Tuesday, May 22, 2007

မိုးသည်းညနေ ....

အုံ့မှိုင်းနေသော ကောင်းကင်က စိတ်အလိုမကျသည့် အပျိုမ၏ မျက်နှာထားနှယ် တသုန်သုန် တမှုန်မှုန်။ ကောင်းကင်က သုန်မှုန်နေတော့လည်း ၀န်းကျင်တခွင်လုံးက ရှုလေတိုင်း ညို့ညို့ဆိုင်းဆိုင်း မှိုင်းမှိုင်းပျပျ။ ခြေခင်းလက်ခင်း မသာလှသော ဒီညနေမှာမှ အပြင်ထွက်ရန် အကြောင်းက ဖန်လာတာမို့ ဆောင်းနေကျ ထီးကလေးကို ဆွဲကာ အိမ်မှ ထွက်ခဲ့ရလေ၏။ အိမ်မှ ထွက်ခါစကတော့ မိုးက မရွာသေး။ တလှမ်းနှစ်လှမ်း လျှောက်ခါမှ မိုးစက်တွေတဖွဲဖွဲ ရွာကျလာတော့သည်။

သွားရမည့်ခရီးက သိပ်တော့ မဝေးလှ။ အိမ်မှ လမ်းလျှောက်လျှင် အလွန်ဆုံး ၁၅-မိနစ်မျှသာ။ အငှားကားလည်း စီးရန်မလိုအပ်၊ ဆိုက်ကားဖြင့်လည်း မသွားချင်သဖြင့် လမ်းပဲလျှောက်မည်ဟု စိတ်ကူးပြီး ထွက်ခဲ့သည်။ မိုးက ဖွဲရာမှ တဖြည်းဖြည်း သည်း၍လာချေပြီ။ ကားလမ်းမထက်မှာ ရေတွေတဖွေးဖွေး။ ကလေးတချို့ မိုးရေထဲ ပြေးလွှား ကစားနေကြသည်။ မိုးကာခြုံထည် ၀တ်ဆင်ထားသော ဆိုက်ကားနင်းသူတဦး သည်းထန်နေသော မိုးကိုဆန်ကာ အားစိုက်နင်းနေ၏။ ထိုဆိုက်ကားပေါ်မှ ကျောချင်းကပ် ခရီးသည် နှစ်ဦးကတော့ ထီးတချောင်းတည်းနှင့် မလုံမလဲ စိုစိုရွှဲနေကြပြီ။

လူသွား ပလက်ဖောင်းပေါ်မှာ စည်ပင်သာယာမှ တက်စိုက်ထားသော ရေတမာပင်ပျိုလေးတွေက လေအထန် မိုးအဝှေ့မှာ လှုပ်ယမ်း ခါတိမ်း ယိမ်းတနွဲ့နွဲ့။ ဒီသစ်ပင်တွေကို ရှောင်ရင်း၊ ရေအိုင် ရွှံ့ဗွက်တွေကို ကျော်လွှားရင်း ကွဲအက် ယိုယွင်းနေသော ပလက်ဖောင်းခင်း များပေါ် သတိထားလျှောက်နေရင်းက စီးထားသည့် ကတ္တီပါဖိနပ် တခုလုံး မိုးစွတ်ကာ ရွှတ်စိ ရွှတ်စိ ဖြစ်လို့နေ၏။ ဒီကြားထဲ ခြေခုံပေါ်ကို သဲမှုန်တွေက ခုန်ခုန် တက်ကြသေးသည်။ မိုးတွင်းဘက် အပြင်ထွက်တာ ကတ္တီပါ ဖိနပ်စီးတော့လည်း ဒီိလိုပဲ ဖြစ်ပေတော့မပေါ့။ ဒါကြောင့်လည်း လူကြီး သူမတွေက … “ဒီခရီး ဒီထီးနဲ့၊ ဒီအရပ် ဒီဖိနပ်နဲ့” … လို့ ပြောခဲ့သည်ပဲ ဖြစ်မည်။ ဘယ်အရာမဆို သူ့နေရာနှင့်သူ အသုံးချမှလည်း အဆင်ပြေနိုင်မည် မဟုတ်လား။

ကားတစီးက ၀ီးခနဲ ကပ်ဖြတ်သွားသဖြင့် ရေစက်တွေစင်ကုန်သည်။ လုံချည်အောက်ဖျားပိုင်းက မိုးရေထိလို့ ကပ်တပ်တပ်ဖြစ်နေသဖြင့် ခြေလှမ်းတွေက တုံ့ဆိုင်းတုံ့ဆိုင်း။ လေရိုင်း ခပ်ကြမ်းကြမ်း တိုက်လိုက်သောကြောင့် လေလာသည့်ဘက် ထီးကို ဦးတည်ကာ မြဲမြဲဆုပ်ကိုင် ထားလိုက်ရ၏။ လေပြင်းဒဏ်ကြောင့် နဂိုက မခိုင်သည့် ထီးခရိုင်တွေက ညွတ်ကယ် ညွတ်ကယ်။ လျှောက်နေရင်း မိုးရောလေပါ သည်းထန်လာပြန်တာမို့ လမ်းလျှောက်ရတာ နှေးကွေးပြီး ခရီးက သိပ်မတွင်လှ။ စက်ဘီးတစီးနှင့် အမျိုးသမီးတယောက် မိုးကာမပါ ထီးမပါဘဲ မိုးတွေထဲမှာ သွားနေတာကို မြင်ရ၏။ ဒါလည်းပဲ တမျိုးအကောင်းသား၊ လွတ်လပ်ပေါ့ပါးသည့် ထိုမိန်းမသူကိုပင် အားကျမိသေးသည်။ မျက်နှာနှင့် ဆံပင်တွေ ရေစိုရွှဲနေပေမဲ့ သူ့ကြည့်ရတာ အပူအပင် ကင်းလွန်းပေစွ။

ကြည့်နေရင်း စက်ဘီးကလွန်သွားပြန်သည်။ လမ်းတလျှောက်က ဆိုင်တန်းကလေးတွေရဲ့ အမိုးစွန်းအောက် ခရီးသွားတချို့ မိုးခိုနေကြသည်။ မိုးခိုနေသော လူတွေကိုကြည့်ရင်း ငှက်ကလေးတွေလည်း ဘယ်ရောက်နေကြပါလိမ့် … ဟု ပူပန်နေမိပြန်သေး၏။ သည်စဉ်မှာပဲ ဆောင်းထားသည့်ထီးက မိုးရေစက်တွေ တပေါက်ပေါက် ကိုယ်ပေါ်သို့ ကျလာလေသည်။ ထီးရွက်ကပါး၊ ထီးခေါင်က မလုံတော့ မိုးကြီးတဲ့ ဒဏ်ကို မခံနိုင်သဖြင့် တစက်စက် ယိုကျလာ ခြင်းပင်။ ခေါင်ကမလုံပြီဆိုမှဖြင့် … ဒီထီးက ဘယ်လိုလုပ် အသုံးကျတော့မှာလဲ။ မိုးသည်းလာလေ မိုးစက်တွေက ပိုယိုကျလာလေ။ ခေါင်တည့်တည့်က ယိုကျသည့် ဒီမိုးစက်တွေကို ဘယ်ညာယိမ်းပြီး တိမ်းရှောင်လို့လည်း မရ။ ယိုကျလာသည့် မိုးရေတွေက ဦးခေါင်းပေါ်၊ ပုခုံးပေါ်၊ လက်ပေါ်။ တစက် ပြီးတော့ တစက် …နောက် တစက်စက် ။

ဆက်လက် လျှောက်နေစဉ်မှာ ရှေ့ခပ်လှမ်းလှမ်းက အမျိုးသမီးကြီး တယောက် ထီးမပါ ဘာမပါ ခေါင်းပေါ်မှာ တစုံတခုတင်ပြီး အပြေးတပိုင်း လျှောက်နေသည်ကို မြင်ရ၏။ ဒီ့နောက်တော့ စက်သုံးဆီတွေကို တရားမ၀င် ပေါ်ပေါ်ထင်ထင် ရောင်းသည့် လမ်းဘေး ဆိုင်ကလေး တဆိုင်၏ အမိုးအောက် ၀င်ရောက် မိုးခိုသွားသည်။

“တူမကြီးရေ … အဒေါ် ထီးမပါလို့ ခဏလိုက်ခဲ့ပါရစေ”
ထိုဆိုင်ရှေ့မှ ဖြတ်ကျော်အသွားမှာ သူကပြေးထွက်လာပြီး ထီးရိပ်လာခိုလေ၏။
“ဟုတ်ကဲ့ … အဒေါ်က ဘယ်သွားမှာလဲ”
“ရှေ့နားက ကားဂိတ်တင်ပါပဲ”

ဒီလိုနဲ့ ယိုင်တိယိုင်ထိုး ကျိုးမတတ် ထီးကလေးဖြင့် နှစ်ကိုယ်စာ မလုံ့တလုံ မိုးရင်း ရှေ့ဆက်လျှောက် ခဲ့ရပြန်၏။
မိုးကသည်းသည်ထက် သည်းလာတော့ ထီးက လွင့်မတတ်၊ လန်မတတ်။ ခေါင်ကကျသည့် ရေကလည်း မဆုံးနိုင်အောင် တစက်စက်။ ပလက်ဖောင်း အပေါက်တွေကို မနည်းတိမ်းရှောင်ရင်း တယောက်ချင်း သွားမှအဆင်ပြေမည့် ဒီပလက်ဖောင်း လမ်းကျဉ်းလေးထက်မှာ နှစ်ယောက်သား ပူးတုံ ခွါတုံ သွားနေကြရသည်။ နှစ်ယောက်လုံး၏ ဆန့်ကျင်ဘက် ကိုယ်တခြမ်းစီမှာ မိုးတွေရွှဲနေမှာ အသေအချာပင်။

“မိုးမရွာလောက်ဘူးထင်ပြီး ထီးကို ထားခဲ့တာ၊ မိုးက ရုတ်တရက်ရွာတော့ ဒုက္ခကို ရောက်ရော၊ ငါ့တူမကြီးလို ဆံပင်တိုရင် အကြောင်းမဟုတ်ဘူး။ အဒေါ်က ဆံပင်ရှည်တော့ မိုးထိပြီးရင် …. ….. …..”
စသဖြင့် မိုးသည်းထဲမှာ စကားတွေ မစဲအောင် ပြောနေတော့၏။ လမ်းတဖက် ကားဂိတ်ဆီ သူသွားလိုသော နေရာ ရောက်အောင် ပို့ပေးပြီး ကားတစီးပေါ် တက်သွားသည်ထိ စောင့်ကြည့်နေမိသည်။ အပြေးအလွှား ကားပေါ်တက်သွားသူက တချက်ကလေးပင် ပြန်ငဲ့မကြည့်ခဲ့။ ထိုကားထွက်သွားမှ ကိုယ်လိုရာခရီးကို လမ်းဆက်လျှောက် ရပြန်သည်။

ခိုနားသူတို့ သဘာဝဆိုတာ ဤသို့နှင်နှင်ပင်။
နောက်တော့လည်း ဒီအရိပ်မှာ ခဏတာ ခိုဝင်ခဲ့ဖူးပါလားဆိုတာ သတိရချင်မှ ရပေဦးတော့မည်။
ကိုယ်တိုင်လည်း ဒီလိုပါပဲ။ အရိပ်ပေါင်းများစွာအောက် နားခိုခဲ့ဖူးသည်၊ ပျော်မွေ့ခဲ့ဖူးသည်၊ ပြီးတော့ လစ်လျူရှုခဲ့ဖူးသည်၊ မေ့လျော့ခဲ့ဖူးသည်။ နောက်ထပ်တဖန် ခိုနားစရာ အရိပ်များ သွားရင်းလာရင်း ထပ်မံ ကြုံတွေ့ရလိမ့်ဦးမည် မဟုတ်ပါလား။

ဒီလိုနှင့် ဖြတ်သန်းခဲ့သော လမ်းတလျှောက်မှာ နေပူထဲရောက်လိုက်၊ အရိပ်အောက်ဝင်လိုက်၊ မိုးသည်းနေ့တွေကို ကြုံတွေ့လိုက်နှင့်ပင် …. မဆုံးတမ်း တရွေ့ရွေ့ ဆက်သွားနေရဆဲ။
မည်သို့ပင်ဖြစ်စေ … လိုရာခရီး မရောက်မချင်းတော့ မလုံ့တလုံ နုံချာလှသော ဒီထီးကလေးကို ခပ်တင်းတင်း ဆုပ်ကိုင်ကာပင် ဆက်လက် လျှောက်လှမ်းနေရဦးမည်သာတည့်။
***
မေဓာဝီ
၂၁၊ မေ၊ ၂၀၀၇
ည ၁၁ နာရီ ၄၆

5 comments:

s0wha1 said...

မမေ ဒီစာဖတ်ပြီး မမေအစား အိမ်ပဲ အတင်းပြန်ပြေးချင်မိတယ်...:D
မိုးသည်းထဲ ဒီလိုကြီး မလျှောက်ချင်ပါဘူး...
တကယ်ကိုပဲ မိန်းမကိုင်ထီးလှလှလေး တွေက အသုံးကို မ၀င်ပါဘူး...
နေအရမ်းပူရင် နေပူဒဏ်ကို မကာကွယ်ပေးနိုင်၊ မိုးအရမ်းသည်းတော့လည်း မိုးမလုံတဲ့အပြင် ထီးမလွင့်သွားအောင်တောင် မနည်းပြန်ထိန်းထားရသေးတယ်...
နောက်ဆို ဟိုနားဒီနားသွားရင် မမေ ထီးခေါက်ရှည်ကြီးကို သယ်သွားပေါ့...လူတော်တော် သက်သာမယ်...

tint said...

အဟီးး
ဆီ မီခွက် အ ကြောင်း ရေး တတ် လာ ပြီ
စာရေး ဆရာ ဖြစ် တော့  မယ်

Min Min said...

မမေ အရေးအသားတွေက မမေ နဲ့ အတူ လမ်းလျှောက်နေရသလိုပါပဲ။

snowwwolf said...

အရေးအသားတွေက တော်တော်ကောင်းတယ် စာရေးဆရာမ လုပ်လို့ရပြီ... :P

ကိုကိုမောင်(ပန်းရနံ့) said...

အရိပ်ပေါင်းများစွာအောက် နားခိုခဲ့ဖူးသည်၊ ပျော်မွေ့ခဲ့ဖူးသည်၊ ပြီးတော့ လစ်လျူရှုခဲ့ဖူးသည်၊ မေ့လျော့ခဲ့ဖူးသည်။ နောက်ထပ်တဖန် ခိုနားစရာ အရိပ်များ သွားရင်းလာရင်း ထပ်မံ ကြုံတွေ့ရလိမ့်ဦးမည် မဟုတ်ပါလား။

တော်တော်ဆိုးတဲ့ ဘွားမေ။း)))


ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)