Saturday, April 14, 2007

ပြောင်းလဲခြင်း ... သင်္ကြန် (၂)

နံနက်ခင်းနေရောင်ကို တိမ်တအုပ်က ဖုံးလွှမ်းထားသောကြောင့် ကောင်းကောင်းမသာနိုင်။ ကောင်းကင်တခွင်လုံး အုံ့အုံ့ဆိုင်းဆိုင်း မှိုင်းမှိုင်းပျပျ။ လေပြေဝေ့ဝေ့ တိုက်ခတ်တော့ မိုးနံ့ကိုပင် ရသယောင်။
မိုးရွာတော့လေမလား။
“တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး” … တဲ့။
ဖက်ဆွတ်မိုး၊ သင်္ကြန်မိုး …
လှလိုက်သည့် စကားလုံး၊ ယဉ်လိုက်သည့် အသုံး၊ သုံးလည်း သုံးတတ်ပါပေ့။
ဒီကနေ့ကတော့ ပြက္ခဒိန် ကြည့်ရန်မလို၊ ရက်ကိုတွက်စရာမလို၊ သင်္ကြန်ကျပြီလေ။
***
၂၀၀၇ ခုနှစ်၊ ဧပြီ - ၁၄၊ စနေနေ့။

မဟာ သင်္ကြန်အကျနေ့။

သိကြားမင်းကြီး လူ့ပြည် ဆင်းလာပြီလား။
အချိန်မှန်ပင် သင်္ကြန်ကတော့ ကျပေပြီ။
သင်္ကြန်အကျနေ့ဟာ ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်မ ကလေးလို ခုန်ပေါက်စွာဖြင့် အနားသို့ ရောက်လာခဲ့ပြီတည့်။

အဲဒီအရွယ်တုန်းကတော့ သင်္ကြန်ဆိုတာ ရင်ခုန်စရာ၊ သင်္ကြန်သီချင်းတွေ ညည်းဆိုရင်း သင်္ကြန်အကတွေ ကြည့်ရှုရင်း သင်္ကြန်ကျပြီဆိုတော့ ပျော်တာပေါ့။ အခါတွင်းမှာမှ လူ့ပြည်ကို ဆင်းလာသည့် သိကြားမင်းကို လေးစားသော အားဖြင့် မကောင်းမှု ဒုစရိုက်တွေ ရှောင်ကြဉ်ရမည်ဟု လူကြီးသူမ များက ဆိုကြသည်။ မကောင်းမှုတွေ ပြုမှားမိပါက သိကြားမင်းက ခွေးသားရေ ပုရပိုဒ်ထဲ မှတ်သွားမည်ဟု ခြောက်လှန့်ထား သဖြင့်လည်း မပြုလုပ်ရဲအောင် ဖြစ်ခဲ့သည်။ ကိုယ့်နာမည်ကို ရွှေပုရပိုဒ်ထဲ မှတ်သည်ကိုသာ လိုလားပါသည်။

သင်္ကြန်ရေပက်ခံကားတွေက တရွှီရွှီ အသံပေးလျက် ကားလမ်းမထက် ဖြတ်သန်း ပြေးလွှားနေကြ၏။
ဖြတ်သွားသမျှ ကားပေါ်မှာ လူတွေက ဟေး ဟေး ဟု ပျော်ရွှင်စွာ ဟစ်အော်လျက်။ စည်းချက်မညီ ဂီတသံတွေ နှုတ်ဖျားမှာ အော်ဟစ်လျက်။

“ရေပက်ခြင်း သည်းခံကြပါခင်ဗျာ …ရေပက်ခြင်း သည်းခံကြပါ ..”
အသံချဲ့စက်ဖြင့် ပြောလျက်လာသော ဒီအသံ၊ တီးသံ မှုတ်သံ ဂီတသံ ကြားလျှင်ဖြင့် အိမ်ထဲမှာ ငြိမ်မနေနိုင်။ လမ်းမထက် ဖြတ်သွားသော အလှပြကားကို ခြံစည်းရိုးကြားက ချောင်းကြည့်ကြရသည်။ ခုတော့ … ဒီလို အသံတွေပင် မကြားရတာ ကြာပါပေါ့လား။

“ခွက်စုတ်ကလေးနဲ့ ပက်တာလောက်တော့ ရယ်တာပေါ့ … ရယ်တာပေါ့” ထိုစဉ်တုန်းက ခွက်စောင်းခုတ်ပြီး ရေပက်ကြလေ့ရှိသည်။ နို့ဆီခွက်ဖြင့် ခွက်စောင်းခုတ်လျှင် ကျောကော့အောင် နာ၏။ ခုခေတ်မှာတော့ ရေအား ပြင်းသည်ထက်ပြင်းသော ပိုက်အမျိုးမျိုး ပမ့်အမျိုးမျိုးတို့ဖြင့် မနာနာအောင် ထိုးပက်နေကြပြီ။

သူတို့ လမ်းထိပ်မှာ မဏ္ဍပ် အကြီးအကျယ် ထိုးကြတဲ့နှစ်က … သူ ဆယ်ကျော်သက် အရွယ်၊ ဆယ်တန်းပင် မရောက်သေး။ ဒီမဏ္ဍပ်မှာ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ စုံစုံလင်လင် လာဆိုကြ ကကြသည်။ သီချင်းနားထောင်ချင်သည့် သူကတော့ မဏ္ဍပ်ထောင့် တနေရာမှာ ခပ်ကုပ်ကုပ်သာ ထိုင်နေမိ၏။ ရပ်ကွက်ထဲက ကောင်မလေးတယောက် တိုတို ဟိုက်ဟိုက် အ၀တ်အစားဖြင့် စင်ပေါ်တက်ပြီး က-တော့ (ဗမာအက မဟုတ်) မဆီမဆိုင် ကြားထဲက မျက်နှာပူမိသလိုလို။ ဒီကောင်မလေးရဲ့ အဖေကလည်း ယမကာနံ့ တသင်းသင်းဖြင့် ခပ်ပြင်းပြင်း ရေပိုက်တချောင်းကို ကိုင်ကာ ရေပက်ခံကားပေါ်က အမျိုးသမီးတွေ ခြုံထားတဲ့ သဘက်တွေ လှန်ပြီး အတင်း ထိုးပက်နေတာကို မြင်ဖြစ်အောင် မြင်လိုက်မိသေးသည်။
အင်း … လိုက်လည်း လိုက်တဲ့ သားအဖ။ သီချင်းသံ အဆိတ်မှာ စိတ်လက် မသာမယာဖြင့် ဒီမဏ္ဍပ်ကို ကျောခိုင်းဖြစ်ခဲ့သည်။
သင်္ကြန်ဆိုတာ ရိုးရာပွဲတော်မှ ဟုတ်ပါရဲ့လား။

တနှစ်လုံးပြုခဲ့သမျှ မကောင်းမှုတွေကို ရေပက်လောင်းခြင်းဖြင့် ဆေးကြောခြင်းဟု ဆိုခဲ့ကြသည်။
ဒီမကောင်းမှုတွေကို သင်္ကြန်ရေဖြင့် ဆေးကြောရုံမျှဖြင့် ပြောင်စင်နိုင်ပါ့မလား … ဟု တွေးမိပါသည်။ အကယ်၍ ပြောင်စင်တယ် ဆိုငြားအံ့၊ တယောက်နဲ့တယောက် နာကျင် ခံခက်အောင် ပြုမူခြင်း၊ ပြောဆိုခြင်းတွေက အပြစ်ထပ်မံ မဖြစ်နိုင်ဘူးလား။ အပြစ်ကင်းဖို့ ရေပက်ခြင်းဖြင့် အပြစ်တွေ ထပ်ဖြစ်မယ်ဆိုလျှင် ….ရေပက်ဖြန်းခြင်းရဲ့ အနှစ်သာရက … ဘယ်မှာလဲ။

တက္ကသိုလ် ကျောင်းတက်ခါစ သူငယ်ချင်းတယောက် အတင်းခေါ်လို့ ရေပက်ခံ လိုက်ခဲ့ရဖူးသည်။ ဖြစ်ချင်တော့ အဲဒီနှစ်က ရေခဲထုတ်တွေနှင့် ပစ်ပေါက်ကြသည့် နှစ်။ ထိလိုက်လျှင် မသက်သာ၊ ဒါကြောင့် မဏ္ဍပ်တခုကိုဝင်လျှင် ရန်သူ့နယ်မြေကို ၀င်ရသည့် သူလို စိတ်ကထင်ပြီး ထိတ်လန့် ကြောက်ရွံ့ကာ မျက်နှာသုတ်ပုဝါကို တကိုယ်လုံး လုံအောင် ထုတ်လျက် ခေါင်းမဖော်တမ်း ငုံ့လို့သာနေမိသည်။ ဘယ်အချိန်မှာ ရန်သူ့ ကျည်ဆံတွေက ဘယ်နေရာကို လာမှန်လေမလဲ … စိုးရိမ်စိတ်ဖြင့် တထိတ်ထိတ်။ နောက်တော့ ကားရှေ့ခန်းမှာသာ ထိုင်ဖြစ်တော့သည်။ သူငယ်ချင်းကို အားနာလို့ ၁-ရက်သာ လည်ပြီး နောက်ရက်တွေ အတွက် ငြင်းဆန်ခဲ့မိ၏။ အဲဒီနှစ်က ဘယ်သူကတော့ မျက်လုံးကို မှန်လို့၊ ဘယ်သူကဖြင့် နားစည်ထိသွားလို့ … စသဖြင့် ဆေးရုံဆေးခန်းတွေမှာ လူတွေစည်ကားလျက်။ ရေပက်ခံ ကားပေါ်က လူတွေ လည်ချင်အုံးဟ ဆိုပြီး အညှိုးနဲ့ လုပ်ကြတာလားဟု …တွေးမိပါသည်။
မဏ္ဍပ်ဆိုတာ နှိပ်စက်တဲ့ နေရာများလား။

ဒီလိုနဲ့ သင်္ကြန်ကို ထိတ်လန့်လာမိသည်။ အပြင်မထွက်ချင်၊ ရေမပက်ချင်၊ ရေပက်လည်း မခံချင်တော့။
ဆူဆူညံညံ သင်္ကြန်သံတွေသည် သူနဲ့တဖြည်းဖြည်း ဝေးဝေးသွားသလို။ အိမ်ထဲမှာသာ ခိုရင်း၊ သင်္ကြန်သီချင်းတွေ ဆိုလျက်၊ စာအုပ်တွေ တအုပ်ပြီး တအုပ်ဖတ်လိုက် ဗီဒီယိုခွေတွေ ကြည့်လိုက် ဒီလိုနှင့်ပင် သူ၏ ဆယ်ကျော်သက် သင်္ကြန်အခါကို ကုန်ဆုံးခဲ့ရတော့သည်။

ငွေဖလားထဲ သပြေခက် ထည့်၍ ပက်သောခေတ်ကို မမီလိုက်သော်ငြား တွေးကြည့်ရုံမျှနှင့်ပင် ကြည်နူးဖွယ်၊ ဆွတ်ပျံ့ဖွယ်။ ဘယ်လောက် ယဉ်ကျေးလိုက်မလဲ … ဘယ်လောက် နန်းဆန်လိုက်လေမလဲ။ ဒါပေမဲ့လည်း သင်္ကြန်ဆိုတာ ပြောင်းလဲခြင်းပဲလေ။ နှစ်တွေ ကြာလာတာနဲ့အမျှ ယဉ်ကျေးမှုတွေ ပြောင်းလဲခဲ့ပြီပေါ့။ တမ်းတ နေလို့လည်း ထူးအံ့မထင်တော့ပါ။

ပြောင်းလဲတတ်သော လောကကြီးအလယ်မှာ ….
သင်္ကြန်ကို မသိသော ငှက်ကလေးတွေလည်း တေးဆိုဆဲ။
သင်္ကြန်ကို မခံစားတတ်သော ပန်းကလေးတွေလည်း ပွင့်ဆဲ ..မွှေးဆဲ။
သင်္ကြန်ကို နားမလည်သော လေနုအေးလည်း ညင်သာဖြည်းဖြည်း တိုက်ခတ်ဆဲ။
ဒီိလိုနှင့်ပင် … သင်္ကြန်တရက်ကုန်ဆုံးလျက် … နက်ဖန်ဆိုလျှင် … သင်္ကြန်အကြတ် ရောက်တော့မည်။
***
မေဓာဝီ
14th April, 2007
8:50 am

No comments: