“ဒီလိုရာသီ ကောက်ဦးနှမ်းဦး ပေါ်ပြီဆိုရင် အမေတို့ ဘိုးဘွားတွေဟာ ကိုယ့်လယ် ကိုယ်ယာထဲက ထွက်တဲ့ ကောက်ဦးနှမ်းဦးနဲ့ ထမနဲထိုးပြီး ဘုရားကို ကပ်တယ်၊ ဘုန်းကြီးကျောင်းတွေသွားပြီး သံဃာတော်တွေကို လှူဒါန်းတယ်၊ အိမ်နီးပါးချင်း ရပ်ထဲရွာထဲ ဝေငှကြတယ်၊ သိပ်ချစ်စရာကောင်းတဲ့ အလေ့အထပဲ … ဒါကြောင့် အမေက ကိုယ့် အဘိုးအဘွားတွေလုပ်ခဲ့တဲ့ အလေ့အထကို မပျက်အောင် ဆက်လုပ်နေတာ”
မနက်ဖြန်ဆို တပို့တွဲလပြည့်နေ့ရောက်ပြီမို့ အိမ်မှာ ကောက်ညှင်းဆန်တွေပြာတီး၊ မြေပဲလှော်တွေ အခွံချွတ်၊ ချင်း(ဂျင်း)တွေနေလှမ်း စသဖြင့် စီစဉ်ညွှန်ကြားရင်း အမေကပြောတယ်။ ထမနဲထိုးခြင်းဟာ အပျော်သက်သက် တခုတည်း မဟုတ်၊ ရိုးရာအစဉ်အလာမပျက် ကောက်သစ်ပေါ်ချိန်မှာ ကောက်ဦးနှမ်းဦးကို ဘုရားအမှူးပြုတဲ့ သံဃာတော်တွေ လှူဖို့၊ အရပ်ထဲ ဒါနပြုဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထမနဲ ထိုးကြတာလို့ အမေက ဆိုပါတယ်။
ကောက်ညှင်းတမျိုးထဲ ကောင်းလို့လည်း ထမနဲမကောင်းဘူး၊ သူ့မှာပါတဲ့ အမယ်စုံက အချိုးညီညီ ပေါင်းစပ်ပြီး ကောင်းမွန်ရမယ့်အပြင် ပါဝင်လုပ်ကိုင်သူအားလုံးက တက်ညီလက်ညီ ၀ိုင်းဝန်းလုပ်ကိုင်ကြပါမှ ထမနဲကောင်း တဒယ် ဖြစ်မယ်လို့လည်း အမေက ဆက်ပြောတယ်။ အမေ့စကားကို နားထောင်ရင်း … ထမနဲပွဲဆိုတာ ပေါင်းစည်းခြင်း၊ ညီညွတ်ခြင်းရဲ့ ရသပါလားလို့ တွေးမိတယ်။
အမေခရီးထွက်နေတုန်းက တပို့တွဲလပြည့်အမီမှ အမေပြန်လာပါ့မလား တွေးပူခဲ့ရသေးတယ်၊ ဘာကြောင့်ဆိုတော့ အမေ့ထမနဲကို လွမ်းလို့ပါ၊ အမေ့ထမနဲကို စားဖူးသူတိုင်း ကြိုက်ကြတယ်၊ အမေကိုယ်တိုင် မထိုးနိုင်ပေမဲ့ အမေ့အညွှန်းအတိုင်း အားလုံးက ၀ိုင်းဝန်းလုပ်ကြရတာပါ။ နှစ်တိုင်း မပျက်မကွက် အမေ့ထမနဲကို ဘုန်းကြီးကျောင်းတွေပို့ မိတ်ဆွေသင်္ဂဟတွေ ကျွေးပါတယ်။
ထမနဲက နှမ်းများများထည့်ပြီး ထိုးရတာမို့ တချို့က နှမ်းမနဲလို့လည်း ခေါ်ကြတယ်။ ထမနဲထိုးနည်းကတော့ တကျောင်း တဂါထာ တရွာတပုဒ်ဆန်း ဆိုသလို ကိုယ့်နည်းနဲ့ ကိုယ်အသီးသီး ရှိကြပါရဲ့။ အမေကတော့ လူအင်အား သိပ်မကုန်စေဘဲ ထိုးလို့ရတဲ့ အလွယ်နည်းကို ကျမတို့ကိုပြောပြတယ်။
ထမနဲ မထိုးခင် တရက်လောက်ကြိုပြီး ချင်း (ဂျင်း)တွေကို သေးသေးလေးတွေလှီးကာ နေလှန်းထားရတယ်။
ထမနဲထိုးမယ့်နေ့မှာ ကောက်ညှင်းကို ထမင်းပေါင်းအိုးနဲ့ အရင်ချက်၊ ကောက်ညှင်းချက်တဲ့အထဲ အမေကတော့ အုန်းနို့ညှစ်ထားတာလေး နည်းနည်းထည့်ချက်တယ်၊ သကြားလေး ဆားလေး လိုသလောက် စွက်လို့ပေါ့။ ကောက်ညှင်းချက်နေတုန်း မြေပဲတွေအခွံခွာ လုံးကွဲမျက်ပြဲ ကြိတ်ထားပြီး နှမ်းကိုတော့ ခဲသလဲမပါအောင် သန့်စင်ထားရတယ်၊ ခြစ်ထားပြီးသား အုန်းသီးဆံလေးတွေကိုလည်း အဆင်သင့်လုပ်ထားရတယ်။ အမေက အုန်းသီးကို မလှီးဘူး၊ ခြစ်ပါတယ်။ အုန်းသီးဖတ်ကြီးတွေ ကြီးနေရင် လူကြီးတွေ ၀ါးမရမှာစိုးလို့တဲ့။
အဲဒါတွေအကုန် အဆင်သင့်ဖြစ်ပြီဆိုတော့မှ အခြောက်လှမ်းထားတဲ့ ချင်းတွေကို ဆီသတ်၊ ချင်းကျက်ရင် မြေပဲ၊ နှမ်း၊ အုန်းသီး အစဉ်လိုက်ထည့်၊ ကျက်ပြီဆိုတော့ တ၀က်ကို ဆယ်ပြီး ဆီစစ်ထားရတယ်။ တ၀က်ကိုတော့ ဒယ်အိုးထဲပဲထားပြီး အဲဒီထဲကို ချက်ထားတဲ့ ကောက်ညှင်းထည့်ပြီး ကျေနေအောင် နှဲရတော့တာပဲ။ အဲဒီထဲ ခြစ်ထားတဲ့ အုန်းသီး (မကြော်ဘဲ ဖယ်ထားတာ) ကိုလည်း ဒီတိုင်းထည့်သေးတယ်၊ ကောက်ညှင်းက ကျက်ပြီးသားဆိုတော့ သိပ်ထိုးစရာ မလိုတော့ပါဘူး၊ လူညီညီ မွှေရင်း နှဲရင်း ထိုးရင်း သိပ်မကြာခင်မှာ စားလို့ရတဲ့ ထမနဲ ဖြစ်ပြီပေါ့။ အဲဒီထမနဲကိုမှ စောစောက တ၀က်ဖယ်ထားတဲ့ အကြော်ဆံတွေ အပေါ်မှာဖြူးပြီး စား … ၊ ရေးရင်းနဲ့တောင် သွားရည်ကျလာပေါ့။ လူငယ်တွေက အကြော်ဆံများများကြိုက်တော့ အမေက အကြော်ဆံတွေ တပုံကြီး ကြော်ပါတယ်။ တခါတလေ ထမနဲကုန်တဲ့အထိ အကြော်ဆံတွေ ပုလင်းလိုက် ကျန်ကျန်နေ တတ်တယ်။
အဲဒါကတော့ အမေ့နည်းပေါ့။ ဒယ်အိုးအကြီးကြီးနဲ့ အများကြီးထိုးကြတဲ့ ထမနဲထိုးပွဲတွေမှာတော့ ဒီနည်းက သိပ်အလုပ်မဖြစ်ဘူးထင်တာပဲ။ တနိုင်တပိုင်ထိုးမယ် ဆိုရင်တော့ အမေ့နည်းက မဆိုးဘူးလို့ ထင်သား။ ကိုယ်တိုင် ကိုယ်ကျ အစအဆုံး မထိုးဖူးပေမဲ့ ဘေးနားကနေ ဟိုလုပ်ဒီလုပ် နှမ်းတော့ဖြူးပေးဖူးပါရဲ့။ “နှမ်းဖြူးတယ်” ဆိုတဲ့ ဝေါဟာရ စကားကလည်း ထမနဲပွဲကနေ ဖြစ်လားသလား တွေးမိတယ်။ အဲဒီလို နှမ်းဖြူးပေးရင်းနဲ့ပဲ အမေ့နည်းနာနိသျကို သိခဲ့ရတာပေါ့။
ငယ်ငယ်တုန်းက ဗိုလ်တထောင်ဘုရားက မေတ္တာဗြူဟာမှာ သင်တန်းတက်တော့ ဆရာကြီးဦးမြသောင်းက တပို့တွဲလပြည့်မတိုင်ခင်ဆို ထမနဲအကြောင်း အမြဲပြောပြပါတယ်။ ထမင်းနဲထိုးနည်း စာချိုးကလေးလည်း ပြောပြဖူးတယ်၊ စာအုပ်ထဲ ရေးမှတ်ထားပေမဲ့ မမှတ်မိတော့ဘူး။ ဆရာကြီးကလည်း ထမနဲ သိပ်ကြိုက်သူပါ။ တပို့တွဲလပြည့်မတိုင်ခင် အလှူငွေတွေကောက်ခံပြီး ထမနဲပွဲ အမြဲကျင်းပကြတယ်။ ဆရာကြီးရဲ့ထိုးနည်းကတော့ ၀ါးလုံးနဲ့ထိုးတာပါ။ နေ့ခင်းထဲက လုပ်ကြကိုင်ကြနဲ့ ညနေစောင်းကစပြီး ထိုးလိုက်တာ … မနက်အရုဏ်တက်ချိန်ကျတော့ ဦးဦးဖျားဖျား ဘုရားကိုကပ်၊ ဘုန်းကြီးကျောင်းတွေပို့၊ ဘုရားဖူးလာသူတွေကို အထုတ်ကလေးတွေနဲ့ ဝေ …ပျော်စရာ ကြည်နူးစရာ အလွန်ကောင်းပါတယ်။ ၀ိုင်းဝန်းကူညီ လုပ်ကိုင်သူတွေလည်း ထမနဲ ထုတ်လေးတွေ ကိုယ်စီနဲ့ပေါ့။
ထမင်းနဲကို ဆရာကြီးဦးမြသောင်းက ရက်ရှည်ထားစားပါတယ်။ ခြောက်နေအောင် နွှေးထားရင် အကြာကြီး ခံတယ်၊ ကြာသွားလို့ ဒီတိုင်းမစားချင်တော့ရင်တောင် အပြားလေးတွေလုပ်ပြီး ဗယာကြော်ကြော်သလို ကြော်စား တအားစားလို့ကောင်းတယ် လို့ ဆရာကြီးပြောခဲ့ဖူးတာ အမှတ်ရမိသေးတယ်။ သူ့ရာသီမှာ ရာသီစာစားတာ ဘေးဥပဒ်မဖြစ်ဖူး .. စားသာစားလို့ ကောက်ညှင်းမစားရဲတဲ့ တချို့ သက်ကြီးသူတွေကိုလည်း ဆရာက အနည်း အကျဉ်းလောက်တော့ စားစေတယ်။ ဆရာ မရှိတော့တဲ့နောက် မေတ္တာဗြူဟာမှာပြုလုပ်တဲ့ ထမနဲပွဲတွေမှာ အလှူငွေသာ လှူဒါန်းနိုင်တော့တယ်၊ အရင်လို ကိုယ်တိုင်ကိုယ်ကျ လုပ်အားဒါန မပေးနိုင်ဖြစ်တော့ပါဘူး။ ခုလို အချိန်ဆို မေတ္တာဗြူဟာ အသင်းသားတွေ အလုပ်များများ လှုပ်ရှားနေကြရော့မယ် … ။
အိမ်မှာလည်း ညနေဆို ထမနဲ ထိုးကြတော့မယ်၊ နက်ဖန် ဘုရားကပ်ပြီးရင် စားရတော့မယ်။
အင်း .. ညီညွတ်ပေါင်းစည်းခြင်းရဲ့ အရသာကို ပြည့်ပြည့်၀၀ ခံစားရချည်သေးရဲ့။
***
31.1.07
1:30 pm
အမှားပြင်ဆင်ချက်။ ။
(တကယ်တမ်းထိုးတော့ ရေးထားတာနဲ့ နည်းနည်းလွဲနေလို့ ပြန်ပြင်လိုက်ပါတယ်။ ဒီလိုပါ ..စောစောက အကြော်ဆံတွေကြော်တာက တ၀က်ပဲကြော်ရတာပါ။ ချင်းထည့်ပြီးတော့လည်း မကြော်ဘူး။ မြေပဲ၊ နှမ်းနဲ့ အုန်းသီးကိုပဲ တ၀က်ကြော်ပြီး ဆယ်ထားရတယ်။ ကျန်တဲ့ ဆီထဲမှာ ချင်းကိုအရင် ဆီသတ်ပြီးတော့မှ ကောက်ညှင်းချက်ထားတာ ထည့်မွှေ၊ ကောက်ညှင်းအစေ့လေးတွေ ကျေသွားတော့မှ မကြော်ဘဲ ဖယ်ထားတဲ့ မြေပဲ၊ နှမ်းနဲ့ အုန်းသီးတွေကိုထည့်ပီးမွှေပါတယ်။ အချိုအငံမြည်းပြီးရင် ချပြီးတော့ ကြော်ထားတဲ့ အကြော်ဆံလေးတွေဖြူးပြီး စားရတာပါ .. အိမ်မှာတော့ ထိုးပြီးသွားပါပြီ၊ မနက်ကျမှ ဘုရားကပ်မယ်တဲ့၊ မြည်းတောင်မမြည်းလိုက်ရဘူး။ :P )
7:30pm
Wednesday, January 31, 2007
ပေါင်းစည်း ညီညွတ်ခြင်းရဲ့ ရသ
Tuesday, January 30, 2007
ကိုပြူးကျယ်သို့ ပေးစာ … အပိုင်း (၃)
သို့
ကိုပြူးကျယ် …
စိတ်လက်ကြည်သာ ရွှင်လန်းပါစရှင် … ။ အပိုင်း(၂) ရေးပြီးတဲ့နောက် ဒီကြားထဲ တခြားကိစ္စ၀ိစ္စတွေနဲ့ ရှုပ်နေလို့ ပေးစာကို ဆက်မရေးဖြစ်သေးတာ ခွင့်လွှတ်ပေးပါနော်။ နောက်တခုက ကျမစိတ်ထဲ ပေးစာကို တပတ်တစောင်သာ ပို့မယ်လို့လည်း စိတ်ကူးထားလို့ပါ ကိုပြူးကျယ်…။ ကြိုကြား ကြိုကြား တခြားစာလေးတွေလည်း ရေးချင်သေးလို့ပါ။
သံပေါက်အကြောင်းအပြီးမှာ ထပ်ဖတ်ရှုရတာကတော့ အချိုးကဗျာလေးတွေအကြောင်းပါ။ အချိုးကဗျာလေးတွေထဲမှာမှ ကနဦး ဒွေးချိုးကဗျာအကြောင်းက စပြီးရေးထားတာကိုတွေ့ရတယ်။
ဒွေးချိုးဆိုတာကို ဒီစာအုပ်ထဲမှာ ခုလိုရှင်းပြထားပါတယ်။
ဒွေး ဆိုတာ နှစ်ခု၊ ချိုးဆိုတာ အဆစ်အပိုင်း … ဆိုတော့ အချိုးအပိုင်းနှစ်ခုနဲ့ စီကုံး ဖွဲ့ဆိုထားတဲ့ကဗျာမို့ ဒွေးချိုးလို့ ခေါ်ပါသတဲ့။ ဒွေးချိုးကို နှစ်ဆစ်ချိုးလို့လည်း ခေါ်ကြတယ်လို့ သိရပါတယ်။ ဒါကို နောက်ထပ် ဒွေးချိုးသဖြန်၊ နှစ်ဆစ်ချိုးသဖြန်၊ ကွန်းထောက်သဖြန် လို့လည်း အသီးသီး ခေါ်ဆိုကြပါသေးတယ်။
ဒီနေရာမှာ ကွန်းထောက်ကို ခုလိုရှင်းပြထားတယ်။ ဘုရင်တွေရဲ့ နန်းတော်ကို “ကွန်း” လို့ ရှေးက ခေါ်ခဲ့ကြတယ်။ (နတ်တွေနေတဲ့ နေရာ နတ်နန်းကို နတ်ကွန်း ခေါ်သလိုပေါ့) ဘုရင်တွေတိုင်းခန်းလှည့်လည်ပြီး ခဏစခန်းချ နားခိုတာကို “ထောက်” တယ်လို ခေါ်ပါသတဲ့။ (တထောက်နားတယ် ဆိုတဲ့သဘောပေါ့) အဲဒီလို ဘုရင်တွေ ယာယီတဲနန်းမှာ ခေတ္တတထောက်နားခိုက် သီဆိုတဲ့ ဒွေးချိုးသီချင်းကို “ကွန်းထောက်သဖြန်”လို့ ခေါ်ဆိုကြတယ် … လို့ ရေးသားဖော်ပြထားပါတယ်။ အခုခေတ်တော့ ခွန်းထောက် လို့ ခေါ်နေ ရေးနေ သုံးစွဲနေကြတာကို တွေ့ရတာပဲ။ အမှန်က ကွန်းထောက်ပါ။
ဒွေးချိုးစပ်နည်း နိသျည်းကိုတော့ ကျမ မဖော်ပြတော့ပါဘူး ကိုပြူးကျယ်။ နမူနာဒွေးချိုးလေးတွေသာ ကောက်နုတ်ဖော်ပြလိုက်ပါတယ် … ဖတ်ရှုခံစားကြည့်ပါတော့ နော်။
(၁) ဦးပုညရေး - သစ္စာတိုင် ဒွေးချိုး
ထုံးမတိမ်၊ ငုံးအိမ်-ကျူလသို့၊
တူမျှစံနှိုင်း။
ထပ်တညီ၊ ကပ္ပဋ္ဌီတင်ထိုက်တဲ့၊
ယဉ်သိုက်ဝင် သည်မေနှင့်ရယ်၊
ငါးဆင့် သမိုင်း။ ။
(၂) ဦးစံသူရေး - မယ်ဘွဲ့ နှစ်ဆစ်သဖြန်
ပန်းစပယ်၊
နန်းအလယ် မပေါ်ခိုကဟာမို့၊
အလိုက်တော် တန်သင့်ရုံပ၊ ခံပွင့်ကိုကုံး။
နန်းရဝေ၊
မန်းမြေမှာ စပယ်လှိုင်တော့၊
ခံပန်းခိုင်-ယာယီရွေ့တယ်၊
တောလေ့ရွာသုံး။ ။
(၃) နန်းမတော်မမြကလေးရေး-အမျှော်စိုက် နှစ်ဆစ်သဖြန်
နေမှိန်မှိန်၊
ဆင်ဗောင်းတော် ရွှေပုသိမ်နှင့်၊
လာချိန်တန်တော့။
ထပ်ထပ်ကယ်မျှော်၊
ပြသာဒ် ဆောင်ဘုံပေါ်က၊
အကြိုတော် သည်မယ်ထောက်ရတယ်၊
(ကိုယ်တော်ရေ) ကိုးခေါက်ပြန်ပေါ့။ ။
(၄) သံတော်ဆင့်ဦးအိုရေး-စစ်ကိုင်းတောင်ရိုး ရဟန္တာဂူဘွဲ့ ဒွေးချိုး
လွမ်းစရာနော၊်
ရဟန္တာ နှစ်ဆူပျော်တဲ့၊
ဂူတော်ချောင်နန်း။
စခန်းသန့်ပါဘိ၊
ပန်းနံ့တွေ ထုံကြူလို့၊
မစုံသူ သည်ကိုရောက်လျှင်၊
ရူးလောက် ခမန်း … ။ ။
(၅)မြ၀တီမင်းကြီးရေး-သဖြန်ဒွေးချိုး
ညှင်းဆော်ညိမ့်လွင်၊
အိမ့်ရှင် စည်တော်စုံက၊
သဲအုံကြွေစေရော့ငှာလို့၊
သာတော့သီကျူး။
ချိန်ရည်ဆည်း၊
တင့်ရည်းငယ်တည့် ဆိုးပေ့အို၊
ဘယ်ငြိုးမာန်နှင့် ဖန်မတုံ့တယ်၊
အမ္ဗုန့်ထွတ်မှူး။ ။
***
ကိုပြူးကျယ်နှင့်တကွ ကျမဘလော့ကို လာရောက်လည်ပတ်ဖတ်ရှုသူများ စာရေးသူ ငါးဦးရဲ့ မတူညီသော ဒွေးချိုး ငါးပုဒ်ကို နှစ်သက်စွာ ခံစားဖတ်ရှုနိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်ရှင် …။
***
မေတ္တာဖြင့် …
မေဓာဝီ
30.1.07
1:20 pm
Monday, January 29, 2007
စကားလက်ဆောင် ...
မနေ့ညက ကျမဆီ ဖုန်းလာပါတယ်။ အင်္ဂလန်ကတဲ့ … ။ ကျမက တခြားဖုန်းတခု ပြောနေလို့ နည်းနည်းကြာမှ သွားကိုင်လိုက်တော့ ဖုန်းက ကျသွားပါပြီ။ ခနနေတော့ ထပ်ခေါ်ပါတယ်၊ ဖုန်းဆက်သူကတော့ တခြားမဟုတ် ပါဘူး။ စနေပါ။
“မမေ စိတ်မကောင်းမဖြစ်နဲ့ နော်၊ စနေ ဘာမှမဖြစ်ဘူး” လို့ စနေက တွေ့တွေ့ချင်း ကျမကိုပြောပါတယ်။ ကျမ ပို့စ်မှာ ကွန်မန့် ရေးထားကြောင်းလည်း ပြောပါတယ်။
စနေ ဘာမှမဖြစ်တဲ့အတွက် ကျမ၀မ်းသာပါတယ်။ ကျမ စိတ်မကောင်းတာက ပုဂ္ဂိုလ်ရေးတွေ ပါလာတာကိုပါ။ ဘေးတီးသူတွေ အစထောင်သူတွေ ရိုက်ချသူတွေနဲ့ ကျမ မလိုလားတဲ့ ပြဿနာတွေဖြစ်လာတော့ စနေက စိတ်မကောင်းမဖြစ်နဲ့ ပြောပေမဲ့ စိတ်ထဲ နည်းနည်းမှ မကောင်းဘူး။ ကျမ ရည်ရွယ်ချက်တွေလည်း ပျောက်ကုန်သလိုပဲ ခံစားရတယ်။
ဒါနဲ့ပဲ စနေနဲ့ ဖုန်းပြောအပြီး အင်တာနက်ဖွင့်ကာ ကျမကိုရေးတဲ့ ကွန်မန့်ဖတ်ပါတယ်။ စနေ သင်ခန်းစာရသလို ကျမလည်းပဲ သင်ခန်းစာရမိပါတယ်။ ကိုယ့်အမြင်ကို နောက်ဆို ဖွင့်ဟ မရေးရဲအောင် လက်တွန့်နေမိပြီ။ တခုခုဆို ဝေဖန် အကြံပေး ထောက်ပြဆွေးနွေးဖို့ မ၀ံ့ရဲအောင် ဖြစ်နေမိပြီ။ ကိုယ့်ကိုယ်ကို ဆင်ခြင်ရမယ်လို့လည်း စိတ်ထဲ တွေးနေမိပါတယ်။
ပြီးတော့ ထုံးစံအတိုင်း စနေ့ဘလော့လေး ၀င်ဖတ်မိတယ်၊ စနေဟာ အရေးအသားကောင်းသူတယောက်ပါ။ အတွေးနဲ့ပတ်သက်လို့တော့ ဘာသာပြန်တာကများတာမို့ တခါတရံ ကွန်မန့်ပေးချင်ပေမဲ့ မပေးဖြစ်ခဲ့ပါဘူး။ ဒီ အလိုအပ်ဆုံး ကျမှ ရေးလိုက်မိတာပါ။ စနေ့ဘလော့ဝင်ဖတ်တော့ စနေရေးထားတဲ့ “ကျမဟာ” ဆိုတဲ့ စာကို ဖတ်မိတယ်၊ ဖတ်ပြီး ပိုလို့ စိတ်မကောင်းဖြစ်ရပြန်တယ်။ ဒါကြောင့် ဒီစာကိုရေးမိတာပါပဲ။
စနေ့အတွက် စကားလက်ဆောင် ဆိုပါတော့ … ။
***
စနေအတွက် စကားလက်ဆောင် …
***
စနေဟာ ဗုံးတလုံးမဟုတ်သလို …
ဗုံးတလုံးလည်း မဖြစ်ချင်ပါနဲ့ စနေ …
ဗုံးဆိုတာ လူသတ်လက်နက်ပါ
အကြင်နာ မေတ္တာတွေ ရှိပါလျက် …
ဗုံးကိုပွေ့ဖက်ချင်သူ …
ဘယ်သူများ ရှိနိုင်မှာလဲ စနေ ..။
လိုအပ်တဲ့အခါ အလင်းရောင်ဖြစ်စေဖို့
မီးခြစ်ဆံကလေးဘ၀က ပိုလှပါတယ် စနေ … ။
အပြစ်မြင်သူတွေကို လစ်လျူရှု
ဥပေက္ခာပြုနိုင်ရင် အကောင်းဆုံးပါစနေ … ။
မြေသြဇာပက်တိုင်း မရှင်သန်နိုင်တာ
တရားခံဟာ ဘာကြောင့်လဲ စဉ်းစားပါစနေ …
ရေခံ မြေခံကြောင့်လေလား …
ပက်ကျွေးတဲ့မြေသြဇာရဲ့ အဆိပ်သင့်မှုကြောင့်လေလား …
အဓိက တရားခံကို သိရင်
ဒီအပင် ရှင်သန်နိုင်အောင် ကြိုးစားကြပါစို့လား စနေ … ။
ပိုးသတ်ဆေးနဲ့ ဖြန်းသတ်ရတဲ့ပိုးမျိုး
အကျိုးမဲ့သူတယောက် မဖြစ်ချင်ပါနဲ့စနေ …
ပိုးဆိုတာမျိုးဟာ လောကကို အကျိုးမပြုတာမို့
တကယ်လို့ ပိုးဖြစ်ချင်ရင်တောင်
ပိုးစာလို ချည်မျှင်ထုတ်တဲ့
ပိုးကောင်ကလေးအဖြစ်သာ ရှင်သန်နေပါ စနေ … ။
အသီးတွေကို ဝေငှတဲ့ စနေအတွက်
ကျေးဇူးတင်လျက်ပါစနေ …
သို့ပေမဲ့ ဒီအသီးတလုံးတလေထဲ …
မစားကောင်းတဲ့အသီးများ မပါစေဖို့တော့
အထူးသတိပြုပေးပါ စနေ … ။
အုတ်ကြားထဲပေါက်တဲ့မြက် …
နွားစားကျက်က မြက်တခင်းလို ..
ကိုယ့်ကိုယ်ကို မသတ်မှတ်ပါနဲ့ စနေ …
ခိုနားသူကို အရိပ်ပေး ..
မွှေးသောပန်း မနွမ်းသောအသီးတွေနဲ့
အများကို ပိုမို အကျိုးပြုစေဖို့
ရည်မှန်းချက် ကြီးကြီးထားပေးပါ စနေ … ။
စနေ့ရဲ့ ချွန်စက်ကလေး
ထက်မြက်အောင် အမြဲသွေးနေပါ …
အားပေးနေမှာပါ စနေ … ။
တကယ်တမ်းတော့
လူ့ဘ၀တလျှောက် …
ကိုယ့်လမ်းကိုယ် လျှောက်ကြတယ်ဆိုပေမဲ့
ဘ၀ဆိုတာ တိုတိုလေး …
ကိုယ့်သမိုင်းကိုယ် လှအောင်ရေးကြရမယ် စနေ … ။
လူမသေခင် နာမည်အရင် မသေစေဖို့
လူသေသည့်တိုင် နာမည်ခိုင်မာစေဖို့
တို့တတွေ ကြိုးစားကြရအောင်လား စနေ…။
***
မေတ္တာဖြင့် ….
မေဓာဝီ
29.1.07
12:44 pm
(ဖုန်းဆက်တာကို ကျေးဇူးတင်တယ်စနေ … နားလည်ပေးတာလဲ ကျေးဇူးအထူးပါ … )
Sunday, January 28, 2007
တတိယအကြိမ်မြောက် စိတ်ပျက်ခြင်း
ဟင်းးးးးးးးးးး လို့ သက်ပြင်းရှည်ကြီးပဲ ချမိပါတော့တယ်၊
မြန်မာဘလော့ဂါတွေနဲ့ ပတ်သက်လို့ တတိယအကြိမ်မြောက် စိတ်ပျက်ရပြန်ပေါ့။
ပထမအကြိမ် ညီလင်းဆက်ဘလော့က မေဗလပ်ရဲ့ ဝေဖန်ရေးနဲ့ ပတ်သက်လို့ ဖြစ်ကြတဲ့ အဖြစ်အပျက်။
ဒုတိယအကြိမ် ကိုသံလွင်ဘလော့မှာ လင်းလက်ကြယ်စင်နာမည်ကိုသုံးပြီး လာဆဲရာက ဖြစ်ခဲ့တဲ့အဖြစ်အပျက်။
တတိယအကြိမ်တော့ … ခုဖြစ်ပျက်နေတဲ့ “အလိုအပ်ဆုံး” ကိစ္စပါပဲ။
ပထမအကြိမ် ညီလင်းဆက်ဟာ ဘလော့ကိုရပ်လိုက်တဲ့ထိ ဖြစ်ခဲ့ရတယ်၊ ဒုတိယအကြိမ် ညစ်ညမ်းတဲ့ စကားလုံးတွေ မြန်မာဘလော့စာမျက်နှာပေါ်ကို ရောက်လာပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ ဖြစ်လာတယ်။
ဒီနှစ်ကြိမ်ဟာ ကိုယ်နဲ့ တိုက်ရိုက် မပတ်သက်ပေမဲ့ ဘလော့စာမျက်နှာတွေပေါ်မှာ အဲဒီလို ဖြစ်ကြတာကို စိတ်ထဲနည်းနည်းမှ မကောင်းဘူး။
တတိယအကြိမ်ကတော့ ကိုယ်နဲ့တိုက်ရိုက်ပတ်သက်နေပါပြီ။ ကျမက မနေနိုင်မထိုင်နိုင် ထောက်ပြလိုက်မိတဲ့ အကြောင်းအရာတခုကြောင့် အကျယ်အကျယ် မငြိမ်းဖွယ်တွေ ဖြစ်ကုန်ကြပါပြီ။
တကယ်တော့ ကျမ စစချင်းရေးတဲ့ ပို့စ် (မေတ္တာရှင်တို့၏ စိတ်ထား) မှာ ကျမသဘောထားတွေ အကုန်ပါပြီးသားပါ။ ကျမရဲ့ ပုဂ္ဂလိက ခံစားချက်အရ ကျမရွေးချယ်မှုကို တင်ပြခဲ့တာပါ။
ကျမထပ်ပြောပါရစေဦး။ ကျမမှာ အုပ်စုရယ်လို့ မရှိပါ။ ဘလော့လောကထဲ ယောင်လည်လည် ရောက်လာတာလည်း မကြာသေးပါဘူး။ ဘလော့ကို စလုပ်ဖြစ်တာကလည်း ညီလင်းဆက်နဲ့ စနေရဲ့ ဘလော့ကိုဖတ်ရလို့ အားကျပြီး လုပ်ဖြစ်တယ်လို့ ကျမ ရေးခဲ့ဖူးပါတယ်။ ကျမ ဘယ်သူ့ကိုမှလည်း ရန်သူလို သဘောမထားပါ။ မြန်မာဘလော့ဂါအားလုံးဟာ ကျမမိတ်ဆွေတွေချည်းပါပဲ။ မြန်မာဘလော့တွေ ဖတ်ရတာ အသိပညာတွေ အလွန်တိုးပါတယ်။ ကျမဖတ်တဲ့ဘလော့တိုင်းမှာ ကွန်မန့်တွေ မရေးဖြစ်သည့်တိုင် မြန်မာဘလော့တွေတော်တော်များများကို အချိန်ပေးပြီး တလေးတစား အမြဲဖတ်ဖြစ်ပါတယ်။
ကျမဘလော့ရေးတယ်ဆိုတာ ၀ါသနာပါတဲ့အလုပ်တခုကို ပျော်ရွှင်စွာလုပ်နေခြင်း သက်သက်ပါပဲ။ ကျမ အပြင်မှာ စာရေးရင် အနည်းဆုံး လဖက်ရည်ဖိုးလောက်တော့ စာမူခ ရနိုင်ပါတယ်။ ဒါပေမဲ့ ကျမဘလော့မှာ ရေးရတာကို ပိုနှစ်သက်မိတယ်။ ကျမရဲ့ ကိုယ်ပိုင်ဘလော့ ဖြစ်တဲ့အတွက် တခါတရံ ကိုယ့်ခံစားချက်လေးတွေ ရေးတယ်။ တခါတရံ ကိုယ်ကြုံတွေ့ရတဲ့ အဖြစ်အပျက်လေးတွေ ရေးတယ်။ တခါတရံ ဗဟုသုတတွေ မျှဝေတယ်။ ဒါလောက်ပါပဲ။ ကျမဟာ ကိုယ်ပိုင်အတွေးနဲ့ ကိုယ်ပိုင်အရေးကိုသာ ရေးတတ်ပါတယ်၊ ဘာသာပြန်ဖို့ရာ တခြားဘာသာစကားလည်း ထူးခြားပြောင်မြောက်စွာ မကျွမ်းကျင်ပါဘူး။ ကျွမ်းကျင်တဲ့သူတွေ လုပ်တဲ့ အလုပ်ကိုလည်း ကျမ အထင်သေးခြင်း မရှိခဲ့ပါဘူး။
အမြင်မတူမှုဆိုတာ နေရာတိုင်းမှာ ရှိကြပါတယ်။ ငါနဲ့တသဘောထဲ ဖြစ်ရမယ် .. ငါပြောတာမှ အမှန်လို့လည်း ကျမ မဆိုလိုပါဘူး။ ဖြစ်သင့်တာကို အကျိုးအကြောင်း ထောက်ပြမိတာပါ။ ခုလို ကိစ္စမျိုးတွေဖြစ်လာတော့ ကျမ ဘာသိလိုက်ရသလဲ ဆိုရင် လူတွေဟာ ချီးကျူးတာကို ခံနိုင်ကြတယ်၊ ဝေဖန်တာကို မခံနိုင်ကြဘူးဆိုတာ သေသေချာချာ သိလိုက်ရပါတယ်။ ဒါကို ညီလင်းဆက်လည်း သူ့ဘလော့မှာခုလို ပြောခဲ့ဖူးပါတယ်။
“လူတွေစီကနေ အများကြီး သင်ယူလိုက်ရတယ်။ သူတို့အကြောင်း ချီးကျူး စကား၊ ညွှန်းဆိုစကား ပြောတဲ့အခါ မျက်နှာဝင်းပပြီး တပြုံးပြုံး ဖြစ်နေတတ် ကြပေမယ့် ဝေဖန်မိရင်တော့ ရန်သူလို ဆက်ဆံ ခံရပါရော။ အဲဒီလို ဝေဖန်ရေးကို ဘာလို့ အကောင်းဘက်က မမြင်ကြတာလဲ ဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး။ ကျွန်တော်က ခင်ဗျားတို့နဲ့ အပြင်မှာလည်း မမြင်ဖူးဘူး။ တော်တော်နဲ့လည်း တွေ့ကြမှာ မဟုတ်ဘူး။ နာမည်ကြီးအောင် လုပ်ဖို့လည်း မြန်မာပြည်မှာ နေနေတဲ့ကောင် မဟုတ်ဘူး။ ကျွန်တော်က အပင်ပေါ် တင်ပေးပြီးမှ ရိုက်ချတယ်လို့ တစ်ယောက်ပြောတယ်။ ထားပါတော့။ ဒါပေမယ့် အပင်ပေါ် တက်မယ်ဆိုရင် လက်မြဲဖို့တော့ လိုပါလိမ့်မယ်။ သူများခေါ်တိုင်း လိုက်တာ နာမည် မကောင်းပါဘူး။ ကိုယ်က လက်မမြဲရင် ပြုတ်ကျမှာပါပဲ။”
ဒါဟာ လူ့သဘာဝ ပါပဲ။ တကယ်တမ်း ကျမရဲ့ ထောက်ပြမှုဟာ မှားနေရင် … လွဲနေရင် … တဖက်သားကို စော်ကားသလို ဖြစ်နေရင် ကျမအနေနဲ့ တောင်းပန်ဖို့ ၀န်မလေးပါဘူး။ ကျမပြောတာတွေ ရေးတာတွေ မှားနေရင် လွဲနေရင်လည်း ကျမကို ထောက်ပြနိုင်ပါတယ်၊ ဝေဖန်နိုင်ပါတယ်။ ကျမဘက်က မှန်တယ်လို့ ခိုင်လုံရင် ကျမ ခိုင်လုံစွာ ဖြေရှင်းမှာပါ၊ ကျမဘက်က မှားနေရင်လည်း ကျမ ၀န်ခံရဲတဲ့ သတ္တိရှိပါတယ်။ ဘယ်သူမှ ကျမဘက် လာရပ်ပေးစရာ မလိုပါဘူး။ “အမှန်တရားသည် အင်အား” ဆိုတဲ့စကားကိုဖြင့် ကျမနှစ်ခြိုက်စွာ လက်ခံထားပါတယ်။
“အစုရှိရင် အမှုရှိတယ်” ဆိုတဲ့ စကားဟာ တကယ်ကိုမှန်ပါတယ်။ ဒါဟာ မြန်မာရယ် တရုတ်ရယ် အင်္ဂလိပ်ရယ် မှ မဟုတ်ပါဘူး။ လူ ၃ယောက် ဖြစ်လာရင်တောင် တယောက်နဲ့ တယောက် အမြင်ချင်းတူဖို့ ခဲယဉ်းတာပဲ မဟုတ်လား။ မြန်မာတွေမှ ရွေးပြီးခုလို ဖြစ်တယ်လို့ ကျမကတော့ မထင်ပါဘူး။ ဒါဟာ လူ့အကျင့်၊ လူ့စရိုက်၊ တယောက်နဲ့တယောက် ဖြတ်သန်းလာတဲ့ ပတ်ဝန်းကျင်ခြင်းမတူကြတဲ့အတွက် အမြင်မတူကြဘူးလို့ပဲ တွေးမိပါတယ်။
ကျမ ဖိုရမ်တွေကို ရှောင်ဖြစ်သွားတာဟာ ဖိုရမ်မှာ များသောအားဖြင့် အငြင်းပွားတတ်ကြလို့ပါပဲ။ ကျမ တတ်နိုင်သမျှ အကျိုးမရှိဘဲ အငြင်းမပွားချင်ပါဘူး။ ဒါပေမဲ့ အကျိုးရှိမယ်ဆိုရင် … ကျမက မှန်နေတာ သေချာရင်တော့ ကျမ အားလုံးနဲ့ တယောက်လည်း ငြင်းဝံ့ပါတယ်။ ငြင်းလည်း ငြင်းခဲ့ဖူးပါတယ်။ ပလန်းနက်ဖိုရမ်က ယူသန်နေးရှား ကိစ္စမှာ အားလုံးက လက်ခံနေတဲ့ကိစ္စကို ကျမတယောက်ထဲနီးပါး ဒိုင်ခံပြီးငြင်းခဲ့ရဖူးပါတယ်။ အဲဒါဟာ ဘာကြောင့်လဲဆိုတော့ ကျမအကျိုးစီးပွားကြောင့်မဟုတ်ပါဘူး။ တတ်လွန်းလို့ ဆရာကြီး ၀င်လုပ်တာလဲ မဟုတ်ပါဘူး။ မသိသေးတဲ့သူတွေ အမှားတွေကို အမှန်ထင်သွားရင် အရမ်းအပြစ်ကြီးမှာ စိုးလို့ပါ။ ဒါဟာ ကျမရဲ့ အရင်းခံစေတနာပါ။ အပြစ်ဆိုတာဟာ လူမျိုး ဘာသာ မရွေး အသက်အရွယ် မရွေး အဖြူအမဲ မရွေး ဆင်းရဲ ချမ်းသာ မရွေး ဖြစ်နိုင်တဲ့ကိစ္စပါ။
အကောင်း အဆိုး၊ အကျိုး အပြစ်ကို ဘယ်လို စံနဲ့သတ်မှတ်သလဲ၊ ဘာနဲ့တိုင်းတာသလဲ ကျမကိုမေးရင် ကျမဟာ ဗုဒ္ဓဘာသာ ဖြစ်တဲ့အတွက် ဗုဒ္ဓရဲ့ တရားတော် ဗုဒ္ဓရဲ့ ပေတံ နဲ့သာ တိုင်းတာသတ်မှတ်ပါတယ်။ ဒါဟာ မှားမယ်လို့ ကျမတော့ လုံးဝမထင်ပါဘူး။
အခုတော့ ကျမရဲ့ ပို့စ်တခုကို အကြောင်းပြုပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေပါ ဖြစ်လာကြပြီ။ ဒီလိုတွေဖြစ်လာပြန်တော့ ကျမစိတ်ထဲ မခံနိုင်တဲ့ စကားလုံးတွေ အဓိပ္ပါယ်မဲ့ စကားလုံးတွေ ပါလာလို့ ကျမကိုယ်တိုင် ဒေါသသင့်တဲ့ စကားလုံးတွေ သုံးမိ ပြောမိတယ်။ ကျမ အမြဲပြောနေကျ …ယောနိသော လည်း မထားနိုင်ခဲ့ဘူး လို့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိပါတယ်။ ဘာကြောင့်ဒီလို ဖြစ်ခဲ့ရလဲဆိုတော့ မှားမှာစိုးတဲ့ စိတ်တခုတည်း ကြောင့်ပါပဲ။ အခုတော့ ကျမ စိတ်ပျက်လက်လျှော့လိုက်ပါပြီ။ အများညီရင် ဤကို ကျွဲဖတ် တယ်ဆိုတဲ့ စကားပုံလိုပါပဲ။ ဤကို ကျွဲပဲဖတ်ဖတ် နွားပဲဖတ်ဖတ် ဖတ်ချင်သလိုသာ ဖတ်ကြပါတော့။
မှားချင်လည်း မှားကြပါစေတော့။
မျိုးစေ့မမှန်လို့ အပင်မသန်ဘူးလို့သာ မှတ်ယူလိုက်ပါတော့မယ်။
***
မေတ္တာဖြင့် …
မေဓာဝီ
28.1.07
2:00 pm
(စိတ်ပျက်ပေမဲ့ ဘလော့ရေးခြင်းကို ကျမကတော့ ရပ်မှာမဟုတ်ပါဘူး။ အကြောင်း ၄ ပါး ညီညွတ်နေသရွေ့ ဆက်လက် ရေးနေအုံးမှာပါပဲ။ ကျမနှင့် အမြင်တူသူ၊ အမြင်မတူသူ အားလုံးကို ကျေးဇူးတင်ပါတယ်။)
Saturday, January 27, 2007
အံချော်နေသော စကားများ (Spoonerism)
ဒီဆောင်းပါးလေးရေးထားတာတော့ကြာပါပြီ။ တွေးမိတွေးရာ အတွေးများဆိုတဲ့ ခေါင်းစဉ်နဲ့ ၁-၂-၃-၄ အမှတ်စဉ်ထိုးပြီး ရေးခဲ့တာ ဒီဆောင်းပါးက နံပါတ် (၅)ပေါ့။
ဒီနေ့အဖို့ အသစ်ရေးဖို့ အာရုံမရတာကတကြောင်း၊ အလုပ်များတယ်လို့ လွှဲချပြီး အပျင်းကြီးနေတာက တကြောင်းတို့ကြောင့် ရေးပြီးသားစာတွေထဲက မွှေနှောက်ရှာဖွေရင်း ဒီဆောင်းပါးကို သွားတွေ့လို့ တင်လိုက်တာပါ။ နေးတစ်ဖိုရမ်မှာတော့ တင်ဖူးပါတယ်။ ကိုယ့်ဘလော့ကိုယ် မတင်ရသေးတော့လည်း အသစ်လို့ပဲ ဆိုကြပါစို့။ ပုံနှိပ်မယ့် ဆောင်းပါးဖြစ်တာကြောင့် စာလုံးပေါင်းကိုတော့ အမှန်နီးပါး ရေးထားပါတယ်။ ဥပမာ - ဘလော့မှာ ရေးနေကျပုံစံ ကျမ လို့ မရေးဘဲ ကျွန်မ လို့ ရေးတာမျိုးပေါ့။
ဖတ်ကြည့်ကြပါအုံး … ။
***
တူမလေးတယောက် စကားပြောတတ်ခါစ “ကော်ဖီ”ကို “ဖော်ကီ”၊ “ဂျပိုး”ကို “ပဂျိုး” လို့ပြောတော့ ကျွန်မတို့တွေ သဘောကျစွာ ရယ်မောခဲ့ကြဖူးတယ်။
စကားပြောတတ်ခါစ ကလေးလေးတွေဟာ ပြောချင်ဇောနဲ့ဖြစ်စေ၊ အမှတ်သညာမှားလို့ဖြစ်စေ၊ စကားမပီလို့ဖြစ်စေ စကားတွေကိုမှားယွင်းပြီးပြောတတ်ကြတယ်။ သူတို့ပြောတဲ့စကားလုံးလေးတွေက တလွဲတွေမှားနေစေဦးတော့ ကြားရသူအဖို့ ရယ်စရာ ကြည်နူးစရာသာဖြစ်ကြတယ်။ မှားရကောင်းလားလို့ ကလေးတွေကို အပြစ်မတင်ကြဘူး။ သူတို့လွဲနေရင် ပြန်တည့်ပေးဖို့ကတော့ လူကြီးတွေရဲ့ တာဝန်ပဲပေါ့။
ကျွန်မငယ်ငယ်ကဆို ဖိနပ်ကို “ပတတ်” လို့ ခေါ်တယ်တဲ့။ အဲဒါကို ကျွန်မထက် ၂နှစ်နီးပါး လောက် အသက်ကြီးတဲ့ ကျွန်မအစ်မက “ညီမလေးက တမတ်ကို ပတတ်တဲ့ .. ဟားဟားဟား” ဆိုပြီး ကျွန်မကို လှောင်ပြောင်ရယ်မောခဲ့တယ်ဆိုပြီး အဖေ ခဏခဏပြောပြလို့ မှတ်မိနေပါတယ်။ ကျွန်မ မောင်လေး ငယ်ငယ်ကတော့ “မနက်ဖြန်” နဲ့ “မနေ့က” ကို မှားမှားပြောလေ့ရှိတယ်။
ကလေးတွေ ငယ်ငယ်တုန်းကတော့ မှားပြောတာဟာ ချစ်စရာကောင်းပေမယ့် လူကြီးတယောက် ဒီလိုမှားပြောတယ် ဆိုရင်တော့ “ဒါလောက်တောင် မသိရကောင်းလား .. နားမလည်ရကောင်းလား” ရယ်လို့ အပြစ်တင်ကြပါလိမ့်မယ်။ နှုတ်က ဖွင့်မပြောသည့်တိုင် နှာခေါင်းရှုံ့ကြမှာတော့ သေချာပါတယ်။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ နေ့စဉ်သုံးစကားကိုတောင် မှန်အောင် မပြောနိုင်တဲ့သူတွေ အများကြီးပါ။ တချို့လူကြီးတွေ “မာလကာသီး” ကို “မာကလာသီး”၊ “ကစားတယ်” ကို “စကားတယ်” လို့ပြောကြတာတွေလည်း ကြားကြားနေရတယ်။ အဲဒီလိုကြားရရင်ဖြင့် ကျွန်မ သိပ်စိတ်ပျက်မိပါရဲ့။
သူတို့ ဘာလို့ ဒီလိုမှားနေကြတာလဲ။ ငယ်ငယ်ထဲက မသိခဲ့လို့လား။ သိရက်နဲ့ပဲ နှုတ်ကျိုးနေလို့ လား။ ဒါမှမဟုတ် သူတို့ဒေသစကားပဲလား။ ကျွန်မဥာဏ် ၉လက်မ မပြည့် တပြည့်နဲ့ တွေးမိတွေးရာ တွေးနေမိပါရော။
မြန်မာစကားဆိုတာကလည်း ဝေါဟာရက ခပ်များများမဟုတ်လား။ နဂိုထဲက ဝေါဟာရကြွယ်ရတဲ့ အထဲ မွေးစားစကားလုံး ဆိုတာတွေကလည်း ရှိသေးရဲ့။ ပါဠိ၊ သက္ကဋ၊ အင်္ဂလိပ်၊ အိန္ဒိယ၊ တရုတ် စတဲ့ ဘာသာစကားတွေကနေ မွေးစားယူတာရော မမွေးစားဘဲ ယူတာရော ယူရင်းယူရင်း စာလုံးတွေ တော်တော်ဖောင်းပွကုန်ပြီး ဘယ်ကနေဘယ်လို ဆင်းသက်လာမှန်းမသိတော့တဲ့ (မိဘရင်းပျောက်ကုန်တဲ့)ဝေါဟာရတွေ ဘယ်လောက်တောင်ရှိသေးလဲ။ အင်း ..တွေးရင်းတွေးရင်း မတွေးတတ်တော့ပါဘူး။
***
တနေ့တော့ အဖေ့စာအုပ်ဗီရိုမွှေရင်းနဲ့ စိတ်ဝင်စားစရာစာအုပ်တစ်အုပ် ရလာပါတယ်။ အဲဒီစာအုပ်ကတော့ သီရိပျံချီဦးသာမြတ် ရေးတဲ့ “ပေါရာဏစကားအဘိဓာန်” ဆိုတဲ့ စာအုပ်လေးပါ။ ပေါရာဏဆိုတာ ရှေးစကားဆိုတော့ ရှေးစကားတွေကို အနက်ပြန်ဖွင့်ထားတဲ့ စာအုပ်လေးပဲ .. ကိုယ်သိချင် တဲ့ ဝေါဟာရတွေ ကြည့်ဖို့ အသုံးတည့်မယ်ဆိုပြီး အဖေ့ဆီက တောင်းလာခဲ့ပါတယ်။
“မြန်မာစာပေသည် ဧက၀ဏ်ဏ (ပါဌ်ဆင့်ပါ၊ ဏကြီးနှစ်လုံးဆင့်ရှာမရလို့။) ဘာသာစကား လုံးချင်းအနက်ရ စကားဖြစ်သည့်အလျောက် လွယ်ကူသော ဘာသာရပ်မဟုတ်ချေ၊ အနက်အဓိပ္ပါယ် ပရိယာယ်လည်း ကြွယ်ဝလှ၏၊ ရေးထုံးလည်း မှန်ကန်တိကျမှသာ အနက်ပေါ်နိုင်၏၊ ရေးထုံးလွဲလျှင် အနက်လည်းချော်၏၊ မြန်မာစာပေ တတ်ကျွမ်းရန် ပါဠိ ဘာသာတတ်ကျွမ်းရန်လည်း လိုပါ၏၊ သို့သော်လည်း ပါဠိဘာသာ တတ်ရုံမျှဖြင့် မြန်မာဘာသာတတ်သည်ဟု မဆိုသာချေ၊ အဘယ်ကြောင့် ဆိုသော် မြန်မာစာပေသည် တိုင်းရင်းသား စကားများနှင့် နိုင်ငံခြားဘာသာ စကားရပ်များ ရောပြွမ်းနေသောကြောင့် ဖြစ်ချေသည်၊ ဘာသန္တရဗဟုသုတ ပြည့်စုံလျှင် သာ၍ပင် အကျိုးများပါသည်။”
ကျမ်းပြုဆရာက အထက်ပါအတိုင်း နိဒါန်းမှာရေးထားပါတယ်။ ဘာသာစကား ရှင်းလင်းချက် လေးတွေပါ တော်တော်များများ ပါဝင်တဲ့အတွက် တော်တော်အဖိုးတန်တဲ့ စာတအုပ်ပါပဲ။
ဖတ်နေရင်း တနေရာအရောက်မှာ ... အစမှာပြောခဲ့တဲ့ ကလေးမလေးသုံးသလို မှားသုံးရင်းနဲ့ အမှားကြာတဲ့အခါ အမှန်လိုလိုဖြစ်သွားတဲ့ စကားလုံးတွေအကြောင်း ရှင်းပြထားတာကို စိတ်ဝင်စားစွာတွေ့ရ ပါတယ်။
“ရွက်တူကျေးကို ကြက်တူရွေးခေါ်ဘိသကဲ့သို့ ဖအေကို အဖေဟု ခေါ်သော အံချော်စကား”
ဆိုတဲ့ စာပိုဒ်လေးကိုတွေ့လိုက်တဲ့အခါမှ .. ကျွန်မတို့ နေ့စဉ်အံချော်စကားတွေ သုံးနေကြပါလား လို့ သိလိုက်ရပါတယ်။
ကျေး - ဆိုတာ ကျေးငှက်၊ ရွက်တူကျေးဆိုတော့ အရွက် (သစ်ရွက်) နဲ့တူတဲ့ကျေးငှက်ပေါ့။ ရွက်တူကျေး မှ အံချော်ပြီး ကြက်တူရွေး ဖြစ်လာတယ်ဆိုတာကို သဘာဝယုတ္တိနဲ့ စဉ်းစားကြည့်ရင်လည်း ဖြစ်နိုင်ချေရှိပါတယ်။
အဲဒီလိုသုံးတဲ့ စကားတွေကို အံချော်စကား (Spoonerism) လို့ခေါ်တယ်ဆိုရတာကိုလည်း မှတ်သားလိုက်ရပါတယ်။
အံချော်စကားဇယားကို ခုလိုပြထားပါတယ်။
ဖအေ .. မအေ ၏အစား အဖေ .. အမေ
အယျိရာ ။ အရိယာ
ပေယျာလ ။ ပေလာယျ
မာလကာ ။ မာကလာ
ရွက်တူကျေး ။ ကြက်တူရွေး (ကျက်တူရွေး)
တံမျဉ်း ။ မျဉ်းတံ
အချေတင် ။ အတင်အချေ
အကုတ်တပတ် ။ အပတ်တကုတ်
ဝဇရိန် ။ ၀ရဇိန် (ပါဠိလို “၀ဇိရ” သင်္သကရိုက်လို “၀ဇြ” မှ သက်ဆင်းသဖြင့် ၀ဇိရိန်, ၀ဇရိန်ဟု ဆိုသင့်ဆိုထိုက်ပါလျက်နှင့် အံချော်သဖြင့် “၀ရဇိန်” ဟုဖြစ်ရပြန်ပါသေးသည်။ ပါဠိလို ၀ဇိရသည် မိုးကြိုးဟု အနက်ရပါသည်။)
.. စသည် .. စသည် တွေ့ရပြီး အင်္ဂလိပ်လိုလည်း ခုလိုရှင်းပြထားပါတယ်။
Spoonerism, accidental transposition of initial letters etc; of two or more letters
e.g. (a) blushing crow for crushing blow
(b) tons of soil for sons of toil
(c) shoving leopard for loving shepherd
***
တကယ်တော့ ဘာသာစကားတစ်ခုဟာလေ့လာရင် ကုန်နိုင်စရာမရှိပါဘူး။ လေ့လာလေလေ လေ့လာစရာတွေ ထပ်ထပ်တွေ့ပြီး လေ့လာဖို့မဆုံးနိုင်အောင်ပါပဲ။ ပြီးတော့ ဘာသာစကားတခုနဲ့ တခုဟာ လည်း ဆက်စပ်နေတာမို့ ဘာသာစကားတမျိုးကိုလေ့လာရင် တခြားဘာသာစကားထဲက ဝေါဟာရတွေပါ တဆက်တည်း သိသွားနိုင်ပါတယ်။
ဒါတင်မကပါဘူး၊ ဘာသာစကား တစ်ခုရဲ့နောက်ကွယ်မှာ ယဉ်ကျေးမှု၊ ကိုးကွယ်မှုနဲ့ ရာဇ၀င် တွေပါ ပါဝင်နေတာမို့ ဘာသာစကားလေ့လာရင်းနဲ့ သူ့ယဉ်ကျေးမှုတွေ၊ သူ့ကိုးကွယ်မှုတွေ သူ့ရာဇ၀င် သမိုင်းကြောင်းတွေပါ တစိတ်တဒေသ သိနိုင်ပါသေးတယ်။ အလွန်စိတ်ဝင်စားစရာပါ။
***
ဒီလိုနဲ့ .. ကျွန်မလည်း အံချော်စကားလေးတွေကို နှစ်ခြိုက်စွာလေ့လာမိရာက ဝေါဟာရတောထဲက ယောင်လည်လည်နဲ့ ပြန်မထွက်နိုင်ဘဲ ပျော်မွေ့နေမိပါပကော။
***
မေဓာဝီ
၂၀.၆.၀၆
၀၀း၀၀ နာရီ
Friday, January 26, 2007
အဖေ့ကဗျာ (၅)
ဒီနေ့ မနက်စောစော အဖေနဲ့အမေ ရွှေတိဂုံဘုရားကို သွားကြတယ်။
အမေ ခရီးကပြန်ရောက်လာပြီး နေထိုင် သိပ်မကောင်းလှပါဘူး။ ဟိုမှာနေစဉ် ဆိုးဝါးတဲ့ ရာသီဥတုဒဏ် ခံခဲ့ရတာရယ် … ကိုယ့်အိမ်ကိုယ့်ယာ မဟုတ်လို့ နေသားမကျမှုတွေရယ် … အပြန်ခရီးမှာ နာရီပေါင်းများစွာ ယာဉ်ပေါ်မှာ လိုက်ပါစီးနင်းခဲ့ရတာတွေရယ်ကြောင့် ကိုယ်လက် မအီမသာ ဖြစ်ပြီး အိမ်ပြန်ရောက်လာပါတယ်။
ရောက်ရောက်ချင်း အမေက ရွှေတိဂုံဘုရားဖူးချင်တယ်လို့ဆိုပါတယ်။ တရပ်တကျေးကနေ ကိုယ့်ပြည်ကိုယ့်ရွာ ပြန်ရောက်တာနဲ့ အမေဟာ ဘုရားကို အရင်ဆုံး ဦးခိုက်ချင်တဲ့ ဆန္ဒကြောင့်ပါ။ ဒါပေမဲ့လည်း နေထိုင်မကောင်းသေးတာနဲ့ တရက်နှစ်ရက် နားနေရသေးတယ်။ ဒီမနက်တော့ ဘုရားသွားမယ်လို့ အမေ ဆုံးဖြတ်ထားဟန်တူရဲ့ ..။ အဖေ့ကို ညကတည်းက ပြောနေသံကြားပါတယ်။
မနက်ကျတော့ အမေစားချင်တဲ့ မုန့်ဟင်းခါးလေး အိမ်မှာချက်တာနဲ့ အမေ့ကို မနက်စာကျွေးပြီး အမေနဲ့ အဖေ ဘုရားထွက်သွားကြတယ်။ ကျမကတော့ ချက်ရေးပြုတ်ရေး လုပ်ပေးရဦးမှာမို့ အိမ်မှာပဲ နေခဲ့ရတာပေါ့။ နှစ်ယောက်အတူတွဲပြီး ဘုရားဖူး ထွက်သွားကြတဲ့ အဖေနဲ့ အမေကို ကြည့်ပြီး တချိန်က အဖေ ရေးခဲ့ဖူးတဲ့ ကဗျာလေးကို သတိရမိလိုက်တယ်။
ငယ်ငယ်တုန်းက ဒီကဗျာလေးကို အဖေ့ဒိုင်ယာရီစာအုပ်ထဲက ခိုးဖတ်ပြီး သဘောကျတာနဲ့ ကူးထားခဲ့တာပါ။ ကြိုက်လို့ ခဏခဏ ဖတ်ရင်း အလွတ်ပါရသွားရော။ အဲဒီကဗျာလေးရေးစဉ်က အဖေနဲ့ အမေ အိမ်ထောင်မကျသေးပါဘူး။ ချစ်သူဘ၀မှာပဲ ရှိပါသေးတယ်။ ချစ်သူဘ၀မှာ ရွှေတိဂုံဘုရားတူတူသွားကြတော့ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးကို အဖေက အမှတ်တရ ကဗျာစပ်ခဲ့တယ်လို့ ပြောပြဖူးပါတယ်။ ဒီတခါတော့ … ကဗျာပုံပြင်မဟုတ်တော့ဘူး။ ကဗျာဇာတ်လမ်းကလေးပေါ့။ ဖတ်ကြည့်ကြပါအုံး …။
***
တနေ့ကလေ ချစ်သူမေနဲ့
ရွှေတိဂုံဘုရား သွားကြတယ်။
ဘုရားရောက်လျှင် အနောက်ပြင်မှ
အစဉ်တစိုက် တက်ကြတယ်။
ရင်ပြင်ပေါ်မှာ တူပျော်စွာ
ပူဇာရိုကျိုး လက်စုံမိုး
ရှိခိုးကတိ ထားကြတယ်။
မကြာခင်မှာ ရွှေမိုးရွာလို့
အကာအောက်ဝယ် ခိုကြတယ်။
မေ့ဆံကေကို လက်နှင့်လျှိုတော့
မေပျိုဤသို့ ဆိုသေးတယ်။
“သန်းရှာတာလား ဒါဘုရား
များများ ငရဲကြီးလိမ့်မယ်” .. တဲ့။
မိုးရေထဲမှာ တူပျော်စွာ
လျှောက်ကာ နှစ်ဦးသွားကြတယ်။
မေ့ကို မောင်ကြည့်
မောင့် မေကြည့်တော့
ရေညှိထိလို့ ခြေချော်တယ်။
ခြေချော်အလဲ .. မေသာဆွဲလို့
ရှက်ကွဲကျိုးနည်း မဖြစ်တယ်။
အချိန်တန်ပြီ ပြန်ချင်ပြီမို့
ကားဆီကိုတဲ့ လာခဲ့တယ်။
ကားဆီအရောက် စက်သံပျောက်လို့
ဂေါက်ကိုဆွဲလို့ လှည့်ရတယ်။
ဂေါက်လှည့်နေတုန်း ခင်မေပြုံး
“မောင့်ကိုကူညီစမ်းပါအုံး” .. လို့ဆိုတော့ကွယ်။
“ကောင်းပြီမောင်ရေ သွားလှည့်ချေ
မေလေ လီဗာနင်းထားမှာ” .. တဲ့
လှည့်ကာ လှည့်ကာ ချွေးထွက်လာသည်
စက်ဟာမနိုး ဘယ်ရန်မျိုး
ဆီးမိုးအုပ်လို့ နေသလဲကွယ်။
သေဟဲ့ နန္ဒိယ ပင်ပန်းစွ
အားရစရာ နင်းထားတာလေ
လီဗာမဟုတ် ဘရိတ်အုပ်
တယ်ဟုတ်ပါတဲ့ အမိငယ်
မှတ်ဖွယ် .. မှတ်ဖွယ်။ ။
***
ကြည်နူး ရွှင်မြူးနိုင်ပါစေ … ။
မေတ္တာဖြင့်
မေဓာဝီ
26.1.07
2:00 pm
Thursday, January 25, 2007
စာရေးသူ နှင့် စာဖတ်သူ
ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက ကျမတို့ဟာ ၀လုံးက စလို့ စာတွေရေးလာခဲ့ကြတာ ခုချိန်ထိဆို စာလုံးပေါင်းများစွာ ရေးခဲ့ကြပြီး ..ရေးနေကြဆဲ .. ဆက်လက် ရေးကြဦးလတ္တံ့ပေါ့။
ထိုနည်းတူစွာပါပဲ … က၊ ကာ၊ ကိ၊ ကီ ကအစပြုလို့ စာတွေ ဖတ်ခဲ့ကြတယ်၊ ဖတ်နေကြတယ် .. ဆက်လက်ပြီး တော့လည်း ဖတ်နေဦးမှာပါပဲ ..။
ဒါပေမဲ့ စာရေးတယ်ဆိုတဲ့နေရာမှာတော့ အမျိုးမျိုးရှိပါတယ်၊
ကိုယ့်အတွက်ကိုယ်ရေးခြင်း၊ တပါးသောသူတဦးတယောက်အတွက်ရေးခြင်းနဲ့ လူအများအတွက်ရေးခြင်း တို့ပါပဲ။
ဒီနေရာမှာ အများအတွက်ရည်ရွယ်ပြီးရေးတဲ့ စာရေးသူတယောက်ဆိုပါတော့။ သူဟာ အကြောင်းရာတခုကို ရိုးရိုးသာမန် အမြင်တခုနဲ့ရေးလိုက်ပေမဲ့ စာဖတ်သူတွေထဲမှာ သူနဲ့ထပ်တူ မြင်တဲ့သူ၊ သူ့ဆိုလိုရင်းကို မစေ့ငုမိတဲ့သူ၊ သူ့ထက်ပိုပြီး ကျော်လွန်အောင် တွေးတောနိုင်တဲ့သူ စသဖြင့် အမျိုးမျိုးကွဲပြားနိုင်ပါတယ်။
***
ဥပမာ … ကျမတို့ ငယ်ငယ်က ဖတ်ခဲ့ ရေးခဲ့ အော်ဆိုခဲ့ကြတဲ့
ညအခါ
လသာသာ
ကစားမလား
နားမလား … ဆိုတဲ့ စာကြောင်းလေး ၄ ကြောင်းကိုကြည့်ရအောင် ..။
ဒီစာကို ရေးတဲ့ မြန်မာစာပြဋ္ဌာန်းစာအုပ် ပြုစုတဲ့ ပညာရှင်တွေဟာ ဘယ်လိုအဓိပ္ပါယ်နဲ့ ရေးခဲ့တာလဲ … ။
က - ကာ - ကား သင်ပြီးတဲ့အချိန်မှာ ဒီကာရန်တွေပါတဲ့ စာကြောင်းလေးတွေဖြစ်အောင်က တချက်၊ ကလေးတွေနဲ့လည်း စိမ်းမနေတဲ့ စကားလုံးတွေ ဖြစ်အောင်ကတချက် .. ဒီလိုတွေးတောစီစဉ်ပြီး ရေးခဲ့တယ်လို့ ယူဆပါတယ်။
ဖတ်သူဘက်ကစဉ်းစားကြည့်မယ်ဆိုရင်တော့ …
စာသင်ခါစ သူငယ်တန်းအရွယ် ကလေးတယောက်အနေနဲ့ ညအခါ .. ဆိုရင် ည ကိုမြင်မယ်၊ လသာသာ ဆိုရင် လ ကိုမြင်မယ်၊ ကစား တာရယ်၊ နားတာရယ် ဘာလုပ်မလဲ မေးထားတယ်.. ဒီလောက်ပဲ .. ဒီ့ထက်ပိုလည်း မတွေးမိပါဘူး။
နည်းနည်းလေးပိုတွေးတတ်တော့ …သြော် … အချိန်အခါသည်ကား ည၊ ဘယ်လိုညလဲ .. လသာတဲ့ည၊ လသာသာ ညလေးတွေမှာ ကစားမှာလား .. နားမှာလား လို့ ရွေးချယ်ခိုင်းထားတဲ့ စာတပုဒ်ပဲ။
ဒီ့ထက်ပိုတွေးကြည့်မယ်။
အရင်ခေတ်က ကလေးတွေဟာ လသာသာ ညဘက်တွေဆိုရင် အိမ်ရှေ့မြေတလင်းပြင်မှာ ပျော်ပျော်ပါးပါး ဆော့ကစားလေ့ရှိကြတယ်၊ ဒါမှမဟုတ်လည်း အပူအပင်ကင်းစွာ အိပ်စက်အနားယူနိုင်ကြတယ်။
အခုခေတ်မှာတော့ ကလေးတွေဟာ လသာတဲ့ည ဆိုတာရော သိကြပါရဲ့လား။ အိမ်ရှေ့မြေတလင်းပြင်မှာရော ပျော်ပျော်ပါးပါး ဆော့ကစားနိုင်ကြရဲ့လား။ အပူအပင်ကင်းစွာ အိပ်စက်အနားယူနိုင်ကြရဲ့လား။
တိုးတက်နေတဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေကြားမှာ ပျော်မွေ့နေကြတဲ့ ကလေးတွေ … ။
များပြားလှတဲ့ ကျောင်းစာ ကျူရှင်စာတွေ အောက်မှာ နစ်မြုပ်နေကြတဲ့ ကလေးတွေ … ။
ဒါမှမဟုတ်လည်း နေထိုင်စားသောက်ရေးအတွက် ရုန်းကန်ရင်း နောက်တနေ့မိုးအလင်းအတွက် စိတ်ပူပန်မှုများစွာနဲ့ ကစားဖို့ဝေးစွ အအိပ်ခက်နေကြရှာတဲ့ ကလေးတွေ …. ။
ခေတ်အခြေအနေ ပြောင်းလဲ သွားတာနဲ့အမျှ ညအခါလေးတွေမှာ လသာသာရှိပေမဲ့ ကလေးတွေဟာ ကစားလည်း မကစားနိုင် နားလည်း မနားနိုင် ရှာကြတော့ပါလား … ။
***
ဒါဟာ ဥပမာ တခုပေးကြည့်တာပါ။
နောက်တခုဥပမာပေးရရင် မကြာခင်ရက်ပိုင်းကမှ ကွယ်လွန်သွားရှာတဲ့ ဆရာကြီးဦးတင်မိုးရဲ့ ဧည့်သည်ကြီးကဗျာ ကိုပဲ ဥပမာ ပေးရဦးမှာပါပဲ။ ဒီအကြောင်းက ရေးပါများ ပြောပါများလို့ အပ်ကြောင်းတော့ထပ်နေပါပြီ။ ပြောချင်တာကတော့ စာရေးသူတယောက်ဟာ ဘာရယ်မဟုတ် ရေးလိုက်တဲ့ စာတပုဒ်ဟာ ဖတ်သူအမျိုးမျိုးက ရှုဒေါင့်အသီးသီးကနေ ခံစားခွင့်ရှိတယ်။ ခံစားနေကြတယ်ဆိုတာပါပဲ။
စာရေးသူတွေ သတိထားဖို့က စာပေရဲ့ အရှိန်အ၀ါဟာ အင်မတန်ကြီးပါတယ်၊ ရိုမီယိုနဲ့ ဂျူးလိယက် ၀တ္ထုကြောင့် အသက်ဆုံးပါးသွားကြတဲ့ ချစ်သူစုံတွဲတွေလည်း မနည်းပါဘူး။ ထိုနည်းတူစွာ မြန်မာစာပေလောကမှာလည်း လက်မထပ်ဘဲ အတူနေခြင်းကိစ္စကြောင့် အငြင်းပွားမှုလေးတွေ တချိန်က ရှိခဲ့ဖူးတယ်။
အခုလည်း အမျိုးသမီးငယ်လေးတွေ ကိုယ်ဝန်ဖျက်ချမှုနဲ့ ပတ်သက်ပြီး ဆရာဆူဒိုနင်နဲ့ ဆရာဝန်တွေ စာမျက်နှာပေါ်မှာ အငြင်းပွားမှုတွေဖြစ်နေကြပြန်ပါပြီ။
တချို့သော စာဖတ်သူတွေဟာ စာလုံးတွေမှာတင် ရပ်မနေကြပါဘူး။ စာလုံးတွေရဲ့ နောက်ကွယ်ကိုပါ ဖြန့်ထွက်တွေးတတ်ကြပါတယ်၊ ဖြန့်ကျက်တွေးတတ် ကြပါတယ်။ ဒီလိုတွေးမှလည်း စာတပုဒ်ရဲ့ အနှစ်သာရ ဆိုတာ ခံစားတတ်မှာပေါ့။ ဒါပေမဲ့ ဒီလိုတွေးရင်းနဲ့ အတွေးချော်သွားတတ်တာမျိုးလည်း ရှိနိုင်တာမို့ စာရေးသူက အလွန်သတိထားရပါမယ်။
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်က သူ့စာအုပ်အဖွင့်စာမျက်နှာလေးတွေမှာ
ငါ့စာဖတ်၍
မမြတ်တိုင်စေ
မရှုံးစေသား … လို့ ရေးသားလေ့ရှိပါတယ်။ ဒါဟာ ဆရာကြီးရဲ့ စေတနာကို ဖော်ပြနေတာပါပဲ။ ကိုယ့်စာဖတ်လို့ တစုံတရာရသွားစေတယ်ဆိုရင် အမြတ်ပေါ့၊ မှားယွင်းတဲ့ အတွေးအခေါ် ၀င်သွားစေတယ်ဆိုရင် စာဖတ်သူမှာ အရှုံးပေါ့၊ သာမန်ကာလျှံကာဖတ်လို့ ဘာမှမရလိုက်လည်း အရင်းပဲပေါ့။ ဆရာကြီးဟာ သူ့စာဖတ်ပရိသတ်ကို သူ့ကြောင့် မရှုံးစေရပါဘူး။ အရင်းလောက်တော့ ကျန်စေချင်တဲ့ ဆန္ဒရှိပါတယ်။
ဆရာဦးသုမောင်ကလည်း သူ့ကွမ်းစကား စာအုပ်မှာ ပြောထားပါသေးတယ်၊ ကွမ်းစားတာက အရည်လည်း ထွေးပစ်ရသလို အဖတ်လည်း မြိုချလို့မရပါဘူး။ ဒါပေမဲ့ လူတွေဟာ အရသာတခုအတွက် ကွမ်းစားနေကြတယ်၊ ဒီလိုပါပဲ .. သူ့စာကိုဖတ်တဲ့သူတွေဟာ အရည်မရ အဖတ်မရသည့်တိုင်အောင် ရသ တခုခု ပေးနိုင်တယ်ဆိုရင်ဖြင့် သူကျေနပ်ပါတယ် … တဲ့။ ဒီမှာလည်း ဦးသုမောင်ရဲ့ စေတနာကိုမြင်ရပါတယ်။
ဒီနေရာမှာ ဦးရွှေအောင်ရဲ့ စာဖတ်နည်း ဆိုတာလေးကို မျှဝေပေးပါရစေအုံး။
“စာဖတ်နည်းကို SIMAC လို့ အတိုကောက် ဆိုကြတယ်။ အဲဒီထဲက S ဆိုတာကတော့ Situationခေတ်၏အခြေအနေလို့ အကြမ်းဖျင်းအနက်ရတယ်။ I ဆိုတာကတော့ Intention စာရေးသူ၏ ရည်ရွယ်ချက်၊ စာရေးသူ၏ စေတနာဖြစ်တယ်၊ M ဆိုတာကတော့ Matter အကြောင်းအရာဖြစ်တယ်၊ A ဆိုတာကတော့ Approach ချဉ်းကပ်နည်း ဖြစ်တယ်။ ယခုခေတ်ကတော့ ဇောင်းပေးခြင်းလို့ဆိုတယ်။ C ကတော့ Consistency အကြောင်း အကျိုး သို့မဟုတ် ရှေ့နှင့်နောက် ဆီလျော်ခြင်း သို့မဟုတ် ညီညွတ်ခြင်း ဖြစ်တယ်။
အဲဒီတော့ စာတပုဒ်ကို ဖတ်ရင်ဖြစ်စေ ရေးရင်ဖြစ်စေ ဒီအင်္ဂါ (၅) ချက်ကို တွေ့အောင် ရှာရတယ်။ ဒီအင်္ဂါ (၅) ချက်ကလဲ ပေါ်ထင်ကြီးတော့ ရှိမနေရဘူး။ ပေါ်ထင်ကြီးရှိနေပြန်ရင်လဲ ဒေါသ သင့်တယ်လို့ဆိုပါတယ်။ ရှိတော့ ရှိရမယ်၊ သွယ်သွယ်ဝိုက်ဝိုင် ရှိရမယ်၊ ဒါမှ ဂုဏ်ရောက်တယ်လို့ ဆိုပါတယ်။ အဲဒီ (၅) ချက်ထဲကမှ အရေးအကြီးဆုံးကတော့ ချဉ်းကပ်နည်းပဲဖြစ်တယ်။”
***
ကျမတို့ဟာ စာတွေ ဖတ်နေကြပါတယ်၊ စာတွေလည်း ရေးနေကြပါတယ်။
နှစ်ပေါင်းများစွာ ကြာခဲ့ပါပကော … ။
ဒါပေမဲ့
တကယ်ရော စာဖတ်တတ်ပြီလား … တကယ်ရော စာရေးတတ်ပြီလား …
ကျမ ကိုယ့်ကိုယ်ကို မေးကြည့်ရင်းသာ တွေးနေမိပါတော့တယ်။
***
မေတ္တာဖြင့်
မေဓာဝီ
25.1.07
2:30 pm
Tuesday, January 23, 2007
သွားရှာပြီပေါ့ ဧည့်သည်ကြီး …
ဆေးလိပ်လည်း တို
နေလည်း ညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ … ။ ။
***
စာသားလေး သုံးကြောင်းသာပါပဲ၊ ဒါပေမဲ့ အဓိပ္ပါယ်ရှိလှတယ်။ လောကရဲ့ မတည်မြဲခြင်း အနိစ္စ တရား နဲ့ သင်္ခါရတရား ကို ဖော်ညွှန်းပြထားတဲ့ ဒီ “ဧည့်သည်ကြီး” ကဗျာဖန်တီးရှင်ဟာ ဒီကနေ့မှာပဲ … အားလုံးကိုခွဲခွါလို့ ဘ၀တပါး ပြောင်းလဲ သွားခဲ့ပါပြီ။ သူ့ဘ၀ရဲ့ နေ၀င်ချိန်တောင် ရောက်ခဲ့ပါပေါ့လား။
***
ငယ်စဉ်တောင်ကျေး ကလေးဘ၀တတည်းက သူ့ကဗျာတွေနဲ့ ရင်းနှီးခဲ့ရတယ်၊
သူဟာ ကလေးတွေကို အရေးတယူပြုပြီး ကလေးများအတွက် ဆိုလွယ် ဖတ်လွယ် နားလည်လွယ်တဲ့ ချစ်စရာ ကဗျာလေးတွေ ဖန်တီးပေးခဲ့သူ တဦးပါ။
နေလုံးနီနီ ညနေစောင်းတော့
အမေ့ကျောင်းကိုသွားကြမယ် … ဆိုတဲ့ “အမေ့ကျောင်း” ကဗျာလေး …
မနီကလေး ဘယ်ကလာ
အိမ်ကထွက်လို့လာ …
မနီကလေး ဘယ်ကိုသွား
စာသင်ကျောင်းကိုသွား … ဆိုတဲ့ “ထီးကလေးနဲ့ မနီ” ကဗျာတွေ …
နွားနို့သယ် .. နွားနို့သယ် ..
မုတ်ဆိတ်ဖွားနဲ့ ကုလားကြီးရယ်
ပေးပါအုံးကွယ် နို့တခွက် .. ပူစီလျှာနဲ့လျက် … ဆိုတဲ့ “ပူစီ” ကဗျာလေးတွေ …
ကလေးအရွယ် ငယ်ငယ်တုန်းက အရမ်းချစ် အရမ်းမြတ်နိုးစွာ စွဲစွဲလန်းလန်း ရွတ်ဆိုခဲ့ဖူးပါတယ်။
***
အသက်တွေကြီးလာတော့ သူ့ရဲ့ ကလေးကဗျာလေးတွေနဲ့ ဝေးခဲ့ရပေမဲ့ … လေလှိုင်းထဲကတဆင့် သူ့ရဲ့အသံကို နားထောင်ခဲ့ရပြန်တယ်။ သူ့ကဗျာတွေ စာတွေကိုလည်း အင်တာနက် စာမျက်နှာတွေပေါ်မှာ ဖတ်ရှုခဲ့ရတယ်။
သူဟာ မြန်မာပြည်ရဲ့ အဝေးမှာ ရောက်နေတာတောင် မြန်မာပြည်သူပြည်သားတွေအတွက် မြန်မာစာပေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ဝေငှပေးနေတုန်း … စာပေတာဝန်ကို ရောက်တဲ့အရပ်မှာ ထမ်းဆောင်နေတုန်း။ ကဗျာတွေ စာတွေ စဉ်ဆက်မပြတ် ရေးသားနေတုန်း … ။
သစ်ရွက်ကြွေလေးပေါ်မှာရေးတဲ့မှတ်တမ်းများ … ဆိုပြီး စကားပြေနဲ့ ရေးတဲ့ ကဗျာ ၅၅ ပုဒ် ကိုလည်း ထူးထူးခြားခြား မှတ်သား ဖတ်ရှုခဲ့ရဖူးပါတယ်။
ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။
အဲဒီ ထဲက တပုဒ်ကို ကောက်နုတ်ဖော်ပြလိုက်ပါရစေ … ။
***
ယပ်တောင်ကလေးများမှတဆင့်
နုပျိုတက်ကြွ၍ ဘ၀ကို အားနှင့်မာန်နှင့် တည်ဆောက်နေသော လုလင်ငယ်ကလေး တဦး၏ အသုဘပွဲသို့ ရောက်ခဲ့၏။
စကားမျှ မဆိုနိုင်ရှာသော ဖခင်အို၏ ၀ဲနေသော မျက်ရည်စသည် ဖခင်၏ဟဒယကို ဖွင့်လှစ်ပြနေသကဲ့သို့။
နုပျိုသူသည် မရဏတံတားပေါ်သို့ အံ့အားသင့်ဖွယ် တက်ရောက်ကူးမြောက်သွားပြီးနောက် ပြန်မလာတော့ချေ။
ရပ်ကွက်ထဲတွင် အဖွားအိုတဦး၏ ဈာပန၊ မူးယစ်လူငယ်တဦး၏ အသုဘ စသည်ဖြင့် မကြာခဏ ကြုံရတတ်၏။ သူတို့၏ ယပ်တောင်ကလေးများသည် ကျန်ရစ်သူကို အေးစေ၍ သူတို့ကိုယ်တိုင်ကမူ အပူကို ယူဆောင်သွားကြပုံ ရသည်။ သို့သော် …
ဤယပ်တောင်ကလေးများသည် ဘ၀သံဝေ၏ သင်္ကေတများသာဖြစ်ပေတော့သည်။
နှမြောခြင်း၊ ယူကြုံးမရဖြစ်ခြင်း ကြေကွဲခြင်းတို့နှင့် တည်ဆောက်ထားသော ဘ၀တွင် ယပ်တောင်ကလေးများ ဝေငှကြရဦးမည်သာ။
ယပ်တောင်နောက်ကွယ်တွင် ကြွယ်ဝသော အဓိပ္ပါယ် ထားရှိခဲ့ဖို့လိုသည်။ အသက်ရှင်စဉ် တန်ဖိုးရှိသော သမိုင်းတခုခု ရေးခဲ့ဖို့တော့လိုသည်။
တင်မိုး
၂၁၊ ၇၊ ၉၈
***
သူဟာ ကျမတို့ချစ်ခင်လေးစားသော ကဗျာဆရာကြီး ဦးတင်မိုး ပါပဲ။
ကွယ်လွန်သွားရှာပြီဖြစ်ပေမဲ့ ဆရာကြီးရေးသားခဲ့တဲ့ ကဗျာ စာပေတွေဟာ ရှင်သန်နေဆဲ … ။
ခေတ်အဆက်ဆက် ရှင်သန်နေအောင် လက်ဆင့်ကမ်း သယ်ဆောင်သွားရမယ့် တာဝန်ကတော့ ကျန်ရစ်ခဲ့သူတွေရဲ့ အလုပ်ပဲပေါ့။
ဆရာကြီးရဲ့ …
ယပ်တောင်ကလေး နောက်ကွယ်မှာ …
တန်ဖိုးရှိတဲ့ စာပေ အနုပညာ တွေ …
ကျမတို့တွေအတွက် ချန်ထားခဲ့တာပါလား … ။
***
ဆရာကြီးဦးတင်မိုး ကောင်းရာသုဂတိ ရောက်ရှိပါစေကြောင်း ၀မ်းနည်းစွာ ဆုတောင်းလိုက်ပါတယ် … ။
***
မေဓာဝီ
23.1.07
12:15pm
ဆရာကြီးရဲ့ ကိုယ်ရေးအကျဉ်း
Monday, January 22, 2007
ကိုပြူးကျယ်သို့ ပေးစာ ... အပိုင်း (၂)
သို့
ကိုပြူးကျယ် …
နေကောင်းပါစရှင် … ။ ဒီစနေ တနင်္ဂနွေ ပိတ်ရက်မှာ တော်တော်လေးမှ အနားယူလိုက်ရရဲ့လား။
ဟိုနေ့က ရေးတဲ့ ပေးစာ အမှတ် (၁) ကို ဘလော့မှာတင်ပြီးတော့မှ … လိုချင်တာနဲ့ ပေးမိတာက တလွဲတွေဖြစ်နေမလား လို့ ကျမဖြင့် စိုးရိမ်မိသေးပါရဲ့။ ဘာကြောင့်လဲဆိုတော့ … ကိုပြူးကျယ်က ကဗျာတွေဖတ်ချင်တာကို ကျမက ရှည်ရှည်ဝေးဝေးတွေ ရေးနေတော့ မိကျောင်းမင်း ရေကင်းပြတယ် ထင်မလား၊ ဘုန်းကြီးစာချတယ် ထင်မလားပဲရယ် ..။
အခုလည်း ကျမ ၀သီအရ နည်းနည်းတော့ ကွန့်ပါရစေအုံးရှင် … ။ တကယ်တော့လည်း ဒီစာအုပ်က အဖိုးတန်လွန်းလို့ ကျမ ဝေငှချင်တဲ့ စေတနာ ဆန္ဒတွေကြောင့် ခုလို ကွန့်နေ ညွန့်နေရတာပါ။ ခေတ်နောက်ပြန်ဆွဲတယ်ပဲ ဆိုဆို ကျမကတော့ ရှေးစာပေတွေ လေ့လာရတာ အင်မတန်မှ သဘောကျပါတယ်။ ဒီစာအုပ်တအုပ်လုံးသာ ကျမရိုက်ပေးနိုင်တိုင်း ဘလော့မှာ တင်လိုက်ရင်တော့ ကိုပြူးကျယ်နဲ့တကွ ဘလော့ဖတ်သူတွေ ထွက်ပြေးကြမလားမသိဘူး။ တကယ်လည်း ဒီအကြောင်းတွေက စိတ်မ၀င်စားသူအတွက်တော့ ပျင်းစရာကြီးပေါ့ ကိုပြူးကျယ်…။
ကဗျာတွေအကြောင်း မပြောခင် အလွတ်သင်္ကေတ အက္ခရာ (၄) လုံး အကြောင်း နည်းနည်းလောက် ပြောချင်လို့ ခုလို အင်ထရိုပျိုးနေရတာပါ။
အလွတ်သင်္ကေတ အက္ခရာ (၄) လုံးကတော့ .. သှ်၊ ၍၊ ၌၊ ၏ တို့ကိုပြောတာပါ။ အဲဒီ (၄) လုံးဟာ တကယ်တော့ စာလုံးတိုတွေသာဖြစ်ပါသတဲ့။
သည် ကို တခါတရံ သှ် လို့ ကျမတို့ အတိုကောက် ရေးဖူးကြတယ်မဟုတ်လား၊
ပြောင်းလဲ သွားပုံက ဒီလိုပါတဲ့။
(သည်) ဆိုတဲ့ စာလုံးမှာ နောက်က (ည) ဗျည်းရဲ့ ခေါင်းကိုဖျက်၊ ခြေထောက်ကို ပြောင်းပြန်လှည့်၊ အဲဒီ ခြေထောက်နဲ့ ကျန်ခဲ့တဲ့ အသတ် ကို (သ) မှာ ကပ်လိုက်တဲ့ သကာလ (သှ်)ဖြစ်သွားတာပါတဲ့။
(၍ =ရွေ့ ) ကိုတော့ရှေးက (ရုယ့်) လို့ ရေးပါသတဲ့။ ခုနလိုပဲ နောက်က (ယ) ကိုဖျက်၊ အသတ်နဲ့ အောက်မြစ်ကို (ရ) ကို ကပ်၊ တချောင်းငင်ကို ရှေ့ကိုလှည့် (ရှ့် = ၍့  )ဖြစ်လာတော့တာပါပဲ။
(၌ = နှိုက်) အက္ခရာ မှာတော့ လုံးကြီးတင် တချောင်းငင် နဲ့ (က) ကို ဖျက်၊ အသတ်ကို (နှ) ဆီကပ်တော့ (နှ် = ၌) လို့ ပြောင်းလဲသွားတာပါတဲ့။
(၏ = ဧည့်) ညကိုဖျက်၊ အသတ်နဲ့ အောက်မြစ်ကို (ဧ) မှာကပ်၊ (ဧ့် = ၏့) ဖြစ်လာတယ်လို့ ဆိုပါတယ်။
အရင်တုန်းက စာအုပ်တွေမှာ ၍ နဲ့ ၏ မှာ အောက်မြစ်တွေပါတာ ဖတ်ဖူးပါတယ်။
ဒီ အက္ခရာလေးတွေ ပြောင်းလဲပုံအဆင့်ဆင့်ကို ရှင်းပြထားတာဟာ ယုတ္တိလည်းရှိ ဖြစ်လည်းဖြစ်နိုင်တာမို့ ကျမ သဘောကျလို့ ခုလို ဖော်ပြလိုက်ရတာပါပဲ ကိုပြူးကျယ်ရေ … ။ ကဲ ကဗျာအကြောင်း ဆက်ပါဦးမယ်။
ကဗျာ အကြောင်းပြောရင် ကာရန် နဲ့ နဘေ အကြောင်း ချန်ထားလို့ မရပါဘူး။ ဒါကြောင့် ကာရန် နဲ့ နဘေ ရဲ့ အဓိပ္ပါယ်လေး တဆိတ် ပြောပြပါရစေနော်။
ကာရန် ဆိုတာ ကာရ န္တ ဆိုတဲ့ ပါဠိစကားက ဆင်းသက်လာတယ်ဆိုတာတော့ ကိုပြူးကျယ်သိပြီးသားပါ။ အဓိပ္ပါယ်က အက္ခရာရဲ့ အဆုံး (သို့မဟုတ်) အဆုံးအက္ခရာ တဲ့။ ကဗျာမှာတော့ ကာရန်ဆိုတာဟာ အက္ခရာအချင်းချင်း အသတ်တူ (သို့) အသံတူ စပ်ထားတဲ့ လုံးထပ် အက္ခရာကို ကာရန်လို့ ခေါ်တယ်လို့ ဆိုထားပါတယ်။
** ဒီနေရာမှာ အသံတွေ ပြောင်းလဲသွားပုံကို ပြောရင် အတော်လေး ငြီးငွေ့စရာဖြစ်မှာစိုးလို့ ကျမ မပြောတော့ပါဘူး။ တကယ်တမ်း လေ့လာကြည့်ရင် အသံပြောင်းလဲပုံဟာ အင်မတန် စိတ်ဝင်စားဖို့ တော့ကောင်းပါတယ်၊ ကြုံမှ ရေးပါအုံးမယ်။**
ကဗျာတပုဒ်ဟာ ကာရန်ရဲ့ ကောင်းခြင်း နဲ့ အဓိပ္ပါယ်ရဲ့ကောင်းခြင်း ဆိုတဲ့ ကောင်းခြင်းနှစ်ဖြာ ပြည့်စုံပါမှ ကဗျာကောင်းတပုဒ်လို့ ရှေးကတော့ ဆိုကြပါတယ်။ ဒါပေမဲ့လည်း ကာရန်နောက်ကို အဓိပ္ပါယ် မလိုက်ရဘူး၊ အဓိပ္ပါယ်နောက်ကိုသာ ကာရန်က လိုက်ရမယ်ဆိုတဲ့ စည်းကမ်းလည်း ရှိနေပါတယ်။ ကာရန်ပဲ ကောင်းပြီး ဆိုလိုချင်တဲ့ အဓိပ္ပါယ်မပေါ်လွင်တဲ့ခါ ဖတ်ရတာ ပေါ့ဟာဟာ ဖြစ်နိုင်လို့ပါပဲ .. တဲ့။
နဘေ … ဆိုတာကတော့ နံဘေး ဆိုတဲ့ စကားက ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ပျဉ်ပြားတွေကို နံဘေး (အလျားလိုက်) ချင်း စပ်ဟပ်သလိုမျိုး အပိုဒ်နှစ်ခုကို နံဘေးချင်း စပ်ဟပ် ဖွဲ့နွဲ့ သီကုံးတာကို နံဘေးစပ် - နဘေစပ် လို့ ခေါ်ဝေါ်ကြတာလို့ ဖော်ပြထားပါတယ်။
နဘေစပ်နည်း အမျိုးမျိုးနဲ့ ၀ိဘတ်၊ ကြိယာ၊ ကြိယာဝိသေသန အကြောင်းတွေကိုတော့ ချန်လှပ်လိုက်ပါတော့မယ် ကိုပြူးကျယ်။ အဆုံးမသတ်ခင်မှာ အချုပ်တန်းဆရာဖေ ရေးတဲ့ ဆောင်းဖွဲ့ လေးဆစ်ကလေး တပုဒ် ကောက်နုတ်ကာ လက်ဆောင်ပါး လိုက်ပါတယ်ရှင်။
***
သဉ္ဇာလီ ဗွေပြဒုမှာဖြင့်၊
ခင်သာကီ တမေပုကိုလ၊
ဖေယခု ပိုက်လှဲ့ ဆို။
မလုံသေးနိုင်ဘု၊
တုန်အေးရှာ တင်တမေငဲ့၊
ရင်ရွှေကို လေပြေခတယ်၊
သဲကြွစိမ့်ဖို။
တသန်းတန် ရတီဖို့သော်လဲ၊
ကြငှန်းပျံ ကတီမို့ မှာတော့၊
မဒီပျို့ ဆောင်းရိပ်ခိုငယ်၊
အချမ်းပိုပါလို့ ငိုချင်ဆဲ။
ငွေနှင်းငယ်ထန်၊
ချွေညှင်း တညံညံနှင့်၊
ရေကင်းသံ တဖန်ကြားရင်လ၊
လွမ်းအားတော် ပွေဗျာလှိုင်လို့၊
ကေညာခိုင် စုခင်လေးမှာ၊
(ကိုယ်တော်ရေ)မှေးစက်နိုင်ဘဲ ။ ။
***
ကိုပြူးကျယ်နှင့်တကွ ကျမဘလော့ကို လာရောက်လည်ပတ် ဖတ်ရှုသူအပေါင်း ချမ်းချမ်းအေးအေး နှင်းဖွေးဖွေးမှာ ဆောင်းဖွဲ့လေးဆစ်ကလေးဖတ်လို့ ကျေနပ်နိုင်ကြပါစေရှင် … ။
***
မေတ္တာဖြင့် …
မေဓာဝီ
21.1.07
11:42pm
Sunday, January 21, 2007
မေတ္တာရှင်တို့၏ စိတ်ထား နှင့် ကျမ၏ အလိုအပ်ဆုံး
ဒီစာကို ရေးဖြစ်တာကတော့ စနေရဲ့ ဘလော့က “အလိုအပ်ဆုံး” ဆိုတဲ့ ပို့စ်လေးကြောင့်ပါပဲ။ အဲဒီပို့စ်ကိုဖတ်ပြီး ကျမ တော်တော်လေး အတွေးနယ်ချဲ့မိလို့ပါ။
တကယ်ပဲ ကိုယ့်လက်တွဲဖော် (အိမ်ထောင်ဖက်) ဟာ ကိုယ့်အတွက် အလိုအပ်ဆုံးလား။
မိဘ နဲ့ သားသမီးဟာ ဖျက်ထုတ်ရလောက်အောင် ကိုယ့်ဘ၀အတွက် အရေးမပါဘူးလား။
တကယ်တမ်း ကိုယ့်ဘ၀အတွက် အလိုအပ်ဆုံးဟာ ဘာလဲ … ဘယ်သူလဲ … စသဖြင့် ကျမ တွေးနေမိတယ်။
မိဘနဲ့ သားသမီးကို ဖျက်ထုတ်ဝံ့တဲ့ ဒီကျောင်းသူရဲ့ စိတ်ဓာတ်ကိုလည်း ကျမ အံ့သြမိပါတယ်။
ဒါဟာ သူ့တိုင်းပြည်နိုင်ငံရဲ့ ယဉ်ကျေးမှုကြောင့်လေပဲလား … ဒါမှမဟုတ် သူကိုယ်တိုင်ရဲ့ အတွေးအခေါ် မနက်နဲမှု ကြောင့်လေပဲလား … ကျမကတော့ သူ့လုပ်ရပ်ကို သဘောမကျမိတာ အမှန်ပါပဲ။
ကျမရဲ့ ပုဂ္ဂလိက ခံစားချက် ကျမတဦးတည်းရဲ့ အမြင်အရပြောရမယ်ဆိုရင်တော့ ကိုယ့်ဘ၀အတွက် အလိုအပ်ဆုံးဟာ မိဘ ပါပဲ။ ဘာကြောင့်လဲ … ဆိုတော့ …
မိဘ ဆိုတာ မရှိခဲ့ရင် ကျမတို့ဟာ လူရယ်လို့ဖြစ်လာပြီး ခုလို ရပ်တည်နေထိုင်နိုင်မှာ မဟုတ်လို့ပါဘဲ။
ဒါဟာ အခြေခံအကျဆုံး အချက်ပါ။ ဒီထက်ပိုစဉ်းစားမယ်ဆိုရင်တော့ မြင့်မိုရ်တောင်ဦး မကကျူးတဲ့ မိဘကျေးဇူးဆိုတာ အလွန်ကြီးမား များပြား လွန်းပါတယ်၊ နှိုင်းဆလို့မရ အနှိုင်းမဲ့ ကျေးဇူးရှင်တွေပါ။
မိဘ မွေးထုတ်ခဲ့လို့ ကျမတို့ ဒီလောကထဲ ရောက်ရှိလာကြတယ်၊ မိဘ ကျွေးမွေးစောင့်ရှောက်ခဲ့လို့ ကြီးပြင်းလာပြီး လူတလုံး သူတလုံးဖြစ်ကာ လောကအလယ်မှာ ရပ်တည်နိုင်ခဲ့ကြတယ်။ ဒီလို ကျေးဇူးကြီးမားတဲ့ မိဘကို ဖျက်ထုတ်ဝံ့တဲ့ သတ္တိ (ဒီကျောင်းသူလို အခြေအနေမျိုးနဲ့ ကြုံလာခဲ့ရင်တောင်) ကျမ မှာ မရှိပါဘူး။
လက်တွဲဖော် အိမ်ထောင်ဖက် ဆိုတာ အစားထိုးလို့ရပါတယ်။ ထိုနည်းတူ ကိုယ့်ရင်သွေးဆိုတာကလည်း နောက်တယောက်ထပ်မွေးနိုင်တဲ့ အခြေအနေရှိရင် အစားရနိုင်ပါသေးတယ်။ မိဘဆိုတာဟာ ဘယ်တော့မှ အစားထိုးလို့ မရပါဘူး။
ဒီကျောင်းသူပြောသလို မိဘဟာ တချိန်မှာ သူ့ထက်အရင် သေဆုံးသွားမယ်၊ အရင်ခွဲခွါသွားမယ်ပေါ့၊ သားသမီး ဆိုတာလည်း အရွယ်ရောက်ရင် စွန့်ခွါသွားမယ်၊ သူ့နဘေးမှာ ကျန်ခဲ့နိုင်တာ အိမ်ထောင်ဖက်သာလျှင်မို့ သူအတွက် အလိုအပ်ဆုံးဟာ အိမ်ထောင်ဖက်ဖြစ်တယ်လို့ သူက ဆင်ခြေပေးခဲ့တယ်။
တကယ်တမ်း သေခြင်းတရားဆိုတာ ကြီးတယ် ငယ်တယ် အရွယ်ရွေးနေတာလည်း မဟုတ်၊ အချိန်ရွေးနေတာလည်း မဟုတ်ပါဘူး။ မိဘက အရင်သေသေ၊ နောက်မှသေသေ တကယ်တမ်း ကိုယ့်အတွက် အလိုအပ်ဆုံးနဲ့ အရေးအကြီးဆုံးက မိဘ သာလျှင် မဖြစ်သင့်ဘူးလား။
အိမ်ထောင်ဘက်ဆိုတာကရော … အရင်မသေဘူးလို့ မပြောနိုင်ပါဘူး၊ ဒါမှမဟုတ် သေကွဲမကွဲလည်း ရှင်ကွဲ ကွဲနိုင်သေးတယ် မဟုတ်လား။
အင်း … ဒီလို ဘ၀င်မကျမှုတွေကို ရောက်တတ်ရာရာ တွေးနေရင်းနဲ့ မေတ္တာရှင်တွေ ထားရမယ့် စိတ်ထား ဆိုတာကို မှတ်သားခဲ့ဖူးတာလေး သတိရမိပါတယ်။
မေတ္တာပို့မယ်ဆိုရင် ကိုယ့်ရဲ့မေတ္တာထိရောက်အောင် စိတ်ထဲမှာ ဘယ်လိုထားရမယ်ဆိုတာ ခုလို ဥပမာလေး နဲ့ ပြောထားပါတယ်။
***
သင်နဲ့အတူ သင့်ချစ်သူ၊ သင်မုန်းသူ၊ သင့်ရန်သူ၊ အတူတကွ ခရီးထွက်လာစဉ်မှာ လူဆိုးတွေနဲ့တွေ့တယ်။ လူဆိုးတွေက လူတယောက်ရဲ့ လည်ချောင်းသွေးနဲ့ ယဇ်ပူဇော်မှာမို့ သင့်ထံမှာ တယောက်ယောက်ကို ပေးဖို့ တောင်းတယ်။
ဒီအခါမှာ သင်က ဘယ်သူ့ကိုပေးမလဲ။ ဘယ်သူ့ကို ရွေးမလဲ … တဲ့။
သာမန်အားဖြင့်ဆိုရင်တော့ ရန်သူ တို့ မုန်းသူတို့ကို ပေးမယ်လို့ ဖြေနိုင်ပါတယ်။ ဒါပေမဲ့ သင်ဟာ မေတ္တာရှင်တယောက်သာ ဆိုရင်တော့ ဘယ်သူ့ကိုမှ မပေးဘူး လို့သာ ဖြေမှာပါပဲ။ ဘာကြောင့်လဲ …
မေတ္တာရှင်ရဲ့ စိတ်ထားဟာ သတ္တ၀ါအားလုံးအပေါ် တပြေးညီဖြစ်နေလို့ပါပဲ။
ချစ်သူဖြစ်စေ … မုန်းသူဖြစ်စေ … ရန်သူဖြစ်စေ … ကိုယ်ကိုယ်တိုင်ဖြစ်စေ … အားလုံး တပြေးညီစိတ်ထား မျိုး ထားရပါမယ်။ ဘယ်သူ့ကိုမှ မပိုရသလို ဘယ်သူ့ကိုမှလည်း မလျော့ရပါဘူး။
ဒီလိုထားနိုင်မှလည်း မေတ္တာရှင် လို့ ဆိုနိုင်ပါမယ်၊ သူ့ရဲ့ မေတ္တာဟာလည်း အစွမ်းထက်ပါမယ်။
***
ဒါကတော့ ကျမ မှတ်သားကြားနာ ခဲ့ဖူးတာပါ။
ကျမဟာ အဲဒီလောက်ထိတော့ ပါရမီ မရင့်သန်သေးတဲ့အတွက် မေတ္တာရှင်ရဲ့ စိတ်ထားမျိုး မထားနိုင်ပါဘူး။ ဒါပေမဲ့လည်း မိဘကို အလိုအပ်ဆုံး စာရင်းထဲက ဖျက်ထုတ်ရလောက်အောင်လည်း မမိုက်မဲပါဘူး။
ကျမ အတွက်တော့ မိဘဟာ အလိုအပ်ဆုံးပါ၊ အထူးသဖြင့် ကျမကို ဒီဘ၀ကောင်းစားရေးတွင်မက သံသရာမှာ ကျင်လည်နေသမျှလည်း အောက်တန်းနောက်တန်းမကျရလေအောင်၊ ကုသိုလ် အကုသိုလ် ခွဲခြား သိအောင်၊ အမှားအမှန် ဝေဖန် ပိုင်းခြားနိုင်အောင်၊ သွန်သင်ဆုံးမ နည်းနာတွေပြခဲ့တဲ့အပြင် သံသရာမှ လွတ်မြောက်ကြောင်း တရားကောင်း တရားမှန်တွေ လမ်းညွှန်ပေးနေတဲ့ ကျေးဇူးကြီးမားလှတဲ့ ကျမရဲ့ မိဘ နှစ်ပါးဟာ ကျမအတွက်တော့ အလိုအပ်ဆုံး ပုဂ္ဂိုလ်တွေပါပဲ။ ဘာနဲ့မှလည်း လဲလို့မရတဲ့အပြင် ဘယ်သူနဲ့မှလည်း အစားထိုးလို့မရပါ။
တချိန်ချိန်မှာ ကျမကို ခွဲခွါသွားခဲ့ကြရင်တောင် မိဘနှစ်ပါး ဆိုဆုံးမခဲ့တဲ့ သြ၀ါဒတွေနဲ့ ကျမဘ၀ ဆက်လက် ရှင်သန်နေထိုင် နေရအုံးမှာမို့ ကျမအတွက်တော့ လိုအပ်နေအုံးမှာပါပဲ။ မိဘရဲ့ ဂုဏ်ကျေးဇူးတွေကို တမ်းတရင်း မှန်းဆရင်း ပူဇော် ကန်တော့ရင်း နောက်ဘ၀တွေမှာလည်း ဒီမိ ဒီဘနဲ့ ဆုံစည်းခွင့်ကို မျှော်လင့် နေအုံးမှာပါ … ။
***
21.1.07
11:00 am
Saturday, January 20, 2007
အဖေပြောသော ပုံပြင်
ဒီပုံပြင်လေးကတော့ အဖေပြောပြတဲ့ ပုံပြင်လေးပါ။
ဝိသုဒ္ဓိမဂ်လာ အဆိုတခုကို အကြောင်းပြုပြီး ပြောပြတဲ့ ပုံတပုဒ်ဆိုပါတော့။
သိပြီးသားလည်း ဖြစ်ကြမှာပါ၊ ပုံ မပြောရတာကြာလို့ ပြောပြလိုက်ပါတယ်။
ဖတ်ကြည့်ကြပါဦး ရှင် … ။
***
တခါက လုလင်တယောက်ဟာ ခရီးသွားရင်း မျက်စိလည်လမ်းမှားပြီး တောအုပ်တခုထဲ နယ်ကျွံရောက်ရှိသွားပါသတဲ့။ အဲဒီတောအုပ်ကတော့ ဘီလူးမကြီးတယောက် အပိုင်စားရထားတဲ့ တောအုပ်ကြီးပါပဲ။ ဘီလူးမကြီးဟာ ဒီတောအုပ်ထဲ ရောက်လာသမျှသူတွေကို ဖမ်းစားပိုင်ခွင့်ရှိတယ် ဆိုတော့ ခုလို နယ်ကျွံပြီး သူ့ပိုင်နက်ထဲ ရောက်လာတဲ့ ခရီးသွားလုလင်ဟာ ဘီလူးမကြီးရဲ့ အစာဖြစ်နေတော့တာပေါ့။
ဒါပေမဲ့ ဘီလူးမကြီးဟာ ဒီလုလင်ပျိုကို ကြည့်ပြီး ချစ်ကြိုက်မိတာနဲ့ သတ်မစားတော့ဘဲ သူ့ကိုယ်သူ နတ်သမီးတမျှ ချောမောလှပတဲ့ မိန်းကလေးငယ် တယောက်အဖြစ် ဖန်ဆင်းကာ လုလင်ပျိုရှိရာ သွားခဲ့တယ်။
ဒီနောက်တော့ နှစ်ဦးသား ချစ်ကျွမ်းဝင်သွားကြတယ် ဆိုပါတော့။ ဘီလူးမကြီးတဖြစ်လဲ ချောမောလှပတဲ့ မိန်းကလေးနဲ့တွေ့သွားတဲ့ လုလင်လည်း ကိုယ့်ရပ်ဌာနေကိုတောင် ပြန်ဖို့သတိမရဘဲ အဲဒီတောအုပ်ကြီးထဲက ကျောက်ဂူကြီး တခုထဲမှာပဲ ဘီလူးမကြီးနဲ့ ပေါင်းသင်းနေထိုင်နေကြတော့တယ်။ စားရေးသောက်ရေးကို ဘီလူးမကြီးက ရှာဖွေဖန်တီးပေးပြီး ကျောက်ဂူကြီးနဲ့ အနီးတ၀ိုက်လောက်သာ သွားလာဖို့လည်း သူ့ကို မှာကြားထားတယ်။
ဒီလိုနဲ့ နေလာရင်း တနေ့ နေ့လည်ခင်း ဘီလူးမကြီး မရှိစဉ်မှာ လုလင်ဟာ ကျောက်ဂူအနီးတ၀ိုက်သွားလာ နေတုန်း ၀ိဇ္ဖာဓိုရ် တဦးနဲ့တွေ့ပါလေရော။
ဘီလူးမကြီး ပိုင်နက် တောအုပ်မှန်း သိထားတဲ့ ၀ိဇ္ဖာဓိုရ်က လူသားယောက်ျားတယောက်ကို ခုလို တွေ့လိုက်ရလို့ အံ့သြတကြီး မေးပါတယ်။
“အသင် လုလင် … ဒီတောအုပ်ကြီးအတွင်း ဘာလာလုပ်နေပါသလဲ”
“ဒီတောအုပ်ကား ကျွန်ုပ်နှင့် ကျွန်ုပ်ဇနီးသည် နေထိုင်ရာ တောအုပ်ဖြစ်ပါတယ်၊ ညဆိုလျှင် ဟောဟိုက ကျောက်ဂူကြီးတွင်း အိပ်စက် နားနေကြပါတယ်” လို့ပြန်ဖြေတော့ … ၀ိဇ္ဖာဓိုရ်က သဘောပေါက်လိုက်ပါတယ်။ ဒီလူသားဟာဖြင့် ဘီလူးမကြီးရဲ့ လှည့်စားမှုကို ခံနေရပြီ၊ ငါ မပြောပြလို့ မဖြစ်တော့ဘူး လို့ ကြံတွေးပြီး … ခုလို ဆက်ပြောပါတယ်။
“အသင် လူသား … သင်မှားနေပြီ၊ ဒီတောအုပ်ကြီးဟာ အလွန်ကြောက်စရာကောင်းတဲ့ ဘီလူးမကြီးရဲ့ ပိုင်နက် ဖြစ်တယ်၊ ဒီတောအုပ်ထဲ ရောက်လာသမျှ သတ္တ၀ါတွေကို သူက ဖမ်းစားနိုင်ဖို့ နတ်မင်းကြီးတွေဆီက အခွင့် ရထားတယ်၊ ဒါကြောင့် သင်ပြောတဲ့ ဇနီးသည်ဆိုတာ ဘီလူးမကြီးသာလျှင် ဖြစ်ရမယ် … ဒီဘီလူးမကြီးဟာ သင်နဲ့ ပေါင်းသင်းရာက ငြီးငွေ့လာတဲ့အခါ သင့်ကို သတ်စားလိမ့်မှာ ဧကန်ပဲ … သင် အမြန်ဆုံးသာ လွတ်အောင်ပြေးပေးတော့”
“မဖြစ်နိုင်ပါဘူး ခင်ဗျာ … ကျွန်ုပ်ဇနီးသည်ဟာ အလွန်သိမ်မွေ့ ယဉ်ကျေးလိမ်မာတဲ့ မိန်းကလေးပါ … ဘီလူးမကြီး မဟုတ်ပါဘူး”
အဲဒီလို ၀ိဇ္ဖာဓိုရ်ပြောတဲ့ စကားကို မယုံကြည်တဲ့ လုလင်ဟာ နေမြဲတိုင်းသာ ဆက်လက်နေထိုင်ခဲ့ပါတယ်။
နောက်တကြိမ် ၀ိဇ္ဖာဓိုရ်လာခိုက် သူနဲ့ထပ်တွေ့ပြီး အကျိုးအကြောင်း ပြောပြန်တော့လည်း ဒီလုလင်ဟာ မယုံကြည်ဘဲ ရှိစမြဲပါပဲ။
တတိယအကြိမ်ထပ်မံဆုံတဲ့အခိုက်မှာတော့ ၀ိဇ္ဖာဓိုရ်က မဖြစ်ချေဘူး ဆိုပြီး
“ကဲ … အသင်လူသား … သင့်ကို ကျွန်ုပ်တခု အကြံပေးမယ် … ညဘက် သင့်ဇနီး အိပ်မောကျပြီ ဆိုတဲ့အချိန်ကျရင် ဟောဒီ မီးခတ်ကျောက်နဲ့ အလင်းရောင်ရအောင် ခတ်ပြီး သင့်ဇနီးကိုကြည့်ပေတော့၊ အိပ်မောကျနေတဲ့အချိန်ဆို သူ ဟန်ဆောင်လို့ မရဘူး၊ ဇာတိပြန်လိမ့်မယ်၊ အသင် ကြည့်ဖြစ်အောင်ကြည့်ပါလေ”
လို့ ထပ်မံတိုက်တွန်းတော့မှ လုလင်လည်း မီးခတ်ကျောက်လေး ဆောင်ပြီး အိပ်ရာဝင်သတဲ့။
ညဘက် တော်တော်လေး ညနက်တဲ့အချိန် သူ့ဇနီး အိပ်မောကျပြီဆိုတော့မှ အသာလေး ထပြီး မီးခတ်ကြည့်တော့ အလင်းရောင်အောက်မှာ အစွယ်ပြူးပြူး ဘီလူးမကြီးကို ကြောက်မက်ဖွယ် တွေ့လိုက်ရတယ်။
ဒီတော့မှ သူလည်း အရမ်းကို ထိတ်လန့်သွားပြီး ငါ ဆက်နေလို့တော့ဖြင့် မဖြစ်ချေဘူး၊ ခုချက်ချင်း ပြေးမှ တော်ရုံကျမယ် လို့ တွေးမိပြီး တချိုးတည်း ပြေးတော့တာပဲ။
ခဏအကြာ ဘီလူးမကြီး သိတော့ နောက်ကလိုက်တယ်၊ သူကလည်း ရှေ့ကနေ မရပ်မနားပြေးရင်း ဘီလူးမကြီးပိုင်တဲ့ တောအုပ်ကိုလွန်သွားတဲ့အခါမှာတော့ … ဘီလူးမကြီးရဲ့ ဘေးဒုက္ခအပေါင်းက လွတ်မြောက်ရာကို ရောက်ရှိသွားပါတယ်။ ဒီတော့မှ လာလမ်းကို ပြန်ကြည့်တော့ တဖက်တောအုပ်ထဲမှာ ဘီလူးမကြီးက သူ့ကို မျှော်ငေးရင်း ကျန်နေခဲ့ပါတော့သတဲ့။
***
ပုံပြင်လေးကတော့ ဒါပါပဲ။
တကယ်တော့ ဒီပုံပြင်လေးဟာ ၀ိသုဒ္ဓိမဂ်ထဲက ၀ိပဿနာ ဥာဏ်စဉ်တွေနဲ့ပတ်သက်ပြီး ဥပမာပေးထားတဲ့ ပုံပြင်လေးတပုဒ်ပါ။
ကိုယ့်ခန္ဓာဟာ ဒုက္ခမှန်း မသိသေးသမျှ ခင်တွယ်နေကြ စွဲလမ်းနေကြတယ်၊ တကယ်တမ်း ဒုက္ခအတိဆိုတာကို ဥာဏ်နဲ့ ရှုမြင်လိုက်တော့မှ ဒုက္ခချုပ်ငြိမ်းရာကို ရှာဖွေ အားထုတ် ရှုမှတ်ကြရင်း ဥာဏ်စဉ် အဆင့်ဆင့် တက်သွားပြီး နောက်ဆုံးမှာ (ဒုက္ခမှ လွတ်မြောက်ရာ) မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို ဆိုက်ရောက်ရကြောင်းကို ဒီပုံပြင်လေးနဲ့ ဖော်ပြထားတာပါ။
***
ကျမတို့ဟာ သာမန်အားဖြင့် အကျိုးနဲ့အပြစ်ကို ခွဲခြားပြီး သိကြပါတယ်။ ဒါပေမဲ့ အပေါ်ယံလောက်သာ သိကြတာမို့ အပြစ်ရှိမှန်း သိရက်နဲ့ လုပ်နေမိသလို အကျိုးရှိမှန်းသိရက်နဲ့ မလုပ်မိတာတွေ ရှိပါတယ်။ ဥာဏ်နဲ့ တကယ်ကို သိတော့မှသာ … အပြစ်ရှိကြောင်း မကောင်းသောအကျင့်တွေကို စွန့်လွှတ်နိုင်ပြီး အကျိုးရှိရာရှိကြောင်း ကောင်းသော အလုပ်တွေကို ပြုလုပ်နိုင်ကြမယ်ဆိုတာ သေချာပါတယ်။
ဒါကြောင့် ကျမ အလွန်နှစ်သက်တဲ့ ၀ိသုဒ္ဓိမဂ်လာ အောက်ပါအဆိုကို ဝေငှ လိုက်ရပါတယ်ရှင်။
***
အပြစ်တစုံတရာကို ဥာဏ်နဲ့ရှုမမြင်သေးသရွေ့ စွန့်လွှတ်ခြင်းငှာ မစွမ်းနိုင်။
အကျိုးတစုံတရာကို ဥာဏ်နဲ့ရှုမမြင်သေးသရွေ့ ရယူခြင်းငှာ မစွမ်းနိုင်။
***
20.1.07
3:03 pm
Friday, January 19, 2007
ကိုပြူးကျယ်သို့ ပေးစာ … အပိုင်း (၁)
သို့
ကိုပြူးကျယ်…
ကိုပြူးကျယ်က ရှေးမြန်မာကဗျာတွေရဲ့ အရေးအဖွဲ့တွေ ဖတ်ချင်မှတ်ချင် လေ့လာချင်တယ်ဆိုလို့ ဒီကနေ့ အဖေ့အခန်း ရောက်တုန်း စာအုပ်စင်ကို မွှေနှောက် ရှာရင်းနဲ့ ဓမ္မာစရိယ ဦးထွန်းရွှေရေးတဲ့ “နန္ဒမာလီနီ ခေါ် ကဗျာစွယ်စုံကျမ်းကြီး” တွေ့တော့ စာအုပ်ကို နည်းနည်း မြည်းစမ်းဖတ်ကြည့်ပြီး ကိုပြူးကျယ် ဆိုရင်ဖြင့် ကြိုက်မှာပဲလို့ ထင်တာနဲ့ ယူလာခဲ့ပါတယ်။
အစကတော့ ကိုပြူးကျယ်ရဲ့ တောင်းဆိုချက်အရ ရှေးက ပျို့ကဗျာတွေ၊ ရတု၊ ရကန်၊ အဲ၊ အန်၊ လူးတား တွေ ရှာဖွေပြီး ပို့ပေးမယ်လို့ စဉ်းစားထားပေမဲ့ လောလောဆယ် ဒီစာအုပ်ကိုတွေ့တော့ ဒီစာအုပ်ထဲကပဲ ကောင်းနိုးရာရာတွေ ကောက်နုတ်ပြီး ပို့ပေးရရင် ကောင်းလေမလားလို့ တွေးမိပြန်ပါတယ်။ ကိုပြူးကျယ်ဆီ မေးလ်နဲ့ပို့ပေးရင် တယောက်ထဲသာ ဖတ်ရမှာမို့ အများပါဖတ်ရလေအောင် ခုလိုကျမရဲ့ ဘလော့ပေါ်တင်လိုက်ရတာပါ။ ကိုယ်သိသမျှ ဗဟုသုတဆိုတာ ပြန့်ပွားအောင် ဝေမျှနိုင်ရင် အကောင်းဆုံးမဟုတ်လား။
ပြီးတော့ အခုခေတ် ကဗျာရေးနေကြသူတွေ (ကျမအပါအ၀င်) ဟာ ကဗျာဆိုတာ ဘာမှန်းရေရာစွာမသိရုံမက၊ မြန်မာအက္ခရာတွေ အကြောင်းတောင် သေချာမသိဘဲ နှုတ်ထဲ ရွတ်လို့ကောင်းရင် ဒါမှမဟုတ် နိမိတ်ပုံတွေ များများသုံးပြီး စကားလုံးလေးတွေလှရင် … ကဗျာလို့ အလွယ်သတ်မှတ်နေကြတာမို့ … ဒီစာအုပ်ကို ကြည့်ပြီးမှ ကျမလည်း “သြော် … ကဗျာဆိုတာ က၀ိတို့၏ ဥစ္စာ ဆိုတာ တယ် မှန်တာပဲ။ လိုက်နာရမယ့် နည်း-စနစ်ဆိုတာ ရှိသလို ရှောင်ရှားရမယ့် အပြစ်-ဒေါသ ဆိုတာတွေလည်း ရှိတာပဲ” လို့ သေချာရေရာ လက်ခံ သဘောပေါက် လာခဲ့ပါတယ်။
ဒါကြောင့်လည်း ကိုပြူးကျယ်နဲ့ တခြားသော မြန်မာကဗျာကို ချစ်ခင်မြတ်နိုးသူ အားလုံးအတွက် ရည်ရွယ်ပြီး ဒီစာကို ရေးလိုက်တာပါ။ အဓိက ကတော့ ကိုပြူးကျယ်ကို ရည်ညွှန်းတဲ့အတွက် “ကိုပြူးကျယ်သို့ ပေးစာ” လို့ပဲ ခေါင်းစဉ်တပ်လိုက်ပါတယ်။ ကိုပြူးကျယ် ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါရဲ့ … ။
***
ဒီစာအုပ်ကို အပိုင်း (၃) ပိုင်းခွဲထားပါတယ် ကိုပြူးကျယ်။ ပထမပိုင်းမှာ
ကဗျာမရေးမီ ရှေးဦးစွာလိုက်နာရန် အကြောင်း၊
အဖွဲ့အမျိုးမျိုး၊
ဂီတ၊ ကဗျာ၊ လင်္ကာ၊ သီချင်း မည်ခြင်းအကြောင်း တွေ ပါတဲ့အပြင်
အက္ခရာအကြောင်း၊ အသံအကြောင်း၊ ကာရန်အကြောင်း၊ အသတ်နှင့်အစပ်အကြောင်းနဲ့ ကြိယာအကြောင်းတွေ ပါဝင်ပါတယ်။
အပိုင်း (၂) မှာတော့ဖြင့် သံပေါက်ကဗျာခန်း၊ အချိုးကဗျာ (ဒွေးချိုး၊ တြိချိုး၊ လေးချိုး) စပ်နည်းအမျိုးမျိုးနဲ့ နမူနာ ကဗျာကြီးတွေပါတဲ့ အခန်း၊ တေးထပ်စပ်နည်းနဲ့ နမူနာတေးထပ်တွေက တခန်း၊ လေးလုံးစပ်ကဗျာခန်းမှာတော့ ရတု, ရကန်, ပျို့, မော်ကွန်း, လူးတား, ဧချင်း, အဲချင်း, အန်ချင်း, အိုင်ချင်း, လွမ်းချင်း, တမ်းချင်း, သာချင်း, တျာချင်း, ကာချင်း, ဒုံးချင်း, ဟန်ချင်း, စတာတွေက တခန်း၊ ဘောလယ်, ကြိုး, ဗုံကြီးသံ, ဗုံတောက်သံက စလို့ မေတ္တာစာ, သြဘာစာ, မှာတမ်းစာ အလယ်၊ ပြဇာတ်စာ ရေးနည်းအဆုံး ဖော်ပြထားတဲ့ အခန်းနဲ့ ပတ်ပျိုး, ယိုးဒယား, နတ်သံ, ကရင်သြသံ, တလိုင်းသံ,မျောက်မင်းအူသံ စတာတွေပါတဲ့ သီချင်းကြီးခန်းဆိုပြီး ပါဝင်တယ်။
အပိုင်း (၃) ကတော့ ဆန်း အခန်းပါပဲ၊ အဲဒီအခန်းကတော့ ပညာခန်းတွေပေါ့ ကိုပြူးကျယ်။ ဆန်းနည်း၊ ဒီဃရဿ ခွဲနည်းနဲ့ ဂိုဏ်း အကြောင်းတွေက တခန်း၊ အလင်္ကာအကြောင်းက တခန်း စသဖြင့် စုံစုံလင်လင်ပါဝင်ပါတယ်။
မာတိကာ အပြီး အဖွင့်စာမျက်နှာမှာတော့ သခင်ကိုယ်တော်မှိုင်းရဲ့ သ၀ဏ်လွှာ ကို လက်မှတ်နဲ့တကွ တွေ့ရပါတယ်။ လက်မှတ်အောက်က နေ့စွဲကိုတော့ ၃၁-၁-၅၅ လို့ရေးထိုးထားလေရဲ့။
ကျမလက်ထဲရှိနေတဲ့ ဒီစာအုပ်ကတော့ ၁၉၆၃ မှာ တတိယအကြိမ်ပြန်လည်ရိုက်နှိပ်ထားတဲ့ စာအုပ်ပါပဲ၊ ပညာအလင်းပြ စာအုပ်တိုက်က ထုတ်ဝေတာပါ။
ကိုပြူးကျယ် ဖတ်ချင်တဲ့ ကဗျာတွေ ရိုက်မပေးခင် နည်းနည်းလောက်တော့ လျှာရှည်ခွင့်ပြုပါအုံးရှင် … ။
ဂီတ၊ ကဗျာ၊ လင်္ကာဆိုတဲ့ စကားရပ်တွေရဲ့ အဓိပ္ပါယ်ကို ကောက်နုတ်ဖော်ပြချင်လို့ပါ။ အဲဒီစကားလုံးတွေဟာ ပါဠိစာလုံးတွေပါတဲ့၊ အဓိပ္ပါယ်ကို ခုလို ဖွင့်ဆိုထားတာတွေ့ရပါတယ်။
ဂီတ - ရှည်သောအသံဖြင့် သီဆိုအပ်သော စကားအဖွဲ့သီချင်း
ကဗျာ - စာရေးဆရာ ပညာရှိ၏ ဥစ္စာဖြစ်သော သီချင်း
လင်္ကာ - အလင်္ကာရ - နား၏ တန်ဆာသဖွယ် ဖြစ်သော အသံကိုပြုတတ်သော သီချင်း
သီချင်း ဆိုတာကိုတော့ ခုလို ရေးထားပါသေးတယ်။
အကြောင်းချင်းတ တို့ကို သီဆိုသောကြောင့် သီချင်း မည်၏ .. တဲ့။
***
ကဗျာစပ်နည်းကတော့ အမျိုးမျိုးအထွေထွေ ရှိတယ်ဆိုတာ ကိုပြူးကျယ်လည်း သိမှာပါ၊ ကဗျာရဲ့ အခြေခံကတော့ “သံပေါက်” ဖြစ်ပါသတဲ့ ကိုပြူးကျယ်။
ကခြင်း အစ - လက်မြှောက်က
သီချင်း အစ - သံပေါက်က
တီးခြင်း အစ - လက်ခုပ်က .. လို့ ဆိုထားပါတယ်။ သီချင်း ဆိုတာ ကဗျာပဲ ဆိုတော့ ကဗျာ အစ သံပေါက်က လို့လည်း ဆိုကြတာ ကိုပြူးကျယ် ကြားဖူးတယ်မဟုတ်လား။
သံပေါက် ဆိုတာ … အသံပေါက်အောင် ပေါ်လွင်ထင်ရှားစွာ စပ်ဆို စီကုံးထားသော ကဗျာ … လို့ အနက် ဖွင့်ထားတာကို တွေ့ရတယ်။
သံပေါက်စပ်နည်းမှာတော့ ၅ လုံးချ သံပေါက်နဲ့ ၇ လုံးချ သံပေါက်ဆိုပြီး နှစ်မျိုးရှိတယ်ဆိုတာ ကိုပြူးကျယ်လည်း သိပြီးဖြစ်မှာပါ။
ကိုပြူးကျယ် ကြားဖူးခဲ့တဲ့ .. အစ-လေးလုံး၊ အလယ်-သုံး၊ အဆုံး-ငါး-ခွန်နစ် ဆိုတာဟာ သံပေါက်ကဗျာ တခုပါပဲ။ သံပေါက်ကိုလည်း အဲဒီနည်းစနစ်အတိုင်း စပ်ဆိုရပါသတဲ့။
နမူနာ သံပေါက် တပုဒ် ဖတ်ကြည့်ရအောင် ..
ရှင်မဟာသီလ၀ံသရဲ့ ရွှေနန်းတည်မော်ကွန်း နိဂုံးမှာ
-အောင်မြေကြငှန်း၊ ၀-ရွှေနန်း၊ ရစ်သန်းသုံးဖြာကျ။
- ပတ်လည်ဝန်းယှက်၊ ကျွန်းသံလျက်၊ အောင်ချက် မြတ်ဌာန။
- အ၀ပြည်ကြီး၊ စည်လပြီး၊ ၀ှန်သီး ကျွန်းပူရ။
အဲဒါဟာ ၅ လုံးချ သံပေါက်ပေါ့။
၇-လုံးချ သံပေါက်နမူနာကိုတော့ ရှင်နန္ဒဓဇ ရဲ့ စွယ်စုံကျော်ထင်ကျမ်းကို ကိုးကားပြီး ပြထားပါတယ်။
- ကြိယာခြောက်ဆယ်၊ အသွယ်သွယ်၊ အဘယ်ကျမ်းက ထွက်သနည်း။
- သုံးဆဲ့သုံးသွယ်၊ ဗျည်းကကျယ်၊ ဘယ်သူ ဘယ်ဗျည်း စပ်သနည်း။
- ကျယ်လျှင်ကား ချဲ့၊ ပဲ့လျှင် ဖဲ့၊ နွဲ့လျှင်ကား သတ်-ဘယ်ကြောင့်နည်း။
***
ကဲ … ကိုပြူးကျယ်လည်း ဖတ်ရတာလည်း ငြီးနေလောက်ပြီမို့ ဒီနေ့တော့ သံပေါက်တခုနဲ့ပဲ ရပ်လိုက်ပါဦးမယ်။
ကျမကတော့ ဒီစာအုပ်ကို ဖတ်ပြီး အက္ခရာတွေရဲ့ ဆန်းကျယ်ပုံ၊ အသံတွေရဲ့ ထူးခြားပုံ၊ ကာရန်တွေရဲ့ လေးနက်ပုံကို အံ့သြလို့ မဆုံး ဖတ်ရှုလို့မ၀ဖြစ်ရပါတယ်။ သို့ပေသိ စာမျက်နှာ ၅၀၀ နီးပါး စာအုပ်အထူကြီးမို့ အားလုံးလည်း ကျမ ရိုက်မပေးနိုင်ပါဘူး ကိုပြူးကျယ်ရေ …။ ဒါကြောင့်မို့ အားတဲ့အချိန်လေးတွေမှာ အဆင်ပြေသလို ကောက်နုတ်ပြီး ရေးရေးပေးသွားမယ်လို့တော့ ကတိပေးလိုက်ပါတယ်။
ကိုပြူးကျယ်နှင့်တကွ မြန်မာစာ မြန်မာကဗျာ ချစ်သူအပေါင်း နှစ်ထောင်းအားရ ဖြစ်ပါစေ … ရှင်။
***
မေဓာဝီ
18.1.07
10:51 pm
Thursday, January 18, 2007
တခါတုန်းက အေလာ မှာ ...
ဟိုတနေ့ကရေးတဲ့ “ချိုတမြမြ …” ပို့စ်မှာ အေလာအကြောင်းရေးရာက ဟိုးတချိန်တုန်းက အေလာကို အလည်အပတ်ရောက်ခိုက် ကြုံခဲ့ရတာလေးတွေ ပြန်စဉ်းစားမိပြီး အမှတ်ရတာနဲ့ ဒီစာလေး ရေးဖြစ်သွားပါတယ်။
***
အေလာဆိုတာ ပျဉ်းမနားမြို့နယ် လယ်ဝေးမြို့အနီးက တောမြို့ကလေးတမြို့ပါ။ ရန်ကုန်ကနေ ရထားနဲ့သွားရင် ဘူတာမှာ “ဧလာ” ဆိုပြီး ဆိုင်းဘုတ်ကလေး ထောင်ထားတာကိုမြင်နိုင်ပါတယ်။ အမြန်ရထားတွေ မရပ်ဘဲ စာပို့ရထားတို့ လော်ကယ်ရထားတို့သာ ရပ်တဲ့ ဘူတာကလေးပါ။ ပျဉ်းမနား ဒါမှမဟုတ် တောင်ငူမှာ ဆင်းပြီး လိုင်းကားနဲ့ အေလာကို တဆင့်ထပ်သွားရပါတယ်။ ရန်ကုန်ကနေ ကားနဲ့သွားမယ်ဆိုရင်လည်း အေလာကို တိုက်ရိုက်မရောက်ပါဘူး။ ရန်ကုန်မန္တလေး အဝေးပြေးကားလမ်းပေါ်က အေလာသို့ ၃ မိုင် ဆိုတဲ့ ဆိုင်းဘုတ်ရှိတဲ့ လမ်းခွဲကလေးမှာ ဆင်းပြီး မြင်းလှည်းဖြစ်ဖြစ် စက်ဘီးဖြစ်ဖြစ် စီးပြီး သွားရပါတယ်။
ရာသီဥတုအနေအထားကတော့ ပျဉ်းမနားနဲ့တူတူလောက်ပါပဲ၊ အသီးအနှံ အသားငါး လတ်ဆတ်ပေါများပြီး ရေ ရဲ့ အရသာကလည်း ရန်ကုန်နဲ့နီးစပ်ပါတယ်။ ကျမ အညာဘက် ခရီးသွားရင် အဲဒီက ရေတွေကို သောက်လို့ မတတ်ပါဘူး။ ပေါ့သလိုလို ငံသလိုလိုမို့ ရေနွေးကြမ်းလောက်သာ အသောက်များခဲ့ပေမဲ့ အေလာရေ ကတော့ ပါးစပ်နဲ့ သိပ်မစိမ်းတာကြောင့် သောက်ရတာ အဆင်ပြေပါတယ်။
အဒေါ်မိသားစုရှိတဲ့ အေလာမြို့ကလေးကို နွေရာသီ ကျောင်းရက်ရှည်ပိတ်တိုင်း အလည်သွားခဲ့တာမို့ ရထားနဲ့ရော ကားနဲ့ပါ သွားခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက အဒေါ့်ယောက်ျားဟာ အေလာသတ္တုသန့်စင်စက်ရုံမှာ အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတာပါ။ သတ္တုစက်ရုံက အေလာမြို့နဲ့ မလှမ်းမကမ်းမှာရှိပြီး ၀န်ထမ်းအိမ်ရာ လုံးချင်းတိုက်ကလေးတွေကလည်း သပ်သပ်ရပ်ရပ်နဲ့ ယူကလစ်ပင်တန်းနဲ့ လမ်းကလေးတွေကလည်း သာသာယာယာမို့ သီးသန့်မြို့ကလေး တမြို့လိုပါပဲ။
သတ္တုစက်ရုံဝင်းမှာ အိမ်ထောင်သည် အရာရှိတွေရဲ့ လုံးချင်းတိုက်ငယ်ကလေးတွေ၊ လူပျိုလူလွတ်တွေနဲ့ အောက်ခြေ၀န်ထမ်းတွေ နေတဲ့ သစ်သား အိမ်ခန်း တန်းလျားတွေ၊ ဂျီတီအို်င်-တီအိတ်ခ်ျအက်စ် ကျောင်းဆင်းတွေနေတဲ့ အဆောင်တွေ၊ အဲဒါတွေရဲ့ အလွန်မှာတော့ ရေကန်ကြီးတကန် ရှိသလို ရေကန်ကြီးအနီးမှာ ရဟတ်ယာဉ် ဆင်းသက်ရပ်နားတဲ့ ကွင်းလည်းရှိပါတယ်။ ရဟတ်ယာဉ်ကွင်း ရှိရခြင်းကတော့ အဲဒီခေတ် (မဆလခေတ်) အကြီးအကဲကြီးက မကြာခဏဆိုသလို ရဟတ်ယာဉ်နဲ့ အေလာကို သွားလေ့ရှိလို့ပါပဲ။
အေလာဟာ သာမန်တောမြို့လေးတမြို့မို့ တခြားသူတွေအတွက်တော့ ပျင်းဖို့ကောင်းပေမဲ့ ကျမကတော့ အဲဒီလို အေးအေးချမ်းချမ်း ဒေသကလေးမှာ နေရတာ တော်တော်သဘောကျတဲ့အပြင် အဒေါ်မိသားစုကိုလည်း ခင်တွယ်တာကြောင့် နှစ်တိုင်းလိုလို သွားခဲ့တာပါ။ ညနေဆိုရင် မောင်နှမ၀မ်းကွဲတတွေ စက်ဘီးစီးကြ၊ လမ်းလျှောက်ကြ၊ အချစ်သစ်ပင် လို့ ကျမတို့နာမည်ပေးထားတဲ့ ခပ်စောင်းစောင်းကြီးပေါက်နေတဲ့ ယူကလစ်ပင်ကြီးမှာ သွားထိုင်ကြ၊ စက်ရုံဝင်းတခုလုံး ရေပေးတဲ့ ရေစင်ကြီးပေါ် တက်ဆော့ကြနဲ့မို့ ပျော်ဖို့လည်းကောင်းပါတယ်။
စက်ရုံဝန်ထမ်းတွေဟာ အေးအေးချမ်းချမ်းနဲ့ အားလုံး ရိုးသားကြပါတယ်။ အပိုဝင်ငွေအတွက် တချို့ကလည်း မုန့်ဟင်းခါးဆိုင်၊ တချို့ကလည်း အကြော်ဆိုင်၊ တချို့က ကွမ်းယာရောင်း တချို့က ကြက်ဥရောင်းနဲ့ ရိုးရိုးသားသား ရပ်တည်နေကြတာပါပဲ။
ဒီလို ရိုးသား အေးဆေးတဲ့ မြို့ငယ်ကလေးမှာ ကျမရောက်နေခိုက် တရက်တော့ ၀န်ထမ်းမိသားစုတွေထဲ ထူးခြားတဲ့ အမိန့်တခု ရောက်လာပါတယ်။
“စက်ရုံကို လာရောက်ကြည့်ရှုစစ်ဆေးဖို့ရာ အကြီးအကဲကြီး ကြွမြန်းလာမည်ဖြစ်ကြောင်း၊ အဲဒီရက် ဘယ်အချိန်မှ ဘယ်အချိန်ထိ မည်သူမှ လမ်းပေါ်ထွက်မနေရ၊ စက်ဘီးမစီးရ၊ ခြံထဲဆင်းမနေရ၊ အ၀တ်မလှန်းရ၊ အိမ်ပြတင်းများ ဖွင့်မထားရ” .. စတဲ့ အမိန့်တရပ် ထုတ်ပြန်ကြေငြာပါတယ်။
တကယ်တော့ သူတို့အတွက် ဒါက မထူးဆန်းပါဘူး၊ အကြီးအကဲကြီးဟာ မကြာခဏဆိုသလို စက်ရုံကို လာရောက်တတ်တယ်လို့ ဆိုပါတယ်။ အေလာ သတ္တုသန့်စင်စက်ဟာ ရွှေသန့်စင်ပေးတဲ့ နေရာဖြစ်လို့ ရွှေချစ်သူ အကြီးအကဲကြီး မကြာခဏကြွမြန်းနေကျ ဆိုတော့ ဒါတွေက ၀န်ထမ်းများအဖို့ ရိုးနေပါပြီ။ တနှစ်မှ တခါလောက်အလည်ရောက်တဲ့ ကျမအတွက်တော့ ဒီအမိန့်မျိုး မကြုံစဖူး ထူးဆန်းနေတာပေါ့။ အားလုံးဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စလိုသဘောထားပြီး အဲဒီနေ့အတွက် အိမ်ထဲမှာသာ အောင်းနေကြပါတယ်။
ပြတင်းတံခါးတွေပိတ် ခန်းဆီးတွေချပြီး ပူပူအိုက်အိုက် နေနေကြရင်း တော်တော်လေးကြာတော့ ရဟတ်ယာဉ်စက်သံ ကြားရပါတယ်။ စပ်စုချင်တဲ့ ကျမလည်း ခန်းဆီးကြားက အသာလေးချောင်းကြည့်တော့ ရဟတ်ယာဉ် ၃ စီး ကောင်းကင်မှာ ၀ဲပျံနေတာကိုတွေ့ရတယ်။ စစ်ရောင်က ၂ စီးနဲ့ အဖြူရောင်ယာဉ်ကြီးက တစီးပါ။ အားလုံးရဲ့ အထင်မှာတော့ အကြီးအကဲကြီးဟာ အဖြူရောင်ရဟတ်ယာဉ်နဲ့ စီးနင်းလိုက်ပါလာတယ် လို့ ထင်ကြမှာပါပဲ၊ ဒါပေမဲ့ ဒါဟာ လှည့်ကွက်တခုပါ။ တကယ်တမ်းတော့ စစ်ရောင် ရဟတ်ယာဉ်နဲ့သာ လိုက်လာတယ်လို့ နောက်မှ သိရပါတယ်။
နယ်မြေအခြေအနေကို စိတ်တိုင်းကျ အကဲခတ်ပျံသန်းပြီးနောက်ဆုံးမှာ ရဟတ်ယာဉ်ရပ်နားရာကွင်းမှာ ဆင်းသက်ပါတယ်။ သူရောက်လာပြီဆိုရင်ဖြင့် ဒီဂျီကအစ အရာရှိကြီးငယ် အပါအ၀င် ဟိုး အောက်ခြေ၀န်ထမ်း အထိ မအား မနားရတော့ပါဘူး။ ညဘက် ဧည့်ဂေဟာမှာ အိပ်မယ်ဆိုတော့ သူက “ကြက်တွန်သံ အိမ်မြှောင်စုတ်ထိုးသံ မကြားချင်ဘူး” လို့ မြွက်ဟ လိုက်တာနဲ့ နောက်တော်ပါ ဗိုလ်မှူးတွေ အလုပ်ရှုပ်ရ ပြန်ပါတယ်။ သားရေကွင်းတဖက် ပလတ်စတစ်အိတ် တဖက်နဲ့ ဧည့်ဂေဟာက အိမ်မြှောင်တွေကို ညတွင်းချင်း သုတ်သင်ရတဲ့ ဗိုလ်မှူးကြီးတွေရဲ့ ပုံစံကို မြင်ယောင်ပြီး ကျမဖြင့် ခုထိ ရယ်ချင်နေမိတယ်။ ဒါဟာလည်း တိုက်ပွဲ တခုပေပဲလား …။
နောက်တခါ ကျမရောက်နေတုန်း ၀န်ကြီးချုပ်လာတာနဲ့ ကြုံဖူးပါသေးတယ်၊ ၀န်ကြီးချုပ်လာတော့လည်း အဲဒီလိုပါပဲ၊ ရှေ့တော်ပြေးတွေ နောက်တော်ပါးတွေ အခြွေအရံ အသင်းအပင်းတွေနဲ့ ကြွချီလာတဲ့ ၀န်ကြီးချုပ်ဟာ အစားကို သိပ်မမက်ရှာဘူးထင်ပါရဲ့၊ အမိန့်ပေးပုံက “ဘီယာနဲ့မြည်းရန် စာကလေး အကောင် ဘယ်နှစ်ရာ၊ စနိုက် အကောင် ဘယ်နှစ်ရာ အမြန်ရှာစေ” ဆိုပြီး မှာပါတယ်။
မနက်မနက်ဆို ယူကလစ်ပင်တွေထက်မှာ ကျလိကျလိနဲ့ နားညည်းအောင် အော်မြည်နေကြတဲ့ စာကလေးသံတွေ နားထောင်ရင်း … ဟိုလူကြီး ခဏခဏ လာရင်တော့ ဒင်းတို့လေးတွေ မျိုးပြုတ်ရချည့်လို့ ကျမ တွေးခဲ့မိပါတယ်။
စက်ရုံတည်ခါစက အဖြစ်အပျက်တခုလည်း ဦးလေးပြောပြလို့ ခုထိမှတ်မိနေပါသေးတယ်။ စက်ရုံတည်ပြီးတော့ ထုံးစံအတိုင်း အကြီးအကဲကြီးက လာရောက်ကြည့်ရှုစစ်ဆေးမယ်ပေါ့။ ဒါနဲ့ပဲ လှအောင် ပအောင် စိမ်းလန်းစိုပြေနေအောင် ၀န်ထမ်းတွေခမျာ ကြံရ ဖန်ရရှာတယ်၊ တည်ခါစမို့ သစ်ပင်ပန်းမာန်တွေကမရှိ ခြောက်တိ ခြောက်ကပ်နဲ့ ဆိုတော့ ထင်းရူးပင်တို့ ယူကလစ်ပင်တို့ကို တခြားတနေရာက တူးယူလာပြီး အသာလေး တန်းစီစိုက်ထားတာပေါ့၊ ဖြစ်ချင်တော့ လာမယ်လို့ ပြောထားတဲ့နေ့မှာ ရောက်မလာပါဘူး၊ အကြောင်းတခုခုကြောင့် နောက်ရွှေ့လိုက်တော့ ဖော်ရှိုးလုပ်ထားတဲ့ သစ်ပင်ကြီးတွေခမျာ အရွက်တွေ ညှိုးယော်ကုန်ပါရောတဲ့။ နောက် တကယ်လာမဲ့နေ့လဲကျရော .. ညှိုးနေတဲ့ သစ်ရွက်တွေကို အစိမ်းရောင်ဆေးတွေ စပရေးနဲ့ဖြန်းပြီး အရွက်စိမ်းစိမ်းဖြစ်အောင် ဖန်တီးလိုက်ရပါသတဲ့။
***
ခုတော့လည်း အကြီးအကဲကြီးလည်း မရှိ၊ ၀န်ကြီးချုပ်ကြီးလည်း မရှိတော့ပါဘူး။ ဟိုတချိန်က သူတို့ဒီလိုတွေ အာဏာယစ်မူး မင်းမူခဲ့ပြီး လူတွေ တိရစ္ဆာန်တွေကို ဒုက္ခပေးခဲ့တာဟာ နောက်ဆုံးမှာတော့ ကိုယ်သာပြန်ခံရတယ် ဆိုတာ မသေခင် သံဝေဂရသွားကြပါ့မလား လို့ စဉ်းစားမိတယ်။
ဘယ်အရာမှ မတည်မြဲတဲ့ လောကကြီးမှာ ကိုယ်ချင်းစာတရား ကိုယ်စီထားကြပြီး အတ္တတွေ လျော့နိုင်ကြမယ်ဆိုရင်ဖြင့် … လောကကြီးဟာ ငြိမ်းချမ်း သာယာနေမှာ အမှန်ပဲ မဟုတ်ပါလား။
***
18.1.07
1:50 pm
Wednesday, January 17, 2007
ကိုယ့်ကံကြမ္မာကို ကိုယ်မဖန်တီးနိုင်ကြသူများ ...
တလောက (ခရစ်စမတ်မတိုင်ခင်) ကျမရဲ့ဆရာတယောက် အိမ်ကိုရောက်လာပါတယ်။
ဆယ်တန်းတုန်းက သင်္ချာပြတဲ့ဆရာပါ။ ဆရာက စာပြတဲ့အပြင် ရန်ကုန်မြို့နဲ့ မလှမ်းမကမ်း ဒေသလေးတွေမှာ စိုက်ပျိုးရေးလုပ်ငန်းလည်း လုပ်ပါတယ်။ သူ လာရင်း ကိစ္စကတော့ ကျမကို အီးမေးလ် ပို့ခိုင်းချင်လို့ပါပဲ။
ဆရာက ၀က်ဘ်ဆိုက် လိပ်စာ ၂ ခု ပြပြီး ကျမနားလည်အောင်ရှင်းပြတယ်။ သူက ထိုင်းနိုင်ငံမှာရှိတဲ့ ကုမ္ပဏီကြီးတခုဆီ လှမ်းပြီး ရွက်ဖြန်းဆေး မှာချင်တာပါ။
“ပိုးသတ်ဆေးလား ဆရာ”
“အဲဒီဆေးက ပိုးသတ်ဆေး မဟုတ်ဖူး .. သမီးရဲ့၊ ပိုးကောင်တွေ မကြိုက်တဲ့ အနံ့ထည့်ထားတော့ ပိုးမကပ်နိုင်တာ၊ ပိုးသေတာမဟုတ်ဖူး၊ လူကိုလည်း ဘေးဥပဒ်မဖြစ်စေဘူး၊ တောင်သူလယ်သမားတွေ တအားအသုံးတည့်တယ်၊ ဈေးကလည်း သင့်တင့်တယ်ဆိုတော့ သူတို့သိပ်ကြိုက်ကြတယ်၊ အရင်ကအမြဲသွင်းနေတဲ့ အမျိုးသမီးက အခု အဲဒီပစ္စည်းမသွင်းတော့လို့ …”
ဆရာ့ကိုကူညီပေးပါမယ်လို့ ကတိပေးပြီး တခြား အာလာပသလ္လာပ စကားတွေဆက်ပြောဖြစ်ကြရင်းနဲ့ … ဆရာ့ စိုက်ပျိုးရေး လုပ်ငန်းရော အဆင်ပြေလား မေးမိတယ်၊ မိုးတွင်းတုန်းက ရေကြီးလို့ ဆရာ့ကွမ်းပင်တွေ ဂျင်းပင်တွေ တော်တော် ဆုံးရှုံးသွားတယ်ဆိုလို့ပါ။
ဆရာကသူ့လုပ်ငန်းအခြေအနေထက် တောင်သူလယ်သမားတွေ အလုပ်သမားတွေ ဒုက္ခရောက်တဲ့အကြောင်း ကျမကို ခုလိုပြောပြပါတယ်။
“ဈေးတွေက အစစအရာရာကြီးတော့ သူတို့တွေ သိပ်ဒုက္ခရောက်တာပဲ၊ သူတို့စားတဲ့ဆန်ဆိုတာ သမီးမြင်ရင် အံ့သြသွားမယ်၊ ထမင်းချက်ပြီးသားကို ဖွင့်ကြည့်လိုက်ရင်တောင် နီရဲနေတာပဲ။ ဒီလိုဆန်မျိုးကို အဲဒီမှာတင် ဈေးကြီးပေးပြီး ၀ယ်စားရတာ …”
“တပြည် ဘယ်လောက်မို့လဲ ဆရာ”
“သမီး ဒီမှာဆို အခွန်လွတ်ဈေးတို့ဘာတို့မှာ သွားဝယ်ရင် တပြည် ၄၅၀ - ၅၀၀လောက် ရဦးမယ်၊ ဟိုမှာ တပြည် ၆၀၀-၆၅၀ နဲ့ ၀ယ်စားရတာကို ဆန်ဖြူမရဘူး၊ ဒါတောင် စပါးစိုက်တဲ့ နေရာနော်”
“ဟင် ဟုတ်လား …. သူတို့ ၀မ်းစာစပါးတွေ ချန်မထားဘူးလား”
“၀မ်းစာဆိုတာ ကြိုတင်ယူပြီးစားနှင့်လို့ ကုန်ပြီလေ၊ ကောက်သစ်ပေါ်ချိန်ဆို အလုပ်တွေတအားများတော့ လယ်ပိုင်ရှင်တွေက အလုပ်သမားတွေကို ကြိုတင်ပေးပြီးခေါ်ရတယ်၊ စပါးဆို စပါး၊ ပိုက်ဆံဆို ပိုက်ဆံကြိုပေးပြီးတော့ ပေါ့၊ အဲဒါတွေရတာနဲ့ သူတို့က ကြိုသုံးလိုက်ရော၊ နောက်ပိုင်းကျ ပြန်ဝယ်စားကြ ရတယ်လေ… ဒီလိုနဲ့ပဲ လုံးလည်လိုက်နေကြရတာ”
“……….”
“ပြီးတော့ အဲဒီလို ဆန်နီကြမ်း ထမင်းကို ဘာနဲ့စားရတယ်မှတ်လဲ၊ ငပိရည်တမျိုးထဲနဲ့နော်၊ ဟင်းမပါဘူး၊ တို့စရာဆိုတာကတော့ အလေ့ကျပေါက်တဲ့ အရွက်လေး ဘာလေး ခူးပြီး တို့လို့ရတယ်လေ၊ အဲဒီ ငပိရည်ကိုလည်း ငရုတ်သီးမှုန့်တောင် မထည့်နိုင်ဘူး၊ ငပိရည်ကျဲ ပလိန်းသက်သက် နဲ့ ထမင်းနဲ့ စားရတာ …ပြီးတော့ သမီးကိုပြောရင် ရယ်စရာပြောတယ်ထင်အုံးမယ် … ရယ်စရာမဟုတ်ဖူး တကယ် … တခါတလေ ဆရာက ကိုယ့်အလုပ်သမားတွေအတွက် ငရုတ်သီးမှုန့်ဝယ်သွားရင် ဒီကောင်တွေ သံသေတ္တာထဲ သော့ခတ် သိမ်းထားတာကွ”
“အယ် … ငရုတ်သီးမှုန့်ကို သော့ခတ်သိမ်းတယ် ….”
“ဟုတ်ပ … သမီးရေ … စားချင်တော့မှ အသာလေး ခွက်လေးနဲ့ နဲနဲ ခွဲယူပြီး ထည့်စားရတာ … အဲဒီလို ငပိရည်ထဲ ငရုတ်သီးမှုန့်ထည့်စားနိုင်တဲ့သူက သူဌေးပဲ”
“ဟင်း …. ဒုက္ခပါပဲနော် …”
“ပြီးတော့ ဒီကောင်တွေက အရိုးစွဲနေတဲ့ အကျင့်တခုကို ဖျောက်ပေးဖို့ တော်တော်ခက်တယ်ကွ၊ ပညာမတတ်တာလဲ ပါတယ်၊ ၂ တန်း ၃ တန်း တက်ဖူးတဲ့သူက သူတို့ထဲမှာ ဆရာကြီးပဲ၊ ဘုန်းကြီးကျောင်းမှာ သေစာ ရှင်စာ ရေးတတ်တဲ့သူဆိုလဲ ဆရာကြီးပဲ … များသောအားဖြင့် ကျောင်းမနေဖူးတဲ့သူတွေချည်းပဲ … အဲဒီတော့ သူတို့အတွေးတွေ အမြင်တွေက တမျိုးတွေဖြစ်နေတာပေါ့ကွာ … သွားပြောလို့လဲ တော်ရုံတန်ရုံ လက်မခံကြဘူး၊ ဆရာ ဆိုရင် နားဝင်အောင် ပြောတတ်ပါတယ်၊ ဒါပေမဲ့ ပြောလွန်းလို့ ဆရာလဲ အာပေါက်ရုံပဲ … သူတို့ သိပ် လက်မခံချင်ဘူး၊ ဒါကြောင့် … အခု ဒီရွက်ဖြန်းဆေးကို သူတို့အရမ်းလိုအပ်နေလို့ သူတို့အတွက် မှာပေးရတာ၊ ကိုယ်က သူတို့လိုအပ်တာလေး တခုခု လုပ်ပေးလိုက်လို့ အဆင်ပြေသွားပြီဆိုတော့မှ သူတို့ကိုယ့်စကား နားထောင် လက်ခံကြမှာလေ”
ဆရာစိုက်ပျိုးရေးလုပ်တဲ့နေရာက တွံတေးမြို့နယ်မှာပါ၊ ရန်ကုန်နဲ့သိပ်မဝေးတဲ့ အဲဒီလိုနေရာမျိုးမှာတောင် လူနေမှုအဆင့်အတန်း ပညာရေးအဆင့်အတန်းက နိမ့်ကျလွန်းနေတော့ ဒီထက်ဒီ အစွန်အဖျား ဝေးလံ သီခေါင်တဲ့ အရပ်ဒေသတွေမှာဆို ဘယ်လိုနေရှာပါလိမ့်လို့ ခပ်ဆိတ်ဆိတ်နေရင်းက တွေးနေမိပါတယ်။
ဆရာပြန်သွားတော့ ပေးသွားတဲ့ ၀က်ဘ်ဆိုက်လိပ်စာ အတိုင်း အင်တာနက်မှာ ရှာပေးခဲ့တယ်။ ဆရာပြောတဲ့ ၀က်ဘ်ဆိုက်ကလည်း မှားနေပါတယ်၊ လိပ်စာပဲပြောင်းသွားလို့လားမသိ၊ နောက်ဆုံး ကြိုးစားရှာဖွေရင်းနဲ့ အဲဒီကုမ္ပဏီနဲ့ အီးမေးလ် အချိတ်အဆက်ရ သွားပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကို သူတို့တင်သွင်းပေးမှာ ဖြစ်ကြောင်း မြန်မာပြည်မှာ ဘယ်သူနဲ့ ဆက်သွယ်နိုင်ကြောင်း ပြန်အကြောင်းကြားလာပါတယ်။ မနေ့က ဆရာ့ကိုတွေ့လို့မေးကြည့်တော့ ဆရာက အဆင်ပြေသွားပြီ ပစ္စည်းတွေရောက်နေပြီလို့ ၀မ်းသာအားရပြောတယ်။
ဆရာနဲ့ထပ်တူ ၀မ်းသာပေမဲ့လို့ မြန်မာပြည်က တောင်သူလယ်သမားတွေရဲ့ဘ၀ဟာ ဘယ်တော့များမှ မြင့်မားလာမလဲဆိုတာ ကျမ ဇဝေဇ၀ါနဲ့တွေးနေမိပါတယ်။ ဆရာကြီးမောင်ထင် ရေးတဲ့ “ငဘ” ၀တ္ထုရဲ့ အဖွင့်စာမျက်နှာမှာ “ကိုယ့်ကြမ္မာကိုယ် မဖန်တီးနိုင်ကြရှာသော ဗမာပြည်မှ ငဘ များသို့” .. လို့ ရည်ညွှန်း ရေးသားထားတာ မှတ်မှတ်ရရ ဖတ်ခဲ့ဖူးပါတယ်။
အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ဖဆပလခေတ်၊ တော်လှန်ရေးကောင်စီခေတ် ကနေ ..ခေတ်တွေအမျိုးမျိုးပြောင်းလို့ အခုခေတ်ထိ …တောင်သူလယ်သမားတွေရဲ့ဘ၀ဟာ ကိုယ့်ကြမ္မာကိုယ် မဖန်တီးနိုင်ခဲ့ကြပါဘူး။ တိုးတက်လာဖို့ နေနေသာသာ တဖြည်းဖြည်း ပိုပိုပြီးသာ ဆုတ်ယုတ် နိမ့်ကျနေကြပါပြီ။
ဒီလိုနဲ့ပဲ ရှင်သန်နေထိုင်ရင်း တင်းတိမ်ရောင့်ရဲရင်း အဘိုးခေတ်ထက် အဖေခေတ်ကနိမ့်ကျ အဖေခေတ်ထက် သားခေတ်က နိမ့်ကျရင်းနဲ့ … အ၀ီစိထဲ ရောက်တော့မယ် … နောက်ထပ်ဘယ်လောက်ထိများ ဆက်လက် နိမ့်ကျနေကြအုံးမှာလဲ လို့ စိတ်ပျက်လက်ပျက် တွေးမိပါတော့တယ်။
***
17.1.07
4:04 pm
Tuesday, January 16, 2007
ဈေးဝယ်ထွက် ညည်းချင်း
ခုရက်ပိုင်း နှစ်ရက်ခြား သုံးရက်ခြားဆိုသလို မနက်ခင်းတွေမှာ ခေါင်းကိုက်ကိုက်နေပါတယ်။ ဘာကြောင့်ရယ်မသိပေမဲ့ သတိထားမိတာတော့ ကျမဈေးဝယ်ထွက်ရမဲ့ မနက်ခင်းမျိုး ဖြစ်နေတတ်တာပါ။ တိုက်ဆိုင်တာလို့ ဆိုရလေမလားမသိ။ တကယ်ပဲ ဈေးသွားရမယ့် မနက်မနက်ဆို ခံရခက်စွာ ခေါင်းထဲက ကိုက်လှပါတယ်။ အဲဒီလိုနေ့မျိုးဆိုရင် လူကလည်း ခပ်မှိုင်းမှိုင်း … စိတ်တွေလည်း ထုံထိုင်းထိုင်းနဲ့ ခါတိုင်းလို မဟုတ်တာကြာပါပြီကော။
အမေခရီးသွားခါစ ဈေးစသွားစဉ်ကာလတုန်းကတော့ ဒီလိုမဟုတ်ပါဘူး။ မနက်ခင်း အညောင်းပြေ လမ်းလျှောက်တယ် သဘောထားပြီး ဈေးခြင်းတောင်းလေးဆွဲ …ပေါ့ပေါ့ပါးပါး ဈေးသွားခဲ့တာပါပဲ။
ဈေးတန်းထဲလမ်းလျှောက်ရင်း ကောင်းနိုးရာရာ ချက်စားဖို့စဉ်းစား ၀ယ်ခြမ်းရင်း အဆင်ပြေနေခဲ့ပါတယ်။
တဖြည်းဖြည်းနဲ့ ဈေးဝယ်သက်က ရက်ပိုင်းကနေ လပိုင်းကူးပြီး ကြာလာတာနဲ့အမျှ ဈေးသွားရတာ စိတ်ဓာတ်ကျ ကျလာပါတော့တယ်။
အမေသွားခါစ ..အောက်တိုဘာလကုန်ပိုင်းတုန်းက ကြက်သွန်နီ တပိဿာ အလတ်စားဆို ၁၈၀၀- ၂၀၀၀ကျပ် ၀န်းကျင်ကနေ .. အခုတော့ ၂၅၀၀ ဆိုတာတောင် ခပ်ညံ့ညံ့အမျိုးအစားဖြစ်နေပြီ။ ၂၈၀၀ - ၃၀၀၀လောက်မှ အသင့်အတင့်ရပါတယ်။ ကြက်သွန်ဖြူ၊ အာလူးနဲ့ ငရုတ်သီးမှုန့် တို့လည်း ထိုနည်းလည်းကောင်းပါပဲ။ ကြက်သွန်ဖြူ၊ နီ ငရုတ်သီးဆိုတာမျိုးဟာ ဟင်းချက်ရင် မပါမဖြစ်ဆိုတော့လည်း ဈေးဘယ်လောက်တက်တက် မ၀ယ် မဖြစ် ၀ယ်နေရတော့တာပေါ့။
ပဲဆီကလည်း ၃၂၀၀ဈေးတဲ့။ စားအုန်းဆီတောင် ၂၀၀၀ ကျော်နေပြီလို့ပြောကြတယ်။ အရင်ကဆို ဆီကို ဘုန်းဘောလအော သုံးနေကျ ကျမဟာ အခုလိုကိုယ်တိုင်ဈေးဝယ်ရမှ တော်တော်လေးကို ချွေတာတတ်နေပါပြီ။ ဆီတပိသာကို ဘယ်နှစ်ရက်သုံးရတယ် ဆိုပြီး မှတ်သားသုံးစွဲတတ်နေပါပြီ။ အရင်ကလို အားနေ ဟိုဟာကြော်စား ဒီဟာကြော်စား မလုပ်တော့တဲ့အပြင် တချို့ဟင်းဆို ဆီသတ်တောင်မချက်တော့ဘဲ လုံးချက်ကလေးတွေပဲ ချက်စားတတ်နေပြီ။
ဒီလိုနဲ့ ဈေးသွားရမဲ့နေ့ ရောက်လာပြန်ပြီပေါ့။ ရှောင်လွှဲလို့လည်း မရတဲ့အဆုံး ကြုံးရုန်းထပြီး ဈေးကိုအသွား ဦးကြင်ဥကို အားကျတာကြောင့် ညည်းချင်း ခေါ်မလား ဖြီးချင်း ခေါ်မလား ဘာခေါ်ခေါ် ကြိုက်သလိုခေါ်နိုင်တဲ့ ကဗျာမဟုတ် ဘာမဟုတ် ကဗျွတ် ကဗျောင် ကဗျက် တပုဒ် အတွေးစုတ်စုတ်နဲ့ ရေးထုတ်လိုက်ရကြောင်းပါ။
***
ရော … သည်တခါ မေဓာဝီ ပျင်းမရ၊ ဟင်းချကာ အတင်းထပါလို့၊ ခြင်းမ-ကာ ဈေးကိုလစ်ရတယ် … ကွယ် … ညစ်ပြန်ပေါ့ မနက်ခင်း။
သက်ပြင်းကို အသာချပါလို့၊ ပါသမျှပိုက်ဆံလေးရယ်နဲ့၊ ဈေးဘယ်လို ၀ယ်ရပါ့၊ အကြံရခက်ပါဘိတောင်း၊ ခေါင်းကိုသာတွင်တွင်ကုတ်၊ ငုတ်တုတ်ဖြင့်မေ့ချင်ပြီ၊ ဆီကလည်း ဈေးတွေတက်၊ ရေနဲ့ချက်မရလို့သာပ၊ ချက်ရရင် ရေလုံပြုတ်၊ အဟုတ်သာ စားလိုက်ချင်တော့ရဲ့၊ သြော် ဘယ့်နှယ့် လုပ်ရပါ့၊ ဒုက္ခ … ဒုက္ခ … ဒုက္ခ … ပါတကား။
ကြက်သွန်နီ/ဖြူ အာလူး၊ မထူးပေါင် အတက်သာရှိပေသမို့၊ ခက်ပါဘိလို့ တိတ်တခိုးညည်း၊ လိပ်ကျိုးကြီး လမ်းသွားသလို၊ ဈေးတန်းမှာ စမ်းတ၀ါးဝါး၊ လမ်းသလားကာ ဟိုသည်ကြည့်နေသမို့၊ လာပါလို့ လှမ်းကာခေါ်၊ ဒီမှာနော် ၀ယ်မှာလား၊ ငါးကြင်းက သုံးရာ့ငါးဆယ်၊ ငါးဖယ်က ရှစ်ရာဈေး၊ ညစ်ကာတွေးမနေနဲ့ ၀ယ်လို့ချက်၊ ၀က်သားက လေးရာ၊ ဘယ်ဟာကို စားမလဲ၊ အားခဲကာ စဉ်းစားလျက်၊ တွက်ချက်ရပြန်တော့တယ်။
ဈေးတန်းက အိမ်အပြန်၊ လက်ကျန်ငွေ နတ္ထိပေမို့၊ သတ္တိရှိရှိ ခေါင်းကိုမော့လို့၊ တောင်းကိုတော့ ဆွဲခဲ့ပါတယ်၊ ကဲ … ဒီနေ့ ချက်စရာ၊ ဒီမှာလေ ချဉ်ပေါင်ရွက်၊ ကြက်သွန်တတက်- ဆီတစက်နဲ့ ချွေတာရေးဟင်းချက်ပေရော့၊ ဟော့ဟိုမှာလေ … ငပိရည် နှစ်ရာဖိုး၊ ဆားထိုးလို့ ရေရော၊ ငရုတ်သီးမှုန့်မနှောဘဲ၊ ကျဲတောက်တောက် ညိုတိုတို၊ ဒီလိုသာ မြိုကြပါစို့၊ တို့စရာက ဆလတ်ရွက်၊ လိုက်ဖက်လို့ညီပါသည်၊ ဗီတာမင် အပြည့်အ၀၊ အားပါးတရ စားကြပေတော့၊ သွားပြန်ပေါ့တရက်၊ ဈေးဝယ်ထွက် မနက်ခင်း၊ ညည်းချင်းဖွဲ့ မဖြေသာပြီ၊ မေဓာဝီ ရူးချင်ပေါ့လေး။ ။
***
15.1.07
11:54 pm
Monday, January 15, 2007
ချိုတမြမြ … ခါးသလေလေ့ …
တနေ့က အနောက်ဖက်အိမ်က အမကြီးတွေဆီရောက်တော့ သူတို့ဟင်းချက်နေတာနဲ့ မီးဖိုထဲထိဝင်သွားပြီး စကားစမြည်ပြောဖြစ်ပါတယ်။ ပြန်တော့မယ်လို့ နှုတ်ဆက်ခါမှ … ခဏလေး ခဏလေး ဆိုပြီး ကြောင်အိမ်ပေါ်တင်ထားတဲ့ ပုလင်းတလုံးကိုယူလို့ ဖန်ခွက်ထဲ အရည်လေးတွေငှဲ့ပေးပြီး ..
“ထရေ (ထန်းရည်) ချိုလေး ၀ယ်ထားလို့ သောက်ကြည့် အရမ်းချိုတာပဲ” လို့ ပေးလာပါလေရော။
ကရင် ထန်းလျက်အိုးတွေ့တယ်ဆိုမလား၊ ရခိုင်ငပိအိုးတွေ့တယ်ဆိုမလားဘဲ ..။ ကျမလည်း ထန်းရည်ပုလင်း နဲ့တွေ့တော့ မငြင်းဘဲ သောက်လိုက်မိတော့တာပေါ့။
ချိုလည်း အတော်ချိုပါတယ်။
ရှလည်း အတော်ရှပါတယ်။
ဒါပေမဲ့ တခွက်သောက်အပြီးမှာ ချိုချိုရဲရဲ ပါးစပ်ထဲ ချွဲသွားလို့ ထန်းရည် မစစ်ဘူးဆိုတာတော့ အတွေ့အကြုံအရ လျှာက သိလိုက်သား။ အားနာလို့သာ ဘာမှမပြောလိုက်တာ၊ နောက်တခွက် ထပ်မသောက်ဖြစ်တော့ပါဘူး။
ထပ်မသောက်ဖြစ်ပေမဲ့ သောက်ခဲ့ဖူးတဲ့ ထန်းရည်တွေအကြောင်း သတိရလို့ .. ဒီစာကိုရေးလိုက်ရပြန်ပါပြီ။
***
ထန်းရည်ကို စသောက်ဖူးတဲ့အရွယ်က တော်တော်တော့ ငယ်ပါသေးတယ်။ ဘယ်အရွယ်လဲတော့ မမှတ်မိတော့ဘူး။ ထန်းရည်ဆိုတာဘယ်လိုရမှန်းမသိ၊ အုန်းရည်လိုမျိုး အသီးထဲပါလာတဲ့ အရည်လို့သာ ထင်နေသေးတဲ့အရွယ်ပေါ့။
တရက် .. အဖေတို့ အသိတွေ သာယာဝတီဘက်က အိမ်ကိုလာလည်ကြတော့ ထန်းရည်တွေ ပုံးကြီးနဲ့ တပုံး ပါလာပါတယ်။ ထန်းရည်ချိုသောက်ရင် ဆီးကောင်းတာလား ဘာကောင်းတာလဲတော့မသိပါဘူး၊ လူကြီးတွေလည်း သောက်ကြတော့ ကျမလည်း တခွက်တဖလား ၀င်နွှဲပါတယ်။ အဲဒီအရွယ် ခပ်ငယ်ငယ်ထဲက ထန်းရည်ရဲ့ အရသာကို တခွက်သောက်လိုက်တာနဲ့ ကြိုက်သွားတယ်ထင်ပါရဲ့။ ဒါနဲ့ပဲ ခွက်ကလေး ထိုးထိုးပေးပြီး ဘယ်နှစ်ခွက်မှန်းမသိ သောက်နေခဲ့တာ။ သောက်နေရင်း ပျင်းလာတာနဲ့ ဟိုဟိုဒီဒီကြည့်တော့ ကြောင်အိမ်ပေါ်မှာတင်ထားတဲ့ ပဲကြီးလှော်ပုလင်း သွားတွေ့တယ်။ ဒါနဲ့ ပဲလှော်လက်တဆုပ်ကို အိတ်ထောင်ထဲ ထည့်ပြီး ထန်းရည်လေးသောက်လိုက် ပဲလှော်လေးဝါးလိုက်နဲ့ ဟုတ်နေတော့တာပေါ့။ အဲဒါကို မြည်းတယ်ရယ်လို့လည်း မသိပေါင်။ အဟုတ်ပြောတာ။
ဝမ်းကွဲအကိုက မြင်တော့ မေးတယ်။ ဘာတွေစားနေတာတုန်း … ဆိုတော့၊ ပဲကြီးလှော် ..ပေါ့။ တဖက်မှာက ထန်းရည်၊ ဆိုတော့ကာ အကို့မှာ အံ့အားတွေသင့်ပြီး ထန်းရည်ကို ပဲလှော်နဲ့မြည်းရတယ်လို့ နင့်ဘသူပြောတုန်း လို့မေးတယ်၊ ဟင့်အင်း မသိဘူးလေ … စားချင်လို့စားတာပဲ စားလို့ကောင်းသားပဲ … ဘာဖြစ်လို့လဲ … ဆိုတော့ …သြော် ..တောက်မဲ့မီးခဲ တရဲရဲ .. သင်မပေးဘဲ တတ်ရှာတယ်ဆိုပြီး နားရွက်ဆွဲလွှတ်လိုက်တာပါပဲ။
ထန်းရည်ရဲ့ အရှိန်ကလည်း တက်နေ အကိုကလည်း နားရွက်ဆွဲလိုက်တော့ နားရွက်ဖျားကပူပူထူထူနဲ့ ခဏအကြာ လူလည်း ရီဝေေ၀ဖြစ်ပြီး အိပ်ပျော်သွားတယ်ထင်ပါရဲ့။
အဲဒါကတော့ ပထမဆုံး ထန်းရည်သောက်ဖူးခြင်းပါ။
နောက် .. ရှစ်တန်း ကိုးတန်း နှစ်လောက်မှာ အဒေါ်မိသားစုရှိတဲ့ ပျဉ်းမနားမြို့နဲ့ မနီးမဝေး အေလာဆိုတဲ့ တောမြို့ကလေးကို နွေကျောင်းပိတ်ရက် အလည်အပတ်ရောက်ရာက ထန်းရည်နဲ့ ပြန်တွေ့ပါတော့တယ်။
အဲဒီအချိန်ကျတော့ …
နွေဦးကာလ မြူထသောခါ … ဘာဘာညာညာတွေ သင်ဖူး ဖတ်ဖူးထားပြီမို့ ထန်းနဲ့ပတ်သက်တဲ့ ဗဟုသုတလည်း ရတန်သလောက်တော့ ရနေပါပြီ။
ကျမကြိုက်မှန်းသိလို့ အဒေါ်ရဲ့သားလေးက ရွာထဲကနေ ထန်းရည်တွေဝယ်ဝယ်လာပြီး တခါတရံ ကျမကို ဧည့်ဝတ်ပြုလေ့ရှိပါတယ်။ တော်တော်အလိုက်သိတဲ့ မောင်လေးပါ၊ (အဲဒီကျေးဇူးတွေ ဆပ်တဲ့အနေနဲ့ ဟိုတလောက သူ့ကို ဘီယာပြန်တိုက်လိုက်ရပါသေးတယ်။)
တနေ့တော့ ဦးလေးက အေလာနဲ့ မနီးမဝေး (ဘယ်နှစ်မိုင်ကွာလဲ မမှတ်မိတော့ပါဘူး)ကြောင်ရေရွာက သူ့တပည့်အိမ်ကို သွားကြမယ် လိုက်ခဲ့လို့ ခေါ်တာနဲ့ စက်ဘီးလေးတွေ ကိုယ်စီနင်းရင်း ကြောင်ရေရွာကို သွားကြတယ်။ ဦးလေးရဲ့ တပည့်က စပယ်ရှယ်ထန်းရည်နဲ့ အမြည်းစုံကို စီစဉ်ထားတာပါ။ ကြောင်ရေက ထန်းရည်ကနာမည်ကြီးဆိုပဲ၊ ဟုတ်မဟုတ်တော့ မသိပါဘူး၊ သောက်လို့တော့ ကောင်းသား။
ဦးလေးတပည့် ကိုယ်တိုင်ချပေးတဲ့ ထန်းရည်စစ်စစ်တွေကို မြူအိုးလေးထဲကနေ ခပ်ခပ်သောက်ရင်း ဘယ်နှစ်အိုးကုန်မှန်းမသိ တော်တော်သောက်လိုက်ကြပါတယ်။ အမြည်းတွေအစုံပါပေမဲ့ ထန်းရည်နဲ့ လိုက်ဖက်အညီဆုံးကတော့ ပဲခြမ်းကြော်သုတ်ပါ။
ကြက်သွန်နီများများ၊ ငရုတ်သီးစိမ်းပါးပါးလှီးပြီး ဆီရွှဲရွှဲဆမ်းထားတဲ့ ပဲခြမ်းကြော်သုတ်ကတော့ ကျမအကြိုက်ဆုံးမို့လား မသိပါဘူး။ ထန်းရည်နဲ့တော်တော်လိုက်ပါတယ်။
(ပြောနေရင်းစားချင်လာပြီ၊ :P)
ဒီလိုနဲ့စားသောက်ပြီး အိမ်အပြန်မှာတော့ တော်တော်လေး မူးယစ်ရီဝေနေပါပြီ။ စက်ဘီးကိုနင်းရင်း သီချင်းတွေဆိုရင်း … ထန်းရည်ရဲ့အရှိန်ကလည်း လေတိုက်တိုင်း တရိပ်ရိပ်တက်လို့ပေါ့။ စက်ဘီးမနင်းနိုင်တော့တဲ့အခါ လမ်းဘေးက ဇရပ်လေးတွေမှာ ခဏနား … စကားတွေပြောလိုက် တဟားဟားရယ်လိုက် ဘာမှန်းမသိ အူတွေရွှင်နေလိုက်တာဆိုတာ။ မှတ်မှတ်ရရ တော်တော်မူးအောင် သောက်ခဲ့ကြတာပေါ့။
သူများတွေကတော့ ထန်းရည်နံ့ကြီးဆိုးလှတယ်ဆိုပြီး တယ်မကြိုက်ချင်ကြပါဘူး။ ခုနမောင်ဝမ်းကွဲဆို ထန်းရည်ရဲ့ အနံ့ကို မကြိုက်ဘူး၊ မူးချင်လို့သာ သောက်တယ်ဆိုပဲ။ ကျမက အရသာခံပြီး တငုံချင်းသောက်နေတာမို့ သူက အံ့သြတယ်။ ဒီအရသာကြီးများ ကြိုက်ရသလားရယ်လို့ပေါ့။ ကျမစိတ်ထဲတော့ နံတယ် မထင်ပါဘူး။ ကိုယ်ကြိုက်ရင် ကောင်းကြစမြဲမဟုတ်လား။
တက္ကသိုလ်တက်နေတုန်းတော့ သူငယ်ချင်းတွေနဲ့ သန်လျင်ထန်းရည်ကောင်းတယ်ဆိုလို့ သွားသောက်ဖြစ်ကြ ပါသေးတယ်။ ရန်ကုန်မှာတော့ ထန်းရည်ကောင်းကောင်း ဘယ်မှာရနိုင်တယ် မသိပါဘူး။ အတုတွေက များတာပဲ။ ကျောင်းတက်နေတုန်းက ကန်တော်မင် ပန်းခြံထဲက လဖက်သုတ် ဂျင်းသုတ်ဆိုင်လေးမှာ ထန်းရည်ရတတ်တယ်ဆိုလို့ တခါတလေ သွားသောက်ဖူးပါတယ်။ သိပ်တော့ မကောင်းလှပါဘူး။
ထန်းရည်ဆိုတာမျိုးကလည်း ဆိုင်ကြီးကန္နားကြီးမှာ ပုလင်းတွေဖန်ခွက်တွေနဲ့ ထိုင်သောက်လို့ အရသာရှိမယ် မထင်ပေါင်။ ထန်းလက်တဲလေးထဲမှာ တင်ပလ္လင်ခွေထိုင်၊ မြေအိုးကလေးထဲက ထန်းရည်တွေကို ခပ်စုတ်စုတ်ခွက်ကလေးနဲ့ နှစ်ခပ်ပြီး သောက်ရမှ သူ့အနှစ်သာရပိုပေါ်လွင်မယ် ထင်ပါရဲ့။ ဒီလိုဆိုတော့ ကျမကို ဒါမျိုး စုတ်တီးစုတ်ပြတ်တွေမှ တော်တော်သဘောကျတယ် ထင်ကြလေမလားမသိ။
တကယ်တော့ … သပ်ရပ်ခြင်း စုတ်ပြတ်ခြင်းဆိုတာထက် … ကျမက လွတ်လပ်ခြင်းရဲ့ အရသာကိုပါ ခံစားသုံးဆောင်လိုလို့ပါပဲ။
ကဲ …. ထန်းရည်ဋီကာချဲ့နေတာလည်း ရှည်လှပေါ့၊ ဒီလောက်နဲ့ပဲ နားကြဦးစို့ရဲ့။
***
13.1.07
12:45 pm
Sunday, January 14, 2007
essay 7
ဤစာစုအတွက် ကြိုတင်တောင်းပန်ချက် … ။
ဇီးသီး ၏ စာလုံးပေါင်းအမှန်မှာ ဆီးသီးဖြစ်သော်လည်း ကျမအနေနဲ့ ဇီးသီး ဟုသာ အသံထွက်အတိုင်း အားပါးတရ ရေးချင်ပါသဖြင့် တပုဒ်လုံးရှိ ဆီးပင် ဆီးသီးများကို ဇီးပင် ဇီးသီးဟုသာ ရေးရခြင်းဖြစ်သည်ကား တချက်။
နောက်တချက်မှာ … တျာချင်း၊ ကာချင်း၊ လွမ်းချင်း စသည့် ကဗျာအမျိုးအစားတွေကို ‘ချင်း’ လို့ စာလုံးပေါင်းပါမှ မှန်မည် ဖြစ်သော်လည်း ကျမရဲ့ “ဇီးသီးကောက်တမ်းခြင်း” ကတော့ ကဗျာမဟုတ်ပါ၊ တမ်းခြင်း=တမ်းတခြင်း ဟူသည့် အဓိပ္ပါယ်ဖြင့် ရေးခြင်းသာဖြစ်ပါကြောင်း စာလုံးပေါင်းအမှားကို ကြိုတင် ကာဗာလုပ်လိုက်ရပါသည်ရှင့်။
***
ဇီးသီးကောက် တမ်းခြင်း
***
အရင်ကလို ဒီအချိန်ဆိုရင် သူတို့ ခြံထောင့်က ဇီးပင်ကြီး အသီးတွေ ဝေနေရှာရော့မည်။
အခုတော့ ပြီးခဲ့တဲ့ မိုးရာသီကပင် ဒီဇီးပင်ကြီး အရင်းနားမှ ခုတ်ခံလိုက်ရတာမို့ ငုတ်တိုကလေးသာ ကျန်တော့၏။
ဒီဇီးပင်ကြီးသက်တမ်းကလည်း မနည်းလှ။ သူလူမှန်းသိတတ်စ တောက်တောက်တက်တက် ပြေးလွှားဆော့ကစားချိန်လောက် ကတည်းကပင် ဇီးပင်ကြီးကရှိနေနှင့်ပြီ။
သည်တုန်းကတော့ ဇီးပင်ပျိုကလေးပေါ့။ သူ့မိခင် ဇီးပင်အိုကြီးက သူတို့ ခြံအရှေ့ဘက် ကားဂိုဒေါင်ထက်မှာ အုပ်မိုးလျက်။ ဒီလိုရာသီဆို အသီးတွေ ပြွတ်ခဲနေအောင် သီးနေကျ။
ဇီးပင်ထက်မှာ ဇီးကင်းလေးတွေ စထွက်ပြီဆိုလျှင်ဖြင့် သူကတော့ ဇီးပင်အောက်မှာ မော့တော့ မော့တော့ လုပ်လို့နေပြီ။ ဇီးရွက်ဇီးခက် အကြိုအကြား ရွက်ပုန်းသီး မှည့်ဝင်းဝင်း တလုံးတလေများ တွေ့ရလို တွေ့ရငြားပေါ့။
တဖြည်းဖြည်း ဇီးသီးလေးတွေ မှည့်ချိန်တန်လာရင်တော့ ဇီးသီးအမှည့်တွေရဲ့ အလေးချိန်ကို မခံနိုင်သည့် ညှာတံသေးသေးလေးတွေက လေတိုက်တိုင်း တဖြုတ်ဖြုတ်နှင့် ခြွေချပေး၏။
ကြွေကျလာသော ဇီးသီးလေးတွေကို သူတို့မောင်နှမတတွေ အပြေးအလွှား လိုက်ကောက်လေ့ရှိကြစမြဲ။
တခါတလေတော့လည်း လေငြိမ်လို့ ဇီးသီးတလုံးတလေမှ မကြွေကျနိုင်သည့်အခါမျိုးမှာ ဇီးပင်ကြီးကို တုတ်ဖြင့်ထိုး၍ လှုပ်ချကြသေးသည်။ ဘယ်လိုပင်ကြွေကြွေ ကြွေကျလာသည့် ဇီးသီးလေးတွေကို လိုက်ကောက်ပြီး မက်မက်စက်စက် စားခဲ့ကြပါ၏။ ဇီးသီးလေးတွေက သေးသေးလေးတွေပေမဲ့ တော်တော်တော့ ချိုသား။ ဇီးသီးချိုပြီဆိုမှဖြင့် ပိုးကောင်လေးတွေကလည်း ဇီးသီးထဲ ဘယ်ပုံ ဘယ်နည်း ရောက်လာသည် မသိ။ တချို့ ဇီးသီးတွေထဲမှာ ပိုးကောင်လေးတွေ ရွစိ ရွစိနှင့်။
သူ့အမ တယောက်ကတော့ ဇီးသီးစားရင်း ပိုးကောင်နှင့် တခါတိုးမိပြီးကတည်းက ဇီးသီးကို တသက်လုံး ဝေရာမဏိ လိုက်သည်မှာ ယခုချိန်ထိအောင် ဇီးယို ဇီးထုတ်ပင်မစားတော့။ သူကတော့ ပိုးပါလျှင် ဖယ်၊ ပိုးမပါလျှင် တွယ်ခဲ့သော်လည်း သူ့ဆရာတယောက်ကတော့ဖြင့် ဇီးသီးထဲက ပိုးဟာ ဇီးသီးပဲ ဟု ယူဆကာ ဇီးသီးရော ပိုးပါ အပြတ်ဝါးစားခြင်းဖြင့် ပိုးပါမပါ ကြည့်ရသောဒုက္ခ ကင်းဝေးလို့နေ၏။
ဇီးပင် နှစ်ပင် ရှိစဉ်ကတော့ မနက်ခင်းဆိုလျှင် ကျောက်ကာလုပ် ယွန်းခြင်းတောင်းလေးနှင့် တလုံး၊ ပလပ်စတစ် ဇကာကုံးလေးနှင့်တခု ဇီးသီးတွေ ကောက်လို့ရခဲ့သည်။ နောက်ပိုင်း ကားဂိုဒေါင်နေရာတွင် အဆောက်အဦအသစ်တခု ဆောက်လိုက်သည့်အခါ ဇီးပင်အိုကြီးအပါအ၀င် တခြားအပင်တွေပါ ပါသွားရရှာသည်။ ဇီးပင်အိုကြီးက သူ၏ မျိုးဆက် ဇီးပင်ပျိုလေးကို ချန်ထားခဲ့လို့သာ တော်သေးသည်ဟု ဆိုရမည်။
ကျန်ခဲ့သည့် ဇီးပင်ပျိုကလေးကတော့ သူ့မိခင်၏တာဝန် ကျေပွန်စွာဖြင့် အချိန်မှန်မှန်ပင် ဇီးသီးချိုချိုတွေ သီးပေးစမြဲ။ သူတို့ကလည်း အရင်လိုပင် ဇီးပင်အောက်မှာ ဇီးသီးကောက်ကာ တမက်တမော စားကြစမြဲ။
သူတို့တတွေ ဇီးသီးကောက်ပြီး စားကြသည့်အခါမျိုးမှာ အမေက ဇီးသီးသယ်(သည်) မဗျိုင်းပုံပြင်ကလေးကို ပြောပြဖူးသည်။ ဘုရင်ရဲ့တော်ကောက်ခြင်း ခံလိုက်ရလို့ မိဖုရားဖြစ်ပြီး နန်းတော်ရောက်ကာ ဘ၀မေ့သွားသော ဇီးသီးသယ်မလေး အကြောင်း ဇီးသီးစားရင်း နားထောင်ခဲ့ဖူးသည်။ ဇီးသီးသယ်မှ မိဖုရားဖြစ်ပြီး ကိုယ်ရောင်းခဲ့ဖူးတဲ့ ဇီးသီးကိုတောင်မေ့သွားလို့ ဘုရင်က နန်းတော်မှ နှင်ထုတ်၊ နောက်ဆုံးမတော့ ဒုံရင်း ဒုံရင်းဇီးသီးသယ် ပြန်ဖြစ်သွားသော မဗျိုင်းကလေးကို အမြင်ကပ်ရမလို သနားရမလို ငယ်ငယ်က ခံစားချက်တွေ ဇဝေဇ၀ါ ဖြစ်ခဲ့ရဖူးသည်။
ကိုယ့်ဘ၀ရဲ့ အတက်အကျကို ကိုယ်ကိုယ်တိုင်ကသာ ဖန်တီးပေးနိုင်တာပါပဲ … လို့ တွေးနိုင်တဲ့ ခုလိုအရွယ် ရောက်တဲ့အခါမှာတော့ ဇီးသီးသယ် မဗျိုင်းကို အမြင်ကပ်တာ သနားတာထက် ကိုယ်ကိုယ်တိုင် မဗျိုင်းဖြစ်ဖို့က အရေးကြီးတယ်ဟုသာ သူ့ကိုယ်သူ ပြန်ဆုံးမနေရပြီ။
ခုတော့လည်း တနှစ်ပြီးတနှစ်တွေ ကုန်ဆုံးပြောင်းလဲသွားပြီး ဇီးပင်အောက်မှာ ဇီးသီးတွေ ကောက်တဲ့ အရွယ်လည်း မဟုတ်တော့။ ပညာရေး၊ လူမှုရေး၊ စီးပွားရေးတွေနဲ့ လုံးချာလည်နေတဲ့ဘ၀မှာ ဇီးပင်ကြီးကို တနှစ်နေလို့မှ တခါပင် သတိမရနိုင်တော့။ ဇီးသီးချိုချိုသေးသေးလေးတွေကိုလည်း မက်မက်မောမော မရှိလှတော့။ ဒီလိုနှင့် ဇီးပင်ကြီးလည်း ခြံထောင့်မှာ အထီးကျန်ခဲ့တာ ကြာပါပကော။
ဒီနှစ်မှ ဘာရယ်ကြောင့်မှန်းမသိ ဇီးပင်ကြီးကို တခုတ်တရ သတိရမိသည်။ ငယ်ငယ်တုန်းက ဇီးသီးကောက်ခဲ့ကြတာတွေ အမေပြောပြတဲ့ ဇီးသီးသယ် မဗျိုင်းပုံပြင်တွေကို တတမ်းတတ ဖြစ်မိသည်။
ထိုစဉ်တုန်းကလို ယွန်းခြင်းတောင်းလေး ဆွဲကာ ဇီးပင်အောက် ပြေးလွှားရင်း ကြွေကျလာမည့် ဇီးသီးလေးတွေ အလုအယက် ကောက်ချင်မိပြန်သည်။
သတိရ၍ ခြံထောင့်မှာ သွားကြည့်မိတော့ … ဇီးပင်ကြီးက ငုတ်တိုသာကျန်တော့၏။ ဟိုတလောက မီးစက်နှင့်မလွတ်လို့လားမသိ ခုတ်ခံလိုက်ရခြင်းကြောင့်ပင်။
ဇီးပင်ငုတ်တိုကြီးကို ကြည့်ရင်း လူတွေဟာ ပြန်မရနိုင်တာတွေကို ဘာကြောင့်များ တခါတရံမှာ တမ်းတနေရပါလိမ့်ဟု မချင့်မရဲတွေးမိသည်။ အသီးတွေမဝေနိုင်ရှာတော့သော ဒီငုတ်တိုကြီးသည်လည်း အခက် အရွက် အသီး အပွင့်တွေ ဖြာဖြာဝေခဲ့ဖူးသော ဟိုစဉ်တချိန်ကိုများ သတိတရ တမ်းတနေလေရော့မလား … စဉ်းစားမိပါသည်။
သို့တိုင်လျက် …
ငုတ်တိုသာ ရှိရှာတော့သော ဒီဇီးပင်ကြီးမှာ ရွက်နုသစ်လေးတွေ ထိုးထိုးထောင်ထောင်ထွက်ကာ စိမ်းစိုလို့ နေသည်ကို မြင်လိုက်ရ၍ သူ့စိတ်ထဲ ကြည်နူးပီတိ ဖြစ်မိပါတော့သည်။
***
မေဓာဝီ
13.1.07
11:31 am
Saturday, January 13, 2007
၁၃ - စနေ
၁၃ ဆိုတာ ကံမကောင်းစေတဲ့ ဂဏန်းတဲ့။ သောကြာနေ့နဲ့ ၁၃ ရက် တိုက်ဆိုင်တဲ့ ရက်များ ဆိုရင် အတော်ကို ကံဆိုးတတ်တယ်ဆိုပြီး ပြောစမှတ်ရှိကြတယ်။ Friday the thirteen ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာလည်း ၁၃ ရက် သောကြာနေ့ တနေ့တာရဲ့ ကံဆိုးလွန်းတဲ့ အဖြစ်အပျက်ကို ရိုက်ပြထားတာဆိုပဲ။ ကျမကတော့ ဒါမျိုးတွေ အယူအဆ အစွဲအလမ်း မထားခဲ့မိရိုးအမှန်ပါ။ ဂဏန်းတွေဟာ သူ့ဘာသာ သူ နေတာ။ ကိုယ်က လိုက်ပြီး ကံကောင်းတဲ့ ဂဏန်း ကံဆိုးတဲ့ဂဏန်း လျှောက်သတ်မှတ်နေတာတော့ဖြင့် မဟုတ်သေးဘူးလားလို့ရယ်ပေါ့။
ဒီကနေ့ ၁၃ ရက်ပါ။ သောကြာနေ့တော့မဟုတ်ပါဘူး။ စနေ ၁၃ပေါ့။
အစကတော့ ဒီနေ့ ၁၃ ရက်ဆိုတာကို သိပ်သတိမထားမိဘဲ အမှုမဲ့ အမှတ်မဲ့သာ နေခဲ့မိတယ်။
ဒါပေမဲ့ မနက်မိုးလင်းထဲက စိတ်ကသိကအောက် ဖြစ်စရာတွေ ကြုံလာလိုက်တာ … တခုပြီးတစ်ခု ဆက်တိုက် ဆိုသလိုပဲ။ ည မိုးချုပ်သည်ထိ ဆိုပါတော့။
ကိုယ်ရေးကိုယ်တာ စိတ်ဒုက္ခရောက်စရာတွေအပြင် သတင်းနားထောင်မိပြန်တော့ ကိုယ့်နိုင်ငံအတွက် တော်တော်ဆိုးဝါးတဲ့ သတင်းဆိုးတခုကိုလည်း ကြားလိုက်ရပါသေးတယ်။
ဒီတော့မှ … ဒီနေ့ဘာနေ့ပါလိမ့်လို့ ကွန်ပျူတာပြက္ခဒိန်လေး ထောက်ကြည့်တော့ Saturday, January 13, 2007 တဲ့။
အင်း … အရင်ကတော့ ဒါမျိုးတွေ စိတ်ထဲမထားခဲ့မိပေမဲ့ … တော်တော်ဆိုးတဲ့ ၁၃ ပါလားလို့ ဒီနေ့တော့ တွေးမိလာခဲ့တယ်။ ဒီနေ့လို အဆိုးမျိုးတွေ နောက်ထပ်ကြုံရမှာလည်း ထိတ်လန့်နေမိပါတယ်။
သြော် … ၁၃ - ၁၃ လို့ နှုတ်ကရေရွတ်နေရင်းနဲ့ ၁၃ နဲ့ပတ်သက်ပြီး ခုလိုတွေ လျှောက်တွေးနေမိတယ်။
၁၃ ကို စာနဲ့ရေးရင် “တဆယ့်သုံး”ပေါ့၊
အသံထွက်အတိုင်းရေးကြည့်ရင်တော့ “ဆက်သုံး” တဲ့ ..။
ဒီလိုပြောင်းပြီး သံတူ ကြောင်းကွဲ စာလုံးပေါင်းကြည့်မိတဲ့အခါ “ဆက်သုဉ်း” တဲ့။
သုဉ်း ဆိုတာ သုည က လာတာပါ၊ ဘာမှမရှိ ဗလာနတ္ထိပေါ့။
အပျော်တွေ ဆက်လက်ပြီး ဆိတ်သုဉ်းမယ်ဆိုတဲ့ အတိတ်နိမိတ်လေပဲလား … လို့ အယူတော်မင်္ဂလာဦးနိုးကို အတုခိုးပြီး နိမိတ်ကောက်နေမိပြန်တယ်။
သုဉ်း ဆိုတာ တွေးမိရာက … သုဉ်းတွေကို တွင်တွင်သုံးထားတဲ့ ဒီကဗျာလေး သတိရမိပြန်ပါတယ်။
ထီးသုဉ်း နန်းသုဉ်း
မြို့သုဉ်း သုည
သုဉ်း သုံးဝနှင့်
သုဉ်းရပြန်လစ်
သုညခေတ်ဝယ်
ဖြစ်လာရပေ
တို့တတွေသည်
သေသော်မှတည့် ..
သြော် …ကောင်း၏ … ။
မထူးပါဘူး … အခုခေတ်ဟာလည်း သုညခေတ်ကြီးပါပဲ။
လွတ်လပ်မှုတွေ ဆိတ်သုဉ်း
တရားမျှတမှုတွေ ဆိတ်သုဉ်း
ကိုယ်ချင်းစာနာခြင်းတွေ ဆိတ်သုဉ်း
ရိုင်းပင်းကူညီခြင်းတွေ ဆိတ်သုဉ်း
လူ့အခွင့်အရေးတွေ ဆိတ်သုဉ်း
ငြိမ်းချမ်းရေးတွေ ဆိတ်သုဉ်း
ဒီလိုတွေ အစစအရာရာ ဆိတ်သုဉ်းနေတဲ့ ခေတ်ကြီးမှာ ဖြစ်လာရတဲ့ ကျမတို့တတွေလည်း သေသော်မှတည့် သြော်ကောင်း၏ လို့သာ ညည်းညူရတော့မှာပါပဲ။
နောက်ဆုံးတော့ …. ဘာပဲဖြစ်ဖြစ် … ဆိတ်သုဉ်းမယ်ဆိုရင်လည်း ကံဆိုးခြင်းတွေသာ ဆိတ်သုဉ်းပါစေသားလို့ ဒီကနေ့ တနေ့တာ မကုန်မီကလေး ဟုတ်ဟုတ်ငြားငြား ဆုတောင်းလိုက်မိပါရဲ့။
***
13.1.07
10:30pm
Friday, January 12, 2007
လိပ်ပြာလေ … ပျံကာသွား … ဟိုမှာ သည်မှာ နား
တနေ့က ကျမရဲ့ မေးလ်ထဲကို ဓာတ်ပုံလေးတပုံရောက်လို့လာပါတယ်။ အခုအပေါ်မှာ မြင်တွေ့နေရတဲ့ ပုံပါပဲ။
ပုံလေးကဘာမှ မထူးဆန်းပေမဲ့လို့ ထုံးစံအတိုင်း ကျမကတော့ ဒီပုံကိုကြည့်ပြီး ဟိုဟိုဒီဒီ အတွေးနယ်ချဲ့ မိပြန်ပါတယ်။
ဒီပုံက ပန်းလေးတွေဟာ လှလည်း မလှပါဘူး၊ အရောင်က ခပ်မွဲမွဲနဲ့ ဆွဲဆောင်မှုလည်း မရှိပါဘူး။ လမ်းဘေးမှာ အလေ့ကျ ပေါက်နေတဲ့ အရိုင်းပန်းကလေးတွေလို့ ထင်တာပါပဲ။ ဒါပေမဲ့ … လိပ်ပြာလေးတကောင် ကတော့ဖြင့် အဲဒီပန်းကလေးမှာ နားနေလေရဲ့။
ဒီလို မျက်နှာပန်းမလှ- လူတကာက ပန်းရာမသွင်းတဲ့ လမ်းဘေးက ပန်းကလေးကို လိပ်ပြာလေးက လာနားတယ် ဆိုတော့ ပန်းကလေးကိုယ်စား ၀မ်းသာမိတယ်။ ဒီလိုပန်းလေးကိုမှ တကူးတက လာနားနေတဲ့ လိပ်ပြာလေးကိုလည်း ချီးကျူးမိပါတယ်။
ဒါပေမဲ့လည်း လိပ်ပြာဆိုတာမျိုးဟာ ဟိုဟိုဒီဒီ လျှောက်ပျံသန်းရင်း အတောင်ညောင်းတဲ့အခါ တွေ့ရာပန်းကို နားမိနားရာ နားကြမှာပါပဲ။ ပြီးတော့လည်း နားခဲ့ဖူးတဲ့ ပန်းကလေးတွေကို လှည့်တောင်မကြည့်တော့ဘဲ ဆက်လက်ပျံသန်းသွားကြတတ်တာပဲ မဟုတ်လား။ ဒီလိပ်ပြာလေးလည်း ဒီလိုမျိုးပဲလားလို့ တွေးမိပြန်တယ်။
ဒီလိုတွေးမိရင်းက အဖေ ရေးခဲ့ဖူးတဲ့ ကဗျာပုံပြင်လေးတပုဒ် ခေါင်းထဲရောက်လာလို့ မှတ်မိသလောက်လေး ပြန်ရေးလိုက်ပါတယ်။ (ကဗျာဆိုပေမဲ့ ပုံပြင်လေးလို ရေးထားတာမို့ ကဗျာပုံပြင်လို့ ပြောလိုက်ရတာပါ။)
***
အဲဒီ ကဗျာပုံပြင်လေး နာမည်က …
“ပန်းပျို နဲ့ ကိုလိပ်ပြာ” တဲ့။
***
သာယာလှတဲ့ ဤနံနက်၊ နှင်းမှုန်ပြည့်ပြည့်နှက်
နှင်းမှုန်ကြားက ပန်းလိပ်ပြာ၊ ၀ဲကာပျံလို့လာ
သူ့ခမျာ အလုပ်များ၊ ၀တ်ရည်စုပ်ကာ စား။
ပန်းလိပ်ပြာလည်း မမောနိုင်၊ ပန်းလည်း ရနံ့ကြိုင်
ပန်းတခိုင် ၀ံ့ကာကြွား၊ လိပ်ပြာရပ်ခိုနား။
လိပ်ပြာနားခို ထိုပန်းပျို၊ စိတ်၌ဗျာပိုပို
ကပိုကရို နွဲ့ကာယမ်း၊ ရှက်သွေးများပင်ဖြန်း။
ရှက်သွေးဖြန်းတဲ့ ပန်းတခိုင်၊ လိပ်ပြာချစ်ခွင့်တိုင် …
“မူပိုင်ပိုင် ချစ်ရင်ဖြင့် … ပန်းပျိုယုံမယ်ရှင့်”
“ယုံပါတကယ် ပန်းပျိုရယ် … သက်ထက်ကြင်နာမယ်”
“နောင်ခါဝယ် ပစ်လို့ပြေး … ပန်းပျိုနွမ်းချည့်လေး”
“ပစ်ပြေးဖို့ဖြင့် မှန်တကယ် …မောင်ကြီးကြံရင်ကွယ် ..
စိန္တေ၀ယ် နှိမ်ချွေထား၊ သစ္စာစူးစေသား”
မုသားလိမ်ညာ ကိုလိပ်ပြာ၊ ၀တ်ရည်ပြည့်သောခါ
နွမ်းဝါရော်ရမ်း ဇရာပန်း၊ လိပ်ပြာကျေးဇူးကန်း။
စွဲလမ်းစိတ်ဖြာ ထိုပန်းဝါ၊ မျက်ရည်မိုးကြီးရွာ
သူ့စိတ်မှာ ပူလုံးကဲ၊ ပန်းပျိုဇီဝိန်လွှဲ။
အသဲ(သည်း) မရှိတဲ့ ထိုလိပ်ပြာ၊ ထိုဤလှည့်လည်ကာ
ဝါသနာ သူ့စိတ်ရင်း … ပွင့်ဦးဆွတ်ချွေနင်း ။ ။
***
ငယ်ငယ်ကတော့ အဲဒီကဗျာပုံပြင်လေးဖတ်ပြီး ပန်းကလေးကို သနားတယ်၊ လိပ်ပြာလေးကို မုန်းမိတယ်။
ခုချိန်မှာ စဉ်းစားကြည့်တော့ … ဒါတွေဟာ သဘာဝတွေချည်းပါပဲ လို့သာ တွေးမိပါတော့တယ်။
လိပ်ပြာကလည်း လိပ်ပြာအလုပ် … ၀တ်ရည်စုပ်ပေါ့၊ ပန်းလေးတွေကလည်း သဘာဝအလျောက် ဖူး ငုံ ပွင့် ဝေ .. အချိန်တန်တော့ ကြွေပေါ့ …။
အားလုံးဟာ သူ့သဘာဝအတိုင်း သူ့သဘော သူဆောင်နေကြတာပါပဲ … လို့ … ဖြေသိမ့်ကာတွေးလိုက်မိတော့လည်း အမုန်းတွေမရှိတော့ ပြန်ပါဘူး။
***
13.1.07
00:05 am
essay 6
အသစ် တဖန်
***
အရုဏ်တက်ပြီ။
အရှေ့ဘက်ကောင်းကင်မှာ အနီရောင် တစွန်းတစကို မြင်ရပြီ။
အားအင်အပြည့်ဖြင့် လတ်ဆတ် လန်းဆန်းနေသူက ခရီးဦးထွက်ရန် အသင့်ဖြစ်နေပြီ။
ဝေ့၀ဲတိုက်ခတ်လာသော လေနုအေးကို တ၀ကြီး ရှူရှိုက်လိုက်ရင်း ခြေလှမ်းသစ်ကို စလိုက်၏။
သူ၏ ပထမဆုံးခြေလှမ်းသည် အားမာန်အပြည့်၊ သတ္တိအပြည့်။
သူ၏ နှလုံးအိမ်ထဲတွင် ယုံကြည်ချက်အပြည့်၊ မျှော်လင့်ချက်အပြည့်။
သွက်လက်စွာလျှောက်လှမ်းရင်းမှာပင် နေရောင်ခြည်ကြောင့် လောကတခွင်လုံး တဖြည်းဖြည်းလင်းလာ၏။ ကျီကျီကျာကျာ အော်မြည်နေကြပြီး အစာရှာထွက်ဖို့ ပြင်နေသော ငှက်ကလေးတွေ …
သစ်ပင်တပင်မှ တပင်ခုန်ကူး ပျော်မြူးနေသော အမြီးဖားဖား ရှဥ့်ညိုထွားလေးတွေ …
လမ်းဘေးဝဲယာ ချုံပုတ်လေးတွေထဲ လှစ်ကနဲ လှစ်ကနဲ ၀င်ရောက်ပြေးလွှား ပျော်ပါးနေကြသော ယုန်ဖြူဖြူလေးတွေ …
စမ်းချောင်းလေးမှာ ရေလာသောက်နေကြသော သမင် ဒရယ် ချေငယ် စိုင်ဆတ် … သတ္တ၀ါလေးတွေ …။
သူတို့လေးတွေကို ခွန်းဆက်ရင်း ဒီလမ်းထက်မှာ ခပ်သွက်သွက် လျှောက်လှမ်းလျက်ရှိ၏။
ငှက်ကလေးတွေ၏ တေးသီချင်းလေးများ …
ရှဥ့်ညိုလေးတွေ၏ သစ်သီးလေးများ …
ယုန်ဖြူလေးတွေ၏ စိမ်းလဲ့လဲ့မြက်နုလေးများ …
သမင်လေးတွေ၏ စမ်းရေချို အေးမြမြ … ဒါတွေဟာ သူ့အတွက် ခွန်အားတွေပင်။
ဒါ့အပြင်
လမ်းဘေးဝဲယာက စပယ်ပန်းလေးတွေရဲ့ သင်းပျံ့ပျံ့ မွှေးရနံ့များကြောင့်လည်း သူ့ခြေလှမ်းတွေက သွက်လက် တက်ကြွလို့နေ၏။
ပင်မြင့်ထက်မှ သစ်ခွပန်းလှလှတွေက ခေါင်းတညိတ်ညိတ်ဖြင့် သူ့ကို ထောက်ခံကြသလို သစ်ရွက်နုလေးများ ကလည်း လက်များဝှေ့ယမ်းပြီး သူ့ကို လက်ပြနှုတ်ဆက်ကြသည်။
ဒီလိုနှင့် သူ၏ ခရီးလည်း အတော်ရောက်ခဲ့လေပြီ။
ခရီးလမ်းတလျှောက်မှာ ဒဏ်ရာရနေသူတွေကို ဖေးကူ၊ ဆူးခြုံမှာ ငြိနေသူများကို ဖယ်ရှားပေး၊ ငတ်မွတ်နေသူကို အစာကျွေး၊ လမ်းပျောက်နေသူတွေကို လမ်းမှန်ပြပေးရင်း … ခရီးဆက်နေသော သူကိုယ်တိုင်သည်လည်း ဆူးတွေငြိလိုက် နွံနစ်လိုက် … လဲကျသွားလိုက် ပြန်ထလိုက်နှင့်ပင်။
သို့တိုင်လျက် သူစိတ်မပျက်။
သူ့ဝန်းကျင်မှာ အဖော်တွေ အပြည့်။
သူ့နံဘေးမှာ အားပေးမည့်သူတွေ အတိ။
***
လျှောက်ရင်း လျှောက်ရင်းနှင့် သူသတိထားလိုက်မိသည့် အချိန်မှာတော့ တလောကလုံးက ဆိတ်ငြိမ်နေလေပြီ။
အနောက်ဖက်သို့ တရွေ့ရွေ့ ဦးတည်ကာ သူ့အား ကျောခိုင်းစပြုနေပြီဖြစ်သော နေမင်း၏ အလင်းရောင်က ပျောက်ကွယ်လုလု။
ငှက်ကလေးတွေလည်း အိပ်တန်းဝင်သွားကြပြီမို့ တေးသံဆိတ်လျက်။
ရှဥ့်ကလေးတွေ .. ယုန်ကလေးတွေ .. သမင် ဒရယ်လေးတွေလည်း ပြေးလွှားဆော့ကစား မနေကြတော့။
စပယ်ဖြူပွင့်လေးတွေပင် ပွင့်လွှာလေးတွေပိတ်၍ အိပ်စက်ကုန်ကြပြီ။
သစ်ရွက်လေးတွေလည်း လက်မပြနိုင်ကြရှာ။
အမှောင်ထု တဖြည်းဖြည်း ကြီးစိုးလာသည်နှင့်အမျှ အအေးဓာတ်က တစစ လွှမ်းခြုံလို့လာ၏။
တလောကလုံးတွင် သူတယောက်ထဲ ရှိသည့်အလား အားငယ်စိတ်တို့ ရုတ်ချည်းဖြစ်ပေါ်လာသည်။
လျှောက်နေသောလမ်းကို ပြန်ငုံ့ကြည့်မိရင်း အတွေးတွေ ခေါင်းထဲဝင်လာသည်။
- ဒီလမ်းကိုလျှောက်နေတာ မှန်ရော မှန်ရဲ့လား၊
- ငါဘာလို့ ဒီလမ်းကိုလျှောက်နေမိပါလိမ့်၊
- လမ်းက ဘယ်တော့ ဆုံးမှာလဲ၊
- ခရီးဆုံး ပန်းတိုင်က ဘယ်မှာလဲ၊
- ဒီတိုင်းလျှောက်နေလို့ ပန်းတိုင်ဆိုတာ ရောက်ပါ့မလား … ။
စသည် စသည် တွေးမိရင်း လျှောက်ရမည့်လမ်းကို လှမ်းမျှော်ကြည့်မိသည်။
မှောင်အတိလွှမ်းနေသဖြင့် ဘာကိုမှ မမြင်ရတော့ပြီ။
***
တွေဝေစိတ်၊ အားငယ်စိတ်၊ ၀မ်းနည်းစိတ်တို့ဖြင့် ရင်ထဲ ပူလောင်လို့လာသည်။
အာခေါင်တွေခြောက်ကပ်နေသော်လည်း စမ်းရေအေးအေးတိုက်ကျွေးမည့်သူကား မရှိ။
ဝမ်းထဲတွင် လှပ်ဟာနေသော်လည်း သစ်သီးမွှေးမွှေး ဆွတ်ခူးပေးမည့်သူကား မရှိ။
ခရီးပြင်းကိုနှင်လာရသဖြင့် ဒဏ်ရာဒဏ်ချက်တွေနှင့် နာကျင်နေသော်လည်း ဖေးမကူညီမည့် လက်ကား မရှိ။
ခြေလှမ်းတွေ တွန့်ဆုတ်ရာက တဖြည်းဖြည်းနှေးသွားရင်း ရပ်လိုက်မိသည်။
ရပ်နေရင်း ကောင်းကင်ကို မော့ကြည့်မိတော့ လမိုက်ညပေလားမသိ။ လမင်းကလည်း ရှိမနေ။
စိန်ပွင့်လေးတွေလို တလက်လက်တောက်ပ ရှိနေတတ်ကြသည့် ကြယ်တာရာများလည်း ဒီညမှာ ဘယ်ဆီရောက်နေကြပါလိမ့်။
မူးဝေယိမ်းယိုင်နေသော ခန္ဓာကိုယ်ကြောင့် သူ ကြာရှည် ရပ်တည်မနေနိုင်တော့ဘဲ ထိုင်ချလိုက်မိ၏။
အားပေးမည့်သူ ဖေးကူမည့်သူ နတ္ထိပါလား။
ဒီခရီးကို ဘယ်လို ရှေ့ဆက်ရပါ့။
…………………
…………………
…………………
***
မျက်စိစုံမှိတ်ပြီး ထိုင်နေလျက် အသက်ကို ဖြည်းဖြည်းခြင်း ရှူနေစဉ်မှာပင် နားထဲမှာ အသံတခုကြားလိုက်ရသည်။
စီကနဲ အော်လိုက်သော ပုစဉ်းရင်ကွဲ … ။
လှောင်ပြောင်သံလား ငိုချင်းသံလား မကွဲပြားသည့်တိုင် “သူတယောက်ထဲမဟုတ် တစီစီအော်မည်တတ်သည့် ပုစဉ်းကလေးတွေလည်း ရှိသေးသားပဲ” ဆိုသည့်အတွေးကြောင့် ပိတ်ထားသော မျက်လုံးများကို ပြန်လည်ဖွင့်လိုက်မိ၏။
အလို …
သူ့အနားမှာ မှိတ်တုတ်မှိတ်တုတ် တလက်လက် တောက်ပလို့ပါလား။
ဘာများပါလိမ့်။
သေသေချာချာ ကြည့်လိုက်တော့ စိမ်းဖန့်ဖန့်အလင်းရောင်လေးတွေ ထုတ်ပေးလျက် သူ၏နံဘေး ၀ိုင်းရံပျံသန်းနေကြသော ပိုးစုန်းကြူးကလေးများကို တွေ့ရ၏။
သူဝမ်းသာသွားသည်။
ဒီအလင်း မှိတ်တုတ်လေးကြောင့်ပင် အားငယ်စိတ်တို့ ရုတ်တရက် လျော့ပါးသွားရပြန်သည်။
သည်အခိုက် တဖျပ်ဖျပ် တောင်ပံခတ်သံ ကြားသဖြင့် ဘေးဘီဝဲယာ ကြည့်လိုက်ပြန်တော့ ညဥ့်မှာထွက်တဲ့ ငှက်ကလေးများ။
တေးသံချိုချို မဆိုနိုင်ကြပေမဲ့ ဒီ ငှက်ကလေးတွေလည်း သူ့အနားမှာ ရှိနေသေးသည်ပဲ။
မနီးမဝေးက သစ်ပင်ကြီးထက်မှာ ကရုဏာ မျက်ဝန်းများဖြင့် သူ့ကို ငုံ့ကြည့်လို့နေသော ဇီးကွက်ကြီးတကောင် …။
ထိုင်မနေနဲ့ …
ဒါဟာ ခရီးလမ်းဆုံးမဟုတ်သေးဘူး၊ ပန်းတိုင်ရောက်ဖို့ ရှေ့မှာလိုသေးတယ်၊ ဆက်သွား၊ ဆက်လျှောက်၊ တွေဝေ မနေနဲ့၊ ငေးမော မနေနဲ့၊ အားငယ် မနေနဲ့၊ စိတ်ပျက် မနေနဲ့ … ဟု အားလုံးက ၀ိုင်းပြောနေကြသလို။
တွေဝေမိသော သူ့ကိုယ်သူ ရှက်ရွံ့စွာဖြင့် မတ်တပ်ရပ်လိုက်သည်။
ထိုင်နေရာမှ ရုတ်တရက်ရပ်လိုက်သဖြင့် ယိုင်ကနဲ …။
တဖန်ပြန်စရဦးမည့် ခြေလှမ်းသစ်အတွက် အားအင်တွေကို ပြန်လည်စုစည်းရင်း အသက်ပြင်းပြင်း တချက်ရှူသွင်းလိုက်သည်။
ဝေ့၀ိုက် တိုက်ခတ်လာသော ညဥ့်လေအေးထဲမှ ညမွှေးပန်းရနံ့သင်းသင်းကြောင့် လန်းဆန်းပေါ့ပါး လို့သွား၏။
ကိုင်း … စလိုက်ကြဦးစို့ …
ခြေလှမ်းအသစ်တဖန် … ။
ဒဏ်ရာ ဒဏ်ချက်များကြောင့် နာကျင်နေသော်ငြားလည်း ခရီးဆုံးရောက်အောင် ထပ်မံလှမ်းဆက်ရမည့် သူ၏ခြေလှမ်းအသစ်သည် တက်ကြွမှုများဖြင့် ပြည့်ဝနေလေတော့သတည်း။ ။
***
မေဓာဝီ
11.1.07
9:56pm
Thursday, January 11, 2007
Sunday, January 07, 2007
ပန်းတိုင်ပျောက်ဆုံးသွားခြင်း
ဝေဒနာတွေ ဖွင့်ဟဖို့ခက်
သက်ပြင်းသာ ချမိတယ် … ။
ဒဏ်ရာတွေ ကုသဖို့တွက်
မျက်ရည်သာ ကျမိတယ် … ။
ဘ၀အမောနဲ့ သောကတွေကို
ပြောပြရင်လည်း မောလျရုံပဲမို့
ကိုယ့်အပူကို နှုတ်ဆိတ်
ကြိတ်မှိတ်လို့သာ ခံပါတော့မယ် … ။
အဖန်တရာမက ဒဏ်ရာတွေရခဲ့တော့
ခေါင်းမော့လို့လည်း မပြုံးနိုင် …
အဆုံးတိုင် လျှောက်ရမယ့်လမ်းအတွက်
ခြေလှမ်းတွေက တွန့်ဆုတ်လျက် …။
ခက်ခဲမှုတွေကြား အားပေးသူမရှိတော့
သတ္တိလည်းပျော့ … အားလည်းလျော့ခမ်း
စိတ်နွမ်းကိုယ်ယိုင် …
ပန်းတိုင် ပျောက်နေခဲ့ပါပြီ …. ။ ။
***
မေဓာဝီ
7.1.07
4:44 pm
Saturday, January 06, 2007
မွန်းကျပ်သောနေ့
တိမ်တွေက တအိအိပြိုကျလာတယ်။
တဖြည်းဖြည်း ဦးခေါင်းနဲ့ ထိမတတ်။
အသက်ရှူရ ခက်လို့ ပါးစပ်ကိုဖွင့်ပြီး လေကို အားပါးတရ အဆုတ်ထဲ ရှိုက်သွင်းလိုက်တယ်။
ရှူသွင်းလိုက်မိတဲ့လေဟာ … သန့်စင်မနေဘူးဆိုတာ ခံတွင်းကို အဖြတ်မှာ ခံစားသိလိုက်ရပေမဲ့ …
တားဆီးလို့ မမီတော့ …။
ညစ်ညမ်းနေတဲ့ လေထုက ခံတွင်းမှတဆင့် အဆုတ်ထဲ … ။
ပြီးရင် ဒီလေတွေ ခန္ဓာကိုယ်ထဲမှာ လည်ပတ်ကြတော့မယ် … ။
ဒီလိုနဲ့
အဆိပ်ငွေ့တွေကို ရှူရှိုက်ရင်း ကြီးပြင်းခဲ့တာ နှစ်ပေါင်းများစွာ ကြာနေမှပဲ …။
ငါ့ခန္ဓာဟာလည်း တစတစ အဆိပ်နဲ့ယဉ်ပါးရင်း … အဆိပ်သင့်လူသား ဖြစ်မှန်းမသိ ဖြစ်ခဲ့ရပေါ့။
ကျေးဇူးပြုပြီး ငါ့အနားမလာကြပါနဲ့ … ငါဟာ အဆိပ်သင့်နေလို့ … ။
ကျေးဇူးပြုပြီး ငါနဲ့ အဝေးဆုံးကို သွားကြပါ … ငါဟာ အသုံးမကျတဲ့ လူ့အန္ဓ ..။
ကျေးဇူးပြုပြီး ငါ့ကို စွန့်ခွါထားခဲ့ … အထီးကျန်ခြင်းကိုသာ ငါအလိုရှိတယ် … ။
ကျေးဇူးပြုပြီး ငါ့ကို အသက်မသွင်းကြပါနဲ့ … ငါဟာ ရှင်လျက်နဲ့သေနေခဲ့ပြီ … ။
ကျေးဇူးပြုပြီး ငါ့ကို အမုန်းတွေသာပေး … အချစ်တွေက နာကျင်စေလို့ပါ … ။
တိမ်တွေက ပြုံးတယ် …
သစ်ရွက်တွေက ရယ်တယ် …
ငှက်ကလေးတွေက ဟားတယ် …
အဆိပ်ငွေ့တွေက လှောင်ပြောင်တယ် …
ပန်းပွင့်လေးတွေက တီးတိုးတီးတိုး သဖန်းပိုးနဲ့ …
“နေရောင်ခြည်သည် ရောဂါပိုးကိုသေစေ၏”
ကလေးလေးတယောက် စာအော်ဖတ်နေတယ်။
နေရောင်အောက်က ဘ၀လေးတွေဟာ တကယ်ပဲ ရောဂါပိုးကင်းစင်နေလေမလား။
ဒါမှမဟုတ် …
ပူပြင်းလွန်းတဲ့ နေရောင်ခြည်ဒဏ်ကြောင့် …
ခံနိုင်ရည်အားနည်းတဲ့ အဲဒီဘ၀လေးတွေပဲ သေစေမလား … ။
မစဉ်းစားတတ်တော့ပါ …. ။
မျက်စိကို မှိတ်လိုက်တယ် …
တိမ်တွေက ပြိုနေတုန်း … ။
မျက်စိပြန်ဖွင့်လိုက်တယ် …
မိုးတွေညို့လာပြီ … ။
မျက်စိကို မှိတ်လိုက်တယ် …
ထစ်ချုန်းသံသဲ့သဲ့ … ငါ့ရင်ဘတ်ထဲမှာ။
မျက်စိပြန်ဖွင့်လိုက်တယ် …
မိုးတွေ … မိုးတွေ … ရွှဲရွဲစိုအောင် ရွာချနေ … ။
အေးမြခြင်းကင်းတဲ့ အဆိပ်သင့်မိုးတွေပါ …
ငါ့မျက်ဝန်းမှာရွာနေတယ် … ။
အမြင်အာရုံတွေ မှုန်ဝါးလို့ …
ရှေ့ကိုတောင် မမြင်ရတော့ဘူး …
နောက်ကိုလဲ ပြန်လှည့်မကြည့်ချင် …
ဘေးနှစ်ဖက်မှာက ချောက်ကမ်းပါး …
စမ်းတ၀ါးဝါးနဲ့ လှမ်းသွားနေတဲ့ ခြေလှမ်းတွေရဲ့ ဦးတည်ရာဟာ ….
ချောက်ကမ်းပါးဆီလား … ။
အနာဂတ်မဲ့ ခြေလှမ်းတွေကတော့
ဒယီးဒယိုင် လျှောက်နေဆဲပေါ့ ….
…. …. …. …
…. …. …. …
…. …. …. …
***
6.1.07
3:30pm
Friday, January 05, 2007
အဖေ့ကဗျာ (၄)
ကျမတို့ငယ်ငယ်က အမေနဲ့ အဖေရဲ့ အ၀တ်အစားတွေထည့်တဲ့ ဗီရိုကြီးပေါ်မှာ ပစ်တိုင်းထောင်အရုပ်ကြီးတရုပ် တင်ထားတာ မှတ်မိပါတယ်။ ပစ်တိုင်းထောင်ကြီးက တော်တော်ကြီး ကြီးပါတယ်။ ပန်းနုရောင် ဆေးရေးထားတဲ့ မျက်နှာလေးက ပြုံးတုံ့တုံ့နဲ့ လှလည်း လှတယ်။ မျက်နှာပတ်ပတ်လည်မှာ ပန်းပွင့်လေးတွေနဲ့ ခြံရံထားတယ်။ ကျမတို့ အိပ်ရာပေါ်က လှမ်းကြည့်ရင် ပစ်တိုင်းထောင်ကြီးက အမြဲတမ်း ကိုယ့်ကို ပြုံးပြနေသလိုပဲ။
အဖေက ဒီပစ်တိုင်းထောင်ရုပ်ကြီးကို ကြည့်ပြီး ကဗျာတပုဒ် ရေးဖွဲ့ခဲ့ဖူးပါတယ်။ ဒီကနေ့ အဖေ့လက်ရေးနဲ့ ရေးထားတဲ့ အဲဒီကဗျာလေးကို စာအုပ်တအုပ်ရဲ့ရှေ့ လွတ်နေတဲ့ စာမျက်နှာမှာ မမျှော်လင့်ဘဲ တွေ့လိုက်ရတာကြောင့် ….
***
ပစ်တိုင်းထောင်
*ခြေလက်မပါ
မျက်နှာလမင်း
လည်ပင်းပန်းကုံး
မျက်လုံးကြောင်ကြောင်၊ ပစ်တိုင်းထောင်။
*ခြေမပါလည်း
မတ်စွာတည့်တည့်၊ ထောင်နိုင်၏။
* လက်မပါလည်း
ဖေးကာမယှက်၊ ထောင်နိုင်လျက်။
* ပစ်ကာ လှိမ့်ကာ၊ ဖန်ခါခါလည်း
လည်မှာပန်းကုံး၊ လှပတုန်း။
* ပစ်ကာလှိမ့်ကာ၊ ဖန်ခါခါလည်း
ကြည်စွာမျက်လုံး၊ ခပ်ပြုံးပြုံး
* ဇွဲနှင့်မာန်ဆောင်
ပစ်တိုင်းထောင်ငဲ့
မရှောင်ခက်ခဲ၊ သင့်အစွဲက
ဖြစ်မြဲအမှန်၊ လောကဓံကို
တရံမလျှော့၊ စိတ်မပျော့သည်
ကြော့မော့အမြဲ၊ ထောင်မတ်ဆဲတည့်။
2nd Feb; ‘74
***
အဖေက အဲဒီပစ်တိုင်းထောင်ကြီးကို အမေနဲ့အတူ ရွှေတိဂုံဘုရားက ၀ယ်ခဲ့တာလို့ ပြောပြပါတယ်။
အမေက ပစ်တိုင်းထောင်ရုပ်ကလေးတွေကို သိပ်သဘောကျ တတ်တယ်တဲ့။
ကျမတို့ ဆော့ကစား ဖျက်ဆီးတတ်တဲ့ အရွယ်ရောက်တော့မှ ပစ်တိုင်းထောင်ကြီးလည်း တစစီ ပျက်စီး သွားခဲ့တယ်။
အဖေ့ရဲ့ ပစ်တိုင်းထောင် ကဗျာလေးကို ဖတ်ပြီး …
ကျမသည်လည်း ပစ်တိုင်းထောင်ကလေးလို လောကဓံရဲ့ ရိုက်ပုတ်မှုတွေကို အမြဲပြုံးပြုံးလေးနဲ့ ခံနိုင်ရည်ရှိချင်လိုက်တာ … လို့ စိတ်ထဲ တွေးနေမိပါရဲ့။
***
Wednesday, January 03, 2007
ကားတစီးဖြင့် ခရီးသွားခြင်း
“ရော့ … ကားသော့ … မင်းတို့ကားကို မင်းတို့ ပိုင်သွားပြီ၊ ကြိုက်ရာလမ်းကို စိတ်ကြိုက်မောင်းပေတော့”
((((((((((((ဟေး))))))))))))
***
ဟိုးအရင်တုန်းကတည်းက ကျမတို့ဆီမှာ ဘိုးဘွားပိုင် ကားကြီးတစီးရှိပါတယ်။
ကားကြီးပေါ်မှာ အဖိုးတန်ပစ္စည်းတွေအပြည့် ဆွေမျိုးသားချင်းတွေအပြည့်တင်ပြီး မောင်းနှင်နေတဲ့ အဲဒီကားကြီးကို ဘိုးဘွားတွေလက်ထဲကနေ တခြားသူတွေက အပိုင်စီး သိမ်းပိုက်ပြီး နှစ်တော်တော်ကြာအောင် မောင်းနှင်နေခဲ့ရာက တချိန်မှာတော့ ကိုယ့်ကားကိုယ် မောင်းနှင်ခွင့် ပြန်လည်ရရှိခဲ့ပါတယ်။
အားလုံး ပျော်ရွှင်ကြတာပေါ့။
တံခွန်လေး တလွင့်လွင့်ထူထားပြီး မောင်းနှင်နေတဲ့ ကားကြီးပေါ်မှာ မိသားစုဝင်တွေဟာ မြူးပျော် တက်ကြွလို့ … တေးသီချင်းတွေ သီဆိုဟစ်ကြွေးလို့ …။ တခါတလေတော့လည်း မိသားစုဝင်အချင်းချင်း မသင့်မမြတ်ဖြစ်ကြပါရဲ့။
“နင်ချည်းပဲ ခေါင်းခန်းမှာထိုင်နေတာပဲ၊ ငါလည်း ထိုင်အုံးမယ်၊” “ငါ့နေရာ ငါအပိုင် .. ဘယ်သူမှ လာမထိုင်နဲ့” စသဖြင့် တယောက်နဲ့တယောက် ငြိကြ အငြင်းပွားကြတာလေးတွေလည်း ရှိပါရဲ့။
ဒီလိုနဲ့ ခရီးရှည်ကြီးကို နှင်နေရင်း တနေ့တော့ (ကားသော့ရပြီး ၁၄ နှစ်အကြာ) မိသားစုဝင်ထဲက လူတယောက်ဟာ ယာဉ်မောင်းတာဝန်ကျသူဆီက ကားသော့ကို အတင်းလုယူပါတော့တယ်။ ဒီလိုလုယူတာကိုလည်း မိသားစုဝင်တွေ တယောက်နဲ့ တယောက် မညီညွတ်လို့ … သူက ၀င်ထိန်းရပါတယ်ဆိုပြီး ကြားကောင်းအောင် ပြောပါသေးတယ်။ တကယ်တမ်း သူက လူမိုက်ပဲ၊ သူ့ဆီမှာ တုတ်၊ ဓား စတဲ့ လက်နက်တွေရှိနေတော့ ကားသော့ကို သူရသွားပါတယ်။ ကားသော့ရတယ်ဆိုရင်ပဲ ဒီလူမိုက်ဟာ မောင်းချင်သလို မောင်း၊ ရမ်းချင်သလိုရမ်း၊ မကျေနပ်တဲ့သူ ကားပေါ်ကဆင်း ဆိုပြီး မောင်းထုတ်လို ထုတ်၊ သူနဲ့မတည့်သူတွေကို တုတ်နဲ့ ရိုက်လိုရိုက်၊ ကားပေါ်ကကန်ချလိုချ၊ အဲဒီလိုတွေ ရမ်းကားနေလေတော့တယ်။
ဒါ့အပြင် ကားကြီးပေါ်က အဖိုးတန်ပစ္စည်းတွေရောင်းပြီး သူ့ကိုယ်ကျိုးအတွက် သုံးတာတွေပါ လုပ်လာတော့ အားလုံးက မကျေနပ်ကြတော့ဘူး။ ဒါပေမဲ့ ဘယ်ပြောရဲမှာလဲ၊ သူ့ ဓားတွေ တုတ်တွေကြောက်တော့ ပြောချင်လည်း ငြိမ်နေကြတာပေါ့။ ငြိမ်မနေဘဲ ပြောမိသူ တချို့တလေလည်း ကားပေါ်ကနှင်ချခံရတာတို့ တုတ်စာကျွေးတာတို့ ခံရပြန်ပါတယ်။
သူနဲ့ သူ့အပေါင်းပါတွေသာ ကားသော့ကို အပိုင်စီး ကားကြီးကို သိမ်းပိုက်ပြီး ခရီးနှင်လာလိုက်တာ … တော်တော်ကြာသွားပါတယ်။ ကားပေါ်ကလူတွေလည်း စိတ်ညစ်တဲ့သူညစ်၊ စိတ်ဓာတ်ကျသူကျ၊ အရင်လို တက်ကြွမှုဆိုတာ မရှိသလောက်ပဲပေါ့။ ကားပေါ်ကပစ္စည်းတွေလည်း တစတစ နည်းနည်း လာပါပြီ။ လူတွေလည်း ငတ်တလှည့် ပြတ်တလှည့်ပေါ့။ မျိုသိပ်ထားတာတွေ ပေါက်ကွဲလာတဲ့ တနေ့မှာ (ကားသော့လုယူပြီး ၂၆ နှစ်အကြာ) ကားပေါ်ကလူတွေ တညီတညွတ်တည်း ၀ိုင်းပြီးပြောကြ အော်ကြတော့ ဒီလူလည်း မနေသာတော့ဘဲ ကားသော့ကို တခြားလူ အပ်ဖို့အတွက် အများသဘောထားကို တောင်းခံလိုက်ရပါတယ်။
ဒါပေမဲ့ … မထူးဇာတ်ကို ဆက်ကရသလို …
ကားကြီးတိမ်းမှောက်မှာ စိုးလို့ ကားသော့ကို ပြန်ယူလိုက်ရပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့တပည့်လက်သစ်တွေဟာ ကားသော့ကို သူတို့လက်ထဲ မလိမ့်တပတ် ပြန်ယူခဲ့တယ်။
အများပိုင်ကားကြီးကို သူတို့ပိုင်သလိုလို “ငါ့ကားငါဆွဲ၊ ချောက်ထဲရောက်ရောက်..” ဆိုပြီး မောင်းချင်သလို လျှောက်မောင်း … ။ ကားထဲကပစ္စည်းတွေလည်း ထုတ်ရောင်းစား။
နောက်လာတဲ့ မောင်ပုလဲ၊ ဒိုင်းဝန်ထက် ကဲ ဆိုသလို …. လူမိုက်တွေမောင်းနှင်တဲ့ ကားကြီးဟာ တဖြည်းဖြည်းနဲ့ စက်သံတောင် သိပ်မမှန်ချင်တော့ဘဲ ဂျုံးဂျုံးကျလာခဲ့တော့တယ်။
ထုံးစံအတိုင်း ကားပေါ်ကလူတွေကိုလည်း သူတို့စိတ်နဲ့မတွေ့ရင် မောင်းထုတ်၊ ကန်ချ .. စသဖြင့် အရင်နည်းတွေသုံးပြီး နှိပ်စက်နေဆဲပါပဲ။ မခံနိုင်တဲ့သူ တချို့လည်း သူတို့ဟာသူတို့ပဲ တခြားကားပြောင်းစီးလိုစီး၊ ကားပေါ်ကခုန်ချလိုချ၊ ကားရပ်တုန်း ထွက်ပြေးလိုပြေး …ဝေးရာကိုသွားကြလေရဲ့။ မတတ်သာလို့ ကားပေါ်ကျန်နေသူတွေထဲမှာ …
စိတ်ပျက်လက်ပျက်နဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်နေသူတွေရှိသလို ဒီကားကြီးရဲ့ ကားသော့ပြန်ရဖို့ ကြိုးစားနေသူ တွေလဲ ရှိတယ်။ ကားကြီးကို အမှီပြုပြီး ကြီးပွားနေသူတွေလည်း ရှိသပေါ့လေ။
ဒီလိုပါပဲ ဝေးရာသွားတဲ့လူတွေထဲမှာလည်း တခြားတခြားသော ကားတွေပေါ်က လူတွေရဲ့ အကူအညီနဲ့ ကားသော့ပြန်ယူဖို့ ကြိုးစားနေတဲ့သူတွေရှိသလို ကားစုတ်ကြီးပေါ်က ငါလွတ်မြောက်သွားပြီဆိုပြီး စိတ်အေးလက်အေး နေနေသူတွေလည်း ရှိပါတယ်။
ကားကြီးကတော့ ဖွတ်ချက် ဖွတ်ချက်နဲ့ တရွေ့ရွေ့မောင်းနှင်နေဆဲ။
ကားအင်ဂျင်ကလည်း ကျနေပြီ၊ ဆီကလည်း ကုန်လုပြီ။
ဘက်ထရီလည်း ဒေါင်းတော့မယ်၊ ဘော်ဒီကလည်း တောင့်တင်းခိုင်မာမှု မရှိတော့ဘူး။
အမိုး နဲ့ ထိုင်ခုံတွေကိုလည်း ဖြုတ်ရောင်းစားထားတာကြာပြီ။
ကားပေါ်မှာ လူတွေကို ၀က်တင်သလို ပြွတ်သိပ်တင်ပြီး နေပူပူ မိုးရွာရွာ လေပြင်းပြင်း နှင်းထန်ထန် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ … ခံကြလို့များ မပြောရုံတမယ်ပါပဲ။
ဆင်းရဲ ကြပ်တည်း ဒုက္ခတွေ တပုံတပင်နဲ့ …. ကားစုတ်ကြီးပေါ်မှာ… မျှော်လင့်ချက်မဲ့စွာ ….။
မောင်းနှင်သူတွေကတော့ ကားရှေ့ခေါင်းခန်းမှာ ကျော့ကျော့မော့မော့ ပြုံးလို့ပျော်လို့ပေါ့။
အင်း …. ဒီလူတွေလက်ထဲ ကားသော့ရောက်တာ ၁၈ နှစ်ကျော်လို့ ၁၉ နှစ်ထဲ ရောက်လုပါပေါ့လား။
ပြန်တွက်ကြည့်ရင် … ကိုယ့်မိသားစုပိုင်ကားကို ကိုယ့်မိသားစုဝင်က မောင်းနှင်ခွင့်ရတာ … ၅၉ နှစ်ရှိပြီ။
မိသားစုဝင် လူမိုက်တွေရဲ့လက်ထဲ ကားသော့ရောက်တာ ဆိုရင် ၄၅ နှစ်တောင် တိုင်တော့မယ် …။
ကားကြီးနဲ့ ကားပေါ်က လူတွေရဲ့ဘ၀ဟာ တစတစ ဆုတ်ယုတ်လို့ပါပဲ … ။
ဘယ်မှာလဲ တိုးတက်မှု၊
ဘယ်မှာလဲ လွတ်လပ်မှု၊
ဘယ်မှာလဲ ပျော်ရွှင် ချမ်းမြေ့မှု၊
ဘယ်မှာလဲ ဖြောင့်ဖြူးတဲ့ ခရီးလမ်း၊
ဘယ်မှာလဲ လှပတဲ့ အနာဂတ်၊
***
အဲဒီကားကြီးပေါ်မှာ … ခုချိန်ထိ ကျမ စီးနင်းလိုက်ပါနေဆဲပါ။
ဘယ်တော့များ ချောက်ထဲကျသွားမလဲ တထိတ်ထိတ်နဲ့ပေါ့။
ဒီလူတွေလက်ထဲက ဘယ်တော့လွတ်မြောက်မလဲလို့လည်း မျှော်လင့်တကြီး စောင့်စားလို့ … ။
လွတ်လပ်စွာ မောင်းနှင်ခွင့် ရခဲ့ပေမဲ့ … ကျမတို့ ဘ၀တွေဟာ မလွတ်မြောက်သေးပါဘူး။
ဘာပဲဖြစ်ဖြစ် ….
တချိန်ချိန်မှာတော့ ….
အမှန်တကယ် လွတ်မြောက်ရမယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ …. စိတ်ဓာတ်မကျအောင် ကိုယ့်ကိုယ်ကို အားပေးလို့သာ နေရပါတော့တယ်။
***
မေဓာဝီ
4.1.07
00:00 am