မြန်မာပြည်ကို ပြန်ရောက်တာ ၄ လကျော်ပြီ၊ ဘလော့မရေးတာလဲ ၃ လပြည့်ပြီ။ ရေးစရာတွေ ခေါင်းထဲ ပြည့်ကျပ်နေပေမဲ့ အလုပ်တွေများလွန်းတာကြောင့် လက်က ဘလော့ဆီ မရောက်နိုင်ခဲ့ဘူး။ ခုတော့ ဖုန်တက်နေတဲ့ ဘလော့လေးကို သံယောဇဉ်မပြတ်စွာ ဖုန်တွေခါပြီး ကီးဘုတ်တည့်ရာ စာတွေစီလိုက်ပါပြီ။
***
ကျမ ပြန်ရောက်တဲ့နေ့က မတ်လ ၉ ရက် သောကြာနေ့။ စနေ တနင်္ဂနွေ နှစ်ရက်နားပြီး တနင်္လာနေ့ကစလို့ လုပ်ငန်းခွင်ထဲ စ၀င်ရတယ်။ တကယ်တမ်း ကျမပြန်ရခြင်းရဲ့ အဓိက အကြောင်းရင်းက နေမကောင်းတဲ့ အမကြီးအနားမှာ စောင့်ရှောက်ပေးဖို့ပါပဲ။ ဒါပေမဲ့ လိုအပ်တဲ့နေရာ မှန်သမျှ ဘာမဆိုအကုန်လုပ်မယ်လို့ စိတ်ပိုင်းဖြတ်ပြီး ကျမအိမ်ပြန်ခဲ့တယ်။ အဝေးရောက် မိဘနှစ်ပါးနဲ့ ကျန်မောင်နှမတွေကလဲ ကျမကို မှာကြပါတယ်၊ သူတို့မပြန်နိုင်တဲ့အချိန်မှာ ကျမက အားလုံးရဲ့ကိုယ်စား အမကြီးအနားမှာ နေပေးပြီး လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးဖို့ပါ … တဲ့။ ဟုတ်ကဲ့ … ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် လုပ်ပေးပါမယ်လို့ အားလုံးကို ကတိပေးပြီး ကျမ မြန်မာပြည်ကို ပြန်လာခဲ့တယ်။
ကျမပြန်လာတာ အပျော်ခရီးမဟုတ်ဘူး၊ ကျမပြန်လာတာ ဟိုဟိုဒီဒီ လျှောက်သွားဖို့ မဟုတ်ဘူး၊ ကျမပြန်လာတာ အနားယူဖို့ မဟုတ်ဘူး၊ မိသားစုအားလုံးကို ကိုယ်စားပြုရမယ့် တာဝန်ဝတ္တရားတွေ ပခုံးပေါ်မှာထမ်းပြီး ပြန်ခဲ့ရတဲ့ အိမ်ပြန်လမ်းပါ၊ ဒါပေမဲ့ ကျမပျော်တယ် … အိမ်ပြန်ချိန်ဆိုတာ အားလုံးအတွက် မျှော်လင့်ရတဲ့ နေ့ပဲ မဟုတ်လား။
***
ပြီးခဲ့တဲ့ ပေးစာ (၁) နဲ့ (၂) မှာရေးခဲ့သလို အိမ်ပြန်ရောက် … တရက် နှစ်ရက်လောက် ရွာရိုးကိုးပေါက် လျှောက်ပြီးနောက် အလုပ်စ လုပ်ရပါတော့တယ်။ ရန်ကုန်အိမ်မှာ အမကြီး ဦးစီးလုပ်ကိုင်နေတဲ့ ကျောင်းက သူနေမကောင်းဖြစ်တဲ့ ကာလတလျှောက် ဖိဖိစီးစီး မလုပ်နိုင်တာကြောင့် နည်းနည်းပါးပါး ကမောက်ကမ ဖြစ်နေတာလေးတွေ ပြန်တည့်မတ်ပေးဖို့ရယ် … ကလေးတွေကို စာသင်ပေးဖို့ရယ်လောက်ပါပဲ။ ကြီးကြီးကျယ်ကျယ် ပြောရရင် Admin နဲ့ Teaching ကို ကိုင်ပေးရမယ် ဆိုပါတော့။ ကိုယ်ကျွမ်းဝင်ခဲ့ဖူးတဲ့ လုပ်ငန်းခွင်မို့ အလုပ်လုပ်ဖို့ရာ တက်ကြွလို့ပေါ့။
မတ်လ ၁၂ ရက်နေ့ တနင်္လာနေ့မှာ ၀န်ထမ်းတွေ၊ ကျောင်းသားတွေ၊ ဆရာတွေနဲ့ စထိတွေ့ရပါတယ်။ ကျောင်းရဲ့ နွေရာသီသင်တန်း (Summer School) က တနင်္လာက သောကြာထိ မနက် ၉ နာရီကနေ ညနေ ၄ နာရီခွဲထိ သင်ပေးတယ်။ အင်္ဂလိပ်စာ တမျိုးထဲ သင်တဲ့ ကျောင်းသားတွေကတော့ နေ့လည် ၁၂ နာရီထိပါပဲ။ တခြားဘာသာရပ်တွေပါ သင်ရင်တော့ ၄ နာရီခွဲမှ ကျောင်းလွှတ်တယ်။ အဲဒီညနေပိုင်းမှာတော့ Health education, Moral, Science, Math စတဲ့ သင်ခန်းစာတွေအပြင် Food, Movie, Drawing အချိန်တွေပါ ထည့်ထားတယ်။ ပြီးတော့ ဒီနှစ်မှာ အတန်းကျောင်းစာကိုပါ တချိန်ထားပြီး သင်ပေးပါသေးတယ်။ မနက်ပိုင်း အင်္ဂလိပ်စာအတွက် ဆရာတွေငှားထားပြီး ညနေပိုင်းမှာတော့ လေ့ကျင့်ပေးထားတဲ့ ၀န်ထမ်းတွေရယ်၊ ကျမရယ် သင်ကြဖို့ အမကြီးက စီစဉ်ပေးထားတယ်။
ဒီလိုနဲ့ ....
အမကြီး ချမှတ်ရေးဆွဲပေးထားတဲ့ curriculum အပြင် ကျမရဲ့ အတွေ့အကြုံ ဗဟုသုတတွေပါ ပေါင်းစပ်ပြီး သူတို့ကို သင်ပေးပါတယ်။ Science ချိန်ကိုတော့ သူတို့ သဘောအကျဆုံးပါပဲ။ ကျမက များသောအားဖြင့် စာသင်ခန်းထဲမှာ မသင်ဘဲ ခြံထဲကိုဆင်းပြီး သဘာဝနဲ့ သူတို့ကို တကယ် ထိတွေ့စေတယ်။ Science သင်ဖို့ သူတို့အတွက် သင်ထောက်ကူပစ္စည်း များများရှိဖို့ မလိုပါဘူး။ ကိုယ့်ပတ်ဝန်းကျင်က လက်လှမ်းမီသမျှဟာ သင်ထောက်ကူ ပစ္စည်းတွေဖြစ်အောင် ကျမဖန်တီးခဲ့တယ်။ လေတိုက်လို့ လှုပ်ရှားနေတဲ့ သစ်ရွက်တွေ၊ မိုးကောင်းကင်၊ နေရောင်ခြည်၊ တိမ်တိုက် … စတာတွေဟာ သူတို့အတွက် သင်ထောက်ကူ ပစ္စည်းတွေချည်းပါပဲ။ ရေခဲတုံးလေးတွေ လေပူဖောင်းတွေနဲ့ ဆော့ကစားရင်း Solid, liquid, gas အကြောင်းပြောပြတယ်၊ နေပူထဲထွက်ပြီး မှန်တချပ်နဲ့ ကစားရင်း reflection အကြောင်း သင်ပေးတယ်။ စာသင်ခန်းထဲမှာ စိတ်ကျဉ်းကျပ်စွာ မသင်ရဘဲ အဲဒီလို လွတ်လပ်ပေါ့ပါး ဆော့ကစားရင်း သင်တော့ သူတို့လေးတွေ ပိုလဲ မှတ်မိကြပါတယ်။
Food အချိန်မှာတော့ သူတို့ကို ကိုယ်တိုင် ကြက်ဥပြုတ်ခိုင်း၊ အခွံနွှာခိုင်း၊ ပေါင်မုန့် ထောပတ်သုတ်ခိုင်းတယ်။ သခွါသီး လှီးသူကလှီး၊ မုန်လာဥနီ နွှာသူကနွှာနဲ့ တယောက်တလက် လုပ်ကြရင်း team work သဘောကို သူတို့နားလည်သွားပြီး အတူတူ ပူးပေါင်းဆောင်ရွက် တတ်လာကြတယ်။ အိမ်မှာ မိဘလုပ်ပေးသမျှ အဆင်သင့်စားကြရတဲ့ ကလေးတွေဆိုတော့ ကိုယ်တိုင်လုပ်ရတဲ့အခါ စိတ်လှုပ်ရှားကြ ပျော်ကြတာပေါ့။
ကျောင်းသားတွေထဲမှာ အဆိုးလေးတွေ အကဲလေးတွေ ပါသလို မေးရင် မဖြေတဲ့ကလေးမျိုး၊ လုပ်ခိုင်းရင် မလုပ်တဲ့ ကလေးမျိုးလဲ ပါသေးတယ်။ ပြီးတော့ ကျမတို့ ခြံထဲမှာ ကံ့ကော်ပင်ကြီးတွေ အုပ်ဆိုင်းနေပြီး အရွက်တွေက သူတို့လက်တကမ်း မှီနေတော့ သစ်ရွက်တွေကို ခူးကြ ခြွေကြတယ်။ ကံ့ကော်ရွက်တွေ ရွက်နုထွက်တော့ နီနီရဲရဲနဲ့ ကလေးတွေ မျက်စိထဲ ခူးချင် ခြွေချင်စရာ ဖြစ်နေတယ် ထင်ပါရဲ့။
ဝန်ထမ်းတွေက သစ်ရွက်တွေ မခြွေဖို့ ပြောတာလဲ မရဘူး၊ သူတို့ခြွေထားတဲ့ သစ်ရွက်မှိုက်တွေလဲ လိုက်သိမ်းလို့ မနိုင်တော့ဘူး။ ဒါနဲ့ ကျမက သစ်ရွက်ခြွေနေတဲ့ ကလေးကို တွေ့တုန်း ခုလို ပြောရတယ်။
“သား … ဒီသစ်ရွက်တွေ သားခြွေထားတာလား”
“သား … ဒီသစ်ရွက်တွေ သားခြွေထားတာလား”
“ … …. …”
ဘာမှပြန်မပြောဘူး၊ စူပုတ်ပုတ်နဲ့ ပြန်ကြည့်တယ်။ ဒါနဲ့ သူ့လက်ကလေးကို ကိုင်၊ သူ့မျက်နှာကို သေချာကြည့်ပြီး …
“သစ်ရွက်လေးတွေ သစ်ပင်ပေါ်မှာရှိနေတာ မလှဘူးလား … သား …”
“လှတယ်”
အသံပြတ်နဲ့ ပြန်ဖြေတယ်။
“ဒီမှာကြည့် … မြေကြီးပေါ်ရောက်သွားတော့ အမှိုက်ဖြစ်သွားပြီ … လှသေးလား …”
တွေတွေလေး ကြည့်နေပြီးမှ ပါးစပ်ကမပြောဘဲ ခေါင်းခါပြတယ်။
“အေးလေ … သားသိသားပဲ … မလှဘူးနော် … ဒါဆို သူ့ဟာသူ လှနေတာလေးက သားလုပ်လိုက်လို့ မလှတော့ဘူးဆိုရင် ကောင်းလား”
“ဟင့်အင်း … မကောင်းဘူး”
လေသံနည်းနည်း ပျော့သွားတယ်။
“မကောင်းဘူး ဟုတ်တယ် မဟုတ်လား … ဒါဆို သစ်ရွက်လေးတွေကို မခြွေနဲ့နော် … သိလား သား … သစ်ရွက်လေးတွေ သနားပါတယ်”
“ဟုတ်ကဲ့ တီချယ် …”
ဒီလောက်ဆို အိုကေသွားပြီ။ ဒါပေမဲ့ ကျမက တဆင့်တက်ပြီး …
“လာ … သားခြွေထားတဲ့ သစ်ရွက်တွေ တီချယ်နဲ့အတူ ကောက်ရအောင်”
သူနဲ့ကျမ အတူတူ အမှိုက်ကောက်ကြတော့ တခြားကလေးတွေပါ လာကောက်ကြ အမှိုက်ပုံးထဲ ထည့်ပေးကြတယ်။ အဲဒီနောက်ပိုင်း သူတို့လေးတွေ သစ်ရွက် သိပ်မခြွေကြတော့ဘူး။
***
အဲဒီလို သူတို့လေးတွေနဲ့ ပျော်မွေ့နေဆဲမှာပဲ အခက်အခဲတွေလဲ ကြုံတွေ့ရပါသေးတယ်။
ပထမဆုံး ကြုံတွေ့ရတဲ့ အခက်အခဲက “မီး” … ။
ဧပြီလဆန်းမှာ မီးတွေကို အချိန်နဲ့သာ ပေးတော့တယ်။ တနေ့မှာ ၁၂ နာရီ မီးလာပြီး ၆ နာရီ မီးပြတ်တယ်။ နောက်တခါ ၁၂ နာရီ မီးလာတယ်၊ အဲဒီလို အလှည့်ကျ မီးပေးစနစ် ဖြစ်သွားတဲ့အခါ စာသင်ခန်းအားလုံး မီးပေးနိုင်အောင် မီးစက် အကြီးသုံးရတယ်။ ဒီဇယ်က တဂါလံ ၃၉၀၀ ကျပ်၊ မီးစက်နှိုးရင် ပိုက်ဆံအပိုကုန်တဲ့အပြင် နားညီးတယ်၊ လေထုညစ်ညမ်းတယ်။ စာသင်ခန်းထဲမှာ လေအေးပေးစက် မဖွင့်ရင် လှောင်တယ် မှောင်တယ်၊ ဒါကြောင့် ကျမသင်တဲ့ အချိန် မီးပြတ်ရင် ကလေးတွေကို စာသင်ခန်းထဲမှာ မသင်တော့ဘူး။ တခြားဆရာတွေ လေအေးပေးစက် ဖွင့်ချင်ဖွင့် ဘယ်လိုသင်သင် … ကျမကတော့ သူတို့ကို ခြံထဲ ခေါ်သွားပြီး သစ်ပင်အောက်မှာ ခုံလေးတွေချပြီး သင်တယ်။ ပြီးတော့ energy saving နဲ့ environmental protection တို့အကြောင်း ခပ်ပါးပါး ရှင်းပြဖြစ်တယ်။ ကိုယ့်ပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ဘယ်လိုထိန်းသိမ်းနိုင်တယ်ဆိုတာကို သူတို့ဦးနှောက်လေးတွေနဲ့ လက်ခံနိုင်တဲ့ အတိုင်းအတာလောက်ကို ရှင်းပြခဲ့တယ်။
နောက်ပိုင်းမှာ သူတို့လေးတွေ မီးသုံးတာ လေအေးပေးစက်သုံးတာ ဆင်ခြင်လာကြပြီး မီးလာတဲ့ နေ့မှာတောင် သစ်ပင်အောက်မှာ သင်ရအောင် တီချယ်လို့ ပူဆာလာကြတယ်။ တဖြည်းဖြည်းနဲ့ တခြားဆရာ သင်တဲ့အတန်းက ကလေးတွေလဲ ကျမတို့လိုပဲ အပြင်ကို ရောက်လာကြပါတော့တယ်။ ခြံထဲမှာက အရွက်စိပ်စိပ် ကံ့ကော်ရိပ်မို့ သိပ်မပူလှပါဘူး။ အပြင်မှာဆိုတော့ နွေလေရူးလေး တချက်တချက် တိုက်လိုက်ရင် အေးသွားပါသေးတယ်။ ဒါပေမဲ့ လေအေးပေးစက် တပ်ထားတဲ့ အခန်းလောက် သန့်ရှင်းသပ်ရပ်မှုတော့ မရှိဘူးပေါ့။ တခါတလေ သစ်ပင်ပေါ်က ပုရွက်ဆိတ် တကောင်စ နှစ်ကောင်စ ခုန်ချလာတတ်တယ်၊ တခါတလေ သစ်ကိုင်းအထက်မှာ ကျီးကန်းက တအာအာ အော်နေတတ်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့ ကစားရင်း စာသင်ကြတယ်၊ စာသင်ရင်း ကစားကြတယ်။ သူတို့အိမ်မှာ တိုက်ခန်းထဲမှာ မဆော့ရ မပြေးရတဲ့ ကလေးတွေ ကျမတို့ဆီမှာ အော်ကြဟစ်ကြ ဆော့ကစားကြတယ်။
သင်္ကြန်မတိုင်ခင် 1st tem ပြီးခါနီးမှာ သူတို့လေးတွေကို contest လေး လုပ်ပေးတယ်။ ကလေးတွေ လူအများရှေ့မှာ ပြောရဲဆိုရဲအောင် မိုက်ခရိုဖုန်းနဲ့ မစိမ်းအောင် လေ့ကျင့်ပေးတဲ့ အနေနဲ့ ပုံပြင်ဖတ်၊ ကဗျာရွတ်၊ သီချင်းဆို … ပြိုင်ကြပြီး အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယကို ဆုပေးပါတယ်။
ကဲ .. လာ ဒီနေရာမှာရပ် ... မြားပစ်မယ် .... |
ဒို့အလှည့်က ဘယ်တော့လဲ ... |
စာသင်ရင်းဆော့ ဆော့ရင်းစာသင် ... |
***
မေဓာဝီ
၁၂၊ ဇူလိုင်၊ ၂၀၁၂
၀၀း၅၅ နာရီ
(မှတ်ချက်။ ။ အားရင် အားသလို အပိုင်း ၄ ကို ဆက်ရေးပါမယ်။ ကျမ ထပ်မံကြုံတွေ့ရတဲ့ အခက်အခဲတွေ ... ရယ်ရ မောရတာတွေ ... အပိုင်း ၄ မှာ ပါပါလိမ့်မယ်။ လာရောက်ဖတ်ရှုတဲ့အတွက် ကျေးဇူးပါ။)