Monday, February 18, 2013

အရောင်မဲ့ ကမ္ဘာ

"The Colourless Earth"

Let me fly by my strength,
Even I have wingless.

To continue my expedition,
By myself sailing;
For peace and tranquil.
I remove my selfishness,
And be folding the arrogance.

I’m searching for the locus,
Where these can be eliminated;
Worry, doubtful, quarrel and jealous.

Despite without colourful;
No red, purple, blue and yellow
But that place will be peaceful.

It is the colourless earth
Where I’m trying to search
And walking to the freedom path.
***
MDW
18/02/13
17:45
"အရောင်မဲ့ ကမ္ဘာ"

တောင်ပံမဲ့သော်ငြား
ရှိသမျှ အင်အားနဲ့
ငါ … ပျံသန်းသွားပါရစေ ... ။

အတ္တတွေကို ခွါချ
မာနတွေကို ခေါက်သိမ်း
ငြိမ်းချမ်းမှု တခုအတွက်
ကိုယ့်ကိုယ်ကိုယ် ရွက်လွှင့်လို့
ခရီးဆက်ခွင့် ရချင်တယ် ... ။

အဘိဇ္ဈာ , ဗျာပါဒ
သံသယနဲ့ ပဋိပက္ခများ
ဖယ်ရှားနိုင်တဲ့ တနေရာ …
ငါလေ ဖွေရှာမိ … ။

အဲဒီနေရာ ...
နီ ပြာ ၀ါ ခရမ်း
အရောင်စုံမလွှမ်းပေမဲ့
ငြိမ်းချမ်းတဲ့ နေရာ
'အရောင်မဲ့ ကမ္ဘာ'လေ
ရှာဖွေရင်း လျှောက်လှမ်း
လွတ်မြောက်ရာလမ်းဆီ … ။
***
မေဓာဝီ
၈၊ ၀၂၊ ၁၃ ~ ၁၈၊ ၀၂၊ ၁၃
၁၁း၀၀ နာရီ (မြန်မာစံတော်ချိန်)
(For 18th Jan' 2013)

Read More...

Wednesday, February 13, 2013

ကျမနဲ့ နေ့များ ...

ကျမ ဘလော့ရေးခါစ … အမှတ်တရနေ့၊ သမိုင်းဝင်နေ့၊ ဘာသာရေး နေ့ထူးနေ့မြတ် … စတာတွေကို အထူးတလည် သတိထားပြီး ရေးဖြစ်ခဲ့တယ်။ အဲဒါကလဲ … ဒီလိုနေ့တွေကို ကိုယ်ကိုယ်တိုင် အမြဲ အမှတ်ရနေဖို့အပြင် … နိုင်ငံရပ်ခြားမှာအနေကြာလို့ မေ့နေတတ်ကြသူတွေ … မြန်မာပြည်တွင်းမှာပဲ နေထိုင်ပါလျက် အမှတ်တမဲ့ ဖြစ်နေတတ်ကြသူတွေ … တမင်မေ့လျော့ ထားကြသူတွေ … လုံးဝ မသိသေးသူတွေအတွက် ရည်ရွယ်ပြီးရေးဖြစ်ခဲ့တာပါ။ နောက်ပိုင်းတော့ ဘလော့တွေလဲ များလာသလို အဲဒီလို နေ့မျိုးတွေအတွက် အမှတ်တရ ရေးသူတွေလဲ များများလာခဲ့ပါတယ်။ ရေးတဲ့သူ များလာပြန်တော့ ကျမက ရေးဖို့ ငြီးငွေ့သွားပြန်ရော …. ။

နေ့တွေအကြောင်း ဘလော့မှာ ရေးဖို့ ငြီးငွေ့သွားတဲ့ ကျမ … မြန်မာပြည်ပြန်ရောက်လို့ စာသင်တော့ နေ့တွေနဲ့ ပတ်သက်ပြီး ကလေးတွေကို သင်ပေးဖို့ စိတ်ကူးရပါတယ်။ ဆိုကြပါစို့ ... ပြီးခဲ့တဲ့ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက် အမျိုးသားနေ့အတွက်ဆိုရင် အဲဒီနေ့ မတိုင်ခင်ကတည်းက အမျိုးသားနေ့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ (အင်္ဂလိပ်လို) စု၊ ပရင့်ထုတ်၊ အမျိုးသားနေ့မှာ မနက်စောစော ရွှေတိဂုံဘုရားသွား၊ အမျိုးသား ကျောက်တိုင်မှာ သပြေပန်းစည်းကလေးနဲ့ ဂါရ၀ပြု၊ ဓာတ်ပုံရိုက် … ကျောက်တိုင်မှာ ရေးထိုးထားတဲ့ စာတွေ ကူးယူခဲ့ပြီး ကျမရဲ့ ကျောင်းသားတွေကို အမျိုးသားနေ့ဆိုတာ ဘာလဲလို့ သိသွားအောင် ဓာတ်ပုံနဲ့တကွ ရှင်းပြ ပြောပြဖြစ်ခဲ့တယ်။

.
အမျိုးသားနေ့က ကျောက်တိုင်ရှေ့မှာ ...
 
ကိုယ့်နိုင်ငံက အမှတ်တရနေ့တွေတွင် မဟုတ်ပါဘူး၊ သူတို့ သိသင့် သိထိုက်မယ် ထင်တဲ့ တခြားနိုင်ငံက နေ့တွေ အကြောင်းလဲ အခါအားလျော်စွာ ကျမက သင်ပေးပါသေးတယ်။ ဥပမာ Thanks giving day, Martin Luther King day … စသဖြင့်ပေါ့။ အဲဒီနေ့တွေနဲ့ ပတ်သက်လို့ ကလေးတွေအတွက် materials က အင်တာနက်ပေါ်မှာ အလွယ်တကူ ရှာလို့ရတာမို့ သူတို့ကို သင်ဖို့ worksheet လေးတွေ ကျမက ကြိုတင်ပြင်ဆင် ထားလေ့ ရှိတယ်။ တကယ်တမ်း ဒါတွေသင်ဖို့ ကိုယ့်ရဲ့ သင်ရိုးညွှန်းတမ်းထဲမှာ မပါပေမဲ့ ကိုယ့်ကလေးတွေ ဗဟုသုတရအောင် သင်ပေးတာပါ။ သူတို့ကလဲ ဒီလို ကြားပေါက်လေးတွေ ထည့်ပြီး သင်ပေးတာ သဘောကျကြတယ်။

ပြီးခဲ့တဲ့ စနေနေ့ (ဖေဖော်ဝါရီ ၉ ရက်နေ့) မနက်က ကျမစာသင်တော့ ပထမဆုံးအချိန်မှာ level 2 ကို သင်ရတယ်။ level 2 ဆိုတာက သူတို့ရဲ့ English level ကို ပြောတာပါ။ အတန်းအားဖြင့် ဒုတိယတန်းကနေ စတုတ္ထတန်းအထိ (အသက် ၇ နှစ်က ၉ နှစ်အတွင်း) ကလေးတွေ ပါကြပါတယ်။ စာမသင်ခင် သူတို့ကို ကျမက ထုံးစံအတိုင်း နှုတ်ဆက်၊ နေ့စွဲကို ၀ှိုက်ဘုတ်မှာ ချရေးလိုက်ပြီး

“ဒီလ ဘာလလဲ” လို့ မေးလိုက်တော့ အားလုံးက တညီတညာထဲ ဖေဖော်ဝါရီလ … လို့ အော်ကြတယ်။
“ဟုတ်ပြီ ဖေဖော်ဝါရီလမှာ ဘယ်လို အမှတ်တရရက်တွေ ရှိသလဲ … ဘယ်သူသိလဲ …” လို့ ကျမက ထပ်မေးတဲ့အခါ … တတိယတန်းကျောင်းသူ Sally က ...
"ဗာလင်တိုင်းဒေး" ဆိုပြီး ထအော်တယ်။ ကျန်တဲ့သူတွေကလဲ ဗာလင်တိုင်းဒေးလို့ သံယောင်လိုက်ပြီး ပြောကြတယ်။

ကျမက ပြုံးတော့ … စတုတ္ထတန်းကျောင်းသား Jason က "ပြည်ထောင်စုနေ့" ... လို့ သူပြောတာ မှားသွားမှာ စိုးတဲ့ပုံစံနဲ့ ခပ်လေးလေး ပြောတယ်။ သူပြောမှ Emily ကလဲ ...
"ဟုတ်တယ် ပြည်ထောင်စုနေ့ … သမီးတို့ ကျောင်းပိတ်တယ်လို့" ထပြောတယ်။

“ဒါဆို ပြည်ထောင်စုနေ့က ဘယ်နေ့လဲ …” ကျမက ထပ်မေးတော့ ...
“ဖေဖော်ဝါရီလ ၁၂ ရက်” လို့ ပြိုင်တူ ပြောကြပါတယ်။
"နောက်ပြီးတော့ရော …" ကျမရဲ့ မေးခွန်းကို ကလေးတွေက ဇဝေဇ၀ါနဲ့ … စဉ်းစားနေကြတယ်။ ဒါနဲ့ပဲ ကျမက "ဖေဖော်ဝါရီ ၁၃ မှာ …" လို့ အစလေးကို ရွတ်ပြတော့ "ဗိုလ်ချုပ်မွေးနေ့" လို့ ၀ိုင်းအော်ကြပါတယ်။ ကျမက ၀ှိုက်ဘုတ်မှာ 12th Feb, 13th Feb, 14th Feb အစဉ်လိုက် တကြောင်းချင်း ချရေးလိုက်တယ်။ ပြီးမှ ဘေးနားမှာ သူ့နေ့အလိုက် Union Day, Bogyoke’s Birthday, Valentine’s day လို့ ဖြည့်ရေးလိုက်ပါတယ်။

“သမီးတို့သားတို့က ဗာလင်တိုင်းဒေးကိုတော့ သိကြတယ် … ဗိုလ်ချုပ်မွေးနေ့ကိုတော့ မေ့နေကြပါလား …”

Sally က ရှက်ကိုးရှက်ကန်းနဲ့ …

“FM မှာ ဗာလင်တိုင်းဒေးအတွက် လွှင့်နေတာတွေ အမြဲကြားနေတာမို့ပါ တီချယ် …” တဲ့။

နောက်တချိန် level 3 နဲ့ 4 ကို သင်တော့လဲ အဲဒီအတိုင်းပဲ ကျမ မေးခွန်းတွေ ထုတ်ခဲ့တဲ့အခါ …. ဗာလင်တိုင်းဒေးကို လူတိုင်းနီးပါး သိကြပြီး ပြည်ထောင်စုနေ့ကိုတော့ ကျောင်းပိတ်ရက်မို့ တော်တော်များများ သိကြတယ်၊ ဒါပေမဲ့ ဗိုလ်ချုပ်မွေးနေ့ကိုတော့ သူတို့စိတ်ထဲ အမှတ်တမဲ့ ဖြစ်နေကြတာကို ၀မ်းနည်းစရာ တွေ့ခဲ့ရပါတယ်။

အဲဒီနေ့က အောင်ဆန်းဇာနည် ကဗျာလေးကို ကျမနဲ့ သူတို့အားလုံးတူတူ ဆိုကြတယ်။ ဗိုလ်ချုပ်ရဲ့ မွေးနေ့၊ လ၊ ရက်, အဖေနာမည်, အမေနာမည်၊ ကျဆုံးတဲ့နေ့တွေကို သူတို့ကို မေးလိုက် ၀ှိုက်ဘုတ်မှာ ချရေးလိုက်နဲ့ သူတို့သိသမျှ ဗိုလ်ချုပ်အကြောင်းတွေ ဖြည်းဖြည်းချင်း ဆွဲထုတ်ခဲ့တယ်။ ပြည်ထောင်စုနေ့နဲ့ ပတ်သက်လို့ ဘယ်သူသိလဲ ဘာတွေသိလဲ ဆိုတာ မေးပြီး သူတို့ မသိသေးတဲ့ အချက်အလက်လေးတွေ ဖြည့်စွက် ပြောပြခဲ့တယ်။  ပြည်ထောင်စုနေ့ဆိုတာ ဗိုလ်ချုပ်ရှိလို့ ဖြစ်လာတာ … ပြီးတော့ မြန်မာပြည်ရဲ့ လွတ်လပ်ရေးအတွက် အခြေခံအုတ်မြစ်က ပြည်ထောင်စုနေ့ပဲလို့ … ပြောပြပြီး ကျမ ကြိုတင်ပြင်ဆင်ထားတဲ့ ပြည်ထောင်စုနေ့အကြောင်း (အင်္ဂလိပ်ဘာသာနဲ့) စာရွက်လေး ဝေပေးခဲ့တယ်။

Level 3 နဲ့ 4 ကတော့ အတန်းကြီးတွေမို့ အင်္ဂလိပ်လိုရေးထားတာတွေ အတန်အသင့် နားလည်နိုင်ပါပြီ။ ကျမ တခေါက်ဖတ်ပြ ရှင်းပြနေတုန်း level 4 က ဒေးဗစ်က အိုင်ပတ်လေး တကိုင်ကိုင် လုပ်နေတာ မြင်လို့

“သား … အိုင်ပတ်ကို စာသင်ချိန်မှာ မကိုင်ရဘူးလေ …”

“မဟုတ်ဘူး တီချယ် … သား ဒီစာရွက်လေးကို ဓာတ်ပုံရိုက် ယူသွားချင်လို့ပါ”

“အဲဒီစာရွက်က သားတို့ကို အပိုင်ပေးလိုက်မှာလေ … ပုံရိုက်ဖို့ မလိုပါဘူး”

“စာရွက်ဆို ပျောက်သွားမှာစိုးလို့ … ဒီထဲမှာ ထည့်ထားတော့ သွားလေရာ သယ်သွားလို့ရတယ်လေ တီချယ် ပျောက်လဲ မပျောက်တော့ဘူး … ကိုယ်ဖတ်ချင်တဲ့အချိန်လဲ ထုတ်ဖတ်လို့ရတယ်”

ကျောင်းစည်းကမ်းအရ ဖုန်းတွေ တက်ဘလက်တွေ အိုင်ပတ်တွေ စာသင်ချိန်မှာ ပေးမသုံးပေမဲ့ အဲဒီနေ့ကတော့ ဒေးဗစ် ပုံရိုက်တာကို ကျမ ကျေကျေနပ်နပ် ခွင့်ပြုပေးခဲ့ပါတယ်။

သင်ခန်းစာ တခုသင်တိုင်း သူတို့လေးတွေရဲ့ စိတ်ဝင်စားမှု အခြေအနေကို ကျမ အမြဲအကဲခတ်နေရတယ်။ များသောအားဖြင့် ယောက်ျားလေးတွေက အငြိမ်မနေ သောင်းကျန်းလွန်းလို့ သူတို့ ငြိမ်ငြိမ်ဆိမ်ဆိမ်နဲ့ စိတ်ဝင်တစား နားထောင်အောင် သင်ဖို့ရာ မလွယ်ကူလှဘူး။ ဒါပေမဲ့ အဲဒီနေ့က ကျမပြောပြတဲ့ အကြောင်းအရာတွေကို သူတို့လေးတွေ စိတ်ပါဝင်စားစွာ နားထောင်ကြတာမို့ ကျမလဲ သင်ပေးရတာ အားတွေရှိလို့ပေါ့။

ဖေဖော်ဝါရီ ၁၂ ရက်နဲ့ ၁၃ ရက် အကြောင်း ပြောပြီးတော့ နောက်ဆုံးမှာ သူတို့သိထားတဲ့ ၁၄ ရက် အကြောင်း ပြောရတယ်။ ဗာလင်တိုင်းဒေး ဘယ်လိုဖြစ်လာသလဲ … ဆိုတာကို အရင်ဆုံး ပုံပြင်ပြောသလို ပြောပြရတယ်။ ဟိုရှေးရှေးတုန်းက ရောမပြည်ကြီးမှာ … လို့ အစချီပြီး ရောမဧကရာဇ် Claudius II ရဲ့ အဓိပ္ပါယ်မရှိတဲ့ အမိန့်၊ ဘုန်းတော်ကြီး ဗာလင်တိုင်းရဲ့ တိတ်တဆိတ် လက်ထပ်ပေးမှု … နောက်ဆုံး အသတ်ခံလိုက်ရတာ အဆုံး … ပုံပြောသလို ပြောပြပြီးမှ ဗာလင်တိုင်းဒေးနဲ့ ပတ်သက်လို့ ကျမ ပရင့်ထုတ်ထားတဲ့ worksheet လေး ဝေပြီး သူတို့ကို ဖတ်ပြ၊ ဖတ်ခိုင်းတယ်။ ဒီတော့မှ ဗာလင်တိုင်းဒေးရဲ့ သမိုင်းကို သူတို့သိသွားပြီး ကျေနပ်သွားကြပါတယ်။

“ရောမက ဘုန်းကြီး အသတ်ခံရတာကို အမှတ်ရ အောက်မေ့တဲ့နေ့ဟာ ကိုယ်နဲ့ ဘာဆိုင်လို့လဲ … ကိုယ့်တိုင်းပြည်ရဲ့ အဓိက နေ့တွေကိုတော့ မေ့နေကြပြီး ဟိုးအဝေးကြီးက နေ့ကိုမှ သတိရနေကြတာ မဟုတ်သေးဘူးနော် … ။ မီဒီယာတွေ စီးပွါးရေးသမားတွေက အပြောကောင်း ကြော်ငြာကောင်းတိုင်း လိုက် မယောင်ကြပါနဲ့ … ။ မီဒီယာတွေကလဲ သူတို့မီဒီယာ လူစိတ်ဝင်စားအောင်၊ စီးပွါးရေးသမားတွေကလဲ သူတို့ ကုန်ပစ္စည်း ရောင်းရအောင် … ဒီလို နေ့တွေကို အကြောင်းပြပြီး ပရိုမိုးရှင်း လုပ်ကြရတာ။

တကယ်တော့ … ချစ်သူများနေ့ဆိုတာ နေ့တခုသတ်မှတ်ပြီးမှ ချစ်ပြစရာ မလိုပါဘူး … ကိုယ်က ကိုယ့်ချစ်သူအပေါ် နားလည်မှုရှိရှိနဲ့ ချစ်နေရင် နေ့တိုင်းဟာ ချစ်သူများနေ့ပဲ မဟုတ်လား …”
" ...... "
***
ဒီနေ့မနက်စောစော ဘုရားသောက်တော်ရေနဲ့ ဆွမ်းတော်ကပ်ပြီး ညှိုးနေတဲ့ ဘုရားပန်းတွေ လဲခဲ့တယ်။ ဖေဖော်ဝါရီ လမကုန်သေးပေမဲ့ နွေခေါင်ခေါင်လို ပူနေပြီမို့ ဘုရားပန်းတွေ တင်လိုက်ရင် ခဏလေးနဲ့ ညှိုးပါတယ်။ ဒီနေ့တော့ ကြာကြာခံတဲ့ သပြေပန်းပဲ ၀ယ်ကပ်ဖြစ်တယ်။ သပြေပန်း ၁၀၀၀ ကျပ်ဖိုးဆိုရင် ကပ်ပါလေ့ အများကြီး၊ ဘိလပ်က အိမ်မှာ တယုတယ စိုက်ထားရတဲ့ သပြေညွန့်လေး နည်းနည်းချင်းညှပ် ဘုရားကို တိုရည်ရှားရည် ကပ်ခဲ့ရတဲ့ဘ၀၊ ခုတော့ ကိုယ်ကြိုက်သလောက် အားရပါးရ ကပ်လှူနိုင်ပါပြီ။

သပြေပန်း တထောင်ဖိုးကို ၇ စည်းရတယ်၊ ၅ စည်းကို အိမ်က ဘုရားကပ်ပြီး ၂ စည်းကိုတော့ ကျမ တနေရာကို ယူသွားခဲ့ပါတယ်။ ဒီကနေ့ မနက် ကျမ သိပ်သွားချင်နေတဲ့ နေရာ … ။
… … … … … … … … …
.
… … … … … … … … …
ဗိုလ်ချုပ်ကြေးရုပ်ဆီကိုပါ … ။

ကန်တော်ကြီးစောင်းက ဗိုလ်ချုပ်ကြေးရုပ်ကို ပန်းခြံဝင်းထဲ ၀င်စရာမလိုဘဲ အပြင်ကနေ လာရောက် ကြည့်ရှုနိုင်အောင် ပြန်ပြုပြင်ထားတာကို ကျမ သဘောကျမိတယ်။ အရင်ကဆို ဗိုလ်ချုပ်က မြက်တောထဲမှာလေ … ။ ခုတော့ သပ်သပ်ရပ်ရပ် ဖြစ်လို့ နေပါပြီ။ ကြေးရုပ်ရှေ့တည့်တည့်မှာလဲ ကားရပ်လို့ရပါတယ်။ ဒီလိုနဲ့ ကျမ … သပြေပန်း ၂စည်းရယ်၊ ကဗျာတပုဒ်ရယ်နဲ့ ဗိုလ်ချုပ်ကို ဂါရ၀ပြုခဲ့တယ်။ ပန်းခြံထဲမှာတော့ ပန်းခြံဝန်ထမ်း တချို့နဲ့ ကျန်းမာရေးအတွက် လမ်းလျှောက်သူ ပြေးသူတချို့ကလွဲလို့ ဘယ်သူမှ မရှိပါဘူး။ ဗိုလ်ချုပ်အနားမှာလဲ ကျမတယောက်ထဲပါပဲ … ။

.
သပြေပန်းစည်း ... ကဗျာတပုဒ်နဲ့ ဗိုလ်ချုပ်ကို ဂါရ၀ ...
 
အိမ်အပြန်လမ်းမှာ ကျမကို စောင့်ပေးနေတဲ့ အငှားယာဉ်မောင်းဦးလေးကြီးက နောက်ကြည့်မှန်ကနေ ကျမကို လှမ်းကြည့်ရင်း "ဖေဖော်ဝါရီ ၁၃ မှာ ... ဗိုလ်ချုပ်မွေးနေ့ပါ …" လို့ ဆိုပြတယ်၊ သူလဲ မမေ့ပါဘူး … တဲ့။ ဟုတ်ကဲ့ ... ကျေးဇူးတင်ပါတယ် ... ။

ပြန်ရောက်တော့ ကျမ စာသင်ရတယ်၊ ဗိုလ်ချုပ်ကြေးရုပ်ဆီ သွားခဲ့တဲ့အကြောင်းနဲ့ ဗိုလ်ချုပ်မွေးနေ့ဆိုတာ အရင်ကတော့ "ကလေးများနေ့" လို့ သတ်မှတ်ခဲ့ဖူးကြောင်း ပြောပြရင်း Burma VJ မှာ တင်ထားတဲ့ ၉၈ နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှတ်တရ စကား ဗီဒီယိုဖိုင်လေး ပြဖြစ်ခဲ့တယ်။
 
နောက် ... အားလပ်ချိန်လေး ခဏတဖြုတ်ရတုန်း facebook ကိုဝင်ပြီး ဗိုလ်ချုပ်ပုံနဲ့ ကဗျာလေးတင်တော့ အဲဒီထဲမှာ ဗိုလ်ချုပ်ပုံတွေ ဗိုလ်ချုပ်နဲ့ ပတ်သက်သမျှတွေ ပလူပျံနေတာကို တွေ့ရတယ်။ ၀မ်းသာစရာပါပဲ ... ။ ဒီလို သမိုင်းဝင်နေ့တွေ နေ့ထူးနေ့မြတ်တွေကို  အင်တာနက် သုံးစွဲတဲ့သူတွေ ကြားမှာ ပျံ့ပွါးသလို အင်တာနက် မသုံးသူတွေကြားမှာလဲ ပျံ့ပွါးဖို့ ကျမတို့ တတ်နိုင်သလောက် အဆင့်ဆင့် လက်ဆင့်ကမ်းကြရပါအုံးမယ်။
***
မေဓာဝီ
၁၃၊ ၀၂၊ ၁၃
၂၂း၃၀ နာရီ (မြန်မာစံတော်ချိန်)

Read More...

Wednesday, February 06, 2013

ဆုံတွေ့ကြတဲ့အခါ ...

ဒီကဗျာလေးကို ရေးခဲ့တုန်းက အိမ်ရဲ့အဝေးမှာ ရောက်နေချိန်ပေါ့ ... ။ မိတ်ဆွေတယောက်ရဲ့ ဘလော့က ကဗျာတပုဒ်ကို အကြောင်းပြုလို့ ဒီကဗျာလေး ရေးဖြစ်ခဲ့တယ်။ အိမ်ပြန်ချင်သူ တယောက်ရဲ့ တမ်းချင်းပဲဆိုဆို ... ငိုချင်းပဲပြောပြော ... ဘ၀အမောတွေကြားမှာ အိမ်ကိုသာ အမြဲ သတိရနေခဲ့တယ်။ အဲဒီအချိန်က "အိမ်ပြန်ချင်တယ်" လို့ ဆိုမိရင် ... မိသားစုကြားမှာ အမှားတွေ ကျူးလွန်ထားမိသူ တယောက်ပမာ သိမ်ငယ်စွာ ခံစားခဲ့ရပါတယ်။ တကယ်လဲ အမှားတွေ ကျူးလွန်ခဲ့မိတယ်လေ ... ။ ဒီလိုနဲ့ အိမ်အပြန်ခက်တဲ့ ရက်တွေမှာ စိတ်ဖြေစရာ ကဗျာတွေ သီဖွဲ့ရင်း လွတ်လပ်ခြင်းကို ကဗျာတွေထဲမှာပဲ ရှာဖွေခဲ့ရတယ် ... ။
 
မနေ့က ကွန်ပျူတာထဲက ဖိုင်အဟောင်းလေးတွေ ပြန်ရှင်းရင်း ဒီကဗျာလေးကို တွေ့တော့ အဲဒီတုန်းက ခံစားချက်တွေ ပြန်သတိရမိတယ်။ လူတယောက်ထဲပေမယ့် နေရာ, ဌာန, အချိန်, ကာလက ဒီလူရဲ့ စိတ်ဓာတ်ကို အများကြီး ပြောင်းလဲစေတတ်တယ်ဆိုတာ တွေးမိရင်း အိမ်ရဲ့ အဝေးမှာတုန်းက မတင်ဖြစ်ခဲ့တဲ့ ဒီကဗျာလေးကို ... အိမ်ပြန်ရောက်ချိန်မှာ တင်လိုက်ပါတယ်။ တကယ်တမ်း အိမ်ပြန်ရောက်ချိန်မှာတော့ များပြားလှတဲ့ တာဝန် ၀တ္တရားတွေကြားမှာ မအားလပ်တဲ့အတွက် ကဗျာထဲမှာ ဆိုထားသလို ကာရန်ညီ ကဗျာတွေ မသီဖွဲ့နိုင်သေးပါဘူး။ ဒါပေမဲ့ တချိန်ချိန်တော့ ရောက်လာလိမ့်မယ်လို့ မျှော်လင့်နိုင်တာပဲ မဟုတ်လား ... ။
***
ဆုံတွေ့ကြတဲ့အခါ ...
 

ဒီအချိန်ဆို ...
တိမ်ညိုညိုတွေ ပြိုနေပြီပဲလေ ... ။

အမြင့်ပျံ ငှက်တအုပ်
ခပ်သုတ်သုတ် အိမ်အပြန်
တိမ်ယံထက်က နေမင်း
နှုတ်ဆက်ရင်း အလင်းချွေ
တောင်စွယ်မှာ ... နေကွယ်လုပြီလေ ... ။

အိပ်မက်တွေကို ကျောခိုင်း
လေရိုင်းတွေကို စီးနင်း
ခရီးပြင်းကို ဆက်နှင်
ပြန်လာခဲ့ချင်လျက်
အတွေ့ခက်ခက်
နေ့ရက်တွေထဲမှာ
ခွဲခွါခြင်းတံတိုင်းတွေ ကာထား
ကမ္ဘာတွေလဲ ခြား ... လို့ ... ။

ဒီရေလှိုင်း အကျမှာ
အိမ်ပြန်ရလေမလား ...
ဒီသောင်ယံအိုမှာ
ခိုလှုံရမှာလား ...
စဉ်းစားရင်း မောလျ
သောကညရဲ့ အလယ်မှာ
ကြယ်တွေကို ရေတွက်ရင်း
လမင်းအကြွေကို ကောက်
အိမ်အရောက် ပြန်ခဲ့ပါရစေ ... ။

ဆုံတွေ့ကြတဲ့အခါ ...
အမှားတွေထဲမှာ ပျော်မွေ့
အမှန်တွေကို မေ့ပစ်ရင်း
လွတ်လပ်ခြင်း တေးကိုသီ
ကာရန်ညီ ကဗျာတွေဖွဲ့မယ်လေ ... ။ ... ။
***
မေဓာဝီ
၂၈၊ မေ၊ ၂၀၁၁

Read More...

Saturday, February 02, 2013

မျက်ဝန်းမှာမိုး ... ရင်မှာနွေ ...

***
အဲဒီညက ၀ိုင်အမ်စီအေမှာ ချက်စ်ထိုးပြီးအပြန် ထုံးစံအတိုင်း လက်ဘက်ရည်ဆိုင် ထိုင်ကြတော့ ဦးလ၀န်းအောင်က သူ ခေါင်းစဉ်လေးတခု ရထားတယ် သီချင်းရေးရင် ကောင်းမလား ဆိုပြီး အဖေ့ကို ပြောတယ် …
သူ့ခေါင်းစဉ်လေးက … မျက်ဝန်းမှာ မိုး … ရင်မှာ နွေ … တဲ့

အဲဒီနာမည်လေးကြားလိုက်တော့ အဖေ့စိတ်ထဲ သိပ်သဘောကျသွားတာပဲ၊ ဒါနဲ့ ခင်ဗျား မရေးရသေးရင် ကျနော် ကဗျာရေးမယ်ဗျာလို့ ပြောပြီး အဲဒီည အိမ်ပြန်ရောက်တော့ ညတွင်းချင်း ကဗျာတပုဒ် ရေးလိုက်တာ ပြီးသွားရော …

တနေ့လည်ခင်း အဖေနဲ့ စကားပြောဖြစ်တော့ အဖေက သူ့ကဗျာလေး စတင်ဖြစ်တည်ခြင်း အကြောင်း ကျမကို ပြောပြတယ်။ အဲဒီအကြောင်း အဖေခဏခဏ ပြောပြဖူးလို့ သိနေပေမဲ့ ထပ်နားထောင်ချင်လို့ ကျမက စပြီး မေးခဲ့တာပါ။ ဒီလိုပဲ အဖေ့ဆီက ရှေးဟောင်း နှောင်းဖြစ်လေးတွေကို အပ်ကြောင်းထပ်အောင် ကျမက မေးနေကျ၊ ကျမမေးတိုင်းလဲ အဖေက မညည်းမညူ ပြောပြနေကျ။

“နောက်တနေ့ မနက် အပြင်သွားရင်း ကြုံလို့ သူ့အိမ်ဝင်တော့ သူကမရှိဘူး၊ သူ့မိန်းမပဲ ရှိတယ် … အဖေကလဲ ညက ကဗျာအကြမ်းရေးထားတဲ့ စာရွက် ပါမသွားဘူး၊ ဒါနဲ့ သူ့မိန်းမကို စာရွက်တရွက်တောင်းပြီး ကဗျာလေး ပြန်ချရေးပေးခဲ့တယ်”

ဥတုသုံးလီ၊ ရာသီနွေလ
မိုးမှ တဖန်၊ ဆောင်းရောက်ပြန် …

အစချီတဲ့ ကဗျာလေးကို ကျမစိတ်ထဲက ရွတ်ဆိုနေမိတယ်။

“ဦးလ၀န်းအောင်က ကဗျာကို ဖတ်ကြည့်ပြီး ကြိုက်တာနဲ့ သူ သံစဉ်သွင်းမယ်ဆိုပြီး ဧည့်ခန်းက စန္ဒယားခုံအနားမှာ စာရွက်လေးကို ချိတ်ထားသတဲ့ …”

တရက်တော့ သူ့အိမ်ကို ဂီတစာဆို ကျောက်ကုန်းကိုကိုကြီး ရောက်လာတယ်၊ သူက အိမ်သာတက်နေလို့ ဧည့်ခန်းမှာ ထိုင်စောင့်ရင်း ချိတ်ထားတဲ့ ကဗျာစာရွက်ကလေးကို မြင်သွားပါလေရော …”

အဲဒီနေရာရောက်တိုင်း ကျမ ရင်တွေခုန်လာပြီး အသက်ရှူသံတွေ မြန်လာတယ်၊ ဘာလို့ မြင်မြင်ထင်ထင် ချိတ်ထားတာလဲ … စိတ်ထဲက ဦးလ၀န်းအောင်ကို အပြစ်တင်ချင်သလိုလို … အားမလို အားမရ ဖြစ်သလိုလို။

“ကျောက်ကုန်းကိုကိုကြီးက ချိတ်ထားတဲ့ ကဗျာစာရွက်လေး ဖြုတ်ဖတ်ကြည့်ပြီး သဘောကျလို့ ဦးလ၀န်းအောင်လဲ ထွက်လာရော သူ့ကိုပေးဖို့ တောင်းသတဲ့ … ဦးလ၀န်းအောင်ကလဲ ယူသွားလို့ဆိုပြီး မဆိုင်းမတွ ပေးလိုက်တယ် …”

ကျမရင်ထဲ ဟာသွားတယ်။ သိပြီးသား အကြောင်းအရာပေမဲ့ နားထောင်တိုင်း စိတ်ထဲ စနိုးစနောင့် ဖြစ်နေကျ … ။ လွယ်လိုက်တာ ... ။

ဖန်ဖန်ရွေ့လျော၊ ဒီသဘောနှင့်
သဘာဝတ္ထ၊ နိယာမကို
သိကြမြင်ရှု၊ ရတုအညီ
တခုစီ …

အဖေပြောသမျှ မျက်စိထဲမှာ ပုံဖော်မြင်ယောင်ရင်း ကဗျာအပိုင်းအစလေးက ခေါင်းထဲရောက်လာပြန်တယ်။

“အဲဒီကဗျာလေးကို ကျောက်ကုန်းကိုကိုကြီးက စန္ဒယားမြတ်လင်းဆီ အပ်ပြီး သံစဉ်သွင်းလိုက်တော့ သီချင်းတပုဒ် ဖြစ်သွားရော ဆိုပါတော့။ အဲ … ဒါပေမဲ့ သူတို့က အဖေ့ကဗျာ စာသားတွေကို ပြင်ကြသေးတာ …။ ရတုအညီ ဆိုတာကို ဥတုအညီဆိုပြီး ပြင်လို့ အဖေ မနည်းပြန်ပြောရတယ် … သူတို့က ရတုဆိုတာနဲ့ ရတုကဗျာလို့ပဲ ထင်နေတာလေ … ။  နောက်ပြီး သဘာဝတ္ထနိယာမ ဆိုတာကိုလဲ သဘာဝ နိယာမလို့ ပြင်ဆိုတယ်၊ အဲဒါကိုတော့ ပြောမနေတော့ပါဘူး …”

ဝေါဟာရမကြွယ် နားမလည်သူတွေ အလယ်မှာ အဖေ့ ကဗျာလေးက အမြီးနုတ် ခေါင်းနုတ် ရုပ်ပျက် ဆင်းပျက်များ ဖြစ်သွားသလား … ကျမ နှမြောနေမိတယ်။

“အဲဒီသီချင်းကို ဆိုင်းဝိုင်းကြီးနဲ့ တီးပြီး တက္ကသိုလ်နီနီမာက ဆိုတယ် … တကယ့်ကို မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ၊ နောက်တော့ ရေဒီယိုမှာ အသံလွှင့်တယ်လေ …”

ဒီလောက်ထိ ဆိုရင်တော့ အဖေ့ကဗျာလေးရဲ့ အောင်မြင်မှုက ၀မ်းသာစရာပေါ့။ ဒါပေမဲ့ … ကျမက အဆုံးသတ်ကို သိနေတာမို့ ဘယ်ဝမ်းသာလို့ ရပါ့မလဲ။

“ဦးလ၀န်းအောင်က ပြောတယ် ခင်ဗျား ကဗျာ အသံသွင်းပြီးသွားပြီ၊ ရေဒီယိုမှာ ဘယ်နေ့လာမယ် … ဆိုတော့ အဖေတို့ စောင့်နားထောင်ကြတာပေါ့ ရေဒီယိုက အသံလွှင့်တော့ ရေးသူက … ဂီတစာဆို ကျောက်ကုန်းကိုကိုကြီး … တဲ့လေ …”

သိပြီးသား အဆုံးသတ်ပေမဲ့ ထပ်ကြားရတော့လဲ ရင်ထဲက မခံနိုင်ပြန်ဘူး။ ကြားရတာ ခါးသီးလွန်းတယ်။ အဖေက ဘာမှ မပြောဘူးလား … အဖေက ဒီတိုင်း ငြိမ်နေရလား … ဦးလ၀န်းအောင်ကရော … သူ့ကဗျာမဟုတ်တိုင်း … မချင့်မရဲနဲ့ ကျမ ... ရင်ထဲမှာ ပူလို့ … ။

ဖြစ်-တည်-ပျက်-ချုပ်
မဆုတ်မနစ်၊ အသစ်သစ်မို့
နှစ်သက်စဖွယ်၊ မြတ်နိုးဖွယ် … ။
***
တကယ်တော့ ကိုယ့်ချစ်သူကို တခြားလူ အလစ်သုတ်တာ ခံလိုက်ရတာပဲ။ ဒီအကြောင်း နားထောင်တိုင်း ကျမက အဲဒီလို အမြဲတွေးမိတယ်။

“ပိုဆိုးတာက ကျောက်ကုန်းကိုကိုကြီးက အင်တာဗျူးတခုမှ ဖြေသွားတာ … အဲဒီသီချင်းဟာ သူ့တသက်တာမှာ အပင်ပန်းဆုံး ရေးခဲ့ရတဲ့ သီချင်း … တဲ့ …”

အဖေက စကားကို အဆုံးသတ်လိုက်ပေမဲ့ ကျမက အတွေးတွေကို အဆုံးမသတ်နိုင်ခဲ့ဘူး။ အဖေက ပြဿနာမရှာချင် ... ခပ်အေးအေးနေချင်တာကြောင့်လား၊ ကိုယ့်ကဗျာလေး သီချင်းအဖြစ် နားထောင်ရတာကိုပဲ ကျေနပ်နေတာလား၊ သူက နာမည်ရှိသူ ကိုယ်က နာမည်မရှိသူမို့ မယှဉ်ပြိုင်ချင်တဲ့ သဘောလား … ဘယ်လိုပဲဖြစ်ဖြစ် အဖေ့ကို အားမရခဲ့တာတော့ အမှန်ပါ။

မတည်ယိုယွင်း၊ မိုးတွင်းနှင်းဝေ
ခါနွေချမ်းခိုက်၊ ဆောင်းပူအိုက်သော်
အလိုက်အထိုက်၊ ရင်မှာပိုက်ကာ
ပျော်လိုက်မယ် …။

အလိုက်အထိုက်ဆိုတာ နေရာတကာတော့ မကောင်းဘူး မဟုတ်လား အဖေ … ။
***
“ရာသီဥတုတွေ မှန်နေရင် ပျော်စရာကောင်းသလို ရာသီဥတုတွေ ဖောက်ပြန်လို့ မိုးတွင်းနှင်းကျ နွေခါမှာ ချမ်းအေးနေရင်တောင် အလိုက်အထိုက် နေနိုင်ရင် ကျေနပ်စရာပဲ … ဒါပေမဲ့ … နေပူတဲ့ တချိန်ထဲမှာ မိုးက ရွာပြီး မုန်တိုင်းကလဲ ထန်နေတယ် … အဲဒီလို လောကဓံမျိုးကို တပြိုင်ထဲ ကြုံလာရတော့ ခံနိုင်ရည် မရှိဘူးပေါ့ …”

အဖေက ကဗျာအကြောင်းလေး ဆက်ရှင်းပြတယ်။ မျက်စိကို မှိတ်ထားပြီး အဖေ့စကား နားထောင်နေရင်း မုန်တိုင်းကြားက ချစ်သူနှစ်ဦးပုံရိပ်ကို မြင်ယောင်နေမိတယ်။

ရာသီနွေလ၊ ပူပြင်းစ၀ယ်
မိုးကမစဲ၊ တသဲသဲနှင့်
ဖက်တွဲတူယှဉ်၊ မုန်တိုင်းဆင်သော်
ကြင်သူနှင့်လွဲ၊ အသည်းတွေကြွေ … ။
 
".... ဒါပေမဲ့ ... ၀တ္ထုတပုဒ်ပဲ ဖြစ်ဖြစ်၊ ဇာတ်ကားတကားပဲ ဖြစ်ဖြစ် ... ခင်း - ခက် - ဖြေ ဆိုတာ ရှိတယ်။ အခက်အခဲတွေနဲ့ ကြုံတွေ့ပြီးတဲ့နောက်မှာ အဲဒီအခက်အခဲတွေကို ကျော်လွှားနိုင်မယ့် အဖြေလဲ ရှိရမယ် မဟုတ်လား။ အဲဒီလိုပဲ အဖေ့ကဗျာမှာလဲ နောက်ဆုံးကျတော့ ...  ... "  

အဖေက သမားရိုးကျ သီဝရီကို ပြောပြတယ်။ တကယ့်လက်တွေ့ဘ၀မှာ အခက်အခဲတွေတိုင်းအတွက် မှန်ကန်တဲ့ အဖြေရှိပါ့မလား ... ကျမစဉ်းစားနေမိတယ်။
***
ဒီဇင်ဘာလလယ်လောက် ကတည်းက တွန်နေတဲ့ ဥသြသံကို သတိထားခဲ့မိတယ်။ သူတို့ နွေကို အကြိုစောလွန်းလှတယ် ... ။ နိုဝင်ဘာလက ဖေဖော်ဝါရီလအထိကို ဆောင်းရာသီလို့ သတ်မှတ်ထားပေမဲ့ ဇန်န၀ါရီလရဲ့ နောက်ဆုံးရက်တွေမှာလည်း မိုးသည်းသည်း ရွာခဲ့သေးတယ်။ အုံ့ဆိုင်း သည်းထန် ရွာခဲ့တဲ့ မိုးဒဏ်ကြောင့် သရက်ဖူးလေးတွေတောင် မြေပေါ်မှာ အတုံးအရုံး ပြန့်ကျဲလို့ ... ။ ဒီမနက် ကောင်းကင်ကို ကြည့်မိတော့ ဟိုတစ ဒီတစ လွင့်မျောနေတဲ့ ဖေဖော်ဝါရီ တိမ်တအုပ်က နေရောင်ခြည်ကြောင့် ပိုပြီး တောက်ပ ဖြူဆွတ်နေသလို ... ။ ပြောင်းလဲ နေတဲ့ ရာသီဥတုကြား ... နှလုံးသားက နေသားမကျနိုင်သေးဘူး။ 

နေပူမိုးရွာ၊ ဗျာပါဖိစီး
အခက်ကြီးကြုံနေ။
တွေမှိုင်ခွေယိုင်၊ ရေဆိုင်ဝဲသို့
အသည်းမခိုင်၊ ၀မ်းထဲမီးလောင်
မျက်တောင်ရေလွှမ်း၊ ဥတုဆန်းကြောင့်
ပင်ပန်းဆင်းရဲ၊ ချစ်ကံမွဲကို ...

ဝမ်းထဲမီးလောင် မျက်တောင်ရေလွှမ်း ... တဲ့။
ပင်ပန်းဆင်းရဲ ... ချစ်ကံမွဲ ... တဲ့။
အဖေသုံးထားတဲ့ စကားလုံးတွေကို အထပ်ထပ် ရွတ်ဆိုနေမိတယ်။ အချစ်ကံခေသူ ... အချစ်ကံမွဲသူမှာ ၀မ်းထဲမီးလောင် မျက်တောင်ရေလွှမ်း ရလောက်အောင် ပင်ပန်းဆင်းရဲ လွန်းလေသလား... ။
***
"သာယာအေးချမ်းတဲ့ ဆောင်းရာသီကာလဟာ သူတို့အတွက် မျှော်လင့်ချက် တခုပဲပေါ့ ... လောလောဆယ် ငိုကြွေးနေရပေမဲ့ အဲဒီအချိန်မှာ အတူတူလက်တွဲရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အားခဲပြီး လောကဓံကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ဖို့ ... အရှုံးမပေးဖို့ ... ... ... "

အားခဲကြံ့ခိုင်၊ အနိုင်မပေး
ရင်ဆိုင်တွေးလို့၊
ချမ်းအေး ဆောင်းလ၊ ရောက်လိုလှပြီ
ကြည်ဖြူလက်တွဲ၊ အမြဲမသွေ
နီးရမယ့်အခြေ ...
တသက်လွမ်းစရာမျိုး ဆင်လှာပေ
မျက်ဝန်းမှာ မိုး ... ရင်မှာ နွေ ... ။ ... ။

အမှန်ကို ဆိုရရင် အဖေပြောသလို ကျမ မတွေးမိဘူး။ ကဗျာမှာ ပေးချင်တာ ... မျှော်လင့်ချက်နဲ့ ကြံ့ကြံ့ခိုင်ဖို့ ဆိုတာထက် ... မျှော်လင့်ချက်မဲ့စွာ ... တသက်လုံးပဲ လွမ်းနေရမလို ... ရင်မှာပူလောင်ပြီး ငိုကြွေးနေရမလိုဘဲ ... လို့ ...  စိတ်ထဲ ခံစားမိတယ်။ ခေါင်းစဉ်ကိုက မျက်ဝန်းမှာမိုး ... ရင်မှာနွေ ... မဟုတ်လား။

နှစ်ပေါင်းများစွာ ကြာခဲ့ပြီမို့ ... အဖေက ကဗျာတပုဒ်လုံး သေချာ မမှတ်မိတော့ဘူး။ သီချင်းကတော့ သံစဉ်နဲ့မို့ နားစွဲပြီး မှတ်မိနေခဲ့တယ်။ မှတ်မိသလောက် ကဗျာရယ် သီချင်းရယ် ရောပြီး အဖေ ပြန်ပြောပြထားတာကို ကျမက လိုက်မှတ်ထားခဲ့တာပါ။ နည်းနည်းပါးပါး လွဲချင်လဲ လွဲနိုင်ပါတယ်။ အဖေနဲ့ ဒီကဗျာအကြောင်း ပြောဖြစ်တုန်းက ကျမက ဘိလပ်မှာ။ သာယာအေးချမ်းတဲ့ ဆောင်းကာလ လို့ အဖေကပြောတော့ ဥရောပရဲ့ ဆောင်းရာသီကို တွေးမိပြီး ကျမ ကျောချမ်းမိသေးတယ်။  
 
အခု ဒီစာကို အဆုံးသတ်ချိန်မှာတော့ မြန်မာပြည်ရဲ့ အမည်ခံ ဆောင်းရာသီ ကုန်လုပြီပေါ့။ ဘာပဲဖြစ်ဖြစ် ဒီနှစ် ဆောင်းရာသီလေးက ကျမအတွက် အမှတ်တရတွေ အများကြီး သယ်ဆောင်လာခဲ့တယ်။ ဆောင်းတွင်းမှာ မိုးရွာလိုရွာ၊ နွေခေါင်ခေါင်လိုလဲ ပူလိုပူ ... မတည်မငြိမ် ဖောက်ပြန်လှချည်ရဲ့လို့ ရာသီဥတုကို အပြစ်တင်နေမိတဲ့ကျမ ကိုယ်တိုင်ကရော ဘယ်လောက် တည်ငြိမ်လို့လဲ ... ။ ကိုယ်ကိုယ်တိုင်ရဲ့ မတည်ငြိမ်ခြင်း ဖောက်ပြန်ခြင်းတွေကိုတော့ ... အမေ့မေ့ အလျော့လျော့နဲ့လေ ... ။
***
မေဓာဝီ
၃၊ ဖေဖော်ဝါရီ၊ ၂၀၁၃
၀၀း၅၅ နာရီ (မြန်မာစံတော်ချိန်)
 
(မှတ်ချက်။ ... ။ ကာယကံရှင်တွေကို အားနာသောအားဖြင့် အမည်များ အနည်းငယ်ပြောင်းလဲ ထားပါသည်။)

Read More...