Wednesday, February 28, 2007

ကိုပြူးကျယ်သို့ ပေးစာ … အပိုင်း (၇)

သို့
ကိုပြူးကျယ် …

ဗုဒ္ဓဟူးနေ့တောင် ရောက်လာပြန်ပြီနော် … ။
ကိုပြူးကျယ်အတွက် ပေးစာကို ဗုဒ္ဓဟူးနေ့တိုင်း တင်မယ်လို့ လောလောဆယ်တော့ စိတ်ကူးထားပါတယ်။ အကြောင်းကြောင်းကြောင့် (ဥပမာ - အင်တာနက် အဆင်မပြေလို့) မတင်နိုင်ရင်လည်း ခွင့်လွှတ်ပေးဖို့ ကြိုတင် တောင်းပန်လိုက်ပါရစေ … ။ နိုင်ငံရေးရာ အဖြာဖြာထဲက ကောက်နုတ်ချက် တွေကိုတော့ သောကြာနေ့မှာ တင်ဖို့ ရည်ရွယ်ထားပါတယ်။ ဗုဒ္ဓဟူး ကဗျာ၊ သောကြာ နိုင်ငံရေးရာ … ဆိုပါတော့။
ဒီကြားထဲမှာတော့ ရပ်မနေနိုင်တဲ့ ဦးနှောက်က ပေါက်ကရ အတွေးတွေကို အေးအေး မနေနိုင်တဲ့ လက်က လျှောက်ရေးပြီး တင်မိတင်ရာတွေ တင်နေပါဦးမယ်။
ကဲ .. ကဲ … ဒီတပတ်အတွက် လေးချိုးခန်းကို ဆက်လိုက်ကြပါဦးစို့ရဲ့ … ။
***
ဟိုတပတ်က လေးချိုးလတ်မှာ ရပ်ခဲ့ပါတယ်။ ဒီနေ့တော့ ကာလပေါ်လေးချိုးကြီးနဲ့ ပတ်သက်ပြီး ဆက်ရေးပါမယ်။
ကာလပေါ် လေးချိုးကြီး နှစ်မျိုးထဲက စာထောင့်လေးချိုးရေးနည်းမှာ ဆိုရင် …

အချိုးအားဖြင့် -လေးချိုးလတ်လိုပဲ အချိုး ၄ ခု ရှိရပါမယ်။

ပိုဒ်ရေအားဖြင့် - ပထမချိုး၊ တတိယချိုးတို့မှာ အနည်းဆုံး ၃ ပိုဒ်မှ အများဆုံး ၇ ပိုဒ်ထိ ထားနိုင်ပါတယ်။ (၄-၅ ပိုဒ်သာ အထားများတယ်လို့လည်း ဆိုထားပါတယ်။) ဒုတိယချိုး နဲ့ စတုတ္ထချိုးတို့မှာတော့ အနည်းဆုံး ၇ ပိုဒ် မှ အပိုဒ်ပေါင်းများစွာ လိုသလောက် ထားနိုင်ပါတယ်။ ထို ၂ ချိုးမှာလည်း ဒုတိယချိုးထက် စတုတ္ထချိုးမှာ အပိုဒ် အများဆုံးထားပြီး ရေးလေ့ရှိတယ် လို့ ဆိုပါတယ်။

အက္ခရာလုံးရေအားဖြင့် - ဒုချိုးရဲ့ အဆုံးပိုဒ်မှာ ၄ လုံးသာထားရမှာ ဖြစ်ပြီး စတုတ္ထချိုးရဲ့ အစပိုဒ်မှာ ၃ လုံး (သို့) ၄ လုံးသာ ထားရပါမယ်။ ကျန်အပိုဒ်တွေမှာတော့ အနည်းဆုံး အက္ခရာ ၆ လုံးမှ အများဆုံး ၁၅ လုံး ၁၆ လုံး ထားနိုင်ပါသတဲ့။ ဒီထက် ပိုပြီး အက္ခရာတွေများရင်လည်း ရွတ်ဖတ်သီဆို တဲ့အခါမှာ လေမမှီလို့ စည်းဝါးလည်း မလိုက်နိုင်ဘဲ အခက်အခဲ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

စာထောင့်လေးချိုးနဲ့ လေးချိုးလတ် ကွာခြားချက်ကတော့ စာထောင့်လေးချိုးမှာ ပိုဒ်ရေများခြင်း လုံးရေများခြင်း မျှသာ ပိုထူးပါတယ်။ ကာရန်ကူးဆက်ပုံ လေထားလေယူ တို့ကတော့ အတူတူပဲ ဖြစ်ပါတယ်။

အခုဖော်ပြမယ့် နမူနာ စာထောင့် လေးချိုးကြီး ၂ ပုဒ်ကို ဖတ်ကြည့်ကြပါဦး။
***
မန္တလေးမြို့၊ အချုပ်တန်းဆရာဖေ ရေး “နေပြည်တော် အလွမ်းဖွဲ့ စာထောင့်လေးချိုးကြီး”

မြတ်ကောဇာ လှစ်ဆိုပြရမှာဖြင့်၊ သတ်ဇောဒွါ-ဧစ်ကိုကျကာမှ၊ ခေတ်ညိုလှ-မြန်မာပြေ၊ (အမယ်လေး) “ဟစ်ငိုစရာ့-အခါပေ”။

မသွေစောင်းပေဘု၊ ရေကြောင်းဗျူဟာချီ၍၊ တူရာသီဆန်းရက် ငါးမှာလ၊ နယ်ခြားမြေ ကျောက်တိုင်ရပ်ဆီက၊ ကင်းတပ် သင်္ချေကိုနောက်ကွယ် “ခွင်းဖြတ်ဝင်မွှေ”။ … ။

ရက်အဋ္ဌာကြုံအတွင်းမှာတော့၊ စက်မဟာအဟုန် ပြင်းတာကြောင့်၊ မင်းလှမြို့မှန်ဆိုက်လေ၊ ရန်မိုက်ချွေမဲ့ မြန်မာများ “ခံတိုက်ပေမဲ့ အကွာသား”။

စခန်းငယ်ယှဉ်၊ လမ်းအစဉ် တပ်တော်ရှိပြီဘု၊ သူတင်းလျှံ မြင်းခြံထိကာမှ၊ အသိဥာဏ် နုစတောင်းငယ်နှင့်၊ က၀ိဟန်-ပြုမူကောင်းသူက၊ အကြောင်းကို မမြင်လေ၍၊ စကားပြေ ပြောရင်လွှတ်ပါဖျ၊ ပြားဝတ်ကာ ရှိပန်တောင်းတာကြောင့်၊ ကျောက်မြောင်းဝန် အမြန်ပြေးရှာရ၊ အရေးပိုင် မိန့်ဆိုချက်မှာလ၊ လက်နက်ကုန် အပ်နှံသ’လျှင်ဖြင့်၊ ခွင့်လိုရာ တောင်းပန်ပမယ်လို့၊ ချိုလှစွာ ဥာဏ်နီစွက်ထာမို့၊ ခွင့်လိုရာ ယူစေလို့ မြွက်မိတယ်၊ (အမယ်လေး) ပျိုးပျက်သွယ်ဘွား။ … ။

[ဘုံတပြည်စံ မှောက်လှန်မည်ပ၊ မိုးထက်ကြယ်များ၊ ကုန်အညီပြန် တောက်လျှံချီပ အမတ်တွေ မြင်းထက်ဖျင်း၊ ငကင်းခေါင်ဖျာ့ သိုက်မြညှာအပ် မဘွေရှစ်ရက်တွင်း …၊ အတင်းဆောင်သွား၍ လိုက်ရရှာ၊ ဆက်ဆက်ယူမတဲ့ ဆိုတ’ကာ၊ ကြွက်ကြွက်ဆူသနဲ့ ငိုကြရှာ၊ ရက်စက်သူမကွဲ့ ချိုလှစွာ၊ ထိုခါ-ငိုရှာ ဗိုလ်ပါ လူတလွှားငယ်တို့၊ ရိုင်းလေ-မှိုင်းဝေ-တိုင်းပြေ ပစ်ခွါသွားရှာရတယ်၊ (အမယ်မင်း) အ၀ါးမ၀ငြား၊ တရားဓမ္မ မမှားရှာဘု၊ (သခင့်ကိုကွယ်) သိကြားကလဲ မ၊ မယားလှရယ်ကြောင့်၊ ကုလားက သဘောင်္နှင့် တင်ယူပါပြီ တကား။]

မှတ်ချက်။ ။ [ … ] ဤကွင်း အတွင်း စာသားမှာ လေးချိုးကဗျာမဟုတ်၊ အဓိပ္ပါယ်စုံလင်ရန် သံဆန်းဆက်ထားခြင်း ဖြစ်သည်။
***
အယ်ဒီတာ ဆရာလွန်း ရေးသားသော ဘွိုင်းကောက်ဋီကာ ကျမ်းမှ “ကာလပေါ် စာထောင့်လေးချိုးကြီး”

တဇေယျုံ-ချောင်တွေ မြှောင်ဘွေ မြန်းခဲ့ရပါတော့၊ ရွှေတိဂုံ တောင်ခြေခပန်းတွင်မှ၊ ညောင်သပြေပန်းတွေနှင့်-သွန်းသနဲ့ ကသိုဏ်းရေဗြဟ္မစိုရ်၊ (ကွယ်တို့ရယ်) “အောင်မြေဗဟန်းဆီသို့-လွန်းရဲ့ မှိုင်းရွှေကိုယ်”။

အော် … ဇရပ်အမတို့ကိုလ၊ အမှတ်ရမိတဲ့ပြင်၊ ကဿပထေရ် အရှင်ဆရာစံတဲ့၊ သာလာယံ အထိကရ ကျောင်းရဲ့ပြင်၊ စာဝါတညံညံ တပည့်မအပေါင်းတွေနှင့်၊ မဂ်ကြောင်း-ဖိုလ်ဝင်လှည့်ပေမဲ့၊ အရိယာ လင်္ကာခေါ်သည့်၊ မင်္ဂလာအကျော်အမော်-အရာမ်တွင်းရဲ့ပြင်၊ မှန်ကင်းနေရဒင်သို့၊ မြေပလ္လင် ရွှေကျင်တိုက်ဆီသို့၊ ဦးခိုက်ကာ ပဏာလှုံလို့မို့၊ အညာရဂုံ-တောဟိတ် ၀ါသနာမသေးသူက၊ တအာရုံ-မနောစိတ်မှာ မအေးသော်လဲ၊ တွေးဆ-ကြည်ညိုတယ်နော်ကွယ် … ၊ “ဝေးကမှီခို”။

စိန်စမုခ် အဆောင်ဆောင်-အလျှံမနော် ပတ္တမြားတွေနဲ့၊ သိင်္ဂုတ်တောင် ဆံတော်ဘုရားကိုလ၊ အော် … အများသော တပည့်တွေနဲ့ ကတိတောင်းဆုဆို၊ ကောင်းမှုထိုထိုရယ်နှင့် ဓမ္မရွှေဗျာကျွေး၊ ၎င်း “ကုသိုလ်တွေကိုဖြင့် အမျှ အမျှ ဝေကာပေး”။


ကောလိပ်အပျက်တွင်၊ ဇောစိတ်လက် ဆရာ မရွှင်သနဲ့၊ အညာတခွင် လှည့်ခဲ့ပြီး၊ ဇာတိမြေ အလုံကျေးပေပေါ့၊ မုံရွေးမှာ တနွေကြာတော့၊ ဇေယျာသူ ကေသာတို့ ပင့်ပေသမို့၊ အခွင့်ကြုံရာ တွယ်ရော့မကွဲ့လို့၊ ပုညာစွယ်-တောင်ခပန်းတွင်မှ၊ အောင်ပန်း ကဗျာဂီတာတို့နဲ၊ ရှောင်မလမ်း ယာယီသာဘို့လို့၊ ဆရာသည်တ၀ါမှာ ပါရမီမာလာ ကလေးတို့ရဲ့ပြင်၊ ဆေးပေးမီးယူ နှစ်ကျိပ်ကျော်မျှတွင်မှ၊ အနှိပ်တော် ဒကမတွေ စုံညီညာနှင့်၊ ယမုံသီတာ တောင်ခြေ၀ိုင်းပေတဲ့၊ ဘုံသီဟာ အောင်မြေကသိုဏ်းတွင်မှ၊ (အမယ်မင်း) သမိုင်းအလျှောက်-တဂိုဏ်း တဂိုဏ်း မထောက်တဲ့၊ ကြောက်ဖွယ့် ပြည်ရွာအရေးပေမို့၊ အော်… ‘မှိုင်းတယောက် အနှီတ၀ါဖြင့် မအေးရပေဘု”၊ (စန္ဒာရယ်) “စစ်ကိုင်းချောက်ဆီက-ဘွိုင်းကောက်ဋီကာရေး”။ … ။

***
ကိုပြူးကျယ်နှင့်တကွ မြန်မာကဗျာ စစ်စစ်ကို ချစ်တဲ့သူများ ဒီတပတ်တော့ ဒီလေးချိုးကြီး နှစ်ပုဒ်နဲ့ပဲ ကျေနပ်ကြပါဦး။ လေးချိုးအခန်းက မပြီးသေးပါဘူး၊ ကျန်နေသေးတဲ့ သံချိုလေးချိုးနဲ့ ရှေးလေးချိုးကြီးကို ရှေ့တပတ်မှာမှ ဆက်ပါရစေတော့ရှင် … အိပ်ချင်နေလို့ပါ။

ချမ်းမြေ့သောနေ့ ဖြစ်ကြပါစေ … ။
***
မေတ္တာဖြင့် …

မေဓာဝီ
28.2.07
00:35 am

Read More...

Tuesday, February 27, 2007

ကံ့ကော်တန်း၌ လမ်းလျှောက်ခြင်း


ကံ့ကော်တွေ ပွင့်နေပြီ။
မနေ့မနက်က ဈေးအသွား လမ်းမှာ လူတချို့လက်ထဲ ကံ့ကော်ပန်းတွေကို မြင်ရလို့ ကံ့ကော်တွေတောင် ပွင့်ပြီပဲ ဆိုပြီး သိလိုက်ရတယ်။
အိမ်က ကံ့ကော်ပင်ကြီးရော … ပွင့်များနေမလားဘဲ၊ မနက်အိပ်ရာထ နောက်ကျတာမို့ အိမ်က ကံ့ကော်ပင် ကို သတိမထားမိလိုက်ဘူး။ ဈေးရောက်တော့ ဈေးထဲမှာ ကံ့ကော်ပန်းသယ် တယောက်စ နှစ်ယောက်စ တွေ့လို့ ပန်းသယ်နား မယောင်လည် သွားကြည့်မိသေးပါရဲ့။ ပန်းတွေက မလှလို့ ဈေးတောင် မမေးခဲ့မိဘူး။ ရောင်းနေတဲ့ ပန်းတွေက ၀တ်ဆံဝါဖျော့ဖျော့ ကျိုးတိုးကျဲတဲ … ပွင့်ဖတ်တွေကလည်း ဖြူဖြူသန့်သန့်လေး မဟုတ်။

တခါတခါ ကျမက အစွဲအလမ်း ကြီးတတ်ပါတယ်။ ကံ့ကော်ပန်းဆိုရင် အိမ်က ကံ့ကော်ပန်းနဲ့ ကျောင်းထဲက ကံ့ကော်ပန်းလောက် ဘယ်ပန်းမှ မလှဘူး ထင်နေတတ်လို့ပါ။ အိမ်က ကံ့ကော်ပင်ကြီးတွေဟာ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းထဲက မျိုးယူလာပြီး အမေစိုက်ထားတာ ဆိုလို့များ ဒီလိုအစွဲ ဖြစ်နေသလားတော့ မသိ။ အမေ့အသက်တောင် ၆၀ ကျော်နေမှတော့ ကံ့ကော်ပင်ကြီးရဲ့ သက်တမ်းလည်း အနှစ် ၄၀ နား နီးနေလောက်ပြီ ပေါ့။ သူ့ရဲ့ မျိုးဆက် ကံ့ကော်ပင် ပျိုလေးတွေလည်း ခြံထဲမှာ ဟိုတပင် ဒီတပင် ပေါက်ဖွား ရှင်သန်နေပါရဲ့။

နောင်ပွင့်မယ့် အရိမေတ္တယျ မြတ်စွာဘုရားဟာ ကံ့ကော်ပင်အောက်မှာ ပွင့်တော်မူမှာမို့ အမေက သူစိုက်ထားတဲ့ ကံ့ကော်ပင်ကြီးတွေကို ဗောဓိပင်ဆိုပြီး မှန်မှန် ရေသွန်းလောင်းလေ့ ရှိတယ်။ တခါတရံ အပင်ခြေရင်းမှာ အမွှေးတိုင် ဖယောင်းတိုင် ထွန်းညှိပူဇော်လေ့ရှိပါတယ်။

ဒီလိုနဲ့ ဈေးကနေ အိမ်ပြန်ရောက်တော့ အိမ်ကကောင်မလေးက သူခူးထားတဲ့ ကံ့ကော်ပန်းတွေ ဘုရားကပ်ဖို့ အမေ့ကို လာပေးတာနဲ့ အိမ်မှာလည်း ပန်းတွေပွင့်သကိုး ဆိုပြီး စိတ်ထဲ ကျေနပ်သွားမိတယ်။ ကံ့ကော်ရနံ့ သင်းပျံ့ပျံ့က ဈေးကအပြန် မောလာတဲ့ ကျမကို အမောလည်း ပြေသွားစေပါရဲ့။ အမေက ဦးဦးဖျားဖျား ပွင့်တဲ့ ကံ့ကောပန်းတွေကို ပန်းအိုးလေးနဲ့ထိုးပြီး ဘုရားကို ပူဇော်ပါတယ်။ (အပေါ်က ဓာတ်ပုံက ဒီနှစ်ကံ့ကော် မဟုတ်ပါဘူး၊ ကျန်ခဲ့တဲ့ ၂ နှစ်လောက်က ထင်ပါရဲ့၊ သေချာတော့ မမှတ်မိတော့ဘူး)

ကံ့ကော်ပန်းလေးတွေကို ကျမ သိပ်ချစ်ပါတယ်။ ပွင့်ခါစမှာ ၀တ်ဆံဝါ၀ါ ပွင့်ဖတ်ဖြူ ကားကားလေးနဲ့၊ နောက်တော့ ပွင့်ဖတ်လေးတွေက လိပ်ပြီး နောက်ဖက်ကို ကုပ်ဝင်သွားတယ်။ အရွက်စိမ်းရင့်ရင့်ကြားက အ၀ါနဲ့ အဖြူ တွဲနေတဲ့ ပန်းပွင့်ကလေးက ကြည့်လို့ သိပ်လှပါတယ်။ အဖြူ၊ အ၀ါ၊ အစိမ်း ဒီသုံးရောင် ယှဉ်တွဲထားပုံ ကလည်း သဟဇာတ ဖြစ်ပါဘိ။

ငယ်ငယ်က ကံ့ကော် ၀တ်ဆံဝါ၀ါ လေးတွေကို ပါးပေါ်မှာတို့ပြီး အ၀ါရောင် ၀တ်မှုန်လေးတွေ ပါးမှာ တင်ကျန်တဲ့အခါ သဘောတကျ ဖြစ်ခဲ့ရတယ်။ သိပ်လှတဲ့ ပန်းပွင့်ကလေးတွေကို ရွေးပြီး စာကြည့်စားပွဲမှာ ပန်းအိုးကလေးနဲ့ထိုးထား၊ ခြောက်သွားတဲ့အခါမှာလည်း ယွန်းသေတ္တာလေးထဲ ထည့်သိမ်းထားခဲ့ဖူးတယ်။ ဘုရားစင်က ပြန်စွန့်တဲ့ ပန်းအနွမ်းတွေကိုတော့ ဗန်းကလေးနဲ့ အခြောက်ခံပြီး ၀တ်မှုန်လေးတွေချွေ၊ ဗူးကလေးထဲထည့်၊ သနပ်ခါးလိမ်းတဲ့ အခါ ထည့်သွေးပြီး လိမ်းကြတယ်။ သနပ်ခါးနံ့ မှာ ကံ့ကော်နံ့လေးပါ တသင်းပျံ့ပျံ့ နဲ့ပေါ့။ ကံ့ကော်ရနံ့ဟာ မောပန်း နွမ်းနယ်မှုတွေ ပြေပျောက်စေပြီး ရင်ထဲ အေးမြစေပါတယ်။
ကံ့ကော်ဝတ်ဆံဟာ ဆေးဖက်ဝင်တဲ့အတွက် ဗမာဆေး ဖော်စပ်တဲ့နေရာမှာလည်း သုံးကြတယ်လို့ သိရတယ်။

ကံ့ကော်ပင်ဟာ ဘယ်တော့မှ အရွက်အားလုံးမကြွေတဲ့ အမြဲစိမ်း သစ်ပင်မျိုးပါ။ ရာသီတိုင်းမှာ အရွက်တွေ ဝေနေတတ်ပါတယ်။ ရိုးတံပြိုင်းပြိုင်း အကိုင်းထီးတည်း ဘယ်တော့မှ ဖြစ်မနေဘဲ အရှက်အကြောက်ကြီးတဲ့ အပျိုမတယောက်လို အရွက်ချွန်းချွန်းလေးတွေနဲ့ တပင်လုံးကို အမြဲတမ်း ဖုံးအပ်ထားတတ်ပါတယ်။

ငယ်ငယ်တုန်းက ကံ့ကော်ရွက်ရင့်ရင့်တွေကို မမီမကမ်း ခုန်ခူးပြီး ထိတ်ဖြတ် နောက်ဖြတ် ဖြတ်ပြီးတော့ ပီပီမှုတ်တမ်း ကစားခဲ့ကြတယ်။ ရွက်နုလေးတွေ စထွက်တဲ့အချိန်မှာ ပန်းနုရောင်အသွေး နီဖျော့ဖျော့လေး၊ တဖြည်းဖြည်းနဲ့ ညိုနုနု၊ နောက်တော့ စိမ်းဖျော့ဖျော့ …. ဒီနောက်မှာမှ စိမ်းရင့်ရင့် … အဲဒီလို တဆင့်ပြီးတဆင့် ပြောင်းလဲသွားတာကို မှတ်မှတ်ရရ သတိထားပြီး ကြည့်ခဲ့ဖူးပါတယ်။ ကံကော်ပန်းတွေ တုန်းတဲ့အခါ အသီးလေးတွေ ဖြစ်ကုန်ကြတယ်။ မိုးတွင်းဆိုရင် အပင်အောက်မှာ ကြွေနေတဲ့ ကံ့ကော်သီးတွေ မွစာကြဲလို့ပေါ့။ နောက်တော့ အဲဒီအသီးကြွေတွေက အပင်ပြန်ပေါက် … ဒီလိုနဲ့ မျိုးဆက်အသစ်တွေ ပေါက်ဖွားလာခဲ့တာပါပဲ။

ကံ့ကော်အကြောင်း စဉ်းစားရင်းနဲ့ မနေ့ညက ကံ့ကော်ပင်ကြီးအောက်မှာ တော်တော်ကြာအောင် လမ်းလျှောက် နေခဲ့မိပါတယ်။ ခြံထဲက ကံ့ကော်ပင်ကြီး နှစ်ပင်ဟာ တပင်ကို တပင်ယှက်လို့ အရွက်တွေအုပ်မိုး နေတာကြောင့် နေ့ဘက်ဆိုရင်တောင် နေပြောက်မထိုးပါဘူး။ ခုလို ညဘက်ကျတော့လည်း အပင်အောက်မှာ အေးမြမြနဲ့ နေလို့ကောင်းလှပါတယ်။ အပင်ပေါ်မော့ကြည့်တော့ ဟိုးထိပ်ဖျားနားမှာ ကံ့ကော်ပန်းပွင့်လေးတွေ ဟိုတစု ဒီတစု … ။

တကယ်တော့ ပန်းကလေးတွေတိုင်းဟာ ပုံစံအမျိုးမျိုးနဲ့ ချစ်ဖို့ကောင်းပါတယ်။ ကံ့ကော်ပန်းလည်း သူ့အလှနဲ့ သူ့ရနံ့နဲ့ ရှိသလို စပယ်ဖြူဖြူဟာလည်း သူ့အလှနဲ့သူပါပဲ။ လမ်းဘေးမှာ အလေ့ကျပေါက်ပြီး ရနံ့ ကင်းမဲ့တဲ့ ပန်းကလေးတွေဟာလည်း အလှကိုယ်စီ ရှိကြတာပါပဲ။ လူတကာ အသိအမှတ်ပြုခြင်း သိပ်မခံရတဲ့ ပန်းကလေးတွေကို တခါတလေ တကူးတက ထိုင်ကြည့်မိပါတယ်။ ငယ်ငယ်တုန်းကတော့ ပန်းတွေဆိုတာ လူခြေတိတ်တဲ့ ညဘက်မှာ ပွင့်တတ်တယ်ဆိုလို့ အဖူးလေးက ပွင့်အာလာမယ့် ပန်းကလေးတွေကို ညနက်သန်းခေါင် ခြင်ကိုက်ခံပြီး အသက်တောင်ပြင်းပြင်း မရှူဝံ့ဘဲ ထိုင်စောင့်ကြည့်ခဲ့ဖူးတယ်။

ချစ်စရာကောင်းတဲ့ ပန်းကလေးတွေ ပွင့်လန်းစေလို့ သဘာဝတရားကြီးကို ကျေးဇူးတင်မိပါရဲ့။
ပန်းဆိုတာ အချိန်တန်ရင် ညှိုးနွမ်းသွားရစမြဲ ဖြစ်ပေမဲ့ … မညှိုးခင် မနွမ်းခင် … အစွမ်းရှိသလောက် သူ့အဆင်းနဲ့ သူ့ရနံ့နဲ့ လောကကြီးကို အလှဆင်ပေးခဲ့ကြတာပဲ။ ဒီပန်းပွင့်လေးတွေ ကြွေသွားတဲ့အခါ နှမြောတသ တတမ်းတတ ဖြစ်နေကြမှာလား။ အသစ်တဖန် ပွင့်လန်းလာကြဦးမယ့် နောက်ထပ် ပန်းပွင့်လေးတွေဟာ ကမ္ဘာကြီးကို လှပစေကြဦးမယ် မဟုတ်လား။

ဒီလိုနဲ့ …. ဘယ်အရာမှ မတည်မြဲတဲ့ လောကကြီးမှာ … ပန်းတွေကတော့ ဖူး ငုံ ပွင့် ဝေ …ကြွေ နေကြဦးမှာပါပဲ။
***
မေဓာဝီ
27.2.07
1:00 pm

Read More...

Monday, February 26, 2007

ပြောင်းလဲသွားသော ရာသီမှာ …

ဒီနေ့ မနက် အိပ်ရာက နောက်ကျမှ နိုးသည်။
အိပ်ခန်း မှန်ပြတင်း ခန်းဆီးကြားမှ နေရောင်ကျဲကျဲ ကို မြင်မှ နောက်ကျ နေပြီ ဟူသော အသိဖြင့် ကမန်းကတန်း ထလိုက်ရ၏။ နာရီကို ကြည့်တော့ ၇ နာရီ ထိုးနေပြီ။

ညက တော်တော်နှင့် အိပ်မပျော် … ။
ရာသီဥတု ပူအိုက်အိုက်မှာ ဖွင့်ထားတဲ့ လေအေးစက် ခပ်စုတ်စုတ် ကလည်း တနေကုန် ပူထားတဲ့ အပူရှိန်ကို အန်မတုနိုင်ပြီလား မသိ။ အားသွန်ခွန်စိုက် အသံတွေမြည်ကာ ခုတ်မောင်း လည်ပတ်တာတောင် အအေးဓာတ်ကို ၀၀လင်လင် မပေးနိုင်ခဲ့။

ပြာလဲ့လဲ့ အလင်းရောင်ပေးသည့် အိပ်ခန်းထဲမှ ညမီးအိမ် ကလေးကလည်း ညကမှ ကျွမ်းသွားသည်။ မီးခလုတ်ကို အဖွင့်မှာ ဖြတ်ကနဲ အလင်းရောင် တချက် ထွက်သွားပြီးနောက် မှောင်ကျသွားသည်။ တန်တော့ မီးသီး ကျွမ်းသွားခြင်းပဲ ဖြစ်မည်။ ဒီလိုနှင့် … ကွန်ပျူတာကို ပိတ်၍ အိပ်ရာဝင်သည့် အချိန်က သန်းခေါင်ကျော်ပြီး ၁ ချက်တီးပင် ရှိနေပြီ။ ခေါင်းအုံးပေါ် ခေါင်းအချမှာ သံချောင်းခေါက်သံ ဒေါင်ကနဲ တချက် ကြားလိုက်ရသေး၏။ အိပ်ရာပေါ်ရောက်သော်လည်း ပိန်းပိတ်အောင် မှောင်နေသည့် အမှောင်ထုထဲတွင် မျက်လုံးတွေက ကြောင်တောင်တောင်။ ကြိုးစား အိပ်သော်လည်း မပျော် … ။

အိပ်မရတဲ့အဆုံး ကွန်ပျူတာ ပြန်ဖွင့်ဖို့ စိတ်ကူးမိသေးသည်။ သို့သော်လည်း မျက်စိအစုံက ခံနိုင်ရည်မရှိတော့။ တနေကုန် ဒီအလင်းရောင်ကို ကြည့်နေရတာ ပင်ပန်းလှပြီ။ ဒါနဲ့ပဲ မျက်စိကိုမှိတ်ပြီး အသက်ရှူသွင်း ရှူထုတ် စိတ်ထဲက လိုက်မှတ်နေမိပြန်၏။ ကြာရင်များ အိပ်ပျော်သွား လေမလား … ။ နှာခေါင်းတွေသာ ထူထူပူပူ ဖြစ်လာသည် အိပ်ချင်စိတ်က မရှိ။ ဒီလိုနဲ့ အတိတ်တွေ ပစ္စုပ္ပန်တွေ အနာဂတ်တွေ …ထွေရာလေးပါး အတွေးများရင်း နောက်ဆုံး ဘယ်လိုက ဘယ်လို အိပ်ပျော်သွားသည် မသိ …။ မိုးလင်းခါမှ နိုးလေတော့သည်။

မနက် ၇ နာရီ နေရောင်က ခါတိုင်းကဲ့သို့ နေခြည်နုနု မဟုတ်။ စူးစူးရှရှ ရှိလှသည်။ ဈေးအသွား လမ်းမှာ တိုက်ကြို တိုက်ကြားက နေရောင် တစွန်းတစ လူကို ထိတာတောင် ပူနေပြီ။
နွေရာသီကို တကယ်ပဲ ရောက်လာခဲ့ပြီပဲ … ။
***
လေကလည်း ရူး ..
နေကလည်း စူး …
သြော် ..နွေကပဲ .. ဦးသွားခဲ့ပြီလား …။

အမူးသမားတယောက်
အိပ်မက်ထဲ လမ်းထလျှောက်သလိုမျိုး
ယိုင်တိယိုင်ထိုးနဲ့
နွေရဲ့ ကန့်လန့်ကာ တချပ်
လှပ်ခဲ့ရပြန်ပေါ့ … ။

တပေါင်းနွေရဲ့ အပူဟာ
ဆောင်းနေနဲ့မှ မတူတာ ..
အပူပြင်းပြင်း .. အပြင်းပူပူ
နှင်းတွေထူတဲ့ မနက်ဖက် ..
ဆောင်းက နှုတ်ဆက်ခဲ့ပြီလား … ။

နှင်းလား မြူလား …
ခွဲခြားရခက်
ဆောင်းနှောင်းနွေ နံနက်ခင်း
ရင်ကို တင်းကျပ်စေခဲ့တယ် … ။

စိုနေတဲ့ နှင်းမျက်ရည်
သစ်ရွက်လေးတွေမှာ ခို ..
အို .. နှင်းရယ် မငိုပါနဲ့ … ။

***
ရန်ကုန် တက္ကသိုလ် ပင်မမှာ ကျောင်းတက်နေစဉ် ကာလတုန်းက ခုလို နွေဦးအ၀င် ရာသီမှာ ရေးခဲ့သော စာတပုဒ်ကို ပြန်သတိရမိ၏။ မနက်စောစော ကျောင်းသို့လာပြီး အတန်းမရှိတာကြောင့် အင်းယား ကန်စပ် တယောက်ထဲ ထိုင်ရင်း ဒီစာလေး ရေးခဲ့မိသည်။ အဲဒီမနက်တုန်းက အင်းယား ကန်ရေပြင် တခုလုံး မြူတွေပိတ်ဆိုင်း နေတာကို ခုထိ အမှတ်ရမိဆဲ။

ရာသီအကူး အပြောင်းလေးတွေတိုင်း စိတ်ထဲက မှတ်မှတ်ရရ အမြဲ ဖြစ်ခဲ့ရသည်။ ရာသီပြောင်းချိန်၏ သဘာဝ ရှုခင်းက ရာသီတွေ ဘယ်နှစ်ခါ ပြောင်းပြောင်း မဟောင်းနိုင် … မနွမ်းနိုင် … မရိုးနိုင်စွာ ခံစားရ စမြဲ။

အခုလည်း …ဆောင်းက မခွဲခွါချင့် ခွါချင်ဖြင့် တဖြည်းဖြည်း ခွဲခွါသွားချိန်မှာ …နွေကလည်း မလာချင့် လာချင် ဖြင့်လားတော့မသိ … တစတစ ချင်းနင်း ၀င်ရောက်ခဲ့ပါပြီ … ။

အပြောင်းအလဲကို စိတ်ထဲက လက်ခံနိုင်သော်ငြား ရုပ်ပိုင်းဆိုင်ရာမှာတော့ ကသိကအောက် ဖြစ်စရာလေးတွေ အနည်းနှင့်အများ ကြုံကြရပေသည်။
ခံနိုင်ရည်မရှိသူများဆိုလျှင် ရာသီအကူးအပြောင်းမှာ များသောအားဖြင့် ကိုယ်လက် မအီမသာ နေထိုင် မကောင်း ဖြစ်တတ်ကြသည် မဟုတ်လား။

ရုတ်တရက် ပြောင်းလဲမှုမျိုးကို ကြုံတဲ့အခါ ခုလို ဖြစ်တတ်တာ သဘာဝပေပဲ … ။
မည်သို့ပင်ဖြစ်စေ … မည်သည့် ပြောင်းလဲမှုမျိုးကို မဆို တကယ်တမ်း ကြုံကြိုက်လာပါက ကိုယ်ရော စိတ်ပါ ခံနိုင်ရည်ရှိစေရန် လေ့ကျင့် မွေးမြူ ထားကြရမည်သာ။
***
မေဓာဝီ
26.2.07
4:15 pm

Read More...

Sunday, February 25, 2007

တစ္ဆေမကြောက်သော … သူ

နွေညသည် လရောင်အောက်မှာ ငြိမ်းချမ်းလျက်ရှိ၏။
အိမ်နောက်ဖေး ရေတွင်းအနီးက ၀ါးကွပ်ပျစ်ကလေး ပေါ်မှာထိုင်ရင်း အုန်းလက်ကြို အကြားက လရောင်လင်းလက် ညကို ခံစားနေမိသည်။
လေရူး တချက်တချက် တိုက်ခတ်လိုက်တိုင်း အုန်းပင်ထက်မှ ရှည်လျားလျား အုန်းလက်များ ယိမ်းထိုး လှုပ်ရှားသွားကြသည်က တစ္ဆေကြီး တကောင် နောက်ပြောင်နေသည့်နှယ်။
တစ္ဆေ …
တစ္ဆေ … ဟု တွေးလိုက်မိသည်နှင့် … သူ့စိတ်ထဲ စိမ့်ခနဲ ဖြစ်သွားသည်။
သူဟာ တစ္ဆေကို ကြောက်တဲ့ သူလား။ သူ့ကိုယ်သူ ပြန်မေးနေမိ၏။

ငယ်ငယ်တုန်းက သရဲကားတွေ ကြည့်ပြီး တယောက်ထဲ အမှောင်ခန်းထဲ မ၀င်ရဲ။ အိမ်သာသို့ မသွားရဲ၊ ချွတ်ဆိုလျှင် လန့်ချင်ပြီ။ ထို တစ္ဆေ သရဲ ရုပ်ရှင်တွေ မကြည့်ဘဲလည်း မနေနိုင်၊ ကြည့်မိရင်လည်း ကြောက်ပြန်သည်။ တစ္ဆေ သရဲဆိုတာ ဘယ်လို သတ္တ၀ါလဲ မျက်မြင်ဒိဋ္ဌ မတွေ့ဖူးပါလျက် … အလကားနေရင်း စိတ်ထဲက ခြောက်ခြား ကြောက်ရွံ့ နေမိသည်။
အခုရော … တစ္ဆေတွေကို ကြောက်သေးသလား … ။ သေချာစဉ်းစား ကြည့်မိပြန်၏။

ဒီလို မေးရင်းတွေးရင်း ခုလို နွေညတွေမှာ တမက်မောမော နားထောင်ခဲ့ရသော တစ္ဆေပုံပြင်များကို ပြန်သတိရမိလေသည်။
ကြာတော့လည်း ကြာခဲ့ပါပြီ … ။
ဟိုး ငယ်စဉ်အခါက … အညာဒေသ တခုမှာပေါ့ … ။
***
နွေကျောင်းပိတ်ရက်ရှည် တခုမှာ သူတို့မိသားစု အညာသို့ အလည်အပတ် သွားခဲ့ကြသည်။ ညည ဆိုလျှင် လူကြီးတွေက သစ်သား ကွပ်ပျစ်ကြီးတွေပေါ်မှာ ရေနွေးကြမ်းဝိုင်း ၀ိုင်းဖွဲ့ကာ စကားစမြည်ပြောကြသည်။ သူတို့လို ကလေးတွေကတော့ အိမ်ရှေ့ မြေတလင်း ပြောင်ပြောင်မှာ ထုပ်ဆီးတိုးတမ်း၊ ကုလားမစည်း နင်းတမ်း .. ကြက်ဖခွပ်တမ်း .. ကစားကြလေ့ရှိ၏။ ဒီလိုနှင့် လူကြီးတွေ စကားဝိုင်း သိမ်းချိန်မှာ သူတို့လည်း မောနေပြီ။ လူကြီးတွေဝိုင်းက ကျန်ခဲ့သည့် ရေနွေးကြမ်း နှင့် အုန်းထန်းလျက်၊ ဇီးထန်းလျက်၊ မြေပဲဆားလှော် .. စတာတွေကို နှိုက်စားရင်း အမောဖြေကြသည်။

ဒီအချိန်မှာ သူတို့ထံ ရောက်လာတတ်တာက … အရီးလေးမိ။
အရီးလေးမိက ရေနွေးကြမ်း အသစ်ဖြည့်ပေး ..မြေပဲလှော်တွေ ပန်းကန်ထဲ ထပ်ဖြည့်ပေးရင်း သူတို့တွေကို ပုံပြင် ပြောပြလေ့ရှိ၏။ အရီးလေးမိ ပုံပြင်တွေက စိတ်ဝင်စားစဖွယ်။ တစ္ဆေ သရဲ ဖုတ် သဘက် ပြိတ္တာ ပုံပြင်များ။
သူတို့တွေ တယောက်နှင့်တယောက် ထိတွယ် ပူးကပ်ထိုင်ကြရင်း ညစဉ်လိုလို တစ္ဆေပုံပြင်တွေ နားထောင်ခဲ့ရသည်။

အရီးလေးမိ ပုံပြောချိန်ဆိုလျှင် သူတို့နှင့် မတိမ်းမယိမ်း အရွယ်ရှိ ကောင်မလေးတယောက် အမြဲရောက်ရောက် လာတတ်သည်။ ကစားချိန်ဆို ရောက်မလာ၊ ပုံပြောချိန်မှ သစ်ကိုင်းခြောက်ကလေး ကိုင်ပြီး ကွပ်ပျစ် အစွန်အဖျားမှာ ထိုင်လျက် အရီးလေးမိ ပြောသည့် ပုံပြင်ကို ငေးမော နားထောင်လေ့ရှိ၏။ တညဥ့်တာ ပုံပြောခြင်း ဆုံးပြီဆိုလျှင်တော့ သူတို့တတွေက အိမ်ထဲဝင်ဖို့ တယောက်နဲ့ တယောက် တွန်းထိုး ဆွဲခေါ် နေကြစဉ်မှာ ထို ကောင်မလေးကတော့ တယောက်ထဲပင် သစ်ကိုင်းခြောက်ကလေး တယမ်းယမ်းဖြင့် အမှောင်ထုထဲ ၀င်ရောက် ပျောက်ကွယ် သွားလေတော့သည်။

“အဲဒါ ရွာမြောက်ပြင်က အေးမ … တဲ့”
တယောက်ယောက်က သူ့ကိုပြောပြ၍ အမည်ကို သိခဲ့ရပြီး နောက်မှာတော့ … တားမရသော သူ၏ စူးစမ်းချင်စိတ်ကြောင့် အေးမ နှင့် စကားပြောဖြစ်ခဲ့သည်။
အဲဒီညက လမိုက်ည။
.အရီးလေးမိ၏ တစ္ဆေပုံပြင် အပြီး ကွပ်ပျစ်အစွန်မှာ ထိုင်နေသော အေးမထံ သူသွားလိုက်သည်။

“အေးမ …ပြန်တော့မလား”
ဦးခေါင်းတခုလုံး ချာခနဲ ဖြစ်ပြီး သူ့ဘက် လှည့်ကြည့်သည်။
“အင်း …ပြန်တော့မယ်”
တခွန်းပဲ ပြောပြီး ပြန်လှည့်သွားပြန်သည်။
“နင် ပြန်ရမှာ အရမ်းမှောင်တာပဲ …ပြီးတော့ နင့်အိမ်က မြောက်ပြင်မှာဆို …”
“အဲဒါ ဘာဖြစ်လဲ”
သူ့ကို ကျောခိုင်းလျက် အသံတိုးတိမ်စွာ ပြန်ပြောသည်။
“နင် … ဟိုဒင်း … သင်း …. အဲ .. သင်္ချိုင်းကုန်းကို ဖြတ်သွားရမယ့်ဟာ … မကြောက်ဖူးလား … ဟင်”
မေးမိသည့် သူကိုယ်တိုင်ပင် ကျောထဲစိမ့်ခနဲ ဖြစ်သွားပြီး ဟိုသည် ၀ဲယာ ကြည့်နေစဉ်မှာ အေးမနှုတ်ဖျားမှ ခပ်တိုးတိုး အသံတခု ထွက်လာသည်။ ဘာရယ်တော့ မသဲကွဲ။
“နင် … မီးခွက်လည်း မပါဘူး မဟုတ်လား … တယောက်ထဲ ပြန်လို့ဖြစ်ပါ့မလား …မှောင်ကြီးမည်းထဲမှာ သရဲ မကြောက်ဖူးလား”
သူက ဆက်ပြောတော့ အေးမ ဆတ်ခနဲ လှည့်ကြည့်သည်။ သူ့မျက်ဝန်းများက ရန်လိုစွာ ဒေါသအရောင် ထွက်လျက်၊ သို့သော် ချက်ချင်းပင် မှုန်မှိုင်းသွားပြီး … နှုတ်ခမ်းကို တင်းတင်းစေ့ကာ …
“ရပါတယ် … ငါဒီလိုပဲ မှောင်ထဲမှာ သွားနေကျ … မကြောက်ဘူး”
“အေး .. ဒါဆိုလဲ ပြီးရောဟာ … နင်လိုမယ်ဆိုရင် လက်နှိပ်ဓာတ်မီး ပေးလိုက်မလို့ … ငါ့မှာ ပါလာတယ် … ဒီမှာကြည့်”
သူက လက်နှိပ်ဓာတ်မီးကို မှိတ်တုတ် မှိတ်တုတ် ဖြစ်အောင် ခလုတ်ကို ဖွင့်ချည် ပိတ်ချည် ကစားပြသည်။ အေးမက လှည့်၍ပင်မကြည့်။ သစ်ကိုင်းခြောက် ကလေးကို တဆဆ လုပ်ရင်း အမှောင်ထုထဲ လျှောက်လှမ်း သွားလေတော့၏။

ဒီလိုနှင့် ကျောင်းတွေ ပြန်ဖွင့်ခါနီး ကိုယ့်ဒေသကိုယ် မပြန်ခင်မှာ အေးမအကြောင်း တစွန်းတစ ကြားလိုက်ရသည်။
“ဘယ်လို ကောင်မလေးလည်း မသိဘူး၊ ပြောလိုက်ရင် ထုံပေပေနဲ့ … စကားလည်း နားမထောင်ဘူး၊ သူလုပ်ချင်ရာ လျှောက်လုပ်နေတာပဲ၊ ဘုရားရှိခိုး တို့ ငါးပါးသီလတို့ သင်ပေးလည်း လိုက်မဆိုဘူး … လူကသာ မျက်စိမမြင်တယ် … လက်က လျင်လိုက်တာ မွှတ်နေတာပဲ၊ ခြေဆော့ လက်ဆော့နဲ့ …ဒီဘ၀မှာ ခုလို ဖြစ်နေတာတောင် သူ့ကိုယ်သူ နားမလည်တာလေ … ”
“ဟင် …အေးမက …အေးမက …”
လူကြီးတွေ စကားဝိုင်းမို့ သူဝင်မမေးရဲ … ဘာမှလဲ ၀င်မပြောရဲ။ သို့သော် … သူအံ့အား အသင့်ကြီး သင့်ခဲ့ရပါသည်။
***
ငယ်စဉ်တုန်းက အရီးလေးမိ ပြောပြသည့် တစ္ဆေပုံပြင် ဆိုတာတွေသည် ဘုရားဟော ဇာတ်နိပါတ် တွေထဲမှ ပုံပြင်များဖြစ်ကြောင်း နောက်ပိုင်း ကိုယ်တိုင် စာအုပ်တွေဖတ်တော့ သိလာခဲ့ရသည်။ တကယ်တော့ အရီးလေးမိက ကလေးတွေကို ကြောက်လန့်စေလို၍ ခြောက်လှန့်ခြင်းမဟုတ်။ ဒီလို တစ္ဆေ သရဲ တွေကို ကြောက်လျှင် တစ္ဆေ သရဲ မလာနိုင်အောင် ဘုရားရှိခိုး၊ မေတ္တာပို့ စသဖြင့် လုပ်စေအောင် မသိမသာ လမ်းညွှန် ပေးခဲ့ခြင်းပင်။ ဒါ့အပြင် မကောင်းတာလုပ်လျှင် မကောင်းကျိုး ခံစားရမည် … ဆိုသည့် အချက်ကိုလည်း ဒီပုံပြင်များမှ တဆင့် ခေါင်းထဲ ထည့်ပေး ခဲ့သည်ပဲ။

သူတို့သည်လည်း ထိုစဉ်က ဘာရယ်မသိ သရဲ ကြောက်တာကြောင့်ပင် ညတိုင်း ဘုရားရှိခိုး သမ္ဗုဒ္ဓေ ရွတ်ကာ အိပ်ခဲ့ကြ၏။

တကယ်တော့ တစ္ဆေ သရဲနှင့်တူသော မကောင်းမှု ဒုစရိုက်ပြုသူတွေကို အမှားအမှန် ဝေဘန် ပိုင်းခြား နိုင်သူတွေက ကြောက်ရွံ့ကြသည်။ ဝေးစွာ ရှောင်ကြဉ်ကြသည်။ အမှောင်လမ်းကို လျှောက်လှမ်း ရမည့် အခါမျိုးမှာ အလင်းပေးနိုင်မည့် ပစ္စည်း တမျိုးမျိုးတော့ ဆောင်သွားကြသည်။ အမှောင်ထုထဲကို ရမ်းသမ်း မတိုး။ ဒီလို တိုးလို့လည်း ကိုယ့်မှာ အကျိုးမရှိ။

အေးမ လိုမျိုး အမှောင်မှာ အသားကျနေသူ … အမှောင်နှင့် ယဉ်ပါးနေသူကျတော့ အလင်းပေး ပစ္စည်းလည်း သူ့အတွက် မလိုအပ်၊ တစ္ဆေ သရဲဆိုတာလည်း ကြောက်မက်ဖွယ်ဟု သူမထင် … ။ ဒါကြောင့်ပင် “မျက်ကန်း တစ္ဆေမကြောက်” ဆိုသည့် စကားပုံ ပေါ်လာတာ ဖြစ်မည်ဟု သူတွေးနေမိပါ၏။
***
ညက တဖြည်းဖြည်း နက်လို့ လာချေပြီ။
စောစောက အုန်းလက်ကြားမှာရှိသော လမင်းသည်ပင်.. အုန်းပင်ထိပ်ဖျား ရောက်လို့သွားပြီ။
ညနက်သည့်တိုင် တရှဲရှဲ အော်မြည် ယိမ်းထိုးနေကြသော အုန်းပင်ထိပ်ဖျားမှာ လမင်းက ကမ္ဘာကြီးကို အလင်း ဖြန့်ဝေနေဆဲ … ။
***
မေဓာဝီ
25.2.07
1:00 am

Read More...

Saturday, February 24, 2007

ဦးနှောက်ဖောက်စား ခံရခြင်း

((((( အား )))))
အလန့်တကြား အော်ပြီး ရုန်းကန် လှုပ်ရှားမိသည်။
သို့သော် လှုပ်လို့မရ။
ခေါင်းကိုတွင်တွင် ခါယမ်းပြီး ထိုသတ္တ၀ါကြီးနှင့် ဝေးရာကို ထွက်ပြေး သွားလိုက်ချင်သည်။
သို့သော် ကိုယ်ခန္ဓာ တခုလုံးက ကျောက်ချထားသည့်နှယ်။
ချွေးစေးတွေ ပြန်လာပြီး မောဟိုက်နေစဉ်မှာပင် … ကြီးမားပြီး အဆိပ်ပြင်းသည့် ပင့်ကူကြီးတကောင်က သူ့ဦးခေါင်းခွံကို ဖောက်၍ ဦးနှောက်ဖြူဖြူ များကို အားပါးတရ စားနေလေတော့သည်။

***
ဒီနောက်မှာတော့ တကိုယ်လုံး ချွေးတွေရွှဲကာ အိပ်ရာမှ အလန့်တကြား နိုးထလာလေသည်။
ဦးခေါင်း တခုလုံးက လပ်ဟာနေသလို … ကိုယ့်ခေါင်းကိုယ် ကယောင်ကတမ်း ပြန်စမ်းကြည့်မိသည်။
အိပ်မက် …
ဒါဟာ … အိပ်မက် မက်နေတာပဲ …
တော်ပါသေးရဲ့ ….
သက်ပြင်းတချက်ကို ဟင်း ခနဲ ချလိုက်မိ၏။

***
ဒါကတော့ … လွန်ခဲ့တဲ့ ဘယ်နှနှစ်ကလဲ မမှတ်မိတော့ပါ (၁၉၉၁-၉၂ ခန့်ကလို့ ထင်ပါတယ်) … စန္ဒာမဂ္ဂဇင်း မှာ ဖော်ပြခြင်း ခံခဲ့ရတဲ့ ကျမရဲ့ ၀တ္ထုတို လေး တပုဒ် အကြောင်း တစွန်းတစ မှတ်မိသလောက် ရေးပြခြင်းဖြစ်ပါတယ်။

ဝတ္ထု ခေါင်းစဉ်ကတော့ အထက်မှာ ဖော်ပြထားတဲ့ အတိုင်း “ဦးနှောက်ဖောက်စား ခံရခြင်း” ပါပဲ။
ဒီဝတ္ထုလေးကို တကယ်ပဲ မေ့နေခဲ့မိတယ်။ စန္ဒာမဂ္ဂဇင်းမှာ ဆရာကြပ်ကလေး အယ်ဒီတာအဖြစ် တာဝန်ယူ နေစဉ်က ကျမရဲ့ ဒီဝတ္ထုလေးကို ရွေးချယ်ခဲ့တာပါ။ ကျမ တွေ့ဖူးသမျှ အယ်ဒီတာတွေထဲက ကျမလေးစား မိတဲ့ အယ်ဒီတာတွေထဲမှာ ဆရာကြပ်လည်း တယောက်အပါအ၀င်ပါပဲ။

ကြုံတုန်း ဆရာကြပ်အကြောင်း နည်းနည်း လောက် ပြောချင်ပါတယ်။ သူဟာ ရောက်လာသမျှ ၀တ္ထု ဆောင်းပါး အားလုံးကို ဖတ်ပြီး ရွေးရင် ဘာကြောင့်ရွေးတယ် … မရွေးရင် ဘာကြောင့် မရွေးဘူးဆိုတဲ့ မှတ်ချက်တွေကို စာမူမှာ အမြဲ တွဲပေးထားပါတယ်။ ကျမ အပယ်ခံရတဲ့ စာမူတွေမှာ ဆရာကြပ် လက်ရေးလေးတွေနဲ့ မှတ်ချက်တွေ ပေးထားတာ ခုထိ သိမ်းထားပါတယ်။ အဲဒီလို ဆရာကြပ်ဟာ စာရေးသူတွေအပေါ် ကလောင်ကြီး-ငယ် မရွေး လေးစားမှု ရှိပြီး တာဝန်ကျေတဲ့ အယ်ဒီတာ တယောက်ပါ။

ဆရာကြပ်ကို ခဏရပ်ပြီး .. ၀တ္ထုအကြောင်း ဆက်ပြောပါဦးမယ်။
ဒီဝတ္ထုရေးဖြစ်တာကတော့ စာပေနယ်မှာ ကြုံတွေ့နေရတဲ့ ရှဲဒိုးတွေ … သူများအိုင်ဒီယာကို မသိမသာ တမျိုး သိသိသာသာ တသွယ် မှီငြမ်း ကူးချတဲ့သူတွေ ဒီလိုလူမျိုးတွေကို ရည်ရွယ်ပြီး ရေးဖြစ်ခဲ့တာပါ။ ဒီလိုလူတွေဟာ ခေတ်အဆက်ဆက် စာပေနယ်မှာ ရှိခဲ့ပါတယ်၊ ရှိနေပါတယ်၊ ရှိလည်း ရှိဦးမှာပါပဲ။ ဒီလိုလူစားမျိုးတွေကို ကျမကတော့ သူများ ဦးနှောက်ဖောက်စားတဲ့ သတ္တ၀ါတွေလို့ သတ်မှတ်ြပီး ဒီဝတ္ထုကို ဖန်တီးခဲ့တာပါ။

စောစောက ပြောခဲ့သလို ဒီဝတ္ထုတိုကလေးကို ကျမ မေ့လျော့ နေခဲ့တယ်။ ဟိုတနေ့ကမှ ကိုသံလွင် ဘလော့က “သူတို့ .. သူခိုး” ဆိုတဲ့ စာကိုဖတ်ပြီး ဒီဝတ္ထုတိုလေးကို ပြန်အမှတ်ရမိတယ်။ ထုံးစံအတိုင်း မူရင်းစာမူကတော့ ပျောက်နေခဲ့ပြီပေါ့။ နှမြောစရာ … ။

ဒီဝတ္ထုလေးအတွက်လည်း စာမူခက ၁၅၀ လား ၂၀၀ လား ရခဲ့ဖူးပါတယ်။ မှတ်မိနေတာကတော့ စာမူခသွားထုတ်တဲ့ အချိန်မှာ တွေ့ကြုံခဲ့ရတဲ့ မဂ္ဂဇင်း ထုတ်ဝေသူ အန်တီမမရဲ့ ဆက်ဆံရေး ပါပဲ။
အယ်ဒီတာ ဆရာကြပ်ဟာ စာမူခလို ငွေရေးကြေးရေး ကိစ္စမျိုး တာဝန်မယူပါဘူး။ စာမူခနဲ့ ပတ်သက်ပြီးတော့ ရင်ဆိုင်ရတာက ကွယ်လွန်သူ ဦးဝင်းဦးရဲ့ အမွေကို ဆက်ခံခဲ့တဲ့ အန်တီမမကြီးပါပဲ။
သူ့မဂ္ဂဇင်းမှာ စာရေးတဲ့သူကို ဆက်ဆံပုံများ သူ့ဆီ ပိုက်ဆံလာချေးတဲ့ သူ မှတ်နေသလား မသိပါဘူး။ ဒီပိုက်ဆံလေးရဖို့ စောင့်ရတာလည်း အကြာကြီးပါ၊ ပေးပြန်တော့လည်း ဟောင်းပေ့ နွမ်းပေ့ ဆိုတဲ့ ပိုက်ဆံလေးတွေ ရွေးချယ်ပြီး ပေးခဲ့ပါရဲ့။ ဗိုလ်ချုပ်ခေါင်းနဲ့ ၅ ကျပ်တန် အနွမ်းလေး တွေတောင် ပါသေးတယ်။ အဲဒီပိုက်ဆံတွေကို အောင့်သီး အောင့်သက်နဲ့ လက်ခံ ယူခဲ့ရတာကိုတော့ ခုထိ မမေ့သေးဘူး။

ဒီလိုပါပဲ … ဗမာပြည်က စာရေးဆရာများ အလွန် အောက်ကျ နောက်ကျ နိုင်လှပါတယ်။ အနုပညာစစ်စစ်ကို ဖန်တီး ထုတ်လုပ်သူတွေဟာ ငွေရှင် ကြေးရှင်ကို အောက်ကျို့ရတာ အင်မတန် ၀မ်းနည်းစရာ ကောင်းတယ်။
ဟော .. ရှဲဒိုးသမားတွေ …ဖေတော့ မောင်တော့နဲ့ လုပ်စားသူတွေ … ဒါမျိုး စာရေးဆရာ အမည်ခံတွေ ကျတော့ ထုတ်ဝေသူတွေက ခခယယ လုပ်ကြရပြန်တယ်။ သူတို့က စင်ပေါ်ကလေ။

လုပ်လဲ လုပ်လောက်ပါတယ် … ။ သူတို့က ဘက်ဆဲလား (Best Seller)တွေ ဖြစ်နေကြတာကိုး။
ဒီ ဘက်ဆဲလားတွေရေးတဲ့ စာတွေကို တကယ်တမ်း ကြည့်မယ်ဆိုရင် ဘယ်မလဲ အနှစ်သာရ … ။ ဘယ်မလဲ စာပေအဆင့်အတန်း … ။ ရှက်စရာတောင် ကောင်းပါရဲ့ …။
ဒါကိုပဲ ရုပ်ရှင်တွေရိုက် … အကယ်ဒမီတွေ ဘာတွေတောင် ပေးနေကြတဲ့ ဒီခေတ်ကြီးထဲမှာ မြန်မာ့စာပေ အဆင့်အတန်း မြင့်မားဖို့ ဆိုတာများ မျှော်လင့်ချက် ရှိသေးသလား လို့တောင် စဉ်းစားစရာပါ။

ဒီလိုစာပေတွေကို လူအများစု ဘာကြောင့် လက်ခံသလဲ၊ သူတို့ ဘာကြောင့် ဘက်ဆဲလား ဖြစ်နေရသလဲ။ ရှင်းရှင်းလေးပါပဲ … ။
မွန်းကျပ်နေတဲ့ လူအများစုဟာ ထွက်ပေါက်တခု လိုချင်ကြတယ်။ ကိုယ်ကိုယ်တိုင် လုပ်ချင်တာတွေ လုပ်ခွင့်မရတဲ့အခါ … ၀တ္ထုဖတ်ပြီး စိတ်ကူးယဉ် ချင်ကြတယ်။ ၀တ္ထုထဲက ဇာတ်ကောင် နေရာမှာ ၀င်ရောက် ခံစားပြီး တဒင်္ဂ ထွက်ပေါက်ကို ရှာကြတယ်။ အပြစ်ပြောစရာ မရှိအောင် ရုပ်ကချော၊ ထားစရာ နေရာမရှိအောင် ငွေကြေးကြွယ်ဝ၊ ပညာဆိုတာကလည်း အလွန်ပြည့်ဝ၊ များသောအားဖြင့် ဒီလိုမျိုး ဇာတ်ကောင်တွေ ဆိုတော့ကာ စိတ်ကူးယဉ် လောကထဲမှာ ပျော်မွေ့လိုသူများ အကြိုက်တွေ့ပြီပေါ့။

သွားစမ်းပါ … သဘာဝတွေ .. ဘ၀သရုပ်ဖော်တွေ … ဆင်းရဲတွင်းထဲကကို မထွက်ကြတော့ဘူး။
ဒါတွေဖတ်ပြီး စိတ်ကူးယဉ်လို့လဲ မရ … ပိုပြီးတောင် စိတ်ဆင်းရဲရတယ် ဆိုတော့ … ဒါတွေကို ဝေးစွာ ရှောင်ကြဉ် ကြတော့တာပေါ့။ လူအများစုရဲ့ သဘာဝလေ။

ဒီိစာရေးဆရာတွေ အတွက် ရေးစရာကလည်း မရှားပါဘူး။ အင်္ဂလိပ်၊ အမေရိကန်၊ တရုတ်၊ ကိုရီးယား၊ ကုလား၊ ဂျပန် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေ .. အကုန်ထိုင်ကြည့်ပြီး ဟိုထဲက တပိုင်း၊ ဒီထဲက တစ .. ခိုးချလေတော့ သတည်း ပါပဲ … ။ ထုတ်ဝေသူတွေကလည်း ဒီစာရေးဆရာတွေ ကုန်ကြမ်းရဖို့ ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေကို တခုတ်တရ ငှားရမ်းပေးတယ်၊ ကြည့်စေတယ်၊ ဒီဇာတ်လမ်းလေးက ကောင်းတယ် … ဒီလိုဒီလို ပြုပြင်စီမံ ရေးလိုက်ပါ … စသဖြင့် အကြံကောင်း ဥာဏ်ကောင်းတွေလည်း ပေးတယ်။

ဒီလိုနဲ့ ဟောတအုပ် …ဟောတအုပ် ဆိုတာ စက်နဲ့ လှည့်ထုတ်သလား မှတ်ရတယ် … ပလူပျံအောင် ထွက်လာ တော့တာပေါ့။

ခိုးချတာတွေ … တုပတာတွေ .. မှီငြမ်းတာတွေ … ဒါတွေကို ဘယ်သူမှ မသိသေးသရွေ့တော့ … ဟုတ်လို့နေပါရဲ့။ တယောက်ယောက်က သိသွားတော့လည်း အရှက်နည်းစွာနဲ့ … ခုလို ပြောကြပြန်ပါတယ်။
“ဒီစာရေးဆရာကို အရမ်းကြိုက်တော့ သူ့စာတွေကို စွဲလမ်း မိလွန်းလို့ သူ့ရဲ့ သြဇာလွှမ်းမိုးမှု ခံလိုက်ရတာပါ …” တဲ့။ တချို့ကတော့ ….
“ဒါကတော့ အိုင်ဒီယာ တူသွားတာပေါ့ … အကြံတူ နောက်လူသာစမြဲ ဆိုတာ ရှိတယ်မှုတ်လား .. ဟင်း ဟင်းဟင်း” တဲ့။ တချို့ကလည်း …
“စု တု ပြု ဆိုတဲ့ စကားအတိုင်း …ခေါင်းထဲမှာ မှတ်မိသလောက် စုဆောင်း ထားတာလေးတွေကို အတုခိုးပြီး ပြုပြင်ရေးသား လိုက်ရတာပါ” တဲ့ ….ကောင်းရော။

လမင်းမိုမိုရဲ့ နာမည်ကြီး “မောင်” ၀တ္ထု ဆိုတာဟာလည်း နိုင်ငံခြားရုပ်ရှင် ဇာတ်ကား တခုထဲက မှီငြမ်းပြု ထားတာလို့ သိခဲ့ရဖူးတယ်။

တကယ်တော့ ဒါတွေဟာ မလုပ်သင့်တဲ့ ကိစ္စတွေလို့ ထင်မြင် ယူဆမိပါတယ်။
ဒါဆို … ဘာကြောင့် မလုပ်သင့်တာတွေ လုပ်နေကြသလဲ… ။
ကိုယ့်အတွေးနဲ့ကိုယ် မရေးနိုင်တဲ့အခါ နာမည်ကြီး ချင်တဲ့အတွက် (သို့မဟုတ်) စာဖတ်သူများ ကိုယ့်ကို အထင်ကြီးစေချင်တဲ့အတွက် မလုပ်သင့်တာတွေ လုပ်နေကြတာလို့ပဲ ကျမကတော့ မြင်ပါတယ်။ ဒီအခါမှာ ကိုယ့်ကျင့် သိက္ခာတို့ အရှက်တရား တို့ဆိုတာ သူတို့မှာ မရှိကြတော့ပါဘူး။

ဆရာကြီး မောင်သာရ က ရေးတတ်ရင် ၀တ္ထု ဖြစ်တယ် လို့ ဆိုခဲ့ဖူးတယ်။ တကယ်ပါ …ရေးတတ်တယ်ဆိုရင် ဘာမဟုတ်တဲ့ အကြောင်းအရာလေးကို ဖတ်ချင်စဖွယ်ဖြစ်အောင် ဆွဲဆောင်မှု ရှိအောင် ရေးလို့ရပါတယ်။ အတွေးအခေါ်တွေ အိုင်ဒီယာတွေ တအားကောင်းဖို့ မလိုပါဘူး။ အဓိက က ရိုးသားမှု နဲ့ ကြိုးစားမှု ရှိဖို့ပါပဲ။

ပြီးတော့ … ကြီးကြီးကျယ်ကျယ် ကြီးတွေ ရေးမှ မဟုတ်ပါဘူး … ။ သေးသေးငယ်ငယ်လေးကို ရေးတတ်ရင်လည်း အလုပ်ဖြစ်ပါတယ်။ ဒီစာရေးနေရင်းနဲ့ ဆရာဇော်ဂျီရဲ့ ကဗျာလေး ခေါင်းထဲ ရောက်လာတယ် … ရှုပါအုံး။

ထိုးသော်တဲ့ ထိုးသော်
ကြိုးချော်လို့သွား
အဖွားအို အမြင်ကတ်တယ်
အပ်ရွှေနဖား … ။


ဒီကဗျာကို ဆရာဇော်ဂျီက တမင် ရေးဖွဲ့ခဲ့တာပါ။ သူများတွေ ကြီးကြီးကျယ်ကျယ်တွေ ဖန်တီးရေးဖွဲ့နေချိန်မှာ သူက အသေးငယ်ဆုံးဖြစ်တဲ့ အပ်နဖား အကြောင်းကို တမင်သက်သက် စာဖွဲ့ခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် အကြောင်းအရာ ခမ်းနားကြီးကျယ်မှ ရေးရမယ် မဟုတ်ပါဘူး။ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုက်ညီပြီး ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အကြံ၊ ကိုယ့်အတွေး ကိုယ့်အရေးနဲ့ ရိုးသားစွာ ရေးကြမယ် ဆိုရင်ဖြင့် …ဖြစ်ပေါ်နေတဲ့ သူခိုး ကိစ္စလည်း ပပျောက်တန် ကောင်းပါရဲ့။

ဒါပေမဲ့လည်း တကယ်တမ်း စဉ်းစားကြည့်တော့ သိပ်လွယ်မယ် မထင်ပေါင်။
အရိုးစွဲနေတဲ့ အကျင့်တခုဆိုတာ ဖျောက်ရခက်သားလား။
***
မေဓာဝီ
23.2.07
11:30 pm

Read More...

Friday, February 23, 2007

အမှိုက်ထဲက စာတအုပ်

တနင်္ဂနွေဆို အဖေက စာအုပ်ဂိုဒေါင်ကို သွားလေ့ရှိပါတယ်။ အဲဒီနေ့ဆို အလုပ်သမား ၂ယောက် ရောက်လာပြီး ဂိုဒေါင်က စာအုပ်တွေ ရှင်းလင်းရေး လုပ်တတ်လို့ပါ။ သူတို့ရှင်းလင်းပြီး သုံးမရ ဖတ်မရတော့တဲ့ ပိုးကိုက် ခြကိုက် စာအုပ်တွေ စာရွက်တွေကို ကုလားတွေကို ခေါ်ပြီးရောင်းတဲ့အခါ အဖိုးတန်တာတွေ ပါကုန်မှာစိုးလို့ အဖေက သွားသွားကြည့် ပေးရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေမှာတော့ အဖေ ဂိုဒေါင်ကပြန်လာပြီး ကျမကို စာအုပ် တအုပ်ပေးပါတယ်။ အမှိုက်ဆိုပြီး လွှင့်ပစ် ထားတဲ့ အပုံထဲက ယူလာတာ … တဲ့။ စာအုပ်ကလေးက တော်တော် ဟောင်းနွမ်း စုတ်ပြတ်နေပါပြီ။
“ခေါင်းဆောင်ကြီး ဦးဘဘေ ၏ နိုင်ငံရေးရာ အဖြာဖြာ ပဌမတွဲ” လို့ စာအုပ်မျက်နှာဖုံးမှာ ရေးထားပါတယ်။ ၁၉၄၆ ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့တဲ့ စာအုပ်ကလေးပါ။

စာအုပ်ကလေးကို ဖွဖွရွရွ အသာလေး ကိုင်ဖွင့်ပြီး ဖတ်ရပါတယ်။ ကျမက အကိုင်အတွယ် ရိုသေ ညင်သာ လွန်းလို့တော့ မဟုတ်ပါဘူး။ အဲဒီလိုမှ မကိုင်ရင် တစစီ ဖြစ်သွားမှာမို့ပါ။

စာအုပ်ရေးသူ ဦးဘဘေ ဆိုတာ ဘယ်သူလဲ … သိချင်တာနဲ့ နိဒါန်းကို ဖွင့်ဖတ်ကြည့်လိုက် မိတော့ … နိဒါန်းမှာ ဟံသာဝတီ သတင်းစာ အယ်ဒီတာက ခုလို ရေးထားပါတယ်။
“ဦးဘဘေ၏ အတ္ထုပ္ပတ္တိ ကို ရေးရသော် ဇိနတ္ထပကာသနီကျမ်းမျှ စာမျက်နှာများစွာ ရေးမှ စုံနိုင်ပေမည်၊ ၀ါကျ တကြောင်းတည်းနှင့် ဦးဘဘေ၏ အတ္ထုပ္ပတ္တိကို ရေးရသော် မြန်မာ့ရာဇ၀င်နှင့် တပါတည်း နောက်ဆုံးခေတ်အထိ လိုက်ပါလာသော *ဘကြီး* ဟူ၍ပင် ရေးသင့်ပေသည်။”

ဒီစာအုပ်ကရော .. ဘယ်လိုစာအုပ်မျိုးလဲ … ခုလို ဆက်ပြီး ရေးထားပါသေးတယ်။
“ကဗျာရောင် စကားပြေ စာသွားမျိုးလည်း မဟုတ်၊ မှတ်သင့်မှတ်ရာကို မှတ်စုထုတ်ပေး ဘိသကဲ့သို့ ခဲရာ ခက်ဆစ် ပြဿနာ အရပ်ရပ်တို့၏ အကြောင်းများကို ရေးသားထားသော စာမျိုးပင် ဖြစ်သဖြင့် နောင်လာ နောက်သားတို့ ဗဟုဿုတ ရှာမှီးနိုင်ကြစေရန် *နိုင်ငံရေးရာ အဖြာဖြာ*ခေါ်အမည်နှင့် စာအုပ် ထုတ်ဝေ လိုက်ရပေသတည်း”

ဒီစာအုပ်ထဲမှာ ခေါင်းစဉ်ကြီး ၃၂-ခု ခွဲထားတယ်၊ ခေါင်းစဉ် သေးလေးတွေကတော့ အများကြီးပါပဲ။
ဒီထဲကမှ ခေါင်းစဉ်ကြည့်ရုံနဲ့ သဘောကျမိတဲ့ ခေါင်းစဉ်လေးတွေက …
* လွတ်လပ်ရေးနှင့် လက်လွတ်ရေး
*တော်လှန်ရေးနှင့် တွန်းလှန်ရေး
* သာတူညီမျှနှင့် သားတူညီမယား ကောင်းစားရေး
* လွတ်လပ်ရေးတိုက်ပွဲလော ဗိုလ်လုပွဲလော
*မြန်မာပြည် စားကျက်ကြီး
* ပညာ နှင့် ပြင်ညာ …

စတာတွေပဲ ဖြစ်ပါတယ်။

လွတ်လပ်ရေး မရခင်က ရေးသား ထုတ်ဝေတဲ့ စာအုပ်မို့ ဦးတည်ချက်ကတော့ လွတ်လပ်ရေး အတွက်ပါပဲ။
ဖွဖွ ရွရွလေး ဖတ်ရင်း ဖတ်ရင်းနဲ့ သဘောကျလို့ လက်က မချနိုင်အောင် ဖြစ်ရတယ်။ ကိုယ်သဘောကျပြီ ဆိုမှဖြင့် ဝေမျှချင်တဲ့ ဆန္ဒကြောင့် … ကြိုက်နှစ်သက်ရာ အသုံးတည့်မယ်ထင်တဲ့ စာသားလေးတွေ ကောက်နုတ်ပြီး ဘလော့ပေါ် တင်လိုက် ရကြောင်းပါ။
***
(၁) နိုင်ငံရေးသမား အစစ်တို့၏ထုံး

တိုင်းပြည်နှင့် အမျိုးသားများ အတွက် ဘာတခုမျှ မယ်မယ်ရရ မလုပ်နိုင်သည်ကို သိလျက်နှင့် ရာထူးလက်ခံသော နိုင်ငံရေးသမားသည် နိုင်ငံရေးသမား မဟုတ်၊ နိုင်ငံရေးကို ဘမ်းပြ၍ ကိုယ်ကျိုး ကိုယ့်စီးပွား ကိုယ့်ပါတီ အကျိုးတို့ကိုသာ ရည်မှန်း၍ နိုင်ငံရေးကို အလွဲသုံးစားသူသာ ဖြစ်ပေသည်။ အစ၌ မိမိအမျိုးသားနှင့် မိမိတိုင်းပြည်အတွက် အကျိုးထွန်းကားအောင် ရွက်ဆောင်နိုင်မည်ဟု ယူဆသဖြင့် လက်ခံခဲ့ရာ၊ လုပ်၍ ကြည့်သောအခါ ထင်သည့်အတိုင်း မဟုတ်၊ ဘာတခုမျှ မဖြစ်မြောက်သည်ကို တွေ့ရှိလျှင် နိုင်ငံရေးသမား အစစ်ဖြစ်က ချက်ချင်း နုတ်ထွက်ရပေသည်။

(၂) အပြစ်ရှာနေရန် အခါမဟုတ်

လိုရာခရီးသို့ မှန်းခြေမပေါက်သဖြင့် အချို့က မြန်မာပြည်နိုင်ငံရေးသည် ဇာတ်မျော၍ နေပြီဟုပင် ယူဆကြ၏။ ကမ္ဘာစစ်ကြီးပြီး၍ တိုင်းငယ် ပြည်ငယ်အများ လွတ်လပ်ရေးရသော တိုင်းပြည်ကရ၊ မရသေးသော တိုင်းပြည်ကလည်း မရ၊ ရအောင် တိုးတက်၍ ကြိုးစားသဖြင့် ရလုနီးပါး တိုင်းပြည်လည်း ရှိနေရာ၊ မြန်မာပြည်၏ လွတ်လပ်ရေး တိုက်ပွဲမှာ မြန်စေချင်သလောက် မြန်စွာ မတိုးတက်သဖြင့် မြန်မာပြည် နိုင်ငံရေး ဇာတ်မျောနေသည် ဟု ယူဆသူတို့အပေါ်တွင် အပြစ်ဆိုရန် မရှိပေ။
သို့ရာတွင် ချက်ခြင်းမရသဖြင့် စိတ်ပျက်၍ နေရန် မဟုတ်၊ လိုရာခရီး မရောက်သဖြင့် မည်သူမည်ဝါ၏ အပြစ် စသဖြင့် အပြစ်ရှာ၍ နေရန်မဟုတ်၊ မရ-ရအောင်သာ စည်းလုံး ညီညွတ်စွာ ရွက်ဆောင် ကြရန် ရှိပေသည်။


(၃) ရည်ရွယ်ချက်တခြား အလုပ်တခြား

အာဏာကို မိမိလက်တွင်းသို့ ရောက်ရှိအောင် (၀ါ) လွတ်လပ်ရေး ရရှိအောင် မလုပ်ဘဲ မိမိဝါဒ မိမိပါတီ တိုးတက်မှုကိုသာ လုံးပမ်းလျှင် တိုင်းပြည်နှင့် လူမျိုးလည်း မလွတ်လပ်၊ မိမိနှစ်ခြိုက်သော ၀ါဒလည်း မကြီးပွား၊ အချင်းချင်း စကားများ၍ ညီညွတ်ရေး ပျက်ပြားရုံသာလျှင် ရှိပေသည်။

(၄) အတွင်းရန်- အပြင်ရန်

လွတ်လပ်ရေး ကြိုးပမ်းရာ၌ ထာဝစဉ် တွေ့ရှိရသော ရန်မှာ အပြင်ရန် အတွင်းရန် ဟူ၍ ၂ မျိုး ၂ စား ဖြစ်ပေသည်။
၁- အပြင်ရန်မှာ မြန်မာပြည်သားတို့ လိုလားသော လွတ်လပ်ရေးကို ပြန်မပေးလိုသဖြင့် ပရိယာယ် အမျိုးမျိုးနှင့် သိမ်းပိုက်ထားသူများနှင့် ၄င်းတို့ကို ကူပံ့နေသူများ ဖြစ်ပေသည်။
၂- အတွင်းရန်မှာ အခြားမဟုတ်၊ မြန်မာပြည်သူ ပြည်သားများ မညီညွတ်မှု၊ အချင်းချင်း ဂုဏ်ပြိုင်မှု၊ အချင်းချင်း ဖိနှိပ်မှု၊ အချင်းချင်း ဗိုလ်လုမှု၊ အာဏာရရှိမှ စိတ်တိုင်းကျ စီမံနိုင်သော ၀ါဒများကို စွဲလမ်း၍ အချိန်ကုန် အငြင်းအခုံ ဖြစ်နေမှု စသော အချက်တို့ပင် ဖြစ်ပေသည်။


(၅) လွတ်လပ်ရေး - လက်လွတ်ရေး

အုပ်ချုပ်ရေးတွင်လည်း ကာကွယ်ရေး ဥပဒေကို ရေလဲ အမျိုးမျိုးဖြင့် သုံး၍ အရေးတကြီး ဥပဒေများဖြင့် အုပ်ချုပ်ရာ တိုင်းသူ ပြည်သား တို့မှာ အလွန်ပင် စိတ်မချမ်းသာစရာ ဖြစ်၍ နေကြရလေသည်။
ဤသည်ကို ထောက်၍ (အင်္ဂလိပ်အစိုးရ ပြန်အရောက်တွင်) လွတ်လပ်ရေး မဟုတ်၊ လက်လွတ်ရေး သာလျှင် ရှိကာ ခံစားနေကြရသော အချက်တို့မှာ အစိုးရက (၁)ခေါ်လျှင်သွား၊ (၂)တောင်းလျှင်ပေး၊ (၃) ခိုင်းလျှင်လုပ်၊ (၄) လုပ်လျှင် ခံ ဖြစ်နေပေသည်။

***
လောလောဆယ်တော့ အဲဒီလောက်ပဲ ရိုက်နိုင်လို့ ဒီလောက်ပဲ ဖတ်ထားနှင့် ကြပါအုံး။
ဒီစာအုပ်ကိုလည်း “နန္ဒမာလိနီ” လို အပိုင်း တွေခွဲပြီး ကောင်းနိုးရာရာ ကောက်နုတ် တင်ပေးရ ကောင်းမလား စဉ်းစားမိပါသေးတယ်။ စိတ်ဝင်စားကြမယ် ဆိုရင်တော့ အချိန်ကုန် ခံရမှာပ … ။
***
မေဓာဝီ
22.2.07
00:00 am

(စာလုံးပေါင်းတွေကို အဲဒီစာအုပ်ထဲက အတိုင်းသာ ရိုက်ထားတာ ဖြစ်ပါတယ်။)

Read More...

Thursday, February 22, 2007

ချိုးကူသည့် နံနက်ခင်း

ဒီနေ့မနက် အိပ်ရာကနိုးနိုးချင်း အိမ်အနောက် တောင်ထောင့်က လက်ထုတ်ပင်ကြီးပေါ်မှာ ချိုးကလေး ကူနေသံကို ကြားရ၏။
ကူ ကူး …
ကူ ကူး … ဆိုတဲ့ ချိုးကူသံလေး နားထောင်ပြီး ဘာကိုမှန်းမသိ လွမ်းသလို ဆွေးသလို …။
ဒီ ချိုးလည်ပြောက်လေးတွေကို ခြံထဲက သစ်ပင်တွေထက်မှာ မကြာခဏ တွေ့ရတတ်သည်။
တခါတလေလည်း တကောင်တည်း … တခါတလေလည်း ဖိုမ စုံတွဲ။ နှစ်ကောင်ယှဉ်တွဲလို့သာ ဖိုမ စုံတွဲ လို့ ဆိုရသည်၊ တကယ်တမ်းတော့ အထီး အမ မခွဲခြားတတ်။

ချိုးကလေးကူသံ နားထောင်ရင်း …

ချိုးနှစ်ကောင်
ထနောင်းပင်ညီနောင်က
လွမ်းအောင်ကူချွဲ၊
ပန်းတော်ဖြူ
ပင်မြက်နေစာ ထူလှတယ်၊
ဖိုးတောင်သူ့တဲ .. ။

………………………ဆိုသည့် ကဗျာလေးကို သတိတရ ရေရွတ်မိသည်။ တကယ်လည်း လွမ်းအောင် ကူချွဲတတ်သည့် ချိုးကလေး ပါပေ။

ဒီ့နောက်မှာတော့ …

ဘယ် ဘယ် ဘယ် ဘယ်ကို ရယ်နှက်
လည်ပင်းအထက် ခေါင်းကိုနှက်လို့ ..
ဘယ် ဘယ် ဘယ် ဘယ်ကိုရယ်ခွဲ
ရင်ကိုခွဲလို့
ရှားမီးခဲတွင် ရဲရဲကင်သည် …
အကျွန်မမြင်ဝံ့ပါသည်တကား ..
ရွှေချိုးဖြူရယ်လေ .. မယ့်လင်သား … ။ ။


ဆိုသည့် ကဗျာ အပိုင်းအစလေးကို အမှတ်ရမိပြန်၏။
ချိုးဖိုကလေးကို ခေါင်းထု ရင်ခွဲပြီး သတ်နေသည့် မြင်ကွင်းကို မြင်လိုက်ရသည့် ချိုးမလေး၏ ရင်ထဲ ဘယ်လိုများ ခံစားရမလဲ ဟု ကရုဏာသက် နေမိပြန်သည်။

နံနက်ခင်း၏ တာဝန် ၀တ္တရားများ ဆက်လက် ဆောင်ရွက် လုပ်ကိုင်နေစဉ်မှာပင် ချိုးကလေးကလည်း ကူလို့ ကောင်းနေတုန်း။

တကူ ကူး ကူ … တကူ ကူး ကူ …
ထူးတင့် သံသာ ..မြူးဝံ့မှန်စွာ
ရွှေချိုးဖြူရယ် ကူတယ်လေး … ကူ ကူ ကူ လို့နေ …

ဆိုသည့် သီချင်းကလည်း ခေါင်းထဲ ရောက်လာပြန်သည်။

ဦးတင်မောင်နှင့် ကြည်ကြည်ဌေး သရုပ်ဆောင်သည့် ဇာတ်ကား ဟုထင်ပါသည်။ နောက် သိန်းဇော်နှင့် မေလွင် လည်း ပါသေးသည်။ ဒီဇာတ်ကားထဲမှာ ချိုးဖြူကလေးတွေနှင့် အတူ သီဆိုသော တကူကူးကူ ရုပ်ရှင်ဇာတ်ဝင်တေး ကလေးကို ငယ်ငယ်ထဲက သဘောကျ နှစ်သက်မိခဲ့သည်။ ချိုးကူသံကလေးများ ကြားရရင်ဖြင့် ဒီသီချင်းလေးကို (စာသားမှန်မမှန်မသိ)ပျော်ပျော်ပါးပါး နှုတ်က ရွတ်ဆိုမိနေကျ။
***
ချိုးငှက် ဆိုသည်က ငြိမ်းချမ်းရေး၏ သင်္ကေတ။
သူ့ ကူသံကလေးကလည်း သာတောင့်သာယာ လွမ်းစရာ။ ချိုးကူသံကလေး နားထောင်မိသည့် အခိုက်အတန့်ကလေးမှာပင် လွမ်းမိဆွေးမိ၊ ကရုဏာသက်မိ၊ နှစ်သက် ကြည်နူး ပြုံးပျော်မိ … ရသမျိုးစုံ တပြိုင်တည်း ခံစား လိုက်ရ၏။

ဆောင်းအနှောင်း နွေအပြောင်း နံနက်ခင်းက အေးအေးညင်းညင်း ရှိလှသည်။
ဒီရာသီနှင့် ဒီနံနက်ခင်းနှင့် ဒီချိုးကူသံကလေးက လိုက်လည်း လိုက်ဖက်ပါဘိ။
***
မေဓာဝီ
22.2.07
12:05 pm

Read More...

Wednesday, February 21, 2007

ကိုပြူးကျယ်သို့ ပေးစာ … အပိုင်း (၆)

သို့
ကိုပြူးကျယ် …

“ကိစ္စများမြောင် လူတို့ဘောင်” ဆိုတဲ့ စကားအတိုင်း ကျမမိတ်ဆွေကြီး ကိုပြူးကျယ် တယောက် အလုပ်တွေ များနေတယ် ထင်ပါရဲ့။ မည်သို့ပင် ဖြစ်စေ … အစစ အရာရာ အဆင်ပြေပါစေကြောင်း ဦးဆုံး ဆုတောင်း ပေးလိုက်ပါရဲ့ရှင်။

ဒီတပတ်တော့ မပြီးပြတ်သေးတဲ့ လေးချိုးအခန်း ကိုပဲ ဆက်ပြောကြပါဦးစို့ နော်။
လေးဆစ်အပြီးမှာ လေးချိုးလတ် ရေးနည်း နဲ့ နမူနာ လေးချိုးလတ်တွေ ဖော်ပြလိုက်ပါတယ်။
လေးချိုးလတ်ဟာ လေးဆစ်လိုပဲ အချိုး ၄-ခု ရှိရပါတယ်၊ အချိုး ၄-ခုရဲ့ ပထမချိုးမှာ ၃-ပိုဒ် (သို့မဟုတ်) ၄-ပိုဒ် ထားကြပြီး ကျန် ၃ ချိုးတို့မှာတော့ အနည်းဆုံး ၃-ပိုဒ်မှ ၇-ပိုဒ် ထိ ထားနိုင်တယ်လို့ ဆိုပါတယ်။
အက္ခရာ လုံးရေအားဖြင့်တော့ ပထမ နဲ့ တတိယအချိုးတို့ရဲ့ အပိုဒ်တိုင်းမှာ ၆-လုံး စီထားရပါမယ်။
ဒုတိယချိုးရဲ့ အစပိုဒ်မှာ ၃-လုံး (သို့) ၆-လုံး စီ ထားရပြီး အဆုံးပိုဒ်မှာတော့ ၄-လုံးသာ ထားရပါမယ်။
စတုတ္ထချိုးရဲ့ အစပိုဒ်မှာ ၃-လုံး (သို့) ၄-လုံး စီ ထားရပြီး အလယ်ပိုဒ်တို့မှာ ၆-လုံး စီထားကာ အဆုံးပိုဒ်မှာတော့ ၄-လုံးသာ ထားရပါမယ်။

လေးချိုးလတ်ရေးနည်း နမူနာပြ ဆောင်ပုဒ်ကလေးကို ကြည့်ရအောင်။

ကုံးသီကာ ရှေးပျိုးတတ် (စေဘို့)၊
ထုံးမှီစရာ ရှေးရိုးစပ် (မယ်ပ)၊
(အိုကွယ်)လေးချိုးလတ် (ရယ်တဲ့) ဤသည့်စာ။

ပ-အချိုး (မှာလ)၊
ပြရိုးနော် တိပဒါ (ပ)၊
ဒုတိယာ-တ, စတု (မှာလ)၊
စု-လိ-ပါ-သ တခု (ပါဘဲ)၊
ပိုဒ်စု (ကို) အမြင်သာ (ဘို့)၊
သင်္ချာကို နံသင့်ရေး (တယ်ကွယ်)၊
တွေး … ကြ သေချာ။… ။

အက္ခရာ လုံးရေရ (ကိုလ)၊
ဆက်ကဗျာ ကုံးဖွေလို့ပြ (ပြန်တော့)၊
သုံးနေကျ (မှာလ) ပ-တ-မှာ … ၊
ဆခရာ (သာပ) အပိုဒ်တိုင်း။

ဒု-စ လယ်၊
ရှုဆဖွယ် ခြောက်ပင်ကုံး (ပါလို့)၊
နောက်ဆုံး (တွင်)လေးခရာ ပ၊
ဒွေးစမှာ -တိ-ဆ-ကုံး (ပါတော့)၊
စတုတ္ထာ-စပိုဒ် လုံး (မှာလ)၊
လေး-သုံးနှင့် စိုင်း (ပါလို့) (ကွယ်တို့ရယ် …)၊
ရေးထုံးချင့်နှိုင်း …။ … ။

***
ဒါကို ဒီတိုင်းဖတ်ရင် ဘာကြီးတွေ ရေးထားမှန်း ရုတ်တရက်သိမှာ မဟုတ်ဘူး။ ဒါကြောင့် ပြန်ရှင်းပါဦးမယ်။

* ပ-အချိုးမှာလ၊ ပြရိုးနော် တိပဒါပ * ဆိုတာ က ပထမချိုးမှာ ၃-ပိုဒ် ထားရမယ်လို့ ဆိုတာပါ။ တခါတရံ တွန့်ပိုဒ် များနဲ့ တကွ ၄-၅ ပိုဒ်လဲ ထားနိုင်တယ်လို့ ဆိုပါသေးတယ်။

* ဒုတိယာ တ-စတု မှာလ၊ စု-လိ-ပါ-သ တခုပါဘဲ * ဆိုတာတော့ စု-လိ-ပါ-သ ဆိုတဲ့ စာကို နံသင့် ဂဏန်း ပြောင်းလိုက်ရင် ၃-၄-၅-၆ ဖြစ်ပါတယ်။ ဒါကြောင့် ဒုတိယ၊ တတိယ၊ စတုတ္ထ ချိုးတွေမှာ ၃-ပိုဒ် (သို့) ၄-ပိုဒ် (သို့) ၅ ပိုဒ် (သို့) ၆ ပိုဒ် ထားလို့ရတယ်လို့ ဆိုထားတာပါ။

* သုံးနေကျမှာလ ပ-တမှာ၊ ဆ-ခရာ သာပ အပိုဒ်တိုင်း * ပထမချိုးနဲ့ တတိယချိုးတို့ရဲ့ အပိုဒ်တိုင်းမှာ အက္ခရာ ၆-လုံး စီသာ ထားရမယ်တဲ့။

* ဒု-စ လယ်၊ ရှုဆဖွယ် ခြောက်ပင် ကုံးပါလို့ * ဒုတိယ၊ စတုတ္ထ အချိုးတို့ရဲ့ အလယ်ပိုဒ် တွေမှာ ၆ လုံးပဲ ထားရမယ်လို့ ဆိုလိုပါတယ်။

*နောက်ဆုံးတွင် လေး-ခရာပ * ဒုတိယ၊ စတုတ္ထ ချိုးတို့ရဲ့ နောက်ဆုံးပိုဒ်မှာ အက္ခရာ ၄-လုံး ထားရပါမယ်။

*ဒွေးစမှာ တိ-ဆ ကုံးပါတော့ * ဒုတိယချိုးရဲ့ အစပိုဒ်မှာ ၃-လုံး (သို့) ၆-လုံး တခုခုသာ ထားရပါမယ်။

* စတုတ္ထာ-စပိုဒ်လုံးမှာလ၊ လေးသုံးနှင့် စိုင်း * စတုတ္ထချိုးရဲ့ အစပိုဒ်မှာ ၃-လုံး (သို့) ၄-လုံး တခုခုသာ ထားရပါမယ်။

လက်သည်းကွင်း ခတ်ထားတဲ့ အက္ခရာတွေကတော့ အက္ခရာလုံးရေနဲ့ ကာရန်မှ လွတ်တဲ့ ၀ိဘတ်အက္ခရာ၊ ပဒါလင်္ကာရ အက္ခရာတို့ပါပဲ။ သူတို့ကို ထည့်ရေတွက်စရာ မလိုပါဘူး။

ရှင်းတာနဲ့ ပိုများရှုပ်သွားသလားတော့မသိဘူး။ ထပ်လည်း မရှင်းတတ်တော့တဲ့ အတူတူ နမူနာ လေးချိုးတွေသာ ဖတ်ကြည့်ကြပါတော့။

ဦးပုညရေး “သံဝေဂလေးဆစ်”
ပျော်မမွေ့နိုင်ဘု၊
ဓလေ့ကိုတဲ့ ငြီးတော့တယ်။
ကိုင်ပုတီး
သစ်သီး ညှာအကြွေနှင့်၊
မေဓာဝေ သူတို့ထုံးလို၊
ဘုန်း မွေ့တော့မယ်၊
ရုပ်ခန္ဓာ အကောင်ပုပ်ကိုလ၊
စက်ဆုပ်လို့ ငြိမတွယ်၊
ဖြတ်မယ်ပ ခင်လေး။
ဘာဝနာ၊
သစ်နက်ကယ် လျှော်တေဟာနှင့်၊
မန်းသေလာ တောင်အကွေ့မှာလ၊
ယနေ့ပင် တ၀ါဆိုတော့မယ်၊
ယဉ်နဂို ညိုညိုနုရယ်၊
မင်း သာဓုပေး။ … ။


လှိုင်ထိပ်ခေါင်တင်ရေး “သံဝေဂ လေးဆစ်”
သူဖြူလျှင် အယူဖြောင့်နိုင်ငဲ့၊
သူမှောင့်မှာ စိုးမိတယ်။
ခွင်သနားလျှင်ဖြင့်၊
မြင့်ဖျား တောင်ဟေမာနှင့်၊
ချောင်သေလာ ရွှေဝါကွေ့မှာ၊
တောမွေ့တော့မယ်။
မသေရုံ ရွှေဘုံကြီးမှာလ၊
သစ်သီးနှင့် ပွဲတော်တယ်၊
ဖန်ချယ်တဲ့ ၀တ်လဲ။
မွှေးလို့ရယ်လှိုင်၊
အုပ်လုံး စပယ်ကြိုင်တဲ့၊
မြကေခိုင် မင်ရည်လဲ့ကို၊
ရှင်းမဲ့ ကြံဆဲ ။ … ။


ဆရာကြော့ရေး “တောသူဖွဲ့ လေးဆစ်”
နုသားတော် ၀ါဝါညက်ကယ်နှင့်၊
ရှုစားသော် ခါခါမက်စေဘို့၊
ကလျာသက် (ရယ်တဲ့) လှမျက်မှန်။
ယဉ်တနဲ၊
ဆင်ကွဲ ဘိုကရိုနှင့်၊
နဂိုကို အလွန်ချောတာမို့၊
တောနှင့်မတန်၊
သတင်းမော် ကျော်တယောက်ဟာမို့၊
မင်းကတော် ခေါ် စလောက်ပါဘဲ့၊
တောက်ခေါက်မိ အော် … တို့ကံငယ်၊
ပန်ဆိုမိ ဆုထူး။
ငွေယုန်လွှာ၊
ရွှေပုဏ္ဏာ စံပြည်မြို့ဆီသို့၊
ထံပို့လျှင် တော်ပါလေငဲ့၊
မာလာငွေ သန္ဓေမွေ့သူမို့၊
တရပ်နေ တဒင်တွေ့တို့မှာ၊
(ခင်လေးရယ်)ပြောမမေ့နိုင်ဘူး။ … ။


ဒါကတော့ လေးချိုးလတ် နမူနာလေးတွေပါ။ နောက်တပတ်ကျမှပဲ လေးချိုးကြီး ဆက်ကြဦးစို့ရဲ့ ..နော်။
ဒီ နမူနာ သံဝေဂ လေးဆစ်ကလေးတွေ ဖတ်ပြီး တောထွက်ချင်စိတ်များ ဖြစ်ခဲ့ရင်တော့ ဖော်ပြမိသူ ကျမ ကုသိုလ်တွေ အများကြီး ရမလားလို့ တွေးနေမိပါတယ်။
ဒါနဲ့ပဲ ဆရာကြော့ရဲ့ တောသူဖွဲ့ လေးဆစ်ကလေးကို အပိတ် ဖော်ပြလိုက်ရတာပါ၊ စိတ်ခိုင်တယ် ဆိုရင်တော့ နုသားတော် ၀ါဝါညက်ဟာလည်း ရုပ်ခန္ဓာ အကောင်ပုပ် ပါဘဲ လို့ ဆင်ခြင်မိမယ် ထင်ပါရဲ့။

ကိုပြူးကျယ်နှင့်တကွ မြန်မာစာ မြတ်နိုးသူ အပေါင်း ရွှင်လန်း ချမ်းမြေ့ကြပါစေ …. ရှင်။
***
မေတ္တာဖြင့် …

မေဓာဝီ
21.2.07
12:30 pm

Read More...

Tuesday, February 20, 2007

ပိတ်ရက်များနှင့် မြန်မာပြည်

တနေ့က သတင်းကြေညာချက် တခု ထုတ်ပြန်သွားပါတယ်။
မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူး အခါသမယဖြစ်တဲ့ သင်္ကြန်ပိတ်ရက်ကို အကြိုနေ့ မတိုင်ခင် တရက်မှစပြီး ၁၀ ရက်တိတိ အများပြည်သူ အလုပ် ပိတ်ရက်အဖြစ်သတ်မှတ်မယ် ဆိုတဲ့ သတင်းပါပဲ။ ရိပ်သာတို့ တရားစခန်းတို့ ၀င်ပြီး ကုသိုလ်ကောင်းမှု ပြုချင်သူတွေ ခရီးသွားပြီး အပန်းဖြေချင်သူတွေ အတွက် နိုင်ငံတော်က စေတနာ အပြည့်အ၀ထားပြီး ခုလို သတ်မှတ်ပေးလိုက် တာပါတဲ့။ ကျေးဇူးကြီးပါပေတယ်။ တခြားနိုင်ငံတွေရဲ့ နှစ်သစ်ကူး ပိတ်ရက်ဟာ ဘယ်နှစ်ရက်တွေ အသီးသီးရှိကြသလဲ တော့မသိ၊ ကျမတို့ရဲ့ တိုးတက် ခေတ်မီ ကြွယ်ဝ တဲ့ နိုင်ငံတော်သစ်ကြီး ကတော့ဖြင့် ခပ်တည်တည်ပဲ ၁၀ ရက် ပိတ်ချလိုက်ပါတယ်။ သာဓု … သာဓု … သာဓု … ။
***
ငယ်ငယ်ထဲက စွဲနေတဲ့ ကျမ အကျင့်တခုကတော့ တနှစ်ကုန်ခါနီးလို့ နောက်တနှစ်အတွက် ပြက္ခဒိန် အသစ်ထွက်တဲ့ အခါ နောက်နှစ်မှာ ပိတ်ရက် ဘာတွေရှိသလဲ … စနေ တနင်္ဂနွေနဲ့ ပိတ်ရက်နဲ့ တိုက်သလား မတိုက်သလား၊ သင်္ကြန်က ဘယ်နှစ်ရက်ကျမှာလဲ၊ ကိုယ့်မွေးနေ့က ဘာနေ့ကျသလဲ … စသဖြင့် ပြက္ခဒိန်ကို အစအဆုံး လှန်လှောကြည့်မိ တတ်တာပါပဲ။ ငယ်ငယ်က ကျမ မုန်းတဲ့ ၃ လ ကတော့ ဇွန်လ၊ သြဂုတ်လ နဲ့ စက်တင်ဘာလတို့ပါပဲ။ အဲဒီ ၃ လမှာ ဘာပိတ်ရက်မှ မရှိလို့ပါ။

အဲဒီလို ပိတ်ရက်တွေအကြောင်း စဉ်းစားရင်းနဲ့ ပိတ်ရက်တွေနဲ့ ပတ်သက်တာလေးတွေ အနည်းအကျဉ်း ရေးချင်လာမိပါတယ်။ သိပြီးသားတွေလည်း ဖြစ်မှာပါ။ သိပြီးသားပေမဲ့ တခါတရံ ကိုယ်ကိုယ်တိုင်လဲ မေ့လျော့နေတတ်တာမို့ … ကိုယ့်အတွက်ကိုယ် ရေးတယ်လို့ပဲ ဆိုဆို …ရေးလိုက်ရပါကြောင်း … ။
***
ဇန်န၀ါရီလ (၄) ရက်နေ့၊ လွတ်လပ်ရေးနေ့ - Independence Day
ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ ပြည်ထောင်စုနေ့ - Union Day
မတ်လ (၂) ရက်နေ့၊ တောင်သူလယ်သမားနေ့ - Peasant’s Day
မတ်လ (၂၇) ရက်နေ့၊ တပ်မတော်နေ့ - Armed Forces Day
ဧပြီလ (၁၃ ရက်မှ ၁၆ ရက်ထိ)၊ သင်္ကြန်ပွဲတော် - Thingyan Festival
ဧပြီ (၁၇) ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ - Myanmar New Year
မေ (၁) ရက်၊ အလုပ်သမားနေ့ - World Workers Day
ဇူလိုင် (၁၉) ရက်၊ အာဇာနည်နေ့ - Martyrs' Day
နိုဝင်ဘာလ (-)၊ (တန်ဆောင်မုန်းလဆုတ် ၁၀-ရက်)၊ အမျိုးသားနေ့ - National Day
(ဒီနှစ်မှာ အမျိုးသားနေ့က ဒီဇင်ဘာလထဲ ရောက်သွားပါတယ်။)
ဒီဇင်ဘာလ (၂၅) ရက်၊ ခရစ်စမတ်နေ့ - Christmas Day

အဲဒါတွေကတော့ အင်္ဂလိပ်လ တွေရဲ့ ပိတ်ရက်တွေပါပဲ။ အတိအကျ မပြောနိုင်တဲ့ ပိတ်ရက်တွေကတော့ ကရင်နှစ်သစ်ကူးနေ့၊ ဒီပါဝလီနေ့ နဲ့ ဘက္ကရီအိဒ် နေ့ တို့ပါ။

မြန်မာလတွေနဲ့ ဆိုင်ရာ ဆိုင်ရာ အခါတော်နေ့တွေကို ဆက်ကြည့်ကြရအောင် … ။

တန်ခူးလ - နှစ်သစ်မင်္ဂလာ အခါတော်နေ့
ကဆုန်လပြည့် - ဗုဒ္ဓနေ့
နယုန်လပြည့် - မဟာသမယအခါတော်နေ့
ဝါဆိုလပြည့် - ဓမ္မစကြာအခါတော်နေ့
ဝါခေါင်လပြည့် -မေတ္တာအခါတော်နေ့
တော်သလင်းလပြည့် - ဂရုဓမ္မအခါတော်နေ့
သီတင်းကျွတ်လပြည့် - အဘိဓမ္မာအခါတော်နေ့
တန်ဆောင်မုန်းလပြည့် - သာမညဖလအခါတော်နေ့
နတ်တော်လပြည့် - ဓမ္မစာဆိုတော်များနေ့
ပြာသိုလပြည့် - ရှင်တထောင်အခါတော်နေ့
တပို့တွဲလပြည့် - သြ၀ါဒပါတိမောက်အခါတော်နေ့
တပေါင်းလပြည့် - ဗုဒ္ဓပြည်တော်ဝင်နေ့

ဒါက မြန်မာ ၁၂ လ ရာသီရဲ့ အခါတော်နေ့တွေပါ။ နယုန်၊ ၀ါခေါင်၊ တော်သလင်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ စတဲ့ လတွေရဲ့ လပြည့်နေ့တွေကတော့ ပိတ်ရက်မဟုတ်ပါဘူး။ အင်္ဂလိပ်လ အမှတ်ရပြီး မြန်မာလတွေ မေ့နေမှာစိုးလို့ အကုန် ထည့်ရေးလိုက်ပါတယ်။ (အခါတော်နေ့တွေနဲ့ ပတ်သက်လို့တော့ နောက်များမှ ရေးပါဦးမယ်။)

ပိတ်မယ့် ပိတ်တော့လဲ မြန်မာလရဲ့ အခါတော်နေ့တွေ အားလုံးပါ အစိုးရရုံးပိတ်ရက် သတ်မှတ်လိုက်ရင် ပိုများ ကောင်းမလားလို့ တွေးမိပါသေးတယ်။ အဲဒီလိုသာ ပိတ်ရင်ဖြင့် တနှစ်မစခင် ပိတ်ရက်တွေကို ပြက္ခဒိန်မှာ ရှာဖွေ ရေတွက်တတ်တဲ့ ကျမလို လူအများ ၀မ်းသာကြမယ် ထင်ပါရဲ့။
***
မေဓာဝီ
20.2.07
12:30 pm

Read More...

Monday, February 19, 2007

အမှားများနှင့် ပြင်ဆင်ခွင့် …

ငယ်ရွယ်စဉ်အခါ စာရေး သင်တော့ သစ်သားဘောင် ကွပ်ထားသည့် ကျောက်သင်ပုန်းလေး ပေါ်မှာ ကျောက်တံ ချောင်းကလေးဖြင့် ၀လုံးကလေးတွေ စပြီး ရေးခဲ့ဖူးသည်။ ကျောက်တံကို ဘယ်လိုကိုင်၊ ၀လုံးကို ဘယ်လိုဆွဲ … စသည်ဖြင့် ကံ့ကူလက်လှည့် သင်ကြားပေးသော အမေ့စကားတွေ ယခုတိုင် အမှတ်ရနေမိဆဲ။ ရေးဆွဲလိုက်သည့် ၀လုံးကလေးတွေထဲမှာ မညီမညာ မလှမပ မသေမသပ်တွေ ပါလာခဲ့ရင် လက်ဖြင့် အသာလေးဖျက်ပြီး ပြန်ပြင်ရေးလိုက်ရုံပင်။ ကျောက်သင်ပုန်းထက်က ၀လုံးလေးတွေ မှားလျှင် ပြင်ရတာ လွယ်ကူလွန်းလှပါသည်။
ဒီတုန်းက အရွယ်ကလည်း ငယ်သေးသည်ကိုး။

နောက်တော့ သူငယ်တန်း တက်ရတဲ့အရွယ် … ။
လေးကြောင်းမျဉ်း စာအုပ်လေးထဲမှာ အလယ်မျဉ်းပြာလေး နှစ်ကြောင်းထဲ ၀င်အောင် ၀လုံးလေးတွေ၊ ကကြီး ခခွေး လေးတွေ ခဲတံကလေး တချောင်းနဲ့ စီစီညီညီ ရေးရပြန်ပါသည်။ ဒီအခါမှာလည်း ကိုယ်ရေးတဲ့ စာလုံး တလုံးတလေ မှားသွားရင် ခဲတံနောက်မြီးက ခဲဖျက်ကလေးနဲ့ ဖျက်ပြီး ပြင်ရေးလို့ရသည်။ ခဲတံ နောက်မြီးက ခဲဖျက်လေးတွေ ပါးပြီး ကုန်သွားလျှင်လည်း ကိစ္စမရှိ၊ ဖျက်လို့ကောင်းသည့် ခဲဖျက်တုံးလေးတွေ ၀ယ်၍ ရနေသားပဲ။ ခဲဖျက်လေးတွေ ရှိသမျှ … စာရေးတဲ့အခါ မှားမှာ စိုးရိမ်စရာမရှိ။ မှားလျှင် မှားပါစေ .. ဖျက်ပြီး ပြန်ပြင်ရေး၍ ရနေသည် မဟုတ်လား။

သို့ပေမဲ့ …ကျောက်သင်ပုန်းမှာ ရေးခဲ့စဉ်ကလို လက်ဖြင့် အသာဖျက်ကာ ပြင်ဆင်ခွင့်တော့မရှိ။ ပြင်ဆင်လို့လည်း မရ၊ အမှားတခုကို ပြင်ဆင်ဖို့ရန်အတွက် “ခဲဖျက်” ဆိုသည့် အကူပစ္စည်း တခုလိုအပ်နေပြီ … ။ အရင်လိုမျိုး ၀လုံးကလေး ၀ိုင်းဝိုင်းရေးသည့် အမေ့ကျောင်း တက်ခဲ့စဉ် အရွယ်လည်း မဟုတ်တော့ပြီလေ။

ဒီနောက် … ပဉ္စမတန်း စတက်ရတဲ့ အခါမှာတော့ ဖောင်တိန် ဘောပန် စတင် အသုံးပြုကြရသည်။ ဒီအခါမှာတော့ အရင်လို ခဲဖျက်ကလေးဖြင့် အမှားများကို အလွယ်တကူ ဖျက်၍ မရတော့။ စာရွက်ပေါ် မှင်ဖြင့်ရေးထားသည့် စာလုံးများ မှားယွင်းသွားခဲ့ပါက ခြစ်ပစ်လိုက်ရသည်၊ သို့မဟုတ်လည်း မှင်ဖျက်သည့် ခဲဖျက် အကြမ်းစားဖြင့် ဖျက်ရသည်။ ဒါပေမဲ့ ဒီ ဖျက်ရာ ခြစ်ရာကြီးက စာရွက်ဖြူဖြူထက်မှာ မလှမပ ကျန်နေခဲ့တတ်ပါသည်။

နောက်ပိုင်းမှာတော့ အမှားတွေကို ဖျက်ပစ်ရန်မလို ခြစ်ပစ်ရန်မလိုဘဲ ဖုံးအုပ်နိုင်စွမ်းရှိသော ဆေးဖြူဖြူ ကလေးတွေ ပေါ်ပေါက်လာပေသည်။ Correction Pen ကလေးထဲမှ ဖြူဖြူဆေးရည်ကလေး ညှစ်ထုတ်ပြီး မှားခဲ့သည့် အမှားများကို ဖုံးလွှမ်းနိုင် သည့်နောက် correction pen အားကိုးဖြင့် ငယ်ငယ်ကထက် များပြားသော အမှားများကို ပြုလုပ်ဖြစ်ခဲ့လေ၏။

ဒီလိုနှင့် အသက်တွေ တဖြည်းဖြည်း ကြီးလာသည်နှင့်အမျှ အတန်းတွေလည်း တတန်းပြီးတတန်း တက်ခဲ့ရပြီး ဘ၀မှာ အမှားအယွင်း တွေလည်း တခုပြီးတခု ကြုံဆုံခဲ့ရပါသည်။
အမေ့ကျောင်းတက်စဉ် အရွယ်က …
သူငယ်တန်းတက်စဉ် အခါက …
ဖောင်တိန် ဘောပန် စကိုင်စဉ် အချိန်က …
အမှားတွေ ပြုခဲ့သမျှ မသိမသာတမျိုး သိသိသာသာတမျိုး ဖျက်ကာ ခြစ်ကာ ဖုံးကာ ၀ှက်ကာ ပြင်ဆင် ခဲ့ရသည်။

စာအုပ် စာရွက်ထဲမှာ ခဲတံဘောပန် ဖြင့် ရေးသားခြင်းထက် ကွန်ပျူတာကို အသုံးပြု၍သာ အရေးများနေသော ယခုအချိန်မှာတော့ အမှားတွေကို အရင်ထက် ပိုပြီး ကျူးလွန်မိလာပြန်သည်။ ကွန်ပျူတာထဲမှာက မှားလျှင် ပြင်၍ လွယ်ကူသည် မဟုတ်လား။ ပြင်ထားမှန်းလည်း မည်သူမှ မသိ၊ အရင်လို ဖျက်၍ တမျိုး ဖုံး၍တခါ ပြုပြင်စရာ မလိုတော့ … ။ ဒါကြောင့်လည်း အမှားတွေ ပိုမို ပြုလုပ်မိပြီး မှားမှန်းလည်း ကိုယ်တိုင် သတိမပြုမိ ခဲ့သည်ကများ၏။ မှားခဲ့သည် ဆိုတာကိုပင် မေ့လျော့လို့ နေမိပြန်သည်။

ဘ၀သည် အမှားတွေ အထပ်ထပ်နှင့် ညစ်သည်ထက် ညစ်လာပြီးသည့်နောက် ထပ်မှားပြန်တော့လည်း သိပ်မထူးခြားသလို ကိုယ့်ကိုယ်ကို လှည့်စားမိနေ၏။

“လူဆိုတာ ခဏခဏ မှားတတ်တယ် … မှားတဲ့အမှား အတွက် ပြန်လည် ပြင်ဆင်ခွင့်လည်း ရှိတယ်၊ ဒါကြောင့် ခဲတံလေးတွေရဲ့ နောက်မှာ ခဲဖျက်တွေ ထည့်ထားတာ …”
ဟု သူငယ်ချင်းတယောက်က ပြောဖူးသည်။ correction pen, correction tape စတဲ့ တီထွင်မှုတွေ ပေါ်ပေါက်လာရ ခြင်းကလည်း လူတွေ အမှားများတတ်ခြင်းကို ဖော်ပြနေသကဲ့သို့ပင်။

မည်သို့ပင်ဖြစ်စေ … မှားခဲ့သည့် အမှားတွေကို မှားမှန်းသိဖို့နှင့် ထိုအမှားမျိုးတွေ ထပ်မမှားဖို့ … ထိုအမှားများအတွက် အချိန်မီ ပြန်လည် ပြင်ဆင်နိုင်ကြဖို့က အရေးကြီးသည် မဟုတ်ပါလော … ။
***
မေဓာဝီ
19.2.07
12:05 pm

Read More...

Sunday, February 18, 2007

စိတ်ဖောက်ပြန်ခြင်း

ဒီခေါင်းစဉ်မြင်လိုက်လို့ …မေဓာဝီတယောက် ဟိုနေ့က သူခိုးခိုးခံရပြီး ဒီနေ့ကျတော့ စိတ်ဖောက်ပြန် သွားရှာပြီလို့ မထင်လိုက်ကြပါနဲ့။ အဲဒါက ၀တ္ထုခေါင်းစဉ် လေးတခုပါ။
တကယ်တမ်း စိတ်က မဖောက်ပြန်ပေမဲ့ … ခပ်နောက်နောက်တော့ ဖြစ်နေလေရဲ့၊ သူခိုးနဲ့တော့ မဆိုင်ပါဘူး။ ထားပါတော့ … အဲဒီ စိတ်ဖောက်ပြန်ခြင်း ဆိုတာက စာမျက်နှာပေါ်မှာ ပထမဦးဆုံး ပုံနှိပ်ဖော်ပြခြင်း ခံခဲ့ရတဲ့ ကျမရဲ့ ၀တ္ထုတိုလေး တပုဒ်ပါ။

၁၉၈၉ နိုဝင်ဘာလထုတ် ပန်းဝေသီ မဂ္ဂဇင်းရဲ့ ပန်းနုသစ်သီ ကဏ္ဍလေးမှာ ဖော်ပြခံခဲ့ရပါတယ်။
မဂ္ဂဇင်းတိုက်ကို ပထမဆုံး ပို့လိုက်တဲ့ ၀တ္ထုကလေး ရွေးခံရတယ်ဆိုတော့ အတိုင်းမသိ ၀မ်းမြောက်ခြင်းတွေနဲ့ပေါ့။ ရွေးလို့ရွေးမှန်းလည်း မသိပါဘူး။ စာအုပ်ဆိုင်က ငှားဖတ်မှ ပါလာမှန်းသိတာ။ ၀မ်းသာလွန်းလို့ အိမ်ပေါ်ထပ် လှေခါးကတောင် ပြုတ်ကျပြီး ခြေထောက်မျက် သွားတဲ့အထိ ဖြစ်ခဲ့ရသေးတယ်။

ဆယ်ကျော်သက်အရွယ် အတွေးငယ်ငယ်နဲ့ ရေးထားတဲ့ အဲဒီဝတ္ထုလေးကို ဒီနေ့မှ သတိတရ ဖြစ်နေမိတယ်။ အခုတော့ဖြင့် အဲဒီလို အတွေးမျိုးတွေလည်း မတွေးမိ အဲဒီလို အရေးမျိုးတွေလည်း မရေးမိတော့ပါဘူး။ စာအုပ်ကတော့ နှစ်ပေါင်းများစွာကြာပြီမို့ အထိမ်းအသိမ်း မတတ်တဲ့ ကျမလက်ထဲမှာ ဘယ်ရှိပါတော့မလဲ။ ကြွားချင်တာနဲ့ ဟိုလူလာရင် ပြလိုက်ရ .. ဒီလူလာရင် ပြလိုက်ရနဲ့ နောက်ဆုံး စာအုပ်က ဘယ်သူ့လက်ထဲ ရောက်သွားမှန်းကို မသိဘဲ ပျောက်ဆုံးသွားခဲ့ ပါရောလား။

အခုခေတ်လို စကန်တင်လို့မရ၊ မိတ္တူ ဆွဲထားဖို့လည်း နားမလည် ဆိုတော့ ကိုယ့်စာလေးတွေ တစုတစည်းထဲ ပြန်ထုတ် ချင်ရင်တောင် ကိုယ့်စာမူတွေ ဘယ်မှာ ပြန်ရှာရပါ့မလဲ မသိ။ လက်ရေးစာမူလေးများ ကျန်လိုကျန်ငြား ပြန်ရှာကြည့်တာလည်း မတွေ့တော့ပါဘူး။

အဲဒီတုန်းက ဒီဝတ္ထုအတွက် စာမူခ ၁၅၀ ကျပ် ကြီးများတောင် ရပါတယ်။ မင်္ဂလာတောင်ညွန့်က (ထင်တာပဲ) ပန်းဝေသီ တိုက်ကို လေးဘီး အငှားကားလေးနဲ့ စာမူခသွားထုတ်ပြီး အပြန်မှာ သူငယ်ချင်းတွေကို ကြက်လျှာစွန်းမှာ ဒန်ပေါက် ကျွေးနိုင်တဲ့အပြင် အိမ်အတွက်လည်း ပန်းသီးတွေလား ၀ယ်ခဲ့နိုင်သေးတယ်။ အဲဒီခေတ်က ၁၅၀ ဆို တော်တော်သုံးရသားပဲ လို့ လွမ်းလွမ်းဆွေးဆွေး တွေးနေမိပါသေးရဲ့။
***
အဲဒီဝတ္ထု အကြောင်းအရာလေးကို မှတ်မိသလောက် ပြန်ပြောရရင်တော့ ဒီလိုပါ။
အိမ်ထောင်ရှိတဲ့ ယောက်ျား တယောက်ရဲ့ အတွေးကလေးကို ရေးထားတာပါ။ သူ့မှာ အိမ်သူသက်ထား ဇနီးမယား ရှိနေပေမဲ့လို့ တချိန်က ချစ်သူကို သတိရနေမိတယ်။

အိမ်သူရဲ့ လက်ကြမ်းကြမ်းကြီးတွေနဲ့ ချစ်သူရဲ့သွယ်ပျောင်းနူးညံ့တဲ့ လက်ကလေးတွေ …
အိမ်သူရဲ့ အုန်းဆီဝနေတဲ့ ဆံပင်တွေနဲ့ ချစ်သူရဲ့ ပိုးသားလို ပျော့ပျောင်း ပျံ့မွှေးတဲ့ ဆံနွယ်လေးတွေ …
အိမ်သူရဲ့ ရိုးရိုးရှင်းရှင်း တုံးတိတိ တဲ့တိုးပြောစကားနဲ့ ချစ်သူရဲ့ ချွဲနွဲ့တဲ့ တီတီတာတာ စကားသံလေးတွေ …
မီးဖိုချောင်ထဲ ချက်ပြုတ်ရလို့ ဟင်းနံ့ ညှော်နံ့တွေ ရနေတဲ့ အိမ်သူရဲ့ ကိုယ်ရနံ့ နဲ့ အမြဲအစဉ် မွှေးပျံသင်းထုံ နေတဲ့ ချစ်သူရဲ့ ကိုယ်သင်းနံ့လေးတွေ ..
ဒါတွေကို နှိုင်းယှဉ်ပြီး သူဟာ ချစ်သူကို အမှတ်ရနေမိတာပါ။
အဲဒီလို ချစ်သူလေးနဲ့ အခြေအနေခြင်း အယူအဆခြင်း မတူတဲ့အတွက် လမ်းခွဲခဲ့ပြီး ….နောက် … ။

တကယ်တမ်း လက်တွေ့မှာတော့ …
ခဏခဏ စိတ်ကောက်တတ်တဲ့ ချစ်သူနဲ့ သူ့လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ အိမ်သူ …
ကဗျာတွေ စာတွေရေးတာကို အထင်မကြီးတဲ့ ချစ်သူနဲ့ သူရေးသမျှစာကို အထင်တကြီး တလေးတစားရှိတဲ့ အိမ်သူ …
အမြဲတမ်း ဥရောပနံ့သာကိုသာ သုံးစွဲတဲ့ ချစ်သူနဲ့ သနပ်ခါး ပါးကွက်ကြားလေးကိုသာ လိမ်းခြယ်တတ်တဲ့ အိမ်သူ …
ချစ်သူနဲ့အတူ ဈေးကြီးပေး စားခဲ့ရတဲ့ ပကာသန ထမင်းဝိုင်းတွေနဲ့ ဘဲဥချဉ်ရည် ငပိရည် တို့စရာ ဟင်းပွဲ လေးတွေ နဘေးမှာ ယပ်တဖျပ်ဖျပ် ခပ်ပေးနေရှာတဲ့ အိမ်သူရဲ့ ထမင်းပွဲကလေး …
ဒါတွေကို မလဲနိုင်ဘူး ဆိုတာ သူ သဘောပေါက် ခဲ့ရပါတယ်။

သူဟာ ချစ်သူကို သတိရနေမိတယ် ဆိုတဲ့အကြောင်း အိမ်သူဆီမှာ ဖွင့်ဟ ၀န်ခံပြောပြလိုက်တော့ … အိမ်သူက ပြုံးပြီး ခုလို ပြန်ပြောတယ်။
ဒါဟာ … လူက ဖောက်ပြန်တာမှ မဟုတ်ဘဲ … သတိရတယ်ဆိုတာ စိတ်ထဲက ရတာပဲ … ဒါကြောင့် စိတ်နဲ့ ဖောက်ပြန်တာ ..ဆိုတော့ … ကျမ ခွင့်လွှတ်ပါတယ် … တဲ့ … ။
သူ တကယ်ပဲ စိတ်ဖောက်ပြန်နေပြီလား …. လို့ သူ့စိတ်ကူးထဲမှာ သူ မေးရင်း ၀တ္ထုကို အဆုံးသတ်ထားတာပါ။
***
ကျမတို့ဟာ တခါတရံမှာ သိလျက်နဲ့ ဖြစ်စေ မသိလို့ ဖြစ်စေ လူ့ကျင့်ဝတ်တွေ ဖောက်ဖျက် ကျူးလွန် မိတတ်ကြပါတယ်။ လူပီသအောင် စောင့်ထိန်းအပ်တဲ့ ငါးရပ်သောသီလ ကို တည်မြဲအောင် မစောင့်ထိန်းနိုင်ကြဘဲ အနည်းဆုံးတော့ စိတ်ထဲက ဖောက်ပြန် မိတတ်ကြတယ်။ ဒါပေမဲ့ စိတ်နဲ့တင် ဘရိတ်အုပ်ပြီး လက်တွေ့ မကျူးလွန်မိလေအောင် ဆင်ခြင်တုံတရား ရှိဖို့က အရေးကြီးတယ်လို့ ထင်ပါတယ်။ စိတ်နဲ့ ဖောက်ပြန်မိရင်လည်း ဒီဝတ္ထုထဲကသူလို မိမိအမှားကို ၀န်ခံတတ်ကြမယ်ဆိုရင် ကောင်းမှာပါပဲ … ။
ဒီလိုမှ မဟုတ်ရင် စိတ်နဲ့ ဖောက်ပြန်မိရာက မထိမ်းနိုင် မသိမ်းနိုင်ဘဲ ….ရှေ့ဆက်တိုးရင်း လက်တွေ့ ဖောက်ပြန်မိ ကြမယ်ဆိုရင်တော့ … ပိုအပြစ်ကြီးမယ်၊ ပို ဒုက္ခရောက်နိုင်တယ် မဟုတ်လား။
ဒါကြောင့် စိတ်ဖောက်ပြန်ချိန်မှာ ကိုယ့်ကိုယ်ကို ဖောက်ပြန်မှန်းသိပြီး သတိဆိုတဲ့ ချွန်းနဲ့ ကိုယ့်စိတ်ဆင်ရိုင်းကို ချွန်းအုပ် ထိမ်းသိမ်းပေးနိုင်မယ်ဆိုရင် …
လောကကြီးမှာ ဖောက်ပြန်မှုတွေ ကင်းဝေးသွားကြမယ် ထင်တာပါပဲ။
***
ဖောက်ပြန်ခြင်းမှ ကင်းဝေးရပါလို၏ … ။

မေတ္တာဖြင့် …

မေဓာဝီ
17.2.07
11:35pm

Read More...

Friday, February 16, 2007

သူခိုး ခိုးခံရခြင်း

ဒီမနက် အဖေနဲ့ ကျမ မနက်စာ စားရင်း စကားစမြည် ပြောနေတုန်းမှာပဲ အဖေ့ အလုပ်သမားလေး တယောက် အပြေးအလွှား ရောက်လာပါတယ်။
ပုံနှိပ်စက်က ပလိတ်ပြားတွေ ပျောက်လို့တဲ့ … ။
အမှိုက်ထည့်တဲ့ အိတ်ထဲက အမှိုက်တွေလဲ ပြန့်ကျဲနေပြီး အိတ်လဲ မရှိတော့ဘူး … ဆိုပြီး လာပြောပါတယ်။
ဒါနဲ့ပဲ ကျမ ကမန်းကတန်း လိုက်သွားပြီး ကြည့်တော့ အပြင်ဘက် အိမ်သာနားမှာ စက္ကူမှိုက်တွေ ပြန့်ကျဲနေတယ်၊ ပုံနှိပ်စက်ခန်းဘေးမှာ ထားနေကျ ပလိတ်ပြားချပ်တွေက မရှိတော့ဘူး … ။
သူခိုး ၀င်ခိုးသွားပြီပေါ့ … ။

ဒီသူခိုးက စက္ကူအမှိုက်တွေထည့်တဲ့ ဆာလာအိတ်ထဲကို ပလိတ်ပြားတွေထည့်ပြီး သယ်သွားပုံရပါတယ်။ အမှိုက်တွေကိုတော့ တွေ့တဲ့နေရာမှာ သွန်ထားခဲ့တယ်လေ … ။ ဒီသူခိုးတော့လား … လို့ စိတ်ထဲက ကျိတ်ပြီး ကြိမ်းဝါး လိုက်မိပါသေးရဲ့။ ကိုယ့်ပစ္စည်းက သူ့ဆီပါသွားပြီ ဆိုတော့လည်း စိတ်က တိုမိသပေါ့လေ။

သူခိုး ခိုးခံရလို့ စိတ်တိုနေရုံနဲ့ မပြီးသေးပါဘူး။ ထုံးစံအတိုင်း အခင်းဖြစ်ပွားရာ နေရာမှာ အဖြစ်အပျက်ကို စစ်ကြော သုံးသပ် ရပါသေးတယ်။
အလုပ်သမားလေးတွေကို မေးကြည့်တော့ သူတို့က မနက် ၄ နာရီ ခွဲလောက်မှ အိပ်ကြတယ်တဲ့။ အဲဒီအချိန်ထိ ပလိတ်ပြားတွေက ရှိသေးတယ်။ အိမ်မှာကူဖော်လောင်ဖက် ခေါ်ထားတဲ့ ကလေးမလေးကတော့ မနက် ၅ နာရီ ၄၅ မှာ ထတယ်။ အဲဒီချိန်ထိလည်း အမှိုက်တွေ ပြန့်ကျဲနေတာ မမြင်မိသေးဘူး။ ကလေးမလေးနိုးပြီး အမေ အောက်ထပ်ဆင်းတဲ့ အထိလည်း လက်ရာခြေရာ မပျက်သေးဘူးဆိုပဲ။ နောက်မှ ၀င်းတံခါးဖွင့်ပြီး ကလေးမလေး အပေါ်ထပ် ခဏပြန်တက်တဲ့ အချိန်မှာ ကိုရွှေသူခိုးက ခပ်တည်တည်နဲ့ ၀င်းတံခါးက ၀င်လာပြီး ခိုးတော်မူတာ ဖြစ်ပါလိမ့်မယ်။ မနက် ၇ နာရီလောက်ရှိရောပေါ့ … မိုးစင်စင်လင်း နေပြီ။

ဒီသူခိုးကလည်း လူလည်၊ အဟောင်းအစုတ် တွေတော့ မယူရှာဘူး။ ကမန်းကတန်း ခိုးရတာတောင် အကောင်းအဆိုး ခွဲပြီး ခိုးနိုင်စွမ်းရှိပါ့။ ပလိတ်ပြားချပ် အသစ်စက်စက် တွေမှ မ-သွား တာကိုး။
မည်သို့ပင်ဖြစ်စေပေါ့လေ … ပစ္စည်းတွေကတော့ ပါသွားရှာလေပြီ …။ တတ်နိုင်ဘူး။ ကိုယ်ညံ့လို့ ကိုယ်ခံရတာလို့ပဲ မချင့်မရဲ အောင့်သီးအောင့်သက်နဲ့ပေါ့။
အဖေကတော့ ထုံးစံအတိုင်း တရားသဘောနဲ့သာ ဆင်ခြင်ပြီး နေနိုင်စွမ်းပါတယ်။ ကျမကသာ တနုံ့နုံ့နဲ့။ ကိုယ့်ပစ္စည်း သူများဆီ ပါသွားတယ်ဆိုကတည်းက ကိုယ် ညံ့ဖျင်းရာ ကိုယ်အသုံးမကျရာ ရောက်နေတယ် မဟုတ်လား။
***
ကျောင်းတက်တုန်းကလည်း တခါ ကြုံခဲ့ဖူးပါသေးတယ်။ အဲဒါကတော့ ဘတ်စ်ကားပေါ်မှာ ခါးပိုက်နှိုက်ခံရတာ။ အဲဒီတုန်းက မဟာမြိုင်မှတ်တိုင်နားက အိမ်တအိမ်မှာ ကျူရှင်တက်နေတာပါ။ ကျောင်းအဆင်းမှာ သူငယ်ချင်းနဲ့ တူတူ မာလာ မှတ်တိုင်ကနေ မဟာမြိုင်ထိ ၅၀ ကားကို စီးသွားပါတယ်။ လွယ်အိတ်ထဲမှာတော့ ကျူရှင်လခ ပေးဖို့ ပိုက်ဆံလေးတွေ ပါလာတယ်။ လဆန်းရက်ဆိုတော့ ခါးပိုက်နှိုက်တွေ မြူးချိန်ပေါ့ … ကိုယ်ကတော့ ဘယ်သတိထား မိမလဲ။ လေး ငါး မှတ်တိုင်လောက် စီးရတာဆိုတော့ အမှတ်တမဲ့ ဖြစ်သွားတာလည်း ပါတယ်။

ကျူရှင်ရောက်လို့ ဆရာမကို လခပေးမယ်ဆိုတော့မှ ပိုက်ဆံအိတ် တအိတ်လုံး ရှာမတွေ့တော့ဘူး။ သားရေပိုက်ဆံအိတ် အပြားလေးပါ။ အဲဒီထဲမှာ ကျောင်းသားကတ်၊ မှတ်ပုံတင်ကတ်၊ ရေကူးကတ်၊ သွေးလှူကတ် ရှိသမျှကတ် အကုန် ထည့်ထားတာ။ သွားရော … ။
ဒီလိုနဲ့ အပြန်ကားခတောင် မရှိလို့ သူငယ်ချင်းဆီက ၅၀ လောက်ချေးပြီး ပြန်လာခဲ့ရတယ်။
အိမ်ရောက်တော့ ငိုရသေးတယ်။ ပိုက်ဆံနှမြောတာရော … ခါးပိုက်နှိုက် ကျောတာ ခံလိုက်ရသလိုမို့ တနုံ့နုံ့ ဒေါသ အမျက် ချောင်းချောင်း ထွက်တာရော … ။

နောက် တပတ်လောက် အကြာမှာတော့ အင်းလျားဆောင်က သူငယ်ချင်းတွေက ကျမကို သတင်းတခု လာပေးပါတယ်။ စာကြည့်တိုက်ဘေးက လမ်းမှာ နင့်နာမည်ရေးပြီး ဆိုင်းဘုတ် ထောင်ထားတာ တွေ့တယ်တဲ့။
မြတ်စွာဘုရား …
ကျမလည်း ဘုရားအဆူဆူ တ-ရင်းနဲ့ အပြေးအလွှား သွားကြည့်ရတော့တာပေါ့။
စာကြည့်တိုက်နားမှာ ပလက်ဖောင်းတွေ ပြင်နေကြတော့ အဲဒီ ပလက်ဖောင်းတုံး တတုံးကို ထောင်ပြီး မီးသွေးခဲနဲ့ ကျမနာမည်ကို ကမ္ပည်း ထိုးထားပါတယ်။

အမည် ဘယ်သူ .. ဘယ် အတန်းက ကျောင်းသူ … ပိုက်ဆံအိတ် တအိတ် ကောက်ရထားသည်ပေါ့။
မော်ကွန်းထိန်းဆီမှာ လာယူပါ … ဘာညာ ဘာညာ … ။

ဒါနဲ့ ကျမလည်း မော်ကွန်းထိန်းရုံးခန်း ရောက်ရပါလေရော … ။ ပိုက်ဆံအိတ် ကောက်ရတဲ့သူက ပလက်ဖောင်း ပြင်တဲ့ အလုပ်သမား တယောက်ပါ။ ကြည့်ရတာ ခါးပိုက်နှိုက်က ပိုက်ဆံကိုယူပြီး ကတ်တွေနဲ့ အိတ်အခွံကို လမ်းဘေး ခြုံပုတ်ထဲ ပစ်လိုက်ပုံရပါတယ်။ အဲဒီနေ့ မတိုင်ခင်ညက ရတနာဆောင်ရဲ့ အဆောင်ညစာစားပွဲ ရှိတော့ အဲဒီကအပြန် ပြုတ်ကျခဲ့တာ များလားလို့ အလုပ်သမားလေးက ထင်ပြီး ပိုက်ဆံအိတ်ထဲက ကျောင်းသားကတ် အတိုင်း နာမည် အတန်း စတာတွေကို ပလက်ဖောင်း တုံးမှာ မီးသွေးနဲ့ ရေး၊ အဲဒီလမ်းနဘေးမှာဘဲ ခုံကလေး ပေါ်တင်ပြီး ကြေညာချက် ထုတ်ပြန်ထား တာပါပဲ။

နောက်ဆုံးတော့ ပိုက်ဆံတွေ ဆုံးပေမဲ့ ကတ်တွေအားလုံး ပြန်ရခဲ့ပါတယ်။ သူခိုးလက်က ပြန်ရတဲ့ ကတ်တွေမို့လားတော့ မသိဘူး ကျိုးကျိုးကြေကြေနဲ့၊ မှတ်ပုံတင်ဆိုလည်း ကျက်သရေကို မရှိတော့ပါဘူး။ ဒါပေမဲ့လည်း ဒါကိုပဲ ခုထိ ကိုင်နေရတုန်း။ တတ်နိုင်ဘူး၊ အသစ်လုပ်ရင် ပိုက်ဆံထပ်ကုန်အုံးမှာ မဟုတ်လား။

အင်း …
သူခိုးဆိုတာမျိုးကလည်း တော်တော်ဒုက္ခ ပေးတတ်တာပါလား။ ကိုယ့်ပစ္စည်းလဲ ပျောက်ရ၊ စိတ်အနှောက်အယှက်လဲဖြစ်ရ။ ဒါကြောင့် ဘုရားရှိခိုးပြီးတဲ့အခါ ရန်သူမျိုးငါးပါး မှ ကင်းဝေးရပါလို ကြောင်း ဆုတောင်းကြတာ ဖြစ်မယ်။ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ … ဒီ ငါးပါးထဲမှာ ရေနဲ့ မီး နှစ်ပါး ကတော့ သဘာဝ ရန်သူတွေပဲ။ ကျန် ၃-ပါးက လူတွေ။

တကယ်တမ်း စဉ်းစားကြည့်ရင်တော့ ရေဘေး မီးဘေး ဖြစ်ရတာ၊ ခိုးသူထူပြောရတာ … အဲဒါတွေက အလယ်ရန်သူ ပေါ်မှာ မူတည်နေမလား စဉ်းစားမိပါရဲ့။ မချစ်မနှစ်သက် အပ်သော သူကတော့ အမွေခံ သားဆိုးသမီးဆိုးကို ဆိုလိုတယ်လို့ ကြားဖူးတာပဲ။ ဒါကြောင့် ကျန်ရန်သူတွေက အသေးအဖွဲပါ … အလယ်ရန်သူ ကြီးကများ အဓိက ကျနေမလားပဲလို့ တွေးမိတွေးရာ တွေးရင်း …. သူခိုးအကြောင်းကနေ … ချော်တော ငေါ့လို့ ရန်သူမျိုး ငါးပါးအကြောင်း ရောက်သွားပါရောလား။
***
16.2.06
11:01 am

Read More...

Thursday, February 15, 2007

ထောင်းထောင်းမကြေ သင့်တော့ပါ …

၇-၂-၂၀၀၇နေ့ထုတ်တဲ့ Weekly Eleven ဂျာနယ်ထဲက လူထုဦးစိန်ဝင်း ရေးတဲ့ “လူငယ်တွေ တွေးဆကြည့်စေချင်လို့”ဆောင်းပါးကို ဖတ်မိရာက … ဒီစာကို ရေးဖြစ်ပါတယ်။
***
ဆောင်းပါးထဲက တချို့ကို ဦးဆုံး ကောက်နုတ် ဖော်ပြလိုက်ပါတယ်။
***
မြန်မာပြည်မှာ နှစ်ပေါင်း ၁၀၀ကျော်ထိ ဆက်လက်တည်တံ့ နေတဲ့ လုပ်ငန်းမျိုး မရှိသလောက် ရှားပါတယ်။ တခြားနိုင်ငံတွေမှာတော့ ဒီလို လုပ်ငန်းကြီးတွေကို အရှည်သဖြင့် တည်တံ့အောင် စနစ်တကျ ကုမ္ပဏီကြီးတွေ ဖွဲ့စည်း၊ အစုရှယ်ယာတွေ ထုတ်ရောင်း စီမံအုပ်ချုပ်ရေး ဒါရိုက်တာအဖွဲ့တွေ ဖွဲ့စည်းပြီး ဆောင်ရွက်ကြတာ ဖြစ်လေတော့ နှစ်ပေါင်း ၁၀၀၊ ၂၀၀ ထိ တည်တံ့တာမျိုးတွေ အများကြီးရှိပါတယ်။
…… …… ……
…… …… ……
မြန်မာနိုင်ငံမှာတော့ မင်းတုန်းမင်းတရားကြီး လက်ထက်ကတည်းက တည်ရှိခဲ့တဲ့ “ဟံသာဝတီ” ပိဋကတ် စာအုပ်တိုက်ကြီး တစ်တိုက်ကလွဲရင် ဒီလောက် သက်တမ်းရှည်ကြာတဲ့ လုပ်ငန်းဆိုလို့ တိုင်းရင်းဆေး လုပ်ငန်း တွေသာ ရှိလိမ့်မယ် ထင်ပါတယ်။
…… …… ……
ဟံသာဝတီ စာအုပ်တိုက်ကြီးဆိုတာတောင် ခုခေတ်မှာတော့ နာမည် မပျောက်ရုံ လောက်သာ ရှိပါတော့တယ်။ ရှေးကလို မြန်မာစာပေ လောကရဲ့ မီးရှူးတန်ဆောင် နေရာမှာ ရှိမနေတော့ ပါဘူး။ ၀မ်းနည်းစရာ ကောင်းလှပါတယ်။
…… …… ……
…… …… ……
မြန်မာလူမျိုးများရဲ့ စိတ်ဓာတ်ဟာ ဟုန်းကနဲထတောက်ပြီး ချက်ချင်းငြိမ်းသွားတဲ့ ကောက်ရိုးမီးလိုပဲ လို့ တချို့ ပညာတတ် အသိုင်းအ၀ိုင်းက လူများ ပြောဆိုကြတာ မမှားလောက်ဘူး လို့လည်း ယူဆရမလိုလို ဖြစ်ပါတယ်။
တည့်တည့် ပြောရရင်တော့ ဒီဘက်ခေတ် လူငယ်တွေဟာ သူတို့ရဲ့ မိဘ ဘိုးဘွားများ ခေတ်က လူငယ်တွေထက် ကိုယ်စွမ်း ကိုယ်စ ညံ့ဖျင်းကြ လေသလား လို့တောင် တွေးနေမိပါတယ်။
အေ၀မ်း၊ ဗြိတိသျှဘားမား၊ ပဲရောက်၊ ဟံသာဝတီ စတဲ့ လုပ်ငန်းကြီးတွေကို တည်ထောင်ခဲ့ကြသူ မျိုးချစ် မြန်မာ လူကျော် ကြီးများရဲ့ မျိုးဆက် သားသမီး မြေးမြစ်တွေ တစ်ပုံ တစ်ပင်ကြီး ကျန်ရစ်ကြပါတယ်။
…… …… ……
…… …… ……
ကျောင်းသား တပည့်တစ်ယောက် တစ်ခါက ပြောခဲ့တဲ့ စကားကို ပြန်ပြီး အမှတ်ရမိပါတယ်။ အဲဒီတပည့်ရဲ့ အဖေက တစ်ခေတ်က နာမည်ကျော် မြို့မျက်နှာဖုံးကြီး တစ်ဦးပါ။ ကန်တော်ကြီးစောင်းမှာ ကြီးမားကျယ်ပြန့်တဲ့ ခြံဝင်းကြီးနဲ့ နေတာပါ။
‘အဖေ့လက်ထက်က ခြံတစ်ခြံ အိမ်တစ်လုံးသာ ရှိတာကို ကျွန်တော်တို့ လက်ထက်မှာ လေးငါးဆ ပွားအောင် လုပ်နိုင်ခဲ့တယ် ဆရာရဲ့’
တပည့်က ရယ်သလို မောသလို ပြောခဲ့တာပါ။ သူ့အဖေ လက်ထက်က ကျယ်ဝန်းလှတဲ့ ခြံကြီးကို ပိုင်းပိုင်းပြီး တပိုင်းပြီး တပိုင်း ရောင်းလိုက်တာ နောက်ဆုံးကျတော့ အဲဒီနေရာမှာ တိုက်သစ် တာသစ်တွေ တစ်ပုံကြီး ဖြစ်နေတာကို ဆိုလိုတာ ဖြစ်ပါတယ်။”

***
အဲဒီဆောင်းပါး ဖတ်ပြီး ကျမစိတ်ထဲ စိတ်မကောင်း ဖြစ်မိသလို ရှက်လဲ ရှက်မိတယ်။ ဘာကြောင့် ဆိုတော့ …. ဆရာကြီး ဥပမာပေးတဲ့ မျိုးချစ်မြန်မာ လူကျော်ကြီးတွေရဲ့ မျိုးဆက် သားသမီး မြေးမြစ် ဆိုတဲ့ အထဲမှာ ကိုယ်တိုင် ပါဝင်နေလို့ပါပဲ။ သို့သော်လည်း ကျမဟာ အစွန်အဖျား နေရာကမို့ ဘာမှ မစွမ်းဆောင်နိုင်ပါဘူး။ စွမ်းဆောင်ဖို့ အခွင့်အရေးလည်း မရှိပါဘူး။ ဒါကြောင့် လက်ရှိ အခြေအနေဟာ တကယ်ပဲ ဆရာကြီး ပြောသလို ကိုယ်စွမ်း ကိုယ်စ ညံ့ဖျင်းသူတွေ ဖြစ်နေခဲ့ပါတယ်။

ဘိုးဘွားတွေ ချွေးနဲ့ သွေးနဲ့ လုပ်အား ဥာဏ်အားတွေနဲ့ ရင်းပြီး တည်ထောင်ခဲ့တဲ့ လုပ်ငန်းကြီးတွေဟာ ဒီဘက်ခေတ်မှာ … တစ တစ မှေးမှိန်ရာက ပျောက်ကွယ်လု ဖြစ်နေပါပြီ။ နှမြောဖို့လည်း ကောင်းသလို … ရင်နာဖို့လည်း ကောင်းပါတယ်။ ဒါတွေကို ပြန်လည် ထူထောင်ဖို့ရာမှာ တယောက်ထဲနဲ့ မရပါဘူး။ စိတ်ဓာတ် ရှိတဲ့ ဆွေမျိုး သားချင်းတွေ ညီညီညွတ်ညွတ် လုပ်မှ ရနိုင်မှာပါ။

အခုက ဘယ်လိုဖြစ်နေလဲ ဆိုတော့ … များသောအားဖြင့် ဒါတွေဟာ အဖိုးတန်မှန်းလည်း မသိဘူး။ ဘိုးဘွား အမွေကို စောင့်ရှောက်ရ ကောင်းမှန်းလည်း မသိဘူး။ အမွေဆိုတာ ငွေကြေးကို ဆိုလိုတာ မဟုတ်ပါဘူး။ သူတို့ တည်ထောင်ခဲ့တဲ့ နာမည်ကို ဆိုလိုတာပါ။

မျိုးဆက်သစ်တွေဟာဘိုးဘွား အမွေကို မစောင့်ရှောက်နိုင်ဘဲ အားနည်းချက် ချို့ယွင်းချက်တွေ ဖြစ်နေရတာ ဘာကြောင့်များလဲ လို့ အတွေးတိမ်တိမ် နဲ့ စဉ်းစားကြည့်မိပါတယ်… ။ လူ မဟန်ရင် ကံ ကိုပုံချတယ်ပဲ ပြောမလား … ကျမတို့ ရှင်သန် ကြီးပြင်းလာရတဲ့ ခေတ်နဲ့ စနစ်ကြီး ကြောင့်လို့ ခေတ်ကိုပဲ လက်ညှိုးထိုး ကြရမလား … ။ တကယ်တော့ လူတွေ ညံ့လို့ ခေတ်က ညံ့ သွားရတာပါ။ လူတွေ ဆိုးလို့ ခေတ်က ဆိုးရတာပါ။

တနေ့ တနေ့ အဖေနဲ့ ကျမ ဒီအကြောင်းကို ခဏခဏ ပြောဖြစ်ကြပါတယ်။ ပြန်လည် ထူထောင်ဖို့ဆိုတာ စိတ်ဓာတ်သာ ရှိသော်လည်း လက်တွေ့မှာတော့ ကျမတို့ သားအဖလည်း မတတ်နိုင်ပါဘူး။ ဒီတော့ မတတ်နိုင် လက်မှိုင်ချပါလို့ … ရင်နာနာနဲ့သာ နေခဲ့ရပါတယ်။ သူများပြောလည်း ပြောစရာ ဖြစ်ခဲ့ပြီပေါ့။

အဖေကတော့ ခုလို ပြောပါတယ်။
“လယ်ယာ လုပ်တဲ့ သူတွေဟာ ၀မ်းစာအတွက် ဖယ်ပြီးရင် နောက်တခါ ထပ်စိုက်ပျိုးဖို့ မျိုး ဆိုတာ ပြန်ချန် ကြရတယ်။ မျိုးစပါးတို့ ဘာတို့ပေါ့၊ ဒါမှ … ဒီလယ်ယာက အမြဲတမ်း ရှင်သန်နေမယ်၊ အဆက်မပြတ် ဖြစ်ထွန်းနေမယ်။ မဟုတ်ရင် တခါစားပဲ ဖြစ်သွားမှာ။ အခု ဖြစ်ပုံက … ဘိုးဘွားတွေ ချန်ထားတဲ့ မျိုးစေ့တွေကို ထပ်မစိုက် ကြတော့ဘဲ ပြုတ်စား နေကြသလို ဖြစ်နေတယ်”

ဆွေမျိုးထဲက လုပ်ပိုင်ခွင့် ရှိသူတွေဟာ ရှိသမျှ မျိုးစေ့တွေကို ပြုတ်စား နေကြမှတော့ ကျမတို့လို အစွန်အဖျား လေးတွေက ဘာများ တတ်နိုင် ဦးမှာတဲ့လဲ။
ဒါဟာ … ကျမတို့ ဆွေမျိုး အသိုင်းအ၀ိုင်း တခုထဲမှာ ကိုပဲ ကြည့်ပြီးပြောနေတာပါ။
***
ကဲ … ကျမတို့ တိုင်းပြည်ကြီးကို ကြည့်ကြရအောင် … ။
လွတ်လပ်ရေး ရဖို့ … တိုင်းရင်းသားတွေ ညီညွတ်ဖို့ … တိုင်းသူ ပြည်သားတွေ ကောင်းစားဖို့ … အသက်ပေါင်းများစွာ သွေးတွေ ချွေးတွေ ဘ၀တွေ ရင်းနှီးခဲ့ကြရတယ်။ ကြိုးစား ခဲ့ကြရတယ်။
ခု … လက်ရှိ ကျမတို့ တိုင်းပြည်ကြီး ဘာဖြစ်နေသလဲ …. ။
လွတ်လပ်ရေး ရခဲ့ပြီးပြီ … တိုင်းရင်းသားတွေ ညီညွတ် ရဲ့လား။
ပြည်သူလူထု ကောင်းစားရဲ့လား။ တိုင်းပြည်ရော အဆင့်အတန်း မြင့်နေပြီလား။

ကိုယ့်လက်ထဲမှာ ရှိတဲ့ တိုင်းပြည်ရဲ့ သယံဇာတတွေကို ဟိုလူ ဒီလူ လျှောက် ရောင်းစားပြီး ကိုယ့်ပြည်သားတွေ ကတော့ ငတ်မွတ်လို့။ ဒီတိုင်းပြည်ကို အမှီပြုပြီး ကြီးပွားသူတွေ ကြီးပွားသွားကြပေမဲ့ … အများပြည်သူ လုထုကတော့ ဖွတ်ကျောပြာစု ဘ၀မျှသာပါပဲ … ။ တိုင်းပြည်က အဖိုးတန် သယံဇာတတွေ အပြင် တိုင်းပြည် ထူထောင်ဖို့ အဓိကအရေးပါတဲ့ ပညာရှင်တွေပါ တဖြည်းဖြည်း လျော့ပါး လာကြပြီ။
သမိုင်းဝင် အဆောက်အဦးတွေ ဆိုတာလည်း ဟိုငှား ဒီငှားနဲ့ ဘာမှ မကျန်တော့ဘူး …နောက်ဆုံး ငွေသာ ရမယ်ဆိုရင် တိုင်းပြည်ကိုလည်း ဟိုတစု ဒီတစု ဖဲ့ပြီး ရောင်းချင် ရောင်းကြလိမ့်ဦးမယ်။

အဲဒီအခါ ဘယ်လိုပြောကြမလဲ …. ။
ဆရာကြီး လူထုဦးစိန်ဝင်းရဲ့ တပည့် ပြောသလို …. အဖေ့လက်ထက်က ထက် ကျွန်တော့် လက်ထက်မှာ ပွားများအောင် လုပ်နိုင်တယ်လို့ ဆိုကြဦးမလား … ။

ဒီလိုနဲ့ …. ဘိုးဘွားတွေ ပျိုးထောင်ခဲ့တဲ့ လယ်ယာက မျိုးစေ့တွေဟာ တဖြည်းဖြည်း လုံးပါးပါးရင်း … တစေ့မှကို ကျန်တော့မှာ မဟုတ်ပါဘူး။

ရှေးရှေးက ကုဋေရှစ်ဆယ်သူဌေးသားဟာ အမြင်မကျယ် ပညာမရှိလို့ မိဘ ဘိုးဘွား အမွေအနှစ်တွေကို ဆက်လက် မစောင့်ရှောက် နိုင်ဘဲ နောက်ဆုံး ခွက်လက်စွဲပြီး တောင်းစားရတဲ့ ဘ၀ကို ရောက်ခဲ့ရပါတယ်။

ခုခေတ် အမြင်ကျယ် ပညာတတ်တဲ့ လူငယ်တွေရဲ့ လက်ထက်မှာ အရင်ခေတ်က ကုဋေရှစ်ဆယ် သူဌေးသားလို အိမ်ကိုရောင်းပြီး ထောင်းထောင်း မကြေသင့်တော့ဘူး မဟုတ်လား။

အဲဒါနဲ့ ပတ်သက်လို့ အဖေက ခုလို ကဗျာလေး ရေးခဲ့ဖူးပါတယ်။ ၁၉၇၄ ခုနှစ်ဆီကပေါ့။
***
“အိမ်ကိုရောင်းလေ ထောင်းထောင်းကြေ”

ရှေးသရော အခါ၊
ပြည်ဗာရာဝယ်၊ ကုဋေကြွယ်ငြား
သူဌေးသား … ။

သူကား ငယ်က၊ မရပညာ
မသင်ပါ၍၊ ဥစ္စာယိုယွင်း
ဆင်းရဲခြင်းဖြင့်၊ သက်ဆင်း ဒုက္ခ
ရောက်ခဲ့ရ၏။

ပညာမပြည့်၊ ဥာဏ်မရှိ၍
အသိမမြင်၊ မဆင်ခြင်ဘဲ
သူ့တွင်ဥစ္စာ၊ ရှိသည်ငှာကို
များစွာ ကျွန်ပေါင်း၊ မကောင်းခိုးသူ
ယူ၍ပြေးရှောင်း၊ အိမ်ကို ရောင်း၍
ထောင်းထောင်းကြေခဲ့ရပါသည်။

ခေတ်သစ်မှာဖွား၊ သူဌေးသားငဲ့
သင်ကားပညာ၊ သင်ခဲ့တာမို့
ဗာရာဏသီ၊ ပဝေနီက
မကြည်ဝိုးဝါး၊ သူဌေးသားနှင့်
လားလား မတူနိုင်ပါချေ။

ပညာရှိသူ၊ သင်တမူကား
ဥာဏ်ကူ ပိုင်းခြား၊ ဆင်ခြင်ပွား၍
မမှားစေရာ၊ လုပ်နိုင်ပါလည်း
များစွာဥစ္စာ၊ ရှိသည်ငှာကို
ဆုတ်ခွါစေကြောင်း၊ အိမ်ကိုရောင်း၍
ထောင်းထောင်းမကြေသင့်တော့ပါ။
(၁၉၇၄-ဇန်န၀ါရီ)
***
အိမ်ကို ရောင်း၍ ထောင်းထောင်းမကြေစေဖို့ ပညာရှိသူ အသင်လူငယ်တို့၏ တာဝန် မဟုတ်ပါပေလော။
***
မေဓာဝီ
14.2.07
10:07 pm

Read More...

Wednesday, February 14, 2007

ကိုပြူးကျယ်သို့ ပေးစာ … အပိုင်း (၅)

သို့
ကိုပြူးကျယ် …

ပြက္ခဒိန်ကြည့်လိုက်တော့ ဒီနေ့ဟာ ကိုပြူးကျယ် အတွက် စာရေးရမယ့် နေ့ပဲ လို့ သတိရတာနဲ့ ရေးမယ့် စာအုပ်ကလေး ပြန်ကိုင်ရပြန်တယ်။ တပတ်လုံးလုံး ဒီစာအုပ်ကို ပစ်ထားခဲ့မိကြောင်း ၀န်ခံလိုက်ပါရဲ့ရှင်။
အခုဆို … ကျမတို့ မြန်မာပြည်မှာတော့ ရာသီပြောင်းချိန် ရောက်လုပြီပေါ့ ကိုပြူးကျယ် … ။ ဆောင်းအနှောင်း နွေအကူး မို့ မနက်ခင်းမှာ အေးသလိုလို ရှိပေမဲ့ နေ့ခင်းကျပြန်တော့ အိုက်စပ်စပ်နဲ့ နေရခက်လှတယ်။ ဖျားကြ နာကြသူတွေလည်း များပါဘိသနဲ့ … ။ မနေ့ညက ကြီးတော်ကြီး နေမကောင်းလို့ ဆေးခန်း လိုက်ပို့မှဘဲ ကျန်းမာရေး မကောင်းသူတွေ တော်တော် များပါလား လို့ သတိထား လိုက်မိပါတယ်။ ဆေးရုံ ဆေးခန်း ဆိုတာလည်း မစည်ကားအပ်တဲ့ အရပ်ပဲ မဟုတ်လား။
ဒါကြောင့်မို့ စာအကြောင်း ကဗျာအကြောင်း မရေးခင် ကိုပြူးကျယ်လည်း ကျန်းမာရေး ဂရုစိုက်ပါ လို့ ဦးဆုံး မှာလိုက် ပါရစေနော် … ။

ဒီနေ့တော့ လေးချိုး အကြောင်း ရောက်ပါပြီ။ စပ်နည်းပါ ထည့်ရေးပါလို့ တောင်းဆို ထားတာမို့ လေးချိုး စပ်နည်း အကျဉ်းကလေးတော့ ထည့်ရေးပေးလိုက်ပါမယ်။ လေးချိုးအခန်းမှာ လေးချိုး အမျိုးမျိုးနဲ့ နမူနာ ဖော်ပြထားတဲ့ လေးချိုးတွေကလည်း များတာမို့ အပိုင်း ၂ ပိုင်း - ၃ ပိုင်း လောက်တောင် ဖြစ်မလားဘဲ … ။ ဘာပဲဖြစ်ဖြစ် စုံလင်အောင်တော့ ဖော်ပြပေး သွားပါ့မယ်။

- အချိုးအပိုင်း လေးခု နဲ့ စီကုံးထားတဲ့ ကဗျာမို့ လေးချိုးလို့ ခေါ်သလို ..ဒွေးချိုး တြိချိုး နည်းတူ ပါဠိနဲ့ ရောပြီး စတုချိုးလို့လည်း ခေါ်ကြသေးတယ်လို့ ဆိုပါတယ်။
-လေးချိုးမှာ ..လေးချိုးငယ်၊ လေးချိုးလတ်၊ လေးချိုးကြီး ဆိုပြီး ၃ မျိုး ကွဲပြားပါတယ်။
လေးချိုးငယ် ကိုတော့ …လေးဆစ်သဖြန်၊ လေးဆစ်ကွန်းထောက်သဖြန် .. စသဖြင့် ခေါ်ပါတယ်။
လေးချိုးလတ် ကိုတော့ …လေးချိုးလို့သာ ခေါ်ပြီး လေးချိုးကြီးကို လေးချိုးကြီး၊ အလွန်ကြီးမားရင် မဟာလေးချိုးကြီး ဆိုပြီးခေါ်ကြပါသတဲ့။ လေးချိုးကြီးမှာလည်း ကာလပေါ်လေးချိုးကြီးနဲ့ ရှေးရိုး လေးချိုးကြီး ဆိုပြီး ရှိသလို စာဖြောင့်လေးချိုးကြီး နဲ့ စာထောင့်လေးချိုးကြီး ဆိုပြီးလည်း နှစ်မျိုး ရှိပါသေးတယ်။ ဒါ့အပြင် သံချို ဟာလည်း လေးချိုးထဲမှာ အကြုံးဝင်တယ်လို့ ဆိုထားပါသေးတယ်။
လေးချိုး အမျိုးအစားတွေ ကတော့ ဒီလောက်ပါပဲ။

နမူနာ လေးဆစ် ရေးနည်းကတော့ အောက်ပါ အတိုင်းပါပဲ။
(၁)လေးချိုး
ရေးပျိုးလို့-ပြမည်။ (ခံ)

(၂) ချိုးလေးလီ-စပ်ခါပျိုး၊
လေးချိုးခေါ်သည်။ (ခံ)

(၃)ရှေ့နည်းမှီ၊ (တက်)
တူပြီပ စပ်ထုံး။ (အုပ်)

(၄)လေးချိုးငယ်-ရေးကာခြစ်
လေးဆစ် မှတ်အုံး။ (အုပ်)

ဒီ လေးဆစ်ရေးနည်း နမူနာကို ကြည့်မယ်ဆိုရင် ကာရန်တွေ ဘယ်လို ယူထားသလဲ သိနိုင်ပါတယ်။ ဒါကြောင့် အထူး ပြောမနေတော့ဘဲ နမူနာ လေးဆစ် ပုံစံများကိုသာ ဖော်ပြလိုက် ပါတယ်။ ဒီလေးဆစ်ကလေး တွေကလည်း ကျမတို့ အားလုံး သိဖူး ဆိုဖူးခဲ့ကြပါတယ်။ ဘာမှန်း ညာမှန်းသာ မသိတာပေါ့။

“ရွှေကျေးဘွဲ့ လေးဆစ်”
ကြက်တူရွေး - အာပေါင်နီ။
ကွမ်း-ကလပ်ကိုချီ။
မချီပါနှင့်-ကိုကြက်တော။
ဘကြီးလာမှ-ပြော ။ … ။


“ပန်းဘွဲ့ လေးဆစ်”
မမလေး-ပန်စရာ။
ပျိုတို့မောင်-တောင်ပေါ်ရိုးက၊
ပန်းချိုးလို့-လာ။
အပွင့်ရယ်-၀ါ၊
အညှာမှာ-မြရည်လိမ်း။
(အလိုဗျာ) ပန်းနွယ်က-စိမ်း။ … ။


“မောင်မယ်စုံ လေးဆစ်”
ခလောက်ကလေးရယ်က-ဒိုးဒိုးဒေါင်။
ပျိုတို့မောင်-ယာမလုပ်တယ်၊
ဝါးခုတ်တဲ့-တောင်။
နွားညီနောင်၊
စည်အောင်ပ-ဖေကျောင်း။
မောင်နှင့်မယ်-တူယှဉ်တွဲကာမှ၊
ယူငင်ကာ ခြူဆင်ဆွဲလို့ရယ်၊
လှည်းယဉ်နှင့် မောင်း။ … ။


“ဘုရားငါးဆူ ပဟေဠိ လေးဆစ်”
စပယ်တဲ့-လေးရုံ၊
မလေးကွယ်-မပန်ခိုက်၊
ပန်းပြတ်ခိုက်-ကြုံ။
အပွင့်ရယ်-ကုန်၊
တငုံ-ကျန်ပါသေး။

ပန်ချင်သူ-ညိုနွဲ့နောင်းရယ်၊
ခေါင်းဖြီးခဲ့လေး။ … ။
***
လေးဆစ် နမူနာလေးတွေကတော့ ဒီမျှပါပဲ … ။ နောက်တပတ်ကျမှဘဲ လေးချိုးလတ်ကို ဆက်လက် ဖော်ပြပါတော့မယ်။ တော်ကြာ ရေးတာတွေများရင် ဖတ်ရတာ အီ နေမှာစိုးလို့ပါ။

ကိုပြူးကျယ်နှင့်တကွ ကျမ ဘလော့ကို တခုတ်တရ လာရောက်ဖတ်ရှုသူ … သို့မဟုတ် မတော်တဆ လမ်းမှား ရောက်လာရင်း ဖတ်မိသူ … ဘာရယ်ညာရယ်မဟုတ် လမ်းကြုံလို့ လာဖတ်သူ … ထိုထိုသူ အပေါင်းတို့အား ကိုယ်ရော စိတ်ပါ ကျန်းမာစွာနဲ့ အေးချမ်း သာယာပါစေကြောင်း ဆုတောင်း လိုက်ပါတယ်ရှင် … ။
***
မေတ္တာဖြင့် …
မေဓာဝီ
14.2.07
00:07 am

Read More...

Tuesday, February 13, 2007

ဖေဖော်ဝါရီ ၁၃ မှာ ….

ဗိုလ်ချုပ်အောင်ဆန်းသာ ရှိနေမယ်ဆိုရင် ဒီနေ့ဟာ ဗိုလ်ချုပ်ရဲ့ ၉၂ နှစ် ပြည့် မွေးနေ့ပဲ လို့ မနက် မိုးလင်းလင်းချင်း သတိရနေမိတယ်။ ဗိုလ်ချုပ် မရှိတော့တဲ့ နှစ်ပေါင်း ၆၀ အတွင်း ဘာတွေများ ပြောင်းလဲ ခဲ့ပါသလဲ … ဘာတွေများ တိုးတက်ခဲ့ပါသလဲ … ဗိုလ်ချုပ် ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေကို လိုက်နာ ကြရဲ့လား … လို့လည်း စိတ်ထဲ တွေးနေမိတယ်။

ဒီလို တွေးမိရာက … “ဗိုလ်ချုပ်အောင်ဆန်း၏ မမေ့နိုင်သော မိန့်ခွန်းများ” ဆိုတဲ့ စာအုပ်ကိုရှာပြီး ပြန်လည် ဖတ်ခဲ့ပါတယ်။ ဒီစာအုပ်က စာမျက်နှာ ၄၅၀ကျော်ကျော် လောက်ရှိတဲ့ စာအုပ် ထူကြီးပါ။ ငယ်စဉ်ကတော့ အစအဆုံး ဖတ်ခဲ့ဖူးပါတယ်။ ခုတော့ အချိန်မရတာကြောင့် အစအဆုံး မဖတ်နိုင်တော့ဘူး။ ဒါပေမဲ့လည်း ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်ပြောခဲ့တဲ့ စကားလေးတွေ အမှတ်တရ ဘလော့ပေါ် တင်ပေးချင်တာကြောင့် … လက်လှမ်းမီသလောက် ဖတ်ရှုပြီး ကောက်နုတ် ဖော်ပြလိုက်ပါတယ်။
***
“ကျွန်တော်တို့တော့ ရှေ့အဖို့ကို ရဲရဲကြီးလုပ်တော့မယ်၊ ပြတ်ပြတ်သားသား လုပ်တော့မယ်၊ ကျွန်တော်တို့တတွေ ဟိုအကြောင်းထောက် ဒီအကြောင်းထောက်ပြီး ချီတုံ ချတုံ ဖြစ်နေမှုကြောင့် လူထု မနစ်နာစေချင်တော့ဘူး။ လူထုရဲ့ အကျိုးကို မျှော်ကိုးသောအားဖြင့် တိုင်းပြည် မှောက်သွားအောင် ကြိုးပမ်းနေတဲ့ သူတွေကို ကျွန်တော်တို့က ‘အစွမ်းကုန် ချရမှာဘဲ’ ဆိုတာ တိတိလင်းလင်း သတိပေးလိုက်ပါတယ်။”

“လူမျိုးရေး တရားဟာလဲ ငါ့လူမျိုးမှ ငါ့လူမျိုး၊ အခြားလူမျိုးတွေ ငါ့လောက်မမြတ်၊ ငါ့လူမျိုးသာ ကမ္ဘာမှာ ကြီးစိုးရမယ် ဆိုတဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေး တရားမဟုတ်ဘဲ၊ ကိုယ့်လူမျိုးကိုယ် ချစ်သော်လည်း တခြားလူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်း မဖြစ်ဘဲ ကမ္ဘာမှာ တိုင်းပြည်အချင်းချင်း သင့်မြတ်စွာ တဦးအကျိုး တဦး ဖြစ်ပွားစေအောင် ဆောင်ရွက်တဲ့ လူမျိုးရေးတရားလဲ ဖြစ်ရမယ်။”

“လူမျိုးရေးတရား ဆိုတာဟာ ကိုယ့်အမျိုးသား ချစ်ပီး ဒိပြင်လူတွေ မလိုမုန်းထားတာ လူမျိုးရေးတရားပဲလား … မဟုတ်ဘူး။ ကိုယ့်အမျိုး ချစ်ရုံနဲ့ ဒိပြင် အမျိုးတွေကို မုန်းဘို့ မလိုဘူး။ သို့သော်လဲ ကိုယ့်အမျိုး အကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းက လူဖြစ်ဖြစ် အပြင်ကလူဖြစ်ဖြစ် တိုက်ရိုက် နှိမ်နင်းရမှာပေါ့၊ ဒါက ငါတို့ အမျိုးရဲ့ ရန်သူ အဖြစ်ဖြင့်သာ နှိမ်နင်းခြင်းဖြစ်တယ်၊ ဘယ်လူမျိုး ဘယ်သူဘယ်ဝါ ဆိုပြီး နှိမ်နင်းတာ မဟုတ်ဘူး”

“အသရေ ပျက်မှု ဖြစ်စေတဲ့ စကားမျိုးကလွဲလျှင်၊ တရားဥပဒေအတွင်း ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ဆဲချင်တာ ဆဲနိုင်တယ်။ ဝေဘန်ချင်တာ ဝေဘန်နိုင်တယ်၊ အသရေပျက်တဲ့ စကားမျိုးကို လက်မခံနိုင်ဘူး။ သတင်းစာတွေကိုလည်း ပြောလိုက်မယ်၊ ဒီအစိုးရလက်ထက်နှင့် တခြားအစိုးရလက်ထက် သေသေချာချာ နှိုင်းယှဉ်ကြည့်စေချင်တယ်။ ကျုပ်တို့ကို ထောက်ခံချင် ထောက်ခံ၊ အားပေးချင်လဲ အားပေး၊ အတိုက်အခံ ဝေဘန်ချင်တဲ့ သတင်းစာကလဲ ဝေဘန်၊ သဘောအတိုင်းဘဲ”

“ကျုပ် နိုင်ငံရေး လုပ်လာတာ ကြွားချင်လို့လဲ လုပ်နေတာ မဟုတ်ပါဘူး၊ ဗမာပြည် လွတ်လပ်ရေး ရစေချင်လို့၊ ဗမာတွေ ကောင်းစားစေချင်လို့ လုပ်တာပါ၊ ကျုပ်က နိုင်ငံရေး မလုပ်ရလို့ ထမင်းငတ်သွားမဲ့ လူမျိုး မဟုတ်ဘူး။ နိုင်ငံရေးလုပ်တာ ကျုပ်အဖို့မယ် မြတ်တယ်လို့ကို မထင်ဘူး၊ အရှုံးကြီးနဲ့ချည်း လုပ်နေရတာပဲ။”

***
ဗိုလ်ချုပ်မွေးနေ့ကို တချို့လည်း မေ့ချင် မေ့နေကြပါလိမ့်မယ်။ အဲဒီလို မေ့နေကြတာ အပြစ်တော့လည်း ဆိုလို့မရပါဘူး။ တကယ်တော့လည်း နေ့တွေ ရက်တွေထက်ကို ဗိုလ်ချုပ် ပြောခဲ့တဲ့ စကား … ဗိုလ်ချုပ် အဆုံးအမတွေကို လိုက်နာဖို့ကသာ ပိုအရေးကြီးတာပါ။ ဒါပေမဲ့ ဗိုလ်ချုပ်ကို အလေးထားသူတွေ လေးစားသူ တွေကတော့ ဒီနေ့ ဒီရက် ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။

အဲဒါနဲ့ ပတ်သက်လို့ ဟိုတနေ့က ပြန်ဖတ်ဖြစ်တဲ့ လွတ်လပ်ရေးတိုက်ပွဲ စာအုပ်လေးထဲမှာ ဗိုလ်သိမ်းဆွေ ရေးခဲ့တဲ့ ဆောင်းပါးလေးကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။
ဗိုလ်သိမ်းဆွေဟာ အမေရိကန် ပြည်ထောင်စုမှာ စာကြည့်တိုက်ပညာ သွားသင်နေစဉ် ဗိုလ်ချုပ်မွေးနေ့နဲ့ ကြုံကြိုက်တဲ့အတွက် မွေးနေ့ပွဲ ကျင်းပခဲ့ကြပုံကို ခုလို ရေးသားထားပါတယ်။
***
ဝါရှင်တန်နှင့် ဗိုလ်ချုပ်မွေးနေ့

(ဗိုလ်သိမ်းဆွေထံမှ ပေးစာ)
မြန်မာ့အလင်း သတင်းစာ (၁၁-၂-၅၃)နေ့ထုတ်၌

မြန်မာ့အလင်း အယ်ဒီတာ ခင်ဗျာ၊

ဗိုလ်ချုပ်မွေးနေ့အတွက် အမှီ ရေးပို့လိုက်ပါတယ် ခင်ဗျာ။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် သံအမတ်ကြီး မစ္စတာ ဘယ်ရင်တန် နေအိမ်၌ သံရုံးသားအားလုံး ၀ါရှင်တန်မြို့တော်ရှိ ဗမာအားလုံးက ငွေစုဆောင်းပြီး ဗိုလ်ချုပ်မွေးနေ့ ကျင်းပကြပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို သံအမတ်ကြီးက ပြော၍ ကျွန်တော်က ဗိုလ်ချုပ် ပြည်တောင်စု မည်ကဲ့သို့ ထူထောင် ဆောင်ရွက်ခဲ့ပုံကို ပြောပြပြီး ဗမာထမင်း ဗမာဟင်းနဲ့ ဧည့်ခံကျွေးမွေး၍ ဗမာအက အဆိုနဲ့ ဖြေဖျော်ရန် စီစဉ်နေကြပါသည်။
နယူးရောက်မြို့ရှိ ဗမာတစုကလည်း ပြုလုပ်ကြပါလိမ့်မည်။
x x x x x x x x
ဗမာပြည်မှာတော့ လုပ်ဖြစ်မဖြစ် မသိရပါ။ ဆိုရှယ်လစ် ညီလာခံကြီး ကျင်းပသည်မှာ အမေရိကန်အထိ ဂယက်တော့ ရိုက်လာပါတယ် ခင်ဗျား။ ဒါပေမယ့် ဗိုလ်ချုပ် မွေးနေ့ မကျင်းပဖြစ်ရင် သုံးနှစ်ဆက် ကျင်းပခဲ့ပြီးမှ မကျင်းပဖြစ်တာ ဖြစ်မှာစိုးပြီး ၀မ်းနဲစရာ ကောင်းနေပေလိမ့်မည်။
x x x x x x x x

စသည် … စသည် ရေးသားထားတာ ဖတ်လိုက်ရပါတယ်။

ခုတော့ဖြင့် ဗိုလ်ချုပ်မွေးနေ့ မပြောနဲ့ ဗိုလ်ချုပ် နာမည်ကိုတောင် သမိုင်းမှာ ဖျောက်လို့ရရင် ဖျောက်ထားချင် နေကြပါပြီ။ အစိုးရ ရုံးအဖွဲ့အစည်း တွေမှာ ဗိုလ်ချုပ်ဓာတ်ပုံ ရှိပါသေးရဲ့လား။ ကျောင်းသုံး ပြဋ္ဌာန်း စာအုပ်ထဲမှာ ဗိုလ်ချုပ်အကြောင်း သင်ကြားရပါသေးသလား။
သမိုင်းဆိုတာဟာ ဖျောက်ချင်တိုင်းရော ဖျောက်လို့ရပါ့မလား ….
အဲဒီလိုတွေ တွေးနေမိရင်းနဲ့

ဖေဖော်ဝါရီ ၁၃ -မှာ
ဗိုလ်ချုပ်မွေးနေ့ပါ …
တထောင့်ကိုးရာ တဆယ့်ငါး
ရှေ့နေဦးဖာ သား …

… … …. …. …. ဆိုတဲ့ ကဗျာလေး ကိုသာ စိတ်ထဲက ရွတ်ဆို နေမိပါတော့တယ်။
***
မေဓာဝီ
13.2.07
11:03 am

Read More...

Monday, February 12, 2007

ဒို့အရေး

ငယ်စဉ်က ဒီလိုနေ့ဆိုလျှင် အိမ်ရှေ့ လမ်းမကြီးပေါ်မှာ လူစုလူဝေး စီတန်းလျက်၊ အလံတွေကိုင်ဆောင် လွှင့်ထူလျက်၊ တူညီဝတ်စုံများ ၀တ်ဆင်လျက် ညီညီညာညာ လမ်းလျှောက်ရင်း “ဒို့အရေး … ဒို့အရေး” ဟု ကြွေးကြော်သွားကြသည့် မြင်ကွင်းကို နှစ်စဉ် မြင်ရလေ့ရှိသည်။

ဒီအခါဆို လူကြီးတွေက ဘိလပ်ရည်တွေ ဖျော်ထည့်ထားသော ဒန်အိုးကြီးများကို အိမ်ရှေ့တွင်ချကာ ချီတက် လာကြသူများ အမောပြေစေရန် အလို့ငှာ တိုက်ကျွေးကြ၏။ သူတို့လို ကလေးတွေကတော့ ဘိလပ်ရည် ခွက်ကလေးတွေ လိုက်လံ ကမ်းပေး၊ သောက်ပြီးသား ခွက်ကလေးတွေ ပြန်ယူ၊ လူစုစုကြား အပြေးအလွှား လှုပ်ရှားရတာကိုပင် ပျော်နေခဲ့ကြသည်။

“ဒို့အရေးတွေ လာပြီဟေ့” လို့ တယောက်ယောက်က စပြောလိုက်ပြီဆိုလျှင် အိမ်ရှေ့ထွက်ချင်ပြီ။ ဒို့အရေးတွေကို တနေကုန် မမောနိုင်အောင် ကြည့်ပြီး အားလုံးပြီးသွားချိန် ဆိုရင်တော့ မျက်စိမှိတ်လည်း မျက်စိထဲမှာ ဒို့အရေးတွေ၊ ရေသောက်လည်း ရေခွက်ထဲမှာ ဒို့အရေးတွေ၊ အိပ်ရာဝင်ချိန်ထိပင် ခြင်ထောင် ခေါင်မိုးမှာ ဒို့အရေးတွေ မြင်ယောင်လို့ နေ၏။

သည်တုန်းကတော့ “ဒို့အရေး .. ဒို့အရေး” ဟု အော်ကြတာဟာ ဘာမှန်းလဲ မသိခဲ့။ သိရန်လည်း မစဉ်းစား။ ဒို့အရေးရဲ့ အရှေ့က ဘာတွေ တိုင်ပေးနေတယ် ဆိုတာလဲ နားမလည်။
သူသိတာက ဒို့အရေး လာတတ်သည့် ပြည်ထောင်စုနေ့ ဆိုလျှင် ကျောင်းပိတ်မည်။ ပြည်ထောင်စု အလံကို ဟိုမှ သည်မှ သယ်ဆောင်ရင်း ကျိုက္ကဆံကွင်းမှာ ရပ်နားမည်။ ကျိုက္ကဆံကွင်းသို့ ချီတက်လာသည့် ဒို့အရေးတွေကို မမောတမ်း ကြည့်ကြမည်။ ညဘက်မှာ ပြည်ထောင်စုပွဲ ကျင်းပရာ ကျိုက္ကဆံကွင်းကို သွားကြမည်။ ပွဲကြည့်မည်။ အရောင်း ပြခန်းတွေ ကြည့်မည်။ ပစ္စည်းတွေ ၀ယ်မည်။ ဒီလောက်ပဲ။

အိမ်ရှေ့မှ ဖြတ်လျှောက် ချီတက် ကြွေးကြော် သွားကြသော ဒို့အရေးတွေက ဘာတွေလဲ … သူမသိ။ ဘာအတွက် အော် နေတာလဲ သူ နားမလည်။
ဒီလိုနှင့် တဖြည်းဖြည်း ကြီးပြင်းလာပြီး နောက်ပိုင်းမှာတော့ ဒီလို ဒို့အရေးမျိုးတွေ တစတစ ပျောက်ကွယ် သွားသည်။ ပျောက်ကွယ် သွားရာမှ ပြန်ပေါ်လာပြန်တော့ ပုံစံတမျိုး ဖြစ်လို့နေ၏။
ဒီအချိန်မှာတော့ သူ သိတတ် နားလည်တတ်သည့် အရွယ်သို့ပင် ရောက်လို့နေပြီ။
***
ဒီလမ်းမကြီးထက်မှာပါပဲ။
လူစုလူဝေး စီတန်း ချီတက် လျက်ပါပဲ။
အလံတွေလည်း ကိုင်ဆောင်လွှင့်ထူလျက်ပါပဲ။
“ဒို့အရေး … ဒို့အရေး” လို့လည်း ကြွေးကြော်လျက်ပါပဲ။
ဒါပေမဲ့ နှုတ်ဖျားက အသံတွေမဟုတ်။ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ အားမာန်အပြည့် ဟစ်ကြွေးသံများ။ ချီတက်လာကြသူ အားလုံး၏ မျက်လုံးများက မျှော်လင့်ချက် တို့ဖြင့် တလက်လက် တောက်ပလျက်။ ရဲစိတ် ရဲမာန် အပြည့်။ ဖမ်းမှာ မကြောက်၊ သေမှာ မကြောက်။

ဘေးမှ ကြည့်နေသူများပင် ကြက်သီးမွေးညင်း ထကာ စိတ်ဓာတ်များ တက်ကြွ လာကြသည်။ ဒို့အရေး … ဒို့အရေး ဟု … ရင်ထဲကအသံများ နှုတ်ဖျားမှ ဖွင့်ဟလာကြသည်။ လက်သီး လက်မောင်း တန်းလာကြသည်။

ဒီ ဒို့အရေးတွေကိုမူ … သူ၏ မျက်စိထဲတွင်မက နှလုံးသားထဲမှပင် ဒီတသက် ထွက်တော့မည် မဟုတ်။
***
သူ ငယ်ငယ်က ကြုံခဲ့ရသည့် ဒို့အရေးက အော်ခိုင်းလို့ အော်ကြရသည့် ဒို့အရေး …။ နောက်တချိန် ထပ်မံ ကြုံခဲ့ရသည့် ဒို့အရေးကတော့ ပြည်သူအားလုံး ရင်ထဲမှ မခံမရပ်နိုင်သည့်အဆုံး ထွက်ပေါ်လာသော ဒို့အရေး …။

စကားလုံးချင်း တူသော်ငြား … အဓိပ္ပါယ်ကား ကွာခြားလွန်းလှသည်။
အနှစ်သာရခြင်း ကွာခြားလွန်းလှသည်။
ခံယူချက်ခြင်း ကွာခြားလွန်းလှသည်။

ဒို့အရေး … ဆိုသော သုံးလုံးတည်းသော ဝေါဟာရလေး သည်ပင်လျှင် ခံယူချက် မတူညီသော လူတွေ၏ နှုတ်ဖျားမှာ ကောင်းတခါ ဆိုးတလှည့် ကြုံခဲ့ရပေ၏။
***
တကယ်တမ်း … ဒို့အရေး ဟူသည် …
တဦးတယောက်၊ တဖွဲ့၊ တအုပ်စု၏ အရေးပေလား။
တနိုင်ငံလုံး၊ တမျိုးသားလုံး၊ ပြည်ထောင်စုကြီး တခုလုံး၏ အရေးပေလား။
“ဒို့အရေး” သည် … ငါ့အရေး မဟုတ်၊ မင်းအရေးမဟုတ်၊ သူ့အရေးမဟုတ်၊ ငါတို့အားလုံး၏ အရေးပင်ဖြစ်သည်။
ငါနှင့် မဆိုင်၊ မင်းနှင့်မဆိုင်၊ သူနှင့်မဆိုင်ဟု ပြောလို့မရ၊ ငါတို့အားလုံးနှင့် ဆိုင်သည်။

ငါတို့ ဘိုးဘွား မိဘတွေ သည် … ဒီမြေပေါ်မှာ မွေး၊ ဒီမြေပေါ်မှာ ကြီးပြင်းရှင်သန်ခဲ့ကြသည်။
ငါတို့သည်လည်း … ဒီမြေပေါ်မှာပင် မွေး၍ ဒီမြေပေါ်မှာပင် ကြီးပြင်း ရှင်သန်ခဲ့ကြသည်။
ငါတို့၏ မျိုးဆက်များသည်လည်း ဒီမြေပေါ်မှာ မွေးပြီး ဒီမြေပေါ်မှာပင် ကြီးပြင်း ရှင်သန် ကြဦးမည်။
ဒီမြေသည် ငါတို့အားလုံး၏ မြေဖြစ်သည်။
ငါတို့ ရှင်သန် ကြီးပြင်းခဲ့ရာ မြေကို ငါတို့ ပြန်လည် ကျေးဇူးပြုကြရမည်။
ငါတို့အားလုံး တိုးတက်မှ ငါတို့မြေလည်း စည်ပင်ဝပြောမည်။
ငါတို့အားလုံး ညီညွတ်မှ ငါတို့မြေလည်း သာယာလှပမည်။
ငါတို့မြေ သာယာဝပြောဖို့ ငါတို့အားလုံးမှာ တာဝန်ရှိသည်။

ငါတို့ စဉ်းစားကြပါစို့ … ။
ငါတို့၏ မျိုးဆက်များသည် …. ငါတို့ ကြုံနေရသကဲ့သို့ … … …
အမှန်တရားကို မပြောရဲ မဆိုရဲ ကျိတ်မှိတ်ခံစား နေကြရဦးမလား။
အမှန် အမှား ခွဲခြားမသိ … မျက်စိမှိတ် နားပိတ် အမှောင်တိုက်ထဲမှာ ပြောသမျှယုံ ကြုံသမျှ ခံ နေကြရဦးမလား။
နိမ့်ကျသည့် ပညာရေး စနစ်ဆိုးကြီးထဲမှာ စမ်းတ၀ါးဝါး သင်ကြားကြရဦးမလား။
ကျန်းမာရေးအတွက် ဆေးဝါးကောင်းမရှိ၊ ငွေမရှိလျှင် သေရမည့်ဘ၀မှာ ကျင်လည်ကြရ ဦးမလား။
ဝင်ငွေ ထွက်ငွေ မမျှတ၊ တနေ့လုပ်လို့ တနေ့ နပ်မှန်အောင်မှ စားကြရပါ့မလား။
အူမ-မတောင့်သည့်အတွက် သီလ-မစောင့်နိုင်ဘဲ … စာရိတ္တတွေ တစထက် တစ ယိုယွင်း ချိနဲ့လာကြလေမလား။
သူတပါး တိုင်းပြည်မှာ မျက်နှာ အငယ်ခံပြီး ရုန်းကန်ကြိုးစား နေကြရဦးမလား။
ရေ-မီး မရှိ နိမ့်ကျသည့် လူမှုဘ၀ မှာ နေထိုင်ရင်း … ဟိုပြေး ဒီပြေး နက်ဖန်အတွက် စိတ်မအေး နိုင်တဲ့ အဖြစ် မျိုးတွေ ကြုံတွေ့ရ လေဦးမလား။

ငါတို့ မျိုးဆက်များ ငါတို့ကဲ့သို့ မခံစားရစေရန် …. ဘ၀ အာမခံချက် ရှိရန် ငါတို့အားလုံး ညီညီညွတ်ညွတ် ကြိုးစား လုပ်ဆောင် ရမည် မဟုတ်ပါလော ….။

နောက်လူများ ငါတို့လို မဖြစ်ရလေအောင် …
စွမ်းဆောင်ကြဖို့ အရေးသည် ငါတို့အားလုံး၏အရေး …။
ဒါသည်ပင်လျှင် …

ဒို့အရေး …

***
မေဓာဝီ
၂၀၀၇ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၂ - ရက်
(နှစ် ၆၀ -ပြည့် ပြည်ထောင်စုနေ့)

Read More...

Sunday, February 11, 2007

သတိရမိသော သီချင်းနှစ်ပုဒ်

ဘီးနံပါတ် OK0122L

ဒီနေ့အဖို့ ဒီသီချင်းလေးကို သတိရနေမိတယ်။
စိုင်းခမ်းလိတ် ရေးပြီး စိုင်းထီးဆိုင် သီဆိုခဲ့တဲ့ သီချင်းလေးပါ။
ဟိုးငယ်ငယ်ကတည်းက ကြားဖူးပြီး လိုက်ဆိုခဲ့ ညည်းခဲ့ဖူးတဲ့ သီချင်းကလေးပေါ့။
နားထောင်ခါစ ငယ်ငယ်ကတော့ ပျောက်သွားတဲ့ စက်ဘီးကလေးတစီးကို စွဲလမ်းစွာ စပ်ဆိုရေးဖွဲ့ ထားတဲ့ သီချင်းလေးလို့ပဲ သာမန်ကာလျှံကာ တွေးခဲ့မိတယ်။

ဒါပေမဲ့ … သူငယ်ချင်း တယောက်ပြောပြလို့ ဒီသီချင်းရဲ့ လျှို့ဝှက်ချက် ကို သိခဲ့ရတယ်။ တချို့လည်း သိပြီးသား ဖြစ်ချင်ဖြစ်မှာပါ။ ကျမလည်း တဆင့်သိရတဲ့အတွက် ဟုတ်မဟုတ်ဆိုတာတော့ သေချာပေါက် မပြောတတ်ပါဘူး။ ကိုယ့်ဘာသာ ကိုယ် ဟုတ်မဟုတ် တွေးကြည့်ကြရုံပါပဲ။ ဒီသီချင်းရဲ့ ရာဇ၀င်ကို သေချာသိသူများ ရှိရင်လည်း ပြောပြစေချင်ပါတယ်။

ပြောပြတဲ့သူငယ်ချင်းက အိုကေသုည ၁၂၂ အယ်လ် (OK0122L) ဆိုတဲ့ နံပါတ်ကို စာရွက်မှာ ချရေးပြတယ်။
နောက်ဆုံးစာလုံး L အရှေ့က OK0 နဲ့ ပေါင်းပြတယ်။ LOOK တဲ့ … ။ ကျန်တဲ့ ဂဏန်း 122 ကတော့ ၁၂ ရက် ၂ လ၊ (ဖေဖော်ဝါရီ ၁၂ရက်ပေါ့)။ LOOK 12 2 -ဖေဖော်ဝါရီ ၁၂ ရက်ကို ကြည့်ပါ … လို့ ဆိုလိုတာပါ။
ဖေဖော်ဝါရီ ၁၂ ရက် ဆိုတာ ပြည်ထောင်စုနေ့ပဲ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ ပင်လုံစာချုပ် လက်မှတ်ရေးထိုး ကြတဲ့ နေ့ပဲ။ ဒါကို ဘာလို့ ပြန်ကြည့်ခိုင်းတာလဲ …. ။

ပင်လုံညီလာခံမှာ ဘာတွေ ဆွေးနွေးခဲ့ကြသလဲ … ပင်လုံစာချုပ်ကို ဘယ်လိုရေးဆွဲ ချုပ်ဆို ခဲ့ကြသလဲ …။
“ဒီမှာ” ဖတ်နိုင်ပါတယ်။
***
ဒီသီချင်းကို သတိတရ ညည်းမိရင်း … ပင်လုံစာချုပ်အကြောင်း ဖတ်ရင်းနဲ့ ဟိုတလောက ဖတ်လို့ပြီးသွားတဲ့ ဗိုလ်သိမ်းဆွေရေး “လွတ်လပ်ရေးတိုက်ပွဲ” စာအုပ်ကို ပြန်လှန်လှော ဖတ်ကြည့်မိသေးတယ်။
အဲဒီစာအုပ်ထဲက စာတချို့ကို ကောက်နုတ် ဖော်ပြ လိုက်ပါတယ်။

ပင်လုံညီလာခံကို ၁၉၄၇ဖေဖော်ဝါရီ (၆)ရက်နေ့မှာ စတင်ကျင်းပခဲ့ပြီး ဖေဖော်ဝါရီ (၇) ရက်နေ့မှာ ရှမ်း၊ ကချင် (ဂျင်းဖော)၊ ချင်း အမျိုးသား ကိုယ်စားလှယ်တွေက အောက်ပါအတိုင်း ဆုံးဖြတ်အတည်ပြုခဲ့ကြပါတယ်။

၁။ မြန်မာများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း အားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းအမျိုးသားတို့၏ လွတ်လပ်ရေးသည် ပိုမိုလျင်မြန်စွာ ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း။
၂။ ဒီမိုကရေစီ နည်းစနစ်အရ မြန်မာလူမျိုးတို့ ရရှိခံစားနေသည့် အဆင့်အတန်း အခွင့်အရေးများနှင့် အကျိုးစီးပွား များကဲ့သို့ ရှမ်း၊ ကချင်၊ ချင်းတို့လည်း ရရှိခံစားရန် လိုလားကြောင်း။
၃။ ရှမ်း၊ ကချင်၊ ချင်း အမှုဆောင် ၀န်ကြီးများသည် မိမိတို့နှင့် သက်ဆိုင်ရာ ပြည်တွင်းရေး ကိစ္စ အ၀၀တို့တွင် မိမိတို့သာလျှင် တာဝန်ခံ၍ အများနှင့် သက်ဆိုင်ရာ ကိစ္စများ (ကာကွယ်ရေး၊ နိုင်ငံခြား ဆက်သွယ်ရေး၊ မီးရထား၊ ဆိပ်ကမ်းခွန် စသည်) တို့ကို မြန်မာများနှင့် ပူးပေါင်း တာဝန်ခံလိုကြောင်း … ။

***
အဲဒီ ဆုံးဖြတ်ချက်တွေကို အစည်းအဝေး ဥက္ကဋ္ဌ တောင်ပိုင်စော်ဘွားကြီး စောခွန်ပန်းစိန်က အသံလွှင့်ရုံကို သံကြိုးရိုက်ပြီး ကြေငြာစေတဲ့အတွက် အဲဒီညက အသံလွှင့်နိုင်ခဲ့ပါတယ်။

ဖေဖော်ဝါရီ (၈) ရက်နေ့ ညပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဖွဲ့ဟာ ပင်လုံကို ရောက်ရှိလာကြပါတယ်။
“ပင်လုံအစည်းအဝေးသို့ အကြောင်းနှစ်မျိုးကြောင့် လာခဲ့ရကြောင်း၊ ပထမမှာ မြန်မာပြည်ရှိ လူမျိုးများ ညီညွတ်ရေး အတွက် ဖြစ်၍၊ အခြားအကြောင်းမှာ လန်ဒန်ဆွေးနွေးပွဲ၌ တောင်တန်းဒေသနှင့် ပတ်သက်၍ မည်သို့ ဆောင်ရွက် လုပ်ကိုင်ခဲ့သည်ကို ပြောဆို ရှင်းလင်းပြရန် ဖြစ်ကြောင်း ….
…. … … .. .. … ..
…. … … .. .. … ..
…. … … .. .. … ..
မြန်မာများသည် ဗြိတိသျှ၏ကျွန် မဖြစ်စေလိုကြောင်း။ ထိုနည်းတူစွာ တောင်တန်းလူမျိုး များသည် ဗြိတိသျှ၏ ကျွန်များအဖြစ် မရောက်စေလိုကြောင်း၊ ထိုပြင် တောင်တန်းလူမျိုးများသည် မြန်မာ့ကျွန် မဖြစ်စေလိုကြောင်း။
တောင်တန်းနယ် စီမံအုပ်ချုပ်ရေးမှာ ကောင်စီ၏ လက်ထဲ ရှိနေလိမ့်မည် ဖြစ်ကြောင်း။ ထိုကောင်စီ အဖွဲ့ထဲ၌ တောင်တန်းနယ်မှ ကိုယ်စားလှယ် တယောက် ရှိလိမ့်မည်ဖြစ်ရာ ယင်း၏ လက်ထဲမှာကား ထိုအုပ်ချုပ်ရေး ရှိမည် ဖြစ်ကြောင်း …. ။

စသည်ဖြင့် ဗိုလ်ချုပ်ဟာ တောင်တန်း ကိုယ်စားလှယ်များနဲ့ သုံးရက်ခန့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြ ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက် ညမှာတော့ မြန်မာပြည်နဲ့ တောင်တန်းနယ်များ ပူးပေါင်းရေး အခြေခံသဘောတူညီမှု အထိမ်းအမှတ်အဖြစ် ပင်လုံညစာ စားပွဲကြီး တည်ခင်း ကျွေးမွေးကြပါတယ်။ အဲဒီညစာစားပွဲမှာ ဗိုလ်ချုပ်က ခုလို မိန့်ခွန်း ပြောခဲ့တယ်။

“တတိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား ပစ္စည်းအား နဲ့ စုပေါင်းပြီး အင်တိုက် အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိမှာပဲ။ ဗမာကတမျိုး၊ ကရင်က တဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတခြား အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်၊ လုပ်ကြည့်မှလဲ အကျိုးရှိ ကြောင်း သိနိုင်တယ်”

နောက်တနေ့ ဖေဖော်ဝါရီ ၁၂ ရက် မနက် ၁၀ နာရီမှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တောင်တန်း ကိုယ်စားလှယ် ၂၁ ဦးတို့ဟာ တိုင်းရင်းသား ညီညွတ်ရေး အဆောက်အဦကို တည်ဆောက်မယ့် ပင်လုံစာချုပ်ကြီးကို တညီတညွတ်တည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
***
ပင်လုံစာချုပ်နဲ့ ပတ်သက်ပြီး အကောင်အထည် ဖော်နိုင် မဖော်နိုင် ဆိုတာကတော့ အများသိကြတဲ့ အတိုင်းပါပဲ။
ဒါကြောင့်လည်း စိုင်းခမ်းလိတ်က သီချင်းထဲမှာ ရေးခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒီသီချင်းအပြင် ကျမ နောက်ထပ် သတိထားမိတဲ့ သီချင်းကတော့ “ကွတ်ခိုင်ကဇာတ်လမ်းတပုဒ်” ဆိုတဲ့ သီချင်းကလေးပါပဲ။
ရိုးရိုး အချစ် ဇာတ်လမ်းလေး တပုဒ်ကို ရေးဖွဲ့ထားတဲ့ သီချင်းလို့ ထင်ရပေမဲ့ သေချာနားထောင်ရင် အဓိပ္ပါယ် ရှိပါတယ်။
“ဒီမှာ” နားထောင်နိုင်ပါတယ်။
***
ဘာရယ်တော့ မဟုတ်ပါဘူး … သီချင်း နှစ်ပုဒ်ကို နားထောင်ရင်းနဲ့ တွေးမိတာလေးတွေ ရေးလိုက်တာပါ။
***
မေဓာဝီ
11.2.07
3:05 pm

Read More...

Saturday, February 10, 2007

ဇာတ်ဆရာကို ခံစားခြင်း

ဇာတ်ဆရာ … ဆိုတဲ့ စာလုံးလေးကို ခဏခဏ ကြားဖူးနေကျပါ။
ဇာတ်ခုံပေါ်က မင်းသမီးတွေ ဟာ .. ကန့်လန့်ကာ နောက်ကွယ်က ဇာတ်ဆရာကြီးရဲ့ အလိုကျ … ဆိုရ ကရ သလို …လောကဇာတ်ခုံ ပေါ်က လူသားတွေဟာလည်း ကံဇာတ်ဆရာ စီမံသမျှ ခံကြရပေတယ် လို့ တင်စားချက် တွေလည်း ကြားခဲ့ နာခဲ့ ဖူးပါရဲ့။

ဇာတ်ဆရာ ကိုယ်တိုင်ကရော …. ဘယ်သူ့အလိုကျ လှုပ်ရှားနေရပါသလဲ … ။

မကြာသေးခင်က ဆရာကြီးဦးတင်မိုးရဲ့ “ဇာတ်ဆရာ” ဆိုတဲ့ကဗျာလေး “ဟစ်တိုင် ၀က်ဘ်ဆိုက်” မှာ ဖတ်လိုက်ရပါတယ်။




ဆရာကြီး ကဗျာထဲက ဇာတ်ဆရာလို လူမျိုးတွေ လောကမှာ ဘယ်လောက်များ ရှိနေမလဲ။
ငါဇာတ်ဆရာပဲ … ငါ့ဇာတ်ငါ ဘယ်လိုပဲ က-က ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး ဆိုတဲ့ အတွေးလိုမျိုး ကိုယ်ပိုင်တဲ့ နေရာမှာ ကိုယ် လုပ်ချင်ရာ လုပ်နေသူတွေ ဘယ်လောက်များ ရှိနေမလဲ … မသိပါဘူး။ ဒီလို လူမျိုးတွေ များလေလေ …လောကကြီး ကြောက်စရာ ကောင်းလေလေ ပါပဲ။

ဇာတ်ဆရာ လုပ်ချင်ရာ လုပ်ရင် ကြည့်သူတွေ တပ်လန်ပြီး ရုံကြေးတွေ သူ အကုန်ရမယ်၊ ဒါပေမဲ့ … တခါပဲ ရမယ်လေ၊ နောက်ဆို ဒီဇာတ် ဘယ်သူမှ လာကြည့်တော့မှာ မဟုတ်ဘူး။
ဇာတ်ထဲက မင်းသမီး မင်းသားတွေလည်း တဇာတ် မကောင်း တဇာတ်ပြောင်း ကြပြီး နောက်ဆုံး … ဇာတ်ခေါင်းကွဲရုံပေါ့။

ဇာတ်တဇာတ်မှာ ဇာတ်ဆရာ အရေးကြီးသလို … တိုင်းပြည် တပြည်မှာလည်း အုပ်ချုပ် မင်းလုပ်သူက အရေးအပါဆုံးပဲ မဟုတ်လား။ ကဗျာထဲက ဇာတ်ဆရာ လိုမျိုးသာ တိုင်းပြည် အုပ်ချုပ်သူဟာ လုပ်ချင်ရာ လုပ်လို့ကတော့ဖြင့် … တိုင်းပြည် အိုးစားကွဲတော့မှာပဲ လို့ … ဇာတ်ဆရာ ကဗျာလေး ဖတ်မိရင်းက တွေးမိတွေးရာ တွေးနေမိပါတော့တယ်။
***
မေဓာဝီ
9.2.07
11:00 pm

Read More...

Friday, February 09, 2007

ပြာပုံထဲက ရုန်းထနိုင်မည်လော …

အမေ ခရီးထွက်ရာက ပြန်လာတော့ ကျမအတွက် လက်ဆောင်တွေ ပါလာပါတယ်။ အဲဒီ လက်ဆောင်တွေ ထဲကမှ … ထူးထူးခြားခြား ကျမ အလွန်နှစ်သက်မိတဲ့ လက်ဆောင် ကတော့ … စာအုပ်ကလေး တအုပ်နဲ့ စီဒီ တချပ်ပါပဲ။

ကျမက စာရေး စာဖတ် ၀ါသနာပါတာမို့ အမေက ဘယ်ကိုပဲ သွားသွား ကျမ ကြိုက်မယ်ထင်တဲ့ စာအုပ်လေးတွေ တွေ့ရင် ယူလာပြီး ကျမဖတ်ဖို့ ပေးတတ်တယ်။ သူကြုံလာခဲ့တဲ့ ဒေသန္တရ ဗဟုသုတတွေလည်း ကျမကို စီကာပတ်ကုံး ပြောပြတတ်တယ်။ အခု ဒီစာအုပ်နဲ့ စီဒီကလေး ကိုလည်း ကျမကြိုက်မယ်လို့ ဆိုပြီး တကူးတက ယူလာခဲ့တာပါ။



စာအုပ်ကလေးက ၂၀၀၆ နိုဝင်ဘာလ ၂၅ ရက် (ပါတော်မူနေ့) အမှတ်တရ ထုတ်ဝေတဲ့ စာအုပ်ကလေးပါ။ ရေးသူက ဒေါက်တာလှဘူး တဲ့။
“ဗမာပြည်က နောက်ဆုံး ဘုရင်နဲ့ မိဖုယားကို အင်္ဂလိပ်က ဖမ်းခေါ်သွားပြီး အိန္ဒိယကို ပို့ခဲ့တဲ့ အကြောင်းအရာ များနဲ့တကွ နောက်ခံ အဖြစ်အပျက်များကို အမှတ်ရစေဖို့၊ သမိုင်းကို မမေ့ကြစေဖို့ သတိပေးချင်တဲ့ စိတ်ကူးရပြီး ဒီစာစောင်လေးကို ရေးဖြစ်ပါတယ်”
လို့ ဒေါက်တာလှဘူးက စာအုပ်ရဲ့ အမှာစာ မှာ ရေးထားပါတယ်။

စာအုပ်ထဲမှာ သမိုင်းကြောင်းတွေ အပြင် မင်းတုန်းမင်းကြီးရဲ့ ပုံ၊ သီပေါမင်းနဲ့ စုဖုရားလတ်ရဲ့ပုံ အပါအ၀င် သီပေါမင်းရဲ့ အမတော်-နှမတော်ရဲ့ ပုံ တွေ၊ စုဖုရားကြီး- စုဖုရားလေး တို့ရဲ့ ပုံတွေ၊ သမီးတော်နဲ့ မြေးတော် ပုံတွေလည်း တွေ့ရပါတယ်။
ဒါ့အပြင် သီပေါမင်း လက်ရေးနဲ့ အင်္ဂလိပ် အစိုးရထံကို လစာတော်တိုးပေးဖို့ အသနားခံထားတဲ့ စာလေးတစောင် လည်း ပါပါသေးတယ်။ ခရစ်နှစ် ၁၈၉၈ ဇူလိုင် ၂၅ ရက် နေ့စွဲနဲ့ ရေးတဲ့စာလေးပါ။

“ … … … အကျွန်ုပ်၌ မည်သူ တစုံတယောက်မျှ ပေါင်နှံ ရောင်းချ ချေးငှားကြမည့် သူမရှိ၊ လက်ငင်းငွေ ပေးမှသာလျှင် အရပ်ရပ်ကို ပြုလုပ်ဝယ်ခြမ်း နိုင်သည်ဖြစ်ပါ၍ ယခုထောက်ပံ့ ထားသော ငွေ ၃၀၀၀ နှင့် မပြည့်စုံ နိုင်ပါသောကြောင့် ၄င်းငွေ ၃၀၀၀ တွင် ထပ်မံ တိုးတက် ချီးမြှင့်ပါလျှင် ချမ်းသာစွာ သုံးနိုင်မည်ဖြစ်၍ ကျွန်ုပ် အပေါ်၌ ကြည့်ရှု စောင့်ရှောက်ပါမည့် အကြောင်း … … …”

ဒီစာလေးနဲ့ ပတ်သက်ပြီး ဒေါက်တာလှဘူးက ခုလို ရေးထားပါတယ်။
“နန်းကျ ဗမာဘုရင်ဟာ ကိုယ့်တိုင်းပြည်နဲ့ ထီးနန်းကို မတရား လုယူသွားတဲ့ နယ်ချဲ့အင်္ဂလိပ်ဆီက အောက်ကျ နောက်ကျ ခံပြီး ပိုက်ဆံ လက်ဖြန့် တောင်းရတဲ့ ဘ၀ကို ဘယ်လောက်များ ရင်နာ စိတ်ဆင်းရဲ လိုက်မလဲ။ စဉ်းစားကြည့်ရင် အင်မတန် ခံပြင်းစရာ ကောင်းပါတယ်။ … … … ဘုရင်တစ်ပါး အနေနဲ့ ဒီလိုရေးရတာ ဘယ်လောက် အောက်ကျမယ် သိမ်ငယ်မယ် ဆိုတာ သီပေါမင်း နေရာက ၀င်ပြီး ခံစားကြည့်ပါ”

ဒီစာအုပ်နဲ့ တွဲပါတဲ့ စီဒီလေးထဲမှာတော့ သီချင်း ၃ ပုဒ်ပါပါတယ်။ စိန်ပါတီ သီဆိုတဲ့ ပါတော်မူ သီချင်းနဲ့ ရွှေပြည်ကြီး သီချင်းပါ။ နောက်တပုဒ် ကတော့ ဂီတလုလင် မောင်ကိုကို တီးတဲ့ ပါတော်မူ သီချင်း တီးလုံးချည်း သက်သက်ပါပဲ။
ပါတော်မူ သီချင်းကို ရွှေတိုင်ညွန့်ကရေးပြီး ရွှေပြည်ကြီး သီချင်းကိုတော့ နန်းတော်ရှေ့ ဆရာတင်က ရေးဖွဲ့ပါတယ်။ ဖတ်ရှုခံစား နိုင်စေဖို့ သီချင်းစာသား လေးတွေပါ ရိုက်ပေး လိုက်ပါတယ်။

ပါတော်မူ
ရေး -ရွှေတိုင်ညွန့်၊ ဆို - စိန်ပါတီ


ရတနာပုံ နေပြည်၊ မင်းဆယ့်တစ်ဆက် အုပ်စိုးခဲ့သည် .. အုပ်စိုးခဲ့သည် ..၊ ရှေးရှေးတုန်းကတော့ အလွန် သာယာစည်၊ သီပေါရာဇာ နန်းစံ ခုနစ်နှစ်မှာ ဖြစ်ရတဲ့ အရေးကို တွေးမိပါတော့သည်။
မြန်မာပြည် ဇာတ်လမ်း ရှုပ်သမျှကို ရွှေကညစ်နဲ့ ရေးကာ စာကိုစီ၊ ရာဇဌာနီ မြနန်း အရုပ်ဇာတ်မှာ ဧကရာဇ်နဲ့ ဝေးတာ ကြာလေပြီ၊

တစ်ထောင့်နဲ့ နှစ်ရာ လေးဆယ် ခုနစ်ခု နှစ်မှာအတည်၊ တန်ဆောင်မုန်း လဆုတ် ရှစ်ရက်နေ့ ကိုတော့ မမေ့နိုင် ပါပြီ … ယနေ့တိုင်ပြီ .. ၊ ရေမြေ့ရှင်ကို ယူငင်သွားတော့ လူရှင် အများတို့က ကြေကွဲကြလို့ ရေနည်းငါးပုံညီ၊ သြော် .. သီပေါရာဇာ ပါတော်မူလေပြီ။

* (ကိုယ့်ဘုရင် ကိုယ့်သခင်ကို မျှော်မှန်းရည်၊ ယနေ့တိုင် မမေ့နိုင် ပါတော့သည်။)

ဘီဒိုပေါ်ကို မောင်နှံတင်လို့ ဆောင်ပျံ အရှင် ဇာတာနွမ်းလို့ မြန်းရရှာလေပြီ၊ သမ္ဘာအလီလီ တအားယုတ် စေဖို့၊ အာဠ၀ီ တံခါးကထုတ်လို့ ရာဇာသမုတိကို ဆောင်သည်။ မဟာမုနိကိုတောင် ဖူးမျှော်ချင် ရက်ကယ်နဲ့၊ ဦးတော် မတင်ခဲ့ရ ရှာလေပြီ။
(*)
ရွှေမှန်ကင်း အစစ်က ထင်းဖြစ်ခဲ့တာ ကြာပြီ၊ ရေစီးတခါ ရေသာတလှည့်စီ၊ အမိမြန်မာပြည်၊ တိုင်းမြန်မာပြည်၊ ရွှေတိုင်ညွန့်က စာစီ ဘုန်းတန်ခိုးနဲ့ တိုးတက်ကြတော့မည်။ ရွှေနန်းရှင်ကို ထင်မြင်ကာ လွမ်းတော့သည်။
(*)

“ဒီမှာ”ဒေါင်းလုတ်ယူနိုင်ပါတယ်။
=============================
ရွှေပြည်ကြီး
ရေး - နန်းတော်ရှေ့ ဆရာတင်၊ ဆို - စိန်ပါတီ


သြော် …ရွှေပြည်ကြီး (ဘယ်အခါမှ နီးရပါ့ စည်ထီးနဲ့ ကွာခဲ့ပြီ)
သာသနာ့ ဒါယကာ ရာဇာ မရှိတာကြာပြီ၊ ယခုအခါ သူတပါး နိုင်ငံ ပိုင်စံကြတဲ့ မင်းမြတ်ရာဇာ စုံစုံညီညီ၊ လူမျိုးခြားများ မေးသော် မြန်းသော်၊ နန်းတော် တခုသာ .. မန္တလေးက နန်းတော် တခုသာ ကျန်ပါတော့သည်။ ဘယ်အခါမှ ဆိုသလို နေပြည် ရွှေပြည်ကြီး နီးချင်လှပြီ။

အထက်လွှတ်တော်ကိုလဲ လျှောက်လွှာ ဆက်မည်၊ အောက်လွှတ်တော်ကိုလဲ လျှောက်လွှာဆက်မည်၊ သြော် ကျွန်ဘ၀က လွတ်ကြရအောင် စီမံဖန်သော လမ်း၊ ကျမတို့ရဲ့ ဆရာအတည်၊ နန်းတော်ရှေ့ စာစီ၊ သာကီမျိုးတို့ တန်ခိုးကြီးခဲ့ပြီ။ ဘယ်အခါမှ နီးကြပါတော့မည်။

*(သြော် .. သခင်ရေ ..မျှော်ရင်း လွမ်းလှပြီ၊ သြော် .. ကိုယ်တော်ရေ ..မျှော်ရင်း လွမ်းလှပြီ
သြော် .. သခင်ရေ ..မျှော်ရင်း လွမ်းလှပြီ၊ ရွှေပဟိုရ် စည်သံများ မကြားရတာ ကြာပါပြီ … ရှစ်စုံထီးနဲ့ ရွှေပြည်တော်ကြီးဆီ။)

ရွှေပြည်ကြီး နီးအောင်ပင်လှမ်း၊ နန်းရိပ်ကယ်လှုံ၊ ရွှေဘုံဟံသာ ကွန်းဆီက၊ ယွန်းနတ်ကယ်စီ၊ ဒေါင်းမြီးကွက်တွေ လျှမ်းချိန်မို့ .. လွမ်းပြန်ရသည်။
(*)
ပြသာဒ်ဖျားဆီက စိန်သွားရောင်ခြည် ပဟိုရ် နှစ်ချက်တီးပြီထင့် ညည်းမှိုင်မိသည်။
(*)

“ဒီမှာ”ဒေါင်းလုတ်ယူနိုင်ပါတယ်။
=============================
ဒီစာအုပ်ကလေး ဖတ်ရင်း ဒီသီချင်းလေးတွေ နားထောင်ရင်း တချိန်က ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ လျှမ်းလျှမ်း တောက်ခဲ့တဲ့ ရွှေပြည်ကြီးကို စိတ်ကူးနဲ့ မှန်းဆ ကြည့်မိပါတယ်။ ဒီလိုမှန်းဆ တွေးတောရင်းကနေ … အနန္တသူရိယ အမတ်ကြီးရဲ့ မျက်ဖြေလင်္ကာကို အမှတ်ရမိပြန်တယ်။

ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက် ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ မင်းချမ်းသာကား
သမုဒ္ဒရာ ရေမျက်နှာထက်
ခဏတက်သည့် ရေပွက်ပမာ
တသက်လျာတည့် ….

ယူတတ်ရင် သံဝေဂ ရစရာပါ။ တိုင်းပြည် တပြည်ကို အုပ်ချုပ် မင်းလုပ်ခဲ့တဲ့ ဘုရင်တပါး … အားလုံးက တလေးတစား ဘုရားထူး နေရတဲ့ ပုဂ္ဂိုလ်မျိုး တောင်မှ နောက်ဆုံးမှာတော့ နိမ့်ကျတဲ့ အဖြစ်နဲ့ ဘ၀ နိဂုံးချုပ်ရတာပါလား။

“ရွှေမှန်ကင်းအစစ်က ထင်းဖြစ်ခဲ့တာ ကြာပြီ” … တဲ့ ရွှေတိုင်ညွန့်က ရေးခဲ့ပါတယ်။ ရွှေတိုင်ညွန့်သာ အခုနေရှိရင် ဘာပြောမလဲ သိချင်လှတယ်။ တချိန်က ကျမတို့ ရွှေပြည်ကြီးဟာ ခုအချိန်မှာ ထင်းတောင် မဟုတ်တော့ပါဘူး …ပြာပုံဘ၀ရောက်နေရပါပကော …။

ပြာပုံထဲက ရုန်းထွက်ဖို့ရာ ကြိုးစားဖို့ကတော့ တဦးတယောက်ထဲကို အားကိုးရုံနဲ့ မရနိုင်ပါဘူး။ အများညီညီ ၀ိုင်းဝန်းကြမှ …ပြာပုံဘ၀က လွတ်မြောက်နိုင်မှာ မဟုတ်လား။
ဘာပဲဖြစ်ဖြစ် ….ဒေါင်းမြီးကွက်တွေ လျှမ်းလာမယ့် အချိန်ကိုသာ … မှန်းဆ ရမ်းရော်ရင်း …
***
မေဓာဝီ
8.02.07
11:02 am

(မနေ့က ဒီစာကိုရေးပြီးပေမဲ့ ကွန်နက်ရှင်မကောင်းလို့ တင်မရတာနဲ့ ဒီနေ့မှ တင်လိုက်ရပါတယ်။ ဒီစာအုပ်ကို ရေးသူ ဒေါက်တာ လှဘူးနှင့် ကျမအတွက် တကူးတက ယူလာသော အမေ့ ကို ကျေးဇူးတင်ပါကြောင်း။)

တီးလုံးချည်း သက်သက် နားဆင်လိုပါက …
“ဒီမှာ”ဒေါင်းလုတ် ယူနိုင်ပါတယ်။

Read More...

Wednesday, February 07, 2007

ကိုပြူးကျယ်သို့ ပေးစာ … အပိုင်း (၄)

သို့
ကိုပြူးကျယ် …

ရက်သတ္တတပတ် ဆိုတာကလည်း အကုန်မြန်လှပါဘိနော်။ ပေးစာ အပိုင်း (၃) ရေးထားတာ မကြာသေးဘူး ထင်ရပေမဲ့ … အခု ပြန်ကြည့်တော့ တပတ်တောင် ရှိပါပေါ့လား။ တပတ်တခါ တင်ပါမယ်ဆိုတဲ့ ကတိကြောင့် အပိုင်း (၄) ကို ဆက်လက် တင်ဆက်လိုက် ပြန်ပါပြီ ကိုပြူးကျယ်ရေ …။

ဒီ (နန္ဒမာလိနီ) စာအုပ်ထဲက ကောက်နုတ် ဖော်ပြချက်တွေကို ကိုပြူးကျယ် အပါအ၀င် မြန်မာစာ ချစ်သူများ သဘောကျ မကျတော့ မပြောတတ်ဘူး။ ကျမကတော့ ဆုံးခန်းတိုင်အောင် ဆက်ရေးမယ်လို့ ဆုံးဖြတ်ထားပါရဲ့။ ဘာပဲဖြစ်ဖြစ် လေ့လာသူတွေ အထောက် အကူရအောင် တတ်နိုင်သလောက် ဝေငှပေးချင်လို့ပါ။ မကြိုက်တာ တွေ့ရင်လည်း ပြောနိုင်ပါတယ်။ လက်မခံနိုင်တာ ရှိရင်လည်း ထောက်ပြနိုင်ပါတယ်။
***
ဒီကနေ့ အပိုင်း (၄) ကတော့ တြိချိုး အလှည့်ရောက်လာပါပြီ။ ဒွေးချိုး လေးချိုးသာ ကျမတို့ အသိများ အခေါ်များ မှတ်သား ခဲ့ကြပေမယ့် တြိချိုး ဆိုတာလည်း ဒွေး နဲ့ လေး ကြားထဲမှာ ရှိနေသေးပါတယ်။
တြိ ဆိုတာ .. ၃၊ ချိုးက အဆစ်အပိုင်းဆိုတော့ တြိချိုးဟာ အချိုးအပိုင်း သုံးခုဖြင့် စီကုံးသော ကဗျာပဲပေါ့။ ဒီ တြိချိုးကိုလည်း သဖြန်၊ ကွန်းထောက် ခေါ်ကြပါသေးသတဲ့။
အချိုး ၃ ချိုးဆိုတာကတော့ … အတက်တချိုး၊ အခံတချိုး၊ အအုပ်တချိုး လို့ ဖော်ပြထားပါတယ်။

တကယ်တော့ တြိချိုးတွေကို တြိချိုးမှန်း မသိဘဲ ကျမတို့ ငယ်ငယ်က ရွတ်ဆိုခဲ့ကြဖူးပါတယ်။ နမူနာ တြိချိုးလေးတွေကို ကြည့်ရအောင်ပါ။

“ပန်းဘွဲ့တြိချိုး”
ပျိုလေးတို့ အိမ်ဦး၊
ဆတ်သွားဖူးက တရုံနှစ်ရုံ။
ကျေးတွေကအုံ။
မအုံပါနဲ့ ကိုရွှေကျေး၊
ပျိုတို့မောင် ရှင်လိင်ပြန်တော့၊
နားပန်ဖို့လေး ။ … ။

“သားချော့ တြိချိုး”
ရွှေလမှာ ယုန်ဝပ်လို့၊
ဆန်ဖွပ်သည့်အဖိုးအို။
ဟော ကြည့်ပါဆို။
ဆိုသာဆို၊ ပိုမိုသည့် စကား၊
ကလေးအငိုတိတ်အောင်၊
အရိပ်အရောင် ပြတယ်၊
ဖိုးလ နတ်သား ။ … ။

“တောရွာဘွဲ့ တြိချိုး”
ရွှေပဟိုရ် စည်သံများကို၊
မကြားရ ကြာလေပြီ။
လေးလရာသီ။
တိုင်းဌာနီ၊
မဟုတ်ကယ် ပါပြီလို့၊
ကြက်သံကို ပဟိုရ်ပြုရတယ်၊
တောသူ့ရွာမို့ ။ … ။


“သစ္စာထား တြိချိုး”
ကြက်ညီနောင် ရေ၀ယ်မျောစေတော့၊
မြကြော မင်းဝံရွှေတောင်။
လဲတော့မရှောင်။
အာကာဘောင်၊
ကြယ်ပြောင်ကွဲ့ မြေလူး၊
ပြည်ဇေယျာ၊
လေလာလျှင် မြေပါရွေ့စေတော့၊
မယ်လေ့ကို မောင်မမုန်းတယ်၊
သုံး ဘ၀ ကူး ။ … ။


နန်းမတော် မမြကလေး၏ “မောင်ဖွဲ့ တြိချိုး”
ကြာခြည်ရန်၊
နာရီပြန် ပဟိုရ်ညိတ်ပါပေါ့၊
မှေးမှိတ်လို့ စက်ပါသော်။
ရေးမျှ မပျော်။
လာနိုးငယ်မျှော်၊
ကြာမော်မြင့် ဆောင်ထီး၊
ရွှေဘောတော် တဥာဏ်ပွေလို့၊
မလာနေ တာရှည်လှတာကြောင့်၊
တွေးရခက်ကြီး ။ … ။

***
နမူနာ တြိချိုးလေးတွေကတော့ ဒီမျှပါပဲ … ။ ဒီတြိချိုးလေးတွေ အားလုံးလိုလိုကို သိပြီးသားတွေ ဖြစ်မှာပါ။ နန်းမတော် မမြကလေးရေးတဲ့ တပုဒ်ကလွဲလို့ ကျန်တြိချိုးတွေရဲ့ ရေးဖွဲ့သူကို ဖော်ပြထားခြင်း မရှိပါဘူး။ ရှေးဟောင်းတြိချိုး လို့သာ ဖော်ပြထားပါတယ်။

ကိုပြူးကျယ်နဲ့တကွ မြန်မာကဗျာ မြတ်နိုးသူများ ဒီတြိချိုးလေးတွေ ဖတ်ပြီး …ရွှေပဟိုရ်စည်သံကိုပဲ လွမ်းနေမလား … ၊ ဖိုးလနတ်သားကိုပဲ တမ်းတနေမလား… ရယ်လို့ ကျမကတော့ တွေးရခက်ကြီး ဖြစ်နေပါပေါ့ရှင် … ။
***
မေတ္တာဖြင့်…
မေဓာဝီ
6.2.07

11:32 pm

***

နောက်ဆက်တွဲ ။…။
ကိုပီယရဲ့ ကွန်မန့်ကြောင့် ဒီနောက်ဆက်တွဲကို ထပ်မံ ဖြည့်စွက် လိုက်ရခြင်းပါ။
တကယ်တော့ ဖွဲ့နည်း ဥပဒေသကို ရေးအုံးမလို့ပါပဲ။ သို့ပေသိ ကိုပီယက အရှေ့ကကွန့်မန့်မှာ ပြောခဲ့သေးတယ် မဟုတ်လား။ ကဗျာကိုကြည့်ရင် ရေးနည်းကို လေ့လာလို့ရတယ် ဆိုတာကြောင့် ထည့်မရေးတော့တာပါ။
ဖတ်လိုသပ ဆိုလည်း ရေးပေးရတာပ ရှင် .. ။
နောက်တခု … ပုဒ်မတွေက သူ့စာမှာပါတဲ့အတိုင်း ချပေးထားတာပါ။ … ကျမလည်း အဲဒီပုဒ်မတွေကို သံသယတော့ရှိသား။
***
တြိချိုးမှာ …
အချိုးအားဖြင့် - အတက်၊ အခံ၊ အအုပ် ရယ်လို့ရှိတယ်။
အပိုဒ်ရေအားဖြင့် - အခံချိုးမှာ အပိုဒ်ငယ် ၂ ပိုဒ်သာ အထားများတယ်။ ပထမချိုးနဲ့ တတိယချိုးတို့မှာ အပိုဒ်ရေ ထားပုံက ဒွေးချိုးအတိုင်းဖြစ်ပါတယ်။
အက္ခရာလုံးရေအားဖြင့် - ဒုတိယချိုးရဲ့ အပိုဒ်ငယ် နှစ်ပုဒ်အနက် .. ဒုတိယအပိုဒ်မှာ အက္ခရာ ၅ လုံးသာ ထားရပါမယ်။ ကျန်အပိုဒ် ဟူသမျှတို့ရဲ့ အက္ခရာ လုံးရေမှာ ဒွေးချိုးနှင့် တူတူဖြစ်ပါတယ်။
အစပ်ကာရန်အားဖြင့် - ပထမချိုးမှာ တတိယပိုဒ်ရဲ့ အဆုံးကာရန် နဲ့ ပထမချိုးရဲ့ အဆုံးကာရန်၊ ဒုတိယချိုး ပထမပိုဒ်ရဲ့ အဆုံးကာရန်၊ ဒုတိယပိုဒ်ရဲ့ ရှေ့ထက်ဝက်ကာရန်၊ ပေါင်း-ကာရန် လေးချက် ထပ်မိစေရမယ်တဲ့။ ဒုတိယချိုးရဲ့ အဆုံးကာရန်နဲ့ တတိယချိုးရဲ့ အဆုံးကာရန်လည်း ဧကန် ထပ်မိရပါမယ်တဲ့။
လေပြင်းလေလျော့အားဖြင့် - ပထမချိုးရဲ့ အဆုံးမှာ (အာ-အီ-အူ) ဆိုတဲ့ လေလျော့ အက္ခရာကိုသာ ထားရပါမယ်။
ဒုတိယ၊ တတိယအချိုးတို့ရဲ့ အဆုံးအက္ခရာမှာတော့ (အ-အား-အိ-အီး) စတဲ့ လေပြင်းအက္ခရာ အသံကိုသာ ထားရမယ်လို့ ဆိုထားပါတယ်။

တြိချိုး နမူနာ စပ်ထားတာ လေးပါ ထည့်ပေးလိုက်ပါတယ်။ ဒါကိုကြည့်ရင် ပို ရှင်းမယ်လို့ထင်ပါတယ်။

(၁) ကူးဆင့်ကာ
(၂) ထူးသင့်ရာ-ရေးရိုးမြွက်
(၃)ဒွေးချိုးထက် တချိုးကျယ်၊
(၄) တြိချိုးခေါ်တယ်။

(၁) ခံချိုးဝယ်၊
(၂) ပိုဒ်ငယ်က-နှစ်ဘဲ ။ ။

(၁) ကြွင်းသေသာ၊
ဒွေးချိုးနမူနာသို့၊
(၂) တူမကွာ-ပုံစနစ်ကို
အားသစ်လို့ခဲ ။ ။

***
ကျေးဇူးတင်ပါသည်။

9:46 pm

Read More...

Tuesday, February 06, 2007

ဒီခေတ်ကြီးထဲမှာ …

“အဖေ … မှန်တာကို လုပ် ဟုတ်တာကို ပြောနေသူတွေရဲ့ အလုပ်တွေ အပြောတွေဟာ ဘာလို့ အရာမရောက်ကြတာလဲ…၊ မဟုတ်တာလုပ်ကြတဲ့ သူတွေကတော့ စင်ပေါ်က နေနိုင်တယ် … အဟုတ်အမှန်ကို လုပ်မိပြောမိ သူတွေက အနှိမ်ခံရ အပြောခံရနဲ့ အစော်ကားခံရနဲ့… တော်တော်လေး အားငယ်ဖို့ကောင်းတယ်နော် … အဲဒါ ဘာလို့လဲ … အဖေ”

မနေ့က “စိန်စီသောည” ဆိုတဲ့ နှိုင်းယှဉ်ဖော်ပြချက် မှတ်တမ်းတင် ဗီဒီယို ကြည့်အပြီး အဖေနဲ့ စကားစမြည် ပြောရင်း မေးမိပါတယ်။

အဲဒီ ဗီဒီယိုကို ကြည့်ရတာ အလွန်ရင်နင့်စရာ ကောင်းလှတယ်။
တဖိတ်ဖိတ်လက် တောက်ပြောင်နေတဲ့ မင်္ဂလာဧည့်ခံပွဲနဲ့ မွဲတေဆင်းရဲ နိမ့်ကျလွန်းတဲ့ ဘ၀တွေ …၊ ဟင်းတပွဲ သိန်းကျော်တန် အစားအသောက်တွေ စားနေသူတွေနဲ့ စတုဒိသာ အလှူမှာ တန်းစီတိုးစားရင်း မှောက်ကျတဲ့ထမင်းဟင်းကို ကောက်စားနေရတဲ့ဘ၀တွေ … ၊ တိုင်းပြည်ရဲ့ ဘဏ္ဍာတွေကို ကိုယ်ကျိုးအတွက်သုံးစွဲ အဖိုးတန်ကားကြီးတွေ ပေါ်မှာ ပျော်ပါးနေကြသူတွေနဲ့ ဟုတ်တာပြော မှန်ရာလုပ်မိလို့ ခြေထိပ်လက်ထိပ် ခတ်ခံပြီး ထောင်နန်းစံနေရတဲ့ ဘ၀တွေ …၊ မင်္ဂလာစိန်ကြိုးတားသူတွေကို ထောင်တန်တွေ အထပ်လိုက်၊ ဒေါ်လာစာအိတ်တွေ အထပ်လိုက် ဝေငှပေးတဲ့မြင်ကွင်းနဲ့ လမ်းပေါ်မှာ တောင်းရမ်းစားနေရတဲ့ ဘ၀တွေ … ။
ကြည့်ရင်း ကြည့်ရင်း မျက်လုံးတွေ စိုစွတ်လာခဲ့တယ် …. အမြင်တွေေ၀၀ါးလာခဲ့တယ် … ။

ဘာကြောင့်လဲ …
ဘယ်သူကမှန်ပြီး ဘယ်သူကမှားသလဲ …
မှားတဲ့သူတွေ ကောင်းစားပြီး မှန်တဲ့သူများက တောင်းစားနေရပါလား …
မှားတဲ့သူတွေ ရယ်နိုင်ပြီး မှန်တဲ့သူတွေက မှိုင်တွေနေရပါလား …
မှားတဲ့သူတွေ စင်ပေါ်ရောက်ပြီး မှန်တဲ့သူများကျတော့ ခဲနဲ့ပေါက်ခံနေရသလိုပါပဲလား …
လောကကြီး ပြောင်းပြန်ဖြစ်နေပြီလား …
ကျမ တွေးမရလို့ အဖေ့ကို မေးကြည့်မိပါတယ်။

“အဲဒါဟာ အချိန်ကာလ ကြောင့်ပဲ”
အဖေက စိတ်မသက်သာစွာနဲ့ အဖြေပေးပါတယ်။
“အချိန်ကာလ???? ဟုတ်လားအဖေ”
“အင်း … ဟုတ်တယ် …ခေတ်ကိုက မကောင်းမှုတွေ လွှမ်းခြုံတဲ့ခေတ်၊ မကောင်းတာလုပ်တဲ့ သူတွေ နေရာရတဲ့ခေတ် ဖြစ်နေတာကိုး”
ကျမ ကောင်းကောင်း သဘောမပေါက်ပါဘူး။ ဒါနဲ့ စောဒက ထပ်တက်မိတယ်။

“မှန်တာလုပ်တာ ကောင်းတာလုပ်တာလေ အဖေရယ်၊ အကုသိုလ် မလုပ်ဘဲ ဘာလို့ အကုသိုလ်ဖြစ်နေရတာလဲ၊ အကုသိုလ်လုပ်တဲ့ သူတွေကျတော့ … ကောင်းစားကြီးပွားကြတယ် … အဲဒါကို မကျေနပ်တာ”

“သမီး … ခုခေတ်က ဆုတ်ကပ်ဖြစ်နေပြီ၊ ခေတ်ကိုက အကုသိုလ်တွေ ကြီးစိုးတဲ့ခေတ်၊ ဆုတ်ကပ်တွေမှာဆိုရင် ဒီလိုပဲ၊ ကောင်းတာလုပ်နေပေမဲ့ ကောင်းတာ ဖြစ်မလာဘူး၊ ဒီတော့ မကောင်းတာလုပ်တဲ့ သူကများလာမယ်၊ လူတွေမှာ လောဘ၊ ဒေါသ၊ မောဟ တရားတွေ ပိုပိုဖိစီးများပြား လာကြမယ်။ ဒီလိုနဲ့ လူတွေ အသက်တို၊ အနာရောဂါတွေ ထူပြော၊ ခိုက်ရန်ဒေါသတွေ ပိုများလာ၊ ညီညွတ်မှုမရှိ၊ ငြိမ်းချမ်းရေးမရှိ၊ စစ်တွေဖြစ်၊ တဖြည်းဖြည်းနဲ့ ပျက်စီးလာရော … ။ ဆုတ်ကပ်ရဲ့ သဘာဝက ဒီလိုပဲ သမီး”

“ဒီလိုသာဆို ကောင်းတာ လုပ်တဲ့သူတွေ မျက်နှာငယ်လိုက်တာအဖေရယ် … အကုသိုလ်လုပ်တဲ့ သူတွေကို ဘာလို့ မကောင်းကျိုး မပေးတာလဲ၊ ကုသိုလ်လုပ်တဲ့ သူတွေမှာရော .. ဘာလို့ ကောင်းကျိုးမရတာလဲ”
“သမီးက လက်ရှိခဏလေးပဲ ကြည့်တာကိုး … လတ်တလော ချက်ချင်း အကျိုးမပေးတာနဲ့ … … ငါကောင်းတာ လုပ်ရက်နဲ့ မကောင်းကျိုးတွေ ခံစားရတယ် … ဒါကြောင့် ငါတော့ မကောင်းတာဘဲ လုပ်တော့မယ် ဆိုတဲ့ စိတ်မျိုး မမွေးနဲ့ … အချိန်တန်ရင် အကျိုးခံစားရမှာပဲ … ဒီတော့ လက်ရှိမှာ ကိုယ်က ကောင်းအောင် သာနေ၊ ခံစားရတာက ကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ … မတုန်လှုပ်နဲ့၊ ကောင်းတဲ့ ပေါ်မှာလည်း မသာယာနဲ့ ဆိုးတာ ကြုံရင်လည်း စိတ်ဓာတ်မကျနဲ့ …”
“ … .. … … ...”
“ပြီးတော့ ကိုယ်ကောင်းပါရက်နဲ့ မကောင်းတာဖြစ်တာက လတ်တလော ကုသိုလ်ကံရဲ့ အကျိုးပေးမှုကြောင့်မှ မဟုတ်ဘဲ၊ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှု မကောင်းမှုတွေ တပုံကြီးက နောက်မှာ ပါနေတာ၊ အကျိုးပေးခွင့် ကြုံတာနဲ့ အကျိုးပေးတတ်တယ်ဆိုတာ … သမီးလည်း သိတာပဲ”

သိတော့လည်း သိပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုးကြီး ကိုယ်တိုင်လည်း မဖြစ်စေချင်ဘူး၊ ဘယ်သူ့ကိုမှ လည်း မကြုံစေချင်ဘူး။ ဒါမှလည်း တရားမျှတတဲ့ လောက ဆိုတာ လူတိုင်း မြင်နိုင်ပေမပေါ့။ မဟုတ်ရင် … ငါက ကောင်းပါလျက် …ကောင်းကျိုး မခံစားရလေခြင်း လို့ မချင့်မရဲဖြစ်ပြီး ကောင်းတာ လုပ်ချင်တဲ့ သူတွေတောင် မကောင်းမှုဘက် ကူးပြောင်းသွားကြမှာ စိုးရိမ်မိတယ်။

“အကျိုးပေးခွင့်ကလည်း အဖေရယ် …ကောင်းတာလုပ်တဲ့ အချိန်ကျမှ မကောင်းတဲ့အကျိုး ပေးခွင့် ဘာလို့ ကြုံရတာတုန်း …နော်”
“အဲဒါက ဘာနဲ့ဆိုင်လဲ ဆိုတော့ ပတိရူပ နဲ့လည်း ဆိုင်တယ်၊ ကိုယ်ရောက်နေတဲ့ အရပ်က ပတိရူပ မဟုတ်ရင် ကိုယ့်ရဲ့ အကုသိုလ်ကံတွေက အကျိုးပေးခွင့် ပိုများနိုင်တာပေါ့ …နောက် တခုရှိတာက … ကိုယ်က နှိပ်စက် စော်ကားခံ နေရတဲ့အခါမှာ ဒီလို ပြုသူတွေကို ဒေါသပြန်မထားဘဲ သည်းခံစိတ်မွေးလိုက်ရင် ခန္တီပါရမီ ဖြည့်ကျင့်ရာ ရောက်တယ်၊ သူတို့ကိုလည်း ကိုယ်ပါရမီဖြည့်ခွင့် ရအောင် အနစ်နာခံပြီး ထောက်ပံ့ပေးတဲ့ သူတွေလို့ သဘောထားလိုက်ရင် ကျေးဇူးတောင် တင်ရဦးမယ်”

ဒီလိုနဲ့ အဲဒီညက အဖေနဲ့ စကားတွေ တော်တော်များများ ပြောဖြစ်လိုက်ပါတယ်။ အဖေကတော့ ကျမ ဘ၀င်ကျတဲ့အထိ ဇာတ်နိပါတ်တော်ထဲက သာဓကတွေနဲ့ သေချာရှင်းလင်း ဖြေပေးသွားခဲ့ပါတယ်။
အဖေနဲ့ စကားပြောအပြီးမှာတော့ ရောက်တတ်ရာရာ တယောက်ထဲ ထိုင်တွေးလို့ နေမိပါတယ်။

ကိုယ်က မမှားဘဲနဲ့ စော်ကားလာသူတွေကို ကိုယ့်ကို ပါရမီဖြည့်ပေးတယ် သဘောထားပြီး သည်းခံရမလား။
ကိုယ်လုပ်တဲ့ အမှန်တရား၊ ကိုယ့်ရဲ့ ကောင်းမှု ကုသိုလ်တွေက အချိန်တန်ရင် အကျိုးပေးမတဲ့။ အချိန်က ဘယ်တော့တန်မှာလဲ … ။ အချိန်တန်ဖို့ကို ဘယ်တော့ထိ စောင့်ရမှာလဲ။
“အမှန်တရားသည် အင်အား” ဆိုတဲ့စကားကို ဆုပ်ကိုင်ထားရင်း ကျမမှာ အင်အားတွေ ချိနဲ့လာပါရောလား။

ဆရာကြီးဦးတင်မိုးက “အမှန်တရားဟာ အင်အားဆိုပေမဲ့ အချိန်ကာလတော့ လိုတယ်” လို့ရေးခဲ့တာ ဖတ်ခဲ့မိဖူးတယ်။
အဲဒီတုန်းကတော့ အမှတ်တမဲ့ပါပဲ…။ ခုတော့ …
အဖေ့စကား .. ဆရာကြီးစကား … ကျမ နှလုံးသားထဲ ရောက်သွားပါပြီ … ။
ခေတ်ရဲ့ အခြေအနေအရ … ဆုတ်ကပ်ကြီးထဲမှာ ရှင်သန်နေရတဲ့ ကျမတို့တတွေ အမှန်ကို ဆုပ်ကိုင်ထားရတာ တကယ်ကို မျက်နှာငယ်ရပါတယ်။
အမှန်တရားဟာ ခါးသီးနေပြီလား … ။

ဒီခေတ်ကြီးမှာ အမှန်လုပ်တဲ့ သူတွေအတွက် …နေရာ မရှိဘူးလား။
မှားတဲ့သူတွေသာ လက်မထောင် ရင်ကော့နေနိုင်တာလား။
မှန်တဲ့ဘက်က ရပ်သူတွေဟာ ခေါင်းငုံ့ ကွယ်လျှိုး နေရတော့မှာလား … ။
ရင်နာစရာ ကောင်းလိုက်ပါဘိ …။

အမှန်တရား ထွန်းကားမယ့် အချိန်ကာလ … အမှားတွေ ပျက်သုဉ်းမယ့်ခေတ် …
ဘယ်တော့များမှ ဖြစ်ပါလိမ့်မလဲ …. စိတ်ထဲ တွေးနေရင်းနဲ့ …
~~ အရှေ့က နေ၀န်းထွက်သည့်ပမာပ ~~
~~ တို့ခေတ်ကိုတော့ …ရောက်ရမည်မှာ မလွဲပါ ~~
ဆိုတဲ့ တို့ဗမာ သီချင်းကို ကျမ ခပ်တိုးတိုး ဆိုညည်းနေမိပါရဲ့။
***
မေဓာဝီ
4.2.07
10:26 pm

Read More...