Sunday, August 30, 2009

သုံးနှစ် … သုံးမိုး

ရှေးတုန်းက လူပျို အပျိုချစ်ကြ ကြိုက်ကြရင် တယောက်နဲ့ တယောက် သုံးနှစ် သုံးမိုး စောင့်ကြည့်ပြီးမှ အိမ်ထောင်ရက်သား ပြုကြတယ်ဆိုပဲ။ သုံးနှစ် သုံးမိုးဆိုတဲ့ အချိန်ကာလက တယောက်အကြောင်း တယောက် အတော်အတန် တီးမိခေါက်မိ သိနိုင်ကြတယ် ထင်ပါရဲ့။ ဒီသုံးနှစ်အတွင်း ပိုပြီးတော့လည်း သံယောဇဉ် ရှိကောင်းရှိနိုင်သလို စိတ်ပျက်လက်ပျက် ဖြစ်ပြီးလည်း ခွါပြဲသွားကြနိုင် ပါသေးတယ်။

တကယ်တမ်း သုံးနှစ်ဆိုတဲ့ အချိန်ဟာ ကြာတယ်လို့ ဆိုရင်လည်း ရနိုင်သလို လက်ဖျစ်တတွက်လောက် မြန်တယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒီကနေ့တော့ ကျန်ခဲ့တဲ့ သုံးနှစ်တာကာလကို ကျမ လည်ပြန် လှည့်ကြည့်မိတယ်။

လွန်ခဲ့တဲ့ သုံးနှစ် ၂၀၀၆ သြဂုတ်လ ၃၀ ရက်။
***
ကြောင်ဆိုးလေး ဂါးဖီးနဲ့ ဒီဘလော့ကို စဖွင့်ခဲ့တယ်။ ကျမက ငပျင်းဆိုတော့ ဘ၀ကို ခက်ခက်ခဲခဲ မဖြတ်သန်းချင်ဘဲ သူ့လို အေးအေးလူလူ နှပ်နေချင်တဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ အစကတော့ ဘာရယ်မဟုတ် ပျင်းလို့၊ သူများလုပ်တာ အားကျလို့၊ မလုပ်ဖူးတာ စမ်းလုပ်ကြည့်ချင်လို့၊ ကိုယ်ရေးတဲ့ စာတွေ သူများဖတ်စေချင်လို့ ဆိုတဲ့ ရောက်တတ်ရာရာ ရည်ရွယ်ချက်တွေနဲ့ ဘလော့ကို စခဲ့ပေမဲ့ တဖြည်းဖြည်း အချိန်တွေကြာလာတာနဲ့အမျှ ဘလော့က ကျမကို လွှမ်းမိုးလာတော့တယ်။

နေ့တိုင်း ထမင်းမစားဘဲ မနေနိုင်သလို နေ့တိုင်း စာမရေးဘဲ မနေနိုင်တဲ့ ကျမ …
ဘလော့ပေါ်မှာ တွေးမိသမျှတွေ ရေးခဲ့တယ်။
ဘလော့ပေါ်မှာ ပုဂ္ဂလိက ခံစားချက်တွေလည်း ရေးခဲ့တယ်။
ဘလော့ပေါ်မှာ ဟိုဟိုဒီဒီ ဝေဖန် လေကန်ခဲ့ဖူးတယ်။
ဘလော့ပေါ်မှာ သူများမကြိုက်တာတွေလည်း လုပ်ခဲ့ဖူးတယ်။
ဒါကြောင့်လည်း …
ဘလော့ပေါ်မှာ လူသိရှင်ကြား အဆဲခံခဲ့ရဖူးပါတယ်။

ဒီလိုနဲ့ …
ဘလော့ကြောင့် ချစ်ခင်သူ မိတ်ဆွေ သူငယ်ချင်းများ တိုးပွါးခဲ့သလို …
ဘလော့ကြောင့် မုန်းတီးသူ ညှိုးသူ ရန်ဘက်များ ပေါ်ပေါက်ခဲ့တယ်။
ကျမက ဘလော့ကို ဖန်တီးခဲ့တယ်။
ဘလော့က ကျမဘ၀ကို ပြန်လည် ဖန်တီးခဲ့ပြန်တယ်။

ကိုယ့်ကိုယ်ကို အဟုတ်ကြီး မှတ်ပေမဲ့ လူကဲခတ်ညံ့တဲ့ ကျမက …
ပြုံးရယ်တာလား လှောင်ရယ်တာလား … နားမလည်ခဲ့။
လက်ခုပ်သံလား တောထုတ်သံလား … မခွဲခြားတတ်ခဲ့။
အားပေးသံလား ကဲ့ရဲ့သံလား … မစဉ်းစားတတ်ခဲ့။
မြှောက်ပင့်တာလား ရိုက်ချတာလား … မကွဲပြားခဲ့။
တွဲကူမယ့်လက်တွေလား ဆွဲချမယ့်လက်တွေလား … မသိနိုင်ခဲ့။
ဟုတ်တယ် …. ကျမ မသိတဲ့ မသိခြင်းတွေ … အများကြီးလေ။

ဒီလိုနဲ့ ခပ်အအ ကျမဟာ …
အရောင်လင်းတိုင်း အလင်းရောင် မဟုတ်ဘူးဆိုတာ … တဖြည်းဖြည်း သဘောပေါက်ခဲ့တယ်။

အဲဒီအချိန်မှာတော့ … ကျမရဲ့ အနက်ရောင်ဘလော့လေးဟာ အဖြူရောင် ဗလာ စာမျက်နှာ ဖြစ်ခဲ့ရတယ်။ ကျမသည်လည်း ချစ်သောသူများနဲ့ ခွဲခွါ … ကွဲကွာ … ဝေးရာအရပ်မှာ နာကြင်ခြင်းတွေ ခါးသီးမှုတွေ မျက်ရည်တွေ ပြည့်လျှမ်းပြီး အကြင်နာတွေ မေတ္တာတရားတွေ အေးခဲနေခဲ့တဲ့ ဥရောပရဲ့ ဥတုကြမ်းမှာ အမေ့အိမ်ကို လွမ်းခဲ့ရတယ်။
***
ဘလော့သာ မရေးခဲ့ရင် … လို့ ကျမတွေးကြည့်မိတော့ …

ဘလော့သာ မရေးခဲ့ရင် … ဒီအချိန်မှာ ဒီနေရာ ဒီဒေသကို ရောက်နေမှာ မဟုတ်ဘူး။
ဘလော့သာ မရေးခဲ့ရင် … ချစ်သူတွေနဲ့လည်း ကွေကွင်းရမှာ မဟုတ်ဘူး။
ဘလော့သာ မရေးခဲ့ရင် … မုန်းသူတွေလည်း ခုလောက်များမှာ မဟုတ်ဘူး။
ဘလော့သာ မရေးခဲ့ရင် … ဘ၀ဆိုတာကို သေချာသိဦးမှာ မဟုတ်ဘူး။
ဘလော့သာ မရေးခဲ့ရင် … လူတွေရဲ့အတွင်းစိတ်ကို ခုလောက်သိဖြစ်မှာ မဟုတ်ဘူး။
ဘလော့သာ မရေးခဲ့ရင် … ရေသာခို လှေကြုံစီး အပျင်းကြီး နေဖြစ်ဦးမယ်။
ဘလော့သာ မရေးခဲ့ရင် … အပြောင်းအလဲ သိပ်မရှိတဲ့ သမားရိုးကျဘ၀မှာ နိစ္စဓူဝ ကျင်လည်နေရဦးမယ်။
ဘလော့သာ မရေးခဲ့ရင် … … … … ...
ဘလော့သာ မရေးခဲ့ရင် … … … … … …
ဘလော့သာ မရေးခဲ့ရင် … … … … … … …

တကယ်ပါ … ဘလော့က ကျမဘ၀ကို ဖန်တီးသွားခဲ့တာ။
***
ခုဆို ဘလော့နဲ့ ပတ်သက်ခဲ့တာ သုံးနှစ်သုံးမိုး တိုင်ခဲ့ပြီ။
ဒီကြားထဲ ခဏတဖြုတ် ဥပေက္ခာပြု လျစ်လျူရှုထားခဲ့ရတယ်။
နောက်တော့လည်း မိဘ ဆွေမျိုးတွေ သဘောမတူတဲ့ ကြားက ယောင်လည်လည်နဲ့ အနားသွားကပ်၊ တပုဒ်စ နှစ်ပုဒ်စ ပြန်တင် … အဲဒီလိုနဲ့ မခွဲနိုင် မခွါရက် ပြန်ပတ်သက် မိပြန်တယ်။ လူကြီးတွေ မကြိုက်တာ လုပ်နေရတာမို့ တခါတခါ ဘလော့ရေးရတာ ပြစ်မှုတစုံတရာ ကျူးလွန်နေရသလိုပဲ စိတ်ထဲ ထင်မိပါတယ်။ ကိုယ့်ဘ၀ ကိုယ်မပိုင်သေးတဲ့ အချိန်မို့ ဘလော့ကို စိတ်ရှင်းလက်ရှင်းနဲ့ လွတ်လပ်စွာ ရေးသားခွင့် ကျမမှာ မရှိပါဘူး။ ကျမ ရှုံးနိမ့်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဘလော့ကြောင့်လို့ ဘလော့ကို လက်ညှိုးထိုးမှာလည်း စိုးရိမ်မိတယ်။

သုံးနှစ် သုံးမိုးကြာပြီဆိုတော့ … ကျမ ဘာလုပ်ရမလဲ ဆိုတာ ဆုံးဖြတ်ရမယ့် အချိန်ရောက်လာပြီလို့ တွေးမိတယ်။ ဘလော့ကို ကျမ လက်တွဲရမလား … ဒါမှမဟုတ် … လက်တွဲ ဖြုတ်ခဲ့ရမလား။
တကယ်တမ်း ကျမ မလုပ်ရက် … မလုပ်ချင် … မလုပ်နိုင်ပါဘူး။
ဒီဘလော့လေးဟာ ကျမရဲ့ ဘ၀၊ ကျမရဲ့ အဖော်၊ ကျမရဲ့ ရဲဘော်ရဲဘက်။
ကျမ သူ့ကို မစွန့်ပစ်ခဲ့နိုင်ပါဘူး။

ရင်ထဲက ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို စာလုံးလေးတွေ တလုံးချင်းစီနဲ့ သီကုံးရေးဖွဲ့ တည်ဆောက်ခဲ့ရတဲ့ ဒီစာမျက်နှာလေးကို ကျမ ကျောခိုင်း မထားခဲ့ရက်ဘူး။ ဘယ်သူမှမသိအောင် နာမည်တခု သပ်သပ်နဲ့ ပြောင်းရေးဖို့ စဉ်းစားမိပါသေးတယ်။ ဒါလည်း ကျမစိတ်ထဲ သိပ်အဆင်မပြေဘူး။ ကျမ မလုပ်ချင်ဘူး။ ခုချိန်ထိ ကျမ ဆုံးဖြတ်ချက် မချနိုင်ဘဲ တွေဝေနေမိတယ်။
ကျမ ဘာလုပ်ရမလဲ …. …. …. ။
***
သုံးနှစ်သုံးမိုးထိ တည်တံ့အောင် တစတစ တည်ဆောက်ခဲ့ရတယ်။
သုံးနှစ်သုံးမိုးအချိန်အတွင်း ပြုံးပျော် ကြည်နူးခဲ့ရသလို ညစ်ညူး ငိုကြွေးခဲ့ရတယ်။
သုံးနှစ်သုံးမိုးကာလမှာ အခက်အခဲတွေ အတူတူ ကျော်ဖြတ်ခဲ့ကြတယ်။
သုံးနှစ်သုံးမိုး … … …
.… .… …. …. …. .…
ကြာခဲ့ပါပြီ … … … ။
***
မေဓာဝီ
၃၀၊ သြဂုတ်၊ ၂၀၀၉
၅း၂၄ နာရီ

(ကျမ ဘလော့ ၃-နှစ်ပြည့် အမှတ်တရနဲ့ ကိုဟယ်ရီတက်ဂ်တာကို ပေါင်းပြီးရေးလိုက်ပါတယ်။)

ရေးခဲ့ဖူးတဲ့ အမှတ်တရလေးတွေ …
(၁) ခြေလှမ်း ၃၀၀ပြည့်
(၂) အခါလည်အတွေး (တနှစ်ပြည့်)

26 comments:

ရွှေဂျမ်း said...

သုံးနှစ်က မြန်ပေမယ့် အဲဒီအချိန်ထဲမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ ရခဲ့တဲ့ အတွေ့အကြုံတွေ၊ အမှတ်ရစရာတွေက နည်းတာမဟုတ်ဘူးနော် အမရေ။ အမရေးတာ အမြဲဖတ်လို့ကောင်းလို့ ရေးတာတော့ ဘယ်တော့မှ မရပ်စေချင်ပါဘူး။ ဘလော့လေးနဲ့အမ သုံးနှစ်သုံးမိုးကနေ ရာသက်ပန် လက်တွဲသွားနိုင်ပါစေလို့ပဲ ဆုတောင်းပေးချင်ပါတယ်။း)

Anonymous said...

သုံးနှစ်တောင် ရှိခဲ့ပီလား အမရေ..

အမရဲ့ စာကောင်းပေကောင်းတွေ မျှော်နေပါတယ်..

ဆက်လက်အဓွန့်ရှည်ပါစေလို့... ဆုတောင်းပေးပါတယ်..အမရေ..


ညီမ

Craton said...

ဘာတွေဖြစ်လို့ပါလိမ့်.. လူကြီးတွေလွှမ်းမိုးမှုအောက်ကတော့ သေမှပဲ လွတ်မြောက်မယ်ထင်ပါတယ်..
ပြီးတော့ ဘလော့ဂ်အပေါ်စွဲလမ်းမှုကလည်း တော်တန်ရုံမှမဟုတ်ဘဲ။ ဘ၀လက်တွဲဖော်လေးကို လွယ်လွယ်နဲ့ဖြစ်ဖြစ်၊ ခက်ခက်နဲ့ဖြစ်ဖြစ် ဖြုတ်မချပါနဲ့လား။ ဘယ်သူတွေက ဘာတွေပြောပြီး ဘာတွေချုပ်ချယ်လို့လဲဟင်.. စိတ်မကောင်းဘူးဖတ်ရတာလည်း...

၃နှစ်ပြည့်တဲ့အတွက် ဂုဏ်ယူပါတယ်။ုဆုတောင်းပါတယ်။ အေးအေးချမ်းချမ်း ဆက်လက်ပြီး ဝေမျှရေးသားနိုင်ပါစေ..

Kay said...

မမေရေ..ဒီဘလော့ကြောင့်ပဲ..ကျမတို့တွေ.. တယောက်နဲ့ တယောက် ဖတ်တတ်ကြ.. နားလည်ခဲ့ကြ.. နွေးထွေးခဲ့ကြ..( အေးစက်ခဲ့ကြ) ..
ဘာပဲဖြစ်ဖြစ်..ရေးချင်..ရေးနိုင်နေသရွေ့တော့..ကျမတို့အားလုံးရဲ့.. ချစ်သူလေးတွေပါပဲ.. မရှိလဲကောင်း..ရှိလဲကောင်းပေါ့လေ..

ဆက်လက်..-- နှစ်-- မိုး နိုင်ပါစေ..း))

Ko Min Htet said...

မေဓာဝီရေ့ ကျနော်ကတော့ ခုနှစ်နှစ်တိုင်တိုင် ချစ်သူတစ်ယောက်ကို ရဖို့ ကျိုးစားခဲ့ဖူးတယ် သိလား။ ဒါပေမဲ့ သူနဲ့ တွဲရခါနီးမှာ မထင်မှတ်ပဲ ခွဲခဲ့ရတယ်။ ထားလိုက်ပါတော့လေ။ မေဓာဝီရဲ့ သုံးနှစ်ပြည့်ဘလောဂ်အတွက် ဂုဏ်ယူပါတယ်ဗျာ။ စာကောင်းလေးတွေ ထာဝစဉ်မျှော်လင့်နေကြောင်းပါ။

ကိုအောင်(ပျူနိုင်ငံ) said...

သုံးနှစ်ဆိုတာ (၂၀)တို့ (၂၁)တို့မှ မဟုတ်တာ။
ဆက်လက်ပြီး နှစ်ပေါင်းများစွာအထိ ရေးနိုင်ပါစေလို့
ဆုတောင်းပါတယ်ဗျို့ ... ကွေကွင်းသွားတဲ့ သူနဲ့
ပြန်လည် သင့်မြတ်ရေး ဆွေးနွေးပွဲ စာပွဲဝိုင်း ဆီကို တက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပါတယ်... :P ။

ရေတမာ said...

ဝါးးးးးးး အားကျပါတယ် အမရေ
သုံးနှစ်ကြီးများတောင် လက်တွဲတွေမြဲခဲ့ကြတယ်နော်
နောက်ထပ် နှစ်ပေါင်းများစွာ စာပေကောင်းများရေးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလျက်

ကိုလူထွေး said...

ဒီကနေ့အထိ စွဲမြဲ
အခက်အခဲအားလုံးကို အံတု
ကြံကြံခံ ဇွဲပြုရင်း

အရင်းအနှီးများစွာဖဲ့ဆပ်
တည်ဆောက်အပ်တဲ့ အိမ်ကလေးမို့
လွယ်လွယ်လေးနဲ့
ပစ်မပြေးစေချင်...

းဝ)

ကလူသစ် said...

၃နှစ်တောင်ရှိပြီပဲ။ ဘာမှ စဉ်းစားမနေနဲ့၊ ကပ်လိုက် ခွာလိုက်လုပ်မနေနဲ့။ လူကြီးတွေသဘောမတူဘူး ဘာဘူး စဉ်းစားမနေနဲ့။ ယူသာ ယူလိုက်တော့ .... ယောင်္ကျား...အဲ့လေ.... ဘလော့ဆက်ရေးလို့ပြောတာ

Harry said...

သုံးနှစ်သုံးမိုးများ ဟယ်ရီတို့က ပျင်းတောင် ပျင်းသေး ...
တို့များဆို ၈-နှစ်တိတိ စောင့်ခဲ့ဖူးတယ် ... ဟဲဟဲ

ကျေးဇူး မမေရေ ... အကြွေးဆပ်လို့ .
(ကြွေးရှိပြေးမှာ ... ပြေးမိပြေးရာ လုပ်စရာ မလိုတော့ ပါဘူး ... :P)

Thet Oo said...

ဆရာ မောင်သာရ က ပုတီးကုန်းမောင်စိန်ဝင်း ကို ပြောဖူးတယ်။ ဆရာဝန်တို့ အင်ဂျင်နီယာတို့ဆိုတာ ကျောင်းရှိတယ်။ တနှစ်ကို ဘယ်နှစ်ယောက် ဆရာဝန် ဖြစ်တယ်။ အင်ဂျင်နီယာ ဖြစ်တယ်ဆိုတာ သိနိုင်တယ်။ စာရေးဆရာ၊ ကဗျာ ဆရာဆိုတာကျတော့ ကျောင်းလည်း မရှိ၊ လူတိုင်းလည်း ဖြစ်မလာနိုင်တာမို့ ပုတီးကုန်း မောင်စိန်ဝင်း အနေနဲ့ အင်ဂျင်နီယာ ဘ၀ကို စွန့်ပြီး စာရေးဆရာ၊ ကဗျာဆရာ ဘ၀ကို ပျော်ပျော်ကြီး ခံယူ လိုက်ပါလို့ ပြောခဲ့ဖူးပါတယ်။ အခုလည်း လူတိုင်း ဖြစ်မလာနိုင်တဲ့ ဘလော့ဂါ ဘ၀ကို မေဓာဝီ တယောက် ပျော်ပျော်ကြီး ခံယူနိုင်ပါစေသား။ ...။

pandora said...

မမေရေ
၃ နှစ် ၃ မိုး လက်တွဲလာခဲ့တဲ့ ဘလော့လေးနဲ့ ဆက်လက်ပြီး အေးအတူပူအမျှ ရာသက်ပန် ပေါင်းသင်းပျော်ရွှင်နိုင်ပါစေ.. လို့

တေဇာ said...

ဒီပို့စ်ကို ဖတ်မိပြီး ဒီဘလော့ဂ်ကို အလည်ရောက်ခဲ့ပါတယ်။
ဆက်လက်ရေးသားတာ ပိုကောင်းတယ်လို့ပဲ ပုဂ္ဂလိက အမြင်နဲ့ မြင်မိပါတယ်။

ရွက်လွင့်ခြင်း said...

မရပ်ပါနဲ့  မမေဓါဝီ
၃ နှစ်မှသည် နှစ် ၁၂၀ တိုင်စေသောဝ်
း)

Maydarwii said...

ကျမဘလော့လေးကို လာရောက်ဖတ်ရှုကြသူများ၊ ဆက်လက်ရေးဖို့ တိုက်တွန်းသူ၊ အားပေးကြသူများ၊ ဆုတောင်းပေးကြသူများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင်။ ဆက်ရေးဖြစ်အောင် ကျမ ကြိုးစားပါ့မယ်။

Nge Naing said...

Happy blog birthday!
ဒီဘလော့ဂ်လေးကို သိရတာမကြာသေးပေမယ့် တွေ့တွေ့ချင်းပဲ ဘလော့ဂ်ကောင်းလေးတခု ဆိုတာ သိရလိုက်ရပြီး အားတဲ့အချိန် ပြန်လာဖတ်ဖို့ အမြဲစဉ်းစားနေခဲ့ပါတယ်။ သုံးနှစ်သုံးမိုး ရတဲ့ အတွေ့အကြုံတွေက သက်သေပြနေပြီပဲ ခွာဖို့ကို အားမပေးပါဘူး ပေါင်းဖို့ကိုပဲ အားပေးပါတယ်။ စာကောင်းကောင်းလေးတွေ ဆက်ရေးနိုင်ပါစေ။
လေးစားလျက်
ငယ်နိုင်

Ko Paw said...

စာရေးကောင်းသူတယောက်ဖြစ်တဲ့အတွက်ရော၊ သိသင့်သိထိုက်တဲ့အရာလေးတွေ… ကောင်းရာမွန်ရာလေးတွေကို အမြဲစေတနာသန့်သန့်နဲ့ မျှဝေချင်တဲ့စိတ် ရှိသူတယောက်ဖြစ်တဲ့အတွက်ရော…. ဆက်ရေးပါလို့ တိုက်တွန်းလိုပါတယ်။

pandora said...

ဘလော့ဂ် ပြာပြာလေးကို ၀မ်းသာအားရ လာကြိုဆိုသွားတယ်
မျက်စိကျိန်းတော့ဘူး

ကိုလူထွေး said...

ပန်ဒိုရာညွှန်းထားလို့ ရောက်အောင်လာခါမှ "ပြာလွင်လွင်ရင်ခွင်ရိုင်း" ဘလော့နဲ့ တိုးနေတယ်...

အိမ်အသစ်ကို ဖိတ်လဲ မဖတ်ဘူး...

းဝ)

နိုင်းနဒီ said...

မမမေရေ...
ဆက်လုပ်ဗျိုး. လုံးဝလက်တွဲမဖြုတ်ကြေးပေါ့ မမမေရဲ့

တန်ခူး said...

မေရေ… Love is Blueတဲ့… ဒါဆို ဘလော့လေးနဲ့ လက်တွဲလိုက်ပြီပေါ့… အမတို့ တုန်းက ၅နှစ်၅မိုးစောင့်ခဲ့ရတာ… ရှေ့ သာဆက်တိုး…(အိမ်ကကြားရင် မြှောက်ပေးတယ်ဆို စိတ်ဆိုးနေကြလိမ့်မယ်)… ဟုတ်ပါရဲ့နော်… မေ့ဘလော့လေးက မေ့ဘ၀ တစိတ်တပိုင်းပါပဲ… မေရေ… စာရေးခြင်းဆိုတာ ကောင်းသောအလုပ်လုပ်တာပဲမေရယ်… မေ့လို အနုပညာဝမ်းစာ ပြည့်ဝတဲ့ သူတယောက်ရဲ့ စာတွေက စာဖတ်သူကို အမြဲသုတ၊ ရသ စုံလင်စွာရစေတာမို့  ပိုလို့ တောင် အဓိပ္မါယ်ပြည့်ဝသေးတယ်လေ… မေနဲ့ ဘလော့လေး ပေါင်းဖက်စေကြောင်း ဆုမွန်ကောင်းတောင်းလိုက်တယ်နော်… ဘလော့နှစ်တရာတိုင်ပါစေလို့ …

Anonymous said...

oh, I was worried that you were going to stop writing. Glad to know that you are going to carry on. I love your writing.. I found out about your blog may be a year or so ago. I went back and read each and every post.

Congratulations on your 3rd anniversary and wishing you all the best.

Anonymous said...

Forgot to mention in my last comment. The new design is good. but I like the "see mee khwet" icon and saying from the old one. It has deep meaning. :)

အိမ်ချမ်း said...

မမေအရေးအသားက သုံးနှစ်ထက် အများကြီး ၀ါရင့်ပါတယ်။ အချင်းချင်းမြှောက်သလိုဖြစ်မှာစိုးလို့ ဒီလောက်နဲ့ပဲ မလေးရပ်ထားလိုက်ပါတယ်။

Min Htet said...

nice blog!

Go on Go on

all the best,

Nyi Linn Thit said...

ချစ်သူတွေ သုံးနှစ်သုံးမိုး စောင့်ခဲ့ကြသလို မမေလည်း ဘလော့ဂ်လေးနဲ့ သုံးနှစ်သုံးမိုး ရင်းနှီးခဲ့ပေမယ့် ပိုးပုဝါ လက်တကမ်းမှာပဲ နေ,နေရတုန်းဆိုတာ ဒီအမှတ်တရ ပို့စ်လေးမှာ တွေ့လိုက်ရတယ်...၊ အားပြိုင်မှုတွေ အများကြီးကို ရင်စည်းခံပြီးမှ ဘလော့ဂ်လေးကို အသက်ဆက်ခဲ့ရတာ တကယ်ပဲ ချီးကျူးပါတယ်ဗျာ..၊ သုံးနှစ်ပြည့်မှသည် ... ဘာညာတော့ မရေးတော့ဘူး၊ ကျနော်က ငါးနှစ်ပြည့် ပို့စ်ကို အခုလေးတင် ဖတ်ပြီးမှ ဒီကိုလာဖတ်တာ ဆိုတော့ ဒါဟာ နောက်ဆုံးပို့စ် မဟုတ်ခဲ့ဘူးဆိုတာ သိနေလို့ပါ...။း)