Sunday, March 29, 2009

ဟောင်းနွမ်းသွားသော မနက်ခင်း

မနက်ခင်းဟာ …
တနာရီစောပြီး
လောကကြီးထဲ ရောက်လာတယ်။

မှိုတက်နေတဲ့ အိပ်မက်အသိုးနဲ့
နိုးထတဲ့အချိန်မှာ
နေရောင်ခြည်ဟာ နှုတ်ဆက် …
“မင်္ဂလာနံနက် ဖြစ်ပါစေ” … တဲ့။

မျက်နှာသစ်ပြီးပေမဲ့ …
သစ်မသွားတဲ့ ဒီမျက်နှာ
တကယ်တော့ ဟောင်းသွားတာပါလား …
စဉ်းစားနေမိတယ်။

လက်ဖက်ရည်တခွက် ပေါင်မုန့်နှစ်ယှက်
မနက်စာအာဟာရ
စားရတာ စိတ်မပါလှဘဲ
ပဲပြုတ်ပူပူ ထမင်းဖြူ ဆီဆမ်းနဲ့
ရေနွေးကြမ်းကိုသာ တမ်းတမိပါရဲ့။

ဗုဒ္ဓရှေ့မှောက်
သောက်တော်ရေချမ်းနဲ့
ဆွမ်းတော်ကပ်ကာ
ရိုသေစွာရှိခိုး
အပြစ်တွေ အမျိုးမျိုး
ပျောက်ပါစေခြင်းအကျိုးငှာပေါ့ … ။

တကယ်တော့လည်း
အပြစ်တွေနဲ့ ညစ်ပေခဲ့တဲ့ နာရီများစွာကို
နောက်ကိုသာ ပြန်ရွှေ့ချင်သား …
ခြစားနေတဲ့ ဦးနှောက်
ဖောက်ပြန်နေတဲ့ စိတ်ဓာတ်
ပျက်ယွင်းနေတဲ့ သီလ
မညီမျှတဲ့ အတွေး
အေးခဲနေတဲ့ … နှလုံးသား …
ကောင်းတာဘာများ ရှိခဲ့လို့လဲ … ။

အချိန်ပေါင်းများစွာ
တင်လာခဲ့တဲ့ အပြစ်တွေအတွက်
မနက်ခင်းမှာ
ငါးမိနစ်သာသာလောက်
ဘုရားရှေ့ ဒူးထောက်ရုံနဲ့
အပြစ်တွေအကုန် ပျောက်သွားမှာတဲ့လား …
ကြိုးစားတော့ကြည့်ချင်သားလေ … ။

နေရယ် … လ ရယ် … ကမ္ဘာကြီးရယ်
နာရီတွေ ရာသီတွေရယ် …
အရာရာ ပြောင်းလဲ နေကြတယ် ... ။

ပြောင်းလဲခြင်းတွေမှာ သာယာလို့
ကိုယ်တိုင်ပါ လိုက်ပြောင်းလဲ
သံသရာစက်ဝိုင်းထဲက
ရုန်းထွက်လွတ်မြောက်ဖို့ထက်
တပတ်ပြီးတပတ်
ဆက်လက် လည်ပတ်ဖို့ကိုသာ
စိတ်ပါနေသူ …
ထိုသူရဲ့ မနက်ခင်း
သက်ပြင်းများစွာနဲ့
ခပ်ယဲ့ယဲ့ဖွင့်လှစ်
နေ့သစ်တခုပြောင်းပေမဲ့ …
မကြာခင်ပဲ ဟောင်းသွားလေတော့မယ် … ။ … ။
***
မေဓာဝီ
၂၉၊ မတ်၊ ၂၀၀၉
၁၂း၂၂ နာရီ

Read More...

Friday, March 27, 2009

ကျမနှင့် ဆေးမြီးတို (၂)

“သမားသင်တုန်း ဆွေမျိုးဖြုန်း” တဲ့ … ဆိုရိုးစကား ကြားဖူးတယ်။
အဖေနဲ့ အမလတ် တိုင်းရင်းဆေး သင်တန်း တက်တော့ ကျမတို့တွေ အဲဒီလို နောက်ခဲ့ကြတယ်။ ဒီစကားရဲ့ တကယ့်အဓိပ္ပါယ်က ဘာလဲတော့ မသိပါဘူး။ ကျမတို့ ဆိုလိုတာကတော့ အဲဒီလို သင်တန်းတက်နေဆဲ သမားတော် အလောင်းအလျာ တွေဟာ တတ်သည့်ပညာ မနေသာ ဆိုသလို ဆေးက အရမ်းကုချင်၊ ဒီ့ပြင်လူလည်း ကုခွင့်က မရှိသေး၊ ဒါနဲ့ပဲ ဆွေမျိုးတွေကို လက်တည့်စမ်းပြီး ကုကြရော။ ဆွေမျိုးတွေကလည်း အားနာပါးနာ အကုခံကြရတော့ နောက်ဆုံး ဆွေမျိုးတွေ ဆုံးဆုံးကုန်တာကြောင့် ဆွေမျိုးကို ဖြုန်းတီးသလို ဖြစ်တယ်ပေါ့။ ဒီလိုနဲ့ သမားသင်တုန်း ဆွေမျိုးဖြုန်း ဆိုတဲ့ စကားဖြစ်လာတာလို့ ကိုယ်လိုရာ ကောက်ချက် ဆွဲပြီး နောက်ခဲ့ ပြောင်ခဲ့ကြတာပါ။

ကျမတို့ တမိသားစုလုံး ဆေးမြီးတိုတို့ တိုင်းရင်းဆေးတို့ သုံးစွဲတာ အင်မတန် ၀ါသနာပါကြတယ်။ တော်ရုံတန်ရုံ နှာစေး ချောင်းဆိုး ကိုယ်လက် မအီမသာ ဖြစ်လည်း ဆေးမြီးတိုနဲ့ပဲ ပြီးလိုက်ကြတာပဲ။ မျက်စိနာရင် အိမ်နောက်ဖေးက မန်ကျည်းပင်ကြီးဆီသွားပြီး မန်ကျည်းခေါက်ကလေး ခွါ၊ ကျောက်ပျဉ်ပေါ် တဂျစ်ဂျစ်သွေးပြီး မျက်စိကို ကွင်းထားလိုက်ရုံပဲ၊ ရုတ်တရက် ကြည့်ရင်တော့ ငတက်ပြားလိုလို ဘာလိုလိုနဲ့ပေါ့။ သိပ်မကြာပါဘူး၊ လေးငါးခါလောက် ကွင်းပြီးရင် မျက်စိက ပြန်ကြည်သွားတော့တယ်။ အမေ့ရဲ့ သနပ်ခါးဗန်းထဲမှာ မန်ကျည်းခေါက်၊ နလင်ကျော်၊ ဇာတိပ္ဖိုလ်သီး စတာတွေလည်း သနပ်ခါးတုံးတွေနဲ့ အတူ ရှိနေတတ်တာ သတိရမိ ပါသေးတယ်။

လက်သည်းပုပ်တာတို့ လက်စွယ်ငုပ်တာတို့ ဆိုလည်း နောက်ဖေး ရေတွင်းနားက ရေစင်ကြီးဘေးမှာ ပေါက်နေတဲ့ ဒန်းပင်က အရွက် လက်တဆုပ်စာလောက်ကို ခူး၊ ထမင်းပူပူနဲ့ ရောထောင်းပြီး ငုပ်တဲ့ လက်မှာ အုံပြီးစည်း၊ သိပ်မကြာပါဘူး … ပျောက်တာပဲ။

ဝမ်းကိုက်ရင် အိမ်ရှေ့မှာ စိုက်ထားတဲ့ မီးကွင်းဂမုန်းတွေ ပါးပါးလှီးပြီး စားရင် ပျောက်သတဲ့။ အဲဒါတော့ တခါမှ စမ်းမကြည့်ဖူးဘူး။ လူတကာ လာလာတောင်းကြတော့ ပျောက်လို့နေမှာပါပဲ။ သာမန် ၀မ်းပျက် ၀မ်းလျှောတာတော့ ရေနွေးကြမ်း ကျကျကို သကြားထည့် မွှေပြီး သောက်၊ မကြာခင် ပျောက်ပါတယ်။ အဲဒါကတော့ လက်တွေ့ပါ။ ချောင်းဆိုးရင် အိမ်ရဲ့ အုတ်တံတိုင်းမှာ ကပ်ပေါက်နေတဲ့ ရဲယိုပင်က ရဲယိုသီးအမှည့်ကို ထန်းလျက်နဲ့ ခေါက်စားကြတယ်။ ကျမကတော့ ရဲယိုသီးအနံ့ကြီး မကြိုက်လို့ မစားဖြစ်ပါဘူး။ ရဲယိုရွက်တော့ ငါးရံ့နဲ့ ချက်စားရတာ ကြိုက်တယ်။ အသံဝင်ရင်တော့ ကြောင်ပန်း ရွက်ကလေး ဟင်းချိုချက်သောက်ရင် သက်သာပြီး ဒန့်သလွန်ရွက်ဟင်းချိုကတော့ သွေးတိုး ကျသတဲ့။

အိမ်တောင်ဘက်က လက်ထုတ်ပင်ကြီးကတော့ ဘယ်လိုဆေးဘက်ဝင်လည်း မပြောတတ်ဘူး။ ပင်စည်က ယောက်ျားကြီး သုံးယောက်ဖက်စာလောက် ကြီးတယ်။ ဆောင်းတွင်းဘက်ဆို အီနေအောင်ကို တအားမွှေးတာပဲ။ ညဘက်မှ မွှေးတာပါ၊ ညမွှေးပန်းလိုပေါ့။ အဲဒီအပင်ကြီး ဓာတ်တိုင်နဲ့ မလွတ်လို့ ခုတ်ပစ်၊ နောက် အတက်တွေ ပြန်ထွက်တာပဲ။ အိမ်နားက အဘွားကြီးတယောက် အခေါက်လာလာခွါတယ်၊ လက်ထုတ်ခေါက်က ဆေးဘက်ဝင်လို့တဲ့။ အဲဒီအဘွားကြီး ခွါပါများလို့လားတော့ မသိဘူး ခုတ်လို့တောင် မသေတဲ့ အပင်က နောက်တော့ သေသွားရော။

အိမ်မှာ အလိုလို သေသွားတဲ့ အပင် တပင်ကတော့ သပြေပင်ပါ။ ဇမ္ဗူ့သပြေမျိုးလို့ လူကြီးတွေ ပြောတာပဲ။ အိမ်ရဲ့ အရှေ့တောင်ထောင့်မှာ ပေါက်တဲ့ အဲဒီ သပြေပင်ကြီးက သက်တမ်း ဘယ်လောက် ရှိနေပြီလဲတော့ မသိပါဘူး။ အပင် အကြီးကြီးပါပဲ။ မိုးဖြိုင်ဖြိုင်ရွာတဲ့ ၀ါဆိုဝါခေါင်ဆို သပြေသီးတွေ တအားသီးတယ်။ ကျမတို့ဆို နှုတ်ခမ်းတွေ ပြာနှမ်းနေတဲ့ထိ မက်မက်စက်စက် စားခဲ့ကြတာ။ သူ့အရသာက ဖန်တွတ်တွတ်နဲ့ စားလို့လည်း ကောင်းပါတယ်။ တခုသော မိုးဥတုရဲ့ တနေ့သ၌မှာ သပြေပင်ကြီး အလိုလို လဲကျ သေဆုံးသွားတယ်၊ နှမြောစရာပါ။ အဲဒီသပြေသီးကလည်း ဆီးချိုကျတယ်တဲ့။

စားစရာမဟုတ်ဘဲ ဆေးဘက်ဝင်တဲ့ အပင်နောက်တခုက … ထောလပတ်ပင်ပါ။ ဆံပင်နက် ဆံပင်သန်တယ်လို့ ဆိုကြပါတယ်။ အဒေါ်တွေက ခေါင်းလျှော်တဲ့အခါ ထောလပတ်ရွက် ထည့်လျှော်ကြတယ်။ အဲဒီတုန်းက တရော် ကင်ပွန်းသီးနဲ့ ခေါင်းလျှော်တာဆိုတော့ ထောလပတ်ရွက်တွေ ချေပြီး တရော် ကင်ပွန်းသီးနဲ့ ရောလျှော်ကြတာပါ။ ပြောရင်းနဲ့ ထောလပတ်ပင်ကို သတိရမိလို့ … ဒီအပင်တွေက အိမ်နောက်ဖက်ထောင့် ရေတွင်းနားမှာပဲ ရုံလိုက်ကြီး ပေါက်နေကြတာပါ။ ထောလပတ် ပန်းက ဗျိုင်းကလေးတွေလိုပဲ၊ လည်တိုင် ရှည်ရှည်၊ ခြေတံရှည်ရှည် ဖြူဖြူလေးတွေ။ ပန်းပွင့်ချိန်ဆို တရုံလုံး ဗျိုင်းပိစိ လေးတွေ နားနေတဲ့အတိုင်း သိပ်ကြည့်ကောင်းတာပဲ။ အနံ့တော့ မရှိဘူး။ မိုးတွင်းဆို အရွက်တွေသန်ပေမဲ့ နွေဆို အရွက်တွေကျကုန်ရော။ ဒါကြောင့် လူကြီးတွေက မိုးတွင်းဘက်မှာ အရွက်တွေခူး အခြောက်လှန်းပြီး အုန်းဆီနဲ့ စိမ်ထားတတ်ကြတယ်။ အဲဒီအုန်းဆီကို လိမ်းရင်လည်း ဆံပင်နက် ဆံပင်သန်တာပဲတဲ့။ ကျမကတော့ အုန်းဆီ မကြိုက်လို့ မလိမ်းပါဘူး။

ခုလို နွေရာသီဘက်ဆို အမေက မန်ကျည်းမှည့်ကို ထန်းလျက်ကလေးနဲ့ စိမ်ပြီး မန်ကျည်း ဖျော်ရည် ဖျော်တိုက် လေ့ရှိတယ်။ အပူငြိမ်းအောင် ၀မ်းတွင်းအေးအောင်ပေါ့။ နောက် ကျမရဲ့ ဆရာတော် (ပုံပြောပြတဲ့ဘုန်းဘုန်း-ပျံလွန်တော်မူပြီး) ပြောတဲ့နည်းက ကန်စွန်းရိုးနီတစည်းကို မန်ကျည်းမှည့် ကွမ်းသီးလုံးလောက်နဲ့ ထန်းလျက် ၃-၄ ခဲ (အချိုကြိုက်ရင်တော့ များများထည့်ပေါ့) ထည့်ပြီး သုံးခွက် တခွက်တင် ကျိုသောက်ရင် အပူကင်းတယ်၊ ရင်အေးတယ်တဲ့။ အဲဒီဆေးလည်း မကြာမကြာ ကျိုသောက်လေ့ရှိပါတယ်။ အဖေက ကြိုက်တော့ တခါကျိုရင် အိုးကြီးကြီးနဲ့ အများကြီးကျိုပြီး တစွတ်စွတ်နဲ့ သောက်တာပဲ။ ကျမတို့ တအိမ်လုံးလည်း သောက်ကြပါတယ်။

အဲဒီလို ကျမတို့ မိသားစုဟာ ကိုယ့်ခြံထဲကဖြစ်ဖြစ် ဒါမှမဟုတ် ဈေးထဲမှာ အလွယ်တကူ ရနိုင်တဲ့ အသီးအရွက်တွေပဲ ဖြစ်ဖြစ် ကိုယ်တိုင်စီမံပြီး ဆေးမြီးတိုအဖြစ် သုံးစွဲကြသလို ဗမာ တိုင်းရင်းဆေးတွေကိုလည်း နှစ်သက်စွာ သုံးစွဲကြပါတယ်။ ကျမကတော့ ဗမာ ဆေးတိုင်းကို ကြိုက်လှတာ မဟုတ်ပါဘူး။ ကျမစိတ်ထဲ ခါးခါးသီးသီးနဲ့ စွဲနေအောင် မှတ်မိနေတဲ့ ဗမာဆေးတခုကတော့ အာယုဒီဃ အပုပ်ချဆေးပါပဲ။

ကျောင်းတက်ခါစ အရွယ်ကတည်းက သောကြာနေ့ညဆို ကျမတို့ ညီအမတတွေ အာယုဒီဃ သောက်ကြရတယ်။ အဒေါ်လုပ်သူက သူကိုယ်တိုင်လည်း သောက်၊ ကျမတို့ကိုလည်း သောက်စေတာပါ။ အဲဒီဆေးက အမှုန့်ဖြစ်တဲ့အပြင် အနံ့ကြီးကလည်း နံ၊ အ၀င်ကလည်း ဆိုးတော့ သောက်ပြီးတာနဲ့ ပြန်အန်မထွက် အောင် မနည်း ထိန်းထားရတယ်။ သကြားလုံးလေး ဘာလေး ကူရတာပေါ့။ နောက်တနေ့ မနက်မိုးလင်းတာနဲ့ အိမ်သာ ပြေးကြပေတော့ပဲ။ အာယုဒီဃက အပူ အပုပ်ကျသတဲ့။ အဲဒီဆေးကို အခု စဉ်းစားရင် အခု မုန်းတုန်း။ အဒေါ်လုပ်သူက ဆရာဝန်ဖြစ်ပေမဲ့ ဗမာဆေးတွေ တော်တော်လေး ကြိုက်တာ … ခုထိအောင်ပဲ။

အဘိုးကစပြီး တအိမ်လုံး တညီတညွတ်ထဲ ကြိုက်ကြတာကတော့ ဝေဘူလျက်ဆားပါ။ အဘိုးက ဝေဘူဆရာတော်ရဲ့ တပည့်ဆိုတော့ ဝေဘူချောင်မှာ တရားအားထုတ်ရင်း ဆရာတော်ရဲ့ လျက်ဆား ဖော်နည်းကို ရခဲ့တယ်။ အဲဒီဆေးညွှန်းအတိုင်း ဗိုလ်ချုပ်ဈေးထဲက ဦးဘညိန်ဆိုင်မှာ သွားဖော်ပြီး ပုလင်းကြီးထဲ ထည့်ထား၊ နောက် … ဗူးကလေးတွေနဲ့ ခွဲထည့်ပြီး အားလုံး စားကြတယ်။ ထမင်းစားပြီးချိန်ဆို ဝေဘူလျက်ဆားလေးမှ မလျက်ရရင် တခုခုလိုနေသလို။ တယောက်ယောက် လျက်နေလည်း ကိုယ်ပါ လိုက်လျက်ချင်လာရော။ လက်ဝါးလေး တဖြန့်ဖြန့်နဲ့ လက်ညှိုးလေးနဲ့ တို့ကာ တို့ကာ လျက်ဆားလျက်ရတာ တော်တော်လေး အရသာရှိတယ်။

ငန်းနီကျော်၊ ငန်းနက်ကျော်၊ မောရိယမန်းဆေး၊ ဆရာခို၊ လူပျံတော် ပတ္တမြား၊ ဦးချိန်တီ၊ ကိုးပါးဆေး၊ ဒေါ်ခမ်းလောင် … နောက် … ဘာကျန်သေးလဲ မသိဘူး၊ ငယ်ငယ်တုန်းက ဆေးတွေ မှတ်မိသလောက် ရွတ်ကြည့်တာပါ။ အဲဒီ ဗမာဆေးတွေ သုံးကြတာ တအိမ်လုံးပါပဲ။ မောင်လေးမွေးတုန်းက အမေ့ဆီက ဆေးတို့ဖတ်တို့ အုပ်ဆေးတို့လို ဗမာဆေးနံ့တွေ ရနေတာလည်း မှတ်မိပါသေးတယ်။ နောက်ပိုင်း တီဗီကြော်ငြာတွေ ပေါ်လာတဲ့အခါ ကြော်ငြာတဲ့ ဆေးတွေရော၊ မကြော်ငြာတဲ့ ဆေးတွေရော ကောင်းနိုးရာရာ ၀ယ်သုံးခဲ့ကြတယ်။ အခု ဒီကိုလာတော့လည်း ကိုယ်သုံးနေကျ ဆေးတချို့ ယူလာခဲ့ပါတယ်။

ပုံမှာ မြင်ရတဲ့ထဲက အောင်တံခွန်ဆိုတဲ့ ဆေးကိုတော့ ကျမက ဆေးအဖြစ်စားတာ မဟုတ်ဘူး။ ကြိုက်လို့ကို ရှောက်သီးဆေးပြား စားသလို စားတာ။ စားလွန်းလို့ အစာတွေကြေ၊ ခဏခဏ ထပ်ဆာနဲ့ ဒုက္ခကို များလို့။ ကျမနဲ့အတူ ပါလာတဲ့ တဗူးက ကုန်သွားတာနဲ့ အမေတို့ကို ထပ်မှာရတယ်။ တလောက အစားအသောက်တွေနဲ့ အတူ အောင်တံခွန် ၄-ဗူး ပို့ပေးလိုက်လို့ တော်တော်လေး ၀မ်းသာမိပါတယ်။ ကျမက စာကြည့်ရင် ဇက်ကြောတက်တတ်လို့ ကျော်ရှောက်ပေါင်း ပရုတ်ဆီလည်း ဆောင်ထားရသေးတယ်။ မဟာဖြေဆေးကတော့ အစားမှားလို့ လေထိုးလေအောင့်ရင် သောက်ရတာပါ။ အရက်မူးလွန်ရင်လည်း သောက်လို့ရသတဲ့။ ဆေးညွှန်းထဲမှာ ရေးထားတာပဲ၊ လက်တွေ့တော့ စမ်းမကြည့်ရသေးဘူး။

ရွှေခေါင်းပေါင်းဆိုတဲ့ အာရုံငါးပါးဆေးကလည်း ကောင်းပါတယ်။ သွေးဆေးလို အမှုန့်လေးတွေ၊ ပွတ်ပြီးရှူလိုက်ရင် လန်းသွားတာပဲ။ ဟိုနောက်က ဆေးဗူးဖြူဖြူက ဝေဘူလျက်ဆား ထည့်ထားတဲ့ ဗူးကလေးပါ။ ကျမလိုချင်တယ်ပြောလို့ အမေရိကန်ရောက်နေတဲ့ အဒေါ်ဆရာဝန်က သူ့ရှိတဲ့ထဲက ခွဲပြီး ပို့ပေးလိုက်တာ။ သူလည်း ဗမာဆေးတွေ ဗမာပြည်ကနေ မှာမှာသုံးနေဆဲလေ။ မြတ်ဘုန်းပွင့် ဆိုတာက သောက်ရတဲ့ ဆေးတော့ မဟုတ်ပါဘူး။ ဗောက်ပျောက်တဲ့ ဆီပါ။ ဒီရောက်ကတည်းက ရေပူတွေနဲ့ ခေါင်းလျှော်ရတော့ ဦးရေပြားတွေ ခြောက်ပြီး ဗောက်တွေဖြစ်လာတာနဲ့ အမေ့ကို ပြောပြတဲ့အခါ မနှစ်ကနွေရာသီ အမေ လာလည်တုန်းက အဲဒီဆီ ယူလာပေးခဲ့တယ်။ အုန်းဆီရယ်၊ သံပုရာဆီရယ် သံလွင်ဆီရယ် သုံးမျိုး ရောထားတာလို့ ပြောတာပဲ။ အနံ့လေးလည်း မွှေးပါတယ်။ ကျမက အုန်းဆီ မကြိုက်ပေမဲ့ အဲဒီဆီကိုတော့ အကြိုက်သား။
***
ဗမာဆေးအကြောင်းတွေ ရှည်ရှည်ဝေးဝေး ရေးနေမိတာက … တနေ့က ရောက်လာတဲ့ ဟနရဲ့ မေးလ် တစောင်ကြောင့် ဆိုပါတော့။ သူ့စာက အောက်ပါအတိုင်းပါပဲ။

ဟနက မြန်မာတိုင်းရင်းဆေးတွေ သုံးလေ့ရှိတယ်။ ရှမ်းပျိုမယ်၊ ဂြိုလ်တု အစာကြေဆေး၊ လူပျံတော်ပတ္တမြား စတာတွေ။ ဆေးတွေမှာ နိုင်ငံခြားဆေးတွေကို အမှုန့်လုပ်ပြီး ထည့်တယ်လို့ ပြောသံကြားပေမယ့် မဟုတ်လောက်ဘူး ထင်တာ။ လိမ်းဆေးတွေလည်း တိုင်းရင်းဆေးကို တကူးတကမှာ သုံးတာ ဆရာခို၊ လင်ဇီးပရုတ်ဆီ။ တိုင်းရင်းဆေးတွေ ဆေးကြိတ် ဆေးထောင်းတဲ့နေရာမှာ သန့်ပြန့်မှု ရှိ မရှိ ဆိုတာလည်း မသိနိုင်ဘူး။ ဆေးဖော်မြူလာ ရရင် ကိုယ့်ဘာကိုယ် ပစ္စည်းရှာ၊ ဆေးထောင်း ဆေးကြိတ်မှပဲ။ ၀ယ်တော့ မသုံးတော့ဘူး။ အားတဲ့ အခါ လုပ်ဦးမယ်။ ဆေးဆရာမကြီးဟန ဆိုပြီး ကိုယ့်ဘာကိုယ် ဆေးထောင်းဦးမယ်။

စာထဲမှာ အတက်ခ်ျဖိုင်နဲ့ တွဲလျက်ပါလာတဲ့ သတင်းကတော့ အားလုံး သိပြီး ဖြစ်ချင်လည်းဖြစ်မှာပါ။ ဒေါ်ထွေးရဲ့ ဂေါမုတ္တဆေးနဲ့ ဒေါ်ကျင်ရဲ့ သူငယ်နာ ၀မ်းနှုတ်ဆေးထဲမှာ ခဲနဲ့ အာဆင်းနစ် ဓာတ် ပမာဏ လွန်ကဲစွာ ပါနေတယ် ဆိုတဲ့ သတင်းပါ။ အဲဒီဓာတ်တွေ လွန်ကဲရင် ဘာတွေဖြစ်နိုင်တယ် … ဘာညာ စသဖြင့်ရေးထားပါတယ်။ ဒီသတင်း ဖတ်ဖတ်ခြင်းတော့ စိတ်ထဲ မကောင်းဘူးပေါ့။ စီးပွါးရေးသမားတွေများ ကလေး ဆေးတောင် မချန် လုပ်ရက်တယ်လို့ ဒေါသလည်း ထွက်မိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး မိတ်ဆွေကြီး တယောက်နဲ့ ဆွေးနွေးဖြစ်တော့ … သူကခုလို ပြောပါတယ်။

“စဉ်းစားကြည့်လေ … ဗမာပြည်မှာ ဓာတ်ခွဲခန်းက လုံလုံလောက်လောက် ရှိတာလည်း မဟုတ်ဘူး။ ပြီးတော့ တိုင်းရင်းဆေးဖော်ဖို့ဆိုပြီး အပင်တွေကို သီးသန့်စိုက်တာလည်း ရှားတယ်။ ဒီတော့ ဓာတုစွန့်ပစ် ပစ္စည်းတွေရှိတဲ့ နေရာမှာ ပေါက်နေတဲ့ အပင်၊ အဲဒီပတ်ဝန်းကျင်က ပစ္စည်းတွေဟာ အဆိပ်သင့်နေမှာပဲ။ သူတို့လည်း သိချင်မှ သိမယ် ... ဒီလိုပဲ သုံးနေကျအတိုင်း သုံးလိုက်တာနေမှာပေါ့။ တကယ်လို့သာ ဓာတ်ခွဲခန်း လုံလုံလောက်လောက် ရှိပြီး သေချာ စစ်ဆေးနိုင်ရင် ခုလို မဖြစ်နိုင်ဘူး”

သူပြောတာလည်း စဉ်းစားစရာပါ။ ဟုတ်လည်း ဟုတ်လောက်ပါတယ်။ အဲဒီလိုသာဆို … ဆေးဘက် ၀င်ပါတယ်ဆိုတဲ့ နွယ်မြက် သစ်ပင်တွေဟာ အဆိပ်သင့် နေတာတွေလည်း ရှိမှာပဲ။ တကယ်တော့လည်း နွယ်မြက် သစ်ပင်တိုင်း ဆေးဘက်မ၀င်ပါဘူး။ ချွင်းချက်က ရှိသေးတာ သတိမထားမိလို့ပါ။
ကတိသစ္စာ
တည်သောခါဝယ်
သြဇာလေးနက်
ပေါ်ဆီတက်၍
နွယ်မြက်သစ်ပင်
ဆေးဘက်ဝင်၏ … တဲ့ … ဆိုထားတယ် မဟုတ်လား။
လူတွေ ကတိသစ္စာ တည်မှသာ နွယ်မြက်သစ်ပင် ဆိုတာ ဆေးဘက်ဝင်မှာပေါ့။ ခုလို ဆုတ်ကပ် ခေတ်ကြီးမှာ ကတိသစ္စာ တည်တဲ့သူဆိုတာ ခပ်ရှားရှားရယ်။

ဒါကြောင့်ပဲ နွယ်မြက်သစ်ပင်တွေက ဆေးဘက်မ၀င်ဘဲ အဆိပ်သင့် သွားရလေသလား … ။ ဉာဏ်မမီမကမ်းနဲ့ စဉ်းစား နေမိပါတယ်။ အဲဒီလိုသာဆို … ဟန ပြောသလို ကိုယ်တိုင် ဆေးထောင်း ဆေးကြိတ်လည်း သိပ်မလွယ်ဘူး ထင်ပါရဲ့။ အိမ်က အပင်တွေလည်း အဆိပ်တွေများ သင့်နေမလား … အိမ်ပြန်ရောက်ရင် အရင်လို အလွယ်တကူ ဟိုဟာခူး၊ ဒီဟာဝါး လုပ်တာ ရှောင်မှ … ရှောင်မှ … ။ ကိုယ်တိုင်က ကတိ သိပ်တည်လှတာမှ မဟုတ်ဘဲလေ … ။
***
မေဓာဝီ
၂၇၊ မတ်၊ ၂၀၀၉
၀၁း၁၅ နာရီ

လွန်ခဲ့တဲ့ ၂-နှစ်က ရေးခဲ့သော ကျမနှင့် ဆေးမြီးတို

Read More...

Monday, March 23, 2009

ပန်းကလေးများနဲ့ ကဗျာတွေ ...

သောကြာ၊ စနေ၊ တနင်္ဂနွေ ခရီးထွက်ပြီး ပြန်အလာ ဘလော့တွေ လိုက်ဖတ်တော့ ပန်ဒိုရာ ဘလော့မှာ ခရေပန်းလေး သုံးပွင့်၊ မတန်ခူးဘလော့မှာ ကံ့ကော်ပန်းလေး တပွင့် တွေ့ရပြီး ပိတောက်ပန်းတွေလည်း ပွင့်နေတယ်လို့ ရေးထားတာတွေ ဖတ်ရတော့ ပိတောက် ခရေ ကံ့ကော်မဝေတဲ့ ရပ်ဝေးမြေကနေ ချစ်တဲ့ ပန်းလေးတွေကို လွမ်းမိသွားတယ်။

ခရေပန်းလေးတွေကို မြင်ရရင် …

လယ်တောကပြန်
ပန်ချင်တယ်
ခရေဖူးဆိုလို့
မောင်ခူးကာပေး။
မနက်တုန်းဆီက
ကျော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့
ဂုဏ်တင့်တယ်လေး … ။ … ။
ဆိုတဲ့ ကဗျာလေးနဲ့ …

မောင်လေးရေ ထပါတော့ …
ရောင်နီလာလှပေါ့၊
တကျော့ နှစ်ကျော့ တေးကိုသီ
ငှက်ကျားနှုတ်ပလီ၊
တောင်ဆီနားက ခရေပန်း
ပင်အောက်ကြိုင်လို့လန်း၊
ဗန်းကလေး ယူခဲ့ မောင်လေးရယ်
သွားကောက်ချေစို့ကွယ်၊
ပန်းသည်လုပ်လို့ တပြုံးပြုံး
ပန်းတွေ တကုံးကုံး … ။ … ။
ဆိုတဲ့ ဆရာမင်းသုဝဏ်ရဲ့ ကဗျာလေးတွေ …

ကံ့ကော်ပန်းတွေမြင်တော့ …

ပန်းကံ့ကော် ရွှေစံကား
ငွေသားနု စံပယ်မှန်
မြတ်လေး ခတ္တာနှင့်
ရွှေယင်းမာ ကြာခ၀ဲ
ဖွဲစ နှင်းလျံ …
ဆိုတဲ့ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ဆယ့်နှစ်လရာသီ ပန်းကဗျာလေး …

အေးရိပ်သာတဲ့ ပြည်ညောင်ညို
ဥသြတွန်သံချို
ဒိုးယိုစီးတဲ့ နဒီတွင်း
သမင်ရေသောက်ဆင်း၊
မြက်ခင်းလဲ့လဲ့ မြေညီညီ
ကံ့ကော်ဝတ်မှုန်စီ
ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း
လူလေး သွားချင်စမ်း … ။ … ။
ဆိုတဲ့ ကဗျာလေးတွေ …

ပိတောက်ပန်းတွေမြင်တော့ …

လတန်ခူးပေမို့
အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။

တကယ်တမ်းသာဖြင့်
ဘယ်ပန်းသော် စံမတူဘု
နန္ဒမူ ဖလ်ဂူထိပ်မှာလ
ပစ္စေကာ ချွေးတော်သိပ်ရတယ်
အေးရိပ်ဆာယာ။

တနှစ်တွင် သည်တလသာပ
တလတွင် တရက်ထဲ
ခက်ခဲတဲ့ ရက်ဗုဒ္ဓါ
ပွင့်ရှာကြ စုံမြိုင်တွင်း။

မြူမင်းလွင်ထန်
ကြူသင်းတာချိန်ယံ မတော့
ရွှေဝတ်ဆံ ငုံတံ ညှောက်ကယ်နှင့်
ခါသင်္ကြန် ဂိမှာန် ရောက်ပြန်တော့
သိရ်သရေ ထိန်ဝေလို့ တောက်တဲ့ပြင်
လမ်းတလျှောက် သင်းတာမို့
ဆန်းသလောက် မလင်းနိုင်ဘု
ပန်းပိတောက်မင်း … ။ … ။
ဆိုတဲ့ ဦးကြော့ရဲ့ ပိတောက်ပန်း လေးဆစ်ကဗျာလေး …

မခူးချင်စမ်းပါနဲ့
နှစ်ဆန်း ခါတော်မီမို့
ဇမ္ဗော်ရည် ပြည်ပြည်လိမ်းကာပ
ခပ်သိမ်းနယ် စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလည်းလေ လောကီသားလိုပေါ့
ကြွားချင်လှ ပေလိမ့်မယ်။

တသိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက
ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။

တ၀ါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပ သတိဆွယ်
ရည်ရွယ်တော့ သလား။

ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်လို့
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာပ
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ် …
ပန်းပိတောက်များ … ။ … ။
ဆိုတဲ့ ဆရာဇော်ဂျီရဲ့ ပိတောက်ပန်း ကဗျာလေး …

စတဲ့ စတဲ့ … ကဗျာလေးတွေကိုပါ သတိရမိပြီး … ပိတောက် ကံ့ကော် ခရေ ရနံ့လေးတွေ အနားမှာ သင်းပျံ့လာသလိုတောင် ထင်ယောင် ထင်မှားဖြစ်ပြီး သတိရ တမ်းတစိတ်တွေ လွန်ကဲ နေမိတယ်။

ခုချိန် ခုရာသီဟာ ဒီမြေ ဒီဒေသမှာလည်း ပန်းကလေးတွေ ပွင့်နေကြပါပြီ။ တချို့ ပန်းကလေးတွေလည်း ပွင့်ဖို့ တာစူဆဲပေါ့။ ဒါပေမဲ့ အနီးက ပန်းကို ပန်းမထင်မိ၊ ဂရုမစိုက်မိ။ ကိုယ့်မြေက ပွင့်တဲ့ ပန်းမှ လှတယ်၊ မွှေးတယ်၊ ရင်ခုန်စရာ ကောင်းတယ်ရယ်လို့ အစွဲအလမ်း ကြီးစွာ တမ်းတနေမိတယ်။ အနီးအနားက ပန်းကလေးတွေသာ စကားပြောတတ်ရင် ကဲ့ရဲ့ ပြစ်တင် ရှုံ့ချလေမလား မသိ။

ဒီလိုနဲ့ ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်မိတော့မှ … ချယ်ရီတွေလည်း ဖူးနေပြီ။ daffodils တွေလည်း ပွင့်လို့ … ။ နောက် … ဘာမှန်းမသိတဲ့ ပန်းကလေးတွေ … ကိုယ့်ဝန်းကျင်မှာ လှနေလိုက်ကြတာ … ။

daffodils ပန်းကလေးတွေ တွေ့မှပဲ ငယ်ငယ်က အင်္ဂလိပ်စာမှာ သင်ခဲ့ရတဲ့ William Wordsworth ရဲ့ ကဗျာလေး သွားသတိရမိပြန်တယ်။

I wander’d lonely as a cloud
That floats on high o'er vales and hills,
When all at once I saw a crowd,
A host, of golden daffodils;
Beside the lake, beneath the trees,
Fluttering and dancing in the breeze.

Continuous as the stars that shine
And twinkle on the Milky Way,
They stretch'd in never-ending line
Along the margin of a bay:
Ten thousand saw I at a glance,
Tossing their heads in sprightly dance.

The waves beside them danced; but they
Out-did the sparkling waves in glee:
A poet could not but be gay,
In such a jocund company:
I gazed -- and gazed -- but little thought
What wealth the show to me had brought:

For oft, when on my couch I lie
In vacant or in pensive mood,
They flash upon that inward eye
Which is the bliss of solitude;
And then my heart with pleasure fills,
And dances with the daffodils.

***
စာဆို ဆိုတာ ကိုယ့်ပတ်ဝန်းကျင်ရဲ့ သဘာဝကို ကိုယ်ခံစားမိသလို အမျိုးမျိုး သရုပ်ဖော်ပြီး စာလုံးလေးတွေနဲ့ သီဖွဲ့ကုံးကာ လှသည်ထက် လှအောင် ခြယ်မှုန်းပေးသူတွေပါလား … လို့ တွေးမိပြီး စာဆိုကြီးများကို လေးစားစွာ ဂါရ၀ ပြုလိုက်မိပါတယ်။

တကယ်တော့ ... သဘာဝဟာ သူ့နေရာနဲ့သူ လှနေတာပါပဲ။
ဘယ်နေရာ ဘယ်ဒေသမှာပဲ ဖြစ်ဖြစ် ချစ်သောမျက်စိနဲ့ ကြည့်ရင် အရာရာဟာ လှပနေမယ် မဟုတ်လား ... ။
***
မေဓာဝီ
၂၃၊ ၃၊ ၂၀၀၉
၂၂း၁၅ နာရီ

Read More...

Thursday, March 19, 2009

ပီကေလမ်းမှ အတွေး

လူတိုင်းတွင် အကျင့် စရိုက် လေးတွေ ကိုယ်စီ ရှိကြစမြဲ။

ထိုထို အကျင့် စရိုက်မျိုးတွေကလည်း စွဲမိလျှင် ဖျောက်နိုင်ဖို့ ခဲယဉ်းလှပါဘိ။
***
တချို့က ဆေးလိပ်စွဲသည်။ တချို့က ကွမ်းစွဲသည်။ ဗမာပြည်မှာ ကွမ်းယာစားသည့် လူဦးရေ များမများတော့ မသိ၊ ဘယ်နေရာ ကြည့်ကြည့် ကွမ်းယာဆိုင်တွေ မှိုလိုပေါက်။ အိမ်ရှေ့မှာပင် ခြံဝင်း၏ ဟိုဘက်ထိပ်မှာ တဆိုင် ဒီဘက်ထိပ်မှာ တဆိုင် ရှိနေသည်။ ကွမ်းယာသည်တွေ ဘယ်လောက်များများ သူ့ဖောက်သည်နှင့်သူ အဆင်ပြေကြသည်ချည်း။ ထိုသို့ ကွမ်းယာစားသုံးသည့် လူဦးရေ များလာသည်နှင့်အမျှ ဘေးထွက် ပစ္စည်းဖြစ်သော ကွမ်းတံတွေးများကိုလည်း ဟိုနေရာ ဒီနေရာ တွေ့ရတတ်သည်။ ကားဂိတ်မှာ၊ ပလက်ဖောင်းပေါ်မှာ၊ လမ်းမထက်မှာ၊ တိုက် အချိုးအကွေ့များမှာ၊ လှေခါးထောင့်များမှာ စသည်ဖြင့် မြို့တော်အလှကို ပျက်ပြားစေသော ကွမ်းတံတွေး တွေက မသတီစရာ။

“အမှိုက်မပစ်ရ၊ ကွမ်းတံတွေး မထွေးရ” ဟူသည့် စာတန်းများနှင့် တားမြစ် သတိပေးထားသော်လည်း အချည်းနှီးသာ။ ကွမ်းတံတွေးနှင့် ကင်းသောနေရာဟူ၍ မရှိသလောက်ပင် ဖြစ်၏။ ဒီလိုတွေ့မြင်ပါများတော့ ဗမာတွေ စည်းကမ်းမရှိဘူးဟု စိတ်ထဲမှ ကျိတ်ပြီး မှတ်ချက် ချဖြစ်သည်။ ကွမ်းယာစားသုံးသူတွေထဲမှာ ဗမာချည်း သက်သက် မဟုတ်၊ တရုတ် ကုလားလည်း ပါနိုင်ပေမဲ့ ဗမာပြည်မှာ နေကြသူချည်းမို့ “ဗမာတွေ” ဟု သိမ်းကြုံး၍သာ ပြောမိသည် ဆိုပါတော့။

ကွမ်းစားသူဦးရေသည် ရန်ကုန်မြို့ထက် နယ်မြို့တွေမှာ ပိုများမလား မပြောတတ်။ ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီတုန်းက ဂျာနယ်ကိစ္စဖြင့် မန္တလေးကိုသွားတော့ ချာတိတ်လေးတွေကအစ တမြို့လုံးနီးပါး ကွမ်းတ၀ါးဝါး လုပ်နေသည်ကို သတိထားမိခဲ့ဖူးသည်။ ဖြန့်ချိရေးကိစ္စ ဦးထွန်းဦးနှင့် တွေ့ဖို့ ထွန်းဦးစာပေတိုက်ကို သွားတော့ အလုပ်စားပွဲတခု ဘေးမှာ ရေသန့်ဗူးလေး ထောင်ထားပြီး ထိုရေသန့်ဗူးထဲတွင်ကား နီညိုရင့်ရောင် အသွေး ကွမ်းတံတွေးများ။ တခါ … လူထုတိုက်ကို သွားပြန်တော့လည်း ဤနည်းနှင်နှင် မြင်ခဲ့ရပြန်သည်။ ရေသန့်ဗူးကို အ၀ကျယ်သွားအောင် ထိပ်ဖြတ်ပြီး သံဖြင့် စားပွဲဘေးမှာ ကပ်ရိုက်ထားသည့် ခေတ်သစ် ထွေးခံပေါ့။ ဟိုဟိုဒီဒီ လျှောက်ထွေးနေတာနဲ့ စာရင် ရေသန့်ဗူးဖြင့် ထွေးခံလုပ်သည်က ခပ်ကောင်းကောင်းလို့ ဆိုရပေမဲ့ ကွမ်းတံတွေးတွေကို ခုလို တစုတဝေး အများကြီး မြင်လိုက်ရတော့ စိတ်ထဲ တမျိုးကြီး ဖြစ်မိတာ ၀န်ခံပါသည်။

ကွမ်းတံတွေးက ပေးသော ဒုက္ခကို ကိုယ်တိုင်လည်း ကြုံခဲ့ရဖူးသည်။ မှတ်မှတ်ရရ ၁၉၉၀ ကျော် ကာလများတုန်းက အေလာမှ လယ်ဝေးသို့သွားသည့် ခရီးသည်တင် ဒိုင်နာကားပေါ်မှာ ခေါင်မိုးပေါ်က စီးသူ လူတဦး၏ မဆင်မခြင်ထွေးသော ကွမ်းတံတွေးက ဂျာကင်အင်္ကျီ နောက်ကျောပေါ် အကွက်လိုက် ပေကုန်သဖြင့် တော်တော်လေး ရွံရှာ စိတ်ညစ်ခဲ့ရဖူး၏။ လမ်းဖြတ်ကူးနေတုန်း ကားသမားတွေ ထွေးထုတ်လိုက်သော ကွမ်းတံတွေးတွေက ခြေထောက်ကို လာစင်တာမျိုး၊ ဖိနပ်ကို ပေကုန်တာမျိုး ကြုံရသည်မှာတော့ ခဏခဏ။

တကယ်တော့ ကွမ်းကို မကြိုက်၍ မဟုတ်ပါ။ အမေ့ဗိုက်ထဲမှာ ကတည်းက ကွမ်းယာချဉ်ခြင်းဖြင့် သန္ဓေတည်လာခဲ့သူပီပီ ကွမ်းစားတတ်ပါသည်။ စ စားခါစတော့ အချို၊ နောက်တော့ အစိမ့်၊ နောက် ဗမာဆေး အာမွှေး၊ အဲဒီလောက်အထိတော့ စားမိသည်။ ဒီ့ထက်တော့ မပိုခဲ့။ တခါတလေသာ စားဖြစ်တာမို့ စွဲစွဲလမ်းလမ်းလည်း မရှိ။ ကွမ်းယာကြိုက်ပေမဲ့ ကွမ်းတံတွေးကိုတော့ဖြင့် ရွံရှာ မုန်းတီးခဲ့မိပါ၏။
***
ငယ်စဉ်က ဘာရယ်မဟုတ် ပီကေကို အပျော်တမ်း နှစ်ရှည်လများ စားခဲ့ဖူးသည်။ ပီကေကို ပူဖောင်းမှုတ်၍ တမျိုး၊ တဖောက်ဖောက် အသံကျယ်ကျယ် မြည်အောင် ဖောက်၍ တဖုံ၊ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်သက်သက် ကလေး စား၍ တနည်း မငြီးငွေ့တမ်း စားခဲ့ပါ၏။ သည်တုန်းက ကျော်သူက မင်းသားဖြစ်ခါစ၊ အင်တာဗျူး တခုမှာ “ဘာဝါသနာပါလဲ” ဆိုသည့် အမေးအား ကျော်သူက “ပီကေစားခြင်း” ဟု ပြန်ဖြေထားသည်ကို ဖတ်ခဲ့ရ ပြီးနောက် ပို၍ စားဖြစ်ခဲ့သေးသည်။ ကျော်သူနှင့် တူလို တူငြား စားမိသလားတော့ မပြောတတ်။ အမေက ပီကေစားတာ သိပ်မကြိုက်၊ မေးရိုးကားလိမ့်မယ် … ဟု သတိပေးသော်လည်း ပီကေစားခြင်းကို မစွန့်လွှတ်ခဲ့။

အဖိုးရှိစဉ် ပြည်ပခရီးက ပြန်လာတိုင်း ချောကလက် သကြားလုံးတွေနှင့် အတူ ပီကေလည်း အမြဲပါခဲ့သည်။ အရသာ အမျိုးမျိုးသော ပီကေများကို အလုအယက် စားခဲ့ကြရ၏။ အရသာ စုံပုံကတော့ ငရုတ်သီး အရသာပင် ပါသေးသည်။ ပီကေနှင့် ပတ်သက်သည့် ဒုက္ခတွေကလည်း သိပ်တော့ မသေးလှ။ ဖိနပ်မှာ ပီကေကပ်တာမျိုး၊ လုံခြည်မှာ ပီကေကပ်တာမျိုးလည်း ကြုံခဲ့ရဖူး၏။ ညီမ၀မ်းကွဲ တယောက်ကတော့ ဆံပင်မှာ ပီကေကပ် သဖြင့် ဆံပင်ကို ကွက်ပြီး ညှပ်ထုတ်ခဲ့ရသည်။ ပီကေကို တော်တော်လေး စွဲစွဲမြဲမြဲ စားခဲ့ဖူးပေမဲ့ နောက်ပိုင်းတော့လည်း အရှိန်ကုန်သွား၍လားမသိ၊ သိပ်မစားဖြစ်တော့။
***
ဒီနိုင်ငံရောက်တော့ ကွမ်းစားသူများကို မတွေ့ရပေမဲ့ ပီကေ၀ါးသူများကိုတော့ တော်တော်လေး တွေ့ရသည်။ ပီကေ၀ါးတာက ကိစ္စမရှိသော်လည်း ၀ါးပြီးသား ပီကေကို ထွေးသည့်အခါ ကိစ္စက ရှိလာလေပြီ။ ထွေးထုတ်ခါစမှာတော့ ပီကေလေးတခုက ဘာမှ မဖြစ်လောက်ဟု ထင်စရာပါပဲ။ ဒါပေမဲ့ တခုပြီးတခု မှ များပြားလာသောအခါ …

တွေ့ခါစမှာပင် ဘယ်လိုလဲဟု စိတ်ထဲ ဘ၀င်မကျ ဖြစ်မိသည်။
တကယ်တမ်း အမှိုက်ပုံးတွေက ခြေလှမ်း ငါးဆယ်လောက် လှမ်းလျှင် တပုံးလောက် တွေ့ရတတ်သလို ပီကေကပ်စရာ လေးတွေလည် နေရာ တော်တော်များများမှာ လုပ်ပေး ထားတတ်သေးသည်။ ဒါတောင်မှ ပီကေတွေက လမ်းမထက်မှာ၊ ပလက်ဖောင်းပေါ်မှာ၊ ကားဂိတ်မှာ၊ မြက်ခင်းထဲမှာ … နေရာအနှံ့အပြား မြင်နေရတော့ … အင်္ဂလိပ်တွေ စည်းကမ်းမဲ့လိုက်တာဟု နှိမ့်ချချင်စိတ် ပေါ်လာပြန်ပါရော။ ပီကေစားသုံးပြီး စည်းကမ်းမဲ့ ထွေးထုတ်သူတွေထဲမှာ အင်္ဂလိပ်တွင် မက တရုတ်၊ ကုလား၊ ဥရောပသား လူမျိုး တရာ့တပါး ပါနိုင်သော်လည်း အင်္ဂလန်မြေဆိုတော့ အင်္ဂလိပ်ပဲဟု သိမ်းကြုံး၍သာ ကောက်ချက်ဆွဲမိသည် ဆိုပါတော့။

ကြည့်ပါ။
နေ့စဉ် ကျောင်းသွား ကျောင်းပြန် ဖြတ်သွားနေကျ လမ်းတလမ်းရဲ့ ပလက်ဖောင်းပေါ်က ပီကေတို့၏ ခြေရာများ။ ပိတောက်ပွင့်ကြွေများဖြင့် ရွှေရောင်လွှမ်းနေသော လမ်းကို ပိတောက်လမ်း၊ ခရေပန်းများဖြင့် သင်းပျံ့နေသော လမ်းကို ခရေလမ်းဟု ခေါ်မည်ဆိုပါက ပီကေများဖြင့် ပြည့်လွှမ်းနေသော ယခုလမ်းကို “ပီကေလမ်း” ဟု သမုတ်ရသော် လွန်အံ့မထင်ပါ။

မနက်စောစော ကျောင်းသွားတိုင်း လည်ပတ်နေသော ဘရပ်ရှ်ဝိုင်းကြီး တပ်ထားသည့် အမှိုက်လှဲ ယာဉ်ငယ်ကလေးက လမ်းမပေါ်နှင့် ပလက်ဖောင်းပေါ်မှ အမှိုက်သရိုက်များအား သိမ်းကျုံးလှဲကျင်း နေသည့် မြင်ကွင်းကို တွေ့နေကျ။ ထိုသို့လှဲကျင်းပြီး သွားသည့်နောက် လမ်းပေါ်မှ တစ်ရှူး စက္ကူစများ၊ အာလူးကြော် အိတ်ခွံများ၊ သစ်ရွက်ခြောက်များ စသည် စသည်တို့ ပြောင်စင်သွားပေမဲ့ ပီကေများကတော့ ခပ်တည်တည်ဖြင့် လမ်းမထက်မှာ မခွဲနိုင် မခွါရက် ကပ်နေကြဆဲ။

ကြည့်ရတာ အတော်လေး အရုပ်ဆိုးလှပါသည်။ သတိထားကြည့်လေ ကြည့်ရဆိုးလေပင်။ ဒီလောက် အမှိုက်ပုံးတွေလည်း ပေါများသော တိုင်းပြည် ဖြစ်ပါလျက်နှင့် ဒီလို စည်းကမ်းမဲ့ကြသည့် နိုင်ငံကြီးသားများကို အံ့လည်း အံ့သြမိသည်။ ခုလိုဆိုတော့ ဗမာပြည်က ကွမ်းတံတွေးကမှ ရေနှင့်ဆေးလျှင် ပြောင်နိုင်သေးသည်။ တိုက်နံရံတွင် ပေနေသည်ဆိုအုံး ဆေးအသစ် ထပ်သုတ်လိုက်လျှင် အဆင်ပြေသွားနိုင်သည်။ ဒီလမ်းမထက်က ပီကေများကတော့ ရေဆေးလည်းမရ၊ ကွာအောင် ဘယ်လိုလုပ် ခွါကြမလဲ။ ပီကေလမ်းမှ ဖြတ်တိုင်း စွဲနေအောင် ကပ်နေသည့် ပီကေတွေ ဘယ်လိုခွါမှ ကွာမှာလဲဟု အမြဲလိုလို တွေးမိ၏။
***
ဆိုခဲ့ပြီးသည့်အတိုင်းပင် …
လူတိုင်းတွင် အကျင့် စရိုက် လေးတွေ ကိုယ်စီ ရှိကြတတ်ပါသည်။
ထိုထိုအကျင့်စရိုက်များသည် ကွမ်းတံတွေးလို အများအမြင် မတင့်တယ်စရာ ဖြစ်ပေမဲ့ အလွယ်တကူ ပြုပြင် ကုစားနိုင်သည့် အကျင့်မျိုးလား …
သို့တည်းမဟုတ် ပီကေလို အပေါ်ယံမှာတော့ အမြင်မဆိုးလှပေမဲ့ မိမိ သန္တာန်၌ အနုသယ အနေဖြင့် ကပ်ငြိ တွယ်တာကာ တသက်လုံး ဖျောက်မရ ပြင်မရဘဲ နောင်ဘ၀တွေပါ ဆက်လက် ပါသွားနိုင်သော အကျင့် စရိုက်မျိုးလား … စဉ်းစားစရာပင် … ။

မည်သို့ပင်ဖြစ်စေ …
မိမိပြုမူနေသော အလေ့စရိုက်များသည် မိမိကိုယ်တိုင်ကို ကပ်ငြိတွယ်တာ ရုံမျှမက ပတ်ဝန်းကျင်နှင့် သူတပါးကိုပါ အနှောက်အယှက်ဖြစ်စေမည် ဆိုလျှင်တော့ … … … … … ။
***
မေဓာဝီ
၁၉၊ မတ်၊ ၂၀၀၉
၀၉း၀၆ နာရီ

Read More...

Sunday, March 15, 2009

လက်ဖက်သုပ် နောက်ဆက်တွဲ

ပထမ တင်လိုက်တဲ့ “လက်ဖက်သုပ်” ဆိုတဲ့ စာပြောင်ကလေးကို ရေးထားပြီးတာ ကြာပါပြီ။ အကြောင်းကြောင်းကြောင့် မတင်သေးဘဲ draft ထဲမှာ ခဏသိမ်းထားခဲ့တယ်။ မနေ့ညကမှ ဟန ပို့ပေးတဲ့ The Voice Weekly စာစောင်ဖတ်တော့ လက်ဖက်နဲ့ ပတ်သက်တဲ့ သတင်း တစ်ပုဒ် သွားတွေ့တယ်။ ဒါနဲ့ပဲ လက်ဖက်သုပ် ပို့စ်လဲ တင်လိုက်သလို ... နောက်ဆက်တွဲ ဒီစာကိုလည်း တင်လိုက်တာပါပဲ။ တနေ့ထဲ တချိန်ထဲမှာ နှစ်ပုဒ် တင်တာ ဒါ ပထမဆုံးပဲ ဆိုပါတော့။
လက်ဖက်တွေရဲ့ သတင်းဖတ်ရတော့ ကျမရဲ့ လက်ဖက်တံဆိပ်များ ပါမလားလို့ ကမန်းကတန်း ရှာကြည့်တဲ့အခါ သေချာတာပေါ့။ ပင်ပျိုရွက်နု လက်ဖက် အသား ဆိုတာ စာရင်းထဲမှာ ထင်းခနဲ တွေ့ရတာပါပဲ။ ဒီသတင်းကို ဖတ်ပြီး လက်ရှိ လက်ဖက်ထုပ်ကလေးကို လွှင့်ပစ်ရကောင်းနိုး၊ မသိချင်ဟန်ဆောင်ပြီး ဆက်စားရကောင်းနိုး ကျမ တွေဝေနေမိတယ်။
ဒီအကြောင်း အဖေနဲ့ ပြောဖြစ်တော့ အဖေက …
“သမီး … ကိုယ့် ၀မ်းက အမှိုက်ပုံး မဟုတ်ဘူး၊ နှမြောတယ်ဆိုပြီး မစားသင့်တာတွေ ၀မ်းထဲ မသွင်းနဲ့” လို့ ပြောတယ်။ အဖေဘယ်လို ပြောပြော လွှင့်ပစ်ဖို့က စိတ်မကောင်းကြီးစွာ နှမြောမိနေတုန်း။
***
တကယ်တော့ အစားအသောက်တွေမှာ ဆိုးဆေးပါတာ ဗမာပြည်အတွက်တော့ သိပ်မဆန်းသလိုပါပဲ။ ဈေးထဲသွားရင် ငရုတ်သီး၊ နနွင်းမှုန့်လို ဟင်းခတ်ပစ္စည်းကအစ ပဲ၊ မျှစ်၊ သရက်ချဉ် … အစရှိတဲ့ စားသုံးကုန်တွေ၊ ဇီးယို ဇီးထုတ်နဲ့ တခြား သွားရည်စာ မုန့်တွေ တော်တော်များများဟာ ဆိုးဆေးနဲ့ မကင်းကြဘူး။ ဒါကို စားသုံးသူတွေလည်း သိကြပါတယ်။ သိသိနဲ့ ရွေးချယ်ခွင့် မရှိတော့လည်း ဒါတွေပဲ စားနေကြရတာပါပဲ။ တချို့ ဈေးသည်တွေရဲ့ အပြောကတော့ အရောင်လှမှ ၀ယ်သူက ကြိုက်သတဲ့။ ဒါလည်း လူတိုင်းတော့ မဟုတ်လောက်ပါဘူး။ ကျမ ဈေးဝယ်စဉ် ကတော့ မျှစ်ဝယ်ရင် နီနီရဲရဲ မျှစ်မျိုး ရှောင်လေ့ရှိပါတယ်။ မျှစ်အ၀ါ ၀ယ်တော့လည်း ထူးတော့ မထူးပါဘူး၊ ဆေးဝါ ဆိုးထားတာပါပဲ။ အနီထက်စာရင် အ၀ါက အရောင် သိပ်မတောက်တော့ စားရတာ နည်းနည်း စိတ်သက်သာရာရ သလိုမျိုး ကိုယ့်စိတ်ကိုယ် လှည့်စားမိတာပေါ့။ ဒါကြောင့်လည်း ၀ယ်ပြီးတာနဲ့ ရေနာနာဆေး၊ ရေကြာကြာစိမ်၊ တခါတလေ ပြုတ်ပြီး တရေ နှစ်ရေ သွန်ပစ်၊ အဲဒီလိုမျိုး ဆေးဆိုးဒဏ်ချက် လျော့လို လျော့ငြား ကုစားရတယ်။

အဲ … ငရုတ်သီးမှုန့်မျိုးကျတော့ ဆေးကြောလို့ မရတဲ့ ပစ္စည်းမို့ ဒီတိုင်းပဲ ကြိတ်မှိတ် စားရတာပါပဲ။ ကျမ အသိ တချို့ကတော့ ငရုတ်သီး အခြောက်တောင့်ကို ၀ယ်၊ နေပြန်လှန်း၊ ကြိတ်စက်ကလေးနဲ့ ကိုယ်တိုင် ကြိတ်ပြီး စားကြတယ်။ ကျမတို့တော့ အဲဒီလို လုပ်ဖို့ အချိန်လည်း မရတာကြောင့် ရယ်ဒီမိတ် အမှုန့်ထုပ်ပဲ ၀ယ်ပြီး မချစ်သော်လည်း အောင့်ကာ နမ်းကြရပါတယ်။ ဟုတ်တယ်လေ … ဒီငရုတ်သီးမှုန့်တွေထဲမှာက ဆိုးဆေးတွေ ပါသလို မမြင်ရတဲ့ မှိုတွေလည်း ပါနိုင်တယ် မဟုတ်လား။ ဒီတော့ ကျမတို့ ဘာလုပ်ကြရမလဲ။ အမျိုးမျိုး ကြော်ငြာတဲ့ တံဆိပ်တွေနဲ့ ကုန်ပစ္စည်းတွေဟာ စိတ်ချရသလား၊ အာမခံနိုင်သလား??? မသေချာပါဘူး။ ကိုယ်တိုင်လည်း ဘယ်လိုမှ မခွဲခြားတတ်ပါဘူး။

အမေကတော့ ဈေးသွားနေကျမို့ သိပါတယ်။ ငရုတ်သီးမှုန့်ဝယ်ရင် ကိုယ်တိုင်ကြိတ်တဲ့ တရုတ်မကြီး ဆိုင်က ၀ယ်လို့ ကျမကို အမြဲမှာတယ်။ သူ့ဆိုင်က ဈေးကြီးတယ် ဆိုပေမဲ့ စိတ်ချရတယ်ဆိုရင်တော့ ၀ယ်ယူဖို့ ၀န်မလေးပါဘူး။ ဒါဆို … ဈေးကြီးမပေးနိုင်တဲ့ သူတွေအတွက် ဘယ်လိုလုပ်မလဲ။ တချို့ကတော့ ဈေးချိုချို၊ အရောင်လှလှ ရွေးဝယ်ကြတယ်။ တချို့ကလည်း နာမည်ကြီး သရုပ်ဆောင်တွေနဲ့ ကြော်ငြာတဲ့ ကုန်ပစ္စည်းမျိုး ရွေးဝယ်ကြတယ်။ အဓိက ဖြစ်တဲ့ ကုန်ပစ္စည်းရဲ့ အရည်အသွေး ကောင်းမကောင်းဆိုတာ သာမန် ဈေးဝယ်သူတွေ အတွက် သိနိုင်ဖို့ မလွယ်ကူ သလို ရွေးချယ်နိုင်စွမ်းလည်း သိပ်မရှိလှပါဘူး။

ရွေးချယ်ခွင့် မရှိတဲ့ စားသုံးသူတွေဟာ ဒီလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်ကုန်တွေ နေ့စဉ်နဲ့အမျှ စားသောက်နေကြရတော့ တဖြည်းဖြည်း ရောဂါတွေ ရလာကြတော့တာပေါ့။ ဗမာပြည်မှာ အသည်းရောဂါဖြစ်သူ၊ အသည်းရောဂါနဲ့ သေဆုံးသူတွေ တော်တော်များနေပါပြီ။ ကျမအဘွား အသည်းရောဂါနဲ့ ကွယ်လွန်တုန်းက ဘွားဘွားက အရက်လည်း မသောက်ဘဲ ဘာလို့ အသည်းရောဂါ ဖြစ်တာပါလိမ့် … လို့ ကျမ တွေးနေမိတာ။ နောက်ပိုင်းလည်း အသိ မိတ်ဆွေတွေထဲ အသက်သိပ်မကြီးခင် အသည်းရောဂါ ကျောက်ကပ်ရောဂါတွေ ဖြစ်ကြတာ (တချို့လည်း ဒီရောဂါတွေနဲ့ပဲ ဆုံးပါးသွားကြတာ) မြင်နေ ကြားနေရပါတယ်။ ဒါဟာ ခုလို ကျန်းမာရေးနဲ့ မညီတဲ့ စားသောက်ကုန်တွေရဲ့ လက်ချက်ပဲဆိုတာ နောက်မှ ကျမ သိခဲ့ရတယ်။

ကျမတို့လို စားသုံးသူတွေဟာ ကိုယ့်ချွေးနည်းစာ ငွေကလေးတွေနဲ့ ကိုယ့်ကို ရောဂါပေးမယ့် အစားအစာတွေ၊ ကိုယ့်ဇီဝိန်ကို ချွေမယ့် အစားအစာတွေကို တကူးတက ၀ယ်ပြီး စားနေကြရတယ်။ ရောဂါကို ငွေပေးဝယ်သလို၊ အသက်သေဖို့ ငွေကုန်ခံနေရသလို ဖြစ်နေပါတယ်။ ကျမတို့ဟာ အဆိပ်သင့်အစာတွေနဲ့ ဘယ်အချိန်ကတည်းက ယဉ်ပါးနေကြတာလဲ … ။ ဘယ်အချိန်ထဲက စားသုံးနေကြတာလဲ … ။ ပြီးတော့ … ဒီကိစ္စမှာ ဘယ်သူက တာဝန်ရှိသလဲ လို့ ကျမ မမီတဲ့ ဉာဏ် တထွာတမိုက်နဲ့ စဉ်းစားမိတယ်။
ရောင်းသူလား …
ဝယ်သူလား …
ဒါမှမဟုတ် … … … ။
***
သတင်းစာဖြတ်ပိုင်းထဲက သတင်းကို ကျမ သေချာပြန်ဖတ်မိတယ်။

“ကျန်းမာရေး ၀န်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိသည်။” ... တဲ့။

ခုလို ဈေးကွက်ထဲ ရောက်မှ စစ်ဆေးတာထက် … ဈေးကွက်ထဲ မရောက်ခင်၊ မဖြန့်ဖြူးခင် ကြပ်မတ်တဲ့ စစ်ဆေးမှုမျိုးတွေ ပြုလုပ်မယ်ဆိုရင် … … … ရောင်းသူတွေလည်း ဆင်ခြင်နိုင်မယ်၊ စားသုံးသူတွေလည်း စိတ်အေးလက်အေး စားသုံးနိုင်မယ်၊ မဖြစ်သင့်တဲ့ ရောဂါဘယတွေလည်း နည်းသွားမှာပဲ … လို့ ကျမအဝေးကနေသာ တွေးနေမိပါတော့တယ်။
***
မေဓာဝီ
၁၅၊ မတ်၊ ၂၀၀၉
၂၀း၄၈ နာရီ

*လက်ဖက်သုပ်* စာလုံးပေါင်း ပြန်ပြင်ထားပါသည်။
၁၈၊ မတ်၊ ၂၀၀၉

Read More...

လက်ဖက်သုပ်

သူတို့ အငြင်းပွါးနေကြတယ်။
ပန်းကန်တချပ်ထဲမှာ … ။
***
ဒီလိုပါ … ။
ပြီးခဲ့တဲ့ ခရစ်စမတ်ပိတ်ရက် ဦးရီးတော်အိမ်သွားပြီး မပြန်ခင် ကိုယ်စားချင်တာလေးတွေ ယူခဲ့ရအောင် ဟိုဟိုဒီဒီ လိုက်ရှာတော့ ရေခဲသေတ္တာထဲမှာ ပင်ပျိုရွက်နု လက်ဖက် နှစ်ထုပ် ၀မ်းသာအားရ တွေ့လိုက်တယ်။ လက်ဖက်ချည်းဘဲတော့ မဖြစ်သေးဘူး။ အကြော်ဆံလေးလည်း ပါအုံးမှလို့ ဆိုပြီး မွှေနှောက်ပြန်တော့ နှမ်းနဲ့ ကုလားပဲခြမ်းကြော် တွေ့ပြန်တယ်။ တခြား အကြော်ဆံတွေတော့ ရှာမတွေ့ဘူး။ ဘာပဲဖြစ်ဖြစ် မရှိတာထက်စာရင် တော်သေးတာပဲ ဆိုတဲ့ အတွေးနဲ့ ရှိတာလေး မ-လာခဲ့လေရဲ့။

လက်ဖက်ထုပ်တွေ ယူသာလာခဲ့ရတယ်၊ တော်တော်နဲ့ မစားဖြစ်ပါဘူး။ လက်ဖက်ဆိုတာမျိုးကလည်း အဖော်လေး အပေါင်းလေးနဲ့ စကားတပြောပြော စားမှ ပိုစားမြိန်တယ် မဟုတ်လား။ တယောက်ထဲ ငုတ်တုတ် စားရမှာဆိုတော့ ပျင်းလည်း ပျင်း စိတ်လဲ မပါတာနဲ့ သုတ်မစားဖြစ်ဘဲ ကြာသွားတယ်။ ကျမက လက်ဖက်ဆိုရင် ချဉ်ငံစပ် အသင့် နှပ်ပြီးသားထက် ဘာမှ မလုပ်ရသေးတဲ့ အခါးသက်သက်ကို ကိုယ့်စိတ်ကြိုက် အရသာဖြစ်အောင် သုတ်စားရတာ ပိုကြိုက်တယ်။ ယူလာတဲ့ လက်ဖက်ထုပ်ကလည်း မနှပ်ရသေးတဲ့ လက်ဖက်ခါး အညွန့်လေးတွေပါ။ အဲ … အဲဒီ လက်ဖက်ကို သုပ်ပြီးတော့သာ မစားဖြစ်တာ အဲဒီအညွန့်လေးတွေ နဲနဲယူယူပြီး ရေနွေးထဲတော့ ခပ်သောက်ဖြစ်ပါသေးတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ လက်ဖက်သုပ် စားချင်တဲ့ ချဉ်ခြင်းဖြစ်လာတယ်။ ရေနွေးကြမ်း ခပ်သောက်ရင်း မရှိမဲ့ ရှိမဲ့ လက်ဖက်ကလေး ကုန်သွားမှာ စိုးတာက တကြောင်း၊ လက်ဖက်သုပ်အတွက် လိုအပ်တဲ့ အဆာပလာ တချို့လည်း အိမ်မှာ အဆင်သင့် ရှိနေတာက တကြောင်းမို့ ပျင်းမနေတော့ဘဲ စွန့်စွန့်စားစား လက်ဖက်သုပ် လုပ်စားဖို့ ကြံစည်မိပါရော။

ဒါနဲ့ပဲ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းတွေ လှီး၊ လက်ဖက်နဲ့ တကွ နှမ်း၊ ကုလားပဲကြော်တွေကို တပုံစီပုံ ပြီးတော့ ရောသမ မမွှေခင် ပထမဆုံး ကိုယ်တယောက်ထဲ သုပ်စားဖြစ်တဲ့ လက်ဖက်သုပ်အဖြစ် မှတ်တမ်းတင်ဖို့ ကင်မရာလေးယူပြီး ရိုက်လိုက်တယ်။ မြင်တဲ့ အတိုင်းပါပဲ။

ပုံရိုက်ပြီးတော့ ဂျီတော့ခ်မှာ တွေ့တဲ့ ကျမမိတ်ဆွေ ဘော်တယ်ကုလားကို “လက်ဖက်သုပ် စားမလား” လို့ နောက်ပြီး ဓာတ်ပုံကလေး လှမ်းပို့တော့ သူက … “နင့်လက်ဖက်သုတ်ကလည်း လက်ဖက်သုပ်သာ ဆိုတာ လက်ဖက်က နည်းနည်းလေး” တဲ့ … ။ ဟုတ်သား … ကျမက အလကားရတဲ့ လက်ဖက်ကို နှမြောလို့ နည်းနည်းပဲ ထည့်မိတာလေ။ အလကားသာ ရတာ ပေါမှ မပေါဘဲ။

လက်ဖက်သုပ် မစားခင် ကျမ တယောက်ထဲ အလုပ်ရှုပ်နေတုန်း စကားသံ ကျွက်စီ ကျွက်စီ ကြားလို့ ဟိုဟိုဒီဒီ လိုက်ရှာတော့ … သူတို့တတွေလေ … ။
ဟုတ်တယ် …
သူတို့ ငြင်းခုန်နေကြတာ။
ပန်းကန်တချပ်ထဲမှာပေါ့ … ။
***
ဘာတွေများ အငြင်းပွါးနေကြပါလိမ့်လို့ အသာလေး အကဲခတ် နားထောင်လိုက်တော့ … ခုလိုတွေ ကြားရတော့တာပါပဲ။

လက်ဖက် ။ … ။ ဟေ့ … လက်ဖက်သုပ် တပွဲဖြစ်ဖို့ ငါက အရေးအကြီးဆုံးကွ၊ ငါမပါရင် လက်ဖက်သုပ် ဆိုတာ ဘယ်နည်းနဲ့မှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် မင်းတို့ အားလုံး သာမင်ညောင်ည၊ ငါသာလျှင် အဓိက။

ဂေါ်ဖီ ။ … ။ ဟား ဟား ဟား … အပြောကြီးရန်ကောဗျာ။ ခင်ဗျားက အရသာတွင် ခါးတာမဟုတ်ဘူး၊ ခင်ဗျား စကားတွေကလည်း နားခါးစရာ ပါလား။ ဒီမှာ သေချာစဉ်းစား၊ လက်ဖက်သုပ် ဆိုကတည်းက လက်ဖက် တမျိုးတည်းမှ မဟုတ်တာ။ ဘာပဲ သုတ်သုတ် ဂေါ်ဖီထုပ် မပါရင် အသုပ်ဆိုတဲ့ အင်္ဂါရပ်နဲ့ ညီပါ့မလား၊ စဉ်းစဉ်းစားစားလည်း ပြောပါဗျာ … ။

ကုလားပဲခြမ်း ။ … ။ အံမယ် … အံမယ် … အာကျယ် အာကျယ်နဲ့ အသံသာအောင် အဆံချောင်နေတဲ့ ဂေါ်ဖီထုပ်ကြီးကလည်း လာလာချည်သေး၊ ဒီလို ပြောကြကြေးဆို ကျနော်မပါလည်း လက်ဖက်သုပ်က ပြည့်စုံမှာ မဟုတ်ပါဘူး။ လက်ဖက်သုပ်နဲ့ အကြော်ဆံ၊ အကြော်ဆံနဲ့ ကုလားပဲခြမ်းဆိုတာ … ခွဲခြားမရစကောင်းဘူးလေ … ။

ခရမ်းချဉ်သီး ။ … ။ ဟေ့ရောင်တွေ … ငါ့လို ဗီတာမင်ဓာတ် ပြည့်ဝတဲ့ အသီးအနှံက လက်ဖက်သုပ် အရသာရှိဖို့ အတွက် အထောက်အကူ ဖြစ်စေသလို ကျန်းမာရေးရှုထောင့်က ကြည့်ရင်လည်း … အဲ … အဲ …

နှမ်း ။ … ။ အို … လက်ဖက်သုတ်ထဲ ရှင်တို့မပါလည်း အကြောင်းမဟုတ်ပေါင်။ ကျမကမှ အဓိက … ရှင့် ။ ဘယ် လက်ဖက်သုပ်မှာများ နှမ်းမပါတာ မြင်ဖူးကြသလဲ … ပြောစမ်းပါအုံး … ။

ငရုတ်သီးစိမ်း ။ … ။ အောင်မာ … နှမ်းစေ့မ … လူသေးသလောက် စွာလှချည်လား။ ဒီမယ် … ငါပြောတာလည်း နားထောင်ကြဦး။ မင်းတို့ ဘယ်လောက် အရသာရှိတယ်ဆိုဆို လက်ဖက်ထဲမယ် ငရုတ်သီးစိမ်းကလေးပါမှ ရှူးရှူးရှဲရှဲနဲ့ တကယ်ထိ တကယ်မိတဲ့ ရသကို ခံစားရမှာ … သဘောပေါက်။

သံပုရာ ။ … ။ တော်ကြစမ်းပါဗျာ … ။ ခင်ဗျားတို့ ဘယ်လောက်ပဲ အရသာရှိတယ် ထိတယ် ဆိုဆို ကျုပ်လို အနံ့ရော အရသာပါ ပြည့်စုံကြလို့လား။ သံပုရာသီးကလေးများ ညှစ်ထားရင် မစားခင်က သံပုရာနံ့ကလေး မွှေးပြီး စားမယ့်သူ သွားရည်ယိုကြရော မဟုတ်လား။ ဒါကြောင့် ဒီလက်ဖက်သုပ်တပွဲ ထဲမှာ ကျုပ်က အဓိက။ ဒါပဲ … ။

လက်ဖက် ။ … ။ ငါ အဓိက ကွ )))
ဂေါ်ဖီ ။ … ။ ငါ ပါမှ အသုပ်ကွ )))
ကုလားပဲ ။ … ။ မဟုတ်ဘူး … ကျနော်ရှိမှ ပြည့်စုံမှာ ... )))
ခရမ်းချဉ် ။ … ။ ငါက အရေးကြီးတာ )))
နှမ်း ။ … ။ ကျမ မရှိလို့ မဖြစ် )))
ငရုတ် ။ … ။ ငါပါမှ ထိထိမိမိ အရသာရှိ )))
သံပုရာ ။ … ။ ကျုပ်က အနံ့ အရသာ နှစ်ဖြာ … )))

ဖက် ။ … ။ $%^&!@
ဖီ ။ … ။ @ #$%?^!~
ပဲ ။ … ။ ^#$*@!#$
ချဉ် ။ … ။ ?”+!@#$%^&
နှမ်း ။ … ။ +!`@#$%^&*
ရုတ် ။ … ။ #@$*&^%\?
ရာ ။ … ။ ~!@$%^&*
***
သူတို့ စကားစစ်ထိုးပွဲကို ကျမ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေမိချိန်မှာ … ပန်းကန်နှုတ်ခမ်းပေါ်က ကိုသံပုရာခြမ်းက တစခန်း ထလာပြန်တယ်။

သံပုရာ ။ ... ။ တော်ပြီ … ဒီလောက်တောင် ဖြစ်လှတာ … ဒီလက်ဖက်သုပ်ထဲ ကျုပ်မပါဘူး၊ သွားမယ်။

သူက ပန်းကန်နှုတ်ခမ်းပေါ်က ခုန်ချမလိုလို ဟန်ပြင်နေစဉ်မှာပဲ နှမ်းစေ့မက ထဖောက်ပြန်ပါရော။

နှမ်း ။ … ။ အင်း … ဘယ်လိုဟာတွေပါလိမ့် … ဒင်းတို့နဲ့ တူတူနေလို့ မဖြစ်ပါဘူး၊ အကုသိုလ်များလိုက်တာ။ ဘေးနားက ခရမ်းချဉ်သီးကလည်း စိုစိစိုစိနဲ့ စိတ်ပျက်စရာကြီး။ ဒီပန်းကန်ထဲက အမြန်ထွက်မှပါပဲ။

နှမ်းစေ့မက ပန်းကန်နှုတ်ခမ်းပေါ် တက်ဖို့ အားယူချိန်မှာ ခရမ်းချဉ်သီးနဲ့ ငြိပြန်တယ်။

ခရမ်းချဉ်။ ... ။ ဟဲ့ မိစွာတေး … နင့်ဟာနင် သွားတာ သွားပါလား၊ ငါ့ကိုများ စိုစိစိလေး ဘာလေးနဲ့ အဖျားလာခတ် နေသေးတယ်။ နင်ပဲ ငါ့အနားလာကပ်နေတာ။

နှမ်း ။ … ။ ရှင့်နား ကပ်ချင်လို့ ကပ်တယ်များ ထင်မနေနဲ့။ ပန်းကန်ထဲက ထွက်ဖို့ အရှိန်ယူရတာရှင့် … ဟွန်း မပြောလိုက်ချင်ဘူး … ။

ဒီလိုနဲ့ သူတလူ ငါတမင်း အငြင်းပွါးကြရင်း ဟိုလူကလည်း ထွက်မယ်၊ ဒီလူကလည်း မနေဘူး ဖြစ်လာကြပြန်တယ်။ (အဲ … လူမဟုတ်ဘူး မှားလို့) ဟိုအမယ်ကလည်း ထွက်မယ်၊ ဒီအမယ်ကလည်း မနေဘူး … ဖြစ်လာကြတယ် ဆိုပါတော့ … ။

ဒီတော့မှ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတဲ့ ကျမလည်း မျက်လုံးပြူးသွားတယ်။ အဲဒီလိုတော့ အဖြစ်မခံနိုင်ဘူး။ တော်ကြာ အားလုံးထွက်သွားရင် ကျမ လက်ဖက်သုပ် ဘယ်နှယ့်လုပ် စားရတော့မှာလဲ။ မဖြစ်ချေဘူး။ ၀င်ပါမှပဲ … လို့ တွေးမိပြီး …

((((အဟမ်း))))

လုပ်ချောင်း ကလေး တချက် ဟန့်လိုက်တော့ ကျွက်စီ ကျွက်စီ ဖြစ်နေတဲ့ အသံတွေ ခဏငြိမ်သွားတယ်။

“ဘယ်လိုတွေ ဖြစ်နေကြတာတုန်း၊ တပန်းကန်ထဲ အတူနေပြီး ဒီလောက်တောင် အငြင်းပွါးနေရသလား … ကဲကဲ … အားလုံး နားထောင် … တကယ်တော့ ပြည့်စုံ ကောင်းမွန်တဲ့ လက်ဖက်သုပ် တပွဲ ဖြစ်ဖို့က အားလုံး လိုအပ်တာ ချည်းပါပဲ …”

ဟမ် … ဆိုတဲ့ အသံရှည် ခပ်အုပ်အုပ် အားလုံးဆီက ပြိုင်တူဆိုသလို ထွက်လာတယ်။ ဒါဟာ ရန်ပြေငြိမ်းရေး ချွေးသိပ်ပေးတဲ့ စကား … သူတို့ သိတယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။

“နေပါအုံး … စကားမဆုံးသေးဘူးလေ၊ ကဲ … လက်ဖက်၊ မင်းပြောသလို လက်ဖက်သုပ် ထဲမှာ လက်ဖက်က အရေးပါတယ် ဆိုတာ ဟုတ်ပါတယ်၊ ဒါပေမဲ့ ကြက်သားဟင်းထဲတော့ လက်ဖက်ကို ထည့်ချက်လို့ မရဘူး။ လက်ဖက်ဆိုတာ လက်ဖက်သုပ် တနေရာမှာပဲ အသုံးဝင်တာ … ။

“အဲ … ဂေါ်ဖီ … မင်းကတော့ လက်ဖက်သုပ်ထဲမှာ အဓိက ဇာတ်ဆောင် မဟုတ်ပေမဲ့ ဟိုအသုပ် ဒီအသုပ်ထဲ ပါဝင်ဆင်နွှဲနိုင်သလို ခေါက်ဆွဲကြော် အစိမ်းကြော် တွေထဲမှာလည်း အားဖြည့် ကူညီ ပေး နိုင်သေးတယ်။

“ဒီလိုပဲ … နှမ်း၊ ကုလားပဲခြမ်းကြော်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းနဲ့ သံပုရာသီးတို့ ကလည်း သူ့နေရာနဲ့သူ အသီးသီး အသုံးဝင်ကြပါတယ်။ တခုနဲ့ တခု အသုံးဝင်ပုံချင်း မတူသလို အသုံးကျတဲ့ နေရာချင်းတော့ မတူဘူးပေါ့။ ဘာပဲဖြစ်ဖြစ် အားလုံးဟာ ကိုယ်စွမ်းဆောင်နိုင်သလောက် အကောင်းဆုံး လုပ်ဆောင်သွားဖို့ပဲ အရေးကြီးတာ မဟုတ်လား။

“တခုရှိတာက လက်ဖက်ဆိုလည်း မှိုမတက်၊ ဆေးမဆိုး၊ အမှိုက်သရိုက်ကင်းပြီး သန့်ရှင်းမှ စားမယ့်သူတွေ ဘေးဥပါဒ် ကင်းမယ်။ ကျန်တဲ့ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ သံပုရာသီးနဲ့ ငရုတ်သီးစိမ်းတို့လည်း ဒီလိုပဲ … လတ်လတ် ဆတ်ဆတ် ရှိမှ။ အင်း … နှမ်းဆိုရင်တော့ သဲမပါ ခဲမပါတဲ့ သန့်စင်တဲ့ နှမ်းဖြစ်ဖို့ အရေးကြီးပြန်တယ်။ မဟုတ်ရင် စားနေရင်း သဲဝါးမိတဲ့အခါ သိပ်အရသာ ပျက်တာကလား။ ကုလားပဲခြမ်းထဲလည်း စုန်းပြူးအမာတွေ မပါမှ စားလို့ ကောင်းမှာ။ ဒီတော့ … လက်ဖက်သုတ် ထဲမှာ ပါဝင်ရမယ့် အမယ်အားလုံး ဟန်ချက်ညီညီ ကိုယ့်တာဝန် ကိုယ်ကျေအောင် အကောင်းဆုံး ပါဝင် လုပ်ဆောင်နိုင်မှ လက်ဖက်သုပ်ကောင်း တပွဲ ဖြစ်တော့မပေါ့ …”

ပြောရင်း အာခြောက်လာတာမို့ အေးစပြုနေတဲ့ ရေနွေးကြမ်း တခွက် သောက်လိုက်ရတယ်။ အဲ … လက်ဖက်ညွန့်လေးတွေ ခပ်ထားတဲ့ ရေနွေးကြမ်းပေါ့။

“ဒီမှာကြည့် … လက်ဖက်။ ခုနပြောသလို လက်ဖက်သုပ်မှာသာ လက်ဖက်က အသုံးဝင်တယ် ဆိုပေမဲ့ … ကိုယ့်ရဲ့ အသုံးကျမှုဟာ အသုံးချတဲ့သူ ပေါ်လည်း မူတည်သေးတယ်။ ခုသောက်နေတဲ့ ရေနွေးကြမ်းဟာ လက်ဖက်စိမ်း ခပ်ထားတဲ့ ရေနွေးကြမ်းပဲ။ တချို့ကတော့ မကြိုက်ဘူး၊ ငါကတော့ ကြိုက်လို့ တကူးတကကို လုပ်သောက်တာ။ တချို့ကလည်း လက်ဖက်ကို အဆာပလာ မျိုးစုံနဲ့ သုပ်စားရတာထက် လက်ဖက် အသားချည်း ဆီလေးဆားလေးနဲ့ နှပ်ပြီး မြုံ့ရတာ ကြိုက်ကြသေးတယ်။ အဲ … တချို့ကတော့ လက်ဖက်သုပ် တပွဲထဲမှာကို ထည့်သင့်တဲ့ အဆာပလာထက် ပိုပြီး ကောင်းမယ်ထင်တာတွေနဲ့ မွမ်းမံ လား မွမ်းမံရဲ့။ ပုဇွန်ခြောက်၊ သီဟိုဠ်စေ့၊ တချို့က အုန်းသီးဆံ၊ တချို့က ကြက်ဥပြုတ်၊ တချို့လည်း စောင်းလျားသီးတို့ တညင်းသီးတို့ ထည့်ကြတယ်။ ဒါကတော့ စားမယ့်သူရဲ့ အကြိုက်နဲ့ လိုအပ်ချက်အရ ခေတ်နဲ့ လျော်ညီစွာ အတိုး အလျော့ လုပ်ရတာပေါ့ … ။

“အင်း … ခုလို ရွေးချယ်ခွင့် ကြေးများခွင့် မရှိတဲ့ နေရာမှာ ရောက်နေတဲ့ ငါ့အတွက်တော့ ရှိသလောက် ကလေးနဲ့ ရောင့်ရဲ တင်းတိမ်နေရတာပါ ။ ဒါကို မင်းတို့က သူအဓိက ငါအဓိက အငြင်းပွါးလို ပွါး၊ သူရှိရင် ငါမနေ … ငါရှိရင် သူမနေဆိုပြီး ထွက်မယ်ပြုမယ် တကဲကဲ လုပ်လိုလုပ် … ဆိုတော့ … မရှိမဲ့ ရှိမဲ့ အမယ်ကလေးတွေ စုစည်းပြီး လက်ဖက်သုပ် တပွဲ မဖြစ်ဖြစ်အောင် လုပ်နေရတဲ့ အချိန်မှာ ရှင်နည်းရာ အဂ္ဂလူထွက် မဖြစ်ချေဘူးလား … ။ ဒီလို မလုပ်ကြပါနဲ့ကွာ … အချင်းချင်း နည်းနည်းတော့ နားလည်ပေးကြပါ …”

အသံတွေလည်း တိတ်စပြုနေပါပြီ။ ဒါနဲ့ပဲ ကျမလည်း အမြန်စကားစ သတ်လိုက်ပါတယ်။
“အဲ … တကယ်တမ်း ပြောရရင်တော့ လက်ဖက်သုပ် တပွဲဖြစ်ဖို့က မင်းတို့ အားလုံး ဟန်ချက်ညီညီ သူ့နေရာနဲ့သူ ပါဝင်ဖို့ လိုအပ်တယ် ဆိုပေမဲ့ … ဘယ်သူ့ ဘယ်သူမှတော့ အဓိက မဟုတ်ဘူး။ အဓိကက … စားမယ့်သူပဲ။ အင်း … ခုချိန်မှာ ငါက စားမယ့်သူဆိုတော့ ငါသာ အဓိက ဆိုပါတော့ …”

ကျမ စကားအဆုံးမှာ တချို့ကလည်း ပြုံးစေ့စေ့၊ တချို့ကလည်း ရှုသိုးသိုး၊ တချို့ကလည်း ဂြိုဟ်ကြည့် ကြည့်လို့ပေါ့။ ကိစ္စမရှိပါဘူး။ ကျမလည်း ဗိုက်ဆာနေပြီ။ ဒါနဲ့ပဲ … ပုံထားတဲ့ လက်ဖက် ပန်းကန်ထဲ ဆီဆမ်း၊ ငံပြာရည်ဆမ်းပြီး အားရပါးရ နယ်ပြီးတဲ့ သကာလ … ။
…. …. …. …. …. ….
…. …. …. …. …. ….
…. …. …. …. …. ….
ကောင်းသလားတော့ မမေးပါနဲ့။

ရေမဆေးမိတဲ့ လက်ဖက်က အလွန်ခါးသက်လို့။
ခပ်ကြမ်းကြမ်းလှီးထားတဲ့ ဂေါ်ဖီနဲ့ ခရမ်းချဉ်သီးက အာခေါင်ကို လာလာထိုးသေး။
ရက်လွန်နေတဲ့ ကုလားပဲခြမ်းက ပျင်းတွဲတွဲ၊ နှမ်းက ဆီချေးစော်နံတံတံ။
သံပုရာသီး အညှစ်လွန်သွားတော့ ချဉ်စူးစူး။
ငရုတ်သီးစိမ်း တခါဝါးမိတိုင်း စပ်လွန်းလို့ မျက်ရည်တွေ ၀ိုင်း။
ဒါပေမဲ့ … ကျမ တလုတ်ပြီး တလုတ် စားနေမိတယ်။ ဇွန်းကိုတောင် မချမိဘူး။

ဘာပဲပြောပြော … ခုချိန်မှာတော့ ဒီလက်ဖက်သုပ်ဟာ ကျမအတွက် အရသာအရှိဆုံး အကောင်းဆုံးပါပဲ။

ဟုတ်တယ် ….
ကျမ … လက်ဖက်ငတ်နေတာ အတော် ကြာပြီလေ … ။
****
မေဓာဝီ

၂၅၊ ဖေဖော်ဝါရီ၊ ၂၀၀၉
၀၀း၁၇ နာရီ (ပဏာမ ရေးပြီးချိန်)

၇၊ မတ်၊ ၂၀၀၉
၀၀း၃၄ နာရီ (အဆုံးသတ်ပြီးချိန်)

၁၅၊ မတ်၊ ၂၀၀၉
၂၀း၂၆ နာရီ (ဘလော့ပေါ်တင်ချိန်)

*လက်ဖက်သုပ်* စာလုံးပေါင်းမှားနေ၍ ပြန်ပြင်လိုက်ပါသည်။

၁၈၊ မတ်၊ ၂၀၀၉

Read More...

Saturday, March 14, 2009

သူနှင့် မီးပွိုင့်များ

ဖြတ်သန်းနေကျ
လောကလမ်းဆုံမှာ
မီးနီလာရင် ရပ်ကြ
မီးစိမ်းပြမှ သွား
မီးဝါရင် သတိထား … တဲ့
အမှတ်အသားပြုကြတယ်။

***

ကျောင်းသွား ကျောင်းပြန် လမ်းလျှောက်တိုင်း လမ်းများစွာကို ဖြတ်ကူးသွားရသည်။ တချို့လမ်းက လမ်းကျဉ်း၊ တချို့လမ်းက မကျဉ်းမကျယ်၊ တချို့လမ်းကတော့ ယာဉ်ကြောများစွာ မောင်းနှင်နိုင်သည့် လမ်းမကျယ်ကြီးတွေ။ ဖြတ်သန်းသွားရသော လမ်းတော်တော်များများမှာ မီးပွိုင့်တွေရှိသည်။ ရောက်ခါစကတော့ လမ်းဖြတ်ကူးရတာ သိပ်အထာမကျလှ။ ကိုယ့်ပြည် ကိုယ့်ရွာမှာ ကားတွေက ညာဘက် ကပ်မောင်းပြီး ဒီမှာက ဘယ်ဘက် ကပ်မောင်းတာဆိုတော့ လမ်းကူးသည့်အခါ ဘယ်ကို ကြည့်ရမလို ညာကို ကြည့်ရမလို ကြောင်တိ ကြောင်တောင် ဖြစ်မိသည်က အမြဲလိုလို။ ခုတော့လည်း အထာကျသွားပြီမို့ ဘယ်ညာ သိပ်မမှားတော့။ ဒါပေမဲ့ မီးပွိုင့်မှာ လူကူးဖို့ အချက်ပြသည့် အရုပ်ကလေး အစိမ်းကို စောင့်ရသည်မှာ စိတ်မရှည်။ တခါတလေ ကျောင်းက နောက်ကျ နေရတဲ့အထဲ ကိုယ့်အတွက်မီးက တော်တော်နှင့် မစိမ်းနိုင်သည့်အခါ စွတ်ရွတ်ပြေးပြီး ကူးမိသည်။ တဘက်ယာဉ်ကြောမှ ကားကွေ့အလာနှင့် တိုးလျှင်တော့ ယာဉ်မောင်းသူက ဆဲမသွားပေမဲ့ သူကိုယ်တိုင်က ရင်တွေ တဒိန်းဒိန်းခုန် ဘုရားစာတွေ ရွတ်၊ တော်ပြီ နောက် ဒီလို စည်းကမ်းမဲ့ မလုပ်တော့ဘူးလို့ နောင်တ ရလို ရ။

ဒီအကြောင်း အဖေ့ကို ပြောပြမိတော့ အဖေက … စိတ်ရှည်ဖို့၊ မလောဖို့၊ စည်းကမ်းရှိဖို့၊ မီးပွိုင့်မှာ ရပ်စောင့်ရမည့် အချိန်ကိုပါ တွက်ပြီး အိမ်က စောထွက်ဖို့ … စသည်ဖြင့် မှာတမ်းချွေသည်။ အဖေပြောပြီး ခါစမှာတော့ စိတ်ရှည်ရှည်ထားပြီး ရပ်စောင့်ဖြစ်၏။ အဲဒီလို စောင့်ခါမှ အတူ လမ်းသွားနေကြသည့် တခြားသူတွေက လူကူးဖို့ မီးစိမ်းမပြခင်မှာ အသီးသီး ဖြတ်ကူးကြသည်။ သူများတွေ ဘယ်လိုကူးကူး ကိုယ်က စည်းကမ်းမမဲ့ဘူး၊ မကူးဘူးဟု အားတင်းကာ ပေစောင့်၏။ မီးက တော်တော်နှင့် မစိမ်း။ နောက်မှ ပါလာသူတွေ ကျော်တက်ကုန်ကြပြီ။ သူတယောက်တည်း မီးပွိုင့်မှာ ရပ်လျက်။ နောက်ဆုံးတော့လည်း ကိုယ့်အတွက်မီးက စိမ်းပါသည်။ ဒီလိုနှင့် အချိန် တော်တော်ကုန်သွားပေမဲ့ အိနြေ္ဒရရ စိတ်ချ လက်ချ လမ်းကူးဖြစ်ခဲ့သည်။

နောက်ပိုင်းတော့ အခြေအနေအရ ဖြတ်သင့်လျှင် ဖြတ်၊ ရပ်သင့်လျှင်ရပ်၊ လျှင်သလို ကြည့်လုပ်မိတော့၏။ တခါတလေလည်း အဖေ့ပြောစကားကို သတိရမိပြီး စိတ်ရှည်ရှည် စောင့်ဖြစ်အောင် ကြိုးစားခဲ့သည်။ ဟုတ်သည်။ မီးပွိုင့်များ၏ အချက်ပြ သတိပေးခြင်းကို နာခံဖို့ရာ သူတကယ်ကို ကြိုးစားခဲ့ရပါသည်။ စည်းကမ်းမရှိသော သူ့အတွက် … ဘာမဟုတ်သည့် စည်းကမ်းလေး တခုကပင် လိုက်နာနိုင်ရန် အတော်လေး ခဲယဉ်းနေပေ၏။
***
မိဘအရိပ်အောက်မှာ နေစဉ်က အဖေ အမေတို့၏ စည်းကမ်းချက်များ၊ သတိပေး တားမြစ်မှုများကို တခါတရံ စိတ်ကျဉ်းကျပ်၊ တခါတရံ စိတ်ပျက်၊ တခါတရံ စိတ်ကောက်၊ တခါတရံ ငြူစူခဲ့မိသည်။ အဖေက သိပ်မတင်းကျပ်ပေမဲ့ အမေကတော့ စိတ်မထင်လျှင် မထင်သလို ဗီတို အာဏာသုံးလေ့ရှိ၏။ တခါတလေ ကျပြန်တော့လည်း ခွင့်မပြုလောက်ဘူးဟု ထင်ထားသည့် ကိစ္စမျိုးမှာ လျှောလျှောရှူရှူ ခွင့်ပေးတော့ အံ့သြ ၀မ်းသာမိရ ပြန်သည်။ ထိုကဲ့သို့ စိတ်ကျဉ်းကျပ်တခါ ၀မ်းသာတလှည့် နှစ်ရှည်လများ နေလာရင်း တခါတခါမှာ မိဘများ တားမြစ်ထားသည့် ကိစ္စမျိုးကို မသိအောင် ခိုးကြောင် ခိုးဝှက်လည်း လုပ်ခဲ့ဖူးသည်။ ထိုသို့ပြုရင်း အဆင်ပြေသည်လည်းရှိ အဆင်မပြေဘဲ ဒုက္ခရောက်သည်လည်းရှိ။ ခလုတ်ထိလို့ အမိရော အဖပါ တ-ရသည်မှာ ခဏခဏ။ ဒါပေမဲ့လည်း ခုချိန်ထိ အမှတ် မရှိပြန်။

ခုတော့ … မိဘအရိပ်နှင့် ဝေးကွာခဲ့ပြီမို့ အရင်လို စည်းကမ်း သတ်မှတ် ပေးမည့် သူလည်းမရှိ။ ဒါ … မသင့်၊ ဒါ … မတော် ဟု အနီးကပ် ပြောဆို ဆုံးမ တားမြစ်မည့် သူလည်း မရှိပြီ။ တခါတရံ ဝေခွဲမရသည့် ကိစ္စမျိုးတွေ၊ ရပ်ရမလား သွားရမလား မစဉ်းစားတတ်သည့် အခြေအနေမျိုးတွေ ကြုံတွေ့ရချိန်မှာ … … ။
***
စမ်းတ၀ါးဝါး …
လမ်းသွားနေလျက်
ဘ၀လမ်းဆုံမှာ ရပ်မိ
ဟိုသည် ကြည့်ပေမဲ့
သတိပေးမယ့်သူ
အခွင့်ပေးမယ့်သူ
တားမြစ်မယ့်သူ
ဘယ်သူမှမရှိတော့ … ။

***
သည်တော့လည်း သူဝမ်းနည်းရသည်။
အရင်က ချုပ်ချယ်တားမြစ်မှုတွေ ၀န်းရံနေပေမဲ့ ဘ၀က လုံခြုံမှုရှိသည်။ ချုပ်ချယ်သည့်ကြားက ပြုမိသည့် အမှားများ အတွက်လည်း ကာကွယ်ပေးမည့် မိဘ ဆွေမျိုးများ၊ ပြန်လည် ကုစားပေးမည့်သူများ ဘေးနားမှာ ၀န်းရံလျက်။ ခုချိန်မှာတော့ … ခလုတ်ထိသော်လည်း တ-ရမယ့် အမိက အနားမှာမရှိ။ ဒီအခါကျမှ မီးပွိုင့်လေးတွေ နီ စိမ်း ၀ါ တလှည့်စီ လာသလို လျှော့တခါ တင်းတလှည့် ပဲ့ကိုင်ပေးမယ့်သူကို လိုချင် တမ်းတမိပြန်၏။

နောက်ဆုံးတော့လဲ
…. …. …. …. …. ….
…. …. …. …. …. ….
…. …. …. …. …. ….
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး
ကိုယ့်ခရီး ကိုယ်လျှောက်
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်
ကိုယ့်အတတ် ကိုယ်သင်
ကိုယ့်အင် ကိုယ့်အားနဲ့
ခရီးသွားတဲ့အခါ …
ကိုယ့်အမှား ကိုယ်ခံ
ကိုယ့်ကံ ကိုယ်လုပ်
ကိုယ့်အရှုပ် ကိုယ်ရှင်း
အားတင်းရင်းရှေ့ဆက်
သတိလက်မလွတ်စေရေး
ကိုယ့်ကိုယ်ကို အသိပေးလျက်
ခရီးဆက် နေမိပါတော့တယ် … ။
***
နောက်ဆိုလျှင် ... လမ်းဖြတ်ကူးမည့် အခါတိုင်း မီးပွိုင့်လေးတွေ၏ အချက်ပြ မီးရောင်လေးများကို လေးစား လိုက်နာတော့မည်ဟု သူ တွေးနေမိပါတော့သည်။
***
မေဓာဝီ
၁၄၊ မတ်၊ ၂၀၀၉
၀၉း၁၇ နာရီ

Read More...

Tuesday, March 10, 2009

တပေါင်းလပြည့် အလွမ်း

ဒီနေ့ မနက် တပေါင်းလပြည့်နေ့ ဆိုတဲ့ အသိနဲ့ အိပ်ရာကနေ နိုးထလာခဲ့တယ်။

အမေက လပြည့်နေ့မှာ ဘုရားကို ဆွမ်း၊ ရေချမ်း ကပ်ခိုင်းပေမဲ့ ဆွမ်းချက်ဖို့ အချိန်မမီတော့တာကြောင့် ခါတိုင်းလိုပဲ ကိုယ်စားမယ့် မနက်စာကို ဘုရားအရင်ကပ်၊ ဘုရားရှိခိုး၊ ပြီးတော့မှ ပြန်စွန့်ပြီးစား၊ နောက် … အ၀တ်လဲ၊ ကျောင်းသွားဖို့ ပြင်ပေါ့။ အင်္ဂါနေ့ဆို ကျောင်းက မနက် ၉ နာရီ ၁၅ ကနေ ညနေ ၆ နာရီ ၁၅ ထိ တနေကုန် တက်ရတာမို့ ဥပုသ်လဲ မစောင့်နိုင်တော့ဘူး။

ကျောင်းနဲ့ အိမ်က နာရီဝက် သာသာ၊ မိနစ် လေးဆယ် နီးပါးလောက် လမ်းလျှောက်ရတာမို့ အိမ်ကနေ နောက်အကျအဆုံး ၈ နာရီ ၄၅ ထွက်မှ ကျောင်းချိန်မီပါတယ်။ ဒါတောင် အပြေးတပိုင်းနဲ့ လျှောက်ရတာပါ။ ဘယ်လိုပဲ အပြေးတပိုင်း လျှောက်ပေမဲ့ ကလေးကအစ ကိုယ့်ကို ကျော်တက်ကြတယ်။ သူတို့ ခြေလှမ်းတွေကိုတော့ ဘယ်လိုမှကို လိုက်လို့ မမီနိုင်သေးဘူး ခုထိ။

စာသင်ခန်းထဲမှာ ဆရာ၊ ဆရာမတွေ ပို့ချတဲ့ သင်ခန်းစာတွေကို စိတ်ဝင်တစား နားထောင်လိုက်၊ စိတ်တွေ ပျံ့လွင့်လိုက်၊ ပျင်းရိ ငြီးငွေ့ စွာ အိပ်ငိုက်လိုက်နဲ့ပဲ ညနေ ၆ နာရီ ၁၅ မှာ အတန်းပြီးတယ်။ နွေဦးရာသီ အစပျိုးပြီမို့ နေ၀င်ချိန်ကလည်း တဖြည်းဖြည်း နောက်ဆုတ်လို့ပေါ့။ ဒီကနေ့ မိုးလေကင်းစင်ပြီး ရာသီဥတု သာယာတာနဲ့ မြို့ထဲဘက်က ပတ်ပြီးအိမ်ပြန်ခဲ့တယ်။

အိမ်အပြန်လမ်းမှာ လမင်းကြီးက ထိန်ထိန်သာလို့။ ကင်မရာ မယူလာမိတာနဲ့ ထွက်ခါစ လမင်းကြီးကို မှတ်တမ်းမတင်လိုက်ရဘူး။ တပေါင်းညရဲ့ ပြည့်ဝန်းလှပနေတဲ့ လမင်းကြီးကို ကြည့်ပြီး တဘက် ကမ္ဘာမှာလည်း သာနေမှာပဲ လို့ မမြင်ရတဲ့ ကမ္ဘာတဘက်ခြမ်းကို စိတ်ကူးနဲ့ လှမ်းမျှော်ရင် လွမ်းနေမိတယ်။ ဒီလမင်းကြီးဟာ လူတိုင်းအပေါ် သာတူညီမျှ သူ့ အလင်းရောင်တွေ ဖြန့်ကျက်ပေးနေတယ် ဆိုပေမဲ့ မခံစားတတ်သူရဲ့ ကမ္ဘာမှာ လပြည့်ညဆိုတာ ရှိနိုင်ပါ့မလား ... ။
***
အိမ်ပြန်ရောက်တော့ တပေါင်းလနဲ့ ပတ်သက်တဲ့ ကဗျာဖတ်ချင်တာနဲ့ ကဗျာစာအုပ်ကလေးထဲ ရှာဖွေတဲ့အခါ ဦးယာ ရေးတဲ့ “တပေါင်းငယ်မှ ညှာကျင်” အစချီ အဲချင်းကဗျာကို သွားတွေ့ပါတယ်။

တပေါင်းငယ်မှ ညှာကျင်
နွေဦးဆန်းသစ်
ရွက်ရော်လှစ်လို့
ပုရစ်ကယ် ရွှေဥ
ပင်တိုင်းစုကြသည်
နုညိုစင် ငယ်တဲ့လေ။ … ။

ဝန်းကျင်ငယ်မှ ပတ်ကုံး
တွန်ထူး ဘာသာ
ငှက်တို့မှာလဲ
စုကာရုံးလို့
ခြိမ့်အုံးငယ်မှ ကျူးသီ
အမ သံညောင်း
သိုက်နန်းအောင်းလို့
သာပေါင်းငယ်ချီသည်
သရဖီရွှေခိုင်က
လှိုင်ရှာလေကော။ … ။

ညှာကြောငယ်မှ ဖူးသစ်
ရဂုံတခွင်
သာပေါင်းငယ် ရွှင်သည်
မင်းလွင်လှစ်လို့
မူးမြစ်ကယ် ကမ်းယံ
ငထွေ ငမြင်း
ငပူတင်းတို့
သောင်ရင်းငယ်ဆန်သည်
ငတန်ငယ် ၀ဲခိုလို့
ပိုက်ခြေတိုဆင်း။ … ။

ပျော်ခင်းငယ်မှ သာလှ
သည်ချိန်ကျလျှင်
တောဝ ဂနိုင်
စုံသာမြိုင်မှာ
မခိုင် ရွက်ညောင်း
ကြွေကျပြောင်းလို့
ထောင်းထောင်းငယ် လျှံငွေ့
တောင်ဓလေ့နှင့်
လွမ်း၍ငယ်တစေ
အလို သေရချည့်
စိတ်ဖြေလို့ မနိုင်
ဘယ့်နှယ်လူ ခိုင်ပါ့မယ်
ယုဂန်မြိုင် ရှင်သိကြားတို့
မာန်တား ရင်းလေ … ။ … ။
***
လွမ်း၍ငယ် တစေ … အလို သေရချည့် … တဲ့။ တပေါင်းလက ဒီလောက်ပဲ လွမ်းစရာ ကောင်းနေသလား။ အင်း ... ဟုတ်မှာ ... တပေါင်းလက ဘယ်ဒေသမှာမဆို သာယာနေတယ် ထင်ပါရဲ့။

ဒါကြောင့်လည်း မြတ်စွာဘုရားကို ကာဠုဒါယီအမတ်ကြီးက ကပိလ၀တ် နေပြည်တော်ကို ပြန်ကြွဖို့ တပေါင်းလရဲ့ သာယာပုံတွေနဲ့ ဖွဲ့ဆို လျှောက်ထားခဲ့ပေါ့။ တပေါင်းလပြည့်ဟာ မြတ်ဗုဒ္ဓ ပြည်တော်ဝင်တဲ့ နေ့ ... တဲ့။

နာသိတံ နာသိဥဏံွ၊ နာတိ ဒုဗ ၻိကၡ ဆာတကံ။
သဒ္ဒလာ ဟရိတာ ဘူမိ၊ ဧသ ကာလော မဟာမုနိ။


မုနိတို့၏ သခင်ဖြစ်တော်မူသော မြတ်စွာဘုရား … ဆောင်းနှောင်းနွေဦး တပေါင်းလ ဤအခါထူးသည် အေးလည်း မအေးလွန်းလှပါဘုရား၊ ပူလည်း မပူလွန်းလှပါဘုရား။ ကောက်ပဲ သိမ်းစ ဥတုမျှ၍ အာဟာရမွတ်ရှား ခေါင်းပါးခြင်း ဆာလောင်ခြင်းမှလည်း ကင်းရှင်းပါသည် ဘုရား၊ မြေအပြင်သည်လည်း နေဇာမြက်ညွန့် ပေါက်ရောက် ရှင်သန်၍ မြစိမ်းရောင်လွှမ်း စိုပြည် လန်းဆန်းနေပါသည် ဘုရား။ ဆောင်းနှောင်းနွေဦး တပေါင်းလ ဤအခါထူးသည် မွေးရပ်ဌာနီ ကပိလ၀တ်နေပြည်သို့ ကြွချီရန် လျော်ကန် လျောက်ပတ် ကောင်းမြတ်သော အချိန်ပါ ဘုရား။

အဆိုပါ ဂါထာက မြတ်စွာဘုရားကို ကာဠုဒါယီ လျှောက်ထားတဲ့ နောက်ဆုံး ဂါထာလေးပါ။ ကာဠုဒါယီ လျှောက်ထားတဲ့ ဂါထာပေါင်း ၆၄ ဂါထာကို ရှင်အုန်းညိုက ပျို့အဖြစ် ရေးစပ်ခဲ့ပါတယ်။ ဂါထာခြောက်ဆယ်ပျို့ အဖြစ် ထင်ရှား ကျော်ကြားပါတယ်။ ကြုံကြိုက်လို့ ဂါထာခြောက်ဆယ်ပျို့ထဲက တပိုဒ်ကို ကောက်နုတ် ဖော်ပြ လိုက်ပါတယ်။

လူ့ဘုံ သုံးပါး၊ အထွတ်ထား၍၊ တရားရသာ၊ မြိုက်သြဇာဖြင့်၊ သတ္တ၀ါလူ၊ ခပ်သိမ်းသူကို၊ ဆယ်ယူကယ်နိုင်၊ ရွှေပြည်ခိုင်သို့၊ တိုင်တိုင်ဘေးလွတ်၊ ပို့ပေတတ်သည်၊ လူနတ်ဆရာ၊ ရတနာဟု၊ မဟာဝီရ၊ လုံ့လအခေါင်၊ ဗောဓိညောင်၌၊ ခြောက်ရောင်လျှံဝါ၊ ဉာဏ်စကြာနှင့်၊ သစ္စာရဲရဲ၊ ပွင့်ဆဲဆဲလျှင်၊ အံ့အဲမနိုင်၊ ဆွယ်ပြိုင်နှိုင်းဖော်၊ တုမမြော်သည်၊ ဘုန်းတော်ထွန်းလစ်၊ မြတ်ရှင်ချစ်။

အဖြစ်ကြောင်းလျား၊ မှာစကားကို၊ ဦးဖျားထိပ်ထက်၊ ကြားလျှောက်ဆက်အံ့၊ ဖွားချက်မြှုပ်ထွေ၊ ဇာတိနေသား၊ အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊ ဒကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္မာမြောက်သား၊ သည်းချားရာဟု၊ မျှော်ကာရှုလျက်၊ တစုတရုံး၊ ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြက်ကြင်န
ာသော်၊ ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊ တသောင်းဗိုလ်တွင်၊ ကျွန်ကိုနောက်ဆင့်၊ ချီပင့်ရရှာ၊ ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလည်း ပြောင်းသား၊ တပေါင်းနွေလ၊ ဂိမ္မာနဟု၊ သာလှပျော်မှု၊ သည်ရတု၌၊ ညွန့်နုဆဲဆဲ၊ မီးလျှံခဲသို့၊ ရဲရဲပြောင်ပြောင်၊ တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင်ပေါပည်း၏၊ ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှာ၊ တောင်းပန်ထွာသည်။ သွားခါကာလ တန်ပြီဘုရား။ … ။
***ရာသီရဲ့ သာယာမှု … လရောင်ရဲ့ ဖြားယောင်းမှုတို့ကြောင့် ကျောင်းစာအလုပ်တွေ ခဏမေ့ပြီး အတွေးကမ္ဘာထဲ ခဏမျောလွင့် သွားမိတယ်။ တဖြည်းဖြည်း ညဥ့်နက်လာသလို တဖြည်းဖြည်း မြင့်တက်လာတဲ့ လမင်းကို ပြတင်းပေါက်က အသာငေးရင်း … ပြည်တော်ဟောင်းကို အောက်မေ့နေမိပါတော့တယ်။
***
မေဓာဝီ
၁၀၊ မတ်၊ ၂၀၀၉
တပေါင်းလပြည့်ည
၉ နာရီ

ကိုးကား ။ ... ။
(၁) မြန်မာကဗျာနှင့် ရတုရွေးချယ်ချက် (ဟံသာဝတီ)
(၂) အခါတော်နေ့များ (မာဂဓီ-သာစည်)

Read More...

Tuesday, March 03, 2009

မထူးဇာတ်

မထူးတော့ပါဘူး …
နေလဲ အတော်မြင့်နေမှ။

မထူးတော့ပါဘူး …
အချိန်တွေလဲ လင့်နေမှ။

မထူးတော့ပါဘူး …
ဘ၀တွေလဲ လွင့်ကြွေမှ … ။
***
မေဓာဝီ
၃၊ ၃၊ ၂၀၀၉
၂၂း၂၄ နာရီ

Read More...