Thursday, August 30, 2012

တွေးမိတွေးရာ ၆ နှစ်တာ ...

၂၀၀၆ ခုနှစ် သြဂုတ်လ ၃၀ ရက်မှာ စတင်ခဲ့တဲ့ ကျမရဲ့ ဘလော့လေးဟာ ဒီကနေ့ဆိုရင် ခြောက်နှစ်တိတိ ပြည့်ခဲ့ပါပြီ။ ကျန်ခဲ့တဲ့ နှစ်ပတ်လည်နေ့တွေကို ပြန်ကြည့်တော့ …. တနှစ်ပြည့်တဲ့နေ့ ၂၀၀၇ သြဂုတ် ၃၀ မှာပဲ မြန်မာပြည်မှာ ရှိနေခဲ့ပြီး ၂ နှစ်ပြည့်ကစလို့ ၅ နှစ်ပြည့်တဲ့ နေ့ထိ ကျမပြည်ပမှာ ရောက်ရှိနေခဲ့တယ်။ ဒါပေမဲ့ ဒီနှစ် ခြောက်နှစ်ပြည့်တဲ့နေ့မှာတော့ မြန်မာပြည်မှာ ရှိနေခွင့်ရတာမို့ ကိုယ့်ဘာသာ ကျေနပ်နေမိတယ်။

ဒီထက်ပိုပြီး ကျေနပ်စရာကောင်းတာက … မြန်မာပြည် ရောက်တုန်းရောက်ခိုက် ကိုယ်ချစ်ခင် လေးစားတဲ့ ဘလော့ရေးဖော် ရေးဘက်တချို့နဲ့ ဆုံဆည်းခွင့်ရတာကိုပါပဲ။ ဟိုအရင် ဘလော့ရေးခါစက ဘလော့စာအုပ်ထုတ်ဖို့အတွက် ဘလော့ဂါတချို့နဲ့ ဆုံခဲ့ဖူးတယ်။ ၂၀၀၇ အောက်တိုဘာမှာ ဘိလပ်ကို ရောက်သွားပြီးနောက်ပိုင်း ဘယ်ဘလော့ဂါနဲ့မှ မဆုံဖြစ်တော့ဘဲ ၂၀၁၀ လောက်မှ တုံးဖလား သူကြီးနဲ့ ကိုမင်းထက် (အလင်းတန်း) တို့ကို တွေ့ဖူးခဲ့တယ်။ တဦးနဲ့တဦး အင်တာနက် စာမျက်နှာထက်မှာ ကျွမ်းဝင်ခဲ့သူတွေ အပြင်မှာတွေ့ရတော့လဲ မိတ်ဆွေဟောင်းတွေလိုပဲ ရင်းနှီးခင်မင်ကြတယ်။

ဒီလိုနဲ့ မြန်မာပြည် ပြန်ရောက်တော့ ကျမထက် အရင် ပြန်သွားတဲ့ ကိုညီလင်းသစ်၊ ဦးဟယ်ရီလွင်၊ ဘုန်းဘုန်းတောက်ပကြယ်စင်တို့နဲ့ ဖုန်းအဆက်အသွယ်ရခဲ့တယ်။ ကျမရေးတဲ့ ပို့စ်တိုင်းလိုလို သေချာဖတ်ပြီး မှတ်ချက်လှလှလေးတွေ ရေးပေးတတ်တဲ့ ကိုညီလင်းကို တွေ့ဖူးချင်တယ်၊ ပြီးတော့ … သူ့စာထဲက ဇာတ်လိုက်တွေဖြစ်တဲ့ မအိမ်သူလို့ အမြဲသုံးလေ့ရှိတဲ့ ဇနီးချောရယ် ချစ်ဖို့ကောင်းတဲ့ သားသားလေးတို့ကိုလဲ တွေ့ဖူးချင်တယ်။ ဒါပေမဲ့ ကိုညီလင်းအားတဲ့ရက်က ကျမ အမကြီး ဆေးသွင်းရမယ့် နေ့နဲ့ တိုက်ဆိုင်နေတာမို့ မဆုံဖြစ်ခဲ့ကြဘူး။

မြန်မာကဗျာကို ချစ်မြတ်နိုးပြီး ကျမကဗျာတွေမှားရင် ထောက်ပြပေး ပြင်ပေးတတ်တဲ့ ခရမ်းပြာကြယ်စင် မင်းသားကြီး ဦးဟယ်ရီကတော့ လာမယ်ပြောပြီး တော်တော်နဲ့ ရောက်မလာဘဲ ညနေအတော်စောင်းမှ ကမန်းကတန်း ၀င်လာလို့ လမ်းမထက်မှာပဲ ခဏစကားပြောဖြစ်ကြတယ်။ ဖြစ်ချင်တော့ ဦးဟယ်ရီ လာတဲ့အချိန် အိမ်ရှေ့လမ်းမထက်မှာ မီးသတ်ကားတွေ ဥသြဆွဲပြီး ဖြတ်သွားကြတာ ဆူညံနေလို့ စကားတောင် မနည်းပြောကြရတယ်။ ကိုယ့်ဆီ တကူးတက လာတွေ့တဲ့ ဦးဟယ်ရီကို မိုးတိုးမတ်တပ် ဧည့်ခံရတာ အားနာစရာ … ။

ရိုးသား ပွင့်လင်း ဖော်ရွေသဘောကောင်းတဲ့ ဘုန်းဘုန်းတောက်ကတော့ ကျမ မြန်မာပြည် ပြန်မရောက်ခင်ကတည်းက ကျမအိမ်ကို ရောက်ဖူးပြီးသားပါ။ ဘုန်းတောက်အတွက် ကျမထိုးထားတဲ့ သိုးမွှေး ဦးထုပ်လေးကို လူကြုံနဲ့ ပို့တုန်းက လာယူရင်း အိမ်ကို ရောက်ဖူးတယ်။ အခု ကျမရောက်နေတာ သိတော့ ဖုန်းဆက်ပြီး အိမ်ကိုလာမယ့် အချိန်ကို ပြောပါတယ်။ ဘုန်းကြီးဆိုတော့ အချိန်တိကျတဲ့အပြင် ပြောထားချိန်ထက်တောင် စောပြီး ကြွချီတော်မူလာတယ်။ လက်ထဲမှာလဲ ကျွတ်ကျွတ်အိတ် အကြီးစားနဲ့ ထည့်ထားတဲ့ လက်ဘက်ခြောက်ထုတ်ကြီးဆွဲလို့၊ မေဓာ့အတွက် တဲ့ … ။ ကျမ တယောက်ထဲသောက်ရင် တနှစ်လောက် သောက်ယူရမလား မသိဘူး။ ကျမက ရေနွေးကြမ်း ကြိုက်တာမို့ ဘုန်းတောက်ကို ကျေးဇူးတွေ တင်မိတယ်။ လက်ဘက်ခြောက်လေးက လတ်လတ်ဆတ်ဆတ်နဲ့ မွှေးနေတာပဲ။ ကျေးဇူးပါ ဘုန်းတောက် … ။

တခါတော့ ရွှေမန်းက အမရွှေစင်ရဲ့ ညီမတော် အရီးလေးစစ နဲ့ ဂျီတော့ခ်ကြရင်း အရီးလေးက အန်တီတင့် မန်းကို ရောက်နေကြောင်း ပြောတယ်။ ဘာသာရေးကိုင်းရှိုင်းပြီး သွားခဲ့တဲ့ ခရီးစဉ်တွေ ဘုရားသမိုင်းတွေ မှတ်တမ်းတင်လေ့ရှိတဲ့ ခင်မင်လေးစားစရာ ကောင်းတဲ့ တီတင့်ကို နှုတ်ဆက်ချင်တာမို့ တီတင့် ဖုန်းနံပါတ် အရီးလေးဆီက တောင်းပြီး တရက်မှာ ဖုန်းဆက်စကားပြော ဖြစ်ကြတယ်။ မကြာခင် ရက်ပိုင်းအတွင်း တီတင့်က မုန့်ပုံးရယ် အိုဗာတင်းတဗူးရယ်နဲ့ အိမ်ကို ရောက်လာခဲ့ပါတယ်။ အားနာဖို့ ကောင်းလိုက်တာ … လာသမျှ ဧည့်သည်တွေကို ကျမ ဧည့်ဝတ်မကျေနိုင်ဘူး။ တီတင့်က ဇူလိုင် (၁၉) ရက်နေ့ သူ့အိမ်မှာ ဘလော့ဂါတွေ ဆုံကြမယ်တဲ့ … ကျမကို ဖိတ်တယ်။ အမရွှေစင်နဲ့ အရီးလေးလဲ ပါမယ်ဆိုလို့ ကျမက သိပ်သွားချင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနေ့က ကျမအိမ်မှာလဲ ဘုန်းကြီးဆွမ်းကျွေးတာနဲ့ တိုက်ဆိုင်သွားလို့ တီတင့်အိမ်ကို သွားချင်ပါလျက် မသွားခဲ့ရဘူး။ ဆောရီးပါ တီတင့် … ။

အဲဒီနေ့က ဘလော့ဂါအတော်များများ တီတင့်အိမ်မှာ ဆုံကြသတဲ့။ ကမ္ဘောဒီယားက ခဏလာလည်တဲ့ ( ၀ါခေါင်မိုး ဘလော့ ) ရေးသူ မအိမ်သူလဲ လာတယ်ပြောတယ်။ နောက်ရက်မှာ မအိမ်သူ လက်ဆောင်ပေးတဲ့ ကီးချိန်းလေးကို တီတင့် ယာဉ်မောင်းကြီးနဲ့ ပို့ခိုင်းလိုက်လို့ ပိုအားနာရသေးတယ်။ ကျေးဇူးပါ တီတင့် ... ။ ကျေးဇူးအထူးတင်ပါတယ် မအိမ်သူ ... ကျေးဇူးစကား ခုမှ ပြောဖြစ်တာလဲ ခွင့်လွှတ်ကြပါ။

များမကြာမီပဲ အမရွှေစင်က အရီးလေးစစကို ခေါ်မလာဘဲ ချစ်ချစ်ကြီးနဲ့အတူ ရန်ကုန်ကို နောက်တခေါက် ထပ်ရောက်လာပါတယ်။ ဒီတခါတော့ တွေ့ဖြစ်ကြပြီပေါ့ … ထုံးစံအတိုင်းပဲ အမရွှေစင်က ကျမဆီလာခဲ့ရတာပါ … ။ ချစ်ချစ်ကြီးကို လက်ဘက်ရည်ဆိုင်မှာ ထားခဲ့ပြီး ကျမအိမ်ကို တယောက်ထဲ ရောက်လာတဲ့ အမရွှေစင်နဲ့ ကျမ စကားလက်ဆုံ ပြောမကုန်ပေါ့ … ။ မပြန်ခင် တရက် (ကျမ မွေးနေ့မှာ) လဲ အမရွှေစင် ထပ်ရောက်လာပါသေးတယ်။ လက်ထဲမှာလဲ မုန့်ထုပ်တွေနဲ့။ အားနာနာနဲ့ ယူထားလိုက်ရသေးတယ်။ :) အဲဒီနေ့က ညစာအတူစားဖို့ အမရွှေစင်တို့ ဇနီးမောင်နှံကို ဖိတ်ခဲ့ပေမဲ့ မအားလို့ မလာဖြစ်ကြဘူး။ စိတ်မကောင်းပါဘူး အမရွှေစင် … ။
***

ဒီလိုနဲ့ မအားလပ်တဲ့ကြားထဲက ဘလော့ရေးဖော်တွေနဲ့ အသံချင်းဆုံရ လူချင်းဆုံရတာ ကျေနပ်နေရင်း တညခင်းမှာ ထူးဆန်းတဲ့ ဖုန်းတကောလ် ၀င်လာပါတယ်။ “မေဓာနဲ့ ပြောချင်လို့ပါ” ကြည်သာချိုမြတဲ့ အမျိုးသမီး တဦးရဲ့ အသံကို ကြားလိုက်ရတယ်။ “ဟုတ်ကဲ့ ပြောနေပါတယ် … ခုပြောတာ ဘယ်သူပါလဲ” ဆိုတော့ … “အမကလေ ဘယ်သူ့ကိုမှ တခါမှ အခုလို မိတ်မဆက်ဖူးပါဘူး၊ မေဓာ့ဘလော့က စာတွေကိုဖတ်ပြီး … xx xx xx xx xx” အစချီပြီး ကျမကို မိတ်ဆက်လာပါတယ်။

သူကလဲ ဘိလပ်ကနေ မြန်မာပြည်ကို ခဏပြန်လာသူ တဦးပါပဲ။ ကျမစာတွေကို နှစ်သက်လို့ ဖုန်းနံပါတ် စုံစမ်းပြီး လှမ်းဆက်လာသူပါ။ ကျမမှာ တခါမှ အဲဒီလို ဖုန်းဆက်ပြီး မိတ်ဆက်တာ မခံဖူးတဲ့အတွက် တအံ့တသြဖြစ်ရင်း တဦးတည်းသော ပိတ်သတ်ကြီးက မိတ်ဆက်လာတာမို့ ပီတိတွေဖြာလို့ပေါ့။ ဒီလိုနဲ့ စကားတွေပြောရင်း ခင်မင်သွားကြတဲ့နောက် စကားပြောချိုသာပြီး ဆွဲဆောင်မှုရှိတဲ့ အသံပိုင်ရှင် မမနဲ့ တွေ့ဖြစ်ခဲ့ကြတယ်။

ဒီလိုနဲ့ ကျမမွေးနေ့ မတိုင်ခင် ညနေခင်းမှာ အဲဒီမမက ချာတိတ်တယောက်လွှတ်ပြီး ကျမအတွက် မွေးနေ့ လက်ဆောင် ပစ္စည်းပို့ခိုင်းလိုက်ပါတယ်။ ချာတိတ်နာမည်က ဒီးဒီးတဲ့ … ။ ညဘက် အဲဒီမမဆီဖုန်းဆက်ပြီး ကျေးဇူးတင်စကားပြောတော့ မမက ပြောပြတယ် … ။ အဲဒီချာတိတ်ကို မေဓာ့နာမည်ရယ် အိမ်လိပ်စာရယ် ပြောပြပြီး လွှတ်တော့ မေဓာဝီလား … သူသိတယ် … လို့ပြောသတဲ့။ ကဗျာတွေဘာတွေ ရေးတယ်၊ အင်တာနက်မှာ ဖတ်ဖူးတယ်လို့ ဆိုပဲလို့ မမက တအံ့တသြ ပြောပြတယ်။ မေဓာဝီတော့ နောက်ထပ် ပိတ်သတ်ကြီး တယောက်တိုးပြန်တာပေါ့ … ။ :)

လွန်ခဲ့တဲ့ တပတ် နံနက်တခင်း ကျမစာသင်နေတုန်း ကျမနာမည်မေးပြီး ဧည့်သည်အမျိုးသမီးကြီး တယောက် ရောက်လာလို့ ၀န်ထမ်းတွေက လာခေါ်တယ်။ ကျမတံခါးဖွင့်ပေးတော့ ရုံးခန်းထဲကို ၀င်လာပြီး “ကွန်ဂရက်ကျူလေးရှင်း မေဓာဝီ” … လို့ ဆိုင်းမဆင့် ဗုံမဆင့် ပြောပါလေရော … ။ ကျမကလဲ “ကျေးဇူးတင်ပါတယ် အမရယ် … ဒါနဲ့ အမက ဘယ်သူလဲဟင်” လို့ မေးလိုက်ရတာပေါ့။ “ဟင်းဟင်း အံ့သြသွားတယ် မဟုတ်လား … အမက …. … … ရဲ့ အမပါ …” ဒီတော့မှ သြော် … လို့ အာမေဋိတ် ခပ်လေးလေး ရေရွတ်ပြီး နေရာထိုင်ခင်းပေးရင်း စကားပြောကြဖြစ်တယ်။ အဲဒီအမကြီးက ကျမအမသူငယ်ချင်းရဲ့ အမကြီးပါ၊ တိုက်တိုက်ဆိုင်ဆိုင် ကျမဘလော့ဖတ်သူ တဦး ဖြစ်နေပြန်ပါတယ်။
***
တခြားသူတွေတော့ မသိပါဘူး။ ကျမကတော့ … ဘလော့ရေးသူ တယောက်အနေနဲ့ ကိုယ့်ဘလော့ကို ဖတ်သူ တဦးတိုးတာကို သိတိုင်း ကိုယ့်မှာ တာဝန်တွေ ပိုရှိလာသလို ခံစားရတယ်။ ကိုယ်က ပရိုဖက်ရှင်နယ် စာရေးသူတယောက် မဟုတ်ပေမဲ့ သူတို့ထက် မလျော့တဲ့ အားထုတ်မှုတွေနဲ့ ကိုယ့်စာတွေကို ဖန်တီးရေးသားခဲ့ပါတယ်။ တခါတလေ ဖြစ်ကတတ်ဆန်း ရေးသလို ဖြစ်သွားခဲ့ရင် စာဖတ်သူတွေအပေါ် တာဝန်မကျေမှာ စိုးနေမိသေးတယ်။ ပြီးတော့ အရွဲ့တိုက်တတ် ကလိတတ် ရိတတ်တဲ့ ကျမရဲ့ ဉာဉ်ဆိုးကြောင့် မိတ်ဆွေတွေကနေ ရန်သူတွေ ဖြစ်သွားခဲ့ရတာတွေလဲ ရှိခဲ့ဖူးတယ်။ ရန်သူဖြစ်ပြီးမှ အလံဖြူပြပြီး မိတ်ဆွေ ပြန်ဖြစ်သွားသူလဲပဲ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ရေးခဲ့သမျှ ပို့စ်တိုင်းအတွက် ကျမ ကိုယ်တိုင် တာဝန်ယူပြီး၊ ရေးမိတဲ့အတွက် နောင်တရခဲ့တဲ့ ပို့စ်မျိုး တခုတလေမှတော့ မရှိခဲ့ပါဘူး။

အမှန်တွေ ရေးနေသရွေ့ ဘယ်သူ့ကိုမှလဲ ဂရုမစိုက်ဘူးလို့ ကြွေးကြော်ခဲ့ဖူးတဲ့ ကျမဟာ ခုတော့ ကိုယ်ရေးတဲ့ အမှန်တရားဟာ သူတဖက်သားအတွက် ထိခိုက်ရင် … ဆိုတာမျိုး တွေးနေမိပြီ။ အရင်က တနေ့တပုဒ် မှန်မှန်ရေးခဲ့ တင်ခဲ့ပေမဲ့ အခုတော့ တလတပုဒ် အနိုင်နိုင် တင်နေခဲ့ရပြီ။ အရင်လို အတွေးမသွက်သလို အရေးလဲ မသွက်တော့ဘူး … ။ စောင့်စည်းမှု ထိမ်းချုပ်မှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားရင်း ထုံ့ပိုင်းထုံ့ပိုင်း စီးဆင်းနေတဲ့ မြစ်တစင်းဟာ နောက်ဆုံးအချိန် မရောက်မချင်း စီးဆင်းနေပါအုံးမယ် … ။ … ။
***
စာရေးသူ စာဖတ်သူအားလုံးကို လေးစားချစ်ခင်လျက် …

မေဓာဝီ
၃၀၊ သြဂုတ်၊ ၂၀၁၂
၂၃း၃၀ နာရီ

နှစ်ပတ်လည်ပို့စ်များ

16 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ဟန်ကျလိုက်တာ။ လာတွေ့တဲ့သူတိုင်း လက်ဆောင်တွေနဲ့ ဆိုတော့လေ။း))
မီဒီယာပွင့်လင်းလာမှ ဘယ်လို ဖြစ်ပြန်ရတာတုန်း။ စားမရေးချင်တာ မရေးချင်ဘူး ပြောတာ မဟုတ်ဘူး။
ကြောက်ကြောက်လန့်လန့် ရေးခဲ့ရတုန်းအချိန်ကတော့ ဟောတစ်ပုဒ် ဟောတစ်ပုဒ်နဲ့။

မည်သို့ပင်ဆိုစေကာမူ
မူလတန်းအရွယ် ဘလော့လေး အလယ်တန်းအထက်တန်း ယူနီ ပို့ယူနီအထိ သက်တမ်းရှည်ရှည် ကောင်းကောင်းမွန်မွန် စီးဆင်းနိုင်ပါစေကြောင်း
သူကြီးမင်း ဆုတောင်းပေးလိုက်ပါတယ်။

.

တောက်ပကြယ်စင် said...

အဟမ်း အဟမ်း ကြီးမေကတော့ လုပ်ပြီ..."ရိုးသား၊ ပွင့်လင်း၊ သဘောကောင်းတယ်"တဲ့။ နောက် လမ်းကြုံရင် လက်ဘက်ခြောက်တွေ ပေးဦးမှာ...ဟိ။

ထုံ့ပိုင်းထုံ့ပိုင်း စီးဆင်းနေတဲ့ မြစ်တစ်စင်းဟာ ဆက်လက်စီးဆင်းပါစေလို့...

Nyi Linn Thit said...

စာတွေကို ရင်းနှီးပြီး အဲဒီစာတွေ ဖန်တီးသူ ဘလော့ဂါတွေနဲ့ လူချင်းပါ ဆုံတွေ့ခွင့်ရတာ ဝမ်းမြောက်၊ ပျော်ရွှင်စရာ ကောင်းမယ်လို့ တွေးကြည့်မိတယ်၊ မြန်မာပြည် ရောက်ခိုက်မှာ ရင်းနှီးတဲ့ သူတွေနဲ့ အခုလို ဆုံခဲ့ရတာ မမေ ကံကောင်းတာပေါ့၊ ပြီးတော့ တကူးတကန့် လာတွေ့သူတွေထဲမှာ မသိမကျွမ်းဖူးတဲ့ ပရိတ်သတ်တောင် ပါသေးဆိုတော့ အတိုင်းထက်အလွန်ပေါ့..ကဲ၊း)ကျနော်အတွက်တော့ ဇော်ဂျီဖောင့်သက်သက်နဲ့ပဲ ရင်းနှီးထားရတဲ့ မမေကို အသံနဲ့ ရင်းနှီးခွင့် ရလိုက်တာလည်း ကျေနပ်စရာပါပဲ၊း)

မြစ်ဆိုတာ ရာသီပေါ် မူတည်လို့ တဝေါဝေါ အရှိန် အဟုန်နဲ့ စီးတာ ရှိသလို ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ စီးတဲ့အခါလည်း စီးတာပါပဲ၊ တခါတလေ ရပ်တန့်နေတယ် ထင်ရရင်တောင်မှ မြစ်ကြမ်းပြင်မှာ ရေအောက်စီးကြောင်းတွေ ရှိနေတတ် သေးတယ် မဟုတ်လား၊ မမေလည်း ကိုယ့်ပြည်ကိုယ့်ရွာမှာ မအားလပ်တဲ့ အလုပ်တွေနဲ့မို့ တစ်နေ့တစ်ပုဒ် မတင်နိုင်ပေမယ့် ဟိုးရင်ဘတ် ကြမ်းပြင်မှာတော့ စီးကြောင်းတွေ ရှိနေမယ်ဆိုတာ သေချာပါတယ်၊ အခုကိုပဲ ၆ နှစ်ရှိခဲ့ပြီလေ..၊ အဲဒီလို မြစ်တစ်စင်းဟာ ဘယ်တော့မှ မကောဘဲ ပင်လယ်ဆီ အရောက်စီးဆင်း နိုင်တယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်..။

Anonymous said...

ွှမ အချိန်တွေကုန်မြန်လိုက်တာနော်.....
ဒါဆို အမနဲ့ကျနော်တို့သိတာတောင် ၄နှစ်ကျော်လာပီပေါ့..။

အမရေ....
အမဆီလာတွေ့တဲ့သူတိုင်းလက်ဆောင်တွေပါတယ်ဆိုတော့....နောက်လူတွေ အမဆီလာတွေ့၇င် လက်ဆောင်ပါမှ လက်ခံမယ်ပေါ့...ဟုတ်လား....(နောက်တာ)

အမစာတွေ အများကြီး အများကြီးဆက်ရေးနိုင်ပါစေ...

ခင်တဲ့

ီမ

စုချစ် said...

မမေရေ... ကော်မန့် အရှည်ကြီး ကြိုးစားပမ်းစားရေးပြီးမှ ပျက်သွားလို့... အသစ်ထပ်ရေးရတယ်...

ကိုယ်ဆို ရေးတဲ့စာတွေဖတ်ပြီး ကြိတ်ချစ်နေရတဲ့ ဘလော့ကာတွေ ရှိတယ်... ဒါပေမယ့် သူတို့နဲ့ ခင်မင်ခွင့်ရအောင် လုပ်တတ်တဲ့နေရာမှာတော့ တအား ညံ့တယ်.... တစ်နှစ်က ပုဂံမှာ ကိုယ်ချစ်တဲ့ ဘလော့ကာတစ်ယောက်တွေ့တော့ စိတ်ထဲကပဲ ကြိတ်ပြီး တွေ့ရတာ ၀မ်းသာလိုက်တာလို့ လုပ်လိုက်မိတယ်...

ကံကောင်းချင်တော့ တို့တွေရဲ့ ဘလော့ခေါင်းစဉ် တပြိုင်တည်းမှာ ကြံကြံဖန်ဖန် လာတူနေတဲ့အတွက် မမေနဲ့ စပြီး စကားပြောဖြစ်ပြီး ခင်မင်လာကြတယ်။ ခင်မင်ခွင့်ရတော့လည်း ၀မ်းသာတာ အရမ်းပဲ... ဘာလို့ဆို ကိုယ်က မမေစာတွေ ဖတ်ပြီး မမေကို ကြိတ်ချစ်နေတာ ကြာပြီကိုး...း)

မမေရဲ့ ဘလော့မြစ်ကလေး ဆူးခလုတ် ကန်သင်းတွေ ကို အောင်မြင်စွာ ကျော်ဖြတ်လို့ အရှိန်အဟုန် မှန်မှန် စီးဆင်းနိုင်ပါစေသော်...
း)

mstint said...

တွေးမိတွေးရာရဲ့ ခြောက်နှစ်တာလေးဖတ်ပြီး ကြည်နူးနေမိတယ် မမေရေ။ ဘလော့ဂါတွေ အပြင်မှာတွေ့တိုင်း လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မိတ်ဆွေဟောင်းတွေပြန်တွေ့သလိုပဲနော်။ အပေါ်က ကွန်မန့်တွေကလည်းဖတ်လို့ကောင်းတယ်။ ဘလော့ဂါသက်တမ်း ခြောက်နှစ်မှ နှစ်ပေါင်းများစွာ သုတ ရသစာပေများကို ကိုယ်စိတ်နှစ်ပါး အေးချမ်းစွာနဲ့ ဆက်လက်ရေးသား ဖြန့်ဝေနိုင်ပါစေကွယ် (အချိန်မပေးနိုင်လည်း ရတဲ့အချိန်လေးရေးပါနော်)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေလို့-

မေတ္တာဖြင့်
အန်တီတင့်

seesein said...

ခြောက်နှစ်ကြီးများတောင်ရှိသွားပြီ......ကြီးမေရေ ..
ရေးချင်တာရေး လွတ်လွတ်လပ်လပ်ရေးပါ....စီးဆင်းမှု ရှိနေတာကိုက ကျေနပ်စရာပါ....နောက်ဆုံးချိန်မရောက်မချင်း စီးဆင်းနေအုံးမယ်ဆိုလို့လဲ ကျေနပ်ပါတယ်...


ခင်မင်တဲ့
seesein

ချော (အစိမ်းရောင်လင်ပြင်) said...

မမေရေ..
စာလေးတွေ လှလှပပရေးတတ်တဲ့
မြန်မာစာကို နိုင်နိုင်နင်းနင်း ရေးတတ်တဲ့
မမေကို အားကျခဲ့ရတာ...
ဘလော့ဂ့်သက်တမ်း ၆နှစ်ပြည့်ထိ စာတွေ ရေးနိုင်တဲ့ မမေကို ချီးကျူးမိပါတယ်။
ဆက်လက်ပြီးလည်း ရတဲ့အချိန်လေးမှာ စာတွေ ရေးပါဦးလို့..
မမေရဲ့စာလေးတွေ အမြဲတမ်းဖတ်ချင်ပါတယ်။

မောင်မျိုး said...

ကျနော်ကတော့ ဟိုးအရင် ၅ နှစ်လောက်က ဘလော့ဂါပေါက်စလေးတုန်းက အစ်မနာမည်ကိုကြားဖူးသား ကော့မန့်တွေမရေးဖြစ်တော့ လူချင်း မရင်းနှီးခဲ့ဘူး ။

သတင်းစာ ခေါင်းကြီးပိုင်းလေးဖြတ်ပြီး တင်တဲ့ ပို့စ် 2007 တုန်းက အဲ့ကစ သတိထားမိတယ် စာရေးဖက် သူငယ်ချင်းတစ်ယောက်နဲ့တောင် ပြောဖြစ်ကြသေး အဲ့ အစ်မက တော်တော် ထက်မြက်မယ့် ပုံပဲ သူ့စာထဲမှာ မြင်နေရတယ်လို့ ။

ဟိုးအရင်က ဘလော့ဘန်နာက ဆံပင်တိုတိုနဲ့ အစ်မတစ်ယောက်ကို ကျနော်ကတော့ ပုံဖော်ရင် ဆုံဖူးချင်သေးရဲ့ ဘလော့ဂါတွေ တော်တော်များများနဲ့ ကျနော်လည်းဆုံဖူးတယ် အံ့သြစရာကောင်းလောက်အောင် ခင်မင်ကြတာတွေ့ရတယ် တကယ့် ငယ်ပေါင်းကြီးတွေလိုပေါ့ ။


ကျနော်လည်း ကိုညီ တို့မိသားစုလေးကို မြင်ဖူးချင်တယ်ဗျ ။

ပုံ/
မောင်းမျိုး)

မြသွေးနီ said...

မမေရေ..
မြသွေးနဲ့တော့ ဖုန်းနဲ့သာ စကားပြောဖြစ်ခဲ့ကြတယ်နော်။
တွေ့ချင်ပါသေးတယ်ရှင်..။
မမေစာတွေကိုလည်း အွန်လိုင်းမှာ စာမရေးခင်ထဲက ဖတ်ဖြစ်ခဲ့ပါတယ်။ ဘလော့သက်တမ်း၆နှစ်အထိ စာတွေရေးလာနိုင်တာ အားကျမိရပါတယ်။ ဘလော့ဂါတွေအပြင်မှာဆုံကြရင် စိမ်းမနေဘဲ ရင်းနှီးနေကြတာ အံ့သြစရာနော်။ ကျန်မာချမ်းသာစွာဖြင့် ဆက်လက် ဘလော့ဂင်နိုင်ပါစေရှင်။

Happy Blog Day!

SHWE ZIN U said...

ညီမ မမေရေ

ခြောက်နှစ်တာ ဘလော့ဂ်လမ်းမှာ မမောတမ်း လျှောက်လှမ်း လာခဲ့တဲ့ မမေ တယောက် စိတ်ချမ်းသာ ကျမ်းမာ စွာ နဲ့ နှစ်ပေါင်းများစွာ ဆက်လက်လျှောက်လှမ်းနိုင်စေဖို့ ဆုမွန်တောင်းပါ တယ်နော်

ချစ်တဲ့
အမရွှေစင်
.

Angelhlaing(May everybody be happy and healthy! said...

အိုးးးး ပျော်စရာကြီး မမရေ... ဘလော့ဂါတွေနဲ့ အပြင်မှာ ဆုံချင်လိုက်တာ....:)))

Thet Oo said...

ဦးဝဏ္ဏလာမတွေ့ဘူးလား။

san htun said...

ဘလော့ဂါတွေနဲ့  တွေ့ ရတာ ပျော်စရာကြီး..လူချင်းချင်း တွေ့ ရင်တောင် ခင်မင်ဖို့  ခက်ကြတာ..လူချင်းမတွေ့ ဖူးပေမဲ့ စာတွေဖတ်ပြီး စာရေးသူကို ချစ်ခင်ကြတာ အံ့သြဖို့ ကောင်းတယ်..၆နှစ်မှသည် နှစ်ပေါင်းများစွာ စာတွေ အများကြီး ရေးနိုင်ပါစေ...

နတ္ထိ said...

ဆက်တွေးပါဗျာ...။
ဆက်ရေးပါဗျာ...။

Harry said...

ဒေါ်လေးမေက အတင်းပြောတတ်သား ...ေိခိ