***
သူနဲ့ မေးလ်တွေ talkတွေ သုံးခဲ့ရလို့
ကမ္ဘာကြီးက ကျဉ်းသွား ...
သူနဲ့ ရှာရဖွေရ ဖတ်ရှု လေ့လာခဲ့ရလို့
အမြင်တွေ ကျယ်လာ ...
***
အီးမေးလ်စစ်ဖို့ browser ထဲဝင်တော့ Google ရဲ့ လိုဂိုလေးက ပြောင်းနေတယ်။ ဘာများလဲလို့ ကြည့်လိုက်တော့ Google ရဲ့ ၂၀ နှစ်ပြည့် မွေးနေ့တဲ့။
Happy birthday ပါ ဂူဂဲလ်ရေ ...
***
ဟိုး အရင်က MPT mail, Bagan mail အပြင် Yahoo တို့ MSN တို့ Postman တို့ တခြား free mail ရှိသမျှ အကုန်လိုလို သုံးဖူးပေမဲ့ Google ရဲ့ Gmail လောက် ဘယ်ဟာမှအဆင်မပြေဘူး။ Gmail ဟာ နာမည်ကြီးသွားပုံများ Email လိပ်စာမေးရင် အီးမေးလ်မရှိဘူး၊ ဂျီမေးလ်ပဲ သုံးတယ်လို့ ပြောကြတဲ့အထိ။ :)
.
Google ကို စတင်တည်ထောင်သူကတော့ အဲဒီတုန်းက (1997/98) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်က Stanford တက္ကသိုလ်မှာ PhD တက်နေကြတဲ့ Larry Page နဲ့ Sergey Brin ဆိုတဲ့ ကျောင်းသား နှစ်ယောက်ပါ တဲ့။ သူတို့ရဲ့ research project အတွက် လုပ်ထားတဲ့ search engine လေးကို စစချင်း BackRub လို့ nick name ပေးထားသေးတယ်။ နောက်မှ Google ဖြစ်သွားတာတဲ့။ Google ဖြစ်သွားပုံကလည်း ပြုံးချင်စရာ။ Googol ကို စာလုံးပေါင်းမှားရေးမိတာ ဆိုပဲလေ။ Googol ဆိုတာက 10 ပါဝါ 100တဲ့။ 1 နောက်မှာ သုည အလုံးတရာ ရှိတာပေါ့။
.
အဲဒီနာမည်ကို ရွေးတာကတော့ ဒီ search engine လေးဟာ အချက်အလက်ပေါင်း များစွာကို ထောက်ပံ့ပေးနိုင်တယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့တဲ့။ မမျှော်လင့်ဘဲ စာလုံးပေါင်း မှားသွားတော့လည်း အမှားကောင်းလေး ဖြစ်သွားတာပါပဲ။ အခုချိန်မှာ Google ကို အားလုံးသိနေကြပြီး Googol ကိုတော့ အားလုံး သိချင်မှ သိကြပါလိမ့်မယ်။
ဒါ့အပြင် စာလုံးပေါင်းအမှားလေး Google ဟာ ခုဆို အဘိဓာန်တွေထဲ ကြိယာ (verb) တခုအနေနဲ့ ခပ်တည်တည် နေရာယူနိုင်နေပါပြီ။ Google ကနေ ရှာရင်ဖွေရင် googling လုပ်တယ် ဆိုပြီးလည်း အများသုံးစွဲနေကြပြီ။
.
အခုချိန်မှာ အသက်၄၄ နှစ်ရှိပြီဖြစ်တဲ့ Page နဲ့ Brin တို့ဟာ ကမ္ဘာ့အချမ်းသာဆုံး စာရင်း အမှတ်စဉ် ၁၂ နဲ့ ၁၃ နေရာမှာ ရှိသတဲ့။ အသက် ၃၃ နှစ် အရွယ် ဖေ့စ်ဘွတ်တည်ထောင်သူ ဇက္ကာဘတ်က နံပါတ် ၅ ဆိုလို့ ကျွန်မက သိပ်မကျေနပ်ချင်ဘူး။ ဖေ့စ်ဘွတ်ထက် ဂူဂဲလ်ကို ပိုနှစ်သက်မိလို့ပါ။ ဒါပေမဲ့ ဂူဂဲလ်ကို ကြိုက်တယ်ဆိုတာ ဖေ့စ်ဘွတ်ထဲ ရေးနေရတော့လည်း ခက်သားလား။ :)
.
Google ဟာ ဒီကနေ့မှာ search engine နဲ့ မေးလ် ဆိုတာထက် အများကြီး လုပ်ဆောင်ပေးနေပြီမို့ နေ့စဉ်ဘဝအတွက် မရှိမဖြစ် ဖြစ်လာခဲ့ပါတယ်။ ကျွန်မ တနေရာရာ သွားရင် သွားနေကျ နေရာတောင် google map ကနေ traffic ကြည့်ပြီး သွားလေ့ရှိပါတယ်။ မရောက်ဖူးတဲ့ နေရာဆို ပိုဆိုးသေးတာပေါ့၊ သူ့ပဲ အားကိုးနေရတာပါ။ နောက်ပြီး ပုံတွေသိမ်းရင်လည်း google photo မှာ။ Google ပြက္ခဒိန်၊ Google reminder, blog လုပ်တာက အစ Google နဲ့ သုံးခဲ့ရတယ်။ အခုဆို Google play store, Google translator စသဖြင့် သုံးနေရပြီ။ Google drive လေးကို ဖိုင်တွေ share လုပ်ပြီး သုံးတတ်သွားတာ မနေ့တနေ့ကမှ၊ အလုပ်လုပ်ရတာ တော်တော်လေး ဟန်ကျလို့ Google ကို ကျေးဇူးတွေ တင်နေရတယ်။
.
တရက်တရက် web browser ဖွင့်လိုက်ရင် အမှတ်တရ အထိမ်းအမှတ် နေ့လေးတွေအတွက် ပေါ်လာတဲ့ ပုံလေး တွေကနေ ဗဟုသုတလေးတွေ ရသလို မေ့နေတာလေးတွေလည်း သတိရစေတယ်။
ချစ်တယ် google ...

မေဓာဝီ
၂၇ စက်တင်ဘာ ၂၀၁၈
၁၅း၅၅ နာရီ