ဒီကဗျာလေးကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သင်္ကြန်အခါတွင်းတခုမှာ အဖေ ရေးခဲ့ပါတယ်။
ဒါပေမဲ့ အဖေ့ရဲ့ ပျောက်ဆုံးသွားတဲ့ ကဗျာစာအုပ်ကြီးထဲမှာ ဒီကဗျာပါသွားတယ်။ အဖေ့ကဗျာတွေ ရသလောက် ပြန်စုစည်းပြီး ကျမဘလော့ပေါ်တင်တော့ ဒီသင်္ကြန်ကဗျာကို သွားအမှတ်ရမိပါတယ်။ အဖေ့ကို မေးတော့ မေ့နေပြီတဲ့။ ရသလောက် ပြန်ရေးပြဖို့ ပူဆာတော့ အဖေက စဉ်းစားရင်းနဲ့ ၀ှိုက်ဘုတ်ပေါ်မှာ ချရေးပေးတယ်။ တပုဒ်လုံး အစအဆုံးပါပဲ။ ဒါကို ကျမက ပြန်ကူးထားလိုက်ပြီး အမှတ်တရ ဘလော့မှာ တင်လိုက်ပါတယ်ရှင်။
***
ခါသင်္ကြန် ရောက်ပြန်တော့
အတာနှစ်ကူး၊ လတန်ခူးပေမို့၊ ပွင့်ဖူးပိတောက်၊ ထိန်လျံတောက်နှင့်၊ ရွာနောက်မြိုင်တန်း၊ ကံ့ကော်ပန်းနှင့်၊ တင့်ဆန်းသာမော၊ ငုဝါတောနှင့်၊ အဟောဝတ၊ သြော် … ရှုလေတိုင်း သာလေစွ။
နွေလခါချိန်၊ ရှုတိုင်းထိန်၊ မတိမ်မကော၊ လှသည့်တောဝယ်၊ ဥသြသံချို၊ နှစ်သစ်ကြိုသော်၊ ရွယ်ပျိုရွှန်းလင်း၊ လှယမင်းတို့၊ မြစ်တွင်းဧရာ၊ ဗေဒါကမ်း ..ရေခပ်လှမ်းလို့ လျှောက်ခဲ့တာ။
နံ့သာခြယ်လိမ်း၊ ပါးပြင်ဝယ်ထူလို့ပိန်း၊ ပိတုန်းကေသာ၊ ကိုယ်စီဖြာ၊ သူတို့ခေါင်း … ပန်းပေါင်းစုံလှတာ။
စိမ်းမြမြကြည်သာ၊ မြစ်ဧရာဝယ်၊ ဆိုကာရင့်ကြူး၊ တေးသံနှင့် သူတို့မြူး၊ တင့်ထူးထိုထို၊ ကမ်းတခိုဝယ်၊ ကိုကာလသား၊ ပျိုနုထွားတို့၊ စကားရိပ်ချည်၊ ကျီစယ်စောင်းမြောင်း၊ ချစ်ကြောင်းကိုဆင့် … ဋီကာဖွင့်။
အသင့်ပါလာ၊ နံ့သာရောထား၊ ရေဖလားနှင့်၊ သက်ထားဝါညက်၊ ကိုယ်အထက်၊ ရွှဲရွှဲစိုအောင် သူတို့ပက်။
နှစ်သက်ဖွယ်ကြည်နူး၊ ဤတန်ခူးဝယ်၊ ချစ်ဦးကိုရှာ၊ တွေ့လိမ့်ငှာ၊ ညိုပြာမျက်ရွဲ၊ တကိုယ်လုံး ရေစိုရွှဲလို့၊ အသဲသိမ့်သိမ့်၊ ချမ်းအေးလို့ စိမ့်ရှာပေါ့၊ နိမ့်တုံမြင့်တုံ၊ ရွှေရင်ဝယ် ခုန်ပါဘိ၊ “ကြုံရတဲ့ သည်နှစ်၊ ငါ့စိတ်ဝယ် ဘယ့်နှယ့်ဖြစ်ပါလိမ့်၊” သိမ်းသစ်စ ရွှေရင်၊ လှသခင်၊ စိတ်အတွင်းက သည်သို့ထင်။
ဘ၀င်လှိုက်မော၊ ရှက်စိတ်တွေစောလို့၊ တောသမီးပျို၊ ပိုကယိုက၊ ကိုကာလသား၊ လွန်ကျီစားကို၊ စကား မပျိုး … မျက်စောင်းထိုး။
နောက်ပိုးခြေတို၊ ကိုကာလသား၊ ပျိုနုထွားတို့၊ တေးသွားအပြိုင်၊ သံချပ်တိုင်သည်၊ မြိုင်ဆိုင်ဝေဖြိုး၊ ကမ်းလုံးစိုး။
“မိုး-မိုး-မိုးလားမောင်တို့၊ လေ-လေ-လေလားမောင်တို့၊ သိကြားမင်းကြီး လူ့ပြည်လာ၊ ယခုသည်ခါ သင်္ကြန်ရေပွဲ၊ သုခီအတ္တာ မေတ္တာဝေ၊ ကျန်းမာပါစေ၊ ဆုမွန်ချွေ၏၊ စိန္တေထံပါး ၀ပ်တွားကာ၊ သစ္စာထားမှာ မောင်တို့မယ်တို့၊ ငြင်းဆန်နေနဲ့ ပျိုတို့ရာ၊ ကိုယ်တို့တွေဟာ လူပျိုချည်းပဲ၊ ဆင်နွှဲကြစို့ တူနှစ်ဖြာ၊ စိန္တေယျာမှာ ဆုပန်ကြစို့၊ ဆိုလို့ကလို့ ပျော်ချင်တယ်၊ ဖော်သခင်ရယ် ကြည်ဖြူမှာလား။ ဟေ့ မောင်တို့ -ဟေ့မယ်တို့၊ ဟေ့မယ်တို့ -ဟေ့မောင်တို့၊ ဟေးလာမောင်တို့ ၀ါး။”
ပျော်ပါးစုရုံး၊ ကမ်းအလုံးဝယ်၊ ရွှင်ပြုံးကြည်သာ၊ ထိုအခါကို၊ ကျွန့်မှာ ရော်ရမ်း၊ တမ်းတတတ … ပီတိကြွ။
လှသည့်အတွေ့၊ ဤဓလေ့ကို၊ မမေ့နိုင်ပြီ အလီလီ၊ ရာသီခါတွင်း … ရောက်ပြန်ခြင်း … ။
***
ကဗျာကတော့ အဲဒါပါပဲ။
အဖေက သင်္ကြန်ပိတ်ရက်တွေမှာ အအားမနေဘဲ စာတပုဒ်၊ ကဗျာတပုဒ် စသဖြင့် ဖန်တီး ရေးသားလေ့ရှိတယ်။ ဒီသင်္ကြန်တွင်းလည်း ကျမတို့သားအဖ နှစ်ယောက် ပေါင်းပြီး စာအုပ်တအုပ် လုပ်နေကြပါတယ်။ ပြီးတော့ … ဘလော့အတွက် ထူးခြားမယ့် အစီအစဉ်သစ်တခုလည်း လုပ်ဖို့ကြံစည်ထားပါတယ်။
ဘာလဲ … ဆိုတာတော့ သေချာရင် ကြေညာပါ့မယ်ရှင်။
***
မေတ္တာဖြင့်
မေဓာဝီ
15th April, 2007
9:20 pm
Subscribe to:
Post Comments (Atom)
No comments:
Post a Comment