Sunday, March 15, 2015

ကံ့ကော် ဒိုင်ယာရီ

”ကံ့ကော်ဒိုင်ယာရီ”
 ***
ကံ့ကော်ရွက်နု
ပုရစ်ဥနီ
သီကရီကွေး
မြရည်သွေးဝယ်
သန္တာခြယ် သို့ ... ။
၂၄၊ ၀၂၊ ၁၅
***

အဲဒီနေ့က ကံ့ကော်ပင်ကြီးပေါ်မှာ ရွက်နုလေးတွေ ဝေနေတယ်။ ရွက်နုဆိုပေမယ့် စိမ်းမနေဘူး။ ပြူထွက်ခါစ အညွန့်လေးတွေက နီရဲလို့ ... မွေးခါစကလေး နီတာရဲလေးလိုပေါ့။   ပျိုမြစ်ခြင်း၊ သစ်လွင်ခြင်း၊ နုနယ်ခြင်းတွေ အားလုံးကို ဒီကံ့ကော်ပင်အိုကြီးပေါ်မှာ ... မြင်လိုက်ရတဲ့အခါ ကဗျာစာသာလေး နှလုံးသားထဲက ထွက်ကျလာတယ်။ “မြရည်သွေးဝယ် သန္တာခြယ်သို့” ... ဟုတ်တယ် ... မြရောင်တောက်နေတဲ့  ကံ့ကော်ရွက် စိမ်းဖန့်ဖန့်တွေကြာမှာ အနီရောင်က ဟိုတစ ဒီတစ ... ။ 
***
ဟိုမယ် တွေ့လား
ပင်ယံဖျားမှာ
ဝင့်ကြွားနေတဲ့ ပန်းကံ့ကော် ... ။ 
၂၅၊ ၀၂၊ ၁၅


နောက်တနေ့မနက်စောစော ကံ့ကော်ပင်ကြီးဆီကို မော့ကြည့်ဖြစ်တော့ ဟိုးအပင်ထိပ်ဖျားမှာ တပွင့်ထဲ ကံ့ကော် ... ။ မျှော်လိုက်ရတာ ကံ့ကော်ရေ ... ။  ပင်ယံဖျား အမြင့်ဆုံးမှာ ပွင့်နေတဲ့ ပန်းကလေးကို လည်ပင်းကျိုးမတတ် မော့ကြည့်ရင်း ကြည်နူးစိတ်နဲ့ ကဗျာတစ နှုတ်ဖျားက တီးတိုးရေရွတ်မိပြန်တယ်။ ... ဟိုမယ်လေ ... တွေ့တယ်မဟုတ်လား ...  ကံ့ကော်ပန်းလေး ပွင့်နေပြီ ... ရယ်လို့ ... ကံ့ကော်ချစ်သူတွေကို လက်ဆွဲခေါ်ပြပြီး ကြွားချင်စိတ်နဲ့ပေါ့ ... ။
***
ပင်ထက်မှာ မော်
ပင်ပေါ်မှာ သင်း
ဖြူစင် ဝင်းပ
ပန်းလှ ကံ့ကော်
သူ ... ပျော်ပါစေ ... ။ 
၂၆၊ ၀၂၊ ၁၅


နောက်တနေ့မှာတော့ ကံ့ကော်ပန်းလေးတွေ ထပ်ပွင့်နေတာ မြင်ရပါတယ်။ ပန်းကလေးတွေကို တွေ့တော့ ရယူပိုင်ဆိုင်လိုလှတယ်၊ ခူးဆွတ် မွှေးကြူလိုလှတယ်။ ဒါပေမဲ့လည်း ပန်းကလေးတွေ အပင်ပေါ်မှာ လှနေ မွှေးနေ တင့်တယ်နေရင် မခူးရ မမွှေးရသည့်တိုင်အောင် ကျေနပ်နိုင်ပါတယ်၊ လူ့သဘာဝက ခူးချင်လှပေမယ့် ပန်းသဘာဝကတော့ အပင်ပေါ်မှာပဲ လန်းဆန်းပွင့်ဝေချင်မယ် မဟုတ်လား ... ။ ပင်မြင့်မှာသာ ပျော်ပါ ကံ့ကော် ... လို့ သူ တိုးတိုးကလေး ပြောလိုက်တယ်။ 
***
နွေ နေရောင်နှင့်
ပနံတင့်ကာ
မိုးမြင့်ကို မျှော် 
အို ... ကံ့ကော်ရေ ... 
ခူး မချွေရက်
အလှမ်းခက်၍
နန်းထက်မှာသာ ဝေပါလေ ... ။ 
၂၇၊ ၀၂၊ ၁၅


တကယ်တော့ ဟိုးအမြင့်မှာ ပွင့်နေတဲ့ ကံ့ကော်ပန်းလေးတွေက မြေကြီးပေါ်က သူလိုလူသားနဲ့ အလှမ်းကွာခြား လွန်းလှပါတယ်။ လိုချင်ပါလျက် အလှမ်းခက်တဲ့အခါ ... ခူးချင်ပါလျက် မခူးရက်တဲ့အခါ ... အဝေးကနေ ငေးမောရင်း ဘာသာ ဖြေသိမ့်ခဲ့ရပေါ့ ... ဟိုးပင်ယံနန်းမှာ ကံ့ကော်ပန်းတွေက ဝေနေဆဲ ... ။ 
***
လေယူရာတိမ်း
ကံ့ကော်ယိမ်းနွဲ့
စိမ်းလဲ့ မြညှာ
ပွင့်ခိုင်မာလည်း
ချူသူ ဇွဲသန်
ခူးဆွတ်ပြန်သော်
ကံ့ကော် မြေခ - ကြွေရသည် ... ။
၂၈၊ ၀၂၊ ၁၅

အဲဒီနေ့ မနက်ခင်းက ကိုယ်တိုင်မခူးရက်တဲ့ ပန်းကလေး တစုံတယောက်ရဲ့ တံချူထိပ်မှာ တိတ်တိတ်ကလေး ပါသွားတာ မြင်ရတော့ စိတ်ထဲ နှမျောမိတယ်။ ပြီးတော့ ပိုင်ဆိုင်ချင်မိပြန်တယ်။ ကိုယ်တိုင် မခူးရက်တဲ့ ပန်းကလေးကို တပါးသူ ခူးပြန်တော့လဲ လိုချင်မိတဲ့ သူ့ရဲ့ အတ္တကြောင့် တံချူထိပ်က ကံ့ကော်လေးကို ယူပါရစေ ခွင့်တောင်းပြီး သိမ်းပိုက်ခဲ့မိတယ်။ သူ့အတွက် မဟုတ်ပါဘူး ဘုရားကပ်ဖို့ အတွက်လို့ အကြောင်းပြချက် နဲ့ပေါ့။ ကိုယ်ကုသိုလ်ရဖို့အတွက် သူ့သဘာဝ ပွင့်လန်းနေတဲ့ ပန်းကလေးကို အသုံးချမိတယ်ဆိုမလား ... ခွင့်လွှတ်ပါ ကံ့ကော် ... ။

***
ကြွေလဲ တချို့
ဝေ တချို့နှင့်
ပွင့်ဆဲတဝက်
မြေသက်တဖန်
လောကဓံများ
ခံစားကြုံလျှင်
မဖြုံ စိတ်ရင်း
မာန်တင်း ကာနေ
မငိုပါနဲ့ ကံ့ကော်ရေ ... ။
၂၉၊ ၀၂၊ ၁၅


ပန်းဆိုတာ အမြဲပွင့်လန်းနေမှာမှ မဟုတ်ဘဲ။ ကြွေချိန်ဆိုတာ တနေ့တော့ ရောက်လာရပြန်ပါတယ်။  မြေပေါ်သက်နေတဲ့ ကံ့ကော်ပွင့်လေးတွေကို ကြည့်ရင်း သူ စိတ်မကောင်း ဖြစ်မိတယ်။ အပင်ပေါ်မှာ တချို့က ဝေတုန်း ... ။ တချို့က ဖူးတုန်း ... ။ တချို့က ပွင့်ဖို့ အားယူတုန်း ... ။ တချို့ကတော့ မြေပေါ်မှာ အတုန်းအရုန်း ... ။ ဒါဟာ လောကရဲ့ဓမ္မ ပါပဲလို့ သက်တမ်းတိုလွန်းလှတဲ့ ပန်းကလေးတွေကို အားပေးမိတယ်။ တကယ်တမ်း အားပေးသူ ကိုယ်တိုင်က အားက ယဲ့ယဲ့ ... ချိနဲ့နဲ့ ... ။
***
နွေညလေညင်း
ခပ်ပြင်းပြင်းခြွေ
ရွက်ခြောက်ကြွေကျ
မြေမှာခ'တော့
လွမ်းရသည်က ပန်းကံ့ကော် ... ။

ပန်းပွင့်ခြောက်နွမ်း
မြေပေါ်လွှမ်းခိုက်
ခေါင်းငိုက်စိုက်ကျ
တမ်းတရှိုက်ငို
သစ်ပင် အို ... ။

ဖူး ငုံ ပွင့် လန်း
ကြွေ ခြောက် နွမ်း -
ပန်းကံကြမ္မာ
သံသရာလေ 
ဖြေပါစေတော့ ... ပြေတော့ကွယ် ... ။
၁၄၊ ၀၃၊ ၁၅



ကံ့ကော်ကဗျာတွေနဲ့ နှစ်ပတ်တာ ဝေးသွားပြီးနောက် ကံ့ကော်ပင်ကြီးအောက် ပြန်ရောက်တဲ့ ညက ... နွေလေရူးရဲ့ တိုက်ခတ်မှုကြောင့် ရွက်ခြောက်တွေ တလွင့်လွင့် ကြွေကျနေကြတယ်။ ရွက်ကြွေတွေနဲ့ အတူ ဟိုတစ ဒီတစ တွေ့ရတာက ကံ့ကော်ပန်းခြောက်လေးတွေ  ... ။ လေခြွေချလို့လား ကြွေချိန်ကျလို့လား ... သူ မသိပါဘူး၊  ကြွေကျနေတဲ့ ပန်းပွင့်တွေနဲ့ ရွက်ကြွေတွေကြားမှာ တယောက်ထဲ အကြာကြီး နေနေမိတယ်။ တချို့ ပန်းပွင့်ဖတ်ကြွေလေးတွေက မလန်းတော့ပေမယ့် မခြောက်သေးဘူး ... ။ ဟိုးအပင်ပေါ် မော့ကြည့်တော့ အမှောင်ထဲမှာ ပန်းတချို့က ပွင့်လန်းလို့နေတုန်းပဲ။ ကံ့ကော်ရွက်တွေကတော့ ညိုမှောင် စိမ်းလဲ့ လို့ ... ။
***

 ***
တနေ့တော့ သူမြတ်နိုးတဲ့ ကံ့ကော်ပင်ကြီးတွေကို ခွဲခွါသွားရပါတော့မယ်။ ကံ့ကော်ပင်အောက်မှာ လမ်းလျှောက်ရင်း လေညင်းသွဲ့သွဲ့ရဲ့ အထိအတွေ့ကို ခံစားရင်း ကံ့ကော်ရွက်ချင်း ပွတ်တိုက်သံကို နားဆင်ရင်း ကုန်လွန်ခဲ့ရတဲ့ သူ့ရဲ့ ညတွေကို ပြန်မတမ်းတချင်တော့ပါဘူး။ သူ့အပေါ် အုပ်မိုးထားတဲ့ လောင်းရိပ်တွေအောက်က လွတ်မြောက်စေမယ့် ခရီးတခုကို စတင်လျှောက်လှမ်းဖို့ ခြေလှမ်းတွေကို ပြင်ဆင်ရင်းနဲ့ ကံ့ကော်တွေကို နှုတ်ဆက်ခဲ့ပါတယ်။
***

 
သွားတော့မယ်နော်
အို ... ကံ့ကော်ရေ ...
ဒီမြေ ဒီနန်း
ဒီစခန်းမှာ ...
ဒီပန်း ဒီပင်
ဒီရင်ခွင်မှာ
ရှင်သန်လာရ ကြာလှပြီ .. ။ 

ယခုအခါ
ခွဲခွါချိန်တန်
ကြုံလာပြန်သော်
ပန်းကံ့ကော်ရိပ်
မှေးအိပ်ခဲ့သော
တရံရောကို
ပြန်ပြောကာပင် ... မလွမ်းချင်တော့
ခေါင်းမော့ ခြေလှမ်း 
မခွေနွမ်းဘဲ 
ကံ့ကော်ပန်းသီ 
ဒိုင်ယာရီဖြင့်
နှုတ်ဆက်လိုက်သည် ... အဝေးဆီသို့ ... ။  
***
မေဓာဝီ
၁၅၊ ၀၃၊ ၁၅
၂၃း၁၁ 

Read More...