Friday, December 31, 2010

၂၀၁၀ ကို နှုတ်ဆက်ခြင်း

နှုတ်ဆက်တယ် နှစ်ထောင့်တဆယ် …

မဟုတ်မဟတ် အမှားတွေနဲ့
အရှုပ်အယှက် စကားတွေကြားမှာ
ခင်တွယ်ရင်း ကျင်လည်ခဲ့
ငါ့ရဲ့ နှစ်ထောင့်တဆယ်
တကယ်တော့ ခဏလေး … ။

ခဏလေးပေမဲ့
ဝေးခဲ့ကြတဲ့ ဘ၀လေးတွေကြောင့်

အတွေးချဲ့ရတဲ့ ညလေးတွေ
တာရှည်ခဲ့ရပါသေးတယ် …
ကွယ် … ခုတော့ …
နေရစ်တော့ နှစ်ထောင့်တဆယ်။

လရိပ်မှာ ခိုဝင်
ကြယ်စင်ကို သီခူး
မြစ်ယံဦးမှာလဲ
ကြည်နူးခဲ့ဖူးပြီ … နှစ်ထောင့်တဆယ်။

ရွက်ခြောက်ကိုနင်း
ခွဲခွါခြင်းတေးကိုဆို
တကိုယ်စာ ဘ၀ကြမ်းကိုပဲ
ခပ်ရဲရဲ လှမ်းပါရစေ … နှစ်ထောင့်တဆယ်။

မျက်ရည်နဲ့ အပြုံး
အမုန်းနဲ့ အချစ်
အညစ်နဲ့ အဖြူ
အပူနဲ့ အအေးတို့ပမာ
ဝေးကွာခြင်းများစွာဖြစ်
အပြစ်တွေ ရှိသေးရင်လဲ
ခွင့်လွှတ်တော့ နှစ်ထောင့်တဆယ်။

နှစ်ထောင့်တဆယ်ရဲ့ အိပ်မက်တွေဟာ
ချိုသလိုနဲ့ ခါးသက် … ဒါပေမဲ့ စွဲမက်ခဲ့တယ်။

နှစ်ထောင့်တဆယ်ရဲ့ လရောင်ဟာ
မှိန်သလိုနဲ့ လင်းလက် … ပြိုးပြက်လှပခဲ့ရတယ်။

နှစ်ထောင့်တဆယ်ရဲ့ ညညတွေမှာ
ခဏခဏလန့်နိုး … အိပ်စက်ခြင်းကို ခိုးခံခဲ့ရတယ်။

နှစ်ထောင့်တဆယ်ရဲ့ အရိပ်တွေ …
နှစ်ထောင့်တဆယ်ရဲ့ အဆိပ်ရည် …
နှစ်ထောင့်တဆယ်ရဲ့ အတိတ်တွေ …
ရစ်ပတ်ခြုံသိုင်း
မုန်တိုင်းအသေးစားလို
ရင်ကို တိုက်စားခဲ့ …
… … … … … … …
… … … … … … …
… … … … … … …
ဒီလိုနဲ့ … တစစ
နှစ်ထောင့်တဆယ်က ကျန်ရစ်
နှစ်ထောင့်ဆယ့်တစ်ကို ကြိုသူတွေကြားမှာ …
ငါ … ငိုရမလား နှစ်ထောင့်တဆယ် … ။

တကယ်တမ်းက ...
နှစ်ထောင့်တဆယ်ဟာ မာယာမဲ့တယ်၊
ကိုယ်တိုင်ကလဲ ...
နှစ်ထောင့်တဆယ်မှာ သာယာခဲ့တယ်၊
ကဗျာတွေဖွဲ့ … ဇာတွေမချဲ့ချင်ပေမဲ့
စာနာတယ်ဆိုတဲ့ စကားတခွန်းနဲ့သာ
နှုတ်ဆက်လိုက်ပါတယ် …
နေခဲ့တော့ … နှစ်ထောင့်တဆယ်။
***
မေဓာဝီ
၃၁၊ ဒီဇင်ဘာ၊ ၂၀၁၀
၀၀း၀၁ နာရီ

(ချစ်သော ၂၀၁၀ သို့)

Read More...

Wednesday, December 29, 2010

အကောင်းမြင်ဖို့ရာ ...

Anonymous said …
ပုံတွေကြည့်ရုံနဲ့တင် အအေးဓါတ်က စိမ့်လာတယ် ဆရာမ။ ဆိုးရွားတဲ့ ရာသီဥတုကို အဆိုးမမြင် ချစ်ခင်စရာ စကားလုံးလေးတွေနဲ့ ကဗျာဆန်ဆန် စာကြောင်းလေးတွေဖွဲ့ နိုင်တဲ့ အတွက် အရာရာကို အကောင်းမြင်စိတ်မွေးနိုင်ဖို့ ဆရာမဆီက အများကြီး အတုယူရဦးမယ်။ အရင်က ဆရာမ ဒီလောက် အကောင်းမမြင်တတ်ပါဘူး။ မှတ်မှတ်ရရ ဆရာမင်းသိင်္ခနဲ့ ပတ်သက်တဲ့ ပိုစ့်တစ်ခုရေးတာတောင် မှတ်မိနေပါတယ်။ ဘာသာတရားလိုက်စားလွန်းတော့လည်း အကောင်းမြင်စိတ်များသွားတယ်ထင်တယ်။ ဒီရက်တွေထဲ စိတ်တိုင်းမကျစရာတွေများတယ်။ စိတ်တိုင်းကျတဲ့ ကဗျာတွေလည်း မရေးဖြစ်ဘူး။ ဘလော့မှာကဗျာတွေလာပြင်ပေးတဲ့အတွက် ကျေးဇူးတင်တယ်။ စာလုံးပေါင်းသတ်ပုံကျမ်းစာအုပ် အခုတလော လူနဲ့အတူတူရှိမနေတဲ့အတွက် စာလုံးပေါင်း တွေမှားရင် လာပြင်ပေးပါဦး။ နှစ်သစ်မှာ ဒီထက်မက အရာရာကို အကောင်းမြင်နိုင်ပါစေ။
ခင်မင်စွာဖြင့်...
***
ပြီးခဲ့တဲ့ ပို့စ်မှာ အမည်မပါတဲ့ အထက်ပါကွန်မန့်လေး ၀င်လာတော့ ထုံးစံအတိုင်း ကျမ အတွေးနယ်ချဲ့မိတယ်။ ဟုတ်ပါတယ်၊ သူပြောသလိုပါပဲ ကျမက အကောင်းမြင်စိတ် နည်းပါးလွန်းခဲ့ပါတယ်။ ငယ်ငယ်ကတည်းက (ခုချိန်ထိ) နေရာတကာမှာ ဆန့်ကျင်တဲ့ စိတ်နဲ့တွေးပြီး ဝေဖန်ရေး မျက်စိနဲ့ ကြည့်ခဲ့မိတယ်။ စာသင်တဲ့အခါမှာ ဆန့်ကျင်ဘက်အမြင်နဲ့ စောဒက မေးခွန်းတွေ ခဏခဏ ထုတ်ခဲ့မိတော့ ဆရာ ဆရာမတွေ အပါအ၀င် လူတကာရဲ့ ငြူစူခြင်းကိုလဲ အမြဲခံခဲ့ရတယ်။ ဒါပေမဲ့ ဒီလို တွေးတတ် မြင်တတ်တဲ့ အကျင့်ကို ကိုယ့်ဟာကိုယ်တော့ “မကောင်းမြင်ခြင်း”လို့ မတွေးမိဘဲ “critical thinking” ဆိုပြီး ဆင်ခြေတက် မိပါသေးရဲ့။ ကိုယ့်ကိုယ်ကိုယ်ဆိုတော့ ခပ်ဖော့ဖော့ ဝေဖန်ရတာပေါ့လေ။

တကယ်တမ်း critical thinking က မကောင်းမြင်ခြင်းနဲ့ လားလားမှ မတူဘဲ၊ ကျမဘာသာ ရောချလိုက်တာပါ။ လတ်တလော သင်ခဲ့ရတဲ့ ကျောင်းစာမှာလဲ professional scepticism ဆိုတာကို ကျမက ခပ်ထွေးထွေး နားလည်မှု လွဲခဲ့သေးတယ်။ အမြဲ သံသယစိတ်နဲ့ ကြည့်နေရမှာလား … အဲဒါဆို ဒါဟာ မကောင်းမြင်ခြင်းပဲ လို့ ကောက်ချက်ဆွဲခဲ့မိတယ်။ ဆိုလိုတာက မကောင်းမြင်ခြင်း မဟုတ်ပါဘူး။ အနီးစပ်ဆုံး ပြောရရင် ဝေဘန်ပိုင်းခြား စိစစ်ခြင်းလို့ ဆိုရလေမလား မသိ။

ဒီကနေ့ အဖေနဲ့ စကားပြောရင်း အဲဒီအကြောင်း ပြောဖြစ်တော့ အဖေက ခုလို ပြောပြပါတယ်။

“သမီး … ဗုဒ္ဓရဲ့ ၀ါဒက ၀ိဘဇ္ဇ၀ါဒပဲ၊ ဉာဏ်နဲ့ ဝေဘန်ပိုင်းခြားပြီးမှ ယုံကြည်လက်ခံဖို့ ဆိုပါတော့။ နောက်ပြီး စာသင်သားတွေအတွက် အင်မတန် မှတ်သားစရာကောင်းတာ တခု ရှိသေးတယ်။ အဲဒါက …

၁။ ဥဂ္ဂဟ - သင်ယူခြင်း။
၂။ ပရိပုစ္ဆာ - မရှင်းလျှင် တဖန်ပြန်မေးခြင်း။
၃။ သ၀န - နာယူခြင်း။
၎။ ဓာရဏ - မှတ်သား ဆောင်ထားခြင်း။
၅။ ပစ္စဝေက္ခဏာ - ဆင်ခြင်သုံးသပ်ခြင်း တဲ့။

အဲဒီမှာ ပစ္စဝေက္ခဏာဆိုတာ ဉာဏ်နဲ့ အပြန်ပြန် အထပ်ထပ် ဆင်ခြင် သုံးသပ်တာကို ပြောတာ။ ဒါကြောင့် စာသင်ယူတဲ့နေရာမှာ မေးဖို့လဲ မတွန့်နဲ့၊ ဆင်ခြင်သုံးသပ်ဖို့လဲ မရွံ့နဲ့၊ မေးတယ်ဆိုရာမှာလဲ ကိုယ်နားမလည်လို့၊ ဒွိဟဖြစ်လို့ ရိုးသားစွာ မေးတာမျိုးပဲ ဖြစ်သင့်တယ်၊ ဆရာကို ပညာစမ်းတာမျိုး ကပ်သီးကပ်သပ် အတွေးနဲ့ မေးတာမျိုးဆိုရင်တော့ မကောင်းဘူးပေါ့”

အဖေပြောမှ … ကျမလဲ ခပ်ရှက်ရှက်နဲ့ ရယ်မိတယ်။ ကျမက စောဒက တက်ချင်စိတ်နဲ့ မေးချင် မြန်းချင် ဝေဖန်ချင်တာပဲ သိတယ်၊ သေချာလဲ ဉာဏ်နဲ့ မဆင်ခြင် မသုံးသပ်မိပါဘူး။ ဝေဖန်တယ်ဆိုတာဟာ ဉာဏ်ပါရမယ်၊ ဘာမှမသိ နားမလည်ဘဲ မဝေဖန်နိုင်ဘူး။ ဝေဖန်တာပဲ ဖြစ်ဖြစ် ချီးကျူးတာပဲ ဖြစ်ဖြစ် ကိုယ်က အဲဒီနယ်ပယ်မှာ တကယ် ကျွမ်းကျင်မှ ချီးကျူး ဝေဖန်သင့်တယ် မဟုတ်လား။ ဒါမှမဟုတ်ရင် ယောအတွင်းဝန် ဦးဖိုးလှိုင်ကို မြင်းထိန်းငတာက ချီးကျူးသလို ဖြစ်နေရင် မကောင်းဘူးလေ။
***
အခု ဒီကွန်မန့်လေးရလာတော့ ကျမသေချာ ပြန်စဉ်းစားမိပါတယ်။ ခုချိန်မှာ ကျမ တကယ်ပဲ အကောင်းမြင်တတ်နေပြီလား??? ။ သိပ်တော့ မထင်မိပါဘူး။ ကျမအနေနဲ့ မိဘဘိုးဘွား ဆွေမျိုးများရဲ့ ကျေးဇူးကြောင့် မိရိုးဖလာလွန် ဗုဒ္ဓဘာသာဝင် တယောက်အဖြစ် ဘာသာရေးမှာ သိသင့်သိထိုက်တာလေးတွေ အနည်းအကျဉ်း သိတာကလွဲလို့ လက်တွေ့ ကျင့်ကြံမှုအပိုင်းမှာ အင်မတန်မှ အားနည်းနေဆဲပါ။ ဒါကြောင့် ကျမ စာတွေထဲမှာ မကြာခဏ ထည့်ရေးခဲ့တဲ့ ယောနိသောမနသိကာရကို လက်တွေ့ကျကျ ကျင့်သုံးဖို့ရာ အလွန်ခက်ခဲနေတုန်းပါပဲ။

တကယ်က အကောင်းမြင်ခြင်းဆိုတာ “ယောနိသော မနသိကာရ” ပဲ မဟုတ်လား။ တလောက ယောနိသောမနသိကာရနဲ့ ပတ်သက်ပြီး မိတ်ဆွေတဦးနဲ့ ဆွေးနွေးဖြစ်တော့ သူရှင်းပြတဲ့စကားလေး မှတ်သားစဖွယ် နာယူခဲ့ရတယ်။ ယောနိသော မနသိကာရဆိုတာ “နားလည်မှုရှိခြင်း” … တဲ့။ သူက ဥပမာလေးနဲ့ ခုလို ပြောပြပါတယ်။

“မိခင်ရင်ခွင်ထဲက ကလေးဟာ ရင်ခွင်ထဲမှာပဲ ရှူးပေါက်ချတယ် ဆိုပါစို့ … မိခင်က စိတ်မဆိုးဘူး၊ အဲဒါကို မေတ္တာကြောင့်လို့ ယေဘုယျ မြင်တယ်၊ တကယ့်ယောနိသောက မေတ္တာဆိုတဲ့ အဒေါသ စေတသိက်နဲ့ တွဲပြီးပါလာလို့ ဖြစ်တာ၊ တနည်းအားဖြင့် မိခင်က သူ့ကလေးကို ခွင့်လွှတ်နားလည်ပေးနိုင်တယ်၊ သြော် … ကလေးပဲကိုး .. ဘယ်သိပါ့မလဲ ဆိုတဲ့ အတွေးမျိုးနဲ့ပေါ့၊ အဲဒီအတွေးကြောင့် မိခင်ဟာ စိတ်ဆိုးတော့ဘူး”

သူ့ရဲ့ ဥပမာလေးနဲ့ ရှင်းပြချက်ကို ကျမသဘောကျလို့ ဘယ်တော့မှ မမေ့တော့ပါဘူး။ နေရာတိုင်းမှာ အကောင်းမြင်တတ်ဖို့ … အရာရာကို သင့်တင့်စွာ နှလုံးသွင်းတတ်ဖို့ … လူတိုင်းအပေါ်မှာ နားလည်မှုရှိဖို့ ကျမ ကြိုးစားရပါအုံးမယ်။
***
မေတ္တာဖြင့် …

မေဓာဝီ
၂၉၊ ဒီဇင်ဘာ၊ ၂၀၁၀
၁၁း၂၆ နာရီ
(ဒီပို့စ်ကို ရေးဖြစ်စေခဲ့တဲ့အတွက် အမည်မပါသော ကွန်မန့်ရှင်နှင့် ယောနိသောမနသိကာရကို စိတ်ရှည်လက်ရှည် ရှင်းပြပေးခဲ့သော ကိုမင်းထက်တို့ကို ကျေးဇူးတင်ပါတယ်။ )

Read More...

Monday, December 27, 2010

ထိုနှစ်ရက်

ခရစ်စမတ်နေ့ နဲ့ boxing day (၂၆ ဒီဇင်ဘာ) မှာ မေဓာဝီတယောက် ပွဲဆက်တွေများပြီး အိမ်သိပ်မကပ်နိုင်ပါဘူး။ ဆင်ဖြူတော်မှီပြီး ကြံစုပ်တယ် ဆိုရမလားပဲ၊ ဦးရီးတော်ကို အကြောင်းပြုပြီး ၀ါးတီးတွေ သွားနေရတာ ည ၉ နာရီကျော် ၁၀ နာရီမှ အိမ်ပြန်ရောက်ပါတယ်။ အေးလဲအေး၊ ချမ်းလဲချမ်း၊ ပျော်လဲ ပျော်စရာကောင်းတဲ့ နေ့ရက် နှစ်ရက်ပါပဲ။

ပြာလွင်ကောင်းကင် နှင်းဖြူစင်လမ်း သစ်ပင်တန်းနှင့် ...

ခရစ်စမတ်နေ့က နေသာတယ် ... ဒါပေမဲ့ အပူချိန်က နေ့ခင်းမှာတောင် အနုတ် ၅။ ပြီးခဲ့တဲ့ တပတ်ကတည်းက ကျခဲ့တဲ့ နှင်းတွေ ... အပူချိန် သုညဒီဂရီအထက် မတက်တော့ နေရောင်ကို အံတုတဲ့ နှင်းထုထူထူက ခုထိဖြူလို့မဆုံးနိုင်သေး။ အဖြူရောင် ခရစ်စမတ်ကို တောင့်တသူများ အကြိုက်ပေါ့။

အဟမ်း ... လည်ချောင်းရှင်း ၀မ်းခေါင်းချဲ့ စားမယ့်ဟန်အပြင်

ကျွေးသူ စားသူ ဘယ်သူမှ ခရစ်ယာန် မဟုတ်ကြပေမဲ့ ဒီလို ပိတ်ရက်မျိုးမှာ မိတ်ဆွေအပေါင်းအသင်းတွေ ဆုံကြ ... စားသောက် ပျော်ရွှင်ကြ ... တဒင်္ဂတော့ လုပ်ငန်းခွင်က စိတ်ဖိစီးမှုတွေ ကင်းဝေးလို့ပေါ့။

ချိုချို အီအီ စားကြမည်

"ချိုလွန်းလို့ မစားနိုင်ဘူးလား၊ ပါဆယ်ထည့်ပေးလိုက်ပါမည်၊ အစားအစာ လူနှင့်တည့်သည်။ မကြာမကြာ စားပေးပါ။" (မှတ်ချက်။ သင်ပုန်းကြီး ဖတ်စာမဟုတ်ပါ။ အချိုပွဲ မုန့်တွေ အိမ်ရှင် အန်တီ ထည့်ပေးလိုက်သမျှ မေဓာဝီ အကုန် မ-လာပါတယ်)

ကူဆွဲပေးကြပါ .....

စားသောက်ပြီးတော့ ဆော့ကြတယ်။ ကလေးတွေရော လူကြီးတွေရော ... လူမကြီးတကြီးတွေရော ... ။

ဆွဲထား ဆွဲထား ပဲမများနဲ့

ဒီလိုပါပဲ။ အပျော်ဆိုတာ ကိုယ်ရှာမှတွေ့တာမဟုတ်လား။ ပျော်အောင်ကြံဖန် နေကြရတာပေါ့။ ကလေးတွေ ပျော်နေကြတော့ ကိုယ်လဲ ပျော်ပါတယ်။ ပျော်နေတဲ့ သူတို့ပုံလေးတွေ ရိုက်လိုက်တာ အပျော်လွန်လို့ လက်တုန်ပြီး ၀ါးသွားတယ်။

နှင်းမွေ့ရာထက် အအိပ်မက်သူ

နှင်းတောထဲ ထွက်ဓာတ်ပုံရိုက်ကြ ကစားကြ။ တူတူသွားတဲ့ ကလေးမလေးကို နှင်းတွေထဲ အိပ်ခိုင်းပြီး ဓာတ်ပုံရိုက်ပေးလိုက်တယ်။ သူ့ခမျာ အေးးးးလို့ ... ။ အေးတယ် အမ .. မြန်မြန်ရိုက်ပေးပါတဲ့။

သစ်ကိုင်းငုတ်တို သစ်ပင်အိုလဲ နှင်းကိုအံတု နေသလော

အရွက်တွေ ဝေစဉ်ကလဲ သိပ်လှတဲ့ သစ်ပင်ကြီး။ ခုလို အကိုင်းအဆစ်တွေ ဖြတ်ခံရပြီးနောက် နှင်းတောထဲမှာ မြင်ရတော့လဲ တမျိုးတဖုံ ကြည့်ကောင်းသလိုပဲ။

ရွှေရောင်တကန့် နှင်းတကန့်နှင့် ရှင်းသန့်စင်သည် မြတ်စေတီ

boxing day (၂၆ ဒီဇင်ဘာ) မှာ ဘာမင်ဂန်ဘုန်းကြီးကျောင်းကို ဆွမ်းဟင်းသွားပို့ကြတယ်။ ဘုရားပရ၀ုဏ်ထဲ ၀င်လိုက်တာနဲ့ မြင်ကွင်းက ထူးခြားဆန်းကျယ်လို့ ... ။

နှင်းဖြူဖုံးလွှမ်း စေတီနန်းလဲ ဆောင်းကြမ်း၏ဒဏ် ကြံ့ကြံ့ခံလျက် ...

ကျောင်းဝင်းတခုလုံး အဖြူရောင် လွှမ်းနေတယ်။ နှင်းဖြူတွေကြားမှာ ရွှေရောင်စေတီက ခန့်ငြားသပ္ပါယ်လို့။ စေတီနဲ့ ကျောင်းဝင်းကို ဓာတ်ပုံတွေ လှည့်ပတ်ရိုက်ပြီး ဘာမင်ဂန်က ပြန်တော့ ညနေ ၃ နာရီ ခွဲလုလု။ နောက်တနေရာ သွားရအုံးမှာမို့ ဘုန်းဘုန်းတွေကို နှုတ်ဆက်ပြီး ပြန်ခဲ့ကြတယ်။

တုံးလုံးပက်လက် ကြက်ဆင်ငှက်လဲ ပန်းကန်ထဲဝယ် သနားဖွယ်
ဘုန်းကြီးကျောင်းကအပြန် ဆက်ရတဲ့ နေရာက ၀ါးတီးတပွဲ ဆိုပါတော့။ မိတ်ဆွေကြီး ကိုအောင်ဘု လက်စွမ်းပြထားတဲ့ ကြက်ဆင်ကင်ပါ။ မစားခင် အညှော်အ၀ခံပြီးမှ စားရတဲ့ အမှတ်တရ ကြက်ဆင်မို့ မှတ်တမ်းတင်လိုက်ပါတယ်။

စားရတော့မည် ရယ်ရယ်ပြုံးပြုံး ...
(သြော် ... ကြက်ဆင်ကလေးကတော့ ကိုယ်တုံးလုံး)

စောင့်ရကျိုးနပ်အောင်ပင် စားလို့လဲ ကောင်းပါတယ်။ အောင်ဘုရဲ့ ပထမဆုံးလက်ရာတဲ့ ... နောက်ဆုံးလက်ရာတော့ ဟုတ်ဟန် မတူပါဘူး။ နောက်နှစ်လဲ ဖိတ်ကျွေးဖို့ စကားခေါ်ခဲ့ပါတယ် ... ။ အောင်ဘုနဲ့ အိမ်သားများ အားလုံးကို ကျေးဇူးတင်ပါတယ်။

အိမ်ပြန်ရောက်တော့ ည ၉ နာရီကျော်ပါပြီ။ အ၀တ်လဲ သိမ်းဆည်း၊ အဒေါ်တွေနဲ့ ဖုန်းပြော၊ လက်ဆောင်လေးတွေ ဖောက်ကြည့်၊ ရိုက်ထားတဲ့ ပုံလေးတွေ ပြန်ကြည့်၊ ဘလော့မှာ တင်ဖို့ စိတ်ကူးနဲ့ ပုံတွေရွေး upload တင် ... အားလုံးပြီးချိန်မှာ ည သန်းခေါင်ကျော်ပြီ ... အိပ်ချင်ပြီ ... ပင်ပန်းတယ် ... ဒါပေမဲ့ ပျော်တယ်။ စာမေးပွဲပြီးကတည်းက ရာသီဥတု ဆိုးလွန်းလို့ အိမ်ထဲမှာ ကုပ်နေခဲ့ရတဲ့ ကျမ ဒီနှစ်ရက်တာက စိတ်ကို relax ဖြစ်စေသလို ဝေယျာဝစ္စကုသိုလ် ဒါနကုသိုလ်တွေလဲ ပြုဖြစ်ခဲ့တယ်။ ပိုက်ဆံတပြားမှ မကုန်ဘဲ ... ကုသိုလ်လဲရ ၀မ်းလဲဝ ... အဟောဝတ ကောင်းလေစွ ... ။
***
မေဓာဝီ
၂၇၊ ဒီဇင်ဘာ၊ ၂၀၁၀
၀၀း၅၆ နာရီ

Read More...

Thursday, December 23, 2010

နှင်းရဲ့ဂယက်

တနေ့တနေ့ သတင်းကြည့်တိုင်း မိုးလေ၀သ သတင်းကို အထူးဦးစားပေး ကြည့်ဖြစ်တယ်။ နက်ဖြန် နေသာမလား၊ နှင်းကျမလား၊ အပူချိန် သုညဒီဂရီ အထက် တက်ဦးမှာလား … စသဖြင့်ပေါ့။ တခြားသတင်းတွေမှာလဲ ရာသီဥတုဆိုးရွားခြင်းရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကို နေ့စဉ်လိုလို တွေ့နေရတယ်။ နှင်းကြောင့် လေကြောင်းခရီးစဉ်တွေ ဖျက်လိုက်ရလို့ လေဆိပ်မှာ စုပုံနေကြတဲ့ ခရီးသည်တွေ၊ နှင်းကြောင့် ရထားတွေ မသွားနိုင်လို့ ချမ်းချမ်းစီးစီး ဘူတာမှာ စောင့်နေကြရသူတွေ၊ နှင်းကြောင့် ကားတွေ အသွားအလာခက်ပြီး ယာဉ်တိုက်မှုတွေ မတော်တဆမှုတွေ ဖြစ်ကြရတာတွေ … အအေးဒဏ် မခံနိုင်လို့ တိမ်းပါးသွားရတဲ့ သက်ကြီးရွယ်အိုတွေနဲ့ အိမ်ယာမဲ့တွေ၊ နေထိုင်မကောင်းဖြစ်ကြ ဖျားနာကြသူတွေ … အဲဒါတွေကိုပဲ နေ့ရှိသရွေ့ မြင်နေကြားနေရတယ်။ သြော် … နှင်းရဲ့ဂယက်တွေ … ။

တောင်ဘက်ရွာက တုံးဖလားသူကြီးကတော့ မိနှင်းသို့ပေးစာဆိုပြီး စာတတန်ပေတဖွဲ့နဲ့ သူ့သဘာဝ ကျလာတဲ့ နှင်းကို ရက်စက်ယုတ်မာလှချည်ရဲ့လို့ စွပ်စွဲထားသေးတယ်။ အစကတော့ သူပဲ ဆန္ဒနှင်းဆိုပြီး မနှင်းဖြူလေး ကို တမ်းတနေသေး … ခုတော့ မိနှင်းတဲ့၊ အခေါ်အဝေါ်ကအစ မတူတော့ဘူး။ သူကြီးတို့ အပြောင်းအလဲမြန်လိုက်ပုံများ အဲဒီလို … ။

အေးလွန်းလို့ ကျမကတော့ ခိုစာ ငှက်စာ ကျွေးရုံကလွဲလို့ အိမ်ထဲက အိမ်ပြင် မထွက်တော့ နှင်းရဲ့ဂယက်ကို မနှစ်ကလောက် သိပ်မခံစားရပါဘူး။ မနှစ်ကတော့ နှင်းရဲ့ ဂယက်ကို ဒီမှာရေးခဲ့ဖူးသလို လှလှပပ ခံစားလိုက်ရတာပေါ့။ ဒါတောင် မနှစ်တုန်းက ဒီနှစ်လောက် နှင်းမကျဘူး၊ ဒီနှစ်လောက်လဲ မအေးဘူး။ ဒါပေမဲ့ မနှစ်ကကျောင်းတက်တဲ့ မြို့လေးက တောင်ကုန်းလေးတွေ ဆင်ခြေလျှောတွေနဲ့ဆိုတော့ နှင်းတွေ ခဲသွားတဲ့အခါ လမ်းလျှောက်ရ သိပ်ခက်ပါတယ်။ အေးလွန်းလို့ အပြင်မထွက်ချင်ပေမဲ့ ဈေးဝယ် ကျောင်းတက် ထွက်ရသေးတာကိုး။

မနှစ်ကဆိုပေမဲ့ တကယ်တမ်း နှင်းတွေ အများကြီး ကျတာက ဒီနှစ် ၂၀၁၀ နှစ်ဦးပိုင်းကပါ။ ဖိုင်အဟောင်းတွေ ပြန်ရှာဖတ်ရင်း မနှစ်တုန်းက ကြုံရတဲ့ နှင်းရဲ့ဂယက်ကို ပေါက်ကရကဗျာ ရေးထားတာလေး ပြန်တွေ့လို့ တင်လိုက်ပါတယ်။ ကဗျာကတော့ ... ကလာကဗျေး ကလေးကဗျာပေါ့။ ဖတ်ကြည့်ကြပါအုံး။
***
နှင်းရဲ့ ဂယက်

တနိုင်ငံလုံး နှင်းတွေဖုံး
ဖွေးဖွေးဖြူမဆုံး၊
အတုံးအရုံး ဖျားကြတာ
ရာသီအေးလို့ပါ၊
အသွားအလာ အလွန်ခက်
ငွေနှင်းရဲ့ ဂယက်။

ရထား ကားနဲ့ လေယာဉ်တွေ
သွားရခက်လို့နေ၊
ပိတ်ရက်ရှည် ဒီကာလ
ဒုက္ခတွေရောက်ကြ။

နံနက်အိပ်ရာ ထချိန်မှာ
မီးဖိုထဲကိုလာ၊
စားချင်စရာ ဘယ်မှာမရှိ
ပေါင်မုန့်က နတ္ထိ။

ကလိကလိ မြည်သံပို
ဗိုက်ထဲကလိုလို၊
ပေါင်မုန့်ကို ၀ယ်ဖို့သွား
ကိုယ်ကို ကြပ်စည်းထား။

သတိထားပြီး လမ်းလျှောက်လာ
နှင်းများဖုံးနေတာ၊
လမ်းထိပ်မှာ ကော်နာရှော့ပ်
ပေါင်မုန့်ဝယ်မယ်ပေါ့။

မော့တော့ မော့တော့ ဆိုင်ထဲမှာ
ပေါင်မုန့် မတွေ့ပါ၊
မေးကြည့်သောခါ ဆိုင်မှာပြတ်
ငွေနှင်းရဲ့ ဂယက်။

ပေါင်မုန့်ပြတ်တော့ နံပြားဝယ်
ထောပတ်သုတ်စားမယ်၊
တထုတ်ကို တကျပ်ခွဲ
ကြက်ဥတကဒ်ပါဆွဲ။

မရဲတရဲ ဟိုဒီရှာ
နွားနို့ဝယ်ဖို့ပါ၊
ကံကောင်းစွာ နွားနို့များ
ဆိုင်မှာ အရှိသား။

နွားနို့ ကြက်ဥ နံပြားဝယ်
အိမ်ပြန်လာခဲ့တယ်၊
လက်ထဲမယ် ကင်မရာနဲ့
ပုံတွေရိုက်သေးရဲ့။

ဒီလိုနဲ့ပဲ အိမ်ရှေ့မှာ
လှေခါးတက်သောခါ
စလစ်ဖြစ်ကာ ချော်လို့လဲ
ကြက်ဥခြောက်လုံးကွဲ
(ဒါလည်း) နှင်းရဲ့ ဂယက်ပဲ … ။ … ။ :(
***
မေဓာဝီ
(နှင်းများသည်းထန်စွာ ကျသော ၂၀၁၀ နှစ်ဦးပိုင်းကရေးသည်)

Read More...

Tuesday, December 21, 2010

စာဆိုစစ်သည်

“အဖေ … သင်ပေါင်းရိုးရှည်ဆိုပြ …”

ငယ်ငယ်တုန်းက အဖေ့ကို အဲဒီလို ခဏခဏ ပူဆာခဲ့ဖူးတယ်။ “သင်ပေါင်းရိုးရှည် ရတု” အစချီတဲ့ စာဆိုစစ်သည် သီချင်းကို အဖေဆိုဆိုနေတာ ကြားပြီး သဘောကျခဲ့တယ်။ ရတုပိုင်ရှင် ဘယ်သူ၊ မူရင်းအဆိုရှင် ဘယ်သူဆိုတာ အဲဒီတုန်းကတော့ သေချာမသိခဲ့ဘူး။ အဖေ့စာအုပ်ဗီရို မွှေနှောက်ဖတ်တတ်တဲ့ အရွယ်ရောက်မှ ရတုပေါင်းချုပ် စာအုပ်တအုပ်ထဲမှာ အဲဒီရတုလေး အမှတ်တမဲ့ ဖတ်ခဲ့ဖူးလိုက်တယ်။ ဒါပေမဲ့လဲ နတ်သျှင်နောင်လား န၀ဒေးလား ခပ်ရောရောနဲ့ မေ့သွားခဲ့ပြန်ရော။ ကျမက ရေဒီယိုသီချင်းတွေလဲ သိပ်နားထောင်လေ့ မရှိတာမို့ အဲဒီသီချင်းကို အဖေဆိုတာက လွဲပြီး ဘယ်မှာမှ မကြားဖူးခဲ့ဘူး။

ဖိုရမ်တွေထဲ ကျင်လည်ချိန်ရောက်မှ နေးတစ်မြန်မာ ဖိုရမ်ထဲကနေ မြန်မာသီချင်းကြီးတွေ တင်ပေးသလောက် အကုန် ဒေါင်းလုတ်ယူရင်း ဒီသီချင်းလေးကို ရလိုက်တယ်။ အဆိုရှင်က စန္ဒယားထွန်းညွန့် တဲ့။ အင်မတန် နားထောင်လို့ ကောင်းတဲ့ သီချင်းလေးပါပဲ။ အဖေ့ကို သီချင်းဆိုပြပါဆိုပြီး ပူဆာလို့ မရနိုင်တဲ့ အဖေနဲ့ အဝေးကြီးကို သွားရမယ်ဆိုတော့ ဒေါင်းလုတ်ထားတဲ့ မြန်မာသီချင်းကြီးတွေအားလုံး တပါတည်း ယူလာခဲ့ပါတယ်။ အဖေ့ကို သတိရတိုင်း အထပ်ထပ် နားထောင်ဖြစ်တဲ့ သီချင်းလေး တပုဒ် ဆိုပါတော့။

လွမ်းတိုင်း အဲဒီသီချင်းကို နားထောင်ဖြစ်ပြန်တော့ တဆင့်တက်ပြီး စာဆိုစစ်သည်ရဲ့ ရတုကိုပါ ဖတ်ချင်လာတယ်။ အဖေ့ကိုလဲ ဟိုစာအုပ် ရှာပေးပါ၊ ဒီစာအုပ် ပို့ပေးပါနဲ့ ခဏခဏ ပူဆာရတာများတော့ ထပ်ပြီး မပူဆာချင်တော့ဘူး။ (ဒါတောင် မနေ့ကပဲ ရှင်အုန်းညိုရဲ့ ဂါထာခြောက်ဆယ်ပျို့ စာအုပ်ပို့ပေးဖို့ ပူဆာထားပါသေးတယ်။) ဒါနဲ့ပဲ မြန်မာကဗျာတွေ နှံ့စပ်ပြီး စာအုပ်တွေလဲ တော်တော်စုံတဲ့ ကိုဟယ်ရီကို မေးကြည့်တော့ န၀ဒေးကြီး ရေးတဲ့ ရတုလို့ပြောပြပြီး မနှစ်ကတည်းက ကျမဆီ ပို့ပေးထားတယ်။ ကျမကလဲ အကြောင်းတိုက်ဆိုင်ရင် ဘလော့မှာ တင်မယ်လို့ တေးမှတ်ထားခဲ့တယ်။

ဒီနေ့ နတ်တော်လပြည့် စာဆိုတော်နေ့မို့ ကျမနှစ်သက်စွဲလမ်းခဲ့ရတဲ့ စာဆိုရှင်ရဲ့ ရတုနဲ့ ဒီသီချင်းလေးကို အမှတ်တရအဖြစ် တင်လိုက်တာပါ။ ၀ါသနာပါရင် ရတုလေးဖတ်ပြီး သီချင်းလေး နားထောင်သွားကြပါအုံး။
***
ရတုအမှတ် (၁၁၄) ကျေးစေရတု

၁။ လျင်ကြောင်းကျိုးရည်၊ ဘက်စံရှည်၍့၊ မျိုးစည်မဝေး၊ မဟော်ကျေးနှင့်၊ ဘိုးဘေးမိဘ၊ တကွနေမှတ်၊ ငွေတောင်ထွတ်ဝယ်၊ ရံပတ်ရွေများ၊ ရွှင်ပျော်ပါး၍့၊ ဘုန်းအားနောင့်မှာ၊ ရောက်ပေလှာသည်၊ ရုပ်ဝါမြဆင်း၊ ကျေးမျာ့းမင်း ...၊ သက်နှင်းစုဝေ၊ မယ်တို့နေသည်၊ ရွှေမြေအောင်မျှို့၊ နန်းရပ်သို့လျှင်၊ ပျံတို့ချေလေး၊ မဖင့်နှေးနှင့်၊ ညီကျေးယုံနေ၊ သည်နှစ် နွေကို၊ တင်စေအကြောင်း၊ မရောက်တောင်းသည်။ ။ သင်ပေါင်းရိုးရှည် ပွင့်တကား။

၂။ သင်ပေါင်းရိုးရှည်၊ ခိုင်မြောက်စည်၍့၊ အမည်ခေါ်မှန်း၊ နိမိတ်ပန်းနှင့်၊ လန်းလန်းရောက်အောင်၊ လှထွတ်ခေါင်ကို၊ ကျေးမောင်ယူချေ၊ ဆက်ပို့လေလော့၊ ဆောင်းနွေပြန်ခါ၊ အတာနှစ်ဦး၊ လ တန်ခူးကို၊ ပိုက်ကြူးရွှေရင်၊ ရဝေခွင်ဝယ်၊ နွှဲလျှင်လမည်၊ မှာသည်ယုယ၊ ရွှေခွန်းကလည်း၊ များလှမဝေး၊ ခေါ်မေးရုံသာ၊ တောင်လက်ယာက၊ ရံကာမစ၊ ထိန်းယရွေပေါင်း၊ ခနေညောင်းသည်။ ။ ရှင်နှောင်းမျိုးမည် မြင့်တကား။

၃။ ရှင်နှောင်းမျိုးမည်၊ မြင့်လှသည်သို့၊ နေခြည်မ၀င်၊ ရောက်လေလျှင်သော်၊ သဘင်ထွတ်ကြိုက်၊ နှစ်ခြိုက်ရွှင်ပျော်၊ မယ်တော် ဘမင်း၊ သားချင်းကစ၊ ထိန်းယရံစောင်၊ လှထွတ်ခေါင်ကို၊ လက်ဆောင်ပန်းခက်၊ ကျွန်ုပ်ဆက်၍့၊ ချန်ဝှက်မထား၊ မှာသည်များကို၊ လျှောက်ကြားပေလျှင်၊ ပျံ့ရွှင်လိုလို၊ နောင့်ကိုရည်လျက်၊ လှူဘို့ဆက်သည်၊ အထက်စူဠာ၊ စွယ်လက်ယာကို၊ ရှိကြာစုံပေါင်း၊ လျင်ဆုတောင်းသည်။ ။ ကြင်ကြောင်းကျိုးသည် ခွင့်တကား။

န၀ဒေးကြီး
***
သီချင်း (ဆို - စန္ဒယားထွန်းညွန့်)


ဘယ်လောက်ကောင်းတဲ့ သီချင်းနဲ့ ရတုကဗျာလဲ … ။ ဒီနေ့အဖို့တော့ လပြည့်နေ့ပေမဲ့ ဥပုသ်မစောင့်ဖြစ်ဘဲ ဒီရတုနဲ့ သီချင်းကိုသာ အထပ်ထပ် ဖတ်နေမိ နားထောင်နေမိတော့တာပဲ။
***
ဆရာတော်မာဂဓီ (သာစည်) ရေးတဲ့ အခါတော်နေ့များ စာအုပ် ဖတ်ကြည့်တော့ ဒီနေ့ကို ဓမ္မစာဆိုတော်များနေ့လို့ သတ်မှတ်ထားတာ တွေ့ရပြီး အနန္တသူရိယအမတ်ကြီး ရဲ့ မျက်ဖြေလင်္ကာ၊ စတုရင်္ဂဗလ အမတ်ကြီး ရဲ့ လောကနီတိ၊ ရှင်မဟာသီလ၀ံသ၊ ရှင်မဟာရဋ္ဌသာရ၊ တောင်ဖီလာဆရာတော်၊ ဆရာတော်ဦးဗုဓ်၊ သင်္ဂဇာဆရာတော်၊ လယ်တီဆရာတော်၊ မန်လည်ဆရာတော်၊ မဟာဂန္ဓာရုံဆရာတော်နဲ့ တိပိဋကတ် ဆရာတော်ဦးဝိစိတ္တတို့ရဲ့ ဆုံးမစာတွေကို အကျဉ်းချုံး ဖော်ပြထားပါတယ်။

ခေတ်အဆက်ဆက် စာဆိုပညာရှင်တွေ စာဆိုဆရာတော်တွေဟာ လောက ဓမ္မ နှစ်ဌာန အကျိုးအတွက် ရွက်ဆောင် သယ်ပိုးခဲ့ကြတယ်။ ဒါကြောင့်လဲ နှစ်တွေ ဘယ်လောက်ကြာကြာ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း မမေ့ကောင်းတဲ့ စာတွေအဖြစ် ကျန်ရစ်နေခဲ့ကြတာ မဟုတ်လား။ သူတို့ရေးတဲ့ စာတွေနဲ့ မွေ့လျော် ကြီးပြင်းခဲ့ကြတဲ့ ကျမတို့လဲ ဒီစာတွေ ပျောက်ကွယ် တိမ်ကော မသွားစေဖို့နဲ့ ဒီစာတွေကို လူအများ မြတ်နိုးတန်ဖိုးထားတတ်စေဖို့ တတ်နိုင်သလောက် ကြိုးစားရပါအုံးမယ်။
***
မေဓာဝီ
၂၁၊ ၁၂၊ ၂၀၁၀
(နတ်တော်လပြည့်နေ့)
၁၇း၃၀ နာရီ

ဤစာစုလေးဖြင့် ခေတ်အဆက်ဆက် မြန်မာစာဆိုများအား လေးစားစွာ ဂါရ၀ပြုပါ၏။

Read More...

Sunday, December 19, 2010

ဆောင်းဘွဲ့ နောက်ဆက်တွဲ

မနေ့ကတင်တဲ့ ဆောင်းဘွဲ့ပို့စ်ရဲ့ ကွန်မန့်ထဲမှာ “ဖိုးစော်ကဲ” ကဗျာလင့်ခ်လေး ရှယ်ပေးတဲ့ ပန်ဒိုရာကို အထူး ကျေးဇူးတင်ပါတယ်။ ဒါဟာ ဘလော့ခြင်းရဲ့ အားသာချက် အကျိုးကျေးဇူး တခုပါပဲ။ ပန်ဒိုရာပေးတဲ့ လင့်ခ်ကို သွားဖတ်ရင်း “မပူပေါင် …” ကို ထပ်ပြီး ဂူးဂလင်း လုပ်ကြည့်လိုက်တော့ တခြားလင့်ခ်တွေလဲ ထွက်လာတယ်။ မူကွဲလေးတွေတော့ အနည်းအကျဉ်း ရှိတာပေါ့လေ။ ဒီထဲမှာ ကျမသဘောကျတဲ့ မူကွဲတခုကတော့ မရွှေစင်ရဲ့ ဘလော့ကပါ။ ကြယ်နီရဲ့ ကိုတံငါ ဇာတ်ဝင်ခန်းတခန်းမှာ ဒီကဗျာလေးကို တွေ့ရတယ်။

လွမ်းမပြေ မန်းမြေက တ မိပါတော့၊
ကမ်းခြေမှာ စမ်းရေကျတယ်နှင့်၊
အိုကွယ်... ဖျန်းလေက တသုန်သုန်။

တဲတစ်ဖက် ဆွဲဖျက်ကာ အလျင်လိုရော့သထင့်၊
ကရင်အို ယာပြင်ကြီးမှာကွယ် ...
မီးထည့်လို့လှုံ။

မပူပေါင် နောက်ဆီက ချမ်းရော့သထင့်၊
အဖြူစောင် ခေါက်ထည်ကြမ်းကိုတဲ့
လှမ်းတယ်လို့ လွှားကာခြုံ၊
ပါးမှာ ငုံပါတဲ့ နုရွှေကွမ်း။ ။

ဘေးအိတ်မှာလျှို၊
ဆေးလိပ်တို နားမှာ ထိုးပါလို့၊
တောင်ရိုးမှာ ဘာသာ သူတို့၊
ကွင်းအငူ နှင်းမြူကလဲ ကွဲချိန်မို့၊
အမိုးခေါ် ဖိုးစော်ကဲတို့ရယ်၊
အိုကွယ်... တဲပျက်စခန်း။ … ။
***
ရွတ်လို့ ဆိုလို့ အင်မတန်မှ အရသာရှိပါတယ်။ ဒီကဗျာကို ဖတ်ဖူးပေမဲ့ သေချာမမှတ်မိဘူး၊ မပူပေါင် … အပိုဒ်ကတော့ အမေ သီချင်းလို ဆိုညည်းတတ်လို့ မှတ်မိနေခဲ့တာပါ။ အချုပ်တန်းဆရာဖေရေးတယ်လို့ ဒီလင့်ခ်မှာ တွေ့ပါတယ်။ ဆရာဖေက ရာသီဘွဲ့တွေ တော်တော်ရေးခဲ့တာပဲ။ မနေ့ကပို့စ်မှာ ကိုပေါ တောင်းထားတဲ့ ကဗျာလဲပဲ ဆရာဖေရေးတဲ့ ဆောင်းဘွဲ့ လေးဆစ်သဖြန်လို့ ကျမမှာရှိနေတဲ့ စာအုပ်ထဲမှာ ခုလို တွေ့ရပါတယ်။

အချုပ်တန်းဆရာဖေဆို ဆောင်းဘွဲ့လေးဆစ်သဖြန်

ခန်းဆောင်ရွှေ ရဝေတွင်းမှာလ၊ ချမ်းပေါင်လေ တဖေတင်းသော်လဲ၊ ဖြေရင်းနှင့် ခိုက်ခိုက်တုန်။
မျက်တခပ်၊ ပြက်လျှပ်ကယ် တဗီဇနာမျှ၊ ထည်အလွှာ အကုန်ထွေးသော်လဲ၊ ကြည်အသာ မလုံသေးပါဘု၊ မှိတ်ပါလျှင် လိပ်ပြာက အေးတာမို့၊ သွေးလန့်လို့ ခုန်။
ရမ်းရောင်ကာ တ-လျက် ညည်းမိတော့၊ သန်းခေါင်မှာ မြကြက်သီးရယ်က၊ တဘီးဘီး ပျံ့လို့ငယ်အုံ၊ ဗျာဆုံတဲ့ ရာသီဘဲ။
ငွေနှင်းငယ်မှုံ၊ လေညှင်းရယ် တသုန်သုန်နှင့်၊ ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့၊ မန်းတုန်အောင် လမ်းဆုံမှာ ဟစ်ချင်တော့၊ သည်ခေတ်မှာ သည်လိုဟာဖြင့်၊ သည်ကိုယ်မှာ သေသေလုပါပေါ့၊ ကမ္ဘာကို ဗြဟ္မာတို့ ပြုခဲ့တယ်၊ ဆောင်းရတုပွဲ။ … ။
***
ကြုံတုန်း ကျန်တဲ့ ဆောင်းဘွဲ့ကဗျာတွေပါ ဝေမျှလိုက်ပါတယ်။ လိုချင်သူများ အလွယ်တကူ ရှာနိုင်စေဖို့ပါ။ ၀ါသနာပါရင် ဖတ်ကြည့်ကြပါ။

အချုပ်တန်းဆရာဖေဆို ဆောင်းဘွဲ့လေးဆစ်သဖြန်

သဉ္ဇာလီ ဗွေပြဒုမှာဖြင့်၊ ခင်သာကီ တမေစုကိုလ၊ ဖေယခု ပိုက်လှည့်ဆို။
မလုံသေးနိုင်ဘု၊ တုန်အေးရှာ တင်တမေငဲ့၊ ရင်ရွှေကို လေပြည်ခ-တယ်၊ သဲစိမ့်ကြွဖို။
တသန်းတန် ရတီဖို့သော်လဲ၊ ကြငှန်းပြန် ကတ္တီမို့မှာတော့၊ မဒီပျို့ ဆောင်းရိပ်ခိုငယ်၊ အချမ်းပိုပါလို့မှ ငိုချင်ဆဲ။
ငွေနှင်းငယ်ထန်၊ ချွေညှင်းငယ် တညံညံနှင့်၊ ရေကင်းသံ တဖန်ကြားရင်လ၊ လွမ်းအားတော် ပွေဗျာလှိုင်လို့၊ ကေညာခိုင် စုခင်လေးမှာ၊ (ကိုယ်တော်ရေ …) မှေးစက်နိုင်ဘဲ။
***
၎င်းဆို ဆောင်းဘွဲ့လေးဆစ်သဖြန်

သနင်းဆွေ ကင်းကွေခဲ့သူမို့၊ ပြတင်းလေ နှင်းငွေသွဲ့လျှင်ဖြင့်၊ သင်းသေဟဲ့ ဆိုသလို။
တကိုယ်တည်းဟာမို့၊ ဖိုမီးလှုံလို့ ကွေးသော်လဲ၊ အေးလှလို့ငို။
စနေနံ ငွေခြင်္သေ့ရယ်နှင့်၊ ရဝေစံ မေခင်ပွေ့ပါလို့၊ ရွှေရင်ငွေ့ မတွေ့လို၊ သွေးကိုယ်ဖြင့် မရှိတောင်း။
မချင့်လေ၊ သည်ညဥ့်တာ ရှည်စေလို့၊ ဗြဟ္မာတွေ ကမ္ဘာသက်စဉ်က၊ ပြက္ခဒိန် သည်လို ရေးခဲ့တယ်၊ ဘေးသင့်တဲ့ဆောင်း။ … ။
***
တောင်တွင်းကြီး ဆရာကျော့ဆို ဆောင်းဘွဲ့လေးဆစ်သဖြန်

ငွေကတန် ဝေယန်ကြွမှာလ၊ ရေမတန် ဖေစံရ၊ ဟေမန္တခါမို့ကွယ်။
လေစမြုံ့ရယ်က၊ စွေတုံ့ ဝေေ၀မှုန်လို့၊ ရွှေမေရုံ တောင်မြင့်နန်းဆီက၊ ပုလဲရီ သဲဆီဖြန်းတာမို့၊ ချမ်းလိုက်လှတယ်။
ကေပွင့်ညှာ သူမဖက်တာဖြင့်၊ ရေနှင့်သာ အတူစက်သည်သို့၊ ကြူကနက် သဉ်ရိပ်လယ်၊ ဆိတ်တယ်မျှ မပျော်ဆုံး။
လက်ဦးငယ်ရင်၊ ဖက်ဖူးဆင် မေခင်ကြိုက်ကယ်နှင့်၊ ခြုံပိုက်ကာ လာမပွေ့တာဖြင့်၊ တုန်လိုက်တာ ဘမရာမွေ့မှာ၊ ချမ်းမြေ့ရေတုံး။
***
ရွှေမန်းက ဆရာဖေကတော့ ဆောင်းကို အပီဖွဲ့ခဲ့တာပဲ။ ရွှေမန်းက မမများဖွဲ့တဲ့ ဆောင်းဘွဲ့များလဲ ဖတ်ချင်ပါဘိတော့တယ်။ မရွှေစင်ရေ ... ခေတ်သစ် ဆောင်းဘွဲ့လေး လုပ်ပါအုံး။ ကဗျာဖြစ်ဖြစ် စကားပြေ ဖြစ်ဖြစ်ပေါ့။

ကျမ ကိုးကားတဲ့ ဘုတ်အုပ်ထဲမှာပါတဲ့ ဆောင်းဘွဲ့တွေက မကုန်သေးဘူး၊ နည်းနည်း ကျန်ပါသေးတယ်၊ သို့သော်လဲ ဆောင်းဘွဲ့တွေ စာရိုက်ရင်း လက်ဖျားတွေအေးလာလို့ သူကြီးပေးတဲ့လင့်ခ်ထဲက လှိုင်ထိပ်ခေါင်တင်လို မောင်တော်ရယ် ချမ်းဆဲပါပဲ… လို့ အော်ရင်း … ဒါလောက်နဲ့ပဲ တော်ကြပါစို့။
***
မေဓာဝီ
၁၉၊ ၁၂၊ ၂၀၁၀
၂၂း၄၃ နာရီ

Read More...

Saturday, December 18, 2010

ဆောင်းဘွဲ့

မပူပေါင် မြောက်ဆီက ချမ်းရော့ထင့်
အဖြူရောင် ခေါက်ထည်ကြမ်းကိုလ
လွှမ်းလို့ရယ်တဲ့ မ’ ကာခြုံ …
ဟ’ကာ ငုံပါတဲ့ နုရွှေကွမ်း … … …

ချမ်းလွန်းလို့ ဒီကဗျာအပိုင်းအစလေး စိတ်ထဲ ရောက်လာပြီး အထပ်ထပ် ရွတ်ဆိုနေမိတယ်။ အစအဆုံးလဲ မမှတ်မိ၊ ဘယ်သူရေးတယ် ဆိုတာလဲမမှတ်မိ … နှုတ်တွေ့လို့သာ ဆိုနေမိတာ။ (သိတဲ့သူများ ပြောပြကြပါ) တကယ်တမ်းတော့ ဘိလပ်ဆောင်းက အဖြူရောင် ခေါက်ထည်ကြမ်းလောက်နဲ့ မနွေးနိုင်ပါဘူး။ အပူပေးစက်တွေ, လျှပ်စစ်နဲ့ အနွေးဓာတ်ပေးတဲ့ စောင်တွေ ကူရသေးတာကလား။ ခုခေတ်မို့သာ ခံနိုင်တာထင်ပါ့၊ ရှေးခေတ်က ဘိလပ်သားတွေ ဒီလိုဆောင်းကြမ်းကြီးတွေမှာ သေကြတာ နည်းမှမနည်းဘဲ။

ဒီကဗျာလေး ရွတ်ဆိုနေမိရာက ရှေးမြန်မာစာဆိုတွေသာ ဆိုရင် ဘိလပ်ဆောင်းကို ဘယ်လိုများ စာဖွဲ့လေမလဲ တွေးနေမိတယ်။ တွေးနေရင်းနဲ့ပဲ အနားမှာရှိတဲ့ မြန်မာရှေးကဗျာ စာအုပ်ကို လှန်လှောရှာဖွေကြည့်တော့ ဆောင်းဘွဲ့ကဗျာခန်း ခေါင်းစဉ်အောက်မှာ စာဆိုအမျိုးမျိုးရဲ့ ဆောင်းဘွဲ့အထွေထွေကို တွေ့ရတယ်။ ဒါနဲ့ပဲ ချမ်းချမ်းစီးစီးမှာ ရာသီစာ ဆောင်းဘွဲ့လေးတွေ ဘလော့မှာတင်ဖို့ စိတ်ကူးရလိုက်တယ် ဆိုပါတော့။ အမျိုးသမီး စာဆိုနှစ်ဦးနဲ့ အမျိုးသားစာဆို နှစ်ဦးရဲ့ ဆောင်းဘွဲ့ တေးထပ်လေးတွေပါ။ ဖတ်ကြည့်ကြပါအုံး။
***
"မြင်ဆိုင်းမင်းသမီးဆို ဆောင်းဘွဲ့ တေးထပ်"

ဟေမန္တာ လေသွေးတော့၊ တအေးအေး စိမ့်တုန်။ မယ့်ရင်ဝ သဲအုံမှာ၊ တခုန်ခုန် မနား။ ဖဲပိုးညွန့် ထပ်ကာခြုံတယ်၊ မလုံနိုင် အေးလိုက်တာများ။ … ။ ဖူးစာရင့် ကေခိုင်ရယ်၊ နေနိုင်တော် နေအား။ ရင်ငွေ့တော် တူနှစ်ပါး၊ လှည့်ငြားလို့ ခိုလှုံ။ သဉ္စာလီဘုံကြွ၊ သည်လိုမှ နွေးလိမ့်တပုံ။ … ။ ဘယ်တော့များ တူဆုံမယ်၊ ရွှေရင်အုံ လေခတ်တော့၊ သေမတတ် ခန်းကြာညောင်၊ တ-မိ ဘုန်းခေါင်။ ဘယ်ကာလ ဗွေဆောင်မှာ၊ မယ်နှင့်မောင် နီးမယ်သိလေး။
***
"မင်းကြီးကတော်မယ်ဆုံဆို ဆောင်းဘွဲ့ တေးထပ်"

ကြာခြည် လေပြည်သွဲ့တော့၊ ကြွေမည်မဲ့ ပုံသွင်။ ခင်ခင်လေး မြရင်မှာ၊ စတင်ကာ စိမ့်အေး။ တိမ်လွှာညွန့် ရတည်ခြုံ၊ သည်ပုံလို နွေးပို့အဝေး။ … ။ သည်လိုနှင့် တာရှည်လျှင်၊ ညာမဒီ ခက်သေး။ ကမ္ဗလာထည်နှင့် ထွေးပေမဲ့၊ သည်အအေးမလုံ။ ငွေဒန္တာ မနှေးရိုက်၊ သွေးလှိုက်လို့ သဲရင်ဝခုန်။ … ။ ဘယ်နည်းနှင့် ဘယ်ပုံ၊ မယ်လုံအောင် ကြံဖန်ရမယ်တုံး။ ပြန်လှန်ဆ တယောင်ယောင်၊ ၀ဲတိုက်ကြာညောင်။ ဖူးစာရှင့် ခင်မေ့မောင်ရယ်၊ ရင်ငွေ့ရောင် လှုံစမ်းချင်လှလေး။ … ။
***
အမျိုးသမီးတွေရဲ့ ဆောင်းဘွဲ့ပြီးတော့ အမျိုးသားစာဆိုတွေ လာပါပြီ။ ဆရာဖေ နဲ့ ဦးပုညက ဆောင်းကာလကို ခုလိုဖွဲ့ကြတယ်။

"အချုပ်တန်းဆရာဖေဆို ဆောင်းဘွဲ့တေးထပ်"

အေးမယ်လို့ အေးတော့၊ ထွေးလို့မှ မလုံ။ မေးခိုက်ခိုက် ခုတုန်ပြီ၊ ကြုံလာရ ကိုယ်ရေး။ ငွေဂွမ်းထပ် ရွှေစောင်ကို၊ သောင်းခြောက်ထောင် လွှမ်းလို့ မနွေး။ … ။ ရွှေမီးနဲ့ အငွေ့ယူရင်၊ ရှေ့ပူလို့ နောက်အေး။ ပွေ့မယ့်သူ ဖော်ဝေးမှ၊ ဆော်သွေးတဲ့ လေပြန်။ နှင်းမြူကို သွင်းယူပင့်ပါလို့၊ မင့်မူကျင့် ဆိုးတဲ့ ဟေမန်။ ။ ကိုးရာမဲ့ ချမ်းသူကံငယ်၊ ညဥ့်သန်းယံ ပဟိုရ်နှက်တောင်မှ။ အို-စက်လို့ ပျော်နိုင်ပြီ၊ အေးတဲ့ ရာသီ၊ ခင်ထွေးလို့ ပိုက်ချီလျှင်၊ မငိုက်မီ ပျော်သေးငဲ့လေး။ … ။
***
"စလေဦးပုညဆို ဆောင်းဘွဲ့တေးထပ်"

ပုလဲဥ နှင်းပေါက်၊ ကင်းထောက်တဲ့ လေပြန်။ မင်းမြှောက်မယ့် ဟေမန်၊ မသေကျန် ကံကောင်း။ လူမို့သာ လျလျခံတယ်၊ မြရေနံ ခဲရတဲ့ဆောင်း။ … ။ အေးလှလို့ ၀ဇီရာ၊ ဗီဇနာ ရင့်ညောင်း။ ကတ္တီပါ စောင်ပေါင်း၊ ထောင်သောင်းလောက် ခြုံတယ်။ ခန်းဆောင်မှာ ချမ်းအောင်တွေ့၊ မန်းတောင်ငွေ့ နီးတာမို့ကွယ်။ ။ နန်းဆောင်မြေ့ ထီးလယ်မှာ၊ ပြီးစဘွယ် သာဖက်လို့၊ ဟာစက်ဖျ ကြောင်မြီးတိုနော်၊ စားလိမ့်ကိုယ်တော်။ ငိုစိတ်နှင့် အိုအိပ်ပျော်အောင်၊ ကိုယ်သိပ်တော် မူစမ်းလှည့်လေး။ … ။
***
မယ်ကဖွဲ့တော့ မောင့်ကို တ ... မောင်ကဖွဲ့တော့ မယ့်ကို တ … ဟုတ်လဲ ဟုတ်နေကြတော့ တာပဲ။ ဘိလပ်ဆောင်းမှာ သူတို့ဖွဲ့သလိုသာ ကိုယ်ငွေ့နဲ့ထွေးလို့ နွေးစတမ်းဆိုရင် အိမ်ထောင်သည်တွေတော့ လျှပ်စစ်၊ ဂက်စ် မီတာဖိုး အတော်လေး သက်သာမှာ။ ပြောရင်း ဆိုရင်း ကွန်ပျူတာမှာ ပြထားတဲ့ အပူချိန်ကို ကြည့်လိုက်တော့ အနုတ် ၁၄ တဲ့။ တော်သေးတာပေါ့လေ … ကိုယ့်မှာက အပူပေးစက်ကလေး ရှိနေပေလို့ … ။
***
မေဓာဝီ
၁၈၊ ၁၂၊ ၂၀၁၀
၂၃း၂၈ နာရီ

Read More...

Wednesday, December 15, 2010

လောကန္တရိတ်နှင့် ကျိတ်ပေါင်းချိန်

မေဓာဝီတယောက် စာမေးပွဲဖြေဆိုပြီးပါသဖြင့် ကျိတ်ပေါင်းချိန် ရောက်ခဲ့ပြန်ပါပြီ။ (ဘလော့ဂါများ ဘလော့ဖတ်သူများ မျက်စိနောက်ဖို့သာ ပြင်ထားကြပေတော့) စာမေးပွဲ မဖြေဆိုခင်, ဖြေဆိုစဉ်, ဖြေဆိုပြီး အချိန်များတွင် အီးမေးလ်ဖြင့် တမျိုး, မက်ဆေ့ခ်ျဖြင့် တလီ, ဖုန်းဆက်၍တဖုံ အစုံစုံ အသွယ်သွယ် အမှန်တကယ် အားပေးကြ ဆုတောင်း မေတ္တာပို့သ ပေးကြသည့် ချစ်သော မိဘ, ဆွေမျိုး, မောင်နှမ, မိတ်ဆွေ, သင်္ဂဟ, သူငယ်ချင်း, အပေါင်းအသင်း, ရောင်းရင်း, ဘော်ဒါ, ဖော်သဟာ, ဘလော်ဂါများအား အထူးကျေးဇူးတင်ပါကြောင်း လှိုက်လှိုက်လှဲလှဲ မှတ်တမ်းတင်အပ်ပါတယ်။

တကယ်ပါ။
မြို့မိမြို့ဖများ ပို့သတဲ့ မေတ္တာကြောင့် ဒီတခါ စာမေးပွဲကို ကောင်းကောင်းဖြေနိုင်ခဲ့ပါတယ်။ ကျမကလဲ နည်းနည်းတော့ လွန်သလားမသိဘူး။ ကျမ စာမေးပွဲဖြေတာကို မြန်မာပြည်မှာ ရှိတဲ့ အမေနဲ့ အဖေလဲ မနေရ၊ တခြားနိုင်ငံတွေမှာရှိတဲ့ ဦးလေးတွေ အဒေါ်တွေနဲ့ မောင်နှမတွေလဲ မနေရ၊ ဘုန်းကြီးရော သီလရှင်ပါမကျန် ကျမအတွက် ၀ိုင်းဝန်း ဆုတောင်းပေးကြပါတယ်။ မန္တလေးက အရီးလေး စည်းစိမ်တောင် ဘုရားကြီးသွားပြီး ရွှေဆိုင်းကပ် ဆုတောင်းပေးခဲ့တယ်လို့ မက်ဆေ့ခ်ျပို့လာပါတယ်။ (ကျေးဇူးပါ အရီးလေး) စာမေးပွဲခန်းထဲ မ၀င်ခင် မိနစ်ပိုင်း အလိုမှာ ဖတ်ရတဲ့ ဖုန်းမက်ဆေ့ခ်ျတွေ၊ စာမေးပွဲပြီးပြီးချင်း ဖတ်ရတဲ့ မက်ဆေ့ခ်ျတွေကလဲ စိတ်ခွန်အားကို ဖြစ်စေပါတယ်။

ဟုတ်တယ်။
စိတ်ခွန်အားက ကျမအတွက် တကယ်ကို အရေးကြီးခဲ့ပါတယ်။ ကျမစိတ်က တက်လွယ် ကျလွယ်။ တက်ရင်လဲ လိုက်ဖမ်းလို့ကို မမီနိုင်သလို ကျပြီဟေ့ဆိုလဲ ကုန်းကောက်စရာ မရှိတော့ဘူး၊ ဟိုးအောက်ဆုံး ဒုတ်ဒုတ်ထိ။ ပြီးတော့ ဒီဇင်ဘာမှာ ဖြေရတဲ့ စာမေးပွဲက ဇွန်စာမေးပွဲထက် စိတ်ဖိစီးမှု ပိုပြီးများစေတယ်။ ရာသီက အေးစက်စက်၊ မနက်ဆို နေက တော်တော်နဲ့မထွက်၊ ညနေဆို ၃ နာရီ ၄ နာရီလောက်မှာ မှောင်နေပြီ။ အေးစက်စက် ညနက်နက်မှာ တယောက်ထဲ စာဖတ်ရတာ အင်မတန်မှ ငြီးငွေ့စရာပါ။ ဖြစ်ချင်တော့ စာမေးပွဲမဖြေခင် ၃ ပတ်လောက် အလိုမှာ ဦးရီးတော်က ဟောလီးဒေးဆိုပြီး ဆွေမျိုးအုပ်စုတောင့်တဲ့ အမေရိကန်ပြည်ကို လည်လည်သွားတော့ ကျမတယောက်ထဲ ကျန်ခဲ့ပါတော့တယ်။ ရိက္ခာအပြည့်အစုံနဲ့ တအိမ်လုံးမှာ ဘုန်းမေတယောက်ထဲ only the lonely ဖြစ်နေတာ သနားစဖွယ်ကလေးပေါ့။

စာတွေက များ ဖတ်လို့ မနိုင်၊ ဖတ်လိုက် မေ့လိုက်၊ သဘောမပေါက်လို့ လုံးချာလည်လိုက်နဲ့ ဖြစ်နေတော့ နောက်ဆို စာကိုနှစ်စကတည်းက သေချာဖတ်ပါတော့မယ် ပေါ့တီးပေါ့ဆ မလုပ်တော့ပါဘူးလို့ နောင်တတွေရလိုရ …
တခါတခါတော့လဲ … ငါဘာလို့ ဒါတွေ ပင်ပန်းခံ လုပ်နေရတာလဲ၊ ငါနဲ့ မကျွမ်းကျင်တာတွေ မအပ်စပ်တာတွေ လုပ်နေရလို့ သိပ်ခက်ခဲနေတာ … ဒီစာမေးပွဲအောင်တော့ ဘာဖြစ်လာမှာလဲ ဒီအရွယ်ကြီးရောက်မှ ဘာကို မျှော်လင့်ရအုံးမှာလဲ စသဖြင့် တွေးရင်း ဒေါသတွေထွက် ၀မ်းနည်းလိုနည်း … ။ တယောက်ထဲဆိုတော့ ဟိုတွေးဒီတွေးနဲ့ စိတ်က ဂနာမငြိမ်ဘူး။ စိတ်တိုတိုင်း ၀မ်းနည်းတိုင်း စိတ်အားငယ်တိုင်း ဖုန်းဆက်ပြီး ဂျီကျလို့ရမယ့်သူ မှန်သမျှကို နားဒုက္ခပေးခဲ့မိသေးတယ်။

ဒီနှစ်မှ ရာသီဥတုကလဲ အေးလိုက်ပုံ ဆိုးလိုက်ပုံများ … ကိုယ်ကဆိုးတော့ ရာသီဥတုကပါ လိုက်ဆိုးပေးရတာ ထင်ပါ့။ အနှစ် ၃၀ အတွင်းမှာ အဆိုးဆုံးတဲ့။ ကျမနေတဲ့ Midland မှာတောင် အနုတ် ၁၂၊ ၁၃ ဒီဂရီ စင်တီဂရိတ်ထိ ဖြစ်တာ … ဒီရောက်ခဲ့တဲ့ ၃ နှစ်အတွင်းလဲ ခုလောက်ထိ အေးတာ ကြုံဖူးဘူး။ နှင်းကလဲ နိုဝင်ဘာလ မကုန်ခင်ကတည်းက ကျတဲ့နှင်း။ ကိုယ့်အပူနဲ့ ကိုယ်မို့ နှင်းကိုလဲ ရင်မခုန်အားဘူး။ ဖြူဖြူလွလွ နှင်းဖွေးဖွေးလေးတွေကို အရင်က ဘယ်လိုပဲ ချစ်ခဲ့လဲ သွားရခက် လာရခက်မို့ တဖြည်းဖြည်း မုန်းလာတယ်။

အန်တီတယောက်နဲ့ ဖုန်းပြောတော့ ကျမက စိတ်ပေါက်ပေါက်နဲ့ ပြောမိတယ်။
“အန်တီရေ … ငရဲဆိုတာ အပူချည်းပဲ ရှိတာမဟုတ်ဘူး … အအေးငရဲလဲ ရှိတယ် … အခု ဒီမှာ အအေးငရဲခံနေရတာလေ” ဆိုတော့ သူက ရယ်လိုက်တာ … ။ ပြီးတော့ သူကမေးတယ် … အအေးငရဲက ဘာငရဲလဲဟင် … တဲ့။ ဒီတော့မှ ကျမလဲ တိန်တော့တာပဲ။ သိမှ မသိဘဲကိုး။ “ငရဲနာမည်တော့ မသိဘူးအန်တီ … ဟီးးး” လို့ အရှက်ပြေရယ်ပြီး စကားလွှဲလိုက်ရတယ်။ နောက်တော့ ကိုယ်တိုင်လဲ အအေးငရဲ နာမည်ကို သိထားချင်တာနဲ့ ကိုယ့်ထက် နားလည်တတ်ကျွမ်းပြီး ပညာစုံသူကြီး ကို မေးကြည့်တော့ သူက မသိဘူး … လို့သာ ဘူးခံပါတယ်၊ ပြောမပြပါဘူး။ မသိတာတော့ မဖြစ်နိုင် ဒါ ပညာလျှိုတာပဲ နေမှာလို့ တွေးမိတယ်။ ပြောမပြလဲ နေပေါ့၊ ကျမမှာ အားကိုးရတဲ့ အဘိဓာန်ရှိပါတယ်။ စာမေးပွဲပြီးသည်ထိ ခဏလေးအောင့်ထားပြီး စာမေးပွဲပြီး နောက်တရက် (ဒီကနေ့ မနက်) မှာ အဘိဓာန်ကြီးကို လှန်ရပါတော့တယ်။

ကျမ အဘိဓာန်က စာအုပ်တော့မဟုတ်ဘူး။ လူ အဘိဓာန်ပါ။ ထိုသူကတော့ ကျမ မွေးသဖခင်ကြီးပါပဲ။ အဲ လှန်တယ်ဆိုလို့ တလွဲမထင်ပါနဲ့အုံး။ အဖေ့ဦးနှောက်ထဲမှာ သိုမှီးထားသမျှတွေ လှန်လှောမေးမြန်းတာကို ဆိုလိုခြင်းပါ။ အအေးငရဲကိစ္စ အဖေ့ကို မေးတော့ အဖေက ချက်ချင်းပဲ ခုလိုရှင်းပြတယ်။

“အအေးငရဲဆိုတာ လောကန္တရိတ် ငရဲ … သမီးရဲ့။ သူက ဘယ်နားမှာရှိလဲ ဆိုတော့ … သမီး စက်ဝိုင်း ၃ ခုကို ကပ်ပြီးဆွဲလိုက်ရင် အားလုံးဆုံတဲ့နေရာမှာ အပေါက်ကြီး ဖြစ်နေတယ် မဟုတ်လား။ လောကန္တရိတ် ငရဲဆိုတာ အဲဒီလိုပဲ စကြာဝဠာကြီး သုံးခု ဆုံတဲ့နေရာမှာ တည်နေတာ။ မှောင်မည်းပြီး အေးစက်နေတာပဲ။ အဲဒီမှာ ငရဲခံနေရတဲ့သူတွေက စကြာဝဠာတံတိုင်းကို လက်နဲ့ ဆွဲကိုင်ထားရတယ်၊ လက်လွှတ်လိုက်တာနဲ့ ပြုတ်ကျသွားပြီး အမှုန်အမွှား ဖြစ်သွားရော …”

အဲဒီလို အားကိုးရတဲ့ ကျမရဲ့ အဖေပါ။ အဖေပြောနေတုန်း ကျမက လောကန္တရိတ်ကို googling လုပ်ကြည့်လိုက်တော့ ခုလို ထွက်လာပါတယ်။


ဒါနဲ့ ကျမက ထပ်မေးတယ်။
“အဖေ အဲဒါ အဇာတသတ်ကျတဲ့ ငရဲလား”
“မဟုတ်ဘူး၊ အဇာတသတ်ကျတဲ့ ငရဲက လောဟကုမ္ဘီ တဲ့”
“ဟင် … ဒါပေမဲ့ သမီး အင်တာနက်မှာရှာတာ လောကန္တရိတ်က အဇာတသတ်ကျတဲ့ ငရဲလို့ ရေးထားတယ် အဖေရ”
“မဟုတ်ဘူး သမီးရဲ့ … အဇာတသတ်ကျတဲ့ ငရဲက ဒီစကြာဝဠာထဲက ငရဲ၊ လောကန္တရိတ်က စကြာဝဠာအပြင်က … …”

အဖေဆက်ရှင်းပြနေတုန်း လောဟကုမ္ဘီကို ထပ်ပြီး ဂူးဂလင်း ပြန်တယ်။
“လောဟကုမ္ဘီက ဒု သ န သော သူဌေးသားလေးယောက် ကျတဲ့ ငရဲဆို … အဇာတသတ်နဲ့ တူတူပဲ ဟုတ်လို့လား အဖေ”
မေးနေရင်းနဲ့ပဲ အဖြေကိုတွေ့သွားတယ်။ အဖေပြောတာ မှန်ပါတယ်၊ ဘယ်လောက်တော်တဲ့ ကျမရဲ့ အဘိဓာန် ကြီးလဲ နော်။
“ဟုတ်တယ် … အဖေ … သမီးတွေ့ပြီ၊ အဖေပြောတာ ဟုတ်တယ်”
“အဖေ့ကို ယုံပြီလား သမီး …”
“အဖေ့ကို မယုံတာ မဟုတ်ဘူး … အင်တာနက်က အင်ဖိုတွေ ဘယ်လောက်မှန်လဲ မမှန်လဲ သိချင်တာ ခုဆို အမှားကြီးရေးထားတာ တန်းတွေ့တာပဲ၊ အင်တာနက်က အချက်အလက်တိုင်း ယုံကြည်လို့ မရဘူးပေါ့ အဖေရာ”

“အဲလို အမှားတွေရေးတာ ဘယ်သူမှ မပြင်ပေးကြဘူးလား”
“များသောအားဖြင့်တော့ မပြင်ကြပါဘူး၊ မသိတဲ့သူက များတာကိုး … သိတဲ့သူကတော့လဲ ဖတ်ဖြစ်အုံးမှလေ၊ ဖတ်ဖြစ်တော့လဲ အရေးလုပ်ပြီး ပြောချင်အုံးမှ၊ ပြောတာကိုလဲ မှားတဲ့သူက လက်ခံပြီး ပြင်ချင်အုံးမှ … ဆိုတော့ တချို့ကလဲ အလုပ်ရှုပ်ခံ အမုန်းခံပြီး ပြင်ပေးမနေတော့ဘူး … တလောကဆို ဗေဒါလမ်းကို မင်းသုဝဏ် ရေးတဲ့ ကဗျာလို့ ရေးထားတာ တနေရာမှာ ဖတ်လိုက်ရသေးတယ်။ အဲဒီလောက်တောင် မသိတာမျိုးကျတော့ အသည်းယားတယ် အဖေရာ”

“အဲဒါကတော့ စာပေနှံ့စပ်တဲ့သူမဟုတ်လို့ နေမှာပေါ့၊ ဒါမျိုးမှားတာကမှ တော်ပါသေးတယ်၊ ဘာသာရေးမှာ အမှားတွေရေးပြီး အမှားတွေ ယုံကြည်မိကြပြီဆိုရင်တော့ ပြင်ရခက်တယ် သမီးရဲ့”
“ဟုတ်တယ်နော် … ဒါပေမဲ့လဲ … မှားတဲ့သူကလဲ မှား၊ ယုံတဲ့သူကလဲ ယုံနေကြတာပါပဲ အဖေရယ်… သူ့အရပ်နဲ့ သူ့ဇာတ် ဟုတ်တော့လဲ ဟုတ်နေတာပဲကိုး”

အဖေနဲ့ စကားပြောပြီး လောကန္တရိတ် ငရဲအကြောင်း ကျမတွေးနေမိတယ်။ တကယ်ပါပဲ ကျမရောက်နေတာ ဘိလပ်မှ ဟုတ်ရဲ့လား လောကန္တရိတ်ငရဲများလား လို့ပေါ့။ ဒီလောက် အေးစက် မှောင်မိုက်တဲ့နေရာကို ဘယ်လို အကုသိုလ်နဲ့များ ရောက်လာခဲ့ရတာပါလိမ့် … အမေကတော့ ညည်းကို ကောင်းစေချင်လို့ နတ်ပြည်တင်ပေးတာ ဆိုပဲ … ဧကန္တ အမေတော့ ကျမကို နတ်ပြည်နဲ့ လောကန္တရိတ် မှားပို့လိုက်မိတယ် ထင်ပါ့။ နတ်ပြည်ကနေဆို လူ့ပြည်ပြန်ဆင်းချင်ရင် အလွယ်လေးပေမဲ့ လောကန္တရိတ်ကနေ လူ့ပြည်ပြန်သွားဖို့ရာ အခက်သား မဟုတ်လား။ ကြည့်လေ … အခု ကျိတ်ပေါင်း = ကျောင်းပိတ်ချိန်မှာလဲ သူငယ်ချင်းတွေ ကိုယ့်ဌာနေ ကိုယ် အသီးသီး အသက ပြန်ကြပေမဲ့ မေဓာဝီခမျာမှာ ပြန်ခွင့်မရရှာပါဘူး။

“ကျောင်းက ၃ လတောင် ပိတ်မှာ အမေ … အိမ်မှာ အမကြီးကလဲ မရှိတော့ အမေနဲ့ အဖေ နှစ်ယောက်ထဲ ဖြစ်နေတာ … အိမ်က အလုပ်ထဲမှာ သမီးလာလုပ်ပေးမယ်လေ …” လို့ အားတက်သရော ပြောပေမဲ့ မွေးသမိခင်ကြီးက ပြန်မလာရ တချက်လွှတ် အမိန့်နဲ့ အိမ်ဝင်ခွင့် ဗီဇာပိတ်လိုက်ပါတယ်။ ဒါနဲ့ စိတ်မလျှော့ဘဲ နောက်တမျိုး လှည့်ပြောကြည့်သေးတယ်။ “ဒါဆိုလဲ စာမေးပွဲအပြီး စိတ်ပြေလက်ပျောက်ဆိုသလို အမကြီးနဲ့ မောင်လေးရှိနေတဲ့ ဖလော်ရီဒါ အလည်သွားမယ်လေ … စပွန်ဆာ ဘယ်သူလုပ်မလဲ” ဆိုတော့ တယောက်မှ တုတ်တုတ်မျှ မလှုပ်ကြဘူး။ ရက်စက်လိုက်ကြပါဘိ။

ဒီလိုနဲ့ပဲ မေဓာဝီတယောက် ကျိတ်ပေါင်းချိန်မှာ စိတ်ထောင်းကိုယ်ကြေ ဘိလပ်မြေမှာပဲ လောကန္တရိတ်ငရဲရဲ့ အရသာကို အပြည့်အ၀ ခံစားပြီး ဘယ်မှ မသွားရ မလာရ စကြာဝဠာတံတိုင်းနဲ့တူသော ဦးရီးတော် အိမ်ကို ကုတ်ကပ်တွယ်ထားရပါအုံးမယ်။ လက်လွှတ်ချလိုက်ရင်လဲ အမှုန့်ဖြစ်သွားမှာစိုးရတယ် မဟုတ်လား။
သြော် … ဘွ ဘွ ဘွ … ဆိုးလှပါတကား …. ။
***
မေဓာဝီ
၁၅၊ ဒီဇင်ဘာ၊ ၂၀၁၀
၂၂း၅၇ နာရီ။

ပြင်ဆင်ချက်။ ... ။ လောကန္တရိတ် .. ဟု "တ"-သတ် ထားသည့် နေရာများကို လောကန္တရိက် ဟု "က"-သတ်ဖြင့် ပြင်ဆင်ဖတ်ရှုပေးပါရန်။ (သတ်ပုံ အမှန်ကို ကွန်မန့်ထဲတွင် ရေးထည့်ပေးသွားသည့် ကိုနတ္ထိကို ကျေးဇူးတင်ပါတယ်။)

Read More...

Saturday, November 13, 2010

မျှော်လင့်ရတဲ့ နေ့ ...

စာမေးပွဲပြီးမှ ဘလော့ဂင်းမယ် စိတ်ကူးထားပေမဲ့ ဒီကနေ့တော့ ၀မ်းသာတဲ့ အထိမ်းအမှတ်အဖြစ် ဘလော့ပေါ် ရောက်လာမိပြန်ပါတယ်။ မရေရာတဲ့ သတင်းကြောင့် မနေ့ကတည်းက စိတ်ထဲမှာ မတင်မကျ ဖြစ်နေရတယ်၊ ဒီလိုပဲ သတင်းတွေက ကြားတိုင်းလဲ မှန်ချင်မှ မှန်တာ မဟုတ်လား။ မှန်ပါစေ ဆုတောင်းပေမဲ့ စိတ်ထဲက အားသိပ်မရှိဘူး။ မနက်ခင်း သင်တန်းမသွားခင် မနက်စာစားရင်း ဦးရီးတော်က ပြောတယ် ... မနေ့က ကြားရတဲ့ သတင်းက ခုထိ အတည်မပြုသေးဘူး ဆိုတော့ စိတ်ဓာတ်က ကျချင်ချင်ရယ်။ သင်တန်းက ပြန်ရောက်တော့ နေ့လည် ၁ နာရီ၊ ဗိုက်ဆာတာနဲ့ ကမန်းကတန်း အ၀တ်အစားလဲ ... နေ့လည်စာစားဖို့ ဟင်းနွှေးနေတုန်း ဦးရီးတော်က မီးဖိုခန်းထဲ ၀င်လာပြီး ... သမီးရေ ... လွှတ်လိုက်ပြီ ... လို့ ၀မ်းသာအားရ လာပြောတယ်။ ကျမတို့ တူဝရီးနှစ်ယောက် နွှေးထားတဲ့ ဟင်းထမင်းတွေ ပစ်ပြီး တီဗီမှာ ပြနေတဲ့ သတင်းကို ထိုင်ကြည့်နေလိုက်တာ အကြာကြီးပဲ၊ ဗိုက်ဆာရကောင်းမှန်းလဲ မသိကြဘူး။ ဒီသတင်းကြားရမယ့်နေ့ကို ကျမတို့ မျှော်လင့်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပကော .... ။

တီဗီက လွှင့်နေတဲ့ သတင်းတွေက ဒီသတင်းကိုပဲ ဦးစားပေး ကြေငြာနေကြတယ်။ ဒေါ်စုအိမ်ရှေ့က ၀မ်းသာပျော်ရွှင်နေကြတဲ့ လူအုပ်ကြီးကိုကြည့်ပြီး ကြက်သီးများတောင် ထမိပြီး မျက်ရည်ဝဲမိတယ်။ တီဗီမှာ ခပ်ဝါးဝါး မြင်နေရတဲ့ ဒေါ်စုမျက်နှာကိုလဲ ကြည့်လို့မ၀ဘူး။ ၀မ်းလဲ သာတယ်၊ ၀မ်းလဲ နည်းတယ်။ ဖော်မပြတတ်တဲ့ ခံစားမှုပေါင်းများစွာနဲ့ .... ရင်ထဲမှာ ပြည့်ကျပ်နေတယ်။ ဒါကြောင့် တခါတုန်းက ရေးခဲ့ဖူးတဲ့ "အို ... မိခင်" ကဗျာလေးကို ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်တဲ့နေ့ အထိမ်းအမှတ်အဖြစ် ပြန်လည် ဖော်ပြလိုက်ပါတယ်။
လူထုက ချစ်သော ... လူထုကို ချစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်စိတ် နှစ်ပါး ကျန်းမာ ချမ်းသာပါစေ ... လို့ ... လှိုက်လှဲစွာ ဆုတောင်းရင်း .... ။
***

အို ... မိခင်

ရင်မှမွေးဖွား ချစ်သည့်သားနှင့်
တိုင်းသားပြည်သူ ယှဉ်လာမူကား
အများအရေး ဦးစားပေးကာ
သားမြေးမငဲ့ စွန့်ဝံ့ခဲ့သည်
ပါရမီရှင် … အို … မိခင်။

အိမ်တွင်ပိတ်လှောင် ထောင်တွင်ထည့်ထား
နှစ်ရက်များစွာ ရှည်ကြာပါလည်း
မလျှော့ဇွဲဖြင့် ရဲမာန်ဝင့်တင်း
စိတ်ဓာတ်ပြင်းသည်
အလင်းသခင် … အို … မိခင်။

လိမ်ဆင်ဉာဏ်များ လှည့်စားတတ်သူ
ထိုလူတစု နှိပ်စက်မှုအောက်
ဖန်ဖန်ရောက်လည်း
ကြောက်သည် မပြော
မောသည် မဆို
ငိုသည် မရှိ
သတ္တိပြည့်သည်
တိုင်းပြည်အရှင် … အို … မိခင်။

အို … မိခင် …
အမိ ကောင်းမှု
ပြုသည့် ပါရမီ
တည်သည့် စိတ်ဓာတ်
မြတ်သည့်ဆန္ဒ
အ၀၀ကြောင့်
ကျမည့် ဘေးရန်
အန္တရာယ်ခပ်သိမ်း
ဖယ်ခွါတိမ်း၍
ငြိမ်းချမ်းပါလို
တောင်းဆု ဆိုသည် …
အလိုဆန္ဒ ပြည့်စေသောဝ် … ။
***
မေဓာဝီ
(၁၇၊ ၅၊ ၂၀၀၉ က ရေးသည်)

Read More...

Sunday, October 31, 2010

သရဲများနဲ့ ကျမ (၂)

မှတ်မှတ်ရရ ၁၉၉၀ ကျော်ကာလ သြဂုတ်လရဲ့ နေ့လည်ခင်း တခုမှာပေါ့။
ကျမ ကျောင်းက ပြန်လာပြီး အိမ်ထဲဝင်တော့ စိတ်ထဲမှာ မသိုးမသန့် ဖြစ်သလို ခံစားရတယ်။ အ၀တ်လဲဖို့ ကိုယ့်အခန်းကို အသွား တီဗီကြည့်တဲ့ ဟောခန်းကို ဖြတ်တော့ တီဗီရှေ့က သစ်သားကွပ်ပျစ်ကလေးပေါ်မှာ မတင်ဌေး ဆိုတဲ့ အိမ်အကူကောင်မလေး နေမကောင်းလို့ လှဲနေတာ တွေ့တယ်။ သူ့ဘေးနားမှာတော့ ဗေဒင်ဆရာမ ယောင်ယောင် ဘာယောင်ယောင် မဟာဘုတ်တောင် မထူတတ်တဲ့ အမျိုးသမီးတယောက် ရှိနေတယ်။ နာမည်က မဝေတဲ့။ သူက ဘာရယ်မဟုတ်ဘူး အိမ်ကိုလာလာပြီး လူကြီးတွေနဲ့ စကားစမြည်ပြော ထမင်းစား ကော်ဖီသောက် လမ်းစရိတ်တောင်းပြီး ပြန်နေကျ။

မဝေက မတင်ဌေးကို ပြုစုနေတာလား ဘာလား မသိပါဘူး။ ခေါင်းကို ယပ်ခတ်လိုက် ခြေထောက်ကို နှိပ်လိုက် ရှူဆေးတွေ သွေးဆေးတွေ ရှူခိုင်းလိုက်နဲ့ ပြာယာခတ်နေတာပဲ။ မတင်ဌေးက တော်ရုံ နေမကောင်းဖြစ်ခဲတော့ ကျမလဲ နည်းနည်းအံ့သြတာနဲ့ အ၀တ်အစားလဲပြီး သူတို့အနား သွားထိုင်ကြည့်ဖြစ်တယ်။ မတင်ဌေးက မျက်စိမှိတ်ထားပြီး တအင်းအင်း ညည်းနေတယ်။ သွားကြီးစေ့ အံကြိတ်ပြီး ခေါင်းတွေလဲ ခါခါယမ်းယမ်းနဲ့။ ကိုယ်ခန္ဓာကလည်း မငြိမ်ဘူး ရုန်းကန် လှုပ်ရှားနေတယ်။ မဝေကလဲ ခြေမချိုးလိုက် ပေါင်တွင်းကြောကို တက်နင်းလိုက် လုပ်နေတယ်။ ကြည့်နေရင်းနဲ့ မတင်ဌေးခြေသလုံးမှာ အညိုအမည်းတွေ ထင်လာသလိုပဲ။ ဒါနဲ့ မဝေပဲ တအားနင်းလို့ များလားလို့ မဝေကို ရပ်ခိုင်းလိုက်တယ်။ လှုပ်ရှားရုန်းကန်နေတဲ့ မတင်ဌေးက တချက်တချက် ငြိမ်သွားပေမဲ့ တချက်တချက်တော့ မျက်ထောင့်နီကြီးနဲ့ ကြည့်တယ်။ အသံကလဲ ခပ်အစ်အစ်နဲ့ လည်ပင်းမှာ တခုခုဆို့နေသလိုပဲ။

အမေရောက်လာတော့ မတင်ဌေးကို ဆေးခန်းပို့ပေးဖို့ စီစဉ်တယ်။ ဆေးခန်းနဲ့ အိမ်နဲ့က ၂ မိနစ်လောက် လမ်းလျှောက်ရင် ရောက်ပေမဲ့ သူ့ကြည့်ရတာ အားအင်ကုန်ခမ်း ချိနဲ့နေသလိုမို့ ဆိုက်ကားခေါ်ထားတယ်။ ခြံထဲမ၀င်ဘဲ ခြံပြင်မှာပဲ စောင့်နေတဲ့ ဆိုက်ကားဆီ မတင်ဌေးကို အိမ်ထဲကနေ လူနှစ်ယောက်လောက်တွဲပြီး ပို့ရတယ်။ ဆိုက်ကားဆီလဲ ရောက်ရော သူက မစီးဘူးတဲ့။ ကျမ လမ်းလျှောက်နိုင်တယ်ဆိုပြီး လျှောက်သွားပါလေရော။ ဆေးခန်းမှာထိုင်စောင့်တော့လဲ အကောင်းပဲ၊ အလှည့်ကျတော့ ဆရာဝန်မလေးက သွေးပေါင်ချိန်တာတို့ ဘာတို့လုပ် ဟိုစမ်း ဒီစမ်း စမ်းပြီး … ဘာမှမဖြစ်ပါဘူး၊ ကောင်းသားပဲ လို့ပြောပြီး ခေါင်းမူးနေတယ်ဆိုတာနဲ့ စိတ်ကျေနပ်အောင် အားဆေးတလုံး ထိုးပေးလိုက်တယ်။ ဆရာဝန်မလေးက အမေ့ကိုတော့ ခပ်တိုးတိုးကပ်ပြောလိုက်သေးတယ်။ ဒီကောင်မလေး အလုပ်မလုပ်ချင်လို့ မူယာမာယာ များနေတာ နေမှာပါ … ဆိုပဲ။

နောက်တော့ အိမ်ပြန်ရောက်လာရော … အိမ်ထဲရောက်တာနဲ့ သူက ချိနဲ့သလို ပြန်ပြီး ခွေကျသွားပြန်တယ်။ ဟဲ့ ဟဲ့ ဖြစ်ပြန်ပြီဆိုပြီး ဆေးခန်းထပ်ပို့ပြန်တယ်။ ဟိုရောက်ရင် အကောင်း … အိမ်ထဲရောက်ရင် လူမမာ … ဆိုတော့ စိတ်ထဲ သိပ်မသင်္ကာကြတော့ဘူး။ ခုနက မဝေကလဲ ပြောသွားသေးတယ် … ဒါ သွေးရိုးသားရိုး မဟုတ်ဘူး … အမှောင့်ပယောဂ … တဲ့။ မဝေကို သိပ်မယုံကြပေမဲ့ ဟုတ်လေမလားလို့ ဇဝေါဇ၀ါ ဖြစ်ကုန်ကြပါတယ်။ ဒါနဲ့ သူတချက်တချက် မညည်းမညူဘဲ စိတ်ကောင်းဝင်နေတုန်းမှာ နင် ဘာတွေလုပ်ခဲ့လဲ ဘာတွေဖြစ်ခဲ့လဲ … တခုခုမှားခဲ့သလား … လို့ မေးတော့ … သူက ပြောပြတယ်။

နေ့လည်က ခြံနောက်ဘက်မှာ ဘူးစင်ထိုးဖို့ ခြံရှင်းသတဲ့။ အရင်တုန်းကတော့ ခြံကို ၀ါးရုံပင်တွေနဲ့ စည်းရိုးခတ်ထားတာပဲ။ ၈၈ အရေးအခင်း မတိုင်ခင်လေးမှာ အဘိုးရဲ့ အမိန့်အရ ၀ါးခြံစည်းရိုးကို ဖယ်ပြီး တခြံလုံးကို အုတ်တံတိုင်း ကာလိုက်တယ်။ ဒါပေမဲ့ တချို့ဝါးပင်တွေက အုတ်တံတိုင်း အတွင်းဘက်မှာ ကျန်နေခဲ့တယ်။ အဲဒီဝါးပင်တွေက အုံလိုက်ကလေး လေးငါး ဆယ်ပင် တစုတဝေး ပေါက်နေတော့ အောက်ခြေက တောင်ပို့ကလေးလို ဖြစ်နေတာပေါ့။ ခြံရှင်းနေတုန်း ၀ါးရုံ တောင်ပို့နားက မြွေတကောင် ထွက်လာလို့ သူက လက်ထဲက ပေါက်တူးနဲ့ လှမ်းရိုက်လိုက်သတဲ့။ ဒါပေမဲ့ မြွေက ဘယ်ရောက်သွားမှန်း မသိဘဲ လိပ်ပြာလေးတကောင်ပဲ တွေ့ရတော့တယ် တဲ့။ သူကလဲ စိတ်ကြီးတယ်၊ မြွေကို မတွေ့တော့ တွေ့တဲ့လိပ်ပြာကိုပဲ မဲပြီး စိတ်တိုတိုနဲ့ လှမ်းအရိုက်မှာ ရုတ်တရက် မိုက်ခနဲဖြစ်ပြီး ချော်လဲကျသွားတယ်တဲ့။ အဲဒီနောက်မှာတော့ ခုလို ဖြစ်သွားတော့တာပဲ။

သူ့စကားကြားတော့ အားလုံး သဘောပေါက်သွားတယ်။ ဒါဆိုရင် တခုခု ပူးနေတာ သေချာပြီပေါ့။ သူဖြစ်ပုံကလဲ တမျိုးပဲ။ တချက်တချက်ကောင်းနေတယ်၊ တချက်တချက်တော့ နာလွန်းလို့ အော်ဟစ် ညည်းညူနေရရှာတယ်။ ဘာပဲဖြစ်ဖြစ် ဟုတ်သည်ရှိ မဟုတ်သည်ရှိပေါ့ … ဒီတိုင်းထားလို့တော့ မဖြစ်ဘူး၊ တဖြည်းဖြည်းနဲ့ ညနေ စောင်းပြီး အပုပ်ချိန်ရောက်လာပြီ၊ အိမ်သားတွေလဲ လန့်နေကြပြီ ဆိုတော့ ဘုန်းကြီးပင့်ပြီး ရွတ်ဖတ်သရဇ္ဈာယ်ရင် ကောင်းမယ်ဆိုပြီး အိမ်နားက ဘုန်းကြီးကျောင်းက ရင်းနှီးတဲ့ ဘုန်းကြီးတပါးကို အကျိုးအကြောင်းပြောပြီး သွားပင့်ကြတယ်။ ဘုန်းကြီးက ပထမတော့ အင်တင်တင်ရယ်၊ ဒါမျိုးက အာပတ်သင့်သလားတော့ မသိပါဘူး။ ဒါပေမဲ့ ကိုယ့်ဒကာ ဒကာမတွေရဲ့ အရေးဆိုတော့ ဘုန်းကြီးလဲ မနေသာဘဲ ကြွလာပေးပါတယ်။

ဘုန်းကြီးက အခြေအနေကို အကဲခတ်ပြီး နားလည်သွားပုံရပါတယ်၊ ပါလာတဲ့ ဆေးပြင်းလိပ်ကြီး မီးညှိဖွာပြီး အင်းပြားပေါ်တင်ပြီး သူ့ကိုကပ်ပေးတယ်။ သူ့ခန္ဓာကိုယ်က တဆတ်ဆတ်တုန်နေတာပဲ။ ဘုန်းကြီးလဲ တော်တော်ကြာကြာ ဖွာလိုက် ကပ်လိုက် လုပ်ပေးပြီး မောသွားတယ်။ အင်း … သိပ်တော့မလွယ်ဘူး … နည်းနည်းကြီးတယ်လို့ မသိမသာ မိန့်တယ်။ နောက်တော့ မေတ္တာပို့ ပရိတ်တွေဘာတွေ ရွတ်ပေးပြီး ပြန်ကြွသွားတယ်။

ဘုန်းကြီးလုပ်ပေးပေမဲ့ သိပ်တော့မထူးခြားဘူး။ ပြန်သွားတော့လဲ အရင်အတိုင်းပဲ။ မျက်ထောင့်နီကြီးနဲ့ ကြည့်လိုက်၊ တအင်းအင်း ညည်းလိုက်နဲ့။ ကြည့်ရင်းကြည့်ရင်း သူ့ခန္ဓာကိုယ်မှာ အညိုအမည်းတွေ ပိုများများလာတယ်။ လည်ပင်းမှာပါ အညိုအမည်းတွေ ဖြစ်ပြီး အသံက သိပ်မထွက်တော့ဘူး။ နာတယ် နာတယ်လို့ အော်သံရယ် … တင်းပုတ်နဲ့ ၀ိုင်းရိုက်နေကြတယ် …. ဆိုပြီး မပီမသ ပြောသံရယ်တော့ ကြားလိုက်ရသေးတယ်။

ဒါနဲ့ပဲ မဖြစ်ချေဘူး၊ နောက်ထပ် ဘုန်းကြီးတပါးကို ပင့်အုံးမှ ဆိုပြီး ခြောက်ထပ်ကြီးက ရှမ်းဘုန်းဘုန်း (ယခု ပျံလွန်တော်မူပြီး) ကို ပင့်ပြန်ပါတယ်။ ရှမ်းဘုန်းဘုန်းက နားသိပ်မကြားဘူး။ အင်းတွေဘာတွေ လုပ်တယ်။ မမြင်ရတဲ့လောကနဲ့ စကားတွေဘာတွေ ပြောပြီး အဆက်အသွယ်လဲ ရှိတယ်လို့ ကြားဖူးတယ်။ ရှမ်းဘုန်းဘုန်းရောက်လာပြီး ဓားပုံစံ ကျွဲချိုကလေးနဲ့ ခပ်ဆတ်ဆတ် ခုတ်ရင်း ပါးစပ်ကလဲ တခုခုရွတ်ပေးနေတယ်။ ကြည့်ရင်းကြည့်ရင်း တဖြည်းဖြည်း ခြေထောက်ကနေ ထွက်သွားသလိုပဲ … နည်းနည်းငြိမ်သလို ရှိသွားတော့ ဘုန်းဘုန်းလဲ ပရိတ်ကြိုးလေး လည်ပင်းမှာချည်ပေးပြီး ပြန်ကြွသွားပါတယ်။

ကျမလဲ တခါမှ ဒါမျိုးမကြုံဖူးတော့ အရမ်းအံ့သြပြီး သူ့အနားက မခွါဘဲ ဖြစ်ပျက်သမျှတွေ တချိန်လုံး စောင့်ကြည့်နေခဲ့တယ်။ (မှတ်မှတ်ရရ အဲဒီအချိန်က စာမေးပွဲနီးနေပြီ၊ ဒါပေမဲ့ စာမဖတ်ဘဲနဲ့ စပ်စုနေခဲ့တာ။) ရှမ်းဘုန်းဘုန်း ပရိတ်ကြိုးချည်ပေးလို့ နည်းနည်းငြိမ်သွားတော့ အိမ်သားတွေလဲ အသီးသီး ကိုယ့်အခန်းကိုယ် ၀င်သွားကြပြီ၊ ကျမကတော့ သူလှဲနေတဲ့ ကွပ်ပျစ်ကလေးမှာ ၀င်ထိုင်ပြီး သူ့ခေါင်းရင်းကနေ ကမ္မ၀ါ၊ ပရိတ်ကြီး ၁၁-သုတ်၊ ပဋ္ဌာန်း ရှိသမျှ ဘုရားစာတွေ အခေါက်ခေါက် ထိုင်ရွတ်ပေးနေခဲ့တယ်။ အထူးသဖြင့် ကမ္မ၀ါကို များများရွတ်ပါတယ်။ ကမ္မ၀ါရွတ်ရင် မကောင်းဆိုးဝါးတွေ မလာဘူး၊ ပြေးတယ်လို့ သိထားတာကိုး။

ကျမ ကမ္မ၀ါရွတ်ပြီဟေ့ဆိုရင် သူက မျက်လုံးဖွင့်ကြည့်ပြီး လည်ချောင်းအစ်သံကြီးနဲ့ မရွတ်နဲ့ … နားညည်းတယ် … လို့ပြောတယ်။ ဘယ်ရမလဲ ကျမလဲ ဆက်ရွတ်တာပါပဲ၊ ပိုတောင် အသံပြင်းပြင်းနဲ့ ဆောင့်ဆောင့်ရွတ်လိုက်သေးတယ်။ နောက်တော့ သူက တဆင့်တက်လာပြီး ကျမကို ခိုင်းတယ်။ လည်ပင်းက ပရိတ်ကြိုးဖြုတ်ပေးပါ … တဲ့။ ဒီလောက်တော့ ကျမက လည်ပါတယ်၊ ဘယ်ဖြုတ်ပေးလိမ့်မလဲ။ ဒါပေမဲ့ သူကလဲ ပိုတော့အလည်သား … ကျမကို လာညှိတယ်၊ ပရိတ်ကြိုးဖြုတ်ပေးရင် ထွက်မယ်ဆိုပဲ။ တကယ်လား ဆိုတော့ … အင်း …. တဲ့။ ကျမလဲ ဖြုတ်ပေးရ ကောင်းနိုးနိုး စဉ်းစားနေမိသေးတယ်။ ဖြုတ်တော့ မဖြုတ်ဖြစ်လိုက်ဘူး။

ခဏနေတော့ ဒင်းက ကြမ်းလာပြန်တယ်။ အနားမှာထောင်ထားတဲ့ သင်ဖြူးဖျာလိပ်ကို ပြေးပြီးကန်တယ်။ အပွေးကုန်နေတဲ့ သနပ်ခါးတုံး၀၀ကြီးကို ပစ်ပေါက်တယ်။ အဲဒီဖျာလိပ်မှာ ကပ်နေကြတာ …. လို့လဲ လက်ညှိုးကြီးထိုးပြီး ပြောတယ်။ ကျမတို့မှာ ဖျာလိပ်ကြီး အိမ်နောက်ဖေးပို့ထားရတယ်။ ကြောက်လို့။ အကောင်တွေ အများကြီး ပြောင်ပြနေကြတယ်လို့လဲ ဆိုတယ်။ သွားသွား ဆိုပြီး အော်ပြီး ပြေးကန်လိုက် ဟိုဟာနဲ့ပေါက် ဒီဟာနဲ့ပေါက် လုပ်လိုက်မို့ ကျမတို့မှာ တီဗီထိမှာစိုးလို့ လိုက်ဆွဲနေရသေးတယ်။ အဲလိုတွေ ဖြစ်ပြန်တော့ မထွက်သေးဘူးဆိုတာ သေချာသလောက်ပဲပေါ့။ ဒီလိုသာဆို ဘာမှန်းမသိတဲ့ အကောင်တွေနဲ့ တညလုံး တအိမ်ထဲ အတူနေရမလို ဖြစ်နေတာနဲ့ နောက်ထပ်ဘုန်းကြီးတပါး ထပ်ပင့်ကြရပြန်တယ်။ အဲဒီဘုန်းကြီးကတော့ ကျမကို ပုံပြောပြလေ့ရှိတဲ့ ခြောက်ထပ်ကြီး သာသနာ့သိပ္ပံကျောင်းက ဆရာတော်ပါ။ (သံဃာအရေးအခင်းမှာ အဖမ်းခံရပြီး နောက်ပိုင်း သိပ်မကြာခင်မှာ ပျံလွန်တော်မူသွားပါပြီ။) ဆရာတော်ကို သွားပင့်တော့ ကိုယ်တိုင် လိုက်မလာပါဘူး။ ကျမအမကြီးကို တပည့်အဖြစ် လက်ဝါးချင်းရိုက် သတ်မှတ်ပြီး ရုပ်ပုံထွင်းထားတဲ့ ခပ်ညိုညို အတုံးလေးတခု ပေးလိုက်တယ်။ အဲဒါလေးနဲ့ခေါက်ပြီး ဘယ်လိုဘယ်လိုပြော ဆိုပြီး သင်ပေးလိုက်ပါတယ်။

ညကလဲ တဖြည်းဖြည်း နက်လာပြီ။ အမကြီးလဲ ဆရာတော်သင်ပေးသလို ကြိုးစားလုပ်တာပါပဲ။ ဒါပေမဲ့ ဘာမှမထူးခြားဘူး။ မတတ်သာတဲ့အဆုံး ဆရာတော်ကို ပြန်သွားလျှောက်ပြီး ကိုယ်တိုင်လိုက်ခဲ့ဖို့ တောင်းပန်ကြပါတယ်။ နောက်ဆုံးတော့ ဆရာတော်လည်း အိမ်သားတွေကို သနားတာနဲ့ လိုက်လာခဲ့တယ်။

ဆရာတော် အိမ်ရောက်လာတော့ မတင်ဌေးကို သူ့ရှေ့မှာ ထိုင်ခိုင်းပြီး ဆရာတော်နဲ့ မတင်ဌေး အမေးအဖြေ လုပ်ကြပါတယ်။ မတင်ဌေးရဲ့ အသံက ပျက်သလောက် ဖြစ်နေပြီ၊ သေချာမဖြေနိုင်တော့ဘူး။ များသောအားဖြင့် လက်ဟန်ခြေဟန်နဲ့သာ ဖြေတယ်။ စကားပြောဖြေတဲ့အခါ ကျမက သူ့ပါးစပ်နားကို ကပ်နားထောင်ပြီး ဆရာတော်ကို ပြန်ပြောပြရတယ်။ ကြားထဲက translator ဆိုပါတော့။ ဆရာတော်နဲ့ မတင်ဌေး အမေးအဖြေလုပ်တဲ့အတိုင်း ပြန်ရေးပြပါမယ်။

“မင်းတို့က ဘယ်သူတွေလဲ ဘယ်ကလဲ”
“… … …” (မြွေပါးပြင်းထောင်သလို လက်ကိုလုပ်ပြီး နဖူးမှာအမောက်လို ကပ်ပြတယ်။)
“မင်းတို့ ဘာဖြစ်လို့ ဒီကလေးမလေးကို နှောက်ယှက်ရတာတုန်း”
“ငါတို့ ခေါင်းဆောင်ကို xxx ” (နောက်ကစကားကို သေချာမကြားရဘူး။)
“ဘာလုပ်လို့လဲ”
“သူလုပ်တာ xxx” (ခေါင်းကို လက်နဲ့ကိုင်ပြတယ်။)
“ဟ … ဒါ မတော်တဆ ဖြစ်တာပဲ … ခွင့်လွှတ်ရမှာပေါ့”
“မကျေနပ်ဘူးးးး”
(မျက်ထောင့်ကြီး နီလာပြီး ပြောတယ်။ နှာခေါင်းကလဲ တရှူးရှူးနဲ့ နှာတွေမှုတ်ပြီး အသက်ရှူသံပြင်းလာတယ်။)
“ဒါဆို ဘာလုပ်ချင်တာလဲ”
“… … …”
(အံကြိတ်ပြီး လည်ပင်းကို ဖြတ်တဲ့ပုံ လက်ဟန်ခြေဟန်နဲ့ လုပ်ပြတယ်။)

သူ့ရုပ်ကြီးကို ကြည့်ပြီး ကျမလဲ ကျောထဲက စိမ့်ခနဲဖြစ်သွားတယ်။ ကြောက်လိုက်တာ။ ဒါပေမဲ့ ဆရာတော်အနားမှာရှိလို့ မကြောက်သလိုနဲ့ ခပ်တည်တည်ပေါ့။
“ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ … ဒုက္ခရောက်ကုန်မှာပေါ့”
“… … …”
ဆရာတော်က ရွှေပြည်အေးတရားဟောပေမဲ့ ဟိုက အပြတ်ရှင်းမယ်ဆိုတာချည်းပဲ။ တော်သေးတာက ပရိတ်ကြိုးချည်ထားတော့ အပြတ်ရှင်းမရဘူး ဖြစ်နေတာတဲ့။ ကျမသာ အူတူအတနဲ့ သူတို့ပြောတာယုံပြီး ဖြုတ်ပေးလိုက်မိရင် သွားပြီ။

နောက်ဆုံးတော့ ဖြစ်ပုံကို ဆရာတော်က ရှင်းပြပါတယ်။ ဟိုးအရင်ခေတ်တုန်းက ဒီနားတ၀ိုက် ရွာကလေးမှာ နေသွားသူ တယောက်တလေက အဲဒီဝါးရုံပင်အောက်က တောင်ပို့ကလေးမှာ ရွှေတိုရွှေစလေးတွေ မြှုပ်ခဲ့သတဲ့။ သူမြှုပ်ခဲ့တဲ့ ပစ္စည်းအစွဲနဲ့ ဒီနေရာမှာ အစောင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။ နောက်တော့ တဖြည်းဖြည်း အကောင်ကြီးပြီး အပေါင်းအဖော်တွေ တပည့်လက်သားတွေ များလာပုံပါပဲ။ မတင်ဌေး ဘူးစင်ထိုးဖို့ တောင်ပို့နားမှာ မြေပေါက်တော့ သူတို့ပစ္စည်းတွေ တူးယူမယ်မှတ်ပြီး ခေါင်းဆောင်ကြီးက ခြောက်လှန့်ဖို့ မြွေအဖြစ်နဲ့ ထွက်လာတာ။ မတင်ဌေးက မကြောက်ဘဲ ရိုက်လိုက်တော့ ခေါင်းမှာ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပူးပြီး အသေသတ်ဖို့ လုပ်ကြတာ။

ခေါင်းဆောင်ကြီးထိတော့ တပည့်လက်သားတွေက စိတ်ဆိုးပြီး မတင်ဌေး လည်ပင်းကို ညှစ်၊ တကိုယ်လုံးကို တင်းပုတ်တွေနဲ့ ရိုက်၊ ဒေါသဖြစ်အောင် အမျိုးမျိုး ပြောင်ကြ နောက်ကြနဲ့ ၀ိုင်းသမကြတာပေါ့။ ဒါကြောင့် ခမျာမှာ အညိုအမည်းတွေ ပေါ်ပြီး ထွန့်ထွန့်လူး ညည်းညူနေရရှာတာပါ။ အဲ … ခြံထဲကလဲ ထွက်တော့ သူတို့ပိုင်နက် ကျော်သွားတာမို့ ဆက်မလိုက်ကြတော့ဘူး၊ ဒါကြောင့် ဆေးခန်းရောက်ရင် အကောင်းပတိ ဖြစ်နေတာတဲ့။ သူတို့ကလဲ ပူးတုံခွါတုံပါ။ ပူးနေချိန်ဆို မျက်ထောင့်နီနီ အံကြီးကြိတ်ထားတယ်။ ခွါနေချိန်ဆို ဖျာလိပ်တို့ သနပ်ခါးတုံးတို့လို သစ်ဝါးနဲ့ လုပ်တဲ့အရာတွေကို ကပ်ပြီး မတင်ဌေးမြင်သာအောင် အမျိုးမျိုး ခြောက်လှန့်ကြ နောက်ပြောင်ကြတယ်။ ပုံစံတွေက ရုပ်ကြမ်းကြီးတွေ အကြေးခွံအကွက် အကွက်တွေလဲပါသတဲ့။ (အဲဒါက နောက်ပိုင်း မတင်ဌေးပြန်ပြောပြတာပါ)

အကျိုးအကြောင်း ရှင်းပြပြီးနောက် ဆရာတော်က သူ့သီလနဲ့ တိုင်တည် သစ္စာပြုပြီး နတ်တွေ အကုန်လုံးကို ပင့်ဖိတ်တယ်။ ဒီအိမ်မှာနေတဲ့သူတွေကို မနှောက်ယှက်ဖို့ သူတို့ထက် စီနီယာနတ်တွေကို အမိန့်ပေးခိုင်းတယ်။ မင်းတို့ကိုလဲ မနှောက်ယှက်ဘူး၊ အိမ်သားတွေကိုလဲ မနှောက်ယှက်နဲ့။ ဒါကိုမှ နှောက်ယှက်မယ်ဆိုရင် မင်းတို့ဒီမှာ မနေရအောင် လုပ်ရလိမ့်မယ်လို့လဲ ပြောတယ်။ ပြီးတော့ နွားနို့ရယ် ပေါက်ပေါက်ရယ် အမွှေးတိုင်ရယ် အဲဒီတောင်ပို့နားမှာ သွားချပြီး မတင်ဌေးကိုယ်တိုင် တောင်းပန်ခိုင်းတယ်။ နဂါးစောင့်တဲ့ သိုက်မို့ နွားနို့ပေါက်ပေါက်နဲ့ တောင်းပန်ရတာလို့ ပြောတာပဲ။

ညဘက်မို့ ခြံထောင့်က တောင်ပို့နားမှာ အတော်လေး မှောင်နေပါတယ်။ အဲဒီနားမှာ သရက်ပင် သုံးပင် တြိဂံလို ပေါက်နေတဲ့နေရာကို ကျမတို့ငယ်ငယ်က မြေပုံတွေဘာတွေ ဆွဲပြီး ရတနာသိုက် ရှာတမ်း ကစားခဲ့ဖူးသေးတယ်။ ခုတော့ တောင်ပို့က ရတနာသိုက် ဖြစ်နေပါရောလား။ မတင်ဌေး သွားတောင်းပန်တော့ ကျမတို့လဲ ခပ်ကြောက်ကြောက်နဲ့ လိုက်သွားကြည့်ကြတယ်၊ ဘာမှတော့ မမြင်ခဲ့ရဘူး။ ၀ါးရုံပင်က လေတိုက်လို့ တရှဲရှဲမြည်တာနဲ့ ကြောက်ပြီး ပြန်ပြေးလာခဲ့ကြတာပဲ။

ခြံနောက်ဘက်မှာက သစ်ပင်ကြီးတွေအပြင် ရေတွင်းအိုကြီးရယ်၊ အိမ်သာ သုံးလုံးရယ်၊ ရေစင် အမြင့်ကြီး တခုရယ် ရှိတယ်။ အရင်ကတော့ ပြေးလွှားဆော့ကစားကြ စစ်တိုက်တမ်း တူတူပုန်းတမ်းကစားကြတဲ့ နေရာဆိုပါတော့။ အဲဒီနောက်ပိုင်း ကျမတို့တွေ ခြံနောက်ဘက်ကို နေ့ရော ညပါ မသွားရဲကြတော့ဘူး။ အိမ်သာကိုလဲ အိမ်ထဲက အိမ်သာပဲ သွားဖြစ်ကြတော့တယ်။ မယုံဘူးလို့ အမြဲပြောလေ့ရှိတဲ့ကျမလဲ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ကြုံရတော့ မယုံချင်လို့ မရတော့ပါဘူး။ တခြားသူတွေ တစ္ဆေသရဲ ပူးပြီး ပြန်ထွက်သွားရင် ဘယ်လိုနေသလဲ မသိပေမဲ့ မတင်ဌေးကတော့ ရက်အတော်ကြာမှ အညိုအမည်းတွေ ပျောက်ပြီး အသံလဲ ဖြည်းဖြည်းချင်း ပြန်ထွက်လာပါတယ်။

သူတို့ကို တစ္ဆေလား သရဲလား ဥစ္စာစောင့်လား နတ်နဂါးလား ဆိုပြီး တခုခုတော့ ခေါင်းစဉ်မတပ်ချင်ပါဘူး။ ဒါပေမဲ့ သေချာတာကတော့ မျက်စိနဲ့ မမြင်ရတဲ့ ဒီလိုလောကသားတွေ ရှိနေတယ်၊ သူတို့နဲ့ ကိုယ်က ကြားခံနယ်ချင်း မတူလို့ နိစ္စဓူဝ မမြင်မတွေ့ရပေမဲ့ ခုလို အခန့်မသင့်တဲ့အခါမျိုးမှာ တွေ့မြင်နိုင်သလို ၀င်ရောက်ပူးကပ်နိုင်တယ်၊ သူတို့ကိုကိုယ်က မထိခိုက် မစော်ကားဖို့နဲ့ ကုသိုလ်ပြုတဲ့အခါ အမျှဝေဖို့ မေတ္တာပို့ပေးဖို့ လိုတယ် ဆိုတာကိုတော့ ကျမ ကောင်းကောင်း သဘောပေါက်ခဲ့ရပါတော့တယ်။
***
မေဓာဝီ
၃၁၊ အောက်တိုဘာ၊ ၂၀၁၀
၁၈း၀၉ နာရီ

(အသိပေးခြင်း။ … ။ ၆ လတခါ မဆုံချင်ဘဲ ဆုံနေရတဲ့ စာမေးပွဲကြောင့် ဘလော့ဂင်းခြင်းကို ခေတ္တ နားရပါဦးမယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့မှ ပြန်ဆုံကြပါစို့။)

Read More...

Saturday, October 30, 2010

သရဲများနဲ့ ကျမ

ဒီအကြောင်းကို ရေးမယ်တွေးထားတာ ကြာပါပြီ။ ဒါပေမဲ့ မယုံသူတွေအတွက် လက်မခံနိုင်စရာများ ဖြစ်နေမလား စဉ်းစားမိလို့ မရေးသေးဘဲ တေးထားခဲ့တယ်။ ခုတော့ သရဲဇာတ်လမ်းတွေ ခေတ်စားနေတဲ့ အခါသမယမို့ ရေးဖို့ အားတက်လာတယ်။ ဘယ်အရာမဆို ကိုယ်တိုင်ကြုံမှ ယုံမယ်လို့ အပြောကြီးခဲ့ဖူးတဲ့ ကျမ ကိုယ်တိုင် ကြုံခဲ့ရတာလေးပါ။ သရဲများည အမှတ်တရ ခါတော်မီ ရာသီစာလေး ဆိုပါတော့ … ။
***
သင်္ချိုင်းရှေ့ကခြံ

ဇာတ်လမ်းမစခင် ကျမတို့ ခြံအကြောင်း နည်းနည်း အစပျိုးပါရစေ။ ကျမတို့ အိမ်က အရင်တုန်းက လူမျိုးခြားတဦးပိုင်တဲ့ အထည်စက်ရုံလို့ လူကြီးတွေ ပြောပြဖူးတယ်။ လုပ်ငန်းတွေ ပြည်သူပိုင်သိမ်းတော့ အဲဒီစက်ရုံကြီးလဲ သိမ်းခံလိုက်ရသတဲ့။ နောက်ပိုင်း သိမ်းထားတဲ့ အိမ်တွေ ခြံတွေ အစိုးရက ပြန်ရောင်းတော့ အဘိုးက ၀ယ်ထားလိုက်ပြီး လူနေအိမ်အဖြစ် နေကြတာ ခုထိအောင်ပါပဲ။ စက်ရုံဝင်းဆိုတော့ ခြံက ကျယ်တယ်၊ သီးပင် စားပင်လဲ အစုံပဲ။ သရက်၊ ပိန္နဲ၊ သြဇာ၊ မာလကာ၊ တမာ၊ မန်ကျည်း ... အပင်ကြီးတွေ များတယ်။ ဒါပေမဲ့ ...
အဲဒီခြံနဲ့ မျက်နှာချင်းဆိုင်မှာ သင်္ချိုင်းကြီး တခုရှိတယ်။ တရုတ်လူမျိုးစု တခုရဲ့ သင်္ချိုင်းလို့ ထင်ပါတယ်။ သင်္ချိုင်းလို့သာဆိုတယ် ကျမ သိတတ်တဲ့ အရွယ်ကစလို့ သင်္ချိုင်း မဖျက်ခင် အချိန်ထိ အသုဘလာချတာ တခါမှ မတွေ့ဖူးပါဘူး။ တခါတလေ တစ္ဆေကြီးပွဲလို နေ့မျိုးမှာ သင်္ချိုင်းလာကန်တော့ကြတာ မြင်ဖူးပေမဲ့ အင်မတန် တွေ့ရခဲပါတယ်။ တရုတ်တွေက လူသေရင် ပစ္စည်းပစ္စယတွေ အုတ်ဂူထဲ ထည့်မြှုပ်တတ်တော့ တချို့က အုတ်ဂူတွေဖောက်ပြီး ပစ္စည်းရှာကြသတဲ့။ တခါတော့ အုတ်ဂူကို တူရွင်းချွန်နဲ့ ထိုးဖောက်နေတုန်း ရုတ်တရက် အမွှေးနံ့ ထောင်းထောင်းထလို့ ဖောက်သူတွေ လန့်ဖျပ်ပြီး ထွက်ပြေးကုန်ကြတယ်။ နာနာဘာဝလား ဥစ္စာစောင့်လား ဘာလားပေါ့။ နောက်မှ မရဲတရဲ ပြန်သွားကြည့်တော့ အုတ်ဂူထဲ ထည့်ထားတဲ့ ရေမွှေးပုလင်းကြီးတလုံးကို တူရွင်းနဲ့ ထိုးမိလို့ ကွဲပြီး အမွှေးနံ့တွေ ထွက်လာတာတဲ့။ အဲဒီလို သင်္ချိုင်းဖောက်သူတွေက သေသူတွေရဲ့ လက်ဝတ် လက်စားတွေအပြင် ရွှေသွားတွေဘာတွေပါ ချွတ်ယူကြတယ်လို့ တဆင့်စကား ကြားခဲ့ဖူးတယ်။

မွေးကတည်းက သင်္ချိုင်းရှေ့မှာမွေး၊ သင်္ချိုင်းရှေ့မှာကြီးခဲ့တော့ သင်္ချိုင်းဆိုတာကို ကြောက်ရကောင်းမှန်း မသိပါဘူး။ အိမ်ပေါ်ထပ်ဝရံတာကနေ သင်္ချိုင်းကို ကြည့်ရတဲ့ ရှုခင်းကို သိပ်သဘောကျတယ်။ သင်္ချိုင်းရဲ့ အလယ်မှာ သစ်ပင်ကြီး တပင်ရှိတယ်။ ကုက္ကိုပင်လို့ ထင်တာပဲ။ အဲဒီ အပင်ကြီးအောက်မှာတော့ အုတ်ဇရပ်ကလေးရှိတယ်။ ဆောင်းဦးဝင်စဆိုရင် ကလေးတွေက အုတ်ဂူတွေပေါ်မှာ စွန်လွှတ်ကြတယ်။ နွေဆို ရိုးတံကျိုးကျဲ သစ်ပင်ကြီးနဲ့ … စီစီရီရီ အုတ်ဂူကလေးတွေနဲ့ … ညိုညစ်ညစ် ဇရပ်ကလေးနဲ့ .. အပေါ်စီးက မြင်ရတဲ့ ရှုခင်းက အထီးကျန်စရာ။ မိုးရာသီဆိုရင်တော့ သင်္ချိုင်းမြေတခုလုံး ရှည်လျားလျား မြက်ရိုင်းတွေ … အုပ်အုပ်ပုံ့ပုံ့ ချုံပုတ်ငယ်လေးတွေ ဖုံးလွှမ်းလို့။ ရာသီတိုင်းရဲ့ သင်္ချိုင်းရှုခင်းဟာ ကျမအတွက်တော့ မရိုးနိုင်စရာပါပဲ။


နေကလဲ သင်္ချိုင်းဘက်ကထွက်တယ်။ လကလဲ သင်္ချိုင်းဘက်မှာ သာတယ်။ ရောင်စုံတိမ်တိုက်တွေရယ် … ပြာလွင်လွင် ကောင်းကင်ပြင်ကြီးရယ် … ပျံဝဲနေတဲ့ ကျေးငှက်တွေရယ် … အလေ့ကျပေါက်တဲ့ အရိုင်းပန်းပင်တွေရယ် … ရှိရှိသမျှ သဘာဝအလှတွေက အဲဒီသင်္ချိုင်းဘက်မှာ ရှိတယ်။ ကျမ ပျင်းပျင်းရှိရင် … ဒါမှမဟုတ် စိတ်တွေ မျောလွင့်ချင်ရင် အိမ်ရှေ့က သင်္ချိုင်းရှုခင်းကို တကူးတက ကြည့်နေကျပေါ့။
***
အိမ်ထဲက သရဲဇာတ်လမ်း တချို့

သင်္ချိုင်းရှေ့က အိမ်ဆိုတော့ သရဲတွေဘာတွေများ ရှိလေမလားလို့ သိတတ်စ (သရဲကို ကြောက်ရကောင်းမှန်း သိစ) အရွယ်မှာ တွေးခဲ့မိတယ်။ ငယ်ငယ်တုန်းက ကျမကို ထိမ်းတဲ့ အမကြီးက ကျမဆိုးရင် ခြောက်လေ့ရှိတာ …
“ကုလားသုံးယောက် မျက်စိခြောက်လုံး လာလိမ့်မယ် …” တဲ့။
သူအဲလိုပြောရင် ကျမမှာ ကြောက်လိုက်တာ ပျာလို့။ ဘယ်မှာနေရမှန်းမသိဘူး။ မျက်စိကို အတင်းမှိတ်ပြီး အိပ်ချင်ယောင် ဆောင်ရတယ်။ နည်းနည်းနားလည်တဲ့ အရွယ်ရောက်မှ သိတော့တယ်။ ကုလားသုံးယောက်ပါဆိုမှ မျက်စိခြောက်လုံးပေါ့ … ငယ်ငယ်ကတော့ ဘာရယ်မဟုတ်ဘူး ခြောက်တယ်ဆို ကြောက်ထည့်လိုက်တာပဲ။

ကျောင်းတက်တော့ ပသျှူးခေါင်းပြတ်၊ ခြေကလိမ်မ၊ ကျောပေါက်ကြီး စသဖြင့် ခေတ်အဆက်ဆက် မရိုးနိုင်တဲ့ သရဲပုံပြင်တွေ ကြားခဲ့ ကြောက်ခဲ့ဖူးတယ်။ အဲလိုနဲ့ ကိုယ့်အိမ်ထဲလဲ သရဲဇာတ်လမ်းတွေ လုပ်ကြံ ဖန်တီးလို ဖန်တီးပေါ့။ ကျမတို့ မမွေးခင် (မမှတ်မိခင်) အချိန်လောက်က အိမ်မှာ လက်တိုလက်တောင်း ကူပေးတဲ့ တိုင်းရင်းသူ ကလေးမလေး တယောက်ရှိတယ်တဲ့။ သူ့နာမည်က မို့ယူ ဆိုပဲ။ သူက နေမကောင်းဖြစ်ပြီး ကွယ်လွန်သွားတော့ တခါတလေ သူနေခဲ့ဖူးတဲ့ အခန်းမှာ အရိပ်လိုဘာလို ရိုးတိုးရိပ်တိတ် မြင်ရတယ်လို့ အတူနေ အကိုဝမ်းကွဲတွေ ပြောကြတယ်။ သူနေခဲ့တဲ့ အခန်းကို နောက်ဆုံးခန်းလို့ ကျမတို့က ခေါ်ပါတယ်။ အိမ်ရဲ့ အစွန်ဆုံးအခန်း မီးရောင်မှိန်ပျပျနဲ့ ချောင်အကျဆုံး အခန်းလေးပေါ့။ အဲဒီအခန်းပြတင်းပေါက် သံတိုင်မှာ မို့ယူကို တွဲလောင်းလေး မြင်ရတယ် ဆိုတဲ့ ပါးစပ်ဇာတ်လမ်းမျိုး မောင်နှမတွေကြားမှာ မကြာခဏ ပြောလေ့ရှိတယ်။ တခါမှ မမြင်ဖူးလို့ ကျမကတော့ မယုံပါဘူး။

အဲဒီနောက်ဆုံးခန်းလေးမှာ ဧည့်သည်တွေလာရင်လဲ တည်းခိုနားနေလေ့ရှိတယ်။ တခါတော့ မုံရွာက အမျိုးတယောက် ဆေးလာကုတော့ ထုံးစံအတိုင်း အဲဒီအခန်းမှာ ထားတယ်။ နာမည်က ဒေါ်မြစိန်တဲ့ … အသက်ကြီးပါပြီ။ ဆေးလာကုပေမဲ့ ရောဂါကကျွမ်းနေတော့ သိပ်မကြာခင်မှာ ဆုံးသွားပါတယ်။ ဆေးရုံမှာ ဆုံးပေမဲ့ အသုဘကို အိမ်မှာပဲ လုပ်ရတာပေါ့။ သူဆုံးသွားတော့ နောက်ထပ် သရဲဇာတ်လမ်းတပုဒ် နောက်ဆုံးခန်းလေးမှာ တိုးလာတယ်။


အဲဒီအခန်းက ပြတင်းပေါက်မှန်တချပ်ကလဲ အက်နေတယ်၊ ခန်းဆီးကလဲ လူမနေတော့ ဖုန်တုန်တုန် မှုန်တုန်တုန်၊ လေတိုက်ရင် မှန်အက်နေတဲ့ နေရာက လေတိုးတော့ ခန်းဆီးက တလှုပ်လှုပ်နဲ့။ ညဘက်ဆိုရင် အပြင်က အပင်ကြီးတွေ လေတိုက်တိုင်း တယိမ်းယိမ်း လှုပ်ရမ်းနေတာကို ပြတင်းပေါက်ကတဆင့် မြင်ရတာ ၀ိညာဉ်လောကသားတွေ ကခုန်နေသလိုပဲ။ ကျမတို့တွေ အဲဒီနောက်ဆုံးခန်းကို မသွားရဲကြဘူး၊ မှန်ပြတင်းကို မကြည့်ရဲကြဘူး။ တယောက်ယောက်များ မတော်တဆ သွားမိရင် ((((မို့ယူလာပြီ)))) ((((ဒေါ်မြစိန်ကြီးးးးဟိုမှာ)))) … ဆိုပြီး သူ့ထက်ငါ ဦးအောင် ခြောက်ကြတော့တာပဲ။
***
အိမ်နားက သရဲတွေ

ကျမတို့က အိမ်ထဲမှာတွင် မကဘူး၊ အိမ်နားက သရဲတွေပါ အိမ်ထဲကို ခေါ်လာပြီး ဇာတ်လမ်း ဆင်တတ်ကြသေးတယ်။ ငယ်ငယ်က အစိမ်းသေ … ဆိုရင် ဘာကိုပြောမှန်းသာ မသိတာ အစိမ်းသေ သေတာလို့ ကြားရင် သရဲဖြစ်ပြီလို့ သတ်မှတ်လိုက်တော့တာပဲ။ အိမ်နားမှာ ဒေါ်စိမ်းရီ ဆိုတဲ့ အဒေါ်ကြီး အစိမ်းသေတော့ အဲဒီနားပတ်ဝန်းကျင်မှာ ခြောက်တယ်လို့ ပြောကြတယ်။ နာမည်ကလဲ “စိမ်း” ပါနေပြီး သေတာလဲ အစိမ်းသေဆိုတော့ ခြောက်လို့ကောင်း ကြောက်လို့ကောင်းပေါ့။


နောက်ပြီး ကျမတို့ အိမ်နီးနားချင်း အဒေါ်ကြီးတယောက် ရေတွင်းထဲခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသွားခဲ့ဖူးတယ်။ သူရောဂါ ဝေဒနာခံစားနေရတာ မခံနိုင်လို့ အဆုံးစီရင်လိုက်တာတဲ့။ အဲဒီအဒေါ်ကြီးကလဲ ကျမတို့ တအိမ်လုံးနဲ့ သိပ်ရင်းနှီးပါတယ်။ အိမ်မှာလုပ်တဲ့ အလှူအတန်းဆို သူက ရှေ့ဆုံးက လာကူလေ့ရှိတယ်။ တခြားမြို့မှာ အလှူသွားလုပ်ရင်တောင် သူက လိုက်ပြီး ကူလုပ်ပေးသေးတာ။ သူသေသွားတော့ ရေတွင်းနားမှာ အသံကြားရသလိုလို သူ့အိမ်ပတ်ဝန်းကျင်မှာ ရိုးတိုးရိပ်တိတ် မြင်ရတွေ့ရသလိုလို ပြောကြတယ်။ ကိုယ်တိုင် တခါမှ မကြုံဖူးပေမဲ့ သူအိမ်နားက ဖြတ်သွားရင် အသည်းတထိတ်ထိတ်နဲ့ ဘုရားစာဆိုပြီး ဖြတ်ကြရတယ်။ သူသေသွားပြီးနောက်ပိုင်း သူ့နာမည်ကိုလဲ အိမ်မှာ ခြောက်ရမယ့် စာရင်းထဲ ထည့်လိုက်ကြပြန်တယ်။

ဒီလိုနဲ့ အိမ်နားမှာ လူတယောက်သေတိုင်း ကျမတို့ မောင်နှမတွေအတွက် ခြောက်ရမယ့် (ကြောက်ရမယ့်) စာရင်းထဲ နာမည်တိုးတိုးလာ တော့တာပဲ။
***
အဖေပြောပြတဲ့ သရဲဇာတ်လမ်းတချို့

အဖေပြောပြတဲ့ သရဲရာဇ၀င်တွေကိုတော့ ငယ်ငယ်က တော်တော်လေး ကျောချမ်းစွာ နားထောင်ခဲ့ဖူးတာပါ။ အဖေနေခဲ့တဲ့ အိမ်က အခုပြောနေတဲ့ ခြံနဲ့ လမ်းကျဉ်းကလေးပဲ ခြားတယ်။ အိမ်က သုံးထပ်၊ အပေါ်ဆုံးထပ်က အခန်းလေးကို အဖေက ကိုယ်ပိုင် လိုင်ဘရီကလေး လုပ်ထားတယ်၊ စာဖတ်ရင်း အိပ်ချင် အိပ်လို့ရအောင် ကုတင်တလုံးလဲ ရှိတယ်။ တညမှာ အာဂန္တု ဘုန်းကြီးတပါး ကြွလာတော့ အဖေက အဲဒီအခန်းမှာ ပေးသိပ်တာ ဘုန်းကြီးခမျာ တညလုံး မကျိန်းလိုက်ရရှာဘူးတဲ့။ သူ့ကို အိပ်မရအောင် အမျိုးမျိုး လုပ်တယ်ဆိုပဲ။ အိပ်ရာပေါ်က ဆွဲချလိုချ အသံအမျိုးမျိုးနဲ့ နှောက်ယှက်လို နှောက်ယှက်နဲ့ … မေတ္တာပို့လဲမရ၊ ပရိတ်ရွတ်လဲ မရ … နောက်ဆုံးတော့ ဘုန်းကြီးအိပ်ရာမှာ ကန့်လန့်ဖြတ်ကြီး လာအိပ်တာနဲ့ ဘုန်းကြီးက ကိုယ်ရုံသင်္ကန်းနဲ့ ရိုက်လိုက်တာ နှစ်ပိုင်းပြတ်သွားသတဲ့။ ဘုန်းကြီးလဲ နောက်တည ဆက်မနေတော့ဘဲ တခြားကြွသွားတယ်လို့ ပြောပါတယ်။


အဲဒီအိမ်မှာပဲ အဖေ့ဦးလေးရဲ့ ဇနီးတယောက်ဟာ မီးဖွားရင်း ကွယ်လွန်ခဲ့ဖူးတယ်။ ခေတ်ဆန်ဆန် ခပ်ချောချော ကပြားမလေး နာမည်က ဘာဘရာတဲ့။ သူကွယ်လွန်ပြီးနောက်ပိုင်း အဲဒီအိမ်က လှေခါးမှာ မိန်းမတယောက်ကို ညဘက်တွေ တွေ့ရတတ်တယ်လို့ ပြောကြတယ်။ ဆံပင်ဖါးလျားချပြီး အသားရောင်က ဆနွင်းလို ၀ါဝါနဲ့ လှေခါးမှာထိုင်နေတတ်တယ်။ တခါတလေ စန္ဒယားက လူမရှိဘဲ အလိုအလျောက် အသံတွေထွက် နေတယ်တဲ့။ အားလုံးကတော့ အဲဒါ ဘာဘရာ ခြောက်တာလို့ ပြောကြတာပဲ။
***
သင်္ချိုင်းနားမှာ သရဲဇာတ်လမ်းတွေနဲ့ ယဉ်ပါးပြီး ကြောက်တခါ လန့်တလှည့် နေလာလိုက်တာ တော်တော်လေး အရွယ်ရောက်သည်ထိ သရဲနဲ့ တခါမှ မကြုံဖူး မဆုံဖူးပါဘူး။ ဆိုတော့ကာ … ယုံလဲ မယုံခဲ့ဘူးပေါ့။

ဒါဟာ လူတွေ စိတ်ခြောက်ခြားတာ နေမှာပါ … တစ္ဆေသရဲဆိုတာ လူထက် နိမ့်ပါးတဲ့ သတ္တ၀ါတွေပဲ … လူအနားကို မကပ်နိုင်ပါဘူး … လို့ အယုံအကြည် ကင်းမဲ့ခဲ့တယ်။ ဒါပေမဲ့ တခါတော့ မယုံချင်လို့မရဘဲ ယုံလိုက်ရတဲ့ အဖြစ်မျိုးနဲ့ ကိုယ်တိုင် ကိုယ်ကျ ကြုံခဲ့ရပါတယ်။
အဲဒါကတော့ … … ... ... ...

(နက်ဖြန် ဆက်ရန် … )

မှတ်ချက်။ ။ ပုံတွေကို တွေ့ကရာနေရာက ကြုံသလို ယူထားပါသည်။ နေရာအတိအကျ မမှတ်မိတော့ပါ။ ပိုင်ရှင်ရှိက လာရောက်ကန့်ကွက်နိုင်ပါသည်။

Read More...

Sunday, October 24, 2010

ကထိန်ခင်းတဲ့ နေ့ ...

ဒီစနေ တနင်္ဂနွေ ပိတ်ရက်ကတော့ ကျမအတွက် အမှတ်တရပါပဲ။ မနေ့ည မီးထွန်းပွဲပြီးတော့ ဒီကနေ့ ဘာမင်ဂန်ကျောင်းမှာ ကထိန်ပွဲ ကျင်းပမှာမို့ ကျမတို့ တူဝရီး သွားကြတယ်။ ရာသီဥတုက အေးပေမဲ့ နေသာလို့ သာသာယာယာ ရှိနေတယ်။

ကျောင်းကန် ဘုရားရိပ်ကတော့ ဘယ်နိုင်ငံ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ခိုဝင်သူတိုင်းကို ကြည်နူးချမ်းမြေ့မှုအတိ ပြည့်ဝစေတာပါပဲ။

လှူဖွယ်စုံလင် ပဒေသာပင်
ပဒေသာပင်မှာ ကိုယ်လှူမယ့် လှူဖွယ်ပစ္စည်းတွေ ချိတ်ကြ၊ သင်္ကန်းတွေမှာ အလှူရှင်နာမည်တွေ ကပ်ကြ စသဖြင့် လုပ်အားပေးခဲ့ကြတယ်။

ဆွမ်းမစားခင် အနေကဇာတင်
မနက် ၁၀ နာရီခွဲ သံဃာတော်တွေ ဆွမ်းမဘုဉ်းပေးခင် ဘုရားအနေကဇာတင်၊ ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံ၊ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ကြတယ်။

စားဖွယ်မုန့်များ ပြင်ဆင်ထား
စားစရာတွေကတော့ စုံလို့ပါပဲ။ အချိုပွဲအတွက် မုန့်မျိုးစုံ ပြင်ဆင်ထားတာပါ။

သစ်သီး သစ်နှံ ပြင်ဆင်ဟန်
အသီးတွေကို ပန်းပွင့်ပုံလေးတွေဖော်ပြီး ပြင်ဆင်ပေးသူက ထိုင်းအမျိုးသားတဦးပါ။ သူ့ပြင်ဆင်မှု လက်ရာကို လူတကာ သဘောကျကြတော့ သူလည်း ပီတိတွေ ဖြစ်ပြီး ငါ ဒီနေ့ သိပ်ပျော်တာပဲလို့ တဖွဖွပြောနေလေရဲ့။

မုန့်မျိုးစုံစွာ နတ်သုဒ္ဓါ
မြန်မာပြည်ပြန်စရာမလိုဘဲ မြန်မာမုန့်မျိုးစုံ မြန်မာ အစားအစာ လက်ရာမျိုးစုံ စားရတယ်။

ဆွမ်းဘုဉ်းပေးပါ မြတ်သံဃာ
သံဃာတော် စုစုပေါင်း ၈-ပါးပါ။ ကျောင်းက သံဃာ ၄-ပါးနဲ့ အာဂန္တု ၄-ပါး။ ဖိတ်စာထဲမှာ တိပိဋက ဆရာတော်လာမယ်လို့ ရေးထားပေမဲ့ မကြွလာနိုင်ခဲ့ဘူး။

မယ်သီလရင် ဆွမ်းစားစဉ်
Milton Keynes မဟာယာနကျောင်းမှ ဂျပန်မယ်သီလရှင်လေး၊ သဘောကောင်းပြီး ချစ်စရာသိပ်ကောင်းပါတယ်။

ကိုယ်စီလှူဒါန်း ကထိန်သင်္ကန်း
ဆရာတော်ဦးဥတ္တရဉာဏက ကထိန်သင်္ကန်းအကြောင်း ရှင်းပြပြီး ကထိန်သင်္ကန်း လှူဒါန်းရခြင်း အကျိုးကိုလည်း ပြောပြပါတယ်။


ကြွရောက်လာသူ များသသူ
ပရိသတ်တော်တော်များပါတယ်။ ဘုရားထဲမှာ အပြည့်နီးပါးပဲ။ မြန်မာ၊ အင်္ဂလိပ်၊ ထိုင်း၊ အိန္ဒိယ အစုံလာကြတယ်။ အာဖရိကန်သူ တယောက်တောင် မြင်လိုက်သေးရဲ့။

ကထိန်သင်္ကန်း မြတ်ရဟန်း
သံဃာတော်တွေကို ကပ်လှူထားကြတဲ့ ကထိန်သင်္ကန်းတွေပါ။

တရားနာလတ် ပရိသတ်
အဖြူ အမည်း အညို အ၀ါ ဘာမှ မခွဲခြားဘဲ တသားထဲ အားလုံးအတူတူ ကုသိုလ်ပြုကြတဲ့ ဒီကနေ့ ကထိန်ပွဲလေးဟာ အောင်မြင်ပျော်ရွှင်စွာ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး ပြီးဆုံးခဲ့ပါတယ်။

အိမ်မပြန်ခင် ဘာမင်ဂန်စေတီတော်ကြီးကို ဦးခိုက်ရှိခိုးပြီး မှတ်တမ်းတင် ဓာတ်ပုံလေးတွေ ရိုက်ခဲ့တယ်။ နောက်နောင် နှစ်များမှာလဲ ဒီလိုပဲ ပျော်ပျော်ပါးပါး ဆင်နွှဲခွင့် ရချင်ပါသေးတယ်။
***
မေဓာဝီ
၂၄၊ ၁၀၊ ၂၀၁၀
၂၂း၄၃ နာရီ

Read More...

Saturday, October 23, 2010

သီတင်းကျွတ်တဲ့ ည ...

ဒီညအတွက် ကြိုတင်ရင်ခုန်နေခဲ့တယ်။
ဘာမင်ဂန် ဘုရားမှာ မီးထွန်းပွဲလုပ်မယ်လို့ သတင်းရကတည်းက သွားချင်နေတာ တပိုင်းကိုသေလို့။ မီးထွန်းပွဲနဲ့ ဝေးကွာခဲ့တာ ၃ နှစ်ရှိပြီလေ။ ဟုတ်တယ် ... ဝေးခဲ့တာ ၂၀၀၇ ခုနှစ်က စလို့ပဲ။ ၂၀၀၇ ကနေ ၂၀၀၉ ထိ သီတင်းကျွတ်ညတွေ ရောက်တိုင်း "ဒီအချိန်ဆို" .... လို့သာ အဝေးကနေ တမ်းတရင်း လွမ်းနေခဲ့ရတယ်။ ဒီနှစ်တော့ ဘာမင်ဂန်စေတီမှာ မီးထွန်းပွဲလုပ်မှာမို့ သီတင်းကျွတ်က ကိုယ့်အနားရောက်လာပြီ ဆိုပါတော့။ ဒီညအတွက် ကြိုတင်ပြီး ဖယောင်းတိုင်တွေဝယ်၊ ပန်းတွေဝယ်၊ သံဃာတော်တွေအတွက် စားစရာတွေချက်ပြုတ် ... ကျမတယောက်ထဲ အလုပ်ရှုပ်လို့ပေါ့။

ရာသီက အေးမြမြ၊ မိုးက ဖွဲဖွဲကျ ... "သီတင်းကျွတ်တွင် ပလ္လင်ဆေးမိုး ရွာသွန်းဖြိုး" ဆိုတဲ့အတိုင်း ပလ္လင်ဆေးမိုးရွာနေသလား မသိပါဘူး။ မီးခိုးရောင် တိမ်တိုက်တွေကြားမှာ လမင်းက ပေါ်ချည် ပျောက်ချည်။

ဘုရားကိုရောက်တော့ မှောင်စပျိုးနေပြီ။ စေတီအ၀င်ဝမှာ ချိတ်ဆွဲထားတဲ့ မီးပုံးကလေးတွေ လေတိုက်တိုင်း ယိမ်းနွဲ့နေကြတာ စေတီထက်က ဆည်းလည်းသံရဲ့ စည်းချက်နဲ့အညီပဲ။ စေတီအ၀င်မှာ ဖယောင်းတိုင်လေးတွေ ထွန်းနေကြတာ မြင်လို့ နောက်ကျပြီလားလို့ ကမန်းကတန်း သွားရတယ်။ မီပါသေးတယ်။ ယူလာတဲ့ ဖယောင်းတိုင်လေးတွေကို မြတ်စွာဘုရား ရုပ်ပွါးဆင်းတုတော် ရှေ့မှာ အစီအရီ မီးထွန်းညှိကြတယ်။

မီးထွန်းနေသည် မေဓာဝီ
(မှတ်ချက်။ ဒီလိုပုံထွက်အောင် တော်ရုံလူ မရိုက်နိုင်ပါ။ ဘုန်းကံကြီးမားသော ပုဂ္ဂိုလ် ရိုက်ပေး၍သာ ဒီပုံစံ မြင်ရခြင်းဖြစ်၏။ )

သရီးဒီအလား ခပ်ဝါးဝါး ...
(မသိရင် သရီးဒီပုံလိုလို ဘာလိုလိုပေါ့။ ဘာမင်ဂန်ကျောင်းက ဘုန်းဘုန်းတပါး ရိုက်ပေးထားတာပါ။)

ထွန်းညှိဆီမီး ထိန်ထိန်ညီး

ဆီမီး ရေချမ်း မွှေးပျံ့ပန်းနှင့် ...
(လာရောက်ကြသူတွေအားလုံး ပန်း ဆီမီး အမွှေးတိုင် သစ်သီးတွေ ဘုရားကို ကပ်လှူကြတယ်)

သြ၀ါဒစကား မိန့်မြွက်ကြား
(ဆရာတော်ဦးဥတ္တရဉာဏက သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ အကြောင်း အကျဉ်းချုပ်ပြောပြပါတယ်)

ပ၀ါရဏာ စုံသံဃာ

ရွတ်ဖတ် စီးဖြန်း မြတ်ပဋ္ဌာန်း
(ဒီပုံထဲမှာ ဘိလပ်က နာမည်ကြီး ဘလော့ဂါ နှစ်ဦးပါတယ်)
ရတနာ သုံးပါး ရိုညွတ်တွား

ပြန်ပါဦးမည် နှုတ်ဆက်သည် ...

သီတင်းကျွတ်လပြည့်ညမှာ ဘုရားရိပ် တရားရိပ် သံဃာရိပ်ကို ခိုလှုံပြီး မြတ်စွာဘုရားကို ဆီမီး ပန်း နံ့သာတွေ ဆပ်ကပ်၊ ပဋ္ဌာန်းနဲ့ မေတ္တသုတ် စုပေါင်း ရွတ်ဖတ်ပူဇော်ခွင့်ရတာ အင်မတန် ၀မ်းမြောက်မိပါတယ်။ တနှစ်တခါ ဒီအချိန်ရောက်တိုင်း လွမ်းရတဲ့ အလွမ်းတွေလဲ အနည်းအကျဉ်း ပြေပျောက်သွားတယ်။ ဒီလိုမီးထွန်းပွဲလေး ဖြစ်မြောက်အောင် စီစဉ်သူတွေ ပါဝင်သူတွေ အားလုံးကိုလဲ အထူးပဲ ကျေးဇူးတင်မိတယ်။ ဘိလပ်ရောက် မြန်မာတွေ စုစုဝေးဝေးနဲ့ ကုသိုလ်ပြုကြရတဲ့ ကြည်နူးစရာ ပျော်စရာ ကောင်းတဲ့ သီတင်းကျွတ်ညလေး တညကို အမြဲ အမှတ်ရနေမိမှာ အမှန်ပါပဲ။
***
မေဓာဝီ
၂၃၊ ၁၀၊ ၁၀
သီတင်းကျွတ် လပြည့်ည
၂၃း၅၉ နာရီ

ရေးခဲ့ဖူးသော ... သီတင်းကျွတ် အလွမ်း
ဒီအချိန်ဆို (၁) နှင့် (၃)

Read More...

Saturday, October 16, 2010

ဇာတ်သိမ်း


ကိုယ့်အလွမ်း ကိုယ်ရှာ
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး
ကိုယ့်မီးကိုယ် မွှေးခဲ့တယ် ... ။

ကံကြမ္မာဆိုတာ
ဒဏ်ရာရသူကိုမှ မျက်နှာသာမပေး
သက်ညှာဖို့ ဝေးစွ
ဖေးလည်း မဖေးမခဲ့ပါဘူး။

လရိပ်မှာ ခိုဝင်
ကြယ်စင်ကိုရေတွက်
အအိပ်ခက်လို့ အိပ်ပျက်ခဲ့ရ
ညနက်နက်တွေဟာ
အိပ်မက်မှ မဟုတ်ခဲ့တာ။

အဲဒီတုန်းက …
ကြည်နူးခဲ့တယ် … ရည်စူးခဲ့တယ် …
သဘောချင်းထပ် … မနောချင်းဟပ်ခဲ့ကြတယ် …
စကားတွေကြွယ် … တရားတွေဖလှယ်ခဲ့ကြတယ် …။

ဒီလိုနဲ့ …
နှလုံးသားကို ဆစ်ထု
သမုဒယ သံယောဇဉ်
တပင်ပြီး တပင် ပတ်ရစ်
ချစ်ခြင်းမေတ္တာ ဖြစ်တည်လာခဲ့ကြတယ် … ။

တကယ်တမ်းက …
ဆက်စပ်ခွင့်မရ ဘ၀နှစ်ခုဆိုတာ
နှစ်ဦးသားသိသိနဲ့ ဆူးများငြိတွယ်ခဲ့မိတယ် … ။

စူးတဲ့ ဆူးကို ဆူးနဲ့ထွင်ရင်း
ရင်ခွင် တခုလုံးလည်း ကြေမွ
ထပ်ခါ ထပ်ခါ ဒဏ်ရာရတော့
ခံသာပါ့မလားကွယ်။

နားလည်ပါလေ …
ရှောင်မရတဲ့ အပြစ်တွေ ပြုရင်း
နောင်တနဲ့ မညစ်ပေစေချင်တော့လို့ပါ
ဒါဟာ … အချစ် နေ၀င်သွားတာ မဟုတ်ပါဘူး …။

အခုဘ၀မှာ …
သမုဒယတဏှာကို ပယ်သတ်ဖို့
ဖြတ်ရခက်တဲ့ နွယ်လဲ မတွယ်ချင် …
နုတ်ရခက်တဲ့နွံလည်း မကျွံချင်တော့ပါ …။

ဒါကြောင့် …
အမုန်းတရားမှန်သမျှ ဝေးကွာငြိမ်းစေဖို့
နှလုံးသားဆန္ဒကို ဘေးခွါတိမ်းလို့
ကိုယ့်ဇာတ် ကိုယ်သာ သိမ်းလိုက်ပါတယ်။
.... .... .... .... .... ....
.... .... .... .... .... ....
.... .... .... .... .... ....
ကိုယ့်အလွမ်း ကိုယ်ရှာ
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး
ကိုယ့်မီးကိုယ် မွှေးခဲ့မိ ...
ကိုယ်သာလျှင် အပြစ်ရှိပါစေကွယ် ... ။

***

မေဓာဝီ
၁၆၊ အောက်တိုဘာ၊ ၂၀၁၀
၂၁း၀၀ နာရီ

Read More...