ဘုရားခန်း တခုလုံး စပယ်ရနံ့တို့ဖြင့် မွှေးမြနေသည်။
ညဥ့်ဦးက ၀ယ်ပြီး ကပ်လှူထားသည့် စပယ်ဖူးတွေ ဒီနံနက်ခင်းမှာတော့ လန်းပွင့်၍နေကြပြီ။
မြတ်စွာဘုရားကို ရှိခိုးပူဇော်ရင်း ကြည်ညိုသဒ္ဓါ ပွားနေမိသည်။
ခန်းလုံးကြိုင်နေသည့် စပယ်ရနံ့ကြောင့် လန်းဆန်း လတ်ဆတ်ပြီး ကြည်နူး ပီတိစိတ်ဖြင့် ရင်ထဲ ငြိမ်းအေးနေ၏။
ဘုရားရှိခိုး၊ သီလယူ၊ ပရိတ်ရွတ်၊ မေတ္တာပို့ပြီးနောက် စိတ်တွေ ပို၍ ချမ်းမြေ့နေပေပြီ။
ဒီကနေ့ဟာ သင်္ကြန်၏ နောက်ဆုံးနေ့ … ။
နှစ်ဟောင်း ကို အဆုံးသတ်မယ့် နေ့ … ။
နှစ်သစ် ကို ကြိုဆိုမယ့် နေ့ … ။
***
၂၀၀၇ ခုနှစ်၊ ဧပြီ - ၁၆ ၊ တနင်္လာနေ့။
မဟာ သင်္ကြန်အတက်နေ့။
အဆုံးသတ်ခြင်း၏ အစသည် ငြိမ်းချမ်းမှုအပေါင်းဖြင့် တည်ငြိမ်လျှက်ရှိပေသည်။
ပတ်ဝန်းကျင်၏ သာယာမှု ကြောင့်ပင်လား၊ စောင့်ထိန်းထားသည့် သီလကြောင့်ပင်လား၊ တရားဓမ္မ၏ အမြိုက်ဓာတ် ကြောင့်ပင်လား … ညွတ်နူး ပျော့ပြောင်းလို့နေ၏။
“မေတ္တာ သဟ ဂတေန၊ စေတသာ သဗ္ဗပါဏ ဘူတေသု၊ ဖရိတွာ ၀ိဟရဏံ သမာဒိယာမိ။”
မေတ္တာ သဟ ဂတေန၊ မေတ္တာနှင့် တကွဖြစ်သော။ စေတသာ၊ စိတ်ကို။ သဗ္ဗပါဏ ဘူတေသု၊ အလုံးစုံသော သတ္တ၀ါတို့၏ အပေါ်တို့၌။ ဖရိတွာ၊ ဖြန့်နှံ့၍။ ၀ိဟရဏံ၊ နေခြင်းကို။ သမာဒိယာမိ၊ ကောင်းစွာဆောက်တည်ပါ၏။
ဟူ၍ မြတ်စွာဘုရားရှေ့မှာ ကတိပေးခဲ့ပါသည်။
ဒီရက် ဒီအချိန် ဒီအခါတွင်းမှာ သူလုပ်နိုင်သည်က ဒါပဲရှိသည်။ တလောကလုံး သတ္တ၀ါအားလုံး ငြိမ်းချမ်းကြစေဖို့ ဆုတောင်း မေတ္တာပို့ရုံမှ လွဲ၍ သူဘာမှ မတတ်နိုင်ပါ။ ကိုယ်၏ မေတ္တာ အစွမ်းထက်စေဖို့လည်း သီလ စောင့်ထိန်းခဲ့ပါသည်။ သီလနှင့် ပြည့်စုံမှလည်း ဘာဝနာပွားတော့ ထိရောက်မည် မဟုတ်လား။
ငယ်ငယ်တုန်းကတော့ လူကြီးတွေကို အားကျလို့ ဥပုသ်စောင့်ခဲ့ဖူးပါသည်။ ဥပုသ်စောင့်လျှင် ကြံရည်သောက်ရမည်၊ ကြံရည်သောက်ချင်လို့ ဥပုသ်စောင့်ခဲ့သည်။ ဥပုသ်သည် ဆိုလျှင် ၁၂ နာရီ မကျော်ခင် စားကောင်း သောက်ဖွယ်များ စားရသည့် အခွင့်ထူးရသည့် အတွက်လည်း ထိုစဉ်က ဥပုသ်စောင့်ခဲ့မိပါ၏။
သနပ်ခါးမလိမ်းရ၊ ပန်းမပန်ရ၊ ညစာမစားရ စသည့် စောင့်ထိန်းမှုတွေထက် သီချင်းမဆိုရ ဟူသည့် အချက်က သူ့အတွက် တော်တော်လေး အခက်ဖြစ်ခဲ့ရဖူးသည်။ အလကားနေရင်း သီချင်း ညည်းနေမိသည်မို့ သီချင်း မညည်းဖြစ်အောင် စောင့်ထိန်းဖို့က တယ်မလွယ်လှ။ လွှတ်ကနဲ ညည်းဆိုမိလျှင် ဘုရားရှေ့ သွားပြီး သီလပြန်ယူလိုက်ရတာက ခဏခဏ။
တခုသော သင်္ကြန်အခါက တောမြို့တမြို့မှာ ရောက်နေချိန်နှင့် ကြုံကြိုက် တိုက်ဆိုင်သဖြင့် နယ်သင်္ကြန်ကို မြင်ဖူးသွားသည်။ မြို့သူ မြို့သားတွေက မြင်းလှည်းတွေမှာ ငုပန်းတွေ ချိတ်ဆွဲပြီး မြင်းလှည်းများဖြင့် ရေပက်ခံထွက်ကြသည်။ မဏ္ဍပ်ရယ်လို့လည်း မယ်မယ်ရရ မရှိ။ အိမ်တွေရှေ့ တိုင်ကီတွေ ရေပုံးတွေချကာ လာသမျှလူများ မြင်းလှည်းများ ပက်နေကြသည်ကို မြင်ခဲ့ဖူး၏။ သည်တုန်းက ဇေယျသိမ် ဆိုသည့် ရွာဦး ဘုန်းကြီးကျောင်းကိုသွားပြီး ဥပုသ်စောင့်ခဲ့သည်။ ဘုန်းကြီးကျောင်းသို့ သွားရာလမ်းက မချောမွေ့လှပါ။ ဒါပေမဲ့ ပျော်စရာတော့ ကောင်းလှသည်။ လယ်ကန်သင်းရိုးပေါ်က လျှောက်လိုက်၊ ရိုးပြတ်တွေကို နင်းလိုက်၊ ပက်ကြားအက် လယ်ကွက်တွေထဲမှာ တပျော်တပါးကြီး သွားခဲ့ကြသည်ကို ပြန်အမှတ်ရမိ၏။
တခုသော သင်္ကြန်မှာတော့ တရားစခန်း ၀င်ဖြစ်ခဲ့ပါသေးသည်။ ရန်ကုန် ရိပ်သာတို့၏ ထုံးစံအတိုင်း သင်္ကြန်အခါဆိုလျှင် လူတွေက ကြိတ်ကြိတ်တိုး။ အခန်းရအောင် မနည်းကြံဖန်ရ၏။ တချို့လူတွေ အခန်းမရလို့ ကော်ရစ်ဒါမှာ အတုံးအရုံး။ တရားနာချိန် တရားထိုင်ချိန် လူတွေများလွန်းသဖြင့် ဘယ်လိုမှလည်း တရားမရ။ ရွယ်တူ ကောင်မလေးတွေက တယောက်နဲ့တယောက် စကြ နောက်ကြ၊ စကားတွတ်ထိုးကြ။ နောက်တော့ သူလည်း ဒီအဖွဲ့ဝင်ဖြစ်သွားပြီး တရားသာ မရသည်၊ တရားစခန်းက အပြန်မှာတော့ အသိမိတ်ဆွေတွေ တိုးပွား လာလေတော့၏။
ဒီ့နောက်မှာ ဆုံးဖြတ်မိသည်က သင်္ကြန်တွင်း ဘယ်တော့မှ ရိပ်သာမ၀င်တော့ ဟူ၍ပင်။
သို့သော် လွန်ခဲ့သော ၃ နှစ် သင်္ကြန်က ရိပ်သာတခုမှာ သီလရှင် ၀တ်ခဲ့မိသေးသည်။ ရန်ကုန်မြို့နှင့် မနီးမဝေးမို့ ရိပ်သာ ပရ၀ုဏ်က ဆိတ်ငြိမ် အေးချမ်းလှသည်။ နေရသည့် ဇရပ်ကလေးတွေကလည်း သန့်သန့်ရှင်းရှင်း သပ်သပ်ယပ်ယပ်၊ သင်္ကြန်မတိုင်ခင်က ကြိုရောက်ပြီး ၀တ်နှင့်တာမို့ စိတ်ကြည်နူး ချမ်းမြေ့မှုကို တခဏမျှ ကြုံခဲ့ရသေးသည်။
သို့ပေမဲ့ သင်္ကြန်အကျနေ့မှာတော့ ဒီရိပ်သာမှာပင် လူတွေက ကြိတ်ကြိတ်တိုးကြပြန်ပြီ။ လူ ၄-ဦးသာ အလွန်ဆုံး နေသင့်သည့် ဇရပ်တဆောင်ဝယ် လူပေါင်း နှစ်ဆယ်ခန့် ထိုးသိပ် နေရတော့ ရေချိုးရ အိမ်သာတက်ရ အလွန် ကသိကအောက် ဖြစ်၍လာပြီ။ စောစောပိုင်းရက်က ရထားသော စိတ်ကြည်နူးမှုတွေက ဘယ်ဆီရောက်လို့ ရောက်မှန်း မသိတော့။ ညစ်ညူးစိတ်တွေနှင့် ဒီလိုအားထုတ်လို့ရော တရားရပါ့မလား။
နောက်ဆုံးတော့ အိမ်ကို ဖုန်းဆက်ပြီး လာခေါ်ခိုင်းကာ အိမ်မှာပဲ ဆက်ဝတ်ဖြစ်တော့သည်။ ဆရာတော်၏ အလုပ်ပေးတရား စီဒီတွေဝယ်လာကာ အိမ်မှာသာ နာဖြစ်တော့သည်။ ညဘက် အိမ်နားက တရားပွဲသို့ သွားကာ တရားနာဖြစ်သည်။ သစ်တပင် ၀ါးတပင်အောက် ခြိုးခြံစွာ မကျင့်နိုင်သေးသည့် သူ့အတွက်တော့ မိမိအိမ်သည်ပင် သာယာသော ရိပ်မြုံတခုပါပဲ။
နောက်ပိုင်းနှစ်တွေမှာတော့ အိမ်မှာပဲ ၉ ပါးသီလ စောင့်ထိန်းပြီး နေခဲ့သည်။ အိမ်အလုပ်ကူရင်း တရားနာရင်း တရားစာဖတ်ရင်း စသဖြင့် တရားနှင့်သာ မွေ့လျော် နေခဲ့ရသည်။ ငြိမ်းချမ်းပေစွ။
***
သင်္ကြန်၏ နောက်ဆုံးရက်မို့ လူတွေက ပိုပျော်နေကြလေသလား မသိ။
အရင်ရက်တွေကထက် အသံပလံတွေ ဆူညံလို့နေ၏။
ခဏပါပဲ … နက်ဖန်ဆို ဒီအသံတွေ ဆိတ်သုဉ်း သွားကြပေတော့မည်။
ပျော်ရွှင်ခြင်း၏ အဆုံးသတ်က ခွဲခွါခြင်းပေလား။
မကြာခင် အချိန်အတွင်းမှာ …
နှစ်အဟောင်းက ကျန်ရစ်ခဲ့တော့မည်။
နှစ်အသစ်သို့ ပြောင်းလဲ ရောက်ရှိတော့မည်။
အဟောင်း အသစ် ပြောင်းလဲဖြစ်စဉ်တွေမှာ … ကျန်ခဲ့သူနှင့် ချန်ခဲ့သူက မည်သူက မည်သူ့ကို တ-ရပါမည်လဲ။
ပြောင်းလဲခြင်းကို ရုတ်တရက် ကြုံတွေ့ရစဉ် မည်သို့ပင် ခံစားရစေအုံး … လိုအပ်သည့် ပြောင်းလဲမှုမျိုးကိုတော့ နှစ်ခြိုက်စွာ ကြိုဆိုရမည်သာ။
***
မင်္ဂလာရှိသော နှစ်သစ်ပေါင်းများစွာကို မင်္ဂလာရှိရှိ ဖြတ်သန်း နိုင်ကြပါစေ …
မေတ္တာဖြင့်
မေဓာဝီ
16th April, 2007
8:00 am
Monday, April 16, 2007
Subscribe to:
Post Comments (Atom)
7 comments:
မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ မမ
ကျေးဇူးပါ ညီမလေး ဂျူး …
ညီမလေးလည်း နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်ဝပါစေ … နော် …
Ma may.. lo in san daw pyee par say...lo ap tar ya par say.. pyaw shwin par say...nyit thi min ga lar pyit par say...
အခန်းဆက် ၀တ္ထုက သင်္ကြန်လဲပြီး. ၀တ္ထုလဲ ဆုံးပါလား။ မင်္ဂလာနှစ်သစ်ဖြစ်ပါစေအမ။ ပြောင်းလဲမှုတွေဆိုတာထက် လာခြင်းကောင်းသော ပြောင်းလဲမှုတွေ လာပါစေလို့ ပိုပိုသာသာလေး ဆုတောင်းလိုက်ပါတယ်ဗျို့။ :)
dear maydarwii,
i want to know about Oo bote and their translation in burmese...i really appreciate ur translation in burmese... i'm waiting ur forward mail...wishing u happy new year...
ryan
ကိုမောင်ကြီး - ဆုတောင်းပေးတာ ကျေးဇူးတင်ပါတယ်ရှင် ..
ဟုတ်တယ် ကိုသံလွင် - သင်္ကြန် ၄-ရက်ကို အရွယ် ၄-ပါးအလိုက် ပြောင်းလဲသွားပုံနဲ့ ယှဉ်ပြီး ရေးထားတာမို့ သင်္ကြန်လည်းပြီး ဒီစာစုလည်း အဆုံးသတ်လိုက်တာပါပဲ။ ပိုပိုသာသာ ဆုတောင်းအတွက် ပိုပိုသာသာ ကျေးဇူး တင်လိုက်ပါ၏။
ryan - ဥပုသ်ဆိုတဲ့ ဝေါဟာရဟာ ဥပေါသထ (ဥပေါသထသီလ) က လာတယ်လို့ မှတ်သားခဲ့ဖူးပါတယ်။ မြင့်မြတ်သော အကျင့်/ မြင့်မြတ်သော စောင့်ထိန်းမှု လို့ ထင်ပါတယ်။ ကျမ ပြောတာ လွဲမှားကောင်း လွဲမှားနိုင်တာမို့ သေချာအောင် စာအုပ်ပြန်ကြည့်ပေးပါမယ်။
thank u for the reply... if u don't mind i like to know every 9 theela translation as u translated 9th here...wish u a good day ma maydar-wii...
ryan
Post a Comment