Friday, July 29, 2016

သူ ... ပျော်ရွှင်ပါစေ …


သူနှင့်ကျမ အမှတ်တရ နေ့လေးတွေတိုင်းတွင် နှစ်ယောက်အတူ ရှိမနေသည်က များလှသည်။ ယခုလည်း မကြာခင် အချိန်ပိုင်းမှာ သူ့မွေးနေ့ကို ရောက်တော့မည်၊ သူနှင့်ကျမက တယောက်တနေရာစီ။
.
တကယ်တော့ တနေရာစီ ဝေးကွာနေပေမဲ့ နှစ်ယောက်သား အတူရှိနေသည်နှင့် သိပ်တော့ မထူးခြားလှပါ။ အိပ်ရာဝင် အိပ်ရာထ၊ အလုပ်ဆင်း အလုပ်တက်၊ ကော်ဖီချိန် ထမင်းစားချိန်၊ ရထားပေါ် တက်ခ်စီပေါ်အထိ မက်ဆေ့ခ်ျပို့ရင်း စကားပြောရင်း ခွဲခွါနေ့များကို နွေးထွေးစွာ ကျော်ဖြတ်ခဲ့ကြသည်။
.
တဦးနှင့်တဦး အားလပ်ချိန် မတူကြလျှင်လည်း အကြောင်းမဟုတ်။ အတူတူ နှစ်ယောက်သား ဟိုဟိုဒီဒီ သွားလာခဲ့စဉ် ရိုက်ကူးထားခဲ့သော ဓာတ်ပုံလေးများကို ပြန်ကြည့်ရင်း အလွမ်းပြေခဲ့ကြရသည်။ ဒီလိုလုပ်ကြရအောင်ဟု တိုင်ပင်ထားကြသည် မဟုတ်ဘဲ နှစ်ဦးသား အလေ့အထတို့ တိုက်ဆိုင်ကြခြင်းသာ။
.
ကျမက ရန်ကုန်မှာ အလုပ်ပြန်လုပ်နေပြီမို့ သူရှိရာသို့ မသွားနိုင်တော့ သူက ခွင့်ရရင် ရသလို ကျမထံ ပြန်လာရလေပြီ။ ကျမက စင်္ကာပူနိုင်ငံ၏ ကြပ်တည်း ကျဉ်းမြောင်းသော အခန်းငယ်လေးထဲတွင် နေထိုင်ရ အသားမကျနိုင်သည်ကြောင့် သူ့ကိုသာ ပြန်လာရန် တောင်းဆိုထားရ၏။


ဟိုအရင်အခေါက်တွေ သူပြန်လာစဉ်မှာတော့ ကျမတို့နှစ်ယောက် အိမ်နားက ဟိုတယ်မှာ တည်းရင်တည်း ခရီးတွေ ထွက်ရင်ထွက် … နေရေးထိုင်ရေး အဆင်မပြေသေး။ ဒီတခေါက်မှာတော့ ကျမမိဘများ ကျေးဇူးကြောင့် နေထိုင်စရာ အိမ်ခန်းကလေး ရှိခဲ့ပြီ။ သူ ပြန်မလာခင် အိမ်ကလေးကို ပြုပြင် သန့်ရှင်းစေပြီး လိုအပ်သည့် ပစ္စည်းလေးတွေ ဝယ်ထည့်ခဲ့ရသည်။ အိမ်ထောင်ကျပြီး တနှစ်ကျော်မှ ခန်းဝင် ပစ္စည်းဝယ်ရတဲ့ အဖြစ်။ 


ဘာပဲဖြစ်ဖြစ် နှစ်ယောက်လုံး ပျော်ကြသည်။ သူကတော့ ပိုပျော်လိမ့်မည်လား မသိ။ ထိုအိမ်လေးမှာ နေ့သည့် လေးငါးရက်တွင် နေ့စဉ် ဈေးသွား ချက်ပြုတ် လျှော်ဖွပ် သိမ်းဆည်း ဘုရားဝေယျာဝေစ္စပါ လုပ်ရင်း ကြည်နူး ကျေနပ်နေလေသည်။ ခွင့်ရက်မှာ အအိပ်မက်သည့်သူက ကျမ မနက်စောစော ၆ နာရီခွဲ ကျောင်းသွားရန်အတွက် ငါးနာရီခွဲသာသာမှာ အိပ်ရာက ထနေရပြီ။ သူ့ကိုပါ ကျောင်းမှာ လက်တွေ့ သင်ခန်းစာများ သင်ကြားစေတော့ ကျောင်းဆရာလုပ်ခဲ့ဖူးသည့် သူက ဆရာပိုး ပြန်ဝင်ပြီး တက်ကြွနေခဲ့သည်။ နှစ်ယောက်ဆုံတွေ့ချိန်က ခဏလေးပေမဲ့ ကြည်နူး ချမ်းမြေ့ဖွယ်။
.
သူ ပြန်သွားပြီး နောက်လတွင် တခေါက်လာရန် စီစဉ်ရင်း ပျော်ရွှင်နေခဲ့သည်။ သူ့ကို အမြဲ ပျော်စေချင်ပါသည်။ လုပ်ငန်းခွင်တွင် သူ ပင်ပန်းလွန်းသည်။ သူ့ဘဝ တလျှောက်လုံးလည်း ပင်ပန်းခဲ့တာတွေ များလှပြီ။ ကျမနှင့်အတူ လက်တွဲလျှောက်လှမ်းသည့် ဘဝခရီးတလျှောက် သူ စိတ်ချမ်းမြေ့ ပျော်ရွှင်စေရမည်ဟူသည့် စကားလက်ဆောင်လေးကို သူ့မွေးနေ့ အမှတ်တရ အဖြစ် ပေးအပ်နှင်းဆက် လိုက်ပါတော့သည်။
.
ချစ်တဲ့ အကို ပျော်ရွှင်ပါစေ

ချစ်သော
မေ
29.07.16

Read More...

Wednesday, July 20, 2016

အဖေ့မွေးနေ့အတွက် …

ဝါဆိုလသည် အမှတ်တရများစွာဖြင့် ပြည့်လို့နေပေသည်။ ဝါဆိုလပြည့်ကျော်တရက်က အဖေ့မွေးနေ့။ ဒီကနေ့ အဖေ ၇၁ နှစ်ပြည့်သည်။ အဖေ့မွေးနေ့ပေါင်းများစွာ အဖေ့အနားမှာနေခဲ့ပြီး မွေးနေ့ပွဲလေးတွေ ဆင်နွှဲခဲ့ကြဖူး၏။ ယခုတော့ အဖေက အဝေးမှာမို့ မနက်စောစော အဖေ့ထံ ဖုန်းခေါ်၍သာ မွေးနေ့ဆုတောင်း စကားပြောနိုင်ခဲ့သည်။ စကားပြောဆိုအပြီး နှုတ်ဆက်ကာ ဖုန်းမချခင် အဖေက သာဓုခေါ်ခဲ့သည်။
.
''သမီးက မနေ့က ဥပုသ်စောင့်ထားတော့ သီလရှင်လေးပေါ့'' ဟု အဖေက ချစ်စနိုးပြောသည်။ မနေ့က ဝါဆိုလပြည့်မို့ န၀င်္ဂသီလယူကာ ဥပုသ်စောင့်ဖြစ်ပြီး ဒီကနေ့ မနက်စောစော အလုပ်ပြန်စသည်မို့ အဖေ့မွေးနေ့အတွက် အထူးတလည် ချက်ပြုတ် ဆွမ်းလောင်းခြင်း မပြုနိုင်။ မုန့်ပုံးနှင့် ဝတ္ထုငွေသာ ကပ်လှူနိုင်ခဲ့သည်။ အဖေကတော့ အဖေ့အတွက် မည်သည့်ကုသိုလ်ကို မည်သို့ပင်ပြုစေကာမူ ကျေနပ်နေသည်သာ။ အဖေသည် သူ့ကို နားအလည်ဆုံး၊ ခွင့်အလွှတ်နိုင်ဆုံးသူပါပဲ … ။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အဖေနှင့်အမေရှိရာ ဖလော်ရီဒါသို့ လိုက်သွားစဉ် ရုတ်တရက် အူအတက်ခွဲစိတ်ခဲ့ရသည်။ တညလုံး ဗိုက်အောင့်၍ နာကျင်စွာခံစားနေစဉ် အဖေက ကြင်နာစွာ ပြုစုပေးခဲ့သည်။ ဆေးရုံမှဆင်းပြီး နောက်ပိုင်းလည်း သောက်ရသည့် ဆေးပေါင်းများစွာကြောင့် အစားပျက်ကာ အန်ဟယ် အော့ဟယ် ဖြစ်တိုင်း အဖေက အန်ထားသည့် အညစ်အကြေးများကအစ သန့်ရှင်းပေးခဲ့သည်။ ထိုစဉ်က အမေကလည်း နေသိပ်မကောင်း၍ အဖေ့မှာ အမေ့ကိုရော သူ့ကိုပါ မနားရအောင် ပြုစုပေးရရှာလေသည်။
.
“အဖေ့ကို အားနာတယ်” … ဟု သူကပြောတော့ အဖေက … “သမီးလေးကို ပြုစုပေးရလို့ အဖေက ဝမ်းသာနေတာ” ဟု ပြောလေသည်။ လူမမာတယောက် ပြုစုရခြင်းကို အလုပ်ရှုပ်သည်ဟု မမြင်ဘဲ အဖေတို့ အနားမှာနေတုန်း သမီး ခုလိုဖြစ်တာ ကံကောင်းတယ်ဟုလည်း တဖွဖွပြောသေးသည်။
***
အဖေက လောဘနည်းသူ၊ ဒေါသနည်းသူ၊ သည်းခံနိုင်စွမ်းရှိသူ၊ ရောင့်ရဲတင်းတိမ်တတ်သူ၊ ကိုယ့်အတွက်ထက် တဖက်သားကို ပိုမိုကြည့်သည့်သူ၊ သူတို့တွေကို ဘာသာရေးမျက်စိ ဖွင့်ပေးခဲ့သူ၊ ဗုဒ္ဓအဘိဓမ္မာတရားတော်နှင့် မိတ်ဆက်ပေးခဲ့သူ၊ မိရိုးဖလာလွန် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်အောင် သင်ပြပေးခဲ့သူ။ အဖေ့ကြောင့် မြန်မာစာပေနှင့် ကဗျာတွေကို ချစ်မြတ်နိုးတတ်ခဲ့သည်။ အဖေ့ကြောင့် မြန်မာသံစဉ်ဂီတတွေကို ခံစား နားဆင်တတ်ခဲ့သည်။ အဖေ့ကြောင့် မျိုးချစ်စိတ် ရှိခဲ့သည်။ အဖေ့ကြောင့် အမှားအမှန်ကို ဝေဘန်ပိုင်းခြားနိုင်စွမ်း အထိုက်အလျောက် ရရှိခဲ့ပါသည်။
.
ဖလော်ရီဒါမှာ ရှိနေစဉ် အဖေ့ထံမှာ ပဋ္ဌာန်းသင်ခဲ့ရသည်။ “အသုံးချအဘိဓမ္မာ ပဋ္ဌာန်းဒေသနာ” ဟု အမည်တပ်၍ အဘိဓမ္မာ အခြေခံသိရုံဖြင့် ပဋ္ဌာန်းကို အကြမ်းမျဉ်း နားလည်နိုင်အောင် အဖေက သင်ပေးခဲ့သည်။ အဘိဓမ္မာကို စာတွေ့တွင်မဟုတ်ဘဲ လက်တွေ့အသုံးချနိုင်အောင် အဖေက နည်းလမ်းပြပေးခဲ့သည်။ ပဋ္ဌာန်းမြန်မာပြန်ကို ဇယားဖြင့် စီစဉ်ပေးထားသဖြင့် အလွယ်တကူနားလည်စွာ ရွတ်ဖတ်နိုင်စေခဲ့သည်။
.
အမေရိကန်နိုင်ငံမှာ ရုပ်ဝတ္ထု ပစ္စည်းတွေ ပြည့်စုံသည့်တိုင် အဖေက မြန်မာပြည်ကို တမ်းတစွာဖြင့် “ဆရာလည်း မရှိ တပည့်လည်းမရှိတဲ့ အရပ်မှာ ကြာရှည်မနေချင်ဘူး” ဟု တခါတရံ ညည်းတွားရှာသည်။ အမေရိကန်နိုင်ငံမှာက အဖေသိလိုသည့် ဘာသာရေးဆိုင်ရာ မေးခွန်းများကို မေးမြန်းရမည့် ဆရာရင်းမရှိ၊ အဖေ့ထံမှ လိုလိုလားလား သင်ယူချင်သည့် တပည့်လည်းမရှိ။ မြန်မာပြည်မှာတော့ အဖေ့မှာ ဆရာတွေရော တပည့်တပန်းတွေပါ ပေါများလှပါသည်။ အဖေမရှိသော်လည်း အဖေ့တပည့်တွေက မကြာခဏ ဖုန်းဆက်ကြ သတင်းမေးကြသည်။ သီတင်းကျွတ်ဆိုလျှင် ဆရာ့ကို အဝေးမှ ကန်တော့လိုက်ပါကြောင်း အမှာစကား ပါးကြသည်။ အဖေကလည်း အဖေ့ဆရာတွေကို ရံဖန်ရံခါ သမီးတွေမှ တဆင့် ကန်တော့စေသည်။ အဖေက ဆရာတွေကို ချစ်တော့ အဖေ့ကိုလည်း တပည့်တွေက ချစ်ကြသည်ပင်။
.
အဖေ့ကို သက်ရှည်ကျန်းမာစွာ ကျမ်းစာများ ပြုစုရေးသားစေချင်ပါသည်။ ရှားပါးကျမ်းစာအုပ်တွေ ပြန်ဖော်ထုတ် ပုံနှိပ်လိုသည့် အဖေ့ကိုတော့ သူတို့တတွေ ဝိုင်းတားထားရသည်။ စာအုပ် အုပ်ရေတထောင်ထုတ်လို့မှ ငါးရာမကုန်နိုင်သည့် ခေတ်ကာလဝယ် အဖေပြန်လည် ရိုက်နှိပ်လိုသည့် စာအုပ် ကျမ်းလေးကြီးတွေက အရောင်းထိုင်းမှာ၊ ငွေအိပ်နေမှာ၊ ဂိုထောင်မှာ စာအုပ်တွေပုံနေမှာဟု သူတို့က တားမြစ်ကြသည်။ အဲဒီစာအုပ်တွေ အီးဘွတ်လုပ်ထားလို့ရတာပဲဟုဆိုတော့ အဖေက သိပ်မကြိုက်ချင် အင်တင်တင်။ ခေတ်ကာလ အခြေအနေကို အဖေနားလည်နိုင်မည် ထင်ပါသည်။
.
အဖေ အမြတ်နိုးဆုံး တန်ဖိုးအထားဆုံးက စာအုပ်များပင် ဖြစ်သည်။ စာအုပ်ချစ်မြတ်နိုးသော အဖေက တချိန်က လျှမ်းလျှမ်းတောက်ခဲ့သည့် ဟံသာဝတီ၏ မျိုးဆက်ဖြစ်နေသည်မှာ ဂုဏ်ယူစရာ။ သို့ပေသိ ယခုအခါ၌ ဟံသာဝတီ ဟူသည် စာရွက်ပေါ်တွင် အမည်သာရှိတော့သည်မှာ နှမြောစရာ။ ဟံသာဝတီ စာအုပ်တိုက် သတင်းစာတိုက် မျိုးဆက်ဖြစ်သည့်အတွက် စာအုပ်စာတမ်း အဖေ့မှာ ပေါများလှသည်။ အရင်ကတော့ ကိုယ်ပိုင်စာကြည့်တိုက်ကလေး လုပ်ထားခဲ့ပြီး စာအုပ် အမျိုးအစား စုံလင်အောင် ဖြည့်တင်းထားခဲ့သည်။ အဖေ့၏ စာအုပ်ဗီရိုတွေထဲမှ များပြားလှစွာသော စာအုပ်များသည် သူတို့အတွက် ငယ်စဉ်ကနေ ယခုတိုင် စိတ်အာဟာရ ဖြစ်ခဲ့ရသည်။
.
အဖေက သူစုဆောင်းထားခဲ့သော စာအုပ်များကို အလွန်တန်ဖိုးထားလေသည်။ အမေရိကန်နိုင်ငံသို့ သွားရတော့မည် ဆိုတော့ အဖေက ကြွေကျမတတ် ဖြစ်နေသော ရှေးစာအုပ်များကို ကိုယ်တိုင် အဖုံးချုပ် ကော်ကပ်ကာ စနစ်တကျ သိမ်းဆည်းခဲ့သည်။ တခြားစာအုပ်တွေထက် ဘာသာရေးစာအုပ်များကို ပိုမြတ်နိုးသော အဖေက ဘာသာရေးစာအုပ်များကို ဘယ်သူ့မှ မငှားနဲ့နော် ဟု မှာထားသေးသည်။ စာအုပ်များစွာ သယ်မသွားနိုင်သည်မို့ အဖေလိုချင်သော စာအုပ်ဆိုလျှင် မရရအောင်ရှာဝယ်ပြီး စာတိုက်မှဖြစ်စေ လူကြုံဖြင့် ဖြစ်စေ ပို့ပေးရသေးသည်။
.
အဖေမြတ်နိုးတဲ့ စာအုပ်များရှိရာ အဖေချစ်သော မြန်မာပြည်မှာ အဖေနှင့်အတူ ရှိကာ အဖေနှစ်သက်သော မြန်မာ အစားအစာတွေ ချက်ကျွေးချင်ပါသေးသည်။ သို့ပေမဲ့ တဘက်က ကြည့်လျှင်တော့ ခေတ်မီပြည့်စုံသော ဆေးဝါး၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ၊ အပူအအေး မျှတစွာ နေထိုင်နိုင်ခြင်းနှင့် ရေ မီး ကြောင့်ကြရန်မလိုခြင်း၊ ခြင် ယင် ကြွက် ပိုးဟပ် စသည့် သတ္တဝါများ ရန်မှ ကင်းဝေးခြင်းတို့ကြောင့် ထိုတိုင်းပြည်တွင် ဆက်လက် နေထိုင်စေချင်မိပြန်သည်။
.
တကယ်တော့ နေရာဒေသ နီးခြင်းဝေးခြင်းက အဓိက မဟုတ်ပါလေ။ အဖေ နေကောင်း ကျန်းမာ သက်ရှည်စွာဖြင့် ဘာသာ သာသနာ အကျိုးကို ဆောင်ရွက်နိုင်လျှင်ဖြင့် မည်သည့်နေရာမှာနေနေ အဓိပ္ပါယ်ရှိသော နေထိုင်ခြင်း ဖြစ်သည့်အတွက် သူတို့လည်း ခွဲခွါရကျိုးနပ်ပေမည် မဟုတ်လား။
.
ချစ်သော အဖေ
သက်ရှည် ကျန်းမာ ပျော်ရွှင်ပါစေ
. . . .
အဖေ့ချစ်တဲ့ သမီးငယ်
***
20.07.16
ဝါဆိုလပြည့်ကျော် တရက်
ဗုဒ္ဓဟူးနေ

Read More...

Sunday, July 03, 2016

ပန်းစကား




ပန်းစကား
 ***
ပန်းစကား
နမ်းမလား မေ ... ၊
အပွင့်ရွှေဝါရောင်နဲ့
ပင်မြင့်ခေါင် တောင်ပုပ္ပါးမှာ
သင်းပျံ့လို့ဝေ ... ။
 .
ဗျတ္တပန်းဆက်ရာမြေ
ညင်းလေပြေ ဆော်အသွေး၊
တောင်ခိုးတဝေဝေနဲ့
မှောင်မိုးစွေ ရာသီလွမ်းမှာ
ပန်းရနံ့မွှေး ...  ။ ... ။
***
မေဓာဝီ
၃ ဇူလိုင် ၂၀၁၆
(ခေတ္တ ပုပ္ပါး)

Read More...