Sunday, November 25, 2007

ညောင်ပင်တစ္ဆေ

ညောင်ပင်တစ္ဆေ … (ဝေလေလေ)
နင်ဘယ်ကိုင်းမှာနေ … (ညောင်ကိုင်းမှာနေ)
နင်ဘာရေသောက် … (ညောင်ရေသောက်)
နင်ဘာသီးစား … (ညောင်သီးစား)

***
ငယ်ငယ်တုန်းက ညောင်ပင်တစ္ဆေ ကစားနည်းလေးကို ကစားခဲ့ဖူးသည်။ ညောင်ပင်တစ္ဆေ လုပ်သူက တဖက်၊ ကျန် ကစားသူတွေက တဖက် အပြန်အလှန် ပြောဆို ကစားကြရသည်။ အဆိုပါ ကစားနည်းအရ တွေးကြည့်လျှင် ညောင်ပင်တစ္ဆေဟူသည် ညောင်ပင်ပေါ်မှာနေ၊ ညောင်ရေကို သောက်၊ ညောင်သီးကိုစားပြီး ညောင်ပင်ကြီးကို မှီခိုကာ ရှင်သန်နေထိုင်ရသူပင် …။ သို့သော် ထို ညောင်ပင်တစ္ဆေသည် သူမှီခိုနေထိုင်ရာ ညောင်ပင်ကြီးအား မည်သို့ အကျိုးပြုပေးပါသလဲ?? မည်သို့ အကျိုးပြုနိုင်ပါသလဲ?? မည်သို့ အကျိုးပြုနေပါသလဲ?? စဉ်းစားနေမိပါ၏။
***
သူတို့ ရပ်ကွက်ထဲတွင် ညောင်ပင်ကြီး တပင်ရှိသည်။ ညောင်ပင်ကြီးက တော်တော်ကြီးပြီး အရွက်အခက်များ ဝေဖြာလို့ နေ၏။ အသီးသီးချိန်ဆို ညောင်သီးလာစားသော ငှက်ကလေးများ ဆူညံအော်မြည်လျက်…။ ရပ်ကွက်သူ ရပ်ကွက်သား တချို့က ညောင်ပင်အောက်မှာ ခရီးသွားများ သောက်သုံးရန် ရေချမ်းစင်ကလေး တည်ထားသည်။ တချို့က ညောင်ပင်အောက်မှာ အမှိုက်သရိုက် ကင်းရှင်းစေရန် လှဲကျင်းလို့ ထားကြ၏။ တချို့ကတော့ ဖယောင်းတိုင်နှင့် အမွှေးတိုင်လေး ထွန်းညှိကြလေသည်။ တချို့ကလည်း ကိုင်းညွှတ်ကျနေသော ညောင်ကိုင်းတွေကို ၀ါးလုံးဖြင့် ထောက်သူထောက်၊ ညောင်ပင် ရှင်သန်အောင် ရေစင်သွန်းလောင်းသူက လောင်း၊ ရပ်ကွက်ထဲက ငွေကြေးတတ်နိုင်သူ စေတနာရှင် တဦးကတော့ ညောင်ပင် ပတ်ပတ်လည်မှာ ထိုင်လို့ရအောင် အုတ်ဘောင်ကလေး ပတ်ပြီး စီထားပေးသည်။

ထိုသို့ ညောင်ပင်ကြီး သာယာစိုပြေလာသောအခါ ထုံးစံအတိုင်း အဖျက်သမားများ ပေါ်ပေါက်လာလေတော့၏။ ရပ်ကွက်ထဲက ဆိုးသွမ်းသူ လူမိုက်တစုသည် ညောင်ပင်ကြီးမှာ စတည်းချကာ မကောင်းမှု ဒုစရိုက်များ လုပ်ကိုင်လာကြသည်။ ညောင်ပင်အောက်မှာ မူးယစ်ဆေးဝါးများ သုံးစွဲခြင်း၊ ရောင်းဝယ်ခြင်း၊ စာရိတ္တချို့ယွင်းသူ မိန်းကလေးများ၊ ပြည့်တန်ဆာများနှင့် ချိန်းဆိုတွေ့ဆုံ ပျော်ပါးခြင်းတို့ ပြုလုပ်ကြသည့်အပြင် ရေချမ်းအိုးထဲမှ ရေများကို သွန်ပစ်၊ မှောက်ပစ်၊ ရေခွက်တွေ ခဏခဏ ဖျောက်ပစ်၊ တခါတခါ ရေအိုးကိုပင် ခွဲသွားတတ်ကြသည်။

အရွက်တွေ ခြွေလိုခြွေ၊ အကိုင်းတွေ ချိုင်လိုချိုင်၊ သန့်ရှင်းသောနေရာမှာ အညစ်အကြေးတွေ စွန့်လိုစွန့်၊ ထိုင်ခုံ အုတ်ဘောင်ကလေးမှာလည်း ညစ်ညမ်းသည့် စာတန်းများ ရေးထိုးကြသည့် အပြင် သူတို့အား တားမြစ်သူ၊ ကန့်ကွက်သူများကိုသော် လည်းကောင်း၊ ညောင်ပင်ကြီး တ၀ိုက် ပြန်လည်သာယာအောင် ပြုလုပ်ပေးသူများကိုသော် လည်းကောင်း ခြိမ်းခြောက် နှောက်ယှက်ကြပြန်လေ၏။
***
ထိုညောင်ပင်ကြီးထက်က ညောင်းကိုင်းတွေပေါ်မှာတော့ ညောင်ပင်တစ္ဆေတွေ အမှန်တကယ်ကို ရှိနေပါသည်။ ညောင်ပင်တစ္ဆေတွေကတော့ ညောင်ပင်ကြီးပေါ်မှာ မြိန့်မြိန့်ကြီး နေနေကြပြီး ထိုထိုသူများ လုပ်သမျှကို အပေါ်စီးက အကဲခတ်နေကြသည်။ တချှို တစ္ဆေတွေကတော့ ညောင်ကိုင်းတကိုင်းမှ တကိုင်း မြင့်သထက် မြင့်ရာသို့ တက်လှမ်းသွားကြသည်။ မြင့်ရာသို့ မတက်လျှင်လည်း ကိုင်းနိမ့်တွေမှာဆို သိပ်စိတ်ချရတာမဟုတ်…၊ ဟိုလူမိုက်တွေ ချိုင်တာနှင့်ပင် ဘုံပျောက်နိုင်သည်ကိုး…။ ကိုင်းမြင့်ထက်ကို ရောက်သွားပြီးသော ညောင်ပင်တစ္ဆေ အများစုကတော့ ညောင်ပင်အောက်ကိုပင် ပြန်ငုံ့မကြည့်ကြတော့ပေ။

ခပ်နိမ့်နိမ့်ကိုင်းက တစ္ဆေတွေကတော့ လူမိုက်တွေ နှောက်ယှက်ဖျက်ဆီးသည့်အခိုက် တခါတလေမှာ ထထ ခြောက်တတ်ကြပါသေးသည်။ ဒါပေမယ့်လည်း သူတို့က တစ္ဆေတွေပဲ မဟုတ်လား။ ခြောက်ရုံကလွဲပြီး ဘာတတ်နိုင်တာမှတ်လို့…။ လူမိုက်ဆိုတာမျိုးကလည်း မျက်ကန်းတစ္ဆေ မကြောက်သည့် အစားထဲက လူမျိုးမို့ ညောင်ပင်တစ္ဆေလောက်တော့ သူတို့က ရယ်တာပေါ့။

တချို့ တစ္ဆေတွေကတော့ ကိုယ်ယောင်ဖျောက်ပြီး ညောင်ပင်အောက်ကို ရောက်လာကာ ညောင်ပင်ကို ရေလာလောင်းကြပါသေးသည်။ သို့သော်လည်း အများစုက အကျိုးလိုလို့ ညောင်ရေ လောင်းခြင်းမျှသာ…။ တစ္ဆေများ၏ နှုတ်ဖျားကတော့ ညောင်ပင်ကြီး သာယာစိုပြေရေး၊ ညောင်ပင်ကြီး ရေရှည်တည်တံ့ရေး စသဖြင့် အော်နေကြပေမယ့် လက်တွေ့မှာတော့ ရပ်ကွက်သူ ရပ်ကွက်သားများကသာ ညောင်ပင်အောက်မှာ ပင်ပန်းဆင်းရဲခံကာ အနှောက်အယှက်များကြားက ညောင်ပင်ကြီးအတွက် ဆောင်ရွက်နေကြရပါသည်။

ညောင်ကိုင်းထက်က ညောင်ပင်တစ္ဆေများကတော့ ညောင်ပင်ကြီး အရေးထက် သူတို့ဘ၀ ခိုင်မာစွာ ရပ်တည် နေထိုင်ရေးကိုသာ ဦးစားပေး စဉ်းစားနေကြဆဲ…။ တချို့ကလည်း ဟိုကိုင်းကူရ ကောင်းနိုးနိုး၊ ဒီကိုင်းပြောင်းရ ကောင်းနိုးနိုး ဒွိဟ ဖြစ်နေကြလေသည်။ အကူးမတော်လျှင် တစ္ဆေသစ်ကိုင်းလွတ်လည်း ဖြစ်နိုင်သေးသည်ကိုး…။
***
ဒီလိုနှင့် အချိန်တွေ တရွေ့ရွေ့ ပြောင်းသွားသောအခါ... လူမိုက်တွေက အင်အားကောင်းလာကြပြီး ရပ်ကွက်သူ ရပ်ကွက်သားတချို့လည်း ခြေကုန်လက်ပန်း ကျလာကြပြီ။ ညောင်ပင်ကြီးလည်း တစတစ စိုပြေသာယာခြင်း ကင်းမဲ့လို့ နေပြီ။ ညောင်ပင်ထက်က ညောင်ကိုင်းတွေပေါ်မှာ ထိုင်နေသူ ညောင်ပင်တစ္ဆေများကတော့ … … … ။
`ညောင်ပင် တစ္ဆေ´ ဟု မခေါ်သော်လည်း
`ဝေလေလေ´ ဟု အော်နေကြမြဲ … … … ။
***
မေဓာဝီ
20th Nov, 2007
11:39 pm

7 comments:

philtre said...

good thinking and nice writing... keep it up...
i do agree with ur idea.. absolutely true!!!

ကလိုစေးထူး said...

ငယ်ငယ်က အဲဒီကစားနည်းကို ခဏခဏအော်ဟစ်ကစားဖူးပါရဲ့…။ မမေ အခု တွေးသလိုတော့ တခါမှ မတွေးမိဘူး။ ညောင်ပင်မှာနေရင်တော့ ညောင်ပင်ကြီး သာယာစိုပြေရေးက တစ္ဆေတိုင်း အဲ… :D (မမေက တစ္ဆေ ဆိုလို့) မှာ တာဝန်ရှိပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ညောင်ပင်အောက်က လူမိုက်တွေက ထင်တိုင်းကျဲနေမှာပေါ့။ မအားမလပ်တဲ့ကြားက ပို့စ်တွေ မှန်မှန်တင်နိုင်အောင် ကြိုးစားနေတာကို ကျေးဇူးတင်ပါတယ်။

Anonymous said...

မှန်လိုက်လေဗျာ။ အားပေးနေပါတယ်။

aung aung said...

မမေဓာဝီ ပျောက်ချက်သားကောင်းနေတာ ကြာပြီလို့ ကြည့်နေတာ အခက်အခဲတွေ ရင်ဆိုင်နေရတာကိုး။ ဒါပေမယ့် ဒီလောက်အခက်အခဲတွေကြားက စာကို ဖြစ်အောင်ပြန်ရေးတာ ကျေးဇူးတင်ပါတယ်။

မွန်းသက်ပန် (ဆေး-၁) said...

ပိုစ့်အတွက်ကျေးဇူးတင်ပါတယ် မရေ…

လေးစားလျှက်
မွန်းသက်ပန် (ဆေး=၁)

Ko Paw said...

မမေဓါဝီ။ ညောင်ပင်တစ္ဆေအကြောင်း ရေးပြီးရင် ပေါရိသာရ အကြောင်းရေးပါဦး လို့ ပွဲတောင်းပါရစေ။ ကျနော်တို့ ငယ်ငယ်က အစ်မတွေ သင်ရတဲ့ အထက်တန်းကဗျာ လက်ရွေးစင်ထင်ပါရဲ့….အဲသည်ထဲမှာ ဖတ်ရတယ်လေ။
“ဘာမပို တာဝေငှပြန်တော့
ရာဇဂြိုဟ် သာကေတရယ်နဲ့
ဗာရာဏရယ်တဲ့ တက္ကသိုလ်….”အစချီတဲ့ ကဗျာကလေးလေ။ အင်း….ကဗျာကို ကောင်းကောင်းမမှတ်မိတော့ဘူး။ နာမည်က ပေါရိသာရလမ်း ထင်တယ်။
ညောင်ပင်အောက်မှာနေပြီး လူတွေကို ဖမ်းဖမ်းသတ်စားတဲ့ မင်းအကြောင်းလေ။
မှတ်ချက်ဝင်မရေးဖြစ်ပေမယ့် ဆရာမရဲ့ ပို့စ်တွေကို အမြဲလိုလို စောင့်ဖတ်ဖြစ်ပါတယ်။

Anonymous said...

တစ္ဆေသစ်ကိုင်းလွတ် ဆိုတဲ့စကားက အသစ်လား...

းဝ)