လျှောက်လိုက်ချင်စွ၊ မထင်ပြိုင်ခင်း၊ နှိုင်းရာကင်းသည် ။ … ။ တင်ခင်းဆိုဖွယ် ခဲ့တကား ။ … ။

ခုလို ရေးသားထားတဲ့ န၀ဒေးကြီးရဲ့ အဖြည့်ခံရတု နှစ်ပိုဒ်ကို ပိုဒ်စုံ သုံးပိုဒ် ပြည့်အောင် ပယ်သူငယ်ရွာစား ပညာရှိက ထပ်မံဖြည့်စွက်လိုက်ပုံက …

(၃) အဆင်းဆောင်သည်၊ လှမောရည်မူ၊ မည်သူမတူ၊ ကျွန်းလုံးသူလည်း၊ မပြူလာဝံ့၊ ပြာချောဖွံ့ကို၊ မတံ့ကြည်ဟန်၊ မျက်စိကြန်မျှ၊ စိတ်သန်ဆုရော်၊ မြတ်ရှင်တော်ဝယ်၊ သုံးဘော်ရွယ်နု၊ ခေါ်သာဓုဖြင့်၊ တခုလာရာ၊ အာရုံသာတည့်၊ မြင်ကာတော်မိ၊ လှခေါင်ထိကို၊ မျက်စိမဆုံး၊ တသက်လုံးလျှင်၊ ချစ်ထုံးမပြေ၊ ကြည့်ချင်လေစွ၊ ပြစ်ကွေတင်ခင်း၊ မရှိလျှင်းသည် ။ … ။ သွင်ဝင်းပျိုရွယ် လဲ့တကား။ … ။
***
အဖြည့်ခံရတုနဲ့ပတ်သက်လို့ တခါတုန်းက ပို့စ်တခုမှာ ကျမရေးခဲ့ဖူးပါတယ်။ န၀ဒေးကြီးရဲ့ အဖြည့်ခံရတုကို ရှင်သူရဲက ထပ်ဖြည့်ထားတဲ့ ရတု တပုဒ်ပါ။ ကျမတို့ငယ်ငယ်က “ကလူ၏သို့ မြှူ၏သို့” လို့ သင်ခဲ့ရဖူးပါတယ်။ “ဒီနေရာမှာ” ဖတ်ရှုနိုင်ပါတယ်။

ကြုံကြိုက်လို့ ပြောရမယ်ဆိုရင် … ဇန်န၀ါရီ ၃၀-ရက် နေ့က ရေးခဲ့တဲ့ “ကိုပြူးကျယ်သို့ ပေးစာ အပိုင်း (၃)” ရဲ့ ကွန်မန့်မှာ ကဗျာဝါသနာကြီးလှတဲ့ ကျမမိတ်ဆွေကြီး Mr.Philtre က အဖြည့်ခံရတု တပုဒ် ခုလို ရေးပေးခဲ့ပါတယ်။

(၁) ကျိုးမျှော်ကာရည်၊ သည်လိုစကား၊ ပြောပါငြားက၊ သည်ကားဖြစ်ရာ၊ သိနေပါလျှက်၊ သက်သက်တမင်၊ အဆိုးမြင်ဖြင့်၊ ဆင်ခြင်မဲ့စွာ၊ ဣဿာတရား၊ လက်ကိုင်ထား၍၊ အခြားသူငှာ၊ ဂုဏ်သိက္ခာကို၊ ထိုသို့ညှိုးနွမ်း၊ ဖြစ်စေစမ်းဟု၊ စိတ်ကြမ်းရန်ငြိုး၊ အမျိုးမျိုးပြင်၊ ဖြူစင်သူများ၊ အထင်မှားအောင်၊ မီးလောင်လေပင့်၊ မြေခွေးကျင့်နှင့်၊ မသင့်ကြိုးပမ်း၊ ထိုနည်းလမ်းကို၊ ဖျက်လမ်းဆိုသင့်မဆိုသင့်။ ။

(၂) နှိုးဆော်ပါသည်၊ တည်ကြည်စိတ်ထား၊ မုဒိပွား၍၊ ဤကားသစ္စာ၊ ဖြစ်တည်ရာဟု၊ သူငှာအများ၊ သုတပွားအောင်၊ စကားချိုသာ၊ ပညာပြည့်ဝ၊ နှလုံးလှဖြင့်၊ ထောက်ပြဝေဖန်၊ အကြံဥာဏ်ကို၊ ညွှန်းဆိုသူအား၊ လိုလားခြိမ့်စွာ၊ ဖိတ်ခေါ်ကာလျှင်၊ အမြင်ဖလှယ်၊ ခင်တွယ်စိတ်ထား၊ မိတ်ဝတ္တရားနှင့်၊ စကားစစ်ပြင်၊ အခြေတင်ကို၊ အစဉ်ကြိုးပမ်း၊ ထိုနည်းလမ်းအား၊ လက်ကမ်းကြိုသင့် … မကြိုသင့်။ … ။

အဲဒီလို သူရေးလိုက်တဲ့ အဖြည့်ခံရတုကို ကျမကပဲ ကွန်မန့်ထဲမှာ ဖြည့်စွက်ပြီး ခုလို ရေးသားခဲ့ပါတယ်။

(၃) သို့သော် ငါသည်၊ ရွယ်ရည်စိတ်မှာ၊ စေတနာဖြင့်၊ သေချာထောက်ထား၊ မှန်မြင်အားကို၊ ပြောကြားဆိုလည်း၊ မလိုသူငါ၊ မုဒိတာမဖက်၊ ဣဿာစွက်လျက်၊ မုန်းဖက်ရန်လို၊ ဒေါသပိုကြ၊ “ငါကပညာ၊ တတ်သည်မာန”၊ ထောင်လွှားကြလျက်၊ အပြစ်စွက်၏၊ ပြောမိစကား၊ ရေးမိမှားက၊ တောင်းပန်ခကာ၊ မေတ္တာမပျက်၊ သစ္စာနက်ဖြင့်၊ ရန်ဖက်မသမ်း၊ အမှန်လမ်းကို၊ ဆက်လှမ်းလိုလင့် … မလိုလင့် … ။ … ။
***
အဲဒီရက်ပိုင်းလောက်တုန်းက ကျမမှာ တော်တော်လေး အတိုက်ခိုက်ခံ အပြောဆို ခံနေရတဲ့ ရက်တွေပါ။ ကျမရဲ့ စေတနာကို လွဲမှားစွာမြင်ကြပြီး ပြောဆိုပြစ်တင်ကြ တာ ဘလော့ရေးတဲ့သက်တမ်းမှာ အဲဒီတုန်းက ပထမဆုံး ခံရတာပါပဲ။ ခံနေကျ မဟုတ်တော့ ခံရတော့ ခက်သား။ ဘလော့ရေးတာတောင် ရပ်လိုက်ရ ကောင်းမလား စဉ်းစားမိသေးတာ။ ခုနောက်ပိုင်းတော့ ခဏခဏ ခံရလို့လားမသိ၊ ရိုးသွားပါပြီ။ စိတ်ထဲ သိပ် မခံစားဖြစ်တော့ဘူး။

အဲ … ဆိုလိုရင်းပျောက်တော့မယ်။ ဒီအဖြည့်ပိုဒ်ကိုသာ ရေးလိုက်ရပေမဲ့ ရတု ဆိုတာကို ကျမ တခါမှ မရေးဖူးပါဘူး။ သူက ကျမကို အားပေးချီးမြှောက်တဲ့ အနေနဲ့ အဖြည့်ခံရတု ရေးတော့ ကျန်တပိုဒ်ကို ကျမပဲ ဖြည့်စွက်ချင်တာနဲ့ နောက်ဆုံး အဖြည့်ပိုဒ်ကို မနည်း ဖျစ်ညှစ်ပြီး ရေးလိုက်ရတာပါ။ ဒီကနေ့ ကိုပြူးကျယ်ရဲ့ပေးစာမှာ အဖြည့်ခံရတုအကြောင်းတင်ဖို့ စာရိုက်တော့ ဒီကဗျာလေး ပြန်သတိရမိတာနဲ့ ကွန်မန့်ထဲက ပြန်ရှာပြီး တင်လိုက် ခြင်း ဖြစ်ပါတယ်။

ရတုထဲမှာ “အဖြည့်ခံ” … ဆိုတဲ့ နာမည်လေးမြင်တိုင်း ကျမစိတ်ထဲ သနားမိတယ်။ တကယ်တော့ စာဆိုသူက တခြားသူများ ဖြည့်စွက်စေချင်လို့ တမင်ချန်ပြီး ရေးထားပေမဲ့ ကျမစိတ်ထဲ မပြည့်စုံတဲ့ ကဗျာလေး၊ လိုအပ်နေတဲ့ ကဗျာလေးလို့ တွေးမိတယ်။ ကျမက လိုအပ်တဲ့နေရမှာ ဖြည့်ပေးရတာ ၀ါသနာပါပါတယ်။ တခါတခါ သူများကို ဖြည့်ဆည်းပေးရတာနဲ့ ကိုယ်ကနစ်နာရတာမျိုးလည်း ရှိတတ် ပါရဲ့။ အင်း … စကားလမ်းကြောင်းတွေ ချော်ကုန်ပြန်ပါပြီ။ ဒီတပတ်တော့ ဒီမျှနဲ့ပဲ နိဂုံးချုပ် လိုက်ပါရစေ … ။ နောက်တပတ်ကျော်မှ ပိုဒ်စုံရတုအကြောင်း ဆက်ပါမယ်ရှင် … ။

ကိုပြူးကျယ်နှင့်တကွ …မြန်မာကဗျာချစ်သူအပေါင်း … ရွှင်လန်းငြိမ်းချမ်းကြပါစေ။
ကျမသည်လည်း အမြဲတမ်းဘယ်နေရာမဆို … လိုအပ်နေသော ကွက်လပ်ကလေး များအား ဖြည့်ဆည်းပေးနိုင်သူ ဖြစ်ရပါစေ … လို့ ဆုတောင်းရင်း …. ။
***
မေတ္တာဖြင့် …

မေဓာဝီ
၁၁၊ ဇူလိုင်၊ ၂၀၀၇
နေ့လည် ၁၁ နာရီ ၃၀ မိနစ်

Read More...

Tuesday, July 10, 2007

ဒီမနက်ခင်း …

ဒီနေ့မနက်ပေါ့ …ဈေးသွားရမယ့်နေ့မို့ အိပ်ရာစောစောထ၊ ကိစ္စ ၀ိစ္စလေးတွေလုပ် ပြီးတာနဲ့ ဈေးကိုထွက်ခဲ့တယ်။ ရာသီဥတုကတော့ အုံ့အုံ့ပျပျလေးပါပဲ။ နေမထွက် ပေမဲ့ မိုးရွာမယ်လို့လည်း မထင်မိတာနဲ့ ထီးယူမသွားမိဘူး။ ကိုင်ရတာ အလုပ်ရှုပ် မှာ စိုးတာလည်း ပါတာပေါ့။ မနက်စောစောမို့ ဈေးအသွားလမ်းက ကားလည်းရှင်း လူလည်းရှင်းနေပါတယ်။ လမ်းဘေးဝဲယာက သစ်ပင်လေးတွေကိုကြည့်လိုက်၊ ဓာတ်ကြိုးပေါ် တန်းစီ နားနေကြတဲ့ ခိုကလေးတွေကို ကြည့်လိုက်၊ ကောင်းကင်ကြီး ကို ကြည့်လိုက် … ဟိုတွေးဒီတွေးနဲ့ပဲ ဈေးကိုရောက်ခဲ့တယ် ဆိုပါတော့။

ဈေးအ၀င်ဝက သမာဓိချိန်ခွင်ဆိုတဲ့ ဆိုင်းဘုတ်ကလေးကတော့ စောင်းစောင်းရွဲ့ရွဲ့နဲ့ မတင့်တယ် ရှာတော့ပါဘူး။ ဆိုင်းဘုတ်အောက်မှာ ချိန်ပေးသူမရှိ လာချိန်သူမရှိ စံပြုရမယ့် အလေးလည်းတခုမှမရှိဘဲ သံချေးတက်နေတဲ့ ချိန်ခွင်ကလေးတခုထဲ တဖက်စောင်းနင်း ချိတ်ဆွဲခြင်း ခံနေရပါတယ်။ သမာဓိချိန်ခွင်ဘေးက အုတ်လှေခါးလေးအတိုင်း ဆင်းလိုက်တာနဲ့ ဈေးထဲရောက်ရော။ ဈေးထဲဝင်ဝင်ချင်း ငှက်ပျောသီး အုန်းသီးရောင်းတဲ့ဆိုင်က ဖွင့်ထားတဲ့ နတ်ဒိုးသံနဲ့ ဆီးကြိုတယ်။ ဆိုင်ဘေးကအဖြတ် … အမွှေးတိုင်နံ့ စပယ်ပန်းနံ့တွေလည်း ကြိုင်လို့ လှိုင်လို့…။

ငှက်ပျောသီးဆိုင်နဲ့ မျက်စောင်းထိုးက ၀က်သားဆိုင်ကိုတော့ မ၀င်မဖြစ် ၀င်ရပါ တယ်။ ၀က်သားသည်ဆီမှာ ပေါင်သား ၅၀ သား ၀ယ်ပြီး ၂၅၀၀ ပေးလိုက်ရတယ်။ တပိသာ ၅၀၀၀ ဈေးကိုး။ ၀က်နံရိုးတောင် ၄၀၀၀ ဈေးဆိုတော့ အသားက ပိုကိုက် တာမို့ အသားပဲ ၀ယ်မိနေတော့တာ။ နံရိုးတောင် မစားဖြစ်တာကြာပေါ့။ ၀က်သား ၀ယ်ပြီး ငါးသည် ဆီဝင်ရတယ်။ ဥပါတဲ့ ငါးပုဏ်ဏားဆို … အမေကြိုက်တာမို့ ၃၀ သား ၀ယ်လိုက်တယ်။ တဆယ်သား ၅၀၀ ဈေးဆိုတော့ ၁၅၀၀ ဖိုးပေါ့။ ရွေးလည်း မရွေးတတ်လို့ ဈေးသည်ကပဲ ရွေးပေးတယ်။ အိမ်ရောက်မှကိုင်ရင် အလုပ်ရှုပ်မှာမို့ ဈေးသည်ကိုပဲ တခါတည်း ကိုင်ခိုင်းလိုက်တော့ အေးရော … ။

ဈေးသည်က ငါးကိုင်ပေးနေတုန်း တခြားဟာ ၀ယ်ထားလို့ ရတာနဲ့ သူ့ဘေးက နောက်ထပ်ငါးသည်တယောက်ဆီမှာ အလုပ်သမားတွေစားဖို့ နောက်ထပ်ငါးတမျိုး ၀ယ်တယ်။ အဲဒီငါးကတော့ ဈေးမဆိုးဘူး။ တပိသာမှ ၂၅၀၀။ (ငါးမြစ်ခြင်း လို့ ပြောပါတယ်) တကောင်ချိန်ခိုင်း လိုက်တော့ ၈၀ ကျပ်သား ရှိတယ်။ ၂၀၀၀ ဖိုးပေါ့။
“၈၀ သား … များလိုက်တာ အဒေါ်ရယ် … အဲလောက် မကုန်ဘူး” လို့ ကျမက ဆိုတော့ … ဈေးသည်အဒေါ်ကြီးက …
“ဒီမှာကြည့် … သူများဆို ဒီအလေးနဲ့ချိန်တာ … အဲဒါဆို တပိသာတောင်ရှိတယ်။ ကိုယ့်အချင်းချင်းမို့ ဒီအလေးနဲ့ချိန်တာတွေ့လား …မများဘူး …”
လို့ ဟိုသည် မျက်စိဝေ့၀ဲကြည့်ရင်း ခပ်တိုးတိုးပြောတယ်။ ဒါလည်း သူ့ရဲ့ ဈေးရောင်းနည်းပညာရပ်တခုပဲလားတော့မသိဘူး။ ဘာမှ မပြောသာလို့ အားလုံး ယူခဲ့လိုက်ရတယ်။ သူကလည်း ငါးကို အကြေးထိုးပြီး ခုတ်ထစ်ပေးပါတယ်။

ငါးဝယ်ပြီးတော့ အမေက အာလူးကတ်တလစ် စားချင်တယ် ပြောထားတာ သတိရလို့ အာလူးဆိုင်ကိုဝင်လိုက်တယ်။ အာလူးက တပိသာ ၉၀၀ ဈေး။ ၅၀ သားလောက် ၀ယ်မယ်စိတ်ကူးပြီး အလုံးချောချော အနာအဆာ မပါတာလေးတွေ တတ်သလောက် မှတ်သလောက် ရွေးရတာပေါ့။ ရွေးကောင်းကောင်းနဲ့ ရွေးလိုက် တာ ဘယ်လောက်သားလည်း မမှန်းတတ်တော့ ဈေးသည်ကို အရှိသာချိန်လို့ ခပ်တည်တည်နဲ့ ပြောလိုက်တယ်။ အရင်ကတော့ အဲလို မပြောတတ်ပေါင်။ ဘယ်လောက်သားလဲ မေးရင် မသိဘူးချည်း ပြောမိနေတာ။ ခုနောက်ပိုင်းတော့ “အရှိ” ဆိုတာ ပြောတတ်ပြီ။ အရှိချိန်လိုက်တော့ ၆၀၀ ဖိုးလို့ ဈေးသည်က ပြောတာပဲ။ ဘယ်လောက်သားလဲတော့ သူကလည်း မပြောသလို ကိုယ်ကလည်း မမေးမိပါဘူး။ သူ့ချိန်ခွင်ထဲ အလေးပိစိလေးတွေ ၃ ခုလောက်ဆင့်ထားတာတော့ တွေ့သား။

အာလူးဝယ်ပြီး အဖေက ငါးခြောက်ကြိုက်လို့ ငါးခြောက်လေးတွေ တုံးထားတာ တဆယ်သား ၀ယ်ခဲ့သေးတယ်။ ငရုတ်သီးနဲ့ကြော်ကြော်၊ ခရမ်းချဉ်သီးနဲ့ ချက်ချက် အဖေက သိပ်ကြိုက်တယ်။ ငါးခြောက်ကတော့ အနေတော် တုံးပြီးသားလေးတွေ တဆယ်သားကို ၇၀၀ ကျပ်ပါ။ ဘာငါးခြောက်လဲတောင် မမေးလိုက်ဘူး။ နမ်းကြည့်ပြီး မနံတာနဲ့ ၀ယ်ခဲ့လိုက်တာပါပဲ။

နောက် … ဟင်းသီးဟင်းရွက် ၀ယ်ဖို့အတွက် မကင်းရာ မကင်းကြောင်း ဆိုင် ၃ ဆိုင် ရှိတာနဲ့ မျှပြီးဝယ်ရတယ်။ တဆိုင်ဝယ်ပြီး နောက်တဆိုင် မ၀ယ်ရင် အားနာဖို့ ကောင်းတယ်ထင်လို့ အမြဲ မျှဝယ်နေကျပါ။ ပထမ တဆိုင်မှာ ကြံမဆိုင်မေးတော့ တစည်းကို ၁၀၀ ဆိုတာ နဲ့ ၃ စည်း ၃၀၀ ဖိုး၊ နောက်ဆိုင်မှာ ချဉ်ပေါင် ၃ စည်း ၁၀၀၊ မျှစ် ၁၀၀ ဖိုး နဲ့ ဂေါ်ဖီထုတ် ၁၀၀ ဖိုး (ဂေါ်ဖီ ၁၀၀ ဖိုးက တစိတ်ပဲရပါတယ်)၊ နောက်တဆိုင်မှာတော့ ပုထုဇဉ်သီး (အဲ … ကင်းပုံသီးပါ … ချက်ဖို့ ထုလိုက်ရင် ပု ၀င်သွားပြီး ဟိုဟိုဒီဒီ စင်တတ်လို့ ပုထုဇဉ်လို့ နောက်ပြီးခေါ်တာပါ) ၂၅၀ ဖိုး၊ နံနံပင် ၅၀ ဖိုး၊ ဘူးသီးတစိတ် ၂၀၀ ဖိုး ၀ယ်ခဲ့လိုက်တယ်။

အဖေက နေမကောင်းတဲ့ ကြောင်မလေးကို တိုက်ဖို့ နွားနို့မှာလိုက် သေးတယ်။ ဒါကြောင့် နွားနို့ဖိုးနဲ့ ဆိုက်ကားစီးဖို့ ပိုက်ဆံချန်ပြီး ဈေးဝယ်တာကို အဆုံးသတ် လိုက်ပါတယ်။ အဲ …ဈေးအထွက်က လှေခါးလေးလည်း တက်ရော အပြင်လောကမှာ မိုးတွေရွာနေပြီ … ။ ထီးပါမလာတဲ့ ကျမ ဘယ်လိုလုပ်ရပါ့ … ။

ခါတိုင်းဆိုရင်တော့ လှေခါးလေးတက်လို့ အပေါ်ဆုံးတထစ် နှစ်ထစ်လောက်ရောက် ရင် မျက်နှာချင်းဆိုင် လမ်းဘက်မှာ ဂိတ်ထိုးထားတဲ့ ဆိုက်ကားသမားလေးတွေက ကျမနဲ့ မျက်မှန်းတန်းမိနေကျမို့ ဈေးခြင်းကိုလာသယ်ပြီး ဘယ်သွားမလဲ မေးစရာ မလို … အိမ်ကို လိုက်ပို့နေကျပါ။ ဒီနေ့တော့ မိုးကလည်း တဖွဲဖွဲရွာနေတာမို့ ဂိတ်မှာ ဆိုက်ကား တစီးသာရှိပြီး လူကတော့ တယောက်မှ ရှိမနေပါဘူး။ ကျမလည်း လှေခါးရဲ့အဆုံး ဘယ်ဘယ်ခြမ်းက ဈေးတာဝန်ခံရုံးခန်းရှိရာ အဆောက်အဦးလေးရဲ့ အမိုးအောက်မှာ မိုးခိုရင်း ဆိုက်ကားတစီးစီး ၀င်လာလိမ့်နိုး မျှော်နေမိတယ်။

မိုးကတဖြည်းဖြည်း သည်းလာပြီ။ ကျမလိုပဲ မိုးခိုနေတဲ့သူ သုံးလေးယောက်လည်း ဒီအမိုးအောက်မှာ ရှိနေတယ်။ ဒီအချိန်မှာ ဆိုက်ကားတစီး လမ်းထဲဝင်လာတော့ ကျမက လက်လှမ်းပြပေမဲ့ သူက လက်ခါပြီး မအားဘူး အမ လို့ အော်ပြောသွား တယ်။ အဲဒါမှ ဒုက္ခ၊ နွားနို့ဝယ်ဖို့ကလည်း ရှိသေးတယ်။ နွားနို့ရောင်းတဲ့နေရာက ဈေးနဲ့ ခပ်လှမ်းလှမ်းမှာရှိတာ။ “ခြံထွက်နွားနို့စစ်စစ်ရမည်” လို့ ရေးထားပြီး ပလပ်စတစ်ပုံး အနီကြီးထဲ ပက်လက်ကြီးထည့်ရောင်းတဲ့ နွားနို့တွေပေါ့။ ခုလောက် ဆို မိုးရေတွေ တသောသော ၀င်နေလောက်ပြီ ထင်ပါရဲ့။

နာရီကြည့်တော့ ၇ နာရီခွဲပြီးပြီ။ မိုးက တိတ်မယ့်ပုံ မပေါ်ဘူး။ ပိုပြီးသာ သည်းလို့ လာပါတယ်။ မနက်စာလည်း စားမလာရသေးတော့ ဗိုက်ထဲကလည်း နည်းနည်း အော်မြည်ဆန္ဒပြစ ပြုနေပါပြီ။ အငှားကားတစီး လမ်းထဲဝင်လာတယ်။ သူ့ကိုများ ငှားလေမလားလို့ မိုးခိုနေတဲ့ ကျမတို့ဘက် တစေ့တစောင်း လှမ်းကြည့်တယ်။ ကျမလည်း ဘေးနားမှာ မိုးခိုနေတဲ့ ဦးလေးကြီးကို လှည့်ကြည့်မိတော့ သူကဖြင့် အေးရာအေးကြောင်းပါပဲ။ ဒီလိုနဲ့ အငှားကားလေးလည်း လွန်သွားခဲ့ပြန်ရော။ ခဏအကြာ… လှမ်းမြင်နေရတဲ့ လမ်းထိပ်က ကားဂိတ်မှာ ၄၃ ဘတ်စ်ကားကြီး ချောင်ချောင်ချိချိ လာရပ်ပြန်တယ်။ လမ်းထိပ်ကိုပြေးရင် မိုးတော့စိုမှာပဲ။ ဈေးနဲ့ အိမ်က ဘတ်စ်ကားစီးရင်လည်း တမှတ်တိုင်ထဲရယ်၊ ဈေးခြင်းတောင်းကလည်း လေးတယ်။ ဒီကားနဲ့ လိုက်သွားရကောင်းမလား၊ နွားနို့လည်း မ၀ယ်ရသေးဘူး။

စဉ်းစားနေတုန်း ကားကြီးက ၀ူးဆို ထွက်သွားပြန်ရော။ နာရီထပ်ကြည့်တော့ ရှစ်နာရီတောင် ထိုးတော့မှာပါလား။ မဖြစ်ဘူး … နောက်တခါ အငှားကား ထပ်ဝင် လာရင်တော့ ကားငှားပြီးပဲ ပြန်တော့မယ်၊ ပိုက်ဆံ မကျန်တော့ပေမဲ့ ကိစ္စမရှိဘူး အိမ်ရောက်မှ ပေးလည်း ဖြစ်တာပဲ … အဲသလို အဲသလို စိတ်ထဲ တွေးတောပြီး အငှားကား မျှော်နေတုန်း …ဗြုန်းဆို …

ကိုင်းကျိုးပြီး အမိုးလန်နေတဲ့ ထီးစုတ်ကလေးဆောင်းလို့ စပ်ဖြဲ စပ်ဖြဲနဲ့ ဈေးလမ်းထဲ ချိုးဝင်လာတဲ့ ကယ်တင်ရှင်နတ်သမီး (အဲဒီအခိုက်အတန့်မှာတော့ သူဟာ နတ်သမီးပဲ ဆိုပါတော့) ကို ၀မ်းသာအားရ တွေ့လိုက်ရပါတယ်။ အိမ်မှာ ဗာဟီရ လုပ်တဲ့ ကောင်မလေးပါ။ သူ့တကိုယ်လုံးလည်း မိုးတွေရွှဲလို့။ ကြွက်စုတ် ဖြစ်နေသော နတ်သမီး … လို့ ဆိုရလေမလားပဲ။

“လေတိုက်လို့ ထီးကလည်း လန်သွားတယ်။ ကားတွေကရေတွေလည်း စင်လို့ သမီးတကိုယ်လုံး ရွှဲနေပြီ”
သူကတော့ တကိုယ်လုံး ရေစိုရွှဲလည်း ပျော်နေတာပါပဲ။ အပြင်ထွက်ရမယ်ဆို .. အဲဒီလို တက်ကြွနေတတ်တဲ့ ကျမတို့ အိမ်က နတ်သမီးလေ။
“ငါ ထီးမပါတာ သိလို့လား”
“ဟုတ်တယ် … ပါးပါးက လိုက်သွားလို့ ပြောလို့ သမီးလိုက်လာတာ”
တကယ်တော့ ကျမထီးမပါတာကို သူပဲ သိတာပါ။ အဖေက မသိပါဘူး။ ဒါပေမဲ့ မိုးသိပ်သည်းနေလို့ အဖေက ကျမကို စိတ်ပူပြီး သူ့ကို လိုက်သွားခိုင်းတော့မှ ကျမဆီမှာ ထီးပါမသွားဘူးဆိုတာ အဖေက သိသွားပါတယ်။ နေရာတကာ သိတတ်လွန်းလှတဲ့ အဖေ့ကို စိတ်ထဲကနေ ကျေးဇူးတင်မိလိုက်တယ်။ သူက အပို ပါလာတဲ့ ထီးတချောင်း ထုတ်ပေးပြီး ကျမချထားတဲ့ ဈေးခြင်းတောင်းကို ကောက်ဆွဲတယ်။ နွားနို့ဆိုင်မှာ နွားနို့ဝင်ဝယ် … ပြီး … သူနဲ့ကျမ မိုးသည်းသည်း မည်းမည်းထဲ လမ်းလျှောက်ပြန်ခဲ့ကြပါတယ်။

မိုးရေတွေက တဝေါဝေါနဲ့ လမ်းပေါ်မှာ စီးနေတယ်။ ကျမကလည်း မိုးရွာမယ် မထင်လို့ ကတ္တီပါဖိနပ် စီးလာမိသေးတာ။ ရေတွေထဲ ကတ္တီပါဖိနပ်နဲ့ လမ်းလျှောက် ရတာ အဆင်မပြေလှပါဘူး။ မိုးအရမ်းကြီးတော့ လမ်းတ၀က်မကျိုးခင်မှာပဲ လူတကိုယ်လုံး စိုရွှဲနေပါပြီ။ ကျောင်းတက်ချိန်နီးပြီမို့ အဖြူအစိမ်းဝတ် ကျောင်းသူ ကျောင်းသားကလေးတွေလည်း မိုးသည်းသည်းမှာ ထီးလေးတွေကိုယ်စီ ဆောင်းပြီး ကျောင်းတက်ဖို့ သွားနေကြတယ်။ ကျမသာ အဲဒီအရွယ်တုန်းကဆို ဒီလောက်မိုးရွာနေရင် ကျောင်းတက်မှာ မဟုတ်ဘူး။ ငယ်ငယ်က ကျောင်းတက် သိပ်ပျင်းတာကြောင့် အကြောင်းအမျိုးမျိုးပြပြီး အိမ်မှာ အိပ်နေတတ်တာ။

ဒါနဲ့ပဲ အိမ်ပြန်ရောက်တော့ စိုရွှဲနေတဲ့ အ၀တ်အစားတွေလဲ၊ ဆံပင်ရေစိုတွေကို မျက်နှာသုတ်ပုဝါလေးနဲ့ သုတ်၊ ပြီးတော့ အဖေငှဲ့ပေးထားတဲ့ ရေနွေးကြမ်းပူပူလေး သောက်ပြီး မနက်စာ စားဖို့ ပြင်ရတယ်။ ကောင်မလေးကို မိုးရေထဲ နောက်တခေါက် မထွက်စေချင်တာနဲ့ အိမ်မှာရှိနေသေးတဲ့ ပလာတာကို အဖေနဲ့ ကျမအတွက် တယောက် ၂ချပ်စီ ကြော်လိုက်တယ်။ ခါတိုင်းဆိုရင်တော့ ထမင်းကြမ်းကျန်ရင် ပဲပြုတ်နဲ့ ထမင်းကြော်ဖြစ်ဖြစ်၊ မကျန်ရင် ပဲပြုတ်နဲ့ အီကြာကွေးဖြစ်ဖြစ်၊ စားလေ့ရှိပါတယ်။ ခုတော့ ပဲပြုတ်ထပ်မ၀ယ်စေချင်တာနဲ့ … ပလာတာသာ ကြော်စားဖို့ ဆုံးဖြတ်လိုက်တာပါ။

ဒီလိုနဲ့ … မနက်ခင်း မိုးအေးအေးမှာ အဖေနဲ့ ထွေရာလေးပါး စကားစမြည် ပြောရင်း ဘလက်ကော်ဖီခါးခါးလေးကို သောက်လိုက်၊ သကြားမပါတဲ့ ပလာတာ ပူပူလေးကို စားလိုက်နဲ့ … ကျမရဲ့ အေးချမ်းတဲ့ မနက်ခင်းလေး ကုန်ဆုံးခဲ့ပါ တော့တယ်။
***
မေဓာဝီ
၉၊ ဇူလိုင်၊ ၂၀၀၇
ည ၁၁ နာရီ ၂၀

Read More...