Wednesday, December 06, 2006

ဘုန်းကြီးပြောသော ပုံပြင် (၂)

ဒီပုံပြင်ကို နားထောင်ခဲ့ရတဲ့နေ့ကတော့ မှတ်မှတ်ရရ ပြီးခဲ့တဲ့ သင်္ကြန်ရဲ့ နှစ်ဆန်းတရက်နေ့ပါပဲ။
အဲဒီနေ့က အိမ်မှာ ဘုန်းကြီးဆွမ်းကျွေးတော့ ဘုန်းကြီးပြောပြလို့ နားထောင်ခဲ့ရတဲ့ ပုံပြင်ကလေးပါ။
ဒီပုံပြင်ကတော့ ဖိနပ်စားတဲ့ခွေးမလေး ပုံပြင်လိုမျိုး ကျမရေးဖို့ ရည်ရွယ်ပြီး ခဏခဏ ပြန်ပြောပြတာမဟုတ်ပါဘူး။
တခါပဲပြောခဲ့ပေမဲ့ ကျမက သဘောကျလို့ မှတ်မိနေခဲ့တာနဲ့ ပြန်ရေးလိုက်ပါတယ်။
ဖတ်ကြည့်ကြပါအုံး …။
***
တခါတုန်းက ကုန်သည်လှည်းသားငါးရာတို့ဟာ ကုန်ရောင်းကုန်ဝယ်ထွက်ဖို့ တမြို့ကနေ တမြို့ကို လှည်းတွေနဲ့ ခရီးထွက်ခဲ့ပါသတဲ့။ လှည်းပေါ်မှာလဲ ရောင်းစရာ ၀န်စည်စလယ်တွေအပြင် လမ်းခရီးမှာ ချက်ပြုတ်စားသောက်ဖို့ ဆီ ဆန် ဆား နဲ့ ကြက်သွန်ငရုတ်တို့ အိုးခွက် ပန်းကန်တွေပါ ပါလာတာပေါ့။
လမ်းခရီး စမ်းချောင်းလေး တခုနားရောက်တော့ ခြေခင်းလက်ခင်းသာတယ် .. နားကြမယ် ဆိုပြီး လှည်းတွေဖြုတ် နွားတွေလှန်ပြီး လူတွေကလဲ ချက်ပြုတ်စားသောက်ကြ… အနားယူကြတယ်။
ကုန်သည် လှည်းသားတွေထဲမှာ သောက်တတ်စားတတ်တဲ့သူ တချို့လဲ ပါဝင်လေတော့ သူတို့က ပါလာတဲ့ အရက်လေးတွေ ထုတ်ပြီး သောက်ကြတယ်တဲ့။
ဒီလိုနဲ့ လှည်းသားငါးရာတို့ဟာ တညတာအိပ်စက် အနားယူပြီး မနက်မိုးလင်းတော့ ရည်ရွယ်တဲ့ခရီးဆီ ဆက်နှင်သွားကြပါတယ်။
ကျန်ခဲ့တာကတော့ .. သူတို့ညက စားသောက်ပြီး စွန့်ပစ်သွားကြတဲ့ အညစ်အကြေးတွေပဲပေါ့။

အဲဒီမှာ စောစောက သောက်တတ်တဲ့ပုဂ္ဂိုလ် စွန့်သွားတဲ့ မစင်ပုံမှာ ချေးဒီပိုး (ချေးပိုးထိုးကောင်လို့ထင်ပါတယ်၊ ဘုန်းကြီးပြောတဲ့အတိုင်း ရေးထားတာပါ) တကောင်က ပျော်မြူးစွာ သုံးဆောင်မှီဝဲရင်း သူပါ ယစ်ထွေထွေနဲ့ဖြစ်ပြီး အိပ်ပျော်သွားသတဲ့။ မနက်လင်းတော့ ညကအရှိန်သိပ်မပြေသေးဘဲ နိုးလာတဲ့ ချေးဒီပိုးဟာ မစင်ပုံပေါ် မတ်တပ်ရပ်ပြီး လောကကြီးကို ရှုကြည့်တယ်။
‘အင်း … သာယာလှတဲ့ လောကကြီးပါလား’ လို့ ရေရွတ်ပြီး မတ်တပ်ရပ်လိုက်တယ်ဆိုရင်ပဲ သူ့ခြေထောက်က မစင်ပုံပေါ် ကျွံဝင်သွားတော့တယ်။
ဒါကို သူက ဘယ်လိုတွေးမိလဲ ဆိုတော့ …
‘ဟင် … ငါ့မှာထူးခြားတဲ့ ခွန်အားတွေ ရောက်လာပါလား၊ ငါ့ခွန်အားဟာ ကြီးမားလွန်းလို့ ကမ္ဘာမြေကြီးတောင် ကျွံဝင်သွားရတယ် … ညက ငါမှီဝဲခဲ့တဲ့ အာဟာရတွေဟာ သူမတူအောင် အစွမ်းထက်တာပဲ … ငါဟဲ့ ယောကျာ်း အင်အား ပြလိုက်မဟဲ့ … ဒီလောက်သာ ငါအင်အားကြီးရင် တောသုံးတောင်ရဲ့ ဘုရင်ဧကန်ဖြစ်ပြီ … တယ်ဟုတ်တဲ့ ငါပါတကား …’ ရယ်လို့ တွေးမိပြီး ကြွေးကြော်ဟစ်ကြွေးနေပါသတဲ့။

ဒီအချိန်မှာ ဆင်ကြီးတကောင်က ရေသောက်ဆင်းဖို့ အဲဒီနေရာနားရောက်လာပါတယ်။ ဆင်ကြီးကိုတွေ့တဲ့ ချေးဒီပိုးကလေးဟာ ၀မ်းသာအားရနဲ့ ခုလို လှမ်းပြီးပြောလိုက်တယ်။
‘ဗျို့ … ဆင်ကြီး … ခင်ဗျားဟာ အကောင်ကြီးတယ်ဆိုပြီး သိပ်အင်အားရှိလှတယ် မထင်နဲ့ဗျ၊ ကျုပ်က ကမ္ဘာမှာ အင်အားအကြီးဆုံး … ကျုပ်က တောသုံးတောင်ရဲ့ ဘုရင်ပဲ … ဘာမှတ်နေလဲ …နောက်ကို ရိုရိုသေသေဆက်ဆံပါ ..’

သူ အဲဒီလိုတွေပြောနေပေမဲ့ ဆင်ကြီးက ဂရုမစိုက်ပါဘူး၊ သွားမြဲသာ သွားနေတော့ … သူက မနေနိုင်ဘဲ ထပ်ပြီး ရန်စ တယ်။
‘ခုတော့ ခင်ဗျား ကျုပ်ကို ကြောက်နေပြီမဟုတ်လား၊ ကြောက်ရမယ်လေ … ချေးဒီပိုးဟာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးဆိုတာ ခင်ဗျားတသက်နဲ့တကိုယ်တခါမှ မကြားဖူးဘူးမဟုတ်လား၊ ခုတော့ ခင်ဗျားလက်တွေ့သိရလို့ ကြောက်နေတယ်ပေါ့ … ဟားဟားဟား’
ဆိုပြီး စိန်ခေါ်သလို ရန်စသလို ချေးပုံလေးပေါ်ကနေ ခုန်ဆွ ခုန်ဆွနဲ့ ဟစ်အော်ကာ မခံချင်အောင် ပြောဆိုနေပါသတဲ့။

ဒါနဲ့ပဲ ဆင်ကြီးက … သူ့ကို ဘယ်သူကများ ခုလိုစကားတွေပြောနေပါလိမ့်လို့ ဟိုဟိုဒီဒီ လျှောက်ကြည့်တော့ မတွေ့ဘူး။ ဘယ်တွေ့လိမ့်မလဲ … ဒင်းက ဟိုးမြေကြီးမှာ ကပ်နေတဲ့ မစင်ပုံကလေးပေါ်ကနေ အော်နေတာကိုး။
နောက်တော့မှ အသံလာရာကို ဖွေရှာကြည့်လိုက်တော့ မစင်ပုံထက် ကပ်နေတဲ့ ချေးဒီပိုးကို တွေ့လိုက်ရတော့တယ်။
ဒီတော့ ဆင်ကြီးက ခုလို စဉ်းစားတယ်။

‘အင်း … ဒီကောင်တော့ မစားဖူးတာတွေစားပြီး ရူးနေပြီ … ငါ လုပ်လိုက်ရင် သေတော့မှာပဲ …။ ဒါပေမဲ့လဲ သူရှိနေတဲ့နေရာက ချေးပုံပေါ်မှာ ဆိုတော့ ခြေထောက်နဲ့တက်နင်းလဲ ငါ့ခြေထောက် ချေးပေမယ်၊ နှာမောင်းနဲ့ရိုက်လဲ ငါ့နှာမောင်းချေးပေမယ်၊ ကဲ … ဒီတော့ တနည်းပဲ ရှိတယ်’ ဆိုပြီး သူ့ကို ကျောခိုင်းကာ သူနဲ့ တည့်တည့်လောက်ကို မှန်းပြီး မစင်စွန့်လိုက်သတဲ့။
ချေးဒီပိုးလဲ ဆင်ရဲ့မစင်တွေအလုံးအရင်းနဲ့ ရုတ်တရက် ကျလာတာကို ရှောင်ချိန် တိမ်းချိန်မရလိုက်တော့ဘဲ … အဲဒီထဲမှာ နစ်မွန်းပြီး သေဆုံးသွားပါတော့တယ်။
***
အဲဒါကြောင့် မနေဖူးတဲ့နေရာမှာနေ … မစားဖူးတဲ့အရာတွေစား … မလုပ်ဖူးတာတွေလုပ်ပြီး ကိုယ့်ကိုယ်ကို အဟုတ်ကြီးမှတ် မာန်တက်ကာ မယှဉ်ပြိုင်သင့်တဲ့သူကို သွားယှဉ်ပြိုင်ရင် ဒုက္ခတွေ့ရတတ်တယ် လို့ ပြောပြီး ဘုန်းကြီးက ပုံပြင်ကို နိဂုံးချုပ်လိုက်ပါတယ်။
***
ပုံပြင်လေးကတော့ ဒါပါပဲ
***
(မှတ်ချက်။ ။ နောက်ထပ်ပြောစရာ လောလောဆယ် မရှိသေးပါ)
06.12.06
(00:17)

4 comments:

hana said...

မမေ...
ပုံပြင်လေးကသင်ခန်းစာအများကြီးရပါတယ်။
ကျေးဇူးတင်ပါတယ်..မမေ
မမေ ရေးပေးတဲ့ပုံပြင်လေးတွေ ဖတ်တိုင်း ဟနရဲ့ မူကြိုဆရာမ ဘ၀လေးကိုပြန်လွမ်းမိတယ်။
စာမတတ်သေးတဲ့ကလေးတွေကို သွန်သင်ဖို့က ပုံပြင်ကအထိရောက်ဆုံးပဲဆိုတော့ နေ့လည် သူတို့လေးတွေကို သိပ်ချိန်မှာ ဟန က ပုံပြင်ပြောပြပြီး သိပ်တတ်တယ်။ မျက်လုံးလေးတွေ အရောင်တောက်ပြီး နားထောင်နေကြတဲ့
ကလေးတွေမျက်နှာလေးတွေက သိပ်အပြစ်ကင်းစင်ပြီး ဟနသူတို့ဆီက အများကြီး ပြန်သင်ယူခဲ့တယ်။
မူကြိုဆရာမဘ၀က ဘာမှဒေါသမရှိပေမယ့် ခု..လူကြီးတွေကိုသင်တဲ့ဆရာမဘ၀မှာ ဒေါသလေးနည်းနည်းထွက်တတ်လာပြီ။
ပုံပြင်တွေပြောပြတဲ့ မူကြိုဆရာမလေးပဲပြန်ဖြစ်ချင်တော့တယ်။
အားလုံးအတွက်ကျေးဇူးတင်ပါတယ်..မမေ။

ကလိုစေးထူး said...

ပုံပြင်ပေါင်းချုပ် စာအုပ်ထုတ်မယ်ဗျို့..

ko khaing said...

shar shar pauk pauk, pyaw le pyaw tat tel..ma may pon pyin lay phat pee, ko thi dae pone pyin twe taung pyaw pya chin sate pauk lar dal, dar pay me, ma may lo taw ma pyaw tat buu bya.. ha ha..kyun hma pyaw dar pot.. kyay zuu naw ma may.. pone pyin lay a tut..

ရာဇာထွေး said...

မမမေရေ ပုံပြင်လေးတွေထဲမှာဗဟုသုတလေးတွေ..အတုယူချင်စရာလေးတွေပါတယ်နော်..အခုလိုဖတ်ခွင့်ရလို့လည်းကျေးဇူးတင်ပါတယ် မမမေ..။
လိုချင်တာလေးတွေမှတ်သားသင့်မှတ်သားထိုက်တာ
လေးတွေလည်းယူသွားပါတယ် မမမေ.။အဲဒီအတွက်
်မမမေနဲ့မမမေရဲ့ဖေဖေ ကို အထူးဘဲကျေးဇူးတင်ပါတယ်ခင်ဗျာ..။
ခင်မင်လေးစားစွာဖြင့်..။