Tuesday, April 10, 2007

ကျောင်း သင်္ကြန်

ငယ်ငယ်တုန်းက ကျောင်းပိတ်ခါနီးဆိုရင် တယောက်နဲ့ တယောက် နှုတ်ဆက်ကြတဲ့ အနေနဲ့ ရေလောင်းလေ့ ရှိကြတယ်။ အထက်တန်း ကျောင်းတုန်းက … စာမေးပွဲမဖြေခင် ပရိုက်ဗိတ် စတာဒီ အတွက် ကျောင်းပိတ်မယ့် အခါမျိုးမှာပေါ့။ တက္ကသိုလ် ရောက်တော့လည်း ကျောင်းမပိတ်ခင် နောက်ဆုံးနေ့ဆိုရင် ရေပက်လေ့ရှိကြတာပါပဲ။ အဲဒီလို နေ့ရက်မျိုးမှာ ကျောင်းကရေအိုးတွေ ရေခမ်းကုန်တဲ့အပြင် ရေသန့်ဗူးတွေလည်း ရောင်းမလောက်၊ ရေဘုံဘိုင်တွေမှာလည်း လူတွေစည်ကားလို့ နေပါတယ်။ ကျောင်းသား တချို့က ရေသေနတ်လေးတွေ တရွှတ်ရွှတ်နဲ့၊ တချို့ကတော့ နံ့သာ စပရေးဗူးကလေး တရှူးရှူးနဲ့။ ရနံ့ပေါင်းစုံ အဆင်ပေါင်းစုံ အသွင်ပေါင်းစုံတဲ့ ကျောင်းသင်္ကြန်ကို ကျောင်းနဲ့ဝေးချိန် ဒီလိုအခါမျိုးမှာ ပြန်ပြီးသတိရမိတယ်။ ရေစိုစိုနဲ့ မိန်းမပျိုလေးတွေရဲ့ အလှကလည်း ကြည့်လို့တော့ဖြင့် အကောင်းသား။ ဒီလိုနေ့မှာ ဘယ်သူက ဘယ်သူ့ကိုမဆို ရေပက်လောင်းလို့ရတယ်၊ စိတ်လည်း မဆိုးကြေး၊ မငိုကြေး၊ အိမ်ပြန်မတိုင်ကြေး … ကာလသားတွေ အကြိုက် ဆိုပါတော့။

လူငယ်တွေအတွက် ကျောင်းသင်္ကြန်ရှိသလို ကလေးတွေအတွက်လည်း ရှိဦးမှ တရားမျှတ ပေမပေါ့။
ဒါကြောင့်လည်း သင်္ကြန်မကျခင် ကျောင်းမပိတ်ခင်မှာ ကျမတို့ဆီက ကလေးတွေ ပျော်ရွှင်ဖို့ သင်္ကြန်အကြို ရေကစားပွဲလေး နှစ်စဉ် လုပ်ပေးလေ့ရှိပါတယ်။
ကလေးဆိုတာ ရေစိုရင် ပျော်တယ်၊ ရေပက်ရရင် သဘောကျတယ်၊ ကိုယ်ကလည်း သူ့ကိုပက်၊ သူကလည်း ကိုယ့်ကိုပက်၊ အချင်းချင်း အပြန်အလှန်ပက်ကြ ကစားကြရင် ပျော်နေကြတာပါပဲ။ သူ့တို့စိတ်ထဲ ကစားဖို့ကသာ အဓိက၊ ဟိုဟိုဒီဒီ စိတ်မျိုးလည်း မရှိကြရှာပါဘူး။

ဒီနေ့ကတော့ သူတို့စာသင်စရာမလိုဘဲ ရေကစားကြရမယ့်နေ့ပေါ့။ ရေကစားပွဲနဲ့ လိုက်ဖက်ညီတဲ့ တေးသီချင်းတွေက မြူးမြူးကြွကြွ။ ကလေးတွေက ရေတွေရွှဲရွှဲစိုလို့ ပျော်၊ သီချင်းသံကြောင့် မြူး … ကြည့်ရင်းနဲ့ ကိုယ်ပါ ပျော်ရွှင်လာမိပါတယ်။

ဒီပုံလေးတွေ ကတော့ လွန်ခဲ့တဲ့ တမြန်မနှစ်က ကျောင်းတွင်းမှာ ကလေးတွေ သင်္ကြန်အကြို ရေကစားကြပုံပါ။


အဲဒီနှစ်ကတော့ ကိုယ်ပါကလေးတွေနဲ့ ရောယောင်ပြီး ဆော့ခဲ့ ပျော်ခဲ့သေးတယ်။


ရေကစားကြ၊ သီချင်းဆိုကြ၊ စည်းချက်နဲ့အညီ ကကြ၊ အစားအသောက်တွေ စားသောက်ကြ၊ ပျော်လို့ မြူးလို့ နှစ်ကူးအကြို ကျောင်းသင်္ကြန်ပေါ့။


ဒီနှစ်တော့ ကျမလည်း သူတို့နဲ့အတူ မပျော်နိုင်ပါဘူး။ အတူ မပျော်နိုင်တဲ့အတွက် ဒီနှစ် ကျောင်းသင်္ကြန်ရဲ့ မှတ်တမ်းဓာတ်ပုံလေးတွေ မဖန်တီးဖြစ်ခဲ့ဘူး။ ဒါကြောင့် အရင်နှစ်ကပုံကိုပဲ တင်လိုက်တာပါ။ သူတို့လေးတွေကတော့ ရေကစားပြီးလို့ မောပြီး စားသောက်နေကြပါပြီ။ ကျမကတော့ သူတို့မမြင်နိုင်တဲ့ တနေရာကပဲ သူတို့လေးတွေ ပျော်တာကို ငေးကြည့်နေမိရင်းနဲ့ … ။
***
မေဓာဝီ
10th April, 2007
12:45 pm

3 comments:

Anonymous said...

မမေ.. သူတို့ ကစားနေတာကြည့်ပြီး ညီမ သူတို့လို အရွယ်တုန်းက အိမ်ရှေ့ ရေပက်စရာ လူမလာရင် ကိုယ့်မောင်နှမတွေပဲ ရေတွေနဲ့ ပြန်ပြန်လောင်းရင်း ပျော်ခဲ့တာ သွားသတိရတယ် ။

ကလိုစေးထူး said...

ပုံတွေထဲမှာ ကြည့်ရတာ.. ကလေးငယ်ငယ်လေးတယောက် (အင်္ကျီအပြာနဲ့) အားရးပါးရရယ်ပြီး ရေကစားနေတာ သူ့အဖေက နောက်ကနေ ရိုက်မလို့လာတာကိုတောင် တွေ့ပုံမပေါ်ဘူးဗျ.. အဲဒါဘယ်သူလဲ :P
ကလေးတွေ ရေကစားနေကြတာက ပျော်စရာကြီးဗျာ။ အခုတော့ သင်္ကြန်ရောက်ပလားဆို စက်ရှေ့မှာထိုင် သင်္ကြန်သီချင်းတွေ ဟိုနားထောင် ဒီနားထောင်၊ သူများတွေ ရေးတာဖတ်၊ ကိုယ်တိုင်လဲ ရေး၊ ဒီလိုနဲ့ပဲ သင်္ကြန်က လွန်သွားတော့မယ်။ ဒါနဲ့ … အခွင့်ရရင်တော့ မမေဓာဝီကို ရေလာလောင်းချင်တယ်။ နည်းနည်းလေးပဲ ရေတပုံးလောက် ခေါင်းပေါ်ကနေ လောင်းမှာပါ။ :D အိုးမဲတော့ မသုတ်တော့ပါဘူး။ :P

Anonymous said...

ဟုတ်တယ်နော် ဂျစ်တူး … ငယ်ငယ်တုန်းက ရေကစားခဲ့ရတာ ပိုပြီး ပျော်စရာ ကောင်းသလိုပဲ။
ခုတော့ အသက်တွေကြီးလာပြီမို့ ရေလည်း မကစားဖြစ်တော့ပါဘူး။ ဥပုသ်ပဲစောင့်နေဖြစ်တာ နှစ်တိုင်းလိုလိုပါပဲ။

မဟုတ်ဘူး ကိုသံလွင်ရဲ့။ သေသေချာချာကြည့်အုံးရှင့်။ သူ့အဖေက နောက်ကရိုက်မလို့ ဆိုတာ ဓာတ်ပုံရိုက်မလို့ပါ။ လက်ထဲမှာ ကင်မရာကြီးနဲ့ လေ။ အဲဒီကလေး တအားသောင်းကျန်းတာကို မှတ်တမ်းတင်မလို့ ဆိုလားပဲ :D
ကျမက သင်္ကြန်တွင်း ၉ ပါးသီလယူမှာမို့ ရေလာလောင်းလို့တော့ မရဘူး။ ဒီတော့ ခေါင်းလာလျှော်ပေးပါလား။ ကျမက ဆံပင်တိုတော့ ခေါင်းလျှော်ရည် သိပ်မကုန်ပါဘူး။ အခါကြီးရက်ကြီးမှာ သက်ကြီး ၀ါကြီး ခေါင်းလျှော်ပေးရင် ကုသိုလ်ရတယ်နော်။ ဘယ့်နှယ့်လဲ။ ;)