Saturday, August 30, 2014

၈-နှစ်ပြည့် နဲ့ ဘလော့ဒေး အမှတ်တရ ...

.
“ကဗျာတွေ အရေးသားတွေ ဟိုအရင်ကလောက် မဟုတ်တော့ဘူး …” အစချီတဲ့ စကားကို ပြောလာသူကတော့ အများသိတော်မူတဲ့ တုံးဖလား သူကြီးမင်းပါပဲ။ သူပြောသမျှ အပြည့်အစုံကိုတော့ အောက်မှာ ရှုပါ။

အလွန်တထောင် အလုပ်များလှတဲ့ တုံးဖလား သူကြီးမင်းဟာ သူ့ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေထဲက ဖေ့စ်ဘွတ်မှာ ကျမနဲ့ ပြောဖို့ မနေ့က ၈ မိနစ်တိတိ အချိန်ပေးပါတယ်။ အဲဒီ ၈ မိနစ် ပြည့်လုပြည့်ခင်မှာ ပြောလိုက်တဲ့ ပွင့်လင်းမြင်သာလှစွာသော သူ့ရဲ့ မှတ်ချက်ကြောင့် ကျမ အောင့်သက်သက်နဲ့ မချိပြုံးလေးသာ တုံ့ပြန်နိုင်ပါတယ်။ သူပြောတာက မှားမှ မမှားဘဲကိုး။ တကယ်တော့ … ကျမ စာကို သေချာမရေးဖြစ်တာ ကြာပါပြီ။ စာတွေ ကဗျာတွေ ရေးချင်စိတ်က ရင်ထဲမှာ အမြဲရှိနေပေမယ့် လက်က ချမရေးဖြစ်ဘူး။ ခေါင်းအေးအေးနဲ့ တွေးရမယ့် အတွေးတွေ စိတ်ကူးတွေ ကျမဆီ ရောက်မလာခဲ့ဘူး။ အမြီးအမောက် မတည့်တာတွေ နေ့တိုင်းမြင်တွေ့ ကြုံကြိုက်နေပေမယ့်လို့ အရင်လို ချရေးဖို့ရာ လက်တွန့်နေမိပြန်တယ်။

အရင်လို … ဟုတ်တယ် … အရင်လို လို့ပဲ ပြောပါရစေတော့ … ။

အရင်တုန်းက … ဘလော့မှာ တနေ့တပုဒ် ပို့စ်တွေ မှန်မှန်တင်ခဲ့တဲ့ ဘလော့ရွှေခေတ်ကို ကျမ ပြန်သတိရနေမိတယ်။ မြင်သမျှရေး၊ တွေးသမျှတင်၊ အမြင်မတူရင် ငြင်းကြခုန်ကြ၊ အပြင်လူ တယောက်ယောက်က ကိုယ့်မိတ်ဆွေ ဘလော့ဂါတွေကို လာထိပါးရင် ဝိုင်းဝန်းလို့ ဖေးမ … နည်းပညာ အခက်အခဲတွေနဲ့ ကြုံရင် ကူညီကြ … အဲဒီလို ပျော်စရာကောင်းတဲ့ အချိန် ဆိုတာ ဘလော့လောကမှာ တကယ်ပဲ ရှိခဲ့ဖူးပါတယ်။ တယောက်နဲ့တယောက် မမြင်ဘူးဘဲ ခင်မင်တွယ်တာ ခဲ့ကြတယ်၊ ကူညီ ဖေးမခဲ့ကြတယ်၊ တနေ့တပုဒ် ရေးနေကျသူ တယောက် တရက်လောက် ပို့စ်မတင်ရင် နေမကောင်းလို့လား … ဘာဖြစ်တာလဲ … စိတ်ပူကြ မေးမြန်းကြတယ်။ ကြည်နူးစရာ အချိန်လေးတွေပေါ့။
***
ဘာလိုလိုနဲ့ ဘလော့ရေးခဲ့တာ ဒီနေ့ ဆိုရင် ၈-နှစ် တင်းတင်း ပြည့်ပါပြီ။ ၂၀၀၆ ခုနှစ် သြဂုတ် ၃၀ ရက်နေ့က စတင် မွေးဖွားခဲ့တဲ့ “တွေးမိတွေးရာ ရေးမိရေးရာ” ဘလော့လေး ၈-နှစ်ပြည့်တဲ့ အချိန်မှာတော့ အရာရာဟာ အရင်ကနဲ့ မတူတော့ပါဘူး။ အရင်လို တနေ့တပုဒ် ရေးဖို့ နေနေသာသာ တလတပုဒ်လဲ မရေးဖြစ်တော့ … လာလည်သူ ကျဲတောက်တောက် နဲ့ မွဲခြောက်ခြောက် ပို့စ်တွေအတွက် ကိုယ်တိုင်လဲ အားမရ။ အားမရသည့်တိုင်အောင် အားလဲ မထုတ်မိ။ အကြောင်းပြချက် အမျိုးမျိုးပြလို့ပေါ့ … ။ 

"ကွန်နက်ရှင် မကောင်းလို့" … အဲဒါကတော့ အများဆုံး ပြောဖြစ်တဲ့ အကြောင်းပြချက်ပါ။
"မအားလို့" … ဒါက ဒုတိယ အများဆုံး ..

စရေးခါစ အချိန်ကလဲ ကွန်နက်ရှင်က မကောင်းခဲ့ပါဘူး။ တခါတလေ ဘလော့ပေ့ခ်ျတွေ ဘန်းထားတာ ခံရလို့ ကျော်ရ ခွရ ပါသေးတယ်။ အဲဒီတုန်းက အလုပ်လဲ လုပ်နေတာပါပဲ။ ခုလောက်တော့ အလုပ်ထဲမှာ တာဝန်မကြီးဘူးပေါ့။ ဒါပေမဲ့ မလျှော့သော ဇွဲလုံ့လနဲ့ တနေ့တပုဒ် ဘာဖြစ်ဖြစ် ရေးပြီး တင်ခဲ့တယ်။ တွေးမိတွေးရာ ရေးမိရေးရာ ဆိုတဲ့အတိုင်း တွေးမိတိုင်း ရေး၊ ရေးမိတိုင်း တင်နဲ့ ကိုယ့်လက်ကို မထိမ်းချုပ်မိပါဘူး။

ဒါပေမဲ့ နောက်ပိုင်း ကိုယ့်ဘလော့ ဖတ်သူများလာတော့ (အဟဲ အဲလိုထင်တာပဲလေ) ကိုယ့်လက်ကို ထိမ်းချုပ်လာ မိတယ်။ အရေးအသား၊ စာလုံးပေါင်း၊ စာအကျ အပေါက်ကအစ ဂရုစိုက်ဖြစ်တယ်။ ကိုယ်တိုင် ဖတ်ချင် ပြန်လည် မျှဝေချင်တဲ့ ရှေးမြန်မာ စာပေတွေလဲ အလျဉ်းသင့်သလို တင်ခဲ့တယ်။

ဒီလိုနဲ့ တဖြည်းဖြည်း … ဖေ့စ်ဘွတ်ကြီး သုံးစွဲသူများလာတာနဲ့ အမျှ ဘလော့ရဲ့ အခန်းကဏ္ဍက မှေးမှိန်လာခဲ့ပါတယ်။ တချို့တွေက ဘလော့ကို ပိတ်လိုက်တယ်၊ တချို့တွေက ရပ်လိုက်တယ်၊ တချို့ကတော့ ရေးတလှည့် ရပ်တလှည့်။ ကျမကတော့ တတိယလူ ဆိုပါတော့ … ။

အရင်ကတော့ ပိတ်ထားတာတောင် မရမက ကျော်ခွပြီး ပို့စ်တွေ တင်ခဲ့တယ်၊ ကွန်နက်ရှင် နှေးနှေးမှာ ဓာတ်ပုံလေးတွေကို စိတ်ရှည်ရှည်နဲ့ တင်ခဲ့တယ်၊ အင်္ဂလန် ရောက်ခါစ ကွန်ပျူတာ မဝယ်နိုင်ခင်မှာ ကျောင်းလိုင်ဘရီက စက်အစုတ်လေးနဲ့ မြန်မာစာ မရမက ရိုက်ပြီး တင်ခဲ့တယ်၊ တခါ ခင်မင်ရာ ခင်မင်ကြောင်း အကူအညီတောင်းပြီး အသံဖိုင် ပို့လို့တမျိုး ဘားဂလစ်လို ရေးလို့တဖုံ သူတို့ဆီပို့ … သူတို့က မြန်မာလိုပြန်ပို့တာကို ဘာတခုမှ မမြင်ရဘဲ မှန်းပြီး ပို့စ်တွေ တင်ခဲ့တယ်။ (သူတို့ဆိုတာ ကိုစေးထူးနဲ့ ကိုရန်အောင်ပါ။ တကယ်ကို ကျေးဇူးတင်ပါတယ်။) အဲဒီတုန်းက အရမ်းချမ်းအေးတဲ့ အင်္ဂလန် ဆောင်းရာသီမှာ အပူပေးစက်ပိတ်ချိန် ကျော်သည်ထိ လူတယောက်မှ မရှိတော့တဲ့ လိုင်ဘရီထဲ ဇွဲနပဲနဲ့ ခြေဖျားလက်ဖျားတွေ ထုံကျင် တုန်ရင်စွာနဲ့ ပို့စ်တွေ တင်ခဲ့ဖူးတယ်။

အဲဒီလောက်ထိ ဘလော့ကို ချစ်ခဲ့ … စွဲလမ်းခဲ့ရတာပါ။
***
အခုတော့ … တွေးမိတိုင်း ချမရေးဖြစ်သလို ရေးမိတိုင်းလဲ ဘလော့မှာ မတင်ဖြစ်တော့ဘူး။ တင်မယ်စိတ်ကူးနဲ့ ရေးခဲ့ပေမယ့် တချို့စာလေးတွေကို draft ထဲမှာပဲ သိမ်းထားဖြစ်ခဲ့တယ်။

ပုံမှန် တင်နေမိတာကတော့ ခုနကပြောတဲ့ ဖေ့စ်ဘွတ်ကြီးမှာပေါ့။ ကဗျာအတိုအစ၊ စာအတိုအစတွေ အပါအဝင် ဆွမ်းခံသံဃာတော်တွေလဲ မနေရ၊ သီလရှင်လဲ မနေရ၊ သစ်ပင်တွေ ပန်းပွင့်တွေ၊ ကြောင်တွေ ခွေးတွေ၊ ချက်သမျှ စားသမျှ ဟင်းပွဲတွေလဲ မနေရ အကုန် ဓာတ်ပုံရိုက်ပြီး တင်နေမိတော့တာပဲ။ အရင်က ဘလော့မှာမှ တနေ့ တပုဒ်ပဲ တင်ဖြစ်တာ ဖေ့ဘွတ်ကျတော့ တနေ့ တပုဒ်မကတော့ဘူး။ ဒါပေမဲ့လဲ ခေတ်ကြီးကိုက အမြန်ခေတ် ဆိုတော့ အမြန်တွေး၊ အမြန်ရေး၊ အမြန်တင်၊ အမြန် like ...  နောက်ဆုံး အမြန်ပျောက် သွားကြတော့ တာပါပဲ။

ဆိုတော့ … အမြန်ရေး အမြန်တင်တဲ့ အတိုအစ စာတွေ ကဗျာတွေဟာ ကိုယ့်စိတ်တိုင်းကျ ဘယ်ဟုတ်ပါ့မလဲ။ ဒါကြောင့်လဲ ဖေ့စ်ဘွတ်မှာ တင်သမျှ ကဗျာတွေ စာတွေတိုင်း ဘလော့ဆီ မရောက်ခဲ့တာပါ။ ဘလော့မှာ တင်ဖို့ကျတော့ အချိန်ပေးပြီး တွေးရမယ် … ရေးရမယ်မဟုတ်လား။ အသက်ကြီးလာလို့လား မသိဘူး၊ အရင်လောက် စိတ်မရှည်တော့တဲ့ ကျမက ကွန်နက်ရှင်ကို အကြောင်းပြ၊ အလုပ်ကို အကြောင်းပြရင်း စာရေးဖို့ လက်တွေ တွန့်ဆုတ်နေသလို တဖြည်းဖြည်း ဘလော့နဲ့ ဝေးဝေးသွားခဲ့တယ်။ အကြောင်းအရာတခုရလို့ ချရေးဖြစ်ရင်တောင် စိတ်တိုင်းမကျတော့ဘူး။ အရင်လို လက်က ရှောရှောရှူရှူ မထွက်တော့ဘူး။ ဒီလိုနဲ့ ပို့စ်တွေ ဖြစ်မလာခဲ့ဘူး … ။

ကျမ စာမရေးနိုင်တော့ဘူးလား …. ။ တခါတခါတော့ ဝမ်းနည်းစိတ်နဲ့ တွေးမိတယ်။ ပြန်ရေးချင်လို့ ပို့စ်ဟောင်းတွေ ပြန်ဖတ်ပြီး မုဒ်သွင်းလဲ အချည်းနှီးပါပဲ။

ကျမ ဦးနှောက်ထဲမှာ ကျမ ကျောင်းသားတွေရယ် … သူတို့ကို သင်ဖို့ စာတွေရယ် … စာမေးပွဲ မေးခွန်းတွေရယ် … နေ့စဉ်နဲ့ အမျှ ဖြေရှင်းနေရတဲ့ ပြဿနာတွေရယ် … ဒါတွေနဲ့ ပိတ်ဖုံးပြီး အတွေးတွေ မရတော့ဘူး … အရေးတွေ မလှတော့ဘူး … ဘယ်လိုလုပ်ရမလဲ … ။

ဒါကြောင့် အစမှာ သူကြီးပြောခဲ့သလို အရင်ကလောက် မဟုတ်တော့ဘူးဆိုတာ ကျမ လက်ခံပါတယ်။ သူကြီးရဲ့ မှတ်ချက်က ကျမကို လှုပ်နှိုးလိုက်သလိုပဲ … ပြီးတော့ တီတင့်ရဲ့ tag ကလဲ ကျမကို စာရေးဖို့ တွန်းအားပေးခဲ့တယ်။ ဒီလိုနဲ့ ကျမ ဒီပို့စ်လေးကို ရေးဖြစ်သွားပါတယ်။ ဟိုရောက် ဒီရောက်နဲ့မို့ သည်းခံပြီး ဖတ်ကြပါ။ ပြီးတော့ … အရင်လို မတွေးနိုင် မရေးနိုင်တော့တဲ့ ကျမကို နားလည်စွာ ခွင့်လွှတ်ပေးကြပါတော့ … ။
***
မေတ္တာဖြင့်
မေဓာဝီ
၃၀၊ သြဂုတ်၊ ၂၀၁၄
၂၃း၅၁ နာရီ (မြန်မာစံတော်ချိန်)

11 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ဆင်ဆာလေးတောင် မဖြတ်ဘဲ ကွက်တိကြီးတောင် လုပ်လိုက်တာပါလား။း)

တွေမိတွေရာ ငေးမိငေးရာ မဖြစ်စေနဲ့။ အားတင်းပြီး ပြန်ချီတက်ပါ။
အသက်ကြီးတာနဲ့ ဘလော့ချစ်စိတ်ပြေတာ မဆိုင်ပါဘူး။ ရိုးအီလွန်းသွားရင်တော့ တမျိုးပေါ့။

တစ်လတစ်ပုဒ်တင် ဒါဘဲ (ရုပ်ရှင်ထဲက သူကြီးလေသံဖြင့်)း)။

natthi said...

"တချိန်က သူဟာ ..
စီးဆင်းရင်း ရှင်သန်ခဲ့တယ်ဆိုတာ ..
ဟုတ်မှ ဟုတ်ရဲ့လားလို့ တွေဝေငေးမော ..
အတိတ်ကို လွမ်းမောလို့နေပါသတဲ့..." (အခါလည် အတွေး)

ခုတော့လဲ 3108ရောက်တိုင်း လွမ်းပြနေရဦးမှာပဲဗျာ...

ဇွန်မိုးစက် said...

ပျော်ရွှင်သော ဘလော့ဂ်ဒေးပါ မမေ...။း) တစ်ပုဒ်ရရ နှစ်ပုဒ်ရရ အားတဲ့အခါ ဆက်ရေးပါနော်။ ပို့စ်တိုင်းမှာ ခြေရာမချန်ဖြစ်ပေမယ့် ဇွန်ဝင်ကြည့်တဲ့အချိန်နဲ့ ကြုံကြိုက်လို့ အစ်မရဲ့စာသစ်တွေ့ရင် အမြဲလာဖတ်ပါတယ်။

Happy Belated Birthday, and Happy 8th Anniversary! :)

Ma Tint said...

ဒီကနေ့ မနက် ၄နာရီနိုးပြီး ဘုရားခန်းမ၀င်ခင် ဘလော့တွေလည်ဖတ်ရင်း မမေဆီကိုရောက်ခဲ့တယ်။ မမေပြောသလို "အပြင်လူ တယောက်ယောက်က ကိုယ့်မိတ်ဆွေ ဘလော့ဂါတွေကို လာထိပါးရင် ဝိုင်းဝန်းလို့ ဖေးမ" အဲ့ဒီစကားလေး သိတ်မှန်တယ်။ အဲ့ဒါလေးနဲ့ ပတ်သက်ပြီး ကွန်ယက်ကြီးမှာ တင်လိုက်အုံးမယ် ... :D

အိမ့်ချမ်းမြေ့ said...

အခြေအနေ အချိန်ခါတွေ ပြောင်းလဲ...
အားလုံးလည်း ပြောင်းလဲ...
စာရေးချင်တဲ့ စိတ်ကလေးတော့..
မပြောင်းလဲပဲ..
ဆက်ရေးနိုင်ပါစေလို့ပဲ...
မမေရဲ့ စာတွေကို လွမ်းသူ...

မောင်မျိုး said...

၈ နှစ်ကြီးများတောင်နော် ဘလော့ဂါ သားလေး သမီးလေးဆိုရင် ခုလောက်ဆို ကျောင်းတောင် ၃ တန်းလောက်ရောက်ပြီ ဟဟားးး

အချိန်တွေကုန်မြန်ပါ့နော် အစ်မရေ

မိုးငွေ့........ said...

ံHappy Blog Day ပါ မမမေ..း)

မိုးညချမ်း said...

Happy Blog Day လေးပါ ... တစ်ခါမှ အိမ်လည်မရောက်ဖူးပေမယ့် Junior blogger တစ်ယောက်အနေနဲ့ ပထမဦးဆုံး tag post လေးဖတ်ရင်း ရောက်ရှိခဲ့ပါတယ် မမရေ ... :)

ကိုကိုမောင်(ပန်းရနံ့) said...

အရူးထပြီး စိန်ခေါ်ထားပါကြောင်း။ အာ့ လာပြောတာ။း)

ညီလင်းသစ် said...

ဟောဒီပို့စ်လေး ဖတ်နေချိန်မှာ တချိန်က အင်မတန် ရေးအားကောင်းခဲ့တဲ့ မမေရဲ့ လက်ကို သတိရနေ မိတယ်၊ Blog roll ကိုကြည့်ရင် ထိပ်ဆုံးပိုင်းမှာ အမြဲ ရှိနေတတ်တဲ့ မမေရဲ့ ပို့စ်တွေဟာ မလွတ်တမ်း စောင့်ဖတ်စရာ ဖြစ်ခဲ့တာပါ…၊ မုဒ် နည်းနည်းလောက် ရရင်ကိုပဲ ချရးပြီး၊ တင်ဖြစ်အောင် တင်လိုက်ပါ မမေရေ…၊ ရေးလက် ဆိုတာမျိုးကတော့ နည်းနည်းလောက် ရေးမိတာနဲ့ သူ့အလိုလို လိုက်လာမှာ ပါပဲ မဟုတ်လား..။

မဒမ်ကိုး said...

ဘလော့ကြီးပြန်စည်ကားအောင်ဘာလုပ်ကြမလဲ