Saturday, April 12, 2008

ဒီအချိန်ဆို ... (၂)

ပြီးခဲ့တဲ့ သီတင်းကျွတ်တုန်းက ဒီအချိန်ဆိုရင် ... လို့ တမ်းတမိရာက ... 'ဒီအချိန်ဆို' အမည်နဲ့ ကဗျာတပုဒ် ရေးခဲ့ပါတယ်။ အခု သင်္ကြန်အခါမှာလည်း အဲဒီလိုပဲ ဒီအချိန်ဆို ... ဆိုပြီး တမ်းတမိပြန်တော့ ... နောက်ထပ် 'ဒီအချိန်ဆို' ... ကဗျာလေး ရင်ထဲက မွေးထုတ်မိပြန်တယ်။ နောက်ထပ် ... ဒီအချိန်ဆို ... တွေ ... ဘယ်လောက်များ ရေးဖြစ်ဦးမလဲ ... မသိသေးပါဘူး။ လောလောဆယ်တော့ "ဒီအချိန်ဆို (၂)" ပေါ့။
***
ဒီအချိန်ဆို

ဒီအချိန်ဆို ...
ဥသြပျိုသည်
ပင်အိုယံဖျား
သူရပ်နားရင်း
တေးချင်းသီဆို
နှစ်သစ်ဦးကို ကြိုရော့မည်။


ဒီအချိန်ဆို ...
ဝါထိန်ငုပန်း
ပင်လုံးလွှမ်းကာ
လေယူရာတိမ်း
ပန်းပွင့် 'ယိမ်းက'
နွေပီသအောင် လှရော့မည်။

ဒီအချိန်ဆို ...
ညိုရွှေရောင်တောက်
သစ်ရွက်ခြောက်ရင့်
တလွင့်လွင့်ကြွေ
မြေပေါ်ရှပ်လူး
လေရူးနှင့်ဆော့ မြူးကြရော့မည်။

ဒီအချိန်ဆို ...
သီဆိုဟစ်ကြွေး
'တူးပို့' တေးနှင့်
ချိုအေးသံသာ
'မြနန္ဒာ' နှင့်
ခါသင်္ကြန်ပွဲ
ရေစိုရွှဲကာ နွှဲပျော်နေကြပေရော့မည်။

ဒီအချိန်ခါ ...
ကျွန်ုပ်မှာကား
မွေးဌာနေခြား
တိုင်းတပါးမှာ
လွမ်းအားညှိုးငယ်
စိတ်ဝယ်မရွှင်
ပူပင်သောက
မောလျခွေနွမ်း
အိမ်ပြန်လမ်းကို
မှန်းလျက်သာပင် မျှော်မိသည်။
***
မေဓာဝီ
၁၂၊ ဧပြီ၊ ၂၀၀၈
သင်္ကြန်အကြိုနေ့

7 comments:

Anonymous said...

I like your poem.
Last paragriph is touching.

Anonymous said...

ကောင်းလိုက်တဲ့ ကဗျာ...

အမ...
ဗွမ်း.... ဟီး..
ညီမကတော့ ရေကြောက်လို့ ပြေးပီ...

Khin said...

ဒိအချိန်ဆိုရင် ရန်ကုန်မှာ မီးမလာပါဘူး

Anonymous said...

ဒီအချိန်ဆို...

ဟိုအချိန်ဆို...

တန်ခူး said...

ဒီအချိန်ဆို
တို့လဲမေ့လို
လွမ်းအားပိုသည်
ရင်ထဲမျှော်မှန်း
အိမ်ပြန်လမ်းသို့။

ထွန်း said...

ကဗျာလေးကို သဘောကျတယ်။ အခုခေတ်မှာ ကာရန်ကဗျာ က ရှာမှ ရှား

Canada Myanmar Group said...

အင်း...ကဗျာလေးတွေကောင်းတယ်..စီဘောက်မရှိဘူးနော်..