Monday, April 30, 2007

ကဆုန်လပြည့် ဗုဒ္ဓနေ့

ဒီနေ့မနက် စောစော အိပ်ရာထပြီး မြတ်စွာဘုရားကို နို့ဆွမ်း ကပ်ပါတယ်။
ဘုရားရှိခိုး၊ ငါးပါးသီလ ခံယူဆောက်တည်၊ ဘုရားဂုဏ်တော်, တရားဂုဏ်တော်, သံဃာ့ဂုဏ်တော်တွေကို ရွတ်ဖတ်ပူဇော်၊ ၃၁ ဘုံသားတွေကို မေတ္တာပို့ အမျှဝေပြီးတဲ့နောက် မြတ်စွာဘုရားရဲ့ ရှေ့မှောက်မှာ ပုဆစ်ဒူးတုပ် ထိုင်လျက် ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ကျော်က အဖြစ်အပျက်ကို စိတ်ကူးနဲ့ ပြန်ပြောင်း တွေးတော နေမိပါတယ်။

ထိုစဉ်က ကျမတို့ရဲ့ ဗုဒ္ဓမြတ်စွာ အလောင်းအလျာဟာ သုဇာတာ သူဌေးသမီး လောင်းလှူတဲ့ ဃနာနို့ဆွမ်းကို အဇပါလ ဆိတ်ကျောင်း ညောင်ပင်အောက်မှာ ဘုဉ်းပေးပြီးနောက် နေရဉ္ဖရာမြစ်မှာ အဓိဋ္ဌာန်နဲ့ ရွှေခွက်မျှောပြီး မဟာဗောဓိပင်သို့ ကြွသွားတော်မူပါတယ်။ မြတ်ရိတ်လုလင် သောတ္ထိယ မောင်စင် လှူဒါန်းတဲ့ မြက်ရှစ်ဆုပ်ကို ဗောဓိပင်ရင်း ကြဲဖြန့်ခင်းလိုက်တဲ့အခါ အပရာဇိတပလ္လင် ဖြစ်လာပါတယ်။ ဘုရားအလောင်းတော်ဟာ ထိုပလ္လင်ထက်မှာ စံနေတော်မူပြီးနောက် နေမ၀င်ခင် မာရ်နတ်ရန်ကို အောင်မြင်တော်မူပါတယ်။ ညဥ့်ဦးယံမှာ ပုဗ္ဗေနိဝါသနုဿတိဉာဏ်၊ သန်းခေါင်ယံမှာ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံမှာ အာသ၀က္ခယဉာဏ်ကို ရတော်မူပြီး ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ အရုဏ်တက်ချိန်မှာ လောကသုံးပါးမှာ အတုမရှိသော သဗ္ဗညုဘုရားအဖြစ် ရောက်ရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်ကို တခုချင်း မျက်စိထဲ မြင်ယောင်အောင် တွေးတောကြံစည်ရင်း မြတ်စွာဘုရားကို ကြည်ညိုသဒ္ဓါပွား နေမိတယ်။ ဘုရားရဲ့ ဂုဏ်တော်တွေကိုလည်း စိတ်ထဲမှာ အဖန်အဖန် အထပ်ထပ် ပွားများနေပါတယ်။
ဒီကနေ့ဟာ …
ကျမတို့ကို အလင်းရောင်ပေးခဲ့တဲ့ ဗုဒ္ဓ ဗျာဒိတ်တော်ခံယူတဲ့နေ့၊ ဖွားမြင်တော်မူတဲ့နေ့၊ ဘုရားဖြစ်တော်မူတဲ့နေ့ …နောက်ဆုံး ပရိနိဗ္ဗာန်စံတော်မူတဲ့နေ့ … မို့ ထူးခြားတဲ့ နေ့တနေ့ပါ။
ဒါကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့လို့ သတ်မှတ် ခေါ်ဆိုခဲ့ကြပါတယ်။
ဒါ့ပြင် ကဆုန်လပြည့်နေ့ဟာ မာရ်နတ်ကို အောင်မြင်တော်မူတဲ့နေ့မို့ ကဆုန်လပြည့် မာရ်အောင်နေ့ လို့လည်း ဆိုကြပါတယ်။
***
ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးဟာ ခုနစ်နေ့ဘုရားရှိခိုး လင်္ကာထဲမှာ ကဆုန်လပြည့်နဲ့ ပတ်သက်ပြီး ခုလို ရေးဖွဲ့ထားခဲ့ပါတယ်။

“ဖွားမြင်တော်မူသောနေ့”
သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြေ့၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံညီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့ လမ်းပါကို။

“ဘုရားဖြစ်တော်မူသောနေ့”
တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တပုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြေ့၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဘော်လူတို့ ငြမ်းပါကို။

“ပရိနိဗ္ဗာန် စံတော်မူသောနေ့”
တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တသောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသောင်သို့၊ ဖောင်ကုတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ၀ါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြေ့၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ၀ှမ်းဆူသောင်းလုံး ကျော်တယ်ကို။
***
ကဆုန်လပြည့်မှာ မြတ်စွာဘုရား ပွင့်တော်မူခဲ့ရာ ဗောဓိညောင်ပင်ကို ရည်စူးပြီး ညောင်ပင်တွေမှာ ရေသွန်းလောင်းလေ့ရှိကြတယ်။ စေတီလေးမျိုးမှာ ဗောဓိညောင်ပင်ဟာ ပရိဘောဂစေတီ ထိုက်ပါတယ်။ ခုလို ကဆုန်လရဲ့ နွေနေပူပူမှာ မြတ်စွာဘုရားရဲ့ ဖွားဘက်တော် ၇-ပါး ထဲက တပါးလည်းဖြစ်၊ ပရိဘောဂစေတီလည်း ဖြစ်တဲ့ ဗောဓိပင်ကို ရေစင်သွန်းလောင်းခြင်းဖြင့် ပွင့်တော်မူပြီးခဲ့တဲ့ မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးတော်များကို အောက်မေ့ ပူဇော်ကြခြင်းပဲ ဖြစ်ပါတယ်။
***
ဗုဒ္ဓမြတ်စွာဟာ သဗ္ဗညုတ ဉာဏ်ကို ရတော်မူပြီး ဘုရားဖြစ်တော်မူတဲ့ အချိန်မှာ ကျေနပ် အားရတော်မူတဲ့ အတွက် ဥဒါန်းကျူးရင့်တော် မူပါတယ်။ ဒီဥဒါန်းဟာ မြတ်စွာဘုရားရဲ့ ပထမဆုံးစကား (ပထမဗုဒ္ဓ၀စန) ဖြစ်ပါတယ်။ အနေကဇာတင်လို့ လူသိများကြပါတယ်။ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ မြတ်စွာဘုရားရဲ့ ဥဒါန်းနဲ့ ပူဇော် လိုက်ပါတယ်ရှင်။

“မြတ်စွာဘုရား၏ ဥဒါန်း”

အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာဇာတိ ပုနပ္ပုနံ။

ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။
ဝိသင်္ခါရ ဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ။


“မြန်မာပြန်”
အကြိမ်ကြိမ် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲ၏။ ငါသည် ခန္ဓာအိမ်ကို တည်ဆောက်သူ တဏှာလက်သမားကို ရှာဖွေမရနိုင်သောကြောင့် ဘ၀များစွာ သံသရာတလျှောက် ကျင်လည်ခဲ့ရလေပြီ။

တဏှာယောက်ျား လက်သမား … ။
ငါသည် သင့်ကို ပညာမျက်စိဖြင့် ယခု မြင်တွေ့လေပြီ။ ခန္ဓာကိုယ်တည်းဟူသော အိမ်သစ်ကို သင် နောက်ထပ် ဆောက်ခွင့် မရှိတော့ပြီ။ ခန္ဓာအိမ် တည်ဆောက်ရာမှာ ထုပ်၊ လျောက်၊ ဒိုင်း၊ မြား အဖြစ် အသုံးပြုရသော ကိလေသာ တရားတွေကို ငါဖျက်ဆီး ချေမှုန်းပစ်ပြီ။ မသိမှု အ၀ိဇ္ဖာဟူသော အိမ်၏ အထွတ်ကိုလည်း ငါ ဖျက်ဆီးလိုက်ပြီ။ ငါ၏ စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ။ ငါသည် တဏှာကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်ပြီ။ ဘုရားစစ်စစ် ဖြစ်တော်မူပြီတည့်။
***
မြန်မာသက္ကရာဇ် ၁၃၆၉-ခု၊ ကဆုန်လပြည့်နေ့
ခရစ်နှစ် ၂၀၀၇-ခု၊ ဧပြီလ ၃၀-ရက်၊ တနင်္လာနေ့
မွန်းလွဲ ၂း၁၅ နာရီ

ရည်ညွန်း။ ။
* အခါတော်နေ့များ - မာဂဓီ (သာစည်)

* မိရိုးဖလာလွန် ဗုဒ္ဓဘာသာ - ဆရာသောင်းလွင် (ဘီအေ)

Read More...

နွေညနေ၏ ချွေးသိပ်မိုး …

ရုတ်တရက် လေခပ်ကြမ်းကြမ်း တိုက်ခတ်လာ၏။
မိုးသက်လေ … မုတ်သုန်လေ … ။
မုတ်သုန်လာပြီလားမသိ။
သစ်ပင်ထက်မှ သစ်ကိုင်းတွေက ကျိုးကျတော့မည့်နှယ် ညွှတ်ယိမ်းလျက်၊ သစ်ရွက်တွေက တရွက်မကျန် ကြွေကျတော့မည့်နှယ် လူးလွန့် ခါယမ်းလျက်။ လေပြင်းဒဏ်ကို မခံနိုင်သော ရွက်ခြောက်တွေ ကရောသောပါး လွင့်ကျလာကြပြီး မြေပေါ်ဝယ် ဟိုသည် ရှပ်တိုက် ပြေးလွှားနေကြသည်။
တကယ်တော့ မနက်ခင်းကတည်းကပင် မိုးက ခပ်အုံ့အုံ့၊ တိမ်တွေက ခပ်ပုံ့ပုံ့။ တိမ်တွေကြောင့် မနက်ခင်း နေရောင်ပင် ကောင်းကောင်း မပွင့်ချင် ပွင့်ချင်။

တဖြည်းဖြည်း နေမြင့် လာချိန်မှာတော့ တိမ်တွေလည်း နေရောင်ကို အံမတုနိုင်ရှာတော့ချေ။ ရွာချင်ပါလျက် မိုးကလည်း မရွာ၊ တိမ်ထုကြောင့်လည်း အုံ့အုံ့စပ်စပ်နှင့် နေရခက်လှသည်။ တိမ်တွေကြားမှ နေရောင်၏ အပူရှိန်ကြောင့် ပေါင်းအိုးထဲတွင် နေရသလို ပူလောင်သည့်ဒဏ်ကို ကျိတ်မှိတ်ခံရင်း ဒီညနေခင်းမှာတော့ မိုးငွေ့ပါသည့်လေ တိုက်ခတ်လာချေပြီ။

အဖေ့ ဧည့်သည်လာမှာမို့ ခြံထဲဆင်း စောင့်နေရင်း လေအေးအေးရဲ့ အရသာကို ခံစားနေစဉ်မှာ ခြံထောင့်သရက်ပင်က သရက်သီးတလုံး ဘုတ်ကနဲ ကြွေ၍ အပြေးအလွှား သွားကောက်လိုက်သေးသည်။ သရက်သီး၏ အစိမ်းရင့် အခွံက ပြုတ်ကျသည့် အရှိန်ကြောင့် အက်ကွဲကာ အတွင်းမှ အသားဝါ၀ါ တစွန်းတစ မြင်နေရ၏။ သရက်ပင်ထက် မော့ကြည့်တော့ တွဲလောင်း တွဲလောင်းသီးနေသည့် သရက်သီးတွေ ပြုတ်ကျတော့မယောင် လှုပ်ယိမ်းနေကြသည်။

မိုးက မကြာခင်ရွာတော့မည့်အလား ခြိမ်းသံပေးနေပြန်၏။
လျှပ်စီးက တချက်တချက် တလက်လက်။
အိမ်ပြင်က ကြိမ်ခုံတွေ အထဲသွင်းအုံးမှပဲ။
ကြိမ်ခုံ ၂-ခုံ အမိုးအောက် ရွှေ့နေစဉ် အဖေ့ ဧည့်သည်လာသည်။ ဧည့်သည်ကို ဧည့်ခန်းထဲ လိုက်ပို့နေစဉ်မှာပဲ မိုးစက်မိုးပေါက်တွေ တဖြောက်ဖြောက် ကျလာတော့သည်။

လေတွေက တိုက်လျက်။
သစ်ပင်တွေက ယိမ်းလျက်။
သစ်ရွက်တွေက ကြွေလျက်။
မိုးစက်များက ခပ်ကျဲကျဲ ကျနေရာမှ တဖြည်းဖြည်း စိပ်၍ စိပ်၍ ကျလာချေပြီ။
မကြာမီပင် တဝေါဝေါ အသံတွေ ဆူညံစွာဖြင့် မိုးသည်းထန်စွာ ရွာသွန်းတော့လေ၏။

မိုးရေငွေ့ပါသော လေကို တ၀ကြီး ရှူလိုက်မိသည်။ ရနံ့သင်းသင်း အဆုတ်ထဲ တိုးဝင်၏။
တနွေလုံး မျှော်လင့်ခဲ့ရသည့် ရနံ့။
မြေသင်းနံ့ … ။
မိုးနှင့် မြေကြီး စတင် ထိတွေ့ချိန်မှာမှ ရတတ်သော ဒီရနံ့ … ။

အ၀င်အထွက် မှန်ချပ်တံခါး အနားသို့ ကပ်ကာ ရွာသွန်းနေသော မိုးသည်းသည်းကို ကြည့်နေမိသည်။
မိုးကား အရှိန်ဖြင့် ရွာကောင်းနေတုန်း။
လေတိုက်ခတ်တော့ မိုးရေစက်တွေ အိမ်ထဲဝင်လာကြသည်။ ဒါကို မိုးပက်သည် … တဲ့။ ပက်သည့် မိုးတွေ မျက်နှာကို လာစင်သည်။ နဖူးမှ ဆံစတွေမှာ မိုးစက်တွေ လာခိုကြသည်။ မျက်နှာပေါ်မှာ ဆံပင်ပေါ်မှာ မိုးစက်မှုန်မှုန်လေးတွေ။

ကြည့်ရင်း ကြည့်ရင်း ပျော်လာသည်။
အိမ်အပြင် ထွက်ပြီး ငယ်ငယ်တုန်းကလို မိုးရေချိုးချင်စိတ် ပေါက်လာသည်။ ငယ်စဉ်က မိုးရေတွေ တဝေါဝေါကျသည့် တံစက်မြိတ်အောက်မှာ မိုးရေ ထွက်ချိုးလေ့ရှိသည်။ မိုးရေထဲမှာ ပြေးလွှား ဆော့ကစား ကြသည်။ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်အောင်ချမ်းမှ တဂတ်ဂတ် မေးချင်းရိုက်ပြီး အိမ်ထဲဝင်တော့၏။

ရွာသွန်းနေသော မိုးတွေကိုကြည့်ရင်း ငယ်စဉ်ကပုံရိပ်တွေ မျက်စိထဲ မြင်ယောင်လာမိသည်။ မိုးရွာပြီးစ မြေကြီးပေါ် တင်ကျန်နေသော ရေအိုင်ကလေးတွေမှာ စက္ကူလှေကလေးတွေ လုပ်ပြီးလွှတ်ကြသည်။ မိုးစရွာပြီဆိုတာနဲ့ စက္ကူတွေကို ဗလာစာအုပ်ထဲမှ ဖြဲကာ လှေလုပ်နေကြပြီ။ ပေါင်းမိုးကလေးနဲ့လှေ၊ ရွက်ကလေးနဲ့လှေ၊ လောင်းလှေကလေး၊ ခေါင်းတိုင်သင်္ဘော .. စသဖြင့် ပြုလုပ်ပြီး မိုးစဲသည်နှင့် အိမ်ပြင်ထွက်ကာ လှေလွှတ်ကြလေပြီ။

ရေအိုင်လေးထဲတွင် ယိုင်တိ ယိုင်ထိုး တရွေ့ရွေ့ တလှုပ်လှုပ် သွားနေကြသော စက္ကူလှေကလေးများကို ကြည့်ရသည်မှာ ပျော်စရာ။ မရွေ့တော့ဘဲ ပေတိ ပေကပ် လုပ်နေသော လှေဆိုလျှင် လေဖြင့် တ၀ှူးဝှူးမှုတ်ကာ ရွေ့စေသည်။ ဒါမှ မရလျှင်တော့ ဒုတ်သေးသေးဖြင့် ထိုးကာ ရွေ့စေသည်။ နောက်ဆုံး ဆော့ရတာပျင်းပြီး ရေအိုင်လေးကို စွန့်ခွါခဲ့ချိန်မှာတော့ စက္ကူလှေလေးတွေက ရွှံ့ရေအိုင်လေးထဲ လဲလိုလဲ နစ်လိုနစ် အတုံးအရုံး ဖြစ်ချင်တိုင်းဖြစ်ပြီး ကျန်ရစ်ခဲ့လေတော့၏။

စက္ကူလှေကလေးတွေ ….
စက္ကူလှေ …
စက္ကူ …
စက္ကူ …

ဒိန်းကနဲ ရင်ထဲမှာ လန့်သွားပြီး စက္ကူထားသည့် ဂိုဒေါင်သို့ အမြန်ပြေးကြည့်ရသည်။ စက္ကူလှေအကြောင်း တွေးမိတော့မှ ဂိုဒေါင်ထဲက စက္ကူတွေ မိုးလုံပါရဲ့လားဟု တွေးမိသောကြောင့်ဖြစ်သည်။ နေအရမ်းပူရာမှ ရုတ်တရက် မိုးရွာတော့ ဂိုဒေါင်ခေါင်မိုး သွပ်ချပ်တွေက အပူအအေးကြောင့် ကြွမည်၊ သံချက်တွေနေရာမှ မိုးယိုနိုင်သည်။ ဒီစက္ကူတွေ မိုးစိုလို့မဖြစ်။ လက်နှိပ်မီးတလက်နှင့် ဟိုဟိုဒီဒီထိုးပြီး မိုးယိုမယို သေချာ ကြည့်ရသည်။ စက္ကူထုတ်တွေပေါ် ဖုံးသင့်တာဖုံးပြီး စိတ်ချရပြီဆိုတော့မှ သက်ပြင်းချနိုင်တော့၏။
စိတ်ကူးတောင် ကောင်းကောင်း မယဉ်လိုက်ရပါလား။

ဒီလိုနှင့် …
မိုးကလည်း စဲစပြုနေပြီ။
ညကလည်း မှောင်စပြုနေပြီ။
အိမ်ရှေ့ကတ္တရာလမ်းက မိုးရေဖြင့် ဆေးထားသောကြောင့် ပြောင်လက် ရှင်းသန့်လျက်။
တနွေလုံး ပူလောင်ကာ ဖုန်တထောင်းထောင်း ထလာခဲ့သည့် မြေကြီးသည်လည်း မိုးရေဖြင့် တညနေခင်း ချွေးသိပ်ပေးမှုကြောင့် သေသေ၀ပ်ဝပ် ဖြစ်သွားပြီ။
တနွေလုံး ပူလောင်ကာ ခိုတွေလို ညည်းတွားနေခဲ့ကြသော လူတွေလည်း ဒီမိုးကြောင့် လတ်တလောတော့ အေးချမ်းမှုလေး ရခဲ့ပါပြီ။

တချို့ကတော့ဆို၏။
မိုးရွာပြီးရင် ပိုပူသတဲ့။
မည်သို့ပင်ဖြစ်စေ …
နွေညနေ၏ ချွေးသိပ်မိုးကြောင့် တလောကလုံးရှိ အပူတွေ ခေတ္တခဏတော့ ပြေပျောက်စေသည် မဟုတ်ပါလား။

ဒီလိုပါပဲ ….
အပြင်းထန်ဆုံး ရိုက်ခတ်မှုများ၏ ဒဏ်ကို ခံနေကြရသူ ခံခဲ့ကြရသူများအဖို့ တဒင်္ဂ ချွေးသိပ်ပေးမှုများက သာယာချင်စရာ။ တကယ်တမ်း … ပိုမိုပြင်းထန်သည့် ရိုက်ခတ်မှုများ ပူလောင်မှုများဖြင့် လောင်မြိုက် ခံကြရပေအုံးမည်ကို မသိကြလေရော့သလား မေ့လျော့ နေကြသလား ဟု တွေးနေမိပါတော့၏။
***
မေဓာဝီ
29th April, 2007
00:35 am
(ဧပြီ ၂၈ ရက်ညနေခင်း၊ ရန်ကုန်မှာ မိုးသဲသဲမဲမဲ ရွာတဲ့နေ့က ရေးဖြစ်ခဲ့တဲ့စာဖြစ်ပါတယ်။)

Read More...

Saturday, April 28, 2007

သို့ဖြစ်ပါသောကြောင့် ....

ကျမ အလွန်အားနာမိပါတယ်။
ကျမဘလော့ကို အလည်လာရောက် ဖတ်ရှုသူများအတွက် ဒီရက်ပိုင်းမှာ ကျမ တာဝန်မကျေသလို ၀တ္တရားပျက်ကွက်သလို ခံစားနေရပါတယ်။ ကျမ အပျင်းကြီးလို့လည်း မဟုတ်ရပါဘူး။ ဘလော့ကို ဥပေက္ခာပြုထားတာလည်း မဟုတ်ပါဘူး။ ကျောခိုင်းသွားတာလည်း မဟုတ်ပါဘူး။

ကျမဘလော့မှာ စာတပုဒ် တင်ဖို့အတွက် အကြောင်းတရား ၄-ပါးနဲ့ ညီညွတ်ဖို့ လိုတယ်လို့ ရေးခဲ့ဖူးပါတယ်။
အခု ကျမ ၅ ရက်လောက် ဘလော့နဲ့ ကင်းကွာ သွားခဲ့ရတာကတော့ အကြောင်းတရား ၄-ပါးထဲက ၁-ပါး ဖြစ်တဲ့ အင်တာနက် ကွန်နက်ရှင်ကြောင့်ပါပဲ။
ရာသီဥတု အပူရှိန်ဟာ လူတွေကိုတွင် မဟုတ်ဘူး … ADSL မိုဒမ်း ကိုပါ ဒုက္ခပေးပါတယ်။ ပူလွန်းအားကြီးလို့ မိုဒမ်းလဲ အပူလောင်သွားပုံရတယ်။ ကွန်နက်ရှင်မရတော့ပါဘူး။ ဒါနဲ့ပဲ ဆေးရုံခဏ ပို့ထားရပါတယ်။ ပို့ထားတဲ့ အခိုက်အတန့်မှာ ကျမ အင်တာနက် သုံးလို့မရပါဘူး။ ဆိုင်မှာလည်း သွားမသုံးချင်တာကြောင့် ဒီရက်ပိုင်းမှာ အင်တာနက်မရတဲ့ ကျမဘ၀ ယောင်ချာချာနဲ့ ဖြစ်နေပါတော့တယ်။

တခုတော့ရှိပါတယ်။
အင်တာနက် မရတဲ့ အချိန်မှာ အိပ်ချိန် စားချိန် အလုပ်လုပ်ချိန် မှန်နေပါတယ်။ အထူးသဖြင့် ကျမ အိပ်ရေး၀၀ အိပ်ဖြစ်ပါတယ်။ အခုလည်း မိုဒမ်းက ဆေးရုံက ပြန်မဆင်းသေးပါဘူး။ တခြားလိုင်းနဲ့ ယာယီသုံးနေရတာပါ။ ဒါကြောင့် အရင်လို အချိန်ပြည့် အင်တာနက် မသုံးနိုင်သေးလို့ … ဘလော့အတွက် စာတွေ မတင်ဖြစ်ခဲ့ရင် နားလည်စွာနဲ့ ခွင့်လွှတ်ပေးကြပါ … လို့။

မေတ္တာဖြင့်
မေဓာဝီ
28th April, 07
8:20 pm

* ဒီစာကို စောစောက တင်လို့မရတာနဲ့ ကိုသံလွင်ကို အကူအညီတောင်းပြီး နောက်ဆုံးပို့စ်ရဲ့ ကွန်မန့်ထဲမှာပဲ ထည့်လိုက်ရပါတယ်။

* ကျမကို စိတ်ပူပြီး နိုင်ငံရပ်ခြားမှ ဖုန်းဖြင့် တကူးတက သတင်းမေးသူများ၊ အီးမေးလ်ဖြင့် မေးသူများ၊ ကွန်မန့်ရေးကြသူများ၊ ကျမဘလော့ ဖတ်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။

* ကျမမှာ အကြွေးတွေများစွာ တင်နေတယ်လို့ စိတ်ထဲမှာ အောက်မေ့နေပြီး ကွန်မန့်တွေထဲမှာ ကျမကို မေးထားတဲ့ မေးခွန်းများအား ဖြည်းဖြည်းချင်း ပြန်ဖြေပေးသွားပါမယ်။

Read More...

Monday, April 23, 2007

ဤသို့ ကြားနာ ခဲ့ရပါ၏ …

သင်္ကြန်မတိုင်ခင်က ဖြစ်ပါတယ်။

“အစ်မရေ … သင်္ကြန်ပိတ်ရက်ကလေး အမေ့အိမ်ပြန်ပြီး နားမလား စိတ်ကူးပါတယ်၊ တပ်က ထိုးမယ့် မဏ္ဍပ်မှာ တနေ့ တမျိုး စတုဒိသာ ကျွေးဖို့ တာဝန်ယူရမတဲ့လေ … အင်း .. ပိုက်ဆံလည်း ကုန်အုံးမယ် .. လူလည်း ပင်ပန်းအုံးမယ်”

ညီမလေးလို ခင်နေတဲ့ မိန်းကလေး တယောက်နဲ့ ဖုန်းပြောဖြစ်တော့ သူပြောတဲ့စကားပါ။ သူက အင်ဂျင်နီယာတပ်က ဗိုလ်တယောက်ရဲ့ ဇနီးဖြစ်သူပေါ့။

“သမီး ယောက်ျားကလည်း မအားရပါဘူး အစ်မရယ်၊ အခု စစ်ဆေးရုံက ပိုးသတ်ခန်းကို ပြင်နေရတယ်လေ၊ ဟိုလူကြီးက အ၀ှာဖြစ်နေတာ သိတယ်မဟုတ်လား၊ အဲဒါ ပြန်လာတော့မယ် ဆိုလားပဲ၊ အဲဒီအတွက် အခန်းပြန်ပြင်နေရတာပေါ့ …”
“သြော် …. အင်း …”
“အခန်းက ကြွေပြားကပ်ထားတာလေ …ကြွေပြားတွေကြားထဲ ပိုးတွေရှိမှာစိုးလို့တဲ့ အကုန်ပြန်ခွာပြီး အသစ်ပြန်ကပ်ရတယ်။ နောက်ပြီး မျက်နှာကြက်မှာလည်း ပိုးတွေ ခိုအောင်းနေမှာစိုးလို့ မျက်နှာကြက်လည်း အသစ်လဲရတယ်”
“ဟုတ်လား”
“ဟုတ်ပ … အစ်ရေ .. ဒါတင်ဘယ်က အုံးမလဲ၊ အိမ်သာ တခုလုံးလည်း အသစ်ပြန်လုပ်ရတာ၊ အဲဒီအတွက် သိန်း ၄၀ ကုန်သတဲ့”
“သြော် …”

သူက ကရားရေလွှတ် တတွတ်တွတ်နဲ့ ဆက်ပြောနေပါတယ်။ အိမ်သာကို ဘယ်ပုံဘယ်နည်း စီမံထားတယ် ဆိုတာတွေ … အတိအကျပါ။ ကျမလည်း သူပြောသမျှ အင်း လိုက်ပြီး နားထောင်နေမိတယ်။ နောက်ဆုံးတော့ …
“သူ့ခမျာ …. အသက်က သိပ်ကြီးသေးတာ မဟုတ်ရှာပါဘူး၊ ဒီဝေဒနာကြီး ခံစားနေရတာ သနားပါတယ် အစ်မရယ် …”
ဆိုတာနဲ့ အဆုံးသတ်သွားတယ်။ ကျမလည်း ဘာပြောရမှန်း မသိတော့ … နှုတ်က ဘာမှ မထွက်ဖြစ်လိုက်ဘဲ ခေါင်းသာ ညိတ်ပြနေမိတယ်။ သူလည်း ဖုန်းထဲက မြင်နိုင်တာ မဟုတ်။ သူက ပြောချင်ရာတွေ ပြောပြီး ဖုန်းချသွားတဲ့ အထိ ဖုန်းနားမှာ ကျမ ငိုင်တိုင်တိုင်နဲ့ ထိုင်နေမိတယ်။
သြော် … အသက်တချောင်းဟာ အလွန် တန်ဖိုးရှိတာပါလား …။
***
နှစ်ဆန်းတရက်နေ့က ဖြစ်ပါတယ်။

“ဒကာမကြီးတို့ …. ဒိတ်အောက်နေတဲ့ အစားအစာတွေ မစားနဲ့နော်။ အဲဒီလို အစာတွေ စားမိရင် ဘေးအန္တရာယ်ရှိနိုင်တယ်၊ ဒိတ်အောက်နေတဲ့ ဆေးဝါးတွေ သောက်သုံးမိရင်လည်း ဘေးဥပဒ် ရောက်နိုင်တယ် မဟုတ်လား”
“မှန်ပါ့ ဘုရား”
“အေး … အဲဒီလိုပဲဟ … ဒိတ်အောက်နေတဲ့ လူက အုပ်ချုပ်သူ နေရာယူထားရင်လည်း အုပ်ချုပ်ခံ လူထုမှာ ဒုက္ခ ရောက်ရတယ်တယ်”
“မှန်လှပါတယ် ဘုရား”

နှစ်စဉ် နှစ်တိုင်း နှစ်ဆန်းတရက်နေ့ဆိုရင် အိမ်မှာ ဘုန်းကြီးဆွမ်း ကျွေးနေကျမို့ ဒီနှစ်လည်း ကျွေးပါတယ်။
ထုံးစံအတိုင်း ပင့်တဲ့ဘုန်းကြီးတွေကတော့ ကျမကို ပုံပြောပြတဲ့ ဆရာတော် အပါအ၀င် သံဃာတော် ငါးပါးဖြစ်ပါတယ်။
အထက်ပါ စကားကတော့ ဆရာတော်က ဆွမ်းဘုဉ်းပေးနေရင်း မိန့်ကြားတဲ့ စကားဖြစ်ပါတယ်။ ဆရာတော် အမိန့်ရှိသွားတဲ့ စကားတွေထဲက ကျမ မှတ်မိသလောက် ပြန်ရေးပြတာပါ။
ဆရာတော်က ဆက်ပြောပါတယ်။

“လူက ဒိတ်အောက်တယ်ဆိုတာ ဘယ်လိုတုန်း သိလား”
“အမိန့်ရှိပါဘုရား”
“ဟဲ့ … အသက် ၆၀ လား၊ ၆၅ လား၊ ခုခေတ် လခစား အမှုထမ်းတွေ ၀န်ထမ်းတွေ ပင်စင်ယူကြတာ၊ အဲဒီအရွယ်လွန်ရင် ဒိတ်အောက်ပြီပေါ့၊ ဘယ်မှာ သွားသုံးစားလို့ ရမှာတုန်း၊ ဟုတ်တယ် မဟုတ်လား”
“မှန်ပါ့ ဘုရား”

“အိမ်း … ငါ့တပည့် …. နင့်ကို ပုံပြင်တခု ပြောပြရအုံးမယ် …
မြို့တမြို့မှာ သူဌေးသမီး တယောက်ရှိသတဲ့၊ အချိန်တန် အရွယ်ရောက်တော့ သူ့မိဘတွေက သူတို့ မျက်နှာမလွှဲခင် အိမ်ထောင်ရက်သား ချပေးဖို့ရာ နှစ်သက်တဲ့သူကို ရှာဖွေစေတယ်၊ သူဌေးသမီးလေးက သူ့ချစ်သူကို မိဘဆွေမျိုးတွေ အားလုံးကို ပြတော့ အားလုံးက သဘောတူ လက်ခံကြတာမို့ မင်္ဂလာပွဲ ခမ်းခမ်းနားနား လုပ်ကြတာပေါ့၊ မင်္ဂလာပွဲပြီးခါကျမှ ခြံစောင့် ငပွကြီးဆိုသူက သူဌေးသမီးကို လိုချင်တာနဲ့ သူ့ယောက်ျားကို ဖမ်းချုပ်ပြီး သူဌေးသမီးကို အရယူဖို့ ကြံစည်တော့သတဲ့ …”
“ …. …. …”
“ဒီတော့ ငပွကြီးက ဘာကံကို ကျူးလွန်လိုက်တာတုန်း”
“ကာမေသု မိစ္ဆာစာရကံ ပါ ဘုရား”
“အေး …. သူတပါး အိမ်ရာကို ကျူးကျော် စော်ကားတဲ့ ခြံစောင့် ငပွကြီးဟာ လူမှုရေးမှာ မိစ္ဆာအကျင့်ဆိုး ဒုစရိုက်မျိုးကို ကျူးလွန်လိုက်တာပဲ … အဲဒီလိုပဲ …. တိုင်းပြည်တပြည်မှာလည်း ပြည်သူပြည်သားက အလိုမတူဘဲ လက်နက်အားကိုးနဲ့ မင်းတက်လုပ်နေတယ် ဆိုရင် ဒီကောင်တွေလည်း ဘာထူးတုန်းဟ … နိုင်ငံရေး ကာမေသုမိစ္ဆာစာရ ကံကို ကျူးလွန်တာပဲ မဟုတ်လား”
“မှန်ပါတယ် ဘုရား”

ကျမ အားရပါးရ ထောက်ခံ လိုက်မိပါတယ်။ ဆရာတော်က အချိုပွဲ ဘုဉ်းပေးနေရင်း ဆက်ပြောပါတယ်။

“နင် မှတ်ထားစမ်း ….နောက်တခု …. အဖေမှန်သိမှ အဖြေမှန် ရှိမယ် … ဟ”
“ဘယ်လို အဖေမှန်ပါလဲ ဘုရား အမိန့်ရှိတော်မူပါ”
“တပ်မတော်ရဲ့ ဖခင်ဟာ ဗမာ့ တပ်မတော်ကို တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ ဘယ်သူမှ ငြင်းလို့ မရဘူး .. မဟုတ်လား …။ အခု ငါတို့ တိုင်းပြည်မယ် … ဘာမဟုတ်တာလေးတွေကို ခက်နေကြတယ်၊ တိုးတက်အောင် မလုပ်နိုင်ဘူး၊ အဲဒါ အဖေမှန် မသိလို့ဟ။ အဖြေမှန်ကို လိုချင်ရင် ကိုယ့်အဖေကို အဖေမှန်း သိအောင် အရင်လုပ်ဖို့ လိုတယ်။ ပြီးတော့ ကိုယ့်အဖေကို အဖေနေရာထားပြီး လေးစားဖို့ အရေးကြီးတယ်။ ကိုယ့်အဖေစကားကို နားထောင်ဖို့ လိုတယ်။ အခုတော့ ကိုယ့်အဖေကို အဖေမှန်း မသိကြ၊ အဖေ့သမိုင်းကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားကြ၊ အဖေ့နေရာကို အစားထိုးဖို့ ကြံစည်ကြ …. ဒီလိုသာဖြင့် ဘယ်လိုလုပ် အဖြေမှန်ရှိပါ့မလဲ။ လိုချင်တဲ့ ပန်းတိုင်၊ မှန်ကန်တဲ့ ရည်ရွယ်ချက်ကို ဘယ်လိုလုပ် ရနိုင် ရောက်နိုင် မျက်မှောက်ပြုနိုင်ပါ့မလဲ”
“မှန်လှပါ ဘုရား”
***
လွန်ခဲ့တဲ့ ၂ ရက်ခန့်က ဖြစ်ပါတယ်။

“အဲဒီ စကားတခွန်းကြောင့် ဆရာ တပ်က ထွက်လိုက်တာပဲ”
“ဘယ်စကားလဲ ဆရာ”
“၈၈ အရေးအခင်းက ဦးနေ၀င်း ပြောတဲ့စကားလေ၊ စစ်သားဆိုတာ တည့်တည့်ပစ်တာ၊ မိုးပေါ်ထောင် ပစ်မှာ မဟုတ်ဘူး ဆိုတဲ့စကားပေါ့”
“သြော် … ဟုတ်တယ် … အဲဒီမိန့်ခွန်း ကြားပြီး ဆရာ တပ်က ထွက်ရောလား”

ကျမနဲ့ ရင်းနှီးတဲ့ ဆရာဝန်တယောက် မလေးရှားမှာ အလုပ်သွားလုပ်ပြီး သင်္ကြန်တွင်း ခဏ ပြန်လာတုန်း ကျမအိမ်ကို လာလည်ရင်းနဲ့ ပြောဖြစ်ခဲ့ကြတဲ့ စကားတွေပါ။ သူဟာ တချိန်က စစ်ဗိုလ်ဆရာဝန် တယောက်ပါ။ ခုတော့ တပ်ကထွက်ပြီး အပြင်ဆေးရုံတွေမှာ အလုပ်လုပ်ရာက မလေးရှား ရောက်သွားပြီ ဖြစ်ပါတယ်။

“အဲဒီစကား ကြားတော့ ကိုယ့်ကိုယ်ကိုလည်း တော်တော် စက်ဆုပ်သွားတယ်၊ ဒီလို လူမျိုးအတွက် ငါတို့က တာဝန် ထမ်းဆောင်ပေး နေရမှာလား ….လို့ တွေးမိတယ်”
“အလုပ်က အလွယ်တကူ ပေးထွက်လား ဆရာ”
“ပေးမထွက်လို့လည်း မရဘူး၊ ဆရာက ကတ်သီးကတ်သတ်တွေချည်း လုပ်နေတော့တာကိုး၊ ဆရာတို့ အားလုံးကို အစည်းအဝေး ခေါ်ပြီး တပါတီစနစ်ကို ထောက်ခံပါတယ် ဆိုပြီး ပြောခိုင်းတယ်၊ ကန့်ကွက်မယ့် သူ ရှိပါသလား …ပေါ့၊ အားလုံးက မရှိပါဘူး … ဆိုပြီး အိယောင်ဝါး အော်နေချိန်မှာ ဆရာက ကျနော် ကန့်ကွက်ပါတယ် လို့ ထပြောတာ”
“ဟင် ဟုတ်လား … အဲဒီတော့ …. ဆရာ့ကို ဘာပြောလဲ”
“ကန့်ကွက်လို့ မရဘူးတဲ့၊ ထောက်ခံရမှာပဲ တဲ့ … ဟားဟား … ဒါနဲ့ ဆရာကပြောလိုက်တယ် … ခင်ဗျားတို့ အခု ထောက်ခံတယ်လို့ ပြော .. နောက် ခဏနေရင် ကျနော်က ကန့်ကွက်တယ် ပြောမှာပဲ … လို့”
“…. …. ….. ”

“နောက်တခါ …ဆေးရုံကို အရေးတကြီး လူနာတယောက် ရောက်လာတယ် … စစ်သားလေး တယောက်၊ ခြေထောက် မိုင်းထိလို့ ဆိုပြီးတော့၊ အဲဒီလိုမျိုးက ကြာကြာထားရတာ မဟုတ်ဘူး။ အမြန် ဖြတ်တောက် ပစ်ရတယ်၊ အခုဟာက တပတ်လောက်တောင် ကြာနေပြီ၊ ပုပ်ပြီး အဆိပ်တောင် တက်နေတယ်။ အဲဒီလူနာကို ကြည့်နေတုန်း …. ခုချက်ချင်း ဂေါက်ကွင်းကို သွားရမယ် … ဒီလူနာကို ထားခဲ့ပါ … အထက်က အမိန့်တဲ့”
“ဂေါက်ကွင်းက ဘာလုပ်ဖို့တုန်းဆရာ”
“လူကြီး ဂေါက်ရိုက်တာ သွားစောင့်ဖို့တဲ့လေ … အဲဒါနဲ့ ဆရာက ပြတ်ပြတ်ပဲ ပြောလိုက်တယ်၊ ဒီမှာ တကယ်လုပ်ပြီး တကယ်ခံနေရတဲ့ လူနာကို ကုပေးဖို့ရှိတယ် … သူတို့ ကမြင်းကြောထတဲ့ဆီ ငါလိုက် မစောင့်နိုင်ဘူး၊ မကျေနပ်ရင် ငါ့ကို အလုပ်က ထုတ်လိုက်ကြ …. လို့”
“ကောင်းရော … ဒါနဲ့ပဲ ထုတ်လိုက်ကြရောလား ဆရာ”
“စာရွက်လေး လာပေးတယ်လေ … ကိုယ့်ဖာသာ အလုပ်က ထွက်ပါတယ် ဆိုပြီး ရေးထားတဲ့ စာရွက်ပေါ့ …အောက်မှာ အဆင့်သင့် လက်မှတ်ထိုးရုံပဲ”
“ဆရာက ထိုးလိုက်ရောလား”
“ဒါပေါ့ … ၀မ်းသာအားရပဲ ထိုးပေးလိုက်တယ် …. အပြင်မှာ ဗိုလ်ကြီး အငြိမ်းစား တို့ ဘာတို့ နာမည် မသုံးရဘူး တဲ့ …ပြောသေးတယ်၊ ယောင်လို့တောင် မသုံးပါဘူး … စိတ်ပျက်လွန်းလို့ … လို့ ပြန်ပြောခဲ့လိုက်တယ်”
“ဟားဟား …ကောင်းလိုက်တာ”
“ဆရာတို့ မျိုးရိုးက အကုန် စစ်သားတွေချည်းပဲ၊ ဆရာ့ ဘိုးဘေး တွေကအစ သွေးသောက်ကြီးတွေ၊ ဆရာ့လက်ထက် ကျမှ ဒီမျိုးဆက် ပြတ်တော့တာ။ ဆရာ့သားလည်း စစ်သားလုပ်ချင်ရင် ဆောရီးပဲ၊ ဒီခေတ်မှာတော့ လုံးဝ စစ်ထဲ မ၀င်ရဘူး”
“…. …. ….”

“စဉ်းစားကြည့်လေ …. စစ်တပ်ကို ကိုယ့်အပိုင်လို သဘောထားပြီး အသုံးချနေကြတဲ့ဟာကို …. ဒီထဲနေနေရတာ ကိုယ်က အသုံးချခံ ပစ္စည်းတခု ဖြစ်မှန်း မသိဖြစ်နေတယ်။ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ စစ်တပ်ဆိုတာ တိုင်းပြည်ကို ကာကွယ်ဖို့၊ ပြည်သူလူထု ကို စောင့်ရှောက်ဖို့၊ အုပ်ချုပ်သူ လက်တဆုပ်စာ လူတန်းစားတရပ် အတွက်မှ မဟုတ်တာ။ အခုတော့ သူတို့ဖင်မြဲဖို့၊ အာဏာတည်တံ့ဖို့ ဒီကကောင်တွေက အသေခံနေကြရတယ်၊ အမုန်းခံနေကြရတယ် … ဒါမျိုးတော့ ဘယ်တော့မှ မလုပ်ဖူး”
***
အထက်ပါ ဖြစ်ရပ် ၃ ခုဟာ မရှေးမနှောင်း ရက်ပိုင်း အချိန်ပိုင်းအတွင်း ကြုံတွေ့ ကြားနာခဲ့ရတာတွေပါ။
ဒါတွေကို နားထောင်ခဲ့ပြီး ကျမထုံးစံအတိုင်း အတွေးနယ်ချဲ့မိတယ်။ ဒီနောက်မှာတော့ စာအဖြစ် ချရေးလိုက်မိ ပါတယ်။
***
မေဓာဝီ
23rd April, 2007
00:55 am
(၀န်ခံချက် ။…။ ကိုကလိုစေးထူး (ခ) ကိုသံလွင် ၏ ရေးနည်းမျိုးကို အတုယူ၍ ရေးသားထားခြင်း ဖြစ်ပါသည်။)

Read More...

Saturday, April 21, 2007

ဥပုသ် ဆိုတာ …

သင်္ကြန်အတက်နေ့က ရေးခဲ့တဲ့ ပို့စ်ရဲ့ ကွန်မန့်မှာ ryan က ဥပုသ်နဲ့ ပတ်သက်လို့ မေးထားတာလေးကို ရှည်ရှည်ဝေးဝေး ပြန်ဖြေချင်တဲ့အတွက် ကွန်မန့် အနေနဲ့ မရေးတော့ဘဲ ပို့စ်အသစ် အနေနဲ့ တင်လိုက်ပါတယ်။
***
ဥပုသ်ဆိုတာ ပါဠိလို ဥပေါသထပုဒ်က ဖြစ်လာတဲ့စကားဖြစ်ပြီး မြန်မာလိုတော့ ကျင့်သုံးခြင်း လို့ အဓိပ္ပါယ်ရပါတယ်။ လူမှန်ရင် ငါးပါးသီလကို နေ့စဉ်မပြတ် စောင့်ထိန်းကြရမယ်။ ကျင့်ရိုးကျင့်စဉ် သီလဖြစ်တဲ့ ရိုးရိုး ငါးပါးသီလထက် ထူးခြားပြီး အရိယာ သံဃာ၊ ပုထုဇဉ် ရဟန်း သာမဏေတွေ ရာသက်ပန် ဆောက်တည် ကျင့်ကြံကြတဲ့ သီလတွေထဲက မေထုန်မှု မပြု၊ ညစာမစား၊ ပွဲလမ်း မကြည့်၊ ပန်းနံ့သာမခြယ်၊ မြင့်ရာ မြတ်ရာမှာ မနေခြင်း ဆိုတဲ့ လေးပါးကို အရိယာ သံဃာတော်များလို အမြဲမဟုတ်တောင်မှ ဥပုသ်နေ့လို့ အများသတ်မှတ် စောင့်သုံးကြတဲ့ နေ့ တနေ့နဲ့ တညမှာတော့ ရှောင်ကြဉ်မယ်၊ ဒီရှစ်ပါးသီလနဲ့ ပြည့်စုံအောင် ကျင့်ကြံမယ် ဆိုပြီး အကျင့်သီလနဲ့ ပြည့်စုံပြီးနေတာကို ဥပုသ်စောင့်တယ်လို့ ခေါ်ပါတယ်။

မြတ်စွာဘုရားဟာ ၀ိသာခါ ကျောင်းအမကြီးကို ဥပုသ် (၃) မျိုးအကြောင်း ဟောကြားခဲ့ဖူးပါတယ်။ (အင်္ဂုတ္တိုရ်ပါဠိတော်၊ တိကနိပါတ်၊ မဟာဝဂ်၊ ဥပေါသထသုတ်)

ဥပုသ် (၃) မျိုး

(၁)ဂေါပါလဥပုသ် (နွားကျောင်းသားဥပုသ်)
နွားကျောင်းသားတွေဟာ ဒီနေ့တော့ နွားတွေကို ဒီတောမှာ ကျောင်းပြီး ဒီချောင်းမှာ ရေတိုက်တယ်၊ နက်ဖြန်ကျရင်တော့ ဘယ်တောမှာ ကျောင်းပြီး ဘယ်ချောင်းမှာ ရေတိုက်ကြမယ်လို့ စီစဉ်လေ့ရှိသလို ဥပုသ်သည်တွေဟာလည်း ဒီနေ့တော့ ဘာဟင်း ဘာမုန့်တွေစားပြီး နက်ဖြန် သို့မဟုတ် နောက်ဥပုသ်မှာ ဘာဟင်းချက်စားမယ်လို့ အစားအသောက် ကောင်းတွေ စားဖို့ စဉ်းစားနေတဲ့ ဥပုသ်မျိုးကို နွားကျောင်းသားဥပုသ် လို့ ခေါ်ပါတယ်။

(၂) နိဂဏ္ဍဥပုသ် (တက္ကတွန်းဥပုသ်)
ဒိဋ္ဌိ တက္ကတွန်းတွေ စောင့်သုံးတဲ့ ဥပုသ်မျိုးဖြစ်ပါတယ်။ ဘယ်နှစ်မိုင် အတွင်းမှာရှိတဲ့ သတ္တ၀ါတွေကိုတော့ မသတ်ကောင်း၊ ဒီမိုင် သတ်မှတ်ချက် ဟိုဘက်မှာရှိတဲ့ သတ္တ၀ါတွေကိုတော့ သတ်ကောင်းတယ် လို့ ဒုစရိုက် ပြုလို့ရအောင် ကြံဖန်စောင့်သုံးတဲ့ သီလမျိုး ဖြစ်ပါတယ်။

(၃) အရိယဥပုသ် (စင်ကြယ်သောဥပုသ်)
ဘုရားဂုဏ်တော် စသည်ကို အဖန်ဖန် နှလုံးသွင်းပြီး မိမိစိတ်မှာ ကိလေသာ အညစ်အကြေး စင်ကြယ်အောင် စောင့်သုံးတဲ့ ဥပုသ်မျိုးဖြစ်တယ်။
အရိယာဥပုသ်ဟာ ၆-မျိုးရှိပါတယ်။

က- အရဟံ အစရှိတဲ့ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ဆင်ခြင်အောက်မေ့ နေတဲ့ ဗြဟ္မာ့ဥပုသ်၊
ခ- သွာက္ခာတ အစရှိတဲ့ တရားတော်ရဲ့ ဂုဏ်တော်တွေကို ဆင်ခြင်အောက်မေ့ နေတဲ့ ဓမ္မဥပုသ်၊
ဂ- သုပ္ပဋိပန္န အစရှိတဲ့ သံဃာတော်ရဲ့ ဂုဏ်တော်တွေကို ဆင်ခြင်အောက်မေ့ နေတဲ့ သံဃဥပုသ်၊
ဃ- သီလရဲ့ ဂုဏ်ကျေးဇူးကို အဖန်ဖန် နှလုံးသွင်း နေတဲ့ သီလဥပုသ်၊
င- သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ ဆိုတဲ့ ဂုဏ်ကျေးဇူးတွေ ရှိကြတဲ့ နတ်ဗြဟ္မာတွေကို စံထားကာ စောင့်သုံးတဲ့ ဒေ၀တာဥပုသ်၊
စ-ရဟန္တာပုဂ္ဂိုလ်တွေဟာ သူ့အသက်ကို မသတ်ခြင်း စတဲ့ အင်္ဂါ ရှစ်ပါးနဲ့ ပြည့်စုံကြသည်ဟု ရဟန္တာပုဂ္ဂိုလ်တွေကို အတုယူကာ ဥပုသ်အင်္ဂါ ၈-ပါးလုံးကို ဆင်ခြင်အောက်မေ့ စောင့်သုံးတဲ့ သီလကို အဋ္ဌင်္ဂုပေါသထ ဥပုသ်၊
စသဖြင့် အရိယဥပုသ် ၆-မျိုး ဖြစ်ပါတယ်။

၈-ပါးသီလ ဥပုသ်စောင့်ထိန်းပုံ

* အဟံဘန္တေ တိသရဏေ နသဟ အဋ္ဌင်္ဂ သမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေဘန္တေ။
(အရှင်ဘုရား၊ တပည့်တော်သည် သရဏဂုံ သုံးပါးနှင့်တကွ အင်္ဂါ ၈-ပါးရှိသော ဥပုသ်သီလကို တောင်းခံပါသည်၊ တပည့်တော်ကို ချီးမြှောက်သော အားဖြင့် သီလ (ဆောက်တည်ခွင့်)ပေးတော်မူပါ ဘုရား။)

(၁) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
သူတပါး၏ အသက်ကို သတ်ဖြတ်ခြင်း ညှဉ်းဆဲခြင်းမှ ရှောင်ကြဉ်ပါ၏။

(၂) အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
သူတပါး၏ ဥစ္စာကို ခိုးယူခြင်း လုယက်ခြင်းမှ ရှောင်ကြဉ်ပါ၏။

(၃) အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏။

(၄) မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
မဟုတ်မမှန် လိမ်ညာ လှည့်ဖျား မမှန်စကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏။

(၅) သုရာမေရယ မဇ္ဖပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ယစ်မူး မေ့လျာ့ကြောင်းဖြစ်သော ဘိန်းဘင်း ကစော် လှော်စာ အရက် သောက်စား ရှူရှိုက်ခြင်းမှ ရှောင်ကြဉ်ပါ၏။

(၆) ၀ိကာလ ဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
နေမွန်းလွဲသောအခါ ညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏။

(၇) နစ္စ ဂီတ ၀ါဒိတ ၀ိသုက ဒဿန မာလာ ဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ကိုယ်တိုင် ကခြင်း, သူတပါးကို ကစေခြင်း၊ ကိုယ်တိုင်သီဆိုခြင်း, သူတပါးကို သီဆိုစေခြင်း၊ ကိုယ်တိုင် တီးမှုတ်ခြင်း, သူတပါးကို တီးမှုတ်စေခြင်း၊ က-ခြင်း, သီဆိုခြင်း, တီးမှုတ်ခြင်းတို့ကို ကြည့်ရှု နားထောင်ခြင်း၊ ပန်းပန်ခြင်း၊ နံ့သာ လိမ်းကျံခြင်း တို့မှ ရှောင်ကြဉ်ပါ၏။

(၈) ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
မြင့်သော မြတ်သော အိပ်ရာ နေရာတို့၌ နေထိုင် အိပ်စက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၏။
***
အမှတ်စဉ် (၃)ဖြစ်တဲ့ အဗြဟ္မစရိယာ သိက္ခာပုဒ်ကို မကျိုးမပေါက်အောင် စောင့်ထိန်းစေခြင်းငှာ (၆-၇-၈) သိက္ခာပုဒ်တို့ကို စောင့်ထိန်းရတယ် လို့ မှတ်သားသိခဲ့ရပါတယ်။

နေလွဲညစာ စားသုံးခြင်း၊ အတီးအမှုတ် အကအခုန်တွေကြည့်ရှုခြင်း၊ နံ့သာ လိမ်းခြင်း ပန်းပန်ခြင်း၊ ကောင်းမွန် ခမ်းနားတဲ့ အိပ်ရာ နေရာတို့မှာ နေထိုင် အိပ်စက်ခြင်းအားဖြင့် ကာမဂုဏ် အာရုံတွေကို တိုးပွားစေတဲ့အတွက် သီလ ပျက်ပြားစေနိုင်လို့ပါပဲ။

ဒီနေရာမှာ ညစာမစားတာနဲ့ ပတ်သက်ပြီး တခုပြောချင်ပါတယ်။
ညစာမစားတာဟာ အတ္တကိလမထာ (မိမိကိုယ်ကို ညှဉ်းဆဲခြင်း) ဆိုပြီး အစွန်းရောက်တယ်လို့ တချို့က ဆိုကြတယ်။
တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ သီလစောင့်ထိန်းသူ အနေနဲ့ ညစာမစားခြင်းဖြင့် ညစာအတွက် စီမံချက်ပြုတ်ရတဲ့ အလုပ်ပိုတခု သက်သာတယ်၊ အချိန်ကုန် သက်သာတယ်၊ ညစာစားလို့ ဗိုက်လေးပြီး အိပ်ငိုက်တာမျိုး မဖြစ်ဘူး၊ နေရထိုင်ရ ပေါ့ပါးမှု ရှိပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။

ဒါကြောင့် တရက်တလေ ဥပုသ်စောင့်တဲ့ အခါမျိုးမှာ ဗိုက်ဆာလည်း အောင့်အည်း သည်းခံ သင့်ပါတယ်။ မခံနိုင်တဲ့အဆုံး အချိုရည်လေး စတုမဓူလေး စားလို့ရပါတယ်။ ဒါဟာ မိမိကိုယ်ကို ညှဉ်းဆဲခြင်း မဟုတ်ပါဘူး။ အကျင့်ဖြစ်သွားရင် ပေါ့ပါးပြီး နေရထိုင်ရ ပိုကောင်းလာတတ်ပါတယ်။

မြတ်စွာဘုရားက ဂီလာန ရဟန်းတော်တွေကို ညစာစားဖို့ ခွင့်ပြုတော်မူခဲ့တာပဲ လို့ တယောက်က ဆင်ခြေတက်ပါတယ်။
ဟုတ်ကဲ့ … တသက်လုံး တရားအားထုတ်လာတဲ့ ဂီလာန ရဟန်းတော်အတွက် မြတ်စွာဘုရားက ညစာ ခွင့်ပြုတာနဲ့ပဲ ခဏတဖြုတ် ဥပုသ်ယူတဲ့ ကျန်းမာသန်စွမ်းသူ လူပုဂ္ဂိုလ်တွေက အတုယူပြီး လိုက်စားကြမှာလား။
တခါတလေမှ စောင့်တဲ့ သီလမို့ မကျိုးမပေါက် မပြောက်မကြား စောင့်ထိန်းနိုင်ရင် အကောင်းဆုံးပဲ မဟုတ်ပါလား။
***
အဲဒီ ၈-ပါးသီလမှာ မေတ္တာသဟ ဂတေန … စတဲ့ သိက္ခာပုဒ်ကိုထည့်ရင် ၉-ပါးသီလ ဆောက်တည်တယ် လို့သာ အလွယ်ဆိုကြပေမဲ့ မေတ္တာခြံရံသော ရှစ်ပါးသီလ ဆိုမှ မှန်ပါတယ်။ သီလ ဆိုတာ စောင့်ထိန်း အပ်ခြင်း၊ ဘာဝနာ ဆိုတာ ပွားများအပ်ခြင်း မို့ ရှစ်ပါး သီလ စောင့်ထိန်းပြီး မေတ္တာပွားများ နေခြင်းဟာ အင်္ဂါ ၉-ပါးရှိသော န၀င်္ဂ ဥပုသ် ဖြစ်ပါတယ်။ ဒါကြောင့် ၉-ပါး သီလ မဟုတ်ဘဲ ၉-ပါး ဥပုသ်လို့ ခေါ်မှ ပိုပြီး မှန်ကန်မယ်လို့ တိပိဋကဓရ ဆရာတော် ဦးဝိစိတ္တက ဆုံးဖြတ်ပေးထား ပါသတဲ့။
ဒါလောက်ဆိုရင်ဖြင့် ဥပုသ် သီလနဲ့ ပတ်သက်တဲ့ အခြေခံ အချက်လေးတွေ သိလောက်ပြီလို့ ထင်ပါတယ်။

ကြုံတုန်း တခုလောက် ပြောချင်ပါတယ်။
ခုလို မေးမြန်းတာကို ကျမ အလွန် ကျေးဇူးတင်ပါတယ်။ မေးမြန်းတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး သေချာ ဂဏ ဖြေချင်တာမို့ စာအုပ်တွေ ပြန်ဖတ်ဖြစ် လေ့လာဖြစ်တဲ့အတွက် ကျမအတွက် အင်မတန်မှ အကျိုးရှိပါတယ်။ နောက်တခုက …. ကျမဟာ မိရိုးဖလာလွန် ဗုဒ္ဓဘာသာဝင် တယောက် အနေနဲ့ ဗုဒ္ဓတရားတော်တွေကို လေ့လာပြီး ကြိုးစား ကျင့်ကြံ လိုက်နာသူ တဦးမျှသာ ဖြစ်ပါတယ်။ ကျမ ခုလို ပြန်ဖြေပေးနိုင်တာဟာ ကျမ သိလွန်းလို့ မဟုတ်ပါဘူး။ ကျမ အနားမှာ ကျမ သိချင်သမျှ မေးခွင့်ရတဲ့ ကျမ ဖခင်ကြီး ရှိနေတဲ့အပြင် ကျမမှာ ကိုးကားစရာ စာအုပ်များစွာ ရှိနေတဲ့ အတွက် ခုလို ဖြေပေးနိုင်ခြင်း ဖြစ်ပါတယ်။ ကျမ အဖြေများ တစုံတရာ မှားယွင်းပါက အသိဉာဏ် မကြွယ်ဝသူ ကျမမှာသာ အပြစ်ရှိပါတယ်။ ကျမ ရေးသားချက်များဟာ သိလိုသူများနဲ့ မသိသေးသူများကိုသာ ရည်ရွယ်ပါတယ်။
***
မေတ္တာဖြင့်

မေဓာဝီ
21st April, 2007
00:13 am
=========================================
ကိုးကား ။ ။
(၁) အသျှင်တေဇောသာရ ၏ ဥပုသ်သည် ကြေးမုံ
(၂) ဆရာသောင်းလွင် (သကျသီဟ ၀ဋံသကာ) ၏ မိရိုးဖလာလွန် ဗုဒ္ဓဘာသာ

Read More...

ဘကြီးဘဘေ၏ နိုင်ငံရေးရာ အဖြာဖြာ အပိုင်း (၅)

ဒီတပတ်တော့ ဘကြီးဘဘေနဲ့ ပြန်တွေ့ရပြန်ပါပြီ။ ဘကြီးကိုလည်း ကိုပြူးကျယ်နည်းတူ ခဏဘေးချိတ်ထားမိလို့ စိတ်မကောင်းပါဘူး။ ဘကြီးကို လွမ်းနေကြသူများ (ရှိမရှိတော့ မသိ) အတွက် ဒီကနေ့ ဘကြီးရဲ့ ဆောင်းပါးခေါင်းစဉ် တွေထဲက ကျမနှစ်ခြိုက်မိတဲ့ ဒီခေါင်းစဉ်လေးကို ၏-သည် မလွဲ၊ ဇွဲနပဲကြီးစွာ အိပ်ငိုက်ရင်း ရိုက်ပေးလိုက်ပါပြီ၊ ဖတ်ရှုကြပါကုန်။
***
ပညာနှင့် ပြင်ညာ
လွန်ခဲ့သော ရက်အနည်းငယ်က ကျောင်းဆရာတဦးနှင့် ပညာရေး ဆွေးနွေးခဲ့၏။ အဆိုပါ ကျောင်းဆရာက
“ကျွန်တော်တို့ မြန်မာပြည်တွင် ပညာသင်ကြားရေးမရှိပါ၊ ပြင်ပြီး ညာတာသာ ရှိပါသည်”
ဟု ပြောရာ ကျွန်တော်က
“ဘယ်လိုပြင်လို့ ဘယ်လိုညာပါသနည်း” ဟုမေးသောအခါ
“သင်္ခဏ်းစာများကို ခဏခဏ ပြင်ပါသည်၊ သင်နည်းကိုလည်း ခဏခဏ ပြင်ပါသည်။ သင်္ခဏ်းစာ အုပ်ချုပ်ရေး ကော်မီတီက သင်္ခဏ်းစာများကို ခဏခဏ အသစ်ထွင်၍ ပညာရေးဌာနကလည်း ခဏခဏ သင်္ခဏ်းစာများကို အသစ်ပြဋ္ဌာန်းပါသည်။ စစ်မဖြစ်မီက သင်နည်းစံနစ် တမျိုး၊ စစ်အုပ်ချုပ်ရေးတုံးက သင်နည်း စံနစ်တမျိုး၊ ယခုအစိုးရက သင်နည်းစံနစ်တမျိုး လုပ်နေပြန်ပါသည်။ သင်္ခဏ်းစာများကို ခဏခဏ ပြောင်းသဖြင့် ကျောင်းသုံးစာအုပ် ရိုက်နှိပ် ရောင်းချသူတို့မှာ အကျိုးရှိ၏။ ကျောင်းသားမိဘများမှာ စရိတ်ကုန်၏။ သင်္ခဏ်းစာကို ၎င်း၊ သင်နည်းကို၎င်း ခဏခဏပြောင်းသဖြင့် ပညာပါရဂူတို့မှာ အလုပ်ရ၏။ ကျောင်းသားများမှာ ပညာမရကြပါ၊ ဤနည်းဖြင့် ပညာသင်ကြားပေးခြင်းမဟုတ်၊ ပြင်၍ ညာနေကြခြင်းသာ ဖြစ်သည်” ဟု ဖြေဆိုလေသည်။

ပညာနှင့် သညာ
ဤကျောင်းဆရာ၏ ယူဆချက်မှာ လုံးဝမှန်သည်ဟု မဆိုနိုင်သော်လည်း၊ မြန်မာပြည်တွင် ပညာသင်ကြားရေး အစစ်အမှန် မရှိသည်ကား မှန်ပေသည်။ မြန်မာပြည်အစိုးရ၏ ပညာရေးဌာနဟု ခေါ်သော ဌာနကို အုပ်ချုပ်စီမံ ရသူအား အင်္ဂလိပ်ဘာသာဖြင့် Director of Public Instruction (ဒါရိုက်တာအော့-ပတ်ပလစ် အင်စထရတ်ရှင်း) ဟု ခေါ်၏။ ၎င်း အမည်ကို မြန်မာဘာသာသို့ ပြန်ပါလျှင်၊ သင်ကြားရေး ညွှန်ကြားဝန်ဟု အဓိပ္ပါယ်ရလေသည်။ ပညာရေးဌာနကို အုပ်စီးသူ၏ တာဝန်သည် ပညာ သင်ကြားရန်မဟုတ် သညာအတွက်သာဟု ဆိုသလို ဖြစ်နေပေသည်။ မြန်မာပြည်တွင် ပညာ ထွန်းကားသင့်သလောက် မထွန်းကားသည်ကို ထောက်လျှင် ပညာရေးဌာနမရှိ သညာရေးဌာနသာ ရှိသကဲ့သို့ပင် ဖြစ်လျက် ရှိပေသည်။

ပညာနှင့် သညာသည် အလွန်ပင် ခြားနား၏၊ ပညာတွင် ထိုးထွင်းသိနားလည်ခြင်း၊ အမှားအမှန် ဝေဘန် နိုင်ခြင်း၊ ထွင်၍ လုပ်နိုင်ခြင်း စသော အရည်အချင်းများကို ဖြစ်စေ၏။ သညာမှာ သင်ပြပေးရာ လောက်ကိုသာ အမှတ်အသားပြု၍ ဆရာမှာ-မှာသလောက်သာ တတ်မြောက်ခြင်း ဖြစ်ပေသည်။ ပညာဟူသည် ကျောင်းတွင် သင်ကြား၍ ရသလောက်နှင့် မပြီးစီး၊ မွေးသည့်အချိန်မှ သေသည့်အချိန်အထိ အစဉ် ဆည်းပူးရလေသည်။ သညာသည် ပညာဆည်းပူးရာတွင် အကူအပံ့သာ ဖြစ်၏။

ပညာရေးဌာန၏ ရည်ရွယ်ချက်
တိုင်းပြည်တပြည်တွင် ပညာသင်ကြားပေးသည် ဆိုရာ၊ ရည်ရွယ်ချက်, ရည်ရွယ်ချက် ထမြောက်အောင် သင်နည်းစံနစ် နှစ်ရပ်စလုံးကို အထူးသတိပြုအပ်၏။ မြန်မာပြည် အစိုးရ၏ ပညာရေးဌာန ခေါ် သညာရေးဌာန၏ ရည်ရွယ်ချက်နှင့် စံနစ်မှာ မြန်မာပြည်သူ ပြည်သားတို့ကို ကမ္ဘာပေါ်ရှိ တိုင်းပြည်များနှင့် အစစအရာရာ၌ ရင်ဘောင်တန်း ပညာတိုးတက်ရန် မဟုတ်၊ အစိုးရခိုင်းစေရန် နိုင်ငံခြားသားတို့အတွက် အသုံးဝင်ရန် လိုအပ်သည့် သညာများကို သင်ကြားပေးနေသည်နှင့် တူပေသည်။

ငယ်ရွယ်သူတို့နှင့် ပညာရေး
ကလေးသူငယ်များသည် ငယ်ရွယ်စဉ်အခါ၌ ရွှံ့နှင့်တူ၏။ ရွှံ့သည် ပြော့ပျောင်းသဖြင့် လိုရာ ပုံသဏ္ဌာန်ကို လုပ်၍ ဖြစ်သကဲ့သို့ ကလေးများကိုလည်း ငယ်စဉ်က လိုရာအခြေသို့ ရောက်ရှိအောင် ဖန်တီးနိုင်ပေသည်၊ ဤသို့ ဖန်တီးရာ၌ သက်ဆိုင်သူတို့မှာ ပုဗ္ဗာစရိယ မိနှင့်ဘ ဆိုသည့်အတိုင်း ပဌမ ဖန်တီးရသူတို့မှာ မိဘပင် ဖြစ်သည်၊ ထို့နောက် ကျောင်းသို့ စာသင်ရန် ရောက်ရှိသောအခါ ကျောင်းဆရာနှင့် တိုက်ရိုက် သက်ဆိုင်ပြန်၏၊ မိဘ-ကျောင်း ဆရာနှင့် မပြီးသေး၊ ပညာရေးဌာန၏ ရည်ရွယ်ချက်နှင့် သင်ကြားပေးသော စံနစ်၊ တနည်းအားဖြင့် တိုင်းပြည်၏ လိုလားချက်သည် တတိယ ဖန်တီးသော အချက်ပင် ဖြစ်သည်။ ထိုမှတပါး သင်ကြားသော နေရာနှင့်ပင် သင်ကြားသူ၏ ပတ်ဝန်းကျင်ရှိ အကြောင်းအရာ တို့သည်လည်း ဖန်တီးရာတွင် အလွန်ပင် အရေးပါ အရာရောက်၏။

အုဋ္ဌ်မြစ်ခိုင်မှ
အထက်ပါ စဉ်းစားချက်တို့ကို အထောက်အထားပြု၍ မြန်မာပြည် ပညာရေး ပြဿနာကို စဉ်းစားပါလျှင်၊ ပဌမ ရည်ရွယ်ချက်သည် အလွန်ပင် အရေးကြီးကြောင်း ထင်ရှားပေလိမ့်မည်၊ ရည်ရွယ်ချက်မှာ အုဌ်မြစ်နှင့်တူ၏၊ အုဌ်မြစ်ချရာတွင် မသေချာ မခိုင်ခံ့လျှင် ထိုသို့ ချထားသော အုဌ်မြစ်ပေါ်တွင် မည်သည့် စံနစ်နှင့်ပင် တည်ဆောက် စေကာမူ တည်ဆောက်သော အဆောက်အဦသည် ခိုင်မြဲမည် မဟုတ်ပေ။ မြန်မာပြည် ကျောင်းများနှင့် တက္ကသိုလ်မှ ထွက်လာသော သူငယ်များကို အစိုးရအမှုထမ်း, ကုန်တိုက်စာရေး,ရှေ့နေ ရှေ့ရပ်, ကျောင်းဆရာ,ဆေးဆရာ လောက်သာမှန်းပါသလော၊ သို့မဟုတ် ကျောင်းက ထွက်ပြီးနောက် အလုပ်အကိုင် အမျိုးမျိုးတို့တွင် ထူးထူးချွန်ချွန် ထမ်းဆောင်နိုင်ရုံမက ထွင်၍ လုပ်နိုင် ကိုင်နိုင်သူတို့အဖြစ် လိုလားပါသလော … စသော အချက်တို့ကို သတိမူ၍ လိုရာ ရည်ရွယ်ချက်ကို ဆုံးဖြတ်ရပေလိမ့်မည်။ ဤသို့ သေချာစွာ ဆုံးဖြတ်ပြီးမှ သင်နည်းစံနစ် သင်္ခဏ်းစာ စသည်တို့ကို စီမံရပေလိမ့်မည်။

ညံ့ဖျင်းသော မြန်မာပြည် ပညာရေးစံနစ်
မြန်မာပြည်တွင် ပညာသင်ကြားရေးသည် တိုးတက်နေသော နိုင်ငံများနှင့် နှိုင်းစာလျှင် အလွန်ပင် နောက်ကျလျက် ရှိ၏။ ထိုသို့ နောက်ကျ နေပါလျက်၊ မြန်မာပြည်သားထဲက ထူးချွန်သော ပုဂ္ဂိုလ်များ အနည်းငယ် ပေါ်ထွက်လျက် ရှိရာ ပညာရေး စံနစ် ညံ့ဖျင်းပါက ဤသို့ ထူးချွန်သူများ ပေါ်ထွက်မည် မဟုတ်ဟု စောဒက တက်ကောင်း တက်ပေလိမ့်မည်၊ အမှန်အားဖြင့်မှာ ပညာရေး စံနစ် ကောင်း၍ မဟုတ်၊ ပညာရေး စံနစ် ညံ့ဖျင်းသော်လည်း မြန်မာပြည်သားတို့၏ မူလအခြေခံ မညံ့ဖျင်းခြင်းကြောင့် ဖြစ်လေသည်။ အကယ်၍သာ ရည်ရွယ်ချက် ကောင်းကောင်းနှင့် မြန်မာပြည်သားတို့ ဘာသာ၊ ပညာရေးကို စီမံဖန်တီးရပါမူ၊ ယခုကဲ့သို့ အောက်ကျ နောက်ကျ အခြေတွင် ရှိမည်မဟုတ်၊ အလွန်ပင် တိုးတက်ထွန်းကားရန်သာ ရှိပေသည်။

စိတ်တိုင်းကျ စီမံနိုင်မည့် အချိန်
????
***
ဘကြီးဘဘေရဲ့ ဆောင်းပါးကတော့ ဒီမျှပါပဲ။ နောက်ဆုံး ခေါင်းစဉ် ကိုတော့ ကျမ ဆက်မရိုက်လိုတော့ပါဘူး။
ဒီဆောင်းပါဟာ ကျမတို့နိုင်ငံ လွတ်လပ်ရေး မရခင်က ရေးခဲ့တာမို့ လွတ်လပ်ရေးရရင် စိတ်တိုင်းကျ စီမံနိုင်လိမ့်မယ် လို့ ဘကြီးက ထင်ခဲ့ပါတယ်။
တကယ်တမ်း ဘကြီးထင်သလို အရာရာ စိတ်တိုင်းကျ စီမံနိုင်ပါရဲ့လား။
အမှန်တကယ် စိတ်တိုင်းကျ စီမံနိုင်မယ့် အချိန် …. ဘယ်တော့လဲ …. ။
အဖြေကို ရေရေရာရာ မသိတဲ့ ကျမ ယောင်ချာချာနဲ့ တွေးလို့သာ နေမိပါတော့တယ်။
***
မေဓာဝီ
20th April, 2007
1:45 pm

(အကြောင်းအမျိုးမျိုးကြောင့် မနေ့ကရေးပြီးသော်လည်း မတင်ဖြစ်ခဲ့ပါဘူး၊ ဒါကြောင့် ၁ရက် နောက်ကျပြီး ဒီကနေ့မှ တင်လိုက်ရပါတယ်။)

Read More...

Thursday, April 19, 2007

ကျမလွမ်းသော သစ်ပင်များ

ဒီကနေ့ အပြင်သွားတော့ အပူဒဏ် သက်သာလို သက်သာငြား လမ်းတလျှောက်က အပင်တွေကိုပဲ ငေးမောနေမိတယ်။ အပင်ကြီးတွေကို ငေးမောကြည့်နေရင်းနဲ့ ကျမတို့ခြံထဲမှာ ရှိခဲ့ဖူးတဲ့ အပင်တွေကို ပြန်အောက်မေ့မိတယ်။ ရှိခဲ့ဖူးတဲ့အပင် … ဆိုတော့ အခုမရှိတော့လို့ပေါ့၊ အခုမရှိတော့တဲ့ အတွက် ကျမ လွမ်းပါတယ်။ လွမ်းလို့လည်း ဒီစာကို ရေးဖြစ်ပါတယ်။
***
အိမ်ရှေ့က တမာပင်

ခြံရဲ့ အရှေ့ဘက် စည်းရိုးနားမှာ တမာပင် အကြီးကြီးတပင် ရှိခဲ့ဖူးပါတယ်။ ဘယ်အချိန်ထဲက ဘယ်သူစိုက်ထားပြီး ပေါက်နေခဲ့တဲ့ အပင်ကြီးဆိုတာတော့ ကျမလည်း မသိပါ။ ကျမ သိတတ်စ အရွယ်ကတည်းက ဒီတမာပင်ကြီးကို မှတ်မှတ်ရရ ရှိနေခဲ့ပါတယ်။ “တမာနုချိန် ကျေးဥချိန်” ဆိုတဲ့စကားအတိုင်း အခုအချိန်ဟာ တမာရွက်နုလေးတွေ ထွက်တဲ့ အချိန်လို့ ထင်တာပါပဲ။ အနားတွန့်လေးနဲ့ တမာရွက် နုနုစိမ်းစိမ်းလေးတွေကို ကျမသိပ်ချစ်ပါတယ်။ တမာပွင့်တွေ ပွင့်ချိန်မှာလည်း သူ့ရနံ့လေးဟာ လေတိုက်လိုက်တိုင်း သင်းသင်းကလေး မွှေးပျံ့လှပါတယ်။ “အညာတမာ ၀ါတာတာ၊ ရသာခါးခါး ငါမစား” ဆိုတဲ့ စကားကလည်း ဘယ်ကနေ ဘယ်လို နှုတ်ဖျားထဲ ရောက်လာသလဲ မသိပါဘူး။ ငယ်ငယ်က အော်အော် ဆိုနေမိခဲ့ပါတယ်။ ဒီလိုသာ အော်ဆိုနေမိပေမဲ့ ရသာခါးခါး တမာရွက်တွေကို အခါးကြိုက်တဲ့ ကျမက နှစ်သက်လှပါတယ်။

တမာပင်ဟာ မကောင်းတဲ့ ဓာတ်တွေကို စုတ်ယူနိုင်စွမ်းရှိတယ်လို့ ဆိုကြတယ်။ တမာပင်ကို ဖြတ်တိုက်လာတဲ့ လေဟာလည်း သန့်စင်သတဲ့။ ကျမတို့ အိမ်ရှေ့ လမ်းတဖက်မှာ အရင်တုန်းက သင်္ချိုင်းကုန်းရှိတာမို့ ခြံထဲမှာ တမာပင်ကြီး ရှိနေတာဟာ လုံခြုံမှု ရှိနေသလိုလို … မကောင်းသောဓာတ်တွေ အိမ်ထဲ မ၀င်နိုင်ဘူးလို့ ကျမတို့ ယုံကြည်ခဲ့ကြပါတယ်။

တမာရွက်တွေ ကြွေတဲ့အခါမှာ ရိုးတံခြောက်လေးတွေကို ကောက်၊ အရိပ်ထဲမှာ ခြောက်အောင်လှန်းပြီး အဘိုး သွားကြားထိုးဖို့ တမာရိုးလေးတွေ စုထားရပါတယ်။ တမာရိုးနဲ့ သွားကြားထိုးလေ့ရှိတဲ့ အဘိုးဟာ အသက်ရှစ်ဆယ်ကျော်သည်ထိ ပဲကြီးလှော်တွေ မြေပဲတွေ စားနိုင်ပါတယ်။

တနေ့မှာတော့ အဲဒီတမာပင်ကြီးဟာ အသစ်ဆောက်မယ့် အဆောက်အဦးနဲ့ မလွတ်လို့ ခုတ်ခံလိုက်ရပါတယ်။ တမာပင်က ကြီးလွန်းလို့ အလုပ်သမားတွေ အများကြီးနဲ့ ခုတ်ကြရတယ်။ ကြိုးတွေနဲ့ဆိုင်း လွှတွေနဲ့ဖြတ်နဲ့ နောက်ဆုံးတော့ ကျမနှစ်သက်တဲ့ ဒီတမာပင်ကြီးဟာ သစ်တုံးဘ၀နဲ့ မြေခရပါတော့တယ်။ အိမ်အတွက် တမာသား စဉ်းတီတုံးတွေ ရပေမဲ့လို့ တမာပင်ကြီး မရှိတော့တာဟာ ကျမအဖို့ နှမြောတသစရာ ပါပဲ။
အခုတော့ တမာပင်ကြီးနေရာမှာ ရုက္ခစိုး စင်ကလေးတခုသာ ခပ်ယဲ့ယဲ့ ကျန်ပါတော့တယ်။
***
အိမ်နောက်က ပိတောက်ပင်

ပိတောက်တွေ လှိုင်လှိုင်ပွင့်တဲ့ ဒီလို အခါမျိုးဆို အိမ်နောက်ဖေးက ပိတောက်ပင်ကြီးကို ပိုသတိရမိတယ်။ အဲဒီပိတောက်ပင်ကြီးကတော့ အဖေက အမေ့ကို ပေးခဲ့တဲ့ ပိတောက်ကိုင်းလေးကနေ ကြီးပြင်းလာတဲ့ အပင်ကြီးပါပဲ။ အဖေနဲ့ အမေ သမီးရည်းစားဘ၀မှာ အဖေက အပင်စိုက်တာ ၀ါသနာပါတဲ့ အမေ့ကို ပိတောက်ကိုင်း တကိုင်း အမေ့ခြံထဲမှာ စိုက်ဖို့ပေးခဲ့တယ်။ အဖေပေးတဲ့ ပိတောက်ကိုင်းကို အမေက အိမ်နောက်ဘက် ခြံစည်းရိုးနားမှာ သေသေချာချာ စိုက်ခဲ့ပါတယ်။ ပိတောက်ကိုင်းက တဖြည်းဖြည်း ရှင်သန်ပြီး ပိတောက်ပင်ပျိုလေး ဖြစ်လာသလို အဖေနဲ့ အမေရဲ့ သံယောဇဉ်တွေ မေတ္တာတရားတွေကလည်း တဖြည်းဖြည်း တိုးပွားလာခဲ့ပါတယ်။ အမေနဲ့ အဖေ ပြောပြောပြလို့ ဒီပိတောက်ပင်ရဲ့ ရာဇ၀င်ကို ကျမလည်း သိနေခဲ့တာပါ။ ကျမတို့ သိတတ်တဲ့အရွယ်မှာတော့ ဒီပိတောက်ပင်ကြီးက အခက်အလက် ဝေေ၀ဆာဆာနဲ့ လှပတဲ့ အပင်တပင် ဖြစ်လို့ နေပါပြီ။

ဒီပိတောက်ပင်ကြီးအောက်မှာ ကျမတို့ငယ်ငယ်က ဖျာလေးခင်းပြီး ကစားခဲ့ကြတယ်။ ပိတောက်ရွက်တွေ ခူးပြီး ဆော့ကြတယ်။ ပိတောက်ပန်းပွင့်ချိန်ဆို တပျော်တပါး ခူးကြတယ်။ နောက်တရက် အပွင့်ကြွေချိန်ဆို ၀ါဝါထိန်ထိန်ကျဲနေတဲ့ ပိတောက်ပွင့်ကြွေတွေ ခင်းထားတဲ့ မြေပြင်ကို မနင်းရက် နင်းရက် နင်းပြီး ပိတောက်လမ်း မှာ လမ်းလျှောက်ခဲ့ကြတယ်။

ခုတော့ ဒီပိတောက်ပင်ကြီးလည်း မရှိတော့ပါဘူး။ ဆီးချိုဖြစ်တဲ့ အမေ့အကို (ကျမဘကြီး)က ပိတောက်နှစ်ကို သောက်ရမယ်ဆိုလို့ ပိတောက်ပင်ကြီးကို ခုတ်လိုက်ကြတယ်။ ခုတ်ပြီး အတက်တွေ ပြန်ထွက် ပြန်ရှင်သန်လာပေမဲ့ အပွင့်မပွင့်တော့ပါဘူး။ တဖြည်းဖြည်းနဲ့ အပင်ကြီးလည်း စိတ်မကောင်း ဖြစ်လေရော့လား မသိ၊ သေသွားပါတော့တယ်။ အဖေနဲ့အမေရဲ့ အမှတ်တရ သစ်ပင်ကြီးမို့ ဒီပိတောက်ပင်ကြီး သေသွားတော့ နှမြော ၀မ်းနည်းရတယ်။ အပင်ကြီး သေသွားပြီးနောက်ပိုင်း အမေလည်း ဒီပိတောက်ပင်အကြောင်း ပြောလေ့ မရှိတော့ပါဘူး။
***
ခြံထောင့်က လဲမှို့ပင်

လမ်းတလျှောက်မှာ အရွက်မပါ အကိုင်းထီးထီးနဲ့ အသီးတွေ တွဲလောင်းကျနေတဲ့ လဲမှို့ပင်တွေကို မြင်ရင် ခြံရဲ့ အနောက်ထောင့် ရေစင်ကြီးအနီးက လဲမှို့ပင်ကြီးကို သတိရမိပါတယ်။ နွေဦးမှာ သီးတဲ့ အသီးတွေက အစိမ်းရောင်ကနေ တဖြည်းဖြည်းနဲ့ နွေလယ်လောက်မှာ ခြောက်ပြီး ခပ်ညိုညိုလေးတွေ ဖြစ်လာပါတယ်။ အသီးတွေ အက်ကွဲချိန်ဆိုရင် အဲဒီထဲက အဘိုးကြီး အဘွားကြီးလို့ ကျမတို့ခေါ်တဲ့ မှို့ဝတ်ဆံလေးတွေ လေမှာပျံဝဲနေတတ်ပါတယ်။ လေထဲမှာ လွင့်ပျံနေတတ်တဲ့ မှို့ဝတ်ဆံလေးတွေကို လိုက်ဖမ်းပြီး ကျမတို့ ငယ်ငယ်က ဆော့ကစားခဲ့ကြပါတယ်။

ရင့်လာတဲ့အသီးတွေကို အမေက ခူးပြီး ခွဲ၊ ထန်းခေါက်တောင်းကြီးထဲ ထည့်၊ ၀ါးဒလက်လေးနဲ့ လှေ့တဲ့အခါမှာ ခေါင်းအုံးတွေထဲ သွတ်လို့ရတဲ့ မှို့တွေရလာပြီပေါ့။ ကျမတို့လည်း ဆော့ချင်တာနဲ့ပဲ ၀ါးဒလက်လေးနဲ့ ကူပြီးမွှေပေးကြပါတယ်။ နွေကျောင်းပိတ်ရက်ဆို အမေက ခေါင်းအုံးတွေထဲက မှို့အဟောင်းတွေ ထုတ်၊ မှို့အသစ်နဲ့ရောပြီး ခေါင်းအုံးအသစ် ပြန်လုပ်ပေးလေ့ရှိပါတယ်။ ခုလို ပူအိုက်တဲ့ ရာသီနဲ့ မှို့လှေ့တဲ့အနား သွားတဲ့အခါ နှာခေါင်းပိတ်သလိုလို အသက်ရှူကျပ်သလိုလို ခံစားရတတ်တယ်။ ဒါပေမဲ့လည်း ဆော့ချင်တော့ သွားကြတာပါပဲ။

မှို့တပင်ရဲ့ သက်တမ်းက ဘယ်လောက်ရှိသလဲတော့ ကျမလည်း မသိပါဘူး။ ခြံနောက်ဖက်ထောင့်က ဒီမှို့ပင်ကြီးဟာ ကျမတို့ ဂရုမပြုမိတဲ့ တချိန်ချိန်မှာ သေဆုံးသွားခဲ့ ပြန်ပါတော့တယ်။
ခုလို နွေလလယ်တွေမှာ အဘိုးကြီး အဘွားကြီးတွေ လေထဲ လွင့်ဝဲ လာတာ မြင်တိုင်း အဲဒီ လဲမှို့ပင်ကြီးကို အမှတ်ရ နေမိပါတော့တယ်။
***
အခန်းရှေ့က ခရေပင်

ခရေပင်ကလေးကတော့ အပင်ပျိုကလေးပါ။
ကျမရဲ့ အိပ်ခန်း ပြတင်းပေါက်ရှေ့မှာ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ လှနေတဲ့ အပင်ကလေးပေါ့။ မနက်ခင်းဆို ခရေပင်ရဲ့ အရွက် အုပ်အုပ်တွေကြားထဲမှာ နေကြတဲ့ စာကလေးတွေရဲ့ ကျလိ ကျလိသံ ဆူဆူညံနဲ့ အမြဲ နိုးထခဲ့ရတယ်။
ဒီအချိန်လို ခရေပန်းပွင့်တဲ့ အချိန်အခါတွေမှာ ခရေဖူးကလေးတွေ ခရေပွင့်လေးတွေ လက်နဲ့ မမီတမီ လှမ်းခူးခဲ့ကြဖူးပါတယ်။

ခရေပင်လေးနဲ့အတူ သတိရမိတာက … ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေး ၂ပုဒ်ကိုပါ။
လယ်တောကပြန် .. နဲ့ ခရေပန်းကောက် ကဗျာလေး ၂ ပုဒ်ပေါ့။

လယ်တောကပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး။
မနက်တုန်းဆီက
ကျော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနှင့်
ဂုဏ်တင့်တယ်လေး ။ … ။


ခရေပန်းဟာ အညတြပန်းကလေးတဲ့လား။ နှင်းဆီလောက် မထည်ဝါရှာဘူးကိုး။ ဒါပေမဲ့ ကျမကတော့ ခရေပန်းကလေးတွေကို အလွန်မြတ်နိုးမိပါတယ်။

မောင်လေးရေ … ထပါတော့
ရောင်နီလာလှပေါ့။
တကျော့နှစ်ကျော့ တေးကိုသီ
ငှက်ကျားနှုတ်ပလီ။
တောင်ဆီနားက ခရေပန်း
ပင်အောက်ကြိုင်လို့လန်း။
ဗန်းလေးယူခဲ့ မောင်လေးရယ်
ပန်းကောက်ချေစို့ကွယ်။
ပန်းသယ်လုပ်စို့ တပြုံးပြုံး
ပန်းတွေ တကုံးကုံး။ … ။


အပွင့်ပွင့်ခါစ ခရေပင်ပျိုလေး အောက်မှာ ခရေပန်းလေးတွေ တပွင့်တလေ ကောက်ရင်း ဒီကဗျာလေး ရွတ်ဆိုမိတယ်။ ကျမမောင်လေးက ခပ်ငယ်ငယ်ပေါ့။ အပင်ပျိုလေးမို့ ပန်းသယ် လုပ်ရလောက်အောင် ပန်းတွေ ကုံးရလောက်အောင် အများကြီး မပွင့်တတ်သေးပါဘူး။

ဒီခရေပင်ပျိုကလေး သေဆုံးသွားပုံကလည်း နှမြောစရာပါ။ ကျမအိပ်ခန်းခေါင်းရင်း ပြတင်းပေါက်နားမို့ အိမ်နဲ့ အရမ်းကပ်လွန်းတယ်ဆိုပြီး အဘိုးက အိမ်နဲ့လွတ်ရာနေရာ ကို ပြောင်းရွှေ့ စိုက်ခိုင်းပါတယ်။ အပင်က တော်တော်ကြီးနေပြီမို့ မဖြစ်နိုင်တော့ပေမဲ့ အဘိုးစကား မလွန်ဆန်ရဲတဲ့ ကျမတို့မှာ အမြစ်ကနေ တူးပြီး ရွှေ့စိုက်ခဲ့ရပါတယ်။ ဒါပေမဲ့ ခရေပင်ပျိုလေးကတော့ နေရာသစ်မှာ မရှင်သန်နိုင်ခဲ့ပါဘူး။

ခရေဖူးလေးတွေ မြင်တိုင်း … ခရေပန်းကုံးလေးတွေ ၀ယ်တိုင်း … ခရေပင် အုပ်အုပ်လေးတွေ အောက်က ဖြတ်လျှောက်မိတိုင်း … ကျမအိပ်ခန်း ခေါင်းရင်းက ခရေပင်ပျိုလေးကို လွမ်းမိပါရဲ့။
***
အပြင်လမ်းတလျှောက်က တခြားသစ်ပင်တွေကို ကြည့်ရင်း ကျမနှစ်သက်ခဲ့ဖူးသော … ကျမနဲ့ ရင်းနှီးခဲ့ဖူးသော … ဒီအပင်တွေကို လွမ်းတသသ ဖြစ်နေမိပါတယ်။
ကျမလွမ်းတဲ့ ဒီသစ်ပင်တွေဟာ သဘာဝကြောင့်ဖြစ်စေ၊ သက်တမ်းကုန်လို့ဖြစ်စေ၊ တစုံတယောက်ရဲ့ ပယောဂ ကြောင့်ဖြစ်စေ သေဆုံးခဲ့ရပါတယ်၊ ဒါပေမဲ့ သူတို့ မသေခင်မှာ လောကအတွက် အနည်းနဲ့ အများတော့ ကောင်းကျိုး ပေးခဲ့ကြတာချည်းပါပဲ။ ဒါကြောင့်လည်း အချိန်တွေကြာလာပေမဲ့ သူတို့ကို မမေ့နိုင်အောင် ဖြစ်နေရတာပေါ့။

ကျမသည်လည်း တချိန်ချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားခဲ့မယ်ဆိုရင် …. ကျမကို လွမ်းသောသူ တမ်းတသောသူ တယောက်တလေများ ရှိပါ့မလားလို့ …. ဒီအပင်တွေကို သတိရရင်းက တွေးနေမိပါတော့တယ်။
***
မေဓာဝီ
19th April, 2007
10:30 am

Read More...

Wednesday, April 18, 2007

ကိုပြူးကျယ်သို့ ပေးစာ … အပိုင်း (၁၂)

သို့
ကိုပြူးကျယ်

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေရှင် …။
ရက်သတ္တ သုံးပတ်လောက် မရေးဘဲ ပစ်ထားတယ်ဆိုပြီး ကိုပြူးကျယ်တယောက် ရွှေစိတ်တော် ငြိုငြင်နေပြီလား မသိဘူး။ အခုပြန်ရေးလိုက်ပါပြီ။ မြန်မာနှစ်ကူး သင်္ကြန်အခါတွင်းမို့ အမှတ်တရ သင်္ကြန် အကြောင်းလေးတွေ ရေးနေမိတာကို ကျမစာ အမြဲဖတ်ပြီး နှိပ်ကွပ်နေကျ ဗြိတိန်နိုင်ငံရောက် မိတ်ဆွေကြီး တဦးက “မွဲပြာပုဆိုး” လို့ အမည်တပ် လိုက်ပါတယ်။ ဒါတွေပဲ ရေးနေတာပဲ …. တဲ့။ တယောက်လာသင်္ကြန် တယောက်လာသင်္ကြန်နဲ့ မင်းတို့ မွဲပြာပုဆိုးတွေ အသဲမှာ မတိုးဘူး … ဆိုပဲ။ အနှီပုဂ္ဂိုလ်ကြီးက နဘေထပ်တာလည်း ၀ါသနာ ထုံလှတာကြောင့် အဲဒီလို ပြောတာ ခံလိုက်ရ ပါရောလား။ သူဘယ်လို ပြောပြော မနာလိုဖြစ်လို့ ပြောတာလို့ပဲ သဘောထားပြီး ကျမကတော့ မွဲမွဲပြာပြာ ပုဆိုးကြီးကို အမြတ်တနိုးနဲ့ လေးငါးရက်လောက် မချွတ်တမ်း ဆင်မြန်းလိုက်ပြီးတဲ့ သကာလ …. ဒီနေ့တော့ဖြင့် ကိုပြူးကျယ်ဆီ ခြေဦးလှည့်လိုက်ပါပြီ။
***
ပြီးခဲ့တဲ့ ကိုပြူးကျယ်ထံပေးစာ အမှတ် (၁၁) မှာ စကြာတေးထပ် အကြောင်းပြောခဲ့ပါတယ်။
ဒီနေ့ပြောမှာကတော့ ရှစ်ဆယ်ပေါ် တေးထပ် အကြောင်းပါ။

ရှစ်ဆယ်ပေါ်တေးထပ် ဆိုတာ တေးထပ်အကြီးစား တမျိုး ဖြစ်ပါသတဲ့။ ဘိုးတော်မင်းလက်ထက် (၁၁၈၀)ပြည့်နှစ်က စပြီးပေါ်ပေါက် လာတဲ့တေးထပ်ဖြစ်လို့ ရှစ်ဆယ်ပေါ်လို့ ခေါ်တယ်လို့ သိရပါတယ်။ အမျိုးအစားအားဖြင့် ပြခဲ့ပြီးတဲ့ တေးထပ် ၆-မျိုးအပြင် ထပ်တွန့် ရှစ်ဆယ်ပေါ်၊ ထပ်ကွန့် ရှစ်ဆယ်ပေါ် ဆိုပြီး ထပ်မံ ကွဲပြားတယ်လို့လည်း ဆိုထားပါတယ်။
အပိုဒ်ရေအားဖြင့်၊ အခံအအုပ်အားဖြင့်၊ အပြစ်ဒေါသအားဖြင့် ကတော့ ပြခဲ့ပြီးတဲ့ တေးထပ် စပ်နည်းတွေနဲ့ အတူတူပါပဲ။
အက္ခရာ လုံးရေအားဖြင့်တော့ အပိုဒ် (၁၈)ပိုဒ်ရဲ့ အပိုဒ်တိုင်းမှာ အရင်တေးထပ် အက္ခရာတွေထက် ၂ လုံးစီ၊ ၂ လုံးစီ ပိုပြီး ရေးသားရမယ်လို့ ဆိုပါတယ်။
အစပ်အားဖြင့်၊ လေပြင်းလေလျော့ အားဖြင့်မှာတော့ အရင်တေးထပ်တွေထက် ၂ လုံးစီပိုထားတာကြောင့် တလုံးစီ နောက်ဆုတ်ပြီး စပ်မိ ဟပ်မိ ထပ်မိ စေရပါမယ်တဲ့။
ဥပမာ ..တေးထပ်မှာ ၁-အပိုဒ်ရဲ့ အဆုံးလုံးနဲ့ ၂-အပိုဒ်ရဲ့ တတိယလုံးကို စပ်ရ ပေမဲ့ ရှစ်ဆယ်ပေါ်မှာတော့ ၁-အပိုဒ်ရဲ့ အဆုံးလုံးနဲ့ ၂-အပိုဒ်ရဲ့ စတုတ္ထလုံးကို စပ်ရမယ်လို့ ဆိုလိုတာပါ။

နမူနာ ရှစ်ဆယ်ပေါ်တေးထပ်လေးတွေ ရှုစားကြပါအုံး။

သုံးချက်ညီ ရှစ်ဆယ်ပေါ်တေးထပ် (တောဖွဲ့-မယ်ဆို)

တချုံ နှစ်ခြုံ-အရုံဆင့်၊ ရဂုံအမြင့်-ကမ်းသာယာ၊
ဖုံဖုံအပွင့်-ပန်းမာလာကို၊ မှန်းကာတမ်းကာ-လှမ်းကာခူး၊
လှိုင်ပေ့ကြိုင်ပေ့-မြိုင်ကွေ့ဝနာမှာ၊ ထိုင်၍ကညာ သီကုံးကာပ-မြူး။
စမ်းရေအေးစက်-ပြေးထွက်ချုံမှာ၊ ထွေးယှက်အရုံ-ငုံအဖူး၊
ကျေးငှက်ဖုံဖုံ-စုံစုံကူးလို့၊ ကြုံကြုံပါဘူး-ထူးသည့်ဟန်၊
ချောက်ဝယ်-မျောက်ငယ်-ပျောက်ကွယ်ကြ၊ ကြောက်ဖွယ်ရာပ-ခေါ်ကြ အော်ကြသံ။
ယုန်လားကြောင်လား-ခုန်သွားပြန်တယ်၊ ချုံနားကမ္ဘယံ-ငူအကွေ့၌၊
ပြူစေ့ပြူစေ့-လူငွေ့ရှာ၊ ကျားကြီးထင်လှပါ၊
မောင်တော်ရိုက်လှဲ့-ကိုက်မဲ့လာတယ်၊ မိုက်တဲ့သတ္တ၀ါ-သေသွားအောင်ပလေး။ …. ။
***
ထပ်တွန့် ရှစ်ဆယ်ပေါ် တေးထပ် (မိုးဖွဲ့-မောင်ဆို)

ဗိန္ဒုံ ဗိန္ဒုံ-ငွေအမ္ဗု၊ ရေသံအစု-ထစ်မြည်ကာ၊
ဝေလျှံအထု-စစ်ချီလာတယ်၊ မလစ်ပြည်ရွာ-ညီညာဝိုင်း၊
(ကြိမ်ပန်းယှက်သို့-တိမ်မကန်းကွက်တို့)
ထိန်သန်းလက်လို့-မြူးကွန့်စွာငယ်၊ လူးလွန့်ဘယ်ညာ-ညိုမဲပြာလို့မှိုင်း။
(နာကိတ်လျှမ်းပြု-အပြာချိပ်မရမ်းနု)
ဇာမိတ်ပန်းအတု-လိမ်တွန့်ကာငယ်၊ တိမ်ညွန့်မာလာ-ရစ်ဆင်သိုင်း၊
ရှိန်ဝှန့်ဖြာဖြာ-ရှစ်ခွင်တိုင်းသို့၊ သစ်လွင်မဆိုင်း-လျှပ်စစ်ရုံ၊
ဖြိုးလျှံ ကျိုးသံ-မိုးနဘံကွဲသို့၊ ငြိုးရန်အခဲ-သဲတော့ မဲတော့ပုံ။
(မာန်တင်းစွာပ-ထန်ပြင်းပါလှ)
ရန်ခွင်းမှာလ-မိုးပဇ္ဖုန်ရယ်၊ ကြိုးထစ်အကုန်-တကယ်သဲချတော့၊
အလယ်လဲဗျ-အေးလို့စက်ခိုက်တွင်၊ လွေးဖို့-ဖက်လိုက်ချင်။
(ဧကစာချမ်းဖို့-လေပါဖျန်းသမို့)
ခွေကာလွမ်းလို့-တပါးမရွှင်တယ်၊ သိကြားဘုရင်-ရှော့ဘူးထင်ငဲ့လေး။ … ။

ကွင်းစကွင်းပိတ်နဲ့ ရေးထားတဲ့ ထပ်တွန့်ကာရန်မျိုးကို မ ပိုဒ် ၉-ပိုဒ်ရဲ့ ကြိုက်တဲ့ အပိုဒ်မှာ တွန့်နိုင်ပြီး ကျန်အပိုဒ် တွေမှာတော့ တွန့်ရိုးထုံးစံ မရှိဘူးလို့ ဆိုပါတယ်။ တွန့်ပုံကတော့ တွန့်လိုတဲ့အပိုဒ်ရဲ့ ရှေ့ထက်ဝက် အက္ခရာ ၄-လုံးကို ကာရန်တူ လုံးရေတူ ပြုပြီး တဆဖြစ်စေ နှစ်ဆဖြစ်စေ နောက်သို့ဆုတ်ကာ တွန့်နိုင်ပါသတဲ့။ အထက်ပါ ရှစ်ဆယ်ပေါ် ရဲ့ အတွန့်ကတော့ နှစ်ဆ တွန့်ထားတယ်လို့ ပြောပါတယ်။

ထပ်ကွန့် ရှစ်ဆယ်ပေါ် တေးထပ် ( ပန်းဖွဲ့-မယ်ဆို)

အစီအရီ-ပြိုင်အပြိုင့်၊ အခိုင်အခိုင့်-ဆန်းတကြယ်၊
တလှိုင်တလှိုင့်-ပန်းစပယ်ကို၊ နန်းမယ်ပန်မယ်-ကြံရွယ်တုံး၊
ဇီဇ၀ါ,ဒေါန-ပန်းစူကာကို၊ လှမ်းချူအသာ-စီလို့သီလို့ကုံး။
(ဇော်မွှား,သော်က,မြတ်လေးငုံရယ်၊ မပြတ်မွှေးထုံ ကြယ်နှင့် ဇွန်ကြက်ရုံး)
တိုက်ပန်း, ဒန့်ဒလိပ်-နွယ်ဘိန်းဖြာတယ်၊ ချယ်သိန်းမာလာ-မညိုလုံး၊
စကားစိမ်း,စကားဝါ-အပျိုသုံးဘို့တဲ့၊ (အလိုဘာတဲ့…) အဖိုဂမုန်း -ဆန်းလှသနော်၊
နှင်းဆီမိုးဆွေ,ဆောင်တော်ကူး၊ ယောင်သော်အထူး-ပန်းခက် နမ်းလျှက်မျှော်။
(ခေါင်ရမ်း, ခွာညို-ဒဟတ်ခရားနှင့်၊ ဇလပ်,စကား-ဆတ်သွားမြတ်စွယ်တော်)
ပုန်းညက်, အင်ကြင်း-ရင်ခတ်ပေါ်တယ်၊ သဇင်, ဂန့်ဂေါ်-ပေါက်နီ, လဲနှင့်၊
ပိတောက်, သရဖီ, ခ၀ဲ-ကရမက် သင်းပျံ့ထုံ၊ ပန်းရင့်ပန်းဥစုံ၊
ပင်တိုင်နန်းမြင့်-ခန်းသဥ့်ဘုံမှာ၊ ပန်းပွင့်ဖုံဖုံ ကိုယ်လုံးဝေလို့လေး။ … ။
(သို့ကလောက်ပန်းနှင့်-ဆန္ဒမကုန်တယ်၊ ပန်ရ ဘယ်ပုံ-ဘယ်ပန်းလေသိလေး။)
(ပျိုတိုင်းချစ်တဲ့-ပန်းခက်တခိုင်ကို၊ နမ်းလျက်အပြိုင်-ပန်စမ်းချင်ငဲ့လေး။)

ကွင်းထဲက အပိုဒ်တွေဟာ အကွန့်ပိုဒ်တွေပါပဲ။ ရေးရိုးရေးစဉ် ၁၈-ပိုဒ်မှ အပိုပိုဒ်တွေကို အကွန့်ပိုဒ်လို့ ခေါ်တာ ဖြစ်ပါတယ်။ များသောအားဖြင့် ၁၈-ပိုဒ်ရဲ့ အဆုံးမှာသာ ကွန့်လေ့ ကွန့်ထ ရှိတယ်လို့ သိရပါတယ်။

အတွန့် - အကွန့် ခေါ်ရခြင်းကတော့ …
အတွန့်ဆိုတာ “ကြောက်ရွံ့လို့ နောက်တွန့် သွားတယ်” ဆိုသလိုပဲ နောက်ဆုတ်သွားတာကို တွန့်တယ်လို့ ဆိုတာပါ။ ကဗျာမှာ နောက်ကိုဆုတ်ပြီး တွန့်၍ ကာရန်ယူရေးသား တာကို အတွန့် လို့ခေါ်ခြင်းဖြစ်ပါတယ်။

အကွန့်ကတော့ “ရွှေဉာဏ်တော် ကွန့်မြူးတယ်” ဆိုတဲ့ အသုံးလိုပဲ ဖြစ်မြဲထက် ပိုမိုလွန်ကဲတာကို ကွန့်တယ် လို့ ဆိုခြင်းဖြစ်ပါတယ်။ ကဗျာမှာလည်း ရေးသားမြဲ ထုံးစံအပိုဒ်တွေထက် ပိုမိုလွန်ကဲ ရေးဖွဲ့ခြင်းကို အကွန့်လို့ ခေါ်ခြင်း ဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့
အတွန့်မှာ အတက်ပိုဒ် အအုပ်ပိုဒ်ဖြစ်တဲ့ မ-၆ပိုဒ်ရဲ့ ရှေ့ထက်ဝက်မှာသာ တွန့်နိုင်ပါတယ်။
အကွန့်မှာတော့ ၁၈-ပိုဒ်ထဲက မည်သည့်အပိုဒ်မဆို ကွန့်နိုင်တယ်လို့ ဆိုပါတယ်။
***
ဒီတပတ် ရှစ်ဆယ်ပေါ် တေးထပ်ကတော့ ဤမျှသာပါပဲ။
ကိုပြူးကျယ်နှင့်တကွ မြန်မာကဗျာ ချစ်သူ ဘလော့ဖတ် ပရိသတ်အပေါင်း အတွန့် အကွန့် ရှစ်ဆယ်ပေါ် တေးထပ်လေးတွေနဲ့ နှစ်သစ်မှာ ပျော်မွေ့နိုင်ကြပါစေ ရှင်။
***
မေတ္တာဖြင့် …

မေဓာဝီ
18th April, 2007
9:30 am

Read More...

Tuesday, April 17, 2007

နှစ်သစ်မင်္ဂလာ အခါတော်နေ့

၂၀၀၇ ခုနှစ်၊ ဧပြီ - ၁၇၊ အင်္ဂါနေ့။

မြန်မာနှစ်ဆန်းတရက်နေ့။


မြန်မာ့ ၁၂ လ ရာသီ အခါတော်နေ့တွေ ကျင်းပပြုလုပ်တဲ့ ထဲမှာ နှစ်ဆန်းတရက်နေ့ကို နှစ်သစ်မင်္ဂလာ အခါတော်နေ့ လို့ သတ်မှတ်ထားကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ဆရာတော် မာဂဓီ (သာစည်) ရဲ့ အခါတော်နေ့များ စာအုပ်ထဲက အနည်းငယ် ကောက်နုတ်ပြီး ဖော်ပြလိုက်ပါတယ်။

အကြံပြုချက်
နှစ်သစ်မင်္ဂလာ အခါတော်နေ့တွင် စေတီပုထိုးနှင့် ရုပ်ပွားတော်များကို ရေသပ္ပါယ်ခြင်း၊ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ရေကုသိုလ်ပြုခြင်း၊ သက်ကြီးရွယ်အို အဘိုးအဘွားတို့အား ဂါရ၀ပြုခြင်း၊ ဝေယျာဝစ္စပြုလုပ်ပေးခြင်း၊ ဇီဝိတဒါန သက်လွှတ်ပွဲများ ပြုလုပ်ပေးခြင်း စသည်တို့ကို ဆောင်ရွက် ပေးသင့်ပါသည်။

ကျင်းပရခြင်း ရည်ရွယ်ချက်
၁) ကမ္ဘာသူ ကမ္ဘာသားများ အနိဋ္ဌာရုံတွေ ပပျောက်ပြီး ဣဋ္ဌာရုံအပေါင်းနှင့် ပြည့်စုံကြစေရန်။
၂)ဘေးဥပဒ် အန္တရာယ် ကင်းဝေးကြစေရန်။
၃) မကောင်းသော စိတ်ဓာတ်များကို ဖယ်ရှားပြီး ကောင်းသော စိတ်ဓာတ်များကို မွေးမြူကြစေရန်။
၎) အရှက်နှင့် အကြောက် လောကပါလ တရားနှစ်ပါး ထွန်းကားကြစေရန်။
၅)ဗြဟ္မာ့ဝိဟာရ တရားလေးပါး ထွန်းကား ပြန့်ပွားစေရန်။
၆) မင်္ဂလာ တရားတော်များ ထွန်းကား ပြန့်ပွားစေရန်။


ဆိုပြီး ရေးထားပါတယ်။ နှစ်သစ်မင်္ဂလာ အခါတော်နေ့မှာ မင်္ဂလသုတ်ကို ရွတ်ဖတ်သရဇ္ဈာယ် လေ့ရှိပါတယ်။ ၃၈-ဖြာ မင်္ဂလာကတော့ အားလုံး သိပြီးသားပါပဲ။ ဒါပေမဲ့ ဒီနေရာမှာ မင်္ဂလာ ၃၈-ပါးထဲက မင်္ဂလာ ၂-ပါး အကြောင်းကို ပြောချင်ပါတယ်။ အဲဒါကတော့ ဂါရဝေါစ နဲ့ နိဝါတောစ မင်္ဂလာ ၂-ပါးပါ။ ဘာကြောင့် ဒီမင်္ဂလာ ၂-ပါးကိုမှ ရွေးပြောရသလဲ ဆိုတော့ ….

မတ်လ ၁၂ ရက် နေ့က တင်ခဲ့တဲ့ “နွေကျောင်းပိတ်ရက်မှာ” ဆိုတဲ့ ပို့စ်မှာ .. ပိစိ ဆိုသူက ခုလို မေးထားပါတယ်။

PiSi said...
မကြီး မေ၊ အချိန် ရရင် ဂါရဝေါစ နိဝါတောစ ဆိုတာလေးကို အကျယ်တ၀င့် ရှင်းပြပေးပါလား။


အဲဒီတုန်းက အချိန်မရတာကတကြောင်း ကိုယ်တိုင်ကလည်း အဲဒီလောက်သာ သိထားတာက တကြောင်းမို့ တိုတိုတုတ်တုတ် သိသလောက်ပဲ ဖြေခဲ့ရတယ်။ စိတ်ထဲမှာတော့ တယ် မကျေနပ်လှဘူး။ ဒါနဲ့ပဲ ထုံးစံအတိုင်း အဖေ့စာအုပ်စင် မွှေတော့ ကံအားလျော်စွာ အရှင်ပဏ္ဍိတ မထေရ် ရေးသားတဲ့ “မင်္ဂလသုတ် လက်စွဲ” စာအုပ်ကလေး တွေ့ပါတယ်။ လှန်လှောဖတ်ကြည့်တော့ မင်္ဂလသုတ်ကို အကျယ်ဖွင့်ဆို ဟောပြထားတဲ့ စာအုပ်တအုပ်ဖြစ်ပါတယ်။ အလွန်ကောင်းတဲ့ စာတအုပ်ပါပဲ။

ဒါကြောင့် ပိစိနဲ့တကွ ကျမဘလော့ဖတ်သူများ အတွက် ဒီမင်္ဂလာ ၂-ပါး ကို မကျဉ်းမကျယ် ပြန်လည် ဖော်ပြလိုက်ပါတယ်ရှင်။
***
ဂါရဝေါစ (ရိုသေထိုက်သူကို ရိုသေခြင်း)

ဂါရ၀ ၁၀-မျိုး

(၁) ဘုရား၌ ရိုသေလေးစားခြင်း။
မိမိကိုးကွယ်တဲ့ ဘာသာမှာ အထွတ်မြတ်ဆုံးဖြစ်တဲ့ ဘုရားကို ရိုသေလေးစား ဖို့လိုပါတယ်။
(၂) တရား၌ ရိုသေလေးစားခြင်း။
ဘုရားရဲ့ အဆုံးအမဖြစ်တဲ့ တရားတော်ကို ရိုသေလေးစား ဖို့လိုပါတယ်။
(၃) သံဃာ၌ ရိုသေလေးစားခြင်း။
မြတ်စွာဘုရားရဲ့ တရားတော်တွေ ပြန့်ပွားအောင် သာသနာ့ဝန် ထမ်းဆောင်နေကြသော သံဃာတော်များကိုလည်း ရိုသေလေးစားဖို့ လိုပါတယ်။
(၄) သိက္ခာ၌ ရိုသေလေးစားခြင်း။
မိမိတို့နဲ့သက်ဆိုင်ရာ ကျင့်ဝတ်သိက္ခာများ (ရဟန်းဆိုလျှင် ရဟန်းဝိနည်း၊ လူဆိုလျှင် လူ့ကျင့်ဝတ် သီလ) ကို ရိုသေလေးစားဖို့ လိုပါတယ်။
(၅) သမာဓိ၌ ရိုသေလေးစားခြင်း။
မိမိကိုယ် နှုတ် စိတ် ကို ထိန်းသိမ်းထားခြင်းလို့ခေါ်တဲ့ သမာဓိကိုလည်း ရိုသေလေးစားပြီး ဣနြေ္ဒဖောက်ပြားခြင်း မရှိရပါဘူး။ ဣနြေ္ဒဖောက်ပြားရင် လူလည်း လူ့အလျောက်၊ ရဟန်းလည်း ရဟန်း အလျောက် သီလသိက္ခာ ယိုယွင်း ပျက်စီးတတ်လို့ သူတပါး ကြည်ညိုခြင်း ရိုသေလေးစားခြင်းတို့ကို မခံယူနိုင်ပါဘူး။ ဒါကြောင့် သမာဓိ၌ ရိုသေလေးစားဖို့ လိုပါတယ်။
(၆) အပ္ပမာဒ၌ ရိုသေလေးစားခြင်း။
မိမိရဲ့ သန္တာန်မှာ သတိကင်းလွတ်မယ်ဆိုရင် အကုသိုလ်တွေ ၀င်ရောက်ဖြစ်ပေါ် နိုင်တာကြောင့် မမေ့မလျော့သော သတိမှာလည်း ရိုသေလေးစားဖို့ လိုပါတယ်။
(၇) ပဋိသန္ဓာရ၌ ရိုသေလေးစားခြင်း။
တဦးနှင့်တဦး မေတ္တာမပျက်စေရန် အဆက်အစပ်ပြုခြင်း၊ ပြေပြစ်ချောမောအောင် ပြုခြင်း (ပဋိသန္ဓာရ) ဟာ လောကကျင့်ဝတ် တပါးမို့ ပဋိသန္ဓာရကို ရိုသေလေးစားဖို့ လိုပါတယ်။ ပဋိသန္ဓာရမှာ
က။ ပစ္စည်းဖြင့် စေ့စပ်ပြေပြစ်အောင် ပြလုပ်တဲ့ ပစ္စယပဋိသန္ဓာရ
ခ။ သွန်သင်ဆုံးမ နည်းပေးလမ်းပြ ပြုလုပ်တဲ့ ဓမ္မပဋိသန္ဓာရ ဆိုပြီး နှစ်မျိုးရှိပါတယ်။
ပဋိသန္ဓာရ ဟာ ဒါနတမျိုး ဖြစ်တာကြောင့် ကောင်းကျိုးခပ်သိမ်းကို ပြီးမြောက်စေပါတယ်။ ဒါကြောင့်မို့ ပဋိသန္ဓာရ ကို ရိုသေလေးစားရပါမယ်။
(၈) ဟိရီ၌ ရိုသေလေးစားခြင်း။
ပညာရှိသူတော်ကောင်းတွေ ကဲ့ရဲ့ရှုံ့ချ စက်ဆုတ်တဲ့ မကောင်းမှုတွေကို ပြုလုပ်ရမှာ ရှက်ခြင်း ဆိုတဲ့ ဟိရီ ကို ရိုသေလေးစား ဖို့လိုပါတယ်။ ဟိရီကို ရိုသေလေးစားခြင်းဖြင့် မကောင်းမှုတွေ ပြုလုပ်ခြင်းက လွတ်ကင်းနိုင်မှာ ဖြစ်ပါတယ်။
(၉) သြတ္တပ္ပ၌ ရိုသေလေးစားခြင်း။
ယခုဘ၀မှာ ခံယူရမယ့် ဘေးဒုက္ခ၊ သေပြီးနောက် ခံယူရမယ့် အပါယ်ဘေးဒုက္ခ တို့ကို ဆင်ခြင် ကြောက်ရွံ့ခြင်းဟာ သြတ္တပ္ပ ဖြစ်ပါတယ်။ သြတ္တပ္ပကိုလည်း ရိုသေလေးစားပြီး မိမိသန္တာန်မှာ တည်စေရပါမယ်။ ဟိရီ သြတ္တပ္ပ ချို့ငဲ့ ကင်းမဲ့သူဟာ တိရစ္ဆာန်နဲ့ မခြားပါဘူး။ ဒါကြောင့် ဟိရီနဲ့ သြတ္တပ္ပကို ရိုသေလေးစား ဖို့လိုပါတယ်။
(၁၀) အချင်းချင်း၌ ရိုသေလေးစားခြင်း။
အတူတကွ နေဖော်နေဖက်ခြင်း၊ မိဘနှင့်သားသမီး၊ ဆရာနှင့် တပည့်၊ ညီအကို မောင်နှမချင်း၊ အလုပ် လုပ်ဖော်ကိုင်ဖက်၊ စာသင်ဖက်၊ ခရီးသွားဖက်၊ ရဟန်းနှင့်ဒကာ၊ နိုင်ငံအချင်းချင်း စသဖြင့် တဦးကိုတဦး ရိုသေလေးစားဖို့ လိုပါတယ်။ ဒီလိုမျိုး အချင်းချင်း ရိုသေလေးစားမှု ရှိမယ်ဆိုရင် မတရားမှု ယုတ်မာမှုတွေ အားလုံး ပပျောက်နိုင်တယ်လို့ ဆရာတော်က ရေးသားထားပါတယ်။
***
နိဝါတောစ (မိမိကိုယ်ကို နှိမ့်ချခြင်း)

ခေါင်းဆောင် ဖြစ်လိုလျှင် နိဝါတ ရှိရမယ် လို့ ဆိုပါတယ်။
မိမိစိတ်ကို မာန်မာနမထားဘဲ ထောင်လွှားခြင်း မရှိခြင်းဟာ ရှေ့ဆောင်ကောင်း၊ ခေါင်းဆောင်ကောင်း၊ လူကြီးလူကောင်း တယောက် ဖြစ်ခြင်းရဲ့ အကြောင်းရင်း တပါးဖြစ်ပါတယ်။
လူတချို့ဟာ ပညာဂုဏ်၊ ဥစ္စာဂုဏ်၊ စည်းစိမ်ဂုဏ်၊ ကောင်းမှုဂုဏ်တွေကြောင့် ပလွှားမာန်ထောင်တတ်တယ်။
တချို့ကတော့ အနည်းငယ်မျှလောက်သော ဂုဏ်ကို အများအပြားမှတ်ယူပြီး ထောင်လွှားတတ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ထောင်လွှား မာန်မာနကို လုံးဝမထားသင့်ပါဘူး။
မာန်မာန မထားဘဲ စိတ်ကို နှိမ့်ချရမယ်ဆိုလို့ ယုတ်ညံ့သေးသိမ်တဲ့စိတ် အောက်တန်းစား အခြေအနေကို ရောက်တဲ့ စိတ်မျိုး ဖြစ်ရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါ။ မာနနဲ့ယှဉ်ပြီး ၀င့်ဝါပလွှား မော်ကြွား မာန်ထောင်တဲ့ စိတ်မျိုးကို ပယ်ရှားပြီး မြင့်မြတ်တဲ့ သဘောထားနည်းနဲ့ မိမိရဲ့စိတ်ကို နှိမ့်ချထားရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
မာနယှဉ်ပြီး မာန်တက်တဲ့သူဟာ ဥစ္စာ၊ ပညာ၊ ကောင်းမှု၊ မိတ်ကောင်းဆွေကောင်း တို့မှ ဆုတ်ယုတ်ပြီး ဒုက္ခတွေ့ရ တတ်ပါတယ်။ ဒါကြောင့် မာနကို မြင့်မြတ်သောစိတ်၊ အမြော်အမြင်ကြီးသော စိတ်တွေနဲ့ ပယ်ရှားပြီး ရိုသေလေးစား ထိုက်သူတို့ကို ရိုသေလေးစားသောအားဖြင့် ကောင်းကျိုး ချမ်းသာ မင်္ဂလာဖြစ်နိုင်ပါတယ်။
***
ဆရာတော်ရဲ့ ရှင်းလင်း ရေးသားချက်တွေဟာ အလွန်ကောင်းလို့ အကျယ်တ၀င့် အစအဆုံး တင်ချင်ပါတယ်။ ဒါပေမဲ့ ကျမ အချိန်မပေးနိုင်တဲ့အတွက် မကျဉ်းမကျယ် ပြန်ချုံ့ပြီး ဖော်ပြလိုက်တာပါ။ လွဲမှားမှုများ တွေ့ခဲ့ပါက အကျဉ်းချုံးသော ကျမမှာသာ တာဝန်ရှိပါတယ်။
***
မင်္ဂလာနှစ်သစ်အခါတော်မှသည် ….
မင်္ဂလာရှိသော နေ့ရက်များ ဖြစ်ကြပါစေရှင် …

မေတ္တာဖြင့်

မေဓာဝီ
17th April, 2007
7:30 am

Read More...

Monday, April 16, 2007

ပြောင်းလဲခြင်း ... သင်္ကြန် (နိဂုံး)

ဘုရားခန်း တခုလုံး စပယ်ရနံ့တို့ဖြင့် မွှေးမြနေသည်။
ညဥ့်ဦးက ၀ယ်ပြီး ကပ်လှူထားသည့် စပယ်ဖူးတွေ ဒီနံနက်ခင်းမှာတော့ လန်းပွင့်၍နေကြပြီ။
မြတ်စွာဘုရားကို ရှိခိုးပူဇော်ရင်း ကြည်ညိုသဒ္ဓါ ပွားနေမိသည်။
ခန်းလုံးကြိုင်နေသည့် စပယ်ရနံ့ကြောင့် လန်းဆန်း လတ်ဆတ်ပြီး ကြည်နူး ပီတိစိတ်ဖြင့် ရင်ထဲ ငြိမ်းအေးနေ၏။
ဘုရားရှိခိုး၊ သီလယူ၊ ပရိတ်ရွတ်၊ မေတ္တာပို့ပြီးနောက် စိတ်တွေ ပို၍ ချမ်းမြေ့နေပေပြီ။

ဒီကနေ့ဟာ သင်္ကြန်၏ နောက်ဆုံးနေ့ … ။
နှစ်ဟောင်း ကို အဆုံးသတ်မယ့် နေ့ … ။
နှစ်သစ် ကို ကြိုဆိုမယ့် နေ့ … ။
***
၂၀၀၇ ခုနှစ်၊ ဧပြီ - ၁၆ ၊ တနင်္လာနေ့။

မဟာ သင်္ကြန်အတက်နေ့။

အဆုံးသတ်ခြင်း၏ အစသည် ငြိမ်းချမ်းမှုအပေါင်းဖြင့် တည်ငြိမ်လျှက်ရှိပေသည်။
ပတ်ဝန်းကျင်၏ သာယာမှု ကြောင့်ပင်လား၊ စောင့်ထိန်းထားသည့် သီလကြောင့်ပင်လား၊ တရားဓမ္မ၏ အမြိုက်ဓာတ် ကြောင့်ပင်လား … ညွတ်နူး ပျော့ပြောင်းလို့နေ၏။

“မေတ္တာ သဟ ဂတေန၊ စေတသာ သဗ္ဗပါဏ ဘူတေသု၊ ဖရိတွာ ၀ိဟရဏံ သမာဒိယာမိ။”
မေတ္တာ သဟ ဂတေန၊ မေတ္တာနှင့် တကွဖြစ်သော။ စေတသာ၊ စိတ်ကို။ သဗ္ဗပါဏ ဘူတေသု၊ အလုံးစုံသော သတ္တ၀ါတို့၏ အပေါ်တို့၌။ ဖရိတွာ၊ ဖြန့်နှံ့၍။ ၀ိဟရဏံ၊ နေခြင်းကို။ သမာဒိယာမိ၊ ကောင်းစွာဆောက်တည်ပါ၏။

ဟူ၍ မြတ်စွာဘုရားရှေ့မှာ ကတိပေးခဲ့ပါသည်။
ဒီရက် ဒီအချိန် ဒီအခါတွင်းမှာ သူလုပ်နိုင်သည်က ဒါပဲရှိသည်။ တလောကလုံး သတ္တ၀ါအားလုံး ငြိမ်းချမ်းကြစေဖို့ ဆုတောင်း မေတ္တာပို့ရုံမှ လွဲ၍ သူဘာမှ မတတ်နိုင်ပါ။ ကိုယ်၏ မေတ္တာ အစွမ်းထက်စေဖို့လည်း သီလ စောင့်ထိန်းခဲ့ပါသည်။ သီလနှင့် ပြည့်စုံမှလည်း ဘာဝနာပွားတော့ ထိရောက်မည် မဟုတ်လား။

ငယ်ငယ်တုန်းကတော့ လူကြီးတွေကို အားကျလို့ ဥပုသ်စောင့်ခဲ့ဖူးပါသည်။ ဥပုသ်စောင့်လျှင် ကြံရည်သောက်ရမည်၊ ကြံရည်သောက်ချင်လို့ ဥပုသ်စောင့်ခဲ့သည်။ ဥပုသ်သည် ဆိုလျှင် ၁၂ နာရီ မကျော်ခင် စားကောင်း သောက်ဖွယ်များ စားရသည့် အခွင့်ထူးရသည့် အတွက်လည်း ထိုစဉ်က ဥပုသ်စောင့်ခဲ့မိပါ၏။

သနပ်ခါးမလိမ်းရ၊ ပန်းမပန်ရ၊ ညစာမစားရ စသည့် စောင့်ထိန်းမှုတွေထက် သီချင်းမဆိုရ ဟူသည့် အချက်က သူ့အတွက် တော်တော်လေး အခက်ဖြစ်ခဲ့ရဖူးသည်။ အလကားနေရင်း သီချင်း ညည်းနေမိသည်မို့ သီချင်း မညည်းဖြစ်အောင် စောင့်ထိန်းဖို့က တယ်မလွယ်လှ။ လွှတ်ကနဲ ညည်းဆိုမိလျှင် ဘုရားရှေ့ သွားပြီး သီလပြန်ယူလိုက်ရတာက ခဏခဏ။

တခုသော သင်္ကြန်အခါက တောမြို့တမြို့မှာ ရောက်နေချိန်နှင့် ကြုံကြိုက် တိုက်ဆိုင်သဖြင့် နယ်သင်္ကြန်ကို မြင်ဖူးသွားသည်။ မြို့သူ မြို့သားတွေက မြင်းလှည်းတွေမှာ ငုပန်းတွေ ချိတ်ဆွဲပြီး မြင်းလှည်းများဖြင့် ရေပက်ခံထွက်ကြသည်။ မဏ္ဍပ်ရယ်လို့လည်း မယ်မယ်ရရ မရှိ။ အိမ်တွေရှေ့ တိုင်ကီတွေ ရေပုံးတွေချကာ လာသမျှလူများ မြင်းလှည်းများ ပက်နေကြသည်ကို မြင်ခဲ့ဖူး၏။ သည်တုန်းက ဇေယျသိမ် ဆိုသည့် ရွာဦး ဘုန်းကြီးကျောင်းကိုသွားပြီး ဥပုသ်စောင့်ခဲ့သည်။ ဘုန်းကြီးကျောင်းသို့ သွားရာလမ်းက မချောမွေ့လှပါ။ ဒါပေမဲ့ ပျော်စရာတော့ ကောင်းလှသည်။ လယ်ကန်သင်းရိုးပေါ်က လျှောက်လိုက်၊ ရိုးပြတ်တွေကို နင်းလိုက်၊ ပက်ကြားအက် လယ်ကွက်တွေထဲမှာ တပျော်တပါးကြီး သွားခဲ့ကြသည်ကို ပြန်အမှတ်ရမိ၏။

တခုသော သင်္ကြန်မှာတော့ တရားစခန်း ၀င်ဖြစ်ခဲ့ပါသေးသည်။ ရန်ကုန် ရိပ်သာတို့၏ ထုံးစံအတိုင်း သင်္ကြန်အခါဆိုလျှင် လူတွေက ကြိတ်ကြိတ်တိုး။ အခန်းရအောင် မနည်းကြံဖန်ရ၏။ တချို့လူတွေ အခန်းမရလို့ ကော်ရစ်ဒါမှာ အတုံးအရုံး။ တရားနာချိန် တရားထိုင်ချိန် လူတွေများလွန်းသဖြင့် ဘယ်လိုမှလည်း တရားမရ။ ရွယ်တူ ကောင်မလေးတွေက တယောက်နဲ့တယောက် စကြ နောက်ကြ၊ စကားတွတ်ထိုးကြ။ နောက်တော့ သူလည်း ဒီအဖွဲ့ဝင်ဖြစ်သွားပြီး တရားသာ မရသည်၊ တရားစခန်းက အပြန်မှာတော့ အသိမိတ်ဆွေတွေ တိုးပွား လာလေတော့၏။

ဒီ့နောက်မှာ ဆုံးဖြတ်မိသည်က သင်္ကြန်တွင်း ဘယ်တော့မှ ရိပ်သာမ၀င်တော့ ဟူ၍ပင်။
သို့သော် လွန်ခဲ့သော ၃ နှစ် သင်္ကြန်က ရိပ်သာတခုမှာ သီလရှင် ၀တ်ခဲ့မိသေးသည်။ ရန်ကုန်မြို့နှင့် မနီးမဝေးမို့ ရိပ်သာ ပရ၀ုဏ်က ဆိတ်ငြိမ် အေးချမ်းလှသည်။ နေရသည့် ဇရပ်ကလေးတွေကလည်း သန့်သန့်ရှင်းရှင်း သပ်သပ်ယပ်ယပ်၊ သင်္ကြန်မတိုင်ခင်က ကြိုရောက်ပြီး ၀တ်နှင့်တာမို့ စိတ်ကြည်နူး ချမ်းမြေ့မှုကို တခဏမျှ ကြုံခဲ့ရသေးသည်။

သို့ပေမဲ့ သင်္ကြန်အကျနေ့မှာတော့ ဒီရိပ်သာမှာပင် လူတွေက ကြိတ်ကြိတ်တိုးကြပြန်ပြီ။ လူ ၄-ဦးသာ အလွန်ဆုံး နေသင့်သည့် ဇရပ်တဆောင်ဝယ် လူပေါင်း နှစ်ဆယ်ခန့် ထိုးသိပ် နေရတော့ ရေချိုးရ အိမ်သာတက်ရ အလွန် ကသိကအောက် ဖြစ်၍လာပြီ။ စောစောပိုင်းရက်က ရထားသော စိတ်ကြည်နူးမှုတွေက ဘယ်ဆီရောက်လို့ ရောက်မှန်း မသိတော့။ ညစ်ညူးစိတ်တွေနှင့် ဒီလိုအားထုတ်လို့ရော တရားရပါ့မလား။
နောက်ဆုံးတော့ အိမ်ကို ဖုန်းဆက်ပြီး လာခေါ်ခိုင်းကာ အိမ်မှာပဲ ဆက်ဝတ်ဖြစ်တော့သည်။ ဆရာတော်၏ အလုပ်ပေးတရား စီဒီတွေဝယ်လာကာ အိမ်မှာသာ နာဖြစ်တော့သည်။ ညဘက် အိမ်နားက တရားပွဲသို့ သွားကာ တရားနာဖြစ်သည်။ သစ်တပင် ၀ါးတပင်အောက် ခြိုးခြံစွာ မကျင့်နိုင်သေးသည့် သူ့အတွက်တော့ မိမိအိမ်သည်ပင် သာယာသော ရိပ်မြုံတခုပါပဲ။

နောက်ပိုင်းနှစ်တွေမှာတော့ အိမ်မှာပဲ ၉ ပါးသီလ စောင့်ထိန်းပြီး နေခဲ့သည်။ အိမ်အလုပ်ကူရင်း တရားနာရင်း တရားစာဖတ်ရင်း စသဖြင့် တရားနှင့်သာ မွေ့လျော် နေခဲ့ရသည်။ ငြိမ်းချမ်းပေစွ။
***
သင်္ကြန်၏ နောက်ဆုံးရက်မို့ လူတွေက ပိုပျော်နေကြလေသလား မသိ။
အရင်ရက်တွေကထက် အသံပလံတွေ ဆူညံလို့နေ၏။
ခဏပါပဲ … နက်ဖန်ဆို ဒီအသံတွေ ဆိတ်သုဉ်း သွားကြပေတော့မည်။
ပျော်ရွှင်ခြင်း၏ အဆုံးသတ်က ခွဲခွါခြင်းပေလား။

မကြာခင် အချိန်အတွင်းမှာ …
နှစ်အဟောင်းက ကျန်ရစ်ခဲ့တော့မည်။
နှစ်အသစ်သို့ ပြောင်းလဲ ရောက်ရှိတော့မည်။
အဟောင်း အသစ် ပြောင်းလဲဖြစ်စဉ်တွေမှာ … ကျန်ခဲ့သူနှင့် ချန်ခဲ့သူက မည်သူက မည်သူ့ကို တ-ရပါမည်လဲ။
ပြောင်းလဲခြင်းကို ရုတ်တရက် ကြုံတွေ့ရစဉ် မည်သို့ပင် ခံစားရစေအုံး … လိုအပ်သည့် ပြောင်းလဲမှုမျိုးကိုတော့ နှစ်ခြိုက်စွာ ကြိုဆိုရမည်သာ။
***
မင်္ဂလာရှိသော နှစ်သစ်ပေါင်းများစွာကို မင်္ဂလာရှိရှိ ဖြတ်သန်း နိုင်ကြပါစေ …

မေတ္တာဖြင့်
မေဓာဝီ
16th April, 2007
8:00 am

Read More...

Sunday, April 15, 2007

အဖေ့ သင်္ကြန်ကဗျာ

ဒီကဗျာလေးကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သင်္ကြန်အခါတွင်းတခုမှာ အဖေ ရေးခဲ့ပါတယ်။
ဒါပေမဲ့ အဖေ့ရဲ့ ပျောက်ဆုံးသွားတဲ့ ကဗျာစာအုပ်ကြီးထဲမှာ ဒီကဗျာပါသွားတယ်။ အဖေ့ကဗျာတွေ ရသလောက် ပြန်စုစည်းပြီး ကျမဘလော့ပေါ်တင်တော့ ဒီသင်္ကြန်ကဗျာကို သွားအမှတ်ရမိပါတယ်။ အဖေ့ကို မေးတော့ မေ့နေပြီတဲ့။ ရသလောက် ပြန်ရေးပြဖို့ ပူဆာတော့ အဖေက စဉ်းစားရင်းနဲ့ ၀ှိုက်ဘုတ်ပေါ်မှာ ချရေးပေးတယ်။ တပုဒ်လုံး အစအဆုံးပါပဲ။ ဒါကို ကျမက ပြန်ကူးထားလိုက်ပြီး အမှတ်တရ ဘလော့မှာ တင်လိုက်ပါတယ်ရှင်။
***
ခါသင်္ကြန် ရောက်ပြန်တော့

အတာနှစ်ကူး၊ လတန်ခူးပေမို့၊ ပွင့်ဖူးပိတောက်၊ ထိန်လျံတောက်နှင့်၊ ရွာနောက်မြိုင်တန်း၊ ကံ့ကော်ပန်းနှင့်၊ တင့်ဆန်းသာမော၊ ငုဝါတောနှင့်၊ အဟောဝတ၊ သြော် … ရှုလေတိုင်း သာလေစွ။

နွေလခါချိန်၊ ရှုတိုင်းထိန်၊ မတိမ်မကော၊ လှသည့်တောဝယ်၊ ဥသြသံချို၊ နှစ်သစ်ကြိုသော်၊ ရွယ်ပျိုရွှန်းလင်း၊ လှယမင်းတို့၊ မြစ်တွင်းဧရာ၊ ဗေဒါကမ်း ..ရေခပ်လှမ်းလို့ လျှောက်ခဲ့တာ။
နံ့သာခြယ်လိမ်း၊ ပါးပြင်ဝယ်ထူလို့ပိန်း၊ ပိတုန်းကေသာ၊ ကိုယ်စီဖြာ၊ သူတို့ခေါင်း … ပန်းပေါင်းစုံလှတာ။

စိမ်းမြမြကြည်သာ၊ မြစ်ဧရာဝယ်၊ ဆိုကာရင့်ကြူး၊ တေးသံနှင့် သူတို့မြူး၊ တင့်ထူးထိုထို၊ ကမ်းတခိုဝယ်၊ ကိုကာလသား၊ ပျိုနုထွားတို့၊ စကားရိပ်ချည်၊ ကျီစယ်စောင်းမြောင်း၊ ချစ်ကြောင်းကိုဆင့် … ဋီကာဖွင့်။
အသင့်ပါလာ၊ နံ့သာရောထား၊ ရေဖလားနှင့်၊ သက်ထားဝါညက်၊ ကိုယ်အထက်၊ ရွှဲရွှဲစိုအောင် သူတို့ပက်။

နှစ်သက်ဖွယ်ကြည်နူး၊ ဤတန်ခူးဝယ်၊ ချစ်ဦးကိုရှာ၊ တွေ့လိမ့်ငှာ၊ ညိုပြာမျက်ရွဲ၊ တကိုယ်လုံး ရေစိုရွှဲလို့၊ အသဲသိမ့်သိမ့်၊ ချမ်းအေးလို့ စိမ့်ရှာပေါ့၊ နိမ့်တုံမြင့်တုံ၊ ရွှေရင်ဝယ် ခုန်ပါဘိ၊ “ကြုံရတဲ့ သည်နှစ်၊ ငါ့စိတ်ဝယ် ဘယ့်နှယ့်ဖြစ်ပါလိမ့်၊” သိမ်းသစ်စ ရွှေရင်၊ လှသခင်၊ စိတ်အတွင်းက သည်သို့ထင်။

ဘ၀င်လှိုက်မော၊ ရှက်စိတ်တွေစောလို့၊ တောသမီးပျို၊ ပိုကယိုက၊ ကိုကာလသား၊ လွန်ကျီစားကို၊ စကား မပျိုး … မျက်စောင်းထိုး။
နောက်ပိုးခြေတို၊ ကိုကာလသား၊ ပျိုနုထွားတို့၊ တေးသွားအပြိုင်၊ သံချပ်တိုင်သည်၊ မြိုင်ဆိုင်ဝေဖြိုး၊ ကမ်းလုံးစိုး။

“မိုး-မိုး-မိုးလားမောင်တို့၊ လေ-လေ-လေလားမောင်တို့၊ သိကြားမင်းကြီး လူ့ပြည်လာ၊ ယခုသည်ခါ သင်္ကြန်ရေပွဲ၊ သုခီအတ္တာ မေတ္တာဝေ၊ ကျန်းမာပါစေ၊ ဆုမွန်ချွေ၏၊ စိန္တေထံပါး ၀ပ်တွားကာ၊ သစ္စာထားမှာ မောင်တို့မယ်တို့၊ ငြင်းဆန်နေနဲ့ ပျိုတို့ရာ၊ ကိုယ်တို့တွေဟာ လူပျိုချည်းပဲ၊ ဆင်နွှဲကြစို့ တူနှစ်ဖြာ၊ စိန္တေယျာမှာ ဆုပန်ကြစို့၊ ဆိုလို့ကလို့ ပျော်ချင်တယ်၊ ဖော်သခင်ရယ် ကြည်ဖြူမှာလား။ ဟေ့ မောင်တို့ -ဟေ့မယ်တို့၊ ဟေ့မယ်တို့ -ဟေ့မောင်တို့၊ ဟေးလာမောင်တို့ ၀ါး။”

ပျော်ပါးစုရုံး၊ ကမ်းအလုံးဝယ်၊ ရွှင်ပြုံးကြည်သာ၊ ထိုအခါကို၊ ကျွန့်မှာ ရော်ရမ်း၊ တမ်းတတတ … ပီတိကြွ။
လှသည့်အတွေ့၊ ဤဓလေ့ကို၊ မမေ့နိုင်ပြီ အလီလီ၊ ရာသီခါတွင်း … ရောက်ပြန်ခြင်း … ။

***
ကဗျာကတော့ အဲဒါပါပဲ။
အဖေက သင်္ကြန်ပိတ်ရက်တွေမှာ အအားမနေဘဲ စာတပုဒ်၊ ကဗျာတပုဒ် စသဖြင့် ဖန်တီး ရေးသားလေ့ရှိတယ်။ ဒီသင်္ကြန်တွင်းလည်း ကျမတို့သားအဖ နှစ်ယောက် ပေါင်းပြီး စာအုပ်တအုပ် လုပ်နေကြပါတယ်။ ပြီးတော့ … ဘလော့အတွက် ထူးခြားမယ့် အစီအစဉ်သစ်တခုလည်း လုပ်ဖို့ကြံစည်ထားပါတယ်။
ဘာလဲ … ဆိုတာတော့ သေချာရင် ကြေညာပါ့မယ်ရှင်။
***
မေတ္တာဖြင့်

မေဓာဝီ
15th April, 2007
9:20 pm

Read More...

ပြောင်းလဲခြင်း ... သင်္ကြန် (၃)

နံနက်ခင်းသည် ချစ်မြတ်နိုးဖွယ်ရာ တင့်တယ်နေ၏။
ဝန်းကျင်မှာ ပန်းရနံ့တွေ သင်းထုံနေသလိုလို ရှူရှိုက်ရသော လေက သင်းတပျံ့ပျံ့။
ပြတင်းပေါက်က လှမ်းကြည့်တော့ မျက်နှာချင်းဆိုင် လမ်းတဖက်မှာ အုန်းလက်မဏ္ဍပ် ငယ်ငယ်လေးက ငုဝါပန်းတွေ မြိုင်မြိုင် ဆိုင်ဆိုင် ချိတ်ဆွဲထားသဖြင့် ၀င်းတဖန့်ဖန့်။
မဏ္ဍပ်ရှေ့မှာ ရေတိုင်ကီတွေ ရေပုံးတွေ ချထားပြီး လူတချို့လည်း ရေစိုရွှဲနေကြပြီ။
ဖြတ်သွားသော ကားပေါ်မှလူတွေ … လမ်းပေါ်မှာ လျှောက်သွားသော လူတွေ …
သူတို့အားလုံးကို ကြည့်ရတာ အပူအပင်ကင်းသော အပျော်မျက်နှာ၊ ပြုံးစ နှုတ်ခမ်းတွေဖြင့် … ။
***
၂၀၀၇ ခုနှစ်၊ ဧပြီ - ၁၅၊ တနင်္ဂနွေနေ့။

မဟာ သင်္ကြန်အကြတ်နေ့။

နုပျိုသည့် သဘာဝအလှတို့ဖြင့် ထုံမွှမ်းထားသော ဒီနေ့သည် သင်္ကြန် သုံးရက်၏ အလယ်တည့်တည့်။ အမြူးကြွ ဆုံး၊ အတက်ကြွဆုံး၊ အလှပဆုံးသော သင်္ကြန်အကြတ်နေ့သည် ရင့်ကျက်သယောင် ဟန်ဆောင်ထားသည့် လုံမပျိုသဖွယ် ရှက်စနိုးဖြင့် တလှမ်းချင်း တိုးဝင်လာခဲ့ပေပြီ။

အဲဒီတုန်းက သင်္ကြန်ရက်တွေသည်လည်း သူ့အတွက် အမှတ်တရ ဖြစ်ခဲ့ရဖူးပါသည်။
ဒါပေမဲ့ ကြာခဲ့ပြီမို့ ဦးနှောက်ရဲ့ အမှတ်သညာထဲ သိပ်မရှိတော့။
နှလုံးသားရဲ့ အခန်းအကန့်ထဲလည်း ထည့်မထားမိတော့။
ဒါသည်ပင် ပြောင်းလဲခြင်း တခုလေလား။

စာအုပ်စင်ကို မွှေနှောက်ရှာရင်းမှ ကဗျာစာအုပ်ကလေး တအုပ် ထွက်လာသည်။ “မြန်မာနှစ်ဆန်းသုံးရက်နေ့” ဆိုသည့် လက်ဆောင်ရခဲ့ဖူးသော ကဗျာစာအုပ်။ သူ တဦးတည်းအတွက် ရည်ရွယ်၍ ရေးပေးထားသည့် တအုပ်တည်းသာ ရှိသော လက်ရေး ကဗျာစာအုပ်ကလေး။

ကြည့်ပါအုံးလေ … ။ ထိုနေ့တွေကို ပြန်လည် ခံစားကြည့်တော့ …
အတာအေးအေး၊ နံ့သာမွှေးမွှေးနဲ့ ကဗျာလေးတွေ ရေးဖွဲ့ခဲ့ကြသည်ပဲ။

ထိုနှစ်က သင်္ကြန်တွင်းမှာ ကဗျာ ၃-ပုဒ် ရေးဖြစ်ခဲ့သည်။ စုတ်ပြဲစ ပြုပြီး ဖုန်တက် နေသော ဒိုင်ယာရီ အဟောင်းလေးထဲတွင် အဲဒီကဗျာလေး ၃-ပုဒ် ထွက်လာ၏။

“နှစ်ဦး မင်္ဂလာ”

အတာကူးသည့် တန်ခူးသည်ချိန်ခါ …
ပျော်ရွှင်စရာ ရေစင်ပက်ဖြန်း လန်းဆန်းအေးမြစွာ
သာယာရှုခင်း ရင်တွင်းထိ ပီတိကျက်သရေဖြာ
ခါတလှည့် - လာခဲ့ပါ ကျွန်တို့ဌာနေရွာ။

ပိတောက်ဖူးတွေ … တင့်ထူးဝေေ၀ဆာ
ဝင်းဝင်းဝါ ငုဝါပန်းတို့ ရှုကာလှမ်းမြင်ရမှာ
ရွက်ဝါကြွေ မြေမှာလျှော လေလာသောအခါ
ရဂုံတော - သာမောဖွယ့် နွေဦးရဲ့ကဗျာ။

နှစ်သစ်ဦးမို့ ရည်စူးပို့ ကျွန့်မေတ္တာ
သတ္တ၀ါ မာပါစေကြောင်း ဆုမွန်ကောင်းတောင်းမှာ
ထပ်တခါ ဖြစ်လာတဲ့ပြစ်ပေါင်း တောင်းပန်ကြ၀န္ဒနာ
လတန်ခူး - လှထူးတဲ့ နှစ်ဦးမင်္ဂလာ ။ … ။
***
“နှစ်ဦး ဆုမွန်”

နှစ်သစ်ဦးမှာ …
ကြည်နူးစွာ ဆုမွန်ကောင်း
တောင်းဆုချွေမှာ၊
ရှေးဦးစွာ … သတ္တ၀ါအများ
စိတ်ချမ်းသာ ကျန်းမာလို့
ပျော်ကြစေသား။

ကမ္ဘာသား ကမ္ဘာသူ
အပူတွေ ကင်းစင်ဝေးပါလို့
ငြိမ်းအေးစေမူ၊
ပြစ်မယူ စစ်ဟူသည့်စကား
တို့နားဝယ် ဘယ်မကြား
ချမ်းမြေ့စေသား။

နှလုံးသား လှသူတွေ
ဘ၀တူ အဖော်ကောင်းနဲ့
ပေါင်းရပါစေ၊
သွေမကွာ သံသရာ လျှောက်လှမ်း
နောက်ဆုံးမှာ နိဗ္ဗာန်လမ်း
မြန်းရစေသား ။ … ။

***
“နှစ်ဦး လက်ဆောင်”

ဘယ်တော့မှ မနွမ်းတဲ့ ပိတောက်
ဘယ်တော့မှ မခမ်းခြောက်တဲ့ ရေ …
သည်နွေနှစ်ကူး
အချစ်ဦးတွက်
ဆက်သလိုက်မယ်
နှစ်ခြိုက်ကြည်နူး ..မြူးဖို့ရယ် ။ … ။


15th April, 1992
မဟာသင်္ကြန်အတက်နေ့
၁၃၅၃ ခု၊ နှောင်းတန်ခူးလဆန်း ၁၃-ရက်
ဗုဒ္ဓဟူးနေ့

ဆိုပြီး ကဗျာအဆုံးသတ် လက်မှတ်ရဲ့ အောက်မှာ ရေးထားသည်ကို တွေ့ရ၏။
လွန်ခဲ့သော ၁၅ နှစ်က။
ထိုစဉ်ကတော့ နုပျိုခြင်း၊ တက်ကြွခြင်း၊ လန်းဆန်းခြင်းတို့ဖြင့် ထုံသင်းနေခဲ့ပါသည်။
ခုချိန်မှာတော့ …
ဘယ်တော့မှ မနွမ်းသည့် သူ၏ သစ္စာပိတောက်ပန်းသည်လည်း
နွမ်းခြောက်ခဲ့လေပြီ။
ဘယ်တော့မှ မခမ်းခြောက်သည့် သူ၏ မေတ္တာရေစင်သည်လည်း
ခမ်းခြောက်ခဲ့လေပြီ။

တကယ်တမ်း အစစ်အမှန် မဟုတ်သည့် မေတ္တာတရား သစ္စာတရား တို့သည် အချိန်တွေ ရွေ့လျား သွားသည်နှင့် အမျှ ပြောင်းလဲတတ်ကြလေ၏။
သြော် …ပြောင်းလဲမှုများစွာဖြင့် တည်ဆောက်ထားသော လောကပေပဲ မဟုတ်လား။
ဒါကြောင့် သူ၏ ပြောင်းလဲခြင်းတွေကိုလည်း ခွင့်လွှတ်နိုင်ကြမည်ဟု ထင်ပါသည်။

ဒီလိုနှင့်ပင် သင်္ကြန် အကြတ်နေ့သည် မခွါချင့် ခွါချင် … ခွဲခွါသွားပေအုံးမည်။ အကြတ်နေ့ကုန်ဆုံးတော့လည်း … အတက်နေ့ဆိုတာ ရောက်လာလိမ့်အုံးမည် မဟုတ်ပါလား။
***
မေဓာဝီ
15th April, 2007
8:00 am

Read More...

Saturday, April 14, 2007

ပြောင်းလဲခြင်း ... သင်္ကြန် (၂)

နံနက်ခင်းနေရောင်ကို တိမ်တအုပ်က ဖုံးလွှမ်းထားသောကြောင့် ကောင်းကောင်းမသာနိုင်။ ကောင်းကင်တခွင်လုံး အုံ့အုံ့ဆိုင်းဆိုင်း မှိုင်းမှိုင်းပျပျ။ လေပြေဝေ့ဝေ့ တိုက်ခတ်တော့ မိုးနံ့ကိုပင် ရသယောင်။
မိုးရွာတော့လေမလား။
“တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး” … တဲ့။
ဖက်ဆွတ်မိုး၊ သင်္ကြန်မိုး …
လှလိုက်သည့် စကားလုံး၊ ယဉ်လိုက်သည့် အသုံး၊ သုံးလည်း သုံးတတ်ပါပေ့။
ဒီကနေ့ကတော့ ပြက္ခဒိန် ကြည့်ရန်မလို၊ ရက်ကိုတွက်စရာမလို၊ သင်္ကြန်ကျပြီလေ။
***
၂၀၀၇ ခုနှစ်၊ ဧပြီ - ၁၄၊ စနေနေ့။

မဟာ သင်္ကြန်အကျနေ့။

သိကြားမင်းကြီး လူ့ပြည် ဆင်းလာပြီလား။
အချိန်မှန်ပင် သင်္ကြန်ကတော့ ကျပေပြီ။
သင်္ကြန်အကျနေ့ဟာ ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်မ ကလေးလို ခုန်ပေါက်စွာဖြင့် အနားသို့ ရောက်လာခဲ့ပြီတည့်။

အဲဒီအရွယ်တုန်းကတော့ သင်္ကြန်ဆိုတာ ရင်ခုန်စရာ၊ သင်္ကြန်သီချင်းတွေ ညည်းဆိုရင်း သင်္ကြန်အကတွေ ကြည့်ရှုရင်း သင်္ကြန်ကျပြီဆိုတော့ ပျော်တာပေါ့။ အခါတွင်းမှာမှ လူ့ပြည်ကို ဆင်းလာသည့် သိကြားမင်းကို လေးစားသော အားဖြင့် မကောင်းမှု ဒုစရိုက်တွေ ရှောင်ကြဉ်ရမည်ဟု လူကြီးသူမ များက ဆိုကြသည်။ မကောင်းမှုတွေ ပြုမှားမိပါက သိကြားမင်းက ခွေးသားရေ ပုရပိုဒ်ထဲ မှတ်သွားမည်ဟု ခြောက်လှန့်ထား သဖြင့်လည်း မပြုလုပ်ရဲအောင် ဖြစ်ခဲ့သည်။ ကိုယ့်နာမည်ကို ရွှေပုရပိုဒ်ထဲ မှတ်သည်ကိုသာ လိုလားပါသည်။

သင်္ကြန်ရေပက်ခံကားတွေက တရွှီရွှီ အသံပေးလျက် ကားလမ်းမထက် ဖြတ်သန်း ပြေးလွှားနေကြ၏။
ဖြတ်သွားသမျှ ကားပေါ်မှာ လူတွေက ဟေး ဟေး ဟု ပျော်ရွှင်စွာ ဟစ်အော်လျက်။ စည်းချက်မညီ ဂီတသံတွေ နှုတ်ဖျားမှာ အော်ဟစ်လျက်။

“ရေပက်ခြင်း သည်းခံကြပါခင်ဗျာ …ရေပက်ခြင်း သည်းခံကြပါ ..”
အသံချဲ့စက်ဖြင့် ပြောလျက်လာသော ဒီအသံ၊ တီးသံ မှုတ်သံ ဂီတသံ ကြားလျှင်ဖြင့် အိမ်ထဲမှာ ငြိမ်မနေနိုင်။ လမ်းမထက် ဖြတ်သွားသော အလှပြကားကို ခြံစည်းရိုးကြားက ချောင်းကြည့်ကြရသည်။ ခုတော့ … ဒီလို အသံတွေပင် မကြားရတာ ကြာပါပေါ့လား။

“ခွက်စုတ်ကလေးနဲ့ ပက်တာလောက်တော့ ရယ်တာပေါ့ … ရယ်တာပေါ့” ထိုစဉ်တုန်းက ခွက်စောင်းခုတ်ပြီး ရေပက်ကြလေ့ရှိသည်။ နို့ဆီခွက်ဖြင့် ခွက်စောင်းခုတ်လျှင် ကျောကော့အောင် နာ၏။ ခုခေတ်မှာတော့ ရေအား ပြင်းသည်ထက်ပြင်းသော ပိုက်အမျိုးမျိုး ပမ့်အမျိုးမျိုးတို့ဖြင့် မနာနာအောင် ထိုးပက်နေကြပြီ။

သူတို့ လမ်းထိပ်မှာ မဏ္ဍပ် အကြီးအကျယ် ထိုးကြတဲ့နှစ်က … သူ ဆယ်ကျော်သက် အရွယ်၊ ဆယ်တန်းပင် မရောက်သေး။ ဒီမဏ္ဍပ်မှာ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ စုံစုံလင်လင် လာဆိုကြ ကကြသည်။ သီချင်းနားထောင်ချင်သည့် သူကတော့ မဏ္ဍပ်ထောင့် တနေရာမှာ ခပ်ကုပ်ကုပ်သာ ထိုင်နေမိ၏။ ရပ်ကွက်ထဲက ကောင်မလေးတယောက် တိုတို ဟိုက်ဟိုက် အ၀တ်အစားဖြင့် စင်ပေါ်တက်ပြီး က-တော့ (ဗမာအက မဟုတ်) မဆီမဆိုင် ကြားထဲက မျက်နှာပူမိသလိုလို။ ဒီကောင်မလေးရဲ့ အဖေကလည်း ယမကာနံ့ တသင်းသင်းဖြင့် ခပ်ပြင်းပြင်း ရေပိုက်တချောင်းကို ကိုင်ကာ ရေပက်ခံကားပေါ်က အမျိုးသမီးတွေ ခြုံထားတဲ့ သဘက်တွေ လှန်ပြီး အတင်း ထိုးပက်နေတာကို မြင်ဖြစ်အောင် မြင်လိုက်မိသေးသည်။
အင်း … လိုက်လည်း လိုက်တဲ့ သားအဖ။ သီချင်းသံ အဆိတ်မှာ စိတ်လက် မသာမယာဖြင့် ဒီမဏ္ဍပ်ကို ကျောခိုင်းဖြစ်ခဲ့သည်။
သင်္ကြန်ဆိုတာ ရိုးရာပွဲတော်မှ ဟုတ်ပါရဲ့လား။

တနှစ်လုံးပြုခဲ့သမျှ မကောင်းမှုတွေကို ရေပက်လောင်းခြင်းဖြင့် ဆေးကြောခြင်းဟု ဆိုခဲ့ကြသည်။
ဒီမကောင်းမှုတွေကို သင်္ကြန်ရေဖြင့် ဆေးကြောရုံမျှဖြင့် ပြောင်စင်နိုင်ပါ့မလား … ဟု တွေးမိပါသည်။ အကယ်၍ ပြောင်စင်တယ် ဆိုငြားအံ့၊ တယောက်နဲ့တယောက် နာကျင် ခံခက်အောင် ပြုမူခြင်း၊ ပြောဆိုခြင်းတွေက အပြစ်ထပ်မံ မဖြစ်နိုင်ဘူးလား။ အပြစ်ကင်းဖို့ ရေပက်ခြင်းဖြင့် အပြစ်တွေ ထပ်ဖြစ်မယ်ဆိုလျှင် ….ရေပက်ဖြန်းခြင်းရဲ့ အနှစ်သာရက … ဘယ်မှာလဲ။

တက္ကသိုလ် ကျောင်းတက်ခါစ သူငယ်ချင်းတယောက် အတင်းခေါ်လို့ ရေပက်ခံ လိုက်ခဲ့ရဖူးသည်။ ဖြစ်ချင်တော့ အဲဒီနှစ်က ရေခဲထုတ်တွေနှင့် ပစ်ပေါက်ကြသည့် နှစ်။ ထိလိုက်လျှင် မသက်သာ၊ ဒါကြောင့် မဏ္ဍပ်တခုကိုဝင်လျှင် ရန်သူ့နယ်မြေကို ၀င်ရသည့် သူလို စိတ်ကထင်ပြီး ထိတ်လန့် ကြောက်ရွံ့ကာ မျက်နှာသုတ်ပုဝါကို တကိုယ်လုံး လုံအောင် ထုတ်လျက် ခေါင်းမဖော်တမ်း ငုံ့လို့သာနေမိသည်။ ဘယ်အချိန်မှာ ရန်သူ့ ကျည်ဆံတွေက ဘယ်နေရာကို လာမှန်လေမလဲ … စိုးရိမ်စိတ်ဖြင့် တထိတ်ထိတ်။ နောက်တော့ ကားရှေ့ခန်းမှာသာ ထိုင်ဖြစ်တော့သည်။ သူငယ်ချင်းကို အားနာလို့ ၁-ရက်သာ လည်ပြီး နောက်ရက်တွေ အတွက် ငြင်းဆန်ခဲ့မိ၏။ အဲဒီနှစ်က ဘယ်သူကတော့ မျက်လုံးကို မှန်လို့၊ ဘယ်သူကဖြင့် နားစည်ထိသွားလို့ … စသဖြင့် ဆေးရုံဆေးခန်းတွေမှာ လူတွေစည်ကားလျက်။ ရေပက်ခံ ကားပေါ်က လူတွေ လည်ချင်အုံးဟ ဆိုပြီး အညှိုးနဲ့ လုပ်ကြတာလားဟု …တွေးမိပါသည်။
မဏ္ဍပ်ဆိုတာ နှိပ်စက်တဲ့ နေရာများလား။

ဒီလိုနဲ့ သင်္ကြန်ကို ထိတ်လန့်လာမိသည်။ အပြင်မထွက်ချင်၊ ရေမပက်ချင်၊ ရေပက်လည်း မခံချင်တော့။
ဆူဆူညံညံ သင်္ကြန်သံတွေသည် သူနဲ့တဖြည်းဖြည်း ဝေးဝေးသွားသလို။ အိမ်ထဲမှာသာ ခိုရင်း၊ သင်္ကြန်သီချင်းတွေ ဆိုလျက်၊ စာအုပ်တွေ တအုပ်ပြီး တအုပ်ဖတ်လိုက် ဗီဒီယိုခွေတွေ ကြည့်လိုက် ဒီလိုနှင့်ပင် သူ၏ ဆယ်ကျော်သက် သင်္ကြန်အခါကို ကုန်ဆုံးခဲ့ရတော့သည်။

ငွေဖလားထဲ သပြေခက် ထည့်၍ ပက်သောခေတ်ကို မမီလိုက်သော်ငြား တွေးကြည့်ရုံမျှနှင့်ပင် ကြည်နူးဖွယ်၊ ဆွတ်ပျံ့ဖွယ်။ ဘယ်လောက် ယဉ်ကျေးလိုက်မလဲ … ဘယ်လောက် နန်းဆန်လိုက်လေမလဲ။ ဒါပေမဲ့လည်း သင်္ကြန်ဆိုတာ ပြောင်းလဲခြင်းပဲလေ။ နှစ်တွေ ကြာလာတာနဲ့အမျှ ယဉ်ကျေးမှုတွေ ပြောင်းလဲခဲ့ပြီပေါ့။ တမ်းတ နေလို့လည်း ထူးအံ့မထင်တော့ပါ။

ပြောင်းလဲတတ်သော လောကကြီးအလယ်မှာ ….
သင်္ကြန်ကို မသိသော ငှက်ကလေးတွေလည်း တေးဆိုဆဲ။
သင်္ကြန်ကို မခံစားတတ်သော ပန်းကလေးတွေလည်း ပွင့်ဆဲ ..မွှေးဆဲ။
သင်္ကြန်ကို နားမလည်သော လေနုအေးလည်း ညင်သာဖြည်းဖြည်း တိုက်ခတ်ဆဲ။
ဒီိလိုနှင့်ပင် … သင်္ကြန်တရက်ကုန်ဆုံးလျက် … နက်ဖန်ဆိုလျှင် … သင်္ကြန်အကြတ် ရောက်တော့မည်။
***
မေဓာဝီ
14th April, 2007
8:50 am

Read More...

Friday, April 13, 2007

ပြောင်းလဲခြင်း ... သင်္ကြန် (၁)

သင်္ကြန်ဆိုသည် သင်္ကန္တ ဟူသော သက္ကဋ စကားမှ ဆင်းသက်လာသည်ဟု ဆိုကြသည်။
ကူးပြောင်းခြင်း … အဟောင်းမှ အသစ်သို့ ကူးပြောင်းခြင်း အဓိပ္ပါယ်ဟု မှတ်သား သိခဲ့ရဖူး၏။
အဟောင်းတွေ ကျန်ရစ်ကာ အသစ်တွေ ပေါ်ပေါက်လာခြင်းသည် … သင်္ကြန်လား။
အဟောင်းတွေကို ပစ်ပယ်ကာ အသစ်တွေကို ဖက်တွယ်ခြင်းသည် … သင်္ကြန်လား။
အဟောင်းတွေကို ထားခဲ့ပြီး အသစ်တွေကို ကြိုဆိုခြင်းသည် … သင်္ကြန်လား။
အဟောင်း-အသစ် ပြောင်းလဲ ဖြစ်ပေါ်ခြင်းသည်ပင်လျှင် … သင်္ကြန်ပေပဲ လား။
မည်သို့ပင် ဖြစ်စေ …
သင်္ကြန်သည်ကား တနှစ်တခါ တန်ခူးလမှာ မပြောင်းမလဲ ကျရောက်လာ စမြဲ။
***
၂၀၀၇ ခုနှစ်၊ ဧပြီ - ၁၃၊ သောကြာနေ့။

မဟာ သင်္ကြန်အကြိုနေ့။

အိမ်တိုင်း အိမ်တိုင်းရဲ့ အိမ်ရှေ့မျက်နှာစာမှာ အတာအိုးကလေးနဲ့ ခုနစ်နေ့နံ အပွင့်အရွက်တွေ ထိုးကာ သိကြားမင်းကို ကြိုနေကြပြီ။
သိကြားမင်းကြီး လူ့ပြည်ကို တကယ် ဆင်းမဆင်း မသိသော်လည်း ရိုးရာမပျက် အစဉ်အလာမပျက် ရှေးဓလေ့ ထုံးတမ်း အတိုင်း ဆက်လက် လုပ်ဆောင်နေကြစမြဲ။

အကြိုနေ့တို့ ထုံးစံက ရေမပက်ရ။ ဒါပေမဲ့ ချွင်းချက်အဖြစ် ကလေးတွေကိုတော့ ပက်ခွင့်ပေးထား၏။
ပြောရရင်တော့ သင်္ကြန်အကြိုနေ့ဟာ အပြစ်ကင်းတဲ့ ကလေးငယ် တယောက်လိုပင်။

သူတို့ ကလေးဘ၀ တုန်းကတော့ …
သင်္ကြန်ရောက်ခါနီးပြီဆိုလျှင် အမေက ပလပ်စတစ် ရေဖလားလေးတွေ၊ ရေပုံးသေးသေးလေးတွေ၊ ရေပြွတ်လေးတွေ ၀ယ်ပေးတတ်သည်။ ဒါလေးတွေ ရပြီဆိုရင်ဖြင့် သင်္ကြန်ကို မျှော်ရပြီ။ သင်္ကြန် မြန်မြန်ကျပါစေ ဆုတောင်းကြရပြီ။ ရေပြွတ်တွေထဲ ရေထည့်ပြီး ဟိုဟိုဒီဒီ ထိုးပက် စမ်းသပ်နေကြပြီ။

တကယ်တမ်း သင်္ကြန်အကြိုနေ့ ရောက်ပြီဆိုရင်တော့ မနက်မိုးလင်းတာနဲ့ အိမ်ခြံဝင်းရှေ့ (ခြံဝင်းရှေ့ဆိုပေမဲ့ လမ်းမပေါ်မဟုတ်၊ လမ်းကြားလေး ထဲမှာသာ ဖြစ်သည်။) မှာ ရေပုံးတွေ ရေဇလားတွေချပြီး ဒီလမ်းကြားထဲ ၀င်လာသည့် လူလောက်သာ ပက်ကြရသည်။
လမ်းကြားလေးထဲသို့လည်း လူက သိပ်မလာ၊ ဈေးသွား ဈေးပြန် အိမ်ရှင်မအချို့၊ လမ်းသူလမ်းသား အချို့နှင့် ဈေးသည် အချို့လောက်သာ ရှိသည်။ သံဃာတော် မပက်ရ၊ စာပို့သမား မပက်ရ၊ ကိုယ်ဝန်ဆောင် မပက်ရ ဟူသည့် တားမြစ်ချက်ကိုတော့ သူတို့ အထူး ဂရုပြု လိုက်နာကြပါ၏။ ကျန်တဲ့သူတွေကတော့ လာထား၊ ကလေးရော ခွေးပါ မကျန် ဒီလမ်းကြားထဲ ဖြတ်သွားသမျှ အကုန် ပက်ကြလေတော့၏။

လမ်းသူ လမ်းသားတွေကလည်း ကလေးတွေ ပက်တာမို့ အပြစ်မဆို၊ ရပ်ပေးကြသည်၊ ငုံ့ပေးကြသည်၊ တမင်ပင် ကလေးတွေ စိတ်ကျေနပ်အောင် အပက်ခံကြသည်။ တချို့ နောက်တတ်သည့် အကိုကြီး အမကြီးတွေကတော့ အနားက ဖြတ်မလိုလို လုပ်လိုက်၊ မလာဘဲ ရှောင်သွားလိုက်နှင့် နောက်ဆုံး အလစ်မှာ အမြန်ဖြတ်ပြေး သွားတတ် ကြ၏။ သူတို့လည်း မမီမကမ်းနှင့် ပြွတ်နဲ့ထိုး၊ ခွက်နဲ့ပက် .. မီသလောက် ရေတပေါက်စင်စင် ပက်လိုက်ရလျှင်ပင် စိတ်ထဲ ဘ၀င်ကျ သွားကြပါသည်။
အိမ်အနားက အိမ်တန်းလျားမှာ နေသည့် အိန္ဒိယနွယ်ဖွား ကောင်မလေးကိုတော့ သူတို့တအိမ်လုံး စ-နေကျပင်။
အိမ်မှာလုပ်သည့် မုန့်ပေးမယ်ဟု ခေါ်ပြီး အိုးမည်းဖြင့်သုတ်တော့ နားညည်းအောင် အော်ငို၊ အယုတ္တ အနတ္တ စကားလုံးတွေဖြင့်ဆဲ၊ ရေတွေရွှဲအောင်လောင်းပြီး မုန့်တွေ ထည့်ပေးလိုက်တော့လည်း မျက်ရည်စီးကြောင်း အိုးမည်းမျက်နှာဖြင့် မုန့်ပန်းကန်ကိုင်ပြီး ကျေကျေနပ်နပ် ဖြစ်သွားပြန်ပါသည်။

ဒီကောင်မလေးကတော့ သူတို့လို လမ်းကြားလေးထဲမှာပဲ ရေပက်ခွင့်ရသူ မဟုတ်၊ လမ်းထိပ်ထွက်ထွက် ဘယ်သွားသွား ရွာရိုးကိုးပေါက် သွားလာခွင့်ရှိတာမို့ သူတို့ရှေ့မှ ခေါက်တုန့်ခေါက်ပြန် လမ်းသလားပြီး မနာလိုအောင် ညိုမြ လုပ်ပြနေတတ်သည်။ သူတို့ ရေပက်သည့် နေရာမှ ဘယ်နှစ်ခေါက် ဖြတ်ဖြတ် ..ဖြတ်တိုင်းပင် အမိအရ လိုက်ပက်ရတာကလည်း ပျော်စရာပင်။ ဒင်းကလည်း လျင်သည်၊ သူ့ခန္ဓာကိုယ် သေးသေးလေးနှင့် လှစ်ခနဲ လှစ်ခနဲ မမီအောင် ပြေးတတ်၏။

ပက်စရာလူမရှိလျှင် ကိုယ့်အချင်းချင်း ပြန်ပက်၊ ခွေးလာလျှင် ခွေးလည်းမနေရ၊ တစီးတလေ ၀င်လာသော ကားကိုလည်း အလွတ်မပေး၊ အိမ်က လူကြီးတွေပင်မချန် ဒီရှေ့မှ ဖြတ်တာနှင့် သူတို့ရေထိမှ ကျေနပ်ကြလေသည်။
ဒီလိုနှင့် ခြံဝင်းရှေ့က မြေနီလမ်းကလေးလည်း အကြိုနေ့ ညနေစောင်းတော့ ဗွက်ပေါက်နေပြီ။ သူတို့တတွေလည်း လက်တွေ ပဲကြီးရေတွန့်၊ နှုတ်ခမ်းတွေပြာ၊ ဂါဝန်တွေရွှဲ၊ သဲတွေကပ်နဲ့ ဖလပ် ဖလပ် ဖြစ်နေကြပြီ။

“၀င်ခဲ့ကြတော့ …ရေချိုးမယ်”
အမေ့ခေါ်သံကို နာခံရင်း ရေမိုးချိုး အ၀တ်အစားလဲ၊ စားသောက်ပြီးတာနှင့် မျက်စိက စင်းနေပြီ။ တနေ့လုံး ရေကစားထားတာကြောင့် ပင်ပန်းလှပြီ။ အိပ်ရာထဲ တိုးဝှေ့ပစ်လှဲရင်း နောက်တနေ့အတွက် ရေကစားကြရမည့်အကြောင်း အိပ်မက်တွေမက်ရင်းနှင့်ပင် … အကြိုနေ့လေး အဆုံးသတ်ရ လေတော့၏။
***
မေဓာဝီ
13th April, 2007
00:30 am

Read More...

Thursday, April 12, 2007

သင်္ကြန်စာ

ပြီးခဲ့တဲ့ တပတ်လောက်က ပြက္ခဒိန်ကြည့်ရင်းနဲ့ အမေကပြောတယ်။
“သင်္ကြန်စာ ၀ယ်ရအုံးမယ်” တဲ့။ ဒါကို အဖေကကြားတော့ …
“သင်္ကြန်စာ ဟိုတလောက ၀ယ်ထားတယ် မဟုတ်လား” လို့ ပြန်မေးတယ်။
အမေပြောတဲ့ သင်္ကြန်စာနဲ့ အဖေပြောတဲ့ သင်္ကြန်စာ က အနက်အဓိပ္ပါယ်ချင်း မတူပါဘူး။
အမေဆိုလိုတာက သင်္ကြန်တွင်း စားဖို့ အစားအစာကို ပြောတာ၊ အဖေထင်တာက ဗေဒင်ဆရာတွေ ရေးတဲ့ သင်္ကြန်စာ။
အမေနဲ့ အဖေ အမြင်ကွဲလွဲနေကြတာကို နားထောင်ရင်း ကျမ ရယ်မိတယ်။ စာလုံးပေါင်းတူ အသံထွက် တူရင်တောင် အဓိပ္ပါယ် ဆိုလိုရင်း ကွဲပြားပြီး နားလည်မှုမှားနိုင်တဲ့ ကျမတို့ ဘာသာစကားပေပဲ။
***
စားစရာ သင်္ကြန်စာ

ဒီလိုနဲ့ အမေက သူကိုယ်တိုင်ဈေးသွားပြီး သင်္ကြန်တွင်းအတွက် ကြက်သွန်အာလူး ပဲအမျိုးမျိုးက အစပြုလို့ ငါးခြောက် ငါးခြမ်း အလယ်၊ သာကူ ကန်စွန်းဥ အဆုံး ၀ယ်လာခဲ့ပါတယ်။ အမေ၀ယ်လာတာတွေက သင်္ကြန်စာ ဆိုပေမယ့် သင်္ကြန်ပြီးထိ အောင် စားလို့ရနိုင်ပါတယ်။ သင်္ကြန်ပြီးရင် ကုန်ပစ္စည်းတွေက ဈေးတက်တတ်တာမို့ အမေက သင်္ကြန်မတိုင်ခင် များများစားစား ကြိုဝယ်ထားလေ့ရှိတယ်။

အမေ၀ယ်လာတဲ့ ငါးခြောက်တွေကို အိမ်က ကလေးမလေးက ကြော်လှော်ပြီး ပုလင်းတွေနဲ့ ထည့်ထားပါတယ်။
ငရုတ်သီးနဲ့ကြော်တာက တမျိုး၊ ပြုတ်ပြီးထောင်းလို့ ကြက်သွန်နီတွေနဲ့ ကြော်တာက တမျိုး၊ ငါးခြောက်အမျိုးမျိုးကို ပုံစံအမျိုးမျိုးနဲ့ ကြော်ထားတယ်။ ဒီကလေးမလေးကလည်း သင်္ကြန်ဆို အိမ်ပြန်မှာမို့ သူမပြန်ခင် လုပ်ပေးသွားတာပါ။ ကျမတို့ အဆင်သင့်စားနိုင်အောင်လို့ပေါ့။ ကျမကတော့ ကြော်ထားတဲ့ ငါးခြောက်တွေကို သင်္ကြန်မတိုင်ခင်ထဲက နည်းနည်းချင်း ယူစားနေမိလို့ ခုဆို ပုလင်းထဲမှာ တော်တော်တောင် လျော့သွားပါရောလား။

အိမ်မှာက သင်္ကြန်တွင်းဆိုရင် ထွေထွေထူးထူး ချက်ပြုတ် မစားဖြစ်ပါဘူး။ မနက်ခင်း အရပ်ထဲဝေဖို့ မုန့်တမျိုးမျိုးလုပ်၊ အိမ်ပေါက်စေ့ လျှောက်ဝေနေရတာနဲ့ နေ့တ၀က်ကျိုးတော့တာပဲ။ များသောအားဖြင့် ဒီဘက်နှစ်ပိုင်းမှာ သင်္ကြန်အကြိုနေ့ကစပြီး နှစ်ဆန်းတရက်နေ့ထိ ဥပုသ်စောင့်ဖြစ်တာမို့ နေမွန်းမလွဲခင် ထမင်းနဲ့ လက်ဖက်သုတ်တို့ …စောစောကလို အခြောက်အခြမ်း အကြော်အလှော်လေးတို့စား၊ ပြီးရင် အချိုပွဲ အတွက်က လည်း ပူစရာမရှိဘူး၊ အိမ်တကာက လာပို့ထားတဲ့ မုန့်တွေ၊ ကိုယ့်အိမ်ကလုပ်တဲ့ မုန့်တွေကို ၁၂ နာရီ မထိုးမချင်း နာရီ တကြည့်ကြည့်နဲ့ ဗိုက်တင်းအောင်စား၊ အစာပိတ်အနေနဲ့ ကော်ဖီ လဖက်ရည် တမျိုးမျိုး သောက်ပြီးရင်တော့ တနေ့စာ အစားအသောက် ကိစ္စပြီးပြီပေါ့။ ညစာ စားဖို့မလိုတာမို့ အချိုရည် အအေးလောက်နဲ့သာ ၀မ်းမီးကို ငြိမ်းစေပါတယ်။ (ရောင့်ရဲ တင်းတိမ် တတ်ပုံများ)
***
ဖတ်စရာ သင်္ကြန်စာ

သင်္ကြန်စာရေးတဲ့ အလေ့အထက ဘယ်ကစပြီး ပေါ်ပေါက်လာသလဲ ဆိုတာတော့ ကျမလည်း မသိပါဘူး။ သိသူများရှိရင်လည်း ပြောပြကြပါအုံး။

သင်္ကြန်စာ စာရွက်ထဲမှာ ရေးထားချက်အရကတော့ ရှေးမြန်မာဧကရာဇ် ဘုရင်များလက်ထက် ရဟန်းပညာရှိ၊ လူပညာရှိတို့ ညှိနှိုင်း တွက်ချက်တော်မူခြင်း ဖြစ်ပါသတဲ့။

ဒီနှစ် သင်္ကြန်စာမှာ …
မဟာသင်္ကြန်ကျချိန် - ၁၃၆၈-ခု၊ နှောင်းတန်ခူး လပြည့်ကျော် ၁၃-ရက်၊ ခရစ်နှစ် ၂၀၀၇-ခု၊ ဧပြီလ ၁၄-ရက်၊ စနေနေ့၊ မြန်မာစံတော်ချိန် ညနေ ၂-နာရီ ၅၀-မိနစ် ၂၃-စက္ကန့်။
မဟာသင်္ကြန်ကြတ်ချိန် - ၁၃၆၈-ခု၊ နှောင်းတန်ခူးလပြည့်ကျော် ၁၄-ရက်၊ ခရစ်နှစ် ၂၀၀၇-ခု၊ ဧပြီလ ၁၅-ရက်၊ တနင်္ဂနွေနေ့။
မဟာသင်္ကြန်တက်ချိန် - ၁၃၆၈-ခု၊ ကဆုန်လဆန်း ၁-ရက်၊ ခရစ်နှစ် ၂၀၀၇-ခု၊ ဧပြီလ ၁၆-ရက်၊ တနင်္လာနေ့၊ မြန်မာစံတော်ချိန် ညနေ ၆-နာရီ ၅၅-မိနစ် ၄-စက္ကန့်
နှစ်ဆန်းတရက် - ၁၃၆၉-ခု၊ ကဆုန်လဆန်း ၂-ရက်၊ ခရစ်နှစ် ၂၀၀၇-ခု၊ ဧပြီလ ၁၇-ရက်၊ အင်္ဂါနေ့။
လို့ ရေးထားတာကို တွေ့ရတယ်။

ဒီနှစ်မှာ သိကြားမင်း (ကျမတို့ အခေါ် သိကြားမင်း - သင်္ကြန်စာထဲမှာကတော့ ဘာဏုရာဇာ အမည်ရတဲ့ တနင်္ဂနွေဂြိုဟ်မင်း) က ဘီလူးကြီးကိုစီး၊ လက်တဖက်က မီးတုတ်ကြီးကိုကိုင်ပြီး လူ့ပြည်ကို ဆင်းလာမတဲ့။
လာမယ့် နှစ်သစ်မှာ လူတွေ ကြမ်းတမ်းကြ ပူလောင်ကြလေအုံးမလား … အလန့်တကြား တွေးမိပါရဲ့။

ဒီနှစ်အဖို့ ဗြဟ္မာ့ဥက္ခောင်းက ရဿကာဒေ၀ီဆီကနေ နန္ဒာဒေ၀ီ ဆီရောက်မှာဆိုပဲ။ နတ်သမီးတွေလည်း သနားစရာ။ ဒါကြီး တနှစ်လုံးလုံး မပျင်းမရိ မညောင်းမတွ ကိုင်ထားရရှာတာ။ လွှတ်ချလို့လည်းမရ၊ သင်္ကြန်ကျမှသာ ဒီဝဋ်က ခဏကျွတ်တယ်။ ဒါကြောင့် ၀န်လေးစရာ ၀န်တက်စရာ တခုခုဖြစ်ရင် အမေက ဗြဟ္မာ့ဥက္ခောင်းတွေ လို့ ပြောတတ်တာပဲ။

ဒီနှစ်အတွက် ကောင်းမကောင်းကို သင်္ကြန်စာထဲ ဖတ်ကြည့်အုံးမယ် …. ။
နှစ်ကို ၀က်စောင့်၏၊ လ ကို ကျီးစောင့်၏၊ ရက်ကို ခွေးစောင့်၏၊ မြေကို ဒွန်းစဏ္ဍားစောင့်၏၊ ရေကို ကြွက်စောင့်၏၊ မိုးကို ၀မ်းဘဲ စောင့်၏ ။ … တဲ့။
အကျင့်ပါနေလို့ နည်းနည်းတော့ ဖြည့်စွက်လိုက်အုံးမှ။
လူမမာကို သူနာပြုစောင့်၏။ စာမေးပွဲခန်းကို ဆရာမစောင့်၏။ ရပ်ကွက် မီးကင်းကို စောင့်ချင်တဲ့သူ စောင့်၏။
ထို့ကြောင့် တိုင်းတပါးတွင် သွားရောက် ဆေးကုသ သူများပြားအံ့။ စာမေးပွဲ၌ စာခိုးချသူ ပေါများအံ့။ ရပ်ကွက်အတွင်း မကြာခဏ မီးလန့်မှုများ ဖြစ်ပွားအံ့။

အဲ .. အဲ … ဆက်ဖတ်လိုက်အုံးမယ်။
လူတို့၏ အဓိပတိကား မင်း၊ အခြေလေးခု၏ အဓိပတိကား တောဝက်၊ ငှက်တို့၏ အဓိပတိကား စွန်၊ သစ်ပင်တို့၏ အဓိပတိကား သစ်ကနက် … တဲ့ ထပ်ပြီး တွေ့ပြန်ပြီ။
ဒါလည်း မနေနိုင်တာနဲ့ ခုလို ဖြည့်စွက်လိုက်ပါရစေအုံး။
ရေတို့၏အဓိပတိကား အ၀ိစီတွင်း၊ မီးတို့၏ အဓိပတိကား ဂျန်နရေတာ၊ ရောဂါတို့၏ အဓိပတိကား ကြက်ငှက် တုတ်ကွေး၊ သစ်ပင်တို့၏ အဓိပတိကား ကြက်ဆူ။
ထို့ကြောင့် အ၀ီစိတွင်းရှိသူများ လာဘ်လာဘ ပေါများအံ့၊ ဂျန်နရေတာရှိသူများ မီးအလင်းရောင်ရအံ့၊ ကြက်ငှက်တုတ်ကွေး ရောဂါများ တိုးတိုးတိတ်တိတ် အဖြစ်များပြီး မဖုံးနိုင်မဖိနိုင်မှသာ ပေါ်အံ့၊ အနှစ်မရှိသည့် တောတွင် ကြက်ဆူပင် မင်းမူသကဲ့သို့ အနှစ်မရှိသူများသာ ထင်ပေါ်ကျော်စောအံ့။

အဲ … စိတ်ထဲပေါ်ရာ လက်ထဲတွေ့ရာ ပေါက်ကရတွေ လျှောက်ရေးနေမိပါရောလား။ တော်ကြာ သိကြားမင်း သိသွားရင် သူ့ရဲ့ ခွေးသားရေ ဘလော့ထဲ မှတ်လိုက်မှ … ဒုက္ခ။ မပြောနိုင်ဘူး … လူတကာ ဘလော့နေကြတဲ့ ခေတ်ကြီးထဲ သိကြားမင်းလည်း ဘလော့ မရေးဘူးလို့ မဆိုနိုင်ဘူး။ ရွှေဘလော့နဲ့ ခွေးသားရေ ဘလော့ ခွဲခြားထားပြီး ပေါက်ကရ တွေးသူ ရေးသူတွေကို ခွေးသားရေ ဘလော့မှာ မှတ်တမ်းတင် ကမ္ဗည်းထိုးလိုက်ရင်ဖြင့် … ကိုယ်ကျိုးနည်းရှာပေတော့မယ် … ဒီနေရာတင် စတော့ (stop) မှ။
***
မေဓာဝီ
12th April, 2007
1:15 am
(နက်ဖန်ကစပြီး နှစ်ဆန်းတရက်နေ့ထိ ၉-ပါးသီလ စောင့်ထိန်းမှာမို့ ပေါက်ကရ ရေးထားတာလေး ဒီနေ့ပဲ တင်လိုက်ပါတယ်။ နက်ဖန်ကျတော့မှ တည်တည်တံ့တံ့ ရေးပါ့မယ်။)

Read More...

နှစ် ၁၀၀-ပြည့်လေပြီ … ဆရာဇော်ဂျီ

ဒီကနေ့ဟာ ဆရာဇော်ဂျီ သက်ရှိထင်ရှားရှိခဲ့မယ်ဆိုရင် နှစ် ၁၀၀ ပြည့်တဲ့နေ့ပါ။
ငယ်ငယ်ထဲက ဆရာ့ ကဗျာတွေနဲ့ မွေ့လျော် ယဉ်ပါးခဲ့ရပါတယ်။ ကျောင်းစာထဲမှာရော အပြင်စာ အနေနဲ့ရော ဆရာ့ကဗျာတွေကို ဖတ်ခဲ့ မှတ်ခဲ့ လေ့လာခဲ့ရပါတယ်။
ကဗျာကို ချစ်တဲ့စိတ်၊ စာပေကို မြတ်နိုးတဲ့စိတ်ဟာ ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ် တို့ ကျေးဇူးကြောင့် ရင်ထဲခိုအောင်း လာခဲ့ရတာပါ။ ဆရာမင်းသုဝဏ် လို့ ဆိုလိုက်ရင် ဆွမ်းအုပ်နီနီ အမေရွက်လို့ ကဗျာလေးကို သတိရမိသလို … ဆရာဇော်ဂျီလို့ ပြောလိုက်ရင်တော့ ဗေဒါလမ်းကို မှန်းဆမိပါတယ်။

ကျမ ကားအက်ဆီးဒင့် ဖြစ်ပြီး ညှပ်ရိုးကျိုးလို့ အိမ်မှာ မလှုပ်မယှက် နေနေရစဉ် ကာလ … ဘယ်မှ မသွားရ မလာရ၊ မလုပ်ရ မကိုင်ရနဲ့ စိတ်ဓာတ်ကျနေချိန်မှာ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းဟာ ကျမအတွက် စိတ်ဓာတ်အင်အားကို ပြန်လည် ဖြည့်တင်းပေးတဲ့ အားဆေးကောင်း တလက် ဖြစ်ခဲ့ပါတယ်။ ဒါဟာ ဆရာ့ရဲ့ ကျေးဇူးပါပဲ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဧပြီလ ၈-ရက်နေ့က ဆရာဇော်ဂျီ ရာပြည့် အထိမ်းအမှတ်အဖြစ် ဆရာ့ဇာတိဖြစ်တဲ့ ဖျာပုံမြို့မှာ ကျင်းပပြုလုပ်ခဲ့တယ် လို့သိရတယ်။ စိတ်မကောင်းစရာက … ဆရာ့ကဗျာတွေကို ရွတ်ဆိုခွင့် မရခဲ့လို့ပါပဲ။ ကျမ အံ့လည်း အံ့သြ၊ ၀မ်းလည်း နည်းမိပါရဲ့။
ဆရာ့ကဗျာတွေဟာ မြန်မာပြည်သူ ပြည်သားတွေအတွက် ဘာများ အဆိပ်အတောက် ဖြစ်စေလို့ပါလဲ။ ဒါမှ မဟုတ်ရင် ဆရာ့ကဗျာတွေက နိုင်ငံ့အကျိုးကို ဘာများ ထိခိုက်စေလို့ပါလဲ။
သတ္တိ၊ ခွန်အား၊ မကြောက်တရား တွေကိုပေးတဲ့ ဆရာ့ကဗျာတွေရဲ့ အားမာန်ကို တာဝန်ရှိသူများက ကြောက်ရွံ့ကြလို့ပဲ ထင်ပါရဲ့။

ဆရာနဲ့ပတ်သက်သမျှ စာတွေ ကဗျာတွေ သတင်းတွေ ရေးထားကြတာ အများကြီးမို့ ကျမအနေနဲ့ အထွေအထူး ထပ်မံ မရေးလိုတော့ပါဘူး။ ဒါပေမဲ့ …. ဒီကဗျာလေး တပုဒ်တော့ ဖော်ပြလိုက်ပါရစေ။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်ပညာစာ စွမ်းသနည်း။
စွမ်းသည်ခြင်းရာ၊ ဆိုသည်မှာကား
စာတွေ့သက်သက်၊ စာမာန်တက်၍
စာထွက်များလျား၊ စကားတွတ်တွတ်
ရွတ်တတ်အံ့ဘနန်း၊ သည်အစွမ်းသည်
စွမ်းရည်မရိုး သူ့ကိုယ်ကျိုး။
စာတွေ့အသိ၊ ကိုယ်တွေ့ညှိ၍
မှန်၏ကောင်း၏၊ ဉာဏ်ဖြင့်သိ၍
သတိထိန်းချုပ်၊ စိတ်ကောင်းအုပ်၍
အလုပ်ချစ်ခင်၊ ဂုဏ်ဟုမြင်၍
လိုချင်ကြိုးပမ်း၊ သည်အစွမ်းသည်
စွမ်းရည်မိုးထိုး အများကျိုး။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်ပညာမှာ တော်သနည်း။
တော်သည်ခြင်းရာ၊ ဆိုသည်မှာကား
လက်ရာဆန်းသစ်၊ ခေတ်မီဆန်းပြား
တိုင်းခြားနည်းစုံ၊ အဖုံဖုံကို
တတ်ရုံမျှဖြင့်၊ မပြီးသေး
တို့မြေ တို့ရေ၊ တို့အခြေနှင့်
တို့ငွေ တို့အား၊ တို့စိတ်ထားနှင့်
စည်းဝါးကိုက်ညီ၊ ညှိကြံစည်မှ
တော်သည်ယူဆ၊ စွယ်စုံရ။
***
ဆရာဇော်ဂျီ ရာပြည့် အထိမ်းအမှတ်အဖြစ် ကျမရဲ့ ဘလော့မှာ အမှတ်တရ တင်ရင်း ၁၉၀၇ ခု၊ ဧပြီလ ၁၂ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ဆရာဇော်ဂျီကို ဦးညွတ် ကန်တော့လိုက်ပါတယ်။
***
မေဓာဝီ
12th April, 2007
00:30 am

ဆရာဇော်ဂျီနှင့်ပတ်သက်၍ ဖတ်ရှုလိုပါက

ဒီမိုကရက်တစ်မြန်မာ့အသံ
ဧရာဝတီအင်တာနက်မဂ္ဂဇင်း
မြန်မာ့သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့
မဇ္ဈိမအင်တာနက်သတင်း
ခေတ်ပြိုင်ဂျာနယ်

Read More...

Wednesday, April 11, 2007

ကျေးဇူးတင်ပါကြောင်း ...

မတ်လ ၁၈ ရက်နေ့က ရေးခဲ့တဲ့ “ဘကြီးဘဘေ ဆိုတာ” ပို့စ်အတွက် ကွန်မန့်တခု ဒီကနေ့ပဲ ရောက်လာပါတယ်။
ကျမတို့ ဝေခွဲမရ ဖြစ်နေတဲ့ ဘကြီးဘဘေ ဘယ်သူလဲ ဆိုတာကို ကို(သို့) မ မိုးထက်က ကွန်မန့်ထဲမှာ ခုလို ပြောပြသွားပါတယ်။

Moe Htet has left a new comment on your post "ဘကြီးဘဘေ ဆိုတာ ...":
* U Ba Pe is a member of "Pe-Pu-Shein" (1918)
* Co-founder of YMBA (1904) and GCBA (1920)
* Co-founder of Thuriya newspaper and magazine, Owner, Chief Editor (1910)
* A leader of 21-party who secede of GCBA (other name is National Party)
* A minister of Diarchy administration under British Government in Burma (1922)
* A representative of parliament of Burma administration 1935 under British colonial rule before WWII
* His name is really write in Burmese as “Pe” (Ba-gone)

ကိုမျက်လုံး သိချင်တဲ့ ဘကြီးဘဘေ၊ ကိုချမ်းစိုးဝင်း ကိုးကားရှာပေးနေတဲ့ ဘကြီးဘဘေ၊ ဖေ-ပု-ရှိန် က လို့ ထင်ပေမယ့် ကျမလည်း သေချာ မဆုံးဖြတ်တတ်တဲ့ ဘကြီးဘဘေ ဆိုတာ … ခုတော့ သေချာစွာ သိရပါပြီ။
အရင်ပို့စ်က ဟိုးနောက် ရောက်သွားပြီ ဖြစ်တာကြောင့် ဒီကွန်မန့်ကို မဖတ်မိကြမှာစိုးလို့ ပို့စ်တခု အနေနဲ့ ပြန်တင် ပေးလိုက်ရခြင်းပါ။
ဒီအတွက် ကို/မ မိုးထက် ကို အထူးကျေးဇူးတင်ပါတယ်ရှင်။
***
မေဓာဝီ
11th April, 2007
5:30 pm

Read More...

ကျမနှင့် သင်္ကြန်သီချင်းများ (၃)

နောက်ဆုံး သင်္ကြန်သီချင်း ၁ ပုဒ်မတင်ခင် … ကျမမိတ်ဆွေကြီး ကိုပြူးကျယ်ကို တောင်းပန်ရအုံးမယ်။ ဒီကနေ့ ဗုဒ္ဓဟူးနေ့ဆိုတော့ အမှန်မယ် ကိုပြူးကျယ်ထံပေးစာ တင်ရမယ့် နေ့ပါပဲ။ ပြီးခဲ့တဲ့ တပတ်ကလည်း မတင်ဖြစ်လိုက်ဖူး။ ဒီကနေ့လည်း သင်္ကြန်သီချင်း တင်ချင်တာကြောင့် ကိုပြူးကျယ်ထံပေးစာကို ခဏရပ်ဆိုင်း ထားရပြန်ပါပြီ။ လာမယ့်တပတ်ကျမှပဲ တင်ပါတော့မယ်၊ လာမယ့်တပတ် မတင်ဖြစ်တော့လဲ နောက်တပတ်ပေါ့။
သင်္ကြန်နားနီးတော့ ရာသီစာလေးတွေ တင်ချင်တာမို့ ခွင့်လွှတ်ပါ ကိုပြူးကျယ်ရှင့် …။
***
ကျမနဲ့ တူးပို့
***
ကျမ ငယ်ငယ်ထဲက ပါးစပ်ဆိုင်းတီးသံတွေနဲ့ နားယဉ်ခဲ့ဖူးပါတယ်။
အဖေသီချင်းဆိုပြရင် တီးလုံးနေရာမှာ တီးလုံးသံကို နှုတ်ကပုံဖော်ပြီး ဆိုပြလေ့ရှိသလို … ကျမကို ထိန်းတဲ့ အမကြီးကလည်း ပုံပြင်ပြောပြော ရုပ်ရှင်ဇာတ်လမ်းပဲ ပြောပြော နောက်ခံတေးဂီတ ခေါ်မလား အဲဒီလို အသံတွေ ထည့်သွင်း ပြောပြတတ်တယ်။ အဲဒီလို ပြောပြတာဟာ မျက်စိထဲ မြင်ယောင်လာစေတာမို့ ကျမ သိပ်သဘောကျပါတယ်။

တပ်ဗေတိုးဗေ.. လို့ဆိုလိုက်ရင် ကဗျာလွတ်အက ကို မြင်ယောင်လာစေသလို
ဗေပုံ ထိပုံထိ … ဆိုရင်တော့ လက်ဝှေ့ပွဲမှာ နင်လား ငါလား အပြိုင်ထိုးသတ်နေကြပုံကို မြင်ယောင်လာမိတယ်။
ဒန်တန့်တန် … ဆိုရင် ရုပ်ရှင်ထဲမှာ တခုခုဖြစ်တော့မှာမို့ တီးလေ့ရှိတဲ့ အသံမို့ တခုခုထူးခြား ဖြစ်စဉ်လေးပဲ ဖြစ်လာတော့လေမလား … တထိတ်ထိတ်နဲ့။
အဲ … တူးပို့ တူးပို့ … အသံကြားပြီဆိုရင် သင်္ကြန် ရောက်တော့မယ် ဆိုပြီး သင်္ကြန် အငွေ့အသက်ကလေး ကိုယ့်နား ရောက်လာသလို ပိတောက်ပန်း ရနံ့လေး ရလိုက်သလိုလို …မြေသင်းနံ့လေး ရှူရှိုက်ရသလိုလို ….. ခံစားမိပါရဲ့။ ဒါဟာ ပါးစပ်ဆိုင်းတီးတဲ့ တီးလုံးသံလေးတွေကို ကြားတာနဲ့ ဖြစ်ပေါ်လာတတ်တဲ့ ကျမရဲ့ ခံစားချက် တွေပေါ့။

အခု ဒီသီချင်းလေးက အလွယ်ပြောရင်တော့ တူးပို့ သီချင်းလို့ ပြောကြတာပဲ။ အမှန်တကယ်တော့ နွေဦး နဲ့ ရွှေမန်းမာလာ ၂ ပုဒ် ကို ပေါင်းစပ်သီဆိုထားတဲ့ သီချင်းလို့ သိရပါတယ်။ ဒီသီချင်း ၂ ပုဒ်တွဲ ကိုတော့ သင်္ကြန်မိုး ရုပ်ရှင်ထဲမှာမှ စပြီးကြားဖူးတာပါ။ ကျမဆီမှာ နုတ်စ်ရှိတဲ့ သင်္ကြန်သီချင်း ၃-ပုဒ်အနက် တူးပို့ သီချင်းကို တီးရတာ လက်အတွေ့ဆုံး ဖြစ်ပါတယ်။ တူးပို့ဆိုတဲ့ သင်္ကြန်ဒိုးသံလေးကို သီချင်းစာသားအဖြစ် ထည့်ရေးစပ် ထားတာလည်း အလွန်လှပြီး ချစ်စရာ ကောင်းတယ်လို့ ကျမကတော့ ထင်တာပါပဲ။ ၀ါသနာပါရင် တီးကြည့်ကြပါအုံး။


တူးပို့ (နွေဦး +ရွှေမန်းမာလာ)

*(သင်္ကြန်နှစ်ဦး တူးပို့ တူးပို့ တူးသံမြူးသာယာ
သင်္ကြန်မယ်များ တူးပို့ တူးပို့ တူးမာရဲ့နော်ဗျာ
ငွေငန်းသံစုံ တူးပို့ တူးပို့ အာရုံဖျော်ဖြေမှာ
မယ်တို့ကိုလည်း တူးပို့ တူးပို့ မာပါစေခင်ဗျာ)*
ပိတောက်တွေ ၀င်းလျှံ ရွှေရည်လူး တူးပို့တူးလဲ့ဝါ
ညင်းလေးမြူးမြူး ဆော်ကာကျူး တူပို့တူးညင်သာ
သင်္ကြန်ရေအေးကာ အေးကာ
သင်္ကြန်ရေအေးကာ အေးကာ
ရွှဲရွှဲလောင်းပါ တူးပို့ တူးပို့
တူးသံမြူးသည် ချစ်ကြည်သင်္ကြန်ခါ
(*)
**(ဖြူဖြူပြာပြာ နီနီဝါ၀ါ ဝေဆာမြူးလို့လွင်
ဟောတရုံ ဟောတရုံ ပန်းမျိုးစုံတဲ့ပြင်
ရွှေမန်းမာလာ ပန်းဥယျာဉ် ရှုမငြီးအောင်ပင်
နှစ်ဦး ရေနန်း ငွေငန်းမောင်လန်းရွှင်)**
သင်္ကြန်လေ သုတ်ဖြူးဆော်သွေ အေးအေးညှင်းညှင်း
ဂီတတွင် ဆောင်ကြဉ်းလို့ပင်
ပျောင်းသွဲ့ တူယှဉ် နွဲ့ယိမ်းကာ ခေါ်သွေးငင်
သင်္ကြန်မာလာ ဖော်ဆွေ ပျော်စေချင်
မာကြစေ အခါရေသဘင်
သာကြစေ အခါရေသဘင်
ရွှဲအောင် စိုအောင် လောင်းပါတော့လေ ငန်းငွေတေးနွဲ့ယဉ်
ငေးလို့နေအောင်
လှစေ နှမရေ တောင်းတဲ့ဆုများပင်
(**)
ခါတော်ရေသဘင် ဆင်မြန်းတင့်ဆန်းယဉ် တေးသံပြိုင်လွင်
ပျော်ပျော်ရွှင်ရွှင် ငွေငန်းမောင်နဲ့ပင် တေးသံသာယဉ်
အတီးကကောင်း အကကကောင်း အဆိုကောင်း ချိုပြုံးရွှင်
စိတ်တိုင်းကျပေါ့ ဆွတ်ဖြန်းလောင်းပက် ခင့်နံ့သာရေစင်
အထင်များမှားပေါ့ အလှတိုးကြလို့ ၀င်းဝါပျိုနု ရွှေစင်မယ်ရဲ့ အသွင်
ရာသီတွေနှစ်တွေပြောင်းတောင် ဆုတောင်းဘယ်လို
မနှစ်ကထက် အလှပိုတယ်ထင် ကြာကြာလေယဉ်
လှလွန်းလို့လာရှာသူကို ဖိုးညိုမြ ဘွဲ့ကိုများ နှင်းမှာလားခင်
မြို့မလည်း ငန်းငွေဖြူယဉ် ဆောင်ရာရောက်လို့ပင်
သြော် .. နှစ်စဉ် … သူအင်မတန်ယဉ်
ခွါနိုင်ဘူးကွဲ့ ငွေငန်း သည်အနားတွင်
***
ကျမဘလော့ကို လာရောက် လည်ပတ်သူများ မြန်မာ အတာသင်္ကြန် အခါတွင်းမှာ သီချင်းလေးတွေနဲ့ ပျော်နိုင်ပါစေကြောင်း ဆုတောင်းရင်း … ကျမနှင့် သင်္ကြန်သီချင်းများကို နိဂုံးချုပ်လိုက်ပါတယ်။ တခြားသော သင်္ကြန်သီချင်း နုတ်စ်များ ရှိရင်လည်း ကျမကို ဝေမျှ ပေးကြပါအုံးရှင်။
***
မေတ္တာဖြင့်
မေဓာဝီ
11th April, 2007
9:00 am

Read More...

Tuesday, April 10, 2007

ကျောင်း သင်္ကြန်

ငယ်ငယ်တုန်းက ကျောင်းပိတ်ခါနီးဆိုရင် တယောက်နဲ့ တယောက် နှုတ်ဆက်ကြတဲ့ အနေနဲ့ ရေလောင်းလေ့ ရှိကြတယ်။ အထက်တန်း ကျောင်းတုန်းက … စာမေးပွဲမဖြေခင် ပရိုက်ဗိတ် စတာဒီ အတွက် ကျောင်းပိတ်မယ့် အခါမျိုးမှာပေါ့။ တက္ကသိုလ် ရောက်တော့လည်း ကျောင်းမပိတ်ခင် နောက်ဆုံးနေ့ဆိုရင် ရေပက်လေ့ရှိကြတာပါပဲ။ အဲဒီလို နေ့ရက်မျိုးမှာ ကျောင်းကရေအိုးတွေ ရေခမ်းကုန်တဲ့အပြင် ရေသန့်ဗူးတွေလည်း ရောင်းမလောက်၊ ရေဘုံဘိုင်တွေမှာလည်း လူတွေစည်ကားလို့ နေပါတယ်။ ကျောင်းသား တချို့က ရေသေနတ်လေးတွေ တရွှတ်ရွှတ်နဲ့၊ တချို့ကတော့ နံ့သာ စပရေးဗူးကလေး တရှူးရှူးနဲ့။ ရနံ့ပေါင်းစုံ အဆင်ပေါင်းစုံ အသွင်ပေါင်းစုံတဲ့ ကျောင်းသင်္ကြန်ကို ကျောင်းနဲ့ဝေးချိန် ဒီလိုအခါမျိုးမှာ ပြန်ပြီးသတိရမိတယ်။ ရေစိုစိုနဲ့ မိန်းမပျိုလေးတွေရဲ့ အလှကလည်း ကြည့်လို့တော့ဖြင့် အကောင်းသား။ ဒီလိုနေ့မှာ ဘယ်သူက ဘယ်သူ့ကိုမဆို ရေပက်လောင်းလို့ရတယ်၊ စိတ်လည်း မဆိုးကြေး၊ မငိုကြေး၊ အိမ်ပြန်မတိုင်ကြေး … ကာလသားတွေ အကြိုက် ဆိုပါတော့။

လူငယ်တွေအတွက် ကျောင်းသင်္ကြန်ရှိသလို ကလေးတွေအတွက်လည်း ရှိဦးမှ တရားမျှတ ပေမပေါ့။
ဒါကြောင့်လည်း သင်္ကြန်မကျခင် ကျောင်းမပိတ်ခင်မှာ ကျမတို့ဆီက ကလေးတွေ ပျော်ရွှင်ဖို့ သင်္ကြန်အကြို ရေကစားပွဲလေး နှစ်စဉ် လုပ်ပေးလေ့ရှိပါတယ်။
ကလေးဆိုတာ ရေစိုရင် ပျော်တယ်၊ ရေပက်ရရင် သဘောကျတယ်၊ ကိုယ်ကလည်း သူ့ကိုပက်၊ သူကလည်း ကိုယ့်ကိုပက်၊ အချင်းချင်း အပြန်အလှန်ပက်ကြ ကစားကြရင် ပျော်နေကြတာပါပဲ။ သူ့တို့စိတ်ထဲ ကစားဖို့ကသာ အဓိက၊ ဟိုဟိုဒီဒီ စိတ်မျိုးလည်း မရှိကြရှာပါဘူး။

ဒီနေ့ကတော့ သူတို့စာသင်စရာမလိုဘဲ ရေကစားကြရမယ့်နေ့ပေါ့။ ရေကစားပွဲနဲ့ လိုက်ဖက်ညီတဲ့ တေးသီချင်းတွေက မြူးမြူးကြွကြွ။ ကလေးတွေက ရေတွေရွှဲရွှဲစိုလို့ ပျော်၊ သီချင်းသံကြောင့် မြူး … ကြည့်ရင်းနဲ့ ကိုယ်ပါ ပျော်ရွှင်လာမိပါတယ်။

ဒီပုံလေးတွေ ကတော့ လွန်ခဲ့တဲ့ တမြန်မနှစ်က ကျောင်းတွင်းမှာ ကလေးတွေ သင်္ကြန်အကြို ရေကစားကြပုံပါ။



အဲဒီနှစ်ကတော့ ကိုယ်ပါကလေးတွေနဲ့ ရောယောင်ပြီး ဆော့ခဲ့ ပျော်ခဲ့သေးတယ်။


ရေကစားကြ၊ သီချင်းဆိုကြ၊ စည်းချက်နဲ့အညီ ကကြ၊ အစားအသောက်တွေ စားသောက်ကြ၊ ပျော်လို့ မြူးလို့ နှစ်ကူးအကြို ကျောင်းသင်္ကြန်ပေါ့။


ဒီနှစ်တော့ ကျမလည်း သူတို့နဲ့အတူ မပျော်နိုင်ပါဘူး။ အတူ မပျော်နိုင်တဲ့အတွက် ဒီနှစ် ကျောင်းသင်္ကြန်ရဲ့ မှတ်တမ်းဓာတ်ပုံလေးတွေ မဖန်တီးဖြစ်ခဲ့ဘူး။ ဒါကြောင့် အရင်နှစ်ကပုံကိုပဲ တင်လိုက်တာပါ။ သူတို့လေးတွေကတော့ ရေကစားပြီးလို့ မောပြီး စားသောက်နေကြပါပြီ။ ကျမကတော့ သူတို့မမြင်နိုင်တဲ့ တနေရာကပဲ သူတို့လေးတွေ ပျော်တာကို ငေးကြည့်နေမိရင်းနဲ့ … ။
***
မေဓာဝီ
10th April, 2007
12:45 pm

Read More...

ကျမနှင့် သင်္ကြန်သီချင်းများ (၂)

ကျမနဲ့ မြနန္ဒာ
***
သင်္ကြန်နဲ့ ဒီသီချင်းဟာလည်း ဒွန်တွဲနေသလိုပါပဲ။
တကယ်တမ်းတော့ ဒီသီချင်းနာမည်က မန်းတောင်ရိပ်ခို ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီသီချင်းကို အားလုံးက အလွယ် မြနန္ဒာ လို့သာ ခေါ်ကြတာမို့ ကျမရဲ့ ဆရာကြီးကလည်း “မြနန္ဒာ” လို့သာ ခေါင်းစဉ် တပ်ထားတာပါ။
ဆရာကြီးက ဒီသီချင်းနုတ်စ်ကို သင်္ကြန်မတိုင်ခင် ပေးပြီးတော့ ကျင့်ခိုင်းခဲ့ပါတယ်။ သင်္ကြန်တွင်း အတွက်ဆိုပြီးတော့ သင်္ကြန်သီချင်း တမင်ပေးခဲ့တာပါပဲ။ သင်္ကြန်အပြီး သင်တန်းပြန်ဖွင့်တော့ ပြန်တီးပြရပါတယ်။ သူကျေနပ်ပြီ ဆိုတော့မှ လက်မှတ်ထိုးပြီး နေ့စွဲတပ်ပေးပါတယ်။
တပ်ထားတဲ့နေ့စွဲကို ကြည့်တော့ 19/4/90 လို့ ရေးထားပါတယ်။ မြန်မာနှစ်ဆန်း သုံးရက်နေ့ပေါ့။



မြနန္ဒာ

ချိုပြုံးရွှင်သော နှမပျိုငယ်
တကိုယ်လုံးပင် ချော အလှပိုတယ်
မြို့မနဲ့ တမိတည်း ဖွားလို့
ဆိုတော့မယ်ကွယ် ..
အမောက်ကလေး တသသနဲ့ မြှောက်လို့ပေးတာ မဟုတ်ဖူးကွယ်
ယဉ်စစနဲ့ မြင်လိုက်ရတာ
အ၀တ်အစားမှာပင် အလွန်တင့်တယ်
ထွန်းသစ်စ လရောင်နှယ်
ခိုင်ညှာတံပွင့်လန်း ပန်းလိုကွယ်
ရိုးရိုးသားသားနဲ့ ကျုပ်တို့မြို့မက အလွန်တင့်တယ်
မြနန္ဒာ ရေညိုညို ရစ်ခါသန်းတော့
ရွှေမန်းတောင်ရိပ် တူတူခိုမယ် ပျိုဖြူတွေရယ်
ပျော်ခင်းလေးသာပါဘိတယ် နိမိတ်ကောင်းယူမယ်
နှစ်ကူး သင်္ကြန်ခါဝယ်
ခါးသေးနွဲ့ မူယာကြွယ် လှဂုဏ်တင့်တယ်
မာလာနှယ် ခိုင်ညှာရယ် တယောက်ဆို တယောက်မို့ အောက်မေ့တယ်
ခင့်မြို့မ လာပြီကွယ် ဆီးကြိုလို့ရယ်
မောင်နှမရင်းနှယ် ခင်မင်ချစ်သွေးကြွမိတယ်
ဇာတိမျက်ခြယ် ကျန်းမာပါစ သက်လယ်
သြော် ..လောင်းပါစေကွယ် .. ဟင် .. ပက်လိုက်တော့မယ် ..
နှစ်ကူးတော့မယ် .. ခင်ပျိုရယ် လိုက်ခဲ့ပါလား အပျင်းတော့ပြေမယ်
မောင်တို့ လာချေပေါ့ကွယ် ကညာမေချောရယ်
ငွေငန်းထွက်ကာလည် …။

***
လှပယဉ်ကျေးတဲ့ စကားလုံးလေးတွေနဲ့ ဖွဲ့သီထားတဲ့ ဒီသီချင်းလေးကို နားထောင်မိတိုင်း … သင်္ကြန်နဲ့ မန္တလေး၊ မန္တလေးနဲ့ မြို့မ၊ မြို့မနဲ့ ငွေငန်း … ယှဉ်တွဲနေတဲ့ ပုံရိပ်တွေကို မြင်ယောင်ရင်း ရွှေမန်းတောင်ရိပ် ခိုချင်တဲ့စိတ်တွေ တဖွားဖွား ပေါ်ပေါက် လာမိပါတော့တယ်။
***
မြန်မာတို့ရဲ့ နှစ်ကူး ခါသင်္ကြန်မှာ မြန်မာပြည်သားများ အားလုံးအတွက် နိမိတ်ကောင်းတွေ ပေါ်ထွန်းပါစေလို့ ဆုတောင်းရင်း …
***
မေတ္တာဖြင့်
မေဓာဝီ
10th April, 2007
9:05 am

Read More...

Monday, April 09, 2007

ကျမနှင့် သင်္ကြန်သီချင်းများ (၁)

၁၉၈၉ - ၉၀ နှစ်များဆီက ဂစ်တာသင်တန်း စတက်ဖြစ်ခဲ့ပါတယ်။ တကယ်တမ်း စန္ဒရားတီး သင်ချင်ပေမဲ့ စန္ဒရားနဲ့က အလှမ်းဝေးတာကြောင့် ဂစ်တာတီးကို အရင်သင်ဖြစ်ရခြင်းပါပဲ။ အဲဒီတုန်းက အဖေနဲ့ အမေကို ပူဆာတော့ အဖေက ဂစ်တာလေးတလုံး ၀ယ်ပေးပြီး အမေကတော့ သင်တန်းတက်ဖို့ ပိုက်ဆံ ထုတ်ပေးပါတယ်။
သင်ပေးတဲ့ဆရာက ရွှေဂုံတိုင်က တရုတ်လူမျိုး အဖိုးကြီးပါ။ အဲဒီတုန်းက တဦးချင်းသင်တာ သင်တန်းကြေး တလကို ရှစ်ဆယ်ကျပ် ပေးရတာ မှတ်မိနေပါသေးတယ်။ ကျောင်းစာသင်တဲ့ ကျူရှင်တွေတောင် တလကို ၃၀- ၄၀လောက်ပဲ ပေးရတဲ့ခေတ်မှာ တလ ရှစ်ဆယ်က မနည်းလှပါဘူး။ ကျမ စိတ်ပျော်ရွှင်ဖို့အတွက် သက်သက် အလိုလိုက်ပြီး သင်တန်းပေးတက်တဲ့ အမေ့ကိုလည်း ကျေးဇူးတင်မိတယ်။

စသင်မယ်ဆိုတော့ ကျမလက်တွေက သေးတာမို့ ရစ်သမ်ကို မသင်ချင်ပါဘူး။ ကော့ဒ်တွေ ကိုင်ရတာ ခက်မှာစိုးတာအပြင် ကျမက စန္ဒရားတီးချင်နေသူမို့ တလုံးချင်း အသံထွက်တဲ့ လိဒ်ကိုသာ သင်ချင်မိတယ်။ လိဒ်ပဲ သင်မယ်ဆိုတော့ ဆရာက နည်းနည်းတော့ အံ့သြတယ်။ ဒါပေမဲ့ ရစ်သမ်ပါ ရောပြီး သင်ပေးခဲ့ပါတယ်။ လက်သေးတာကို စိတ်မပျက်ဖို့ ကြိုးစားဖို့ နေ့စဉ်နဲ့အမျှ ဆရာက အားပေးပါတယ်။ လက်လည်း ရေကြည်ဖုတွေ ဖူးဖူးထပြီး နောက်ဆုံး အသားမာတွေတက်ကာ အသားကျသွားပြီး အနည်းအကျဉ်းလည်း တီးတတ်သွားပါတယ်။

ဒီကနေ့ စာအုပ်စင်ရှင်းတော့ ဖိုင်အပြာလေး တခုထွက်လာပါတယ်။ ကျမသင်ခဲ့သမျှ ဂစ်တာနုတ်စ်တွေ တွဲထားတဲ့ ဖိုင်ကလေးပေါ့။ နှစ်ပရိစ္ဆေဒ ကြာမြင့်ခဲ့ပြီမို့ စာရွက်လေးတွေက နွမ်းနွမ်းမြေ့မြေ့ ဖြစ်နေပါပြီ။ နဂိုထဲကလည်း စာရွက်လေးတွေက ခပ်ယဲ့ယဲ့လေးတွေပါ။ စာရွက်လေးတွေကို မပြဲမစုတ်အောင် ထိန်းကိုင်ရင်း တရွက်ချင်း လှန်လှောကြည့်ရာက သင်္ကြန်သီချင်း နုတ်စ်လေးတွေ သွားတွေ့ပါတယ်။

သင်္ကြန်ရာသီမှာ သင်္ကြန်သီချင်း နုတ်စ်လေးတွေ ဘလော့မှာတင်ချင်တာမို့ … စာရွက်နွမ်း ဖတ်ဖတ်လေးတွေကို စကန်ဖတ်ပြီး အမှတ်တရ တင်လိုက်ပါတယ်ရှင်။ စမ်းပြီး တီးကြည့်ကြချင်လည်း တီးကြည့်ရအောင်လို့ပါ။
သီချင်းနုတ်စ်စာရွက်ရဲ့ အောက်ထောင့်က ဆရာကြီးလက်မှတ်မှာ ရေးထားတဲ့ နေ့စွဲက 22/5/89 … တဲ့။ ကြာတော့ ကြာခဲ့ပြီပေါ့ … ။ ဆရာကြီးတောင် ကွယ်လွန်သွားခဲ့ပြီပဲ … ။
***
ကျမနဲ့ ညိုမြ

“ညိုမြ” ဆိုတဲ့ စကားလုံးလေး ပြောလိုက်ရင် ငရဲခွေးကြီးလွတ်နေပြီ ဆိုတဲ့ ဦးညိုမြ ကို သတိရမိတဲ့ အပြင် သင်္ကြန်နဲ့ တွဲပြီးတော့လည်း မြင်မိတတ်ပါတယ်။
ညိုမြ မလုပ်နဲ့ ဆိုတဲ့ အသုံးအနှုန်းဟာ ဘယ်က ဘယ်လို စတင်ပေါ်ပေါက် ခဲ့သလဲ ဆိုတာ မသိပေမဲ့ ခေတ်အဆက်ဆက် သုံးနေကြဆဲ ပါပဲ။ သင်္ကြန်အခါမှာ ကိုယ့်ကိုလည်း ရေပက်စေချင် ... စိုမှာလည်း စိုးလို့ မရွံ့တရွံ့ - ရွံ့တရွံ့ ခပ်တွန့်တွန့် လုပ်နေတဲ့ အပျိုမလေးတွေကို ပြောတဲ့အခါ ညိုမြ လုပ်တယ်လို့ ပြောကြရာက အသုံးတွင် သွားသလားတော့မသိပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် .. ညိုမြ ဆိုတဲ့ စကားလုံးလေးကို ကျမ နှစ်ခြိုက်မိသလို … “ညိုမြ” အမည်ရတဲ့ သီချင်းလေးကိုလည်း နှစ်သက်မိပါတယ်။

ဒီသီချင်းက တက္ကသိုလ်အေးမောင်ရဲ့ ချစ်အက္ခရာ ဆိုတဲ့ သီချင်းနဲ့ သံစဉ်တူတူပါပဲ။
ဒါကြောင့် ကျမသီချင်းနုတ်စ်ရဲ့ ခေါင်းစဉ်မှာ ချစ်အက္ခရာ ဖြစ်နေပါတယ်။
ဝါသနာပါရင် သီချင်း နုတ်စ်လေးနဲ့ လိုက်တီးကြည့်ကြပါအုံး။


ညိုမြ

သင်္ကြန်ခါတော် ရေကစားကြတာ ပျော်ရွှင်စရာ
လောင်းကာပက်ကာ မောင်ရင်းနှမပမာ ကြည်လင်စွာ
သြော် …ရေကစားမှာ ရေကစားမှာ
ညိုမြတော့ ခေါ်ခံနိုင်ဘူးဆရာ
လောင်း လောင်း လောင်းလိုက်ပါ ရွှဲအောင် လောင်းလိုက်ပါ
ပက် ပက် ပက်လိုက်ပါ မောင်ကြီးတွေလည်းပါ
လောင်း လောင်း လောင်းလိုက်ပါ ရွှဲအောင် လောင်းလိုက်ပါ
ပက် ပက် ပက်လိုက်ပါ ညီမလေး တွေလည်းပါ
နောင်နှစ်ခါလည်း ဒီနှစ်လိုပဲ ဆုံတွေ့ကြရမှာ
ဒီနှစ်လိုပဲ နောင်နှစ်ခါလည်း ဆုံတွေ့ကြရမှာ ..
ရက်မြတ်အခါ ဒီအချိန် ဒီအတာ
နှစ်ကူးတန်ခူးမို့ ကြည်နူးကြလို့ ပန်းပေါင်းဝေေ၀ဆာ … ။

***
ပန်းပေါင်းဝေေ၀ဆာတဲ့ ဒီတန်ခူး သင်္ကြန်အခါမှာ … သင်္ကြန် သီချင်းလေးတွေနဲ့ ပျော်နိုင်ကြပါစေလို့ … ။
***
မေတ္တာဖြင့် …
မေဓာဝီ
8th April, 2007
11:45 pm

Read More...