Wednesday, January 26, 2011

ဖျားတဲ့ည ...

"ဖျားတဲ့ည"

မူးဝေခေါင်းကိုက်
မိုက်ခနဲဖြစ်
တဆစ်ဆစ်နာ
ခန္ဓာတခုလုံး
အသုံးမကျ
ဖျားတဲ့ ည ...

ထထိုင်မရ
အိပ်မရဘဲ
ဝမ်းထဲမှာဟာ
ရေဆာသလို
အာခေါင်ခြောက်ကပ်
ပါးစပ်ကွဲရှ
ဖျား တဲ့ ည ။

***

ညနေစောင်းက မိုးစက်မှုန်မှုန်လေးတွေ အောက်မှာ ထီးမပါဘဲ အပြင်သွားခဲ့မိတယ်။ အသွား အပြန် မိနစ် ၄၀ ခရီးကို လမ်းလျှောက်ရတယ်။ လေ အရမ်းတိုက်လို့ စိမ့်နေအောင် အေးတယ်။ ပြန်ရောက်ပြီး ခဏတဖြုတ်နား၊ ညစာစားဖို့ပြင် ... ဦးရီးတော်နဲ့ အတူစား၊ ဦးရီးတော် နောက်တနေ့ ထမင်းဘူး ထည့်ပေးဖို့ ထမင်းကြော်နေတုန်း ကိုယ်လက်တွေ မအီမသာ ဖြစ်လာတယ်။ အားလုံးပြီးလို့ ပန်းကန်ခွက်ယောက်တွေ ဆေးကြောနေရင်း လူက ချမ်းစိမ့်စိမ့်၊ ခေါင်းထဲ ကကိုက်သလို အဆစ်အမြစ်တွေ ကိုက်သလို ... နေလို့မကောင်းတော့ဘူး။ မျက်လုံးတွေ ပူလာတယ်။ နှာခေါင်းတွေ ပိတ်လာတယ်။ မဖျားပါစေနဲ့ ... ဖျားမှာ ကြောက်တယ်။ ဖျားရင် တယောက်ထဲ ... သြော် ... ဟုတ်ပါတယ် ဦးရီးတော်က ဆရာဝန်ပါပဲ။ ဒါပေမဲ့ ဖျားရင်တော့ တကယ်ပဲ တယောက်ထဲ မဟုတ်လား။

အိပ်ရာထဲ အမြန်ဝင်ပြီး စောင်ခြုံရင်း စိတ်ပြောင်းသွားအောင် ဒေါင်းလုတ်ယူထားတဲ့ စာတအုပ်ဖတ်တယ် .... စာလုံးတွေက နီးသွားလိုက် ... ဝေးသွားလိုက် ... တနာရီ ... နှစ်နာရီ ... မသက်သာပါဘူး။ ပထမပိုင်းအပြီး ခဏနားတယ်၊ မျက်လုံးလဲ မခံနိုင်တော့ ခေါင်းလဲ မခံနိုင်တော့ဘူး။ ခေါင်းထဲမှာ တူနဲ့ထုနေသလို ... ဆေးကလဲ အနားမှာမရှိဘူး။ ဘယ်မှာရှိလဲ ဆိုတာလဲ မသိဘူး။ ကိုယ့်ဘာသာ သောက်နေကျ ဆေးက ကုန်နေပြီ။ ဦးရီးတော်ကိုလဲ နေမကောင်းတာ မပြောချင်။ .............. မျက်ရည်ပူတွေ ကျလာတယ်၊ နှာခေါင်းပိတ်နေလို့ အသက်ကို ပါးစပ်ကနေ ရှူနေရတယ်၊ အာခေါင်တွေ ခြောက်တယ်၊ ရေက အနားမှာမရှိဘူး။ ရင်ပူလာတယ် ... လျှာတွေ ထူလာတယ်၊ ဘာလုပ်ရမလဲ။ ကုန်သွားတဲ့ လိမ္မော်ရောင် ပီကေခွံလေးက လက်တကမ်းမှာ ... ရနံ့ချိုချိုလေး မွှေးနေတုန်းပဲ။ ဒါပေမဲ့ အခွံသက်သက် ... ။

အပြာရောင်ဖုန်းလေးထဲမှာ ... "ဖျားနေပြီ "... လို့ စာလုံးလေး ၃ လုံး ရိုက်ထည့်လိုက်တယ်။ ဘယ်သူ့ကိုပြောဖို့လဲ ... ဘယ်သူ့ဆီ ပို့ရမှာလဲ ... ပို့ရင်ရော ... အကြောင်းထူးမှာလား ... မသိပါဘူး ... တကယ်ပဲ မသိပါဘူး။ မသိရက်နဲ့ ခလုတ်အစိမ်းလေးကို နှိပ်လိုက်မိတယ်။ တခါတလေတော့လဲ လစ်လျူရှုခံရတာ ခါးတယ်။ မျက်ရည်တွေက ပူတယ်၊ ခဏနေတော့ အေးတယ်၊ ဘေးစောင်း အိပ်နေတော့ ပါးပေါ်မစီးဘူး၊ မျက်လုံးထောင့်စွန်းကနေ ခေါင်းအုံးထဲ စိမ့်ဝင်သွားတယ်။ လက်တော့ပ်ပေါ်က ခလုတ်တွေကို လက်နဲ့စမ်းပြီး ဒီစာကို ရိုက်တယ်၊ မျက်စိကို လိုအပ်မှ ဖွင့်ကြည့်တယ်။ မျက်စိတွေက ဝေ နေတယ် ၀ါး နေတယ်။ စိတ်တွေက ထွေနေတယ် ပြားနေတယ် ။ ဝေေ၀၀ါးဝါး ထွေထွေပြားပြားနဲ့ တယောက်ထဲ အခန်းကျဉ်းလေးထဲမှာ ... ။

ဖျားပြီဆိုတိုင်း ငယ်ငယ်က ရေးခဲ့တဲ့ ကဗျာ တပုဒ်ကို သတိရမိတယ်။ ငယ်ငယ်က ... ဟုတ်တယ် ... ဟိုး လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ... ။ ညတညပေါ့။ ပြန်တွေးကြည့်ရင်တော့ မနေ့တနေ့ကလိုပဲ။ အဲဒီညကလဲ ဖျားတယ်။

ဖျားတဲ့ညမှာ ရေးဖြစ်ခဲ့တဲ့ ကဗျာကို ဖျားတဲ့ညမှာ ပြန်တွေးမိတယ်။ သိပ်မမှတ်မိတော့လို့ ပြန်ရွတ်ကြည့် ... တခေါက် ... နှစ်ခေါက် ... တိုတိုလေးပါ ... တဖြည်းဖြည်း မှတ်မိလာတယ်။ ပြန်မမေ့ခင် အမြန်ချရေးလိုက်တယ်။ အပေါ်ဆုံးက ကဗျာလေးပေါ့။ ငယ်တုန်းက ရေးခဲ့တာမို့ ရယ်စရာကောင်းနေမလား ... မသိ။ ကိုယ်တိုင်တော့ မရယ်နိုင်၊ ပါးစပ်ဟပြီး အသက်ကို ရှူနေရတယ်။ ဖျားရတာ .......... မောတယ်။

အနှစ် ၂၀ က ဖျားတဲ့ည နဲ့ အခု ဖျားတဲ့ည ဘာကွာလဲ ... တွေးကြည့်တော့ အနီးအဝေး ကွာနေတယ်။ လက်ရှိ လက်မဲ့ ကွာနေတယ် ... ။ ဟုတ်တယ် ... ချစ်ခင်သူတွေနဲ့ အဝေးမှာ နွေးထွေးတဲ့ မေတ္တာတရားတွေ ကင်းမဲ့လို့ ... ဒီည ... ကျမ ဖျားနေတယ်။
***
MDW
26.01.2011
22:59

Read More...

Friday, January 21, 2011

ရွက်ကြွေ


"ရွက်ကြွေ"

အမြင့်စံကြပေမဲ့
အပွင့်ရံရတဲ့ ဘ၀ပါလေ ... ။

ဟန်မပြင် မာန်မ၀င်တတ်ပါပေါ့
မပန်ချင် ဆံပင်ထက်မှာတော့
ပန်းခက်သာဝေ ... ။

လေအဝှေ့မှာဖြင့်
မြေငွေ့ကို ခိုလှုံစမ်းချင်လို့
နန်းသခင် ပင်အိုထက်ဆီက
သက်ဆင်းလို့ ခ-ကာကြွေ
ကျလေပေါ့ မြေထက်။

မညည်းရက်ပါ
နီးလျက်သာ ဝေးသူမို့
ဆွေးပူကာ မနေအားပါဘူး
တပါးသူ ဆွတ်ချူလှမ်းပါမှ
ပန်းမာလာ လှမ်းကာသာ အခေါ်ခက်တယ်
ကွယ် ... မြေခ-ကြွေရွက် ... ။ ... ။
***

မေဓာဝီ
၂၁၊ ၁၊ ၂၀၁၁
၁၇း၁၄ နာရီ


ဝန်ခံချက် ။ ... ။ မချစ်ကြည်အေး၏ အရွက် ကဗျာကို ဖတ်ရှုခံစား ရေးဖွဲ့ပါသည်။

Read More...

Wednesday, January 19, 2011

လမင်းရဲ့အဝေးမှာ …

လရောင်ဟာ သတ္တ၀ါတိုင်းကို အေးမြငြိမ်းချမ်းစေသတဲ့ … ။
နက်မှောင်တဲ့ ညရဲ့ ကောင်းကင်ယံမှာ ထွန်းလင်း ထိန်သာပြီး ကမ္ဘာလောကကို အေးချမ်းစွာ အလင်းရောင်ပေးတဲ့ လမင်းကို လူတိုင်း နှစ်သက်ကြတယ်၊ မြတ်နိုးကြတယ်။ ဒီလိုပါပဲ … တမ်းတလိုက်တိုင်း ကြည်နူး ချမ်းမြေ့မှုကို ဖြစ်စေတဲ့ လမင်းတစင်း ဘ၀မှာ ရှိခဲ့ပါတယ်။
***
သူ့ရဲ့ အရိပ်အောက်မှာ မှေးစက်ခဲ့ဖူးတယ်။
သူ့ရဲ့ ထွေးပွေ့မှုနဲ့ ကြည်နူးသာယာခဲ့ဖူးတယ်။
သူ့ရဲ့ နှစ်သိမ့်မှုနဲ့ နာကျင်ခြင်းတွေ ကင်းဝေးခဲ့တယ်။
သူ့ရဲ့ အရောင်အလင်းနဲ့ ကိုယ်ပါ ထိန်ထိန်လင်းခဲ့ရတယ်။
သူ့ရဲ့ ချိုသာစကားတွေနဲ့ နှလုံးသားတွေ ပျော့ပြောင်းခဲ့တယ်။

အားငယ်ချိန်မှာ အားပေး …
နွေးထွေးတဲ့ လက်တွေနဲ့ တွဲခေါ် …
အဖော်အဖြစ် အမြဲရှိနေပေးခဲ့သူ …
... ... ... ... ...
ကျမရဲ့ လမင်း
နှလုံးသားရဲ့ အလင်းရှင်
ကျမရဲ့ မိခင်
အမေ
*** ညဦးရဲ့ ကောင်းကင်ထက်မှာ လပြည့်ဝန်းက ရွှန်းရွှန်းပပ။ ကောင်းကင်က လင်းနေပေမဲ့ လမင်းလဲ သာနေပြီ။ နာကျင်နေတဲ့ နှလုံးသား၊ေ၀၀ါးနေတဲ့ မျက်လုံးအစုံနဲ့ ဟိုးအမြင့်က လပြည့်ဝန်းကို အားကိုးတကြီး မော့ကြည့်မိတယ်။ တည်ငြိမ်အေးချမ်းတဲ့ လမင်းကြီးက ကိုယ့်ကို ပြုံးပြနေသလား … ဒါမှမဟုတ် ကရုဏာသက်စွာ ကြည့်နေသလား … ခွန်အားတွေ ပေးလှည့်ပါ အမေ … ။

တဆစ်ဆစ်နာနေတဲ့ ရင်ထဲက စကားတွေ အများကြားအောင် မပြောပြချင်တော့ပါ … အမေ … ။ အမေ့လိုမျိုး အမြဲတမ်း ကိုယ့်ကို နားလည်ပေးနိုင်သူဆိုတာ လောကမှာ ခပ်ရှားရှား မဟုတ်လား။ ဘယ်လောက်ပဲ ကိုယ့်အပေါ် မေတ္တာထားနိုင်တဲ့ သူဖြစ်ဖြစ် မိခင်တယောက်ရဲ့ မေတ္တာမျိုးနဲ့ ဘယ်သူက ခွင့်လွှတ် နားလည် စာနာ ပေးနိုင်မှာတဲ့လဲ။ အမေ့ရဲ့ မေတ္တာ၊ အမေ့ရဲ့ အကြင်နာ၊ အမေ့ရဲ့ စေတနာ၊ အမေ့ရဲ့ ကရုဏာတွေ … အမေနဲ့ဝေးရာ ရောက်မှ ပိုပိုနားလည်ခဲ့မိတယ်။ အမေ ဆိုတာ … အားလုံးရဲ့ ရင်ထဲမှာ အမြဲလင်းနေတဲ့ လတစင်းပဲ မဟုတ်လား။

အဆိုးလောကဓံရဲ့ ရိုက်ခတ်မှုကြောင့် နှလုံးသားတွေ တစစီကွဲရှ နာကျင်ကြေမွခဲ့ရပြီ အမေ ... ။ အမေ့စကားကို နားမ၀င်၊ အမေ့ရင်ခွင်ကို ကျောခိုင်းရင်း အလင်းတုတွေ အောက်မှာ ယဉ်ပါးပျော်ရွှင်ခဲ့မိတယ်။ သတိရလို့ ကြည့်လိုက်မိတော့ တလောကလုံးက မှောင်မိုက် … လောကရဲ့ အမှောင်တိုက်ထဲမှာ တယောက်ထဲ … ။

ဘ၀တခုလုံး ပိန်းပိတ်အောင် အမှောင်ကျတော့မှ လရောင်ကို တမ်းတမိတဲ့ လူမိုက်တယောက်လို ခုချိန်မှ ငိုကြွေးနေလို့လဲ အပိုပဲ မဟုတ်လား အမေ … ။ ကြေကွဲစွာ ခံစားရင်း စီးဆင်းလာတဲ့ ဒီမျက်ရည်တွေကို အမေ့လို ဘယ်သူက တယုတယ သုတ်ပေးနိုင်မှာလဲ။ အငိုလွယ်သူတယောက်လို့ ဟောက်ဟောက်ဟမ်းဟမ်း ရယ်သွမ်းသွေး ခံရတဲ့အခါ ရင်နာရုံကလွဲပြီး ထပ်လဲ မငိုညည်းချင်တော့ပါဘူး။

တဖြည်းဖြည်း ပါးလျားလာတဲ့ ခံနိုင်ရည်အားတွေကြောင့် ကြင်နာစွာ ထွေးပွေ့မယ့် အမေ့ရင်ခွင်ကို တမ်းတမိတယ်။ ဘ၀ခရီးလမ်းတလျှောက် ဆူးတွေစူးလိုက် နွံနစ်လိုက်နဲ့ နာကျင်စွာ လဲကျတိုင်း ပြန်ထနိုင်ဖို့ ကမ်းလင့်လာမယ့် အမေ့လက်အစုံကိုလဲ မျှော်လင့်နေမိတယ်၊ ဘယ်လိုပဲ တမ်းတ မျှော်လင့်နေပေမဲ့ အမေက အနားမှာ မရှိတော့ပြီပဲ။
***
လမင်းနဲ့ မိုင်ပေါင်းများစွာ ဝေးပေမဲ့ လရောင်က ကိုယ့်ကို အလင်းပေးနိုင်သလို အမေနဲ့ အဝေးမှာ နေနေရပေမဲ့ အမေ့ဆုံးစကားတွေက ကိုယ့်အတွက် အလင်းရောင်လို လမ်းပြပေးနိုင်ခဲ့တယ်။

“သမီးကို အမေက စိတ်အပူဆုံး …”
အမေ့အသံမှာ ပူပန်မှုတွေ လွှမ်းနေတယ်။

“သမီး … လိမ်လိမ်မာမာနေပါ … မပေါင်းသင့်တဲ့ သူတွေကို ရှောင်နော် …”
မလိမ်မာတဲ့ သမီး၊ စိတ်ထင်ရာ လုပ်တတ်တဲ့ သမီးကို ခုချိန်ထိ အမေ စိုးရိမ်နေရတုန်း။

“တနေ့ တနေ့မှာ ကုသိုလ်ရရင်ရ၊ မရရင် ပညာရ၊ မရရင် ဥစ္စာရ … ဒါမှမဟုတ်ရင် တနေ့သာ ကုန်သွားမယ် ကိုယ့်အတွက် အကျိုးမရှိဘူး … ။ အဲဒီ ၃ ခုလုံး ရရင်တော့ အကောင်းဆုံးပေါ့၊ ၃ ခုလုံး မရရင်တောင် အနည်းဆုံး တခုလောက်ရအောင် လုပ်ရမယ် …”

ဒီနေ့ အမေနဲ့ skype မှာ စကားပြောရင်း အမေ့ဆုံးမစကားတွေကို ထပ်တလဲလဲ နားထောင်ပြီး အမေမသိအောင် တိတ်တိတ် မျက်ရည်ကျခဲ့မိတယ်။ အမေ စိတ်ပူရလွန်းလို့ ပင်ပန်းလှပြီ … အမေ့ကို နားစေချင်ပါပြီ … အမေ ဖြစ်စေချင်တာတွေ ဖြစ်မလာသေးတာ … အမေစိတ်ချမ်းသာအောင် တခုမှ လုပ်မပေးနိုင်သေးတာ ခွင့်လွှတ်ပါ အမေရယ် … ။
***
လရောင်က လောကကြီးတခုလုံးကို အေးမြစွာ ခြုံလွှမ်းထားတယ်။
အိပ်တန်းတက် ငှက်ကလေးတွေလဲ ကျီကျီကျာကျာ အော်မြည်ရင်း နားခိုရာဆီ ပျံသန်းနေကြပြီ။
လေပြေက အေးမြမြ ...
ထင်းရူးနံ့က မွှေးပျပျ ...
တစတစ မြင့်တက်သွားတဲ့ လမင်းကြီးကို မော့ကြည့်ရင်း သီချင်းတပုဒ်ကို ကြေကွဲစွာ ဆိုညည်းနေမိတယ် … ။ ဟိုးအဝေးကြီးက အမေ မကြားနိုင်ပေမဲ့ … နှလုံးသားနဲ့ နားဆင်ပါ အမေ … ။

***
အမေ … …
အမေဟာ လမင်းကြီးဆိုရင် …
အမေ့နဘေးက ကြယ်သေးသေးလေးပဲ ဖြစ်ဖြစ် ဖြစ်ခွင့်ရပါရစေ …
အမြဲတမ်း အမေ့အနားက မခွါရဘူး ဆိုရင်ပေါ့ … ။
***
မေဓာဝီ
၁၉၊ ၁၊ ၂၀၁၁
၁၃း၁၁ နာရီ

Read More...

Tuesday, January 18, 2011

မြား

ရင်ကိုထွင်းလျက်
ထုတ်ချင်းခတ်ကာ
ရှိုင်းနက်နင့်နွမ်း
အသည်းကျွမ်း၍
အလွမ်းမီးစ
ဟဒယထိ
တိုးဝင်ငြိသွား
ထိုသည့် မြား … ။

ပစ်မှတ် မမှန်း
မမျှော်တမ်းဘဲ
ရမ်းရဲရောင်ရော်
ပစ်လွှတ်သော်ငြား
နှလုံးသားမှာ
ထိရှားစိုက်စူး
မေ့ယစ်မူးစေ
သည်းဦးကြွေပြီ
ခြွေရက်သူတို့ ပျော်စေသား … ။

***
မေဓာဝီ
၁၈၊ ၀၁၊ ၂၀၁၁
၀၀း၁၁ နာရီ

Read More...

Thursday, January 13, 2011

အူပါ ရှူပါ ...

အဟမ်း အဟမ်း ... အူပါ ရှူပါဆိုလို့ မေဓာဝီတယောက် ဘာတွေအူ ဘာတွေရှူခိုင်းနေပါလိမ့်လို့ တလွဲထင်ပြီး အထင်မလွဲလိုက်ကြပါနဲ့။ ဒီလိုပါ ... ကိုယ်သွားချင်ရာ လျှောက်သွားပြီးသကာလ အိမ်ကိုပြန်ရောက်တော့ ဦးရီးတော်ကို ဖားတဲ့အနေနဲ့ ကောင်းနိုးရာရာ ဟိုဟာဒီဟာလေး လက်တည့်စမ်း ချက်ပြုတ် ကျွေးမွေးဖို့ စဉ်းစားတဲ့အခါ ... တလောက ဦးရီးတော် အမေရိကန်နိုင်ငံကို ဟောလီးဒေးသွားတော့ ပါလာတဲ့ ပဲကပ်ကြော်ကို သွားတွေ့ပါတယ်။ ဟမ် ... သွားတာက အမေရိကား .. ယူလာတာတာ ပဲကပ်ကြော် ဘာလဲဟလို့ ဇဝေဇ၀ါ မဖြစ်ကြပါနဲ့ ပဲကပ်ကြော်ဇာတ်လမ်းကို ပြောရရင် ... ...

မယ်ရီလန်းမှာ မြန်မာဟင်းတွေ ချက်ရောင်းတဲ့ ဒေါ်မေရီဆိုတာ ရှိသတဲ့။ ချဉ်ပေါင် ငရုတ် စတဲ့အပင်တွေ စိုက်ထားပြီး ချဉ်ပေါင်ကြော်တွေ ငပိချက်တွေပါရောင်းတယ်တဲ့။ သူ့ဆီ အော်ဒါတွေဘာတွေ မှာလို့လဲရပြီး အဲဒီလိုဟင်းချက်ရောင်းတာနဲ့ အင်မတန် စီးပွါးဖြစ်တယ်လို့ ပြောကြပါတယ်။ ကျမတော့ တခါမှ မရောက်ဖူးလို့ မသိပါဘူး။ မယ်ရီလန်းမှာနေတဲ့ ကျမမောင်ဝမ်းကွဲက ဒေါ်မေရီရဲ့ ဖောက်သည်ကြီးဆိုပါတော့။ သူက ဒေါ်မေရီရဲ့ ငပိချက် ဘယ်လိုစပ်ကြောင်း ဘယ်လိုကောင်းကြောင်း ခဏခဏ ပြောပြဖူးပါတယ်။ အဲဒီဒေါ်မေရီကြီးက မုန့်ဟင်းခါးထဲ ထည့်စားတဲ့ ပဲကပ်ကြော်တွေလဲ ရောင်းသတဲ့။

ပဲကပ်ကြော် တထုတ် (အခုမြင်ရတဲ့ ziploc အိတ်နဲ့ အပြည့်နီးပါး) ကို အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာ နဲ့ ရောင်းတာလို့ ဆိုပါတယ်။ ဦးရီးတော် အဲဒီသွားလည်တော့ မောင်လေးက ပဲကပ်ကြော်တွေ လက်ဆောင်ပေးလိုက်တယ်။ ziploc အိတ်နဲ့ လေလုံအောင် ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားရင် အကြာကြီး အထားခံတယ်လို့ ပြောတာပဲ။

ဆိုတော့ကာ ... ပဲကပ်ကြော်ရှိနေတော့ တလောက မုန့်ဟင်းခါး ချက်စားဖြစ်တယ်။ ကမန်းကတန်းမို့ ဘယ်သူ့မှတောင် မဖိတ်လိုက်ရဘူး။ :)) အခုတခါတော့ အပြောင်းအလဲဖြစ်အောင် အုန်းနို့ခေါက်ခွဲ ချက်ရကောင်းမလား တွေးမိသေးတယ်။ ဒါပေမဲ့ အုန်းနို့က ပူတော့ မဖြစ်သေးပါဘူးလို့ ဆိုပြီး တခြား ဘာများရှိမလဲလို့ ဦးရီးတော်ရဲ့ ကြက်သရေတိုက်ထဲ မွှေနှောက် ရှာဖွေကြည့်တော့ ဘယ်နှစ်ခုနှစ်က လက်ဆောင်ရထားမှန်းမသိတဲ့ အိမ့်စည်းစိမ် အာပူလျှာပူ ရယ်ဒီမိတ် အထုတ် လက်ကျန်လေး သွားတွေ့ပါတယ်။ ဒါနဲ့ပဲ အာပူလျှာပူ ချက်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

သြော် ... ဟုတ်တယ် ... အူပါ ရှူပါ ဆိုတာ အာပူ လျှာပူကို ပြောတာပါ။ ဘလော့တွေပေါ်မှာ သူများတကာတွေ ဟင်းနာမည် ကောင်းကောင်းလေးတွေနဲ့ စာဖတ်သူတွေ သွားရည်ကျအောင် မြှူဆွယ်ကြတော့ ကျမလဲ အားကျမခံ မလုပ်တတ် လုပ်တတ် လက်တည့်စမ်း လုပ်ထားတဲ့ အာပူလျှာပူမို့ အူပါ ရှူပါ လို့ ခေါင်းစဉ် တပ်လိုက်ရကြောင်းပါ။

အိမ့်စည်းစိမ် အာပူ လျှာပူ ရယ်ဒီမိတ်ထုတ်က သူ့ချည်းသက်သက်ဆို ကျဲတောက်တောက်နဲ့မို့ အိမ်က ဖရီဇာထဲမှာရှိနေတဲ့ ရေခဲရိုက် နှစ်ချို့ငါးလေးတတုံး ထုတ်ပြီး ဂျင်း ကြက်သွန်ဖြူနဲ့ ပြုတ်၊ အရိုးနွှင်၊ ဆီနည်းနည်းသတ်ပြီးမှ ရေထည့်၊ ရေပွက်တော့ ခုနက အိမ့်စည်းစိမ်တထုတ်ကို ထည့်လိုက်တယ်။ ပိုပြီးချိုအောင် ကြက်သွန်နီဥကြီး တဥကို ခပ်ကြမ်းကြမ်းလှီးပြီး ပစ်ထည့်လိုက်သေးတယ်။

ပြီးတော့ ကြက်ဥ ၃ လုံးပြုတ်၊ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူထောင်းပြီး မန်ကျည်းရေလေးနဲ့ ဖျော်၊ ငပိထောင်းလေး ထည့်၊ နံနံပင်လှီးပြီးသကာလ ခုလို စားသုံးဖို့ အဆင်သင့် ဖြစ်ပြီဆိုပါတော့။ သြော် ... မေ့သွားလို့ မုန့်ဖတ်ပြုတ်ရသေးတယ်။ ဆန်ကြာဆံလေး ၂ ခွေ ပြုတ်တာ အဲဒီအုပ်လေးနဲ့ တလုံး ရတယ်။ ကျမနဲ့ ဦးရီးတော် နှစ်ယောက်ထဲ အတွက်ကတော့ အဲလောက်က အတော်ပါပဲ။ ကြည့်ရတာ ဖြူဖတ်ဖြူလျော်ကြီးပေမဲ့ စားလို့ ကောင်းပါတယ် (အဟုတ်)။ "ချက်ရတာလဲ လွယ်တယ်"လို့ ထက်ထက်မိုးဦးလို့ လျှာလိပ်သံလေးနဲ့ မပြောတတ်လို့ .... ရိုးရိုးပဲ ပြောလိုက်ပါမယ်။ မြန်လဲမြန် လွယ်လဲလွယ် စားလို့လဲ ကောင်းတဲ့ မေဓာဝီရဲ့ အူပါ ရှူပါကို လာရောက် ကြည့်ရှု သုံးဆောင်ကြပါရှင် ... ။
***
မေဓာဝီ
၁၃၊ ၁၊ ၁၁
၁၄း၀၄ နာရီ

Read More...

Tuesday, January 11, 2011

လိုချင်သော ၁၁ နှင့် မလိုချင်သော ၁၁

ထူးခြားတဲ့ နေ့စွဲကလေးတခုဖြစ်တဲ့ ၁၁-၁-၁၁ မှာ အမှတ်တရအနေနဲ့ ပို့စ်တင်ဖို့ စဉ်းစားတော့ ၁၁ ပါးရှိတာ နှစ်ခုကို စဉ်းစားမိတယ်။ မေတ္တာအကျိုး ၁၁ မျိုး နဲ့ မီး ၁၁-ပါးတို့ပါပဲ။ ကောင်းတဲ့ ၁၁ နဲ့ မကောင်းတဲ့ ၁၁ မို့ ဒီ ၁၁ နှစ်ခုကို "လိုချင်သော ၁၁ နဲ့ မလိုချင်သော ၁၁" လို့ ခေါင်းစဉ် တပ်လိုက်ပါတယ်။
***
လိုချင်သော ၁၁ (၀ါ) မေတ္တာအကျိုး ၁၁-မျိုး

သိတတ်တဲ့အရွယ်ကစလို့ တအိမ်သားလုံး ညတိုင် ဘုရားဝတ်တက်ကြရင် အမျှမဝေခင် အဝေရာ ဟောန္တု အစချီပြီး မေတ္တာပို့ကြရပါတယ်။ အဲဒီတုန်းကတော့ ဘာရယ်ညာရယ် မသိ၊ လူကြီးတွေ တိုင်ပေးသလို လိုက်ဆိုရင်း အလွတ်ရသွားခဲ့တာပါ။ နည်းနည်းလေး အရွယ်ရောက်လာတော့ ယဉ်ကျေးမှု သင်တန်း၊ ဘာသာရေးသင်တန်းတွေ တက်တဲ့အခါ ဆရာကြီးဦးမြသောင်းဆီမှာ မေတ္တသုတ်ကို သေချာသင်ခဲ့ရပြီး ဆရာကြီးတည်ထောင်တဲ့ မေတ္တာဗြူဟာမှာ ရာသက်ပန် အဖွဲ့ဝင်ဖြစ်ခဲ့တယ်၊ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဗိုလ်တထောင်ဘုရားမှာ ပြုလုပ်တဲ့ စုပေါင်းမေတ္တာပွါးပွဲမှာ ပါဝင်ခဲ့တယ်၊ လစဉ် မေတ္တာသွေးလှူဒါန်းပွဲတွေမှာ ဝေယျာဝစ္စကုသိုလ် ယူခဲ့သလို ကိုယ်တိုင်လဲ လှူနိုင်တဲ့ အကြိမ်တွေမှာ လှူဒါန်းခဲ့တယ်။ တနှစ်တကြိမ် မေတ္တာအခါတော်နေ့ဆိုရင်လဲ အဖွဲ့သားတွေနဲ့အတူ အသံမစဲ မေတ္တာပွါးပွဲမှာ ဆင်နွှဲခဲ့ကြတယ်။

အဲဒီလို သင်ယူပွါးများရင်းနဲ့ မေတ္တာအကျိုး ၁၁ မျိုးကို သိခဲ့တဲ့အခါ အလွန်နှစ်သက် သဘောကျမိပါတယ်။ မေတ္တာနဲ့ပတ်သက်လို့ ဘလော့မှာ မကြာခဏ ရေးခဲ့ဖူးသလို မေတ္တာအကျိုး ၁၁-မျိုးကို ဒီနေရာမှာလဲ ရေးခဲ့ဖူးတယ်။ ဆရာတော် မာဂဓီ (သာစည်) ရေးသားပြုစုတဲ့ အခါတော်နေ့များ စာအုပ်ထဲမှာတော့ မေတ္တာအကျိုး ၁၁-မျိုးကို ခုလို ရေးထားပါတယ်။
***
ဆန့်ကျင်ဘက်မှ လွတ်မြောက်သော မေတ္တာစိတ်ကို မှီဝဲအပ်သည်ရှိသော် ပွါးများအပ်သည် ရှိသော် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် ယာဉ်ကဲ့သို့ ပြုအပ်သည်ရှိသော် တည်ရာကဲ့သို့ ပြုအပ်သည်ရှိသော် ရှေးရှုတည်စေသည်ရှိသော် လေ့လာအပ်သည်ရှိသော် ကောင်းစွာ အားထုတ်အပ်သည် ရှိသော် အကျိုး တဆယ့်တစ်မျိုး တို့ကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်နိုင်ကုန်၏။
အဘယ် တဆယ့်တစ်မျိုးနည်း ဟူမူ -
(၁) ချမ်းသာစွာ အိပ်ရ၏။
(၂) ချမ်းသာစွာ နိုးရ၏။
(၃) အိပ်မက်ဆိုးတို့ကို မမြင်မက်။
(၄) လူတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏။
(၅) သားရဲဘီလူးတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏။
(၆) နတ်တို့ စောင့်ရှောက်ကုန်၏။
(၇) မီး, အဆိပ်, လက်နက်တို့ မစွဲမကျ မဖျက်ဆီးနိုင်။
(၈) လျင်မြန်စွာ စိတ်တည်ကြည်၏။
(၉) မျက်နှာအဆင်း အထူးကြည်လင်၏။
(၁၀) မတွေမဝေ သေရ၏။
(၁၁) အလွန်မြတ်သော အရဟတ္တဖိုလ် တရားကို ထိုးထွင်း၍ မသိနိုင်သော် ဗြဟ္မာ့ပြည်သို့ လားရ၏။

လင်္ကာ

အိပ်သော် ချမ်းသာ၊ နိုးခါသုခ၊ မြတ်လှအိပ်မက်၊ နှစ်သက်လူတို့၊ နတ်တို့ချစ်ခင်၊ နတ်ပင်စောင့်နေ၊ မီးရေ မဖျက်၊ ငြိမ်သက်တည်ကြည်၊ ရွှင်ကြည်မျက်နှာ၊ သေခါမမှိုင်၊ ဗြဟ္မာတိုင်သား၊ ဆယ့်တစ်ပါးကို၊ ကျမ်းဂန်ဆိုသည်၊ ဗိုလ်လူအများ၊ မေတ္တာပွါး။ … ။
***
မလိုချင်သော ၁၁ (၀ါ) မီး ၁၁-ပါး

လူကြီးတွေ ဘုရားရှိခိုးလို့ ဆုတောင်းရင် ဖြစ်ဖြစ်၊ သူတို့ကို ကန်တော့လို့ ဆုပေးရင် ဖြစ်ဖြစ် မီး ၁၁-ပါး ငြိမ်းပါစေ … လို့ ဆုတောင်းကြ ဆုပေးကြတယ်။ မီး ၁၁-ပါးက ဘာတွေလဲ သေချာမသိခဲ့ပေမဲ့ မီးဆိုတာ ပူမှန်းသိတာမို့ အပူတွေကို မလိုချင်ပါဘူး။ အပူမီးတွေနဲ့ ကင်းဝေးချင်ပါတယ်၊ ငြိမ်းချမ်းချင်ပါတယ်၊ အေးချမ်းချင်ပါတယ်။
မလိုချင်တဲ့ မီး ၁၁-ပါးက ဘာတွေလဲ ဆိုတော့ …

(၁) ရာဂမီး - တပ်မက်ရသဖြင့် ပူလောင်ခြင်း။
(၂) ဒေါသမီး - စိတ်ဆိုး အမျက်ထွက်ရသဖြင့် ပူလောင်ခြင်း။
(၃) မောဟမီး - အမြင်မှန်ကို မသိရသဖြင့် ပူလောင်ခြင်း။
(၄) ဇာတိမီး - ပဋိသန္ဓေနေရပြီး ဘ၀အသစ်ဖြစ်ရသဖြင့် ပူလောင်ခြင်း။
(၅) ဇရာမီး - အိုမင်း ရင့်ရော်ရသဖြင့် ပူလောင်ခြင်း။
(၆) မရဏမီး - သေကျေပျက်စီးရသဖြင့် ပူလောင်ခြင်း။
(၇) သောကမီး - ပူဆွေးမှု၊ စိုးရိမ်ကြောင့်ကြမှုများရသဖြင့် ပူလောင်ခြင်း။
(၈) ပရိဒေ၀မီး - ငိုကြွေးရသဖြင့် ပူလောင်ခြင်း။
(၉) ဒုက္ခမီး - ကိုယ်ဆင်းရဲခြင်းကြောင့် ပူလောင်ခြင်း။
(၁၀) ဒေါမနဿမီး - စိတ်ဆင်းရဲရခြင်းကြောင့် ပူလောင်ခြင်း။
(၁၁) ဥပါယာသမီး - သက်ကြီး ရှိုက်ငင်ဖြစ်ရခြင်းကြောင့် ပူလောင်ခြင်း။

လင်္ကာ

သူသူငါငါ၊ ဖြစ်လေရာဝယ်၊ ဦးစွာကြိုဆီး၊ ဇာတိမီးက၊ အပြီးပုံသေ၊ လောင်မြိုက်လေ၏။
မသွေတစ်သီး၊ ဇရာမီးလည်း၊ အပြီးနောက်မှာ၊ ကပ်လျှက်ပါ၏။

မကွာစေရ၊ မရဏဟု၊ တစ်ဘ၀ဖျက်ဆီး၊ လောင်သည့်မီးလည်း၊ ငြီးငြီးပြောင်ပြောင်၊ အမြဲလောင်၏။

လောင်ပုံလောင်အား၊ မထင်ရှားလည်း၊ နုထွားပျိုမျစ်၊ အရွယ်ဖြစ်သော်၊ အချစ်ရာဂ၊ မီးတွေထ၍၊ ဒေါသထန်ပြင်း၊ မောဟညှဉ်း၏။

မကင်းနိုင်အောင်၊ ထို့နောက်နောင်လည်း၊ တောက်လောင်ဖိစီး၊ သောကမီးကြောင့်၊ ၀မ်းနည်းဖွယ်တွေ၊ အထွေထွေနှင့်၊ ပရိဒေ၀၊ ငိုကြွေးရလျက်၊

ဒုက္ခလည်းထပ်၊ ဒေါမနသ်နှင့်၊ ဆက်စပ်မကွာ၊ ဥပါယာသ၊ လွန်ပြင်းပြ၍၊ သက်မျှမရှူ၊ တတ်အောင်ပူသည်။ ဆူဆူမီးတောက် ဆယ့်တစ်တည်း။
(အရှင်ဇနကာဘိဝံသ)

***
တခုတည်းသော အလယ်က ၁ (၀ါ) ဧကောဓမ္မော

၁၁ နှစ်မျိုး ပြီးသွားတဲ့အခါ ၁၁-၁-၁၁ ရဲ့ အလယ်က ချိန်ခွင်လျှာလို ဖြစ်နေတဲ့ ၁ ကလေးကို စဉ်းစားမိတော့ ဧကောဓမ္မောကလွဲလို့ ဘာရှိနိုင်အုံးမှာလဲလို့ တွေးမိတယ်။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ပိဋကတ် သုံးပုံကို အနှစ်ထုတ်လိုက်ရင် ဗောဓိပက္ခိယတရား ၃၇-ပါး ရတယ်၊ ဗောဓိပက္ခိယတရား ၃၇-ပါးကို အနှစ်ထုတ်ပြန်တော့ မဂ္ဂင် ၈-ပါး၊ မဂ္ဂင် ၈-ပါးကို အနှစ်ထုတ်ပြန်ရင် အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာဆိုတဲ့ သိက္ခာ သုံးပါးရတယ်၊ သိက္ခာ သုံးပါးကို အနှစ်ထုတ်လိုက်ရင် သတိဖြင့်ရှုမှတ်မှုဆိုတဲ့ ဧကောဓမ္မော တခုတည်းသောတရားသာ ဖြစ်ပါတယ်။

ဒါကြောင့် လိုချင်သော ၁၁ တွေ ရရှိပြီး မလိုချင်သော ၁၁ တွေ ကင်းပစေဖို့ ချိန်ခွင်လျှာအလယ်က တခုတည်းသော တရားကို ကျင့်ကြံ ပွါးများ အားထုတ် နိုင်ပါစေကြောင်း (မိမိကိုယ်ကိုယ်ရော အားလုံးအတွက်ပါ) ဆုတောင်းလိုက်ပါတယ်။
***
မေတ္တာဖြင့် …
မေဓာဝီ
၁၁-၁-၁၁
၁၁း၁၁ နာရီ

ရည်ညွှန်း ။ ... ။
(၁) အခါတော်နေ့များ - ဆရာတော်မာဂဓီ (သာစည်)
(၂) မီး ၁၁-ပါး ဆောင်ပုဒ်လင်္ကာ (ရွက်ဝါဘလော့မှ)
(၃) မီး ၁၁-ပါး ပါဠိ-မြန်မာ (အရှင်ဉာဏဒီပ ၀က်ဘ်ဆိုက်မှ)

Read More...

Monday, January 10, 2011

အချစ်သည် လေ ...

သူဟာ အသွင်ပြောင်းတတ်သော တိမ်တစဆိုလျှင် ထိုတိမ်တစကို လွင့်မျောအောင် … ထိုတိမ်တစ၏ သဏ္ဌာန်ကို ပြောင်းလဲနိုင်အောင် စွမ်းဆောင်တတ်သော “လေ”သည် အချစ်သာလျှင် ဖြစ်ရပေမည်။
… … … … … … …
… … … … … … …
… … … … … … …
“အချစ်ဆိုတာ လေ ပါပဲ …”
ထိုသို့ သူကပြောတော့ တချို့က မခံမရပ်နိုင်ဖြစ်ကြသည်။ အများ နားလည်လက်ခံ သုံးစွဲလေ့ရှိသော “လေပဲ” … ဟူသည့် အသုံးအနှုန်းက အလကားပဲဟု ဆိုလိုသည်မို့ အချစ်ကို လေ ဟုပြောသည့်အခါ ထိုသူတို့ လက်မခံနိုင်ကြသည်ထင့်။ တကယ်တမ်း သူဆိုလိုသည်က ဒီထက်အများကြီးပို၍ အဓိပ္ပါယ်ရှိပါသည်။ ထို့ကြောင့်ပင် ထိုအဆိုကို မည်သူမျှ လက်မခံသည့်တိုင် သူ့ပုဂ္ဂလိက ခံစားချက် အလိုအရ အချစ်ဟူသည် လေလိုပါပဲဟု အခိုင်အမာပင် ဆိုနေမိတော့သည်။
***
လေ နှင့် အချစ်

လေသည် ရိုးတံညှာညောင်းနေသည့် ရွက်ဟောင်းတွေကို ခြွေချတတ်သလို စိမ်းစို နုမျစ်နေသည့် ရွက်သစ်တွေကိုလဲ ခြွေချနိုင်စွမ်း၏။
အချစ်သည်လည်း ထိုနည်းနှင်နှင် … စိတ်ဓာတ် နူးညံ့ပျော့ပြောင်းသူများ ယိမ်းလွယ် တိမ်းလွယ် နှလုံးသားပိုင်ရှင်များသာမက ခိုင်မာသည့် သံမဏိနှလုံးသား ရှိသူများပင် အချစ်နှင့် မကင်းနိုင်ကြ၊ ထိုသူများသည်လဲ အချစ်နှင့် ပတ်သက်လျှင် တွေကြရသည် ဝေကြရသည် နောက်တော့ ကြွေကြရသည် မဟုတ်ပါလား။

လူတယောက် အသက်ရှင်သန်ရေးအတွက် လေသည် အရေးပါသလို လူတယောက် ဘ၀ရှင်သန်ရေးအတွက် အချစ်က အရေးပါနေပြန်သည်။ ချစ်ခြင်းမေတ္တာ ကင်းမဲ့သော လူတယောက်၏ ဘ၀ဟာ ရှင်လျက်နှင့် သေသလို … ဘယ်လောက် အထီးကျန်ဆန်လိုက်မလဲ … ။

လေသည် ကိုယ့်အနားရှိနေပါလျက် သတိမပြုမိလျှင် ရှိမှန်းမသိ၊ မမြင်ရ မတွေ့ရ၊ ကိုင်တွယ် ထိတွေ့လို့လဲ မရနိုင်သလို အချစ်သည်လည်း ကိုယ့် အနီးအနားတွင် ရှိနေသော်ငြား သတိမထားမိပါက ခံစားသိ နိုင်မည်မဟုတ်။ တကယ်တော့ အားလုံးရဲ့ ၀န်းကျင်ပတ်ရံမှာ ချစ်ခြင်းမေတ္တာတွေ ရှိနေပါသည်။ နားလည်စွာ ခံစားကြည့်မှ သိရှိနိုင်မည့် အရာပင်။

လူတိုင်း စက္ကန့်နှင့်အမျှ လေကို ရှူသွင်းရှူထုတ် လုပ်နေကြသော်လဲ လေ၏ တန်ဖိုးကို ဂရုမထား နားမလည်ကြ၊ ထိုသို့ပင် မိမိဘေးမှာ ရှိနေပြီး မိမိကို ကာကွယ်ပေးထားသော ချစ်ခြင်းမေတ္တာတရားတွေ၏ တန်ဖိုးကို ရုတ်တရက် မမြင်မိ၊ ဂရုမပြုမိ၊ နားမလည်မိ။ တကယ်တမ်း သိချိန်က … အသက်ရှူရန် ခက်ခဲပြီး လေကို မွတ်သိပ်စွာ တောင့်တမိသည့် အချိန်မျိုး။

ဆိုကြပါစို့ …
ဟိုးရေအောက်ထဲ ရောက်နေသူတယောက်၊ လေထု၏ အဝေးမှာ ကြာမြင့်စွာ အသက်မရှူဘဲ နေရလျှင် တဖြည်းဖြည်း မောလာမည်၊ ရင်ဘတ်တွေ အောင့်လာမည်၊ ဦးခေါင်းတွေ နာလာမည်၊ နားတွေအူလာမည်၊ အသက်ရှင်ရပ်တည်ဖို့ရာ ဟိုစဉ်က လစ်လျူရှုခဲ့ဖူးသော လေကို တောင့်တမိလာမည်။ ကံအားလျော်စွာ ရေပေါ်ကို ရောက်၍ အသက်ပြန်ရှူခွင့် ရသည့်အခါမှာတော့ အငမ်းမရ ရှူရှိုက်မိမည်၊ နှာခေါင်းဖြင့်သာမက ပါးစပ်ဖြင့်လဲ ရှူသွင်းမိမည်၊ ထိုအချိန်မှာ ရှိုက်သွင်းခွင့်ရသည့် လေလောက် ကိုယ့်အတွက် တန်ဖိုးရှိသည့်အရာ မရှိတော့သလိုပင်။

အချစ်သည်လဲ ဒီလိုပဲ မဟုတ်လား။ ဘယ်သူတဦး တယောက်ကမှ ချစ်ခြင်းမေတ္တာတွေရဲ့ အဝေးမှာ ကြာကြာနေလို့ ရနိုင်မှာမို့လဲ။ အထီးကျန်လွန်းစွာ မျက်ရည်တွေ … နာကျင်မှုတွေ … လိုအပ်ချက်တွေ … တောင့်တခြင်းတွေ များစွာဖြင့် အချစ်ကို ရှာဖွေမိမှာပါပဲ။ လူဆိုတာ အချစ်နဲ့ ကင်းနိုင်ကြသူတွေမှ မဟုတ်ဘဲလေ … ။
***
အချစ် နှင့် လေ

တခါတရံ လေပြေလေညင်းလို ညင်သာဖွဖွ အချစ်က အနားမှာ ရှိနေပြန်သည်။ တခါတရံမှာတော့ လေငြိမ်သည့် ရက်များပမာ အချစ်က ကိုယ့်အနားမှာ မရှိသည့်နှယ်။

အချစ်က တခါတလေ နူးညံ့သော လေညင်းလို စိတ်ပျော်ရွှင် ကြည်နူးမှုကို ဖြစ်စေတတ်သည်။ တခါတလေတော့ အရိုင်းဆန်ဆန် ပြင်းထန်သော လေကြောင့် စိတ်ပင်ပန်း နွမ်းလျတတ်သလို အချစ်က နာကျင်မှုတွေ ပေးတတ်ပြန်သည်။

လေထဲတွင် ရောနှော ပါသော မီးခိုးငွေ့ အဆိပ်ငွေ့ များက လူကို ဥပါဒ်ဖြစ်စေသလို အချစ်၏ ဘေးထွက်ဆိုးကျိုးများကလဲ နှလုံးသားကို အဆိပ်သင့်စေတတ်ပြန်၏။

ဘယ်လိုပဲဖြစ်ဖြစ် … လောကကြီးမှာ လေရှိနေဖို့ လိုအပ်သလို အချစ်ရှိနေဖို့လဲ လိုအပ်သည် မဟုတ်လား။
***
သူ နှင့် အချစ်

သူဟာ အသွင်ပြောင်းတတ်သော တိမ်တစဆိုလျှင် ထိုတိမ်တစကို လွင့်မျောအောင် … ထိုတိမ်တစ၏ သဏ္ဌာန်ကို ပြောင်းလဲနိုင်အောင် စွမ်းဆောင်တတ်သော “လေ”သည် အချစ်သာလျှင် ဖြစ်ရပေမည်။

အချစ်ကို ပိုင်ဆိုလိုစိတ်ဖြင့် ရှာဖွေမိခဲ့သည်။ အနီးအပါးမှ မေတ္တာတရားတွေကို ဥပေက္ခာပြုရင်း အချစ်ကို ဖမ်းဆုပ်ဖို့ ကြိုးစားခဲ့မိသည်။ ထိုသို့ ရှာဖွေရင်းနှင့်ပင် လေပြေနှင့်တွေ့လိုက် … လေပြင်းနှင့် ကြုံလိုက် … အဆိပ်သင့် လေတွေကို ရှူရှိုက်မိလိုက် တိမ်တစလို လေနှင်ရာ လွင့်ပါး မျောပါရင်း … သတိရမိသည့် အခိုက်မှာတော့ မေတ္တာတရားတွေနှင့် ကင်းဝေးရာ လေမရှိသည့် ဟိုးရေအောက်ထဲ စုန်းစုန်းမြုပ်လုပြီ။ သြော် … တိမ်တစ … ပြိုကျခဲ့ပြီထင့်။
… … … … … … …
… … … … … … …
… … … … … … …
***
အချစ် နှင့် သူ

အသက်ရှူရန် ခက်ခဲလွန်းလှသည်။
နှလုံးသားအစုံက နာကျင်လှပြီ။
ရင်တခုလုံး မောပန်းလွန်းနေပြီ။

ဒီအတိုင်း ဘယ်အချိန်ထိ ရပ်တည်နိုင်အုံးမလဲ … သူ မသိ။

ရေနစ်နေသူလို အားကိုးတကြီး ကိုင်ဆွဲမိသည့် ကောက်ရိုးတမျှင်က လက်ထဲမှာ ကြေမွလျက် ရေစီးကြောင်းထဲ တရွေ့ရွေ့ မျောပါသွားပြန်သည်။ မခိုင်မြဲသည့် ထိုအရာများကို စွန့်လွှတ်လိုက်ရ၍လည်း နှမြောတသခြင်း မဖြစ်မိတော့။

ဒါဟာ အချစ်မှ မဟုတ်ဘဲ … ဒါဟာ စစ်မှန်တဲ့ မေတ္တာတရားမှ မဟုတ်တာ … ။ သွားပါစေလေ … ဟိုးအဝေးဆုံးထိ။ ပြိုကျသွားသော တိမ်တစ ပြန်လည် စုစည်းဖို့ဆိုတာ အချိန်တော့ စောင့်ရအုံးမှာပါပဲ။

မျက်ရည်များဖြင့် သူပြုံးနေမိသည်။
ပြုံးနေလျက်က မျက်ရည်များ ကျနေ၏။

တကယ်တမ်း အချစ်ကို နားလည်စွာ ခံစားမိသည့် အချိန်မှာတော့ စစ်မှန်သော ချစ်ခြင်းမေတ္တာတရားတွေ သူ့အနားမှာ မရှိတော့ပြီတကား။
***
မေဓာဝီ
၁၀၊ ၁၊ ၁၁
၁၃း၂၆ နာရီ


(အချစ်အကြောင်း ရေးပါဟု ဆိုလာသူ သားသား မောင်သန့်ဝေယံ အတွက် ...)

Read More...

Sunday, January 09, 2011

လွတ်လပ်ရေး ခရီး

လန်ဒန်က မောင်ဝမ်းကွဲတွေ လာခေါ်လို့ ၄-ရက်နေ့ (လွတ်လပ်ရေးနေ့) နေ့လည်ခင်းမှာ မေဓာဝီတယောက် ဦးရီးတော်ကို ထားခဲ့ပြီး လွတ်လွတ်လပ်လပ်ကြီး ခရီးထွက်ခဲ့တယ်။ လူကြီးသူမတွေ မပါဘဲ သွားရတဲ့ခရီးက အင်မတန် ပျော်စရာကောင်းတာကလား။ တားမယ့်သူမပါ၊ ဟန့်မယ့်သူမရှိ၊ သတိအနေအထားကြီးနဲ့ နေနေရတဲ့ အခြေအနေက ခဏတဖြုတ် လွတ်လပ်ရေး ရခဲ့တဲ့ ခရီးတခုမို့ လွတ်လပ်ရေး ခရီးလို့ ခေါင်းစဉ်တပ်လိုက်တာပါ။ မောင်ဝမ်းကွဲဆိုတာကလဲ အသက်အားဖြင့် လပိုင်းလောက်သာ ကွာပြီး ငယ်ငယ်ကတည်းက အတူ ကစားဖော်၊ တက္ကသိုလ်ရောက်တော့လဲ မေဂျာတူ၊ ကျူရှင်တူမို့ တွေ့တုန်းတွေ့ခိုက် စကားလက်ဆုံ ပြောမကုန်ကြဘူး။

ကျမက ဂရင်းနစ်ခ်ျ (Greenwich) ကို သွားချင်တယ် ပြောထားဖူးလို့ နောက်တနေ့မှာ မနက်စာ စားပြီးတာနဲ့ လိုက်ပို့ပေးကြတယ်။ ရာသီဥတု အခြေအနေကတော့ မိုးတဖွဲဖွဲ ကျလို့ပါပဲ။ မိုးလေကင်းစင်ချိန်ကို စောင့်ရင် သွားရတော့မှာ မဟုတ်လို့ မိုးဖွဲတွေကြားမှာပဲ လန်ဒန်မြို့ရဲ့ အရှေ့တောင်ဘက်က ဂရင်းနစ်ဒေသကို ရောက်ခဲ့တယ်။


မှိုင်းမှုန်ပြာဝေ၊ ဂရင်းနစ်မြေ ...
အရင်ဆုံး Royal Observatory Greenwich ဆိုတဲ့ နက္ခတ်တာရာ ပြခန်းလေးထဲ ၀င်ကြည့်ကြတယ်။


နက္ခတ်တာရာ၊ ဂြိုလ်ကမ္ဘာကြား၊ ထိုလူသားလျှင်၊ အမှုန်အမွှားမျှသာပင် ...

နှစ်ပေါင်း ၄၅၀၀ သန်း သက်တမ်းရှိတဲ့ ကျောက်တုံး။ (ကျောက်တော့ မဟုတ်ပါဘူး သံလိုပဲ တော်တော်မာတယ်)

နှစ်ပေါင်းများစွာ၊ သက်ရှည်ကြာလဲ၊ သေချာထိမ်းသိမ်းထားကြသည်...

0 နာရီ 0 မိနစ် 0 စက္ကန့် စတဲ့ နေရာ။ အဲဒီမျဉ်းကြောင်းကြီးပေါ့။ ရန်ကုန် ပါတဲ့နေရာကို သေချာ ဓာတ်ပုံရိုက်ခဲ့သေးတယ်။ မရဘူး ကိုယ့်ဒေသမှ ကိုယ်ပဲ၊ ဒေသစွဲက ခပ်ကြီးကြီးရယ်။


နာရီအစ၊ သုညသတ်မှတ်၊ ထိုမျဉ်းဖြတ်ရာ ...

မိုးရွာနေတာတောင် လူတွေရှုပ်နေလို့ ဓာတ်ပုံကို မနည်း လုပြီး ရိုက်ခဲ့ရတယ်။

ရိုက်မယ်ပြင်ထား၊ ကားရားခွရပ်၊ ထိုမျဉ်းဖြတ်ကို ...

မိုးရွာနေလို့ Greenwich park ကို လမ်းလျှောက် မဖြတ်ခဲ့တော့ဘူး။ အဆောက်အဦလေးကို နှုတ်ဆက်ပြီး ကားနဲ့ပဲ ပတ်ခဲ့တော့တယ်။ ဗိုက်ကလဲ ဆာနေပြီလေ။

ဝမ်းဗိုက်ရယ်ဆာ၊ ဟာတာတာမို့၊ တာ့တာလုပ်၍ ပြန်ခဲ့သည် ...
***
ဗြိတိသျှပြတိုက်ကိုအသွား လမ်းမှာ လန်ဒန်တက္ကသိုလ်ကို ဖြတ်တော့ SOAS ကျောင်းဆောင်ကို တွေ့တယ်၊ မြန်မာပြည်က နာမည်ကြီး ပုဂ္ဂိုလ်တွေ တက်တဲ့ ကျောင်းမို့ အမှတ်တရ ဓာတ်ပုံ ရိုက်လိုက်တာ ဘယ်သူလဲ မသိဘူး စပ်ဖြီးဖြီးနဲ့ ရှေ့မှာ လာရပ်လို့ ပါသွားရော ... တတ်နိုင်ဘူး။ :)


လန်ဒန်ကျောင်းတော်၊ လှမ်းမျှော်၍ငေး၊ ခပ်ဝေးဝေးက ...
***
ရောက်ပါပြီ ဗြိတိသျှ ပြတိုက်။ ကြီးကျယ်ပါဘိ၊ ခမ်းနားပါဘိ၊ ၀င်ရောက် လေ့လာသူတွေလဲ ပေါများပါဘိ။
ပြတိုက်ပြခန်း၊ အံ့မခန်းပ၊ ဗြိတိသျှတို့ ထိမ်းသိမ်းသည် ...

များလွန်းလို့ စုံအောင် မကြည့်နိုင်ပါဘူး။ ခြေဦးတည့်ရာ လျှောက်ကြည့်ဖြစ်တယ်။ ဒါက မံမီတွေ ... ကြည့်လို့တော့ အလှသားပဲ။


နှစ်ပေါင်းကြာရှည်၊ ဆေးစီရင်ထား၊ မံမီများလည်း၊ လူများအလယ်၊ သနားဖွယ် ...
***
ဗြိတိသျှ ပြတိုက်ထဲမှာ စမ္ပါယ်နေရရှာတဲ့ မြန်မာပြည်က ဗုဒ္ဓ။


မြတ်စွာဗုဒ္ဓ၊ မြန်ပြည်မှခွဲ၊ ပြတိုက်ထဲမှာ၊ တပါးတည်းသာ နေရရှာ ...

ဗုဒ္ဓရဲ့ တဖက်တချက်မှာ ၁၉ ရာစုက မှန်စီရွှေချ ဆွမ်းအုပ်ကြီး၊


မန်းမြို့တော်မှ၊ ရွှေချမှန်စီ၊ ဤမည်ဆွမ်းအုပ်၊ ဗုဒ္ဓဘေးမှာ သူငုတ်တုတ် ...

ဘုရားလဲ ရှိခိုးဦးချသူ ဂါရ၀ပြုသူ မရှိတာမို့ မျက်နှာသိပ်မကောင်းရှာဘူး။


ပူဇော်သူရှား၊ မြတ်ဘုရားကို၊ ရိုသေမြတ်နိုး၊ လက်စုံမိုး၍၊ ရှိခိုးကန်တော့ ခဲ့ပါသည် ...
***
အန်းကုံးကတော့ ပြုံးပြုံးပဲ ... လာရောက် လေ့လာသူတွေထဲမှာ တရုတ်လူမျိုးတွေက များတာကိုး။


ပြုံးတုံး ပြုံးတုံး၊ ဘိုးအန်းကုံးထံ၊ အန်ပေါင်းတောင်းချင်ပါသေးသည် ...
***
စာအုပ်တွေ ... စာအုပ်တွေ ... ဘာမှန်းညာမှန်း မသိပေမဲ့ သွားမော့ကြည့်ခဲ့သေးတယ်။


စာအုပ်မြင်ရင် သွားရည်ကျသော်ငြား အမှန်ကား မဖတ်တတ်ပါ ...

ညောင်းပြီ ... ကော်ဖီဆိုင် ထိုင်ကြစို့။

ကော်ဖီခါးခါး၊ သကြားမထည့်၊ ကိတ်တဖဲ့နဲ့၊ မြည်းခဲ့လေသော ထိုနေရာ ...

ဓာတ်ပုံဆရာ ဘယ်လောက်တော်လဲ ... လှတယ်မဟုတ်လား (ပြတိုက်ကြီးက)

နေ၀င်မိုးချုပ်၊ နှုတ်ဆက်လက်ပြ၊ ပြန်ပါရစေ၊ ပြတိုက်ရေ ...
***
ပြတိုက်ကအပြန် ရှော့ပင်းစင်တာ ၀င်ခဲ့သေးတယ်၊ ဘာမှတော့မ၀ယ်ပါဘူး၊ ဒီလိုပဲ ရောက်ဖူးတယ်ရှိအောင်ပေါ့၊ အိမ်ပြန်ရောက်တော့ ည ၁၀ နာရီကျော်ပြီ။ မောတယ် ... ညောင်းတယ် ... ဒါပေမဲ့ ပျော်တယ် ... ။ မမေ့နိုင်တဲ့ ဒီခရီးစဉ်လေးမှာ ပိုက်ဆံတပြားမှ ကုန်စရာမလိုဘဲ အားလုံးအဆင်ပြေအောင် မညည်းမညူလိုက်ပို့ကြသူများ၊ ကျွေးမွေးကြသူများ၊ လက်ဆောင်တွေ ပေးလိုက်ကြသူများ အားလုံး အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်လိုက်ပါတယ်။
***
မေဓာဝီ
၉၊ ဇန်န၀ါရီ၊ ၂၀၁၁
၁၄း၀၀ နာရီ

Read More...

Tuesday, January 04, 2011

လွတ်လပ်ခြင်းမှ ... လွတ်မြောက်ခြင်းသို့ ...

(၁) စိတ်ကူး


ကောင်းကင်ယံထက်
ပျံသန်းနေတဲ့ ငှက်ငယ်ကို
လွတ်လပ်တယ် ဆိုမလား … ။

ရေပြင်တလွှား
ကူးခတ်ပျော်ပါး ရွှေငါးတွေ
လွတ်လပ်နေတာလား … ။ 


လမ်းပေါ်မှာလျှောက်ပြေး

ကလေးလေးတွေဘဝ
လွတ်လပ်နေကြသလား … ။ 
*** 
(၂) လက်တွေ့


 မာယာကို မမြင်
အစာကို မင်တော့
မုဆိုးရဲ့ ကျော့ကွင်း
သက်ဆင်းမိပြန်ခဲ့
အိုဘယ့် ငှက်သူငယ် … ။

မှန်အိမ်ကို တန်ဆာဆင်
ပင်လယ်ပြင်ပမာထင်လျက်
ကူးခတ်ရင်း ပျော်ပါး
ကျွေးသမျှစား ထားသလိုနေ
အချိန်တန်တော့ သေခဲ့
အိုဘယ့် ရွှေငါးငယ် …. ။


အပြေးမတတ်လို့ ထမင်းငတ်တဲ့အခါ
မတ်တပ်ရပ်ကာ လမ်းမှာငိုရှိုက်
အမေက မရိုက်ပေမဲ့
လောကရဲ့ ရိုက်တဲ့ဒဏ်
ကြံ့ကြံ့ခံနိုင်ပါ့မလား …
အို … ကလေးများရယ် … ။

 ***
(၃) အတွေး
လွတ်လပ်ခြင်း အစစ်
ဘယ်လိုမှ ဖြစ်မှာလဲ???

လွတ်လပ်သူ ဆိုသည်များ
ဘယ်သူတွေများလဲ???

လွတ်လပ်သည့်အရေး …
ဘယ်သူက ပေးမှာလဲ???
ရှာဖွေရင်း ပျောက်ဆုံး
ဘ၀နိဂုံးချုပ်လုချိန်ထိ
လွတ်လပ်သည့်အရသာ
“ငါ” ကိုယ်တိုင် မသိခဲ့ …
ဒီလိုနဲ့ … ... ... ... ...
***
(၄) အမြင် 

လွတ်လပ်ခြင်းရဲ့ နောက်ကွယ်
အန္တရာယ်တွေမြင်ခဲ့။

လွတ်လပ်မှု အတုအယောင်
ဟန်ဆောင်မှုတွေ တွေ့ခဲ့။

လွတ်လပ်ပါလျက်နဲ့
လက်လွတ်နေခဲ့ရ
အပြစ်မဲ့ ဘ၀များ
မြင်ပါများတဲ့အခါ
လွတ်လပ်ခြင်းကို မရှာလိုတော့ … ။
***
(၅) တောင်းဆု 

မရေရာတဲ့ လေဟာနယ်ထဲ
ပျံသန်းဆဲ အတောင်ကျိုး
ငှက်မျိုးလည်း မဖြစ်လို။

ဝဲသြဃ ဂယက်ထဲမှာ
လူးလာကူးခတ် ရုန်းထွက်မရ
ငါးဘ၀ မရောက်လို။

လောကဓံကြောင့်
လောက-ဒဏ် ခံစား
လူသားလည်း မဖြစ်လို။

အို … ရှင်တော်ဗုဒ္ဓ
သံသရာ ၀ဋ်ဒုက္ခမှ
လွတ်မြောက်ပါစေကြောင်း
ဆုမွန်တောင်းလျက်
ကောင်းသည့်အလုပ်
ဟုတ်သည့်အကြံ
မှန်သည့်တရား
သစ္စာလေးပါးကို
နားလည်အောင် ကြိုးကုတ်
အားထုတ်နိုင်ရပါစေသား
ရှင်တော် မြတ်ဘုရား … ။ … ။
 ***
မေဓာဝီ
၎၊ ဇန်န၀ါရီ၊ ၂၀၀၉
၂၂း၁၀ နာရီ
(လွန်ခဲ့တဲ့ ၂ နှစ် လွတ်လပ်ရေးနေ့က ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ၊ တနေရာမှာ တင်ခဲ့ဖူးပေမဲ့ ဘလော့မှာ မတင်ရသေးလို့ ပြန်တင်လိုက်ပါတယ်။ ဖတ်ဖူးသူများအတွက် အဟောင်း ... မဖတ်ရသေးသူများအတွက်တော့ အသစ်ပေါ့။)

Read More...

Saturday, January 01, 2011

၂၀၁၁ သို့ ခွန်းဆက်ခြင်း

မင်္ဂလာပါ နှစ်ထောင့်ဆယ့်တစ်!

နံနက်ခင်းအသစ်နဲ့
နှစ်ထောင့်ဆယ့်တစ်ကို ဖွင့်လှစ်
အားလုံးက သစ်လွင်
ချစ်ခင်စရာတွေ အပြည့်
ပကတိ လှပ
မှောင်သောည ကုန်အဆုံး
ကောင်းခြင်းတွေ စုရုံးလျက်
မြင့်မြတ်တဲ့ အစဉ်အလာ
ညင်သာစွာ ခွန်းလှစ်
မင်္ဂလာပါ နှစ်ထောင့်ဆယ့်တစ် … ။

နှစ်ထောင့်ဆယ့်တစ်ရဲ့ အခန်းသစ်မှာ
နေမင်းလဲ အသစ် .. လေညှင်းလဲ အသစ်
လမင်းလဲ အသစ် .. ညခင်းလဲ အသစ်
စမ်းရေလဲ အသစ် .. ပန်းတွေလဲ အသစ်
စိမ်းလန်းခြင်း အသစ် .. ငြိမ်းချမ်းခြင်း အသစ်
အိပ်မက် အသစ် .. စိတ်ကူး အသစ်
မျှော်လင့်ချက် အသစ်တွေနဲ့ …
အသက်ရှူသံတွေတောင် သစ် … လို့ …
ဝတ်စုံအသစ်နဲ့ … နှစ်ထောင့်ဆယ့်တစ် အပျိုမ
ရှက်သွေးကြွ … လှနေခဲ့ … ။

နှစ်တခု အပြောင်းဟာ
စနစ်တခု ပြောင်းတာလား
အဖြစ်တခု ဟောင်းတာလား …
ဘယ်လိုပဲ ပြောင်းပြောင်း
ဘယ်လိုပဲ ဟောင်းဟောင်း
လူသားအပေါင်းအတွက်
ကောင်းမြတ်ခြင်းတွေ ခြံရံ
အန္တရာယ်တွေ ဖယ်ရှား
အမှားတွေ ကင်းပ
ဒုက္ခတွေ သိမ်းချုပ်စေဖို့
ငြိမ်းချမ်းရေး တေးတပုဒ်ကို
သီဆိုကာ ဟစ်ကျူး
(နှစ်ထောင့် ဆယ့်တစ်ရဲ့)
မင်္ဂလာ နှစ်ကူး ဖြစ်ပါစေ … ။ … ။
***
မေဓာဝီ
၁၊ ၁၊ ၁၁
၀၀း၀၁ နာရီ

(အားလုံးပဲ သာယာ ပျော်ရွှင် ငြိမ်းချမ်း၍ မင်္ဂလာရှိသော နေ့ရက်များစွာ ၂၀၁၁ မှာ ပိုင်ဆိုင်ကြပါစေ ...)

နှစ်သစ်အတွက် ရေးခဲ့ဖူးသော ကဗျာတချို့
နိဒါန်း (၂၀၀၈)
အစ (၂၀၁၀)

Read More...